အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
လီမွန်ဆိုဒါသကြားလုံး
အခန်း ၈၈ ။ Extra : သကြားလုံး
တက္ကသိုလ်ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင်တို့ အိမ်မပြန်ဖြစ်ကြဘူး။
ကျိုးအန်းရန်က အခန်းဖော်တွေနဲ့ ပြိုင်ပွဲတစ်ခု ပြင်ဆင်စရာ ရှိနေလို့ရယ်၊ ဓာတ်ခွဲခန်းထဲမှာ အချိန်ပိုပေးချင်လို့ရယ်၊ တတိယနှစ် စာတွေကို ကြိုဖတ်ချင်လို့ရယ် ကျောင်းမှာ နေခဲ့တာ။ သူမ မပြန်တော့ ချန်လော့ပိုင်လည်း မပြန်တော့ဘဲ ခရိုင်တရားလိုရှေ့နေရုံးမှာ အလုပ်သင် ဝင်လိုက်တယ်။
နှစ်ယောက်သား ကိုယ့်အဆောင်ကိုယ် နေကြပြီး စနေ၊ တနင်္ဂနွေ အားတဲ့အချိန်မှ ချန်လော့ပိုင် တိုက်ခန်းကို သွားလည်ဖြစ်ကြတယ်။
နွေရာသီကျောင်းပိတ်ရက် ကုန်ခါနီးတော့ ယွီပင်းချင်က အားလုံးကို ထမင်းလိုက်ကျွေးသည်။ သူမက နောက်စာသင်နှစ်ကျရင် နိုင်ငံခြားကို ပညာတော်သင်သွားတော့မှာမို့ပင်။
A တက္ကသိုလ်ကနေ ဘွဲ့ရပြီးတာနဲ့ တိုက်ရိုက် အလုပ်ဝင်တဲ့သူ နည်းပါတယ်။ ကျောင်းမှာပဲ မဟာဘွဲ့ ဆက်တက်တာဖြစ်ဖြစ်၊ နိုင်ငံခြားထွက်ပြီး ပညာဆက်သင်တာဖြစ်ဖြစ် လုပ်ကြတာ များတယ်။ ဒီထမင်းပွဲမှာ ဖိတ်ထားတဲ့သူတွေက အရင်တုန်းက ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် KTV မှာ ပြန်ဆုံတုန်းက လူအုပ်ကြီးပါပဲ။ ကျုရန်နဲ့ အရင်တုန်းက နိုင်ငံခြား ပညာတော်သင်သွားဖူးတဲ့ စီနီယာအစ်မကျောက်ပဲ ပိုလာတာ။
အဲဒီတုန်းက KTV မှာ ဆုံတာက ပုံမှန် တွေ့ဆုံပွဲလေး ဖြစ်ပေမယ့် ဒီတစ်ခါကတော့ နှုတ်ဆက်ပွဲ ဖြစ်နေတယ်။
ထမင်းဝိုင်းမှာ အရက်က မပါမဖြစ်ပါပဲ။
ကျိုးအန်းရန်က ဘီယာရဲ့ ခါးသက်သက်အရသာကို မကြိုက်လို့ ခွက်ချင်းတိုက်တုန်းက နည်းနည်းပဲ သောက်လိုက်တယ်။ ကျန်တဲ့တစ်ဝက်ကို ချန်လော့ပိုင်က ကူသောက်ပေးလိုက်တယ်။
စားပွဲပေါ်က ဟင်းတွေ နည်းလာတာနဲ့အမျှ လေထုက လေးလံလာတယ်။
ချန်ယွီရဲ့ ဝမ်းကွဲအစ်ကို ရှုဟုန်လျန်က သက်ပြင်းချလိုက်သည်။
"အစ်မချင် သွားပြီဆိုရင် ငါတို့ နောက်တစ်ခါ ဘယ်တော့မှ အတူလေ့ကျင့်ရမလဲ မသိတော့ဘူး"
သူ ပြောလိုက်တော့ စားသောက်နေတဲ့ လူတချို့လည်း ဝမ်းနည်းသွားပြီး တူချလိုက်ကြသည်။
စီနီယာအစ်မကျုံးဝေက အခြေအနေကို ထိန်းပေးလိုက်သည်။
"ဘာလို့ အဲဒီလောက် ပုံကြီးချဲ့နေရတာလဲ။ ငါတို့ အစ်မချင်က လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်တာမှ မဟုတ်တာ။ ပွဲတော်ရက်တွေဆို အချိန်မရွေး ပြန်လာလို့ ရတာပဲဟာ။ ပြီးတော့ အစ်မချင် ကျောင်းမှာ ရှိနေတုန်းကလည်း ငါတို့က အချိန်ရလို့ လေ့ကျင့်ဖြစ်ကြတာမှ မဟုတ်တာ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ရန်ရန်နဲ့ ငါတို့ ကျောင်းသားချောလေးချန် ကျောင်းစတက်တဲ့နှစ်တုန်းကပဲ နည်းနည်း ပိုလေ့ကျင့်ဖြစ်ခဲ့ကြတာလေ"
ယွီပင်းချင်က အရက်နည်းနည်းသောက်ထားလို့ ထင်တယ်၊ ရှားရှားပါးပါး ပြုံးလိုက်သည်။
"အဲဒီနှစ်တုန်းကလည်း ငါတို့က အဲဒီလောက် အကြိမ်များများ လေ့ကျင့်ဖို့ အစီအစဉ် မရှိပါဘူး။ တစ်ယောက်ယောက်က ငါ့ကို အကူအညီ လာတောင်းလို့ပါ"
ကျိုးအန်းရန် ကြောင်သွားသည်။ ဘေးနားက ကောင်လေးကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
စားပွဲဝိုင်းက လူအများစုကလည်း သဘောပေါက်သွားပြီး သူ့ဘက် ဝိုင်းကြည့်လာကြသည်။
အကြည့်တွေကြားထဲ ရောက်နေတဲ့ ကောင်လေးကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဘာမှ မဖြစ်သလို ပုစွန်ခွံနွှာပြီး ကျိုးအန်းရန် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ မျက်ခုံးပင့်ပြလိုက်သေးတယ်။
"ဘာကြည့်နေတာလဲ"
အရင်တုန်းက နိုင်ငံခြား ပညာတော်သင်သွားဖူးတဲ့ စီနီယာအစ်မကျောက် တစ်ယောက်တည်းပဲ နားမလည် ဖြစ်နေတယ်။
"ဘယ်သူက ဒီလောက် မျက်နှာကြီးတာလဲ။ အစ်မချင်ကို အကူအညီတောင်းနိုင်တယ်ဆိုတော့"
ဒီည စကားနည်းနေတဲ့ ကျုရန်က နောက်ဆုံးတော့ ဝင်ပြောလိုက်သည်။
"ဘယ်သူရှိဦးမှာလဲ။ ငါတို့ရဲ့ မိန်းမရဖို့ ကြံစည်တတ်တဲ့ ကျောင်းသားချောလေးချန်ပေါ့"
စီနီယာအစ်မကျောက်က မျက်နှာချင်းဆိုင်က ကျောင်းတွင်း နာမည်ကြီး စုံတွဲကို မော့ကြည့်လိုက်သည်။
သူမက နိုင်ငံခြား ရောက်နေပြီး အတင်းအဖျင်း သိပ်စိတ်မဝင်စားပေမယ့် ကျောင်းမှာ မင်းသားလို ချောမောတဲ့ ကျောင်းသားသစ်တစ်ယောက် ရောက်လာပြီး ဂယက်ထသွားတယ်ဆိုတာ ကြားဖူးတယ်။ ကံဆိုးတာက စောစောစီးစီး ရည်းစားရသွားတယ်။ ရည်းစားကလည်း ဇီဝသိပ္ပံဌာနက နာမည်ကြီး ဌာနပန်းလေးတဲ့။
ကျောင်းတွင်းကျောင်းပြင်က လူတော်တော်များများက သူတို့ ဘယ်တော့လမ်းခွဲမလဲဆိုတာ စောင့်ကြည့်နေကြတယ်။ နေရာဝင်ယူလို့ ရမလားဆိုပြီးတော့လေ။
ကံဆိုးစွာပဲ နှစ်ယောက်သားက သကြားနဲ့ ပျားလို ကပ်နေကြပြီး တခြားလူတွေကို အခွင့်အရေး နည်းနည်းလေးတောင် မပေးကြဘူး။
ဒါပေမဲ့ စီနီယာအစ်မကျောက်က စကားထဲက အဓိပ္ပာယ်ကို ရိပ်မိသွားတယ်။ "ကြံစည်တယ်? သူတို့နှစ်ယောက်က အစကတည်းက သိနေကြတာလား"
ကျုရန် ခေါင်းညိတ်လိုက်သည်။
"အထက်တန်း ပထမနှစ်တုန်းက တစ်နှစ်လောက် အတန်းတူခဲ့ဖူးတယ်။ တစ်ယောက်သောသူက အထက်တန်းကတည်းက တက္ကသိုလ်အထိ စွဲလမ်းနေခဲ့တာလေ။ သူ့ဖုန်းထဲမှာ ကျိုးအန်းရန် ဓာတ်ပုံတွေ အများကြီးပဲ။ အဲဒါ ကြံစည်တာမဟုတ်ရင် ဘာခေါ်မလဲ"
ကျိုးအန်းရန် ထပ်ကြောင်သွားပြန်သည်။ သူ့ကို ထပ်လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင်က တည်ငြိမ်နေတုန်းပါပဲ။ သူ ဖုံးကွယ်ထားတာတွေ ပေါ်သွားတယ်လို့တောင် မထင်သလိုပဲ။ သူမအကြည့်နဲ့ဆုံတော့ အသံနှိမ့်မေးလိုက်သည်။
"ပုစွန် စားဦးမလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
အခုက ယွီပင်းချင် နှုတ်ဆက်ပွဲဆိုတော့ သူမ ရင်ထဲမှာ သံသယတွေရှိနေပေမယ့် အခုအချိန်မှာ မေးဖို့ မသင့်တော်ဘူး။ ခဏ ဖိနှိပ်ထားလိုက်ပြီး ညကျမှ မေးဖို့ ဆုံးဖြတ်လိုက်သည်။
စီနီယာအစ်မကျောက်ရဲ့ အတင်းအဖျင်းကြောင့် ထမင်းဝိုင်းက ပြန်လည် စည်ကားလာသည်။
စီနီယာအစ်မကျုံးဝေက ချန်လော့ပိုင် ဘတ်စကက်ဘောပွဲမှာ လူပုံအလယ်ကြီး သူမကို လိုက်ခဲ့တဲ့အကြောင်း စနောက်လိုက်သေးတယ်။
ကျိုးအန်းရန်က အခုဆို ကိုယ်ခံစွမ်းအား နည်းနည်းရှိနေပြီမို့ မျက်နှာ နည်းနည်းလေးပဲ ရဲသွားတယ်။
ထမင်းပွဲပြီးခါနီးတော့ ကျိုးအန်းရန်ဘေးမှာ ထိုင်နေတဲ့ ယွီပင်းချင်က လှည့်ကြည့်လာသည်။
