← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃၄ ။ ဆိုဒါ : ငါ့ကို တိုက်ရိုက်မေးလိုက်လေ

ကျိုးအန်းရန် အဆောင်အောက်သို့ ရောက်သောအခါ ချန်လော့ပိုင်သည် သူတို့အဆောင်ရှေ့ရှိ ပန်းခင်းဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဒီနေ့ သူ အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသည်။ အနက်ရောင် အားကစားဘောင်းဘီနှင့် အနက်ရောင် ဟူဒီကို ဝတ်ထားပြီး ခေါင်းစွပ်က ခေါင်းပေါ်တွင် လျော့တိလျော့ရဲ ချိတ်ထားသည်။ သူရပ်နေပုံက သက်တောင့်သက်သာ ရှိနေသော်လည်း ကျောပြင်က မတ်မတ်တန်းတန်း ရှိနေသည်။ ခြေထောက်တစ်ဖက်ကို မတ်မတ်ရပ်ထားပြီး နောက်တစ်ဖက်ကို ပန်းခင်းဘောင်ပေါ် ကွေးတင်ထားသည်။

သူ့အရပ်အမောင်းနှင့် ရုပ်ရည်က ထူးခြားလွန်းသဖြင့် ဖြတ်သွားဖြတ်လာလူတိုင်း လှည့်ကြည့်ကြသည်။ သို့သော် သူက အထက်တန်းတုန်းကလိုပင် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဖုန်းကိုသာ ငုံ့ကြည့်နေသည်။

သူနှင့် မလှမ်းမကမ်းတွင် မိန်းကလေးနှစ်ယောက်က သူ့ဆီ သွားသင့် မသွားသင့် တိုင်ပင်နေကြပုံရသည်။

ကျိုးအန်းရန် ခြေလှမ်းတုန့်သွားသည်။

ထိုအချိန်တွင် ချန်လော့ပိုင် ခေါင်းမော့လာသည်။

သူမအကြည့်နှင့် သူ့မျက်ဝန်းနက်နက်များ လေထဲတွင် ဆုံသွားကြသည်။ ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် လွတ်သွားပြန်သည်။

ချန်လော့ပိုင် ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားဆဲ ပုံစံဖြင့် သူမဆီ တန်းတန်းမတ်မတ် လျှောက်လာသည်။

"ဒီလောက် မြန်မြန်ဆင်းလာတာလား"

ကျိုးအန်းရန် ရင်ခုန်သံများ မြန်ဆန်နေဆဲဖြစ်သည်။ ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲမှ အိတ်ကို ကမ်းပေးလိုက်သည်။

ချန်လော့ပိုင် လှမ်းယူလိုက်ပြီး ရင်းနှီးနေကျ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောသည်။

"ကျေးဇူးပဲ"

ကျိုးအန်းရန်သည် သူ့ရှေ့ရောက်သည်နှင့် အလိုလိုနေရင်း စိတ်လှုပ်ရှားလာတတ်သည်။ "ရပါတယ်" ဟု ပြောပြီးနောက် ဘာဆက်ပြောရမှန်း မသိတော့ပေ။ သူ့မျက်လုံးများကို ကြာကြာမကြည့်ရဲဘဲ ခေါင်းငုံ့ထားလိုက်သည်။ ပစ္စည်းပေးပြီးပြီဆိုတော့ နှုတ်ဆက်ပြီး ပြန်တက်သွားရမလား စဉ်းစားနေစဉ် သူက နာမည်ခေါ်လိုက်သည်။

"ကျိုးအန်းရန်"

သူ နာမည်ခေါ်လိုက်သည်ကို ကြားလိုက်ရတိုင်း တကယ်မဟုတ်သလို ခံစားနေရဆဲဖြစ်သည်။ ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

ချန်လော့ပိုင် ခေါင်းပေါ်တွင် ခေါင်းစွပ် မရှိတော့ပေ။ သူ့အလိုလို ပြုတ်ကျသွားသည်လား မသိပေ။ ဆံပင်အနက်ရောင် တိုတိုလေးများက နဖူးပေါ်တွင် ဝဲခိုနေသည်။

"အပေါ်ပြန်တက်ဖို့ မလောဘူးမလား"

ကျိုးအန်းရန် သူ ဘာဆိုလိုမှန်း နားမလည်သော်လည်း ရိုးရိုးသားသားပင် ခေါင်းခါပြလိုက်သည်။

ချန်လော့ပိုင်က လက်ထဲမှ စက္ကူအိတ်ကို ဝှေ့ယမ်းပြလိုက်သည်။

"အလကား ကျေးဇူးတင်တာ မဟုတ်ဘူး၊ ညစာ လိုက်ကျွေးမယ်လေ"

မနေ့က WeChat Add လိုက်ကတည်းက ကျိုးအန်းရန် အိပ်မက်မက်နေသလို ခံစားနေရသည်။ ဒါပေမဲ့ အိပ်မက်ထဲမှာတောင် သူက သူမကို သီးသန့် ထမင်းလိုက်ကျွေးမယ်လို့ မမက်ဖူးခဲ့ဘူး။

ကျိုးအန်းရန် ကြောင်ငေးသွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။

ရှေ့မှကောင်လေးက ရုတ်တရက် ပြုံးလိုက်သည်။ သူပြုံးလိုက်သောအခါ လူငယ်ဆန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူမ ရင်ခုန်သံများ တစ်ဖန်ပြန်လည် မြန်ဆန်လာသည်။

"သွားမလား" ချန်လော့ပိုင် ထပ်မေးလိုက်သည်။ သူ လက်ပတ်နာရီကို ကြည့်လိုက်သည်။ "ဒါပေမဲ့ အချိန်နည်းနည်း နောက်ကျနေပြီဆိုတော့ ကန်တင်းမှာပဲ ကျွေးလို့ရမယ်"

ကျိုးအန်းရန် သတိပြန်ဝင်လာသည်။ ရင်ထဲမှ ပူဖောင်းလေးများကို ဖိနှိပ်ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

သူနှင့်အတူ ကန်တင်းသို့ လျှောက်သွားစဉ် လမ်းတစ်လျှောက်လုံး လူအများ၏ အကြည့်များကို ခံနေရသည်။

သူ လူကြိုက်များမှန်း သူမ သိထားပြီးသားပါ။ ဒါပေမဲ့ ဒီလိုမျိုး ဘေးကနေ လိုက်ပါခံစားရတာ ပထမဆုံးအကြိမ်ပါပဲ။ အရင်တုန်းကဆို သူမက တခြားလူတွေလိုပဲ ဘေးကနေ ရပ်ကြည့်နေရတာ။ လူအုပ်ထဲမှာ ပုန်းပြီး ခိုးကြည့်ရတဲ့အဆင့်ပဲ ရှိခဲ့တာ။

အခုတော့ သူ့အပေါ် ကျရောက်နေတဲ့ အကြည့်တွေထဲက တစ်ဝက်လောက်က သူမဆီ ရောက်လာကြတယ်။

ကျိုးအန်းရန် နေရခက်သလို ခံစားလိုက်ရသည်။

ဒါပေမဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေက ပိုများပါတယ်။

ဂရုစိုက်ခံရလို့ ပျော်တာ မဟုတ်ပါဘူး။ သူမက ဂရုစိုက်ခံရတာ မကြိုက်ပါဘူး။

ပျော်တာက သူ့ကြောင့်ပါ။

သူမဘေးမှာ လျှောက်နေတဲ့သူက သူ ဖြစ်နေလို့ပါ။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးတာနဲ့ ဖုန်းမြည်လာသည်။

WeChat မက်ဆေ့ခ်ျ ဝင်လာခြင်းဖြစ်သည်။

ကျိုးအန်းရန် ဖုန်းထုတ်ကြည့်လိုက်ရာ ရှဲ့ကျင့်ယွီထံမှ ဖြစ်နေသည်။

ရှဲ့ကျင့်ယွီ - [!!!]

ရှဲ့ကျင့်ယွီ - [ဘာအခြေအနေလဲ!!!!!]

ကျိုးအန်းရန် Chat box ကို ဖွင့်လိုက်ချိန်မှာ ဒီနှစ်စောင်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို မက်ဆေ့ခ်ျတွေ တရစပ် ဝင်လာတော့သည်။

ရှဲ့ကျင့်ယွီ - [ချန်လော့ပိုင်က တကယ် နင့်ကို လာရှာတာလား]

ရှဲ့ကျင့်ယွီ - [နင် သူနဲ့အတူ လိုက်သွားတာလား???]

ရှဲ့ကျင့်ယွီ - [နင် ဒီည ပြန်လာဦးမှာလား?????]

ဖုန်းမျက်နှာပြင်ကနေတစ်ဆင့် ရှဲ့ကျင့်ယွီရဲ့ အံ့ဩမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားနေရသည်။

မက်ဆေ့ခ်ျတွေ ဆက်တိုက်ဝင်လာသဖြင့် အသံမြည်နေသောကြောင့် ဘေးမှကောင်လေးက သူမဘက် လှည့်ကြည့်လာသည်။

ကျိုးအန်းရန်က ရှဲ့ကျင့်ယွီရဲ့ နောက်ဆုံးစာကြောင်းကို သူ မြင်သွားမှာစိုးလို့ ဖုန်းကို ချက်ချင်း ပိတ်လိုက်သည်။

ချန်လော့ပိုင်က သူမဖုန်း မည်းသွားသည်ကို ကြည့်ပြီး မေးလိုက်သည်။

"ကိစ္စရှိလို့လား"

သူတို့ဆက်ဆံရေးက သူငယ်ချင်းအဆင့်မှာပဲ ရပ်တန့်နေမယ်ဆိုတာ သိပေမယ့်၊ ကျိုးအန်းရန်က သူ့ကို အထင်လွဲစေမယ့် ကိစ္စမျိုး မဖြစ်စေချင်ပါဘူး။ သူမ အမြန် ခေါင်းခါလိုက်သည်။

"မရှိပါဘူး၊ ငါ့အခန်းဖော်ပါ၊ သူက အနုပညာရှင်အတင်းအဖျင်းသတင်းတစ်ခု တွေ့လို့ စိတ်လှုပ်ရှားနေတာ"

ပြောပြီးမှ သူမ လိပ်ပြာမလုံဖြစ်သွားသည်။

ဒါပေမဲ့ လိမ်ပြောတာတော့ မဟုတ်ပါဘူးနော်။

အမှန်တရားကို နည်းနည်းလေး ပုံကြီးချဲ့လိုက်ပြီး "အနုပညာရှင်" ဆိုတဲ့ စကားလုံး ထည့်လိုက်ရုံပါပဲ။

ရှဲ့ကျင့်ယွီရဲ့ မက်ဆေ့ခ်ျတွေက မရပ်သေးဘူး။ ကျိုးအန်းရန်က သူမ ဘာတွေ ထပ်လျှောက်ပြောဦးမလဲဆိုတာ ကြောက်လို့ ဖွင့်မကြည့်ရဲတော့ဘူး။

တော်သေးတာက ဖုန်းသံအနည်းငယ် မြည်ပြီးနောက် ငြိမ်သက်သွားသည်။

ကန်တင်းရောက်သောအခါ ချန်လော့ပိုင်က ဒုတိယထပ်မှ မှာစားရသည့်နေရာသို့ ခေါ်သွားသည်။ ဒီနေရာက အောက်ထပ်ထက် ဈေးကြီးပေမယ့် ပတ်ဝန်းကျင်က ပိုကောင်းသည်။

ချန်လော့ပိုင် ကောင်တာရှေ့တွင် ရပ်လိုက်သည်။

"ဘာစားချင်လဲ"

ကျိုးအန်းရန် အပေါ်မှ မီနူးကို မော့ကြည့်လိုက်သည်။

တကယ်တော့ သူမ လုံးဝ ဗိုက်မဆာပါဘူး။ ဘာမှ မစားချင်ဘူး။ ဒါပေမဲ့ မနေ့က ယွီပင်းချင် ပြောဖူးတာ သတိရသွားသည်။ သူက အစားရွေးတယ်တဲ့။ သူမ ခေါင်းခါလိုက်သည်။

"ငါ အစားမရွေးပါဘူး၊ နင်ပဲ ရွေးလိုက်ပါ"

ချန်လော့ပိုင် - "တကယ် ငါ့ကို ရွေးခိုင်းတာလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ကောင်လေးက ရုတ်တရက် ပြုံးလိုက်ပြန်သည်။ မလှမ်းမကမ်းမှ အခန်းငယ်လေးကို မေးငေါ့ပြလိုက်သည်။

"ကောင်းပြီလေ... ဒါဆို နင် အဲဒီမှာ သွားထိုင်စောင့်နေ"

ကျိုးအန်းရန် လက်ခံလိုက်ပြီး အခန်းငယ်လေးဆီ သွားရင်း စိတ်ထဲတွင် အံ့ဩနေမိသည်။

ကျောင်းအပ်တုန်းက သိခဲ့ရတဲ့ စီနီယာအစ်မက သူ့ဝမ်းကွဲအစ်မ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီလိုကြည့်ရင် သူတို့နှစ်ယောက်က ရေစက်မကုန်သေးဘူးလို့ ပြောလို့ရမလား။

ချန်လော့ပိုင် အစားအသောက် မှာပြီးနောက် ကောင်တာကို မှီရပ်လိုက်သည်။ ကောင်မလေးက အခန်းငယ်လေးထဲတွင် ထိုင်ပြီး ဖုန်းကြည့်နေသည်ကို လှမ်းမြင်နေရသည်။

