← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

လီမွန်ဆိုဒါသကြားလုံး

အခန်း ၂၅ ။ လီမွန် : ငါက သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ

အခန်း (၃) ၏ ဤအချိန်သည်လည်း အားကစားချိန်ဖြစ်သည်။

လွတ်လပ်စွာ နားနေချိန်စသည်နှင့် ယင်းယီကျန်းသည် ရေခဲမုန့်စားချင်သဖြင့် ကျုံးခိုင်ကိုခေါ်ပြီး ကျောင်းမုန့်ဈေးတန်းသို့ သွားလိုက်သည်။ ထောင့်အနေအထား ကောင်းမွန်နေသဖြင့် အပေါက်ဝသို့ မရောက်မီမှာပင် အထဲမှမြင်ကွင်းကို အဝေးကနေ လှမ်းမြင်လိုက်ရသည်။

ယင်းယီကျန်း၏မျက်နှာ ရုတ်ချည်း ဖြူဖျော့သွားသည်။

ချန်လော့ပိုင်ရှေ့တွင် ရပ်နေသော ထိုမိန်းကလေးကို သူမ သိသည်။

ပြီးခဲ့သည့် သောကြာနေ့က ထိုမိန်းကလေး ချန်လော့ပိုင်ကို ပလာစတာပေးသည်ကို မမြင်ခင်အထိ ယင်းယီကျန်းသည် သူမကို သိပ်အမှတ်မထင်ခဲ့ပေ။ လိုယိချီ၏ အနောက်ခုံတွင် ထိုင်သူ၊ နာမည်က ကျိုးအန်းရန်၊ စာတော်သည်၊ စကားနည်းပြီး အေးဆေးသည်၊ အတန်းထဲမှ ယောက်ျားလေးများနှင့် သိပ်မရောသလို၊ ချန်လော့ပိုင်ကိုလည်း တစ်ခါမှ စကားသွားမပြောဖူးသူအဖြစ်သာ သိထားသည်။

သောကြာနေ့က ဆေးပေးသည့်ကိစ္စကို တွေ့လိုက်ရသောအခါတွင်လည်း ချန်လော့ပိုင်ကို တစ်ဖက်သတ်ကြိုက်နေသော နောက်ထပ်မိန်းကလေးတစ်ယောက်အဖြစ်သာ သဘောထားပြီး သိပ်အလေးမထားခဲ့ပေ။

သို့သော် ယခုအချိန်တွင် မုန့်ဈေးတန်းထဲမှ မြင်ကွင်းကို မျက်လုံးပါသူတိုင်း ကြည့်လိုက်လျှင် ဘယ်သူက ပိုပြီး စိတ်ပါလက်ပါ ရှိနေသလဲဆိုတာ သိသာထင်ရှားနေသည်။

ယင်းယီကျန်းသည် ဘေးတွင်ချထားသော လက်ကို တင်းတင်းဆုပ်လိုက်သည်။ အတွင်းမှ မြင်ကွင်းက မျက်စိစပါးမွှေးစူးစရာ ကောင်းလွန်းလှသဖြင့် အကြည့်လွှဲလိုက်ပြီး ကျုံးခိုင်ကို မေးလိုက်သည်။

"ချန်လော့ပိုင်က သူ့ကို ကြိုက်နေတာလား"

ကျုံးခိုင် အကြည့်လွှဲလိုက်သည်။ ပြောချင်သော စကားလုံးများ လည်ချောင်းဝထိ ရောက်လာသော်လည်း သူမ၏ ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ ပြန်မျိုချလိုက်သည်။

"အားလော့က အချိုရည်တစ်ဘူး ကမ်းပေးလိုက်ရုံပါ"

"ချန်လော့ပိုင်က ဘယ်တုန်းက မိန်းကလေးတွေကို အချိုရည် ဦးဆောင်ပေးဖူးလို့လဲ။ ပြီးခဲ့တဲ့ စာသင်နှစ်တစ်လျှောက်လုံး နင်တို့နဲ့ ငါ ထမင်းတူတူစားခဲ့တာပဲ၊ သူ ငါ့ကို တစ်ခါလောက်များ တစ်ခုခု ကမ်းပေးဖူးတာ မြင်ဖူးလို့လား"

ယင်းယီကျန်း ပြောရင်း မျက်ရည်ဝဲလာသည်။

"နင် သူ့ကို မေးပေး"

ကျုံးခိုင် လက်ချောင်းများ တွန့်ကွေးသွားသည်။ ငယ်ငယ်တုန်းကလို သူမကို ချော့မြှူပြီး မျက်ရည်သုတ်ပေးချင်သော်လည်း မလှုပ်ရှားမိပေ။ သူ မျက်လွှာချလိုက်သည်။

"ယီကျန်း... နင် ငါ့ကို တကယ်ပဲ ဘယ်လိုသဘောထားတာလဲ"

ယင်းယီကျန်း နှုတ်ခမ်းကို စေ့လိုက်ပြီး အကြည့်လွှဲလိုက်သည်။

"ငါက နင့်ကို အစ်ကိုအရင်းလို သဘောထားတာပေါ့၊ နင်ကိုယ်တိုင်ပဲ ငါ့ကို အစ်ကိုတစ်ယောက်လို တစ်သက်လုံး စောင့်ရှောက်ပေးမယ်ဆို"

ကျုံးခိုင် မျက်လုံးမှိတ်လိုက်သည်။

"ဒါပေမဲ့ အားလော့က နင့်ကို မကြိုက်ဘူးလေ၊ မေးလိုက်တော့ရော ဘာထူးမှာမို့လို့လဲ"

"ငါ မကျေနပ်ဘူး"

ယင်းယီကျန်း ခေါင်းငုံ့ထားသည်။ သူမခေါင်းထဲတွင် ချန်လော့ပိုင်က ထိုမိန်းကလေးကို ခေါင်းငုံ့ပြီး ပြုံးစကားပြောနေသော ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။

"သူ့မှာ ကြိုက်တဲ့သူ မရှိသေးဘူးဆိုရင် ငါ ဆက်ပြီး လိုက်ချင်သေးတယ်"

"တကယ်လို့ သူက အထဲကကောင်မလေးကို တကယ် ကြိုက်နေရင်ရော" ကျုံးခိုင်က မေးလိုက်သည်။

"ဒါဆိုရင်လည်း ငါက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခံချင်တဲ့ ဝါသနာ မရှိပါဘူး" ယင်းယီကျန်း မော့ကြည့်လိုက်သည်။ "ငါ့ကို နောက်တစ်ကြိမ်လောက် ကူညီပါဦး"

....

ကျန်းရူရှန်း အတော်ကြာစောင့်ပြီးမှ ကျိုးအန်းရန် ပြန်ရောက်လာသည်။

ကျိုးအန်းရန် သူမဘေးတွင် ဝင်ထိုင်ပြီး လိမ္မော်ရည်တစ်ဘူး ထိုးပေးလိုက်သည်။

ကျန်းရူရှန်း စကားပင် မပြောနိုင်သေးဘဲ ပုလင်းဖုံးဖွင့်ကာ မော့သောက်လိုက်သည်။ အေးစက်သော အရည်များက ပူဖောင်းလေးများနှင့်အတူ လည်ချောင်းထဲ စီးဆင်းသွားမှသာ လူပြန်ဖြစ်သွားသလို ခံစားလိုက်ရသည်။

သူမ ပုလင်းဖုံးပြန်ပိတ်ပြီး လှည့်ကြည့်လိုက်သည်။ ကျိုးအန်းရန်ကို အချိုရည်ကိစ္စ ပြောမလို့ လုပ်သော်လည်း တစ်ဖက်လူ၏ မျက်နှာတစ်ခုလုံး ရဲနေသည်ကို တွေ့လိုက်ရသည်။

"ရန်ရန်... နင့်မျက်နှာ ဘာလို့ ဒီလောက် ရဲနေတာလဲ၊ ဒီလောက်ထိ ရှက်နေစရာ မလိုပါဘူး"

ကျိုးအန်းရန် - "......"

"မဟုတ်ပါဘူး"

သူမ ပါးပြင်ကို လက်ဖြင့် အုပ်လိုက်သည်။ လက်ဖဝါးတွင် ကိုလာဘူးမှ ရေစက်များကြောင့် အေးစက်နေသော်လည်း ထိုကောင်လေး၏ သွယ်လျသော လက်ချောင်းများဖြင့် ကိုင်ခဲ့ဖူးသော ကိုလာဘူးဆိုသည့် အသိကြောင့် မျက်နှာအပူချိန်မှာ ပြန်တက်လာသည်။

လက်ဖဝါးမှ အေးစက်မှုက အပူကျအောင် မစွမ်းဆောင်နိုင်ပေ။

ကျိုးအန်းရန် လက်ပြန်ချလိုက်သည်။

"ရာသီဥတု ပူလို့ပါ"

နန်ချန်မြို့၏ စက်တင်ဘာလ ရာသီဥတုသည် နွေရာသီအလယ်ခေါင်နှင့် မခြားပေ။

တကယ် ပူပြင်းလှသည်။

ကျန်းရူရှန်း သိပ်မစဉ်းစားတော့ပေ။

"အချိုရည်ဖိုး အခန်းပြန်ရောက်မှ ပေးမယ်နော်"

ကျိုးအန်းရန် ခေါင်းခါပြလိုက်သည်။

"ပေးစရာ မလိုပါဘူး"

"ကောင်းပြီလေ" ကျန်းရူရှန်းက ပွင့်လင်းသူပီပီ လက်ခံလိုက်သည်။ "နောက်တစ်ခါကျရင် ငါ ပြန်ဝယ်တိုက်မယ်"

"ငါ့ကို ပြန်ဝယ်တိုက်စရာလည်း မလိုပါဘူး၊ ငါရှင်းခဲ့တာ မဟုတ်ဘူး"

ကျိုးအန်းရန် ဖြည်းဖြည်းချင်း ပြောလိုက်ပြီး မျက်နှာက ပိုရဲလာသည်။

သူမ ခေါင်းမူးနေတုန်းပင်။ သူ့ကို ဘယ်လိုပြန်ပြောလိုက်မိလဲဆိုတာတောင် ကောင်းကောင်း မမှတ်မိတော့ပေ။

"စိတ်ချပါ" လို့ ပြောလိုက်မိသလား၊ "ဆရာ့ကို မတိုင်ပါဘူး" လို့ ပြောလိုက်မိသလား မသေချာတော့။

သူမ အဖြေပေးပြီးနောက် ချန်လော့ပိုင် လက်လွှတ်လိုက်မှ ကိုလာဘူး၏ အလေးချိန်က သူမလက်ထဲ အပြည့်အဝ ရောက်ရှိလာခဲ့သည်ကိုသာ မှတ်မိသည်။

ကောင်လေး၏ မျက်နှာပေါ်မှ အပြုံးမှာ ထင်ရှားနေဆဲဖြစ်သော်လည်း အသံကတော့ တိုးမနေတော့ပေ။

"ကောင်းပြီ... ဒါဆို သဘောတူလိုက်ပြီနော်" သူက ပြောသည်။

ကျိုးအန်းရန် ဘာပြန်ပြောရမှန်း မသိပေ။

သူလည်း စကားထပ်မပြောတော့ဘဲ ရေခဲသေတ္တာဆီ ပြန်လှည့်သွားသည်။

သူနှင့် အကွာအဝေး ဝေးသွားမှသာ ကျိုးအန်းရန် ဦးနှောက်ပြန်အလုပ်လုပ်လာပြီး ရင်ခုန်သံများ အနည်းငယ် ငြိမ်သက်သွားသည်။ ထိုအခါမှ ကျန်းရူရှန်းအတွက် အချိုရည်ဝယ်ရဦးမည်ကို သတိရသွားသည်။

ဒါပေမဲ့ သူက ရေခဲသေတ္တာနားမှာ ရှိနေတုန်းပဲ။

ဟိုကောင်လေးတွေလည်း ရွေးလို့ မပြီးကြသေးဘူးဆိုတော့ သူ ချက်ချင်းပြန်မယ့်ပုံ မပေါ်ဘူး။

ကျိုးအန်းရန် သတ္တိမွေးပြီး ရေခဲသေတ္တာရှေ့ ပြန်သွားလိုက်ရသည်။

သူ့ဘေးနားသို့လည်း ရောက်သွားသည်။

သူမ ရောက်လာသည်ကို သတိထားမိပုံရပြီး ကောင်လေးက လှည့်ကြည့်သည်။

"တခြားဟာ ထပ်သောက်ချင်လို့လား"

ကျိုးအန်းရန် ရင်ခုန်သံများ ပြန်မြန်လာပြီး ခေါင်းကို အနည်းငယ် ခါပြလိုက်ကာ တိုးတိုးလေး ဖြေလိုက်သည်။

"သူငယ်ချင်းအတွက် အချိုရည် ဝယ်ပေးမလို့"

ချန်လော့ပိုင် ကိုလာတစ်ဘူး ထပ်ယူလိုက်ပြီး ရေခဲသေတ္တာရှေ့မှ နေရာဖယ်ပေးလိုက်သည်။

သူသည် ရေခဲသေတ္တာဘေးကို ပျင်းရိစွာ မှီလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ကိုလာဘူးကို ဖွင့်ကာ မော့သောက်လိုက်သည်။ လည်စလုတ်များ လှုပ်ရှားသွားသည်။ ထို့နောက် တံခါးဝရှိ ငွေရှင်းကောင်တာမှ ဆိုင်ရှင်ကို လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။

"ဦးလေးကျန်း... ကိုလာ အရင်သောက်လိုက်မယ်နော်၊ ခဏနေမှ ပိုက်ဆံရှင်းမယ်"

ဆိုင်ရှင်နှင့် တော်တော် ရင်းနှီးပုံရသည်။

ဆိုင်ရှင်က "အေး... အေး" ဟု လှမ်းအော်လိုက်သည်။

ကျိုးအန်းရန် အချိုရည်တစ်ဘူး အမြန်ယူလိုက်ပြီး ရေခဲသေတ္တာတံခါး ပိတ်လိုက်သည်။

သူက အားနေသော လက်ဖြင့် သူမကို လက်ညှိုးထိုးပြလိုက်သည်။ သူမမျက်နှာပေါ် အကြည့်ရောက်လာသလိုလို၊ မရောက်သလိုလို ဖြစ်နေသည်။ ကျိုးအန်းရန် သူ့ကို မကြည့်ရဲပေ။ သူ့အသံတွင် ရယ်သံပါနေသည်ကိုသာ ကြားလိုက်ရသည်။

"သူ့လက်ထဲက နှစ်ဘူးကိုပါ ကျွန်တော် ရှင်းပေးမယ်"

"နင်ရှင်းတာ မဟုတ်ဘူးဆိုရင် ဘယ်သူရှင်းတာလဲ" ကျန်းရူရှန်း၏ အသံ ထွက်ပေါ်လာသည်။

ကျိုးအန်းရန် သတိဝင်လာသည်။ တွန့်ဆုတ်နေပြီးမှ သူမကို မလိမ်ချင်တော့သဖြင့် ရင်ထဲမှ ဝှက်ထားသော နာမည်တစ်ခုကို တိုးတိုးလေး ပြောပြလိုက်သည်။

"ချန်လော့ပိုင် ရှင်းပေးလိုက်တာ"

တကယ်တော့ လိမ်လို့လည်း ရမည်မထင်ပေ။

အဘယ်ကြောင့်ဆိုသော် သူမ ထိုစကားပြောပြီးသည်နှင့် ထန်ကျန့်ရွေ့တို့က မုန့်ဈေးတန်းထဲတွင် အော်ဟစ်နောက်ပြောင်နေကြပြီ ဖြစ်သည်။

"နေပါဦး... ငါ ဘာကြားလိုက်တာလဲ"

"ဘာအခြေအနေလဲ အစ်ကိုကြီးလော့"

ကောင်လေးက သူမနှင့် တံဆိပ်တူသော ကိုလာဘူးကို ကိုင်ထားရင်း လှည့်ကြည့်လိုက်ပြီး ရယ်မောကာ ဆဲလိုက်သည်။

"ဘာတွေ အော်နေတာလဲ၊ မင်းတို့ ပစ္စည်းတွေပဲ မင်းတို့ဝယ်၊ နှေးနေရင် ကိုယ့်ဘာသာ ရှင်းရမယ်နော်"

ပြောပြီးသည်နှင့် သူမဘက် လှည့်လာကာ ပြုံး၍ မေးသည်။

"တခြားဟာ ဝယ်ဦးမလား"

ကျိုးအန်းရန် အလျင်အမြန် ခေါင်းခါပြလိုက်သည်။ ဆက်မနေရဲတော့သလို၊ သူ့ကိုလည်း ဆက်မကြည့်ရဲတော့သဖြင့် မုန့်ဈေးတန်းထဲမှ အမြန်ထွက်လာခဲ့သည်။

အခုမှ သတိရတယ်...

သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့သွားပြန်ပြီ။

ကျန်းရူရှန်း အချိုရည်သောက်ရန် ပြင်လိုက်ပြီး အဖုံးတစ်ဝက်ဖွင့်ကာ လေထွက်သံကြားရုံရှိသေးသည်၊ သူမအဖြေကို ကြားလိုက်ရသဖြင့် နှစ်စက္ကန့်ခန့် ကြောင်သွားပြီးမှ အံ့ဩတကြီး မေးလိုက်သည်။

"ဘယ်သူ... ချန်..."

သူမအသံ ကျယ်လောင်သွားသဖြင့် ကျိုးအန်းရန် အမြန်ဖြတ်ပြောလိုက်ရသည်။

"တိုးတိုးပြောပါ"

ကျန်းရူရှန်း မျက်နှာပေါ်တွင် အံ့ဩမှုများ အပြည့်ရှိနေသေးသော်လည်း အသံကိုတော့ တိုးလိုက်သည်။

"နင် ခုနက ဘယ်သူရှင်းပေးလိုက်တယ်လို့ ပြောတာလဲ... ချန်လော့ပိုင်... ငါ နားကြားမမှားဘူးနော်"

ကျိုးအန်းရန် ခေါင်းခါပြလိုက်သည်။

ကျန်းရူရှန်းက ထပ်မေးသည်။

"ဘာအခြေအနေလဲ၊ ချန်လော့ပိုင်က ဘာလို့ ရုတ်တရက် နင့်ကို ပိုက်ဆံရှင်းပေးရတာလဲ"

ကျိုးအန်းရန် ပါးစပ်ဟလိုက်သော်လည်း ဘယ်လိုရှင်းပြရမလဲ မသိဖြစ်နေသည်။

တကယ်တော့ သူမကိုယ်တိုင်လည်း ဘာအခြေအနေလဲဆိုတာ သေချာ နားမလည်သေးပေ။

ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက ခေါင်မိုးထပ်မှာ ခိုးငိုတာကို သူတွေ့သွားတဲ့ကိစ္စက အခုပြန်စဉ်းစားရင် တော်တော် ရှက်စရာကောင်းနေတုန်းပဲ။ သူမ ဘယ်သူ့ကိုမှ ထပ်မသိစေချင်တော့ဘူး။

"ဒီလိုပါပဲ..." ကျိုးအန်းရန်က 'လာဘ်ထိုး' သည့်ကိစ္စကို ချန်လှပ်ထားပြီး ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ "ငါ အချိုရည်သွားဝယ်တော့ သူက အတန်းထဲက ကောင်လေးတွေကို ဒကာခံနေတာနဲ့ ကြုံနေလို့ ငါ့ကိုပါ တစ်ခါတည်း ရှင်းပေးလိုက်တာ"

ကျန်းရူရှန်း သက်ပြင်းချလိုက်သည်။

"ဒါပဲလား"

"ဒါမှမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ" ကျိုးအန်းရန် တိုးတိုးလေး ပြန်ပြောလိုက်သည်။ သူမကို မေးတာလား၊ ကိုယ့်ကိုယ်ကိုယ် မေးတာလား မသေချာပေ။

ကျန်းရူရှန်း စဉ်းစားလိုက်သည်။

"ဟုတ်သားပဲ... ကောင်လေးတွေပြောတာ ကြားဖူးတယ်၊ သူက ဒကာခံရတာ သဘောကျတယ်တဲ့။ လူအုပ်ကြီးကို မကြာခဏ ဒကာခံတတ်တယ်။ တုန်းချန်တို့ဆို သူနဲ့ မရင်းနှီးပေမယ့် ကြုံရင် သူက ရှင်းပေးလိုက်တာပဲတဲ့။ ပြီးတော့ နင်က သူနဲ့ စကားတောင် ကောင်းကောင်း ပြောဖူးတာ မဟုတ်ဘူးမလား"

ကျိုးအန်းရန် မျက်လွှာချလိုက်သည်။

ဟုတ်တာပေါ့။

သူတို့ စကားတောင် မပြောဖူးသလောက်ပဲ။

မုန့်ဈေးတန်း ပိုင်ရှင်ဦးလေးကြီးကိုတောင် သူက အဲဒီလို ပြုံးပြတာပဲဟာ။

သူက သူမထက်စာရင် ဆိုင်ရှင်ဦးလေးကြီးနဲ့တောင် ပိုရင်းနှီးဦးမယ်။

တခြားအဓိပ္ပာယ် ရှိဖို့ မဖြစ်နိုင်ပါဘူး။

....

မုန့်ဈေးတန်းမှ ထွက်လာသောအခါ မုန့်နှင့် အချိုရည်များ ရလာကြသဖြင့် "ကိုယ့်ဘာသာရှင်း" ဆိုသည့် သတိပေးချက်က အရာမရောက်တော့ပေ။ ထန်ကျန့်ရွေ့နှင့် ကောင်လေးတစ်သိုက် ချန်လော့ပိုင်ဘေးနား ပြန်ဝိုင်းလာကြသည်။

"အစ်ကိုကြီးလော့... ခင်ဗျားမှာ ထူးခြားမှုတွေ ရှိနေပြီလား။ ခုနက ဘာလို့ မိန်းကလေးတစ်ယောက်ကို ရုတ်တရက် အချိုရည်ဝယ်တိုက်လိုက်တာလဲ" ထန်ကျန့်ရွေ့က ချန်လော့ပိုင် ပခုံးကိုဖက်ပြီး အတင်းစပ်စုသည့် လေသံဖြင့် မေးလိုက်သည်။

ကျန်လူများကလည်း ဝိုင်းမေးကြသည်။

"မင်းတို့ ဘယ်သူလဲဆိုတာ မြင်လိုက်လား၊ ခုနက အစ်ကိုကြီးလော့ ကွယ်နေလို့ ငါ မျက်နှာမမြင်လိုက်ရဘူး"

"ကျိုးအန်းရန် ထင်တယ်၊ ငါတို့အခန်းက ကောင်မလေးလေ၊ တော်တော်လှတယ်"

"လှတယ် ဟုတ်လား... ငါ သိပ်သတိမထားမိပါလား"

"ပုံမှန်ဆို သူက အရမ်းအေးဆေးနေတတ်လို့လေ၊ ငါမှတ်မိတာတော့ စာလည်း တော်တယ်"

"နေပါဦး... မင်းတို့က အကဲခတ်ညံ့လိုက်တာ။ အစ်ကိုကြီးလော့ သဘောကျတဲ့သူကိုများ သူ့ရှေ့မှာ လှတယ် မလှဘူး လာဆွေးနွေးနေကြတယ်။ အဲဒါ မကြာခင် မင်းတို့ မရီးဖြစ်လာတော့မှာကွ"

ချန်လော့ပိုင်က ဒီကောင်တွေ ဒီလိုတုံ့ပြန်ကြမယ်ဆိုတာ သိပြီးသားဖြစ်သည်။ သူက ထန်ကျန့်ရွေ့လက်ကို ဖယ်ချလိုက်ပြီး ရယ်မောလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘယ်လိုလုပ်ပြီး ငါသဘောကျတဲ့သူ ဖြစ်သွားရတာလဲ"

"မင်း သဘောမကျရင် ဘာကိစ္စ မိန်းကလေးတစ်ယောက်ကို အချိုရည်ဝယ်တိုက်ရတာလဲ" ထန်ကျန့်ရွေ့က မျက်ခုံးပင့်ပြလိုက်သည်။

"အဲဒါက..." ချန်လော့ပိုင် ရပ်တန့်လိုက်သည်။

ထိုနေ့က သူမတစ်ယောက်တည်း ခေါင်မိုးထပ်မှာ ခိုးငိုနေတာကိုကြည့်ရင် တခြားလူသိမှာ မလိုလားဘူးဆိုတာ သိသာတယ်။ သူ မတော်တဆ တွေ့လိုက်ရတာကို ပြီးခဲ့တဲ့စာသင်နှစ်က မစဉ်းစားဘဲ ကျုရန်ကို ပြောပြမိတာတောင် လွန်နေပြီ။ အခု လူအုပ်ကြီးကို ပြောပြလိုက်ရင် မသင့်တော်တော့ဘူး။

"နှုတ်ပိတ်ခ"

ထန်ကျန့်ရွေ့ ကြောင်သွားသည်။

"ဘာနှုတ်ပိတ်ခလဲ"

"အရင်တုန်းက ငါ အတန်းလစ်မလို့ ပြောတာကို သူ မတော်တဆ ကြားသွားလို့လေ" ချန်လော့ပိုင်က ဆင်ခြေတစ်ခု ပေးလိုက်သည်။ "ဒီနေ့ သူ ဈေးဝယ်နေတာနဲ့ တိုးလို့ ဆရာကောင်းကို မတိုင်ဖို့အတွက် တစ်ခါတည်း ရှင်းပေးလိုက်တာ"

ထန်ကျန့်ရွေ့ စိတ်ပျက်သွားသည်။

"ဒါပဲလား"

ချန်လော့ပိုင် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။

"ဒါမှမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ"

ထန်ကျန့်ရွေ့ ပြန်စဉ်းစားလိုက်သည်။

"ဟုတ်သားပဲ... အရင်တုန်းက ခင်ဗျားတို့ စကားပြောတာတောင် တစ်ခါမှ မမြင်ဖူးဘူး"

ကျန်လူများလည်း ထိုအတိုင်းပင် တွေးလိုက်ကြသည်။

သူ့ဘေးနားဝိုင်းနေသော လူအုပ်ကြီးကွဲသွားပြီး ဘတ်စကက်ဘောနှင့် ဂိမ်းအကြောင်း ပြောင်းပြောကြသည်။

နူးညံ့သာယာသော အသံလေးတစ်ခုကို ခုနလေးတင် နားထောင်ခဲ့ရသောကြောင့်လား မသိ၊ ချန်လော့ပိုင်က ဒီကောင်တွေ အသံ အရမ်းဆူညံနေတယ်လို့ ခံစားလိုက်ရသည်။

သူ ခြေလှမ်းနှေးလိုက်ပြီး လူအုပ်ကြီး အနောက်ဘက်သို့ ရောက်သွားသည်။

ကျုရန်လည်း သူ့နောက်သို့ လိုက်လာသည်။ စောစောက ဘာမှဝင်မပြောဘဲ နေခဲ့ရာမှ အခုမှ တံတောင်ဖြင့် တွန်းလိုက်သည်။

"ပြောစမ်းပါ... တကယ်ပဲ ဘာဖြစ်တာလဲ။ မင်း သူတို့ကို လှည့်စားလို့ရပေမယ့် ငါ့ကိုတော့ လှည့်စားလို့ မရဘူးနော်"

ချန်လော့ပိုင်က ကိုလာဘူးကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ပြီးခဲ့တဲ့ စာသင်နှစ်က ငါ မင်းကို ပြောဖူးတယ်မလား။ စာမေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ သူ ခေါင်မိုးထပ်မှာ ငိုနေတာ ငါ တွေ့လိုက်တယ်လို့လေ။ စာလုပ်ရတာ ဖိစီးမှုများလို့ ထင်တယ်။ ငါလည်း ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိတာနဲ့ အတန်းလစ်ပြီး စိတ်ပြေလက်ပျောက်သွားဖို့ အကြံပေးလိုက်တာ"

"အဲဒါနဲ့ ဘာဆက်ဖြစ်လဲ" ကျုရန်က မေးသည်။

"အဲဒါနဲ့..." ချန်လော့ပိုင် ရပ်တန့်သွားပြန်သည်။ ထိုနေ့က ကောင်မလေး သူ့ရှေ့မှာ ခေါင်းငုံ့ပြီး ငိုနေသော ပုံရိပ်ကို ပြန်မြင်ယောင်လာသည်။

ထူးဆန်းသား။

နှစ်လကျော် ကြာသွားပြီကို။

သူမရဲ့ အဲဒီတုန်းက ပုံစံကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ မျက်ဝန်းတွေ နီရဲနေပြီး မျက်ရည်တွေ တပေါက်ပေါက် ကျနေတာလေ။

ရုပ်ရည်လေးက လှလွန်းတော့ သနားစရာကောင်းနေတာဖြစ်မယ်။

"အဲဒါနဲ့ သူက ပိုပြီး ငိုတော့တာပဲ"

ကျုရန် ခြေလှမ်းရပ်သွားပြီး သံသယဖြင့် ကြည့်လိုက်သည်။

"မင်း အဲဒီတုန်းက တစ်ခုခု လုပ်လိုက်သေးတာလား"

ချန်လော့ပိုင် ရယ်မောပြီး ကြည့်လိုက်သည်။

"ငါက သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"

"ဒါဆို မင်း နှစ်သိမ့်ပေးကာမှ ဘာလို့ ပိုငိုရတာလဲ" ကျုရန် မယုံပေ။

ချန်လော့ပိုင်လည်း ရပ်လိုက်သည်။ တကယ်တော့ သူလည်း အခုထိ သေချာ နားမလည်သေးပေ။

"ငါ ဘယ်သိမလဲကွာ... သတ္တိနည်းလို့ နေမှာပေါ့။ လိမ္မာတဲ့ ကျောင်းသူလေးဆိုတော့ အတန်းလစ်ဖို့ အကြံပေးလိုက်တာကို လန့်သွားတာဖြစ်မယ်"

ကျုရန်က သူ့အကျင့်စရိုက်ကို ယုံကြည်သည်။

ချန်လော့ပိုင်သာ မိန်းကလေးတွေကို ပေါက်ကရလုပ်တတ်တဲ့ကောင်ဆိုရင် ဒီလောက်ချောမောတဲ့ ရုပ်ရည်နဲ့ဆို ရည်းစားတွေ ကျောင်းပတ်နေလောက်ပြီ။

ကျုရန်အတွက်လည်း ကျိုးအန်းရန်ဆိုသည်မှာ "လိမ္မာတဲ့ ကျောင်းသူလေး" ဆိုသည့် ပုံရိပ်သာ ရှိသဖြင့် စဉ်းစားကြည့်တော့ ဒီအကြောင်းပြချက်က ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။

"ဒါဆို မင်း အချိုရည်တိုက်တာက တကယ်ပဲ နှုတ်ပိတ်ခပေါ့။ သူကရော လက်ခံလား"

ချန်လော့ပိုင် လက်ထဲမှ ကိုလာဘူးကို ညှစ်လိုက်သည်။ ကိုလာဘူးကို ကိုင်ထားသော မိန်းကလေး၏ သွယ်လျဖြူဝင်းသော လက်ချောင်းလေးများ၊ တုန်ရီနေသော မျက်တောင်ကော့ကော့လေးများနှင့် တိုးညှင်းပြီး ပျောက်လွင့်လုမတတ် ဖြစ်နေသော သူမ၏အသံလေးကို ပြန်သတိရသွားသည်။

"မတိုင်ပါဘူး"

သူ ရုတ်တရက် ပြုံးလိုက်သည်။

"လက်ခံတယ်လို့ပဲ ပြောရမှာပေါ့"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၂၆ ။ လီမွန် : ရည်းစားစာ

ညနေ အားကစားချိန်တွင် ချန်လော့ပိုင်သည် ကျုရန်တို့အဖွဲ့နှင့်အတူ ဘတ်စကက်ဘော ကစားလိုက်သည်။ ညပိုင်းစာလေ့လာချိန်မစမီ နားချိန်တွင်မူ ဘောလုံးထပ်မကစားတော့ဘဲ အပြင်တွင် ညစာစားပြီးသည်နှင့် ကျုရန်ကိုခေါ်ပြီး စာသင်ခန်းသို့ စောစောပြန်လာခဲ့သည်။

သို့သော် ကျုရန်သည် အစားမှားသွားသည်လား မသိ၊ အခန်းရောက်ပြီး မကြာမီမှာပင် အိမ်သာသို့ ပြေးသွားရတော့သည်။

ထန်ကျန့်ရွေ့တို့အုပ်စုကတော့ ဘောလုံးကွင်းသို့ ပြန်သွားကြပြီဖြစ်ပြီး အရှေ့တန်းမှ လူများလည်း ပြန်မရောက်ကြသေးသဖြင့် အခန်းထဲတွင် လူရှင်းနေသည်။ ချန်လော့ပိုင်သည် အိမ်စာစာအုပ်ထုတ်ပြီး အေးဆေးငြိမ်သက်နေချိန်ကို အခွင့်ကောင်းယူကာ အိမ်စာလုပ်ရန် ပြင်လိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါ ဘေးမှ ကုလားထိုင်ရွှေ့သံ ကြားလိုက်ရပြီး တစ်စုံတစ်ယောက် ဝင်ထိုင်လိုက်သည်။

