အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
လီမွန်ဆိုဒါသကြားလုံး
အခန်း ၂၂ ။ လီမွန် : ချန်လော့ပိုင် သူမကို လုံးဝ သတိမထားမိပေ
ရာသီဥတုက အလွန်ပူပြင်းလှသည်။ ကျန်းရူရှန်းသည် အချိုရည်ပုလင်းအဖုံးကို ပြန်ပိတ်လိုက်ပြီး အေးစက်နေသော ရေစက်များ တွဲခိုနေသည့် ပုလင်းကို မျက်နှာပေါ်ကပ်ကာ အပူသက်သာအောင် လုပ်လိုက်သည်။
အနည်းငယ် သက်သာသွားသောအခါ ကျိုးအန်းရန်၏ထီးအောက်သို့ ဝင်လာပြီး သူမလက်မောင်းကို ချွဲချွဲနွဲ့နွဲ့ ဖက်လိုက်သည်။
"ကျောင်းပိတ်လို့ ပျော်စရာကောင်းပေမယ့် နင်တို့နဲ့ နှစ်လလောက် မတွေ့ရတော့ဘူးဆိုတော့ သိပ်မပျော်တော့ဘူး။ ဒီနေ့တော့ နင်တို့နဲ့အတူ အရှေ့ပေါက်ကနေ ပြန်လိုက်ပို့မယ်ဟာ"
ကျိုးအန်းရန်၏စိတ်ခံစားချက်လည်း အနည်းငယ် အေးစက်သွားသည်။
ဟုတ်တာပဲ။
သူငယ်ချင်းတွေနဲ့ နှစ်လလောက် မတွေ့ရတော့ဘူး။
သူ့ကိုလည်း မတွေ့ရတော့ဘူး။
ရှန့်ရှောင်ဝမ်က လက်တစ်ဖက်တွင် ထီးကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို ယပ်တောင်သဖွယ် ယပ်ခတ်နေသည်။
"ငါတို့အိမ်တွေက ပြည်နယ်စာကြည့်တိုက်နဲ့ မဝေးဘူးလေ၊ နွေရာသီကျောင်းပိတ်ရက်ကျရင် စာကြည့်တိုက်မှာ သွားပြီး စာဖတ်ကြမလား။ မနက်စောစော ထွက်ရင်လည်း သိပ်မပူလောက်ပါဘူး"
ယန်ရှင်းချန် ညည်းတွားလိုက်သည်။
"နင်တို့ကလည်း ဒီလောက်ထိ ကြိုးစားဖို့ လိုလို့လား။ ငါက ကျောင်းပိတ်ရင် အတူတူ လျှောက်လည်ဖို့ ချိန်းမလို့ စိတ်ကူးနေတာ၊ နင်တို့က စာလုပ်ဖို့ပဲ စိတ်ကူးနေကြတယ်"
ကျိုးအန်းရန် သူမကို သတိပေးလိုက်သည်။
"နင့်အိုင်ဒေါရဲ့ CD တွေနဲ့ ပစ္စည်းတွေ အန်တီစုန့်လက်ထဲမှာ ရှိနေသေးတယ်လေ"
ယန်ရှင်းချန် ချက်ချင်း လက်သီးဆုပ်ပြလိုက်သည်။
"စာဖတ်ရုံပဲမလား၊ လိုက်ခဲ့မယ်၊ လိုက်ခဲ့မယ်"
ရှန့်ရှောင်ဝမ်က ဖြည့်စွက်ပြောသည်။
"နေ့တိုင်း စာလုပ်မယ်လို့ မပြောပါဘူး၊ အတူတူ လျှောက်လည်လို့လည်း ရပါတယ်။ နောက်ရက်နည်းနည်းကြာရင် ငါ့မွေးနေ့ရောက်ပြီ၊ အဲဒီကျရင် နင်တို့ကို ကာရာအိုကေ လိုက်ပို့မယ်"
"အိုကေ" ကျန်းရူရှန်းက ပြောသည်။ "ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ကျောင်းရှေ့ရောက်သောအခါ ကျိုးအန်းရန်နှင့် ယန်ရှင်းချန်တို့သည် ရှန့်ရှောင်ဝမ်၊ ကျန်းရူရှန်းတို့နှင့် ကားဂိတ်တွင် လမ်းခွဲကာ ကိုယ်စီကားစီးပြန်ခဲ့ကြသည်။
အိမ်ရာဝင်းထဲ ရောက်သောအခါ ကျိုးအန်းရန်နှင့် ယန်ရှင်းချန်တို့လည်း အောက်ထပ်တွင် လမ်းခွဲကာ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြသည်။
....
ညစာစားချိန်တွင် ဟယ်ကျားယီက မနေနိုင်ဘဲ မေးလိုက်သည်။
"ရန်ရန်... ဒီနေ့ သမီး ဘာဖြစ်နေတာလဲ"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ဟယ်ကျားယီက သူမနှုတ်ခမ်းဘေးမှ ပါးချိုင့်လေးကို လက်ညှိုးထိုးပြသည်။
"အိမ်ပြန်ရောက်ကတည်းက ပြုံးနေတာပဲ၊ ဒီနေ့ ဘာပျော်စရာကိစ္စရှိလို့လဲ"
ကျိုးအန်းရန် - "......"
ယန်ရှင်းချန်တို့နှင့်ကျတော့ ဘယ်လိုစပြောရမှန်း မသိသလို၊ ပြောပြဖို့လည်း ရှက်နေမိသည်။
မိဘနှစ်ပါးရှေ့မှာကျတော့ သူမစိတ်ကို နည်းနည်းလေးမှ သိသွားလို့မဖြစ်ပေ။
ကျိုးအန်းရန် ဟင်းတစ်ဖတ်ကို ကပျာကယာ ကောက်ညှပ်လိုက်ပြီး အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
"စာမေးပွဲ ဖြေနိုင်တယ်လို့ ခံစားရလို့ပါ၊ ပြီးတော့ လမ်းမှာ ရှင်းရှင်းက ဟာသတစ်ခု ပြောပြလိုက်သေးတယ်"
"ဘာဟာသလဲ" ကျိုးချင်းဆွေက စပ်စုလိုက်သည်။ "ဖေဖေတို့ကိုလည်း ပြောပြပါဦး"
ကျိုးအန်းရန်သည် လွန်ခဲ့သောရက်ပိုင်းက ယန်ရှင်းချန် ပြောပြဖူးသော ဟာသတစ်ခုကို ပြန်စဉ်းစားလိုက်သည်။
"ဒိုရေမွန်ရဲ့ ကမ္ဘာကြီးက ဘာလို့ မှောင်မိုက်နေတာလဲ"
ကျိုးချင်းဆွေ - "ဘာလို့လဲ"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး ပါးချိုင့်လေးများ ပေါ်လာသည်။
"ဘာလို့လဲဆိုတော့ ဒိုရေမွန်က လက်ဆန့်လိုက်ရင် လက်ချောင်းငါးချောင်း မမြင်ရလို့လေ (လက်လှမ်းမမီလို့)"
ဟယ်ကျားယီ - "......"
ကျိုးချင်းဆွေ - "......"
.....
နွေရာသီကျောင်းပိတ်ရက် ပထမတစ်လတွင် ကျိုးအန်းရန်သည် အချိန်အများစုကို ပြည်နယ်စာကြည့်တိုက်တွင် သူငယ်ချင်းများနှင့် စာဖတ်ရင်း ကုန်ဆုံးခဲ့သည်။ ရံဖန်ရံခါ ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်းတို့ မအားသည့်အခါ သူမနှင့် ယန်ရှင်းချန်တို့ အိမ်တွင် အတူတူ အိမ်စာလုပ်ကြသည်။
ကျိုးအန်းရန်သည် အွန်လိုင်းမှ ပြက္ခဒိန်တစ်ခုကို ဝယ်ယူပြီး စာကြည့်စားပွဲပေါ်တွင် သကြားလုံးစက္ကူပန်းအိုးလေးဘေး၌ တင်ထားလိုက်သည်။
တစ်ရက်ပြီးတစ်ရက် လှန်လိုက်တိုင်း ကျောင်းပြန်ဖွင့်မည့်ရက်နှင့် နီးလာသလို၊ သူ့ကို ပြန်တွေ့ရမည့်ရက်နှင့်လည်း နီးလာသည်။
နွေရာသီကျောင်းပိတ်ရက် တစ်ခုလုံး ဒီအတိုင်း အေးအေးဆေးဆေး ကုန်ဆုံးသွားလိမ့်မယ်လို့ သူမ ထင်ထားခဲ့သည်။
သို့သော် ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေတာ မဟုတ်ဘူးဆိုတာကို သူမ မေ့နေခဲ့သည်။ တစ်ခါတစ်ရံမှာ မုန်တိုင်းထန်တတ်သေးသည်။
ထိုနေ့သည် ကျောင်းပြန်ဖွင့်ရန် တစ်လမလိုတော့သည့် အချိန်ဖြစ်သည်။ သူမသည် ပုံမှန်အတိုင်း သူငယ်ချင်းများနှင့် ပြည်နယ်စာကြည့်တိုက်တွင် စာဖတ်ရန် ချိန်းထားသော်လည်း မွန်းလွဲ ၂ နာရီခန့်တွင် လျှပ်စစ်ချို့ယွင်းမှုကြောင့် စာကြည့်တိုက်တစ်ခုလုံး ရုတ်တရက် မီးပျက်သွားသည်။
စာကြည့်တိုက် စာဖတ်ခန်းမတွင် အလင်းရောင်ကောင်းမွန်သဖြင့် မီးမရှိလည်း အလင်းရောင် မထိခိုက်ပေ။
သို့သော် နွေရာသီ မွန်းလွဲပိုင်းတွင် လေအေးပေးစက်နှင့် ပန်ကာမရှိသော အခန်းသည် ပေါင်းအိုးတစ်ခုနှင့် မခြားပေ။
သူမတို့လေးယောက် တိုင်ပင်စရာမလိုဘဲ အိမ်ပြန်ကြရန် ဆုံးဖြတ်လိုက်ကြသည်။
ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် တနင်္ဂနွေနေ့ ဖြစ်နေသည်။
ကျိုးအန်းရန် အိမ်ရောက်ချိန်တွင် ၂ နာရီခွဲပင် မထိုးသေးပေ။
ပုံမှန်ဆို ဒီအချိန်တွင် ဖေဖေ ကျိုးချင်းဆွေသည် ဧည့်ခန်းဆိုဖာပေါ်တွင် တီဗီကြည့်ရင်း အိပ်ပျော်နေတတ်သဖြင့် သူ့ကို မနှိုးမိစေရန် တံခါးဖွင့်သည့်အသံကို တမင်ဖော့လိုက်သည်။
တံခါးပွင့်သွားသောအခါ အထဲမှ ပေါက်ကွဲသံများ ကြားလိုက်ရသည်။ သမိုင်းစစ်ပွဲဇာတ်ကား ကြည့်နေကြပုံရသည်။
ဖိနပ်ချွတ်သည့်နေရာမှ ဧည့်ခန်းကို မမြင်ရသဖြင့် ဖေဖေ အိပ်ပျော်နေမနေ သူမ မသိရပေ။ အိမ်ထဲဝင်ချိန်တွင်လည်း ခြေသံဖော့ထားလိုက်သည်။
တံခါးပြန်ပိတ်ရန် ပြင်လိုက်စဉ် ကျိုးချင်းဆွေ၏ စကားသံကို ကြားလိုက်ရသည်။
"ဒီနေ့မနက် မင်းရှန့်က ဥက္ကဌကျန်းနဲ့ တွေ့ခဲ့တယ်၊ သူတို့ကုမ္ပဏီက ဝူချန်မြို့မှာ ရုံးခွဲဖွင့်ဖို့ စီစဉ်နေတာတဲ့၊ ကိုယ့်ကို အဲဒီမှာ အထွေထွေမန်နေဂျာ သွားလုပ်စေချင်နေတယ်"
ကျိုးအန်းရန် တံခါးလက်ကိုင်ကို ကိုင်ထားသောလက် ရပ်တန့်သွားသည်။
တီဗီထဲမှ ပေါက်ကွဲသံကြောင့် တံခါးဖွင့်သံကို ဖုံးလွှမ်းသွားသည်ထင်သည်။ ဧည့်ခန်းထဲမှ လူကြီးများက သူမပြန်ရောက်နေသည်ကို သတိမထားမိကြပေ။
ဟယ်ကျားယီ၏ အသံကို ကြားလိုက်ရသည်။
"ရှင် လက်ခံလိုက်ပြီလား။ သွားရင်လည်း ခြောက်လ တစ်နှစ်လောက်နဲ့ ပြန်လာရမယ့်ကိစ္စ မဟုတ်ဘူး၊ ကျွန်မနဲ့ ရန်ရန်က ဘယ်လိုလုပ်မလဲ"
"လက်မခံရသေးပါဘူး" ကျိုးချင်းဆွေက ပြောသည်။ "ဥက္ကဌကျန်း ပြောတာက ကိုယ်သွားမယ်ဆိုရင် မင်းအလုပ်ကိုလည်း ဟိုဘက် ပြောင်းပေးလို့ရတယ်တဲ့၊ ရန်ရန်ကိုလည်း ဝူချန် အမှတ် (၁) အထက်တန်းကျောင်းကို ပြောင်းပေးမယ်တဲ့"
"ဟိုဘက်က အမှတ် (၁) ကျောင်းက ဘယ်လိုနေလဲ"
"ဒီဘက်က တက္ကသိုလ်ပိုင်အထက်တန်းကျောင်းနဲ့ သိပ်မကွာပါဘူး၊ မနှစ်က ပြည်နယ်သိပ္ပံထူးချွန်ကျောင်းသားက သူတို့ကျောင်းက ထွက်တာလေ"
"ဒါဆို ကျောင်းက မဆိုးပါဘူး" ဟယ်ကျားယီက ထပ်မေးသည်။ "လစာကရော"
ကျိုးချင်းဆွေက ကိန်းဂဏန်းတစ်ခု ပြောလိုက်သည်။
"ရှင်အခုရနေတာထက် အများကြီး ပိုများတာပဲ၊ မင်းရှန့်ကလည်း နိုင်ငံကျော် ကုမ္ပဏီကြီးဆိုတော့ ရှင် ဘာတွေ တွေဝေနေသေးတာလဲ" ဟယ်ကျားယီက ပြောသည်။ "ရှင့်အစ်မကို ကျွန်မ သည်းခံလာတာ နှစ်ပေါင်းများစွာ ကြာလှပြီ။ ပါးစပ်ဟလိုက်တာနဲ့ ရှင်က ရှင့်အစ်ကိုကို ကူပြီး အလုပ်လုပ်ပေးနေရတာဆိုပြီး ပြောနေတာ။ ဒီနှစ်တွေ ကုမ္ပဏီကြီးပွားလာတာ ရှင့်လုပ်ရည်ကိုင်ရည် တစ်စက်မှ မပါသလို၊ ကျွန်မတို့က သူတို့ဆီမှာ တောင်းစားနေရသလိုမျိုး ပြောတာလေ။ ရှင့်အစ်ကိုက သဘောကောင်းလို့သာပေါ့၊ မဟုတ်ရင် တခြားနေရာသွားပြီး လစာနည်းနည်းရရင်တောင် ရှင် မလုပ်တော့ဖို့ ကျွန်မ ပြောပြီးသား"
ကျိုးချင်းဆွေ သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ရန်ရန်က အထက်တန်း ဒုတိယနှစ် တက်တော့မှာလေ၊ ရုတ်တရက် မြို့ပြောင်းပြီး ကျောင်းပြောင်းလိုက်ရင် သူ အဆင်မပြေမှာ စိုးရိမ်တယ်။ သူ့အကျင့်ကလည်း လူတောမတိုးတတ်တော့ ပတ်ဝန်းကျင်သစ်မှာ ဝင်ဆံ့ဖို့ မလွယ်လောက်ဘူး။ စာလုပ်တာကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ အလုပ်အခွင့်အလမ်းဆိုတာ နောက်လည်း ရနိုင်တာပဲဟာ"
