← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၃ ။ လီမွန် : ကျေးဇူးပဲ

ရက်သတ္တပတ်ကုန်ဆုံးပြီးနောက် နန်ချန်မြို့၏ အပူချိန်မှာ ၁၀ ဒီဂရီကျော်သို့ ရုတ်တရက် ပြန်လည်ကျဆင်းသွားသည်။ တနင်္လာနေ့ နံနက် ကျောင်းပြန်တက်ချိန်တွင် ကျိုးအန်းရန်တစ်ယောက် မေမေဟယ်၏ မှာကြားချက်ကြောင့် အဝတ်တစ်ထပ် ပိုဝတ်လာခဲ့ရသည်။

စာသင်ဆောင်သို့ ရောက်သောအခါ ကျိုးအန်းရန်နှင့် ယန်ရှင်းချန်တို့သည် ပုံမှန်အတိုင်း လက်ချင်းချိတ်ကာ အခန်းနောက်ပေါက်မှ ဝင်လာခဲ့ကြသည်။

တံခါးဝသို့ ဝင်လိုက်သည်နှင့် ကျိုးအန်းရန်၏ အကြည့်တို့က ဒုတိယတန်း၊ ဆဌမမြောက်ခုံတန်းဆီသို့ အကျင့်ပါနေသလို ဦးစွာ ရောက်သွားသည်။ အနောက်တန်းမှ သိပ်မရင်းနှီးသော ကောင်လေးတစ်ယောက်က ယန်ရှင်းချန်ကို နှုတ်ဆက်လိုက်သည်ကို ကြားလိုက်ရသည်။

"ယန်ရှင်းချန်... နင် တော်တော်မိုက်တာပဲ။ ပြီးခဲ့တဲ့ သောကြာနေ့က ဗီဒီယိုရယ်၊ အဲဒီစကားတွေရယ်က တကယ်ကျေနပ်စရာကောင်းတယ်။ နင် ဘတ်စကက်ဘောအကြောင်း ဒီလောက် သိလိမ့်မယ်လို့ မထင်ထားဘူး"

ယန်ရှင်းချန် လက်ကာပြလိုက်သည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အဲဒီတုန်းက ဖေဖေနဲ့ ဘောလုံးပွဲကြည့်ရင်း ကြားဖူးနားဝ ရှိသွားရုံပါ။ ငါက တကယ် မသိပါဘူး"

"ကြားဖူးနားဝလောက်နဲ့ မှတ်မိပြီး အရေးကြီးတဲ့အချိန်မှာ သုံးနိုင်တာကလည်း တော်တော်မိုက်နေပါပြီ"

ခုံသို့ ပြန်ရောက်သောအခါ ယန်ရှင်းချန် သက်ပြင်းချလိုက်သည်။

"ကံကောင်းလို့ နင်က လူတွေ ဒီကိစ္စပြောကြမယ်ဆိုတာ ကြိုသိပြီး ငါ့အတွက် ဇာတ်ညွှန်းတွေ ပြင်ပေးထားတာ၊ မဟုတ်ရင် ငါတကယ် ပေါ်သွားမှာ ကြောက်နေတာ"

ကျိုးအန်းရန် ချက်ချင်း ဝင်မထိုင်သေးဘဲ လွယ်အိတ်ထဲမှ တစ်သျှူးထုတ်ကာ စားပွဲခုံကို သုတ်လိုက်သည်။

ယန်ရှင်းချန်က အသံတိုးတိုးဖြင့် ဆက်ပြောသည်။

"တကယ်တော့ သူတို့ အမှန်တကယ် ချီးကျူးသင့်တာက နင်လေ။ ဗီဒီယိုက တကယ်တော့ နင်ရိုက်တာပါ၊ အဲဒီစကားတွေကလည်း နင်ပြောခိုင်းတာပါဆိုပြီး ငါ အားလုံးကို ပြောပြလိုက်ရမလား"

ကျိုးအန်းရန် စားပွဲသုတ်နေသော လက် ရပ်တန့်သွားသည်။

သူမသည် သောကြာနေ့က သူ့ကို ကူညီချင်ရုံသာဖြစ်ပြီး မည်သူ့ချီးကျူးမှုကိုမျှ လိုချင်ခဲ့ခြင်း မဟုတ်ပေ။

ထို့အပြင် သူမသည် အာရုံစိုက်မှုကို အများကြီး မလိုချင်ပါ။ ထိုသို့ဖြစ်လာပါက သူမ ကောင်းစွာ ဝှက်ထားသော လျှို့ဝှက်ချက်ကြီး ပေါ်သွားတော့မလို ခံစားနေရသည်။

"မပြောပါနဲ့တော့"

ကျိုးအန်းရန် တိုးတိုးလေး ပြန်ပြောလိုက်သည်။

"သူတို့ နောက်ရက်နည်းနည်းကြာရင် မေ့သွားကြမှာပါ။ ပြီးတော့ အခုမှ ထပြောရင် ကုသိုလ်ယူချင်သလို ဖြစ်နေလိမ့်မယ်။ ဘာမှလည်း အကြီးကြီး မဟုတ်ပါဘူး။ ငါက အဲဒီလို အခြေအနေတွေကိုလည်း ကောင်းကောင်း မကိုင်တွယ်တတ်ဘူးလေ၊ နင်ပဲ ငါ့ကို ဆက်ကူညီပေးပါနော်။ ညကျရင် ငါ နင့်ကို Milk Tea တိုက်ပါ့မယ်"

"ရပါတယ်... ဒါပေမဲ့ ဒီနေ့ အရမ်းပူတော့ ညကျရင် ရေခဲသံပုရာရည် သောက်ချင်တယ်"

ယန်ရှင်းချန်က သမ်းဝေလိုက်ရင်း စားပွဲပေါ် မှောက်ချချင်နေသည်။

ကျိုးအန်းရန် သူမကို ဆွဲထားလိုက်သည်။

"ခဏနေမှ မှောက်၊ ငါ နင့်ကို သုတ်ပေးဦးမယ်"

ယန်ရှင်းချန်၏စားပွဲကိုပါ ကူသုတ်ပေးပြီးနောက် ကျိုးအန်းရန် အနောက်သို့သွား၍ တစ်သျှူးစက္ကူ ပစ်လိုက်ပြီး လက်သွားဆေးလိုက်သည်။

ပြန်လာသောအခါ လိုယိချီတစ်ယောက် ခုံတွင် ဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

ကျိုးအန်းရန်လည်း ကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်သည်။

လိုယိချီက ကိုယ်ကိုစောင်းကာ ယန်ရှင်းချန်ကို အကဲခတ်သလို ကြည့်လိုက်သည်။

"ယန်ရှင်းချန်... နင်က ဘယ်တုန်းက ဘတ်စကက်ဘော စည်းမျဉ်းတွေကို ဒီလောက် နားလည်သွားတာလဲ"

ယန်ရှင်းချန် မော့ကြည့်လိုက်သည်။

"မနားလည်ပါဘူး၊ တိုက်ဆိုင်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက ဖေဖေနဲ့ကြည့်တဲ့ ပွဲမှာ ကစားသမားတစ်ယောက် ခြေထိုးခံလိုက်တာ ပါလာလို့လေ။ သုံးသပ်သူက အဲဒီစည်းမျဉ်းအပိုင်းကို အလေးထားပြီး ပြောပြသွားတာနဲ့ ငါလည်း မှတ်မိသွားတာ"

"အဲဒီလိုလား"

လိုယိချီ စကား ခေတ္တရပ်သွားသည်။

"နင်က ချန်လော့ပိုင် ခြေထိုးခံလိုက်ရတာကိုလည်း တိုက်ဆိုင်ပြီး ရိုက်မိသွားတယ်ဆိုတော့၊ ငါတို့အခန်း ကံကောင်းတယ်လို့ ပြောရမှာပေါ့"

ယန်ရှင်းချန် - "ဘောလုံးက သူ့လက်ထဲမှာလေ၊ ငါက သူ့မျက်နှာကို ရိုက်နေတာမှ မဟုတ်တာ၊ ခြေထောက်လှုပ်ရှားမှုကို ရိုက်မိတာ ပုံမှန်ပဲဟာ"

လိုယိချီက လက်ကို ကျိုးအန်းရန် စားပွဲပေါ် တင်လိုက်သည်။

"ဟုတ်သားပဲ... ဒါပေမဲ့ ကျုရန်က သောကြာနေ့တုန်းက နင့်ကို 'ချင်းထင်း' မှာ ထမင်းစားဖို့ ခေါ်တာ နင် ဘာလို့ မသွားတာလဲ။ နင်သွားရင် ငါလည်း အဖော်ရတာပေါ့လို့ တွေးနေတာ"

ဒီခေါင်းစဉ်ကတော့ ကျိုးအန်းရန် ကြိုတင်သင်ပေးထားသော ဇာတ်ညွှန်းထဲတွင် မပါတော့ပေ။

သို့သော် ဘတ်စကက်ဘောနှင့် မသက်ဆိုင်သဖြင့် ယန်ရှင်းချန်လည်း ပေါ်သွားမည်ကို မကြောက်တော့ပေ။ သူမ ခေါင်းမော့ပြီး လိုယိချီကို နားမလည်သလို ကြည့်လိုက်သည်။

"နင်က ယင်းယီကျန်းနဲ့ အတူသွားတာ မဟုတ်ဘူးလား"

လိုယိချီ တိတ်ဆိတ်သွားသည်။

"ဒါဆို မိန်းကလေးဆိုလို့ နင်နဲ့သူ နှစ်ယောက်ပဲ ရှိတာပေါ့၊ ကျန်တာတွေက ယောကျ်ားလေးတွေချည်းပဲ" သူမက ခေါင်းစဉ်ကို ပြန်ဆွဲယူလာသည်။ "ဒါနဲ့ နင် ဘာလို့ မလိုက်သွားတာလဲ"

ယန်ရှင်းချန်က နားမလည်နိုင်သော မျက်နှာဖြင့် ရှိနေဆဲဖြစ်သည်။

"ငါက ဘာကိစ္စ လိုက်သွားရမှာလဲ၊ သူတို့နဲ့လည်း သိပ်ရင်းနှီးတာ မဟုတ်ဘူး၊ ပြီးတော့ အဲဒီနေ့က ငါ့အိုင်ဒေါရဲ့ ပွဲရှိတယ်လေ"

"အဲဒါလေး တစ်ခုတည်းအတွက်နဲ့လား" လိုယိချီက သိသိသာသာ အံ့ဩသွားပုံရသည်။

ယန်ရှင်းချန် - "ဘာကို အဲဒါလေး တစ်ခုတည်းအတွက်လဲ၊ ငါ့အိုင်ဒေါ ပွဲမထွက်တာ ဘယ်လောက်ကြာပြီလဲ သိလား၊ မိုးပြိုကျလာရင်တောင် သူ့လောက် အရေးမကြီးဘူး"

လိုယိချီ - "......"

"ပြီးရောဟာ" သူမပြောပြီးသည်နှင့် ကိုယ်ကို ပြန်လှည့်သွားသည်။

ကျိုးအန်းရန် ဘေးမှထိုင်ကာ အစအဆုံး နားထောင်နေရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ယန်ရှင်းချန်သည် ချန်လော့ပိုင်အပေါ် လုံးဝ စိတ်ဝင်စားမှုမရှိသောကြောင့်သာ ဤမျှ ပွင့်ပွင့်လင်းလင်းနှင့် သက်တောင့်သက်သာ ရှိနေနိုင်ခြင်းဖြစ်သည်။

အကယ်၍ သူမသာဆိုလျှင် ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။

ကျိုးအန်းရန် ဘောပင်ထုတ်လိုက်သည်။ ဝေါဟာရအချို့ မှတ်ရန် စိတ်ကူးလိုက်သော်လည်း စိတ်နှင့်ကိုယ် မကပ် ဖြစ်နေသည်လား မသိ၊ ဘောပင်အဖုံးဖွင့်လိုက်စဉ် မတော်တဆ လွင့်ထွက်သွားသည်။

သူမ ကုန်းကောက်လိုက်ပြီး ခေါင်းမော့လိုက်ချိန်တွင် လူသွားလမ်းကြားခြားကာ ဘေးသို့ပြောင်းထိုင်လာသော ဟယ်မင်ယွီက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

စောစောက စကားများကို သူကြားသွားသည်လား မသိပေ။

သောကြာနေ့က ကွင်းထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစဉ် လူအများ၏အကြည့်က ချန်လော့ပိုင်တို့ဆီ ရောက်နေကြသည်။ ဖုန်းကို ယန်ရှင်းချန် အိတ်ကပ်ထဲ ထိုးထည့်လိုက်သည့် သူမ၏လုပ်ရပ်ကလည်း အတော်လေး လျှို့ဝှက်ချက်ဆန်ခဲ့သည်။ သူတို့နှစ်ယောက်၏ ဖုန်းနှင့် ဖုန်းအစွပ်မှာလည်း တူညီနေသည်။

ဟယ်မင်ယွီက သူမတို့ဘေးတွင် ရပ်နေခဲ့လျှင်တောင် တစ်စုံတစ်ရာကို သတိထားမိမည် မဟုတ်လောက်ပါဟု တွေးမိသည်။

"ဘာဖြစ်လို့လဲ" ကျိုးအန်းရန် သူ့ကို မေးလိုက်သည်။

ဟယ်မင်ယွီ ခေါင်းခါပြလိုက်သည်။

"ကိစ္စမရှိပါဘူး... နင့်ကို ပုစ္ဆာတစ်ပုဒ် မေးမလို့လုပ်နေတာ၊ ရုတ်တရက် ကိုယ့်ဘာသာ နားလည်သွားလို့"

ကျိုးအန်းရန် ဘာမှထပ်မပြောတော့ဘဲ ဘောပင်အဖုံးပြန်ပိတ်ကာ ခေါင်းငုံ့၍ ဝေါဟာရများကို ဆက်မှတ်နေလိုက်သည်။

ယန်ရှင်းချန်က ဘေးမှနေ၍ တံတောင်ဖြင့် တွန်းပြန်သည်။

"ငါ့အိုင်ဒေါရဲ့ သောကြာနေ့က ပွဲကို ခိုးပြီး ပြန်ကြည့်လိုက်ဦးမယ်၊ ရန်ရန်... နင် ဆရာလာမလာ ကြည့်ပေးနော်"

ကျိုးအန်းရန် လက်မခံပေ။

"မနက်ပိုင်း ဝေါဟာရမှတ်တာကို စောင့်ကြည့်ပေးဖို့ အန်တီစုန့်က ငါ့ကို မှာလိုက်တယ်လေ"

"ငါးမိနစ်ပဲ ကြည့်မှာပါ" ယန်ရှင်းချန်က သူမကို ချွဲလိုက်သည်။ "လုပ်ပါ ရန်ရန်ရယ်... ငါက နင့်ကို ကူညီ..."