"ငါ့ကို ငွေရှင်းကောင်တာ လိုက်ပို့ပေးပါလား"
ကျိုးအန်းရန်က သူမက ငွေရှင်းတာတောင် အဖော်လိုတဲ့သူ မဟုတ်မှန်း သိပါတယ်။ ပြောစရာ စကားရှိလို့ နေမှာပါ။ ခေါင်းညိတ်ပြီး တူချလိုက်သည်။
ဒါပေမဲ့ ငွေရှင်းကောင်တာ သွားတဲ့လမ်းတစ်လျှောက်လုံး ယွီပင်းချင် စကားမပြောဘူး။
ငွေရှင်းပြီးလို့ ယွီပင်းချင်က တံခါးပေါက်ဘက် တန်းလျှောက်သွားတော့ ကျိုးအန်းရန် အမြန် လိုက်သွားရသည်။
ဆိုင်ပြင်က လေက နွေရာသီမို့ ပူအိုက်နေသည်။
ယွီပင်းချင် တံခါးဝမှာ ရပ်လိုက်ပြီးမှ စကားစပြောသည်။
"အားလော့က ၄ နှစ်သားကတည်းက ဘောလုံးကစားတာ ကြိုက်ခဲ့တာ၊ အခုထိ ကြိုက်တုန်းပဲ။ ၁၄ နှစ်သားတုန်းက ဥပဒေပညာ သင်ချင်တယ် ပြောဖူးတယ်၊ အခုထိ ဥပဒေပညာ သင်နေတုန်းပဲ" ယွီပင်းချင် စကားရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။ "သူ တစ်ခုခုကို ဆုံးဖြတ်ပြီးပြီဆိုရင် ပြောင်းလဲလေ့မရှိဘူး"
ကျိုးအန်းရန် နည်းနည်း ကြောင်သွားသည်။
သူနဲ့ စတွဲတုန်းက သူမ အိပ်မက်မက်နေသလို ခံစားခဲ့ရတယ်။ သူ သူမကို ပြန်ကြိုက်တာ မယုံနိုင်ခဲ့ဘူး။ သူမက သူ့ကို ကြိုက်တဲ့ မိန်းကလေးတွေအများကြီးထဲက ကံအကောင်းဆုံး တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
မျက်စိတစ်မှိတ်အတွင်းမှာ သူနဲ့ တွဲလာတာ ၂ နှစ်နီးပါး ရှိနေပြီ။
ယွီပင်းချင်က သူမပါးကို ဆွဲလိုက်သည်။
"သွားပြီ... ကိစ္စရှိရင် ဖုန်းဆက်လိုက်။ ငါ့အစား အားလုံးကို နှုတ်ဆက်ပေးပါဦး"
ကျိုးအန်းရန် ဘာမှ ပြန်မပြောနိုင်သေးခင် ယွီပင်းချင်က စားသောက်ဆိုင် လှေကားထစ်တွေ ဆင်းသွားပြီ။
အရပ်ရှည်ရှည် မိန်းကလေးက အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားပြီး ညအမှောင်ထဲ လှမ်းဝင်သွားသည်။ ဆံပင်မည်းမည်းလေးတွေ လေတိုက်လို့ လွင့်ပျံနေပြီး ကျောပြင်က ကြည့်ကောင်းပြီး မိုက်နေသည်။
ကျိုးအန်းရန် တစ်ယောက်တည်း သီးသန့်ခန်းထဲ ပြန်ဝင်လာသည်။
စီနီယာအစ်မကျုံးဝေက သူမအနောက်ကို လှမ်းကြည့်လိုက်သည်။
"အစ်မချင် နင်နဲ့အတူ ပြန်မလာဘူးလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"သူ အရင်ပြန်သွားပြီ။ အစ်မတို့ကို သူ့အစား နှုတ်ဆက်ပေးပါတဲ့"
"သူက ဒီလို စိတ်ထိခိုက်စရာကောင်းတဲ့ နှုတ်ဆက်ပွဲတွေကို အမုန်းဆုံးဆိုတာ သိသားပဲ" စီနီယာအစ်မကျုံးဝေက မအံ့ဩတဲ့ပုံစံနဲ့ ပြောပြီး ထိုင်ရာက ထလိုက်သည်။ "ဒါဆို ငါတို့လည်း ပြန်ကြစို့"
ကျုရန် ရုတ်တရက် ထိုင်ရာက ဝုန်းခနဲ ထရပ်လိုက်သည်။ ကျိုးအန်းရန်ရှေ့ တန်းလျှောက်လာသည်။
"သူ တကယ် သွားပြီလား"
ကျိုးအန်းရန် ခေါင်းထပ်ညိတ်လိုက်သည်။
ကျုရန် လှည့်ထွက်သွားပြီး တံခါးပေါက်ဘက် လျှောက်သွားသည်။
နှစ်လှမ်းလောက် လှမ်းပြီးမှ ပြန်လှည့်လာပြီး ကျိုးအန်းရန်ကို မေးလိုက်သည်။
"သူ ဘယ်သွားမလဲ ပြောသွားသေးလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "မပြောပါဘူး"
ကျုရန် အိတ်ကပ်ထဲက ဖုန်းထုတ်ပြီး နံပါတ်တစ်ခု ခေါ်လိုက်သည်။ ယွီပင်းချင်ကို ခေါ်နေတာ ဖြစ်မယ်။
တခြား စီနီယာတွေက ထွက်သွားကြပြီ။
ချန်လော့ပိုင်လည်း ထရပ်လိုက်ပြီး ကျိုးအန်းရန်ပခုံးပေါ် လက်တင်လိုက်သည်။
ကျုရန်က ဖုန်းဆက်နေတုန်းပဲ။
သူတို့နှစ်ယောက် သီးသန့်ခန်းထဲမှာ သူ့ကို စောင့်နေလိုက်ကြသည်။
ဖုန်းမကိုင်လို့လား၊ ဒါမှမဟုတ် ဖုန်းပိတ်ထားလို့လား မသိဘူး၊ ကျုရန် မျက်နှာပေါ်က အမူအရာက အစတုန်းက စိတ်လောနေရာကနေ နောက်ဆုံးတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဖုန်းကိုင်ထားတဲ့လက် တွဲလောင်းကျသွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။
စွန့်ပစ်ခံလိုက်ရတဲ့ ခွေးကြီးတစ်ကောင်လိုပါပဲ။
"ချန်မျိုးရိုး" နှစ်စက္ကန့်လောက်ကြာမှ ကျုရန် ပြောလိုက်သည်။ "မင်းအစ်မ နိုင်ငံခြားရောက်ရင် ရည်းစားထားမလား"
ချန်လော့ပိုင်က လက်ကို ကျိုးအန်းရန်ပခုံးပေါ် တင်ထားဆဲ။ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ ဘယ်သိမလဲ"
ကျုရန် ရှားရှားပါးပါး မျက်နှာငယ်လေးနဲ့ ပြောသည်။
"သူ ဒီနှစ်တွေအတွင်း ရည်းစားမထားတာက ယောကျ်ားတွေက ဂစ်တာနဲ့ စမ်းသပ်မှုတွေလောက် စိတ်မဝင်စားစရာ ကောင်းလို့လို့ ထင်နေတာ။ ဒါပေမဲ့ နိုင်ငံခြားရောက်ရင် ရွှေရောင်ဆံပင်၊ မျက်လုံးပြာပြာ ကောင်လေးတွေက စိတ်ဝင်စားစရာ ကောင်းတယ်ထင်ပြီး စမ်းကြည့်ချင်စိတ် ပေါက်သွားမလား မသိဘူး"
ချန်လော့ပိုင်က သူ သေလုမတတ် ဖြစ်နေတာကို ကြည့်မရဘူး။
"မင်းက ငါ့ရှေ့မှာ အသည်းကွဲနေတဲ့ပုံ လာလုပ်ပြနေလို့ ဘာထူးမှာလဲ။ သတ္တိမနည်းရင် ကာယကံရှင်ကို တိုက်ရိုက် သွားမေးလေ။ သူ မနက်ဖြန်မနက်မှ သွားမှာ"
ကျုရန် - "ဘယ်သူ သတ္တိနည်းလို့လဲ၊ သွားမယ်ကွာ"
ပြောပြီးတာနဲ့ သီးသန့်ခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားသည်။
ချန်လော့ပိုင်က ကျိုးအန်းရန်ပခုံးပေါ်က လက်ကို လျှောချလိုက်ပြီး သူမလက်ကိုဆွဲကာ အနောက်က လိုက်သွားသည်။
စားသောက်ဆိုင်ပေါက်ဝ ရောက်တော့ ကျိုးအန်းရန်က တခြားစီနီယာတွေကို နှုတ်ဆက်လိုက်ပြီး သူတို့အရှေ့နားက လျှောက်သွားနေတဲ့ ကျုရန်ကို မေးလိုက်သည်။
"နင် အစ်မချင်ကို ဘယ်မှာသွားရှာမလို့လဲ"
"အနီးနားတစ်ဝိုက် အရင်ပတ်ရှာကြည့်မယ်။ မတွေ့ရင် သူ့တိုက်ခန်းရှေ့ သွားစောင့်နေမယ်။ သူ ဒီည ပြန်လာမှာပဲ" ကျုရန်က ဆံပင်ကို စိတ်ရှုပ်စွာ သပ်တင်လိုက်ပြီး သူတို့ကို လက်ပြလိုက်သည်။ "သွားပြီ... ငါ့ကို ဆုတောင်းပေးကြဦး"
....
ချန်လော့ပိုင် အလုပ်သင်ဆင်းတာ ပြီးသွားပြီ။ ကျိုးအန်းရန်လည်း နွေရာသီကျောင်းပိတ်ရက် တစ်ခုလုံး အလုပ်ရှုပ်နေခဲ့တာမို့ ရက်နည်းနည်း နားချင်နေပြီ။ ဒါကြောင့် နှစ်ယောက်သား တက္ကစီတားပြီး ချန်လော့ပိုင် တိုက်ခန်းကို ပြန်လာကြသည်။
လမ်းတစ်ဝက်မှာ မိုးသည်းထန်စွာ ရွာချလာသည်။
ပဲစေ့လောက်ရှိတဲ့ မိုးရေစက်တွေ တဖွဲဖွဲ ကျဆင်းလာသည်။
ကျိုးအန်းရန် ပြတင်းပေါက်အပြင်ဘက် လှမ်းကြည့်လိုက်သည်။ မိုးရေတွေက တက္ကစီပြတင်းပေါက်မှန်ကို ဝေဝါးစေပြီး အပြင်က မြင်ကွင်းတွေကို မသဲမကွဲ ဖြစ်စေသည်။
သူမ ပြန်လှည့်လာပြီး ချန်လော့ပိုင်ကို ကြည့်လိုက်သည်။
"ကျုရန် မိုးမိတော့မှာပဲ"
ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။ လေသံက အေးစက်စက် ဖြစ်နေသည်။
"သူ့ကို တော်တော် ဂရုစိုက်နေပါလား"
ကျိုးအန်းရန် - "......"