ကျုရန်တော့ မဖြစ်နိုင်ပေ။

ကျုရန်သာ ပြန်ရောက်လာလျှင် ဒီလောက် တိတ်ဆိတ်နေမည် မဟုတ်။ မထိုင်ရသေးခင်ကတည်းက ပွစိပွစိ ပြောနေလောက်ပြီ။

ချန်လော့ပိုင် လှည့်ကြည့်လိုက်ရာ ကျုရန်၏နေရာတွင် ဝင်ထိုင်နေသူမှာ ကျုံးခိုင် ဖြစ်နေသည်။ သူ့ဘေးတွင် ယင်းယီကျန်း ပါမလာသည်မှာ ထူးဆန်းနေသည်။ ချန်လော့ပိုင် မျက်ခုံးပင့်ကာ ပြုံး၍ မေးလိုက်သည်။

"ဘာကိစ္စ ရောက်လာတာလဲ"

ကျုံးခိုင်က ကိုလာတစ်ဘူးကို သူ့စားပွဲပေါ် တင်လိုက်သည်။

"အတင်းလာပြောတာ"

"ဘာအတင်းလဲ" ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"ညနေက အားကစားချိန်၊ မုန့်ဈေးတန်းမှာလေ... ငါလည်း မြင်လိုက်တယ်၊ ဘာအခြေအနေလဲ" ကျုံးခိုင်က လက်ထဲမှ အခြားအချိုရည်ပုလင်းကို ဖွင့်လိုက်ပြီး သူ့ကို လှမ်းပြလိုက်သည်။ "မင်း မိန်းကလေးတစ်ယောက်ကို ဦးဆောင်ပြီး အချိုရည်ဝယ်တိုက်တာ ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အရင်တုန်းကဆိုရင်တောင် ကြုံလို့ ဝယ်တိုက်တာမျိုးပဲရှိတာ"

နောက်တစ်ယောက် ရောက်လာပြန်ပြီ။

ချန်လော့ပိုင် ပြုံးရင်း ဘောပင်ကို ပစ်ချလိုက်သည်။ အိမ်စာဆက်လုပ်လို့ မရတော့မှန်း သိလိုက်ပြီဖြစ်သည်။

"ဒီနေ့လည်း ကြုံလို့ပါကွာ"

"တော်စမ်းပါ" ကျုံးခိုင်က သူ့ကို စနောက်လိုက်သည်။ "ကြုံလို့ဆိုပြီး အချိုရည်ကို ကိုယ်တိုင်ယူပြီး သူ့လက်ထဲ ထည့်ပေးလိုက်တယ်ပေါ့လေ။ အရင်တုန်းက မင်း ဒီလောက် ဂရုစိုက်တတ်တာမျိုး ငါ တစ်ခါမှ မမြင်ဖူးပါဘူး။ ပြီးတော့ သူ့နားတိုးကပ်သွားပြီး စကားသွားပြောသေးတယ်။ အဲဒီကောင်မလေးကို တကယ် စိတ်ဝင်စားနေတာလား"

အရှေ့တန်းတွင် လူမရှိသဖြင့် ကျုံးခိုင် အသံမတိုးသော်လည်း မည်သူမှ ကြားမည် မဟုတ်ပေ။

ချန်လော့ပိုင် ပါးစပ်ဟပြီး ပြန်ပြောရန် ပြင်လိုက်သည်။

ကျုံးခိုင်က ဖြတ်ပြောလိုက်သည်။

"နှုတ်ပိတ်ခဆိုပြီး လာမပြောနဲ့နော်၊ ငါ မယုံဘူး"

"တကယ် နှုတ်ပိတ်ခပါ" ချန်လော့ပိုင်က စားပွဲပေါ်မှ အချိုရည်ဘူးကို လက်တစ်ဖက်တည်းဖြင့် ဖွင့်လိုက်သည်။ သွယ်လျသော လက်ချောင်းများဖြင့် အနည်းငယ် အားစိုက်လိုက်ရာ အဖုံးပွင့်သွားပြီး ပူဖောင်းလေးများ ထွက်ပေါ်လာသည်။ သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း ယုံချင်ယုံ မယုံချင်နေ"

ကျုံးခိုင် ပြန်ပြောရန် ပြင်လိုက်စဉ် အခန်းရှေ့ပေါက်မှ ဝင်လာသူကို မတော်တဆ တွေ့လိုက်ရသဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

"သူမလား"

ချန်လော့ပိုင် ကိုလာမော့သောက်နေရင်းမှ မော့ကြည့်လိုက်သည်။

မိန်းကလေးတစ်ယောက်သည် သူငယ်ချင်း၏လက်ကို ချိတ်လျက် ဝင်လာသည်။ သူ့ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း အကြည့်ချင်း မဆုံမိမီမှာပင် လန့်သွားသကဲ့သို့ ခေါင်းငုံ့သွားသည်။ ပခုံးကျော်ကျော် ဆံပင်တိုလေးများက ဖြူဝင်းသော ပါးပြင်နားတွင် ယိမ်းနွဲ့သွားသည်။

သူမသူငယ်ချင်း ဘာပြောလိုက်သည်မသိ၊ ရုတ်တရက် ပြုံးလိုက်ပြန်သည်။ ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ခဲ့ဖူးသော ပါးချိုင့်လေးများ ပါးပြင်ပေါ်တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

နေရာမပြန်ရသေးမီ တတိယတန်းမှ ကောင်လေးတစ်ယောက်က လှမ်းခေါ်လိုက်သည်။

မျက်မှန်တပ်ထားသော ဟယ်မင်ယွီ ဖြစ်သည်။ အင်္ဂလိပ်စာပုစ္ဆာ မေးစရာရှိလို့ဟု ဆိုသည်။

မိန်းကလေးက ခေါင်းပြန်မော့လာပြီး သူငယ်ချင်းလက်ကို လွှတ်ကာ စင်မြင့်ရှေ့မှပတ်ပြီး တတိယတန်းသို့ သွားလိုက်သည်။ ဟယ်မင်ယွီ၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်။

ပါးချိုင့်လေးများ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ့ကို စကားပြောစဉ်ကလို လန့်ဖြတ်နေသော ပုံစံမျိုး မရှိတော့ဘဲ တည်ငြိမ်နေပုံရသည်။

ကိုလာပူဖောင်းလေးများ ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည်။ ချန်လော့ပိုင် မျက်လုံးမှေးလိုက်ပြီး အချိုရည်ဘူးကို ပြန်ချလိုက်သည်။

တံတောင်ဆစ် အတိုက်ခံလိုက်ရသဖြင့် ချန်လော့ပိုင် အကြည့်ပြန်လွှဲလိုက်ရာ ကျုံးခိုင်က ပြုံးစိစိဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"သူ့ကို စိုက်ကြည့်နေတာ တစ်မိနစ်လောက် ရှိတော့မယ်၊ အဲဒါကရော ကြုံလို့ပဲလား"

တစ်မိနစ်လောက် ရှိသွားပြီလား။

မကြာလောက်ပါဘူး။

ချန်လော့ပိုင် အချိုရည်ဘူးအဖုံးကို လက်ဖြင့် ကစားလိုက်သည်။

"နည်းနည်း စိတ်ဝင်စားသွားလို့ပါ"

"ငါလည်း တော်တော် စိတ်ဝင်စားသွားပြီ" ကျုံးခိုင်က ဝင်ပြောသည်။

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။

"မင်းက ဘာကို စိတ်ဝင်စားတာလဲ"

"အထက်တန်းပထမနှစ် ကျောင်းအပ်တုန်းက မင်း ဒီကောင်မလေးကို ကြိုက်နေပြီလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်းက သူနဲ့ ဘာမှမပတ်သက်သလို၊ တစ်နှစ်လောက် အတူတက်လာတာတောင် နာမည်မမှတ်မိဘူးဖြစ်နေတော့ ငါလည်း မဟုတ်ဘူးလို့ တွေးလိုက်တာ" ကျုံးခိုင်က ရယ်မောပြီး မေးလိုက်သည်။ "အခုကျမှ ဘာလို့ ရုတ်တရက် စိတ်ဝင်စားသွားရတာလဲ"

ချန်လော့ပိုင် သူ့စကားထဲမှ မမျှော်လင့်ထားသော အချက်တစ်ချက်ကို ဖမ်းမိလိုက်သည်။

"အထက်တန်းပထမနှစ် ကျောင်းအပ်တုန်းက ဟုတ်လား"

"မင်း မမှတ်မိတော့ဘူးလား" ကျုံးခိုင် အံ့ဩသွားသည်။ "အဲဒီနေ့က ဆရာကျန်းက ငါတို့ကို ပစ္စည်းကူသယ်ခိုင်းလို့ ငါ အပေါ်ထပ်ကနေ မင်းကို စောင့်နေတာလေ။ မင်း တက်မလာလို့ လှေကားနား သွားကြည့်တော့ မင်းက မိန်းကလေးတစ်ယောက်ကို ဖက်ထားတာ တွေ့လိုက်ရတယ်။ မင်းပြောတာတော့ သူ ချော်လဲမလို့မို့လို့ ဝင်ထိန်းပေးလိုက်တာဆို"

ချန်လော့ပိုင်၏ မှတ်ဉာဏ်ထဲတွင် စိုစွတ်သော မိုးရာသီနေ့တစ်နေ့ ပေါ်လာသည်။

ဆရာကျန်းသည် သူတို့၏ အလယ်တန်းပြ ဆရာမ၏ ခင်ပွန်းဖြစ်ပြီး အဲဒီနေ့က လမ်းကြုံတွေ့လို့ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

သူက အောက်ထပ်တွင် အခြားဆရာတစ်ယောက်နှင့် တွေ့နေ၍ အနည်းငယ် ကြာသွားသည်။ ကျုံးခိုင် စောင့်နေမှာစိုးလို့ အပေါ်ထပ်သို့ အပြေးတက်လာစဉ် မိန်းကလေးတစ်ယောက် ချော်လဲလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အခြေအနေက ကပ်နေပြီဖြစ်၍ သူ ဘာမှမစဉ်းစားနိုင်တော့ဘဲ လှမ်းထိန်းလိုက်မိသည်။ လျှပ်တစ်ပြက်အချိန်လေးအတွင်း သူ သတိမထားနိုင်လိုက်ဘဲ...

လက်မောင်းထဲတွင် သေးသွယ်နူးညံ့သော ခါးလေးတစ်ခါး ရောက်ရှိလာသည်။

မိန်းမပျိုလေး၏ သင်းပျံ့သော ကိုယ်သင်းနံ့လေးလည်း ရင်ခွင်ထဲ ပြည့်နှက်သွားသည်။

ချန်လော့ပိုင် အဲဒီအချိန်တုန်းက နေရခက်သလိုဖြစ်သွားပြီး လက်ကို ချက်ချင်းလွှတ်လိုက်သည်။ တစ်ဖက်လူ၏မျက်နှာကို သေချာကြည့်ဖို့လည်း မသင့်တော်ဘူးထင်၍ မကြည့်ခဲ့ပေ။ အဲဒီအချိန်မှာပဲ ကျုံးခိုင် အပေါ်ထပ်ကနေ လှမ်းကြည့်လိုက်သည်။

သူတစ်ယောက်တည်း ခံစားလိုက်ရတဲ့ နေရခက်မှုလေး ပျောက်ကွယ်သွားသည်။

လမ်းကြုံလို့ ကူညီလိုက်ရုံသက်သက်မို့လို့ ချန်လော့ပိုင် ဆက်မတွေးတော့သလို၊ ဆက်လည်း မကြည့်တော့ပေ။ ကျုံးခိုင်ကို ပြန်ပြောပြီးတာနဲ့ သုံးလွှာကို တန်းပြေးတက်သွားခဲ့သည်။

တကယ်ပဲ...

"သူလား" ချန်လော့ပိုင် အံ့ဩသွားပြီး အရှေ့တန်းသို့ အကြည့်ရောက်သွားသည်။

မိန်းကလေးက နေရာပြန်ထိုင်နေပြီဖြစ်သည်။ ကျောပေးထားပြီး ပခုံးကျော်ကျော် ဆံပင်တိုလေးများက မျက်နှာနှင့် လည်ပင်းကို ဖုံးကွယ်ထားသည်။ ကျောင်းဝတ်စုံပွပွအောက်တွင် ဖြူဝင်းသွယ်လျသော လက်မောင်းတစ်ဖက်သာ ပေါ်နေသည်။

"မင်း တကယ် မမှတ်မိတော့ဘူးလား" ကျုံးခိုင် စကားခေတ္တရပ်ပြီး တစ်ခုခုကို ပြန်သတိရသွားသည်။ "ဒါဆို ဘောလုံးကွင်းတုန်းက ကိစ္စရော မမှတ်မိတော့ဘူးလား"

ချန်လော့ပိုင် အကြည့်ပြန်ရုတ်လိုက်သည်။

"ဘာ ဘောလုံးကွင်းကိစ္စလဲ"

ကျုံးခိုင် - "အထက်တန်းပထမနှစ် ကျောင်းဖွင့်စတုန်းကပဲလေ။ သောကြာနေ့တစ်ရက် ငါတို့ ဘောလုံးကစားကြတော့ အတန်းမဆင်းခင် မင်းတို့ဆရာကောင်းက မင်းကို ခေါ်သွားတယ်လေ။ နောက်တော့ ထန်ကျန့်ရွေ့က ဘောလုံးပစ်တာ လွဲသွားပြီး ဘောလုံးက ကွင်းပြင်ရောက်သွားတယ်။ မိန်းကလေးတစ်ယောက်ကို ထိခါနီးဖြစ်သွားတုန်း မင်း ရောက်လာပြီး ဝင်ကာပေးလိုက်တယ်လေ"

ချန်လော့ပိုင် အဲဒီကိစ္စကို ရေးရေးလေး မှတ်မိသည်။

အဲဒီနေ့တုန်းက ထန်ကျန့်ရွေ့တို့က သူ့ကို ဒကာခံပေးကြသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူက လမ်းကြုံဝင်ကာပေးလိုက်ရုံပါပဲ။ ထန်ကျန့်ရွေ့နဲ့ သူက ရင်းနှီးတော့ ဝင်ကာပေးတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲလေ။ ကူညီတယ်လို့တောင် မခေါ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ထဲမထားခဲ့သလို၊ ဘေးက မိန်းကလေးကိုလည်း မကြည့်ခဲ့မိဘူး။ ပုသလား ရှည်သလားတောင် သတိမထားမိလိုက်ဘူး။

ချန်လော့ပိုင် အနည်းငယ် ကြောင်သွားသည်။

"အဲဒါလည်း သူပဲလား"

သူထင်ထားတာက ခေါင်မိုးထပ်မှာ သူမငိုနေတာကို မတွေ့ခင်အထိ အင်္ဂလိပ်စာဆရာမက သူမကို ရုံးခန်းခေါ်ခိုင်းတုန်းကလွဲပြီး တခြား ဘာပတ်သက်မှုမှ မရှိခဲ့ဘူးလို့ ထင်ထားတာ။

"အထက်တန်းပထမနှစ် ပထမစာသင်ဝက်တုန်းက အဲဒီကောင်မလေး အင်္ဂလိပ်စာမှာ မင်းကိုကျော်သွားလို့ ငါ ပြောပြဖူးသေးတယ်လေ။ မင်းအဲဒီတုန်းက နာမည်တောင် သေချာမမှတ်မိဘူး" ကျုံးခိုင်က အချိုရည်ဘူးကို ညှစ်လိုက်ပြီး ရယ်မောကာ ပြောသည်။ "အခုကျမှ မင်း ရုတ်တရက် စိတ်ဝင်စားလာတယ်ဆိုတော့ ငါ မစပ်စုဘဲ နေနိုင်ပါ့မလား"

ချန်လော့ပိုင်က အရင်တုန်းက အတန်းထဲက မိန်းကလေးတွေကို သိပ်သတိမထားခဲ့ပေ။

တစ်ချက်က တကယ် စိတ်မဝင်စားလို့၊ နှစ်ချက်က သတိထားမိရင် ပြဿနာတက်လာနိုင်လို့။

ဒါပေမဲ့ ဒီနေ့ သူခန့်မှန်းထားတဲ့အတိုင်း "ပြဿနာ" တက်လာတဲ့အချိန်မှာတော့ သူထင်ထားသလောက် စိတ်အနှောင့်အယှက် မဖြစ်မိသလို ခံစားလိုက်ရသည်။

"တကယ်တော့ ဘာဖြစ်တာလဲ" ကျုံးခိုင် ထပ်မေးလိုက်သည်။

ဘာဖြစ်တာလဲ...

