အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
လီမွန်ဆိုဒါသကြားလုံး
အခန်း ၄၃ ။ ဆိုဒါ : ဒီစာအုပ် သုံးလိုက်
အင်္ဂါနေ့။
ပိုင်လင်းယွင်နှင့် ရှဲ့ကျင့်ယွီတို့ အဆောင်မှာပဲ စာကျက်ဖို့ ရွေးချယ်လိုက်ကြသည်။ စာကြည့်တိုက်သွားမယ့် အချိန်ကို အိပ်ချိန်အဖြစ် ၁၀ မိနစ် ပိုယူလိုက်ကြသည်။
ကျိုးအန်းရန်နှင့် ယွီရှင်းယွဲ့တို့ မနက် ၇ နာရီ ၅၅ မိနစ်တွင် စာကြည့်တိုက်သို့ ရောက်လာသောအခါ ချန်လော့ပိုင်သည် အပေါက်ဝတွင် ရောက်နှင့်နေပြီဖြစ်သည်။
ကောင်လေးသည် အနက်နှင့်အဖြူ ဘေ့စ်ဘောအင်္ကျီ ဝတ်ထားသည်။ မျက်ခွံများ တွဲကျနေပြီး အားအင်ကုန်ခမ်းနေသည့်ပုံ ဖြစ်နေသည်။ အိပ်ရေးမဝ၍လားမသိ၊ "စိတ်မကြည်ဘူး၊ ငါ့ကို လာမရှုပ်နဲ့" ဆိုသည့် အငွေ့အသက်များ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသည်။
ကျိုးအန်းရန် လျှောက်လာစဉ် မိန်းကလေးအများအပြား သူ့ကို ခိုးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သို့သော် သူစိမ်းဆန်သော အငွေ့အသက်ကြောင့်လားမသိ၊ မည်သူမျှ အနားကပ်ပြီး စကားပြောရဲသူ၊ WeChat တောင်းရဲသူ မရှိကြပေ။
သူမ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။
ချန်လော့ပိုင် သူမရောက်လာသည်ကို မြင်သောအခါ သမ်းဝေတော့မည့် ဟန်ကို ပြန်ထိန်းလိုက်သည်။ အသံက တိုးနေသည်။
"ရောက်ပြီလား"
ကျိုးအန်းရန် မော့ကြည့်လိုက်ရာ အနီးကပ်မြင်ရသောအခါ သူ့မျက်လုံးများ နူးညံ့သွားသော်လည်း မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပိုမို ထင်ရှားလာသည်ကို တွေ့လိုက်ရသည်။
"မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"
"နည်းနည်းပါ" ချန်လော့ပိုင်က ဖြေသည်။
ဒါဆို ဘာလို့ စာကြည့်တိုက် လာသေးတာလဲ။
တကယ်ပဲ သူမနဲ့ မတော်တဆ တွေ့ချင်လို့လား။
ဒီမေးခွန်းနှစ်ခုက ကျိုးအန်းရန်ရင်ထဲမှာ လှည့်ပတ်နေပေမယ့် မေးမထွက်ခဲ့ပါဘူး။
တနင်္ဂနွေညတုန်းက ဖုန်းထဲကနေတောင် "နင် နောက်နေတာလား" လို့ မမေးရဲခဲ့တာ။
အခု မျက်နှာချင်းဆိုင်ဆိုတော့ ပိုဆိုးပြီပေါ့။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး စကားလုံးတစ်လုံး ညှစ်ထုတ်လိုက်သည်။
"မနက်စာ စားပြီးပြီလား"
"စားပြီးပြီ" မိန်းကလေးက ဒီနေ့ ဆံပင်ကို ထိပ်မှာအလုံးလိုက်လေးစည်းထားသည်။ ချန်လော့ပိုင် ငုံ့ကြည့်လိုက်ရာ ဖြူဝင်းသော လည်ပင်းသားလေးကို တွေ့လိုက်ရသည်။ "နင်ကော"
"စားပြီးပြီ"
"......"
....
မနက် ၈ နာရီတွင် စာကြည့်တိုက်ဖွင့်သည်။
လူတစ်ယောက် ပိုလာလို့ ဒီတစ်ခါလည်း ၆ ယောက်ထိုင် စားပွဲဝိုင်းပဲ ယူလိုက်သည်။
သူမက အလယ်မှာထိုင်သည်။ ယွီရှင်းယွဲ့က ဘယ်ဘက်၊ ချန်လော့ပိုင်က ညာဘက်မှာ ထိုင်သည်။
ထိုင်ပြီးတာနဲ့ သူမနဲ့ မျက်နှာချင်းဆိုင် ခုံလွတ်မှာ ဟယ်မင်ယွီ စာအုပ်တွေပိုက်ပြီး လာထိုင်တာ တွေ့လိုက်ရသည်။
တနင်္ဂနွေညက ခံစားခဲ့ရတဲ့ လိပ်ပြာမလုံတဲ့ခံစားချက်ကြီး ပြန်ပေါ်လာပြန်သည်။
ဟယ်မင်ယွီက သူမကို တစ်ချက်ကြည့်ပြီး ချန်လော့ပိုင်ဘက် လှည့်ကြည့်လိုက်သည်။ စဖွင့်ကာစမို့ လူတွေ လှုပ်ရှားနေကြတုန်းပဲဆိုတော့ သူ အသံမနှိမ့်ဘဲ ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ... နင်တို့နှစ်ယောက်လည်း ဒီနေ့ လာဆုံကြတာလား"
ကျိုးအန်းရန် - "......"
ကျိုးအန်းရန် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
ရင်းနှီးတဲ့အသံတစ်ခု ဘေးနားကနေ ထွက်ပေါ်လာသည်။ ပျင်းရိရိနဲ့ ရယ်သံပါနေသည်။
"ဟုတ်တယ်... သူနဲ့ မတော်တဆ ဆုံတာ"
ကျိုးအန်းရန် - "......"
...ဘယ်မှာ မတော်တဆ ဆုံလို့လဲ။
ဟယ်မင်ယွီ မျက်လွှာချလိုက်သည်။ စာအုပ်တွေချပြီး ဘာမှထပ်မပြောတော့ဘူး။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး စာအုပ်ဖွင့်လိုက်သည်။ ဒါပေမဲ့ စိတ်ကို ချက်ချင်းစုစည်းလို့ မရဘူး။ အတွေးတွေရော၊ စာအုပ်ပေါ်က စာလုံးတွေပါ လွင့်မျောနေသလိုပဲ။
ရုတ်တရက် မှတ်စုစာအုပ်တစ်အုပ်ကို လက်ကြီးတစ်ဖက်က သူမရှေ့ တွန်းပို့လိုက်သည်။
စာရွက်လွတ်ပေါ်မှာ သန်မာထက်မြက်ပြီး ရင်းနှီးတဲ့ လက်ရေးတစ်ကြောင်း ရှိနေသည်။
အဲဒီရည်းစားစာပြီးကတည်းက သူမ ပြန်မမြင်ရတော့တဲ့ လက်ရေးမျိုးပေါ့။
စာတစ်ကြောင်းတည်း ရေးထားတယ်။
"နင် သူ့ကိုပါ ချိန်းထားတာလား"
ကျိုးအန်းရန် ရည်းစားစာအကြောင်း တွေးမိလို့ ဝမ်းနည်းနေတာလေးက ဒီစာကြောင်းကြောင့် ချက်ချင်း ပျောက်သွားသည်။
"နင် သူ့ကိုပါ ချိန်းထားတာလား" ဆိုတာ ဘာသဘောလဲ။
သူက တရုတ်စာတော်ပြီး မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်တဲ့သူပဲဟာ။ "ပါ" ဆိုတဲ့ စကားလုံး သုံးပြီးတဲ့အပြင် "ချိန်း" ဆိုတဲ့ စကားလုံးပါ ထပ်သုံးလိုက်တာ လူတွေ အထင်လွဲသွားနိုင်တယ်ဆိုတာ မသိဘူးလား။
ကျိုးအန်းရန် တကယ်ပဲ သူမ အတွေးလွန်နေတာလား မသိပေမယ့်၊ ဒီရက်ပိုင်း သူနဲ့သူမ ဆက်ဆံရေးကြားမှာ မရေရာတဲ့ သံယောဇဉ်အရိပ်အယောင်လေးတွေ ရှိနေသလို၊ ပိုပြီး သိသာလာသလို ခံစားနေရသည်။
မသေချာလို့၊ သူ့စိတ်ကို အမြဲ ခန့်မှန်းနေရလို့ ပင်ပန်းပေမယ့်၊ သူက သီးသန့် ထမင်းလိုက်ကျွေးတာ၊ အဆောင်ပြန်လိုက်ပို့တာ၊ စာကြည့်တိုက် အတူသွားဖို့ ချိန်းတာတွေက သူမ အရင်တုန်းက မမျှော်လင့်ရဲခဲ့တဲ့၊ တခြားမိန်းကလေးတွေ မရဖူးတဲ့ အခွင့်အရေးတွေပဲ။
ဒါကြောင့် ပင်ပန်းတဲ့ကြားထဲမှာ ချိုမြိန်မှုတွေ ပြည့်နှက်နေတယ်။
ဒါကြောင့် သူမ ဖွင့်မပြောရဲဘူး။
ဖွင့်ပြောလိုက်ရင် မျက်စိရှေ့က ရောင်စုံပူဖောင်းလေး ပျောက်ကွယ်သွားမှာစိုးလို့။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။ "ချိန်း" ဆိုတဲ့ စကားလုံးကို မသုံးရဲဘဲ အောက်တစ်ကြောင်းမှာ စာပြန်လိုက်သည်။
"မဟုတ်ပါဘူး၊ ဒါလည်း မတော်တဆ ဆုံတာပါ"
ရေးပြီးတော့ သေချာပြန်ကြည့်လိုက်သည်။ သူမလက်ရေး သေးသေးလေးက သူ့လက်ရေးအောက်မှာ ရှိနေသည်။
ကျိုးအန်းရန် ငယ်ငယ်တုန်းက လက်ရေးလှ လေ့ကျင့်ခဲ့တာကို ကျေးဇူးတင်မိသည်။ အရမ်းလှတယ်လို့ မပြောနိုင်ပေမယ့် ကြည့်ပျော်ရှုပျော်တော့ ရှိပါသေးတယ်။
စာအုပ်ကို ပြန်တွန်းပေးလိုက်သည်။
ချန်လော့ပိုင် သူမရဲ့ သပ်ရပ်လှပတဲ့ လက်ရေးလေးကို ကြည့်လိုက်သည်။ ပြီးတော့ သူမရဲ့ ဖြူဝင်းတဲ့ ဘေးတိုက်မျက်နှာလေးကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ မျက်နှာချင်းဆိုင်က ဟယ်မင်ယွီဆီ အကြည့်ခဏ ရောက်သွားသည်။
သူ ခေါင်းငုံ့လိုက်သည်။
စက္ကန့်အနည်းငယ် အကြာမှာ...
ကျိုးအန်းရန် သူ့အဖြေကို တွေ့လိုက်ရသည်။
တိုတိုလေး တစ်ကြောင်းပါပဲ။
"နင်နဲ့သူက ရေစက်ပါတာပဲ"
ကျိုးအန်းရန် - "......"
