← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၀ ။ ဆိုဒါ : သူ သူမလက်ကို ကိုင်လိုက်တယ်

ကျိုးအန်းရန် ရင်ခုန်သံတွေ အကြီးအကျယ် မြန်ဆန်နေတယ်။

လူတစ်ယောက်ကို ကြိုက်တာကို တကယ် ဖုံးကွယ်ထားလို့ မရဘူးထင်ပါရဲ့။

ပုတ်သင်ညိုတစ်ကောင်လိုပါပဲ။ ဒီဘက်ကိုဖုံးလိုက်ရင် ဟိုဘက်က ထွက်လာတယ်။ အခု သူမရဲ့ သံသယလေးက ခေါင်းထောင်ထွက်လာပြီ။ သူမ တွန့်ဆုတ်နေပြီး ပြန်မဖုံးလိုက်မိတော့ သူ့ကို အမိခံလိုက်ရပြီထင်တယ်။

ဒါပေမဲ့ သူ သိသွားရင် သူမကို ကြိုက်တဲ့ တခြားမိန်းကလေးတွေလိုပဲ ဝေးဝေးရှောင်သွားမလား ဆိုတာ သူမ မသိဘူး။

Live House ထဲက လေထုက နှေးကွေးသွားသလိုပဲ။

ကျိုးအန်းရန်က သူ့အကြည့်ကို ခံနေရလို့ ရင်ထဲ တုန်လှုပ်နေပေမယ့် ရှောင်လွှဲဖို့ မဝံ့ရဲဘူး။ ရှောင်လိုက်ရင် ပိုပြီး လိပ်ပြာမလုံ ဖြစ်နေမှာစိုးလို့။ သူမ အားတင်းပြီး အသံတိုးတိုးလေးနဲ့ ပြန်ငြင်းလိုက်တယ်။

"ဘာရှင်းပြရမှာလဲ၊ ငါတို့ ခုနက စကားပြောနေတာ မဟုတ်ဘူးလား"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။ မယုံသလို ပုံစံမျိုး။

"ဟုတ်လို့လား"

ကျိုးအန်းရန် ရင်ခုန်သံတွေ တဒိန်းဒိန်း ဖြစ်နေပြီး ထိုင်ခုံကို ကိုင်ထားတဲ့ လက်ဖဝါးတွေ ချွေးစို့လာတယ်။

ထိုစဉ် လူခေါ်ဘဲလ်သံ ရုတ်တရက် မြည်လာသည်။ ကယ်တင်ရှင် ရောက်လာသလိုပဲ။

ကျိုးအန်းရန် စိတ်အေးသွားပြီး အကြည့်လွှဲလိုက်ကာ အနောက်ကို လှည့်ကြည့်လိုက်သည်။

"ပါဆယ်လာပို့တဲ့သူ ဖြစ်လောက်တယ်၊ ငါ သွားယူလိုက်မယ်"

သူမ မတ်တတ်ရပ်လိုက်တာနဲ့ လက်ကောက်ဝတ်ကို လူတစ်ယောက်က လှမ်းဆွဲထားလိုက်သည်။

ကျိုးအန်းရန် လက်ကောက်ဝတ်က အားကြောင့် ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ရသည်။

သူက တကယ်တော့ အတိုင်းအတာ ရှိပါတယ်။ သူမအသားကို လုံးဝ မထိပါဘူး။ ဆောင်းဦးရာသီ အဝတ်အစား နှစ်ထပ်အပေါ်ကနေ ဖွဖွလေး လှမ်းဆွဲလိုက်ရုံပါပဲ။

ဒါပေမဲ့ အရမ်း ပူနေတယ်။

သူ ကိုင်ထားတဲ့ လက်ကောက်ဝတ်က ပူနေတယ်။

မျက်နှာလည်း ပူလာတယ်။

ကျိုးအန်းရန် သူ့ကို ကြောင်ကြည့်နေမိတယ်။

ချန်လော့ပိုင်ကလည်း သူမကို ကြည့်နေတယ်။

မိန်းကလေးက အသားဖြူတော့ အလင်းရောင်မှိန်နေရင်တောင် မျက်နှာရဲနေတာ သိသာနေတယ်။ မျက်လုံးထဲမှာတော့ ကြောင်တောင်တောင်နဲ့ ပျာယာခတ်နေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်။

သူ လက်ချောင်းလေးတွေ လှုပ်ရှားလိုက်ပြီး လွှတ်ပေးလိုက်သည်။

"ထိုင်နေ၊ ငါ သွားယူမယ်"

ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ပြန်ဖြေပြီး ခေါင်းငုံ့လိုက်သည်။

သူမအပေါ် ကျရောက်နေတဲ့ အကြည့်တွေက သူ့ခြေသံနဲ့အတူ ထွက်ခွာသွားသည်။

ကျိုးအန်းရန် ခေါင်းငုံ့ထားပြီး ကျန်လက်တစ်ဖက်နဲ့ စောစောက သူကိုင်သွားတဲ့နေရာလေးကို ဖွဖွလေး ထိကြည့်လိုက်သည်။ အပူလောင်သွားသလိုပဲ ချက်ချင်း ပြန်ရုတ်လိုက်မိသည်။

ရင်ခုန်သံတွေ ဘယ်လိုမှ မငြိမ်သက်နိုင်ဘူး။

မကြာမီ ချန်လော့ပိုင်က ပါဆယ်ထုပ်ကြီးတစ်ခုကို ဆွဲပြီး ပြန်ရောက်လာသည်။

သူ အလွယ်တကူ သယ်လာတာ မြင်တော့ ကျိုးအန်းရန် ထမကူတော့ဘူး။

သူတို့ ဒီမှာကျန်ခဲ့တာက ယွီပင်းချင်အတွက် ပါဆယ်ကူယူပေးဖို့ပဲလေ။ ချန်လော့ပိုင် ပစ္စည်းသေချာထားပြီး လက်သွားဆေးကာ ပြန်ရောက်လာတော့ ကျိုးအန်းရန် သူ့နောက်လိုက်ပြီး Live House ထဲက ထွက်လာခဲ့သည်။

ပြန်လမ်းတစ်လျှောက်လုံး သူ ခုနကမေးခွန်းကို ဆက်မေးမလားဆိုပြီး ကျိုးအန်းရန် စိုးရိမ်နေမိသည်။

ဒါပေမဲ့ ကောင်လေးက လမ်းတစ်လျှောက်လုံး စကားသိပ်မပြောဘူး။

စိတ်ပျက်ရမလား၊ စိတ်အေးသွားရမလား သူမ မသိတော့ဘူး။

လမ်းတစ်ဝက်လောက်ရောက်တော့ မျက်နှာပေါ် လာတိုက်ခတ်တဲ့ လေအေးတွေထဲမှာ အေးစက်စက် မိုးစက်လေးတွေ ပါလာတယ်။

ကျိုးအန်းရန် ရပ်လိုက်သည်။

ချန်လော့ပိုင်လည်း လိုက်ရပ်သည်။

"ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် လက်ဖြန့်ပြီး ခံကြည့်လိုက်သည်။

"မိုးရွာနေသလိုပဲ"

ပြောပြီးတာနဲ့ မိုးက ချက်ချင်းသည်းလာသည်။

ကျိုးအန်းရန် လက်ပြန်ရုတ်လိုက်ပြီး ဘေးဘီဝဲယာ ကြည့်လိုက်ရာ ကိုက် ၄၀၊ ၅၀ လောက် အကွာမှာ စတိုးဆိုင်တစ်ဆိုင် တွေ့လိုက်ရသည်။ မိုးခိုဖို့ သွားကြမလား မေးမလို့လုပ်တုန်း ရှေ့ကကောင်လေးက ရုတ်တရက်...

အင်္ကျီ ချွတ်လိုက်တာ တွေ့လိုက်ရသည်။

ဒီနေ့ည သူ အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည်။ အနက်ရောင် ဘောင်းဘီရှည်၊ အနက်ရောင် ဂျာကင်အင်္ကျီ၊ အထဲမှာတော့ တီရှပ်အဖြူ ဝတ်ထားသည်။

အခု အပြင်က ဂျာကင်အင်္ကျီကို ချွတ်လိုက်တာ။

ကျိုးအန်းရန် ကြောင်တောင်တောင် ကြည့်နေမိသည်။

နောက်တစ်စက္ကန့်မှာ အဲဒီဂျာကင်အင်္ကျီက ကောင်လေးရဲ့ကိုယ်ငွေ့နဲ့ အနံ့အသက်တွေ ပါဝင်လျက် သူမခေါင်းပေါ် လွှမ်းခြုံကျရောက်လာသည်။

ကျိုးအန်းရန် ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ လက်ကောက်ဝတ်ကို သူ ထပ်ဆွဲလိုက်ပြန်သည်။

ညမိုးသည်းထဲမှာ ကောင်လေးအသံ နိမ့်နိမ့်လေး ထွက်ပေါ်လာပြီး သူမနားထဲ ရောက်လာသည်။

"ဘာကြောင်နေတာလဲ၊ မပြေးဘူးလား"

ကျိုးအန်းရန် သူ့ဆွဲခေါ်ရာနောက် အလျင်အမြန် လိုက်ပြေးရသည်။ သူမက ခေါင်းပေါ် လွှမ်းပေးထားတဲ့ သူ့အင်္ကျီကို ဖိထားရင်း သူ့ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။

ရှေ့ကပြေးနေတဲ့ အရပ်ရှည်ရှည် ကောင်လေးရဲ့ တီရှပ်အဖြူ အနားစလေးတွေက လေတိုက်လို့ လွင့်ပျံနေတယ်။

တစ်ခဏလောက်တော့ ကျိုးအန်းရန် အထက်တန်းပထမနှစ် ကျောင်းအပ်တုန်းက မိုးရွာတဲ့နေ့ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

အဲဒီတုန်းက သူမ နေရာမှာရပ်ပြီး သူ အပေါ်ထပ်ကို ပြေးတက်သွားတာ ကြည့်နေခဲ့ရတာ။ တီရှပ်အဖြူ အနားစလေးတွေ လွင့်ပျံနေတာ အတူတူပဲ။

အဲဒီတုန်းက သူ သူမကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ဘူး။

ဒါပေမဲ့ ဒီတစ်ခါတော့...

သူ သူမလက်ကို ကိုင်ထားတယ်။

ရင်ခုန်မြန်လွန်းလို့လား၊ ဒါမှမဟုတ် သူ့ခြေလှမ်းကျဲလို့ သူမ အမှီလိုက်ပြေးရတာ ပင်ပန်းလို့လား မသိဘူး။ စတိုးဆိုင်ရှေ့ အမိုးအောက် ရောက်တော့ ကျိုးအန်းရန် အသက်ရှူသံတွေ ပြင်းနေပြီ။

ချန်လော့ပိုင် လှည့်ကြည့်လိုက်တော့ သူမရဲ့ မောဟိုက်သံသဲ့သဲ့လေးကို ကြားလိုက်ရသည်။ နားထဲကနေ ရင်ထဲထိတိုးဝင်သွားပြီး ယားကျိကျိ ဖြစ်သွားစေသည်။

"ဘာလို့ ခွန်အားက ဒီလောက် နည်းနေတာလဲ"

ညနေကလိုပဲ ရင်းနှီးကျွမ်းဝင်ပြီး စနောက်လိုတဲ့ လေသံမျိုး။

ကျိုးအန်းရန် ရုတ်တရက် မော့ကြည့်လိုက်သည်။

မိန်းကလေးရဲ့ နက်မှောင်ရှည်လျားတဲ့ မျက်တောင်ကော့ကော့လေးတွေက စုတ်တံလေးတွေလို တုန်ခါနေတယ်။ ခေါင်းပေါ် လွှမ်းပေးထားတဲ့ သူ့အင်္ကျီက ပခုံးပေါ် လျှောကျသွားပြီး ပခုံးကနေ ပေါင်အထိ ဖုံးလွှမ်းသွားတယ်။ အင်္ကျီအောက်မှာ သူမ ဒီနေ့ဝတ်ထားတဲ့ ဆွယ်တာအင်္ကျီအပွ ရှိနေပေမယ့်၊ မိန်းကလေးရဲ့ ရင်ဘတ်က အသက်ရှူမြန်လို့ နိမ့်ချည်မြင့်ချည် ဖြစ်နေတာကို ဖုံးကွယ်မထားနိုင်ဘူး။

ချန်လော့ပိုင် အကြည့်လွှဲလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဝင်ရအောင်"

ကျိုးအန်းရန်က သူ့စကားကြောင့် မျက်နှာပူနေတုန်းပဲ။

"အင်း"

ချန်လော့ပိုင် ခြေတစ်လှမ်းလှမ်းပြီးမှ ရပ်လိုက်သည်။ သူ သူမလက်ကောက်ဝတ်ကို ကိုင်ထားတုန်းပဲဆိုတာ အခုမှ သတိရသွားသည်။ သူ ပြန်လှည့်ကြည့်လိုက်သည်။

မိန်းကလေးကလည်း အခုမှ သတိထားမိပုံရပြီး သူကိုင်ထားတဲ့ လက်ကောက်ဝတ်ကို ငုံ့ကြည့်နေသည်။ မျက်နှာက သိသိသာသာ ရဲလာပြန်သည်။

ချန်လော့ပိုင် လက်လွှတ်လိုက်သည်။

"ဆောရီး"

"ရပါတယ်" ကျိုးအန်းရန် တိုးတိုးလေး ပြန်ဖြေလိုက်သည်။

နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။

တစ်စက္ကန့်အကြာတွင် နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြသည်။

"ဝင်..."

