← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၅ ။ သကြားလုံး : ချန်လော့ပိုင် ခုနက သူမကို နမ်းလိုက်တယ်

စာသင်ခန်းထဲ ရောက်သည်အထိ ကျိုးအန်းရန် နားရွက်တစ်ဖက်လုံး ပူနေတုန်းပဲ။ ခေါင်းထဲမှာလည်း "ငါ့တကိုယ်လုံး နင့်အပိုင် ဖြစ်နေပြီ" ဆိုတဲ့ စကားသံကြီးက ပဲ့တင်ထပ်နေတုန်း။

ရှဲ့ကျင့်ယွီတို့က သူမအတွက် နေရာဦးထားပေးကြသည်။ ထိုင်လိုက်တော့ ဒီနေ့လည်း နျဲ့ကျစ်ကျန်းက တိုက်တိုက်ဆိုင်ဆိုင် သူမအရှေ့မှာ ထိုင်နေတာ တွေ့လိုက်ရသည်။

အတန်းစဖို့ မိနစ်အနည်းငယ် လိုသေးတော့ နျဲ့ကျစ်ကျန်းက လှည့်ကြည့်ပြီး သူမကို အကဲခတ်သလို ကြည့်ကာ မေးလိုက်သည်။

"ကျိုးအန်းရန်... နင် တကယ်ပဲ ချန်လော့ပိုင်နဲ့ တွဲနေတာလား"

မနေ့ညကစပြီး ဒီမေးခွန်းကို ကျိုးအန်းရန် အကြိမ်ကြိမ် အမေးခံနေရတာ။

နျဲ့ကျစ်ကျန်းနဲ့ မရင်းနှီးပေမယ့် သူမ ဖုံးကွယ်မထားဘဲ ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။

နျဲ့ကျစ်ကျန်းက သူမကို အားကျသလို တချက်ကြည့်ပြီး တိုးတိုးလေး ညည်းညူလိုက်သည်။

"နင် တကယ် ကံကောင်းတာပဲ"

ကျိုးအန်းရန် - "......"

"ထားလိုက်ပါတော့" နျဲ့ကျစ်ကျန်းက သူမကို ခဏကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလို ပြောသည်။ "နင့်ကို ကိစ္စတစ်ခု ပြောပြမယ်၊ အရင်တုန်းက ငါ့ကို ယုံကြည်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့"

ကျိုးအန်းရန် အနည်းငယ် ကြောင်သွားသည်။

"ဘာကိစ္စလဲ"

နျဲ့ကျစ်ကျန်းက ကိုယ်ကို ကိုင်းလိုက်ပြီး အသံနှိမ့်ပြောသည်။

"ငါ တစ်ခုတော့ ကြိုပြောထားမယ်နော်၊ ဒီကိစ္စကို ငါလည်း သူများဆီက ကြားထားတာ။ တစ်ဖက်ကတော့ သတင်းမှန်တယ်လို့ ပြောတယ်။ ငါက နင်နဲ့ ချန်လော့ပိုင်ကြားက သံယောဇဉ်ကို ဖျက်ဆီးချင်လို့ မဟုတ်ပါဘူး၊ နင့်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားစေချင်လို့ပါ"

"ချန်လော့ပိုင်" ဆိုတဲ့ နာမည်ကြားတော့ ကျိုးအန်းရန် ရင်ထိတ်သွားသည်။

"ဘာကိစ္စလဲဟင်"

နျဲ့ကျစ်ကျန်းက ပိုတိုးကပ်လာပြီး အသံကို ပိုနှိမ့်လိုက်သည်။

"ချန်လော့ပိုင်မှာ အထက်တန်းတုန်းက သူ အရမ်းစွဲလမ်းခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့တယ်တဲ့"

ကျိုးအန်းရန် - "?"

တစ်ခုခု လွဲနေသလိုပဲ။

နျဲ့ကျစ်ကျန်းက ဆက်ပြောသည်။

"နင်က အထက်တန်းပထမနှစ်မှာပဲ သူနဲ့ အတန်းတူခဲ့တာ၊ ဒုတိယနှစ်ကျတော့ တခြားနေရာ ပြောင်းသွားတယ်မလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

နျဲ့ကျစ်ကျန်း - "ဒါဆို နင် မသိတာ မဆန်းပါဘူး။ ငါ့သူငယ်ချင်းက နန်ချန်အမှတ် (၂) ကျောင်းကလေ၊ သူပြောတာ ချန်လော့ပိုင်က အထက်တန်းဒုတိယနှစ် ကျောင်းဖွင့်ကာစတုန်းက မိန်းကလေးတစ်ယောက်ဆီ ရည်းစားစာ ပေးခဲ့ဖူးတယ်တဲ့။ ဒါပေမဲ့ အဲဒီမိန်းကလေးက လက်မခံဘဲ တခြားမြို့ကို ကျောင်းပြောင်းသွားတယ်တဲ့။ ချန်လော့ပိုင်က အဲဒီကိစ္စကြောင့် အတော်ကြာကြာ စိတ်ဓာတ်ကျနေခဲ့ပြီး သူ့သူငယ်ချင်းကောင်းတစ်ယောက်နဲ့တောင် ရန်ဖြစ်ခဲ့သေးတယ်တဲ့"

ကျိုးအန်းရန် - "......"

ဒီကိစ္စက ဘာလို့ ရင်းနှီးသလိုလိုနဲ့ စိမ်းသက်နေတာလဲ။

နျဲ့ကျစ်ကျန်းက သူမကို အားနာသလို ကြည့်ပြီး ဆက်ပြောသည်။

"သူ နင့်လိုပုံစံမျိုးကို ဘာလို့ ကြိုက်သွားလဲတော့ မသိဘူး။ ဒါပေမဲ့ နင့်စရိုက်က နူးညံ့လွန်းတယ်။ သူ့ရဲ့ လရောင်ဖြူလေးသာ ပြဿနာမရှာရင် ကိစ္စမရှိပေမယ့်၊ ချန်လော့ပိုင် တခြားသူကို ကြိုက်သွားတာ မကျေနပ်လို့ ပြန်လာပြီး ပြဿနာရှာရင် နင် ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"

ကျိုးအန်းရန် - "......"

ကျိုးအန်းရန် ခဏတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး"

"နင် ငါ့ကို မယုံဘူးလား" နျဲ့ကျစ်ကျန်း မကျေမနပ် ဖြစ်သွားသည်။

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"ယုံပါတယ်၊ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ" နျဲ့ကျစ်ကျန်း ဖြတ်ပြောသည်။ "ဒါပေမဲ့ ပါနေမှတော့ မယုံတာပဲပေါ့"

ကျိုးအန်းရန် သေချာအောင် ထပ်မေးလိုက်သည်။

"နင့်သူငယ်ချင်း ပြောတာ အဲဒီရည်းစားစာက အထက်တန်းဒုတိယနှစ် ကျောင်းဖွင့်စတုန်းက ရေးတာ သေချာလား"

နျဲ့ကျစ်ကျန်း မျက်နှာသေဖြင့် ပြန်ဖြေသည်။

"ပြောပြီးပြီလေ... နင် ငါ့ကို မယုံဘူးလို့"

ကျိုးအန်းရန် - "မဟုတ်ပါဘူး"

"မယုံဘူးဆိုရင် ဘာလို့ ဒါပေမဲ့တွေ လုပ်နေတာလဲ၊ ဘာလို့ အသေးစိတ်တွေ လိုက်မေးနေတာလဲ" နျဲ့ကျစ်ကျန်း ပြန်မေးလိုက်သည်။

ကျိုးအန်းရန် - "ဘာလို့လဲဆိုတော့..."

"ဘာလို့လဲဆိုတော့ ဘာဖြစ်လဲ"

ကျိုးအန်းရန် ခဏတိတ်ဆိတ်နေပြီးမှ ဖြေလိုက်သည်။

"ဘာလို့လဲဆိုတော့ နင်ပြောတဲ့ အဲဒီလူက ငါ ဖြစ်လောက်တယ်"

နျဲ့ကျစ်ကျန်း - "???"

အတင်းအဖျင်း နားထောင်ဖို့ ရောက်လာတဲ့ ရှဲ့ကျင့်ယွီ - "???"

"နင်နဲ့သူက သာမန်အထက်တန်းကျောင်းနေဖက်ပါလို့ ပြောထားတယ် မဟုတ်လား" နျဲ့ကျစ်ကျန်း လှည့်စားခံလိုက်ရသလို၊ မယုံနိုင်သလို ဖြစ်နေသည်။

ကျိုးအန်းရန် - "အထက်တန်းကျောင်းနေဖက်ပါ၊ ဒါပေမဲ့..."

"နေပါဦး" နျဲ့ကျစ်ကျန်း မယုံနိုင်သေးဘူး။ "ငါပြောတဲ့ လရောင်ဖြူလေးက နင်ပါလို့ သေချာပြောရဲလား"

အသေးစိတ်အချက်အလက်တွေ လုံးဝ မကိုက်ညီပေမယ့် ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နင်ပြောတဲ့ ရည်းစားစာက အထက်တန်းဒုတိယနှစ် ကျောင်းဖွင့်စတုန်းက ရေးတာ သေချာတယ်ဆိုရင်၊ ပြီးတော့ အဲဒီမိန်းကလေးက ကျောင်းပြောင်းသွားတယ်ဆိုရင်..."