ကျိုးအန်းရန် တိုးတိုးလေး ဖြတ်ပြောလိုက်သည်။

"ငါးမိနစ်ပဲနော်"

ယန်ရှင်းချန်က လက်ဖြင့် OK ပုံစံ လုပ်ပြလိုက်ပြီး ခေါင်းကို ငုံ့သွားတော့သည်။

ကျိုးအန်းရန် အင်္ဂလိပ်စာအုပ်ကို လှန်လိုက်ပြီး ရံဖန်ရံခါ အနောက်ဘက်သို့ လှည့်ကြည့်ပေးနေရသည်။

အတန်းပိုင်ဆရာမ အနောက်ပေါက်မှ ဝင်လာမလာ ကြည့်ပေးခြင်းဖြစ်သည်။

ထို့အပြင်... သူ ရောက်မလာ ကြည့်နေခြင်းလည်းဖြစ်သည်။

ငါးမိနစ်ပြည့်ခါနီးတွင် တုန်းချန်က အနောက်ဘက် လူသွားလမ်းအတိုင်း လျှောက်လာပြီး ယန်ရှင်းချန်၏ စားပွဲဘေးသို့ ရောက်သောအခါ ရုတ်တရက် စားပွဲကို ခေါက်လိုက်သည်။

ယန်ရှင်းချန် လန့်သွားပြီး မော့ကြည့်လိုက်ရာ သူ့ကို မြင်သောအခါ နားကြပ်ဖြုတ်ပြီး အော်လိုက်သည်။

"တုန်းချန်... နင့်မှာ ရောဂါရှိလား၊ ဘာကိစ္စ ငါ့စားပွဲကို လာခေါက်တာလဲ၊ လန့်သွားတာပဲ"

တုန်းချန်က အကြွေးတောင်းသလို လေသံဖြင့် ပြောသည်။

"သင်္ချာအိမ်စာ လာကောက်တာလေ၊ နင်က စာကောင်းကောင်း မလုပ်ဘဲ သူခိုးကြောင်သူခိုးဝှက် လုပ်နေပြီးတော့များ ငါ့ကို လာအပြစ်တင်နေသေးတယ်"

ယန်ရှင်းချန်က မကျေမနပ် မျက်စောင်းထိုးလိုက်သည်။

"ဘယ်သူက သူခိုးကြောင်သူခိုးဝှက် လုပ်နေလို့လဲ။ အချိန်က စောသေးတာကို အခုကတည်းက ဘာသင်္ချာအိမ်စာ လာကောက်နေတာလဲ"

သူမ ပြောရင်းဆိုရင်း စားပွဲအံဆွဲထဲမှ စာရွက်တစ်ရွက်ဆွဲထုတ်ပြီး စားပွဲပေါ် ဘုန်းခနဲ ပစ်တင်လိုက်သည်။

တုန်းချန် - "ငါ ကောက်ချင်တဲ့အချိန် ကောက်မှာပဲ"

ယန်ရှင်းချန် သူ့ကို ဆက်မပြောချင်တော့ဘဲ နားကြပ်ပြန်တပ်လိုက်သည်။

တုန်းချန် နှာခေါင်းကို ပွတ်လိုက်သည်။

"ကျိုးအန်းရန်... နင့်ဟာရော"

ကျိုးအန်းရန် စာရွက်ကမ်းပေးလိုက်ရင်း တိုးတိုးလေး ဖြည့်စွက်ပြောလိုက်သည်။

"နင် သူ့ကို ခဏခဏ မခြောက်ပါနဲ့၊ သူက လန့်တတ်တယ်"

တုန်းချန် တိတ်ဆိတ်သွားပြီး အကြည့်လွှဲလိုက်သည်။

"ဘယ်သူက သူ့ကို ခဏခဏ ခြောက်လို့လဲ"

ကျိုးအန်းရန် ပြန်မပြောတော့ဘဲ ယန်ရှင်းချန်၏နားကြပ်ကို ဆွဲဖြုတ်လိုက်သည်။

"ငါးမိနစ် ပြည့်ပြီ၊ ဝေါဟာရ မြန်မြန်မှတ်တော့"

ယန်ရှင်းချန် - "......"

"ဝူး... ဝူး... ဝူး... ငါ့အမေက နင့်ကို ဘာလာဘ်ထိုးထားတာလဲ၊ ငါ ဆယ်ဆပေးမယ်"

"အဆတစ်ရာပေးလည်း အလကားပဲ"

ကျိုးအန်းရန်က သူမ၏ အင်္ဂလိပ်စာအုပ်ကို ဆွဲထုတ်ပေးလိုက်သည်။

"ဝေါဟာရ မြန်မြန်မှတ်၊ ခဏနေ အလွတ်ရေးတဲ့အချိန် မရရင် ငါ့လာမငိုပြနဲ့နော်"

သို့သော် ယန်ရှင်းချန်သည် စကားလုံးနှစ်လုံးပင် မမှတ်လိုက်ရပေ။

အကြောင်းမှာ ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်းတို့ အခန်းထဲ ဝင်လာကြသောကြောင့် ဖြစ်သည်။ ထိုနှစ်ယောက်သည် သောကြာနေ့က သူတို့နှင့် လူချင်းကွဲသွားကြပြီး စနေ၊ တနင်္ဂနွေတွင် လူမှုကွန်ရက်၌ တစ်ခေါက် မေးထားကြပြီးဖြစ်သည်။ အခန်းရောက်တော့လည်း သောကြာနေ့ ဘောလုံးပွဲအကြောင်း အတင်းအဖျင်း လာပြောနေကြပြန်သည်။

စာလေ့လာချိန် စခါနီးသည်အထိ ကျိုးအန်းရန် အနောက်ဘက်မှ ရင်းနှီးသောအသံကို မကြားရသေးပေ။

အနောက်တန်းမှ အိမ်စာစာအုပ်များ ရှေ့သို့ပို့ပေးနေချိန်ကို အခွင့်ကောင်းယူ၍ အနောက်သို့ လှည့်ကြည့်လိုက်ရာ ဆဌမမြောက်တန်းရှိ သူ၏နေရာ လွတ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

ဒီနေ့ ဘာလို့ အခုထိ မလာသေးတာလဲ။

ကျိုးအန်းရန် အနောက်မှစာအုပ်ကို လှမ်းယူလိုက်ပြီး ဖြည်းညှင်းစွာ ပြန်လှည့်လိုက်ချိန်တွင် သူမ တွေ့ချင်နေသော ထိုလူ အခန်းရှေ့ပေါက်ဝတွင် ပေါ်လာသည်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရသည်။

အပူချိန်ကျဆင်းသွားသဖြင့် ထိုကောင်လေးသည် နွေဦးရာသီ ကျောင်းဝတ်စုံကို ပြန်ဝတ်ထားပြီး အပေါ်ထပ်အင်္ကျီ ဇစ်မဆွဲထားပေ။ လွယ်အိတ်ကို ပခုံးတစ်ဖက်တည်းတွင် လွယ်ထားပြီး အရပ်ရှည်ရှည်နှင့် ဖြောင့်တန်းလျက်ရှိသည်။

လက်ထဲတွင် အကြည်ရောင်အိတ်တစ်လုံး ကိုင်ထားပြီး အထဲတွင် ဘာပါသည်ကိုတော့ မသိပေ။

သူသည် ခေါင်းကို စောင်းထားပြီး သူ့ခန္ဓာကိုယ်ဖြင့် တစ်ဝက်လောက်ကွယ်နေသော ကျုရန်နှင့် စကားပြောနေသည်။

ကျုရန် ဘာပြောလိုက်မှန်း မသိသော်လည်း ချန်လော့ပိုင်က ရုတ်တရက် သူမတို့ရှိရာဘက်သို့ လှည့်ကြည့်လာသည်။

ကျိုးအန်းရန် အလောတကြီး အကြည့်လွှဲလိုက်မိသည်။

သို့သော် မျက်လုံးထောင့်မှနေ၍ သူ့ဘက်မှ အခြေအနေကို မြင်နေရဆဲဖြစ်သည်။

သူနှင့် ကျုရန် အခန်းထဲ ဝင်လာသည်ကို မြင်လိုက်ရသည်။

ပထမတန်းနှင့် ဒုတိယတန်းကြားရှိ လူသွားလမ်းအတိုင်း လျှောက်လာသည်ကို မြင်လိုက်ရသည်။

ပြီးတော့...

သူမတို့ရှိရာ အတန်းတွင် ရပ်တန့်လိုက်သည်ကို မြင်လိုက်ရသည်။

ကျိုးအန်းရန် အသက်ရှူပင် ရပ်သွားသလို ခံစားလိုက်ရသည်။

သူမ ခေါင်းကို အနည်းငယ် မော့ကြည့်မိသော်လည်း သူ့မျက်နှာကို တည့်တည့်မကြည့်ရဲပေ။ သို့သော် မြင်ကွင်းက စောစောကထက် ပိုရှင်းလင်းလာသည်။

သူ လက်မြှောက်လိုက်သည်ကို ကျိုးအန်းရန် ရှင်းလင်းစွာ မြင်လိုက်ရသည်။ လက်ကောက်ဝတ်ရိုးပေါ်မှ မှဲ့နက်ကလေး သူမမြင်ကွင်းထဲ ဝင်လာသည်။ သူ့လက်ထဲတွင် ကိုင်ထားသည်မှာ ကျောင်းမုန့်ဈေးတန်းမှ အိတ်ဖြစ်ပြီး အထဲတွင် မုန့်များ အပြည့်ထည့်ထားသည်ကိုလည်း သေချာမြင်လိုက်ရသည်။

ထိုမုန့်ထုပ်ကို ယန်ရှင်းချန်၏စားပွဲပေါ် တင်လိုက်သည်။

ထိုကောင်လေး၏ ရင်းနှီးပြီးသား ကြည်လင်ပြတ်သားသော အသံက အနီးကပ် ထွက်ပေါ်လာသည်။

"သောကြာနေ့က ကိစ္စအတွက်... ကျေးဇူးပဲ"

ကျုရန်က သူ့စကားနောက်မှ ထပ်ဖြည့်ပြောသည်။

"ဒါ ငါတို့အဖွဲ့က ဒကာခံတာ... သူရဲကောင်းမလေး ယန်... နင် တကယ်မိုက်တယ်ဟ။ သောကြာနေ့က နင့်ရဲ့ ဗီဒီယိုနဲ့ စကားတွေသာ မရှိရင် ငါတို့ နိုင်တော့နိုင်မယ်၊ ဒါပေမဲ့ ဒီလောက် လွယ်လွယ်ကူကူ နိုင်မှာ မဟုတ်ဘူး"

ယန်ရှင်းချန် ကြောင်အသွားသည်။

ဒီအကွက်ကလည်း ကျိုးအန်းရန် သင်ပေးထားသော ဇာတ်ညွှန်းထဲတွင် မပါပေ။

ယန်ရှင်းချန် ခေါင်းအနည်းငယ် ငဲ့ကြည့်လိုက်ရာ ကျိုးအန်းရန် ခေါင်းငုံ့ထားသည်ကိုသာ တွေ့လိုက်ရသဖြင့် မျက်တောင်ခတ်ကာ ဗူးဗွါးပြောလိုက်ရတော့သည်။

"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... တိုက်ဆိုင်ပြီး ရိုက်မိသွားတယ်၊ ပြီးတော့ စည်းမျဉ်းကိုလည်း တိုက်ဆိုင်ပြီး သိနေလို့ပါ။ နင်တို့ပဲ အတန်းဂုဏ်ဆောင်ဖို့ လုပ်တာဆို၊ တခြားလူသာဆိုရင်လည်း ဒီလိုပဲ လုပ်မှာပါ၊ တကယ် ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"

"ရပါတယ်... ဒီမုန့်တွေတော့ ယူထားလိုက်ပါ၊ ဘာမှ သိပ်များတာ မဟုတ်ပါဘူး" ကျုရန်က ရှည်ရှည်ဝေးဝေး ပြောမနေတော့ပေ။ "ဘာပဲဖြစ်ဖြစ် နင် နောက်ပိုင်း အကူအညီလိုရင် ငါတို့ကို ပြောလိုက်"

အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း ကောင်လေးနှစ်ယောက် ထွက်သွားမှ ယန်ရှင်းချန် သက်ပြင်းချလိုက်နိုင်သည်။

သူမ စားပွဲပေါ်မှ မုန့်များကို ပေါင်ပေါ်တင်လိုက်သည်။ ကျိုးအန်းရန်ကို ဒီပစ္စည်းတွေ ဘယ်လိုလုပ်ရမလဲ မေးရန် ပြင်လိုက်သော်လည်း လှည့်ကြည့်လိုက်ချိန်တွင် ကျိုးအန်းရန်မှာ စားပွဲပေါ် မှောက်နေသည်ကို တွေ့လိုက်ရသည်။

"ရန်ရန်" ယန်ရှင်းချန် အလောတကြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ကျိုးအန်းရန်၏အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်နေသည်။

"ကိစ္စမရှိပါဘူး၊ ဗိုက်နည်းနည်း နာချင်သလို ဖြစ်နေလို့"

ယန်ရှင်းချန် - "ဘာဖြစ်လို့လဲ၊ ကျောင်းဆေးပေးခန်း လိုက်ပို့ပေးရမလား"

"မသွားတော့ဘူး" ကျိုးအန်းရန် ပြောလိုက်သည်။ "ရာသီလာတော့မယ် ထင်တယ်"

ယန်ရှင်းချန် ချက်ချင်း စိတ်အေးသွားသည်။

"ဒါဆို နင် မှောက်ပြီး နားနေလိုက်ဦး၊ ဆရာလာရင် ငါ ပြောပေးမယ်"

ကျိုးအန်းရန်က "အင်း" ဟု ပြန်ဖြေလိုက်သော်လည်း အသံက တိုးလွန်းသဖြင့် ကိုယ့်ဘာသာပင် မကြားရသလောက် ဖြစ်နေသည်။

သူမ မျက်နှာကို လက်မောင်းကြားတွင် မြှုပ်ထားလိုက်သည်။ နှာခေါင်းထိပ်တွင် ရှုံ့မဲ့မဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်းနည်းစရာ ဘာရှိလို့လဲ။

သောကြာနေ့တုန်းက ဖုန်းကို ယန်ရှင်းချန် အိတ်ကပ်ထဲ ထည့်လိုက်ကတည်းက ဒီမြင်ကွင်းကို ကြိုမြင်ထားသင့်တာပဲ။

တခြားလူတွေရဲ့ ချီးကျူးမှုနဲ့ အာရုံစိုက်မှုကို သူ ဂရုမစိုက်နိုင်ပေမယ့်၊ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုတော့ ဂရုမစိုက်ဘဲ မနေနိုင်တာကြောင့် ဖြစ်လိမ့်မည်။

ဒီလို ယဉ်ကျေးမှုအရ ကျေးဇူးတင်စကားကို သူမကိုယ်တိုင် နားထောင်ခွင့်ရှိခဲ့တာဖြစ်သည်။

သူမ ကိုယ်တိုင် လက်လွှတ်ခဲ့မိခြင်းဖြစ်သည်။

အရှက်သည်းမှာကြောက်လို့၊ လျှို့ဝှက်ချက် ပေါက်ကြားသွားမှာကြောက်လို့ ဆိုတာတွေက တကယ်တော့ ဆင်ခြေတွေဆိုတာ သူမကိုယ်တိုင် သိနေသည်။

တကယ်တမ်းတော့ သူမဟာ သူ့ဆီကို ခြေတစ်လှမ်းတိုးဖို့တောင် မရဲတဲ့ သတ္တိနည်းသူ တစ်ယောက်သာ ဖြစ်သည်။

......