"ဝင်..."

နှစ်ယောက်သား ပြိုင်တူ ရပ်သွားကြပြန်သည်။

ကျိုးအန်းရန် နားရွက်တွေ ပူလာသည်။

"နင် အရင်ပြော"

"မိုး အရမ်းရွာနေတယ်" ချန်လော့ပိုင် တိုးတိုးလေး ပြောသည်။ "အထဲဝင်ပြီး မုန့်စားရင်း မိုးတိတ်တာ စောင့်မလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ သူ့လက်မောင်းပေါ်က ရေစက်တွေကို ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မျက်နှာသုတ်ပဝါ အရင်ဝယ်လိုက်ပါ၊ နင့်လက်မောင်းနဲ့ ဆံပင်တွေ စိုကုန်ပြီ"

ချန်လော့ပိုင် ဒီတစ်ခါတော့ တကယ် မကြားလိုက်ဘူး။

"ဟင်... ဘာပြောလိုက်တာလဲ"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။ သူ့ဆံပင်တွေ စိုနေပြီး နဖူးပေါ်မှာ ဆံပင်စလေးတွေ ဝဲကျနေတာ တွေ့လိုက်ရသည်။

"မျက်နှာသုတ်ပဝါ အရင်ဝယ်လိုက်ပါလို့ ပြောတာ၊ နင့်လက်မောင်းနဲ့ ဆံပင်တွေ စိုကုန်ပြီ"

ချန်လော့ပိုင် သူမကို နှစ်စက္ကန့်လောက် ကြည့်နေပြီးမှ ပြုံးလိုက်သည်။

"ကောင်းပြီလေ"

ဒီစတိုးဆိုင်က မသေးပါဘူး။ ကြမ်းပြင်ထိမှန်ပြတင်းပေါက်နားမှာ စားပွဲရှည်တစ်လုံး ချထားသည်။

ချန်လော့ပိုင် ကိုလာတစ်ဘူးနဲ့ နွားနို့ပူပူတစ်ဘူး ယူလာပြီး စားပွဲပေါ် တင်လိုက်သည်။ ကျိုးအန်းရန်က လက်တစ်ဖက်နဲ့ သူ့အင်္ကျီကို ပိုက်ထားပြီး ကျန်လက်တစ်ဖက်နဲ့ အိုဒန်တစ်ခွက် ကိုင်ထားကာ စားပွဲပေါ် တင်လိုက်သည်။ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

သူ့လက်ပေါ်က ရေစက်တွေ ခြောက်သွားပြီ။ အနက်ရောင် မျက်နှာသုတ်ပဝါကို လည်ပင်းမှာ သိုင်းထားတယ်။ ဆံပင်မည်းမည်းတွေက နည်းနည်း ရှုပ်ပွနေပေမယ့် သူ့ရဲ့ ချောမောမှုကို မထိခိုက်စေပါဘူး။ ကျိုးအန်းရန် ဂျာကင်အင်္ကျီကို ကမ်းပေးလိုက်သည်။

"အင်္ကျီ အရင်ဝတ်လိုက်၊ အအေးမိမယ်"

ချန်လော့ပိုင် လှမ်းယူလိုက်သည်။

ဝတ်မလို့ လုပ်တုန်း သင်းပျံ့တဲ့ ရနံ့လေးတစ်ခု ရလိုက်သည်။ သူမဆံပင်က ရှမ်ပူနံ့လား၊ သူမ ကိုယ်သင်းနံ့လား မခွဲခြားတတ်ဘူး။ သူ ခဏ ရပ်တန့်သွားပြီး တစ်စက္ကန့်လောက်ကြာမှ အင်္ကျီကို မြန်မြန် ဝတ်လိုက်သည်။

ချန်လော့ပိုင် နေရာမှာ ဝင်ထိုင်လိုက်သည်။ နွားနို့ပူပူဘူးကို ပိုက်ဖောက်ပြီး ကမ်းပေးလိုက်သည်။

ကျိုးအန်းရန် လှမ်းယူလိုက်ပြီး ပိုက်ကိုကိုက်ကာ နွားနို့တစ်ငုံသောက်လိုက်သည်။ သူက ကိုလာဘူးကို သူ့ရှေ့ဆွဲယူပြီး အဖုံးဖွင့်တာကို ကြည့်နေမိသည်။ အကျင့်ပါနေသလို လက်တစ်ဖက်တည်းနဲ့ ဖွင့်လိုက်တာ။ လက်ချောင်းထိပ်တွေ အားစိုက်လိုက်တဲ့အချိန် လက်ဖမိုးပေါ်က သွေးကြောတွေ ထောင်တက်လာသည်။

ဒီလက်က ခုနကတင် သူမလက်ကောက်ဝတ်ကို ကိုင်ထားခဲ့တာဆိုတာ တွေးမိတော့ နားရွက်ဖျားလေးတွေ ပူထူလာပြန်သည်။

ချန်လော့ပိုင်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ကျိုးအန်းရန်အကြည့်ကို မိသွားသည်။

ကောင်လေးက မျက်ခုံးပင့်လိုက်သည်။

"ဘာကြည့်နေတာလဲ"

ကျိုးအန်းရန် အမြန် ခေါင်းခါလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး"

စတိုးဆိုင်ထဲမှာ သူတို့နှစ်ယောက်တည်း ရှိသည်။

အပြင်မှာ မိုးသည်းထန်စွာ ရွာနေပြီး လမ်းသွားလမ်းလာ မရှိပေ။ ဆိုင်ဝန်ထမ်းက ဖုန်းနဲ့ တီဗီကြည့်နေလို့ ဇာတ်လမ်းသံတွေ ကြားနေရသည်။ TVB ရဲ့ ရှေ့နေဇာတ်လမ်းတွဲတစ်ခုခု ဖြစ်လောက်သည်။

လိပ်ပြာမလုံလို့ စကားလမ်းကြောင်း လွှဲချင်တာလား၊ ဒီည သူ့အပြုအမူတွေက သူမကို သတ္တိပေးလိုက်လို့လား မသိဘူး။ ကျိုးအန်းရန်က နားထဲကြားနေရတဲ့ ဇာတ်လမ်းသံကို အကြောင်းပြပြီး အရင်ကတည်းက မေးချင်နေတဲ့ မေးခွန်းတစ်ခု မေးလိုက်သည်။

"နင် ဥပဒေပညာ သင်တာ ရှေ့နေလုပ်ချင်လို့လား"

ချန်လော့ပိုင် - "ဖြစ်နိုင်တယ်၊ သေချာ မဆုံးဖြတ်ရသေးဘူး"

ကျိုးအန်းရန် ကြောင်သွားပြီး လွှတ်ခနဲ မေးလိုက်မိသည်။

"နင်တောင် မသေချာဘူးလား"

ပြောပြီးမှ ဒီစကားက သူမရဲ့ စိတ်ဝင်စားမှုကို ဖော်ပြရာရောက်နေမှန်း သတိထားမိလိုက်ပေမယ့် ပြန်ရုပ်သိမ်းလို့ မရတော့ဘူး။

သူမ ထင်ထားတာက သူ Live House မှာတုန်းကလို ဆက်မေးမယ်၊ ဒါမှမဟုတ် ညနေတုန်းကလို စနောက်မယ်လို့ ထင်ထားတာ။

ဒါပေမဲ့ ကောင်လေးက ကိုလာဘူးကို မော့သောက်လိုက်ပြီး သူမမေးခွန်းကို အလေးအနက် ဖြေလိုက်သည်။

"လုံးဝ မသေချာသေးဘူး၊ တရားရုံးနဲ့ အစိုးရရှေ့နေရုံး ဝင်ဖြေရင်လည်း ဖြေမိမယ်" ချန်လော့ပိုင်က ခေါင်းငုံ့ပြီး ပုံမှန်ထက် ပိုလေးနက်တဲ့ လေသံနဲ့ ပြောသည်။ "ငါ့အမေတို့က ပြောကြတယ်... ငါတို့နိုင်ငံရဲ့ လက်ရှိဥပဒေတွေမှာ အားနည်းချက်တွေ အများကြီး ရှိသေးတယ်တဲ့။ ငါက အနာဂတ်မှာ ဘာပဲလုပ်လုပ် ဒီအားနည်းချက်တွေကို ပြုပြင်ဖို့ တစ်ဖက်တစ်လမ်းက ပါဝင်ချင်တယ်"

ကျိုးအန်းရန် အထက်တန်းပထမနှစ်တုန်းက သူ အခန်း (၁၀) နဲ့ ကစားတဲ့ ဘောလုံးပွဲကို သတိရသွားသည်။ အဲဒီတုန်းက ကွင်းထဲက ကောင်လေးက တောက်ပနေတယ်လို့ သူမ ထင်ခဲ့တာ။

ဒါပေမဲ့ အခုချိန်လောက် မတောက်ပပါဘူး။

မိုးရေတွေက မြို့ပြကြီးကို ဝေဝါးစေပြီး ပြတင်းပေါက်အပြင်ဘက်က နီယွန်မီးရောင်တွေက မှိတ်တုတ်မှိတ်တုတ် အလင်းစက်လေးတွေ ဖြစ်နေတယ်။

သူမက သူမကြိုက်တဲ့ ကောင်လေးနဲ့အတူ စတိုးဆိုင်ထဲမှာ ပိတ်မိနေပြီး သူ့ရဲ့ တောက်ပနေတဲ့ အိပ်မက်အကြောင်း နားထောင်နေရတယ်။

ချန်လော့ပိုင် ပြောပြီးတာနဲ့ သူမကို ငုံ့ကြည့်လိုက်သည်။

မိန်းကလေးက လက်မောင်းပေါ်မှီပြီး လိမ်လိမ်မာမာလေး သူ့ကို ကြည့်နေသည်။ အကြည့်ချင်းဆုံတော့ အရင်လို ရှောင်မပြေးဘူး။

"နည်းနည်း စိတ်ကူးယဉ်ဆန်လွန်းနေလား။ ငါ အရင်က ကျုရန်ကို ပြောပြတုန်းက သူ ငါ့ကို အကြာကြီး လှောင်တယ်"

ကျိုးအန်းရန် အမြန် ငြင်းလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ"

စတိုးဆိုင်ထဲ တစ်ခဏ တိတ်ဆိတ်သွားသည်။ ဖုန်းထဲက ဇာတ်လမ်းသံပဲ ကြားနေရသည်။

ချန်လော့ပိုင် သူမကို တိတ်ဆိတ်စွာ ကြည့်နေပြီး ဘာမှ ပြန်မပြောဘူး။

ကျိုးအန်းရန်က စကားလုံး သုံးလုံးတည်း ပြောလိုက်တာ ခြောက်ကပ်ကပ်နိုင်ပြီး ယုံကြည်မှုမရှိသလို ဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။

သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး ဖြည့်စွက်ပြောလိုက်သည်။

"နင့်ဟာက စိတ်ကူးယဉ်ဆန်တယ်ဆိုရင်၊ ငါက ဇီဝသိပ္ပံရွေးပြီး သုတေသနလုပ်ချင်တယ်လို့ ပြောတာက ကိုယ့်အင်အားကိုယ် မသိရာ မကျဘူးလား။ တကယ်တော့ ငါ့အမေက အစတုန်းက သဘောမတူဘူး။ သူက မိန်းကလေးဆိုရင် စီးပွားရေးစီမံခန့်ခွဲမှုလို ဌာနမျိုး ရွေးပြီး နောက်ကျရင် ဝန်ထမ်းစာမေးပွဲဖြေတာတို့၊ တည်ငြိမ်တဲ့ အလုပ်လုပ်တာတို့ ပိုကောင်းတယ်လို့ ထင်နေတာ။ ငါ့အဖေက ငါ့ကို အိုစာမင်းစာ ကျွေးခိုင်းမှာ မဟုတ်လို့ ကိုယ်ဝါသနာပါတာ ရွေးပါဆိုပြီး ပြောပေးလို့သာ"

ပြောပြီးတာနဲ့ ကျိုးအန်းရန် စိုးရိမ်လာပြန်သည်။ အခင်ဆုံးသူငယ်ချင်းတွေကလွဲရင် တခြားဘယ်သူ့ကိုမှ ဒီစကားတွေ မပြောပြဖူးဘူး။

သူက သူမကို ကိုယ့်အင်အားကိုယ်မသိဘဲ စကားများတယ်လို့ ထင်သွားမလား မသိဘူး။

ကောင်လေးအသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။ သူမ လုံးဝ ထင်မှတ်မထားတဲ့ စကားကို ပြောလိုက်သည်။

"မထင်ပါဘူး" သူ ငုံ့ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "နင် လုပ်နိုင်မယ်လို့ ငါ ယုံတယ်"

ကျိုးအန်းရန် ကြောင်သွားသည်။ မယုံနိုင်သလို ဖြစ်သွားပြီး ရင်ထဲက တစ်နေရာရာကို ဆိတ်ဆွဲလိုက်သလို ခံစားလိုက်ရသည်။

"နင် ငါ့ကို ယုံတယ် ဟုတ်လား"

"ကျိုးအန်းရန်" ချန်လော့ပိုင် တိုးတိုးလေး ခေါ်လိုက်သည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"နင် တက်ခွင့်ရတာ ထိပ်တန်းတက္ကသိုလ်လေ၊ လူတစ်သောင်းမှာ တစ်ယောက် ရွေးတာတောင် နင့်ရဲ့ ထူးချွန်မှုကို ဖော်ပြဖို့ မလုံလောက်ပါဘူး။ နင့်ကိုယ်နင် အထင်မသေးပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ဖိအားအရမ်း မပေးပါနဲ့..."

