အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
လီမွန်ဆိုဒါသကြားလုံး
အခန်း ၃၇ ။ ဆိုဒါ : သူမ ကြောက်နေလို့ပါ
တက္ကစီက လမ်းတွင် ခေတ္တ ပိတ်မိသွားသည်။
ကျိုးအန်းရန်တို့ အုပ်စု စားသောက်ဆိုင် သီးသန့်ခန်းသို့ ရောက်သောအခါ အခြားလူများအားလုံး ရောက်နှင့်နေကြပြီဖြစ်သည်။
သီးသန့်ခန်းထဲတွင် စားပွဲဝိုင်းကြီးတစ်ခု ရှိသည်။ ယန်ရှင်းချန်၊ ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်းတို့သည် တံခါးပေါက်နားတွင် အတူထိုင်နေကြသည်။ ကျုရန်သည် ကျန်းရူရှန်းနှင့် ခုံလွတ်နှစ်လုံးခြားပြီး ထိုင်နေကာ၊ တုန်းချန်သည် အခြားတစ်ဖက်တွင် ယန်ရှင်းချန်နှင့် ခုံလွတ်နှစ်လုံးခြားပြီး ထိုင်နေသည်။
သူတို့ဝင်လာသည်ကို မြင်သောအခါ ယန်ရှင်းချန်သည် ချက်ချင်း ထရပ်လိုက်ပြီး တံခါးဝသို့ ပြေးလာကာ ကျိုးအန်းရန်ကို ဖက်လိုက်သည်။
"ရန်ရန်... ငါ နင့်ကို လွမ်းနေတာ"
ကျိုးအန်းရန်က သူမ ဝတ်ထားသော စကပ်တိုနှင့် ဘွတ်ဖိနပ်ကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ဒီလောက်အေးတာ စကပ်တိုဝတ်ထားတယ်၊ မအေးဘူးလား"
"မအေးပါဘူး" ယန်ရှင်းချန်က စက္ကန့်အနည်းငယ်ကြာအောင် ဖက်ထားပြီးမှ လွှတ်လိုက်သည်။
ကျိုးအန်းရန် သူမလက်ကို စမ်းကြည့်လိုက်ရာ မအေးသည်ကို တွေ့ရသဖြင့် စိတ်အေးသွားသည်။ သူမနား ပိုတိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"နင် ဒီဆိုင်ကို တကယ် စားချင်တာနော်"
"ဟင်" ယန်ရှင်းချန် အံ့ဩသွားသည်။
ကျိုးအန်းရန်က မနေ့ညကတည်းက ပြောမလို့ လုပ်ထားတာ။ ဂရုထဲက မက်ဆေ့ခ်ျတွေ ဖတ်ပြီးတော့ ဒီနေ့ ဘယ်အချိန်ထွက်မလဲ ဆွေးနွေးရင်း မေ့သွားတာ။
"စက်တင်ဘာလလယ်လောက်တုန်းက နင် ဒီဆိုင်ရဲ့ Review ဗီဒီယိုတစ်ခုကို Moments မှာ Share ထားသေးတယ်လေ"
ယန်ရှင်းချန်က သူမ မှတ်ဉာဏ်ကောင်းပြီး အသေးစိတ် ဂရုစိုက်တတ်မှန်း သိသည်။ သူမပြောမှတော့ ဟုတ်မှာပဲ။ ယန်ရှင်းချန် ဖုန်းထုတ်ပြီး Moments ပြန်ရှာကြည့်ရင်း ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ကျန်းရူရှန်းက သူမဘေးနားမှ ခုံကို ပုတ်ပြလိုက်သည်။
"ရန်ရန်... ငါ့ဘေးနား လာထိုင်လေ"
ကျုရန်ကလည်း သူ့ဘက်ခြမ်းမှ ခုံလွတ်နှစ်လုံးအနက် သူနှင့် ပိုနီးသော ခုံတစ်ခုကို ပုတ်ပြလိုက်သည်။
"ချန်လော့ပိုင်... တံခါးဝမှာ ဘာရပ်လုပ်နေတာလဲ၊ လာထိုင်လေ"
"ဒါဆို ဟယ်မင်ယွီက ငါ့ဘက် လာထိုင်" တုန်းချန်က ဟယ်မင်ယွီကို လက်ယပ်ခေါ်လိုက်သည်။ "ယန်ရှင်းချန်ဆိုတဲ့ အရူးမကြီးနဲ့ ငါ့ကြား လာခံပေးပါဦး"
ယန်ရှင်းချန်က Video ကို ရှာတွေ့သွားပြီ။
Reviewer တစ်ယောက် လာစားပြတာကို ကြည့်ပြီး ဟင်းပွဲတွေ ကောင်းပုံရလို့ စားချင်တယ်ဆိုပြီး Share လိုက်တာ မှတ်မိသွားပြီ။ ဒါပေမဲ့ သူမက Share ပြီးရင် မေ့သွားတတ်တဲ့ အကျင့်ရှိတယ်။
အခု ဒီ Post ကို ပြန်တွေ့လိုက်တော့ မနေ့က တုန်းချန်ပြောတဲ့ စကားကို ပြန်သတိရသွားပြီး ရင်ထဲက ထူးဆန်းတဲ့ခံစားချက်က ပိုသိသာလာတယ်။ သူမ မော့ကြည့်ပြီး သူ့ကို တစ်ချက်ကြည့်မလို့ လုပ်တုန်း တုန်းချန်ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတယ်။
ယန်ရှင်းချန် ရင်ထဲက ထူးဆန်းတဲ့ ခံစားချက်တွေအကုန် ပျောက်သွားတယ်။
"တုန်းချန်... နင် သေချင်နေလား။ ဘယ်သူ့ကို အရူးမကြီးလို့ ပြောတာလဲ။ သတ္တိရှိရင် ပန်းကန်တစ်လုံးယူပြီး အခန်းပြင်ထွက်စားလိုက်လေ၊ ငါနဲ့ ပိုဝေးသွားတာပေါ့"
"ဆိုင်က နင့်အိမ်က ဖွင့်ထားတာမှ မဟုတ်တာ" တုန်းချန်က သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။ "နင် ထွက်ခိုင်းတိုင်း ငါက ထွက်ရမှာလား"
နှစ်ယောက်သား ချက်ချင်း ရန်ဖြစ်ကုန်ကြသည်။
ကျိုးအန်းရန် ကုလားထိုင်ဆွဲပြီး ဝင်ထိုင်လိုက်သည်။ ဒီနှစ်ယောက် မျက်နှာချင်းဆိုင် ရန်ဖြစ်တာ မကြားရတာကြာပြီမို့ ရင်းနှီးသလို ခံစားရပြီး ပြုံးလိုက်မိသည်။
ဘေးနားမှ ကုလားထိုင်ရွှေ့သံသဲ့သဲ့ ကြားလိုက်ရပြီးနောက် လန်းဆန်းသော ကိုယ်သင်းနံ့တစ်ခု ရုတ်တရက် နီးကပ်လာသည်။
တက္ကစီပေါ်တုန်းကထက် ပိုနီးကပ်သော အကွာအဝေးပင်။
ကျိုးအန်းရန် အသက်ရှူအောင့်ထားလိုက်သည်။ မျက်လွှာချကြည့်လိုက်ရာ သူ ဝင်ထိုင်လိုက်စဉ် ဘေ့စ်ဘောအင်္ကျီ၏ အဖြူရောင်လက်မောင်းသားက သူမ၏ ဆွယ်တာအင်္ကျီလက်မောင်းကို ဖွဖွလေး ပွတ်တိုက်သွားသည်ကို တွေ့လိုက်ရသည်။
သူမ ကျန်းရူရှန်းဘက် နည်းနည်း တိုးချင်ပေမယ့်၊ မတိုးရက်ပြန်ဘူး။
တွန့်ဆုတ်နေစဉ် ချန်လော့ပိုင်က ရုတ်တရက် သူမဘက် ငုံ့လာသည်။ လန်းဆန်းသော အနံ့များက နှာခေါင်းဝတွင် ပြည့်နှက်သွားသည်။
ကျိုးအန်းရန် ကောင်လေး၏ နှာတံစင်းစင်းကို ကြည့်ပြီး အသက်ရှူ ရပ်တန့်သွားသည်။
ချန်လော့ပိုင်၏ အသံက ကျောင်းဝတုန်းကထက် ပိုတိုးသွားသည်။ နားနားကပ်ပြောသလို ဖြစ်နေသည်။
"သူတို့က တွေ့တိုင်း ဒီလို ရန်ဖြစ်ကြတာလား"
ကျိုးအန်းရန်က သူ ယန်ရှင်းချန်တို့ဘက် ကြည့်နေသည်ကို တွေ့၍ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အထက်တန်းကျောင်း စဖွင့်ကတည်းက အဲဒီလို ရန်ဖြစ်လာကြတာ"
"စဖွင့်ကတည်းကလား" ချန်လော့ပိုင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ကျောင်းအပ်တုန်းကလား၊ ကျောင်းဖွင့်တုန်းကလား"
ကျိုးအန်းရန် - "ကျောင်းဖွင့်တဲ့နေ့ကပါ။ အထက်တန်းပထမနှစ် ပထမစာသင်ဝက်တုန်းက သူတို့ ရှေ့နောက် ထိုင်ကြတာလေ။ ပထမဆုံးနေ့ ပထမဆုံး အတန်းဆင်းချိန်မှာ သူတို့စားပွဲနား ဘောပင်တစ်ချောင်း ကျနေတာကို၊ ရှင်းရှင်းက သူ့ဟာဆိုပြီး ပြောတယ်။ တုန်းချန်က သူ့ဟာပါဆိုပြီး ပြောတယ်။ အဲဒါနဲ့ ရန်ဖြစ်ကြရော။ ဘယ်သူမှ အလျှော့မပေးကြဘူး"
"ရလဒ်ကရော" ချန်လော့ပိုင် မေးလိုက်သည်။ "ဘောပင်က ဘယ်သူ့ဟာ ဖြစ်သွားလဲ"
"ဘယ်သူ့ဟာမှ မဟုတ်ဘူး"
သူနဲ့ သူငယ်ချင်းလိုမျိုး စကားပြောခွင့်ရလို့လား၊ ဒါမှမဟုတ် အဲဒီနေ့က အဖြစ်အပျက်ကို ပြန်စဉ်းစားမိလို့လား မသိဘူး၊ ကျိုးအန်းရန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"ဘောပင်က ဘေးတန်းက မိန်းကလေးတစ်ယောက်ရဲ့ဟာပါ။ သူတို့နှစ်ယောက်လုံးက တစ်ယောက်က စာအုပ်ထဲ ညှပ်ထားတယ်၊ တစ်ယောက်က စားပွဲအံဆွဲထဲ ထည့်ထားတယ်၊ ကိုယ့်ဘာသာ မေ့နေကြတာ"
"စောစောကတည်းက သိရင်..." ချန်လော့ပိုင် စကားရပ်သွားသည်။
ကျိုးအန်းရန် မနေနိုင်ဘဲ သူ့ဘက် လှည့်ကြည့်လိုက်သည်။
လှည့်ကြည့်လိုက်သည်နှင့် ကောင်လေး၏မျက်ဝန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
သူ ယန်ရှင်းချန်တို့ ရန်ဖြစ်တာကို မကြည့်တော့ဘဲ ဘယ်အချိန်ကတည်းက သူမဘက် လှည့်ကြည့်နေလဲ မသိပေ။ မျက်ဝန်းနက်နက်များကြောင့် အကြည့်က စူးစိုက်နေသလို ခံစားရသည်။
ချန်လော့ပိုင် သူမကို ကြည့်ရင်း ဆက်ပြောသည်။
"...ငါ အတန်းပိုင်ဆရာကို နောက်ဆုံးတန်းမှာပဲ ထိုင်ချင်တယ်လို့ သွားမပြောမိလောက်ဘူး"
ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
သူ့စကားက တစ်မျိုးကြီး ဖြစ်နေသလို ခံစားရပေမယ့် သေချာစဉ်းစားကြည့်ပြန်တော့လည်း ပုံမှန်ပါပဲ။
စားပွဲထိုးက တံခါးခေါက်ပြီး လူစုံပြီလား၊ ဟင်းစမှာတော့မလား လာမေးသည်။
တုန်းချန်နဲ့ ယန်ရှင်းချန်လည်း ရန်ဖြစ်တာ ရပ်သွားကြသည်။ သူတို့ စကားဝိုင်းလည်း ဒီမှာတင် ပြတ်သွားသည်။
ထမင်းစားပြီးနောက် Escape roomဂိမ်း ကစားရန် သွားကြသည်။
ဒီတစ်ခါ သူတို့ရွေးလိုက်တာက သရဲခြောက်တဲ့ပုံစံ Escape roomဂိမ်း ဖြစ်သည်။ သူတို့ ၈ ယောက် တစ်ဖွဲ့တည်း ကစားရမည်။
ပထမဆုံးအခန်းက တော်တော်ကျယ်သည်။ အမှောင်ချမထားပေမယ့် အလင်းရောင်က အပြာရောင်၊ အစိမ်းရောင်တွေ ဖြစ်နေသည်။ အဲဒီအလင်းရောင်တွေက လူတွေမျက်နှာပေါ် ကျရောက်နေတော့ သရဲရုပ်တွေ ပေါက်နေကြသည်။ မှောင်နေတာထက်တောင် ပိုဆိုးသေးတယ်။
အခန်းထဲမှာ ကွန်ပျူတာတစ်လုံး ရှိတယ်။ ဖွင့်ဖို့အတွက် စကားဝှက် ရိုက်ထည့်ရမယ့် နေရာမှာ ရပ်နေတယ်။ ဒါ သူတို့ဖြေရှင်းရမယ့် ပထမဆုံး ပုစ္ဆာပဲ။
၈ ယောက်လုံးက မူလက အတူတူရှိနေကြတာ။
သဲလွန်စရှာကြမယ်ဆိုတော့ ကျုရန်က ဟယ်မင်ယွီ ပခုံးကို ဖက်လိုက်သည်။ ထမင်းစားတုန်းက စကားသိပ်မပြောခဲ့ပေမယ့် အခုကျတော့ တော်တော် ရင်းနှီးနေတဲ့ပုံ ပေါက်နေသည်။
"ဟယ်မင်ယွီ... A တက္ကသိုလ် ရူပဗေဒဌာနမှာ ဘာတွေသင်လဲ ပြောပြပါဦးကွာ။ ငါ အဲဒီဌာနကို တက်ချင်နေတာ ကြာပြီ၊ ကံဆိုးချင်တော့ A တက္ကသိုလ် မမီလိုက်ဘူး"
သူ ပြောရင်းဆိုရင်း ဟယ်မင်ယွီကို ဖက်ပြီး အခန်းထောင့်တစ်နေရာ ဆွဲခေါ်သွားသည်။
ယန်ရှင်းချန်က တစ်ခုခုနင်းမိသွားပုံရပြီး အော်ဟစ်ကာ တစ်ဖက်သို့ ပြေးသွားသည်။
တုန်းချန်က ရွံရှာသလို လေသံဖြင့် ပြောသည်။
"ဒီလောက် အော်နေတာ၊ NPC တွေ လန့်ကုန်ပါ့မယ်။ ဘာတွေ လျှောက်ပြေးနေတာလဲ၊ သူများပစ္စည်းတွေ နင်းမိပြီး ပျက်စီးကုန်ဦးမယ်"
ပါးစပ်ကသာ ပြောနေတာ၊ ခြေထောက်ကတော့ ယန်ရှင်းချန်နောက် ပြေးလိုက်သွားပြီ။
ကျန်းရူရှန်းက ရှန့်ရှောင်ဝမ်လက်ကို ဆွဲလိုက်သည်။
"ရှောင်ဝမ်... ငါတို့ ဟိုဘက် သွားကြည့်ရအောင်"
ခဏလေးအတွင်းမှာပဲ ကျိုးအန်းရန်ဘေးမှာ ချန်လော့ပိုင်တစ်ယောက်တည်း ကျန်တော့သည်။
ကျန်းရူရှန်းနဲ့ ရှန့်ရှောင်ဝမ်တို့က တမင်လုပ်တာဆိုတာ သိသာတယ်။ ယန်ရှင်းချန်ကတော့ မပြောတတ်ဘူး၊ တကယ် တစ်ခုခုနင်းမိတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ အရင်ဆုံး ထွက်သွားတာက ကျုရန်နဲ့ ဟယ်မင်ယွီလေ။
သူ တစ်ခုခု လျှောက်တွေးနေမလား မသိဘူး။
"ကြောက်လား"
ရင်းနှီးတဲ့အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။ အသံနိမ့်နိမ့်လေးမို့ နားထောင်လို့ ကောင်းလိုက်တာ။
ကျိုးအန်းရန် တုံ့ဆိုင်းနေသည်။
သူမက Escape roomဂိမ်း ပထမဆုံးအကြိမ် ကစားဖူးတာ။ အရင်တုန်းက သရဲကားတောင် သိပ်မကြည့်ရဲခဲ့ဘူး။ သေချာပေါက် ကြောက်တတ်မှာပဲ။
ဒါပေမဲ့ သတ္တိနည်းတယ်လို့ အထင်ခံရမှာထက် သူ့ကို မလိမ်ချင်တာက ပိုများတယ်။
သူမ ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။
"နည်းနည်း ကြောက်တယ်"
ချန်လော့ပိုင် အသံက နိမ့်နေဆဲပင်။ အပြာရောင်အလင်းရောင်အောက်မှာ ဘေးတိုက်မျက်နှာက ချောမောနေတုန်းပဲ။
"ဒါဆို ငါ့နောက် လိုက်ခဲ့"
ကျိုးအန်းရန် ရင်ထဲမှာ ပူဖောင်းလေးတွေ ထပ်ပြီး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွတ်သွားသည်။
"အင်း"
ချန်လော့ပိုင် သဲလွန်စကို အမြန်ရှာတွေ့သွားသည်။
အဝါရောင်သမ်းနေသော စာရွက်တစ်ရွက်ဖြစ်သည်။
ကျိုးအန်းရန် စပ်စုချင်ပေမယ့် သူ့နား အရမ်းမကပ်ရဲဘူး။
ကောင်လေးက စာရွက်ကို သူမဘက် နည်းနည်းတိုးပေးလိုက်သည်။
"ခြံစည်းရိုး လျှို့ဝှက်စာနဲ့ တူတယ်၊ ကြားဖူးလား"
"ကြားဖူးတယ်" ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
ချန်လော့ပိုင်က စာရွက်ကို သူမလက်ထဲ ထည့်ပေးလိုက်သည်။
"ဒါဆို နင် ဖြေကြည့်လိုက်"
ခြံစည်းရိုး လျှို့ဝှက်စာက မခက်ပါဘူး။ ကျိုးအန်းရန် မငြင်းတော့ဘဲ လှမ်းယူလိုက်ပြီး ကြည့်လိုက်သည်။
"we love နဲ့ တူတယ်..."