ထိုနေ့ နံနက်ပိုင်း အတန်းချိန်အပြီး အားကစားချိန်တွင် ဟူခွန်းနှင့်အဖွဲ့က ကျောင်းသားအားလုံးရှေ့တွင် ထန်ကျန့်ရွေ့ကို တောင်းပန်ခဲ့ကြသည်။

ထိုနေ့တစ်နေ့လုံး ကျောင်းတွင်း မည်သည့်နေရာသွားသွား သောကြာနေ့က ဘောလုံးပွဲအကြောင်း၊ ချန်လော့ပိုင်၏ နောက်ဆုတ်ပြီး သုံးမှတ်ပစ်သွင်းချက်နှင့် လူကိုမကြည့်ဘဲ ဘောလုံးပစ်ပေးလိုက်သော (No-look pass) အကွက်များအကြောင်း ဆွေးနွေးနေကြသည်ကို ကြားနေရသည်။

သို့သော် မနက်ပိုင်းက သူပြောသွားသော ယဉ်ကျေးမှုအရ ကျေးဇူးတင်စကားကြောင့် ကျိုးအန်းရန်တစ်ယောက် တစ်မနက်လုံး စိတ်မပါလက်မပါ ဖြစ်နေပြီး နေ့လည်ပိုင်း အတန်းထဲ အိပ်ချိန်တွင်လည်း ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

တစ်မှေးအိပ်ပျော်နေစဉ် ရှေ့ခုံမှ လူတစ်ယောက် စကားပြောနေသည်ကို ကြားလိုက်ရသည်။ အသံက အလွန်ချိုသာပြီး ယင်းယီကျန်းအသံနှင့် တူလေသည်။

သူမ ပြောလိုက်သည်မှာ...

"ငါ ဒီအပတ်ပိတ်ရက်ကျရင် ချန်လော့ပိုင်ကို တစ်ယောက်တည်း အပြင်ထွက်လည်ဖို့ ချိန်းလိုက်ရမလား"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၄ ။ လီမွန် : သူ ဘာဖြစ်လာတာလဲ

"နင် သေချာပြီလား"

စကားဖြတ်ပြောလိုက်သူမှာ လိုယိချီဖြစ်သည်။

ယင်းယီကျန်းက "အင်း" ဟု တိုးတိုးလေး ဖြေလိုက်သည်။

"ဒါဆို ကျုံးခိုင်ကရော" လိုယိချီက ထပ်မေးလိုက်သည်။

ယင်းယီကျန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည်။

"သူက ငါနဲ့အတူကြီးပြင်းလာတာလေ၊ ငါ့အစ်ကိုအရင်းလိုပါပဲ"

"ဒါပေမဲ့ ငါ့စိတ်ထင် သူက နင့်ကို ညီမလေးတစ်ယောက်လို သဘောထားတာ မဟုတ်လောက်ဘူး"

"သူက ငါ့ကို ညီမလေးလို သဘောထားတာပါ၊ နင် လျှောက်မတွေးပါနဲ့၊ သူ့အကြောင်းလည်း ပြောမနေနဲ့တော့။ ပြောစမ်းပါ... ဒီအပတ်ပိတ်ရက်ကျရင် ငါ ချန်လော့ပိုင်ကို ချိန်းလိုက်ရမလား"

လိုယိချီလည်း ခေတ္တမျှ တိတ်ဆိတ်သွားပြန်သည်။

"ငါ့အမြင်တော့ လောလောဆယ် သူ့ကို မချိန်းသေးရင် ပိုကောင်းမယ်ထင်တယ်"

"ဘာလို့လဲ"

"အပြင်ထွက်ပြီး ပြောရအောင်"

ကုလားထိုင် ရွှေ့လိုက်သံများ ထွက်ပေါ်လာသည်။

......

ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းက ပြန်လည်ကြီးစိုးသွားသည်။

သို့သော် ကျိုးအန်းရန်မှာမူ မည်သို့မှ ပြန်အိပ်၍ မပျော်နိုင်တော့ပေ။

ယန်ရှင်းချန်သည် မုန့်ထုပ်ကို မလိုချင်ဟုဆိုသဖြင့် ထိုနေ့ည ကျောင်းဆင်းချိန်တွင် ကျိုးအန်းရန်က အိမ်သို့ သယ်ပြန်လာခဲ့သည်။

သူမသည် အံဆွဲတစ်ခုကို သီးသန့်ရှင်းလင်းလိုက်ပြီး ထိုအထဲမှ ပစ္စည်းများကို တစ်ခုချင်းစီ စီထည့်လိုက်သည်။

ထိုမုန့်များကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဟုတ်မဟုတ် သူမ မသိပါ။ သို့မဟုတ် ရွေးချယ်သည်ဟုပင် မဆိုနိုင်ပေ။ ယန်ရှင်းချန်နှင့် ရင်းနှီးခြင်းမရှိသောကြောင့် ကုန်တိုက်စင်ပေါ်ရှိ မုန့်များကို အတန်းလိုက် လက်နှင့် တရွတ်တိုက် ဆွဲယူလာခဲ့ခြင်း ဖြစ်နိုင်သည်။ အိတ်ထဲတွင် ဂျယ်လီ၊ သကြားလုံးမာ၊ ဘီစကစ်၊ ချောကလက်၊ အစပ်ချောင်း၊ အချိုရည်နှင့် နွားနို့ စသဖြင့် အမျိုးစုံ ပါဝင်ပြီး အံဆွဲကြီးတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေသည်။

ကံဆိုးသည်မှာ တစ်ခုမျှ ကြာကြာအထားခံမည့် ပစ္စည်းများ မဟုတ်ပေ။

ကျိုးအန်းရန်သည် ပြည့်ကျပ်နေသော အံဆွဲကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းမှာ ရင်ထဲက ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကိုပါ တဖြည်းဖြည်း ပိတ်လှောင်လိုက်သလိုမျိုး ဖြစ်နေလေသည်။

ထို့နောက် လွယ်အိတ်ထဲမှ ရူပဗေဒ မေးခွန်းလွှာကို ဆွဲထုတ်ပြီး စာကြည့်စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။

ဒီစာသင်နှစ်ရဲ့ ပထမဆုံး လစဉ်စာမေးပွဲ ရောက်ရှိလာတော့မည် ဖြစ်သည်။

သူမသည် အခြားမိန်းကလေးများကဲ့သို့ သတ္တိရှိရှိနှင့် ပွင့်လင်းစွာ သူ့နားကပ်ရန် မကြိုးစားရဲသော်လည်း အနည်းဆုံးတော့ ကျောင်းသူတစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် လုပ်သင့်သည်ဟု ယူဆသည်။

ဘာသာရပ်တစ်ခုတည်းတွင် အမှတ်အများဆုံးရရုံဖြင့် သူ့အာရုံစိုက်မှုကို ရယူရန် ကြိုးစားခြင်းက မိုက်မဲသော အကြံအစည်တစ်ခုဖြစ်ကြောင်း လက်တွေ့ သက်သေပြခဲ့ပြီးပြီ ဖြစ်သော်လည်း သူမ ကြိုးစားနေခြင်းက သူ့တစ်ယောက်တည်းအတွက်တော့ မဟုတ်ပေ။

သူမတွင်လည်း သူမ တက်ရောက်ချင်သော တက္ကသိုလ် ရှိနေသည်။

.....

ကြာသပတေးနှင့် သောကြာ နှစ်ရက်တာ လစဉ်စာမေးပွဲ ဖြေဆိုပြီးသွားသောအခါ ဖိအားများ အနည်းငယ် လျော့ကျသွားသည်။ ထိုအခါမှသာ ရက်ပိုင်းအတော်ကြာ ဖိနှိပ်ထားသော ရင်ထဲမှ ခံစားချက်များသည် ကြမ်းပြင်ကို ရိုက်မိပြီး ပြန်ကန်တက်လာသော စပရိန်ကဲ့သို့ ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ ပြန်လည် ပေါ်ပေါက်လာတော့သည်။

ရက်သတ္တပတ် အားလပ်ရက်တစ်ခုလုံး ယင်းယီကျန်းက သူ့ကို တကယ်ပဲ ချိန်းလိုက်သလား၊ အကယ်၍ ချိန်းလိုက်လျှင် သူ လက်ခံလိုက်သလား၊ လက်ခံလိုက်လျှင်ရော သူတို့ ဘယ်သွားကြမလဲ စသည်ဖြင့် ကျိုးအန်းရန် တစ်ယောက်တည်း တွေးတောနေမိသည်။

အကြိမ်တစ်သောင်းလောက် တွေးနေပါစေ၊ အဖြေကတော့ ထွက်လာမည် မဟုတ်ပေ။

သူမတွင် စုံစမ်းစရာနေရာ မရှိသလို၊ စုံစမ်းရန်လည်း မဝံ့ရဲပေ။

နှလုံးသားတစ်ခုလုံးကို ပါးလွှာသော ကြိုးမျှင်များဖြင့် တင်းကျပ်စွာ ရစ်ပတ်ထားသကဲ့သို့ မွန်းကျပ်နေသဖြင့် ကျိုးအန်းရန်မှာ နောက်ဆုံးတွင် သူမစိတ်ထွက်ပေါက် ရစေမည့် အလုပ်တစ်ခု ရှာလုပ်လိုက်မိသည်။

အံဆွဲထဲမှ သကြားလုံးအချို့ကို စားလိုက်ပြီး သကြားလုံးစက္ကူခွံများကို ဖြန့်ကာ ရေဆေးသန့်စင်လိုက်သည်။ ပြီးနောက် ထိုစက္ကူလေးများကို ပန်းပွင့်လေးများအဖြစ် ခေါက်လိုက်သည်။ သူနှင့် ပတ်သက်ဆက်နွယ်နေသော တစ်ခုတည်းသော အရာလေးများကို တာရှည်ခံအောင် သိမ်းဆည်းထားချင်သော သဘောဖြစ်သည်။

တကယ်တမ်းတွင် သူမသည် အချို သိပ်မကြိုက်ပေ။

ဦးနှောက်သုံးစရာမလိုသော ဤလက်မှုအလုပ်ကလည်း သူမကို ဆက်လက် တွေးတောနေခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

ထို့ကြောင့် ပါးစပ်ထဲတွင် အလွန်အမင်း ချိုမြိန်နေသော သကြားလုံး အရည်ပျော်သွားပြီးနောက် မည်သို့ဖြစ်သွားသည် မသိ၊ ခါးသက်သက် အရသာတစ်ခု စွဲကျန်ရစ်ခဲ့လေသည်။

တနင်္လာနေ့မနက် ကျောင်းရောက်သောအခါ ယန်ရှင်းချန်ပင်လျှင် သူမပုံမှန်မဟုတ်သည်ကို သတိထားမိသွားသည်။

"ရန်ရန်... နင် ဘာဖြစ်နေတာလဲ"

ယန်ရှင်းချန်က ခေါင်းငဲ့ကြည့်ကာ မေးလိုက်သည်။

"ပိတ်ရက်တုန်းကလည်း အိမ်ထဲကနေ အပြင်မထွက်ဘူး၊ ဒီနေ့မနက်ကျတော့လည်း စိတ်နဲ့ကိုယ် မကပ်သလို ဖြစ်နေတယ်"

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ အမှတ်စာရင်း ထွက်မှာကို နည်းနည်း စိတ်ပူနေလို့ပါ"

"သောကြာနေ့တုန်းကတော့ ဖြေနိုင်တယ်ဆို၊ စိတ်ပူရမယ်ဆိုရင်တောင် ငါက ပူရမှာ မဟုတ်ဘူးလား"

ကျိုးအန်းရန်မှာ သူမကို လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားရသဖြင့် စိတ်မလုံမလဲ ဖြစ်နေရသည့်ကြားထဲ သူမကိုပါ စိတ်ပူစေမိသောကြောင့် အားနာသွားရသည်။ သူမ အနိုင်နိုင် ပြုံးလိုက်ပြီး နောက်ပြောင်သလို ဟန်ဆောင်ကာ ပြောလိုက်သည်။

"နင့်အမှတ်စာရင်းအတွက် ပူပေးနေတာလေ"

"ဟွန်း... နင် ငါ့ကို လှောင်တယ်ပေါ့လေ"

ယန်ရှင်းချန်က သူမကို လှမ်းကလိထိုးလိုက်သည်။

နှစ်ယောက်သား ကျောင်းကားမှတ်တိုင်ရောက်သည်အထိ ရယ်မောနောက်ပြောင်သွားကြသည်။

......

ကျောင်းရောက်၍ ကျိုးအန်းရန် စားပွဲခုံသုတ်ပြီး ထိုင်လိုက်သည်နှင့် ကျန်းရူရှန်းတစ်ယောက် လေမုန်တိုင်းအလား အခန်းထဲသို့ ဝင်ရောက်လာသည်။ သူမသည် လွယ်အိတ်ကို ကုလားထိုင်ပေါ် ပစ်တင်လိုက်ပြီး ယန်ရှင်းချန်၏ စားပွဲပေါ်သို့ လှည့်မှောက်လိုက်သည်။

"နင်တို့ကို ဝေမျှစရာ သတင်းတစ်ခု ပါလာတယ်"

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ကျောင်းတွင် ချန်လော့ပိုင်နှင့် ပတ်သက်သော သတင်းများမှာ အမြဲတမ်း ပျံ့နှံ့မှု အမြန်ဆုံးဖြစ်သည်။

ယန်ရှင်းချန်က စိတ်ဝင်စားသွားပုံရပြီး စားပွဲပေါ်မှောက်ကာ မျက်လုံးများ အရောင်တောက်သွားသည်။

"ပြောပြော... ဘာသတင်းလဲ"

ကျန်းရူရှန်းက မူနေသေးသည်။

"နင်တို့ အရင် ခန့်မှန်းကြည့်"

"ဘယ်လိုလုပ် ခန့်မှန်းလို့ ရမှာလဲဟာ... ငါတို့ကို အာရုံမလာစားစမ်းပါနဲ့"

"ဒါဆို ပြောလိုက်တော့မယ်နော်..."

