← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၉ ။ လီမွန် : သူ့ကို ဆက်မတွေးသင့်တော့ဘူး

ကျိုးအန်းရန်သည် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းပြီးနောက် သန့်စင်ခန်းသို့သွား၍ မျက်နှာသစ်လိုက်သည်။ မျက်လုံးများ နီရဲနေသည်မှာ သိပ်မသိသာတော့မှသာ ဖြည်းညှင်းစွာ စာသင်ခန်းသို့ ပြန်လာခဲ့သည်။

အနောက်ပေါက်နား ရောက်ခါနီးတွင် ခြေလှမ်းခေတ္တရပ်တန့်သွားပြီးမှ ဆက်လျှောက်သွားကာ အရှေ့ပေါက်မှ အခန်းထဲသို့ ဝင်လိုက်သည်။

အခန်းထဲ ဝင်ဝင်ချင်းတွင် သူမအကြည့်များက ဒုတိယတန်း၊ ဆဌမမြောက်ခုံတန်းဆီသို့ အလိုအလျောက် ရောက်သွားပြန်သည်။

သူ့နေရာ လွတ်နေသည်။

ယင်းယီကျန်းနှင့် အတူရှိနေတာလား မသိဘူး။

ထိုသို့ တွေးမိသောအခါ ကျိုးအန်းရန် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားပြန်သည်။ ထို့နောက် မျက်လွှာချကာ အကြည့်လွှဲလိုက်သည်။

ထိုင်ခုံသို့ ပြန်ရောက်သောအခါ ယန်ရှင်းချန် နေရာတွင်မရှိသည်ကို တွေ့လိုက်ရသည်။

ကျန်းရူရှန်းနှင့် ရှန့်ရှောင်ဝမ်တို့ ပြန်ရောက်နေကြပြီဖြစ်သည်။

သူမ ဝင်လာသည်ကို မြင်သောအခါ တစ်ယောက်က ချက်ချင်း လှည့်ကြည့်လာပြီး တစ်ယောက်က ယန်ရှင်းချန်နေရာတွင် လာထိုင်လေသည်။

ကျန်းရူရှန်းက နောက်သို့လှည့်ကာ သူမစားပွဲပေါ် လက်တင်ပြီး မေးလိုက်သည်။

"ရန်ရန်... နင် ဘယ်တွေသွားနေတာလဲ"

"မျက်လုံးတွေလည်း နီနေပါလား" ရှန့်ရှောင်ဝမ်ကလည်း စိတ်ပူစွာ မေးသည်။

ကျိုးအန်းရန် ဒီနေ့ ရာသီလာနေသည်ကို ကျေးဇူးတင်ရမလိုဖြစ်နေသည်။ အကြောင်းပြချက်ကောင်းကောင်း ပေးစရာရှိနေ၍ဖြစ်သည်။

"ဗိုက်အရမ်းနာလို့ အိမ်သာသွားနေတာ"

"ဒီတစ်ခါ တော်တော်ဆိုးတာပဲ" ကျန်းရူရှန်း မျက်မှောင်ကြုတ်လိုက်သည်။

ရှန့်ရှောင်ဝမ်က ဆက်ပြောသည်။

"ဒီလောက်နာနေတာ၊ ဆရာကောင်းဆီ ခွင့်တိုင်ပြီး ပြန်နားလိုက်ပါလား"

ကျိုးအန်းရန် အမှန်အတိုင်း မပြောနိုင်သော်လည်း သူငယ်ချင်းများကို စိတ်မပူစေချင်ပေ။ သူမ ခေါင်းခါပြလိုက်သည်။

"ရပါတယ်၊ အခု သက်သာသွားပါပြီ။ ရှင်းရှင်းရော"

"နင်က အခန်းထဲမှာ အနံ့နံမှာစိုးလို့ ခေါက်ဆွဲပြုတ်တို့ ဘာတို့ မစားဘူးဆိုတော့၊ ရှင်းရှင်းက နင် ပေါင်မုန့်တစ်မျိုးတည်းစားရင် စားဝင်မှာ မဟုတ်ဘူးဆိုပြီး အတန်းထဲက သူငယ်ချင်းတစ်ယောက် ဆန်ပြုတ်သောက်နေတာ တွေ့တော့မှ နင့်အတွက် ဆန်ပြုတ်သွားဝယ်ပေးမယ်ဆိုပြီး ကန်တင်းဘက် ပြေးသွားတယ်။ ခုလောက်ဆို ပြန်ရောက်တော့မှာပါ"

ရှန့်ရှောင်ဝမ်က သူမစားပွဲပေါ်မှ ခွက်ကို လက်ညှိုးထိုးပြသည်။

"ရူရှန်းက နင့်အတွက် ဂျင်းပြုတ်ရည် ဖျော်ပေးထားတယ်၊ အဖုံးဖွင့်ပြီး အအေးခံပေးထားတာဆိုတော့ အခုလောက်ဆို သောက်လို့ရလောက်ပြီ"

ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့သွားပြန်သည်။

ဒီတစ်ခါတော့ သူ့အတွက် ဝမ်းနည်းလို့ မဟုတ်ပေ။

"ကျေးဇူးပါဟာ"

"ဘာတွေ အားနာနေတာလဲ၊ နင်လည်း ငါတို့ကို အမြဲကူညီနေတာပဲဟာ။ ပြီးခဲ့တဲ့တစ်ခေါက် ငါနဲ့သူ ရန်ဖြစ်တုန်းကဆိုရင်..." ကျန်းရူရှန်းက လိုယိချီ၏ လွတ်နေသော နေရာကို မေးငေါ့ပြလိုက်သည်။ "နင်သာ တစ်သျှူးပေးပြီး ညစာဝယ်မကျွေးရင် ငါ ဘယ်လောက် ဝမ်းနည်းနေရမလဲ မသိဘူး"

ကျိုးအန်းရန် ပြုံးလိုက်မိသည်။

ခွက်ကိုယူပြီး ဂျင်းပြုတ်ရည် တစ်ငုံသောက်လိုက်သည်။ ချိုစပ်စပ် အရသာလေးက ရင်ထဲထိ နွေးထွေးသွားစေသည်။

တော်သေးတာပေါ့... သူမမှာ သူငယ်ချင်းကောင်းတွေ အများကြီး ရှိနေသေးလို့။

ကျိုးအန်းရန် ဂျင်းပြုတ်ရည်ကို ဖြည်းညှင်းစွာ သောက်နေစဉ် ယန်ရှင်းချန်သည် ပါဆယ်ထုပ်ထားသော ဆန်ပြုတ်ဘူးကို ကိုင်လျက် ပြန်ရောက်လာသည်။

ရှန့်ရှောင်ဝမ်က သူမကို နေရာဖယ်ပေးလိုက်သည်။

မနက်ဖြန် စာမေးပွဲရှိသဖြင့် ကျိုးအန်းရန် သူတို့အချိန်ကို မဖြုန်းချင်တော့ပေ။ ဆန်ပြုတ်ဘူးကို လှမ်းယူရင်း ပြောလိုက်သည်။

"ငါ တကယ် ဘာမှမဖြစ်တော့ပါဘူး၊ နင်တို့ မြန်မြန် စာသွားလုပ်ကြတော့"

ထိုအခါမှ ကျန်းရူရှန်း ကိုယ်ကို ပြန်လှည့်သွားပြီး ရှန့်ရှောင်ဝမ်လည်း ကိုယ့်နေရာကိုယ် ပြန်သွားထိုင်လေသည်။

သို့သော် ယန်ရှင်းချန်မှာမူ သူမ၏ မျက်လုံးများ နီရဲနေသည်ကို မြင်ပြီး လန့်သွားပုံရသည်။ ဆန်ပြုတ်သောက်ပြီးသည့်တိုင် အမှိုက်သွားပစ်ခွင့် မပေးဘဲ ကိုယ်တိုင် သွားပစ်ပေးလေသည်။

....

ညနေပိုင်း စာလေ့လာချိန်စရန် ဆယ်မိနစ်အလိုတွင် ကျန်းရူရှန်း ရုတ်တရက် လှည့်လာပြန်သည်။

သူမသည် ယန်ရှင်းချန်၏ စားပွဲပေါ်သို့ လှည့်မှောက်လိုက်ပြီး လျှို့ဝှက်ချက်ကြီးတစ်ခု ပြောတော့မည့်ပုံစံဖြင့် အသံနှိမ့်ကာ ပြောလိုက်သည်။

"ငါ အခုလေးတင် အတင်းအဖျင်းအကြီးစားတစ်ခု ကြားခဲ့ရတယ်"

ကျိုးအန်းရန်မှာ စားပွဲပေါ်မှောက်ကာ သမိုင်းဘာသာရပ် အဓိကအချက်များကို အားယူပြီး ဖတ်နေရသည်။ စိတ်ရောလူပါ နွမ်းနယ်နေသဖြင့် မျက်လုံးပင် ကောင်းကောင်း မဖွင့်ချင်ပေ။

ယန်ရှင်းချန်ကတော့ ထိုကိစ္စများကို အလွန်စိတ်ဝင်စားသူမို့ ဘောပင်ချကာ နားစွင့်လိုက်သည်။

"ဘာသတင်းကြီးလဲ"

ကျန်းရူရှန်းက ပိုတိုးကပ်လာပြီး ပြောသည်။

"ပြီးခဲ့တဲ့ သောကြာနေ့က ချန်လော့ပိုင်နဲ့ ယင်းယီကျန်း နှစ်ယောက်တည်း ဂိမ်းဆိုင်သွားတာကို တွေ့လိုက်တဲ့သူ ရှိတယ်တဲ့။ ကျုရန်နဲ့ ကျုံးခိုင်တောင် မပါဘူး၊ နှစ်ယောက်တည်း သွားကြတာတဲ့"

ကျိုးအန်းရန် ရုတ်တရက် ခေါင်းထောင်လာသည်။

"ငါပြောတာ အတင်းအဖျင်းအကြီးစားဆိုတာ မမှားဘူးမလား၊ ကြည့်... ငါတို့ ရန်ရန်တောင် လန့်သွားပြီ"

ကျန်းရူရှန်းက ပြောရင်းဆိုရင်း အနောက်သို့ လှမ်းကြည့်လိုက်သည်။

"ဝါး... ပြောရင်းဆိုရင်း ရောက်လာပြီဟေ့"

ကျိုးအန်းရန်သည် ခေါင်မိုးထပ်မှ မဆင်းခင်ကတည်းက သူ့ကို ခိုးမကြည့်တော့ဘူးဟု ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့ပြီးဖြစ်သည်။

သို့သော် ကျန်းရူရှန်း၏စကားက အလွန်အံ့ဩစရာကောင်းနေသဖြင့် သူမ ကတိကို မေ့လျော့ကာ အနောက်သို့ လှည့်ကြည့်လိုက်မိသည်။

အနောက်ပေါက်တွင် ရပ်နေသော ကောင်လေးမှာ ကျောင်းဝတ်စုံ ဝတ်ဆင်ထားပြီး နဖူးပေါ်မှ ဆံပင်များ အနည်းငယ် စိုစွတ်နေသည်။ ဘယ်ဘက်လက်မောင်းကြားတွင် လိမ္မော်ရောင် ဘတ်စကက်ဘောတစ်လုံး ညှပ်ထားပြီး ညာဘက်လက်ဖြင့် ကိုကာကိုလာဗူး ကိုင်ထားသည်။ ခေါင်းမော့ကာ ကိုလာတစ်ငုံသောက်လိုက်ရင်း အနောက်မှ လူပြောသည်ကို ဂရုမစိုက်သလို နားထောင်နေသည်။ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးများ ရှိနေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ ရင်ခုန်သွားစေနိုင်သော ပုံရိပ်လေးပင် ဖြစ်သည်။