ချန်လော့ပိုင် ပြန်စဉ်းစားကြည့်လိုက်သည်။

ဒါပေမဲ့ ညနေက သူ သွားစကားပြောတုန်းက တကယ် ဘာမှမတွေးခဲ့ပါဘူး။

"အရင်တုန်းက မတော်တဆ ပတ်သက်မှုလေးတွေရှိခဲ့ဖူးပြီး သူမရဲ့ တုံ့ပြန်ပုံလေးတွေက ရယ်စရာကောင်းလို့ ဒီနေ့ စလိုက်တာပါ။ တကယ် ဘာမှမရှိပါဘူး"

"ဘာမှမရှိဘဲနဲ့ စလိုက်တယ်ပေါ့။ တစ်ခုခုဖြစ်လာရင် မလွယ်ဘူးနော်" ကျုံးခိုင်က သူ့တံတောင်ဆစ်ကို တွန်းလိုက်သည်။ "အကူအညီလိုလား"

"ဘာကူညီရမှာလဲ" ချန်လော့ပိုင်က ကိုလာဘူးကို ကိုင်ထားရင်း ရယ်မောလိုက်သည်။ "မင်းတို့ကောင်တွေက ငါ့ထက်တောင် ပိုတွေးနေကြတယ်"

ကျုံးခိုင်က သူ့မျက်လုံးထဲမှ အရယ်အပြုံးများကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီး ပြောလိုက်သည်။

"ဒါဆို ငါ့ကို တစ်ခု ကူညီပေးပါ"

ချန်လော့ပိုင် - "ဘာကူညီရမှာလဲ"

ကျုံးခိုင် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။ လက်ချောင်းများက အချိုရည်ဘူးကို အမှတ်တမဲ့ ညှစ်လိုက်မိသည်။

"ရည်းစားစာ တစ်စောင် ကူရေးပေး၊ ငါ့လက်ရေး ဘယ်လောက်ဆိုးလဲ မင်းသိတယ်မလား"

"ရည်းစားစာ ရေးပေးရမယ်..." ချန်လော့ပိုင် အံ့ဩသွားသည်။ "ဘယ်သူ့ကို ပေးမလို့လဲ"

ငါ့ကို ယင်းယီကျန်းဆီ ရည်းစားစာ ရေးပေးခိုင်းတာတော့ မဟုတ်ပါဘူးနော်။

ညှစ်ထားသော အချိုရည်ဘူးမှ ချွန်ထက်နေသော အစွန်းလေးတစ်ခု ပေါ်လာသည်။ လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်သောအခါ အနည်းငယ် စူးရှနာကျင်မှုကို ခံစားလိုက်ရသည်။ ကျုံးခိုင် မျက်လွှာချလိုက်သည်။

"တခြားအခန်းက ကောင်မလေးတစ်ယောက်"

ချန်လော့ပိုင် ခဏစဉ်းစားပြီး သတိပေးလိုက်သည်။

"မင်းနဲ့ ယင်းယီကျန်း ဇာတ်လမ်းမပြတ်သေးရင် တခြားမိန်းကလေးတွေကို သွားမရှုပ်နဲ့ဦး"

ကျုံးခိုင်က ချွန်ထက်နေသော နေရာလေးကို ပွတ်သပ်လိုက်သည်။

"ပြတ်ခါနီးပါပြီ... ကူညီမှာလား"

ချန်လော့ပိုင် မငြင်းတော့ပေ။

"ကောင်းပြီလေ... စာရွက်ပေး"

ကျုံးခိုင်က သူ့စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး စာရွက်တစ်ရွက် ဆွဲဖြဲကာ သူ့ရှေ့ချပေးလိုက်သည်။

"ဒီပေါ်မှာပဲ ရေးလိုက်"

ချန်လော့ပိုင် ရယ်ချင်သွားသည်။

"မင်းက မိန်းကလေးကို ရည်းစားစာပေးမှာကို ငါ့စာအုပ်ထဲက စာရွက်ပဲ ဖြဲယူလိုက်တာလား"

"ဒီစိတ်ကူး ကုန်သွားရင် ငါ နောင်တရသွားမှာ စိုးလို့" ကျုံးခိုင်က ပြောသည်။

"ကောင်းပြီလေ" ချန်လော့ပိုင် စားပွဲပေါ်မှ ဘောပင်ကို ကောက်ယူပြီး လှည့်လိုက်သည်။ "နာမည်က ဘယ်သူလဲ"

ကျုံးခိုင် - "မသိဘူး"

"နာမည်တောင် မသိဘဲ ရည်းစားစာရေးပေးမလို့လား" ချန်လော့ပိုင်က သူ့ကို ပြောစရာစကားမဲ့နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

ကျုံးခိုင် - "မင်းကရော နာမည် အခုမှမှတ်မိပြီး အချိုရည် ဝယ်တိုက်တာပဲ မဟုတ်ဘူးလား"

"ငါ့ဆီ ဘာလို့ ပြန်ဆွဲထည့်နေတာလဲ" ချန်လော့ပိုင် ဘောပင်လှည့်တာ ရပ်လိုက်သည်။ "ဘာရေးချင်လဲ"

"ရေးလိုက်..." ကျုံးခိုင် လက်ချောင်းက အချိုရည်ဘူးပေါ်မှ ချွန်ထက်သောနေရာကို ထပ်ပွတ်လိုက်ပြန်သည်။ "အဲဒီနေ့က ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါ သိပ်သဘောကျတယ်၊ နင့်ကိုလည်း သိပ်သဘောကျတယ်လို့ ရေးလိုက်"

ချန်လော့ပိုင် ခေါင်းငုံ့ပြီး ရေးလိုက်သည်။ ခဏစောင့်သော်လည်း ဆက်မပြောသဖြင့် မေးလိုက်သည်။

"ပြီးရင်ရော"

"ဒါပဲ"

ချန်လော့ပိုင် - "......"

သူ ခေါင်းပြန်မော့လာသည်။

"ရည်းစားစာပေးတာ ဒီလောက်ပဲလား။ ဒါကို ရည်းစားစာလို့ ခေါ်ရက်တယ်နော်"

ကျုံးခိုင် လက်ချောင်းက မတော်တဆ အားပါသွားသဖြင့် စူးရှနာကျင်မှု ပိုသိသာလာသည်။ သူ လက်ဖယ်လိုက်သည်။

"ငါ စာစီစာကုံးညံ့တာ မင်းလည်း သိသားနဲ့"

"ဒီလောက်နဲ့ လိုက်လို့ရရင် အဲဒီကောင်မလေးက မင်းရဲ့ ဖူးစာရှင်ပဲ ဖြစ်မယ်" ချန်လော့ပိုင် ရယ်လိုက်သည်။ "မင်းနာမည်တော့ ရေးရမယ်လေ၊ မဟုတ်ရင် သူများ အထင်လွဲကုန်မယ်"

ကျုံးခိုင် စာရွက်ကို ကြည့်လိုက်သည်။

"ရေးလိုက်ပါ"

ချန်လော့ပိုင် စာကြောင်းအနည်းငယ်ခြားပြီး အောက်ခြေ ညာဘက်ထောင့်တွင် "ကျုံးခိုင်" ဟု ရေးလိုက်သည်။ စာရွက်ကို လက်ချောင်းဖြင့်ညှပ်ပြီး ဘေးသို့ ကမ်းပေးလိုက်သည်။

စာရွက်က လေထဲတွင် ယိမ်းခါနေသော်လည်း လှမ်းယူမည့်သူ မရှိပေ။

ချန်လော့ပိုင် ဘေးမှလူကို လှည့်ကြည့်လိုက်သည်။

"ဘာကြောင်နေတာလဲ၊ မလိုချင်တော့ဘူးလား"

"ဘာမှမဟုတ်ပါဘူး" ကျုံးခိုင် စာရွက်ကို လှမ်းယူလိုက်သည်။

....

အဲဒီ ကိုလာဘူးကို ကျိုးအန်းရန် ညနေပိုင်းတွင် မသောက်ရက်ပေ။

ညပိုင်း စာလေ့လာချိန် ပြီးဆုံးသောအခါ ကိုယ်ကိုစောင်းကာ စားပွဲကို ကွယ်ထားပြီး စားပွဲအံဆွဲထဲမှ ကိုလာဘူးကို တိတ်တဆိတ် ထုတ်ယူကာ လွယ်အိတ်ထဲ ထည့်လိုက်သည်။

ဒါပေမဲ့ ဒီလိုအသေးအဖွဲ လှုပ်ရှားမှုလေးက အတန်းဖော်ရဲ့ မျက်လုံးအောက်ကနေ မလွတ်ကင်းနိုင်ပါဘူး။

"အိမ်ပြန်ယူသွားမလို့လား" ကျန်းရူရှန်းက ရုတ်တရက် မေးလိုက်သည်။

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ကျန်းရူရှန်း၏အသံက မကျယ်ပါဘူး။ သူ မကြားလောက်ပါဘူးနော်။

ညနေတုန်းက သူနဲ့ ကျုံးခိုင် အနောက်မှာ စကားပြောနေတာ ကြာကြီးပဲ၊ သူမ တစ်ခွန်းမှ မကြားရပါဘူး။

ပြီးတော့ ကျန်းရူရှန်းက သူမ ဘာသယ်သွားလဲဆိုတာ တိတိကျကျ မပြောခဲ့ဘူးလေ။ သူ ကြားသွားရင်တောင် ကိစ္စမရှိလောက်ပါဘူး။

ကျိုးအန်းရန် ရင်ခုန်သံများ ပြန်လည်ငြိမ်သက်သွားပြီး ကိုလာဘူးကို လွယ်အိတ်ထဲ အမြန်ထည့်လိုက်သည်။

"မအေးတော့လို့၊ အိမ်ပြန်ရောက်ရင် ရေခဲသေတ္တာထဲ ထည့်ပြီး အေးအောင် လုပ်လိုက်မလို့"

"ဟုတ်သားပဲ... ကိုလာက မအေးရင် အရသာမရှိဘူး" ကျန်းရူရှန်း လွယ်အိတ်လွယ်လိုက်သည်။ "ဒါဆို ငါ အပြင်ထွက်ပြီး ရှောင်ဝမ်ကို သွားစောင့်လိုက်ဦးမယ်။ နင် ရှင်းရှင်းကို ပြောလိုက်ဦးနော်၊ ငါတို့ မနက်ဖြန်နေ့လည် ဟော့ပေါ့ သွားစားကြမယ်လို့"

မနက်ဖြန်က ကျန်းရူရှန်း မွေးနေ့ဖြစ်သည်။ လွန်ခဲ့သောရက်များကတည်းက ထမင်းလိုက်ကျွေးမည်ဟု ပြောထားသော်လည်း ဟော့ပေါ့စားမလား၊ မြေအိုးမြီးရှည်စားမလား မဆုံးဖြတ်နိုင် ဖြစ်နေခဲ့သည်။

ဒီည စာလေ့လာချိန် ပြီးခါနီးမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်ပြီး သူမကို နေရာဖယ်ပေးလိုက်သည်။

ဘေးတိုက်လှည့်လိုက်စဉ် ဒုတိယတန်း၊ တတိယခုံတွင် ထိုင်နေသော လိုယိချီက ဒီဘက်သို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်း ပြန်လှည့်သွားသည်ကို တွေ့လိုက်ရသည်။

ကျိုးအန်းရန် သူမ ထင်ယောင်ထင်မှားဖြစ်နေတာလား မသေချာသဖြင့် ဘာမှမပြောတော့ပေ။ လွယ်အိတ်ဇစ်ဆွဲပြီး မတ်တတ်ရပ်လိုက်ချိန်တွင် အနောက်သို့ လှည့်မကြည့်ရဲတော့ပေ။

ညနေက ကျန်းရူရှန်းနှင့် အရှေ့ပေါက်မှ ဝင်လာစဉ် သူ့နေရာကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ သူနှင့် မျက်လုံးချင်း ဆုံမိမလို ဖြစ်သွားခဲ့သည်။

ညနေက ကောင်လေးသည် ကိုလာဘူးကိုကိုင်ပြီး သူမကို ကြည့်နေသော ပုံစံကို ပြန်မြင်ယောင်မိပြီး ကျိုးအန်းရန် ရင်ခုန်သံများ မြန်ဆန်လာပြန်သည်။

ကံဆိုးသည်မှာ လက်ရှိစာသင်ခန်းသည် အရှေ့ပေါက်နှင့် ပိုနီးသဖြင့် အထက်တန်းပထမနှစ်တုန်းကလို အနောက်ပေါက်မှ ဝင်ထွက်ရန် အကြောင်းပြချက် မရှိတော့ပေ။

သူ ပြန်သွားပြီလား မသိဘူး။

ကျိုးအန်းရန် လွယ်အိတ်လွယ်ပြီး လှေကားထိပ်သို့ သွားလိုက်သည်။

မကြာမီ ယန်ရှင်းချန် အပေါ်ထပ်မှ ပြေးဆင်းလာပြီး သူမလက်မောင်းကို ချိတ်လိုက်သည်။

"သွားစို့"

ကျိုးအန်းရန်က ကျန်းရူရှန်း ဟော့ပေါ့စားရန် ဆုံးဖြတ်လိုက်သည့်အကြောင်း ပြောပြလိုက်သည်။

"ဝေး... ပျော်စရာကြီး" ယန်ရှင်းချန်က တက်ကြွစွာ ပြောလိုက်သည်။

ကျိုးအန်းရန်လည်း သူမ၏ ပျော်ရွှင်မှု ကူးစက်ခံလိုက်ရပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။

"နင် ဟော့ပေါ့စားချင်နေမှန်း သိသားပဲ"

ယန်ရှင်းချန်က ရယ်မောလိုက်သည်။

"တကယ်တော့ မြေအိုးမြီးရှည်လည်း စားချင်တာပဲ၊ ငါတို့သုံးယောက်ပေါင်းပြီး မနက်ဖြန်ညနေကျရင် ရူရှန်းကို မြေအိုးမြီးရှည် လိုက်ကျွေးရင် ကောင်းမလား"

"ကောင်းတာပေါ့၊ ငါက အဆင်ပြေတယ်" ကျိုးအန်းရန် သဘောတူလိုက်သည်။ "နင် မနက်ဖြန် ရှောင်ဝမ်ကို မေးကြည့်လိုက်ဦး"

ယန်ရှင်းချန် ခေါင်းညိတ်လိုက်သည်။

"မနက်ဖြန် ကျောင်းရောက်တာနဲ့ မေးလိုက်မယ်။ ရူရှန်းကိုတော့ မပြောနဲ့ဦးနော်၊ သူ့ကို အံ့ဩသွားအောင် လုပ်မလို့"

.....

စာသင်ဆောင်အပြင် ရောက်သောအခါ ကျိုးအန်းရန်သည် ချန်လော့ပိုင် သူတို့ရှေ့ မလှမ်းမကမ်းတွင် လျှောက်သွားနေသည်ကို မတော်တဆ တွေ့လိုက်ရသည်။

ဘေးနားတွင် ကျုရန်၊ ထန်ကျန့်ရွေ့တို့ လူအုပ်ကြီး ဝိုင်းနေဆဲပင်။ သူ့ဘေးမှ လျှောက်လာသော ကျုရန်က ဘာပြောလိုက်သည်မသိ၊ ကောင်လေးက ခေါင်းငဲ့ပြီး ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။

ကျိုးအန်းရန်သည် လွယ်အိတ်လွယ်လျက် သူ့အနောက်မှ လျှောက်လိုက်လာသည်။ အိတ်ထဲမှ ကိုလာဘူးသည်လည်း သူမရင်ထဲတွင် တလှုပ်လှုပ် ဖြစ်နေသကဲ့သို့ ခံစားနေရသည်။

ပူဖောင်းလေးများ တရစပ် ပေါက်ကွဲနေပြီး ငြိမ်သက်ဖို့ ခက်ခဲနေသည်။

ညနေကစပြီး အခုထိ အိပ်မက်မက်နေသလို ခံစားနေရတုန်းပဲ။

....