"ဟုတ်တော့ ဟုတ်တာပဲ" ဟယ်ကျားယီလည်း သက်ပြင်းချလိုက်သည်။ "ဒါဆို ပြန်စဉ်းစားကြည့်ကြတာပေါ့"
နှစ်ယောက်သား အခြားအကြောင်းအရာများ ဆက်ပြောနေကြသည်။
တီဗီထဲမှ ပေါက်ကွဲသံ ထွက်ပေါ်လာချိန်ကို အခွင့်ကောင်းယူ၍ ကျိုးအန်းရန် တံခါးအပြင်သို့ ပြန်ထွက်လိုက်သည်။ ထို့နောက် သော့ပြန်ဖွင့်သလိုဟန်ဆောင်ကာ တံခါးကို တမင်ကျယ်ကျယ်ဖွင့်ပြီး အခုမှ ပြန်ရောက်လာသကဲ့သို့ အိမ်ထဲဝင်လိုက်သည်။
ကျိုးအန်းရန် အိမ်ထဲဝင်လာချိန်တွင် ဧည့်ခန်းထဲမှ စကားသံများ တိတ်ဆိတ်သွားပြီဖြစ်သည်။
ဖိနပ်လဲစီးပြီး ဧည့်ခန်းထဲဝင်လာသောအခါ ဟယ်ကျားယီနှင့် ကျိုးချင်းဆွေတို့ ဆိုဖာပေါ်တွင် ယှဉ်တွဲထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
"ဒီနေ့ ဘာလို့ ဒီလောက် စောပြန်ရောက်တာလဲ" ဟယ်ကျားယီက စိတ်ပူစွာ မေးလိုက်သည်။
ကျိုးအန်းရန် ခေါင်းငုံ့ထားလိုက်သည်။
"စာကြည့်တိုက်မှာ ရုတ်တရက် မီးပျက်သွားလို့ စောပြန်လာကြတာ"
"ရေခဲသေတ္တာထဲမှာ ဖရဲသီး စိမ်ထားတယ်" ဟယ်ကျားယီက ရေခဲသေတ္တာကို လက်ညှိုးထိုးပြပြီး မတ်တတ်ရပ်လိုက်သည်။ "ခွဲရသေးပုံ မရဘူး၊ သမီး ပစ္စည်းသွားထားပြီး လက်ဆေးလိုက်၊ မေမေ ဖရဲသီး သွားခွဲပေးမယ်"
ကျိုးအန်းရန် ခေါင်းခါပြလိုက်ပြီး အမြန်ပြောသည်။
"စားချင်ရင် အခုခွဲစားလိုက်လေ၊ မစားချင်ရင် နောက်မှခွဲလည်း ရပါတယ် မေမေ။ သမီး အခန်းထဲသွားပြီး ဒီနေ့ မပြီးသေးတဲ့ စာမေးပွဲစာရွက် သွားဖြေလိုက်ဦးမယ်"
ဟယ်ကျားယီ ပြန်ထိုင်လိုက်သည်။
"ဒါဆို နောက်မှပဲ ခွဲတော့မယ်"
ကျိုးချင်းဆွေက အခန်းထဲဝင်သွားသော သမီးဖြစ်သူ၏ကျောပြင်ကို ကြည့်ပြီး လှမ်းပြောလိုက်သည်။
"ကျောင်းပိတ်ရက်ပဲဟာ၊ အရမ်း ပင်ပန်းမခံပါနဲ့၊ နေ့လည်တစ်မှေးအိပ်ပြီးမှ လုပ်လည်း နောက်မကျပါဘူး"
ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့သွားပြီး လှည့်မကြည့်ဘဲ ပြန်အော်လိုက်သည်။
"ဟုတ်ကဲ့ ဖေဖေ"
အခန်းထဲရောက်သောအခါ ကျိုးအန်းရန် လေအေးပေးစက် ဖွင့်လိုက်သည်။ လွယ်အိတ်ထဲမှ စာရွက်ထုတ်ပြီး ဖြန့်လိုက်သော်လည်း ပုစ္ဆာတစ်ပုဒ်မှ ခေါင်းထဲမဝင်ပေ။
သူမ စာကြည့်စားပွဲပေါ် မှောက်လိုက်သည်။
ကျိုးချင်းဆွေနှင့် ဟယ်ကျားယီတို့သည် အလုပ်နှင့် ဘဝမှ စိတ်ညစ်စရာများကို သူမအား မည်သည့်အခါမျှ ပြောပြလေ့မရှိပေ။
သို့သော် သူမ ငယ်စဉ်က သူတို့ စကားပြောလျှင် သူမကို သိပ်ရှောင်လေ့မရှိသဖြင့် ဆွေမျိုးများ တွေ့ဆုံပွဲများတွင် မကြာခဏ ထည့်ပြောတတ်သည်ကို ကြားဖူးသည်။
ကျိုးအန်းရန် အနည်းငယ် သိထားသည်။
သူမ၏ ဘကြီး (အဖေ့အစ်ကို) ကျိုးရှန်ကျိ စီးပွားစဖြစ်လာစဉ်က ကိုယ်ပိုင်အမြင်၊ သတ္တိနှင့် ကံတရားတို့ကြောင့် အမှန်တကယ် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘကြီးက ပညာမတတ်ပေ။ စီးပွားရေးလုပ်ငန်း ဒီလောက်ကြီးမားလာသည်မှာ သူမအဖေ၏ ကျေးဇူးအများကြီး ပါဝင်သည်။
အဖေက အစပိုင်းတွင် ဘကြီး၏ စီးပွားရေးလုပ်ငန်းထဲ ဝင်ပါချင်စိတ် မရှိခဲ့ပေ။
သို့သော် သူမ ကျောင်းကောင်းကောင်း တက်နိုင်ရေးအတွက် ဤနေရာတွင် ကျောင်းပိုင်အိမ်ရာ ဝယ်ယူရန် ငွေလိုနေချိန်တွင် ဘကြီးက ဘာမှမပြောဘဲ ငွေထုတ်ချေးခဲ့သည်။
ထို့ကြောင့် သူမအဖေသည် ဘကြီး၏ စီးပွားရေးလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးပြီး ကုမ္ပဏီမှ အမြတ်ဝေစုကို မယူဘဲ ရာထူးနှင့် လျော်ညီသော လစာကိုသာ ယူခဲ့သည်။
ဒါကိုတောင် သူမ၏ အဒေါ်ကြီး (ဘကြီးမိန်းမ) က သူတို့မိသားစုက အကြီးအကျယ် အမြတ်ထုတ်နေသည်ဟု ထင်နေသည်။
ကုမ္ပဏီ လမ်းကြောင်းမှန်ပေါ် ရောက်သွားချိန်တွင် သူမအဖေ အလုပ်ထွက်ရန် ကြိုးစားခဲ့ဖူးသော်လည်း ဘကြီးက ပြန်လာလုပ်ရန် တိုက်တွန်းခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဒေါ်ကြီးက ပိုဆိုးလာသည်။ တွေ့တိုင်း စကားနာထိုးပြီး သူမက ပိုသာကြောင်း ပြသချင်နေတတ်သည်။
ထို့ကြောင့် ကျိုးအန်းရန် စောစောက ဘာမှမကြားသလို ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။
သူမသည် ဆယ်နှစ်ကျော် နေထိုင်လာသော မြို့လေးကို စွန့်ခွာရမှာ နှမြောမိသလို၊ သူငယ်ချင်းများနှင့် ခွဲခွာရမှာလည်း ဝမ်းနည်းမိသည်။ ပြီးတော့ သူ့ကို နောက်တစ်ခါ ပြန်မတွေ့ရတော့မှာကိုလည်း စိုးရိမ်မိသည်။ ဒါပေမဲ့ မိဘတွေကို သူမအတွက်နဲ့ အနစ်နာခံခိုင်းရလောက်အောင် သူမ တစ်ကိုယ်ကောင်း မဆန်နိုင်ပါဘူး။
သူနဲ့ နည်းနည်းလေး ပတ်သက်ခွင့် ရထားကာစ ရှိသေးပေမယ့်၊ မြို့သစ်ရောက်ရင် အသားကျဖို့ ခက်ခဲနိုင်ပေမယ့်၊ သူမကလည်း မိဘတွေကို သူမအတွက် လုံးဝ စဉ်းစားမပေးနဲ့လို့ ပြောထွက်လောက်အောင် ရက်ရောတဲ့သူ မဟုတ်ပြန်ဘူး။
ဒါကြောင့် သူမ ဘာမှမကြားသလို ဟန်ဆောင်ပြီး မိဘတွေကိုပဲ ဆုံးဖြတ်ခွင့် ပေးလိုက်တော့တယ်။
သွားမလား၊ နေမလားဆိုတာ သူတို့ ဆုံးဖြတ်ပါစေတော့။
.....
သြဂုတ်လ တစ်လလုံး ကျိုးအန်းရန် စိတ်မလုံခြုံစွာ ဖြတ်သန်းခဲ့ရသည်။
နေ့တိုင်း မိဘတွေက "ငါတို့ အလုပ်ပြောင်းတော့မယ်၊ နောက်ဆိုရင် ဝူချန်ကို ပြောင်းနေရတော့မယ်၊ သမီးလည်း ကျောင်းပြောင်းရတော့မယ်" လို့ ပြောလာမှာကို စိုးရိမ်နေမိသည်။
သို့သော် ကျောင်းဖွင့်ခါနီးသည်အထိ သူမ စိုးရိမ်သောကိစ္စ ဖြစ်မလာခဲ့ပေ။
ကျိုးအန်းရန် တိတ်တဆိတ် ရိပ်မိလိုက်သော်လည်း မယုံရဲဖြစ်နေသည်။
......
ရင်ထဲတွင် မတင်မကျ ခံစားနေရသဖြင့် ကျောင်းဖွင့်ရန် နှစ်ရက်အလိုတွင် မိဘများ၏ သဘောထားကို အကဲခတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။
ကျိုးချင်းဆွေ ကုမ္ပဏီတွင် အချိန်ပိုဆင်းနေရသဖြင့် ဟယ်ကျားယီ တစ်ယောက်တည်း အိမ်မှာ ရှိနေသည်။
ကျိုးအန်းရန် နေ့လည်ခင်းတွင် စိတ်မပါလက်မပါ စာဖတ်နေပြီး စိတ်ထဲတွင် ကျောင်းပြောင်းရမည့်ကိစ္စကိုသာ တွေးနေမိသည်။ သစ်သီးစားချင်ယောင်ဆောင်ပြီး အပြင်ထွက်ကာ ဧည့်ခန်းရှိ ဟယ်ကျားယီဘေးတွင် ဝင်ထိုင်လိုက်သည်။
ဖရဲသီးတစ်တုံးကို ခက်ရင်းဖြင့်ထိုးယူကာ စားလိုက်ရင်း မတော်တဆလို ပြောလိုက်သည်။
"မေမေ... သမီးတို့ ကျောင်းဖွင့်တော့မယ်နော်"
"ကျောင်းဖွင့်တော့မယ်ဆိုတာ မေမေ သိပါတယ်" ဟယ်ကျားယီက သူမကို တစ်ချက်ကြည့်လိုက်သည်။ "ဘာလဲ... စာလုပ်ရတာ ပင်ပန်းလို့ ရက်နည်းနည်းလောက် ထပ်နားချင်သေးလို့လား"
"မဟုတ်ပါဘူး" ကျိုးအန်းရန် စကားကို ခဏရပ်လိုက်ပြီး မေမေ့ဘက် လှည့်ကြည့်လိုက်သည်။ "ဒီတစ်ခါလည်း ရှင်းရှင်းနဲ့ပဲ ကျောင်းသွားရမှာမလား"
ဟယ်ကျားယီက ရယ်ချင်သော မျက်နှာဖြင့် ကြည့်သည်။
"သမီးက ဘယ်တုန်းက ရှင်းရှင်းနဲ့ မသွားဖူးလို့လဲ"
"အမှတ် (၂) အထက်တန်းကျောင်းက ဒီနှစ် ကျောင်းဖွင့်ရက် ရွေးတာ တော်တော်ထူးဆန်းတယ်" ကျိုးအန်းရန် တိုးတိုးလေး ပြောလိုက်သည်။ "ကျောင်းဖွင့်ပြီး နှစ်ရက်ပဲ စာသင်ရသေးတယ်၊ ပိတ်ရက် ရောက်သွားပြန်ပြီ"
ဟယ်ကျားယီ ရယ်လိုက်သည်။
"ကျောင်းပိတ်တော့ သမီး မပျော်ဘူးလား။ အတော်ပဲ... မေမေတို့နဲ့အတူ သမီးအစ်မဝမ်းကွဲအိမ်သွားပြီး ထွမ်းထွမ်းကို သွားတွေ့လို့ ရတာပေါ့"
ကျိုးအန်းရန် မရယ်နိုင်တော့ပေ။
ဒီလောက်ဆို မိဘတွေရဲ့ ဆုံးဖြတ်ချက်ကို သူမ သေချာပေါက် သိလိုက်ရပြီ။
သူမ သေချာပေါက် နေချင်တာပေါ့။ ဒါပေမဲ့ ဖေဖေက သူမအတွက်နဲ့ အခွင့်အရေးကောင်းကြီးတစ်ခုကို လက်လွှတ်လိုက်ရတယ်ဆိုတာ သေချာသွားတော့ ရင်ထဲမှာ မနေနိုင်မထိုင်နိုင် ဝမ်းနည်းလာရသည်။
"မေမေ"
ဟယ်ကျားယီ - "ဘာလို့ ရုတ်တရက် ခေါ်တာလဲ"
ကျိုးအန်းရန် မေမေ့ပခုံးပေါ် မျက်နှာအပ်ပြီး ပွတ်သပ်လိုက်သည်။
အစတုန်းက သူတို့စကားပြောတာကို ခိုးနားထောင်မိတယ်ဆိုတာ မပြောခဲ့တော့၊ အခုကျမှ ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလည်း ခက်နေပြန်ရော။
ရင်းနှီးလေလေ၊ အရေးကြီးလေလေ သူမက ခံစားချက်ကို ထုတ်ဖော်ပြသဖို့ ပိုပြီး ခက်ခဲလေလေ ဖြစ်နေတတ်သည်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ သူမရဲ့ လက်ရှိခံစားချက်ကို ဖော်ပြဖို့ မလုံလောက်ဘူး။
သမီး နောက်ကျရင် မေမေတို့ကို အရမ်း ဂရုစိုက်ပါ့မယ်။
ကျိုးအန်းရန် စိတ်ထဲကနေ တိတ်တဆိတ် ကတိပေးလိုက်သည်။
ဟယ်ကျားယီက သူမဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
"ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ၊ ဘာလို့ ရုတ်တရက် မေမေ့ကို လာချွဲနေတာလဲ"
တစ်လနီးပါး တင်းထားသော စိတ်များ လျော့ကျသွားသောကြောင့်လား၊ သို့မဟုတ် ညဘက်အိပ်ရာတွင် စောင်ကို ကန်မိသောကြောင့်လား မသိ၊ နောက်တစ်နေ့တွင် ကျိုးအန်းရန် အအေးမိသွားပြီး လည်ချောင်းနာကာ ကျောင်းဖွင့်သည်အထိ မသက်သာသေးပေ။
....
