အခန်း (၇-၉)
Vol. 1 Ch. 7-9
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇ ။ လီမွန် : သူကရော?
ကျိုးအန်းရန်၏ နှလုံးခုန်သံများ ဒိန်းခနဲ မြန်ဆန်သွားသည်။
သူမ ခေါင်းထောင်လာသည်ကို မြင်သောအခါ ထိုလှပသော လက်ပိုင်ရှင်သည် စားပွဲကို နောက်တစ်ချက် ထပ်ခေါက်လိုက်သည်။ ထို့နောက် ကောင်လေး၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။
"အင်္ဂလိပ်စာဆရာမ နင့်ကို ခေါ်ခိုင်းလိုက်လို့"
ရင်းနှီးသော အသံသည် ခေါင်းပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒီတစ်ခါတော့ ကျုရန်၊ ကျုံးခိုင် သို့မဟုတ် အခြားသူတစ်ဦးဦးအား ပြောနေခြင်း မဟုတ်တော့ပေ။
သူသည် သူမကို စကားပြောနေခြင်း ဖြစ်သည်။
ထိုအချက်ကို သတိထားမိလိုက်သောအခါ ကျိုးအန်းရန်၏ ရင်ခုန်သံများသည် မာန်မချနိုင်ဘဲ ပို၍မြန်ဆန်လာပြန်သည်။
အမှန်စင်စစ် ဤသည်မှာ သူ သူမကို ပထမဆုံးအကြိမ် စကားပြောဖူးခြင်း မဟုတ်ပေ။ ယခင်ကလည်း နှစ်ကြိမ် ရှိခဲ့ဖူးသည်။
တစ်ကြိမ်မှာ ကျောင်းစဖွင့်သည့်နေ့က ဖြစ်သည်။ သူမကို တွဲကူပေးပြီး "သတိထား" ဟု ပြောခဲ့ဖူးသည်။
နောက်တစ်ကြိမ်မှာ ကျောင်းဆင်းချိန် အားကစားကွင်းသို့ အတန်းလိုက် လှေကားဆင်းကြစဉ်က ဖြစ်သည်။ လူအုပ်တိုးဝှေ့နေသဖြင့် အကွာအဝေးမှာ အလွန်နီးကပ်နေခဲ့သည်။ သူနှင့် ကျုရန်တို့ သူမ၏ ဘေးနားမှ လျှောက်လာကြပြီး ဂိမ်းတစ်ခုအကြောင်း ဆွေးနွေးနေကြသည်။
နောက်မှလူများက နောက်ပြောင်တွန်းတိုက်လိုက်သဖြင့် ကောင်လေးသည် သူမ၏ပခုံးကို မတော်တဆ ဝင်တိုက်မိသွားသည်။ သူသည် သူမကို တစ်ချက်ကြည့်လိုက်သလိုလို၊ မကြည့်လိုက်သလိုလိုဖြင့် ပျင်းရိလေးတွဲ့စွာဖြင့် "ဆောရီး" ဟု ပြောခဲ့ဖူးသည်။
ထို့ကြောင့် သူ သူမနာမည်ကို မမှတ်မိခြင်းမှာ အလွန်သာမန်ကိစ္စသာ ဖြစ်သည်။
သူသည် ကြယ်များဝိုင်းရံနေသော ကောင်းကင်ဘုံသားဖြစ်ပြီး၊ သူမကမူ သူ့အနားသို့ပင် မကပ်ရဲသော သတ္တိနည်းသူတစ်ဦးသာ ဖြစ်သည်။
သာမန်သူစိမ်းများထက် သိပ်မပိုသော၊ ရိုးရှင်းလွန်းလှသည့် အတန်းဖော် ဆက်ဆံရေးမျှသာ။
ကျိုးအန်းရန်သည် မျက်လုံးများ နီရဲနေမည်ကို စိုးရိမ်သဖြင့် ခေါင်းမော့မကြည့်ရဲပေ။ "အင်း" ဟုသာ ရိုးရိုးလေး ပြန်ဖြေလိုက်ရမလား၊ သတ္တိမွေးပြီး "ဆရာမက ဘာကိစ္စခေါ်တာလဲ" ဟု မေးလိုက်ရမလား တွေးတောနေမိသည်။
သို့သော် သူက လာပြောပြရုံသာဖြစ်ပြီး သူမ၏အဖြေကို မလိုအပ်သဖြင့် သူမ တုံ့ဆိုင်းနေစဉ်မှာပင် စားပွဲပေါ်မှ လက်ကို ဖယ်ရှားလိုက်ပြီး လှည့်ထွက်သွားတော့သည်။
လန်းဆန်းသော ရနံ့လေးသည် လျင်မြန်စွာ ဝေးကွာသွားသည်။
ကျိုးအန်းရန်၏ ရင်ထဲတွင် ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့သည်။ သူမသည် စားပွဲပေါ် ပြန်မှောက်ချလိုက်ပြီး သူမ၏ ဆိုးရွားလှသော တုံ့ပြန်မှုအတွက် ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးအပြစ်တင်မိပြန်သည်။
သို့သော် သူမက သူ့စကားကို အလေးမထားဘူးဟု သူ ထင်သွားမည်စိုးသဖြင့် စိတ်ခံစားချက်များကို အမြန်ပြန်ထိန်းလိုက်သည်။ နေရာမှ ထလိုက်ပြီး ခြေလှမ်းတုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် အရှေ့ပေါက်မှ ထွက်လာခဲ့သည်။
လမ်းတစ်ဝက်အရောက်မှ ကျိုးအန်းရန် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။
သူက ဆရာမ ခေါ်ခိုင်းလိုက်၍ သူမကို လာခေါ်သည်ဆိုတော့... သူ သူမနာမည်ကို မမှတ်မိရင်တောင် သူမ ဘယ်သူလဲဆိုတာတော့ သိနေတယ်ပေါ့။
ရင်ထဲတွင် မွန်းကျပ်နေသော အလုံးကြီး အနည်းငယ် လျော့ပါးသွားသည်။
သို့သော် အင်္ဂလိပ်စာဆရာမ ရုံးခန်းရှေ့ရောက်သောအခါ ကျိုးအန်းရန် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။
—— သူ လူမှားခေါ်လိုက်တာများလား။
ထိုအတွေးကြောင့် လက်မအနည်းငယ်သာ ကွာဝေးသော ရုံးခန်းတံခါးသည် ချက်ချင်းပင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်သွားသည်။ ခြေတစ်လှမ်းဝင်လိုက်လျှင် ကောင်းကင်ဘုံ ရောက်သွားမလား၊ ငရဲခန်း ရောက်သွားမလား မသိနိုင်ပေ။
တခြားအတန်းမှ အင်္ဂလိပ်စာဆရာမတစ်ဦး လျှောက်လာပြီး သူမ ရုံးခန်းရှေ့တွင် ရပ်နေသည်ကို မြင်၍ ထူးဆန်းသလို ကြည့်သွားသည်။
ကျိုးအန်းရန် ဆက်ပြီး တုံ့ဆိုင်းမနေရဲတော့ဘဲ အရှေ့သို့ ခြေတစ်လှမ်းကျဲကျဲ လှမ်းလိုက်သည်။
ရုံးခန်းတံခါးက ပွင့်လျက်သား။ အခန်း (၂) ၏ အင်္ဂလိပ်စာဆရာမ လင်းဟန်သည် အသက် ၃၀ ဝန်းကျင်ရှိသော ဆရာမလေးတစ်ဦးဖြစ်ပြီး ရုံးခန်းတံခါးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
ကျိုးအန်းရန် တံခါးခေါက်လိုက်သည်နှင့် လင်းဟန်က မော့ကြည့်လာသည်။
"မင်း ဘာလာလုပ်တာလဲ" ဟု မေးလိုက်မည်ကို ကျိုးအန်းရန် စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် လင်းဟန်သည် သူမကို မြင်သည်နှင့် ချက်ချင်း ပြုံးပြလိုက်ပြီး လက်လှမ်းပြသည်။ "လာ... ဝင်ခဲ့"
ကျိုးအန်းရန် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ ဘောင်းဘီဘေးမှ လက်ချောင်းလေးများကို ကွေးလိုက်မိသည်။
သူမသည် ဆရာ, ဆရာမများနှင့် ပြောဆိုဆက်ဆံရာတွင် သိပ်မကျွမ်းကျင်လှပေ။ သူမ အနားရောက်သွားသောအခါ လင်းဟန်က သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ရှန့်ရှောင်ဝမ်က မင်းကို အမှတ်စာရင်း ပြောပြပြီးပြီလို့ ပြောတယ်... ဘာလဲ... တစ်တန်းလုံး အဆင့်တစ်ရတာကို မပျော်ဘူးလား"
ဟင်? သူမ မပျော်မရွှင်ဖြစ်နေတာ အဲ့လောက်တောင် သိသာနေသလား။
ကျိုးအန်းရန် ခေါင်းခါလိုက်ပြီး ခုနက အကြောင်းပြချက်ကိုပင် ပြန်သုံးလိုက်သည်။ "မဟုတ်ပါဘူး... မနေ့ညက အိပ်ရေးမဝလို့ပါ"
လင်းဟန် ခေါင်းငြိမ့်လိုက်သည်။ "အနားယူဖို့လည်း ဂရုစိုက်ဦး... တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ ရေရှည်တိုက်ပွဲလေ"
ကျိုးအန်းရန်က လိမ္မာစွာဖြင့် "ဟုတ်ကဲ့" ဟု ဖြေလိုက်သည်။
"မင်း ဒီတစ်ခါ တော်တော်ဖြေနိုင်တယ်... ဆရာမတို့က ဖတ်ရှုနားလည်မှုအပိုင်းမှာ အမှတ်ချော်နိုင်တဲ့ မေးခွန်းအချို့ တမင်ထည့်ထားတာ။ ချန်လော့ပိုင်တောင် သတိလက်လွတ်ဖြစ်ပြီး တစ်ပုဒ် မှားသွားတယ်။ တစ်တန်းလုံးမှာ နင်တစ်ယောက်တည်း အမှတ်ပြည့်ရတာ" လင်းဟန်က သူမကို ပြုံးကြည့်နေသည်။ "မင်းက ဆရာမကို မနက်စာဖိုး လဝက်စာ နိုင်အောင် ကူညီပေးလိုက်တာပဲ"
ကျိုးအန်းရန်သည် ဤအင်္ဂလိပ်စာဆရာမကို သဘောကျသည်။ စာသင်လျှင် လွယ်ကူရှင်းလင်းအောင် သင်တတ်ပြီး၊ ပျော်ပျော်နေတတ်ကာ ဟာသဉာဏ်လည်း ရှိသည်။
သူမ ဆရာမကို ပြန်ပြုံးပြလိုက်သည်။ "ဆရာမ သင်ပေးတာ ကောင်းလို့ပါ"
လင်းဟန်က ဟားတိုက်ရယ်မောလိုက်သည်။ "အဲ့ဒီစကားကြားရတာ နားဝင်ချိုလိုက်တာ"
ပြောပြီးသည်နှင့် ရုံးခန်းထဲရှိ အခြားဆရာမများကို လှည့်ပြီး ကြွားလိုက်သေးသည်။ "ကြားကြလား... ငါ့တပည့်က ငါသင်တာကောင်းတယ်တဲ့"
ရုံးခန်းတစ်ခုလုံး သူမကို ဝိုင်းစနောက်ကြသဖြင့် သက်ဝင်လှုပ်ရှားသွားသည်။
ကျိုးအန်းရန် နှုတ်ခမ်းစေ့လိုက်မိသည်။ ဆရာမ၏ ပွင့်လင်းသော စရိုက်ကို အားကျမိသည်။
လင်းဟန်သည် သူမဘက်ပြန်လှည့်လာပြီး စာလေ့လာမှုနှင့်ပတ်သက်၍ အနည်းငယ် မှာကြားပြီးနောက် အတန်းထဲ ပြန်လွှတ်လိုက်သည်။
ကျိုးအန်းရန် ရုံးခန်းထဲမှ ထွက်လာချိန်တွင် ကောင်းကင်ကြီး တစ်ခုလုံး မှောင်နေပြီဖြစ်သည်။
သတိမထားမိလိုက်ခင်မှာပင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီ။ ဒီစာသင်နှစ်ဝက်လည်း ကုန်ဆုံးတော့မည်။
အတန်းထဲ ပြန်ရောက်သောအခါ ကျိုးအန်းရန် မနေနိုင်ဘဲ နောက်ပေါက်မှ ဝင်ခဲ့ပြန်သည်။ သူမ၏ အကြည့်များသည် အကျင့်ပါနေသလို သူ့နေရာဆီသို့ ရောက်သွားသည်။
သူနှင့် ကျုရန် ဘာပြောနေမှန်း မသိသော်လည်း ကျုရန်က မတ်တပ်ရပ်လျက် ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်နေသည်။
ကောင်လေးကမူ စားပွဲပေါ်မှောက်ကာ တိတ်တိတ်လေး ရယ်မောနေသည်။ ပခုံးများ တုန်ခါနေပြီး ဖြူဝင်းသော လည်ဂုတ်သားလေး ပေါ်နေသည်။
သူမ နေရာသို့ ပြန်ရောက်ခါနီးတွင် တုန်းချန်က ယန်ရှင်းချန်းကို နှစ်သိမ့်နေသည်ကို ကြားလိုက်ရသည်။
"သင်္ချာ ဒီတစ်ခါ မဖြေနိုင်တာက ကိစ္စကြီးမှ မဟုတ်တာ။ အခုမှ အထက်တန်း ပထမနှစ်၊ ပထမနှစ်ဝက်ပဲ ရှိသေးတယ်။ နောက်ထပ် အများကြီး ကျန်သေးတယ်... မငိုပါနဲ့တော့"
ကျိုးအန်းရန် နေရာတွင် ဝင်ထိုင်လိုက်သည်။
တုန်းချန်က သူမကို ကယ်တင်ရှင်တစ်ယောက်လို ကြည့်လိုက်သည်။ "နင် ပြန်ရောက်လာပြီပဲ... သူ့ကို ဝိုင်းပြောပါဦး"
ကျိုးအန်းရန်သည် ယန်ရှင်းချန်း၏ စရိုက်ကို ကောင်းကောင်းသိသည်။ စာမေးပွဲမဖြေနိုင်ရုံနှင့် ငိုမည့်သူ မဟုတ်ပေ။ သူမ ဘေးသို့လှည့်ကြည့်လိုက်ရာ ယန်ရှင်းချန်းသည် ဆံပင်ကို ဖြန့်ချထားသည်ကို တွေ့လိုက်ရသဖြင့် အကြောင်းရင်းကို ရိပ်မိလိုက်သည်။
တုန်းချန်ဘက်သို့ ပြန်လှည့်ပြီး သနားသလို ကြည့်လိုက်သည်။ "သူ နားကြပ်တပ်ထားတယ်"
တုန်းချန် ကြောင်သွားသည်။ "......?"