သူမ စကား ရုတ်တရက် ရပ်တန့်သွားပြီး နားရွက်တွေ ပူထူလာသည်။
"We love..." ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။ "ပြီးတော့ရော"
ကျိုးအန်းရန် အားနေတဲ့လက်နဲ့ နားရွက်ကို ကိုင်မလို့လုပ်ပြီးမှ ပြန်ထိန်းလိုက်သည်။ စာကြောင်း ဆုံးအောင် မဖတ်ရဲတော့ဘူး။
"ငါ ကွန်ပျူတာမှာ တန်းရိုက်ထည့်ကြည့်လိုက်မယ်"
သူမ ကွန်ပျူတာဘက် လျှောက်သွားတော့ တခြားလူတွေလည်း ရောက်လာကြသည်။
"ဒီလောက်မြန်မြန် သဲလွန်စ တွေ့သွားပြီလား" ကျုရန်က ဟယ်မင်ယွီ ပခုံးဖက်ထားရင်း မေးလိုက်သည်။ "အားလော့... မင်း ဖြေလိုက်တာလား"
ချန်လော့ပိုင်က ကွန်ပျူတာရှေ့က မိန်းကလေးကို လက်ညှိုးထိုးပြသည်။
"ငါ မဟုတ်ဘူး၊ သူ ဖြေတာ"
"မိုက်လှချည်လား ကျိုးအန်းရန်" ကျုရန် အံ့ဩသွားသည်။ "ငါထင်တာ နင်က သရဲကားတောင် မကြည့်ရဲတဲ့ မိန်းကလေးမျိုး မှတ်နေတာ၊ တော်တော် တည်ငြိမ်သားပဲ"
ကျိုးအန်းရန် ခေါင်းငုံ့ပြီး စကားဝှက် ရိုက်ထည့်ဖို့ ပြင်နေရင်း ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ ရိုးရှင်းတဲ့ ခြံစည်းရိုး လျှို့ဝှက်စာမို့လို့ပါ"
ကျုရန်က စားပွဲပေါ်တင်ထားတဲ့ စာရွက်ကို ယူကြည့်လိုက်သည်။
"ငါ ကြည့်လိုက်ဦးမယ်... ဟုတ်သားပဲ၊ မခက်ပါဘူး။ we love each other တဲ့။ အို... ဝမ်းနည်းစရာ အချစ်ဇာတ်လမ်း ဖြစ်ပုံရတယ်"
ကျိုးအန်းရန် နောက်ဆုံးစာလုံး ရိုက်ထည့်ပြီးသွားပြီ။
သူ စကားဝှက်ကို ဖတ်ပြလိုက်တော့ နားရွက်တွေ ထပ်ပြီး ပူထူသွားပြန်သည်။ ခဏစောင့်ပြီးမှ Enter ခေါက်လိုက်သည်။
ပထမအခန်းကနေ အောင်မြင်စွာ ထွက်ခွာလာပြီးနောက် ဒုတိယအခန်းက ပိုကျယ်ဝန်းသည်။ ရုံးခန်းကြီးတစ်ခုနှင့် တူသည်။
ဒါက "အရုပ်ကုမ္ပဏီ" တစ်ခု ဖြစ်သည်။
ရုံးစားပွဲတွေအပြင် နေရာတိုင်းမှာ အရုပ်တွေ ပြည့်နှက်နေသည်။ အရွယ်အစား အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး ရှိသည်။
ဒါပေမဲ့ အများစုက ကြောက်စရာကောင်းအောင် လုပ်ထားသည်။ သွေးကွက်လို အနီကွက်တွေ ပေနေတာတို့၊ ခေါင်းပြတ်လုနီးပါး ဖြစ်နေတာတို့ ပါတယ်။
ကျိုးအန်းရန် ဝင်လာတာနဲ့ ကြက်သီးထသွားသည်။
ဒါပေမဲ့ အခန်းက စောစောကထက် ကျယ်နေတော့ စောစောကလိုပဲ လူခွဲပြီး သဲလွန်စရှာဖို့ ဆုံးဖြတ်လိုက်ကြသည်။
ကျုရန်က ဟယ်မင်ယွီကို ချက်ချင်း ဆွဲခေါ်သွားပြန်သည်။
"သွား... သွား... သဲလွန်စရှာရင်း ခုနက အကြောင်းအရာ ဆက်ပြောကြမယ်"
ကျန်းရူရှန်းက သတ္တိကောင်းသူမို့ ရှန့်ရှောင်ဝမ်ကို ဆွဲခေါ်သွားသည်။
"ငါတို့ ဟိုဘက် သွားမယ်"
ယန်ရှင်းချန်က တုန်းချန်ကို မလိုလားသလို ကြည့်လိုက်သည်။
"ထားလိုက်ပါတော့... ငါ နင်နဲ့ပဲ တစ်ဖွဲ့နေလိုက်မယ်"
တုန်းချန် လေသံက ပျော်ရွှင်နေပုံရသည်။
"ယန်ရှင်းချန်... နင် ကြောက်ရင် ပြောပါ၊ နင် ကြောက်တယ်လို့ ဝန်ခံလိုက်ရင် ငါ နင့်ကို မလှောင်ပါဘူး"
ယန်ရှင်းချန် ပါးစပ်ဟပြီး ပြန်ပြောမလို့ လုပ်ပေမယ့် အောင့်ထားလိုက်သည်။
"အေးပါ... ငါ ကြောက်တယ်၊ ငါ ကြောက်တတ်တယ် ဟုတ်ပြီလား"
တုန်းချန်က သူမ ဒီလိုပြန်ပြောလိမ့်မယ်လို့ မထင်ထားဘူးထင်တယ်၊ ခဏ ကြောင်သွားသည်။
ယန်ရှင်းချန် သူ့ကို ဂရုမစိုက်တော့ဘဲ ကျန်တဲ့ နှစ်ယောက်ဘက် လှည့်ကြည့်လိုက်သည်။ လေသံက မလိုလားသလို ဖြစ်နေသေးသည်။
"ချန်လော့ပိုင်... ရန်ရန်က သရဲကားတောင် မကြည့်ရဲတဲ့သူနော်၊ နင်က ယောက်ျားလေးဆိုတော့ သူ့ကို ဂရုစိုက်ပေးပါဦး။ ငါလည်း ကြောက်တတ်တယ်၊ လန့်ဖြတ်တတ်တယ်၊ သူသာ ငါနဲ့အတူနေရင် ငါ့ကြောင့် လန့်ကုန်လိမ့်မယ်"
ကျိုးအန်းရန် ရင်ထဲ နွေးထွေးသွားသလို၊ ချန်လော့ပိုင် တစ်ခုခုရိပ်မိသွားမှာလည်း စိုးရိမ်မိသည်။
တော်သေးတာက ကောင်လေးက တစ်စက္ကန့်တောင် မစဉ်းစားဘဲ လက်ခံလိုက်သည်။
ယန်ရှင်းချန် ပြောပြီးတာနဲ့ ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... သူ ဒီညနေ ငါနဲ့ပဲ နေပါစေ"
"ရန်ရန်" ယန်ရှင်းချန်က လက်ညှိုးထိုးပြလိုက်သည်။ "ဒါဆို ငါတို့ ဟိုဘက် သွားလိုက်တော့မယ်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
ယန်ရှင်းချန်နဲ့ တုန်းချန် ထွက်သွားတော့...
တံခါးဝမှာ သူမနဲ့ ချန်လော့ပိုင် နှစ်ယောက်တည်း ကျန်ခဲ့သည်။
ကောင်လေးက သူမရှေ့မှာ ရပ်နေပြီး အသံကို စောစောကလို နှိမ့်ပြောလိုက်သည်။
"ကြောက်ရင် ဒီမှာပဲ ရပ်စောင့်နေမလား။ သူတို့ သဲလွန်စ မြန်မြန် ရှာတွေ့လောက်ပါတယ်"
ရှားရှားပါးပါး လာကစားရတာမို့ ကျိုးအန်းရန် သူ့ပျော်ရွှင်မှုကို မဖျက်ဆီးချင်ပါဘူး။ သူမ ခေါင်းခါလိုက်သည်။
"ရပါတယ်... ငါတို့လည်း သွားရှာကြမယ်လေ"
ချန်လော့ပိုင်က မီးရောင်အောက်မှာ ဖြူဖျော့နေတဲ့ သူမမျက်နှာလေးကို ကြည့်လိုက်သည်။ ဘေးမှာချထားတဲ့ လက်ချောင်းတွေ လှုပ်ရှားသွားပြီးမှ ပြောလိုက်သည်။
"ဒါဆို ငါ့ဘေးက လိုက်ခဲ့"
ကျိုးအန်းရန် သူ့ဘေးကနေ လိုက်ပြီး သဲလွန်စ ရှာသည်။
လုံးဝ မကြောက်ဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ အရုပ်ကြီးတွေထဲကနေ NPC တစ်ကောင်ကောင် ထွက်လာပြီး ခြောက်လိမ့်မယ်လို့ အမြဲထင်နေမိတယ်။
ဒါပေမဲ့ လူဝင်ပုန်းလို့ရတဲ့ အရုပ်ကြီးတွေနား ဖြတ်သွားတိုင်း ဘေးနားက ကောင်လေးက တမင်လား၊ မတော်တဆလား မသိဘူး၊ သူမကို အမြဲ ဝင်ကာပေးတတ်တယ်။
ကျိုးအန်းရန် ကောင်လေးရဲ့ကျောပြင်ကိုကြည့်ပြီး ရင်ထဲမှာ ပူဖောင်းလေးတွေ ထပ်ပြီး ပေါက်ကွဲနေသလို ခံစားရတယ်။
သူက ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ စံမီတဲ့ ကိုယ်လုံးကိုယ်ထည် ပိုင်ရှင်မို့လို့ ပိန်ပါးနေပေမယ့် သူ့ကျောပြင်က လုံခြုံမှုပေးသလို ခံစားရတယ်။
အတွေးလွန်နေတုန်း ယန်ရှင်းချန် အော်သံ ထပ်ကြားလိုက်ရသည်။
ကျိုးအန်းရန် မော့ကြည့်လိုက်တော့...
တကယ်ပဲ သူမ ထင်ထားသလို အရုပ်ကြီးထဲကနေ NPC တစ်ကောင် ထွက်လာတာကို တွေ့လိုက်ရတယ်။
ယန်ရှင်းချန်က အော်ဟစ်ပြီး တုန်းချန်ကိုဆွဲကာ ပြေးလေတော့သည်။
NPC က ဒီဘက်ကလူတွေ လန့်သွားပြီဆိုတာ သိတော့ အနီးဆုံးဖြစ်တဲ့ သူတို့ဘက်ကို ပြေးလာသည်။
ချန်လော့ပိုင်က မိန်းကလေးရဲ့ တွဲလောင်းကျနေတဲ့ လက်ကို ငုံ့ကြည့်လိုက်ပြီး ခဏ တွန့်ဆုတ်နေမိသည်။
သူ ဆုံးဖြတ်ချက် မချရသေးခင်မှာပဲ အဲဒီလက်ဖြူဖြူလေးက သူ့အင်္ကျီလက်မောင်းကို လာဆွဲတာ တွေ့လိုက်ရသည်။
ကျိုးအန်းရန် အသံက တိုးပြီး တုန်နေသည်။
"နင် မပြေးနဲ့နော်"
ချန်လော့ပိုင် သေချာ မကြားလိုက်ဘူး။
"ဟင်?"
ဂရုထဲမှာ ဘယ်ဆိုင်သွားမလဲ တိုင်ပင်တုန်းက ကျုရန်က ကစားမှတော့ အကြမ်းဆုံး ကစားမယ်ဆိုပြီး ပြောခဲ့တာ။ ဒီဆိုင်က ဈေးကြီးပေးရသလို NPC တွေကလည်း ဒီတိုင်း မျက်နှာဖုံးစွပ်ပြီး ခြောက်တာမျိုး မဟုတ်ဘဲ မိတ်ကပ်တွေဘာတွေနဲ့ တော်တော်သရုပ်ပါတာ။
ကျိုးအန်းရန် တဖြည်းဖြည်း နီးကပ်လာတာကို မြင်တော့ ကြက်သီးထလာသည်။ သူမလက်ချောင်းလေးတွေက ကောင်လေးရဲ့ ဘေ့စ်ဘောအင်္ကျီလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး အားယူလိုက်သလိုမျိုး အသံက ငြိမ်သက်သွားသည်။
"နင် မပြေးနဲ့နော်... နင်က ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ရသေးဘူးမလား"
ချန်လော့ပိုင် အင်္ကျီပေါ်က တုန်ရီနေတဲ့ လက်ကလေးကို ငုံ့ကြည့်ပြီး တစ်စက္ကန့်၊ နှစ်စက္ကန့်လောက် စကားမပြောဘဲ နေလိုက်သည်။
ကျိုးအန်းရန် သူ ဘာမှပြန်မပြောတော့ သူလည်း လန့်သွားပြီလားလို့ ထင်လိုက်သည်။
"ဒါဆိုရင်..."