ဒါပေမဲ့ သူက မကြာခင် သူများရည်းစား ဖြစ်တော့မှာ။

ကျိုးအန်းရန် ရင်ထဲ နာကျင်သွားပြီး အကြည့်ကို အမြန်လွှဲလိုက်သည်။

စာသင်ခန်းထဲတွင် တိတ်ဆိတ်နေသဖြင့် ဝင်လာသူများ၏ စကားသံများကို အတိုင်းသား ကြားနေရသည်။

"ငါလည်း နောက်ဆိုရင် အနောက်ဆုတ်ပြီး သုံးမှတ်ပစ်တတ်တဲ့ လူတန်းစား ဖြစ်လာတော့မယ်"

ယွမ်ရှူးကျဲ၏ အသံဖြစ်သည်။

ကျုရန်က ရွံရှာသလို လေသံဖြင့် ပြန်ပြောသည်။

"မင်းက တစ်လုံးမှ မဝင်ဘဲနဲ့များ၊ ဘုတ်မထိ (Air ball) ရင် ဘုတ်မှန် (Bank shot) နေပြီးတော့များ အနောက်ဆုတ် သုံးမှတ်ပစ်ချက်လို့ ခေါ်ရဲသေးတယ်"

ယွမ်ရှူးကျဲက ပြန်ပြောသည်။

"အနောက်ဆုတ် သုံးမှတ်ပစ်ချက် ဝင်ဖို့ဆိုတာ အမာခံအားလိုတယ်လေ။ လူတိုင်း ငါ့အစ်ကိုကြီးလော့လို ဖြစ်မယ်ထင်နေလား။ ငါ ဒီလောက် ပုံစံဖော်နိုင်တာပဲ တော်တော်ကောင်းနေပြီ။ ဟုတ်တယ်မလား အစ်ကိုကြီးလော့"

သူ့အသံတွင် ရယ်သံစွက်နေသည်မှာ သိသာသည်။

"မဆိုးပါဘူး"

ခဏရပ်ပြီးနောက် ရယ်သံက ပိုသိသာလာသည်။

"ဒါပေမဲ့ ငါသင်ပေးတာလို့တော့ လျှောက်မပြောနဲ့၊ ငါ အရှက်ကွဲခံနိုင်ဘူး"

"အစ်ကိုကြီးလော့..." ယွမ်ရှူးကျဲက မကျေမနပ် အော်လိုက်သည်။

ထိုကောင်လေးက အောင့်အီးပြီး ရယ်နေသလို အသံဖြင့် ပြောသည်။

"ကဲ... တော်တော့၊ သူများတွေ စာလုပ်တာ သွားမနှောင့်ယှက်နဲ့"

အခန်းထဲ ပြန်လည်တိတ်ဆိတ်သွားသည်။

ကျန်းရူရှန်းသည် ယန်ရှင်းချန်၏ စားပွဲပေါ်မှောက်လျက် တိုးတိုးလေး ဆက်ပြောပြန်သည်။

"သတင်းသာ အမှန်ဆိုရင် ငါတို့ ကျောင်းသားချောလေးက တော်တော် လျှို့ဝှက်တတ်တာပဲ"

ကျိုးအန်းရန် ရင်ထဲ ရှုပ်ထွေးနေသော်လည်း တစ်ခုခုလွဲနေသည်ကို သတိထားမိလိုက်သည်။

.....

ညနေပိုင်းက ကြားလိုက်ရသော စကားဝိုင်းအရ ယင်းယီကျန်းသည် သူ့ကို ပထမဆုံးအကြိမ် တစ်ယောက်တည်း ချိန်းခြင်းဖြစ်ပုံရသည်။ သောကြာနေ့ကတည်းက ဂိမ်းဆိုင် အတူသွားခဲ့ကြသည် ဆိုလျှင် ဘာကြောင့် အခုမှလာချိန်းရတာလဲ။

ကျိုးအန်းရန် မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။

"နင် ဘယ်ကကြားတာလဲ"

"အလယ်တန်းတုန်းက အတူတက်ခဲ့တဲ့ အခန်း (၁၀) က သူငယ်ချင်းတစ်ယောက် WeChat ပို့လာတာ"

"သူကိုယ်တိုင် မြင်တာတဲ့လား"

"မဟုတ်ဘူး" ကျန်းရူရှန်း ခေါင်းခါပြလိုက်သည်။ "သူလည်း သူများပြောတာ ကြားတာနေမှာပေါ့။ နင်လည်း သိသားနဲ့... ချန်လော့ပိုင်သတင်းဆိုရင် ကျောင်းမှာပျံ့တာ အရမ်းမြန်တယ်လေ"

ကျိုးအန်းရန် စဉ်းစားမရ ဖြစ်နေသည်။

ဒါမှမဟုတ် ကျုံးခိုင်နဲ့ ကျုရန်လည်း အတူပါသွားပေမယ့် လူတွေက မမြင်လိုက်ကြတာများလား။

လိုယိချီ အပြင်မှ ကပျာကယာ ဝင်လာပြီး ကုလားထိုင်ကို ဆွဲယူလိုက်သဖြင့် ကြမ်းပြင်နှင့် ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျန်းရူရှန်းသည် လိုယိချီဘက်သို့ လှည့်မကြည့်ပေ။ ပြီးခဲ့တဲ့တစ်ခေါက် ယင်းယီကျန်းကိစ္စနှင့် ပတ်သက်ပြီး စကားများထားသည်ကို မှတ်မိနေပုံရသည်။ ထပ်ပြီး အတင်းမပြောတော့ဘဲ ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်သည်။

ကျိုးအန်းရန် သမိုင်းစာအုပ်ကို ပြန်ငုံ့ကြည့်လိုက်သော်လည်း စာလုံးများက ပျောက်ချင်ချင် ဖြစ်နေသည်။

သူမ စိတ်ကို အတင်းငြိမ်အောင် ထားလိုက်သည်။

သောကြာနေ့က ယင်းယီကျန်းနဲ့ အတူထွက်သွားတာပဲဖြစ်ဖြစ်၊ စာမေးပွဲပြီးမှ ထွက်သွားတာပဲဖြစ်ဖြစ်၊ နင့်အတွက်ကတော့ အဖြေက အတူတူပဲ။

သူ့ကို ဆက်မတွေးသင့်တော့ဘူး။

သူ့ကို ဆက်မတွေးနဲ့တော့။

ကျိုးအန်းရန် စိတ်ခံစားချက်ကို ပြန်လည်ထိန်းညှိလိုက်ပြီး ခဏအကြာတွင် စာထဲ ပြန်အာရုံရောက်သွားသည်။

သို့သော် စာမျက်နှာနှစ်ရွက်လောက်ပဲ ဖတ်ရသေးသည်။ ကျုရန်အသံ အနောက်မှ ထွက်ပေါ်လာပြန်သည်။

"သောက်ကျိုးနည်း... သောကြာနေ့တုန်းက အားလော့နဲ့ ယင်းယီကျန်း ဂိမ်းဆိုင် အတူသွားကြတယ်လို့ ဘယ်သူတွေ လျှောက်ပြောနေကြတာလဲ"

ကျိုးအန်းရန် အတွေးများ ရပ်တန့်သွားသည်။

ကျန်းရူရှန်း ပြောတာ လုံးဝ မမှားဘူးပဲ။ ချန်လော့ပိုင်သတင်းဆိုရင် ပျံ့တာ အရမ်းမြန်တယ်။ အထူးသဖြင့် ဒီသတင်းက ဗုံးတစ်လုံးလို ပေါက်ကွဲအား ပြင်းထန်တော့ မိနစ်ပိုင်းအတွင်း ကျုရန်ဆီ ရောက်သွားတာ မဆန်းပါဘူး။

ကျိုးအန်းရန် အနောက်လှည့်မကြည့်မိအောင် အတင်းထိန်းထားလိုက်သည်။

စာလုပ်နေကြသူများ ရှိသလို၊ အတင်းနားထောင်ချင်သူများလည်းရှိနေသဖြင့် ညနေပိုင်း စာလေ့လာချိန် မစသေးသော အခန်းထဲတွင် တိတ်ဆိတ်နေဆဲဖြစ်သည်။

အနောက်မှ စကားပြောသံများကို ရှင်းလင်းစွာ ကြားနေရသည်။

"ကျုရန်... မင်း အဲဒီလောက် အသံကျယ်ကျယ် ပြောနေတာ၊ ဆရာရောက်လာမှာ မကြောက်ဘူးလား" ထန်ကျန့်ရွေ့အသံ ဖြစ်ပုံရသည်။

ကျုရန်က ဒေါသထွက်နေသော လေသံဖြင့် ပြန်ပြောသည်။

"ကြောက်စရာလားကွ... သောကြာနေ့တုန်းက ချန်လော့ပိုင်နဲ့ ဂိမ်းဆိုင်သွားတာ ငါကွ။ ဘယ်ကောင်က မျက်လုံးကန်းပြီး ငါ့ကို ယင်းယီကျန်းလို့ ထင်သွားရတာလဲ"

"ဟား ဟား ဟား ဟား..." ထန်ကျန့်ရွေ့က စားပွဲကိုထုပြီး ရယ်မောနေသည်။ "မင်း ဘယ်နေရာက မိန်းကလေးနဲ့ တူလို့လဲ ကြည့်စမ်းပါဦး။ ဒါပေမဲ့ မင်းဖင်ကတော့ တော်တော်ကောက်သားပဲ"

"ပေါက်ကရတွေပြောမနေနဲ့"

"ငါ့သူငယ်ချင်းကလည်း WeChat မှာ လာမေးနေတယ်" ယွမ်ရှူးကျဲ၏ အသံဖြစ်သည်။ သူလည်း ရယ်ချင်စိတ်ကို အောင့်ထားပုံရသည်။ "ဒါဆို သတင်းမှားပေါ့၊ အစ်ကိုကြီးလော့က ယင်းယီကျန်းကို မကြိုက်ဘူးပေါ့"

ကျုရန်က မကျေမနပ် လေသံဖြင့် ဆက်ပြောသည်။

"ကြိုက်စရာလား၊ မင်းတို့အစ်ကိုကြီးလော့ စိတ်ထဲမှာ စာလုပ်ဖို့ပဲရှိတယ်"

ကျန်းရူရှန်းလည်း ကြားလိုက်ပုံရသည်။ အနောက်လှည့်ပြီး စားပွဲပေါ်မှောက်ကာ တိုးတိုးလေး မေးလာသည်။

"ဟေး... ဟေး... အခု ဘယ်လိုဖြစ်သွားတာလဲ၊ ငါ နားမလည်တော့ဘူး"

"ငါလည်း နားမလည်ဘူး" ယန်ရှင်းချန်က ဝင်ပြောသည်။

ကျိုးအန်းရန်က သူတို့ထက် အတွင်းရေးကို ပိုသိသော်လည်း ပို၍ နားမလည်နိုင် ဖြစ်နေရသည်။

ညနေပိုင်းက ယင်းယီကျန်း၏ ပျော်ရွှင်တက်ကြွနေသော လေသံအရ သူမသည် ချန်လော့ပိုင်ကို ပထမဆုံးအကြိမ် ချိန်းဆိုခြင်းဖြစ်ပုံရသည်။

ယင်းယီကျန်း မတိုင်ခင်ကလည်း သူသည် မည်သည့်မိန်းကလေးနှင့်မျှ သီးသန့် အပြင်ထွက်လည်ဖူးခြင်း မရှိပေ။

တစ်ယောက်တည်း ချိန်းတွေ့ဖို့ဆိုတာ ပိုဝေးသေးသည်။

ဒါကြောင့် ညနေက စကားဝိုင်းကို ကြားပြီးနောက် သူမလည်း ယင်းယီကျန်း ထင်သလိုပဲ ကောက်ချက်ချလိုက်မိသည်။

ဒါပေမဲ့ ကျုရန် ပြောလိုက်တဲ့ စကားက ဘာသဘောလဲ။

သူ ယင်းယီကျန်းအပေါ်ထားတဲ့ သဘောထားကို ကျုရန်ကို မပြောပြထားလို့လား။

ဒါပေမဲ့ သူက ခုနက ဝင်မငြင်းဘူးလေ...