ကျောင်းဖွင့်သောနေ့တွင် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်တို့ ကျောင်းထဲဝင်လာပြီး ပုံမှန်အတိုင်း စကားတပြောပြော လက်ချင်းချိတ်ကာ လျှောက်လာကြသည်။ ပထမစာသင်ဆောင်ရှေ့ ရောက်မှသာ သူတို့ အဆောင်ပြောင်းသွားပြီဖြစ်ကြောင်း သတိရသွားသည်။
ရှေ့မှ ပထမစာသင်ဆောင်သည် အထက်တန်းပထမနှစ် ကျောင်းသားသစ်များ၏နေရာဖြစ်သွားပြီ။
နှစ်ယောက်သား ရယ်မောပြီး ပြန်လှည့်လာကာ အထက်တန်းဒုတိယနှစ်များရှိသော ဒုတိယစာသင်ဆောင်သို့ သွားလိုက်ကြသည်။
စာသင်ဆောင်ရောက်သည်နှင့် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်တို့ လမ်းခွဲရတော့သည်။
ကျိုးအန်းရန်၏ အခန်းသစ်မှာ မြေညီထပ်တွင်ဖြစ်ပြီး ယန်ရှင်းချန်က ဝိဇ္ဇာတွဲပြောင်းသွားသဖြင့် ခြောက်လွှာတွင် ဖြစ်သည်။
ယန်ရှင်းချန်က သူမလက်ကို မလွှတ်ဘဲ ဆွဲထားသည်။
"ဝူး... ဝူး... ဝူး... ငါ နင်တို့နဲ့ မခွဲချင်ဘူး။ ဒီလိုမှန်းသာသိရင် ငါလည်း ခေါင်းမာပြီး သိပ္ပံတွဲပဲ ဆက်ယူလိုက်ပါတယ်"
လွန်ခဲ့တဲ့ တစ်လလောက်က မိဘတွေ စကားကို မကြားခဲ့ရင် ကျိုးအန်းရန်လည်း သူမလိုပဲ ဝမ်းနည်းနေမိမှာ။ ဒါပေမဲ့ ကျောင်းပြောင်းရနိုင်တယ်ဆိုတဲ့ အတွေးနဲ့ တစ်လလောက် နှိပ်စက်ခံခဲ့ရပြီးနောက်၊ အခု ယန်ရှင်းချန်နဲ့ ကျောင်းတစ်ကျောင်းတည်း တက်ခွင့်ရနေသေးတာကိုက သူမအတွက် ကံကောင်းမှုတစ်ခု၊ ဆုလာဘ်တစ်ခုလို့ ခံစားနေရသည်။
"ဒါပေမဲ့ နင်က ဝိဇ္ဇာဘက်မှာ တော်တာပဲဟာ၊ ပြီးတော့ ရှောင်ဝမ်ကလည်း နင်နဲ့ တစ်ခန်းတည်း ကျတာပဲ" ကျိုးအန်းရန်က သူမကို နှစ်သိမ့်လိုက်သည်။ "ငါ အတန်းဆင်းရင် နင် ထမင်းစားဖို့ လာခေါ်တာ စောင့်နေမှာပါ၊ စာသင်ချိန်ပဲ ခဏ ခွဲရမှာပါ"
"ကတိနော်" ယန်ရှင်းချန်က သူမလက်မောင်းကို ဖက်လိုက်သည်။ စကားနည်းနည်း ထပ်ပြောပြီးမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အပေါ်ထပ် တက်သွားတော့သည်။
တကယ်တမ်း လမ်းခွဲလိုက်ရတော့ ကျိုးအန်းရန် တစ်ယောက်တည်း အခန်းထဲဝင်ရမှာ နည်းနည်းတော့ နေသားမကျသလို ဖြစ်မိသည်။
တော်သေးသည်မှာ အခန်း (၂) တွင် ဝိဇ္ဇာတွဲပြောင်းသွားသူ အနည်းငယ်မှလွဲ၍ ကျန်လူများမှာ မျက်မှန်းတန်းမိသူများ ဖြစ်သည်။ ကျိုးအန်းရန် အခန်းထဲဝင်လိုက်သည်နှင့် ဒုတိယတန်း၊ ဆဌမမြောက်ခုံတန်းကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ပြီးမှသာ စာသင်နှစ်သစ်မှာ နေရာပြန်ချထားဦးမည်ဆိုတာ သတိရသွားသည်။
ကျိုးအန်းရန် လွယ်အိတ်လွယ်လျက် စင်မြင့်ပေါ် တက်လိုက်သည်။
အပေါ်တွင် ကပ်ထားသော နေရာချထားမှုစာရင်းကို ငုံ့ကြည့်ရန် ပြင်လိုက်စဉ် အောက်မှ လူတစ်ယောက် သူမကို လှမ်းခေါ်သံ ကြားလိုက်ရသည်။
"ရန်ရန်"
ပထမတန်း စတုတ္ထခုံမှ ကျန်းရူရှန်းက သူမကို လက်ပြနေသည်။
"မကြည့်နဲ့တော့၊ နင် ဒီမှာထိုင်ရမှာ၊ ငါနဲ့ အတူတူပဲ"
ကျိုးအန်းရန် ဆက်မကြည့်တော့ပေ။
သူမ အပေါ်ယံ တစ်ချက်ကြည့်လိုက်ရာ မြင်ချင်သော နာမည်တစ်ခုကို တွေ့လိုက်ရသည်။
ဒုတိယတန်း၊ ဆဌမမြောက်ခုံတန်းမှာပဲ ရှိနေတုန်းပင်။
တစ်ကြိမ် နှစ်ကြိမ်ဆိုရင် တိုက်ဆိုင်မှုလို့ ပြောလို့ရပေမယ့်။
ဒါဆို သုံးကြိမ်မြောက် ရှိနေပြီ၊ သူက နေရာဟောင်းမှာပဲ ရှိနေတုန်းဆိုတော့ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ဘူး။
သူကိုယ်တိုင် ဆရာ့ကို တောင်းဆိုထားတာလား။
ဒါပေမဲ့ သူက အရပ်ရှည်ပြီး ခြေတံရှည်တော့ အနောက်ဆုံးမှာ ထိုင်တာ အနောက်ကလူ တွန်းတာ မခံရဘဲ ပိုသက်တောင့်သက်သာ ရှိမှာပါ။
ကျိုးအန်းရန် စင်မြင့်ပေါ်မှဆင်းပြီး အနောက်သို့ လျှောက်သွားရင်း ဒုတိယတန်း ဆဌမမြောက်ခုံတန်းကို တစ်ချက်ကြည့်လိုက်သည်။
လူမရှိ။
သူ မလာသေးဘူးလား။
ကျောင်းပိတ်ရက်တုန်းက ကျောင်းမြန်မြန်ဖွင့်ဖို့ နေ့တိုင်း မျှော်လင့်နေခဲ့တာ။
ဒါပေမဲ့ တကယ် ကျောင်းဖွင့်လာတော့ သူမမှာ "အိမ်ပြန်ရောက်ခါနီးမှ ကြောက်ရွံ့လာသလို" ခံစားချက်မျိုး ဖြစ်လာသည်။
သူ အဲဒီနေ့က ပြောခဲ့တဲ့ စကားက ပါးစပ်ထဲရှိရာ ပြောလိုက်တာပဲ ဖြစ်မှာပါ၊ ဒီစာသင်နှစ်ကျရင် သူမကို ပြန်တွေ့ဖို့ တကယ် မျှော်လင့်နေတာ မဟုတ်လောက်ပါဘူး။
နှစ်လလောက် ကြာသွားပြီဆိုတော့ အဲဒီနေ့က သူမနဲ့ စကားခဏပြောခဲ့တာကိုတောင် မေ့သွားလောက်ပြီ။ သူစိမ်းတွေလို သာမန်အတန်းဖော် အဆင့်အတန်းကိုပဲ ပြန်ရောက်သွားလောက်ပြီ။
ကျိုးအန်းရန်သည် ထိုသို့ စိုးရိမ်ပူပန်သော ခံစားချက်များ လွှမ်းမိုးနေသဖြင့် ကိုယ့်နေရာကိုယ် ကျော်သွားမလိုပင် ဖြစ်သွားသည်။
ကျန်းရူရှန်း အချိန်မီ လှမ်းခေါ်လိုက်မှ ရပ်တန့်သွားသည်။
"နေရာ သုတ်ပေးထားတယ်၊ တန်းဝင်ထိုင်လိုက်လို့ရတယ်" ကျန်းရူရှန်းက ပြုံးပြီး ပြောသည်။
ကျိုးအန်းရန် လွယ်အိတ်ချပြီး ဝင်ထိုင်လိုက်သည်။
"ကျေးဇူးပါဟာ"
"ဘာ ကျေးဇူးတင်နေတာလဲ" ကျန်းရူရှန်းက သူမလက်ကို ချိတ်လိုက်သည်။ "ငါတို့ ဒီစာသင်နှစ် ကံကောင်းတယ်နော်။ ငါက နင်နဲ့ အတူတူထိုင်ရတယ်၊ ရှောင်ဝမ်နဲ့ ရှင်းရှင်းက တစ်ခန်းတည်း ကျကြတယ်"
ကျိုးအန်းရန် ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။
"ဟုတ်တယ်နော်"
သူငယ်ချင်းကောင်းနဲ့ တစ်ုံထိုင်ရလို့ စိတ်လှုပ်ရှားမှုတွေ တော်တော်လျော့သွားသလိုပဲ။
ပြီးတော့...
ဒီတစ်ခါ သူမနေရာက သူနဲ့ သိပ်မဝေးတော့ဘူး။
ကျန်းရူရှန်းက ပိုတိုးကပ်လာပြီး ဒုတိယတန်းဘက်သို့ မေးငေါ့ပြကာ အသံနှိမ့်ပြောလိုက်သည်။
"ပြီးတော့ ငါ ဟိုတစ်ယောက်နဲ့ အတူတူမထိုင်ရတော့ဘူး။ ငါက သူ့ကို ဘာမှမဖြစ်ပေမယ့် သူက ငါ့ကို တော်တော် အမြင်ကပ်နေပုံရတယ်"
ကျိုးအန်းရန် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။
လိုယိချီ၏နေရာက တကယ်တော့ သူတို့နှင့် သိပ်မဝေးလှပေ။
ဒုတိယတန်း တတိယခုံတွင်ဖြစ်ပြီး သူမတို့နှင့် လူသွားလမ်းတစ်ခုသာ ခြားသည်။
"ငါ့အမြင်တော့ သူ နင်နဲ့ ပြန်အဆင်ပြေချင်နေသလိုပဲ" ကျိုးအန်းရန် တိုးတိုးလေး ပြောလိုက်သည်။
ကျန်းရူရှန်း မယုံပေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက ငါ့ကိုကြည့်ရင် ရန်သူလိုပဲ ကြည့်နေတာ၊ ငါကပဲ သူ့ဆီက ပိုက်ဆံသောင်းချီ ချေးထားသလိုလိုနဲ့။ ထားလိုက်ပါတော့... သူ့အကြောင်း မပြောတော့ဘူး၊ ငါတို့ ကျောင်းသားချောလေး ချန်လော့ပိုင်ရဲ့ အတင်းအဖျင်းတစ်ခု ငါ စုံစမ်းမိထားတယ်"
ကျိုးအန်းရန် ရင်တစ်ချက် ခုန်သွားသည်။
"ဘာသတင်းလဲ"
ကျန်းရူရှန်း အသံနှိမ့်ပြောသည်။
"သူ ယင်းယီကျန်းကို လက်မခံလိုက်ဘူးတဲ့"
ကျိုးအန်းရန် ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။
"တခြားကော ရှိသေးလား"
"နင်က ချန်လော့ပိုင်အကြောင်း မေးတာလား" ကျန်းရူရှန်းက ပြန်မေးလိုက်သည်။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ကျန်းရူရှန်း သူမစိတ်ကို ရိပ်မိသွားမှာ စိုးရိမ်မိသည်။ အခုထိ သူမ သူငယ်ချင်းတွေကို ဘယ်လိုပြောရမလဲ မစဉ်းစားရသေးပေ။
သို့သော် ကျန်းရူရှန်းကတော့ ချန်လော့ပိုင်အကြောင်း လူတိုင်းစပ်စုကြသည်မှာ သဘာဝကျသော ကိစ္စတစ်ခုလို သဘောထားပြီး ဆက်ပြောလေသည်။
"မရှိတော့ဘူး၊ ဟူး... ချန်လော့ပိုင်က ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲဆိုတာ ပဟေဠိ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ တခြားလူတွေရဲ့ အတင်းအဖျင်းတော့ ရှိတယ်၊ နားထောင်မလား"
ကျိုးအန်းရန် တခြားလူတွေအကြောင်း စိတ်မဝင်စားသော်လည်း ကျန်းရူရှန်း စိတ်အားထက်သန်နေသည်ကို မြင်ရသဖြင့် မငြင်းရက်ပေ။
"ပြောလေ"
ကျန်းရူရှန်းက အခြားအတင်းအဖျင်းများကို ပြောပြလေသည်။
ကျန်းရူရှန်းသည် စကားပြောလျှင် လက်ဟန်ခြေဟန် လုပ်တတ်သည်။ အရင်က ခပ်လှမ်းလှမ်းတွင် ထိုင်ရသဖြင့် သတိမထားမိသော်လည်း ယခု ဘေးချင်းကပ်ထိုင်နေရသဖြင့် ပြောရင်းဆိုရင်း သူမလက်က ကျိုးအန်းရန်၏ ရင်ဘတ်ကို မတော်တဆ လာထိမိသည်။
ကျိုးအန်းရန် - "......"
