← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁ ။ လီမွန်: ချန်လော့ပိုင်

သောကြာနေ့ နေ့လယ်ခင်းအချိန်။

ဆောင်းဦးနေဝင်ချိန်သည် ကောင်းကင်တစ်ခြမ်းကို ဖြာကျနေ၏။

အထက်တန်း ပထမနှစ်၊ အခန်း (၂) ၏ ပြတင်းပေါက်မှ ဘတ်စကက်ဘောကွင်းကိုလှမ်းမြင်ရပြီး နောက်ဆုံးပြတင်းပေါက်မှကြည့်လျှင် မြင်ကွင်းအကောင်းဆုံးဖြစ်သည်။

ကျိုးအန်းရန်သည် နောက်ဆုံးပြတင်းပေါက်နားသို့ ရောက်အောင်လှည်းကျင်းရင်း လှုပ်ရှားမှုတို့ကို ခေတ္တရပ်တန့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ မော့ကြည့်လိုက်မိသည်။

စာသင်ဆောင်နှင့် ဘတ်စကက်ဘောကွင်းသည် သိပ်မနီးကပ်လှပေ။ အကွာအဝေးတစ်ခုကြောင့် ကွင်းထဲတွင် လွတ်လပ်စွာပြေးလွှားနေကြသော ကောင်လေးများ၏ပုံပန်းသဏ္ဌာန်မှာ ဝါးတားတားဖြစ်နေပြီး၊ အဝေးမှလှမ်းကြည့်လျှင် အပြာနှင့်အဖြူ ရောယှက်နေသော မရပ်မနားပြေးလွှားနေသည့် မျဉ်းကြောင်းပုံ လူရိပ်လေးများသဖွယ်ဖြစ်နေ၏။

ကျိုးအန်းရန်သည် ထိုသူ၏ပုံပန်းသဏ္ဌာန်ကို အလွန်ရင်းနှီးသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ထားသော်လည်း ဤမျှများပြားသော လူရိပ်များကြားထဲမှ သူ့ကို ခွဲခြား၍ ရှာမတွေ့နိုင်ခဲ့ပေ။

သူမ အကြည့်လွှဲလိုက်ပြီး ဒုတိယလိုင်း၊ ဆဌမမြောက်တန်း၏ ဘယ်ဘက်ထိုင်ခုံဆီသို့ အကြည့်ပို့လိုက်သည်။ ထိုင်ခုံမှာ ရှင်းလင်းနေပြီဖြစ်သည်။

စားပွဲပေါ်ရှိ စာအုပ်များသည် သပ်ရပ်မနေသော်လည်း ရှုပ်ပွနေခြင်းလည်း မရှိပေ။ ထိုစားပွဲပိုင်ရှင်နှင့် တူလေသည်။

သူသည် ဆရာ၊ ဆရာမ အားလုံး၏မျက်လုံးထဲတွင် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်သည်။ သို့သော် စည်းကမ်းကြီးသော ကျောင်းသားကောင်းတစ်ဦးတော့ မဟုတ်ချေ။

အတန်းဆင်းသည်နှင့် သူသည် အခြားသူများထက် ပို၍တက်ကြွစွာထွက်သွားလေ့ရှိသည်။ အနက်ရောင်ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တည်းတွင် ပေါ့ပေါ့ပါးပါး လွယ်ထားတတ်သည်။ သူသည် ရှုပ်ရှုပ်ယှက်ယှက်ကိစ္စများကို မကြိုက်သောကြောင့် အတန်းခေါင်းဆောင်လုပ်ဖို့မပြောနှင့် ဘာသာရပ်ကိုယ်စားလှယ်လုပ်ရန်ပင် သဘောမတူခဲ့ပေ။

"ရန်ရန်... နင် လှည်းလို့ပြီးပြီလား" ယန်ရှင်းချန်း၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ကျိုးအန်းရန် သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်သည်။ "ပြီးတော့မယ်"

စုထားသော အမှိုက်များကို သွားပစ်လိုက်ပြီးနောက် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့၏တာဝန်ပြီးဆုံးသွားလေသည်။

နှစ်ယောက်သား စာအုပ်များသိမ်းဆည်းရန် စားပွဲခုံဆီသို့ ပြန်လာကြသည်။ ယန်ရှင်းချန်းက နောက်ခုံသို့ လှည့်ကြည့်လိုက်သည်။ "ဟယ်မင်ယွီ... နင် မပြန်သေးဘူးလား"

နောက်ခုံမှ မျက်မှန်တပ်ထားသော ကောင်လေးသည် ခေါင်းငုံ့ကာ မေးခွန်းစာရွက်ကို ဖြေဆိုနေရင်းမှ ခေါင်းမော့ကြည့်လာသည်။ "ခဏနေရင် ပြန်တော့မှာ"

"ဒါဆို ငါတို့အရင်သွားနှင့်ပြီနော်။ သွားရအောင် ရန်ရန်" ယန်ရှင်းချန်းက ဆက်ပြောစရာမရှိတော့သဖြင့် သူမကို လှမ်းခေါ်လိုက်သည်။

အခန်း (၂) သည် ဒုတိယထပ်တွင်ရှိသည်။ ကျိုးအန်းရန်သည် သူမနှင့် လက်ချင်းချိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

သူမ၏မိဘများနှင့် ယန်ရှင်းချန်း၏မိဘများသည် မိတ်ဆွေကောင်းများဖြစ်ကြပြီး၊ သူမတို့နှစ်ဦးသည်လည်း ရပ်ကွက်တစ်ခုတည်းတွင်နေထိုင်ကာ ငယ်စဉ်ကတည်းက အတူတကွကစားလာခဲ့ကြသူများဖြစ်သည်။

သူမတို့ရပ်ကွက်သို့ ပြန်မည့် ဘတ်စ်ကားကိုစီးရန် ကျောင်း၏အရှေ့ဘက်တံခါးပေါက်သို့ သွားရမည်ဖြစ်သည်။ စာသင်ဆောင်မှ အရှေ့ဘက်တံခါးပေါက်သို့သွားရန် ဘတ်စကက်ဘောကွင်းကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

ခဏနေလျှင် သူ့ကို ထပ်တွေ့ရတော့မည်ဟု တွေးလိုက်မိသဖြင့် ကျိုးအန်းရန်၏စိတ်အခြေအနေသည် တက်ကြွလန်းဆန်းသွားကာ ခြေလှမ်းများလည်း ပေါ့ပါးသွက်လက်သွားတော့သည်။ ပခုံးပေါ်မှ လေးလံသော ကျောပိုးအိတ်သည်ပင် ပေါ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

ဘတ်စကက်ဘောကွင်းထဲတွင် သူသည် အမြဲတမ်း လူအများ၏အာရုံကို ဖမ်းစားနိုင်သော ရှုခင်းတစ်ခုဖြစ်၏။ ဖြတ်သန်းသွားလာသော ကျောင်းသားအများစုသည် ကျားမ မရွေး သူ့ကို မသိမသာ လှမ်းကြည့်တတ်ကြသည်။

ကျိုးအန်းရန်သည်လည်း ထိုလူအုပ်ထဲတွင်ရောနှောနေသဖြင့် သိပ်ပြီးထင်ပေါ်ခြင်းမရှိပေ။ ဤသည်မှာ တစ်ပတ်အတွင်းတွင် သူမ လူမသိသူမသိဖြင့် သူ့ကို အားရပါးရငေးကြည့်ခွင့်ရသော အခွင့်အရေးအနည်းငယ်ထဲမှတစ်ခုဖြစ်သည်။

လှေကားတစ်ဝက်အရောက်တွင် ယန်ရှင်းချန်းသည် ကျိုးအန်းရန်အား ကျောင်းပြင်တွင် နို့လက်ဖက်ရည်ဝယ်သောက်ပြီးမှ ပြန်မလားဟုမေးရန် ခေါင်းငဲ့ကြည့်လိုက်သည်။ ထိုစဉ် ဘေးနားရှိ မိန်းကလေး၏ ရှည်လျားကော့ညွှတ်နေသော မျက်တောင်များ၊ အနည်းငယ် တွန့်ကွေးတက်နေသော နှုတ်ခမ်းထောင့်စွန်းများနှင့် ဖြူဝင်းတောက်ပနေသော ပါးပြင်ပေါ်တွင် သစ်တော်သီးပုံစံ ပါးချိုင့်လေးတစ်ခုပေါ်နေသည်ကို တွေ့လိုက်ရလေသည်။

နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော်လည်း ယန်ရှင်းချန်းသည် သူမ၏ဤပုံစံလေးကြောင့် ရံဖန်ရံခါ အသည်းယားမိနေဆဲဖြစ်သည်။

ကျောင်းစည်းကမ်းအရ ဆံပင်ပုံစံနှင့် ဝတ်စားဆင်ယင်မှုတွင် ကန့်သတ်ချက်များရှိနေပြီး၊ ကျိုးအန်းရန်သည်လည်း အမြဲတမ်း လိမ္မာရေးခြားရှိကာ စကားနားထောင်သူဖြစ်သဖြင့် စည်းကမ်းဘောင်ကိုကျော်၍ လှပအောင် ပြင်ဆင်တတ်ခြင်းမရှိပေ။ သူမ၏မျက်နှာလေးသည် ကလေးဆန်ကာ ဖောင်းအစ်နေသေးပြီး၊ စရိုက်ကလည်း အေးဆေးကာ ထင်ပေါ်ကျော်ကြားမှုကို မနှစ်သက်သဖြင့် အတန်းထဲတွင် သိပ်ပြီးထင်ရှားခြင်းမရှိလှချေ။

ယန်ရှင်းချန်းသည် မနေနိုင်ဘဲ စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေမိသည်။ အောက်သို့ဆင်းနေသော လှုပ်ရှားမှုကြောင့် ကျိုးအန်းရန်၏နှုတ်ခမ်းနားရှိ ပါးချိုင့်လေးသည် ပခုံးကျော်ဆံပင်များကြားတွင် တစ်ခါတစ်ရံ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေသည်။

ဆံပင်များ ဖယ်သွားသည့်အခါတိုင်း ထိုပါးချိုင့်လေး ရှိနေဆဲပင်။

"ရန်ရန်..." ယန်ရှင်းချန်းက သူမလက်ကို လှုပ်ယမ်းလိုက်သည်။ "ဘာဖြစ်လို့လဲ၊ ဒီနေ့ နင် တော်တော်ပျော်နေပုံရတယ်"

ကျိုးအန်းရန်၏ရင်ခုန်သံမြန်သွားလေ၏။ "ကျောင်းပိတ်တော့မှာမို့လို့လေ၊ နင်ရော မပျော်ဘူးလား"

"ပျော်တာပေါ့" ယန်ရှင်းချန်းက သူမကို စိုက်ကြည့်ရင်း ဆက်ပြောသည်။ "ဒါပေမဲ့ ဒီနေ့ နင်က ပုံမှန်ထက် ပိုပျော်နေသလို ခံစားရတယ်"

ကျိုးအန်းရန် အကြည့်လွှဲလိုက်လေသည်။ "ငါ့အမေက ဒီည ကြက်ခြေထောက်ပေါင်း လုပ်ကျွေးမယ်တဲ့။ ညကျရင် နင့်ဆီ နည်းနည်း လာပို့ပေးမယ်လေ"

ယန်ရှင်းချန်းသည် ကျိုးအန်းရန်အမေ၏လက်ရာ ကြက်ခြေထောက်ပေါင်းကို အကြိုက်ဆုံးဖြစ်ရာ၊ ထိုစကားကို ကြားသည်နှင့် အာရုံပြောင်းသွားတော့သည်။ "အီးဟီး... ရန်ရန် ငါ နင့်ကို ချစ်တယ်ဟာ။ အန်တီ့ကိုလည်း ချစ်တယ်"

စာသင်ဆောင်မှ ထွက်လာပြီးနောက် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့သည် ဟိုအကြောင်းဒီအကြောင်း လျှောက်ပြောလာကြသည်။ မကြာမီ ဘတ်စကက်ဘောကွင်းကို လှမ်းမြင်လိုက်ရ၏။

အမှတ် (၂) အထက်တန်းကျောင်း၏ ဘတ်စကက်ဘောကွင်းပြင်သည် အလွန်ကျယ်ဝန်းပြီး၊ အနီရောင်နှင့် အဖြူရောင် မျဉ်းကြောင်းများဖြင့် စံချိန်မီ ကွင်းခြောက်ကွင်း ခွဲခြားသတ်မှတ်ထားသည်။ တန်းစီ၍ နှစ်တန်းရှိပြီး တစ်တန်းလျှင် သုံးကွင်းရှိလေသည်။

သူနှင့် သူ့သူငယ်ချင်းများသည် ပထမတန်း၏တတိယမြောက်ကွင်းတွင် ကစားရသည်ကို ပိုနှစ်သက်ပုံရသည်။ သူမ၏အကြည့်များသည် အလိုအလျောက်ပင် ထိုကွင်းဆီသို့ ဦးစွာ ရောက်ရှိသွားမိသည်။

အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ကွင်းထဲတွင် ပြေးလွှားနေကြသော ကောင်လေးများသည် ဝါးတားတား အပြာနှင့်အဖြူအရိပ်များ မဟုတ်ကြတော့ဘဲ ပိုမိုထင်ရှားသော ပုံပန်းသဏ္ဌာန်များ ပေါ်လာတော့သည်။

လက်တံခြေတံရှည်ပြီး ပိန်ပိန်ပါးပါး လူကောင်ရှည်ရှည်များ၊ ခပ်တောင့်တောင့် ကိုယ်လုံးရှိသူများ၊ ဆရာ ဆူတော့မည့်အနေအထားအထိ ဆံပင်အရှည်ထားသူများနှင့် အလုပ်ရှုပ်သက်သာအောင် ကတုံးဆံတောက် ညှပ်ထားသူများ စသည်ဖြင့် ကွဲပြားစွာမြင်လာရသည်။

သို့သော် ထိုအထဲတွင် သူ မပါ။ တစ်ယောက်မှ သူ မဟုတ်ပေ။ မျက်နှာများကို သေချာမမြင်ရသေးသည့်တိုင် သူ ထိုကွင်းထဲတွင်မရှိကြောင်းကို ကျိုးအန်းရန် အလွယ်တကူ ခွဲခြားသိမြင်နေ၏။