ကျိုးအန်းရန် လက်မောင်းပေါ်မှီပြီး ကြောင်ငေးနေမိသည်။

ပြတင်းပေါက်အပြင်ဘက်က မိုးသံတွေ ဆူညံနေတာကြောင့် ကောင်လေးအသံက ပိုပြီး နူးညံ့နေသလိုပဲ။

"...ငါတို့မှာ အပူချိန် ဘယ်လောက်ရှိလဲ၊ အဲဒီလောက် အလင်းရောင်ထွက်အောင် ကြိုးစားကြတာပေါ့"

....

အဲဒီညက မိုးက နာရီဝက်ကျော်ကျော်လောက် ရွာပြီးမှ တိတ်သွားသည်။

မိုးတိတ်ပြီးနောက် လေက အရင်ကထက် ပိုအေးလာသည်။ အိုဒန်တစ်ခွက်နဲ့ နွားနို့ပူပူတစ်ဘူး စားသောက်လိုက်လို့လား၊ သူ့စကားတွေကြောင့်လား မသိဘူး၊ ကျိုးအန်းရန် အေးတယ်လို့ မခံစားရတော့ဘူး။

ကျောင်းကို လမ်းလျှောက်ပြန်လာခဲ့ကြသည်။

အားကစားကွင်းနား ဖြတ်သွားတော့ ချန်လော့ပိုင် လှည့်ကြည့်လိုက်ပြီး ရုတ်တရက် သတိရသွားသလို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ကာယစစ်ဆေးမှု အောင်ရဲ့လား"

ကျိုးအန်းရန် စတိုးဆိုင်ရှေ့က သူ့စကားကို သတိရသွားပြီး နားရွက်တွေ ပူလာပြန်သည်။

"အောင်ပါတယ်" သူမ တိုးတိုးလေး ဖြေလိုက်သည်။ "ငါ့ခွန်အားက အဲဒီလောက် မနည်းပါဘူး"

နည်းနည်းတော့ မောပေမယ့်၊ အောင်ဖို့တော့ ပြဿနာမရှိပါဘူး။

"အဲဒီလိုလား..." ကောင်လေးက အသံဆွဲပြောလိုက်သည်။

ကျိုးအန်းရန် မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။

ချန်လော့ပိုင်လည်း သူမကို ကြည့်နေသည်။ ရယ်သံပါနေသလို၊ နှမြောသလို လေသံဖြင့် ပြောလိုက်သည်။

"ဒါဆို ငါ ကူညီစရာ မလိုတော့ဘူးပေါ့"

ကျိုးအန်းရန် - "......"

အခု နောင်တရလို့ မီသေးလားဟင်။

အဆောင်အောက် လိုက်ပို့တဲ့အထိ သူမ တကယ် နောင်တမရရဲပါဘူး။

အဆောင်အောက်ရောက်တာနဲ့ သူ့အပေါ်ကျရောက်တဲ့ အကြည့်တွေ များလာသည်။

ကျိုးအန်းရန် နှမြောမိပေမယ့် သူ့ကို ဒုက္ခမပေးချင်တော့တာနဲ့ အဆောင်တံခါးကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါဆို ငါ ဝင်တော့မယ်နော်"

"ကျိုးအန်းရန်" ချန်လော့ပိုင်က လှမ်းခေါ်လိုက်သည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ချန်လော့ပိုင် ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက် ထည့်ထားသည်။ ဂျာကင်အင်္ကျီ ကော်လာပေါ်မှာ သူမကိုယ်သင်းနံ့ ကျန်ရစ်နေတာကို ရနေတုန်းပဲ။ သူ သူမကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီး မေးလိုက်သည်။

"မနက်ဖြန်ည အားလား။ ကျုရန်က နင့်ကို ထမင်းလိုက်ကျွေးချင်လို့တဲ့"

ကျိုးအန်းရန် "ဟင်" ခနဲ ဖြစ်သွားပြီး ကြောင်တောင်တောင် ကြည့်နေမိသည်။

"ကျုရန်က ဘာကိစ္စ ငါ့ကို ထမင်းလိုက်ကျွေးချင်တာလဲ"

ချန်လော့ပိုင် သူမကို ကြည့်နေဆဲပင်။

စက္ကန့်အနည်းငယ်ကြာမှ သူ စကားစပြောတာ ကြားလိုက်ရသည်။

"အထက်တန်းပထမနှစ် ဒုတိယစာသင်ဝက် ဘောလုံးပွဲတုန်းကလေ... ယန်ရှင်းချန် ပါးစပ်ကနေ အမှတ်တမဲ့ ထွက်သွားတာ... အစတုန်းက ကူညီပေးခဲ့တာ နင်ပါဆိုပြီး..." ချန်လော့ပိုင် စကားရပ်လိုက်သည်။

ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် ရပ်သွားသည်။

ဒါ သူက သူမရှေ့မှာ အထက်တန်းတုန်းကအကြောင်း ပထမဆုံးအကြိမ် ပြောပြတာပဲ။

တခြားနည်းနဲ့ပြောရရင် သူမ သူ့ကို ကြိုက်နေမှန်း သိသာစေတဲ့ ကိစ္စတွေကို ပြန်ပြောပြတာပေါ့။

သူ မှတ်မိနေတာပဲ။

သူ မှတ်မိရက်နဲ့ သူမကို WeChat Add တယ်၊ ထမင်းလိုက်ကျွေးတယ်၊ လက်ကိုင်တယ်။

သူက သူမစိတ်ကို မရိပ်မိလို့လား၊ ဒါမှမဟုတ်...

ညအမှောင်ထဲမှာ သူ့မေးရိုးတွေ တင်းမာသွားသလို မြင်လိုက်ရပြီးမှ အသံ ပြန်ထွက်လာသည်။

"ဒါကြောင့် တကယ်တမ်းကျတော့ ငါက ကျွေးချင်တာပါ"

ချန်လော့ပိုင် ခဏ ထပ်ရပ်လိုက်သည်။

"နှစ်နှစ်တောင် နောက်ကျသွားပြီ... ငါ့ကို ဒီအခွင့်အရေး ပေးဦးမလား"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၁ ။ ဆိုဒါ : စမ်းသပ်ခြင်း

ည ၉ နာရီခွဲခန့်။

အဆောင်အောက်တွင် လူစည်ကားနေသည်။

သို့သော် ဒီအချိန်တွင်တော့ ဖြတ်သွားဖြတ်လာလူတွေနဲ့ ဆူညံသံတွေဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ သူမရှေ့က ကောင်လေးတစ်ယောက်ကိုပဲ မြင်နေရသလို၊ သူမရဲ့ ရင်ခုန်သံတွေကိုပဲ ကြားနေရသလို ခံစားနေရသည်။

ဒါဟာ အထက်တန်းကျောင်းတုန်းက သူမ အနောင်တအရဆုံးကိစ္စပါ။

သတ္တိနည်းလို့ သူမ ဝင်မကူညီရဲခဲ့ဘူး။

ဒါကြောင့် နောက်ပိုင်းမှာ သူက ယန်ရှင်းချန်ကို ကျေးဇူးတင်စကားပြောနေတာကို လက်ပိုက်ကြည့်နေခဲ့ရတယ်။

အခုတော့ သူမ ကြိုက်နေတဲ့ ကောင်လေးက သူမရှေ့မှာ ရပ်နေပြီး၊ နှစ်နှစ်နောက်ကျသွားပေမယ့် သူမကို ကျေးဇူးဆပ်ခွင့်ပြုပါဦးမလားလို့ တိုးတိုးလေး မေးနေတယ်။

အိပ်မက်တွေ တကယ်ဖြစ်လာတယ်ဆိုတာလောက်နဲ့ သူမခံစားချက်ကို ဖော်ပြလို့ မလောက်တော့ဘူး။

ဒါမျိုး အခြေအနေကို သူမ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့မဲ့သွားတယ်။ ဒီတစ်ခါတော့ ဝမ်းနည်းလို့ မဟုတ်တော့ဘူး။

သူမ သူ့ရှေ့မှာ ထပ်ပြီး စိတ်ခံစားချက်တွေ မပြချင်လို့ အတင်းထိန်းထားလိုက်တယ်။ အလိုအလျောက် ခေါင်းညိတ်မိမလိုဖြစ်ပြီးမှ သူမ ပိုင်လင်းယွင်ရဲ့ဖိတ်ခေါ်မှုကို လက်ခံထားပြီးသားဆိုတာ သတိရသွားပြီး အမြန် ခေါင်းပြန်ခါလိုက်သည်။

ချန်လော့ပိုင်က ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားရင်း လက်ချောင်းလေးတွေ တွန့်သွားသည်။ ရင်ထဲမှာ မြင့်မားစွာ ဆိုင်းငံ့ထားတဲ့ စိတ်တစ်ခုကို ပြန်ချထားမလို့လုပ်တုန်း သူမကြောင့် ပြန်ဆွဲတင်ခံလိုက်ရသလို ခံစားရတယ်။ ပြီးတော့ သူမရဲ့ ဒီလို တုံ့ပြန်ပုံလေးက ချစ်စရာကောင်းနေတယ်လို့ ခံစားလိုက်ရပြီး ပြုံးလိုက်မိတယ်။

"ဒါဆို နင် လက်ခံတာလား၊ ငြင်းတာလား"

ကျိုးအန်းရန် နည်းနည်း ရှက်သွားပြီး ခေါင်းငုံ့ကာ သူ့အကြည့်ကို ရှောင်လိုက်သည်။

"ငါ့အခန်းဖော်ရဲ့ ရည်းစားက မနက်ဖြန်ညကျရင် ငါတို့အခန်းကလူတွေကို ယွဲ့ထင်းမှာ ညစာလိုက်ကျွေးမလို့လေ"

"အဲဒီလိုစည်းကမ်း ရှိသေးတာလား" ချန်လော့ပိုင် ရပ်တန့်သွားသည်။ "သူတစ်ယောက်တည်း နင်တို့အခန်းက လူအကုန်လုံးကို ဒကာခံမှာလား"

ကျိုးအန်းရန် သူပြောတဲ့ ပထမစာကြောင်းကို သေချာမကြားလိုက်ဘူး။ သူမစိတ်ထဲ ရှုပ်ထွေးနေတုန်းမို့ သိပ်မစဉ်းစားဘဲ ဒုတိယမေးခွန်းကို ဖြေလိုက်သည်။

"သူ့အခန်းက တခြားသူတွေလည်း လိုက်ကြမှာ"

ချန်လော့ပိုင်က လိမ္မာပြီး ဖြူစင်တဲ့ သူမမျက်နှာလေးကို တစ်ချက်ကြည့်လိုက်သည်။

"နင့်အခန်းဖော်ရဲ့ရည်းစားနဲ့ အခန်းတူသူတွေလား"

"ဟုတ်တယ်" ကျိုးအန်းရန် ခေါင်းညိတ်ပြီး သူ့ကို မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

ကောင်လေးက စောစောကလိုပဲ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားပြီး၊ စောစောကလိုပဲ သူမကို ကြည့်နေတယ်။

သူမ ရင်တစ်ချက် တုန်သွားသည်။

"ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူး" ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။ "ဒါဆို နောက်တစ်ပတ် စနေနေ့ ပြောင်းလိုက်ရမလား။ မနက်ဖြန် ကျုရန်က ကိစ္စရှိလို့"

ကျိုးအန်းရန် လွယ်အိတ်ကြိုးလေးကို ဆွဲလိုက်ပြီး သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

...

