အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
လီမွန်ဆိုဒါသကြားလုံး
အခန်း ၁၆ ။ လီမွန် : လက်ဆော့ရင်းနဲ့ တစ်လုံးဖောက်စားမိတယ်
ကျုရန်သည် ခေါင်းငုံ့ပြီး သော့ဖြင့် အခန်းတံခါးဖွင့်နေသည်။
"ဂိမ်းဆိုင်မှာ နုတဲ့ကောင်တွေကို အနိုင်ကျင့်လို့ ကောင်းနေတုန်း ဘာလို့ ရုတ်တရက် ကျောင်းပြန်လာရတာလဲ။ ဘာကျန်ခဲ့လို့လဲ"
"အိမ်စာ" ချန်လော့ပိုင်က ဖြေလိုက်သည်။
"အိမ်စာ ဟုတ်လား... အိမ်စာဆိုတာက..." ကျုရန် စကားပြောနေရင်း ရပ်တန့်သွားကာ အံ့သြစွာ လှည့်ကြည့်လိုက်သည်။ "မင်းက အိမ်စာယူဖို့ မေ့ခဲ့တယ် ဟုတ်လား"
ဘောလုံးပွဲကြည့်ရင်း ညလယ်ခေါင်ကြီး ဒေါသထွက်ပြီး တခြားအပန်းဖြေတာတွေ မလုပ်ဘဲ စာမေးပွဲမေးခွန်းလွှာတွေ ထဖြေတတ်တဲ့ကောင်က အိမ်စာမေ့ခဲ့တယ်တဲ့လား။
"လေပေါမနေနဲ့၊ တံခါးမြန်မြန်ဖွင့်" ချန်လော့ပိုင်က ပြောလိုက်သည်။
ကျုရန်သည် တံခါးဖွင့်လိုက်ရင်း မနက်ကတည်းက အခုထိ မပျောက်သေးသော သူ့သူငယ်ချင်း၏ စိတ်ဖိစီးမှုအငွေ့အသက်များကို သတိရသွားပြီး ခေါင်းပြန်လှည့်ကာ မေးလိုက်ပြန်သည်။
"ဦးလေးနဲ့ အန်တီ ဒီတစ်ခါ ရန်ဖြစ်တာ တော်တော်ပြင်းထန်လို့လား"
ချန်လော့ပိုင်က ပြန်မဖြေဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။ သူ့ဘေးတိုက်မျက်နှာမှာ အလွန်အေးစက်နေသည်။
ကျုရန် နားလည်လိုက်ပြီဖြစ်သည်။
သူထင်ထားသည်ထက် ပိုဆိုးရွားပုံရသည်။
သူ ပုံမှန်မဟုတ်ဘဲ စကားထပ်မပြောတော့ဘဲ ချန်လော့ပိုင်နောက်မှ အခန်းထဲသို့ ဝင်လိုက်သည်။
ချန်လော့ပိုင်သည် ကုလားထိုင်ကို ဆွဲထုတ်လိုက်ပြီး စားပွဲအံဆွဲထဲသို့ လက်နှိုက်ကာ စာမေးပွဲစာရွက်ကို စမ်းလိုက်သည်။ သို့သော် သူ့လက်ဖဝါးက မမျှော်လင့်ဘဲ အခြားအရာတစ်ခုနှင့် ထိမိသွားသည်။
အလွန်သေးငယ်သော အရာနှစ်ခု။
သူ ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်သောအခါ ကျုရန်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ချန်လော့ပိုင် စမ်းမိသော ပစ္စည်းကို ထုတ်ယူလိုက်ပြီး လက်ဖြန့်ကြည့်လိုက်ရာ သကြားလုံးနှစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဒါ သကြားလုံးမလား" ကျုရန်က စပ်စုလိုက်သည်။ "မင်းစားပွဲထဲ ဘာလို့ သကြားလုံး ရှိနေတာလဲ။ ဘယ်မိန်းကလေးက လာထည့်သွားပြန်ပြီလဲ။ မဟုတ်သေးပါဘူး... မင်းစားပွဲထဲ လက်ဆောင်လာထည့်တဲ့ မိန်းကလေးတွေက အမြဲတမ်း လှလှပပ ထုပ်ပိုးထားတာချည်းပဲ၊ အပြင်က ဖဲပြားလေးကအစ သပ်သပ်ရပ်ရပ် ချည်ထားတတ်တာလေ။ ဘယ်သူက ဒီလို သကြားလုံးနှစ်လုံးကို ပေါ့ပေါ့ဆဆ လာထည့်သွားမှာလဲ။ တစ်ယောက်ယောက် မှားထည့်မိတာများလား"
ချန်လော့ပိုင်လည်း ဒီလိုအခြေအနေမျိုး ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။
"ဖြစ်နိုင်တာပဲ"
"ဒါဆို ငါ့ကျွေးလိုက်တော့၊ ငါ ဗိုက်ဆာနေတာနဲ့ အတော်ပဲ"
ကျုရန်က ပြောရင်းဆိုရင်း သူ့လက်ထဲမှ သကြားလုံးကို လှမ်းယူရန် ပြင်လိုက်သည်။
ချန်လော့ပိုင်က လက်ကို ရုတ်လိုက်သဖြင့် လှမ်းလာသော လက်သည်းကြီး လွဲချော်သွားသည်။
"မင်းကလည်း ကပ်စေးနည်းလိုက်တာ" ကျုရန်က မျက်လုံးလှန်ကြည့်လိုက်သည်။ "အန်တီဖန်းက မကြိုက်ရင်တောင် သူများစေတနာကို အလဟဿ မဖြစ်စေနဲ့လို့ မှာထားပေမယ့် ဒါက ဘယ်မိန်းကလေးကမှ ပေးတာ မဖြစ်နိုင်ဘူးလေ။ ဘယ်သူက မင်းကို ရည်းစားစာပေးတဲ့အချိန် ဒီလို သကြားလုံးနှစ်လုံးပဲ လာထည့်မှာလဲ။ ငါ့အထင်တော့ တစ်ယောက်ယောက် မှားထည့်တာ ဖြစ်မယ်၊ ဒါမှမဟုတ် ရွေ့ရွေ့တို့ အုပ်စု မုန့်ဝေရင်း မင်းဆီ နှစ်လုံးရောက်လာတာဖြစ်မယ်"
ချန်လော့ပိုင်က လက်ထဲမှ ပစ္စည်းကို ကျောင်းဘောင်းဘီအိတ်ကပ်ထဲသို့ လက်ဆော့ရင်း ထည့်လိုက်သည်။
"နောက်အပတ်ကျရင် မေးကြည့်လိုက်မယ်"
"ငါ့စားပွဲထဲရော ရှိလား ကြည့်လိုက်ဦးမယ်"
ကျုရန်က သူ့စားပွဲဆီ လျှောက်သွားပြီး လက်နှိုက်ကြည့်လိုက်သည်။
"မရှိပါဘူး... ထူးဆန်းတယ်"
ချန်လော့ပိုင်က စာမေးပွဲစာရွက်ကို ထုတ်ယူလိုက်ပြီဖြစ်သည်။
"သွားစို့"
....
ကျောင်းပြင်ရောက်သောအခါ ချန်လော့ပိုင်က လမ်းဆုံတွင် တက္ကစီတစ်စီး တားလိုက်သည်။
ကျုရန်အိမ်က ကျောင်းနှင့် ပိုနီးသဖြင့် ကားက သူ့အိမ်ရာဝင်းရှေ့တွင် အရင်ရပ်ပေးသည်။
ကားတံခါး တစ်ဝက်ဖွင့်ပြီးမှ ကျုရန်က ခေါင်းငဲ့ကာ ထပ်မေးလိုက်သည်။
"ဒီည ငါ့အိမ် လိုက်မလား"
"မလိုက်တော့ဘူး"
ချန်လော့ပိုင်၏ မျက်နှာတစ်ဝက်မှာ အမှောင်ရိပ်ကျနေသည်။ သူက မေးငေါ့ပြလိုက်သည်။
"မြန်မြန်ဆင်းတော့"
ကျုရန် ဆင်းသွားပြီးနောက် တက္ကစီသည် ခေတ္တမျှ ဆက်မောင်းလာပြီး အခြားအိမ်ရာဝင်းတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
ချန်လော့ပိုင် အိမ်ရောက်သောအခါ အိမ်ကြီးမှာ ပုံမှန်ထက် ပိုတိတ်ဆိတ်နေသည်ကို သတိထားမိသည်။ အမြဲတမ်း ရှိနေတတ်သော အိမ်ဖော်အဒေါ်ကြီးလည်း အရိပ်အယောင်မတွေ့ရဘဲ မီးဖိုချောင်မှာလည်း ဟာလာဟင်းလင်း ဖြစ်နေသည်။
သူသည် မီးဖိုချောင်နံရံကို မှီရပ်လိုက်ပြီး ဖုန်းထုတ်ကာ ခေါ်ဆိုမှုမှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။ လက်ချောင်းဖြင့် အပေါ်အောက် အနည်းငယ် ပွတ်ဆွဲလိုက်ပြီးမှ ရပ်တန့်သွားသည်။ မျက်လွှာချလိုက်ပြီး နောက်ဆုံးတွင် မည်သူ့ဆီကိုမျှ ဖုန်းမခေါ်ဖြစ်တော့ပေ။
ချန်လော့ပိုင်သည် လွယ်အိတ်ကိုဆွဲပြီး စာကြည့်ခန်းထဲဝင်ကာ စာကြည့်မီးဖွင့်လိုက်သည်။ လွယ်အိတ်ထဲမှ စာမေးပွဲစာရွက်ကို ထုတ်ပြီး စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။
....
စာမေးပွဲစာရွက် နှစ်စုံ ဖြေပြီးသောအခါ အပြင်ဘက်ကောင်းကင်မှာ လုံးဝ မည်းမှောင်သွားပြီဖြစ်သည်။
ကြမ်းပြင်ထိ ရှည်လျားသော ပြတင်းပေါက်အပြင်ဘက်တွင် မီးရောင်များ တစ်ခုပြီးတစ်ခု လင်းလက်လာကြပြီး ညကောင်းကင်ယံမှ ကြယ်များပမာ ဖြစ်နေသည်။ အောက်ဘက် လမ်းမပေါ်တွင်မူ ကားများ ဥဒဟိုသွားလာနေကြပြီး စည်ကားသိုက်မြိုက်နေသော မြို့ပြရှုခင်းကို တွေ့ရသည်။
ချန်လော့ပိုင် ဘောပင်ချလိုက်တော့မှ ဗိုက်ဆာလာသည်ကို သတိထားမိသည်။
သူသည် ငြိမ်သက်နေသော ဖုန်းကို ကောက်ယူပြီး မတ်တတ်ရပ်ကာ မီးဖိုချောင်သို့ သွားလိုက်သည်။ ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်ရာ အထဲတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေပြန်သည်။
ထိုအချိန်တွင် ဖုန်းမြည်လာသည်။
ဖုန်းမျက်နှာပြင်ပေါ်မှ နာမည်ကို မြင်လိုက်ရသောအခါ ချန်လော့ပိုင် ဖုန်းကိုင်မည့်လက် ခေတ္တရပ်တန့်သွားသည်။
စက္ကန့်အနည်းငယ်ကြာမှ လက်ချောင်းဖြင့် ပွတ်ဆွဲကာ ဖုန်းကိုင်လိုက်သည်။
"သား အိမ်ရောက်ပြီမလား"
အမျိုးသမီးတစ်ဦး၏အသံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"အဒေါ်ကြီးလျို အိမ်မှာ ကိစ္စနည်းနည်းရှိလို့ မေမေ့ဆီ ရုတ်တရက် ခွင့်တိုင်သွားတယ်။ ရေခဲသေတ္တာထဲ ပစ္စည်းဖြည့်ဖို့လည်း မမီလိုက်ဘူးတဲ့။ မေမေလည်း အလုပ်ရှုပ်နေတာနဲ့ သားကို ပြောဖို့ မေ့သွားတယ်။ သား ထမင်းစားပြီးပြီလား"
ချန်လော့ပိုင် ရေခဲသေတ္တာကို မှီရပ်လိုက်သည်။
"မစားရသေးဘူး"
"ဘာလို့ အခုထိ မစားရသေးတာလဲ"
ဖန်းကျင်က ဖုန်းထဲမှ မေးလိုက်သည်။
"မေမေ အစားအသောက် မှာပို့ခိုင်းလိုက်ရမလား။ ဘယ်ဆိုင်က စားချင်လဲ၊ ရှေ့နေရုံးခန်းနားမှာ အသစ်ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်..."
