← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃၁ ။ ဆိုဒါ : ပြန်လည်ဆုံတွေ့ခြင်း

"ချန်လော့ပိုင်... ငါ နင့်ကို ကြိုက်တယ်"

အောက်ထပ်မှ နောက်ထပ် ရည်းစားစာပေးသည့်အသံ ကြားလိုက်ရသဖြင့် ယွမ်စုန်းတစ်ယောက် ဂိမ်းပင် ဆက်မဆော့နိုင်တော့ပေ။ လက်ထဲမှ ပွဲကလည်း အတော်ပဲ ပြီးသွားသဖြင့် ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ကုလားထိုင်ကို အနောက်သို့ ရွှေ့လိုက်ပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။

သူကသာ စိတ်ရှုပ်နေရသည်။ အဖွင့်ပြောခံရသော ကာယကံရှင်ကတော့ အလွန်တည်ငြိမ်နေသည်။ လက်ထဲတွင် ကျန်းမင်ခိုင် ရေးသားသော "ရာဇဝတ်မှုဥပဒေ" စာအုပ်ကို ကိုင်ထားပြီး အာရုံစိုက် ဖတ်ရှုနေသည်မှာ ဘေးပတ်ဝန်းကျင်ကို မေ့ထားသည့်အတိုင်းပင်။

ယွမ်စုန်း မနေနိုင်တော့ဘဲ မတ်တတ်ရပ်လိုက်သည်။ သူ့အနောက်သို့ လျှောက်သွားပြီး ကုလားထိုင်ခြေထောက်ကို ကန်လိုက်သည်။

"တကယ် မဆင်းသွားဘူးလား"

ချန်လော့ပိုင် လှည့်မကြည့်ဘဲ ပြန်မေးလိုက်သည်။

"ဆင်းပြီး ဘာလုပ်ရမှာလဲ"

"မိန်းကလေးတစ်ယောက်က မင်းကို ရည်းစားစာ လာပေးနေတာလေ၊ ဆင်းပြီး ဘာလုပ်ရမလဲလို့ မေးနေသေးတယ်" ယွမ်စုန်းက သူ့မျက်နှာထားကို အကဲခတ်ကြည့်သော်လည်း ဘာမှ ထူးခြားမှု မတွေ့ရပေ။ "တကယ်ပဲ နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား"

ချန်လော့ပိုင်က ဂရုမစိုက်သလို ပြန်ဖြေသည်။

"မဝင်စားပါဘူး၊ မင်း ဒီလောက် စိတ်ဝင်စားနေရင် ကိုယ့်ဘာသာ ဆင်းသွားပါလား"

ယွမ်စုန်း ဒေါသထွက်လွန်း၍ ရယ်လိုက်မိသည်။

"ငါ့ကို လာပြောတာမှ မဟုတ်တာ၊ ငါက ဘာကိစ္စ စိတ်ဝင်စားရမှာလဲ"

ပြောပြီးသည်နှင့် ဘေးနားမှ အခန်းဖော်က သူ့ကို ဂရုမစိုက်တော့ဘဲ စာအုပ်တစ်မျက်နှာ လှန်ကာ ဆက်ဖတ်နေသည်ကို တွေ့လိုက်ရသည်။

ယွမ်စုန်းသည် ဒီအခန်းဖော်နှင့် စတွေ့သည့်နေ့က အဖြစ်အပျက်ကို ရုတ်တရက် ပြန်သတိရသွားသည်။

ကျောင်းဖွင့်ရန် တစ်ရက်အလိုတွင် သူနှင့် အခြားအခန်းဖော်များ ကန်တင်းမှ ထမင်းစားပြီး ပြန်လာကြသည်။ အမြဲတမ်း လွတ်နေသော ကုတင်တွင် အိပ်ရာခင်းများ သပ်သပ်ရပ်ရပ် ခင်းထားပြီး စာကြည့်စားပွဲရှေ့တွင် ကောင်လေးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ အရပ်က သိသိသာသာ ရှည်ပြီး ခြေတံရှည်များကို သက်သောင့်သက်သာ ဆန့်ထုတ်ထားသည်။ လက်ထဲတွင် "ဥပဒေရေးရာ နည်းစနစ်" စာအုပ်တစ်အုပ် ကိုင်ထားသည်။

သူတို့ဝင်လာသည်ကို ကြားသောအခါ ထိုကောင်လေးက တစ်ချက်သာ လှည့်ကြည့်သည်။

"ပြန်ရောက်ကြပြီလား"

ထို့နောက် သူတို့ကို ဂရုမစိုက်တော့ဘဲ ခေါင်းပြန်ငုံ့ကာ စာဆက်ဖတ်နေသည်။

မလာသေးသော အခန်းဖော်သည် နန်ပြည်နယ်၏ သိပ္ပံထူးချွန်ကျောင်းသားဖြစ်ကြောင်း ယွမ်စုန်း သိထားသည်။ ရုပ်ရည်ချောမောသူတစ်ဦး ဖြစ်ကြောင်းလည်း ကြားဖူးသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ဒီကောင် နည်းနည်း ဟိတ်ဟန်ထုတ်နေတာပဲဟု တွေးလိုက်မိသည်။

နောက်တစ်နေ့တွင် ဘေးအခန်းမှ ကောင်လေးတစ်ယောက်ပြောပြ၍ သူ့အခန်းဖော်အသစ် ဝတ်ထားသော နာရီမှာ ယွမ် ၃ သိန်းနီးပါး တန်ကြောင်း သိလိုက်ရမှ အံ့ဩသွားသည်။

သူတို့အခန်းမှ အခြားအခန်းဖော်တစ်ယောက်ဖြစ်သော ကျိုးချင်းဆွေမှာ မိသားစုအခြေအနေ သိပ်မကောင်းလှပေ။

ယွမ်စုန်းသည် အခြားဌာနမှ ကောင်လေးတစ်ယောက် ယွမ် ၂ သောင်း၊ ၃ သောင်းတန် နာရီဝတ်ထားပြီး ကျိုးချင်းဆွေကို သူခိုးလို သဘောထားကာ သတိထားနေသည်ကို မြင်ဖူးသည်။ သို့သော် သူတို့အခန်းဖော်အသစ်ကတော့ ရောက်လာသည့် ပထမဆုံးညမှာပင် မျက်နှာသွားသစ်စဉ် ယွမ် ၃ သိန်းတန်နာရီကို စားပွဲပေါ် ဒီအတိုင်း ပစ်ထားခဲ့သည်။

ထိုအခါမှ ယွမ်စုန်းသည် သူ့ကို အထင်လွဲခဲ့မိကြောင်း သဘောပေါက်လိုက်သည်။

အခန်းဖော်အသစ်၏ မိသားစုက တကယ် ချမ်းသာတာဖြစ်နိုင်ပြီး ယွမ် ၃ သိန်းတန် နာရီကို သာမန်ပစ္စည်းလို သဘောထားတာ ဖြစ်နိုင်သည်။

ဒါပေမဲ့ ဘယ်လောက်ပဲ သာမန်ပစ္စည်းလို သဘောထားပါစေ၊ ယွမ် ၃၀ တန် မဟုတ်ဘူးလေ။ စားပွဲပေါ် ဒီအတိုင်း ပစ်ထားရဲတာကိုကြည့်ရင် သူက စိတ်သဘောထား ပွင့်လင်းသူ ဖြစ်ပုံရသည်။ အပေါ်ယံ ရင်းရင်းနှီးနှီး ပေါင်းသင်းပြီး ကွယ်ရာကျရင် အထင်သေးတတ်တဲ့ လူစားမျိုး မဟုတ်လောက်ဘူး။

နောက်ပိုင်း အတူနေလာပြီးမှ ယွမ်စုန်း သိလာသည်မှာ ဒီအခန်းဖော်အသစ်က တကယ် ချမ်းသာသလို၊ မာနမကြီးတာလည်း အမှန်ပဲ ဆိုတာပါပဲ။ အဲဒီနေ့က သူတို့ကို ဂရုမစိုက်တာက စာဖတ်ကောင်းနေလို့ ဖြစ်မယ်။

ပြီးတော့ A တက္ကသိုလ်ဆိုတာ စာတော်တဲ့သူတွေ ပေါတဲ့နေရာလေ။

တကယ် ဟိတ်ဟန်ထုတ်ချင်ရင် သူ့ရဲ့ ဈေးကြီးတဲ့ ပစ္စည်းပစ္စယတွေကို ထုတ်ပြတာက စာလုပ်တာကို ပြတာထက် ပိုထိရောက်မှာပါ။

ကျောင်းစဖွင့်ကတည်းက သူ့ကို လာဖွင့်ပြောတဲ့ မိန်းကလေးတွေအားလုံးက ကျောင်းမှာ နာမည်ကြီးတဲ့သူတွေချည်းပဲ။ ဘယ်သူ့ကို တွဲတွဲ မျက်နှာပွင့်စရာကြီးပဲ။ ဒါပေမဲ့ ယွမ်စုန်းအမြင်မှာတော့ သူက ဘယ်မိန်းကလေးကိုမှ အထူးတလည် သဘောထားပုံမပေါ်ဘူး။

အထူးတလည် သဘောထားဖို့ နေနေသာသာ၊ မိန်းကလေးတွေကို မျက်လုံးထဲတောင် ထည့်ပုံမရဘူး။

လူကို အထင်သေးတဲ့သဘောမျိုး ပြောတာ မဟုတ်ပါဘူး။

အတန်းထဲက မိန်းကလေးတစ်ယောက်ယောက် အကူအညီလိုရင် သူက ကူညီပေးတတ်ပါတယ်။

ဒါပေမဲ့ အဲဒါက ဘတ်စ်ကားပေါ်မှာ အဘွားအိုတစ်ယောက်ကို နေရာဖယ်ပေးသလိုပါပဲ။ အဲဒီအဘွားအိုက ဘယ်သူလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ အသက်ဘယ်လောက်လဲဆိုတာ စိတ်ဝင်စားမှာ မဟုတ်သလိုမျိုးပေါ့။

သူက အတန်းထဲက မိန်းကလေးတွေ နာမည်တောင် သေချာ မမှတ်မိဘူး။

A တက္ကသိုလ် ရောက်လာတဲ့သူတွေက မိုက်မဲတဲ့သူတွေ မဟုတ်ကြဘူး။ သူ့သဘောထားကို ရိပ်မိတာနဲ့ အများစုက လက်လျှော့သွားကြတယ်။ ဒီ ဒုတိယနှစ် စီနီယာအစ်မ တစ်ယောက်တည်းသာ ဇွဲကောင်းနေတာ။

လမ်းမှာပိတ်တာ၊ ထမင်းလာပို့တာတွေ လုပ်ပြီးလို့ အလုပ်မဖြစ်တော့၊ ဒီနေ့ နောက်ထပ် ဗျူဟာသစ်တစ်ခု သုံးလိုက်ပြန်ပြီ။

"တကယ် မဆင်းဘူးလား" ယွမ်စုန်း ထပ်မေးလိုက်သည်။ "ငါ ခုနက အပြင်ထွက်တုန်းက အဆောင်အပေါ်ရော အောက်ရော လူတွေ ဝိုင်းကြည့်နေကြပြီ။ ခဏနေရင် တစ်ကျောင်းလုံး သိကုန်တော့မယ်"

ဒီတစ်ခါတော့ စာအုပ်ကို အသည်းအသန် ဖတ်နေသူကြီး လှုပ်ရှားသွားသည်။ လက်ထဲမှ "ရာဇဝတ်မှုဥပဒေ" စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များ ပေါ်နေသည်။

ယွမ်စုန်းက သူ ဆင်းတော့မည်ထင်ပြီး မေးလိုက်သည်။

"ခြေထောက်က တကယ် သက်သာသွားပြီလား"

ချန်လော့ပိုင် ခြေကောက်ဝတ်ကို လှည့်လိုက်သည်။ ဘာကြောင့်မှန်းမသိ ရုတ်တရက် ပြုံးလိုက်သည်။

"သက်သာသွားပါပြီ"

"မိုက်တယ်ဟေ့... မိုက်တယ်"

ရှဲ့ကျင့်ယွီ ဖုန်းကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"ချန်လော့ပိုင် ဆင်းလာပြီ"

ပိုင်လင်းယွင်က အနားကပ်သွားသည်။

"ဘာဖြစ်မလဲ၊ လက်ခံလိုက်မှာလား"

"မသိဘူး" ရှဲ့ကျင့်ယွီက ပြောသည်။ "ငါ့သူငယ်ချင်းက အောက်မှာ ရောက်နေတယ်၊ သူ အရင် နားထောင်လိုက်ဦးမယ်၊ ပြီးမှ ပြန်ပြောပြမယ်တဲ့"

ကျိုးအန်းရန် တက်ဘလက်မျက်နှာပြင်ကို စိုက်ကြည့်နေသည်။

ဒီည သူတို့ ၁၉၇၄ ခုနှစ်ထွက် "Murder on the Orient Express" ရုပ်ရှင်ကို ကြည့်နေကြသည်။ အခုဆို အဖြေဖော်ထုတ်မည့် နောက်ဆုံးအဆင့် ရောက်နေပြီ။

Poirot ပြောနေသော စကားများကို ကျိုးအန်းရန် နားထဲကြားနေရသော်လည်း ခေါင်းထဲ မဝင်ပေ။

သူမ ရင်တစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် မြင့်မားစွာ ဆိုင်းငံ့ခံထားရပြီး ထိုနေရာတွင် လူတစ်ယောက်တည်းသာ ရှိနေတော့သည်။

အချိန်ကာလ ကြာရှည်လာသည်နှင့်အမျှ ရင်ခုန်သံများ ပိုမိုမြန်ဆန်လာသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ၊ ရှဲ့ကျင့်ယွီ ပါးစပ်ဟလိုက်သည်။

"ငါ့သူငယ်ချင်း စာပြန်ပို့လိုက်ပြီ၊ ချန်လော့ပိုင် ပြောတာက..."