ဒါဆိုရင် ငါ့အနောက်မှာ နေလိုက်ပါလို့ ပြောမလို့ လုပ်တာ။
ဒီစကားပြောဖို့ ဘယ်ကသတ္တိတွေရလာလဲ မသိပေမယ့်ပေါ့။
ဒါပေမဲ့ နှစ်လုံးပဲ ပြောရသေးတယ်၊ ဖြတ်ပြောခံလိုက်ရတယ်။
"ကောင်းပြီ" ချန်လော့ပိုင် မော့ကြည့်လိုက်သည်။
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ကောင်လေးက ပြုံးလိုက်သလိုပါပဲ။ အဲဒီနေ့ ဘောလုံးကွင်းမှာ အနောက်ဆုတ် သုံးမှတ်ပစ်ချက် ပစ်သွင်းပြီးတုန်းက အပြုံးမျိုး။ တက်ကြွပြီး လွတ်လပ်တဲ့ လူငယ်ဆန်တဲ့ အပြုံးမျိုး။
အသံကတော့ နိမ့်နိမ့်လေးနဲ့ နူးညံ့နေသည်။
"မပြေးပါဘူး"
ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်ဆန်လာသည်။ ကြောက်လို့လား၊ သူ့အပြုံးကြောင့်လား မသိဘူး။
နောက်တစ်စက္ကန့်မှာ သူမမြင်ကွင်း မည်းမှောင်သွားသည်။
လက်ကြီးတစ်ဖက်က သူမမျက်လုံးရှေ့မှာ ကာလိုက်လို့ပါ။
အဲဒီလက်က သူမ အသားကို တိုက်ရိုက် မထိပါဘူး။ မျက်လုံးရှေ့မှာ ဟာပြီး ကာပေးထားတာပါ။ ဒါပေမဲ့ အစပိုင်းမှာ အကွာအဝေး မှန်းဆတာ လွဲသွားလို့ ထင်တယ်၊ လက်မနဲ့ လက်သန်းက သူမ နဖူးနဲ့ နှာခေါင်းကို ဖွဖွလေး ထိသွားတယ်။
ထိပြီး ချက်ချင်း ပြန်ခွာလိုက်တယ်။
ကျိုးအန်းရန် နဖူးနဲ့ နှာခေါင်းတွေ ပူထူလာသလို ခံစားလိုက်ရသည်။
အမှောင်ထဲမှာ ယန်ရှင်းချန် အော်ဟစ်နေသံ ကြားနေရတုန်းပဲ။ NPC က အသံကို ညှစ်ပြီး ခြောက်လှန့်နေသံက အနားရောက်လာသလိုပဲ။
ဒါပေမဲ့ ကျိုးအန်းရန် စောစောကလောက် မကြောက်တော့သလိုပဲ။
သူမရဲ့ ရင်ခုန်သံကို သူမ ပြန်ကြားနေရတယ်။
သူ့အသံကိုလည်း ကြားနေရတယ်။
သူမ ခေါင်းပေါ်ကနေ ထွက်ပေါ်လာတာ။ ရယ်သံပါနေတယ်။
"ဒုက္ခမပေးရင် တခြားလူတွေကို သွားခြောက်ပေးလို့ ရမလား"
ချန်လော့ပိုင် စကားခဏရပ်လိုက်သည်။ ရယ်မောပြီး NPC ကို ကောင်းကောင်းမွန်မွန် ညှိနှိုင်းနေသလိုမျိုး။
"သူ ကြောက်နေလို့ပါ"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၃၈ ။ ဆိုဒါ : မနက်ဖြန်ည တွေ့မယ်
Escape roomဂိမ်း ကစားပြီးနောက် သူတို့တစ်တွေ ညစာစားရန် အခြားနေရာတစ်ခုသို့ သွားကြသည်။
ထို့နောက် တွေ့ဆုံပွဲ ပြီးဆုံးသွားသည်။
ကျိုးအန်းရန်၊ ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့သည် မြို့တစ်မြို့တည်းတွင် ရှိနေကြသော်လည်း စာသင်ရသည်မှာ အလုပ်ရှုပ်လွန်းသဖြင့် မကြာခဏ တွေ့ဆုံရန် မလွယ်ကူပေ။ ထို့ကြောင့် တွေ့ဆုံပွဲပြီးလျှင် ကျောင်းမပြန်ဘဲ ဟိုတယ်တစ်လုံးငှားကာ အတူအိပ်ကြပြီး၊ နောက်တစ်နေ့တွင် ညီအစ်မများ သီးသန့်ဆုံကြရန် ကြိုတင်တိုင်ပင်ထားကြသည်။
ကျန်းရူရှန်းကလည်း အဝေးကြီးကနေ လေယာဉ်စီးလာတာဆိုတော့ ဒီည ကျောင်းပြန်ဖို့ မဖြစ်နိုင်တော့ဘူး။
ကျိုးအန်းရန် မနက်က အိမ်ကထွက်လာကတည်းက အဝတ်အစားလဲစရာတွေ ထည့်လာခဲ့တယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ယန်ရှင်းချန်က ဟိုတယ်ယူသွားပေးထားတယ်။
စားသောက်ဆိုင်မှာ ညစာစားပြီးတော့ ကျန်းရူရှန်းက ကျိုးအန်းရန်လက်ကို ချိတ်ပြီး ရှေ့ဆုံးကနေ လျှောက်သွားသည်။
"နင် ဒီည ကျောင်းပြန်အိပ်လိုက်ပါလား၊ မနက်ကျမှ ငါတို့ကို လာရှာလေ" ကျန်းရူရှန်းက သူမနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
ကျိုးအန်းရန် နားမလည်ပေ။
"ငါ ကျောင်းပြန်ပြီး ဘာလုပ်ရမှာလဲ"
ကျန်းရူရှန်း မျက်စိမှိတ်ပြလိုက်သည်။
"သူနဲ့ သီးသန့် အတူရှိခွင့်ရအောင် အချိန်နည်းနည်းထပ်ပေးတာလေ"
ကျိုးအန်းရန် - "......"
သူမ မျက်နှာပူသွားပြီး ကျန်းရူရှန်း ခါးကို တိတ်တဆိတ် ဆွဲဆိတ်လိုက်သည်။
"နင်တို့ ပြီးနိုင်ကြသေးလား။ ပြီးတော့ ကျောင်းပြန်ရင် သုံးယောက် ပြန်မှာလေ၊ ဘာသီးသန့် အတူရှိခွင့်ရမှာလဲ"
"ဟုတ်သားပဲ" ကျန်းရူရှန်းက သူမတိုက်ခိုက်မှုကို ရယ်မောရင်း ရှောင်လိုက်သည်။ "ဒါဆို ဒီည ငါတို့နဲ့ အတူအိပ်ဖို့ တွန်းအားပေးလိုက်တော့မယ်"
နှစ်ယောက်သား ပြောရင်းဆိုရင်း စားသောက်ဆိုင် အပြင်ဘက် ရောက်သွားသည်။
ညဘက် အပူချိန် အတော်ကျသွားသည်။ လေအေးများ မျက်နှာကို လာတိုက်ခတ်နေသဖြင့် ကျိုးအန်းရန် အလိုအလျောက် ဆွယ်တာအင်္ကျီကို စေ့လိုက်မိသည်။ တစ်စုံတစ်ခုကို သတိရသွားပြီး ကျန်းရူရှန်းကို ပြန်ဆွဲခေါ်လိုက်သည်။
"နေပါဦး"
သူမ အနောက်မှာ လျှောက်လာနေတဲ့ ယန်ရှင်းချန်ကို လှည့်ကြည့်လိုက်သည်။
"ရှင်းရှင်း... အပူချိန်ကျသွားပြီ၊ အိမ်သာသွားပြီး ငါ့အိတ်ထဲက စကပ်ရှည် လဲဝတ်လိုက်"
"ရပါတယ်... မလဲတော့ဘူး" ယန်ရှင်းချန်က သူမကို ကွေ့ပတ်ပြီး အပြင်ထွက်သွားသည်။
နှစ်စက္ကန့်အကြာတွင်... လည်ပင်းကို ကျုံ့ပြီး ပြန်ဝင်လာသည်။
"အား... အား... အား... အပူချိန်က ဘာလို့ ရုတ်တရက် ကျသွားတာလဲ။ ရန်ရန်... ငါ့ကို စကပ် ငှားပါတော့"
ကျိုးအန်းရန် လွယ်အိတ် ကမ်းပေးလိုက်သည်။
"ငါ လိုက်ခဲ့ပေးမယ်လေ"
ယန်ရှင်းချန် ခေါင်းညိတ်မလို့ လုပ်ပြီးမှ ပြန်ခါလိုက်သည်။
"မလိုပါဘူး၊ ရှောင်ဝမ်က အိမ်သာသွားချင်တယ်လို့ ပြောနေတာ၊ ငါ သူနဲ့ အတူသွားလိုက်မယ်"
ကျိုးအန်းရန် - "......"
မျက်လုံးထောင့်မှ ရင်းနှီးနေသော အရပ်ရှည်ရှည် ကောင်လေး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကျိုးအန်းရန်က ယန်ရှင်းချန်ကို စောင့်ရဦးမည်ဖြစ်၍ ဘေးသို့ အနည်းငယ်တိုးပေးကာ လမ်းဖယ်ပေးလိုက်သည်။
ချန်လော့ပိုင်က သူမဘေးတွင် ရပ်လိုက်သည်။
"နင် ကျောင်းမပြန်ဘူးလား" သူ အသံတိုးတိုးဖြင့် မေးလိုက်သည်။
ကျိုးအန်းရန် ညနေက သူ မတော်တဆ ထိမိသွားသော နဖူးနှင့် နှာခေါင်းများ ပြန်ပူလာသလို ခံစားရပြီး သူ့ကို မော့မကြည့်ရဲတော့ပေ။
"မပြန်တော့ဘူး၊ ငါ ဒီည သူတို့နဲ့အတူ ဟိုတယ်မှာ အိပ်မှာ"
ပြောပြီးတာနဲ့ စကားဝိုင်း ပြတ်သွားပြီလို့ သူမ ထင်လိုက်တာ။
ဒါပေမဲ့ သူက တိုးတိုးလေး ထပ်မေးလာတယ်။
"ဟိုတယ်က ဘယ်နားမှာလဲ"
ကျိုးအန်းရန် မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။ ပြုံးရိပ်သန်းနေသော မျက်ဝန်းနက်နက်များနှင့် တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။ ညနေကလောက် မျက်စိကျိန်းစရာ မကောင်းပေမယ့်၊ သူ ပြုံးနေတာ သေချာတယ်။
သူမ နှုတ်ခမ်းကို စေ့လိုက်သည်။
"ရှေ့နားလေးမှာပဲ၊ ငါတို့ လမ်းလျှောက်သွားကြမလို့"
"အင်း" ချန်လော့ပိုင် ပြန်ဖြေလိုက်သည်။ လေသံက ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး မတော်တဆ ပြောလိုက်သလိုပင်။ "ရောက်ရင် ငါ့ကို ပြောဦး"
.....
နေ့ဝက်လောက် ကစားပြီးနောက် ယန်ရှင်းချန်၊ ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်းတို့ ဟိုတယ်ရောက်တာနဲ့ ကုတင်ပေါ် လှဲချလိုက်ကြသည်။ ကျိုးအန်းရန်က ရေမချိုးရသေးလို့ မလှဲချင်ပေမယ့် သုံးယောက်သား အတင်းဆွဲပြီး ကုတင်ပေါ် တင်လိုက်ကြသည်။
သူမ ဖုန်းတောင် မကိုင်နိုင်တော့ဘဲ ကုတင်စွန်းနား ပြုတ်ကျသွားသည်။
"မြန်မြန် ရိုးရိုးသားသား ဝန်ခံစမ်း"
ကျိုးအန်းရန် သူတို့ကြားထဲ ရောက်သွားသည်။
"ဘာဝန်ခံရမှာလဲ"
"ဘာဝန်ခံရမလဲဆိုတာ မသိဘူးလား" ကျန်းရူရှန်းက ကုတင်ပေါ် မှောက်လိုက်ပြီး သူမကို စိုက်ကြည့်နေသည်။ "ချန်လော့ပိုင်အကြောင်းပေါ့"
ကျိုးအန်းရန် ခေါင်းအုံးတစ်လုံး ဆွဲယူလိုက်ပြီး မျက်တောင်ခတ်ကာ ရှက်သလို ပြောလိုက်သည်။
"ဝန်ခံစရာ မရှိပါဘူး၊ ငါ သူ့ကို မကြိုက်တော့ဘူးလို့ ပြောပြီးပြီပဲ"
"တော်စမ်းပါ" ယန်ရှင်းချန်က မျက်လုံးလှန်ကြည့်လိုက်သည်။ "ငါတို့က နင့်ကို မဖော်ထုတ်ရက်လို့သာ ထားလိုက်တာပါ"
ရှန့်ရှောင်ဝမ် - "ဒီနေ့ နင့်အမူအရာနဲ့များ ငါတို့ကို မကြိုက်တော့ဘူးလို့ လာပြောနေသေးတယ်"
ကျိုးအန်းရန် အနည်းငယ် လန့်သွားသည်။
"အရမ်း သိသာနေလို့လား"
"သိသာတယ်လို့တော့ မပြောနိုင်ဘူး၊ နင်က သူ့ကို ကြည့်တောင် မကြည့်ရဲဘူးလေ" ကျန်းရူရှန်းက ပြောသည်။ "တခြားလူတွေ မသိသာပေမယ့် ငါတို့ကြည့်လိုက်တာနဲ့ နင့်မှာ မရိုးသားတာ ရှိနေမှန်း သိတာပေါ့"
ကျိုးအန်းရန် - "......"
"ပြော..." ယန်ရှင်းချန် ကုတင်ပေါ် ထထိုင်လိုက်ပြီး စစ်ဆေးမေးမြန်းမည့် ပုံစံဖြင့် ပြောသည်။ "နင်နဲ့သူ အခု ဘာအခြေအနေလဲ။ ငါတို့ကို ထပ်ဖုံးကွယ်ထားဖို့ မစဉ်းစားနဲ့နော်"
ကျိုးအန်းရန် ခေါင်းအုံးကို ဖက်ထားလိုက်သည်။
"နင်တို့ မြင်တဲ့အတိုင်းပါပဲ"
ကျန်းရူရှန်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ငါ ကြည့်ရသလောက်တော့ ချန်လော့ပိုင်က နင့်အပေါ် ထူးခြားနေသလိုပဲ။ ငါတို့လည်း သူ့အတန်းဖော်ဟောင်းတွေပဲဟာ၊ သူက ငါတို့ကို WeChat မတောင်းဘူး။ ပြီးတော့ ဒီနေ့ သူက နင်တစ်ယောက်တည်းကိုပဲ စကားလာပြောတယ်။ ညနေ Escape roomဂိမ်း ကစားတုန်းကလည်း နင့်ကိုပဲ တစ်ချိန်လုံး ခေါ်ထားတာ"
"Escape roomဂိမ်းတုန်းက သူခေါ်သွားတာ နင်တို့ လုပ်ကြံလိုက်တာ မဟုတ်ဘူးလား" ကျိုးအန်းရန် တိုးတိုးလေး ပြန်ငြင်းလိုက်သည်။
ယန်ရှင်းချန် - "သူ ငြင်းလို့ ရတာပဲဟာ။ သူသာ သဘောကောင်းတဲ့သူဆိုရင် အရင်တုန်းက ကျောင်းမှာ သူ့ကို လိုက်တဲ့ မိန်းကလေးတွေ ဘယ်သူမှ သူ့နားမကပ်နိုင်တာ ဘာလို့လဲ"
"ဟုတ်တယ်" ကျန်းရူရှန်း ထောက်ခံသည်။ "နေ့လည် ထမင်းစားတုန်းကလည်း သူ နင်နဲ့ တိုးတိုးတိတ်တိတ် စကားပြောနေတာ ငါ မြင်လိုက်တယ်။ အဲဒါကရော ငါတို့ လုပ်ကြံတာ မဟုတ်ဘူးမလား"
ကျိုးအန်းရန် - "တိုးတိုးတိတ်တိတ် ပြောတာ မဟုတ်ပါဘူး၊ သူက ရှင်းရှင်းနဲ့ တုန်းချန် တွေ့တိုင်း အဲဒီလို ရန်ဖြစ်ကြလားလို့ မေးတာပါ"
ယန်ရှင်းချန် - "......"