ကျိုးအန်းရန် ဆက်မတွေးရဲတော့ပေ။

မျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားတဲ့ ခံစားချက်မျိုးကို သူမ နောက်တစ်ကြိမ် ထပ်မခံစားချင်တော့ပေ။

ထိုစဉ် ကျန်းရူရှန်းက သူမတံတောင်ဆစ်ကို တွန်းလိုက်သည်။

"ဟေး... ဟေး... ယင်းယီကျန်း လာနေပြီ"

ကျန်းရူရှန်း လက်ပြန်ရုတ်လိုက်ပြီး လိုယိချီကို တစ်ချက်လှမ်းကြည့်ကာ လေသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။

"တစ်ယောက်ယောက် သတင်းသွားပေးလိုက်တာများလား"

အတင်းအဖျင်းသတင်းထဲမှ ဇာတ်လိုက်ကျော်များ စုံညီသွားသောကြောင့်လား မသိ၊ စာသင်ခန်းသည် စောစောကထက် ပိုမိုတိတ်ဆိတ်သွားသည်။

ထို့ကြောင့် ယင်းယီကျန်း၏အသံမှာ မကျယ်လောင်သော်လည်း အရှေ့တန်းထိ ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ချန်လော့ပိုင်... ငါ နင်နဲ့ စကားပြောစရာရှိတယ်"

ရှေ့တန်းမှ လူအများအပြား လှည့်ကြည့်လိုက်ကြသည်ကို ကျိုးအန်းရန် တွေ့လိုက်ရသည်။

သူမလည်း မနေနိုင်ဘဲ အနောက်တန်းသို့ လှည့်ကြည့်လိုက်မိသည်။

ယင်းယီကျန်းသည် အနောက်ပေါက်ဝတွင် ရပ်နေသည်။ ကောင်းကင်ကမည်းမှောင်နေပြီဖြစ်၍ အခန်းပြင်ပ အလင်းရောင် အားနည်းနေသဖြင့် သူမ၏ မျက်နှာအမူအရာကို သေချာမမြင်ရပေ။

ချန်လော့ပိုင်၏ မျက်နှာအမူအရာမှာမူ ကျိုးအန်းရန် ထင်ထားသလို မဟုတ်ပေ။

တိတိကျကျ ပြောရရင် သူ့မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိပေ။ သူက ပုံမှန်ဆို ပြုံးနေတတ်ပြီး မပြုံးတဲ့အခါ အေးစက်စက်နိုင်လှသည်။

ထိုကောင်လေးက အနောက်ပေါက်ကို တစ်ချက်ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။

"စာမေးပွဲဖြေပြီးမှ ပြောရအောင်"

ယင်းယီကျန်း၏မျက်နှာမှာ အမှောင်ရိပ်ထဲတွင် ရှိနေဆဲဖြစ်သည်။

"ငါ အခု ပြောချင်တယ်"

ချန်လော့ပိုင် မျက်နှာအမူအရာ မပြောင်းပေ။ လက်ထဲမှ ဘောပင်ကို လှည့်ကစားရင်း ဘာမှပြန်မပြော။

ကျိုးအန်းရန် စာအုပ်စာမျက်နှာထောင့်စွန်းကို ဆုပ်ကိုင်ထားမိသည်။

အချိန်ကာလသည် ပါးလွှာသော ကြိုးမျှင်တစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး သူမနှလုံးသားကို ရစ်ပတ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားသည်လည်း သူ လှည့်ကစားနေသော ဘောပင်တစ်ချောင်းအလား ထိုသွယ်လျသော လက်ချောင်းများကြားတွင် ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။

ထို့နောက် ချန်လော့ပိုင်သည် ဘောပင်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ဒါဆို သွားမယ်လေ"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၂၀ ။ လီမွန် : သူမနဲ့ ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ

ကောင်လေးနှင့် ကောင်မလေး၏ ကျောပြင်တို့ အနောက်ပေါက်တွင် ပျောက်ကွယ်သွားသည်။

စာသင်ခန်းထဲရှိ လူအများအပြားမှာ ခေါင်းချင်းရိုက်ကာ တီးတိုးပြောဆိုလာကြပြီး စောစောကလောက် မတိတ်ဆိတ်တော့ပေ။

ထန်ကျန့်ရွေ့ဘေးတွင်ထိုင်နေသော ယွမ်ရှူးကျဲသည် ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ အခြေအနေကို လှမ်းကြည့်လိုက်ပြီး ချက်ချင်း ခေါင်းပြန်သွင်းလိုက်သည်။

"အစ်ကိုကြီးလော့နဲ့ သူမ လှေကားဘက် ဆင်းသွားကြတယ်၊ ဘယ်သွားပြီး စကားပြောကြမလို့လဲ မသိဘူး" ယွမ်ရှူးကျဲက ပြောရင်း ကျုရန်ဘက်သို့ လှည့်လိုက်သည်။ "ဒါ တကယ် ဘာအခြေအနေကြီးလဲ ကျုရန်"

ဒီတစ်ခါတော့ ကျုရန်လည်း စောစောကလို တိုက်ရိုက်မငြင်းတော့ပေ။

"သူများကိစ္စ မင်းက ဘာလို့ ဂရုစိုက်နေတာလဲ၊ ဘာကိစ္စ ဒီလောက် အတင်းအဖျင်း ပြောနိုင်နေရတာလဲ။ မနက်ဖြန် စာမေးပွဲ ဖြေရတော့မှာ၊ စာသာ ကောင်းကောင်းလုပ်စမ်းပါ"

ယွမ်ရှူးကျဲ စားပွဲပေါ်မှ စာအုပ်ကို ငုံ့ကြည့်လိုက်ပြီး တစ်စက္ကန့်အကြာတွင် ခေါင်းပြန်မော့လာသည်။

"ကျွတ်... ဒီအချိန်မှာ ဘယ်သူက စာလုပ်ချင်တော့မှာလဲ။ ကျုရန်ရာ... နည်းနည်းလောက် ပြောပြစမ်းပါ။ ငါ့အစ်ကိုကြီးလော့က သူနဲ့ လိုက်သွားတာ လက်ခံဖို့လား၊ ငြင်းဖို့လား"

"ဘာပြောပြရမှာလဲ" ကျုရန်က ပြောသည်။ "ဒီလောက်သိချင်ရင် ခဏနေ ချန်လော့ပိုင် ပြန်လာတဲ့အခါ ကိုယ်တိုင်သာ မေးလိုက်"

ယွမ်ရှူးကျဲ - "ငါ မမေးရဲပါဘူး၊ သူ ငါ့ကို အနောက်ဆုတ် သုံးမှတ်ပစ်ချက် ဆက်သင်ပေးဖို့ စောင့်နေရဦးမှာ"

ကျုရန်က သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။

"မင်း တတ်နေပြီဆို"

"မင်း ဘာနားလည်လို့လဲ၊ ငါက ပိုကောင်းအောင် ကြိုးစားနေတာ"

သူတို့နှစ်ယောက် ဒီခေါင်းစဉ်ဖြင့် ဘတ်စကက်ဘောအကြောင်း ဆက်ပြောသွားကြသည်။

....

ကျန်းရူရှန်းမှာမူ အကောင်းဆုံးအခန်းရောက်မှ လိုင်းပြောင်းသွားသလို စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"ယွမ်ရှူးကျဲကလည်း ဘာလို့ ဆက်မမေးတော့တာလဲ။ ငါ အတင်းအဖျင်းကို ဆုံးအောင် နားမထောင်ရရင် စာလုပ်ချင်စိတ် မရှိတော့ဘူး။ မဖြစ်ဘူး... အခန်း (၃) က သူငယ်ချင်းကို အခြေအနေ စောင့်ကြည့်ခိုင်းရမယ်။ နင်တို့ ဆရာလာမလာ ကြည့်ပေးနော်"

သူမ ပြောပြောဆိုဆို ကိုယ်ကိုပြန်လှည့်သွားပြီး ဖုန်းကို ခိုးထုတ်ကာ မက်ဆေ့ခ်ျပို့လိုက်သည်။

ကျိုးအန်းရန်လည်း စာတစ်လုံးမှ ဆက်မဖတ်နိုင်တော့ပေ။

သူမ အနောက်လှည့်မကြည့်သော်လည်း အနောက်ဘက်မှ လှုပ်ရှားမှုများကို အာရုံစိုက်နေမိသည်။

....

သို့သော် ညနေပိုင်း စာလေ့လာချိန် ခေါင်းလောင်းထိုးသည်အထိ ချန်လော့ပိုင် ပြန်မလာသေးပေ။ အတန်းပိုင်ဆရာ ကောင်းကောဟွာကသာ အေးဆေးသက်သာ လမ်းလျှောက်ဝင်လာသည်။

ကျိုးအန်းရန်က ဘောပင်ဖြင့် ကျန်းရူရှန်း၏ပခုံးကို လှမ်းတို့လိုက်သည်။

ကျန်းရူရှန်း ဖုန်းကို စောစောကတည်းက သိမ်းထားပြီးဖြစ်၍ တိတ်တဆိတ် OK ပုံစံ လုပ်ပြလိုက်သည်။

ကောင်းကောဟွာ စင်မြင့်ပေါ်ရောက်သည်နှင့် အတန်းထဲတွင် လူတစ်ယောက် လျော့နေသည်ကို ချက်ချင်း သတိထားမိသွားသည်။

"ချန်လော့ပိုင် ဘယ်ရောက်သွားလဲ"

ကျုရန်က အနောက်မှ အသံကုန်အော်ပြောလိုက်သည်။

"ဆရာ့ကို ခွင့်တိုင်ပါရစေ၊ သူ အိမ်သာသွားပါတယ်"

ကောင်းကောဟွာ သံသယဝင်ပုံမရဘဲ အကြည့်ပြန်လွှဲလိုက်သည်။

"စာလေ့လာချိန်ကို အခွင့်ကောင်းယူပြီး ညနေက သင်ထားတဲ့ ပုစ္ဆာပုံစံအချို့ကို ဆရာ ပြန်ရှင်းပြပေးမယ်"

သူ ပြောတာ တကယ် မှန်နေတာပဲ။

အတန်းပိုင်ဆရာက သူတို့ရဲ့ စာလေ့လာချိန်ကို ယူပြီး စာသင်ပေးပြန်ပြီ။

ကျိုးအန်းရန် သမိုင်းစာအုပ်ကို သိမ်းလိုက်သည်။

ဘာကြောင့်မှန်းမသိ၊ "အရာအားလုံးမှာ အကြောင်းပြချက်ရှိတယ်" ဆိုသည့် ကံတရားကို ခံစားလိုက်ရသည်။

အကယ်၍ သူမ ညနေတုန်းက သူ့စေတနာကို လက်ခံပြီး မှတ်စုစာအုပ် ငှားမယ်လို့ ပြောခဲ့ရင်တောင် သူက အခု ယင်းယီကျန်းနဲ့ အပြင်ထွက်နေတာဆိုတော့ သူမကို ငှားပေးနိုင်မှာ မဟုတ်ဘူး။