သူမက လူကို စိတ်လှုပ်ရှားအောင် တမင် အသံဆွဲပြောလိုက်သည်။

ပိုင်လင်းယွင် စိတ်မရှည်တော့ဘဲ ဖုန်းကို လှမ်းလုမလို လုပ်လိုက်သည်။

ထိုအခါမှ ရှဲ့ကျင့်ယွီက ဆက်ပြောသည်။

"ချန်လော့ပိုင်က ပြောတယ်... သဘောကျတယ်ဆိုတာ လေးစားမှုရှိရမယ်တဲ့။ တစ်ဖက်သား ကောင်းစားဖို့ မျှော်လင့်ပေးရမယ်တဲ့။ တစ်ဖက်သားရဲ့ဆန္ဒကို လျစ်လျူရှုပြီး နှောင့်ယှက်တာမျိုး မဖြစ်သင့်ဘူးတဲ့"

"ဒါ ငြင်းလိုက်တာပဲပေါ့" ပိုင်လင်းယွင် မေးလိုက်သည်။

ရှဲ့ကျင့်ယွီ ခေါင်းညိတ်လိုက်သည်။

"သူ အနောက်မှာ စကားနည်းနည်း ထပ်ပြောသေးတယ်တဲ့၊ ဒါပေမဲ့ ငါ့သူငယ်ချင်း မကြားလိုက်ရဘူး။ စီနီယာအစ်မ မျက်လုံးတွေနီပြီး ထွက်သွားတာပဲ မြင်လိုက်ရတယ်တဲ့။ ကျွတ်... ကျွတ်... ကျွတ်... အဲဒီစီနီယာအစ်မက ကျောင်းပန်းလေးရွေးပွဲတုန်းက ရေပန်းစားခဲ့တဲ့သူလေ။ ချန်လော့ပိုင်က ဒါတောင် သဘောမကျဘူးတဲ့လား"

ကျိုးအန်းရန် ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် ဒူးခေါင်းကို မျှားတစ်စင်း လာစိုက်သလို ခံစားလိုက်ရသည်။

ဒါပေမဲ့...

အရင်တုန်းကရော၊ အခုရော သူမက ဘာမှမလုပ်ရဲတဲ့ သတ္တိနည်းသူပါပဲ။

အရင်တုန်းက သူမ ခိုးပေးလိုက်တဲ့ သကြားလုံးနှစ်လုံးကို ထည့်မတွက်ရင်၊ သူ့ဆန္ဒကို "လျစ်လျူရှု" ပြီး လုပ်မိတဲ့ ကိစ္စဆိုလို့ ဆေးပေးလိုက်တာ တစ်ကြိမ်ပဲ ရှိတယ်။

အဲဒီလို တွေးလိုက်တော့လည်း သက်သာသွားသလိုပါပဲ။

ပိုင်လင်းယွင်က အေးအေးဆေးဆေး ဝင်ပြောလိုက်သည်။

"ဒါပေမဲ့ သူပြောတာ မှန်တယ်လို့ ငါထင်တယ်။ ဒီလိုမျိုး အတင်းအကျပ် လိုက်နေတာက တစ်ဖက်သားက ကိုယ့်အပေါ် နည်းနည်းလေးဖြစ်ဖြစ် စိတ်ဝင်စားမှုရှိနေမှ အဆင်ပြေမှာလေ။ ချန်လော့ပိုင်က ယောက်ျားလေးမို့လို့ တော်သေးတာပေါ့။ နေရာချင်းလဲပြီး မိန်းကလေးသာ မကြိုက်တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံရရင် စိတ်ရှုပ်စရာ၊ ကြောက်စရာ ကောင်းနေမှာ။ အိပ်လို့တောင် ပျော်မှာ မဟုတ်ဘူး"

"နင်ပြောတာလည်း ဟုတ်တာပဲ။ ငါ့သူငယ်ချင်းတစ်ယောက် အထက်တန်းတုန်းက အဲဒီလို အလိုက်ခံရဖူးတယ်။ ထမင်းစားရင်၊ ကျောင်းသွားကျောင်းပြန်ရင် အမြဲတမ်း လာရှုပ်နေတော့ သူ သေမလို ဖြစ်သွားတာ။ ဟိုကောင်လေးကကျတော့ ငါ ဒီလောက် ပေးဆပ်နေတာ နင် မကြွေသေးဘူးလားဆိုပြီး တွေးနေတာလေ။ ကြွေဖို့ နေနေသာသာ ကြောက်တောင် ကြောက်လာတယ်။ နောက်ပိုင်းကျတော့ သူ ကျောင်းသွားရင် သူ့အစ်ကိုကို လိုက်ပို့ခိုင်းရတယ်၊ တစ်ယောက်တည်း မသွားရဲတော့ဘူး" ရှဲ့ကျင့်ယွီကပြောရင်း ဘေးတွင်ထိုင်နေသော ကျိုးအန်းရန်ကို သတိထားမိသွားသည်။

မိန်းကလေး၏ ပခုံးကျော်ကျော် ဆံနွယ်များသည် ပါးပြင်နားတွင် ဝဲခိုနေပြီး ဘေးတိုက်မျက်နှာလေးမှာ လိမ္မာပြီး ဖြူစင်နေသည်။

ရှဲ့ကျင့်ယွီ ပြောလက်စစကား မေ့သွားပြီး အတင်းအဖျင်းစိတ် ဝင်လာကာ မေးလိုက်သည်။

"ရန်ရန်... နင် ဒီလောက်လှတာ၊ အထက်တန်းတုန်းက လိုက်တဲ့သူတွေ မနည်းလောက်ဘူးနော်"

ကျိုးအန်းရန် သတိဝင်လာပြီး ခေါင်းခါပြလိုက်သည်။

"မရှိပါဘူး"

"မဖြစ်နိုင်တာ" ရှဲ့ကျင့်ယွီ မယုံပေ။ "နင်တို့ အထက်တန်းကျောင်းက ကောင်လေးတွေ မျက်လုံးကန်းနေကြတာလား"

ရုပ်ရှင်ကို အာရုံစိုက် ကြည့်နေသော ယွီရှင်းယွဲ့က ဝင်ပြောသည်။

"နင်တို့ သူ့ရဲ့ အထက်တန်းတုန်းက ဆံပင်ပုံစံကို မမြင်ဖူးလို့ပါ။ ဘာပဲဖြစ်ဖြစ် အုန်းမှုတ်ခွက် ဆောင်းထားတာထက် သိပ်မပိုပါဘူး"

ပိုင်လင်းယွင်နှင့် ရှဲ့ကျင့်ယွီတို့ အံ့ဩတကြီးဖြင့် ကျိုးအန်းရန်ကို ဝိုင်းကြည့်လိုက်ကြသည်။

ကျိုးအန်းရန် ပြန်စဉ်းစားလိုက်သည်။

ယွီရှင်းယွဲ့ ပြောတာက သူမ အထက်တန်း တတိယနှစ်တုန်းက ဆံပင်ပုံစံကို ပြောတာဖြစ်မယ်။ အဲဒီတုန်းက အိမ်ရှေ့က တခြားဆိုင်တစ်ဆိုင်မှာ သွားညှပ်လိုက်တာ။ မထင်မှတ်ဘဲ အထက်တန်း ဒုတိယနှစ်တုန်းက ညှပ်ပေးတဲ့ ဆိုင်လောက်တောင် မကောင်းဘူး။

ကျိုးအန်းရန် တိုးတိုးလေး ပြန်ငြင်းလိုက်သည်။

"အုန်းမှုတ်ခွက်ထက်တော့ အများကြီး ပိုကောင်းပါတယ်၊ အဲဒီလောက် မတိုပါဘူး။ အိမ်အောက်က ဆံပင်ညှပ်ဆရာက ရှေ့ဆံပင်ကို နည်းနည်း တိုပြီး ညီအောင် ညှပ်ပေးလိုက်လို့ပါ"

"ဒါဆိုရင်လည်း တခြားဆိုင်သွားပြီး ပြန်ပြင်လိုက်ပါ့လား" ရှဲ့ကျင့်ယွီက ပြောသည်။

ကျိုးအန်းရန် - "...... အဲဒီတုန်းက အထက်တန်း တတိယနှစ် ရောက်နေပြီလေ"

သူမ စိတ်မပါသလို၊ အချိန်လည်း မပေးနိုင်တော့လို့ တခြားဆိုင်သွားပြီး ပြန်မပြင်ခဲ့တာပါ။

ပိုင်လင်းယွင်က ဝေဖန်လိုက်သည်။

"ရုပ်ရည်ကို အလဟဿ ဖြုန်းတီးပစ်တာပဲ"

ရှဲ့ကျင့်ယွီ - "ဟုတ်တယ်... နှမြောစရာကြီး"

ကျိုးအန်းရန် - "......"

"ပြီးတော့ ငါတို့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးက သရဲတစ္ဆေလိုပဲ၊ နေ့တိုင်း အတန်းတွေ လိုက်စစ်နေတာ။ တစ်ယောက်ယောက် လိုက်ချင်ရင်တောင် သတ္တိရှိမှာ မဟုတ်ဘူး" ယွီရှင်းယွဲ့က မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်သည်။ "ရုပ်ရှင် ပြီးသွားပြီ၊ ငါ ရေသွားချိုးပြီး အိပ်တော့မယ်"

"ဘာ..." ရှဲ့ကျင့်ယွီ လှည့်ကြည့်လိုက်သည်။ "ပြီးသွားပြီလား၊ လူသတ်သမားက ဘယ်သူလဲ"

ယွီရှင်းယွဲ့ - "နင်တို့က လူသတ်သမား ဘယ်သူလဲဆိုတာ စိတ်မဝင်စားဘူးလို့ ငါထင်နေတာ။ ကိုယ့်ဘာသာ ပြန်ရစ်ကြည့်လိုက်၊ ကြိုပြောပြရင် အရသာမရှိတော့ဘူး"

ရှဲ့ကျင့်ယွီ ရုပ်ရှင်ကို ပြန်ရစ်လိုက်သည်။

ကျိုးအန်းရန်နှင့် အခန်းဖော်နှစ်ယောက်တို့ နောက်ဆုံးအပိုင်းကို ပြန်ကြည့်လိုက်ကြသည်။

.....

တနင်္လာနေ့တွင် အတန်းချိန် ပြည့်နေသဖြင့် သူတို့ ညဉ့်နက်သည်အထိ မနေကြတော့ဘဲ ရုပ်ရှင်ပြီးသည်နှင့် ရေချိုးအိပ်လိုက်ကြသည်။

ကျိုးအန်းရန် အမျိုးသားနေ့ ပိတ်ရက်တွင် ရက်အနည်းငယ် နားခဲ့ရသဖြင့် ကျောင်းပြန်ရောက်သောအခါ အနားမယူရဲတော့ပေ။ တနင်္လာနေ့ည ညစာစားပြီးသည်နှင့် ယွီရှင်းယွဲ့နှင့်အတူ စာကြည့်တိုက်သို့ သွားလိုက်သည်။

စာဖတ်နေစဉ် ဖုန်းကို Silent လုပ်ထားသည်။ အဆောင်ပြန်ရောက်မှ ဖုန်းထဲတွင် မက်ဆေ့ခ်ျအသစ် ဝင်နေသည်ကို တွေ့လိုက်ရသည်။

ယွီပင်းချင် - [နောက်တစ်ပတ် စနေနေ့ အသင်းသူ/သားများ တွေ့ဆုံပွဲ ရှိတယ်]

ည ၉ နာရီ ၅ မိနစ်တွင် ပို့ထားခြင်းဖြစ်သည်။

တစ်နာရီလောက် ကြာသွားပြီ။

ကျိုးအန်းရန် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး ထိုင်ဖို့ပင် မေ့လျော့ကာ စာပြန်ရိုက်လိုက်သည်။

[ဆောရီးပါ စီနီယာအစ်မ၊ ခုနက စာကြည့်တိုက်မှာမို့လို့ ဖုန်းအသံပိတ်ထားလို့ မမြင်လိုက်မိဘူး]

ကျိုးအန်းရန် သူမ ဆိုလိုရင်းကို သေချာနားမလည်ပေ။

သူမကို တွေ့ဆုံပွဲ လာတက်စေချင်တာလား။ ဒါပေမဲ့ တိုက်ရိုက်ကြီး မေးလိုက်ရင်လည်း မကောင်းဘူး ထင်တယ်။

ကျိုးအန်းရန် စဉ်းစားလိုက်ပြီး နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။

[ဘာတွေ့ဆုံပွဲလဲဟင်]

စာပို့ပြီးနောက် အချိန်အတော်ကြာသွားပြီဖြစ်၍ ယွီပင်းချင် ချက်ချင်း မြင်ချင်မှ မြင်မည်ဟု တွေးကာ ဖုန်းချပြီး ရေသွားချိုးရန် ပြင်လိုက်စဉ် ယွီပင်းချင်က ဖုန်းဆက်လာသည်။

ကျိုးအန်းရန် ဖုန်းကိုင်လိုက်သည်။

"စီနီယာအစ်မယွီ"

ယွီပင်းချင်က ထူးလိုက်ပြီး စကားကို တိုတိုတုတ်တုတ် ပြောသည်။

"ထမင်းစားမယ်၊ သီချင်းဆိုမယ်၊ နေရာကို နောက်မှပို့ပေးလိုက်မယ်"

ဒါဆို သူမကို လာစေချင်တာ သေချာသွားပြီ။

ကျိုးအန်းရန်သည် ရှဲ့ကျင့်ယွီ စုံစမ်းထားသော သတင်းကို သတိရသွားပြီး တွန့်ဆုတ်နေသော်လည်း တိုးတိုးလေး ဖြည့်စွက်ပြောလိုက်သည်။

"ဟိုလေ... စီနီယာအစ်မ၊ ညီမက ဂစ်တာ လုံးဝ မတီးတတ်ဘူးနော်"

"နောက်ထပ် အသင်းဝင်သစ်တစ်ယောက်လည်း မတီးတတ်ပါဘူး" ယွီပင်းချင်က ပြောသည်။ "နောက်မှ အားရင် အတူတူ သင်ပေးမယ်၊ ကိစ္စရှိလို့ ဖုန်းချလိုက်တော့မယ်"

ရှဲ့ကျင့်ယွီ၏ကုတင်က သူမနှင့် တစ်ဖက်တည်းတွင် ရှိသည်။ သူမထက်စောပြီး အဆောင်ပြန်ရောက်နေသည်။ သူမ ဖုန်းချလိုက်သည်ကို မြင်သောအခါ စပ်စုသလို မေးလိုက်သည်။

"စီနီယာအစ်မယွီပင်းချင်နဲ့ ဖုန်းပြောနေတာလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ရှဲ့ကျင့်ယွီက နောက်ပိုင်းတွင် သတင်းပေးသူကို ထပ်မေးကြည့်ရာ ယွီပင်းချင်၏အသင်းက ဂစ်တာကျွမ်းကျင်သူများကိုသာ ခေါ်လေ့ရှိကြောင်း၊ ဂစ်တာမတီးတတ်ရင်တောင် အခြားတူရိယာတစ်ခုခု ကျွမ်းကျင်ရမည်ဖြစ်ကြောင်း၊ ဒီနှစ် ဘာလို့ စည်းကမ်းဖောက်လိုက်လဲ မသိကြောင်း ပြောပြသည်။

"နင်က ဂစ်တာ မတီးတတ်ဘူးလို့ ပြောတော့ အစ်မက ဘာပြန်ပြောလဲ"

ကျိုးအန်းရန် - "သူပြောတာ နောက်ထပ် အသင်းဝင်သစ်တစ်ယောက်လည်း မတီးတတ်ဘူးတဲ့"

"ဒါဆို ဒီနှစ် ဂစ်တာမတီးတတ်တဲ့သူ နှစ်ယောက်တောင် ခေါ်လိုက်တာပေါ့" ရှဲ့ကျင့်ယွီ မေးစေ့ကို ပွတ်သပ်လိုက်သည်။ စဉ်းစားလို့ မရပေ။ သူမ ကျိုးအန်းရန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေသည်။ "နင် လှလို့ မျက်နှာပန်းလှအောင် ခေါ်ထားတာများလား"

ကျိုးအန်းရန် မျက်နှာရဲသွားသည်။

"စီနီယာအစ်မယွီက ပိုလှပါတယ်"

ရှဲ့ကျင့်ယွီက စပ်စုချင်စိတ် မကုန်သေးပေ။

"ဒါဆို နောက်မှ နောက်ထပ် အသင်းဝင်သစ်က တခြားတူရိယာ တီးတတ်လားဆိုတာ ကူမေးပေးပါဦး"

ကျိုးအန်းရန် ခေါင်းညိတ် လက်ခံလိုက်သည်။

တော်သေးတာပေါ့ နောက်ထပ် အသင်းဝင်သစ်တစ်ယောက် ရှိသေးလို့။ မဟုတ်ရင် စနေနေ့ကျရင် သူမတစ်ယောက်တည်း လူရင်းတွေကြားထဲ သွားထိုင်နေရရင် တော်တော် နေရခက်မှာ။

ဒါပေမဲ့ အဲဒီလူသစ်က ယောကျ်ားလေးလား မိန်းကလေးလား၊ ပေါင်းသင်းရလွယ်လား ဆိုတာတော့ မသိသေးဘူး။

ရေချိုးပြီး အိပ်ရာပေါ် လှဲလိုက်သောအခါ ကျိုးအန်းရန်သည် ယွီပင်းချင် ပို့ပေးထားသော တည်နေရာနှစ်ခုကို လက်ခံရရှိလိုက်သည်။ စားသောက်ဆိုင်တစ်ဆိုင်နှင့် KTV တစ်ခုဖြစ်ပြီး ကျောင်းနှင့် မဝေးလှပေ။

.....

နောက်ရက်များတွင် ကျိုးအန်းရန်သည် အတန်းပြီးသည်နှင့် ယွီရှင်းယွဲ့နောက်လိုက်ပြီး စာကြည့်တိုက်တွင် သွားမြှုပ်နှံထားသည်။

စနေနေ့ညနေအထိ စာလုပ်ပြီးနောက် ပခုံးများ ညောင်းညာလာသဖြင့် စားသောက်ဆိုင်ကလည်း ကျောင်းနှင့်နီးသည်မို့ ကားမစီးတော့ဘဲ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။

ကျိုးအန်းရန် တမင်စောထွက်လာသော်လည်း စားပွဲထိုးက အခန်းထဲ ခေါ်သွားချိန်တွင် လူပြည့်လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တံခါးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်က သူမကို မြင်သည်နှင့် လေချွန်လိုက်သည်။

"ဟေး... ဒါ ငါတို့ အသင်းဝင်သစ်မလား၊ ကြိုဆိုပါတယ်"

ပြောပြီးသည်နှင့် ဦးဆောင်ပြီး လက်ခုပ်တီးလိုက်သည်။

ကျိုးအန်းရန် တံခါးဝတွင် ကြောင်သွားသည်။

ကျောပေးထိုင်နေသော ယွီပင်းချင် လှည့်ကြည့်လိုက်သည်။ အခန်းထဲတွင် သူမသူငယ်ချင်းများ ရှိနေ၍လားမသိ၊ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရေးရေးလေး ပေါ်နေသည်။

"သူ့ကို မခြောက်ကြနဲ့"

အခန်းထဲမှလူများက သူမစကားကို နားထောင်ပုံရသည်။ ဆူညံသံများ ရပ်တန့်သွားသည်။

ယွီပင်းချင်က သူမဘေးမှ နေရာလွတ်ကို ပုတ်ပြလိုက်သည်။

"ဝင်လာလေ"

ကျိုးအန်းရန် သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

ယွီပင်းချင်က စကားပြောရမှာ ပျင်းနေပုံရသည်။ အခန်းထဲမှ တစ်ယောက်ကို မေးငေါ့ပြလိုက်သည်။

"နင် မိတ်ဆက်ပေးလိုက်"

ကျိုးအန်းရန် ကြည့်လိုက်မှ ရှုဟုန်လျန် ရှိနေသည်ကို တွေ့လိုက်ရသည်။

အခန်းထဲတွင် လူ ၁၅၊ ၁၆ ယောက်ခန့် ရှိသည်။ ရှုဟုန်လျန်က တစ်ယောက်ချင်းစီ ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးလိုက်သည်။ နားထောင်ရသလောက် တတိယနှစ်နှင့် စတုတ္ထနှစ် စီနီယာများ ဖြစ်ကြသည်။ နောက်ထပ် အသင်းဝင်သစ်ကတော့ မရှိသေးပေ။

ကျိုးအန်းရန် လာတုန်းက လူအများကြီးရှေ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရမှာ ကြောက်နေခဲ့ပေမယ့် ရှုဟုန်လျန်က တခြားလူတွေကို မိတ်ဆက်ပေးပြီး သူမကိုလည်း ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးလိုက်တော့ ဒီအဆင့်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်ခဲ့သည်။

ယွီပင်းချင်က မီနူးကတ် တွန်းပို့ပေးသည်။

"ဘာစားချင်လဲ ကြည့်လိုက်၊ အမှန်ခြစ်ထားတာတွေက မှာပြီးသားတွေ"

ကျိုးအန်းရန် ကြည့်လိုက်သည်။

ဟင်းအတော်များများ မှာပြီးသား ဖြစ်နေသည်။ သူမ ထွေထွေထူးထူး စားချင်တာ မရှိသလို၊ ထပ်မှာဖို့လည်း အားနာနေသဖြင့် မီနူးကတ်ကို ပြန်တွန်းပို့လိုက်သည်။

"ရပါတယ်... ညီမ အစားမရွေးပါဘူး"

ယွီပင်းချင် နှုတ်ခမ်းပေါ်မှ အပြုံး ပိုထင်ရှားလာသည်။

"မရွေးတာ ကောင်းတယ်၊ နောက်တစ်ယောက်ကတော့ အစားတော်တော် ရွေးတယ်"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

နောက်တစ်ယောက် ဟုတ်လား။

နောက်ထပ် အသင်းဝင်သစ်ကို ပြောတာလား။

"စီနီယာအစ်မယွီ" ကျိုးအန်းရန် တိုးတိုးလေး မေးလိုက်သည်။ "နောက်ထပ် အသင်းဝင်သစ်က မလာသေးဘူးလား"

ယွီပင်းချင် မီနူးကတ်ကို ဘေးသို့ ပစ်တင်လိုက်သည်။

"သူ ကိစ္စလေးရှိလို့ ကြာနေတာ၊ ခဏနေ သီချင်းသွားဆိုမှ လာလိမ့်မယ်"

ကျိုးအန်းရန်သည် စကားနည်းပြီး ခင်မင်မှု နှေးကွေးတတ်သူ ဖြစ်သော်လည်း၊ လူမှုဆက်ဆံရေး မကျွမ်းကျင်သော်လည်း၊ သူစိမ်းနေရာတွင် သူစိမ်းများနှင့်တွေ့လျှင် အစပိုင်း၌ နေရခက်တတ်သော်လည်း လူကြောက်ရောဂါရှိသည်အထိတော့ မဟုတ်ပေ။ ဒီစီနီယာအစ်ကို အစ်မတွေက သဘောကောင်းပြီး ဂရုစိုက်ကြတာကို သိလိုက်ရတော့ တဖြည်းဖြည်း စိတ်လျော့သွားသည်။

မျှော်လင့်ထားသည်ထက် ပိုပျော်ဖို့ကောင်းသော ညစာစားပွဲ ဖြစ်ခဲ့သည်။

.....

ညစာစားပြီးနောက် လူအုပ်ကြီး KTV သို့ ပြောင်းရွှေ့ကြသည်။

ကျိုးအန်းရန် သီချင်းသီဆိုမတတ်သလို၊ လူသစ်လည်းဖြစ်သဖြင့် ဘေးအကျဆုံးနေရာတွင် ဝင်ထိုင်လိုက်သည်။

ယွီပင်းချင်က အစပိုင်းတွင် သူမဘေး၌ ထိုင်သော်လည်း နောက်ပိုင်း စီနီယာအစ်ကိုတစ်ယောက်က ကိစ္စရှိလို့ ခေါ်လိုက်သဖြင့် အလယ်သို့ ပြောင်းသွားသည်။ ကျိုးအန်းရန်ဘေးတွင် မုန့်သွားဝယ်ပြီး ပြန်လာသော စုံတွဲတစ်တွဲ ရောက်လာသည်။

စီနီယာအစ်မက သူမတစ်ယောက်တည်း လိမ်လိမ်မာမာ ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့သောအခါ တိုးတိုးလေး မေးလိုက်သည်။

"ဘာသီချင်း ဆိုချင်လဲ၊ အစ်မ ရွေးပေးမယ်"

ကျိုးအန်းရန် ပြုံးပြပြီး ခေါင်းခါလိုက်သည်။

"ကျေးဇူးပါ အစ်မ၊ ညီမ သီချင်းမဆိုတတ်ပါဘူး"

စီနီယာအစ်မက သူမနှုတ်ခမ်းဘေးမှ ပါးချိုင့်လေးကို သဘောကျသွားပြီး မုန့်ထုပ်ထဲမှ ဆီးသီးတစ်ဘူး ဖောက်ကာ သူမလက်ထဲ ထည့်ပေးလိုက်သည်။

"ဒါဆို မုန့်စားနေလေ၊ ဒီဆီးသီး အရသာရှိတယ်။ အစ်မချင်း ခဏနေ သီချင်းဆိုလောက်တယ်၊ နားထောင်ကြည့်လိုက်"

ကျိုးအန်းရန် လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

ရှဲ့ကျင့်ယွီ ပြောပြဖူးသည်မှာ ယွီပင်းချင်သည် တီးဝိုင်း၏ ဂစ်တာသမားနှင့် အဆိုတော် ဖြစ်သည်ဟု ဆိုသည်။ ရှဲ့ကျင့်ယွီက ယွီပင်းချင် သီချင်းဆိုနေသည့် ဗီဒီယိုကိုလည်း ပြဖူးသည်။ အနက်ရောင်ဝတ်စုံနှင့် စင်မြင့်ပေါ်တွင် သီချင်းဆိုနေပုံမှာ အလွန်မိုက်ပြီး အသံက စကားပြောတာထက် ပိုဆွဲဆောင်မှု ရှိသည်။

ဆီးသီးက ချဉ်ပေါင်ပေါင်နှင့် အရသာရှိသည်။ ကျိုးအန်းရန် စားရင်း သူများသီချင်းဆိုတာ နားထောင်နေစဉ် ယွီပင်းချင် ဖုန်းလာ၍ အပြင်ထွက်သွားသည်။

ကျိုးအန်းရန် ဖုန်းလည်း မြည်လာသည်။

ရှဲ့ကျင့်ယွီ စာလုပ်ပြီးသွားပြီထင်သည်။ အတင်းအဖျင်း မေးနေပြန်ပြီ။

ရှဲ့ကျင့်ယွီ - [နင်တို့ နောက်ထပ် အသင်းဝင်သစ်က တခြားတူရိယာ တီးတတ်လား]

ကျိုးအန်းရန် ဆီးသီးကို ကိုက်ရင်း စာပြန်လိုက်သည်။ [မလာသေးဘူး]

ကျိုးအန်းရန် - [ယောကျ်ားလေးလား မိန်းကလေးလား ဆိုတာတောင် မသိရသေးဘူး]

ထိုစဉ် တံခါးပွင့်လာသည်။ ယွီပင်းချင် ပြန်လာပြီထင်ပြီး ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

အခန်းထဲတွင် အေးဆေးငြိမ်သက်သော သီချင်းတစ်ပုဒ် ဖွင့်ထားသည်။ နိဒါန်းပျိုးသံ ပြီးသွားသောအခါ အသံနိမ့်နိမ့် ယောက်ျားလေးအသံတစ်သံ ထွက်ပေါ်လာသည်။ ဘယ်သူဆိုနေလဲ မသိ။

"သက်တံတစ်စင်းကို ဘယ်လို ပိုင်ဆိုင်ရမလဲ... နွေရာသီလေပြေကို ဘယ်လို ဖက်ထားရမလဲ..."