အိမ်ရောက်သောအခါ ကျိုးအန်းရန် လွယ်အိတ်ထဲမှ ကိုလာဘူးကို ထုတ်ပြီး စာကြည့်စားပွဲပေါ် တင်လိုက်သည်။

မနှစ်က သူ ယန်ရှင်းချန်ကို ပေးလိုက်သော မုန့်ထုပ်ထဲမှ မုန့်များမှာ သက်တမ်းမကြာသဖြင့် သူ ကိုယ်တိုင်ရွေးတာ ဟုတ်မဟုတ် မသိရသော်လည်း ကြိုက်တာရော မကြိုက်တာရော သူမ အကုန်စားပစ်လိုက်သည်။

အိတ်ခွံတွေတော့ သိမ်းမထားလိုက်ရဘူး။

မေမေဟယ်က အရာအားလုံး ကောင်းမွန်သော်လည်း တခြားမိဘများကဲ့သို့ပင် အိမ်ထဲတွင်၊ အထူးသဖြင့် ကိုယ့်သားသမီးအပေါ်တွင် စည်းခြားထားဖို့ မလိုဘူးဟု ခံစားနေပုံရသည်။

သူမအခန်းထဲ မကြာခဏ ဝင်ထွက်တတ်သည်။ သို့သော် သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို စစ်ဆေးရန် မဟုတ်ဘဲ အခန်းရှင်းပေးရန်သာဖြစ်သည်။

အဲဒီအိတ်ခွံတွေကို သိမ်းထားရင် မေမေဟယ် လွှင့်ပစ်လိုက်မှာ သေချာတယ်။

ဒါကြောင့် သကြားလုံးစက္ကူ အနည်းငယ်လောက်ပဲ ချန်ထားပြီး ပန်းခေါက်ကာ ပုလင်းထဲ ထည့်ထားလိုက်ရတာ။

ဒါပေမဲ့ ဒီနေ့ရတဲ့ ကိုလာဘူးက သူကိုယ်တိုင် သူမကို ပေးခဲ့တာလေ။

ကျိုးအန်းရန် မသောက်ရက်ဘူး။

မသောက်ဘဲလည်း မနေရက်ဘူး။

ညနေကတည်းက တွေဝေနေခဲ့တာ အခုထိ မဆုံးဖြတ်နိုင်သေးဘဲ ဟိုဘက်ဒီဘက် ယိမ်းယိုင်နေတုန်းပဲ။

ကျိုးအန်းရန် သက်ပြင်းချလိုက်ပြီး ကိုလာဘူးကို အံဆွဲထဲ ထည့်သိမ်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် အချိန်ရှိပါသေးတယ်၊ ဖြည်းဖြည်းချင်း တွေဝေနေလိုက်ဦးမယ်။

...

နောက်တစ်နေ့တွင် ကျိုးအန်းရန် အခန်းထဲ စောစောရောက်နေသည်။

အရှေ့ပေါက်မှ ဝင်လာစဉ် အနောက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

သူ မလာသေးဘူး။

ကျန်းရူရှန်းလည်း မလာသေးဘူး။

ကျိုးအန်းရန် နေရာတွင်ဝင်ထိုင်ပြီး တရုတ်စာဖတ်ရန် ပြင်လိုက်စဉ် စားပွဲပေါ်သို့ လက်ဆောင်ဘူးငယ်လေးတစ်ဘူး ရောက်လာသည်။

မော့ကြည့်လိုက်ရာ လိုယိချီ သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဒါ သူ့ကို ပေးပေးပါ" လိုယိချီ၏ လေသံက အနည်းငယ် မာကျောနေသည်။ "မနှစ်က ပြောထားတယ်လေ၊ ဒီနှစ်လည်း သူ့ကို လက်ဆောင်ပေးမယ်လို့"

ကျိုးအန်းရန် မေးလိုက်သည်။

"နင် ဘာလို့ ကိုယ်တိုင် မပေးတာလဲ"

လိုယိချီ မျက်နှာပျက်သွားပြီး လက်ဆောင်ဘူးကို ပြန်ဆွဲယူလိုက်သည်။

"မကူညီချင်ရင်လည်း နေ"

ကျိုးအန်းရန်က လက်ဆောင်ဆိုတာ ကိုယ်တိုင်ပေးတာ ပိုသင့်တော်တယ်လို့ ထင်ပေမယ့် လိုယိချီနဲ့ သိပ်မရင်းနှီးတာမို့ ဆက်မရှင်းပြတော့ပါဘူး။

သို့သော် ကျန်းရူရှန်း ရောက်လာသောအခါ သူမ တိုးတိုးလေး ပြောပြလိုက်သည်။

ကျန်းရူရှန်း လွယ်အိတ်ချလိုက်ပြီး လိုယိချီ၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။

"ထားလိုက်ပါ၊ သူ့ကို ဂရုမစိုက်နဲ့။ သူက တစ်ခါတလေ အရမ်း ရှေ့နောက်မညီဘူး။ သူ ပေးချင်ရင် နောက်မှ ငါ လက်ဆောင်ပြန်ပေးလိုက်မယ်။ မပေးဘူးဆိုရင်လည်း မရှိဘူးလို့ပဲ သဘောထားလိုက်မယ်"

ကျိုးအန်းရန်သည် မနေ့ညက လိုယိချီ လှမ်းကြည့်လိုက်သည်ကို သတိရသွားပြီး ထပ်မေးလိုက်သည်။

"ဒါဆို နေ့လည် ထမင်းစားရင် သူ့ကို ခေါ်လိုက်မလား"

ကျန်းရူရှန်း တိတ်ဆိတ်သွားသည်။

"မခေါ်ပါနဲ့တော့ဟာ။ သူငယ်ချင်းဆိုရင်တောင် ကိုယ်က ပြဿနာတက်မှ သတိရတဲ့လူ ဖြစ်ချင်မှာ မဟုတ်ဘူး။ နင်နဲ့ ရှင်းရှင်းက ငယ်ငယ်ကတည်းက ပေါင်းလာတာဆိုတော့ ငါနဲ့ ရှောင်ဝမ်နဲ့ ထမင်းအတူမစားဖြစ်ရင်တောင် ငါတို့ကို ကြိုပြောတတ်ကြသေးတာပဲ။ ပြီးတော့ သူက နင်တို့နဲ့လည်း မရင်းနှီးဘူးဆိုတော့ ပါလာရင် အားလုံး နေရခက်ကုန်လိမ့်မယ်"

ကျိုးအန်းရန် ဆက်မပြောတော့ဘဲ လွယ်အိတ်ထဲမှ သူမပြင်ဆင်ထားသော လက်ဆောင်ကို ထုတ်ပေးလိုက်သည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ"

ကျန်းရူရှန်း ဝမ်းသာအားရ ယူလိုက်သည်။

"အခု ဖွင့်ကြည့်လို့ရလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့"

သူမ ရွေးထားသည်မှာ လက်ကောက်လေးတစ်ကွင်း ဖြစ်သည်။

ကျန်းရူရှန်း သဘောကျပုံရသည်။ ချက်ချင်း ဝတ်ဆင်လိုက်ပြီး သူမလက်မောင်းကို ဖက်လိုက်သည်။

"ဝူး... ဝူး... ဝူး... အရမ်းလှတာပဲ၊ ရန်ရန်... နင်က အရမ်းကောင်းတာပဲ။ နင်နဲ့ပဲ တစ်ချိန်လုံး အတူထိုင်ချင်တော့တယ်။ ငါ့အမေကို ရှင်းရှင်းအမေလိုပဲ ဆရာကောင်းဆီသွားပြီး ငါတို့နေရာ မပြောင်းပါနဲ့၊ ငါ နင့်ဆီက အင်္ဂလိပ်စာ သင်ယူချင်လို့ပါဆိုပြီး ပြောခိုင်းရင် ဆရာ လက်ခံမလားဟင်"

"လက်ခံလောက်ပါတယ်" ကျိုးအန်းရန်လည်း မသေချာပေ။

ကျန်းရူရှန်း အနောက်သို့ လှမ်းကြည့်လိုက်သည်။

"လက်ခံမှာပါ၊ ချန်လော့ပိုင်နဲ့ ကျုရန်ဆို သုံးနှစ်လုံးလုံး နေရာမပြောင်းရဘူးလေ၊ သေချာပေါက် ဆရာကောင်းကို ပြောထားလို့ နေမှာ။ ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံးတန်းနေရာကို ဘယ်သူမှလည်း လုမှာ မဟုတ်ပါဘူး"

သူ့နာမည် ကြားလိုက်ရုံနှင့် ကျိုးအန်းရန် ရင်ခုန်သံများ အလိုအလျောက် မြန်ဆန်လာသည်။

တစ်ညတာ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း မနေ့ညနေက လေပေါ်ဝဲနေသလို ခံစားချက်မျိုးက လျော့မသွားသေးပေ။

အိပ်မက်လှလှ မက်နေသလို ခံစားနေရတုန်းပဲ။

အရင်တုန်းက သူမ ထင်ထားတာ ဒီစာသင်နှစ်မှာ သူစိမ်းဆန်ဆန် အတန်းဖော်အဆင့်ကနေ နည်းနည်းလေး ပိုရင်းနှီးလာမယ်လို့ပဲ ထင်ထားတာ။ သူက ရုတ်တရက် အချိုရည်ဝယ်တိုက်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။

ဒါပေမဲ့ အိပ်မက်လှလှတွေက ကျိုးပဲ့လွယ်တယ် ထင်ပါတယ်။

နောက်ပိုင်း ကျိုးအန်းရန် ဒီနေ့အကြောင်း ပြန်စဉ်းစားမိတိုင်း ရာသီဥတု အလွန်အမင်း အိုက်စပ်နေသည်ကိုသာ မှတ်မိတော့သည်။ မိုးတိမ်တိုက်မည်းကြီးများ ကောင်းကင်ပေါ်တွင် အုပ်ဆိုင်းနေပြီး နေရောင်ခြည် မဝင်ရောက်နိုင်ပေ။ မိုးကအုံ့နေသော်လည်း မရွာနိုင်သဖြင့် လူကို အသက်ရှူကျပ်မတတ် မွန်းကျပ်စေသည်။

ဘာသာရပ်ဆရာအသီးသီးကလည်း တိုင်ပင်ထားသကဲ့သို့ အတန်းချိန် ကျော်သင်နေကြသဖြင့် မူလကတည်းက နည်းပါးလှသော နားချိန်လေးများ ပိုနည်းသွားသည်။

သူ့ကို သေချာကြည့်ဖို့ အခွင့်အရေးတောင် မရလိုက်ပါဘူး။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၂၇ ။ လီမွန် : သူက ငါ့ကို ဘယ်လိုလုပ် ကြိုက်နိုင်မှာလဲ

ထိုနေ့နံနက်ပိုင်း နောက်ဆုံးအတန်းချိန်မှာ ကောင်းကောဟွာ၏ သင်္ချာအတန်းချိန် ဖြစ်သည်။

ရှေ့မှဘာသာရပ် ဆရာများ တစ်ယောက်ပြီးတစ်ယောက် အချိန်ပို သင်သွားပြီးနောက်၊ ကောင်းကောဟွာသည်လည်း "အားလုံး၏ မျှော်လင့်ချက်ကို မစွန့်ပစ်ဘဲ" အချိန်ပို ဆက်သင်လေတော့သည်။

ဟော့ပေါ့စားရန် အချိန်လိုသည်။ ကျောင်းနှင့်နီးသော ဟော့ပေါ့ဆိုင်ဖြစ်သော်လည်း အသွားအပြန် လမ်းလျှောက်ချိန်ပါ ထည့်တွက်ရမည်ဖြစ်သည်။ ကျန်းရူရှန်းက အလောကြီးနေသော်လည်း စင်မြင့်ပေါ်မှ ကောင်းကောဟွာကတော့ အေးအေးဆေးဆေး စာသင်နေဆဲဖြစ်သည်။

ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့သည် ခြောက်လွှာမှ စောစောဆင်းလာပြီး ပြတင်းပေါက်အပြင်ဘက်တွင် ရပ်စောင့်နေကြသည်။

ကြာကြာစောင့်ရသဖြင့် ပျင်းလာပုံရသည်။ ကျိုးအန်းရန် လှမ်းကြည့်လိုက်သောအခါ သူမကို မျက်နှာပြောင်ပြကြလေသည်။

ကျိုးအန်းရန် ပြုံးလိုက်မိသည်။ မျက်လုံးထောင့်မှနေ၍ ကောင်းကောဟွာ လှည့်ကြည့်တော့မည့် အရိပ်အယောင် မြင်လိုက်ရသဖြင့် အပြုံးကို ချက်ချင်း ပြန်သိမ်းကာ စာကို အာရုံစိုက်လိုက်သည်။

အပြင်မှ နှစ်ယောက်၏ လှုပ်ရှားမှုများက ပိုပိုကြီးမားလာသည်။

သူတို့နှစ်ယောက်သည် မူလက အခန်း (၂) မှ ပြောင်းသွားသူများဖြစ်ကြသဖြင့် အခန်းထဲမှ လူတိုင်းနီးပါး ရင်းနှီးကြသည်။ အချို့က သူတို့ကိုကြည့်ပြီး ရယ်မောကုန်ကြသည်။

ကောင်းကောဟွာ သတိထားမိသွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့သည် တစ်ယောက်က ကောင်းကင်ကိုမော့ကြည့်၊ တစ်ယောက်က ကြမ်းပြင်ကိုငုံ့ကြည့်ကာ လိမ္မာရေးခြားရှိစွာ စောင့်နေသူများအဖြစ် ဟန်ဆောင်လိုက်ကြသည်။

ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာပြီးမှ ကောင်းကောဟွာ အတန်းလွှတ်လိုက်သည်။

ကျိုးအန်းရန်တစ်ယောက် ကျန်းရူရှန်း၏ အတင်းဆွဲခေါ်မှုကြောင့် အပြင်သို့ အမြန်ပြေးလိုက်ရသဖြင့် အနောက်သို့ လှည့်ကြည့်ဖို့ပင် အခွင့်အရေး မရလိုက်ပေ။

အခန်းပြင်ရောက်သောအခါ ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့ ကောင်းကောဟွာကို နှုတ်ဆက်နေကြသည်ကို တွေ့လိုက်ရသည်။

ကောင်းကောဟွာက သင်ရိုးညွှန်းတမ်းစာအုပ်ကို ပိုက်ထားပြီး သတိပေးသလို လေသံဖြင့် ပြုံး၍ ပြောလိုက်သည်။

"နောက်တစ်ခါ လူလာစောင့်ချင်ရင် စောင့်ပါ၊ ဒါပေမဲ့ စာသင်နေတဲ့ အတန်းဖော်တွေကိုတော့ မနှောင့်ယှက်ရဘူး"

ရှန့်ရှောင်ဝမ်က သတ္တိကောင်းသူမို့ ဆရာ့ကို မကြောက်ပေ။

"ကျွန်မတို့က အတန်းဆင်းမှ လာတာပါ ဆရာ၊ ဆရာသာ အချိန်ပို မသင်ရင် ကျွန်မတို့လည်း အတန်းဖော်တွေကို နှောင့်ယှက်စရာ အကြောင်းမရှိပါဘူး"

ကောင်းကောဟွာက တမင်မျက်နှာထား တင်းလိုက်သည်။

"အတန်းပိုင်ဆရာ မဟုတ်တော့တာနဲ့ ငါက နင်တို့ကို မထိန်းချုပ်နိုင်တော့ဘူးလို့ ထင်နေတာလား"

"ဘယ်ဟုတ်ပါ့မလဲ ဆရာရယ်" ရှန့်ရှောင်ဝမ်နှင့် ယန်ရှင်းချန်တို့ ပြိုင်တူ ခေါင်းခါပြလိုက်ကြသည်။

ကောင်းကောဟွာက ဝိဇ္ဇာအတန်းမှ သူတို့၏အခြေအနေများကို အနည်းငယ် မေးမြန်းပြီးနောက် ထွက်ခွာသွားသည်။

ဆရာထွက်သွားမှ ကျန်းရူရှန်းက အလောတကြီး တိုက်တွန်းလေသည်။

"မြန်မြန်... မြန်မြန်... မဟုတ်ရင် စားဖို့ အချိန်မလောက်တော့ဘူး"

ကျန်းရူရှန်းက နေရာကြိုချိန်းထားပြီးဖြစ်သည်။

လေးယောက်သား ဆိုင်ရောက်သောအခါ စားပွဲထိုးက နေရာချပေးပြီး မှာယူမှု စတင်ကြသည်။

အချိုရည်မှာသောအခါ ရှန့်ရှောင်ဝမ်က တစ်ခုခုကို သတိရသွားသကဲ့သို့ မော့ကြည့်လိုက်သည်။

"ဒါနဲ့ ရန်ရန်... မနေ့က ချန်လော့ပိုင် နင့်ကို အချိုရည်ဝယ်တိုက်တယ်ဆိုတာ ဟုတ်လား"