အထက်တန်းတုန်းကနဲ့ယှဉ်ရင် သူမ တော်တော် ပြောင်းလဲသွားတယ်။ အရပ်ရှည်လာတယ်၊ ပိုလှလာတယ်။ ပခုံးကျော်ကျော် ဆံနွယ်နက်နက်လေးတွေက ဖြူဝင်းတဲ့ ပါးပြင်နားမှာ ဝဲခိုနေတယ်။ ဆံပင်ဖျားလေးတွေက ကောက်နေပြီး မျက်နှာလေးက မိတ်ကပ်မပါဘဲ သန့်ရှင်းနေသည်။ ပိုပြီး လိမ္မာရေးခြားရှိပြီး အေးချမ်းတဲ့ပုံ ပေါက်နေတယ်။

ကန်တင်းထဲက ကောင်လေးအတော်များများ သူမကို ခိုးကြည့်နေကြသည်။

"ကျောင်းသားလေး... ဟင်းချိုနဲ့ ပုဇွန်ဖက်ထုပ် ရပြီနော်" ကန်တင်းအဒေါ်ကြီးက ကောင်တာကို ခေါက်လိုက်သည်။ "အသားကင်တွေကတော့ နည်းနည်း စောင့်ရဦးမယ်"

ချန်လော့ပိုင် လှည့်ပြီး လင်ဗန်းကို ယူလိုက်သည်။

"ဟုတ်ကဲ့... ဒုက္ခပေးမိပါပြီ၊ ကျန်တာတွေ ခဏနေမှ လာယူပါ့မယ်"

ကျိုးအန်းရန်က ရှဲ့ကျင့်ယွီကို ဘယ်လိုပြန်ပြောရမလဲ စဉ်းစားနေတုန်း သူ ဝင်လာတာ မြင်တော့ ဖုန်းချလိုက်သည်။ အဆောင်ပြန်ရောက်မှပဲ မုန်တိုင်းကို ရင်ဆိုင်တော့မယ်လို့ ဆုံးဖြတ်လိုက်သည်။

သူမ ခေါင်းငုံ့ကြည့်လိုက်ရာ လင်ဗန်းထဲတွင် အစားအသောက်များ ပြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာလို့ ဒီလောက်များတာလဲ"

"များလို့လား" ချန်လော့ပိုင် လင်ဗန်းချလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။ "နောက်ထပ် ရစရာတွေ ကျန်သေးတယ်"

ကျိုးအန်းရန် သူ ဗိုက်ဆာမဆာ မသိသဖြင့် ပြန်လျော့ခိုင်းဖို့ အားနာနေသည်။

"ငါ သိပ်မစားနိုင်ဘူးနော်"

"မကုန်ရင် အဆောင်ပြန်သယ်သွားလိုက်မယ်" ချန်လော့ပိုင် သူမရှေ့တွင် ဝင်ထိုင်လိုက်သည်။

ကျိုးအန်းရန် စိတ်အေးသွားသည်။

မဖြုန်းတီးရင် ပြီးတာပါပဲ။

သူမ တကယ် ဗိုက်မဆာသဖြင့် ပုဇွန်ဖက်ထုပ် တစ်ခု၊ အသားကင် တစ်ချောင်းနှင့် အမဲသားလုံးဟင်းချို တစ်ခွက်သောက်ပြီး ရပ်လိုက်သည်။

သူမ တူချလိုက်သည်ကို မြင်သောအခါ ချန်လော့ပိုင် မော့ကြည့်လိုက်သည်။

"မစားတော့ဘူးလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ သူလည်း တူချလိုက်သည်ကို တွေ့လိုက်ရသည်။

"နင်လည်း မစားတော့ဘူးလား"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။

လေထု တိတ်ဆိတ်သွားသည်။

စောစောကလို ခေါင်းငုံ့စားနေတာ မဟုတ်ဘဲ၊ အခုလို မျက်နှာချင်းဆိုင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေရတော့ နည်းနည်း နေရခက်သလိုပဲ။

ကျိုးအန်းရန် စကားစဖို့ ခေါင်းစဉ်ရှာနေပေမယ့် ဘာပြောရမလဲ မသိဖြစ်နေသည်။ သူ ဘာလို့ WeChat Add လိုက်လဲဆိုတာ အခုထိ နားမလည်သေးဘူး။

ဒီအတိုင်း ပြီးသွားရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်တွေ့ရမယ် မသိဘူး။

တွေဝေနေစဉ် ရှေ့မှကောင်လေးက နာမည်ခေါ်လိုက်သံ ကြားလိုက်ရသည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

အထက်တန်း တစ်နှစ်ကျော်ကာလအတွင်း သူ့ပါးစပ်ကနေ သူမနာမည်ခေါ်သံ တစ်ခါမှ မကြားခဲ့ရဖူးဘူး။ စကားပြောတာလည်း လက်ချိုးရေလို့ရတယ်။ ဒါပေမဲ့ ဒီနှစ်ရက်အတွင်း သူ သူမနာမည်ခေါ်တာ ရေလို့တောင် မရတော့ဘူး။

ချန်လော့ပိုင်က ဖုန်းကို စားပွဲပေါ်ထောက်ပြီး လှည့်ကစားနေသည်။ လေသံက ပေါ့ပါးနေသည်။

"ဒီစနေနေ့ အားလား"

မေးခွန်းက ရုတ်တရက်ဆန်လွန်းနေသည်။

သူ တစ်ခုခု ခိုင်းစရာရှိလို့ မေးမှန်းသိပေမယ့် ကျိုးအန်းရန် ရင်ခုန်သံတွေ စည်းချက်ပျက်သွားသည်။ ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။

"ဟင်...?"

"ကျုရန်ကို မှတ်မိတယ်မလား" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် သူ ဘာလို့ ကျုရန်အကြောင်း ရုတ်တရက် မေးလဲ မသိပေမယ့် ခေါင်းညိတ်ပြလိုက်သည်။

သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းပဲဟာ၊ ဘယ်လိုလုပ် မေ့ရမှာလဲ။

"သူ စနေနေ့ကျရင် A တက္ကသိုလ်ကို လာလည်မယ်တဲ့။ နင်လည်း ရှိနေတယ်ဆိုတာ ကြားတော့..." ချန်လော့ပိုင်က ဖုန်းကို ဆက်လှည့်နေပြီး မျက်နှာထားက ဂရုမစိုက်သလို ပုံစံပေါက်နေသည်။ "...ထမင်းတူတူစားဖို့ ခေါ်ချင်နေတယ်"

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

သူ့ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်တွေ့ရမလဲလို့ တွေးနေတုန်းရှိသေးတယ်၊ အခွင့်အရေးက ဒီလောက်မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး။

ဒါပေမဲ့...

"ငါ စနေနေ့ကျရင် အတန်းဖော်တွေနဲ့ တွေ့ဆုံပွဲ ရှိတယ်" သူမ စိတ်ပျက်မှုကို အတင်းထိန်းပြီး ပြောလိုက်သည်။

ချန်လော့ပိုင် ဖုန်းလှည့်တာ ရပ်လိုက်ပြီး မော့ကြည့်လိုက်သည်။

"အတန်းဖော်တွေနဲ့ တွေ့ဆုံပွဲ ဟုတ်လား"

ကျိုးအန်းရန် သူ့မျက်လုံးကို တစ်စက္ကန့်ထက်ပိုပြီး မကြည့်ရဲဘဲ ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေလိုက်သည်။

"အင်း... ယန်ရှင်းချန်၊ ကျန်းရူရှန်း၊ ရှန့်ရှောင်ဝမ်တို့နဲ့လေ။ ပြီးတော့ တုန်းချန်နဲ့ ဟယ်မင်ယွီလည်း ပါတယ်။

"ဟယ်မင်ယွီ" ချန်လော့ပိုင်က နောက်ဆုံးနာမည်ကို ရေရွတ်လိုက်သည်။ လေသံက ပေါ့ပါးနေဆဲဖြစ်ပြီး မတော်တဆ မေးလိုက်သလိုပင်။ "နင် သူနဲ့ အမြဲ အဆက်အသွယ် ရှိနေတာလား"

ကျိုးအန်းရန် သူ ဘာလို့ ဒီမေးခွန်းမေးလဲ မသိပေမယ့် အထင်မလွဲစေချင်ဘူး။

"မရှိပါဘူး၊ ကျောင်းပြီးမှ အဆက်အသွယ် ပြန်ရတာပါ။ ရှင်းရှင်းနဲ့ တုန်းချန်က ခင်ကြတယ်လေ..."

ဒီနှစ်ယောက်က အထက်တန်းတုန်းက တွေ့တာနဲ့ ရန်ဖြစ်ကြပေမယ့် ရန်ဖြစ်လေ ခင်လေ ဖြစ်လာကြတယ်။

"ဟယ်မင်ယွီနဲ့ တုန်းချန်ကလည်း ခင်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူလည်း A တက္ကသိုလ် ရူပဗေဒဌာန ရောက်လာတာလေ"

တကယ်တော့ သူမနဲ့ ဟယ်မင်ယွီက စကားနည်းသူတွေမို့ WeChat Add ထားပေမယ့် စကားသိပ်မပြောဖြစ်ကြပါဘူး။

အခန်းငယ်လေး တိတ်ဆိတ်သွားသည်။

ကျိုးအန်းရန် မနေနိုင်ဘဲ မော့ကြည့်လိုက်တော့ ရှေ့ကကောင်လေးက ဖုန်းပြန်လှည့်နေတာ တွေ့လိုက်ရသည်။ မျက်နှာထားက တည်ငြိမ်နေပြီး ခံစားချက်ကို ဖတ်လို့မရဘူး။

သူမ ရှင်းပြလိုက်တာက အပိုတွေ ဖြစ်နေမလား။

သူက သူမ တခြားယောက်ျားလေးတွေနဲ့ အဆက်အသွယ်ရှိမရှိ ဘာကိစ္စဂရုစိုက်နေမှာလဲ။

ချန်လော့ပိုင် အသံ ထပ်ထွက်လာသည်။

"ဒါဆို နင်တို့ တွေ့ဆုံပွဲမှာ လူနှစ်ယောက် ပိုလာရင် ကိစ္စရှိလား"

ကျိုးအန်းရန် တစ်စက္ကန့်လောက်ကြာမှ သဘောပေါက်သွားသည်။

"နင်တို့လည်း လိုက်ချင်လို့လား"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။

"အတန်းဖော်တွေ တွေ့ဆုံပွဲပဲဟာ၊ ငါနဲ့ ကျုရန်လည်း နင့်အတန်းဖော်တွေပဲလေ"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တာပေါ့"

"ဒါဆို သူတို့ကို မေးကြည့်ပေးပါလား" ချန်လော့ပိုင်က ဖုန်းကို စားပွဲပေါ် ခပ်ဖွဖွ ရိုက်လိုက်သည်။

"အင်း"

ကျိုးအန်းရန် ဖုန်းထုတ်လိုက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ယန်ရှင်းချန် ဖွဲ့ထားတဲ့ ဂရုလေးကို ဖွင့်လိုက်သည်။

ဒီရက်ပိုင်း ယန်ရှင်းချန်နဲ့ တုန်းချန်တို့ ဂရုထဲမှာ ရန်ဖြစ်နေကြလို့ သူမ Notification ပိတ်ထားလိုက်တာ။

အခုထိ စနေနေ့ကျရင် ဘာလုပ်ကြမလဲဆိုတာ ငြင်းနေကြတုန်းပဲ။

တုန်းချန် - [ငါကတော့ Escape room ပဲ မဲပေးမယ်]

ယန်ရှင်းချန် - [ငါကတော့ KTV ပဲ သွားချင်တယ်]

တုန်းချန် - [KTV သွားတာက နင့်တစ်ယောက်တည်း ဖျော်ဖြေပွဲ လုပ်သလို ဖြစ်နေမှာပေါ့။ နင့်အိုင်ဒေါ သီချင်းတွေကို ပထမခွေကနေ နောက်ဆုံးခွေအထိ နားထောင်ရမှာ ဘာစိတ်ဝင်စားစရာ ရှိလို့လဲ]

ယန်ရှင်းချန် - [ဒါဆို Escape roomဂိမ်းကရော ဘာစိတ်ဝင်စားစရာ ရှိလို့လဲ။ နင့်ရဲ့ မရှိစလောက် ဉာဏ်ရည်ကို ထုတ်ကြွားချင်လို့ပဲမလား။ ဟယ်မင်ယွီလိုမျိုး နှိမ့်ချပြီး နေတတ်အောင် သင်ယူပါလား]

ကျိုးအန်းရန် စာရိုက်ဖို့ ပြင်လိုက်ပြီးမှ ရပ်လိုက်သည်။

ဘယ်လို ပြောရမလဲ။

ချန်လော့ပိုင်လည်း ငါတို့နဲ့ လိုက်ချင်နေတယ်လို့ ပြောရမလား။

"ချန်လော့ပိုင်" ဆိုတဲ့ နာမည်ပေါ်လာတာနဲ့ ဂရုတစ်ခုလုံး ပေါက်ကွဲသွားလောက်တယ်။

သူမ ကြာကြာမလှုပ်ရှားတာ မြင်တော့ ချန်လော့ပိုင်က မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် ရင်တစ်ချက် ခုန်သွားပြီး ခေါင်းခါလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး"

"ဒါမှမဟုတ်..." သူမ ခေါင်းရှုပ်သွားသည်။ "ငါ နင့်ကို ဂရုထဲ ဆွဲထည့်ပေးလိုက်မယ်၊ နင့်ဘာသာ သူတို့ကို ပြောလိုက်မလား"

"နင်တို့မှာ ဂရုရှိတယ်လား" ချန်လော့ပိုင် ဖုန်းလှည့်တာ ရပ်လိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်ပြီး ဂရုထဲမှာ စာတစ်စောင် အရင်ပို့လိုက်သည်။

[ငါ လူတစ်ယောက် ဆွဲထည့်လိုက်မယ်နော်]

ယန်ရှင်းချန် - [ထည့်လေ... ဒါပေမဲ့ ဘယ်သူ့ကို ထည့်မှာလဲ]

ကျိုးအန်းရန် - "......"