"ဝါး..." ကျန်းရူရှန်း ရပ်တန့်သွားသည်။ အားနာမည့်အစား ပိုတိုးကပ်လာပြီး နားနားကပ်ကာ မေးလိုက်သည်။ "ရန်ရန်... နင့်ဟာက ဘယ်လောက်ကြီးလဲဟ"
ကျိုးအန်းရန် ကြောင်အသွားပြီးမှ သတိဝင်လာကာ မျက်နှာတစ်ခုလုံး ရဲသွားသည်။
"နင်နဲ့ စကားမပြောတော့ဘူး၊ ငါ ရေသွားခပ်လိုက်ဦးမယ်"
ဒီနေ့မှပဲ ပဲနို့မပါလာခဲ့ဘူး။
"ငါ လိုက်ပို့ပေးရမလား" ကျန်းရူရှန်းက စနောက်သလို ကြည့်နေသည်။
ကျိုးအန်းရန် အမြန်ခေါင်းခါပြလိုက်သည်။
ကျန်းရူရှန်းက စားပွဲပေါ်မှောက်ကာ တဟားဟား အော်ရယ်နေတော့သည်။
ကျိုးအန်းရန် လွယ်အိတ်ထဲမှ ရေဘူးအလွတ်ကို ဆွဲထုတ်ပြီး အနောက်ပေါက်သို့ လျှောက်သွားရင်း ဆဌမမြောက်ခုံတန်းမှ နေရာလွတ်ကို မကြည့်ဘဲ မနေနိုင် ဖြစ်နေသည်။
သူ ဘာလို့ မလာသေးတာလဲ။
....
ကျိုးအန်းရန် အတွေးလွန်နေသဖြင့် အနောက်ပေါက်အရောက်တွင် လူတစ်ယောက်နှင့် ဝင်တိုက်မိမလို ဖြစ်သွားသည်။
သင်းပျံ့သော အဝတ်လျှော်ဆပ်ပြာနံ့ နှာခေါင်းထဲ တိုးဝင်လာသဖြင့် ကျိုးအန်းရန် မော့ကြည့်လိုက်ရာ နေ့ရောညပါ သတိရနေသော မျက်နှာကို တွေ့လိုက်ရသည်။
သို့သော် ပခုံးချင်းယှဉ်ဖြတ်သွားချိန်တွင် ချန်လော့ပိုင်သည် သူမကို လုံးဝ သတိမထားမိသလိုပင်။
ကျိုးအန်းရန် ထင်ထားသလို ဝမ်းမနည်းမိပေ။
အကြောင်းမှာ ထိုကောင်လေး၏ မျက်နှာအမူအရာသည် သူမ သကြားလုံးခိုးထည့်ပေးခဲ့သော နေ့ကအတိုင်း ဖြစ်နေပြီး၊ ယခုတစ်ကြိမ်သည် ထိုစဉ်ကထက်ပင် စိတ်အခြေအနေ ပိုဆိုးရွားနေသည်ဟု ခံစားနေရသောကြောင့်ဖြစ်သည်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၂၃ ။ လီမွန် : နူးညံ့နွေးထွေးသော အထိအတွေ့
ကျိုးအန်းရန် ရေသွားဖြည့်ပြီး ပြန်ရောက်သောအခါ ထိုကောင်လေးသည် စားပွဲပေါ်မှောက်ကာ အိပ်နေသည်ကို တွေ့လိုက်ရသည်။ လွယ်အိတ်က ကုလားထိုင်ဘေးတွင် တွဲလောင်းကျနေသည်။
မအိပ်ရသေးလို့ပဲ ဖြစ်မယ်ထင်တယ်။
ကျိုးအန်းရန်သည် ခြေသံဖော့ပြီး ကိုယ့်နေရာကိုယ် ပြန်သွားရင်း စိတ်ထဲတွင် တွေးတောနေမိသည်။
သို့သော် သူမ ခိုးကြည့်မိသလောက် အိပ်ရာနိုးလာသည့်တိုင် သူ့စိတ်အခြေအနေ ကောင်းမွန်လာသည့်ပုံမပေါ်ပေ။ ထန်ကျန့်ရွေ့တို့ သူ့ကို သွားမေးကြသော်လည်း စိတ်အခြေအနေ ဆိုးရွားနေသည်မှာ သိသာထင်ရှားနေသည်။
သို့သော် ထိုသူများကို ကျုရန်က ဝင်တားပြီး ပြန်လွှတ်လိုက်သည်။
တစ်ခုခု ဖြစ်ထားသည်မှာ သေချာနေသည်။
ကျိုးအန်းရန် စိတ်ပူမိသော်လည်း ဘာမှ မတတ်နိုင်ပေ။
သူ့သူငယ်ချင်းအရင်းများပင် ဝင်မပါနိုင်သည့်ကိစ္စတွင် သူမလို သာမန်အတန်းဖော်တစ်ယောက်က ဘာလုပ်ပေးနိုင်မှာလဲ။
အရင်တစ်ခေါက်ကလို သကြားလုံး သွားခိုးထည့်ပေး၍လည်း မရတော့ပေ။
ထိုလုပ်ရပ်က အလွန်ဆိုးရွားသော အကြံအစည်တစ်ခုဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်နေသည်။
ဒီနေ့ညနေ စာလေ့လာချိန်တွင် ချန်လော့ပိုင် မတက်ရောက်ပေ။ ညနေပိုင်း နောက်ဆုံးအချိန်ပြီးသည်နှင့် လွယ်အိတ်လွယ်ပြီး အခန်းထဲမှ ထွက်သွားသည်။
ကျုရန်ကလည်း နောက်မှလိုက်သွားပြီး မကြာမီ တစ်ယောက်တည်း ပြန်ဝင်လာသည်။
ကျိုးအန်းရန်က သူ အတန်းလစ်သွားသည်ဟု ထင်ပြီး စိတ်ပူမိသော်လည်း ညဘက် ကောင်းကောဟွာ ရောက်လာသောအခါ သူ့မရှိခြင်းနှင့် ပတ်သက်ပြီး ဘာမှမပြောသဖြင့် စိတ်အေးသွားရသည်။
အထက်တန်း ဒုတိယနှစ်၏ ပထမဆုံးနေ့ကို ကျိုးအန်းရန်တစ်ယောက် စိတ်ပူပန်သောကများနှင့် ကုန်ဆုံးလိုက်ရသည်။
ပြီးခဲ့သည့် စာသင်နှစ်က သူ စိတ်မကြည်မလင်ဖြစ်လျှင် သိပ်မကြာတတ်သဖြင့် နောက်နေ့ပြန်တွေ့လျှင် သက်သာသွားလိမ့်မည်ဟု ကျိုးအန်းရန် ထင်မှတ်ထားခဲ့သည်။
သို့သော် နောက်တစ်နေ့တွင် သူ့စိတ်အခြေအနေ ပိုဆိုးရွားလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ စကားများတတ်သော ကျုရန်ပင် တစ်နေကုန် ငြိမ်ကုပ်နေပြီး သူ့ကို စကားသွားမပြောရဲသည်အထိ ဖြစ်နေသည်။
စာသင်နှစ်အသစ်၏ ပထမဆုံးအပတ်တွင် နှစ်ရက်သာ ကျောင်းတက်ရသည်။
ကျိုးအန်းရန် ဘာမှမလုပ်ပေးနိုင်သဖြင့် ကျောင်းပိတ်ရက်တွင် သူ့အတွက် ပျော်စရာကိစ္စလေးများ ကြုံတွေ့ပါစေဟုသာ ဆုတောင်းပေးနေမိသည်။ သူငယ်ချင်းများ ဘေးမှာမရှိသည့် ပိတ်ရက်တွင် သူ့စိတ်အခြေအနေ ပိုဆိုးသွားမည်ကိုလည်း စိုးရိမ်နေမိသည်။
ထိုစိတ်ခံစားချက်များ လွှမ်းမိုးနေသဖြင့် ညနေပိုင်း နောက်ဆုံးအတန်းပိုင်ဆရာနှင့် တွေ့ဆုံပွဲ ပြီးဆုံးသောအခါ ပစ္စည်းသိမ်းရသည်မှာ စိတ်မပါလက်မပါ ဖြစ်နေသည်။
....
ညစာစား၊ ရေချိုးပြီးနောက် အိမ်စာလုပ်ရန် အခန်းထဲဝင်လိုက်သောအခါ သင်္ချာအိမ်စာ စာအုပ် ကျောင်းတွင်ကျန်ခဲ့မှန်း သတိထားမိလိုက်သည်။
ကျိုးအန်းရန် စိတ်ပျက်လက်ပျက်ဖြင့် ပါးဖောင်းလိုက်မိသည်။ ညအိပ်ဝတ်စုံကိုလဲပြီး တီရှပ်အဖြူနှင့် စကပ်တစ်ထည် ကောက်ဝတ်လိုက်သည်။ ကျောင်းသားကတ်နှင့် လွယ်အိတ်အလွတ်ကိုဆွဲပြီး အခန်းပြင်ထွက်ကာ ဧည့်ခန်းထဲရှိ ဟယ်ကျားယီကို ပြောလိုက်သည်။
"မေမေ... သမီး သင်္ချာအိမ်စာ ကျောင်းမှာ ကျန်ခဲ့လို့၊ ခဏလောက် သွားယူလိုက်ဦးမယ်"
"ဘာလို့ ဒီလောက် ပေါ့ဆရတာလဲ" ဟယ်ကျားယီက သမီးဖြစ်သူ ကပျာကယာ ထွက်သွားသည်ကို ကြည့်ပြီး လှမ်းပြောလိုက်သည်။ "ရှင်းရှင်းကိုပါ ခေါ်သွားလေ"
"မေမေကလည်း... ရှင်းရှင်းက သူ့အဘွားကိုသွားတွေ့ဖို့ ရွာပြန်သွားပြီလေ"
ကျိုးအန်းရန် ဝတ်ထားသော တီရှပ်နှင့် စကပ်တွင် အိတ်ကပ်မပါသဖြင့် လမ်းလျှောက်ရင်း ကျောင်းသားကတ်ကို လွယ်အိတ်ထဲ ထည့်လိုက်သည်။ သူမအသံက အနည်းငယ် အက်ရှရှဖြစ်နေသေးသည်။
"ရပါတယ်... မိုးမချုပ်သေးပါဘူး၊ ကျောင်းထဲမှာ လူတွေအများကြီး ရှိသေးတယ်"
....