ကျိုးအန်းရန် လက်လှမ်းလိုက်ပြီး ယန်ရှင်းချန်း၏ နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်သည်။
ယန်ရှင်းချန်းက သူမပြန်ရောက်နေမှန်း အခုမှ သိသွားသည်။ နှာရည်တရှုံ့ရှုံ့ဖြင့် ပြောသည်။ "ရန်ရန်... နင် ပြန်ရောက်ပြီလား။ အီးဟီး... ငါ့အိုင်ဒေါရဲ့ ဒီတိုက်ရိုက်လွှင့်တဲ့ပွဲက ကြည့်ရတာ ဝမ်းနည်းစရာကြီးဟ"
တုန်းချန် - "......"
နောက်ခုံမှ ဒေါသထွက်နေသော အသံ ထွက်ပေါ်လာသည်။ "ယန်ရှင်းချန်း... နင် ဝက်လားဟ"
ယန်ရှင်းချန်း နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ "နင် ရူးနေလား... နင်ကမှ ဝက်"
နှစ်ယောက်သား ပြန်ရန်ဖြစ်ကြပြန်သည်။
ကျိုးအန်းရန် စားပွဲပေါ်မှောက်လိုက်ပြီး မျက်လုံးများကို စားပွဲထောင့်တစ်နေရာသို့ ပို့လိုက်သည်။
ထိုနေရာလေးတွင်... ခုနက လှပသော လက်တစ်ဖက် ခေတ္တခဏ လာတင်သွားခဲ့ဖူးသည်။
ဘေးနားမှ မူလတန်းကျောင်းသားများကဲ့သို့ ရန်ဖြစ်သံများကို နားထောင်ရင်း သူမ မသိမသာ ပြုံးလိုက်မိသည်။
ဟုတ်သားပဲ။ နောက်ထပ် နှစ်တွေအများကြီး ကျန်သေးတာပဲ။
ပြီးတော့ ဒီနေ့ သူမ လေးစားရတဲ့ ဆရာမဆီက ချီးကျူးစကားလည်း ကြားခဲ့ရတယ်။ အဲ့ဒါကြောင့် သူကလည်း သူမကို သီးသန့် စကားတစ်ခွန်း လာပြောခဲ့တယ်။
အခြေအနေတွေက အဲ့လောက်ကြီး ဆိုးရွားမနေပါဘူး။
……
နန်ချန်မြို့၏ ဆောင်းရာသီသည် ပြင်းထန်သည်။ တောင်ဘက်ပိုင်းမြို့ဖြစ်၍ အပူပေးစနစ် မရှိပေ။ အထက်တန်း ပထမနှစ် စာသင်ဆောင်သည် အဲကွန်းမရှိသော အဆောက်အအုံဟောင်းဖြစ်သဖြင့် ဆောင်းဝင်သည်နှင့် အခန်း (၂) ၏ တံခါးနှင့် ပြတင်းပေါက်များကို အမြဲပိတ်ထားလေ့ရှိသည်။
ထိုအကြောင်းကြောင့်လား၊ သို့မဟုတ် လွန်ခဲ့သော ကာလက ချန်လော့ပိုင်ထံ လာရောက်ချစ်ခွင့်ပန်သော မိန်းကလေးအားလုံး အငြင်းခံရသောကြောင့်လား မသိ၊ ဒီရက်ပိုင်း အခန်း (၂) ရှေ့ လာယောင်လည်လည်လုပ်သော မိန်းကလေးများ နည်းပါးသွားသည်။
အထက်တန်း ပထမနှစ်၊ ပထမနှစ်ဝက်၏ နောက်ဆုံးကာလသည် အလွန်အေးချမ်းစွာ ကုန်ဆုံးသွားသည်။
ကျိုးအန်းရန်သည် ငယ်စဉ်ကတည်းက အအေးကြောက်တတ်သည်။ ဒါပေမဲ့ ဒီတစ်ခါ ဆောင်းရာသီကို ပထမဆုံးအကြိမ် နှစ်သက်မိလိုက်သည်။
ပိတ်ထားသော တံခါးနှင့် ပြတင်းပေါက်များကြောင့် လုံခြုံသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်ပေါ်နေသည်။ ထိုကမ္ဘာထဲတွင် သူမနှင့် သူမ တိတ်တခိုးလေး သဘောကျရသော ကောင်လေးတို့ အတူရှိနေပြီး ကိုယ့်အနာဂတ်အတွက် ကိုယ်စီ ကြိုးစားနေကြသည်။
အနာဂတ်မှာ ဘာဖြစ်လာမလဲ မသိနိုင်ပေမယ့်... မျှော်လင့်ချက်တွေတော့ ရှိနေမှာပါ။
အတန်းတင်စာမေးပွဲ ဖြေပြီးသောနေ့၊ ကျောင်းမဆင်းမီ ကျိုးအန်းရန်သည် ယန်ရှင်းချန်းနှင့် တုန်းချန်တို့ ရန်ဖြစ်နေသည်ကို ကြည့်နေဟန်ဆောင်ပြီး နောက်ခုံမှ အခြေအနေကို ခိုးကြည့်နေမိသည်။
ကောင်လေးသည် သူငယ်ချင်းများနှင့် စကားပြောနေသဖြင့် သူမသည် ပစ္စည်းသိမ်းနေသော လက်ကို နှေးလိုက်သည်။ ကျုရန်က သူ့ကို ပြန်ဖို့ ပြောလိုက်မှသာ သူမ စားပွဲပေါ်မှ ပစ္စည်းများကို ကမန်းကတန်း ကောက်သိမ်းပြီး ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်သည်။
နောက်ဆုံးတွင် သူ့နောက်မှ ကပ်လိုက်ပြီး ကျောင်းဆင်းနိုင်ခဲ့သည်။
လမ်းတစ်လျှောက်လုံး သူ့ကို လာနှုတ်ဆက်သူ အများအပြားရှိသည်။ အားကစားလုပ်လေ့ရှိသဖြင့် သူသည် အခြားအတန်းများသာမက အတန်းကြီးများက လူများနှင့်ပါ ရင်းနှီးပုံရသည်။
ဆောင်းရာသီ ကျောင်းပိတ်ရက် ဘောလုံးကစားရန် ချိန်းသူများရှိသလို၊ နှစ်သစ်ကူး နှုတ်ဆက်သူများ၊ နောက်စာသင်နှစ်မှ တွေ့မယ်ဟု နှုတ်ဆက်သူများလည်း ရှိကြသည်။
ကံကောင်းသည်မှာ ထိုသူအားလုံးနီးပါးသည် ယောကျ်ားလေးများ ဖြစ်ကြသည်။ သူ့ဘေးနားတွင် အခုထိ ရင်းရင်းနှီးနှီးနေသော မိန်းကလေး မရှိသေးပေ။ သူသည် မိန်းကလေးများအပေါ် ယောကျ်ားလေးများထက် ပိုပြီး ယဉ်ကျေးသိမ်မွေ့စွာ၊ ခပ်တန်းတန်း ဆက်ဆံလေ့ရှိသည်။
အတန်းထဲတွင် သတ္တိရှိသော မိန်းကလေးအချို့ သူ့ကို ပုစ္ဆာလာမေးတတ်ကြပြီး အများအားဖြင့် သူ မငြင်းတတ်ပေ။ သို့သော် သူမကို ကူညီခဲ့သော နှစ်ကြိမ်ကဲ့သို့ပင်... သူက ကူညီတယ်ဆိုတာ သူ့ရဲ့ မွေးရာပါ ယဉ်ကျေးမှုကြောင့်သာဖြစ်ပြီး တစ်ဖက်လူက သူ့အတွက် ထူးခြားနေလို့ မဟုတ်ဘူးဆိုတာ ခံစားရစေသည်။
အရှေ့ဘက်တံခါးပေါက်က ထွက်ပြီးနောက် ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့က ဘယ်ဘက်သို့၊ ချန်လော့ပိုင်နှင့် ကျုရန်တို့က ညာဘက်သို့ လမ်းခွဲသွားကြသည်။ တစ်ခါတစ်ရံ သူ့အိမ်က လာကြိုတတ်ပြီး၊ တစ်ခါတစ်ရံ ကျုရန်နှင့် ဘတ်စ်ကားစီးတတ်သည်၊ သို့မဟုတ် တက္ကစီငှားစီးတတ်သည်။ ဘာပဲဖြစ်ဖြစ် ညာဘက်သို့သာ သွားလေ့ရှိသည်။
သူမနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းပင်။
တစ်လကျော်ကြာအောင် မတွေ့ရတော့ပေ။
လမ်းခွဲပြီးနောက် ကျိုးအန်းရန် မနေနိုင်ဘဲ လှည့်ကြည့်လိုက်သည်။ အဝေးသို့ လျှောက်သွားသော ကောင်လေး၏ ကျောပြင်ကိုကြည့်ပြီး စိတ်ထဲမှ တိတ်တိတ်လေး နှုတ်ဆက်လိုက်သည်။ "နောက်စာသင်နှစ်မှ တွေ့မယ်နော်"
ခဏနေတော့... "Happy New Year ပါ" လို့ ထပ်ဖြည့်လိုက်သည်။
ဆောင်းရာသီကျောင်းပိတ်ရက် အစပိုင်းတွင် နန်ချန်မြို့၏ ရာသီဥတုသည် အလွန်အေးစက်နေသည်။ ကျိုးအန်းရန်သည် ယန်ရှင်းချန်းနှင့် တစ်ခေါက်သာ ဈေးထွက်ဝယ်ပြီး ကျန်ရက်များတွင် အိမ်ထဲက အိမ်ပြင် မထွက်ခဲ့ပေ။
……
နှစ်သစ်ကူးအကြိုနေ့ မတိုင်မီ တစ်ရက်အလိုတွင် သူမသည် မိဘများနှင့်အတူ ရွာရှိ အဘိုးအဘွားအိမ်သို့ ပြန်ခဲ့ကြသည်။
လူကြီးနှစ်ယောက် ကျန်းမာရေး ကောင်းမွန်ကြသည်။ နှစ်တိုင်းလိုပင် အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးထမင်းပွဲတွင် သားသမီးများကို ဘာမှမလုပ်ခိုင်းဘဲ အနားယူခိုင်းသည်။ ကျိုးအန်းရန်နှင့် မိဘများသည် မီးဖိုချောင်သို့ဝင်ပြီး အဘိုးကို နှုတ်ဆက်ကြသည်။
ပြန်ထွက်လာသောအခါ ကျိုးချင်းဆွေကို အိမ်နီးချင်း ဦးလေးတစ်ယောက်က ဖဲရိုက်ရန် ဆွဲခေါ်သွားသည်။
ကျိုးအန်းရန်က အမေဖြစ်သူနှင့်အတူ ဧည့်ခန်းတွင် မီးလှုံရင်း တီဗီထိုင်ကြည့်နေလိုက်သည်။
မကြာမီ အပြင်ဘက်မှ ကားသံကြားလိုက်ရပြီး ဦးလေးနှင့် အဒေါ်တို့ ရောက်လာကာ နှုတ်ဆက်သံများ ကြားလိုက်ရသည်။ ကျိုးချင်းဆွေလိုပင် ဦးလေး ကျိုးရှန်ကျိသည်လည်း ဖဲဝိုင်းသို့ ပါသွားသည်။ အဒေါ်ဖြစ်သူ ကျာဖုန်းဟွာက ဒေါက်ဖိနပ်သံ တခွပ်ခွပ်ဖြင့် ဧည့်ခန်းထဲ ဝင်လာပြီး သူမတို့ဘေးတွင် ဝင်ထိုင်သည်။
ဟယ်ကျားယီက ကျိုးအန်းရန်ကို တံတောင်နှင့် မသိမသာ တွန်းလိုက်သည်။