ကောင်းကောဟွာ စာလေ့လာချိန်ကို ယူလိုက်ခြင်းအပေါ် ကျိုးအန်းရန် ဝမ်းသာမိသည်။

ကောင်းကောဟွာက မေးခွန်းမေးရတာ ကြိုက်သည်။

သူ့အချိန်ဆိုရင် သူမ ဘယ်တော့မှ စိတ်မလွင့်ရဲပေ။

ပုစ္ဆာတစ်ပုဒ် ရှင်းပြပြီးချိန်တွင် အနောက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဆရာကောင်း"

ကောင်းကောဟွာ အနောက်သို့ လှမ်းကြည့်လိုက်သည်။

"ဝင်ခဲ့"

သို့သော် အတန်းထဲမှ ကျောင်းသားများသည် စောစောက အတင်းအဖျင်းကို စိတ်ဝင်စားနေကြဆဲဖြစ်သဖြင့် ချန်လော့ပိုင် ပြန်ဝင်လာသည်နှင့် လူအများအပြား လှည့်ကြည့်ကြသည်။

ကောင်းကောဟွာ နားမလည်နိုင် ဖြစ်သွားသည်။

"သူ့ကို ဘာလို့ ဝိုင်းကြည့်နေကြတာလဲ၊ အတန်းဖော်ဖြစ်လာတာ တစ်နှစ်ရှိပြီ၊ ကြည့်လို့ မဝကြသေးဘူးလား"

ထိုခေါင်းများအားလုံး ရှေ့သို့ ပြိုင်တူ ပြန်လှည့်လာကြသည်။

အနောက်ခုံမှ ရင်းနှီးသော အသံပျင်းရိရိလေး ထွက်ပေါ်လာသည်။

"ဒါဆို ဆရာကောင်းရော ကြည့်လို့ ဝပြီလား၊ ကျွန်တော်က နောက်စာသင်နှစ်ကျရင်လည်း ဆရာ့အခန်းမှာ နေဦးမှာနော်"

ကောင်းကောဟွာသည် "ဒီကောင်စုတ်လေးက ဆရာ့ကိုတောင် နောက်ရဲတယ်ပေါ့လေ" ဟူသော မျက်နှာထားဖြင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရပြီး လက်ထဲမှ မြေဖြူခဲဖြင့် လှမ်းပေါက်လိုက်သည်။

"ငါ့အခန်းမှာ နေရဦးမယ်ဆိုတာ သိရင်လည်း လိမ်လိမ်မာမာ နေစမ်းပါ"

လူအများအပြား အနောက်သို့ လှည့်ကြည့်ကြပြန်သည်။

ကျိုးအန်းရန်လည်း မနေနိုင်ဘဲ ခိုးကြည့်လိုက်မိသည်။

ထိုကောင်လေးသည် ခေါင်းကိုစောင်းကာ မြေဖြူခဲကို ရှောင်လိုက်ပြီး မျက်လုံးနှင့် မျက်ခုံးများတွင် ပျင်းရိသော အပြုံးများ ချိတ်ဆွဲထားသည်။

ဒီလောက် ပျော်ရွှင်နေတာ...

သူမနဲ့ သီးသန့်စကားပြောခွင့် ရလိုက်လို့များလား။

ကျိုးအန်းရန် ရင်ထဲ မွန်းကျပ်သွားပြီး ရှေ့သို့ ပြန်လှည့်လိုက်သည်။

ကောင်းကောဟွာက စားပွဲခုံကို ခေါက်လိုက်သည်။

"ကဲ... တော်ပြီ၊ မနက်ဖြန် စာမေးပွဲ ဖြေရတော့မယ်၊ နောက်စာသင်နှစ်ကျရင် အထက်တန်း ဒုတိယနှစ် ရောက်ပြီ၊ စိတ်ကို တည်ငြိမ်အောင် ထားကြတော့"

မနက်ဖြန် စာမေးပွဲရှိသည်ကို သတိရသွားပုံရပြီး ကောင်းကောဟွာသည် ပထမအချိန် တစ်ချိန်လုံး ယူထားသော်လည်း အချိန်ပို မဆင်းတော့ပေ။ အတန်းဆင်းခေါင်းလောင်း ထိုးသည်နှင့် စာသင်ခြင်းကို ရပ်လိုက်သည်။ မထွက်ခွာမီ ဒုတိယအချိန်တွင် ကောင်းကောင်း စာလေ့လာကြရန်နှင့် စကားမများကြရန်၊ သူ အချိန်မရွေး လာစစ်ဆေးမည်ဖြစ်ကြောင်း မှာကြားသွားသည်။

.....

ကောင်းကောဟွာ ထွက်သွားသည်နှင့် ကျန်းရူရှန်းသည် စားပွဲအံဆွဲထဲတွင် တစ်စုံတစ်ရာကို စမ်းသပ်ရှာဖွေလိုက်ပြီး ယန်ရှင်းချန်၏စားပွဲပေါ်သို့ လှည့်မှောက်လိုက်သည်။

"ဆရာကောင်း သွားမှပဲ တော်တော့တယ်၊ အောင့်ထားရတာ သေတော့မယ်။ ငါ့သူငယ်ချင်း မက်ဆေ့ခ်ျ ပြန်ပို့တယ်၊ သူပြောတာက..." ကျန်းရူရှန်း စကားခေတ္တရပ်ပြီး လိုယိချီ၏ကျောပြင်ကို တစ်ချက်ကြည့်ကာ အသံနှိမ့်ပြောလိုက်သည်။ "ယင်းယီကျန်း အခန်းပြန်မရောက်လာဘူးတဲ့၊ ဘာဖြစ်သွားလဲ မသိဘူး"

ယန်ရှင်းချန် သက်ပြင်းချလိုက်သည်။

"ဒီအတင်းအဖျင်းက နည်းနည်း ရှုပ်ထွေးလာသလိုပဲ"

"ဟေး... ဟေး... ဟေး..." ကျန်းရူရှန်း တစ်စုံတစ်ခုကို မြင်လိုက်သကဲ့သို့ စိတ်လှုပ်ရှားသွားပြီး အသံနှိမ့်ဖို့ပင် မေ့သွားသည်။ "ချန်လော့ပိုင် ထွက်သွားပြန်ပြီ၊ ကျုရန်လည်း လိုက်သွားတယ်"

ကျိုးအန်းရန် ရင်ထဲ မွန်းကျပ်နေဆဲဖြစ်သည်။

နှလုံးသားကို မမြင်ရသော ကြိုးတစ်ချောင်းဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသကဲ့သို့ဖြစ်ပြီး အသက်ရှူရ ခက်ခဲနေသည်။

သူမရှေ့တွင် ထိုင်နေသော လိုယိချီသည် စကားတစ်ခွန်းမှမပြောဘဲ မတ်တတ်ရပ်လိုက်ပြီး အရှေ့ပေါက်မှ ထွက်ခွာသွားသည်။

ကျန်းရူရှန်းက သူမကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲကာ ရေရွတ်လိုက်သည်။

"သူ ဘာထွက်လုပ်တာလဲ"

ကျိုးအန်းရန် ရင်ထဲ အလွန်မွန်းကျပ်နေသည်။

"ငါ အိမ်သာ ခဏသွားလိုက်ဦးမယ်"

ယန်ရှင်းချန်က ခေါင်းငဲ့ကြည့်လိုက်သည်။

"ငါ လိုက်ပို့ပေးရမလား"

"မလိုပါဘူး" ကျိုးအန်းရန် ခေါင်းခါပြလိုက်သည်။ "နင် နင့်အိုင်ဒေါရဲ့ CD ကို ကယ်တင်ဖို့ စာလုပ်ရဦးမယ်မလား၊ ကောင်းကောင်း လုပ်ထား၊ ငါ့ဗိုက်က မနာတော့ပါဘူး"

ကျိုးအန်းရန် အရှေ့ပေါက်မှ ထွက်လာသော်လည်း အိမ်သာသို့ မသွားပေ။

သူမ အပြင်ထွက်ပြီး လေရှူချင်ရုံသာဖြစ်သည်။ သို့သော် ယန်ရှင်းချန်တို့ကို ရှင်းပြရခက်မည်စိုး၍ အိမ်သာသွားသည်ဟု အကြောင်းပြခဲ့ခြင်းဖြစ်သည်။

......

ကျိုးအန်းရန် အောက်ထပ်သို့ ဆင်းလာပြီး သိပ်မဝေးခင်မှာပင် ဝမ်းဗိုက်အောက်ပိုင်းမှ အောင့်တောင့်တောင့် ခံစားချက် ပြန်ပေါ်လာသည်။

စာသင်ဆောင်ရှေ့ ပန်းခင်းထဲတွင် ပန်းများ ဝေဝေဆာဆာ ပွင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျိုးအန်းရန် ဆက်မလျှောက်တော့ဘဲ ပန်းခင်းရှေ့တွင် ထိုင်ချကာ ပန်းကြည့်နေလိုက်သည်။

နွေရာသီ ညလေညင်းက ပူလောင်လွန်း၍လား မသိ၊ ခဏကြာသည့်တိုင် ရင်ထဲမှ မွန်းကျပ်မှု လျော့မသွားသည့်အပြင် လက်မောင်းတွင် ခြင်ကိုက်ဖုနှစ်ခုပင် တိုးလာသည်။

ကျိုးအန်းရန် အခန်းပြန်တော့မည်ဟု စဉ်းစားလိုက်စဉ် ကျုရန်၏အသံကို ကြားလိုက်ရသည်။

"မင်းနဲ့ ယင်းယီကျန်း တကယ်ပဲ ဘာဖြစ်ကြတာလဲ"

ကျိုးအန်းရန် ရှိနေသည့်နေရာမှာ ခြုံပုတ်များဖြင့် လုံးဝကွယ်နေသည်။ အပြင်ဘက်ကို မမြင်ရသော်လည်း ဘယ်သူတွေ စကားပြောနေသလဲဆိုတာ ခန့်မှန်းစရာ မလိုလောက်အောင် သိနေသည်။

ဒီနေ့ ငါ့ကံတရားက ဘာလို့ ဒီလောက်ဆိုးရွားနေရတာလဲ။

ယင်းယီကျန်းက သူ သူမကို ကြိုက်နေတယ်လို့ပြောတာ ကြားခဲ့ရုံနဲ့ မလုံလောက်လို့၊ အခု သူကိုယ်တိုင် ဝန်ခံတာကိုပါ ထပ်နားထောင်ရဦးမှာလား။

ကြောင်ငေးနေစဉ် ကောင်လေး၏ ရင်းနှီးသော အသံ ထွက်ပေါ်လာသည်။ လေသံက အနည်းငယ် အေးစက်နေသည်။

"သူနဲ့ ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ"

ကျိုးအန်းရန် ရုတ်တရက် ကြောင်အသွားသည်။

အကယ်၍ သူသာ ယင်းယီကျန်းကို ကြိုက်နေလျှင် စကားပြောပြီးနောက် သူ့အဖြေက "ငါတို့ တွဲနေကြပြီ" သို့မဟုတ် "ငါတို့ စတွဲနေကြပြီ" စသဖြင့် ဖြစ်သင့်သည်။

ဘယ်လိုမှ "ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ" ဆိုတဲ့ စကား မဖြစ်သင့်ဘူးလေ။