ကျောင်းရောက်သောအခါ ကျိုးအန်းရန်သည် မိန်းကလေးအဆောင်ဘက်သို့ အရင်သွားပြီး ဒုတိယအတန်းခေါင်းဆောင်ထံမှ အခန်းသော့သွားငှားလိုက်သည်။
အိမ်စာစာအုပ်ယူပြီး ပြန်ထွက်လာချိန်တွင် မိုးက တော်တော်ချုပ်နေပြီဖြစ်သည်။
ကျိုးအန်းရန် မေမေဟယ်ကို လိမ်ပြောခဲ့ခြင်း မဟုတ်ပေ။
သောကြာနေ့ညပိုင်းများတွင် ကျောင်း၌ လူအများအပြား ရှိနေတတ်သည်။ အထက်တန်း (၃) နှစ် စီနီယာများက ညပိုင်း စာလေ့လာချိန် ဆင်းရသလို၊ ပြိုင်ပွဲဝင်မည့် ကျောင်းသားများကလည်း အချိန်ပို စာသင်နေရတတ်သည်။ အားကစားသမားများလည်း လေ့ကျင့်ရေးဆင်းနေတတ်ပြီး အိမ်မပြန်သော ကျောင်းသားများလည်း ကွင်းထဲတွင် လမ်းလျှောက်နေတတ်သည်။
သို့သော် အထက်တန်း (၁) နှင့် (၂) ကျောင်းသားများ အားလုံး အိမ်ပြန်သွားကြပြီဖြစ်သဖြင့် ဒုတိယစာသင်ဆောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းလှသည်။ စာသင်ဆောင်အပြင်ဘက် ကွင်းပြင်တွင်လည်း တစ်ယောက်မှ မရှိပေ။ မိုးချုပ်လာပြီဖြစ်သဖြင့် ကျိုးအန်းရန် ကြောက်ရွံ့လာမိသည်။
သူမ တံခါးအမြန်ပိတ်ပြီး စာသင်ဆောင်အပြင်သို့ ပြေးထွက်လာခဲ့သည်။
အပြင်ရောက်ရောက်ချင်း မလှမ်းမကမ်းတွင် ရပ်နေသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားသည်။ ပြေးလာသဖြင့် မြန်နေသော ရင်ခုန်သံများက တစ်မုဟုတ်ချင်း ပိုမိုမြန်ဆန်လာသည်။
သူက ဘာလို့ ကျောင်းပြန်ရောက်နေတာလဲ။
မလှမ်းမကမ်းတွင် ရပ်နေသော ကောင်လေးသည် အဖြူရောင် တီရှပ်နှင့် အနက်ရောင် အားကစားဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ အလွန်လန်းဆန်းနေသည်။ ဘယ်ဘက်လက်မောင်းကြားတွင် ဘတ်စကက်ဘောတစ်လုံး ညှပ်ထားပြီး ညာဘက်လက်ဖြင့် ဖုန်းကိုင်ကာ ခေါင်းငုံ့၍ စာရိုက်နေသည်။
အလင်းရောင် ကောင်းကောင်း မရသေးသော်လည်း သူမြှောက်ထားသော ညာဘက်တံတောင်ဆစ်တွင် တောက်ပသော အနီရောင်အကွက်တစ်ခုကို ကျိုးအန်းရန် မြင်လိုက်ရသည်။ ပွန်းပဲ့ဒဏ်ရာ ရထားပုံရသည်။
ငြိမ်သက်စပြုနေသော နှလုံးသားမှာ တစ်ချက် ဆစ်ခနဲ နာကျင်သွားသည်။
ဘယ်လိုဖြစ်ပြီး ဒဏ်ရာရထားတာလဲ။
ဘောလုံးကစားရင်း မတော်တဆ လဲကျသွားတာလား။
ကျိုးအန်းရန် လွယ်အိတ်ဘေးအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။
မေမေဟယ်က ထိုအိတ်ကပ်ထဲတွင် အိုင်အိုဒင်းဂွမ်းတံများနှင့် ပလာစတာများ ထည့်ပေးထားလေ့ရှိသည်။
ကျိုးအန်းရန် အထဲမှ ဂွမ်းတံနှစ်ချောင်းနှင့် ပလာစတာနှစ်ခု ထုတ်ယူလိုက်ပြီး သူ့ဆီ သွားပေးရန် ပြင်လိုက်သည်။
သို့သော် ထိုအတွေးဝင်လာသည်နှင့် ခြေထောက်များက ပိဿာတစ်ထောင်လောက် လေးလံသွားသလို ခံစားလိုက်ရပြီး ရွေ့လို့မရတော့ပေ။ ငြိမ်သက်စပြုနေသော ရင်ခုန်သံများက လည်ချောင်းဝကနေ ခုန်ထွက်တော့မတတ် ပြန်မြန်လာပြီး ဂွမ်းတံကို ကိုင်ထားသော လက်ဖဝါးတွင်လည်း ချွေးစေးများ ထွက်လာသည်။
ကျိုးအန်းရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
ဒီစာသင်နှစ်မှာ သတ္တိပိုရှိအောင် နေမယ်လို့ ကတိပေးထားတယ်လေ။
သူက နင့်ကို အကြိမ်ကြိမ် ကူညီပေးဖူးတာပဲ၊ နင်က ပြန်ကူညီတာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲဟာ။
ပြီးတော့ အဲဒီမှာ ရပ်နေတာ သူမဟုတ်ဘဲ တခြားအတန်းဖော် ယောက်ျားလေးတစ်ယောက်ဆိုရင် နင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလေ။ သူကျမှ ဘာလို့ ကြောက်နေရတာလဲ။
ချန်လော့ပိုင်သည် ကျုရန်ကို စာပြန်ပို့ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ဘယ်ဘက်ခြေထောက်မှ ဖိနပ်ကြိုး ပြေနေသည်ကို တွေ့လိုက်ရသည်။
သူ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ဘောလုံးကို ဘေးချလိုက်သည်။
ဖိနပ်ကြိုးပြန်ချည်ပြီး မတ်တတ်ရပ်ရန် ပြင်လိုက်စဉ် သွယ်လျလှပသော လက်တစ်ဖက် သူ့မျက်နှာရှေ့ ရောက်လာသည်။ လက်သည်းများကို သပ်သပ်ရပ်ရပ် ညှပ်ထားပြီး လက်ထဲတွင် ဂွမ်းတံနှစ်ချောင်း ကိုင်ထားသည်။
ခေါင်းပေါ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ စကားပြောသူမှာ နေမကောင်းဖြစ်နေပုံရပြီး အသံ အနည်းငယ် အက်ရှရှဖြစ်ကာ နှာသံပါနေသည်။ လေသံကတော့ နူးညံ့ပြီး ကြောက်ရွံ့နေပုံရသည်။
"ဂွမ်း... ဂွမ်းတံထဲမှာ အိုင်အိုဒင်းပါတယ်၊ ပိုးသတ်လို့ရတယ်၊ ချိုးလိုက်ရင် သုံးလို့ရပြီ"
ချန်လော့ပိုင် ချက်ချင်း လှမ်းမယူသေးပေ။ မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး တစ်ဖက်လူ ဘယ်သူလဲဆိုတာ ကြည့်ရန် ပြင်လိုက်သည်။ သို့သော် သူ့မြင်ကွင်းထဲသို့ ဖြူဝင်းသွယ်လျသော ခြေထောက်တစ်စုံ ဦးစွာ ဝင်ရောက်လာသည်။ အနက်ရောင် စကပ်တိုလေးအောက်တွင် အသားအရေမှာ မျက်စိကျိန်းမတတ် ဖြူဝင်းနေပြီး ပေါင်အတွင်းပိုင်းမှ မှဲ့နက်ကလေးမှာ အလွန်ထင်ရှားနေသည်။
မျှော်လင့်မထားသော မြင်ကွင်းတစ်ခု။
ချန်လော့ပိုင် ချက်ချင်း အကြည့်လွှဲလိုက်သည်။
ထိုစဉ် အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"အားလော့"
ကျုံးခိုင်အသံ ဖြစ်သည်။
ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် လက်ထဲသို့ နူးညံ့နွေးထွေးသော အထိအတွေ့တစ်ခု ရောက်ရှိလာပြီး ပစ္စည်းအချို့ ထည့်ပေးခြင်း ခံလိုက်ရသည်။
သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် သွယ်လျသော ကျောပြင်လေးတစ်ခု စာသင်ဆောင်ထဲသို့ ပြေးဝင်သွားသည်ကိုသာ တွေ့လိုက်ရသည်။ အနက်ရောင် စကပ်အနားစလေး လှုပ်ခတ်သွားသည်။
လက်ဖဝါးထဲမှ ပစ္စည်းများတွင် မူလပိုင်ရှင်၏ကိုယ်ငွေ့များ ကျန်ရစ်နေသေးသည်။ ချန်လော့ပိုင် ငုံ့ကြည့်လိုက်ရာ ဂွမ်းတံနှစ်ချောင်းနှင့် ပလာစတာ အသေးစားလေး နှစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"အားလော့"
ကျုံးခိုင် သူ့အနောက်သို့ ရောက်လာသည်။
ချန်လော့ပိုင် မတ်တတ်ရပ်လိုက်ပြီး ကျုံးခိုင်ဘေးတွင် ယင်းယီကျန်း ပါလာသည်ကို တွေ့လိုက်ရသဖြင့် မျက်ခုံး အနည်းငယ် တွန့်သွားသည်။
သူ ယင်းယီကျန်းကို ဂရုမစိုက်ဘဲ စာသင်ဆောင်ဘက်သို့ လှမ်းကြည့်ကာ ကျုံးခိုင်ကို တိုးတိုးလေး မေးလိုက်သည်။
"ခုနက ငါ့ကို ပစ္စည်းလာပေးတဲ့ မိန်းကလေးကို မင်း မြင်လိုက်လား၊ ဘယ်သူလဲ"
ကျုံးခိုင် ပါးစပ်ဟလိုက်ပြီး ပြောရန်ပြင်လိုက်သော်လည်း ကျောကို လက်တစ်ဖက်ဖြင့် လာဆွဲသည်ကို ခံစားလိုက်ရသဖြင့် တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးမှ ဖြေလိုက်သည်။
"သေချာ မမြင်လိုက်ဘူး"
...
ကျိုးအန်းရန် နံရံကိုကပ်ရပ်ရင်း ရင်ခုန်သံများ တဒိန်းဒိန်း မြည်နေသည်။ သူမ နှုတ်ခမ်းကိုကိုက်လိုက်ပြီး နောင်တရသွားသည်။
သူမ ဘာကို ရှောင်ပြေးခဲ့တာလဲ။
သူနဲ့ ယင်းယီကျန်းက ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ ရှင်းနေတာပဲဟာ။
သူမနဲ့ သူက အတန်းဖော်တွေလေ၊ လမ်းမှာတွေ့လို့ ဒဏ်ရာရနေတာမြင်ပြီး ဂွမ်းတံပေးတာ ပုံမှန်ကိစ္စပဲဟာ။ အခုလို ထပြေးလိုက်တော့မှ သူခိုးလူမိသလို ဖြစ်သွားရပြီ။
ဒါပေမဲ့ ပြေးပြီးမှတော့...
ကျိုးအန်းရန် ပိုပြီး လုံခြုံမည့်နေရာသို့ ရွှေ့လိုက်သည်။ ဒါမှ သူတို့ စာသင်ဆောင်ထဲ တစ်ခုခုလာယူရင်တောင် သူမကို မတွေ့နိုင်တော့မှာ။
သူမပုံစံကို သူ သေချာ မမြင်လိုက်လောက်ပါဘူးနော်။
ကျိုးအန်းရန် ခေါင်းကို နံရံနှင့် ခပ်ဖွဖွ တိုက်လိုက်မိသည်။
ဒီနေ့ ကျောင်းမှာ သူနဲ့တွေ့မယ်မှန်းသိရင် ပိုလှတဲ့ စကပ်လေး ဝတ်လာပါတယ်ဟာ။
ခဏကြာသည်အထိ ခြေသံမကြားရသဖြင့် ကျိုးအန်းရန် စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။
သူ ဘာလို့ ကျောင်းပြန်လာတာလဲ။
ခုနက သူ့လက်ထဲမှာ ဘောလုံးကိုင်ထားတယ်၊ ကျုံးခိုင်တို့နဲ့ ဘောလုံးကစားဖို့ ချိန်းထားတာလား။
ယင်းယီကျန်းကရော ဘာလို့ ပါလာတာလဲ။
ကျိုးအန်းရန် ခြေသံဖော့ပြီး ဘေးဘက်သို့ ဆက်လျှောက်သွားကာ အခန်း (၅) ရှေ့ စင်္ကြံလမ်းရောက်မှ နံရံကွယ်မှ ခေါင်းပြူပြီး အပြင်သို့ ချောင်းကြည့်လိုက်သည်။
ကျုံးခိုင်နှင့် ယင်းယီကျန်းတို့ မရှိကြတော့ပေ။
ထိုကောင်လေးသည် လက်မောင်းကြားတွင် ဘောလုံးညှပ်လျက် စာသင်ဆောင်ကို ကျောပေးကာ ကွင်းပြင်ဘေးတွင် ရပ်နေသည်။ မိုးပိုချုပ်လာလို့လား၊ ဒါမှမဟုတ် သူ့ဘေးမှာ သူငယ်ချင်းအုပ်စု မရှိလို့လား မသိ၊ ကျိုးအန်းရန်အမြင်တွင် ထိုကျောပြင်မှာ အထီးကျန်ဆန်နေသလို ခံစားရသည်။
သူ ဘာလို့ သူငယ်ချင်းတွေကို မခေါ်ထားတာလဲ။
စိတ်မပျော်ရွှင် ဖြစ်နေတုန်းလား။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး လွယ်အိတ်ထဲမှ ဖုန်းထုတ်ကာ Silent mode ဖွင့်လိုက်သည်။ ထို့နောက် မေမေဟယ်ထံ မက်ဆေ့ခ်ျ ပို့လိုက်သည်။
[မေမေ... ကျောင်းမှာ သူငယ်ချင်းနဲ့ တွေ့လို့၊ နည်းနည်း နောက်ကျမှ ပြန်လာမယ်နော်]
ဟယ်ကျားယီထံမှ စာချက်ချင်း ပြန်ရောက်လာသည်။
[အရမ်း နောက်မကျစေနဲ့နော်]
ကျိုးအန်းရန် OK ပုံစံလေး ပြန်ပို့လိုက်သည်။
သူမ ဘာမှ မကူညီပေးနိုင်ပေမယ့်၊ ခဏလောက်တော့ တိတ်တဆိတ် အဖော်ပြုပေးလိုက်ပါမယ်လေ။
သူ သူမကို မမြင်ရရင်တောင်မှပေါ့။
အပြင်တွင် လုံးဝ မှောင်မိုက်သွားပြီဖြစ်သည်။ ကောင်လေး၏ ပုံရိပ်မှာ အမှောင်ထဲတွင် ဝေဝါးနေပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောပြင်ကိုသာ သဲကွဲစွာ မြင်နေရသည်။
ဒါပေမဲ့ သူ မလှမ်းမကမ်းမှာရှိနေတယ်ဆိုတာ မြင်နေရတော့၊ တိတ်ဆိတ်ငြိမ်သက်နေတဲ့ စာသင်ဆောင်ထဲမှာ ကျိုးအန်းရန် တစ်ယောက်တည်း ရှိနေပေမယ့် မကြောက်တော့ဘူး။
ဒီည တိုက်ခတ်နေတဲ့ လေပြေကလည်း အလွန်နူးညံ့သိမ်မွေ့နေသလို ခံစားရတယ်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ဖုန်းမျက်နှာပြင် လင်းလာသည်။
ဟယ်ကျားယီက စာပို့ပြီး ပြန်လာရန် လှမ်းခေါ်ခြင်းဖြစ်သည်။
[၈ နာရီတောင် ထိုးနေပြီ၊ သူငယ်ချင်းနဲ့ စကားပြောလို့ မပြီးသေးဘူးလား။ အရမ်းမိုးချုပ်ရင် အိမ်ပြန်ရတာ အန္တရာယ်များတယ်]
ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ အကြောင်းပြချက်ရှာပြီး ဆက်နေလို့ ရမရ စဉ်းစားလိုက်သည်။
သို့သော် သူမ စာပြန်မပို့သဖြင့် စိတ်ပူသွားပုံရသော မေမေဟယ်က ဖုန်းဆက်လိုက်တော့သည်။
