အခန်း (၂၈၀)
Vol. 28 Ch. 280
ကျုံးရှန်သည် ခြောက်သွေ့လှသော လွင်ပြင်ကြီးအတွင်း၌ နာရီပေါင်းများစွာကြာအောင် ပင်ပန်းကြီးစွာ ခရီးနှင်နေခဲ့ခြင်းဖြစ်သည်။ သူသည် မိုင်ပေါင်း ရာနှင့်ချီ၍ ခရီးပေါက်ခဲ့သော်လည်း ခရီးစဉ်တစ်လျှောက်လုံး၌ အထပ်နှစ်ထောင်မြောက် ဟင်းလင်းပြင်ကမ္ဘာအတွင်း မည်သည့် သက်ရှိအရိပ်အယောင်မျှပင် ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
အထက်ကောင်းကင်ယံသည် မွဲပြာမှိုင်းညို့နေကာ ပျံသန်းနေသည့် ငှက်တစ်ကောင်ပင် မရှိဘဲ မြေပြင်သည်လည်း ဝါကျင့်ခြောက်သွေ့နေကာ မည်သည့်အပင်မျှ မပေါက်ရောက်သကဲ့သို့ ရေအိုင်ငယ်တစ်ခုကိုပင် မတွေ့ရချေ။
ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ မည်သည့် သက်ရှိသတ္တဝါတို့၏ လှုပ်ရှားသွားလာခဲ့သော အထောက်အထားမျှ မရှိခြင်းပင် ဖြစ်သည်။ အရိုးစုအကြွင်းအကျန်များကိုပင် ရှာမတွေ့နိုင်ခြင်းဖြစ်လေသည်။ အဆိုးရွားဆုံးသော အချက်သည် ပတ်ဝန်းကျင်ရှိ ရှုခင်းများအားလုံးသည် တစ်ခုနှင့်တစ်ခု အလွန်အမင်း တူညီနေခြင်း ဖြစ်၏။
ကျုံးရှန်သည် သူ၏နတ်ဘုရားအာရုံကို ၈၀၁သန်းခန့်အထိ ခွဲဖြာအသုံးပြုနိုင်စွမ်းမရှိဘဲ ကျောက်စရစ်ခဲတစ်ခုချင်းစီနှင့် သဲပွင့်လေးများ၏ တည်နေရာကို မှတ်သားမထားပါက ဤနေရာ၌ လမ်းပျောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကျုံးရှန်သည် ခြောက်သွေ့သောလွင်ပြင်ကမ္ဘာအတွင်းသို့ ပထမဆုံး ခြေချလာသည့် သက်ရှိသတ္တဝါကဲ့သို့ ခံစားနေရသည်။
''ဒါက တကယ်ပဲ သေခြင်းနယ်မြေတစ်ခု ဖြစ်နေတာလား...''
ကျုံးရှန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ကာ တီးတိုး ရေရွတ်လိုက်ပြီး အနီးရှိ ကြီးမားလှသော ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။
သူသည် ကျောက်တုံးကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိသည်အထိ ဆက်လက် တက်လှမ်းခဲ့၏။ ဤနေရာရှိ ကျောက်တုံးကြီးတစ်ခုချင်းစီသည် ပေပေါင်းရာနှင့်ချီ၍ မြင့်မားကြရာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကျောက်တုံးကြီး၏ ထိပ်ပေါ်၌ ရပ်လိုက်သောအခါ ကျုံးရှန်၏ အမြင်အာရုံသည် ပိုမို ကျယ်ပြန့်လာသည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ အရပ်လေးမျက်နှာလုံး၌ သူ၏ခြေထောက်အောက်ရှိ ကျောက်တုံးကြီးကဲ့သို့သော ကျောက်တုံးများစွာကိုသာ အစက်အပျောက်များသဖွယ် တည်ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ကျောက်တုံးကြီးများသည် ရှုပ်ထွေးပွေလီစွာ တည်ရှိနေကြသော်လည်း အမှန်စင်စစ်တွင် လျှို့ဝှက်ဆန်းကြယ်သော တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြခြင်း ဖြစ်နိုင်လေသည်။ ကျုံးရှန်ရပ်နေရာအရပ်မှအရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူသော လားရာများကို ခွဲခြားရန် ခက်ခဲလှသကဲ့သို့ လားရာဟူသော အယူအဆပင် မရှိသကဲ့သို့ ဖြစ်နေသည်။
ကျုံးရှန်ကဲ့သို့ ဗဟုသုတ ကြွယ်ဝလှသော ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သူ၏ မျက်မှောင်သည် အနည်းငယ်ကြုတ်သွားကာ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ အနီရောင် ကလောင်တံတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်ကာ ကျောက်တုံးကြီး၏မျက်နှာပြင်ပေါ်တွင် အဝိုင်းတစ်ခုဆွဲလိုက်ပြီး ၁ ဟူသော ဂဏန်းကို မှတ်သားထားသည်။
ထိုသို့လုပ်ပြီးလျှင် သူသည် စိတ်ထဲမှ အချိန်ကို ခန့်မှန်းတွက်ချက်လျက် ဆက်လက် လျှောက်လှမ်းခဲ့ကာ ဆယ်မိနစ် ပြည့်တိုင်းတွင် ခြေလှမ်းများကို ရပ်တန့်ပြီး ဘေးနားရှိ ကျောက်တုံးကြီးပေါ်၌ အဝိုင်းတစ်ခု ဆွဲ၍ ဂဏန်းများကို အစဉ်လိုက် မှတ်သားသွားလေသည်။
လေးနာရီခန့် ကြာသွားသောအခါ ကျုံးရှန်သည် ရုတ်တရက် ရပ်တန့်လိုက်ပြန်၏။ သူသည် ရှေ့သို့ ဆက်လက် တက်လှမ်းခြင်းမရှိတော့ဘဲ ဘေးဘက်ရှိ မလှမ်းမကမ်း နေရာတစ်ခုသို့ ကြည့်လိုက်သည်။ ထိုနေရာရှိ ကျောက်တုံးကြီးပေါ်၌ အနီရောင် အဝိုင်းတစ်ခု ရှိနေသည်ကို သူ မြင်တွေ့လိုက်ရပြီး ယင်း၌ ၁ဟူသော ဂဏန်းကို ရေးထိုးထားလေသည်။
ကျုံးရှန်သည် မိမိကိုယ်မိမိ လားရာတစ်ခုတည်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းနေခဲ့သည်ဟု ယုံကြည်ထားသော်လည်း လေးနာရီ ကြာပြီးနောက်တွင်မူ ပထမဆုံး မှတ်သားခဲ့သော ကျောက်တုံးကြီး၏အနီးသို့ ပြန်လည် ရောက်ရှိလာလေသည်။
အနီးကပ် ကြည့်လိုက်သောအခါ မူလနေရာမှ တစ်မိုင်ခန့် ကွာဝေးသော နေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်ကို သူ သတိပြုမိလိုက်သည်။ သူသည် ဤနေရာ၏ လျှို့ဝှက်ချက်ကို အနည်းငယ်ရိပ်စားမိသွားလေသည်။ ထို့နောက်ဆက်လက်ပြီး မူလလားရာအတိုင်း လျှောက်လှမ်းကြည့်လိုက်သာအခါ ဆယ်မိနစ်ခန့် ကြာပြီးနောက် ၂ ဟူသော ဂဏန်း ရေးထိုးထားသည့် ကျောက်တုံးကြီးကို မြင်တွေ့လိုက်ရသည်။
