← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၂ ။ သကြားလုံး : ငါ နင့်ကို ကြိုက်တယ်

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ရွေးချယ်ခွင့်ရအတန်း တစ်ချိန်ရှိတယ်၊ ဘာဖြစ်လို့လဲ"

"ငါ့ကို ကျေးဇူးဆပ်မယ်ဆို၊ မနက်ဖြန်ညကျရင် ငါ နင်နဲ့အတူ လိုက်တက်ပေးမယ်လေ"

သူက သူမနဲ့အတူ အတန်းလိုက်တက်မယ် ဟုတ်လား။

ကျိုးအန်းရန် ရင်ခုန်သွားသည်။

ဒါပေမဲ့...

သူမ မော့ကြည့်ပြီး သံသယနဲ့ မေးလိုက်သည်။

"ဒါက ဘာကျေးဇူးဆပ်တာ ကျလို့လဲ"

ချန်လော့ပိုင် အိတ်ကပ်ထဲက လက်ချောင်းလေးတွေ လှုပ်ရှားသွားပြန်သည်။ မနေနိုင်ဘဲ လက်ထုတ်ပြီး သူမပါးကို နောက်တစ်ခေါက် ထပ်ဆွဲလိုက်မိသည်။

"ဘာလဲ... ဘယ်ကောင်လေးမဆို နင်နဲ့အတူ အတန်းလိုက်တက်ခွင့်ရှိနေလို့လား"

ကျိုးအန်းရန် ပါးကို အုပ်ထားလိုက်ပြီး ခေါင်းခါလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ"

ချန်လော့ပိုင် - "ဒါဆို ဘာလို့ ကျေးဇူးဆပ်တယ် မခေါ်ရမှာလဲ"

ကျိုးအန်းရန် သူ့အဓိပ္ပာယ်ကို နောက်ကျမှ သဘောပေါက်လိုက်သည်။ ရင်ခုန်သံတွေက ပုံမှန်ထက် နည်းနည်းမြန်နေရကနေ ရုတ်တရက် တဒိန်းဒိန်း ဖြစ်သွားသည်။

"ဒါကြောင့်..." ချန်လော့ပိုင် နှစ်လုံးပြောပြီး ရပ်သွားသည်။

ကျိုးအန်းရန် - "ဒါကြောင့် ဘာဖြစ်လဲ"

"ဒါကြောင့်..." ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်သည်။ မျက်ဝန်းနက်နက်တွေက နက်ရှိုင်းနေဆဲ။ "...ငါ့မှာ နင်နဲ့အတူ အတန်းလိုက်တက်ခွင့်ရှိရဲ့လား"

ကျိုးအန်းရန် ရင်ခုန်သံတွေ ဆူညံနေသည်။

ဒါက ဖွင့်ပြောလိုက်တာနဲ့ မခြားတော့ဘူး။ ဒါကြောင့် သူမလည်း တိတ်တဆိတ် ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။

ကျိုးအန်းရန် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။

သူ့ထက် ဘယ်သူမှ ပိုပြီး အရည်အချင်း မပြည့်မီပါဘူး။

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"သွားစို့... လိုက်ပို့ပေးမယ်"

ကျိုးအန်းရန် ရင်ခုန်မြန်နေဆဲဖြစ်ပြီး ခြေလှမ်းအနည်းငယ် လိုက်လျှောက်ပြီးမှ သတိရသွားသည်။

"နင် အိမ်စာလုပ်ရဦးမယ်ဆို၊ ကိုယ့်ဘာသာ ပြန်လိုက်ပါ့မယ်"

ချန်လော့ပိုင် သူမကို စောင်းကြည့်လိုက်သည်။

"ဒီလောက် အချိန်လေးတော့ ပေးနိုင်ပါတယ်"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး ပါးချိုင့်လေးတွေ ပေါ်လာသည်။

....

ချန်လော့ပိုင် သူမကို အဆောင်အောက်ထိ လိုက်ပို့ပေးသည်။ သူမ အဆောင်ထဲ ဝင်သွားပြီး ကျောပြင်လေး ပျောက်ကွယ်သွားမှ ကိုယ့်အဆောင်ဘက် ပြန်လျှောက်လာခဲ့သည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးတာနဲ့ ဖုန်းမြည်လာသည်။

ချန်လော့ပိုင် ဖုန်းထုတ်ကြည့်လိုက်တော့ ဟယ်မင်ယွီဆီက ဖြစ်နေသည်။

ဟယ်မင်ယွီ - [သူ့ကို အဆောင်ပြန်ပို့ပြီးရင် အားလား]

ဟယ်မင်ယွီ - [အားရင် စကားပြောရအောင်]

ချန်လော့ပိုင် ခြေလှမ်းရပ်လိုက်သည်။

[ကန်တင်း (၁) မှာ တွေ့မယ်]

ကန်တင်းမဝင်ခင် ချန်လော့ပိုင် လမ်းကြုံ ဘီယာနှစ်ဘူး ဝယ်လာခဲ့သည်။ ကန်တင်းထဲက နေရာလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ပြီး ဘီယာဘူးဖွင့်ကာ နှစ်ငုံလောက်သောက်ပြီးချိန်မှာ ဟယ်မင်ယွီ ရောက်လာသည်။

ဟယ်မင်ယွီ သူ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

ချန်လော့ပိုင် ကျန်တဲ့ ဘီယာတစ်ဘူးကို တွန်းပေးလိုက်သည်။

"ဘာပြောချင်လို့လဲ"

ဟယ်မင်ယွီ ဘီယာဘူးယူပြီး ဖွင့်ကာ မော့သောက်လိုက်သည်။ စကားမပြောသေးဘူး။

ချန်လော့ပိုင်လည်း မလောပါဘူး။ ဘီယာဘူးအဖုံးကွင်းကို လက်နဲ့ကစားရင်း ဖုန်းဖွင့်ကာ Moments ဝင်ကြည့်လိုက်သည်။ ကျိုးအန်းရန် ဘာမှတင်မထားတာတွေ့တော့ ပြန်ထွက်လိုက်သည်။

ဟယ်မင်ယွီက ဘီယာတစ်ဝက်လောက် ကုန်အောင်သောက်ပြီးမှ ခါးသက်သက် အရသာကို မျိုချလိုက်ပြီး ဖြည်းဖြည်းချင်း စကားစလိုက်သည်။

"အထက်တန်းပထမနှစ် ဘောလုံးပွဲတုန်းက မင်းကို ကူညီပေးခဲ့တာ သူပါ၊ ယန်ရှင်းချန် မဟုတ်ပါဘူး"

ချန်လော့ပိုင် အံ့ဩသလို မော့ကြည့်လိုက်သည်။

"ငါ သိတယ်"

"မင်း သိတယ်?" ဟယ်မင်ယွီလည်း အံ့ဩသွားသည်။ "သူ မင်းကို ပြောပြလိုက်တာလား"

ချန်လော့ပိုင် ခေါင်းခါလိုက်သည်။

"ယန်ရှင်းချန် ပါးစပ်ကနေ အမှတ်တမဲ့ ထွက်သွားတာ"

"ကောင်းပြီလေ" ဟယ်မင်ယွီ ပါးစပ်ထဲ ခါးသက်နေတုန်းပဲ။ "ဒါဆို သူ့စိတ်ကို မင်း အစောကြီးကတည်းက သိနေလောက်ပြီပေါ့"

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။ စိတ်ထဲမှာ ခန့်မှန်းကြည့်ပြီးမှ မေးလိုက်သည်။

"မင်း ငါ့ကို ဒီအကြောင်း လာပြောပြတာက သူ့ကို ဆက်မလိုက်တော့ဘူးဆိုတဲ့ သဘောလား"

"အထက်တန်းကတည်းက အခုထိ သူ့မျက်လုံးထဲမှာ မင်းတစ်ယောက်တည်းပဲ ရှိတာလေ။ ငါ တကယ်လိုက်ရင် သူ့ကို စိတ်ဒုက္ခပေးသလိုပဲ ဖြစ်နေမှာ" ဟယ်မင်ယွီ ခေါင်းငုံ့ပြီး ရယ်လိုက်သည်။ "သူငယ်ချင်းတောင် ဆက်လုပ်လို့ရပါ့မလား မသိဘူး"

ချန်လော့ပိုင် အဖုံးကွင်းကို ကစားနေသည်။

"ကျေးဇူးပဲ... ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါကတော့ မင်းနဲ့သူ သူငယ်ချင်းတောင် ဆက်မလုပ်ဖြစ်ရင် ပိုကောင်းမယ်လို့ မျှော်လင့်မိတယ်"

ဟယ်မင်ယွီ - "ဒါဆိုရင်တော့ မင်း စိတ်ပျက်ရလိမ့်မယ် ထင်တယ်"

သူ ပြောပြီးတာနဲ့ ကျန်တဲ့ ဘီယာတစ်ဝက်ကို မော့သောက်လိုက်သည်။ ဘူးလွတ်ကို စားပွဲပေါ် ဖွဖွလေး ချလိုက်သည်။

"သူ့ကို ကောင်းကောင်း ဆက်ဆံပေးပါ"

ချန်လော့ပိုင် ဘီယာဘူးချင်း တိုက်လိုက်သည်။

"ဒါဆိုရင်တော့ ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

....

ကျိုးအန်းရန် အဆောင်ပြန်ရောက်ပြီး စာနည်းနည်းဖတ်ပြီးမှ သူ ဘာလို့ အဆောင်အောက်မှာ ကြိုစောင့်နေလဲဆိုတာ မေးဖို့ မေ့သွားမှန်း သတိရလိုက်သည်။ ဖုန်းထုတ်ပြီး မေးမလို့လုပ်ပေမယ့် ဒီအချိန်ဆို သူ အဆောင်ပြန်ရောက်ပြီး အိမ်စာလုပ်နေလောက်ပြီမို့ မနှောင့်ယှက်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့က အတန်းချိန်ပြည့်နေသလို၊ သူမလည်း စာသိပ်မဖတ်ဖြစ်တော့ စောစောစီးစီး ရေချိုးအိပ်လိုက်သည်။

မျက်လုံးမှိတ်လိုက်ချိန်မှာ မနက်ဖြန် သူ အတန်းလိုက်တက်မယ်လို့ ပြောတာကို သတိရပြီး နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည်။

အိပ်မက်မမက်ဘဲ တစ်ညလုံး အိပ်ပျော်သွားသည်။

....

နောက်တစ်နေ့ညနေ ရွေးချယ်ခွင့်ရအတန်းမှာ အခန်းထဲက ယွီရှင်းယွဲ့နဲ့ ကျိုးအန်းရန်ပဲ တူတူတက်ရသည်။ ညနေပိုင်း အနောက်ပေါက်ကနေ အခန်းထဲဝင်တော့ ကျိုးအန်းရန် ခြေလှမ်းရပ်လိုက်သည်။

"ရှင်းယွဲ့... ငါ ဒီနေ့ အနောက်မှာ ထိုင်ချင်တယ်"

"ဘာလို့ အနောက်မှာ ထိုင်ချင်တာလဲ" ယွီရှင်းယွဲ့ နားမလည်ပေ။

ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်သည်။

"ချန်လော့ပိုင်က ငါနဲ့အတူ အတန်းလိုက်တက်မယ်တဲ့"

ယွီရှင်းယွဲ့ ခေါင်းညိတ်လိုက်သည်။

"သဘောပေါက်ပြီ၊ ငါပဲ ရှေ့သွားထိုင်လိုက်တော့မယ်။ နောက်ကျရင် ဒီည မှတ်စုလာကူးလို့ ရတယ်"

ကျိုးအန်းရန် - "......"

ယွီရှင်းယွဲ့လည်း ကျန်တဲ့ အခန်းဖော်နှစ်ယောက်ကြောင့် ပျက်စီးကုန်ပြီလို့ ခံစားလိုက်ရသည်။

ဒီအတန်းက အခန်းကျယ်ကြီးမှာ သင်တာ။

ချန်လော့ပိုင်က ပထမပိုင်းမှာ ကိစ္စရှိလို့ ဒုတိယပိုင်းကျမှ လာမယ်လို့ ပြောထားတယ်။ ဒါကြောင့် ကျိုးအန်းရန် နေရာကောင်း မဦးတော့ဘဲ ညာဘက်အနောက်နားက တံခါးနဲ့နီးတဲ့ ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။

ပထမပိုင်းပြီးလို့ အတန်းဆင်းချိန် တစ်ဝက်ကျိုးတဲ့အထိ စောင့်နေတဲ့သူ ရောက်မလာသေးဘူး။

ကျိုးအန်းရန် ဖုန်းထုတ်ပြီး မေးရင် ကောင်းမလား တွန့်ဆုတ်နေတုန်း ဘေးနားမှာ ရင်းနှီးတဲ့ ကိုယ်သင်းနံ့ ရလိုက်သည်။

လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် ကောင်လေး ဝင်ထိုင်လိုက်တာ တွေ့လိုက်ရသည်။

ချန်လော့ပိုင်က ဒီနေ့ အနက်ရောင် လေကာအင်္ကျီ ဝတ်ထားသည်။ မျက်နှာပေါ်မှာ အိပ်ချင်မူးတူး ဖြစ်နေတဲ့ပုံ ပေါက်နေသည်။ ထိုင်လိုက်တာနဲ့ လက်ကို စားပွဲပေါ်တင်ပြီး ခေါင်းမှီလိုက်သည်။ သူမကို စိုက်ကြည့်နေပြီး စကားတော့မပြောပေ။

ကျိုးအန်းရန် မျက်နှာပူလာသည်။

"ဘာကြည့်နေတာလဲ"

ချန်လော့ပိုင် ခပ်ဖွဖွ ပြုံးလိုက်သည်။ မေးခွန်းကို မဖြေဘဲ တိုးတိုးလေး ပြောလိုက်သည်။

"အိပ်ချင်နေလို့ တစ်ရေးလောက် အိပ်လိုက်ဦးမယ်။ ဆရာလာရင် ကြည့်ပေးထားဦး"

ကျိုးအန်းရန် သူ့မျက်လုံးထဲက အိပ်ချင်စိတ်ကို ကြည့်လိုက်သည်။

"မနေ့ညက အိမ်စာလုပ်ရင်း ညဉ့်နက်သွားပြန်ပြီလား။ ဒါဆို ပြန်အိပ်လိုက်ပါလား"

ချန်လော့ပိုင် အသံတိုးတိုးဖြင့် ပြန်ပြောသည်။

"နင့်ကို အတန်းလိုက်တက်မယ်လို့ ပြောထားတယ်လေ"

ယွီရှင်းယွဲ့ ပြောတာ မှန်သွားသည်။

ကျိုးအန်းရန် ဒုတိယပိုင်းမှာ စာတစ်လုံးမှ ခေါင်းထဲ မဝင်ဘူး။

သူတို့ထိုင်တဲ့နေရာက ထောင့်ကျပြီး လူသိပ်သတိမထားမိပေမယ့်၊ ထောင့်ကျလွန်းလို့ အရှေ့မှာ ဘယ်သူမှ မရှိဘူး။ ဆရာက ဟိုဒီကြည့်ရင်း သူတို့ဘက် ရောက်လာရင် မြင်သွားနိုင်တယ်။