ကျိုးအန်းရန် အဆောင်ပြန်ရောက်တော့ အခန်းဖော် သုံးယောက်လုံး ပြန်မရောက်ကြသေးဘူး။

နောက်တစ်ပတ် စာမေးပွဲရှိလို့ ရှဲ့ကျင့်ယွီလည်း အစည်းအဝေးပြီးတာနဲ့ စာကြည့်တိုက် သွားတယ်။

ကျိုးအန်းရန် ကိုယ့်နေရာမှာ ဝင်ထိုင်ပြီး စာပြန်လုပ်ဖို့ ကြိုးစားပေမယ့် စိတ်မပါဘူး။ ခဏလောက် အနားယူပြီး ပြန်ကြိုးစားပေမယ့် မရတော့ လက်လျှော့လိုက်ပြီး မနက်ဖြန်မနက် ၄ နာရီခွဲ နှိုးစက်ပေးထားလိုက်သည်။ မနက်စောစောထပြီး စာပြန်လုပ်မယ်လို့ ဆုံးဖြတ်လိုက်သည်။

ရေချိုးပြီး စောစော အိပ်ရာဝင်တော့ ဖုန်းသံမြည်လာသည်။

Lock ဖွင့်ကြည့်လိုက်တော့ ယန်ရှင်းချန်က ဂရုထဲမှာ သူမကို မန်းရှင်းခေါ်ထားတာ တွေ့လိုက်ရသည်။

ယန်ရှင်းချန် - [စာလုပ်လို့ မရဘူး QAQ]

ယန်ရှင်းချန် - [ရန်ရန်... ငါ မနက်ဖြန် နင့်ကျောင်းလာပြီး အတူတူ စာလုပ်မယ် @ကျိုးအန်းရန်]

ယန်ရှင်းချန်ကျောင်းရဲ့ စာမေးပွဲကလည်း သူတို့နဲ့ တစ်ပတ်တည်းပဲ။

ရှန့်ရှောင်ဝမ်တို့ကျောင်းကတော့ နောက်တစ်ပတ်မှ ဖြေရမှာ။ သူတို့နဲ့ မတူဘူး။

ကျိုးအန်းရန် - [ရပါတယ်]

ကျိုးအန်းရန် - [ဒါပေမဲ့ ငါ မနက်ဖြန်ညကျရင် နင်နဲ့ ညစာ အတူစားပေးလို့ မရဘူးနော်]

ယန်ရှင်းချန် - [ဘာလို့ အတူစားပေးလို့ မရတာလဲ]

ယန်ရှင်းချန် - [နင့်မှာ ချိန်းတွေ့စရာရှိနေလို့လား]

ကျန်းရူရှန်း - [ဘာ!!]

ကျန်းရူရှန်း - [ရန်ရန် မနက်ဖြန် ချိန်းတွေ့စရာရှိတယ်?]

ရှန့်ရှောင်ဝမ် - [တိုးတက်မှု ရှိနေပြီလား]

ကျိုးအန်းရန် - [......]

ကျိုးအန်းရန် - [ငါ့အခန်းဖော်ရဲ့ ရည်းစားက မနက်ဖြန်ည ငါတို့အခန်းကလူတွေကို ညစာလိုက်ကျွေးမလို့ပါ]

ရှန့်ရှောင်ဝမ် - [သွားကြစို့]

ကျန်းရူရှန်း - [ငါ စာဆက်ဖတ်တော့မယ်]

ကျိုးအန်းရန် - "......"

ယန်ရှင်းချန် - [ဒါဆို ထားလိုက်ပါတော့]

ယန်ရှင်းချန် - [တစ်ယောက်ယောက်က ဒကာခံတယ်ဆိုရင် ချက်ချင်း ပြီးမှာ မဟုတ်ဘူး၊ နင် မနက်ဖြန် ၂ နာရီ ၃ နာရီလောက် ငါ့အနား ရှိမှာ မဟုတ်ဘူး]

ယန်ရှင်းချန် - [ဒါဆို ငါ စာမေးပွဲပြီးမှ နင့်ဆီ လာလည်တော့မယ်]

ယန်ရှင်းချန် - [နောက်တစ်ပတ် စနေနေ့ကျရင် ဘယ်သူမှ နင့်ကို ညစာလိုက်မကျွေးတော့ဘူးမလား]

ကျိုးအန်းရန် လက်ချောင်းလေး ရပ်တန့်သွားသည်။

ကျိုးအန်းရန် - [ရှိတယ်]

ကျိုးအန်းရန် - [ဒါပေမဲ့ နောက်တစ်ပတ် စနေနေ့ကျရင် ငါ နင့်ကိုပါ ခေါ်သွားလို့ ရလောက်တယ်]

ယန်ရှင်းချန် - [ဘာကို ခေါ်သွားလို့ ရလောက်တယ်လဲ]

ယန်ရှင်းချန် - [နောက်တစ်ပတ်ကျရင် ဘယ်သူက ကျွေးမှာလဲ]

ကျိုးအန်းရန် ရုတ်တရက် ပူထူလာတဲ့ နားရွက်လေးကို စမ်းကြည့်လိုက်သည်။

သူမက ပိုင်လင်းယွင်ရဲ့ရည်းစားနဲ့ လုံးဝ မရင်းနှီးဘူးဆိုတော့ တောင်းဆိုလို့အဆင်မပြေဘူး။ ဒါပေမဲ့ နောက်တစ်ပတ် စနေနေ့ကျရင် လူပိုခေါ်သွားတာ၊ ပြီးတော့ သူသိတဲ့လူပဲဟာ၊ ရလောက်ပါတယ်နော်။

ကျိုးအန်းရန် ဖုန်းမျက်နှာပြင်ပေါ်မှာ လက်ချောင်းလေးကို အကြာကြီး ရပ်ထားပြီးမှ ရင်ထဲက နာမည်တစ်ခုကို ရိုက်ထည့်လိုက်သည်။

[ချန်လော့ပိုင်]

ကျိုးအန်းရန် လက်ချောင်းလေး လှုပ်ရှားလိုက်ပြီး နောက်ထပ် နာမည်တစ်ခု ထပ်ဖြည့်လိုက်သည်။

[ပြီးတော့ ကျုရန်လည်း ပါတယ်]

ယန်ရှင်းချန် - [!!!]

ယန်ရှင်းချန် - [@ကျန်းရူရှန်း @ရှန့်ရှောင်ဝမ်]

ယန်ရှင်းချန် - [နင်တို့ မြန်မြန် ပြန်လာကြ!!]

ယန်ရှင်းချန် - [ချန်လော့ပိုင်က နင့်ကို ကျွေးတာလေ၊ နင်က ငါ့ကို ဘာလို့ ခေါ်သွားမှာလဲ??]

ယန်ရှင်းချန် - [ငါက အဲဒီလောက် အလိုက်ကန်းဆိုးမသိဘဲ မီးသီး(အပိုလူ)သွားလုပ်ချင်တဲ့ ရုပ်ပေါက်နေလို့လား???]

ကျိုးအန်းရန် - "......"

ဒီလိုတုံ့ပြန်မယ်ဆိုတာ သိပြီးသားပါ။

ကျိုးအန်းရန် - [လျှောက်မပြောနဲ့]

ကျိုးအန်းရန် - [ကျုရန်လည်း အတူတူ ပါတယ်။]

ကျန်းရူရှန်း - [!!!!!]

ကျန်းရူရှန်း - [ဒါဆို ငါတို့ ကျောင်းသားချောလေး ချန်က ဘာလို့ နင့်ကို ထပ်ကျွေးရတာလဲ]

ကျိုးအန်းရန် - "......?"

"ကျုရန်" ဆိုတဲ့ စကားလုံး နှစ်လုံးကို သူတို့ မမြင်ကြဘူးလား။

ကျိုးအန်းရန် - [သူက ပြောတယ်... အထက်တန်းပထမနှစ် ဘောလုံးပွဲတုန်းက ငါ ကူညီပေးခဲ့တာကို ပြန်ကျွေးတာတဲ့]

ယန်ရှင်းချန် - [!!!]

ကျန်းရူရှန်း - [ဒါဆို အဲဒီနေ့က ရှင်းရှင်း ပြောလိုက်တာကို သူ တကယ် ကြားသွားတာပေါ့]

ကျန်းရူရှန်း - [သူ ကြားသွားပြီး အခုထိ မှတ်ထားတယ်၊ ပြီးတော့ ပြန်ကျွေးဖို့ စီစဉ်ထားတယ်?]

ကျန်းရူရှန်း - [ဒါ မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်တဲ့ ငါတို့ ကျောင်းသားချောလေး ချန် ဟုတ်ရဲ့လား??]

ယန်ရှင်းချန် - [ဟုတ်တယ်]

ယန်ရှင်းချန် - [အရင်တုန်းက သူ ငါ့ကို မုန့်တစ်ထုပ်တည်းနဲ့ ပြီးစလွယ် လုပ်လိုက်တာလေ]

ရှန့်ရှောင်ဝမ် - [ရန်ရန်... အခုတော့ နင် နည်းနည်း ပိုတွေးလို့ရပြီလို့ ငါ ထင်တယ်]

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

လုံးဝ မတွေးမိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

အထက်တန်း ဒုတိယနှစ်တုန်းကလိုပဲ၊ သူ သူမကို စကားစပြောတယ်၊ ကိုလာဝယ်တိုက်တယ်ဆိုတော့ သူမလည်း နည်းနည်းတော့ တွေးမိခဲ့တာပေါ့။

ဒါပေမဲ့ မျှော်လင့်ချက်ရောင်ခြည်လေး မြင်ရပြီးမှ မျှော်လင့်ချက်မဲ့မှုထဲ ရုတ်တရက် ပြုတ်ကျသွားတဲ့ ခံစားချက်မျိုးကို သူမ ထပ်မကြုံချင်တော့ဘူး။

ဒါကြောင့် သူမလည်း လျှောက်မတွေးရဲဘူး။

ဖုန်းက ထပ်တုန်ခါလာသည်။

ကျိုးအန်းရန် အတွေးထဲမှ ပြန်ထွက်လာသည်။

ယန်ရှင်းချန် - [ငါ ရုတ်တရက် သတိရသွားတယ်၊ နောက်တစ်ပတ် ငါ့မှာ ကိစ္စရှိတယ်]

ယန်ရှင်းချန် - [ငါ မလိုက်တော့ဘူး၊ နောက်မှပဲ ချိန်းကြတာပေါ့]

ယန်ရှင်းချန် - [ကျုရန်လည်း နောက်တစ်ပတ်ကျရင် ရုတ်တရက် ကိစ္စပေါ်လာပြီး မလာဖြစ်ရင် ကောင်းမှာပဲ]

ကျိုးအန်းရန် မနေနိုင်ဘဲ နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွတ်သွားသည်။

....

နောက်တစ်နေ့ ညနေ ၆ နာရီတွင် ကျိုးအန်းရန်သည် ရှဲ့ကျင့်ယွီ၊ ယွီရှင်းယွဲ့တို့နှင့်အတူ ကျောင်းပြင်ပရှိ ယွဲ့ထင်းသို့ သွားကြသည်။

ပိုင်လင်းယွင်က ရှဲ့ကျစ်ဟန်နှင့်အတူ စောစောသွားပြီး ပြင်ဆင်ထားကြသည်။

သူမတို့ သုံးယောက် မိတ်ကပ်မလိမ်းကြပါဘူး။ တစ်ချက်က ဒီနေ့က အဖော်လိုက်သွားပေးပြီး ထမင်းစားရုံပဲမို့လို့၊ နှစ်ချက်က အချိန်မရှိလို့ပါ။ စာကြည့်တိုက်ကထွက်ပြီး အဆောင်ပြန် ပစ္စည်းထားကာ တန်းထွက်လာကြခြင်းဖြစ်သည်။

ပိုင်လင်းယွင်တို့ မှာထားသော သီးသန့်ခန်းသို့ ရောက်သောအခါ အထဲတွင် ပိုင်လင်းယွင်အပြင် ယောက်ျားလေး ၆ ယောက် ရှိနေသည်ကို ကျိုးအန်းရန် တွေ့လိုက်ရသည်။

ဒါပေမဲ့ ပိုင်လင်းယွင် ပြောတာတော့ ရှဲ့ကျစ်ဟန်ကလည်း အခန်းဖော် ၄ ယောက်ပဲ ရှိတာလေ။

သူမတို့ နားမလည်မှာစိုးလို့ ပိုင်လင်းယွင်က အချိုရည်ငှဲ့ပေးရင်း တိုးတိုးလေး ရှင်းပြသည်။

"ကျန်တဲ့နှစ်ယောက်က ရှဲ့ကျစ်ဟန်ရဲ့ဘေးအခန်းကလေ။ ဒီနေ့ သူ ဒကာခံမယ်ဆိုတာ သိတော့ သူတို့အခန်းက လူသုံးယောက်နဲ့အတူ လိုက်လာကြတာ။ ကြိုလည်း မပြောထားတော့ ငါတို့လည်း မောင်းထုတ်ဖို့ အားနာနေတာ"

