← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄ ။ လီမွန် : ဘယ်သူဆိုတာ သူ ဂရုမစိုက်ခဲ့ဘူး

အတန်းထဲတွင် ကုလားထိုင် ခြစ်သံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

စာလေ့လာရန် အတန်းထဲတွင် ကျန်နေခဲ့သော တစ်ဦးတည်းသော စာတော်သောကျောင်းသားသည် နေရာမှ ထလိုက်ခြင်းဖြစ်သည်။

ကျိုးအန်းရန် ရုတ်တရက် သတိဝင်လာသည်။ သူမ၏ ယခုလုပ်ရပ်သည် သူတစ်ပါးစကားကို ချောင်းနားထောင်ခြင်းနှင့် တူနေကြောင်း သတိပြုမိလိုက်သည်။ မနက်တုန်းက နေရာလဲထိုင်ပြီး သူ့စကားများကို ကြားခဲ့ရခြင်းနှင့် မတူပေ။

ထိုစဉ်က အရှေ့ခုံတွင် လူရှိနေမှန်း သူသိသည်။

ယခု ယန်ရှင်းချန်းသည် အောက်ထပ်အိမ်သာတွင် သူမကို စောင့်နေသည်။

ကျိုးအန်းရန် နှုတ်ခမ်းကိုကိုက်ပြီး သူမ၏နေရာသို့ ဆက်လျှောက်သွားလိုက်သည်။

ထိုစဉ် ရင်းနှီးနေသော အသံပိုင်ရှင်၏ စကားသံ ထွက်ပေါ်လာသည်။ နောက်ပေါက်မှတစ်ဆင့် ဖြတ်သန်းလာသော အသံသည် တိုးညှင်းပြီး ပျင်းရိလေးတွဲ့နေဆဲ ဖြစ်သည်။

"ဒါပေမဲ့ စီနီယာအစ်မက..." ကောင်လေး စကားရပ်လိုက်သည်။ အသံထဲတွင် အိပ်ချင်စိတ်များ ပိုမိုပါဝင်လာသည်။ "...ကျွန်တော် အိပ်နေတာကို နှောင့်ယှက်နေပြီလေ"

နှလုံးသားကို ရစ်ပတ်ထားသော ကြိုးမျှင်လေး အနည်းငယ် လျော့ရဲသွားသည်။

သို့သော် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားဆဲဖြစ်ပြီး အချိန်မရွေး ပြန်လည်တင်းကျပ်သွားနိုင်သည်။

သို့သော် သူတို့ ဆက်ပြောသော စကားများကို သူမ ဝေးကွာသွားပြီဖြစ်၍ ဆက်မကြားရတော့ပေ။

ကျိုးအန်းရန် ထိုင်ခုံသို့ရောက်သောအခါ ကျောပိုးအိတ်ဇစ်ကို ဖွင့်ပြီး လိုအပ်သောပစ္စည်းကိုယူကာ ကျောင်းဝတ်စုံအိတ်ကပ်ထဲ ထည့်လိုက်သည်။

ဇစ်ပြန်ပိတ်လိုက်ချိန်တွင် နောက်ဘက်မှ ကုလားထိုင်ရွှေ့သံ ကြားလိုက်ရသဖြင့် သူမ လှုပ်ရှားမှု ရပ်တန့်သွားသည်။

စက္ကန့်အနည်းငယ်ကြာမှ ကျိုးအန်းရန် မတ်တပ်ရပ်လိုက်သည်။

လှည့်ကြည့်လိုက်သောအခါ ချန်လော့ပိုင်သည် နေရာပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ကောင်လေးသည် စားပွဲပေါ် ပြန်မှောက်အိပ်နေသည်။ ဒီတစ်ခါတော့ မျက်နှာကို လက်မောင်းနှင့် အကုန်မဖုံးထားဘဲ ဘေးတိုက်လှည့်အိပ်နေသဖြင့် ပြတ်သားသော မျက်နှာဘေးတိုက်မြင်ကွင်းတစ်ခြမ်း ပေါ်နေသည်။

အတန်းထဲတွင် သူတို့နှစ်ယောက်တည်းသာ ရှိတော့သည်။

သို့သော် ကျိုးအန်းရန်သည် ဤရှားပါးသော နှစ်ကိုယ်ကြား အချိန်လေးကို သက်သောင့်သက်သာ မခံစားနိုင်ပေ။ သူမ၏ ခေါင်းထဲတွင် ခုနက ကြားလိုက်ရသော စကားဝိုင်းကသာ ပဲ့တင်ထပ်နေသည်။

ခုနက လာရှာတဲ့ မိန်းကလေးက မနက်က ကျုရန်ပြောတဲ့ စီနီယာအစ်မလား။

ဒါပေမဲ့ မနက်တုန်းကတော့ အဲ့ဒီအစ်မက သင်္ချာပုစ္ဆာလာမေးတာလို့ သူ ပြောတယ်လေ။

ပြီးတော့ သူ့ရဲ့ နောက်ဆုံးစကားက...

စီနီယာအစ်မရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တာလား။

နောက်ဆက်တွဲ စကားများကို ကျိုးအန်းရန် မကြားလိုက်ရသဖြင့် အဖြေကို ခန့်မှန်း၍မရပေ။ အခါးသက်သက် ခံစားချက်ကိုသာ ခန့်မှန်းမိတော့သည်။

ဘေးတိုက်အိပ်နေသဖြင့် အလင်းရောင် စူးရှနေပုံရသည်။ နောက်ခုံမှ ကောင်လေးသည် ခေါင်းကို ရွှေ့လိုက်ပြီး မျက်နှာတစ်ခုလုံးကို လက်မောင်းကြားတွင် ပြန်မြှုပ်လိုက်သည်။

ကျိုးအန်းရန် အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။ သူ့အိပ်စက်ခြင်းကို မနှောင့်ယှက်လိုသဖြင့် သူမ ဒီတစ်ခါ နောက်ပေါက်မှ မထွက်တော့ပေ။

ရှေ့ပေါက်မှတစ်ဆင့် လှည့်ထွက်လာပြီး နောက်ပေါက်နား ဖြတ်သွားချိန်တွင် ခေတ္တမျှ တုံ့ဆိုင်းပြီးမှ တံခါးကို ဖွဖွလေး ဆွဲပိတ်ပေးခဲ့လိုက်သည်။

နောက်ပေါက်မှ ဝင်နေသော လေတိုက်သံ ရပ်တန့်သွားသည်။

ချန်လော့ပိုင် ခေါင်းထောင်ပြီး နောက်ပေါက်ကို လှမ်းကြည့်လိုက်သည်။

ခုနက ဝင်လာတုန်းက အတန်းထဲမှာ လူတစ်ယောက်ရှိနေသေးတာကို သတိထားမိလိုက်သည်။ ဘယ်သူလဲဆိုတာတော့ သူ ဂရုမစိုက်မိ။

ချန်လော့ပိုင် စားပွဲပေါ် ပြန်မှောက်အိပ်လိုက်သည်။

သို့သော် တစ်ရေးအိပ်နေရင်း အနှိုးခံလိုက်ရပြီး အိပ်ချိန်ပြတ်သွားသဖြင့် ပြန်အိပ်ဖို့ ခက်ခဲသွားသည်။

ငါးမိနစ်ခန့်ကြာသောအခါ ချန်လော့ပိုင် ခေါင်းထောင်လာပြီး ဆံပင်ကို စိတ်ရှုပ်သလို ထိုးဖွလိုက်သည်။

သူ မတ်တပ်ရပ်လိုက်ပြီး ဘယ်သူပိတ်သွားမှန်းမသိသော နောက်ပေါက်ကို ဆွဲဖွင့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဘတ်စကက်ဘောကွင်းသို့ လျှောက်လာခဲ့သည်။

……

ကျုရန်နှင့် ကျုံးခိုင်တို့ တစ်ယောက်ချင်း ယှဉ်ကစားနေကြသည်။

သူ လာသည်ကို မြင်သောအခါ နှစ်ယောက်သား ရပ်တန့်လိုက်ကြသည်။

ကျုရန်က ဘောလုံးပုတ်ရင်း လျှောက်လာသည်။ "ဟော... ငါတို့ အစ်ကိုလော့ ပြန်ဆင်းလာပါရောလား... အတန်းထဲမှာ အိပ်ရေးဖြည့်မယ်ဆို... ငါကြားတာတော့ အဲ့ဒီအစ်မက မင်းကို ရည်းစားစကား လာပြောပြန်ပြီဆို... ရင်တွေခုန်ပြီး အိပ်မရတော့တာလား... မနက်တုန်းကတော့ ဘယ်သူကများ အစ်မကြီးက သင်္ချာပုစ္ဆာပဲ လာမေးတာပါလို့ ပြောခဲ့ပါလိမ့်"

ချန်လော့ပိုင်သည် မျက်နှာတည်တည်ဖြင့် လက်ကောက်ဝတ်များနှင့် ခြေချင်းဝတ်များကို လှုပ်ရှားကာ သွေးပူလေ့ကျင့်ခန်း လုပ်နေသည်။ သူငယ်ချင်း၏ စကားကို ဂရုမစိုက်သကဲ့သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။

"သူ့ကို မင်းသိတာ တစ်ရက်တည်းမှ မဟုတ်တာ" ကျုံးခိုင်က ဝင်ပြောလိုက်သည်။

သူတို့သုံးယောက်လုံး အလယ်တန်းကျောင်းတုန်းက အတူတူတက်ခဲ့ကြပြီး၊ ပထမနှစ်မှ တတိယနှစ်အထိ အတန်းတူခဲ့သူများဖြစ်သည်။ ယခုတော့ ကျုံးခိုင်က အခန်း (၄) သို့ ရောက်ရှိသွားသည်။

"သူက မိန်းကလေးတွေကိုဆို အမြဲ မျက်နှာသာပေးလေ့ရှိတယ်။ ဒါကြောင့်လည်း သူငြင်းလိုက်တာကို အော်ကြီးဟစ်ကျယ် လျှောက်မပြောတာပေါ့။ မဟုတ်ရင် မင်းလို အာချောင်တဲ့ကောင်ကြောင့် တစ်တန်းလုံး သိကုန်မှာ။ နှစ်ရက်လောက်နေရင် တစ်ကျောင်းလုံး ပျံ့သွားတော့မယ်"

ကျုရန်က စပ်စုချင်စိတ်ဖြင့် ပြုံးလိုက်သည်။ "ဒါပေမဲ့ အဲ့ဒီအစ်မက သူ့မျက်နှာသာပေးတာထက် သူ့ကိုပဲ ပိုလိုချင်နေပုံရတယ်"

ချန်လော့ပိုင်သည် ၃ မှတ်တန်းအပြင်ဘက်တွင် သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် ကျုရန်လက်ထဲမှ ဘောလုံးကို ဆွဲယူလိုက်သည်။ "တစ်နေ့လုံး ပြောနေတော့တာပဲ။ မင်း အဲ့ဒီအစ်မကို စိတ်ဝင်စားနေရင်လည်း ပြောလိုက်ပါတော့လား"

သူ ပြောရင်းဆိုရင်း နေရာမှ ခုန်တက်ကာ ၃ မှတ်တန်းမှ လှမ်းပစ်လိုက်သည်။

လိမ္မော်ရောင် ဘောလုံးသည် လေထဲတွင် မျဉ်းကွေးတစ်ခုဆွဲကာ ပျံသန်းသွားပြီး၊ ဘတ်စကက်ဘောကွင်းဘောင်နှင့် 'ဒိုင်း' ခနဲ ရိုက်မိကာ ပြန်ကန်ထွက်လာသည်။

ချန်လော့ပိုင် စိတ်ပျက်စွာဖြင့် "တောက်" ခေါက်လိုက်သည်။

ဘေးနားမှ ကျုရန်သည် သူ့ကို လှောင်ရယ်ဖို့ပင် အချိန်မရဘဲ ချက်ချင်း ငြင်းလိုက်သည်။ "လျှောက်မပြောနဲ့။ ငါ့နှလုံးသားက မင်းတို့ရဲ့ အစ်မပင်းချင်ဆီမှာပဲ ရှိတာ"

ချန်လော့ပိုင်က သူ့ကို အထင်သေးသလို ကြည့်လိုက်သည်။ "သတ္တိရှိရင် သူ့ရှေ့မှာ သွားပြောကြည့်လိုက်ပါလား"

ကျုရန် - "......"