ယခုအခါ ကျုံးရှန်သည် ဤနေရာ၏ ဆန်းကြယ်မှုကို သေချာပေါက် သိရှိသွားခဲ့ပြီဖြစ်သည်။ မည်သည့် လားရာသို့ပင် ဦးတည်သွားစေကာမူ လေးနာရီခန့် လျှောက်လှမ်းပြီးတိုင်း တစ်ပတ် ပြည့်သွားမည်ဖြစ်သည်။ တစ်ပတ် ပြည့်တိုင်းတွင် ဗဟိုနယ်မြေဆီသို့ တစ်မိုင်ခန့် ရောက်ရှိသွားခြင်း ဖြစ်သည်ဟု ဆိုရပေမည်။
ထိုအတိုင်းသာ ဆိုပါက ကျုံးရှန်သည် သူ၏ အရှိန်အဟုန်ကို မမြှင့်တင်နိုင်လျှင် ဗဟိုနယ်မြေသို့ ရောက်ရှိရန် ဆယ်စုနှစ်တစ်ခုခန့်ပင် ကြာမြင့်နိုင်လေသည်။
ဤသည်မှာ အလွန်ရှားပါးထူးခြားလှသည့် သဘာဝအလျောက်ဖြစ်ပေါ်နေသောဝင်္ကပါပုံစံနယ်မြေ တစ်ခု ဖြစ်သည်။ အကယ်၍ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများဖြင့် ဖိနှိပ်ခြင်းမခံရပါက ထိုကဲ့သို့မြေမျက်နှာသွင်ပြင်မျိုးသည် ကျုံးရှန်အတွက်အနည်းငယ်မျှပင်အခက်တွေ့မည် မဟုတ်ချေ။
နိယာမနယ်ပယ် အဆင့် ၁၆ သို့မဟုတ် ၁၇ ခန့် ရှိသော ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် နတ်ဘုရားမျက်စိကို အသုံးပြု၍ အားနည်းချက်ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပေသည်။ သို့သော်လည်း မျှော်စင်၏စည်းမျဉ်းနိယာမများ ဖိနှိပ်မှုအောက်တွင်မူ ကျုံးရှန်သည် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုနိုင်ဘဲ ရုပ်ခန္ဓာအင်အားကိုသာ အားကိုးနေရလေသည်။
ကျုံးရှန်သည် ဗဟိုနယ်မြေသို့ သွားရန် အတွက် ဆယ်စုနှစ်တစ်ခုခန့် အချိန်ဖြုန်းမည်မဟုတ်ချေ။ မျှော်စင်အတွင်း နေထိုင်ခွင့် အချိန်သည် ဆယ်နှစ်သာ ရှိသည်ဖြစ်ရာ ဒုတိယမြောက် ဟင်းလင်းပြင်ကမ္ဘာ၌ထိုမျှ အချိန်အကုန်ခံခြင်းမျိုး မဖြစ်သင့်ပေ။ သို့ဖြစ်ရာ သူသည် သဲများ၊ ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသော မြေပြင်ပေါ်၌ ထိုင်ချလိုက်ကာ တစ်စုံတစ်ခုကို စတင် ရေးဆွဲလိုက်သည်။
သူသည် အဝိုင်းတစ်ခုပြီး တစ်ခု ဆွဲလိုက်ကာ ပုံစံတစ်ခုကို ဖော်ဆောင်လိုက်သည်။ ထို့နောက် ကျောက်ခဲငယ်များကို ကောက်ယူကာ အဝိုင်းတစ်ခုချင်းစီပေါ်၌ ကျောက်ခဲငယ် ၂၄ လုံးစီအတွင်းထားလိုက်၏။
သူသည် ခြောက်သွေ့သော လွင်ပြင်ကြီး၏ ပုံစံတူ မြေပုံကို ဖန်တီးရန် ကြိုးစားနေခြင်း ဖြစ်ကာ ဖုံးကွယ်ထားသော အစီအရင် လမ်းကြောင်းများကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ထားသည်။ ဝင်္ကပါပုံစံနယ်မြေ ဖြစ်လင့်ကစား ရှာဖွေရန် သဲလွန်စတော့ ရှိရမည် ဖြစ်သည်။ ဤကမ္ဘာ၏နောက်ကွယ်မှအစီအရင် လမ်းကြောင်းများကို ရှာတွေ့ပါက ဗဟိုနယ်မြေသို့ လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် ကူးပြောင်းခြင်း တံခါးဝများသည် နယ်မြေ၏ အနက်ရှိုင်းဆုံးသော နေရာ၌သာ ရှိတတ်လေသည်။
