← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

လီမွန်ဆိုဒါသကြားလုံး

အခန်း ၄၉ ။ ဆိုဒါ : နင် ပြေးလို့လွတ်မှာ မဟုတ်ဘူး

ရှန့်ရှောင်ဝမ် - [ရန်ရန် သွားပြီ]

ရှန့်ရှောင်ဝမ် - [တော်သေးတာပေါ့ ချန်လော့ပိုင်က လူရှုပ်မဟုတ်လို့]

ရှန့်ရှောင်ဝမ် - [မဟုတ်ရင် သူဆော့သမျှနဲ့တင် သေလောက်တယ်]

ကျန်းရူရှန်း - [ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ]

ကျန်းရူရှန်း - [နင်တို့ကလည်း ခံစားချက်မပြောခင် အဖြစ်အပျက်လေး အရင်ပြောပြကြပါဦး]

ကျန်းရူရှန်း - [လူကို စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ]

ရှန့်ရှောင်ဝမ် - [ချန်လော့ပိုင်က ရန်ရန်ကို ဘောလုံးပွဲ လာကြည့်ခိုင်းတယ်လေ]

ကျန်းရူရှန်း - [ဟုတ်တယ်လေ]

ကျန်းရူရှန်း - [ပြီးတော့ရော]

ကျန်းရူရှန်း - [နင်တို့ အခု ကွင်းထဲ ရောက်နေပြီမလား]

ရှန့်ရှောင်ဝမ် - [ငါထင်ထားတာက ရန်ရန်က အခု လူကြိုက်များနေတော့ သူက ရန်ရန်ကို ပိုင်ဆိုင်ကြောင်း လာကြေညာတယ်လို့ ထင်နေတာ]

ကျန်းရူရှန်း - [ဟုတ်တယ်မဟုတ်ဘူးလား]

ရှန့်ရှောင်ဝမ် - [ချန်လော့ပိုင်က ခုနလေးတင် ရန်ရန်ရှေ့ကို ရောက်လာပြီး သူ့အင်္ကျီတွေကို ရန်ရန်ရင်ခွင်ထဲ ထိုးထည့်လိုက်တယ်]

ကျန်းရူရှန်း - [ဒါ ပိုင်ဆိုင်ကြောင်း ကြေညာတာပဲလေ]

ရှန့်ရှောင်ဝမ် - [ငါ ပြောလို့ မပြီးသေးဘူး]

ကျန်းရူရှန်း - [ဒါဆိုလည်း တစ်ခါတည်း အပြီးပြောလေ]

ရှန့်ရှောင်ဝမ် - [ငါလည်း နည်းနည်း ကြွေသွားလို့ပါ]

ကျန်းရူရှန်း - [မွှေမနေနဲ့တော့၊ မြန်မြန် ပြော]

ယန်ရှင်းချန် - [ငါ ပြောပြမယ်]

ယန်ရှင်းချန် - [ချန်လော့ပိုင်က အင်္ကျီပေးပြီးတော့ သူ့ဖုန်းကို ရန်ရန်လက်ထဲ ထည့်ပေးလိုက်တယ်]

ယန်ရှင်းချန် - ["လူကို တိုက်ခိုက်ပြီး ဘောလုံးကို မတိုက်ခိုက်ရင် ပြစ်ဒဏ်ဘောပဲ။ နင် ယန်ရှင်းချန်ကို သင်ပေးဖူးတဲ့ စည်းကမ်းတွေကို နင်ကိုယ်တိုင် မှတ်မိသေးတယ်မလား" တဲ့]

ယန်ရှင်းချန် - [ပြီးတော့ သူက ဖုန်းရော ရန်ရန်လက်ကိုပါ အတူတူ ဆုပ်ကိုင်လိုက်တယ်]

ယန်ရှင်းချန် - ["ဒီတစ်ခါတော့ နင် ကိုယ်တိုင် ငါ့ကို ကာကွယ်ပေးမလား" လို့ မေးလိုက်တယ်]

ကျန်းရူရှန်း - [အား... အား... အား... အား... အား... အား...]

ကျန်းရူရှန်း - [ငါ သေပြီ]

ကျန်းရူရှန်း - [ဒါ သူ ရန်ရန်ကို အရင်တုန်းကအမှားအတွက် ပြန်ပေးဆပ်နေတာမလား]

ကျန်းရူရှန်း - [သောက်ရမ်း မိုက်တာပဲ]

ကျန်းရူရှန်း - [ဝူး... ဝူး... ဝူး... ဒီစုံတွဲကို ငါ လက်ခံလိုက်ပြီ]

....

ကျိုးအန်းရန်ကတော့ သူငယ်ချင်းတွေ ဂရုထဲမှာ စကားပြောနေကြတာကို မသိရှာဘူး။

ချန်လော့ပိုင် အဲဒီစကားပြောပြီး ကွင်းထဲ ပြန်ဝင်သွားကတည်းက သူမ ဦးနှောက်က တစ်ဝက်လောက် ဗလာဖြစ်နေပြီး သူ့ကျောပြင်ကိုပဲ ကြောင်ငေးကြည့်နေမိတယ်။

ပွဲစပြီး နှစ်ဖက်ကစားသမားတွေ ဘောလုံးလုဖို့ ခုန်လိုက်ကြမှ သတိပြန်ဝင်လာသည်။

ကျိုးအန်းရန် သူ့ဖုန်းကို ငုံ့ကြည့်လိုက်သည်။

Screen timeout ကို သူ ပြောင်းထားတာလား မသိဘူး၊ မိနစ်တော်တော်ကြာသွားပြီဖြစ်တာတောင် ဖုန်းမပိတ်သေးဘဲ Video ရိုက်တဲ့နေရာမှာပဲ ရှိနေတုန်း။

ကွင်းထဲမှာ ဥပဒေပညာဌာနက ဘောလုံးစရသည်။

ကျိုးအန်းရန် ဖုန်းကို ဖြည်းဖြည်းချင်း မလိုက်သည်။

အထက်တန်းပထမနှစ် ဘောလုံးပွဲတုန်းက သူမက သူ့ကိုကြိုက်တာကို ရင်ထဲမှာပဲ ဖုံးကွယ်ထားရတော့၊ လူအုပ်ကြားထဲကနေ သူ့ကို ခိုးရိုက်ရတာတောင် မရဲတရဲ ရိုက်ခဲ့ရတာ။ တခြားလူတွေကို အရင်ပတ်ရိုက်ပြီးမှ သူ့ဆီကို ကင်မရာရွှေ့ရဲတာ။

နောက်ပိုင်း မေမေဟယ်က ဖုန်းသိမ်းသွားတော့ အဲဒီဗီဒီယိုကိုလည်း ဖျက်ပစ်လိုက်ရတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့...

သူကိုယ်တိုင် သူ့ဖုန်းကို သူမလက်ထဲ ထည့်ပေးလိုက်တာ။

သူမလောက် ဘယ်သူမှ သူ့ကို ဗြောင်ကျကျ ရိုက်ခွင့်မရှိပါဘူးလို့ ပြောလိုက်သလိုပဲ။

ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့မဲ့လာတာကို အတင်းထိန်းလိုက်ပြီး ကင်မရာကို သူ့ဆီ တန်းတန်းမတ်မတ် ချိန်လိုက်သည်။

သူက Point Guard မှာပဲ ကစားနေတုန်းပဲ။

ဌာနအချင်းချင်း ပြိုင်ပွဲဆိုတော့ ကွင်းထဲက လူအများစုက သာမန် ဝါသနာရှင်အဆင့်တွေပါပဲ။ ချန်လော့ပိုင်ရဲ့ စွမ်းရည်က တခြားလူတွေထက် အများကြီး သာလွန်နေတာကို ကျိုးအန်းရန် မြင်နေရသည်။ ဒါကြောင့်လည်း သူက ပထမနှစ် ကျောင်းသားသစ်ဖြစ်ပေမယ့် ဥပဒေပညာဌာနက ကစားသမားတွေအားလုံး သူ့ညွှန်ကြားမှုကို နာခံကြတာဖြစ်မယ်။

ဥပဒေပညာဌာနရဲ့တိုက်စစ်က သူ့ဦးဆောင်မှုအောက်မှာ အရမ်းကို လွတ်လပ်ပေါ့ပါးနေတယ်။

သူက တစ်ကိုယ်ကောင်းမဆန်ဘူး။ အချိန်အများစုမှာ အသင်းဖော်တွေကို ဘောလုံး Pass ပေးတာ၊ လူကာပေးတာတွေပဲ လုပ်နေတယ်။

အခွင့်အရေးရရင် ကိုယ်တိုင်လည်း ပစ်သွင်းတယ်။ အခွင့်အရေးကို သေချာအသုံးချတတ်သလို၊ ဒီနေ့ လက်စွမ်းလည်းပြနေတော့ လွဲတာရှားတယ်။

အဲဒီလိုအချိန်ရောက်တိုင်း ကွင်းထဲက အားပေးသံတွေက ပုံမှန်ထက် ပိုကျယ်လောင်လာတယ်။

တစ်ဖက်က နိုင်ငံခြားဘာသာစကားဌာန အသင်းကျတော့ ကစားရတာ ခက်ခဲနေကြတယ်။

နိုင်ငံခြားဘာသာစကားဌာနက ပုံမှန်အားဖြင့် မိန်းကလေးများပြီး ယောကျ်ားလေး နည်းတဲ့ဌာနလေ။ ဒီပွဲမှာ လူပြည့်အောင် လာထည့်ထားတဲ့သူ ၁ ယောက် ၂ ယောက်လောက် ပါနေတာ သိသာတယ်။ ချန်လော့ပိုင် သူတို့ဆီက ဘောလုံးဖြတ်ယူတာ ခဏခဏ ခံနေရတယ်။

ချန်လော့ပိုင်သာ တစ်ကွင်းလုံး လိုက်ပိတ်ဆို့ရင် သူတို့ ကွင်းတစ်ဝက်တောင် ကျော်နိုင်မှာ မဟုတ်ဘူး။

ဒီပွဲက ဘာမှ ရင်ခုန်စရာ မရှိပါဘူး။

....

ပထမပိုင်းပြီးတော့ ဥပဒေပညာဌာနက ၁၀ မှတ် ဖြတ်ထားတယ်။

ဒုတိယပိုင်းပြီးတော့ ဥပဒေပညာဌာနက ၂၅ မှတ် အသာနဲ့ ပွဲတစ်ဝက် ပြီးဆုံးသွားသည်။

ပွဲတစ်ဝက် နားချိန် ၁၀ မိနစ် ရသည်။

နှစ်ဖက်ကစားသမားတွေ ကွင်းဘေး ပြန်လာကြသည်။

မနက်က "အတင်းအဖျင်း" သတင်းတွေ မပျံ့နှံ့သေးလို့လား၊ ဒါမှမဟုတ် ပွဲမစခင်က မြင်ကွင်းကို မြင်လိုက်တဲ့လူ နည်းလို့လား မသိဘူး၊ ချန်လော့ပိုင် ဥပဒေပညာဌာန နားနေခုံနား ရောက်တာနဲ့ မိန်းကလေးတစ်ယောက်က မျက်နှာရဲရဲနဲ့ ရေတစ်ဘူး လာကမ်းပေးတာ တွေ့လိုက်ရသည်။

ကျိုးအန်းရန် ဖုန်းကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။

ကွင်းဘေးက ကောင်လေးက ရုတ်တရက် မော့ကြည့်လာသည်။

အကြည့်ချင်း ဆုံမိသွားတော့ ကျိုးအန်းရန် နေရခက်စွာ အကြည့်လွှဲလိုက်သည်။ သူ့ကို ချိန်ထားတဲ့ ဖုန်းကင်မရာကိုလည်း လွှဲလိုက်ပြီး ဖုန်းကို ပေါင်ပေါ် ပြန်တင်ထားလိုက်သည်။

သူမ ခေါင်းငုံ့ထားလိုက်သည်။

တစ်စက္ကန့်အကြာမှာ သူ ပြောလိုက်တာ ကြားလိုက်ရသည်။

"အားနာပါတယ်... ကျွန်တော့်ကို ရေလာပေးတဲ့သူ ရှိပါတယ်"

ရေလာပေးတဲ့ မိန်းကလေးကလည်း ဥပဒေပညာဌာနက ဖြစ်လောက်တယ်။ ကောင်လေးတစ်ယောက်က ဝင်ဖြေပေးလိုက်သည်။

"ဂျူနီယာညီမလေးကျောက်က အစ်ကိုတို့ကို ရေလာတိုက်တာပဲ၊ ကျေးဇူးကွာ"

ကျိုးအန်းရန် ခေါင်းငုံ့ထားဆဲဖြစ်ပြီး မကြာမီ အနက်ရောင် ဘောလုံးဝတ်စုံနဲ့ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု သူမရှေ့ ရောက်လာတာ တွေ့လိုက်ရသည်။

သူက ပွဲတစ်ဝက်လုံး နားချိန်မရှိဘဲ ကစားထားတာဆိုတော့ အကွာအဝေးတစ်ခုရှိနေပေမယ့် သူ့ဆီက အပူငွေ့တွေကို ခံစားနေရတယ်။

"ကျိုးအန်းရန်" ချန်လော့ပိုင် နာမည်ခေါ်လိုက်သည်။ "ငါ့ရေကော"

ကျိုးအန်းရန် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူ့ရဲ့ ညှပ်ရိုးတွေ၊ ထင်ရှားတဲ့ လည်စလုတ်နဲ့ မေးရိုးတွေပေါ်မှာ ချွေးစက်လေးတွေ တွဲခိုနေတာ တွေ့လိုက်ရသည်။ ဆံပင်မည်းမည်းတွေက စိုစွတ်နေပြီး တစ်ကိုယ်လုံးက ဟော်မုန်းဓာတ်နဲ့ လူငယ်ဆန်မှုတို့ ပေါင်းစပ်ထားတဲ့ ဆွဲဆောင်မှုတွေ ပြင်းထန်နေတယ်။ မြင်လိုက်ရုံနဲ့ ရင်ခုန်သွားစေနိုင်တယ်။

သူမ သူ့ဖုန်းကို တင်းတင်းဆုပ်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။

"နင်က ဘောလုံးပွဲ လာကြည့်ရင် ရေပါတိုက်ရမယ်လို့ မပြောခဲ့ဘူးလေ"

ချန်လော့ပိုင် - "ဘယ်သူက ပြီးခဲ့တဲ့ စနေနေ့ညတုန်းက သေချာမမေးဘဲနဲ့ ငါ့ဘောလုံးပွဲ လာကြည့်ဖို့ သဘောတူလိုက်လဲ။ ဘောလုံးပွဲ လာကြည့်တယ်ဆိုတာ ရေလာတိုက်ရမယ်ဆိုတဲ့ သဘောပဲလေ"

ကျိုးအန်းရန် - "......"