သူမသည် စိတ်မလျှော့ဘဲ အခြားကွင်းများကို လိုက်ကြည့်မိသည်။ ပထမတန်း၏ ပထမကွင်းတွင်လည်း သူ မရှိ၊ ဒုတိယကွင်းတွင်လည်း မရှိချေ။ ဒုတိယတန်း၏ ပထမကွင်းမှာ လူမရှိဘဲ ရှင်းလင်းနေပြီး၊ ဒုတိယကွင်းတွင်လည်း သူ မရှိ၊ တတိယကွင်းမှာလည်း လူမရှိပြန်ပေ။

ထို့ကြောင့် သူမ၏ရင်ထဲတွင် ဟာတာတာဖြစ်သွားရသည်။ ကျောပိုးအိတ်သည်လည်း ပြန်လည်လေးလံလာသကဲ့သို့ ခံစားလိုက်ရ၏။

မိန်းကလေးနှစ်ဦးသည် ကွင်းဘေးတွင် ခေတ္တရပ်ကြည့်ပြီးနောက် ထွက်ခွာသွားကြသည်။ အိမ်မပြန်သေးသော ကျောင်းအိပ်ကျောင်းစားများ ဖြစ်ဟန်တူပြီး၊ ကျောင်းဝင်းထဲသို့ ဦးတည်သွားနေကြရာ သူမတို့ဘက်သို့ လျှောက်လာကြသည်။ ဘေးချင်းယှဉ် လျှောက်သွားမိချိန်တွင် ထိုမိန်းကလေးများ ပြောနေသည့်စကားသံကို ကျိုးအန်းရန် ကြားလိုက်ရ၏။

"ချန်လော့ပိုင်က ဒီနေ့ ဘာလို့ ကွင်းထဲမှာ မရှိတာလဲ။ သူက အပတ်တိုင်း ဒီအချိန်ဆို ကျောင်းမှာနေပြီး ဘောလုံးကစားနေကျ မဟုတ်ဘူးလား"

"ဟုတ်ပါ့... ဒီနေ့ သူ့ကို တွေ့ရမယ်ထင်နေတာ။ သူ့ကို မတွေ့ရတာတောင် ရက်နည်းနည်း ကြာနေပြီ"

"လျှောက်ပြော.. နင် မနေ့ကပဲ သူတို့အခန်းရှေ့ ဖြတ်သွားသလိုလိုနဲ့ သွားချောင်းကြည့်သေးတယ်လေ"

"အဲ့တုန်းကမှ မတွေ့လိုက်ရတာ"

ထိုလေသံသည် ကျိုးအန်းရန်၏လက်ရှိစိတ်အခြေအနေနှင့် ထပ်တူပင်ဖြစ်သည်။ စိတ်ပျက်အားငယ်မှုများနှင့် တမ်းတမှုများ ရောပြွမ်းနေ၏။ သူမသည်လည်း ဒီနေ့ သူ့ကို ထပ်တွေ့ရမည်ဟု ထင်မှတ်ထားခဲ့သည်။ အတန်းဆင်းချိန်တုန်းက သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားသွားမည်ဟုပြောနေသည်ကို သူမ သေချာပေါက် ကြားလိုက်ရသောကြောင့်ပင်။

သူ မရှိသည်မှာ သေချာသွားသောအခါ ကျိုးအန်းရန်သည် အကြည့်လွှဲလိုက်ပြီး ခေါင်းငိုက်စိုက်ကျကာ မြေကြီးကိုသာ ငေးကြည့်ရင်း လျှောက်လာခဲ့သည်။ ယန်ရှင်းချန်း၏လက်က သူမမျက်နှာရှေ့တွင် ယမ်းသွားမှသာ သတိဝင်လာတော့သည်။

"ရန်ရန်"

ကျိုးအန်းရန် ခေါင်းမော့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ယန်ရှင်းချန်း - "ငါကသာ နင့်ကို မေးရမှာ။ ခုနကတော့ ပျော်နေပြီး အခုကျတော့ ဘာလို့ ညှိုးသွားရတာလဲ။ ငါ စကားပြောနေတာတောင် ပြန်မထူးဘူး"

ကျိုးအန်းရန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ "နင် ခုနက ငါ့ကို ဘာပြောလိုက်တာလဲ"

ယန်ရှင်းချန်း - "ပြန်မသွားခင် နို့လက်ဖက်ရည် သွားဝယ်မလားလို့ မေးနေတာ"

ကျိုးအန်းရန်သည် ကိုယ့်အတွေးနှင့်ကိုယ် မျောလွင့်နေမိသဖြင့် သူငယ်ချင်းစကားကို သေချာနားမထောင်မိသည့်အတွက် အားနာသွားပြီး ခေါင်းငြိမ့်လိုက်သည်။ "သွားကြမယ်လေ။ ငါ ဝယ်တိုက်မယ်"

"ရှယ်ပဲ" ယန်ရှင်းချန်းသည် သူမနှင့် ဆန့်ကျင်ဘက်စရိုက်ရှိပြီး ပွင့်လင်းပေါ့ပါးသူဖြစ်ရာ သိပ်ပြီး အတွေးမများပေ။ "ငါ့မှာလည်း ဒီလအတွက် မုန့်ဖိုး သိပ်မကျန်တော့တာနဲ့ အတော်ပဲ"

ကျိုးအန်းရန်သည် စကားပြောရင်း ဆက်လျှောက်လာကြသည်။ မကြာမီ ဘတ်စကက်ဘောကွင်းဘေးသို့ ရောက်လာ၏။ သူမသည် မနေနိုင်မထိုင်နိုင် ပထမတန်း၏ တတိယမြောက်ကွင်းကို မော့ကြည့်လိုက်မိပြန်သည်။ ကွင်းထဲတွင် ရင်းနှီးသော မျက်နှာအများအပြားကို တွေ့လိုက်ရသည်။ အခန်း (၃) မှ တစ်ယောက်နှင့် ကျန်သူများမှာ သူမတို့အတန်းမှဖြစ်ကြသည်။

အားလုံးက ချန်လော့ပိုင်၏အပေါင်းအသင်းများ ဖြစ်ကြသည်။ ချန်လော့ပိုင်နှင့် ပေါင်းသင်းသူများဖြစ်သောကြောင့်သာ သူမ သူတို့ကို ရင်းနှီးနေခြင်းဖြစ်သည်။ သို့သော် သူ့သူငယ်ချင်းများ ကစားနေကြပါလျက် သူက ဘာကြောင့် မရှိနေရတာလဲ။

ကျိုးအန်းရန်သည် မူမမှန်သော စိတ်အခြေအနေသို့ ပြန်ရောက်သွားပြန်သည်။ ထို့ကြောင့် "သတိထားဦး" ဟူသော အော်သံကို အဝေးမှလှမ်းကြားလိုက်ရချိန်တွင် သူမ မော့ကြည့်ရန် အနည်းငယ် နောက်ကျသွားခဲ့သည်။

လိမ္မော်ရောင် ဘတ်စကက်ဘောလုံးသည် သူမမျက်နှာတည့်တည့်သို့ ရောက်လာပြီဖြစ်သည်။ လုံးဝ အကာအကွယ်မဲ့နေသော အခြေအနေဖြစ်ပြီး ရှောင်တိမ်းရန်လည်း အချိန်မရှိတော့ပေ။ ကျိုးအန်းရန်သည် နေရာမှာပင် ကြက်သေသေသွားပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရရန်သာ စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုအချိန်မှာပင် လန်းဆန်းသော ဆပ်ပြာမှုန့်ရနံ့တစ်ခု နှာခေါင်းထဲ တိုးဝင်လာပြီး၊ ဘေးတစ်ဖက်မှ ဖြူဝင်းသွယ်လျသော လက်တစ်ဖက်ရောက်ရှိလာကာ မျက်နှာနားကပ်နေသော ဘောလုံးကို လှမ်းတားပေးလိုက်လေသည်။

အကွာအဝေးမှာ နှစ်လက်မခန့်သာ လိုတော့သည်။ ထိုလက်ဖမိုးပေါ်ရှိ သေးငယ်သော အမွေးနုလေးများနှင့် အားစိုက်လိုက်သောကြောင့် အနည်းငယ်ထောင်တက်နေသော သွေးကြောစိမ်းများကို အထင်းသား မြင်လိုက်ရသည့်အထိ နီးကပ်လွန်းလှသည်။

ထို့ပြင် လက်ကောက်ဝတ်အရိုးအထက်နားတွင်ရှိသော မှဲ့နက်လေး... ထိုမှဲ့လေးကို သူမ အဝေးမှရော အနီးမှပါ မတော်တဆ ခိုးကြည့်ဖူးသဖြင့် ပိုင်ရှင်ကို ချက်ချင်းခွဲခြားသိမြင်နိုင်သည်။ ယခုတော့ မျက်စိရှေ့မှောက်တွင် တွေ့လိုက်ရပြီဖြစ်သည်။ မူလက ထင်ထားသလို အနက်ရောင်မဟုတ်ဘဲ အညိုရောင်သမ်းသော မှဲ့လေးတစ်လုံး ဖြစ်နေသည်။

ကျိုးအန်းရန်၏ရင်ခုန်သံများ ရုတ်တရက် ဆူညံသွားတော့သည်။ သူမတစ်ယောက်တည်းသာ ကြားနိုင်သော ရင်ခုန်သံများနှင့်အတူ ထိုလက်ပိုင်ရှင်၏အသံသည်လည်း နားဘေးတွင် ထွက်ပေါ်လာ၏။ ရင်းနှီးနေသော အသံပင်။ ရွယ်တူများထက် အသံသြသော်လည်း လူငယ်ဆန်သော ကြည်လင်ပြတ်သားမှု ရှိနေဆဲဖြစ်သည်။

"မိန်းကလေးကို ထိခါနီးဖြစ်သွားတာတောင် တောင်းပန်စကား မပြောကြဘူး"

ကွင်းထဲမှ အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ "အစ်ကိုလော့၊ မင်း ရောက်လာပြီပဲ။ စောင့်နေတာ ကြာလှပြီ။ ဆော့ဦးမှာလား" ရင်းနှီးနွေးထွေးသော လေသံဖြစ်သည်။

"ဆောရီးပါ ကျောင်းသူလေးရေ" ဟန်ဆောင်ကာ ဖြစ်သလိုပြောလိုက်သော လေသံဖြစ်သည်။

"အားလော့၊ ဆရာကောင်းက မင်းကို ဘာကိစ္စ ခေါ်တာတဲ့လဲ" သိချင်စိတ်ပြင်းပြနေသော လေသံဖြစ်သည်။

အတန်းပိုင်ဆရာက လှမ်းခေါ်လိုက်၍ သူ ရောက်မလာခြင်းဖြစ်မှန်း သိလိုက်ရသည်။ ကျိုးအန်းရန်၏ရင်ခုန်သံများသည် မြန်ဆန်နေဆဲဖြစ်ပြီး၊ ဘေးတွင်ချထားသော လက်ချောင်းလေးများကို ကွေးလိုက်မိသည်။ ခေါင်းငဲ့ပြီး သူ့ကိုကြည့်ချင်စိတ် ဖြစ်ပေါ်လာ၏။

ယန်ရှင်းချန်းသည်လည်း လန့်သွားပြီး အခုမှသတိပြန်ဝင်လာကာ သူမကို ဘေးသို့ အနည်းငယ်ဆွဲဖယ်လိုက်ပြီး ကွင်းဘက်သို့ လှမ်းအော်လိုက်သည်။ "နင်တို့ ဘောလုံးကစားတာ လူကို မကြည့်ကြဘူးလား"

ကျိုးအန်းရန်သည် စိတ်လျှော့ရန်ပြောသည့်သဘောဖြင့် သူငယ်ချင်း၏လက်ကို ပုတ်ပေးလိုက်ပြီးနောက် မနေနိုင်တော့ဘဲ ခေါင်းငဲ့ကာ သူ့ကို လှမ်းကြည့်လိုက်မိသည်။

နန်ချန်မြို့၏ရာသီဥတုသည် လေးရာသီ သိပ်မကွဲပြားလှပေ။ အောက်တိုဘာလနှောင်းပိုင်းသို့ ရောက်နေပြီဖြစ်သော်လည်း ရာသီဥတုက ပူပြင်းနေဆဲဖြစ်ပြီး ကျောင်းသားအများစုသည် နွေရာသီဝတ်စုံများကိုသာ ဝတ်ဆင်ထားကြသည်။ သို့သော် အချို့လူများကမူ ဘုရားသခင်၏မျက်နှာသာပေးမှုကို မွေးရာပါ ရရှိထားသူများဖြစ်ပုံရသည်။

ကောင်လေး၏ခန္ဓာကိုယ်သည် အရပ်ရှည်ပြီး သွယ်လျလေသည်။ သူဝတ်ဆင်ထားသော အမှတ် (၂) အထက်တန်းကျောင်း၏ အပြာနှင့်အဖြူရောင် ကျောင်းဝတ်စုံပွပွသည် သူ့ခန္ဓာကိုယ်ပေါ်တွင် သန့်ရှင်းသပ်ရပ်ကာ ကြည့်ကောင်းနေသည်။ နေဝင်ချိန်၏ရွှေရောင်အလင်းတန်းများ ဖြာကျနေသော သူ့မျက်နှာဘေးတိုက်မြင်ကွင်းမှာ ပြတ်သားထင်ရှားပြီး၊ မျက်တောင်များသည် နက်မှောင်ကာ ရှည်လျား၏။ မျက်ရစ်မှာလည်း ထင်ရှားလှသည်။

သူမကို ထိခါနီးဖြစ်သွားသော ဘတ်စကက်ဘောလုံးကို သူက လက်ဖြင့် ဖမ်းကိုင်ထားပြီး ဖြစ်သလိုပင် နှစ်ပတ်ခန့် လှည့်ကစားလိုက်သည်။ ကောင်လေး၏အပြုံးသည် ပေါ့ပါးအေးဆေးနေပြီး သူ့အကြည့်များသည် ဘောလုံးကွင်းဘက်သို့သာ ရောက်နေကာ သူမအပေါ်သို့ တစ်ချက်ကလေးမျှ ကျရောက်မလာခဲ့ချေ။

ကျိုးအန်းရန်၏ရင်ထဲတွင် မြင့်တက်နေသော မျှော်လင့်ချက်များသည် ဒိန်းခနဲ ပြန်ကျသွားတော့သည်။

ထိုနေရာတွင် ဝမ်းနည်းစိတ်ပျက်မှုများ အစားထိုးဝင်ရောက်လာ၏။

သို့သော် စိတ်မပျက်သင့်ပေ။

ဤအဖြစ်အပျက်ကို သူမ ကြိုတင်သိမြင်ထားသင့်သည်။

ခုနက သူမကို ကူညီပေးခဲ့သော သူ့လုပ်ရပ်သည် သူ၏အရိုးထဲစွဲနေသော ယဉ်ကျေးမှုကြောင့်သာဖြစ်ကြောင်း သူမ သိထားသင့်သည်။ သူကူညီလိုက်သူသည် လမ်းသွားလမ်းလာ a,b,c,d မည်သူပင်ဖြစ်နေပါစေ သူ ဂရုစိုက်နေမည် မဟုတ်ပေ။

အမှန်တော့ ဒါဟာ သူ့အကူအညီကို သူမ ပထမဆုံးအကြိမ် ရရှိဖူးခြင်း မဟုတ်ပေ။

.....