ကျိုးအန်းရန် လက်ချော်ပြီး ဖုန်းကို မတော်တဆ ချလိုက်မိသည်။
ဒါပေမဲ့ ဆက်နေဖို့ မဖြစ်နိုင်တော့မှန်း သိလိုက်ပြီ။
သူမ စာပြန်ရိုက်ပို့လိုက်သည်။
[ခုနက လက်ချော်ပြီး ဖုန်းကျသွားတာ၊ စကားပြောပြီးပါပြီ၊ အခု ပြန်လာတော့မယ်]
ကျိုးအန်းရန် အခန်းဝမှ တိတ်တဆိတ် ထွက်ခွာလာသည်။ ချန်လော့ပိုင် နောက်လှည့်မကြည့်သဖြင့် သူမကို မမြင်လိုက်ပေ။ စိတ်အေးသွားရသော်လည်း ရင်ထဲတွင် စိုးရိမ်နေမိသေးသည်။
သူ တစ်ယောက်တည်း နေခဲ့ရတာ အဆင်ပြေပါ့မလား။
သူ့စိတ်အခြေအနေက ဘာလို့ ဒီလောက် ဆိုးရွားနေရတာလဲ။
ကျုရန် လျှောက်လာသည်ကို တွေ့လိုက်ရမှ ကျိုးအန်းရန် စိတ်အေးသွားတော့သည်။
သို့သော် လမ်းပေါ်တွင် လူမရှိသဖြင့် သူမဘေးမှ ဖြတ်သွားခါနီးတွင် ကျုရန်က သူမဘက်သို့ စပ်စုသလို လှမ်းကြည့်လိုက်သည်။
ဒီည ချန်လော့ပိုင်လက်ထဲ ဂွမ်းတံထည့်ပေးလိုက်သည့်ကိစ္စကြောင့် သူမသတ္တိတွေ ကုန်ဆုံးသွားသည်လား၊ သို့မဟုတ် စာသင်ဆောင်ထဲတွင် တိတ်တဆိတ် ကျန်နေခဲ့သည့်အတွက် သူ့သူငယ်ချင်းကို မြင်သောအခါ စိတ်မလုံမလဲ ဖြစ်နေသည်လား မသိ၊ ကျုရန်နှင့် အကွာအဝေး အနည်းငယ် ရှိနေသေးသော်လည်း သူ လှမ်းကြည့်လိုက်ချိန်တွင် ကျိုးအန်းရန် ဘေးသို့ ခြေလှမ်းကျဲကြီးဖြင့် ရှောင်ဖယ်လိုက်မိသည်။
ထို့နောက် အမြန်သုတ်ခြေတင် ပြေးထွက်သွားတော့သည်။
ကျုရန် နားမလည်နိုင်စွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သိပ်မစဉ်းစားတော့ဘဲ ကွင်းပြင်ရှေ့တွင် ချန်လော့ပိုင်တစ်ယောက်တည်း ရပ်နေသည်ကို တွေ့လိုက်ရမှ အနည်းငယ် ကြောင်သွားသည်။
"ဘာလို့ မင်းတစ်ယောက်တည်း ဖြစ်နေတာလဲ၊ ကျုံးခိုင်က ရောက်နေပြီလို့ ပြောတယ်မလား"
ချန်လော့ပိုင်သည် မီးရောင်အောက်တွင် တစ်ဝက်လင်း တစ်ဝက်မှောင်နေသော ကွင်းပြင်ကို ကြည့်နေသည်။
"သူက ယင်းယီကျန်းကို ခေါ်လာလို့ ငါ ပြန်လွှတ်လိုက်တယ်"
"သူ ဘာရောဂါ ထနေတာလဲ" ကျုရန် မျက်မှောင်ကြုတ်လိုက်သည်။ "သူကိုယ်တိုင်က ယင်းယီကျန်းကို ကြိုက်နေပြီးတော့၊ ယင်းယီကျန်းကို မင်းရှေ့ခေါ်ခေါ်လာနေတယ်"
ချန်လော့ပိုင် ပြန်မပြောပေ။
ကျုရန် ခေါင်းငဲ့ကြည့်လိုက်ရာ သူ့နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး မေးရိုးများ တင်းမာနေသည်ကို တွေ့လိုက်ရသည်။ သူ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
"ဦးလေးနဲ့ အန်တီ တကယ် ကွာရှင်းတော့မှာလား"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
"အမေက ကွာရှင်းစာချုပ် ပြင်နေပြီ"
ကျုရန် ခေါင်းကုတ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဒီလိုကိစ္စမျိုးကြုံရင် ဘယ်လိုနှစ်သိမ့်ပေးရမလဲ သူ မသိပေ။ နှစ်သိမ့်ပေးလည်း အလကားပဲ ဖြစ်နေမည်။ နောက်ဆုံးတွင် အာရုံလွှဲရန် ပေါ့ပေါ့ပါးပါး ခေါင်းစဉ်တစ်ခု ရွေးလိုက်သည်။
"ဒါနဲ့... ငါ ခုနက လမ်းမှာ ထူးထူးဆန်းဆန်း ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ငါ့ကို မြင်တာနဲ့ အဝေးကြီး ရှောင်ထွက်သွားတာပဲ။ ငါက ရုပ်ဆိုးပြီး ကြောက်ဖို့ကောင်းနေလို့လားကွာ။ ကြည့်ရတာ သူကမှ ပိုကြောက်ဖို့ကောင်းနေတာ၊ အင်္ကျီအဖြူ၊ အသားအရေကလည်း ဖြူဖတ်ဖြူရော်နဲ့၊ ဆံပင်သာ နည်းနည်း ထပ်ရှည်ရင် သရဲမနဲ့ တူနေပြီ"
ချန်လော့ပိုင်သည် စောစောက စာသင်ဆောင်ထဲ ပြေးဝင်သွားသော ကောင်မလေးကို သတိရသွားသည်။
"သူ အနက်ရောင် စကပ် ဝတ်ထားလား"
"အေး... ဟုတ်တယ်၊ တော်သေးတာပေါ့ အနက်ရောင်ဝတ်ထားလို့၊ အဖြူရောင်သာ ဝတ်ထားရင်..." ကျုရန် စကားရပ်သွားသည်။ "နေပါဦး... သူ အနက်ရောင်စကပ် ဝတ်ထားတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ၊ မင်းလည်း တွေ့လိုက်တာလား"
ချန်လော့ပိုင် သူ့မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
"သူ့ရုပ် ဘယ်လိုနေလဲဆိုတာ မင်း သေချာမြင်လိုက်လား"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၂၄ ။ လီမွန် : လာဘ်ထိုးတယ်လို့ပဲ သဘောထားလိုက်
"မတွေ့ပါဘူး၊ သူမက ငါ့ကို မြင်တာနဲ့..."
ကျုရန် စကားမဆုံးသေးခင်မှာ ချန်လော့ပိုင်၏ ဖုန်းမြည်လာသည်။
သူ စကားကို ရပ်လိုက်သည်။
ချန်လော့ပိုင် ဖုန်းမျက်နှာပြင်ပေါ်မှ နာမည်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဖုန်းကိုင်လိုက်သည်။
"လော့ပိုင်"
စီးပွားရေးလောကတွင် ကျင်လည်ခဲ့သောကြောင့် အမြဲတမ်း တည်ငြိမ်နေတတ်သော ထိုအမျိုးသားကြီး၏ အသံမှာ ယနေ့တွင်မူ အလောတကြီးနှင့် စိုးရိမ်တကြီး ဖြစ်နေသည်။
"မေမေ့ရဲ့ ရှေ့နေရုံးခန်း မီးလောင်နေတယ်၊ သား အခုချက်ချင်း လာခဲ့"
ကျုရန်က ချန်လော့ပိုင် ဖုန်းချပြီးသည်နှင့် စကားဆက်ပြောရန် စောင့်နေသော်လည်း တစ်ဖက်လူ၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ လက်ထဲမှ ဘောလုံးကိုပင် မထိန်းနိုင်တော့ဘဲ လွတ်ကျသွားပြီး ဖုန်းချသည်နှင့် ကျောင်းပြင်သို့ ပြေးထွက်သွားတော့သည်။
ဘောလုံးမှာ မြေပြင်ပေါ် လိမ့်သွားသည်။ ကျုရန် ကုန်းကောက်ပြီး အနောက်မှ အမှီလိုက်ပြေးရသည်။
ကျောင်းပြင်ရောက်ပြီး တက္ကစီပေါ်ရောက်မှ ရှေ့နေရုံးခန်း မီးလောင်နေကြောင်း ကျုရန် သိလိုက်ရသည်။
"စိတ်မပူပါနဲ့၊ အန်တီ့ရုံးခန်းနားမှာ မီးသတ်စခန်း ရှိတယ်မလား၊ ဘာမှမဖြစ်လောက်ပါဘူး" ကျုရန်က ခြောက်ကပ်ကပ် အားပေးစကား ပြောလိုက်သည်။
ချန်လော့ပိုင် ဖုန်းကို တင်းတင်းဆုပ်ထားပြီး ဘာမှ ပြန်မပြောပေ။
ကံကောင်းသည်မှာ ကျောင်းနှင့် ရှေ့နေရုံးခန်းမှာ နီးကပ်စွာ ရှိနေသည်။ ရောက်ခါနီးတွင် ကျုရန်က တက္ကစီခကို ကြိုပေးထားလိုက်ပြီး ကားရပ်သည်နှင့် နှစ်ယောက်သား အတူဆင်းလိုက်ကြသည်။
ရှန့်ယွမ်စင်တာ အဆောက်အဦး A ရှေ့တွင် ထင်ရှားသော မီးသတ်ကားတစ်စီး ရပ်ထားပြီး ဘေးပတ်လည်တွင် လူအုပ်ကြီး ဝိုင်းနေသည်။ အများစုမှာ ရုံးဝတ်စုံများ ဝတ်ဆင်ထားကြပြီး အဆောက်အဦးအတွင်း အချိန်ပိုဆင်းနေကြသော ဝန်ထမ်းများ ဖြစ်ဟန်တူသည်။ မီးလောင်မှုကြောင့် အလုပ်ရပ်နားပြီး အောက်သို့ ဆင်းပြေးလာကြခြင်း ဖြစ်သည်။
ချန်လော့ပိုင် ရှေ့နေရုံးခန်းမှ လူများကို တစ်ချက်တည်းနှင့် မြင်လိုက်သည်။
သူ ပြေးသွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို လှမ်းခေါ်လိုက်သည်။
"အန်တီကျန်း... ရုံးခန်းအခြေအနေ ဘယ်လိုလဲ၊ မီးလောင်တာ ပြင်းထန်လား၊ မေမေရော"
"အန်တီကျန်း" ဟု အခေါ်ခံရသော အမျိုးသမီးက လှည့်ကြည့်လိုက်သည်။
"လော့ပိုင်... ဘာတွေလာမေးနေတာလဲ၊ ရှေ့နေရုံးခန်း မီးလောင်တာမှ မဟုတ်တာ။ ရုံးခန်းအောက်ထပ်က မီးလောင်တာ၊ မီးသတ်ကား အချိန်မီရောက်လာလို့ ဘာမှမဖြစ်လိုက်ဘူး"
သူမ စကားခေတ္တရပ်ပြီး တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
"ဖေဖေ ဖုန်းဆက်လို့ လာတာမလား။ ခုနက ဖေဖေက မေမေ့ဆီ ဖုန်းဆက်တာ အန်တီကိုင်လိုက်မိတယ်။ ရုံးခန်းအောက်ထပ် မီးလောင်တယ်လို့ ပြောလိုက်တာကို သူက ရုံးခန်းမီးလောင်တယ်လို့ ကြားသွားပြီး အခု သားလိုပဲ ပြာပြာသလဲ ရောက်ချလာတယ်။ ဟိုမှာ မေမေနဲ့အတူ ရှိနေတယ်"
အန်တီကျန်းက လက်ညှိုးထိုးပြလိုက်သည်။
ကျုရန်နှင့် ချန်လော့ပိုင်တို့ သူမညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြသည်။
တကယ်တော့ အလွန်ထင်ရှားသည်။ အဆောက်အဦးအောက်တွင် လူတိုင်း မတ်တတ်ရပ်နေကြသော်လည်း ထိုနှစ်ယောက်ကတော့ ဖက်ထားကြသည်။ စောစောက သူတို့ စိတ်ပူလွန်းပြီး သတိမထားမိလိုက်ခြင်းသာ ဖြစ်သည်။
"အားလော့" ကျုရန် အကြည့်လွှဲလိုက်သည်။ "ငါ့အမြင်တော့ ဦးလေးနဲ့ အန်တီ ကွာရှင်းဖြစ်တော့မယ် မထင်ဘူး"
ချန်လော့ပိုင်သည် မလှမ်းမကမ်းတွင် ဖက်ထားကြသော ထိုနှစ်ယောက်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးမှ ခေါင်းငဲ့ကာ ရယ်မောလိုက်သည်။
"သွားစို့"
"ဘယ်လဲ"
ချန်လော့ပိုင်က မျက်နှာချင်းဆိုင်ဘက်ကို မေးငေါ့ပြလိုက်သည်။
"ဟိုဘက်မှာ ဆိုင်ကောင်းကောင်း တစ်ဆိုင်ရှိတယ်၊ ညစာ လိုက်ကျွေးမယ်"
ကျုရန်သည် သူငယ်ချင်းဖြစ်သူ စိတ်မကြည်မလင်ဖြစ်နေသဖြင့် နှစ်ရက်လောက် စကားမပြောရဲဘဲ အောင့်ထားရရာမှ ယခု အခြေအနေကောင်းသွားပြီဖြစ်၍ ပခုံးဖက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"သွားမယ်... သွားမယ်"
ချန်လော့ပိုင် အန်တီကျန်းကို နှုတ်ဆက်ပြီး ကျုရန်နှင့်အတူ လမ်းကူးလိုက်သည်။
ဟင်းမှာပြီးမှ ကျုရန်က သူ့တံတောင်ဆစ်မှ ဒဏ်ရာကို သတိထားမိသွားသည်။
"လက်က ဘယ်လိုဖြစ်တာလဲ"
ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။
"ကိစ္စမရှိပါဘူး၊ ညနေက ဘောလုံးကစားရင်း လဲသွားတာ"
"ဒီနားမှာ ဆေးဆိုင်ရှိတယ်မလား"
ချန်လော့ပိုင် ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း ခေါင်းထဲတွင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားသဖြင့် ရပ်တန့်လိုက်သည်။ အားကစားဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ပြီး ပစ္စည်းအချို့ ထုတ်ယူလိုက်သည်။
ကျုရန်က ဂွမ်းတံနှင့် ပလာစတာများကို ကြည့်ပြီး မေးလိုက်သည်။
"ဆေးဝယ်လာတာလား"
"မဟုတ်ဘူး" ချန်လော့ပိုင်က လက်ထဲမှ ပစ္စည်းများကို ငုံ့ကြည့်လိုက်သည်။ "မိန်းကလေးတစ်ယောက် ပေးလိုက်တာ"
ကျုရန် စိတ်ဝင်စားသွားသည်။
"မိန်းကလေး... မင်းကို ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ယောက်လား"
ချန်လော့ပိုင် ခေါင်းထဲတွင် စာသင်ဆောင်ထဲ အလျင်အမြန် ပြေးဝင်သွားသော သွယ်လျသည့် ကျောပြင်လေး ပေါ်လာသည်။
"ကြိုက်ရင် ဘာလို့ ရှောင်ပြေးရမှာလဲ"
"ရှောင်ပြေးတယ်... ဘာကို ဆိုလိုတာလဲ" ကျုရန် နားမလည်ပေ။
ချန်လော့ပိုင်က "အင်း" ဟု ဖြေသည်။
"ပစ္စည်းတွေ လက်ထဲထည့်ပေးပြီး ပြေးထွက်သွားတာ၊ ညနေက မင်းတွေ့လိုက်တဲ့ တစ်ယောက် ဖြစ်လောက်တယ်"
ကျုရန်က ချက်ချင်း ဖြေလိုက်သည်။
"ရှက်လို့ နေမှာပေါ့"
ပြောပြီးမှ တစ်ခုခုလွဲနေသည်ကို သတိထားမိလိုက်သည်။
"နေပါဦး... ငါတွေ့လိုက်တဲ့ 'သရဲမလေး' လို့ မင်း ပြောချင်တာလား။ ဒါဆိုရင်လည်း မဟုတ်သေးဘူးလေ။ မင်းကို ပစ္စည်းပေးပြီး ရှောင်တာက ရှက်လို့ဆိုတာ ဟုတ်ပြီထား၊ ငါ့ကိုကျ ဘာကိစ္စ ရှောင်ရတာလဲ။ ဒါမှမဟုတ်..."