ဂရုထဲမှာ ချန်လော့ပိုင်အကြောင်း ပြောတာနဲ့၊ ချန်လော့ပိုင်ကို ဂရုထဲ ဆွဲထည့်လိုက်တာနဲ့က သိပ်တော့ မထူးခြားလောက်ဘူး ထင်ပါတယ်။

ဒါပေမဲ့ ပြောပြီးမှတော့ ပြန်ပြင်လို့ မရတော့ဘူး။

ကျိုးအန်းရန် ဝေ့လည်ကြောင်ပတ် ပြန်ဖြေလိုက်သည်။

[ငါတို့ကျောင်းက အတန်းဖော်ပါပဲ]

ပြီးတော့ မျက်စိစုံမှိတ်ပြီး ဆွဲထည့်လိုက်သည်။

System: "C joined the group chat"

ယန်ရှင်းချန် - [C က ဘယ်သူလဲ]

ကျန်းရူရှန်းလည်း ဂရုထဲမှာ ရှိနေပြီး ဝင်မေးသည်။

[နင်တို့ကျောင်းကလား၊ A တက္ကသိုလ်ကလား]

ကျန်းရူရှန်း ချက်ချင်း မစဉ်းစားမိဘူး ထင်ပါတယ်။

[ငါတို့ အမှတ် (၂) ကျောင်းက A တက္ကသိုလ် ရောက်တာ နင်နဲ့ ဟယ်မင်ယွီပဲ ရှိတာလေ၊ တခြားဘယ်သူ ရှိသေးလို့လဲ]

ရှန့်ရှောင်ဝမ် - [နောက်ထပ် တစ်ယောက်တော့ ရှိသေးတယ်]

ရှန့်ရှောင်ဝမ် - [ပြီးတော့ ဒီ Profile ပုံနဲ့ နာမည်ကို အတန်းခေါင်းဆောင်ဆီမှာ ငါ မြင်ဖူးတယ်၊ သူပဲ ဖြစ်လောက်တယ်]

ယန်ရှင်းချန်က တော်တော်နဲ့ သဘောမပေါက်သေးဘူး။

[သူ... ဘယ်သူလဲ]

တုန်းချန် - [ချန်လော့ပိုင်]

ဒီနာမည် ပေါ်လာတာနဲ့ စောစောက ဆူညံနေတဲ့ ဂရုလေးက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျိုးအန်းရန် ဖုန်းကိုင်ထားရင်း - "......"

သူမ ရှေ့ကလူကို ခိုးကြည့်လိုက်မိသည်။

ချန်လော့ပိုင်ကလည်း သူမကို ကြည့်နေသည်။

"သူတို့က ငါ့ကို သိပ်မကြိုဆိုကြဘူး ထင်တယ်"

ကျိုးအန်းရန် သူ့လေသံမှာ ရယ်သံစွက်နေတာ ကြားလိုက်ရတော့ စိတ်ဆိုးတာ၊ စိတ်ကွက်တာ မဟုတ်မှန်း သိလိုက်သည်။ ဒါပေမဲ့ ရှင်းပြချင်စိတ် ဖြစ်မိသည်။

"မဟုတ်ပါဘူး၊ အံ့ဩလွန်းလို့ ဖြစ်သွားတာပါ"

ပြောပြီးတာနဲ့ သူမဖုန်းက ရူးသွပ်စွာ မြည်လာတော့သည်။

စောစောက ရှဲ့ကျင့်ယွီ ပို့တုန်းကထက်တောင် ပိုဆိုးသေးတယ်။ မက်ဆေ့ခ်ျတွေ အများကြီး ပြိုင်တူ ဝင်လာသလိုပဲ။ တစ်ခုမြည်လို့ မပြီးသေးခင် နောက်တစ်ခုက ထပ်မြည်နေပြီ။ လူအများကြီးက သူမကို တစ်ပြိုင်နက် စာပို့နေကြသလိုပဲ။

ဖုန်းသံက ရပ်မသွားဘူး။

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"အံ့ဩလွန်းလို့ နင့်ကို Private Chat လာလုပ်နေကြပြီလား"

ကျိုးအန်းရန် - "......"

ယန်ရှင်းချန်တို့ ဖြစ်မယ်ဆိုတာ ကြည့်စရာတောင် မလိုပါဘူး။

သူက ဉာဏ်ကောင်းတော့ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ထပ်ပြီး ရှင်းပြရမလား တွေးနေတုန်း သူ့အသံ ထွက်ပေါ်လာသည်။

"ငါ ကူညီပေးရမလား"

ကျိုးအန်းရန် နားမလည်လိုက်ဘူး။

"ဘာကိုလဲ"

ချန်လော့ပိုင် တိုက်ရိုက် ပြန်မဖြေဘူး။

ကောင်လေးက ခေါင်းငုံ့ပြီး ဖုန်းထဲမှာ စာရိုက်နေသည်။ သူ့လက်ချောင်းတွေက သွယ်လျပြီး အရိုးအဆစ်တွေ ပေါ်လွင်နေတယ်။ အရမ်း ကြည့်ကောင်းတယ်။ လက်ကောက်ဝတ်ရိုးပေါ်က မှဲ့နက်ကလေးက မီးရောင်အောက်မှာ ထင်ရှားနေသည်။

စက္ကန့်အနည်းငယ် ကြာတော့...

ကျိုးအန်းရန် ဖုန်းထဲက ဂရုထဲမှာ မက်ဆေ့ခ်ျအသစ်နှစ်စောင် တက်လာသည်။

C - [သူ့ကို သွားမမေးနဲ့တော့]

C - [သိချင်တာရှိရင် ငါ့ကို တိုက်ရိုက် မေးလိုက်]

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃၅ ။ ဆိုဒါ : နင့်ကို ပြန်လိုက်ပို့ပေးမယ်

ဂရုထဲတွင် ခဏတာ တိတ်ဆိတ်သွားပြန်သည်။

ကျန်းရူရှန်းက အခြေအနေကို သဘောပေါက်သွားပုံရပြီး စူးစမ်းသလို မေးခွန်းတစ်ခု မေးလာသည်။

ကျန်းရူရှန်း - [နင် ဘယ်လိုလုပ်ပြီး ငါတို့ သူ့ကို ရှာနေတယ်ဆိုတာ သိတာလဲ။ နင်တို့နှစ်ယောက် အတူရှိနေကြတာလား]

ကျန်းရူရှန်းက တည်နေရာအရ "အတူရှိနေတာ" ကို ဆိုလိုမှန်း သိသော်လည်း ကျိုးအန်းရန် အသက်ရှူ မမှန်ချင်တော့ပေ။

သူ့တုံ့ပြန်မှုကို ခိုးမကြည့်ရဲတော့ပေ။

တစ်စက္ကန့်ကြာတော့...

C - [ဟုတ်တယ်]

ကျိုးအန်းရန် ဖုန်းကိုင်ထားသော လက်ချောင်းလေးများ တင်းခနဲဖြစ်သွားပြီးမှ ပြန်ဖြေလျှော့လိုက်သည်။

သူက ဘာမှ အထွေအထူး တွေးမနေလောက်ပါဘူးနော်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ ယန်ရှင်းချန်ဆီက မက်ဆေ့ခ်ျ တက်လာပြန်သည်။

ယန်ရှင်းချန် - [နင်တို့ အခု အတူရှိနေကြတယ် ဟုတ်လား?????]

ဂရုထဲက မက်ဆေ့ခ်ျတွေ ဖတ်ရတာ ရိုလာကိုစတာ စီးရသလို ခံစားရမယ်လို့ ကျိုးအန်းရန် တစ်ခါမှ မထင်ထားဖူးဘူး။

ယန်ရှင်းချန်က ပွင့်လင်းလွန်းတော့ တစ်ခုခု လျှောက်ပြောမိမှာ စိုးရိမ်မိသည်။ ဒါကြောင့် သူမ ဝင်ဖြည့်ပြီး ပြောလိုက်သည်။

[ငါတို့ အခု ကန်တင်းမှာ ညစာ အတူစားနေကြတာပါ]

ချန်လော့ပိုင်သည် ဖုန်းမျက်နှာပြင်ပေါ် တင်ထားသော လက်ချောင်းလေး ရပ်တန့်သွားသည်။

သူ ခေါင်းအနည်းငယ် မော့ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင်မှ မိန်းကလေးသည် မျက်လွှာချထားပြီး မျက်တောင်ကော့ကော့လေးများက မီးရောင်အောက်တွင် လိပ်ပြာတောင်ပံလေးများလို တုန်ခါနေသည်။ ပန်းရောင်သမ်းနေသော နှုတ်ခမ်းလေးများကို တင်းတင်းစေ့ထားပြီး စိတ်လှုပ်ရှားနေပုံရသည်။

ရှန့်ရှောင်ဝမ်ဆီက မက်ဆေ့ခ်ျတစ်ခု ဂရုထဲ ထပ်တက်လာသည်။

ရှေ့ကနှစ်ယောက်နဲ့ယှဉ်ရင် သူမမေးခွန်းက ပုံမှန်ဆန်ပြီး စိတ်ချရသည်။

ရှန့်ရှောင်ဝမ် - [နင်တို့နှစ်ယောက် ဘယ်လိုလုပ် အဆက်အသွယ်ရသွားကြတာလဲ]

ကျိုးအန်းရန် နှုတ်ခမ်းကိုစေ့ပြီး ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ ယွီပင်းချင်နဲ့ အသင်းအကြောင်း အကြမ်းဖျင်း ရှင်းပြမယ်လို့ ထင်ထားတာ။

C - [ငါတို့ အခု ကျောင်းတစ်ကျောင်းတည်း တက်နေကြတာလေ၊ အဆက်အသွယ်ရတာ မဆန်းပါဘူး]

ကျိုးအန်းရန် ရင်ထဲထပ်ပြီး ဒိန်းခနဲ ဖြစ်သွားပြန်သည်။

တစ်နေ့ကျရင် သူမနဲ့သူ့အကြောင်းကို သူ့ပါးစပ်ကနေ "ငါတို့" ဆိုတဲ့ စကားလုံး သုံးလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ အဲဒီစကားလုံးထဲမှာ သံယောဇဉ် အဓိပ္ပာယ် မပါရင်တောင်မှပေါ့။

သူနဲ့ သိပ်မရင်းနှီးကြတော့ ဆက်ပြောဖို့ အားနာသွားကြလို့လား မသိဘူး။ ဒီမေးခွန်းမေးပြီးတော့ ဂရုထဲ ပြန်ငြိမ်သွားသည်။

C - [မေးစရာ မရှိတော့ဘူးလား]

C - [ဒါဆို နောက်တစ်ပတ် စနေနေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ငါနဲ့ ကျုရန် နှစ်ယောက် ပိုလာတာ နင်တို့ စိတ်မကွက်ကြဘူးမလား]

ယန်ရှင်းချန် - [မဖြစ်ပါဘူး]

ကျန်းရူရှန်း - [ကြိုဆိုပါတယ်]

ရှန့်ရှောင်ဝမ် - [လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် [လက်ခုပ်တီး]]

C - [ကျန်တဲ့သူတွေကော]

တုန်းချန် - [ဂရုအက်ဒမင် သဘောပါပဲ]

ယန်ရှင်းချန် - [တုန်းချန်ကို ဂရုစိုက်စရာ မလိုပါဘူး၊ သူ့သဘောထားက အရေးမပါပါဘူး]

မက်ဆေ့ခ်ျနှစ်စောင်က တစ်ပြိုင်နက်တည်းနီးပါး ဝင်လာသည်။

တစ်စက္ကန့်အကြာတွင်...