ပြီးတော့ သူက အထက်တန်းတုန်းက ဘယ်သူ့ကိုမှ ရည်းစားစာ မရေးဖူးပါဘူး။

သူ့စရိုက်အရဆိုရင် တစ်ယောက်ယောက်ကို ရည်းစားစာ ရေးပေးရင် ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ မနေ့ညက သူမနဲ့ တွဲလိုက်တာနဲ့ ချက်ချင်းပဲ တရားဝင် ကြေညာလိုက်သလို၊ သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲကို ချက်ချင်း ခေါ်ထည့်လိုက်သလိုမျိုးပေါ့။

တကယ်လို့ သူ တခြားရည်းစားစာ ရေးခဲ့ဖူးရင် ကျန်းရူရှန်းတို့ သိကြမှာပေါ့။

ကျိုးအန်းရန် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ငါက သူ့ရဲ့ လရောင်ဖြူလေးမဟုတ်ပါဘူး..."

စကားမဆုံးသေးခင် နျဲ့ကျစ်ကျန်းက လက်ကာပြပြီး ဖြတ်ပြောလိုက်သည်။

"တော်ပါပြီ... တော်ပါပြီ... အထင်လွဲတာဆိုရင် ပြီးတာပါပဲ။ နင်တို့ ချစ်ကြည်နူးနေတာကို ငါ နားမထောင်ချင်ပါဘူး"

ပြောပြီးတာနဲ့ ရှေ့ပြန်လှည့်သွားသည်။

ရှဲ့ကျင့်ယွီက အတင်းအဖျင်း ကြိုက်သူမို့ အရမ်း သိချင်နေသည်။

"သူ နားမထောင်ချင်ရင် ငါ့ကို ပြောပြလေ။ တကယ်တော့ ဘာဖြစ်တာလဲ။ နင်တို့ အထက်တန်းတုန်းက မရင်းနှီးဘူးဆို"

"မရင်းနှီးပါဘူး" ကျိုးအန်းရန် ရှင်းပြသည်။ "အဲဒီရည်းစားစာက သူ သူများအစား ရေးပေးတာ။ တစ်ယောက်ယောက်က ငါ့စာအုပ်ကြားထဲ လာညှပ်ထည့်သွားလို့ အထင်လွဲစရာဖြစ်သွားတာ"

"သူ သူများအစား ရေးပေးတဲ့စာက ဘယ်လိုလုပ် နင့်စာအုပ်ကြားထဲ ရောက်လာတာလဲ" ရှဲ့ကျင့်ယွီ စပ်စုလိုက်သည်။

ကျိုးအန်းရန် တိတ်ဆိတ်သွားသည်။

အရင်တုန်းက ကိစ္စတွေကို သူမ သူ့ကို သေချာမမေးရသေးဘူး။

ဒါပေမဲ့ မနေ့ညက ဂရုထဲမှာ ကျုံးခိုင်ကို မတွေ့မိဘူး။

ဒါပေမဲ့ အဲဒီကိစ္စမှာ ကျုံးခိုင် ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ ယင်းယီကျန်းကတော့ အပြစ်ကင်းတယ်လို့ ထင်တယ်။ ကျိုးအန်းရန် အသေးစိတ် မပြောတော့ဘူး။

"နောက်ပြောင်မှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီရည်းစားစာက သူ ကူရေးပေးရုံ သက်သက်ပါပဲ၊ သူ ရေးတာ မဟုတ်သလို၊ ငါ့ကို ရည်ရွယ်တာလည်း မဟုတ်ပါဘူး"

နျဲ့ကျစ်ကျန်း - "......"

နျဲ့ကျစ်ကျန်း သူမဉာဏ်ရည်ကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

ကောလာဟလက ယုံတမ်းစကားဖြစ်နိုင်မှန်းသိရက်နဲ့ သူများ အာမခံပြောတာလေးကို ဘာလို့ လွယ်လွယ် ယုံလိုက်မိပါလိမ့်။

အနောက်က မိန်းကလေးက စက္ကန့်အနည်းငယ်ကြာတော့ ရုတ်တရက် ပြုံးလိုက်တာ တွေ့လိုက်ရသည်။ သူမ ယုံလိုက်မိတာ တုံးတယ်လို့ မထင်တဲ့အပြင် အလွန်ချိုမြိန်စွာ ပြုံးပြနေသည်။ ပါးချိုင့်လေးတွေတောင် ပေါ်နေသည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲနော်"

နျဲ့ကျစ်ကျန်း - "......"

သောက်ကျိုးနည်း...

ချန်လော့ပိုင် သူမကို ဘာလို့ ကြိုက်လဲဆိုတာ နည်းနည်း သိသလိုလို ဖြစ်လာပြီ။

"ရပါတယ်" နျဲ့ကျစ်ကျန်း ရှေ့ပြန်လှည့်သွားသည်။ "ဘာပဲဖြစ်ဖြစ် ငါ ကူညီနိုင်ခဲ့တာမှ မဟုတ်တာ"

....

နောက်ပိုင်းရက်တွေမှာ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြသည်။ တွေ့ရင် ကန်တင်းမှာ၊ ဒါမှမဟုတ် စာကြည့်တိုက်မှာပဲ တွေ့ကြသည်။ တစ်ခါတလေ ကန်တင်းမှာ အတူစားပြီး စာကြည့်တိုက် အတူသွားကြသည်။

ချန်လော့ပိုင်က သူမလက်ကို ကစားရတာကြိုက်မှန်း ကျိုးအန်းရန် သတိထားမိလာသည်။

စာကြည့်တိုက် ရောက်တာနဲ့ ချက်ချင်း စာမလုပ်သေးဘဲ သူမလက်ကို အရင်ဆွဲယူတတ်သည်။

ကျိုးအန်းရန် လှည့်မေးရင် သူက ပြုံးပြီး အားသွင်းနေတာလို့ ဖြေတတ်သည်။

အစတုန်းက ရှက်ပေမယ့် နောက်ပိုင်း ကျင့်သားရလာသည်။ ဘာမှမမေးတော့ဘဲ လက်ကို ပေးထားလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူက အတိုင်းအတာ ရှိပါတယ်။ သူမကို အရမ်း မစသလို၊ သူများကိုလည်း အနှောင့်အယှက် မဖြစ်စေဘူး။ ၂ မိနစ်၊ ၃ မိနစ်လောက် ကိုင်ပြီးရင် လွှတ်ပေးပြီး စာသေချာ လုပ်တတ်သည်။

....

သောကြာနေ့ ညနေပိုင်း ဥပဒေပညာဌာန ဘောလုံးပွဲရှိသည်။

ကျိုးအန်းရန်က အတန်းချိန်ရှိနေလို့ သွားမကြည့်ဖြစ်ဘူး။ ဒါပေမဲ့ ညဘက်ကျရင် ယွီပင်းချင်တို့ သီချင်းတိုက်တာ သွားကြည့်ဖို့ ချိန်းထားကြသည်။

အခန်းဖော်တွေနဲ့ ညစာစားပြီးတော့ ယွီရှင်းယွဲ့က ထုံးစံအတိုင်း စာကြည့်တိုက်သွားသည်။ ကျိုးအန်းရန်က ပစ္စည်းပြန်ထားစရာရှိလို့ ပိုင်လင်းယွင်၊ ရှဲ့ကျင့်ယွီတို့နဲ့အတူ အဆောင်ပြန်လာခဲ့သည်။

အဆောင်ရောက်တော့ ကျိုးအန်းရန် ပစ္စည်းထားပြီး ချက်ချင်း မသွားသေးဘူး။

ချန်လော့ပိုင်က ဘောလုံးကစားပြီး အသင်းဖော်တွေနဲ့ ထမင်းစားကာ အဆောင်ပြန်ရေချိုးနေတုန်းမို့လို့ပင်။

ကျိုးအန်းရန် ကိုယ့်နေရာမှာ ထိုင်ပြီး စာနည်းနည်းဖတ်နေတုန်း ရှဲ့ကျင့်ယွီ ပြောတာ ကြားလိုက်ရသည်။

"နင်တို့နှစ်ယောက်လုံး ဒီည ချိန်းတွေ့ကြမှာမလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

တကယ်တော့ သူနဲ့အတူ သီချင်းတိုက်တာ သွားနားထောင်တာ ပထမဆုံးအကြိမ် မဟုတ်ပေမယ့်၊ ရည်းစားတွေအနေနဲ့ သွားတာကတော့ ပထမဆုံးအကြိမ်မို့ ချိန်းတွေ့တယ်လို့ ပြောလို့ရမလား။

ပိုင်လင်းယွင် - "ဟုတ်တယ်"

ကျိုးအန်းရန် စာအုပ် လှန်လိုက်သည်။

ခဏကြာတော့ ရှဲ့ကျင့်ယွီအသံ ထပ်ထွက်လာပြန်သည်။

အသံဆွဲပြီး စနောက်လိုက်သည်။

"အဟမ်း... ချိန်းတွေ့တာ မျက်နှာသစ်ဆေးပါ ယူသွားရသေးတယ်"

ပိုင်လင်းယွင် ချောင်းဟန့်လိုက်သည်။

"အဟမ်း... ငါ ဒီည ပြန်မလာတော့ဘူးနော်"

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ မှတ်စုကျက်နေတုန်းမို့ ချက်ချင်း သဘောမပေါက်လိုက်ဘူး။

"လင်းယွင်... နင် ဒီည ပြန်မလာဘူးလား၊ ရှဲ့ကျစ်ဟန်နဲ့ ညလုံးပေါက် စာကျက်မလို့လား"

ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင်တို့ သူမကို ပြိုင်တူ လှည့်ကြည့်လာကြသည်။

ရှဲ့ကျင့်ယွီ "ဟား" ခနဲ ရယ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ငါ ရည်းစားမရှိတဲ့သူတောင် ချက်ချင်း နားလည်တယ်၊ ရည်းစားရှိပြီးသား ရန်ရန်က ဘာလို့ ဒီလောက် တုံးအနေရတာလဲ"

ပိုင်လင်းယွင်လည်း ပစ္စည်းမသိမ်းတော့ဘဲ လျှောက်လာပြီး သူမပါးကို ဆွဲလိုက်သည်။

"ရန်ရန်... နင်နဲ့ ငါတို့ ကျောင်းသားချောလေးချန် ဘယ်အဆင့် ရောက်နေပြီလဲ"

ကျိုးအန်းရန် စကားပြောပြီးတာနဲ့ သဘောပေါက်သွားပြီ။

ဒါပေမဲ့ အခုတော့ နောက်ကျသွားပြီ။

ရှဲ့ကျင့်ယွီလည်း လျှောက်လာပြီး သူမပါးကို ဆွဲလိုက်သည်။

"နမ်းပြီးပြီလား"

ပိုင်လင်းယွင်က အကြည့်အောက်ပို့ပြီး သူမရင်ဘတ်နား ရပ်တန့်လိုက်သည်။

"ဟိုကိစ္စရော မလုပ်ရသေးဘူးလား"

ကျိုးအန်းရန် - "?!"