ကျုံးရှန်သည် မြေပြင်ပေါ်ရှိ ပုံစံငယ်ကို ကြည့်ရင်း အာရုံစိုက်နေစဉ်တွင် ရုတ်တရက် ခေါင်းမော့လိုက်ကာ မလှမ်းမကမ်း၌ မှတ်သားထားသော ကျောက်တုံးကြီးနှင့် မိမိဘေးနားရှိ ကျောက်တုံးကြီးကို နှိုင်းယှဥ်ကြည့်လိုက်သည်။ ထိုနှစ်ခုကြားရှိ အကွာအဝေးသည်လည်း တစ်မိုင်ခန့် ရှိနေသည်။
သူသည် ချက်ချင်း ထရပ်လိုက်ကာ မှတ်သားထားသော ကျောက်တုံးကြီးဆီသို့ လျှောက်လှမ်းသွားလေသည်။ အစပိုင်းတွင် ဖြည်းဖြည်းချင်း လျှောက်သွားသော်လည်း နောက်ပိုင်းတွင် အဟုန်ဖြင့် ပြေးလွှားခဲ့သည်။ သို့သော်လည်း မည်သို့ပင် ပြေးလွှားစေကာမူ တစ်မိုင်အတွင်းရှိ ထိုကျောက်တုံးကြီးကို ချဉ်းကပ်နိုင်ခြင်း မရှိချေ။
လေးနာရီခန့် ကြာသွားသောအခါ နောက်ထပ် တစ်ပတ်အတွင်းသို့ ရောက်ရှိသွားပြီး ထိုကျောက်တုံးကြီးသည် နှစ်မိုင်ခန့် ကွာဝေးသော နေရာသို့ ရောက်ရှိသွားလေသည်။ မူလနေရာမှ နှစ်မိုင်ခန့် ဝေးကွာသွားသဖြင့် ဤနည်းလမ်းသည် ကျရှုံးသွားခြင်းဖြစ်ကြောင်းဖော်ပြနေသည်။
ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဘေးနားရှိ ကျောက်တုံးကြီးပေါ်သို့ တစ်ဖန် တက်လှမ်းလိုက်ပြန်သည်။ ကျောက်တုံးကြီး၏ ထိပ်ဆုံး၌ ရပ်လိုက်ပြီး တစ်မိုင်ခန့် ကွာဝေးသော ကျောက်တုံးကြီးကို သူ ကြည့်လိုက်သည်။
''ဒီကျောက်တုံးကြီးတွေက ဒီနယ်မြေရဲ့ အချက်အခြာနေရာတွေပဲ... ဒါတွေက မပြောင်းလဲတဲ့ မှတ်တိုင်တွေ ဖြစ်ရမယ်...''
ကျုံးရှန်တစ်ယောက် မည်သည့် လားရာသို့ပင် ရွေ့လျားသည်ဖြစ်စေ၊ ရှုခင်းများ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ ကွဲပြားသော လားရာ၌ ရှိသည့် ကျောက်တုံးကြီးများသည် မူလအတိုင်း တည်ရှိနေမြဲဖြစ်သည်။
''ငါသာ စည်းမျဉ်းအတိုင်း ကျောက်တုံးကြီးတစ်ခုကနေ တစ်ခုကို ခုန်ကူးနိုင်မယ်ဆိုရင် ဖြစ်နိုင်တယ်...''
ကျုံးရှန်သည် ကျောက်တုံးကြီးကို ကြည့်လိုက်၏။
တစ်မိုင်ဟူသော အကွာအဝေးသည် မီတာ ၅၀၀ ခန့်သာ ရှိသည်။ ထိုအကွာအဝေးသည် အပြင်လောကတွင် စိတ်ကူးလိုက်ရုံဖြင့် လွယ်ကူစွာ ဖြတ်ကျော်နိုင်သော်လည်း စည်းမျဉ်းနိယာမများဖြင့် ဖိနှိပ်ခံထားရသော မျှော်စင်အတွင်း၌မူ ရုပ်ခန္ဓာအင်အား သက်သက်ဖြင့် ဖြတ်ကျော်ရန် မလွယ်ကူလှချေ။
''ဒီအတွက် ကိရိယာလေးတွေ ဖန်တီးဖို့ လိုအပ်လိမ့်မယ်...''