ယွီပင်းချင်သည် ချန်လော့ပိုင်၏ ဝမ်းကွဲအစ်မဖြစ်ပြီး၊ ဘေးမြို့တွင် နေထိုင်သည်။ သူတို့ထက် ၃ နှစ်ကြီးပြီး နာမည်နှင့်လိုက်အောင် အေးစက်တည်ငြိမ်သော ဘုရင်မစတိုင် အမျိုးသမီးတစ်ဦးဖြစ်သည်။

ကျုရန် ချက်ချင်း အရှုံးပေးလိုက်သည်။ "ငါ့မှာ အဲ့လောက် သတ္တိမရှိပါဘူး"

အရှုံးပေးပြီးသည်နှင့် ချန်လော့ပိုင်အနား ကပ်သွားပြီး မျက်နှာချိုသွေးကာ မေးလိုက်သည်။ "အစ်မပင်းချင် ဒီနှစ် နှစ်သစ်ကူးကျရင် မင်းတို့အိမ် လာဦးမလား"

ချန်လော့ပိုင်က သူ့ကိုကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ "သိချင်လို့လား"

ကျုရန် - "မသိချင်ရင် ငါ မင်းကို မေးမလား"

ချန်လော့ပိုင်က မေးဆတ်ပြလိုက်သည်။ "ဒါဆို အရင်ဆုံး ငါ့ဘောလုံး သွားကောက်ပေးဦး"

ကျုရန်သည် ဝမ်းသာအားရ ကွင်းတစ်ဖက်သို့ ပြေးသွားပြီး ဘောလုံးကောက်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ "မင်းသာ သတင်းပေးမယ်ဆိုရင် ငါ မင်းကိုပေးစရာရှိတဲ့ ဖိနပ်ဖိုးကို ထမင်းမစားဘဲ စုပြီး လာမယ့်လ ၁ ရက်နေ့ကျရင် အကုန်ပြန်ဆပ်မယ်"

ချန်လော့ပိုင်၏ နှုတ်ခမ်းတွင် အပြုံးရိပ်သန်းနေဆဲ။ "ပိုက်ဆံက မလောပါဘူး။ ငါ့မှာ တခြားအချက် လိုချင်တာရှိတယ်"

ကျုရန် - "ကြိုက်တာပြော"

ချန်လော့ပိုင် ချက်ချင်း ပြန်မဖြေဘဲ လက်ထဲမှ ဘောလုံးကို နှစ်ချက်ခန့် ပုတ်လိုက်သည်။

ကျုရန် အဖြေကို မစောင့်နိုင်တော့ဘဲ သူ့နှလုံးသားသည် ချန်လော့ပိုင်လက်ထဲမှ ဘောလုံးကဲ့သို့ ခုန်ပေါက်နေသလို ခံစားလိုက်ရသည်။

သူ့နှလုံးသား... အဲလေ... လိမ္မော်ရောင် ဘတ်စကက်ဘောလုံးကို ချန်လော့ပိုင်က ထပ်မံပစ်လွှတ်လိုက်ရာ ဒီတစ်ခါတော့ ခြင်းထဲသို့ သေသပ်စွာ ဝင်သွားလေသည်။

ဘောလုံးဝင်သွား၍ ကောင်လေး စိတ်ကြည်သွားပုံရပြီး ပါးစပ်ဖွင့်ပြောလာသည်။ "မင်း ငါ့ရှေ့မှာ တစ်ပတ်လောက် စကားမပြောဘဲ နေပေးရင်ရပြီ"

ကျုရန်၏ နှလုံးသားသည် ဘောလုံးနှင့်အတူ အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

သူက စကားများသူတစ်ယောက် ဖြစ်သည်။ စာသင်နေချိန်မှာတောင် တိုးတိုးလေး ပွစိပွစိလုပ်တတ်သူကို တစ်ပတ်လုံး စကားမပြောခိုင်းခြင်းသည် ပိုက်ဆံပြန်ဆပ်ခိုင်းခြင်းထက် ပိုခက်ခဲပေလိမ့်မည်။

"ဟာကွာ... မင်း မပြောချင်ရင်လည်း နေပေါ့။ ငါ့ကို သက်သက်မဲ့ အချဉ်လာဖမ်းနေတာလား"

ကျုံးခိုင်က ဘေးနားမှ ပခုံးလှုပ်သည်အထိ ရယ်မောလိုက်သည်။ "သူ အိပ်ရေးမဝရင် စိတ်တိုတတ်မှန်း မင်းသိရက်နဲ့ ဒီအချိန်မှ သွားကလိနေတာကိုး"

ကျုရန်သည် ကွင်းဘေးသို့ မတော်တဆ လှမ်းကြည့်လိုက်ရာ မိန်းကလေးအများအပြား ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဘယ်သူ့ကို လာကြည့်ကြမှန်း သိသာနေသဖြင့် ခေါင်းခါလိုက်သည်။ "ကျောင်းက မိန်းကလေးတွေ သနားပါတယ်။ တစ်ယောက်သောသူရဲ့ ရုပ်ရည်အသွင်အပြင်ကိုပဲမြင်ပြီး အဲ့ဒီသခင်လေးရဲ့ စိတ်နှလုံးမည်းတာကို မသိရှာကြဘူး"

ချန်လော့ပိုင်သည် ဘောလုံးကို ကိုယ်တိုင်သွားကောက်ပြီး ပြန်လာစဉ် နောက်ဆုံးစကားကို ကြားလိုက်ရသဖြင့် ခပ်တည်တည် ခေါင်းငြိမ့်ပြလိုက်သည်။ "စိတ်နှလုံး မည်းတယ်ပေါ့။ ကောင်းပြီလေ... နောက်ဆို ငါ့အစ်မအကြောင်း လာမမေးနဲ့တော့"

ကျုရန်က ကျုံးခိုင်ကို လက်ညှိုးထိုးပြလိုက်သည်။ "ငါ သူ့ကို ပြောနေတာပါ"

ကျုံးခိုင် ရယ်လိုက်သည်။ "ကျုရန်... မင်း မျက်နှာဘယ်နားသွားထားမလဲ"

ကွင်းပြင်တွင် ကျောင်းဝတ်စုံဝတ်ထားသော မိန်းကလေးများ၏အနောက်မှ ကျောင်းကားတစ်စီး ဖြတ်မောင်းသွားသည်။ ကျုရန်သည် ကားပေါ်မှ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။

"ကျောင်းလက်ရွေးစင်အသင်းက ထင်တယ်" သူ ချန်လော့ပိုင်ကို လှည့်ကြည့်လိုက်သည်။ "နောင်တရလား... မင်းသာ နည်းပြကမ်းလှမ်းတာကို လက်ခံလိုက်ရင် အခုချိန် အဲ့ဒီကားပေါ် ရောက်နေလောက်ပြီ"

ချန်လော့ပိုင် လှမ်းကြည့်လိုက်ပြီး စိတ်ခံစားချက်မပါသော လေသံဖြင့် ပြန်ဖြေသည်။ "ဘာကို နောင်တရရမှာလဲ"

ကျုရန် - "တစ်သက်မှာ တစ်ခါပဲကြုံရမယ့် အထက်တန်းကျောင်းပေါင်းစုံ ပြိုင်ပွဲလေ"

ချန်လော့ပိုင်သည် လက်ထဲမှ ဘောလုံးကို ပစ်သွင်းလိုက်ပြန်သည်။ "ဝါသနာဆိုတာ အိပ်မက်မှ မဟုတ်တာ"

ကျောင်းအသင်းသားများ တင်ဆောင်သွားသော ကားသည် ဝေးကွာသွားပြီဖြစ်သည်။

ကျုရန် အကြည့်ပြန်လွှဲလိုက်ပြီး ဟန်လုပ်ကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့... ငါတို့ သခင်လေးချန်က အမွေဆက်ခံစရာ ကုမ္ပဏီကြီးတွေ ရှိနေတာကိုး"

"ပေါက်ကရတွေ" ချန်လော့ပိုင် ရယ်မောရင်း ဆဲလိုက်သည်။ အိပ်ရေးပျက်၍ ဖြစ်ပေါ်နေသော ဒေါသများလည်း ပြေလျော့သွားပုံရသည်။

ကျုံးခိုင် - "အားလော့က အန်တီ့လို ရှေ့နေလုပ်ချင်တာ ပိုဖြစ်နိုင်တယ်"

ချန်လော့ပိုင် ပြန်မဖြေတော့ဘဲ တစ်ဖက်ကွင်းကို မေးဆတ်ပြလိုက်သည်။ "ဟိုဘက်က လူတွေကို 3v3 ခေါ်ကစားကြမလား"

…..

ကျိုးအန်းရန် အခန်းထဲပြန်ရောက်မှ ချန်လော့ပိုင်သည် ညနေခင်းတွင် အခန်း (၆) မှ ကောင်လေးများနှင့် 3v3 ကစားခဲ့ကြောင်း သိလိုက်ရသည်။

ယန်ရှင်းချန်းသည် ရာသီလာနေသော်လည်း ကိုက်ခဲခြင်းမရှိသဖြင့် ပေါ့ပါးသွက်လက်နေသည်။ သူမတို့သည် ကျောင်းပြင်ပတွင် ထမင်းစားပြီး၊ နို့လက်ဖက်ရည် ဝယ်သောက်ကာ စာရေးကိရိယာဆိုင်သို့ ဝင်ခဲ့ကြသဖြင့် ထိုပွဲကို လွဲချော်ခဲ့ရသည်။

နောက်မှ သူမ သိလိုက်ရသည်မှာ 3v3 ဆိုသည်မှာ ကွင်းတစ်ဝက်သာ ကစားရပြီး နိုင်ငံလက်ရွေးစင်အသင်းသည် ထိုအားကစားနည်းဖြင့် ဆုတံဆိပ်များ ရရှိခဲ့ကြောင်းဖြစ်သည်။

သို့သော် ထိုညတွင် အတန်းထဲမှ သူငယ်ချင်းများက ချန်လော့ပိုင် ၃ မှတ်တန်း ၆ လုံးသွင်းခဲ့ကြောင်း၊ ကျုရန်၊ ကျုံးခိုင်တို့နှင့်အတူ တစ်ဖက်အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့ကြောင်း ပြောဆိုနေကြသည်ကို ကြားသောအခါ သူမ သဘောကျသော ကောင်လေး၏ ကွင်းအတွင်း တောက်ပနေမည့်ပုံရိပ်ကို မမြင်တွေ့လိုက်ရသဖြင့် နောင်တရမိသည်။

သေချာပေါက် သူ အရမ်းကို ကြည့်ကောင်းပြီး တက်ကြွလန်းဆန်းနေမှာပဲ။

သို့သော် ညနေခင်းက ဘောလုံးပွဲသည် အတန်းထဲတွင် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခုတည်း မဟုတ်ပေ။ အထက်တန်း ဒုတိယနှစ်မှ စီနီယာအစ်မတစ်ယောက် ချန်လော့ပိုင်ကို ဖွင့်ပြောသည့်ကိစ္စကိုလည်း ပြောဆိုနေကြသည်။

ဘောလုံးပွဲအကြောင်း ပြောသလို ပွင့်ပွင့်လင်းလင်း မဟုတ်ဘဲ မိန်းကလေးများ သုံးလေးယောက် စုပြီး တိုးတိုးတိတ်တိတ် အတင်းပြောနေကြခြင်း ဖြစ်သည်။

ကျိုးအန်းရန်၏ ဘေးတွင်ထိုင်သော မိန်းကလေးအုပ်စုသည်လည်း ထိုအကြောင်း ပြောနေကြသည်။

"ငါ စုံစမ်းပြီးပြီ... ရှဲ့ လို့ခေါ်တယ်ထင်တယ်။ အခန်း (၆) က စီနီယာအစ်မ... တော်တော်သတ္တိရှိတာပဲ။ ငါတို့အခန်းထိ လာပြီး ချန်လော့ပိုင်ကို တားရဲတယ်" အတန်းထဲမှ ချိုက်ယွဲ့ဆိုသော မိန်းကလေးက ပြောလိုက်သည်။

ကျန်းရူရှန်းဆိုသော မိန်းကလေးက ဝင်ထောက်သည်။ "ရှဲ့ယွီဖေး မလား။ ဒီမျိုးရိုးက ရှားတော့ ဟုတ်လောက်တယ်... ဒုတိယနှစ်ရဲ့ အချောဆုံးစာရင်းဝင်ပဲ"

"အချောဆုံးစာရင်းဝင်ကိုး" ချိုက်ယွဲ့က ခေါင်းငြိမ့်လိုက်သည်။ "ဒါကြောင့် ဒီလောက် သတ္တိရှိတာနေမှာ"

"အဲ့ဒီအစ်မ ရှဲ့ကို ငါ မြင်ဖူးတယ်။ ရုပ်က သာမန်ပါပဲ" ဖျော်ဖြေရေးကော်မတီဝင် လိုယိချီက ဝင်ပြောသည်။

"သာမန်ရမလား... ငါသာ သူ့လိုရုပ်မျိုးရရင် အိပ်နေရင်းတောင် ထရယ်မိမှာ" ကျန်းရူရှန်းက သူမကို ကြည့်ပြီး စနောက်လိုက်သည်။ "နင်က အမြဲတမ်း ချန်လော့ပိုင်အကြောင်း ပြောနေတာဆိုတော့ နင်ကိုယ်တိုင်များ သူ့ကို ကြိုက်နေလို့..."