"ကိစ္စမရှိပါဘူး" ရှဲ့ကျင့်ယွီက ဂရုမစိုက်သလို ပြောသည်။ "ဘယ်သူနဲ့မှ မရင်းနှီးတော့ ၃ ယောက်လာလာ၊ ၅ ယောက်လာလာ အတူတူပါပဲ"

ပိုင်လင်းယွင် အားနာနေတုန်းပါပဲ။

"နင်တို့ ထမင်းစားရတာ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ"

"ရပါတယ်" ကျိုးအန်းရန် သူမလက်ကို ဆွဲလိုက်သည်။ "နင်သာ စိတ်အနှောင့်အယှက် မဖြစ်ရင် ပြီးတာပဲ"

ရှဲ့ကျစ်ဟန်ကလည်း ကျောင်းသားသမဂ္ဂကပဲမို့ စကားပြောကောင်းသည်။ သီးသန့်ခန်းထဲက အခြေအနေကို သူပဲ ထိန်းချုပ်ထားပြီး ပျင်းစရာမကောင်းအောင် လုပ်ပေးသည်။

ကျိုးအန်းရန်က လူများပြီး မရင်းနှီးတဲ့ အခြေအနေမျိုးကို သိပ်မကြိုက်တော့ စကားဝင်မပြောဘဲ စိတ်ဝင်စားမှုလည်း မရှိပေ။ ဟင်းစုံတာနဲ့ ယွီရှင်းယွဲ့လိုပဲ ခေါင်းငုံ့ပြီး ထမင်းစားနေလိုက်သည်။

ထမင်းစားလို့ တစ်ဝက်လောက်ရောက်တော့ သူမကို လှမ်းခေါ်သံ ကြားလိုက်ရသည်။

"ညီမလေးကျိုးက ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ"

ကျိုးအန်းရန် မော့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်က ကောင်လေးတစ်ယောက် သူမကို ကြည့်နေတာ တွေ့လိုက်ရသည်။

စောစောက ရှဲ့ကျစ်ဟန် မိတ်ဆက်ပေးထားတာ၊ သူတို့ဘေးအခန်းက လူနှစ်ယောက်ထဲက တစ်ယောက်၊ နာမည်က ကုန်းယုံလျန် ထင်တယ်။

ပိုင်လင်းယွင်က သူမအစား ဝင်ဖြေပေးလိုက်သည်။

"ရန်ရန်က ထမင်းစားရင် စကားသိပ်မပြောတတ်ဘူး၊ ပုံမှန် ငါတို့နဲ့ စားရင်လည်း ဒီလိုပါပဲ"

"ဒါပေမဲ့ ထမင်းမစားခင်တုန်းကလည်း ညီမလေးကျိုး စကားပြောတာ မတွေ့မိပါဘူး" ကုန်းယုံလျန်က ကျိုးအန်းရန်ဆီက အကြည့်မခွာဘဲ ပြောသည်။ "ညီမလေးရဲ့ စရိုက်က ဒီလောက် အေးနေရင် အနိုင်ကျင့်ခံရတတ်တယ်၊ အစ်ကိုက ညီမလေးထက် ကျောင်းတစ်နှစ်စောရောက်တာ၊ ကျောင်းသားသမဂ္ဂကပဲလေ။ WeChat Add ထားလိုက်မလား။ နောက်ကျရင် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"

ကျိုးအန်းရန် တူကိုင်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။

WeChat လာတောင်းတာ ပထမဆုံးအကြိမ် မဟုတ်ပေမယ့်၊ အရင်တုန်းက သီးသန့်လာတောင်းကြတာဆိုတော့ အများစုကို တိုက်ရိုက် ငြင်းလိုက်လို့ရတယ်။ အခုလို လူအများကြီးရှေ့မှာ လာတောင်းတာ ပထမဆုံးအကြိမ်ပါပဲ။

သူမက လူမုန်းခံရမှာ ကြောက်လို့တော့ မဟုတ်ပါဘူး။ တခါတလေ မပေါင်းသင့်တဲ့လူကို ပေါင်းမိရင် အစကတည်းက ငြင်းလိုက်တာထက် ပိုပြီး ပြဿနာတက်တတ်တယ်လေ။ ဒါပေမဲ့ ကုန်းယုံလျန်နဲ့ ရှဲ့ကျစ်ဟန် ဆက်ဆံရေး ဘယ်လိုရှိလဲ မသိဘူး။ ပိုင်လင်းယွင်ကို ထိခိုက်မှာ စိုးရိမ်မိတယ်။

တွန့်ဆုတ်နေတုန်း သူမဖုန်း ရုတ်တရက် မြည်လာသည်။

သူမက ဖုန်းမြည်သံကို လွန်ခဲ့တဲ့ရက်ပိုင်းကမှ ယွီပင်းချင် ဆိုထားတဲ့ "You Give Love A Bad Name" သီချင်း ပြောင်းထားတာ။

ကယ်တင်ရှင် ရောက်လာသလိုပဲ ကျိုးအန်းရန် ဖုန်းကို အိတ်ထဲကနေ အမြန်ဆွဲထုတ်လိုက်သည်။

"ဆောရီး... ဖုန်းကိုင်လိုက်ဦးမယ်"

ပြောပြီးတာနဲ့ ဖုန်းကိုင်ပြီး သီးသန့်ခန်းအပြင်ကို အမြန်ထွက်လာခဲ့သည်။ လမ်းမှာ ဘယ်သူခေါ်လဲဆိုတာတောင် ကြည့်ဖို့ အချိန်မရလိုက်ဘူး။

ဒါပေမဲ့ ဘယ်သူခေါ်ခေါ် အရေးမကြီးပါဘူး။ လိမ်လည်တဲ့ဖုန်းဖြစ်လည်းရတယ်။ သူမက အကြောင်းပြချက်တစ်ခုရှာပြီး ထွက်လာတာပါ။ ဘယ်လိုငြင်းရမလဲ စဉ်းစားဖို့လေ။

တံခါးဖွင့်လိုက်တော့ ဘာကြောင့်မှန်းမသိ ချန်လော့ပိုင်ကို သွားသတိရလိုက်သည်။

သူသာဆိုရင် ဒီလိုအခြေအနေမျိုးကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းတတ်မှာပဲ။

အရင်တုန်းက KTV မှာ စီနီယာအစ်မတစ်ယောက် လူပုံအလယ်မှာ သူ့ WeChat တောင်းတုန်းက သူက လှေကားထစ်တစ်ခု လှလှပပ ခင်းပေးခဲ့တာလေ။

အခန်းပြင်ရောက်တော့ ဖုန်းမြည်နေတုန်းပဲဆိုတာ ကြားလိုက်ရတယ်။ လိမ်လည်တဲ့ဖုန်း မဟုတ်လောက်ဘူးထင်ပြီး ခေါင်းငုံ့ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်မှာ သူမခြေလှမ်း တုန့်ခနဲ ရပ်သွားသည်။

ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ ခေါ်ဆိုသူနာမည်က အင်္ဂလိပ်စာလုံးအကြီး သုံးလုံးတည်း။

CLB

သူက ဘာလို့ သူမဆီ ဖုန်းဆက်တာလဲ။

သူ့ဖုန်းနံပါတ်က သူ သူမဆီက WeChat တောင်းတုန်းက မှတ်ထားတာ။ အဲဒီတုန်းက သူက QR Code မဖတ်ဘဲ ဖုန်းနံပါတ် အရင်တောင်းတာ။ သူမခေါင်းထဲမှာ အဲဒီတုန်းက ဗလာဖြစ်နေတော့ သူ ဘာမေးမေး ဖြေလိုက်တာပဲ။

နံပါတ်ပေးပြီးတော့ သူက ပြန်ခေါ်လိုက်တယ်။ လေသံက ပျင်းရိရိနဲ့ ပေါ့ပေါ့ပါးပါးပဲ။ ငါ့နံပါတ်လည်း မှတ်ထားလိုက်ပါဦး၊ ကိစ္စရှိရင် ဆက်သွယ်ရလွယ်တာပေါ့တဲ့။

ကျိုးအန်းရန် သူ့နံပါတ်မှတ်တုန်းက အစက သူ့နာမည်အပြည့်အစုံ ရေးမလို့ လုပ်သေးတယ်။

ဒါပေမဲ့ သူ့နာမည်နဲ့မှတ်ရင် အရမ်းသိသာလွန်းတယ်လို့ ထင်မိတယ်။ ဒီလူက ကျောင်းရောက်တာ မကြာသေးပေမယ့် ကျောင်းသားချောလေးဆိုတဲ့ နာမည်က သူ့ခေါင်းပေါ် ပြန်ရောက်နေပြီလေ။

နောက်ဆုံးတော့ သူ့နာမည်ရဲ့ အင်္ဂလိပ်စာလုံး အတိုကောက်ပဲ ပြောင်းမှတ်လိုက်တယ်။

နံပါတ်လဲပြီးကတည်းက ဒါ သူ ပထမဆုံးအကြိမ် ဖုန်းခေါ်တာပဲ။

သီးသန့်အနေနဲ့ အကြိမ်ကြိမ် ဆုံဖူးပေမယ့် သူ့ဖုန်းကို လက်ခံရတော့ ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားလာပြန်တယ်။ သူ စောင့်ရတာ ကြာပြီး ဖုန်းချသွားမှာစိုးလို့ အသက်ပြင်းပြင်း ရှူလိုက်ပြီး အခန်းဝမှာတင် ကိုင်လိုက်သည်။

"ဟဲလို"

ကောင်လေးအသံက နားနားကပ်ပြီး ထွက်ပေါ်လာသည်။ ပုံမှန်အတိုင်း ပျင်းရိရိ လေသံပါပဲ။

"ဘယ်အခန်းမှာလဲ"

ကျိုးအန်းရန် စင်္ကြံလမ်းအတိုင်း လျှောက်သွားနေတုန်းဆိုတော့ ကြောင်သွားသည်။ နားမလည်သလို ဖြစ်သွားသည်။

"ဟင်"

"ယွဲ့ထင်းမှာ ထမင်းစားနေတာ မဟုတ်ဘူးလား" သူ့လေသံက ဂရုမစိုက်သလို ဖြစ်နေတုန်းပဲ။ "ငါနဲ့ ငါ့အခန်းဖော် ဒီနားရောက်နေလို့၊ မစ်တီးတစ်ခွက် ပိုဝယ်မိသွားတယ်၊ နင့်ဆီ လာပို့ပေးမလို့"

ကျိုးအန်းရန် နားလည်သလိုလို၊ နားမလည်သလိုလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူမ နားလည်ပေမယ့် အထင်လွဲမှာ ကြောက်နေတာဖြစ်မယ်။

"နင် ငါ့ကို မစ်တီးလာပို့ပေးမလို့လား"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။

"ကျောင်းပြန်သယ်သွားဖို့ ပျင်းလို့၊ လွှင့်ပစ်လိုက်ရင်လည်း နှမြောစရာကြီး။ ဘယ်အခန်းလဲ"

သီးသန့်ခန်းက ဒုတိယထပ်မှာရှိသည်။

ကျိုးအန်းရန် စင်္ကြံလမ်းအဆုံးထိ လျှောက်သွားပြီး ပြတင်းပေါက်နားမှာ ရပ်လိုက်သည်။ တစ်ခုခု လွဲနေသလို ခံစားရသည်။

ကျောင်းပြန်သယ်သွားဖို့ ပျင်းတယ်တဲ့။

ဒါဆို သူမဆီဖုန်းဆက်ပြီး အခန်းနံပါတ်မေး၊ ပြီးမှ လာပို့ပေးတာက ပိုပြီး အလုပ်မရှုပ်ဘူးလား။

ပြီးတော့ သူပြောပုံအရ သူ့အခန်းဖော်လည်း အတူပါတာပဲ။ မစ်တီးတစ်ခွက်လေးများ၊ သူပျင်းရင် သူ့အခန်းဖော်ကရော ပျင်းနေလို့လား။

ကျိုးအန်းရန် ရင်ခုန်သံတွေ တဒိန်းဒိန်း ဖြစ်လာသည်။

သူမ တကယ်ပဲ ပိုတွေးလို့ ရမလား။

ဒါဆို သူမ သူ့ကို နည်းနည်းလောက် စမ်းသပ်ကြည့်လို့ ရမလား။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"နင် ငါ့ကို တစ်ခုလောက် ကူညီပေးလို့ ရမလား"

"ဘာဖြစ်လို့လဲ" သူ့အသံ ရုတ်တရက် တိုးသွားသည်။ "ဒုက္ခတစ်ခုခု ရောက်နေလို့လား"

"မဟုတ်ပါဘူး၊ ဒီလိုပါ... နင် ပုံမှန်ဆို ဘယ်လို ငြင်း..." ကျိုးအန်းရန် ပြောရင်း စကားရပ်သွားသည်။ သူမ ဒီလိုကိစ္စမျိုး တစ်ခါမှ မလုပ်ဖူးတော့ ရုတ်တရက် ဘယ်လိုစကားလုံး သုံးရမှန်း မသိဖြစ်သွားသည်။

ချန်လော့ပိုင်အသံ နားနားကပ်ပြီး ရုတ်တရက် ထွက်ပေါ်လာသည်။

"တစ်ယောက်ယောက်က နင့်ကို ရည်းစားစာ ပေးလို့လား"

သူက ဉာဏ်ကောင်းမှန်း ကျိုးအန်းရန် သိပေမယ့်၊ ဒီလောက်ထိ တန်းမှန်းမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မမျှော်လင့်ဘဲ အလိုအလျောက် ငြင်းလိုက်မိသည်။

"မဟုတ်ပါဘူး..."