ကျန်းရူရှန်းက အသံကို တမင်ဆွဲပြောလိုက်သည်။

ကျိုးအန်းရန်မှာ ဘေးတွင်ချထားသော လက်ချောင်းများ တင်းခနဲဖြစ်သွားပြီး သူမကြားချင်နေသော နာမည်တစ်ခု ထွက်လာမည်ကို စိုးရိမ်နေမိသည်။

ကျန်းရူရှန်းသည် တစ်ဖက်သားကို စိတ်လှုပ်ရှားအောင် လုပ်ပြီးမှ ဆက်ပြောသည်။

"သောကြာနေ့ ကျောင်းဆင်းတုန်းက ကျောင်းထဲမှာ အထက်တန်း (၃) နှစ်က စီနီယာအစ်ကိုနဲ့ အစ်မ တစ်တွဲလေ... ဟိုဒင်းလုပ်နေတာ"

ကျိုးအန်းရန် သက်ပြင်းချလိုက်မိသည်။

"ဘယ်ဒင်းလဲ" ယန်ရှင်းချန်က စပ်စုလိုက်သည်။

ကျန်းရူရှန်းက ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး ယောက်ျားလေးများ သူတို့ကို အာရုံမစိုက်မှန်း သေချာမှ အသံနှိမ့်ပြောလိုက်သည်။

"နမ်းနေကြတာလေ"

ယန်ရှင်းချန် မျက်နှာ ပျက်သွားသည်။

"နမ်းတာများ ဘာထူးဆန်းလို့လဲ၊ ငါက တခြားကိစ္စကြီးကြီးမားမား မှတ်လို့"

"မလောပါနဲ့၊ ငါ ပြောလို့မပြီးသေးဘူး။ နမ်းတာက ဘာမှမဟုတ်ပေမယ့် သူတို့ နမ်းနေတုန်း ကျောင်းသားတချို့ရယ်၊ ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးရယ်နဲ့ တိုးမိသွားတာလေ။ ကြားတာတော့ မိဘခေါ်တွေ့ပြီး နှစ်ယောက်လုံး မှတ်တမ်းအဝင်ခံလိုက်ရတယ်တဲ့၊ ဒီနေ့တောင် အများရှေ့ ဝေဖန်ခံရမယ် ကြားတယ်"

"အဲဒီလောက်တောင် ပြင်းထန်တာလား" ယန်ရှင်းချန် အံ့ဩသွားသည်။

"စံပြအနေနဲ့ ဖမ်းပြလိုက်တာ နေမှာပေါ့၊ မဟုတ်ရင် တခြားသူတွေ လိုက်လုပ်မှာစိုးလို့လေ။ ငါတို့ကျောင်းက ဒီကိစ္စတွေဆိုရင် တင်းကျပ်တာ နင်လည်း သိသားနဲ့"

ကျိုးအန်းရန်မှာမူ အခြားကိစ္စတစ်ခုကို စိတ်ရောက်နေသဖြင့် နှုတ်ခမ်းကိုစေ့ကာ တိုးတိုးလေး မေးလိုက်သည်။

"တခြားသတင်းရော ရှိသေးလား"

"တခြား ဘာသတင်းလဲ"

ကျန်းရူရှန်း ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။

"နင်က တခြားသတင်း ရှိသေးလားလို့ မေးတာလား။ ရန်ရန်... နင် ဘယ်တုန်းက ဒီလိုအတင်းအဖျင်းတွေကို စိတ်ဝင်စားသွားတာလဲ"

သူမ အံ့ဩနေပြီး ကျိုးအန်းရန်၏ ပါးကိုပင် လှမ်းဆွဲလိုက်သည်။

"ရန်ရန်... နင့်ပါးလေးက အိနေတာပဲ"

ကျိုးအန်းရန် - "......"

ကျန်းရူရှန်းသည် ယန်ရှင်းချန်၏ စားပွဲပေါ်မှောက်ရင်း သူမကို ကြည့်နေသည်။

"ဟယ်... ရန်ရန်၊ ငါ ကြည့်ရင်းကြည့်ရင်းနဲ့ နင် တော်တော်လှတာပဲလို့ တွေ့လာရတယ်"

ကျိုးအန်းရန်မှာ ဆွဲခံထားရသော ပါးပြင်ကိုအုပ်လိုက်ပြီး မျက်နှာပူသလို ဖြစ်သွားသည်။

သူမရှေ့တွင်ထိုင်နေပြီး စကားဝိုင်းထဲ မဝင်ဘဲ နေနေသော လိုယိချီက ထိုအချိန်တွင် နောက်သို့လှည့်ကာ သူမကို တစ်ချက်ကြည့်ပြီး ပြန်လှည့်သွားသည်။

ယန်ရှင်းချန်က မျက်လုံးလှန်ကြည့်လိုက်သည်။

"နင်က အခုမှ သတိထားမိတာလား"

"ငါက ပုံမှန်ဆို ချောတဲ့ကောင်လေးတွေကိုပဲ ကြည့်တာလေ၊ မိန်းကလေးချင်း ဘာကိစ္စ လိုက်ကြည့်နေမှာလဲ"

ကျန်းရူရှန်းက အကြောင်းပြချက် ပေးလိုက်သည်။

"ပြီးတော့ ရန်ရန်က အရမ်းကို တိတ်ဆိတ်လွန်းအားကြီးတယ်၊ နင်တို့နဲ့ အတူမထိုင်ခင်တုန်းကဆို ငါ သူ့ကို သတိတောင် သိပ်မထားမိဘူး"

ကျန်းရူရှန်း မပြောဘဲ ချန်ထားလိုက်သည့်စကားမှာ သူတို့အခန်းတွင် ရုပ်ရည်အသင့်အတင့်ရှိပြီး ပြင်တတ်ဆင်တတ်သလို လူမှုဆက်ဆံရေးကောင်းသော လိုယိချီ ရှိနေသကဲ့သို့၊ လူတိုင်း၏ အရှိန်အဝါကို လွှမ်းမိုးထားနိုင်သော စူပါကျောင်းတော်သား ချောချောလေးလည်း ရှိနေသောကြောင့်ဖြစ်သည်။ ကျိုးအန်းရန်ကဲ့သို့ အလွန်အေးဆေးသော မိန်းကလေးမျိုးကို လူတွေ သတိမထားမိဘဲ ကျော်သွားတတ်ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ကျန်းရူရှန်းသည် ကျိုးအန်းရန်ကို ဆက်လက်စိုက်ကြည့်နေပြီး ကြည့်လေ ကြည့်လေ ပိုလှလေဟု ခံစားလာရသည်။

အလွန်ဖြူစင်ပြီး ရိုးရှင်းသည့် အလှမျိုးဖြစ်သည်။

အသားအရေ ဖြူဝင်းသည်၊ မျက်လုံး ဝိုင်းစက်သည်၊ ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ခု ပေါ်လာပြီး မျက်နှာက အနည်းငယ် ဖောင်းသလိုလေးရှိသည်။

"ရန်ရန်... နေ့လည်ကျရင် ငါ နင်တို့နဲ့အတူ ထမင်းစားမယ်နော်"

ရှေ့ခုံမှ စာအုပ်ကို စားပွဲပေါ် ဘုန်းခနဲ ပစ်ချလိုက်သံ ကြားလိုက်ရသည်။ လိုယိချီ ပစ်ချလိုက်ခြင်း ဖြစ်သည်။

ယန်ရှင်းချန် မျက်တောင်ခတ်လိုက်သည်။

ကျန်းရူရှန်းကတော့ ဘာမှမဖြစ်သလိုပင် မေးလိုက်သည်။

"ရတယ်မလား"

"ရပါတယ်၊ ဒါပေမဲ့ နင် ငါ့ကို စိုက်မကြည့်နဲ့တော့လေ"

"မရဘူး" ကျန်းရူရှန်းက ရယ်မောကာ ပြောလိုက်သည်။ "အလှအပတွေကို ကြည့်တာက ကိုယ်စိတ်နှစ်ပါး ကျန်းမာစေတယ်"

ကျိုးအန်းရန် - "......"

....

ချန်လော့ပိုင်သည် စာလေ့လာချိန် စခါနီးမှ အခန်းထဲ ဝင်လာသည်။

သူ့အနောက်တွင် ပုံမှန်အတိုင်း ကျုရန်သာ ပါလာသည်ကို မြင်လိုက်ရမှ ကျိုးအန်းရန် စိတ်အေးသွားတော့သည်။ သို့သော် ထိုမနက်ခင်း တစ်ချိန်လုံး ရင်တမမ ဖြစ်နေခဲ့ရသည်။

ယင်းယီကျန်းက သူ့ကို သီးသန့်လာရှာမည်ကိုလည်းကောင်း၊ တစ်စုံတစ်ရာ သတင်းထွက်လာမည်ကိုလည်းကောင်း စိုးရိမ်နေမိသည်။

တစ်ခါတစ်ရံတွင်လည်း တကယ်လို့များ သူက ယင်းယီကျန်းအပေါ် စိတ်ဝင်စားမှုရှိနေရင် စောစောစီးစီး သိလိုက်ရတာ ကောင်းတယ်၊ ဒါမှ ငါလည်း စောစောစီးစီး စိတ်လျှော့နိုင်မှာဟု တွေးမိပြန်သည်။

သို့သော် ထိုအတွေးမှာ ဖျတ်ခနဲသာ ဝင်လာခြင်းဖြစ်သည်။

"စိုးရိမ်ခြင်း" ကသာ သူမစိတ်ကို လွှမ်းမိုးထားလေသည်။

နေ့လည်စာ စားချိန်တွင် မထင်မှတ်ဘဲ ထမင်းစားဆောင်၌ သူတို့နှင့် ဆုံခဲ့သည်။

သူတို့အဖွဲ့က သူမတို့ထက် စောရောက်နေကြသည်။ ကျန်းရူရှန်း နေရာဦးထားသော စားပွဲမှာ သူတို့၏ အနောက်တည့်တည့် စားပွဲဖြစ်နေသည်။ သူနှင့် ကျုရန်က သူမတို့ကို ကျောပေးထိုင်ထားပြီး ယင်းယီကျန်းနှင့် ကျုံးခိုင်က သူတို့မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။

သူမတို့အဖွဲ့တွင် ယာယီပူးပေါင်းလာသော ရှန့်ရှောင်ဝမ် အပါအဝင် မည်သူမှ သူတို့နှင့် မရင်းနှီးသဖြင့် သွားမနှုတ်ဆက်ကြဘဲ ခေါင်းငုံ့၍သာ ထမင်းစားနေကြသည်။

ထိုစဉ် ကျုံးခိုင်၏အသံ ထွက်ပေါ်လာသည်။

"မင်းတို့နှစ်ယောက် ဒီအပတ်ပိတ်ရက်တုန်းက ဘာလို့ ရုတ်တရက် D မြို့ကို သွားကြတာလဲ"

ကျိုးအန်းရန် နံရိုးကြော်ကို ညှပ်နေသော လက် ရပ်တန့်သွားသည်။

ကျုရန်က ဝင်ဖြေလိုက်သည်။

"အားလော့ရဲ့ ဆွေမျိုးက သူ့ကို CBA (Chinese Basketball Association) ပွဲကြည့်လက်မှတ် လာပေးသွားလို့လေ။ မင်းကို ခေါ်မလို့ လုပ်သေးတယ်၊ ဒါပေမဲ့ မပြောရသေးခင်မှာပဲ မင်းက ယင်းယီကျန်းနဲ့ ဈေးဝယ်ထွက်ရမယ်ဆိုလို့ ငါတို့လည်း မခေါ်တော့တာ"

"ငါတို့ကိုကျ ဘာလို့ မခေါ်တာလဲ"

ယင်းယီကျန်းက မကျေမနပ်ဖြင့် ဝင်ပြောသည်။

"လက်မှတ်က ၃ စောင်တည်း ရှိတာလေ၊ ပြီးတော့ ငါတို့ ညီအစ်ကိုတွေ သွားတာ မိန်းကလေးပါရင် ရှုပ်တယ်"

"ငါက နင့်ကို ခေါ်ခိုင်းနေလို့လား"

"လက်မှတ်က အားလော့ဟာလေ၊ သူကလည်း မိန်းကလေးပါရင် ရှုပ်တယ်ဆိုပြီး မခေါ်တာ" ကျုရန်က ချန်လော့ပိုင်ကို တံတောင်ဖြင့် တွန်းလိုက်သည်။ "ဟုတ်တယ်မလား အားလော့"

ထိုကောင်လေး၏ ရယ်လိုက်သံတိုးတိုးလေးကို ကြားလိုက်ရသည်။

"ရှုပ်တာတော့ အမှန်ပဲ"

ယင်းယီကျန်းက ကျုံးခိုင်၏ လက်မောင်းကို လှုပ်ယမ်းလိုက်သည်။

"ကျုံးခိုင်... သူတို့ ငါ့ကို အနိုင်ကျင့်နေကြတယ်"

ကျုံးခိုင်က သူမခေါင်းကို ပွတ်ပေးလိုက်သည်။

"ကျုရန် ပြောတာလည်း ဟုတ်တာပဲ၊ အားလော့က မိန်းကလေးတွေကို အရှုပ်လို့မထင်ဘူးဆိုရင် အခုချိန်ထိ ရည်းစားမရှိဘဲ နေပါ့မလား"

ကျန်းရူရှန်းက လက်ထဲမှ ဘဲရိုးကို လွှင့်ပစ်လိုက်ပြီး တစ်သျှူးဖြင့် လက်သုတ်ကာ အသံနှိမ့်၍ အတင်းပြောလိုက်သည်။

"ငါတို့ ကျောင်းသားချောလေးက မိန်းကလေးတွေကို အလုပ်ရှုပ်တယ်ထင်တာ မဟုတ်လောက်ပါဘူး၊ သူကြိုက်တဲ့သူကို မတွေ့သေးတာ ဖြစ်မှာပါ"

ယန်ရှင်းချန် ခေါင်းညိတ်ထောက်ခံသည်။

"ငါလည်း အဲဒီလိုထင်တယ်"

"ဟေ့..." ကျန်းရူရှန်းက ဆက်ပြောသည်။ "နင်တို့အထင် ချန်လော့ပိုင်က ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်မယ်ထင်လဲ။ အရင်တုန်းက သူ့ကို လာဖွင့်ပြောကြတဲ့ လှလှပပမိန်းကလေးတွေကိုလည်း သူမှ မကြိုက်တာ။ ယင်းယီကျန်းလို ချိုချိုသာသာနဲ့ ချွဲတတ်တဲ့ မိန်းကလေးမျိုးကိုလည်း သူ စိတ်ဝင်စားပုံ မပေါ်ဘူး"

ရှန့်ရှောင်ဝမ် - "ဒါဆို မသိတော့ဘူး၊ ငါ့အမြင်တော့ သူက မိန်းကလေးတွေထက် ဘတ်စကက်ဘောနဲ့ စာလုပ်တာကို ပိုစိတ်ဝင်စားပုံပဲ"

"ငါသာ သူ့နေရာမှာဆိုရင်တော့..."

ကျန်းရူရှန်းက မေးထောက်ပြီး စဉ်းစားဟန်ပြုလိုက်ကာ မျက်လုံးများက ကျိုးအန်းရန်ဆီ ရောက်လာသည်။

"ရန်ရန့်လိုမျိုး ရုပ်ရည်ဖြူစင်ပြီး စိတ်သဘောထား နူးညံ့တဲ့ မိန်းကလေးမျိုးကို ကြိုက်မှာပဲ"

သူမ လျှောက်ပြောနေမှန်း သိသော်လည်း ကျိုးအန်းရန်၏ နှလုံးခုန်သံများ မြန်ဆန်သွားသည်။

ယန်ရှင်းချန်က တစ်ဖက်ဝိုင်းကို လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဟယ်... လိုယိချီက သူတို့နဲ့အတူ မထိုင်ဘူးပဲ"

ကျန်းရူရှန်း မျက်နှာပေါ်မှ အပြုံးများ လျော့ပါးသွားသည်။

"ယင်းယီကျန်းကလည်း အမြဲတမ်း သူ့ကို ခေါ်တာမှ မဟုတ်တာ"

"နင်တို့နှစ်ယောက် ပြန်အဆင်မပြေသေးဘူးလား"

"အဆင်ပြေစရာ ဘာရှိလို့လဲ" ကျန်းရူရှန်း နှုတ်ခမ်းမဲ့လိုက်သည်။ "ယင်းယီကျန်း ခေါ်လိုက်တာနဲ့ ငါက အနောက်ရောက်သွားရောလေ"

......