အဲဒီညတုန်းက သူမ ဘာလို့ မမေးဘဲ သဘောတူလိုက်လဲဆိုတာ သူ အသိဆုံးပဲဟာ။

ချန်လော့ပိုင်က သူမမျက်နှာ ပြန်ရဲလာတာ မြင်တော့ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး လက်ဖြန့်တောင်းလိုက်သည်။

"ရေကော... တကယ် မပါလာဘူးလား"

ယန်ရှင်းချန်က ဘေးနားကနေ ခေါင်းပြူလာသည်။

"ပါလာတယ်... သူ ခုနက စတိုးဆိုင်မှာ တိတ်တိတ်လေး ဝယ်ထားတာ"

ကျိုးအန်းရန် သူမကို မျက်စောင်းထိုးလိုက်သည်။

ယန်ရှင်းချန် ခေါင်းပြန်ရုတ်သွားသည်။

ရှေ့က ကောင်လေးရဲ့အပြုံး ပိုပီပြင်လာပြီး အကြည့်တွေက ပူလောင်လာသည်။

ကျိုးအန်းရန် နားရွက်တွေ ပူလာသည်။ စောစောက စတိုးဆိုင်ရှေ့ ဖြတ်တုန်းက ဘာစိတ်ကူးပေါက်ပြီး ရေသန့်တစ်ဘူး ဝယ်ခဲ့မိလဲ မသိဘူး။

ဒါပေမဲ့ ဝယ်ခဲ့မိတာ ကံကောင်းသွားတယ်။

ကျိုးအန်းရန် လွယ်အိတ်ထဲက ရေသန့်ဘူးကို နှေးကွေးစွာ ထုတ်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်သည်။

ချန်လော့ပိုင် လှမ်းယူလိုက်သည်။

သူ မော့သောက်လိုက်တော့ လည်စလုတ် လှုပ်ရှားသွားတာ တွေ့လိုက်ရသည်။ ရေစက်လား ချွေးစက်လား မသိတဲ့ အရည်ကြည်လေးတွေ လည်စလုတ်ကနေ လျှောကျပြီး ညှပ်ရိုးကို ဖြတ်ကာ အင်္ကျီအနက်ရောင် ကော်လာထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဆွဲဆောင်မှု ရှိလွန်းနေသည်။

သူမ နားရွက်တွေ ပိုပူလာပြီး အကြည့်လွှဲလိုက်သည်။

ချန်လော့ပိုင်က မကုန်သေးတဲ့ ရေသန့်ဘူးကို သူမလက်ထဲ ပြန်ထည့်ပေးလိုက်သည်။

"ဆက်ကိုင်ထားပေးပါဦး"

မိန်းကလေးက ခေါင်းညိတ်ပြီး လိမ်လိမ်မာမာ "အင်း" ဟု ဖြေလိုက်သည်။

ချန်လော့ပိုင် လက်ချောင်းလေးတွေ လှုပ်ရှားသွားပြီး ကွင်းဘေး ပြန်သွားလိုက်သည်။

တစ်ချိန်တည်းမှာပဲ ယန်ရှင်းချန် ဖုန်းထုတ်လိုက်သည်။

ရှန့်ရှောင်ဝမ်လည်း ဖုန်းထုတ်လိုက်သည်။

ယန်ရှင်းချန် - [ငါ မှားသွားပါတယ်]

ကျန်းရူရှန်း - [ဘာဖြစ်ပြန်ပြီလဲ]

ယန်ရှင်းချန် - [ဒီလောက် လူအများကြီး လာကြည့်နေတာ]

ယန်ရှင်းချန် - [ငါတို့ မီးသီးနှစ်လုံးလောက် ပိုလာလည်း ဘာမှ မဖြစ်လောက်ဘူး ထင်နေတာ]

ရှန့်ရှောင်ဝမ် - [ဒါပေမဲ့ ငါတို့က အနီးဆုံးမှာ ထိုင်နေတာကိုး]

ကျန်းရူရှန်း - [နင်တို့ အရင် ရှင်းအောင် ပြောပြကြပါလား]

ယန်ရှင်းချန် - [ဘာမှ မဟုတ်ပါဘူး]

ယန်ရှင်းချန် - [ချန်လော့ပိုင်က ရေလာပေးတဲ့ မိန်းကလေးကို ငြင်းလိုက်ပြီး၊ ပွဲကြည့်စင်ပေါ်တက်လာကာ ရန်ရန်ဆီက ရေတောင်းသောက်တယ်]

ရှန့်ရှောင်ဝမ် - [ပြီးတော့ ဘေးလူတွေကို ဂရုမစိုက်ဘဲ ရန်ရန်နဲ့ ရိုကြတယ်]

....

ပွဲတစ်ဝက်နားချိန် တစ်ဝက်တောင် မကုန်သေးဘူး။

နှစ်ဖက်ကစားသမားတွေ နားနေရင်း ဒုတိယပိုင်းအတွက် တိုင်ပင်နေကြသည်။

ကျိုးအန်းရန်က ဒီအချိန်မှာ သူ့ကို စိုက်ကြည့်နေဖို့ အားနာတာနဲ့ ဘေးလှည့်ကြည့်လိုက်တော့ ဘေးနားက နှစ်ယောက် ခေါင်းငုံ့ပြီး စာရိုက်နေကြတာ တွေ့လိုက်ရသည်။

Screen ကို ကြည့်ရတာ သူတို့ ဂရုထဲမှာ ပြောနေကြပုံရတယ်။

ကျိုးအန်းရန် ခေါင်းတိုးကြည့်လိုက်သည်။

ကျိုးအန်းရန် မျက်နှာပူလာသည်။

"ဘာရိုတာလဲ၊ နင်တို့ လျှောက်မပြောနဲ့"

"မရိုဘူးဆိုရင် နင်တို့ ခုနက ဘာလုပ်နေကြတာလဲ" ရှန့်ရှောင်ဝမ် စဉ်းစားလိုက်သည်။ "ပရောပရည်လုပ်တာလား"

ကျိုးအန်းရန် - "......"

"ပြီးတော့လေ" ယန်ရှင်းချန်က ဖုန်းချလိုက်ပြီး လက်ထောက်ကာ အနားတိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။ "နင်တို့ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဘာဖြစ်ခဲ့တာလဲ။ ဘာလို့ သူက ပြီးခဲ့တဲ့ စနေနေ့အကြောင်း ပြောလိုက်တာနဲ့ နင် မျက်နှာရဲသွားတာလဲ"

ပုံမှန်ဆို တုန်းချန်နဲ့ပတ်သက်ရင် တုံးအတဲ့သူမက ဒီတစ်ခါကျမှ ဘာလို့ ဉာဏ်ကောင်းနေရတာလဲ။

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး"

"ဟွန့်" ယန်ရှင်းချန် မယုံပေ။ "ဒီည ဟိုတယ်ပြန်ရောက်မှ စစ်ဆေးမေးမြန်းရမယ်"

....

တတိယပိုင်း မကြာခင် ပြန်စလေသည်။

အရှက်မကွဲချင်လို့ထင်တယ်၊ နိုင်ငံခြားဘာသာစကားဌာနက ကစားသမားတွေ ဒီတစ်ခါ အားကုန်ထုတ် ကစားလာကြသည်။ ခံစစ်ရော၊ ဘောလုံးလုတာရော တက်ကြွလာကြသည်။ အသင်းပြောင်းသွားသလိုပါပဲ။

ဥပဒေပညာဌာနက အစပိုင်းမှာ အံ့ဩသွားပြီး အမှတ်နည်းနည်း အဖြတ်ခံလိုက်ရပေမယ့် ချန်လော့ပိုင်ကြောင့် ပြန်တည်ငြိမ်သွားသည်။

နိုင်ငံခြားဘာသာစကားဌာနက အမှတ်ထပ်မရနိုင်တော့ စိတ်လောလာပုံရသည်။ တတိယပိုင်း တစ်ဝက်လောက်ရောက်တော့ သူတို့ဘက်က နံပါတ် ၄ ကစားသမားက ချန်လော့ပိုင် ဘောလုံးပစ်နေတုန်း ဝင်တိုက်လိုက်သည်။

ချန်လော့ပိုင်က ခုန်နေတုန်း လေထဲမှာမို့ ရှောင်လို့မရဘဲ အနောက်ကို လဲကျသွားသည်။

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ဒိုင်လူကြီးက ချက်ချင်း ဝီစီမှုတ်လိုက်သည်။

နံပါတ် ၄ ကို ပြစ်ဒဏ်ဘောပေးလိုက်သည်။

ဥပဒေပညာဌာနက ကစားသမားတစ်ယောက် ပြေးသွားပြီး ချန်လော့ပိုင်ကို ဆွဲထူလိုက်သည်။

ကျိုးအန်းရန် အဝေးကနေ ကြည့်လိုက်တော့ သူ မတ်တတ်ရပ်လိုက်တာ ဒဏ်ရာမရတဲ့ပုံ ပေါက်နေလို့ တင်းနေတဲ့စိတ်တွေ လျော့ကျသွားသည်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ သူ့တံတောင်ဆစ်မှာ သွေးစတွေ မြင်လိုက်ရသည်။

ကွင်းထဲက ဥပဒေပညာဌာန ကစားသမားတွေကလည်း ဒိုင်လူကြီးကို လူလဲဖို့ တောင်းဆိုလိုက်သည်။

ချန်လော့ပိုင်က ပြေးဝင်လာတဲ့ လူစားလဲကစားသမားနဲ့ လက်ဝါးချင်းရိုက်ပြီး ကွင်းဘေး ထွက်လာတာ တွေ့လိုက်ရသည်။

သူ ထွက်လာပြီလား။

တကယ် ဒဏ်ရာရသွားတာလား။

စောစောက လူပုံအလယ် ရေပေးတုန်းက ကျိုးအန်းရန် ရှက်နေခဲ့ပေမယ့် ဒီအချိန်မှာတော့ ဘာမှ မစဉ်းစားနိုင်တော့ဘူး။

ကျိုးအန်းရန် သူ့အင်္ကျီ၊ ဖုန်းနဲ့ သူမအိတ်ကို ခုံပေါ် ပစ်တင်လိုက်ပြီး ရှန့်ရှောင်ဝမ်ကို ပြောလိုက်သည်။

"ငါ့ပစ္စည်းတွေ ကြည့်ပေးထားဦး"

ရှန့်ရှောင်ဝမ် ပြန်မဖြေနိုင်သေးခင်မှာပဲ မိန်းကလေးက ထရပ်ပြီး ကွင်းဘေးကို လျှောက်လာတဲ့ ကောင်လေးဆီ အမြန်ပြေးသွားတာ တွေ့လိုက်ရသည်။

ချန်လော့ပိုင် သူမ ရောက်လာတာမြင်တော့ အံ့ဩသွားသည်။

"ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် အမြန်မေးလိုက်သည်။

"နင် လက် ဘယ်လိုနေလဲ၊ တခြားနေရာတွေ ထိခိုက်မိသေးလား"

ချန်လော့ပိုင်က သူမ အရေးကြီးကိစ္စရှိလို့ ထင်နေတာ။ ကြားလိုက်ရတော့ စိတ်အေးသွားပြီး လက်ကို အနောက်ပစ်လိုက်သည်။ သူမ သွေးမြင်မှာ မလိုလားဘူး။

"ဒဏ်ရာမရပါဘူး၊ လက်လည်း ဘာမှမဖြစ်ဘူး၊ ပွန်းသွား..."

စကားမဆုံးသေးခင် လက်ကောက်ဝတ်ကို နူးညံ့အေးစက်တဲ့ လက်သေးသေးလေးက လှမ်းဆွဲလိုက်သည်။

ချန်လော့ပိုင် စကားလုံးတွေ ပါးစပ်ထဲမှာတင် ရပ်တန့်သွားသည်။

ကျိုးအန်းရန် သူ့လက်ကို ဆွဲယူကြည့်လိုက်သည်။ အရေပြားပဲ ပွန်းသွားတာ သေချာမှ လည်ချောင်းဝရောက်နေတဲ့ အသည်းနှလုံး ပြန်ကျသွားသည်။

မော့ကြည့်လိုက်တော့ ကောင်လေးက ပြုံးစိစိနဲ့ ကြည့်နေတာ တွေ့လိုက်ရသည်။

"!"

ကျိုးအန်းရန် အခုမှ ကိုယ်ဘာလုပ်လိုက်မိလဲဆိုတာ သတိထားမိသွားသည်။ သူက ခုနက သူမကို မကြည့်စေချင်လို့ ရှောင်နေတာကို သူမက တော်တော်ပြင်းထန်သွားတယ် ထင်လိုက်မိတာ။

သူမ မျက်နှာတစ်ခုလုံး ရဲတက်သွားပြီး အမြန် လက်လွှတ်လိုက်သည်။

"သေချာ ထပ်မကြည့်တော့ဘူးလား" ချန်လော့ပိုင်က ပြုံးပြီး မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းကို အားပါပါ ခါလိုက်သည်။

တင်းမာမှုတွေ လျော့ကျသွားတော့ တခြားအာရုံခံစားမှုတွေ ပြန်ရောက်လာသည်။ ကွင်းထဲက အကြည့်ပေါင်းများစွာ သူတို့ဆီ ရောက်နေတာကို ကျိုးအန်းရန် ခံစားလိုက်ရသည်။ ဥပဒေပညာဌာနက မကစားရသေးတဲ့ လူစားလဲကစားသမားတွေကလည်း နားနေခုံမှာထိုင်ပြီး သူတို့ကို စပ်စုသလို ကြည့်နေကြသည်။ ကွင်းထဲက လူတွေတောင် တစ်ချက်တစ်ချက် လှမ်းကြည့်နေကြသည်။

ကျိုးအန်းရန် တစ်ကိုယ်လုံး မီးလောင်နေသလို ခံစားရသည်။ ခေါင်းငုံ့ထားပြီး သူ့ကို မကြည့်ရဲတော့ဘူး။

"ငါ ပြန်တော့မယ်"

ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ လက်ကောက်ဝတ်ကို သူ လှမ်းဆွဲလိုက်သည်။

ဒီတစ်ခါ အင်္ကျီပေါ်ကနေ မဟုတ်ဘဲ၊ သူမလက်ကောက်ဝတ်ကို တကယ် ဆုပ်ကိုင်လိုက်တာ။

ကောင်လေးက ၃ ပိုင်းလောက် ကစားထားတော့ လက်ဖဝါးက အရမ်းပူနေတယ်။

ကျိုးအန်းရန် လက်ကောက်ဝတ်ရော နှလုံးသားပါ အပူလောင်ခံလိုက်ရသလို ခံစားလိုက်ရပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။

ချန်လော့ပိုင်ကတော့ သူမလက်ကို ငုံ့ကြည့်နေသည်။

လက်ဖဝါးထဲက လက်ကောက်ဝတ်လေးက သူထင်ထားတာထက် ပိုနူးညံ့ပြီး သေးသွယ်နေသည်။

သူက သူမကို မထိမိအောင် အမြဲထိန်းထားခဲ့တာ။ ဒီတစ်ခါတော့ သူမ အရင်စလိုက်တာဆိုတော့ သူ စည်းကျော်တယ်လို့ မသတ်မှတ်နိုင်တော့ဘူး။

ချန်လော့ပိုင် အကြည့်က ဖြည်းဖြည်းချင်း အပေါ်တက်လာပြီး မထူးဆန်းစွာနဲ့ပဲ ရဲနေတဲ့ မျက်နှာလေးကို တွေ့လိုက်ရသည်။

"ဆင်းလာပြီးမှတော့... ငါ့ကို ဆေးမထည့်ပေးဘဲ ပြန်တော့မလို့လား"

ကျိုးအန်းရန် သူ့တံတောင်ဆစ်က ဒဏ်ရာကို ကြည့်လိုက်သည်။ မပြင်းထန်ပေမယ့် နီရဲနေတာ ကြည့်ရဆိုးသည်။ သူမ တွန့်ဆုတ်နေမိသည်။