ငြင်းပြီးတာနဲ့ နောင်တရပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ပြီးတော့ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ထားလိုက်ပါတော့။

သူမ မစမ်းသပ်ရသေးခင်မှာပဲ သူ အထင်လွဲသွားမှာ ကြောက်နေမိပြီ။

တကယ်တော့ သူတို့က အခု ဘာပတ်သက်မှုမှ မရှိကြသေးပါဘူး။

သူမ ဒီလိုကိစ္စမျိုး လုပ်တတ်တဲ့သူ မဟုတ်ပါဘူး။

ကျိုးအန်းရန် သူ့ကို အကုန်ဖွင့်ပြောလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ စမ်းသပ်တာ မအောင်မြင်ရင်လည်း သူမ တကယ် အကူအညီလိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သူက ဒီလိုကိစ္စမျိုး ဖြေရှင်းတာ ကျွမ်းကျင်တယ်လေ။

"WeChat လာတောင်းနေလို့ပါ၊ အခန်းဖော်ရဲ့ ရည်းစားရဲ့ အတန်းဖော်လေ၊ လူအများကြီးရှေ့မှာဆိုတော့ ဘယ်လိုငြင်းရမလဲ မသိဘူး ဖြစ်နေတာ"

"ဒါ ငြင်းဖို့ ဘာခက်လို့လဲ၊ နင် ပြောလိုက်..."

ချန်လော့ပိုင် စကားခေတ္တရပ်သွားသည်။

ကျိုးအန်းရန် ရင်ခုန်သံတစ်ချက် လွတ်သွားသည်။

"ဘာပြောရမှာလဲ"

ကောင်လေးအသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"နင့်ကို ဆန့်ကျင်ဘက်လိင်တွေရဲ့ WeChat မ Add ဖို့ တစ်ယောက်ယောက်က တားထားတယ်လို့ ပြောလိုက်"

ကျိုးအန်းရန် - "......?"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၂ ။ ဆိုဒါ : မတော်တဆ ဆုံတွေ့ခြင်း

ကျိုးအန်းရန် သီးသန့်ခန်းထဲသို့ ပြန်ရောက်ပြီး ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်သည်နှင့် ရှဲ့ကျင့်ယွီက အနားကပ်လာသည်။

သူမက ကျိုးအန်းရန်ရှေ့ရှိ ပန်းကန်လုံးလေးကို လက်ညှိုးထိုးပြလိုက်သည်။

"ဝက်နံရိုးကြော်လေး လာချသွားလို့၊ နင့်အတွက် နည်းနည်းထည့်ထားပေးတယ်"

ကျိုးအန်းရန် - "ကျေးဇူးပါ"

ရှဲ့ကျင့်ယွီက ပိုတိုးကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"လင်းယွင်က မှာလိုက်တယ်၊ ကုန်းယုံလျန်က ထပ်မေးလာရင် နင် ငြင်းချင်ရင် တိုက်ရိုက်သာ ငြင်းလိုက်ပါတဲ့၊ အားနာစရာ မလိုဘူးတဲ့"

ကျိုးအန်းရန် သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြန်ဖြေသည်။

"အင်းပါ"

အခန်းထဲတွင် စကားဝိုင်းခေါင်းစဉ် ပြောင်းသွားပြီ။ ကျိုးအန်းရန် ဝက်နံရိုးကြော်တစ်တုံးကို ဖြည်းဖြည်းချင်း ကိုက်စားရင်း စီနီယာအစ်ကိုကုန်း ထပ်မမေးပါစေနဲ့လို့ ဆုတောင်းနေမိသည်။

သူမက ဒီလိုမျိုး မျက်နှာချင်းဆိုင် ငြင်းပယ်ရတာ သိပ်မလုပ်ချင်ဘူး။

ဒါပေမဲ့ သူမဆုတောင်း မပြည့်ပါဘူး။

ဝက်နံရိုးကြော်တစ်တုံး စားပြီးတာနဲ့ ကုန်းယုံလျန်အသံ ထွက်ပေါ်လာသည်။

"ညီမလေးကျိုး"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

ကုန်းယုံလျန်က ဖုန်းကို ကိုင်ပြီး လှုပ်ယမ်းပြလိုက်သည်။

"WeChat Add လိုက်ရအောင်လေ"

ကျိုးအန်းရန် - "......"

သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

"ဆောရီးပါ အစ်ကို" ကျိုးအန်းရန် ခဏရပ်လိုက်သည်။ တစ်ယောက်ယောက်ပေးတဲ့ အကြံဉာဏ်က သိပ်မကောင်းလှပေမယ့် တစ်ခါလောက် ယုံကြည်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ "ညီမကို ဆန့်ကျင်ဘက်လိင်တွေရဲ့ WeChat မ Add ဖို့ တစ်ယောက်ယောက်က တားထားလို့ပါ"

ကုန်းယုံလျန် မျက်နှာပျက်သွားသလိုဖြစ်သွားပေမယ့် ချက်ချင်း ပြန်ကောင်းသွားသည်။

ကျိုးအန်းရန် အထင်မှားတာလား မသိဘူး။

သူမ ရုပ်ရည်က အလွန်လိမ္မာသည့်ပုံစံမျိုးဖြစ်သည်။

အခန်းထဲကလူတွေလည်း သူမ လိမ်ပြောတယ်လို့ မထင်ကြဘူး။ အနည်းဆုံးတော့ သူမနဲ့မရင်းနှီးတဲ့ ကောင်လေးတွေက သံသယမဝင်ကြဘူး။

အခန်းထဲ ခဏတိတ်ဆိတ်သွားသည်။

ပြီးတော့ ရှဲ့ကျစ်ဟန်က အရင်ရယ်လိုက်သည်။

"ဩော်... ညီမလေးမှာ ရည်းစားရှိနေပြီကိုး"

ကျိုးအန်းရန် - "......"

...တကယ်ပဲ သိပ်မကောင်းတဲ့ အကြံဉာဏ်ပဲ။

သူမ အမြန်ခေါင်းခါလိုက်သည်။ မျက်နှာနည်းနည်း ပူလာသည်။

"မဟုတ်ပါဘူး"

ရှဲ့ကျစ်ဟန်ဘေးနားက ကောင်လေးက သူ့အခန်းဖော်ဖြစ်ပြီး သူနဲ့ ရင်းနှီးသည်။ သူကလည်း ဝင်ရယ်လိုက်သည်။

"ဒါဆို လောင်ရှဲ့နဲ့ ညီမလေးပိုင်တို့ အရင်တုန်းကလိုပဲ စကားပြောနေတဲ့ အဆင့်ပဲ ရှိသေးတာပေါ့။ အဲ့ဒါကြောင့် ငါတွေးနေတာ... ညီမလေးကျိုးမှာ ရည်းစားရှိရင် ဘာလို့ သတင်းမကြားရတာလဲလို့"

ကျိုးအန်းရန် - "......"

"......အဲဒါလည်း မဟုတ်ပါဘူး"

ရှဲ့ကျစ်ဟန် ခေါင်းညိတ်လိုက်သည်။

"ကဲ... ညီမလေးကျိုးကို စမနေကြပါနဲ့တော့၊ သူ မျက်နှာရဲနေပြီ။ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့၊ စားကြ၊ စားကြ"

ကျိုးအန်းရန် - "......"

ဒါက သူမစကားကို မယုံဘူးဆိုတာ သိသာနေတာပဲ။

ကုန်းယုံလျန်တောင် ပြုံးပြီး ဝင်ပြောလိုက်သေးသည်။

"နောက်တစ်ခါဆိုရင် စောစောစီးစီး လာမှဖြစ်မယ်နဲ့တူတယ်"

ကျိုးအန်းရန် - "......"

ထားလိုက်ပါတော့။

ဘာပဲဖြစ်ဖြစ် သူမ ငြင်းလိုက်ပြီပဲဟာ။

ကျိုးအန်းရန် ခေါင်းငုံ့လိုက်ပြီး ဝက်နံရိုးကြော် နောက်တစ်တုံး ယူစားလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။

ရှဲ့ကျစ်ဟန် ကြောင်သွားသည်။

"စားပွဲထိုးလား၊ ငါတို့ဟင်းတွေ အကုန်စုံနေပြီမလား"

သူ ပြောရင်း တံခါးဘက် လှည့်အော်လိုက်သည်။

"ဝင်ခဲ့ပါ"

ကျိုးအန်းရန် စောစောက ဖုန်းပြောတာကို သတိရသွားပြီး တူကိုအမြန်ချကာ တစ်သျှူးစက္ကူယူပြီး ပါးစပ်သုတ်လိုက်သည်။

နောက်တစ်စက္ကန့်မှာ အပြင်ကနေ တံခါးပွင့်လာသည်။

အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် တံခါးဝမှာရပ်နေသည်။ သူ ဒီနေ့လည်း အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားသည်။ အနက်ရောင် ခေါင်းစွပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီရှည်။ မျက်နှာပေါ်မှာ ဘာခံစားချက်မှမရှိဘဲ အေးစက်ပြီး ချောမောနေသည်။

သူမတို့ မိန်းကလေးတွေ ထိုင်နေတာက တံခါးနဲ့ မျက်နှာချင်းဆိုင်ဖြစ်သည်။

ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင်တို့က သူ့ကို သိကြတယ်။ ယွီရှင်းယွဲ့တောင် ရှဲ့ကျင့်ယွီပြတဲ့ ဓာတ်ပုံတွေကြောင့် သူ့ကို မြင်ဖူးနေပြီ။ သူ တံခါးဝမှာ ပေါ်လာတာ မြင်တော့ သုံးယောက်လုံး ကြောင်သွားကြသည်။

ကျောပေးထိုင်နေကြတဲ့ ကောင်လေးတွေလည်း လှည့်ကြည့်လိုက်ကြသည်။

ဒီလောက် အကြည့်တွေ ဝိုင်းနေတာတောင် တံခါးဝကလူက နည်းနည်းလေးမှ နေရခက်ပုံ မပြဘူး။ တခြားလူတွေကိုတောင် မကြည့်ဘူး။ လက်ကို လွှတ်လိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ကျိုးအန်းရန်ရှေ့ လျှောက်လာသည်။ လက်ထဲက မစ်တီးကို သူမစားပွဲပေါ် တင်လိုက်သည်။ ကျန်လက်တစ်ဖက်ကတော့ အကျင့်ပါနေသလိုမျိုး ကျိုးအန်းရန် ထိုင်ခုံအမှီပေါ် တင်လိုက်သည်။

လေသံကလည်း ရင်းနှီးနေသည်။

"ပူနေသေးတယ်၊ နည်းနည်း ပူလောက်တယ်"

ကျိုးအန်းရန် တကယ်ကြီး လာပို့တာမြင်တော့ နည်းနည်းကြောင်သွားသည်။ ခေါင်းညိတ်ပြလိုက်ပြီး ဘာပြောရမှန်းမသိလို့ ခြောက်ကပ်ကပ် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးပါ"

ချန်လော့ပိုင် လက်က သူမထိုင်ခုံပေါ်မှာ တင်ထားတုန်းပဲ။

"ဘယ်အချိန် ကျောင်းပြန်မှာလဲ"

ကျိုးအန်းရန် စားပွဲပေါ် ကြည့်လိုက်တော့ ဟင်းတွေ တစ်ဝက်လောက် ကျန်နေသေးတာ တွေ့လိုက်ရသည်။

"နည်းနည်း ကြာဦးမယ်ထင်တယ်"

"အဲဒီလိုလား" ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း နည်းနည်းကွေးညွတ်သွားပြီး လက်ဖယ်လိုက်သည်။ "ဒါဆို ငါ မစောင့်တော့ဘူးနော်"

ကျိုးအန်းရန် - "......"

တံခါးက ပြန်ပိတ်သွားလေသည်။

အခန်းထဲ ခဏတာ တိတ်ဆိတ်သွားပြန်သည်။

ရှဲ့ကျစ်ဟန် အရင် သတိဝင်လာသည်။

"ဒါ ဥပဒေပညာဌာနက နာမည်ကြီး ကျောင်းသားချောလေး မဟုတ်လား" သူ စကားခဏရပ်ပြီး ကျိုးအန်းရန်ကို ကြည့်ကာ မေးလိုက်သည်။ "ညီမလေးကျိုး... သူက 'ဆန့်ကျင်ဘက်လိင်တွေရဲ့ WeChat မ Add ဖို့ တားထားတဲ့ တစ်ယောက်ယောက်' ဆိုတာလား"

ကျိုးအန်းရန် - "......"