အထက်တန်း ပထမနှစ် ကျောင်းအပ်နှံသည့်နေ့ကဖြစ်သည်။ ယန်ရှင်းချန်းအဘိုး၏ အသက် ၇၀ ပြည့် မွေးနေ့ပွဲနှင့် တိုက်ဆိုင်နေသဖြင့် သူမ၏မိဘများသည် ဆရာကို ခွင့်တိုင်ထားပြီး နှစ်ရက်နောက်ကျမှ ကျောင်းလာအပ်ခဲ့ကြသည်။

ထိုနေ့တွင် ကျိုးအန်းရန်၏မိဘများ အလုပ်မအားသဖြင့် ခွင့်ယူကာ လိုက်မပို့နိုင်တော့ဘဲ သူမတစ်ယောက်တည်း အမှတ် (၂) အထက်တန်းကျောင်းသို့ လာရောက်ကျောင်းအပ်ခဲ့ရသည်။

ရုံးခန်းသည် စာသင်ဆောင် ဒုတိယထပ်တွင်ရှိသည်။ သူမ ရောက်လာသည့်အချိန်က စောနေသေးသဖြင့် လှေကားတွင် လူသူကင်းမဲ့နေ၏။

ထိုနေ့က နန်ချန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။

ကျိုးအန်းရန်သည် လှေကားအတိုင်း ဖြည်းညှင်းစွာ တက်လာခဲ့သည်။

နောက်ဆုံးလှေကားထစ်သို့ ရောက်သောအခါ ရုံးခန်းရှာရန် ဘယ်ညာဝဲယာ ကြည့်လိုက်မိသည်။ ထိုစဉ် မည်သူက စည်းကမ်းမဲ့စွာ ပစ်ထားမှန်းမသိသော ငှက်ပျောခွံတစ်ခုကို မတော်တဆ တက်နင်းမိလိုက်သည်။ မိုးရွာထားသဖြင့် ကြမ်းပြင်ကလည်း စိုစွတ်ချောကျိနေရာ သူမ အရှိန်မထိန်းနိုင်ဘဲ နောက်သို့ လဲကျသွားတော့သည်။

ထို့နောက် ပူနွေးပြီး သန်မာသော ရင်ခွင်တစ်ခုထဲသို့ ကျရောက်သွားကာ လန်းဆန်းသော ရနံ့တစ်ခုက သူမထံလွှမ်းခြုံလာ၏။

အနည်းငယ်သြသော ယောကျ်ားလေးအသံတစ်ခု နားဘေးတွင် ထွက်ပေါ်လာသည်။ "သတိထားလေ"

ကျိုးအန်းရန် ခေါင်းငဲ့ကြည့်လိုက်ရာ ကျဉ်းမြောင်းပြီး နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံစည်းသွားလေသည်။

တတိယထပ် လှေကားလက်ရန်းဘေးမှ ခေါင်းတစ်လုံး ပြူထွက်လာပြီး သူမတို့ဘက်သို့ လှမ်းအော်လိုက်သည်။ "ချန်လော့ပိုင်၊ မင်း မြန်မြန်လုပ်"

သူတို့နှစ်ဦး၏အနေအထားကို သေချာမြင်သွားပုံရပြီး ထိုလူ၏မျက်နှာတွင် စနောက်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ "ဘာလုပ်နေတာလဲ။ ငါ့မှာတော့ မင်းကို စောင့်နေလိုက်ရတာ။ မင်းက ဒီမှာ ကောင်မလေးတွေကို ပရောပရည်လုပ်နေတာလား။ ဖက်တောင် ဖက်ထားလိုက်သေး... မြန်လှချည်လား"

ကျိုးအန်းရန်၏မျက်နှာလေး အနည်းငယ် ပူနွေးသွားသည်။

ရဲသွားခြင်း ရှိမရှိကိုမူ မသိပေ။

ဘေးနားရှိကောင်လေးကမူ သူမ၏တုံ့ပြန်မှုကို လုံးဝ သတိထားမိပုံမရပေ။ သူမကို မတ်တပ်ရပ်နိုင်အောင် တွဲပေးပြီးနောက် ချက်ချင်းပင် လက်လွှတ်လိုက်သည်။ သူသည် တတိယထပ်ရှိ လူကို မော့ကြည့်ကာ ရယ်မောရင်း ဆဲလိုက်သည်။ "ရူးနေလား... ဒီကောင်မလေး ပြုတ်ကျမလိုဖြစ်လို့ ငါက လှမ်းထိန်းပေးလိုက်တာ။ မင်းပါးစပ်က အပေါက်ပါတိုင်း လျှောက်ပြောနေတော့တာပဲလား"

သူသည် ရိုးရှင်းသော တီရှပ်အဖြူနှင့် အနက်ရောင် အားကစားဘောင်းဘီကို ဝတ်ဆင်ထားသည်။ နဖူးပေါ်သို့ ဝဲကျနေသော ဆံပင်တိုနက်နက်လေးများကြောင့် သန့်ရှင်းကြည်လင်နေပုံရပြီး၊ ပြုံးလိုက်သည့်အခါ လူငယ်ဆန်သော တက်ကြွမှုများက ဖုံးဖိမရအောင် ထွက်ပေါ်လာသည်။

"ဒါဆိုလည်း မြန်မြန်တက်လာခဲ့လေ"

တတိယထပ်မှ လူက ထပ်ပြောလိုက်မှသာ ကျိုးအန်းရန်သည် သူ့ကို ကျေးဇူးတင်စကား ပြောသင့်ကြောင်း သတိရလိုက်သည်။ သို့သော် ကောင်လေးက သူမကို အခွင့်အရေး မပေးခဲ့ချေ။

သူ ဆက်မနေတော့ဘဲ သူမကိုလည်း ထပ်မကြည့်တော့ဘဲ လှေကားထစ်များကို ခြေလှမ်းကျဲကြီးများဖြင့် တက်သွားတော့သည်။

ရုတ်တရက် လေတစ်ချက် ဝှေ့တိုက်လာ၏။

ဒုတိယထပ်အနီးရှိ ပရုတ်ပင်ကြီးသည် လေတိုက်ခတ်မှုကြောင့် တရှဲရှဲ မြည်နေပြီး၊ စိမ်းလန်းသော သစ်ရွက်များကြားမှ မိုးရေစက်များသည် အောက်သို့ စီးကျနေသည်။

ကျိုးအန်းရန်သည် လေမိုးသံများကြားတွင် မော့ကြည့်လိုက်ရာ ပြေးတက်သွားသော ကျောပြင်ကျယ်ကျယ်နှင့် လေတိုက်၍လွင့်ပါသွားသော အင်္ကျီအဖြူစကိုသာ မြင်လိုက်ရတော့သည်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၂ ။ လီမွန် : အားလုံးက သူ့အကြောင်းတွေချည်းပဲ

ထိုနေ့က ကျိုးအန်းရန်သည် မျက်နှာများရဲကာ ထိုနေရာတွင် အတော်ကြာအောင် ရပ်နေမိခဲ့သည်။

ခါးအနောက်ဘက်ရှိ အရေပြားတစ်ဝိုက်သည် ပူနွေးနေဆဲဖြစ်ပြီး၊ နွေရာသီအကုန် ပါးလွှာသောအဝတ်အစားများအပေါ်မှ ထိုပူနွေးသန်မာသော လက်တစ်ဖက်က ဖက်ထားဆဲဟု ခံစားနေရသည်။

ရင်ခုန်သံများလည်း အလွန်မြန်ဆန်နေ၏။

ခေါင်းထဲတွင် ခုနကမြင်လိုက်ရသော မျက်နှာတစ်ခုတည်းသာ ပြည့်နှက်နေတော့သည်။

ကျိုးအန်းရန် နှုတ်ခမ်းကိုစေ့လိုက်ပြီး အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။

ကြော်ငြာသင်ပုန်းရှေ့သို့ ပြန်သွားပြီး အတန်းခွဲစာရင်း၏ပထမတန်းမှစ၍ နာမည်တစ်ခုချင်းစီကို သေချာလိုက်ကြည့်မိသည်။

နောက်ဆုံးတွင် ခုနကကြားလိုက်ရသော အသံထွက်နှင့် အနီးစပ်ဆုံး၊ တစ်ခုတည်းသော နာမည်သုံးလုံးကို သူမတို့အတန်းတွင်တွေ့လိုက်ရသောအခါ ကံကောင်းမှုကြီးတစ်ခုဖြင့် ဝင်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အထက်တန်းကျောင်းသားဘဝသည် အလယ်တန်းထက် ပိုမိုခက်ခဲပင်ပန်းပြီး စာလုပ်ဖို့ကလွဲ၍ ဘာမှမရှိသော အချိန်ကာလတစ်ခုဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ဖူးသည်။

ချန်လော့ပိုင်သည် ရုတ်တရက် ပေါ်လာသော အလင်းတန်းတစ်ခုအလား သူမ၏ မီးခိုးရောင်လူငယ်ဘဝကို လင်းလက်သွားစေခဲ့သည်။

သို့သော် ထိုအလင်းတန်းက စူးရှလွန်းနေသည်။

ပိုပြောရလျှင် သူသည် အမှတ် (၂) အထက်တန်းကျောင်းရှိ မိန်းကလေးထက်ဝက်ခန့်၏ လူငယ်ဘဝကို အလင်းရောင် ပေးနိုင်စွမ်းရှိသူဖြစ်သည်။

လူတိုင်း လှမ်းမျှော်ကြည့်ရသော်လည်း လက်လှမ်းမမီနိုင်သောသူဖြစ်သည်။

ကျိုးအန်းရန်အနေဖြင့် သူနှင့် အတန်းတူနေရခြင်းသည်ပင် သူမ၏ကံကောင်းမှုများကို အကုန်ထုတ်သုံးလိုက်သကဲ့သို့ ဖြစ်နေသည်။ နောက်ပိုင်း နေရာချသောအခါ သူတို့နှစ်ယောက် ရှေ့နောက်၊ ဘယ်ညာ ဝေးကွာသောနေရာများတွင် ထိုင်ကြရသည်။

သူမကလည်း အနေအေးသူဖြစ်ပြီး ကျောင်းဖွင့်သည်မှာ တစ်လကျော်ကြာပြီဖြစ်သော်လည်း သူနှင့် စကားပြောခွင့် မရသလောက်ပင်။

မျက်နှာချင်းဆိုင် တွေ့ဖူးရုံသာရှိသော သူစိမ်းများဟုသာ ဆိုရပေမည်။

....

"ဆောရီးပါ" ဘတ်စကက်ဘောကွင်းထဲမှ အသံထွက်ပေါ်လာသည်။

စကားပြောလိုက်သူမှာ သူတို့အတန်းမှ ကျုရန်ဖြစ်ပြီး ချန်လော့ပိုင်နှင့် အခင်မင်ဆုံး သူငယ်ချင်းများထဲမှ တစ်ယောက်ဖြစ်သည်။

ကျိုးအန်းရန် အတိတ်ကို တွေးနေရာမှ သတိဝင်လာပြီး သူ့ကို ကျေးဇူးတင်စကား မပြောရသေးကြောင်း သတိရသွားသည်။

သူမ ပါးစပ်ဟလိုက်သော်လည်း စကားမပြောလိုက်ရမီ ကျုရန်၏အသံထွက်ပေါ်လာပြန်သည်။

"ချန်လော့ပိုင်... မင်း အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ... ဆင်းလာပြီး ဆော့လေ"

ချန်လော့ပိုင်သည် သူမကို ထိခါနီးဖြစ်သွားသော ဘောလုံးကို ကိုင်ထားရင်း အကျင့်ပါနေသလို လှည့်ကစားလိုက်သည်။ "ဒီနေ့ မဆော့တော့ဘူး။ ငါ့အမေ လာကြိုမှာ"

"မလုပ်ပါနဲ့ အစ်ကိုလော့ရာ။ ငါတို့က ဒီည မင်းနဲ့အတူတူထမင်းစားဖို့ စောင့်နေကြတာ" ထန်ကျန့်ရွေ့ ဆိုသူက ဝင်ပြောလိုက်သည်။

ချန်လော့ပိုင်က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ "ငါနဲ့ ထမင်းစားဖို့ စောင့်နေတာလား။ ငါ ရှင်းပေးမယ့် ဘေလ်ကို စောင့်နေတာလား"

ထန်ကျန့်ရွေ့က "ဟီးဟီး" ဟု ရယ်လိုက်ပြီး လုံးဝ ရှက်ရွံ့ပုံမရပေ။ "အတူတူပဲဟာကို"

ချန်လော့ပိုင်က ကျုရန်ရှိရာဘက်သို့ မေးဆတ်ပြလိုက်သည်။ "ဒီည ငါပဲ ဒကာခံမယ်။ ကျုရန်ကို အရင်ရှင်းခိုင်းထားလိုက်။ ပြီးမှ ငါ သူ့ကို ပြန်လွှဲပေးမယ်"

"ဒါဆိုလည်း အစ်ကိုလော့ မင်း မြန်မြန်သွားတော့လေ"

"ဟုတ်တယ်၊ အန်တီ့ကို အကြာကြီး မစောင့်ခိုင်းနဲ့"

