အထက်တန်းကျောင်းတွင် ကျိုးအန်းရန် လုပ်ခဲ့ဖူးသမျှ ဒုတိယအရဲရင့်ဆုံးအလုပ်မှာ ချန်လော့ပိုင် စိတ်မကြည်ပုံရသည့်နေ့၌ သူ့ထိုင်ခုံစားပွဲအတွင်း လီမွန်ဆိုဒါသကြားလုံးနှစ်လုံး တိတ်တဆိတ် သွားထားခဲ့ခြင်းပင် ဖြစ်၏။ ထိုစဉ်က ချန်လော့ပိုင်မှာ ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင် ဖြစ်ပြီး သူမကတော့ လူမသိသူမသိ သာမန်ကျောင်းသူတစ်ဦးသာ ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦး တက္ကသိုလ်တစ်ခုတည်း တက်ခဲ့ကြ၏။ ကျိုးအန်းရန်မှာ ဤထိပ်သီးတက္ကသိုလ်သို့ တက်ခွင့်ရရန် အသည်းအသန် ကြိုးပမ်းခဲ့ရသော်လည်း ပါရမီရှင်များကြားတွင် မြူမှုန်တစ်ခုပမာ မထင်မရှား ဖြစ်နေခဲ့သည်။ ချန်လော့ပိုင်ကတော့ တက္ကသိုလ်နယ်မြေသို့ ခြေချကတည်းက အားလုံး၏အာရုံစိုက်ရာ ဖြစ်ခဲ့၏။ သူတို့နှစ်ဦး၏ ဘဝက မျဉ်းပြိုင်နှစ်ကြောင်းပမာ မည်သည့်အခါမျှ ဆုံစည်းနိုင်လိမ့်မည်မဟုတ်ဟု ကျိုးအန်းရန် လက်ခံလိုက်တော့သည်။ တစ်နေ့ စာသင်နားချိန်၌ ချန်လော့ပိုင်က သူမ၏စားပွဲပေါ်သို့ သကြားလုံးနှစ်လုံး လာတင်၏။ အထူးတထွေ ရင်းနှီးနေသော လီမွန်ဆိုဒါသကြားလုံးနှစ်လုံး...။ "ဒီသကြားလုံးမျိုး နင်စားဖူးလား..." သူက အမှတ်တမဲ့ဟန်ဖြင့် မေးလာ၏။ ကျိုးအန်းရန်၏ ရင်ထဲတွင် ထိတ်ခနဲ ခုန်သွားပြီး ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။ ချန်လော့ပိုင်က စကားဆက်၏။ "အထက်တန်းကျောင်းတုန်းက ငါ့စားပွဲမှာ တစ်ယောက်ယောက် လာထားလို့ ဒီသကြားလုံးကို စစားဖူးတာ... သူများတွေက ရည်းစားစာ လာထားတဲ့အချိန် အဲတစ်ယာက်က သကြားလုံးနှစ်လုံးပဲ လာထားတာတဲ့။ ဒါပေမဲ့..." သူက စကားရပ်လိုက်သည်။ ကျိုးအန်းရန် မနေနိုင်ဘဲ သူ့ကို မော့ကြည့်မိသည့်အခါ တစ်စုံတစ်ခုသော အဓိပ္ပာယ်ဖြင့် ခပ်ပြုံးပြုံး စိုက်ကြည့်နေသည့် သူ့အကြည့်များနှင့် ဆုံစည်းမိသွားသည်။ "အတော်ချိုတယ်..." သူမကို ပထမဆုံး စနမ်းသည့် ညတွင်လည်း သူ ထိုစကားကိုပင် ရေရွတ်ခဲ့၏။