တုန်းချန်က မက်ဆေ့ခ်ျတစ်စောင် ပြန်ရုပ်သိမ်းလိုက်သည်။

တုန်းချန် - [ဂရုအက်ဒမင် သဘောဆိုပေမယ့်၊ ငါ့အနေနဲ့တော့ ကျောင်းနေဖက်ဟောင်းတွေနဲ့ တွေ့ချင်ပါတယ်]

ကျိုးအန်းရန် သူတို့နှစ်ယောက် အပြန်အလှန်ပြောနေတာကိုကြည့်ပြီး ရယ်ချင်သွားသည်။

ချန်လော့ပိုင် ဖုန်းချလိုက်ချိန်တွင် သူမနှုတ်ခမ်းဘေးမှ ပါးချိုင့်လေးများ ပေါ်လာသည်ကို မြင်လိုက်ရသည်။

"သွားမလား" သူ အသံတိုးတိုးဖြင့် မေးလိုက်သည်။

ကျိုးအန်းရန် မော့ကြည့်လိုက်ရာ စားပွဲပေါ်တွင် အစားအစာများ ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။

"နင် ခုနက ပါဆယ်ထုပ်မယ်ဆို"

ချန်လော့ပိုင် "အင်း" ဟု ပြန်ဖြေပြီး မတ်တတ်ရပ်လိုက်သည်။

"ငါ ပါဆယ်ထုပ်ဖို့ ဘူးသွားယူလိုက်ဦးမယ်"

နောက်တစ်ပတ် စနေနေ့ကျရင် ပြန်ဆုံရဦးမယ်ဆိုတာ သိလိုက်ရတော့ ပါဆယ်ထုပ်နေချိန်မှာ ကျိုးအန်းရန် စောစောကလောက် နှမြောတသ မဖြစ်တော့ပေ။

"အခု ဆင်းတော့မလား"

"ခဏလေး" ချန်လော့ပိုင် ဖုန်းကို ကြည့်လိုက်သည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ကိစ္စရှိသေးလို့လား"

"လူတစ်ယောက် စောင့်နေလို့" ချန်လော့ပိုင် ပြောရင်း ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်သည်။

ကျိုးအန်းရန် သူကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်ရာ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် သူတို့ရှိရာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဂျင်းဘောင်းဘီက အရောင်လွင့်နေသော်လည်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။

ထိုကောင်လေး အနားရောက်သောအခါ ချန်လော့ပိုင်က ပါဆယ်ထုပ်ထားသော အိတ်ကို ကမ်းပေးလိုက်သည်။

"အများကြီး ဝယ်မိသွားလို့၊ မင်း ပြန်ယူသွားပြီး ဟိုကောင်တွေနဲ့ ဝိုင်းစားပေးကြပါဦး။ နည်းနည်းတော့ အေးသွားလောက်ပြီ"

ကောင်လေးက စကားနည်းပုံရသည်။ ကျိုးအန်းရန်ကို မကြည့်ဘဲ ခေါင်းညိတ်ကာ လှမ်းယူလိုက်သည်။

"ကောင်းပြီ"

သူ ထွက်သွားသောအခါ ချန်လော့ပိုင်က သူမဘက်သို့ အနည်းငယ် ခေါင်းငဲ့ပြီး ရှင်းပြလိုက်သည်။

"ငါ့အခန်းဖော်"

ကျိုးအန်းရန်လည်း သူ့အခန်းဖော် ဖြစ်လောက်တယ်လို့ ထင်လိုက်သည်။

တစ်စက္ကန့်ကြာမှ သတိထားမိသွားသည်။

"ဒါဆို နင် သူနဲ့အတူ မပြန်ဘူးလား"

ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ပြန်သည်။ တံခါးပေါက်ဘက်သို့ မေးငေါ့ပြလိုက်သည်။

"သွားစို့... နင့်ကို ပြန်လိုက်ပို့ပေးမယ်"

ကျိုးအန်းရန်၏ ငြိမ်သက်စပြုနေသော ရင်ခုန်သံများ ချက်ချင်း ပြန်မြန်လာသည်။

လှေကားဘက်သို့ လျှောက်သွားရင်း စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။

လျှောက်မတွေးနဲ့။

သူ နင့်ကို ပြန်လိုက်ပို့ပေးတာ ယဉ်ကျေးမှုအရ လုပ်ပေးတာပဲ။

အတွေးလွန်တာကို ထိန်းချုပ်လိုက်ပြီး ကန်တင်းအပြင်ဘက် ရောက်သောအခါ မနေ့က မမေးရဲခဲ့သော မေးခွန်းကို မနေနိုင်ဘဲ မေးလိုက်မိသည်။

"နင့်ခြေထောက်ဒဏ်ရာ သက်သာသွားပြီလား"

ချန်လော့ပိုင် ခြေလှမ်းရပ်လိုက်ပြီး သူမဘက် လှည့်ကြည့်လိုက်သည်။

"ငါ ခြေထောက်ဒဏ်ရာရထားတာ နင် သိတယ်လား"

ကောင်လေး၏ မျက်ဝန်းနက်နက်များက ညအမှောင်ထဲတွင် တောက်ပနေပြီး နက်ရှိုင်းလွန်းနေသည်။ ကျိုးအန်းရန် ရင်ခုန်သံများ စည်းချက်မမှန်တော့ပေ။ အကြည့်လွှဲလိုက်သည်။

"ကျောင်းမှာ ပြောနေကြတာ ကြားလို့ပါ"

ဒါကြောင့် သူမ သိနေတာ ပုံမှန်ပါပဲ။

သာမန်သူငယ်ချင်း၊ သာမန်အတန်းဖော်တစ်ယောက်အနေနဲ့ ဂရုစိုက်ကြောင်း ပြသတာလည်း ပုံမှန်ပဲ မဟုတ်လား။

တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။

ကောင်လေး ဆက်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ သူ့အသံ ဘေးနားမှ ထွက်ပေါ်လာသည်။

"သက်သာသွားပါပြီ၊ လောလောဆယ်တော့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ရသေးဘူး"

ကျိုးအန်းရန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

တကယ်တော့ သူ ဘယ်လိုလုပ်ပြီး ဒဏ်ရာရတာလဲ ဆိုတာကို မေးချင်နေမိသည်။ ဒါပေမဲ့ သူတို့ရဲ့ လက်ရှိဆက်ဆံရေးနဲ့ဆိုရင် ဒီမေးခွန်းက စည်းကျော်ရာ ရောက်မလားဆိုပြီး စိုးရိမ်လို့ ပြန်မျိုသိပ်လိုက်သည်။

"ဒါဆို တော်ပါသေးတာပေါ့"

.....

ကျိုးအန်းရန် အဆောင်ပြန်ရောက်သောအခါ ပိုင်လင်းယွင်နှင့် ယွီရှင်းယွဲ့တို့ ပြန်ရောက်နေကြပြီ။

တံခါးဖွင့်လိုက်သည်နှင့် ရှဲ့ကျင့်ယွီက ထိုင်ရာမှထပြီး မျက်နှာတည်တည်ဖြင့် ရင်ဘတ်ကို လက်ပိုက်ကာ ကြည့်နေသည်။

"ရှင်းပြပါဦး"

ကျိုးအန်းရန် သူမဘေးသို့ လျှောက်သွားပြီး အောက်ထပ် အရောင်းစက်မှ ဝယ်လာသော အချိုရည်ဘူးကို စားပွဲပေါ် တင်ပေးလိုက်သည်။

"အချိုရည်တိုက်လည်း အလကားပဲ" ရှဲ့ကျင့်ယွီက လက်မခံပေ။

ပိုင်လင်းယွင်က သွားတိုက်တံကိုင်ပြီး သွားတိုက်ရန် ပြင်နေစဉ် မေးလိုက်သည်။

"နင်တို့နှစ်ယောက် ဘာဖြစ်ကြတာလဲ၊ ရန်ဖြစ်ထားကြတာလား"

ယွီရှင်းယွဲ့လည်း ပြန်ရောက်နေပြီး စာဖတ်နေရာမှ လှည့်ကြည့်လာသည်။

ရှဲ့ကျင့်ယွီ ပို့ထားသော မက်ဆေ့ခ်ျအများကြီးကို ကျိုးအန်းရန် ပြန်မဖတ်ရသေးပေ။ ဘယ်လိုပြန်ပြောရမလဲ မသိဖြစ်နေသည်။

သူမ ခေါင်းခါပြလိုက်သည်။

"မဖြစ်ပါဘူး"

"ဒါဆို သူက နင့်ကို ဘာလို့ ရန်လုပ်နေတာလဲ" ပိုင်လင်းယွင်က ရှဲ့ကျင့်ယွီကို မေးလိုက်သည်။

ရှဲ့ကျင့်ယွီ - "ငါ သူ့ကို ရန်လုပ်နေလို့လား"

ကျိုးအန်းရန် ခေါင်းဆက်ခါပြသည်။

"မလုပ်ပါဘူး"

ပိုင်လင်းယွင် သွားတိုက်တံကိုင်ပြီး လျှောက်လာသည်။

"ဒါဆို နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ"

ယွီရှင်းယွဲ့လည်း စာအုပ်ချပြီး လျှောက်လာသည်။

ရှဲ့ကျင့်ယွီ - "ချန်လော့ပိုင် ဒီညနေ ငါတို့အဆောင်အောက်မှာ လူလာစောင့်နေတာ နင်တို့ သိလား"

ယွီရှင်းယွဲ့ ခေါင်းခါသည်။

ပိုင်လင်းယွင် ခေါင်းညိတ်သည်။

"အစည်းအဝေးပြီးတော့ ငါတို့ဌာနက လူတွေပြောတာ ကြားလိုက်တယ်။ ငါတို့အဆောင်အောက်မှာ မိန်းကလေးတစ်ယောက်ကို လာရှာပြီး ကန်တင်းမှာ ချိုချိုမြိန်မြိန် ညစာတူတူစားကြတယ်တဲ့။ သူ့ရည်းစားများလားလို့ ပြောနေကြတာ။ ငါ အခုပြန်ရောက်တော့ အဲဒီကောင်မလေးက ဘယ်သူလဲလို့ နင့်ကို မေးမလို့လုပ်နေတာ၊ မေ့သွားတယ်"

ကျိုးအန်းရန် "ရည်းစား" ဆိုတဲ့ စကားလုံးကြားတော့ မဟုတ်မှန်းသိပေမယ့် နားရွက်တွေ ပူထူသွားသည်။

ရှဲ့ကျင့်ယွီက ကျိုးအန်းရန်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါတင် ဘယ်ကမလဲ၊ သူက အဲဒီကောင်မလေးကို အဆောင်ပြန်လိုက်ပို့သေးတယ်"

"ဒါဆို အဲဒီကောင်မလေးက ဘယ်သူလဲ" ပိုင်လင်းယွင်လည်း စိတ်ဝင်စားသွားသည်။ "မြန်မြန်ပြော၊ နင်က သတင်းအမြန်ဆုံးပဲဟာ"

ရှဲ့ကျင့်ယွီက ကျိုးအန်းရန်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟော... ကမ္ဘာအနှံ့ လိုက်ရှာစရာမလိုဘူး၊ မျက်စိရှေ့မှာတင် ရှိနေတယ်"

ယွီရှင်းယွဲ့ အံ့ဩသွားသည်။

ပိုင်လင်းယွင် သွားတိုက်တံ ပြုတ်ကျသွားသည်။

....

တစ်မိနစ်အကြာတွင်...

ကျိုးအန်းရန်ကို အခန်းဖော် သုံးယောက် ဝိုင်းထားကြသည်။ ပိုင်လင်းယွင်လည်း ရှဲ့ကျင့်ယွီလို ရင်ဘတ်လက်ပိုက်ပြီး တမင်မျက်နှာတည်ထားသည်။ ပုံမှန်ဆို အတင်းအဖျင်း စိတ်မဝင်စားသော ယွီရှင်းယွဲ့ပင် ဝင်ပါလာပြီး သုံးယောက်သား တရားရုံးတင် စစ်ဆေးသလို လုပ်နေကြသည်။

"တကယ်တမ်း ဘယ်လိုဖြစ်တာလဲ" ရှဲ့ကျင့်ယွီ ထပ်မေးသည်။

ကျိုးအန်းရန် တိုးတိုးလေး ကာကွယ်ပြောဆိုလိုက်သည်။

"ငါ ဆင်းမသွားခင်ကတည်းက သူ ငါ့ကို လာရှာတာပါလို့ နင့်ကို ပြောသားပဲ၊ နင်မှ မယုံတာ"

"နင်က ချန်လော့ပိုင်နဲ့ သိတယ်လို့ ငါတို့ကို တစ်ခါမှ မပြောပြဖူးဘဲနဲ့၊ သူက နင့်ကို လာရှာတာဆိုတော့ ငါက ဘယ်လိုလုပ်ယုံမှာလဲ" ရှဲ့ကျင့်ယွီက အေးစက်စက် မျက်နှာထားဖြင့် ဆက်ပြောသည်။ "ပြော... နင် သူ့ကို ဘယ်တုန်းက သိတာလဲ"

ကျိုးအန်းရန် အခန်းဖော်သုံးယောက် စိုက်ကြည့်နေတာ ခံနေရတော့ ခေါင်းကိုက်လာသည်။ အားငယ်စွာ ပြောလိုက်သည်။

"သူက ငါ့ရဲ့ အထက်တန်းပထမနှစ် အတန်းဖော်လေ"

"နင်က ဝူချန်အမှတ် (၁) ကျောင်းက မဟုတ်ဘူးလား" ပိုင်လင်းယွင် နားမလည်ပေ။

ယွီရှင်းယွဲ့က ပိုပြီး နားမလည်ပေ။

"ဟုတ်တယ်လေ... ချန်လော့ပိုင်က နန်ချန်အမှတ် (၂) ကျောင်းကဟာ"

"ငါက နန်ချန်ဇာတိပါ၊ အထက်တန်းပထမနှစ်တုန်းက နန်ချန်အမှတ် (၂) ကျောင်းမှာ တက်ခဲ့တာ၊ ဒုတိယနှစ်ရောက်မှ ဝူချန်ဘက် ပြောင်းလာတာ" ကျိုးအန်းရန်က ယွီရှင်းယွဲ့ဘက် လှည့်ပြောလိုက်သည်။ "ငါ နင် သိတယ်မှတ်နေတာ"

ယွီရှင်းယွဲ့ - "......"