ချန်လော့ပိုင်က ဆက်ပြောလိုက်သည်။
"မင်းနဲ့လည်း သိနေလို့များလား"
ကျုရန် မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ကျောင်းမှာ ငါသိတဲ့ မိန်းကလေးလည်း သိပ်မရှိပါဘူး၊ တခြားအခန်းကဆို ပိုဆိုး။ ဒါဆို ငါတို့အခန်းကများလား။ သူ ပစ္စည်းပေးတုန်းက စကားမပြောဘူးလား၊ အသံကို မရင်းနှီးဘူးလား"
"ပြောတယ်၊ ဒါပေမဲ့ အသံဝင်နေတယ်၊ နေမကောင်းဖြစ်နေပုံရတယ်" ချန်လော့ပိုင်က ပစ္စည်းများကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ "ထားလိုက်ပါတော့"
ကျုရန်က စနောက်လိုက်သည်။
"ဘယ်လိုလဲ... သူများ စေတနာနဲ့ ပေးထားတာကို မသုံးတော့ဘူးလား"
"ဘယ်သူမှန်းတောင် မသိတာ၊ ဘယ်လိုလုပ် သုံးမလဲ" ချန်လော့ပိုင်က တံခါးဝဘက် မေးငေါ့ပြလိုက်သည်။ "ဆေးဆိုင် ခဏသွားလိုက်ဦးမယ်"
ကျုရန် လက်ကာပြလိုက်သည်။
"သွား... သွား... ပြန်လာရင် ပိုက်ဆံရှင်းဖို့ မမေ့နဲ့"
"သေလိုက်" ချန်လော့ပိုင် ရယ်မောပြီး ဆဲလိုက်သည်။
....
ဒီအပတ် စနေနေ့တွင်လည်း ကျိုးအန်းရန် မိဘများနှင့်အတူ အစ်မဝမ်းကွဲအိမ်သို့ သွားလည်သည်။
ဒီတစ်ခါတော့ မွေးနေ့ပွဲ မဟုတ်ပေ။ အစ်မဝမ်းကွဲ ခရီးထွက်ရာမှ ပြန်လာပြီး ဒေသထွက်အစားအစာများ ဝယ်လာသဖြင့် ထမင်းခေါ်ကျွေးခြင်းဖြစ်သည်။
နေ့လည်စာစားပြီးနောက် ကျိုးအန်းရန်သည် မေမေ၊ အစ်မဝမ်းကွဲတို့နှင့်အတူ ထွမ်းထွမ်းကိုခေါ်ပြီး စူပါမားကတ် သွားကြသည်။
ကလေးမလေးသည် စူပါမားကတ်ရောက်သည်နှင့် သကြားလုံးတန်းဆီ တန်းခေါ်သွားတော့သည်။
အရင်တစ်ခေါက်က ဝယ်ခဲ့သော ဆိုဒါသကြားလုံးကို ကျိုးအန်းရန် တန်းတွေ့လိုက်သည်။
ယန်ရှင်းချန်သည် ဝိဇ္ဇာတွဲပြောင်းသွားပြီးကတည်းက အသားမကျသဖြင့် တစ်ပတ်လုံး စိတ်မပျော်မရွှင် ဖြစ်နေသည်။
ကျိုးအန်းရန် လက်လှမ်းရန် တွန့်ဆုတ်နေမိသည်။
အရင်တစ်ခေါက်က သူ့စားပွဲထဲ သကြားလုံး ခိုးထည့်လိုက်သည့်ကိစ္စမှာ မှားထည့်သည်ဟု အထင်ခံရပြီး လူတွေ သိပ်စိတ်မဝင်စားတော့သဖြင့် မေ့ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သာမန်ကိစ္စလေးတစ်ခုမို့ အတင်းအဖျင်းခေါင်းစဉ်တောင် မဖြစ်လိုက်ပေ။
အခုဆို သူမတစ်ယောက်တည်းပဲ မှတ်မိတော့မှာပါ။
ချန်လော့ပိုင်နဲ့ ကျုရန်တို့ မြင်ဖူးရင်တောင် အခုလောက်ဆို မေ့သွားလောက်ပြီ။
ပြီးတော့ ယန်ရှင်းချန်ရဲ့ ဝိဇ္ဇာအခန်းက ခြောက်လွှာမှာ ရှိတာ။ သူတို့အခန်းနဲ့ဆို လေးထပ်တောင် ခြားနေတယ်။
သူက စာကြိုးစားတဲ့ ကျောင်းသားကောင်းတစ်ယောက် မဟုတ်ပေမယ့် အားတဲ့အချိန်ဆိုရင်လည်း ကျုရန်တို့နဲ့ ဘောလုံးသွားကစားတာများတယ်။ မရင်းနှီးတဲ့ အခန်းတွေဘက် သွားလေ့မရှိပါဘူး။
အခု ယန်ရှင်းချန်အတွက် ဝယ်သွားပေးရင် အန္တရာယ်ကင်းလောက်ပါပြီ။
ကျိုးအန်းရန် အထုပ်အနည်းငယ် ယူလိုက်သည်။
ဟယ်ကျားယီက မြင်တော့ မေးလိုက်သေးသည်။
"သကြားလုံးတွေ အများကြီး ဘာလုပ်မလို့လဲ"
"ရှင်းရှင်း ကြိုက်လို့"
တကယ်တော့ သူမလည်း နည်းနည်း စားချင်နေမိသည်။
...
ညနေ အိမ်ပြန်ရောက်သောအခါ ကျိုးအန်းရန် ယန်ရှင်းချန်အိမ်သို့ အရင်ဝင်ပြီး သကြားလုံးသွားပေးလိုက်သည်။ စုန့်ချိုးက ညစာစားပြီးမှ ပြန်ခိုင်းသဖြင့် ညစာပါ စားခဲ့ရသည်။
ညစာစားပြီးနောက် ယန်ရှင်းချန်က အိမ်စာတွေပိုက်ပြီး သူမအိမ်သို့ လိုက်လာကာ ညအိပ်လေသည်။
ကျန်နေသော ပိတ်ရက်တစ်ရက်လည်း ကုန်ဆုံးသွားသည်။
......
တနင်္လာနေ့ ကျောင်းပြန်ဖွင့်သောအခါ ကျိုးအန်းရန်သည် သောကြာနေ့ညက သူ တစ်ယောက်တည်း ရပ်နေသော ပုံရိပ်ကို ပြန်မြင်ယောင်မိပြီး စိတ်ပူနေဆဲဖြစ်သည်။
အင်္ဂလိပ်စာ ဝေါဟာရ ကျက်နေရင်း အနောက်ဘက်ကို အာရုံစိုက်ထားမိသည်။
မကြာမီ သူနှင့် ကျုရန်တို့ ရယ်ရယ်မောမော ဝင်လာကြသည်ကို ကြားလိုက်ရသည်။
သူမ ထိုင်ခုံနှင့် သူတို့နေရာ နီးကပ်သွားပြီဖြစ်၍ အသံမနှိမ့်လျှင် ပြောသမျှ အကုန်ကြားရသည်။
ကျုရန်က တစ်ခုခုကို သတိရသွားသကဲ့သို့ မေးလိုက်သည်။
"ဒါနဲ့... မင်းလက်က ဘယ်လိုနေသေးလဲ"
"ဘာမှမဖြစ်ပါဘူး" ကောင်လေး၏အသံမှာ ပေါ့ပါးနေသည်။ "ပွန်းပဲ့သွားရုံပါပဲ"
ကျုရန် သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ... သရဲမလေးပေးတဲ့ ဂွမ်းတံနဲ့ ပလာစတာတွေ အလဟဿ ဖြစ်ကုန်ပြီ"
ဂွမ်းတံနှစ်ချောင်းနဲ့ ပလာစတာနှစ်ခုလား။ သောကြာနေ့ညက သူမပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ ကိုက်ညီနေတယ်။ ဒါပေမဲ့ 'သရဲမလေး' ဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ။
အလဟဿဖြစ်ကုန်ပြီဆိုတာ သူ မသုံးလိုက်ဘူးဆိုတဲ့ သဘောလား။
ကျိုးအန်းရန် ဘောပင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
ဝမ်းနည်းသလိုလို ဖြစ်မိပေမယ့် သိပ်တော့ မခံစားရပါဘူး။
တကယ်တော့ ခန့်မှန်းမိပြီးသားပါ။
အဲဒီနေ့တုန်းက သာမန်အတန်းဖော်တစ်ယောက် လမ်းကြုံလို့ ကူညီပေးသလိုမျိုး ပွင့်ပွင့်လင်းလင်း ပေးခဲ့ရင် သူ သုံးချင်သုံးမှာ။
အခုက သူခိုးလူမိသလို ထပြေးသွားတော့ သူက သူမမျက်နှာကိုတောင် သေချာမြင်လိုက်ရမှာ မဟုတ်ဘူး။ ဘယ်ကမှန်းမသိတဲ့ ပစ္စည်းကို မသုံးတာကမှ မှန်ကန်တဲ့ လုပ်ရပ်ပါ။
"ဘာသရဲမလေးလဲ၊ ဘာအလဟဿ ဖြစ်တာလဲ" ထန်ကျန့်ရွေ့အသံ ထွက်ပေါ်လာသည်။ အတင်းနားထောင်ချင်စိတ် ပြည့်နှက်နေသည်။
"ဘာမှ..." ကျုရန်က ဖြေလိုက်သည်။
အနောက်တန်းမှ အိမ်စာစာအုပ်များ ရှေ့သို့ပို့ပေးနေချိန် ကျိုးအန်းရန် အခွင့်ကောင်းယူ၍ အနောက်သို့ လှည့်ကြည့်လိုက်ရာ ချန်လော့ပိုင်က ကျုရန်ကို တံတောင်ဖြင့် တွန်းလိုက်ပြီး မျက်လုံးဖြင့် သတိပေးလိုက်သည်ကို တွေ့လိုက်ရသည်။
ကျုရန်က စကားပြောင်းလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
ထန်ကျန့်ရွေ့က တတိယတန်းသို့ ပြောင်းသွားသဖြင့် ချန်လော့ပိုင်၏ အမူအရာကို မြင်လိုက်ပုံမရပေ။ ကျုရန်စကားကို မယုံသင်္ကာ ဖြစ်နေသည်။
"ဘာမှ မဟုတ်ရမှာလဲ"
ကျိုးအန်းရန် ဆက်မကြည့်ရဲတော့ဘဲ ပြန်လှည့်လာခဲ့သည်။
ထန်ကျန့်ရွေ့၏ အသံက အနည်းငယ်ကျယ်လောင်ပြီး ရှင်းလင်းစွာ ကြားနေရသည်။
"ကျုရန်... မင်း ငါ့ကို လျှို့ဝှက်ချက်တွေ ထားနေပြီပေါ့လေ။ ငါတို့ရဲ့ သားအဖသံယောဇဉ်တွေ ပျက်ပြားကုန်ပြီလား"
"ငါတို့ သားအဖသံယောဇဉ်က ဘယ်တော့မှ မပျက်ပြားပါဘူး" ကျုရန်က ပြောသည်။ "အဖေက သားကို အမြဲချစ်ပါတယ်။ မင်းနဲ့ လျှို့ဝှက်ချက် ရှိနေတာက မင်းရဲ့ အစ်ကိုကြီးလော့ပါ"
ထန်ကျန့်ရွေ့က တိုင်တောလိုက်သည်။
"အစ်ကိုကြီးလော့... သူ အစ်ကိုကြီးကို အမြတ်ထုတ်နေတယ်"
ချန်လော့ပိုင် ပြန်ပြောသံ မကြားရပေ။
သို့သော် နောက်တစ်စက္ကန့်တွင် ကျုရန် အော်ဟစ်လိုက်သံ ကြားရသည်။
"ချန်လော့ပိုင်... မင်း ငါ့ကို လည်ပင်းညှစ်သတ်မလို့လား"
"ဘယ်သူက ဘယ်သူ့အဖေလဲ" ကောင်လေး၏ ရယ်မောသံ ပါဝင်နေသော အသံထွက်ပေါ်လာသည်။
ကျုရန် - "မင်းက ငါ့အဖေပါကွာ... ကျေနပ်ပြီလား"
သူ့စိတ်အခြေအနေ ပြန်ကောင်းသွားပုံရသည်။
ကျိုးအန်းရန် သက်ပြင်းချလိုက်ပြီး ရင်ထဲမှ အလုံးကြီး ကျသွားသည်။
သို့သော် စိုးရိမ်စရာ တစ်ခုပြီးတစ်ခု ပေါ်လာပြန်သည်။
ပြီးခဲ့တဲ့ စာသင်နှစ် နောက်ဆုံးနေ့က ပြောခဲ့တဲ့ စကားကို သူ တကယ်ပဲ ပေါ့ပေါ့ဆဆ ပြောခဲ့တာလား၊ စိတ်ထဲ လုံးဝ မရှိတော့ဘူးလား။
ကျောင်းဖွင့်တာ နှစ်ရက် သုံးရက် ရှိနေပြီ၊ သူမနဲ့ သူက အရင်လိုပဲ ဘာပတ်သက်မှုမှ မရှိသေးဘူး။
သူ့စိတ်အခြေအနေကြောင့် မေ့နေတာများ ဖြစ်နိုင်မလား။
ကျိုးအန်းရန် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး အတွေးများကို အတင်းဖယ်ထုတ်ကာ ဝေါဟာရ ဆက်ကျက်နေလိုက်သည်။
.....