ရှန့်ရှောင်ဝမ် မနေ့ညက ကိစ္စရှိ၍ သူတို့နှင့် ညစာ အတူမစားဖြစ်ခဲ့ပေ။

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ မက်မန်းသီးဖျော်ရည်ခွက်ကို ကိုင်ထားသော လက်ချောင်းလေးများ တွန့်ကွေးသွားသည်။

"ဟုတ်တယ်... ကြုံလို့ ဝယ်တိုက်တာပါ"

"ချန်လော့ပိုင်လို မောက်မာတဲ့ လူတစ်ယောက်က တစ်ဖက်သတ်ကြိုက်တာမျိုး လုပ်မယ့်ပုံစံ မဟုတ်လို့သာ၊ ပြီးတော့ နင်နဲ့ စကားနှစ်ခွန်းတောင် မပြောဖူးဘူးဆိုတော့ တခြားအဓိပ္ပာယ် မရှိဘူးဆိုတာ သိသာနေတာပဲ။ မဟုတ်ရင် ငါ သံသယဝင်မိဦးမှာ။ ဒါပေမဲ့ သူက ဒကာခံရတာ ကြိုက်တယ်ဆိုတာတော့ ဟုတ်ပုံရတယ်" ရှန့်ရှောင်ဝမ် ပြောပြီးနောက် မီနူးကို ပြန်ငုံ့ကြည့်လိုက်သည်။ "မက်မန်းသီးဖျော်ရည် သောက်ကြမလား"

ကျန်းရူရှန်း - "ငါ OK"

ယန်ရှင်းချန် - "ငါလည်း OK"

ကျိုးအန်းရန် တိုးတိုးလေး ပြောလိုက်သည်။

"ငါလည်း အဆင်ပြေပါတယ်"

စောစောက ခေါင်းစဉ်ကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်လိုက်ကြသည်။

မနေ့က ထန်ကျန့်ရွေ့တို့ စနောက်ကြတာကလွဲရင် အတန်းထဲ ပြန်ရောက်တဲ့အခါ ဘယ်သူမှ ဒီအကြောင်း ထပ်မပြောကြတော့ဘူး။

သူမသူငယ်ချင်းတွေတောင် ဒါက မဖြစ်နိုင်တဲ့ကိစ္စလို့ ထင်နေကြတာပဲ။

ကျိုးအန်းရန် မျက်လွှာချပြီး သံပုရာရည်ကို တစ်ငုံသောက်လိုက်သည်။ အနည်းငယ် ချဉ်စုတ်စုတ် အရသာလေးကို ခံစားလိုက်ရသည်။

ဒါကြောင့် နင်လည်း လျှောက်မတွေးနဲ့တော့။

သူက တကယ်ပဲ ကြုံလို့ လုပ်လိုက်တာပါ။

ကျိုးအန်းရန် ကိုယ့်စိတ်ကို ပြန်ဖြေသိမ့်လိုက်သည်။

လေအေးပေးစက်ဖွင့်ထားသော ဆိုင်ထဲတွင် အချိန်ကို တွက်ချက်ကာ ဟော့ပေါ့စားပြီးနောက် လေးယောက်သား ကျောင်းသို့ အမြန်ပြန်လာကြသည်။ စာသင်ချိန်စရန် ကြိုတင်သတိပေး ခေါင်းလောင်းထိုးချိန်တွင် အခန်းထဲ အချိန်မီ ရောက်လာကြသည်။

....

ညနေပိုင်း နောက်ဆုံးအချိန်မှာ အင်္ဂလိပ်စာ ဖြစ်သည်။

လင်းဟန် အခန်းထဲဝင်လာပြီး ပြုံးလိုက်သည်။

"ကြားတာတော့ တခြားဘာသာရပ်ဆရာတွေ အကုန်လုံး ဒီနေ့ အချိန်ပို သင်သွားကြတယ်ဆို"

"ဟုတ်တယ်" ကျုရန်က အနောက်မှ အသံကုန်အော်ပြောသည်။ "ဆရာမလင်းကတော့ အချိန်ပို မသင်ပါနဲ့တော့၊ ချန်လော့ပိုင် အဒေါ်ရဲ့ သမီးရဲ့ ဝမ်းကွဲအစ်ကိုရဲ့ မရီးရဲ့ ညီမရဲ့ အဘွား နေမကောင်းလို့ ကျွန်တော်တို့ ဆေးရုံသွားကြည့်မလို့ပါ"

နားထောင်ရုံနှင့် ဗြောင်လိမ်နေမှန်း သိသာသဖြင့် လင်းဟန် မယုံပေ။ ရယ်မောကာ မေးလိုက်သည်။

"ချန်လော့ပိုင်... တကယ်ပဲလား"

ဆရာမက သူ့နာမည်ကို ခေါ်လိုက်သဖြင့် ကျိုးအန်းရန် ကိုယ်ကို မသိမသာ မတ်လိုက်သည်။

"မဟုတ်ပါဘူး ဆရာမလင်း" ချန်လော့ပိုင်၏ ရယ်သံပါသော အသံ ထွက်ပေါ်လာသည်။ "ကျုရန်က ဦးနှောက်မကောင်းလို့ ကျွန်တော်က သူ့ကို ဆေးရုံလိုက်ပို့မလို့ပါ"

"ခွေးကောင်... မင်းမှ ဦးနှောက်မကောင်းတာ" ကျုရန်က ပြန်ဆဲလိုက်သည်။

တစ်တန်းလုံး ရယ်ပွဲဖွဲ့သွားကြသည်။

ကျန်းရူရှန်း အပါအဝင် လူအများအပြား အနောက်လှည့်ကြည့်ကြသဖြင့် ကျိုးအန်းရန်လည်း အခွင့်ကောင်းယူ၍ လိုက်ကြည့်လိုက်သည်။

ချန်လော့ပိုင်သည် ကျုရန်ဘက်မှ ပြန်လှည့်လာချိန်ဖြစ်သည်။ မျက်နှာပေါ်မှ အပြုံးများ မပျောက်ကွယ်သေးသဖြင့် ပေါ့ပါးလန်းဆန်းနေပုံရသည်။

သူ အနည်းငယ် စောင်းငဲ့လိုက်ချိန်တွင် ကျိုးအန်းရန်၏ အကြည့်နှင့် လေထဲတွင် တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။

ကျိုးအန်းရန် တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။

နောက်တစ်စက္ကန့်တွင် ကောင်လေး၏မျက်ခုံးများ ပင့်တက်သွားသည်ကို မြင်လိုက်ရသည်။

ကျိုးအန်းရန် ရင်ခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး အရှေ့သို့ ကပျာကယာ ပြန်လှည့်လိုက်သည်။ သို့သော် သူမခေါင်းထဲတွင် သူ မျက်ခုံးပင့်လိုက်သော ပုံရိပ်များဖြင့်သာ ပြည့်နှက်နေသည်။

သူမ ကြည့်နေတာကို သူ သိသွားတာလား။

ဒါမှမဟုတ် သူက တခြားသူကို ကြည့်လိုက်တာများလား။

သူမ အရှေ့ခုံက ကောင်လေးနဲ့ သူက တော်တော်ရင်းနှီးတာပဲ။ အတန်းထဲက ယောက်ျားလေး တော်တော်များများနဲ့လည်း ရင်းနှီးတယ်။ အနည်းဆုံးတော့ သူမထက် ပိုရင်းနှီးကြတာပဲဟာ။

သူမကို ကြည့်တာ မဖြစ်လောက်ပါဘူး။

တဒိန်းဒိန်း ခုန်နေသော နှလုံးသား အနည်းငယ် ငြိမ်သက်သွားသောအခါ ကျိုးအန်းရန် နောက်ကျမှ နောင်တရမိပြန်သည်။

သူမ ဘာလို့ ရှောင်လိုက်မိတာလဲ။

လူတိုင်းက သူ့ဘက် လှည့်ကြည့်နေကြတာပဲ၊ သူမ လိုက်ကြည့်တာ ဘာထူးဆန်းလို့လဲ။ ရှောင်လိုက်မှ ပိုထူးဆန်းသွားတာပေါ့။

ဒါပေမဲ့ သူက ပုံမှန်ဆို သူမကို သတိမထားမိတတ်ပါဘူး။

ကိစ္စမရှိလောက်ပါဘူးနော်။

ဒီရက်ပိုင်း ဘာဖြစ်နေမှန်း မသိဘူး။ အရင်တုန်းက တစ်နှစ်လောက် ခိုးကြည့်လာတာ တစ်ခါမှ အမိမခံရဖူးဘူး။

မနေ့ကရော ဒီနေ့ရော မကြည့်ရဲဘဲ နေနေတာကို၊ နှစ်ခါလုံး အမိခံရမလို ဖြစ်နေတယ်။

"ကဲ... တော်ပြီ" လင်းဟန်က စားပွဲကို ခေါက်လိုက်သည်။ "မဆူကြနဲ့တော့၊ စာသင်တော့မယ်။ ထပ်ဆူနေရင် ဆရာမ ဒီနေ့ တကယ် အချိန်ပို သင်ပစ်လိုက်မယ်"

ကျိုးအန်းရန် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး နားရွက်နောက် သပ်ထားသော ဆံပင်များကို ချလိုက်ကာ နီရဲနေသော နားရွက်များကို ဖုံးအုပ်လိုက်သည်။ ဟိုဟိုဒီဒီ အတွေးများကို ဖယ်ထုတ်လိုက်ပြီး လင်းဟန် စာသင်သည်ကို အာရုံစိုက် နားထောင်လိုက်သည်။

......

နောက်ဆုံးတွင် လင်းဟန်သည် ဒီနေ့တစ်နေ့လုံးတွင် အချိန်ပိုမသင်သော တစ်ဦးတည်းသော ဆရာမ ဖြစ်လာခဲ့သည်။

အချိန်မှန် အတန်းဆင်းသော်လည်း ကျိုးအန်းရန် အနောက်လှည့်မကြည့်ရဲတော့ပေ။ ကျန်းရူရှန်းကို အမြန်ဆွဲပြီး အခန်းပြင်သို့ ထွက်ခွာလာခဲ့သည်။

"ရန်ရန်... ဒီနေ့ ဘာဖြစ်နေတာလဲ၊ အတန်းဆင်းတာနဲ့ ဒီလောက်တက်ကြွနေတယ်" ကျန်းရူရှန်း အံ့ဩနေသည်။

အခန်းပြင်ရောက်မှ ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ နင့်ကို မြေအိုးမြီးရှည် သွားကျွေးချင်လို့ လောနေတာ"

"ဘာမြေအိုးမြီးရှည်လဲ" ကျန်းရူရှန်း မေးလိုက်သည်။

"ရှင်းရှင်းတို့နဲ့ တိုင်ပင်ထားတာလေ၊ ညနေကျရင် နင့်ကို မြေအိုးမြီးရှည် ထပ်လိုက်ကျွေးမယ်လို့"

ကျန်းရူရှန်း ကြောင်သွားပြီးမှ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားသည်။ သူမကို ပြန်ကလိထိုးလိုက်သည်။

"ကောင်းပါပြီ... နင်တို့ ဘယ်တုန်းက ခိုးတိုင်ပင်ထားကြတာလဲ"

ကျိုးအန်းရန် သူမ၏တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။

"နင် လိုက်မှာလား၊ မလိုက်ဘူးလား"

"လိုက်မှာပေါ့" ကျန်းရူရှန်း သူမလက်ကို ပြန်ဆွဲလိုက်သည်။

မြေအိုးမြီးရှည်ဆိုင်ကလည်း ကျောင်းနားတွင်သာရှိသည်။

.....

မြေအိုးမြီးရှည်စားရသည်မှာ ဟော့ပေါ့လောက် အချိန်မပေးရသဖြင့် လေးယောက်သား စားသောက်ပြီး ပြန်လာချိန်တွင် ညနေပိုင်း စာလေ့လာချိန်မစမီ အချိန်အများကြီး လိုသေးသည်။

စာသင်ဆောင်ထဲ ဝင်လာပြီးနောက် ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့ ခြောက်လွှာသို့ တက်သွားကြသည်။ ကျန်းရူရှန်းက တံခါးဝတွင် အခန်း (၃) မှ သူငယ်ချင်းများနှင့် စကားပြောကျန်ရစ်ခဲ့သည်။ ကျိုးအန်းရန် တစ်ယောက်တည်း အခန်းထဲ ဝင်လာခဲ့သည်။

ထိုင်ခုံနားရောက်သောအခါ သူမ၏ အင်္ဂလိပ်စာအုပ် စားပွဲစွန်းတွင် စောင်းပြီး တင်ထားသည်ကို တွေ့လိုက်ရသည်။ အနည်းငယ် လှုပ်လိုက်ရုံနှင့် ပြုတ်ကျတော့မည့်ပုံ ပေါက်နေသည်။

ကျိုးအန်းရန် အနည်းငယ် ထူးဆန်းသလို ဖြစ်သွားသည်။

သူမက အတန်းဆင်းတိုင်း စာအုပ်တွေကို သပ်သပ်ရပ်ရပ် စီထားခဲ့လေ့ရှိသည်။ ပစ္စည်းတွေကို ပစ်စလက်ခတ် ထားလေ့မရှိပေ။

ဒီအင်္ဂလိပ်စာအုပ်က ဘယ်လိုဖြစ်တာလဲ။

ဘယ်သူက မတော်တဆ တိုက်ချမိပြီး ပြန်ကောက်တင်ထားတာများလား။

ကြမ်းပြင်က ဖုန်တွေ ပေကုန်ပြီလား မသိဘူး။

ကျိုးအန်းရန် စားပွဲဘေးရပ်ပြီး စာအုပ်ကို လှန်ကြည့်လိုက်သည်။

စာအုပ်ထဲတွင် တစ်စုံတစ်ရာ ညှပ်ထားသကဲ့သို့ ဖြစ်နေပြီး လှန်လိုက်သည်နှင့် ထိုစာမျက်နှာ ပွင့်သွားသည်။

စက္ကူတစ်ရွက် ညှပ်ထားသည်။

တိတိကျကျ ပြောရရင် ရည်းစားစာတိုလေး တစ်စောင် ဖြစ်နေသည်။

"အဲဒီနေ့က ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါ သိပ်သဘောကျတယ်၊ နင့်ကိုလည်း သိပ်သဘောကျတယ်"

ရည်းစားစာတွင် လက်မှတ်မပါပေ။

သို့သော် မျက်နှာတစ်ခု၊ အသံတစ်ခုလိုပဲ ဒီလက်ရေးကိုလည်း သူမ ရင်ထဲမှာ အကြိမ်ပေါင်းများစွာ ပြန်တွေးဖူးခဲ့သည်။

ရင်းနှီးလွန်းလို့ မှားစရာအကြောင်း လုံးဝ မရှိဘူး။

ဒါ ချန်လော့ပိုင်ရဲ့ လက်ရေးပဲ။

စာသင်ခန်း အတွင်းအပြင်မှ အသံများ ရုတ်ချည်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး ကိုယ့်ရင်ခုန်သံကိုသာ အတိုင်းသား ကြားနေရသည်။

ချန်လော့ပိုင်က သူမကို ရည်းစားစာ ပေးတယ်တဲ့လား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒါပေမဲ့ သူမအတွက် မဟုတ်ရင် ဘာလို့ သူမစားပွဲပေါ် ရောက်နေရတာလဲ။ သူမ အင်္ဂလိပ်စာအုပ်ထဲ ညှပ်ထားရတာလဲ။

ပြီးတော့ ပထမဆုံး စာကြောင်း...