စကားမဆုံးခင် လိုယိချီက သူမပါးစပ်ကို လှမ်းပိတ်လိုက်သည်။ မျက်နှာတစ်ခုလုံး နီရဲနေ၏။ "သေချင်နေလား... နောက်တစ်ခါ အဲ့လိုလျှောက်ပြောရင် နင်တို့ကို ဘာအတင်းမှ လာမပြောပြတော့ဘူးနော်"

ကျန်းရူရှန်းက တောင်းပန်လိုက်သည်။ "ငါ မှားပါတယ်ဟယ်"

လိုယိချီက လက်လွှတ်ပေးလိုက်ပြီး ဆံပင်ကို သပ်တင်လိုက်သည်။ "ငါပြောချင်တာက ချန်လော့ပိုင်ကို လာပြောတဲ့ မိန်းကလေးတိုင်းက ချောကြတာချည်းပဲ။ အဲ့ဒီအထဲမှာ ဒီအစ်မရှဲ့က သိပ်ပြီး ထူးခြားမနေဘူးလို့ ပြောတာပါ"

ချိုက်ယွဲ့ - "အဲ့ဒါတော့ ဟုတ်တယ်"

လိုယိချီက လက်ချောင်းလေးများကို လိမ်ယှက်ရင်း မေးလိုက်သည်။ "ဒါနဲ့ ချန်လော့ပိုင်က သူ့ကို လက်ခံလိုက်လား"

ချိုက်ယွဲ့ - "အဲ့ဒါလည်း ငါ စုံစမ်းပြီးပြီ... လက်မခံလိုက်ဘူးတဲ့"

"......"

ကျိုးအန်းရန်သည် ခေါင်းငုံ့ပြီး သင်္ချာအိမ်စာလုပ်နေခြင်းဖြစ်သည်။ ဘောပင်ကို ကိုင်ထားသော လက်များ ပြေလျော့သွားသည်။

နောက်ခုံမှ ဟယ်မင်ယွီက သူမပခုံးကို ဘောပင်ဖြင့် တို့လိုက်သည်။ "ကျိုးအန်းရန်၊ ငါ့ကို ဒီစာကြောင်းလေး ဘာအဓိပ္ပာယ်လဲ ကြည့်ပေးပါဦး"

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ ဟယ်မင်ယွီက စာအုပ်ကို သူမရှေ့ တိုးပေးလိုက်ပြီး မျဉ်းသားထားသော အင်္ဂလိပ်စာကြောင်းကို ထောက်ပြသည်။ "ဒီစာကြောင်း"

ကျိုးအန်းရန် စာအုပ်ကို တည့်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။

ဟယ်မင်ယွီသည် သူမ၏ လိပ်ပြာတောင်ပံကဲ့သို့ ရှည်လျားသော မျက်တောင်လေးများကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။

ကျိုးအန်းရန်က စာကြောင်းထဲမှ စာလုံးတစ်လုံးကို ထောက်ပြလိုက်သည်။ "ဒီစာကြောင်းမှာ black ဆိုတာက 'ဒေါသထွက်တာ၊ မုန်းတီးတာ' လို့ အဓိပ္ပာယ်ရတယ်"

ဟယ်မင်ယွီက ခေါင်းငုံ့ကြည့်လိုက်သည်။ "ကျေးဇူးပဲ"

"ရပါတယ်"

ကျိုးအန်းရန် ခေါင်းမော့လိုက်ချိန်တွင် ဒုတိယအုပ်စု၊ ဆဌမမြောက်တန်းဆီသို့ အကြည့်ရောက်သွားမိသည်။ ထိုင်ခုံက လွတ်နေဆဲပင်။

သူ 3v3 ကစားပြီးနောက် ကျုရန်တို့နှင့်အတူ ထမင်းထွက်စားသွားပြီး၊ အခန်း (၆) မှ ကောင်လေး ၃ ယောက်လည်း ပါသွားသည်ဟု ကြားသည်။ ညပိုင်း စာလေ့လာချိန် နီးကပ်နေပြီ ဖြစ်သည်။ သူ ပြန်မလာလျှင် နောက်ကျတော့မည်။

ကျိုးအန်းရန် ဖြည်းညှင်းစွာ ပြန်လှည့်လာခဲ့သည်။ လိုယိချီတို့ အုပ်စုသည် လက်ရှိနာမည်ကြီးနေသော ဇာတ်လမ်းတွဲအကြောင်း ပြောင်းလဲပြောဆိုနေကြသော်လည်း အနောက်ဘက်မှ မိန်းကလေးအချို့က ညနေခင်းက ချစ်ခွင့်ပန်သည့်ကိစ္စကို ဆွေးနွေးနေကြပြန်သည်။

ရင်းနှီးသော နာမည်တစ်ခု နားထဲသို့ ရံဖန်ရံခါ ဝင်ရောက်လာသည်။

ဒီမနက် သူ ဘာကြောင့် ကျုရန်ကို လိမ်ပြောခဲ့လဲဆိုတာ ကျိုးအန်းရန် ရိပ်မိသလို ရှိသည်။ ဒါပေမဲ့ သူ ဖြစ်သလိုပြောလိုက်တဲ့ စကားတစ်ခွန်းက ကျောင်းမှာ ရေပန်းစားသွားလိမ့်မယ်လို့ သူ ထင်ထားမိမှာ မဟုတ်ဘူး။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅ ။ လီမွန် : ဒူးထောက်ပြီး ကျေးဇူးတင်သင့်တယ်

အစပြုပုံမှာ အခြားအတန်းမှ မိန်းကလေးများ အတန်းထဲသို့လာပြီး ချန်လော့ပိုင်ကို ရှာသည့်အခါတိုင်း၊ ကျုရန်က နောက်နားမှနေ၍ အသံကျယ်ကျယ်ဖြင့် စနောက်တတ်ခြင်းမှ စတင်ခဲ့သည်။

"ချန်လော့ပိုင်ရေ... မိန်းကလေးတစ်ယောက် မင်းကို သင်္ချာမေးခွန်းလာမေးပြန်ပြီ"

သူ့စနောက်မှုတွင် မလိုမုန်းထားမှု မပါဝင်သည့်အပြင်၊ တစ်ဖက်သားအတွက်လည်း အဆင်ပြေစေမည့် ထွက်ပေါက်တစ်ခု ပေးထားသကဲ့သို့ ဖြစ်နေသည်။ တခြားအတန်းမှ မိန်းကလေးများလည်း စိတ်မဆိုးကြဘဲ မျက်နှာများသာ ရဲသွားကြသည်။

ထိုမိန်းကလေးများ အားလုံး လက်လျှော့ပြန်သွားကြရသော်လည်း "သင်္ချာမေးခွန်းမေးတယ်" ဆိုသော အသုံးအနှုန်းသည် လူသိများလာခဲ့သည်။

စစချင်း သူတို့အတန်းတွင် စတင်ပြီး နောက်ပိုင်း အခြားအတန်းများသို့ ပျံ့နှံ့သွားသည်။ ကျောင်းတစ်ကျောင်းလုံး ပျံ့နှံ့သွားချိန်တွင် ထိုစကားစုသည် အဓိပ္ပာယ်တစ်မျိုး ပြောင်းလဲသွားခဲ့သည်။

"နင့်ကို သင်္ချာမေးခွန်းတစ်ခုလောက် မေးလို့ရမလား" ဆိုသော စကားသည် "ငါ နင့်ကို ကြိုက်တယ်"၊ "ငါတို့ တွဲရအောင်"၊ "စမ်းတွဲကြည့်မလား"၊ "ဒီည လသာတယ်နော်" စသည့် စကားများအစား အထက်တန်းကျောင်းသားများအကြား နားလည်မှုယူထားသော ချစ်ခွင့်ပန်သည့် စကားဝှက်တစ်ခု ဖြစ်လာခဲ့သည်။

သာမန်စာကြောင်းတစ်ကြောင်းမှသည် လူငယ်ဘဝ၏ လျှို့ဝှက်ပြီး ရင်ခုန်စရာကောင်းသော စကားတစ်ခွန်း ဖြစ်လာခဲ့သည်။

အဓိကအချက်မှာ "လုံခြုံမှု" ရှိခြင်းပင်။ ငြင်းပယ်ခံရလျှင်လည်း ရှက်စရာမလိုသော မေးခွန်းတစ်ခု ဖြစ်သည်။

ဆရာ၊ ဆရာမများ မိသွားလျှင်လည်း "တရားဝင်" ဆင်ခြေပေးနိုင်သော မေးခွန်းတစ်ခုဖြစ်သည်။

ပြဿနာမှာ တကယ်တမ်း သင်္ချာပုစ္ဆာမေးလိုသော ကျောင်းသားများအနေဖြင့် ဆန့်ကျင်ဘက်လိင် သူငယ်ချင်းများကို မမေးရဲတော့သည့် အဖြစ်သို့ ရောက်သွားခြင်းပင်။ လိင်တူချင်း မေးလျှင်တောင် သိပ်စိတ်မချရတော့ပေ။

Boys Love ယဉ်ကျေးမှု ထွန်းကားနေသော ခေတ်ဖြစ်၍ ယောကျ်ားလေးအချင်းချင်း မေးမိလျှင်လည်း အဓိပ္ပာယ်ကောက် လွဲသွားနိုင်သည်။ တစ်ခါတစ်ရံ ယောကျ်ားလေးတစ်ယောက်က အတန်းဖော်ယောကျ်ားလေးကို မေ့ပြီး ထိုစကားဖြင့် မေးလိုက်လျှင် မိန်းကလေးများက ဝိုင်းစတတ်ကြသဖြင့် "ငါတို့ကြားမှာ ဘာမှမရှိပါဘူး" ဟု အမြန်ရှင်းရတတ်သည်။

ထို့ကြောင့် သင်္ချာဆရာများကို သွားရောက်မေးမြန်းသော ကျောင်းသားအရေအတွက် စံချိန်တင် များပြားလာခဲ့သည်။ အခန်း (၂) သည် ထိုကိစ္စ၏ မြစ်ဖျားခံရာဖြစ်သဖြင့် ပို၍ သိသာသည်။

သင်္ချာဆရာနှင့် အတန်းပိုင်ဆရာဖြစ်သော ဆရာကောင်းသည် နားမလည်နိုင်ဖြစ်ကာ ညပိုင်း စာလေ့လာချိန်တွင် မေးမြန်းလာခဲ့သည်။ "မင်းတို့ ဘာတွေဖြစ်နေကြတာလဲ"

နိုဝင်ဘာလလယ် ရောက်နေပြီဖြစ်ပြီး နောက်တစ်နေ့တွင် ကြားဖြတ်စာမေးပွဲ ဖြေဆိုရတော့မည်။ ဆောင်းဦးနှောင်းပိုင်း ရောက်နေသော်လည်း နန်ချန်မြို့၏ အပူချိန်သည် ပြန်တက်လာပြီး နေ့ဘက်တွင် ဒီဂရီ ၂၀ ကျော်ကာ ညဘက်တွင် ၁၀ ဒီဂရီကျော် ရှိသည်။ ပြတင်းပေါက်မှ တိုးဝှေ့လာသော လေပြေလေညင်းသည် အေးမြပြီး နေလို့ကောင်းသော ရာသီဥတုဖြစ်သည်။

