← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၆ ။ ဆိုဒါ : နင့်ကို ငါဖမ်းပေးမယ်

စားသောက်ဆိုင်ထဲက ထွက်လာပြီးကတည်းက ကျိုးအန်းရန် သူပြောလိုက်တဲ့ စကားကိုပဲ တွေးနေမိတယ်။

စားသောက်ဆိုင်က Live House နဲ့ သိပ်မဝေးလို့ ကားမစီးဘဲ လမ်းလျှောက်သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျိုးအန်းရန်က ခေါင်းငုံ့ပြီး သူ့အနောက်ကနေ လိုက်လာရင်း သူပြောလိုက်တဲ့ စကားကိုပဲ ထပ်ခါထပ်ခါ စဉ်းစားနေမိတယ်။

သူမကို ကြည့်တဲ့ သူ့အကြည့်တွေက အရမ်းလေးနက်ပြီး နူးညံ့နေလို့၊ အဲဒီစကားက သူမကို ပြောလိုက်တာများလားလို့တောင် ထင်ယောင်ထင်မှား ဖြစ်မိတယ်။

ဒါပေမဲ့ အထက်တန်းတုန်းကဆိုရင် သူမနာမည်တောင် သူ မမှတ်မိခဲ့ဘူးလေ။ တက္ကသိုလ်မှာ ပြန်တွေ့တာလည်း တစ်လလောက်ပဲ ရှိသေးတာ။

သူမ ဘယ်လောက်ပဲ လျှောက်တွေးမိပါစေ၊ သူလည်း သူမကို စိတ်ဝင်စားစပြုလာပြီလား ဆိုတာလောက်ပဲ မှန်းဆရဲတယ်။

"အရမ်းကြိုက်တယ်" ဆိုတဲ့ အဆင့်အထိတော့ သူမ မတွေးရဲပါဘူး။

ဒါဆိုရင်... သူ တကယ်ကြိုက်တဲ့လူတစ်ယောက် ရှိနေတယ်လို့ သူမကို ပြောပြချင်တာများလား။

ဒါလည်း မဖြစ်နိုင်ပါဘူး။ သူ့စရိုက်အရဆိုရင် တကယ်ကြိုက်တဲ့လူ ရှိနေခဲ့ရင် သူမနဲ့ ဒီလောက် ရင်းရင်းနှီးနှီးနေမှာမဟုတ်ဘူး။ တစ်ဖက်လူ အထင်လွဲပြီး ဝမ်းနည်းသွားမှာ သူ လိုလားမှာ မဟုတ်ဘူး။

ဒါဆိုရင် ကျုရန်အကြောင်းပဲ ပြောနေတာလား။

ကျိုးအန်းရန် အတွေးလွန်နေလို့ ရှေ့က လှေကားထစ်လေးကို သတိမထားမိလိုက်ဘူး။ ခြေချော်သွားမှ သတိဝင်လာပြီး ဟန်ချက်ပျက်သွားတယ်။

နောက်တစ်စက္ကန့်မှာ နွေးထွေးသန်မာတဲ့ လက်ကြီးတစ်ဖက်က သူမခါးကို လှမ်းဖက်လိုက်တယ်။

သူမ ကောင်လေးရဲ့ ရင်ခွင်ထဲ ရောက်သွားပြီး လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေက သူမကို လွှမ်းခြုံသွားတယ်။

ကျိုးအန်းရန် မော့ကြည့်လိုက်တော့ သူ့ရဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ဆုံသွားတယ်။

"ဘာတွေ တွေးနေပြန်ပြီလဲ" ချန်လော့ပိုင် မေးလိုက်သည်။

ရင်ခွင်ထဲက မိန်းကလေးက ကြောင်နေတုန်းပဲ။ လိမ္မာပြီး အနိုင်ကျင့်ချင်စရာကောင်းတဲ့ ပုံစံလေးနဲ့။

ချန်လော့ပိုင် ခေါင်းနည်းနည်း ငုံ့လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ငါနဲ့ လမ်းလျှောက်ရတာ ဒီလောက်တောင် ပျင်းစရာကောင်းလို့ လမ်းတောင် မကြည့်ဘဲ စိတ်လွင့်နေရတာလား"

ကျိုးအန်းရန် သတိဝင်လာပြီး အမြန်ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး"

ဖြူဝင်းနေတဲ့ မျက်နှာလေးပေါ်မှာ ပန်းရောင်သမ်းလာတယ်။ ဝိုင်းစက်တဲ့ မျက်ဝန်းလေးတွေက ကြည်လင်တောက်ပနေပြီး ကြောက်ရွံ့မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်မထားနိုင်ဘူး။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျောင်းမုန့်ဈေးတန်းမှာ သူ ကိုလာဘူးကမ်းပေးတုန်းက ပုံစံအတိုင်းပါပဲ။

"ကျိုးအန်းရန်" ချန်လော့ပိုင် ထပ်ခေါ်လိုက်သည်။ "နင်က ဘာလို့ အထက်တန်းတုန်းကလိုပဲ..."

ကျိုးအန်းရန် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ဘာလိုပဲလဲ။

သူ့ကို အရမ်းကြိုက်နေတုန်းပဲလို့ ပြောချင်တာလား။

သူ သိသွားပြီလား။

ချန်လော့ပိုင်က နောက်ဆက်တွဲ စကားကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"...နည်းနည်း စလိုက်တာနဲ့ ရှက်သွားရတာလဲ"

ကျိုးအန်းရန် သက်ပြင်းချလိုက်ပေမယ့် လုံးဝ စိတ်မအေးသွားဘူး။

သူမမျက်နှာ ပူနေတာကို ခံစားနေရတယ်။ ငြင်းလို့လည်း မရသလို၊ ဝန်ခံလို့လည်း မဖြစ်ဘူး။ "ရှက်သွားတယ်" ဆိုတဲ့ စကားလုံးကတင် တစ်စုံတစ်ရာကို ဖော်ပြနေသလိုပဲ။

သူမ မရေမရာ တိုးတိုးလေး ပြန်မေးလိုက်သည်။

"ဟုတ်လို့လား"

နူးညံ့ပြီး တိုးညှင်းတဲ့ အသံလေး နားထဲ ဝင်ရောက်လာတယ်။ မျက်တောင်ကော့ကော့လေးတွေကလည်း စုတ်တံလေးတွေလို တုန်ခါနေတယ်။ ချန်လော့ပိုင် ရင်ထဲ ယားကျိကျိဖြစ်သွားတယ်။

သတိဝင်လာတဲ့အချိန်မှာ အားနေတဲ့ လက်တစ်ဖက်က မြှောက်ပြီးနေပြီ။

"မဟုတ်ရင်..." ချန်လော့ပိုင် လည်စလုတ် လှုပ်ရှားသွားပြီး လက်က ပန်းရောင်သမ်းနေတဲ့ ပါးပြင်နား တိုးကပ်သွားသည်။ "...မျက်နှာရော နားရွက်တွေရော ဘာလို့ ဒီလောက်ရဲနေရတာလဲ"

ကျိုးအန်းရန် စကားမပြောနိုင်တော့ဘူး။

လမ်းမပေါ်မှာ လူသွားလူလာ နည်းနည်း ရှိနေတယ်။ နီယွန်မီးတွေ လင်းလက်နေတယ်။ ဖြတ်သွားဖြတ်လာတွေက သူတို့ကို တစ်ချက်တစ်ချက် လှမ်းကြည့်သွားကြတယ်။

ကျိုးအန်းရန် သတိမထားမိဘူး။ အသက်ရှူတောင် ရပ်တန့်နေတယ်။ ကောင်လေးရဲ့ သွယ်လျလှပတဲ့ လက်ချောင်းတွေ သူမပါးပြင်နား နီးကပ်လာတာကိုပဲ မြင်နေရတယ်။

သုံးလက်မ။

နှစ်လက်မ။

တစ်လက်မ။

ရင်ခုန်သံတွေ ဒီလောက် မြန်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ လည်ချောင်းဝထိ ရောက်လာသလို ခံစားရတယ်။ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားမှုတွေ ရောထွေးနေပြီး ရင်ထဲမှာပြည့်လျှံနေသလိုပဲ။

ရင်တုန်ပန်းတုန်ဖြစ်ရတဲ့ ခံစားမှုမျိုး။

ပြီးတော့ အဲဒီလက်က သူမနဲ့ တစ်လက်မလောက်အလိုမှာ ရပ်တန့်သွားတယ်။

သူ့လက်က အပူငွေ့ကိုတောင် ခံစားနေရတယ်။

ချန်လော့ပိုင် ငုံ့ကြည့်လိုက်တော့ သူမရဲ့ ဖြူဝင်းတဲ့ မျက်နှာလေးက ပန်းရောင်ကနေ အနီရောင် ပြောင်းသွားပြီ။ မျက်တောင်လေးတွေက စောစောကထက် ပိုတုန်ခါနေပြီး မျက်ဝန်းထဲမှာ မျက်ရည်စတွေ ဝဲနေသလိုပဲ။

သူ လက်ချောင်းလေးတွေ လှုပ်ရှားလိုက်ပြီး နောက်ဆုံးတော့ လက်ဖမိုးနဲ့ သူမပါးပြင်ကို ဖွဖွလေး ထိလိုက်တယ်။

သူထင်ထားသလိုပဲ နူးညံ့ပြီး ပူနွေးနေတယ်။

ချန်လော့ပိုင် နှလုံးသားလည်း အပူလောင်ခံလိုက်ရသလိုဖြစ်သွားပြီး အသံက အက်ကွဲသွားသည်။

"အဲဒီနေ့က ငါ ဘာလို့ လုံးဝ သတိမထားမိခဲ့ပါလိမ့်"

ဘေးနားက လမ်းမကြီးပေါ်မှာ အနီရောင် ပြိုင်ကားတစ်စီး ကျယ်လောင်တဲ့ ရော့ခ်သီချင်းသံနဲ့အတူ မောင်းထွက်သွားတယ်။

ကျိုးအန်းရန်က သူ့ရှေ့က စကားသုံးလုံးပဲ ကြားလိုက်ရတယ်။ ရင်ခုန်သံတွေ မြန်ဆန်နေတုန်းပဲ။ အင်္ကျီအနားစကို လက်နဲ့ ဆွဲထားမိတယ်။ ပါးပြင်ပေါ်မှာ သူ့လက်ဖမိုး ထိတွေ့သွားတဲ့ အထိအတွေ့ ကျန်ရစ်နေပြီး သတ္တိတွေ ပေးလိုက်သလို ခံစားရတယ်။

"အဲဒီနေ့က ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် လက်ပြန်ရုတ်လိုက်ပြီး သူမကို ခပ်ဖွဖွလေး ပြုံးပြလိုက်သည်။

"မကြားလိုက်ရင် ပြီးတာပါပဲ၊ ဘာပဲဖြစ်ဖြစ် အချိန်မတန်သေးပါဘူး"

ကျိုးအန်းရန် - "......"

အချိန်မတန်သေးဘူးဆိုတာ ဘာကို ပြောတာလဲ။

ချန်လော့ပိုင်က သူမခါးကို ဖက်ထားတဲ့လက်ကို လွှတ်လိုက်ပြီး အသံတိုးတိုး နူးနူးညံ့ညံ့နဲ့ ပြောလိုက်သည်။

"သွားကြစို့"

ကျိုးအန်းရန် ဘာကြောင့်မှန်းမသိ ရင်ခုန်သံတွေ ရှုပ်ထွေးနေလို့ ထပ်မမေးတော့ဘဲ ခေါင်းငုံ့ကာ "အင်း" ဟုသာ ဖြေလိုက်သည်။

ကျိုးအန်းရန် သူ့နောက်လိုက်ပြီး Live House ထဲ ရောက်တော့ စင်ပေါ်က ယွီပင်းချင်က စောစောက လေ့ကျင့်နေတဲ့ အင်္ဂလိပ်သီချင်း နှစ်ပုဒ်ကို မဆိုတော့ဘဲ သူမ မကြားဖူးတဲ့ ကန်တုံသီချင်းတစ်ပုဒ် ဆိုနေတာ တွေ့လိုက်ရတယ်။ လေ့ကျင့်ပြီးလို့ ညစာအတူစားမှ ဒီသီချင်းနာမည်က "Unconditional" ဆိုတာ သိလိုက်ရတယ်။

အထဲဝင်သွားတော့ ကျုရန်က ပြီးခဲ့တဲ့တစ်ခေါက် သူတို့ထိုင်ခဲ့တဲ့ စင်မြင့်နဲ့ အနီးဆုံး ခုံတန်းမှာ ထိုင်နေတာ တွေ့လိုက်ရတယ်။

ကျိုးအန်းရန် အမှတ်ရသလောက်ဆိုရင် သူက စကားများတဲ့သူပါ။ အတန်းဆင်းချိန်ဆို လူတွေနဲ့ စကားမပြောဘဲ မနေနိုင်တဲ့သူမျိုး။ အခုကျတော့ တိတ်ဆိတ်နေပြီး ဖုန်းတောင်မကြည့်ဘဲ စင်ပေါ်ကလူကိုပဲ အာရုံစိုက် ကြည့်နေတယ်။

အရင်က တစ်ခါမှ မမြင်ဖူးတဲ့ပုံစံမျိုးပဲ။

ချန်လော့ပိုင်က ကျုရန်အနောက်က ခုံတန်းကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"ငါတို့ ဒီမှာ ထိုင်ကြမလား"

ကျိုးအန်းရန်ကလည်း ကျုရန်ကို သွားမနှောင့်ယှက်ချင်တာနဲ့ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ကျိုးအန်းရန် ထိုင်လိုက်တော့ သူမပါးပြင်ပေါ်က သူထိသွားတဲ့နေရာလေး ပူနေတုန်းပဲလို့ ခံစားရတယ်။ ရင်ခုန်သံတွေ ငြိမ်သက်သွားဖို့ အတော်ကြာအောင် စောင့်လိုက်ရပြီးမှ သီချင်းသံကို အာရုံစိုက် နားထောင်နိုင်တော့တယ်။

အချိန်ဘယ်လောက်ကြာသွားလဲ မသိဘူး။ ဘေးနားကလူက သူမကို ခေါ်လိုက်သံ ကြားလိုက်သည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် ခေါင်းစောင်းကြည့်လိုက်သည်။

ချန်လော့ပိုင်က သူမကို ကြည့်နေသည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စကားတချို့ပြောဖို့ မေ့ကျန်ခဲ့လို့"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ပြီးခဲ့တဲ့တစ်ခေါက်။

ဒီ Live House ကို လာတုန်းကလား။

"ဘာစကားလဲ"

သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ထိုင်နေကြတာ။ တခြားလူတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကောင်လေးက သူမနား ရုတ်တရက် တိုးကပ်လာတယ်။ လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေ နှာခေါင်းထဲ တိုးဝင်လာပြန်သည်။

ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားသည်။

"နင်က တော်ပါတယ်၊ သတ္တိမနည်းပါဘူး။ ကမ္ဘာပေါ်မှာ လူတိုင်း စကားများရမယ်၊ အပြင်ပန်းသွက်လက်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိပါဘူး" ချန်လော့ပိုင်က သူမကို စိုက်ကြည့်နေသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ သူ့မျက်ဝန်းတွေက တောက်ပနေပြီး အသံက နိမ့်သော်လည်း ခိုင်မာပြတ်သားနေသည်။ "နင် ဘယ်သူ့ကိုမှ အားကျစရာမလိုပါဘူး"

ကျိုးအန်းရန် စားပွဲပေါ် တင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။

ဒီအချိန် ခံစားချက်ကို ဖော်ပြဖို့ ခက်ခဲလိုက်တာ။

အပြင်ပန်းသွက်လက်ရင် အခြေအနေတော်တော်များများမှာ အားသာချက်ရှိတယ်ဆိုတာ သူမ သိပါတယ်။ တစ်ခါတလေကျရင် သူမကိုယ်တိုင်လည်း ကိုယ့်ရဲ့ အတွင်းသိစိတ်များတဲ့ စရိုက်ကို မကြိုက်မိဘူး။ ဒါပေမဲ့ စရိုက်ဆိုတာ အလွယ်တကူ ပြောင်းလဲလို့ရရင် အတွင်းသိစိတ်၊ အပြင်သိစိတ် ခွဲခြားထားစရာ မလိုတော့ဘူးပေါ့။

သူမ မကြိုးစားဖူးတာ မဟုတ်ပါဘူး။ ပြောင်းလဲဖို့ ကြိုးစားဖူးပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်တွေ ပေးဆပ်ရပါတယ်။

ဒါပေမဲ့ သူမ ကြိုက်နေတဲ့ ကောင်လေးက "ကမ္ဘာပေါ်မှာ လူတိုင်း အပြင်ပန်းသွက်လက်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိဘူး"၊ "နင် ဘယ်သူ့ကိုမှ အားကျစရာ မလိုဘူး" လို့ ပြောလာတယ်။

အဲဒီအချိန်မှာ သူမ ကိုယ့်ကိုယ်ကိုယ် ပြန်လက်ခံနိုင်သွားသလို ခံစားလိုက်ရတယ်။

အတွင်းသိစိတ်များရင်လည်း များပါစေတော့။ ဒီစရိုက်က သူမလုပ်ချင်တာတွေကို အနှောင့်အယှက် မဖြစ်စေဖို့ပဲ ကြိုးစားလိုက်မယ်။

ချန်လော့ပိုင်က ရုတ်တရက် ဆက်ပြောသည်။

"ပြီးတော့..."