"နင်တို့ဆီမှာ ဆေးပါလား"

ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်သည်။

"မသိဘူး၊ နင် ဂွမ်းတံ မပါဘူးလား"

ကျိုးအန်းရန် အလိုအလျောက် ခေါင်းညိတ်လိုက်သည်။

ချန်လော့ပိုင် လက်မက သူမ သွေးခုန်ကြောပေါ် ရောက်သွားသည်။ သူမ သွေးခုန်နှုန်း မြန်နေတာကို ခံစားမိနေသည်။ သူ လက်ချောင်းထိပ်လေး ယားယံလာပြီး ပွတ်သပ်ချင်စိတ် ဖြစ်မိပေမယ့် အောင့်ထားလိုက်သည်။ လက်လွှတ်ပေးလိုက်သည်။

"သွားယူမလား"

ကျိုးအန်းရန် ခုံမှာပြန်ထိုင်ပြီး ဂွမ်းတံထုတ်လိုက်မှ တစ်ခုခုမှားနေမှန်း သတိထားမိလိုက်သည်။ သူမ စောစောက အရမ်းစိတ်လှုပ်ရှားနေလို့ လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ သူ့လက်အပေါ်မှာပဲ အာရုံရောက်နေတာ။ အခုမှ သတိရသွားသည်။

သူမမှာ ဂွမ်းတံဆောင်ထားတဲ့ အကျင့်ရှိမှန်း သူ ဘယ်လိုလုပ် သိတာလဲ။

ကျိုးအန်းရန် ပလာစတာပါ ထပ်ယူပြီး ကွင်းဘေး ပြန်သွားသည်။

ချန်လော့ပိုင်က ဒုတိယမြောက် နားနေခုံမှာ ထိုင်နေသည်။ ဘေးဆုံးမှာ နေရာလွတ်တစ်ခု ချန်ထားသည်။ သူမအတွက် ချန်ထားပေးတာပင်။

ကျိုးအန်းရန် သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ တံတောင်ဆစ်ကနေ လက်ကောက်ဝတ်အထိ ရေစိုနေတာ တွေ့လိုက်ရသည်။ ရေနဲ့ ဆေးလိုက်ပုံရတယ်။

စောစောက စိုးရိမ်စိတ်တွေ မရှိတော့လို့ ကျိုးအန်းရန် သူ့လက်ကို လူပုံအလယ်မှာ မကိုင်ရဲတော့ဘူး။ နှုတ်ခမ်းကို စေ့လိုက်သည်။ အနောက်က အကြည့်တွေနဲ့ ဘေးနားက ဥပဒေပညာဌာန ကစားသမားတွေရဲ့ စပ်စုတဲ့အကြည့်တွေကို အံတုပြီး တိုးတိုးလေး ပြောလိုက်သည်။

"လက်ကို လှည့်လိုက်"

ချန်လော့ပိုင် မျက်ခွံချထားသည်။ သူမ နားရွက်တွေ သွေးစက်ကျမတတ် ရဲနေတာကို ကြည့်ပြီး၊ ခေါင်းကို သူ့လက်ပေါ် မှောက်ချလုနီးပါး ဖြစ်နေတာကိုကြည့်ပြီး စနောက်ချင်တဲ့ စကားတွေကို မြိုသိပ်လိုက်သည်။ လက်ကို လိမ်လိမ်မာမာ လှည့်ပေးလိုက်သည်။

ကျိုးအန်းရန် ဂွမ်းတံထိပ်ကို ချိုးလိုက်တော့ ပိုက်ထဲက အိုင်အိုဒင်းဆေးရည်တွေက တစ်ဖက်က ဂွမ်းစဆီ စီးဆင်းသွားသည်။ ဒါပေမဲ့ အားမထိန်းနိုင်မှာစိုးလို့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်တစ်ဖက်နဲ့ သူ့လက်ကောက်ဝတ်ကို ဖွဖွလေး အရင်ကိုင်လိုက်သည်။ ကျန်လက်တစ်ဖက်နဲ့ ဂွမ်းတံကို ဒဏ်ရာပေါ် တို့လိုက်သည်။

သူ "ရှီး" ခနဲ ညည်းသံ တိုးတိုးလေး ကြားလိုက်ရသည်။

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

"အရမ်း နာလို့လား"

ချန်လော့ပိုင် အကြည့်က သူ့လက်ကောက်ဝတ်ကို ဖွဖွလေး ကိုင်ထားတဲ့ လက်သေးသေးလေးဆီကနေ တဖြည်းဖြည်းချင်း အပေါ်တက်လာပြီး နောက်ဆုံးမှာ သူမမျက်နှာပေါ် ရောက်လာသည်။ ကြည်လင်လှပတဲ့ မျက်ဝန်းတွေနဲ့ ဆုံတွေ့သွားသည်။

သူ့လည်စလုတ် ထိန်းမရအောင် နှစ်ချက် လှုပ်ရှားသွားသည်။ အကြည့်လွှဲလိုက်ပြီး တစ်စက္ကန့်အကြာမှ ပြန်ကြည့်လိုက်သည်။

"နာတာ မဟုတ်ပါဘူး"

ကျိုးအန်းရန် ကြောင်သွားသည်။ နာတာမဟုတ်ရင် ဘာလဲလို့ မေးမလို့ လုပ်တုန်း သူ့အသံ ထပ်ထွက်လာသည်။

"ဆေးမထည့်သေးဘူးလား"

"ကြာကြာလေး ကိုင်ထားချင်ရင်လည်း ရပါတယ်"

နောက်စာကြောင်းကို ပြောလိုက်တဲ့အခါ လေသံက ရယ်သံပါနေပြီး မျက်နှာပေါ်မှာလည်း ပြုံးစိစိနဲ့ အဓိပ္ပာယ်ပါပါ ကြည့်နေသည်။

ကျိုးအန်းရန် မျက်နှာ ပြန်ပူလာသည်။

သူမ ခေါင်းငုံ့ပြီး သူ့ကို ဂရုမစိုက်တော့ဘဲ ဆေးကို ဖွဖွလေး ထည့်ပေးလိုက်သည်။ တစ်စက္ကန့်တောင် ပိုမနေချင်သလို လက်ကို အမြန်ပြန်ရုတ်လိုက်သည်။

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ပလာစတာကော"

ကျိုးအန်းရန် - "......"

သူမကို စနောက်ဖို့ စိတ်ကူးရှိနေသေးရင် မနာဘူးဆိုတာ သေချာပြီ။ ပလာစတာ ကပ်ပေးစရာ မလိုတော့ဘူး။

ဒါပေမဲ့...

အပြင်မှာ ရာသီဥတု အေးတယ်။ ခဏနေ ပွဲပြီးရင် သူ အင်္ကျီထပ်ဝတ်ရမှာ။ ဒဏ်ရာကို ပွတ်တိုက်မိရင် မကောင်းဘူး။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး ခေါင်းငုံ့ကာ ပလာစတာ ကပ်ပေးလိုက်သည်။

ကပ်ပြီးတော့ ရင်ထဲမှာ သံသယရှိနေတုန်းမို့ မနေနိုင်ဘဲ မော့ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

"ငါ ပုံမှန် ဂွမ်းတံနဲ့ ပလာစတာ ဆောင်ထားတတ်မှန်း နင် ဘယ်လိုသိလဲ"

ချန်လော့ပိုင်က သူမ ကိုင်ထားခဲ့လို့ ယားယံနေသေးတဲ့ လက်မောင်းကို ခံစားနေရသည်။ ရင်ထဲထိ ယားယံသွားသည်။

"နင် ဘယ်လို ထင်လဲ"

ကျိုးအန်းရန် လက်ချောင်းလေး တုန်သွားသည်။

"နင် အဲဒီနေ့က... ငါ့ကို မြင်လိုက်တာလား"

"မမြင်လိုက်ပါဘူး"

ချန်လော့ပိုင်က တုန်ရီနေတဲ့ သူမမျက်တောင်လေးတွေကို ငုံ့ကြည့်နေသည်။ ခေါင်းထဲမှာ အဲဒီညက သူ မော့ကြည့်လိုက်တုန်း တွေ့လိုက်ရတဲ့ သွယ်လျဖြူဝင်းတဲ့ ခြေထောက်တစ်စုံနဲ့ အနက်ရောင် စကပ်တိုအောက်က မျက်စိကျိန်းမတတ် ဖြူဖွေးတဲ့ အသားအရေပေါ်က မှဲ့နက်ကလေးကို ရုတ်တရက် ပြန်မြင်ယောင်လာသည်။

ကျိုးအန်းရန် ကြောင်သွားပြန်သည်။

မမြင်လိုက်ဘဲနဲ့ သူ ဘယ်လိုလုပ်သိတာလဲ။

အတွေးလွန်နေတုန်း ကောင်လေးက ရုတ်တရက် တိုးကပ်လာသည်။ အသံက ဒီတစ်ခါတော့ တကယ့်ကို နားနားကပ်ပြီး ထွက်ပေါ်လာသည်။ သူ့အသက်ရှူသံက အပူငွေ့တွေ သူမနားရွက်ကို လာရိုက်ခတ်နေသည်။

"ငါသာ သေချာမြင်လိုက်ရင် အဲဒီည နင် ပြေးလို့လွတ်မှာ မဟုတ်ဘူး"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၀ ။ ဆိုဒါ : ငါ ဝမ်းသာအားရ လက်ခံမှာပေါ့

ကျိုးအန်းရန် ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်တော့ နားရွက်တစ်ဖက်လုံး ပူထူနေတုန်းပဲ။

"ငါသာ သေချာမြင်လိုက်ရင် အဲဒီည နင် ပြေးလို့လွတ်မှာ မဟုတ်ဘူး" ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ကျိုးအန်းရန် နားရွက်ကို စမ်းကြည့်လိုက်သည်။ ရှန့်ရှောင်ဝမ်က အနားကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။

"ချန်လော့ပိုင် ခုနက နင့်ကို နမ်းလိုက်တာလား"

"?"

"မနမ်းပါဘူး!"

"မနမ်းရင် ခုနက..." ရှန့်ရှောင်ဝမ် မယုံသလို ဖြစ်နေသည်။

ကျိုးအန်းရန် ဖြတ်ပြောလိုက်သည်။

"သူ ခုနက ငါ့နားကပ်ပြီး စကားတစ်ခွန်း လာပြောတာပါ"

ရှန့်ရှောင်ဝမ်က သူမရဲ့ နီရဲနေတဲ့ နားရွက်ကို ကြည့်လိုက်သည်။

"ဘာစကားမို့လို့ အဲဒီလောက်ထိ ကပ်ပြောရတာလဲ၊ တခြားလူတွေ ကြားလို့မဖြစ်တဲ့ စကားမျိုးလား"

ကျိုးအန်းရန် - "??"

"မဟုတ်ပါဘူး"

"ဒါဆို ဘာလဲ" ရှန့်ရှောင်ဝမ်က မေးခွန်းထုတ်နေသည်။

ကျိုးအန်းရန် - "......"

"ဘာမှ မဟုတ်ပါဘူး"

ရှန့်ရှောင်ဝမ် သူမပါးကို ဆွဲလိုက်သည်။

"ရန်ရန်... နင် ရိုးသားမှု မရှိဘူးနော်"

ယန်ရှင်းချန် ဝင်ပြောသည်။

"ချန်လော့ပိုင်ကိစ္စဆိုရင် သူက ဘယ်တုန်းက ရိုးသားခဲ့ဖူးလို့လဲ။ ဒီည ပြန်ရောက်မှ စစ်ဆေးမေးမြန်းရမယ်၊ သူ့အားနည်းချက် ဘယ်မှာရှိလဲ ငါ သိတယ်"

ကျိုးအန်းရန် - "......"

....

နှစ်သင်းကြား အရည်အချင်းက နည်းနည်း ကွာဟချက်ရှိနေသည်။

ချန်လော့ပိုင် ကွင်းထဲက ထွက်သွားပြီးနောက်၊ တတိယပိုင်း နောက်ဆုံးအချိန်မှာ နိုင်ငံခြားဘာသာစကားဌာနက ၅ မှတ်လောက်ပဲ လိုက်နိုင်ခဲ့သည်။

စတုတ္ထပိုင်းမှာ ချန်လော့ပိုင်က ၃ မိနစ်လောက်ပဲ ဝင်ကစားပြီး ပြန်ထွက်လာသည်။ ကျိုးအန်းရန် သေချာကြည့်လိုက်တော့ သူ့တံတောင်ဆစ်က ပလာစတာ ကောင်းကောင်းမွန်မွန်ရှိနေတာ၊ သွေးထွက်တာ မရှိတာ တွေ့ရလို့ စိတ်အေးသွားသည်။

ဒီပွဲကို ဥပဒေပညာဌာနက အပြတ်အသတ် အနိုင်ရသွားသည်။

ပွဲပြီးဆုံးကြောင်း ဝီစီသံ မြည်လာတော့ အနောက်က ပရိသတ်တွေ တဖြည်းဖြည်း ပြန်ထွက်သွားကြသည်။

ကျိုးအန်းရန် အလျင်မလိုပါဘူး။ သူ့အင်္ကျီတွေ သူမဆီမှာ ရှိနေသေးတာ၊ သူ သေချာပေါက် လာယူမှာပဲ။

ဘေးနားက နှစ်ယောက်လည်း အဲဒီလိုပဲ တွေးမိပုံရတယ်၊ မလှုပ်ရှားကြဘဲ ဖုန်းထုတ်ကြည့်နေကြသည်။

ကျိုးအန်းရန် ထင်တာတော့ သူတို့နှစ်ယောက် ကျန်းရူရှန်းဆီ အတင်းအဖျင်း သတင်းပို့နေကြတာ နေမှာပါ။ ဒါကြောင့် သွားမကြည့်တော့ဘူး။

ဘယ်သူသိမှာလဲ... သူတို့ ဂရုထဲမှာ ဘာတွေ လျှောက်ပြောနေကြမလဲဆိုတာ။

....