ချန်လော့ပိုင် မျက်လွှာချလျက် သူမစကားကို ဖြတ်ပြောလိုက်သည်။
"မေမေ"
"ဘာဖြစ်လို့လဲ" ဖန်းကျင်က ပြန်မေးသည်။
ချန်လော့ပိုင် ရေခဲသေတ္တာကို မှီလျက် ဘာမှ ဆက်မပြောဘဲ နေလိုက်သည်။
"လော့ပိုင်... နားထောင်နေသေးလား" ဖန်းကျင်က ထပ်ခေါ်သည်။
စက္ကန့်အနည်းငယ်ကြာမှ ချန်လော့ပိုင် ပါးစပ်ဟလိုက်သည်။
"မေမေတို့ ကွာရှင်းဖို့ စီစဉ်နေကြတာလား"
ဖုန်းတစ်ဖက်ခြမ်းတွင် တိတ်ဆိတ်သွားသည်။ ခေတ္တမျှကြာမှ ဖန်းကျင်က မေးလိုက်သည်။
"သား မနေ့ညက ကြားလိုက်တာလား"
ချန်လော့ပိုင် တိုးတိုးလေး ဖြေလိုက်သည်။
"အင်း"
"ဆောရီးပါသားရယ်၊ သားအိပ်နေတာကို ဆူညံမိသွားတယ်။ နောက်တစ်ခါ မေမေ သတိထားပါ့မယ်"
ဖန်းကျင် စကား ခေတ္တရပ်လိုက်သည်။
"ကွာရှင်းမယ်ဆိုတာ မနေ့က ဒေါသထွက်ပြီး ပြောမိတဲ့ စကားပါ။ ဒါပေမဲ့ မေမေနဲ့ ဖေဖေကြားမှာ ပြဿနာနည်းနည်း ရှိနေတာတော့ အမှန်ပဲ။ စိတ်မပူပါနဲ့... မေမေတို့ဘက်က ဘယ်သူမှ ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုး လုပ်ထားတာ မဟုတ်ပါဘူး။ စရိုက်ချင်း ညှိနှိုင်းရခက်နေတဲ့ ပြဿနာလေးတွေပါပဲ။ မေမေတို့ကို အချိန်နည်းနည်းလောက် ပေးပါ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်အေးအောင် ထားလိုက်ပါဦးမယ်။ မေမေ ကတိပေးပါတယ်... တကယ်လို့ ကွာရှင်းတဲ့အဆင့်ထိ ရောက်သွားခဲ့ရင် သားဆန္ဒကို အရင်မေးပါ့မယ်။ သားမသိအောင် ဆုံးဖြတ်ချက် မချပါဘူး။ အဲဒီလိုဆို အဆင်ပြေမလား"
ချန်လော့ပိုင် ဖုန်းကိုင်ထားသောလက် ဖြည်းညှင်းစွာ လျော့ကျသွားသည်။
"ပြေပါတယ်"
"ဒါဆို ညစာ ဘာစားချင်လဲ" ဖန်းကျင်က မူလခေါင်းစဉ်သို့ ပြန်လှည့်လိုက်သည်။
ဖုန်းထဲတွင် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ချန်လော့ပိုင် ပြောလိုက်သည်။
"မေမေ အလုပ်ဆက်လုပ်လိုက်ပါ၊ ကျွန်တော့်ဘာသာ မှာစားလိုက်မယ်"
ဖုန်းချပြီးနောက် ချန်လော့ပိုင် အစားအသောက်မှာယူသည့် အက်ပလီကေးရှင်းထဲ ဝင်ကြည့်လိုက်သည်။ ပုံမှန်စားနေကျ ဆိုင်အချို့ကို ကြည့်လိုက်ရာ ပို့ဆောင်ချိန် နာရီဝက်ကျော် ကြာမည်ဟု ပြနေသည်။
သူ App ထဲမှ ပြန်ထွက်လိုက်သည်။ အားနေသော ဘယ်ဘက်လက်ကို လျှော့ချလိုက်ရာ ဘောင်းဘီအိတ်ကပ်နှင့် မတော်တဆ ထိမိပြီး တရှပ်ရှပ်မြည်သံ ကြားလိုက်ရသည်။
သကြားလုံး နှစ်လုံး။
ချန်လော့ပိုင် နှိုက်ယူလိုက်သည်။
ပုံစံတူ သကြားလုံးနှစ်လုံး လက်ဖဝါးပေါ် ငြိမ်သက်စွာ ရောက်ရှိလာသည်။
သကြားလုံးစက္ကူပေါ်တွင် ဂျပန်စာလုံး အနည်းငယ်နှင့် လီမွန်ပုံတစ်ပုံ ရိုးရှင်းစွာ ရိုက်နှိပ်ထားသည်။
ထုပ်ပိုးထားခြင်းလည်း မရှိ၊ ဒီအတိုင်း သကြားလုံးနှစ်လုံးကို သူ့စားပွဲထောင့်တွင် တွေ့ခဲ့ရခြင်းဖြစ်သည်။
ကြည့်ရသည်မှာ မိန်းကလေးတစ်ယောက်ယောက်က လက်ဆောင်ပေးထားပုံ မရပေ။ ကျုရန် ခန့်မှန်းသလိုပဲ ထန်ကျန့်ရွေ့တို့ မုန့်ဝေရင်း သူ့စားပွဲပေါ် ရောက်လာတာ ဖြစ်နိုင်သည်။
ချန်လော့ပိုင် ဗိုက်တော်တော်ဆာနေပြီဖြစ်ရာ ဆက်မစဉ်းစားချင်တော့ဘဲ လက်ဆော့ရင်း တစ်လုံးဖောက်စားလိုက်သည်။ ပါးစပ်ထဲ ထည့်လိုက်ချိန်တွင် အီလည်လည် အရသာဖြစ်မည်ဟု ထင်ထားသော်လည်း ထင်မှတ်မထားဘဲ အရသာ ကောင်းမွန်နေသည်။
လီမွန်ဆိုဒါ အရသာဖြစ်သည်။
ဖန်းကျင်၏ ကတိစကားကြောင့်လား၊ သို့မဟုတ် ပါးစပ်ထဲမှ လန်းဆန်းသော အရသာကြောင့်လား မသိ၊ တစ်နေ့လုံး ရင်ထဲ ဖိစီးထားသမျှ ပူလောင်မှုများ တစ်ဝက်ကျော် လွင့်ပျောက်သွားသလို ခံစားလိုက်ရသည်။
ချန်လော့ပိုင် ဖုန်းပြန်ဖွင့်ပြီး ကျုရန် ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ထွက်ပြီး တစ်ခုခု စားမလား"
"ဘာစားမှာလဲ" ကျုရန်က ဖုန်းထဲမှ မေးသည်။ "မင်း ဒကာခံမှာလား"
ချန်လော့ပိုင်က သကြားလုံးကို လျှာဖြင့်ထိုးကစားရင်း ပြန်မေးလိုက်သည်။
"ဒါဆို မင်း ဒကာခံမလို့လား"
ဖုန်းတစ်ဖက်ခြမ်းတွင် ကျုရန် နှစ်စက္ကန့်မျှ တုံ့ဆိုင်းသွားသည်။ ဒီလ ကျန်သော မုန့်ဖိုးကို တွက်ချက်လိုက်ပြီး ကြီးမားသော ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ငါ ဒကာခံမယ်ဆိုရင်လည်း ခံရတာပေါ့ကွာ"
ချန်လော့ပိုင် ရယ်လိုက်သည်။
"ငါ ဒကာခံပါ့မယ်၊ ကိုယ့်ဘာသာ ကားငှားပြီး ငါ့အိမ်အောက် လာခဲ့လိုက်"
....
ကျိုးအန်းရန် အိမ်ရောက်ရောက်ချင်း နောင်တရသွားသည်။
ဘယ်သူကများ လက်ဆောင်ပေးတာကို သကြားလုံးနှစ်လုံးတည်း ပေးရတာလဲ။
ကြည့်ရတာ သိပ်မကောင်းလှဘူး။
သူမြင်ရင် ဘယ်လိုထင်မလဲ မသိဘူး။
ဒါပေမဲ့ အခုပြန်သွားယူဖို့ကျတော့လည်း သူမမှာ သတ္တိမရှိတော့ပေ။ ကျောင်းသားတစ်ယောက်ယောက်နဲ့ တိုးမိရင် ပေါ်သွားနိုင်မည့် အန္တရာယ်လည်း ရှိသေးသည်။
ညစာစားချိန်တွင် လက်ပေါ်၌ အညိုအမည်းကွက်တစ်ခုနှင့် စိတ်ကူးယဉ်နေသော ကျိုးအန်းရန်ကိုကြည့်ပြီး ဟယ်ကျားယီ စိတ်ပူစွာ မေးလိုက်သည်။
"ရန်ရန်... ကျောင်းမှာ တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လား"
ကျိုးအန်းရန် သတိဝင်လာပြီး ခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး"
"တကယ်လား" ဟယ်ကျားယီက ထပ်မေးသည်။ "ဒါဆို လက်က ဘယ်လိုဖြစ်တာလဲ"
ကျိုးအန်းရန်က စိတ်လှုပ်ရှားပြီး သူ့စားပွဲနှင့် တိုက်မိထားသော အညိုအမည်းကွက်ကို ငုံ့ကြည့်လိုက်သည်။ ရင်ထဲတွင် ပိုပြီး ရှက်ရွံ့အားနာမိသွားသည်။
"သန့်ရှင်းရေးလုပ်ရင်း မတော်တဆ တိုက်မိသွားတာပါ၊ အခန်းထဲက သူငယ်ချင်းတွေက သဘောကောင်းကြပါတယ်၊ ပြီးတော့ ချန်ချန်လည်း သမီးနဲ့ အတူရှိနေတာပဲဟာ"
ဟယ်ကျားယီ စိတ်အေးသွားသည်။
"နောက်တစ်ခါ သတိထားနော်၊ ခဏနေကျရင် ရေခဲဝတ် ကပ်လိုက်ဦး"
ထမင်းစားပြီးနောက် ကျိုးအန်းရန်သည် ပုံမှန်လို ကျိုးချင်းဆွေနှင့်အတူ CBA ဘတ်စကက်ဘောပွဲ မကြည့်တော့ဘဲ အိမ်စာများတယ်ဟု အကြောင်းပြကာ ဟယ်ကျားယီလက်ထဲမှ ရေခဲတုံးယူပြီး အခန်းထဲ ပြေးဝင်သွားတော့သည်။
သို့သော် အိမ်စာလုပ်ရသည်မှာလည်း စိတ်မပါပေ။ စိတ်ထဲတွင် (က) ဟု တွေးသော်လည်း လက်က (ခ) ဟု ရွေးမိနေသည်။
နောက်ဆုံးတွင် ကျိုးအန်းရန် ဆက်မလုပ်တော့ဘဲ စောစောရေချိုးပြီး အိပ်ရာဝင်လိုက်သည်။
မီးပိတ်လိုက်ပြီးနောက် စောင်ကိုဆွဲကာ မျက်နှာပေါ်ထိ တဖြည်းဖြည်း ဆွဲတင်လိုက်သည်။ တစ်ကိုယ်လုံး စောင်ထဲကွေးဝင်သွားပြီး သက်ပြင်းချလိုက်မိသည်။
.....
စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျိုးအန်းရန်တစ်ယောက် စိတ်ပူပန်မှုများနှင့် နောင်တရမှုများဖြင့် ကုန်ဆုံးခဲ့ပြီး တနင်္လာနေ့မနက်တွင် ရှားရှားပါးပါး အိပ်ရာထ နောက်ကျသွားသည်။
ပုံမှန်အားဖြင့် သူမက ယန်ရှင်းချန်ကို စောင့်ရသည်က များသော်လည်း ယခု ယန်ရှင်းချန်၏ အိုင်ဒေါ CD ခွေများနှင့် ပစ္စည်းများ စုန့်ချိုးလက်ထဲ ရောက်နေသဖြင့် ယန်ရှင်းချန်တစ်ယောက် အရင်ကထက် အများကြီး ဝီရိယရှိလာသည်။ ဒီနေ့ဆို ကျိုးအန်းရန်ကို ဆယ်မိနစ်လောက် စောင့်နေခဲ့ရသည်။
အောက်ထပ်ဆင်းပြီး ဆုံတွေ့ကြသောအခါ ယန်ရှင်းချန်က ထူးဆန်းသလို မေးလိုက်သည်။
"နင် ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ"
ကျိုးအန်းရန် သူမလက်ကိုချိတ်ပြီး အိမ်ရာဝင်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။
"မနေ့ညက အိပ်မပျော်လို့"
တကယ်ကို အိပ်မပျော်ခဲ့ခြင်းဖြစ်သည်။
သူမ အိပ်မက်ဆိုးတစ်ခု မက်ခဲ့သည်။
ချန်လော့ပိုင် ကျောင်းပြန်ရောက်ရောက်ချင်း စားပွဲထဲက သကြားလုံးကို တွေ့သွားပြီး စားပွဲပေါ် တင်လိုက်သည်ဟု မက်သည်။ ကျုရန်က သူ့ဘေးနားရပ်ပြီး အသံကုန်အော်ဟစ် လှောင်ပြောင်နေသည်။
"ဟေ့... ဘယ်ကောင်မလေးက ငါတို့ အစ်ကိုကြီးလော့ကို သကြားလုံး လာပေးသွားတာလဲဟ"
သူမဘေးတွင် ထိုင်နေသော ယန်ရှင်းချန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကုလားထိုင်ပေါ် တက်ကာ သူမကို လက်ညှိုးထိုးပြလိုက်သည်။
"သူပဲ!"
ယန်ရှင်းချန် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
"ကျိုးအန်းရန်ဆိုတဲ့ ကပ်စေးနည်းမလေးက သူ့ကို သကြားလုံးနှစ်လုံးပဲ ပေးတာ!"
တစ်တန်းလုံးက လူတွေ သူမကို ဝိုင်းကြည့်လာကြသည်။
ကျိုးအန်းရန် အိပ်မက်ကို ပြန်စဉ်းစားမိပြီး ယန်ရှင်းချန်ကို မျက်စောင်းထိုးလိုက်မိသည်။
ယန်ရှင်းချန်က သူမအကြည့်ကို သတိထားမိသွားသည်။
"နင် ဘာလို့ ငါ့ကို အဲဒီလို လာကြည့်နေတာလဲ"
ကျိုးအန်းရန် - "......"
"ဘာမှ မဟုတ်ပါဘူး၊ မနေ့ညက နင် ငါ့ကို ဆဲတယ်လို့ အိပ်မက်မက်လို့"
ယန်ရှင်းချန် စပ်စုလိုက်သည်။
"ငါ နင့်ကို ဆဲတယ်ဟုတ်လား၊ ဘာလို့ ဆဲတာလဲ"
"ကပ်စေးနည်းမလေးလို့ ဆဲတာ"
ကျိုးအန်းရန် ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တော့လည်း သောကြာနေ့က သူမလုပ်ရပ်မှာ တကယ် ကပ်စေးနည်းသလို ဖြစ်နေသည်ကို ဝန်ခံရမည်။
"အိပ်မက်ဆိုတာ ပြောင်းပြန်တွေပါ၊ ငါက နင့်ကို ကပ်စေးနည်းမလေးလို့ ဘယ်တော့မှ ဆဲမှာ မဟုတ်ပါဘူး"
ယန်ရှင်းချန်က သူမချိတ်ထားသောလက်ကို ဖြုတ်လိုက်ပြီး ပခုံးကို ပြောင်းဖက်လိုက်ကာ ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
"ဒါကြောင့် ဒီနေ့ညနေကျရင် နင် ငါ့ကို လက်ဖက်ရည်တိုက်မှာ သေချာတယ်မလား"
ကျိုးအန်းရန် - "......?"
....