နှစ်လုံးပြောပြီး ရပ်သွားသည်။

ကျိုးအန်းရန် အသက်ရှူမှန်အောင် ညှိလိုက်ပြီးမှ တိုးတိုးလေး ပြန်မေးလိုက်သည်။

"ပြီးတော့ ဘာဖြစ်လဲ"

ချန်လော့ပိုင်က သူမကို ကြည့်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာကို ရည်ညွှန်းနေသလိုမျိုး ပြောလိုက်သည်။

"နင့်လိုပုံစံမျိုးကိုပဲ ကြိုက်တဲ့လူ ရှိကောင်းရှိနိုင်တယ်လေ"

နောက်ပိုင်း ယွီပင်းချင် ဘာဆက်ဆိုလဲ ကျိုးအန်းရန် နားထဲ မဝင်တော့ဘူး။

စင်ပေါ်ကလူတွေ သီချင်းတိုက်တာ ပြီးသွားပြီး Live House ပြန်တိတ်ဆိတ်သွားမှ သတိပြန်ဝင်လာသည်။

ယွီပင်းချင်နဲ့ တခြားလူတွေက ဂစ်တာတွေကို စင်နောက်မှာ ထားခဲ့လိုက်ကြသည်။ စင်ပေါ်က ဆင်းလာပြီး ကျုရန်နားမှာ အရင်ရပ်လိုက်သည်။

"ဘာလို့ တစ်ယောက်တည်း ထိုင်နေတာလဲ"

သူမ ဆင်းလာတာနဲ့ ကျုရန် မတ်တတ်ရပ်လိုက်သည်။

ယွီပင်းချင်က အရပ်ရှည်တယ်။ ကျုရန်က သူမထက် ခေါင်းတစ်ဝက်လောက်ပဲ ပိုရှည်တယ်။

ကျုရန်မျက်နှာပေါ်မှာ ရှားရှားပါးပါး စိတ်လှုပ်ရှားနေတဲ့ပုံစံကို ကျိုးအန်းရန် တွေ့လိုက်ရသည်။ ပြီးတော့ သူက သူမဘေးနားက ကောင်လေးကို လက်ညှိုးထိုးပြလိုက်သည်။

"ချန်လော့ပိုင်က ကျွန်တော့်ကို အတူမထိုင်ခိုင်းဘူး"

ယွီပင်းချင်က သူတို့ခုံတန်းနား လျှောက်လာသည်။ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိသလို ထင်ရပေမယ့် သေချာကြည့်ရင် အပြုံးရေးရေးလေး တွေ့ရသည်။

"နင်က ဘာလို့ သူ့ကို အနိုင်ကျင့်ပြန်ပြီလဲ"

ချန်လော့ပိုင်က ကျုရန်ကို တစ်ချက်ကြည့်လိုက်သည်။

"ကျွန်တော် သူ့ကို အနိုင်ကျင့်တယ်လို့ ဘယ်နားက မြင်လို့လဲ"

ယွီပင်းချင်က သာမန်မေးလိုက်သလိုပါပဲ။ သူမအကြည့်က ကျိုးအန်းရန်ဘက် ရောက်လာသည်။

ကျိုးအန်းရန် လိမ်လိမ်မာမာ နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်မယွီ"

ယွီပင်းချင်က "အင်း" ဟု ပြန်ထူးပြီး သူမပါးကို ဆွဲလိုက်သည်။

"ရန်ရန် မျက်နှာတွေ ရဲနေပါလား။ နင် သူ့ကိုပါ အနိုင်ကျင့်လိုက်သေးလား"

နောက်ဆုံးစကားက ချန်လော့ပိုင်ကို မေးတာ ဖြစ်သည်။

ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် လွတ်သွားသည်။

လှည့်ကြည့်ချင်ပေမယ့် လူအများကြီးရှေ့မှာမို့လို့ သိသာလွန်းမှာ စိုးရိမ်မိသည်။

ဘေးနားက ကောင်လေးအသံ ထွက်ပေါ်လာသည်။ စောစောကထက် ရယ်သံပိုပါနေပြီး အဓိပ္ပာယ်ပါသော လေသံဖြင့် ပြောလိုက်သည်။

"အနိုင်ကျင့်တယ်လို့တော့ မခေါ်ပါဘူး"

ကျိုးအန်းရန် - "......"

သူ့စကားထဲမှာ အဓိပ္ပာယ်တွေပါနေတာ သိသာလွန်းနေသည်။

ယွီပင်းချင်အနောက်က လူတွေအားလုံး သူမကို ဝိုင်းကြည့်လာကြသည်။ မျက်နှာပေါ်မှာ စနောက်ချင်တဲ့ အပြုံးတွေနဲ့။

ကျိုးအန်းရန် မျက်နှာ ပိုပူလာသလို ခံစားရသည်။

တီးဝိုင်းရဲ့ ကီးဘုတ်သမားက ပြီးခဲ့တဲ့တစ်ခေါက် KTV မှာ သူ့ကို "ကျောင်းသားချောလေး" လို့ စခေါ်ပြီး နှုတ်ဆက်ခဲ့တဲ့ စီနီယာအစ်မ ဖြစ်သည်။ နာမည်က ကျုံးဝေ။ မျက်နှာဥပုံလေးနဲ့ ဆံပင်တိုတို၊ စမတ်ကျတဲ့ အစ်မကြီး။

အခု ကျုံးဝေက ယွီပင်းချင်ပခုံးကို မှီပြီး ချန်လော့ပိုင်ကို ပြုံးကြည့်နေသည်။

"အစ်မချင်းပြောတာ နင် ဒီရက်ပိုင်း သူ့ဆီမှာ ဂစ်တာသင်နေတယ်၊ သီချင်းတစ်ပုဒ်တောင် ရနေပြီဆို။ ဒီနေ့ အခွင့်အရေးရတုန်း ငါတို့ကို တီးပြပါလား။ ကောင်ချောလေး ဂစ်တာတီးတာ ကြည့်ချင်လို့ပါ"

တီးဝိုင်းထဲက ကောင်လေးတွေ မကျေနပ်ကြဘူး။

"ငါတို့ နေ့တိုင်း တီးနေတာ နင် မမြင်ဘူးလား"

"ကျုံးဝေ... နင် အဲဒီလိုပြောတာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာပဲနော်"

"ဟုတ်တယ်"

ကျိုးအန်းရန် သူ့ကို မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။

သူ ယွီပင်းချင်ဆီမှာ ဘယ်တုန်းက ဂစ်တာ ခိုးသင်လိုက်တာလဲ။

ကောင်လေးက ကုလားထိုင်အမှီပေါ် ခေါင်းစောင်းမှီထားသည်။ မျက်နှာပေါ်မှာ ဂရုမစိုက်တဲ့ အပြုံးလေး ရှိနေပြီး လေသံက ပျင်းရိရိနဲ့ စနောက်နေသလိုပဲ။

"မရပါဘူး၊ ကောင်ချောလေးတွေက သူများကို ဂစ်တာ အလွယ်တကူ တီးမပြတတ်ဘူး"

ကျုံးဝေက စိတ်မဆိုးဘဲ ကျိုးအန်းရန်ကို စပ်စုသလို ကြည့်လိုက်သည်။

"အစ်မက မျက်နှာမရမှန်း သိပါတယ်။ ဒါပေမဲ့ ညီမလေးကျိုးကတော့ မျက်နှာရမလား မသိဘူး။ အစ်မတို့ ကပ်ပြီး နားထောင်လို့ ရမလားလို့ပါ"

ကျိုးအန်းရန် - "......"

သူမ အကြည့် အမြန်ပြန်ရုတ်လိုက်သည်။

ကျုံးဝေက စောစောက သူပြောလိုက်တဲ့ စကားကြောင့် စနေမှန်းသိပေမယ့် ကျိုးအန်းရန် ရင်ထဲ နည်းနည်း လှုပ်ရှားသွားသည်။

တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။

ကောင်လေးအသံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"နောက်တစ်ခါမှပေါ့၊ မတတ်သေးဘူး"

"ဟူး... ဒီနေ့တော့ ကံမပါဘူးပဲ" ကျုံးဝေ သက်ပြင်းချလိုက်သည်။

ကျိုးအန်းရန် စိတ်ပြန်ငြိမ်သွားသည်။

သူမ ခေါင်းငုံ့ထားလိုက်သည်။ ပခုံးတွေ နည်းနည်း လျှောကျသွားသည်။

စီနီယာအစ်မကျုံးက သူ တတ်နေပြီလို့ ပြောတာပဲ။

စီနီယာအစ်မ သတင်းမှားနေတာလား၊ ဒါမှမဟုတ် သူ မတီးပြချင်လို့ ဆင်ခြေပေးလိုက်တာလား။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ သူမ လျှောက်တွေးမိနေပြန်ပြီ။

ဒါပေမဲ့ လူတစ်ယောက်ကို အရမ်းကြိုက်နေမိရင် သူပြောသမျှ စကားတိုင်းကို အဓိပ္ပာယ် ကောက်ချင်နေမိတာပဲ။

ယွီပင်းချင်အသံ ထွက်ပေါ်လာသည်။

"ငါတို့ ညစာ သွားစားကြမယ်၊ နင်တို့ လိုက်ဦးမလား"

"လိုက်မှာပေါ့" ကျုရန် ချက်ချင်း ထောက်ခံသည်။

ချန်လော့ပိုင် လေသံက ပျင်းရိနေဆဲ။

"မင်းတို့ အရင်သွားနှင့်၊ ငါတို့ နောက်မှ လိုက်လာခဲ့မယ်"

ဟင်...

ငါတို့ ဟုတ်လား။

သူမကို ပြောတာလား။

ကျိုးအန်းရန် ကြောင်သွားပြီး သူ့ဘက် လှည့်ကြည့်လိုက်သည်။

ကောင်လေးကလည်း သူမဘက် လှည့်ကြည့်နေတာ တွေ့လိုက်ရသည်။ မေးကို သူမဘက် နည်းနည်း ငေါ့ပြလိုက်သည်။ ယွီပင်းချင်ကို ပြန်ဖြေနေပေမယ့် မျက်လုံးက သူမမျက်နှာပေါ်က မခွာဘူး။

"သူ့ကို ပြောစရာရှိလို့၊ သော့ ခဏငှား"

ကျိုးအန်းရန် လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။

သူ သူမကို ဘာပြောစရာ ရှိလို့လဲ။

လမ်းမှာတုန်းက သူမ စကားသုံးလုံးပဲ ကြားလိုက်ရတဲ့ အကြောင်းအရာကို ပြောမလို့လား။

"ဝါး..." ကျုံးဝေက တီးဝိုင်းထဲက တခြားကောင်လေးတွေကို တွန်းထုတ်လိုက်သည်။ "သွားကြစို့... သွားကြစို့... မောင်လေး ညီမလေးတွေကို မနှောင့်ယှက်နဲ့"

ယွီပင်းချင်လည်း ပြုံးလိုက်ပြီး အိတ်ကပ်ထဲက သော့ထုတ်ကာ သူ့ဆီ ပစ်ပေးလိုက်သည်။

"သူ့ကို အနိုင်မကျင့်နဲ့နော်"

ချန်လော့ပိုင် သော့ကို လှမ်းဖမ်းလိုက်သည်။

"အနိုင်မကျင့်ပါဘူး"

ကျိုးအန်းရန် - "......"

.....

ယွီပင်းချင်တို့ ထွက်သွားပြီးနောက် Live House ပြန်လည် တိတ်ဆိတ်သွားသည်။

ကျိုးအန်းရန် ထိုင်ခုံကို လက်ထောက်ထားပြီး လက်ဖဝါးတွေ ချွေးစို့လာသည်။

"နားထောင်ချင်လား" ကောင်လေးအသံ တိုးတိုးလေး ထွက်ပေါ်လာသည်။

ဟင်...

ကျိုးအန်းရန် ခေါင်းစောင်းကြည့်လိုက်သည်။ နားမလည်ပေ။

"ဘာနားထောင်ချင်တာလဲ။ နင် ငါ့ကို ပြောမယ့်စကားလား"

သူ သူမကို ဘာပြောမှာမို့လို့လဲ။

ပြောမယ့်ဟာကို သူမသဘောထား အရင်မေးနေရသေးတယ်။

ချန်လော့ပိုင် ရုတ်တရက် ပြုံးလိုက်သည်။ စင်မြင့်ဘက်ကို မေးငေါ့ပြလိုက်သည်။

"ငါ ဂစ်တာတီးတာ နားထောင်ချင်လား"

ကျိုးအန်းရန် ကြောင်သွားပြီး မျက်လုံးဝိုင်းသွားသည်။

"နင် မတတ်သေးဘူးလို့ ပြောတယ်မလား"

"သူ့ကို လိမ်လိုက်တာ" ကောင်လေးလေသံထဲမှာ မောက်မာမှုလေးတွေ ပါလာပြန်သည်။ "ငါ ဘယ်လိုလုပ် မတတ်ဘဲနေမလဲ"

ကျိုးအန်းရန် ရင်ခုန်သံ ထပ်မြန်လာသည်။

"နားထောင်ချင်ရင် ငါနဲ့ စင်ပေါ်လိုက်ခဲ့" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းကို အားပါပါ ညိတ်လိုက်သည်။

စင်ပေါ်ရောက်တော့ သူနဲ့အတူ စင်နောက်ဘက်ကို လျှောက်သွားလိုက်သည်။

ချန်လော့ပိုင်က တခြားလူတွေ ပစ္စည်းကို မထိဘဲ ယွီပင်းချင်ရဲ့ ဂစ်တာကိုပဲ ယူလိုက်သည်။ ကြိုးကို ပခုံးမှာ လွယ်လိုက်ပြီး စင်ရှေ့ဘက် ပြန်ထွက်လာကာ စင်မြင့်အစွန်းမှာ ထိုင်ချလိုက်သည်။

ကျိုးအန်းရန်က တကယ်တော့ နည်းနည်းအသန့်ကြိုက်သူ ဖြစ်ပေမယ့် ဒီအချိန်မှာ ဘာမှမတွေးမိဘဲ သူ့ဘေးနား လိုက်ထိုင်လိုက်သည်။ တွဲလောင်းကျနေတဲ့ ခြေထောက်လေးတွေ လှုပ်ရမ်းနေသည်။

"နင် ဘာသီချင်း သင်ထားတာလဲ"

ချန်လော့ပိုင် မော့ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။

"ကမ္ဘာကျော် သီချင်းတစ်ပုဒ်"

ဟင်...

ကမ္ဘာကျော် သီချင်း ဟုတ်လား။

ကျိုးအန်းရန် ဘာသီချင်းလဲလို့ မေးမလို့ လုပ်တုန်း ကောင်လေးရဲ့ သွယ်လျတဲ့ လက်ချောင်းတွေ ဂစ်တာကြိုးပေါ် ကျရောက်သွားတာ တွေ့လိုက်ရသည်။

သူမ ဆက်မမေးတော့ဘူး။

ဂီတသံ နှစ်သံ သုံးသံ ထွက်လာတာနဲ့ ဘာ "ကမ္ဘာကျော်သီချင်း" လဲဆိုတာ သူမ သိလိုက်ပြီ။

ချန်လော့ပိုင် သူမကို မော့ကြည့်လိုက်တော့ မိန်းကလေးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်နေပြီး ပါးချိုင့်လေးတွေ ပေါ်နေတာ တွေ့လိုက်ရသည်။ သူမက အတွင်းသိစိတ်များသူမို့ ဒီလိုမျိုး ချိုမြိန်လှပစွာ ပြုံးတာ တွေ့ရခဲသည်။

"ငါ မလိမ်ဘူးမလား"

ကျိုးအန်းရန် ရယ်မောပြီး ခေါင်းခါလိုက်သည်။

"မလိမ်ပါဘူး"

ကလေးသီချင်း (Twinkle Twinkle Little Star) ဆိုပေမယ့်၊ ကမ္ဘာကျော်သီချင်းတော့ ဟုတ်တာပဲလေ။

ချန်လော့ပိုင် မှားတီးမိမှာစိုးလို့ ခေါင်းငုံ့ထားလိုက်သည်။

ကျိုးအန်းရန်လည်း သူ့ကို ငုံ့ကြည့်နေသည်။

ကောင်လေးရဲ့ ဆံပင်မည်းမည်းလေးတွေ နဖူးပေါ် ဝဲကျနေသည်။ အာရုံစိုက်နေလို့ ဘေးတိုက်မျက်နှာက ပိုကြည့်ကောင်းနေသည်။ ပြောမပြတတ်အောင် ချောမောနေသည်။

နောက်ဆုံး ဂီတသံ ဆုံးသွားတော့ သူ ရပ်လိုက်မယ် ထင်နေတာ။

ဒါပေမဲ့ သူက အစကနေ ပြန်တီးတယ်။ သူ့အသံကလည်း ဂီတသံနဲ့အတူ ထွက်ပေါ်လာတယ်။ အင်္ဂလိပ်စာသားတွေ ဆိုနေတာ။

အဲဒီနေ့တုန်းက ကျုရန် ဂရုထဲမှာ သူ KTV သွားရင် သီချင်းမဆိုဘူးလို့ ပြောတုန်းက သူမ ထင်တာ သူ အသံမကောင်းလို့နေမှာလို့ ထင်ခဲ့တာ။

ဒါပေမဲ့ အခု နားထဲကြားနေရတဲ့ သီချင်းသံက နိမ့်နိမ့်လေးနဲ့ သာယာနေတယ်။ ကလေးသီချင်းလေးကို သူက ကြည်လင်ပြီး နားထောင်လို့ကောင်းအောင် ဆိုပြနေတယ်။

"Twinkle, twinkle, little star

How I wonder what you are

Up above the world so high

Like a diamond in the sky"

ကျိုးအန်းရန် ခေါင်းငုံ့ပြီး သီချင်းဆိုနေတဲ့ ကောင်လေးကို ကြည့်နေရင်း သီချင်းသံအေးအေးလေးကြားမှာ ရင်ခုန်သံတွေ တဖြည်းဖြည်း မြန်ဆန်လာသည်။

သီချင်းဆုံးသွားမှ ချန်လော့ပိုင် ရပ်လိုက်သည်။

သူ မျက်ခွံကို ပင့်ကြည့်လိုက်ပြီး သူမကို နှစ်စက္ကန့်လောက် ကြည့်နေပြီးမှ ပြောလိုက်သည်။

"ငါ ဂစ်တာကို အနောက်ပြန်သွားထားလိုက်ဦးမယ်"

ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည်။

ချန်လော့ပိုင် ထပြီး ဂစ်တာသွားထားလိုက်သည်။ ပြီးတော့ သူမဘေးနား ပြန်လာထိုင်သည်။

"တကယ်တော့ ဒီတစ်ပိုဒ်တည်း သင်ချင်တာ မဟုတ်ဘူး"

ဒီတစ်ပိုဒ်တည်း သင်ချင်တာ မဟုတ်ဘူး ဟုတ်လား။

ဒီသီချင်းတစ်ပုဒ်တည်း သင်ချင်တာ မဟုတ်ဘူးလို့ ပြောချင်တာလား။ စကားမှားသွားတာလား။

ကျိုးအန်းရန် စပ်စုလိုက်သည်။

"နင် ဘာသင်ချင်သေးလို့လဲ"

ကောင်လေးက သူမဘေးနား လက်ထောက်ထားပြီး သူမကို ငုံ့ကြည့်နေသည်။

"နောက်ကျမှ ပြောပြမယ်"

ကျိုးအန်းရန် - "......"