ချန်လော့ပိုင်က ဘောလုံးကို ပစ်ပေးလိုက်ပြီး ရယ်မောကာ ဆဲလိုက်ပြန်သည်။ "မင်းတို့ကောင်တွေ တော်တော်မျက်နှာပြောင်တိုက်တာပဲ"

ကောင်လေးက လက်ကိုမြှောက်ပြီး ဘောလုံးပစ်ပေးလိုက်ချိန်တွင် အားစိုက်လိုက်မှုကြောင့် လက်မောင်းရှိ သွေးကြောများ အနည်းငယ်ထောင်တက်သွားကာ မိန်းကလေးများနှင့်မတူသော သန်မာမှုကို ထင်ရှားစေသည်။

ကျိုးအန်းရန်သည် ထိုလက်က သူမကို ခိုင်မြဲစွာ တွဲပေးခဲ့ဖူးသည်ကို ပြန်လည်သတိရလိုက်မိပြီး စိတ်ကူးယဉ်ကမ္ဘာထဲသို့ ခေတ္တမျောပါသွားသည်။

ပြန်လည်သတိဝင်လာချိန်တွင် ချန်လော့ပိုင်သည် ထွက်ခွာသွားပြီဖြစ်ပြီး သူမနှင့် ခြေလှမ်းများစွာ ဝေးကွာသွားပြီဖြစ်သည်။

ဘောလုံးလှမ်းဖမ်းလိုက်သော ထန်ကျန့်ရွေ့က ကွင်းထဲတွင် ဘောလုံးပုတ်လိုက်ပြီး သူ့ကို လှမ်းအော်ပြောလိုက်သည်။ "နောက်တစ်ပတ်မှတွေ့မယ် အစ်ကိုလော့"

နေဝင်ချိန်အောက်တွင် ချန်လော့ပိုင်သည် လှည့်မကြည့်တော့ဘဲ လက်ကိုသာ မြှောက်ကာ ဝှေ့ယမ်းပြလိုက်သည်။ ညာဘက်ပခုံးတွင် လွယ်ထားသော အနက်ရောင်ကျောပိုးအိတ်သည် သူ့လှုပ်ရှားမှုကြောင့် ယိမ်းနွဲ့သွားပြီး လိမ္မော်ရောင်အလင်းတန်းလေးများ ထိုအပေါ်တွင် ခုန်ပေါက်ပြေးလွှားနေကြ၏။

ကျိုးအန်းရန် သတ္တိမရှိသဖြင့် သူ့ကို မလှမ်းခေါ်ရဲခဲ့ပေ။ နှုတ်ဖျားအထိ ရောက်လာခဲ့သော "ကျေးဇူးတင်ပါတယ်" ဟူသော စကားတစ်ခွန်းသည် အပြင်သို့ ထွက်မလာနိုင်ခဲ့ချေ။

ယန်ရှင်းချန်းက သူမလက်ကို ချိတ်လိုက်သည်။ "ငါတို့လည်း သွားကြစို့"

ကျိုးအန်းရန်က တိုးတိုးလေး "အင်း" ဟု ပြန်ဖြေလိုက်သည်။

ရှေ့မှ လျှောက်သွားနေသော အရပ်ရှည်ရှည်နှင့် ကောင်လေးသည် တဖြည်းဖြည်း ဝေးကွာသွားလေသည်။ ကျိုးအန်းရန်၏နောင်တရစိတ်များလည်း ပိုမိုကြီးထွားလာသည်။

ဘာဖြစ်လို့များ... သူ့ကို ကျေးဇူးတင်စကား တစ်ခွန်းတောင် မပြောလိုက်နိုင်ရတာလဲ။

ယန်ရှင်းချန်းသည်လည်း ထိုကျောပြင်ကို စက္ကန့်အနည်းငယ်ကြာ ငေးကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "ရန်ရန်၊ ငါလေ တော်တော် အချဉ်ပေါက်နေပြီ (မနာလိုဖြစ်မိတယ်)"

ကျိုးအန်းရန်သည် ခံစားချက်များကို ကြိုးစားဖုံးကွယ်လိုက်သည်။ "ဘာကို မနာလိုဖြစ်ရတာလဲ"

ယန်ရှင်းချန်း - "ချန်လော့ပိုင်လေ"

ကျိုးအန်းရန် - "ဟင်"

ယန်ရှင်းချန်းသည် အနုပညာရှင်များကို အားပေးသူဖြစ်ပြီး သူမ၏စိတ်ထဲတွင် သူမ၏အိုင်ဒေါသာ ရှိသဖြင့် အတန်းထဲတွင် ချန်လော့ပိုင်ကို သိပ်အရေးမလုပ်သော မိန်းကလေးအနည်းစုတွင် ပါဝင်သည်။ ပုံမှန်ဆိုလျှင် သူမတို့နှစ်ယောက် သူ့အကြောင်း သိပ်မပြောဖြစ်ကြပေ။

"နင် မနာလိုဖြစ်တာက..." ကျိုးအန်းရန် စကားကို ရပ်လိုက်သည်။ တကယ်ဆိုလျှင် စကားဆက်စပ်မှုအရ "သူ" ဟုသာ သုံးလိုက်ရုံဖြင့် အဆင်ပြေသော်လည်း သူမ၏ မပြောပြချင်သော ကိုယ်ကျိုးအတ္တလေးကြောင့် သူ့နာမည်ကို တိုးတိုးလေး ရွတ်ဆိုလိုက်မိသည်။ "...ချန်လော့ပိုင်ရဲ့ ဘာကိုလဲ"

"ဘုရားသခင်က တံခါးတစ်ချပ်ပိတ်ရင် ပြတင်းပေါက်တစ်ပေါက် ဖွင့်ပေးတယ်လို့ ပြောကြတယ်။ ငါ့အတွက် ပြတင်းပေါက်သေးသေးလေးတောင် ငါတော့ မမြင်မိဘူး။ ဒါပေမဲ့ ချန်လော့ပိုင်အတွက်ကျတော့ ဘုရားသခင်က ကောင်းကင်ဘုံကို တက်လှမ်းဖို့ လမ်းမကြီးတစ်ခုလုံး ဖောက်ပေးထားသလိုပဲ" ယန်ရှင်းချန်းက မျက်နှာရှုံ့မဲ့လျက်ပြောသည်။

ကျိုးအန်းရန် ပြုံးလိုက်မိသည်။ "နင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ"

"လျှောက်ပြောတာ မဟုတ်ပါဘူး။ နင်ကြည့်လေ... သူ့အဖေက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်၊ သူ့အမေက ငါတို့မြို့မှာ အကျော်ကြားဆုံး ရှေ့နေရုံးရဲ့အကြီးတန်းရှယ်ယာရှင်၊ သူ့အဘိုးအဘွားတွေက တက္ကသိုလ်ပါမောက္ခတွေတဲ့။ ပြောရရင် ရွှေဇွန်းကိုက်မွေးလာတဲ့ သခင်လေးပေါ့။ ပြီးခဲ့တဲ့လစာမေးပွဲတုန်းက ဒုတိယရတဲ့သူကို အမှတ် ၂၀၊ ၃၀ လောက်ဖြတ်ပြီး ပထမရတယ်။ ဒီနေ့ ဆရာပြတဲ့ သူ့စာစီစာကုံးလက်ရေးဆိုရင်လည်း သပ်ရပ်ပြီး လှလိုက်တာ။ ရုပ်ရည်ပိုင်းကျတော့လည်း ငါ့အကြိုက်မဟုတ်ပေမယ့် ကျောင်းရဲ့ကင်းဖြစ်နေတာပဲ။ တချို့အိုင်ဒေါတွေနဲ့ယှဉ်ရင်တောင် မရှုံးဘူး။ ပြီးတော့ သန့်ရှင်းကြည်လင်တဲ့ပုံစံလေးက အားသာချက်ပဲ"

ယန်ရှင်းချန်းက ခဏရပ်ပြီး လက်ချောင်းလေးများကို ချိုးရေတွက်ကာ ဆက်ပြောသည်။ "မိသားစုနောက်ခံ၊ ဉာဏ်ရည်၊ ရုပ်ရည်... သာမန်လူတစ်ယောက်က ဒီအထဲက တစ်ခုလောက် ပိုင်ဆိုင်ထားရင်ပဲ တစ်သက်လုံး ပူပင်စရာမလိုဘဲ နေလို့ရနေပြီ။ သူကျတော့ သုံးခုစလုံး ပိုင်ဆိုင်ထားတယ်။ မခံချင်စရာ မကောင်းဘူးလား"

ကျိုးအန်းရန်၏ရင်ထဲတွင် မွန်းကျပ်လာပြီး ဖြစ်သလိုပင် ပြန်ဖြေလိုက်သည်။ "ဟုတ်တာပေါ့"

သူက အရမ်းကို ပြီးပြည့်စုံလွန်းနေသည်။ ထို့ကြောင့်ပင် လူများကို လက်လှမ်းမမီနိုင်အောင်ဖြစ်စေသည်။

ယန်ရှင်းချန်းက တစ်ခုခုကို သတိရသွားသကဲ့သို့ ဆက်ပြောသည်။ "ဒါနဲ့ ကြားမိသေးတယ်၊ ငါတို့ကျောင်းက ဘတ်စကက်ဘောနည်းပြက သူ့ကို ကျောင်းအသင်းဝင်ဖို့ လာပြောဖူးတယ်တဲ့။ ငါတို့ကျောင်းအသင်းက အထက်တန်းကျောင်းပေါင်းစုံပြိုင်ပွဲမှာ ထိပ်ဆုံးသုံးသင်းဝင်တဲ့အဆင့်လေ။ အသင်းက ကစားသမားအများစုက ပရော်ဖက်ရှင်နယ်ကစားသမား ဖြစ်လာနိုင်တဲ့သူတွေ။ နည်းပြက သူ့ကို သဘောကျတယ်ဆိုတော့ သူ့အရည်အချင်းက သာမန်လူတွေထက် အများကြီး သာလွန်နေလို့ပေါ့"

ရှေ့မှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်လေးသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေသဖြင့် သူမတို့နှင့် ပို၍ဝေးကွာသွားပြီဖြစ်သည်။ အနာဂတ်တွင် သူမတို့နှင့်သူ၏ ကွာဟချက်သည် ပိုမိုကြီးမားလာမည်ကို ကြိုတင်ပြသနေသကဲ့သို့ပင်။

ယန်ရှင်းချန်းကဲ့သို့ အပူအပင်ကင်းသော မိန်းကလေးပင်လျှင် ထိုအချက်ကို သတိထားမိပုံရပြီး သက်ပြင်းချလိုက်သည်။ "မပြောတော့ပါဘူးဟာ။ ပြောလေ ပိုမနာလိုလေ ဖြစ်ရတယ်။ နို့လက်ဖက်ရည် သွားဝယ်ကြစို့"

ချန်လော့ပိုင်သည် ကျောင်းဝင်းတံခါးပေါက်မှ ထွက်ခွာသွားပြီဖြစ်၍ သူမ၏မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ကျိုးအန်းရန် အကြည့်လွှဲလိုက်သည်။ "အင်း"

ခေါင်းငုံ့ကာ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ဘေးနားမှ ယန်ရှင်းချန်း သီချင်းတစ်ပုဒ်ကို ညည်းလိုက်သည်ကို ကြားလိုက်ရသည်။ "တောင်တွေက မတ်စောက်၊ ရေတွေက ကြမ်းတမ်း... အခက်အခဲတွေကြုံ၊ ဒုက္ခတွေခံစားပြီးမှ... ကောင်းကင်ဘုံသို့ သွားရာလမ်းမကြီးက ကျယ်ဝန်းလှပေတယ်~"

ယန်ရှင်းချန်း၏အသံသည် ချိုသာသဖြင့် ထိုသီချင်းနှင့် တွဲဖက်လိုက်သောအခါ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေသည်။

ကျိုးအန်းရန် ရယ်မောလိုက်မိပြီး ရင်ထဲမှ မွန်းကျပ်မှုများ လျော့ပါးသွားသည်။ "ဘာလို့ ရုတ်တရက်ကြီး ဒီသီချင်း ဆိုရတာလဲ"

ယန်ရှင်းချန်းက "အာ" ဟု အာမေဋိတ်ပြုလိုက်သည်။ "ငါလည်း မသိဘူး။ ရုတ်တရက် ဆိုချင်လာလို့။ ခုနက ကောင်းကင်ဘုံသွားလမ်းအကြောင်း ပြောလိုက်လို့ နေမှာပေါ့။ ဒါပေမဲ့ သီချင်းဟောင်းတွေက နားထောင်လို့ကောင်းတယ်။ အခုခေတ်သီချင်းတွေက ဘာတွေမှန်းကို မသိဘူး"

ကျိုးအန်းရန်က သူမကို စနောက်လိုက်သည်။ "နင့်အိုင်ဒေါ သီချင်းအသစ်ထွက်ရင်ရော"

ယန်ရှင်းချန်း မျက်နှာပျက်သွားသည်။ "မပြောပါနဲ့တော့ဟာ။ ဘယ်နှစ်ဘယ်လမှ ထွက်မလဲ မသိနိုင်သေးဘူး"

.....