တစ်ယောက်သောသူကတော့ ဗြောင်ကျကျကြီး အိပ်နေတယ်။ အတန်းချိန် တစ်ဝက်လောက်ရောက်တော့ ဆရာက သူတို့ဘက် ခဏခဏ လှမ်းကြည့်လာတယ်။

ပထမအကြိမ် ကြည့်တုန်းက ကျိုးအန်းရန် မနှိုးရက်ဘူး။

ဒုတိယအကြိမ်လည်း မနှိုးရက်ဘူး။

တတိယအကြိမ် ကြည့်လာတော့မှ ကျိုးအန်းရန် နှုတ်ခမ်းကိုကိုက်ပြီး စားပွဲအောက်ကနေ သူ့လက်မောင်းကို လှမ်းတို့လိုက်သည်။

ဘေးနားကလူ မလှုပ်ဘူး။

ကျိုးအန်းရန် ဆက်တို့လိုက်သည်။ ဒါပေမဲ့ အရမ်းသိသာမှာစိုးလို့ ကျောက်သင်ပုန်းကိုကြည့်ရင်း လှမ်းတို့လိုက်တာ နေရာမှားပြီး သူ့ပေါင်ပေါ် ရောက်သွားသည်။

သူမ မျက်နှာ ချက်ချင်း ရဲတက်သွားပြီး လက်ပြန်ရုတ်မလို့ လုပ်တုန်း လက်ကြီးတစ်ဖက်က ဖမ်းအုပ်လိုက်သည်။

လက်ဖမိုးပေါ်မှာ ကောင်လေးရဲ့ ပူနွေးနေတဲ့ လက်ဖဝါး ရှိနေတယ်။

လက်ဖဝါးအောက်မှာတော့ သူ့ဂျင်းဘောင်းဘီ အသားကြမ်းကြမ်းကို စမ်းမိနေတယ်။

ကျိုးအန်းရန် ရင်ခုန်သံ ဒိန်းခနဲ ဖြစ်သွားသည်။

ဆရာက စတုတ္ထအကြိမ် လှမ်းကြည့်လိုက်တာကို မမြင်လိုက်ဘူး။ အသံထွက်လာမှ သိလိုက်ရတယ်။

"ညာဘက်အနောက်နားက အနက်ရောင်ဝတ်ထားတဲ့ ကျောင်းသား... ထပါဦး။ ဘေးနားက ကောင်မလေး... သူ့ကို နှိုးပေးလိုက်ပါဦး"

ကျိုးအန်းရန် - "......"

သူမ သတိပြန်ဝင်လာပြီး ညာဘက်လက်က သူ့ပေါင်ပေါ်မှာ ဖိထားခံနေရတုန်းပဲဆိုတာ သိလိုက်ရသည်။

ကောင်လေးက စားပွဲပေါ် မှောက်နေတုန်းပဲ။ မနိုးသေးဘူး ထင်တယ်။ ခုနက မသိစိတ်နဲ့ ဖမ်းဆုပ်လိုက်တာ ဖြစ်မယ်။

ကျိုးအန်းရန် ညာလက်က လှုပ်လို့မရတော့ ဘယ်လက်နဲ့ သူ့ကို ပြင်းပြင်းထန်ထန် တွန်းလိုက်သည်။

ချန်လော့ပိုင် ခေါင်းထောင်လာသည်။

"ဆရာ ခေါ်နေတယ်" ကျိုးအန်းရန် တိုးတိုးလေး သတိပေးလိုက်သည်။

ဆရာက လက်ကို အနောက်ပစ်ထားသည်။

"ဟုတ်တယ်... အဲဒီကျောင်းသား၊ ခုနက ဆရာမေးတဲ့ မေးခွန်းကို ဖြေပါဦး"

ကျိုးအန်းရန်က သူ့ကြောင့် ဘာမှမကြားလိုက်ရတော့ ကူညီလို့ မရတော့ဘူး။

ဒါပေမဲ့ တစ်ယောက်သောသူရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက သူမထက် အများကြီး သာလွန်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် စိတ်လှုပ်ရှားတာ၊ နေရခက်တာ မရှိဘူး။ ဖြည်းဖြည်းချင်း ထလိုက်သည်။ စားပွဲအောက်က လက်တစ်ဖက်က သူမလက်ကို ကိုင်ထားတုန်းပဲ။ မေ့သွားသလိုမျိုး။ အသံက အိပ်ချင်မူးတူး ဖြစ်နေပေမယ့် ပေါ့ပါးနေသည်။

"ဆောရီးပါ ဆရာ... ကျွန်တော်က ဒီအတန်းကို ယူထားတဲ့ ကျောင်းသား မဟုတ်ပါဘူး။ သူများအဖော် လိုက်လာတာပါ၊ မဖြေတတ်ပါဘူး"

သူ့သဘောထားက ပွင့်လင်းရိုးသားလွန်းနေသလို၊ ဆရာကလည်း သဘောထားကြီးသူမို့ စိတ်မဆိုးပါဘူး။

ကောင်လေးက ရုပ်ရည်သန့်ပြန့်ပြီး တစ်ခါမြင်ဖူးရင် မေ့ပျောက်ဖို့ ခက်ခဲတဲ့ ရုပ်ရည်မျိုးမို့ ဒီအတန်းက ကျောင်းသားမဟုတ်မှန်း အတည်ပြုပြီးနောက် ဆရာက ရယ်မောပြီး စနောက်လိုက်သည်။

"သူများအဖော် လိုက်လာပြီး အိပ်နေတယ်ပေါ့"

ကျိုးအန်းရန် မျက်နှာပူသွားသည်။

ပြီးတော့ တစ်ယောက်သောသူ ဖြည်းဖြည်းချင်း ပြန်ဖြေတာ ကြားလိုက်ရသည်။

"နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"

သူ့စကားက အဓိပ္ပာယ် ပါလွန်းနေသည်။

အတန်းထဲမှာ နောက်တစ်ခါ မအိပ်ရဲတော့ဘူးလို့ ပြောတာလိုလို၊ သူမအတွက် အဖော်လိုက်လာရင် နောက်တစ်ခါ မအိပ်ရဲတော့ဘူးလို့ ပြောတာလိုလို။

သူက လူအများ စိတ်ဝင်စားခံရသူဆိုတော့ အတန်းထဲမှာ ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ကျိုးအန်းရန် မျက်နှာလွန်းလို့ မီးတောက်တော့မလို ဖြစ်နေသည်။

"ကဲ... ထိုင်လိုက်ပါတော့" ဆရာက လက်ကာပြလိုက်သည်။ "မင်းတို့လည်း ဆူမနေကြနဲ့၊ အားကျရင် ကိုယ့်ဘာသာ ရှာကြ"

ကျိုးအန်းရန် - "......"

အတန်းထဲ ပြန်ငြိမ်သက်သွားသည်။ တစ်ယောက်သောသူကတော့ သူမလက်ကို မလွှတ်သေးဘူး။

သူမ ရင်ခုန်သံတွေ မြန်ဆန်နေသည်။ တခြားလူတွေ စာသင်တာ အနှောင့်အယှက် ဖြစ်မှာစိုးလို့လား၊ ကိုယ်ကျိုးအတွက်လား မသိဘူး၊ သူ့ကို သတိမပေးမိဘူး။

ဆရာက စာဆက်သင်သည်။

အတန်းထဲက ကျောင်းသားတွေက ကြားဖြတ်အဖြစ်အပျက်လေးကို ကြည့်ပြီးနောက် စာပြန်လုပ်ကြသည်။

ညာဘက်အနောက်နားက နှစ်ယောက်ပဲ စိတ်မငြိမ်သက်နိုင် ဖြစ်နေကြသည်။

ကောင်လေးရဲ့ လျှို့ဝှက်တဲ့ ခံစားချက်တွေက စားပွဲအောက်မှာ၊ ဘယ်သူမှမမြင်ရတဲ့ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကြားမှာ ပုန်းခိုနေတယ်။

အစတုန်းက ဖွဖွလေး ကိုင်ထားရာကနေ နောက်ပိုင်းမှာ လက်ချောင်းသေးသေးလေးတွေကို ဖြည်းဖြည်းချင်း ခွဲပြီး လက်ချောင်းချင်း ယှက်နွှယ် ဆုပ်ကိုင်လိုက်တယ်။

နိုဝင်ဘာလလယ် ပေကျင်းက အေးစပြုလာပြီ။ မနက်ဖြန်မှ အပူပေးစနစ် စဖွင့်မှာဖြစ်တာကြောင့် တံခါးပိတ်ထားတဲ့ အခန်းထဲမှာ လေအေးတွေ ဝဲနေတုန်းပဲ။ ဒါပေမဲ့ တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကြားမှာ ချွေးစေးတွေ ထွက်နေတယ်။ ကပ်နေလို့ ဘယ်သူ့ချွေးလဲ မသိပေမယ့် နှစ်ယောက်လုံးရဲ့ လက်ဖဝါးတွေ ပူနွေးနေတာတော့ သိသာတယ်။

ရင်ခုန်သံတွေကလည်း ထိန်းမရတော့သလို တစ်ချက်ထက်တစ်ချက် ပိုပြင်းထန်လာတယ်။

အတန်းချိန် ဒုတိယပိုင်းမှာ ကျိုးအန်းရန် စာတစ်လုံးမှ ခေါင်းထဲမဝင်တော့ဘူး။

...

အတန်းဆင်းခေါင်းလောင်း ထိုးမှ သတိဝင်လာသည်။ လက်ချောင်းလေး လှုပ်ရှားလိုက်တော့ တစ်ဖက်လူက ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ကျိုးအန်းရန် ငြိမ်သက်စပြုနေတဲ့ ရင်ခုန်သံတွေ ပြန်မြန်လာပြီး မနေနိုင်ဘဲ တိုးတိုးလေး သတိပေးလိုက်သည်။

"အတန်းဆင်းပြီ"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။ အကြည့်က ကျောက်သင်ပုန်းဆီကနေ သူမမျက်နှာပေါ် ဖြည်းဖြည်းချင်း ရောက်လာသည်။

"သူတို့ ထွက်သွားပါစေဦး၊ နင့်ကို ပြောစရာရှိလို့"

ကျိုးအန်းရန် - "......"

သူက ဘာပြောစရာ ရှိပြန်ပြီလဲ။

ပြီးခဲ့တဲ့တစ်ခေါက် ပြောစရာရှိတယ်ဆိုပြီး Live House အလွတ်ကြီးထဲမှာ သူမကို "Twinkle Twinkle Little Star" သီချင်း ဆိုပြခဲ့တာ။

ဒီနေ့ အတန်းထဲမှာ ဂစ်တာတီးပြမလို့တော့ မဟုတ်ပါဘူးနော်။

အခန်းထဲမှာ တူရိယာလည်း မရှိဘူး။ ရှိရင်လည်း မသင့်တော်ဘူးလေ။

အတန်းထဲက ကျောင်းသားတွေ တဖြည်းဖြည်း ထွက်သွားကြသည်။ ယွီရှင်းယွဲ့က အနောက်ပေါက်က ထွက်ရင်း သူတို့နားမှာ ရပ်လိုက်သည်။

"ရန်ရန်... နင် အခု မပြန်သေးဘူးမလား"

ကျိုးအန်းရန် ရင်ခုန်မြန်နေသည်။ ယွီရှင်းယွဲ့သာ အကြည့်နည်းနည်းလေး စောင်းလိုက်ရင် သူမလက်ကို လက်ကြီးတစ်ဖက်က ဆုပ်ကိုင်ထားတာ မြင်သွားလိမ့်မယ်။

"မပြန်သေးဘူး၊ နင် အရင်ပြန်နှင့်လိုက်"

တော်သေးတာက ယွီရှင်းယွဲ့က ဟိုနှစ်ယောက်လို အဆိပ်သင့်မခံရသေးလို့ သူမကို မစဘူး။ ခေါင်းညိတ်ပြီး စာအုပ်ပိုက်ကာ အနောက်ပေါက်ကနေ ထွက်သွားသည်။

....

မိနစ်အနည်းငယ်ကြာတော့ အခန်းထဲ တိတ်ဆိတ်သွားသည်။

ဒါပေမဲ့ သူ စကားစမပြောသေးဘူး။

သူမ မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။

"နင် ဘာပြောမလို့လဲ"

ချန်လော့ပိုင် အိတ်ကပ်ထဲ ထည့်ထားတဲ့ ကျန်လက်တစ်ဖက်က ချွေးစို့နေပြီ။ သူ မေးရိုးတွေ တင်းမာသွားပြီး သူမလက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။

ကျိုးအန်းရန် လက်ချောင်းလေးတွေ တုန်သွားနေကာ လက်ကို ကိုယ့်ဘက် ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။

ချန်လော့ပိုင် သူမရဲ့ လှုပ်ရှားမှုလေးကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။ လက်လွှတ်လိုက်ပြီးနောက် ရုတ်တရက် တိုးလာတဲ့ စိတ်လှုပ်ရှားမှုတွေ လျော့ကျသွားသလိုပဲ။ သူ ဆက်မတွန့်ဆုတ်တော့ဘဲ အိတ်ကပ်ထဲက သကြားလုံးနှစ်လုံးကို ထုတ်ပြီး သူမရှေ့က စားပွဲအံဆွဲထဲ ထည့်လိုက်သည်။

သူထည့်လိုက်တဲ့ ပစ္စည်းကို မြင်တော့ ကျိုးအန်းရန် ကြောင်သွားသည်။

"ဒီသကြားလုံး မြင်ဖူးလား"

ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်ဆန်နေပြီး ပြန်မဖြေနိုင်ဘူး။

ဘေးနားက ကောင်လေးက ဖြည်းဖြည်းချင်း ဆက်ပြောသည်။

"ငါ ဒီသကြားလုံးကို သိတာ အထက်တန်းတုန်းက တစ်ယောက်ယောက် ငါ့စားပွဲအံဆွဲထဲ နှစ်လုံး ခိုးထည့်သွားလို့လေ။ တခြားလူတွေက ရည်းစားစာ ထည့်ကြပေမယ့်၊ သူကတော့ သကြားလုံးနှစ်လုံးပဲ ထည့်သွားတယ်။ ငါက ဘယ်သူများ မှားထည့်သွားလဲလို့ ထင်နေတာ။ ဒါပေမဲ့..."