"ဘာလို့ ထိမ်ချန်ထားပြန်ပြီလဲ"

မိန်းကလေး၏လေသံထဲမှာ မကျေနပ်သံ သဲ့သဲ့လေး ပါနေသည်။

ချန်လော့ပိုင် နှလုံးသားကို စုတ်တံလေးနဲ့ လာကလိလိုက်သလို ခံစားလိုက်ရသည်။ စင်မြင့်ကို လက်ထောက်ပြီး သူမဘက် နည်းနည်း တိုးကပ်လိုက်သည်။

အကွာအဝေး ရုတ်တရက် နီးကပ်သွားလို့ ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားသည်။

ရှေ့ကကောင်လေးက နှုတ်ခမ်းထောင့်စွန်း နည်းနည်း ကွေးညွတ်သွားသည်။ မသိမသာ ဆိုးသွမ်းချင်တဲ့ ပုံစံလေး ပေါ်လာသည်။ တမင် စနောက်ချင်နေသလိုမျိုး။

"ထိမ်ချန်ထားမှ ငါ့ပရိသတ်ကို ဆွဲဆောင်ထားလို့ ရမှာပေါ့"

သူ့ပရိသတ် ဟုတ်လား။

ပိတ်ထားပြီးဖြစ်တဲ့ Live House မှာ တခြားလူ မရှိတော့ဘူး။

အခု ဒီနေရာမှာ သူမနဲ့ သူ နှစ်ယောက်တည်းရှိတာ။

သူ ဒီသီချင်းကို သူမတစ်ယောက်တည်းအတွက် ဆိုပြတာ။

သူမက ဒီည သူ့ရဲ့ တစ်ဦးတည်းသော ပရိသတ်ပဲ။

ဒီလူက သူမနဲ့ စကားပြောရင် ကွယ်ဝှက်မထားတော့ဘဲ ပေါ်တင်ကြီး ရိုမန်းတစ်ဆန်လာသလိုပဲ။

ကျိုးအန်းရန် မခံနိုင်တော့ဘူး။ အသက်ရှူ လုံးဝ ရပ်တန့်သွားပြီး ရင်ခုန်သံတွေ အရမ်း မြန်လာသည်။

ထိုစဉ် သူ့ဖုန်း မြည်လာသည်။

ချန်လော့ပိုင် ခေါင်းငုံ့ပြီး ဖုန်းယူလိုက်တော့မှ အကွာအဝေး ပြန်ဝေးသွားသည်။

ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

ချန်လော့ပိုင် ဖုန်းကြည့်ပြီး မော့ကြည့်လိုက်တော့ သူမရဲ့ လှုပ်ရှားမှုလေးကို မြင်လိုက်ရသည်။ ရယ်မောလိုက်ပြီး ထပ်မစတော့ပေ။

"ကျုရန် ပြောတာ ဟိုဘက်မှာ ဟင်းတွေ ရောက်နေပြီတဲ့၊ သူတို့နဲ့အတူ သွားစားမလား"

ကျိုးအန်းရန် ဒီည သူနဲ့ နှစ်ယောက်တည်း ဆက်နေရင် နှလုံးရပ်သွားနိုင်တယ်လို့ ခံစားရသည်။

"သွားမယ်လေ"

ကောင်လေးက "အင်း" ဟု ဖြေပြီး လက်ထောက်ကာ စင်မြင့်အစွန်းကနေ ခုန်ဆင်းလိုက်သည်။ ပွင့်နေတဲ့ ဘေ့စ်ဘောအင်္ကျီအနားစလေးတွေ လွင့်ပျံသွားသည်။

အောက်ရောက်တော့ သူမကို လှည့်ကြည့်သည်။

"ဆင်းလာခဲ့မလား"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ နည်းနည်းမြင့်နေသလိုပဲ။

"ငါလည်း ခုန်ဆင်းရမှာလား"

"အင်း" ချန်လော့ပိုင် မော့ကြည့်လိုက်သည်။ "ကြောက်လို့လား"

ကျိုးအန်းရန် ဟန်မဆောင်တော့ပေ။

"နည်းနည်း ကြောက်တယ်"

"ဘာကြောက်စရာ ရှိလို့လဲ" စင်အောက်က ကောင်လေး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ သူ့အပြုံးက တက်ကြွပြီး လွတ်လပ်နေသည်။ အဲဒီနှစ် ဘောလုံးကွင်းမှာ အနောက်ဆုတ် သုံးမှတ်ပစ်ချက် ပစ်သွင်းပြီးတုန်းကလို တောက်ပနေသည်။

သူ သူမဆီ လက်နှစ်ဖက် ဖြန့်ကားပြလိုက်သည်။

"နင့်ကို ငါ ဖမ်းပေးမယ်လေ"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၇ ။ ဆိုဒါ : နင်က အမြဲတမ်း သူများထက် သာလွန်နေတယ်

ကျိုးအန်းရန် ရင်ခုန်သံတွေ ဒီည မရေမတွက်နိုင်အောင် မြန်ဆန်နေခဲ့တယ်။

တကယ်တော့ သူမ သူ့စိတ်ကို ရာနှုန်းပြည့် မသေချာသေးဘူး။

ဒါပေမဲ့ ဒီအချိန်မှာ ရင်ထဲက ဆန္ဒတစ်ခု ရုတ်တရက် ပေါ်လာပြီး ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး။

အနာဂတ်ကို မတွေးချင်ဘူး။

နောင်ရေးကို မတွေးချင်ဘူး။

သူ့ရှေ့မှာ ကိုယ့်ခံစားချက်တွေ အကုန်ဖွင့်ချလိုက်ရင် ဘာဖြစ်လာမလဲဆိုတာ မတွေးချင်ဘူး။

အလင်းရောင်ကို နှစ်သက်တဲ့ ပိုးဖလံမျိုးက တောက်ပတဲ့ မီးရောင်ကို မငြင်းဆန်နိုင်သလိုပါပဲ။

သူမလည်း အခုချိန်က ချန်လော့ပိုင်ကို မငြင်းဆန်နိုင်ဘူး။

ဘယ်သူမှ ဒီအချိန်က ချန်လော့ပိုင်ကို မငြင်းဆန်နိုင်ပါဘူး။

ကျိုးအန်းရန် လက်တစ်ဖက်နဲ့ ဘေးကိုထောက်ပြီး အောက်ကို ခုန်ချလိုက်တယ်။ ကောင်လေးရဲ့ ရင်ခွင်ထဲ တန်းတန်းမတ်မတ် ခုန်ဆင်းလိုက်တယ်။

တကယ် ဖမ်းမိလိုက်တဲ့ တစ်ခဏမှာ ချန်လော့ပိုင် နောင်တရမိသလို ဖြစ်သွားတယ်။

အရှိန်ပါလာလို့ မိန်းကလေးရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်က သူ့ရင်ဘတ်နဲ့ လုံးဝ ကပ်သွားတယ်။

ချန်လော့ပိုင် ကိုယ်ခန္ဓာ တောင့်တင်းသွားတယ်။ သူမ ခါးနောက်ကို ဖက်ထားတဲ့လက်က တင်းကြပ်သွားတယ်။ လည်စလုတ်က အလိုအလျောက် အကြိမ်ကြိမ် လှုပ်ရှားသွားတယ်။ အကြည့်လွှဲလိုက်ပြီး နှစ်စက္ကန့်အကြာမှ သူမမျက်နှာပေါ် ပြန်ရောက်လာတယ်။

သူမ ခြေထောက်တွေ မြေကြီးနဲ့ လွတ်ပြီး သူ့ပွေ့ဖက်မှုကို ခံထားရတယ်။ လိမ္မာပြီး လှပတဲ့ မျက်နှာလေးက မျက်စိရှေ့တည့်တည့် ရောက်နေတယ်။ နည်းနည်းလေး ငုံ့လိုက်တာနဲ့ နမ်းလို့ရတဲ့ အကွာအဝေးမှာ ရှိနေတယ်။ နှုတ်ခမ်းပေါ်က အရေးအကြောင်းလေးတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ချန်လော့ပိုင် အဲဒီအကွာအဝေးအတိုင်း ငြိမ်နေပြီး အသံနိမ့်နိမ့်နဲ့ မေးလိုက်သည်။

"ကျိုးအန်းရန်... နောက်တစ်ပတ် ငါ ဘောလုံးကစားတာ လာကြည့်မလား"

အကွာအဝေးနီးလွန်းလို့ သူ စကားပြောလိုက်တာနဲ့ အသက်ရှူသံ နွေးနွေးလေးတွေက သူမမျက်နှာပေါ် လာရိုက်ခတ်နေတယ်။

ပူလွန်းလို့ သူမမျက်နှာ တစ်ခုလုံး ရဲတက်သွားတယ်။

အရင်အကြိမ်တွေတုန်းက သူက သူမကျောပြင်ကို ဖွဖွလေး ထိန်းပေးထားတာနဲ့ မတူဘူး။ အခု သူမက လေထဲမှာ သူ့ပွေ့ဖက်မှုကို ခံထားရတာ။ သာမန် ပွေ့ဖက်တာထက် ပိုရင်းနှီးတဲ့ အနေအထားမျိုး။

နှလုံးသားက ဝန်မနိုင်တော့သလို၊ ဦးနှောက်ကလည်း အလုပ်မလုပ်တော့သလို ဖြစ်နေတယ်။

ကျိုးအန်းရန် မျက်လွှာချလိုက်ကာ သူ့ကို မကြည့်ရဲဘဲ တိုးတိုးလေး ပြောလိုက်သည်။

"ငါ့ကို အရင် ချပေးပါဦး"

ချန်လော့ပိုင်က သူမမျက်နှာ သွေးစက်ကျမတတ် ရဲနေတာကို ကြည့်ပြီး၊ မျက်တောင်လေးတွေ အရင်ကထက် ပိုတုန်ခါနေတာကို ကြည့်ပြီး၊ လေသံက ချွဲသလို ဖြစ်နေတာကို ကြည့်ပြီး ရင်ထဲမှာ ဖိနှိပ်ထားတဲ့ ဆိုးသွမ်းချင်စိတ်တွေ နိုးကြွလာတယ်။ သူမခါးကို ဖက်ထားတဲ့လက် ပိုတင်းကြပ်လိုက်ပြီး ရင်ခွင်ထဲ ပိုဖိကပ်လိုက်တယ်။ အသံက နိမ့်နေဆဲ။

"ငါ့ကို အရင် ကတိပေး"

ကျိုးအန်းရန် - "......"

သူက ကလေးဆန်လိုက်တာ။

အကွာအဝေးက တကယ် နီးလွန်းတယ်။

သူမ မော့မကြည့်ရင်တောင် သူ့မျက်နှာက သူမနဲ့ ကပ်လုနီးပါး ဖြစ်နေတာ ခံစားမိတယ်။ မြင်ကွင်းထဲမှာ သူ့ရဲ့ နှာတံစင်းစင်းနဲ့ ပါးလွှာတဲ့ နှုတ်ခမ်းတွေက အနီးကပ် ရှိနေတယ်။ ရင်ခုန်သံတွေ မြန်လွန်းလို့ ရင်ထဲ ထိတ်လန့်နေမိတယ်။ လက်ချောင်းလေးတွေက သူ့အင်္ကျီကို မနေနိုင်ဘဲ ဆွဲကိုင်မိတယ်။

ဒါပေမဲ့ ပျော်ရွှင်နေသလိုပါပဲ။

"ငါ မလာဘူးလို့ မပြောပါဘူး"

....

ယွီပင်းချင်တို့ ညစာစားတဲ့နေရာက အသားကင်ဆိုင်တစ်ဆိုင် ဖြစ်သည်။

ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် ရောက်သွားတော့ ယွီပင်းချင်ဘေးမှာ ခုံလွတ်နှစ်လုံး တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်အတွက် သက်သက်ချန်ထားပေးတာနေမှာပါ။

သူမ လျှောက်သွားပြီး ယွီပင်းချင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

ယွီပင်းချင်က ကင်ပြီးသား အသားကင်အချို့ ကမ်းပေးလိုက်သည်။

ကျိုးအန်းရန် ကျေးဇူးတင်စကား ပြောပြီး လှမ်းယူကာ ရှေ့က ပန်းကန်ထဲ ထည့်လိုက်သည်။ ခေါင်းငုံ့ပြီး တစ်ချောင်းယူကာ ဖြည်းဖြည်းချင်း စားနေလိုက်သည်။ စကားထပ်မပြောတော့ဘူး။

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"ငါ့ဖို့ကော"

ယွီပင်းချင်က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

"နင် လက်မပါဘူးလား"

"နင့်ကို မေးတာ မဟုတ်ပါဘူး" ချန်လော့ပိုင် ပြောရင်း ဘေးနားက မိန်းကလေးကို လှည့်ကြည့်လိုက်သည်။ "နင် ငါ့ကို နှစ်ချောင်းလောက် ခွဲမပေးဘူးလား"

ကျိုးအန်းရန် - "......"

ယွီပင်းချင် သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။

မိန်းကလေးရဲ့ နားရွက်ဖျားလေးတွေ သွေးရောင်လွှမ်းနေပြီး ဖြူဝင်းတဲ့ မျက်နှာလေးလည်း ရဲနေတာ တွေ့လိုက်ရသည်။

"ချန်လော့ပိုင်" ယွီပင်းချင် မျက်နှာတည်တည်နဲ့ ထရပ်လိုက်သည်။ "နင် ငါနဲ့လိုက်ခဲ့၊ အချိုရည် သွားယူမယ်"

ချန်လော့ပိုင် အကြည့်ပြန်ရုတ်လိုက်ပြီး ထိုင်ရာက ထလိုက်သည်။

"ကောင်းပြီလေ"

.....

ဆိုင်မှာ လူစည်ကားနေလို့ စားပွဲထိုးတွေ အလုပ်ရှုပ်နေကြသည်။

ယွီပင်းချင် ကောင်တာရှေ့ လျှောက်သွားပြီး အထဲကလူကို ပြောလိုက်သည်။

"ငါတို့ဝိုင်းကို ဘီယာတစ်ဖာ ထပ်ချပေးပါ"

စားပွဲထိုး - "ဝိုင်းနံပါတ် ၁၆ ဟုတ်လား"

ယွီပင်းချင် "အင်း" ဟု ဖြေပြီး ခေါင်းငဲ့လိုက်သည်။

"သူ ဘာသောက်မလဲ"

ချန်လော့ပိုင် ကောင်တာကို ပျင်းရိရိ မှီရပ်လိုက်သည်။

"သူ့ကို ကိုလာတစ်ဘူး ပေးလိုက်ပါ"

"ကိုလာက ဘူးနဲ့ မရှိတော့ဘူး" စားပွဲထိုးက မေးလိုက်သည်။ "ပုလင်းနဲ့ ရမလား"

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။

စားပွဲထိုးက ပုလင်းနဲ့ ကိုလာတစ်လုံး ပေးလိုက်သည်။

ချန်လော့ပိုင်ကိုယ်တိုင် လက်လှမ်းပြီး ပိုက်တစ်ချောင်း ယူလိုက်သည်။

ပြန်လမ်းကျမှ ယွီပင်းချင်က အေးစက်စက် ပြောလိုက်သည်။

"နင့်ကို သူ့ကို အနိုင်မကျင့်ပါနဲ့လို့ ပြောထားတယ် မဟုတ်လား"

ချန်လော့ပိုင်က လက်ထဲက ပိုက်ကို လှုပ်ရမ်းကစားရင်း နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"မနေနိုင်လို့ပါ"

ယွီပင်းချင် ရပ်လိုက်ပြီး သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

"နင်ကတော့ သူ့ကို ကာကွယ်ပေးနေတာပဲ" ချန်လော့ပိုင် သူတို့ဝိုင်းဘက် လှမ်းကြည့်လိုက်သည်။ "စိတ်ချပါ၊ တကယ် အနိုင်မကျင့်ပါဘူး၊ ဖက်လိုက်ရုံပါပဲ"

တစ်စက္ကန့်လောက်ကြာတော့ မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။

"ကျန်တာတွေ မလုပ်ရက်ပါဘူး"

ယွီပင်းချင် - "ဖက်လိုက်တာကို တကယ် အနိုင်မကျင့်ဘူးလို့ ပြောနေသေးတယ်။ နင့်လေသံ နားထောင်ရတာ ဖက်ရုံပဲဖက်လိုက်ရလို့ နှမြောနေသလိုပဲ"

"နည်းနည်းတော့ ဟုတ်ပါတယ်" ချန်လော့ပိုင် ပုလင်းကိုင်ထားတဲ့ လက်ချောင်းတွေ လှုပ်ရှားသွားသည်။ မိန်းကလေးရဲ့ ခါးလေး နူးညံ့တာကို ပြန်အမှတ်ရနေမိသည်။ "ဒါပေမဲ့ အခုက နာမည်မရှိ ဂုဏ်မရှိ (ရည်းစားမဖြစ်သေး) ဆိုတော့ မသင့်တော်ပါဘူး"

"နာမည်မရှိ ဂုဏ်မရှိမှန်းသိရင် အနေအထိုင်ဆင်ခြင်" ယွီပင်းချင် သတိပေးလိုက်သည်။

ချန်လော့ပိုင် ရယ်လိုက်ပြန်သည်။

"သူကမှ နင့် ဝမ်းကွဲညီမအရင်းဖြစ်မယ်"

"သူသာ ငါ့ဝမ်းကွဲညီမ ဖြစ်ရင်..." ယွီပင်းချင် နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွတ်သွားသည်။ "...နင့်ထက် စိတ်ချမ်းသာရမှာ သေချာတယ်"

ဝိုင်းနံပါတ် ၁၆ ရောက်တော့မည်ဖြစ်တာကြောင့် နှစ်ယောက်သား စကားစဖြတ်လိုက်သည်။

ကျိုးအန်းရန် ဒုတိယမြောက် အသားကင်တစ်ချောင်း စားပြီးချိန်မှာ ဘေးနားက ကုလားထိုင် ဆွဲထုတ်သံ ကြားလိုက်ရသည်။ အရပ်ရှည်ရှည် ကောင်လေး ဝင်ထိုင်လိုက်သည်။ လက်ထဲမှာ ကိုလာပုလင်းတစ်လုံး ပါလာပုံရသည်။

သူမ ခေါင်းငုံ့ထားသည်။ သူ ညာဘက်လက်နဲ့ ကိုလာပုလင်းကိုကိုင်ပြီး စားပွဲစွန်းနဲ့ ခေါက်လိုက်တာ တွေ့လိုက်ရသည်။ ပုလင်းဖုံး ပွင့်သွားသည်။ ပုလင်းကို ကိုင်ထားတဲ့ လက်ချောင်းတွေက သွယ်လျပြီး အားစိုက်လိုက်တဲ့အချိန် လက်ဖမိုးပေါ်က သွေးကြောစိမ်းတွေ ထောင်တက်လာတာ တွေ့လိုက်ရသည်။

အဖုံးဖွင့်ထားတဲ့ ကိုလာပုလင်းထဲ ပိုက်တစ်ချောင်းထည့်ပြီး သူမရှေ့ ကမ်းပေးလိုက်သည်။

ချန်လော့ပိုင်ရဲ့ လန်းဆန်းတဲ့ ကိုယ်သင်းနံ့လည်း ပါလာသည်။ အသံကို နှိမ့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ ချော့မော့နေသလိုပဲ။

"စိတ်မဆိုးနဲ့တော့နော်"

ကျိုးအန်းရန် အကြည့်က သူ့လက်ကောက်ဝတ်ရိုးပေါ်က မှဲ့နက်ကလေးပေါ် ရောက်သွားသည်။ အသံတိုးတိုးလေးနဲ့ ပြန်ဖြေလိုက်သည်။

"ငါ စိတ်မဆိုးပါဘူး"

"စိတ်မဆိုးရင် ငါ့ကို ဂရုစိုက်ပါဦး" ချန်လော့ပိုင် ကိုလာပုလင်းကို သူမရှေ့ ပိုတိုးပေးလိုက်သည်။ "နင် ထိုင်ကတည်းက ငါ့ကို စကားတစ်ခွန်းမှ မပြောဘူး။ ငါ့အစ်မက ငါ နင့်ကို အနိုင်ကျင့်တယ် ထင်နေပြီ"

ကျိုးအန်းရန် - "......"