ပိုရှုပ်ကုန်ပြီ။

"တစ်ယောက်ယောက်" ဆိုတာ သူ မဟုတ်ပေမယ့်၊ သူ လုပ်ခိုင်းထားတာတော့ အမှန်ပဲ။

သူမ အမြန် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး၊ သူက ညီမရဲ့ အထက်တန်းကျောင်းနေဖက်ပါ"

ရှဲ့ကျစ်ဟန်က စနောက်သလို ကြည့်နေသည်။ ယုံလား မယုံလားတော့ မသိဘူး။

ကုန်းယုံလျန်ဘေးနားက ကောင်လေး၊ နောက်ထပ်ပါလာတဲ့ တစ်ယောက်၊ နာမည်က ဖူရှောင်ဖုန်း ထင်တယ်၊ သူက ရုတ်တရက် အေးစက်စက် ရယ်လိုက်သည်။

"ဘာကျောင်းသားချောလေးလဲကွာ၊ ငါ့အမြင်တော့ ရိုးရိုးလေးပါပဲ"

ရှဲ့ကျင့်ယွီက အောင့်ထားတာကြာပြီမို့ မနေနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။

"ချန်လော့ပိုင်က ရိုးရိုးလေး ဟုတ်လား"

ဖူရှောင်ဖုန်း - "ရိုးရိုးလေးပဲလေ၊ ဘာတွေများ မာနကြီးနေရတာလဲ မသိဘူး"

ကုန်းယုံလျန်က ရယ်မောပြီး ဝင်ပြောသည်။

"သူက ဒီနှစ် နန်ပြည်နယ်ရဲ့ သိပ္ပံထူးချွန်ကျောင်းသားလေ၊ နည်းနည်း မာနကြီးတာ ပုံမှန်ပါပဲ"

"ဒါ A တက္ကသိုလ်လေကွာ၊ သိပ္ပံထူးချွန်ကျောင်းသားတွေ ပေါမှပေါ" ဖူရှောင်ဖုန်းက ထပ်ပြီး အေးစက်စက် ရယ်လိုက်သည်။

ရှဲ့ကျင့်ယွီ မျက်လုံးလှန်ကြည့်ချင်စိတ် ပေါက်သွားသည်။ ပြန်ပြောမလို့ လုပ်တုန်း နူးညံ့သိမ်မွေ့တဲ့ အသံလေးတစ်ခု ထွက်ပေါ်လာသည်။

"မပေါပါဘူး" ကျိုးအန်းရန် ကိုင်ထားတဲ့ တူကို ပြန်ချလိုက်သည်။ "တစ်နိုင်ငံလုံးမှာ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသ ၃၄ ခုပဲ ရှိတာ။ အများဆုံးတွက်ရင်တောင် တစ်နှစ်ကို ပြည်နယ်သိပ္ပံထူးချွန်ကျောင်းသား ၃၄ ယောက်ပဲ ရှိတာ။ ငါတို့ပြည်နယ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အပြိုင်အဆိုင်များတဲ့ ပြည်နယ်လေ၊ ဘယ်လောက်ခက်ခဲလဲ လူတိုင်းသိပါတယ်။ သူက ဒီနှစ် ရိုးရိုးအမှတ်နဲ့တင် ငါတို့ပြည်နယ် ဒုတိယလူထက် ၁၀ မှတ်ကျော် သာနေတာ။ ဘာပဲဖြစ်ဖြစ် ငါကတော့ လိုက်မမီနိုင်ပါဘူး"

ကျိုးအန်းရန် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။

"ဒါပေမဲ့ စီနီယာအစ်ကိုဖူ ပြောပုံအရဆိုရင် အစ်ကိုက ဘယ်ပြည်နယ်က သိပ္ပံထူးချွန်ကျောင်းသားလဲ မသိဘူး။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်ဘယ်လောက်ရခဲ့လဲဟင်"

....

ထမင်းစားပြီးတော့ ရှဲ့ကျင့်ယွီက စာရေးကိရိယာ ဝယ်ချင်တယ်ဆိုပြီး မိန်းကလေးတွေကို ဆွဲခေါ်ကာ ကျောင်းပြန်လမ်းနဲ့ ဆန့်ကျင်ဘက်ကို ခေါ်သွားသည်။ ကောင်လေးတွေနဲ့ အကွာအဝေး ဝေးသွားတော့မှ သူမ တဟားဟား အော်ရယ်တော့သည်။

"ဟား... ဟား... ဟား... ဖူရှောင်ဖုန်း မျက်နှာပျက်သွားတာ ငါ တစ်သက်လုံး ရယ်လို့ရတယ်"

"ရယ်စရာတော့ ကောင်းတယ်" ပိုင်လင်းယွင်လည်း ရည်းစားနဲ့အတူ မပြန်ဘဲ သူတို့နဲ့ လိုက်လာသည်။ "ဒါပေမဲ့ ရန်ရန်... သူက မနှစ်က ဘယ်ပြည်နယ်ကမှ သိပ္ပံထူးချွန်ကျောင်းသား မဟုတ်ဘူးဆိုတာ နင် ဘယ်လိုလုပ် သေချာနေတာလဲ။ နင် မနှစ်က တစ်နိုင်ငံလုံး အခြေအနေကို စောင့်ကြည့်ခဲ့လို့လား"

ကျိုးအန်းရန်က တစ်ယောက်သောသူ လာပို့ထားတဲ့ မစ်တီးကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း သောက်နေသည်။ ချိုမြိန်လန်းဆန်းတဲ့ အရသာက ပါးစပ်ထဲ ပြည့်နှက်နေသည်။

တိုက်ဆိုင်လိုက်တာ။

သူ ပိုဝယ်လာတဲ့ တစ်ခွက်က သကြားလျှော့ထားတာဖြစ်နေတယ်။

မဟုတ်ရင် သကြားအပြည့်ဆိုရင်တောင် သူမ နှမြောလို့ အကုန်သောက်မိမှာ သေချာတယ်။

"မစောင့်ကြည့်ခဲ့ပါဘူး။ ဒါပေမဲ့ သူသာ တကယ် ပြည်နယ်ထူးချွန်ကျောင်းသားဆိုရင် 'ဒါ A တက္ကသိုလ်လေကွာ၊ သိပ္ပံထူးချွန်ကျောင်းသားတွေ ပေါမှပေါ၊ ငါလည်း မနှစ်က ရခဲ့တာပဲ' ဆိုပြီး ပြောလောက်တယ်လို့ ထင်လို့ပါ"

"ဟား... ဟား... ဟား..." ရှဲ့ကျင့်ယွီ ရယ်မရပ်နိုင်သေးဘူး။ "ဟုတ်တယ်... သူက ချန်လော့ပိုင်ကိုတောင် ရိုးရိုးလေးလို့ ပြောရဲတယ်ဆိုတော့ ယုံကြည်မှုက သာမန်မဟုတ်ဘူး။ ငါတောင် ပြန်ပြောမလို့ လုပ်နေတာ၊ ရန်ရန်က အရင်ပြောလိုက်လို့"

ကျိုးအန်းရန် စိတ်ငြိမ်သွားတော့ နည်းနည်း အားနာမိသွားသည်။ ပိုင်လင်းယွင်ကိုကြည့်ပြီး မေးလိုက်သည်။

"ငါ အဲဒီတုန်းက စိတ်မထိန်းနိုင်ဘဲ ပြောလိုက်မိတာ၊ နင်နဲ့ စီနီယာအစ်ကိုရှဲ့ကို ထိခိုက်သွားမလား"

"ဘယ်ဟုတ်ပါ့မလဲ၊ ရှဲ့ကျစ်ဟန်က သူနဲ့ မရင်းနှီးပါဘူး။ ရင်းနှီးရင်တောင်မှ သူ့သူငယ်ချင်း အကျိုးမရှိတဲ့ကိစ္စကြောင့် ငါ့ကို စိတ်ဆိုးမယ်ဆိုရင် အဲဒီရည်းစားကို မလိုချင်တော့ဘူး" ပိုင်လင်းယွင်က စကားခဏရပ်ပြီး ရယ်လိုက်သည်။ "ပြီးတော့ ရန်ရန် ပြန်ပြောတာကို မြင်လိုက်ရတာ ရှဲ့ကျစ်ဟန် စိတ်ဆိုးရင်တောင် တန်ပါတယ်"

ကျိုးအန်းရန် - "......"

သူမကိုယ်တိုင်လည်း မနေနိုင်ဘဲ ပြောမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

တခြားလူတွေ သူ့ကို အဲဒီလို နှိမ်ချပြောတာကြားရင် သည်းမခံနိုင်သလို ဖြစ်သွားလို့ပါ။

ရှဲ့ကျင့်ယွီ အနားတိုးကပ်လာပြီး သူမလက်မောင်းကို တံတောင်နဲ့ တွန်းလိုက်သည်။

"ငါ တစ်ညလုံး အောင့်ထားရတာနော်၊ စောစောက ကောင်လေးတွေရှေ့မှာမို့လို့ နင့်ကို မမေးတာ။ အခု အမှန်အတိုင်း ဝန်ခံတော့၊ ဆန့်ကျင်ဘက်လိင်တွေရဲ့ WeChat မ Add ဖို့ တားထားတဲ့ 'တစ်ယောက်ယောက်' ဆိုတာ တကယ်တမ်း ဘယ်သူလဲ။ နင်နဲ့ ချန်လော့ပိုင် အခု ဘာအခြေအနေလဲ။ တကယ်ကြီး သူ ဖြစ်နေတာလား"

ကျိုးအန်းရန် - "......"

စောစောကတည်းက သူ သင်ပေးတဲ့ဆင်ခြေကို မသုံးမိရင် ကောင်းသား။

"သူ မဟုတ်ပါဘူး။ အဲဒီလူ မရှိပါဘူး၊ ငါ ခုနက လျှောက်ပြောလိုက်တာပါ။ သူက ငါ့ရဲ့ အထက်တန်းကျောင်းနေဖက်ပါ၊ နင်တို့ကို ပြောပြဖူးတယ်လေ"

ရှဲ့ကျင့်ယွီက သူမလက်ထဲက ပစ္စည်းကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဝက် စပ်စုချင်စိတ်၊ တစ်ဝက် မယုံချင်စိတ်နဲ့ မေးလိုက်သည်။

"တကူးတက မစ်တီးလာပို့ပေးတဲ့ အထက်တန်းကျောင်းနေဖက်ပေါ့"

ကျိုးအန်းရန် နားရွက်တွေ ပူထူလာသည်။ တော်သေးတာက ဆံပင်ချထားလို့၊ မိုးချုပ်နေလို့ မမြင်ရတာ။

"သူနဲ့ သူ့သူငယ်ချင်းက ဒီနားရောက်နေလို့၊ တစ်ခွက်ပိုဝယ်မိသွားတာနဲ့ လွှင့်ပစ်ရမှာ နှမြောလို့ လမ်းကြုံ ဝင်ပေးသွားတာပါ"

"လွှင့်ပစ်ရမှာ နှမြောရင်တောင် ဘာလို့ တခြားလူကို မပေးဘဲ နင့်ကိုမှ လာပေးရတာလဲ" ပိုင်လင်းယွင်လည်း မယုံသလို မေးလိုက်သည်။

ကျိုးအန်းရန် တိတ်ဆိတ်သွားသည်။

သူမလည်း မသိဘူးလေ။

သူမလည်း သိချင်တာပေါ့။

"ဖြစ်နိုင်တာက..." သူမ စကားရပ်လိုက်သည်။ "...A တက္ကသိုလ်မှာ ငါက သူ့ရဲ့ တစ်ဦးတည်းသော အထက်တန်းကျောင်းနေဖက် မိန်းကလေးမို့လို့ဖြစ်မယ်"

"အဲဒါတော့ ဟုတ်နိုင်တယ်" ရှဲ့ကျင့်ယွီက လက်ခံလိုက်သည်။ "ငါနဲ့ တရုတ်စာပေဌာနက မိန်းကလေးတစ်ယောက် အထက်တန်းတုန်းက လုံးဝ မရင်းနှီးဘူး။ တက္ကသိုလ်ရောက်တဲ့ ပထမဆုံးရက်တွေမှာ နင်တို့နဲ့လည်း မရင်းနှီးသေးတော့ သူ့ကိုမြင်တာနဲ့ ရင်းနှီးသလိုခံစားရပြီး ချက်ချင်း ခင်သွားတာ"

"ဟုတ်တယ်" ပိုင်လင်းယွင်လည်း ထောက်ခံသည်။ "လွန်ခဲ့တဲ့ရက်ပိုင်းက သိပ်မရင်းနှီးတဲ့ အထက်တန်းကျောင်းနေဖက်တစ်ယောက်က ဒီအပတ် ပိတ်ရက်ကျရင် ပေကျင်းကို လာမယ်တဲ့။ တခြားသူငယ်ချင်းတစ်ယောက်နဲ့အတူ ငါတို့ကျောင်း လာလည်ချင်လို့ ထမင်းတူတူစားကြမလားလို့ မေးလာတယ်။ ငါလည်း ဝမ်းသာအားရ လက်ခံလိုက်တယ်။ အထက်တန်းတုန်းက တစ်ခန်းတည်း နေ့တိုင်းတွေ့နေရတော့ ဘာမှမဖြစ်ပေမယ့်၊ ကျောင်းပြီးသွားတော့ အတန်းဖော်ဟောင်းတွေကို လွမ်းမိသား"

ယွီရှင်းယွဲ့တောင် ဝင်ပြောသည်။

"တစ်နယ်တစ်ကျေးမှာ မိတ်ဟောင်းဆွေဟောင်းနဲ့ တွေ့ရတာ ဘဝရဲ့ ဝမ်းသာစရာ ကိစ္စရပ်ကြီး ၄ ခုထဲက တစ်ခုပဲလေ။ ငါနဲ့ ရန်ရန်လည်း တက္ကသိုလ်ရောက်မှ ခင်သွားကြတာပဲ မဟုတ်လား"

ကျိုးအန်းရန် မစ်တီးကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ဟုတ်လို့လား။

သူ အခု သူမအပေါ် ကောင်းနေတာက A တက္ကသိုလ်မှာ သူမက တစ်ဦးတည်းသော အထက်တန်းကျောင်းနေဖက် မိန်းကလေး ဖြစ်နေလို့လား။

....