အထက်တန်းပထမနှစ်တုန်းက ယန်ရှင်းချန် သူမနားထဲ နားကြပ်ထိုးထည့်ပေးတုန်းက ကြားလိုက်ရတဲ့ သီချင်းပဲ။

ကျိုးအန်းရန်သည် တံခါးဝမှ ဝင်လာသော အရပ်ရှည်ရှည် ကောင်လေးကို ကြောင်ငေးကြည့်နေမိပြီး အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

အိပ်မက်ထဲမှာ သူမ အထက်တန်းပထမနှစ်ကို ပြန်ရောက်သွားတယ်။ လိမ္မော်ရောင် ဘတ်စကက်ဘောကို ကိုင်ပြီး သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော အရှေ့ပေါက်က ဝင်လာတဲ့ သူ့ကို မြင်ယောင်လာတယ်။

သူမ ကိုယ့်နေရာမှာထိုင်ပြီး သူ့ကို ခိုးကြည့်နေတုန်း နားကြပ်ထဲက သီချင်းသံကို ကြားလိုက်ရသလို၊ တိတ်တဆိတ် မြန်ဆန်လာတဲ့ ကိုယ့်ရင်ခုန်သံကိုလည်း ကြားလိုက်ရတယ်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃၂ ။ ဆိုဒါ : WeChat Add လိုက်ရအောင်

သို့သော် ရှေ့မှ ကောင်လေးသည် အမှတ် (၂) ကျောင်း၏ အပြာအဖြူရောင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိပေ။

သူသည် မီးခိုးရောင် ဟူဒီနှင့် အနက်ရောင် အားကစားဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ အရပ်က အရင်ကထက် ပိုရှည်လာသလို၊ မျက်နှာပေါ်မှ နုပျိုမှုများ လျော့ပါးသွားပြီး မေးရိုးများ ပိုမိုထင်ရှား ပြတ်သားလာကာ မျက်နှာသွင်ပြင်က အရင်ကထက် ပိုမို ဆွဲဆောင်မှု ရှိလာသည်။

အလင်းရောင် မှိန်ဖျော့နေ၍လားမသိ၊ သူ့ပုံစံက အနည်းငယ် ပိုတည်ငြိမ်လာသလို ခံစားရသည်။

ဖြူဝင်းသွယ်လျသော လက်ချောင်းများဖြင့် တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားပြီး လက်ကောက်ဝတ်ရိုးပေါ်မှ မှဲ့နက်ကလေးမှာ အကွာအဝေးနှင့် အလင်းရောင်ကြောင့် ဝေဝါးနေသည်။

ကျိုးအန်းရန် ဦးနှောက်ထဲတွင်လည်း ဝေဝါးနေသည်။

ချန်လော့ပိုင် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။

ကျိုးအန်းရန် သူနှင့် ပြန်ဆုံတွေ့မည့် အခြေအနေပေါင်းများစွာကို စိတ်ကူးယဉ်ဖူးသည်။

စာကြည့်တိုက်၊ ကန်တင်း၊ အားကစားရုံ၊ မကြာခဏ လျှောက်သွားနေကျ လမ်းကလေး သို့မဟုတ် ရွေးချယ်ခွင့်ရသော အတန်းတစ်ခုခုတွင် မတော်တဆ ဆုံတွေ့နိုင်သည်ဟု တွေးဖူးသည်။

ဒါပေမဲ့ ဒီနေ့လိုမျိုးတော့ လုံးဝ ထင်မထားခဲ့မိဘူး။

ဒီလောက် ရုတ်တရက်ဆန်တဲ့ အခြေအနေမျိုးမှာပေါ့။

သူမလက်ထဲတွင် စီနီယာအစ်မ ထည့်ပေးလိုက်သော ဆီးသီးဘူးကို ကိုင်ထားဆဲဖြစ်ပြီး တကယ့်အဖြစ်အပျက် ဟုတ်မဟုတ် မသေချာသလို ခံစားနေရသည်။

စီနီယာအစ်မတစ်ယောက်၏အသံ ထွက်ပေါ်လာမှသာ အသိပြန်ဝင်လာသည်။

"ငါတို့ ကျောင်းသားချောလေး ရောက်လာပြီပဲ၊ လာ... အထဲဝင်ထိုင်၊ နင့်အစ်မ ခုနကမှ ထွက်သွားတာ"

တံခါးဝမှ ကောင်လေးသည် တံခါးလက်ကိုင်ကို လွှတ်လိုက်သည်။ အမှတ် (၂) ကျောင်းတုန်းက အကြိမ်ပေါင်းများစွာ ဆုံခဲ့သလိုပင်၊ ထောင့်တစ်နေရာတွင် ထိုင်နေသော သူမကို လုံးဝ သတိမထားမိဘဲ အထဲသို့ လျှောက်ဝင်လာသည်။

တံခါးက သူ့အနောက်တွင် ဖြည်းညှင်းစွာ ပြန်ပိတ်သွားသည်။ ကျိုးအန်းရန် ခေါင်းငုံ့လိုက်သည်။ သူမနှင့် သိပ်မဝေးသော နေရာတစ်ခုတွင် သူဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

သူမဘေးမှ စုံတွဲ၏ ဘေးကပ်ရပ်ခုံတွင် ဖြစ်သည်။

သီချင်းဆိုနေသူက ဘာကြောင့်မှန်းမသိ ရပ်သွားသဖြင့် အခြားစီနီယာအစ်မတစ်ယောက်၏အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

"နောက်ထပ် အသင်းဝင်သစ်တစ်ယောက်က နင်ဆိုတာ ဘာလို့ မပြောပြတာလဲ"

"အခု သိသွားပြီပဲလေ" ယခင်အစ်မက ပြန်ဖြေသည်။

"ဒီရက်ပိုင်း နင့်သတင်းတွေ မကြားရတာ မရှိသလောက်ပဲ၊ နင့် WeChat အကောင့်ရဖို့ တော်တော်ခက်တယ်ဆို" အနောက်မှအစ်မက သူ့ဘက်လှည့်ကာ ရယ်မောပြီး မေးလိုက်သည်။ "ငါ့မှာရော အဲဒီကံထူးခွင့်ရှိမလား"

ကျိုးအန်းရန် ပါးစပ်ထဲထည့်လိုက်သော ဆီးသီးလုံးလေးမှာ အလွန်ချဉ်စုတ်နေသလို ခံစားလိုက်ရသည်။

တစ်စက္ကန့်၊ သို့မဟုတ် ထို့ထက်ပိုကြာပြီးနောက် ထိုရင်းနှီးသော အသံ ထွက်ပေါ်လာသည်။ ရယ်သံပါနေသည်။ နှစ်နှစ်လောက် မကြားခဲ့ရပေမယ့် ရင်းနှီးနေဆဲပါပဲ။

"ကျွန်တော့် WeChat အကောင့်ရတာ ဘာကံထူးခွင့်မို့လို့လဲ"

"ဒါဆို ဘာက ကံထူးခွင့်လဲ" စီနီယာအစ်မက သူ့စကားအတိုင်း လိုက်မေးသည်။

သူ့အသံတွင် ရင်းနှီးနေကျ ပေါ့ပါးမှုများ ပါဝင်လာသည်။

"နိုင်ငံတော်အတွက် အကျိုးပြုတာလေ"

သီချင်းဆိုနေသော စီနီယာအစ်ကိုက သူ့စကားကြောင့် ရယ်မောလိုက်သည်။ "ဟား" ခနဲ ရယ်သံကြီးက မိုက်ကရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာပြီး အလွန်ကျယ်လောင်သွားသည်။

"အဆင့်အတန်းက ချက်ချင်း မြင့်သွားပါရောလား"

ထိုစီနီယာအစ်မက နောက်ပြောင်လိုက်ခြင်းလား၊ တကယ် WeChat လိုချင်တာလား မသိသော်လည်း ဇွတ်အတင်း မတောင်းတော့ဘဲ သူပေးသော လှေကားထစ်အတိုင်း လှလှပပ ဆင်းလိုက်သည်။

"ဒါဆို အစ်မက မောင်လေးရဲ့ ဆုတောင်းစကားအတိုင်း နိုင်ငံတော်အတွက် အကျိုးပြုခွင့်ရဖို့ မျှော်လင့်ပါတယ်"

ကျိုးအန်းရန် ပါးစပ်ထဲမှ ဆီးသီးကို ဖြည်းဖြည်းချင်း ဝါးစားပြီး မျိုချလိုက်သည်။ ချဉ်စုတ်စုတ် အရသာက ပါးစပ်ထဲမှ ရင်ထဲထိ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

နှစ်နှစ်လောက် ကြာသွားပြီဆိုတော့ ပြန်တွေ့ရင် အရင်ကထက် ပိုတည်ငြိမ်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ နှလုံးသားကို ရစ်ပတ်ထားတဲ့ မမြင်ရတဲ့ ကြိုးမျှင်တွေက ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ဘူး။ အဲဒီကြိုးမျှင်တွေကို ထိန်းချုပ်ထားသူကလည်း သူပဲ ဖြစ်နေတုန်းပါပဲ။

ဒီအကြောင်းအရာ ပြီးသွားတော့ အခန်းထဲတွင် ပြန်လည် ဆူညံသွားသည်။ သီချင်းဆိုသူဆို၊ စကားပြောသူပြောနှင့် ထိုအသံ ထပ်မကြားရတော့ပေ။

စောစောက အတိုင်းပါပဲ။

ဒါပေမဲ့ ကျိုးအန်းရန်အတွက်တော့ ပတ်ဝန်းကျင်က လေထုတွေ ပါးလွှာသွားသလို၊ အသက်ရှူကျပ်သလို ခံစားနေရသည်။

အခန်းက တော်တော်ကျယ်ပါတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ရှိတာပေါ့။

ကျိုးအန်းရန် သူမရှိနေတာကို သူ သိသွားမှာ ကြောက်တယ်။ သိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ မြင်ရမှာ ကြောက်တယ်။ သူမကို မတွေ့ချင်ဘူးဆိုတာ သိရမှာ ကြောက်တယ်။ ပြီးတော့ သူမကို လုံးဝ မမှတ်မိတော့မှာကို ပိုကြောက်တယ်။

သူမ ဆက်မထိုင်နိုင်တော့ဘူး။

ကျိုးအန်းရန် ဖုန်းထုတ်လိုက်ပြီး ယွီပင်းချင်ဆီ မက်ဆေ့ခ်ျ ပို့လိုက်သည်။

[စီနီယာအစ်မ... ညီမ ရုတ်တရက် အရေးကြီးကိစ္စ ပေါ်လာလို့ အရင်ပြန်နှင့်လို့ ရမလား]

ယွီပင်းချင် ချက်ချင်း စာမပြန်ပေ။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး ဘေးနားက စီနီယာအစ်မကို တို့လိုက်သည်။

စီနီယာအစ်မ လှည့်ကြည့်သည်။

ကျိုးအန်းရန် သူမနား တိုးကပ်သွားပြီး ဆီးသီးဘူးကို ပြန်ပေးလိုက်သည်။ အသံနှိမ့်ပြီး ပြောလိုက်သည်။

"အစ်မ... ညီမ ကိစ္စလေးရှိလို့ အရင်ပြန်နှင့်တော့မယ်။ ခဏနေ စီနီယာအစ်မယွီ ပြန်လာရင် ပြောပေးပါနော်"

စီနီယာအစ်မ ခေါင်းညိတ်လိုက်သည်။

"လမ်းမှာ ဂရုစိုက်နော်"

ကျိုးအန်းရန် လွယ်အိတ်ယူပြီး ထလိုက်ချိန်တွင် အနောက်မှ အကြည့်အချို့ သူမအပေါ် ကျရောက်လာသလို ခံစားလိုက်ရသည်။ သူ့အကြည့် ပါမပါတော့ မသိပေ။

သူမ လှည့်မကြည့်ရဲတော့ပေ။

သူ ဝင်လာကတည်းက သူမ သူ့ဘက်ကို လှမ်းမကြည့်ရဲတော့ဘူး။

ကျိုးအန်းရန် ခေါင်းငုံ့ပြီး အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

......

KTV အပြင်ဘက် ရောက်သောအခါ အပြင်မှ လေအေးများ မျက်နှာကို တိုက်ခတ်လာမှ နောက်ထပ် မိနစ်နည်းနည်းလောက် ခိုးနေခဲ့ရင် ကောင်းသားလို့ နောင်တရမိသွားသည်။

နောက်တစ်ခါ ဘယ်တော့မှ ပြန်တွေ့ရမယ် မသိဘူးလေ။

လေအေးများ ထပ်မံတိုက်ခတ်လာပြန်သည်။

ကျိုးအန်းရန် ဒီကိုရောက်တာ တစ်လကျော်ပဲရှိသေးတော့ ရာသီဥတုနဲ့ သိပ်အသားမကျသေးဘူး။ နန်ချန်မှာဆိုရင် ဒီအချိန်ထိ လက်တို ဝတ်လို့ရတုန်းပဲ။

သူမ အပေါ်ထပ်အင်္ကျီကို စေ့လိုက်ပြီး ခေါင်းငုံ့ကာ ကျောင်းဘက်သို့ ပြန်လျှောက်လာခဲ့သည်။

စိတ်ထဲမှာတော့ စောစောက အခန်းထဲမှ အဖြစ်အပျက်ကို တွေးနေမိသည်။

သူနှင့် တစ်ခန်းတည်း မရှိတော့မှ ကျိုးအန်းရန် ဦးနှောက် ပြန်လည်အလုပ်လုပ်လာပြီး၊ သူသည် ယွီပင်းချင် ပြောသော နောက်ထပ် အသင်းဝင်သစ် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဂစ်တာမတီးတတ်ဘူး၊ အစားရွေးတယ် ဆိုတာတွေက သူ့ကို ပြောတာလား။

ပြီးတော့ သူဝင်လာတုန်းက စီနီယာအစ်မတစ်ယောက် ပြောလိုက်တဲ့ စကားကို သတိရသွားသည်။

"နင့်အစ်မ ခုနကမှ ထွက်သွားတာ" တဲ့။

ကြားထဲမှာ ထွက်သွားတာ ယွီပင်းချင် တစ်ယောက်တည်း ရှိတယ်။ "နင့်အစ်မ" ဆိုတာ ယွီပင်းချင်ကို ပြောတာလား။ သူက ယွီပင်းချင်ရဲ့ မောင်လား။

မျိုးရိုးနာမည် မတူဘူးဆိုတော့ ဝမ်းကွဲမောင်လား။

ဒါမှမဟုတ် သူမ နားကြားမှားတာလား။

အတွေးလွန်နေသဖြင့် အနောက်မှ လမ်းကြားလေးထဲကနေ လျှပ်စစ်စက်ဘီးတစ်စီး ထွက်လာတာကို ကျိုးအန်းရန် သတိမထားမိလိုက်ဘူး။

စက်ဘီးစီးသူက လက်တစ်ဖက်နဲ့ လက်ကိုင်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ဖုန်းကြည့်နေတာမို့ ရှေ့ကလူကို သတိမထားမိဘူး။

ကျိုးအန်းရန် အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အချိန်မှာ စက်ဘီးက သူမကို ဝင်တိုက်လုနီးပါး ဖြစ်နေပြီ။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အချိန်လေးမှာ နွေးထွေးတဲ့လက်တစ်ဖက်က သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။