ကျိုးအန်းရန် အိမ်ပြန်ရောက်သောအခါ မိဘနှစ်ပါးစလုံး ပြန်မရောက်ကြသေးပေ။ သူမလည်း ကျောပိုးအိတ်ကို ဧည့်ခန်းဆိုဖာပေါ်တွင် တင်လိုက်ပြီး မီးဖိုချောင်သို့ဝင်ကာ ထမင်းအိုးတည်လိုက်သည်။ ထို့နောက် ဧည့်ခန်းသို့ပြန်လာကာ ကျောပိုးအိတ်ယူပြီး သူမ၏အခန်းထဲသို့ ဝင်ခဲ့သည်။

ကျိုးအန်းရန်သည် သင်္ချာအိမ်စာကို ထုတ်လိုက်ပြီး ဘေးနားရှိ စာအုပ်စင်ပေါ်မှ သူမ၏ အကြမ်းစာအုပ်ကို ဆွဲထုတ်လိုက်သည်။ မတော်တဆ စာမျက်နှာတစ်ခု ပွင့်သွားသောအခါ သူမ၏လက်ချောင်းများ ရပ်တန့်သွားသည်။

ထိုစာမျက်နှာတစ်ခုလုံးတွင် ကဗျာများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူမ၏အကြည့်များသည် ပဉ္စမမြောက်၊ သတ္တမမြောက်နှင့် နဝမမြောက် စာကြောင်းများဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။

ထိုစာကြောင်းများရှိ ကဗျာစာသားများမှာ -

"ပိုင်ယွင် ဟွမ်းကျစ်ဆန့်၊ မင်ယွဲ့ လော့ဆွေကျား။ (တိမ်ဖြူတို့ လွင့်ပြယ်သွား၊ လမင်းသာ ကျဆင်း ဝင်သက်ဆင်း၊ မည်သူ့အိမ်သို့ နည်း။)"

"ဖန်းလင်ရှင်းယဲ့ ချွေးချန်ယဲ့၊ လျိုဆွေချန်ပေါ် ရန့်ဟို့ပေါ်။ (သစ်တောသစ်ပင် ရွက်သစ်ဝေ၊ ရွက်ဟောင်း ရွက်ဆွေး ဖယ်ရှားပေး၊ ရေအလျဉ်လည်း ထိုနည်းလည်းကောင်း။)"

"ဆွေကျားယွီတီ အန်းဖေးရှန်း၊ ဆန့်ရူချွန်းဖုန်း မန်လော့ချန်။ (မည်သူ့အိမ်မှ ပလွေသံ၊ လေညင်းဆောင်ကာ ပျံ့လွင့်လာ၊ လော့ယန်မြို့အနှံ့ လွှမ်းခြုံသွား။)"

သူမသည် သူ့နာမည်ကို ရေးဖို့တောင် သတ္တိမရှိသဖြင့် သူမ၏ခံစားချက်များကို ကဗျာစာသားများကြားထဲတွင်သာ သတိထားပြီး ဝှက်ထားရသည်။ (မှတ်ချက်။ ကဗျာစာသားများထဲတွင် ချန်၊ လော့၊ ပိုင် ဟူသော စာလုံးများ ပါဝင်နေသည်။)

စိတ်အခြေအနေများ ရှုပ်ထွေးလာပြန်သည်။ ချဉ်တာ၊ ချိုတာ၊ ခါးသက်တာများ ရောပြွမ်းနေ၏။ အားလုံးက သူ့ကြောင့်ပင်။

သို့သော် ညနေခင်းက တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို သတိရလိုက်မိပြီး ကျိုးအန်းရန် နှုတ်ခမ်းကိုစေ့ကာ ထိုရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။ အကြမ်းစာအုပ်ကို စာမျက်နှာအသစ်လှန်လိုက်ပြီး အိမ်စာစလုပ်လိုက်သည်။

နည်းနည်း ခက်ခဲပေမယ့်... ပိုပြီး ကြိုးစားချင်ပါသေးတယ်။ သူ့ခြေလှမ်းတွေကို မီအောင် လိုက်ချင်တယ်။ သူ့နားကို နည်းနည်းလေးဖြစ်ဖြစ် ပိုကပ်သွားချင်မိတယ်။

ပုစ္ဆာတစ်ပုဒ်အရောက်တွင် ကျိုးအန်းရန်၏အတွေးများ ရပ်တန့်သွားသည်။ သူမသည် နှုတ်ခမ်းကိုကိုက်ကာ အဖြေရှာရန် စဉ်းစားနေရင်း လက်ထဲမှ ဘောပင်ဖြင့် စာရွက်ပေါ်တွင် သတိမထားမိဘဲ တစ်ခုခုကို ရေးခြစ်နေမိသည်။

သတိပြန်ဝင်လာသောအခါ စာရွက်တစ်ဝက်နီးပါးတွင် "ကောင်းကင်ဘုံသို့ သွားရာလမ်း" ဟူသော စာလုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

အိမ်ပြန်လမ်းတစ်လျှောက် ယန်ရှင်းချန်းက ထိုသီချင်းကို ညည်းလာခဲ့ခြင်းဖြစ်သည်။ မူလက ဒါသည် ငယ်ငယ်က ကြည့်ဖူးသော ဇာတ်လမ်းတွဲတစ်ခု၏ ဇာတ်သိမ်းသီချင်းမျှသာ။ သို့သော် သူနှင့် ပတ်သက်ဆက်နွှယ်သွားသည့်အခါ ထိုစာလုံးများသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားသကဲ့သို့ ရှိသည်။ ချဉ်ဖြုံးဖြုံး၊ ချိုမြမြ၊ ခါးသက်သက် ခံစားချက်များ ကပ်ငြိသွားသလိုပင်။

ကျိုးအန်းရန် ခေါင်းငုံ့ထားရင်း ဘောပင်ဖြင့် စာလုံးတစ်လုံးကို စတင်ရေးသားလိုက်စဉ် တံခါးပွင့်လာသည်။

သူမ ထိတ်လန့်သွားပြီး စာရွက်ကို အမြန်လက်ဖြင့်အုပ်ကာ ဝင်လာသူကို မော့ကြည့်လိုက်သည်။ လေသံတွင် မကျေနပ်မှုအနည်းငယ် ပါဝင်နေသည်။ "မေမေ၊ ဘာလို့ တံခါးမခေါက်တာလဲ"

"ကိုယ့်အိမ်ကိုယ်နေတာ ဘာတံခါးခေါက်စရာလိုလဲ" ဟယ်ကျားယီသည် သမီးဖြစ်သူ၏ ဟန်မဆောင်နိုင်သော အပြစ်ရှိသည့်ပုံစံကို ကြည့်ပြီး အခန်းထဲဝင်လာကာ ဆေးကြောထားသော သစ်သီးပန်းကန်ကို စားပွဲပေါ်တင်ပေးလိုက်သည်။ "ဘာတွေရေးနေလို့ အမေဝင်လာတာနဲ့ ဖွက်လိုက်ရတာလဲ"

ကျိုးအန်းရန်သည် ခုနက အလန့်တကြား ဖုံးလိုက်မိသော်လည်း ယခုမှ စဉ်းစားမိသည်မှာ သူမရေးထားသော စာသားများတွင် သံသယဖြစ်စရာအကြောင်းမရှိပေ။ ထို့ကြောင့် လက်ကို ပြန်ဖယ်လိုက်သည်။

ဟယ်ကျားယီ ငုံ့ကြည့်လိုက်သည်။ စာရွက်တစ်ဖက်တွင် ဂဏန်းများနှင့် ပုံသေနည်းများရှိပြီး ကျန်တစ်ဖက်တွင် "ကောင်းကင်ဘုံသို့ သွားရာလမ်း" ဟူသော စာလုံးများ အများအပြား ရေးထားသည်ကို တွေ့လိုက်ရသည်။

ဟယ်ကျားယီ - "ဟင် ... သမီး ဒီစာသားတွေ အများကြီးရေးပြီး ဘာလုပ်မလို့လဲ"

ကျိုးအန်းရန် လက်ချောင်းလေးများကို ကွေးလိုက်မိသည်။ "ဘာမှမဟုတ်ပါဘူး... ရုတ်တရက် 'Journey to the West' ကားကို ပြန်ကြည့်ချင်လာလို့"

ဟယ်ကျားယီ ရယ်လိုက်သည်။ "ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ။ အခုထိ အဲ့ကားကို ကြည့်ချင်တုန်းလား။ အထက်တန်းရောက်နေပြီ။ စာကိုပဲ အာရုံစိုက်တော့"

ကျိုးအန်းရန် မျက်လွှာချလိုက်သည်။ "သိပါပြီ မေမေ"

"သစ်သီးစားလိုက်ဦး" ဟယ်ကျားယီက စားပွဲပေါ်မှ ပန်းကန်ကို ညွှန်ပြလိုက်သည်။ "အမေ ထမင်းသွားချက်လိုက်ဦးမယ်"

ဟယ်ကျားယီ ထွက်သွားပြီးနောက် ကျိုးအန်းရန်သည် အခန်းထဲတွင် မိနစ် ၄၀ ခန့်ကြာအောင် အိမ်စာဆက်လုပ်နေလိုက်သည်။ ထို့နောက် ညောင်းညာနေသော လည်ပင်းကို လှည့်လိုက်ပြီး စားပွဲရှင်းကာ အခန်းပြင်ထွက်လာခဲ့သည်။

ဖေဖေလည်း ပြန်ရောက်နေပြီ။ မိဘနှစ်ပါးစလုံး မီးဖိုချောင်ထဲတွင် စကားပြောနေကြသည်။ အသံစုပ်စက်ဖွင့်ထားသဖြင့် ဆူညံနေပြီး ကျိုးအန်းရန် လမ်းလျှောက်လာသည့်အသံကို မကြားကြပေ။ သူမ မီးဖိုချောင်တံခါးပေါက်နား ရောက်သည်အထိ သူတို့ သတိမထားမိကြသေး။

စကားပြောသံများကို ကြားနေရသည်။

ဟယ်ကျားယီ - "လောင်ကျိုး၊ ရှင့်သမီးရဲ့ စာအုပ်ထဲမှာ ဘာတွေ့ခဲ့လဲ သိလား"

"ဘာတွေ့လို့လဲ" ကျိုးချင်းဆွေက မေးလိုက်သည်။

ဟယ်ကျားယီ - "စာရွက်တစ်ဝက်လောက် 'ကောင်းကင်ဘုံသို့ သွားရာလမ်း' ဆိုပြီး ရေးထားတာလေ။ ရှင် သူ့ကို စောစောစီးစီး ရည်းစားထားမှာ စိတ်ပူမနေနဲ့တော့။ ရှင့်သမီးက မကြီးသေးဘူး။ အခုထိ 'Journey to the West' ကြည့်ဖို့ စိတ်ကူးနေတုန်း"

ကျိုးချင်းဆွေက ရယ်မောလိုက်သည်။ "သူက တကယ်လည်း မကြီးသေးပါဘူး"

ကျိုးအန်းရန် ခြေလှမ်းရပ်တန့်သွားသည်။ ဟယ်ကျားယီက သူမပစ္စည်းများကို တမင်တကာ မွှေနှောက်ကြည့်ခြင်းမဟုတ်သော်လည်း သူမစာအုပ်ထဲမှ အကြောင်းအရာများကို ဖေဖေ့အား ပြောပြနေခြင်းမှာ သူမ၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးသည်ဟု ခံစားလိုက်ရပြီး စိတ်မကြည်မလင် ဖြစ်သွားသည်။

ကျိုးအန်းရန် နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ မီးဖိုချောင်ထဲမှ လူကြီးနှစ်ယောက် သူမကို သတိထားမိသွားသည်။

ဟယ်ကျားယီက လှည့်ကြည့်လိုက်သည်။ "ဗိုက်ဆာပြီလား"

ကျိုးအန်းရန်သည် စကားသိပ်မပြောချင်သဖြင့် ခေါင်းသာခါပြလိုက်သည်။

ဟယ်ကျားယီက ဘေးနားရှိ ပန်းကန်တစ်ခုကို မေးဆတ်ပြလိုက်သည်။ "ဗိုက်မဆာသေးရင် ဒီကြက်ခြေထောက်ပေါင်းကို ရှင်းချန်းတို့အိမ် သွားပို့လိုက်။ ဟင်းနှစ်ပွဲပဲ ကျန်တော့တာ။ သမီးပြန်လာရင် စားလို့ရပြီ"

ကျိုးအန်းရန် လျှောက်သွားလိုက်သည်။ မီးဖိုခုံနားတွင် ဟင်းလေးပွဲ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ အားလုံး သူမ ကြိုက်နှစ်သက်သော ဟင်းတွေချည်းပင်။

တကယ်တော့ ဟယ်ကျားယီသည်လည်း အလုပ်ခွင်တွင် မသက်သာလှပေ။ သူမနှင့် ကျိုးချင်းဆွေတို့ အချိန်ပိုမဆင်းရသော ညများတွင် ခေါက်ဆွဲပြုတ်လောက်သာ စားလေ့ရှိသည်။ သူမ ကျောင်းပိတ်ရက် ပြန်ရောက်လာမှသာ တစ်နာရီနီးပါးကြာအောင် အချိန်ပေးပြီး ချက်ပြုတ်ကျွေးမွေးလေ့ရှိသည်။

ကျိုးအန်းရန်၏ မပြောဖြစ်လိုက်သော စိတ်ကောက်မှုလေးသည် ချက်ချင်းပင် လွင့်ပါးပျောက်ကွယ်သွားတော့သည်။

.....