သူ အနိုင်မကျင့်ခဲ့သလို ပြောနေတယ်။

ဒါပေမဲ့ သူမ ကိုယ်တိုင် လိုလိုလားလား လုပ်ခဲ့တာပဲဟာ။

သူမ ကိုယ်တိုင် သူ့ရင်ခွင်ထဲ ခုန်ဝင်ခဲ့တာပဲဟာ။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။ ပန်းကန်ထဲက အသားကင်အချို့ ခွဲထုတ်ပြီး သူ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ နားရွက်တွေ ပိုပူလာသလို ခံစားရသည်။

"နင့်ကို ဂရုမစိုက်တာ မဟုတ်ပါဘူး"

.....

ညစာစားပြီး အဆောင်ပြန်ရောက်တော့ ၁၀ နာရီခွဲ ကျော်နေပြီ။

အခန်းဖော် သုံးယောက်လုံး (ချိန်းတွေ့ဖို့ ထွက်သွားတဲ့ ပိုင်လင်းယွင် အပါအဝင်) အဆောင်ပြန်ရောက်နေကြပြီ။ ဒီနေ့ ပင်ပန်းလာလို့ ထင်တယ်၊ အားလုံး ကုတင်ပေါ်မှာ ဖုန်းပွတ်နေကြသည်။

ကျိုးအန်းရန် ရေချိုးပြီး ကုတင်ပေါ် တက်လိုက်သည်။

WeChat ဖွင့်ပြီး Moments ကြည့်လိုက်တော့ Profile ပုံအသစ်တစ်ခုကို တွေ့လိုက်ရသည်။ အနည်းငယ် ကြောင်သွားပြီးမှ ဒီညမှ Add ထားတဲ့ ကျုရန်မှန်း သတိရသွားသည်။

အဲဒီတုန်းက တစ်ယောက်သောသူ စိုက်ကြည့်နေတာခံရလို့ နာမည်ပြောင်းမှတ်ဖို့ မေ့သွားတာ။

ကျိုးအန်းရန် နာမည်ပြောင်းဖို့ မလောသေးဘဲ သူတင်ထားတဲ့ Moments ကို အရင်ကြည့်လိုက်သည်။

ကျုရန် - [ဒီည ဗဟုသုတရလိုက်ပြီ၊ ချန်မျိုးရိုးက လီမွန်သီးဝင်စားတာ ဖြစ်မယ် (သဝန်တိုတတ်တာ)]

ပုံက လီမွန် စတစ်ကာပုံ ဖြစ်သည်။

ကျိုးအန်းရန် အောက်ကို ပွတ်ဆွဲကြည့်လိုက်တော့ ရင်းနှီးတဲ့ Profile ပုံလေးတစ်ခု ကောမန့်ပေးထားတာ တွေ့လိုက်ရသည်။

C - [ဖျက်လိုက်]

ကျုရန် Reply - [သတိပေးလိုက်မယ်၊ ငါ ဒီညမှ သူ့ WeChat Add ထားတာ၊ မင်း ခြိမ်းခြောက်တာ သူ မြင်ရလိမ့်မယ်]

ဒီညမှ Add ထားတာ ဟုတ်လား။

သူမကို ပြောတာလား။

ကျိုးအန်းရန် Moments ထဲက ထွက်လိုက်ပြီး ပြန်ဝင်ကာ Refresh လုပ်လိုက်သည်။

အောက်မှာ Reply အသစ်တစ်ခု ထပ်တက်လာတာ တွေ့လိုက်ရသည်။

C - [နာမည်မရှိ ဂုဏ်မရှိသေးဘူး (ရည်းစားမဖြစ်သေးဘူး)၊ လျှောက်မတင်နဲ့ဦး]

ကျိုးအန်းရန် "နာမည်,မရှိ ဂုဏ်မရှိ" ဆိုတဲ့ စကားလုံး ခြောက်လုံးကို စိုက်ကြည့်ရင်း လက်ချောင်းလေး တောင့်တင်းသွားသည်။

သူမ တွေးနေတဲ့ အဓိပ္ပာယ် ဟုတ်ရဲ့လား။

သူမ မနေနိုင်ဘဲ ထပ်ထွက်ပြီး ကျုရန် ဘာပြန်ပြောမလဲ ကြည့်ချင်ပေမယ့်၊ ပြန်ဝင်ပြီး Refresh လုပ်လိုက်တော့ ကျုရန်ရဲ့ Moments ကို မတွေ့ရတော့ဘူး။

ဖျက်လိုက်ပြီလား။

ကျိုးအန်းရန် ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း စက္ကန့်အနည်းငယ် ငေးမောနေမိသည်။

စောစောက စကားပြောတာတွေက သူမ စိတ်ကူးယဉ်နေတာလားလို့တောင် ထင်မိသွားတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တွေ့ဆုံပွဲတုန်းက အချိန်ခဏလေးပဲ ဆုံလိုက်ရတော့ ကျုရန်က ယန်ရှင်းချန်တို့ကို Add လိုက်ပုံမရဘူး။ ကျုရန် Add ထားရင်တောင် သူ Add မထားဘူး။

မေးစရာလူလည်း မရှိဘူး။

ဖုန်း ရုတ်တရက် မြည်လာသည်။

ကျိုးအန်းရန် မူလစာမျက်နှာ (Home page) ကို ပြန်သွားလိုက်သည်။

ယန်ရှင်းချန်က ဂရုထဲမှာ သူမကို မန်းရှင်းခေါ်ထားတာ တွေ့လိုက်ရသည်။

ယန်ရှင်းချန် - [ရန်ရန်... ချန်လော့ပိုင်နဲ့ ထမင်းစားလို့ မပြီးသေးဘူးလား]

ကျန်းရူရှန်း - [သူတို့နှစ်ယောက် ထမင်းစားပြီး တခြားတစ်ခုခု လုပ်နေတာလည်း ဖြစ်နိုင်တာပဲ]

ယန်ရှင်းချန် - [@ကျိုးအန်းရန်]

ကျိုးအန်းရန် - "......"

ကျိုးအန်းရန် - [ပြန်ရောက်ပါပြီ]

ကျိုးအန်းရန် - [ပြောထားသားပဲ၊ ကျုရန်လည်း ပါတယ်လို့]

ရှန့်ရှောင်ဝမ် - [သူက အရေးမပါပါဘူး]

ယန်ရှင်းချန် - [ဟုတ်တယ်]

ယန်ရှင်းချန် - [မီးသီးတစ်လုံးက ဘာအရေးပါလို့လဲ]

ကျန်းရူရှန်း - [ဟီးဟီး... မြန်မြန်ပြော၊ နင်တို့နှစ်ယောက် အခု ဘယ်လိုနေလဲ]

ကျိုးအန်းရန် - [အဲဒီလိုပါပဲ]

ရှန့်ရှောင်ဝမ် - [အဲဒီလိုဆိုတာ ဘယ်လိုလဲ]

ကျိုးအန်းရန် - [အဲဒါက]

ကျိုးအန်းရန် - [နင်တို့ ပြောတာ မှန်တယ်၊ ငါ တကယ် ပိုတွေးလို့ရလောက်တယ်]

ကျိုးအန်းရန် - [ဆိုတဲ့ ပုံစံမျိုးပေါ့]

ယန်ရှင်းချန် - [!!!!!]

ယန်ရှင်းချန် - [ဒါဆို ချန်လော့ပိုင်က နင့်ကို တကယ် ကြိုက်နေတာပေါ့]

ကျိုးအန်းရန် နားရွက်ကို စမ်းကြည့်လိုက်သည်။ [ဖြစ်နိုင်တယ်]

ကျိုးအန်းရန် - [ငါလည်း သိပ်မသေချာဘူး]

ရှန့်ရှောင်ဝမ် - [ဖြစ်နိုင်တယ် မလုပ်နဲ့]

ရှန့်ရှောင်ဝမ် - [ချန်လော့ပိုင်ရဲ့ အကျင့်စရိုက်ကို လူတိုင်းသိတာပဲ၊ သူက ဘယ်မိန်းကလေးကိုမှ မနှောင့်ယှက်ဖူးသလို၊ အကွာအဝေး ထိန်းတတ်တယ်]

ရှန့်ရှောင်ဝမ် - [နင့်လို သတိကြီးတဲ့သူတောင် ပိုတွေးလို့ရပြီလို့ ပြောမှတော့ တကယ် ကြိုက်နေတာ ဖြစ်လောက်တယ်]

ကျန်းရူရှန်း - [မဟုတ်ဘူး]

ကျန်းရူရှန်း - [ငါတစ်ယောက်တည်း စပ်စုချင်နေတာလား]

ကျန်းရူရှန်း - [ဒီည တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ?!]

ကျန်းရူရှန်း - [ရန်ရန်က ပြီးခဲ့တဲ့အပတ်တုန်းက လျှောက်မတွေးရဲဘူးလို့ ပြောနေတုန်းပဲ]

ကျန်းရူရှန်း - [ဒီညကျတော့ သူ နင့်ကို နည်းနည်းကြိုက်နေတယ်ဆိုတာ အတည်ပြုတဲ့အဆင့် ရောက်သွားပြီ?]

ကျိုးအန်းရန် - "......?"

သူမ အတည်မပြုလိုက်ပါဘူး။ ဖြစ်နိုင်တယ်လို့ပဲ ပြောလိုက်တာပါ။

ဒီည တစ်ညတည်းတော့ မဟုတ်ပါဘူး။

ဒီတစ်ပတ်လုံး သူ့ရဲ့ အပြုအမူတွေက ဒီဖြစ်နိုင်ချေကို သက်သေပြနေသလိုပါပဲ။

ဒီညက အသိသာဆုံး ဖြစ်ခဲ့ပေမယ့်ပေါ့။

ယန်ရှင်းချန် - [ငါလည်း စပ်စုချင်တယ်!!]

ယန်ရှင်းချန် - [ငါ ဂရုမစိုက်ဘူး]

ယန်ရှင်းချန် - [ရန်ရန်... ငါ ဒီအပတ် ပိတ်ရက် နင့်ဆီ လာလည်မယ်]

ယန်ရှင်းချန် - [ချန်လော့ပိုင် လူလိုက်ရင် ဘယ်လိုပုံစံလဲဆိုတာ ငါ အရမ်းသိချင်နေပြီ]

ရှန့်ရှောင်ဝမ် - [သိချင်တယ် +1]

ကျန်းရူရှန်း - [ဝူး... ဝူး... ဝူး... အမှန်အတိုင်း ပြောရရင် ချန်လော့ပိုင်က သူများကို ဦးဆောင်ပြီး လိုက်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး]

ကျန်းရူရှန်း - [ကြောင်ကလေး ငိုနေတဲ့ပုံ.jpg]

ကျန်းရူရှန်း - [နန်ချန်မှာ ကျန်ခဲ့တာ နောင်တရတယ် ဝူး... ဝူး... ဝူး...]

ကျန်းရူရှန်း - [ငါလည်း ကြည့်ချင်တယ်]

ကျန်းရူရှန်း - [ဒါပေမဲ့ ဒီအပတ်တော့ နှစ်ရက်လောက် အချိန်မပေးနိုင်တော့ဘူး]

ယန်ရှင်းချန် - [ကိစ္စမရှိပါဘူး၊ ငါတို့ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်]

ကျိုးအန်းရန် - "......"

ယန်ရှင်းချန် - [ဒါဆို ဒီအတိုင်းပဲ ပြောလိုက်ပြီနော်]

ရှန့်ရှောင်ဝမ် - [စိတ်ချပါ၊ သူ နောက်အပတ် ပိတ်ရက်ကျရင် နင့်ကို ထမင်းစားဖို့ ချိန်းရင် ငါတို့က အဝေးကနေပဲ ကြည့်နေမယ်၊ နင်တို့ကို မနှောင့်ယှက်ပါဘူး]

ကျိုးအန်းရန် - [သူ ငါ့ကို ထမင်းစားဖို့ မချိန်းထားဘူး]

ရှန့်ရှောင်ဝမ် - [သူက ဒီလောက် ဉာဏ်ကောင်းတဲ့သူပဲ၊ သံပူတုန်း ရိုက်ရမယ်ဆိုတာ (အခွင့်ကောင်းယူရမယ်ဆိုတာ) နားမလည်ဘူးလား]

ကျိုးအန်းရန် - [......]

ကျိုးအန်းရန် - [ငါတို့ကျောင်းက ဘတ်စကက်ဘောပြိုင်ပွဲ နောက်အပတ် စတော့မယ်]

ကျိုးအန်းရန် - [သူက စနေနေ့ကျရင် သူ့ကို လာအားပေးခိုင်းတယ်]

ယန်ရှင်းချန် - [ဒါဆို အတော်ပဲ]

ယန်ရှင်းချန် - [ဘာပဲဖြစ်ဖြစ် သူ ဘောလုံးကစားတဲ့ ပွဲကြီးပွဲကောင်းကို ငါတို့ မြင်ဖူးပြီးသားပဲ။ တက္ကသိုလ်ရောက်တော့ လာကြည့်မယ့်လူတွေက ပိုတောင်များဦးမယ်]

ယန်ရှင်းချန် - [ဒီလောက် မီးသီးတွေများနေမှတော့ ငါတို့နှစ်ယောက် ပိုလာလို့ ဘာမှမဖြစ်ပါဘူး]

....

စာမေးပွဲရက်တွေ ကုန်ဆုံးသွားလေပြီ။ စာသင်နှစ် တစ်ဝက်လောက်ပဲ ရှိသေးတာကြောင့် စနေနေ့ တစ်ရက်နားပြီး နောက်တစ်နေ့တွင် ကျိုးအန်းရန်နှင့် အခန်းဖော်များ စာကြည့်တိုက်သို့ ပြန်သွားကြသည်။

ညဘက်တွင် ပိုင်လင်းယွင်နှင့် ရှဲ့ကျင့်ယွီတို့ အစည်းအဝေးရှိကြသဖြင့် ညစာစားပြီးနောက် သူတို့နှင့် မလိုက်တော့ဘဲ ယွီရှင်းယွဲ့နှင့်အတူ စာကြည့်တိုက် ပိတ်ချိန်အထိ နေလိုက်သည်။

အဆောင်ပြန်ရောက်တော့ ပိုင်လင်းယွင်နှင့် ရှဲ့ကျင့်ယွီတို့ ပြန်ရောက်နေကြပြီ။ နှစ်ယောက်သား ရှဲ့ကျင့်ယွီနေရာတွင် ခေါင်းချင်းဆိုင်ပြီး ဖုန်းထဲမှ ဗီဒီယိုတစ်ခုကို ကြည့်နေကြသည်။

ဩဘာပေးသံတွေ ကြားနေရသည်။

"ချောတယ်နော်" ရှဲ့ကျင့်ယွီ မေးလိုက်သည်။

ပိုင်လင်းယွင် - "တကယ် ချောတယ်။ ငါသာ အဲဒီမှာရှိနေရင် သူ ဒီလိုပြုံးပြလိုက်ရင် ခြေထောက်တောင် ပျော့သွားလောက်တယ်"

"စကားပြော ဆင်ခြင်ပါဦး၊ နင့်မှာ ရည်းစားရှိတယ်လေ" ရှဲ့ကျင့်ယွီ တံတောင်နဲ့ တွန်းလိုက်သည်။ "စီနီယာအစ်ကိုရှဲ့ ကြားသွားရင် နင် တကယ်ကြီး ခြေထောက်ပျော့သွားလိမ့်မယ်"

"ကောင်ချောလေးကို ခိုးကြည့်ရုံပဲဟာ၊ သူ ဘယ်ကြား..." ပိုင်လင်းယွင် အကြည့်လွှဲလိုက်ပြီး စကားရပ်လိုက်သည်။ "အဟမ်း... ရန်ရန် ပြန်ရောက်ပြီ၊ သူ့ကို မကောင်းတာတွေ မသင်ပေးနဲ့"

ကျိုးအန်းရန် ပစ္စည်းချလိုက်သည်။

"နင်တို့ ဘာပြောနေကြတာလဲ"

"နင့်အတန်းဖော်အကြောင်း ပြောနေတာ" ပိုင်လင်းယွင်က ပြောသည်။

ရှဲ့ကျင့်ယွီ - "ချန်လော့ပိုင်အကြောင်း ပြောနေတာလေ"

ကျိုးအန်းရန် အသက်ရှူ ကျပ်သွားသည်။

"သူ ဘာဖြစ်လို့လဲ"

"သူ ဒီနေ့ ဌာနက စီနီယာအစ်ကိုတွေနဲ့ အပြင်က ကွင်းမှာ ဘောလုံးသွားကျင့်တာ၊ တစ်ဖက်သတ် အနိုင်ယူလိုက်တယ်တဲ့" ရှဲ့ကျင့်ယွီက ဖုန်းကမ်းပေးလိုက်သည်။ "နင့်ဘာသာ ကြည့်လိုက်တော့"

ကျိုးအန်းရန် လှမ်းယူလိုက်သည်။

ဗီဒီယိုကို ဘယ်သူရိုက်ထားလဲ မသိဘူး။ သူ့ကိုပဲ ချိန်ရိုက်ထားတာ။

ကောင်လေးက ဒီနေ့ အဖြူရောင်ဘောလုံးဝတ်စုံ ဝတ်ထားသည်။ ရာသီဥတု အေးလာလို့လား၊ အပြင်မှာမို့လို့လား မသိဘူး၊ ဘောင်းဘီတိုအောက်မှာ အနက်ရောင် ကိုယ်ကျပ်ဘောင်းဘီရှည်ဝတ်ထားသေးသည်။

၁၀ စက္ကန့်တောင် မပြည့်တဲ့ ဗီဒီယိုလေးထဲမှာ အဖြူရောင် ဝတ်ထားတဲ့ ကောင်လေးက ဘောလုံးပုတ်ပြီး လူတွေကို ကျော်ဖြတ်ကာ ခုန်ပြီး သုံးမှတ်ပစ်သွင်းလိုက်တာ တွေ့ရသည်။

ဗီဒီယိုအဆုံးမှာ သူက ကင်မရာဘက် လှည့်ကြည့်ပြီး ဘယ်သူ့ကို မေးငေါ့ပြလိုက်လဲ မသိဘူး။ အပြုံးက တက်ကြွပြီး လွတ်လပ်နေသည်။ ကြည့်လိုက်တာနဲ့ ဗီဒီယိုကြည့်နေတဲ့သူကို ပြုံးပြနေသလိုပဲ။

ပြီးသွားတော့ ဗီဒီယိုက ဒီပုံရိပ်မှာ ရပ်တန့်သွားသည်။

"ရန်ရန်" ရှဲ့ကျင့်ယွီ မော့ကြည့်လိုက်သည်။ "နင်က ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ။ ငါ ဒီဗီဒီယိုကို ပို့လိုက်ရင် ရတဲ့သူတိုင်း ရူးခါသွားကြတာ၊ နင်တစ်ယောက်တည်း ကြည့်ပြီး ဘာမှ မဖြစ်သလိုပဲ"

ကျိုးအန်းရန် - "......"