သူက ဒါကိုတောင် သဝန်တိုနေသေးတယ်။
ကျိုးအန်းရန် သူ့လက်ကို ဆုပ်ကိုင်ပြီး ဖွဖွလေး လှုပ်ရမ်းလိုက်သည်။
"သူက နင့်ရဲ့ အခင်ဆုံးသူငယ်ချင်းလေ"
"နွေရာသီမိုးက ရွာလည်း ဘာမှ မဖြစ်ပါဘူး" ချန်လော့ပိုင် စကားရပ်လိုက်သည်။ "ပြီးတော့ ငါ့အစ်မက ပျော့တာကိုကြိုက်ပြီး မာတာကို မကြိုက်ဘူး။ သူ သနားစရာကောင်းနေရင် ပိုအဆင်ပြေနိုင်တယ်"
ကျိုးအန်းရန် ဘာမှ ထပ်မပြောတော့ဘူး။
တက္ကစီက အိမ်ရာဝင်းရှေ့မှာ ရပ်လိုက်တဲ့အချိန် မိုးက မတိတ်သေးပေမယ့် နည်းနည်း စဲသွားပြီ။
ချန်လော့ပိုင်က ရှေ့က ယာဉ်မောင်းကို ပြောလိုက်သည်။
"ဆရာ... ဒီအပေါက်ဝမှာ ခဏလောက် ရပ်ပေးပါဦး။ ကျွန်တော် ဟိုဘက် စတိုးဆိုင်မှာ ထီးသွားဝယ်ပြီး သူ့ကို လာကြိုပါ့မယ်။ ကြာသွားတဲ့အချိန်အတွက် ပိုက်ဆံပိုပေးပါ့မယ်"
ကျိုးအန်းရန် အပြင်က မိုးကို ကြည့်လိုက်သည်။
တကယ်တော့ သိပ်မများပါဘူး။
သူ့ကို တစ်ယောက်တည်း မိုးရွာထဲ ထီးသွားဝယ်ခိုင်းရမှာ အားနာတယ်။
"ငါ နင်နဲ့အတူ လိုက်ခဲ့မယ်လေ"
ချန်လော့ပိုင် သူမပါးကို ထပ်ဆွဲလိုက်ပြန်သည်။
"အပြင်မှာ မိုးရွာနေတာကို၊ နင်က ဘာလိုက်လုပ်မလို့လဲ"
ကျိုးအန်းရန် ပါးကို အုပ်လိုက်သည်။
"လမ်းနည်းနည်းပဲ လျှောက်ရတာပါ၊ ပြီးတော့ နင်ပဲ ပြောတယ်လေ၊ နွေရာသီမိုးက ရွာလည်း ဘာမှ မဖြစ်ပါဘူးဆို"
"ကျုရန်က ရွာလို့ရတယ်၊ ငါက ရွာလို့ရတယ်၊ နင်က မရဘူး" ချန်လော့ပိုင် သူမခေါင်းကို ဖွဖွလေး ပွတ်လိုက်သည်။ "လိမ္မာတယ်... ကားပေါ်မှာပဲ စောင့်နေ"
ကျိုးအန်းရန်က အထူးအခြေအနေမဟုတ်ရင် သူ "လိမ္မာတယ်" ဆိုတဲ့ စကားလုံး ပြောတာ ပထမဆုံးအကြိမ် ကြားဖူးတာမို့ နားရွက်ဖျားလေး ပူသွားသည်။ ကောင်လေးက တံခါးဖွင့်ပြီး ဆင်းသွားပြီ။
ရှေ့က ယာဉ်မောင်းက လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
"ညီမလေး... ညီမလေးရည်းစားက ညီမလေးအပေါ် တော်တော်ကောင်းတာပဲ"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။
"ဟုတ်တယ်... သူက ကျွန်မအပေါ် တကယ်ကောင်းပါတယ်"
ကားရပ်တဲ့နေရာနဲ့ အိမ်ရာဝင်းအပြင်ဘက်က စတိုးဆိုင်က တကယ် နီးနီးလေးပါ။ ချန်လော့ပိုင် ထီးဝယ်ပြီး အမြန် ပြန်ရောက်လာသည်။
ကားတံခါး ပွင့်သွားသည်နှင့် ကျိုးအန်းရန် မော့ကြည့်လိုက်တော့ သူက အနက်ရောင်ထီးဆောင်းပြီး ကားဘေးမှာ ရပ်နေတာ တွေ့လိုက်ရသည်။ ထီးကိုင်ထားတဲ့လက်က အနက်ရောင်ထီးလက်ကိုင်ကြောင့် ပိုမို ဖြူဝင်းနေသည်။ ဆံပင်မည်းမည်းလေးတွေက မိုးရေစိုနေပြီး နဖူးပေါ် ရှုပ်ပွစွာ ဝဲကျနေပေမယ့် သူ့ရဲ့ ချောမောမှုကို မထိခိုက်စေပါဘူး။
တွဲလာတာ ၂ နှစ်နီးပါး ရှိနေပေမယ့် ကျိုးအန်းရန် သူ့ကို ဒီလိုကြည့်ရရင် ရင်ခုန်နေတုန်းပါပဲ။
ယွီပင်းချင် ပြောတာ မှန်တယ်။ သူက တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ပြောင်းလဲလေ့ မရှိဘူး။
သူမလည်း အတူတူပါပဲ။
ဘယ်သူမှ သူမကို ဒီလိုမျိုး ရင်ထဲမှာ အမြဲ ထည့်မထားပေးဖူးဘူး။ ဘယ်သူမှ သူမကို ဒီလိုမျိုး အချိန်တိုင်း ရင်ခုန်အောင် မလုပ်ပေးနိုင်ဖူးဘူး။
တိုက်ခန်းထဲ ဝင်ပြီး ဖိနပ်လဲပြီးတာနဲ့ ကျိုးအန်းရန်က သူ့ကို ရေချိုးခန်းထဲ တွန်းပို့လိုက်သည်။
"နင် အရင် ရေချိုးလိုက်၊ မဟုတ်ရင် အအေးမိလိမ့်မယ်"
ချန်လော့ပိုင် သူမတွန်းတာကို လိုက်လျောပြီး ရှေ့ဆက်လျှောက်သွားသည်။ လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
"ငါ့ကို အဝတ်အစား အရင်ယူခိုင်းဦးလေ။ မဟုတ်ရင် ခဏနေ ဒီအတိုင်း ထွက်လာရင် နင် ရှက်နေဦးမယ်"
ကျိုးအန်းရန် မျက်နှာပူသွားသည်။ သူ့ကို ရေချိုးခန်းထဲ တွန်းထည့်လိုက်သည်။
"ငါ ယူပေးမယ်၊ နင် မြန်မြန် ဝင်ချိုး"
ပြီးတော့ တံခါးဆွဲပိတ်လိုက်သည်။
ကောင်လေးရဲ့ တိုးညှင်းပြီး ပျော်ရွှင်တဲ့ ရယ်သံလေး အထဲက ထွက်ပေါ်လာသည်။
ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်ပြီး အဝတ်အစားလဲခန်းထဲဝင်ကာ အဝတ်အစား ယူပေးလိုက်သည်။
သူက အများအားဖြင့် ဟိတ်ဟန်မရှိပေမယ့် တကယ်တမ်းကျတော့ နေထိုင်မှုပုံစံမှာ တော်တော် ဂျီးများတတ်တယ်။ ဥပမာ - ဈေးကွက်ထဲက ညဝတ်အင်္ကျီတွေကို ဒီဇိုင်းရုပ်ဆိုးတယ်ဆိုပြီး မဝတ်ဘူး။ သက်သောင့်သက်သာရှိတဲ့ တီရှပ်နဲ့ ပေါ့ပေါ့ပါးပါး ဘောင်းဘီတွေကိုပဲ ညဝတ်အင်္ကျီအစား ဝတ်လေ့ရှိတယ်။
အဝတ်အစားယူပြီးတော့ ကျိုးအန်းရန် ရေချိုးခန်းတံခါးဝ ပြန်လျှောက်လာပြီး တံခါးခေါက်လိုက်သည်။
ရေသံကြောင့် တံခါးခေါက်သံ မကြားရလို့လား မသိဘူး၊ ပြန်မထူးဘူး။
ကျိုးအန်းရန် ထပ်ခေါက်လိုက်သည်။
ပြန်မထူးသေးဘူး။
ကျိုးအန်းရန် ကိုယ့်ဘာသာ တံခါးဖွင့်လိုက်ရသည်။ ရေချိုးခန်းမှန်က ရေငွေ့မရိုက်ဘူး။ နွေရာသီ အပူချိန်ကလည်း မြင့်နေတော့ သူမ ဝင်ဝင်ချင်း မှန်အခန်းထဲက ကောင်လေးရဲ့ အရပ်ရှည်ရှည် ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး နားရွက်တွေ ချက်ချင်း ပူထူသွားသည်။
သူမ အကြည့်အမြန်လွှဲလိုက်ပြီး အသံမြှင့်ပြောလိုက်သည်။
"အဝတ်အစားတွေ ဒီစင်ပေါ် တင်ထားလိုက်ပြီနော်။ ငါ ဂျင်းပြုတ်ရည် သွားကျိုပေးမယ်"
"အင်း" ရေပန်းသံတွေကြားထဲကနေ ပျင်းရိတဲ့ အသံ ထွက်ပေါ်လာသည်။
ကျိုးအန်းရန် မျက်နှာ ပူထူနေတုန်းပဲ။ ဆက်မနေရဲတော့ဘဲ လှည့်ထွက်မလို့ လုပ်လိုက်သည်။
ဒါပေမဲ့ ခြေတစ်လှမ်းပဲ လှမ်းရသေးတယ်၊ စိုစွတ်ပြီး ပူနွေးတဲ့ လက်ကြီးတစ်ဖက်က သူမလက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။
နောက်တစ်စက္ကန့်မှာ ကျိုးအန်းရန် တစ်ကိုယ်လုံး ရေချိုးခန်းထဲ ဆွဲသွင်းခံလိုက်ရသည်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၈၉ ။ Extra : သကြားလုံး
ကျိုးအန်းရန် ယူသွားတဲ့ တီရှပ်က နောက်ဆုံးတော့ သူမကိုယ်ပေါ် ရောက်သွားသည်။
ချန်လော့ပိုင် ရေချိုးခန်းထဲကနေ ပွေ့ချီပြီး ထွက်လာတော့ ကျိုးအန်းရန်က သူ့ပခုံးပေါ် ခေါင်းမှီပြီး အားမရှိတဲ့ အသံလေးနဲ့ ပြောလိုက်သည်။
"ဒီလောက် ညဉ့်နက်နေပြီ၊ ဂျင်း ရောင်းတဲ့ဆိုင် ရှိဦးမှာ မဟုတ်ပါဘူး"
ချန်လော့ပိုင်က ဂရုမစိုက်တဲ့ လေသံနဲ့ ပြောသည်။
"တစ်မိနစ်တောင် မရှိတဲ့ မိုးရေ စိုလိုက်တာလေးကို၊ ဘာဂျင်းပြုတ်ရည် သောက်စရာ လိုလို့လဲ"
ကျိုးအန်းရန် မော့ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။
"နင် တမင်သက်သက် လုပ်တာမလား၊ ဂျင်းပြုတ်ရည် မသောက်ချင်လို့မလား"
ဒီလူက အစားအသောက် တကယ် ဂျီးများလွန်းတယ်။
ကြက်သွန်မိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို လုံးဝ မစားဘူး။ နည်းနည်းလေး ထည့်ထားရင်တောင် အနိုင်နိုင် စားရတာ။ ဂျင်းပြုတ်ရည်ဆိုရင် လုံးဝ လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေပြီ။
ကောင်လေးက မျက်ခုံးပင့်လိုက်သည်။ ဂုဏ်ယူသလို ပုံစံမျိုး။
"ဒါကိုတောင် ရိပ်မိသွားပြီလား"
ကျိုးအန်းရန် တိုးတိုးလေး သတိပေးလိုက်သည်။
"ငါ အရင်တစ်ခေါက် ဝယ်ထားတဲ့ ဂျင်းသကြားညိုရည်မကုန်သေးဘူး"
ချန်လော့ပိုင် သူမကို ကုတင်ပေါ် ချပေးလိုက်သည်။ သူမနှာခေါင်းကို ဆွဲလိုက်ပြီး ပြောစရာမဲ့တဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။
"နင် ဓမ္မတာလာတုန်း သောက်တဲ့ဟာကို ငါ့ကို တိုက်မလို့လား။ အသုံးဝင်မယ် ထင်လို့လား"
ဂျင်းသကြားညိုရည်က ဂျင်းနံ့ မပြင်းဘဲ အချိုကဲနေတတ်တယ်။
ကျိုးအန်းရန်ကိုယ်တိုင်တောင် မကြိုက်ဘူး။ စဉ်းစားကြည့်တော့ အသုံးမဝင်လောက်ပါဘူးလေ။ သူကလည်း ခဏလေးပဲ စိုလိုက်တာဆိုတော့ မတိုက်တွန်းတော့ပါဘူး။
"ဒါဆို ထားလိုက်ပါတော့"
ချန်လော့ပိုင် လက်ပြန်ရုတ်ပြီး လှည့်ထွက်သွားမလို လုပ်လိုက်သည်။
ကျိုးအန်းရန် အလိုအလျောက် သူ့လက်ကို လှမ်းဆွဲလိုက်သည်။
တွဲတာ ကြာလေလေ၊ နှစ်ယောက်တည်း ရှိချိန်မှာ သူမက သူ့ကို ပိုမှီခိုလေလေ ဖြစ်လာတယ်။
"ဘယ်သွားမလို့လဲ"
"အဝတ်အစား သွားယူမလို့လေ။ ပြီးတော့ နင် မေ့နေပြီလား... နင့်မှာ မဝတ်ရသေးတဲ့ ပစ္စည်းတစ်ခု ရှိနေသေးတယ်ဆိုတာ"
ချန်လော့ပိုင် စကားရပ်လိုက်သည်။ အကြည့်က အောက်နည်းနည်း ရွှေ့လိုက်သည်။ လေသံက အဓိပ္ပာယ်ပါနေသည်။
"မဝတ်လည်း ကောင်းတာပါပဲ"
ကျိုးအန်းရန် - "......"