နောက်တစ်စက္ကန့်မှာ ကျိုးအန်းရန် လန်းဆန်းတဲ့ ကိုယ်သင်းနံ့ရနေတဲ့ ရင်ခွင်တစ်ခုထဲ ရောက်သွားပြီး စက်ဘီးနဲ့ လွတ်သွားတယ်။

သူမ အလန့်တကြား မော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကား ပြောမလို့ ပြင်လိုက်ပေမယ့်၊ အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူးတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။

ကျိုးအန်းရန် ကြောင်ငေးသွားသည်။

ချန်လော့ပိုင်က စကားစပြောမှ သတိဝင်လာသည်။

ကောင်လေးက လက်တစ်ဖက်နဲ့ သူမလက်ကောက်ဝတ်ကို ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်က သူမခါးအနောက်မှာ ထိန်းပေးထားတယ်။ အသံက နည်းနည်း နိမ့်နေတယ်။

"လန့်သွားတာလား"

ကျိုးအန်းရန် သတိဝင်လာသလိုလို၊ မဝင်သလိုလို ဖြစ်နေတယ်။ ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာ ရှိနေပေမယ့် တစ်ခုတည်း ကျန်တော့သလို ဖြစ်နေတယ်။ ကိုယ့်အသံကို ကိုယ်ပြန်ကြားရတော့မှ မစဉ်းစားဘဲ မေးလိုက်မိမှန်း သိလိုက်တယ်။

"နင် ဘာလို့ ထွက်လာတာလဲ"

"ပျင်းလို့" ချန်လော့ပိုင်က လေသံအေးအေးနဲ့ ဖြေလိုက်တယ်။ ပြီးတော့ လက်လွှတ်လိုက်ပြီး နောက်ဆုတ်လိုက်တယ်။

လက်ကောက်ဝတ်က အနွေးဓာတ်နဲ့ နှာခေါင်းထဲက လန်းဆန်းတဲ့အနံ့တွေ ရုတ်တရက် ပျောက်ကွယ်သွားပေမယ့် တစ်ခုခု ကျန်ရစ်နေသလို ခံစားရတယ်။ နှာခေါင်းနဲ့ လက်ကောက်ဝတ်မှာ ယားယံသလို ဖြစ်နေတယ်။

ကျိုးအန်းရန် သူထိသွားတဲ့နေရာကို ပြန်ကိုင်ကြည့်ချင်ပေမယ့် အောင့်ထားလိုက်တယ်။ ခေါင်းငုံ့လိုက်ပြီး သူ့ကို မကြည့်ရဲတော့ဘူး။ ခေါင်းထဲ ရှုပ်ထွေးနေတယ်။

စက်ဘီးက အဝေးကြီး ရောက်သွားပြီ။

စက်ဘီးသမား တောင်းပန်လား မတောင်းပန်လားတောင် သူမ သတိမထားမိလိုက်ဘူး။

လမ်းကြားလေးက တိတ်ဆိတ်နေတယ်။ လေတိုက်လို့ သစ်ရွက်လှုပ်သံလောက်ပဲ ကြားရတယ်။

တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်ကြာတော့ ရင်းနှီးတဲ့ အသံတစ်ခု ထပ်ကြားလိုက်ရတယ်။ လေသံက တည်ငြိမ်နေပြီး သာမန်မေးခွန်း မေးလိုက်သလိုပဲ။ ဘာခံစားချက်မှ မပါဘူး။

"ကျောင်းပြန်မလို့လား"

ကျိုးအန်းရန် ခေါင်းထဲ "ဝီ" ခနဲ မြည်သွားပြီး ပိုရှုပ်ထွေးသွားတယ်။

ပွဲက ပျင်းစရာကောင်းလို့ သူ စောစောထွက်လာတာ နားလည်လို့ရပါတယ်။ လမ်းမှာ သူမ အန္တရာယ်ကြုံနေတာတွေ့လို့ ဝင်ကူညီပေးတာလည်း နားလည်လို့ ရပါတယ်။ သူက မူလကတည်းက သဘောကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲဟာ။

ဒါပေမဲ့ ကူညီပြီးတဲ့နောက် သူက ဘာလို့ သူမကို စကားစပြောနေရတာလဲ။

သူမရဲ့ ခံစားချက်တွေကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူး ရုံးခန်းရောက်တုန်းက သူ့ရှေ့မှာ အကုန်ဖွင့်ချပြသလို ဖြစ်ခဲ့ပြီးပြီလေ။

သူ့အကျင့်အရဆိုရင် မိန်းကလေးတစ်ယောက်က သူ့ကို ကြိုက်နေမှန်းသိရင် တစ်ဖက်လူ ဘာမှမမျှော်လင့်နိုင်အောင် အကွာအဝေးတစ်ခု ထိန်းထားတတ်တာပဲ။

ဒါမှမဟုတ်...

သူ တကယ် မမှတ်မိတော့တာများလား။ အခန်းထဲမှာ တစ်ချက်တွေ့လိုက်ရတုန်းက အသင်းဝင်အချင်းချင်းမို့လို့ မှတ်မိနေပြီး အခုလို မေးလိုက်တာများလား။

ဒါဆိုရင်တော့ ဟုတ်လောက်တယ်။

သူမပုံစံက အထက်တန်းတုန်းကနဲ့ယှဉ်ရင် နည်းနည်း ပြောင်းလဲသွားတယ်။ အရပ်နည်းနည်း ရှည်လာတယ်၊ ဆံပင်လည်း ရှည်လာတယ်။ နွေရာသီကျောင်းပိတ်ရက်တုန်းက ချန်ယွီသင်ပေးလို့ မိတ်ကပ်လိမ်းတတ်နေပြီ။ ဒီနေ့ သူများတွေနဲ့ တွေ့ရမှာမို့လို့ လာခါနီး မိတ်ကပ်ပါးပါးလေး လိမ်းလာခဲ့သေးတယ်။

ပြီးတော့ သူတို့က အရင်တုန်းကလည်း စကားနည်းနည်းပဲ ပြောဖူးတာလေ။ သူစိမ်းထက် သိပ်မပိုတဲ့ သာမန်အတန်းဖော်တွေပါ။

သူ မမှတ်မိတာ ပုံမှန်ပါပဲ။

အဲဒီလို အဖြေထွက်လာတော့ ကျိုးအန်းရန် ရင်ထဲမှာ အချဉ်ရည်အိုး မှောက်ကျသွားသလို ခံစားလိုက်ရတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ သူ့ကို ရင်ဆိုင်ရတာ ပိုသက်တောင့်သက်သာ ဖြစ်သွားသလိုပဲ။ ဘာပဲဖြစ်ဖြစ် ဒါက သူမ မျှော်လင့်ထားတဲ့ အဆိုးဆုံးအဖြေပဲလေ။ ဘာမှ ကြောက်စရာ မလိုတော့ဘူး။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"အင်း... ကျောင်းပြန်မလို့"

"ငါလည်း ကျောင်းပြန်မလို့၊ အတူတူ သွားမလား" သူ့လေသံက အေးစက်နေဆဲပင်။

ကျိုးအန်းရန် ကြောင်သွားပြန်သည်။ မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

ကောင်လေးက အမှောင်ထဲမှာ ရပ်နေတယ်။ မျက်နှာတစ်ဝက်လောက်က အမှောင်ရိပ်ကျနေပြီး သူမကို ငုံ့ကြည့်နေသလိုပဲ။ မျက်နှာထားကို သေချာမမြင်ရဘူး။

ရှေ့ကလမ်းကိုတော့ ကျိုးအန်းရန် သေချာ မြင်နေရသည်။ လမ်းမီးတိုင်က ဝါဖျော့ဖျော့ လင်းနေပြီး သူတို့ကလွဲရင် တခြားလမ်းသွားလမ်းလာ မရှိဘူး။

ညနေက လာတုန်းက နေ့ခင်းဘက်မို့လို့ သတိမထားမိပေမယ့် အခုပြန်ကြည့်တော့ တော်တော် လူပြတ်တဲ့လမ်းပဲ။

စောစောက စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေလို့သာ ခေါင်းငုံ့ပြီး လာမိတာ။ မဟုတ်ရင် သူမတစ်ယောက်တည်း ဒီလမ်းကို ဖြတ်ရဲမှာ မဟုတ်ဘူး။ လူစည်တဲ့ လမ်းမကြီးက ပတ်သွားတာ၊ ကားစီးတာ လုပ်မိမှာ။

ဒါကြောင့် သူက အဲဒီလို အကြံပြုလိုက်တာလား။

ကျိုးအန်းရန် အကြည့်ပြန်မရုတ်ခင် ကောင်လေးကို အလွမ်းပြေ သိုသိုသိပ်သိပ်လေး တစ်ချက် ခိုးကြည့်လိုက်မိသည်။

ကောင်လေးက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားတယ်။ ညအမှောင်ထဲမှာ မျက်နှာအသွင်အပြင်တွေ ဝေဝါးနေပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့ ရင်ခုန်စေနိုင်တဲ့ ပုံရိပ်လေးပါပဲ။

နှစ်နှစ်ကြာသွားပေမယ့် သူ ပြောင်းလဲသွားသလိုလို၊ မပြောင်းလဲသလိုလိုပဲ။ သူမ ချော်လဲမလိုဖြစ်တုန်းက ပြေးတက်လာပြီး လှမ်းထိန်းပေးခဲ့တဲ့ ကောင်လေးအတိုင်းပါပဲ။

အရမ်းကောင်းပြီး ချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါပဲ။

သူ သူမကို မကြိုက်ရင်တောင်မှ။

သူတို့ဆက်ဆံရေးက နာမည်တောင် သေချာမခေါ်တတ်တဲ့ သာမန်အတန်းဖော်အဆင့်ကနေ တွေ့ရင်တောင် မမှတ်မိတော့တဲ့ သူစိမ်းအဆင့်ကို ရောက်သွားရင်တောင်မှ။

သူမ သူ့ကို ချစ်မိတာ နောင်တမရပါဘူး။

တစ်ခါမှ နောင်တမရခဲ့ပါဘူး။

ကျိုးအန်းရန် သူ့အကြံပြုချက်ကို မငြင်းရက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

သူ့စေတနာကို ယုတ်မာစွာနဲ့ နောက်တစ်ကြိမ် အသုံးချလိုက်ပါဦးမယ်။ ဒီလမ်းဆုံးတဲ့အထိ လိုက်ပို့ပြီးရင် ယွီပင်းချင်ဆီသွားပြီး အသင်းကထွက်ဖို့ ပြောလိုက်ပါတော့မယ်။ ပြီးရင် သူ့ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး။

သူမ ထင်ထားသလိုပဲ လမ်းတစ်လျှောက်လုံး ချန်လော့ပိုင် စကားမပြောခဲ့ဘူး။

ကျိုးအန်းရန် ရင်ထဲ ရှုပ်ထွေးနေတုန်းပဲ။ တစ်ဝက်လောက်ရောက်မှ သူ ပြီးခဲ့တဲ့ရက်ပိုင်းက ခြေထောက်ဒဏ်ရာရထားတာ သတိရသွားသည်။ သက်သာသွားပြီလား မသိဘူး။

မေးချင်ပေမယ့် မမေးဖြစ်ခဲ့ဘူး။

သူမရဲ့ အခုလက်ရှိ "သူစိမ်း" ဆိုတဲ့ အနေအထားနဲ့ဆိုရင် ဒီလိုမေးခွန်းမျိုး မေးဖို့ မသင့်တော်ပါဘူး။

ကျိုးအန်းရန် သူနဲ့ ပထမဆုံးအကြိမ် အတူလျှောက်ဖူးခြင်း ဖြစ်သည်။

နောက်ဆုံးအကြိမ်လည်း ဖြစ်လောက်ပါတယ်။

ကောင်လေးက အရပ်ရှည်ပြီး ခြေတံရှည်တယ်။ အခုဆို အရပ် ၁၈၅ စင်တီမီတာလောက် ရှိနေလောက်ပြီ။ ဒါကြောင့် သူက သူမလို "သူစိမ်း" တစ်ယောက်အတွက် တမင် ခြေလှမ်းနှေးပေးထားရင်တောင်မှ သူမထက် ခြေလှမ်းကျဲနေတုန်းပဲ။ ကျိုးအန်းရန် လိုက်မမီဘဲ ခဏခဏ ပြတ်ကျန်ရစ်ခဲ့တယ်။

ကြည့်ရတာ ခြေထောက်ဒဏ်ရာက တကယ် သက်သာသွားပြီ ထင်တယ်။

ကျိုးအန်းရန် သူ့အနောက်ကနေ သေချာ အကဲခတ်ကြည့်ပြီးမှ စိတ်အေးသွားရသည်။

သူမက ဒီလိုမျိုး သူ့အနောက်မှာ ပြတ်ကျန်ရစ်ခဲ့ရတာကိုလည်း ကျေနပ်နေမိပါတယ်။

အထက်တန်းတုန်းကဆိုရင် သူတို့အရပ်အမောင်းအရ မဖြစ်နိုင်မှန်းသိပေမယ့်၊ တစ်နေ့ကျရင် အတန်းပိုင်ဆရာက သူ့အနောက်ခုံမှာ သူမကို နေရာချပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ ဒါဆိုရင် နေ့တိုင်း အခွင့်အရေးရှာပြီး ခိုးကြည့်စရာမလိုဘဲ သူ့ကျောပြင်ကို ပေါ်တင်ကြီး ကြည့်ခွင့်ရမှာလေ။

ဒီနေ့တော့ ဘယ်သူမှ မနှောင့်ယှက်တဲ့ အခွင့်အရေးတစ်ခု ရခဲ့ပြီ။

ဒါပေမဲ့ ဒီလမ်းလေးက တိုလွန်းလိုက်တာ။

ခဏလေးနဲ့ လမ်းဆုံးသွားတယ်။

ကျောင်းဝကို အဝေးကနေ လှမ်းမြင်လိုက်ရတဲ့အချိန်မှာ ကျိုးအန်းရန် ခြေလှမ်းရပ်လိုက်တယ်။ သူတို့အရိပ်နှစ်ခု တစ်ခုနဲ့တစ်ခု ထပ်သွားတာကို တွေ့လိုက်ရတယ်။

စိတ်ကူးယဉ် အိပ်မက်ထဲက ပွေ့ဖက်မှုတစ်ခုလို ရင်းနှီးကျွမ်းဝင်နေတယ်။

ဒီလောက်ပါပဲ။

လမ်းကြားလေးထဲက ထွက်လိုက်တာနဲ့ လမ်းမပေါ်မှာ လူများသွားပြီ။ ကျောင်းဝထဲ ဝင်လိုက်ရင် သူ့ကို မှတ်မိတဲ့သူတွေ ပိုများလာတော့မယ်။