"ဒါဆို ညနေကကော... နင်နဲ့သူ နှစ်ယောက်တည်း အကြာကြီး အတူရှိနေတာ ဘာမှ မဖြစ်ခဲ့ဘူးလား"
ကျိုးအန်းရန် မျက်နှာပူလာပြန်သည်။ ခေါင်းအုံးနဲ့ မျက်နှာကို ကာလိုက်ပြီး မျက်လုံးလေးပဲ ဖော်ထားလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး"
"ဘာမှမဖြစ်ဘဲနဲ့ နင် ဘာလို့ မျက်နှာရဲနေတာလဲ" ကျန်းရူရှန်းက ကလိထိုးမလို လုပ်လိုက်သည်။ "မပြောရင် ကလိထိုးလိုက်မှာနော်"
ကျိုးအန်းရန် ရှန့်ရှောင်ဝမ်ဘက် တိုးလိုက်သည်။
ရှန့်ရှောင်ဝမ်က အလိုက်သင့် သူမလက်ကောက်ဝတ်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သည်။
"ကဲ... တော်ပြီ၊ တော်ပြီ" ကျိုးအန်းရန် အရှုံးပေးလိုက်သည်။ "ငါ ပြောပါ့မယ်"
သူမ မျက်နှာရဲရဲလေးဖြင့် ညနေက သူ မျက်လုံးကာပေးခဲ့တဲ့အကြောင်း အကြမ်းဖျင်း ပြောပြလိုက်သည်။
"သောက်ကျိုးနည်း... သူ နင့်ကို မျက်လုံးကာပေးတယ် ဟုတ်လား?!" ကျန်းရူရှန်းလည်း ခေါင်းအုံးတစ်လုံး ဆွဲယူလိုက်သည်။ "ဒါက ဖက်တာနမ်းတာထက်တောင် ပိုပြီး ရိုမန်းတစ်ဆန်နေသလိုပဲ"
ကျိုးအန်းရန် - "......"
ရှန့်ရှောင်ဝမ် ခဏစဉ်းစားလိုက်သည်။
"ငါ့အမြင်တော့ သူသုံးတဲ့ စကားလုံးတွေက တော်တော်နက်နဲတယ်"
"......" ကျိုးအန်းရန် နားမလည်ပေ။ ပြန်စဉ်းစားကြည့်လိုက်သည်။ "ဘယ်နေရာက နက်နဲတာလဲ"
"ချန်လော့ပိုင်က NPC ကို နင့်အကြောင်း ပြောတုန်းက 'သူ' ဆိုတဲ့ စကားလုံး တစ်လုံးတည်း သုံးလိုက်တာလေ။ သူက မိန်းကလေးတွေကို ငြင်းပယ်တာ အတွေ့အကြုံရှိပြီးသား။ တကယ်လို့ နင်နဲ့ အကွာအဝေး ထိန်းချင်တယ်ဆိုရင် စကားပြောတာ ဒီလိုပုံစံ ဖြစ်မှာ မဟုတ်ဘူး" ရှန့်ရှောင်ဝမ်က ပြောသည်။ "ငါသာဆိုရင် NPC ကို 'ငါ့အတန်းဖော် ကြောက်လို့ပါ' ဆိုပြီး ပြောမှာ။ ဒါဆိုရင် လူကြီးလူကောင်းဆန်ရာလည်း ရောက်တယ်၊ တခြားလူတွေ လျှောက်တွေးစရာလည်း မလိုတော့ဘူးလေ"
ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် လွတ်သွားသည်။
"နင် အတွေးလွန်နေတာပါ"
"ဒါဆိုရင်လည်း ငါ အတွေးလွန်တယ်လို့ပဲ သဘောထားလိုက်ပါ" ရှန့်ရှောင်ဝမ်က သူမပါးကို ဆွဲလိုက်သည်။
ယန်ရှင်းချန်က ဝင်ပြောသည်။
"အဓိကက အခု နင်ကိုယ်တိုင်က ဘယ်လိုတွေးနေလဲဆိုတာပဲ"
"ဟုတ်တယ်" ကျန်းရူရှန်းလည်း မေးသည်။ "နင်ကိုယ်တိုင်ကရော သူ့အပေါ် ဘယ်လို သဘောထားလဲ"
ကျိုးအန်းရန် ခေါင်းအုံးကို ဆွဲဆိတ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာမှ တိုးတိုးလေး ဖြေလိုက်သည်။
"...ငါ မသိဘူး၊ ငါ လျှောက်မတွေးရဲဘူး"
သူ WeChat Add လိုက်တဲ့နေ့ကစပြီး သူမ ရောင်စုံပူဖောင်းလေးတစ်ခုထဲ ရောက်နေသလို ခံစားနေရတယ်။
အိပ်မက်ဆန်လွန်းပြီး လက်တွေ့မကျသလို၊ အချိန်မရွေး ပေါက်ကွဲသွားနိုင်သလို ခံစားနေရတယ်။
ရှန့်ရှောင်ဝမ်က သူမမျက်နှာပေါ်က အနီရောင်တွေ ပျောက်သွားပြီး မျက်တောင်လေးတွေ တုန်ခါနေတာကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်လည်း လျှောက်မတွေးနဲ့တော့၊ ငါတို့ ခုနက ပြောတာတွေကို လျှောက်ပြောတာလို့ပဲ သဘောထားလိုက်။ ချန်လော့ပိုင် စရိုက်နဲ့ဆိုရင် သူ တကယ် ကြိုက်တယ်ဆိုရင် သူ အရင် ဦးဆောင်ပြီး လိုက်မှာပဲ။ ဘာပဲဖြစ်ဖြစ် နင့်စိတ်ဆန္ဒအတိုင်း သူနဲ့ ဆက်ပေါင်းကြည့်လိုက်ပါဦး"
ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။
ကုတင်စွန်းနား ကျသွားတဲ့ ဖုန်းက အသံမြည်လာသည်။
ကျန်းရူရှန်းက ဘေးနားမှာ လှဲနေတာဆိုတော့ အသံကြားတာနဲ့ လှမ်းကြည့်လိုက်သည်။
"ချန်လော့ပိုင်က နင့်ဆီ စာပို့လိုက်သလိုပဲ"
ကျိုးအန်းရန် ကြောင်သွားပြီး ဟိုတယ်ရောက်ရင် သူ့ကို ပြောပြမယ်လို့ ကတိပေးထားတာ သတိရသွားသည်။ ခုနက သူတို့ စနောက်နေကြလို့ လုံးဝ မေ့သွားတာ။ သူမ ဖုန်းကို အမြန်လှမ်းယူလိုက်သည်။
"ဒီလောက် အလောတကြီးဖြစ်နေတာလား" ရှန့်ရှောင်ဝမ်က သူမကို စနောက်လိုက်သည်။
ယန်ရှင်းချန် လေသံက နည်းနည်း သဝန်တိုနေသည်။
"ကြည့်ပါဦး... ငါ့မက်ဆေ့ခ်ျဆို ဒီလောက် တက်ကြွတာ မဟုတ်ဘူး။ ငါတို့ ရှောင်ပေးရမလား"
"ဘာရှောင်ပေးရမှာလဲ" ကျိုးအန်းရန် ရယ်မောလိုက်သည်။
ဖုန်းဖွင့်ကြည့်လိုက်တော့ သူက တကယ်ပဲ ဟိုတယ်ရောက်ပြီလား မေးထားတာ ဖြစ်နေသည်။
C - [မရောက်သေးဘူးလား]
ကျိုးအန်းရန် - [ရောက်တာ ကြာပါပြီ]
ကျိုးအန်းရန် - [ဆောရီးပါ... ခုနက နင့်ကို ပြောဖို့ မေ့သွားလို့]
C - [ရောက်ရင် ပြီးတာပါပဲ]
ကျိုးအန်းရန်က မရှောင်ပေးနဲ့လို့ ပြောပေမယ့်၊ ဒီသုံးယောက်ကတော့ အားမနာတမ်း ဘေးနားကပ်ပြီး သူမ စာပို့တာကို ဝိုင်းကြည့်နေကြသည်။
ကျိုးအန်းရန် ရှက်နေပေမယ့် မနေနိုင်ဘဲ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
[ဒါနဲ့... နင် ကျောင်းရောက်ပြီလား]
C - [ရောက်တော့မယ်]
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။
[ဒါဆို စောစောနားတော့နော်]
C - [အင်း... နင်လည်း အတူတူပဲ]
ကျန်းရူရှန်းက စိတ်မရှည်နိုင်သော မျက်နှာထားဖြင့် ပြောသည်။
"နင်က စကားဝိုင်းကို ဒီလောက် ခြောက်ကပ်ကပ်နဲ့ အဆုံးသတ်လိုက်တာလား"
"ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ရမှာလဲ" ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။
ကျန်းရူရှန်းက သူမ ဖုန်းမျက်နှာပြင်ကို လက်ညှိုးနဲ့ ထိုးလိုက်သည်။
"ငါ ရည်းစားမထားဖူးပေမယ့်၊ သူက ရောက်တော့မယ်လို့ ပြောတဲ့အချိန်ကျရင် 'ခဏနေ အဆောင်တန်းပြန်မှာလား' ဆိုတဲ့ မေးခွန်းမျိုး မေးလိုက်ရင် ခေါင်းစဉ်သစ်တစ်ခု ထပ်ရသွားပြီလေ"
ကျိုးအန်းရန် - "ငါက သူ့ကို နှောင့်ယှက်မိမှာစိုးလို့ပါ"
"ဒါပေမဲ့ ချန်လော့ပိုင်ရဲ့လေသံကလည်း တစ်မျိုးကြီး ဖြစ်နေသလိုပဲ" ရှန့်ရှောင်ဝမ် ဝင်ပြောသည်။
ကျိုးအန်းရန် သူမဘက် လှည့်ကြည့်လိုက်သည်။
"ဘယ်နေရာက တစ်မျိုးကြီး ဖြစ်နေတာလဲ"
"သူ ပုံမှန်ဆို လူတွေနဲ့ ဒီလို စကားမပြောဘူးမလား။ ငါ့အမြင်တော့ သူက လူတွေကို စရတာ ကြိုက်တဲ့ပုံပဲ။ ကျုရန်ဆို အရင်တုန်းက သူ့ကြောင့် ဒေါသထွက်ပြီး ခုန်ဆွခုန်ဆွဖြစ်နေတာ ခဏခဏပဲ။ နင်နဲ့ စကားပြောတော့ ဘာလို့ တည်တည်ကြည်ကြည် လုပ်နေတာလဲ..." ရှန့်ရှောင်ဝမ် စကားရပ်လိုက်သည်။ "ထားလိုက်ပါတော့... ငါ လျှောက်မတွေးပြတော့ပါဘူး"
ဖုန်း ထပ်မမြည်တော့ပေ။
ကျိုးအန်းရန် ကုတင်ခေါင်းရင်းနား ပစ်ထားလိုက်သည်။
မိန်းကလေးလေးယောက် ကုတင်တစ်လုံးတည်းပေါ်တွင် ပြွတ်သိပ်ပြီး လှဲနေကြသည်။
ယန်ရှင်းချန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"တက္ကသိုလ်ရောက်ရင် သက်သာပြီလို့ ဘယ်သူပြောလဲ။ ပင်ပန်းလိုက်တာ၊ ငါ နင်တို့နဲ့ တွေ့ဖို့ အချိန်တောင် သိပ်မပေးနိုင်ဘူး"
ကျန်းရူရှန်း - "နင်တို့က တော်သေးတာပေါ့၊ တစ်မြို့တည်းမှာ ရှိနေသေးတယ်"
ရှန့်ရှောင်ဝမ် - "ဒါပေမဲ့ တကယ် ပင်ပန်းတယ် +1"
ကျိုးအန်းရန် - "+2"
"ငါတို့ ရသစုံရှိုးတစ်ခုလောက် အတူကြည့်ကြမလား" ယန်ရှင်းချန် အကြံပြုသည်။ "ဘယ်သူ တီဗီသွားဖွင့်ပေးမလဲ"
ကျန်းရူရှန်း လှဲချလိုက်သည်။
"မလှုပ်ချင်တော့ဘူး"
ရှန့်ရှောင်ဝမ် - "+1"
"ထားလိုက်ပါတော့" ကျိုးအန်းရန် ထလိုက်သည်။ "ငါ သွားဖွင့်လိုက်မယ်"
.....
ပိတ်ရက်မှာ အထက်တန်းကျောင်းနေဖက်တွေနဲ့ နှစ်ရက်လောက် ပျော်ပါးလိုက်ရလို့၊ တနင်္လာနေ့မနက် နှိုးစက်မြည်တော့ ကျိုးအန်းရန် အိပ်ချင်မူးတူး ဖြစ်နေသည်။ နန်ချန်က အိမ်မှာ ရောက်နေပြီး မေမေဟယ် လုပ်ကျွေးတဲ့ မနက်စာစားကာ ယန်ရှင်းချန်နဲ့ အမှတ် (၂) ကျောင်း တူတူသွားရတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်နေသည်။
ရှဲ့ကျင့်ယွီရဲ့ ညည်းညူသံ ကြားလိုက်ရမှ အိပ်မက်ကနေ လန့်နိုးသွားသည်။
"မနက် ၈ နာရီအတန်းကို ငါ မုန်းတယ်" ရှဲ့ကျင့်ယွီက ဆံပင်စုတ်ဖွားနဲ့ ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။
ကျိုးအန်းရန် အိပ်ချင်မူးတူး မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး နှိုးစက်ပိတ်ကာ ဖြည်းညှင်းစွာ ထလိုက်သည်။
တနင်္ဂနွေနေ့က ယန်ရှင်းချန်တို့နဲ့ တစ်နေကုန် လျှောက်လည်ထားလို့ နှိုးစက်ကို ပုံမှန်ထက် နောက်ကျပြီး ပေးထားမိသည်။ ယွီရှင်းယွဲ့ကလည်း ဘာကြောင့်မှန်းမသိ ဒီနေ့ နောက်ကျမှ ထသည်။ တစ်ခန်းလုံး အတန်းထဲရောက်တော့ ရှေ့တန်းက နေရာတွေ ပြည့်ကုန်ပြီ။
ကျိုးအန်းရန်နဲ့ အခန်းဖော်တွေ နောက်ဆုံးတန်းမှာ ဝင်ထိုင်လိုက်ကြသည်။
စာအုပ်ဖွင့်ကြည့်မလို့လုပ်တုန်း ဘေးနားက နောက်ဆုံးကျန်တဲ့ ခုံလွတ်မှာ လူတစ်ယောက် လာထိုင်သည်။
ကျိုးအန်းရန် ဂရုမစိုက်မိပေမယ့် ဘေးနားကလူက သူမကို လှမ်းခေါ်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် လှည့်ကြည့်လိုက်ရာ ရွှေရောင်မျက်မှန်ကို အရင်မြင်လိုက်ရသည်။
"ဟယ်မင်ယွီ" သူမ အံ့ဩသွားပြီး ပြုံးပြလိုက်သည်။ "နင် တကယ် စာလာနားထောင်တာပဲ"
ဟယ်မင်ယွီ "အင်း" ဟု ဖြေသည်။
"မဟုတ်ရင် နင့်ဆီက အချိန်ဇယား တောင်းပါ့မလား။ အတော်ပဲ... အင်္ဂလိပ်စာမေးခွန်းတစ်ပုဒ် နင့်ကို မေးချင်လို့"
"ဘာမေးခွန်းလဲ" ကျိုးအန်းရန် မေးလိုက်သည်။
ဟယ်မင်ယွီ ဖုန်းထုတ်ပြီး သူမရှေ့ ချပေးလိုက်သည်။
ကျိုးအန်းရန် တက္ကသိုလ်ရောက်ပေမယ့် အင်္ဂလိပ်စာ လေ့လာတာ မရပ်နားခဲ့ပါဘူး။ ကြည့်လိုက်တော့ Band 4 (CET-4) စာမေးပွဲက စာဖတ်စွမ်းရည်မေးခွန်း ဖြစ်နေသည်။ ဟယ်မင်ယွီကို ရှင်းပြပြီးတဲ့နောက် မေးခွန်းတစ်ခုရဲ့ နောက်မှာ "IELTS" ဆိုပြီး ကွင်းစကွင်းပိတ်နဲ့ ရေးထားတာ တွေ့လိုက်ရသည်။ သူမ မေးလိုက်သည်။
"နင် ဒီလောက်စောစောစီးစီး IELTS ပြင်ဆင်နေပြီလား။ နိုင်ငံခြားသွားပြီး ကျောင်းတက်ဖို့ လျှောက်မလို့လား"
ဟယ်မင်ယွီ ခေါင်းညိတ်သည်။
"ဟုတ်တယ်... ငါ့အင်္ဂလိပ်စာအဆင့်က သာမန်ပဲမို့လို့ ကြိုပြင်ဆင်ထားရတာ"
"ဒါဆို ကြိုးစားနော်" ကျိုးအန်းရန် အားပေးလိုက်သည်။
"နင်ကော" ဟယ်မင်ယွီက သူမရဲ့ ဖြူဝင်းတဲ့ ဘေးတိုက်မျက်နှာလေးကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲလိုက်သည်။ "အဲဒီအစီအစဉ် ရှိလား။ တကယ်လို့ ကျောင်းတူတူလျှောက်မိရင် နောက်ကျရင် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"လောလောဆယ် မရှိသေးပါဘူး။ ငါက သီအိုရီအခြေခံကို ပိုခိုင်မာအောင် အရင်လုပ်ချင်တယ်။ ပြီးတော့ ငါ့စရိုက်ကို နင်သိ..."