နောက်တစ်ရက်တွင် လစဉ်စာမေးပွဲရလဒ်နှင့် အဆင့်များ ထွက်လာသည်။

ကျိုးအန်းရန်၏ ရလဒ်နှင့် အတန်းစဉ်မှာ ယခင်အတိုင်း မပြောင်းလဲဘဲ ပြီးခဲ့သည့် စာသင်နှစ်ဝက်ကဲ့သို့ပင် ဖြစ်သည်။

အဆင့်မတက်လာသော်လည်း ကျိုးအန်းရန် သိပ်ပြီး စိတ်မပျက်မိပေ။ အမှတ် (၂) အထက်တန်းကျောင်းသည် ပြည်နယ်အတွင်း အကောင်းဆုံးကျောင်းများထဲမှ တစ်ခုဖြစ်ပြီး ထိပ်တန်းစာရင်းဝင်သူများမှာ ထူးချွန်သူများထဲမှ ထူးချွန်သူများသာ ဖြစ်သည်။ အဆင့်မြင့်လေလေ၊ ရှေ့တက်ဖို့ ခက်ခဲလေလေ ဖြစ်သည်။

သို့သော် ယန်ရှင်းချန်မှာမူ သင်္ချာကျရှုံးခဲ့ပြီး အခန်းထဲတွင် အဆင့်အနည်းငယ် ကျသွားသည်။

တော်သေးသည်မှာ သူမသည် အကောင်းမြင်တတ်သူဖြစ်ပြီး သိပ်ပြီး ဝမ်းနည်းပူဆွေးမနေခြင်းဖြစ်သည်။

.....

သို့သော် ထိုနေ့ညနေ ကျိုးအန်းရန် အိမ်ရောက်ပြီး မကြာမီမှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ မေမေဟယ် တံခါးသွားဖွင့်ပေးလိုက်ရာ ရောက်လာသူများမှာ ယန်ရှင်းချန်နှင့် သူမအမေ စုန့်ချိုးတို့ ဖြစ်သည်။

ကျိုးအန်းရန် အိပ်ခန်းထဲ မဝင်ရသေးမီ စုန့်ချိုးက သူငယ်ချင်းတစ်ယောက် ချယ်ရီသီးလာပေးသွားသဖြင့် တစ်ဖာလာပို့ပေးခြင်းဖြစ်ကြောင်း ပြောသံကြားလိုက်ရသည်။

မေမေဟယ်သည် ဆယ်စုနှစ်များစွာ ပေါင်းသင်းလာသော သူငယ်ချင်းဖြစ်သဖြင့် အားမနာဘဲ ပစ္စည်းကို လက်ခံလိုက်သည်။

"ဘာလို့ ကိုယ်တိုင်လာပို့နေတာလဲ၊ ခုနက ရန်ရန်ကို ထည့်ပေးလိုက်ရင် ရတာကို။ လာလေ... အထဲဝင် ထိုင်ဦး"

ကျိုးအန်းရန် ဧည့်ခန်းထဲထွက်လာပြီး နှုတ်ဆက်လိုက်သည်။

"အန်တီစုန့်"

စုန့်ချိုးက အိမ်စီးဖိနပ်လဲစီးပြီး ဝင်လာကာ ပြုံးပြလိုက်သည်။

"ရန်ရန်ဆီက ပစ္စည်းနည်းနည်း လာယူမလို့လေ"

ဟယ်ကျားယီ အံ့ဩသွားသည်။

"ရန်ရန်ဆီမှာ ဘာပစ္စည်း လာယူမှာလဲ"

ယန်ရှင်းချန်လည်း နားမလည်ပေ။

"မေမေက ရန်ရန်ဆီမှာ ဘာလာယူမှာလဲ"

စုန့်ချိုးက သူမကို မျက်စောင်းထိုးလိုက်သည်။

"နင် CD ခွေတွေနဲ့ အမှတ်တရပစ္စည်း (Merch) တွေကို ရန်ရန်ဆီမှာ ဝှက်ထားတာ ငါမသိဘူးများ မှတ်နေလား။ အခု အကုန်လုံး ရိုးရိုးသားသား ထုတ်ပေးစမ်း၊ ငါ မဆူချင်ဘူးနော်"

ကျိုးအန်းရန် - "......"

ယန်ရှင်းချန် - "......"

"မေမေ..."

ယန်ရှင်းချန် ချွဲရန် ပြင်လိုက်သော်လည်း စုန့်ချိုးက ဖြတ်ပြောလိုက်သည်။

"လာပြီး ဈေးမဆစ်နဲ့။ အရင်တစ်ခေါက်တုန်းက ငါ တစ်ဝက်ချန်ပေးထားပြီးပြီ။ နင့်အမှတ်စာရင်း ဘယ်လောက်ကျသွားလဲ ပြန်ကြည့်ဦး။ ထပ်ပြီးဈေးဆစ်ရင် နင့်ဖုန်းကိုပါ သိမ်းလိုက်မယ်"

ယန်ရှင်းချန် ပါးစပ်ပိတ်သွားပြီး ဘာမှ မပြောရဲတော့ပေ။

"အန်တီစုန့်..." ကျိုးအန်းရန်က ယန်ရှင်းချန် မျက်နှာငယ်လေး ဖြစ်နေသည်ကိုမြင်ပြီး ဝင်ပြောပေးရန် ပြင်လိုက်သည်။ "သမီး..."

"ရန်ရန်... ဒီတစ်ခါ သမီးဝင်ပြောပေးလို့လည်း မရတော့ဘူး။ သမီး တကယ်ကူညီချင်ရင် အားတဲ့အချိန်ကျရင် သူ့ကို သင်္ချာကျူရှင်ပေးလိုက်။ သူ့အဆင့်က မကျခင်တုန်းက အဆင့်ကို ပြန်ရောက်ရင် အန်တီ သူ့ပစ္စည်းတွေ ပြန်ပေးမယ်"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ယန်ရှင်းချန်လည်း အမြန်ဝင်ပြောသည်။

"မေမေ ပြောတဲ့အတိုင်းနော်"

"နင် ကျသွားတဲ့အဆင့်ကို အရင်ပြန်တက်အောင် လုပ်ပါဦး၊ စာသင်နှစ်ဝက်စာမေးပွဲပြီးရင် မိဘဆရာတွေ့ဆုံပွဲ ရှိတယ်၊ ငါ့မျက်နှာလေးလည်း နည်းနည်းထောက်ထားပါဦး"

ဒီတစ်ကြိမ်တွင် စုန့်ချိုးက ယန်ရှင်းချန်ကို လှုပ်ရှားခွင့်မပေးဘဲ ကျိုးအန်းရန် အခန်းထဲဝင်ကာ အံဆွဲထဲမှ ပစ္စည်းအားလုံးကို ကိုယ်တိုင်သိမ်းဆည်းသွားလေသည်။ စတစ်ကာလေး တစ်ခုတောင် မကျန်ခဲ့ပေ။

ယန်ရှင်းချန်၏ ဘဝပျက်နေသော မျက်နှာကိုကြည့်ကာ ကျိုးအန်းရန် တိုးတိုးလေး မေးလိုက်သည်။

"နင် ဒီည ငါ့ဆီမှာ အိပ်မလား"

ရင်ထဲတွင် ပြောစရာ စကားလုံးပေါင်း ကုဋေချီရှိနေသော ယန်ရှင်းချန်သည် ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။

ကျိုးချင်းဆွေ (အဖေ) မှာ ရုံးတွင် အချိန်ပိုဆင်းနေသဖြင့် ပြန်မရောက်သေးပေ။ စုန့်ချိုးက ပစ္စည်းသိမ်းပြီးသော်လည်း ချက်ချင်းမပြန်သေးဘဲ ဟယ်ကျားယီနှင့် စကားလက်ဆုံကျနေသည်။

ကျိုးအန်းရန်က ယန်ရှင်းချန် လွယ်အိတ်နှင့် အဝတ်အစားသွားယူသည်ကို အဖော်လိုက်ပေးလိုက်သည်။

တံခါးဝတွင် ဖိနပ်လဲနေစဉ် မေမေဟယ်က စုန့်ချိုးကို နှစ်သိမ့်နေသံ ကြားလိုက်ရသည်။

"ကလေးက ငယ်ပါသေးတယ်၊ အခုမှ အထက်တန်းပထမနှစ်ပဲ ရှိသေးတာကို၊ အရမ်း ဖိအားမပေးပါနဲ့"

"အထက်တန်းပထမနှစ်က ပြီးတော့မှာလေ၊ ကျန်တဲ့ နှစ်နှစ်ကလည်း ခဏလေး ကုန်သွားမှာ။ နင့်သမီး ရန်ရန်ကမှ စိတ်ချရသေးတယ်"

"ရန်ရန်က အရမ်းအေးလွန်းနေတယ်၊ နင့်သမီး ချန်ချန်လိုမျိုး သွက်သွက်လက်လက် ရှိရင် ကောင်းမှာ"

ယန်ရှင်းချန် တံခါးဖွင့်လိုက်သည်။

အပြင်ရောက်သည်နှင့် မျက်လုံးလှန်ပြလိုက်သည်။

"သူတို့နှစ်ယောက် ငါတို့အကြောင်းပြောရင် ဒီစကားတွေချည်းပဲ၊ သူတို့ ပြောလို့မမောရင်တောင် ငါ နားထောင်ရတာ မောနေပြီ။ လူကြီးတွေက တော်တော်ဟန်ဆောင်ကောင်းတာပဲ"

ကျိုးအန်းရန် တံခါးပြန်ပိတ်လိုက်ပြီး သူမလက်မောင်းကို ချိတ်ကာ တွေးငေးနေမိသည်။

အေးဆေးတာက တကယ်ပဲ အားနည်းချက်လား။

ဒါပေမဲ့ ပြင်ရတာ အရမ်းခက်တယ်။

စာလုပ်ရတာထက် အဆပေါင်းများစွာ ပိုခက်ခဲသည်။

စဉ်းစားရင်း စဉ်းစားရင်းဖြင့် ဒီနေ့ ကျန်းရူရှန်း မေးခဲ့သည့် မေးခွန်းဆီ ပြန်ရောက်သွားသည်။ သူမကိုယ်တိုင်လည်း အကြိမ်ကြိမ် တွေးခဲ့ဖူးသော မေးခွန်းပင်ဖြစ်သည်။

သူရော...

သူက တကယ်တမ်း ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်မှာလဲ။

.....

ထိုညတွင် ယန်ရှင်းချန်တစ်ယောက် ညလုံးပေါက်နီးပါး ရင်ဖွင့်လေသည်။ နောက်တစ်နေ့မနက်တွင်မူ သူမသည် ပုံမှန်အတိုင်း ပြန်လည်လန်းဆန်း တက်ကြွနေပြီဖြစ်သည်။

ကျောင်းရောက်သည်နှင့် ယန်ရှင်းချန်သည် စားပွဲပေါ်မှောက်ကာ စီမံချက်တစ်ခုကို ရေးဆွဲလေတော့သည်။ ထိုစီမံချက်ကို "အိုင်ဒေါ ကယ်တင်ရေး စစ်ဆင်ရေး" ဟု အမည်ပေးထားပြီး ကျိုးအန်းရန်ကို ကြီးကြပ်ပေးရန် မိတ္တူတစ်စောင် ကူးပေးလိုက်သည်။

နံနက်ခင်း စာလေ့လာချိန်မစမီ အတန်းထဲတွင် အမြဲတမ်း ဆူညံနေတတ်သည်။

စာဖတ်သူ၊ လမ်းလျှောက်သူ၊ စကားပြောသူ စသဖြင့် အသံမျိုးစုံ ရှိနေသည်။

အနောက်တန်းမှ အိမ်စာစာအုပ်များ ရှေ့သို့ပို့ပေးနေချိန် ကျိုးအန်းရန် အခွင့်ကောင်းယူ၍ အနောက်သို့ လှည့်ကြည့်လိုက်ရာ ချန်လော့ပိုင် ဝင်လာသည်နှင့် အကွက်တိ ဆုံသွားသည်။

ပြီးခဲ့သည့် အပတ်က အအေးလှိုင်း ဖြတ်ပြီးနောက် နန်ချန်မြို့၏ ရာသီဥတုမှာ ပြန်လည်နွေးထွေးလာပြီဖြစ်သည်။

ထိုကောင်လေးသည် နွေရာသီ ကျောင်းဝတ်စုံ ပွပွကို ဝတ်ဆင်ထားပြီး လွယ်အိတ်ကို လက်တွင် ကိုင်ထားသည်။ သို့သော် သူ၏မျက်နှာပေါ်တွင် ပုံမှန်တွေ့နေကျ ပေါ့ပါးသော အပြုံးများ မရှိတော့ပေ။ မေးရိုးများ တင်းမာနေပြီး ကြည့်ရသည်မှာ သိပ်မပျော်ရွှင်ပုံရပေ။

အနောက်တန်းမှ ကျောင်းသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ကျိုးအန်းရန်... ငါ့မေးခွန်းလွှာမှာ ပြဿနာရှိလို့လား"

ကျိုးအန်းရန် သတိပြန်ဝင်လာပြီး ဆက်မကြည့်ရဲတော့ပေ။

"မရှိပါဘူး၊ ပုစ္ဆာတစ်ပုဒ်က နင်နဲ့ငါ အဖြေမတူဘူးထင်လို့ ကြည့်လိုက်တာ၊ ငါ ကြည့်တာ မှားသွားလို့ပါ"

သူမ ကိုယ်ကိုပြန်လှည့်လိုက်ပြီး သူမ၏ စာမေးပွဲစစ်တမ်းကို ထုတ်ကာ ရှေ့က လိုယိချီကို ပေးလိုက်သည်။ သို့သော် သူမစိတ်ထဲတွင် မေးခွန်းတစ်ခုသာ နေရာယူထားတော့သည်။

သူ ဘာဖြစ်လာတာလဲ။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၅ ။ လီမွန် : လီမွန်ဆိုဒါသကြားလုံး

ချန်လော့ပိုင် ဤမျှ စိတ်မကြည်မလင်ဖြစ်နေသည်ကို ကျိုးအန်းရန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

သူမ သူ့ကို မသိမသာ စိတ်ပူမိသည်။ သူမအနေနှင့် သူ့ကို စိတ်ပူပေးပိုင်ခွင့် မရှိသော်လည်း စိတ်ကို ထိန်းချုပ်၍ မရပေ။

သို့သော် ယခုထိုင်နေသည့်နေရာမှ သူ့ကို လှမ်းကြည့်ရန် အဆင်မပြေလှပေ။

မနက်ခင်းစာလေ့လာချိန်စရန် အချိန်အနည်းငယ် လိုသေးသဖြင့် ကျိုးအန်းရန် စဉ်းစားလိုက်ပြီး သူမခွက်ထဲမှ ကျန်နေသော ပဲနို့များကို အကုန်မော့သောက်လိုက်သည်။ ထိုအခါမှသာ ခွက်ဆေးရေဖြည့်ရန် အကြောင်းပြချက်ဖြင့် သူ့ဘေးမှ ဖြတ်သွားကာ အနောက်ပေါက်မှ ထွက်သွားနိုင်မည် ဖြစ်သည်။