သူ ရုတ်တရက် ရပ်တန့်သွားသည်။

ကျိုးအန်းရန် ရင်ခုန်သံတွေ တဒိန်းဒိန်းဖြစ်နေပြီး မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။ ပြုံးရိပ်သန်းပြီး အာရုံစိုက်နေတဲ့ မျက်ဝန်းတွေနဲ့ ဆုံတွေ့သွားသည်။ သူက သူမကို ကြည့်နေပြီး တစ်စုံတစ်ရာကို ရည်ညွှန်းနေသလိုမျိုး ပြောလိုက်သည်။

"တကယ်တော့ တော်တော် ချိုသားပဲ"

ကျိုးအန်းရန် လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။

"နင် ဘယ်လိုလုပ် ဒါကိုပါ သိနေတာလဲ"

ဒီကိစ္စကို သူမ ယန်ရှင်းချန်ကိုတောင် မပြောပြဖူးဘူး။

အဲဒီသကြားလုံးနှစ်လုံးက သူမတစ်ယောက်တည်းပဲသိတဲ့ လျှို့ဝှက်ချက်အဖြစ် ထာဝရ တည်ရှိနေလိမ့်မယ်လို့ ထင်ထားခဲ့တာ။

ချန်လော့ပိုင် - "အဲဒီနေ့မနက် ယန်ရှင်းချန်ကို သွားရှာတုန်းက သူ့အိတ်ကပ်ထဲကနေ တစ်လုံး ပြုတ်ကျလာတာ မြင်လိုက်လို့လေ။ အဲဒီတုန်းက သူ စိတ်လှုပ်ရှားနေပြီး ငိုရင်းနဲ့ နင် ဝယ်ပေးတာပါလို့ ပြောလိုက်တာ"

ကျိုးအန်းရန် - "......"

ယန်ရှင်းချန်ဆီကပဲ ပေါက်ကြားသွားတာကိုး။

ဒါပေမဲ့ ကိစ္စမရှိတော့ပါဘူး။

အရင်တုန်းက မသိစေချင်ခဲ့တာက သူ သိသွားရင် သူမကို တခြားမိန်းကလေးတွေလိုပဲ ဝေးဝေးရှောင်သွားမှာ စိုးလို့လေ။ ခိုးကြိုက်ခွင့်လေးတောင် ဆုံးရှုံးသွားမှာ စိုးလို့လေ။

ဒါပေမဲ့ အခုတော့ သူမက သူ့ရဲ့ ဗြောင်ကျကျ ချဉ်းကပ်မှုကို ကြိုတင်ရရှိထားပြီလေ။

သူ ဒီည ဘာပြောမလဲဆိုတာ သူမ နည်းနည်း ရိပ်မိသလိုပဲ။

"ကျိုးအန်းရန်" ချန်လော့ပိုင် တိုးတိုးလေး ခေါ်လိုက်သည်။

ကျိုးအန်းရန်လည်း တိုးတိုးလေး ပြန်ထူးလိုက်သည်။

"အင်း"

"သကြားလုံး၊ ဘောလုံးပွဲ၊ ပြီးတော့ အဲဒီညက ဆေး... ဒါတွေ ငါ သိပြီးပြီ" ချန်လော့ပိုင် သူမကို ကြည့်လိုက်သည်။ "ငါ လွဲချော်ခဲ့တဲ့၊ နင် နောင်တရနေတဲ့ တခြားကိစ္စတွေ ရှိသေးလား"

ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့မဲ့သွားပြီး ခေါင်းကို အားပါပါ ခါလိုက်သည်။

"မရှိတော့ပါဘူး"

သူမ ဘယ်လိုလုပ် နောင်တရစရာ ရှိဦးမှာလဲ။

ချန်လော့ပိုင် အကြာကြီး ဆုပ်ကိုင်ထားတဲ့ သကြားလုံးကို သူမရှေ့ ချပေးလိုက်သည်။ လက်ထဲမှာ ဟာတာတာ ဖြစ်သွားလို့ လက်ချောင်းတွေကို ဖြည်းဖြည်းချင်း ပြန်ဆုပ်ကိုင်လိုက်သည်။

"ဒါဆို ငါ ဆက်ပြောမယ့်စကားကို နင် ခန့်မှန်းမိလောက်ပါပြီ။ ဇာတ်ညွှန်းတွေ အများကြီး ကြိုစဉ်းစားထားပေမယ့်၊ ဒီလေးလုံးကိုတော့ တရားဝင်၊ ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်လို့ ထင်လို့ပါ"

"ကျိုးအန်းရန်" သူ နာမည် ထပ်ခေါ်လိုက်သည်။

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

ကောင်လေးရဲ့ မျက်ဝန်းနက်နက်တွေက သူမကို စိုက်ကြည့်နေသည်။ မျက်နှာထားက အရင်အချိန်တွေထက် ပိုလေးနက်နေသည်။ မေးရိုးတွေ တင်းမာနေလို့ နည်းနည်း စိတ်လှုပ်ရှားနေပုံ ပေါက်နေသည်။

သူ ရပ်တန့်လိုက်တဲ့ တစ်စက္ကန့်လေးက အချိန်တွေ အကြာကြီး ဆွဲဆန့်လိုက်သလိုပဲ။

ကျိုးအန်းရန် ရင်ခုန်သံတွေလည်း ဒီလောက် မြန်ဖူးတာ ပထမဆုံးအကြိမ်ပဲ။

ပြီးတော့ ချန်လော့ပိုင် စာလုံးတစ်လုံးချင်းစီ ပြောလိုက်တာ ကြားလိုက်ရသည်။

"ငါ နင့်ကို ကြိုက်တယ်" (ဝေါ်ရှီဟွမ်းနီ)

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၃ ။ သကြားလုံး : တစ်ခါလောက် ဖက်လိုက်ရအောင်

စောစောက သူနဲ့ လက်ချင်းချိတ်ထားခဲ့ပေမယ့်၊ ကြိုတင် ရိပ်မိနေခဲ့ပေမယ့်၊ ဒီစကားလုံးတွေကို သူ့ပါးစပ်က ကိုယ်တိုင်ပြောထွက်လာတာ ကြားလိုက်ရတဲ့အခါ ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့မဲ့သွားပြီး ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရတယ်။

မျက်တောင် တစ်ခါခတ်လိုက်တာနဲ့ မျက်ရည်တွေ ကျလာတယ်။

ဒါက ချန်လော့ပိုင် သူမငိုတာကို တတိယအကြိမ် မြင်ဖူးတာပဲ။

ပထမအကြိမ်တုန်းက သူ ဘာမှ မသိခဲ့ဘူး။ သူမကို သာမန်အတန်းဖော်လို့ပဲ သဘောထားခဲ့တာ။ သူ ချော့လေ သူမ ပိုငိုလေ ဖြစ်နေတာကို သူ နားမလည်ခဲ့ဘူး။ သူမ သူ့ကို ဘာလို့ အတင်းဟန်ဆောင် ပြုံးပြနေရတာလဲဆိုတာကိုလည်း နားမလည်ခဲ့ဘူး။

ဒါပေမဲ့ အဲဒီနေ့ကစပြီး သူ သူမကို သတိထားမိလာခဲ့တယ်။

ဒုတိယအကြိမ်တုန်းက သူ ကိုယ့်စိတ်ကို မသိလောက်အောင် ထုံထိုင်းနေခဲ့တယ်။ ရုံးခန်းထဲ ခေါ်သွားခံရပြီးနောက် ရည်းစားစာအကြောင်း အမှန်တရားကို သူမကို မပြောပြချင်ခဲ့ဘူး။ သူမ ထပ်ပြီး အရှက်ရမှာကို မလိုလားခဲ့ဘူး။

ဒါကြောင့် သူ ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့တယ်။ သူမ သူ့ရှေ့က ကာလိုက်တာကို မြင်လိုက်ရတယ်။ သူမ သူ့ရှေ့မှာ ထိုင်ချလိုက်ပြီး "သူ ဘယ်လိုလုပ် ငါ့ကို ကြိုက်နိုင်မှာလဲ" လို့ ငိုသံပါကြီးနဲ့ ပြောလိုက်တာကို ကြားလိုက်ရတယ်။

အဲဒီအချိန်တုန်းက ခံစားချက်ကို သူ ဘယ်လိုမှ ရှင်းပြလို့ မရခဲ့ဘူး။ ဒါပေမဲ့ ဒီမြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သူ သိလိုက်တယ်။

ဒါက တတိယအကြိမ်။

သူမ အသံတိတ် ငိုနေပေမယ့် လှပနေတုန်းပါပဲ။

ချန်လော့ပိုင် ရင်ထဲ စူးအောင့်သွားတယ်။ လက်လှမ်းပြီး မျက်ရည်သုတ်ပေးချင်ပေမယ့် သူမမျက်လုံးထောင့်နား ရောက်ခါနီးမှ ရပ်တန့်သွားတယ်။

အတန်းထဲမှာ အိပ်နေလို့ ဆရာက လူပုံအလယ် မေးခွန်းမေးတာတောင် စိတ်လှုပ်ရှားမှု မရှိခဲ့တဲ့သူက အခုကျတော့ လေသံတွေ တုန်နေတယ်။

"မငိုပါနဲ့၊ တကယ်လို့ နင် အဆင်သင့်မဖြစ်သေးရင် ငါ ထပ်စောင့်နေပေးလို့ ရပါတယ်"

ကျိုးအန်းရန် မြင်ကွင်းတွေ ဝေဝါးနေတယ်။ အလိုအလျောက် ခေါင်းခါလိုက်တယ်။

အမှတ် (၂) ကျောင်းကနေ ပြောင်းသွားတဲ့နေ့ကစပြီး သူမ သူနဲ့ လုံးဝ မပတ်သက်တော့တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မယ်လို့ ထင်ခဲ့တာ။

သူ့ရဲ့ တောက်ပပြီး စည်ကားတဲ့ ဘဝထဲကို လူသစ်တွေ အများကြီး ဝင်ရောက်လာလိမ့်မယ်။ သူမကတော့ အမှောင်ထဲမှာ တိတ်ဆိတ်စွာ ကြည့်ရှုသူတစ်ယောက်အဖြစ် ထာဝရ ကျန်ရစ်နေရတော့မယ်လို့ ထင်ခဲ့တာ။

ဒါပေမဲ့ လှည့်ပတ်ပြီးတဲ့နောက် သူက သူမရဲ့ ရှေ့လမ်းမှာ စောင့်ကြိုနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

မယုံနိုင်သေးဘူး။

အိပ်မက်မက်နေသလိုပါပဲ။

ကျိုးအန်းရန် မျက်ရည်တွေကြောင့် ဝေဝါးနေတဲ့ မြင်ကွင်းထဲက သူ့ရဲ့ သွယ်လျတဲ့ လက်ချောင်းတွေကို ကြည့်ပြီး အလိုအလျောက် ဆုပ်ကိုင်လိုက်တယ်။ အမှန်တရား တစ်ခုခုကို ဆုပ်ကိုင်ထားချင်သလိုမျိုး။

ချန်လော့ပိုင် သူ့လက်ချောင်းတွေကို ဆုပ်ကိုင်ထားတဲ့ လက်ဖြူဖြူ သေးသေးလေးကို ငုံ့ကြည့်လိုက်တယ်။ လေထဲမှာ တရမ်းရမ်း ဖြစ်နေတဲ့ နှလုံးသားက ဖြည်းဖြည်းချင်း ပြန်ကျလာတယ်။ အားနေတဲ့ လက်တစ်ဖက်က သူမမျက်လုံးထောင့်နား ကျရောက်သွားတယ်။

ရယ်သံပါနေတယ်။ သူမကို စနေသလိုမျိုး။ အသံနိမ့်နေတော့ ချော့မော့နေသလို ပိုဖြစ်နေတယ်။

"ကျိုးအန်းရန်... နင် ငါ့ရည်းစားဖြစ်ဖို့ သဘောမတူရသေးဘူးလေ။ နာမည်မရှိ ဂုဏ်မရှိ (ရည်းစားမဖြစ်သေး) ဘဲနဲ့ လက်ပေးမကိုင်ဘူးနော်"

ကျိုးအန်းရန် ခေါင်းထပ်ခါလိုက်ပြန်တယ်။ သူ့စကားကြောင့် ရယ်ချင်သွားပေမယ့် နှာခေါင်းထိပ်လေးက ရှုံ့မဲ့နေတုန်းပဲ။

"သဘောမတူဘူးလို့ မပြောပါဘူး"

ဘယ်လိုလုပ် သဘောမတူဘဲ နေနိုင်မှာလဲ။

သူမ သူ့ကို အရမ်း အရမ်း အရမ်း ကြိုက်နေတာပဲဟာ။

အိပ်မက်ဆိုရင်တောင်မှ သူမ ဒီအိပ်မက်ကို အကြာကြီး ဆက်မက်ချင်နေမိတယ်။

အတန်းထဲက ထွက်လာပြီးနောက် ကျိုးအန်းရန် သူ့ဘေးနားက လိုက်လျှောက်လာရင်း တိမ်ပေါ် လမ်းလျှောက်နေရသလို ခံစားနေရတယ်။ ပေါ့ပါးနေပြီး ခြေထောက်တွေ မြေကြီးနဲ့ မထိသလိုပဲ။

သူမ သူ့ကို မနေနိုင်ဘဲ ခေါင်းစောင်းပြီး ခိုးကြည့်လိုက်မိတယ်။

ကောင်လေးရဲ့ မေးရိုးလိုင်းတွေက ထင်ရှားပြီး ချောမောတယ်။ နှာတံစင်းစင်းနဲ့။ အရိုးဖွဲ့စည်းပုံရော အသားအရေပါ အရမ်းကောင်းမွန်တယ်။ ဘေးတိုက်မျက်နှာက ပန်းချီကားတစ်ချပ်လို လှပတယ်။

အမှတ် (၂) ကျောင်းက မိန်းကလေး တော်တော်များများရဲ့ လူငယ်ဘဝကို တောက်ပစေခဲ့တဲ့ ကောင်လေး။

လူအုပ်ထဲကနေ ခိုးကြည့်ရုံပဲ တတ်နိုင်ခဲ့တဲ့ ကောင်လေး။

အခုတော့ သူမရဲ့ ရည်းစား တကယ် ဖြစ်လာခဲ့ပြီ။

မယုံနိုင်စရာကောင်းလိုက်တာ။

ကျိုးအန်းရန် သူ့ကို ခိုးကြည့်နေရင်း အကွာအဝေး နီးကပ်လာတာကို သတိမထားမိလိုက်ဘူး။ ဘေးမှာချထားတဲ့ သူမလက်က သူ့လက်ဖမိုးနဲ့ မတော်တဆ ထိမိသွားတယ်။ အပြင်မှာ လေအေးနေသလို သူမက အအေးကြောက်တတ်သူမို့ လက်တွေ အေးစက်နေပြီ။ သူ့လက်ဖမိုးကတော့ နွေးထွေးနေတုန်းပဲ။

အပူလောင်ခံလိုက်ရသလို ကျိုးအန်းရန် လက်ပြန်ရုတ်မလို့လုပ်တုန်း လက်က ဖမ်းဆုပ်ခံလိုက်ရတယ်။

အတန်းထဲတုန်းက လက်ချောင်းလေးတွေကို ဖြည်းဖြည်းချင်း ခွဲပြီး ဆုပ်ကိုင်တာနဲ့ မတူတော့ဘူး။ ဒီတစ်ခါ ကောင်လေးရဲ့ လှုပ်ရှားမှုက သန်မာဖျတ်လတ်တယ်။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ လက်ချောင်းချင်း ယှက်နွှယ် ဆုပ်ကိုင်လိုက်ပြီ။ လက်ဖဝါးချင်းလည်း တင်းတင်းကျပ်ကျပ် ကပ်သွားတယ်။

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ မျက်ဝန်းနက်နက်တွေထဲမှာ အပြုံးတွေ ထင်ရှားနေသည်။

"လမ်းတစ်လျှောက်လုံး ငါ့ကို ဘယ်နှစ်ခါ ကြည့်ပြီးပြီလဲ"

ကျိုးအန်းရန် - "......"

တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ လက်တွေက သူမကို ယုံကြည်မှုနဲ့ သတ္တိတွေ ပေးလိုက်လို့ ထင်တယ်။ ကျိုးအန်းရန် နားရွက်တွေ ပူလာပေမယ့် ရှားရှားပါးပါး အကြည့်မလွှဲဘဲ တိုးတိုးလေး ပြန်မေးလိုက်တယ်။

"ကြည့်လို့ မရဘူးလား"

"ရတာပေါ့" ချန်လော့ပိုင် သူမကို ပြုံးကြည့်နေသည်။ လက်မက သူမလက်ဖမိုးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ "ငါ ရပ်ပေးရမလား၊ ဒါမှ နင် ဖြည်းဖြည်းချင်း သေချာ ကြည့်လို့ရအောင်လေ"

သူ့ရဲ့ စနောက်တဲ့ စကားကြောင့်လား၊ ဒါမှမဟုတ် လက်ကိုင်တာထက် ပိုရင်းနှီးတဲ့ အပြုအမူလေးကြောင့်လား မသိဘူး၊ ကျိုးအန်းရန် မျက်နှာ ပိုရဲတက်လာသည်။ မခံနိုင်တော့ဘဲ အကြည့်လွှဲလိုက်သည်။

"မ... မလိုပါဘူး"

ချန်လော့ပိုင် တိုးတိုးလေး ရယ်လိုက်သလိုပါပဲ။

"ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ နောက်ကျမှ ဖြည်းဖြည်းချင်း ကြည့်ပေါ့"

ဆောင်းဦးနှောင်းပိုင်း ညလေညင်းတွေက အေးစက်နေပေမယ့် ကျိုးအန်းရန် နှလုံးသားကတော့ ရေပူစမ်းထဲ စိမ်ထားသလို နွေးထွေးနေတယ်။

သူမ နှုတ်ခမ်းထောင့်စွန်းလေးတွေ ဖြည်းဖြည်းချင်း ကွေးတက်သွားသည်။

....

အဆောင်အောက် ရောက်တော့ လူသွားလူလာ များလာသလို၊ သူတို့အပေါ် ကျရောက်တဲ့ အကြည့်တွေလည်း များလာသည်။

ကျိုးအန်းရန် အဆောင်အောက်ကို သူ လိုက်ပို့တာ ပထမဆုံးအကြိမ် မဟုတ်ပေမယ့်၊ လက်ချင်းချိတ်ပြီး လိုက်ပို့တာကတော့ ပထမဆုံးအကြိမ်ပါပဲ။ အပူချိန်ကျစပြုနေတဲ့ နားရွက်တွေ ပြန်ပူလာသည်။ ဒါပေမဲ့ လက်မလွှတ်ဘဲ တိုးတိုးလေး ပြောလိုက်သည်။

"ငါ ရောက်ပြီ"

ချန်လော့ပိုင် "အင်း" ဟု တိုးတိုးလေး ပြန်ဖြေသည်။

ကျိုးအန်းရန် သူနဲ့ မခွဲချင်သလို၊ ခွဲရမှာလည်း ကြောက်နေမိသည်။ ဒါပေမဲ့ သူ့မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုတွေကို မြင်တော့ အိပ်ချင်နေတဲ့သူကို လေအေးထဲမှာ ရပ်ပြီး အချိန်ဖြုန်းခိုင်းရမှာလည်း အားနာမိပြန်သည်။

"ဒါဆို ငါ တက်တော့မယ်နော်၊ နင်လည်း စောစောပြန်နားတော့"

ရှေ့က မိန်းကလေးက ခေါင်းငုံ့ထားသည်။ ဖြူဝင်းတဲ့ နားရွက်လေးတွေက ဘယ်အချိန်ကတည်းက ရဲနေလဲ မသိဘူး။ မျက်တောင်လေးတွေ တုန်ခါနေပြီး ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းနုနုလေးတွေကို စေ့ထားသည်။

ချန်လော့ပိုင် အကြည့်က သူမနှုတ်ခမ်းပေါ် တစ်စက္ကန့်လောက် ရပ်တန့်သွားပြီးမှ လက်လွှတ်ပေးလိုက်သည်။

"အင်း"

"အင်း" တစ်လုံးတည်းပဲလား။

ကျိုးအန်းရန် နည်းနည်း စိတ်ပျက်သွားသည်။ ပြီးမှ ကိုယ် လောဘကြီးနေမိမှန်း သတိရသွားသည်။

လက်ချင်းချိတ်ပြီး အဆောင်အောက် လိုက်ပို့တာက အရင်တုန်းက စိတ်ကူးတောင် မယဉ်ရဲခဲ့တဲ့ ကိစ္စလေ။ သူမ စိတ်ပျက်မှုတွေကို ဖိနှိပ်လိုက်သည်။

"ဒါဆို ငါ ဝင်တော့မယ်နော်"

လှည့်ထွက်လိုက်တာနဲ့ ချန်လော့ပိုင်က လှမ်းခေါ်လိုက်သည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။

ညအမှောင်ထဲမှာ အရပ်ရှည်ရှည် ချောမောတဲ့ ကောင်လေးက သူမဆီ လက်နှစ်ဖက် ဖြန့်ပြလိုက်သည်။

"မဝင်ခင် နင့်ရည်းစားကို တစ်ခါလောက် မဖက်တော့ဘူးလား"

ကျိုးအန်းရန် ကြောင်သွားသည်။

ချန်လော့ပိုင်က သူမ တုံ့ပြန်တာကို မစောင့်တော့ဘဲ သူမလက်ကောက်ဝတ်ကို လှမ်းဆွဲပြီး အနားယူလိုက်သည်။

ကျိုးအန်းရန် သူ့ရင်ခွင်ထဲ ရောက်သွားသည်။ ခါးကို လက်နှစ်ဖက်နဲ့ ဖက်ထားပြီး တဖြည်းဖြည်း တင်းကြပ်လာသည်။ သူမမျက်နှာက ကောင်လေးရဲ့ ရင်အုပ်ကျယ်ကျယ်မှာ အပ်ထားပြီး နှာခေါင်းထဲမှာ သူ့ရဲ့ ရင်းနှီးတဲ့ ကိုယ်သင်းနံ့တွေ ပြည့်နှက်နေသည်။ နားထဲမှာ သူမလိုပဲ မြန်ဆန်နေတဲ့ ရင်ခုန်သံတွေကို ကြားနေရသည်။

သူမ စိတ်ပြန်ငြိမ်သွားသည်။

လူစည်ကားတဲ့ အဆောင်အောက်မှာ ချန်လော့ပိုင် သူမကို ခဏကြာအောင် ဖက်ထားလိုက်သည်။

မလွှတ်ခင်လေးမှာ သူ ခေါင်းနည်းနည်း ငုံ့လိုက်သလို ခံစားရပြီး အသက်ရှူသံ နွေးနွေးလေးတွေ နားရွက်ပေါ် ကျရောက်လာသည်။ အသံက အရမ်း တိုးညှင်းနေသည်။

"Good night ပါ... ရည်းစားလေး"

...

ကျိုးအန်းရန် အခန်းထဲ ဝင်လိုက်တာနဲ့ ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင်တို့က "အား... အား... အား..." နဲ့ အော်ပြီး ပြေးလာကြသည်။

"ရန်ရန်... နင် ချန်လော့ပိုင်နဲ့ တကယ် တွဲနေပြီလား" ရှဲ့ကျင့်ယွီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ကျိုးအန်းရန် လန့်သွားသည်။

"နင် ဘယ်လိုလုပ် သိတာလဲ"

ပိုင်လင်းယွင် - "နင် အောက်မှာ သူ့ကို ၂ မိနစ်၊ ၃ မိနစ်လောက် ဖက်ထားတာလေ၊ လူတွေက မျက်စိကန်းနေတာမှ မဟုတ်တာ။ ငါတို့အဆောင်နားက လူတွေ အကုန်မြင်လိုက်တယ်။ အခုဆို ဒီနားတစ်ဝိုက် ပျံ့နေလောက်ပြီ။ မနက်ဖြန်ဆို ကျောင်းတစ်ကျောင်းလုံး ပျံ့သွားတော့မယ်"

ကျိုးအန်းရန် - "......"

မျက်နှာက မီးခိုးထွက်မတတ် ပူလာသည်။

"မိုက်တယ်ဟေ့ ရန်ရန်" ရှဲ့ကျင့်ယွီက သူမပါးကို ဆွဲလိုက်သည်။ "ချန်လော့ပိုင်လို ကျောင်းသားချောလေးကိုတောင် နင် ရအောင်ယူနိုင်ခဲ့တယ်၊ ဘယ်လိုလုပ်လိုက်တာလဲ"

ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်သည်။

"ငါ မသိဘူး"

ပြန်တွေ့ကတည်းက သူကပဲ အမြဲ ဦးဆောင်နေခဲ့တာ။

ယွီရှင်းယွဲ့က ဘာကြောင့်မှန်းမသိ ဒီည စာကြည့်တိုက် ဆက်မသွားတော့ဘဲ သူတို့နဲ့အတူ ရူးမနေပေမယ့် ဝရန်တာကနေ ပစ္စည်းဝင်ယူရင်း ကျိုးအန်းရန်ကို ကြည့်ပြီး ပြောလိုက်သည်။

"ရန်ရန်... ချန်လော့ပိုင် အောက်မှာရှိနေတုန်းပဲ ထင်တယ်"

ကျိုးအန်းရန် ကြောင်သွားသည်။

လက်ထဲက စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ဖုန်းကိုင်ကာ ဝရန်တာကို အပြေးထွက်သွားသည်။

ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင်တို့လည်း အတင်းအဖျင်းကြည့်ဖို့ လိုက်ထွက်လာကြသည်။

ကျိုးအန်းရန် ဝရန်တာလက်ရန်းကို ကိုင်ပြီး ကြည့်လိုက်တော့ အရပ်ရှည်ရှည်ကောင်လေးက သူမကို ဖက်ခဲ့တဲ့နေရာမှာပဲ ရပ်နေတုန်းပဲ။ စိတ်ချင်းဆက်နေသလို သူ ရုတ်တရက် မော့ကြည့်လိုက်သည်။

လေထဲမှာ အကြည့်ချင်းဆုံသွားတော့ ကျိုးအန်းရန် ရင်ခုန်သံ ထပ်မြန်လာသည်။

သူမ ဖုန်းထုတ်ပြီး စာပို့လိုက်သည်။

[နင် ဘာလို့ မပြန်သေးတာလဲ]

C - [နင့်ကို တစ်ချက်လောက် ထပ်ကြည့်ချင်လို့]

ကျိုးအန်းရန် လက်ချောင်းလေး တုန်သွားသည်။ ရင်ခုန်သံတွေ အရမ်းမြန်နေသည်။

[အခု ကြည့်ပြီးပြီလေ]

C - [အင်း]

C - [သွားပြီ]

ကျိုးအန်းရန် ဖုန်းပေါ်ကနေ မျက်လုံးခွာလိုက်သည်။

ဝရန်တာအောက်မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေးက ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ လက်မြှောက်ပြီး သူမကို လက်ပြလိုက်သည်။ ပြီးတော့ လှည့်ထွက်သွားပြီး ညအမှောင်ထဲ တိုးဝင်သွားသည်။

သူ့အရိပ် ပျောက်သွားမှ ကျိုးအန်းရန် အခန်းထဲ ပြန်ဝင်လာသည်။

ရှဲ့ကျင့်ယွီက သူမနောက်ကနေ လိုက်လာသည်။

"ဝူး... ဝူး... ဝူး... ငါလည်း ရည်းစားလိုချင်ပြီ"

"ရည်းစားထားတာချင်း မတူဘူး" ပိုင်လင်းယွင် ဝင်ပြောသည်။ "ငါနဲ့ ရှဲ့ကျစ်ဟန် တွဲတဲ့နေ့ကဆိုရင် သူက ငါ့ကို အဆောင်အောက် လိုက်ပို့ပေးပြီးတာနဲ့ တန်းပြန်ပြေးတာပဲ"

"ဟုတ်တယ်" ရှဲ့ကျင့်ယွီ သက်ပြင်းချလိုက်သည်။ "ငါ ရည်းစားရရင်တောင် သူက နင့်ကို တစ်ချက်လောက် ထပ်ကြည့်ချင်လို့ပါဆိုပြီး ပြောမှာ မဟုတ်ဘူး"

ကျိုးအန်းရန် - "......"

ဒီနှစ်ယောက်က ရည်းစားလိုချင်တာ မဟုတ်ပါဘူး၊ သူမကို စနောက်နေတာပဲ။

ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ သူမကို သွားကလိလိုက်သည်။

"ကျင့်ယီ... နင် ခိုးကြည့်တယ်နော်"

ရှဲ့ကျင့်ယွီက ရယ်မောပြီး ရှောင်လိုက်သည်။

"အဲဒီတစ်ကြောင်းတည်း ခိုးကြည့်မိတာပါ။ စိတ်မဆိုးပါနဲ့၊ ချန်လော့ပိုင်က အစက ငါတို့ကျောင်းရဲ့ အများပိုင် ကျောင်းသားချောလေး၊ အခု နင်တစ်ယောက်တည်းပိုင် ဖြစ်သွားပြီဆိုတော့ ငါတို့က နင်တို့ ရိုမန့်တစ်ဆန်တာလေးကို ခိုးကြည့်တာ မလွန်ပါဘူးနော်"

ကျိုးအန်းရန်က မျက်နှာပူတတ်သူမို့ သူတို့နဲ့ မပြိုင်နိုင်တော့ဘဲ ထွက်ပြေးဖို့ ကြံလိုက်သည်။

"ငါ မျက်နှာသွားသစ်တော့မယ်"

....