သူမ ကြောင်နေတုန်း စာအုပ်ကို သူ ပြန်ဆွဲယူသွားပြန်သည်။
ဒီတစ်ခါ ညာဘက်လက် ဆန့်ထုတ်လာတာမို့ လက်ကောက်ဝတ်ရိုးပေါ်က အညိုရောင် မှဲ့နက်ကလေး သူမမျက်စိရှေ့မှာ ဖြတ်သွားသည်။
ကျိုးအန်းရန် သူ့ကို မနေနိုင်ဘဲ ခိုးကြည့်လိုက်မိသည်။
ကောင်လေးရဲ့ ဆံပင်စလေးတွေ နဖူးပေါ် ဝဲကျနေသည်။ မေးရိုးတွေက အပြစ်ပြောစရာမရှိအောင် ကြည့်ကောင်းနေပေမယ့် ဘေးတိုက်မျက်နှာမှာ ဘာခံစားချက်မှ မပေါ်ဘူး။
သူ ခေါင်းငုံ့ထားပြီး သွယ်လျတဲ့ လက်ချောင်းတွေနဲ့ ဘောပင်ကို ကိုင်ထားသည်။ ဘောပင်ထိပ်နဲ့ ခုနက စာကြောင်းပေါ်မှာ မျဉ်းရှည်နှစ်ကြောင်း ဆွဲလိုက်သည်။ နောက်ဆုံး စာလုံးနှစ်လုံးပေါ်မှာ ပိုပြီး အားထည့်ခြစ်လိုက်သလိုပဲ။
ပြန်တွန်းပေးလာတော့ စာတစ်ကြောင်း ပိုလာသည်။
"ငါ တစ်ရေးအိပ်လိုက်ဦးမယ်၊ ၈ နာရီခွဲကျရင် နှိုးပေး"
ကျိုးအန်းရန် သူခြစ်လိုက်လို့ မမြင်ရသလောက် ဖြစ်သွားတဲ့ "နင်နဲ့သူက ရေစက်ပါတာပဲ" ဆိုတဲ့ စာကြောင်းကို ကြည့်ပြီး ရင်ခုန်သံတွေ မမှန်ချင်တော့ဘူး။
သူမ ခဏ တိတ်ဆိတ်နေပြီးမှ သူ့ကို ထပ်ခိုးကြည့်လိုက်သည်။
အိပ်ချင်မူးတူး ဖြစ်နေတုန်းပဲ။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး စာပြန်ရေးလိုက်သည်။ "အဆောင်ပြန်အိပ်ပါလား"
ဒီတစ်ခါ သူက စာလုံးလေးလုံး ပြန်ရေးသည်။ "ငါ့ကို မောင်းထုတ်တာလား"
ကျိုးအန်းရန် ဘောပင်ကို ကိုင်ထားသည်။
ဒီနေ့ သူသုံးတဲ့ စကားလုံးတွေက နည်းနည်း ထူးခြားနေတယ်လို့ ခံစားရပြန်သည်။
ဘာ "မောင်းထုတ်" တာလဲ။
သူမက ဘာအခွင့်အရေးရှိလို့ သူ့ကို မောင်းထုတ်ရမှာလဲ။
"မဟုတ်ပါဘူး၊ အဆောင်မှာ အိပ်တာ ပိုသက်တောင့်သက်သာ ရှိမှာပေါ့၊ မှောက်အိပ်ရတာ နေရခက်တယ်မလားလို့ပါ"
"မပြန်ဘူး၊ ရှားရှားပါးပါး မတော်တဆဆုံတာပဲဟာ၊ ၈ နာရီခွဲကျရင် နှိုးမယ်မလား"
ချန်လော့ပိုင် ဒီတစ်ခါ စာအုပ်တွန်းပေးပြီး သူမမျက်နှာကိုပါ ကြည့်လိုက်သည်။
ကျိုးအန်းရန် ဒီနေ့ ဆံပင်ကို အလုံးလိုက်စည်းလာမိတာ နောင်တရသွားသည်။ နားရွက်တွေ နည်းနည်း ပူလာသလို ခံစားရလို့ပါ။ "ရှားရှားပါးပါး မတော်တဆ ဆုံတာ" ဆိုတဲ့ စာကြောင်းကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေမိသည်။ နားရွက်နားက ဆံပင်စလေးတွေ ကျလာသည်။ ခေါင်းငုံ့ပြီး စာတစ်လုံး ရေးလိုက်သည်။
"အင်း"
စာအုပ်ပြန်တွန်းပေးလိုက်တော့ သူ့နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွတ်သွားသလို မြင်လိုက်ရသည်။ ပြီးတော့ စာအုပ်ပိတ်လိုက်ပြီး လက်မောင်းပေါ်တင်လိုက်ကာ မျက်နှာကို လက်မောင်းထဲ အပ်လိုက်သည်။ အနက်ရောင် ခေါင်းနောက်ပိုင်းလေးပဲ အပြင်မှာ ပေါ်နေတော့သည်။
အထက်တန်းတုန်းကလည်း သူ ဒီလိုပဲအိပ်တာ။
မျက်နှာကို လက်မောင်းထဲ အမြဲတမ်း အပ်ထားတတ်တယ်။
သူမ အကြိမ်ကြိမ် ခိုးကြည့်ဖူးတယ်။
ဒါပေမဲ့ ဒီတစ်ခါတော့... သူ့ကို နှိုးရမယ့် အခွင့်အရေးကို သူက သူမလက်ထဲ ထည့်ပေးလိုက်ပြီ။
ဘေးပတ်လည်မှာ လူတွေရှိနေတော့ ကျိုးအန်းရန် သူ့ကို ၂ စက္ကန့်ထက်ပိုပြီး မကြည့်ရဲဘူး။ အကြည့်ပြန်လွှဲလိုက်ပြီး Silent လုပ်ထားတဲ့ ဖုန်းကို Vibration ပြောင်းကာ ၈ နာရီခွဲ နှိုးစက် ပေးလိုက်သည်။
ဖုန်းမျက်နှာပြင် ပိတ်မလို့လုပ်ပြီးမှ ပြန်ဖွင့်လိုက်သည်။ စဉ်းစားပြီး အစားအသောက်မှာတဲ့ App တစ်ခုထဲ ဝင်လိုက်သည်။
ကျိုးအန်းရန် စိတ်ငြိမ်အောင်ထားပြီး စာအုပ်ကို နာရီဝက်လောက် ဖတ်လိုက်သည်။
....
၈ နာရီခွဲလို့ နှိုးစက်တုန်တာနဲ့ ချက်ချင်း ပိတ်လိုက်သည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ လက်လှမ်းပြီး သူ့ကို နှိုးမလို့လုပ်ပေမယ့် လက်ချောင်းထိပ်လေးတွေ သူ့လက်မောင်းနဲ့ ထိခါနီးမှ ပြန်ရုတ်လိုက်သည်။
စက္ကန့်အနည်းငယ် တွန့်ဆုတ်နေပြီးမှ လက်ထဲက ဘောပင်ကို အဖုံးပြန်ပိတ်လိုက်သည်။ ဖြည်းဖြည်းချင်း လှမ်းတို့မလို့ လုပ်ပြီးမှ ပြန်ရပ်လိုက်သည်။
အဖုံးပိတ်ထားပေမယ့် မာနေတုန်းပဲ။
ဒီဘောပင်နဲ့ သူ့ကိုထိုးရင် သက်တောင့်သက်သာရှိမှာမဟုတ်ဘူး။
ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ နောက်ဆုံးတော့ ဘောပင်ချလိုက်ပြီး လက်နဲ့ပဲ လှမ်းပုတ်လိုက်သည်။
ကောင်လေးရဲ့လက်မောင်းက သူမနဲ့ လုံးဝ မတူဘူး။ အင်္ကျီနှစ်ထပ် ခံနေတာတောင် အထဲက ကြွက်သားအားကို ခံစားလို့ ရနေတယ်။
ကျိုးအန်းရန် ဖွဖွလေး ပုတ်လိုက်သည်။
မလှုပ်ဘူး။
ထပ်ပုတ်လိုက်သည်။
မလှုပ်သေးဘူး။
အားနည်းနည်း ထည့်လိုက်သည်။
မလှုပ်သေးဘူး။
ဒီနေ့ သူ တော်တော် ပင်ပန်းနေတဲ့ပုံပေါက်နေလို့ နှိုးသင့် မနှိုးသင့် တွန့်ဆုတ်နေမိသည်။ ဒါပေမဲ့ သူ စာလုပ်ချိန် လျော့သွားမှာစိုးလို့ နောက်ဆုံးတော့ ရက်စက်လိုက်ရကာ အားနည်းနည်း ထပ်ထည့်လိုက်သည်။
ဒီတစ်ခါတော့ လှုပ်ရှားသွားသည်။
ကောင်လေးက ခေါင်းထောင်လာသည်။ မျက်ဝန်းနက်နက်တွေ ပွင့်လာသည်။ မျက်နှာပေါ်မှာ အိပ်ရေးပျက်လို့ စိတ်မရှည်တဲ့ပုံ၊ ဒေါသထွက်နေတဲ့ပုံတွေ အပြည့်ပါနေသည်။
နည်းနည်း ကြောက်စရာကောင်းတယ်။
ကျိုးအန်းရန် လက်ပြန်ရုတ်လိုက်မိသည်။
အထက်တန်းတုန်းက ဘယ်သူမှ သူ့ကို မနှိုးရဲကြတာ မဆန်းပါဘူး။
ချန်လော့ပိုင် မျက်လုံးထောင့်ကို ပွတ်လိုက်သည်။
သူမပုံစံကို သေချာမြင်လိုက်ရတော့ မျက်နှာပေါ်က ဒေါသအရိပ်အယောင်တွေ ချက်ချင်း ပျောက်ကွယ်သွားသည်။ တစ်ခဏအတွင်းမှာ လိမ္မာသွားသလိုဖြစ်သွားသည်။
ကျိုးအန်းရန်က သူ့ကို "လိမ္မာတယ်" ဆိုတဲ့ စကားလုံးနဲ့ တင်စားတာ တစ်မျိုးကြီးဖြစ်နေတယ်လို့ ခံစားရတယ်။
ဒါပေမဲ့ ဒီထက်ပိုသင့်တော်တဲ့ စကားလုံး ရှာမတွေ့ဘူး။
ခုနက ခဏလေးအတွင်းမှာ ရန်လိုတဲ့ သားရဲတစ်ကောင်က ယဉ်ပါးတဲ့ အိမ်မွေးကြောင်လေးအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရလို့ပါ။
"၈ နာရီခွဲပြီလား" သူ့အသံက တိုးလွန်းနေသည်။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
ချန်လော့ပိုင် တကယ်တော့ အိပ်ပျော်သွားတာ မကြာသေးပါဘူး။
မနေ့ညက အိမ်စာကြီးတစ်ခုကို မနက် ၃ နာရီထိ လုပ်နေရလို့ ဒီအချိန် အိပ်ရေးဖြည့်မလို့ လုပ်တာ။ ဒါပေမဲ့ သူမ နီးနီးကပ်ကပ် ထိုင်နေလို့လား၊ ဒါမှမဟုတ် စာအုပ်ကို သူမကိုင်လိုက်လို့ သူမ ကိုယ်သင်းနံ့ စွဲကျန်နေလို့လား မသိဘူး၊ နှာခေါင်းထဲမှာ သင်းပျံ့တဲ့ အနံ့လေး ရနေတယ်။
သူ အိပ်ပျော်တာ ၁၀ မိနစ်တောင် မပြည့်လောက်ဘူး။
ဒါပေမဲ့ ဆက်အိပ်နေရင် မနက်ခင်းတစ်ခုလုံး ကုန်သွားလိမ့်မယ်။
ချန်လော့ပိုင် မတ်တတ်ရပ်လိုက်သည်။ အသံက တိုးနေဆဲ။
"ငါ မျက်နှာသွားသစ်လိုက်ဦးမယ်"
ဘေးနားက မိန်းကလေးက လိမ်လိမ်မာမာ ခေါင်းညိတ်ပြသည်။
....
သူ မျက်နှာသစ်ပြီး ပြန်လာ၊ ပြန်ထိုင်လိုက်တာနဲ့ တစ်သျှူးတစ်ထုပ် ဖြည်းဖြည်းချင်း တွန်းပို့ပေးလာတာ တွေ့လိုက်ရသည်။ လက်သည်းလေးတွေကို သပ်သပ်ရပ်ရပ် ညှပ်ထားပြီး လက်ချောင်းလေးတွေက သွယ်လျဖြူဝင်းနေသည်။
ချန်လော့ပိုင် တစ်သျှူးတစ်ရွက် ဆွဲယူပြီး မျက်နှာသုတ်လိုက်သည်။ သူမ ကိုယ်ပိုင်မှတ်စုစာအုပ်ကို တွန်းပို့ပေးလာတာ တွေ့လိုက်ရပြန်သည်။
အပေါ်မှာ သပ်ရပ်လှပတဲ့ လက်ရေးလေးရှိနေသည်။
"ငါ ကော်ဖီဝယ်ထားတယ်၊ နင် သောက်မလား"
ချန်လော့ပိုင် အိပ်ချင်မူးတူး ဖြစ်နေတုန်းပဲ ထင်ပါတယ်။ ရုတ်တရက် သူမရဲ့ နူးညံ့ပြီး အက်ရှရှအသံလေးနဲ့ ဒီစကားကိုပြောတာ ကြားချင်စိတ်ဖြစ်မိသွားသည်။
သူ ဘာမှပြန်မပြောတော့ မိန်းကလေးက တွန့်ဆုတ်စွာ လှည့်ကြည့်လာသည်။ မျက်ဝန်းတွေက ကြည်လင်နေပြီး ဖြူစင်လွန်းလို့ အနိုင်ကျင့်ချင်စရာကောင်းနေသည်။
သူမ သံသယဖြစ်သလို မျက်တောင်ခတ်လိုက်သည်။
ချန်လော့ပိုင် လည်စလုတ် လှုပ်ရှားသွားသည်။
သူ အိပ်မပျော်ခင် ဘောပင် ဘယ်နားပစ်ထားမိလဲ မသိတော့ဘူး။ ရှာရမှာပျင်းတာနဲ့ သူမလက်ထဲက ဘောပင်ကို ဆွဲယူလိုက်ပြီး စာအုပ်ပေါ်မှာ စာတစ်လုံး ပြန်ရေးလိုက်သည်။
"သောက်မယ်"
ကျိုးအန်းရန်က သူမရှေ့ ပြန်ရောက်လာတဲ့ စာအုပ်ကို ကြည့်လိုက်၊ သူ့လက်ထဲရောက်နေတဲ့ သူမဘောပင်ကို ကြည့်လိုက် လုပ်နေသည်။
...သူက ပြန်ပေးမယ့်ပုံ လုံးဝ မပေါ်ဘူး။
ကျိုးအန်းရန် ပြန်တောင်းချင်ပေမယ့် တခြားလူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးတာနဲ့ ခဏစဉ်းစားပြီး အိတ်ထဲက အပိုပါလာတဲ့ ဘောပင်ကို ထုတ်လိုက်သည်။
"ဒါဆို ခဏစောင့်နော်"
ကျိုးအန်းရန် အောက်ထပ်ဆင်းပြီး ကော်ဖီ ၄ ခွက် ယူလာသည်။ တစ်ခွက်ကို ယွီရှင်းယွဲ့ရှေ့ ချပေးလိုက်သည်။ နောက်တစ်ခွက်ကို ဟယ်မင်ယွီရှေ့ ချပေးလိုက်သည်။ ပြီးမှ ကိုယ့်နေရာမှာ ဝင်ထိုင်ပြီး စာအုပ်ပေါ်မှာ စာရေးလိုက်သည်။ "ခုနက နင်အိပ်နေတော့ ဘာအရသာကြိုက်မှန်း မသိလို့၊ ဒီနှစ်ခွက်ထဲက ကြိုက်တာရွေးလိုက်တော့"
ပြီးတော့ စာအုပ်ရော ကော်ဖီနှစ်ခွက်ပါ သူ့ရှေ့ တွန်းပို့ပေးလိုက်သည်။
ချန်လော့ပိုင်က ဟယ်မင်ယွီလက်နားက ကော်ဖီခွက်ကို တစ်ချက်ကြည့်ပြီး အကြည့်ပြန်ရုတ်လိုက်သည်။
နှစ်စက္ကန့်အကြာတွင်...