"ရှင်းရှင်းလင်းလင်း" ဆိုတာ "ပြတ်ပြတ်သားသား"၊ "သံသယဖြစ်စရာ မရှိတော့ဘူး" ဆိုတဲ့ အဓိပ္ပာယ်လေ။

ခြေသံများ နီးကပ်လာသည်။

ကျိုးအန်းရန် အခုမှ ထွက်သွားလို့ မမီတော့ပေ။

ထွက်သွားလျှင် သူတို့နှင့် ပက်ပင်းတိုးမိပြီး အလွန်အနေရခက်သွားလိမ့်မည်။

တော်သေးသည်မှာ ဒီနေရာတွင် အလင်းရောင်အားနည်းသဖြင့် သူတို့ သူမကို မြင်မည်မဟုတ်ပေ။

ကျုရန်က ရယ်မောကာ ပြောလိုက်သည်။

"ဒါဆိုရင်တော့ ညနေက ကောလာဟလကို ကျေးဇူးတင်ရမှာပေါ့။ ဒါပေမဲ့ ဘယ်ကောင်က မျက်စိမှားပြီး ငါ့ကို ယင်းယီကျန်းလို့ ထင်သွားလဲဆိုတာတော့ မသိဘူး"

ချန်လော့ပိုင်သည် နောက်စကားကြောင့် ရယ်လိုက်ပြီး တစ်စက္ကန့်ခန့်အကြာမှ ဆက်ပြောသည်။

"တကယ်တော့ သူ မနေ့ညကတည်းက ငါ့ကို ချိန်းထားတာ"

"သူ မနေ့ညက မင်းကို ချိန်းတယ် ဟုတ်လား" ကျုရန် အသံ အံ့ဩသွားသည်။

သူတို့သည် ခြုံပုတ်အနီးသို့ ရောက်လာပုံရသည်။ ကောင်လေး၏အသံ ပိုမိုရှင်းလင်းလာသည်။

"အင်း... စာမေးပွဲဖြေပြီးရင် သီးသန့်တွေ့ဖို့ ချိန်းထားတာ။ ငါလည်း သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြချင်နေတာနဲ့ လက်ခံလိုက်တာ"

ကျုရန်က မေးသည်။

"သူက မင်းကို သီးသန့်ချိန်းတယ်ဆိုတော့ ဖွင့်ပြောဖို့ ပြင်ဆင်နေတာပေါ့၊ မင်း ဘာလို့ ဖုန်းထဲကနေ ရှင်းရှင်းလင်းလင်း မပြောလိုက်တာလဲ"

"အခုက စာမေးပွဲဖြေခါနီးနေပြီလေ" ချန်လော့ပိုင်က ပြောသည်။

"ဘယ်သူကများ မင်းလို စာလုပ်ဖို့ကိုပဲ ဦးစားပေးနေမှာလဲ။ ငါ့အထင်တော့ သူက စာမေးပွဲဖြေဖို့ စိတ်ဝင်စားပုံ မပေါ်ပါဘူး။ အစက ငါတို့သုံးယောက် အဆင်ပြေနေတာကို၊ သူက ကျုံးခိုင်နဲ့ ပတ်သက်မှုကို မရှင်းမလင်းလုပ်ထားပြီး မင်းကိုပါ ဆွဲထည့်လာတယ်။ ငါ အရင်ကတည်းက သူ မင်းအပေါ် အရမ်းအာရုံစိုက်လွန်းနေတယ်လို့ ထင်ပေမယ့် မသေချာခဲ့ဘူးလေ၊ ဘာပဲဖြစ်ဖြစ် သူနဲ့ ကျုံးခိုင်က..."

ကျုရန်၏အသံသည် အကွာအဝေး ဝေးသွားသည်နှင့်အမျှ တဖြည်းဖြည်း တိုးသွားပြီး လုံးဝ ပျောက်ကွယ်သွားသည်။

ကျိုးအန်းရန် ပန်းခင်းဘေးတွင် ထိုင်လျက် အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်ဖြစ်နေသည်။

ကိစ္စတစ်ခုတည်းကို သူ့ပါးစပ်မှ ပြောလိုက်သည့်အခါ လုံးဝ ဆန့်ကျင်ဘက် အဖြေတစ်ခု ဖြစ်သွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

ပန်းနံ့သင်းနေသော ညလေညင်းက အပူဓာတ်ပါသော်လည်း သူမအတွက်တော့ ချိုမြိန်နေသလို ခံစားလိုက်ရသည်။

သို့သော် ခြင်များကတော့ ရက်စက်နေဆဲဖြစ်သည်။

လက်ပေါ်တွင် ဆဌမမြောက် ခြင်ကိုက်ဖု ပေါ်လာသောအခါ ကျိုးအန်းရန် ထုံကျနေသော ဒူးကိုပွတ်သပ်ပြီး အခန်းသို့ ပြန်လာခဲ့သည်။

....

ကျိုးအန်းရန် အခန်းပြန်ရောက်ပြီး နေရာတွင် ဝင်ထိုင်လိုက်သည်နှင့် ယန်ရှင်းချန်က သူမဘက် လှည့်လာသည်။

"နင် အိမ်သာသွားတာ ဘာလို့ ဒီလောက်ကြာနေတာလဲ" ယန်ရှင်းချန် စကားရပ်ပြီး သူမကို အကဲခတ်လိုက်သည်။ "ရန်ရန်... နင် အိမ်သာအပြင်ဘက်မှာ ပိုက်ဆံကောက်ရလာတာလား"

ကျိုးအန်းရန် နားမလည်ပေ။

"ဟင်... ဘာပိုက်ဆံလဲ"

"ပိုက်ဆံမကောက်ရဘဲ ဘာလို့ ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးနေတာလဲ" ယန်ရှင်းချန်က စပ်စုလိုက်သည်။

ကျိုးအန်းရန် ကိုယ့်ဘာသာ သတိမထားမိပေ။ နှုတ်ခမ်းထောင့်စွန်းကို ပြန်ထိန်းလိုက်သည်။

"ဟုတ်လို့လား"

"မယုံရင် မှန် ထုတ်ကြည့်လေ"

ကျိုးအန်းရန် - "......"

"မကြည့်တော့ပါဘူး၊ ဗိုက်မနာတော့လို့ နေမှာပါ"

"မနာတော့ရင် ပြီးတာပါပဲ၊ ဒါပေမဲ့ ဒီတစ်ခါ နင် တော်တော်ဆိုးတာပဲနော်" ယန်ရှင်းချန်က မေးသည်။ "နာလွန်းလို့ ငိုတောင်ငိုတယ်ဆို၊ ညနေတုန်းက ငါ တကယ် လန့်သွားတာ"

ကျိုးအန်းရန်သည် အခြားစိတ်ခံစားမှုတစ်ခုထဲ နစ်မြောနေခဲ့ရာမှ ယခုမှ သတိပြန်ဝင်လာပြီး ရှက်ရွံ့သွားသည်။

ညနေတုန်းက အဲဒီစကားကြားလိုက်ရုံနဲ့ သူလည်း ယင်းယီကျန်းကို ကြိုက်နေတယ်ဆိုပြီး ဘာလို့ တရားသေ တွေးလိုက်မိတာပါလိမ့်။

ပြီးတော့ သူ့ရှေ့မှာ အရူးမလေးလို ငိုပြလိုက်သေးတယ်။

ရှက်စရာကောင်းလိုက်တာ။

တကယ်ကို ရှက်စရာကောင်းလိုက်တာ။

"ငါလည်း မသိပါဘူးဟာ"

"နောက်လကျရင် စောင့်ကြည့်ရမယ်၊ ဒီလောက်နာနေရင် အန်တီဟယ်ကို ဆေးရုံလိုက်ပို့ခိုင်းလိုက်" ယန်ရှင်းချန်က စားပွဲပေါ်မှောက်လိုက်သည်။ "ဟယ်... ရန်ရန်၊ နင့်မျက်နှာ ဘာလို့ ရဲနေတာလဲ"

ကျိုးအန်းရန် လည်ပင်းမှ မျက်နှာအထိ ပူထူနေသလို ခံစားလိုက်ရသည်။

သူမ မလုံမလဲဖြင့် ဆင်ခြေပေးလိုက်သည်။

"ပူလို့ပါ"

"ပူတာတော့ ဟုတ်တယ်" ယန်ရှင်းချန် သိပ်မစဉ်းစားတော့ပေ။ "ဒါဆို ငါ စာလုပ်တော့မယ်"

ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ဖြေလိုက်သည်။

သူမ နဖူးကို စားပွဲပေါ်တင်လိုက်သည်။ သို့သော် နွေရာသီ အပူချိန်မြင့်မားသဖြင့် စားပွဲကလည်း ပူနွေးနေပြီး အပူသက်သာစေရန် မစွမ်းဆောင်နိုင်ပေ။

မျက်နှာ ပိုပို ပူလာသည်။

ဒီနေ့ညနေ သူမ ငိုနေတာကို မြင်လိုက်ရတဲ့အချိန် သူ ဘယ်လိုတွေးမလဲ မသိဘူး။

သူမ သေချာပေါက် ရုပ်ပျက်ဆင်းပျက် ငိုနေမိမှာပဲ။

ဟုတ်သားပဲ...

သူ့ရဲ့ မှတ်စုစာအုပ်။

သူမ သူ့မှတ်စုစာအုပ်ကို ငှားခွင့်ရဖို့ အခွင့်အရေးရှိခဲ့သားပဲ။

ကျိုးအန်းရန် နောင်တရစွာဖြင့် မျက်လုံးမှိတ်လိုက်သည်။ စားပွဲပေါ်တင်ထားသော လက်ကို လျှော့ချလိုက်ရာ ဘောင်းဘီအိတ်ကပ်နှင့် မတော်တဆ ထိမိသွားသည်။

တစ်ခုခုကို သတိရသွားသကဲ့သို့ သူမ အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး အထဲမှ ပစ္စည်းကို စမ်းမိလိုက်သည်။

ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

တော်သေးတာပေါ့... ညနေတုန်းက သူကမ်းပေးတဲ့ တစ်သျှူးကို မငြင်းလိုက်မိလို့။

တော်သေးတာပေါ့... စာမေးပွဲခန်းက သူနဲ့ တစ်ခန်းတည်း မကျလို့။

စာမေးပွဲပြီးရင် နွေရာသီကျောင်းပိတ်ရက် နှစ်လနီးပါး ရဦးမယ်။ နောက်စာသင်နှစ် ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင် ခေါင်မိုးထပ်မှာ မိန်းကလေးတစ်ယောက် ခိုးငိုနေတာကို မတော်တဆ တွေ့လိုက်ရတဲ့ ကိစ္စသေးသေးလေးကို သူ မှတ်မိတော့မှာ မဟုတ်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် သူမက သူစိမ်းတစ်ယောက်ထက် သိပ်မပိုဘူးပဲဟာ။

သူ သူမနာမည်ကို မှတ်မိဦးမှာ မဟုတ်ပါဘူး။

လူတွေက မတော်တဆ သိတဲ့လူနဲ့တွေ့ရင် နာမည်ခေါ်ပြီး နှုတ်ဆက်ဖို့ အခွင့်အရေး ပိုများတာပဲလေ။

ဒါပေမဲ့ ညနေတုန်းက ခေါင်မိုးထပ်မှာ သူမမျက်နှာကို မြင်ပြီးတဲ့နောက် သူက ရင်းရင်းနှီးနှီးနဲ့ "နင်ကိုး" လို့ ပြောခဲ့တယ်။

ဒါပေမဲ့...