ညစာစားပြီးနောက် ကျိုးချင်းဆွေသည် ပန်းကန်များကို မီးဖိုချောင်ထဲ ထည့်ထားလိုက်ပြီး ဧည့်ခန်းသို့ပြန်ကာ တီဗီဖွင့်လိုက်သည်။

"ပန်းကန်တွေကို ဒီအတိုင်း ပစ်ထားလိုက်တော့မှာလား" ဟယ်ကျားယီက မကျေမနပ် ပြောလိုက်သည်။

ကျိုးချင်းဆွေက ရီမုကို ကိုင်လိုက်ရင်း ဖြေသည်။ "ဒီည CBA (တရုတ်ဘတ်စကက်ဘောအသင်း) ဖွင့်ပွဲလေ။ ပွဲပြီးမှပဲ ဆေးလိုက်တော့မယ်"

ကျိုးအန်းရန်သည် သူမ ဆေးလိုက်မည်ဟု ပြောရန် ပြင်လိုက်သော်လည်း ထိုစကားကို ကြားလိုက်သောအခါ ပြန်မျိုချလိုက်သည်။ ဆိုဖာနားသို့ လျှောက်သွားပြီး ကျိုးချင်းဆွေဘေးတွင် ဝင်ထိုင်လိုက်သည်။ "ဖေဖေ၊ သမီးလည်း အတူကြည့်မယ်"

ဟယ်ကျားယီသည် လသာဆောင်တွင် အဝတ်သွားသိမ်းရန် ပြင်နေရင်း ရပ်တန့်ကာ မေးလိုက်သည်။ "အိမ်စာတွေ ပြီးပြီလား"

ကျိုးအန်းရန် ခေါင်းငြိမ့်ပြလိုက်သည်။ "ပြီးပါပြီ"

ဟယ်ကျားယီ - "ပြီးရင်လည်း မနက်ဖြန်သင်မယ့်စာတွေ ကြိုဖတ်ထားလေ။ အထက်တန်းရောက်နေပြီ။ တီဗီထိုင်ကြည့်နေသေးတယ်"

ကျိုးချင်းဆွေ ဝင်ပြောလိုက်သည်။ "အခုမှ ပထမနှစ်ပဲ ရှိသေးတာပါ။ ပြီးတော့ ထမင်းစားပြီးရင် ကလေးကို ခဏလောက်တော့ အနားပေးဦးမှပေါ့။ သူက ငါနဲ့ ဘောလုံးပွဲကြည့်တာလေ။ ဇာတ်လမ်းတွဲ ကြည့်နေတာမှ မဟုတ်တာ။ ကျောင်းမှာ အားကစားချိန်ကျရင် ဘတ်စကက်ဘော သင်ရမှာပဲကို"

ဟယ်ကျားယီ စဉ်းစားလိုက်သည်။ "ဒါဆို နာရီဝက်ပဲ ကြည့်ရမယ်"

ကျိုးချင်းဆွေ - "နာရီဝက်ဆို ပွဲတစ်ပိုင်းတောင် မပြီးဘူး"

ဟယ်ကျားယီသည် သမီးဖြစ်သူ၏ လက်ဖဝါးလောက်သာရှိသော မျက်နှာလေးကို ကြည့်လိုက်သည်။ "၄၅ မိနစ်၊ ဒါ နောက်ဆုံးပဲ"

ကျိုးအန်းရန် ပြုံးလိုက်သည်။ ထို့နောက် ကျိုးချင်းဆွေက မေးလိုက်သည်။

"နေပါဦး... သမီးက ဘာလို့ ရုတ်တရက်ကြီး ဖေဖေနဲ့ ဘောလုံးပွဲ လာကြည့်ချင်ရတာလဲ။ အရင်တုန်းက စိတ်မဝင်စားပါဘူး"

ကျိုးအန်းရန်၏ခေါင်းထဲတွင် ဘောလုံးကွင်းထဲ၌ ပြေးလွှားနေသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ "ကြည့်ကောင်းလို့လေ" (ချောလို့လေ ဟုလည်း အဓိပ္ပာယ်ရသည်)

ကျိုးချင်းဆွေက ရီမုကို ချလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ "ဘယ်သူက ကြည့်ကောင်းလို့လဲ"

ကျိုးအန်းရန် - "......"

တစ်စုံတစ်ယောက်ကို သဘောကျနေပြီဆိုလျှင် ဖုံးကွယ်ထားဖို့ ခက်ခဲလှသည်။ မထင်မှတ်ထားသော အချိန်တွင် သေးငယ်သော ဟာကွက်တစ်ခုမှတစ်ဆင့် ပေါက်ကြားသွားတတ်သည်။

ကျိုးအန်းရန်သည် ထိုဟာကွက်ကို ဖုံးဖိရန် ကြိုးစားလိုက်သည်။ အရင်တုန်းက ကျိုးချင်းဆွေ CBA ကြည့်တုန်းက သူမ ဂရုမစိုက်ခဲ့သော်လည်း ခေါင်းထဲတွင် စဉ်းစားလိုက်ရာ လက်ရှိကစားသမားတစ်ဦး၏ နာမည်ကို သတိရသွားသည်။ "ယီကျန့်လျန်လေ"

ကျိုးချင်းဆွေက သူမကို ပြုံးကြည့်လိုက်သည်။ "အမြင်တော့ ရှိသားပဲ။ ဒါပေမဲ့ ဒီည ဟုန်ယွမ်အသင်း ပွဲစဉ်မရှိဘူး"

ကျိုးအန်းရန်သည် ဟုန်ယွမ်ဆိုသည်မှာ ဘာမှန်းပင် မသိပေ။ သူမ၏ရင်ခုန်သံများ မြန်ဆန်နေဆဲဖြစ်ပြီး ခေါင်းကိုသာ ဖြစ်သလို ငြိမ့်ပြလိုက်သည်။ "ဒါဆိုလည်း ဖေဖေကြည့်တာပဲ လိုက်ကြည့်တော့မယ်"

.....

ဆောင်းဦးမိုးတစ်ပြိုက် ရွာသွန်းပြီးနောက် အအေးပိုလာတော့သည်။ တနင်္ဂနွေနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် တနင်္လာနေ့တွင် နန်ချန်မြို့၏အပူချိန်သည် ရုတ်တရက် ကျဆင်းသွားလေသည်။

ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့ ကျောင်းရောက်ရောက်ချင်းပင် အခြားကျောင်းသားအများစုသည်လည်း သူတို့ကဲ့သို့ ဆောင်းရာသီကျောင်းဝတ်စုံများ ပြောင်းလဲဝတ်ဆင်ထားသည်ကို သတိပြုမိကြသည်။

ခုနစ်နာရီတိတိတွင် နှစ်ယောက်သား အတန်းထဲ ရောက်ကြသည်။ ယန်ရှင်းချန်းသည် ထိုင်ခုံတွင် ထိုင်သည်နှင့် မပြီးသေးသော သင်္ချာအိမ်စာကို ကုန်းကုတ်လုပ်နေတော့သည်။

ကျိုးအန်းရန်က သူမဘေးတွင် ဝင်ထိုင်ပြီး အင်္ဂလိပ်စာလုံးပေါင်းကျက်ရန် စာအုပ်ထုတ်လိုက်စဉ် အတန်းထဲမှ ဝမ်ချင်းထုံအမည်ရှိ မိန်းကလေးတစ်ယောက် ရောက်လာပြီး တိုးတိုးလေး မေးသည်။ "ကျိုးအန်းရန်၊ ငါတို့ နေရာခဏလောက် လဲလို့ရမလားဟင်။ ငါ ဟယ်မင်ယွီကို ရူပဗေဒပုစ္ဆာ နည်းနည်း မေးချင်လို့"

ဟယ်မင်ယွီသည် သူတို့အတန်း၏ ရူပဗေဒဘာသာရပ်ကိုယ်စားလှယ်ဖြစ်သည်။

ကျိုးအန်းရန် ခေါင်းငြိမ့်ပြလိုက်ပြီး အင်္ဂလိပ်စာအုပ်နှင့် မှတ်စုစာအုပ်တစ်အုပ်ကိုယူကာ ဝမ်ချင်းထုံကို နေရာဖယ်ပေးလိုက်သည်။ ဝမ်ချင်းထုံ၏ နေရာဆီသို့ လျှောက်သွားရင်း ကျိုးအန်းရန်၏ရင်ခုန်သံများ တဖြည်းဖြည်း မြန်ဆန်လာသည်။

ဝမ်ချင်းထုံ၏ နေရာက... ချန်လော့ပိုင်၏ မျက်စောင်းထိုးအရှေ့ခုံတွင်ရှိသည်။

သူ့နေရာက လောလောဆယ် လွတ်နေဆဲဖြစ်ပြီး ပြီးခဲ့သောသောကြာနေ့က သူမ ထွက်သွားစဉ် မြင်ခဲ့ရသော အခြေအနေအတိုင်း ရှိနေသေးသည်။

ကျိုးအန်းရန်သည် တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ဝမ်ချင်းထုံ၏နေရာတွင် ဝင်ထိုင်လိုက်သည်။

အမှတ် (၂) အထက်တန်းကျောင်း၏ မနက်ခင်း စာလေ့လာချိန်သည် ကျောင်းသားများ၏ဆန္ဒသဘောအတိုင်းဖြစ်သော်လည်း အခန်း (၂) သည် ထူးချွန်အတန်းများထဲမှ တစ်ခုဖြစ်သောကြောင့် ကျောင်းသားအားလုံးနီးပါး ကြိုရောက်နေတတ်ကြသည်။

ယခု မနက်ခင်း စာလေ့လာချိန် မစသေးသော်လည်း ကျောင်းသားအများစု ရောက်ရှိနေကြပြီဖြစ်သည်။ ကျောင်းပိတ်ရက်အပြီး တနင်္လာနေ့မနက်ခင်းဖြစ်၍ ကျောင်းသားများ၏စိတ်သည် အခြားရက်များထက် ပိုမိုလှုပ်ရှားတက်ကြွနေတတ်ပြီး ထူးချွန်အတန်းသည်လည်း ခြွင်းချက်မဟုတ်ပေ။

အတန်းထဲတွင် ဆူညံသံများ ထွက်ပေါ်နေသည်။ သို့သော် ထိုအသံများသည် မျက်စောင်းထိုးအနောက်ဘက်ရှိ လူလွတ်နေသော ခုံလောက် ကျိုးအန်းရန်၏အာရုံကို ဖမ်းစားနိုင်ခြင်းမရှိပေ။

ပုံမှန်ထက် အချိန်ပိုယူပြီးမှ သူမ၏စိတ်အာရုံကို စုစည်းနိုင်ခဲ့သည်။

ကျိုးအန်းရန်သည် အင်္ဂလိပ်စာလုံးများကို အစဉ်လိုက် တစ်ခေါက်ကျက်မှတ်လိုက်သည်။ ထို့နောက် ရှေ့ဆက်၊ နောက်ဆက် တူညီသော စာလုံးများကို သီးခြားခွဲထုတ်၍ လေ့လာကာ မှတ်ဉာဏ်ပိုကောင်းစေရန် ပြုလုပ်သည်။ နောက်ဆုံးတွင် အခြားစာလုံးများနှင့် မှားယွင်းလွယ်သော စာလုံးအချို့ကို သီးသန့်မှတ်စုစာအုပ်ထဲတွင် ကူးရေးလိုက်သည်။

စာထဲတွင် အာရုံဝင်စားသွားပြီးနောက် ပတ်ဝန်းကျင်မှ ဆူညံသံများသည် အလိုအလျောက် ပျောက်ကွယ်သွားသလို ခံစားရသည်။

ထိုစဉ် နားထဲသို့ နာမည်တစ်ခု ဝင်ရောက်လာသည်အထိပင်။ "ချန်လော့ပိုင်"

ထိုနာမည်သည် မှော်အတတ်တစ်ခုကဲ့သို့ပင် သူမကို စာလုပ်နေသောအာရုံထဲမှ ချက်ချင်း ဆွဲထုတ်လိုက်ပြီး ပတ်ဝန်းကျင်မှ အသံဗလံများအားလုံးကို ပြန်လည်ကြားယောင်လာစေသည်။

စကားပြောနေသံများ။ လမ်းလျှောက်သံများ။ ထိုင်ခုံရွှေ့သံများ။

ထိုခြေသံများထဲတွင် သူ့ခြေသံ ပါဝင်နေမလား မသိနိုင်ပေ။ ကျိုးအန်းရန် နောက်လှည့်ကြည့်ချင်စိတ် ပေါက်လာသည်။ သို့သော် သိသာလွန်းမည်စိုး၍ မကြည့်ဖြစ်တော့ပေ။

သို့သော် လှည့်ကြည့်စရာမလိုဘဲ သူမ အဖြေကို ချက်ချင်းသိလိုက်ရသည်။ နောက်ဘက်မှ ထိုင်ခုံရွှေ့သံကို အနီးကပ်ကြားလိုက်ရပြီး သောကြာနေ့တုန်းက ရင်းနှီးခဲ့သော လန်းဆန်းသည့်ရနံ့တစ်ခု နှာခေါင်းထဲ တိုးဝင်လာသည်။

ကျိုးအန်းရန်သည် သူ့အနားတွင် ဤမျှနီးကပ်စွာ တစ်ခါမျှ မထိုင်ဖူးသဖြင့် ကျောပြင်တစ်ခုလုံး တင်းမာသွားသည်။

ထိုစဉ် သူမ၏ နောက်ခုံတွင်ထိုင်သော ကျုရန်၏အသံထွက်ပေါ်လာသည်။ "ချန်လော့ပိုင်၊ မင်း ဘာလို့ အဲ့လောက်တောင် အားမရှိသလို ဖြစ်နေရတာလဲ။ မနေ့ညက ဘာတွေလုပ်နေလို့လဲ"

ကျိုးအန်းရန် စာရေးနေသောလက် ရပ်တန့်သွားသည်။

မျက်စောင်းထိုးအနောက်ဘက်မှ ကောင်လေးက ဘာမှပြန်မပြောသော်လည်း ကျုရန်က ခဏရပ်ပြီးနောက် အသံတွင် မရေမရာ အဓိပ္ပာယ်များ ပါဝင်လာသည်။ "ပြီးခဲ့တဲ့အပတ်က စီနီယာအစ်မချောချောလေးနဲ့ စကားပြောနေလို့တော့ မဟုတ်ပါဘူးနော်"

ကျိုးအန်းရန်၏ဘောပင်ထိပ်ဖျားသည် စာအုပ်ပေါ်တွင် ထင်းခနဲ ခြစ်ရာတစ်ခု ဖြစ်သွားသည်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃ ။ လီမွန် : အကုန်လုံး သူ ဆုံးဖြတ်မှာပါ

ချန်လော့ပိုင် ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်နှင့် သူ့ရှေ့မျက်စောင်းထိုးခုံတွင် ထိုင်နေသူသည် ပုံမှန်လူ မဟုတ်ကြောင်း သတိထားမိလိုက်သည်။ ထိုမိန်းကလေးသည် ပို၍ညှက်ပြီး ကျုရန်၏စာအုပ်ပုံများ ကာကွယ်ထားသဖြင့် ခေါင်းတစ်ဝက်သာမြင်ရသည်။

နားရွက်နောက်သို့ သပ်တင်ထားသော ဆံပင်နက်နက်လေးများနှင့် အပြင်သို့ထွက်နေသော နားရွက်ဖြူဖြူလေးများသည် အလွန်ထင်းနေသည်။

သူ အလွန်အိပ်ချင်နေသဖြင့် သိပ်ပြီး အာရုံမစိုက်နိုင်တော့ပေ။ ကျောပိုးအိတ်ကို ကုလားထိုင်ပေါ် ဖြစ်သလိုချိတ်လိုက်ပြီး စားပွဲပေါ်မှောက်အိပ်လိုက်သည်။ မျက်လုံးမမှိတ်ရသေးမီ ကျုရန်၏မေးခွန်းကို ကြားလိုက်ရခြင်းဖြစ်သည်။

ချန်လော့ပိုင် ခေါင်းထောင်ကြည့်လိုက်သည်။

ကျိုးအန်းရန်သည် နောက်မှအခြေအနေကို မမြင်ရပေ။ ဂျယ်လ်ဘောပင်ကို ကိုင်ထားသော လက်ချောင်းထိပ်လေးများ ဖြူဖတ်သွားသည်အထိ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။