သူမ မျက်နှာ ပူသွားသည်။ အမြန် လက်လွှတ်လိုက်သည်။ ဘေးနားက ခေါင်းအုံးကို ဆွဲယူပြီး မျက်နှာကို အုပ်လိုက်သည်။
ကောင်လေးရဲ့ တိုးညှင်းတဲ့ ရယ်သံလေး ကြားလိုက်ရသည်။
မြင်ကွင်းကွယ်သွားတော့ အကြားအာရုံ ပိုကောင်းလာသည်။
သူ့ခြေသံတွေ ဝေးသွားတာ ကြားလိုက်ရသည်။ မကြာမီ ပြန်နီးကပ်လာပြီး သူမဘေးနား ရပ်တန့်သွားသည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် ပြန်မထူးဘူး။
"ကောင်မလေး"
ကျိုးအန်းရန် လက်ချောင်းလေးတွေ လှုပ်ရှားသွားပေမယ့် ခေါင်းအုံးကို မဖယ်လိုက်ဘူး။
ချန်လော့ပိုင်အသံမှာ ရယ်သံတွေ ပါနေသည်။
"နင့်ဘာသာ အသက်ရှူကျပ်ပြီး သေအောင် လုပ်ချင်နေတာလား၊ ဒါမှမဟုတ် ငါ ဝတ်ပေးရမလား"
ကျိုးအန်းရန် ခေါင်းအုံးကို အမြန် ဖယ်လိုက်သည်။ ထထိုင်ပြီး သူ့လက်ထဲက ပစ္စည်းသေးသေးလေးကို လုယူလိုက်သည်။
ဝတ်မလို့ လုပ်တုန်း မော့ကြည့်လိုက်တော့ သူက သူမကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
တွဲလာတာ ၂ နှစ်နီးပါး ရှိနေပြီ။ သူမ အသားမကျသေးတဲ့ တစ်ခုတည်းသော အရာက... အဲဒီကိစ္စ မဟုတ်တဲ့အချိန်မှာ သူက ဒီလို စိုက်ကြည့်ရင် နေရခက်နေတုန်းပါပဲ။
ကျိုးအန်းရန် ခြေထောက်နဲ့ သူ့ကို ကန်လိုက်သည်။
"ဟိုဘက် လှည့်ဦး"
မိန်းကလေး ခြေဖျားလေးတွေက ဖြူဝင်းနေသည်။ အပေါ်တက်လိုက်ရင် ဖြောင့်စင်းသွယ်လျတဲ့ ပေါင်တံတစ်စုံ။ အပေါ်မှာတော့ သူမဝတ်ထားတဲ့ သူ့တီရှပ်။
"ကျိုးအန်းရန်" ချန်လော့ပိုင်က သူမရဲ့ သေးသွယ်တဲ့ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။ "နင်က ဘာလို့ အမြဲတမ်း စားပြီးနားမလည် လုပ်ချင်ရတာလဲ"
ကျိုးအန်းရန် - "......"
သူမ ပြန်မပြောနိုင်သေးခင် ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားတာ တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်မှာ သူမ ကုတင်စွန်း ဆွဲခေါ်ခံလိုက်ရသည်။
ကောင်လေးက ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားတဲ့ လက်က အားပါလွန်းလို့ လက်ဖမိုးပေါ်က သွေးကြောစိမ်းတွေ ထောင်တက်နေသည်။ ကျန်လက်တစ်ဖက်က သူမလက်ထဲက ပစ္စည်းကို ဆွဲယူပြီး ဘေးလွှင့်ပစ်လိုက်သည်။
"စောစောကတည်းက သွားမယူခဲ့ရင် ကောင်းသား"
...
ဒီည ဂျင်းပြုတ်ရည် မသောက်လိုက်ရပေမယ့် ရေတော့ နောက်တစ်ခါ ထပ်ချိုးလိုက်ရသည်။
အိပ်ခန်းထဲ ပြန်ရောက်တော့ ကျိုးအန်းရန် အိပ်ချင်နေပြီ။ ခေါင်းကို သူ့ပခုံးပေါ် မှီထားသည်။ မျက်ခွံတွေ လေးလံနေသည်။
ချန်လော့ပိုင် သူမပါးကို နမ်းလိုက်သည်။ အသံက တိုးညှင်းပြီး နူးညံ့နေသည်။
"မီးပိတ်ပြီး အိပ်တော့မလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ပြီးတော့ ခေါင်းပြန်ခါလိုက်သည်။
ချန်လော့ပိုင် ရယ်လိုက်သည်။ အောက်နည်းနည်း လျှောချလိုက်ပြီး နဖူးချင်း အပ်ထားလိုက်သည်။ သွယ်လျတဲ့ လက်ချောင်းတွေက သူမဆံပင်တွေကို ကစားနေသည်။ အသိစိတ်မကပ်ဘဲ လုပ်နေတဲ့ အပြုအမူလေးက ရင်းနှီးနွေးထွေးနေသည်။ အသံက တိုးနေတုန်းပဲ။
"အိပ်ချင်မူးတူး ဖြစ်နေပြီလား။ တကယ်တော့ အိပ်ချင်တာလား၊ မအိပ်ချင်တာလား"
ကျိုးအန်းရန် သူ့မျက်လုံးထဲ စိုက်ကြည့်လိုက်သည်။ သူလိုပဲ တိုးတိုးလေး ပြောလိုက်သည်။
"အိပ်ချင်တယ်။ ဒါပေမဲ့ နင့်ကို မေးစရာ ရှိသေးတယ်"
ကောင်လေးက အရမ်း နီးကပ်စွာ တိုးတိုးလေး စကားပြောနေသည်။
"ဘာကိစ္စလဲ"
ကျိုးအန်းရန် - "ညနေက ထမင်းစားတုန်းက အစ်မချင် ပြောတာ... တစ်ယောက်ယောက်က သူ့ကို အကူအညီတောင်းတယ်ဆိုတာ နင့်ကို ပြောတာမလား"
ချန်လော့ပိုင် သူမဆံပင်တွေကို ဆက်ကစားနေသည်။ ပေါ့ပေါ့ပါးပါး "အင်း" ဟု ဖြေလိုက်သည်။
"ဒါဆို အစ်မချင် လေ့ကျင့်တာ သွားကြည့်တဲ့ နှစ်ခေါက်လုံးက နင် စီစဉ်ထားတာပေါ့" ကျိုးအန်းရန် မေးလိုက်သည်။
ချန်လော့ပိုင် "အင်း" ဟု ထပ်ဖြေသည်။
"ဟုတ်တယ်လို့ ပြောလို့ရတာပေါ့။ တိတိကျကျပြောရရင် နင် ကလပ်အသင်းထဲ ဝင်ပြီး ပထမဆုံးအကြိမ် တွေ့ဆုံပွဲကိုလည်း ငါ စီစဉ်ခဲ့တာပဲ"
ကျိုးအန်းရန် ရင်ထဲ နူးညံ့သွားသည်။
"နင် ဘာလို့ ငါ့ကို မပြောပြတာလဲ"
"သူက ငါ့ဝမ်းကွဲအစ်မလေ၊ အကူအညီတောင်းရတာ မခက်ပါဘူး။ ပြီးတော့ ဂုဏ်ယူစရာ နည်းလမ်းလည်း မဟုတ်ဘူးလေ" ချန်လော့ပိုင် စကားရပ်လိုက်သည်။ စနောက်တဲ့ လေသံနဲ့ ပြောလိုက်သည်။ "တစ်ယောက်သောသူက အခုထိ စားပြီးနားမလည် လုပ်ချင်နေတုန်းဆိုတော့၊ အရင်တုန်းက သိသွားရင် ငါ့ကို မလိုချင်တော့မှာ စိုးလို့ပါ"
ကျိုးအန်းရန် မျက်နှာ နည်းနည်း ပူသွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ပြီးတော့ သူမက ဘယ်တုန်းက စားပြီးနားမလည် လုပ်လို့လဲ။
သူကသာ ဒါကို အကြောင်းပြပြီး လျှောက်လုပ်နေတာ။
ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။
"ဘယ်သူက ငါ့ WeChat Add ပြီး စာမပို့တာလဲ။ ငါ့ရှေ့မှာတင် ဟယ်မင်ယွီကို အဖြေခိုးပေးနေတာ ဘယ်သူလဲ။ ဩော်... ဟုတ်သားပဲ... သူက ဟယ်မင်ယွီနဲ့ စကားကောင်းနေပြီး ငါ ရောက်လာတော့ ပါးစပ်ပိတ်သွားသေးတယ်"
ကျိုးအန်းရန် သူ့ခါးကို ဖက်လိုက်သည်။
"ငါ နောက်ပိုင်း နင့်ကို ရှင်းပြခဲ့ပါတယ်၊ နင် ဘာလို့ သဝန်တိုနေသေးတာလဲ"
"နင် ပြောရဲသေးတယ်။ ငါ တစ်ပတ်လောက် စောင့်လိုက်ရတယ်။ စီနီယာအစ်မယွီကို အကူအညီတောင်းပြီး နင့်ကို လေ့ကျင့်တာ လာကြည့်ခိုင်းမှ နင့်ရှင်းပြချက်ကို ကြားရတာလေ" ချန်လော့ပိုင် မျက်လုံးမှေးလိုက်သည်။ သူမပါးကို ထပ်ဆွဲလိုက်သည်။ စိတ်ဆိုးသလိုလို၊ အားမပါသလိုလို။ "လိုပါသေးတယ်၊ ဒီအငြိုးက တစ်သက်လုံး..."