ပုံမှန် ကျောင်းတက်ရက်များတွင် ကျိုးအန်းရန်သည် သူ့ကို စောစောတွေ့ရမည်ဆိုသော မျှော်လင့်ချက်ဖြင့် ကျောင်းမြန်မြန်ရောက်ချင်နေတတ်သည်။ ဒီနေ့တော့ ကျောင်းမရောက်ခင်ကတည်းက စိတ်ထဲတွင် ငြင်းဆန်နေမိပြီး စာသင်ဆောင်အောက် ရောက်သောအခါ ပိုဆိုးလာသည်။
သူ့ကို မတွေ့ချင်တာတော့ မဟုတ်ပေ။
သူ သကြားလုံးတွေ့သွားမှာကို ကြောက်နေမိသလို၊ တွေ့ပြီးရင် ဘယ်လိုသဘောထားမလဲဆိုတာကို တွေးပြီး ပိုကြောက်နေမိသည်။
သို့သော် သူမက အရင်တုန်းက ယန်ရှင်းချန်ကို အနောက်ပေါက်မှဝင်ရန် အမြဲဆွဲခေါ်တတ်သဖြင့်၊ အခန်းရောက်သည်နှင့် ယန်ရှင်းချန်က မစဉ်းစားတော့ဘဲ သူမကို အနောက်ပေါက်ဆီ ဆွဲခေါ်သွားတော့သည်။
လူဆိုတာ ကြောက်လေ လွဲလေ ဆိုသလိုပင်။
ကျိုးအန်းရန် အခန်းထဲ ဝင်လိုက်သည်နှင့် ချန်လော့ပိုင် ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုကောင်လေးသည် ကုလားထိုင်ပေါ်တွင် ဘေးတိုက်ထိုင်နေပြီး ကုလားထိုင်နောက်မှီကို လက်တင်ထားကာ ခြေတံရှည်ကြီးများ ဆန့်ထုတ်၍ သူ့ရှေ့ခပ်စောင်းစောင်းတွင်ရှိသော ထန်ကျန့်ရွေ့၏ စားပွဲခြေထောက်ကို လှမ်းကန်လိုက်သည်။
"ရွေ့ရွေ့... မင်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ငါ့စားပွဲထဲ သကြားလုံး လာထည့်သွားသေးလား"
ကျိုးအန်းရန် နှလုံးခုန်ရပ်သွားသလို ခံစားလိုက်ရသည်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၁၇ ။ လီမွန် : မျှော်လင့်ချက်ဟူသည် ကျိုးပဲ့လွယ်၏
ထန်ကျန့်ရွေ့က ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်သည်။
"ဘာသကြားလုံးလဲ"
ချန်လော့ပိုင်ဘေးတွင် ထိုင်နေသော ကျုရန်က ဝင်ပြောလိုက်သည်။
"ပြီးခဲ့တဲ့ သောကြာနေ့က တစ်ယောက်ယောက် သူ့စားပွဲအံဆွဲထဲ သကြားလုံး လာထည့်သွားလို့လေ"
"ဘာ... တစ်ယောက်ယောက်က သူ့စားပွဲထဲ သကြားလုံး လာထည့်သွားတယ် ဟုတ်လား" ထန်ကျန့်ရွေ့ စိတ်ဝင်စားသွားပုံရသည်။ "အဲဒါ မိန်းကလေးတစ်ယောက်ယောက် ထည့်သွားတာ မဖြစ်သင့်ဘူးလား၊ အစ်ကိုကြီးလော့က ငါ့ကို ဘာကိစ္စ လာမေးနေတာလဲ။ ငါ့ကို လာကြွားနေတာလား"
ကျုရန် ပြောလိုက်သော အသံမှာ မတိုးလှပေ။
အတင်းအဖျင်း အနံ့ရသွားကြသဖြင့် ထန်ကျန့်ရွေ့သာမက ရှေ့တန်းမှ လူအများအပြားလည်း သူတို့ရှိရာဘက်သို့ ပြိုင်တူ လှည့်ကြည့်လာကြသည်ကို ကျိုးအန်းရန် မြင်လိုက်ရသည်။
ကျိုးအန်းရန်၏ရင်ခုန်သံများမှာ ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းကထက်ပင် ပိုမိုမြန်ဆန်လာပြီး လည်ချောင်းဝမှ ခုန်ထွက်တော့မတတ် ဖြစ်သွားသည်။
ချန်လော့ပိုင်က ခြေထောက်ဆန့်ထုတ်ပြီး ထန်ကျန့်ရွေ့၏ ကုလားထိုင်ခြေထောက်ကို ထပ်ကန်လိုက်ကာ ရယ်မော၍ ဆဲလိုက်သည်။
"ကြွားစရာလားကွ"
"ဒါဆို ဘာလို့ ငါ့ကို လာမေးနေတာလဲ" ထန်ကျန့်ရွေ့က အတင်းစပ်စုချင်စိတ်နှင့် နားမလည်နိုင်မှုများ ရောထွေးနေသော လေသံဖြင့် မေးသည်။ "ငါက ဘာကိစ္စ မင်းစားပွဲထဲ သကြားလုံး လာထည့်ရမှာလဲ"
ကျုရန်က ရှင်းပြလိုက်သည်။
"မဟုတ်ဘူးလေ... နှစ်လုံးတည်းမို့လို့"
ထန်ကျန့်ရွေ့ နားမလည်နိုင်သေးပေ။
"ဘာက နှစ်လုံးတည်းလဲ"
ကျုရန်က ချန်လော့ပိုင်၏ စာကြည့်စားပွဲကို လက်ညှိုးထိုးပြလိုက်သည်။
"ပြီးခဲ့တဲ့ သောကြာနေ့က တစ်ယောက်ယောက်က သူ့စားပွဲထဲ သကြားလုံး နှစ်လုံး လာထည့်သွားလို့လေ။ ထုပ်ပိုးထားတာလည်း မရှိဘူး၊ လက်ဆောင်ဘူးနဲ့လည်း မဟုတ်ဘူး။ ရိုးရိုး သကြားလုံးနှစ်လုံးကို သူ့စားပွဲထဲ ဒီတိုင်း ပစ်ထည့်သွားတာ"
"ဟာ... နှစ်လုံးတည်းလား" ထန်ကျန့်ရွေ့ စိတ်ဝင်စားမှု လျော့နည်းသွားသည်။ "ဒါဆိုရင်တော့ မိန်းကလေးတွေ ပေးတာ မဖြစ်နိုင်လောက်ပါဘူး။ ငါ့အစ်ကိုကြီးလော့ကို လက်ဆောင်ပေးတဲ့ မိန်းကလေးတွေက အပြင်က ဖဲပြားလေးကအစ အလှဆင်ပြီး ပေးကြတာလေ"
ကျုရန် - "ဒါကြောင့်မို့လို့ မင်းတို့ကောင်တွေများ စားစရာဝေရင်း သူ့ဆီ နှစ်လုံးရောက်သွားတာများလားလို့ မေးနေတာ"
"ငါ မဟုတ်ပါဘူး" ထန်ကျန့်ရွေ့ ခေါင်းခါပြလိုက်သည်။ "တစ်ယောက်ယောက် မှားထည့်မိတာ ဖြစ်မှာပါ"
အတင်းနားထောင်ရန် စောင့်နေကြသော အခြားသူများလည်း ထိုအတိုင်း တွေးလိုက်ကြပုံရသည်။ စပ်စုချင်နေသော ခေါင်းများအားလုံး ရှေ့သို့ ပြန်လှည့်သွားကြတော့သည်။
ကျိုးအန်းရန်၏မျက်နှာတွင် စိတ်ပျက်သွားသော အရိပ်အယောင်များကို ယန်ရှင်းချန် မြင်လိုက်ရသည်။
ချန်လော့ပိုင်လည်း ခြေထောက်ပြန်ရုတ်သိမ်းသွားပြီဖြစ်သည်။ ကျိုးအန်းရန်သည် ယန်ရှင်းချန်ကို အမြန်ဆွဲကာ ခေါင်းငုံ့၍ ကိုယ့်နေရာကိုယ် ပြန်သွားထိုင်လိုက်သည်။ စားပွဲနှင့် ကုလားထိုင်ကိုပင် မသုတ်နိုင်တော့ဘဲ တဒိန်းဒိန်း မြန်နေဆဲဖြစ်သော ရင်ခုန်သံများကို ထိန်းချုပ်နေရသည်။
ချန်လော့ပိုင်၏ စားပွဲထဲသို့ တစ်စုံတစ်ယောက်က သကြားလုံး နှစ်လုံး လာထည့်သွားသည်ဆိုသော သတင်းမှာ အခန်းထဲတွင် ပျံ့နှံ့သွားသော်လည်း ထန်ကျန့်ရွေ့၏ ခန့်မှန်းချက်ဖြစ်သော "မှားထည့်သွားခြင်း ဖြစ်သည်" ဆိုသည့်အချက်ကို ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်း အပါအဝင် လူတိုင်းက လက်ခံလိုက်ကြသည်။
......
ဒုတိယအချိန်တွင် အပြင်၌ မိုးရွာလာသဖြင့် မနက်ပိုင်း အားကစားချိန် ဆင်းစရာမလိုတော့ပေ။
ကျန်းရူရှန်းက ယန်ရှင်းချန်၏ စားပွဲပေါ်သို့ လှည့်မှောက်လိုက်ပြီး ရှန့်ရှောင်ဝမ်က ကျိုးအန်းရန်၏ ကုလားထိုင်ပေါ် တိုးဝှေ့ထိုင်ကာ အတင်းပြောရန် ပြင်လိုက်ကြသည်။
"ချန်လော့ပိုင် စားပွဲထဲ တစ်ယောက်ယောက် သကြားလုံး လာထည့်သွားတယ်ဆိုတာ နင်တို့ ကြားပြီးပြီလား"
ကျန်းရူရှန်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။
ယန်ရှင်းချန် ခေါင်းညိတ်လိုက်သည်။
"သူမနက်က ထန်ကျန့်ရွေ့ကို မေးတုန်းက ငါ ကြားလိုက်တယ်။ ဒါပေမဲ့ ငါ့အထင်တော့ ဘယ်မိန်းကလေးကမှ ပေးတာ မဖြစ်နိုင်ဘူး။ ဘယ်သူကများ အားနေလို့ သူ့ကို သကြားလုံး နှစ်လုံးတည်း လာပေးမှာလဲ။ တစ်ယောက်ယောက် မှားထည့်သွားတာပဲ ဖြစ်လောက်တယ်"
ကျိုးအန်းရန် - "......"
ရှန့်ရှောင်ဝမ်က ဝင်ထောက်ခံသည်။
"မိန်းကလေးပေးတာ မဟုတ်ဘူးဆိုတာ ငါလည်း လက်ခံတယ်။ ဒါပေမဲ့ သကြားလုံးကို စားပွဲမှားထည့်တယ်ဆိုတာ နည်းနည်း ဖြစ်နိုင်ချေမရှိဘူးမလား"
"ရှိတာပေါ့" ကျန်းရူရှန်းက ပြောသည်။ "အရင်တုန်းက အခန်း (၉) က ကောင်လေးအကြောင်း နင်တို့ ကြားဖူးကြတယ်မလား"
ယန်ရှင်းချန် ချက်ချင်း စိတ်ဝင်စားသွားသည်။
"မကြားဖူးဘူး၊ မကြားဖူးဘူး၊ ဘာအကြောင်းလဲ"
ရှန့်ရှောင်ဝမ် - "ငါလည်း မကြားဖူးဘူး"
"ငါတို့ ကျောင်းစဖွင့်ကာစက ဖြစ်တာလေ။ အခန်း (၉) က ကောင်လေးတစ်ယောက် နေ့လည်ဘက် ဘောလုံးသွားကစားပြီး နေ့လည်စာမစား၊ နေ့လည်မအိပ်ဘဲ နေလိုက်တာ။ ညနေ အတန်းတက်ဖို့ အခန်းပြန်လာတော့ အထပ်မှားတက်မိပြီး အပေါ်ထပ်က အခန်းထဲ ရောက်သွားရော။ တိုက်တိုက်ဆိုင်ဆိုင် သူထိုင်တဲ့နေရာက ကျောင်းသားကလည်း အဲဒီနေ့ ခွင့်ယူထားတော့ သူက ဝင်ထိုင်ပြီး တန်းအိပ်ပစ်လိုက်တာ"
ကျန်းရူရှန်းက ပြောရင်း ရယ်ချင်လာသဖြင့် ခဏနားပြီးမှ ဆက်ပြောသည်။
"အတန်းတက်ခေါင်းလောင်းထိုးပြီးတာတောင် အိပ်နေတဲ့ ကျောင်းသားရှိနေသေးတာကို အဲဒီအခန်းက အတန်းပိုင်ဆရာ မြင်သွားရော။ မြေဖြူခဲနဲ့ လှမ်းပေါက်ပြီး နှိုးလိုက်တာပေါ့။ အခန်း (၉) က ကောင်လေး နိုးလာပြီး မော့ကြည့်လိုက်တော့ မသိတဲ့ဆရာ ဖြစ်နေတယ်။ ဆရာက သူ့ကို 'မင်းဘယ်သူလဲ၊ ငါတို့အခန်းထဲ ဘာလာလုပ်တာလဲ' လို့ မေးလိုက်တာ... အဲဒီကောင်လေးက အိပ်ချင်မူးတူးနဲ့ ဘာပြန်မေးလိုက်လဲသိလား... 'ခင်ဗျားကရော ဘယ်သူလဲ၊ ကျွန်တော်တို့ အခန်းထဲ ဘာလာလုပ်တာလဲ' တဲ့"
ယန်ရှင်းချန်က ရယ်ပွဲဖွဲ့လေတော့သည်။
ရှန့်ရှောင်ဝမ်က ကျိုးအန်းရန် ပခုံးပေါ်မှီကာ ရယ်မောလိုက်သည်။
"ငါ မှတ်မိပြီ၊ အဲဒီကိစ္စ ငါ ကြားဖူးတယ်"
ကျိုးအန်းရန်လည်း လိုက်ရယ်လိုက်မိသည်။
ကျန်းရူရှန်းက သူမပါးပြင်ပေါ်မှ ပါးချိုင့်လေးကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ လှမ်းဆွဲလိုက်သည်။
"ရန်ရန်... ဒီနေ့ နင် စကားသိပ်မပြောပါလား၊ ဘာလို့ နွမ်းနယ်နေတဲ့ပုံ ဖြစ်နေတာလဲ"
ကျိုးအန်းရန် မနက်က အကြောင်းပြချက်ကိုပင် ပြန်သုံးလိုက်သည်။
"မနေ့ညက သိပ်အိပ်မပျော်လို့"
"ဒါကြောင့်ကိုး"
ယန်ရှင်းချန်က မျက်ရည်ထွက်လုမတတ် ရယ်ထားသဖြင့် မျက်လုံးကို ပွတ်သပ်လိုက်သည်။
"ဒီလိုဆိုရင်တော့ ချန်လော့ပိုင် စားပွဲထဲက သကြားလုံးက တစ်ယောက်ယောက် မှားထည့်တာ သေချာသလောက် ရှိသွားပြီပေါ့"
ကျိုးအန်းရန် - "......"