ဒီနေ့ သူ သူမကို ထပ်ကူညီလိုက်တယ်ဆိုတာ ထောက်ထားပြီး၊ သူ့ကို အနှောင့်အယှက် ထပ်မပေးသင့်တော့ပါဘူး။

အနောက်ကလူ ပါမလာတာ သတိထားမိလို့ ထင်တယ်၊ ရှေ့က ကောင်လေးလည်း ရပ်လိုက်တယ်။ ကိုယ်ကို တစ်ဝက်လောက် လှည့်လာတယ်။ မျက်နှာတစ်ဝက်လောက်က ညအမှောင်ထဲမှာ ဖုံးကွယ်နေတုန်းပဲ။

"ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် ကျောင်းဝ တစ်ဖက်ခြမ်းကို လက်ညှိုးထိုးပြလိုက်သည်။

"သူငယ်ချင်းအတွက် ပစ္စည်းဝယ်ပေးစရာ ရှိလို့၊ အတူမဝင်တော့ဘူး။ ခုနက ကူညီပေးတာ ကျေးဇူးပါ"

ပြောပြီးတာနဲ့ ဘာကြောင့်မှန်းမသိ သူမ နှာခေါင်းထိပ်လေး ရှုံ့မဲ့သွားသည်။

ကျိုးအန်းရန် ဝမ်းနည်းစိတ်ကို အတင်းမြိုသိပ်လိုက်သည်။ သူ့ကို ထပ်မကြည့်ရဲတော့သလို၊ သူ့အဖြေကိုလည်း မစောင့်တော့ဘဲ သူမလက်ညှိုးထိုးပြတဲ့ဘက်ကို ခေါင်းငုံ့ပြီး ထွက်လာခဲ့လိုက်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ သူ့ကို နှုတ်ဆက်ဖို့ မေ့သွားမှန်း သတိရလိုက်သည်။

ဒါပေမဲ့ ပြန်တွေ့ဖို့ အခွင့်အရေး ရှိတော့မှာမှ မဟုတ်တာ။

သူ့ကို မနှောင့်ယှက်တော့ဘူးလို့ ပြောထားတယ်လေ။

ကျိုးအန်းရန် ခေါင်းငုံ့ပြီး နောက်ထပ် တစ်လှမ်းလှမ်းလိုက်တုန်း သူ့အသံ သူမအနောက်ကနေ ထွက်ပေါ်လာသည်။

"ကျိုးအန်းရန်"

သူ့အသံက ပြောင်းလဲမသွားပါဘူး။ အထက်တန်းတုန်းက အကြိမ်ကြိမ် ခိုးနားထောင်ခဲ့တဲ့ ရင်းနှီးတဲ့ အသံပါပဲ။

ဒါပေမဲ့ ဒီနာမည်သုံးလုံး သူ့ပါးစပ်က ထွက်လာတော့ အရမ်း စိမ်းသက်နေသလို ခံစားရတယ်။

ကျောင်းအပ်တဲ့နေ့ သူ့ကို တွေ့ကတည်းက အခုထိ ရက်ပေါင်း တစ်ထောင်လောက် ကြာခဲ့ပြီ။ ချန်လော့ပိုင် သူ့နာမည်ကို ခေါ်တာ ကျိုးအန်းရန် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

တစ်ခဏလောက်တော့ နားကြားမှားတာများလားလို့တောင် ထင်လိုက်မိတယ်။

ကျိုးအန်းရန် ကြောင်တောင်တောင်နဲ့ လှည့်ကြည့်လိုက်တော့ ချန်လော့ပိုင် နေရာမှာ ရပ်နေတုန်းပဲ။

ကောင်လေးက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားတယ်။ သူမ လှည့်ကြည့်တာ မြင်တော့ သူမဆီ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာပြီး သူမရှေ့မှာ ရပ်လိုက်တယ်။

"ကျိုးအန်းရန်"

သူ နောက်တစ်ခေါက် ထပ်ခေါ်လိုက်ပြန်သည်။

မှိန်ဖျော့ဖျော့ လမ်းမီးရောင်အောက်မှာ ညအမှောင်ထဲ ဖုံးကွယ်နေခဲ့တဲ့ ချန်လော့ပိုင်ရဲ့ မျက်နှာကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။

လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက မုန့်ဈေးတန်းလေးထဲမှာ သူ သူမရှေ့ ရပ်ပြီး ငုံ့ကြည့်ခဲ့သလိုပါပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ မျက်နှာပေါ်မှာ ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုး မရှိတော့ပါဘူး။

ကောင်လေးရဲ့ မေးရိုးတွေ အနည်းငယ် တင်းမာနေပြီး မျက်နှာထားက အလိုလိုနေရင်း လေးနက်နေသလို ဖြစ်နေသည်။ မျက်လုံးတွေကလည်း အရမ်း နက်ရှိုင်းနေပြီး လူကို စုပ်ယူထားနိုင်မလောက် ဖြစ်နေသည်။

ရင်ခုန်သံတွေ မြန်ဆန်နေတဲ့ကြားက သူ ထပ်ပြောလိုက်တာကို ကြားလိုက်ရသည်။

ချန်လော့ပိုင်က အိတ်ကပ်ထဲက လက်ကို ထုတ်လိုက်တယ်။ အနက်ရောင်ဖုန်းက သူ့လက်ထဲမှာ တစ်ပတ်လည်သွားတယ်။ လက်ကို တစ်ဝက်လောက် မြှောက်လိုက်တဲ့အချိန် လက်ကောက်ဝတ်ရိုးပေါ်က မှဲ့နက်ကလေးက သူမမျက်လုံးထဲမှာ တစ်ချက် ထင်ရှားသွားသည်။ အသံက နိမ့်ပေမယ့် ရှင်းလင်းပြတ်သားနေသည်။

"တက္ကသိုလ်မှာ ပြန်ဆုံရတာ ရှားပါးတယ်၊ WeChat Add လိုက်ရအောင်"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃၃ ။ ဆိုဒါ : သူ ငါ့ကို လာရှာတာ

ကျိုးအန်းရန် မစ်တီးလေးခွက်ဆွဲပြီး အဆောင်ပြန်ရောက်ချိန်တွင် ဦးနှောက်က မကြည်လင်သေးပေ။

KTV မှ စောစောထွက်လာခဲ့သဖြင့် ၉ နာရီပင် မထိုးသေး။ ပိုင်လင်းယွင်နှင့် ယွီရှင်းယွဲ့တို့လည်း ပြန်မရောက်ကြသေး။ အခန်းထဲတွင် ရှဲ့ကျင့်ယွီ တစ်ယောက်တည်း ရှိနေသည်။

ကျိုးအန်းရန် သူမဘေးသို့ လျှောက်သွားပြီး လက်ထဲမှ မစ်တီးကို သူမစားပွဲပေါ် တင်ပေးလိုက်သည်။

"နင်တို့အတွက် ဝယ်လာတာ"

"ကျေးဇူးပါ ရှောင်ရန်ရန်ရေ" ရှဲ့ကျင့်ယွီ ဖုန်းချလိုက်ပြီး အိတ်ကို ဖွင့်ကြည့်လိုက်သည်။ "ဒီ လက်ဖက်စိမ်းမစ်တီးက ငါ့ဖို့ မလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ရှဲ့ကျင့်ယွီ အိတ်ထဲမှ လက်ဖက်ရည်စိမ်းကို ထုတ်ပြီး ပိုက်ထိုးလိုက်သည်။

ကျိုးအန်းရန်လည်း နောက်တစ်ခွက်ကို အမှတ်တမဲ့ ဆွဲထုတ်ပြီး ပိုက်ထိုးကာ သောက်လိုက်သည်။ ပါးစပ်ထဲရောက်မှ အရသာ မမှန်တာ သတိထားမိလိုက်သည်။

ရှဲ့ကျင့်ယွီက အရင် သတိထားမိသွားသည်။ ကျိုးအန်းရန်ခွက်ပေါ်က စတစ်ကာကို ကြည့်ပြီး အံ့ဩသလို အသံပြုလိုက်သည်။

"ရန်ရန်... နင် ဒီနေ့ သကြားအပြည့် သောက်တယ်လား။ နင်က သကြားလျှော့ထားတာတောင် ချိုတယ်လို့ ပြောတတ်တဲ့သူမလား"

ကျိုးအန်းရန် အတော်ကြာမှ ပါးစပ်ထဲတွင် အီလည်လည် အချိုအရသာ ပြည့်နှက်နေသည်ကို သတိထားမိလိုက်သည်။ ငုံ့ကြည့်လိုက်မှ ပိုင်လင်းယွင်အတွက် ဝယ်လာသော အူလုံမစ်တီးကို မှားယူမိမှန်း သိလိုက်သည်။

ရှဲ့ကျင့်ယွီက သူမမျက်နှာထားကိုကြည့်ပြီး ခန့်မှန်းလိုက်သည်။

"မှားယူမိတာလား"

ကျိုးအန်းရန် - "......"

သူမ ခေါင်းညိတ်လိုက်သည်။

"နင် ဘာဖြစ်နေတာလဲ၊ စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေသလိုပဲ" ရှဲ့ကျင့်ယွီက မေးသည်။ "ပြီးတော့ နှုတ်ခမ်းထောင့်စွန်းတွေကလည်း ကွေးတက်နေတယ်၊ ကောင်းတာတစ်ခုခု ကြုံခဲ့လို့လား။ ဘာလို့ ရုတ်တရက် မစ်တီးဝယ်တိုက်ရတာလဲ"

ကျိုးအန်းရန် ပိုက်ကို ကိုက်ထားလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း... ငါ့သူငယ်ချင်းတစ်ယောက်..."

သူမ စကား ခေတ္တရပ်သွားသည်။

ရှဲ့ကျင့်ယွီက ချက်ချင်း သဘောပေါက်သွားသလို မျက်နှာထားဖြင့် ပြောသည်။

"ငါ့သူငယ်ချင်းဆိုတာ ငါပါပဲ ဆိုတဲ့ ဇာတ်လမ်းမျိုးမလား။ ငါ နားလည်ပါပြီ၊ တကယ် ထူးခြားမှု ရှိနေပြီပေါ့"

ကျိုးအန်းရန်က မူလက စောစောက အဖြစ်အပျက်ကို သူမအား မေးကြည့်မလို့ စဉ်းစားထားသော်လည်း ရှဲ့ကျင့်ယွီက အလွန်အကဲခတ်တော်နေသဖြင့် မမေးရဲတော့ပေ။

"မဟုတ်ပါဘူး" သူမ ခေါင်းခါလိုက်ပြီး ဆင်ခြေတစ်ခု ပေးလိုက်သည်။ "သူငယ်ချင်းတစ်ယောက်က ငါ့ကို ဟာသတစ်ခု ပြောပြလို့"

ရှဲ့ကျင့်ယွီ - "ဘာဟာသလဲ"

ကျိုးအန်းရန် မှတ်မိနေသော ဟာသတစ်ခုကို ပြောပြလိုက်သည်။

"ဒိုရေမွန်ရဲ့ ကမ္ဘာကြီးက ဘာလို့ မှောင်မိုက်နေတာလဲ"

"ဘာလို့လဲဆိုတော့ လက်လှမ်းမမီလို့လေ" ရှဲ့ကျင့်ယွီ စိတ်ပျက်သွားပြီး "ဒါလေးများ" ဆိုသည့် မျက်နှာထားဖြင့် ပြောသည်။ "ဒီလောက် ရိုးအီနေတဲ့ ဟာသဟောင်းကြီးကို နင်က ဒီလောက် ပျော်နေရတယ်ပေါ့လေ။ ဒါမှမဟုတ်..."

သူမ စကားခေတ္တရပ်လိုက်ပြီး လေသံက စပ်စုချင်စိတ် ပြည့်နှက်လာသည်။

"ဒါမှမဟုတ် ဒီဟာသကို ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ယောက်က ပြောပြတာလား"

ကျိုးအန်းရန် အမြန်ငြင်းလိုက်သည်။

"မဟုတ်ပါဘူး၊ ငါ့သူငယ်ချင်းမလေး ပြောပြတာပါ"

ရှဲ့ကျင့်ယွီ မယုံပေ။

"တကယ် မဟုတ်ဘူးလား"

ကျိုးအန်းရန် - "......"