ကျိုးအန်းရန် အနားတိုးပြီး သူ့ကို နမ်းလိုက်သည်။
ကောင်လေး စကားရပ်သွားသည်။
"ရပြီလား" ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ မေးလိုက်သည်။
"တစ်ချက်တည်းလား" ချန်လော့ပိုင် ဟန်ဆောင် တွန့်ဆုတ်နေသည်။ "ဒါဆို လျှော့ဈေးပေးလိုက်မယ်၊ ၁၀ နှစ်၊ ၈ နှစ်လောက်ပဲ စိတ်ဆိုးတော့မယ်"
ကျိုးအန်းရန် ပြုံးလိုက်သည်။
"ဒါဆို ကျုရန် ပြောတဲ့ ဓာတ်ပုံက ဘာလဲ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"ကျုရန် ပြောဖူးတယ်မလား... ငါ အထက်တန်းတုန်းက နင့်ဆီ ခဏခဏ လာကြည့်တယ်လို့။ ဓာတ်ပုံတွေက ငါ့ဖုန်းထဲမှာ အခုထိ ရှိသေးတယ်။ လက်ဗွေရော စကားဝှက်ရော နင့်ဆီမှာ ရှိတာပဲ၊ နင်က ဘယ်တော့မှ ဖွင့်မကြည့်တာကိုး"
ကျိုးအန်းရန် တကယ် သူ့ဖုန်းကို ဖွင့်မကြည့်ပါဘူး။
သူမ သူ့အပေါ် လုံးဝ ယုံကြည်မှု ရှိနေလို့ပါ။
အထက်တန်းတုန်းက သူက ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ခဲ့ဘူး။ ယင်းယီကျန်းက ကျုံးခိုင်ကြောင့် ခဏလောက် သူ့အသိုင်းအဝိုင်းထဲ ရောက်လာတာကလွဲရင် သူ့ဘေးနားမှာ ရင်းနှီးတဲ့ မိန်းကလေးတောင် မရှိခဲ့ဘူး။
သူမနဲ့ တွဲပြီးနောက်ပိုင်း ဒီဘက်မှာ သူမ ဝမ်းနည်းအောင်၊ အထင်လွဲအောင် တစ်ခါမှ မလုပ်ဖူးဘူး။ သူ့ WeChat Add နိုင်တဲ့ နည်းလမ်းတွေကို ပိတ်ထားတယ်။ QR Code တစ်ခုပဲ ချန်ထားတယ်။ သူ ကိုယ်တိုင် Add ချင်မှပဲ သူများတွေ ဝင်လို့ရတာ။
ကျိုးအန်းရန် ယုံကြည်တာက တစ်နေ့ကျရင် သူ သူမကို မကြိုက်တော့ရင်တောင် သူတို့ကြားမှာ သစ္စာဖောက်တာ၊ ဖောက်ပြန်တာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ သူက သူမနဲ့ အရင်လမ်းခွဲပြီးမှ အချစ်သစ် စလိမ့်မယ်။
ဒါက သူမချစ်သူရဲ့ အရိုးထဲထိစွဲနေတဲ့ ကျင့်ဝတ်သိက္ခာပဲ။
"ငါ ကြည့်လို့ရလား"
ချန်လော့ပိုင် ဖုန်းယူပြီး ကမ်းပေးလိုက်သည်။
"အမြဲတမ်း ကြည့်လို့ရပါတယ်"
ကျိုးအန်းရန် ဖုန်းယူပြီး ကိုယ့်လက်ဗွေနဲ့ ဖွင့်လိုက်သည်။ ဓာတ်ပုံ အယ်လ်ဘမ်ထဲ ဝင်လိုက်သည်။
သူ့အယ်လ်ဘမ်ထဲမှာ အယ်လ်ဘမ်ခွဲလေးတွေ ရှိတယ်။ အများစုက သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ။ အယ်လ်ဘမ်ခွဲတစ်ခုရဲ့ မျက်နှာဖုံးက ညနေဆည်းဆာပုံ ဖြစ်နေတယ်။
ကျိုးအန်းရန် တစ်ခါတုန်းက မတော်တဆ ဝင်ကြည့်ဖူးတယ်။ အဲဒီတုန်းက သူ ရိုက်ထားတဲ့ ရှုခင်းပုံတွေ ထင်လိုက်တာ။ အဲဒီအချိန်တုန်းက တခြားကိစ္စ ရှိနေလို့ မမေးလိုက်ရဘူး။ နောက်တော့ မေ့သွားတယ်။
အခုမှ သတိထားမိတာ အယ်လ်ဘမ်နာမည်က "R" တဲ့။
ကျိုးအန်းရန် ရင်ထဲ လှုပ်ရှားသွားသည်။ နှိပ်ကြည့်လိုက်သည်။
အယ်လ်ဘမ် ဖွင့်လိုက်တာနဲ့ Thumbnailထဲမှာ ကိုယ့်ပုံကို တွေ့လိုက်ရသည်။
ဝူချန် အမှတ် (၁) ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကိုယ့်ပုံ။
ကျိုးအန်းရန် အောက်ဆက်မဆင်းသေးဘဲ ဒုတိယမြောက် ညနေဆည်းဆာပုံကို ဖွင့်ကြည့်လိုက်သည်။ ပထမပုံက ကောင်းကင်ပုံ သက်သက်ပဲ။ ဒုတိယပုံမှာ အဆောက်အအုံတစ်ခု ပါလာသည်။ ဝူချန် အမှတ် (၁) ကျောင်းရဲ့ ကျောင်းဝနဲ့ အနီးဆုံး စာသင်ဆောင်မှန်း သူမ တန်းမှတ်မိလိုက်သည်။
ဒီညနေဆည်းဆာပုံတွေ သူ ၁၀ ပုံလောက် ဆက်တိုက် ရိုက်ထားတယ်။ သူမ တစ်ပုံချင်းစီ ဆက်ကြည့်ရင်း မှတ်ဉာဏ်တွေ ပြန်ပေါ်လာသည်။
အဲဒါ အထက်တန်း တတိယနှစ် ဒုတိယစာသင်နှစ်၊ မေလကုန်လောက် ဖြစ်မယ်။
စနေနေ့၊ ကျောင်းက အချိန်ပို သင်တန်းခေါ်ထားတာ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးနေပြီမို့ အထက်တန်း တတိယနှစ် ကျောင်းသားတွေက ညနေစာစားပြီးတာနဲ့ အတန်းထဲ အမြန်ပြန်လာကြတယ်။ အပြင်မှာ ဘယ်သူမှ အချိန်မဖြုန်းကြဘူး။ သူမ အဲဒီနေ့က သင်္ချာပုစ္ဆာတစ်ပုဒ်မှာ တစ်နေလို့ ညနေစာတောင် မစားဖြစ်ဘူး။ ချန်ယွီကို အသားညှပ်ပေါင်မုန့် ဝယ်ခိုင်းပြီး အတန်းထဲမှာပဲ စားလိုက်တယ်။
ညနေစာလေ့လာချိန် စခါနီးတော့ အပြင်ကနေ တစ်ယောက်ယောက်က "နေဝင်တာ လာကြည့်ကြ၊ မြန်မြန်" လို့ အော်လိုက်တာ ကြားလိုက်ရတယ်။
အစတုန်းက အတန်းထဲက လူ ၂၊ ၃ ယောက်လောက်ပဲ ထွက်ကြည့်ကြတာ။
နောက်တော့ ထွက်ကြည့်တဲ့လူတွေက စိတ်လှုပ်ရှားစွာ ပြန်ဝင်လာပြီး လူခေါ်ကြလို့ နောက်ဆုံးတော့ တစ်တန်းလုံးနီးပါး ထွက်ကြည့်ကြတယ်။
ကျိုးအန်းရန်ကို ချန်ယွီ ဆွဲခေါ်သွားတာ။
အတန်းထဲက ထွက်လိုက်တာနဲ့ ကျောင်းဝင်းအပေါ်မှာ လွှမ်းခြုံနေတဲ့ နီရဲနေတဲ့ ညနေဆည်းဆာကို တွေ့လိုက်ရတယ်။
အဲဒီနေ့တုန်းက သူလည်း သူမနဲ့အတူ ကောင်းကင်တစ်ခုတည်းကို မော့ကြည့်နေခဲ့တာကိုး။
၁၂ ပုံမြောက် ရောက်တော့ ဓာတ်ပုံအကြောင်းအရာက ညနေဆည်းဆာကနေ သူမပုံ ဖြစ်သွားသည်။ ဒါပေမဲ့ ၁၂ ပုံမြောက် ဓာတ်ပုံထဲမှာ သူမ ဝတ်ထားတာ ဝူချန် အမှတ် (၁) ကျောင်းရဲ့ နွေဦးရာသီ ကျောင်းဝတ်စုံ။ ဓာတ်ပုံရိုက်ကူးတဲ့ရက်စွဲက မေလကုန်ကနေ ဧပြီလလယ် ဖြစ်သွားသည်။
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"နင် အဲဒီနေ့က ငါ့ကို မတွေ့လိုက်ဘူးလား"
ချန်လော့ပိုင် - "ဘယ်နေ့ကလဲ"
ကျိုးအန်းရန် ဓာတ်ပုံကို ညနေဆည်းဆာပုံဆီ ပြန်ရွှေ့လိုက်ပြီး ဖုန်းကို သူ့ရှေ့ ထိုးပြလိုက်သည်။
ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ အချိန်နဲ့ အဖြစ်အပျက်ကို မှတ်မိသွားသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မတိုင်ခင် သူ အချိန်ဖဲ့ပြီး သွားခဲ့တာ။
"မတွေ့လိုက်ဘူး၊ အဲဒီနေ့က နင် အပြင်ထွက် ထမင်းမစားဘူးလေ။ ဒါပေမဲ့ ဒီလောက်လှတဲ့ ညနေဆည်းဆာကို မြင်လိုက်ရတာ တန်ပါတယ်"
သူ ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ကျိုးအန်းရန် နားထောင်ပြီး နှာခေါင်းထိပ်လေး စူးအောင့်သွားသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နီးနေပြီဆိုတော့ သူ ဘယ်လောက် အလုပ်ရှုပ်နေမလဲ စဉ်းစားကြည့်လို့ ရပါတယ်။ ဝူချန်နဲ့ နန်ချန်က မဝေးပေမယ့် အသွားအပြန် အချိန်က ပုစ္ဆာတွေ အများကြီး ဖြေလို့ရတဲ့ အချိန်ပဲလေ။
ချန်လော့ပိုင် သူမမျက်နှာထား မကောင်းတာ မြင်လိုက်ရသည်။
"မငိုနဲ့နော်... ဘာမှ မဟုတ်ပါဘူး"
သူ ဒီအကြောင်းတွေ ဦးဆောင်ပြီး မပြောပြခဲ့တာက စတွဲကာစတုန်းက သူမ သူ့ကို Filter တပ်ကြည့်နေတယ်လို့ ထင်ခဲ့လို့ပါ။ သူမမျက်လုံးထဲမှာ သူက အပြစ်အနာအဆာ မရှိသလို ဖြစ်နေတာ။ ဒါကြောင့် တိတ်တိတ်လေး သွားကြည့်တာတွေ၊ နည်းလမ်းသုံးပြီး လိုက်ခဲ့တာတွေကို သူမ မသိစေချင်ခဲ့တာ။ နောက်ပိုင်းကျတော့ သူမ သိရင် ငိုမှာစိုးလို့ မပြောပြခဲ့တာ။
"နင် ငိုရင် ဒီည ငါ ထပ်ပြောမယ့် တောင်းဆိုချက်ကို သဘောတူတယ်လို့ သတ်မှတ်လိုက်မယ်နော်"
ကျိုးအန်းရန် - "......?"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၉၀ ။ Extra : သကြားလုံး
သူ ဒီည ပြောမယ့် တောင်းဆိုချက်က...
သူမကို အပေါ်ကနေ နေခိုင်းမှာလား။
ကျိုးအန်းရန် မျက်နှာပူသွားပြီး ဝမ်းနည်းတာတွေ အကုန် ပျောက်သွားသည်။
"နင် ဘာလို့ ဒီနည်းလမ်းကိုပဲ ပြန်သုံးနေတာလဲ" ကျိုးအန်းရန် မျက်စောင်းထိုးလိုက်သည်။
ချန်လော့ပိုင် ရယ်မောပြီး သူမပါးကို ဆွဲလိုက်သည်။
"အသုံးဝင်ရင် ပြီးရောလေ"
ကျိုးအန်းရန် - "......"