ကျိုးအန်းရန် စိတ်မပါသော်လည်း နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ အဒေါ်"
ကျာဖုန်းဟွာက ပြုံးပြလိုက်ပြီး လက်ထဲမှ အိတ်ကို ဟယ်ကျားယီရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ "ငါ လွန်ခဲ့တဲ့ရက်က ဝယ်လိုက်တဲ့အိတ်... ဘယ်လိုလဲ လှလား"
ဟယ်ကျားယီ ကြည့်လိုက်သည်။ "လှသားပဲ"
ကျာဖုန်းဟွာက အိတ်ကို ဘေးချလိုက်ပြီး မတော်တဆလိုလို ပြောလိုက်သည်။ "အိတ်က သိပ်မဈေးကြီးပါဘူး... ၁ သိန်းကျော်လောက်ပဲ ရှိတာ။ ဒါပေမဲ့ နောက်ထပ် ၁ သိန်းကျော်ဖိုးလောက် ပစ္စည်းထပ်ဝယ်မှ ရတာလေ။ ဒီလို Luxury ဆိုင်တွေက တော်တော် ရှုပ်တာပဲ"
ဟယ်ကျားယီသည် မရီးဖြစ်သူ၏ စရိုက်ကို သိနေ၍ စကားဆက်မပြောတော့ဘဲ သစ်သီးပန်းကန်ကို ရှေ့တိုးပေးလိုက်သည်။ "ဒီလိမ္မော်သီးတွေက ချိုတယ်... စားပါဦး"
ကျာဖုန်းဟွာက အပြုံးမပျက် လိမ္မော်သီးတစ်လုံး ယူလိုက်ပြီး ကျိုးအန်းရန်ဘက် လှည့်မေးသည်။ "အန်းရန် ဒီတစ်ခါ စာမေးပွဲ ဘယ်လိုလဲ"
ကျိုးအန်းရန် နှုတ်ခမ်းစေ့လိုက်သည်။ ဒီအဒေါ်ဆီက ကောင်းသောစကား ထွက်မလာနိုင်မှန်း သိနေသည်။ သူမ ဘာမှပြန်မပြောချင်ပေ။
ဟယ်ကျားယီက သမီးကို ခိုးဆိတ်လိုက်ပြီး ကိုယ်စား ဝင်ဖြေပေးသည်။ "မဆိုးပါဘူး... အတန်းထဲမှာ အဆင့် ၈ ရတယ်"
ကျာဖုန်းဟွာ၏ အပြုံးသည် ပိုပီပြင်လာသည်။ သူမ စိတ်ကိုပြန်ထိန်းလိုက်ပြီး ဂရုစိုက်သလို လေသံဖြင့် ပြောသည်။ "အန်းရန်က အဆင့်ကျသွားတာပဲ။ အလယ်တန်းတုန်းက အတန်းထဲမှာ အဆင့် ၃ အောက် မရောက်ဖူးဘူး မဟုတ်လား။ ဒါပေမဲ့ မိန်းကလေးတွေက အတန်းကြီးလာရင် ယောကျ်ားလေးတွေကို မမီတော့တာ သဘာဝပါပဲ"
ဟယ်ကျားယီက ပြန်ပြောလိုက်သည်။ "သူက ထူးချွန်ခန်းမှာလေ။ ဒီတစ်ခါ တစ်တန်းလုံး အဆင့် ၅၅ ရတယ်။ အမှတ် (၂) အထက်တန်းကျောင်းရဲ့ အခြေအနေကို မရီးလည်း သိတာပဲ။ တက္ကသိုလ်ဝင်ခွင့် ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီအဆင့်ကို ထိန်းထားနိုင်ရင် ထိပ်တန်းတက္ကသိုလ်ဝင်ဖို့ ပြဿနာမရှိပါဘူး"
ကျာဖုန်းဟွာ၏အပြုံး အနည်းငယ် တောင့်တင်းသွားသည်။ "ဒါဆိုရင်လည်း တော်တာပါပဲ။ ဒါပေမဲ့ သူက စကားမပြောဘူး၊ စာပဲဖတ်နေတယ်။ ဒီလို အနေအေးတဲ့စရိုက်က သိပ်မကောင်းဘူး။ သူ့ဦးလေးရဲ့ ပညာအရည်အချင်းကို ညီမလည်း သိတာပဲ။ စီးပွားရေး ဒီလောက်အောင်မြင်တာ ဉာဏ်ကောင်းပြီး စကားပြောတတ်လို့လေ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... တို့မိသားစုမှာ ဒီတူမလေးတစ်ယောက်ပဲ ရှိတာ။ နောင်ကျရင် ဘာပဲဖြစ်ဖြစ် သူ့အဖေလိုပဲ သူ့ဦးလေးဆီလာပြီး အလုပ်လုပ်လို့ ရတာပဲ"
ကျိုးအန်းရန်သည် အဒေါ်ဖြစ်သူက သူမကို ဘာပြောပြော ဂရုမစိုက်သော်လည်း မိဘများကို ထိပါးလာလျှင် သည်းမခံနိုင်ပေ။ မျက်လွှာချထားရင်း ဟယ်ကျားယီ၏ဘေးတွင်ချထားသော လက်များ တင်းကျပ်သွားသည်ကို တွေ့လိုက်ရသည်။
"အဒေါ်..." သူမသည် လူကို ရန်တွေ့ရသည်မှာ မကျွမ်းကျင်ပေ။ ဘေးတွင်ချထားသော လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "အစ်ကိုကြီး ဒီနှစ် နှစ်သစ်ကူး ပြန်မလာဘူးလား"
ကျာဖုန်းဟွာ ပြန်ပြုံးလိုက်သည်။ "ပြန်မလာတော့ဘူး... စာတွေ အရမ်းများနေလို့။ နိုင်ငံခြားမှာကလည်း နှစ်သစ်ကူးပိတ်ရက်မှ မရှိတာ။ ငါက သူ့ကို ဟိုဟိုဒီဒီ လျှောက်မပြေးနဲ့တော့လို့ ပြောထားလိုက်တယ်"
ကျိုးအန်းရန်က သကြားလိမ္မော်သီးသေးသေးလေးကို ယူပြီး ဖြည်းဖြည်းချင်း ခွာလိုက်သည်။ "သြော်... ဒါဆို သူ ဟိုဘက်အိမ်က ဝူသယ့် ဆိုတဲ့အစ်ကိုနဲ့ ပေါင်းနေတုန်းပဲလား"
ကျာဖုန်းဟွာ နားမလည် ဖြစ်သွားသည်။ "ပေါင်းနေတာပေါ့... ဘာဖြစ်လို့လဲ"
ကျိုးအန်းရန်က အခွံခွာပြီးသား လိမ္မော်သီးကို ဟယ်ကျားယီအား ပေးလိုက်ပြီး ကျာဖုန်းဟွာကို မော့ကြည့်လိုက်သည်။ "ဒါဆို အဒေါ် သူ့ကို အဲ့ဒီအစ်ကိုနဲ့ မပေါင်းဖို့ ပြောလိုက်ပါ။ လွန်ခဲ့တဲ့ရက်က ဝူသယ့် ဆေးခြောက်ရှူနေတဲ့ပုံတွေ အွန်လိုင်းမှာ တင်ထားတာ တွေ့လိုက်လို့"
ကျာဖုန်းဟွာ မျက်နှာပျက်သွားသည်။ "နင် လျှောက်မပြောနဲ့နော်"
ကျိုးအန်းရန်က လက်တွင်ကပ်နေသော အမျှင်များကို ခါလိုက်သည်။ "လျှောက်ပြောတာ ဟုတ်မဟုတ် အဒေါ်ဘာသာ သွားကြည့်လိုက်ရင် သိမှာပါ"
ဟယ်ကျားယီက လိမ္မော်သီးကိုယူလိုက်ပြီး ရင်ထဲတွင် ကျေနပ်သွားသည်။ သမီးဖြစ်သူကို တွန်းလိုက်သည်။ "သမီး ကျောင်းပိတ်ရက် အိမ်စာတွေ မပြီးသေးဘူး မဟုတ်လား... သွားလုပ်လိုက်လေ"
ကျိုးအန်းရန် အမေဖြစ်သူကို ကြည့်လိုက်သည်။
ဟယ်ကျားယီက ပုတ်ပေးလိုက်သည်။ "သွားလေ"
ကျိုးအန်းရန် ခေါင်းငြိမ့်ပြီး ထွက်မလို့လုပ်စဉ် ကျာဖုန်းဟွာ၏ အသံကို ကြားလိုက်ရသည်။ "ငါ ကိုကြီး ဖဲရိုက်တာ သွားကြည့်လိုက်ဦးမယ်... တီဗီ ဆက်မကြည့်တော့ဘူး"
ကျိုးအန်းရန် သက်ပြင်းချလိုက်ပြီး အဘိုးအဘွားများက သူမအတွက် သီးသန့်ပေးထားသော အခန်းသို့ ဝင်ခဲ့သည်။
ထိုင်လိုက်ပြီးနောက် သင်္ချာမေးခွန်းလွှာကို ဖြန့်လိုက်သော်လည်း စိတ်မပါတော့ပေ။
ကျိုးအန်းရန်သည် အဒေါ်ကို မကြိုက်သော်လည်း သူမကို ပြောဆိုသည်များကို ဂရုမစိုက်ပေ။ ခုနက မနေနိုင်ဘဲ ပြန်ပြောလိုက်ရခြင်းမှာ ဖေဖေ့ကို ထိခိုက်အောင် ပြောသောကြောင့်၊ မေမေ့ကို စိတ်မချမ်းသာအောင် လုပ်သောကြောင့်နှင့် အစ်ကိုဝမ်းကွဲသည် ဆိုးသွမ်းသော်လည်း သူမအပေါ် ကောင်းသောကြောင့် လမ်းမှားမရောက်စေချင်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။
ဒါပေမဲ့ "အနေအေးတဲ့စရိုက်က မကောင်းဘူး" ဆိုတဲ့ အမြင်ကို မေမေကိုယ်တိုင်လည်း လက်ခံထားတယ်ဆိုတာ သူမ သိနေသည်။
အိမ်မှာနေရင်း သူမကို ခဏခဏ ပြောဖူးသည်။
အရင်တုန်းကတော့ စရိုက်ဆိုတာ တစ်မျိုးစီ ရှိကြတာပဲလို့ သူမ ထင်ခဲ့သည်။ ဒါပေမဲ့ လူကြီးတွေရဲ့ မျက်လုံးထဲမှာတော့ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ခွဲခြားထားသလို ဖြစ်နေသည်။
"အပေါင်းအသင်းဝင်ဆံ့တာ" က ကောင်းတယ်၊ မှန်တယ်။ "အနေအေးတာ" က ဆိုးတယ်၊ မှားတယ်။
သူမ ပြောင်းလဲဖို့ မကြိုးစားဖူးတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ဓာတ်ခဲတစ်လုံး ရှိနေသလိုပဲ။ စာဖတ်တာ၊ အိမ်စာလုပ်တာ၊ ကိုယ်သဘောကျတဲ့သူနဲ့ စကားပြောတာမျိုးဆိုရင် ဓာတ်ခဲက အကြာကြီးခံတယ်။
ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် လုပ်ရတာ၊ မကြိုက်တဲ့သူတွေနဲ့ပါ ရောနှောဆက်ဆံရတာကျတော့ ဓာတ်ခဲကုန်မြန်လွန်းတယ်။ အိပ်ရာထလိုက်တာနဲ့ ကောင်းကင်ပြာကြီးက မီးခိုးရောင်ဖြစ်နေသလို ခံစားရတယ်။
နောက်ဆုံးကျတော့လည်း မအောင်မြင်ခဲ့ပါဘူး။
သူကရော?