နှစ်ဖက်ကစားသမားတွေ ကွင်းထဲက ထွက်လာကြသည်။

ချန်လော့ပိုင် နေရာကနေ ထရပ်ပြီး ကွင်းဘေးပြန်လာတဲ့ ကစားသမားတွေနဲ့ တစ်ယောက်ချင်းစီ လက်ဝါးချင်းရိုက်ပြီးတော့ သူမဘက် လှည့်လာတာ တွေ့လိုက်ရသည်။

သူမ ခေါင်းငုံ့ပြီး သူ့ကို မကြည့်သလို ဟန်ဆောင်နေလိုက်သည်။

ခဏကြာတော့ ရင်းနှီးနေတဲ့ အရပ်ရှည်ရှည် ပုံရိပ်က သူမရှေ့ ရောက်လာပြီး ခေါင်းပေါ်ကနေ အသံထွက်ပေါ်လာသည်။

"ငါ သူတို့နဲ့အတူ အောင်ပွဲခံ ညစာစားပွဲ သွားလိုက်ဦးမယ်"

ဥပဒေပညာဌာနက ကစားသမားတွေက ရုတ်တရက် စနောက်လိုက်ကြသည်။

"ချန်လော့ပိုင်... မင်းက ဒီလောက်တောင် ခွဲရခက်နေရင် ဒီဂျူနီယာညီမလေးကိုပါ ငါတို့နဲ့အတူ ခေါ်သွားလိုက်ပါလား"

"ဟုတ်တယ်လေ ချန်လော့ပိုင်... မင်းရဲ့ အတန်းဖော်မလေးကို ငါတို့နဲ့အတူ ခေါ်လာခဲ့ပါလား"

ကျိုးအန်းရန် "မင်းရဲ့ အတန်းဖော်မလေး" ဆိုတဲ့ ရင်းနှီးနေတဲ့ အခေါ်အဝေါ်ကို ကြားလိုက်ရတော့ မော့ကြည့်လိုက်ရာ ပြောလိုက်သူက ယွမ်စုန်း ဖြစ်နေတာ တွေ့လိုက်ရသည်။

သူမအကြည့်က နည်းနည်း အပေါ်တက်သွားပြီး ကောင်လေးရဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံတွေ့သွားသည်။

"ငါနဲ့အတူ လိုက်မလား"

ကျိုးအန်းရန် နားရွက်တွေ ပူလာပြန်သည်။ ခေါင်းခါလိုက်သည်။

"ငါ ရှင်းရှင်းနဲ့ ရှောင်ဝမ်ကို အဖော်ပြုပေးရဦးမယ်"

ရှန့်ရှောင်ဝမ်က ဂရုထဲမှာ စကားပြောနေတုန်းမို့ ခေါင်းမမော့ဘဲ ပြောလိုက်သည်။

"ငါတို့ကို ဂရုစိုက်စရာ မလိုပါဘူး။ ငါတို့ ညစာ ကိုယ့်ဘာသာ ဖြေရှင်းလို့ ရပါတယ်။ မရရင်တောင် ဟယ်မင်ယွီ ရှိသေးတာပဲ"

ကျိုးအန်းရန် တွန့်ဆုတ်နေပြီးမှ ခေါင်းထပ်ခါလိုက်သည်။

ဥပဒေပညာဌာနက လူတွေကို သူမက ယွမ်စုန်းတစ်ယောက်တည်းလောက်ပဲ ရင်းနှီးတာ။ ကျန်တဲ့သူတွေက သူစိမ်းတွေချည်းပဲ။ အတူသွားစားရင် နေရခက်နေမှာ။ လူတွေအများကြီးနဲ့ဆိုတော့ သူနဲ့လည်း စကားသိပ်ပြောရမှာ မဟုတ်ဘူး။ ပြီးတော့ ရှန့်ရှောင်ဝမ်နဲ့ ယန်ရှင်းချန်ကို မတွေ့ရတာ ကြာပြီဆိုတော့ သူတို့နဲ့ ပြောစရာစကားတွေ အများကြီး ရှိနေသေးတယ်။

"ငါ မလိုက်တော့ပါဘူး"

ချန်လော့ပိုင်လည်း အတင်းမခေါ်တော့ဘူး။ "အင်း" လို့ ပြောပြီး သူမဘေးက ရှန့်ရှောင်ဝမ်နဲ့ ယန်ရှင်းချန်ဘက် လှည့်ပြောလိုက်သည်။

"ဒီအပတ် မအားလို့၊ နောက်တစ်ခါ အခွင့်အရေးရရင် နင်တို့နှစ်ယောက်ကို ထမင်းလိုက်ကျွေးပါဦးမယ်"

ယန်ရှင်းချန် - "ရန်ရန်က ငါတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းနော်၊ သာမန်ထမင်းတစ်နပ်လောက်နဲ့ ငါတို့ကို ဖျောင်းဖျလို့ မရဘူး"

ရှန့်ရှောင်ဝမ်က သဘောတူစွာ ခေါင်းညိတ်ပြသည်။

ချန်လော့ပိုင် ပြုံးလိုက်သည်။

"ဘာစားချင်လဲ အဲဒီကျရင် ကြိုက်တာရွေး၊ နင်တို့ ကျေနပ်တဲ့အထိ ကျွေးမယ်၊ ရမလား"

"ဒါဆိုရင်တော့ ရတယ်" ယန်ရှင်းချန် ကျေနပ်သွားသည်။

ကျိုးအန်းရန် - "......"

ဒီနှစ်ယောက် ထပ်ပြီး လျှောက်ပြောမှာစိုးလို့ သူမက လက်ထဲက အင်္ကျီကို ကောင်လေးရင်ခွင်ထဲ ထိုးထည့်ပေးလိုက်သည်။

"နင့်အသင်းဖော်တွေ စောင့်နေကြပြီ၊ မြန်မြန် အဝတ်အစား သွားလဲလိုက်ဦး၊ ဒဏ်ရာကို ဂရုစိုက်နော်"

ရင်ခွင်ထဲက အင်္ကျီမှာ သူမကိုယ်သင်းနံ့တွေ စွဲကျန်နေတော့ ချန်လော့ပိုင် လည်ချောင်း ယားယံသွားသလို ခံစားရသည်။ ဒါပေမဲ့ ဘေးမှာ လူတွေရှိနေတော့ ဆက်မစတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ကိစ္စရှိရင် စာပို့လိုက်"

မိန်းကလေးက လိမ်လိမ်မာမာ ခေါင်းညိတ်ပြတာ မြင်မှ ချန်လော့ပိုင် အင်္ကျီကိုကိုင်ပြီး ကွင်းဘေး ပြန်သွားလိုက်သည်။

ကျိုးအန်းရန် မတ်တတ်ရပ်လိုက်သည်နှင့် ရှန့်ရှောင်ဝမ်နဲ့ ယန်ရှင်းချန်တို့လည်း ဖုန်းသိမ်းလိုက်ကြသည်။

ယန်ရှင်းချန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး ကျိုးအန်းရန်ကို တွန်းလိုက်သည်။

"ရန်ရန်... အရင်တုန်းက ချန်လော့ပိုင်ကို ရေသွားပေးတဲ့ မိန်းကလေးက သူတို့နဲ့အတူ ပါသွားတယ်"

ရှန့်ရှောင်ဝမ်က သူမကို ကြည့်လိုက်သည်။

"နင် တကယ် မလိုက်သွားတော့ဘူးလား"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

သူတို့ လူအုပ်ကြီး အတွင်းလမ်းကြားဘက် လျှောက်သွားနေကြသည်။ အနက်ရောင် ဘောလုံးဝတ်စုံ ဝတ်ထားတဲ့ ကောင်လေးက အင်္ကျီနှစ်ထည်ကို ကိုင်ထားပြီး ဘေးနားကလူနဲ့ စကားပြောရင်း ခေါင်းငဲ့ကာ ပျင်းရိရိ ပြုံးနေသည်။

နောက်ဆုံးက လျှောက်လာတဲ့ မိန်းကလေးရဲ့အကြည့်က သူ့ဆီက မခွာဘူး။

နည်းနည်းလေးမှ သဝန်မတိုဘူး ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့...

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"ငါ သူ့ကို ယုံတယ်"

"အဲဒါလည်း ဟုတ်တာပဲ၊ ချန်လော့ပိုင်က မိန်းကလေးတစ်ယောက်ယောက် လွယ်လွယ်ကူကူ ရနိုင်တဲ့ စရိုက်မျိုးဆိုရင် အခုထိ စောင့်နေစရာ မလိုတော့ဘူး" ရှန့်ရှောင်ဝမ်က သူမလက်ကို ချိတ်လိုက်သည်။ "မလိုက်တော့ဘူးဆိုရင် ငါတို့ကို ထမင်းလိုက်ကျွေးတော့၊ ငါ တကယ် ဗိုက်ဆာနေပြီ"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နင်တို့ အပြင်ထွက်စားမလား၊ ကန်တင်းမှာပဲ စားမလား"

"ဒီည ကန်တင်းမှာပဲ စားကြတာပေါ့၊ နင်တို့ကန်တင်းက ဟင်းတွေ မဆိုးဘူး" ယန်ရှင်းချန်က ပြောသည်။

....

သုံးယောက်သား ကန်တင်းသို့ သွားကြသည်။

ထမင်းစားလို့ တစ်ဝက်လောက်ရောက်မှ ရှန့်ရှောင်ဝမ် ရုတ်တရက် သတိရသွားသည်။

"ဒါနဲ့... မေ့တော့မလို့၊ ချန်လော့ပိုင်ဆီကနေ သူ့အခန်းဖော် WeChat တောင်းပေးပါဦး"

ကျိုးအန်းရန် ဖုန်းထုတ်လိုက်သည်။

"ကောင်းပြီ... ငါ မေးပေးမယ်"

ချန်လော့ပိုင်နဲ့ အသင်းဖော်တွေ အဝတ်လဲခန်းမှာ အဝတ်အစား အရင်သွားလဲကြသည်။ ကျောင်းကထွက်ပြီး စားသောက်ဆိုင်ရောက်ဖို့ အချိန်နည်းနည်း ကြာသွားသည်။ အခုမှ သီးသန့်ခန်းထဲဝင်ပြီး ဟင်းမှာလိုက်ရုံ ရှိသေးသည်။

သူ တစ်ပွဲလုံး ကစားထားရတာမို့ ဗိုက်တော်တော် ဆာနေပြီ။ ဘေ့စ်ဘောအင်္ကျီအိတ်ကပ်ထဲ လက်နှိုက်ပြီး လီမွန်ဆိုဒါသကြားလုံးတစ်လုံး စမ်းမိလိုက်သည်။

ယွမ်စုန်းက သူ့ဘေးမှာ ထိုင်နေတာ။ သူလည်း ဗိုက်ဆာနေပြီ။ သူ အိတ်ကပ်ထဲက မုန့်ထုတ်တာမြင်တော့ လှမ်းလုလိုက်သည်။

"ဘာစားနေတာလဲ"

ချန်လော့ပိုင် သူ့လက်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

"ချန်လော့ပိုင်... မင်း ကပ်စေးနည်းလာပြီ" ယွမ်စုန်း နာသွားပြီး မျက်နှာရှုံ့မဲ့သွားသည်။ "မင်း အရင်တုန်းက တစ်ယောက်တည်း မစားတတ်ပါဘူး"

ချန်လော့ပိုင် သကြားလုံးစက္ကူကို ခွာရင်း ပြောလိုက်သည်။

"ငါက အဲဒီလောက် ကပ်စေးနည်းတယ်"

ယွမ်စုန်းက ဒီနေ့ညနေခင်း သူ့အင်္ကျီကို တခြားတစ်ယောက် ရင်ခွင်ထဲ ရောက်နေတာ ပြန်သတိရသွားပြီး သဘောပေါက်သွားသည်။

"မင်းရဲ့ အတန်းဖော်မလေး ပေးတာလား"

ချန်လော့ပိုင် သကြားလုံးစက္ကူ ခွာနေတာ ရပ်သွားသည်။

"သူ ပေးတာလို့တော့ မခေါ်နိုင်ဘူး"

သူမက အဲဒီတုန်းက သူ့စားပွဲအံဆွဲထဲ သကြားလုံးနှစ်လုံး ခိုးထည့်ခဲ့တာလေ။

အထုပ်လိုက်သာ ထည့်ခဲ့ရင် သူ အဲဒီတုန်းက သူများ မှားထည့်တာပါဆိုပြီး ပြီးစလွယ် စားပစ်လိုက်မိမှာ မဟုတ်ဘူး။

"ဒါဆို ဘာပဲဖြစ်ဖြစ် သူနဲ့ ပတ်သက်နေတာပဲမလား" ယွမ်စုန်း နားလည်သွားသည်။

ချန်လော့ပိုင် သကြားလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ သကြားလုံးစက္ကူကို လက်ထဲမှာ ဆုပ်ကိုင်ထားပြီး ဝိုးတဝါး "အင်း" ဟု ဖြေလိုက်သည်။

တကယ်တော့ ဒီသကြားလုံးတွေက ဒီနေ့ညနေခင်း သူ့အင်္ကျီအိတ်ကပ်ထဲမှာ အမြဲ ရှိနေတာ။ သူ့ဖုန်းလည်း အတူတူပဲ။ သူမဆီ ပေးတုန်းက Screen Lock တောင် ဖြုတ်ပေးလိုက်သေးတယ်။ သူမသာ လက်ဆော့ပြီး ဖွင့်ကြည့်လိုက်ရင် အတွင်းက လျှို့ဝှက်ချက်တွေကို တွေ့သွားနိုင်တယ်။

ဒါပေမဲ့ သူ ပစ္စည်းပေးလိုက်တုန်းက သူမစရိုက်နဲ့ဆိုရင် သူ့ပစ္စည်းတွေကို လျှောက်မဖွင့်ကြည့်ဘူးဆိုတာ သူ သိနေပါတယ်။

"ချန်လော့ပိုင်"

စီနီယာအစ်ကိုတစ်ယောက်က သူ့ကို လှမ်းခေါ်ပြီး စနောက်လိုက်သည်။

"မင်းနဲ့ ဇီဝသိပ္ပံဌာနက ညီမလေးနဲ့က ဘာပတ်သက်မှုရှိလဲ"

ချန်လော့ပိုင် ပါးစပ်ထဲက သကြားလုံးကို ဝါးစားလိုက်ပြီး ပြုံးလိုက်သည်။

"ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲ"

"ငါတို့ မြင်တာက မင်း အင်္ကျီကို သူများရင်ခွင်ထဲ ထိုးထည့်ပေးတာရယ်၊ သူများဆီက ရေတောင်းသောက်တာရယ်ပဲ မြင်တာလေ။ မင်းတို့ ဘာတော်လဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ"

"ဟုတ်တယ်လေ... ရင်းနှီးတဲ့ မိတ်ဆွေလား၊ ရည်းစားလား"

ယွမ်စုန်းက သူ့လက်ထဲက သကြားလုံးက ကျိုးအန်းရန်နဲ့ ပတ်သက်မှန်းသိလို့ ထပ်လုဖို့ မစဉ်းစားရဲတော့ဘူး။ မြေပဲလှော်ပဲ ကောက်စားပြီး ဗိုက်ဖြည့်နေရသည်။

ကြားလိုက်ရတော့ သူလည်း ရယ်မောလိုက်မိသည်။

ကွင်းတစ်ဝက်နားချိန်မှာ ချန်လော့ပိုင်ကို ရေလာပေးတဲ့ မိန်းကလေး နာမည်က ကျောက်ရွှယ်ခယ် ဖြစ်သည်။ သူတို့နဲ့ အတန်းတူတူပဲ။ ဘောလုံးလေ့ကျင့်တဲ့ ကာလတစ်လျှောက်လုံး လာကူညီပေးတာ၊ ရေလာပေးတာ၊ မုန့်လာပေးတာတွေ လုပ်တယ်။ သူမ ရည်ရွယ်ချက်က ဘာလဲဆိုတာ မျက်လုံးပါတဲ့သူတိုင်း သိကြတယ်။

ချန်လော့ပိုင်က တစ်ခုမှ မယူခဲ့ဘူး။ ဒါပေမဲ့ ဌာနက စီနီယာအစ်ကိုတွေက သူများကျွေးတာ စားထားရတော့ အားနာပြီး သူမဘက်ပါနေကြတယ်။ အခု အခွင့်အရေးရတုန်း သတင်းနည်းနည်း စုံစမ်းပေးတာ၊ အောင်သွယ်ပေးချင်တာတွေ ပါနေတယ်။