ကျုံးရှန်သည် ဘဝနှစ်ခုကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။
သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်း ပညာရပ်များသာမက အတိတ်ဘဝမှ သိပ္ပံပညာရပ်များကိုလည်း နားလည်ထားလေသည်။ ယခုအချိန်တွင် သူသည် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုနိုင်သော်လည်း ကိုယ်တွင်းဟင်းလင်းပြင်အတွင်းမှ အချို့သော ပစ္စည်းများကို ထုတ်ယူနိုင်စွမ်း ရှိနေသေးသည်။
''ငါ့ရဲ့ ခုန်ကူးနိုင်စွမ်းနဲ့ အချို့ အကူအညီတွေကို သုံးမယ်ဆိုရင် ဒီတစ်မိုင် အကွာအဝေးကို ဖြတ်ကျော်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး...''
ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ကိုယ်တွင်းဟင်းလင်းပြင်အတွင်းမှ ပစ္စည်းများကို အသုံးပြုကာ ရိုးရှင်းသော လေဟုန်စီးအတောင်ပံတစ်စုံကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။
မျှော်စင်၏ စည်းမျဉ်းနိယာမများသည် ကျင့်စဉ်စွမ်းရည်များနှင့် ရုပ်ပိုင်းဆိုင်ရာ အင်အားကို ဖိနှိပ်ထားသော်လည်း အခြေခံ နိယာမများကိုမူ အကျိုးသက်ရောက်မှု မရှိချေ။ သူသည် မိစ္ဆာသားရဲသားရေအချို့နှင့် အလွန်တရာ ကြံ့ခိုင်လှသော အရိုးစုအချို့ကို ထုတ်ယူကာ ရိုးရှင်းလှသော လေဟုန်စီး အတောင်ပံနှစ်ခုကို ဖန်တီးလိုက်သည်။ ယင်းတို့သည် သပ်ရပ်လှပခြင်း မရှိသော်လည်း အလွန်ပင် ခိုင်ခံ့လှချေသည်။
ကျုံးရှန်သည် ထို လေဟုန်စီးအတောင်ပံများသည် များစွာအသုံးဝင်လိမ့်မည်ဟု မျှော်လင့်မထားဘဲ သူ၏ ခုန်ကူးနိုင်သည့် အကွာအဝေးကို အနည်းငယ် ပိုမို ရှည်လျားစေရန်အတွက် လုံလောက်သည်ဟုသာ ယူဆထားသည်။
သူသည် အတောင်ပံ တစ်ဖက်စီကို ဆုပ်ကိုင်လိုက်ကာ ခုန်ကူးရမည့် လားရာတွင်ရပ်လိုက်ပြီး ခန္ဓာကိုယ်အနေအထားပြင်လိုက်သည်။ ထို့နောက်အရှိန်အနည်းငယ် ယူပြီးသူ၏ ခြေထောက်နှစ်ဖက်ကို အားပြုကာ လေထဲသို့ခုန်တက်သွားသည်။ မြေပြင်ထက်မှ ဖုန်မှုန့်များ လွင့်စင်သွားပြီး ကျုံးရှန်၏ ခန္ဓာကိုယ်သည် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ လေထဲသို့ ပျံတက်သွားသည်။
ဤအရှိန်အဟုန်သည် ကမ္ဘာပေါ်ရှိထူးချွန် အားကစားသမားများထက်ပင် အဆပေါင်းများစွာ သာလွန်လှသည်။ သူသည် မီတာ ၂၀၀ ခန့်အထိ ခုန်တက်ပြီးနောက်တွင် အမြင့်ဆုံး အမှတ်သို့ ဆက်လက်မြင့်တက်သွားလေသည်။
Thank For Reading.