"ငါက အထက်တန်းတတိယနှစ်ကျမှ နင်နဲ့ ခင်တာလေ၊ နင်က အမှတ် (၁) ကျောင်းမှာပဲ အမြဲတက်ခဲ့တယ် ထင်နေတာ"

"နင်လည်း တော်တော်ဟုတ်နေပါလား" ရှဲ့ကျင့်ယွီက ဟန်ဆောင်ထားသော အေးစက်စက်မျက်နှာထား ပျက်လုနီးပါး ဖြစ်သွားပြီး ပြုံးလိုက်သည်။ ပြီးမှ ပြန်တည်လိုက်ပြီး ကျိုးအန်းရန်ကို ကြည့်ကာ ပြောသည်။ "ဒါဆို နင်က ချန်လော့ပိုင်နဲ့ အတန်းဖော် ဖြစ်ခဲ့တာပေါ့၊ ငါတို့ သူ့အတင်းပြောတုန်းက နားထောင်ပြီး တစ်ခွန်းမှ ဝင်မပြောဘူးပေါ့လေ"

ကျိုးအန်းရန် - "......"

မနေ့ကမတိုင်ခင်အထိ သူမ ဒီတစ်သက် သူနဲ့ သူစိမ်းလိုပဲ ဆက်နေသွားရတော့မယ်၊ ဘာပတ်သက်မှုမှ ရှိလာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။

ဒါပေမဲ့ အခန်းဖော်တွေ ပြောတာ ကြားတော့ သူမ နည်းနည်း လိပ်ပြာမလုံ ဖြစ်မိသည်။

"ငါ အထက်တန်းတုန်းက သူနဲ့ လုံးဝ မရင်းနှီးပါဘူး၊ စကားတောင် နည်းနည်းပဲ ပြောဖူးတာ"

"အဲဒါ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရင်းနှီးသွားရတာလဲ" ပိုင်လင်းယွင်လည်း ဟန်မဆောင်နိုင်တော့ဘဲ စပ်စုသလို မျက်တောင်ခတ်ပြလိုက်သည်။

ကျိုးအန်းရန် - "... အခုလည်း မရင်းနှီးပါဘူး"

ရှဲ့ကျင့်ယွီ - "မရင်းနှီးဘဲနဲ့ သူက အဆောင်အောက်ထိ လာရှာပြီး ညစာလိုက်ကျွေးတယ်ပေါ့"

"တကယ်ပါ... ယွီပင်းချင် စီနီယာအစ်မရဲ့ အသင်းဝင်သစ် နောက်တစ်ယောက်က သူ ဖြစ်နေလို့၊ ငါက WeChat တောင် မနေ့ကမှ Add ထားတာ။ ဒီနေ့ သူငယ်ချင်းအတွက် ပစ္စည်းကူပို့ပေးလို့ သူက ညစာလိုက်ကျွေးပြီး ပြန်လိုက်ပို့ပေးတာ..." ကျိုးအန်းရန် စကားခေတ္တရပ်ပြီး ရှင်းပြလိုက်သည်။ "...သူက ယဉ်ကျေးမှု ရှိလို့ပါ"

"ဒါပဲလား" ရှဲ့ကျင့်ယွီ မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နင် ပြောတယ်မလား၊ ငါ့မှာ ထူးခြားမှုရှိရင် နင်တို့ကို ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူးလို့။ အထူးသဖြင့် သူနဲ့လေ"

"အဲဒါတော့ ဟုတ်တယ်" ရှဲ့ကျင့်ယွီလည်း ဟန်မဆောင်နိုင်တော့ဘဲ ကျိုးအန်းရန်လက်ကို ဆွဲကာ စပ်စုလိုက်သည်။ "ဒါနဲ့... ရန်ရန်၊ ငါတို့ကို ပြောပြပါဦး၊ ချန်လော့ပိုင် အထက်တန်းတုန်းက ဘယ်လိုပုံစံလဲ"

ကျိုးအန်းရန် ခေါင်းထဲတွင် ပုံရိပ်ပေါင်းများစွာ ဖြတ်ပြေးသွားသည်။

သူ့အထက်တန်းတုန်းက ပုံစံ...

သူမ စဉ်းစားပြီး ခံစားချက်မပါသော သုံးသပ်ချက် နှစ်ခု ပေးလိုက်သည်။

"စာတော်တယ်၊ ယဉ်ကျေးတယ်"

"ဘယ်သူက အဲဒါ နားထောင်ချင်လို့လဲ" ရှဲ့ကျင့်ယွီ ပြောစရာစကားမဲ့သွားသည်။ "သူ့မှာ အထက်တန်းတုန်းက ရည်းစားရှိလား၊ ဒါမှမဟုတ် ဘယ်မိန်းကလေးနဲ့ နီးနီးကပ်ကပ် နေလဲ ဆိုတာ သိချင်တာ"

"မရှိပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "သူက အထက်တန်းတုန်းက စာလုပ်တာနဲ့ ဘောလုံးကစားတာပဲ ရှိတယ်"

ရှဲ့ကျင့်ယွီ စိတ်ပျက်သွားသည်။

"သီးသန့်အတင်းအဖျင်းလေးများ ပါလာမလားလို့"

ယွီရှင်းယွဲ့ လှည့်ထွက်သွားပြီး စာဆက်ဖတ်နေသည်။

ပိုင်လင်းယွင် - "နေပါဦး... ငါ့သွားတိုက်တံ ဘယ်ရောက်သွားလဲ၊ ငါ လက်ထဲမှာ ကိုင်ထားတာပါ"

.....

ကျိုးအန်းရန် ရေချိုးပြီး ကုတင်ပေါ်လှဲလိုက်မှ အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်းဖွင့်ကာ နောက်ထပ် မုန်တိုင်းတစ်ခုကို ရင်ဆိုင်ရန် ပြင်လိုက်သည်။

ယန်ရှင်းချန်တို့နှင့် ဖွဲ့ထားသော လေးယောက်ဂရုကို ဖွင့်လိုက်ရာ မျက်နှာပြင်အပြည့် မေးခွန်းသင်္ကေတနှင့် အာမေဋိတ်သင်္ကေတများ ပြည့်နှက်နေသည်။ နောက်ဆုံးမက်ဆေ့ခ်ျက နာရီဝက်လောက်က ရှန့်ရှောင်ဝမ် ပို့ထားခြင်းဖြစ်သည်။

ရှန့်ရှောင်ဝမ် - [နင် အဆောင်ပြန်ရောက်ရင် ငါတို့ကို အမှန်အတိုင်း ဝန်ခံတာ ကောင်းမယ်နော်]

ကျိုးအန်းရန် ဘယ်လိုဝန်ခံရမလဲ မသိပေ။

သူမ စဉ်းစားပြီး စတစ်ကာတစ်ခု အရင်ပို့လိုက်သည်။ [သနားစရာကောင်းနေတဲ့ပုံ.jpg]

ဟိုဘက်က လူတွေက သူမကို စောင့်နေကြပုံရသည်။

စတစ်ကာ ပို့လိုက်တာနဲ့ ဂရုထဲမှာ မက်ဆေ့ခ်ျတွေ တက်လာသည်။

ယန်ရှင်းချန် - [သနားအောင် လုပ်ပြလည်း အလကားပဲ]

ရှန့်ရှောင်ဝမ် - [ပြော]

ကျန်းရူရှန်း - [ဝန်ခံရင် အပြစ်ပေါ့မယ်၊ ငြင်းဆန်ရင် အပြစ်ပိုကြီးမယ်]

ကျိုးအန်းရန် ရယ်မောလိုက်မိသည်။

ခဏတုံ့ဆိုင်းနေပြီးမှ ဒီရက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို ဘာထင်ကြေးမှ မပါဘဲ ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။

ယန်ရှင်းချန်လည်း စိတ်ပျက်သွားသည့် လေသံဖြင့် ပြန်ပြောသည်။

ယန်ရှင်းချန် - [ဒါပဲလား]

ယန်ရှင်းချန် - [ဒါဆို နင်တို့ မနေ့ကမှ အဆက်အသွယ်ရတာပေါ့။ ဒီည သူ့အနားရှိနေတာကလည်း နင်က သူ့ကို ပစ္စည်းသွားပေးလို့ သူက ညစာလိုက်ကျွေးတာပေါ့]

ကျန်းရူရှန်း - [ဒါပေမဲ့... ချန်လော့ပိုင်က ဘယ်တုန်းက မိန်းကလေးတစ်ယောက်ကို ဦးဆောင်ပြီး WeChat Add ဖူးလို့လဲ၊ ဘယ်တုန်းက သီးသန့် ညစာလိုက်ကျွေးဖူးလို့လဲ]

ရှန့်ရှောင်ဝမ် - [သူ တကယ်ပဲ ဘာသဘောလဲ]

ဒီမေးခွန်းကို ကျိုးအန်းရန် အခုထိ အဖြေရှာမရသေးပေ။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

[တကယ် ဘာသဘောမှ မရှိတာ ဖြစ်လောက်ပါတယ်]

[ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ရောက်မှ အထက်တန်းကျောင်းနေဖက်နဲ့ ပြန်တွေ့ရတာ ရှားတယ်လေ၊ ငါတို့အခန်းက A တက္ကသိုလ် ရောက်တာ သုံးယောက်တည်း ရှိတာကိုး]

ယန်ရှင်းချန် - [WeChat Add တာကို နားလည်ပေးလို့ ရပေမယ့်၊ သီးသန့် ညစာလိုက်ကျွေးတာတော့ မလိုပါဘူး။ ဘောလုံးပွဲတုန်းကလိုပဲ မုန့်တွေ အများကြီး ဝယ်ပေးပြီး ကျေးဇူးတင်လိုက်ရင် ရတာပဲလေ]

ကျိုးအန်းရန် ညနေက ကန်တင်းသွားတုန်းက ဒီမေးခွန်းကို တွေးမိပါသေးတယ်။

[ဒါပေမဲ့ အခုက အထက်တန်းတုန်းကလို မဟုတ်တော့ဘူးလေ၊ လူတိုင်းက စာသင်ခန်းတစ်ခုတည်းမှာ နေ့တိုင်း ရှိနေကြတာ မဟုတ်ဘူး။ သူက မုန့်ဝယ်ပေးမယ်ဆိုရင် ငါ့ကို နောက်တစ်ခေါက် ထပ်ရှာရဦးမယ်၊ ပိုတောင် အလုပ်ရှုပ်သေးတယ်]

ရှန့်ရှောင်ဝမ် - [ဘာပဲဖြစ်ဖြစ် သူက စနေနေ့ကျရင် ငါတို့ တွေ့ဆုံပွဲကို လာမှာမလား]

ရှန့်ရှောင်ဝမ် - [အဲဒီကျရင် ငါတို့ဘာသာ ကြည့်ကြတာပေါ့]

ယန်ရှင်းချန် - [ဟုတ်တယ်]

ကျန်းရူရှန်း - [ငါ! လည်း! ကြည့်! ချင်! တယ်!]

ကျန်းရူရှန်း - [မဖြစ်ဘူး... ငါ လေယာဉ်လက်မှတ် သွားဝယ်တော့မယ်၊ ငါလည်း တွေ့ဆုံပွဲ လာတက်မယ်]

ကျိုးအန်းရန် - [နင် အိမ်စာတွေ မပြီးသေးဘူးဆို]

ကျန်းရူရှန်း - [ငါ ဒီရက်ပိုင်း ညဘက် အိပ်ရေးပျက်ခံပြီး အိမ်စာတွေ အပြီးဖြတ်လိုက်မယ်၊ ပိတ်ရက်မှာ အချိန်ရအောင်လုပ်မယ်]

ကျိုးအန်းရန် - [အဲဒါဆိုရင်လည်း နောက်တစ်ခါမှ လာပါလား]

ကျန်းရူရှန်း မိနစ်အနည်းငယ်ကြာမှ စာပြန်သည်။

လေယာဉ်လက်မှတ် ဝယ်ထားတဲ့ Screenshot ကို ဂရုထဲ တန်းပို့လိုက်သည်။

ကျန်းရူရှန်း - [ငါ စနေနေ့ မနက် ၁၀ နာရီခွဲ ရောက်မယ်!]

ကျိုးအန်းရန် သူမ လက်မှတ်ဝယ်ပြီးပြီဆိုတော့ ဆက်မတားတော့ပေ။

[ဒါဆို ငါ လာကြိုမယ်လေ]

ကျန်းရူရှန်း - [နင် လာကြိုစရာ မလိုပါဘူး]

ရှန့်ရှောင်ဝမ် - [ဟုတ်တယ်... နင် ဘာကိစ္စ လာကြိုရမှာလဲ၊ ငါတို့ သွားကြိုလိုက်မယ်]

ယန်ရှင်းချန် - [ငါတို့ သွားကြိုလို့ရပေမယ့်၊ ဘာလို့ ရန်ရန်ကို ပေးမကြိုတာလဲ]

ကျိုးအန်းရန် - [?]

ကျိုးအန်းရန် - [ဟုတ်တယ်လေ]

ကျိုးအန်းရန် - [ဘာလို့ ငါ့ကို ပေးမကြိုတာလဲ]

ကျန်းရူရှန်း - [ရှင်းရှင်း... နင် တုံးလိုက်တာ၊ သူသာ ငါ့ကို လာကြိုရင် ချန်လော့ပိုင်နဲ့ ဘယ်လိုလုပ် စားသောက်ဆိုင် အတူသွားလို့ ရတော့မှာလဲ]

ကျိုးအန်းရန် - "......"