မနေ့ညက အိပ်မက်ထဲကလို "အရှက်ကွဲပြီး အဖော်ခံရတာမျိုး" မဖြစ်သည့်အတွက် သူမ ရင်ထဲတွင် အကြီးအကျယ် သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် ကိစ္စများက ဒီလိုအခြေအနေ ရောက်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အနည်းငယ်တော့ မျှော်လင့်ချက်မဲ့သွားသလို ခံစားရသော်လည်း သိပ်တော့ မသိသာလှပေ။
"မှားထည့်သွားတယ်" ဟု အထင်ခံရသော ထိုသကြားလုံးနှစ်လုံးကို သူ လွှင့်ပစ်လိုက်ပြီလား မသိပေ။
ကျိုးအန်းရန် လက်မောင်းပေါ် ခေါင်းမှီထားပြီး သူတို့စကားပြောနေသည်ကို နားထောင်နေစဉ် ယင်းယီကျန်း အခန်းရှေ့ပေါက်မှ ဝင်လာသည်ကို မတော်တဆ တွေ့လိုက်ရသည်။
ထိုမိန်းကလေးသည် ခေါင်းကို ဆံထုံးပွပွလေး ထုံးထားပြီး တောက်ပလှပနေသည်။ အခြားသူများ၏ အခန်းထဲသို့ ဝင်လာသော်လည်း ကိုယ့်အခန်းထဲ ဝင်လာသကဲ့သို့ သဘာဝကျပြီး သက်တောင့်သက်သာ ရှိလှသည်။ လက်ထဲတွင် ရေစက်လက်နေသော ထီးတစ်ချောင်းနှင့် ရေစက်များ တင်နေသော ဈေးဝယ်အိတ်တစ်လုံး ကိုင်ထားသည်။ အပြင်မှ မုန့်သွားဝယ်လာပုံရသည်။
ယင်းယီကျန်းသည် သူတို့အတန်းဘေး လူသွားလမ်းအတိုင်း လျှောက်လာပြီး လိုယိချီဘေးတွင် ရပ်လိုက်သည်။ ဈေးဝယ်အိတ်ထဲမှ အချိုရည်တစ်ဘူး ထုတ်ပြီး လိုယိချီ စားပွဲပေါ် တင်ပေးလိုက်သည်။
"နင့်အတွက် ဝယ်လာတာ"
လိုယိချီက ပြုံးရွှင်သော လေသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးပဲ"
ယင်းယီကျန်းက အနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ငါ ချန်လော့ပိုင်နဲ့ ကျုရန်အတွက်လည်း အချိုရည် ဝယ်လာတယ်၊ သူတို့ဆီ သွားလိုက်ဦးမယ်။ နေ့လည်ကျရင် ငါတို့ နေရာဟောင်းမှာပဲ တွေ့ပြီး စကားပြောကြမယ်နော်"
"ကောင်းပြီလေ"
ယင်းယီကျန်းက ပစ္စည်းများဆွဲပြီး အနောက်တန်းသို့ ဆက်လျှောက်သွားသည်။
ကျိုးအန်းရန် ကျောင်းဝတ်စုံလက်ကို ဆွဲဆန့်လိုက်ပြီး မျက်တောင်များ ငိုက်ကျသွားသည်။
ဟုတ်တာပေါ့... ဒီလိုမျိုး လူပုံအလယ်မှာ ပွင့်ပွင့်လင်းလင်း စေတနာပြမှ အထင်လွဲမခံရမှာပေါ့။
ဒါပေမဲ့ အဲဒီနေ့တုန်းက သူမက သူ့ကို စေတနာပြချင်ရုံ သက်သက်မဟုတ်ခဲ့ဘူးလေ။
ကျန်းရူရှန်းက အသံကို ပိုနှိမ့်ပြီး ပြောလိုက်သည်။
"ဟေး... ဟေး... အနောက်ကို ကြည့်လိုက်ကြဦး"
ထိုစကားကြောင့် ကျိုးအန်းရန်သည် သံသယမဝင်စေသော အကြောင်းပြချက်တစ်ခု ရသွားပြီး ရှန့်ရှောင်ဝမ်၊ ယန်ရှင်းချန်တို့နှင့်အတူ အနောက်သို့ လှည့်ကြည့်လိုက်သည်။
ယင်းယီကျန်းသည် သူတို့ဘက်ခြမ်း လူသွားလမ်းအတိုင်း လျှောက်သွားသော်လည်း နောက်ဆုံးတန်းရှိ ကျုရန်အနားတွင် တန်းမရပ်ဘဲ ကျုရန်တို့အနောက်မှ ပတ်သွားကာ ချန်လော့ပိုင်၏စားပွဲဘေးသို့ ရောက်မှ ရပ်လိုက်သည်။ ထို့နောက် အိတ်ထဲမှ အချိုရည်ထုတ်ကာ ကမ်းပေးလိုက်သည်။
ချန်လော့ပိုင်က ကုလားထိုင်နောက်မှီကို မှီထားရင်း သူမကို တစ်ခုခု ပြောလိုက်ပုံရသည်။ အကွာအဝေးကြောင့် အသံမကြားရသော်လည်း မျက်နှာပေါ်မှ အပြုံးကိုတော့ မြင်နေရသည်။
သူ သူမကို ပြုံးပြနေတာပဲ။
ကျိုးအန်းရန် ပြန်လှည့်လာသည်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်လိုက်သည်။ အနည်းဆုံးတော့ ဒီနေ့ သူ ပျော်ရွှင်နေပုံရတယ်၊ ပြီးခဲ့တဲ့ သောကြာနေ့ကလို မပျော်မရွှင် ဖြစ်မနေတော့ဘူး။
သူ ပြန်ပျော်ရွှင်လာရတဲ့ အကြောင်းရင်းက သူမနဲ့ ဘာမှမဆိုင်ရင်တောင်မှပေါ့။
ကျန်းရူရှန်းက တိုးတိုးလေး အတင်းပြောပြန်သည်။
"နင်တို့ရော သူတို့နှစ်ယောက် တကယ် ဇာတ်လမ်းရှိနေတယ်လို့ ထင်လား"
သူမတို့နှင့် စကားမပြောဘဲ နေနေသော လိုယိချီက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူမ နောက်လှည့်မကြည့်သော်လည်း လေသံက သိပ်မကောင်းလှပေ။
"သူများ ဘာသဘောရှိရှိ နင်တို့နဲ့ ဘာဆိုင်လို့လဲ"
ကျန်းရူရှန်း မျက်နှာ ပျက်သွားသည်။
"နင် အရင်တုန်းက သူ့အကြောင်း ငါ့ကို ဘယ်လောက် အတင်းပြောခဲ့လဲဆိုတာ မေ့သွားပြီလား။ ဘာလဲ... သူနဲ့ သူငယ်ချင်းကောင်း ဖြစ်သွားတာနဲ့ တခြားလူတွေကို ပြောခွင့်မပြုတော့ဘူးပေါ့လေ"
လိုယိချီ၏ကျောပြင် တောင့်တင်းသွားပုံရသည်။
"နင်တို့ကို ဂရုစိုက်မနေချင်တော့ဘူး"
ကျန်းရူရှန်းက အတင်းအဖျင်း ကြိုက်သော်လည်း မည်သူ့ကိုမျှ မလိုမုန်းထားစိတ် မရှိကြောင်း ကျိုးအန်းရန် သိသည်။ အရင်တုန်းက ယင်းယီကျန်းအကြောင်း ပြောလျှင်သော်လည်းကောင်း၊ ချန်လော့ပိုင်ကို ကြိုက်သော အခြားမိန်းကလေးများအကြောင်း ပြောလျှင်သော်လည်းကောင်း အမြဲတမ်း ချီးကျူးသည့်လေသံဖြင့်သာ ပြောတတ်သည်။
ယခု လိုယိချီနှင့် အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ဖူးသောကြောင့်လားမသိ၊ ကျန်းရူရှန်း ပြန်မပြောတော့ပေ။ သို့သော် မျက်ဝန်းအိမ်များ ရဲလာသည်။
ကျိုးအန်းရန်လည်း လူကို နှစ်သိမ့်တတ်သူ မဟုတ်ပေ။
သောကြာနေ့တုန်းက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့တာ အခုတော့ အတန်းထဲမှာ ဟာသတစ်ခုဖြစ်နေရပြီ။ ကံကောင်းလို့ ဘယ်သူမှ သူမထည့်တာမှန်း မသိကြတာ။
သူမ နှုတ်ခမ်းကိုစေ့လိုက်ပြီး ခေါင်းစဉ်လွှဲရန် ကြိုးစားလိုက်သည်။
"ဒီနေ့နေ့လည် ငါတို့ ကျောင်းကန်တင်းမှာပဲ စားကြမလား။ မိုးက သိပ်သည်းနေတော့ အပြင်ထွက်ရတာ အဆင်မပြေဘူးလေ။ ပြီးတော့ ဒီနေ့ ကန်တင်းမှာ ဘဲရိုးဟင်းရှိတယ်လို့ ကြားတယ်"
ကျန်းရူရှန်းသည် ကန်တင်းမှ ဘဲရိုးဟင်းကို အကြိုက်ဆုံးဖြစ်ရာ ချက်ချင်း စိတ်ပြောင်းသွားသည်။
"တကယ်လား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"အင်း... မနက်တုန်းက ကန်တင်းက အဒေါ်ကြီးတွေ ပြောနေတာ ကြားလိုက်တယ်"
"ဒါဆို ငါတို့ အတန်းဆင်းတာနဲ့ စောစောသွားကြစို့" ကျန်းရူရှန်း ပြန်ပျော်ရွှင်သွားသည်။
.....
ထိုနေ့ညနေ မိဘဆရာတွေ့ဆုံပွဲမှာ ချောမွေ့စွာ ပြီးဆုံးသွားသည်။
စာသင်နှစ်ဝက်စာမေးပွဲနှင့် မိဘဆရာတွေ့ဆုံပွဲ ဟူသော တောင်ကြီးနှစ်လုံး ဖိစီးထားမှုကို ခံခဲ့ရသော ကျောင်းသားများသည် ထိုကိစ္စများ ပြီးဆုံးသွားသောအခါ ပြန်လည် တက်ကြွလှုပ်ရှားလာကြသည်။
....
တစ်ပတ်အတွင်း ကျိုးအန်းရန် အတင်းအဖျင်း သတင်းအနည်းငယ် ကြားလိုက်ရသည်။
ဦးစွာ အခန်း (၅) မှ အတန်းခေါင်းဆောင်နှင့် ဖျော်ဖြေရေးမှူးတို့ တိတ်တဆိတ် ရည်းစားဖြစ်နေကြကြောင်း ကျန်းရူရှန်းထံမှ ကြားလိုက်ရသည်။ နောက်ပိုင်းတွင် မိန်းကလေးနှစ်ယောက်က ချန်လော့ပိုင် စားပွဲထဲ လက်ဆောင်လာထည့်သွားကြောင်း ထပ်ကြားရပြန်သည်။
လက်ဆောင် ဘယ်သူထည့်သွားလဲဆိုတာတော့ မသိရပေ။
သို့သော် ချန်လော့ပိုင်နားတွင် အခြားမိန်းကလေးများ ရောက်လာခြင်းမရှိသဖြင့် ထိုလက်ဆောင်များမှာ တိတ်တဆိတ် ပြန်ပေးခံရခြင်း သို့မဟုတ် အံဆွဲတစ်ခုခုထဲတွင် နေမင်းကြီးကို မတွေ့ရတော့ဘဲ သိမ်းဆည်းခံလိုက်ရခြင်း ဖြစ်ဖို့များသည်။
....
ထိုအပတ်ကုန်ဆုံးပြီးနောက် မေလ ၁ ရက် (အလုပ်သမားနေ့) ပိတ်ရက် ရောက်လာသည်။
ပိတ်ရက် ပထမဆုံးနေ့တွင် ကျိုးအန်းရန်သည် မိဘများနှင့်အတူ အစ်မဝမ်းကွဲအိမ်သို့ သွားရောက်လည်ပတ်သည်။ ဒီနေ့က အစ်မဝမ်းကွဲ၏ မွေးနေ့ဖြစ်သည်။
အိမ်ရောက်သည်နှင့် ကျိုးအန်းရန်ကို ထွမ်းထွမ်းကဆွဲခေါ်သွားပြီး ဧည့်ခန်းဆိုဖာပေါ်တွင် ကာတွန်းကား အတူထိုင်ကြည့်ခိုင်းသည်။
ကလေးမလေးသည် ဒီနေ့ ဆံပင်ကို စည်းနှောင်ထားပြီး အလွန်ချစ်စရာကောင်းနေသည်။ ကျိုးအန်းရန် လွယ်အိတ်ထဲမှ လွန်ခဲ့သောရက်ပိုင်းက ကျောင်းရှေ့တွင် ဝယ်လာသော စတော်ဘယ်ရီပုံ ဆံညှပ်ကလစ်လေးကို ထုတ်ယူပြီး ကလေးမလေး ဆံပင်ပေါ် ညှပ်ပေးလိုက်သည်။ စိတ်ထဲမှလည်း တိတ်တဆိတ် တောင်းပန်လိုက်သည်။
ဆောရီးပါ ထွမ်းထွမ်းရယ်... သမီး ခိုးထည့်ပေးလိုက်တဲ့ သကြားလုံးကို တီတီလေး သူများကို ပေးလိုက်မိပြီ။
ပေးလိုက်တဲ့ သကြားလုံးနှစ်လုံးကလည်း အခုလောက်ဆို အမှိုက်ပုံးထဲ ရောက်နေလောက်ပြီ။
ထွမ်းထွမ်းက ခေါင်းမော့ကြည့်လိုက်သည်။
"တီတီလေး... သမီးခေါင်းပေါ် ဘာတပ်ပေးလိုက်တာလဲ"
ကျိုးအန်းရန် အိတ်ထဲမှ မှန်ဝိုင်းလေး ထုတ်ပြလိုက်သည်။
"စတော်ဘယ်ရီ ကလစ်လေးလေ"
ထွမ်းထွမ်း မှန်ကိုယူပြီး ဟိုကြည့်ဒီကြည့်လုပ်ကာ ဆိုဖာပေါ်မှ ခုန်ဆင်းသွားသည်။ ခြေတိုလေးများဖြင့် သူမအမေရှိရာ ပြေးသွားပြီး ခေါင်းကို လက်ညှိုးထိုးကာ ပျော်ရွှင်စွာ ပြလိုက်သည်။
"မေမေ... ကလစ်လေး"
ကျိုးအန်းရန် ရယ်မောလိုက်မိသည်။
အစ်မဝမ်းကွဲက သမီးဖြစ်သူကို ထိန်းပေးလိုက်သည်။
"ဘယ်က ကလစ်လဲ"
ထွမ်းထွမ်းက လက်ညှိုးထိုးပြသည်။
"တီတီလေး ပေးတာ"
အစ်မဝမ်းကွဲက ပြုံးပြီး သူမကို လှမ်းကြည့်သည်။
"နင်ကိုယ်တိုင်လည်း ကျောင်းတက်နေရတာကို ဘာလို့ သူ့ကို ပစ္စည်းတွေ ဝယ်ပေးနေရတာလဲ"
"ကျောင်းရှေ့မှာ တွေ့လို့ပါ၊ ဈေးလည်း မကြီးပါဘူး"
အစ်မဝမ်းကွဲက သမီးဖြစ်သူ ပါးကိုဆွဲလိုက်သည်။
"တီတီလေးကို ကျေးဇူးတင်ပါတယ်လို့ ပြောပြီးပြီလား၊ သွား... တီတီလေးနဲ့ သွားကစားချေ"
ထွမ်းထွမ်း မှန်လေးကိုင်ပြီး ပြန်ပြေးလာသည်။
"ကျေးဇူးပါ တီတီလေး"
ကျိုးအန်းရန် သူမကို ဆိုဖာပေါ် ပွေ့တင်ပေးလိုက်သည်။
ထိုစဉ် ဖုန်းသံ မြည်လာသည်။
ကျိုးအန်းရန် အိတ်ကပ်ထဲမှ ထုတ်ကြည့်လိုက်ရာ ယန်ရှင်းချန်ဆီမှ WeChat မက်ဆေ့ခ်ျ ဖြစ်နေသည်။
ရှင်းရှင်း - [ငါ့အတွက် သကြားလုံး ဝယ်ပေးဖို့ မမေ့နဲ့နော်!!]
ကျိုးအန်းရန် - "......"