"ငါ ကျင့်သားရနေပြီ"

သူ ဘောလုံးကွင်းမှာ အလွန်အမင်း ချောမောနေတာကို မြင်ရတာ ကျင့်သားရနေပြီ။

တခြားလူတွေရှေ့မှာ သူနဲ့ပတ်သက်တဲ့ ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို ဖုံးကွယ်ထားတာ၊ သူ့ကို ကြိုက်နေတဲ့ အရိပ်အယောင် နည်းနည်းလေးတောင် မပြမိအောင် နေရတာကို ပိုပြီး ကျင့်သားရနေပြီ။

အထက်တန်းပထမနှစ် တစ်နှစ်လုံး ယန်ရှင်းချန်ကိုတောင် ဖုံးကွယ်ထားနိုင်ခဲ့တာ။

"ဟုတ်သားပဲ" ရှဲ့ကျင့်ယွီက သူမလက်ထဲက ဖုန်းပြန်ယူလိုက်သည်။ "နင်နဲ့သူက အထက်တန်းကျောင်းနေဖက်တွေဆိုတာ မေ့သွားတယ်။ အရင်တုန်းက သူ ဘောလုံးကစားတာ ခဏခဏ ကြည့်ခွင့်ရမှာပေါ့။ ဒါနဲ့... နင်တို့ အထက်တန်းကျောင်းတုန်းကလည်း မိန်းကလေးတွေ သူ့ကို ရေလာပေးကြတာ များလား"

ရှဲ့ကျင့်ယွီက "လည်း" ဆိုတဲ့ စကားလုံး သုံးလိုက်တာကို ကျိုးအန်းရန် သတိထားမိလိုက်သည်။

"အထက်တန်းတုန်းက မများပါဘူး။ ငါတို့ကျောင်းက စည်းကမ်းကြီးတော့ တိတ်တဆိတ် လာဖွင့်ပြောတာ၊ ရည်းစားစာနဲ့ လက်ဆောင်တွေ ခိုးထည့်တာတွေပဲ များတယ်။ ပေါ်တင်ကြီး မလုပ်ရဲကြဘူး" သူမ ခေတ္တရပ်လိုက်ပြီး မသိမသာ မေးလိုက်သည်။ "ဒီနေ့ သူ့ကို ရေလာပေးတဲ့သူ များလား"

"များတာပေါ့၊ တစ်ဖက်သတ် အနိုင်ယူနေတာလို့ ပြောတယ်မလား" ရှဲ့ကျင့်ယွီက ပြောသည်။ "အစက လူတွေက နင့်ကို အားနာနေကြသေးတာ။ ဒီနေ့တော့ တော်တော်များများက အားမနာကြတော့ဘူး။ ဘာပဲဖြစ်ဖြစ် ချောတဲ့သူက ဘောလုံးကစားတတ်တယ်ဆိုတော့ နှစ်ခါပြန် ကြွေသွားကြတာပေါ့"

ကျိုးအန်းရန် ကြောင်သွားသည်။

"ငါ့ကို အားနာတယ် ဟုတ်လား"

ရှဲ့ကျင့်ယွီ - "သူက နင်တစ်ယောက်တည်းနဲ့ပဲ နီးနီးကပ်ကပ် နေတာကိုး။ လူတော်တော်များများက နင်တို့ အထက်တန်းကျောင်းနေဖက်တွေဆိုတာ မသိကြဘူးလေ။ အခြေအနေ စောင့်ကြည့်နေကြတာ။ ဒါပေမဲ့ နင်တို့ တွဲနေကြပြီဆိုတဲ့ သတင်းလည်း ထွက်မလာတော့၊ ဒီနေ့ သူက ကွင်းထဲမှာ ရှယ်စွမ်းပြနေပြန်တော့၊ နေရာမှာတင် မိန်းကလေး တော်တော်များများ ရေသွားပေးကြတာပေါ့"

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

"သူ ယူလား" ပိုင်လင်းယွင်က သူမအစား ဝင်မေးပေးလိုက်သည်။

ရှဲ့ကျင့်ယွီ ခေါင်းခါလိုက်သည်။

"မယူဘူး၊ တစ်ယောက်ကိုမှ မယူဘူး။ အဲဒီအထဲမှာ တရုတ်စာပေဌာနက ဌာနပန်းလေးတောင် ပါတယ်။ ဒါပေမဲ့ အဲဒီဌာနပန်းလေးက ငြင်းခံလိုက်ရတော့မှ သူ့ကို တကယ် လိုက်တော့မယ်လို့ ကြွေးကြော်လိုက်တယ်တဲ့"

"ဘာအခြေအနေကြီးလဲ" ပိုင်လင်းယွင် စိတ်ဝင်စားသွားသည်။

ရှဲ့ကျင့်ယွီ - "အခုခေတ်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်တဲ့ ကောင်ချောလေးတွေ မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီ၊ ရှားရှားပါးပါး တွေ့တုန်း လက်လွတ်မခံချင်ဘူးလို့ ပြောတယ်တဲ့"

ပိုင်လင်းယွင် ဖုန်းမြည်လာသည်။

ငုံ့ကြည့်လိုက်တော့ မျက်လုံးနဲ့ မျက်ခုံးတွေတောင် ပျော်ရွှင်မှုကြောင့် ကွေးညွတ်သွားသည်။

"ရှဲ့ကျစ်ဟန် ရှာနေလို့၊ ဖုန်းသွားကိုင်လိုက်ဦးမယ်"

"သွားပါ... သွားပါ... တစ်ညလုံး ဖရဲသီးပဲ စားနေရတယ် (အတင်းအဖျင်းပဲ နားထောင်နေရတယ်)" ရှဲ့ကျင့်ယွီ သက်ပြင်းချလိုက်သည်။ "ငါ အိမ်စာကုန်းလုပ်ရဦးမယ်"

ကျိုးအန်းရန်လည်း ဆက်မမေးတော့ဘဲ ရေချိုးပြီး ကုတင်ပေါ် တက်လိုက်သည်။

.....

WeChat ဖွင့်လိုက်ပြီး လက်ချောင်းလေးနဲ့ အောက်ကို ပွတ်ဆွဲကာ သူ့ Profile ပုံလေးဆီ သွားလိုက်သည်။

Chat history က မနေ့ညက သူ လာကြိုတုန်းက "အောက်ဆင်းရင် ဖုန်းမကြည့်နဲ့" ဆိုတာလေးမှာ ရပ်တန့်နေသည်။ နောက်ပိုင်း မက်ဆေ့ခ်ျအသစ် မရှိတော့ဘူး။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

တကယ်ပဲ...

သူမ အတွေးလွန်နေတာများလား။

သူ့ကို ကြိုက်တဲ့သူတွေက အရမ်းများလွန်းတယ်။ သူမက အထူးခြားဆုံးနဲ့ ကံအကောင်းဆုံးလူ ဖြစ်လိမ့်မယ်လို့ မယုံရဲဘူး။

ကျိုးအန်းရန် သူ့ Chat box ကို ဖွင့်လိုက်သည်။ ညနေက ဘောလုံးကစားတဲ့အကြောင်း မေးမလို့ လုပ်ပေမယ့် မေးစရာအကြောင်းပြချက် မရှိသလို ဖြစ်နေလို့ ပြန်ထွက်လိုက်သည်။

အကြိမ်ကြိမ် ဝင်လိုက် ထွက်လိုက် ဖြစ်နေသည်။

နောက်ဆုံးတော့ ဘာမှ မပို့ဖြစ်တော့ဘဲ မနေ့က ယွီပင်းချင် ဆိုထားတဲ့ ကန်တုံသီချင်း မူရင်းကို Moments မှာ Share လိုက်သည်။

ကျိုးအန်းရန် တခြားလူတွေရဲ့ Moments တွေကို ပျင်းရိစွာ လိုက်ကြည့်နေပြီး ပြန်ထွက်မလို့ လုပ်တုန်း Moments Notification အသစ်နှစ်ခု တက်လာတာ တွေ့လိုက်ရသည်။

ချန်လော့ပိုင်က သူမ Moments ကို Like ပေးထားသည်။

ကောမန့်လည်း ရေးထားသေးသည်။

C - [ကြိုက်လို့လား]

ဟင်...

ဒီသီချင်းကို ကြိုက်လားလို့ မေးတာလား။

ကျိုးအန်းရန် သူ့အဓိပ္ပာယ်ကို သေချာမသိလို့ မေးခွန်းသင်္ကေတ အသေးလေးတစ်ခုပဲ ပြန်ပို့လိုက်သည်။ [?]

နောက်တစ်စက္ကန့်မှာ ဖုန်း တုန်ခါသွားသည်။

တစ်ယောက်ယောက်က သူမဆီ မက်ဆေ့ခ်ျ ပို့လိုက်တာ။

Moments မှာ Notification မတက်သေးလို့ ကျိုးအန်းရန် မူလစာမျက်နှာကို ပြန်သွားလိုက်ရာ သူ ပို့လိုက်တာဖြစ်နေမှန်း တွေ့လိုက်ရသည်။

သူ့ Profile ပုံလေးက ထိပ်ဆုံးရောက်နေပြီး အပေါ်မှာ ဂဏန်း ၁ လေး ပေါ်နေသည်။

ဖုန်း ထပ်တုန်ခါသွားသည်။

ဂဏန်း ၂ ဖြစ်သွားသည်။

ကျိုးအန်းရန် သူ့ Chat box ကို ဖွင့်လိုက်သည်။

C - [ဒီရက်ပိုင်း မအားဘူး]

C - [ဘောလုံးပွဲကိစ္စ အလုပ်ရှုပ်နေလို့]

သူ့ကို လိုက်နေတဲ့ မိန်းကလေးတွေကို ကိုင်တွယ်ဖြေရှင်းရတာလည်း အလုပ်ရှုပ်နေမှာပေါ့။

ကျိုးအန်းရန် ရင်ထဲမှာ အချဉ်ရည်ပူဖောင်းလေးတစ်ခု ထွက်လာသည်။

Chat box ထိပ်မှာ "တစ်ဖက်လူ စာရိုက်နေသည်" ဆိုတာ ပေါ်နေသည်။

သူမ ချက်ချင်း စာမပြန်သေးဘူး။

တစ်စက္ကန့်အကြာတွင်...

မက်ဆေ့ခ်ျအသစ် ဝင်လာသည်။

C - [ဆောင်းရာသီကျောင်းပိတ်ရက်ကျမှ နင့်ကို တီးပြမယ်]

ဟင်...

ကျိုးအန်းရန် နားမလည်ပေ။ [ဘာတီးပြမှာလဲ]

C - [ဂစ်တာလေ]

C - [နင် "Unconditional" သီချင်း ကြိုက်တယ်မလား]

သူမ ကြိုက်ရင် သူက သင်ပေးမှာလား။

အချဉ်ရည်ပူဖောင်းလေးထဲမှာ ပျားရည်တွေ ဝင်လာသလိုပဲ။

သူမ စာလုပ်ရုံနဲ့တင် အချိန်မလောက်သလို ခံစားနေရတာ။

သူ အခု ဘယ်လောက် အလုပ်ရှုပ်နေမလဲဆိုတာ မှန်းကြည့်လို့ ရပါတယ်။

ကျိုးအန်းရန် - [အရမ်းကြီး ကြိုက်တာတော့ မဟုတ်ပါဘူး]

ကျိုးအန်းရန် - [မနေ့ညက စီနီယာအစ်မယွီ ဆိုတာ ကောင်းတယ်လို့ ထင်လို့ပါ]

C - [မနေ့ညက ယွီပင်းချင် တစ်ယောက်တည်းဆိုတာ ကောင်းတာလား]

မနေ့ညက သူ သူမဘေးနားထိုင်ပြီး သီချင်းဆိုနေတဲ့ ပုံရိပ်လေး ခေါင်းထဲ ဖြတ်ခနဲ ပေါ်လာသည်။

ကျိုးအန်းရန် ရင်ထဲက ပူဖောင်းလေး ပေါက်ကွဲသွားသည်။

မသိစိတ်စေရာအတိုင်း စာပြန်လိုက်မိသည်။ [နင်ဆိုတာလည်း ကောင်းပါတယ်]

သူ့ကို ဒီလိုစကားမျိုး တစ်ခါမှမပြောဖူးလို့လား မသိဘူး၊ ပို့ပြီးတာနဲ့ ကျိုးအန်းရန် မျက်နှာရော နားရွက်ရော ရဲတက်လာပြီး ကပျာကယာ ပြန်ရုပ်သိမ်း (Unsend) လိုက်သည်။

C - [ဘာပြန်ရုပ်သိမ်းလိုက်တာလဲ]

မမြင်လိုက်ဘူးလား။

ကျိုးအန်းရန် စိတ်အေးသွားသလို၊ နည်းနည်းလည်း စိတ်ပျက်သွားသည်။

ကျိုးအန်းရန် - [ဘာမှ မဟုတ်ပါဘူး]

ကျိုးအန်းရန် - [စာရိုက်မှားသွားလို့]

C - [ကျိုးအန်းရန်]

သူက ဘာလို့ ဒီလို နာမည်အပြည့်အစုံ ခေါ်ရတာ ကြိုက်နေရတာလဲ။

မျက်နှာချင်းဆိုင်တုန်းက ထားပါတော့၊ WeChat မှာတောင် ဒီလို ခေါ်နေသေးတယ်။

C - [ငါက မနေ့ညကမှ နင့်ကို သတ္တိမနည်းပါဘူးလို့ ချီးကျူးထားတာကို]

ကျိုးအန်းရန် - "?"

ဒါပေမဲ့ သူမက သတ္တိနည်းတာပဲလေ။

ဒါပေမဲ့ သူက ဘာလို့ ရုတ်တရက် ဒီအကြောင်း ပြောလာတာလဲ။

သူမ မမေးရသေးခင်မှာပဲ ဖုန်း ထပ်မြည်လာသည်။

C - [ငါဆိုတာ ကောင်းတယ်လို့ ပြောတာ ဘာပြန်ရုပ်သိမ်းစရာရှိလို့လဲ]

ကျိုးအန်းရန် - "!"

ကျိုးအန်းရန် - [နင် မြင်ပြီးသားပဲဟာ ဘာလို့ မေးနေသေးတာလဲ]

C - [နင့်သဘောနဲ့နင် ပြောတာကို ကြားချင်လို့လေ]

ကျိုးအန်းရန် ရင်ထဲမှာ ပူဖောင်းလေးတွေအများကြီး ပြိုင်တူပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

ယန်ရှင်းချန်တို့က သူ ဘယ်လိုလိုက်မလဲဆိုတာ ကြည့်ချင်တယ်လို့ ပြောကြတယ်။

သူ ဒါက လိုက်နေတာ ဟုတ်မဟုတ် သူမ မသိပေမယ့်၊ သူမတော့ မခံနိုင်တော့ဘူး။

ကျိုးအန်းရန် ပူထူနေတဲ့ နားရွက်ကို စမ်းလိုက်သည်။

[ငါ အိပ်တော့မယ်]

ခဏရပ်ပြီး မျက်နှာရဲရဲနဲ့ နောက်ထပ် စာတစ်ကြောင်း ထပ်ပို့လိုက်သည်။

[နင် ဒီနေ့ တစ်ညနေလုံး ဘောလုံးကစားထားတာ၊ စောစောအိပ်တော့လေ]

C - [ငါ တစ်ညနေလုံး ဘောလုံးကစားတာ နင် ဘယ်လိုသိလဲ]

C - [သိရက်နဲ့ လာမကြည့်ဘူးလား]

ကျိုးအန်းရန် - "......"

သူက ဒီနေ့ အပြင်ကွင်းမှာ လေ့ကျင့်မယ်လို့ သူမကိုမှ မပြောပြတာ။

ကျိုးအန်းရန် အဲဒီစကားကို မပြောရဲဘဲ ပြန်ဖြေလိုက်သည်။

[ညကျမှ အခန်းဖော်တွေဆီက သိရတာ]

ရှဲ့ကျင့်ယွီ ပြောစကားတွေကို သတိရသွားပြီး ရင်ထဲမှာ အချဉ်ရည်ပူဖောင်းလေး နောက်တစ်ခု ထွက်လာပြန်သည်။

[ပြီးတော့ လာကြည့်တဲ့သူတွေ အများကြီး ရှိတာပဲဟာ၊ ငါတစ်ယောက် မရှိလို့ ဘာဖြစ်မှာလဲ]

သူမ နောက်စာကြောင်းကို ကြည့်ပြီး တော်တော်ချဉ်နေမှန်း သိလိုက်ရတယ်။ ပြန်ရုပ်သိမ်းမလို့ လုပ်နေတုန်း ဖုန်းက နှစ်ချက် မြည်လာသည်။

C - [Unconditional သီချင်းစာသား မှတ်မိလား]

C - [ငါ ဝမ်းသာတယ် ဆိုတဲ့ စာသားနောက်က စာသားက ဘာလဲ]

ကျိုးအန်းရန် - "......"

ဘာလို့ ရုတ်တရက် သီချင်းစာသားအကြောင်း ရောက်သွားရတာလဲ။

ဒီသီချင်းကို သူမက မနေ့ညက ယွီပင်းချင်ဆိုတာ တစ်ခေါက်နားထောင်ဖူးပြီး၊ ပြန်ရောက်တော့ ရှာဖွေနားထောင်တာ တစ်ခေါက်ပဲ ရှိသေးတယ်။ သီချင်းစာသား မမှတ်မိတာ အမှန်ပါပဲ။

ကျိုးအန်းရန် Browser ဖွင့်ပြီး "Unconditional" သီချင်းစာသားကို ရှာလိုက်သည်။ ပထမစာကြောင်းကနေ တဖြည်းဖြည်း အောက်ဆွဲကြည့်လိုက်သည်။ သူပြောတဲ့ စာကြောင်းရောက်တော့ လက်ချောင်းလေး ရုတ်တရက် ရပ်တန့်သွားသည်။ ရင်ထဲမှာ မီးရှူးမီးပန်းတွေ ရုတ်တရက် ပေါက်ကွဲသွားသလို၊ တောက်ပပြီး ဆူညံသွားသည်။

ဖုန်းမျက်နှာပြင်ပေါ်မှာ ရှင်းလင်းစွာ ပေါ်နေသည်။

"ငါ ဝမ်းသာတယ်လို့ ပြောပါရစေ...