ဆရာကောင်းသည် ဆံပင်ပါးနေသော ခေါင်းကိုပွတ်သပ်ရင်း ကျောင်းသားများကို သံသယဖြင့် ကြည့်လိုက်သည်။ "ဒီရက်ပိုင်း သင်္ချာလေ့လာချင်စိတ်တွေ တအားထက်သန်နေကြပါလား။ ငါ့ကို ပုစ္ဆာလာမေးတဲ့လူတွေ တော်တော်များနေတယ်"

မေးလိုက်သည်နှင့် တစ်တန်းလုံး ရယ်မောသံများ ထွက်ပေါ်လာသည်။ အောင့်ရယ်သူ၊ ခိုးရယ်သူ၊ အားရပါးရ ရယ်သူ အမျိုးမျိုး ရှိကြသည်။

ဆရာကောင်းက အားရပါးရ ရယ်နေသော တစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ "ကျုရန်... မတ်တပ်ရပ်စမ်း။ ဘာတွေ ဒီလောက် ရယ်စရာကောင်းနေတာလဲ"

ကျုရန်သည် ဗိုက်နှိပ်ပြီး ထရပ်လိုက်သည်။ ဘေးနားမှ သခင်လေးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်များထွက်မတတ် ရယ်မောနေရာမှ အတည်ပေါက် ပြန်ပြောလိုက်သည်။ "ဆရာ... ကျွန်တော်တို့အတန်းက သင်္ချာလေ့လာဖို့ စိတ်အားထက်သန်နေကြလို့ ဝမ်းသာပြီး ရယ်မိတာပါ။ ဒီပုံစံအတိုင်းဆို ဒီတစ်ခါ စာမေးပွဲမှာ အတန်းလိုက် အဆင့်တစ်ရမယ့်အပြင် ပျမ်းမျှအမှတ်က အခန်း (၁) ထက်တောင် အများကြီး သာနေဦးမယ်လို့ ထင်ပါတယ်"

ဆရာကောင်းသည် တစ်နေရာရာ လွဲနေသည်ဟု ခံစားရသည်။ သို့သော် စဉ်းစားကြည့်တော့လည်း မှားတာ မတွေ့ရပြန်ပေ။ ဘာကြောင့် ဒီလောက် ရယ်နေကြမှန်းတော့ မသိ။ ခေတ်ကွာဟမှုကြောင့် ဖြစ်မည်။

ဒါပေမဲ့ ကျုရန်ပြောတာ နားထောင်လို့ကောင်းသဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ပြန်ထိုင်တော့"

ကျုရန် ထိုင်မလို့ လုပ်နေစဉ် တစ်စုံတစ်ယောက်က သူ့ကုလားထိုင်ကို ဆွဲရွှေ့လိုက်သည်ကို ဆရာကောင်း မြင်လိုက်ရသည်။

ဆရာကောင်း သတိမပေးနိုင်ခင် ကျုရန် ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားတော့သည်။

"ချန်လော့ပိုင်... မင်း ထစမ်း"

ဆရာကောင်း၏ အသံထွက်ပေါ်လာသည်နှင့် အတန်းထဲမှ ကျောင်းသားအများစု လှည့်ကြည့်ကြသည်။ ကျိုးအန်းရန်လည်း အများနည်းတူ ရောယောင်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

"မင်းက ဘာကိစ္စ ကျုရန်ရဲ့ ကုလားထိုင်ကို ဆွဲဖယ်လိုက်တာလဲ"

အကွာအဝေးတစ်ခုမှ လှမ်းကြည့်ရာ ကောင်လေး၏လက်ထဲတွင် ကုလားထိုင်ကို ကိုင်ထားဆဲဖြစ်ပြီး လက်ကောက်ဝတ်မှ မှဲ့လေးကိုမူ ဝါးတားတားသာ မြင်ရသည်။ သူသည် ပေါ့ပေါ့ပါးပါး ရပ်နေပြီး ကြမ်းပြင်ပေါ်မှ ကျုရန်ကို တစ်ချက်ငုံ့ကြည့်ကာ ပြုံးလိုက်သည်။

"ဆရာ... သူ ကျွန်တော် သင်္ချာလေ့လာနေတာကို နှောင့်ယှက်လို့ပါ"

ကျိုးအန်းရန်၏ အထင်လား မပြောတတ်၊ သူက "သင်္ချာ" ဆိုသော စကားလုံးကို အနည်းငယ် အလေးအနက်ထား ပြောလိုက်သလို ခံစားရသည်။ ထင်ယောင်ထင်မှား ဖြစ်မည်။ တစ်တန်းလုံး ရယ်မောသံများ ထွက်ပေါ်လာပြန်သည်။

ဆရာကောင်းသည် ဤကိစ္စ၏တရားခံမှာ ကျုရန်ဖြစ်ကြောင်း မသိရှာပေ။ ကျောင်းသားများ ဘာကြောင့်ရယ်နေမှန်းလည်း နားမလည်။

သို့သော် ဆရာဆိုသည်မှာ စာတော်သော ကျောင်းသားများကို မျက်နှာသာပေးလေ့ရှိပြီး၊ ချန်လော့ပိုင်ပေးသော အကြောင်းပြချက်ကလည်း ခိုင်လုံနေသဖြင့် သူနှင့် ကျုရန် စနောက်နေကြသည်ဟုသာ မှတ်ယူလိုက်သည်။

နောက်ဆုံးတွင် သူ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "ပြန်ထိုင်တော့... စာလေ့လာချိန်မှာ မဆော့ကြနဲ့"

ကျုရန်သည် ဖင်ကိုပွတ်ရင်း ထရပ်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "ဆရာ... ဆရာ မျက်နှာလိုက်တယ်။ သူ့ကို အနောက်မှာ မတ်တပ်ရပ်ခိုင်းသင့်တာ"

ဆရာကောင်းက သူ့ကိုကြည့်လိုက်သည်။ "မင်း ခုနက ရယ်တာ ဟိုဘက်ခန်းတောင် ကြားရလောက်တယ်။ မင်းကိုရော အနောက်သွားပြီး မတ်တပ်ရပ်ခိုင်းရမလား"

ကျုရန် ပါးစပ်ပိတ်သွားသည်။

"ကဲ... စိတ်ပြန်စုကြတော့... မနက်ဖြန် ကြားဖြတ်စာမေးပွဲ ရှိတယ်။ အခန်း (၁) ကို မနိုင်ရင် မင်းတို့နဲ့ စာရင်းရှင်းမယ်"

ကျိုးအန်းရန် ပြန်လှည့်လာခဲ့သည်။ ကောင်လေး၏အပြုံးသည် စိတ်ထဲတွင် စွဲကျန်ရစ်ခဲ့သည်။ ရင်ခုန်သံများ မငြိမ်သက်နိုင်သေးပေ။

……

ကြားဖြတ်စာမေးပွဲ ဖြေဆိုသော နှစ်ရက်တွင်လည်း ရာသီဥတု ကောင်းမွန်ခဲ့သည်။

အမှတ် (၂) အထက်တန်းကျောင်းမှ ဆရာများသည် စာစစ်မြန်ကြသည်။ စာမေးပွဲပြီးနောက် နောက်တစ်နေ့ညတွင် ဘာသာရပ်အချို့၏အမှတ်များ ထွက်လာတတ်သည်။

ထိုနေ့ညနေတွင် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့ အပြင်ထွက်စားပြီး နို့လက်ဖက်ရည် ဝယ်သောက်ခဲ့ကြသည်။ အတန်းထဲ ပြန်ရောက်ပြီး ထိုင်လိုက်သည်နှင့် ရှေ့ခုံမှ အင်္ဂလိပ်စာ ဘာသာရပ်ကိုယ်စားလှယ် ရှန့်ရှောင်ဝမ် ပြန်ရောက်လာသည်။

ရှန့်ရှောင်ဝမ်သည် နေရာတွင် သေချာမထိုင်ဘဲ နောက်လှည့်ကာ ကျိုးအန်းရန်၏ စာအုပ်ပေါ် မေးတင်ပြီး စိတ်ပျက်လက်ပျက် ကြည့်နေသည်။

ကျိုးအန်းရန် နို့လက်ဖက်ရည်ကို ကိုင်ထားရင်း မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... စာမေးပွဲ မဖြေနိုင်ဘူးလား"

ရှန့်ရှောင်ဝမ် - "ငါ ၁၄၆ မှတ် ရတယ်"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ "ကောင်းသားပဲ... ၄ မှတ်ပဲ လျော့တာ... ဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ"

ရှန့်ရှောင်ဝမ်က သူမကို ပိုပြီး စိတ်ပျက်သလို ကြည့်လိုက်သည်။ "နင်က ၁၄၇ မှတ် ရတယ်"

ဟင်။ ကျိုးအန်းရန် အံ့သြသွားသည်။ သူမ၏ အင်္ဂလိပ်စာအမှတ်သည် ပုံမှန်အားဖြင့် အတန်းထဲတွင် အဆင့် ၅ အတွင်း ဝင်လေ့ရှိပြီး ဒီတစ်ခါလည်း ဖြေနိုင်သည်ဟု ထင်ထားသော်လည်း ရှန့်ရှောင်ဝမ်ထက် ၁ မှတ်သာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှန့်ရှောင်ဝမ်က ဆက်ပြောသည်။ "ပြီးတော့ လူမဟုတ်တဲ့ ချန်လော့ပိုင်က ၁၄၉ မှတ် ရတယ်... နင်တို့နှစ်ယောက်ကြောင့် ငါ့လို ဘာသာရပ်ကိုယ်စားလှယ်က ဘယ်နားသွားနေရမလဲ"

ကျိုးအန်းရန်သည် ချန်လော့ပိုင်နှင့် သူမကို "နင်တို့နှစ်ယောက်" ဟု တွဲပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကိစ္စမရှိသော အကြောင်းအရာတစ်ခုတွင် တွဲခေါ်ခံရခြင်းဖြစ်သော်လည်း သူမ ပျော်ရွှင်မိသည်။

ကျိုးအန်းရန် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီးမှ ရှန့်ရှောင်ဝမ် စိတ်ဓာတ်ကျနေသည်ကို မြင်၍ အမြန်ပြန်ထိန်းလိုက်သည်။

ရှန့်ရှောင်ဝမ် - "ရပါတယ်... ပျော်ရင်လည်း ပျော်လိုက်ပါ... ငါ့ကို အားနာမနေပါနဲ့"

ကျိုးအန်းရန်က နှစ်သိမ့်လိုက်သည်။ "နင်က စကားပြောပြိုင်ပွဲမှာ တစ်မြို့လုံးပထမ ရထားတာလေ... ငါတို့အားလုံးထက် တော်ပါတယ်"

ရှန့်ရှောင်ဝမ် ပြန်လည်တက်ကြွလာသည်။ "အဲ့ဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ ချန်လော့ပိုင်က ပြီးခဲ့တဲ့တစ်ခါ မပြိုင်လိုက်ရလို့ ငါ ဒီတစ်ခါ သူ့ကို နိုင်ချင်နေတာ။ ထားလိုက်ပါတော့... ဆရာ့ဆီသွားပြီး ငါ့ကိုကျော်တက်တဲ့ တခြားလူရှိသေးလား သွားကြည့်လိုက်ဦးမယ်"

ပြောပြီးသည်နှင့် ဝုန်းခနဲ ထွက်သွားတော့သည်။

ကျိုးအန်းရန် နို့လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ ဒီနေ့သောက်ရတာ ပိုချိုနေသလိုပဲ။

ယန်ရှင်းချန်းက ဘေးနားကပ်လာသည်။ "ငါကြားတယ်နော်... နင် အင်္ဂလိပ်စာ ဒုတိယရတယ်ဆို။ မုန့်ဝယ်ကျွေးရမယ်"