"ငါ အယ်လ်ဘမ် ဆက်ကြည့်လိုက်ဦးမယ်"
ချန်လော့ပိုင်က သူမ စိတ်ခံစားချက် ပြန်ကောင်းသွားတာမြင်တော့ မျက်နှာရဲနေတာလေးကို ကြည့်ပြီး ရယ်မောလိုက်သည်။
"ခေါင်းအုံးပေါ် လာမှီလိုက်လေ၊ ငါ အတူတူ လိုက်ကြည့်ပေးမယ်"
ကျိုးအန်းရန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ ပက်လက်လှဲလိုက်တာနဲ့ သူ့ရင်ခွင်ထဲ လိမ်လိမ်မာမာ ပြန်မှီလိုက်သည်။
သူ့ကြောင့် စိတ်ခံစားချက် ပြောင်းလဲသွားလို့ ကျိုးအန်းရန် အောက်ဆက်ကြည့်တော့ ဝမ်းနည်းတာတွေ မရှိတော့ပါဘူး။ တစ်ခါတလေ ဓာတ်ပုံတစ်ပုံ ရောက်ရင် ချန်လော့ပိုင်က အဲဒီနေ့တုန်းက ဖြစ်ခဲ့တဲ့ ရယ်စရာကိစ္စလေးတွေ ပြောပြတတ်သည်။
တစ်ပုံချင်းစီ အောက်ဆက်ကြည့်ရင်းနဲ့ ကျိုးအန်းရန်က အထက်တန်းပထမနှစ်တုန်းက သူ့ကို ခိုးခိုးကြည့်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလို ခံစားရတယ်။
ဒီဓာတ်ပုံတွေထဲမှာတော့ သူတို့ နေရာချင်း လဲနေကြတယ်။
၁၀ ပုံကျော်လောက် ဆက်ကြည့်ပြီးတော့ သူမ လက်ချောင်းလေး ရပ်တန့်သွားသည်။
"နင် ဘာလို့ ဒီပုံကိုပါ ရိုက်ထားတာလဲ"
ဓာတ်ပုံထဲမှာ သူမ ဆံပင်ပုံစံက ယွီရှင်းယွဲ့ ဝေဖန်ဖူးတဲ့ "အုန်းမှုတ်ခွက်ဆောင်းထားတာထက် သိပ်မပိုပါဘူး" ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာကိုး။
ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
"ရုပ်ဆိုးလိုက်တာ" ကျိုးအန်းရန် ခြေမလေးတွေက မြေကြီးကုတ်မတတ် (ရှက်လွန်းလို့) ဖြစ်သွားသည်။
ချန်လော့ပိုင် ဖုန်းထဲက ဓာတ်ပုံကို သေချာ ပြန်ကြည့်လိုက်သည်။
"ဘယ်နားက ရုပ်ဆိုးလို့လဲ၊ ချစ်စရာကောင်းနေတာပဲဟာ"
"ဘယ်နေရာက ချစ်စရာကောင်းလို့လဲ" ကျိုးအန်းရန် ခေါင်းစောင်းပြီး သနားစရာမျက်လုံးလေးနဲ့ ကြည့်လိုက်သည်။ "နင် ဖျက်လိုက်ပါနော်"
ချန်လော့ပိုင် - "မဖျက်ဘူး"
ကျိုးအန်းရန် - "......"
သူမ ခဏတိတ်ဆိတ်နေပြီးမှ လက်လှမ်းပြီး သူ့လက်ချောင်းလေးကို ကိုင်ကာ ဖွဖွလေး လှုပ်ရမ်းလိုက်သည်။
ချန်လော့ပိုင် အကြည့်က သူမရဲ့ ဖြူဝင်းတဲ့ လက်ချောင်းလေးတွေပေါ် ရောက်သွားသည်။ မျက်ခုံးပင့်လိုက်သည်။
"ဘာလုပ်တာလဲ"
ကျိုးအန်းရန် နည်းနည်း ရှက်သွားသည်။ ဒါပေမဲ့ ဒီဆံပင်ပုံစံကို ဆက်မကြည့်ချင်တော့ဘူး။ တိုးတိုးလေး ပြောလိုက်သည်။
"နင်ပဲ ပြောတယ်လေ... ငါ ချွဲပြရင် ဘာမဆို လိုက်လျောမယ်ဆို"
ချန်လော့ပိုင်က သူမ မျက်နှာရှုံ့မဲ့နေတာ၊ ဒီဓာတ်ပုံကို နောက်ထပ် တစ်ချက်လေးတောင် မကြည့်ချင်တော့တဲ့ ပုံစံကို ကြည့်ပြီး အရမ်း ချစ်စရာကောင်းတယ်လို့ ထင်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်က ဓာတ်ပုံကို ပြန်ကြည့်လိုက်သည်။
"ဒါပေမဲ့ ဓာတ်ပုံထဲက ကျိုးအန်းရန်ကလည်း ငါ့ကို ချွဲပြနေတယ်လေ။ မဖျက်ပါနဲ့လို့ ပြောနေရင် ဘယ်လိုလုပ်မလဲ"
ကျိုးအန်းရန် - "......"
ကျိုးအန်းရန် ချက်ချင်း လက်လွှတ်လိုက်သည်။
"လိမ်နေတာ"
အဲဒီတုန်းက သူမ စာလုပ်တာနဲ့ အလုပ်ရှုပ်နေလို့ အပြင်မထွက်ခင် မှန်ကောက်ကြည့်ရုံလောက်ပဲ ကြည့်ဖြစ်တာ။ မဟုတ်ရင် သူမကိုယ်တိုင်လည်း ရုပ်ဆိုးတယ်ဆိုပြီး လန့်သွားလောက်တယ်။
ချန်လော့ပိုင် သူမကို ဖက်ထားပြီး ရယ်မောလိုက်ပြန်သည်။
"ဒီဆံပင်ပုံစံကို ဒီလောက် မကြိုက်တာ၊ အဲဒီတုန်းက ညှပ်ပြီး ဘာလို့ ပြန်မပြင်ခိုင်းတာလဲ"
ကျိုးအန်းရန် အောင့်သက်သက်နဲ့ ပြန်ပြောသည်။
"...အဲဒီတုန်းက နင် လာကြည့်မယ်မှန်းမှ မသိတာ"
ချန်လော့ပိုင် ကြောင်သွားပြီး အပြုံးတွေ ပိုထင်ရှားလာသည်။
"နင်တို့ကျောင်းမှာ ကောင်လေးတွေ အများကြီးရှိတာ၊ နင် ဂရုစိုက်တဲ့လူ တစ်ယောက်မှ မရှိဘူးလား"
ကျိုးအန်းရန် ခေါင်းစဉ်က ဒီရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ သူ ငြင်းလိုက်လို့ နည်းနည်း စိတ်ကောက်နေပေမယ့် သူ အကြောင်းမဲ့ သဝန်တိုနေမှာ မလိုလားဘူး။
"ငါက တခြားကောင်လေးတွေကို ဘာလို့ ဂရုစိုက်ရမှာလဲ"
ချန်လော့ပိုင် ရင်ထဲ နူးညံ့သွားသည်။
"တကယ် ဖျက်စေချင်တာလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ" ချန်လော့ပိုင် သူမလက်ထဲက ဖုန်းကို ယူလိုက်သည်။
သူ ဓာတ်ပုံတွေကို တစ်ပုံတည်းမကဘဲ အကုန်လုံး ရွေးလိုက်တာ တွေ့လိုက်ရသည်။
အထက်တန်း တတိယနှစ်က တကယ် အလုပ်ရှုပ်တော့ သူတို့ စာသင်ချိန်တွေကလည်း တူနေတာ များတယ်။ သူ လာကြည့်တာ သိပ်မကြာခဏပါဘူး။ ပျမ်းမျှ နှစ်လ တစ်ခါလောက်ပဲ။ ဓာတ်ပုံတွေ များနေတာက တစ်ခါလာရင် သူက ပုံအများကြီး ရိုက်သွားလို့။
သူမ ချန်ယွီတို့နဲ့အတူ ကျောင်းဝကနေ ထွက်လာတဲ့ပုံတွေ၊ မစ်တီးဆိုင်မှာ တန်းစီနေတဲ့ပုံတွေ။
ကျောင်းအပြင်ဘက်မှာ လူတွေ ရှုပ်ထွေးနေပေမယ့် သူ့ဖုန်းထဲက ဓာတ်ပုံတိုင်းမှာ သူမက ဗဟိုချက် ဖြစ်နေတယ်။
ပုံတိုင်းက သူ တိတ်တဆိတ် အဖော်ပြုပေးခဲ့တဲ့ သက်သေတွေပါပဲ။
ကျိုးအန်းရန်က သူ့လက် လေထဲမှာ ရပ်တန့်နေတာ၊ ဖျက်ဖို့ နှမြောနေတာ တွေ့လိုက်ရသည်။ ဒါပေမဲ့ ကတိပေးထားတော့ လက်ချောင်းက အောက်ဆင်းလာတယ်။
Delete မနှိပ်ခင် ကျိုးအန်းရန် တားလိုက်သည်။
"ထားလိုက်ပါတော့"
"ဘာလို့ နောင်တရသွားတာလဲ" ချန်လော့ပိုင် မော့ကြည့်လိုက်သည်။
ကျိုးအန်းရန် သူ့ခါးကို ဖက်လိုက်ပြီး ရင်ခွင်ထဲ မျက်နှာအပ်ထားလိုက်သည်။
"နောင်တရသွားလို့ပေါ့"
ဓာတ်ပုံမကြည့်ခင်ကတည်းက ကျိုးအန်းရန် အိပ်ချင်နေတာ။ ကြည့်ပြီးတော့ ချန်လော့ပိုင်နဲ့ စကားနည်းနည်း ပြောပြီးတာနဲ့ မျက်ခွံတွေ လေးလံလာသည်။
ရင်ခွင်ထဲက လူဆီက အသံမကြားရတော့လို့ ချန်လော့ပိုင် တိုးတိုးလေး ခေါ်လိုက်သည်။
"ရန်ရန်"
မိန်းကလေးက သူ့ပခုံးပေါ် ငြိမ်ငြိမ်လေး မှီနေသည်။ အိပ်ပျော်နေတဲ့ ပုံစံလေးကလည်း လိမ္မာနေသည်။
ချန်လော့ပိုင် သူမပါးပေါ်က ဆံပင်တွေကို ဖွဖွလေး ဖယ်ပေးလိုက်သည်။ လက်လှမ်းပြီး မီးပိတ်လိုက်သည်။ ဖုန်းပိတ်မလို့ လုပ်တုန်း ကျုရန် ဖုန်းခေါ်လာသည်။ ဖုန်းသံက တိတ်ဆိတ်နေတဲ့ အိပ်ခန်းထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကျိုးအန်းရန် ဆူညံသံကြားလို့ ထင်တယ်၊ သူ့ပခုံးပေါ် ပွတ်သပ်လိုက်သည်။
ချန်လော့ပိုင် ဖုန်းချလိုက်သည်။ ကျန်လက်တစ်ဖက်နဲ့ သူမကျောကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
မိန်းကလေး ပြန်ငြိမ်သွားတော့ ကျုရန် ဒုတိယအကြိမ် ထပ်ခေါ်လာပြန်သည်။
ကျိုးအန်းရန် ဒီတစ်ခါ တကယ် နိုးသွားသည်။ အိပ်ချင်နေလို့ မျက်လုံးမဖွင့်နိုင်သေးဘူး။ နှာသံလေးနဲ့ မေးလိုက်သည်။
"ဘယ်သူလဲ"
ချန်လော့ပိုင် ဖုန်းထပ်ချလိုက်ပြီး Silent လုပ်လိုက်သည်။
"ကျုရန်"
"အရေးကြီးကိစ္စရှိလို့ နေမှာပေါ့" ကျိုးအန်းရန် မျက်လုံးမှိတ်ထားရင်း သူ့ပခုံးပေါ် ထပ်ပွတ်သပ်လိုက်သည်။ "ကိုင်လိုက်ပါလား"
"ဂရုမစိုက်နဲ့" ချန်လော့ပိုင် အသံနှိမ့်လိုက်သည်။ "ဆက်အိပ်လိုက်"
ကျိုးအန်းရန် တကယ် အိပ်ချင်နေပြီ။ ဖုန်းသံတိတ်သွားတာနဲ့ ပြန်အိပ်ပျော်သွားသည်။
ချန်လော့ပိုင် ဖုန်းကြည့်လိုက်သည်။ ကျုရန် တတိယအကြိမ်ခေါ်နေပြန်ပြီ။
သူ ထပ်ချလိုက်ပြီး WeChat ပို့လိုက်သည်။
C - [မင်း တကယ် အရေးကြီးကိစ္စရှိတာ ဖြစ်ပါစေ]
ဟိုဘက်က စာပြန်တာ မြန်သည်။
ကျုရန် - [အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး]
ကျုရန် - [မင်း ပြင်ဆင်ထားဖို့ ပြောချင်လို့]
ကျုရန် - [နောက်ဆို ငါ့ကို ယောက်ဖလို့ ခေါ်ရလောက်တယ်]
ချန်လော့ပိုင် - "......"