ကျိုးအန်းရန် ခွက်အလွတ်ကိုကိုင်ပြီး လှည့်ကြည့်လိုက်ချိန်တွင် သူသည် စားပွဲပေါ်မှောက်ကာ အိပ်ပျော်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အခန်းထဲတွင် ဆူညံနေသော်လည်း သူ့ဘေးမှဖြတ်သွားချိန်တွင် ကျိုးအန်းရန် ခြေသံကို တတ်နိုင်သမျှ ဖော့ပြီး လျှောက်သွားလိုက်သည်။ သူ့ခေါင်းပေါ်မှ ထောင်ထနေသော ဆံပင်မွေးအချို့ကို တွေ့လိုက်ရသော်လည်း မျက်နှာကိုမူ မမြင်ရပေ။

ထို့ကြောင့် သူ့စိတ်အခြေအနေ မည်သို့ရှိသည်ကို ခန့်မှန်း၍မရပေ။

သို့သော် မတော်တဆ ကြားခဲ့ဖူးသော ကျုရန်၏ စကားတစ်ခွန်းကို သူမ ပြန်သတိရသွားသည်။ ချန်လော့ပိုင်သည် အိပ်ရေးမဝလျှင် အိပ်ရာထသည့်အခါ ဒေါသထွက်တတ်သည်ဟု ပြောဖူးသည်။ ထိုအချိန်များတွင် သူ့စိတ်အခြေအနေနှင့် စိတ်သဘောထားမှာ ဆိုးရွားတတ်သည်ဟု ဆိုသည်။

အဲဒီအကြောင်းကြောင့်များလား။

ကျိုးအန်းရန် ရေဖြည့်ပြီး ပြန်လာချိန်တွင် ထိုကောင်လေးမှာ စားပွဲပေါ်မှောက်၍ အိပ်နေဆဲဖြစ်သည်။

အနောက်တန်းမှ အိမ်စာစာအုပ်များ ရှေ့သို့ပို့ပေးနေချိန် ကျိုးအန်းရန် အခွင့်ကောင်းယူ၍ အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ အိပ်ပျော်နေဆဲပင်။

သူ ခေါင်းပြန်ထောင်လာသည်ကို မြင်ရချိန်မှာ မနက်ခင်းစာလေ့လာချိန် ပြီးဆုံးသွားပြီဖြစ်သည်။ သူမသည် သန့်စင်ခန်းသွားရန် အကြောင်းပြချက်ဖြင့် အနောက်ပေါက်မှ ထပ်မံထွက်ခွာလာခဲ့သည်။

ထိုကောင်လေးသည် ခေါင်းကို အနည်းငယ်စောင်းထားသဖြင့် ဘေးတိုက်မျက်နှာက ပေါ်လွင်နေသည်။ ကျုရန်က ဘာပြောလိုက်သည်မသိ၊ သူ့မျက်ခုံးများ ပင့်တက်သွားသည်။

ပုံမှန်အတိုင်းပင် ဖြစ်သည်။

မပျော်ရွှင်သည့်ပုံစံ မတွေ့ရတော့ပေ။

အခန်းထဲပြန်ဝင်လာပြီး သူ့ဘေးမှဖြတ်လျှောက်လာချိန်တွင် သူက ခေါင်းငုံ့ပြီး စာဖတ်နေသည်။ မျက်နှာပေါ်တွင် ခံစားချက် သိပ်မပေါ်သော်လည်း နှုတ်ခမ်းကို စောစောကလို တင်းတင်းစေ့မထားတော့ပေ။

ထို့နောက် ကျိုးအန်းရန်သည် အခွင့်အရေးရတိုင်း သူ့ကို ခိုးကြည့်ခဲ့သည်။ သူ့ပုံစံက မပျော်ရွှင်သည့် အရိပ်အယောင်မပြတော့သဖြင့် စိတ်အေးသွားရသည်။

သို့သော် ရင်ထဲမှ တစ်နေရာရာတွင်တော့ မမြင်ရသော ကြိုးတစ်ချောင်းဖြင့် ဆွဲထားသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။

ယင်းယီကျန်းက ဒီအပတ် သူ့ကို သီးသန့်မချိန်းဟု ဆိုသော်လည်း နောင်မချိန်းတော့ဟု မဆိုလိုပေ။

ဘာပဲဖြစ်ဖြစ် ယင်းယီကျန်းက လက်ရှိအချိန်တွင် သူနှင့် အနီးစပ်ဆုံး မိန်းကလေး ဖြစ်နေဆဲပင်။

သို့သော် တနင်္လာနေ့ အလံတင်အခမ်းအနားတွင် ကျောင်းအုပ်ကြီးက စီနီယာအစ်ကိုနှင့် အစ်မတို့ကို ပြင်းပြင်းထန်ထန် သတိပေး ကြေညာလိုက်ခြင်းက ကျောင်းသားများကို ခြိမ်းခြောက်လိုက်သကဲ့သို့ ဖြစ်သွားပြီး နောက်ဆက်တွဲ တစ်လလုံး အေးဆေးငြိမ်သက်သွားသည်။

ချန်လော့ပိုင်ကို လမ်းတွင်တားပြီး ရည်းစားစာပေးကာ ဖွင့်ပြောရဲသူ မရှိတော့သလိုပင်။

သူ့စာကြည့်စားပွဲထဲသို့ ခိုးထည့်ထားသော ရည်းစားစာနှင့် လက်ဆောင်များလည်း သိသိသာသာ လျော့နည်းသွားသည်။

ကျန်းရူရှန်းသည် ကျောင်းတွင်းအတင်းအဖျင်းများကို စိတ်အားထက်သန်စွာ စုံစမ်းနေဆဲဖြစ်သော်လည်း လောလောဆယ် သူနှင့်ပတ်သက်သော သတင်းမရှိသေးပေ။

ယင်းယီကျန်းနှင့် သူ၏ ကောလာဟလများလည်း ထပ်မထွက်လာတော့ပေ။

ယန်ရှင်းချန်တစ်ယောက် ဒီတစ်လလုံးလုံး အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သည်။ "အိုင်ဒေါ ကယ်တင်ရေး စစ်ဆင်ရေး" စီမံချက်ကို အလွန်တိကျစွာ လိုက်နာခဲ့ပြီး ကျိုးအန်းရန်ပင် ကြီးကြပ်စရာ မလိုလောက်အောင် ဖြစ်ခဲ့သည်။

စာသင်နှစ်ဝက်စာမေးပွဲ မတိုင်မီ တစ်ရက်အလိုတွင် ယန်ရှင်းချန်သည် သင်္ချာပုစ္ဆာများနှင့် အပြင်းအထန် လုံးပန်းနေရပြီး နဖူးပေါ်မှ ဆံပင်များပင် ရှုပ်ပွနေသည်။

"အား... လူသားတွေက ဘာလို့ ဒီလို လူသားဆန်မှုမရှိတဲ့အရာတွေကို သင်နေရတာလဲ"

ယန်ရှင်းချန်က စားပွဲပေါ်မှ စာအုပ်ကို ကျိုးအန်းရန်ဆီ ထိုးပေးလိုက်သည်။

"ရန်ရန်... ဒီပုစ္ဆာ ဘယ်လိုဖြေရှင်းရမလဲ နည်းနည်းလောက် ကူကြည့်ပေးပါဦး"

တုန်းချန်က သူမဘေးမှ ဖြတ်သွားချိန်တွင် ခြေလှမ်းရပ်တန့်လိုက်ပြီး မတော်တဆ မေးလိုက်သလို လေသံဖြင့် ပြောလိုက်သည်။

"ဘာပုစ္ဆာမို့လို့လဲ၊ ငါ့ကို ဘာလို့ မမေးတာလဲ"

ယန်ရှင်းချန်က နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။

"နင့်ကို မေးပြီး ဘာလုပ်ရမှာလဲ"

တုန်းချန် အကြည့်လွှဲလိုက်ပြီး လေသံအေးစက်သွားသည်။

"မမေးချင်လည်း နေ"

"ကြောင်တောင်တောင်နဲ့"

ယန်ရှင်းချန်က သူ့ကို ထူးဆန်းသလို တစ်ချက်ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်။

"ရန်ရန်... ငါ့ကို မြန်မြန်ရှင်းပြပေး"

ကျိုးအန်းရန် - "......"

စောစောက ပြောသွားသော စကားဝိုင်းမှာ တိုတောင်းလွန်းပြီး သော့ချက်စာလုံးများ မပါဝင်သဖြင့် မည်သူ့အာရုံစိုက်မှုကိုမျှ မရရှိလိုက်ပေ။

သို့သော် ကျိုးအန်းရန် မှတ်မိနေသေးသည်။ ပြီးခဲ့သည့် စာသင်နှစ်က တစ်စုံတစ်ယောက်ကြောင့် ကျောင်းတွင် "သင်္ချာပုစ္ဆာမေးခြင်း" ဟူသည့် ဖွင့်ပြောခြင်း ရေစီးကြောင်းလေး ခေတ်စားခဲ့ဖူးသည်။

စာသင်နှစ်တစ်ဝက်ကျော် ကြာသွားပြီဖြစ်၍ ရေစီးကြောင်း ရပ်တန့်သွားပြီ ဖြစ်သော်လည်း ထိုအပြုအမူထဲတွင် ပါဝင်နေသော သွယ်ဝိုက်သည့် အဓိပ္ပာယ်ကိုတော့ ဖျောက်ဖျက်၍ မရနိုင်ပေ။

ယန်ရှင်းချန်တစ်ယောက် ဘာမှမရိပ်မိဘဲ တုံးအနေသည်ကိုကြည့်ပြီး ကျိုးအန်းရန် သတိပေးချင်သော်လည်း ကိုယ်တိုင် အထင်လွဲမိခြင်း ဖြစ်မည်စိုး၍ မပြောဖြစ်တော့ပေ။ တော်ကြာ သူမတို့ နှစ်ယောက်လုံးကို စိတ်အနှောင့်အယှက်ဖြစ်စေမည် စိုးသောကြောင့်ဖြစ်သည်။

နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ ဘောပင်ကိုလှမ်းယူကာ ပုစ္ဆာရှင်းပြပေးလိုက်သည်။

.....

စာသင်နှစ်ဝက်စာမေးပွဲကို ကြာသပတေးနှင့် သောကြာ နှစ်ရက် သတ်မှတ်ထားသည်။ စာမေးပွဲပြီးလျှင် စနေနေ့ဖြစ်သဖြင့် ကျိုးအန်းရန်သည် မနက်စောစော မိဘများနှင့်အတူ မြို့ထဲရှိ အစ်မဝမ်းကွဲအိမ်သို့ အလည်သွားလိုက်သည်။ ဒီနေ့က အစ်မဝမ်းကွဲ၏ သမီးလေး ၃ နှစ်ပြည့် မွေးနေ့ဖြစ်သည်။

အိမ်ရောက်၍ တံခါးဝသို့ ဝင်လိုက်သည်နှင့် လူကြီးများကိုပင် နှုတ်မဆက်ရသေးမီ နို့နံ့သင်းနေသော အကောင်ပေါက်လေးတစ်ကောင် ပြေးဝင်လာသည်။

အစ်မဝမ်းကွဲ၏ သမီးလေး နာမည်ပြောင်မှာ ထွမ်းထွမ်း ဖြစ်သည်။ ထိုကလေးမလေးက သူမ၏ ခြေထောက်ကို ဖက်ထားပြီး ခေါင်းမော့ကာ ကလေးသံလေးဖြင့် ပြောလိုက်သည်။

"တီတီလေး... လက်ဆောင်"

"တီတီလေးက အိမ်ထဲတောင် မဝင်ရသေးဘူး၊ သမီးက တံခါးဝကပိတ်ပြီး လက်ဆောင်တောင်းနေပြီ၊ မရှက်ဘူးလား"

အစ်မဝမ်းကွဲက ရယ်ချင်မောချင်ဖြင့် လိုက်လာပြီး သမီးဖြစ်သူ၏ ပါးလေးကို ဆွဲလိုက်သည်။ ထို့နောက် ကျိုးအန်းရန်ကို ကြည့်ကာ ပြောသည်။

"အရင်တစ်ခေါက်တုန်းက နင်က မွေးနေ့ကျရင် ကုန်တိုက်ခေါ်သွားပြီး လက်ဆောင်ဝယ်ပေးမယ်လို့ ကတိပေးထားတော့ အခုထိ မှတ်နေတာလေ။ မနက်စောစောထကတည်းက တီတီလေး ဘာလို့ မလာသေးတာလဲဆိုပြီး မေးနေတာ"

အစ်မဝမ်းကွဲသည် ကျိုးအန်းရန်၏ အဒေါ်အရင်း (အမေ့အစ်မ) ၏ သမီးဖြစ်ပြီး သူတို့မိသားစုနှင့် အလွန်ရင်းနှီးသည်။

ကျိုးအန်းရန် အမြဲလာနေကျဖြစ်သဖြင့် အားနာနေစရာမလိုဘဲ ထွမ်းထွမ်း၏လက်ကိုဆွဲလိုက်သည်။

"ဒါဆို ညီမ ဖိနပ်မလဲတော့ဘူး၊ ထွမ်းထွမ်းကို ကုန်တိုက်ခေါ်သွားလိုက်ဦးမယ်။ အစ်မရော ဘာမှာစရာ ရှိသေးလဲ"

အစ်မဝမ်းကွဲက ခေါင်းခါပြလိုက်ပြီး သမီးဖြစ်သူကို ဖိနပ်စီးပေးရင်း မှာလိုက်သည်။

"တီတီလေး စကားနားထောင်နော်၊ လက်ဆောင်တစ်ခုပဲ ယူရမယ်၊ ပိုမယူရဘူး၊ ကြားလား"

ထွမ်းထွမ်းက ကျိုးအန်းရန် လက်ကို မလွှတ်ဘဲ ပြန်အော်သည်။

"ကြားပါပြီလို့"

အိမ်ရာဝင်း အပြင်ဘက်တွင် ကုန်တိုက်ကြီးတစ်ခု ရှိသည်။ ကျိုးအန်းရန်သည် စိတ်ကစားတတ်သူ မဟုတ်သဖြင့် လူကြီးများက သူမကို စိတ်ချလက်ချ လွှတ်လိုက်ကြသည်။ အိမ်မှမထွက်မီ ဟယ်ကျားယီက တိုးတိုးလေး မေးလိုက်သည်။

"ပိုက်ဆံပါသွားလား"

ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည်။

ဟယ်ကျားယီက သူမကို ပုတ်ပေးလိုက်သည်။

"ကောင်းပြီ၊ အိမ်ပြန်ရောက်မှ မေမေ ပြန်ပေးမယ်"

ကျိုးအန်းရန်သည် ထွမ်းထွမ်းကိုခေါ်၍ ကုန်တိုက်သို့ သွားလိုက်သည်။

ပထမထပ်တွင် လက်ဆောင်ရွေးပြီးနောက် ကလေးမလေးက သူမကို အခြားတစ်ဖက်သို့ ဆွဲခေါ်သွားပြန်သည်။

"တီတီလေး... 'ကျောက်' ဆေး"

"စူပါမားကတ် လို့ ခေါ်ရတယ်" ကျိုးအန်းရန်က သူမ အသံထွက်ကို ပြင်ပေးလိုက်သည်။

ထွမ်းထွမ်းက လိုက်ဆိုသည်။

"ကျူးပါးမားကတ်"