ကျိုးအန်းရန်၏ ခေါင်းထဲတွင် ရင်းနှီးပြီး ချောမောသော မျက်နှာတစ်ခု ပေါ်လာသည်။ သူလည်း လမ်းဖွင့်ပြီး ရွှင်လန်းတက်ကြွတဲ့ မိန်းကလေးမျိုးကိုပဲ ကြိုက်မှာမလား။
……
နိုင်ငံခြားရောက်နေသော သားကို စိတ်ပူသွား၍လား၊ သို့မဟုတ် ယောကျ်ားဖြစ်သူရှေ့မို့ ထိန်းလိုက်သလားမသိ၊ နောက်ရက်များတွင် ကျာဖုန်းဟွာသည် ထေ့ငေါ့ပြောဆိုခြင်း မပြုတော့ပေ။
ကျိုးအန်းရန်၏ နှစ်သစ်ကူးကာလသည် သိပ်ပြီး မဆိုးရွားခဲ့ပေ။
နှစ်သစ်ကူး စတုတ္ထနေ့တွင် ကျိုးအန်းရန် မိဘများနှင့်အတူ အိမ်ပြန်ရောက်လာသည်။
နောက်တစ်နေ့တွင် မုန့်ဖိုးအများကြီးရထားသော ယန်ရှင်းချန်းက သူမကို အပြင်ခေါ်သွားပြီး ထမင်းစားကာ ဈေးဝယ်ထွက်ကြသည်။ လမ်းတစ်လျှောက်လုံး မနေ့က တုန်းချန်နှင့် အွန်လိုင်းတွင် ရန်ဖြစ်ခဲ့သော အကြောင်းများကို တရစပ်ပြောပြနေသည်။
ကျိုးအန်းရန် ရယ်မောနားထောင်ရင်း ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။
သူမနှင့် ချန်လော့ပိုင်၏ ပေါင်းသင်းဆက်ဆံရေး စက်ဝန်းသည် လုံးဝ ထပ်တူမကျသဖြင့် ကျောင်းပိတ်ရက်တွင် သူ ဘာလုပ်နေလဲဆိုတာ လုံးဝ မသိရပေ။
ကျောင်းပြန်ဖွင့်ဖို့ ဒီလောက် မျှော်လင့်နေမိတာ ဒါ ပထမဆုံးအကြိမ်ပဲ။
ဒါပေမဲ့ ဒီတစ်ခါ ကျောင်းဖွင့်ချိန်မှာ ချန်လော့ပိုင်ဘေးနားမှာ မိန်းကလေးတစ်ယောက် ရောက်နေလိမ့်မယ်လို့ သူမ ထင်မထားခဲ့မိဘူး။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၈ ။ လီမွန် : တစ်ပွဲလောက် ကစားကြမလား
ကျောင်းဖွင့်လျှင် နေရာပြန်ချရမည်။
မီးပုံးပွဲတော် ပြီးသွားသော်လည်း နန်ချန်မြို့၏ရာသီဥတုသည် မနွေးသေးပေ။
ကျောင်းဖွင့်ရက်တွင် မနက်ခင်း စာလေ့လာချိန် မရှိသဖြင့် ကျိုးအန်းရန်သည် ကျောင်းစောစောသွားချင်သဖြင့် နွေးထွေးသော စောင်ပုံထဲမှ စောစောထွက်ခဲ့သော်လည်း ယန်ရှင်းချန်း အိပ်ရာမထနိုင်သဖြင့် ကျောင်းရောက်သောအခါ ၇ နာရီခွဲလုနီးပါး ဖြစ်နေပြီ။
တံခါးဝ မဝင်မီ ယန်ရှင်းချန်းသည် သူမလက်ကိုချိတ်ကာ နေရာပြောင်းမည့်အကြောင်း ပြောနေသည်။ "ငါ့အမေက ငါ့ကို သင်္ချာ၊ ရူပ၊ ဓာတု သုံးဘာသာ ကျူရှင်ပေးဖို့ ဆရာကောင်း (အတန်းပိုင်ဆရာ) ကို ဖုန်းဆက်ထားတယ်လေ။ ငါတို့နှစ်ယောက် နေရာမပြောင်းရလောက်ဘူး။ ရှောင်ဝမ် နဲ့ ဟယ်မင်ယွီ တို့တော့ ဘယ်ရွေ့သွားမလဲ မသိဘူး"
ကျိုးအန်းရန် ပြုံးလိုက်သည်။ "တုန်းချန်ကိုရော နင် စိတ်မဝင်စားဘူးလား"
ယန်ရှင်းချန်း နှာခေါင်းရှုံ့လိုက်သည်။ "သူ့ကို ဘာစိတ်ဝင်စားရမှာလဲ။ ငါ့နားကနေ ဝေးဝေးသွားလေ ကောင်းလေပဲ"
သူမ၏ အသံဆုံးသည်နှင့် ကျိုးအန်းရန် နောက်ပေါက်မှ ဝင်လိုက်သည်။ တုန်းချန် နေရာပြောင်းသွားမလား ဆိုတာကို မေ့လျော့ပြီး သူမ၏အကြည့်များသည် ဒုတိယအုပ်စု၊ ဆဌမမြောက်တန်းဆီသို့ အကျင့်ပါနေသလို ရောက်ရှိသွားသည်။
နောက်တစ်စက္ကန့်တွင် သူမ ခြေလှမ်း ရပ်တန့်သွားသည်။
ချန်လော့ပိုင်သည် မူလနေရာတွင် ထိုင်နေဆဲ။ ကျောင်းပိတ်ရက် ကုန်ဆုံးပြီးနောက် ကောင်လေးသည် ဆံပင်တိုညှပ်ထားပြီး သန့်ရှင်းသပ်ရပ်ကာ ချောမောနေသည်။
သို့သော် ကျိုးအန်းရန်၏အာရုံသည် သူ့ဆီတွင် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ချန်လော့ပိုင်၏ ဘေး၊ ကျုရန် ထိုင်ခဲ့ဖူးသော နေရာတွင်... သူစိမ်းမိန်းကလေးတစ်ယောက် ထိုင်နေသောကြောင့် ဖြစ်သည်။
ထိုမိန်းကလေးသည် ဆံပင်ကို မြင့်မြင့်စည်းထားပြီး တောက်ပထင်ရှားသော အလှပိုင်ရှင် ဖြစ်သည်။
သူမသည် ချန်လော့ပိုင်ဘက်သို့ ကိုယ်ကိုစောင်းထိုင်ပြီး စကားပြောနေသည်။ ဘာပြောနေမှန်း မကြားရသော်လည်း မျက်လုံးထဲတွင် ရယ်ရိပ်များ ပြည့်နှက်နေသည်။
ကောင်လေးကလည်း ဘေးတိုက်ထိုင်နေပြီး နောက်ပေါက်ကို ကျောပေးထားသည်။
ကျိုးအန်းရန် သူ့မျက်နှာကို မမြင်ရပေ။ သို့သော် ဆူညံနေသော အတန်းထဲတွင် သူ့အသံနိမ့်နိမ့်ကို သူမ ရှင်းလင်းစွာ ကြားလိုက်ရသည်။
"ဟုတ်လား" ပျင်းရိလေးတွဲ့ပြီး ရယ်သံနှောနေသော လေသံ။
အပြင်မှ လေအေးများ ဝင်ရောက်လာပြီး ကျိုးအန်းရန် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
ယန်ရှင်းချန်းသည် သူမနောက်မှ ဝင်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ အသံတိုးတိုးဖြင့် "ဝါး" ဟု ရေရွတ်လိုက်သည်။ ထို့နောက် ကျိုးအန်းရန် နားနားကပ်ပြီး အတင်းပြောလိုက်သည်။ "ချန်လော့ပိုင်ဘေးမှာ ဘယ်တုန်းကမှ မိန်းကလေး မထိုင်ဖူးပါဘူး။ ငါတို့ ကျောင်းရဲ့ King က ကျောင်းပိတ်ရက်မှာ ရည်းစားရသွားတာလား မသိဘူး"
ကျိုးအန်းရန် မတွေးရဲသော အရာကို သူမက တဲ့တိုးကြီး ပြောချလိုက်သည်။
ရင်ထဲတွင် ဆို့နင့်သွားသည်။ သူမ အကြည့်လွှဲလိုက်ပြီး ထပ်မကြည့်ရဲတော့ပေ။ "နေရာအရင် သွားရွေးရအောင်"
နောက်ပိုင်းမှာ ထိုနေ့က နေရာဘယ်လိုပြောင်းလိုက်လဲဆိုတာ ကျိုးအန်းရန် သေချာမမှတ်မိတော့ပေ။
သူမ မှတ်မိတာတစ်ခုကတော့ နေရာပြောင်းနေတုန်း အမှတ်မထင် လှမ်းကြည့်လိုက်မိတိုင်း သူက ဘေးနားမှ လှပသောမိန်းကလေးနှင့် ရယ်ရယ်မောမော စကားပြောနေတာကိုသာ တွေ့နေရခြင်းပင်။
နေရာပြောင်းပြီးမှ ကျိုးအန်းရန် သတိထားမိလိုက်သည်မှာ သူမ၏ ရှေ့ခုံတွင် လိုယိချီနှင့် ကျန်းရူရှန်းတို့ ထိုင်နေကြခြင်း ဖြစ်သည်။
ကျန်းရူရှန်းက သူမတို့ နေရာပြောင်းပြီးမှ ဝင်လာခြင်းဖြစ်သည်။ လိုယိချီကမူ တစ်ချိန်လုံး ခေါင်းငုံ့ပြီး တစ်ခုခုကို ရေးနေခဲ့သည်။
ကျိုးအန်းရန် ချက်ချင်း ထိုင်မချသေးပေ။ စားပွဲနှင့် ကုလားထိုင်များသည် အခန်းလွတ်ထဲတွင် တစ်လခန့် ပစ်ထားခဲ့သဖြင့် ဖုန်များ တက်နေသည်။ ကျန်းရူရှန်း ဝင်လာချိန်တွင် သူမသည် တစ်ရှူးအစိုဖြင့် စားပွဲကို သုတ်နေသည်။
အကွာအဝေး နီးကပ်လွန်းသဖြင့် ကျန်းရူရှန်းက အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း သူတို့ပြောစကားများကို ကြားနေရသည်။
"ဘာဖြစ်တာလဲ" ကျန်းရူရှန်းက ခုနက ယန်ရှင်းချန်း၏ လေသံအတိုင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ချန်လော့ပိုင်က ရည်းစားရသွားတာလား"
ကျိုးအန်းရန် စားပွဲသုတ်နေသော လက် အရှိန်လွန်သွားပြီး စားပွဲထောင့်စွန်းနှင့် လက် ရိုက်မိသွားသဖြင့် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
"လျှောက်မပြောနဲ့" လိုယိချီ၏ အသံမှာ တင်းမာနေသည်။ "အဲ့ဒါ သူ့ရည်းစား မဟုတ်ဘူး"
ကျန်းရူရှန်းက သိချင်စိတ်ပြင်းပြနေသည်။ "နင်က ဘယ်လိုလုပ် သိလဲ။ ဒီမိန်းကလေးက ငါတို့ကျောင်းက မဟုတ်တာ သေချာတယ်။ ဒီလောက်လှတာ ငါတို့ကျောင်းကသာဆို ငါ မသိဘဲမနေဘူး။ ချန်လော့ပိုင် ခေါ်လာတာမို့လို့ ကျောင်းထဲ ရောက်လာတာပေါ့။ ခေါ်လာမှတော့ သူ့ရည်းစားမဟုတ်လို့ ဘာဖြစ်ရမှာလဲ"
လိုယိချီက ခေါင်းမမော့ဘဲ ဖြေသည်။ "သူ ခေါ်လာတာ မဟုတ်ဘူး"
ကျန်းရူရှန်း မကျေမနပ် ဖြစ်သွားသည်။ "ဘာဖြစ်နေတာလဲ... သိရင်လည်း အကုန်ပြောပြလိုက်ပါတော့လား။ ငါတစ်ခွန်းမေးမှ တစ်ခွန်းဖြေနေရတယ်လို့"
လိုယိချီသည် စာရေးနေသော ဘောပင်ကို ရပ်လိုက်ပြီး နောက်လှည့်ကြည့်ကာ လေသံအေးအေးဖြင့် ပြောပြသည်။ "အဲ့ဒီမိန်းကလေးက ကျုံးခိုင်ရဲ့ ငယ်သူငယ်ချင်း၊ ကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်။ ကျုံးခိုင်နဲ့ တစ်ခန်းတည်း... ငါရောက်လာတုန်းက ကျုံးခိုင်နဲ့ ကျုရန်တို့ နောက်ခုံမှာ ထိုင်နေကြတာ။ သူတို့လေးယောက် စကားပြောနေကြရင်း အဲ့ဒီမိန်းကလေးက ရေခဲမုန့်စားချင်တယ်လို့ ကလေးသံလေးနဲ့ ပြောလိုက်တော့ ကျုံးခိုင်က ဆင်းဝယ်ပေးတယ်။ ကျုရန်လည်း တစ်ခုခုဝယ်စရာရှိတယ်ဆိုပြီး လိုက်သွားတာ"