ကျိုးအန်းရန် သူမရှေ့ ပြန်ရောက်လာတဲ့ စာအုပ်ပေါ်က စာကြောင်းသစ်ကို ကြည့်လိုက်သည်။
"သူလည်း ရတာလား"
လိပ်ပြာမလုံတဲ့ ခံစားချက် ပြန်ပေါ်လာသည်။
ဒါပေမဲ့ အားလုံးက စားပွဲဝိုင်းတစ်ခုတည်းမှာ ထိုင်နေကြတာလေ။ သူ့တစ်ယောက်တည်း ဝယ်တိုက်ရင် မကောင်းဘူးပေါ့။
ပြီးတော့ သူ့တစ်ယောက်တည်း ဝယ်တိုက်ရင် အရမ်းသိသာလွန်းနေမှာ။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး ပြန်ရေးလိုက်သည်။
"ငါ့အခန်းဖော်လည်း ရတာပဲ၊ အားလုံးက အတန်းဖော်တွေပဲဟာ"
ချန်လော့ပိုင် ဒီစာကြောင်းကို စိုက်ကြည့်ရင်း မျက်လုံးမှေးလိုက်သည်။ စာအုပ်ပေါ်မှာ စာလုံးတစ်လုံးချင်းစီ ပြန်မေးလိုက်သည်။
"အားလုံးက အတန်းဖော်တွေလား"
ကျိုးအန်းရန် - "......"
အတန်းဖော် မဟုတ်ရင် ဘာလဲ။
သူမလည်း အဲဒီလို ပြန်မေးချင်ပေမယ့် မမေးရဲဘူး။
သူ့အခန်းဖော်က သူ့ရှေ့မှာ သူမကို "ချန်လော့ပိုင်ရဲ့ အတန်းဖော်မလေး" လို့ ခေါ်တုန်းကလည်း သူ ငြင်းတာ မတွေ့မိပါဘူး။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး သူ့စာကြောင်းအောက်မှာ "အင်း" တစ်လုံးတည်း ပြန်ရေးလိုက်သည်။
ဘောပင်ထိပ် ရပ်တန့်သွားပြီး တွန့်ဆုတ်နေမိသည်။
ခြောက်ကပ်ကပ် "အင်း" တစ်လုံးတည်း ပြန်ရေးလိုက်ပြီး သူ့ကို တခြားလူတွေနဲ့ တန်းတူထားလိုက်ရတာ သူမ သဘောမကျသလို ခံစားရသည်။
သူ့ရဲ့ အထူးအခွင့်အရေးတချို့ကိုရပြီးတဲ့နောက် သူမ နည်းနည်း လောဘတက်လာသလိုပဲ။
သူ့ရဲ့ သာမန်အတန်းဖော်ပဲ မဖြစ်ချင်တော့ဘူး။
ကျိုးအန်းရန် ဘောပင်ထိပ် ပြန်ချလိုက်ပြီး ခြစ်ပစ်မလို့ လုပ်ပေမယ့် ရပ်လိုက်သည်။
ခြစ်ပစ်လိုက်ရင်လည်း အရမ်းသိသာနေမှာ။
သူ့ရှေ့မှာ သူမစိတ်ကို အကုန်ဖွင့်မပြရဲသေးဘူး။
ကျိုးအန်းရန် စိတ်ထဲမှာ ဟိုဟိုဒီဒီ ဒွိဟဖြစ်နေပြီး နောက်ဆုံးတော့ "အင်း" ဆိုတဲ့ စာလုံးနောက်မှာ ယန်ရှင်းချန်တို့ သုံးလေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ အီမိုဂျီပုံလေး ဆွဲထည့်လိုက်သည်။
လက်သေးသေးလေးက စာအုပ်ကို ပြန်တွန်းပေးလိုက်သည်။
ချန်လော့ပိုင်က သူမ အကြာကြီး ရေးနေတာမြင်တော့ စာအရှည်ကြီးရေးနေတယ် ထင်တာ။
ငုံ့ကြည့်လိုက်တော့ ရိုးရှင်းတဲ့ "အင်း" တစ်လုံးတည်း ဖြစ်နေတာမြင်ပြီး သူမဆီက လုယူထားတဲ့ ဘောပင်ကို လှည့်ကစားရင်း ရယ်မောလိုက်မိသည်။
ချန်လော့ပိုင်က ဘေးနားက အီမိုဂျီပုံလေးကို တစ်စက္ကန့်လောက် စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွတ်သွားပြန်သည်။
ကျိုးအန်းရန် ခဏစောင့်ပေမယ့် အဖြေပြန်မလာလို့ မော့ကြည့်လိုက်မိသည်။
ကောင်လေးက သူမမှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး သူ့မှတ်စုစာအုပ်အောက်မှာ ဖိထားလိုက်တာ တွေ့လိုက်ရသည်။ ပြီးတော့ သူယူလာတဲ့ "တရားဥပဒေရေးရာ" စာအုပ်ကို ဖွင့်လိုက်ပြီး လက်တစ်ဖက်က သူမဘောပင်ကို လှည့်ကစားရင်း ခေါင်းငုံ့ကာ စာစလုပ်နေသည်။
ဘေးတိုက်မျက်နှာက ချောမောနေတုန်းပါပဲ။
ဒါပေမဲ့...
သူမ စာအုပ်ကော။
သူ ပြန်မပေးတော့ဘူးလား။
ကျိုးအန်းရန် စာအုပ်ပေါ်မှာ လျှောက်ရေးရတာ မကြိုက်ဘူး။ သူ့နား နည်းနည်းတိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"စာအုပ်"
"ဘာလဲ" ချန်လော့ပိုင်က အေးဆေးစွာ လှည့်ကြည့်သည်။
ကျိုးအန်းရန် တခြားလူတွေကို မနှောင့်ယှက်ရဲလို့ သူ့နား ပိုတိုးကပ်သွားပြီး သူ့စားပွဲကို လက်ညှိုးထိုးပြကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါ့စာအုပ်လေ... ငါက ဒါတစ်အုပ်တည်း ပါတာ"
သူမအသံက တိုးပြီး နူးညံ့နေတယ်။ နားနားကပ်ပြီး ပြောလိုက်တော့ ချန်လော့ပိုင် နားရွက် ယားသွားသလို ခံစားလိုက်ရသည်။
"ဟုတ်လား"
ကျိုးအန်းရန် ခေါင်းကို အားပါပါ ညိတ်လိုက်သည်။
ချန်လော့ပိုင် သူမကို ငုံ့ကြည့်နေပြီး စကားမပြောဘူး။
တစ်စက္ကန့်အကြာတွင်...
သူ့စာအုပ်ကို ဆွဲထုတ်လိုက်ပြီး သူမရှေ့ ပစ်ပေးလိုက်တာ တွေ့လိုက်ရသည်။
"......"
"ဒီစာအုပ် သုံးလိုက်"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၄၄ ။ ဆိုဒါ : ငါ သူ့ကို ပြန်လိုက်ပို့လိုက်မယ်
သူတို့အားလုံး မနက် ဒုတိယအချိန်မှာ အတန်းရှိကြသည်။ စာသင်ချိန်နီးလာတော့ အားလုံး ပစ္စည်းသိမ်းပြီး စာကြည့်တိုက်ထဲက ထွက်လာကြသည်။
အပေါက်ဝက ထွက်လာတော့ ဟယ်မင်ယွီက နောက်လှည့်ကြည့်လိုက်ရာ ကျိုးအန်းရန်သည် ရည်ရွယ်ချက် ရှိရှိလား၊ မရှိရှိလား မသိဘဲ ချန်လော့ပိုင်ဘေးမှာ ယှဉ်လျှောက်နေတာ တွေ့လိုက်ရသည်။
သူ ခြေလှမ်းရပ်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန်လည်း ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ဟယ်မင်ယွီက စာအုပ်တွေကို ပိုက်ထားရင်း သူမကို ကြည့်သည်။
"နေ့လည်ကျရင် ကန်တင်းမှာ တွေ့မယ်လေ"
ကျိုးအန်းရန် - "......"
သူမ ဒီကိစ္စကို မေ့လုနီးပါး ဖြစ်နေပြီ။
ဘေးကလူက ကြည့်နေသလို ခံစားရလို့ မနက်ခင်းတစ်လျှောက်လုံး စိတ်ထဲ မလုံမလဲဖြစ်နေတာ၊ အခုကျတော့ အထွတ်အထိပ် ရောက်သွားပြီ။
သူမ အဲဒီအကြည့်ကို ရင်ဆိုင်ရင်း ခေါင်းမာမာနဲ့ ခေါင်းညိတ်ပြလိုက်သည်။
ချန်လော့ပိုင်၏အသံ သူမနားထဲ ရောက်လာသည်။ လေသံက အေးစက်နေသည်။
"နင်တို့နှစ်ယောက် နေ့လည် ထမင်းတူတူစားဖို့ ချိန်းထားကြတာလား"
ဟယ်မင်ယွီက သူ့ကို ကြည့်လိုက်သည်။
"သူက ငါ့ကို အကူအညီ နည်းနည်းပေးထားလို့ ထမင်းလိုက်ကျွေးမလို့"
"ပုစ္ဆာ နည်းနည်းလောက် ရှင်းပြပေးရုံပါ" ကျိုးအန်းရန် တိုးတိုးလေး ဝင်ပြောသည်။ "အကူအညီလို့တောင် မခေါ်နိုင်ပါဘူး"
ချန်လော့ပိုင် အကြည့်က ခေါင်းငုံ့ထားတဲ့ မိန်းကလေးဆီကနေ ဟယ်မင်ယွီဆီ ရောက်သွားသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"လူတစ်ယောက် ပိုလာတာ ကိစ္စမရှိဘူးမလား။ အတော်ပဲ... ငါ နေ့လည် တစ်ယောက်တည်း စားရမှာ။ သူက အကူအညီလို့ မသတ်မှတ်မှတော့ မင်းလည်း ကျွေးစရာမလိုတော့ပါဘူး။ ငါပဲ မင်းတို့နှစ်ယောက်လုံးကို ကျွေးလိုက်ပါ့မယ်။ ကျောင်းဖွင့်ကတည်းက ငါတို့သုံးယောက် သီးသန့် မဆုံဖူးကြသေးဘူး"
ဟယ်မင်ယွီက အကြည့်မလွှဲဘဲ ပြန်ပြောသည်။
"သူက အကူအညီ မဟုတ်ဘူးလို့ပြောပြီး ငါ့ကို မကျွေးခိုင်းတာ ဟုတ်ပြီထား၊ မင်းက ဘာအကြောင်းပြချက်နဲ့ ရုတ်တရက် ကျွေးချင်ရတာလဲ"
"အားလုံးက အတန်းဖော်တွေပဲလေ၊ ဒကာခံဖို့ အကြောင်းပြချက် လိုသေးလို့လား" ချန်လော့ပိုင် ခဏရပ်လိုက်ပြီး ဘေးက မိန်းကလေးကို ပြန်ကြည့်လိုက်သည်။ သူမရဲ့ ဖြူဝင်းတဲ့ နားရွက်ဖျားလေးတွေ ရဲနေတာ တွေ့လိုက်ရသည်။ "ဟုတ်တယ်မလား... ကျိုးအန်းရန်"
ကျိုးအန်းရန် - "......"
သူမ အထင်မှားတာလား မသိဘူး၊ "အားလုံးက အတန်းဖော်တွေပဲလေ" ဆိုတဲ့ စကားကို သူက နည်းနည်းလေး အလေးအနက်ထားပြီး ပြောလိုက်သလိုပဲ။
သူမ ဟယ်မင်ယွီနဲ့ နှစ်ယောက်တည်း ထမင်းစားမှာကို မလိုလားလို့ သူမစကားနဲ့ သူမကို ပြန်ပိတ်လိုက်တာများလား။
ကျိုးအန်းရန် သူမ အတွေးလွန်နေတာလား မသိပေမယ့်၊ သူ့စကားကို ပြန်မပြောရဲဘူး။
ဒါပေမဲ့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမ သူနဲ့ ထမင်းအတူစားချင်တာ အမှန်ပါပဲ။
ဒါပေမဲ့ ဒီလိုဆိုရင် ဟယ်မင်ယွီကို ဒကာခံခိုင်းဖို့ မကောင်းတော့ဘူး။ တကယ်တော့ ဟယ်မင်ယွီ ကျွေးစရာမလိုဘူးလို့လည်း သူမ ထင်ပါတယ်။
ကျိုးအန်းရန် စဉ်းစားလိုက်ပြီး မော့ကြည့်လိုက်သည်။
"ဒါဆိုရင် ငါပဲ နင်တို့နှစ်ယောက်လုံးကို ကျွေးလိုက်မယ်လေ"
ဟယ်မင်ယွီ စာအုပ်ကို ကိုင်ထားတဲ့ လက်ချောင်းတွေ တင်းခနဲ ဖြစ်သွားသည်။
"ငါ ကျွေးမယ်လို့ ပြောပြီးသားပဲ" သူ ခဏရပ်လိုက်ပြီး ချန်လော့ပိုင်ကို ကြည့်လိုက်သည်။ "မင်း လိုက်ချင်ရင် လိုက်ခဲ့လေ"
ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။
"ကောင်းပြီလေ... ကြိုပြီး ကျေးဇူးတင်ပါတယ်"
ဟယ်မင်ယွီ - "......"
ဘေးမှာ ရပ်နေတဲ့ ယွီရှင်းယွဲ့က နာရီကြည့်လိုက်သည်။
"ရန်ရန်... စကားပြောလို့ ပြီးပြီလား၊ ငါတို့ အတန်းသွားတက်ရတော့မယ်"
ကျိုးအန်းရန် - "ပြီးပြီ၊ ခဏစောင့်ဦး"
ပြောပြီးတာနဲ့ ဘေးနားက အရပ်ရှည်ရှည် ကောင်လေးဘက် လှည့်ကြည့်လိုက်သည်။ သူမအကြည့်က သူ့ရဲ့ ချောမောတဲ့မျက်နှာကနေ အောက်ကို တဖြည်းဖြည်း ရောက်သွားပြီး သွယ်လျလှပတဲ့ လက်ချောင်းတွေဆီ ရောက်သွားသည်။
သူ့လက်ထဲမှာ သူမရဲ့ဘောပင်နဲ့ စာအုပ် ကိုင်ထားတုန်းပဲ။
"နင်..." ကျိုးအန်းရန် စကားတစ်လုံး ပြောပြီး ရပ်သွားသည်။
ချန်လော့ပိုင်က သူမကို အေးဆေးစွာ ကြည့်နေသည်။ မျက်ဝန်းနက်နက်တွေထဲမှာ အပြုံးရိပ်တွေ ပါနေပြီး သိရက်နဲ့ မေးနေသလိုပဲ။
"ငါ ဘာဖြစ်လို့လဲ"
ကျိုးအန်းရန် - "......"