မျက်နှာသစ်ပြီးတော့ ကျိုးအန်းရန် ဖုန်းနဲ့ သူ ဒီည ပေးလိုက်တဲ့ သကြားလုံးနှစ်လုံးကို ယူပြီး ကုတင်ပေါ် တက်လိုက်သည်။

ပက်လက်လှဲလိုက်ပြီး ယန်ရှင်းချန်တို့ ဂရုလေးကို ဖွင့်လိုက်သည်။ လက်ချောင်းလေးက ဖုန်းမျက်နှာပြင်ပေါ် ရပ်တန့်နေပြီးမှ တစ်ဖက်လှည့်ကာ မှောက်လိုက်သည်။

လီမွန်ဆိုဒါသကြားလုံးနှစ်လုံးကို ခေါင်းအုံးဘေးမှာ ထားလိုက်သည်။

ကျိုးအန်းရန် သကြားလုံးနှစ်လုံးကို ကြည့်လိုက်၊ နားရွက်ကို စမ်းကြည့်လိုက်နဲ့ နောက်ဆုံးတော့ စာရိုက်လိုက်သည်။

[ဟိုလေ]

[နင်တို့ကို ပြောစရာ ရှိတယ်]

စက္ကန့်အနည်းငယ် စောင့်လိုက်သည်။

ဂရုထဲမှာ ဘာအသံမှ မကြားရဘူး။

လွန်ခဲ့တဲ့ မိနစ် ၂၀ လောက်က ယန်ရှင်းချန်နဲ့ ကျန်းရူရှန်းတို့ စကားပြောနေကြသေးတာ။

အလုပ်များသွားကြတာလား။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး စာဆက်ရိုက်လိုက်သည်။

[ငါနဲ့ ချန်လော့ပိုင် တွဲနေကြပြီ]

ဒီမက်ဆေ့ခ်ျ ပို့လိုက်တာနဲ့ ဂရုထဲမှာ မက်ဆေ့ခ်ျတွေ တောက်လျှောက် တက်လာသည်။

ရှန့်ရှောင်ဝမ် - [မိနစ် ၂၀]

ကျန်းရူရှန်း - [သူ့ကို ခွင့်လွှတ်ပေးရမလား]

ယန်ရှင်းချန် - [သူ့ကို ရှင်းပြခွင့်ပေးလိုက်ပါ]

ကျိုးအန်းရန် - [?]

ကျိုးအန်းရန် - [နင်တို့ ဘာတွေ ပြောနေကြတာလဲ]

ဟိုသုံးယောက်က သူမကို လျစ်လျူရှုထားပြီး ကိုယ့်ဘာသာ ဆက်ပြောနေကြသည်။

ရှန့်ရှောင်ဝမ် - [ဒါပေမဲ့ ကျုရန်က ငါတို့ထက် မိနစ် ၂၀ စောသိသွားတာလေ]

ကျန်းရူရှန်း - [အဲဒါတော့ သည်းမခံနိုင်ဘူး]

ယန်ရှင်းချန် - [ဒါပေမဲ့ သူက ကျုရန်ကို ပြောပြလိုက်တာမှ မဟုတ်တာ]

ကျိုးအန်းရန် - [ဘာအခြေအနေလဲ]

ကျိုးအန်းရန် - [သနားစရာကောင်းနေတဲ့ပုံ.jpg]

ယန်ရှင်းချန် - [နင် Moments သွားကြည့်လိုက်ဦး]

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

Moments ထဲ ဝင်ပြီး Refresh လုပ်လိုက်တော့ ကျုရန်ရဲ့ Post အသစ်ကို တွေ့လိုက်ရသည်။

ကျုရန် - "ချန်မျိုးရိုးက မိန်းမရလို့ သူငယ်ချင်းမေ့တဲ့အထဲမှာ ဒီထက်ဆိုးတာ ရှိဦးမလား"

ပုံက WeChat Chat screenshot တစ်ပုံ ဖြစ်သည်။

ကျုရန် - [ငါ ဒီအပတ် ပိတ်ရက် မင်းတို့ကျောင်း လာလည်မယ်]

C - [မလာနဲ့၊ မအားဘူး]

ကျုရန် - [မင်း ဒီအပတ် ပိတ်ရက် ဘောလုံးပွဲတစ်ပွဲပဲ ရှိတာမလား။ ဘာလို့ မအားရတာလဲ]

ကျုရန် - [ဒီအပတ် အိမ်စာတွေ များနေလို့လား]

C - [ရည်းစားနဲ့ နေရမှာမို့လို့]

ကျုရန် - [???]

ကျုရန် - [!!!!!]

ကျုရန် - [မင်းနဲ့ ကျိုးအန်းရန် တွဲနေကြပြီလား]

C - [အင်း]

C - [ဒါကြောင့် မလာနဲ့တော့]

ကျုရန်က သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဆိုတော့ သူက ကျုရန်ကို ပြောပြလိုက်တာ မထူးဆန်းပါဘူး။

ဒါပေမဲ့ "ရည်းစားနဲ့ နေရမှာမို့လို့" ဆိုတဲ့ စာကြောင်းကို ကြည့်ပြီး ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းတွေ ဖြည်းဖြည်းချင်း ကွေးတက်လာသည်။

ကျိုးအန်းရန် ပုံကို ဖိပြီး Save လုပ်လိုက်သည်။ ပြီးမှ မူလစာမျက်နှာကို ပြန်သွားပြီး ဂရုလေးထဲ ဝင်လိုက်သည်။ ခုနက နားမလည်တဲ့ စကားဝိုင်းတွေကို အခုတော့ နားလည်သွားပြီ။

သူမ နည်းနည်း လိပ်ပြာမလုံ ဖြစ်သွားသည်။

ကျိုးအန်းရန် - [ငါ ကြည့်ပြီးပြီ]

ရှန့်ရှောင်ဝမ် - [ဒါဆို ရှင်းပြလေ]

ကျန်းရူရှန်း - [တွဲတာ ဘယ်လောက်ကြာပြီလဲ]

ယန်ရှင်းချန် - [ကျုရန်တောင် သိနေပြီ! ငါတို့က မသိသေးဘူး!!]

ကျိုးအန်းရန် - [မကြာသေးပါဘူး]

ကျိုးအန်းရန် - [ဒီညမှ တွဲကြတာ]

ကျန်းရူရှန်း - [?? ဒီည?]

ကျိုးအန်းရန် - [ညနေ ဒုတိယပိုင်း အတန်းဆင်းမှ သူ ငါ့ကို ဖွင့်ပြောတာ]

ကျိုးအန်းရန် - [ငါ ပြန်ရောက်ပြီး မျက်နှာသစ်ရေချိုးပြီးတာနဲ့ နင်တို့ကို ပြောပြတာပါ]

သူက သူမထက်အရင် ကျုရန်ကို ပြောပြလိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ရှန့်ရှောင်ဝမ် - [နင်တို့ ညနေ ဒုတိယပိုင်း အတန်းဆင်းတာ ၈ နာရီခွဲလေ၊ အခုမှ တစ်နာရီကျော်ကျော်ပဲ ရှိသေးတာပေါ့]

ကျိုးအန်းရန် - [ဟုတ်တယ်]

ယန်ရှင်းချန် - [ထားလိုက်ပါတော့၊ ဒါဆို ခွင့်လွှတ်ပေးလိုက်မယ်]

ကျန်းရူရှန်း - [အချိန်မီ လာပြောတာကို ထောက်ထားပြီးပေါ့]

ရှန့်ရှောင်ဝမ် - [ငါ ဆိုလိုတာက]

ရှန့်ရှောင်ဝမ် - [အခုမှ တစ်နာရီကျော်ကျော်ပဲ ရှိသေးတယ်။ ခုနက ကျုရန် Moments တင်တုန်းကဆို နင်တို့ တွဲတာ နာရီဝက်လောက်ပဲ ရှိသေးတာ]

ရှန့်ရှောင်ဝမ် - [တစ်ယောက်ယောက်က အဲဒီလောက်တောင် ကြွားချင်နေပြီပေါ့]

ယန်ရှင်းချန် - [ဟုတ်သားပဲ]

ကျန်းရူရှန်း - [!!]

ကျန်းရူရှန်း - [နင် ချက်ကောင်းကို တွေ့သွားပြီ!!]

ကျန်းရူရှန်း - [ဆေးကျောင်းတက်နေရလို့ ငါ့ဦးနှောက်တွေ ထိုင်းမှိုင်းကုန်ပြီ!!!]

ကျန်းရူရှန်း - [အရင်တုန်းကဆို ငါ ဒီလိုအချက်မျိုးကို လွတ်သွားမှာ မဟုတ်ဘူး]

ရှန့်ရှောင်ဝမ် - [ရန်ရန်... ကြည့်ရတာ ချန်လော့ပိုင်က ငါ မှန်းထားတာထက် နင့်ကို ပိုကြိုက်နေပုံရတယ်]

ကျိုးအန်းရန် - "......"

ဟုတ်လို့လား။

ကျန်းရူရှန်း - [ဒါပေမဲ့ ကျုရန်က ဒီလိုတင်လိုက်တော့ တရားဝင် ကြေညာလိုက်သလို ဖြစ်သွားပြီ။ စောင့်ကြည့်နေလိုက်၊ ဒီနှစ်ရက်အတွင်း လူတွေအများကြီး နင့်ကို လာမေးကြလိမ့်မယ်]

ဒီမက်ဆေ့ခ်ျ ဝင်လာတာနဲ့ ကျိုးအန်းရန် ဖုန်းသံ မြည်လာသည်။

ကျန်းရူရှန်း ပြောသလို တစ်ယောက်ယောက် လာမေးပြီလားလို့ ထင်ပြီး ထွက်ကြည့်လိုက်တော့ သူ ပို့လိုက်တာ ဖြစ်နေသည်။

C - [ခုနက ရေချိုးနေလို့]

C - [ကျုရန် Moments ကို အခုမှ တွေ့တယ်]

C - [စိတ်ရှိလား]

ကျိုးအန်းရန် နားမလည်ပေ။

[ဘာစိတ်ရှိတာလဲ]

C - [ငါတို့ ဆက်ဆံရေးကို ဒီလောက်မြန်မြန် ထုတ်ပြောလိုက်တာ စိတ်ရှိလားလို့]

ကျိုးအန်းရန် - "......"

သူ ခုနက အဆောင်အောက်မှာ လူပုံအလယ် ဖက်လိုက်ကတည်းက တရားဝင် ထုတ်ပြောလိုက်သလို ဖြစ်နေပြီလေ။

ပြီးတော့ သူမ ဘယ်လိုလုပ် စိတ်ရှိမှာလဲ။ သူက ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ သူမ ဝမ်းသာတောင် ဝမ်းသာနေသေးတယ်။

ကျိုးအန်းရန် - [စိတ်မရှိပါဘူး]

C - [ဒါဆို ငါလည်း တစ်ခု တင်လိုက်မယ်]

ကျိုးအန်းရန် - [ဘာတင်မှာလဲ]

ကျိုးအန်းရန် - [Moments လား]

C - [အင်း]

C - [ကျုရန် တင်လိုက်တော့ လူတွေအများကြီး လာမေးနေကြလို့၊ တစ်ယောက်ချင်းစီ လိုက်ဖြေရမှာ ပျင်းလို့]

ဆိုလိုတာက...

သူကိုယ်တိုင် တရားဝင် ကြေညာတော့မယ်ပေါ့။

သူ ဘာတင်မလဲဆိုတာ ကျိုးအန်းရန် သိချင်နေသည်။

Moments ထဲဝင်ပြီး ထပ်ခါထပ်ခါ Refresh လုပ်နေမိသည်။ မက်ဆေ့ခ်ျအသစ် မတက်လာသေးဘူး။ မျှော်လင့်ချက်တွေနဲ့ ရင်ခုန်သံတွေ တဖြည်းဖြည်း မြန်ဆန်လာသည်။

တစ်မိနစ်လောက်ကြာတော့ သူ့ Profile ပုံလေး ပေါ်လာသည်။

C - "မမေးကြပါနဲ့တော့၊ ငါတို့ အထက်တန်း ပထမနှစ်တုန်းက အတန်းဖော် ကျိုးအန်းရန် ပါ။ ငါက အရင် လိုက်ခဲ့တာ၊ ကြိုက်နေတာ ကြာပါပြီ"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၄ ။ သကြားလုံး : ငါ့တကိုယ်လုံး နင့်အပိုင်ဖြစ်နေပြီ

"ကြိုက်နေတာ ကြာပါပြီ" တဲ့...

ဘယ်လောက်တောင် ကြာပြီလဲ။

ကျိုးအန်းရန် ဒီ Moments စာသားလေးကို ကြည့်ရင်း ငေးမောနေမိတယ်။

သူမက သူ ဘယ်တုန်းက စကြိုက်ခဲ့တာလဲဆိုတာ သေချာ မစဉ်းစားခဲ့မိဘူး။

အစတုန်းကတော့ သူ သူမကို ကြိုက်နေတယ်ဆိုတာ တွေးတောင် မတွေးရဲခဲ့ဘူး။ နောက်ပိုင်း သူက အရမ်း သိသာအောင် ပြလာတော့ သူမ ခံနိုင်ရည်မရှိလောက်အောင် ဖြစ်သွားပြီး ဒီမေးခွန်းကို စဉ်းစားဖို့ အချိန်မရလိုက်ဘူး။

အခု ပြန်စဉ်းစားကြည့်မှ တက္ကသိုလ်မှာ ပြန်တွေ့တဲ့ ညကတည်းက သူမအပေါ် ဆက်ဆံပုံက နည်းနည်းထူးခြားနေခဲ့တာ။

WeChat ဦးဆောင်ပြီး Add တာ၊ အချိန်ဇယား တောင်းတာ၊ အကူအညီတောင်းတာ၊ ဒုတိယညမှာ ညစာလိုက်ကျွေးတာ၊ အဆောင်ပြန်လိုက်ပို့တာ...

အဆင့်တိုင်း အဆင့်တိုင်းမှာ သူကပဲ ဦးဆောင်ခဲ့တာ။

ကျိုးအန်းရန် မူလစာမျက်နှာကို ပြန်သွားလိုက်ပြီး သူ့ကို မေးကြည့်ချင်ပေမယ့် ကျုရန်ဆီက မက်ဆေ့ခ်ျ အရင်ဝင်လာသည်။

ကျုရန် သူမကို Add ပြီးကတည်းက စကားမပြောခဲ့ဘူး။ ဒါ ပထမဆုံးအကြိမ်ပါပဲ။

ကျုရန် - [ကျိုးအန်းရန်... နင့်ကို ဂရုတစ်ခုထဲ ဆွဲထည့်လိုက်မယ်နော်]

ကျိုးအန်းရန် - [ဘာဂရုလဲ]

ကျုရန် - [ငါတို့ အထက်တန်းက အတန်းဖော်ဟောင်းတချို့ပါ၊ သူတို့က နင့်ကို နှုတ်ဆက်ပြီး အတိတ်အကြောင်း ပြောချင်လို့တဲ့]

ကျုရန် - [အဆင်ပြေလား]

ကျုရန် သူငယ်ချင်းတွေဆိုတာ သူ့သူငယ်ချင်းတွေလည်း ဖြစ်မှာပဲ။

ကျိုးအန်းရန် မငြင်းပါဘူး။

[ပြေပါတယ်]

လက်ခံလိုက်တာနဲ့ ချက်ချင်း ဆွဲထည့်ခံလိုက်ရတယ်။ ဖုန်းမြည်သံ တစ်ချက် ကြားလိုက်ရတယ်။

သူမ မူလစာမျက်နှာကို ပြန်သွားလိုက်တော့ ထိပ်ဆုံးမှာ ဂရုအသစ်တစ်ခု ရောက်နေတယ်။ ပထမဆုံး မက်ဆေ့ခ်ျက ကျုရန်ဆီက။

ကျုရန် - [သူ့ကို ထည့်လိုက်ပြီ]

ဂရုအသစ်မို့ Notification မပိတ်ရသေးဘူး။ ကျိုးအန်းရန် ဒီစာကြောင်း ဖတ်ပြီးတာနဲ့ နောက်တစ်စက္ကန့်မှာ ဖုန်းက ရူးသွပ်စွာ တုန်ခါလာတော့သည်။ တစ်ချက်ပြီးတစ်ချက် မြည်လာပြီး မက်ဆေ့ခ်ျတွေ တောက်လျှောက် တက်လာသည်။

စိမ်းနေတဲ့ Profile ပုံတွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေ... ဒါပေမဲ့ အကြောင်းအရာကတော့ အတူတူပါပဲ။

ထန်ကျန့်ရွေ့ - [မရီး မင်္ဂလာပါ]

ဟွမ်ရှူးကျဲ့ - [မရီး မင်္ဂလာပါ]

ရှောင်ဇီလင် - [မရီး မင်္ဂလာပါ]

ပေါင်ခွန်း - [မရီး မင်္ဂလာပါ]

......