ကျိုးအန်းရန် ပြုံးလိုက်မိသည်။

ကလေးမလေးက စာမတတ်သေးသော်လည်း စူပါမားကတ်တွင် သကြားလုံးရောင်းသောနေရာကိုတော့ အသေအချာ မှတ်မိနေသည်။ ဝင်လိုက်သည်နှင့် ထိုစင်ရှိရာသို့ တန်းခေါ်သွားပြီး လက်ညှိုးထိုးပြလေသည်။

"သကြားလုံး"

ကျိုးအန်းရန် သူမညွှန်ပြရာသို့ ကြည့်လိုက်ပြီး အမျိုးအစားမတူသော သကြားလုံးအိတ် အနည်းငယ် ဝယ်ပေးလိုက်သည်။

စူပါမားကတ်မှ ထွက်သည်နှင့် ထွမ်းထွမ်းက ဖောက်ခိုင်းတော့သည်။

ကျိုးအန်းရန် တစ်ထုတ်ဖောက်ပေးလိုက်ပြီး မှာလိုက်သည်။

"ဒီမနက် နှစ်လုံးပဲ စားရမယ်နော်၊ အများကြီး မစားရဘူး ကြားလား"

ထွမ်းထွမ်းက လိမ္မာစွာဖြင့် အိတ်ထဲမှ သကြားလုံး နှစ်လုံးတည်း ယူလိုက်သည်။ ပြီးနောက် ခေါင်းကိုစောင်းကာ စဉ်းစားလိုက်ပြီး တစ်လုံးကို ကျိုးအန်းရန်ရှေ့ ကမ်းပေးလိုက်သည်။

"ရော့"

ကျိုးအန်းရန်က သူမအတွက် အခွံခွာပေးရမည်ထင်ပြီး သကြားလုံးစက္ကူခွံခွာကာ ဒူးထောက်ထိုင်ချ၍ ခွံ့ပေးရန် ပြင်လိုက်သည်။

"တန်းပြီး မျိုမချလိုက်နဲ့နော်"

ထွမ်းထွမ်းက ခေါင်းညိတ်ပြပြီး လက်ထဲမှ ကျန်နေသော တစ်လုံးကို ကျိုးအန်းရန်ထံ ထပ်ကမ်းပေးပြန်သည်။

"တီတီလေးလည်း စား"

ကျိုးအန်းရန် သကြားလုံး သိပ်မကြိုက်သော်လည်း တူမလေး၏ မျှော်လင့်တကြီး မျက်ဝန်းများကို မလွန်ဆန်နိုင်ဘဲ ခွာစားလိုက်ရသည်။

အရသာက သူမထင်ထားသည်ထက် ပိုကောင်းနေသည်။

လီမွန်ဆိုဒါ အရသာဖြစ်သည်။

ပါးစပ်ထဲတွင် ပူဖောင်းလေးများ ပေါက်ကွဲသွားသလို ခံစားရပြီး လီမွန်၏ အချဉ်ဓာတ်က သကြားလုံး၏ အချိုဓာတ်ကို ထိန်းပေးထားသည်။

ယန်ရှင်းချန်လည်း ဒီအရသာကို ကြိုက်လောက်တယ်ဟု တွေးမိပြီး သူမသည် ထွမ်းထွမ်းကို ခေါ်ကာ စူပါမားကတ်ထဲ ပြန်ဝင်၍ ထိုအမျိုးအစားကို နှစ်ထုပ်ထပ်ဝယ်လိုက်သည်။

....

နောက်တစ်နေ့တွင် ဟယ်ကျားယီနှင့် ကျိုးချင်းဆွေတို့ နှစ်ယောက်လုံး အချိန်ပို ဆင်းရသည်။

နေ့လည်ဘက်တွင် ကျိုးအန်းရန် ယန်ရှင်းချန်အိမ်သို့ ထမင်းသွားစားရာ ဝယ်ထားသော သကြားလုံးနှစ်ထုပ်ကို ယူသွားလိုက်သည်။

ထမင်းစားပြီးနောက် ယန်ရှင်းချန်က ရုပ်ရှင်ကြည့်ရန် သူမကို အိမ်တွင် ဆွဲထားလိုက်သည်။

စာသင်နှစ်ဝက်စာမေးပွဲ ပြီးခါစမို့ စုန့်ချိုးလည်း သူတို့ကို သိပ်မကြပ်မတ်တော့ပေ။

သို့သော် ရုပ်ရှင်တစ်ကားပင် မပြီးလိုက်ပေ။ ကျိုးအန်းရန် ယူလာသော သကြားလုံးနှစ်ထုပ်ကို ယန်ရှင်းချန် ဖြောင်ပစ်လိုက်သည်။

ရုပ်ရှင်ပြီးခါနီးတွင် ယန်ရှင်းချန်က အိတ်ထဲသို့ နှိုက်လိုက်ရာ ဗလာဖြစ်နေသဖြင့် မေးလိုက်သည်။

"ကုန်သွားပြီလား၊ ဘယ်က ဝယ်လာတာလဲ"

ကျိုးအန်းရန် - "ငါ့အစ်မဝမ်းကွဲအိမ်ဘက်က"

"ဒါဆို ခဏနေကျရင် ဒီနားက စူပါမားကတ်မှာ သွားရှာကြည့်ရအောင်" ယန်ရှင်းချန်က သူမလက်ကို ဖက်ထားလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ရုပ်ရှင်ကြည့်ပြီးနောက် နှစ်ယောက်သား အနီးနားရှိ စူပါမားကတ်သို့ သွားရှာကြသော်လည်း တူညီသော အိတ်ခွံပုံစံနှင့် ဆိုဒါသကြားလုံးကို ရှာမတွေ့ခဲ့ပေ။

"အိတ်ခွံပေါ်မှာ ဂျပန်စာတွေ ရေးထားတာ ငါမှတ်မိတယ်၊ နင်ဝယ်တုန်းက တံဆိပ်နာမည်ကို ကြည့်မိလိုက်လား" ယန်ရှင်းချန် မေးလိုက်သည်။

ဟိုဘက်က စူပါမားကတ်မှာတုန်းကတော့ ဒီသကြားလုံးကို အမြင်သာဆုံးနေရာမှာ တင်ထားခဲ့ခြင်းဖြစ်သည်။

ကျိုးအန်းရန် ခေါင်းခါပြလိုက်သည်။

"သတိမထားမိဘူး"

ယန်ရှင်းချန် မျက်နှာငယ်လေး ဖြစ်သွားသည်။

"သိရင် ခုနက အိတ်ခွံကို အမှိုက်ပုံးထဲ မပစ်လိုက်ပါဘူး၊ မဟုတ်ရင် Taobao မှာ ရှာလို့ရဦးမယ်"

"ကိစ္စမရှိပါဘူး" ကျိုးအန်းရန် နှစ်သိမ့်လိုက်သည်။ "မေလ ၁ ရက် ပိတ်ရက်ကျရင် ငါ အစ်မဝမ်းကွဲအိမ် ထပ်သွားဦးမှာ၊ အဲဒီကျရင် ထပ်ဝယ်လာပေးမယ်"

....

စာသင်နှစ်ဝက်စာမေးပွဲ အဖြေများ အင်္ဂါနေ့တွင် ထွက်လာသည်။ ကျိုးအန်းရန် ပုံမှန်အတိုင်း ဖြေဆိုနိုင်ခဲ့ပြီး ယခင်ကထက် အဆင့်တစ်ဆင့် တက်လာသည်။ ယန်ရှင်းချန်မှာမူ သူမ၏ အစွမ်းအစများ ထွက်ပေါ်လာသည်လား မသိ၊ တစ်လလုံး ကြိုးစားပမ်းစား လုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် အတန်းထဲတွင် အဆင့် ၆ ဆင့် တက်လာသည်။

ကျိုးအန်းရန် သူမအတွက် သက်ပြင်းချနိုင်သွားသည်။

ဒီလောက် တိုးတက်လာမှတော့ အန်တီစုန့်ဆီမှာ စာမေးပွဲ အောင်လောက်ပြီ။

လာမည့် တနင်္လာနေ့တွင် မိဘဆရာတွေ့ဆုံပွဲရှိသဖြင့် မည်သူမျှ ပြဿနာမရှာရဲကြဘဲ ဒီတစ်ပတ်လုံး အေးဆေးငြိမ်သက်စွာ ကုန်ဆုံးသွားသည်။

....

သောကြာနေ့မနက် မနက်စာစားနေစဉ် ဟယ်ကျားယီက တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပြောလိုက်သည်။

"ဒါနဲ့... ပြီးခဲ့တဲ့ စနေနေ့တုန်းက မေမေ အဝတ်လျှော်တော့ သမီးအင်္ကျီအိတ်ကပ်ထဲက သကြားလုံးအနည်းငယ် တွေ့လို့ သမီးအခန်းထဲက ပန်းခေါက်ထားတဲ့ ဖန်ပုလင်းထဲ ထည့်ပေးထားတယ်နော်"

"သကြားလုံး..." ကျိုးအန်းရန် နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။ "ဘာသကြားလုံးလဲ"

ဟယ်ကျားယီ ရယ်လိုက်သည်။

"ကိုယ့်အိတ်ကပ်ထဲက ပစ္စည်းကိုများ ကိုယ်တိုင်ပြန်မေးနေတယ်"

ကျိုးအန်းရန် တူကို ချလိုက်သည်။

"သမီး သွားကြည့်လိုက်ဦးမယ်"

အခန်းထဲပြန်ရောက်သောအခါ ကျိုးအန်းရန် သကြားလုံးစက္ကူပန်းများကို ဂရုတစိုက် ဖယ်ထုတ်လိုက်ပြီး ဖန်ပုလင်းကို မှောက်လိုက်ရာ စားပွဲပေါ်သို့ တစ်စုံတစ်ရာ ကျလာသည်။

လီမွန်ဆိုဒါသကြားလုံး လေးလုံး ဖြစ်နေသည်။

သူမ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အိတ်ကိုမဖောက်ဘဲ ယန်ရှင်းချန်အိမ်သို့ ယူသွားခဲ့ခြင်းဖြစ်သည်။

ဟယ်ကျားယီ အခန်းဝသို့ ရောက်လာသည်။

"တွေ့ပြီလား"

"တွေ့ပြီ"

ပြီးခဲ့တဲ့ စနေနေ့တုန်းက အစ်မဝမ်းကွဲအိမ်ရောက်တော့ ထွမ်းထွမ်းက သူမနားက မခွာဘဲ နေခဲ့သည်ကို ကျိုးအန်းရန် သတိရသွားပြီး ပြုံးလိုက်မိသည်။

"ထွမ်းထွမ်းက ခိုးထည့်ပေးလိုက်တာနေမှာ"

ဟယ်ကျားယီက သူမစားပွဲကို လှမ်းကြည့်ပြီး ရယ်မောလိုက်သည်။

"တခြားလူတွေက ထွမ်းထွမ်းလက်ထဲက သကြားလုံးတစ်လုံးရဖို့ ခက်ခဲတာကို၊ သမီးကျတော့ သူက ရက်ရောသားပဲ"

ကျိုးအန်းရန် သကြားလုံးလေးလုံးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး လွယ်အိတ်လွယ်လိုက်သည်။

"မေမေ... သမီး ကျောင်းသွားတော့မယ်"

.....

အောက်ထပ်ရောက်၍ ယန်ရှင်းချန်နှင့် ဆုံသောအခါ ကျိုးအန်းရန် အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံး နှိုက်ယူပြီး ပေးလိုက်သည်။ လက်ဖြန့်ကြည့်လိုက်မှ စပျစ်သီးအရသာ တစ်လုံးနှင့် လိမ္မော်သီးအရသာ တစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒါဆို သူမအိတ်ကပ်ထဲ ကျန်နေတဲ့ နှစ်လုံးက လီမွန်အရသာ ဖြစ်ရမည်။

ယန်ရှင်းချန် အံ့အားသင့်သွားသည်။

"ဘယ်က ရတာလဲ"

ကျိုးအန်းရန် ပြုံးလိုက်မိပြီး ပါးချိုင့်လေးများ ပေါ်လာသည်။

"ငါ့တူမလေးက အိတ်ကပ်ထဲ ခိုးထည့်ပေးထားတာ"

ကျောင်းရောက်သည်အထိ ယန်ရှင်းချန်တစ်ယောက် သကြားလုံးစားရင်း စကားပြောရာတွင် ဗလုံးဗထွေး ဖြစ်နေသည်။

....

စာသင်ခန်းရောက်သောအခါ ကျိုးအန်းရန် ပုံမှန်အတိုင်း စားပွဲနှင့် ကုလားထိုင်ကို သုတ်လိုက်သည်။ အနောက်ဘက်တွင် တစ်သျှူးသွားပစ်ပြီး လက်ဆေးရန် အနောက်ပေါက်မှ ထွက်မည့်အချိန်တွင် ချန်လော့ပိုင် တံခါးဝသို့ ရောက်လာသည်ကို မြင်လိုက်ရသည်။

လွယ်အိတ်ကို ညာဘက်ပခုံးတွင် လွယ်ထားသည်။ မေးရိုးများက ပြီးခဲ့သည့်အကြိမ်ကထက် ပိုမိုတင်းမာနေပြီး မျက်ဝန်းနက်နက်များထဲတွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ဒီနေ့ သူ ဒီလောက်စောစော ရောက်လာလိမ့်မည်ဟု ကျိုးအန်းရန် ထင်မထားခဲ့ပေ။ သူမ သူ့ကို ကြည့်မိသော အကြည့်က ပုံမှန်ထက် ပိုသိသာနေသော်လည်း သူ လုံးဝ သတိမထားမိပေ။

အနောက်ပေါက်တွင် ပခုံးချင်းယှဉ်မိမတတ် ဖြတ်သွားသော်လည်း ဘေးတွင် လူတစ်ယောက်ရှိနေသည်ကိုပင် သူ သတိထားမိပုံမရပေ။

ရှားရှားပါးပါး သူနှင့် ဒီလောက် နီးကပ်စွာ ရှိနေသော်လည်း ကျိုးအန်းရန်မှာ ပုံမှန်လို ရင်ခုန်မမြန်တော့ဘဲ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေတော့သည်။

သူ ဘာဖြစ်နေတာလဲ။

အိပ်ရေးမဝပြန်ပြီလား။

သို့သော် လက်ဆေးပြီး ပြန်လာ၍ အနောက်ပေါက်မှ ပြန်ဝင်ချိန်တွင် ချန်လော့ပိုင်သည် ပြီးခဲ့သည့်အကြိမ်ကလို စားပွဲပေါ်မှောက်အိပ်မနေဘဲ ခေါင်းငုံ့ကာ အိမ်စာရေးနေသည်ကို တွေ့လိုက်ရသည်။

သူမဘက်သို့ လှည့်နေသော မျက်နှာတစ်ခြမ်းတွင် မေးရိုးများ တင်းမာနေဆဲဖြစ်သည်။

ကျိုးအန်းရန် သူ့ကို တစ်နေ့လုံး ခိုးကြည့်နေခဲ့ပြီး ဒီနေ့ သူ တကယ် စိတ်မပျော်မရွှင် ဖြစ်နေသည်ကို သေချာသွားသည်။

ပုံမှန်ဆို စကားများတတ်သော ကျုရန်ပင်လျှင် ဒီနေ့ အလွန်ငြိမ်သက်နေပြီး သူ့ကို မနှောင့်ယှက်ရဲသလို ဖြစ်နေသည်။