သူမပေးလိုက်သော သကြားလုံးနှစ်လုံးကို လူအများက မှားထည့်သွားသည်ဟု ထင်နေကြသော်လည်း သူ လွှင့်မပစ်ခင်မှာ အိတ်ခွံကိုတော့ သေချာပေါက် တွေ့လိုက်မှာပဲ။
ဒီလီမွန်ဆိုဒါသကြားလုံးကို ကျောင်းမုန့်ဈေးတန်းနဲ့ သူတို့အိမ်နားက စူပါမားကတ်တွေမှာ ရှာမတွေ့ခဲ့ဘူး။ သိပ်ပြီး နာမည်ကြီးတဲ့ တံဆိပ်တော့ မဟုတ်လောက်ဘူး။ တကယ်လို့ ယန်ရှင်းချန်သာ ဒီသကြားလုံးကို ကျောင်းယူလာပြီး စားနေရင် သူမအဖြစ်မှန် ပေါက်ကြားသွားနိုင်မည့် အန္တရာယ် ရှိနေသည်။
ဒါပေမဲ့ သူမ ဝယ်ပေးလိုက်ပြန်ရင်လည်း ယန်ရှင်းချန်ကို ကျောင်းမယူသွားနဲ့လို့ ပြောဖို့ အကြောင်းပြချက် မရှိပြန်ဘူး။
ချန်လော့ပိုင်ကို ကြိုက်နေတဲ့အကြောင်း သူမ ဘယ်သူ့ကိုမှ မပြောရဲပေ။
ဖွင့်ပြောလိုက်ရင်တောင် သူနဲ့သူမက ဖြစ်နိုင်ချေမှ မရှိတာ။
ဒါကြောင့် ဒီကိစ္စကို ထာဝရ အထင်လွဲမှုတစ်ခု အဖြစ်နဲ့ပဲ ထားလိုက်တာ ပိုကောင်းမယ်။
ကျိုးအန်းရန် စာရိုက်လိုက်သည်။
[စူပါမားကတ်မှာ သွားကြည့်လိုက်ပြီ၊ ဒီမှာလည်း အဲဒီ ဆိုဒါသကြားလုံး မရှိတော့ဘူးတဲ့]
ရှင်းရှင်း - [ဟိုမှာလည်း ဘာလို့ မရှိတော့တာလဲ]
ရှင်းရှင်း - [ငိုနေတဲ့ပုံ.jpg]
ဖုန်းမျက်နှာပြင်ကနေတစ်ဆင့် သူမရဲ့ စိတ်ပျက်မှုကို ကျိုးအန်းရန် ခံစားနေရသည်။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။
[ဆောရီးပါဟာ]
ရှင်းရှင်း - [စူပါမားကတ်မှာ မရှိတာ နင့်အမှားမှ မဟုတ်တာ၊ ဘာလို့ ငါ့ကို တောင်းပန်နေတာလဲ]
ကျိုးအန်းရန် အားနာစိတ် ဖြစ်သွားသည်။ သူမ စဉ်းစားလိုက်ပြီး -
[ငါ့အစ်မဝမ်းကွဲ အိမ်ရာဝင်းထဲမှာ အရသာရှိတဲ့ အသားပေါင်းဟင်း ရှိတယ်၊ ညကျရင် ငါ နင့်အတွက် ဝယ်လာခဲ့မယ်။ ပြီးတော့ အချိုရည်ပါ ဝယ်လာခဲ့မယ်၊ ဘာအရသာ သောက်ချင်လဲ]
ရှင်းရှင်း - [လိမ္မော်အရသာ!!]
ရှင်းရှင်း - [အတော်ပဲ ဒီည ငါ့အမေ ကြက်ပေါင်ကြော်မလို့၊ ငါ နင့်အတွက် ချန်ထားပေးမယ်။ ညကျရင် ငါ့အိမ်လာပြီး အိမ်စာ အတူလုပ်ကြမယ်လေ]
ကျိုးအန်းရန် - [အိုကေ]
......
မေလ ၁ ရက် ပိတ်ရက် ကုန်ဆုံးသွားသည်နှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာတော့သည်။
အထက်တန်း တတိယနှစ် ဆရာများသည် စာမေးပွဲဖြေမည့် ကျောင်းသားများကို ဖိအားအများကြီး မပေးရဲတော့ဘဲ ရံဖန်ရံခါ အနားယူကြရန် သတိပေးနေကြသည်။ သို့သော် မည်သူမျှ စိတ်မလျှော့ရဲကြပေ။ အထက်တန်း ပထမနှစ် နှင့် ဒုတိယနှစ် ဆရာများမှာမူ ဆန့်ကျင်ဘက်ပင်။ ကျောင်းသားများကို စက်ရုပ်များကဲ့သို့ သဘောထားပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနှင့် ဝေးသေးသည်ဟု မထင်ကြရန်၊ တစ်နှစ် နှစ်နှစ်ဆိုတာ ခဏလေးနှင့် ကုန်သွားတတ်ကြောင်း နားပူနားဆာ လုပ်နေကြသည်။
ထို့ကြောင့် မေလ တစ်လလုံးသည် တိတ်တဆိတ် ဖိစီးနေသော အခြေအနေများဖြင့် ကုန်ဆုံးသွားသည်။
....
အထက်တန်း (၃) နှစ် ကျောင်းသားများ ကျောင်းမပိတ်ခင် တစ်ရက်အလို ညနေပိုင်း နောက်ဆုံးအချိန် ခေါင်းလောင်းထိုးပြီးနောက် အသံလွှင့်ဌာနမှ စိတ်ဓာတ်ခွန်အားပေးသော သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် လွှင့်ပေးနေသည်။
"လေဆန်တဲ့အရပ်က ပျံသန်းဖို့ ပိုသင့်တော်တယ်၊ လူသန်းချီ တားဆီးမှာကို မကြောက်ဘူး၊ ကိုယ်တိုင် အရှုံးပေးလိုက်မှာကိုပဲ ကြောက်တာ" (Stubborn) သီချင်းမှသည် "ပြေးလွှားလိုက်စမ်းပါ၊ ဂုဏ်ယူစရာ လူငယ်လေးရေ" (Proud Boy) သီချင်းအထိ ဖွင့်နေသည်။
....
ညပိုင်းတွင် ကျောင်းမှ အထက်တန်း (၃) နှစ် စီနီယာများကို အားပေးစကားပြောပွဲ လုပ်မည်ဖြစ်သောကြောင့်လား၊ သို့မဟုတ် သီချင်းများ၏ လွှမ်းမိုးမှုကြောင့်လား မသိ၊ ကျိုးအန်းရန်တို့ သူငယ်ချင်းတစ်စု အခန်းပြန်ရောက်သောအခါ ပုံမှန်လို အိမ်စာမလုပ်ကြဘဲ အနာဂတ်အကြောင်း ဝိုင်းဖွဲ့ ဆွေးနွေးနေကြသည်။
ခေါင်းစဉ် စတင်သူမှာ ကျန်းရူရှန်းဖြစ်သည်။ သူမသည် ယန်ရှင်းချန်၏ စားပွဲပေါ်သို့ လှည့်မှောက်လိုက်ပြီး မေးထောက်ကာ မေးလိုက်သည်။
"ဒါနဲ့... နင်တို့ အနာဂတ်မှာ ဘာလုပ်ချင်ကြလဲ။ ငါ့အဖေက မီးသတ်သမားလေ၊ တစ်ခါတလေ တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာ ရလာတတ်တယ်။ ဒါကြောင့် ငါက ဆေးကျောင်းတက်ပြီး ဆရာဝန် လုပ်ချင်တယ်"
ရှန့်ရှောင်ဝမ်က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေလိုက်သည်။
"ငါ့ရဲ့ ပထမဆုံး အိပ်မက်ကို နင်တို့ သိကြပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝင်ပြီး သံတမန် လုပ်ချင်တာလေ"
ယန်ရှင်းချန်က မေးစေ့ကို ပွတ်သပ်ပြီး စဉ်းစားလိုက်သည်။
"ငါက မီဒီယာပိုင်းကို စိတ်ဝင်စားတယ်၊ ဒါဆိုရင် ငါ့အိုင်ဒေါနဲ့ ထိတွေ့ခွင့် ရကောင်းရနိုင်တယ် ဟီးဟီး"
"ရန်ရန်... နင်ရော" ကျန်းရူရှန်းက ကျိုးအန်းရန်ဘက် လှည့်မေးသည်။
ကျိုးအန်းရန်လည်း စားပွဲပေါ်မှောက်ထားသည်။ ရင်ထဲမှ ဆန္ဒတစ်ခု လျှာဖျားထိ ရောက်လာသော်လည်း ထုတ်ပြောဖို့ ရှက်နေမိသည်။
သူမ ခေါင်းခါပြလိုက်သည်။
"ငါ သေချာ မစဉ်းစားရသေးဘူး"
တုန်းချန်က သူတို့ဘေးမှ ဖြတ်သွားချိန် ရှန့်ရှောင်ဝမ်က လှမ်းခေါ်လိုက်သည်။
"တုန်းချန်... နင်ကရော ဘယ်တက္ကသိုလ် တက်ချင်တာလဲ"
"ငါလား" တုန်းချန် ခြေလှမ်းရပ်လိုက်ပြီး ချက်ချင်း ဖြေလိုက်သည်။ "လေကြောင်းတက္ကသိုလ် တက်မှာ"
ရှန့်ရှောင်ဝမ်က "အိုး" ဟု အာမေဋိတ် ပြုလိုက်သည်။
"လေယာဉ်မှူး လုပ်မလို့လား၊ မိုက်သားပဲ"
ယန်ရှင်းချန်က မော့ကြည့်လိုက်ပြီး မယုံနိုင်သလို မေးသည်။
"နင်က... လေယာဉ်မှူး လုပ်မယ် ဟုတ်လား"
"ငါ လေယာဉ်မှူး လုပ်တာ ဘာဖြစ်လို့လဲ၊ နင့်မျက်နှာက မယုံတဲ့ပုံစံကြီးနဲ့" တုန်းချန်က သူမစားပွဲကို လက်ထောက်လိုက်သည်။ "လောင်းမလား... ငါ လေကြောင်းတက္ကသိုလ် တကယ်ဝင်ခွင့်ရရင် နင် ငါ့ကို ကိစ္စတစ်ခု လုပ်ပေးရမယ်"
ယန်ရှင်းချန် - "လောင်းရင် လောင်းလေ"
ကျိုးအန်းရန် - "......"
ယန်ရှင်းချန်ရဲ့ စိတ်မြန်လက်မြန် နိုင်ပုံကတော့လေ...
တုန်းချန်က ဘာလုပ်ခိုင်းမယ်ဆိုတာတောင် မပြောရသေးဘူး၊ သူက လက်ခံလိုက်ပြီ။
ယန်ရှင်းချန်လည်း သတိဝင်လာပုံရသည်။
"ဒါနဲ့ နင်က ဘာလုပ်ခိုင်းမှာလဲ"
"မစဉ်းစားရသေးဘူး" တုန်းချန်က ပြောသည်။ "နင့်ကို ရောင်းစားမှာတော့ မဟုတ်ပါဘူး၊ နင်က ဈေးမှ မရတာ"
ယန်ရှင်းချန် ဒေါသထွက်သွားသည်။
"နင် လေကြောင်းတက္ကသိုလ် ဝင်ခွင့်ရမယ်လို့ ငါမယုံဘူး၊ တကယ်လို့ နင် မအောင်ရင်လည်း ငါ့ကို ကိစ္စတစ်ခု လုပ်ပေးရမယ်"
"ရတာပေါ့" တုန်းချန်က လွယ်လွယ်ကူကူပင် လက်ခံလိုက်သည်။
ယန်ရှင်းချန်က သူ ပြုံးနေသည်ကိုမြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နင် ဘာရယ်တာလဲ"
"ဘာမှ မဟုတ်ပါဘူး" တုန်းချန်က တတိယတန်းတွင် ထိုင်နေသော ဟယ်မင်ယွီကို လှမ်းကြည့်လိုက်သည်။ "မင်ယွီ... မင်းကရော ဘယ်တက္ကသိုလ် တက်မှာလဲ"
ဟယ်မင်ယွီ ခေါင်းမော့လာပြီး မျက်မှန်ကို ပင့်တင်လိုက်သည်။ သူလည်း တုံ့ဆိုင်းခြင်း မရှိပေ။
"A တက္ကသိုလ်"
တုန်းချန်၏ အသံကျယ်သွားသဖြင့် အခြားသူများ သတိထားမိသွားကြပြီး အတန်းထဲရှိ ကျောင်းသားအားလုံးနီးပါး အနာဂတ်အကြောင်း ဆွေးနွေးဝိုင်းထဲ ပါဝင်လာကြသည်။
"ငါက ဗိသုကာပညာရှင် ဖြစ်ချင်တာ"
"ငါကတော့ စစ်ထဲဝင်ချင်တယ်"
"ငါက ဘဏ္ဍာရေးပိုင်း လေ့လာချင်တယ်"
ကျိုးအန်းရန်သည် အနောက်မှ ကျောင်းသားများ စကားပြောနေသည်ကို နားထောင်ရင်း သတ္တမမြောက်တန်းရှိ လွတ်နေသော ထိုထိုင်ခုံကို လှမ်းကြည့်လိုက်မိသည်။
သူရော...
သူ အနာဂတ်မှာ ဘာလုပ်ချင်လဲ မသိဘူး။
အသံလွှင့်ဌာနမှ သီချင်းသံမှာ မရပ်တန့်သေးဘဲ အခန်းထဲရှိ လူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။
"နောင်တမရတဲ့ လူငယ်ဘဝ၊ ပူပန်မှုတွေနဲ့ ကြီးပြင်းလာမှုတွေ... အနာဂတ်ကို ဦးတည်နေတဲ့ ရည်မှန်းချက်တွေ..."
ကျိုးအန်းရန် သီချင်းသံကို နားထောင်ရင်း၊ အတန်းဖော်များ၏ အိပ်မက်များကို နားထောင်ရင်း ရင်ထဲတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှား တက်ကြွမှုများ ဖြစ်ပေါ်လာသည်။
"လူငယ်" ဆိုသော စကားလုံးတွင် မျှော်လင့်ချက်များစွာ ပါဝင်နေသလိုပင်။
သူတို့တွင် အကန့်အသတ်မရှိသော အနာဂတ်ရှိနေသေးသည့်အတွက် အကန့်အသတ်မရှိသော မျှော်လင့်ချက်များကို ပိုင်ဆိုင်ထားကြသည်။
သူမ တက်ချင်သော ကျောင်းကို တက်ခွင့်ရဖို့၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်မိသလို... နောင်တစ်ချိန်မှာ သတ္တိပိုရှိလာဖို့လည်း မျှော်လင့်မိသည်။
ပြီးတော့ တစ်ကိုယ်ကောင်းဆန်စွာနဲ့ပဲ... သူမ သတ္တိမရှိလာခင် စပ်ကြားမှာ သူ တခြားမိန်းကလေးတစ်ယောက်ကို မချစ်မိပါစေနဲ့လို့ မျှော်လင့်မိသည်။
သို့သော် မျှော်လင့်ချက်ဆိုတာ တစ်ခါတစ်ရံမှာ ဝေဝါးပြီး ကျိုးပဲ့လွယ်တယ်ဆိုတာ သူမ မေ့နေခဲ့တယ်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၁၈ ။ လီမွန် : ဒီလောက်ပါပဲ
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးသွားသောအခါ ကျောင်းထဲတွင် ကျောင်းသား သုံးပုံတစ်ပုံခန့် လျော့နည်းသွားသဖြင့် ကျောင်းဝင်းကြီးမှာ ဟာတာတာ ဖြစ်သွားတော့သည်။ ကျောင်းကန်တင်း သို့မဟုတ် ကျောင်းပြင်ပဆိုင်များတွင် ထမင်းစားလျှင်လည်း ယခင်လို လူမကျပ်တော့ပေ။
....