ဟယ်မင်ယွီနဲ့ ယွီရှင်းယွဲ့ ရှိနေတော့ သူ ဘာလို့ သူမပစ္စည်းတွေ သိမ်းထားတာလဲဆိုတာ မမေးရဲတော့ဘူး။
တော်သေးတာက ယွီရှင်းယွဲ့ ပါလာလို့။ ပိုင်လင်းယွင်နဲ့ ရှဲ့ကျင့်ယွီသာ ပါလာရင် သူမကို စကြတော့မှာ။
ထားလိုက်ပါတော့။
သူ မပြောရင်၊ သူမလည်း မသိချင်ယောင်ဆောင်လိုက်မယ်။
ဘာပဲဖြစ်ဖြစ် သူမ ဒီနေ့ယူလာတဲ့ စာအုပ်က အသစ်ပဲလေ၊ မှတ်စုတွေ မပါသေးဘူး။
ဘာပဲဖြစ်ဖြစ်... သူမ သူ့စာအုပ်ကို ပြန်မပေးချင်ပါဘူး။
ကျိုးအန်းရန် အကြည့်လွှဲလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ငါ သွားတော့မယ်"
ပြောပြီးတာနဲ့ သူငယ်ချင်းကိုဆွဲပြီး အမြန်ထွက်သွားတော့သည်။
ဟယ်မင်ယွီက ချန်လော့ပိုင်လက်ထဲက ပစ္စည်းတွေကို တစ်ချက်ကြည့်ပြီး မျက်လွှာချလိုက်သည်။
"ငါ့အခန်းက ဟိုဘက်မှာ၊ ငါလည်း သွားတော့မယ်"
ချန်လော့ပိုင်က လက်တစ်ဖက်နဲ့ စာအုပ်ကို ပိုက်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ဖုန်းကြည့်နေသည်။ ခေါင်းမမော့ဘဲ "အင်း" လို့ပဲ ဖြေလိုက်သည်။
"နေ့လည်ကျမှ တွေ့မယ်"
ဟယ်မင်ယွီ - "......"
ချန်လော့ပိုင် စာကြည့်တိုက်အပေါက်ဝမှာ ခဏ ရပ်နေသည်။
ယွမ်စုန်း အထဲက ပြေးထွက်လာသည်။
"မင်း ငါ့ကို တကယ် စောင့်နေတာလား" ယွမ်စုန်းက သူ့ကို အကဲခတ်သလို ကြည့်လိုက်သည်။ "မင်း မနေ့ညက ၃ နာရီထိ အိပ်ရေးပျက်ထားပြီး ဒီမနက် စောစောထလာတာတောင် ကြည့်ရတာ လန်းဆန်းနေသလိုပဲ"
ချန်လော့ပိုင် ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ရှေ့ဆက်လျှောက်သည်။
"ကော်ဖီသောက်ထားလို့"
"ဩော်... ဒါကြောင့်ကိုး" ယွမ်စုန်းက သူ့နောက်လိုက်ရင်း အမှတ်တမဲ့ ကြည့်လိုက်ရာ မျက်နှာထား တစ်မျိုးဖြစ်သွားသည်။ "ချန်လော့ပိုင်... မင်းမှာ ဒီလို အကြိုက်မျိုးရှိမှန်း ငါ မသိခဲ့ဘူး"
ချန်လော့ပိုင် လှည့်ကြည့်သည်။
"ဘာအကြိုက်လဲ"
ယွမ်စုန်းက သူပိုက်ထားတဲ့ ဘောပင်နဲ့ စာအုပ်ကို လက်ညှိုးထိုးပြသည်။
"ဒီလို ချစ်စရာကောင်းတဲ့ ပုံစံမျိုးတွေက မိန်းကလေးတွေပဲ ကြိုက်တယ်ထင်တာ"
ချန်လော့ပိုင်က သူညွှန်ပြရာကို ငုံ့ကြည့်လိုက်သည်။ သင်းပျံ့တဲ့ ရနံ့လေး ရနေတုန်းပဲ။ သူ ပြုံးလိုက်သည်။
"ဒါက မိန်းကလေးပစ္စည်း ဖြစ်နေနိုင်တယ်ဆိုတာ မင်း မတွေးမိဘူးလား"
ယွမ်စုန်း - "......"
ယွမ်စုန်း ကြောင်သွားပြီး စက္ကန့်အနည်းငယ်ကြာမှ သဘောပေါက်သွားသည်။
"မင်းရဲ့ အတန်းဖော်မလေး ပစ္စည်းလား။ နင်တို့နှစ်ယောက် အခု ဘာအခြေအနေလဲ"
ချန်လော့ပိုင် ဘာမှပြန်မပြောဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒီနေ့နေ့လည် မင်းတို့နဲ့ ထမင်းတူတူ မစားတော့ဘူး"
"အဖွဲ့လိုက် အိမ်စာပြီးရင် ဒကာခံမယ်လို့ ပြောထားတယ်မလား" ယွမ်စုန်းက အတင်းအဖျင်းကို မေ့သွားသည်။
ချန်လော့ပိုင် - "နောက်တစ်ခါမှ ကျွေးတော့မယ်"
"မရဘူး" ယွမ်စုန်း လက်မခံပေ။ "ငါ ဒီထမင်းတစ်နပ်ကို မျှော်နေတာကြာပြီ။ ဒီနေ့ မနက်စာတောင် ကောင်းကောင်းမစားဘဲ နေ့လည်စာကို စောင့်နေတာ။ မင်း ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင် မင်းရဲ့ အတန်းဖော်မလေးဆီသွားပြီး စကားသွားပြောလိုက်မယ်။ တစ်ယောက်ယောက်က တစ်ရက်ကျတော့..."
"ဘာစားချင်လဲ" ချန်လော့ပိုင် ဖြတ်ပြောလိုက်သည်။ "Delivery မှာကျွေးမယ်"
ယွမ်စုန်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ငါ စဉ်းစားလိုက်ဦးမယ်... ဩစတြေးလျကျောက်ပုဇွန်တို့၊ ဘုရင်ဂဏန်းတို့ မပါရင် ဒီနေ့ ငါ့ပါးစပ်ကို ပိတ်နိုင်မှာ မဟုတ်ဘူး"
ချန်လော့ပိုင် ရယ်လိုက်သည်။
"ဘောလုံးဖိနပ်တောင် မင်းပါးစပ်ကို မပိတ်နိုင်ခဲ့ဘူးပဲ"
ယွမ်စုန်းက သူ့စကားကို မကြားချင်ယောင် ဆောင်လိုက်သည်။
"ကျောက်ပုဇွန်ပဲ စားမယ်၊ စားရရင် ဒီစာသင်နှစ်အတွင်း မပြောသင့်တာ ဘာမှ မပြောတော့ပါဘူးလို့ ကတိပေးတယ်"
"သေလိုက်တော့" ချန်လော့ပိုင် ရယ်မောပြီး ဆဲလိုက်သည်။
....
ကျိုးအန်းရန်နှင့် ယွီရှင်းယွဲ့တို့ အခန်းရောက်တော့ ပိုင်လင်းယွင်နှင့် ရှဲ့ကျင့်ယွီတို့ ရောက်နှင့်နေပြီ။ သူတို့အတွက် နေရာဦးပေးထားသည်။
လူသွားလမ်းဘေးက ခုံနှစ်လုံးဖြစ်သည်။
ကျိုးအန်းရန် အရင်ဝင်ထိုင်လိုက်သည်။ ထိုင်လိုက်တာနဲ့ ဘေးနားက ရှဲ့ကျင့်ယွီက အနားကပ်လာပြီး တိုးတိုးလေးမေးသည်။
"ချန်လော့ပိုင် ဒီနေ့ နင်နဲ့အတူ စာကြည့်တိုက် သွားတယ်ဆို၊ သူ စာကြည့်တိုက်သွားပြီး ဘာလုပ်တာလဲ"
"စာကြည့်တိုက်သွားပြီး ဘာလုပ်ရမှာလဲ၊ စာလုပ်တာပေါ့" ကျိုးအန်းရန် ဒီစကားပြောရတာ နည်းနည်း အားမရှိသလို ခံစားရသည်။
ဒါပေမဲ့ အစပိုင်းမှာ သူနဲ့ စာရွက်ကမ်းပြီး စကားပြောတာကလွဲရင်၊ သူမ ပစ္စည်းတွေကို သိမ်းလိုက်ပြီးတဲ့နောက် သူက "တရားဥပဒေရေးရာ" စာအုပ်ကိုပဲ အာရုံစိုက် ဖတ်နေခဲ့တာ။
စာလုပ်တယ်လို့ ပြောတာကလည်း အမှန်တရားပါပဲ။
"သူက စာကြည့်တိုက်သွားပြီး စာမလုပ်တတ်ဘူး မဟုတ်ဘူးလား" ရှဲ့ကျင့်ယွီ အံ့ဩသွားသည်။ "ငါထင်တာ သူ နင့်ကို ကိစ္စရှိလို့ ရှာတာမှတ်နေတာ"
ကျိုးအန်းရန်လည်း အံ့ဩသွားသည်။
"သူ စာကြည့်တိုက်သွားပြီး စာမလုပ်တတ်ဘူးလား"
ရှဲ့ကျင့်ယွီ - "နင် မသိဘူးလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
တကယ်တော့ သူမ စာကြည့်တိုက်မှာ သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး။
"ငါလည်း ဒီနှစ်ရက်မှ ကြားတာ။ ကျောင်းဖွင့်ကာစ ရက်ပိုင်းတုန်းက တစ်ခါ သွားဖူးတယ်တဲ့။ နာရီဝက်တောင် မကြာလိုက်ဘူး၊ မိန်းကလေး ၄ ယောက်က WeChat လာတောင်းကြလို့ နောက်ပိုင်း သူ မသွားတော့ဘဲ အဆောင်မှာပဲ စာလုပ်တော့တယ်တဲ့"
ကျိုးအန်းရန် - "သူ ငါ့ကို မပြောပြဘူး"
အဲဒီနေ့တုန်းက ဥပဒေပညာ ဘာလို့သင်လဲဆိုတာ သူမ မေးလိုက်တုန်းကလွဲရင် သူက သူ့အကြောင်း သူမကို သိပ်မပြောပြဖူးဘူး။
ကျိုးအန်းရန် ရင်ထဲက မသေချာမှုတွေ ပိုကြီးထွားလာသည်။
"ထားလိုက်ပါတော့... ဒါတွေ မပြောတော့ဘူး" ရှဲ့ကျင့်ယွီက မေးလို့မရမှန်းသိတော့ ခေါင်းစဉ်ပြောင်းလိုက်သည်။ "ငါတို့ နေ့လည် ဘယ်ကန်တင်းမှာ စားကြမလဲ"
ယွီရှင်းယွဲ့က ဝင်ပြောလိုက်သည်။
"သူ နေ့လည် ငါတို့နဲ့ မစားဘူး၊ ချန်လော့ပိုင်နဲ့ ရူပဗေဒဌာနက သူ့အတန်းဖော်က ထမင်းလိုက်ကျွေးမလို့တဲ့"
ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင်တို့ လှည့်ကြည့်လာကြသည်။
ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည်။
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ နျဲ့ကျစ်ကျန်းက သူမအရှေ့မှာ ထိုင်နေပြီး လှည့်ကြည့်လာသည်။
"ကျိုးအန်းရန်... နင်က ချန်လော့ပိုင်ရော၊ ရူပဗေဒဌာနက ကောင်ချောလေးနဲ့ရော သာမန်အတန်းဖော်တွေပါဆို၊ ဘာလို့ သူတို့နဲ့ စာကြည့်တိုက် အတူသွားလိုက်၊ ထမင်းအတူစားလိုက် လုပ်နေတာလဲ။ တကယ် သာမန်အတန်းဖော်ဆိုရင် အကွာအဝေး နည်းနည်း ထိန်းသင့်တယ် မဟုတ်ဘူးလား။ မဟုတ်ရင် တခြားမိန်းကလေးတွေ လိုက်ဖို့ ခက်နေမှာပေါ့"
ကျိုးအန်းရန် ကြောင်သွားသည်။
အတန်းတက်ခေါင်းလောင်း ထိုးလာတာကြောင့် နျဲ့ကျစ်ကျန်း ရှေ့ပြန်လှည့်သွားသည်။
ရှဲ့ကျင့်ယွီက အနားတိုးကပ်လာပြီး အသံနှိမ့်ပြောသည်။
"သူ့ကို ဂရုမစိုက်နဲ့၊ နင် အတန်းဖော်တွေနဲ့ ထမင်းစားတာ သူနဲ့ ဘာဆိုင်လို့လဲ"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"ကိစ္စမရှိပါဘူး"
တကယ်တော့ လေသံမကောင်းတာရယ်၊ အရှိတရားထက် ပိုပြောတာရယ်ကလွဲရင် နျဲ့ကျစ်ကျန်းပြောတာ လုံးဝ မမှားပါဘူး။
ဒါပေမဲ့ သူမနဲ့ ဟယ်မင်ယွီက အကွာအဝေး မထိန်းတာ မဟုတ်ပါဘူး။ သူတို့ WeChat မှာ စာတောင် သိပ်မပို့ဖြစ်ကြဘူး။ စာကြည့်တိုက်မှာ တွေ့တာကလည်း မတော်တဆပါ။
ချန်လော့ပိုင်နဲ့ ပတ်သက်ရင်တော့...