ဘာတွေလဲ။

သူမ အခန်းဖော်နှစ်ယောက်က ဘာလို့ ရုတ်တရက် ဒီလောက်ပွင့်လင်းသွားရတာလဲ။

ကျိုးအန်းရန် ခေါင်းကို အားပါပါ ခါလိုက်သည်။

"ခေါင်းခါတာ ဘာသဘောလဲ" ရှဲ့ကျင့်ယွီက မလွှတ်ပေးဘူး။ "မနမ်းရသေးတာလား၊ ဒါမှမဟုတ်..."

ကျိုးအန်းရန် မျက်နှာ သွေးစက်ကျမတတ် ရဲတက်လာပြီး အမြန် ဖြတ်ပြောလိုက်သည်။

"......ဘာမှ မလုပ်ရသေးပါဘူး"

"ဟင်" ပိုင်လင်းယွင် အံ့ဩသွားသည်။ "နင်တို့ ည ၁၀ နာရီကျော်မှ ပြန်လာတာ ခဏခဏပဲဟာ၊ ဘာမှ မလုပ်ရသေးဘူးလား"

ကျိုးအန်းရန် - "......စာကြည့်တိုက်က ၁၀ နာရီမှ ပိတ်တာလေ"

ရှဲ့ကျင့်ယွီလည်း အံ့ဩသွားသည်။

"ချန်လော့ပိုင်က သည်းခံနိုင်စွမ်း ကောင်းလှချည်လား"

သူမအကြည့်က အောက်ကို ရောက်သွားသည်။

"ငါတောင် သည်းမခံနိုင်ဘူး"

ရှဲ့ကျင့်ယွီ ပြောရင်းဆိုရင်း လက်လှမ်းလိုက်သည်။

ကျိုးအန်းရန် - "!"

ကျိုးအန်းရန် ကုလားထိုင်ကို အနောက် တိတ်တဆိတ် ဆုတ်လိုက်သည်။

ရှဲ့ကျင့်ယွီက ပိုင်လင်းယွင်ပခုံးပေါ် မှီပြီး ရယ်လိုက်သည်။

"ဆောရီးပါ... နင့်ရည်းစားထက် ဦးသွားပြီ။ ဒါပေမဲ့ ပြားချပ်နေတာလေးကို စမ်းကြည့်ချင်နေတာ ကြာပြီ"

ကျိုးအန်းရန် ဒီနှစ်ယောက်ကို တကယ် မနိုင်တော့ဘူး။

"နင်တို့ တစ်ယောက်က အစည်းအဝေးသွားရမယ်၊ တစ်ယောက်က ရည်းစားနဲ့ ချိန်းတွေ့ရမယ်မလား၊ ဘာလို့ မသွားကြသေးတာလဲ"

ရှဲ့ကျင့်ယွီ - "အစည်းအဝေးက လိုပါသေးတယ်၊ ဘာလောစရာရှိလို့လဲ"

"ငါလည်း မလောပါဘူး၊ ရှဲ့ကျစ်ဟန်က ငါ့ကို ဘယ်လောက်ကြာကြာ စောင့်ရစောင့်ရ တန်ပါတယ်" ပိုင်လင်းယွင် ဝင်ပြောသည်။

ကျိုးအန်းရန် - "......"

"ဒါနဲ့ ရန်ရန်" ရှဲ့ကျင့်ယွီက သူမ ရှက်လွန်းလို့ ခေါင်းမဖော်နိုင်တော့တာ မြင်ပြီး သက်ညှာပေးလိုက်သည်။ ခေါင်းစဉ် ပြောင်းလိုက်သည်။ "ငါတို့ ကျောင်းသားချောလေးက နင့်ကို ပုံမှန် ဘယ်လိုခေါ်လဲ"

ဒီခေါင်းစဉ်က စောစောကထက် အများကြီး စိတ်ချရသည်။ ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

"နာမည်ပဲ ခေါ်တာလေ"

"ငါတို့လို ရန်ရန် လို့ ခေါ်တာလား" ပိုင်လင်းယွင် မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ နာမည်အပြည့်အစုံ ခေါ်တာ"

"နာမည်ရော မျိုးရိုးနာမည်ပါ ခေါ်တာလား" ရှဲ့ကျင့်ယွီ အံ့ဩသွားသည်။

ကျိုးအန်းရန် - "ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"

ရှဲ့ကျင့်ယွီ - "နင် လင်းယွင်ကို မေးကြည့်လေ၊ ရှဲ့ကျစ်ဟန်က သူ့ကို ဘယ်လိုခေါ်လဲလို့"

"အများအားဖြင့် ယွင်ယွင် လို့ ခေါ်တယ်" ပိုင်လင်းယွင်က ဝင်ဖြေသည်။ "တစ်ခါတလေ 'ပေါင်ပေ့' ၊ 'ချစ်သူလေး' လို့လည်း ခေါ်တယ်"

"......"

....

ချန်လော့ပိုင် လက်ကိုတွဲပြီး Live House ဘက် လျှောက်သွားနေရင်း ကျိုးအန်းရန် သူ ဘာလို့ နာမည်အပြည့်အစုံခေါ်ရတာ ကြိုက်လဲဆိုတာ စဉ်းစားနေမိသည်။

စိမ်းသက်လို့ ခေါ်တာတော့ မဟုတ်လောက်ပါဘူး။

သူက သူမနာမည်ခေါ်ရတာ ကြိုက်ပုံရတယ်လို့ သူမ ခံစားရတယ်။

ခဏခဏပဲ... သူက သူမကို ကြည့်နေပြီးသား ဖြစ်ပေမယ့်၊ နာမည် မခေါ်လည်း ရပေမယ့်၊ စကားမပြောခင် နာမည်ကို တိုးတိုးလေး အရင်ခေါ်တတ်တယ်။

ကျိုးအန်းရန် စဉ်းစားရင်း ဘေးနားက ကောင်လေးကို မော့ကြည့်လိုက်မိသည်။

သူ ရေချိုးပြီးကာစ။ ဆံပင်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ညှပ်ထားလို့ တိုနေပြီး နဖူးပေါ်မှာ ဆံပင်စလေးတွေ ဝဲကျနေတယ်။ ကိုယ်ပေါ်မှာ ရေချိုးဆပ်ပြာနံ့ သင်းသင်းလေး ရနေတယ်။

မေးလိုက်ရင် ကောင်းမလား။

ဒါပေမဲ့ ဒီလူက အခု သူမရှေ့မှာ ပိုပိုပြီး မလေးမစား လုပ်လာတယ်။

မေးလိုက်ရင် ကောင်းမွန်တဲ့ အဖြေရဖို့ မသေချာတဲ့အပြင်၊ ပြန်အစခံရဖို့ပဲ ရှိတယ်။

တွန့်ဆုတ်ရင်းနဲ့ Live House ရှေ့ ရောက်လာကြသည်။ အပြင်ဘက် ပထမတံခါးကို ဝင်ပြီးတော့ ကျိုးအန်းရန် မနေနိုင်ဘဲ လှမ်းခေါ်လိုက်မိသည်။

"ချန်လော့ပိုင်"

နူးညံ့တဲ့အသံလေး နားထဲ ဝင်ရောက်လာတော့ ချန်လော့ပိုင် ခြေလှမ်းရပ်လိုက်သည်။ လှည့်ကြည့်လိုက်တော့ မျက်ဝန်းတွေ နက်ရှိုင်းသွားသည်။

"ဒါ နင် ငါ့နာမည် ဒုတိယအကြိမ် ခေါ်တာပဲ"

သူမ ဒုတိယအကြိမ်ပဲ ခေါ်ဖူးသေးတာလား။

ကျိုးအန်းရန် ပြန်စဉ်းစားကြည့်လိုက်သည်။

ဟုတ်သားပဲ။

သူမ အရင်တုန်းက သူ့နာမည်ကို လုံးဝ မခေါ်သလောက်ပဲ။

တစ်ကြိမ်တည်းသော အကြိမ်က ကျောင်းအမိုးပေါ်မှာ သူ့ကို ကျေးဇူးတင်စကား ပြောတုန်းက လှမ်းခေါ်လိုက်တာ။