ဇွန်လလယ်သို့ ရောက်သောအခါ နန်ချန်မြို့၏ ရာသီဥတုသည် အလွန်ပူပြင်းလာသည်။ ပုစဉ်းရင်ကွဲအော်သံများ ဆူညံနေပြီး လမ်းမများပေါ်တွင် အပူရှိန်တက်နေသည်။
ညဘက်တွင် လေအေးပေးစက် တစ်ညလုံး မဖွင့်ဘဲ အိပ်၍ မရတော့ပေ။
ကျိုးအန်းရန်သည် ညဘက် လေအေးပေးစက်ဖွင့်အိပ်ရင်း စောင်ကန်မိသွားသဖြင့် အအေးမိသွားခဲ့သည်။ ရောဂါလက္ခဏာများသည် ဇွန်လနှောင်းပိုင်းမှသာ လုံးဝပျောက်ကင်းသွားသည်။
ရာသီဥတုပူလျှင် စားချင်သောက်ချင်စိတ်လည်း မရှိတတ်ပေ။
အအေးမိပျောက်သွားသည်နှင့် ကျိုးအန်းရန်သည် အစားအသောက် ဆင်ခြင်စရာမလိုတော့သဖြင့် ထိုနေ့ညနေပိုင်းတွင် ယန်ရှင်းချန်းတို့နှင့်အတူ ကျောင်းပြင်ပဆိုင်တွင် ခေါက်ဆွဲသုပ် သွားစားကြသည်။
ခေါက်ဆွဲပန်းကန် ရောက်လာသောအခါ ကျိုးအန်းရန်သည် အနှစ်များ သမအောင် နယ်လိုက်သည်။ သူမ အထူးတောင်းထားသော တို့ဟူးကြော်လေးတစ်ဖတ်ကို အရင်ဆုံး ယူလိုက်သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် ရှေ့ခုံမှ ကျန်းရူရှန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ဒါနဲ့ ငါ ဒီနေ့ညနေ ကြားလိုက်တာ... ယင်းယီကျန်းက သူတို့အတန်းထဲမှာ တရားဝင် ကြေညာလိုက်တယ်တဲ့... သူနဲ့ ကျုံးခိုင်က မောင်နှမအရင်းတွေလိုပါပဲတဲ့... နောက်ဆို သူတို့ကို စနောက်တာတွေ မလုပ်ကြပါနဲ့တော့တဲ့... သူက ဘာသဘောနဲ့ ပြောတာလဲ... ချန်လော့ပိုင်ကို တကယ် လိုက်တော့မယ်လို့ ပြောချင်တာလား... အရင်တုန်းက ဒီလို ကောလာဟလတွေကို သေချာရှင်းတာမျိုး မလုပ်ဖူးပါဘူး"
ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ တို့ဟူးကြော်ကို ဟင်းရည်ထဲ ကြာကြာစိမ်ထားမိမှန်း မေ့သွားပြီး၊ တို့ဟူးထဲတွင် ဟင်းရည်များ ရွှဲနေသည်ကို သတိမထားမိလိုက်။ စားလိုက်မိရာ သီးသွားတော့သည်။
သူမသည် တစ်ရှူးအနည်းငယ် ဆွဲယူပြီး ပါးစပ်အုပ်ကာ ချောင်းဆိုးလိုက်ရသည်။ မျက်ရည်များပင် ထွက်လာသည်။
ယန်ရှင်းချန်းက သံပုရာရည်အေးကို အမြန်လှမ်းပေးလိုက်သည်။ "ဘာဖြစ်လို့ ဒီလောက်တောင် သတိမထားရတာလဲ"
ကျိုးအန်းရန် ပိုက်ကိုငုံပြီး သံပုရာရည်အေး တစ်ငုံကြီး သောက်လိုက်မှ လည်ချောင်းထဲမှ စူးရှသော အစပ်အရသာ သက်သာသွားသည်။
"ရန်ရန်က အတင်းပြောတာကို ဒီလောက် စိတ်ဝင်တစား နားထောင်ပြီး သီးတောင် သီးသွားတယ်ဆိုတော့ တော်တော်ရှားတာပဲ" သူမ ချောင်းမဆိုးတော့သည်ကို မြင်မှ ကျန်းရူရှန်းက စနောက်လိုက်သည်။
ကျိုးအန်းရန် ဘာပြန်ပြောရမှန်း မသိသဖြင့် ခွက်ကိုကိုင်ထားရင်း ပြုံးပြလိုက်သည်။ ထို့နောက် သံပုရာရည်အေး နှစ်ငုံလောက် ထပ်သောက်လိုက်သည်။
ရှန့်ရှောင်ဝမ်က ဝင်မေးသည်။ "နင်က ဒီနေ့ နေ့လယ်စာလည်း ငါတို့နဲ့ အတူစားတာလေ... တစ်နေ့လုံးလည်း အတန်းထဲမှာပဲ ရှိနေတာကို... သတင်းက ဘယ်ကရတာလဲ"
ကျန်းရူရှန်း မျက်တောင်ခတ်ပြလိုက်သည်။ "အိမ်သာသွားတုန်းက ကြားခဲ့တာလေ... အခန်း (၃) က မိန်းကလေးတစ်ယောက်က ငါ့ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းပဲ"
ယန်ရှင်းချန်းက ခေါက်ဆွဲစားနေရင်း တစ်ခုခုကို သတိရသွားပုံဖြင့် ပြောသည်။ "ပြောမှပဲ သတိရတယ်... နင်တို့ သတိထားမိလား... ကျုံးခိုင်က ဒီရက်ပိုင်း ငါတို့အတန်းဘက် လာတာ နည်းသွားသလိုပဲ"
ကျန်းရူရှန်း ခေါင်းငြိမ့်ထောက်ခံသည်။ "ဟုတ်တယ် ဟုတ်တယ်... ပြီးခဲ့တဲ့ စာသင်နှစ်ဝက်တုန်းက သူ ခဏခဏ လာတယ်... ဒီနှစ်အစတုန်းကလည်း ယင်းယီကျန်းကို ခေါ်ခေါ်ပြီး လာတယ်... ဒီရက်ပိုင်းကျမှ ယင်းယီကျန်းက သူ့ဘာသာ လာတာများနေပြီး ကျုံးခိုင်က သိပ်မလာတော့ဘူး"
ရှန့်ရှောင်ဝမ် ရယ်မောလိုက်သည်။ "နင်ပြောနေတာက တော်တော်ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြီးလို ဖြစ်နေပြီ"
"ဟားဟား... ငယ်သူငယ်ချင်းနဲ့ ရုတ်တရက်ဝင်လာသူတို့ရဲ့ စစ်ပွဲပဲ" ကျန်းရူရှန်းက မေးစေ့ကို ပွတ်သပ်ရင်း ပြောသည်။ "ဒါပေမဲ့ ဒီသုံးယောက်လုံးက ရုပ်ချောကြတော့ ဘယ်လိုတွဲတွဲ လိုက်ဖက်နေတာပဲ"
ကျိုးအန်းရန်သည် တို့ဟူးကြော်ကို တိတ်တဆိတ် စားနေသည်။ ဝင်မပြောပေ။ သို့သော် တို့ဟူးကြော်ကို ဟင်းရည်ထဲ အကြာကြီး စိမ်ထားမိလို့လား မသိ၊ စားရတာ ဖန်သလိုလိုနှင့် ခါးသက်သက် အရသာ ခံစားနေရသည်။
စားသောက်ပြီးနောက် လေးယောက်သား လက်ကျန်အချိုရည်များကို ကိုင်ရင်း စကားပြောကာ ကျောင်းသို့ လမ်းလျှောက်ပြန်လာကြသည်။
.....
ကျောင်းဝင်းထဲ ရောက်သည်နှင့် ရှန့်ရှောင်ဝမ်က သက်ပြင်းချလိုက်သည်။ "ဟာ... အထက်တန်း ပထမနှစ်က ဒီလောက်မြန်မြန် ကုန်ဆုံးသွားပြီ... နောက်နှစ်ကျရင် နင်တို့နဲ့ ဒီလို အတူတူ ထမင်းစားခွင့် ရပါ့မလား မသိဘူး... ငါတို့အတန်းက အတန်းမခွဲဘူးဆိုတော့ ရူရှန်းနဲ့ ရန်ရန်က တစ်ခန်းတည်း ကျန်ခဲ့မှာ... ငါနဲ့ ရှင်းချန်းက ဝိဇ္ဇာဘက် ကူးပြောင်းမှာဆိုတော့ ဘယ်ရောက်သွားမလဲ မသိဘူး"
ယန်ရှင်းချန်း မျက်နှာငယ်လေး ဖြစ်သွားသည်။ "အဲ့ဒါကြီး မပြောပါနဲ့ဦးဟာ... တွေးမိရင် စိတ်ညစ်တယ်... ငါသာ သိပ္ပံဘာသာရပ်တွေ နည်းနည်းလောက်တော်ရင် ဝိဇ္ဇာဘက် မပြောင်းပါဘူး"
ကျိုးအန်းရန်က နှစ်သိမ့်လိုက်သည်။ "ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် ငါတို့ ကျောင်းအတူတူ တက်လို့ရတာပဲလေ"
"ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် နင်နဲ့ ရန်ရန်က ခွဲလို့ရမှာ မဟုတ်ဘူး... ထမင်းစားရင်လည်း အတူတူပဲ ဖြစ်မှာ... နင် အတန်းဆင်းရင် ငါတို့ဆီ လာရှာပေါ့... ကျောင်းပြောင်းသွားတာမှ မဟုတ်တာ... အဆင်ပြေပါတယ်" ကျန်းရူရှန်းကလည်း ဝင်ပြောသည်။
ခေါက်ဆွဲဆိုင်က အရှေ့ဘက်တံခါးအပြင်ဘက်တွင် ရှိသည်။ ကျိုးအန်းရန်သည် သူငယ်ချင်းများ စကားပြောနေသည်ကို နားထောင်ရင်း မျက်လုံးများက ဘတ်စကက်ဘောကွင်းဘက်သို့ အကျင့်ပါနေသလို ရောက်ရှိသွားသည်။
အကွာအဝေးတစ်ခု ရှိနေသော်လည်း ပထမတန်း၊ တတိယမြောက်ကွင်းတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို အလွယ်တကူ ရှာတွေ့လိုက်သည်။
ကောင်လေးသည် တစ်ယောက်ယောက်ဆီက ဘောလုံး ဖြတ်လုလိုက်ပုံရသည်။
ကျုရန်နဲ့ တူသလိုလိုပဲ။ ကျိုးအန်းရန် သေချာ မမြင်ရ။
သူငယ်ချင်းများ သတိထားမိသွားမှာစိုးသဖြင့် သူမ ခိုးခိုးကြည့်လိုက်၊ အကြည့်လွှဲလိုက် လုပ်နေသည်။
အနီးကပ်ရောက်လာမှ ကျန်းရူရှန်းက ကွင်းထဲမှ လူများကို သတိထားမိသွားသည်။ "ဟေး... ဟေး... ဟိုမှာ ကြည့်လိုက်... ချန်လော့ပိုင်တို့ ဘောလုံးကစားနေကြတယ်... ကျုံးခိုင်လည်း ပါတယ်... ယင်းယီကျန်းက ဘေးနားမှာ ကြည့်နေတယ်... ဝါး... စိတ်ဝင်စားစရာပဲ"
ကျိုးအန်းရန် ထိုအခါမှ ပေါ်ပေါ်ထင်ထင် လှမ်းကြည့်လိုက်သည်။
၃ မှတ်တန်းမှ ခုန်ပစ်လိုက်သည်ကို အတော်ပဲ တွေ့လိုက်ရသည်။
ဘတ်စကက်ဘောဘုတ်က သူမတို့ကို ကျောပေးထားသဖြင့် ဝင်မဝင် မမြင်ရပေ။ သို့သော် ၃ မှတ်တန်းအပြင်ဘက်မှ ကောင်လေးသည် နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်ကို မြင်လိုက်ရသည်။
လူငယ်လေး၏ အပြုံးတွင် ဖုံးဖိမရနိုင်သော တက်ကြွလန်းဆန်းမှုများ ပြည့်နှက်နေသည်။
သေချာပေါက် ဝင်သွားတာ နေမှာပါ။
ကျန်းရူရှန်းကလည်း ချီးကျူးလိုက်သည်။ "ငါတို့ရဲ့ ကျောင်းရဲ့ King က ဘောလုံးကစားရင် တကယ် ချောတာပဲ... ဒါကြောင့် ငယ်သူငယ်ချင်းကို ရုတ်တရက်ဝင်လာသူက နိုင်သွားတာ ဖြစ်နိုင်ခြေများတယ်... ယင်းယီကျန်းက သူနဲ့ ကျုံးခိုင်ရဲ့ ဆက်ဆံရေးကို ဒီလောက် အလေးအနက်ထား ရှင်းပြနေမှတော့ မကြာခင် ငါတို့ကျောင်းမှာ သူနဲ့ ချန်လော့ပိုင်ရဲ့ ကောလာဟလတွေ ထွက်လာတော့မယ် ထင်တယ်"
ကျိုးအန်းရန် ပိုက်ကို ကိုက်လိုက်သည်။ ဒီနေ့ သောက်ရတဲ့ သံပုရာရည်အေးက ပိုပြီး ချဉ်နေသလို ခံစားရသည်။
.....
ကျန်းရူရှန်း ပြောသည့်အတိုင်းပင် ရက်အနည်းငယ်ကြာသောအခါ ကျောင်းထဲတွင် ယင်းယီကျန်းနှင့် ချန်လော့ပိုင်တို့၏ ဆက်ဆံရေးအကြောင်း မှန်းဆပြောဆိုမှုများ ပေါ်ထွက်လာသည်။
သို့သော် မကြာမီ အတန်းတင်စာမေးပွဲ ဖြေရတော့မည်ဖြစ်၍ နောက်ရက်များတွင် ယင်းယီကျန်းသည် သူတို့အတန်းသို့ သိပ်မလာတော့ပေ။ ကျန်းရူရှန်းကလည်း စာကျက်ဖို့သာ အာရုံစိုက်နေသဖြင့် အတင်းမပြောတော့။ ကျိုးအန်းရန်သည် လူများသောနေရာသို့ ရောက်မှသာ တစ်စွန်းတစ်စ ကြားရတတ်သည်။
"ကောလာဟလ" သိပ်မပြန့်ရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ယနေ့အထိ ချန်လော့ပိုင်သည် အခန်း (၃) သို့သွားပြီး ယင်းယီကျန်းကို သီးသန့်သွားရှာခြင်း မရှိသေးသလို၊ ကျောင်းတွင်း၌လည်း သူမနှင့် နှစ်ယောက်တည်း ရှိနေခြင်း မရှိသောကြောင့်ဖြစ်သည်။
ထိုအချက်လေးကို အားပြုပြီး ကျိုးအန်းရန်လည်း စာမေးပွဲအတွက် ပြင်ဆင်မှုများတွင် အာရုံစိုက်ထားလိုက်သည်။
.....