ကျိုးအန်းရန် - [ပြောပြီးပြီလေ... သူက တခြားသဘော မရှိပါဘူးလို့]

ကျန်းရူရှန်း - [ဟုတ်ပါတယ်]

ကျန်းရူရှန်း - [ငါလည်း တခြားသဘော မရှိပါဘူး]

ကျန်းရူရှန်း - [နင်တို့က A တက္ကသိုလ်ကနေ စားသောက်ဆိုင်ကို အတူတူသွားကြမှာပဲလေ၊ ချိန်းပြီး အတူသွားကြတာ ပုံမှန်ပဲ မဟုတ်လား]

ကျိုးအန်းရန် "မဖြစ်နိုင်လောက်ပါဘူး" လို့ ပြောမလို့ လုပ်တုန်း ဖုန်းက ထပ်တုန်ခါလာသည်။

ဂရုထဲက ထွက်လိုက်ပြီး မူလစာမျက်နှာကို ပြန်သွားလိုက်ရာ ဒီနှစ်ရက်အတွင်း အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ရသော Profile ပုံလေး ထိပ်ဆုံးရောက်နေသည်ကို တွေ့လိုက်ရသည်။

အပေါ်မှာ အနီရောင် ဂဏန်း ၁ လေး ပေါ်နေသည်။

ချန်လော့ပိုင် သူမဆီ မက်ဆေ့ခ်ျပို့လိုက်တာ။ Chat box ထဲ ဝင်ကြည့်စရာမလိုဘဲ စာအပြည့်အစုံကို မြင်နေရသည်။

C - [ညနေက မေးဖို့ မေ့သွားလို့၊ စနေနေ့ကျရင် စားသောက်ဆိုင် အတူသွားကြမလား]

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ဖုန်းကိုင်ထားသော လက်ချောင်းထိပ်များ တင်းခနဲ ဖြစ်သွားသည်။

သူ ဒီလို ထပ်လုပ်နေရင်...

သူမ တကယ်ပဲ လျှောက်တွေးမိတော့မယ်။

ကျိုးအန်းရန် ထိပ်ဆုံးက Chat box ကို စိုက်ကြည့်နေပြီး ဝင်မကြည့်ဘဲ ဖြစ်နေစဉ် ဖုန်းက ထပ်မြည်လာသည်။ လူ ၆ ယောက်ပါသော တွေ့ဆုံပွဲဂရုလေးက ချန်လော့ပိုင် Chat box အပေါ် ရောက်လာသည်။

တစ်ယောက်ယောက်က သူမကို မန်းရှင်းခေါ်လိုက်ခြင်းဖြစ်သည်။

ကျိုးအန်းရန် ဂရုထဲ ဝင်ကြည့်လိုက်ရာ ဒီည လုံးဝ စကားမပြောဘဲ နေခဲ့သော ဟယ်မင်ယွီက သူမကို မန်းရှင်းခေါ်လိုက်ခြင်း ဖြစ်နေသည်။

ဟယ်မင်ယွီ - [စနေနေ့ကျရင် စားသောက်ဆိုင် အတူသွားကြမလား @ကျိုးအန်းရန်]

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၃၆ ။ ဆိုဒါ : နင့်ကို စောင့်ခိုင်းလို့ မဖြစ်ပါဘူး

ကျိုးအန်းရန် ဟယ်မင်ယွီ၏ မက်ဆေ့ခ်ျကို ကြည့်ပြီး အရှိန်တက်နေသော ရင်ခုန်သံများ ပြန်လည်ငြိမ်သက်သွားသည်။

ပုံမှန်ဆို အဆက်အသွယ် သိပ်မရှိသော ဟယ်မင်ယွီပင် အတူသွားဖို့ ပြောလာမှတော့ ဒါက သာမန်ကိစ္စတစ်ခု ဖြစ်လောက်သည်။

ဂရုထဲတွင် တုန်းချန်၏မက်ဆေ့ခ်ျက ဟယ်မင်ယွီနောက်မှ ကပ်ပါလာသည်။

တုန်းချန် - [ရှေ့က မက်ဆေ့ခ်ျတွေ မဖတ်ဘူးလား။ ငါတို့ဂရုထဲ လူတစ်ယောက် တိုးလာတာ မမြင်ဘူးလား။ ချန်လော့ပိုင်လည်း နောက်အပတ် စနေနေ့ ငါတို့နဲ့အတူ တွေ့ဆုံပွဲလိုက်မှာလေ]

ဟယ်မင်ယွီ - [ဟုတ်လား]

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

သူမ ဂရုထဲက ထွက်လိုက်ပြီး ချန်လော့ပိုင်၏ Chat box ကို ပြန်ဖွင့်လိုက်သည်။

တကယ်တမ်းကျတော့ သူမက သူ့တစ်ယောက်တည်းနဲ့ပဲ အတူသွားချင်တာပေါ့။

ဒါပေမဲ့ ဟယ်မင်ယွီက ဂရုထဲမှာ မေးလာတော့ ဂရုထဲမှာပဲ ငြင်းလိုက်ပြီး သူ့ကို သီးသန့် လက်ခံလိုက်ရင် သူမရဲ့ စိတ်သဘောထားကို ဆရာကျောက်ရုံးခန်းမှာတုန်းကလို အကုန်သိသာသွားမှာ စိုးရိမ်ရတယ်။

သူက အထက်တန်းတုန်းက ကိစ္စတွေကို သဘောမထားတော့လို့ သူမနဲ့ သူငယ်ချင်းဖြစ်ချင်တာလား သူမ မသိဘူး။

ဒါပေမဲ့ သူနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာ ရှားပါးလွန်းလို့ ပြန်ပြီး သူစိမ်းဖြစ်သွားမှာကို မလိုလားဘူး။

ကျိုးအန်းရန် စာရိုက်ဖို့ ပြင်လိုက်တယ်။ ခဏလောက် တွန့်ဆုတ်နေပြီးမှ စာပို့လိုက်တယ်။

[ဂရုထဲက မက်ဆေ့ခ်ျတွေ တွေ့လား]

ပို့လိုက်ပြီးပြီ။

စက္ကန့်အနည်းငယ်ကြာတော့...

C - [အင်း]

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့ထားလိုက်သည်။

[ဒါဆို အဲဒီကျရင် ငါတို့ သုံးယောက် အတူသွားကြမလား]

ဒီတစ်ခါတော့ စက္ကန့် ၃၀ လောက်ကြာမှ ချန်လော့ပိုင် စာပြန်သည်။

C - [ကောင်းပြီလေ]

ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

စိတ်ပျက်သွားတာလား မသိဘူး။

ကျိုးအန်းရန် ဒီရိုးရှင်းတဲ့ စာတိုလေးတွေကို ခဏလောက် စိုက်ကြည့်နေပြီးမှ စကားလမ်းကြောင်း ဆက်မရှာတော့ဘဲ ပြန်ထွက်လိုက်သည်။

ဂရုထဲ ပြန်ဝင်လိုက်ပြီး ဟယ်မင်ယွီကို ဘယ်လိုပြောရမလဲ စဉ်းစားနေတုန်း တုန်းချန်က ချန်လော့ပိုင်ကို မန်းရှင်းခေါ်လိုက်တာ တွေ့လိုက်ရသည်။

တုန်းချန် - [မင်း စနေနေ့ကျရင် A တက္ကသိုလ်ကနေ လာမှာလား @C]

C - [ဟုတ်တယ်]

တုန်းချန် - [ဒါဆို မင်းတို့သုံးယောက် အတူတူ လာလို့ရတာပေါ့]

ကျန်းရူရှန်း - [ဟုတ်တယ်... သုံးယောက်အတူတူ တက္ကစီငှားရင် ကားခသက်သာတာပေါ့]

ကျိုးအန်းရန် ရယ်ချင်သွားသလို၊ ရင်ထဲလည်း နွေးထွေးသွားသည်။

သူက ကားခသက်သာအောင် လုပ်စရာလိုလို့လား။

ကျန်းရူရှန်း ဒီအချက်ကို မသိစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ချန်လော့ပိုင်က သူမကို သီးသန့် လာမေးတယ်ဆိုတာ မသိလို့၊ သူနဲ့ အတူရှိချိန် ပိုရအောင် ကူညီပေးနေတာ နေမှာပါ။

မလိုအပ်ပေမယ့်၊ သူမကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေတုန်းမို့ စနေနေ့ တွေ့မှပဲ သေချာ ရှင်းပြတော့မယ်လို့ ဆုံးဖြတ်လိုက်သည်။

အတွေးလွန်နေတုန်း ချန်လော့ပိုင်က တုန်းချန်ကို စာပြန်လိုက်ပြီ။

သူမကို ပြန်သလိုပဲ တိုတိုတုတ်တုတ်ပါပဲ။

C - [ကောင်းပြီလေ]

တုန်းချန် - [ဒါနဲ့]

တုန်းချန် - [ကျုရန်လည်း လိုက်မယ်ဆို၊ ဘာလို့ သူ့ကို ဂရုထဲ မဆွဲထည့်တာလဲ]

C - [သူက အရမ်းဆူညံလို့]

C - [မင်းတို့ကို ခဏလောက် အေးဆေးနေစေချင်လို့ပါ]

C - [အခု ထည့်လိုက်မယ်]

ဒီတစ်ခါ ပြန်ဆုံတော့ သူက အထက်တန်းတုန်းကထက် ပိုတည်ငြိမ်လာတယ်လို့ ကျိုးအန်းရန် ခံစားရပေမယ့်၊ အခု ဂရုထဲမှာ ကျုရန်ကို စနောက်နေတာ မြင်တော့ သူ ဘာမှမပြောင်းလဲဘူးလို့ ခံစားလိုက်ရပြန်သည်။

သူမနဲ့ မရင်းနှီးလို့သာ နေမှာပါ။

စနစ်က ကျုရန် ဂရုထဲ ဝင်လာပြီဖြစ်ကြောင်း အကြောင်းကြားသည်။

ကျုရန်လည်း မပြောင်းလဲပါဘူး။

ကျုရန် - [hello! everybody!]

ကျုရန် - [မတွေ့တာ ကြာပြီနော်!!]

ကျုရန် - [စနေနေ့ တွေ့ဆုံပွဲကျရင် ဘာလုပ်ကြမလဲ၊ ထမင်းစားရုံပဲလား]

တုန်းချန် - [မင်း မပြောရင် ငါ မေးဖို့ မေ့နေတာ]

တုန်းချန် - [နေ့လည်စာ စားပြီးရင် လုပ်စရာ နှစ်ခု ရှိတယ် - KTV သွားမလား၊ Escape roomဂိမ်း (Escape room) ကစားမလား၊ နင်တို့ ဘယ်ဟာ ရွေးမလဲ]

ကျုရန် - [Escape roomဂိမ်းပဲ ကောင်းမယ်]

ကျုရန် - [KTV သွားရင် တချို့လူတွေက သီချင်းမဆိုဘူးလေ၊ သူတို့ တစ်ပုဒ်ဆိုလိုက်ရင်ပဲ သန်းချီ ရှုံးသွားမယ့်အတိုင်းပဲ၊ ပျင်းစရာကြီး]

တုန်းချန် - [မင်းကော @C]

C - [တခြားလူတွေ ဘာရွေးလဲ]

တုန်းချန် - [ဟယ်မင်ယွီက ကြိုက်တာလုပ်တဲ့၊ မိန်းကလေးတွေက KTV သွားချင်ကြတယ်]

ကျန်းရူရှန်း - [တကယ်တော့ Escape roomဂိမ်းလည်း မဆိုးပါဘူး]

ရှန့်ရှောင်ဝမ် - [Escape roomဂိမ်း +1]

ယန်ရှင်းချန် - [Escape roomဂိမ်းလည်း ဖြစ်ပါတယ်]

တုန်းချန် - [ဘယ်သူက Escape roomဂိမ်း ပျင်းစရာကောင်းတယ်လို့ ပြောတာလဲ @ယန်ရှင်းချန်]

ယန်ရှင်းချန် - [ခုနက ပျင်းစရာကောင်းတယ် ထင်ပေမယ့်၊ အခု စိတ်ဝင်စားသွားပြီလေ၊ မရဘူးလား၊ နင်နဲ့ ဘာဆိုင်လို့လဲ]

ကျိုးအန်းရန် သူတို့နှစ်ယောက် ပြောနေတာကြည့်ပြီး ရယ်မောလိုက်မိသည်။

နောက်တစ်စက္ကန့်မှာ ဖုန်း တုန်ခါသွားသည်။

C - [နင်ကော @ကျိုးအန်းရန်]

လူတိုင်း ရွေးပြီးသွားပြီဆိုတာ သိပေမယ့်၊ သူက သူမကို ဦးဆောင်ပြီး မေးလာတော့ ရင်ထဲမှာ ပူဖောင်းလေးတွေ ထပ်ပြီး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

ကျုရန်နဲ့ သူတို့က မရင်းနှီးကြဘူး။

ခုနက "KTV သွားရင် တချို့လူတွေက သီချင်းမဆိုဘူး" ဆိုတာ သူ့ကို ပြောတာ ဖြစ်လောက်တယ်။

ကျိုးအန်းရန် - [ဒါဆို Escape roomဂိမ်းပဲ သွားကြတာပေါ့]

C - [ကောင်းပြီ... ဒါဆို Escape roomဂိမ်းပဲ]

......