ကျန်းရူရှန်း - "သြော်... အဲ့လိုလား။ ငါက ငါတို့ကျောင်းက မိန်းကလေးတစ်ဝက်လောက် အသည်းကွဲကုန်ပြီ ထင်နေတာ"
စားပွဲသုတ်ရာတွင် အားစိုက်လိုက်ရ၍လား၊ ရှေ့မှ စကားဝိုင်းကို ကြားလိုက်ရ၍လား မသိ၊ ကျိုးအန်းရန်၏ လက်ဖျားခြေဖျားများ ပြန်နွေးလာသလို ခံစားလိုက်ရသည်။
လိုယိချီပြောသော စကားမှန်ကန်ကြောင်း သက်သေပြသကဲ့သို့ သူမ စားပွဲသုတ်ပြီးသည်နှင့် အနောက်ဘက်မှ ကျုရန်၏ အသံထွက်ပေါ်လာသည်။
"အားလော့... ဖမ်း"
ကျိုးအန်းရန်သည် ကုလားထိုင်သုတ်နေဟန်ဆောင်ပြီး လှည့်ကြည့်လိုက်ရာ ကျုရန်သည် နောက်ပေါက်ဝတွင် ရပ်လျက် ချန်လော့ပိုင်ရှိရာဘက်သို့ ကိုကာကိုလာဘူးတစ်ဘူး ပစ်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။
ကောင်လေးက လက်လှမ်းပြီး လှမ်းဖမ်းလိုက်သည်။ ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး တံခါးဝမှ လူကို ရယ်မောကာ ဆဲလိုက်သည်။ "မင်း ဘာဖြစ်နေတာလဲ။ ကောင်းကောင်းမွန်မွန် ယူလာပေးရင် သေမှာမို့လို့လား"
ကျုရန်သည် အိတ်တစ်လုံးကို ဆွဲလျက် ယိမ်းထိုးယိမ်းထိုး လျှောက်လာသည်။ "ဒီလိုလုပ်တာ ပိုမိုက်တယ်လို့ မထင်ဘူးလား"
ချန်လော့ပိုင်က ကိုလာဘူးကို စားပွဲပေါ်တင်လိုက်သည်။ "လူတစ်ယောက်ယောက်ကို ထိခိုက်မိပြီး ဆေးဖိုးလျော်ပေးရရင် ပိုမိုက်ဦးမယ်"
"မင်း ဘာလို့ မသောက်တာလဲ။ မင်းငွေ ပြန်ဆပ်ပြီးတော့ ငါ့မှာ မုန့်ဖိုး သိပ်မကျန်တော့တာတောင် မင်းအတွက် တစ်ဘူးပိုဝယ်လာပေးတာ။ ဒီစေတနာက ကမ္ဘာကြီးကိုတောင် လှုပ်ခတ်သွားစေနိုင်တယ်ကွ" ကျုရန်က ပြောရင်းဆိုရင်း ကိုယ်တိုင် ဖွင့်ပေးရန် ပြင်လိုက်သည်။ "ပေး... ငါ ဖွင့်ပေးမယ်"
ချန်လော့ပိုင်က သူ့ကို ခြေထောက်နှင့် လှမ်းကန်လိုက်သည်။ "ငါ့ကို အရူးမှတ်နေလား" (လှုပ်ခါထားသော အချိုရည်ဘူးကို ဖွင့်လျှင် ပန်းထွက်လာမည်ကို ဆိုလိုသည်)
ကျုရန် ခုန်ရှောင်လိုက်သည်။
ကျုံးခိုင်သည် ခေါင်းခါလျက် နောက်မှ လိုက်ဝင်လာသည်။ သူတို့နှစ်ယောက်ကြား ဝင်မပါတော့ဘဲ ချန်လော့ပိုင်ဘေးမှ နေရာလွတ်သို့ လျှောက်သွားကာ လက်ထဲမှ ရေခဲမုန့်ကို မိန်းကလေးအား ကမ်းပေးလိုက်သည်။
မိန်းကလေးက ပြုံးပြီး လှမ်းယူလိုက်ကာ ဘေးဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ "တစ်ခုတည်းပဲ ဝယ်လာတာလား"
ကျုံးခိုင်က သူမခေါင်းကို ဖွဖွလေး ပုတ်လိုက်သည်။ "လူတိုင်းက နင့်လို ဆောင်းတွင်းကြီး ရေခဲမုန့်စားချင်နေတယ်များ မှတ်နေလား"
မိန်းကလေးက မျက်နှာရှုံ့မဲ့ပြသည်။ "ဆောင်းတွင်းမှာ ရေခဲမုန့်စားရတာမှ အရသာရှိတာ"
ကျုံးခိုင်က လက်ပတ်နာရီကို ကြည့်လိုက်သည်။ "အတန်းတက်တော့မယ်... ငါတို့ သွားမှဖြစ်မယ်"
မိန်းကလေးက "အိုကေ" ဟု ပြောပြီး ရေခဲမုန့်ဘူးဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထို့နောက် ဘေးနားသို့ တစ်ချက်ကြည့်ကာ နှုတ်ဆက်လိုက်သည်။ "သွားတော့မယ်နော်... ချန်လော့ပိုင်"
ကျုရန်က သူမနောက်တွင် ရပ်နေပြီး မကျေမနပ် ပြောသည်။ "နင်က ချန်လော့ပိုင်ကိုပဲ နှုတ်ဆက်တာလား... ဒီမှာ ငါ့လို လူကောင်ကြီးတစ်ကြီး ရပ်နေတာကို မမြင်ဘူးလား"
မိန်းကလေးက ရေခဲမုန့်တစ်ဇွန်း စားလိုက်ပြီး လက်အေးသွားသဖြင့် ဘူးကို ကျုံးခိုင်လက်ထဲ ထည့်ပေးလိုက်သည်။ "နင်က ဆူလွန်းတယ်... မနှုတ်ဆက်တော့ဘူး"
ကျုရန် - "ငါကရော ဂရုစိုက်မယ်များ ထင်နေလား"
ကျိုးအန်းရန်သည် ကုလားထိုင်ကို သုတ်ပြီးရင်း သုတ်နေမိသည်။ ထိုမိန်းကလေး ကျုံးခိုင်နောက်မှ လိုက်ပါထွက်ခွာသွားမှသာ ညစ်ပေနေသော တစ်ရှူးကို အမှိုက်အိတ်ထဲထည့်ပြီး သွားပစ်လိုက်သည်။
စိတ်ထဲတွင်တော့ သိပ်မပျော်ရွှင်လှပေ။
ချန်လော့ပိုင်နှင့် ကျုရန်သည် ဘာကြောင့်မှန်းမသိ နေရာမပြောင်းကြဘဲ ဒုတိယအုပ်စု၏ နောက်ဆုံးတန်းတွင် ဆက်ထိုင်နေကြသည်။
သူမနှင့် ယန်ရှင်းချန်းတို့လည်း ဒုတိယအုပ်စုသို့ ပြောင်းလာခဲ့ပြီး တတိယမြောက်တန်းတွင် ထိုင်ရသည်။ သူမက အတွင်းဘက်ကျသော စတုတ္ထမြောက်တန်းတွင် ရှိပြီး၊ သူက တံခါးပေါက်နှင့် ပိုနီးသော တတိယမြောက်တန်းတွင် ရှိသည်။
ကျိုးအန်းရန်နှင့် သူ့နေရာသည် ယခင်ကထက် ပိုနီးကပ်လာသော်လည်း နောက်လှည့်ကြည့်ရန်မှာမူ ယခင်လောက် အဆင်မပြေတော့ပေ။
……
ကျောင်းဖွင့်စ ရက်ပိုင်းသည် အမြဲတမ်း ဆူညံရှုပ်ထွေးနေတတ်သည်။ သို့သော် အခန်း (၂) သည် ထူးချွန်ခန်းဖြစ်သည့်အားလျော်စွာ အတန်းပိုင်ဆရာနှင့် ဘာသာရပ်ဆရာများ၏ သတိပေးဆုံးမမှုအောက်တွင် ဒုတိယမြောက်နေ့၌ပင် စာလေ့လာမှုပုံစံသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားသည်။
ကျောင်းသားအားလုံးသည် ပြီးခဲ့သော စာသင်နှစ်ကဲ့သို့ပင် ခေါင်းငုံ့ပြီး ကြိုးစားနေကြသည်။
သို့သော် ထူးခြားပြောင်းလဲမှုတစ်ခု ရှိလာကြောင်း ကျိုးအန်းရန် သတိထားမိလိုက်သည်။
သူမ နောက်လှည့်ကြည့်လိုက်တိုင်း သူ့ကို အရင်ကလို အလွယ်တကူ မတွေ့ရတော့ပေ။ ထို့ပြင် ယခင်က သုံးယောက်တွဲ အုပ်စုတွင် ယခု မိန်းကလေးတစ်ယောက် တိုးလာပြီး လေးယောက် ဖြစ်လာခဲ့သည်။
ကျောင်းဆိုသည်မှာ သတင်းအမြန်ဆုံး ပျံ့နှံ့ရာ နေရာဖြစ်သည်။
ရက်အနည်းငယ်အတွင်း ကျုံးခိုင်၏ ငယ်သူငယ်ချင်းနာမည်မှာ ယင်းယီကျန်းဖြစ်ကြောင်း၊ အိမ်က ချမ်းသာပြီး ခေါင်းပေါ်တွင် တပ်ထားသော ဆံညှပ်ကလစ်လေးတစ်ခုတည်းပင် သောင်းချီတန်ကြောင်း၊ စန္ဒရားပြိုင်ပွဲတွင် ဆုကြီးများ ရဖူးကြောင်း ကျိုးအန်းရန် သိလိုက်ရသည်။
မကြာမီပင် သူမသည် အမှတ် (၂) အထက်တန်းကျောင်းမှ ယောကျ်ားလေးများ၏ စိတ်ကူးယဉ် နတ်သမီး ဖြစ်လာခဲ့သည်။
သို့သော် ကျိုးအန်းရန်၏ အထင်လားမသိ၊ ယင်းယီကျန်းသည် ငယ်သူငယ်ချင်း ကျုံးခိုင်ထက် ချန်လော့ပိုင်ကို ပိုပြီး ဂရုစိုက်နေသလို ခံစားရသည်။
အတန်းဆင်းချိန် သူတို့လေးယောက် အတူတူ ထမင်းသွားစားကြသည့်အခါတိုင်း ယင်းယီကျန်းသည် ကျုံးခိုင်ဘေးတွင် ရပ်နေသော်လည်း အကြည့်များက ချန်လော့ပိုင်ဘက်သို့ ယိုင်နေတတ်သည်။
ကျုံးခိုင်သည် ချန်လော့ပိုင်ကို လာရှာတိုင်း ယင်းယီကျန်းပါ ပါလာတတ်သည်။ ကျုရန်နှင့် သူမ သိပ်အဆင်မပြေသောကြောင့် သူမသည် ချန်လော့ပိုင်၏ အနောက်တွင် ရပ်နေတတ်သည်၊ သို့မဟုတ် ချန်လော့ပိုင် ရှေ့ခုံမှ ကောင်လေးနေရာတွင် ဝင်ထိုင်ကာ တန်ဖိုးကြီးလက်ကောက် ဝတ်ဆင်ထားသော ဖြူဝင်းသည့်လက်ကို ကောင်လေး၏ စာအုပ်ပုံပေါ်တွင် တင်ထားတတ်သည်။
ကံကောင်းသည်မှာ ချန်လော့ပိုင်သည် သူမနှင့်သီးသန့် ဘယ်တော့မှ မရှိခဲ့သလို၊ အခန်း (၃) သို့လည်း သွားမရှာခဲ့ဖူးပေ။
ထို့ကြောင့် ကောလာဟလများကြားတွင် သူမနှင့် ချန်လော့ပိုင် ပတ်သက်သော သတင်းများ၌ ရင်ခုန်စရာ ဇာတ်လမ်းများ ပါမလာသေးပေ။
……
ကျောင်းဖွင့်ပြီး ပထမပတ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ဒုတိယပတ်သို့ ရောက်သောအခါ နန်ချန်မြို့၏ ရာသီဥတုသည် သိသိသာသာ ပူနွေးလာသည်။ အအေးဒဏ်မှ ဒီဂရီ ၂၀ ကျော်အထိ ရုတ်တရက် ခုန်တက်သွားသည်။
ဗုဒ္ဓဟူးနေ့ ညနေခင်းတွင် ကျိုးအန်းရန်သည် ယန်ရှင်းချန်းနှင့်အတူ အရှေ့ဘက်တံခါးပေါက်အပြင်ဘက်ရှိ ဆိုင်တွင် ကြာဇံသွားစားကြသည်။