စာလေ့လာချိန်စခါနီးဖြစ်၍ အတန်းထဲတွင် လူစုံလုနီးပါးဖြစ်နေပြီး ဆူညံသံများက ခုနကထက် ပိုကျယ်လောင်နေသည်။ အရပ်မျက်နှာအသီးသီးမှ စကားသံများ ထွက်ပေါ်လာသည်။

"နင် အိမ်စာပြီးပြီလား"

"ဒီနေ့ အင်္ဂလိပ်စာဆရာမက စာလုံးပေါင်း နှုတ်ဖြေစစ်မယ်ဆို"

"ဟူး... စာသင်ရပြန်ဦးမယ်"

အသံပေါင်းစုံ ရောနှောနေသည်။ အားလုံးက မရင်းနှီးသော အသံများသာ။ ရင်းနှီးသော အသံပိုင်ရှင်ကမူ ဘာမှပြန်မပြောသေးပေ။

စက္ကန့်အနည်းငယ်မျှသာကြာသော်လည်း အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေရသလို ခံစားရပြီး သူမ၏နှလုံးသားကို ကြိုးမျှင်လေးတစ်ချောင်းဖြင့် ရစ်ပတ်တုပ်နှောင်ထားသကဲ့သို့ မွန်းကျပ်လာသည်။

နောက်ဆုံးတွင် သူ စကားပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ဘာ စီနီယာအစ်မလဲ" လေသံက ပျင်းရိလေးတွဲ့နေပြီး တကယ်ပင် အားအင်ကုန်ခမ်းနေသည့်ပုံဖြစ်သည်။

ကြည့်ရတာ... ကျုရန် ဘာပြောနေမှန်း သူ မသိသည့်ပုံပင်။

ကျိုးအန်းရန် ဘောပင်ကို ကိုင်ထားသော လက်ချောင်းများလျော့သွားပြီး သက်ပြင်းချလိုက်မိသည်။ သို့သော် သက်ပြင်းမဆုံးခင် ကျုရန်၏အသံ ထွက်ပေါ်လာပြန်သည်။ "ကြာသပတေးနေ့ နေ့လယ်တုန်းက မင်းကိုတားပြီး ရည်းစားစကားပြောတဲ့ အစ်မကြီးလေ"

ကျိုးအန်းရန်၏ရင်ထဲတွင် ထပ်မံ၍ လှုပ်ရှားသွားပြန်သည်။

ချန်လော့ပိုင်သည် သတိပေးလိုက်မှသာ ထိုကိစ္စကို ပြန်အမှတ်ရသွားသည်။ သူ စားပွဲပေါ် ပြန်မှောက်အိပ်လိုက်ရင်း လေးတွဲ့သောလေသံဖြင့် ပြန်ပြောလိုက်သည်။ "ဘယ်သူက ငါ့ကို ရည်းစားစကားပြောလို့လဲ"

ကျုရန် - "ရည်းစားစကား မပြောဘူးလား။ ဒါဆို ဘာလို့ ငါတို့ကိုဖယ်ခိုင်းပြီး မင်းနဲ့သီးသန့် စကားပြောချင်ရတာလဲ"

"သင်္ချာပုစ္ဆာ မေးတာ" ချန်လော့ပိုင်၏အသံတွင် အိပ်ချင်စိတ်များ အထင်းသားပေါ်နေသည်။

ကျုရန် အံ့အားသင့်သွားသည်။ "သင်္ချာပုစ္ဆာ... မင်းကိုလား"

"မရဘူးလား" ချန်လော့ပိုင် မျက်လုံးပြန်မှိတ်လိုက်သည်။ "ဒုတိယနှစ် သင်္ချာလောက်ကတော့ ငါ လုပ်တတ်ပါသေးတယ်"

ကျုရန် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။ "အေးပါကွာ... မင်းက လူမှမဟုတ်တာ... စာလုပ်တဲ့ စက်ရုပ်ကြီးပဲကိုး... မေ့နေလို့"

ချန်လော့ပိုင် တကယ်ပင် အိပ်ချင်နေပြီဖြစ်၍ ပြန်မပြောတော့ပေ။

အရှေ့ခုံတွင် ထိုင်နေသော ကျိုးအန်းရန်၏ကျောပြင် တောင့်တင်းနေဆဲဖြစ်သော်လည်း ရင်ထဲမှအလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူက သင်္ချာ တကယ်တော်တာပဲ။ ပြီးတော့ သူ့ပုံစံက ပွင့်လင်းရိုးသားပြီး ဘာမှကွယ်ဝှက်ထားခြင်းမရှိပေ။ ဒါကြောင့် တကယ်ပဲ ပုစ္ဆာလာမေးတာ ဖြစ်လောက်ပါတယ်။

ကျိုးအန်းရန်သည် နောက်ခုံသို့ရောက်နေသော စိတ်ကို အတင်းပြန်ဆွဲယူပြီး စာလုံးအချို့ ထပ်ကျက်ရန် ပြင်လိုက်သည်။ သို့သော် နောက်ခုံမှစကားဝိုင်းမှာ မပြီးဆုံးသေးပေ။

ကျုရန်သည် ခဏမျှငြိမ်သွားပြီးနောက် စပ်စုချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။ "ဒါဆို အဲ့ဒီအစ်မက သင်္ချာပုစ္ဆာပဲ မေးပြီး ဖုန်းနံပါတ်တောင်းတာဘာညာ မလုပ်ဘူးလား။ မနေ့ညက မင်းနဲ့ ချက်တင်မထိုင်ဘူးလား"

ချန်လော့ပိုင် အိပ်ပျော်လုနီးပါးဖြစ်နေချိန်တွင် အနှောင့်အယှက် ခံလိုက်ရပြန်သည်။ "မလုပ်ဘူး၊ မင်း ညီမလေးနဲ့ပဲ သွားပြောချေ"

"ငါ့မှာ ညီမလေးမှ မရှိတာ" ကျုရန်က ရယ်မောရင်း ပြောသည်။ "ညီမလေးရှိရင် မင်းနဲ့ ပေးစားပြီးပြီ။ အိမ်ခေါ်သွားပြီး ကလေးသတို့သမီး လုပ်ခိုင်းလိုက်မယ်"

ချန်လော့ပိုင် ခေါင်းထောင်လာပြီး ခြေထောက်ကို ဆန့်ထုတ်ကာ ကျုရန်၏ထိုင်ခုံကို မနာအောင် ကန်လိုက်သည်။ "သွားစမ်းပါကွာ၊ ဘယ်သူပဲဖြစ်ဖြစ် မင်းညီမ ဖြစ်လာရင် ရှစ်ဆက်လောက် ကံဆိုးမိုးမှောင်ကျမှာပဲ"

သူသည် ရိုးရှင်းသော တီရှပ်အဖြူနှင့် အားကစားဘောင်းဘီအနက်ကို ဝတ်ဆင်ထားသည်။ နဖူးပေါ်တွင်ဝဲကျနေသော ဆံပင်တိုနက်နက်လေးများဖြင့် သန့်ရှင်းကြည်လင်နေပြီး၊ ရယ်လိုက်သောအခါ ဖုံးဖိမရနိုင်သော လူငယ်ဆန်သော တက်ကြွမှုများ ထွက်ပေါ်လာသည်။

"ဒါဆို မင်းက အဲ့ဒီအစ်မနဲ့ စကားမပြောဘူးဆိုရင် ဘာလို့ ဒီလောက်အားမရှိဖြစ်နေရတာလဲ... မနေ့ညက ဘာလုပ်နေလို့လဲ"

ချန်လော့ပိုင် သမ်းဝေလိုက်သည်။ "ဘောလုံးပွဲကြည့်တာ"

"ဟာ... မင်းလည်း မနေ့ညက ပွဲကို ညဉ့်နက်ခံကြည့်တယ်ပေါ့" ကျုရန် စိတ်လှုပ်ရှားသွားသည်။ "နောက်ဆုံးသွင်းလိုက်တဲ့ ဂိုးက ရှယ်မိုက်တာနော်"

"မိုက်တာပေါ့" ချန်လော့ပိုင် စားပွဲပေါ်ပြန်မှောက်အိပ်လိုက်သည်။ "ပထမ သုံးပိုင်းလုံး အမှတ် ၂၀ လောက် ဖြတ်ထားပြီးမှ နောက်ဆုံးပိုင်းကျမှ အကျော်ခံလိုက်ရတယ်။ 3-2 zone defense လေးတောင် မဖောက်နိုင်ဘဲ ကစားကွက်တွေ ပျက်စီး၊ တစ်သင်းလုံး ယောင်ဝါးဝါးနဲ့... နောက်ဆုံး ဂိုးသာ ဝင်မသွားရင် အညံ့ဆုံးပွဲအဖြစ်တောင် သတ်မှတ်လို့ရတယ်"

ကျိုးအန်းရန်သည် တမင်တကာ ခိုးနားထောင်ချင်၍ မဟုတ်ပေ။ ဒါပေမဲ့ ဒီနေ့အကွာအဝေးက ပုံမှန်ထက် အရမ်းနီးကပ်နေသည်။ ပြီးတော့ သူ့အနားကပ်ထိုင်ဖို့ အခွင့်အရေးကလည်း ရှားပါးလွန်းလှသဖြင့် သူမ စိတ်မငြိမ်သက်နိုင်ဘဲ သူ့အသံများသည် နားထဲသို့ အလိုအလျောက် တိုးဝင်လာနေသည်။

ဒါပေမဲ့ 3-2 zone defense ဆိုတာ ဘာပါလိမ့်။ နောက်တစ်ခါ ဖေဖေနဲ့ဘောလုံးပွဲကြည့်ရင် သေချာဂရုစိုက်ပြီး ကြည့်မှဖြစ်တော့မယ်။

ကျုရန်က ဆန့်ကျင်ဘက် အမြင်ကို ပြောလိုက်သည်။ "ဖြစ်စဉ်က အရေးမကြီးပါဘူးကွာ။ ရလဒ်ကောင်းရင် ပြီးတာပဲ။ နောက်ဆုံးသွင်းဂိုးဆိုတာ တစ်ယောက်တည်းနဲ့ ပွဲတစ်ခုလုံးကို ကယ်တင်လိုက်နိုင်တဲ့ ဟီးရိုးဆန်ဆန် ခံစားချက်မျိုးလေ"

ချန်လော့ပိုင် နောက်တစ်ကြိမ် သမ်းဝေလိုက်ပြန်သည်။ "ဟီးရိုးတစ်ယောက်က ပွဲတစ်ပွဲကို ကယ်တင်နိုင်ပေမယ့် စိတ်ဓာတ်ပျက်ပြားနေတဲ့ အသင်းတစ်သင်းလုံးကိုတော့ မကယ်တင်နိုင်ဘူး"

"ဒီနေ့ပျော်ရင် ဒီနေ့ပြီးတာပဲလေ။ နောက်ပွဲတွေ နောက်မှ ဆက်ကြည့်တာပေါ့" ကျုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ထပ်မေးပြန်သည်။ "ဒါနဲ့ ပွဲပြီးတာ မနက် ၃ နာရီပဲ ရှိသေးတာကို မင်းက ဘာလို့ ဒီလောက် အိပ်ချင်နေရတာလဲ"

ချန်လော့ပိုင် - "ဒေါသထွက်ပြီး အိပ်မပျော်လို့ ပုစ္ဆာစာရွက်တွေ ထလုပ်နေတာ"

ကျုရန် - "......"

ကျုရန် အထင်ကြီးလေးစားစွာဖြင့် - "ဆရာကြီးပဲ"

ချန်လော့ပိုင် သူ့ကြောင့် ခေါင်းကိုက်လာသည်။ "ငါ အိပ်တော့မယ်"

"အေးပါ အိပ်ပါ" ကျုရန် ခဏငြိမ်သွားပြီးမှ - "ဒါပေမဲ့ လော့ရေ..."

ချန်လော့ပိုင် - "ပါးစပ်ပိတ်ထား၊ ထပ်ရှုပ်ရင် ဖိနပ်မလိုချင်နဲ့တော့"

ထိုစကားပြောပြီးနောက် အနောက်ခုံတွင် တိတ်ဆိတ်သွားတော့သည်။

ကျိုးအန်းရန်သည် သူ့ရှေ့မျက်စောင်းထိုးတွင် ထိုင်နေသော်လည်း ကျောပြင်တစ်ခုလုံးတောင့်တင်းကာ ညောင်းညာနေပြီဖြစ်သည်။

ကောင်လေး စကားထပ်မပြောတော့သော်လည်း သူမသည် စာလုံးတစ်လုံးမှ ခေါင်းထဲမဝင်တော့ပေ။ အင်္ဂလိပ်စာလုံးများသည် မျက်စိရှေ့တွင် ပျံဝဲနေသလို ခံစားရသည်။

သို့သော် သူ့နားတွင် ကပ်ထိုင်ခွင့်ရခြင်းသည် ခဏတာရရှိသော၊ မကြာမီ ပြန်ပေးရတော့မည့် ဆုလာဘ်လေးတစ်ခုသာဖြစ်သည်။ ထို့ကြောင့် သူမသည် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားမပေးတော့ဘဲ ခဏတာ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေခွင့်ပေးလိုက်သည်။

ဝမ်ချင်းထုံ ပြန်ရောက်လာပြီးနောက် ကျိုးအန်းရန်သည် သူမ၏မူလနေရာသို့ ပြန်သွားလိုက်သည်။ မနက်ခင်း စာလေ့လာချိန် ခေါင်းလောင်းသံမြည်လာမှသာ သူမ စိတ်တည်ငြိမ်သွားပြီး စာထဲသို့ အာရုံပြန်ရောက်သွားတော့သည်။

.....