နင်က အမြဲတမ်း သူများထက် သာလွန်နေတယ်"

***

(စာရေးသူ၏ မှတ်ချက်) - "ငါ ဝမ်းသာတယ်လို့ ပြောပါရစေ... နင်က အမြဲတမ်း သူများထက် သာလွန်နေတယ်" -- Eason Chan ရဲ့ "Unconditional" (ကန်တုံသီချင်း)

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၈ ။ ဆိုဒါ : ဒီတစ်ခါတော့

စနေနေ့မှာ ကျိုးအန်းရန် မနက် ၆ နာရီကတည်းက အိပ်ရာထသည်။

ယန်ရှင်းချန်နှင့် ရှန့်ရှောင်ဝမ်တို့ ဒီနေ့ လာလည်ကြမှာမို့ စာကြည့်တိုက် မသွားတော့ဘဲ လက်ပ်တော့ယူကာ ကျောင်းထဲက ၂၄ နာရီဖွင့်တဲ့ ကော်ဖီဆိုင်မှာ မနက်စာစားပြီး မနေ့က ကျန်နေတဲ့ အိမ်စာလက်စသတ်လိုက်သည်။

ပြီးသွားတော့ မနက် ၈ နာရီ ကျော်နေပြီ။

ကျိုးအန်းရန် အဆောင်ဂရုလေးထဲမှာ စာပို့လိုက်သည်။

[ငါ ကော်ဖီဆိုင် ရောက်နေတယ်၊ အဆောင်ပြန်တော့မလို့၊ နင်တို့ မနက်စာ မှာမလား]

ခဏစောင့်လိုက်သည်။

ရှဲ့ကျင့်ယွီက အရင် စာပြန်သည်။

[မှာမယ်]

[ဒါပေမဲ့ နင် ဒီနေ့ ဘာလို့ စာကြည့်တိုက် မသွားဘဲ အဆောင်ပြန်လာတာလဲ]

ကျိုးအန်းရန် - [ငါ့သူငယ်ချင်းနှစ်ယောက် လာလည်မှာမို့လို့]

ကျိုးအန်းရန် - [ခဏနေ သူတို့ကို သွားကြိုရဦးမယ်]

ပိုင်လင်းယွင်လည်း စာပြန်သည်။

[ငါလည်း မှာမယ်]

[ကျေးဇူးပါ ရှောင်ရန်ရန်ရေ]

....

ကျိုးအန်းရန် ကော်ဖီဆိုင်ကနေ သူတို့အတွက် မနက်စာ မှာပေးလိုက်သည်။ ပြီးတော့ လမ်းမှာရောက်နေပြီဖြစ်တဲ့ ယန်ရှင်းချန်တို့နဲ့ စကားနည်းနည်းပြောပြီး အဆောင်ပြန်လာခဲ့သည်။

ပိုင်လင်းယွင်က ထပြီး မျက်နှာသစ်နေပြီ။ ရှဲ့ကျင့်ယွီကတော့ အိပ်ရာပေါ်မှာပဲ ရှိသေးသည်။ အသံကြားတော့ ဆံပင်စုတ်ဖွားနဲ့ ခေါင်းထောင်ကြည့်ပြီး အိပ်ချင်မူးတူးအသံနဲ့ မေးသည်။

"ဒီလောက် မြန်မြန် ပြန်ရောက်တာလား"

ကျိုးအန်းရန် သူတို့အတွက် မနက်စာတွေကို စားပွဲပေါ် တင်ပေးလိုက်သည်။

"လူရှင်းနေလို့ပါ"

"အေးပါ" ရှဲ့ကျင့်ယွီ သမ်းဝေလိုက်သည်။ "ငါ ထပြီ"

ကျိုးအန်းရန် စာအုပ်နဲ့ လက်ပ်တော့ သိမ်းလိုက်ပြီး အိတ်လွယ်ကာ ကုတင်ပေါ်မှာ ငိုင်နေတဲ့ ရှဲ့ကျင့်ယွီကို လက်ပြလိုက်သည်။

"ငါ သူငယ်ချင်းတွေ သွားကြိုလိုက်ဦးမယ်၊ ဒီနေ့ နေ့လည်စာရော ညစာရော နင်တို့နဲ့ အတူမစားတော့ဘူးနော်"

ရှဲ့ကျင့်ယွီ ကုတင်ပေါ် ပြန်လှဲချလိုက်သည်။

"ကောင်းပြီ... ငါ ၁၀ မိနစ်လောက် ထပ်အိပ်လိုက်ဦးမယ်"

....

အဆောင်ကထွက်ပြီး ကျောင်းပြင်ဘက် လျှောက်လာခဲ့သည်။

အပြင်ဘက် ဘတ်စကက်ဘောကွင်းနား ရောက်ခါနီးတော့ ရှေ့ကနေ လူတစ်ယောက် လမ်းပိတ်လိုက်လေသည်။

"ဂျူနီယာညီမလေး... ပြန်တွေ့ကြပြန်ပြီနော်" ရယ်သံပါတဲ့ သူစိမ်းအသံ။

ကျိုးအန်းရန် မော့ကြည့်လိုက်တော့ သူစိမ်းကောင်လေးတစ်ယောက် ရပ်နေတာ တွေ့လိုက်ရသည်။ အရပ်ကတော့ တော်တော်ရှည်တယ်၊ ချန်လော့ပိုင်နဲ့ မတိမ်းမယိမ်းလောက် ရှိမယ်။

သူမ မျက်နှာပေါ်က သံသယကို မြင်သွားလို့ ထင်တယ်၊ တစ်ဖက်လူက ရှင်းပြလိုက်သည်။

"မမှတ်မိဘူးလား။ ငါတို့ တစ်ခေါက် တွေ့ဖူးတယ်လေ၊ အသင်းဝင်ခွင့် လျှောက်လွှာတင်တုန်းက ငါ မင်းကို ဘတ်စကက်ဘောအသင်း လျှောက်လွှာဖောင် ပေးခဲ့ဖူးတယ်လေ"

ဒီတော့မှ ကျိုးအန်းရန် ရေးရေးလေး မှတ်မိသွားသည်။

ရှဲ့ကျင့်ယွီ ပြောဖူးတဲ့ နည်းနည်းရှုပ်တဲ့ ဘတ်စကက်ဘောအသင်းခေါင်းဆောင် ဖြစ်လောက်တယ်။

ဒါပေမဲ့ မှတ်မိတာနဲ့ မမှတ်မိတာက သိပ်မထူးခြားပါဘူး။ အဲဒီတုန်းက သူမ သူ့ရုပ်ကိုတောင် သေချာ မကြည့်ခဲ့မိဘူး။

ကျိုးအန်းရန် သူ ဘာလို့ လမ်းပိတ်ထားလဲ နားမလည်သလို၊ နားလည်ချင်စိတ်လည်း မရှိဘူး။ ဘယ်လိုရှောင်ထွက်ရမလဲ စဉ်းစားနေတုန်း ပခုံးပေါ်ကို လက်တစ်ဖက် လာတင်လိုက်သည်။ လန်းဆန်းတဲ့ ကိုယ်သင်းနံ့က ဘေးကနေ လွှမ်းခြုံလာသည်။

လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူလဲဆိုတာ သိနေတယ်။

ကျိုးအန်းရန် ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။

ချန်လော့ပိုင်အသံ ပျင်းရိရိနဲ့ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"စီနီယာအစ်ကိုတု"

တုယိကျိုးက ချန်လော့ပိုင်ရဲ့ ရင်းနှီးပြီး ပိုင်စိုးပိုင်နင်းဆန်တဲ့ အပြုအမူကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ ခေါင်းငုံ့ပြီး မျက်နှာရဲနေပေမယ့် ရှောင်ဖယ်ခြင်းမရှိတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ ချက်ချင်း သဘောပေါက်သွားသည်။

"မင်းလူလား"

ချန်လော့ပိုင်က ခေါင်းငုံ့ပြီး သူ့ကို မကြည့်ဘဲ နေနေတဲ့ မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။

"မဖြစ်သေးပါဘူး"

ကျိုးအန်းရန် - "......"

"မဖြစ်သေးဘူး" ဆိုတာ ဘာအဓိပ္ပာယ်လဲ။

တုယိကျိုးကလည်း သူ့စကားထဲက အဓိပ္ပာယ်ကို နားလည်လိုက်ပုံရသည်။

"ဩော်... ဒီလိုကိုး" တုယိကျိုး အနောက်ဆုတ်လိုက်သည်။ "လူကြီးလူကောင်းဆိုတာ သူများပစ္စည်း မလုပါဘူးကွာ၊ ငါ မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ ငါပြောတဲ့ကိစ္စကို ချက်ချင်း မငြင်းဘဲ ထပ်စဉ်းစားပေးပါဦး"

တုယိကျိုး ထွက်သွားသည်။

ချန်လော့ပိုင် လက်လွှတ်လိုက်သည်။

ကျိုးအန်းရန် တောင့်တင်းနေတဲ့ ပခုံးတွေ လျှော့ချလိုက်ပြီး မော့ကြည့်ရဲသွားသည်။

"နင် ဒီမှာ ဘာလုပ်နေတာလဲ"

ချန်လော့ပိုင်က အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားပြန်သည်။ အင်္ကျီဇစ်ကို အပေါ်ဆုံးထိ ဆွဲတင်ထားသည်။ သူမမေးတာကြားတော့ ဘတ်စကက်ဘောကွင်းဘက် မေးငေါ့ပြလိုက်သည်။

"ဘောလုံးလာကျင့်တာ၊ နင် အပိုးပန်းခံနေရတာနဲ့ တည့်တည့်တိုးမယ်လို့ မထင်ထားဘူး"

ကျိုးအန်းရန် - "......"

"တော်တော် လူကြိုက်များနေပါလား" ကောင်လေးက သူမရှေ့မှာ ရပ်လိုက်ပြီး မျက်ဝန်းနက်နက်တွေနဲ့ ကြည့်ကာ အသံနှိမ့်ပြီး ပြုံးစစ မေးလိုက်သည်။

ကျိုးအန်းရန် - "......"

သူနဲ့ယှဉ်ရင် ဒါက ဘယ်နေရာက လူကြိုက်များတာလဲ။

ပြီးတော့...

သူမ တိုးတိုးလေး ရှင်းပြလိုက်သည်။

"အပိုးပန်းခံရတာ မဟုတ်ပါဘူး၊ သူက နှုတ်ဆက်ရုံပါ၊ ငါ သူ့ကို မသိပါဘူး"

"မသိတာ အကောင်းဆုံးပဲ" ချန်လော့ပိုင်က ကွင်းထဲက တုယိကျိုးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လေသံတည်ငြိမ်သွားသည်။ "နောက်ဆိုရင် တွေ့ရင်တောင် ဝေးဝေးရှောင်၊ သူ ရည်းစားလဲတာ စာအုပ်လှန်တာထက်တောင် မြန်သေးတယ်"

ကျိုးအန်းရန်ကလည်း အဲဒီလိုလူမျိုးနဲ့ မပတ်သက်ချင်ပါဘူး။ လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။ ပြီးတော့ စောစောက တုယိကျိုး ပြောသွားတာကို သတိရပြီး မေးလိုက်သည်။

"သူ နင့်ကို ဘာကိစ္စ စဉ်းစားခိုင်းတာလဲ"

ချန်လော့ပိုင် - "CUBA ဝင်ကစားဖို့ ခေါ်တာ"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ မအံ့ဩမိပါဘူး။

သူ ဘောလုံးကစားတာ ဒီလောက်တော်တာ၊ ကျောင်းလက်ရွေးစင်အသင်းက မခေါ်ရင်သာ ထူးဆန်းနေဦးမယ်။

"ပထမတန်း လိဂ်လား"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ရှေ့တိုးလာကာ ပြုံးလိုက်သည်။

"ငါ့ကို ဒီလောက် ယုံကြည်တာလား"

ကောင်လေး ရုတ်တရက် တိုးကပ်လာပြီး လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေက ရန်လိုသလိုဖြစ်လာလို့ ကျိုးအန်းရန် အသက်ရှူအောင့်ထားလိုက်သည်။

သူက ဘောလုံးကစားရတာ ကြိုက်လို့ သူမ ပြည်တွင်း ဘတ်စကက်ဘောပွဲစဉ်တွေအကြောင်း နည်းနည်း လေ့လာထားဖူးတယ်။

CBA ကို ဖေဖေနဲ့အတူ တော်တော်များများ ကြည့်ဖူးတယ်။ NBL နဲ့ CUBA အကြောင်းလည်း အကြမ်းဖျင်း သိထားတယ်။

CUBA ဆိုတာ တက္ကသိုလ်ကျောင်းသားများ ဘတ်စကက်ဘောလိဂ် ဖြစ်သည်။ အဆင့် ၁၊ ၂၊ ၃ ခွဲထားသည်။ အဆင့် ၁ က အထူးခေါ်ယူထားတဲ့ ကျွမ်းကျင်အားကစားသမားတွေ ပါဝင်ကစားလေ့ရှိပြီး၊ သာမန်ကျောင်းသားတွေလည်း ကျွမ်းကျင်အဆင့်မီရင် ဝင်ကစားလို့ရသည်။ အဆင့် ၂ က သာမန်တက္ကသိုလ်ကျောင်းသားတွေ ကစားတာဖြစ်ပြီး၊ အဆင့် ၃ က ကောလိပ်ကျောင်းသားတွေ ကစားတာဖြစ်သည်။

သူ့လေသံက ရုတ်တရက် ရင်းနှီးလာလို့ ကျိုးအန်းရန် နားရွက်ဖျားလေးတွေ ပူလာပြန်သည်။ သူ့မေးခွန်းကို ရှောင်လွှဲလိုက်သည်။

"ဒါဆို ဒုတိယတန်း လိဂ် ကစားမှာလား"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။

"ကောင်းကောင်း ကစားနိုင်ရင် ပထမတန်း လိဂ် သွားကစားခွင့် ရနိုင်တယ်လို့ ပြောတယ်"

"နင် လက်မခံလိုက်ဘူးလား" ကျိုးအန်းရန် မေးလိုက်သည်။

"ဘယ်မှာ အားလို့လဲ။ စာလုပ်ရတာနဲ့တင် မအားတဲ့ကြားထဲ..." ချန်လော့ပိုင် စကားရပ်လိုက်သည်။ ရဲနေသော နားရွက်ဖျားလေးကို ကြည့်လိုက်သည်။ "...လူလိုက်ရတာနဲ့တင် အလုပ်ရှုပ်နေတာ"

တစ်ခဏလောက်တော့ ကျိုးအန်းရန် နားကြားမှားသွားတယ်လို့တောင် ထင်လိုက်မိတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက သီချင်းစာသားနဲ့ အရိပ်အမြွက်ပြပြီး ဖွင့်ပြောမလို လုပ်ခဲ့ပေမယ့်၊ အဲဒါက သီချင်းစာသားကို အကြောင်းပြထားတာလေ။ ဖုန်းထဲကနေ ပြောတာလေ။ အခုလို မျက်နှာချင်းဆိုင်ပြီး ကိုယ်တိုင် "လူလိုက်နေရတယ်" လို့ ပြောတာနဲ့ ယှဉ်လိုက်ရင် သက်ရောက်မှုချင်း လုံးဝ မတူဘူး။

"လူလိုက်နေရတယ်" လို့ပဲ ပြောတာ၊ "နင့်ကို လိုက်နေတာ" လို့ အတိအကျ မပြောသေးပေမယ့်၊ ကျိုးအန်းရန် အိပ်မက်မက်နေသလို ခံစားရတုန်းပဲ။ ရင်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲနေသလိုပဲ။ ခေါင်းထဲမှာလည်း ဗလာဖြစ်သွားသည်။

လက်ထဲက ဖုန်း မြည်လာသည်။

ကျိုးအန်းရန် လန့်သွားပြီး ဖုန်းလွတ်ကျမလို ဖြစ်သွားသည်။

နောက်တစ်စက္ကန့်မှာ သူမလက်ရော ဖုန်းရော လက်ကြီးတစ်ဖက်က လှမ်းအုပ်ကိုင်လိုက်သည်။

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ကောင်လေးလက်က ကြီးမားပြီး သူမလက်ကို လုံးဝ အုပ်ကိုင်ထားနိုင်တယ်။ သူ့အသားအရေက ဖြူဝင်းအေးစက်နေပေမယ့် လက်ဖဝါးကတော့ ပူနွေးနေတယ်။

သူက ခေါင်းနည်းနည်း ထပ်ငုံ့လိုက်ပြီး ပြုံးစစ အသံနဲ့ ပြောလိုက်သည်။ ထွက်လာတဲ့ လေငွေ့နွေးနွေးလေးတွေက သူမနားရွက်ကို လာရိုက်ခတ်နေတယ်။ ပူနွေးနေတယ်။

"ဘာလန့်နေတာလဲ"

ကျိုးအန်းရန် နားရွက်လေး တုန်ခါသွားသည်။

သူက တကယ်တော့ အတိုင်းအတာ ရှိပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက သူမ သူ့ရင်ခွင်ထဲ ခုန်ဝင်လိုက်တုန်းကလည်း သူက အင်္ကျီပေါ်ကနေ ခါးကို ဖွဖွလေး ထိန်းထားပေးရုံပါပဲ။ Escape roomဂိမ်းတုန်းက မျက်လုံးကာပေးတာလည်း မတော်တဆ ထိမိတာကလွဲရင် တကယ်ထိတွေ့တာဆိုလို့ နှစ်ကြိမ်ပဲ ရှိသေးတယ်။

တစ်ကြိမ်က မနေ့ညက လက်ဖမိုးနဲ့ သူမပါးပြင်ကို ဖွဖွလေး ထိလိုက်တာ။

နောက်တစ်ကြိမ်က အခုပဲ။

ဒီတစ်ခါတော့ မတော်တဆဖြစ်ရပ်တွေ နည်းနည်းပါနေတယ်။

ဖုန်းက ထပ်မြည်လာပြန်သည်။

ကျိုးအန်းရန် သတိဝင်လာသည်။ ခေါင်းငုံ့ထားပြီး သူ့ကို မကြည့်ရဲတော့ပေ။

"မလန့်ပါဘူး၊ ဖုန်းမြဲပါတယ်၊ လွှတ်လို့ရပါပြီ"

ချန်လော့ပိုင်က သူမမျက်နှာတစ်ပြင်လုံး ရဲနေတာကို ကြည့်ပြီး၊ လန့်သွားလို့ မျက်တောင်လေးတွေ တုန်ခါနေတာကိုကြည့်ပြီး လိမ္မာပြီး အနိုင်ကျင့်ချင်စရာကောင်းတဲ့ ပုံစံလေးမို့ ရင်ထဲက ဆိုးသွမ်းချင်စိတ်တွေ ထပ်ပေါ်လာပြန်သည်။

"ဒီလောက် အလောတကြီး ကြည့်ချင်နေတာ ဘယ်သူ့မက်ဆေ့ခ်ျမို့လို့လဲ။ ဟယ်မင်ယွီလား"

ကျိုးအန်းရန် - "......"

ဘာလို့ ဟယ်မင်ယွီ ပါလာပြန်တာလဲ။

"မဟုတ်ပါဘူး၊ ရှင်းရှင်းနဲ့ ရှောင်ဝမ်တို့ဆီက ဖြစ်လောက်တယ်။ သူတို့ ဒီနေ့ ငါ့ဆီ လာလည်ကြမှာ၊ ရောက်ခါနီးပြီ ထင်တယ်"

"တကယ်လား" ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"တကယ်ပါ"

"......"

နှစ်စက္ကန့် စောင့်လိုက်သည်။

ဖုန်း ထပ်မြည်လာသည်။ လက်ကတော့ မလွှတ်သေးဘူး။

ကျိုးအန်းရန် မျက်နှာပူလွန်းလို့ မီးတောက်တော့မလို ခံစားနေရသည်။ နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ငါ တကယ် သွားကြိုရတော့မယ်"

ချန်လော့ပိုင်က တုန်ရီနေတဲ့ သူမမျက်တောင်လေးတွေကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါဆို ငါ့ကို အရင် မော့ကြည့်ပါဦး"

ကျိုးအန်းရန် - "......"