ဒါပေမဲ့ အလကားပဲ နေမှာပါ။

ယွမ်စုန်း ဒီအဖြစ်အပျက်ကို ကြည့်ပြီး မြေပဲလှော် နောက်ထပ် နည်းနည်း စားလိုက်သည်။

ချန်လော့ပိုင်က လက်ထဲက သကြားလုံးစက္ကူကို လုံးချေလိုက်သည်။

"ရည်းစား မဟုတ်ပါဘူး"

ချန်လော့ပိုင်ရဲ့ တစ်ဖက်မှာ တမင်ဝင်ထိုင်ထားတဲ့ ကျောက်ရွှယ်ခယ် မျက်လုံး အရောင်တောက်သွားတာ ယွမ်စုန်း တွေ့လိုက်ရသည်။

ယွမ်စုန်း စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

သူထင်တဲ့အတိုင်းပဲ နောက်တစ်စက္ကန့်မှာ ဘေးနားက သခင်လေးက ပျင်းရိရိနဲ့ ဆက်ပြောလိုက်သည်။

"မရသေးလို့ပါ၊ သူ ငါ့ကို လိုချင်သေးလား မသိသေးဘူး"

A တက္ကသိုလ် ဝင်ခွင့်ရတဲ့သူတွေက မတုံးကြပါဘူး။

စီနီယာအစ်ကိုတစ်ယောက်က သူ့စကားထဲက အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

"မင်းတို့ သိတာ ကြာပြီပေါ့"

ယွမ်စုန်းက ဇာတ်လမ်းကြည့်နေရင်း သူ့ခြေထောက်က ဘောလုံးဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ဝင်ပြောလိုက်သည်။

"သိတာကြာရုံတင် ဘယ်ကမလဲ၊ အဲဒီကောင်မလေးက သူ့ရဲ့ အထက်တန်းကျောင်းနေဖက်လေ။ ဘယ်လောက်ကြာကြာ ကြိုက်နေလဲ မသိဘူး။ ခင်ဗျားတို့ မသိပါဘူး... ကျောင်းဖွင့်ကာစ မိန်းကလေးတွေ အများကြီး သူ့အကြောင်း စုံစမ်းနေကြတဲ့အချိန်မှာ သူက အဆောင်ထဲမှာ အဲဒီကောင်မလေး ဓာတ်ပုံကို ကြည့်ပြီး ငေးနေတာ"

ချန်လော့ပိုင်က သူ့ထိုင်ခုံကို ခြေထောက်နဲ့ လှမ်းကန်လိုက်ပြီး ရယ်မောကာ ဆဲလိုက်သည်။

"မင်းက စကားတော်တော်များတာပဲ"

သီးသန့်ခန်းထဲက စီနီယာအစ်ကိုတွေက လူပါးတွေပင်။

သူ တကယ် တားချင်ရင် အခုမှ တားမှာ မဟုတ်ဘူးဆိုတာ သိကြတယ်။ အခု မျက်နှာပေါ်မှာလည်း စိတ်ဆိုးတဲ့အရိပ်အယောင် နည်းနည်းမှ မရှိဘူး။ ယွမ်စုန်းကို တမင်သက်သက် ပြောခွင့်ပေးထားပြီး သူတို့ကို သိစေချင်လို့နေမှာ။

သူများကျွေးတာ စားထားပေမယ့် ရှိနေတဲ့လူတွေက ကျောက်ရွှယ်ခယ်နဲ့ သာမန်ခင်မင်မှုလောက်ပဲ ရှိတာပါ။ သူမအတွက်နဲ့ ချန်လော့ပိုင်နဲ့ ရန်ဖြစ်ခံမှာ မဟုတ်ပါဘူး။

ချက်ချင်းပဲ အောင်သွယ်ချင်တဲ့ စိတ်ကူးတွေ ပျောက်ကုန်ကြသည်။

"မဆန်းပါဘူး... ငါတို့ ပြောနေတာ၊ ဇီဝသိပ္ပံဌာနက ငါတို့နဲ့ ပတ်သက်မှုမှ မရှိတာ၊ မင်း လှုပ်ရှားတာ ဘာလို့ ဒီလောက် မြန်နေရတာလဲလို့ပေါ့"

ယွမ်စုန်း မြေပဲလှော် ဆက်စားနေတုန်း သူ့ဖုန်းမျက်နှာပြင် လင်းလာတာ တွေ့လိုက်ရသည်။

"ချန်လော့ပိုင်" ယွမ်စုန်း သူ့ထိုင်ခုံကို ကန်လိုက်သည်။ "မင်းရဲ့ အတန်းဖော်မလေး စာပို့လာပြီ၊ လီမွန်သကြားလုံးက သူ မဟုတ်လား"

ကျောက်ရွှယ်ခယ် တစ်ဖက်မှာ ထိုင်နေပြီး လူတွေနဲ့ စကားပြောဖို့ ပြင်နေတဲ့ ကောင်လေး ချက်ချင်း ခေါင်းငုံ့ပြီး ဖုန်းယူလိုက်တာ တွေ့လိုက်ရသည်။ မျက်နှာပေါ်က ပျင်းရိရိ ပုံစံလေး ချက်ချင်း ပျောက်သွားပြီး အပြုံးတွေက နူးညံ့သွားသည်။

ချန်လော့ပိုင် ထွက်မလာခင် သူမကို ပြောခဲ့ပေမယ့် သူမ တကယ် စာပို့လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ချက်ချင်း မျက်လွှာချပြီး ဖုန်း Lock ဖွင့်လိုက်သည်။

လီမွန်သကြားလုံး - [ညနေက ငါတို့ကို လာကြိုတဲ့ ကောင်လေး နာမည် ဘယ်သူလဲဟင်]

ချန်လော့ပိုင် သကြားလုံးစက္ကူကို ဆုပ်ကိုင်ထားတဲ့ လက် တင်းခနဲ ဖြစ်သွားသည်။ စက္ကူသံ တရှပ်ရှပ် မြည်သွားသည်။

သူ ဒေါသထွက်လွန်းလို့ ရယ်လိုက်မိပြီး စာပြန်လိုက်သည်။

[နင် ငါ့ကို ပထမဆုံးအကြိမ် ဦးဆောင်ပြီး စာပို့တာက တခြားကောင်လေး နာမည်မေးဖို့လား]

လီမွန်သကြားလုံး - [ငါ ပြောလို့ မပြီးသေးပါဘူး]

လီမွန်သကြားလုံး - [ရှောင်ဝမ်က သူ့ကို စိတ်ဝင်စားနေလို့၊ နင် သူ့ WeChat တောင်းပေးလို့ရမလား မေးခိုင်းလို့ပါ]

ချန်လော့ပိုင် သူမရဲ့ အရင်မက်ဆေ့ခ်ျကို ငုံ့ကြည့်လိုက်သည်။

ဘာကြောင့်မှန်းမသိ၊ သူမ ဒီစကားပြောမယ့် လေသံကို မြင်ယောင်နေမိသည်။

သူ သူမအသံကို ရုတ်တရက် ကြားချင်လာသည်။

ချန်လော့ပိုင် ထိုင်ရာက ထလိုက်သည်။

"ဟင်းရောက်လာရင် အရင်စားနှင့်ကြ၊ ငါ အပြင်ထွက်ပြီး ဖုန်းဆက်လိုက်ဦးမယ်"

သူက "သူမ" က ဘယ်သူလဲဆိုတာ မပြောပေမယ့် အားလုံးက သိနေကြသည်။

"အခုကတည်းက စစ်ဆေးရေးဝင်နေပြီလား" စီနီယာအစ်ကိုတစ်ယောက်က စနောက်လိုက်သည်။

ချန်လော့ပိုင် သကြားလုံးစက္ကူကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ရယ်လိုက်သည်။

"မဟုတ်ပါဘူး၊ သူ ငါ့ကို ကိစ္စရှိလို့ ရှာတာပါ။ သူသာ စစ်ဆေးချင်ရင် ငါ ဝမ်းသာအားရ လက်ခံမှာပေါ့"

ကျောက်ရွှယ်ခယ် မျက်နှာ ဖြူဖျော့သွားသည်။

ကောင်လေးက ထိုင်ခုံရွှေ့ပြီး ဖုန်းကိုင်ကာ အခန်းထဲက ထွက်သွားသည်။ တစ်ချက်တောင် လှည့်မကြည့်ဘူး။

ဘေးက စီနီယာအစ်ကိုတစ်ယောက်က အချိုရည်တစ်ခွက် ငှဲ့ပေးပြီး နှစ်သိမ့်လိုက်သည်။

"ထားလိုက်ပါတော့"

ကျောက်ရွှယ်ခယ် - "......"

မထားလိုက်လို့လည်း ဘာတတ်နိုင်မှာလဲ။

ခုနကတင် မဟုတ်ပါဘူး၊ ကျောင်းဖွင့်ကတည်းက သူ သူမကို လုံးဝ သတိမထားမိခဲ့ပါဘူး။

....

ချန်လော့ပိုင် အခန်းထဲက ကြားဖြတ်အဖြစ်အပျက်ကို မသိပါဘူး။ သူ အပြင်ထွက်ပြီး လူရှင်းတဲ့နေရာရှာကာ ဖုန်းခေါ်လိုက်သည်။

ဟိုဘက်က ချက်ချင်း ကိုင်လိုက်သည်။ မိန်းကလေးရဲ့ နူးညံ့တဲ့အသံ ထွက်ပေါ်လာသည်။ အံ့ဩနေပုံရသည်။

"ဘာလို့ ရုတ်တရက် ဖုန်းခေါ်လိုက်တာလဲ"

"ခေါ်လို့ မရဘူးလား" ချန်လော့ပိုင် အသံတိုးတိုးဖြင့် မေးလိုက်သည်။

မိန်းကလေးက ခဏတိတ်ဆိတ်နေပြီး အသံက နူးညံ့နေဆဲ။

"မရဘူးလို့ မပြောပါဘူး"

ချန်လော့ပိုင် ရင်ထဲက တစ်နေရာရာကို အကုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူမကို ဖုန်းခေါ်မိတာ နောင်တရသွားသလိုပဲ။ သူ မူလခေါင်းစဉ်ကို ပြန်လှည့်လိုက်သည်။

"ရှန့်ရှောင်ဝမ်က ကျိုးချင်းဆွေရဲ့ WeChat လိုချင်တာမလား"

ကျိုးအန်းရန် - "သူမက ညနေက ငါတို့ကို လာကြိုတဲ့ ကောင်လေးရဲ့ WeChat လိုချင်တာ၊ သူ့နာမည်က ကျိုးချင်းဆွေလား"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။

"နင် သူ့ကို အရင်မေးကြည့်ပါဦး၊ အတည်လားဆိုတာ။ ကျိုးချင်းဆွေရဲ့ မိသားစုအခြေအနေ သိပ်မကောင်းဘူး၊ နေ့တိုင်း တစ်မိနစ်ကို နှစ်မိနစ်စာ ခွဲသုံးချင်နေတဲ့သူ။ သူ ကစားချင်ရုံသက်သက်ဆိုရင် သွားမရှုပ်ပါနဲ့"

ကျိုးအန်းရန် - "ဒါဆို ငါ မေးကြည့်လိုက်ဦးမယ်"

ဖုန်းကို သူမ အဝေးပို့လိုက်သလိုပဲ အသံက ဝိုးတဝါး ဖြစ်သွားသည်။

စက္ကန့်အနည်းငယ်ကြာမှ နားထဲ ပြန်ရောက်လာသည်။

"သူပြောတာ အတည်ပါတဲ့။ ဒါပေမဲ့ အခုချက်ချင်း အတည်လို့ပြောရင်လည်း နင် ယုံမှာမဟုတ်ဘူးလေ။ သူက WeChat အရင်တောင်းပြီး လေ့လာကြည့်ချင်တာပါတဲ့"

"ကောင်းပြီ" ချန်လော့ပိုင် လက်ခံလိုက်သည်။ "ငါ ခဏနေ မေးပေးမယ်"

ဖုန်းကို သူမ အဝေးပို့လိုက်ပြန်သည်။

နှစ်စက္ကန့်ကြာတော့ အသံတိုးတိုးလေး ထပ်ကြားရသည်။

"အခု ချက်ချင်း မေးပေးလို့ ရမလားဟင်"

ချန်လော့ပိုင် နားရွက် ယားသွားပြန်သည်။

"အခု မေးပေးရင် ငါ ဘာအကျိုးအမြတ်ရမှာလဲ"

"ဟင်..." မိန်းကလေးက အံ့ဩသွားပုံရသည်။ "နင် ဘာအကျိုးအမြတ် လိုချင်လို့လဲ"

ချန်လော့ပိုင် သူမကို စချင်သွားသည်။ သူ တကယ်လိုချင်တဲ့ အကျိုးအမြတ်ကို အခု ပြောပြလို့ မဖြစ်သေးဘူး။ အခုပြောလိုက်ရင် သူမ လန့်သွားလိမ့်မယ်။

"အကြွေးမှတ်ထားလိုက်မယ်" သူ အသံနှိမ့်ပြီး စလိုက်သည်။ "စဉ်းစားမိမှ ပြောပြမယ်"

တစ်စက္ကန့် တိတ်ဆိတ်သွားသည်။

သူမအသံ ပြန်ထွက်လာသည်။

"ကောင်းပြီလေ"

လိမ္မာလိုက်တာ။

ချန်လော့ပိုင် အိတ်ကပ်ထဲမှာ သကြားလုံးစက္ကူကို ဆုပ်ကိုင်ထားတဲ့လက်က တင်းခနဲဖြစ်သွားသည်။ နံရံကိုမှီပြီး မျက်လုံးမှိတ်လိုက်သည်။ ကျန်လက်တစ်ဖက်ကို အိတ်ကပ်ထဲက ထုတ်ပြီး ဖုန်းမိုက်ကရိုဖုန်းကို အုပ်လိုက်သည်။ ရှားရှားပါးပါး လေသံတိုးတိုးနဲ့ ဆဲလိုက်မိသည်။

"ဒါဆို အခု မေးပေးလို့ ရပြီလား" သူမ ထပ်ပြီး တိုးတိုးလေး မေးလိုက်သည်။

ချန်လော့ပိုင် မိုက်ကရိုဖုန်းအုပ်ထားတဲ့လက်ကို ဖယ်လိုက်သည်။

"ရပြီ... ဖုန်းချလိုက်တော့၊ စောင့်နေ"

....

ကန်တင်းထဲတွင်။

ရှန့်ရှောင်ဝမ်က ကျိုးအန်းရန် ဖုန်းချလိုက်တာ မြင်တော့ မေးလိုက်သည်။

"သူ မေးပေးမယ်တဲ့လား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နင် ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာလဲ"

"အစောကြီး သိရတာနဲ့၊ နောက်ကျမှ သိရတာ အတူတူပဲဟာ၊ စောစော အဖြေသိရတာ ပိုကောင်းတာပေါ့" ရှန့်ရှောင်ဝမ် ပြောရင်း သူမကို ကြည့်လိုက်သည်။ "ဒါပေမဲ့ ငါတို့ ကျောင်းသားချောလေးချန်က မိန်းကလေးစကားကို ဒီလောက် လိမ်လိမ်မာမာ နားထောင်တတ်လိမ့်မယ်လို့ မထင်ထားဘူး"

ကျိုးအန်းရန် - "......"