ညနေပိုင်း ဒုတိယအချိန်သည် အားကစားချိန်ဖြစ်သည်။
ကျန်းရူရှန်း ရာသီလာနေသဖြင့် ဆရာက သူတို့ကို လွတ်လပ်စွာ နားနေခွင့် ပေးလိုက်သည်။ သူမသည် သစ်ပင်အောက် အရိပ်ရသော နေရာတစ်ခုတွင် ညှိုးငယ်စွာ ထိုင်နေသည်။
ကျိုးအန်းရန် ဘေးတွင် ဝင်ထိုင်လိုက်ပြီး စိတ်ပူစွာ မေးလိုက်သည်။
"အဆင်ပြေရဲ့လား၊ နေမကောင်းရင် ဆရာ့ဆီ ခွင့်သွားတိုင်လိုက်ပါလား"
ကျန်းရူရှန်း ခေါင်းခါပြသည်။
"နေမကောင်းတာ မဟုတ်ပါဘူး၊ ပူလွန်းပြီး ရေငတ်လို့ အချိုရည် သောက်ချင်နေတာ"
"ဘာသောက်ချင်လဲ"
ကျန်းရူရှန်း မျက်နှာငယ်လေး ဖြစ်သွားသည်။
"ဒါပေမဲ့ ငါ မသွားချင်ဘူး"
"ငါ သွားဝယ်ပေးမယ်လေ"
ကျန်းရူရှန်း သူမလက်မောင်းကို ဖက်လိုက်သည်။
"ဝူး... ဝူး... ဝူး... ရန်ရန်... နင်က အရမ်းကောင်းတာပဲ။ ငါသာ ယောက်ျားလေးဆိုရင် နင့်ကို အိမ်သူသက်ထား မြှောက်လိုက်ပြီ။ လှလည်းလှ၊ သဘောလည်းကောင်း..."
သူမ စကားခေတ္တရပ်ပြီး အကြည့်က အောက်သို့ အနည်းငယ် ရောက်သွားသည်။
"ရင်လည်း ရှိသေးတယ်"
ကျိုးအန်းရန် - "......"
သူမ မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။
"မသောက်နဲ့တော့"
"သောက်မယ်... သောက်မယ်... စိတ်မဆိုးပါနဲ့" ကျန်းရူရှန်းက သူမလက်မောင်းကို လှုပ်ယမ်းလိုက်သည်။ "ငါ ဆိုဒါအေးအေးလေး သောက်ချင်တယ်"
ကျိုးအန်းရန် တကယ် စိတ်ဆိုးခြင်း မဟုတ်ပေ။
"နင် အေးတာ သောက်လို့ရလား"
"ရတယ်" ကျန်းရူရှန်း ခေါင်းညိတ်သည်။ "ငါ ဒီအချိန်ဆို အေးတာသောက်နေကျ၊ ဘာမှမဖြစ်ဘူး"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဒီမှာ စောင့်နေ"
.....
ကျောင်းမုန့်ဈေးတန်းသို့ ရောက်သောအခါ ကျိုးအန်းရန် ရေခဲသေတ္တာဆီ တန်းသွားလိုက်သည်။ တံခါးဖွင့်ရန် ပြင်လိုက်စဉ် ယောက်ျားလေးတစ်သိုက် အုံနှင့်ကျင်းနှင့် ရောက်လာကြသည်။ ရှေ့ဆုံးမှ ထန်ကျန့်ရွေ့က တံခါးတစ်ဖက်စီ ဆွဲဖွင့်လိုက်ရာ လက် ခုနစ်ချောင်း ရှစ်ချောင်းလောက် အထဲသို့ ပြိုင်တူ ဝင်ရောက်လာကြသည်။
ကျိုးအန်းရန် ဘေးသို့ အနည်းငယ် ရှောင်ပေးလိုက်ရသည်။
နောက်ဆုံးတွင် ဘေးဖယ်ရပ်လိုက်ပြီး သူတို့ ယူပြီးမှ ယူတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုစဉ် ဘေးမှ အလွန်ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာသောက်မလဲ"
ကျိုးအန်းရန် ရင်တစ်ချက် ခုန်သွားသည်။
ကျုရန်နှင့် ထန်ကျန့်ရွေ့တို့ကို တွေ့ကတည်းက သူလည်း ပါလာမည်ဆိုတာ သိထားပြီးဖြစ်သည်။
အံ့ဩစရာကောင်းသည်မှာ အသံက အလွန်နီးကပ်သော နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဘယ်လောက်နီးလဲဆိုရင်...
သူမဘေးနား ကပ်ရပ်ကနေ ထွက်ပေါ်လာသလိုမျိုး။
သူမကို စကားပြောနေသလိုမျိုး။
ကျိုးအန်းရန် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ စာမေးပွဲနောက်ဆုံးနေ့ ညနေခင်းကလိုပင် ပြုံးရိပ်သန်းနေသော မျက်ဝန်းနက်နက်များနှင့် တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။
ကောင်လေးက သူမဘေးတွင် ရပ်နေပြီး ရေခဲသေတ္တာကို အတူတူ မှီထားသည်။ အားကစားလုပ်ပြီးစမို့ ဖြူဝင်းသော လည်ပင်းတွင် ချွေးစက်လေးများ တွဲခိုနေသည်။ အပြာနှင့်အဖြူရောင် ကျောင်းဝတ်စုံနှင့် အပြုံးများက လန်းဆန်းသန့်ရှင်းနေသည်။
လူပျိုဖော်ဝင်စ အရွယ်နှင့် ဟော်မုန်းဓာတ်တို့ ပေါင်းစပ်ထားသော ဆွဲဆောင်မှုအပြည့်နှင့် အလွန်ကြည့်ကောင်းနေသည်။
ကျိုးအန်းရန် ကြောင်ငေးသွားသည်။
မုန့်ဈေးတန်းထဲမှ ဆူညံသံများ ဝေးကွာသွားပြီး ထိုနေ့ညနေက ပုရစ်အော်သံများကို ပြန်ကြားယောင်လာသလို ခံစားရသည်။
ချန်လော့ပိုင်သည် အပြင်ဘက်ကတည်းက သူမ ရေခဲသေတ္တာရှေ့ ရပ်နေသည်ကို တွေ့လိုက်ရသည်။ တံခါးဖွင့်ပြီး ပစ္စည်းယူရန် ပြင်နေသော်လည်း သူတို့အခန်းက ကောင်လေးတွေ အတင်းတိုးဝင်လာသဖြင့် အနောက်သို့ တဖြည်းဖြည်း ဆုတ်သွားပြီး နောက်ဆုံးတွင် ရေခဲသေတ္တာနှင့် နံရံကြားထောင့်သို့ ရောက်သွားသည်ကို မြင်လိုက်ရသည်။
သူမ ဘာမှမပြောဘဲ ငြိမ်သက်စွာ ရပ်နေသည်။ ပွယောင်းသော ကျောင်းဝတ်စုံနှင့် ဘေးမှ ကောင်လေးများကြောင့် သူမခန္ဓာကိုယ်လေးမှာ ပိုမို သေးသွယ်နေသလို ထင်ရပြီး အနိုင်ကျင့်ချင်စရာကောင်းလောက်အောင် လိမ္မာနေပုံရသည်။
ချန်လော့ပိုင် ရောက်သွားချိန်တွင် မစဉ်းစားဘဲ ထိုစကားကို မေးလိုက်မိခြင်းဖြစ်သည်။ သူမက လန့်ပြီး ကြောင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက သူဌေးလို ဒကာခံရလောက်အောင် မရင်းနှီးသေးပေ။
ဒါပေမဲ့ ပြောပြီးမှတော့ ချန်လော့ပိုင် ပြန်မပြင်ချင်တော့ပေ။
"သူတို့က ငါ့ကို ဒကာခံခိုင်းနေကြတာ" ချန်လော့ပိုင်က အချိုရည်ယူပြီး မုန့်ဘက် ကူးသွားသော ကောင်လေးများကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းတစ်ယောက် ပိုလာလို့ ဘာမှ မဖြစ်ပါဘူး။ ဘာသောက်ချင်လဲ ယူလိုက်၊ ငါ အတူတူ ရှင်းပေးမယ်"
ကျိုးအန်းရန်သည် မနက်ကမှ ပြီးခဲ့တဲ့စာသင်နှစ်က စကားကို သူ မေ့သွားပြီလားလို့ စိတ်ပူနေခဲ့တာ။
ညနေကျတော့ မျှော်လင့်မထားတဲ့ အံ့ဩစရာကိစ္စကြီးက ခေါင်းပေါ်တည့်တည့် ပြုတ်ကျလာသလို ဖြစ်သွားသည်။ ခေါင်းထဲ ဗလာဖြစ်သွားပြီး ရင်ခုန်သံတွေ မြန်ဆန်လာကာ အသိစိတ်မကပ်ဘဲ ပြန်ဖြေလိုက်မိသည်။
"မ... မလိုပါဘူး"
ပြောပြီးမှ မှားသွားမှန်း သိလိုက်သည်။
ကျိုးအန်းရန် ခေါင်းပြန်ငုံ့လိုက်သည်။
တစ်ဖက်က နောင်တရနေမိသလို၊ တစ်ဖက်ကလည်း မျက်လုံးကနေ ခံစားချက်တွေ ပေါ်သွားမှာ စိုးရိမ်မိလို့ဖြစ်သည်။
တော်သေးသည်မှာ မုန့်ဈေးတန်း မလာခင်ကတည်းက ကျန်းရူရှန်း စနောက်ထားသဖြင့် မျက်နှာရဲနေခြင်းဖြစ်သည်။ သိပ်ပြီး ထူးခြားဟန် ပေါက်မည် မဟုတ်ပေ။
ချန်လော့ပိုင်သည် သူမ ခေါင်းငုံ့သွားသည်ကို မြင်သောအခါ ရယ်ချင်သွားသည်။
ငါက အဲဒီလောက် ကြောက်ဖို့ကောင်းနေလို့လား။ ငါ့ကိုတောင် မကြည့်ရဲလောက်အောင် ဖြစ်နေရတာလား။
ချန်လော့ပိုင် ကိုယ်ကိုမတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။
ဘေးနားမှ အပူငွေ့များ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
ငါ ဘာလို့ ငြင်းလိုက်မိတာလဲ!!
ကျိုးအန်းရန် ခေါင်းမော့ကြည့်လိုက်ရာ ကောင်လေးသည် ရေခဲသေတ္တာရှေ့ ရပ်လိုက်ပြီး တံခါးဖွင့်ကာ ကိုကာကိုလာတစ်ဘူး ယူလိုက်သည်ကို တွေ့လိုက်ရသည်။
သူ ပြန်လှည့်လာမည့် အရိပ်အယောင် မြင်သောအခါ ခေါင်းပြန်ငုံ့လိုက်သည်။
နောင်တရသော စိတ်များက တစ်လွှာပြီးတစ်လွှာ ဆင့်လာသည်။
သို့သော် သွယ်လျသော လက်ချောင်းများဖြင့် ကိုင်ထားသည့် ကိုလာဘူးက သူမမျက်နှာရှေ့ ရောက်လာသည်။ လက်ကောက်ဝတ်ရိုးပေါ်မှ မှဲ့နက်ကလေးက သူမမျက်စိရှေ့တည့်တည့်တွင် ရှိနေသည်။ သူ့အသံကလည်း ထပ်မံထွက်ပေါ်လာပြီး သူမခေါင်းပေါ်မှ ကပ်လျက် ကြားနေရသည်။
"ဒါသောက်ရင် အဆင်ပြေမလား"
ဒါ... သူမကို ပေးတာလား။
ကျိုးအန်းရန် အံ့ဩလွန်း၍ ခေါင်းချက်ချင်း မော့ကြည့်လိုက်မိသည်။
ချန်လော့ပိုင်သည် သူမ၏ အံ့ဩနေသော ပုံစံကိုကြည့်ပြီး ရယ်ချင်သွားသည်။
သတ္တိကလည်း နည်းလိုက်တာ၊ နည်းနည်းလေး တို့လိုက်တာနဲ့ တုံ့ပြန်မှုပြင်းထန်တဲ့ သတ္တဝါလေးတစ်ကောင်လိုပဲ။ လန့်ဖြတ်နေတာပဲ။
ချစ်စရာတော့ ကောင်းသား။
သူ့ထင်မြင်ချက်ကို ထပ်ပြီး စမ်းသပ်ချင်လို့လား မသိ၊ ချန်လော့ပိုင်က တိုးတိုးလေး ပြောလိုက်သည်။
"လာဘ်ထိုးတယ်လို့ပဲ သဘောထားလိုက်"
အံ့ဩစရာကိစ္စကြောင့် မူးဝေနေမှုများ ပြေပျောက်သွားပြီး ရင်ခုန်သံများ မြန်ဆန်နေဆဲဖြစ်သော်လည်း စိတ်ခံစားချက်ကို ပြန်လည်ထိန်းချုပ်နိုင်လာသည်။ ဦးနှောက်ကလည်း ပြန်လည်အလုပ်လုပ်လာပြီး တည်ငြိမ်အောင် အတင်းထိန်းကာ မေးလိုက်သည်။
"ဘာကို လာဘ်ထိုးတာလဲ"
အသံက တိုးလွန်းသဖြင့် မကြားရလုနီးပါး ဖြစ်နေသည်။
ချန်လော့ပိုင် ကိုလာဘူးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။
ကျိုးအန်းရန် လှမ်းယူလိုက်သော်လည်း သူက လက်မလွှတ်သေးဘဲ သူမဘက်သို့ ပိုတိုးကပ်လာသည်။ ဘေးကင်းသော အကွာအဝေးတစ်ခု ရှိနေသေးသော်လည်း ခေါင်းကို အနည်းငယ် ငုံ့ထားသည်။
ဒါပေမဲ့ နီးလွန်းနေသည်။
ဒီလောက် မနီးကပ်ဖူးဘူး။
မဟုတ်သေးဘူး... ဒီလောက် မနီးကပ်ဖူးဘူး ဆိုတာ မဟုတ်ဘူး။
အရင်တုန်းကဆို သူမက အနောက်ကနေ ခိုးကြည့်နေခဲ့တာ။
အခုကတော့ သူက သူမရှေ့တည့်တည့်မှာ ရပ်နေတာ။
သူက သူမကို ကြည့်နေတာ။
ကောင်လေး၏ မျက်ဝန်းနက်နက်များထဲတွင် သူမပုံရိပ် ထင်ဟပ်နေသည်ကို ကျိုးအန်းရန် ရှင်းလင်းစွာ မြင်နေရသည်။
ရင်ခုန်သံများ ဆူညံနေစဉ် ချန်လော့ပိုင် ပြုံးလိုက်သည်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ ကြည်လင်ပြတ်သားသော အသံက အနည်းငယ် တိုးသွားပြီး နားနားကပ်ပြောသလို ဖြစ်သွားသည်။
"အတန်းလစ်ဖို့ သင်ပေးခဲ့တဲ့ကိစ္စ ဆရာ့ကို မတိုင်နဲ့နော်"
***