အနည်းဆုံးတော့ ရင်းနှီးမှု ရှိနေသေးတာပဲ။

အနည်းဆုံးတော့ သူ သူမကို မှတ်မိနေသေးတာပဲ။

အရေးအကြီးဆုံးကတော့... သူ့မှာ ကြိုက်တဲ့ကောင်မလေး မရှိသေးဘူး။

နောက်စာသင်နှစ် ပြန်တွေ့ကြရင် အခုထက်ပိုပြီး သတ္တိရှိလာဖို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ ကျိုးအန်းရန် လုံးဝ ထင်မှတ်မထားခဲ့တာကတော့... သူနဲ့ သူမ နောက်တစ်ခါ ထပ်ဆုံဖို့ အချိန်က ဒီလောက် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ် ဆိုတာပါပဲ။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၂၁ ။ လီမွန် : နောက်စာသင်နှစ်ကျမှ တွေ့ကြမယ်

စာမေးပွဲဖြေဆိုချိန်သည် ပုံမှန်စာသင်ချိန်ထက် ပိုမြန်နေတတ်သည်။

နောက်ဆုံးဘာသာရပ်မှာ အင်္ဂလိပ်စာဖြစ်သည်။ ချန်လော့ပိုင် ဖြေဆိုပြီးချိန်တွင် မိနစ် ၄၀ ခန့် ကျန်သေးသည်။ သူ ခေါင်းငုံ့၍ တစ်ခေါက် ပြန်စစ်လိုက်သည်။ အားလုံးမှန်ကန်ကြောင်း သေချာမှ လက်ပတ်နာရီကို ကြည့်လိုက်သည်။

မိနစ် ၃၀ လိုသေးသည်။

ညနေ ၄ နာရီဖြစ်သဖြင့် အပြင်ဘက်တွင် နေရောင်ခြည် တောက်ပနေသည်။

ချန်လော့ပိုင်သည် ကျုရန်ကို စောင့်ရမည်ဖြစ်သောကြောင့် စောစောထွက်မသွားတော့ဘဲ ဖြေဆိုထားသော စာမေးပွဲစာရွက်နှင့် အဖြေလွှာကို ဘေးသို့ ရွှေ့လိုက်သည်။ ထို့နောက် စားပွဲပေါ်မှောက်ကာ မျက်လုံးမှိတ်၍ အိပ်လိုက်သည်။

အခန်း (၁) မှ အင်္ဂလိပ်စာဆရာမ လင်းဟန်သည် ဒီနေ့ ပထမစာစစ်ဌာန၏ စာမေးပွဲကြီးကြပ်ရေးမှူးများထဲမှ တစ်ဦးဖြစ်သည်။

အခြားကျောင်းသားများအားလုံး အသည်းအသန် စာရေးနေချိန်တွင် ပထမတန်း ပထမခုံမှ စားပွဲပေါ်မှောက်အိပ်နေသော ကျောင်းသားမှာ အလွန်ထင်ရှားနေသည်။

ပထမတန်း ပထမခုံတွင် မည်သူထိုင်သည်ကို မျက်နှာမကြည့်ဘဲ အားလုံးသိနေကြသည်။

လင်းဟန် စင်မြင့်ပေါ်မှ ဆင်းလာပြီး သူ့ဘေးမှ စာမေးပွဲစာရွက်ကို တစ်ချက်ကြည့်လိုက်သည်။ အပေါ်ဆုံးစာမျက်နှာတွင် ဖြေထားသမျှ အဖြေအားလုံး မှန်ကန်နေသည်။

လင်းဟန် စင်မြင့်ပေါ် ပြန်တက်သွားသည်။

....

စာမေးပွဲချိန်ပြီးဆုံးသောအခါ အခြားကြီးကြပ်ရေးမှူးတစ်ဦး အိမ်မှဖုန်းလာ၍ အရေးကြီးကိစ္စရှိသဖြင့် လင်းဟန်က စာရွက်သိမ်းသည့်တာဝန်ကို ယူလိုက်ပြီး သူ့ကို ပြန်လွှတ်လိုက်သည်။

အင်္ဂလိပ်စာသည် နောက်ဆုံးဘာသာရပ်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက် နီးကပ်လာပြီဖြစ်ရာ ကျောင်းသားများ ပစ္စည်းသိမ်းသည့်အရှိန်မှာ အလွန်မြန်ဆန်လှသည်။ စာစစ်ဌာနတစ်ခုလုံး ခဏအတွင်း တစ်ဝက်ခန့် လွတ်သွားသည်။

ပထမတန်း ပထမခုံမှ ကျောင်းသားကတော့ အိပ်မောကျနေဆဲဖြစ်သည်။

လင်းဟန်သည် အနောက်မှ အရှေ့သို့ စာရွက်များ ဖြည်းညှင်းစွာ လိုက်သိမ်းနေသည်။

နောက်ဆုံးတန်း ပထမခုံသို့ ရောက်သောအခါ ထိုနေရာတွင် ထိုင်နေသော ကျောင်းသားက မော့ကြည့်ပြီး မေးလိုက်သည်။

"ဆရာမလင်း... ကျွန်တော် ကူသိမ်းပေးရမလား"

လင်းဟန် ကြည့်လိုက်ရာ အခန်း (၂) မှ အတန်းခေါင်းဆောင် လျောင်ယန်ပေါ် ဖြစ်နေသည်။ သူမ ခေါင်းခါပြလိုက်သည်။

"မလိုပါဘူး"

သူ့စာရွက်ကို သိမ်းပြီးနောက် လင်းဟန် တစ်ခုခုကို သတိရသွားသကဲ့သို့ ပထမတန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

ချန်လော့ပိုင် အိပ်နေဆဲပင်။

လင်းဟန် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

ပထမစာစစ်ဌာနတွင် အခန်း (၂) မှ ကျောင်းသားမနည်းပါ၊ ချန်လော့ပိုင်ကလည်း ပုံမှန်ဆို လူချစ်လူခင်များသူဖြစ်ပါလျက် မည်သူကမျှ သူ့ကို သွားမနှိုးကြပေ။

ဒီကလေးတွေ အိမ်ပြန်ဖို့ ဒီလောက်တောင် လောနေကြတာလား။

လင်းဟန်က ပထမတန်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

"သွား... ချန်လော့ပိုင်ကို သွားနှိုးလိုက်ဦး"

လျောင်ယန်ပေါ် ထိုဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနောက်သို့ ခြေလှမ်းဆုတ်ရင်း ပြောလိုက်သည်။

"ဟို... အစ်ကိုကြီးလော့က အိပ်ရာထရင် ဒေါသထွက်တတ်တယ်၊ ကျွန်တော် မနှိုးရဲဘူး။ ဆရာမလင်းပဲ နှိုးလိုက်ပါ၊ ကျွန်တော် သွားတော့မယ်၊ ဆရာမ... တာ့တာ"

လင်းဟန် - "......?"

ချန်လော့ပိုင်က အိပ်ရာထရင် ဒေါသထွက်တတ်လို့ နင်က မနှိုးရဲဘူး၊ ဒါနဲ့ပဲ ငါ့လို ဆရာမကို သွားနှိုးခိုင်းတယ်ပေါ့လေ။

ဆရာသမားကို ရိုသေလေးစားရမယ်ဆိုတဲ့ စကားလုံး လေးလုံးကို လုံးဝ မေ့သွားကြပြီလား။

လျောင်ယန်ပေါ်မှာမူ ဝေါခနဲ ပြေးထွက်သွားပြီဖြစ်သည်။

လင်းဟန် ဒေါသထွက်လွန်း၍ ရယ်လိုက်မိသည်။

ချန်လော့ပိုင်ထိုင်ခုံသို့ သူမရောက်သွားချိန်တွင် စာစစ်ဌာနတစ်ခုလုံး လူရှင်းနေပြီဖြစ်သည်။

လင်းဟန် သူ့စာရွက်ကို ဆွဲယူလိုက်ပြီး စားပွဲကို လက်ဖြင့် နှစ်ချက်ခေါက်လိုက်သည်။

တုံ့ပြန်မှု မရှိ။

လင်းဟန် အားထည့်ပြီး ထပ်ခေါက်လိုက်သည်။

စားပွဲပေါ်မှောက်နေသော ကောင်လေး ခေါင်းထောင်လာသည်။ မျက်ခုံးနှင့် မျက်လုံးများကြားတွင် အိပ်ရာနိုးစ စိတ်မကြည်မလင်ဖြစ်မှုများ အတိုင်းသား ပေါ်နေသည်။ မျက်လုံးဖွင့်ပြီး သူမကို မြင်လိုက်ရမှ အနည်းငယ် လျော့ပါးသွားသည်။

"ဆရာမလင်း"

လင်းဟန် - "......"

ဟုတ်ပြီလေ... အနည်းဆုံးတော့ ဒီကောင်လေးက ဆရာသမားကို ရိုသေရမှန်း သိသေးတယ်၊ စိတ်တိုတာကို ငါ့အပေါ် လာမပုံချသေးဘူး။

"ဒီအင်္ဂလိပ်စာမေးပွဲက အဲဒီလောက် လွယ်နေလို့လား" လင်းဟန်က စာရွက်အထပ်လိုက်ကို ပိုက်ထားပြီး ရန်တွေ့သလို မေးလိုက်သည်။ "တခြားဘာသာရပ်တွေကျ မအိပ်ဘဲနဲ့၊ အင်္ဂလိပ်စာကျမှ နာရီဝက်လောက် အိပ်နေရတယ်လို့"

ချန်လော့ပိုင် မျက်လုံးကို ပွတ်သပ်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။

"မေးခွန်းက လွယ်တာ မဟုတ်ပါဘူး၊ ကျွန်တော်က တော်နေတာပါ"

လင်းဟန် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

"ကြွားလိုက်ဦး... စာစီစာကုံးကလွဲလို့ တခြားမေးခွန်းတွေမှာ တစ်မှတ်လောက် လျော့နေရင်တောင် နောက်စာသင်နှစ်ကျမှ နင့်ကို စာရင်းရှင်းမယ်"

"ဒါဆို ဆရာမလင်းမှာ အဲဒီအခွင့်အရေး ရမှာ မဟုတ်တော့ဘူး" ချန်လော့ပိုင် မတ်တတ်ရပ်လိုက်သည်။ "ဆရာမလင်း... တာ့တာ"

ချန်လော့ပိုင် အနောက်သို့သွားပြီး လွယ်အိတ်ကောက်လွယ်ကာ အနောက်ပေါက်မှ ထွက်သွားသည်။ တတိယစာစစ်ဌာနရှိ ကျုရန်ကို သွားရှာရန်ဖြစ်သည်။ ဒုတိယစာစစ်ဌာန၏ ဒုတိယမြောက် ပြတင်းပေါက်ကို ဖြတ်သွားချိန်တွင် အထဲသို့ မတော်တဆ လှမ်းကြည့်လိုက်မိပြီး ခြေလှမ်း အနည်းငယ် တုန့်သွားသည်။

စာသင်ခန်းထဲတွင် လူမရှိတော့ပေ။ ပြတင်းပေါက်ဘေးတွင် ကပ်ထိုင်နေသော နေရာတစ်ခုတွင်သာ လူတစ်ယောက် ကျန်နေတော့သည်။

ထိုမိန်းကလေးသည် လွယ်အိတ်ဇစ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး စားပွဲပေါ်မှ ခဲတံအိတ်ကို လှမ်းယူလိုက်သည်။ ပခုံးကျော်ကျော် ဆံပင်တိုလေးများကို နားရွက်နောက်သို့ သပ်တင်ထားသဖြင့် ဖြူဝင်းသော မျက်နှာတစ်ခြမ်း ပေါ်လွင်နေသည်။