အတန်းတင်စာမေးပွဲ မဖြေခင် တစ်ရက်အလိုတွင် ကျိုးအန်းရန် ရာသီလာသည်။
သူမသည် ရာသီလာသည့် ပထမဆုံးနေ့တွင် အမြဲတမ်း နေမကောင်းဖြစ်တတ်သည်။ သို့သော် ဒုတိယနေ့ရောက်လျှင် နာကျင်မှု သိပ်မရှိတော့သဖြင့် ဒီတစ်ခါ စာမေးပွဲကို သိပ်ထိခိုက်လိမ့်မည် မဟုတ်ပေ။
သို့သော် ဘာကြောင့်မှန်းမသိ ဒီတစ်ခါ ပထမနေ့တွင် အလွန်အမင်း နာကျင်နေပြီး တစ်နေ့လုံး စိတ်မကြည်မလင် ဖြစ်နေသည်။
ညနေပိုင်း အတန်းဆင်းချိန်တွင် ယန်ရှင်းချန်းက ထမင်းဝယ်လာပေးမည်ဟုပြောပြီး သူမကို အတန်းထဲတွင် အနားယူခိုင်းသည်။
ကျိုးအန်းရန်သည် စားပွဲပေါ်မှောက်ပြီး သမိုင်းဘာသာရပ် အဓိကအချက်များကို အောင့်အီးကာ ကျက်မှတ်နေသည်။
လစဉ်သုံးပစ္စည်း လဲလှယ်ချိန်ရောက်မှ နာကျင်မှုကို ကြိတ်မှိတ်သည်းခံပြီး နေရာမှ ထလိုက်သည်။
ညနေ ထမင်းစားချိန်ဖြစ်၍ စာသင်ဆောင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ကျိုးအန်းရန် ဗိုက်ကိုဖိပြီး အိမ်သာသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ကိစ္စပြီး၍ မတ်တပ်ရပ်လိုက်စဉ် အသံတစ်ခု ကြားလိုက်ရသည်။
"ဒီအချိန်ဆို စာသင်ဆောင်အိမ်သာက တိတ်ဆိတ်ပြီး ကြောက်စရာကောင်းလိုက်တာ... နင် လိုက်လာလို့ တော်သေးတယ်... မဟုတ်ရင် ငါ ဝင်ရဲမှာ မဟုတ်ဘူး"
အလွန်ချိုသာသော အသံတစ်ခု။ ယင်းယီကျန်း၏ အသံ။
ပြန်ပြောလိုက်သူမှာ လိုယိချီ ဖြစ်သည်။ "အတန်းတချို့မှာ လူရှိနေသေးတာပဲဟာ... ပြီးတော့ နင်က လက်လာဆေးရုံပဲကို... ဘာကြောက်စရာ ရှိလို့လဲ"
"ဒါပေမဲ့ ကြောက်တယ်လေ" ယင်းယီကျန်းက ချွဲလိုက်သည်။
ကျိုးအန်းရန် တံခါးဖွင့်မလို့ ပြင်လိုက်သော်လည်း ထိုစကားကို ကြားလိုက်ရသဖြင့် ရုတ်တရက်ဖွင့်လိုက်လျှင် လန့်သွားမည်စိုး၍ ရပ်တန့်လိုက်သည်။ တွန့်ဆုတ်နေစဉ် အပြင်ဘက်မှ စကားသံများ ဆက်ကြားနေရသည်။ ရေဖွင့်သံလည်း ကြားရသည်။
"ဒါနဲ့" ယင်းယီကျန်းက ပြောသည်။ "ငါ မနေ့ညက ချန်လော့ပိုင်ကို စာမေးပွဲပြီးရင် အပြင်မှာတွေ့ဖို့ ချိန်းလိုက်တယ်"
ကျိုးအန်းရန် တံခါးလက်ကိုင်ဘုပေါ် ရောက်နေသော လက် ရပ်တန့်သွားသည်။
လိုယိချီ၏လေသံတွင် သဘောမတူသော အရိပ်အယောင်များ ပါဝင်နေသည်။ "နင် ဘာလို့ သူ့ကို ချိန်းလိုက်ရတာလဲ... နင့်ကို ပြောထားတယ်လေ... နင် သူ့ကို ကြိုက်နေတာ မသိသာစေနဲ့ဦးလို့... အရင်တုန်းက သူ့ကို ကြိုက်တဲ့ မိန်းကလေးတွေအကုန်လုံး..."
ရေပိတ်သံ ကြားလိုက်ရပြီး ယင်းယီကျန်းက စကားဖြတ်ပြောလိုက်သည်။
"အငြင်းခံရတယ်၊ အဝေးကနေ ရှောင်တာခံရတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ငါ မနေနိုင်တော့ဘူးဟာ... ငါ သူ့ရှေ့မှာ မကြိုက်ချင်ယောင်ဆောင် မနေချင်တော့ဘူး... ပြီးတော့..." မိန်းကလေး စကားရပ်လိုက်သည်။ အသံထဲတွင် ဖုံးဖိမရနိုင်သော ပျော်ရွှင်မှုနှင့် ရင်ခုန်စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ "သူ လက်ခံလိုက်တယ်လေ"
လိုယိချီ၏ အသံသည် အလွန်အံ့သြသွားပုံရပြီး ခုနကထက် ကျယ်လောင်သွားသည်။ "သူ လက်ခံလိုက်တယ် ဟုတ်လား"
"ဟုတ်တယ်... သူ လက်ခံလိုက်တယ်" ယင်းယီကျန်း၏ အသံထဲတွင် ရယ်ရိပ်များ ပါဝင်နေသည်။ "နင်ပဲ ပြောတယ်လေ... သူက ကျောင်းမှာ ဘယ်မိန်းကလေးနဲ့မှ နှစ်ယောက်တည်း လမ်းလျှောက်တာတောင် မရှိဘူးဆို... အခု ငါနဲ့ နှစ်ယောက်တည်းတွေ့ဖို့ လက်ခံတယ်ဆိုတော့ သူလည်း ငါ့ကို ကြိုက်နေလို့ နေမှာပေါ့"
အိမ်သာထဲတွင် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးမှ လိုယိချီ၏အသံ ထွက်ပေါ်လာသည်။ "ဖြစ်နိုင်တယ်"
"ငါလည်း အဲ့လိုထင်တယ်" ယင်းယီကျန်းက ရယ်မောရင်း ပြောသည်။ "အဲ့ဒီနေ့ကျရင် ငါကပဲ အရင် ဖွင့်ပြောလိုက်ရမလား... သူ့ဘက်က ဖွင့်ပြောတာ စောင့်ရမလား မသိဘူး... ငါ..."
နောက်ဆက်တွဲစကားများသည် ခြေသံများနှင့်အတူ ဝေးကွာသွားပြီး ပျောက်ကွယ်သွားသည်။
အိမ်သာထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။ လေထုပင် ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်လွန်းလှသည်။
ခဏကြာမှ ကျိုးအန်းရန် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
မိန်းကလေးတွေနဲ့ အမြဲတမ်း အကွာအဝေးတစ်ခု ထားတတ်တဲ့သူက ရုတ်တရက် အကွာအဝေး မထားတော့ဘူးဆိုတာ... ကြိုက်နေလို့ကလွဲပြီး တခြားအကြောင်းပြချက် စဉ်းစားလို့ မရတော့ဘူး။
ဗိုက်က တကယ်ပဲ အောင့်လွန်းလို့လား မသိ၊ အိမ်သာတံခါး ဖွင့်လိုက်တာနဲ့ နှာခေါင်းတစ်ခုလုံး စပ်ဖျင်းဖျင်း ဖြစ်လာသည်။
အတန်းနဲ့ နီးလာလေ၊ ဒီခံစားချက်က ပိုဆိုးလာလေ ဖြစ်ပြီး သူမ စိတ်ခံစားချက်ကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
ခုနက သူမ အတန်းထဲက ထွက်လာတုန်းက ဟယ်မင်ယွီ မပြန်သေးဘဲ ရှိနေသည်။ တခြားအတန်းဖော် နှစ်ယောက်လည်း စာကျက်နေကြသည်။
ကျိုးအန်းရန်သည် သူမ၏ပုံစံကို သူများတွေ မမြင်စေချင်ပေ။
သူမ လှည့်ထွက်လိုက်ပြီး အတန်းဘေးနားရှိ အပေါ်ထပ်တက်သော လှေကားဘက်သို့ ဦးတည်လိုက်သည်။ တစ်လှမ်းလှမ်းတိုင်း ဗိုက်ထဲတွင် အောင့်တက်လာပြီး နာကျင်မှုက ပိုဆိုးလာသည်။
လူသူကင်းမဲ့နေသော ခေါင်မိုးထပ်သို့ ရောက်သောအခါ ကျိုးအန်းရန်သည် မောလို့လား၊ နာလို့လား မသိ၊ မတ်တပ်မရပ်နိုင်တော့သဖြင့် တံခါးပေါက်နားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များ မြေပြင်ပေါ် ကျဆင်းလာသည်။
ခေါင်မိုးထပ်သည် ခုနက အိမ်သာထက် ပို၍ တိတ်ဆိတ်နေသည်။ ထိုတိတ်ဆိတ်မှုက သူမကို ခဏတာ စိတ်လွတ်ကိုယ်လွတ် ငိုကြွေးခွင့် ပေးလိုက်သလိုပင်။
သူမ ဒူးခေါင်းပေါ် မျက်နှာအပ်ထားပြီး အစပိုင်းတွင် အသံတိတ် ငိုကြွေးနေသော်လည်း နောက်ပိုင်းတွင် မထိန်းနိုင်တော့ဘဲ ရှိုက်သံများ ထွက်ပေါ်လာသည်။
စိတ်ခံစားချက်နှင့် ဗိုက်နာနေမှုများ လွှမ်းမိုးထားသဖြင့် ခြေသံများ နီးကပ်လာသည်ကို ကျိုးအန်းရန် သတိမထားမိလိုက်ပေ။ ခေါင်းပေါ်မှ အသံတစ်ခု ထွက်ပေါ်လာမှသာ သိလိုက်ရသည်။
"ကျောင်းသူလေး... ဘာဖြစ်လို့လဲ"
အလွန်ရင်းနှီးနေသော အသံတစ်ခု။ မော့မကြည့်ဘဲ ပိုင်ရှင်ကို သိနိုင်သော အသံတစ်ခု။ သူမနှင့် စကား သိပ်မပြောဖူးသော်လည်း ခေါင်းထဲ၊ ရင်ထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်ခဲ့ဖူးသော အသံတစ်ခု။
..... ချန်လော့ပိုင်၏ အသံ။
ကျိုးအန်းရန်သည် သူမ၏ကံကြမ္မာ တကယ် ဆိုးရွားသည်ဟု ထင်မိသည်။
စာမေးပွဲမဖြေခင် တစ်ရက်အလိုမှ ရာသီလာသည်။ အဆိုးရွားဆုံး၊ အဖြစ်ချင်ဆုံး အချိန်ကျမှ သူနဲ့ နှစ်ယောက်တည်း လာဆုံရတယ်။
ကျိုးအန်းရန် ငိုသံရပ်သွားပြီး ပခုံးများပါ တောင့်တင်းသွားသည်။
ပတ်ဝန်းကျင်မှ အသံများ ပြန်လည်ကျယ်လောင်လာသည်။ ခေါင်မိုးထပ်မှ လေတိုက်သံနှင့် နွေရာသီ၏ ပူနွေးသော အငွေ့အသက်များကို ခံစားမိလိုက်သည်။
သူမ ပြန်မဖြေသောကြောင့်လား မသိ၊ တဖြည်းဖြည်း ဝေးကွာသွားသော ခြေသံများကို ကြားလိုက်ရသည်။ အစပိုင်းတွင် ဖွဖွလေး၊ နောက်ပိုင်းတွင် လှေကားအတိုင်း အမြန်ပြေးဆင်းသွားသဖြင့် ခြေသံများ ပိုကျယ်လောင်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ခေါင်မိုးထပ်သည် ပြန်လည်တိတ်ဆိတ်သွားသည်။
သူမ၏ ဆိုးရွားနေသော ပုံစံကို သူ မမြင်စေချင်သော်လည်း သူ ထွက်သွားသည်ကို သေချာသွားသောအခါ ပြောမပြတတ်အောင် ဝမ်းနည်းသွားရပြန်သည်။
သို့သော် နောက်ထပ် လူတစ်ယောက်ယောက် ထပ်ရောက်လာမှာစိုးသဖြင့် ဆက်ပြီး မငိုရဲတော့ပေ။ အချိန်ခဏယူပြီး စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။ မတ်တပ်ရပ်လိုက်သောအခါ ဗိုက်က ထပ်အောင့်လာပြီး ခြေထောက်လည်း ထုံကျင်နေသည်။
ကျိုးအန်းရန် မတ်တပ်ရပ်လိုက်ရုံ ရှိသေးသည်။ လှေကားအတိုင်း အမြန်ပြေးတက်လာသော ခြေသံများကို ထပ်ကြားလိုက်ရပြန်သည်။
သူမ ရင်ထဲ "ဒိန်း" ခနဲ ဖြစ်သွားပြီး တံခါးပေါက်ဝသို့ မော့ကြည့်လိုက်သည်။
အရပ်ရှည်ရှည် ကောင်လေးသည် တံခါးပေါက်မှ ပြေးဝင်လာသည်။ ကျောင်းဝတ်စုံအင်္ကျီအဖျားသည် လေတိုက်၍ လွင့်ပါနေသည်။ ပထမဆုံးအကြိမ် တွေ့တုန်းကလိုပင်။
သူ သူမရှေ့တွင် ရပ်တန့်လိုက်သည်။ ဒီတစ်ခါ သူမမျက်နှာကို မြင်သွားသဖြင့် လေသံက ခုနကနှင့် ကွာခြားသွားသည်။
"နင်ကိုး"
"ကျောင်းသူလေး ဘာဖြစ်လို့လဲ" ဆိုတဲ့ စိမ်းကားယဉ်ကျေးတဲ့ အသုံးအနှုန်း မဟုတ်တော့ဘူး။
"နင်ကိုး" ဆိုတဲ့ စကားလုံးသုံးလုံးက ရင်းနှီးမှု အနည်းငယ် ပါဝင်နေတယ်။ အတန်းဖော်ဖြစ်နေလို့ ရရှိတဲ့ အထူးအခွင့်အရေးလေးတစ်ခုပေါ့။
ဒါပေမဲ့ ဒီလောက်ပါပဲ။
ကျိုးအန်းရန်၏မြင်ကွင်းများ ဝါးတားတား ဖြစ်လာပြန်သည်။
သူ့ရှေ့မှာ လုံးဝ မငိုချင်ပေမယ့်... လုံးဝ ထိန်းလို့မရဘူး။
"ဘာလို့ ထပ်ငိုနေရတာလဲ" ကောင်လေး၏ အသံတွင် ရှားရှားပါးပါး အကျပ်ရိုက်သွားပုံ ပေါ်နေသည်။ သူက ပြောရင်းဆိုရင်း လက်ကို မြှောက်လိုက်သည်။
မြင်ကွင်း ဝါးနေသော်လည်း သူ့လက်ထဲတွင် တစ်ရှူးတစ်ထုပ် ကိုင်ထားသည်ကို ကျိုးအန်းရန် သဲကွဲစွာ မြင်လိုက်ရသည်။
သူ ပြန်လှည့်လာရတဲ့ အကြောင်းရင်းက ဒါဖြစ်မယ်။
သူမ ရိပ်မိသင့်တာပါ။ ပထမဆုံးတွေ့တုန်းကလည်း သူ ကူညီပေးခဲ့ဖူးတာပဲလေ။
သူက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပြီး မိန်းကလေးတွေနဲ့ အကွာအဝေးတစ်ခု ထားတတ်ပေမယ့် တစ်ဖက်သား အကူအညီလိုနေရင်တော့ တွန့်ဆုတ်မနေဘဲ ကူညီတတ်သူပါ။
ဒီတစ်သက် သူထက်ကောင်းတဲ့ ကောင်လေးမျိုး ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီလောက်ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ အခု သူ့မှာ အကွာအဝေး ဆက်မထားချင်တော့တဲ့ မိန်းကလေးတစ်ယောက် ရှိနေပြီလေ။
ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ကြိုက်ရတဲ့သူ ရှိနေပြီလေ။
ချန်လော့ပိုင်သည် ရှေ့မှ မိန်းကလေးကို သိပ်အမှတ်မရပေ။
တစ်ဖက်တွင် သူသည် ဖန်းကျင်း (မိခင်ဖြစ်သူ) ၏ လွှမ်းမိုးမှုကြောင့် ငယ်စဉ်ကတည်းက ရည်မှန်းချက် ပြတ်သားခဲ့သည်။ သူ ဘာလိုချင်လဲ၊ အထက်တန်းကျောင်းသားဘဝမှာ ဘာလုပ်သင့်လဲဆိုတာ ကောင်းကောင်းသိသည်။ နောက်တစ်ဖက်တွင်... ဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရာ ကျကောင်းကျနိုင်ပေမယ့်... အမှန်တရားက သူသာ ကျောင်းမှာ မိန်းကလေးတစ်ယောက်ယောက်ကို နည်းနည်းလေး ပိုဂရုစိုက်လိုက်တာနဲ့ ချက်ချင်း ဝိုင်းအော်ကြပြီး နှစ်ရက်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့ ကောလာဟလတွေ ထွက်လာတတ်လို့ပင်။
ဒါ သူမမျက်နှာကို ပထမဆုံးအကြိမ် သေချာကြည့်ဖူးခြင်းဖြစ်သည်။
တကယ်တော့ တော်တော်လေး ချစ်စရာကောင်းပါတယ်။ အသားဖြူဖြူ၊ မျက်နှာသေးသေးလေးနဲ့... မျက်လုံးတွေက ပိုလှတယ်။ ငိုထားလို့ ရဲနေတာတောင် ရုပ်ပျက်မနေဘဲ သနားကမားဖြစ်စရာ ပိုကောင်းနေတယ်။
ချန်လော့ပိုင် ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။
ဒါပေမဲ့ အတန်းဖော်ချင်း ဖြစ်နေတော့ ဒီလောက် ဝမ်းနည်းပက်လက် ငိုနေတာကို ဒီအတိုင်း ပစ်ထားခဲ့ပြီး ထွက်သွားဖို့ မကောင်းပေ။
"အိမ်မှာ ကိစ္စတစ်ခုခု ရှိလို့လား"
ကျိုးအန်းရန် မျက်ရည်များ ဝေဝါးလျက် သူ့ကို ကြည့်နေမိသည်။
သူမ စိတ်ထိခိုက်မှာစိုးလို့လား မသိ၊ ကောင်လေး၏အသံက နိမ့်ကျနေပြီး နူးညံ့နေသလိုပင်။
အရင်တုန်းကတော့ အခွင့်အရေးတစ်ခုခုရလာဖို့ သူမ မျှော်လင့်ခဲ့ဖူးသည်။ ဥပမာ သူ့ကျောင်းကတ် ကောက်ရတာမျိုး၊ နေရာပြောင်းလို့ သူ့အရှေ့ ဒါမှမဟုတ် သူ့ဘေး ရောက်သွားတာမျိုး... ဒါမှ သူ့ကို တရားဝင် စကားပြောခွင့်ရမှာလေ။
ဒါပေမဲ့ နောက်ဆုံး ရလာတဲ့ အခွင့်အရေးက ဒီလိုပုံစံမျိုး ဖြစ်နေလိမ့်မယ်လို့ သူမ ထင်မထားခဲ့မိဘူး။
ကံတရားကပဲ လူကို ကျီစားတတ်တာလား... သူမ သတ္တိမရှိလို့ပဲ အပြစ်ပေးခံရတာလား မသိဘူး။
သူက သူမအိမ်ကိစ္စကို မေးနေတာမဟုတ်ဘဲ ဘာလို့ငိုနေတာလဲလို့ မေးနေမှန်း ကျိုးအန်းရန် သိသည်။ ဒါပေမဲ့ ဒီမေးခွန်းက သူမ လုံးဝ ဖြေလို့မရတဲ့ မေးခွန်း ဖြစ်နေသည်။
သူ့မှာ ကြိုက်ရတဲ့သူ ရှိနေပြီ။ အဲ့ဒီမိန်းကလေးကလည်း သူ့ကို ကြိုက်တယ်။ သူတို့ မကြာခင် တွဲကြတော့မှာ။
သူ သူမကို အကြိမ်ကြိမ် ကူညီပေးခဲ့တာကို ထောက်ထားပြီး သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။
ဒါပေမဲ့ သူမ ရင်ထဲမှာ ရှုပ်ထွေးနေပြီး သင့်တော်တဲ့ အကြောင်းပြချက် စဉ်းစားလို့မရတော့ ခေါင်းကိုသာ ဖြစ်သလို ခါလိုက်သည်။
ချန်လော့ပိုင် ခေါင်းကိုက်သွားသည်။ သူက ဒီမိန်းကလေးနဲ့ လုံးဝ မရင်းနှီးတော့ အကြောင်းရင်းကို ခန့်မှန်းလို့မရ။
အသည်းကွဲနေတာတော့ မဟုတ်လောက်ပါဘူးနော်။ တကယ်လို့ အဲ့ဒါဆိုရင်တော့ သူ ဝင်ပါလို့ မကောင်းဘူး။
"ဒါဆိုရင်..." ချန်လော့ပိုင် ခဏရပ်လိုက်သည်။ "စာမေးပွဲနီးလို့ စိတ်ဖိစီးနေတာလား"
ကျိုးအန်းရန် နှုတ်ခမ်းကိုကိုက်ပြီး တုံ့ဆိုင်းနေကာ နောက်ဆုံးတွင် ခေါင်းငြိမ့်ပြလိုက်သည်။
သူ အဲ့လိုပဲ ထင်ပါစေတော့။ ကျိုးအန်းရန်က ချန်လော့ပိုင်ကို ကြိုက်နေတယ်ဆိုတဲ့ ကိစ္စကို လီမွန်ဆိုဒါသကြားလုံး နှစ်လုံးလိုပဲ ထာဝရ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်အဖြစ် သိမ်းထားလိုက်ပါတော့မယ်။
ချန်လော့ပိုင် သက်ပြင်းချလိုက်သည်။ စာမေးပွဲကြောင့်ဆိုရင်တော့ ဖြေရှင်းရ နည်းနည်း လွယ်သွားပြီ။
"ငါတို့က အခုမှ အထက်တန်း ဒုတိယနှစ်တောင် မရောက်သေးဘူး... အဲ့လောက် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး... တကယ်လို့ ဖိအားတွေ အရမ်းများနေရင် ညပိုင်း စာလေ့လာချိန်ကို ခွင့်တိုင်လိုက်ပါလား..."
သူမအထင်လား မပြောတတ်၊ သူ စကားပြောလေလေ ရှေ့ကမိန်းကလေးက မျက်ရည်ပိုကျလေလေ ဖြစ်နေသည်။
သူ ပြန်စဉ်းစားကြည့်လိုက်သည်။ သူမက အတန်းထဲမှာ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး စကားနည်းကာ သတိထားမိသူ သိပ်မရှိကြောင်း ပြန်မှတ်မိသွားသည်။
တော်တော်လေး လိမ္မာတဲ့ ကောင်မလေးတစ်ယောက်လို့ ခံစားရတယ်။ သိပ်လိမ္မာလွန်းလို့ သူ အတန်းလစ်ဖို့ အကြံပေးလိုက်တာကို လန့်သွားတာများလား။
ချန်လော့ပိုင် ချောင်းဟန့်လိုက်သည်။ "ငါ ပြောတာက ဒီညနေ စာလေ့လာချိန်ကို ခွင့်တိုင်လိုက်လို့ ပြောတာပါ... တကယ်လို့ ဆရာကောင်းက ဒီညနေ ပုစ္ဆာတွေ ရှင်းပြရင် ငါ့မှတ်စုစာအုပ် ငှားပေးမယ်လေ"
တစ်ခဏတာမျှ ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်ချင်စိတ် ဖြစ်ပေါ်သွားသည်။
ဒါပေမဲ့ သူမ အဲ့လို မလုပ်နိုင်ဘူး။ သူ့မှာ ကြိုက်ရတဲ့သူ ရှိနေပြီဆိုတာ သိရက်နဲ့... သူမအပေါ်ထားတဲ့ သူ့သဘောထားကို သူ မသိဘဲနဲ့... သူ့စေတနာကို အခွင့်ကောင်း မယူရက်ပါဘူး။
ကျိုးအန်းရန် ဘေးနားတွင်ချထားသော လက်များကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။ လက်သည်းများက လက်ဖဝါးကို စိုက်ဝင်နေပြီး ထိုနာကျင်မှုလေးကြောင့် စိတ်ကို အတင်းပြန်ထိန်းလိုက်နိုင်သည်
"မလိုပါဘူး" သူမ ခေါင်းခါလိုက်ပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "ငါ ငိုပြီးရင် စိတ်သက်သာသွားမှာပါ"
ချန်လော့ပိုင် - "တကယ်လား"
"တကယ်ပါ" ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်ပြီး လက်သီးကို ပိုဆုပ်ကာ နောက်တစ်ခွန်း ဆက်ပြောလိုက်သည်။ "နင့်မှာ ကိစ္စရှိရင် အရင်သွားနှင့်ပါ"
"ကောင်းပြီလေ" ချန်လော့ပိုင်လည်း အနေရခက်နေသည်။ လက်ထဲမှ တစ်ရှူးထုပ်ကို ရှေ့တိုးပေးလိုက်သည်။ "ဒါဆို ဒီတစ်ရှူး ယူထားလိုက်"
ကျိုးအန်းရန် ဒီတစ်ခါ မငြင်းတော့ပေ။ သူမ အတန်းထဲက ထွက်လာတုန်းက အိမ်သာထဲမှာ အဲ့ဒီစကားတွေကို ကြားလိုက်ရမယ်လို့ မထင်ထားခဲ့တော့ တစ်ရှူး အပိုမပါလာခဲ့ဘူး။
ယူလိုက်တဲ့အချိန်မှာ သူ့လက်ကို မထိမိအောင် သတိထားပြီး ယူလိုက်သည်။
ချန်လော့ပိုင်က သူမကို သေချာကြည့်လိုက်ပြီး ဆက်မငိုတော့တာ သေချာမှ တံခါးပေါက်ဘက် မေးဆတ်ပြလိုက်သည်။ "ဒါဆို ငါ သွားတော့မယ်"
ကျိုးအန်းရန် တစ်ရှူးထုပ်လေးကို ဆုပ်ကိုင်ထားလိုက်သည်။
သူ ဆင်းသွားပြီးရင် နောက်ဆို သူတို့ ပတ်သက်စရာ အကြောင်း သိပ်ရှိတော့မှာ မဟုတ်ဘူး။ ရည်းစားရသွားရင် တခြားမိန်းကလေးတွေနဲ့ အကွာအဝေး ပိုထားတော့မှာ။
နှာခေါင်းထဲတွင် စပ်ဖျင်းဖျင်း ထပ်ဖြစ်လာပြန်သည်။ အသံမှာ ငိုသံပါနေမှာစိုးလို့ စကားထပ်မပြောတော့ဘဲ ခေါင်းကိုသာ အနိုင်နိုင် ငြိမ့်ပြလိုက်သည်။
ကောင်လေးက ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားပြီး လှေကားအတိုင်း ဆင်းသွားသည်။
သူ တံခါးပေါက်ဝသို့ ခြေလှမ်းလှမ်းလိုက်တာ မြင်လိုက်တဲ့အချိန်မှာ... ဘယ်က သတ္တိတွေ ရလာလဲမသိ၊ ကျိုးအန်းရန် သူ့ကို လှမ်းခေါ်လိုက်မိသည်။
"ချန်လော့ပိုင်"
ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။
မိန်းကလေးက မလှမ်းမကမ်းတွင် ရပ်လျက် သူ့ကို ကြည့်နေသည်။ အရပ်က သိပ်မရှည်၊ ကျောင်းဝတ်စုံပွပွကြောင့် ကိုယ်လုံးလေးက သွယ်လျနေသည်။ မျက်လုံးတွေက ရဲနေတုန်းပဲ... နောက်ထပ် ထပ်ငိုတော့မလိုပဲ။
ဒါပေမဲ့ သူ မငိုပါဘူး။ သူမ သူ့ကို ကြည့်ပြီး အတော်လေး အရုပ်ဆိုးတဲ့ အပြုံးတစ်ခု ပြုံးပြနေတာကို ချန်လော့ပိုင် တွေ့လိုက်ရသည်။
ကျိုးအန်းရန်သည် ကောင်လေး၏ပုံရိပ်ကို ရင်ထဲတွင် အကြာကြီး စွဲထင်ကျန်ရစ်အောင် ကြည့်နေမိသည်။
အရင် နှစ်ခါတုန်းက လွဲသွားခဲ့ပေမယ့်... ဒီတစ်ခါတော့ သူ့ကို ကျေးဇူးတင်စကား ပြောရဦးမယ်။
ကျိုးအန်းရန်သည် အသံထဲမှ ငိုသံကို အတင်းဖိနှိပ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"
ချန်လော့ပိုင်က ခုနက သူမငိုနေတာကိုပဲ အာရုံစိုက်နေမိပြီး အခုမှ မိန်းကလေး၏အသံကို သတိထားမိလိုက်သည်။ တိုးတိုးညှင်းညှင်းလေး... ဒါပေမဲ့ သဲ့သဲ့လေးနဲ့ ကြားလို့ကောင်းတဲ့ အသံလေးတစ်ခု။
အတိတ်က တစ်ချိန်ချိန်မှာ ဒီလိုအသံမျိုးကို အလေးအနက်ထားပြီး နားထောင်ခဲ့ဖူးသလိုမျိုး ခံစားလိုက်ရသည်။
ဒါပေမဲ့ ဒီနေ့ကလွဲရင် သူနဲ့သူမ တခြား ဘယ်အချိန်တွေမှာ ဆုံဖူးလဲဆိုတာ ချန်လော့ပိုင် စဉ်းစားလို့မရပေ။
အင်္ဂလိပ်စာဆရာမ ခေါ်ခိုင်းလို့ သွားခေါ်ပေးတုန်းက တစ်ခါတော့ရှိမယ်... ဒါပေမဲ့ အဲ့တုန်းက သူ စကားတစ်ခွန်းမှ မပြောခဲ့ဘူး။
မှတ်ဉာဏ်မှားနေတာ ဖြစ်မယ်။
"ရပါတယ်... သွားပြီ" ချန်လော့ပိုင်က သူမကို လက်ပြလိုက်ပြီး လှည့်ထွက်သွားသည်။
ကောင်လေး၏ ရှည်လျားသော အရိပ်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
...
ကျိုးအန်းရန်သည် သူပေးခဲ့သော တစ်ရှူးထုပ်လေးကို ဆုပ်ကိုင်ထားရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး မျက်နှာကို လက်မောင်းကြားတွင် ပြန်မြှုပ်လိုက်သည်။
တကယ်လို့ အစကတည်းက ငါ သတ္တိနည်းနည်းလောက် ပိုရှိခဲ့ရင်... အရင် နှစ်ကြိမ်တုန်းက ဒီနေ့လိုမျိုး သတ္တိရှိရှိ သူ့ကို လှမ်းခေါ်ပြီး ကျေးဇူးတင်စကား ပြောခဲ့ရင်... ဒီနေ့နဲ့ မတူတဲ့ ဇာတ်သိမ်းမျိုး ဖြစ်လာနိုင်မလား။
ဒါပေမဲ့ ဒီမေးခွန်းအတွက် အဖြေကတော့ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ပါဘူး။
(စာရေးသူမှတ်ချက် - "တကယ်လို့ မင်းသာ နှလုံးကွဲကြေသွားတဲ့အသံကို ကြားနိုင်ခဲ့ရင်..." -- Mayday အဖွဲ့၏ "Onion" သီချင်းမှ)
***