C - [လစ်လိုက်တော့]
....
နောက်တစ်နေ့က အနားယူဖို့ စီစဉ်ထားတာမို့ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် နှိုးစက်မပေးထားကြဘူး။ ၁၁ နာရီမှ နိုးကြသည်။ နေ့လည်စာ စားပြီးတော့ ဧည့်ခန်းမှာထိုင်ပြီး ရုပ်ရှင်ကြည့်ကြသည်။
ကားခေါင်းစီး ပြီးသွားတာနဲ့ ချန်လော့ပိုင် ဧည့်ခန်းစားပွဲပေါ် တင်ထားတဲ့ ဖုန်း မြည်လာသည်။
ခေါ်သူက ကျုရန်။
ချန်လော့ပိုင် မျက်နှာသေနဲ့ ဖုန်းကောက်ကိုင်လိုက်ပြီး တစ်စက္ကန့်တောင် မစဉ်းစားဘဲ ချလိုက်သည်။
စက္ကန့်အနည်းငယ်ကြာတော့...
ကျုရန် ထပ်ခေါ်လာသည်။
ချန်လော့ပိုင် ထပ်ချလိုက်သည်။
သူ့ဖုန်း ငြိမ်သွားပေမယ့် ၂ စက္ကန့်တောင် မကြာခင် ကျိုးအန်းရန် ဖုန်း မြည်လာသည်။
ခေါ်သူက ကျုရန်ပဲ။
ချန်လော့ပိုင် မျက်လုံးမှေးလိုက်သည်။ သူမဖုန်းကိုပါ ယူလိုက်ပြီး ချလိုက်သည်။
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"သူ တကယ် အရေးကြီးကိစ္စ ရှိနေမလား"
"သူ့မှာ ဘာအရေးကြီးကိစ္စ ရှိမှာလဲ" ချန်လော့ပိုင် ဖုန်းနှစ်လုံးလုံးကို ဆိုဖာဘေး ပစ်ချလိုက်သည်။
ကျိုးအန်းရန် မနေ့ညက အိပ်ခါနီး ကိစ္စကို ပြန်သတိရသွားသည်။
"သူ မနေ့ညကလည်း နင့်ကို ဖုန်းခဏခဏ ခေါ်သေးတယ်မလား"
ချန်လော့ပိုင် ပေါ့ပေါ့ပါးပါး "အင်း" ဟု ဖြေသည်။
"ငါ့ကို ယောက်ဖခေါ်ဖို့ ပြင်ဆင်ထားပါဆိုပြီး ပြောနေတာ"
ကျိုးအန်းရန် မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားသည်။
"သူ... သူနဲ့ အစ်မချင် တွဲနေကြပြီလား။ နင် ဘာလို့ ငါ့ကို မပြောပြတာလဲ"
"တွဲလား မတွဲလား မသိဘူး" ချန်လော့ပိုင်က သူမ အံ့ဩလွန်းလို့ ကြောင်နေတဲ့ ပုံစံလေးကို ကြည့်ပြီး ချစ်စရာကောင်းတယ်ထင်လို့ ဆွဲဖက်လိုက်သည်။ "ငါ သူ့ကို ဂရုမစိုက်လိုက်ဘူး"
ကျိုးအန်းရန် သူ့ပေါင်ပေါ် ထိုင်လိုက်သည်။ အံ့ဩနေတုန်းပဲ။
"အစ်မချင်ကလည်း သူ့ကို ကြိုက်တာလား"
ချန်လော့ပိုင် - "မမုန်းတာတော့ သေချာတယ်။ မဟုတ်ရင် ငါ့အစ်မက စကားများတဲ့ကောင်တစ်ယောက် သူ့ရှေ့မှာ နှစ်ပေါင်းများစွာ လာရှုပ်နေတာကို ခွင့်ပြုထားမှာ မဟုတ်ဘူး"
ကျိုးအန်းရန် သူ့လည်ပင်းကို ဖက်လိုက်သည်။ မနေ့ညက ယွီပင်းချင် ထွက်သွားတုန်းက မိုက်နေတဲ့ ကျောပြင်ကို ပြန်မြင်ယောင်လာသည်။
"အစ်မချင် ရည်းစားထားရင် ဘယ်လိုပုံစံလဲဆိုတာ စဉ်းစားလို့ မရဘူး"
ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။
"နင်က ဘာလို့ သူ့ကို ဒီလောက် စိတ်ဝင်စားနေတာလဲ"
ကျိုးအန်းရန် ကြောင်သွားပြီး ရယ်ချင်သွားသည်။
"နင်က အစ်မချင်ကိုတောင် သဝန်တိုနေတာလား"
"ဘယ်သူက နင် သူ့အကြောင်းပြောရင် မျက်လုံးတွေ အရောင်တောက်လာအောင် လုပ်ခိုင်းလို့လဲ" ချန်လော့ပိုင် သူမပါးကို ထပ်ဆွဲလိုက်သည်။ "အဲဒီတုန်းက A တက္ကသိုလ် ကျောင်းဖွင့်တုန်းက ငါ ကိုယ်တိုင် လာကြိုခဲ့ရင် ကောင်းသား"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ဖြည်းဖြည်းချင်း ကွေးတက်သွားသည်။ သူက တကယ် စိတ်မပျော်မရွှင် ဖြစ်နေတဲ့ပုံ ပေါက်နေတာ တွေ့လိုက်ရလို့ မနေနိုင်ဘဲ အနားတိုးပြီး နမ်းလိုက်သည်။
ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။
"ဒါ ဘာလုပ်တာလဲ"
ကျိုးအန်းရန် ကောင်လေး တီရှပ်ပခုံးသားကို ဆွဲလိုက်သည်။ မျက်နှာ နည်းနည်း ရဲနေသည်။
"သဝန်မတိုနဲ့တော့လေ... နော်"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားပြီး မနည်းပြန်ထိန်းလိုက်သည်။
"မရဘူး... နင် ငါ့ကို ချော့တာ ဒီနည်းလမ်းပဲ သုံးနေတာ၊ စိတ်ရင်းမှန်ကြောင်း ပြချင်ရင် လျှာလေးပါ ထည့်မှ ရမယ်"
ကျိုးအန်းရန် နားရွက်ဖျားလေးလည်း ပူလာသည်။ ဖုန်းမြည်နေတုန်းမို့ ခေါင်းလွှဲပြီး အကြည့်ရှောင်လိုက်သည်။
"ဖုန်းအရင် ကိုင်လိုက်ပါဦး၊ သူက ကိစ္စမရှိရင် နင့်ကိုပဲ ရှာမှာ၊ ငါ့ဆီ ခေါ်မှာ မဟုတ်ဘူး"
ချန်လော့ပိုင် အကြည့်က သူမနှုတ်ခမ်းပေါ် တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။ လက်လှမ်းပြီး ဖုန်းယူပေးလိုက်သည်။
ကျိုးအန်းရန် လှမ်းယူလိုက်သည်။ စိတ်အေးသွားသည်။
နောက်တစ်စက္ကန့်မှာ သူ ဖြည်းဖြည်းချင်း ဆက်ပြောတာ ကြားလိုက်ရသည်။
"ကိုင်ပြီးရင် စာရင်းရှင်းမယ်"
ကျိုးအန်းရန် - "......"
သူမ မကြားချင်ယောင်ဆောင်ပြီး ကျုရန်ဖုန်းကို ကိုင်လိုက်သည်။
ချန်လော့ပိုင်က စပီကာဖွင့်ပေးလိုက်သည်။
ကျုရန်အသံ ချက်ချင်း ထွက်ပေါ်လာသည်။
"ကျိုးအန်းရန်... အစ်မချင် ထွက်သွားတုန်းက နင့်ကို ဘာပြောသွားသေးလဲ"
ကျိုးအန်းရန် ကြောင်သွားသည်။
"နင် ပြောတာ မနေ့ညကလား"
"မဟုတ်ဘူး" ကျုရန် ပြောသည်။ "ဒီမနက်လေ"
ကျိုးအန်းရန် - "မပြောပါဘူး၊ သူက မနက်စောစောကတည်းက လိုက်ပို့စရာ မလိုဘူး၊ နှုတ်ဆက်စရာ မလိုဘူးလို့ ပြောထားတာလေ"
မဟုတ်ရင် သူမနဲ့ ချန်လော့ပိုင် ဒီမနက် ထပြီး လိုက်ပို့ကြမှာပေါ့။
ကျုရန် တိတ်ဆိတ်သွားသည်။
ချန်လော့ပိုင်က ဒီအချိန်မှာ ဖြည်းဖြည်းချင်း ဝင်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ... သူ ဒီမနက် ထွက်သွားတုန်းက မင်းကို စကားတစ်ခွန်းမှ မမှာခဲ့ဘူးလား"
ဖုန်းဟိုဘက်ခြမ်းမှာ ကျုရန် ထပ်တိတ်ဆိတ်သွားပြန်သည်။
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ ကျုရန် ဒေါသထွက်လေ သူ ပိုပျော်လေ ဖြစ်နေသလိုပဲ။
"မနေ့ည သန်းခေါင်ကြီး မအိပ်ဘဲနဲ့ ငါ့ကို ယောက်ဖခေါ်ဖို့ ပြင်ဆင်ထားပါလို့ မက်ဆေ့ခ်ျ ပို့လာတာ ဘယ်သူပါလိမ့်"
ကျုရန် ပေါက်ကွဲသွားသည်။
"ငါ ကျိုးအန်းရန်ကို ဖုန်းဆက်တာ၊ မင်း ဘာလို့ ခိုးနားထောင်နေတာလဲ"
ချန်လော့ပိုင် ရယ်လိုက်ပြန်သည်။
"မင်း ငါ့ရည်းစားဆီ ဖုန်းဆက်နေတာ မင်း သိသေးတာပဲ၊ တခြားလူဆီဆက်ရင် ငါ နားထောင်ဖို့တောင် ပျင်းတယ်"
ကျုရန် သူ့ကို ဆက်ဂရုမစိုက်ချင်တော့ဘူး။ စကားပြောမယ့်လူ ပြောင်းလိုက်သည်။
"ကျိုးအန်းရန်... ငါ ညနေကျရင် ညစာလိုက်ကျွေးမယ်လေ၊ ရမလား"
ချန်လော့ပိုင် - "မရဘူး"
"ငါ မေးတာ ကျိုးအန်းရန်ကို" ကျုရန် ဒေါသထွက်နေသည်။ "မင်းနဲ့ ဘာဆိုင်လို့လဲ"
ချန်လော့ပိုင် ရယ်လိုက်သည်။
"မင်း အကြောင်းမဲ့ ငါ့ရည်းစားကို ညစာလိုက်ကျွေးတာ၊ ငါနဲ့ မဆိုင်ဘဲ နေမလား"
ကျုရန် - "ဘယ်သူက အကြောင်းမဲ့လို့ ပြောလဲ၊ ငါ ကျိုးအန်းရန်ကို အကူအညီတောင်းစရာရှိလို့"
အထက်တန်းကတည်းက ပါလာတဲ့ အကျင့်ကြောင့်လား မသိဘူး၊ ကျိုးအန်းရန် သူတို့နှစ်ယောက် ရန်ဖြစ်နေတာ ကြည့်ရတာ သဘောကျတယ်။ အခုမှ ရယ်မောပြီး မေးလိုက်သည်။
"နင် ငါ့ကို ဘာအကူအညီတောင်းချင်လို့လဲ"
"အဲဒါက..." ကျုရန် တွန့်ဆုတ်စွာ ပြောလိုက်သည်။ "ဒီည အစ်မချင် ဟိုဘက်ရောက်ရင် နင် ကူမေးပေးပါလား၊ သူ ဘယ်လိုသဘောထားလဲဆိုတာ"
ချန်လော့ပိုင် ဝင်ပြောသည်။
"မင်းဘာသာ မမေးဘူးလား"
"မင်းနဲ့ ဘာဆိုင်လို့လဲ" ကျုရန် ဒီစကားပဲ ပြောနေသည်။
ချန်လော့ပိုင် ပခုံးတုန်အောင် ရယ်မောလိုက်သည်။
"မမေးရဲရင် တည့်တည့်ပြောပါလား၊ ဘယ်သူက မင်းအကြောင်း မသိလို့လဲ"
ကျုရန် သူ့ကို ဆက်ဂရုမစိုက်ချင်တော့ဘူး။
"ကျိုးအန်းရန်... နင့်ရည်းစားကို ထိန်းပါဦး"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ သူမကို ဖက်ထားတဲ့ ကောင်လေးကို ကြည့်ပြီး ပါးစပ်လှုပ်ရုံ မေးလိုက်သည်။
"သွားမလား"
ချန်လော့ပိုင် သူမဆံပင်ဖျားလေးတွေကို ကစားနေသည်။ ခေါင်းညိတ်လိုက်သည်။
"ညနေ ဘယ်အချိန်လဲ" ကျိုးအန်းရန် ကျုရန်ကို မေးလိုက်သည်။
ကျုရန် လေသံ ပြန်ပျော်ရွှင်သွားသည်။
"နင် သဘောတူလိုက်ပြီပေါ့။ ည ၁၀ နာရီ အဆင်ပြေလား။ အစ်မချင်က ၁၀ နာရီခွဲလောက်မှ ရောက်မှာ"
ကျိုးအန်းရန် လက်ခံလိုက်သည်။
"ရပါတယ်"
ဖုန်းချပြီးတော့ ကျိုးအန်းရန် ရုပ်ရှင်ဆက်မကြည့်တော့ဘူး။ တစ်ယောက်သောသူက ဆိုဖာပေါ်မှာ သူမနဲ့ တစ်ညနေလုံး စာရင်းရှင်းနေလို့။
....