ဖြစ်နိုင်တာက... ရှည်လျားတဲ့ ခိုးကြိုက်ခဲ့ရတဲ့ ကာလတစ်လျှောက်လုံးမှာ "ချန်လော့ပိုင်" ဆိုတဲ့ စကားလုံး ၃ လုံးက သူမရဲ့ အတွင်းစိတ် အားလုံးရဲ့ အတိုကောက် ဖြစ်ခဲ့လို့ နေမှာပါ။

တစ်ခွန်းခေါ်လိုက်တာနဲ့ သူမရဲ့ လျှို့ဝှက်ချက်တွေ ပေါ်သွားနိုင်သလို ခံစားရလို့ပါ။

ဒါပေမဲ့ အခုတော့... သူက သူမရဲ့ လျှို့ဝှက်ချက် မဟုတ်တော့ဘူး။ သူမ ဗြောင်ကျကျ လက်တွဲပြီး ဖက်လို့ရတဲ့ ရည်းစား ဖြစ်နေပြီ။

သူ့နာမည်ကိုလည်း ပွင့်ပွင့်လင်းလင်း ခေါ်လို့ ရနေပြီ။

"နောက်တစ်ခေါက် ထပ်ခေါ်ပါဦး" ချန်လော့ပိုင် ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

Live House က မဖွင့်သေးတော့ တံခါးနှစ်ချပ်ကြားက နေရာမှာ မီးမလင်းသေးဘူး။ အပြင်ကနဲ့ အထဲက အလင်းရောင် မှိန်မှိန်လေးတွေပဲ ဖြတ်သန်းဝင်ရောက်နေပြီး ကောင်လေးရဲ့ ထင်ရှားတဲ့ မျက်နှာကို ဝိုးတဝါး မြင်နေရသည်။

ဘယ်နှခါကြည့်ကြည့် ရင်ခုန်ရတဲ့ ပုံရိပ်ပါပဲ။

ကျိုးအန်းရန် တိုးတိုးလေး ထပ်ခေါ်လိုက်သည်။

"ချန်လော့ပိုင်"

နောက်ဆုံး "ပိုင်" ဆိုတဲ့ စကားလုံး ဆုံးတာနဲ့ ရှေ့က ကောင်လေးက ရုတ်တရက် ခေါင်းငုံ့လာတာ တွေ့လိုက်ရသည်။ သူမ အိပ်မက်ထဲထိ လွမ်းမောခဲ့ရတဲ့ မျက်နှာကြီးက ရုတ်တရက် နီးကပ်လာသည်။

ပြီးတော့ နူးညံ့တဲ့ အရာတစ်ခုက သူမနှုတ်ခမ်းကို ဖွဖွလေး လာထိလိုက်သည်။

ငှက်မွှေးလေးလိုပါပဲ။

ကျိုးအန်းရန် နှစ်စက္ကန့်လောက်ကြာမှ သတိဝင်လာသည်။

ခုနက သူမနှုတ်ခမ်းပေါ် ကျရောက်လာတာက ငှက်မွှေးလေးလို ပေါ့ပါးတဲ့ အနမ်းတစ်ခု ဖြစ်နေတယ်။

ချန်လော့ပိုင် ခုနက သူမကို နမ်းလိုက်တာပဲ။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၆ ။ သကြားလုံး : ပါးစပ်ဟ

ချန်လော့ပိုင် နောက်ဆုတ်လိုက်သည်။ ညာလက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားဆဲဖြစ်ပြီး ရှေ့က မိန်းကလေးကို ကြည့်နေသည်။ သူမက အစတုန်းက ကြောင်တောင်တောင် ဖြစ်နေရာမှ နောက်ပိုင်းမှာတော့ သဘောပေါက်သွားသလို မျက်နှာရော နားရွက်ပါ ရဲတက်လာသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ သူမရဲ့ ရှက်သွေးဖြာနေတာလေးက ပိုသိသာနေသည်။

သူ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"နောက်တစ်ခေါက် ထပ်ခေါ်ပါဦး"

ကျိုးအန်းရန် တကယ်တော့ ကြောင်နေတုန်းပဲ။ လက်ချောင်းလေးတွေ လှုပ်ရှားပြီး နှုတ်ခမ်းကို စမ်းကြည့်ချင်ပေမယ့် ရှက်လို့ မလုပ်ဖြစ်ဘူး။ သူပြောတာ ကြားလိုက်တော့ တုံ့ပြန်မှု နှေးကွေးသွားပြန်သည်။

ဘာလို့ ထပ်ခေါ်ခိုင်းရတာလဲ။

ခုနက ခေါ်လိုက်တော့ သူ နမ်းလိုက်တယ်လေ။

အခု...

အတွေးမဆုံးသေးခင် ကောင်လေးက ရယ်မောပြီး ပြောလိုက်သည်။

"စိတ်ချပါ၊ ဒီတစ်ခါ မနမ်းတော့ပါဘူး"

ကျိုးအန်းရန် - "......"

"မခေါ်ဘူးလား" ချန်လော့ပိုင် စကားခဏရပ်လိုက်သည်။ အနားပြန်တိုးကပ်လာပြီး ဘယ်လက်ကို သူမပါးပြင်ပေါ် ဖွဖွလေးတင်လိုက်သည်။

ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် တုန်သွားသည်။ သူ့လက်မက သူမနှုတ်ခမ်းဘေးကို ဖွဖွလေး ပွတ်သပ်နေတာ ခံစားမိသည်။ အသံက တိုးပြီး ရယ်သံစွက်နေသည်။

"ဒါဆို ဆက်နမ်းစေချင်တာလား"

ကျိုးအန်းရန် - "......"

သူမအာရုံအများစုက သူမပါးပြင်ပေါ်က သူ့လက်အပေါ် ရောက်နေသည်။ ရှက်တာလား၊ ဒေါသထွက်တာလား၊ သူ့စကားကို ပြန်ငြင်းချင်တာလား မသိဘူး။ အလိုအလျောက် သူ့နာမည်ကို ထပ်ခေါ်လိုက်မိသည်။

"ချန်လော့ပိုင်!"

စောစောကလိုပါပဲ။ သူမအသံဆုံးတာနဲ့ ချန်လော့ပိုင်က ခေါင်းငုံ့ပြီး နမ်းလိုက်သည်။ သူမပါးပြင်ပေါ်က ဘယ်လက်က အောက်နည်းနည်းလျှောကျသွားပြီး သူမမေးစေ့ကို အတင်းအကျပ် ဆွဲမော့ထားလိုက်သည်။

စောစောကနဲ့ မတူတာက ဒီတစ်ခါတော့ နမ်းပြီး ချက်ချင်း နောက်မဆုတ်သွားဘူး။

ကောင်လေးရဲ့ နှုတ်ခမ်းတွေက သူမနှုတ်ခမ်းပေါ် ဖွဖွလေး ကျရောက်နေသည်။ ခဏလောက် ရပ်တန့်နေပြီး သူမကို တုံ့ပြန်ဖို့ အချိန်ပေးနေသလိုပဲ။ ဒါမှမဟုတ် သူ့ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ဆန္ဒတွေကို မထိန်းချုပ်နိုင်တော့သလိုပဲ။ ချက်ချင်းဆိုသလို သူမနှုတ်ခမ်းသားလေးတွေကို စုပ်ယူလိုက်ပြီး အတွေ့အကြုံမရှိသလိုပုံစံမျိုးနဲ့ အကြိမ်ကြိမ် နမ်းရှိုက်နေတော့သည်။

သူ ဒုတိယအကြိမ် နမ်းလိုက်တဲ့ အချိန်ကစပြီး ကျိုးအန်းရန် ခေါင်းထဲမှာ တစ်ခုခုပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ တုံ့ပြန်မှုတွေ နှေးကွေးနေပေမယ့် အာရုံခံစားမှုတွေကတော့ ရှင်းလင်းနေသည်။

သူ့အနမ်းကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ရင်ခုန်သံတွေ ပေါက်ကွဲထွက်မတတ် မြန်ဆန်နေသည်။ ဘေးမှာချထားတဲ့ လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။ တင်းကြပ်လိုက်၊ ဖြေလျှော့လိုက်နဲ့ နောက်ဆုံးတော့ သူ့ရဲ့ ဂျာကင်အင်္ကျီဇစ်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။

ချန်လော့ပိုင် သူမနှုတ်ခမ်းကို ငုံထားပြီး အကြိမ်ကြိမ် နမ်းရှိုက်နေသည်။ အကွာအဝေး နည်းနည်း ခွာလိုက်ပေမယ့် လုံးဝ ခွာလိုက်တာ မဟုတ်ဘူး။ နှာခေါင်းချင်း ထိနေတုန်းပဲ။ နားရွက်တွေလည်း နည်းနည်း ရဲနေသည်။

"ငါ့ကို မေးစရာရှိနေတာလား"

ကျိုးအန်းရန် တုံ့ပြန်မှု နှေးကွေးနေတုန်းပဲ။ လက်ချောင်းလေးတွေက သူ့အင်္ကျီစကို ဆုပ်ကိုင်ထားတုန်း။ နှစ်စက္ကန့်လောက်ကြာမှ ပြန်ဖြေလိုက်သည်။

"နင် ဘယ်လိုလုပ်သိတာလဲ"