ထိုနေ့က မျက်ရည်များဖြင့် ပြည့်နှက်နေသော ပုံစံနှင့် လုံးဝ ကွဲပြားနေသည်။ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်နေပြီး ပါးပြင်ပေါ်တွင် တိမ်မြုပ်နေသော ပါးချိုင့်လေးတစ်ခု ပေါ်နေသည်။

သူမ တကယ် စိတ်ပါလက်ပါပြုံးလိုက်တဲ့အခါ ကြည့်ရတာ မဆိုးပါဘူး။

ချစ်စရာတောင် ကောင်းသေးတယ်။

"ဖြေနိုင်တယ်မလား"

ကျိုးအန်းရန်သည် ဒီစာမေးပွဲဖြေနေစဉ် အကြိုက်ဆုံး ဘောပင်၏ အဖုံးပြုတ်ကျသွားသဖြင့် လိုက်ရှာနေရသောကြောင့် အချိန်နည်းနည်း ကြာသွားခြင်းဖြစ်သည်။

ဘေးပြတင်းပေါက်တွင် အရိပ်တစ်ခု ကျရောက်လာသည်ကို သတိထားမိလိုက်သော်လည်း လှည့်မကြည့်ရသေးမီ သူ့အသံကို ရုတ်တရက် ကြားလိုက်ရသည်။

ကျိုးအန်းရန် ရင်ခုန်သံများ ရုတ်ချည်း မြန်ဆန်သွားသည်။

သူက ပထမစာစစ်ဌာနမှာဆိုတော့ သူမအခန်းရှေ့က ဖြတ်သွားမှာ သေချာတယ်။

ဘယ်သူနဲ့ စကားပြောနေတာလဲ။ ကျုရန်က တတိယစာစစ်ဌာနမှာ ရှိနေတာ သူမမှတ်မိတယ်။ ထန်ကျန့်ရွေ့တို့က ပိုဝေးတဲ့ အခန်းတွေမှာ ရှိနေတာ။ အတန်းထဲက တခြားသူငယ်ချင်းတွေနဲ့ ပြောနေတာလား။

ကျိုးအန်းရန် ခဲတံအိတ်ကို လွယ်အိတ်ထဲထည့်နေရင်း မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင် သူမ၏အကြည့်သည် ပြုံးရိပ်သန်းနေသော ကောင်လေး၏ မျက်ဝန်းများနှင့် တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။

ညနေခင်း နေရောင်ခြည်သည် လက်ရန်းကိုကျော်ဖြတ်ပြီး စင်္ကြံလမ်းထဲသို့ ဝင်ရောက်လာကာ အလင်းတန်းတစ်ခုက သူ့ကျောင်းဝတ်စုံ ပခုံးပေါ် ကျရောက်နေသည်။

သို့သော် ထိုအလင်းတန်းသည် သူ့မျက်နှာပေါ်ရှိ အပြုံးလောက် တောက်ပခြင်း မရှိပေ။

သူ့ဘေးနားတွင် အခြားဘယ်သူမှ မရှိပေ။

ဒါဆို သူက...

သူမနဲ့ စကားပြောနေတာလား။

ကျိုးအန်းရန် လုံးဝ ကြောင်အသွားပြီး လက်က လှုပ်ရှားဖို့ မေ့သွားသည်။

သူမ အကြည့်လွှဲလိုက်မိသောကြောင့် ခဲတံအိတ်သည် လွယ်အိတ်ထဲ မရောက်ဘဲ လွယ်အိတ်ဘေးမှ လျှောကျကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ကျိုးအန်းရန် သတိပြန်ဝင်လာသည်။

ချန်လော့ပိုင်သည် သူမ၏ အမူအရာကြောင့် အရင်ဆုံး ကြောင်သွားပြီးနောက် စိတ်လှုပ်ရှားသွားသည့်ပုံ ပေါက်သွားသည်။ ခဲတံအိတ်ကို ဝင်ကောက်ပေးမလို လုပ်ပြီးမှ ရပ်တန့်သွားသည်။

သူ ပေါ့ပေါ့ပါးပါး စကားလှမ်းပြောလိုက်တာကို သူမဘက်က ဒီလောက်ထိ တုံ့ပြန်မှု ကြီးမားလိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။ သူ မနေနိုင်ဘဲ ရယ်မောလိုက်သည်။

"လန့်သွားတာလား"

ကျိုးအန်းရန် - "......"

ဘာလို့ သူ့ကို သီးသန့်တွေ့တိုင်း သူမပုံစံက ဒီလောက် ဆိုးရွားနေရတာလဲ။

တော်သေးသည်မှာ စောစောက ခဲတံအိတ်ကောက်ဖို့ ကုန်းလိုက်ချိန် နားရွက်နောက် သပ်ထားသော ဆံပင်များ ပြန်ကျလာပြီး အနည်းငယ် ပူနွေးနေသော နားရွက်များကို ဖုံးကွယ်ပေးလိုက်ခြင်းဖြစ်သည်။

သူမ ခဲတံအိတ်ကို ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားမှုကို အတင်းထိန်းချုပ်လိုက်သည်။ သို့သော် ပြုံးရိပ်သန်းနေသော သူ့မျက်လုံးများကို မကြည့်ရဲဘဲ ခေါင်းခါပြကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"...မလန့်ပါဘူး"

ချန်လော့ပိုင်၏အကြည့်များ သူမပါးပြင်ပေါ်တွင် တစ်စက္ကန့်ခန့် ရပ်တန့်သွားသည်။

စောစောက မြင်လိုက်ရသော တိမ်မြုပ်နေသည့် ပါးချိုင့်လေး ပျောက်ကွယ်သွားပြီဖြစ်သည်။

အတွေးတစ်ခု ခေါင်းထဲ ဖြတ်ခနဲ ဝင်ရောက်လာသော်လည်း မြန်ဆန်လွန်းသဖြင့် ဖမ်းဆုပ်၍ မမီလိုက်ပေ။

ထိုစဉ် ကျုရန်အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ချန်လော့ပိုင်... မင်း အဲဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ"

ချန်လော့ပိုင် လှည့်ကြည့်လိုက်ရာ ကျုရန်သည် လွယ်အိတ်ကိုဆွဲပြီး တတိယစာစစ်ဌာန တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ ဆက်မစဉ်းစားတော့ဘဲ ပြတင်းပေါက်ထဲရှိ မိန်းကလေးကို လက်ဝှေ့ယမ်းပြလိုက်သည်။

"သွားပြီနော်... နောက်စာသင်နှစ်ကျမှ တွေ့မယ်"

ကျိုးအန်းရန် မော့ကြည့်လိုက်ချိန်တွင် ကောင်လေး၏ ပုံရိပ်မှာ ပြတင်းပေါက်အပြင်ဘက်၌ ပျောက်ကွယ်သွားပြီဖြစ်သည်။

စာသင်ခန်းထဲတွင် လေအေးပေးစက် ပိတ်ထားပြီးဖြစ်ရာ နွေရာသီ၏ ပူပြင်းသောလေများ ပြတင်းပေါက်ကြားမှ တိုးဝင်လာသည်။

စင်္ကြံလမ်းရှိ သစ်ပင်ရိပ်များ လှုပ်ရှားနေပြီး နေရောင်ခြည်က ပြတင်းပေါက်ဘောင်ပေါ်တွင် ခုန်ပေါက်နေသည်။ လေထဲတွင် ဖုန်မှုန့်လေးများ ပျံဝဲနေသည်။

ကျိုးအန်းရန် ကုလားထိုင်ပေါ်တွင် ကြောင်ငေးစွာ ထိုင်နေမိသည်။ နှလုံးခုန်သံများက ပုရစ်အော်သံများထက်ပင် ပိုမိုဆူညံနေသလို ခံစားရသည်။

ချန်လော့ပိုင် ကျုရန်ဘေးသို့ လျှောက်သွားလိုက်သည်။

"သွားစို့"

ကျုရန်သည် လမ်းလျှောက်ရင်း လွယ်အိတ်ကို ပခုံးပေါ်လွယ်လိုက်ကာ စောစောက သူရပ်ခဲ့သောနေရာကို ပြန်လှည့်ကြည့်လိုက်သည်။

"မင်း ခုနက ဘယ်သူနဲ့ စကားပြောနေတာလဲ"

"အခန်းထဲက မိန်းကလေးတစ်ယောက်နဲ့" ချန်လော့ပိုင်က ပြန်ဖြေသည်။

"မင်းက... အခန်းထဲက မိန်းကလေးတစ်ယောက်နဲ့ စကားလှမ်းပြောတယ် ဟုတ်လား" ကျုရန် ခြေလှမ်း တုန့်ခနဲ ရပ်သွားသည်။ "ဘယ်သူလဲ၊ ငါ သွားကြည့်ဦးမယ်"

"ဘာသွားကြည့်မှာလဲ" ချန်လော့ပိုင်က သူ့လည်ပင်းကိုသိုင်းဖက်ပြီး ရှေ့ဆက်လျှောက်အောင် ဆွဲခေါ်လာသည်။ "ကား မမီဘဲနေမယ်"

ကျုရန်က စပ်စုချင်စိတ် မပျောက်သေးပေ။

"တကယ်ပဲ ဘယ်မိန်းကလေးလဲကွ"

"ဟိုတစ်ခါ ယန်... ဘာလဲ..." ချန်လော့ပိုင် ရပ်တန့်သွားပြီး နာမည်ပြန်စဉ်းစားလိုက်သည်။ "ဟိုတစ်ခါ ဘောလုံးပွဲတုန်းက ငါတို့ကို ကူညီပေးတဲ့ ကောင်မလေးရဲ့ ဘေးခုံက တစ်ယောက်လေ"

"ယန်ရှင်းချန် ဘေးခုံကလား" ကျုရန် စဉ်းစားလိုက်သည်။ "ကျိုးအန်းရန် ထင်တယ်"

ချန်လော့ပိုင် လူနှင့် နာမည်ကို တွဲမြင်သွားသည်။

"ဟုတ်တယ်... သူပဲ"

"မဟုတ်သေးပါဘူး" ကျုရန် ပိုပြီး သိချင်စိတ် ပြင်းပြလာသည်။ "မင်းက လူနာမည်တောင် မမှတ်မိဘဲနဲ့ ဘာကိစ္စ သွားစကားပြောတာလဲ"

"စာမေးပွဲမတိုင်ခင်တုန်းက သူ စာလုပ်ရတာ ဖိစီးမှုများပြီး ခေါင်မိုးထပ်မှာ ခိုးငိုနေတာ ငါ တွေ့လိုက်တယ်လေ။ ခုနက ဖြတ်သွားတော့ သူ..." ချန်လော့ပိုင် ခေါင်းထဲတွင် တိမ်မြုပ်နေသော ပါးချိုင့်လေး ပြန်ပေါ်လာသည်။ "ရယ်နေတာ မြင်လိုက်တော့ အဆင်ပြေရဲ့လားဆိုပြီး ဝင်မေးလိုက်တာ၊ ဘယ်သူထင်မှာလဲ..."