သူက သူမစကားကို လိမ်လိမ်မာမာ နားထောင်တာမှ မဟုတ်တာ။ သူမက အကျိုးအမြတ်နဲ့ လဲလိုက်ရတာလေ။

ဒါပေမဲ့ ရှန့်ရှောင်ဝမ်နဲ့ ယန်ရှင်းချန်တို့ ဒီအချက်ကို သတိမထားမိတာ ကံကောင်းတယ်။ သူမလည်း သူတို့ကို စာမဖွဲ့ပြချင်ဘူး။ ပြောပြလိုက်ရင် အစခံရုံပဲ ရှိမှာ။

သူ ဘာအကျိုးအမြတ် လိုချင်လဲဆိုတာပဲ မသိတာ။

ခဏကြာတော့ ကျိုးအန်းရန် ဖုန်း မြည်လာသည်။

ဒီတစ်ခါ သူ ဖုန်းမဆက်တော့ဘူး။ မက်ဆေ့ခ်ျ ပို့လာတယ်။

C - [သူပြောတာ အခု တကယ် မအားသေးသလို၊ စိတ်လည်း မပါသေးဘူးတဲ့၊ အချိန်မကုန်စေချင်ဘူးတဲ့]

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

ရှန့်ရှောင်ဝမ်က သူမတုံ့ပြန်ပုံကိုကြည့်ပြီး ခန့်မှန်းလိုက်သည်။

"ချန်လော့ပိုင်ဆီက မက်ဆေ့ခ်ျလား။ ကျိုးချင်းဆွေဆိုတဲ့ ကောင်လေးက ငြင်းလိုက်တာလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်ပြီး ဖုန်းကမ်းပေးလိုက်သည်။ သူမလက်ကို လှမ်းချိတ်လိုက်သည်။

"နင် ဝမ်းမနည်းပါနဲ့နော်"

"စိတ်ပျက်တာတော့ ရှိတာပေါ့။ ဒါပေမဲ့ မျှော်လင့်ထားပြီးသားပါ" ရှန့်ရှောင်ဝမ်က ချန်လော့ပိုင် ပြောတုန်းက သူက တစ်မိနစ်ကို နှစ်မိနစ်စာ ခွဲသုံးချင်နေတဲ့သူဆိုတာ ကြားကတည်းက ကြိုတွေးထားပြီးသား။ သူမ ဖုန်းပြန်ပေးလိုက်သည်။ "ဝမ်းနည်းတဲ့အထိ မရောက်ပါဘူး၊ တစ်ခေါက်လေးပဲ တွေ့ဖူးတာကို"

ကျိုးအန်းရန် - "ဒါဆို တော်သေးတာပေါ့"

ရှန့်ရှောင်ဝမ်က သူမပါးကို ဆွဲလိုက်ပြီး ရယ်မောကာ စနောက်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အခွင့်အရေး ရှိပါသေးတယ်။ နောက်တစ်ခါ ငါတို့ လာလည်ရင် ချန်လော့ပိုင်က ငါတို့ကို ထမင်းလိုက်ကျွေးရတော့မှာပဲလေ"

ယန်ရှင်းချန် ဝင်ပြောသည်။

"ငါ့အမြင်တော့ ငါတို့ နောက်တစ်ပတ် လာရင်တောင် အဲဒီထမင်းတစ်နပ် စားရလောက်ပြီ ထင်တယ်"

ကျိုးအန်းရန် - "......"

ရှန့်ရှောင်ဝမ် - "အဲဒီကျရင် သူ့ကို အခန်းဖော်ပါ ခေါ်လာလို့ရမလား မေးကြည့်ပေးလေ"

"ကောင်းပြီ" ကျိုးအန်းရန် လက်ခံလိုက်သည်။

....

ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်တို့က လာရခဲလို့ အလျင်စလို ပြန်မသွားကြဘူး။ နောက်တစ်နေ့မနက်မှာ ကျိုးအန်းရန်နဲ့အတူ A တက္ကသိုလ်အနှံ့ လျှောက်လည်ကြသည်။ ညနေပိုင်းကျမှ ဟိုတယ်မှာ ရသစုံရှိုးကြည့်ရင်း စကားပြောကြသည်။ ညစာစားပြီးမှ ကျောင်းပြန်သွားကြသည်။

သူတို့ကို မြေအောက်ရထားဘူတာရုံ လိုက်ပို့ပြီးနောက် ကျိုးအန်းရန်က ကျောင်းပြင်ပမှာ အခန်းဖော်တွေအတွက် မစ်တီးဝယ်လာခဲ့သည်။

ကျောင်းပြင်ကနေ အဆောင်အထိ လမ်းလျှောက်ပြန်လာတော့ အခန်းထဲမှာ ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင် ရှိနေတာ တွေ့လိုက်ရသည်။ နှစ်ယောက်သား ရှဲ့ကျင့်ယွီစားပွဲမှာ ခေါင်းချင်းဆိုင်ပြီး စကားပြောနေကြသည်။ သူမ ဝင်လာတာမြင်တော့ နှစ်ယောက်လုံး အသံတိတ်သွားကြသည်။ သူမကို မော့ကြည့်လိုက်တော့ ပြောချင်ပေမယ့် မပြောရဲဖြစ်နေတဲ့ ပုံစံမျိုး။

"ဘာဖြစ်လို့လဲ" ကျိုးအန်းရန် မစ်တီးကို သူတို့စားပွဲပေါ် တင်ပေးလိုက်သည်။

ပိုင်လင်းယွင်က ရှဲ့ကျင့်ယွီကို တွန်းလိုက်သည်။

"နင် ပြောလိုက်"

ရှဲ့ကျင့်ယွီက ပိုင်လင်းယွင်ကို ပြန်တွန်းသည်။

"နင်ပဲ ပြောလိုက်ပါ"

ကျိုးအန်းရန် သူတို့ အခက်တွေ့နေတဲ့ပုံကိုကြည့်ပြီး ခန့်မှန်းလိုက်သည်။

"ငါနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လို့လား"

ချန်လော့ပိုင်ကို တစ်ယောက်ယောက်က လူပုံအလယ်မှာ ထပ်ဖွင့်ပြောပြန်ပြီလား။

ဒါပေမဲ့ သူ့စရိုက်နဲ့ဆိုရင် လက်ခံမှာ မဟုတ်ပါဘူး။

ဒါဆို သူ တခြားကိစ္စ တစ်ခုခု ဖြစ်လို့လား။

ကျိုးအန်းရန် စိတ်ပူလာသည်။

ရှဲ့ကျင့်ယွီ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့... ငါပဲ ပြောလိုက်ပါ့မယ်။ ငါတို့ နင်နဲ့ပတ်သက်တဲ့ ကောလာဟလ တစ်ခု ကြားလိုက်ရလို့"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၁ ။ ဆိုဒါ : ကောလာဟလ

ရှဲ့ကျင့်ယွီ ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

"နင်က ချန်လော့ပိုင်ကိုရော၊ ရူပဗေဒဌာနက ကောင်ချောလေးကိုရော တစ်ပြိုင်တည်း ကြိုးကိုင်ထားတယ်ဆိုတဲ့ ကောလာဟလ ထွက်နေတယ်။ ပြီးတော့ တုယိကျိုးနဲ့လည်း ရှုပ်နေတယ်တဲ့"

တကယ်တော့ သူမကြားထားတာတွေက ဒီထက် ပိုရိုင်းပါတယ်။ ရှဲ့ကျင့်ယွီက အားနာလို့ ထည့်မပြောတာ။

ကျိုးအန်းရန် စိတ်အေးသွားသည်။

ပိုင်လင်းယွင်က သူမပုံစံကိုကြည့်ပြီး မေးလိုက်သည်။

"နင်က ဘာလို့ စိတ်အေးသွားတဲ့ပုံ ပေါက်နေတာလဲ"

ကျိုးအန်းရန် မလိမ်တော့ဘူး။

"နင်တို့က ချန်လော့ပိုင်နဲ့ပတ်သက်တဲ့ သတင်းဆိုးတစ်ခုခုပြောမလို့ ထင်နေတာ"

ရှဲ့ကျင့်ယွီ - "......"

"နင် သူ့အကြောင်း စိတ်ပူမနေနဲ့တော့၊ ကိုယ့်အကြောင်းကိုယ် စိတ်ပူစမ်းပါ။ ဒီကောလာဟလတွေက မမှန်ဘူးဆိုတာ သိပေမယ့် အလုပ်ရှုပ်စေတာတော့ အမှန်ပဲ။ တစ်ဖက်က ရှင်းရခက်သလို၊ ပျံ့နှံ့သွားရင် နင့်နာမည်ဂုဏ်သတင်းလည်း ထိခိုက်နိုင်တယ်"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ငါ သိပါတယ်၊ ဘယ်က စထွက်တာလဲ သိလား"

"မသိဘူး" ရှဲ့ကျင့်ယွီ ခေါင်းခါသည်။ "တမင်သက်သက် လုပ်တာလားတော့ မသိဘူး၊ အွန်လိုင်းပေါ်မှာတော့ မတင်ထားဘူး။ တကယ်လို့ တမင်လုပ်တာဆိုရင်တော့ တော်တော်ဉာဏ်ကောင်းတာပဲ။ အရင်းအမြစ် ရှာရခက်သွားပြီ။ ဒါပေမဲ့ အွန်လိုင်းပေါ်မရောက်လို့ သိပ်မပျံ့သေးဘူး။ ငါတို့ဌာနထဲမှာပဲ ပျံ့နေတာ။ ငါတို့ဌာနက လူတစ်ယောက်ယောက် ဖြစ်လောက်တယ်"

"နင်မလာခင်က ငါတို့နှစ်ယောက် ဘယ်သူဖြစ်မလဲဆိုတာ ဆွေးနွေးနေကြတာ။ နင်က ဘယ်သူ့ကိုမှလည်း ရန်စဖူးတာ မဟုတ်ဘဲနဲ့" ပိုင်လင်းယွင် တစ်ခုခု သတိရသွားပုံရသည်။ "ဟယ်... နျဲ့ကျစ်ကျန်း ဖြစ်နိုင်မလား။ သူက တစ်ခါတုန်းက နင့်ကို ဒီလိုမျိုး လာပြောဖူးတယ်မလား"

ရှဲ့ကျင့်ယွီ စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။

"သူတော့ မဖြစ်နိုင်လောက်ဘူး။ ငါ ကြုံဖူးသလောက်ဆိုရင် သူက ပါးစပ်သရမ်းပေမယ့် စိတ်ရင်းမဆိုးပါဘူး"

"ဒါဆို ချန်လော့ပိုင်ကို ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ယောက်ဖြစ်မလား" ပိုင်လင်းယွင် ထပ်ခန့်မှန်းသည်။

"ကောင်လေးတစ်ယောက်ယောက်လည်း ဖြစ်နိုင်တာပဲ။ ရန်ရန် ငြင်းခဲ့တဲ့ ကောင်လေးတွေ နည်းတာမှ မဟုတ်တာ။ တချို့ကောင်လေးတွေက မိန်းကလေးတွေထက်တောင် အတင်းအဖျင်း ပြောတတ်သေးတယ်၊ သဘောထားလည်း သေးသိမ်တယ်" ရှဲ့ကျင့်ယွီက ပြောရင်း ကျိုးအန်းရန်ကို ကြည့်လိုက်သည်။ "ရန်ရန်... ချန်လော့ပိုင်ကို ပြောပြလိုက်ပါလား၊ သူ နည်းလမ်းရှာပေးနိုင်မလားလို့လေ"

ကျိုးအန်းရန် တွန့်ဆုတ်နေပြီးမှ ခေါင်းခါလိုက်သည်။

"သူက ပြီးခဲ့တဲ့ရက်ပိုင်းက ဘောလုံးလေ့ကျင့်နေရလို့ အိမ်စာတွေ ပုံနေတာ၊ ဒီနေ့ အိမ်စာတွေ လိုက်လုပ်နေရတာ။ ထားလိုက်ပါတော့"

"ကောင်းပြီလေ" ရှဲ့ကျင့်ယွီက ပြောသည်။ "တကယ်တော့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်"

ကျိုးအန်းရန် - "ဘာနည်းလမ်းလဲ"

ရှဲ့ကျင့်ယွီ မျက်စိမှိတ်ပြလိုက်သည်။

"နင် ချန်လော့ပိုင်နဲ့ တွဲနေပါပြီဆိုပြီး တရားဝင်ကြေညာလိုက်လေ။ ငါတို့ ကျောင်းသားချောလေးရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် တစ်ကျောင်းလုံး ပျံ့သွားပြီး ဒီကောလာဟလတွေ သူ့အလိုလို ပျောက်သွားမှာပဲ"

ကျိုးအန်းရန် - "......"

ဒါ ဘာနည်းလမ်းလဲ။

"နင်တို့ပဲ မစ်တီးသောက်လိုက်ကြတော့၊ ငါ စာသွားဖတ်တော့မယ်"

ပိုင်လင်းယွင်က သူမကို ဆွဲထားလိုက်သည်။

"မသွားပါနဲ့ဦး၊ မနေ့ညက နင် ပြန်မလာတော့ ငါတို့ မမေးလိုက်ရဘူး။ မနေ့ညနေက ချန်လော့ပိုင်က ကွင်းထဲမှာ နင့်ကို ဘာပြောလိုက်တာလဲ။ ကြည့်ရတာ နင့်ကို နမ်းလိုက်သလိုပဲ"

"မနမ်းပါဘူး၊ စကားတစ်ခွန်း လာပြောတာပါ" ကျိုးအန်းရန် မျက်နှာပူသွားသည်။ မနေ့ညက ယန်ရှင်းချန်တို့ စစ်ဆေးမေးမြန်းတာ ခံထားရပြီးပြီ၊ အဆောင်ပြန်ရောက်တော့ နောက်တစ်ကြိမ် ထပ်အစစ်ဆေးခံရမယ်လို့ မထင်ထားဘူး။ သူမ မစ်တီးဖောက်ပေးပြီး သူတို့ပါးစပ်ထဲ အတင်းထိုးထည့်ပေးလိုက်သည်။ "နင်တို့ မသောက်ရင် အေးကုန်တော့မယ်"

ရှဲ့ကျင့်ယွီ ရယ်မောလိုက်သည်။

"ကောင်းပြီလေ... မစ်တီးကို ထောက်ထားပြီး ဒီညတော့ လွှတ်ပေးလိုက်မယ်"

ကျိုးအန်းရန်လည်း ကိုယ့်နေရာကိုယ် ပြန်ပြေးသွားသည်။

စာအုပ်ဖွင့်ပြီး စာဖတ်ဖို့ ပြင်တုန်း တံခါးခေါက်သံ ကြားလိုက်ရသည်။

ကျိုးအန်းရန်က တံခါးနဲ့ အနီးဆုံးမို့ သွားဖွင့်ပေးလိုက်သည်။

"ဘယ်သူလဲ"

"ငါပါ" နျဲ့ကျစ်ကျန်း ရပ်နေသည်။ "နင့်ကို လာပြောတာပါ၊ နင့်ကောလာဟလက ငါလွှင့်တာ မဟုတ်ဘူးနော်"

ကျိုးအန်းရန် မျက်မှောင်ကြုတ်လိုက်သည်။

နျဲ့ကျစ်ကျန်းလည်း သိသွားပြီလား။

ဒီကောလာဟလက သူမထင်ထားတာထက် ပိုကျယ်ပြန့်နေပုံရသည်။

"ကျိုးအန်းရန်... နင် မျက်မှောင်ကြုတ်တာ ဘာသဘောလဲ။ ငါ့ကို မယုံလို့လား" နျဲ့ကျစ်ကျန်းက သူမကို ကြည့်လိုက်သည်။ "ငါ ပြောမယ်... နင် ငါ့ကို မရင်းနှီးလို့ ငါ့စိတ်ရင်းကို မယုံတာ လက်ခံနိုင်ပေမယ့်၊ ငါ့ဉာဏ်ရည်ကိုတော့ သံသယမဝင်ပါနဲ့။ ငါတို့အားလုံး A တက္ကသိုလ် ဝင်ခွင့်ရထားတဲ့သူတွေပဲ။ ငါသာ နောက်ကွယ်ကနေ ကောလာဟလ လွှင့်ချင်ရင် နင့်ကို မျက်နှာချင်းဆိုင်လာပြီး ရန်စပါ့မလား။ အဲဒါက ငါ့ကို သံသယဝင်အောင် သက်သေပြနေသလို ဖြစ်မနေဘူးလား။ ငါ အဲဒီလောက် မတုံးပါဘူး"

ကျိုးအန်းရန် သူမကို ချစ်ဖို့ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။

"မယုံတာ မဟုတ်ပါဘူး၊ ကျင့်ယီကလည်း နင်မဟုတ်လောက်ဘူးလို့ ပြောတယ်။ သူက နင် စိတ်ရင်းကောင်းတယ်လို့ ပြောတယ်"

နျဲ့ကျစ်ကျန်း သက်ပြင်းချလိုက်သည်။

"တော်သေးတာပေါ့၊ နောက်ကွယ်ကနေ အတင်းပြောတာမျိုး ငါ ဘယ်တုန်းကမှ မလုပ်ဖူးဘူး"

သူမ အထဲကို လှမ်းကြည့်လိုက်သည်။

"ရှဲ့ကျင့်ယွီ... ကျေးဇူးပဲနော်၊ နောက်တစ်ခါ မစ်တီးဝယ်တိုက်မယ်"

"ရပါတယ်" ရှဲ့ကျင့်ယွီလည်း အားမနာပေ။

....