အတန်းထဲ ပြန်လာသောလမ်းတွင် ယန်ရှင်းချန်းသည် ကျောင်းဝတ်စုံ ဇစ်ကိုဆွဲချပြီး လက်ဖြင့်ယပ်ခတ်ကာ ညည်းတွားလိုက်သည်။ "ရန်ရန်... ငါ အပူရှပ်တော့မယ် ထင်တယ်။ အတန်းထဲက လူအတော်များများ နွေရာသီဝတ်စုံ လဲဝတ်ကုန်ကြပြီ။ ငါ့အမေကတော့ နွေဦးရာသီမှာ နွေးနွေးထွေးထွေး ဝတ်ရမယ်ဆိုပြီး နွေဦးဝတ်စုံပဲ ဝတ်ခိုင်းတယ်။ အောက်ကလည်း ဘောင်းဘီရှည် ဝတ်ခိုင်းထားသေးတယ်။ မရတော့ဘူး... ငါ အိမ်သာသွားပြီး လဲပစ်တော့မယ်။ နင် လိုက်ခဲ့ပေးမလား"
ကျိုးအန်းရန် အအေးကြောက်သဖြင့် နွေရာသီဝတ်စုံ မဝတ်ရဲသေးဘဲ ယန်ရှင်းချန်းကဲ့သို့ပင် နွေဦးရာသီ အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားသည်။
ကံကောင်းသည်မှာ အမေက သူမကို ဘောင်းဘီရှည် ထပ်ဝတ်ခိုင်းခြင်း မရှိပေ။ သူမ အဲ့လောက်ထိ အအေးမကြောက်ပါဘူး။
ကျိုးအန်းရန်လည်း ယန်ရှင်းချန်းကို ယပ်ခတ်ပေးလိုက်ပြီး ပြောလိုက်သည်။ "အခု ညဘက်ဆို အပူချိန် ပြန်ကျဦးမှာ။ ဒီနေ့တော့ သည်းခံလိုက်ပါဦး။ ပူလိုက်အေးလိုက်ဆို ဖျားတတ်တယ်။ မနက်ဖြန် အပူချိန် ထပ်တက်ဦးမှာဆိုတော့ မနက်ဖြန်ကျမှ မဝတ်ဘဲ နေလိုက်ပေါ့"
ယန်ရှင်းချန်းက ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြသည်။ "မရတော့ဘူး... နင်ကြည့်ပါဦး"
ကျိုးအန်းရန် လှည့်ကြည့်လိုက်ရာ သူမ၏ နဖူးပေါ်တွင် ချွေးစက်များ သီးနေသည်ကို တွေ့လိုက်ရသဖြင့် သနားသွားသည်။ "ဒါဆိုရင်လည်း ငါ နင့်ကို အချိုရည် အရင်ဝယ်တိုက်မယ်လေ။ သောက်ပြီးလို့မှ မရသေးရင် သွားလဲကြတာပေါ့"
ယန်ရှင်းချန်းက ပူလွန်း၍ မနေနိုင်တော့သော်လည်း သူမလက်ကို ချိတ်လိုက်သည်။ "နင် ပြောတာနော်... ဒါဆို စူပါမားကတ် သွားကြမယ်"
နှစ်ယောက်သား ကျောင်းတွင်းစူပါမားကတ်ဘက်သို့ လျှောက်သွားကြသည်။
ဘတ်စကက်ဘောကွင်းဘေး ဖြတ်သွားစဉ် ယန်ရှင်းချန်း ခြေလှမ်းရပ်တန့်လိုက်သည်။ "ဟေး... ရန်ရန် နေဦး... ဟိုဘက်မှာ ဘာဖြစ်နေတာလဲ ကြည့်လိုက်ဦး။ ရန်ဖြစ်နေကြတာလား"
ခုနက ဘတ်စကက်ဘောကွင်း မရောက်ခင်ကတည်းက ကျိုးအန်းရန် ထိုနေရာကို လှမ်းကြည့်ပြီးသားဖြစ်သည်။ ချန်လော့ပိုင် မရှိသည်ကို သေချာသွားသောအခါ သူမ ဂရုမစိုက်တော့ပေ။
ကျောင်းဖွင့်စက ကံမကောင်းခဲ့မှုသည် အခုထိ ပါလာပုံရသည်။ ဒီစာသင်နှစ်ဝက်တွင် သူမသည် စာသင်ခန်းအပြင်ဘက်၌ သူ့ကို တွေ့ရခဲလှသည်။
တစ်ခါတစ်ရံ သူတို့၏ နေရာထိုင်ခင်းများကဲ့သို့ပင်... ဘယ်တော့မှ မဆုံစည်းနိုင်မည့် မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်နေသည်။
ယန်ရှင်းချန်းသည် ပွဲကြည့်ရတာ ကြိုက်သဖြင့် ဘောင်းဘီကိစ္စနှင့် အချိုရည်ကိစ္စကို မေ့သွားပြီး သူမကို ကွင်းဘေးသို့ ဆွဲခေါ်သွားသည်။
အဝေးကကြည့်တုန်းက လူအုပ်စုလိုက် ရန်ဖြစ်နေသည်ဟု ထင်ရသော်လည်း အနီးကပ်ရောက်သွားမှ ကောင်လေးတစ်ယောက်ကို လူအုပ်က ဝိုင်းထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
အလယ်က ဝိုင်းခံထားရသူမှာ ရင်းနှီးနေသော သူတစ်ယောက်ဖြစ်သည်။ သူတို့အတန်းက အားကစားကိုယ်စားလှယ် ထန်ကျန့်ရွေ့ ပင်။
ယန်ရှင်းချန်းလည်း မှတ်မိသွားပြီး မျက်နှာပျက်သွားသည်။ "အလယ်ကလူက ထန်ကျန့်ရွေ့ မဟုတ်လား"
ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်သည်။ ဆရာသွားခေါ်ရမလား ပြောမလို့ ပြင်လိုက်စဉ် ကျုရန်သည် သူမဘေးမှ ဒုံးပျံတစ်စင်းလို ဖြတ်ပြေးသွားပြီး ကွင်းထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
"တောက်! မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ!"
ကျိုးအန်းရန် ရင်ထိတ်သွားပြီး အလိုအလျောက် နောက်လှည့်ကြည့်လိုက်သည်။
မထင်မှတ်ထားဘဲ ချန်လော့ပိုင်သည် သူမအနောက် မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်လေးသည်လည်း ဒီတစ်ပတ်တွင် နွေရာသီဝတ်စုံ လဲဝတ်ထားသည်။ ပူလို့လား၊ အပြေးအလွှား လာရလို့လား မသိ၊ လက်မောင်းပေါ်တွင် ချွေးသီးလေးများ တွဲခိုနေသည်။
ပုံမှန်ဆို သူက အပြုံးရွှင်ရွှင် နေတတ်သော်လည်း ဒီတစ်ခါ မျက်နှာထား တင်းမာအေးစက်နေသည်ကို ကျိုးအန်းရန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ချန်လော့ပိုင်သည် သူမကို တစ်ချက်ကလေးမျှ မကြည့်ဘဲ ဘေးနားမှ ဖြတ်လျှောက်သွားပြီး ကွင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။ အသံမှာလည်း အေးစက်နေသည်။
"ကျုရန်... ရပ်လိုက်"
ကွင်းထဲတွင် ကျုရန်သည် တစ်ဖက်လူ၏ ကော်လာကို ဆွဲထားပြီးဖြစ်ကာ သူ့စကားကို မကြားချင်ယောင် ဆောင်နေသည်။
ထန်ကျန့်ရွေ့ကို ဝိုင်းထားသော အခြားအတန်းမှ ကောင်လေးအချို့သည် နောက်သို့ အနည်းငယ် ဆုတ်သွားကြသည်။
ချန်လော့ပိုင် နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ အသံက ပိုလေးနက်လာသည်။
"ကျုရန်"
ကျုရန် လက်လွှတ်လိုက်ပြီး လှည့်ကြည့်သည်။ "မင်း ငါ့ကို ဘာလို့ တားတာလဲ။ ငါတို့အတန်းကလူကို အနိုင်ကျင့်တာ ဒီအတိုင်း ကြည့်နေရမှာလား"
ချန်လော့ပိုင် ပြန်မဖြေဘဲ ကြမ်းပြင်ပေါ်မှ ဘတ်စကက်ဘောလုံးကို ကုန်းကောက်လိုက်သည်။ လူအုပ်အလယ်သို့ လျှောက်သွားပြီး ကျုရန်နှင့် ထန်ကျန့်ရွေ့ကို နောက်မှာထားကာ ကာကွယ်ပေးလိုက်သည်။
ထိုနေ့ အတန်းထဲ ပြန်ရောက်မှ ဖြစ်စဉ်အစအဆုံးကို ကျိုးအန်းရန် သိလိုက်ရသည်။
ထန်ကျန့်ရွေ့သည် ညနေခင်းက ဘောလုံးတစ်လုံးကိုယူပြီး ပထမတန်း တတိယမြောက်ကွင်းတွင် ချန်လော့ပိုင်တို့ကို စောင့်နေခဲ့သည်။ သို့သော် ရာသီဥတု ကောင်းမွန်နေသဖြင့် ကျန်ကွင်းများ လူပြည့်နေသည်။ အခန်း (၁၀) မှ လူအချို့သည် ထန်ကျန့်ရွေ့ ဘောလုံးကောက်နေစဉ် အခွင့်ကောင်းယူပြီး ဘာမှမပြောဘဲ ကွင်းကို ဝင်လုကြသည်။
ထန်ကျန့်ရွေ့က သွားရောက်ရှင်းလင်းရာမှ စကားများရန်ဖြစ်ကြခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျုံးခိုင်သည် ယင်းယီကျန်းကို ကာကွယ်ပေးထားသဖြင့် ကွင်းဘေးတွင် ကျန်ရစ်ခဲ့သည်။
ချန်လော့ပိုင်သည် ကျုရန်နှင့် ထန်ကျန့်ရွေ့ရှေ့တွင် တစ်ယောက်တည်း ရပ်လျက် အခန်း (၁၀) မှ လူ ၇၊ ၈ ယောက်နှင့် ရင်ဆိုင်နေသော်လည်း အားနည်းသွားပုံမရပေ။
ကျိုးအန်းရန်သည် မလှမ်းမကမ်းတွင် ရပ်ကြည့်နေရင်း သူ နောက်လှည့်ကာ ထန်ကျန့်ရွေ့နှင့် ကျုရန်ကို ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။
"ငါတို့အတန်းကလူကို အလကား အနိုင်ကျင့်ခံလို့ ဘယ်ရမလဲ" ချန်လော့ပိုင်သည် လက်ထဲမှ လိမ္မော်ရောင် ဘောလုံးကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်လှည့်လာသည်။ လေသံက အေးစက်နေသည်။ "ဒါပေမဲ့ ဘောလုံးကွင်းမှာဖြစ်တဲ့ ပြဿနာဆိုတော့... ဘောလုံးနဲ့ပဲ ဖြေရှင်းကြတာပေါ့"
နေဝင်ချိန်အောက်တွင် အပြာနှင့်အဖြူ ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ကောင်လေး၏ မျက်နှာထားမှာ တင်းမာနေပြီး အခန်း (၆) မှ ခေါင်းဆောင်လုပ်သူကို မေးဆတ်ပြလိုက်သည်။ "တစ်ပွဲလောက် ကစားကြမလား"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၉ ။ လီမွန် : ငါတို့ ရှုံးဖို့ မဖြစ်နိုင်ဘူး
အခန်း (၁၀) မှ ခေါင်းဆောင်လုပ်သူမှာ ဟူခွန်းဖြစ်ပြီး ကျောင်းလက်ရွေးစင် ဘတ်စကက်ဘောကစားသမား ဖြစ်သည်။ သူသည် လေ့ကျင့်ရေးဆင်းနေရသဖြင့် အတန်းဖော်များကိုပင် သိပ်မသိဘဲ အခန်း (၂) မှ လူများကို ပို၍ မသိပေ။
ကွင်းလုယူချိန်တွင် ထန်ကျန့်ရွေ့သည် ချန်လော့ပိုင်အတွက် နေရာဦးပေးထားမှန်း သူ မသိခဲ့ပေ။
အမှတ် (၂) အထက်တန်းကျောင်းတွင် ချန်လော့ပိုင်ကို မသိသူ မရှိသလောက်ပင်။ သူလည်း သိသည်။