တစ်နေ့တာအချိန်များသည် စာသင်ချိန်များနှင့် ဆရာများ၏ အချိန်ပိုယူသင်ကြားမှုများကြားတွင် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

နောက်ဆုံး သင်္ချာချိန်ပြီးသောအခါ ကျိုးအန်းရန်သည် နားမလည်သော အချက်တစ်ခုရှိနေသဖြင့် အတန်းဆင်းချိန်တွင် ဆရာ့ကိုမေးမြန်းရန် မိနစ်အနည်းငယ် ပိုနေခဲ့လိုက်သည်။ သူမ နားလည်သွားချိန်တွင် အတန်းထဲတွင် တိတ်ဆိတ်နေပြီဖြစ်ပြီး၊ ယန်ရှင်းချန်းသည် ဘေးနားတွင် ဂျယ်လီစားရင်း စောင့်နေသည်။

သူမ ဘောပင်ချလိုက်သည်ကို မြင်သောအခါ ယန်ရှင်းချန်းက ဂျယ်လီတစ်လုံးကို သူမပါးစပ်နား တေ့ပေးလိုက်သည်။ "ပြီးပြီလား"

ကျိုးအန်းရန် ဂျယ်လီကို စားလိုက်ပြီး ခေါင်းငြိမ့်ပြသည်။ "အင်း"

အခန်း (၂) ၏ နောက်ပေါက်သည် လှေကားနှင့်နီးသဖြင့် ကျောင်းသားများသည် နောက်ပေါက်မှ အထွက်များကြသည်။

ကျိုးအန်းရန် ပစ္စည်းများသိမ်းဆည်းပြီး လှည့်ကြည့်လိုက်ရာ ချန်လော့ပိုင်သည် အတန်းထဲတွင် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

ကောင်လေးသည် စားပွဲပေါ်တွင် မှောက်အိပ်နေသည်။ မျက်နှာကို လက်မောင်းပေါ်တွင် အပ်ထားပြီး၊ ဆံပင်နက်နက်များနှင့် လက်မောင်းအင်္ကျီ ခေါက်တင်ထားသဖြင့် ပေါ်နေသော အသားဖြူဖြူသည် ထင်ရှားနေသည်။

သူ ဒီနေ့တစ်နေ့လုံး အိပ်ရေးဆက်တိုက်ပျက်နေပုံရသည်။ မနက်ခင်း စာလေ့လာချိန်တွင်လည်း အိပ်သည်၊ ကျောင်းအလံတင်အခမ်းအနားကိုလည်း အကြောင်းပြချက်တစ်ခုခုပေးပြီး မတက်ဘဲ အတန်းချိန်တစ်ခုလုံး အိပ်သည်၊ နေ့လယ်စာစားချိန်တွင်လည်း အိပ်သည်၊ ညနေပိုင်း အတန်းဆင်းချိန်တွင်လည်း အိပ်နေပြန်သည်။

အတန်းထဲတွင် အခြားကျောင်းသားများရှိနေသေးသဖြင့် ကျိုးအန်းရန်သည် သူ့ကို ဗြောင်ကျကျ စိုက်မကြည့်ရဲပေ။ သူမ ဂျယ်လီကိုမြိုချလိုက်ရာ ချိုမြသောအရသာလေးသည် ပါးစပ်ထဲတွင် ကြာရှည်စွာ စွဲကျန်နေသည်။

ယန်ရှင်းချန်းက လျှောက်လာပြီး သူမလက်ကို ချိတ်လိုက်သည်။ "ဒီနေ့ ငါတို့ ဘာစားကြမလဲ"

ကျိုးအန်းရန်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး "ရှူး" ဟု တိုးတိုးလေး လုပ်ပြသည်။ "တိုးတိုးပြော... တစ်ယောက်ယောက် အိပ်နေတယ်"

ယန်ရှင်းချန်းကလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီး ပါးစပ်လှုပ်ရုံဖြင့်ပြောသည်။ "အပြင်ထွက်ပြောမယ်"

နောက်ပေါက်မှ ထွက်ရန်အတွက် သူ့နေရာကို ဖြတ်သွားရမည်ဖြစ်သည်။

ကောင်လေး၏တံတောင်ဆစ်သည် စားပွဲခုံအပြင်ဘက်သို့ အနည်းငယ် ထွက်နေသည်။ အနီးဆုံးရောက်သွားချိန်တွင် သူမ၏ကျောင်းဝတ်စုံသည် သူ့တံတောင်ဆစ်နှင့် မထိတထိဖြစ်သွားသလို ခံစားလိုက်ရသည်။

မည်သူမျှ မသိလိုက်ဘဲ ကျိုးအန်းရန်၏ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

အပြင်ဘက်မှ လေတိုက်ခတ်လာပြီး ပြတင်းပေါက်မှတစ်ဆင့်ဝင်ရောက်ကာ ပြတင်းပေါက်အနီးရှိ စာမေးပွဲစစ်ဆေးလွှာများကို တဖျပ်ဖျပ် လွင့်ပါသွားစေသည်။

ကျိုးအန်းရန်သည် အပြင်ဘက်သို့ရောက်နေသော ကောင်လေး၏လက်မောင်းဖြူဖြူကို သတိရသွားပြီး ခြေလှမ်းတုံ့သွားသည်။

ယန်ရှင်းချန်းသည် လူအိပ်နေသည်ကို မေ့သွားပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ရှူး..." ကျိုးအန်းရန် သတိပေးလိုက်ပြီး ပြတင်းပေါက်ကို လက်ညှိုးထိုးပြကာ အသံတိုးတိုးဖြင့် ဆင်ခြေပေးလိုက်သည်။ "ကျန်းယွဲ့ရဲ့စာမေးပွဲစာရွက် လေလွင့်ပါသွားတော့မယ်။ ငါ ပြတင်းပေါက် သွားပိတ်လိုက်ဦးမယ်"

ပြတင်းပေါက်ပိတ်ပြီးမှ မိန်းကလေးနှစ်ယောက် လက်ချင်းချိတ်ကာ အခန်းနောက်ပေါက်မှ ထွက်လာခဲ့ကြသည်။

အခန်း (၂) သည် ပြန်လည်တိတ်ဆိတ်သွားပြီး၊ စားပွဲပေါ် မှောက်အိပ်နေသော ကောင်လေးသည် ခေါင်းထောင်ကြည့်လိုက်ပြီးမှ ပြန်မှောက်အိပ်လိုက်သည်။

အောက်ထပ်ရောက်သောအခါ အပြင်ဘက်တွင် လေပိုတိုက်နေသည်ကို ကျိုးအန်းရန် သတိထားမိလိုက်သည်။ သစ်ရွက်ကြွေများ လေထဲတွင် ဝဲပျံနေပြီး၊ အေးစိမ့်သောလေသည် ကျောင်းဝတ်စုံအွအွကြားမှ တိုးဝင်လာသဖြင့် လက်ချောင်းများ အေးစက်သွားသည်။

သူမ ဇစ်ကိုဆွဲတင်လိုက်ပြီး ခုနက သူ့အတွက် နောက်ပေါက်ကိုပါ ကူပိတ်ပေးခဲ့သင့်သည်ဟု နောင်တရမိသွားသည်။

သို့သော် အတန်းထဲတွင် လူဝင်လူထွက် ရှိနေသေးသဖြင့် တံခါးပိတ်လိုက်လျှင်လည်း တစ်ယောက်ယောက်က ပြန်ဖွင့်ထားခဲ့နိုင်ပါသည်။

ယန်ရှင်းချန်းက ညစာအကြောင်း ဆက်ပြောနေသည်။ သူမ ဘာစားရမှန်း မဝေခွဲနိုင် ဖြစ်နေသည်။ "ရန်ရန်... ငါ ဒီည ငရုတ်သီးဝက်သားကြော် စားရမလား၊ တို့ဟူးဝက်သားကြော် စားရမလား"

ကျိုးအန်းရန်၏ စိတ်အာရုံအများစုသည် အတန်းထဲတွင် ကျန်ရစ်ခဲ့သဖြင့် စားချင်စိတ် သိပ်မရှိပေ။ "နှစ်ခုလုံး စားလိုက်လေ။ ငါ နင့်ကို တစ်ပွဲဝယ်ကျွေးမယ်။ ပြီးရင် တစ်ဝက်ခွဲပေးမယ်"

ယန်ရှင်းချန်း ပြန်ဖြေမလို့ လုပ်နေရင်း ရုတ်တရက် တစ်ခုခုကိုသတိပြုမိသွားပြီး ခြေလှမ်းရပ်တန့်လိုက်သည်။

ကျိုးအန်းရန် - "ဘာဖြစ်လို့လဲ"

"ငါ ရာသီလာနေပြီထင်တယ်" ယန်ရှင်းချန်း မျက်နှာပျက်သွားသည်။ "သွားပါပြီ၊ ငါ လစဉ်သုံးပစ္စည်း မပါလာဘူး"

"မပူပါနဲ့... ငါ နင့်အတွက် ယူလာပေးတယ်" ကျိုးအန်းရန်သည် သူငယ်ချင်း၏အကျင့်ကို သိသဖြင့် သတိပေးနေမည့်အစား သူမအတွက်ပါ အပိုဆောင်ထားလေ့ရှိသည်။ "ငါ နင့်ကို အောက်ထပ် အိမ်သာအရင် လိုက်ပို့ပေးမယ်။ တကယ် လာတာသေချာရင် အတန်းထဲပြန်တက်ပြီး သွားယူပေးမယ်"

ယန်ရှင်းချန်းက သူမကို ဖက်လိုက်သည်။ "အီးဟီး... ရန်ရန် နင်မရှိရင် ငါ ဘယ်လိုလုပ်မလဲ။ ချစ်လိုက်တာ"

ကျိုးအန်းရန်က ရယ်မောပြီး တွန်းလိုက်သည်။ "အပိုတွေ... သွားမယ်... ဘောင်းဘီပေသွားမှ မငိုနဲ့"

ယန်ရှင်းချန်း ကြက်သီးထသွားပြီး သူမကို အမြန်ဆွဲခေါ်သွားသည်။ "သွားမယ် သွားမယ်"

ပထမထပ် အိမ်သာရောက်သောအခါ ယန်ရှင်းချန်း တကယ် ရာသီလာနေသည်ကို အတည်ပြုလိုက်သည်။

ကျိုးအန်းရန်သည် ပစ္စည်းယူရန် အတန်းထဲသို့ တစ်ယောက်တည်း ပြန်တက်လာခဲ့သည်။

နောက်ပေါက်မှဝင်လျှင် သူ့ကို အားရပါးရ ကြည့်ခွင့်ရမည့်အပြင်၊ ပြန်ထွက်လျှင်လည်း သူ့အတွက် တံခါးပိတ်ပေးခဲ့နိုင်မည်ဟုတွေးမိသဖြင့် ကျိုးအန်းရန် ခြေလှမ်းသွက်သွားသည်။

သို့သော် နောက်ဆုံးလှေကားထစ်ကို တက်လိုက်သည်နှင့် ခေါင်းထဲစွဲနေသောမျက်နှာကို ချက်ချင်း မြင်လိုက်ရတော့သည်။

အိပ်နေသည်ဟုထင်ရသောကောင်လေးသည် ယခု နောက်ပေါက်နားရှိ နံရံကိုမှီကာ မတ်တပ်ရပ်နေသည်။ မျက်လွှာချထားပြီး အားမရှိသော ပုံစံပေါက်နေဆဲဖြစ်သည်။

ပြီးတော့ နောက်ပေါက်ဝတွင် သူတစ်ယောက်တည်း ရှိနေသည်မဟုတ်။

သူ့ရှေ့တွင် မိန်းကလေးတစ်ယောက် ရပ်နေသည်။ အရပ်ရှည်ရှည်၊ ဆံပင်ကို မြင့်မြင့်စည်းထားပြီး မျက်နှာကို သေသပ်စွာ ပြင်ဆင်ထားသည်။ လှပထင်ရှားသော မိန်းကလေးတစ်ဦးဖြစ်ပြီး သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ကျိုးအန်းရန်၏ရင်ထဲမှပျော်ရွှင်မှုများသည် အချဉ်ဖောက်ထားသော ကောက်ညှင်းပေါင်းကဲ့သို့ ချိုနေရာမှ ချဉ်စပ်စပ်အရသာသို့ ပြောင်းလဲသွားတော့သည်။

ခြေသံကြားသဖြင့် ထိုမိန်းကလေး လှည့်ကြည့်လာသည်။ တစ်ချက်သာကြည့်ပြီး ဂရုမစိုက်သလို အကြည့်ပြန်လွှဲကာ ချန်လော့ပိုင်ကို ပြန်ကြည့်နေသည်။ သူမ၏မျက်ဝန်းများ တောက်ပနေ၏။

ကောင်လေးသည်လည်း ကြားပုံရပြီး မျက်ခွံကို ဖြည်းညှင်းစွာ ပင့်တင်လိုက်ကာ သူမရှိရာဘက်သို့ လှမ်းကြည့်ရန်ပြင်လိုက်သည်။

ကျိုးအန်းရန် ရင်ထဲထိတ်သွားပြီး ခေါင်းငုံ့ကာ တံခါးပေါက်ထဲသို့ အမြန်ဝင်လိုက်သည်။

မိန်းကလေး၏အသံသည် သူမ နားထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။ ပွင့်လင်းပြီး ရဲရင့်သော အသံဖြစ်သည်။

"ပြီးခဲ့တဲ့ ကြာသပတေးနေ့က နင် ငါ့ကို ငြင်းလိုက်တာ ငါသိပါတယ်။ ဒီနေ့ ငါလာတာ ရည်းစားစကား ထပ်ပြောမလို့ မဟုတ်ပါဘူး။ နင့် ဖုန်းနံပါတ်လေး လိုချင်လို့ပါ။ နင့်ကို အနှောင့်အယှက် မပေးပါဘူး။ သာမန် သူငယ်ချင်းလိုပဲ ခင်လို့မရဘူးလား"

ကျိုးအန်းရန်သည် အခန်းထဲရောက်နေပြီဖြစ်သော်လည်း ခြေလှမ်းများ မသိမသာရပ်တန့်သွားသည်။

အပြင်ဘက်မှအသံ ပြန်ထွက်မလာသေးပေ။

ကျိုးအန်းရန်၏နှလုံးသားသည် ကြိုးမျှင်လေးဖြင့် တင်းကျပ်စွာရစ်ပတ်ခံထားရသလို ခံစားနေရသည်။

ကြိုးမျှင်၏အစကို အပြင်ဘက်မှကောင်လေးက ကိုင်ထားပြီး၊ လျှော့မလား၊ တင်းမလား ဆိုသည်မှာ သူ့စကားတစ်ခွန်းအပေါ်တွင် မူတည်နေသည်။

သူမ ခိုးနားထောင်နေသည်ကို သူ မသိသော်လည်းပေါ့။

***

All Chapters