ချန်လော့ပိုင် လက်မက သူမနှုတ်ခမ်းထောင့်စွန်းကို ဖွဖွလေး ပွတ်သပ်လိုက်သည်။

"ဒီည လမ်းတစ်လျှောက်လုံး နင် ငါ့ကို စကားပြောချင်သလိုလိုနဲ့ ဘယ်နှခါ ခိုးကြည့်ခဲ့လဲ နင်ကိုယ်နင် မသိဘူးလား။ မဟုတ်ရင် ငါ ဘယ်နှရက် ထပ်သည်းခံနိုင်ဦးမှာမို့လို့လဲ"

ကျိုးအန်းရန် နားမလည်လိုက်ဘူး။

"ဘာကို သည်းခံတာလဲ"

ချန်လော့ပိုင် အကြည့်က သူမနှုတ်ခမ်းပေါ် ပြန်ရောက်သွားသည်။ စောစောက အနမ်းကြောင့် နှုတ်ခမ်းလေးတွေ စိုစွတ်တောက်ပနေသည်။ သူ လည်စလုတ် လှုပ်ရှားသွားပြီး ခေါင်းငုံ့ကာ ထပ်နမ်းလိုက်သည်။

နှုတ်ခမ်းသားလေးတွေကို ငုံထားပြီး အကြိမ်ကြိမ် နမ်းရှိုက်နေသည်။ လျှာဖျားလေးက နှုတ်ခမ်းကြား ရောက်လာပေမယ့် သူမ လန့်သွားမှာစိုးလို့ ခဏ ရပ်တန့်လိုက်သည်။ အထဲမဝင်တော့ဘဲ ပြန်ခွာလိုက်သည်။

"နင် ဘယ်လိုထင်လဲ"

ကျိုးအန်းရန် - "......"

သူမကို မနမ်းဘဲ သည်းခံနေတာလား။

သူမ အင်္ကျီစကို ဆုပ်ကိုင်ထားပြီး အဖြေကို ထုတ်မပြောရဲတော့ဘူး။

ချန်လော့ပိုင်က သူမမျက်တောင်လေးတွေ တုန်ခါနေတာကို ကြည့်ပြီး အတင်းအကျပ် မမေးတော့ဘူး။ မူလခေါင်းစဉ်ကို ပြန်လှည့်လိုက်သည်။

"ငါ့ကို ဘာမေးချင်လို့လဲ"

ကျိုးအန်းရန် တွန့်ဆုတ်နေပြီးမှ စပ်စုချင်စိတ်က အနိုင်ရသွားသည်။

"နင် ဘာလို့ ငါ့နာမည်အပြည့်အစုံ ခေါ်ရတာ ကြိုက်တာလဲ"

ချန်လော့ပိုင် သူမ ဒီမေးခွန်းမေးလိမ့်မယ်လို့ မထင်ထားဘူး။

သူ သူမကို ခဏစိုက်ကြည့်နေပြီးမှ သူမမျက်လုံးထောင့်စွန်းကို ခေါင်းငုံ့နမ်းလိုက်သည်။ အရင်တုန်းက သူမကို ဘယ်နှခါလောက် တိတ်တိတ်လေး ငိုအောင် လုပ်ခဲ့မိလဲ မသိဘူး။

"ငါ နင့်နာမည် မမှတ်မိဘူးလို့ ပြောခဲ့မိတယ်မလား။ ဒါကြောင့် ကိုယ့်ဘာသာ အကြိမ်ထောင်သောင်းမက ပြန်ခေါ်ပြီး အပြစ်ပေးနေတာ။ ဒါမှ နောက်ဆိုရင် ဘယ်တော့မှ မမေ့တော့မှာလေ"

ကျိုးအန်းရန် ရင်ထဲက တစ်နေရာရာကို ဆိတ်ဆွဲခံလိုက်ရသလို ခံစားလိုက်ရသည်။

"ချန်လော့ပိုင်" ဆိုတဲ့ နာမည်က "ကျိုးအန်းရန်" ရဲ့ လျှို့ဝှက်ချက် ဖြစ်ခဲ့ရုံတင် မကဘူး။

"ကျိုးအန်းရန်" ဆိုတဲ့ နာမည်ကလည်း မသိမသာနဲ့ "ချန်လော့ပိုင်" ရဲ့ လျှို့ဝှက်ချက် ဖြစ်နေခဲ့တာပဲ။

သူမ အင်္ကျီစကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေ ပြေလျော့သွားသည်။ ပထမဆုံးအကြိမ်အဖြစ် ကောင်လေးရဲ့ ခါးကို ဖြည်းဖြည်းချင်း ဖက်လိုက်သည်။

"မှတ်မိရင် ပြီးတာပါပဲ၊ အဲဒီလောက် အများကြီး ခေါ်စရာမလိုပါဘူး"

ချန်လော့ပိုင် စောစောကတည်းက သူမကို မဖက်ရဲခဲ့ဘူး။

မိန်းကလေးက သူ့ရင်ခွင်ထဲ နူးနူးညံ့ညံ့လေး ကပ်နေတော့ သူ ကိုယ်ခန္ဓာ တောင့်တင်းသွားသည်။

"ခေါ်ချင်လို့ပါ" ချန်လော့ပိုင် လည်ချောင်း ခြောက်ကပ်သွားသည်။ အာရုံလွှဲချင်လို့ ထင်တယ်၊ စကားဆက်မေးလိုက်သည်။ "ဘာလို့ ရုတ်တရက် ဒီမေးခွန်းမေးတာလဲ။ ငါ ဒီလိုခေါ်တာ မကြိုက်လို့လား၊ ဒါမှမဟုတ် တခြားနာမည်ပြောင်နဲ့ ခေါ်စေချင်လို့လား"

ကျိုးအန်းရန် ဘာကြောင့်မှန်းမသိ ပိုင်လင်းယွင် ပြောဖူးတဲ့ "ပေါင်ပေ့၊ ချစ်သူလေး" ဆိုတဲ့ အခေါ်အဝေါ်တွေ ခေါင်းထဲ ရောက်လာသည်။ သူမ အမြန် ခေါင်းခါလိုက်သည်။

ချန်လော့ပိုင်က သူမ တုံ့ပြန်မှု ကြီးမားနေတာကို မြင်တော့ မျက်ခုံးပင့်လိုက်သည်။

"တကယ် တခြားနာမည်နဲ့ ခေါ်စေချင်နေတာလား"

ကျိုးအန်းရန် - "မရှိပါဘူး"

ချန်လော့ပိုင် - "ဘာခေါ်စေချင်တာလဲ"

ကျိုးအန်းရန် ရှက်လာသည်။

"တကယ် မရှိပါဘူး"

သူမ ရှက်လေလေ၊ ချန်လော့ပိုင်က ပိုပြီး အနိုင်ကျင့်ချင်လေလေ ဖြစ်လာသည်။ လက်မနဲ့ နှုတ်ခမ်းထောင့်စွန်းကို ပွတ်သပ်ပြီး အသံနှိမ့်ကာ ရယ်မောမေးလိုက်သည်။

"မပြောရင် ဆက်နမ်းလိုက်မှာနော်"

ကျိုးအန်းရန် - "......"

အရင်တုန်းက သူ ဘယ်နေရာကြည့်ကြည့် ကောင်းနေတယ်လို့ သူမ ဘာလို့ ထင်ခဲ့မိပါလိမ့်။ ဒီလူက တကယ် ဆိုးသွမ်းလွန်းတယ်။

"ကြည့်ရတာ ဆက်နမ်းစေချင်နေပုံရတယ်"

"ချန်လော့ပိုင်!"

ချန်လော့ပိုင် ရယ်မောပြီး "အင်း" ဟု ဖြေကာ သူမခါးကိုဖက်ပြီး အတွင်းတံခါးနဲ့ ကပ်ထားလိုက်သည်။ ခေါင်းငုံ့ပြီး ထပ်နမ်းလိုက်သည်။

နှုတ်ခမ်းသားတွေ အငုံခံလိုက်ရပြန်သည်။ ကျိုးအန်းရန် အလိုအလျောက် သူ့အင်္ကျီအနောက်ဘက်ကို ဆုပ်ကိုင်လိုက်မိသည်။ မော့ကြည့်ပြီး ကောင်လေးရဲ့ အတွေ့အကြုံမရှိသေးတဲ့ အနမ်းတွေကို သည်းခံနေရသည်။

ရင်ခုန်သံတွေ ထပ်မြန်လာပြန်သည်။

ခြေထောက်တွေလည်း ပျော့ခွေလာသည်။

အထဲက ယွီပင်းချင် သီချင်းဆိုနေသံ သဲ့သဲ့လေး ကြားနေရသလိုလိုပဲ။ နံရံက အသံလုံစနစ် ကောင်းလွန်းလို့ ဝေဝါးပြီး ဘာမှ သေချာမကြားရဘူး။

ခဏကြာတော့ မလှမ်းမကမ်းကနေ ချောင်းဟန့်သံ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည်။

ကျိုးအန်းရန် မတုံ့ပြန်နိုင်သေးခင်မှာပဲ ချန်လော့ပိုင်က နောက်ဆုတ်လိုက်ပြီး သူမခေါင်းကို သူ့ပခုံးပေါ် အမြန်ဖိကပ်ထားလိုက်သည်။

ရင်းနှီးနေတဲ့ မိန်းကလေးအသံတစ်သံ ဘေးနားက ထွက်ပေါ်လာသည်။ ပထမဆုံးတွေ့ဆုံပွဲ KTV တုန်းက သူမကို ဆီးသီးကမ်းပေးတဲ့ စီနီယာအစ်မဟယ်ရဲ့အသံနဲ့ တူတယ်။

"တံခါးဝမှာ ဘာလုပ်နေကြတာလဲ။ အထဲမှာ အခန်းလွတ်တွေ အများကြီး ရှိပါတယ်။ ဘယ်သူမှ မနှောင့်ယှက်အောင် နေလို့ရပါတယ်"