နျဲ့ကျစ်ကျန်း ထွက်သွားပြီးနောက် ကျိုးအန်းရန် နေရာပြန်ထိုင်ပေမယ့် စာတစ်လုံးမှ ခေါင်းထဲ မဝင်ဘူး။

ဒီလိုကောလာဟလမျိုး ပထမဆုံးအကြိမ် ကြုံဖူးတာမို့ လုံးဝ ဂရုမစိုက်ဘူး၊ ဝမ်းမနည်းဘူးဆိုရင်တော့ မဖြစ်နိုင်ပါဘူး။

ကျိုးအန်းရန် WeChat ဖွင့်လိုက်ပြီး ချန်လော့ပိုင်ရဲ့ Chat box ကို ဖွင့်ကာ ဒီရက်ပိုင်းပြောထားတဲ့ စာတွေကို ပြန်ဖတ်ကြည့်လိုက်တော့ စိတ်ပြန်ငြိမ်သွားသည်။

ဖုန်းကိုင်ပြီး စားပွဲပေါ်မှောက်ကာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားနေမိသည်။ အရင်းအမြစ်ကိုသိရင် ဥပဒေအရ ဖြေရှင်းလို့ရပေမယ့်၊ အခုက ဘယ်ကစလဲမသိတော့ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

ည ၉ နာရီလောက်ကျတော့ ဖုန်းမြည်လာသည်။

ချန်လော့ပိုင် အိမ်စာလုပ်ပြီးပြီထင်လို့ အမြန်ကိုင်လိုက်တော့ ဟယ်မင်ယွီ ဖြစ်နေသည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ဖုန်းကိုင်ပြီး ဝရန်တာ ထွက်လိုက်သည်။

ဟယ်မင်ယွီလေသံကလည်း တွန့်ဆုတ်နေသည်။

"ငါ ကောလာဟလတချို့ ကြားလိုက်လို့"

ကျိုးအန်းရန် မျက်မှောင်ကြုတ်လိုက်သည်။

"နင်တို့ဌာနအထိ ရောက်သွားပြီလား"

"မရောက်ပါဘူး၊ ငါက နင်တို့အတန်းက ကောင်လေးတွေ အဆောင်မှာ ရောက်နေတာ။ ပြီးခဲ့တဲ့တစ်ခေါက် စာလာနားထောင်တုန်းက ခင်သွားတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ရောက်နေတာ" ဟယ်မင်ယွီက ရှင်းပြပြီး မေးလိုက်သည်။ "နင် သိပြီးပြီလား"

ကျိုးအန်းရန် "အင်း" ဟု ဖြေသည်။

ဟယ်မင်ယွီက တောင်းပန်လိုက်သည်။

"ဆောရီးပါ... ငါကြောင့် နင့်ကို ဒုက္ခရောက်စေမယ်လို့ မထင်ထားဘူး"

ကျိုးအန်းရန် လက်ရန်းကို မှီလိုက်သည်။

"နင် တောင်းပန်စရာ မလိုပါဘူး၊ နင့်ကို ပါအောင် ဆွဲထည့်မိလို့ ငါတောင် အားနာနေတာ။ တောင်းပန်ရမှာက ကောလာဟလ လွှင့်တဲ့သူပါ"

"ကျိုးအန်းရန်" ဟယ်မင်ယွီ ရုတ်တရက် ခေါ်လိုက်သည်။

ကျိုးအန်းရန် - "ဘာဖြစ်လို့လဲ"

"နင်..." ဟယ်မင်ယွီ စကားရပ်သွားသည်။ "ငါ..."

စကားတစ်လုံး ပြောပြီး ရပ်သွားပြန်သည်။

"နင် ဘာဖြစ်လို့လဲ" ကျိုးအန်းရန် မေးလိုက်သည်။

ဟယ်မင်ယွီ ပြန်မဖြေနိုင်သေးခင်မှာပဲ တခြားဘက်က ကောင်လေးတစ်ယောက်အသံ ထွက်ပေါ်လာသည်။ အသံနည်းနည်း ကျယ်လို့ ဖုန်းထဲကနေ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"မင်းရဲ့ ဥပဒေပညာဌာနက သူငယ်ချင်း၊ ငါတို့ကျောင်းရဲ့ ကျောင်းသားချောလေး၊ နာမည်က ချန်လော့ပိုင် မလား။ သူက ကျိုးအန်းရန်အတွက်နဲ့ ငါတို့ဌာနက စီနီယာအစ်ကိုတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်၊ အပေါ်ထပ် အဆောင်မှာ"

ကျိုးအန်းရန် ဖုန်းကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။

"ချန်လော့ပိုင်က လူတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်လို့ ပြောလိုက်တာလား"

ဟယ်မင်ယွီ - "ဟုတ်တယ်"

သူက "နင် စိတ်မပူနဲ့၊ ငါ သွားကြည့်ပေးမယ်" လို့ ပြောမလို့ လုပ်တုန်း ဟိုဘက်က မိန်းကလေးက အလောတကြီး ဖြတ်ပြောလိုက်သည်။

"ဆောရီးပါ... ငါ ဖုန်းချလိုက်တော့မယ်"

ဖုန်းကျသွားတဲ့ အသံကြားတော့ ဟယ်မင်ယွီ မျက်လွှာချလိုက်သည်။ ခုနက ပြောမထွက်ခဲ့တဲ့ စကားတွေကို ဆက်ပြောဖို့ မလိုတော့ဘူးလို့ ခံစားလိုက်ရသည်။

ဝရန်တာကို အပြေးရောက်လာတဲ့ ကောင်လေးက သူ့ပုံစံမမှန်တာ သတိထားမိပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး" ဟယ်မင်ယွီ မော့ကြည့်လိုက်သည်။ "မင်း ခုနက ပြောတာ ချန်လော့ပိုင်က နင်တို့ဌာနက စီနီယာအစ်ကိုနဲ့ ရန်ဖြစ်နေတယ် ဟုတ်လား"

"ရန်ဖြစ်လုနီးပါး ဖြစ်သွားတာ၊ မဖြစ်လိုက်ပါဘူး၊ ချန်လော့ပိုင် အခန်းဖော်က တားထားလိုက်လို့"

....

ချန်လော့ပိုင်ဘက်မှာ တကယ် ရန်မဖြစ်လိုက်ပါဘူး။

ယွမ်စုန်းနဲ့ ကျိုးချင်းဆွေတို့ ပါလာကြသည်။

အခန်းထဲ ဝင်ဝင်ချင်း ယွမ်စုန်းက အနောက်ကနေ ဆွဲထားသည်။ ကျိုးချင်းဆွေက အရှေ့ကနေ ကာထားသည်။ မျက်နှာက တည်ငြိမ်နေပြီး အလေးအနက် ပြောလိုက်သည်။

"မင်း ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်ရင် မင်းဘက်က မှားသွားလိမ့်မယ်"

ချန်လော့ပိုင် မျက်လုံးမှိတ်လိုက်ပြီး စိတ်ဆတ်တာကို အတင်းဖိနှိပ်လိုက်သည်။ လက်သီးဆုပ်ထားတဲ့ လက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပြီး အနောက်ကလူကို ပြောလိုက်သည်။

"ယွမ်စုန်း... လွှတ်လိုက်"

"အေးဆေး ပြောကြတာပေါ့ကွာ" ယွမ်စုန်း မလွှတ်ဘူး။ "ကျုရန် ပြောဖူးတယ်မလား၊ ရန်ဖြစ်တာက အရှုံးအများဆုံး ကိစ္စပဲလို့"

"ရန်မဖြစ်ပါဘူး" ချန်လော့ပိုင် စိတ်ဆိုးရမလား၊ ရယ်ရမလား မသိတော့ဘူး။ "လွှတ်ပါ... ငါ ဖုန်းယူမလို့"

ယွမ်စုန်း မယုံချင်ယုံချင်နဲ့ လွှတ်ပေးလိုက်သည်။

ဝင်လာတုန်းက ချန်လော့ပိုင် မျက်နှာထားက တကယ်ကို လူသတ်ချင်နေတဲ့ ရုပ်ပေါက်နေတာ။ တစ်ဖက်လူကို အသေထိုးကြိတ်ချင်နေတဲ့ ပုံစံမျိုး။ သူက ကျိုးချင်းဆွေကို မျက်စိမှိတ်ပြလိုက်မှ ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။

ချန်လော့ပိုင် ဖုန်းထုတ်လိုက်ပြီး အခန်းပိုင်ရှင် ကောင်လေးတစ်ယောက်ကို အေးစက်စက် ကြည့်ကာ အသံဖိုင်တစ်ခု ဖွင့်ပြလိုက်သည်။

"ဒါ ခင်ဗျားပြောထားတာ မဟုတ်လား"

အသံဖိုင်ထဲမှာ ဆူညံသံတချို့ ထွက်ပေါ်လာပြီးနောက် ယောကျ်ားလေးအသံတစ်ခု ထွက်ပေါ်လာသည်။

"ကျိုးအန်းရန်က ရုပ်လေးပဲ သန့်တာ၊ ချန်လော့ပိုင်နဲ့ ရူပဗေဒဌာနက ကောင်လေးကို မြှူဆွယ်ထားရုံမကဘူး၊ တုယိကျိုးနဲ့လည်း ရှုပ်နေသေးတယ်။ တုယိကျိုးက ရည်းစားရပြီး တစ်ရက်မကြာခင် ကုတင်ပေါ် ခေါ်တင်တတ်တာ ဘယ်သူမသိလို့လဲ..."

နောက်ဆက်တွဲ စကားလုံးတွေက နားထောင်ရဆိုးလွန်းလို့ ချန်လော့ပိုင် ပိတ်လိုက်သည်။

ကုန်းယုံလျန်က အသံဖိုင်ထဲက ကိုယ့်အသံကို ကြားတော့ မျက်နှာပျက်သွားသည်။ ဘေးနားက ဖူရှောင်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။

"မင်း အသံဖမ်းထားတာလား"

သူ အဲဒီစကားပြောတုန်းက ဖူရှောင်ဖုန်းပဲ ဘေးမှာ ရှိတာလေ။

ဖူရှောင်ဖုန်းက သူ ဒေါသထွက်နေတာမြင်တော့ နောက်ဆုတ်လိုက်သည်။

"သူက ယွီပင်းချင်ရဲ့ မောင်လေ၊ ငါ ပြဿနာ မရှာရဲဘူး။ ပြီးတော့ ညီမလေးကျိုးက WeChat မပေးရုံလေးကို မင်းက မိန်းကလေးတစ်ယောက်ကို ဒီလို လုပ်ကြံပြောဆိုတာ ငါလည်း ကြည့်မနေနိုင်လို့"

ကုန်းယုံလျန် - "မင်း..."

"ခင်ဗျားတို့ ရန်ငြိုးကို နောက်မှ ရှင်းကြ" ချန်လော့ပိုင် ဖြတ်ပြောလိုက်သည်။ လေသံက အေးစက်နေသည်။ "သူ့ကောလာဟလတွေကို ခင်ဗျား လွှင့်တာမလား"

ကုန်းယုံလျန် - "ဘာကောလာဟလလဲ၊ ငါ လွှင့်တယ်ဆိုတဲ့ သက်သေရှိလား"

"ကျွန်တော် ခင်ဗျားဆီ ရောက်အောင် လိုက်နိုင်တယ်ဆိုရင်၊ ခင်ဗျားကို သက်သေလာလုပ်ပေးမယ့်လူတွေကိုလည်း ခေါ်လာနိုင်တယ်။ ကျွန်တော် စကားအများကြီး မပြောချင်ဘူး။ ဖြေရှင်းနည်း နှစ်ခု ပေးမယ်"

"တစ်ခုက ခင်ဗျား သူမကို တောင်းပန်ပြီး၊ ခင်ဗျား ကောလာဟလ လွှင့်ခဲ့တဲ့လူတိုင်းကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြရမယ်"

"နှစ်က ဒီအသံဖိုင်ကိုယူပြီး ခင်ဗျားတို့ ဌာနမှူးဆီသွားမယ်၊ ပြီးတော့ ဥပဒေအရ ဆက်လုပ်မယ်"

သူက အရပ်ရှည်ပြီး မျက်နှာအသွင်အပြင် ထင်ရှားတော့ မျက်နှာတည်လိုက်တာနဲ့ အရှိန်အဝါ ကြီးမားသွားသည်။

ကုန်းယုံလျန် ကြောက်သွားသည်။ အတင်း စိတ်ငြိမ်အောင် ထားလိုက်သည်။

"မင်း ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ။ ကျိုးအန်းရန်က မင်းတို့အားလုံးနဲ့ ရင်းနှီးနေတာ အမှန်ပဲလေ။ ငါက အဲဒါကိုကြည့်ပြီး သုံးသပ်ပြလိုက်ရုံပါ၊ စကားနည်းနည်း လွန်သွားတာလောက်နဲ့ ဌာနမှူးဆီ သွားတိုင်လည်း အလွန်ဆုံး တောင်းပန်ခိုင်းရုံပဲရှိမှာ။ ဥပဒေအရ လုပ်မယ်ဆိုတာကတော့... မင်းတို့ ဥပဒေပညာသင်တာ ဘယ်လောက်ကြာပြီမို့လို့ ဒီစကားနဲ့ လာခြိမ်းခြောက်နေတာလဲ"

"ဒီအသံဖိုင်က သက်သေအထောက်အထားအဖြစ် သုံးလို့ရမလား မသေချာသေးဘူး။ သုံးလို့ရရင်တောင်မှ အလွန်ဆုံး ဂုဏ်သိက္ခာညှိုးနွမ်းစေမှုလောက်ပဲ စွဲလို့ရမှာ။ တရားစွဲရတာ ဘယ်လောက် အလုပ်ရှုပ်လဲဆိုတာ မင်းတို့ ငါ့ထက် ပိုသိမှာပါ။ လနဲ့ချီပြီး အချိန်ကုန်ခံနိုင်မှာလား၊ စာလုပ်ဖို့ အချိန်ကျန်ဦးမှာလား။ နိုင်ရင်တောင်မှ ငါက တောင်းပန်ရုံလောက်ပဲ လုပ်ရမှာ"

"ဒီလိုလုပ်ကွာ... ငါ့စကားတွေ လွန်သွားတာ မှန်ပါတယ်။ ငါ ညီမလေးကျိုးကို တောင်းပန်လိုက်မယ်၊ ဒါဆို ပြီးရောမလား"

"ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအပြင်၊ အသရေဖျက်မှုလည်း ရှိသေးတယ်။ ပြီးတော့..." ချန်လော့ပိုင်က လက်ပတ်နာရီကို လှည့်လိုက်ပြီး လှောင်ပြောင်သလို ပြောလိုက်သည်။ "...ငါ ကိုယ်တိုင် လုပ်မယ်လို့ ဘယ်သူ ပြောလဲ"

....