သူက ဘာလို့ လူကို အနိုင်ကျင့်ရတာ ကြိုက်ရတာလဲ။

ကျိုးအန်းရန် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ ကောင်လေးရဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။ ရင်တစ်ချက် ထပ်တုန်သွားသည်။

ဒါပေမဲ့ သူက မလွှတ်သေးဘူး။

"သူတို့လာရင် နေ့လည်ကျ ငါ ဘောလုံးကစားတာ လာကြည့်ကြဦးမလား" ချန်လော့ပိုင် ငုံ့ကြည့်ပြီး မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"သူတို့ ငါနဲ့အတူ လာကြမှာ"

"ပွဲက ၃ နာရီခွဲ စမှာ" ချန်လော့ပိုင် လက်ချောင်းထိပ်လေးတွေ ယားယံသွားပေမယ့် ဘာမှထပ်မလုပ်တော့ဘဲ ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။ "နေ့လည်ကျ စောစောလာခဲ့နော်"

ကျိုးအန်းရန် လက်ပြန်ရုတ်လိုက်သည်။ လက်ဖမိုးလေး ပူနေတုန်းပဲ။ သူမ ခေါင်းညိတ်ပြလိုက်သည်။

....

ကျောင်းဝကနေ ထွက်လာတော့ ရှန့်ရှောင်ဝမ် စောင့်နေတာ တွေ့လိုက်ရသည်။

သူမ အပြေးလေး သွားလိုက်သည်။

ရှန့်ရှောင်ဝမ်က သူမလက်ကို ချိတ်လိုက်ကာ၊

"လွန်ခဲ့တဲ့ ၅ မိနစ်ကတည်းက ရောက်ခါနီးပြီလို့ ပြောပြီးတော့ ဘာလို့ အခုမှ ထွက်လာတာလဲ"

ကျိုးအန်းရန် နားရွက်နဲ့ လက်ဖမိုးတွေ ပူနေတုန်းပဲ။

"ချန်လော့ပိုင်နဲ့ တွေ့လို့"

"ငါ ထင်သားပဲ" ရှန့်ရှောင်ဝမ်က သူမကို အကဲခတ်သလို ကြည့်လိုက်သည်။ "မျက်နှာတွေ ဘာလို့ ဒီလောက် ရဲနေတာလဲ။ သူ နင့်ကို ဘာလုပ်လိုက်လို့လဲ"

ကျိုးအန်းရန် - "......"

"ဘာမှ မလုပ်ပါဘူး၊ စကားနည်းနည်း ပြောလိုက်ရုံပါ"

"စကားနည်းနည်းပြောရုံနဲ့ မျက်နှာက ဒီလောက် ရဲနေတာလား" ရှန့်ရှောင်ဝမ်က မျက်စိမှိတ်ပြလိုက်သည်။ "နောက်ကျရင် ဘယ်လိုလုပ်မလဲ"

ဟင်...

ဘာကို နောက်ကျရင် ဘယ်လိုလုပ်မလဲ။

"လျှောက်မပြောနဲ့" ကျိုးအန်းရန် မျက်နှာပိုရဲသွားပြီး သူမကို ဆွဲခေါ်သွားသည်။ "မနက်စာ မစားရသေးဘူးဆို၊ မနက်စာ သွားစားရအောင်"

ယန်ရှင်းချန် မရောက်သေးလို့ ကျိုးအန်းရန် ကျောင်းထဲပြန်မဝင်တော့ဘဲ ရှန့်ရှောင်ဝမ်ကို ကျောင်းပြင်က ကော်ဖီဆိုင် ခေါ်သွားလိုက်သည်။

မှာပြီးလို့ ထိုင်လိုက်တာနဲ့ ဖုန်းမြည်လာသည်။

"ရှင်းရှင်းလား" ရှန့်ရှောင်ဝမ် အနားကပ်လာသည်။

ကျိုးအန်းရန် ဖုန်းယူလိုက်သည်။

"ငါ ကြည့်လိုက်ဦးမယ်"

Lock ဖွင့်ကြည့်လိုက်တော့ ရှဲ့ကျင့်ယွီဆီက WeChat မက်ဆေ့ခ်ျ ၂ စောင် ဝင်နေတာ တွေ့လိုက်ရသည်။

ရှဲ့ကျင့်ယွီ - [ရှောင်ရန်ရန်ရေ]

ရှဲ့ကျင့်ယွီ - [နင် ငါ့ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား]

ကျိုးအန်းရန် နားမလည်စွာ - [ဘာရှင်းပြရမှာလဲ]

ရှဲ့ကျင့်ယွီ - [ငါ တစ်ရေးပြန်အိပ်ပြီး နိုးလာတော့ ချန်လော့ပိုင် ဒီမနက် ဘတ်စကက်ဘောကွင်းအပြင်ဘက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဖက်ပြီး၊ လက်ကိုင်နေတယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်]

ကျိုးအန်းရန် - "......"

ဘာ ဖက်တာ၊ လက်ကိုင်တာလဲ။

ဒါပေမဲ့ သူမ စောစောက အာရုံစိုက်နေလွန်းလို့ ဘေးနားမှာ လူတွေရှိလား၊ ဘတ်စကက်ဘောကွင်းဘက်က လှမ်းကြည့်နေလား ဆိုတာ သတိမထားမိလိုက်ဘူး။

ရှဲ့ကျင့်ယွီ - [ငါ ချက်ချင်း အိပ်ချင်စိတ်ပျောက်သွားတယ်]

ရှဲ့ကျင့်ယွီ - [သတင်းပို့တဲ့သူက ဓာတ်ပုံတစ်ပုံတောင် ပို့လိုက်သေးတယ်]

ရှဲ့ကျင့်ယွီ - [ဘယ်သူ့ကို တွေ့လိုက်ရလဲ နင် ခန့်မှန်းကြည့်]

ကျိုးအန်းရန် ရှဲ့ကျင့်ယွီ ပို့ပေးလိုက်တဲ့ ဓာတ်ပုံကို ဖွင့်ကြည့်လိုက်သည်။

အရပ်ရှည်ရှည် ကောင်လေးက သူမရှေ့မှာ ရပ်နေပြီး သူမနားနား ကပ်ဖို့ ကိုယ်ကိုကိုင်းလိုက်တဲ့ပုံ။ သူက "ဘာလန့်နေတာလဲ" လို့ မေးတုန်းက ရိုက်ထားတဲ့ပုံ ဖြစ်လောက်တယ်။ ဒါပေမဲ့ ရိုက်တဲ့ထောင့်ကြောင့် သူက သူမနားရွက်ကို နမ်းတော့မလို ဖြစ်နေတယ်။

တကယ်တော့ အကွာအဝေး နည်းနည်း ရှိပါသေးတယ်။

ကျိုးအန်းရန် ဒီဓာတ်ပုံကို ကြည့်ပြီး မျက်နှာ ချက်ချင်း ပူလာပြန်သည်။

ဖုန်း ထပ်မြည်လာသည်။

ရှဲ့ကျင့်ယွီ - [ဒီကောင်မလေးက ဘေးတိုက်မျက်နှာပဲ ပါပေမယ့်]

ရှဲ့ကျင့်ယွီ - [ငါက သူနဲ့ အတူစား အတူနေလာတာ နှစ်လလောက် ရှိနေပြီလေ]

ရှဲ့ကျင့်ယွီ - [ဟုတ်တယ်မလား]

ရှဲ့ကျင့်ယွီ - [ကျိုးအန်းရန်... ဒါမှမဟုတ် ချန်လော့ပိုင်ရဲ့ ကောလာဟလ ရည်းစား?]

ကျိုးအန်းရန် - "......"

ကျိုးအန်းရန် - [ရိုက်တဲ့ထောင့်ကြောင့်ပါ၊ အဲဒီတုန်းက သူ ငါနဲ့ စကားပြောနေတာပါ၊ ဘာမှ မလုပ်ပါဘူး]

ရှဲ့ကျင့်ယွီ - [မနမ်းဘူးလား၊ မဖက်ဘူးလား၊ လက်မကိုင်ဘူးလား]

ကျိုးအန်းရန် မျက်နှာပိုပူလာသည်။ [ပထမတစ်ခု မလုပ်ဘူး]

ရှဲ့ကျင့်ယွီ - [ဒါဆို ဖက်တယ်၊ လက်ကိုင်တယ်ပေါ့]

ကျိုးအန်းရန် - [......မလုပ်ပါဘူး]

ကျိုးအန်းရန် - [နင် ပြောတဲ့ နှာဘူး ဘတ်စကက်ဘောအသင်းခေါင်းဆောင် ငါ့ကို လာနှုတ်ဆက်တုန်းက သူက ငါ့ပခုံးကို လှမ်းဖက်လိုက်တာပါ၊ ပြီးတော့ ငါ ဖုန်းလွတ်ကျမလို ဖြစ်တုန်းက သူ လှမ်းဖမ်းပေးတာပါ]

ရှဲ့ကျင့်ယွီ - [ဒါဆို နင် ငါ့ကို ပြောချင်တာက]

ရှဲ့ကျင့်ယွီ - [နင်တို့ အခုထိ ဖြူစင်တဲ့ သာမန် အထက်တန်းကျောင်းနေဖက် ဆက်ဆံရေးပဲ ရှိသေးတယ်ပေါ့]

ကျိုးအန်းရန် - "......"

သူမ အခန်းဖော်တွေက တကယ် သဘောကောင်းကြပါတယ်။ သူမ ဖုံးကွယ်မထားချင်ပါဘူး။

ကျိုးအန်းရန် - [အဲဒီလောက်လည်း သာမန် မဟုတ်တော့ဘူး ထင်တယ်]

ကျိုးအန်းရန် - [ဒါပေမဲ့ ငါကိုယ်တိုင်လည်း မသေချာဘူး]

ကျိုးအန်းရန် - [ဒါကြောင့် နင်တို့ကို ပြောမပြတာပါ]

ကျိုးအန်းရန် - [သနားစရာကောင်းနေတဲ့ပုံ.jpg]

ရှဲ့ကျင့်ယွီ - [ငါ ပြောသားပဲ!]

ရှဲ့ကျင့်ယွီ - [သာမန် အထက်တန်းကျောင်းနေဖက်ဆိုပြီး ထမင်းလိုက်ကျွေးတာ၊ အဆောင်အောက် လိုက်ပို့တာတွေ ဘယ်ရှိမလဲလို့!!]

ရှဲ့ကျင့်ယွီ - [နင့်ရဲ့ လိမ္မာတဲ့ ရုပ်လေးက လူကို လှည့်စားနိုင်လွန်းလို့]

ရှဲ့ကျင့်ယွီ - [နင် ဘာပြောပြော ငါ ယုံနေမိတာ]

ကျိုးအန်းရန် - [ငါ မှားပါတယ်]

ကျိုးအန်းရန် - [ခဏနေ မစ်တီးဝယ်လာခဲ့မယ်]

ရှဲ့ကျင့်ယွီ - [ဒါမှ ဟုတ်တာ]

ရှဲ့ကျင့်ယွီ - [ဒါပေမဲ့ ငါ သတိပေးလိုက်မယ်နော်]

ရှဲ့ကျင့်ယွီ - [နင့်ရဲ့ မဖြူစင်တော့တဲ့ အတန်းဖော်က ချန်လော့ပိုင်နော်။ သူ ဘယ်လောက် လူကြိုက်များလဲဆိုတာ နင် ငါ့ထက် ပိုသိမှာပါ။ ငါ မပြောရင်တောင် ဒီသတင်းကို လင်းယွင် တစ်ရက်အတွင်း သိသွားလိမ့်မယ်။ ရှင်းယွဲ့က အတင်းအဖျင်း စိတ်မဝင်စားရင်တောင် အလွန်ဆုံး တနင်္လာနေ့လောက်ဆို သိသွားမှာ]

ကျိုးအန်းရန် - [အကုန် ဝယ်လာခဲ့မယ်]

ကျိုးအန်းရန် - [နင် သူတို့ကို ပြောပြလိုက်တော့]

ရှဲ့ကျင့်ယွီကို ချော့ပြီးတော့ ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

ချက်ချင်းဆိုသလို ရှန့်ရှောင်ဝမ်ရဲ့ အေးစက်စက်အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"ဒါ နင်ပြောတဲ့ 'စကားနည်းနည်းပဲ ပြောတာ' ပေါ့။ ဘာစကားမို့လို့ လက်ကိုင်ပြီး ပြောရတာလဲ"

ကျိုးအန်းရန် - "......"

ယန်ရှင်းချန် အပြင်က ဝင်လာတာနဲ့ အတော်ပဲ။

ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ ဖုန်းကို ရှန့်ရှောင်ဝမ် လုယူသွားသည်။

ရှန့်ရှောင်ဝမ်က ယန်ရှင်းချန်ကို လက်ယပ်ခေါ်လိုက်သည်။

"ရှင်းရှင်း... လာ... လာ... နင့်ကို ပြစရာ ကောင်းတာတစ်ခုရှိတယ်"

"ဘာကောင်းတာလဲ" ယန်ရှင်းချန် အပြေးလေး လာထိုင်သည်။

ရှန့်ရှောင်ဝမ် - "တစ်ယောက်ယောက်က သူနဲ့ လူပုံအလယ်မှာ ဖက်နေတာ ဓာတ်ပုံအရိုက်ခံလိုက်ရတယ်"

ကျိုးအန်းရန် - "......"

....

မနက်ခင်း မတော်တဆတွေ့ဆုံမှုကြောင့် သူမ မနက်ခင်းတစ်ခုလုံး လူတွေကို လိုက်ရှင်းပြနေရလေသည်။ အတင်းအဖျင်း စိတ်မဝင်စားတဲ့ ယွီရှင်းယွဲ့တောင် မက်ဆေ့ခ်ျပို့ပြီး လာမေးသေးတယ်။

နေ့လည်စာ စားပြီးတော့ ကျိုးအန်းရန်က အပြင်မှာ ဟိုတယ်သွားငှားသည်။

အခန်းထဲမှာ တစ်မှေးအိပ်ပြီးတော့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အားကစားရုံဘက် ထွက်လာကြသည်။

ဟိုတယ်က ထွက်တာနဲ့ ချန်လော့ပိုင်ဆီက WeChat ဝင်လာသည်။

C - [ဘယ်အချိန် လာမှာလဲ]

ကျိုးအန်းရန် - [ထွက်လာပါပြီ]

ကျိုးအန်းရန် - [ဒါပေမဲ့ ငါတို့က ကျောင်းပြင်က ဟိုတယ်ကနေ လာတာဆိုတော့ လမ်းလျှောက်ရတာ နည်းနည်း ကြာလိမ့်မယ်။ ၃ နာရီ ၁၀ မိနစ်လောက်မှ ရောက်မယ်ထင်တယ်]

C - [အဲဒီအချိန်ဆို ငါ သွေးပူလေ့ကျင့်ခန်း လုပ်နေလောက်ပြီ]

C - [တစ်ယောက်ယောက်ကို အပြင်ထွက်ကြိုခိုင်းလိုက်မယ်]

ကျိုးအန်းရန် - [ကောင်းပြီ]

"ဘယ်သူ့ဆီကလဲ" ယန်ရှင်းချန် မေးလိုက်သည်။

ကျိုးအန်းရန် - "ချန်လော့ပိုင်... ငါတို့ ဘယ်အချိန်လာမလဲ မေးတာ"

"နင် ဘယ်အချိန်လာမလဲ မေးတာ ဖြစ်မှာပါ" ယန်ရှင်းချန် ရယ်မောပြီး ဖွင့်ချလိုက်သည်။ "ငါတို့က အရေးမှ မပါတာ"

ကျိုးအန်းရန် မျက်နှာပူသွားသည်။

"ငါထင်တာ တစ်ယောက်ယောက်က နင့်ကို အတင်းအဖျင်း လာမေးနေတယ် ထင်နေတာ" ရှန့်ရှောင်ဝမ် ဝင်ပြောသည်။

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး"

ရှန့်ရှောင်ဝမ် ရယ်လိုက်သည်။

"ဒါပေမဲ့ နင် ကြိုပြီး အသားကျအောင် လုပ်ထားပေါ့"

"ဘာကို အသားကျအောင် လုပ်ရမှာလဲ" ကျိုးအန်းရန် နားမလည်ပေ။

ရှန့်ရှောင်ဝမ် - "နင့်ရဲ့ အခု ရည်းစားလောင်းက ချန်လော့ပိုင်လေ။ သူ ဘယ်လောက် လူကြိုက်များလဲဆိုတာ နင် ငါတို့ထက် ပိုသိမှာပါ။ ငါတို့ အထက်တန်းတုန်းကဆို သူ့ကို မသိတဲ့သူ မရှိသလောက်ပဲ။ နင်တို့ တက္ကသိုလ်ရောက်တာ မကြာသေးပေမယ့်၊ အကုန်လုံး မသိရင်တောင် တစ်ဝက်လောက်ကတော့ သိနေလောက်ပြီ။ နင် သူနဲ့ တွဲလိုက်ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မတွေးမိဘူးလား။ အဲဒီကျရင် ငါတို့နဲ့ နင့်အခန်းဖော်တွေ လာမေးတာတင် မကတော့ဘူး။ နင့်အတန်းထဲက သူငယ်ချင်းတွေ၊ ငါတို့ အထက်တန်းကျောင်းနေဖက်တွေ၊ နင့် အလယ်တန်းကျောင်းနေဖက်တွေတောင် လာမေးကြလိမ့်မယ်"

ရှန့်ရှောင်ဝမ်က သူမ ကြောင်နေတာကို ကြည့်ပြီး မေးလိုက်သည်။

"နင် တကယ် မတွေးမိဘူးလား"

ကျိုးအန်းရန် ခေါင်းဆက်ခါပြသည်။

"တကယ် မတွေးမိဘူး"

လွန်ခဲ့တဲ့ တစ်ပတ်လောက်အထိ သူ သူမကို ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ စိတ်ကူးတောင် မယဉ်ရဲဘူးလို့ ထင်ခဲ့တာ။

ဘယ်လိုလုပ် အဲဒီလောက် အဝေးကြီး တွေးမိမှာလဲ။

"သူ ဘာလို့ နင့်ကို ဘောလုံးပွဲ လာကြည့်ခိုင်းလဲဆိုတာရော မစဉ်းစားမိဘူးလား" ရှန့်ရှောင်ဝမ် မေးလိုက်သည်။

ကျိုးအန်းရန် - "......"