ကျုရန်က ဖြတ်ပြောလိုက်သည်။

"သူမက မင်းကို လုံးဝ ဂရုမစိုက်ဘူး ဆိုတာကိုလား"

ချန်လော့ပိုင် သူ့လည်ပင်းကို ဖက်ထားသောလက်ကို လွှတ်လိုက်ပြီး ရယ်မောကာ ဆဲလိုက်သည်။

"သွားစမ်းပါကွာ"

ကျုရန်က သူ့အမြင်ကို တင်ပြလိုက်သည်။

"ဒါပေမဲ့ ယန်ရှင်းချန်တို့ အုပ်စုက မင်းကို သိပ်ဂရုမစိုက်ကြဘူးကွ။ ပြီးခဲ့တဲ့တစ်ခေါက် ကူညီပြီးတုန်းက ငါ ထမင်းစားဖို့ခေါ်တာ သူ မလိုက်ဘူးလေ၊ အဲဒီတုန်းက ကျိုးအန်းရန်က သူ့ဘေးမှာ ရှိနေတာ။ ပုံမှန် ငါတို့ကိုတွေ့ရင်လည်း နှုတ်မဆက်ကြဘူး"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"မင်းက ငါ့ဖင်နောက်တကောက်ကောက် လိုက်နေတာကိုး၊ သူတို့က မင်းကို ဂရုမစိုက်ချင်တာနဲ့ ငါပါ ရောပြီး ပါသွားတာ မဖြစ်နိုင်ဘူးလား"

"ကောင်းပါပြီကွာ" ကျုရန် ခေါင်းညိတ်လိုက်သည်။ "သူတို့က ငါတို့နှစ်ယောက်လုံးကို ဂရုမစိုက်ချင်ကြဘူး ထားလိုက်ပါတော့၊ ဒါနဲ့ မင်း ဘာကို ထင်မထားမိတာလဲ"

ချန်လော့ပိုင် စောစောက ကောင်မလေး၏ မျက်နှာအမူအရာလေးများကို ပြန်တွေးမိပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။

"သတ္တိ သိပ်နည်းတာပဲလို့"

....

ကျိုးအန်းရန် စာစစ်ဌာနမှ ထွက်လာပြီးမှ ကျောင်းမဆင်းခင် အတန်းပိုင်ဆရာနှင့် တွေ့ဆုံပွဲလုပ်ရန် အတန်းထဲ ပြန်သွားရဦးမည်ကို သတိရသွားသည်။

ဒါဆို သူက ဘာလို့ "နောက်စာသင်နှစ်ကျမှ တွေ့မယ်" လို့ ပြောသွားတာလဲ။

ခဏနေ အခန်းပြန်ရောက်ရင် တွေ့ရဦးမှာပဲဟာ။

အောက်ထပ်ရောက်တော့ ယန်ရှင်းချန်တို့အုပ်စုက ပထမထပ် အရိပ်ရတဲ့နေရာမှာ သူမကို စောင့်နေကြသည်။

သူမ ဆင်းလာသည်ကို မြင်သောအခါ ယန်ရှင်းချန်က အော်ဟစ်မေးမြန်းတော့သည်။

"ရန်ရန်... နင် ဘာလို့ ဒီလောက် ကြာနေတာလဲ"

"ဟုတ်ပါ့" ရှန့်ရှောင်ဝမ်ကလည်း ဝင်ပြောသည်။ "ငါ ဒုတိယစာစစ်ဌာနရှေ့က ဖြတ်တုန်းက နင့်ကို မတွေ့လို့ ပြန်သွားပြီမှတ်နေတာ၊ ရှင်းရှင်းက နင် ငါတို့ကို မပြောဘဲ ပြန်သွားမှာ မဟုတ်ဘူးဆိုလို့ စောင့်နေကြတာ"

ကျိုးအန်းရန် သူတို့ဘေး ရောက်သွားသည်။ နှုတ်ခမ်းကို စေ့လိုက်ပြီး နောက်ဆုံးတွင် ချန်လော့ပိုင်အကြောင်း ထည့်မပြောဖြစ်တော့ပေ။

"ဘောပင်အဖုံး ပြုတ်ကျသွားလို့ ရှာနေတာ နည်းနည်းကြာသွားတယ်၊ နင်ဖြတ်သွားတုန်း ငါ ကုန်းကောက်နေလို့ မမြင်တာ နေမှာပါ"

ရှန့်ရှောင်ဝမ် - "ဒါကြောင့်ကိုး"

ယန်ရှင်းချန်က သူမကို ဆွဲလိုက်သည်။

"အခန်းထဲ မြန်မြန်သွားရအောင်၊ အရမ်းပူတယ်"

....

စာမေးပွဲပြီးသွားပြီဖြစ်သလို ကျောင်းပိတ်ဖို့လည်း အတန်းပိုင်ဆရာနှင့် တွေ့ဆုံပွဲတစ်ခုသာ လိုတော့သည်။

အတန်းထဲတွင် ပုံမှန်ထက် ပိုမိုဆူညံနေသည်။

ကျိုးအန်းရန် သူငယ်ချင်းများနောက်မှ လိုက်ဝင်လာပြီး သူမအကြည့်များက သူ့နေရာဆီ အလိုအလျောက် ရောက်သွားသည်။

လူမရှိ။

စားပွဲပေါ်မှ စာအုပ်များလည်း ရှင်းလင်းသွားပြီ။

ကျိုးအန်းရန် စိတ်ထဲတွင် သူ့ရဲ့ "နောက်စာသင်နှစ်ကျမှ တွေ့မယ်" ဆိုတဲ့ စကားကို တွေးမိပြီး၊ တစ်ခါက သူ သူမကို အတန်းလစ်ဖို့ သင်ပေးခဲ့တာကို သတိရသွားကာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သူ အတန်းလစ်သွားပြီလား။

ဒါပေမဲ့ အခုချိန်က အတန်းပိုင်ဆရာ လာမယ့်အချိန်လေ။

သို့သော် ဆရာအားလုံးက သူ့ကို ချစ်ကြသည်။ စာလုပ်တာကို ထိခိုက်စေမယ့် ပြဿနာကြီးကြီးမားမား မဟုတ်ရင် ဆရာတွေက မျက်စိတစ်ဖက်ဖွင့် မျက်စိတစ်ဖက်မှိတ် ထားပေးတတ်ကြသည်။ သိပ်ပြီး ကြပ်ကြပ်မတ်မတ် မလုပ်ကြပေ။

တကယ် လစ်သွားရင်တောင် ကိစ္စမရှိလောက်ပါဘူး။

သူ့နေရာဘေးမှ မဖြတ်သန်းရသေးမီ သူမ မသိချင်တာကို အဖြေပေးမည့်သူ ပေါ်လာသည်။

အတန်းခေါင်းဆောင် လျောင်ယန်ပေါ်က သူ့နေရာဘေးတွင် ရပ်လျက် ထန်ကျန့်ရွေ့ကို မေးလိုက်သည်။

"ရွေ့ရွေ့... အစ်ကိုကြီးလော့ ပြန်မလာသေးဘူးလား၊ ဆရာမလင်းက မနှိုးလိုက်ဘူးလား မသိဘူး"

"ဘာ ဆရာမလင်းလဲ" ထန်ကျန့်ရွေ့ လှည့်ကြည့်လိုက်သည်။

လျောင်ယန်ပေါ် - "သူ အင်္ဂလိပ်စာ ကြိုဖြေပြီးလို့ စာစစ်ဌာနမှာ အိပ်နေတာလေ၊ ငါထွက်လာတုန်းက မနိုးသေးဘူး။ ငါလည်း မနှိုးရဲတာနဲ့ ဆရာမလင်းကို ကူနှိုးခိုင်းလိုက်တာ၊ အခုထိ ပြန်မရောက်လာသေးဘူးဆိုတော့ ဆရာမလင်း တကယ် မနှိုးလိုက်ဘူးလား မသိဘူး"

"မဖြစ်နိုင်ပါဘူး" ထန်ကျန့်ရွေ့က ပြောသည်။ "ဆရာမလင်း နှိုးလိုက်ရင်တောင် အစ်ကိုကြီးလော့က ပြန်လာမှာ မဟုတ်ဘူး၊ သူနဲ့ ကျုရန် အပြင်သွားစရာရှိလို့ ဆရာကောင်းဆီ ခွင့်တိုင်ထားကြတယ်"

ဩော်... ဒီလိုကိုး။

ကျိုးအန်းရန် စိတ်အေးသွားရပြန်သည်။

....

အတန်းပိုင်ဆရာနှင့် တွေ့ဆုံပွဲ စတင်သောအခါ ကောင်းကောဟွာ စင်မြင့်ပေါ်တွင် တရစပ် ပြောနေတော့သည်။ ကျောင်းပိတ်ရက်မှာ အရမ်းလွတ်လပ်မနေကြဖို့၊ စာလုပ်တာကို လုံးဝ ပစ်မထားဖို့၊ အပြင်သွားရင် ဘေးကင်းအောင်နေကြဖို့ စသဖြင့် မှာကြားနေသည်။

ကျိုးအန်းရန် တစ်ခွန်းမှ နားမဝင်ပေ။ ခေါင်းထဲတွင် ထိုကောင်လေး၏ "နောက်စာသင်နှစ်ကျမှ တွေ့မယ်" ဆိုသည့် စကားသာ ပဲ့တင်ထပ်နေသည်။

တံတောင်ဆစ် အတွန်းခံလိုက်ရသည်။

ယန်ရှင်းချန်က စာအုပ်လေးတစ်အုပ် တွန်းပို့ပေးသည်ကို တွေ့လိုက်ရသည်။ အပေါ်တွင် ရေးထားသည်မှာ...

"နင် ပိုက်ဆံ ထပ်ကောက်ရပြန်ပြီလား၊ ဘာလို့ ဒီလောက် ပျော်နေရတာလဲ"

ကျိုးအန်းရန် - "......"

ဟုတ်လို့လား။

သူမ ယန်ရှင်းချန်ကို ခိုးကြည့်လိုက်သည်။ သူမကို ဝေမျှချင်သော်လည်း စာရွက်ပေါ်တွင် သူ့အကြောင်း တစ်လုံးမှမရေးရဲပေ။

နောက်ဆုံးတွင် လက်လျှော့လိုက်သည်။

ကျိုးအန်းရန် စာအုပ်ပေါ်တွင် ပြန်ရေးပေးလိုက်သည်။

"စာမေးပွဲ ဖြေနိုင်တယ်လို့ ခံစားရလို့၊ ခဏနေ နင့်ကို အချိုရည် တိုက်မယ်"

အတန်းပိုင်ဆရာနှင့် တွေ့ဆုံပွဲ ပြီးဆုံးသောအခါ ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်းတို့က ကျိုးအန်းရန် အချိုရည်တိုက်မည်ဆိုသည်ကို ကြားသွားကြပြီး သူမလက်ကို တစ်ဖက်တစ်ချက်စီ ချိတ်လိုက်ကြသည်။

"ကြားတဲ့သူတိုင်း ပါတယ်နော်"

"ငါ့ကို မတိုက်ရင် ဒီနေ့ အိမ်ပြန်မလွှတ်ဘူး"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။

"မတိုက်ဘူးလို့ မပြောပါဘူး"

ကျောင်းမုန့်ဈေးတန်းကို ဖြတ်သွားချိန် လေးယောက်သား ဝင်ပြီး တစ်ယောက်တစ်ပုလင်း ယူလိုက်ကြသည်။

ကျိုးအန်းရန် ဘာစိတ်ကူးပေါက်သည်မသိ သံပုရာအရသာကို ယူလိုက်သည်။ ချိုချဉ်အရသာရှိသော ပူဖောင်းလေးများက အေးစက်နေသော ပုလင်းထဲတွင် ဦးစွာ ဆူပွက်နေပြီး၊ ထို့နောက် ရင်ထဲထိ ဆက်လက် ဆူပွက်သွားကာ တဖြည်းဖြည်း ပေါက်ကွဲသွားကြသည်။

ထိုနေ့က လေပြေများနှင့် နေရောင်ခြည်သည် ပြင်းပြသလို၊ နူးညံ့သိမ်မွေ့နေခဲ့သည်။

***

All Chapters