ရှဲ့ကျင့်ယွီသာ ဘာလို့ ပျော်နေတာလဲဆိုတာ ဆက်မေးရင် သူမ မတော်တဆ ဖွင့်ပြောမိသွားနိုင်တယ်။ ဒါပေမဲ့ ဒီဟာသကိုတော့ ယန်ရှင်းချန်က အရင်ဆုံးပြောပြခဲ့တာ အမှန်ပါပဲ။

"တကယ် မဟုတ်ပါဘူး"

"ပြီးရော" ရှဲ့ကျင့်ယွီ သူမကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီး ပြောလိုက်သည်။ "မစ်တီးကို ထောက်ထားပြီး ဒီနေ့တော့ လွှတ်ပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် နင့်မှာ တကယ် ထူးခြားမှုရှိရင် ကြာလာရင် ဖုံးထားလို့ရမှာ မဟုတ်ပါဘူး"

ကျိုးအန်းရန် - "...... တကယ် မရှိပါဘူး"

"ဒါနဲ့..." ရှဲ့ကျင့်ယွီ တစ်ခုခုကို သတိရသွားသည်။ "နင်တို့ အသင်းဝင်သစ်အကြောင်း ငါ့ကို မေးပေးသေးလား။ တူရိယာ တီးတတ်လား"

ကျိုးအန်းရန် ချန်လော့ပိုင်ကို တွေ့လိုက်ရပြီးနောက် ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးသွားသဖြင့် ဒီကိစ္စကို လုံးဝ မေ့သွားသည်။

"ဆောရီးပါဟာ၊ မေးဖို့ မေ့သွားတယ်"

"ရပါတယ်" ရှဲ့ကျင့်ယွီ လက်ကာပြလိုက်သည်။ "အရေးကြီးကိစ္စလည်း မဟုတ်ပါဘူး၊ ငါက ဒီတိုင်း စပ်စုချင်ရုံပါ။ နင် ဘယ်အချိန် သတိရရ မေးပေးလည်း အတူတူပါပဲ"

ကျိုးအန်းရန် မစ်တီးတစ်ငုံသောက်လိုက်သည်။

သူ့ WeChat အကောင့် ရထားပြီဆိုတော့ နောက်တစ်ခါ အခွင့်အရေးရှိဦးမှာပါ။

ကျိုးအန်းရန် အချိုလွန်နေသော မစ်တီးကို သောက်ပြီးချိန်တွင် အချိန်သိပ်မနောင်းသေးသော်လည်း ကျန်အခန်းဖော်နှစ်ယောက် ပြန်မရောက်သေးပေ။

ဒီည စာလုပ်ဖို့ စိတ်မပါတော့မှန်း သိသဖြင့် ပစ္စည်းယူပြီး ရေချိုးခန်းဝင်လိုက်သည်။

ရေချိုးပြီး ကုတင်ပေါ် လှဲလိုက်သောအခါ WeChat ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

စာရင်းထိပ်ဆုံးတွင် ဆွေးနွေးခန်းအသစ်တစ်ခု ပေါ်နေသည်။

ကျိုးအန်းရန် လက်ချောင်းလေးဖြင့် ဖွင့်လိုက်သည်။

တကယ်တော့ မစ်တီးသွားဝယ်တုန်းကတည်းက အကြိမ်ကြိမ် သေချာကြည့်ပြီးပါပြီ။

သူ့ Profile ပုံက NBA ကစားသမားတစ်ယောက် ကျောပေးထားတဲ့ ကာတွန်းပုံ ဖြစ်သည်။ WeChat နာမည်က အင်္ဂလိပ်စာလုံးအကြီး C တစ်လုံးတည်း။ Bio မှာ ပုဒ်မတစ်ခုတည်း ရှိပြီး၊ Moments မှာ ဘာမှ မတင်ထားဘဲ ရှင်းလင်းနေသည်။

ကျိုးအန်းရန် ဆွေးနွေးခန်းထဲမှ "သင် C ကို သူငယ်ချင်းအဖြစ် ထည့်သွင်းလိုက်ပါပြီ၊ ယခု စကားစပြောနိုင်ပါပြီ" ဆိုသော စာတမ်းလေးကို အကြာကြီး စိုက်ကြည့်နေမိပြီး အိပ်မက်မက်နေသလို ခံစားနေရဆဲဖြစ်သည်။

ချန်လော့ပိုင်က သူမနာမည်ကို ဘယ်လိုလုပ် မှတ်မိနေတာလဲ။

မှတ်မိရင်တောင် သူမကို ဘာလို့ စကားပြောချင်ရတာလဲ။

ဘာလို့များ ဦးဆောင်ပြီး WeChat Add လိုက်ရတာလဲ။

ကျိုးအန်းရန် ကုတင်ပေါ်တွင် လှဲလျက် အဖြေရှာမရဖြစ်နေသည်။

သူမ ခုနက သောက်လိုက်တာ အချိုလွန်နေတဲ့ မစ်တီးမဟုတ်ဘဲ၊ ဆိုဒါပုလင်းကြီးတစ်ပုဒ် ဖြစ်မယ်ထင်တယ်။ ချိုချဉ်အရသာတွေ ရင်ခွင်ထဲ ပြည့်နှက်နေပြီး ပူဖောင်းလေးတွေ တရစပ် တက်လာကာ ပေါက်ကွဲနေသလိုပဲ။

ဘယ်လိုမှ စိတ်ငြိမ်အောင် ထားလို့မရဘူး။

ကျိုးအန်းရန် သူ့ဆွေးနွေးခန်းထဲက ပြန်ထွက်လိုက်ပြီး ယန်ရှင်းချန်တို့ လေးယောက်ဂရုထဲ ဝင်လိုက်သည်။

စာရိုက်ဖို့ ခလုတ်နှိပ်လိုက်ပြီးမှ ပြန်ရပ်လိုက်သည်။

ဘယ်လိုပြောရမလဲ။

ဒီနေ့ ချန်လော့ပိုင်နဲ့ မတော်တဆ ဆုံခဲ့တယ်၊ သူက WeChat တောင် Add လိုက်သေးတယ်၊ သူ ဘာသဘောလဲဆိုပြီး မေးလိုက်ရမလား။

ဒါပေမဲ့ သူက ဘာသဘောမှ မရှိတာလည်း ဖြစ်နိုင်တာပဲ။

သူ ပြောသလိုပဲ တက္ကသိုလ်ရောက်မှ အတန်းဖော်ဟောင်းနဲ့ ပြန်ဆုံရတာရှားလို့ WeChat Add လိုက်တာလည်း ဖြစ်နိုင်တာပဲ။

ပြောပြလိုက်ရင် သူတို့က သူမအတွက် စိတ်ပူနေကြဦးမယ်။

သူမကိုယ်တိုင်လည်း ပိုပြီး လျှောက်တွေးမိနေလိမ့်မယ်။

ထားလိုက်ပါတော့။

ကျိုးအန်းရန် ပြန်ထွက်လိုက်သည်။

ဒါပေမဲ့ ရင်ထဲမှာ ပူဖောင်းလေးတွေ ပေါက်ကွဲနေတုန်းပဲ။ လုံးဝ မငြိမ်သက်နိုင်ဘူး။

စဉ်းစားပြီးနောက် Moments တင်ပြီး အမှတ်တရလုပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

ညနေက အပြင်ထွက်တုန်း လမ်းဘေးမှာတွေ့လို့ ရိုက်ထားတဲ့ ပန်းပုံတစ်ပုံနဲ့၊ ခုနက ပိုင်လင်းယွင်နဲ့ ယွီရှင်းယွဲ့တို့အတွက် ရိုက်ထားတဲ့ မစ်တီးပုံတစ်ပုံ ရွေးလိုက်သည်။

စာသားရေးဖို့ အကြာကြီး စဉ်းစားပြီးမှ တိုတိုလေး ရေးလိုက်သည်။

"ဒီနေ့ရဲ့ ကံကောင်းမှုလေး"

ဒါပေမဲ့ သူမရဲ့ ကံကောင်းမှုက လမ်းဘေးက ပန်းလေး မဟုတ်သလို၊ မစ်တီးလည်း မဟုတ်ပါဘူး။ သူ သူမကို မှတ်မိနေတာရယ်၊ သူ့ WeChat အကောင့် ရလိုက်တာရယ်ပါ။

နောက်ဆိုရင် သူစိမ်းတွေလိုပဲ နေရတော့မယ်လို့ ထင်ထားရာကနေ ရုတ်တရက် သူငယ်ချင်း ပြန်ဖြစ်ခွင့်ရမယ့် မျှော်လင့်ချက်ရောင်ခြည်လေး ပေါ်လာတာပါ။

Moments တင်ပြီးတာနဲ့ Notification တွေ တက်လာသည်။

ယန်ရှင်းချန်က Like ပေးပြီး မန့်ထားသည်။

[ဝူး... ဝူး... ဝူး... ငါလည်း မစ်တီးသောက်ချင်တယ်]

ကျိုးအန်းရန် ကုတင်ပေါ်ကနေ ပြန်မန့်လိုက်သည်။

[နောက်အပတ် ပိတ်ရက်ဆုံရင် ဝယ်တိုက်မယ်]

ပြန်မန့်ပြီးတာနဲ့ ရှန့်ရှောင်ဝမ်ကလည်း Like ပေးထားပြီး မန့်ထားတာ တွေ့လိုက်ရသည်။

[ငါ မြင်တယ်နော်! Screen shot တောင် ရိုက်ထားတယ်!]

ကျိုးအန်းရန် ပြုံးလိုက်ပြီး ပြန်မန့်လိုက်သည်။

[နင့်ကိုလည်း တိုက်မယ်]

မကြာခင် ကျန်းရူရှန်းလည်း ရောက်လာသည်။

သူတို့သုံးယောက် ဒီအချိန်ဆို ဖုန်းကြည့်နေကြပုံရသည်။

ကျန်းရူရှန်း - [နောက်အပတ် ပိတ်ရက်ကျရင် နင်တို့ ဆုံကြမယ်ဆိုတာ သိပေမယ့် ငါ့လို အဝေးရောက်နေတဲ့ ကလေးကို နည်းနည်းလောက် ငဲ့ညှာပေးလို့ မရဘူးလား! Private Chat မှာ သွားပြောကြပါလား!!]

ရှန့်ရှောင်ဝမ် - [ဘယ်သူက နင့်ကို မလာနဲ့လို့ ပြောလို့လဲ၊ လေယာဉ်လက်မှတ်ဖိုး စုရှင်းပေးမယ်လို့ ပြောပြီးသားပဲဟာ။ ပြီးတော့ ဆုံမယ့် Group ထဲမှာလည်း နင့်ကို ထည့်ထားတာပဲ၊ Private Chat မှာ ပြောလည်း နင် မြင်နေရမှာပဲဟာ]

ကျန်းရူရှန်း - [ငါ မလာချင်လို့ မှတ်နေလား! မအားလို့ပါဟ! ဆေးကျောင်းသူဘဝက ပိတ်ရက်မရှိဘူး [ငို] [ငို] [ငို]]

ယန်ရှင်းချန်လည်း ဝင်မန့်သည်။

[ကိစ္စမရှိပါဘူး၊ ရန်ရန်ကို တစ်ခွက်ပိုဝယ်ခိုင်းပြီး နင့်အစား ငါ သောက်ပေးလိုက်မယ်]

သူတို့က သူမ Moments အောက်မှာ စကားဝိုင်းဖွဲ့နေကြသည်။

ဒါကြောင့် Notification တွေ တောက်လျှောက် တက်နေသည်။ ကြားထဲမှာ တခြားအတန်းဖော်တွေရဲ့ Like တွေလည်း ပါနေသည်။

နောက်ထပ် Notification တစ်ခု တက်လာတော့ ယန်ရှင်းချန်တို့ စကားပြောနေတုန်းပဲထင်ပြီး ဝင်ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်မှာ ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် ရပ်သွားသည်။

ယန်ရှင်းချန်တို့ရဲ့ မန့်တွေကြားထဲမှာ ဒီညမှ အသစ်ရထားတဲ့ Profile ပုံလေးတစ်ခုက Like ပေးထားတာကို တွေ့လိုက်ရသည်။

ချန်လော့ပိုင်က သူမကို Like ပေးထားတယ်။

ကျိုးအန်းရန် မျက်လုံးပြူးသွားပြီး အကြိမ်ကြိမ် ပြန်ကြည့်မှ မမှားမှန်း သေချာသွားသည်။

Like List ထဲက သူ့ပုံလေးကို ကြည့်နေရင်း ရင်ခုန်သံတွေ မြန်ဆန်လာသည်။

သူက မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်တယ်ဆို၊ ဘာလို့ သူမကို Like လာပေးတာလဲ။

အရင်တုန်းက ကိစ္စကို မေ့သွားလို့လား၊ ဒါမှမဟုတ် နှစ်နှစ်လောက် ကြာသွားပြီဆိုတော့ သူမရဲ့ အထက်တန်းတုန်းက ခံစားချက်တွေ ပျောက်ပြယ်သွားလောက်ပြီလို့ ထင်လို့လား။

ကျိုးအန်းရန် သူ့ Profile ပုံလေးကို တို့ကြည့်လိုက်သည်။ ဖွင့်လိုက်တာနဲ့ အပေါ်ဆုံးမှာ "တစ်ဖက်လူ စာရိုက်နေသည်" ဆိုတဲ့ စာတန်းလေး ပေါ်လာသည်။

သူမ အသက်ရှူ ရပ်တန့်သွားသည်။

သူ သူမကို စာပို့မလို့လား။

ကျိုးအန်းရန် ဒီည အိပ်မက်မက်လို့ ပြီးမှာမဟုတ်တော့ဘူးလို့ ခံစားလိုက်ရသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်...

ကြာသလို ခံစားရပြီးနောက်...

ဖုန်းမြည်လာသည်။

C - [နင် မနက်ဖြန်ည အားလား]

သူမကို တစ်ခုခုခိုင်းစရာရှိလို့ မေးတာမှန်း သိပေမယ့်၊ ချိန်းတွေ့ဖို့ မေးတာ မဟုတ်မှန်း သိပေမယ့်၊ ကျိုးအန်းရန်ရဲ့ ရင်ခုန်သံတွေက ရပ်တန့်မရအောင် မြန်ဆန်လာပြီး ရင်ခေါင်းထဲက ခုန်ထွက်မတတ် ဖြစ်လာသည်။

ကျိုးအန်းရန် အသက်ရှူ ညှိလိုက်ပြီး စာပြန်လိုက်သည်။

[အားပါတယ်၊ ဘာဖြစ်လို့လဲ]

"ဘာဖြစ်လို့လဲ" ဆိုတာ နည်းနည်း ရိုင်းသလို ဖြစ်နေမလား။

ကျိုးအန်းရန် နောက်က စာကြောင်းကို ဖျက်လိုက်ပြီး ပြန်ရိုက်လိုက်သည်။

[အားပါတယ်၊ ကိစ္စရှိလို့လားဟင်]

C - [ငါ့ဝမ်းကွဲအစ်မဆီမှာ ပစ္စည်းတစ်ခုရှိနေလို့၊ သူက မနက်ဖြန်ည ကျောင်းမှာမရှိဘူးတဲ့၊ ငါကလည်း မနက်ဖြန်ညမှ အားမှာဆိုတော့၊ သူက နင့်ဆီမှာ ထားခဲ့လိမ့်မယ်၊ မနက်ဖြန်ကျရင် ငါ လာယူမယ်လေ]

သူပြောတဲ့ ဝမ်းကွဲအစ်မဆိုတာ ယွီပင်းချင် ဖြစ်လောက်တယ်လို့ ကျိုးအန်းရန် ခန့်မှန်းမိပေမယ့် သေချာအောင် မေးလိုက်သည်။

[နင့်ဝမ်းကွဲအစ်မက စီနီယာအစ်မယွီလား]

C - [ဟုတ်တယ်]

C - [ရမလား]

ကျိုးအန်းရန် ရင်ခုန်သံတွေ အရမ်းမြန်နေသည်။ ဘာမှမစဉ်းစားဘဲ ပြန်ပို့လိုက်သည်။

[ရပါတယ်၊ ငါ မနက်ဖြန်ည အားပါတယ်]

C - [မနက်ဖြန်ည ၉ နာရီလောက်ကျရင် နင်တို့အဆောင်နား ဖြတ်သွားမှာမို့လို့ အဲဒီကျရင် စာပို့လိုက်မယ်]