"မနက်ဖြန်ညစာ ငါဝယ်ကျွေးမယ်" ကျိုးအန်းရန် ပြန်ဖြေရင်း ရှန့်ရှောင်ဝမ် ပြောသွားသော "နင်တို့နှစ်ယောက်" ဆိုသည့် စကားကို ပြန်တွေးမိကာ အင်္ဂလိပ်စာအုပ် ဆွဲထုတ်လိုက်သည်။

ယန်ရှင်းချန်း နားမလည်နိုင် ဖြစ်သွားသည်။ "နင် ဘာလို့ အင်္ဂလိပ်စာ ထပ်ကြည့်နေတာလဲ။ ဒုတိယတောင် ရနေပြီကို... ချန်လော့ပိုင်ကို ကျော်မလို့လား"

ကျိုးအန်းရန် စာအုပ်လှန်နေသော လက် ရပ်တန့်သွားသည်။

သူ့ကို ကျော်တက်ဖို့ ကြိုးစားရမလား။ မဆိုးပါဘူး။ သူ့ကို ကျော်နိုင်ရင် သူ ငါ့ကို နည်းနည်းလေးဖြစ်ဖြစ် သတိထားမိလာမလား။

သူမ အတွေးများနေသဖြင့် ပြန်မဖြေဖြစ်ခင် ယန်ရှင်းချန်းက ခေါင်းစဉ်ပြောင်းလိုက်သည်။ "ဒါပေမဲ့ ရှန့်ရှောင်ဝမ်က သိပ်ပြီး အရှက်သည်းတာပဲ။ အင်္ဂလိပ်စာ ဒီလောက်တော်တာကို ဘာသာရပ်ကိုယ်စားလှယ် လုပ်ရမှာ ရှက်နေတယ်။ တချို့လူတွေဆို ချန်လော့ပိုင်ကို မနိုင်ဘဲနဲ့ သင်္ချာကိုယ်စားလှယ် လုပ်နေတာပဲကို"

"တချို့လူတွေ" ဆိုသည်မှာ သူမအနောက်တွင်ထိုင်သော တုန်းချန်ကို ဆိုလိုခြင်းဖြစ်သည်။

တုန်းချန် ပြန်ရောက်လာသည်ကို မြင်သောအခါ ကျိုးအန်းရန်က ယန်ရှင်းချန်းကို အင်္ကျီဆွဲသတိပေးလိုက်သည်။

ယန်ရှင်းချန်း နားမလည်ပေ။ "ဘာဖြစ်လို့လဲ"

နောက်ခုံမှ လှောင်ရယ်သံ ထွက်ပေါ်လာသည်။ "ငါက သင်္ချာမှာ ဒုတိယတော့ ရပါသေးတယ်။ တချို့လူတွေကျတော့ သင်္ချာ ၁၂၀ ကျော်လောက်ပဲ ရပြီး နို့လက်ဖက်ရည် ထိုင်သောက်နေကြတယ်"

ယန်ရှင်းချန်းသည် ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူမ၏အိုင်ဒေါကို အတင်းပြောနေသည်ကို လူမိသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင်စလို မေးလိုက်သည်။ "တုန်းချန်၊ နင် ဘယ်သူ့ကို ပြောတာလဲ... ဘယ်သူက ၁၂၀ ကျော်ပဲ ရတာလဲ"

တုန်းချန်က မျက်နှာတည်တည်ဖြင့် ပြန်ဖြေသည်။ "ဘယ်သူရှိဦးမှာလဲ။ ကျိုးအန်းရန်တော့ မဟုတ်တာ သေချာတယ်"

ယန်ရှင်းချန်း ပြန်လှည့်လာပြီး ကျိုးအန်းရန်ကိုကြည့်ကာ ကမ္ဘာပျက်တော့မည့် ရုပ်မျိုးဖြင့် ညည်းတွားလိုက်သည်။ "သွားပြီ သွားပြီ... ငါ့အမေက ငါ့အခန်းထဲက အိုင်ဒေါနဲ့ပတ်သက်တဲ့ ပစ္စည်းမှန်သမျှ အကုန်သိမ်းပြီး သော့ခတ်ထားတော့မှာ သေချာတယ်"

ကျိုးအန်းရန် - "အန်တီက ဘာလို့ ရုတ်တရက်ကြီး နင့်အိုင်ဒေါပစ္စည်းတွေကို သော့ခတ်ချင်ရတာလဲ"

"ငါ အိုင်ဒေါကို အရူးအမူးစွဲလမ်းနေရင် သင်္ချာအမှတ်တွေ တောက်လျှောက်ကျပြီး နောက်ဆို ငါ့အိုင်ဒေါလိုပဲ သင်္ချာညံ့သွားလိမ့်မယ်လို့ ပြောတယ်လေ" ယန်ရှင်းချန်းသည် သူမအိုင်ဒေါအကြောင်း စပြောမိသည်နှင့် စကားမဆုံးနိုင်တော့ပေ။ "ငါ့အမေက ငါ့အိုင်ဒေါကို ကိုယ်တိုင် ကြိုက်နေလို့များလားလို့တောင် သံသယဖြစ်မိတယ်။ မဟုတ်ရင် ငါ့အိုင်ဒေါ သင်္ချာညံ့တာကို သူက ဘယ်လိုလုပ် သိနေတာလဲ။ ငါ့အိုင်ဒေါက ဒီလောက် တော်နေတာကို... သီချင်းဆိုကောင်းတယ်၊ သီချင်းရေးလည်း ကောင်းတယ်၊ သဘောထားကလည်း ပြည့်ဝသေးတယ်၊ ရုပ်ကလည်း ချောသေး... ကောင်းကွက်တွေက ရေတွက်လို့တောင် မကုန်ဘူး"

ရှန့်ရှောင်ဝမ်၏ စကားကြောင့် ကျိုးအန်းရန်၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို စွဲလမ်းနေမိသဖြင့် သူမသည် နောက်ပြောင်သလိုမျိုး နှုတ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။ "ဘာလဲ... ဘုရားသခင်က နင့်အိုင်ဒေါအတွက်လည်း ကောင်းကင်ဘုံသွားလမ်း ဖောက်ပေးထားလို့လား"

ယန်ရှင်းချန်း ခေါင်းခါလိုက်ပြီး ပါးကို လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။ "မဟုတ်ဘူး... သူက ငါ့ရဲ့ မိုးကောင်းကင်! ငါ့ရဲ့ ဘုရားသခင်! ငါ့ရဲ့ ဖန်ဆင်းရှင်!"

"ငါ့ရဲ့ မိုးကောင်းကင်၊ ငါ့ရဲ့ ဘုရားသခင်၊ ငါ့ရဲ့ ဖန်ဆင်းရှင် တဲ့" နောက်ခုံမှ တုန်းချန်က ရွဲ့တဲ့တဲ့ လေသံဖြင့် သူမစကားကို လိုက်ပြောသည်။ "နင် မရွံဘူးလား"

"သေချင်နေလား" ယန်ရှင်းချန်းသည် စားပွဲပေါ်မှ ကြမ်းပစာအုပ်ကို ကောက်ယူပြီး သူ့ကို လှမ်းရိုက်လိုက်သည်။ "ငါ့အိုင်ဒေါကို ရွံစရာကောင်းတယ်လို့ ပြောရဲတယ်ပေါ့"

တုန်းချန်က လက်ဖြင့် ကာလိုက်သည်။ "နင်ကကျတော့ ငါ့ကို မျက်နှာပြောင်တိုက်တယ်လို့ပြောပြီး၊ ငါကကျတော့ နင့်ကို ပြန်မပြောရဘူးလား။ ယန်ရှင်းချန်း... နင်က မိန်းကလေးဖြစ်နေလို့ ငါ ပြန်မချရဲဘူးများ ထင်နေလား"

"ပြန်ချကြည့်လေ... ချနိုင်ရင် ချကြည့်" ယန်ရှင်းချန်းက ပြန်ခံပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ရှေ့နောက်ထိုင်ကြပြီး သုံးရက်တစ်ခါလောက် ရန်ဖြစ်နေကျ ဖြစ်သည်။

ကျိုးအန်းရန်သည် နေသားကျနေပြီဖြစ်၍ နို့လက်ဖက်ရည်ကို မယူလိုက်ရင်း ချန်လော့ပိုင်၏ လူလွတ်နေသော ခုံကို မတော်တဆ ကြည့်မိသယောင်ယောင်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။

တုန်းချန်က ပြန်ချမယ်သာ ပြောသော်လည်း တကယ် ပြန်မလုပ်ပေ။ "ကျိုးအန်းရန်၊ နင့်သူငယ်ချင်း ယန်ရှင်းချန်းကို ထိန်းပါဦး"

ကျိုးအန်းရန်သည် နို့လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်ပြီး ရယ်မောကာ ခေါင်းခါပြလိုက်သည်။ "မထိန်းနိုင်ပါဘူး... ငါတောင် သူ့အိုင်ဒေါ မကောင်းကြောင်း တစ်ခွန်းမှ မပြောရဲဘူး"

တုန်းချန်သည် ယန်ရှင်းချန်းကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အပြုံးရိပ်များ ပါဝင်နေသည်။ "အေးပါ အေးပါ... ငါ မှားပါတယ်။ နင့်အိုင်ဒေါက ငါ့ရဲ့ မိုးကောင်းကင်၊ ငါ့ရဲ့ ဘုရားသခင်၊ ငါ့ရဲ့ ဖန်ဆင်းရှင်ပါပဲ... ကျေနပ်ပြီလား"

ယန်ရှင်းချန်းက လက်ပြန်ရုတ်လိုက်သည်။ "ဟွန့်... အလိုက်သိလို့ တော်သေးတာပေါ့"

ရန်ပွဲ ပြီးသွားလေသည်။

ကျိုးအန်းရန်သည် အခွင့်ကောင်းယူပြီး နောက်ဘက်သို့ တစ်ချက်ထပ်ကြည့်လိုက်သည်။ ထိုနေရာက လွတ်နေဆဲပင်။

သူမ ပြန်လှည့်လာချိန်တွင် ယန်ရှင်းချန်းက စားပွဲအံဆွဲထဲ စမ်းတဝါးဝါးဖြင့် နားကြပ်တစ်ချောင်း ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။

"သီချင်း နားထောင်မလို့လား" ကျိုးအန်းရန် မေးလိုက်သည်။ "သင်္ချာပုစ္ဆာ နည်းနည်းလောက် ပိုမတွက်တော့ဘူးလား"

ယန်ရှင်းချန်း - "မရဘူး... မုန်တိုင်းမလာခင် သီချင်းနားထောင်ပြီး စွမ်းအင်ဖြည့်ထားမှ ဖြစ်မယ်"

ကျိုးအန်းရန် - "......"