တကယ်လို့ သူက သူမကို သာမန်အတန်းဖော်အဖြစ်ပဲ သဘောထားတယ်ဆိုရင် အကွာအဝေး ထိန်းသင့်တာ မှန်ပါတယ်။
ဒါပေမဲ့...
သာမန်အတန်းဖော်ဆိုရင် သူမက တခြားကောင်လေးအတွက် ကော်ဖီတစ်ခွက် ပိုဝယ်လာတာကို စိတ်ဆိုးပါ့မလား။ အကြောင်းပြချက်မရှိဘဲ သူမရဲ့ စာအုပ်နဲ့ ဘောပင်ကို သိမ်းထားပါ့မလား။
ကျိုးအန်းရန် စားပွဲပေါ်တင်ထားတဲ့ သူ့စာအုပ်ကို ကြည့်လိုက်သည်။
အနက်ရောင် မျက်နှာဖုံးနဲ့ ရိုးရှင်းတဲ့ မှတ်စုစာအုပ်လေး။
သူမ ဒီစာအုပ်ကို ပြန်မပေးချင်တာက သူမ သူ့ကို ကြိုက်လို့ပါ။
ကျိုးအန်းရန် လက်ချောင်းလေးနဲ့ သူ့စာအုပ်မျက်နှာဖုံးကို ဖွဖွလေး တို့လိုက်သည်။
သူကော...
သူ တကယ်တော့ ဘယ်လို တွေးနေတာလဲ။
....
အတန်းချိန်နှစ်ချိန် ပြီးသွားတော့ ကျိုးအန်းရန် ကန်တင်းရှေ့ ရောက်လာသည်။ ချန်လော့ပိုင်နဲ့ ဟယ်မင်ယွီတို့ ရောက်နှင့်နေကြပြီ။
နှစ်ယောက်သား ဖုန်းကြည့်နေကြပြီး စကားပြောနေပုံ မရပေ။
ကျိုးအန်းရန် အနားရောက်သွားတော့ ဟယ်မင်ယွီက ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ပြီး မေးလိုက်သည်။
"ဘယ်မှာ စားချင်လဲ၊ အောက်ထပ်လား၊ အပေါ်ထပ်လား"
ဒီကန်တင်းရဲ့ အပေါ်ထပ်က မှာစားရတဲ့နေရာဖြစ်ပြီး အောက်ထပ်ထက် ဈေးပိုကြီးသည်။
ကျိုးအန်းရန်က သူ့ကို ပိုက်ဆံအကုန်အကျ မခံစေချင်ဘူး။
"အောက်ထပ် ရမလား"
ဟယ်မင်ယွီက ချန်လော့ပိုင်ဘက် လှည့်မေးသည်။
"မင်းကော"
ကောင်လေးက ဖုန်းကို လက်နှစ်ဖက်နဲ့ လှည့်ကစားနေသည်။ ကျိုးအန်းရန်ဘက် မေးငေါ့ပြလိုက်သည်။
"သူ့သဘောပဲ"
ကျိုးအန်းရန် - "......"
အောက်ထပ်ရောက်ပြီး ဟင်းထည့်ကာ ထိုင်စားလိုက်တော့မှ ကျိုးအန်းရန် နောင်တရမိသွားသည်။
တစ်ယောက်ယောက်က သူမဘေးနားက ခုံကို ဝင်လုပြီး ထိုင်လိုက်လို့ပါ။ သူမ ခေါင်းငုံ့စားနေပေမယ့် မျက်လုံးထောင့်ကနေ မြင်နေရတယ်... သူ့ပန်းကန်ထဲက ဟင်းတွေ သိပ်မလျော့သွားဘူး။ ထမင်းနည်းနည်းပဲ စားရသေးတယ်။
မကြိုက်လို့လား။
အဲဒီတစ်ခေါက် ယွီပင်းချင် ပြောဖူးတယ်... သူက အစားရွေးတယ်တဲ့။
ကျိုးအန်းရန်က ထမင်းစားတာ နှေးသည်။
ဟယ်မင်ယွီ ထမင်းကုန်လို့ တူချလိုက်တဲ့အချိန် သူမပန်းကန်ထဲမှာ ထမင်းနဲ့ဟင်း တစ်ဝက်လောက် ကျန်နေသေးတယ်။ ဘေးနားကလူကတော့ စားချင်စိတ် သိပ်မရှိတော့ဘဲ အချိန်မရွေး တူချတော့မယ့်ပုံ ပေါက်နေသည်။
ကျိုးအန်းရန် သူများကို စောင့်ခိုင်းရတာ မကြိုက်လို့ ဝါးတာကို နည်းနည်းမြန်လိုက်သည်။
ချန်လော့ပိုင်ရဲ့ ရင်းနှီးတဲ့အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"မလောပါနဲ့၊ ဖြည်းဖြည်းစား"
"ဟုတ်တယ်... မလောပါဘူး" ဟယ်မင်ယွီလည်း ဝင်ပြောသည်။ "ဖြည်းဖြည်းစားပါ"
ကျိုးအန်းရန် အရှိန်ပြန်လျှော့လိုက်သည်။
ပြီးတော့ ဟယ်မင်ယွီက မေးလိုက်သည်။
"နင် စားပြီးရင် အဆောင်ပြန်မှာလား၊ စာကြည့်တိုက် ဆက်သွားမှာလား"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"အဆောင်ပြန်မှာ၊ ဘာဖြစ်လို့လဲ"
"အင်္ဂလိပ်စာနှစ်ပုဒ်လောက် မေးချင်လို့" ဟယ်မင်ယွီက ပြောသည်။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ စားပြီးရင် ကြည့်ပေးမယ်လို့ ပြောမလို့ လုပ်တုန်း ဘေးနားက သန့်ရှင်းကြည်လင်တဲ့ အသံ ထွက်ပေါ်လာသည်။
"ငါ့ကို မေးလိုက်လေ"
ကျိုးအန်းရန် - "......"
ချန်လော့ပိုင်က တူကို ချလိုက်သည်။
"ငါ့အင်္ဂလိပ်စာက သူ့ထက် နည်းနည်းလေးပဲ နိမ့်တာ၊ သူတတ်တာ ငါလည်း တတ်လောက်ပါတယ်။ အတော်ပဲ... သူက ထမင်းမစားရသေးဘူးဆိုတော့ ငါပဲ ကြည့်ပေးလိုက်မယ်လေ"
ဟယ်မင်ယွီ - "......"
ကျိုးအန်းရန် - "??"
သူ့အင်္ဂလိပ်စာက ဘယ်တုန်းက သူမထက် နည်းနည်းလေးပဲ နိမ့်သွားတာလဲ။
အထက်တန်းပထမနှစ်တုန်းက သူ သူမနာမည်တောင် မမှတ်မိတဲ့အချိန် တစ်ခါလောက်ပဲ သူမက အမှတ်သာဖူးတာ။ ကျန်တဲ့အချိန်တွေမှာ သူက အမြဲတမ်း သူမထက် အမှတ်များနေတာပဲဟာ။
ချန်လော့ပိုင် မျက်နှာချင်းဆိုင်က ကောင်လေးကို မော့ကြည့်လိုက်သည်။
"ဒါမှမဟုတ် မင်းက ငါ့အကူအညီကို မလိုချင်လို့လား"
ဟယ်မင်ယွီက သူ မပြောလိုက်တဲ့ စကားကို နားလည်လိုက်သည်။
"မဟုတ်ပါဘူး၊ ဒါဆို ဒုက္ခပေးပါရစေ"
ချန်လော့ပိုင် ထပြီး မျက်နှာချင်းဆိုင် သွားထိုင်လိုက်သည်။
....
ကျိုးအန်းရန် ထမင်းစားပြီးချိန်မှာ သူတို့လည်း မေးခွန်းရှင်းလို့ ပြီးသွားကြသည်။
"စားပြီးပြီလား" ဟယ်မင်ယွီ မေးလိုက်သည်။ "နင် အဆောင်ပြန်မှာလား"
ကျိုးအန်းရန် ခေါင်းညိတ်ပြီး ပြန်မေးလိုက်သည်။
"နင်တို့က စာကြည့်တိုက် ဆက်သွားကြမှာလား"
"ငါလည်း အဆောင်ပြန်မှာ" ဟယ်မင်ယွီ ပြောပြီး ချန်လော့ပိုင်ကို ကြည့်လိုက်သည်။ "မင်းကော"
ချန်လော့ပိုင်က ဖုန်းကို လှည့်ကစားနေသည်။ ထိုင်ပုံထိုင်နည်းက ပျင်းရိနေသည်။ ကျိုးအန်းရန်ဘက် မေးငေါ့ပြလိုက်ပြီး လေသံပျင်းရိရိဖြင့် ပြောလိုက်သည်။
"ငါ သူ့ကို ပြန်လိုက်ပို့လိုက်မယ်"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၄၅ ။ ဆိုဒါ : သတိထားခြင်း
ကျိုးအန်းရန် ကြောင်သွားပြီး မော့ကြည့်လိုက်သည်။
"ဘာလို့ ကြည့်နေတာလဲ" ချန်လော့ပိုင်က ဖုန်းကို ဆက်လှည့်နေပြီး မျက်ဝန်းနက်နက်များတွင် အပြုံးရိပ်များ ထင်ဟပ်နေသည်။ "ငါ့အစ်မက နင့်ကို ဘေးကင်းကင်း ပြန်လိုက်ပို့ပါလို့ မှာထားတယ်လေ"
ကျိုးအန်းရန် - "......"
စီနီယာအစ်မယွီက ဘယ်တုန်းက မှာလိုက်တာလဲ။
လွန်ခဲ့တဲ့ စနေနေ့က မှာလိုက်တာကို ပြောတာလား။
ဒါပေမဲ့ အဲဒီနေ့က ယွီပင်းချင်ဆိုလိုတာက အဲဒီညအတွက်ပဲ ဖြစ်လောက်တယ်။
ကျိုးအန်းရန် သူ ဘာဆိုလိုမှန်း နားမလည်ပေမယ့်၊ ကိုယ်တိုင်ကလည်း သူ လိုက်ပို့တာကို လိုလားနေမိတော့ ဖွင့်မပြောတော့ပေ။
ဟယ်မင်ယွီ မျက်လွှာချလိုက်သည်။
ထိုစဉ် ဖုန်းသံ ဆက်တိုက် မြည်လာသည်။
ဟယ်မင်ယွီ ဖုန်းထုတ်ကြည့်လိုက်တော့ ကံတရားက သူ့ဘက်မပါမှန်း သိလိုက်ရသည်။ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
"ဆောရီးပါ... အခန်းဖော်က အရေးကြီးကိစ္စရှိလို့ ခေါ်နေလို့၊ ငါ အရင်သွားနှင့်ရတော့မယ်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"မြန်မြန် သွားလိုက်ပါ"
ဟယ်မင်ယွီ ထွက်သွားပြီးနောက် ကျိုးအန်းရန်က မျက်နှာချင်းဆိုင်က ကောင်လေး စကားစပြောလာတာ ကြားလိုက်ရသည်။
"သွားမလား"
ကျိုးအန်းရန်က ခေါင်းညိတ်မလို့ လုပ်တုန်း သူမလက်နားက သူ့ပန်းကန်ကို မတော်တဆ တွေ့လိုက်ရသည်။
"ဟိုလေ..." သူမ စကားရပ်လိုက်ပြီး သူ့ပန်းကန်ကို လက်ညှိုးထိုးပြလိုက်သည်။ "နင် ထမင်း သိပ်မစားရသေးဘူးနော်"
ချန်လော့ပိုင်လည်း သူမ လက်ညှိုးထိုးပြတဲ့ ပန်းကန်ကို ကြည့်လိုက်ပြီး "အင်း" ဟု ပြန်ဖြေသည်။
"စားချင်စိတ် သိပ်မရှိလို့"
ဘာလို့ စားချင်စိတ် မရှိရတာလဲ။
ကျိုးအန်းရန် သူ့ကို မော့ကြည့်လိုက်ပေမယ့် ဘာမှ မတွေ့ရပေ။
သူမ စိတ်ပူမိပြီး မနေနိုင်ဘဲ မေးလိုက်သည်။
"နေမကောင်းလို့လား၊ ဒါမှမဟုတ် ဟင်းမကောင်းလို့လား"
ချန်လော့ပိုင် ဖုန်းလှည့်တာ ရပ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ စနောက်ချင်သော လေသံဖြင့် မေးလိုက်သည်။
"ငါ့အကြိုက်ကို သိချင်နေတာလား"
ကျိုးအန်းရန် - "......"
ဒီလူက ဘာလို့ ပုံမှန် မဟုတ်ရတာလဲ။
သူမ ခေါင်းငုံ့ပြီး အကြည့်လွှဲချင်ပေမယ့်၊ လွှဲလိုက်ရင် ပိုပြီး လိပ်ပြာမလုံ ဖြစ်သွားမှာစိုးလို့ အတင်းဟန်ဆောင်ပြီး ယွီပင်းချင်ပြောဖူးတာကို ဆင်ခြေပေးလိုက်သည်။
"စီနီယာအစ်မယွီက နင် အစားရွေးတယ်လို့ ပြောဖူးတယ်လေ၊ အဲဒါကြောင့် မေးကြည့်တာပါ"
ကောင်လေးအသံက ရယ်သံပါနေတုန်းပဲ။
"သူ ငါ့အကြောင်း ဘာမကောင်းတာတွေ ပြောပြထားသေးလဲ"
ကျိုးအန်းရန် - "?"