စနောက်လိုတဲ့ လေသံမျိုး။

ကျိုးအန်းရန် မျက်နှာ မီးတောက်တော့မလို ဖြစ်သွားသည်။ သူ့ပခုံးပေါ်မှာ ခေါင်းပိုတိုးဝှက်ထားလိုက်သည်။

ချန်လော့ပိုင်က သူမလှုပ်ရှားမှုကို သတိထားမိပြီး မျက်နှာကို လက်နဲ့ကာပေးလိုက်သည်။ လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"စီနီယာအစ်မဟယ်... မစပါနဲ့တော့။ ခဏနေ သူ ရှက်ပြီး ကျွန်တော့်ကို စကားမပြောဘဲ နေလိမ့်မယ်။ ကျွန်တော်ပဲ ပြန်ချော့နေရဦးမယ်"

"ကောင်းပြီလေ" စီနီယာအစ်မဟယ်က ပထမဆုံးတွေ့တုန်းကလိုပဲ သဘောထားကြီးသည်။ "ရန်ရန်မျက်နှာကို ထောက်ပြီး ဒီနေ့ ဘာမှ မမြင်လိုက်ဘူးလို့ သဘောထားလိုက်မယ်"

တံခါးဖွင့်သံ ကြားလိုက်ရသည်။

ယွီပင်းချင်ရဲ့ သီချင်းသံ ကျယ်လောင်လာပြီးမှ ပြန်တိုးသွားသည်။

စက္ကန့်အနည်းငယ်ကြာတော့...

ကျိုးအန်းရန် ဇက်ပိုးကို ကိုင်ထားတဲ့ လက်ကြီး လွတ်သွားသည်။ စီနီယာအစ်မဟယ် အထဲဝင်သွားပြီ ဖြစ်လောက်တယ်။

ဒါပေမဲ့ ကျိုးအန်းရန် မော့မကြည့်ရဲသေးဘူး။

ချန်လော့ပိုင်က သူမ ငှက်ကုလားအုတ်လို ခေါင်းဝှက်ထားတာကို ကြည့်ပြီး ရယ်မောလိုက်မိသည်။ သွေးစက်ကျမတတ် ရဲနေတဲ့ နားရွက်လေးကို ဆွဲလိုက်သည်။

"ဝင်ဦးမလား"

ကျိုးအန်းရန် စက္ကန့်အနည်းငယ်ကြာအောင် ငှက်ကုလားအုတ် ဆက်လုပ်နေပြီးမှ...

"...ဝင်မယ်လေ၊ ရောက်မှတော့ ဝင်ရမှာပေါ့"

သူ့လက်ဆွဲပြီး ဝင်သွားတော့ စီနီယာအစ်မဟယ်နဲ့ ဝူလို့ခေါ်တဲ့ စီနီယာအစ်မတစ်ယောက် ဆိုဖာဝိုင်းတစ်ခုမှာ အတူထိုင်နေကြတာ တွေ့လိုက်ရသည်။

သူတို့ဝင်လာတာ ကြားတော့ နှစ်ယောက်လုံး လှည့်ကြည့်လာကြသည်။

စီနီယာအစ်မဝူက သူတို့ လက်ချင်းချိတ်ထားတာကို ကြည့်ပြီး ပြုံးစစပြောသည်။

"ငါတို့ အဖွဲ့ရဲ့ပန်းလေးကို ခိုးယူသွားပြီဆိုတော့ ချန်လော့ပိုင်... နင် ဒကာခံသင့်တယ် မဟုတ်ဘူးလား"

ကျိုးအန်းရန်က စီနီယာအစ်မဟယ် သူမကို တိုးတိုးလေး ပြောတာ ကြားလိုက်ရသည်။

"စိတ်မပူပါနဲ့၊ အစ်မ ဘာမှမပြောပါဘူး"

သူမ မျက်နှာ ပြန်ပူလာပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ကျေးဇူးပါ"

"ဘာကို မပြောတာလဲ" စီနီယာအစ်မဝူက စပ်စုလိုက်သည်။

စီနီယာအစ်မဟယ် - "ဒါက ငါနဲ့ ရန်ရန်ကြားက လျှို့ဝှက်ချက်လေးပါ"

စီနီယာအစ်မဝူက ဆက်မေးချင်ပုံရသည်။

ချန်လော့ပိုင်က ဝင်ပြောလိုက်သည်။

"ဒကာခံရမယ် ဟုတ်လား။ ကောင်းပြီလေ... ကျွန်တော် ဒီရက်ပိုင်း ဘောလုံးပွဲကိစ္စပြီးသွားရင် ဘာစားချင်လဲ ပြော၊ အကုန်ကျွေးမယ်"

စီနီယာအစ်မဝူ အာရုံပြောင်းသွားသည်။

"နင် ပြောတာနော်၊ ငါတို့ မှတ်ထားမယ်"

စင်ပေါ်မှာ သီချင်းတိုက်နေတုန်းပါပဲ။

စီနီယာအစ်မဝူက ထမင်းတစ်နပ် လိမ်စားလို့ရသွားလို့ ကျေနပ်သွားပြီး ဆက်မစပ်စုတော့ဘူး။

ကျိုးအန်းရန်ကို ကောင်လေးက ဆွဲခေါ်သွားပြီး ဘေးနားက စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးတာတောင် လက်မလွှတ်သေးဘူး။

စာကြည့်တိုက်တုန်းကလိုပဲ လက်ချောင်းထိပ်လေးတွေကို ပျင်းရိစွာ ကစားနေသည်။

စင်ပေါ်က ဘာသီချင်းဆိုလဲ ကျိုးအန်းရန် နားထဲ မဝင်တော့ဘူး။

ယွီပင်းချင်တို့ ၅ ယောက် စင်ပေါ်က ဆင်းလာမှ သတိဝင်လာသည်။

ယွီပင်းချင်က သူတို့ရှေ့မှာ ရပ်လိုက်သည်။ အိတ်ကပ်ထဲက ဘူးသေးသေးလေးတစ်ဘူး ထုတ်ပြီး ကျိုးအန်းရန်ရင်ခွင်ထဲ ပစ်ထည့်လိုက်သည်။

"တွေ့ဆုံလက်ဆောင်"

ကျိုးအန်းရန် ပျာပျာသလဲ ဖမ်းယူလိုက်သည်။ ကြောင်သွားသည်။

"ဘာတွေ့ဆုံလက်ဆောင်လဲ"

ကီးဘုတ်သမား ကျုံးဝေက ရယ်မောပြီး ဝင်ပြောသည်။

"ဝမ်းကွဲအစ်မက အနာဂတ် ဝမ်းကွဲယောင်းမလေးကို ပေးတဲ့ တွေ့ဆုံလက်ဆောင်ပေါ့"

ကျိုးအန်းရန် လက်ထဲက ဘူးလေးက ပူလာသလို ခံစားရသည်။ မျက်နှာလည်း ပူလာသည်။

ယွီပင်းချင် - "အသင်းဝင်သစ်အတွက် တွေ့ဆုံလက်ဆောင်ပါ၊ အရင်တုန်းက ပေးဖို့ မေ့နေလို့"

ကျိုးအန်းရန် မျက်နှာအပူချိန် လျော့သွားသည်။

"ကျေးဇူးပါ စီနီယာအစ်မယွီ"

ယွီပင်းချင်က ရှားရှားပါးပါး သူမကို စနောက်လိုက်သည်။

"စီနီယာအစ်မယွီ လို့ပဲ ခေါ်နေတုန်းလား"

ဘေးနားက တစ်ယောက်သောသူက ဝင်မကူညီတဲ့အပြင် မီးလောင်ရာ လေပင့်သလို ပျင်းရိရိနဲ့ ဝင်ပြောလိုက်သည်။

"ဟုတ်တယ်လေ... စီနီယာအစ်မယွီလို့ပဲ ခေါ်နေတုန်းလား"

ကျိုးအန်းရန် - "......"

သူမ မျက်နှာ ပြန်ရဲလာသည်။ ဝမ်းကွဲအစ်မလို့တော့ သူမ မခေါ်ထွက်ပါဘူး။ အခုချိန်မှာ မသင့်တော်သေးဘူးလေ။ နောက်ဆုံးတော့ လက်လျှော့ပြီး ပြောင်းခေါ်လိုက်သည်။

"ကျေးဇူးပါ အစ်မချင်း"

ချန်လော့ပိုင် မကျေနပ်သေးဘူး။ ပြုံးစိစိနဲ့ ကြည့်နေသည်။

"အစ်မချင်းလို့ပဲ ခေါ်တာလား"

ယွီပင်းချင် ကြည့်မရတော့ပေ။

"သူ့ကို အနိုင်မကျင့်နဲ့"

"ကောင်းပြီလေ" ချန်လော့ပိုင် ပျင်းရိရိ လှည့်ကြည့်လိုက်သည်။ "ဒါဆို နင့်သော့ ခဏငှား"

ကျိုးအန်းရန် - "?"