ကျိုးအန်းရန် - "......"

ချန်လော့ပိုင် Profile ပုံလေးက အဲဒီမက်ဆေ့ခ်ျတန်းကြီးအောက်မှာ ကပ်ပါလာသည်။

C - [နင်တို့ ရူးနေလား]

C - [သူ့ကို မခြောက်ကြနဲ့]

ဘာကြောင့်မှန်းမသိ၊ ကျိုးအန်းရန်က သူ ဒီစကားနှစ်ခွန်းကို ရယ်မောပြီး ဆဲလိုက်တဲ့ အသံနဲ့ ပုံစံကို မျက်စိထဲ ရှင်းရှင်းလင်းလင်း မြင်ယောင်နေမိတယ်။

သူမ ဒီနာမည်တွေကိုကြည့်ပြီး ငေးမောနေမိတယ်။

အားလုံးက အထက်တန်းတုန်းက သူနဲ့ အရင်းနှီးဆုံး၊ ဘောလုံးကွင်းမှာ အတူကစားလေ့ရှိတဲ့ ကောင်လေးတွေ။

နှာခေါင်းထိပ်လေး ရုတ်တရက် ရှုံ့သွားတယ်။

အဲဒီတုန်းက သူမ ဘောလုံးကွင်းနား ဖြတ်သွားတိုင်း သူနဲ့ သူ့သူငယ်ချင်းတွေ ကစားနေတာကို အကြိမ်ကြိမ် ခိုးကြည့်ခဲ့ရတာ။ တစ်နေ့ကျရင် သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲ ရောက်သွားပြီး ဒီလူတွေက သူမကို "မရီး" လို့ ခေါ်ကြလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

ကျုရန် - [ကြည့်ကြပါဦး]

ကျုရန် - [တစ်ယောက်ယောက်က ဘယ်လောက်တောင် ကာကွယ်ပေးနေလဲ]

C - [မနည်း လိုက်ထားရတာ]

C - [သေချာမကာကွယ်ထားရင် ထွက်ပြေးသွားရင် မင်း လျော်ပေးနိုင်မလား]

ထန်ကျန့်ရွေ့ - [မလျော်နိုင်ပါဘူး၊ မလျော်နိုင်ပါဘူး]

ထန်ကျန့်ရွေ့ - [ငါတို့အားလုံး ပေါင်းရင်တောင် မရီးရဲ့ လက်ချောင်းလေးတစ်ချောင်းကို မမီပါဘူး]

ချန်လော့ပိုင်က အသံဖိုင်တစ်ခု ပို့လိုက်သည်။

ကျိုးအန်းရန် ဖွင့်ပြီး နားနားကပ်နားထောင်လိုက်တော့ ရယ်သံပါတဲ့ သူ့အသံ ကြားလိုက်ရသည်။

[လစ်လိုက်တော့]

အထက်တန်းတုန်းက သူတို့ကို ရယ်မောပြီး ဆဲဆိုနေတာကို သူမ အကြိမ်ကြိမ် ခိုးနားထောင်ဖူးသလို လေသံမျိုးပါပဲ။

C - [သူတို့ကို ဂရုမစိုက်နဲ့]

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ဒါက သူမကို ပြောတာမလား။

ဟွမ်ရှူးကျဲ့ - [မလုပ်ပါနဲ့ကွာ]

ဟွမ်ရှူးကျဲ့ - [ငါတို့က မရီးနဲ့ တစ်နှစ်ကျော်လောက် အတန်းဖော် ဖြစ်ခဲ့တာပဲဟာ]

ဟွမ်ရှူးကျဲ့ - [အတိတ်အကြောင်း ပြောရင်း နှုတ်ဆက်တာလောက်တော့ ရပါတယ်]

ဟွမ်ရှူးကျဲ့ - [မရီး @ကျိုးအန်းရန်]

ဟွမ်ရှူးကျဲ့ - [ကျောင်းပိတ်ရင် လော့ကောနဲ့အတူ ငါတို့ဆီ လာလည်ပါဦး]

C - [သွားချင်လား]

ထန်ကျန့်ရွေ့ - [လော့ကောကလည်း Subject မထည့်ပြောဘူး]

ထန်ကျန့်ရွေ့ - [ဘယ်သူ့ကို မေးနေမှန်း ငါတို့ မသိဘူးလေ]

ရှောင်ဇီလင် - [မင်းကို မေးတာ မဟုတ်တာတော့ သေချာတယ်၊ ကိုယ့်ဘာသာ အထင်မကြီးနဲ့]

ကျုရန် - [တော်ကြပါတော့]

ကျုရန် - [မင်းတို့ ကျိုးအန်းရန်ကို ဆက်စနေရင် တစ်ယောက်ယောက်က ငါ့ကို ဂရုဖျက်ခိုင်းလိမ့်မယ်]

ကျုရန် - [နင် သူ့ကို ပြန်ဖြေလိုက်ပါဦး @ကျိုးအန်းရန်]

ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်သည်။

ကျိုးအန်းရန် - [အဲဒီအချိန်ကျရင် အားရင် လာခဲ့မယ်လေ]

...

ဒီဘက်မှာ စကားပြောပြီးတော့ ကျိုးအန်းရန် မူလစာမျက်နှာကို ပြန်သွားလိုက်ရာ ကျန်းရူရှန်းက သူမတို့ လေးယောက်ဂရုမှာ သူမကို မန်းရှင်းခေါ်ထားတာ တွေ့လိုက်ရသည်။

စောစောက ဟိုဘက်မှာ မက်ဆေ့ခ်ျတွေ များလွန်းလို့ ဖုန်းဆက်တိုက် မြည်နေတာကြောင့် သတိမထားမိလိုက်ဘူး။

ကျန်းရူရှန်း - [ချန်လော့ပိုင်က Moments မှာ တရားဝင် ကြေညာလိုက်ပြီလား @ကျိုးအန်းရန်]

ယန်ရှင်းချန် - [ဘာ! ချန်လော့ပိုင် တရားဝင် ကြေညာလိုက်ပြီ ဟုတ်လား။ ဘယ်လို ကြေညာလိုက်တာလဲ။ နင် ဘယ်လိုသိလဲ??]

ကျန်းရူရှန်းက ချန်လော့ပိုင်ရဲ့ Moments Screenshot ကို ဂရုထဲ ပို့လိုက်သည်။

ကျန်းရူရှန်း - [နင် သူ့ကို အထင်လွဲနေတာပဲ၊ သူက ငါတို့ကျောင်းမှာ အမျိုးသားအနုပညာရှင်တစ်ယောက်လို ဆက်ဆံခံရတာပါ]

ကျန်းရူရှန်း - [ကျုရန်ရဲ့ Moments တက်လာတာနဲ့ ငါ့ရဲ့ အထက်တန်းကျောင်း ဂရုတွေ အကုန်လုံး ပွက်လောရိုက်ကုန်ကြတာ]

ကျန်းရူရှန်း - [တချို့လူတွေက ရန်ရန် ဘယ်လိုနည်းလမ်းသုံးပြီး ချန်လော့ပိုင်ကို ရအောင်ယူလိုက်လဲဆိုပြီး မကောင်းပြောနေကြသေးတယ်]

ကျန်းရူရှန်း - [ငါ ပြန်ပြောမလို့ လုပ်နေတုန်း တစ်ယောက်ယောက်က သူ့ Moments ကို Share လိုက်ကြတော့ အကုန်လုံး ပါးစပ်ပိတ်သွားကြရော]

ကျန်းရူရှန်း - [သောက်ရမ်းမိုက်တာပဲ ဟား... ဟား... ဟား...]

ကျန်းရူရှန်း - [ချန်လော့ပိုင် တမင်လုပ်လိုက်တာများလားလို့ ငါ သံသယဝင်မိတယ်]

ရှန့်ရှောင်ဝမ် - [ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ]

ရှန့်ရှောင်ဝမ် - ["များလား" ဆိုတာ ဖြုတ်လိုက်]

ရှန့်ရှောင်ဝမ် - [ချန်လော့ပိုင်က ဉာဏ်ကောင်းတဲ့သူပဲ၊ ရန်ရန်နဲ့ သူ တွဲလိုက်ရင် ဘယ်လိုဝေဖန်မှုတွေ ထွက်လာမလဲဆိုတာ သေချာပေါက်သိမှာပါ]

ရှန့်ရှောင်ဝမ် - [သူ တရားဝင် ကြေညာချင်ရုံ၊ ချစ်တာပြချင်ရုံ သက်သက်ဆိုရင် ပိုပြီး ရိုမန်းတစ်ဆန်တဲ့ စာသားတွေ သုံးလို့ရတာပဲ]

ရှန့်ရှောင်ဝမ် - [သူ ငါတို့ တွေ့ဆုံပွဲဂရုထဲ ဝင်လာတုန်းက ပြောခဲ့တဲ့ ပထမဆုံး စကားကို မှတ်မိကြသေးလား]

ယန်ရှင်းချန် - [ဘာလဲ]

ကျန်းရူရှန်း - [ငါ မှတ်မိတယ်၊ ငါ မှတ်မိတယ်]

ကျန်းရူရှန်း - ["သူ့ကို လိုက်မရှာနဲ့တော့၊ သိချင်တာရှိရင် ငါ့ကို တိုက်ရိုက်မေး" ဆိုတာမလား]

ရှန့်ရှောင်ဝမ် - [အခု Moments ကလည်း အဲဒီသဘောပါပဲ]

ရှန့်ရှောင်ဝမ် - ["သူ့ဘက်ကို လှည့်မတွေးကြနဲ့တော့၊ ငါက အရင်စလိုက်တာ" ဆိုတဲ့ သဘောလေ]

ရှန့်ရှောင်ဝမ် - [သူ ရန်ရန်ကို ဒီလောက် ကာကွယ်ပေးမှတော့ ဒီစုံတွဲကို ငါ လက်ခံလိုက်ပြီ]

ယန်ရှင်းချန် - [ဟွန့်]

ယန်ရှင်းချန် - [ငါကတော့ မနည်း လက်ခံပေးလိုက်မယ်]

ယန်ရှင်းချန် - [သူ့ရဲ့ နောက်ဆက်တွဲ အပြုအမူတွေကို စောင့်ကြည့်ရဦးမယ်]

ကျိုးအန်းရန် ခဏ ကြောင်သွားသည်။

ဒီည သူမစိတ်တွေ လေထဲမှာ လွင့်နေပြီး ရှုပ်ထွေးနေတာ။ စောစောက သူပြောတဲ့ "ကြိုက်နေတာ ကြာပါပြီ" ဆိုတဲ့ စကားအပေါ်မှာပဲ အာရုံရောက်နေတာ။ အခု ရှန့်ရှောင်ဝမ်ရဲ့ သုံးသပ်ချက်ကို တွေ့လိုက်ရမှ သူ့ Moments ထဲက ကာကွယ်ပေးလိုစိတ်ကို သတိထားမိသွားသည်။

ရင်ထဲက တစ်နေရာရာ ပျော်ကျသွားသလို ခံစားလိုက်ရသည်။

ဖုန်း ရုတ်တရက် မြည်လာသည်။

ကျိုးအန်းရန် ပြန်ထွက်ကြည့်လိုက်တော့ ယွီပင်းချင်ဆီက မက်ဆေ့ခ်ျ ဖြစ်နေသည်။

ယွီပင်းချင် - [သူနဲ့ တွဲနေပြီလား]

နာမည်မတပ်ပေမယ့် နှစ်ယောက်လုံး သိကြသည်။

ဆက်ဆံရေး ပြောင်းလဲသွားလို့လား မသိဘူး၊ သူမမက်ဆေ့ခ်ျကို မြင်တော့ ကျိုးအန်းရန် နည်းနည်း ရှက်သွားသည်။ နှုတ်ခမ်းကို စေ့လိုက်ပြီး မျက်နှာရဲရဲနဲ့ ပြန်ပို့လိုက်သည်။

[အင်း]

ယွီပင်းချင်က နောက်ထပ် စာတစ်စောင် ထပ်ပို့လာသည်။

[သူ နင့်ကို အနိုင်ကျင့်ရင် ငါ့ကို ပြောနော်]

ကျိုးအန်းရန် - [ဟုတ်ကဲ့... ကျေးဇူးပါ အစ်မ]

ပြီးတော့ တွေ့ဆုံပွဲဂရုထဲမှာ တုန်းချန်က သူမကို မန်းရှင်းခေါ်လိုက်တာ တွေ့လိုက်ရသည်။ တော်တော် အံ့ဩနေပုံရသည်။

တုန်းချန် - [@ကျိုးအန်းရန်]

တုန်းချန် - [နင်နဲ့ ချန်လော့ပိုင် တွဲနေကြပြီ ဟုတ်လား??]

တုန်းချန် - [ဘာအခြေအနေလဲ??????]