"နင့်စရိုက်က ဘာဖြစ်လို့လဲ"
ရင်းနှီးပြီး အသံနိမ့်နိမ့်လေးတစ်ခု အနောက်ကနေ ထွက်ပေါ်လာပြီး နားထဲ တိုးဝင်လာသည်။
တစ်ချိန်တည်းမှာပဲ ရှေ့တန်းက လူတော်တော်များများ သူတို့ဘက် လှည့်ကြည့်လာကြပြီး အတန်းထဲမှာ ဆူညံသံလေးတွေ ထွက်ပေါ်လာသည်။
ကျိုးအန်းရန် စကားရပ်သွားပြီး အနောက်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင် ဘယ်အချိန်ကတည်းက သူမအနောက်ခုံ ရောက်နေလဲ မသိဘူး။
ကောင်လေးက ဒီနေ့ မီးခိုးရောင် ခေါင်းစွပ်အင်္ကျီ ဝတ်ထားသည်။ နဖူးပေါ်မှာ ဆံပင်စလေးတွေ ဝဲကျနေပြီး အိပ်ရေးမဝသလို ပုံစံပေါက်နေသည်။ ကုလားထိုင်ပေါ်မှာ ပျင်းရိစွာ မှီထိုင်နေသည်။
ရုပ်ရည်ကတော့ ထင်ရှားနေဆဲမို့ ဝင်လာတာနဲ့ ခုနကလို လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ မဆန်းပါဘူး။
ကျိုးအန်းရန် ခဏကြောင်သွားသည်။
ဟယ်မင်ယွီလည်း လှည့်ကြည့်လိုက်သည်။
"မင်းလည်း စာလာနားထောင်တာလား"
"အင်း" ချန်လော့ပိုင်က ဘေးနားက ကောင်လေးကို မေးငေါ့ပြလိုက်သည်။ "သူနဲ့အဖော် လိုက်လာတာ"
ကျိုးအန်းရန် မြင်လိုက်ရတာက သူက ဟယ်မင်ယွီကို ပြန်ဖြေနေပေမယ့် မျက်လုံးကတော့ သူမဆီမှာပဲ ရောက်နေတာ။ အဖြေကို စောင့်နေသလိုပဲ။
သူမ လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။
စောစောက သူမ ပြောချင်တာက သူမစရိုက်က အင်ထရိုဗက်များပြီး လူတွေနဲ့ ဆက်ဆံရတာ သိပ်မကျွမ်းကျင်ဘူး။ ပြည်တွင်းမှာ ပတ်ဝန်းကျင်ပြောင်းရင်တောင် အသားကျဖို့ ခက်ခဲတာ၊ နိုင်ငံခြားသွားပြီး ဘာသာစကားပါ ပြောင်းသွားရင် ပိုပြီး အချိန်ယူရမှာ။ ပြီးတော့ Exchange Program တွေက အချိန်သိပ်မကြာတတ်တော့ သူမအတွက် သိပ်မသင့်တော်လောက်ဘူး။
ဒါပေမဲ့ ဒီလို ကိုယ့်အားနည်းချက်ကို ဖွင့်ချရသလိုစကားမျိုးကို ဟယ်မင်ယွီကို ပြောရတာ အဆင်ပြေပေမယ့်၊ သူ့ကို ပြောရမှာကျတော့ အဆင်မပြေဘူး။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း လျှောက်ပြောနေတာပါ"
သူမ ထင်လို့လား မသိဘူး၊ ဒီစကားပြောပြီးတာနဲ့ ချန်လော့ပိုင်ရဲ့အမူအရာက တည်သွားသလိုပဲ။ သူမကို ကြည့်နေတဲ့ မျက်လုံးတွေကို အောက်ချလိုက်ပြီး မျက်ဝန်းနက်နက်တွေကို ဖုံးကွယ်လိုက်တယ်။ မျက်နှာပေါ်က အိပ်ချင်မူးတူး ပုံစံလေးလည်း ပျောက်သွားသလိုပဲ။
ကျိုးအန်းရန် ရင်ထဲ မွန်းကျပ်သွားသည်။ ထပ်ပြီး ရှင်းပြချင်ပေမယ့် အတန်းတက်ခေါင်းလောင်း ထိုးသွားသည်။
သူမ ဘယ်လိုရှင်းပြရမလဲ မသိတာနဲ့ ရှေ့ပြန်လှည့်လိုက်ရသည်။
ဒီအတန်းက ဆရာက ကျောင်းသားတွေကို မေးခွန်းမေးရတာကြိုက်တော့ ကျိုးအန်းရန် အာရုံမလွင့်ရဲဘဲ စိတ်ကိုအတင်းထိန်းပြီး စာနားထောင်နေရသည်။
ဒါပေမဲ့ ဆရာက သူမကို မမေးဘဲ ဘေးနားက ဟယ်မင်ယွီကို မေးလိုက်သည်။
သူ သေချာနားထောင်နေတာမြင်လို့ ဖြစ်မယ်။
ဒါပေမဲ့ ဟယ်မင်ယွီက ဘယ်လောက်ပဲ သေချာနားထောင်နေပါစေ၊ ဒီအတန်းကို ပထမဆုံးအကြိမ် လာနားထောင်တာလေ။ ကျိုးအန်းရန်က သူ မဖြေနိုင်ရင် ရှက်နေမှာစိုးလို့ စာအုပ်ပေါ်မှာ အဖြေရေးပြီး ထိုးပေးလိုက်သည်။
ဟယ်မင်ယွီ ဖြေပြီးလို့ ပြန်ထိုင်တော့ ကျိုးအန်းရန် စာဆက်နားထောင်မလို့လုပ်တုန်း အနောက်ကနေ အသံတိုးတိုးလေး ကြားလိုက်ရသည်။ စိမ်းနေတဲ့ အသံပါ၊ တစ်ခါမှ မကြားဖူးဘူး။
ဒါပေမဲ့ ရင်းနှီးတဲ့ နာမည်တစ်ခု ပါလာတော့ ဂါထာမန္တန် ရွတ်လိုက်သလိုပဲ သူမနားထဲ ချက်ချင်း ရောက်လာတယ်။
"ချန်လော့ပိုင်... မင်းရဲ့ အတန်းဖော်မလေးက တော်တော် သဘောကောင်းတာပဲ"
ကျိုးအန်းရန် ခဏစောင့်ပေမယ့် သူ့အဖြေကို မကြားရဘူး။
ဒါပေမဲ့ စိတ်တွေ ရှုပ်ထွေးလာပြန်သည်။
ဒါဆို သူက သူ့သူငယ်ချင်းကို သူမအကြောင်း မိတ်ဆက်ပေးတုန်းက "အတန်းဖော်မလေး" လို့ပဲ ပြောခဲ့တာလား။
....
အတန်းချိန် တစ်ချိန်ပြီးသွားတော့ ကျိုးအန်းရန် လှည့်ကြည့်ချင်ပေမယ့် ခေါင်းလောင်းထိုးတာနဲ့ ဟယ်မင်ယွီက ခုနက စာသင်သွားတဲ့ အကြောင်းအရာတစ်ခုကို လာမေးနေသည်။
ကျိုးအန်းရန် စိတ်ငြိမ်အောင်ထားပြီး ရှင်းပြလိုက်သည်။
ရှင်းပြလို့ တစ်ဝက်ရောက်တော့ အနောက်ကနေ အသံထပ်ကြားရပြန်သည်။ ဒီတစ်ခါတော့ မိန်းကလေးအသံ။ နျဲ့ကျစ်ကျန်း အသံနဲ့ တူတယ်။
"ချန်လော့ပိုင်" သူမက ဘယ်လိုလုပ်ပြီး အနောက်ရောက်သွားလဲ မသိဘူး။ ဘယ်သူနဲ့မဆို ရင်းနှီးလွယ်တဲ့ ပုံစံနဲ့ပဲ။ "နင်က ငါတို့ရဲ့ ဒီအတန်းကို စိတ်ဝင်စားတာလား"
စာသင်ခန်း ဆူညံနေသည်။
အနောက်ဘက်တွင် တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။
ပြီးမှ ချန်လော့ပိုင်အသံ ထွက်ပေါ်လာသည်။ လေသံက အရမ်းအေးစက်နေသည်။ ပုံမှန် ပျင်းရိရိ လေသံမျိုး မဟုတ်ဘဲ စိတ်အခြေအနေ တကယ်မကောင်းတဲ့ပုံ ပေါက်နေသည်။
"စိတ်မဝင်စားပါဘူး၊ သူများ အဖော်လိုက်လာတာ"
နျဲ့ကျစ်ကျန်း - "ဒါဆို နင် စိတ်ဝင်စား..."
စကားမဆုံးသေးခင် သူ ဖြတ်ပြောလိုက်သည်။
"ဆောရီး... နည်းနည်းလောက် ဖယ်ပေးပါ"
နောက်တစ်ခွန်းက သူနဲ့အတူပါလာတဲ့ ကောင်လေးကို ပြောတာ ဖြစ်မယ်။
"ငါ အဆောင်ပြန်ပြီး အိပ်တော့မယ်၊ မင်းဘာသာ ဆက်နားထောင်လိုက်တော့"
"ကောင်းပြီလေ" စိမ်းနေတဲ့ ကောင်လေးအသံက ရယ်မောပြီး ပြန်ဖြေသည်။ "ဒါပေမဲ့ မင်းဘာသာ နှိုးစက်ပေးထားနော်၊ ငါတို့ ဖုန်းဆက်ပြီး မနှိုးရဲဘူး"
အနောက်မှ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်။
"ကျိုးအန်းရန်" ဟယ်မင်ယွီ လှမ်းခေါ်လိုက်သည်။
ကျိုးအန်းရန် သတိဝင်လာသည်။
"ဆောရီး"
ဟယ်မင်ယွီ နောက်အတန်း ရှိသေးသည်။ ချန်လော့ပိုင် သူငယ်ချင်းလည်း ရှိပုံရသည်။ ဒီအတန်းချိန်ပြီးတော့ နှစ်ယောက်လုံး ထွက်သွားကြသည်။
ကျိုးအန်းရန် အခန်းဖော်တွေနဲ့အတူ တခြားအခန်းသွားပြီး နောက်တစ်ချိန် တက်လိုက်သည်။
ဒီတစ်ခါ သူတို့ နည်းနည်းမြန်လို့ ရှေ့တန်းမှာ နေရာရလိုက်သည်။
နေရာရတာနဲ့ ကျိုးအန်းရန် ခေါင်းငုံ့ပြီး ဖုန်းထုတ်ကာ WeChat ဖွင့်လိုက်သည်။ ချန်လော့ပိုင် Chat box ကို ဖွင့်လိုက်သည်။
[ငါ ခုနက]
စာသုံးလုံး ရိုက်ပြီးမှ ပြန်ဖျက်လိုက်သည်။
နျဲ့ကျစ်ကျန်းအသံ အနောက်က ထွက်လာပြန်သည်။ ဒီတစ်ခါ သူမအနောက်မှာ လာထိုင်နေသည်။
"ကျိုးအန်းရန်... နင်နဲ့ ရူပဗေဒဌာနက ကောင်ချောလေးနဲ့က ဘာတော်တာလဲ"
ကျိုးအန်းရန် ကြောင်သွားပြီးမှ ဟယ်မင်ယွီကို ပြောမှန်း သဘောပေါက်သွားသည်။
သူမ ဖုန်းပိတ်လိုက်ပြီး လှည့်ပြောလိုက်သည်။
"ဘာမှမတော်ပါဘူး၊ သူလည်း ငါ့ရဲ့ အထက်တန်းကျောင်းနေဖက်ပါ၊ စိတ်ဝင်စားလို့ လာနားထောင်တာပါ"
"သူလည်း အထက်တန်းကျောင်းနေဖက်ပဲလား" နျဲ့ကျစ်ကျန်းက မေးသည်။ "ဒါဆို ချန်လော့ပိုင်နဲ့လည်း တစ်ခန်းတည်းပေါ့"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
နျဲ့ကျစ်ကျန်းဘေးက မိန်းကလေးက "ဝါး" ခနဲ အာမေဋိတ် ပြုလိုက်သည်။
"ဒါဆို နင်တို့ အထက်တန်းကျောင်းတုန်းက အခန်းရဲ့ ရုပ်ရည်က တော်တော်မြင့်တာပဲ။ ချန်လော့ပိုင်ကတော့ ပြောစရာမလိုဘူး၊ ကျောင်းသားချောလေးလို့ အများက သတ်မှတ်ထားတာ။ နင်ကလည်း ငါတို့ဌာန ယောက်ျားလေးတွေ သတ်မှတ်ထားတဲ့ ဌာနပန်းလေးအသစ်လေ။ ရူပဗေဒဌာနက ကောင်လေးကလည်း ကြည့်ကောင်းပြီး စာပေသမားပုံစံ ပေါက်တယ်။ နင်တို့ အထက်တန်းကျောင်းက ဘယ်လို နတ်ဘုရားအတန်းကြီးလဲ"
ကျိုးအန်းရန် ဖုန်းကို ကိုင်ထားသည်။
"မဟုတ်ပါဘူး၊ ငါ အထက်တန်းတုန်းက သိပ်မထင်ရှားပါဘူး"
အမြဲတမ်း ထင်ရှားခဲ့တာ အဲဒီလူ တစ်ယောက်တည်းပါ။
ဒီအတန်းက ဆရာက စောစောရောက်လာတော့ မိန်းကလေးလည်း ဆက်မပြောတော့ပေ။
ကျိုးအန်းရန် ပြန်လှည့်လာပြီး ဖုန်းပြန်ဖွင့်လိုက်သည်။ သူ့ Profile ပုံလေးကို ခဏလောက် စိုက်ကြည့်နေပြီးမှ စိတ်ထဲမှာ သက်ပြင်းချလိုက်ကာ ပြန်ထွက်လိုက်သည်။
မတွေးနဲ့လို့ ပြောထားသားပဲ။
သူမ မနေနိုင် ဖြစ်နေပြန်ပြီ။
ချန်လော့ပိုင်ပဲဟာ။
သူက သူမလို "သာမန်အတန်းဖော်မလေး" ရဲ့ စကားတစ်ခွန်းကြောင့် ဘယ်လိုလုပ် စိတ်မပျော်မရွှင် ဖြစ်ရမှာလဲ။
.....