တီးဝိုင်းထဲက ဂစ်တာသမားတစ်ယောက်က ချက်ချင်း အော်ဟစ်လိုက်သည်။

"ငါတို့လို လူအိုကြီးတွေ မြန်မြန်သွားကြစို့၊ နေရာကို ချစ်သူစုံတွဲလေးအတွက် ဖယ်ပေးလိုက်ကြရအောင်"

ကျုံးဝေ မကျေနပ်ပေ။

"နင် လူအိုကြီးလုပ်ချင်ရင် ငါ့ကို မဆွဲထည့်နဲ့၊ ဒီမိန်းမကြီးက ထာဝရ ၁၈ နှစ်ပဲ"

"တကယ် ၁၈ နှစ်သမီးတွေက နတ်သမီးလေးလို့ ပြောကြတယ်၊ ဘယ်သူက ဒီမိန်းမကြီးလို့ ပြောလို့လဲ"

"နင် သေချင်နေလား"

.....

လူအုပ်ကြီး ဆူဆူညံညံနဲ့ Live House ထဲက ထွက်သွားကြကာ အသံတွေ တံခါးအပြင်ဘက် ရောက်သွားမှ ပျောက်ကွယ်သွားသည်။

ကျယ်ဝန်းတဲ့ အခန်းကြီး ပြန်လည် တိတ်ဆိတ်သွားသည်။

ကျိုးအန်းရန် ခေါင်းငုံ့ထိုင်နေတုန်း ဘေးနားကလူ စကားပြောလာသည်။

"ဒီနား လာခဲ့"

သူမ လှည့်ကြည့်လိုက်တော့ ကောင်လေးက သူမဆီ လက်နှစ်ဖက် ဖြန့်ကားပြထားတာ တွေ့လိုက်ရသည်။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး ထလျောက်သွားသည်။ သူ့ရှေ့ရောက်တာနဲ့ အဆွဲခံလိုက်ရပြီး သူ့ပေါင်ပေါ် ရောက်သွားသည်။

ချန်လော့ပိုင်က လက်တစ်ဖက်နဲ့ သူမဇက်ပိုးကိုကိုင်ပြီး အောက်ဖိချလိုက်သည်။ ကျန်လက်တစ်ဖက်က သူမခါးကို ဖွဖွလေး ဖက်ထားသည်။ စကားတစ်ခွန်းမှ မပြောဘဲ နမ်းလိုက်သည်။

ကျိုးအန်းရန်လက်က မူလက ဘေးမှာ ချထားတာ။ ဘာကြောင့်မှန်းမသိ၊ နောက်ဆုံးတော့ မသိစိတ်စေရာအတိုင်း ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး သူ့လည်ပင်းကို ဖက်လိုက်မိသည်။

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ တိုးညှင်းတဲ့ အနမ်းသံလေးတွေပဲ ကြားနေရသည်။

အကြာကြီး နမ်းပြီးမှ ချန်လော့ပိုင် ခေါင်းစောင်းလိုက်သည်။ မမှန်တော့တဲ့ အသက်ရှူသံတွေကို ထိန်းလိုက်ပြီး တခြားအတွေးတွေကို ဖိနှိပ်လိုက်သလိုမျိုး သူမပါးပြင်နားက ဆံပင်စလေးတွေကို သပ်တင်ပေးလိုက်သည်။

"မနက်ဖြန် တခြားနေရာပြောင်းပြီး စာကျက်မလား"

ရင်ခွင်ထဲက မိန်းကလေးကလည်း အသက်ရှူသံ မြန်နေသည်။ သူ့မေးခွန်းကို ကြားလား မကြားလား မသိပေမယ့်၊ ဘယ်နေရာ သွားမလဲဆိုတာ မမေးဘဲ လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ချန်လော့ပိုင် ခုနကမှ ထိန်းလိုက်တဲ့ အသက်ရှူသံတွေ ပြန်မြန်လာသည်။

သူမ ဇက်ပိုးကို ကိုင်ထားတဲ့လက်က အောက်ဖိချလိုက်ပြန်သည်။ နှုတ်ခမ်းချင်း ထိကပ်လိုက်ပြီး သူမနှုတ်ခမ်းလွှာလေးတွေကို ဖွဖွလေး ကိုက်ကာ ထပ်နမ်းလိုက်သည်။ နားထဲမှာ သူမရဲ့ နူးညံ့တဲ့ အသံလေးကို ကြားယောင်နေရင်း ပြန်ခွာလိုက်သည်။ သည်းမခံနိုင်တော့သလိုမျိုး အသံနှိမ့်ပြီး ချော့မော့လိုက်သည်။

"ကောင်မလေး... ပါးစပ်ဟလိုက်"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၇ ။ သကြားလုံး : ငါတို့ ရန်ရန်

ကျိုးအန်းရန် ခေါင်းထဲမှာ တစ်ခုခု ပေါက်ကွဲသွားသလို ဖြစ်သွားပြန်သည်။

သူ့ရဲ့ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခေါ်အဝေါ်ကြောင့်လား၊ ဒါမှမဟုတ် နူးညံ့ပြီး အမိန့်ဆန်တဲ့ လေသံကြောင့်လား မသိဘူး။

သူမ လိမ်လိမ်မာမာ ပါးစပ်ဟပေးလိုက်တယ်။

ချန်လော့ပိုင် လျှာဖျားလေး ချက်ချင်း တိုးဝင်လာတယ်။

ကောင်လေးက သူမပါးစပ်ထဲမှာ အတွေ့အကြုံမရှိပေမယ့် ရဲရဲတင်းတင်း စူးစမ်းရှာဖွေနေတယ်။

ကျိုးအန်းရန် အသက်ရှူတိုင်း သူ့အငွေ့အသက်တွေ ရနေတယ်။ သူမရဲ့ နှုတ်ခမ်းနဲ့ လျှာကို သူက အပိုင်စီးထားတယ်။

ဒီလို ရင်းနှီးတဲ့ အချိန်လေးမှာ၊ သူ့အနမ်းတွေအောက်မှာမှ သူမ တကယ် ချန်လော့ပိုင်နဲ့ တွဲနေပြီဆိုတဲ့ အသိစိတ် ဝင်လာတော့တယ်။

တကယ်ပဲ ချန်လော့ပိုင်နဲ့ တွဲနေပြီဆိုတာပေါ့။

ဒီအနမ်းက မိနစ်တော်တော်ကြာတယ်။

Live House အလွတ်ကြီးထဲမှာ မျက်နှာပူစရာကောင်းတဲ့ အနမ်းသံတွေပဲ ကြားနေရတယ်။

ကျိုးအန်းရန် အသက်ရှူ မဝတော့မှ ကောင်လေးက သူမပါးစပ်ထဲက ထွက်ခွာသွားတယ်။

ချန်လော့ပိုင်က သူမနှုတ်ခမ်းတွေကို ငုံထားပြီး ခဏကြာအောင် ထပ်နမ်းပြီးမှ လုံးဝ ခွာလိုက်တယ်။ နဖူးချင်းအပ်ထားပြီး အသက်ရှူသံ ကြားနိုင်လောက်တဲ့ အကွာအဝေးမှာပဲ ရှိနေသေးတယ်။ အသံက နိမ့်နေတယ်။

"လီမွန်သကြားလုံး စားထားတာလား"

ကျိုးအန်းရန် အောက်ဆီဂျင်ပြတ်လပ်တဲ့ အခြေအနေကနေ ပြန်မကောင်းသေးဘူး။ နှစ်စက္ကန့်လောက်ကြာမှ ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်တယ်။

သူ ဖွင့်ပြောတုန်းက ပေးခဲ့တဲ့ သကြားလုံးနှစ်လုံးကို သူမ ဘယ်စားရက်ပါ့မလဲ။

ပြီးတော့မှ သတိရသွားပြီး ခေါင်းပြန်ညိတ်ပြလိုက်တယ်။

"အပြင်မထွက်ခင် အခန်းဖော်က တခြား လီမွန်သကြားလုံးတစ်လုံး ပေးလိုက်လို့"

ရင်ခွင်ထဲက မိန်းကလေးက မျက်ဝန်းထဲမှာ အရည်ကြည်လေးတွေ ဝဲနေတယ်။ နှုတ်ခမ်းတွေက အနမ်းခံထားရလို့ ရဲရဲတောက်နေတယ်။ အသံကလည်း နူးညံ့နေတယ်။

ချန်လော့ပိုင် ဇက်ပိုးကို ကိုင်ထားတဲ့လက်က လှုပ်ရှားသွားတယ်။ အနားကပ်ပြီး ထပ်နမ်းလိုက်ပြန်တယ်။ လျှာဖျားလေးက သူမနှုတ်ခမ်းကြား တိုးဝင်သွားတဲ့အချိန် လီမွန်ရနံ့ သင်းသင်းလေး ရလိုက်တယ်။

ခဏလောက် နမ်းပြီးမှ ပြန်ခွာလိုက်တယ်။ သူမရဲ့ အသက်ရှူသံ ပြင်းပြင်းလေးတွေ ကြားနေရတယ်။ နှာခေါင်းချင်း ထိကပ်ပြီး တိုးတိုးလေး ရယ်လိုက်တယ်။

"ဒါကြောင့် ငါတို့ ရန်ရန်က ဒီလောက် ချိုနေတာကိုး"

"ငါတို့ ရန်ရန်"

ဒီစကားလုံးလေး ကြားလိုက်တော့ ကျိုးအန်းရန် ရင်ခုန်သွားပြန်တယ်။

ဒီလူက သူမကို အနိုင်ကျင့်ပေမယ့်၊ သူမက တစ်ခွန်းမေးလိုက်တာနဲ့ သူက တကယ်ပဲ သူမ တခြားနာမည်နဲ့ ခေါ်တာ နားထောင်ချင်တယ်လို့ ထင်သွားပုံရတယ်။ ဒီည နှစ်ခါတောင် ပြောင်းခေါ်နေပြီ။