သူမ နည်းနည်း ကြောင်သွားသည်။
"အဲဒါ မကောင်းပြောတာ ဟုတ်လို့လား"
ချန်လော့ပိုင်က ဖုန်းဆက်လှည့်နေပြီး သူမကို ကြည့်နေသည်။
"မကောင်းပြောတာ မဟုတ်ရင် ဘာလဲ"
ဘယ်လိုဖြေရမလဲ။
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။
အစားရွေးတယ်လို့ ပြောတာက မကောင်းပြောတာ မဟုတ်ဘူးလို့ ပြောလိုက်ရင် သူ စိတ်ဆိုးသွားမလား။ မကောင်းပြောတာလို့ ပြောလိုက်ရင်လည်း ယွီပင်းချင်ကို အားနာရာ ရောက်နေမလား။
ချန်လော့ပိုင်က သူမ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေတာကို ကြည့်ပြီး ပြုံးလိုက်သည်။ သူက သူမကို အခက်တွေ့စေတဲ့ မေးခွန်းတစ်ခု မေးလိုက်သလို ဖြစ်နေလို့ပါ။
"စတာပါ"
ကျိုးအန်းရန် - "......"
ဒါဆို တည်ငြိမ်လာတယ်ဆိုတာ ထင်ယောင်ထင်မှား ဖြစ်လောက်တယ်။
ဒီလူက အထက်တန်းတုန်းကလိုပဲ သူများကို စနောက်ရတာ ကြိုက်တုန်းပဲ။
အရင်တုန်းကတော့ သူက ကျုရန်နဲ့ တခြားကောင်လေးတွေကို စနောက်တာကို အဝေးကနေ ခိုးကြည့်ခဲ့ရတာ။ အခုတော့ သူမကို စနောက်နေပြီ။
ဒါပေမဲ့ စောစောက မေးခွန်းကို ဖြေစရာမလိုတော့လို့ စိတ်အေးသွားရသည်။ ဒါပေမဲ့ သူက ဆက်ပြောလာသည်။
"သူ ပြောတာ မမှားပါဘူး၊ ငါက တကယ် ရွေးတတ်တယ်။ ဒါကြောင့်..."
ကျိုးအန်းရန်က သူ ရပ်သွားတာ မြင်တော့ မေးလိုက်သည်။
"ဒါကြောင့် ဘာဖြစ်လဲ"
"အဆောင်ပြန်ဖို့ မလောဘူးဆိုရင်..." ချန်လော့ပိုင်က သူမကို ကြည့်လိုက်သည်။ "...အပေါ်ထပ်တက်ပြီး ငါနဲ့အတူ တစ်ခုခု ထပ်စားပေးမလား"
ကျိုးအန်းရန် သူ့အကြည့်နဲ့ ဆုံတော့ ရင်ထဲ တုန်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။
ချန်လော့ပိုင်က တကယ်တော့ သိပ်စားချင်စိတ် မရှိပါဘူး။ ဒုတိယထပ်ရောက်တော့ ဝမ်တန်ခေါက်ဆွဲတစ်ပွဲပဲ မှာလိုက်တယ်။ ပြီးတော့ ဝန်ထမ်းကို မေးလိုက်တယ်။
"ရိုးရိုးအပူချိန် ကိုလာ ရှိလား"
ကျိုးအန်းရန် ခေါင်းငုံ့ပြီး သူ ကြက်သွန်မြိတ်စားလား၊ နံနံပင်စားလားဆိုတာ မှတ်နေတုန်း ကိုလာဘူးတစ်ဘူး သူမမျက်နှာရှေ့ ရောက်လာသည်။ ကိုလာဘူးကို ကိုင်ထားတဲ့လက်က သွယ်လျပြီး လက်ကောက်ဝတ်ရိုးပေါ်မှာ ရင်းနှီးတဲ့ မှဲ့နက်ကလေးရှိနေသည်။
ခေါင်းပေါ်ကနေ ရင်းနှီးတဲ့အသံ ထွက်ပေါ်လာသည်။
"ဒါ သောက်မလား"
တစ်ခဏလောက်တော့ ကျိုးအန်းရန် မျက်စိရှေ့က မြင်ကွင်းက လွန်ခဲ့တဲ့ ၂ နှစ်က အမှတ် (၂) ကျောင်း မုန့်ဈေးတန်းထဲက မြင်ကွင်းနဲ့ ထပ်တူကျသွားသလို ခံစားလိုက်ရသည်။
သူမ မော့ကြည့်လိုက်တော့ ရှေ့က ကောင်လေးက ကျောင်းဝတ်စုံ ဝတ်မထားသလို၊ အရပ်လည်း ပိုရှည်လာပြီ။ သူမကို ငုံ့ကြည့်နေသည်။
"ငါ့ကို ပေးတာလား" သူမ တိုးတိုးလေး မေးလိုက်သည်။
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
"သဘောထားလိုက်..." ကောင်လေးက စကားရပ်လိုက်သည်။ အရင်တစ်ခေါက်တုန်းကလို ကိုလာဘူးကို လက်ထဲထည့်မပေးဘဲ ကောင်တာပေါ် တင်လိုက်သည်။ လက်ချောင်းလေးချောင်းနဲ့ ကိုလာဘူးကို ကိုင်ထားပြီး လက်ညှိုးနဲ့ အဖုံးကွင်းကို ချိတ်လိုက်သည်။
အဖုံးပွင့်သွားတဲ့အသံနဲ့အတူ ပူဖောင်းလေးတွေ ထွက်ပေါ်လာတဲ့အသံ ကြားလိုက်ရသည်။
သူ ပိုက်တစ်ချောင်းယူပြီး ထည့်လိုက်ကာ သူမရှေ့ ကမ်းပေးလိုက်သည်။ ပြီးမှ စကားဆက်ပြောသည်။
"...နင် ငါ့ကိုအဖော်လိုက်စားပေးတဲ့အတွက် ကျေးဇူးဆပ်တာလို့ သဘောထားလိုက်"
ကျိုးအန်းရန် ရင်ထဲမှာလည်း ပူဖောင်းလေးတွေ ပေါက်ကွဲနေသလို ခံစားရသည်။ သူမ လှမ်းယူလိုက်သည်။
"ကျေးဇူးပါ"
ဝမ်တန်ရလို့ နေရာရှာထိုင်လိုက်တော့မှ သူက ကြက်သွန်မြိတ်လည်း မစားမှန်း သိလိုက်ရသည်။ အပေါ်က ကြက်သွန်မြိတ်တွေကို ဖယ်ထုတ်နေသည်။
သူက ထမင်းစားရင် စကားသိပ်မပြောတတ်ဘူး။
ကျိုးအန်းရန် ကိုလာဘူးကိုပိုက်ပြီး သူ့မျက်နှာချင်းဆိုင်မှာ ဖြည်းဖြည်းချင်း သောက်နေလိုက်သည်။ သူ့ကို မနှောင့်ယှက်ဘူး။
အထက်တန်း (၂) နှစ်တုန်းက သူပေးခဲ့တဲ့ ကိုလာဘူးကို သူမ မသောက်ရက်ဘဲ သိမ်းထားတာ အခုထိ အိမ်က ဗီရိုထဲမှာ ရှိသေးတယ်။ သက်တမ်းကုန်နေလောက်ပြီ။
ပြောရရင် ဒါက သူတိုက်တဲ့ ကိုလာကို ပထမဆုံးအကြိမ် သောက်ဖူးတာပဲ။
ကျိုးအန်းရန် နှမြောလို့ ဖြည်းဖြည်းချင်း သောက်နေမိသည်။
ချန်လော့ပိုင် ဝမ်တန်စားပြီးလို့ သူမကို အဆောင်အောက် လိုက်ပို့ပေးတဲ့အချိန်အထိ ကိုလာက တစ်ဝက်လောက် ကျန်နေသေးသည်။
ချန်လော့ပိုင်က အရင်လိုပဲ သစ်ပင်ကြီးနားမှာ ရပ်လိုက်သည်။
ကျိုးအန်းရန်လည်း လိုက်ရပ်လိုက်သည်။ သူ နာမည်ခေါ်လိုက်တာ ကြားလိုက်ရသည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
ကောင်လေးက ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားပြီး ငုံ့ကြည့်နေသည်။
"စာမေးပွဲ ဖြေနိုင်ပါစေ"
ကျိုးအန်းရန် လက်ထဲက ကိုလာဘူးထဲမှာ ပူဖောင်းတွေ မရှိတော့ဘူး။ သူမ နှုတ်ခမ်းကို စေ့လိုက်သည်။ ပါးစပ်ထဲမှာ အချိုအရသာတွေ ပြည့်နှက်နေသည်။
"နင်လည်း အတူတူပဲ"
....
ရုန်းရင်းဆန်ခတ် စာမေးပွဲရက်တွေ ပြီးသွားတော့ စနေနေ့ နေ့လည်မှာ ကျိုးအန်းရန်နဲ့ အခန်းဖော်တွေ အတူတူ "မွေးနေ့" ဟော့ပေါ့ သွားစားကြသည်။
-- "တက္ကသိုလ် ပထမဆုံး စာမေးပွဲရက်သတ္တပတ်ကနေ အောင်မြင်စွာ လွတ်မြောက်လာခြင်း" ကို ဂုဏ်ပြုတဲ့ မွေးနေ့ပွဲပေါ့။
ထမင်းစားပြီးတော့ စာကြည့်တိုက်မှာ အမြစ်တွယ်နေတတ်တဲ့ ယွီရှင်းယွဲ့တောင် ပြန်မသွားဘဲ ဈေးဝယ်စင်တာထဲ လျှောက်လည်ကြသည်။ ညနေ ၄ နာရီကျမှ အဆောင်ပြန်ရောက်ကြသည်။
....
ကျိုးအန်းရန်တစ်ကိုယ်လုံး ဟော့ပေါ့နံ့တွေ စွဲနေလို့ ပြန်ရောက်တာနဲ့ ခေါင်းလျှော်ရေချိုးလိုက်သည်။
ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်အောင်မှုတ်ပြီးချိန်မှာ ချိန်းထားတဲ့အချိန် ရောက်ဖို့ မိနစ် ၂၀ လိုသေးတာမို့ မှန်ရှေ့ထိုင်ပြီး ခေါင်းစည်းကြိုးနဲ့ ဆံပင်ကို အလုံးလိုက်နိမ့်နိမ့်လေး စည်းလိုက်သည်။
စည်းပြီးချိန်မှာ ဝရန်တာဘက်က အဝတ်သိမ်းနေတဲ့ ရှဲ့ကျင့်ယွီက လှမ်းခေါ်လိုက်သည်။
"ရန်ရန်"
ကျိုးအန်းရန် မှန်ကြည့်ရင်း ပြန်ထူးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ရှဲ့ကျင့်ယွီက အောက်ကို ငုံ့ကြည့်လိုက်သည်။ အခုလို အသံကျယ်ကြီးနဲ့ အောက်က စကားကို ဆက်ပြောလိုက်ရင် လူတွေ ဝိုင်းကြည့်ကုန်မှာစိုးလို့ အဝတ်တွေသိမ်းပြီး အခန်းထဲ ဝင်လာမှ အသံတိုးတိုးနဲ့ ဆက်ပြောသည်။
"ချန်လော့ပိုင် ငါတို့အဆောင်အောက်မှာ ရောက်နေတယ်၊ နင့်ကို လာစောင့်တာမလား"
ကျိုးအန်းရန် ကြောင်သွားသည်။
ဖုန်းသံ မကြားမိပါဘူး။
သူမ ဖုန်းကို ယူကြည့်လိုက်သည်။
တကယ်ပဲ မက်ဆေ့ခ်ျ မဝင်ထားဘူး။
ဒါပေမဲ့ သူ့ရုပ်ရည်နဲ့ဆိုရင် တစ်ကျောင်းလုံး မှားစရာအကြောင်းမရှိပါဘူး။ နေ့တိုင်း အတင်းအဖျင်း လိုက်စုံစမ်းနေတဲ့ ရှဲ့ကျင့်ယွီဆို ပိုလို့တောင် မမှားနိုင်ဘူး။
"ငါ သွားကြည့်လိုက်ဦးမယ်"
ကျိုးအန်းရန် ဖုန်းကိုင်ပြီး ဝရန်တာဘက် ထွက်ကြည့်လိုက်သည်။ သစ်ပင်နားမှာ ရပ်နေတဲ့ ကောင်လေးက တိုက်တိုက်ဆိုင်ဆိုင် မော့ကြည့်လာတာနဲ့ ဆုံသွားသည်။
ညနေ ၆ နာရီ။
ကောင်းကင်က မှောင်နေပြီ။
ကောင်လေးရဲ့ အရပ်ရှည်ရှည် ပုံရိပ်က ညအမှောင်ထဲမှာ ဝေဝါးနေပေမယ့် အကြည့်ချင်း ဆုံလိုက်တဲ့ တစ်ခဏမှာ ကျိုးအန်းရန် ရင်ခုန်သံတစ်ချက် လွတ်သွားလေသည်။
သူမ အလိုအလျောက် အနောက်သို့ ဆုတ်လိုက်မိသည်။
ထိုအချိန်ကျမှ ဖုန်းသံ မြည်လာသည်။
C - [ဘာလို့ ပုန်းနေတာလဲ]
ကျိုးအန်းရန် - "......"