ယန်ရှင်းချန်က သူ့ကို အရင်စာပြန်လိုက်သည်။

ယန်ရှင်းချန် - [သူတို့တွဲတာ ဘာအံ့ဩစရာရှိလို့လဲ]

တုန်းချန် - [မအံ့ဩစရာလား]

တုန်းချန် - [သူတို့နှစ်ယောက် အထက်တန်းတုန်းက လုံးဝ မရင်းနှီးကြဘူးလေ၊ ဘယ်လိုလုပ် ရုတ်တရက် တွဲသွားကြတာလဲ]

ယန်ရှင်းချန် - [သူတို့နှစ်ယောက် ပြီးခဲ့တဲ့တစ်ခေါက် တွေ့ဆုံပွဲတုန်းက တော်တော် သိသာနေပြီလေ]

ယန်ရှင်းချန် - [နင် ကိုယ်တိုင် တုံးနေလို့ မမြင်တာပါ]

ကျိုးအန်းရန် ကုတင်ပေါ်မှောက်ပြီး ရယ်လိုက်မိသည်။

ယန်ရှင်းချန်က သူများကို တုံးတယ်လို့ ပြောရဲသေးတယ်။ သူမကိုယ်တိုင်က အတုံးဆုံးပါပဲ။

နောက်ပိုင်း တခြားလူတွေလည်း အခြေအနေ လာမေးကြသည်။ ဒါပေမဲ့ သူက ကာကွယ်ပေးတဲ့ သဘောပါတဲ့ Moments တင်ထားလို့ ထင်တယ်၊ လာမေးတဲ့လူတွေက မျှော်လင့်ထားတာထက် အများကြီး နည်းသွားသည်။ မေးခွန်းတွေကလည်း "သူမ ဘယ်လိုလုပ် ချန်လော့ပိုင်နဲ့ တွဲသွားတာလဲ" ဆိုတာကနေ "ချန်လော့ပိုင်က ဘယ်လိုလုပ် သူမကို လိုက်တာလဲ" ဆိုတဲ့ဘက် ပြောင်းသွားကြသည်။

တစ်ယောက်ချင်းစီ လိုက်ဖြေပြီးတော့ အချိန်တော်တော် နှောင်းနေပြီ။ ကျိုးအန်းရန် မူလစာမျက်နှာကို ပြန်သွားပြီး သူ့ Chat box ကို ဖွင့်လိုက်ချိန်မှာ သူ စာမပို့ရသေးခင် သူ့ဆီက စာဝင်လာသည်။

C - [အိပ်ပြီလား]

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

[မအိပ်သေးပါဘူး]

ကျိုးအန်းရန် - [နင်ရော ဘာလို့ မအိပ်သေးတာလဲ]

C - [အိပ်တော့မလို့ပါ]

C - [မနက်ဖြန်မနက် စာကြည့်တိုက် အတူသွားမလား]

ကျိုးအန်းရန် ပြီးခဲ့တဲ့တစ်ခေါက် ရှဲ့ကျင့်ယွီ ပြောပြတဲ့ အတင်းအဖျင်းကို သတိရသွားသည်။

[ငါ့အခန်းဖော် ပြောတာ နင်က စာကြည့်တိုက်သွားပြီး စာမလုပ်တတ်ဘူးဆို]

C - [အရင်တုန်းကတော့ မသွားဘူး၊ အလုပ်ရှုပ်လို့]

C - [အခုက ရည်းစားရှိနေပြီလေ]

ကျိုးအန်းရန် "ရည်းစား" ဆိုတဲ့ စကားလုံးကို ကြည့်ပြီး ပြုံးလိုက်သည်။

ကျိုးအန်းရန် - [ဒါဆို မနက်ဖြန်မနက် ၇ နာရီ ၅၀ စာကြည့်တိုက်ရှေ့မှာ တွေ့မယ်နော်]

C - [နည်းနည်း စောလိုက်ပါလား]

ကျိုးအန်းရန် - [စောသွားရင်လည်း စာကြည့်တိုက်မှ မဖွင့်သေးတာ]

C - [၇ နာရီ ၂၀ ကန်တင်း (၁) ရှေ့မှာ ဆုံပြီး မနက်စာ အတူစားကြမလား]

ကျိုးအန်းရန် ရင်ခုန်မြန်လာသည်။

[ကောင်းပြီ]

C - [မနက်ဖြန် တွေ့မယ်]

ကျိုးအန်းရန် - [မနက်ဖြန် တွေ့မယ်]

....

ဖုန်း Screen ပိတ်လိုက်ပြီးတာတောင် ကျိုးအန်းရန် အိပ်မပျော်သေးဘူး။

ဦးနှောက်က တက်ကြွနေတုန်းပဲ။

အိပ်လည်း မအိပ်ရဲသေးဘူး။

ဖုန်းပြန်ဖွင့်လိုက်ပြီး ဒီည သူနဲ့ ပြောထားတဲ့ စာတွေ၊ သူ့ Moments တွေကို အစအဆုံး ပြန်ဖတ်ကြည့်လိုက်သည်။ နောက်ဆုံး လီမွန်ဆိုဒါသကြားလုံးတစ်လုံးကို လက်ထဲ ဆုပ်ကိုင်ထားလိုက်သည်။

ရင်ထဲမှာ လွင့်မျောနေတဲ့ အရာတချို့ အနည်ထိုင်သွားသလို ခံစားလိုက်ရသည်။

အချိန်ဘယ်လောက်ကြာသွားလဲ မသိဘူး၊ အိပ်ချင်စိတ် ဖြည်းဖြည်းချင်း ဝင်လာသည်။

အိပ်ချင်မူးတူးကြားထဲမှာ ကျိုးအန်းရန် သတိရလိုက်တယ်။ မက်ဆေ့ခ်ျတွေ အများကြီး ဝင်လာလို့ ပြတ်တောက်သွားပြီး "ကြိုက်နေတာ ကြာပါပြီ" ဆိုတာ ဘာအဓိပ္ပာယ်လဲလို့ မမေးလိုက်ရဘူး။

ဒါပေမဲ့ မလောပါဘူးလေ။

သူ ပြောတယ်မလား... ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ် တဲ့။

သူမ ဖြည်းဖြည်းချင်း ရှာဖွေလို့ ရပါသေးတယ်။

....

ကျိုးအန်းရန် နောက်တစ်နေ့မနက် နှိုးစက်သံကြောင့် နိုးလာသည်။

အခန်းဖော်တွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ အကျင့်ပါနေသလို ချက်ချင်း ပိတ်လိုက်သည်။ အသိစိတ်က မကပ်သေးဘူး။ တစ်ဖက်လှည့်လိုက်တော့ မျက်နှာကို မာကျောတဲ့ အရာဝတ္ထုသေးသေးလေးတစ်ခု လာထိမိပြီး နည်းနည်း နာသွားသည်။

ကျိုးအန်းရန် မျက်လုံးမှိတ်လျက်နဲ့ လက်လှမ်းစမ်းလိုက်တော့ တရှပ်ရှပ်မြည်သံ ကြားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ လက်ထဲမှာ လီမွန်ဆိုဒါသကြားလုံး သေးသေးလေးတစ်လုံး ကိုင်ထားတာ တွေ့လိုက်ရသည်။

အသိစိတ်က ချက်ချင်း ပြန်ဝင်လာသည်။

ကျိုးအန်းရန် ကုတင်ပေါ် ထထိုင်လိုက်ပြီး ဖုန်း Lock ဖွင့်လိုက်သည်။

Airplane mode ဖြုတ်လိုက်တာနဲ့ မက်ဆေ့ခ်ျတွေ အများကြီး ဝင်လာသည်။

WeChat ဖွင့်ကြည့်လိုက်တော့ မက်ဆေ့ခ်ျအသစ် တော်တော်များများက သူမနဲ့ ချန်လော့ပိုင်အကြောင်း လာမေးကြတာ ဖြစ်နေသည်။ အောက်ကို ပွတ်ဆွဲလိုက်ပြီး အောက်ရောက်နေတဲ့ သူ့ Profile ပုံလေးကို ရှာလိုက်သည်။

Chat box ဖွင့်လိုက်တော့ "မနက်ဖြန် တွေ့မယ်" ဆိုတာကို အရင်တွေ့လိုက်ရသည်။

အပေါ်နည်းနည်း တက်ကြည့်လိုက်တော့ "အခုက ရည်းစားရှိနေပြီလေ" ဆိုတာ တွေ့လိုက်ရသည်။

ကျိုးအန်းရန် လက်ထဲက သကြားလုံးလေးကို ဆုပ်ကိုင်ထားရင်း စောစောက အိပ်ချင်မူးတူး ဖြစ်နေတုန်း ခံစားလိုက်ရတဲ့ ထိတ်လန့်မှုလေးက ရေလှိုင်းလိုပဲ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူမ ဖြည်းဖြည်းချင်း ကုတင်ပေါ်က ဆင်းပြီး မျက်နှာသစ်လိုက်သည်။

ယွီရှင်းယွဲ့က သူမထက် စောပြီး အခန်းထဲမှာ မရှိတော့ဘူး။

မျက်နှာသစ်ပြီး ထွက်လာတော့ ပိုင်လင်းယွင်လည်း ထနေပြီ။ ရှဲ့ကျင့်ယွီကတော့ အိပ်ပုပ်မို့ မလှုပ်ရှားသေးဘူး။

အခန်းဖော်တွေ အိပ်နေသေးတော့ ကျိုးအန်းရန် အဆင်မပြေဘူး။ တကယ်တော့ မိတ်ကပ်လိမ်းဖို့ အချိန်လည်း သိပ်မကျန်တော့ဘူး။ ဒီရက်ပိုင်း သူနဲ့တွေ့တိုင်း သဘာဝကျအောင် မိတ်ကပ်မလိမ်းဘဲ နေခဲ့တာဆိုတော့ ဒီနေ့လည်း မျက်နှာပြောင်နဲ့ပဲ ထွက်လာခဲ့လိုက်သည်။

ကန်တင်း (၁) ရှေ့ ရောက်တော့ ချန်လော့ပိုင်က အရင်အကြိမ်တွေလိုပဲ စောင့်နေတာ တွေ့လိုက်ရသည်။

ကောင်လေးက ဒီနေ့ အစိမ်းအဖြူ ဘေ့စ်ဘောအင်္ကျီ ဝတ်ထားပြန်သည်။ လန်းဆန်းပြီး ချောမောနေသည်။ ပခုံးပေါ်မှာ အနက်ရောင် ကျောပိုးအိတ် လွယ်ထားသည်။ အထက်တန်းတုန်းက အကျင့်အတိုင်း ပခုံးတစ်ဖက်တည်း လွယ်ထားတာ။

ကျိုးအန်းရန် သူ့ရှေ့သွားရပ်လိုက်သည်။ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်မှုတွေ ကျန်နေသေးတာ တွေ့လိုက်ရလို့ တိုးတိုးလေး မေးလိုက်သည်။

"မနေ့ညက ကောင်းကောင်း မအိပ်ရပြန်ဘူးလား"

ချန်လော့ပိုင် သမ်းဝေချင်တာကို ထိန်းလိုက်သည်။

"အင်း"

"ဒါဆို မနက်စာစားပြီးရင် အဆောင်ပြန်ပြီး တစ်ရေးလောက် အိပ်လိုက်ပါလား"

"မလိုပါဘူး" ချန်လော့ပိုင်က သူ့ရှေ့မှာ လိမ်လိမ်မာမာ ရပ်နေတဲ့ မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှုတွေ အထင်းသား ပေါ်နေသည်။ "ဒီနားလာ... တစ်ခါလောက် ဖက်လိုက်ရအောင်"

ဒီနေ့ ရာသီဥတု သာယာသည်။ တိမ်တွေကြားထဲက နေရောင်ခြည် ထွက်ပေါ်လာပြီး ကောင်လေးရဲ့ ဆံပင်မည်းမည်းတွေပေါ်မှာ ရွှေရောင်အနားကွပ်လေးတွေ ဖြစ်ပေါ်နေသည်။

မနက် ၇ နာရီ ၁၅ မိနစ်။ သမိုင်းကြောင်း ကြွယ်ဝတဲ့ ထိပ်တန်းတက္ကသိုလ်ကြီး နိုးထနေပြီ။ သစ်ပင်ရိပ်လမ်းပေါ်မှာ စက်ဘီးတွေ၊ လျှပ်စစ်စက်ဘီးတွေ ဖြတ်သန်းသွားလာနေကြသလို၊ ကျောင်းသားတွေလည်း ခြေလှမ်းသွက်သွက်နဲ့ သွားလာနေကြသည်။ ကန်တင်းထဲမှာ မီးတွေလင်းနေပြီး လူစည်ကားစ ပြုနေပြီ။

အရပ်ရှည်ရှည် ချောမောတဲ့ ကောင်လေးက သူမရှေ့မှာရပ်နေပြီး သူမဆီ လက်နှစ်ဖက် ဖြန့်ကားထားသည်။

မနေ့ညကလို သူမကို ဆွဲဖက်လိုက်တာမျိုး မဟုတ်ဘဲ၊ တိတ်ဆိတ်စွာ ပြုံးကြည့်နေပြီး သူမအလိုလို ရင်ခွင်ထဲ ဝင်လာမယ့်အချိန်ကို စောင့်နေသလိုမျိုး။

ဘေးနားက လူတချို့ ရပ်ကြည့်နေကြသည်။ အကြည့်တွေ သူတို့ဆီ ရောက်လာကြသည်။

ကျိုးအန်းရန် မျက်နှာ ဖြည်းဖြည်းချင်း ရဲလာသည်။ ဒါပေမဲ့ မတွန့်ဆုတ်ပါဘူး။ သူ့ဆီ လျှောက်သွားလိုက်သည်။ တစ်လှမ်း... နှစ်လှမ်း... ပြီးတော့ သူနဲ့ကြားက အကွာအဝေး ပျောက်ကွယ်သွားသည်။

လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေက သူမကို လွှမ်းခြုံသွားသည်။

ချန်လော့ပိုင် လက်ကို တင်းကြပ်လိုက်ပြီး ရင်ခွင်ထဲ အားပါပါ ဖက်ထားလိုက်သည်။

သူမပခုံးပေါ်မှာ မျက်နှာ အပ်လိုက်သလို ခံစားရသည်။ နှုတ်ခမ်းက သူမလည်ပင်းကို ထိမိလား၊ မထိမိလား မသေချာဘူး။ နားနားကပ်ပြီး သူ့အသံ ထွက်ပေါ်လာတာကိုပဲ ကြားလိုက်ရသည်။

"Good morning ပါ... ရည်းစားလေး"

....

မနက်စာ စားပြီးတော့ ကျိုးအန်းရန်နဲ့အတူ စာကြည့်တိုက် သွားကြသည်။

နေရာထိုင်ပြီးတော့ စာကြည့်တိုက် မဖွင့်သေးလို့ အထဲမှာ သိပ်မတိတ်ဆိတ်သေးဘူး။ ကျိုးအန်းရန် ခေါင်းစောင်းပြီး မေးလိုက်သည်။

"နင် ပြီးခဲ့တဲ့တစ်ခေါက်လို တစ်ရေးလောက် အိပ်လိုက်မလား။ ခဏနေ ငါ နှိုးပေးမယ်လေ"

"မလိုပါဘူး" ချန်လော့ပိုင်က သူမ အလယ်ခုံမှာ ထိုင်နေတာကို ကြည့်လိုက်သည်။ "နေရာလဲလိုက်ရအောင်"

ဘာလို့ ရုတ်တရက် နေရာလဲချင်ရတာလဲ။

ဒါပေမဲ့ ကိစ္စသေးသေးလေးမို့ ကျိုးအန်းရန် မမေးတော့ဘဲ ထပြီး နေရာလဲလိုက်သည်။ သူ့ဘယ်ဘက်ကနေ ညာဘက်ကို ပြောင်းလိုက်သည်။

ကျိုးအန်းရန် စာအုပ်နဲ့ ဘောပင် ထုတ်လိုက်သည်။ ဘယ်လက်ကို ဘေးမှာချထားပြီး ညာလက်နဲ့ ဘောပင်ကိုင်ကာ မှတ်စုရေးဖို့ ပြင်လိုက်သည်။ စာနှစ်ကြောင်းတောင် မဖတ်ရသေးခင် ဘယ်လက်ကို ဘေးနားကလူက လှမ်းကိုင်လိုက်သည်။

သူမ လှည့်ကြည့်လိုက်သည်။

ချန်လော့ပိုင်က တနင်္ဂနွေညတုန်းက အိမ်စာလုပ်ရင်း ညဉ့်နက်သွားတယ်။ မနေ့ညကလည်း ညဉ့်နက်မှ အိပ်ပျော်တယ်။ တကယ် အိပ်ချင်နေတာ။ ဒါပေမဲ့ ဒီအပတ် အလုပ်ရှုပ်ဦးမှာဆိုတော့ သူမနဲ့ အတူရှိဖို့ အချိန်သိပ်မရလောက်ဘူး။ အိပ်ဖို့ နှမြောနေတာ။ သူမ လှည့်ကြည့်လာတာ မြင်တော့ ပြုံးပြီး ပြောလိုက်သည်။

"နင့်စာ နင်ဖတ်၊ ငါ အားသွင်းနေတာ"

ကျိုးအန်းရန် - "......"