"နင် နားထောင်မလား" ယန်ရှင်းချန်းက နားကြပ်တစ်ဖက်ကို ကမ်းပေးလိုက်သည်။ "တကယ်လို့ ငါ့နားကြပ်ကိုပါ အမေသိမ်းသွားရင် နားထောင်ရတော့မှာ မဟုတ်ဘူး"

ကျိုးအန်းရန် ရယ်မောလိုက်သည်။ "ဘယ်လောက်တောင် ဆိုးရွားမှာမို့လို့လဲ။ အိမ်ပြန်ရောက်ရင် အန်တီ့ကို ငါ ကူပြောပေးမယ်"

သူမ ပြောရင်းဆိုရင်း နားကြပ်ကို လှမ်းယူလိုက်သည်။ ထိုစဉ် အခန်းရှေ့ပေါက်မှ စကားပြောသံများ ထွက်ပေါ်လာသည်။

"ငါက အဲ့နေ့တုန်းက ရယ်လိုက်မိရုံလေးပါ။ သူက တမင်တကာ ငါ့ကုလားထိုင်ကို ဆွဲဖယ်ပြီး ငါ့ကို လဲကျအောင် လုပ်တယ်" ကျုရန်၏ အသံဖြစ်သည်။

သူတို့နှင့် ခင်မင်သော အခန်း (၄) မှ ကျုံးခိုင်က ဝင်ထောက်သည်။ "မင်း အဲ့လောက်တောင် ပွဲကြမ်းနေတာကို... သူက မင်းကို ကြမ်းပြင်ပေါ် ဖိပြီး မထိုးတာပဲ ကံကောင်းတယ်မှတ်"

ထို့နောက် အလွန်ရင်းနှီးသော... အပြုံးရိပ်သန်းနေသော အသံပိုင်ရှင်၏ စကားသံ ထွက်ပေါ်လာသည်။

"ဟုတ်တယ်... ဒူးထောက်ပြီး ကျေးဇူးတင်သင့်တယ်"

ကျိုးအန်းရန် မော့ကြည့်လိုက်ရာ ချန်လော့ပိုင်သည် ပြုံးရွှင်စွာဖြင့် ရှေ့ပေါက်မှ ဝင်လာသည်ကို တွေ့လိုက်ရသည်။

ရာသီဥတု ပူပြင်းသဖြင့် ကောင်လေးသည် နွေရာသီဝတ်စုံကို ပြန်လဲဝတ်ထားသည်။ လက်မောင်းကြားတွင် လိမ္မော်ရောင် ဘတ်စကက်ဘောလုံးကို ညှပ်ထားပြီး၊ နဖူးပေါ်တွင် ဝဲကျနေသော ဆံပင်နက်နက်လေးများမှာ ချွေးစိုနေသည်။ သူ့မျက်ခုံးနှင့် မျက်ဝန်းများသည် နက်ရှိုင်းပြီး သန့်ရှင်းကြည်လင်သော၊ လူငယ်ဆန်သော အပြုံးများဖြင့် တောက်ပနေသည်။

သူမ ကြည့်နေသည်ကို သတိထားမိသွားသကဲ့သို့ သူ ရုတ်တရက် မျက်လုံးလှန်ပြီး သူမရှိရာဘက်သို့ လှမ်းကြည့်လာသည်။

ကျိုးအန်းရန် ရင်ထိတ်သွားပြီး ခေါင်းကို ငုံ့ချလိုက်ကာ နားကြပ်ကို နားထဲသို့ ကမန်းကတန်း ထိုးထည့်လိုက်သည်။ နားကြပ်ထဲမှ သီချင်းသံ ချက်ချင်း ထွက်ပေါ်လာသည်——

"သက်တံ့တစ်စင်းကို ဘယ်လိုပိုင်ဆိုင်ရမလဲ... နွေရာသီလေပြေကို ဘယ်လို ဖက်တွယ်ထားရမလဲ"

ဆောင်းဦးနှောင်းပိုင်း၏ လေသည် နွေရာသီ မကုန်ဆုံးသေးသကဲ့သို့ ပူပြင်းနေဆဲဖြစ်သည်။ သူသည် သူမ၏ နွေရာသီကို ဖြတ်တိုက်သွားသော လေပြေတစ်ချက်နှင့် တူလေသည်။ အနီးအဝေးမှ ခံစားနိုင်ရုံသာရှိပြီး... ဖမ်းဆုပ်လို့လည်းမရ၊ ဖက်တွယ်ထားလို့လည်း မရနိုင်ပေ။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၆ ။ လီမွန် : ငါက ဘာကိစ္စ သူ့နာမည်ကို မှတ်ထားရမှာလဲ

သောကြာနေ့တွင် ကြားဖြတ်စာမေးပွဲ ရလဒ်များနှင့် အဆင့်သတ်မှတ်ချက်များ တရားဝင် ထွက်ပေါ်လာသည်။

ချန်လော့ပိုင်သည် ပြိုင်ဘက်ကင်း အဆင့် (၁) နေရာတွင် ရပ်တည်နေဆဲဖြစ်ပြီး၊ ကျုရန်ပြောခဲ့သည့်အတိုင်း အခန်း (၂) ၏ ပျမ်းမျှရမှတ်သည် အဆင့် (၂) နေရာမှ အခန်း (၁) ထက် အများကြီး သာလွန်ခဲ့သည်။

ကျိုးအန်းရန်သည် အင်္ဂလိပ်စာနှင့် ဇီဝဗေဒမှလွဲ၍ ကျန်ဘာသာရပ်များတွင် ထူးထူးခြားခြား ကောင်းမွန်ခြင်းမရှိသော်လည်း အမှတ်လျော့နည်းခြင်းလည်း မရှိပေ။ သူမ၏ စုစုပေါင်းရမှတ်သည် တစ်တန်းလုံးတွင် အဆင့် ၆၁ ရရှိခဲ့သည်။

အဆင့် (၁) နှင့် ယှဉ်လိုက်လျှင်... အဆင့်ပေါင်း ၆၀ တိတိ ကွာဟနေသည်။

ထိုနေ့ညနေပိုင်းတွင် ကျိုးအန်းရန် တာဝန်ကျပြန်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် သူမနှင့် ယန်ရှင်းချန်းတို့သည် ပုံမှန်အတိုင်း လက်ချင်းချိတ်ကာ အရှေ့ဘက်တံခါးပေါက်မှ ထွက်လာကြသည်။

ဘတ်စကက်ဘောကွင်းကို ဖြတ်သန်းသွားစဉ် ကျိုးအန်းရန်၏အကြည့်သည် ပထမတန်း၏ တတိယမြောက်ကွင်းဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။

ရင်းနှီးသော ပုံရိပ်ကို မတွေ့ရပေ။ အနီးကပ်ရောက်သွားသည့်အခါ ကျုရန်နှင့် ကျုံးခိုင်တို့ကိုပါ မတွေ့ရကြောင်း သိလိုက်ရသည်။

ဒီနေ့ သူ ဘာသွားလုပ်လဲ မသိဘူး။ ကျိုးအန်းရန် စိတ်ပျက်စွာဖြင့် အကြည့်လွှဲလိုက်သည်။

သန့်ရှင်းရေးလုပ်နေရသဖြင့် အချိန်နည်းနည်းကြာသွားပြီး ကျောင်းဆင်းချိန် ကားကျပ်သည့်အချိန်ကို ရှောင်လွှဲနိုင်ခဲ့သည်။ နှစ်ယောက်သား ကားပေါ်တက်လိုက်ချိန်တွင် နောက်ခုံအများစုမှာ လူလွတ်နေသည်။

ကျိုးအန်းရန် ထိုင်လိုက်ပြီးနောက် ကျောပိုးအိတ်ကို အရှေ့ဘက်သို့ ရွှေ့လိုက်သည်။ အိတ်ထဲမှ ဝေါဟာရစာအုပ်ကို ထုတ်ပြီး မှတ်သားထားသော စာမျက်နှာကို လှန်လိုက်သည်။

ယန်ရှင်းချန်းသည် သူမ၏ ကျောပိုးအိတ်ကို နေရာချလိုက်ပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ "ဒီလောက် အချိန်လေးတောင် နင်က စာလုံးပေါင်း ကျက်နေသေးတာလား။ နင် တကယ်ပဲ ချန်လော့ပိုင်ကို ကျော်တက်ဖို့ ကြိုးစားနေတာလား"

ကျိုးအန်းရန်သည် စာရွက်ကို ကိုင်ထားသော လက်ချောင်းလေးများ ကွေးသွားပြီး တိုးတိုးလေး ဖြေလိုက်သည်။ "အင်း... ဖြစ်မယ်"

တကယ်တော့လည်း မဟုတ်ပါဘူး။ ဒါက... နည်းနည်းလေး ပိုပြီး ကြိုးစားချင်လို့ပါ။ သူနဲ့ ကွာဟချက်ကို နည်းနည်းလေး ကျဉ်းမြောင်းသွားစေချင်လို့။ သူ့ရဲ့ သတိထားမိခြင်းကို နည်းနည်းလေးဖြစ်ဖြစ် ရချင်မိလို့ပါ။

ယန်ရှင်းချန်းက သူမပခုံးကို ပုတ်လိုက်သည်။ "ငါ နင့်ကို အတုယူရမယ်"

"ဟင်" ကျိုးအန်းရန် ကြောင်သွားပြီး သူမကို လှည့်ကြည့်လိုက်သည်။

ယန်ရှင်းချန်း - "ယောက်ျားလေးတစ်ယောက်ကြောင့် စိတ်မလေဘဲ စာကိုပဲ အာရုံစိုက်တာလေ။ တခြားမိန်းကလေးတွေက ချန်လော့ပိုင်ဆိုတဲ့ လူကို လိုက်နေကြတာ။ နင်ကကျတော့ သူ့ရဲ့ အမှတ်စာရင်းကို လိုက်နေတာကိုး"

ကျိုးအန်းရန် ပါးစပ်ဟလိုက်သည်။

တကယ်တော့ သူမလည်း တခြားမိန်းကလေးတွေလိုပါပဲ... သူ့ကို အရမ်း သဘောကျတာပါလို့ ပြောချင်မိသည်။ ဒါပေမဲ့ သူမက စိတ်ထဲမှာပဲ တိတ်တိတ်လေး သဘောကျရဲသူ ဖြစ်သည်။

စကားလုံးများ ပါးစပ်ဖျားထိ ရောက်လာသော်လည်း ဘာကြောင့်မှန်းမသိ အပြင်သို့ ထွက်မလာနိုင်ခဲ့ပေ။

သူမသည် စိတ်ခံစားချက်များကို ထုတ်ဖော်ပြောဆိုရာတွင် သိပ်မကျွမ်းကျင်လှပေ။

သို့သော် ယန်ရှင်းချန်းက သူမကို အကုန်ပြောပြလေ့ရှိသဖြင့် ကျိုးအန်းရန် စိတ်မကောင်းဖြစ်မိသည်။ နှုတ်ခမ်းကို စေ့လိုက်ပြီးမှ ပြောလိုက်သည်။ "ငါ ခဏနေ နင့်အိမ်လိုက်ခဲ့ပြီး အန်တီ့ကို ကူပြောပေးမယ်လေ"

ယန်ရှင်းချန်းသည် ဒီတစ်ခါ သင်္ချာ၊ ရူပ၊ ဓာတု သုံးဘာသာလုံး ပုံမှန်လောက်သာ ဖြေနိုင်ခဲ့ပြီး အဆင့်အတော်ကျသွားခဲ့သည်။

"ထားလိုက်ပါတော့... ငါ့အမေက ဒီတစ်ခါ သံပတ်ရိုက်ထားသလိုပဲ... ပြောလို့ရမှာ မဟုတ်ဘူး" ယန်ရှင်းချန်း မျက်လုံးများ ကလည်ကလည် ဖြစ်သွားသည်။ "ဒါပေမဲ့ နင် ငါ့အိမ်ကို လိုက်ခဲ့... ငါ့ပစ္စည်းတချို့ကို နင့်အိမ်မှာ ဝှက်ထားပေး... ငါ CD တွေ၊ ပိုစတာတွေ ဘယ်လောက်ဝယ်ထားလဲဆိုတာ ငါ့အမေ အကုန်မသိဘူး"

ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီလေ"

ရပ်ကွက်သို့ရောက်သောအခါ ကျိုးအန်းရန်သည် ယန်ရှင်းချန်းအိမ်သို့ အရင်လိုက်သွားသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် တိုက်ခန်းများတွင် နေထိုင်ကြသဖြင့် ကျိုးအန်းရန်သည် ကိုယ့်အိမ်လိုပင် ရင်းနှီးနေသည်။ သို့သော် လူကြီးကွယ်ရာတွင် ဤကဲ့သို့ ခိုးကြောင်ခိုးဝှက်လုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ ယန်ရှင်းချန်းအမေကို နှုတ်ဆက်ချိန်တွင် သူမ အလွန်အားနာနေမိသည်။

သို့သော် ယန်ရှင်းချန်းအမေ၏ စိတ်ထဲတွင် သူမသည် လိမ္မာရေးခြားရှိပြီး စကားနားထောင်သူဖြစ်သဖြင့် သံသယမဝင်ပေ။

ယန်ရှင်းချန်းက သူမ၏ကျောပိုးအိတ်ထဲသို့ ပစ္စည်းများ အပြည့်ထည့်ပေးလိုက်သော်လည်း ယန်ရှင်းချန်းအမေက မရိပ်မိလိုက်ဘဲ မနက်ဖြန် နေ့လယ်စာ လာစားဖို့သာ မှာလိုက်သည်။

……

အိမ်ပြန်ရောက်သောအခါ ကျိုးအန်းရန်သည် အံဆွဲအကြီးတစ်လုံးကို ရှင်းလင်းပြီး ယန်ရှင်းချန်း၏ CD များနှင့် ပစ္စည်းများကို သေသပ်စွာ ထည့်သိမ်းပေးထားလိုက်သည်။