ချန်လော့ပိုင် အဆောင်လာရှာတဲ့ကိစ္စက လူတော်တော်များများ သတိထားမိမယ်ဆိုတာ ကျိုးအန်းရန် သိပေမယ့်၊ နောက်တစ်နေ့မနက် အတန်းသွားတက်တော့ လာမေးတဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

သူတို့ဌာနက သိပ္ပံဌာနဖြစ်ပေမယ့် ယောကျ်ားလေး မိန်းကလေး အချိုးအစားက သိပ်မကွာပါဘူး။ ဒီနှစ်ဆို ၁:၁ လောက် ဖြစ်နေပြီ။

လာမေးတာက ဘေးအခန်းက နျဲ့ကျစ်ကျန်း ဆိုတဲ့ မိန်းကလေး ဖြစ်သည်။ ဆံပင်ကောက်ကောက်ရှည်ရှည်နဲ့ ရုပ်ရည်ချောမောပြီး မနက် ၈ နာရီအတန်းတက်တာတောင် မိတ်ကပ်အပြည့်နဲ့ လာတတ်သူ။ အခု သူမရှေ့မှာ ထိုင်နေသည်။

နျဲ့ကျစ်ကျန်းက လှည့်ကြည့်ပြီး မေးလိုက်သည်။

"ကျိုးအန်းရန်... မနေ့ညက ချန်လော့ပိုင် နင့်အဆောင်အောက် လာရှာပြီး ကန်တင်းမှာ ညစာ အတူစားကြတယ်ဆို၊ နင်တို့ ဘာပတ်သက်မှုရှိလဲ"

သူမ မေးလိုက်တာနဲ့ ဘေးနားက လူအတော်များများ လှည့်ကြည့်လာကြသည်။ ယောကျ်ားလေးရော မိန်းကလေးပါ စိတ်ဝင်စားနေကြပုံရသည်။

ချန်လော့ပိုင်က ဒီလို အတင်းအဖျင်းတွေကို မကြိုက်မှန်း ကျိုးအန်းရန် သိသလို၊ သူ့ကိုလည်း ဒုက္ခမပေးချင်ပါဘူး။ စဉ်းစားပြီး ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်သည်။

"ဘာပတ်သက်မှုမှ မရှိပါဘူး၊ သူက ငါ့ရဲ့ အထက်တန်းကျောင်းနေဖက်ပါ၊ မနေ့က ငါ သူငယ်ချင်းအစား ပစ္စည်းသွားပေးလို့ သူက ညစာ လိုက်ကျွေးတာပါ"

"နင်က သူ့အတန်းဖော် ဟုတ်လား" နျဲ့ကျစ်ကျန်း မျက်လုံး အရောင်တောက်သွားသည်။ "ဒါဆို နင့်ဆီမှာ သူ့ WeChat ရှိမှာပေါ့။ နင်တို့ ဘာပတ်သက်မှုမှ မရှိဘူးဆိုရင် ငါ့ကို ပေးလို့ရမလား"

ကျိုးအန်းရန် ကြောင်သွားသည်။

နျဲ့ကျစ်ကျန်းက ဘာလို့ ဒီလောက် တိုးတက်လွယ်တာလဲ။

သူမနဲ့ နျဲ့ကျစ်ကျန်းက WeChat သူငယ်ချင်းတောင် မဟုတ်ကြဘူး။

ဒါပေမဲ့ သူ့ကို လေးစားတဲ့အနေနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်နဲ့ပဲ ဖြစ်ဖြစ်၊ ဒီတောင်းဆိုမှုကို လက်မခံချင်ဘူး။

သူနဲ့ မဖြစ်နိုင်မှန်း သိပေမယ့်၊ သူ့ကို လိုက်ပိုးပန်းမယ့် အခွင့်အရေးကို တခြားသူလက်ထဲ ထည့်မပေးချင်ဘူး။

ရှဲ့ကျင့်ယွီနဲ့ နျဲ့ကျစ်ကျန်းက ကျောင်းသားသမဂ္ဂ ဌာနတစ်ခုတည်းမှာ အတူလုပ်ဖူးလို့ သိသည်။ သူမက စကားပြော တဲ့တိုးဆန်ပြီး အခွင့်အရေးရရင် လက်လွတ်မခံတတ်တဲ့သူမျိုး။ တစ်ခါတလေ အကျိုးလိုလို့ ညောင်ရေလောင်းတတ်ပေမယ့် လူဆိုးတော့ မဟုတ်ပါဘူး။

ဒီတစ်ခါလည်း ကျိုးအန်းရန်က အားနာတတ်မှန်းသိလို့ အခွင့်ကောင်းယူပြီး တောင်းဆိုလိုက်တာ။

ရှဲ့ကျင့်ယွီက ကျိုးအန်းရန်ကို သတိပေးမလို့ လုပ်တုန်း ကျိုးအန်းရန် ခေါင်းခါလိုက်တာ တွေ့လိုက်ရသည်။

"ဆောရီးပါ... ငါ သူ့ကို မမေးဘဲနဲ့ သူ့ WeChat ကို တခြားလူပေးလို့ မရဘူး"

နျဲ့ကျစ်ကျန်းက လက်မလျှော့ချင်သေးဘူး။

"နင် ခိုးပေးလိုက်လေ၊ သူမှ မသိတာ။ ဒါမှမဟုတ် နင် သူ့ကို ကူမေးပေးပါလား။ နင့်သူငယ်ချင်းက လိုချင်လို့ပါဆိုပြီး ပြောလိုက်ရင် နင့်မျက်နှာနဲ့ဆို သူ လက်ခံမှာပါ"

ကျိုးအန်းရန် - "......"

သူမ ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားတာလဲ။

ပြီးတော့ ချန်လော့ပိုင်ဆီမှာ သူမက ဘာမျက်နှာရမှာမို့လို့လဲ။

သူမ ခေါင်းထပ်ခါလိုက်ပြီး ငြင်းလိုက်သည်။

"ငါနဲ့သူက သိပ်မရင်းနှီးပါဘူး၊ သူ့ဆီမှာ မျက်နှာမရပါဘူး"

နျဲ့ကျစ်ကျန်းက သူမ လိမ်မလိမ် အကဲခတ်သလို ကြည့်နေသည်။

"မကူညီချင်ရင်လည်း ပြောပါ"

ရှဲ့ကျင့်ယွီက ဝင်ပြောပေးသည်။

"ဒါပေမဲ့ ချန်လော့ပိုင်က သူ့ WeChat ကို တခြားလူပေးတာ မကြိုက်ဘူးလေ။ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့အတန်းထဲက ကောင်လေးတစ်ယောက်က သူ့ကို မမေးဘဲ မိန်းကလေးတစ်ယောက်ကို ပေးလိုက်လို့ သူက အဲဒီကောင်လေးရှေ့မှာတင် WeChat ဖျက်ပစ်လိုက်တယ်တဲ့၊ မျက်နှာသာ လုံးဝ မပေးဘူး"

နျဲ့ကျစ်ကျန်း ကြောင်သွားပြီး ဆက်မပြောတော့ပေ။

"အဲဒီလိုလား... ဒါဆို ထားလိုက်ပါတော့"

သူမ ပြန်လှည့်သွားသည်။

ကျိုးအန်းရန်က ရှဲ့ကျင့်ယွီပြောတာကြားတော့ အံ့ဩသွားပြီး တိုးတိုးလေး မေးလိုက်သည်။

"တကယ်လား"

"တကယ်ပေါ့" ရှဲ့ကျင့်ယွီ ခေါင်းညိတ်သည်။ "နင် မသိဘူးလား"

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

"ငါနဲ့သူက တကယ်ပဲ မနေ့တစ်နေ့ကမှ အဆက်အသွယ် ရတာ၊ နင် မပြောပြရင် ငါ ဘာမှ မသိပါဘူး"

"ဒါဆို ငါ နင်တို့ကို ပြောပြဖို့ မေ့သွားတာ နေမှာပါ" ရှဲ့ကျင့်ယွီက ပြောသည်။

စာသင်ချိန် နီးလာပြီမို့ ကျိုးအန်းရန် ဆက်မမေးတော့ပေ။

သူမ စာအုပ်ကို စိုက်ကြည့်ရင်း အတွေးလွန်နေမိသည်။

သူမမှတ်မိသလောက် သူက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး သူငယ်ချင်းအများကြီး ရှိသူပါ။ ဘယ်ကောင်လေးနဲ့မဆို စနောက်တတ်သူပါ။

ဒါပေမဲ့ စိတ်မရှည်တဲ့အချိန်တော့ ရှိတာပဲ။

အဲဒီဘောလုံးပွဲတုန်းက အခန်း (၁၀) က အားကစားသမားကို မျက်နှာသာ မပေးခဲ့ဘူးလေ။

အတန်းထဲက ကောင်လေးတွေလည်း သူ့ကို သွားနှောင့်ယှက်ရဲပုံ မရဘူး။

......

အတန်းတက်ခေါင်းလောင်းထိုးတော့ ကျိုးအန်းရန် အာရုံပြန်စိုက်လိုက်သည်။

တစ်ပတ်လုံး စာသင်ပြီးနောက် သောကြာနေ့ညတွင် ကျိုးအန်းရန် စာကြည့်တိုက်၌ ကြာကြာမနေဘဲ ၉ နာရီတွင် အဆောင်ပြန်လာခဲ့သည်။

ရေချိုးပြီး အိပ်ရာပေါ်လှဲလိုက်သောအခါ တွေ့ဆုံပွဲဂရုကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

ကျုရန် - [နင်တို့ ကျောင်းပြီးကတည်းက ဒါ ပထမဆုံးအကြိမ် တွေ့တာလား။ ဒါမှမဟုတ် အရင်က တွေ့ဖူးသေးလား]

တုန်းချန် - [နွေရာသီကျောင်းပိတ်ရက်တုန်းက တစ်ခါတွေ့ဖူးတယ်]

ကျုရန် - [မင်းတို့လူစုံလား]

ကျုရန် - [ကျိုးအန်းရန်က ဝူချန် ပြောင်းသွားတယ်မလား]

တုန်းချန် - [သူ အဲဒီတုန်းက နန်ချန် ပြန်လာလို့ ယန်ရှင်းချန်အိမ်မှာတည်းရင်း အတူတူတွေ့လိုက်ကြတာ]

ကျုရန် - [သိရင် ငါတို့ကိုပါ ခေါ်ခိုင်းလိုက်ပါတယ်]

ကျုရန် - [နွေရာသီကျောင်းပိတ်ရက်တုန်းက ငါ အိမ်မှာ ပျင်းလို့ သေတော့မယ်]

တုန်းချန် - [ငါ ထင်တာ မင်းတို့ ခရီးထွက်ကြမယ် မှတ်နေတာ]

ကျုရန် - [မထွက်ပါဘူး၊ ချန်မျိုးရိုးက ဒီနှစ် ဘယ်မှ မသွားချင်ဘူးတဲ့]

ကျုရန် - [ဒါနဲ့... မင်းတို့ မနက်ဖြန် ဘယ်အချိန် ထွက်ကြမှာလဲ]

တုန်းချန် - [၁၁ နာရီလောက်ပေါ့၊ ဆိုင်က နည်းနည်းဝေးတော့ နောက်ကျမှသွားရင် ညနေ Escape roomဂိမ်း ကစားဖို့ အချိန်မလောက်မှာစိုးလို့]

ယန်ရှင်းချန် - [နင် ပြောရဲသေးတယ်နော်၊ ဘယ်သူက ဝေးတဲ့ဆိုင် ရွေးခိုင်းလို့လဲ]

တုန်းချန် - [နင်ပဲ အဲဒီဆိုင်က စားကောင်းတယ်ဆို]

ယန်ရှင်းချန် - [ငါ ဘယ်တုန်းက ပြောလို့လဲ]

တုန်းချန် - [ဆောရီးပါ... စာလုံးတစ်လုံး ကျန်ခဲ့တယ်]

တုန်းချန် - [နင်က အဲဒီဆိုင် မကောင်းဘူးလို့ ပြောလို့ ငါက တမင် ရွေးလိုက်တာလေ]

ယန်ရှင်းချန် - [သွားစမ်းပါဟာ]

ယန်ရှင်းချန် - [နင့်ကို ဂရုမစိုက်ဘူး]

ယန်ရှင်းချန် - [ငါနဲ့ ရှောင်ဝမ်က ရူရှန်းကို လေဆိပ်သွားကြိုပြီးရင် ကျောင်းပြန်မလာတော့ဘူး၊ ဟိုတယ်မှာ ပစ္စည်းသွားထားပြီး ဆိုင်ကို တန်းလာခဲ့မယ်၊ စောစောရောက်လောက်တယ်]

တုန်းချန် - [မင်းကော @ဟယ်မင်ယွီ]

ယန်ရှင်းချန် - [ရန်ရန်... နင်ကော @ကျိုးအန်းရန်]

ကျုရန် - [နင်တို့နှစ်ယောက် တော်တော် နားလည်မှု ရှိကြတာပဲ]

ယန်ရှင်းချန် - [ဘယ်သူက သူနဲ့ နားလည်မှုရှိလို့လဲ၊ သူက ငါ့ကို လိုက်တုနေတာ]

တုန်းချန် - [သေချာကြည့်ပါဦး၊ ငါ့မက်ဆေ့ခ်ျက နင့်ရှေ့မှာ ရောက်နေတာ]

ယန်ရှင်းချန် - [ဘယ်သူသိမှာလဲ၊ အင်တာနက် လိုင်းမကောင်းတာ ဖြစ်နိုင်တာပဲ]

ကျိုးအန်းရန် မက်ဆေ့ခ်ျတစ်သီကြီး ဖတ်ပြီးနောက် ဟယ်မင်ယွီ မက်ဆေ့ခ်ျ တက်လာသည်။

ဟယ်မင်ယွီ - [ငါတို့ မနက်ဖြန် ၁၁ နာရီ ကျောင်းမြောက်ဘက်ဂိတ်မှာ ဆုံကြမလား @ကျိုးအန်းရန်]

ကျိုးအန်းရန် - [ရပါတယ်]

ချန်လော့ပိုင် ဝင်မပြောသေးတာ တွေ့ရသဖြင့် ကျိုးအန်းရန် တွန့်ဆုတ်နေပြီးမှ သူ့ကို မန်းရှင်းခေါ်လိုက်ရင် ကောင်းမလား စဉ်းစားနေတုန်း ကျုရန်က အရင်ခေါ်လိုက်သည်။

ကျုရန် - [လူကော... ဘယ်သွားသေနေတာလဲ @C]

C - [၁၁ နာရီ ဆုံမယ်မလား]

C - [ကောင်းပြီလေ]

.....