သူမလက်ကို ကိုင်တာက ဘာအားသွင်းတာလဲ။

ဒါ ဘာဆန်းပြားတဲ့ စကားလဲ။ သူမက အားသွင်းတုံးလား။

ဒါပေမဲ့ ဘာစကားပဲဖြစ်ဖြစ် သူမ လက်မရုတ်သိမ်းချင်ဘူး။ သူကိုင်ထားသလိုပဲ နေလိုက်တော့သည်။ သူမ ပြန်လှည့်ပြီး စာဆက်ဖတ်ဖို့ ပြင်လိုက်သည်။

ဒါပေမဲ့ ဒီတစ်ခါ သူက မနေ့ညကလို ရိုးရိုးလေး ကိုင်ထားတာ မဟုတ်တော့ဘူး။

သူက သူမလက်ကို ကစားနေတာ။

ဘောလုံးကစားလေ့ရှိလို့ ထင်တယ်၊ ကောင်လေးလက်ချောင်းထိပ်တွေက နည်းနည်း ကြမ်းတမ်းနေတယ်။ သူမလက်ဖဝါးကို ဖွဖွလေး ပွတ်ဆွဲလိုက်ပြီး ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေတယ်။

ကျိုးအန်းရန် ဘောပင်လွတ်ကျမလို ဖြစ်သွားသည်။

ပြီးတော့ လက်ချောင်းလေးတွေကို ဖွဖွလေး ညှစ်လိုက်သည်။

ပြီးတော့ လက်ချောင်းထိပ်လေးတွေ။

ကျိုးအန်းရန် မနေနိုင်ဘဲ ပြန်လှည့်ကြည့်လိုက်သည်။

ချန်လော့ပိုင် မျက်လွှာချထားပြီး သူမလက်ချောင်းထိပ်လေးတွေကို ဖွဖွလေး ပွတ်သပ်နေတုန်းပဲ။ လက်မကနေ လက်သန့်ထိ တစ်ချောင်းချင်း ပွတ်သပ်ပြီးတော့ လက်ချောင်းကြားထဲ တိုးဝင်သွားသည်။

သူ တစ်ချက်လှုပ်ရှားလိုက်တိုင်း ကျိုးအန်းရန် မျက်နှာ ပိုပူလာသည်။

သူမအကြည့်ကို သတိထားမိသွားလို့ ထင်တယ်၊ ချန်လော့ပိုင် မော့ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး အသံကို တိုးညှင်းစွာ ပြောလိုက်သည်။ လေသံက နည်းနည်း ဆိုးသွမ်းချင်နေသည်။

"ဘာလို့ စာကောင်းကောင်း မလုပ်တာလဲ"

ကျိုးအန်းရန် - "......"

သူကများ! သူမကို မေးရက်တယ်! ဘာလို့ စာကောင်းကောင်း မလုပ်တာလဲတဲ့!

သူ ဒီလိုလုပ်နေမှတော့ သူမ ဘယ်လိုလုပ် စာကောင်းကောင်း လုပ်နိုင်မှာလဲ။

ဒါပေမဲ့ စာကြည့်တိုက်ထဲ တိတ်ဆိတ်နေပြီမို့ ကျိုးအန်းရန် ပြန်မပြောရဲဘူး။ ပြန်ပြောဖို့လည်း ရှက်နေမိသည်။ ရှေ့ပြန်လှည့်လိုက်သည်။

ကျိုးအန်းရန်က သူကြိုက်သလို ကစားပါစေတော့လို့ လွှတ်ထားမလို့ လုပ်တာ။ လက်ကလေးပဲဟာ။

ဒါပေမဲ့ သူမ ထင်တာက သူ ဒီနေ့ စာကြည့်တိုက်လာတာ တကယ် စာလုပ်ချင်လို့ လာတာမှတ်ပြီး စာကြည့်တိုက်ထဲက အများဆုံးရှိတဲ့ ၆ ယောက်ထိုင် စားပွဲဝိုင်းမှာ ဝင်ထိုင်မိတာ။

မကြာမီ သူမ မျက်နှာချင်းဆိုင်က ခုံလွတ် ၃ လုံးလုံး လူပြည့်သွားသည်။

ပြီးတော့ သူ့ဘေးနားက ခုံလွတ်။

သူစိမ်းမိန်းကလေးတစ်ယောက်။

တစ်ဖက်လူက ခေါင်းနည်းနည်း ငုံ့လိုက်တာနဲ့ သူတို့ရဲ့ အပြုအမူလေးတွေကို မြင်သွားနိုင်တယ်။ ကျိုးအန်းရန် မျက်နှာ မီးတောက်တော့မလို ဖြစ်နေပြီ။ လက်ကို ရုတ်ဖို့ ကြိုးစားပေမယ့် သူက ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ လက်ဖဝါးကို အပြစ်ပေးသလိုမျိုး ဖွဖွလေး ကုတ်လိုက်သေးသည်။

ယားကျိကျိ ခံစားမှုလေးက ရင်ထဲထိ တိုးဝင်သွားသည်။

ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

စကားပြောလို့လည်း မကောင်းတော့ ပြီးခဲ့တဲ့တစ်ခေါက်လိုပဲ ခေါင်းငုံ့ပြီး မှတ်စုစာအုပ်ပေါ်မှာ စာရေးကာ တွန်းပို့ပေးလိုက်သည်။

ချန်လော့ပိုင် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။

အပေါ်မှာ သပ်ရပ်တဲ့ စာလုံးလေးတွေ ရေးထားသည်။ "နင့်ဘေးနားမှာ လူရောက်နေပြီ"

ချန်လော့ပိုင် သူမလက်ချောင်းထိပ်လေးတွေကို ကစားလိုက်ပြီး ခေါင်းစောင်းကြည့်လိုက်သည်။ မိန်းကလေးက သူ့ဘက် လှည့်ကြည့်နေတာ တွေ့လိုက်ရသည်။ မျက်နှာလေးက ရဲနေပြီ။ ဝိုင်းစက်တဲ့ မျက်ဝန်းလေးတွေထဲမှာ အရည်ကြည်လေးတွေ ဝဲနေပြီး အနိုင်ကျင့်ခံနေရသလို၊ တောင်းပန်နေသလို ပုံစံမျိုး။

သူ လည်စလုတ် လှုပ်ရှားသွားပြီး လက်လွှတ်ပေးလိုက်သည်။

ကျိုးအန်းရန် ချက်ချင်း စိတ်အေးသွားသည်။

ချန်လော့ပိုင်က သူမရဲ့ အပြုအမူလေးကို ကြည့်ပြီး နည်းနည်း စိတ်မကျေနပ် ဖြစ်သွားသည်။ လက်လှမ်းပြီး သူမလက်ထဲက ဘောပင်ကို ဆွဲယူလိုက်သည်။ ခေါင်းငုံ့ပြီး စာတစ်ကြောင်းရေးကာ တွန်းပေးလိုက်သည်။

"ဘာကြောက်နေတာလဲ၊ ဖောက်ပြန်နေတာမှ မဟုတ်တာ"

ကျိုးအန်းရန် - "......"

ဘာတွေ လျှောက်ပြောနေတာလဲ။

ကျိုးအန်းရန် "ဖောက်ပြန်" ဆိုတဲ့ စာလုံးနှစ်လုံးကို ကြည့်ပြီး ဘယ်လိုပြန်ပြောရမှန်း မသိဖြစ်နေသည်။

ပြီးတော့ ဒီတစ်ခါလည်း ပြီးခဲ့တဲ့တစ်ခေါက်လိုပဲ၊ သူမဘောပင်ကို ပြန်ပေးမယ့်ပုံ မပေါ်ဘူး။ ကျိုးအန်းရန် ပါးဖောင်းလိုက်ပြီး အိတ်ထဲက အပိုဘောပင်ကို ထုတ်လိုက်သည်။

ဘောပင်ထိပ်က စာရွက်ပေါ်မှာ ခဏ ရပ်တန့်နေသည်။

"မကြောက်ပါဘူး၊ ဒါပေမဲ့ သူများကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ နင် အိမ်စာ ကောင်းကောင်းလုပ်၊ ညဘက် ညဉ့်မနက်စေနဲ့"

ချန်လော့ပိုင် ဒီစာကြောင်းလေးကို ကြည့်ပြီး ရင်ထဲ နူးညံ့သွားသည်။ ဘောပင်ကို လက်ထဲမှာ လှည့်လိုက်ပြီး စာနှစ်လုံး ပြန်ရေးပေးလိုက်သည်။

ကျိုးအန်းရန် ငုံ့ကြည့်လိုက်သည်။

အပေါ်မှာ လက်ရေးခပ်နွဲ့နွဲ့နဲ့ စာလုံးကြီးနှစ်လုံး။

"အမိန့်တော်အတိုင်းပါ"

ဘာကြောင့်မှန်းမသိ၊ ဘောလုံးပွဲမစခင်က အတန်းပိုင်ဆရာကြီးက သူတို့ကို ၅ မိနစ် စောလွှတ်ပေးမယ်၊ အောက်ဆင်းရင် တခြားအခန်းတွေ စာသင်တာ မနှောင့်ယှက်ရဘူးလို့ မှာတုန်းက အဖြစ်အပျက်ကို သတိရသွားသည်။

သူမ လှည့်ကြည့်လိုက်တုန်းက အနောက်တန်းက သူက အလေးပြုတဲ့ပုံစံလုပ်ပြီး ပျင်းရိရိနဲ့ ပြုံးကာ "အမိန့်တော်အတိုင်းပါ" လို့ ပြောခဲ့တာလေ။

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းတွေ ဖြည်းဖြည်းချင်း ကွေးတက်လာသည်။

.....

ချန်လော့ပိုင် ကတိတည်ပါတယ်။ နောက်တစ်နာရီကျော်ကျော်အတွင်း သူမကို ထပ်မနှောင့်ယှက်တော့ဘူး။

နှစ်ယောက်လုံး ဒုတိယပိုင်း အတန်းရှိကြလို့ ၉ နာရီခွဲတာနဲ့ ပစ္စည်းသိမ်းပြီး စာကြည့်တိုက်က ထွက်လာကြသည်။

စာကြည့်တိုက်အပေါက်ဝ ရောက်တော့ ချန်လော့ပိုင်က စောစောက လုယူထားတဲ့ ဘောပင်ကို ပြန်ပေးလိုက်သည်။

ကျိုးအန်းရန် လှမ်းယူပြီး အိတ်ထဲထည့်လိုက်သည်။ ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စကို သတိရသွားပြီး မေးလိုက်သည်။

"ငါ့ရဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ဘောပင်နဲ့ စာအုပ်ကော"

ချန်လော့ပိုင် သူမကို တစ်ချက်ကြည့်လိုက်သည်။

"သိမ်းလိုက်ပြီ"

ကျိုးအန်းရန် - "?"

"နင်က ဘာကိစ္စ ငါ့ဘောပင်နဲ့ စာအုပ်ကို သိမ်းလိုက်ရတာလဲ"

ချန်လော့ပိုင် ရပ်လိုက်ပြီး သူမကို ဘေးဘက် ဆွဲခေါ်သွားသည်။ အဝင်အထွက် လူအုပ်နဲ့ လွတ်အောင်လို့ပေါ့။

မိန်းကလေးက သံသယဖြစ်နေတဲ့ မျက်နှာထားနဲ့ ကြည့်နေသည်။ သူ ဘာလို့ သူမပစ္စည်းတွေ ယူထားလဲဆိုတာ တကယ် နားမလည်တဲ့ပုံပါပဲ။

ချန်လော့ပိုင် တကယ်တော့ သူမကို ဟယ်မင်ယွီနဲ့ သူငယ်ချင်း မဖြစ်စေချင်ဘူး။ သူ သူမကို သတိမထားမိခင် အချိန်တုန်းက တခြားကောင်လေးတစ်ယောက်က သူမကို အရင်သတိထားမိပြီး သူငယ်ချင်းဖြစ်ခဲ့တာကို သူ သဝန်တိုမိတယ်။

ဒါပေမဲ့ ဟယ်မင်ယွီက သူမကို ဆက်မလိုက်တော့ဘူးလို့ ပြောထားပြီးပြီ။ သူကလည်း သူမရှေ့မှာ ဟယ်မင်ယွီ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေကို ဖွင့်ချပြလောက်အောင် အောက်တန်းမကျပါဘူး။

ချန်လော့ပိုင် လက်လှမ်းပြီး သူမပါးကို ဆွဲလိုက်သည်။

သူမက ချက်ချင်း လက်နဲ့ ပါးကို အုပ်လိုက်ပြီး "နင် ဘာလို့ ငါ့ပါးကို ထပ်ဆွဲတာလဲ" ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်နေတာ တွေ့လိုက်ရသည်။

သူမက ပုံမှန်ဆို တခြားလူတွေ ဆွဲတာကို ငြိမ်ခံနေတတ်တာ။

ဒါပေမဲ့ သူ ဆွဲလိုက်ရင်တော့ တုံ့ပြန်မှုက ကြီးမားနေတယ်။

"ကျိုးအန်းရန်... နင် ကပ်စေးနည်းလိုက်တာ"

ကျိုးအန်းရန် - "......"

ဘာလို့ သူမ ကပ်စေးနည်းတယ်ဆိုတဲ့ အကြောင်း ရောက်သွားရတာလဲ။

မေးမလို့ လုပ်တုန်း ချန်လော့ပိုင်က သူမပါးကို ထပ်ဆွဲလိုက်သည်။ ပြီးတော့ ရုတ်တရက် ကိုယ်ကိုကိုင်းပြီး အနားကပ်လာသည်။ အသံက နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"ငါ့တကိုယ်လုံး နင့်အပိုင်ဖြစ်နေပြီဟာ... နင်က ဘောပင်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်လောက်ကို ငါနဲ့ လာတွက်ကပ်နေသေးတယ်"

***

(T/N-စကားအသုံးအနှုန်းကိုမပြောင်းထားသေးဘူးနော်။ သူငယ်ချင်းကနေတဆင့်တက်တာဆိုတော့ ဒီလိုပေါ့ပေါ့ပါးပါးလေးက ပိုကောင်းလားလို့ HEHE~)

All Chapters