ကျိုးအန်းရန် - [အိုကေ]

ဖုန်း ပြန်ငြိမ်သက်သွားသည်။

စကားပြောတာ ပြီးသွားပြီ ထင်တယ်။

ကျိုးအန်းရန် ဆွေးနွေးခန်းကို ကြည့်နေရင်း စောစောက စာလုံးရေ နည်းနည်းလောက် ပိုရိုက်မပို့မိတာ နောင်တရသွားသည်။

သူ့ကို စကားစပြောပြီး တခြားအကြောင်း ပြောကြည့်ရမလား။

သူ့ခြေထောက်ဒဏ်ရာ တကယ် သက်သာသွားပြီလားလို့ မေးကြည့်ရမလား။

ကျိုးအန်းရန် လက်ချောင်းလေး ဖုန်းမျက်နှာပြင်ပေါ် ကျရောက်သွားပြီးမှ ပြန်ဖယ်လိုက်သည်။

သူမ သက်ပြင်းချလိုက်သည်။

မဖြစ်ဘူး။

တကယ်လို့ သူက သူမ သူ့ကို မကြိုက်တော့ဘူးလို့ ထင်သွားပြီးမှ သူငယ်ချင်းအဖြစ် ခင်မင်တာဆိုရင် ဘယ်လိုလုပ်မလဲ။

အခုအခြေအနေက သူမ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းနေပြီမို့ ထပ်ပြီး စွန့်စားမလုပ်ရဲတော့ဘူး။

ထားလိုက်ပါတော့။

ထိုစဉ် ဖုန်းက ထပ်တုန်ခါလာသည်။

ကျိုးအန်းရန် နှလုံးသားလည်း လိုက်တုန်ခါသွားသည်။

C - [နင့် အတန်းအချိန်ဇယား ငါ့ကို ပို့ပေးလို့ ရမလား]

ကျိုးအန်းရန် ကြောင်သွားသည်။

ဘာလို့ ရုတ်တရက် အချိန်ဇယား တောင်းတာလဲ။

သူမ မစဉ်းစားရသေးခင်မှာပင် နောက်ထပ် စာတစ်စောင် ဝင်လာသည်။

C - [သူငယ်ချင်းတစ်ယောက်က နင်တို့ဌာနမှာ စာသွားနားထောင်ချင်လို့တဲ့]

ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

ဩော်... ဒီလိုကိုး။

ကျိုးအန်းရန် စိတ်မပျက်ပါဘူး။

သူငယ်ချင်း ဆက်လုပ်ခွင့်ရတာကိုက မျှော်လင့်မထားတဲ့ ဆုလာဘ်တစ်ခုပါပဲ။

ကျိုးအန်းရန် စာပြန်လိုက်သည်။

[ရပါတယ်၊ ခဏစောင့်နော်၊ ငါ ရှာလိုက်ဦးမယ်]

ပြောပြီးတာနဲ့ ဓာတ်ပုံရှာပြီး ပို့ပေးလိုက်သည်။

တစ်စက္ကန့်အကြာတွင်...

ဖုန်း ထပ်တုန်ခါလာသည်။

C - [ကျေးဇူးပဲ]

ကျိုးအန်းရန် နောက်ဆုံး စာလုံးနှစ်လုံးကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားသည်။

အမှတ် (၂) ကျောင်းတုန်းက သူ့ကို သကြားလုံးပေးခဲ့တာ၊ ဆေးပေးခဲ့တာ၊ ရုံးခန်းထဲမှာ သူ့ရှေ့က ကာကွယ်ပေးခဲ့တာတွေ တစ်ခုမှ နောင်တမရပါဘူး။

ဘောလုံးပွဲတုန်းက သတ္တိမရှိလို့ မထွက်ရဲခဲ့ဘဲ စားပွဲပေါ်မှောက်ပြီး သူ သူများကို ကျေးဇူးတင်စကား ပြောနေတာ နားထောင်ခဲ့ရတဲ့ တစ်ကြိမ်တည်းသော နောင်တရစရာကလွဲရင်ပေါ့။

ဒီနေ့တော့ အဲဒီနောင်တလေး နည်းနည်း ပြေပျောက်သွားသလိုပါပဲ။

......

နောက်တစ်နေ့မနက်တွင် ယွီပင်းချင် ပို့ပေးလိုက်သော ပစ္စည်းကို ကျိုးအန်းရန် လက်ခံရရှိလိုက်သည်။ စက္ကူအိတ်သေးသေးလေးနဲ့ ထည့်ထားပြီး ပေါ့ပါးနေသည်။ သူမ ဖွင့်မကြည့်ဘဲ အခန်းထဲယူလာပြီး ဗီရိုထဲ သေချာသိမ်းထားလိုက်သည်။

ထို့နောက် ယွီရှင်းယွဲ့နှင့်အတူ စာကြည့်တိုက် သွားလိုက်သည်။

ညနေစာ စားပြီးချိန်တွင် ၆ နာရီကျော်ရုံသာ ရှိသေးသည်။ ကျိုးအန်းရန် "အဆောင်ပြန်ပြီး စောင့်မလား" နဲ့ "စာကြည့်တိုက် ဆက်သွားမလား" ဆိုတာ ဝေခွဲမရဖြစ်နေပြီး နောက်ဆုံး ဒုတိယတစ်ခုကို ရွေးလိုက်သည်။

အဆောင်ပြန်ရောက်ရင် မနေ့ညကလိုပဲ သူ့စိတ်ကို လိုက်ခန့်မှန်းနေရင်း စာလုပ်လို့ရမှာ မဟုတ်ဘူး။ အခုချိန် စာကြည့်တိုက် ပြန်သွားရင် စိတ်မငြိမ်ဘူးဆိုပေမယ့် စာမျက်နှာနည်းနည်းလောက်တော့ ဖတ်လို့ရဦးမှာ။

စာကြည့်တိုက်တွင် ၈ နာရီ ၁၀ မိနစ်အထိ နေပြီးမှ အဆောင်ပြန်လာခဲ့သည်။

ဒီအချိန်ဆို အခန်းထဲမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူးလို့ ထင်ထားပေမယ့် ဝင်လိုက်တာနဲ့ ရှဲ့ကျင့်ယွီ စာလုပ်နေတာ တွေ့လိုက်ရသည်။

ကျိုးအန်းရန်က မိတ်ကပ်ပြန်လိမ်းမလို့ စိတ်ကူးထားတာ။

ရှဲ့ကျင့်ယွီ ရှိနေတော့ သိပ်မလုပ်ရဲတော့ဘူး။

ဒါပေမဲ့ မနေ့က အသင်းတွေ့ဆုံပွဲသွားတုန်းက မိတ်ကပ်လိမ်းသွားတာ ပုံမှန်ဆိုပေမယ့်၊ ဒီနေ့ ကြိုချိန်းထားပြီးမှ မိတ်ကပ်ထပ်လိမ်းသွားရင် နည်းနည်း သိသာလွန်းနေမလား။

ကျိုးအန်းရန် ခဏစဉ်းစားပြီး မိတ်ကပ်မလိမ်းတော့ဖို့ ဆုံးဖြတ်လိုက်သည်။

မှန်ထဲ ကြည့်လိုက်သည်။

အသားအရေ အခြေအနေကောင်းပေမယ့် ဆံပင်တွေ နည်းနည်း ရှုပ်နေသလားလို့။

ဒါဆို ခေါင်းလျှော်ပြီး သွားတွေ့ရင် ပြဿနာမရှိလောက်ပါဘူး။

ရှဲ့ကျင့်ယွီက ကြားထဲမှာ လက်ဆေးဖို့ ထလာရင်း သူမ ခေါင်းလျှော်နေတာ တွေ့တော့ အံ့ဩသွားသည်။

"နင် မနေ့က လျှော်ပြီးပြီ မဟုတ်ဘူးလား"

ကျိုးအန်းရန် ဆပ်ပြာမြှုပ်တွေ ပွတ်ရင်း ဘယ်လိုရှင်းပြရမှန်းမသိလို့ ဆင်ခြေပေးလိုက်ရသည်။

"ခုနက နံရံနဲ့ မတော်တဆ တိုက်မိလို့ ဖုန်ပေသွားမှာစိုးလို့ပါ"

"အိုကေ... ဖြည်းဖြည်းလျှော်နော်"

ကျိုးအန်းရန် ဖြည်းဖြည်းမလျှော်ရဲပါဘူး။

မနေ့က လျှော်ထားပြီးသားမို့ ဒီနေ့ တစ်ခေါက်ပဲ လျှော်လိုက်ပေမယ့် ဆံပင်ခြောက်အောင် မှုတ်ရတာ အချိန်ကြာသွားသည်။

ပြီးသွားတော့ ၉ နာရီ မထိုးသေးဘူးလို့ တွက်ထားပေမယ့် မသေချာလို့ ဖုန်းကို ချက်ချင်း ယူကြည့်လိုက်သည်။

၈ နာရီ ၅၀ မိနစ်။

၉ နာရီ မထိုးသေးပါဘူး။

ဒါပေမဲ့ ဖုန်းထဲမှာ သူ့မက်ဆေ့ခ်ျ ရောက်နေပြီ။

ကျိုးအန်းရန် ရင်ခုန်သံ မြန်လာပြီး ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

C - [နင်တို့အဆောင်အောက် ရောက်နေပြီ]

လွန်ခဲ့တဲ့ တစ်မိနစ်က ပို့ထားတာ။

ဘာလို့ ကြိုရောက်နေရတာလဲ။

ကျိုးအန်းရန် အမြန်ပြန်ပို့လိုက်သည်။

[ဆောရီးပါ... ခေါင်းလျှော်နေလို့၊ ခဏစောင့်နော်၊ အခု ဆင်းလာပြီ]

သူ ချက်ချင်း ပြန်ပို့သည်။

C - [မလောပါနဲ့]

C - [ငါ စောရောက်လာတာပါ]

ကျိုးအန်းရန် ပြုံးလိုက်ပြီး ဖုန်းချကာ ယွီပင်းချင် ပေးထားသော စက္ကူအိတ်ကို ဗီရိုထဲက ထုတ်ယူလိုက်သည်။

မဆင်းခင် မှန်ရှေ့မှာ ရပ်ပြီး ဆံပင်သပ်ရပ်မှုရှိမရှိ ပြန်စစ်ဆေးနေတုန်း ဘေးမှာထိုင်နေတဲ့ ရှဲ့ကျင့်ယွီ ရုတ်တရက် မတ်တတ်ရပ်ပြီး သူမလက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"သောက်ကျိုးနည်း... ချန်လော့ပိုင် ငါတို့အဆောင်အောက်မှာ လူစောင့်နေတယ်!!" ရှဲ့ကျင့်ယွီ အလွန် စိတ်လှုပ်ရှားနေသည်။

ကျိုးအန်းရန် - "......"

"ငါတို့ကျောင်းကရော၊ တခြားကျောင်းကရော အလှလေးတွေ လာဝဲကြတာတောင် ဘာလို့ မအောင်မြင်ကြလဲဆိုတာ အခုမှ သိတော့တယ်။ ငါတို့ ကျောင်းသားချောလေးမှာ ရည်းစားရှိနေပြီကိုး၊ ပြီးတော့ ငါတို့အဆောင်က ဖြစ်နေတယ်"

သူ အောက်ရောက်တာ ၁ မိနစ်၊ ၂ မိနစ်လောက်ပဲ ရှိသေးတာကို သတင်းက အခန်းထဲထိ ရောက်လာလိမ့်မယ်လို့ ကျိုးအန်းရန် ထင်မထားခဲ့ဘူး။

သူမ အသံတိုးတိုးလေးနဲ့ ပြန်ပြောလိုက်သည်။

"သူက သာမန်သူငယ်ချင်းကို လာရှာတာ ဖြစ်လောက်ပါတယ်"

သူတို့အခု သာမန်သူငယ်ချင်း ဟုတ်မဟုတ် မသေချာပေမယ့် ဒီထက်ပိုသင့်တော်တဲ့ စကားလုံး မရှိတော့ဘူး။

"နင် ဘယ်လိုသိလဲ" ရှဲ့ကျင့်ယွီ ထူးဆန်းသလို မေးလိုက်သည်။

"ဖြစ်နိုင်တာက..." ကျိုးအန်းရန် စကားခဏရပ်လိုက်သည်။ ရှဲ့ကျင့်ယွီကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး၊ ဖုံးကွယ်လို့လည်း ရမှာ မဟုတ်ဘူးလေ။ "သူ ငါ့ကို လာရှာတာမို့လို့ပါ"

ရှဲ့ကျင့်ယွီ တစ်စက္ကန့်လောက် ကြောင်သွားပြီး ဟားခနဲ အော်ရယ်လိုက်သည်။

သူမက ကျိုးအန်းရန် ပါးကို ဆွဲလိုက်သည်။

"ရန်ရန်... နင်တောင် ဒီလိုနောက်ပြောင်တတ်နေပြီပဲ"

ကျိုးအန်းရန် - "......"

မယုံရင်လည်း မတတ်နိုင်တော့ဘူး။

သူ့ကို အကြာကြီး မစောင့်စေချင်တော့တာနဲ့ ကျိုးအန်းရန် ဆက်မရှင်းပြတော့ပါဘူး။

"ငါ အောက်ဆင်းပြီး သူငယ်ချင်းကို ပစ္စည်းသွားပေးလိုက်ဦးမယ်"

ရှဲ့ကျင့်ယွီ လက်လွှတ်လိုက်သည်။

"သွားလေ"

ကျိုးအန်းရန် စားပွဲပေါ်က အိတ်ကိုဆွဲပြီး ထွက်မလို့ လုပ်တုန်း ရှဲ့ကျင့်ယွီ ဆက်ပြောတာ ကြားလိုက်ရသည်။

"ငါ ဝရန်တာထွက်ပြီး ကြည့်လိုက်ဦးမယ်"

ခြေလှမ်းရပ်သွားပြီး ကျိုးအန်းရန် မေးလိုက်သည်။

"ဝရန်တာထွက်ပြီး ဘာကြည့်မလို့လဲ"

ရှဲ့ကျင့်ယွီ မျက်စိမှိတ်ပြလိုက်သည်။

"ငါတို့ ကျောင်းသားချောလေးကို ဘယ်မြေခွေးမလေးက ဖမ်းစားသွားလဲဆိုတာ ကြည့်မလို့လေ"

ကျိုးအန်းရန် - "......"

***

All Chapters