ကျိုးအန်းရန် သူများကို စောင့်ခိုင်းရတာ မကြိုက်သဖြင့် နောက်တစ်နေ့တွင် စောစောထွက်လာခဲ့သည်။ မြောက်ဘက်ဂိတ်မှ ထွက်လာသောအခါ သူမထက် စောရောက်နေသူ တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ကောင်လေးသည် အစိမ်းအဖြူ ဘေ့စ်ဘောအင်္ကျီနှင့် တီရှပ်အဖြူ၊ မီးခိုးရောင် အားကစားဘောင်းဘီရှည် ဝတ်ဆင်ထားပြီး လန်းဆန်းနေသည်။

သစ်ပင်ဘေးတွင် ရပ်လျက် ဖုန်းကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ ငုံ့ကြည့်နေသည်။ လူစောင့်နေမှန်း သိသာသည်။ မျက်နှာထားက အေးစက်နေသော်လည်း ဖြတ်သွားဖြတ်လာ မိန်းကလေးများ လှည့်ကြည့်နေကြသည်။ သို့သော် မည်သူမျှ စကားမပြောရဲကြပေ။

ကျိုးအန်းရန် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

အနားရောက်တော့ ချန်လော့ပိုင် သတိထားမိသွားသည်။ မော့ကြည့်လိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ လက်ကို အိတ်ကပ်ထဲက မထုတ်ဘဲ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွတ်သွားသည်။ အေးစက်မှုများ ပျောက်ကွယ်သွားသည်။

"ဘာလို့ ဒီလောက် စောလာတာလဲ"

ကျိုးအန်းရန် သူ့ရှေ့ နှစ်လှမ်းအကွာတွင် ရပ်လိုက်ပြီး ရင်ခုန်စိတ်လှုပ်ရှားမှုကို ထိန်းကာ သဘာဝကျအောင် ပြန်ဖြေလိုက်သည်။

"နင်က ငါ့ထက်တောင် စောနေသေးတာပဲ"

ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်သည်။ အသံကို နှိမ့်ပြီး ပြောလိုက်သည်။

"နင့်ကို စောင့်ခိုင်းလို့ မဖြစ်ဘူးလေ"

သူ့မျက်တောင်များက ယပ်တောင်ပုံစံရှိပြီး ရှည်လျားသည်။ ဒီလို ငုံ့ကြည့်လိုက်တဲ့အခါ အာရုံစိုက်နေသလို ခံစားရသည်။ ယဉ်ကျေးမှုအရ မိန်းကလေးတစ်ယောက်ကို မစောင့်ခိုင်းတာမှန်း သိပေမယ့် ကျိုးအန်းရန် ရင်ခုန်သံတွေ ထိန်းမရအောင် မြန်ဆန်လာသည်။

သူ ဘာမှမလုပ်၊ ဘာမှမပြောရင်တောင် သူမရှေ့မှာ ရပ်နေရုံနဲ့ သူမ ရင်ခုန်သံတွေ မမှန်တော့ဘူး။

ကျိုးအန်းရန် ခေါင်းငုံ့ထားလိုက်သည်။ ဘာပြောရမှန်း မသိဖြစ်နေသည်။

ဘာမဆို ပြောချင်ပေမယ့်၊ ဘာပြောပြော မသင့်တော်မှာ စိုးရိမ်နေမိသည်။

ချန်လော့ပိုင် လက်တစ်ဖက် အိတ်ကပ်ထဲထည့်ပြီး ကြည့်နေသည်။

ဒီနေ့ မိုးအုံ့နေပြီး ရာသီဥတုက မပူမအေး ဖြစ်နေသည်။ ကောင်မလေးက အစိမ်းဖျော့ရောင် ဆွယ်တာအင်္ကျီနှင့် စကပ်ရှည် ဝတ်ထားသည်။ ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး နားရွက်ဖြူဖြူလေး တစ်ဖက် ပေါ်နေသည်။ မျက်နှာလေးက ပိုသေးသွယ်နေပြီး အသားအရေက ကြည်လင်နေသည်။ နေ့ခင်းဘက်မို့ မျက်နှာပေါ်က အမွေးနုလေးတွေကိုတောင် မြင်နေရသည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

ချန်လော့ပိုင် သူမ၏ ဝိုင်းစက်လှပပြီး အပြစ်ကင်းစင်သော မျက်ဝန်းများကို ကြည့်လိုက်သည်။

"ကျိုးအန်းရန်" အဝေးမှ အသံတစ်ခု ကြားလိုက်ရသည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်ရာ ဟယ်မင်ယွီ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကျောင်းဖွင့်ပြီးကတည်းက ဟယ်မင်ယွီကို မတွေ့ရသေးဘူး။ ရုတ်တရက်ဆိုတော့ မမှတ်မိချင်ဘူး။ သူက အထက်တန်းတုန်းက မျက်မှန်အနက်ကို ရွှေရောင်မျက်မှန်ပြောင်းတပ်ထားပြီး မီးခိုးရောင် ဆွယ်တာဝတ်ထားသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် စာပေသမား ပုံစံပေါက်နေသည်။

ဟယ်မင်ယွီ လျှောက်လာပြီး ချန်လော့ပိုင်ကို ခေါင်းညိတ်ပြလိုက်သည်။

ချန်လော့ပိုင်လည်း ခေါင်းညိတ်ပြလိုက်သည်။

ဟယ်မင်ယွီက ကျိုးအန်းရန်ဘေးတွင် ရပ်လိုက်သည်။

"ဆောရီးပါ... နင် ဒီလောက် စောရောက်နေမယ်လို့ မထင်ထားဘူး၊ အကြာကြီး စောင့်လိုက်ရလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မကြာပါဘူး"

"ကားလာပြီ" ချန်လော့ပိုင် ရုတ်တရက် ဝင်ပြောလိုက်သည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် တက္ကစီတစ်စီး လူချနေသည်ကို တွေ့လိုက်ရသည်။

ချန်လော့ပိုင် လက်တားလိုက်ရာ ကားဆရာက မောင်းလာသည်။

ကျိုးအန်းရန် ဘေးနားက ကောင်လေးကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

"နင် ခုနက ငါ့ကို ဘာပြောမလို့လဲ"

"ဘာမှ မဟုတ်ပါဘူး" တက္ကစီ သူတို့ရှေ့ ရပ်လိုက်သည်။ ချန်လော့ပိုင် အနောက်တံခါး ဖွင့်ပေးလိုက်ပြီး သူမကို ကြည့်ကာ မေးငေါ့ပြလိုက်သည်။ "တက်လေ"

ကျိုးအန်းရန် သူမအတွက် တံခါးဖွင့်ပေးလိမ့်မယ်လို့ မထင်ထားဘူး။ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်သွားသည်။

"ကျေးဇူးပါ"

ချန်လော့ပိုင် အကြည့်က သူမပါးချိုင့်လေးပေါ် ရောက်သွားသည်။

"ရပါတယ်"

ကျိုးအန်းရန် ကားပေါ်တက်လိုက်သည်။

ချန်လော့ပိုင်က ဘေးတွင်ရပ်နေသော ဟယ်မင်ယွီကို အေးဆေးစွာ ကြည့်လိုက်ပြီး တံခါးကို လက်တင်ထားလျက် မေးလိုက်သည်။

"ရှေ့ခန်းတံခါး ဖွင့်ပေးရဦးမလား"

ဟယ်မင်ယွီ - "......"

"မလိုပါဘူး"

ဟယ်မင်ယွီ ရှေ့ခန်းတံခါး ဖွင့်လိုက်သည်။

ကျိုးအန်းရန် ကားထဲကနေ သူတို့ပြောတာ ကြားလိုက်ရသည်။ ကောင်လေး သူမဘေး ဝင်ထိုင်လိုက်ပြီး ဆပ်ပြာနံ့သင်းသင်းလေးရလိုက်တော့ ကျောပြင် တောင့်တင်းသွားသည်။

သူနဲ့ ဒီလောက် နီးနီးကပ်ကပ် မထိုင်ဖူးသေးဘူး။

ရှေ့ခန်းမှာထိုင်တဲ့ ဟယ်မင်ယွီက လိပ်စာပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးကြတော့ ကားထွက်တာနဲ့ တိတ်ဆိတ်သွားကြသည်။

ကားဆရာကလည်း သတိထားမိလို့ ထင်တယ်၊ စကားမပြောဘူး။

ခဏကြာတော့ ဟယ်မင်ယွီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ကျိုးအန်းရန်... နင့်ရဲ့ အချိန်ဇယား ငါ့ကို ပို့ပေးလို့ရမလား။ နင်တို့ဌာနမှာ စာသွားနားထောင်ချင်တဲ့ အတန်းနှစ်ချိန် ရှိလို့ပါ"

ကျိုးအန်းရန် - "ရပါတယ်"

သူမ ဖုန်းဖွင့်ပြီး ဇယားရှာမလို့ လုပ်တုန်း ချန်လော့ပိုင်အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"ငါ့ကိုလည်း ထပ်ပို့ပေးပါဦး"

ကျိုးအန်းရန် ကြောင်သွားပြီး လှည့်ကြည့်လိုက်သည်။

"နင် အရင်တစ်ခေါက် ပို့ပေးထားတာ ငါ မတော်တဆ ဖျက်မိသွားလို့" ချန်လော့ပိုင်က ပြောသည်။

ကျိုးအန်းရန် ခေါင်းညိတ်မလို့ လုပ်တုန်း...

"ဒါဆို Chat history ထဲမှာ ရှိဦးမှာပဲလေ" ဟယ်မင်ယွီ ဝင်ပြောလိုက်သည်။ "Chat history ပါ ဖျက်လိုက်ရင်တော့ တစ်မျိုးပေါ့"

"ဟုတ်သားပဲ" ချန်လော့ပိုင်က ရှေ့ခန်းကို လှမ်းကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ "မင်း မပြောရင် ငါ မေ့တော့မလို့၊ ငါ ကြည့်လိုက်ဦးမယ်"

ကျိုးအန်းရန် ဓာတ်ပုံ မရှာတော့ပေ။

ဘေးနားက ကောင်လေးက ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းထုတ်လိုက်သည်။ ပြောင်းပြန်ကိုင်မိလို့ ထင်တယ်၊ ဖုန်းကို လက်ထဲမှာ တစ်ပတ်လှည့်လိုက်သည်။

ကျိုးအန်းရန် သူ့ရဲ့ အဲဒီလို အသေးအဖွဲ လှုပ်ရှားမှုလေးတွေကို သဘောကျသည်။ တမင်သက်သက်လုပ်တာ မဟုတ်ဘဲ သဘာဝကျပြီး လူငယ်ဆန်နေလို့ပါ။

သူမ အကြည့်လွှဲဖို့ မေ့သွားတယ်။ သူကလည်း ရှောင်ဖို့ စိတ်ကူးမရှိပုံရတယ်။ ဖုန်းမျက်နှာပြင်က သူမဘက်ကို စောင်းသွားသည်။

ကျိုးအန်းရန် သူ ပေးထားတဲ့ နာမည်ပြောင်ကို မြင်လိုက်ရသည်။

သူမ နာမည်ပါပဲ။

သူမ နှုတ်ခမ်းကို စေ့လိုက်သည်။

မထူးဆန်းပါဘူးလေ။

သူတို့ Chat history က နည်းနည်းလေးရယ်။ သူက အပေါ်နည်းနည်း ပွတ်ဆွဲလိုက်ရုံနဲ့ ဇယားပုံကို တွေ့သွားသည်။

"တကယ် မဖျက်ရသေးဘူးပဲ" ကောင်လေးအသံက ပျင်းရိရိ ဖြစ်နေသည်။ "ဒါဆို အတော်ပဲ၊ သူ ပို့ပေးစရာ မလိုတော့ဘူး။ ငါ ဂရုထဲ တန်းပို့ပေးလိုက်မယ်"

ဟယ်မင်ယွီ - "......"

တစ်စက္ကန့်အကြာတွင်...

ကျိုးအန်းရန် သူ သူမရဲ့ အချိန်ဇယားကို ဂရုထဲ လှမ်းပို့လိုက်တာ တွေ့လိုက်ရသည်။ အသံက ပျင်းရိနေဆဲ။

"ကျေးဇူးတင်စရာ မလိုပါဘူး"

***

All Chapters