ဒီနေ့က ကျိုးအန်းရန် သန့်ရှင်းရေးလုပ်ရမည့်ရက် ဖြစ်သည်။ အတန်းဆင်းချိန်တွင် သူမ တံမြက်စည်းသွားယူစဉ် အတန်းပိုင်ဆရာ ကောင်းကောဟွာက ချန်လော့ပိုင်ကို အခန်းအနောက်ပေါက်တွင် ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။

"နင့်မိဘတွေ လာမယ့်တနင်္လာနေ့ မလာဘူးဆိုတာ သေချာလား" ကောင်းကောဟွာက မေးလိုက်သည်။

ချန်လော့ပိုင်က တံခါးဘောင်ကို ပျင်းရိစွာ မှီထားသည်။ မျက်လွှာချထားပြီး ခံစားချက်ကို ဖတ်ရခက်နေသည်။

"မလာဘူး"

ကောင်းကောဟွာက ဆက်ပြောသည်။

"ဒါဆို တနင်္လာနေ့ကျရင် နေခဲ့ပြီး တခြားမိဘတွေကို ဧည့်ခံပေးလိုက်လေ"

"ကျွန်တော်က ဘာကိစ္စ နေခဲ့ရမှာလဲ၊ တခြားမိဘတွေ ကြည့်ပြီး မနာလိုဖြစ်အောင် လုပ်ရမှာလား"

ကျိုးအန်းရန် သတ္တိမွေးပြီး အနောက်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုကောင်လေး မော့ကြည့်ပြီး ဆရာ့ကို ပြုံးပြလိုက်သည်ကို မြင်လိုက်ရသည်။

သို့သော် ထိုအပြုံးက မျက်လုံးထဲထိ မရောက်ဘဲ ဟန်ဆောင်ပြုံးသာဖြစ်ကြောင်း၊ မနက်က အခန်းထဲဝင်လာစဉ်ကထက်ပင် ပိုပြီး စိတ်ညစ်နေပုံရကြောင်း ကျိုးအန်းရန် ခံစားလိုက်ရသည်။

ကောင်းကောဟွာကလည်း သူ၏ မောက်မာသော စကားကြောင့် ဒေါသထွက်ပြီး ရယ်ချင်သွားသည်လားမသိ၊ သူ့မျက်နှာထားကို သတိမထားမိလိုက်ပေ။

"ပျင်းလို့ နေချင်တယ်ဆိုလည်း ပြောပါ၊ ဘာတွေ ဆင်ခြေပေးနေတာလဲ"

"သွားပြီ" ချန်လော့ပိုင် ကိုယ်ကိုမတ်လိုက်သည်။ "ဆရာကောင်း"

ကောင်းကောဟွာက မျက်စိနောက်သည်ဆိုသော ပုံစံဖြင့် လက်ကာပြလိုက်သည်။

"သွား... သွား... မြန်မြန်သွား"

ချန်လော့ပိုင်က လက်ဝှေ့ယမ်းပြပြီး လှေကားမှ ခြေလှမ်းကျဲကြီးများဖြင့် ဆင်းသွားတော့သည်။

ကောင်းကောဟွာက ပြုံး၍ ခေါင်းခါလိုက်သည်။

"ဒီကောင်စုတ်လေး"

ကျုရန်က လွယ်အိတ်ဆွဲပြီး အနောက်ပေါက်မှ ပြေးထွက်သွားကာ လှမ်းအော်လိုက်သည်။

"ချန်လော့ပိုင်... မင်း ဘာလို့ ဒီလောက် လျှောက်မြန်နေတာလဲ၊ ငါ့ကို စောင့်ဦး"

"တခြားအတန်းတွေ မဆင်းသေးဘူးလေ" ဆရာကောင်းက အနောက်မှ လှမ်းအော်ငေါက်သည်။ "ကျုရန်... မင်း ဘာလို့ အဲဒီလောက် အသံကျယ်နေရတာလဲ"

"ဆရာကောင်း... ကျွန်တော် မှားပါတယ်၊ နောက်အပတ်မှ တွေ့မယ်" ကျုရန်၏ ပြီးစလွယ် ပြန်ပြောသံက အဝေးမှ ပျံ့လွင့်လာသည်။

ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး အခန်းထဲတွင် တိတ်ဆိတ်သွားသည်။

ကျိုးအန်းရန် စိတ်မပါလက်မပါ တံမြက်စည်းလှည်းနေရင်း သူ ဘာကြောင့် ဒီလောက် စိတ်မပျော်ရွှင်ဖြစ်နေရသလဲဆိုသည်ကို တွေးနေမိသည်။

သူ့မိဘတွေ မိဘဆရာတွေ့ဆုံပွဲ မလာနိုင်လို့လား။

ဒါပေမဲ့ ပြီးခဲ့တဲ့ စာသင်နှစ်ဝက်တုန်းကလည်း သူ့မိဘတွေ မလာကြပါဘူး။ အဲဒီတုန်းက သူ ဝမ်းနည်းတဲ့ပုံမပေါ်ခဲ့ဘူးလေ။

သို့သော် စောစောက အတန်းပိုင်ဆရာနှင့် မိဘဆရာတွေ့ဆုံပွဲအကြောင်း ပြောနေချိန်တွင် သူ့ခံစားချက်က ဒီနေ့တစ်နေ့လုံးထက် ပိုဆိုးရွားနေသည်မှာ အမှန်ပင်။

ယန်ရှင်းချန် သန့်ရှင်းရေးလုပ်ပြီးသည်အထိ ကျိုးအန်းရန် အဖြေရှာမရခဲ့ပေ။ အဖြေရှာရဖို့လည်း မဖြစ်နိုင်ပေ။

"ရန်ရန်... နင် မပြီးသေးဘူးလား၊ ငါ ကူလုပ်ပေးရမလား" ယန်ရှင်းချန်က မေးလိုက်သည်။

ကျိုးအန်းရန် သတိဝင်လာသည်။

"မလိုပါဘူး၊ ငါ ပြီးတော့မှာ"

သူမ ကျန်နေသော နေရာအနည်းငယ်ကို အမြန်လှည်းလိုက်သည်။

အမှိုက်သွားပစ်ပြီးနောက် နှစ်ယောက်သား အခန်းပြန်လာပြီး လွယ်အိတ်သိမ်းကြသည်။

ယန်ရှင်းချန်က အရှေ့ဘက်ကို လက်ညှိုးထိုးပြသည်။

"ငါ ရှေ့ပေါက်ပိတ်လိုက်မယ်၊ နင် နောက်ပေါက်ပိတ်မလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ဆဌမမြောက်တန်းရှိ သူ့နေရာဘေးသို့ ရောက်သောအခါ ကျိုးအန်းရန် ခေါင်းထဲတွင် မျက်လုံးထဲထိ အပြုံးမရောက်သော သူ့မျက်နှာကို ပြန်မြင်ယောင်လာသည်။

သူမ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

သူ ဘာလို့ မပျော်ရွှင်ရသလဲဆိုတာ မသိရသလို၊ သူမအနေနဲ့လည်း ကူညီပေးနိုင်မှာ မဟုတ်ပေ။ သိခဲ့ရင်တောင်မှ သူစိမ်းဆန်ဆန် ဆက်ဆံရေးကြောင့် သူမ ဘာမှလုပ်ပေးနိုင်မည် မဟုတ်ပေ။

ကျိုးအန်းရန် ထိုသို့တွေးရင်း လွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားသော လက်ကို ဖြုတ်ချလိုက်ရာ ဘောင်းဘီအိတ်ကပ်နှင့် မတော်တဆ ထိမိပြီး တရှပ်ရှပ်မြည်သံ ကြားလိုက်ရသည်။

လီမွန်ဆိုဒါ သကြားလုံး နှစ်လုံး။

ဒီနေ့တစ်နေ့လုံး သူ့ကို စိတ်ပူနေရသဖြင့် သူမ စားဖို့ မေ့နေခဲ့ခြင်းဖြစ်သည်။

ကျိုးအန်းရန် အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး သကြားလုံးစက္ကူကို ထိလိုက်မိချိန်တွင် ရင်ထဲ လှုပ်ရှားသွားသည်။

သူ ပုံမှန်ဆို ဆိုဒါသောက်တတ်တယ်၊ ဒီသကြားလုံးအရသာကို ကြိုက်ပါ့မလား။

ထိုအချိန်လေးအတွင်း ကျိုးအန်းရန် ကိုယ့်ဘာသာ ဘာတွေးနေမှန်း မသိတော့ပေ။ သို့မဟုတ် ဘယ်က သတ္တိတွေ ရလာမှန်း မသိတော့ပေ။

ရှေ့ပေါက်မှ အသံကြားရသဖြင့် ယန်ရှင်းချန် တံခါးပိတ်နေပြီမှန်း သိလိုက်သည်။ ကျိုးအန်းရန် ပြတင်းပေါက်နှစ်ဖက်လုံးကို လှမ်းကြည့်လိုက်သည်။

အပြင်တွင် လူမရှိသည်ကို သေချာမှ သကြားလုံးနှစ်လုံးကို ဆုပ်ကိုင်လျက် သူ့စာကြည့်စားပွဲအံဆွဲထဲသို့ လျင်မြန်စွာ ထိုးထည့်လိုက်လေသည်။

စက္ကန့်ပိုင်းမျှသာ ကြာမြင့်သော လှုပ်ရှားမှုဖြစ်သော်လည်း ဒီလိုအလုပ်မျိုး တစ်ခါမှ မလုပ်ဖူးသဖြင့် လက်ပြန်ရုတ်လိုက်ချိန်တွင် လက်ဖဝါး၌ ချွေးစေးများ ထွက်နေပြီး အလောတကြီး လုပ်လိုက်မိသဖြင့် လက်ကောက်ဝတ်နှင့် စားပွဲစွန်း တိုက်မိသွားသေးသည်။

ရင်တစ်ခုလုံး လည်ချောင်းဝရောက်မတတ် ခုန်ပေါက်နေပြီး အသက်ရှူပင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

"ရန်ရန်..." ယန်ရှင်းချန် ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ကျိုးအန်းရန် လည်ချောင်းဝ ရောက်နေသော နှလုံးသားမှာ အပြင်သို့ ခုန်ထွက်လုမတတ် ဖြစ်သွားသည်။ ပြာပြာသလဲ လှည့်ကြည့်လိုက်ရာ ယန်ရှင်းချန် ပြတင်းပေါက်မှ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

"နင် ဘာလို့ မထွက်လာသေးတာလဲ"

မမြင်လောက်ပါဘူးနော်။

ယန်ရှင်းချန်အကျင့်အရသာ မြင်ခဲ့ရင် အခုချိန်လောက်ဆို မေးနေလောက်ပြီ။

"ဖိနပ်ကြိုးပြေသွားလို့" ကျိုးအန်းရန် အသံများပင် တုန်နေသည်။ "အခု လာပြီ"

မထွက်ခွာမီ ကျိုးအန်းရန် သူ့စာကြည့်စားပွဲကို တစ်ချက်ကြည့်လိုက်သည်။

စားပွဲပေါ်မှ စာအုပ်များမှာ ပုံမှန်အတိုင်း အနည်းငယ် ရှုပ်ပွနေသည်။

သို့သော် ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်နေသော ရင်ခုန်သံကတော့ သူမ စောစောက သကြားလုံးနှစ်လုံး ခိုးထည့်လိုက်မိကြောင်း သတိပေးနေသည်။

မိန်းကလေးများက သူ့စာကြည့်စားပွဲထဲ ရည်းစားစာများနှင့် လက်ဆောင်များ ထည့်တတ်ကြသည်ကို သူမ သိသည်။

နာမည်ပါသော ပစ္စည်းများကို ကျုရန်တို့မှတစ်ဆင့် သီးသန့်ပြန်ပေးခိုင်းပြီး၊ နာမည်မပါသော ပစ္စည်းများကို အိမ်ရှိ ဘီဒိုတစ်ခုထဲတွင် အကုန်ထည့်သိမ်းထားတတ်သည်ဟု ကြားဖူးသည်။

သူမ ဒီသကြားလုံးနှစ်လုံး ထည့်လိုက်သည်မှာ သူ့ကို ရည်းစားစကားပြောချင်လို့ မဟုတ်သလို၊ တုံ့ပြန်မှုတစ်ခုခု လိုချင်လို့လည်း မဟုတ်ပေ။

သူ့မိဘတွေ မိဘဆရာတွေ့ဆုံပွဲ မလာနိုင်လို့ သူ စိတ်မပျော်ရွှင်ဖြစ်နေတာသာ အမှန်ဆိုရင်၊ ပြီးတော့ တနင်္လာနေ့ ကျောင်းပြန်လာတဲ့အချိန် အဲဒီသကြားလုံးနှစ်လုံးကို စားမိပြီး ဒီအရသာကို နှစ်သက်ခဲ့မယ်ဆိုရင်... အဲဒီအချိန်ကျရင် သူ နည်းနည်းလောက် ပျော်ရွှင်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုကြောင့်သာ ဖြစ်သည်။

ကျိုးအန်းရန် အကြည့်လွှဲလိုက်ပြီး အနောက်ပေါက်မှ ထွက်လာခဲ့သည်။

တံခါးသော့ခတ်နေစဉ် ယန်ရှင်းချန်က စပ်စုသလို မေးလိုက်သည်။

"နင် ခုနက မျက်နှာပျက်နေသလိုပဲ၊ ဘာလို့ လန့်နေတဲ့ပုံ ပေါက်နေတာလဲ"

ကျိုးအန်းရန်၏ လက်ကောက်ဝတ်တွင် တိုက်မိထားသော နာကျင်မှုကို နောက်ကျမှ ခံစားလိုက်ရသည်။ အညိုအမည်း စွဲမစွဲတော့ မသိပေ။

သူမ မျက်လွှာချကာ ပြန်ဖြေလိုက်သည်။

"အခန်းထဲမှာ တိတ်နေတာကို နင်က ရုတ်တရက် လှမ်းခေါ်လိုက်လို့လေ"

ယန်ရှင်းချန် ရယ်လိုက်သည်။

"နင့်သတ္တိကလည်း ငယ်လိုက်တာ"

ကျိုးအန်းရန် ဒီခေါင်းစဉ်ကို ဆက်မဆွေးနွေးရဲတော့ပေ။ ချွေးစို့နေသော လက်ဖြင့် တံခါးကို သော့ခတ်လိုက်ပြီး လှည့်ထွက်လိုက်သည်။

"သွားကြစို့"

"သွားမယ်... သွားမယ်" ယန်ရှင်းချန်က သူမလက်ကို ချိတ်လိုက်သည်။

နှစ်ယောက်သား စကားတပြောပြောဖြင့် ကျောင်းမှ ဖြည်းညှင်းစွာ ထွက်ခွာလာကြသည်။

ကျိုးအန်းရန်၏ ရင်ခုန်သံများလည်း တဖြည်းဖြည်း ငြိမ်သက်လာသည်။

သို့သော် သူမ မသိလိုက်သည်မှာ... သူမနှင့် ယန်ရှင်းချန်တို့ ဘတ်စ်ကားပေါ်ရောက်ပြီး မကြာမီမှာပင် ချန်လော့ပိုင်နှင့် ကျုရန်တို့သည် ကျောင်းသို့ ပြန်ရောက်လာကြခြင်းဖြစ်သည်။

***

All Chapters