နောက်ပိုင်းရက်တွေမှာ အတန်းချိန်တွေ များလာသလို၊ အိမ်စာတွေလည်း များလာသည်။ ကျိုးအန်းရန်နဲ့ ယွီရှင်းယွဲ့တို့ စာကြည့်တိုက်မှာ ရက်အတော်ကြာ အောင်းလိုက်ရပြီး၊ ကြာသပတေးနေ့ကျမှ အိမ်စာတွေ စောစောပြီးသွားသည်။
ဒီနေ့ညနေ သူမ အဆောင်ကို စောစောပြန်လာခဲ့သည်။
စောစောဆိုပေမယ့် အဆောင်ရောက်တော့ ၉ နာရီခွဲ ကျော်နေပြီ။
ပိုင်လင်းယွင်က ကျောင်းသားသမဂ္ဂကိစ္စနဲ့ အပြင်ရောက်နေပြီး၊ ရှဲ့ကျင့်ယွီ တစ်ယောက်တည်း အခန်းထဲမှာ အိမ်စာလုပ်နေသည်။
ကျိုးအန်းရန် မနှောင့်ယှက်တော့ဘဲ ကိုယ့်နေရာမှာ ဝင်ထိုင်လိုက်သည်။ လက်မောင်းကို စားပွဲပေါ်တင်ပြီး ပျင်းရိစွာ WeChat ဖွင့်လိုက်သည်။
လက်ချောင်းလေးက မသိစိတ်ဖြင့် အောက်သို့ ပွတ်ဆွဲလိုက်ပြီး၊ ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ ချန်လော့ပိုင် Chat box ပေါ်တွင် ရပ်တန့်သွားသည်။
သူနဲ့ စကားပြောထားတာ ပြီးခဲ့တဲ့ စနေနေ့ညက "အင်း... နင်လည်း အတူတူပဲ" ဆိုတာလေးမှာ ရပ်တန့်နေသည်။ နောက်ပိုင်း ဘာမက်ဆေ့ခ်ျမှ မရှိတော့ပေ။
ကျိုးအန်းရန် Chat box ကို ကြည့်ရင်း ငေးမောနေမိသည်။
ဖုန်းမြည်လာမှ သတိပြန်ဝင်လာသည်။
ယွီပင်းချင် ဆက်လာတာ ဖြစ်သည်။
ကျိုးအန်းရန် ရှဲ့ကျင့်ယွီ အိမ်စာလုပ်နေတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဝရန်တာထွက်ပြီး ကိုင်လိုက်သည်။
ယွီပင်းချင်အသံက သာယာနေဆဲပင်။
"မနက်ဖြန်ညကျရင် ငါတို့ အပြင်ထွက်ပြီး လေ့ကျင့်ကြမယ်၊ နင် လာနားထောင်မလား"
ကျိုးအန်းရန် ပြီးခဲ့တဲ့တစ်ခေါက် KTV တုန်းက သူမသီချင်းဆိုတာ နားမထောင်လိုက်ရလို့ နှမြောနေတာ။ ကြားလိုက်တာနဲ့ လက်ခံလိုက်သည်။
"ကောင်းပြီ"
"အိုကေ" ယွီပင်းချင်က ပြောသည်။ "သီချင်းတိုက်ပြီးလို့ အားရင် နင့်ကို ဂစ်တာသင်ပေးမယ်"
ကျိုးအန်းရန် အရင်တစ်ခေါက် သူမ ပြောဖူးတာ ပြန်သတိရသွားသည်။
အဲဒီတုန်းက သူမ ပြောတာက "နောက်တစ်ယောက်လည်း မတီးတတ်ဘူး၊ နောက်မှ အားရင် အတူတူ သင်ပေးမယ်" တဲ့။
"မေးစရာ မရှိရင်..." ယွီပင်းချင် အသံ ထပ်ထွက်လာသည်။ "...ဖုန်းချလိုက်တော့မယ်"
ကျိုးအန်းရန် ဘာမှ စဉ်းစားမနေတော့ဘဲ လှမ်းတားလိုက်သည်။
"စီနီယာအစ်မ"
ယွီပင်းချင် - "ဟင်"
"ဟိုလေ..." ကျိုးအန်းရန် အသက်ရှူညှိလိုက်ပြီး လေသံသဘာဝကျအောင် ကြိုးစားလိုက်သည်။ "မနက်ဖြန် အစ်မက ညီမတစ်ယောက်တည်းကိုပဲ သင်ပေးမှာလား၊ အစ်မအတွက် အလုပ်ရှုပ်သွားမလားလို့ပါ"
ယွီပင်းချင်က ရှားရှားပါးပါး စကားရှည်ရှည် ပြောလိုက်သည်။
"မရှုပ်ပါဘူး၊ ချန်လော့ပိုင်ကို မနေ့က ပြောထားတယ်၊ သူက မလာဘူးလို့ ပြောသလိုပဲ၊ ငါ သေချာ မကြားလိုက်ရဘူး။ နင် သူ့ကို ကူမေးပေးပါလား။ သူလာမယ်ဆိုရင် တစ်ခါတည်း သင်ပေးလို့ ရတာပေါ့"
ယွီပင်းချင် ဖုန်းချသွားပြီးနောက် ဖုန်းမျက်နှာပြင်က သူ့ Chat box ဆီ ပြန်ရောက်သွားသည်။
ကျိုးအန်းရန် ဝရန်တာလက်ရန်းကို မှီပြီး ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ ဒီတစ်ခါတော့ အကြောင်းပြချက် ခိုင်လုံသွားပြီမို့ စာရိုက်လိုက်သည်။
[စီနီယာအစ်မယွီက ပြောတယ်၊ မနက်ဖြန်ည သူတို့ အပြင်ထွက်ပြီး လေ့ကျင့်ကြမယ်တဲ့]
ဘယ်လိုမေးရမလဲ စဉ်းစားနေတုန်း မျက်နှာချင်းဆိုင်အခန်းက တစ်ယောက်ယောက် အော်ဟစ်လိုက်သံ ကြားလိုက်ရပြီး ကျိုးအန်းရန် လက်ချော်ကာ Send နှိပ်လိုက်မိသည်။
တစ်စက္ကန့်အကြာတွင်...
ဖုန်း တုန်ခါသွားသည်။
C - [သိတယ်၊ သူ ငါ့ကို ပြောပြီးပြီ]
C - [နင် သွားမှာလား]
ကျိုးအန်းရန် - [သွားလောက်တယ်]
ကျိုးအန်းရန် - [စီနီယာအစ်မက နင် မလာဘူးလို့ ပြောတယ်၊ ဟုတ်လား]
C - [ငါ မနေ့က မသေချာသေးဘူးလို့ သူ့ကို ပြောလိုက်တာ]
ကျိုးအန်းရန် - [ဒါဆို အခု သေချာပြီလား]
C - [အခု သေချာပြီ]
ကျိုးအန်းရန် - "......"
ဘာသေချာလဲဆိုတာလည်း မပြောဘူး။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး ဆက်မေးလိုက်သည်။
[သေချာပြီဆိုတာ သွားမှာလား၊ မသွားဘူးလား]
ဖုန်း ဆက်တိုက် တုန်ခါနေသည်။
သူ အသံဖိုင်တစ်စောင် ပို့လာသည်။
တိုတိုလေး တစ်စောင်။
ကြည့်ရတာ "သွားမယ်" သို့မဟုတ် "မသွားဘူး" လို့ အေးစက်စက် ပြန်ပြောလိုက်တာ နေမှာပါ။
ကျိုးအန်းရန် ဖုန်းကို နားနားကပ်လိုက်ပြီး အသံဖိုင်ကို နှိပ်လိုက်ရာ သူ့အသံ နိမ့်နိမ့်လေး နားထဲ ရောက်လာသည်။
"ကျိုးအန်းရန်"
"သွားမယ်"၊ "မသွားဘူး" မဟုတ်ပါဘူး။
သူမ နာမည်ကို ခေါ်လိုက်တာပါ။
နားနားကပ်ပြီး နားထောင်လိုက်ရတော့ သူက နားနားကပ်ပြီး ခေါ်လိုက်သလို ခံစားရပြီး ကျိုးအန်းရန် နားရွက်ကနေ နှလုံးသားထိ ထုံကျင်သွားသည်။
သူ့ရဲ့ နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ဖြည်းဖြည်းချင်း ဝင်လာသည်။
နောက်ထပ် အသံဖိုင်တိုလေး တစ်ခုပါပဲ။
ကျိုးအန်းရန် နားရွက်ကို အုပ်လိုက်သည်။ ဖုန်းကို နားကနေ မခွာရက်သေးဘူး။ ဒုတိယစာကြောင်းကလည်း နားနားကပ်ပြီး ထွက်ပေါ်လာသည်။ ရယ်သံ ပါနေသည်။
"မနက်ဖြန်ည တွေ့မယ်"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၃၉ ။ ဆိုဒါ : ချန်လော့ပိုင်ရဲ့ အတန်းဖော်မလေး
ကျိုးအန်းရန် ဝရန်တာမှ အခန်းထဲ ပြန်ဝင်လာသောအခါ ပိုင်လင်းယွင်ကလည်း အပြင်မှ ပြန်ဝင်လာသည်ကို ကြုံလိုက်ရသည်။ သူမမျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေသည်။
"သူငယ်ချင်းတို့ရေ... ငါ ပြောစရာ ရှိတယ်"
"ဘာကိစ္စလဲ၊ စိတ်တွေ ကြည်နူးနေပါလား" ရှဲ့ကျင့်ယွီ လှည့်ကြည့်လိုက်သည်။ "ကောင်းတာ တစ်ခုခု ကြုံခဲ့လို့လား။ နေပါဦး... ရန်ရန် နင်ကရော ဘာလို့ ပျော်နေတာလဲ"
ကျိုးအန်းရန် ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားသည်။
"......အိမ်စာတွေ ပြီးသွားလို့ နေမှာပေါ့"
ရှဲ့ကျင့်ယွီ - "......"
"ငါ နင့်ကို မမေးခဲ့သင့်ဘူး"
သူမ ပိုင်လင်းယွင်ဘက် ပြန်လှည့်လိုက်သည်။
"နင်ကရော... အိမ်စာပြီးသွားလို့ ပျော်နေတယ်လို့ မပြောနဲ့နော်"
ပိုင်လင်းယွင် ခေါင်းခါလိုက်သည်။ မျက်နှာတွင် သွေးရောင်လွှမ်းနေသည်။
"မဟုတ်ပါဘူး၊ ငါနဲ့ ရှဲ့ကျစ်ဟန် တွဲနေကြပြီ"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဂုဏ်ယူပါတယ်"
ရှဲ့ကျင့်ယွီက ကုလားထိုင်ကို လှည့်လိုက်ပြီး ခွထိုင်လိုက်သည်။
"ဝါး... စီနီယာအစ်ကိုရှဲ့က ငါတို့အခန်းရဲ့ အချောအလှလေးတစ်ယောက်ကို ခိုးယူသွားပြီပဲ။ ဒါဆို ဒကာမခံရင် ဘယ်ဖြစ်မလဲ"
"အဲဒီကိစ္စ ပြောမလို့" ပိုင်လင်းယွင်က ဆက်ပြောသည်။ "သူက စနေနေ့ညနေကျရင် နင်တို့ကို ထမင်းလိုက်ကျွေးချင်တယ်တဲ့။ ဒါပေမဲ့ သူတို့အခန်းက ယောက်ျားလေးတွေကိုပါ ခေါ်လာချင်တယ်တဲ့။ နင်တို့ အဆင်ပြေရဲ့လား"
ရှဲ့ကျင့်ယွီ - "ပြေပါတယ်၊ မဟုတ်ရင် သူတစ်ယောက်တည်း ငါတို့မိန်းကလေး ၄ ယောက်နဲ့ ထမင်းစားရတာ နေရခက်နေမှာ"
ပိုင်လင်းယွင်က ကျိုးအန်းရန် လူမှုဆက်ဆံရေး သိပ်မကြိုက်မှန်းသိလို့ သီးသန့်မေးလိုက်သည်။
"ရန်ရန် နင်ကော... သူစိမ်းတွေအများကြီးနဲ့ စားရတာ အဆင်မပြေရင် ငါတို့ကို သီးသန့်ကျွေးခိုင်းလိုက်မယ်လေ"
"ရပါတယ်" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "နင်တို့ စီစဉ်သလိုပဲလုပ်ပါ"
"ရှင်းယွဲ့ကော" ပိုင်လင်းယွင် မေးလိုက်သည်။ "နင်နဲ့အတူ ပြန်မလာဘူးလား"
ကျိုးအန်းရန် - "သူက စာကြည့်တိုက်ပိတ်မှ ပြန်လာမယ်တဲ့၊ မကြာခင် ပြန်ရောက်တော့မှာပါ"
"ကောင်းပြီ" ပိုင်လင်းယွင်က ပြောသည်။ "ဒါဆို ခဏနေ သူပြန်ရောက်မှ မေးကြည့်ပြီး ဆုံးဖြတ်လိုက်မယ်"
ရှဲ့ကျင့်ယွီက အတင်းအဖျင်းစိတ်ဝင်လာပြီး အိမ်စာတောင် ပစ်ထားလိုက်သည်။
"ဒါနဲ့ နင်နဲ့ စီနီယာအစ်ကိုရှဲ့ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဇာတ်လမ်းစသွားတာလဲ ပြောပြပါဦး။ ဘယ်သူက အရင်ဖွင့်ပြောတာလဲ"
ပိုင်လင်းယွင် မျက်နှာရဲနေဆဲဖြစ်သည်။ ရှားရှားပါးပါး ရှက်နေသည်။
"ဒီည သူ ငါ့ကို ရုတ်တရက် ဖွင့်ပြောလာတယ်၊ ပြီးတော့ နမ်းတောင် နမ်းလိုက်သေးတယ်"
ရှဲ့ကျင့်ယွီက ကုလားထိုင်အမှီပေါ် မေးတင်လိုက်ပြီး "ဝါး" ခနဲ အာမေဋိတ် ပြုလိုက်သည်။
"French kissလား"
ပိုင်လင်းယွင် - "......"
သူမ ရှဲ့ကျင့်ယွီ ပါးကို ပြေးဆွဲလိုက်သည်။
"နင့်ခေါင်းထဲမှာ ဘာတွေ လျှောက်တွေးနေတာလဲ"
.....
နောက်တစ်နေ့ ညနေပိုင်း နောက်ဆုံးအတန်းပြီးသောအခါ ကျိုးအန်းရန်နှင့် အခန်းဖော်များသည် ကန်တင်းတွင် ညစာသွားစားကြသည်။
ညစာစားပြီးနောက် ပိုင်လင်းယွင်က ရှဲ့ကျစ်ဟန်နှင့် ချိန်းတွေ့ရန် ထွက်သွားသည်။ ရှဲ့ကျင့်ယွီက အစည်းအဝေးသွားတက်သည်။ ယွီရှင်းယွဲ့က စာကြည့်တိုက်သို့ သွားသည်။ ကျိုးအန်းရန်က အဆောင်ပြန်စရာရှိလို့ လေးယောက်သား ကန်တင်းရှေ့တွင် လမ်းခွဲလိုက်ကြသည်။
ယွီပင်းချင်တို့ လေ့ကျင့်မည့်နေရာက ကျောင်းပြင်ပတွင်ဖြစ်သည်။
ကျိုးအန်းရန် ကျောင်းဝင်းအတွင်းရှိ သစ်ပင်ရိပ်လမ်းအတိုင်း လျှောက်လာရင်း မနေ့ညက ချန်လော့ပိုင်က "မနက်ဖြန်ည တွေ့မယ်" လို့ပဲ ပြောခဲ့တာကို သတိရသွားသည်။ ဒီနေ့ အတူသွားမယ်လို့ မပြောခဲ့ဘူး။ အဲဒီတုန်းက သူ့စကားကြောင့် စိတ်လှုပ်ရှားပြီး မေးဖို့ မေ့သွားခဲ့တာ။
အခု မေးလိုက်ရင် ကောင်းမလား။
ဒါပေမဲ့ သူက သီးသန့်မပြောခဲ့ရင် သူမနဲ့ အတူသွားဖို့ အစီအစဉ် မရှိတာများလား။
ကျိုးအန်းရန် ဝေခွဲမရ ဖြစ်နေသည်။ ခေါင်းငုံ့ပြီး လျှောက်လာစဉ် ရှေ့မှ ဘောလုံးဝတ်စုံဝတ် ကောင်လေးနှစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သေချာမကြည့်ဘဲ လမ်းဖယ်ပေးရန် ဘယ်ဘက်သို့ အနည်းငယ် တိုးလိုက်သည်။
သို့သော် ဘယ်ဘက်မှ အနက်ရောင် ဘောလုံးဝတ်စုံဝတ်ထားသူကလည်း ဘယ်ဘက်သို့ တိုးလိုက်သဖြင့် သူမနှင့် ပိတ်မိသွားသည်။
ကျိုးအန်းရန်က တစ်ဖက်လူလည်း လမ်းဖယ်ပေးချင်လို့ ဖြစ်မယ်ထင်ပြီး ခေါင်းမမော့ဘဲ ဘယ်ဘက်သို့ ထပ်တိုးလိုက်သည်။
တစ်ဖက်လူကလည်း ဘယ်ဘက်သို့ ထပ်တိုးလာပြီး သူမရှေ့ ပိတ်ရပ်လိုက်ပြန်သည်။
တမင်သက်သက် လုပ်နေသလိုပဲ။
ကျိုးအန်းရန် သတိဝင်လာပြီး သေချာကြည့်လိုက်သည်။ လက်တစ်ဖက်ဖြင့် ဘတ်စကက်ဘောကို ကိုင်ထားသည်ကို အရင်တွေ့လိုက်ရသည်။ လက်ချောင်းများက သွယ်လျပြီး အသားအရေက ဖြူဝင်းနေသည်။ လက်ဖမိုးပေါ်တွင် သွေးကြောစိမ်းလေးများ ယှက်သန်းနေပြီး ဟော်မုန်းဓာတ်နှင့် ခွန်အားကို ပြသနေသည်။ လက်မောင်းပေါ်မှ ချွေးစက်လေးများ စီးကျလာပြီး လက်ကောက်ဝတ်ရိုးပေါ်မှ အညိုရောင် မှဲ့နက်ကလေးပေါ် ကျရောက်သွားသည်။
သူမ ရုတ်တရက် မော့ကြည့်လိုက်သည်။
ချန်လော့ပိုင်က သူမရှေ့တွင် ရပ်နေသည်။ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်နေပြီး မျက်ဝန်းနက်နက်များထဲတွင် အပြုံးများ ပြည့်နှက်နေသည်။ သူမ မော့ကြည့်လာသည်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်သည်။
"ဘာတွေ တွေးနေတာလဲ၊ ဒီလောက် အာရုံစိုက်နေတာ"
ဒါက...