ညနေပိုင်း ရေချိုးပြီးတော့ နှစ်ယောက်သား ညစာ ရိုးရိုးရှင်းရှင်း စားလိုက်ကြသည်။ ပြီးမှ ဆိုဖာပေါ် ပြန်ထိုင်ပြီး ရုပ်ရှင် ဆက်ကြည့်ကြသည်။
ည ၉ နာရီခွဲမှာ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် အပြင်ထွက်ပြီး ကျုရန် ချိန်းထားတဲ့နေရာ သွားကြသည်။
ညစာဆိုင် ရောက်တော့ ကျုရန်က စားစရာတွေ အများကြီး မှာထားပေမယ့် သူ ကိုယ်တိုင် သိပ်မစားဘူး။ စကားလည်း ပုံမှန်ထက် နည်းနေတယ်။
၁၀ နာရီခွဲကျော်တာနဲ့ ကျိုးအန်းရန်ကို မျှော်လင့်တကြီး ကြည့်လာသည်။
"အစ်မချင် လေယာဉ်ဆင်းလောက်ပြီ၊ နင် အရင်မေးပေးပါလား၊ ရောက်ပြီလားလို့"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ တူချပြီး WeChat ဖွင့်ကာ ယွီပင်းချင်ဆီ စာပို့လိုက်သည်။
[အစ်မချင်... ရောက်ပြီလား]
ဟိုဘက်က စာပြန်တာ မြန်သည်။
ယွီပင်းချင် - [ရောက်ပြီ]
ကျိုးအန်းရန် မော့ကြည့်ပြီး ကျုရန်ကို မေးလိုက်သည်။
"သူ ရောက်ပြီတဲ့၊ နင် ဘယ်လို မေးခိုင်းချင်လဲ"
ကျုရန် တွန့်ဆုတ်နေသည်။
"နင် တိုက်ရိုက်ပဲ မေးပေးပါလား... သူ ဘယ်လိုသဘောထားလဲဆိုတာ"
ကျိုးအန်းရန် ခေါင်းငုံ့ပြီး စာထပ်ပို့လိုက်သည်။
[ကျုရန်က ပြောတယ်... အစ်မ ဒီမနက် သွားတုန်းက သူ့ကို မခေါ်ခဲ့ဘူးတဲ့။ သူ သိချင်နေတာက အစ်မ ဘယ်လိုသဘောထားလဲ တဲ့]
ဖုန်းက ထပ်မြည်လာသည်။
ယွီပင်းချင် - [သူ့ကို ကိုယ်တိုင် လာမေးခိုင်းလိုက်]
ကျိုးအန်းရန် မော့ကြည့်ပြီး ကျုရန်ကို ပြန်ပြောပြလိုက်သည်။
ကျုရန် ကိုယ့်ဖုန်းကို ကိုင်ထားသည်။ တွန့်ဆုတ်နေတုန်းပဲ။ ရေရွတ်လိုက်သည်။
"စောစောကတည်းက နင့်ကို ဖုန်းဆက်ခိုင်းရင် ကောင်းသား။ WeChat က လေသံမသိရတော့ သူ စိတ်ဆိုးနေလား မသိရဘူး"
ချန်လော့ပိုင်က သူ့ပုံစံကို မြင်တော့ မနေနိုင်ဘဲ လှောင်လိုက်သည်။
"မနေ့ညက သူ့တိုက်ခန်းရှေ့ သွားပိတ်တုန်းက သတ္တိတွေ ဘယ်ရောက်သွားလဲ။ တိုက်ရိုက်တောင် မမေးရဲဘဲနဲ့ ငါ့ယောက်ဖ လုပ်ချင်နေသေးတယ်"
"ဘယ်သူက မမေးရဲဘူး ပြောလို့လဲ" ကျုရန် ဆွတာ မခံနိုင်ဘူး။ ဖုန်းကိုင်ပြီး ထိုင်ရာက ထလိုက်သည်။ "ငါ အပြင်ခဏ သွားလိုက်ဦးမယ်"
သီးသန့်ခန်းတံခါး အပြင်ကနေ ပိတ်သွားသည်။
....
မကြာမီ ပြန်ပွင့်လာသည်။
ကျုရန် ထွက်သွားတုန်းက စိုးရိမ်ပူပန်နေတဲ့ မျက်နှာနဲ့၊ ပြန်ဝင်လာတော့ ဖုံးကွယ်မထားနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့။
ကျိုးအန်းရန် စပ်စုချင်ပေမယ့် ဦးဆောင်မမေးရဲဘူး။
ချန်လော့ပိုင်ကတော့ ခေါင်းငုံ့ပြီး လက်အိတ်စွပ်ကာ သူမအတွက် ပုစွန်ခွံနွှာပေးနေသည်။ အေးအေးဆေးဆေးပဲ။ ကျုရန်ကို တစ်ချက်လေးတောင် မကြည့်ဘူး။
ကျုရန်ကိုယ်တိုင်က လျှို့ဝှက်ချက် မထိန်းနိုင်တဲ့သူမို့ ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။
"နင်တို့ ဘာလို့ မမေးကြတာလဲ၊ သူ ငါ့ကို ဘာပြောလိုက်လဲဆိုတာ"
ချန်လော့ပိုင် ပျင်းရိစွာ မော့ကြည့်လိုက်သည်။ ခွံနွှာပြီးသား ပုစွန်ကို ကျိုးအန်းရန် ပန်းကန်ထဲ ထည့်ပေးရင်း စကားနှစ်လုံးပဲ ပြောလိုက်သည်။
"မမေးချင်ဘူး"
ကျုရန် - "......"
"ငါလည်း မပြောပြချင်ပါဘူး"
ကျိုးအန်းရန် တကယ် စပ်စုချင်နေတာ။ ကျုရန် အသေးစိတ် မပြောပေမယ့် မနေ့ညက ယွီပင်းချင် တိုက်ခန်းမှာ အိပ်ခဲ့တယ်ဆိုတာ ခန့်မှန်းရမခက်ပါဘူး။ ပြီးတော့ အခု ကျုရန်က စကားပြောချင်လွန်းလို့ ရင်ကွဲတော့မယ့် ပုံစံ၊ ပြီးတော့ သူမရည်းစားကြောင့် ဒေါသထွက်နေတဲ့ ပုံစံ ဖြစ်နေတော့ သူမ ပုစွန်စားပြီး ပြုံးကာ မေးလိုက်သည်။
"အစ်မချင်က ဘာပြောလိုက်လဲ"
ကျုရန် - "သူ ပြောတာ အမျိုးသားနေ့ကျရင် ငါ့ကို လာခဲ့တဲ့"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဒါဆို ဂုဏ်ပြုပါတယ်"
ကျုရန် နှုတ်ခမ်းထောင့်စွန်း တက်နေတာ ပြန်မကျတော့ဘူး။
"နာမည်အတည်ဖြစ်မှ (ရည်းစားဖြစ်မှ) ဂုဏ်ပြုပါ၊ အခုတော့ စောနေသေးတယ်"
ပြောရင်းနဲ့ ချန်လော့ပိုင်ကို တစ်ချက်ကြည့်လိုက်သည်။
"အဲဒီအချိန်ကျရင် တစ်ယောက်ယောက်က ငါ့ကို ယောက်ဖလို့ တကယ် ခေါ်ရတော့မှာ"
ချန်လော့ပိုင် သူ့ကို ဂရုမစိုက်တော့ဘဲ ကျိုးအန်းရန်ဘက် လှည့်မေးလိုက်သည်။
"စားဦးမလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"မစားနိုင်တော့ဘူး"
ချန်လော့ပိုင် အဲဒီကျမှ မျက်လွှာပင့်ပြီး ကျုရန်ဘက် ကြည့်လိုက်သည်။
"ပြောလို့ ပြီးပြီမလား။ ပြီးရင် ငါ သူ့ကို ခေါ်သွားတော့မယ်"
ကျုရန် မျက်လုံးလှန်ကြည့်လိုက်သည်။
"ငါက မင်းနဲ့ စကားပြောချင်နေတယ်များ မှတ်နေလား။ ကျိုးအန်းရန် မျက်နှာကြောင့်သာ မင်း ဒီည ညစာစားရတာ။ နင် ကံကောင်းတယ် မှတ်ပါ၊ အတိတ်ဘဝက ဂလက်ဆီတစ်ခုလုံးကို ကယ်တင်ခဲ့လို့ ဒီလောက်ကောင်းတဲ့ ရည်းစားရတာ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"မင်း ပြောတာ မှန်တယ်"
ကျုရန်က သူ ပြန်ပြောမယ် ထင်နေတာ။ ကြောင်သွားသည်။
"ဘာမှန်တာလဲ"
ချန်လော့ပိုင် ဘေးနားက မိန်းကလေးလက်ကို ဆွဲလိုက်သည်။
"ငါ အတိတ်ဘဝက ဂလက်ဆီတစ်ခုလုံးကို တကယ် ကယ်တင်ခဲ့တာ"
***