ညစာစားပြီးနောက် ကျိုးချင်းဆွေသည် ထုံးစံအတိုင်း တီဗီဖွင့်ပြီး CBA ကြည့်လေသည်။ ကျိုးအန်းရန်သည် ဒီတစ်ခါ အဆင့်တက်လာသဖြင့် ဟယ်ကျားယီက တီဗီကြည့်ချိန် ကန့်သတ်မထားဘဲ ကြိုက်သလောက်ကြည့် ဟူသော သဘောထားဖြင့် ခွင့်ပြုထားသည်။

သို့သော် ကျိုးအန်းရန်သည် အခန်းထဲမှ ဝေါဟာရစာအုပ်ကို ယူလာပြီးမှ ဖေဖေ့ဘေးနားတွင် ဝင်ထိုင်ကာ အတူကြည့်သည်။

ကျိုးချင်းဆွေ နားမလည်နိုင်ဖြစ်သွားသည်။ "သမီးက အဖေနဲ့ ဘောလုံးပွဲကြည့်မလို့လား... စာကျက်မလို့လား"

ကျိုးအန်းရန် - "နှစ်ခုလုံး လုပ်မလို့... ပွဲနားတဲ့အချိန် စာလုံးပေါင်း ကျက်လို့ရတာပဲ"

ကျိုးချင်းဆွေ - "သမီးက အခုမှ အထက်တန်း ပထမနှစ်ပဲ ရှိသေးတာ။ အဲ့လောက် အားထည့်နေစရာ မလိုပါဘူး။ စာမေးပွဲလည်း ပြီးခါစဆိုတော့ ဒီနေ့ သက်သောင့်သက်သာ အနားယူလိုက်ပါ"

ကျိုးအန်းရန်သည် ကွင်းထဲတွင် ပြေးလွှားနေသော ကစားသမားများကို ကြည့်ရင်း သူမ၏ ခေါင်းထဲတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေး၏ပုံရိပ်ကို မြင်ယောင်လာသည်။

"ဒါပေမဲ့ သမီး သူငယ်ချင်းက အရမ်းတော်တာ။ သမီး သူ့ကို မီချင်လို့..." ကျိုးအန်းရန် စကားကို ခေတ္တရပ်လိုက်သည်။ ပြီးခဲ့တဲ့တစ်ခါလို ရိပ်မိသွားမှာစိုးသဖြင့် စကားလုံးတစ်လုံး ထပ်ဖြည့်လိုက်သည်။ "...သူတို့ကို မီချင်လို့"

ကျိုးချင်းဆွေ - "......"

တခြားအိမ်တွေမှာ မိဘတွေက ကလေးကို စာလုပ်ဖို့ ဖိအားပေးရသည်။ သူတို့အိမ်ကျမှ ပြောင်းပြန်ဖြစ်နေသလား။ သို့သော် ကျိုးချင်းဆွေသည် သမီးဖြစ်သူ၏ စာလုပ်ချင်စိတ်ကို မဖျက်ဆီးလိုသဖြင့် ဘာမှထပ်မပြောတော့ဘဲ သစ်သီးပန်းကန်ကို ရှေ့တိုးပေးလိုက်သည်။ "ဒါဆို အသီးစားရင်း ကြည့်လေ"

ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်ပြီး လိမ္မော်သီးတစ်လုံးကို အခွံခွာကာ ဖြည်းဖြည်းချင်း စားလိုက်သည်။

တီဗီဖန်သားပြင်ပေါ်တွင် ကစားသမားတစ်ဦး ပြစ်ဒဏ်ကျူးလွန်သဖြင့် ဒိုင်လူကြီးက ပွဲကို ခေတ္တရပ်နားလိုက်သည်။

ကျိုးအန်းရန်လည်း အခွင့်ကောင်းယူပြီး စာလုံးနှစ်လုံးလောက် ကျက်လိုက်သည်။

ပြန်မော့ကြည့်ချိန်တွင် ဒိုင်လူကြီး လက်ဟန်ခြေဟန်ပြနေသည်ကို တွေ့လိုက်ရသည်။ ဒီလအတွင်း ကျိုးအန်းရန်သည် ဖေဖေနှင့်အတူ ပွဲအတော်များများ ကြည့်ဖူးသဖြင့် ထိုလက်ဟန်၏ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်နေပြီဖြစ်သည်။ "ဖေဖေ... ဘာလို့ ရိုးရိုးပြစ်ဒဏ်ကနေ အားကစားစိတ်ဓာတ်နဲ့မညီတဲ့ ပြစ်ဒဏ်အဖြစ် ပြောင်းသွားတာလဲ"

ကျိုးချင်းဆွေက မကျေမနပ် မျက်နှာထားဖြင့် ပြောသည်။ "ဟိုဘက်အသင်းက နံပါတ် ၄ ကောင် ခြေထောက် လာခံတာလေ"

တီဗီတွင်လည်း ပြန်လည်ပြသမှုကို အနီးကပ် ပြသနေသည်။ ကြည့်ရတာ တကယ်ပဲ အန္တရာယ်များသော လှုပ်ရှားမှု ဖြစ်သည်။

ကျိုးအန်းရန် စပျစ်သီးတစ်လုံး စားလိုက်ပြီး ပွဲဆက်ကြည့်နေလိုက်သည်။

သူမသည် အချိန်ကို တွက်ချက်ထားပြီး ယခင်ကကဲ့သို့ ၄၅ မိနစ်ကြည့်ပြီးနောက် အင်္ဂလိပ်စာအုပ်ကိုကိုင်ကာ အခန်းထဲ ဝင်သွားခဲ့သည်။

ဟယ်ကျားယီသည် သူမ၏ အိပ်ရာခင်းများ လဲလှယ်ပေးနေသည်။ သူမ ဝင်လာသည်ကို မြင်သောအခါ အံ့သြသွားသည်။ "ဘာလို့ ဆက်မကြည့်တော့တာလဲ"

ကျိုးအန်းရန် ကုလားထိုင်ကို ဆွဲထုတ်လိုက်သည်။ "သင်္ချာ နည်းနည်းလောက် ထပ်တွက်ချင်လို့ပါ"

ပညာသင်ကြားခြင်းသည် လူကို အကျိုးမပြုဘဲ ဘယ်တော့မှ နေလေ့မရှိပေ။ ကြိုးစားအားထုတ်လျှင် ထိုက်တန်သော ရလဒ် ရရှိစမြဲဖြစ်သည်။ လုံးဝ ညီမျှမှုမရှိလျှင်တောင် အလကားဖြစ်မသွားနိုင်ပေ။

……

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

လစဉ်စာမေးပွဲ ထပ်မံရောက်ရှိလာသောအခါ ကျိုးအန်းရန်သည် ပုစ္ဆာဖြေဆိုရသည်မှာ ယခင်ကထက် ပိုမိုချောမွေ့လာသည်ဟု ခံစားလိုက်ရသည်။ ပြီးခဲ့သော ကြားဖြတ်စာမေးပွဲတုန်းက မှားခဲ့သော ပုစ္ဆာများကို မှတ်စုထုတ်ပြီး ပြန်လည်လေ့ကျင့်ထားသဖြင့် ယခု အလားတူပုစ္ဆာများ လာသောအခါ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

ရမှတ်နှင့် အဆင့်တွင် ချက်ချင်း သိသိသာသာ တိုးတက်လာမည်မဟုတ်သော်လည်း သူမ၏ ကြိုးစားမှုရလဒ်များကို မြင်တွေ့နေရပြီ ဖြစ်သည်။

အမှတ် (၂) အထက်တန်းကျောင်း၏ စာစစ်နှုန်းသည် မြန်ဆန်ဆဲပင်။

လစဉ်စာမေးပွဲပြီးနောက် ဒုတိယမြောက်နေ့ နေ့လယ်ခင်းတွင် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့ အပြင်ထွက် ထမင်းစားပြီး ပြန်လာကြသည်။ ထိုင်ခုံတွင် ထိုင်ပြီး မကြာမီမှာပင် ရှန့်ရှောင်ဝမ်သည် နောက်ဘက်မှ ပြေးလာပြီး သူမကိုယ်ပေါ်သို့ တန်းတန်းမတ်မတ် ခုန်အုပ်လိုက်သည်။

ကျိုးအန်းရန်သည် အရှိန်ကြောင့် ဘေးသို့ ယိုင်သွားပြီး၊ ယန်ရှင်းချန်းက ဝင်ထိန်းပေးမလို့ လုပ်ရင်း သူမပါ ဟန်ချက်ပျက်ကာ မိန်းကလေးသုံးယောက်လုံး ဘေးသို့ ပြိုလဲကျမလို ဖြစ်သွားကြသည်။

ရှန့်ရှောင်ဝမ်နှင့် ယန်ရှင်းချန်းတို့ "အမယ်လေး" တကြော်ကြော် အော်လိုက်ကြသည်။

နောက်ဆုံးတွင် တုန်းချန်က မျက်နှာသေဖြင့် ယန်ရှင်းချန်းကို လှမ်းထိန်းပေးလိုက်မှသာ သုံးယောက်သား ပြန်ငြိမ်သွားကြသည်။

ကျိုးအန်းရန် စားပွဲကိုကိုင်ပြီး ပြန်ထိုင်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ရှန့်ရှောင်ဝမ်သည် ရင်တုန်ပန်းတုန် ဖြစ်နေသော်လည်း တစ်ခုခုကို သတိရသွားပြီး ကျိုးအန်းရန်ကို ဖက်ကာ အော်လိုက်ပြန်သည်။ "ရန်ရန်... နင် ဒီတစ်ခါ အင်္ဂလိပ်စာ ၁၄၉ မှတ် ရတယ်။ လူမဟုတ်တဲ့ ချန်လော့ပိုင်တောင်မှ ဒီတစ်ခါ ၁၄၈ မှတ်ပဲ ရတာ။ နင်က ၁၄၉ မှတ် ရတယ်!"

ကျိုးအန်းရန် ကြက်သေသေသွားသည်။

သူမအနေဖြင့် အနည်းငယ် ပိုကြိုးစားပြီး သူ့ရမှတ်များကို မီချင်ရုံသာ ဖြစ်သည်။ ဒီတစ်ခါ အင်္ဂလိပ်စာ ဖြေနိုင်သည်ဟု ထင်ထားသော်လည်း သူ့ကို ဒီလောက်မြန်မြန် ကျော်တက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။

ရှန့်ရှောင်ဝမ်က ဆက်ပြောသည်။ "ငါ မသိဘူး... နင် ငါ့ကို မုန့်ဝယ်ကျွေးရမယ်။ မဟုတ်ရင် ငါ့လို အင်္ဂလိပ်စာ ကိုယ်စားလှယ်က ဘယ်နားသွားနေရမလဲ"

ကျိုးအန်းရန် ကြောင်နေဆဲ။

ရှန့်ရှောင်ဝမ်က သူမပါးကို ဆွဲလိုက်သည်။ "နင် ကြားလား"

ကျိုးအန်းရန် သတိပြန်ဝင်လာသည်။ "ဟင်"

"နင် ၁၄၉ မှတ် ရတယ်လို့... ငါ့ကို မုန့်ကျွေးရမယ်" ရှန့်ရှောင်ဝမ်က ထပ်ပြောသည်။

ကျိုးအန်းရန် အသိပြန်ဝင်လာပြီး နှုတ်ခမ်းများ ကွေးတက်သွားသည်။ ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပါပြီ... မနက်ဖြန် မနက်စာ ဝယ်ကျွေးမယ်နော်"

ယန်ရှင်းချန်းက ဝင်ပြောသည်။ "ငါ့အတွက်ရော"

ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်သည်။ "ရတယ်... နင့်အတွက်လည်း ငါရှင်းမယ်"

တုန်းချန်ကလည်း ဝင်ပြောပြန်သည်။ "ကျိုးအန်းရန်... ကြားတဲ့လူတိုင်း ရမှာလား"

ပြောပြီးသည်နှင့် သူ့ဘေးက ဟယ်မင်ယွီကို တံတောင်နှင့် တွန်းလိုက်သည်။

ဟယ်မင်ယွီက မျက်မှန်ကို ပင့်တင်လိုက်သည်။ "ငါလည်း ကြားလိုက်တယ်"