သူတို့ ကျောင်းထဲမှာ ပထမဆုံးအကြိမ် မတော်တဆ ဆုံတွေ့ဖူးတာပဲ။
သူ့လေသံထဲတွင် ရင်းနှီးကျွမ်းဝင်စွာ စနောက်လိုစိတ်များ ပါဝင်နေသောကြောင့်လား၊ သို့မဟုတ် စောစောက သူမ သူ့အကြောင်း တွေးနေမိသောကြောင့်လား မသိ၊ ကျိုးအန်းရန် နားရွက်များ ပူထူလာသည်။
တော်သေးသည်မှာ ဒီနေ့ ဆံပင်ဖြန့်ချထားခြင်း ဖြစ်သည်။
ကျိုးအန်းရန် အမြန်ခေါင်းခါလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ပုစ္ဆာတစ်ပုဒ် စဉ်းစားနေလို့"
သူမ လိပ်ပြာမလုံဖြစ်နေသဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
"နင် ဘောလုံးကစားလို့ ရပြီလား"
ချန်လော့ပိုင် "အင်း" ဟု တိုးတိုးလေး ဖြေလိုက်သည်။
ရှေ့မှကောင်လေး၏ ဆံပင်များ စိုစွတ်နေသည်။ နဖူးနှင့် လည်ပင်းတွင် ချွေးများ ရွှဲနေပြီး ဘောလုံးဝတ်စုံ လည်ပင်းအနားကွပ် အဖြူရောင်လေးမှာလည်း ချွေးစိုနေသဖြင့် အရောင်ရင့်သွားသည်။ ဟော်မုန်းဓာတ်နှင့် လူငယ်ဆန်မှုတို့ ပေါင်းစပ်ထားသော ဆွဲဆောင်မှုက အလွန်ပြင်းထန်လှသည်။
ကျိုးအန်းရန်၏မျက်နှာလည်း ပူလာသလို ခံစားလိုက်ရသည်။
ဒီနေ့ အပူချိန် သိပ်မမြင့်ပါဘူး။ သူက လက်ပြတ်နဲ့ဘောင်းဘီတို ဝတ်ထားတာ မြင်တော့ သူမ မျက်နှာရဲနေတာကို သူ မြင်သွားမှာ စိုးရိမ်မိသည်။ ကျိုးအန်းရန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အပူချိန် ကျနေပြီ၊ အဝတ်အစား မြန်မြန်သွားလဲလိုက်ဦး၊ ငါ အဆောင်ပြန်တော့မယ်"
ပြောပြီးသည်နှင့် ဘယ်ဘက်သို့ တိုးပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ထပ်မံ ပိတ်ဆို့ခံလိုက်ရသည်။
အကွာအဝေးက ပိုနီးကပ်သွားသလို ခံစားရပြီး သူ့ကိုယ်ပေါ်မှ အပူငွေ့များကိုပင် ခံစားနေရသည်။
"ဘာလောနေတာလဲ" ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်နေဆဲဖြစ်ပြီး သူမ၏ ရဲနေသော ပါးပြင်ပေါ်တွင် အကြည့်တစ်ချက် ရပ်တန့်သွားသည်။ စိတ်အခြေအနေ ကောင်းမွန်နေပုံရသည်။ "နင့်ကို လာရှာတာ"
ကျိုးအန်းရန် ကြောင်သွားပြီး မော့ကြည့်လိုက်သည်။
"ငါ့ကို ရှာတာလား"
ချန်လော့ပိုင် လက်ထဲမှ ဘောလုံးကို လှည့်လိုက်သည်။
"ဌာနက ဆရာတစ်ယောက် ကိစ္စရှိလို့ ခေါ်ထားတယ်၊ ရေချိုးပြီးရင် သွားတွေ့ရဦးမယ်"
ကျိုးအန်းရန် ရင်ထဲ တစ်နေရာ ဟာသွားသလို ခံစားလိုက်ရသည်။
"အဲဒါဆို နင် ဒီည လေ့ကျင့်တာ လာကြည့်ဦးမလား"
ချန်လော့ပိုင် သူမကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မီရင် လာခဲ့မယ်၊ နင် အရင်သွားနှင့်မလား၊ ငါ့ကို စောင့်မလား"
"အဲဒါ..." ကျိုးအန်းရန် တွန့်ဆုတ်နေသည်။
သူ့ကို စောင့်ရင်၊ သူ တကယ် အလုပ်ရှုပ်ပြီး အချိန်မမီတော့ဘူးဆိုရင် သူမ ဒီည စီနီယာအစ်မ သီချင်းဆိုတာလည်း နားထောင်ရမှာ မဟုတ်သလို၊ သူ့ကိုလည်း တွေ့ရမှာ မဟုတ်ဘူး။
မစောင့်ဘူးဆိုရင်တော့ နှစ်မျိုးစလုံး ဖြစ်နိုင်ချေရှိတယ်။
ကြားထဲမှာ သူ့ကို စာပို့ပြီး အခြေအနေ မေးကြည့်လို့ ရသေးတယ်။
ပြီးတော့ သူ့ကို စောင့်မယ်လို့ ပြောလိုက်ရင် တစ်ခုခုများ ပေါ်သွားမလား။
ကျိုးအန်းရန် - "ငါ အရင်သွားနှင့်လိုက်မယ်လေ"
ပြောပြီးတာနဲ့ ရှေ့ကကောင်လေးရဲ့ အပြုံး ဖျော့တော့သွားသလို၊ မျက်လုံးတွေ မှေးစင်းသွားသလို ခံစားလိုက်ရသည်။
"နင် အရင်သွားနှင့်မယ် ဟုတ်လား"
ကျိုးအန်းရန် - "......"
ဘာလို့ မပျော်မရွှင် ဖြစ်သွားသလို ခံစားရတာလဲ။
သူမ ဆက်မစဉ်းစားရသေးခင်မှာပင် ဘေးနားတွင် ဘာမှဝင်မပြောဘဲ ရပ်နေသော အဖြူရောင်ဘောလုံးဝတ်စုံနှင့် ကောင်လေးက ရုတ်တရက် တိုးကပ်လာသည်။ ရုပ်ရည်က တနင်္လာနေ့တုန်းက သူတို့အခန်းကို စာလာနားထောင်တဲ့ ကောင်လေးနဲ့ တူတယ်။ သူက ချန်လော့ပိုင် ပခုံးကို ဖက်လိုက်ပြီး ပြုံးစိစိဖြင့် ပြောသည်။
"သွားကြစို့... ငါ အကုန်ကြားတယ်နော်၊ ကောင်မလေးက မင်းကို မစောင့်ဘူးတဲ့"
ကျိုးအန်းရန် - "......"
သူမ လူတစ်ယောက်ရှိနေသေးတာ မေ့လုနီးပါး ဖြစ်သွားသည်။
ဒါပေမဲ့... သူမက အဲဒီလို မပြောလိုက်ပါဘူးနော်။
ချန်လော့ပိုင် သူ့လက်ကို ဖယ်ချလိုက်သည်။
"လက်မှာ ဖုန်တွေနဲ့... ငါ့နားက ဝေးဝေးနေစမ်းပါ"
ကောင်လေးက စိတ်မဆိုးဘဲ ကျိုးအန်းရန်ကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"ချန်လော့ပိုင်ရဲ့ အတန်းဖော်မလေး မင်္ဂလာပါ၊ ငါ့နာမည်က ယွမ်စုန်းပါ"
ကျိုးအန်းရန် သူ့ပါးစပ်ကနေ "အတန်းဖော်မလေး" ဆိုတဲ့ အသုံးအနှုန်းကို ဒုတိယအကြိမ် ကြားရခြင်း ဖြစ်သည်။ ဒါပေမဲ့ ဒီတစ်ခါတော့ ရှေ့မှာ နာမဝိသေသနပါလာလို့ ပိုပြီး သံယောဇဉ်ပါသလို ဖြစ်နေသည်။
သူမ အသေးစိတ်အချက်အလက်လေးတွေကို လျစ်လျူရှုလိုက်ပြီး ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"မင်္ဂလာပါ"
ချန်လော့ပိုင် မျက်နှာထား တင်းမာသွားသည်။
"သူ့ကို ဂရုစိုက်မနေနဲ့၊ နင့်ဘာသာ သွားတော့မယ်ဆို"
ကျိုးအန်းရန် သူ နည်းနည်း စိတ်ဆိုးသွားသလို ခံစားလိုက်ရပေမယ့်၊ ကိုယ့်ဘာသာ အထင်လွဲတာ ဖြစ်မှာပါလို့ တွေးလိုက်ပြီး စကားမပြင်တော့ဘဲ ခေါင်းညိတ်လိုက်သည်။
"အင်း"
လေထု တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။
"ကောင်းပြီလေ" ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။ "ငါ အမြန်ဆုံး လိုက်လာခဲ့မယ်"
ဒါဆို ဒီည ထပ်တွေ့ရနိုင်ခြေ ရှိသေးတယ်ပေါ့။
ကျိုးအန်းရန် ပြန်ပျော်ရွှင်သွားသည်။ အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါဆို ငါ အဆောင် အရင်ပြန်လိုက်ဦးမယ်"
သူ့အဆောင်က သူမအဆောင်နဲ့ နည်းနည်း လှမ်းတယ်။
ကျိုးအန်းရန် ရှေ့ဆက်လျှောက်သွားပြီး၊ သူကလည်း သူမနှင့် ဆန့်ကျင်ဘက်သို့ ဆက်လျှောက်သွားသည်။
လူချင်းကွဲသွားပြီး မကြာမီ အနောက်မှ ယွမ်စုန်း အော်လိုက်သံ ကြားလိုက်ရသည်။
"သောက်ကျိုးနည်း... ချန်လော့ပိုင် မင်း..."
တစ်စုံတစ်ယောက်က ပါးစပ်လှမ်းပိတ်လိုက်သလိုမျိုး နောက်ဆက်တွဲ စကားလုံးတွေက ဗလုံးဗထွေး ဖြစ်သွားသည်။
ကျိုးအန်းရန် မနေနိုင်ဘဲ လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင်က ယွမ်စုန်းကို လွှတ်ပေးလိုက်ပြီဖြစ်သည်။ လက်တစ်ဖက်ကို ဘောင်းဘီဘေးတွင် ချထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဘတ်စကက်ဘောကို ကိုင်ထားသည်။ လက်ပေါ်တွင် သွေးကြောစိမ်းများ ထင်ရှားနေဆဲ။
ကျိုးအန်းရန် ဆက်မကြည့်ရဲဘဲ ပြန်လှည့်လိုက်သည်။
ယွမ်စုန်းအသံ အနောက်မှ ထွက်ပေါ်လာသည်။
"မင်းက ဘောလုံးကစားထားလို့ လက်မှာ ဖုန်တွေပေနေတာကို ငါ့ပါးစပ် လာပိတ်ရတယ်လို့"
"ဒါ မင်းဘာသာ ရှာတဲ့ပြဿနာ မဟုတ်ဘူးလား"
ပျင်းရိရိနှင့် ရယ်မောသံပါသော လေသံ။ သူများကို စနောက်ပြီးမှ ပြန်ပျော်ရွှင်သွားသလိုမျိုး။
ကျိုးအန်းရန် ဖြည်းဖြည်းချင်း ဆက်လျှောက်သွားသည်။ အကွာအဝေး ဝေးလာသည်နှင့်အမျှ စကားပြောသံများ တဖြည်းဖြည်း တိုးသွားသည်။
.....