သူမလည်း ဘာလို့ ပုန်းလိုက်မိလဲ မသိဘူး။
ရင်ခုန်မြန်လွန်းလို့ နေမှာပေါ့။
ကျိုးအန်းရန် ဘယ်လိုရှင်းပြရမလဲ မသိတာနဲ့ ဝန်မခံတော့ဘူး။
[မပုန်းပါဘူး]
C - [မပုန်းရင် ဆင်းလာခဲ့တော့လေ]
ကျိုးအန်းရန် - [ဆင်းလာမယ်၊ ခဏစောင့်နော်]
ကျိုးအန်းရန် ဝရန်တာကနေ အခန်းထဲပြန်ဝင်ပြီး အိတ်ယူလိုက်သည်။
"သွားတော့မလို့လား" ရှဲ့ကျင့်ယွီက မေးလိုက်သည်။ "ဒီနေ့ နောက်ထပ် ကျောင်းနေဖက်ကောင်လေးတစ်ယောက် ပါဦးမယ်ဆို၊ ဘာလို့ မတွေ့တာလဲ"
ကျိုးအန်းရန်လည်း မသိဘူး။ ခုနက သူ ကျုရန်အကြောင်း မပြောဘူးလေ။
"လမ်းမှာ ကြန့်ကြာနေလို့ နေမှာပေါ့"
"ငါ ကောင်ချောလေးရဲ့ သူငယ်ချင်းက ကောင်ချောလေး ဟုတ်မဟုတ် ကြည့်ချင်ပါတယ်ဆိုမှ" ရှဲ့ကျင့်ယွီ စိတ်ပျက်သွားသည်။ "နင်တို့ နောက်ထပ် ကျောင်းနေဖက်က ချောလား"
ကျိုးအန်းရန် ပြန်စဉ်းစားကြည့်လိုက်သည်။
ကျုရန်က ရုပ်ရည်သန့်ပြန့်ပြီး အရပ်လည်း ရှည်တယ်။ သူ့ထက် ၂၊ ၃ စင်တီမီတာလောက်ပဲ ပုတာ။
"ကြည့်ပျော်ရှုပျော် ရှိပါတယ်"
ရှဲ့ကျင့်ယွီ ပိုစိတ်ပျက်သွားသည်။
"နှမြောစရာပဲ"
"နင်ကလည်း လိုက်မှ မလိုက်တာ" ပိုင်လင်းယွင် ဝင်ပြောသည်။ "ကြည့်ရုံသက်သက် ဘာအဓိပ္ပာယ်ရှိလို့လဲ"
ရှဲ့ကျင့်ယွီ - "ရည်းစားမရှိမှ ကောင်ချောလေးတွေကို စိတ်ကြိုက်ကြည့်လို့ရတာလေ"
ကျိုးအန်းရန် ပြုံးလိုက်သည်။
"သူက ချန်လော့ပိုင်ရဲ့ အခင်ဆုံးသူငယ်ချင်းလေ၊ ခဏခဏ လာမှာပါ၊ နောက်ကျရင် အခွင့်အရေး ရှိဦးမှာပါ။ ငါ သွားတော့မယ်နော်"
သူမလည်း ကျုရန် ဘာလို့ မလာလဲ သိချင်နေသည်။ အခန်းထဲကထွက်ပြီး လမ်းလျှောက်ရင်း WeChat မှာ မေးလိုက်သည်။
[ကျုရန် နင်နဲ့အတူ မပါဘူးလား]
C - [သူ့ကို မေးပြီး ဘာလုပ်မလို့လဲ]
ကျိုးအန်းရန် - "......"
အတူတူ ထမင်းစားကြမှာဆိုတော့ မေးတာ ပုံမှန်ပဲ မဟုတ်ဘူးလား။
သူ ဒီရက်ပိုင်း စကားပြောရင် လူကို လျှောက်တွေးမိအောင် လုပ်နေတယ်။
ကျိုးအန်းရန် - [သူက ငါတို့နဲ့ ထမင်းတူတူစားမှာ မဟုတ်ဘူးလား]
C - [လမ်းမှာ ကြာနေလို့ သူ့ကို စားသောက်ဆိုင် တန်းသွားခိုင်းလိုက်တယ်]
C - [မဆင်းလာသေးဘူးလား]
ကျိုးအန်းရန် - [ဒုတိယထပ် ရောက်နေပြီ]
C - [ဆင်းရင် ဖုန်းမကြည့်နဲ့]
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည်။
.....
သူနဲ့အတူ စားသောက်ဆိုင် ရောက်တော့ ကျုရန် ရောက်နှင့်နေပြီ။
ဒီနေ့ထမင်းစားတာက သူမကို ပြန်ကျွေးတာဆိုတော့ အထက်တန်းတုန်းက ဘောလုံးပွဲကိစ္စ ပြောဖြစ်ကြမလားဆိုပြီး ကျိုးအန်းရန် စိုးရိမ်နေမိသည်။
သူ့စိတ်ကို သေချာ မသိသေးဘူးလေ။
ကိုယ့်စိတ်ကိုလည်း အရမ်း မသိသာစေချင်ဘူး။
တော်သေးတာက သူရော ကျုရန်ရော အဲဒီကိစ္စ မပြောကြဘူး။
ကျုရန်က အိမ်စာတွေ၊ စာမေးပွဲတွေအကြောင်း ညည်းညူပြီးမှ ချန်လော့ပိုင်ဘက် လှည့်မေးသည်။
"မင်းတို့ကျောင်း ဘတ်စကက်ဘောပြိုင်ပွဲ စတော့မယ်မလား၊ နင် ဝင်ကစားမှာလား"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
ကျိုးအန်းရန် အခန်းဖော်နှစ်ယောက်က ကျောင်းသားသမဂ္ဂကမို့ ဘတ်စကက်ဘောပြိုင်ပွဲ နီးနေပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ သူ ဝင်ပြိုင်မယ်ဆိုတာ မသိခဲ့ဘူး။
ပြိုင်ပွဲဝင်တာနဲ့ ပုံမှန်ကစားတာ မတူဘူးလေ။ သူတို့ကောင်လေးတွေ ပုံမှန်ကစားရင် ကွင်းတစ်ဝက်ပဲ ကစားကြတာများတယ်။
"နင် ကစားလို့ ရပြီလား" ကျိုးအန်းရန် မနေနိုင်ဘဲ မေးလိုက်မိသည်။
ကျုရန်က ရယ်မောပြီး ဝင်ပြောသည်။
"ဟုတ်တယ်... မင်း ခြေထောက်ဒဏ်ရာရပြီးကတည်းက သိပ်မကစားဖြစ်ဘူးမလား၊ ရပါ့မလား"
ကျိုးအန်းရန် ဘေးနားက ကောင်လေးကို လှည့်ကြည့်လိုက်သည်။ မျက်နှာက တည်ငြိမ်နေပြီး အထက်တန်းတုန်းကလို မောက်မာတဲ့ လေသံမျိုးနဲ့ ပြန်ပြောလိုက်သည်။
"ငါ မရရင် ဘယ်သူ ရမှာလဲ"
"မောက်မာလိုက်တာ" ကျုရန်က ပြောသည်။ "ငါ သတိမပေးဘူးမထင်နဲ့၊ အခန်းထဲမှာ ငါနဲ့ မင်း နှစ်ယောက်တည်း ရှိတာ မဟုတ်ဘူးနော်။ မင်း ရှုံးသွားရင် ငါ့ရှေ့တင် မျက်နှာပျက်မှာ မဟုတ်ဘူး"
ကျိုးအန်းရန် - "......"
သူမကို ပြောတာလား။
သူမ အကြည့်မလွှဲရသေးခင်မှာပဲ ချန်လော့ပိုင်က လှည့်ကြည့်လာသည်။
ရုတ်တရက် အကြည့်ချင်းဆုံသွားတော့ ကျိုးအန်းရန် ရင်ခုန်သံတွေ ထပ်ပြီး မြန်ဆန်လာသည်။
"တကယ် ရှုံးသွားရင် ငါ့ကို မျက်နှာပျက်စရာကောင်းတယ်လို့ ထင်မှာလား" သူ တိုးတိုးလေး မေးလိုက်သည်။
ကျိုးအန်းရန် ရင်ခုန်မြန်နေတုန်းပဲ။ ခေါင်းခါလိုက်သည်။
"မထင်ပါဘူး၊ အကောင်းဆုံး ကြိုးစားရင် ပြီးတာပဲ"
ချန်လော့ပိုင် ပြန်လှည့်သွားသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး ကျုရန်ဘက် မေးငေါ့ပြလိုက်သည်။
ကျုရန်က သူ့ရဲ့ဂုဏ်ယူနေတဲ့ပုံစံကို ကြည့်မရတော့ ခေါင်းစောင်းလိုက်သည်။
"ကျိုးအန်းရန်... နင် သိလား၊ သူ့ခြေထောက် ဘာလို့ ဒဏ်ရာရလဲဆိုတာ"
ကျိုးအန်းရန်က မေးချင်နေတာ ကြာပြီ။ ဒါပေမဲ့ တွန့်ဆုတ်နေလို့ မမေးဖြစ်ခဲ့ဘူး။ ကျုရန် စပြောလာတော့ "ဘာလို့လဲ" လို့ မေးမလို့ ပြင်လိုက်သည်။
နောက်တစ်စက္ကန့်မှာ ကျုရန် အော်ဟစ်လိုက်ပြီး ထိုင်ရာကနေ ခုန်ထလိုက်သည်။ ကုလားထိုင်က အနောက်ကို လန်သွားပြီး ကျယ်လောင်တဲ့ အသံ ထွက်ပေါ်လာသည်။
ကျိုးအန်းရန် မေးခွန်းကို မြိုချလိုက်ပြီး မေးလိုက်သည်။
"နင် ဘာဖြစ်တာလဲ"
"သူက ဗိုက်ဝရင် မတ်တတ်ရပ်ပြီး အော်ဟစ်တတ်တယ်" သူမကို အရင်ဖြေလိုက်တာက ချန်လော့ပိုင် ဖြစ်သည်။
ကျုရန်က သွားစေ့ပြီး သူ့ကို ကြည့်နေသည်။
"ချန်လော့ပိုင်... မင်း..."
ချန်လော့ပိုင်က သူမဘက် ပြန်လှည့်လာသည်။
"နင့် စီနီယာအစ်မယွီလေ..."
ကျိုးအန်းရန် သူ့ဘက် လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင် စကားလေးလုံး ပြောပြီး ရပ်သွားသည်။
ကျုရန်လည်း ရပ်သွားသည်။ ပြီးတော့ နေရာပြန်ထိုင်ပြီး ဒေါသကို မြိုသိပ်ထားတဲ့ မျက်နှာထားနဲ့ ပြောသည်။
"ဟုတ်တယ်... ငါက ဗိုက်ဝရင် မတ်တတ်ရပ်ပြီး အော်ဟစ်တတ်တယ်"
ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး ကျုရန်ဆီကနေ သူ့ဘက် ပြန်လှည့်ကြည့်လိုက်သည်။
"စီနီယာအစ်မယွီ ဘာဖြစ်လို့လဲ"
"သူ ဒီည သီချင်းတိုက်လေ့ကျင့်ဦးမယ်တဲ့၊ စားပြီးရင် သွားကြည့်ကြမလား" ကောင်လေးမျက်နှာထားက တည်ငြိမ်နေပြီး ခုနက ဖြစ်ပျက်ခဲ့တာတွေကို ဂရုမစိုက်သလိုပါပဲ။
ကျိုးအန်းရန် ခဏတိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
ပြီးတော့ ပြန်လှည့်သွားပြီး ဝက်နံရိုးကြော်တစ်တုံး ယူစားလိုက်ပေမယ့် အရသာ မခံစားရဘူး။
သူမက မတုံးပါဘူး။
ခုနက ကျုရန်က သူ ဒဏ်ရာရတဲ့အကြောင်းရင်း ပြောပြမလို့လုပ်တာကို သူက တားလိုက်တာလေ။
သူ ဒဏ်ရာရတဲ့ အကြောင်းရင်းက သူမ သိလို့မဖြစ်တဲ့ ကိစ္စလား။
ဒါမှမဟုတ်...
ဒီရက်ပိုင်း သူမ ကိုယ့်ဘာသာ အတွေးလွန်နေတာများလား။
ကျိုးအန်းရန် တူကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းသွားသည်။
ဘေးနားက ရင်းနှီးနေတဲ့ အသံ ထပ်ထွက်လာသည်။
"ကျောင်းဖွင့်ခါနီးတုန်းက ဘောလုံးကစားရင်း ရိုက်မိသွားတာ"
ကျိုးအန်းရန် ကြောင်သွားပြီး လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင်လည်း သူမကို ကြည့်နေသည်။ မျက်နှာထားက ခုနကထက် ပိုလေးနက်နေသည်။
"သူ့ကို ပေးမပြောတာက ၁ မှတ်လောက်ရှိတဲ့ကိစ္စကို သူက ၁၀ မှတ်လောက်အထိ ချဲ့ကားပြောတတ်လို့"
ကျုရန်က မကျေမနပ် ဝင်ပြောသည်။
"ချန်လော့ပိုင်... မင်းက ကျိုးအန်းရန်ရှေ့မှာ ငါ့ကို သိက္ခာချပြန်ပြီ။ ငါ ဘယ်တုန်းက ၁ မှတ်ကို ၁၀ မှတ်အထိ ချဲ့ကားပြောဖူးလို့လဲ"
ချန်လော့ပိုင် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ကျုရန် ရပ်တန့်သွားသည်။
"ငါ အလွန်ဆုံးရှိမှ ၆၊ ၇ မှတ်လောက်ပဲ ချဲ့ကားတာပါ"
ချန်လော့ပိုင်၏အကြည့်က ဘေးနားက မိန်းကလေးဆီ ပြန်ရောက်သွားသည်။
"မယုံရင် ဆေးမှတ်တမ်းနဲ့ ဆေးစစ်ချက်အဖြေတွေ ယူပြရမလား"
ကျိုးအန်းရန် တူကိုင်ထားတဲ့ လက်ချောင်းတွေ ပြေလျော့သွားသည်။
သူ သူမကို ရှင်းပြနေတာလား။
ဆေးစစ်ချက်အဖြေတောင် ယူပြမယ်ဆိုတော့ မလိမ်လောက်ပါဘူး။ တကယ်တော့ သူက အထက်တန်းတုန်းက ကိစ္စတွေ အကုန်မှတ်မိနေရင်၊ သူမ သူ့ကို ဘယ်လောက်ကြိုက်ခဲ့လဲဆိုတာ ရိပ်မိလောက်မှာပါ။ သူမကို လိမ်စရာ အကြောင်းမရှိပါဘူး။
ပြီးတော့ သူက သူများခံစားချက်ကို ကစားတတ်တဲ့သူမျိုး မဟုတ်ပါဘူး။
မဟုတ်ရင် သူမ အထက်တန်းကတည်းက အခုထိ ကြိုက်လာစရာအကြောင်းမှ မရှိတာ။
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"ယုံပါတယ်"
"ယုံတယ်ဆိုရင်..." ချန်လော့ပိုင် အသံတိုးသွားသည်။ "...ကောင်းကောင်း စားတော့လေ"
ကျိုးအန်းရန် - "......"