"မစဉ်းစားမိဘူး"

"သူ ဘောလုံးကစားရင် လူဘယ်လောက် လာကြည့်မလဲဆိုတာ နင် သိသားပဲ။ နင် လာကြည့်ဖို့ သဘောတူလိုက်တာက နင်တို့ရဲ့လျှို့ဝှက်ဇာတ်လမ်းကို လူသိရှင်ကြား ချပြဖို့ သဘောတူလိုက်တာနဲ့ အတူတူပဲ။ ပိုပြီး တိုးတက်သွားဖို့တောင် ရှိသေးတယ်" ရှန့်ရှောင်ဝမ်က သူမပါးကို ဆွဲလိုက်သည်။ "နင် ဒါတောင် သေချာမစဉ်းစားဘဲ သဘောတူလိုက်တာလား"

ကျိုးအန်းရန် - "......"

ပြီးခဲ့တဲ့ စနေနေ့တုန်းက သူ ဘောလုံးပွဲ လာကြည့်မလားလို့ မေးတုန်းက သူမ သူ့ရင်ခွင်ထဲ ရောက်နေလို့ ဘာမှ သေချာ မစဉ်းစားနိုင်ခဲ့ဘူး။ နောက်တစ်နေ့ကျတော့လည်း သူက "Unconditional" သီချင်းစာသား သွားကြည့်ခိုင်းပြန်တော့ ဘောလုံးပွဲကိစ္စ ခေါင်းထဲမရှိတော့ဘူး။

"ကောင်းပြီလေ" ရှန့်ရှောင်ဝမ် သက်ပြင်းချလိုက်သည်။ "အခု သွားဖို့ လမ်းကျန်သေးတယ်။ ဝိုင်းကြည့်ခံရတော့မယ့် အခြေအနေကို ရင်ဆိုင်ဖို့ ကြိုပြီး စိတ်ဒုံးဒုံးချထားလိုက်တော့"

ကျိုးအန်းရန် စိတ်ဒုံးဒုံးမချရသေးခင် ရှဲ့ကျင့်ယွီဆီက မက်ဆေ့ခ်ျ ဝင်လာသည်။

ရှဲ့ကျင့်ယွီ - [ငါနဲ့ လင်းယွင်၊ ရှင်းယွဲ့တို့လည်း ထွက်လာပြီ]

ကျိုးအန်းရန် - [?]

ကျိုးအန်းရန် - [လင်းယွင်နဲ့ ရှင်းယွဲ့က မလာဘူးဆို]

ရှဲ့ကျင့်ယွီ - [အဲဒါ အရင်တုန်းကလေ]

ရှဲ့ကျင့်ယွီ - [ပထမဆုံးပွဲလည်း ဖြစ်၊ ပြိုင်ဘက်က နိုင်ငံခြားဘာသာစကားဌာနလည်း ဖြစ်နေတော့ ချန်လော့ပိုင် မျက်နှာကလွဲရင် ဒီပွဲက ကြည့်ကောင်းမယ့်ပုံ မပေါ်ဘူးလေ]

ရှဲ့ကျင့်ယွီ - [ဒါပေမဲ့ အခု မတူတော့ဘူး]

ပိုင်လင်းယွင် - [ဟုတ်တယ် ဟီးဟီး... ငါတို့က ချန်လော့ပိုင်နဲ့ သူ့ရဲ့ ကောလာဟလ ရည်းစားလေးကို လာဝိုင်းကြည့်ကြမလို့]

ကျိုးအန်းရန် - "......"

....

အားကစားရုံပေါက်ဝ ရောက်တော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် သူတို့ဆီ လျှောက်လာတာ တွေ့လိုက်ရသည်။

"ချန်လော့ပိုင်က ခင်ဗျားတို့ကို ခေါ်လာခဲ့ခိုင်းလိုက်လို့"

ကျိုးအန်းရန် သူ့ကို မှတ်မိနေသည်။

ချန်လော့ပိုင် ပထမဆုံးအကြိမ် ညစာကျွေးတုန်းက ပါဆယ်လာယူတဲ့ အခန်းဖော်ဖြစ်မယ်။

သူက စကားနည်းနည်းပဲပြောပြီး သူတို့ကို အားကစားရုံ ရှေ့ဆုံးတန်းက ခုံလွတ် ၃ ခုံဆီ ခေါ်သွားပေးသည်။ ပြီးမှ စကားပြန်ပြောသည်။

"ကိစ္စရှိရင် သူ့ကို လှမ်းခေါ်လိုက်ပါတဲ့"

ပွဲစဖို့ မိနစ် ၂၀ လိုသေးပေမယ့် ရှေ့တန်းမှာ လူပြည့်နေပြီ။

ချန်လော့ပိုင် နေရာကြိုဦးမပေးထားရင် သူမတို့ အနောက်ဆုံးမှာပဲ သွားထိုင်ရတော့မှာ။

"ဟုတ်ကဲ့" ကျိုးအန်းရန် ဖြေလိုက်သည်။

ကောင်လေးက ခေါင်းညိတ်ပြပြီး ဘာမှထပ်မပြောဘဲ ဘေးနားက ဝန်ထမ်းပေါက်ကနေ ပြန်ထွက်သွားသည်။

ရှန့်ရှောင်ဝမ်က လှမ်းကြည့်လိုက်သည်။

"ဒီကောင်လေးက ဘယ်သူလဲ"

ကျိုးအန်းရန် - "ချန်လော့ပိုင် အခန်းဖော် ဖြစ်လောက်တယ်၊ ဘာဖြစ်လို့လဲ"

ရှန့်ရှောင်ဝမ်က သူထွက်သွားတဲ့ လမ်းကို လှမ်းကြည့်လိုက်သည်။

"ရုပ်ရော စတိုင်ရော ငါ့အကြိုက်ပဲ။ နင် ချန်လော့ပိုင်ဆီကနေ သူ့ WeChat တောင်းပေးပါလား"

"?"

"နင် သေချာလို့လား" ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ "ခုနက နင် စကားတစ်ခွန်းမှ မပြောလိုက်ရဘူးနော်"

"မသေချာပါဘူး၊ WeChat အရင်တောင်းပြီး လေ့လာကြည့်မလို့လေ" ရှန့်ရှောင်ဝမ်က သူမလက်မောင်းကို ဖက်လိုက်သည်။ "ကူညီပါနော်"

ကျိုးအန်းရန် နည်းနည်း အံ့ဩသွားသည်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ပုံမှန်ပါပဲ။

အထက်တန်းပထမနှစ် ကျောင်းအပ်တုန်းက သူမသာ သတ္တိရှိခဲ့ရင် ချန်လော့ပိုင်ဆီက ဖုန်းနံပါတ် တောင်းမိမှာပဲလေ။

"နောက်ကျရင် ငါ မေးပေးမယ်"

"ကျေးဇူး~"

ကျိုးအန်းရန် ကွင်းထဲ လှမ်းကြည့်လိုက်သည်။

တစ်ဖက်တစ်ချက်စီမှာ ကစားသမားတွေ သွေးပူလေ့ကျင့်ခန်း လုပ်နေကြသည်။ ဥပဒေပညာဌာနက အနက်ရောင် ဝတ်စုံ ဝတ်ထားကြသည်။ အများစုက ကျောပေးထားကြသည်။

ဒါပေမဲ့ အရင်လိုပါပဲ၊ သူမ လူအုပ်ကြားထဲကနေ သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။

ကောင်လေးက အနက်ရောင် ဘောင်းဘီတိုအောက်မှာ အနက်ရောင် ကိုယ်ကျပ်ဘောင်းဘီရှည်ဝတ်ထားသည်။ ပေကျင်းက ဒီနေ့ အပူချိန် နည်းနည်းကျနေလို့ အပေါ်မှာ အနက်ရောင်လက်ရှည်အင်္ကျီ ထပ်ဝတ်ထားသေးသည်။ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ထည် ကောင်းမွန်လို့ လူအုပ်ထဲမှာ သူ့ကျောပြင်က ထင်ရှားနေသည်။

တစ်စုံတစ်ရာကို အာရုံခံမိလို့လား မသိဘူး၊ သုံးမှတ်ပစ်သွင်းပြီးကာစ ချန်လော့ပိုင် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမဘက်ကို တန်းတန်းမတ်မတ် ကြည့်လိုက်သည်။

အကြည့်ချင်း ဆုံလိုက်တဲ့ တစ်ခဏမှာ ကျိုးအန်းရန် ရင်ခုန်သံ ထပ်မြန်လာသည်။

ဘေးနားက တခြားလူတွေက လှမ်းခေါ်လိုက်လို့ ထင်တယ်၊ ကောင်လေးက သူမကို ပြုံးပြပြီး ပြန်လှည့်သွားကာ သုံးမှတ်ပစ်ခြင်း ဆက်လေ့ကျင့်နေသည်။

သူ ဒီနေ့ လက်စွမ်းပြနေသည်။ ၁၀ လုံးပစ်ရင် ၇ လုံးလောက်က ခြင်းအလယ်တည့်တည့် ဝင်သွားသည်။

ဘောလုံးဝင်သွားတိုင်း အနောက်ကနေ ဩဘာပေးသံတွေ ကြားရသည်။

ပွဲမစခင်ကတည်းက သူ့ကို အားပေးနေတဲ့ မိန်းကလေးတွေ ရှိနေပြီ။

ပွဲစခါနီးတော့ နှစ်ဖက်ကစားသမားတွေ သွေးပူလေ့ကျင့်ခန်း ရပ်လိုက်ပြီး ကွင်းဘေး ပြန်လာကြသည်။

A တက္ကသိုလ်က တရားဝင်ကျင်းပတဲ့ ပွဲဆိုတော့ အထက်တန်းတုန်းကလို ရိုးရှင်းမနေတော့ဘူး။ ကွင်းဘေးမှာ နားနေခုံတွေ စီထားသည်။

ဥပဒေပညာဌာနရဲ့ခုံတွေက သူမတို့ ၃ ယောက် ထိုင်တဲ့နေရာ ရှေ့တည့်တည့်မှာ ရှိနေသည်။

တစ်မီတာကျော်ကျော်လေးပဲ ဝေးသည်။

ရှန့်ရှောင်ဝမ်က သူမလက်မောင်းကို တိုက်လိုက်ပြီး တိုးတိုးလေး ပြောသည်။

"သူ နင့်ဆီ လာစကားပြောမယ် ထင်တယ်"

ကျိုးအန်းရန် မသေချာပေ။

"မသိဘူး"

ကောင်လေးက အသင်းဖော်တွေနဲ့ စကားပြောရင်း လျှောက်လာတာမြင်တော့ အကွာအဝေး နီးလာလေလေ သူမ ပိုစိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။

ပြီးတော့ သူက... သူတို့ရဲ့ နားနေခုံရှေ့မှာ ရပ်လိုက်တာ တွေ့လိုက်ရသည်။

ကျိုးအန်းရန် ရင်ထဲက အလုံးကြီး ကျသွားပြီး စိတ်အေးသွားသလိုလို၊ စိတ်ပျက်သွားသလိုလို ဖြစ်သွားသည်။

သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး ခုံရှေ့မှာရပ်နေတဲ့ ကောင်လေးက ရုတ်တရက်...

အင်္ကျီ ချွတ်လိုက်တာ တွေ့လိုက်ရသည်။

လက်နှစ်ဖက်နဲ့ အင်္ကျီအနားစကို ကိုင်ပြီး အပေါ်ဆွဲလှန်လိုက်သည်။

အနောက်က အော်ဟစ်သံတွေလည်း ဆူညံသွားသည်။

ရှန့်ရှောင်ဝမ် နားပိတ်လိုက်သည်။

"အထဲမှာ ဘောလုံးအင်္ကျီ ပါသေးတာပဲဟာ၊ ဘာမှမပေါ်ဘဲနဲ့ ဘာတွေ အော်နေကြတာလဲ"

"ဟုတ်တယ်၊ ဗိုက်ကြွက်သားတောင် မပေါ်ဘူး" ယန်ရှင်းချန်က ရှန့်ရှောင်ဝမ် ပေါင်ပေါ် လက်ထောက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ရန်ရန်... ချန်လော့ပိုင်မှာ ဗိုက်ကြွက်သား ရှိလား"

ကျိုးအန်းရန် - "......"

သူမ မျက်နှာပူသွားသည်။

"ငါ ဘယ်သိမလဲ"

"သူ လာနေပြီ" ရှန့်ရှောင်ဝမ် ရုတ်တရက် ပြောလိုက်သည်။

ကျိုးအန်းရန် မော့ကြည့်လိုက်ရာ သူက လက်တစ်ဖက်နဲ့ ဖုန်းကိုင်၊ ကျန်လက်တစ်ဖက်နဲ့ ခုနက လက်ရှည်အင်္ကျီနဲ့ ဘေ့စ်ဘောအင်္ကျီကိုကိုင်ပြီး သူမဘက် တန်းတန်းမတ်မတ် လျှောက်လာတာ တွေ့လိုက်ရသည်။

သူမ ရင်ခုန်သံတွေ ပြန်မြန်လာသည်။

ကောင်လေးက ဒီတစ်ခါ မရပ်တန့်တော့ဘဲ သူမရှေ့တည့်တည့် ရောက်လာသည်။ ရပ်လိုက်ပြီး အင်္ကျီနှစ်ထည်ကို သူမရင်ခွင်ထဲ ပစ်ထည့်လိုက်သည်။

ကျိုးအန်းရန် အနောက်က အကြည့်ပေါင်းများစွာ သူမဆီ ရောက်လာတာ ခံစားလိုက်ရသည်။

ရှေ့က ဥပဒေပညာဌာန ကစားသမားတွေကလည်း ရယ်မောပြီး ကြည့်နေကြသည်။ တစ်ယောက်ကဆိုရင် အသံကျယ်ကြီးနဲ့ စနောက်လိုက်သေးသည်။

"ချန်လော့ပိုင်... မင်း တော်တော်လွန်တာပဲ။ အင်္ကျီထားဖို့ ခုံရှိရက်နဲ့ ကောင်မလေးရင်ခွင်ထဲ သွားထည့်ရတယ်လို့"

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ ရယ်သံပါနေသည်။

"အားကျလို့လား"

"အေး... အားကျလို့ ငိုတော့မယ်"

ချန်လော့ပိုင်က ရွဲ့လိုက်သည်။

"ဒါဆို ဆက်အားကျနေလိုက်တော့"

ကျိုးအန်းရန် - "......"

စနောက်လိုက်တဲ့ အသင်းဖော်က သူ့ပုံစံကြောင့် စိတ်ဆိုးပြီး ရယ်မောကာ ဆဲလိုက်သည်။

"ခွေးကောင်"

ချန်လော့ပိုင် သူ့ကို ဂရုမစိုက်တော့ဘဲ ပြန်လှည့်လာသည်။ မျက်နှာပေါ်မှာ သူငယ်ချင်းတွေနဲ့ စနောက်ထားတဲ့ အပြုံးရိပ်တွေ ကျန်နေသေးသည်။ လေသံက ပျင်းရိနေသည်။

"တစ်ခုလောက် ကူညီပါလား"

သူက နီးနီးကပ်ကပ် ရပ်နေတော့ ရင်းနှီးတဲ့ ကိုယ်သင်းနံ့တွေ ကျိုးအန်းရန် နှာခေါင်းထဲ ရောက်လာသည်။ သူ့ကိုယ်ပေါ်ကလား၊ ရင်ခွင်ထဲက အင်္ကျီတွေဆီကလား မခွဲခြားတတ်ဘူး။

သူမ အသက်ရှူ မဝသလိုဖြစ်သွားပြီး အနောက်က အကြည့်တွေကို အံတုကာ မေးလိုက်သည်။

"အင်္ကျီ ကူကိုင်ပေးရမလား"

"မဟုတ်ဘူး" ချန်လော့ပိုင် ဖုန်း Lock ဖွင့်လိုက်သည်။ ဆော့ဝဲတစ်ခုဖွင့်ပြီးတော့ အင်္ကျီပေါ် တင်ထားတဲ့ သူမလက်ထဲ ထည့်ပေးလိုက်သည်။

"ကင်မရာ ဖွင့်ပေးထားတယ်၊ ကွင်းထဲက ပြစ်ဒဏ်ဘောတွေကို ကူကြည့်ပေးပါလား"

ကျိုးအန်းရန် ကြောင်သွားသည်။

သူမ ခေါင်းငုံ့ကြည့်လိုက်တော့ ဖုန်းက ဗီဒီယိုရိုက်တဲ့ အနေအထား ရောက်နေတာ တွေ့ရသည်။ ကောင်လေးက ဖုန်းထည့်ပေးပြီးတာတောင် လက်မခွာသေးဘူး။ သွယ်လျတဲ့ လက်ချောင်းတွေက သူမလက်ချောင်းထိပ်လေးတွေနဲ့ အရမ်းနီးကပ်နေပေမယ့် မထိမိအောင် ထိန်းထားသလိုပဲ။

သူ့အငွေ့အသက်တွေ ပိုနီးကပ်လာသည်။

ကျိုးအန်းရန် မော့ကြည့်လိုက်တော့ ကောင်လေးက ကျန်လက်တစ်ဖက်ကို သူမဘေးက ခုံလက်ရန်းပေါ် ထောက်လိုက်တာ တွေ့လိုက်ရသည်။ သူမကို ရင်ခွင်ထဲ တစ်ဝက်လောက် ထည့်ထားသလို ပုံစံမျိုး။

အနောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသလိုပဲ။

တခြားလူတွေဘာပြောလဲ သူမ နားထဲ မဝင်တော့ဘူး။

ချန်လော့ပိုင်အသံ နားနားကပ်ပြီး ထွက်ပေါ်လာလို့ပါ။

"လူကို တိုက်ခိုက်ပြီး ဘောလုံးကို မတိုက်ခိုက်ရင် ပြစ်ဒဏ်ဘောပဲ။ နင် ယန်ရှင်းချန်ကို သင်ပေးဖူးတဲ့ စည်းကမ်းတွေကို နင်ကိုယ်တိုင် မှတ်မိသေးတယ်မလား"

ကျိုးအန်းရန် ဖုန်းကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားပြီး သူ့လက်ချောင်းနဲ့ မတော်တဆ ထိမိသွားသည်။

တစ်စုံတစ်ရာ ထိန်းချုပ်ထားတာတွေ ကျိုးပျက်သွားသလိုပဲ။ မနက်ကလိုပဲ ကောင်လေးက ဖုန်းရော သူမလက်ကိုပါ အတူတူ ဆုပ်ကိုင်လိုက်သည်။

ခုနကမှ ဘောလုံးကစားထားတာဆိုတော့ သူ့လက်ဖဝါးက မနက်ကထက် ပိုပူနေတယ်။

ကျိုးအန်းရန် နှလုံးသားလည်း အပူလောင်ခံလိုက်ရသလို ခံစားရတယ်။

အားကစားရုံမီးရောင်တွေက အရမ်း လင်းနေတယ်။ ကောင်လေးရဲ့ မျက်ဝန်းနက်နက်တွေထဲမှာ အလင်းစက်လေးတွေ တောက်ပနေတယ်။ သူက သူမကို ငုံ့ကြည့်နေတယ်။

ပြီးတော့ သူ ပြောလိုက်တာကို ကြားလိုက်ရတယ်။

"ကျိုးအန်းရန်... ဒီတစ်ခါတော့ နင် ကိုယ်တိုင် ငါ့ကို ကာကွယ်ပေးမလား"

***

All Chapters