စာမေးပွဲနီးလာပြီမို့ နောက်တစ်နေ့တွင် ကျိုးအန်းရန်နှင့် အခန်းဖော်များ အားလုံး စောစောထပြီး စာကြည့်တိုက်သို့ သွားကြသည်။ ၆ ယောက်ထိုင် စားပွဲတစ်လုံး ယူထားကြသည်။

ကျိုးအန်းရန်က ဘေးအစွန်ဆုံးခုံမှာ ထိုင်နေသည်။ စာအုပ်ဖွင့်လိုက်ချိန် ဘေးနားက ခုံလွတ်မှာ လူတစ်ယောက် လာထိုင်တာ တွေ့လိုက်ရသည်။ ကောင်လေးတစ်ယောက် ဖြစ်ပုံရသည်။ သူမ ဂရုမစိုက်မိပေ။

ရှဲ့ကျင့်ယွီက သူမကို တို့လိုက်မှ သတိထားမိသည်။

"နင့်အတန်းဖော်"

ကျိုးအန်းရန် မော့ကြည့်လိုက်ရာ ဟယ်မင်ယွီက မျက်နှာချင်းဆိုင်မှာထိုင်နေတာ တွေ့လိုက်ရသည်။

အကြည့်ချင်းဆုံတော့ ဟယ်မင်ယွီ ပြုံးပြသည်။ တခြားလူတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ တိုးတိုးလေး ပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ"

ကျိုးအန်းရန်လည်း ပြုံးပြပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ဟုတ်တယ်နော်... တိုက်ဆိုင်လိုက်တာ"

ဟယ်မင်ယွီက စကားနည်းသူမို့ နှုတ်ဆက်ပြီးတာနဲ့ သူမရှေ့မှာဝင်ထိုင်ပြီး စာစလုပ်တော့သည်။

ကျိုးအန်းရန်လည်း စကားများသူ မဟုတ်တော့ တစ်နေကုန် အတူထိုင်ပေမယ့် စကားသိပ်မပြောဖြစ်ကြပေ။

ည ၉ နာရီလောက်ကျမှ ဟယ်မင်ယွီက ပုစ္ဆာအချို့ မေးစရာရှိတယ်လို့ ပြောလာသည်။

ကျိုးအန်းရန် ခေါင်းညိတ် လက်ခံလိုက်သည်။

တခြားလူတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အပြင်ဘက် စင်္ကြံလမ်းထွက်ပြီး ရှင်းပြပေးလိုက်သည်။ ပြီးတော့ ပြန်ဝင်ပြီး စာဆက်လုပ်မလို့ လုပ်တုန်း ဟယ်မင်ယွီ လှမ်းခေါ်လိုက်သည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"မေးစရာ ကျန်သေးလို့လား"

"မရှိပါဘူး" ဟယ်မင်ယွီက လက်ထဲက ဘောပင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "နင် မနက်ဖြန် နေ့လည် အားလား၊ ထမင်း လိုက်ကျွေးချင်လို့"

ကျိုးအန်းရန် - "......"

ဘာလို့ ရုတ်တရက် အားလုံးက ထမင်းလိုက်ကျွေးချင်နေကြတာလဲ။

"မနက်ဖြန် အတန်းချိန်ပြည့်တယ်၊ နေ့လည် အချိန်သိပ်မရလောက်ဘူး" ကျိုးအန်းရန်က သံသယဖြင့် မေးလိုက်သည်။ "ဒါပေမဲ့ နင်က ဘာလို့ ရုတ်တရက် ထမင်းကျွေးချင်ရတာလဲ"

ဟယ်မင်ယွီက လက်ထဲက စာအုပ်ကို လက်ညှိုးထိုးပြသည်။

"အထက်တန်းတုန်းကနေ အခုထိ နင့်ကို ပုစ္ဆာတွေ ခဏခဏမေးနေရတာဆိုတော့ ထမင်းတစ်နပ်လောက်တော့ ကျွေးသင့်တယ်လို့ ထင်လို့ပါ။ မဟုတ်ရင် နောက်ထပ် လာမေးဖို့ အားနာနေမှာစိုးလို့"

ကျိုးအန်းရန် စိတ်အေးသွားသည်။

ဒီကိစ္စကြောင့်ကိုး။

"ရပါတယ်... နင့်ကို ရှင်းပြရင်း ငါလည်း ကိုယ့်ဘာသာ လေ့လာရာရောက်တာပဲ၊ ထမင်းကျွေးစရာ မလိုပါဘူး"

"ဒါပေမဲ့ နောက်ကျရင်လည်း ဒုက္ခပေးရဦးမှာ။ အင်္ဂလိပ်စာဆိုရင်တော့ တော်သေးတယ်၊ တခြားလူမေးလို့ရတယ်။ နင်တို့ မေဂျာဘာသာရပ်ကျတော့ လောလောဆယ် တခြားမေးစရာလူ မရှိသေးဘူး။ နင်က အကျွေးမခံရင် ငါ ထပ်မေးဖို့ အားနာနေမိလိမ့်မယ်" ဟယ်မင်ယွီ နှုတ်ခမ်းကို စေ့လိုက်သည်။ "ကျောင်းကန်တင်းမှာပဲ ကျွေးမှာပါ၊ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး၊ အချိန်လည်း သိပ်မကြာပါဘူး။ အတန်းဖော်ဟောင်းတွေဆုံပြီး စကားပြောကြတယ်လို့ပဲ သဘောထားလိုက်ပါ။ ငါတို့ တက္ကသိုလ်ရောက်ကတည်းက စကားသိပ်မပြောဖြစ်ကြဘူးမလား"

သူ ဒီလောက် ပြောလာမှတော့ ကျိုးအန်းရန် ငြင်းဖို့ ခက်သွားသည်။

"ကောင်းပြီလေ... ဒါပေမဲ့ မနက်ဖြန်တော့ ငါ တကယ် မအားဘူး"

"အင်္ဂါနေ့ နေ့လည်ရော" ဟယ်မင်ယွီ မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ရပါတယ်"

စာကြည့်တိုက်ထဲ ပြန်ရောက်တော့ ကျိုးအန်းရန် အခန်းဖော်တွေနဲ့အတူ တံခါးပိတ်တဲ့အထိ နေလိုက်ကြသည်။

....

နောက်တစ်နေ့တွင် အတန်းချိန်ပြည့်နေသဖြင့် အဆောင်ပြန်ရောက်တော့ ဘာမှ မလုပ်ဖြစ်ကြတော့ပေ။

ရေချိုးပြီး ကုတင်ပေါ် တက်လိုက်သည်။ ပြန်ရောက်ကတည်းက ပစ်ထားသော ဖုန်းကို Lock ဖွင့်ကြည့်လိုက်ရာ မက်ဆေ့ခ်ျအသစ်တစ်စောင် ဝင်နေသည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သော မိနစ် ၂၀ က ပို့ထားခြင်းဖြစ်သည်။

C - [နင်နဲ့ ဟယ်မင်ယွီ ဒီနေ့ စာကြည့်တိုက် အတူသွားကြတာလား]

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ဘာကြောင့်မှန်းမသိ၊ လိပ်ပြာမလုံဖြစ်သွားမိသည်။

တကယ်တော့ သူမနဲ့ သူက ဘာပတ်သက်မှုမှ မရှိပါဘူး။

သူက ဒီတိုင်းစပ်စုပြီး မေးလိုက်တာ ဖြစ်နိုင်ပါတယ်။ သူမ တခြားကောင်လေးနဲ့ စာကြည့်တိုက် အတူသွားတာကို သူ တကယ် ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သူမ လိပ်ပြာမလုံ ဖြစ်နေတုန်းပဲ။

လူတစ်ယောက်ကို ကြိုက်မိရင် ဒီလိုပဲနေမှာပါ။

သူ့စိတ်ကို မသိပေမယ့်၊ သူ့ကို နည်းနည်းလေးမှ အထင်လွဲစေမယ့် ကိစ္စမျိုး မဖြစ်စေချင်ဘူး။

ကျိုးအန်းရန် ရှင်းပြချက်ကို အမြန် ပြန်ပို့လိုက်သည်။

[မဟုတ်ပါဘူး၊ မတော်တဆ ဆုံကြတာပါ]

လက်ချောင်းလေး ဖုန်းမျက်နှာပြင်ပေါ် ရပ်တန့်သွားပြီး နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်သည်။

[နင် ဘယ်လိုသိတာလဲ]

သူက ဦးဆောင်ပြီး မစ်တီးလာပို့ပေးတာပဲဟာ။

သူမ တစ်ခွန်းလောက် ပိုမေးလိုက်တာ သိပ်မနှောင့်ယှက်ရာ ကျလောက်ပါဘူးနော်။

နှစ်စက္ကန့်အကြာတွင်...

ဖုန်း မြည်လာသည်။

C - [ယွမ်စုန်း မြင်လိုက်တာ]

ယွမ်စုန်း ဟုတ်လား။

ကျိုးအန်းရန် စဉ်းစားလိုက်သည်။

သူမကို "ချန်လော့ပိုင်ရဲ့ အတန်းဖော်မလေး" လို့ ခေါ်တဲ့ သူ့အခန်းဖော်ကောင်လေး ဖြစ်မယ်။

ကျိုးအန်းရန် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေပြီး ဘာပြန်ပြောရမလဲ မသိဖြစ်နေသည်။

သူမက တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် သဘောမကျဘူး။ သူ့ကို စိတ်ဝင်စားစရာကောင်းပြီး စည်းမကျော်တဲ့ ခေါင်းစဉ်မျိုးနဲ့ စကားပြောဖို့ စဉ်းစားလို့ မရဘူး။

ဒါပေမဲ့ သူက ရှားရှားပါးပါး စကားလာပြောတာလေ။

ဒီအတိုင်း စကားဖြတ်လိုက်ရမှာ နှမြောနေမိသည်။

တွန့်ဆုတ်နေစဉ် ဖုန်း ထပ်တုန်ခါလာသည်။

C - [နင် မနက်ဖြန် စာကြည့်တိုက် သွားဦးမှာလား]

ကျိုးအန်းရန် ရင်ခုန်သံတစ်ချက်လွတ်သွားသည်။

ဘာလို့ ဒီမေးခွန်း ရုတ်တရက် မေးတာလဲ။

ကျိုးအန်းရန် - [မနက်ဖြန် အတန်းချိန်ပြည့်နေလို့ မသွားဖြစ်လောက်ဘူး]

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

[ဘာဖြစ်လို့လဲဟင်]

ချန်လော့ပိုင်က သူမမေးခွန်းကို မဖြေဘူး။

နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလာသည်။

C - [ဒါဆို သဘက်ခါကျရင်ရော]

ကျိုးအန်းရန် - [သဘက်ခါမနက်တော့ သွားဖြစ်လောက်တယ်]

ကျိုးအန်းရန် နှလုံးသားကို သူက မမြင်ရတဲ့ ကြိုးတစ်ချောင်းနဲ့ ချိတ်ဆွဲထားသလို ခံစားရသည်။

သူမ မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

[ကိစ္စရှိလို့လား]

C - [မရှိပါဘူး]

နှလုံးသားကြီး ပြန်ပြုတ်ကျသွားသည်။

ကျိုးအန်းရန် မျက်လွှာချလိုက်ပြီး သက်ပြင်းမော ချလိုက်သည်။

ထိုစဉ် ဖုန်းသံ ထပ်မြည်လာသည်။

C - [နင်နဲ့ မတော်တဆ လာဆုံမလို့လေ]

***

All Chapters