ချန်လော့ပိုင်သည် ကျောင်း၏ နာမည်ကျော် ဖြစ်နေရုံသာမက သူတို့နည်းပြက ချန်လော့ပိုင်သည် ပါရမီရှင်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးက လူမပေးလို့သာ၊ ချန်လော့ပိုင်ကိုယ်တိုင်က မဝင်ချင်လို့သာ အသင်းထဲ မရောက်လာခြင်းဖြစ်ကြောင်း မကြာခဏ ထုတ်ပြောကာ နှမြောတသ ဖြစ်နေတတ်သောကြောင့်ပင်။
ချန်လော့ပိုင်က ရန်ဖြစ်ချင်နေသည်ဟု ထင်ထားသော်လည်း သူ၏ အမှတ်စာရင်းနှင့် မိသားစုနောက်ခံကြောင့် ဟူခွန်း အနည်းငယ် တွန့်ဆုတ်နေမိသည်။
သို့သော် ချန်လော့ပိုင်က ဘောလုံးပွဲဖြင့် ဖြေရှင်းမည်ဟု တဲ့တိုးပြောလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
နည်းပြက နေ့တိုင်းလိုလို ချီးကျူးနေသော ဒီစာတော်တဲ့ကျောင်းသား ဘယ်လောက်စွမ်းလဲဆိုတာ ဟူခွန်း သိချင်နေသည်မှာ ကြာပြီဖြစ်သည်။
"တစ်ယောက်ချင်းလား... ၅ ယောက် အသင်းလိုက်လား (5V5)"
ချန်လော့ပိုင်က ထန်ကျန့်ရွေ့ကို လှည့်ကြည့်လိုက်သည်။ "မင်းကိုယ်တိုင် ပါချင်တယ် မဟုတ်လား"
ထန်ကျန့်ရွေ့ ခေါင်းငြိမ့်လိုက်သည်။ "ဒါပေါ့"
ကျုရန်က ဘေးနားမှ လက်ထောင်လိုက်သည်။ "ငါရော ငါရော... ငါလည်း ပါမယ်"
ချန်လော့ပိုင် ပြန်လှည့်လာသည်။ "ဒါဆို အသင်းလိုက် ကစားကြမယ်... ရှုံးတဲ့အသင်းက ကျောင်းသားအားလုံးရှေ့မှာ ဝန်ခံကတိရွတ်ပြီး ထန်ကျန့်ရွေ့ကို တောင်းပန်ရမယ်"
ဟူခွန်း - "မင်းတို့ ရှုံးရင်ရော"
"ငါတို့လား" ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။ လေသံက မောက်မာနေသည်။ "ငါတို့ ရှုံးဖို့ မဖြစ်နိုင်ဘူး"
ဟူခွန်းသည် သူ၏ မောက်မာသော လေသံကြောင့် ဆွံ့အသွားပြီး၊ တစ်ဖက်လူက အခြေအနေကို ထိန်းချုပ်သွားမှန်း နောက်ကျမှ သတိထားမိလိုက်သည်။ "မင်းတို့ ရှုံးရင် တခြားလူတွေကို ငါ အပြစ်မပြောဘူး။ မင်းက ဘောလုံးကစားညံ့တယ်၊ ကျောင်းအသင်းဝင်ဖို့ အရည်အချင်းမမီဘူး ဆိုတာကို ကျောင်းသားအားလုံးရှေ့မှာ ဝန်ခံရမယ်"
ရန်ပွဲမဖြစ်တော့သဖြင့် ယန်ရှင်းချန်းသည် ကျိုးအန်းရန်ကိုဆွဲခေါ်ကာ အနီးကပ် သွားကြည့်ကြသည်။ ချန်လော့ပိုင်နှင့် ၁ မီတာခန့်သာ ကွာဝေးသော နေရာသို့ ရောက်လာသည်။
ကောင်လေး ပြုံးလိုက်သည်ကို သူမ တွေ့လိုက်ရသည်။ မျက်နှာပေါ်ရှိ အေးစက်မှုများ မပျောက်သေးသဖြင့် ထိုအပြုံးသည် မောက်မာပြီး ရန်လိုနေသလို ဖြစ်နေသည်။
လေသံက ပို၍ မောက်မာသေးသည်။
"ကောင်းပြီလေ... မင်းမှာ အဲ့ဒီအရည်အချင်း ရှိရင်ပေါ့"
ဟူခွန်းကလည်း သူ့ကြောင့် ဒေါသထွက်ပြီး ရယ်မောလိုက်သည်။ "ဘယ်အချိန်လဲ"
ချန်လော့ပိုင် ခေါင်းစောင်းစဉ်းစားလိုက်သည်။ "ဒီတစ်ပတ် ငါ မအားဘူး။ နောက်တစ်ပတ် သောကြာနေ့ လုပ်ကြမယ်"
……
ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့ အတန်းထဲ ပြန်ရောက်ချိန်တွင် ချန်လော့ပိုင်နှင့် အခန်း (၁၀) ကောင်လေးများ ဘောလုံးပွဲ ချိန်းလိုက်သည့်သတင်းသည် အတန်းထဲသို့ ရောက်နှင့်နေပြီ ဖြစ်သည်။
သူမတို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရကြောင်း သိသွားသောအခါ ပထမအုပ်စုသို့ ပြောင်းသွားသော ရှန့်ရှောင်ဝမ်သည် ဒုတိယအုပ်စုသို့ ပြေးလာပြီး ကျိုးအန်းရန်၏ ထိုင်ခုံတွင် အတင်းတိုးဝှေ့ထိုင်ကာ အတင်းမေးတော့သည်။
"အခန်း (၁၀) ခေါင်းဆောင်က ကျောင်းလက်ရွေးစင်ကဆို... ဟုတ်လား" ဟု ရှန့်ရှောင်ဝမ်က မေးသည်။
အခန်း (၁၀) က ကောင်လေးများကို ကျိုးအန်းရန် တစ်ယောက်မှ မသိပေ။
ကျောင်းအသင်းတွင် သီးသန့် လေ့ကျင့်ရေးကွင်းရှိပြီး အပြင်ဘက်ကွင်းတွင် ဆရာများနှင့် ကျောင်းသားများသာ ကစားလေ့ရှိသည်။ ကျောင်းအသင်းသားများ လာလေ့မရှိပေ။
ထို့ပြင် အထက်တန်းကျောင်းပေါင်းစုံ လိဂ်ပြိုင်ပွဲသည် ပြိုင်ပွဲပုံစံဖြစ်ပြီး၊ အမှတ် (၂) အထက်တန်းကျောင်းသည် ဒီနှစ် အိမ်ရှင်မဟုတ်သဖြင့် ပြိုင်ပွဲများကို သိပ်အာရုံမစိုက်ကြပေ။ တိုက်ရိုက်ထုတ်လွှင့်မှုလည်း မရှိသဖြင့် ပထမနှစ် ကျောင်းသားသစ်များအနေဖြင့် ကျောင်းအသင်း၏ ပွဲစဉ်တစ်ပွဲမှ မကြည့်ဖူးကြသေးပေ။
ကျိုးအန်းရန်သည် ကျောင်းအသင်းသားများကို မသိခြင်းမှာ မဆန်းပေ။
သို့သော် ခေါင်းဆောင်လုပ်သူသည် တော်တော်အရပ်ရှည်သည်။ ချန်လော့ပိုင်က ၁၈၂ စင်တီမီတာ ရှိပြီး၊ ထိုလူက ချန်လော့ပိုင်ထက် အနည်းငယ် ပိုရှည်ကာ လူကောင်လည်း ပိုထွားသည်။ သို့သော် ထိပ်တိုက်တွေ့ချိန်တွင် ချန်လော့ပိုင်၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။
"ဟုတ်လောက်တယ်... တော်တော်ရှည်တာပဲ"
ကျန်းရူရှန်းသည်လည်း အတင်းပြောရတာ ကြိုက်သူဖြစ်ရာ ကုလားထိုင်ကို နောက်လှည့်ထိုင်လိုက်ပြီး ဝင်ပြောသည်။ "အခန်း (၁၀) ကလူကို ငါသိတယ်။ ဟူခွန်း လို့ခေါ်တယ်။ ဒီနှစ်မှ ကျောင်းအသင်းဝင်သွားတာ။ ပွဲထွက်ကစားသမားတော့ မဟုတ်လောက်ဘူး။ ကျောင်းအသင်း ပွဲထွက်ကစားသမားအများစုက ဒုတိယနှစ်နဲ့ တတိယနှစ်တွေလေ။ ဒါပေမဲ့ ကျောင်းအသင်းဝင်နိုင်မှတော့ သိပ်ညံ့မှာ မဟုတ်ဘူး။ ချန်လော့ပိုင်က သူ့ကို ပြိုင်ပွဲခေါ်ရဲတယ်နော်"
လိုယိချီလည်း လှည့်ကြည့်လာသည်။ "ချန်လော့ပိုင်ကလည်း တော်တာပဲဟာ... ဘာလို့ မခေါ်ရဲရမှာလဲ"
"အဲ့ဒါတော့ ဟုတ်ပါတယ်" ကျန်းရူရှန်းက စပ်စုချင်စိတ်ဖြင့် ထပ်မေးပြန်သည်။ "ချန်လော့ပိုင်က ရှုံးတဲ့လူ တစ်ကျောင်းလုံးရှေ့မှာ ဝန်ခံစာ ဖတ်ရမယ်လို့ ပြောတာ တကယ်လား"
ကျိုးအန်းရန်သည် စားပွဲပေါ်မှောက်ထားရင်း ကောင်လေး၏ ရင်ဆိုင်ပြောဆိုပုံများကို ပြန်တွေးကာ ရင်ခုန်သံများ မြန်ဆန်နေဆဲဖြစ်သည်။
သူမ ခေါင်းအနည်းငယ် ငြိမ်ပြလိုက်သည်။
ရှန့်ရှောင်ဝမ်က သူမပခုံးကို မှီကာ ရယ်မောလိုက်သည်။ "ငါတို့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆရာ ဘာလို့ ချန်လော့ပိုင်ကို သဘောကျလဲဆိုတာ ငါသိပြီ။ ပုံမှန်ဆို သူ နောက်ကျတာတို့၊ လှုပ်ရှားမှုတွေ လစ်တာတို့ဆို မသိချင်ယောင်ဆောင်ပေးနေတာလေ။ ဒီနေ့သာ သူ ရောက်မသွားရင် အတန်းနှစ်တန်း ရန်ပွဲဖြစ်တော့မှာ။ သူရောက်သွားတော့ ဆရာတွေ ရှင်းရမယ့်ကိစ္စကို ရှင်းပေးလိုက်သလို ဖြစ်သွားတာပေါ့။ သက်သာလိုက်တာ။ ဒါနဲ့ သူတို့ကို ဆရာ ခေါ်သွားတယ် မဟုတ်လား"
"ဆရာခေါ်သွားတယ်။ ဒါပေမဲ့ ရန်မဖြစ်လိုက်တော့ ဘာမှမဖြစ်လောက်ပါဘူး" ကျန်းရူရှန်းက ဝင်ပြောသည်။ "ချန်လော့ပိုင်က ငယ်ငယ်ကတည်းက သူ့အမေနဲ့အတူ ရှေ့နေရုံး လိုက်သွားလေ့ရှိတော့ ဥပဒေနဲ့ ယဉ်ပါးနေပြီးသား။ ရန်မဖြစ်ခင် လျော်ကြေးကိစ္စ အရင်ပြောလောက်တယ်"
သူမ ပြောရင်းဆိုရင်း နှမြောတသ ဖြစ်သွားသည်။ "ဟာ... ငါ ဒီနေ့ အခင်းဖြစ်ပွားရာနေရာကို ရောက်မသွားလိုက်ရဘူး"
လိုယိချီက သူမကို ဖွဖွလေးထိုးလိုက်ပြီး လေသံမာမာဖြင့် ပြောသည်။ "နင်က ပြောတော့... ငါ ဒီနေ့ အရှေ့ပေါက်က ကြာဇံသွားစားမယ်ဆိုတာကို နင်က ကျောင်းကန်တင်းမှာပဲ စားမယ်ဆိုပြီး ဂျီကျနေတာကိုး"
"ငါ့မှာ ပိုက်ဆံမရှိ..." ကျန်းရူရှန်း စကားမဆုံးခင် အပြင်ဘက်မှ ယောကျ်ားလေးအသံတစ်ခု ဝင်လာသည်။
"ဟူခွန်းက တော်တော်စွမ်းတာပဲ... အစ်ကိုလော့... ငါတို့ သူ့ကို နိုင်ပါ့မလား"
ကျန်းရူရှန်း၏ အာရုံ ပြောင်းသွားသည်။ "ထန်ကျန့်ရွေ့ အသံပဲ။ သူတို့ ပြန်လာကြပြီလား"
ထန်ကျန့်ရွေ့ အသံက ကျယ်သဖြင့် အတန်းထဲမှ လူအတော်များများ ကြားလိုက်ကြပြီး လှည့်ကြည့်ကြသည်။ တချို့ယောကျ်ားလေးများဆိုလျှင် နေရာမှထပြီး နောက်ဘက်သို့ သွားကြသည်။