ကျိုးအန်းရန် ယောကျ်ားလေးအဆောင် ရောက်သွားတော့ ချန်လော့ပိုင် အဆောင်အောက်မှာ ရပ်နေတာ တွေ့လိုက်ရသည်။

သူမ အပြေးလာခဲ့တာမို့ ရုတ်တရက် သူ့ကို တွေ့လိုက်တော့ ခြေလှမ်းမထိန်းနိုင် ဖြစ်သွားသည်။

ချန်လော့ပိုင် လှမ်းထိန်းပေးလိုက်သည်။

"ဖြည်းဖြည်း"

ကျိုးအန်းရန် အပြေးလာလို့ ရင်ခုန်မြန်နေပြီး အသက်ရှူ မဝသေးပေမယ့် သူ့ကို သေချာကြည့်လိုက်သည်။ အနောက်ဘက်ကိုလည်း ပတ်ကြည့်လိုက်သည်။

"နင် ဘာမှမဖြစ်ဘူးမလား"

ချန်လော့ပိုင် သူမ စိုးရိမ်နေတဲ့ပုံကိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ဘာမှ မဖြစ်ပါဘူး၊ ရန်မဖြစ်လိုက်ပါဘူး"

ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

"ဘာလို့ ရုတ်တရက် ရန်ဖြစ်ခါနီးအထိ ဖြစ်သွားတာလဲ"

ချန်လော့ပိုင်က မူလက သူမကို မသိစေချင်ပေမယ့်၊ အခု မတော်တဆ သိသွားပြီဆိုတော့ ဖုံးကွယ်မထားတော့ဘူး။

"နင့်ကောလာဟလ လွှင့်တဲ့သူကို ရှာတွေ့သွားလို့လေ"

ကျိုးအန်းရန် ကြောင်သွားသည်။

တကယ်ပဲ သူမကြောင့်လား။

သူက လူတွေနဲ့ ရန်ဖြစ်ရတာ မကြိုက်ဘူးလို့ သူမ မှတ်မိနေတယ်။ အရင်တုန်းက ထန်ကျန့်ရွေ့ အနိုင်ကျင့်ခံရတုန်းက ကျုရန် ဝင်ပါမလို့လုပ်တာကို သူ တားခဲ့တာလေ။

နောက်ဆုံးတော့ ဘောလုံးကန်ပြီး ဖြေရှင်းလိုက်ကြတယ်။

ချန်လော့ပိုင်က သူမ မျက်လုံးဝိုင်းလေးတွေနဲ့ ကြောင်ကြည့်နေတာကို မြင်တော့ နည်းနည်း စိတ်မကျေမနပ် ဖြစ်သွားသည်။ သူ ဒီလောက်သိသာအောင် လုပ်ပြနေတာကို၊ သူမအတွက်နဲ့ ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့တာကို သူမက ဒီလောက်ထိ အံ့ဩနေစရာ လိုလို့လား။

သူ လက်ချောင်းလေးတွေ လှုပ်ရှားသွားပြီး၊ ဒီတစ်ခါတော့ မနေနိုင်ဘဲ သူမပါးကို ဆွဲလိုက်မိသည်။

သူမ မျက်နှာပေါ်မှာ ကလေးအဆီလေးတွေကျန်နေသေးလို့ ထင်တယ်၊ သူမသူငယ်ချင်းတွေနဲ့ သူ့ဝမ်းကွဲအစ်မက သူမပါးကို ခဏခဏဆွဲလေ့ရှိတယ်။

ချန်လော့ပိုင် ဆွဲချင်နေတာကြာပြီ။

လက်ချောင်းထိပ်က အထိအတွေ့က နူးညံ့အိစက်နေတယ်။ ချန်လော့ပိုင် လည်ချောင်း ယားယံသွားသလို ခံစားရသည်။ သူ စိတ်ထိန်းလိုက်ပြီး ဘာမှထပ်မလုပ်တော့ဘဲ လက်ပြန်ရုတ်ကာ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။

ရှေ့က မိန်းကလေးက ပါးကို အုပ်ထားပြီး သူ့ကို မော့ကြည့်လာသည်။ "နင် ဘာလို့ ငါ့ပါးကို ဆွဲတာလဲ" ဆိုတဲ့ မျက်နှာထားလေးနဲ့။ အံ့ဩမှုတွေ ကျန်နေသေးပေမယ့် ရှက်သွေးလေးတွေ ပါလာပြီ။

ချန်လော့ပိုင် စိတ်မကျေနပ်မှုတွေ ပျောက်သွားသည်။

"ကောလာဟလ လွှင့်တဲ့သူက ဘယ်သူလဲ မမေးဘူးလား"

ကျိုးအန်းရန် လက်ပြန်ချလိုက်သည်။

"ဘယ်သူလဲ"

"ကုန်းယုံလျန်... သိလား" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် ထမင်းစားကြတုန်းကကိစ္စကို မေ့လုနီးပါးဖြစ်နေပြီ။ ဒီနာမည် ကြားလိုက်တော့ နည်းနည်း အံ့ဩသွားပေမယ့်၊ သူမ မိတ်ဆွေအသိုင်းအဝိုင်းက ကျဉ်းပြီး ဘယ်သူနဲ့မှ ရန်ငြိုးမရှိဘူးဆိုတော့ အဲဒီနေ့က တစ်ဖက်လူရဲ့အပြုအမူကို ပြန်စဉ်းစားကြည့်ရင် မအံ့ဩတော့ပါဘူး။

သူမ ခေါင်းညိတ်ပြလိုက်သည်။

"ငါ့အခန်းဖော်ရဲ့ ရည်းစားရဲ့ ဘေးအခန်းကလေ၊ ပြီးခဲ့တဲ့တစ်ခေါက် အတူထမင်းစားတုန်းက ပါလာသေးတယ်"

ချန်လော့ပိုင် အဆောင်ပေါ်မှာ ကြားခဲ့တာတွေကို ပြန်သတိရသွားပြီး မျက်လုံးမှေးလိုက်သည်။

"အဲဒီနေ့က နင့် WeChat တောင်းတဲ့လူလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နင် ဘယ်လိုလုပ် သိတာလဲ"

ချန်လော့ပိုင်က ဘယ်လောက် အပင်ပန်းခံခဲ့ရလဲဆိုတာ အသေးစိတ် မပြောပြတော့ဘဲ ပြောလိုက်သည်။

"နင့်စီနီယာအစ်မယွီ ကူညီပေးလိုက်တာပါ။ ဒီကိစ္စကို နင် စိတ်ပူစရာ မလိုတော့ဘူး။ သူ ဘယ်သူတွေကို လိုက်ပြောခဲ့လဲ၊ သူကိုယ်တိုင် ပြန်လိုက်ရှင်းပြလိမ့်မယ်"

ကျိုးအန်းရန် ထပ်ပြီး ကြောင်သွားပြန်သည်။

အရင်းအမြစ် ရှာတွေ့တာနဲ့တင် အံ့ဩနေပြီ။ အလွန်ဆုံး တောင်းပန်ခိုင်းရုံလောက်ပဲ ရမယ်ထင်ထားတာ။ တစ်ယောက်ချင်းစီ လိုက်ရှင်းပြခိုင်းမယ်လို့ မထင်ထားဘူး။

"နင် ဘယ်လိုလုပ်လိုက်တာလဲ"

ချန်လော့ပိုင် အိတ်ကပ်ထဲက လက်ချောင်းလေးတွေ ယားယံလာပြန်သည်။

"ခြိမ်းခြောက်လိုက်တာ"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ဘယ်လို ခြိမ်းခြောက်လိုက်တာလဲ"

"သူ လိုက်မရှင်းပြရင်..." ချန်လော့ပိုင် စကားခဏရပ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ "...တွေ့တိုင်း ထိုးမယ်လို့ ပြောလိုက်တာ"

ကျိုးအန်းရန် - "......"

ဒီလူက သူမကို စနေပြန်ပြီ။

သူမ အခုထိ မှတ်မိနေတုန်းပဲ။ အဲဒီနေ့က စတိုးဆိုင်မှာ သူ ဥပဒေပညာ ဘာလို့သင်လဲဆိုတာ ပြောပြတုန်းက တောက်ပနေတဲ့ ပုံရိပ်ကို။ ပြီးတော့ သူက အကြမ်းဖက်နည်းလမ်းကို မကြိုက်ပါဘူး။ သူမ မယုံဘူး။

"ဥပဒေနည်းလမ်းနဲ့ ခြိမ်းခြောက်လိုက်တာလား"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ရှေ့တိုးလာသည်။

"ငါ့အကြောင်း တော်တော် သိနေပါလား"

အကွာအဝေး ရုတ်တရက် နီးကပ်လာလို့ ကျိုးအန်းရန် နေရခက်သွားသည်။ အသက်ရှူအောင့်လိုက်ပြီး ဦးနှောက်က တုံ့ပြန်မှု နှေးကွေးသွားသည်။

"ငါ အတည်ပြောနေတာ"

ချန်လော့ပိုင်က သူမမျက်နှာ ရဲတက်လာတာကို ကြည့်ပြီး ပိုတိုးကပ်လိုက်သည်။

"ငါက ဘယ်နေရာက အတည်မဖြစ်လို့လဲ"

ကျိုးအန်းရန် - "......"

သူမ တကယ် လက်မြှောက် အရှုံးပေးရတော့မယ်။

"ဒါဆို... နင့်မှာ ဘာမှမဖြစ်ရင် ငါ ပြန်တော့မယ်"

ဘာလို့ မျက်နှာပူတတ်ရတာလဲ။

ချန်လော့ပိုင် ရယ်မောပြီး သူမကို ဆွဲထားလိုက်သည်။

"ကဲပါ... မစတော့ပါဘူး၊ မသွားပါနဲ့ဦး၊ သူ အောက်ဆင်းလာပြီး နင့်ကို တောင်းပန်လိမ့်မယ်"

ကျိုးအန်းရန် လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။ သူ ကိုင်ထားတဲ့ လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်သည်။

ချန်လော့ပိုင် လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။ ယောကျ်ားလေးအဆောင်အောက်မှာ လူစည်ကားနေတော့ မသင့်တော်ဘူးထင်ပြီး လက်လွှတ်ကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

....

တစ်မိနစ်အကြာတွင် ကုန်းယုံလျန် အပေါ်က ဆင်းလာသည်။

ကျိုးအန်းရန်လည်း ချန်လော့ပိုင် သူ့ကို ဘယ်လိုခြိမ်းခြောက်လိုက်လဲ မသိပေမယ့်၊ ဒီစီနီယာအစ်ကိုကုန်းက အဲဒီနေ့က ယုံကြည်မှုရှိရှိ WeChat တောင်းတုန်းကနဲ့ လုံးဝ မတူတော့ဘူး။ ခေါင်းငုံ့ထားပြီး တောင်းပန်တဲ့လေသံက တော်တော်လေး ရိုးသားနေသည်။

"ဆောရီးပါ ညီမလေးကျိုး... အစ်ကို ညီမအကြောင်း ကောလာဟလတွေ လျှောက်ပြောမိပါတယ်။ ခွင့်လွှတ်ပေးပါနော်"

ကျိုးအန်းရန် ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။

"ကြားပါပြီ"

ကုန်းယုံလျန် မော့ကြည့်လိုက်ပြီး ချန်လော့ပိုင်ကို ကြည့်လိုက်သည်။

"မင်းကြည့်... ညီမလေးကျိုးက ခွင့်လွှတ်လိုက်ပြီ၊ ကောလာဟလတွေကိုလည်း ဘယ်သူမှ မယုံကြပါဘူး၊ ဒီလောက်နဲ့..."

ကျိုးအန်းရန် ဖြတ်ပြောလိုက်သည်။

"ကြားတယ်လို့ပဲ ပြောတာပါ၊ ခွင့်လွှတ်တယ်လို့ မပြောပါဘူး"

သူ အရင်းအမြစ်ကို ဘယ်လိုရှာတွေ့လဲ မသိပေမယ့် လွယ်ကူမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ထိခိုက်မှုကရှိပြီးသားလေ။ ပေါ့ပျက်ပျက် တောင်းပန်စကားတစ်ခွန်းနဲ့ ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"သူ ပြောတာ ကြားတယ်မလား။ အချိန်မစောတော့ဘူး၊ စီနီယာအစ်ကိုကုန်း... အပေါ်ပြန်တက်ပြီး ရှင်းပြသင့်တဲ့သူတွေကို လိုက်ရှင်းပြတာ ကောင်းမယ်ထင်တယ်၊ ကျွန်တော် စိတ်မပြောင်းခင်ပေါ့"

ကုန်းယုံလျန် ထွက်သွားတော့ ကျိုးအန်းရန် ပူထူနေတဲ့ နားရွက်ကို စမ်းလိုက်ပြီး မျက်နှာချင်းဆိုင်က ကောင်လေးကို တိုးတိုးလေး ပြောလိုက်သည်။

"ကျေးဇူးပါ"

ချန်လော့ပိုင် - "ပါးစပ်နဲ့ပဲ ကျေးဇူးတင်လို့ မရဘူးလေ"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ဒါဆို ငါ ထမင်းလိုက်ကျွေးမယ်လေ"

"ထမင်းကျွေးစရာ မလိုပါဘူး" ချန်လော့ပိုင် ခေတ္တရပ်လိုက်သည်။ လက်ကို ဘောင်းဘီအိတ်ကပ်ထဲကနေ အင်္ကျီအိတ်ကပ်ထဲ ပြောင်းထည့်လိုက်ပြီး အထဲက သကြားလုံးနှစ်လုံးကို စမ်းလိုက်သည်။

"နင် မနက်ဖြန်ညကျရင် ရွေးချယ်ခွင့်ရအတန်းရှိတယ်မလား"

***

All Chapters