အဲဒီနေ့က ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့။

အဲဒီနေ့ညက သူမပေးလိုက်တဲ့ ဂွမ်းတံကို ပြောတာလား။

ဒါဆို အဲဒီနေ့က သူ သူမကို မှတ်မိလိုက်တယ်ပေါ့။

မှတ်မိလိုက်လို့ မနေ့က အချိုရည်ဝယ်တိုက်တာလား။ ဒီနေ့ ရည်းစားစာ ရေးပေးတာလား။

ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။

သူ့ကို လက်ဆောင်ပေးတဲ့ မိန်းကလေးတွေ အများကြီးပဲဟာ။ လှတဲ့သူ၊ တော်တဲ့သူတွေ ဒုနဲ့ဒေးပဲ။ ပြီးတော့ သူမနဲ့သူက တစ်နှစ်ကျော် အတန်းတူတက်လာတာတောင် သူ သူမကို သတိမထားမိသလောက်ပဲလေ။ ဆေးတစ်ခါ ပေးလိုက်ရုံနဲ့ ဘယ်လိုလုပ် သူမကို ကြိုက်သွားရမှာလဲ။

"ရန်ရန်" ကျန်းရူရှန်း၏ အသံ ဘေးနားမှ ထွက်ပေါ်လာသည်။ "နင် ထိုင်ခုံနားမှာ ရပ်ပြီး ဘာတွေ ငေးနေတာလဲ"

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး သတိပြန်ဝင်လာကာ အင်္ဂလိပ်စာအုပ်ကို ဗြုန်းခနဲ ပိတ်လိုက်မိသည်။

"ဘာတွေ တွေးနေတာလဲ၊ လန့်ဖြတ်သွားတာပဲ" ကျန်းရူရှန်းက သူမ၏ ကြောင်တောင်တောင် ပုံစံကိုကြည့်ပြီး မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းထဲတွင် ရည်းစားစာအကြောင်း ပြည့်နှက်နေသဖြင့် သူမပြောတာကို သေချာမကြားလိုက်ဘဲ ယောင်ဝါးဝါး ပြန်ဖြေလိုက်မိသည်။

"နင် ဝင်မလို့လား"

"ဝင်မလို့လေ" ကျန်းရူရှန်းက ပြောသည်။ "နည်းနည်းလောက် ဖယ်ပေးပါဦး"

ကျိုးအန်းရန် စက်ရုပ်လို အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး အနောက်တန်း စားပွဲဘေး ရောက်သွားသည်။

လိုယိချီ ဘယ်အချိန်က ပြန်ရောက်နေလဲ မသိ၊ ယင်းယီကျန်းနှင့်အတူ ထိုင်ခုံဘေးတွင် ရပ်ပြီး နောက်ပြောင်ကျီစယ်နေကြသည်။

ကျန်းရူရှန်း သူတို့ ပိတ်ရပ်နေသဖြင့် ချက်ချင်းဝင်မရဖြစ်နေသည်။

ဟိုဘက်တွင် လိုယိချီက ဘာကြောင့်မှန်းမသိ ယင်းယီကျန်းကို တွန်းလိုက်သည်။ ယင်းယီကျန်း အနောက်သို့ ခြေလှမ်းကျဲကြီး ဆုတ်လိုက်ရာ လက်က အနောက်သို့ ဝှေ့ယမ်းမိပြီး တစ်စုံတစ်ရာကို တိုက်မိကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ယင်းယီကျန်း လှည့်ကြည့်လိုက်ရာ အင်္ဂလိပ်စာအုပ်တစ်အုပ် ဖြစ်နေသည်။

"ဆောရီး... ဆောရီး" သူမ ဒူးထောက်ပြီး ကောက်ယူရန် ပြင်လိုက်သည်။

"မလို..." ကျိုးအန်းရန် စာအုပ်ထဲတွင် စာရွက်ညှပ်ထားသည်ကို သတိရသွားပြီး တားရန် ပြင်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ယင်းယီကျန်း ဒူးထောက်ထိုင်ချလိုက်ပြီး အင်္ဂလိပ်စာအုပ်ကို ကောက်ယူလိုက်မှ ထိုနေရာသည် ကျိုးအန်းရန်နေရာဖြစ်ပြီး၊ စာအုပ်သည်လည်း သူမစာအုပ်ဖြစ်ကြောင်း သတိရသွားသည်။

သူမ စိတ်ခံစားချက် ရှုပ်ထွေးသွားသည်။

ကျိုးအန်းရန်၏ အသံကိုကြား၍ လှည့်ကြည့်ရန် ပြင်လိုက်သော်လည်း စာအုပ်အောက်မှ စာရွက်တစ်ရွက်ကို အရင်တွေ့လိုက်ရသည်။ အင်္ဂလိပ်စာအုပ်ထဲ ညှပ်ထားရာမှ ပြုတ်ကျလာခြင်း ဖြစ်ပုံရသည်။

စာရွက်က အပေါ်လှန်ရက်သား ကျနေပြီး စာတစ်ကြောင်းတည်းသာ ပါဝင်သော်လည်း လက်ရေးကတော့ အလွန်ရင်းနှီးနေသည်။

သူမ ကျုံးခိုင်ကို အကူအညီတောင်းပြီး သူ့မှတ်စုစာအုပ် ငှားဖူးသည်။

မနေ့ညနေက စူပါမားကတ်ရှေ့တွင် သူက ကျိုးအန်းရန်ကို ခေါင်းငုံ့ပြီး ပြုံး၍စကားပြောနေသည်ကို မြင်ခဲ့ရသော်လည်း ယင်းယီကျန်း မယုံနိုင်သေးပေ။

ချန်လော့ပိုင်လိုလူက မိန်းကလေးတစ်ယောက်ကို ဦးဆောင်ပြီး ရည်းစားစာပေးတယ်တဲ့လား။

ယင်းယီကျန်း စာရွက်ကိုကိုင်ပြီး မတ်တတ်ရပ်လိုက်သည်။ ကျိုးအန်းရန်ကို ကြည့်ကာ ကံတရားကို စမ်းသပ်သလို လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ချန်လော့ပိုင် နင့်ကို ရေးပေးထားတာလား"

ကျိုးအန်းရန် ကြောင်နေဆဲဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာသည်။

ဘေးတွင်ရပ်နေသော လိုယိချီက ယင်းယီကျန်း လက်ထဲမှ စာရွက်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။

စာရွက်ပါ အကြောင်းအရာကို ဖတ်ပြီးနောက် သူမ အလွန်အံ့ဩသွားပုံရပြီး မျက်နှာပျက်သွားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လိုယိချီက ကျိုးအန်းရန်ကို စိုက်ကြည့်လိုက်သည်။ "ချန်လော့ပိုင်က နင့်ကို ရည်းစားစာ ပေးစရာလား"

သူမအသံက စောစောက ယင်းယီကျန်းအသံထက် အဆပေါင်းများစွာ ကျယ်လောင်နေသည်။ ညနေပိုင်း စာလေ့လာချိန် နီးကပ်နေပြီဖြစ်၍ အခန်းထဲတွင် လူစုံနေပြီဖြစ်ရာ အားလုံး သူမတို့ဘက်သို့ လှည့်ကြည့်လာကြသည်။

ကျိုးအန်းရန် ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသဖြင့် မူးမေ့လဲကျမလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် ဗလာဖြစ်သွားသည်။

"နင် ဘာတွေပြောနေတာလဲ" ကျန်းရူရှန်းက အခြေအနေမဟန်မှန်းသိ၍ ဝင်ကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် သူမလည်း ကြောင်သွားသည်။

လိုယိချီ၏ မျက်နှာပေါ်တွင် အံ့ဩမှုများ အပြည့်ရှိနေဆဲဖြစ်သည်။ သူမက ကျိုးအန်းရန်ကို ကြည့်လိုက်၊ စာရွက်ကို ကြည့်လိုက် လုပ်နေပြီး တစ်စုံတစ်ရာ ရှာတွေ့သွားသကဲ့သို့ ပြောလိုက်သည်။

"နင် သူ့လက်ရေးတုပြီး ကိုယ့်ဘာသာ ရေးထားတာမလား။ ငါပြောသားပဲ... ချန်လော့ပိုင်က နင့်ကို ရည်းစားစာပေးစရာ အကြောင်းမရှိပါဘူးလို့။ ချန်လော့ပိုင်သာ ရည်းစားစာပေးမယ်ဆိုရင် ဒီလို ရိုးရိုးမှတ်စုစာအုပ်ထဲက စာရွက်ကို သုံးပါ့မလား။ ပြီးတော့ စာရွက်က တစ်ပိုင်းဖြတ်ထားသေးတယ်။ မထင်ရဘူးနော် ကျိုးအန်းရန်..."

"လိုယိချီ... နင် လျှောက်မပြောနဲ့" ကျန်းရူရှန်း ဝင်တားလိုက်သည်။ သူမ အခြေအနေကို သဘောပေါက်သွားပြီဖြစ်သည်။ ကျိုးအန်းရန်၏ အင်္ဂလိပ်စာအုပ်ထဲမှ ပြုတ်ကျလာသော ရည်းစားစာသည် ချန်လော့ပိုင်၏ လက်ရေးဖြစ်နေသည်။

သို့သော် ကျိုးအန်းရန်က သူများလက်ရေးတုပြီး ကိုယ့်ဘာသာ ရည်းစားစာရေးမည့် စရိုက်မျိုး မရှိပေ။ ကျန်းရူရှန်း မနေ့ညက ကိစ္စကို သတိရသွားပြီး ဆက်ပြောလိုက်သည်။

"ချန်လော့ပိုင်က ရန်ရန်ကို ရည်းစားစာ မပေးနိုင်စရာ ဘာအကြောင်းရှိလဲ၊ မနေ့ကတောင် သူ ရန်ရန်ကို အချိုရည် ဝယ်တိုက်သေးတယ်"

သူမ ဖြတ်ပြောလိုက်သဖြင့် လိုယိချီ ပိုစိတ်လှုပ်ရှားလာပုံရသည်။ စကားပြောနှုန်း မြန်ဆန်လာပြီး စက်သေနတ်ပစ်သလို တရစပ် ပြောလေတော့သည်။

"ချန်လော့ပိုင်က ငါ့ကိုလည်း အချိုရည် ဝယ်တိုက်ဖူးတာပဲ၊ အဲဒါ ဘာဖြစ်လဲ။ နင်က အခု သူနဲ့ ပိုရင်းနှီးသွားတော့ သူ့ဘက်က ပါမှာပေါ့။ ဒါပေမဲ့ နင် သူ့ကို မေးကြည့်လိုက်၊ သူသာ မလုံမလဲမဖြစ်ရင် ဘာလို့ တစ်ခွန်းမှ ပြန်မပြောဘဲ နေနေတာလဲ"

ကျိုးအန်းရန် မတ်တတ်ရပ်နေရင်း အပူချိန်များ လျော့ကျသွားသလို ခံစားနေရသည်။ ခြေလက်များ အေးစက်လာသည်။

သူမ ပြန်မပြောချင်တာ မဟုတ်ဘူး။

ဘယ်လို ပြန်ပြောရမလဲ မသိတာပါ။

သူမက ရန်ဖြစ်ရတာ မကျွမ်းကျင်ဘူး။ ရန်ဖြစ်ပြီးမှ ပြန်ပြောသင့်တဲ့ စကားတွေကို စဉ်းစားမိတတ်တဲ့ လူစားမျိုး။ လိုယိချီကလည်း စိတ်လှုပ်ရှားပြီး စကားကို တရစပ် ပြောနေတော့ သူမ ဝင်ပြောဖို့ အခွင့်အရေး မရဘူး။

အခုချိန်ထိ သူမကိုယ်တိုင်လည်း အခြေအနေကို နားမလည်သေးဘူး။

ဒီရည်းစားစာ ဘယ်ကရောက်လာလဲ သူမ မသိဘူး။

ဒီရည်းစားစာက ချန်လော့ပိုင် ရေးပေးတာဆိုတာကို သူမကိုယ်တိုင်တောင် မယုံနိုင်ဘူး။

ပြီးတော့ လိုယိချီ မပြောခင်အထိ စာရွက်က တစ်ပိုင်းပြတ်နေတယ်ဆိုတာ သူမ သတိမထားမိခဲ့ဘူး။

ဘာလို့ တစ်ပိုင်းပြတ်နေရတာလဲ။

သူမ ချက်ချင်း ပြန်မပြောနိုင်သည်ကို မြင်သောအခါ လိုယိချီက ပို၍ အတင့်ရဲလာသည်။

"ပြီးတော့ တစ်နှစ်ကျော် အတန်းတူတက်လာတာ၊ ချန်လော့ပိုင်က သူနဲ့ စကားတစ်ခွန်း ပြောဖူးတာ နင် မြင်ဖူးလို့လား။ ချန်လော့ပိုင်က သူ့နာမည်ကိုတောင် သိမှာ မဟုတ်ပါဘူး"

"ငါက ဘယ်သူ့နာမည်ကို မသိတာလဲ"

ရင်းနှီးပြီးသား အသံနက်နက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ကျိုးအန်းရန် မော့ကြည့်လိုက်ရာ ချန်လော့ပိုင် အနောက်ပေါက်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့အနောက်တွင် ကျုရန်တို့ လူအုပ်ကြီး ပါလာသည်။

သူမ မျက်နှာပေါ်မှ နောက်ဆုံးကျန်ရှိနေသော သွေးရောင်များ ပျောက်ကွယ်သွားသည်။

သူက ဘာလို့ ဒီအချိန်မှပြန်ရောက်လာရတာလဲ။

ရည်းစားစာ တွေ့ရှိချိန်မှစ၍ ယခုအထိ တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ ရှိသေးသည်။ ဆက်တိုက်ဖြစ်ပျက်နေသော အပြောင်းအလဲများကြောင့် ကျိုးအန်းရန်၏ နှေးကွေးနေသော ဦးနှောက်မှာ ပို၍ တုံ့ပြန်မှု နှေးကွေးသွားသည်။

သူမ ဘယ်လိုဖြေရှင်းရမလဲ မစဉ်းစားရသေးခင်မှာပင် လိုယိချီက လက်ထဲမှ စာရွက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ချန်လော့ပိုင်... နင် ကျိုးအန်းရန်ကို ရည်းစားစာ ပေးထားတာလား"

လိုယိချီ မေးလိုက်သည်နှင့် ချန်လော့ပိုင် ကြောင်သွားသည်ကို ကျိုးအန်းရန် မြင်လိုက်ရသည်။ မျက်နှာပေါ်တွင် သိသာထင်ရှားသော အံ့ဩမှုများ ပေါ်လာသည်။

သူမ ရင်ထဲမှ နောက်ဆုံးကျန်ရှိနေသော မဖြစ်စလောက် မျှော်လင့်ချက်လေးမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ သူ ခေါင်းငဲ့ပြီး သူမဘက် လှည့်ကြည့်လာချိန်တွင် ရှက်ရွံ့လွန်း၍ ခေါင်းငုံ့ထားလိုက်မိသည်။

ချန်လော့ပိုင် အနောက်ပေါက်တွင် ရပ်နေရင်း မလှမ်းမကမ်းမှ မိန်းကလေး ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရသည်။ မျက်နှာကို ဆံပင်များ ဖုံးအုပ်ထားသဖြင့် လက်ဖဝါးလောက်သာ ရှိသော မျက်နှာလေးမှာ ပိုသေးငယ်နေသလို ထင်ရသည်။ မနေ့ညနေက သူမရှေ့တွင်ရပ်နေစဉ် လိမ်လိမ်မာမာငြိမ်သက်နေသော ပုံစံနှင့် မတူတော့ပေ။ အဲဒီတုန်းက အားကစားလုပ်ပြီးစမို့ မျက်နှာလေး ရဲနေသေးသည်။

အခုတော့ အဲဒီမျက်နှာလေးက ခေါင်မိုးထပ်မှာ ငိုနေတုန်းကထက်တောင် ပိုဖြူဖျော့နေပြီး သွေးရောင် မရှိသလောက် ဖြစ်နေသည်။

ချန်လော့ပိုင် မျက်မှောင်ကြုတ်လိုက်သည်။ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး စာရွက်ကို ဆွဲယူလိုက်သည်။

စာရွက်ပါ အကြောင်းအရာကို မြင်လိုက်ရသောအခါ မျက်မှောင် ပိုကြုတ်သွားသည်။

လိုယိချီက သူ့တုံ့ပြန်မှုကို စောင့်ကြည့်နေပြီး ရင်ထဲမှ စိုးရိမ်မှုများ ပျောက်ကွယ်သွားသည်။ သူမ မျက်နှာလွှဲလိုက်သည်။

"ကျိုးအန်းရန်... ချန်လော့ပိုင် ရောက်နေပြီ၊ ဒီရည်းစားစာက သူပေးတာပါလို့ သူ့ရှေ့မှာ ပြောရဲလား"

ကျိုးအန်းရန် စိတ်ကို တည်ငြိမ်အောင် အတင်းထိန်းထားလိုက်သည်။

ဒီရည်းစားစာ ဘယ်လိုဖြစ်ပြီး ရောက်နေလဲဆိုတာ သူမ နားမလည်သေးပေမယ့်၊ သူ့တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူပေးတာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ။

ဘယ်လို ရှင်းပြရမလဲ။

အမှန်အတိုင်း ပြောပြရမလား။

သူ ယုံပါ့မလား။

ကျိုးအန်းရန် နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။

သို့သော် လိုယိချီက သူမကို စဉ်းစားချိန် မပေးတော့ပေ။

"ဘာလဲ... မမေးရဲဘူးလား။ ငါပြောသားပဲ... ဒီရည်းစားစာက ချန်လော့ပိုင် ရေးပေးတာ မဖြစ်နိုင်..."