ကျိုးအန်းရန်သည် ရှန့်ရှောင်ဝမ်၊ ယန်ရှင်းချန်းတို့နှင့်အတူ လှည့်ကြည့်လိုက်ရာ ချန်လော့ပိုင်သည် ကောင်လေးတစ်အုပ် ဝန်းရံလျက် အခန်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဘယ်သွားပြီး မျက်နှာသစ်လာလဲ မသိ၊ နဖူးပေါ်ရှိ ဆံပင်များ စိုစွတ်နေပြီး လည်ပင်းမှ လည်စေ့ပေါ်တွင် ရေစက်လေးများ တွဲခိုနေသည်။ လူငယ်ဆန်သော တက်ကြွလန်းဆန်းမှုများ ပြည့်နှက်နေ၏။
သူ့မျက်နှာပေါ်တွင် အေးစက်မှုများ မရှိတော့ဘဲ ပုံမှန် ပေါ့ပါးသော အပြုံးတစ်ခု ရှိနေသည်။ "ဟူခွန်းက သူ့အတန်းဖော်တွေနဲ့ မရင်းနှီးဘူး။ အခန်း (၁၀) မှာလည်း ဘောလုံးကောင်းကောင်းကစားတတ်တဲ့လူ သိပ်မရှိဘူး"
"သူက ကွင်းအပြည့်ကစားမယ်လို့ စိန်ခေါ်ရဲမှတော့ ယုံကြည်ချက်ရှိလို့ပေါ့" ကျုရန်က ဝင်ပြောပြီး ချန်လော့ပိုင်ကို မေးလိုက်သည်။ "ဒါနဲ့ ဒီတစ်ပတ် မင်း ဘာကိစ္စရှိလို့လဲ... ငါ မကြားမိပါလား"
ချန်လော့ပိုင်က ကုလားထိုင်ကိုဆွဲပြီး ထိုင်လိုက်သည်။ ကျောမှီကို မှီချလိုက်ပြီး ပြောသည်။ "ငါ့မှာ ဘာကိစ္စ ရှိရမှာလဲ... မင်းတို့ လေ့ကျင့်ဖို့ အချိန်ဆွဲပေးလိုက်တာလေ"
ကျုရန်က ကိုယ့်ကုလားထိုင်ကို ဆွဲထုတ်ရင်း ထန်ကျန့်ရွေ့ကို ပြောလိုက်သည်။ "ငါ ပြောသားပဲ... မင်း စိတ်ပူမနေပါနဲ့လို့... မင်းရဲ့ အစ်ကိုလော့က စိတ်နှလုံးမည်းပါတယ်ဆို... ဟူခွန်းလို ခေါင်းမသုံးဘဲ အားပဲသုံးတဲ့ အားကစားသမားက သူ့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ"
ထန်ကျန့်ရွေ့က ပြန်ပြောသည်။ "ငါ့အစ်ကိုလော့ကို အဲ့လိုမပြောနဲ့... ငါ့အစ်ကိုလော့က စိတ်မည်းတာ မဟုတ်ဘူး... ဉာဏ်ကောင်းတာ"
ချန်လော့ပိုင်က ရယ်မောရင်း ကျုရန်၏ ကုလားထိုင်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။ "ကြားလား"
ကျုရန်က ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားပြီး ခုန်ထလိုက်ကာ ထန်ကျန့်ရွေ့၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ "ရွေ့ရွေ့... မင်း မတရားဘူးကွာ။ ခုနက ငါက အရှေ့ဆုံးကနေ ဝင်ပါပေးခဲ့တာနော်"
ထိုစဉ်... အနောက်ဘက်တွင် ကျောင်းသားနှစ်ယောက် ဆော့ကစားရန်ဖြစ်နေကြသည်။
အတန်းထဲမှ ကောင်လေးတစ်ယောက် ချန်လော့ပိုင်အရှေ့ လျှောက်သွားပြီး မေးလိုက်သည်။ "အစ်ကိုလော့... အသင်းစာရင်း သေချာပြီလား။ မသေချာသေးရင် ငါ့ကို ထည့်ပေးပါဦး။ ငါ အခန်း (၁၀) က ကောင်တွေကို ကြည့်မရတာ ကြာပြီ"
"ငါရောပဲ... ငါရောပဲ... ငါလည်း ကစားချင်တယ်" နောက်တစ်ယောက်က ထပ်ပြောသည်။
ချန်လော့ပိုင်က လက်ညှိုးထိုးပြလိုက်သည်။ "စာရင်းသွင်းချင်ရင် ထန်ကျန့်ရွေ့ဆီ သွားပြော"
ထို့နောက် ထန်ကျန့်ရွေ့နှင့် ကျုရန်တို့ အဝိုင်းခံလိုက်ရပြန်သည်။
ကျုံးခိုင်က ချန်လော့ပိုင်အနား လျှောက်လာသည်။ "ငါ ဝင်ကူပေးရမလား"
ကျိုးအန်းရန်သည် လူမသိသူမသိသော စိတ်လှုပ်ရှားမှုလေးဖြင့် အတန်းဖော်များကြားတွင် ရောနှောကာ သူ့ကို အားရပါးရ ကြည့်နေမိသည်။
ကောင်လေးသည် ကုလားထိုင်ဘားတန်းကို ခြေထောက်ဖြင့် ကန်လိုက်ပြီး ကုလားထိုင်ကို ရှေ့နောက် လှုပ်နေသည်။
သူ ပြုတ်မကျနိုင်မှန်း သိသော်လည်း ကျိုးအန်းရန် ရင်ပူနေမိသည်။ ကုလားထိုင်ခြေထောက်များ ကြမ်းပြင်ပေါ် ပြန်ကျသွားမှသာ စိတ်အေးသွားတော့သည်။
ချန်လော့ပိုင် - "မလိုပါဘူး... ဒါက ငါတို့ အတန်းနှစ်တန်းကြားက ကိစ္စပဲလေ"
ကျုံးခိုင် ခေါင်းငြိမ့်လိုက်သည်။ "အိုကေ... ဒါဆိုရင်လည်း သတိထားကစားကြ။ ဟူခွန်းက ကစားကွက် နည်းနည်းကြမ်းတယ်"
ကစားကွက် ကြမ်းတယ်တဲ့လား။ ကျိုးအန်းရန် စိုးရိမ်စိတ် ဝင်လာပြန်သည်။
ချန်လော့ပိုင်ကမူ အေးဆေးပင်။ ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။
"ဒါဆို ငါတို့ အတန်းပြန်တော့မယ်" ကျုံးခိုင်က ယင်းယီကျန်း၏လက်မောင်းကို ဆွဲလိုက်သည်။
ယင်းယီကျန်းက နှစ်လှမ်းခန့် လိုက်သွားပြီးမှ ပြန်လှည့်ကြည့်သည်။ "ငါ လာအားပေးမယ်နော်"
ချန်လော့ပိုင် မျက်ခုံးပင့်ပြလိုက်သည်။
သူငယ်ချင်းများနှင့် စကားပြောနေ၍လား၊ သူမ၏ စကားကြောင့်လား မသိ၊ ကောင်လေး၏မျက်နှာတွင် အပြုံးရိပ်များ ထင်ရှားနေဆဲ။
ထိုအပြုံးသည် ကျိုးအန်းရန်၏ မျက်စိထဲတွင် စူးရှနေသလို ခံစားရသည်။ ရင်ထဲမှ လီမွန်တစ်ခြမ်းကို လက်တစ်ဖက်က လာညှစ်လိုက်သလို အချဉ်ရည်များ စီးကျလာပြီး စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။
"ဟေ့... ဟေ့..." ကျန်းရူရှန်းက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
ယန်ရှင်းချန်းနှင့် ရှန့်ရှောင်ဝမ်တို့ လှည့်ကြည့်လိုက်ကြသည်။ ကျိုးအန်းရန်လည်း လိုက်ကြည့်လိုက်သည်။
ကျန်းရူရှန်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ယင်းယီကျန်းက ချန်လော့ပိုင်ကို စိတ်ဝင်စားနေတယ်လို့ နင်တို့ မထင်ကြဘူးလား"
ယန်ရှင်းချန်းက သဘောရိုးဖြင့် ပြန်မေးသည်။ "သူက ကျုံးခိုင်နဲ့ ငယ်သူငယ်ချင်း မဟုတ်ဘူးလား"
ကျန်းရူရှန်း မျက်လွှာချလိုက်ပြီး ဘာမှပြန်မပြော။
ရှန့်ရှောင်ဝမ်က ကျိုးအန်းရန် ပခုံးပေါ်မှီရင်း ရယ်မောလိုက်သည်။ "ယင်းယီကျန်းက ချန်လော့ပိုင်ကို စိတ်ဝင်စားလားဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါတို့အတန်းက ကောင်လေးတော်တော်များများ ယင်းယီကျန်းကို စိတ်ဝင်စားနေကြတာတော့ ငါသိတယ်။ သူ ရောက်လာရင် မျက်လုံးကို မခွာနိုင်ကြတော့ဘူး"
ယန်ရှင်းချန်းက စပ်စုချင်စိတ်ဖြင့် အနောက်သို့ လှည့်ကြည့်လိုက်ရာ ပထမအုပ်စု၊ စတုတ္ထတန်းသို့ ပြောင်းသွားသော တုန်းချန်သည် ယင်းယီကျန်း၏ ကျောပြင်ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမ ချက်ချင်း ပြန်လှည့်လာပြီး ရှန့်ရှောင်ဝမ်ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "နင်ပြောတဲ့အထဲမှာ တုန်းချန်လည်း ပါလား"
ရှန့်ရှောင်ဝမ် - "......"
ကျိုးအန်းရန် - "......"
ကျန်းရူရှန်းက သူမ စိတ်ဝင်စားသော အကြောင်းအရာကို ဆက်ပြောသည်။ "တကယ်လို့ ယင်းယီကျန်းက ချန်လော့ပိုင်ကို တကယ်စိတ်ဝင်စားတယ်ဆိုရင် တခြားမိန်းကလေးတွေထက် အခွင့်အရေး ပိုသာနေတာပေါ့။ ကျုရန်မှာ ငယ်သူငယ်ချင်း မရှိဘူးဆိုတော့ ချန်လော့ပိုင် သူငယ်ချင်းရဲ့ ငယ်သူငယ်ချင်းဆိုတဲ့ အခွင့်ထူးနဲ့ သူတို့အုပ်စုထဲ ဝင်လို့ရနေတဲ့ တစ်ဦးတည်းသော မိန်းကလေးလေ။ ရေနီးတဲ့ငါးတွေ အရင်ရတယ်ဆိုတဲ့အတိုင်း... နင်တို့ ဘယ်လိုထင်လဲ။ သူ ချန်လော့ပိုင်ကို ရမလား"
ကျိုးအန်းရန် ရင်ထဲမှ လီမွန်ခြမ်းလေး ထပ်မံ အညှစ်ခံလိုက်ရပြန်သည်။
လိုယိချီက အနောက်သို့ လှမ်းကြည့်လိုက်ပြီး မျက်နှာသေဖြင့် ပြန်လှည့်လာသည်။ "ဆရာကောင်း လာနေပြီ။ ညပိုင်းစာလေ့လာချိန် စတော့မယ်... တော်ကြပါတော့"
ကျန်းရူရှန်း အမြန်ပြန်လှည့်လိုက်သည်။ ရှန့်ရှောင်ဝမ်လည်း ကိုယ့်နေရာကိုယ် ပြန်သွားသည်။
……
ထိုအချိန်မှစ၍ ကျိုးအန်းရန်သည် အတန်းပြင်ပတွင် ချန်လော့ပိုင်ကို တွေ့ရခဲသွားသည်။ သူသည် ကျောင်းအနီးရှိ မိုးလုံလေလုံ ဘတ်စကက်ဘောကွင်းတစ်ခုကို ငှားပြီး အတန်းဖော်များနှင့်အတူ လေ့ကျင့်ရေးဆင်းနေသည်ဟု ကြားသည်။ နေ့လယ်စာစားချိန်နှင့် ညနေကျောင်းဆင်းချိန်များတွင် ကောင်လေးတစ်သိုက် ပျောက်သွားလေ့ရှိသည်။
သူတို့နောက်သို့ လိုက်သွားနိုင်သော တစ်ဦးတည်းသော မိန်းကလေးမှာ ယင်းယီကျန်း ဖြစ်သည်။
ထိုအချက်ကို ကျိုးအန်းရန် မအံ့သြမိပေ။ သူမ အံ့သြမိသည်မှာ နောက်ရက်အနည်းငယ်အကြာတွင် အခြားမိန်းကလေးတစ်ဦး ထိုအဖွဲ့ထဲသို့ ရောက်ရှိသွားခြင်းပင်ဖြစ်သည်။
***