ကျိုးအန်းရန်က မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်သည်။ "ကောင်းပါပြီ... အကုန်လုံး ဝယ်လာခဲ့ပေးမယ်"

ရှန့်ရှောင်ဝမ်က သူမကို လွှတ်ပေးလိုက်သည်။ "ငါ ဆရာ့ဆီသွားပြီး ငါ့ကိုကျော်တဲ့လူ ရှိသေးလား သွားစုံစမ်းလိုက်ဦးမယ်"

ရှန့်ရှောင်ဝမ် ထွက်သွားသည်နှင့် ထိုနေရာလေးသည် ပြန်လည်တိတ်ဆိတ်သွားသည်။

သို့သော် ကျိုးအန်းရန်၏ ရင်ထဲတွင် မီးပန်းများ တဖောင်းဖောင်း ပေါက်ကွဲနေသကဲ့သို့ လုံးဝ ငြိမ်သက်၍ မရနိုင်ပေ။ မျက်စိရှေ့ရှိ ပုစ္ဆာများကို တစ်လုံးမှ ဆက်ဖတ်၍ မရတော့။

ကျိုးအန်းရန်သည် စားပွဲပေါ်မှ ရေဘူးကို လှမ်းယူလိုက်ပြီး ယန်ရှင်းချန်းကို မေးလိုက်သည်။ "ရှင်းချန်း... ငါ ရေသွားခပ်မလို့... နင်ရော မှာဦးမလား"

ယန်ရှင်းချန်းက သူမရေခွက်ကို လှမ်းပေးလိုက်သည်။ "ဒါဆို ငါ့အတွက်ပါ ထည့်ခဲ့ပေး"

ရေပူစက်သည် စင်္ကြံလမ်းအဆုံးတွင် ရှိသည်။ ကျိုးအန်းရန် ဖြည်းဖြည်းချင်း လျှောက်သွားပြီး ရေဖြည့်ကာ အဖုံးကို လုံအောင်ပိတ်လိုက်သည်။

ယန်ရှင်းချန်းက ငယ်သေးသည်ဟု အကြောင်းပြကာ ရေဘူးအကောင်းစား မသုံးဘဲ ပလတ်စတစ်ခွက်ကိုသာ သုံးသည်။ ရေနွေးဖြည့်လိုက်သောအခါ ခွက်က ပူလာသဖြင့် ကျိုးအန်းရန်သည် ခွက်အဖုံးရှိ ကြိုးကို သေချာကိုင်ပြီး ပြန်လှည့်လာခဲ့သည်။

အလယ်လှေကားနား ရောက်ခါနီးတွင် ကျုံးခိုင်၏အသံနှင့်တူသော အသံတစ်ခုကို ကျိုးအန်းရန် ကြားလိုက်ရသည်။

"အင်္ဂလိပ်စာအမှတ်တွေ ထွက်ပြီကြားတယ်... ဒီတစ်ခါ မိန်းကလေးတစ်ယောက်က မင်းကို ကျော်သွားတယ်ဆို"

ကျိုးအန်းရန်သည် သူ ဘယ်သူ့ကို ပြောနေမှန်း ချက်ချင်းသိလိုက်သဖြင့် ရင်ထဲတွင် "ဒိန်း" ခနဲ ဖြစ်သွားသည်။

ဆက်လျှောက်သွားလျှင် သူတို့နှင့် ပက်ပင်းတိုးမိတော့မည်။

ကျိုးအန်းရန်၏ ခေါင်းထဲတွင် မီးပန်းများ ပေါက်ကွဲနေဆဲဖြစ်ပြီး ကောင်းမွန်စွာ မစဉ်းစားနိုင်တော့ပေ။ စိတ်ကယောက်ကယက် ဖြစ်နေစဉ် သူမ၏ ခန္ဓာကိုယ်က ဦးနှောက်ထက် အရင် ဆုံးဖြတ်ချက် ချလိုက်သည်။

သူမ လှည့်ထွက်လိုက်ပြီး တတိယထပ်သို့ တက်သော လှေကားဘက်သို့ ဦးတည်သွားလိုက်သည်။

ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲလိုက်ခြင်း ဖြစ်သည်။

ကျုံးခိုင်၏အသံကို ရှင်းလင်းစွာ ကြားနေရဆဲ။ "ပြီးခဲ့တဲ့တစ်ခါ အင်္ဂလိပ်စာ ဒုတိယရတဲ့ တစ်ယောက်ထင်တယ်... နာမည်က ဘယ်သူပါလိမ့်"

ကျိုးအန်းရန် လှေကားကွေ့သို့ ရောက်နေပြီဖြစ်သော်လည်း ထိုစကားကြားသောအခါ ခြေလှမ်းရပ်တန့်သွားသည်။ အသက်ရှူသံများပင် တိတ်ဆိတ်သွားသလို ခံစားရသည်။

တိတ်ဆိတ်မှုသည် ခဏတာမျှသာ ဖြစ်သော်လည်း သူမ၏ နှလုံးသားကို မမြင်ရသော ကြိုးမျှင်လေးတစ်ချောင်းဖြင့် ဆွဲတင်ထားသကဲ့သို့ ခံစားရသည်။

ထို့နောက် ချန်လော့ပိုင်၏ အသံ ထွက်ပေါ်လာသည်။ "တစ်ခုခု... 'ရန်' ထင်တယ်"

ကြိုးမျှင်လေး ပြတ်တောက်သွားသည်။

နှလုံးသားသည် အရှိန်ပြင်းစွာဖြင့် အောက်သို့ ပြုတ်ကျသွားသည်။

ကျုံးခိုင် ရယ်လိုက်ပုံရသည်။ "အတန်းတူနေတာ စာသင်နှစ်ဝက်တောင် ကျိုးတော့မယ်... မင်းက သူ့နာမည်တောင် မမှတ်မိဘူးလား"

ရင်းနှီးသော အသံသည် နိမ့်ကျသွားပြီး ဂရုမစိုက်သော လေံသံဖြင့် ပြောလိုက်သည်။ "ငါက ဘာကိစ္စ သူ့နာမည်ကို မှတ်ထားရမှာလဲ"

ကျိုးအန်းရန်သည် ကြိုးကိုကိုင်ထားသော လက်ချောင်းများ တင်းကျပ်သွားသည်။ သတိမထားမိလိုက်ဘဲ ရေနွေးအပြည့်ပါသော ပလတ်စတစ်ခွက်သည် ယိမ်းခါသွားပြီး သူမ၏ အခြားလက်တစ်ဖက်နှင့် သွားထိမိသည်။ အပူချိန်ကြောင့် အရေပြား ပူစပ်ပူလောင် ဖြစ်သွားသော်လည်း သူမ၏ နှာခေါင်းဖျားလေး ရုတ်တရက် စပ်ဖျင်းသွားသည်။

အောက်ထပ်တွင် ခြေသံမြန်မြန် လျှောက်လာသံ ကြားလိုက်ရသည်။

ရှန့်ရှောင်ဝမ်၏ အသံ ထွက်ပေါ်လာသည်။ "ချန်လော့ပိုင်... နင် ဒီမှာကိုး... အင်္ဂလိပ်စာဆရာမ နင့်ကို ရှာနေတယ်"

ကျိုးအန်းရန် ထိုနေရာတွင် ခဏရပ်နေလိုက်သည်။

အောက်ထပ်တွင် ရင်းနှီးသော အသံများ လုံးဝ ပျောက်ကွယ်သွားမှသာ သူမ လှည့်ပြီး အောက်သို့ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။

အတန်းထဲ ပြန်ရောက်သောအခါ ယန်ရှင်းချန်း၏ ရေခွက်ကို စားပွဲပေါ်တင်ပေးလိုက်ပြီး စိတ်ခံစားချက်ကို မထိန်းနိုင်တော့သဖြင့် စားပွဲပေါ် မှောက်ချလိုက်သည်။

သူမ၏ အခြေအနေ ပြောင်းလဲသွားမှုသည် သိသာလွန်းသဖြင့် အမြဲတမ်း ပေါ့ပေါ့နေတတ်သော ယန်ရှင်းချန်းပင် သတိထားမိလိုက်သည်။ "ရန်ရန်... ဘာဖြစ်လို့လဲ"

နှာခေါင်းထဲမှ စပ်ဖျင်းဖျင်း ခံစားမှုသည် မျက်ဝန်းဆီသို့ ပျံ့နှံ့လာသည်။

ကျိုးအန်းရန်သည် ခံစားချက်ကို အတင်းဖိနှိပ်လိုက်ပြီး အသံအက်အက်ဖြင့် ဖြေလိုက်သည်။ "ဘာမှမဖြစ်ပါဘူး... မနေ့ညက အိပ်ရေးမဝလို့ နည်းနည်း အိပ်ချင်နေတာ"

ယန်ရှင်းချန်းသည် သူမ သူငယ်ချင်း ဒီလအတွင်း ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာ သိသဖြင့် သံသယမဝင်ပေ။ "ဒါဆို ခဏလောက် အိပ်လိုက်လေ"

ကျိုးအန်းရန်သည် ခေါင်းကို လက်မောင်းပေါ်တင်ထားရင်း မျက်ရည်များ ဝဲလာသည်။

တကယ်ဆိုရင် မအံ့သြသင့်ပါဘူး။ သူက ဘာသာရပ်တိုင်းလိုလိုမှာ အဆင့်တစ် ရနေတာပဲ။ ငါက ကံကောင်းပြီး ဘာသာရပ်တစ်ခုမှာ တစ်ခါလောက် သူ့ကို နိုင်ရုံနဲ့ သူ သတိထားမိစရာအကြောင်းမှ မရှိတာ။

ဒါပေမဲ့ သိတာက တစ်ကဏ္ဍ... သူ့ပါးစပ်ကနေ အဲ့ဒီစကားကို ကိုယ်တိုင်ကြားလိုက်ရတာက တစ်ကဏ္ဍလေ။

လက်မောင်းဖြင့် ဝိုင်းထားသော မှောင်မိုက်သော နေရာလေးထဲတွင် ကျိုးအန်းရန်သည် သူမ၏ ခံစားချက်များကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည်။

ဝမ်းနည်းစိတ်ကို ဖိချလိုက်သော်လည်း ပြန်တက်လာနေသည်။

ဘေးနားမှ ခြေသံတစ်ခု ဖြတ်သွားပြီး မကြာမီ ဝေးကွာသွားသည်။

ကျိုးအန်းရန်သည် သူမ၏ စိတ်မကောင်းဖြစ်နေသော ပုံစံကို သူငယ်ချင်းများ မမြင်စေချင်ပေ။ သူမ ဘာကြောင့် ဝမ်းနည်းနေမှန်း ဘယ်သူမှ မသိနိုင်သော်လည်းပေါ့။

သူမသည် စားပွဲပေါ် ဆက်မှောက်နေပြီး ဝမ်းနည်းမှုကို အတင်းဖိချနေသည်။

ခြေသံတစ်ခု ထပ်မံ နီးကပ်လာသည်။

ကျိုးအန်းရန်သည် ဘယ်သူမှန်းမသိသော ထိုလူ အမြန်ကျော်သွားပါစေဟု ဆုတောင်းနေမိသည်။

သို့သော် ဒီတစ်ခါ ခြေသံသည် သူမ၏ စားပွဲဘေးတွင် ရပ်တန့်သွားသည်။

ထို့နောက် ခေါက်သံ ခပ်တိုးတိုး နှစ်ချက် ကြားလိုက်ရသည်။

တစ်စုံတစ်ယောက်က သူမ၏ စားပွဲကို လာခေါက်နေခြင်း ဖြစ်သည်။

ကျိုးအန်းရန်သည် မျက်လုံးများ နီနေမလား မသိသဖြင့် ချက်ချင်း ခေါင်းမထောင်ရဲပေ။ ခေါင်းကို လက်မောင်းကြားမှ အနည်းငယ်သာ ဖယ်လိုက်သည်။

အလင်းရောင်များ မြင်ကွင်းထဲ ဝင်ရောက်လာသည်။

ဖြူဝင်းသွယ်လျသော လက်တစ်ဖက်သည် ကွေးညွတ်ပြီး သူမ၏ စားပွဲပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။ လက်ကောက်ဝတ်ပေါ်တွင် ရင်းနှီးနေသော အညိုရောင် မှဲ့နက်လေး ရှိနေသည်။

***

All Chapters