ချန်လော့ပိုင်လည်း အခြေအနေကို သေချာ နားမလည်သေးပေ။

လက်ထဲမှ စာရွက်က သူ ကျုံးခိုင်အတွက် ရေးပေးထားသော ရည်းစားစာ ဖြစ်သည်။ ဘယ်လိုဖြစ်ပြီး သူတို့အခန်းထဲ ရောက်နေတာလဲ။ ပြီးတော့ သူမလက်ထဲ ရောက်နေတာလား။

ကျုံးခိုင် ကြိုက်နေတာ သူမလား။

နာမည်က ဘယ်ရောက်သွားတာလဲ။

တခြားလူတွေ ဘယ်လိုတွေ့သွားကြတာလဲ။

နားနားကပ်ပြီး အတင်းအကျပ် မေးမြန်းနေသံ ကြားလိုက်ရသဖြင့် ချန်လော့ပိုင် မော့ကြည့်လိုက်သည်။

ရှေ့ခပ်စောင်းစောင်းမှ မိန်းကလေးသည် မျက်တောင်များ ငိုက်ကျနေသည်။ သွယ်လျဖြူဝင်းသော လက်ချောင်းလေးများ လိမ်ယှက်နေပြီး နှုတ်ခမ်းကို ဖြူဖျော့သွားသည်အထိ ကိုက်ထားသည်။ ရှက်လွန်း၍ ငိုတော့မည့်ပုံ ပေါက်နေသည်။

ထိုအချိန်တွင် ချန်လော့ပိုင် ဘာတွေးလိုက်မိမှန်း မသိပေ။ သူ ဖြတ်ပြောလိုက်သည်။

"ငါ ရေးပေးလိုက်တာ"

ချန်လော့ပိုင် ထိုစကား ပြောလိုက်သည်နှင့် စာသင်ခန်းတစ်ခုလုံး Pause ခလုပ် နှိပ်လိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

လိုယိချီ ပြောလက်စ စကားများ ပါးစပ်ဖျားတွင် ရပ်တန့်သွားသည်။

ကျိုးအန်းရန် ရုတ်တရက် မော့ကြည့်လိုက်သည်။ သူမအကြည့်နှင့် ကောင်လေး၏ အကြည့်တို့ လေထဲတွင် ဆုံတွေ့သွားသည်။ ဘာမှ သေချာမမြင်လိုက်ရသေးမီ အသံဩဇာ ပြည့်ဝသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘာရည်းစားစာလဲ"

ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူး အရှေ့ပေါက်တွင် ရုတ်တရက် ပေါ်လာသည်။ မျက်နှာထား တင်းမာနေသည်။

"မင်းတို့ ဒါ ဘယ်နေရာမှတ်နေလဲ။ ချန်လော့ပိုင်... ပြီးတော့ နောက်တစ်ယောက်က ကျိုးအန်းရန် ဟုတ်လား... ငါ့နောက်လိုက်ခဲ့၊ ရုံးခန်းသွားမယ်"

"တရားခံ" နှစ်ယောက် အခေါ်ခံရပြီးမှ စာသင်ခန်းမှာ ငြိမ်သက်နေသော အခြေအနေမှ ပြန်လည်သက်ဝင် လှုပ်ရှားလာသည်။

ကျန်းရူရှန်းက တံခါးဝမှ အကြည့်လွှဲလိုက်ပြီး လိုယိချီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"နင် ကျေနပ်ပြီလား"

လိုယိချီ ပါးစပ်ဟလိုက်သည်။ သူမ ကျိုးအန်းရန်ကို တမင်သက်သက် စွပ်စွဲချင်တာ မဟုတ်ပါဘူး။ သူမ တကယ် အံ့ဩသွားလို့ပါ။ အတုလုပ်တာကလွဲရင် တခြားဖြစ်နိုင်ချေမရှိဘူးလို့ ထင်ခဲ့လို့ပါ။ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချန်လော့ပိုင်က ဘယ်လိုလုပ် ဝန်ခံလိုက်တာလဲ။

ချန်လော့ပိုင်က ဘယ်လိုလုပ် သူမကို ရည်းစားစာ ပေးနိုင်မှာလဲ။

ဘာမှဝင်မပြောဘဲ နေခဲ့သော ယင်းယီကျန်းကလည်း သူမကို ကြည့်လိုက်သည်။

"နင် ငါ့ကို ပြောတုန်းက..." ယင်းယီကျန်းက သူမကို စိုက်ကြည့်နေသည်။ "နင် ကျုရန်ကို ကြိုက်တယ်ဆို၊ ချန်လော့ပိုင် သူများကို ရည်းစားစာပေးတာ နင်က ငါ့ထက်တောင် ဘာလို့ ပိုလှုပ်ရှားနေရတာလဲ"

"နေပါဦး" ကျုရန်လည်း စိုးရိမ်နေရာမှ ကြောင်သွားသည်။ "ငါ ဘယ်လိုပါသွားတာလဲ။ နင်တို့ ရှုပ်ထွေးပွေလီတဲ့ စိတ်ကူးတွေကို ငါ့အပေါ် လာမပုံချနဲ့နော်၊ ငါ့မှာ ကြိုက်တဲ့သူရှိတယ်"

ထန်ကျန့်ရွေ့တို့လည်း စိုးရိမ်တကြီး ဖြစ်နေသည်။

"ကျုရန်... ဘာအခြေအနေလဲ၊ အစ်ကိုကြီးလော့က တကယ် ကျိုးအန်းရန်ကို ကြိုက်နေတာလား"

ကျုရန်လည်း နားမလည်ပေ။

"ငါ ဘယ်သိမလဲကွ"

......

"ဒါဘာအခြေအနေလဲ"

ရုံးခန်းရောက်သောအခါ ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးကလည်း ထိုမေးခွန်းကိုပင် မေးလိုက်သည်။ သူက သိမ်းဆည်းလာသော ရည်းစားစာကို စားပွဲပေါ် တင်လိုက်သည်။ ခေါင်းငုံ့ထားပြီး မျက်နှာဖြူဖျော့နေသော မိန်းကလေးကို တစ်ချက်ကြည့်ပြီးနောက် ချန်လော့ပိုင်ဘက် လှည့်လိုက်သည်။

စောစောက ကြားလိုက်ရသလောက်ဆိုရင် ချန်လော့ပိုင်က စတင်လှုပ်ရှားသူ ဖြစ်ပုံရသည်။

"ချန်လော့ပိုင်... မင်း အရင်ပြော"

ချန်လော့ပိုင်သည် သူ ကျုံးခိုင်အတွက် ရေးပေးသော ရည်းစားစာက ဘယ်လိုလုပ်ပြီး သူမလက်ထဲ ရောက်နေလဲဆိုတာ မသိပေ။ စောစောက လူပုံအလယ်မှာ ဘာလို့ သူရေးပေးတာပါလို့ ဝန်ခံလိုက်မိလဲ ဆိုတာကိုလည်း မသိပေ။

အဲဒီအချိန်တုန်းက သူ သိပ်မစဉ်းစားလိုက်မိဘူး။

ဒီရည်းစားစာ ဘယ်လိုပဲ သူမလက်ထဲ ရောက်နေပါစေ၊ သူ ရေးထားတာ အမှန်ပဲလေ။

သူမကို အခုလို သံသယဝင်ခံရပြီး စွပ်စွဲခံရတဲ့ အနေရခက်တဲ့ အခြေအနေမျိုး ရောက်အောင် လုပ်မိတာ သူပဲ။

ချန်လော့ပိုင်က ဆရာတွေကို ရင်ဆိုင်ရမှာ မကြောက်ပါဘူး။ လာတုန်းက ဖြေရှင်းနည်း စဉ်းစားလာပြီးသား။

အမှန်အတိုင်း ပြောလိုက်ရုံပါပဲ။

ရည်းစားစာက သူများအတွက် ကူရေးပေးတာ၊ သူမလက်ထဲ ဘယ်လိုရောက်သွားလဲ မသိဘူး၊ ဒီကိစ္စနဲ့ သူမ မဆိုင်ဘူး။ ဒါဆိုရင် သူမကို ဆွဲထုတ်ပေးနိုင်သလို၊ စောစောက သူဝန်ခံလိုက်တာကိုလည်း ရှင်းပြပြီးသား ဖြစ်သွားမယ်။

ဒါပေမဲ့ အခန်းထဲ ဝင်ခါနီးအချိန်လေးမှာ ရည်းစားစာပေါ်က ပထမဆုံး စာကြောင်းကို အမှတ်တမဲ့ မြင်လိုက်ရပြီး စောစောက အခန်းထဲမှာတုန်းက မစဉ်းစားမိခဲ့တဲ့ အချက်တစ်ချက် ခေါင်းထဲ ဝင်လာတယ်။

အမှန်အတိုင်း ပြောပြသင့်မသင့် သူ ရုတ်တရက် တွန့်ဆုတ်သွားတယ်။

တကယ်လို့ သူထင်တာ မှန်နေရင်၊ တကယ် ရှင်းပြချင်ရင် ဆရာ့ရှေ့မှာ မရှင်းပြဘဲ သူမကို သီးသန့် ရှင်းပြတာ ပိုကောင်းမလား။

တွန့်ဆုတ်နေစဉ် ဘေးမှလူ လှုပ်ရှားသွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

သူ့ကို စကားတောင် ကောင်းကောင်း မပြောရဲသော၊ အရပ်က သူ့ပခုံးလောက်သာ ရှိသော၊ သေးသွယ်နွဲ့နှောင်းသော မိန်းကလေးက သူ့ရှေ့တွင် ရုတ်တရက် ဝင်ရပ်လိုက်သည်။

ထိုနူးညံ့သာယာသော၊ အနည်းငယ် အက်ရှရှဖြစ်နေသော အသံလေးက တိုးနေဆဲဖြစ်သော်လည်း သူ့ရှေ့တွင် ရှိနေစဉ်ကလို ကြောက်ရွံ့ခြင်း မရှိဘဲ တိုးသော်လည်း ခိုင်မာပြတ်သားနေသည်။

"ဆရာကျောက်... ဒီကိစ္စက သူနဲ့ မဆိုင်ပါဘူး"

ချန်လော့ပိုင် အံ့အားသင့်သွားသည်။

စာသင်ခန်းမှ ရုံးခန်းသို့ လာရာလမ်းတွင် အခြားလူများမရှိတော့သဖြင့် ကျိုးအန်းရန် တည်ငြိမ်သွားသည်။

ရည်းစားစာ ဘယ်လိုရောက်လာလာ သူပေးတာ မဟုတ်ဘူးဆိုတာ သေချာတယ်။

ရည်းစားစာ စတွေ့တုန်းက မျှော်လင့်ချက်ရေးရေးလေး ရှိခဲ့ပေမယ့် အခုတော့ အဲဒါလည်း ပျက်စီးသွားပြီ။

သူ့လက်ရေးတုပြီး ရေးထားတယ်ဆိုတာကလွဲရင် လိုယိချီ ပြောသမျှ စကားတိုင်းကို သူမ လက်ခံတယ်။ ဒါကြောင့်လည်း စောစောက ပြန်မပြောနိုင်ခဲ့တာ။

ချန်လော့ပိုင်က သူမကို ရည်းစားစာပေးစရာ အကြောင်းမှမရှိတာ။

အခန်းထဲဝင်လာပြီး လိုယိချီ စကားကို ကြားလိုက်ရတဲ့အချိန် သူ့မျက်နှာပေါ်က အံ့ဩမှုတွေကလည်း သက်သေပြနေတယ်။

သူ ဘာလို့ ဝန်ခံလိုက်လဲဆိုတာတော့ မသိဘူး။ သူ့ရဲ့ လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်ကြောင့် သူမ အနေရခက်နေတာကို မကြည့်ရက်လို့ ဖြစ်မှာပါ။

ဒါပေမဲ့ ဘာကြောင့်ပဲ ဖြစ်ဖြစ်၊ သူက သူမကို နောက်တစ်ကြိမ် ကူညီလိုက်ပြန်ပြီ။ သူမကို အလွန်ဆိုးရွားတဲ့ အခြေအနေကနေ ဆွဲထုတ်ပေးလိုက်ပြန်ပြီ။

ကူညီလိုက်တဲ့အတွက်ကြောင့် အခု သူမနဲ့အတူ ရုံးခန်းရောက်နေရပြီ။

ပြီးခဲ့တဲ့ စာသင်နှစ်က အထက်တန်း (၃) နှစ် စီနီယာအတွဲ ရည်းစားဖြစ်လို့ မိဘခေါ်၊ မှတ်တမ်းအဝင်ခံရပြီး ကျောင်းရှေ့ထွက် ဝန်ခံခိုင်းတဲ့အထိ ပြင်းထန်ခဲ့တာကို ကျိုးအန်းရန် မှတ်မိနေသေးသည်။

ဒီတစ်ခါ အဲဒီလောက် မပြင်းထန်ရင်တောင်မှပေါ့။

သူက စာတော်တဲ့ ကျောင်းသားကောင်းတစ်ယောက် မဟုတ်ပေမယ့် ဆရာတွေရဲ့ အချစ်တော်လေ။ သာမန် အပြစ်ပေးခံရတာတောင် မရှိဖူးတဲ့သူက သူမကို ကူညီမိလို့ အပြစ်ပေးခံရမယ့် အခြေအနေ ရောက်သွားတာမျိုး အဖြစ်မခံနိုင်ဘူး။

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။ ဦးနှောက်က ကြည်လင်နေသလိုလို၊ ရှုပ်ထွေးနေသလိုလို ဖြစ်နေသည်။ ဘေးတွင်ချထားသော လက်ကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။

"ဆရာကျောက်... တကယ်ပဲ သူနဲ့ မဆိုင်ပါဘူး။ ကျွန်မဘာသာ သူ့လက်ရေးတုပြီး ရေးကစားကြည့်တာပါ၊ သူငယ်ချင်းတွေ တွေ့သွားမယ်လို့ မထင်ထားမိဘူး။ ရည်းစားစာက သူပေးတာ မဟုတ်ပါဘူး။ ဘယ်သူကမှ ရည်းစားစာကို မှတ်စုစာအုပ်ထဲက စာရွက်ဖြဲပြီး ရေးမှာ မဟုတ်ပါဘူး။ ပြီးတော့ တစ်ပိုင်းဖြတ်ထားတဲ့ စာရွက်ကြီးနဲ့လေ။ ဆရာ မယုံရင် အတန်းထဲမှာ မေးကြည့်လို့ ရပါတယ်။ သူနဲ့ ကျွန်မက လုံးဝ မရင်းနှီးပါဘူး။ အတန်းတူတက်တာ တစ်နှစ်ကျော်ပြီ၊ သူ ကျွန်မကို စကားပြောတာ ၅ ခါပဲ ရှိပါသေးတယ်။ စုစုပေါင်း ၂၃ လုံးပဲ ရှိပါတယ်။ သူ ကျွန်မနာမည်ကိုတောင် မမှတ်မိပါဘူး။ သူက ကျွန်မကို ကြိုက်စရာအကြောင်း လုံးဝမရှိပါဘူး"

သူမ ပြောလိုက်သော စကားလုံးတိုင်းကို ချန်လော့ပိုင် နားလည်သည်။ သို့သော် စကားလုံးတိုင်းက သူထင်ထားသည်နှင့် လွဲချော်နေသည်။

တစ်နည်းအားဖြင့် ပြောရရင် သူမ သူ့ရှေ့ ဝင်ရပ်လိုက်တဲ့ အချိန်ကစပြီး အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်က လွတ်သွားသလိုပါပဲ။

သူ ကြောင်ငေးစွာ ရပ်နေမိပြီး ထိုသေးသွယ်သော ကျောပြင်လေးကို စိုက်ကြည့်နေမိသည်။

ရှေ့မှ မိန်းကလေးသည် ထိုစကားများ ပြောပြီးနောက် သတ္တိနှင့် ခွန်အားများ ကုန်ခမ်းသွားသကဲ့သို့ ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်သည်။ အသံတွင် ငိုသံစွက်နေသည်။

"သူက ကျွန်မကို ဘယ်လိုလုပ် ကြိုက်နိုင်မှာလဲ"

***

All Chapters