ယွီပင်းချင် လေ့ကျင့်သည့်နေရာမှာ ကျောင်းပြင်ပရှိ Live House အလွတ်တစ်ခုတွင် ဖြစ်သည်။
ဒီ Live House ကို သူမရဲ့ သူဌေးသား သူငယ်ချင်းတစ်ယောက်က ဖွင့်ထားတာ။ ဖွင့်ပြီး လပိုင်းလောက်ကြာတော့ ပျင်းသွားပြီး ဆိုင်ပိတ်လိုက်တာ။ ဘာဆက်လုပ်ရမလဲ မစဉ်းစားရသေးလို့ ဆိုင်ခန်းလွတ် ဖြစ်နေတာပင်။
ယွီပင်းချင်တို့ တီးဝိုင်းက Rock သီချင်းတွေ တီးတာဆိုတော့ ကျောင်းထဲမှာ လေ့ကျင့်ရင် တခြားကျောင်းသားတွေ စာလုပ်တာ နှောင့်ယှက်မိမှာစိုးလို့ ဒီမှာပဲ လာလေ့ကျင့်ကြတာ။ မီးအလင်းရောင်၊ စင်မြင့် အကုန်ရှိသလို အသံလုံစနစ်လည်း ကောင်းတော့ သူတို့တီးဝိုင်းရဲ့ ဌာနချုပ်သဘောမျိုး ဖြစ်နေပြီ။
ကျိုးအန်းရန် ဒီအကြောင်းတွေ သိရတာက ပြီးခဲ့တဲ့တစ်ခေါက် KTV မှာ ဆီးသီးပေးခဲ့တဲ့ စီနီယာအစ်မ လာကြည့်လို့ သိရတာ။
ဒါပေမဲ့ အဲဒီအစ်မက ကြာကြာမနေလိုက်ရဘူး။ ရည်းစားဖုန်းဆက်လို့ ကျောင်းပြန်သွားရတယ်။
ကျိုးအန်းရန် တစ်ယောက်တည်း စင်မြင့်ရှေ့က ခုံမှာထိုင်ပြီး ယွီပင်းချင်တို့ လေ့ကျင့်နေတာကို ကြည့်နေလိုက်သည်။
ယွီပင်းချင်က တီးဝိုင်းရဲ့ အဆိုတော်နဲ့ ဂစ်တာသမား ဖြစ်သည်။ တီးဝိုင်းမှာ စုစုပေါင်း ၅ ယောက် ရှိသည်။ ဒရမ်သမား၊ ကီးဘုတ်သမား၊ ဘေ့စ်သမားနဲ့ ဂစ်တာသမား နောက်တစ်ယောက် ရှိသေးသည်။
ကျောင်းမှာ နောက်ထပ် နှစ်လအတွင်း ပွဲကြီးနှစ်ပွဲရှိသေးလို့ သူတို့က သီချင်းနှစ်ပုဒ် လေ့ကျင့်နေကြတာ။
တစ်ပုဒ်က Bon Jovi ရဲ့ "You Give Love A Bad Name"။
နောက်တစ်ပုဒ်က John Lennon ရဲ့ "Imagine"။
ယွီပင်းချင်က ဒီနေ့ သားရေအင်္ကျီအနက်ရောင် ဝတ်ထားသည်။ စင်ပေါ်မှာ တစ်ချက်မှ မပြုံးဘဲ သီချင်းဆိုနေတာ အရမ်းမိုက်တယ်။ သီချင်းဆိုတဲ့အသံက စကားပြောတာထက် ပိုဆွဲဆောင်မှု ရှိတယ်။
သီချင်းနှစ်ပုဒ်ကို ထပ်ခါထပ်ခါ လေ့ကျင့်နေပေမယ့် ကျိုးအန်းရန် ပျင်းတယ်လို့ မခံစားရဘူး။
ချန်လော့ပိုင် ရောက်လာတော့ မိန်းကလေးက စင်မြင့်ရှေ့က ခုံမှာ တစ်ယောက်တည်း ထိုင်နေတာ တွေ့လိုက်ရတယ်။ သူမ ထိုင်ပုံထိုင်နည်းက အမြဲတမ်း စည်းကမ်းကျနတယ်။ ကျောမတ်မတ်ထားပြီး ခြေထောက်ချိတ်ထိုင်တာမျိုး မရှိဘူး။ လက်နှစ်ဖက်ကို ပေါင်ဘေးမှာ ချထားပြီး အရမ်း လိမ္မာတဲ့ပုံ ပေါက်နေတယ်။
စင်ပေါ်မှာက သီချင်းအေးအေးလေး လေ့ကျင့်နေချိန် ဖြစ်သည်။ သူ အပြင်ကဝင်လာတာ အသံနည်းနည်း ထွက်သွားပေမယ့် သူမ သတိမထားမိလိုက်ဘူး။
ချန်လော့ပိုင် ရှေ့နည်းနည်းတိုးသွားပြီး သူမရဲ့ ဘေးစောင်း အနောက်ဘက် နံရံကို မှီရပ်လိုက်သည်။
မိန်းကလေးက စင်မြင့်ကိုပဲ စိုက်ကြည့်နေပြီး စိတ်မလွင့်ဘူး။
သီချင်းတစ်ပုဒ် ပြီးသွားသည်။
နှစ်ပုဒ် ပြီးသွားသည်။
ချန်လော့ပိုင် ပြုံးလိုက်ပြီး ခုံတန်းဘက် လျှောက်သွားကာ သူမဘေးနားက ခုံကို ဆွဲထုတ်လိုက်သည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ အခန်းထဲမှာ အလင်းရောင်မှိန်နေလို့ သူမမျက်လုံးတွေ အရောင်တောက်သွားသလို ထင်ရသည်။
"ရောက်လာပြီလား"
ချန်လော့ပိုင်က သူမပါးပြင်ပေါ်က ပေါ်တစ်ချက် ပျောက်တစ်ချက် ဖြစ်နေတဲ့ ပါးချိုင့်လေးပေါ် အကြည့်တစ်ချက် ရပ်တန့်လိုက်ပြီး "အင်း" ဟု ဖြေကာ ဘေးမှာ ဝင်ထိုင်လိုက်သည်။
ကျိုးအန်းရန်က ညနေက အဖြစ်အပျက်ကို သတိရသွားပြီး နားရွက်တွေ ပူထူလာပြန်သည်။ ဘာပြောရမှန်း မသိတာနဲ့ စင်ပေါ် ပြန်လှည့်ကြည့်ပြီး သီချင်းတိုက်တာ ဆက်ကြည့်နေလိုက်သည်။
ချန်လော့ပိုင်လည်း စကားမပြောဘူး။
ကျိုးအန်းရန် သီချင်းသံကို နားထောင်ရင်း ရင်ခုန်သံတွေ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
စင်ပေါ်ကလူတွေ နောက်ထပ် အကြိမ်အနည်းငယ် လေ့ကျင့်ကြသည်။ ယွီပင်းချင်က "Imagine" သီချင်းရဲ့ နောက်ဆုံးစာသား "You may say I'm a dreamer" ကို ဆိုလိုက်ချိန်...
ဘယ်သူ့ဖုန်းလဲ မသိဘူး၊ ရော့ခ်ဆန်ဆန် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
တကယ်တော့ နည်းနည်း အနှောင့်အယှက် ဖြစ်စရာပါ။
ဒါပေမဲ့ ဒီသီချင်းမှာ ဒရမ်မတီးဘဲ ယွီပင်းချင်နဲ့ တွဲဆိုပေးနေတဲ့ ဒရမ်သမားက ရုတ်တရက် ရယ်လိုက်ပြီး ဖုန်းမြည်သံနဲ့အညီ ဒရမ်ဝင်တီးလိုက်သည်။ စင်ပေါ်က ကျန်တဲ့ ၄ ယောက်ကလည်း နားလည်မှုရှိရှိနဲ့ ဖုန်းမြည်သံသီချင်းကို ပြောင်းတီးလိုက်ကြသည်။
တစ်ချိန်လုံး တည်နေတဲ့ ယွီပင်းချင်တောင် ရယ်မောလိုက်ပြီး မိုက်ကရိုဖုန်းရှေ့မှာ သီချင်းပြောင်းဆိုလိုက်သည်။ "This ain't a song for the broken-hearted..."
ဘယ်သူမှ မိတ်ဆက်မပေးလို့ ဘာသီချင်းလဲဆိုတာ ကျိုးအန်းရန် မသိပေမယ့်၊ ဒီခံစားချက်ထဲ စီးမျောပါသွားသလို ခံစားလိုက်ရသည်။
သူမ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်သွားပြီး စင်ပေါ်ကလူတွေကို အားကျသလို ကြည့်လိုက်မိသည်။
သူငယ်ချင်းတွေနဲ့အတူ ဂီတဖန်တီးရတာ ပျော်စရာ ကောင်းလိုက်တာ။
သီချင်းဆုံးသွားတော့မှ တီးဝိုင်းရဲ့ နောက်ထပ် ဂစ်တာသမားတစ်ယောက်ဖြစ်တဲ့ ချန်ယွီရဲ့ ဝမ်းကွဲအစ်ကို ရှုဟုန်လျန်က အိတ်ထဲက ဖုန်းသွားယူသည်။
"ဆောရီးပါ... ဆောရီးပါ... Silent လုပ်ဖို့ မေ့သွားလို့"
"မင်း ဘယ်တုန်းက ဖုန်းမြည်သံကို ဒီသီချင်း ပြန်ပြောင်းလိုက်တာလဲ" ဘေ့စ်သမားက မေးလိုက်သည်။
ရှုဟုန်လျန် - "မနေ့ကမှ ပြောင်းလိုက်တာ"
သူ ပြောရင်း ဖုန်းကိုင်လိုက်သည်။ ဖုန်းချပြီးနောက် တခြားလူတွေကို တိုးတိုးလေး တစ်ခုခု ပြောလိုက်ပုံရသည်။ အားလုံး ဂစ်တာတွေ၊ ဒရမ်တံတွေ ချလိုက်ကြသည်။
မကြာမီ စင်ပေါ်မှ ဆင်းလာကြသည်။
ယွီပင်းချင် သူမရှေ့ လျှောက်လာတာ ကျိုးအန်းရန် တွေ့လိုက်ရသည်။
သူမ ယဉ်ကျေးစွာ ခေါ်လိုက်သည်။
"စီနီယာအစ်မ"
ယွီပင်းချင်က သူမပါးကို ဆွဲလိုက်သည်။
"မပျင်းဘူးမလား"
"မပျင်းပါဘူး" ကျိုးအန်းရန် ခဏရပ်လိုက်သည်။ နည်းနည်း ရှက်ပေမယ့် ရင်ထဲကစကားကို ထုတ်ပြောလိုက်သည်။ "အစ်မ သီချင်းဆိုတာ အရမ်းကောင်းတယ်"
ယွီပင်းချင် ရှားရှားပါးပါး ပြုံးလိုက်ပြန်သည်။
"ငါတို့ ကိစ္စရှိလို့ အရင်ပြန်နှင့်မယ်၊ ဒီတစ်ခါတော့ နင့်ကို သင်ပေးဖို့ အချိန်မရတော့ဘူး"
ကျိုးအန်းရန် - "ရပါတယ်၊ အစ်မတို့ ကိစ္စရှိရင် သွားကြပါ"
ယွီပင်းချင်က ဆက်ပြောသည်။
"ပါဆယ်တစ်ခု လာပို့လိမ့်မယ်၊ နင်တို့နှစ်ယောက် ဒီမှာနေပြီး ကူယူပေးထားလို့ ရမလား"
ကျိုးအန်းရန်က လက်ခံမလို့ လုပ်ပေမယ့်၊ ယွီပင်းချင်က "နင်တို့နှစ်ယောက်" လို့ ပြောလိုက်တော့ ဘေးနားမှာ ဘာမှဝင်မပြောဘဲ ထိုင်နေတဲ့ ကောင်လေးကို လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင်ကလည်း သူမကို ကြည့်နေသည်။ မျက်နှာထားက ပေါ့ပါးနေပြီး သူမသဘောအတိုင်း လုပ်ဆိုတဲ့ ပုံစံမျိုး။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... ရပါတယ်"
ယွီပင်းချင်က အိတ်ကပ်ထဲက သော့တစ်ချောင်း ထုတ်ပြီး ချန်လော့ပိုင်ရင်ခွင်ထဲ ပစ်ထည့်လိုက်သည်။ ပြီးတော့ ကျိုးအန်းရန်ဘက် မေးငေါ့ပြလိုက်သည်။
"ပါဆယ်ယူပြီးရင် သူ့ကို အဆောင်ပြန်ရောက်အောင် ဘေးကင်းကင်း လိုက်ပို့ပေးလိုက်ဦး"
ချန်လော့ပိုင် သော့ကို ဖမ်းယူလိုက်သည်။ အသံကိုဆွဲပြီး ရယ်မောကာ ပြောလိုက်သည်။
"အစ်မ ပြောစရာ လိုသေးလို့လား"
ကျိုးအန်းရန် ရင်ထဲက တစ်နေရာရာကို ဒီစကားနဲ့ လှမ်းချိတ်လိုက်သလို ခံစားလိုက်ရသည်။
သူ့ဆိုလိုရင်းက...
ယွီပင်းချင် မမှာလည်း သူက သူမကို အဆောင်ပြန်လိုက်ပို့မှာပါဆိုတဲ့ သဘောလား။
.....
ယွီပင်းချင်တို့ ထွက်သွားပြီးနောက် စောစောက ဆူညံနေသော စင်မြင့်ကြီး တိတ်ဆိတ်သွားသည်။
ကျယ်ဝန်းတဲ့ Live House ထဲမှာ သူမနဲ့ သူမကြိုက်တဲ့ ကောင်လေး နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ကျိုးအန်းရန် သူနဲ့ နှစ်ယောက်တည်း ရှိနေရတာ နေရခက်နေတုန်းပဲ။ ဘာပြောရမှန်းလည်း မသိသေးဘူး။ သူမ ခေါင်းငုံ့ပြီး ကိုယ့်ခြေဖျားကိုယ် ကြည့်နေလိုက်သည်။
တစ်စက္ကန့်။
နှစ်စက္ကန့်။
ချန်လော့ပိုင် ပြောလိုက်တာ ကြားလိုက်ရသည်။
"နင် ခုနက ငါ့အစ်မကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ"
"ဘယ်လိုလဲ" ကျိုးအန်းရန် နားမလည်ဘဲ မော့ကြည့်လိုက်သည်။
ချန်လော့ပိုင်က မေးငေါ့ပြလိုက်သည်။
"ငါ နင့်ဘေးနား မထိုင်ခင် ဟိုမှာ ၁၀ မိနစ်လောက် ရပ်နေတာ"
"နင် အဲဒီမှာ ၁၀ မိနစ်လောက် ရပ်နေတာလား" ကျိုးအန်းရန် မျက်လုံးပြူးသွားသည်။ "ငါ မသိလိုက်ဘူး"
ဘာလို့ မခေါ်တာလဲလို့ မေးချင်ပေမယ့်၊ သူက လေ့ကျင့်တာ လာကြည့်တာဆိုရင် ခေါ်စရာ မလိုဘူးလေ။
"နင်က ငါ့အစ်မကိုပဲ စိုက်ကြည့်နေတာကိုး၊ ဘယ်သိပါ့မလဲ" ကောင်လေးက စကားခေတ္တရပ်လိုက်သည်။ မျက်လုံးကျဉ်းမြောင်းသွားသလို ခံစားရသည်။ "သူက အဲဒီလောက် ကြည့်ကောင်းနေလို့လား"
ကျိုးအန်းရန် သူ့လေသံ တစ်မျိုးဖြစ်နေသလို ခံစားရသည်။ မျက်တောင်ခတ်လိုက်သည်။
"စီနီယာအစ်မက ကြည့်ကောင်းတာပဲလေ၊ သီချင်းဆိုတာလည်း ကောင်းတယ်၊ စိတ်သဘောထားလည်း ကောင်းတယ်"
ချန်လော့ပိုင် ပြုံးလိုက်ပြန်သည်။
"သူ့ကို စိတ်သဘောထားကောင်းတယ်လို့ ပြောတာ ငါ ပထမဆုံး ကြားဖူးတာပဲ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ကျိုးအန်းရန် အံ့ဩသွားသည်။ "အစ်မက တကယ် သဘောကောင်းပါတယ်၊ ငါ ကျောင်းလာအပ်တဲ့နေ့ကဆိုရင် သူပဲ တောက်လျှောက် ကူညီပေးခဲ့တာ"
"အဲဒါက..." ချန်လော့ပိုင် ရုတ်တရက် ရပ်တန့်သွားသည်။
ကျိုးအန်းရန် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ချန်လော့ပိုင် သူမကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ သူက နင့်ကို တကယ် သဘောကျလို့ နေမှာပါ။ နင် နောက်ကျရင် သူနဲ့ များများ ပေါင်းသင်းကြည့်ရင် သိလာပါလိမ့်မယ်။ သူက နည်းနည်း အေးစက်တယ်၊ လူတွေကို သိပ်ဂရုမစိုက်တတ်ဘူး"
ယွီပင်းချင်အကြောင်း ပြောနေတာ ဖြစ်ပေမယ့်၊ သူ့ပါးစပ်က "သဘောကျတယ်" ဆိုတဲ့ စကားလုံး ထွက်လာတော့ ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် လွတ်သွားသည်။
သူ့ရဲ့ နောက်ဆုံးစကားကို ကြားတော့ သူမ ပထမဆုံးအကြိမ် သူ့ကို ပြန်ချေပချင်စိတ် ဖြစ်မိသွားသည်။
"ပေါင်းသင်းပြီးပါပြီ၊ အစ်မက တကယ် ကောင်းပါတယ်။ Cool ဖြစ်တယ်၊ သဘောထားကြီးတယ်၊ ငါ အရမ်းအားကျရတဲ့ စရိုက်မျိုးပဲ"
ချန်လော့ပိုင် - "အားကျတယ် ဟုတ်လား"
ကျိုးအန်းရန် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
တနင်္လာနေ့က ကိစ္စလေးတစ်ခုက အခုထိ သူမရင်ထဲမှာ ငါးရိုးစူးနေသလို ခံစားနေရတုန်းပဲ။
အဲဒီတုန်းက သူမ လျှောက်တွေးမိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ သူ မေ့သွားလောက်ပြီ ဖြစ်ပေမယ့်၊ သူမ သူ့ကို ရှင်းပြချင်နေမိတယ်။
"ဘာလို့လဲဆိုတော့ ငါ့စရိုက်က နည်းနည်း အင်ထရိုဗက်များပြီး သတ္တိနည်းလို့လေ၊ လူတွေနဲ့ ဆက်ဆံရတာလည်း သိပ်မကျွမ်းကျင်ဘူး..." သူမ စကားရပ်လိုက်ပြီး ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ဆက်ပြောသည်။ "...ဟယ်မင်ယွီကို ငါ ဆက်မပြောဖြစ်လိုက်တဲ့စကားက အဲဒါပါပဲ"
Live House ပြန်လည် တိတ်ဆိတ်သွားသည်။
ပြီးတော့ သူ့အသံ ထွက်ပေါ်လာသည်။
"ကျိုးအန်းရန်"
ချန်လော့ပိုင် သူမနာမည် ခေါ်လိုက်ပေမယ့် ဆက်မပြောတော့ဘူး။
ကျိုးအန်းရန် ခဏစောင့်ပေမယ့် သူ စကားဆက်မပြောလို့ မော့ကြည့်လိုက်သည်။ ကောင်လေး၏ ပြုံးရိပ်သန်းနေသော မျက်ဝန်းများနှင့် တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။
"နင်က ငါ့ကို ရှင်းပြနေတာလား"
***