သူမ ခုနက ဝက်နံရိုးတစ်တုံးကို ဖြည်းဖြည်းချင်း စားနေမိတာ။
အဲဒါကို သူ သတိထားမိသွားတာလား။
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း နည်းနည်း ကွေးညွတ်သွားပြီးမှ ပြန်ထိန်းလိုက်သည်။ တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ငါ ကောင်းကောင်း စားနေပါတယ်"
ကျုရန် - "......"
ကျုရန် တူချလိုက်သည်။
"မစားနိုင်တော့ဘူး"
ကျိုးအန်းရန် မော့ကြည့်လိုက်တော့ စားပွဲပေါ်မှာ ဟင်းတွေ တစ်ဝက်တောင် မကုန်သေးတာ တွေ့လိုက်ရသည်။ ကြောင်သွားသည်။
"နင် မစားနိုင်တော့ဘူးလား"
"ဗိုက်ပြည့်သွားပြီ" ကျုရန် မျက်နှာသေဖြင့် ပြောသည်။
ချန်လော့ပိုင်က တံခါးပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ပြည့်ရင် ထွက်သွားတော့၊ ငါတို့ ထမင်းစားတာ မနှောင့်ယှက်နဲ့"
ကျုရန်က ကုလားထိုင်အမှီပေါ် မှီလိုက်ပြီး ရင်ဘတ်လက်ပိုက်ကာ ပြောသည်။
"ငါ ဘာလို့ ထွက်သွားရမှာလဲ။ ကျိုးအန်းရန်က ငါနဲ့ အတူစားချင်နေတာ ဖြစ်နိုင်တယ်လေ"
ကျိုးအန်းရန် သူတို့ ရန်ဖြစ်နေတာ နားထောင်ပြီး ပြုံးလိုက်မိသည်။ ရင်းနှီးသလိုလို၊ မယုံနိုင်စရာလိုလို ဖြစ်နေသည်။
ရင်းနှီးတာက အရင်တုန်းက သူတို့ ဒီလိုရန်ဖြစ်နေကြတာကို မတော်တဆ ကြားဖူးတာ၊ ခိုးနားထောင်ဖူးတာကြောင့်။ မယုံနိုင်စရာ ဖြစ်နေတာက ဒီတစ်ခါတော့ သူတို့ ရန်ဖြစ်တဲ့အကြောင်းရင်းက သူမ ဖြစ်နေလို့။
ကျုရန်က သူမဘက် လှည့်ပြောလိုက်သည်။
"ဟုတ်တယ်မလား ကျိုးအန်းရန်... သူ့ကို မောင်းထုတ်လိုက်ပြီး ငါတို့နှစ်ယောက်တည်း အတိတ်အကြောင်း ပြောကြမလား။ ချန်မျိုးရိုးရဲ့ အရှက်ရစရာကိစ္စတွေ ငါ ပြောပြမယ်လေ"
ကျိုးအန်းရန် - "......"
ချန်လော့ပိုင် ခေါင်းငဲ့ကြည့်လိုက်တော့ မိန်းကလေးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်နေပြီး ပါးချိုင့်လေးတွေ ပေါ်နေတာ တွေ့လိုက်ရသည်။ ချိုမြိန်ပြီး လိမ္မာတဲ့ ပုံစံလေး။
ပျော်နေပုံ ရပါတယ်။
"သူနဲ့ အတိတ်အကြောင်း ပြောချင်လို့လား"
အသံနိမ့်နိမ့် ကြည်လင်ပြတ်သားတဲ့ အသံလေး နားနားကပ်ပြီး ထွက်ပေါ်လာတော့ ကျိုးအန်းရန် ရင်ခုန်သွားသည်။
သူမ တစ်ဝက်လှည့်ကြည့်လိုက်တော့ ချန်လော့ပိုင်က ပြုံးစိစိနဲ့ ကြည့်နေတာ တွေ့လိုက်ရသည်။
"ဒါဆို ငါ တကယ် ထွက်သွားပေးရမလား၊ နင်တို့ စကားပြောဖို့ နေရာဖယ်ပေးရမလား"
ကျိုးအန်းရန် - "......"
သူမ ဘာမှ မပြောရသေးပါဘူး။
ကျုရန်က ဘေးနားက သံပုရာရည်ကို မော့သောက်လိုက်သည်။ အသံဆွဲပြီး "ကျွတ်" ခနဲ စုပ်သပ်လိုက်သည်။
"ဒီနေ့ ရေက ဘာလို့ ဒီလောက် ချဉ်နေရတာလဲ"
ချန်လော့ပိုင် - "......"
ထိုစဉ် ကျုရန် ဖုန်းမြည်လာသည်။
သူ ယူကြည့်လိုက်ပြီး ကပျာကယာ ခွက်ပြန်ချလိုက်သည်။
"မင်းအစ်မက သူ ထွက်လာပြီတဲ့၊ ငါ တကယ် မစားတော့ဘူး၊ သွားလိုက်ဦးမယ်"
ပြောရင်း ဖုန်းကိုင်ပြီး အခန်းထဲက အမြန်ထွက်သွားသည်။
ကျိုးအန်းရန် မတုံ့ပြန်နိုင်သေးခင်မှာ သူ ပြန်လှည့်ကြည့်လိုက်တော့ တံခါးကို မြန်မြန်ပိတ်သွားလေပြီ။
သူမ ပြန်လှည့်မလို့လုပ်တုန်း တံခါးပွင့်လာပြီး ကျုရန် ခေါင်းပြူလာသည်။
"ကျိုးအန်းရန်... ငါ နင့် WeChat မ Add ရသေးဘူးမလား။ ခဏနေ ဂရုထဲကနေ Add လိုက်မယ်၊ လက်ခံပေးပါဦးနော်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
ကျုရန် ခေါင်းပြန်ရုတ်သွားသည်။ တခြားလူတွေကို စကားပြောခွင့်မပေးချင်သလို တံခါးကို ဝုန်းခနဲ ပြန်ပိတ်သွားသည်။
...
သူ ထွက်သွားတာနဲ့ အခန်းထဲ တိတ်ဆိတ်သွားသည်။
ကျိုးအန်းရန် ပြန်လှည့်ပြီး ဖုန်းဖွင့်မလို့ လုပ်တုန်း ဘေးနားက အကြည့်တစ်ခု သူမအပေါ် ကျရောက်နေတာ ခံစားလိုက်ရသည်။ လွန်ခဲ့တဲ့ရက်ပိုင်းက လိပ်ပြာမလုံတဲ့ ခံစားချက် ပြန်ပေါ်လာသည်။
ကျုရန်ရဲ့ Friend Request ဖုန်းထဲမှာ ပေါ်လာသည်။
သူမ လက်ခံလိုက်ပြီး ဖုန်းပြန်ပိတ်လိုက်သည်။
ကောင်လေးအသံ ဘေးနားက ထွက်ပေါ်လာသည်။ အေးဆေးတည်ငြိမ်နေသည်။
"တကယ် Add လိုက်တာလား"
ကျိုးအန်းရန် ရင်တစ်ချက် ခုန်သွားပြီး လှည့်ကြည့်လိုက်သည်။
"Add လို့ မရဘူးလား"
"ရပါတယ်" ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ "ဒါပေမဲ့ သူ နင့်ကို တစ်ခုခု လျှောက်ပြောရင် မယုံနဲ့ပေါ့"
ကျိုးအန်းရန် - "......"
ကျုရန်က သူမကို ဘာတွေ လျှောက်ပြောမှာမို့လို့လဲ။
သူ့ရဲ့ အရှက်ရစရာ ကိစ္စတွေကိုလား။
ချန်လော့ပိုင်က ရှေ့က ထမင်းဝိုင်းကို မေးငေါ့ပြလိုက်သည်။
"ဆက်စားကြရအောင်၊ မဟုတ်ရင် အေးကုန်တော့မယ်"
ကျိုးအန်းရန် မမေးရဲတော့ဘဲ "အင်း" ဟု ပြန်ဖြေလိုက်သည်။ တူကိုင်လိုက်ပြီး စားပွဲပေါ် ကြည့်လိုက်တော့ ဟင်းတွေ တစ်ဝက်ကျော် ကျန်နေသေးတာ တွေ့လိုက်ရသည်။ ကျုရန်ပန်းကန်ထဲမှာလည်း ထမင်းတစ်ဝက် ကျန်နေသေးသည်။ သူမ အံ့ဩသွားသည်။
"ကျုရန် ခုနက ပြောတာ စီနီယာအစ်မယွီမလား။ သူကလည်း စီနီယာအစ်မယွီ လေ့ကျင့်တာ သွားကြည့်မလို့လား"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
ကျိုးအန်းရန် ပိုအံ့ဩသွားသည်။
"သူ စီနီယာအစ်မယွီ လေ့ကျင့်တာ သွားကြည့်မယ်ဆိုရင် ဘာလို့ ငါတို့နဲ့အတူ မစောင့်တာလဲ။ ထမင်းတောင် မကုန်ဘဲ ဘာလို့ အလောတကြီး ထွက်သွားရတာလဲ"
"သူ မစောင့်နိုင်တော့လို့လေ" ချန်လော့ပိုင်က ပြောသည်။
ကျိုးအန်းရန် ကြောင်သွားသည်။ နားမလည်လို့ လှည့်ကြည့်လိုက်သည်။
"မစောင့်နိုင်တော့ဘူး ဟုတ်လား"
ချန်လော့ပိုင်က တူချထားပြီးပြီ။ ကုလားထိုင်အမှီပေါ် ပျင်းရိရိ မှီထားပြီး သူမကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"သူ ငါ့အစ်မကို ကြိုက်နေလို့လေ"
ကျိုးအန်းရန်၏တူ ပြုတ်ကျမလို ဖြစ်သွားသည်။
ကျုရန်က ယွီပင်းချင်ကို ကြိုက်နေတယ် ဟုတ်လား။
သူမ အလိုအလျောက် မယုံနိုင်သလို ဖြစ်သွားသည်။ ယွီပင်းချင်က သူတို့ထက် ၃ နှစ်ကြီးပြီး ဝူချန်မှာ ကျောင်းတက်ခဲ့တာ။ သူနဲ့ ကျုရန် ဘာမှမပတ်သက်ဘူးလို့ ထင်ထားတာ။
ဒါပေမဲ့ ယွီပင်းချင်ပုံစံကို တွေးကြည့်တော့ ဖြစ်နိုင်ပါတယ်လို့ တွေးလိုက်မိသည်။ အဲဒီလောက် Cool ဖြစ်တဲ့ မိန်းကလေးက ဆွဲဆောင်မှု ရှိတာပဲလေ။
ဒါကြောင့် သူ ယွီပင်းချင်အကြောင်းပြောလိုက်တာနဲ့ ကျုရန်က လိမ္မာသွားတာကိုး။
ဒါပေမဲ့...
ကျိုးအန်းရန် တူပြန်ချလိုက်သည်။
"နင် ငါ့ကို ပြောပြလို့ ဖြစ်ရဲ့လား"
ဒါ ကျုရန်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေ။
"ဖြစ်ပါတယ်" ချန်လော့ပိုင်က ပြောသည်။ "ဒါ လျှို့ဝှက်ချက်မှ မဟုတ်တာ"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ သူမ အရင်က ထင်မထားခဲ့တဲ့ လူနှစ်ယောက် ရုတ်တရက် ပတ်သက်သွားကြတော့ စပ်စုချင်စိတ်ကိုမထိန်းနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။
"ဒါဆို စီနီယာအစ်မယွီ သိလား"
ချန်လော့ပိုင် - "ငါ့အစ်မ သိရင်လည်း သိမယ်၊ မသိရင်လည်း မသိဘူးပေါ့။ သူက ဘယ်သူ့ကိုမဆို ပြောပြပေမယ့်၊ ငါ့အစ်မကိုတော့ ကိုယ်တိုင်မပြောရဲဘူး"
ကျိုးအန်းရန် မျက်လုံး ပြူးသွားသည်။
"ကျုရန်က မပြောရဲဘူး ဟုတ်လား"
"သူက ဘာလို့ ပြောရဲရမှာလဲ" ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။
ကျိုးအန်းရန် - "......"
"ငါ့အမြင်တော့ သူက သတ္တိကောင်းမယ့်ပုံပေါက်လို့ပါ"
အထက်တန်းတုန်းက ကျုရန်က အတန်းထဲမှာ ဆရာတွေနဲ့ လွတ်လွတ်လပ်လပ် စနောက်ရဲတယ်။ ကျောင်းက ပွဲတွေမှာ ပါဝင်ရင်လည်း ကြောက်ရွံ့တာ မမြင်ဖူးဘူး။
သူမလို အတွင်းသိစိတ်များတဲ့ သတ္တိနည်းသူတွေပဲ ခိုးကြိုက်တတ်တာ၊ ကျုရန်လိုလူမျိုးက ကြိုက်ရင် ပေါ်တင်လိုက်မယ်လို့ ထင်ထားခဲ့တာ။
"ဘယ်လောက် သတ္တိကောင်းကောင်း..." ချန်လော့ပိုင် စကားရပ်လိုက်သည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။
ကောင်လေးက ကုလားထိုင်အမှီပေါ် ပျင်းရိရိ မှီထားပြီး သူမကို ကြည့်နေသည်။ မီးရောင်မှိန်မှိန်နဲ့ သူမပုံရိပ်က သူ့မျက်ဝန်းနက်နက်ထဲမှာ ထင်ဟပ်နေပြီး အကြည့်က လေးနက်ပြီး နူးညံ့နေသလို ခံစားရသည်။ အသံကလည်း နိမ့်နေသည်။
"...အရမ်းကြိုက်တဲ့လူ ရှေ့ရောက်ရင် သတိထားပြီး ဆက်ဆံတတ်ကြတာပါပဲ"
***