ကျိုးအန်းရန် သူ့ဂျာကင်အင်္ကျီအစကို ဆုပ်ကိုင်ထားပြီး ရှက်နေတုန်းပဲ။

"စားပြီးတာ ကြာပြီ"

"ဒါပေမဲ့ ချိုနေတုန်းပဲ" ချန်လော့ပိုင် သူမနှုတ်ခမ်းကို ဖွဖွလေး ထိလိုက်သည်။ "ငါပေးတဲ့ နှစ်လုံးကို မစားသေးဘူးလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မစားသေးဘူး"

"အဲဒီတုန်းက..." ချန်လော့ပိုင် စကားရပ်လိုက်သည်။ သူမပါးပြင်ကို လက်ချောင်းလေးနဲ့ ဖွဖွလေး ပွတ်သပ်လိုက်သည်။ "ဘာလို့ ငါ့စားပွဲအံဆွဲထဲ သကြားလုံးနှစ်လုံး ထည့်ခဲ့တာလဲ"

ကျိုးအန်းရန် သူ့ပခုံးပေါ်က လက် တင်းကြပ်သွားသည်။

ချန်လော့ပိုင် မေးချင်နေတာ ကြာပြီ။ ဒါပေမဲ့ သူမက အတိတ်အကြောင်း ပြောချင်လား မသိလို့ မမေးရဲခဲ့ဘူး။ သူမ စကားမပြောတာ မြင်တော့ မျက်လုံးထောင့်စွန်းလေးကို နှစ်သိမ့်သလို ဖွဖွလေး ထိလိုက်သည်။

"မပြောချင်ရင်လည်း ရပါတယ်"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မပြောချင်တာ မဟုတ်ပါဘူး"

ကိုယ့်ရဲ့ ခံစားချက်လေးတွေကို သူများရှေ့မှာ ဖွင့်ချပြရတာ သိပ်မလုပ်ဖူးသလို၊ ရှက်လို့ပါ။

ဒါပေမဲ့ သူ နားထောင်ချင်တယ်ဆိုရင် သူမ ပြောပြပါမယ်။

"ရုတ်တရက် ဆုံးဖြတ်လိုက်တာပါ"

ကျိုးအန်းရန် အဲဒီနေ့က အသေးစိတ်အချက်အလက်တွေကို ပြန်စဉ်းစားကြည့်လိုက်သည်။ အဲဒီတုန်းက စိတ်လှုပ်ရှားလွန်းလို့လား၊ ဒါမှမဟုတ် သူနဲ့ပတ်သက်နေလို့လား မသိဘူး၊ နှစ်တွေအများကြီး ကြာသွားပေမယ့် အဲဒီတုန်းက လှုပ်ရှားမှုတွေ၊ ခံစားချက်တွေက မနေ့တစ်နေ့ကလို ရှင်းလင်းနေတုန်းပဲ။

"အဲဒီနေ့က နင် မပျော်မရွှင် ဖြစ်နေပုံရတယ်။ အဲဒီတုန်းက ငါနဲ့ နင်က မရင်းနှီးသေးတော့ ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိဘူး။ နောက်တော့ တာဝန်ကျလို့ သန့်ရှင်းရေးလုပ်တုန်း အိတ်ကပ်ထဲမှာ လီမွန်ဆိုဒါသကြားလုံး နှစ်လုံး ကျန်နေတာ သတိရသွားတယ်။ နင် ပုံမှန် အချိုရည်သောက်တတ်တာ သတိရပြီး ခိုးထည့်ထားလိုက်တာ"

ကျိုးအန်းရန် စကားရပ်လိုက်သည်။ ဒီကိစ္စတွေကို သူ့ရှေ့မှာ ဖွင့်ပြောရတာ ရှက်စရာ ကောင်းနေတုန်းပဲ။ ဒါကြောင့် ခေါင်းကို သူ့ပခုံးပေါ် မှီလိုက်ပြီးမှ တိုးတိုးလေး ဆက်ပြောလိုက်သည်။

"နင် စားဖြစ်လောက်ရင် ဒီအရသာကို ကြိုက်ပြီး နည်းနည်းလောက် စိတ်ပျော်သွားမလားလို့ မျှော်လင့်မိလို့ပါ"

ချန်လော့ပိုင် ရင်ထဲ နူးညံ့သွားသည်။

သူ့အထက်တန်းတုန်းက စားပွဲအံဆွဲထဲ ပစ္စည်းတွေ အများကြီး အထည့်ခံရဖူးတယ်။ စိတ်ရင်းမှန်နဲ့ ရေးထားတဲ့ ရည်းစားစာတွေ၊ သေချာ ပြင်ဆင်ထားတဲ့ တန်ဖိုးကြီး လက်ဆောင်တွေ။ ဒါပေမဲ့ သူများတွေ သူ့ကို ပစ္စည်းပေးတာက သူ့ဆီကနေ တစ်ခုခု ပြန်လိုချင်လို့ချည်းပဲ။ ရုပ်ဝတ္ထုပစ္စည်းပဲ ဖြစ်ဖြစ်၊ ခံစားချက်ပဲ ဖြစ်ဖြစ်ပေါ့။

သူမလိုမျိုး သကြားလုံးနှစ်လုံးပဲ ခိုးထည့်ပြီး၊ အဲဒီနေ့ သူ စိတ်ပျော်ရွှင်ဖို့လောက်ပဲ မျှော်လင့်တဲ့ အရူးမလေးမျိုး မရှိခဲ့ဘူး။

အဲဒီတုန်းက သူမ သူ့ကို စကားတစ်ခွန်းတောင် မပြောရဲခဲ့ဘူး။

ဘယ်လောက်တောင် ကြိုက်လို့များ၊ ပေါ်သွားနိုင်တဲ့ အန္တရာယ်ကိုတောင် မမှုဘဲ၊ ဘာမှပြန်မမျှော်လင့်ဘဲ သူ့စားပွဲအံဆွဲထဲ ပစ္စည်းထည့်ခဲ့တာလဲ။

ဒီနေ့မတိုင်ခင်အထိ ချန်လော့ပိုင်က အဲဒီသကြားလုံးနှစ်လုံးကို ထန်ကျန့်ရွေ့တို့ ပေးတာမှတ်ပြီး စားပစ်လိုက်မိတာ နောင်တရနေခဲ့တာ။

ဒါပေမဲ့ အခုတော့ ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်။

သူမရဲ့ စေတနာကို အလဟသ မဖြစ်စေခဲ့ဘူးလေ။

ချန်လော့ပိုင် ခေါင်းငုံ့ပြီး သူမနဖူးကို နမ်းလိုက်သည်။

"အဲဒီသကြားလုံးနှစ်လုံးကို ငါ စားလိုက်ပါတယ်"

ကျိုးအန်းရန် ကြောင်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။

ချန်လော့ပိုင် သူမပါးကို ထိလိုက်သည်။

"ငါ အဲဒီညတင် စားလိုက်တာ"

မိန်းကလေး မျက်လုံးတွေ ချက်ချင်း တောက်ပလာသည်။ ညကောင်းကင်ယံက ကြယ်လေးတွေလိုပဲ။

သူ ဒီနေရာမှာ သူမကို ဆိုပြခဲ့တဲ့ သီချင်းစာသားလေးလိုပေါ့။

"Like a diamond in the sky."

ချန်လော့ပိုင် - "အဲဒီနေ့က ငါ စိတ်မပျော်တာက၊ ပြီးခဲ့တဲ့ညက အမေက အဖေ့ကို ကွာရှင်းမယ်လို့ ပြောတာ ကြားလိုက်ရလို့။"

ပခုံးပေါ်က လက်သေးသေးလေး တင်းခနဲ ဖြစ်သွားသည်။

ချန်လော့ပိုင် ရယ်မောပြီး သူမပါးကို ဆွဲလိုက်ပြန်သည်။

"မကွာရှင်းဖြစ်ပါဘူး။ သူတို့နှစ်ယောက် အခု ကော်နဲ့ကပ်ထားသလိုပဲ၊ သံယောဇဉ် တော်တော်ကောင်းတယ်"

ကျိုးအန်းရန် စိတ်အေးသွားသည်။

ချန်လော့ပိုင် - "ဒါပေမဲ့ အဲဒီတုန်းကတော့ ငါ တကယ် ကွာရှင်းကြတော့မယ် ထင်နေတာ။ အဲဒီနေ့ အိမ်ပြန်ရောက်တော့ အိမ်ဖော်ဒေါ်ကြီးကလည်း ခွင့်ယူထားတော့ ငါ ညစာ မစားရဘူး။ သကြားလုံးနှစ်လုံးက ထန်ကျန့်ရွေ့တို့ပေးတာထင်ပြီး စားလိုက်တာ"

သူ အထင်လွဲခဲ့တာကို ကိုယ်တိုင် ပြောပြနေတာကြားတော့ ကျိုးအန်းရန် နည်းနည်း ရှက်သွားပြန်သည်။

"ဒါပေမဲ့ အဲဒီသကြားလုံးနှစ်လုံး စားပြီးတော့..." ချန်လော့ပိုင် လက်မက သူမနှုတ်ခမ်းထောင့်စွန်းကို ထိလိုက်ပြီး ခေါင်းငုံ့ကာ ဖွဖွလေး နမ်းလိုက်သည်။ "...ငါ အဲဒီနေ့က တကယ် နည်းနည်း စိတ်ပျော်သွားပါတယ်"

ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့မဲ့သွားပြန်သည်။

အဲဒီသကြားလုံးနှစ်လုံးကို သူ လွှင့်ပစ်လိုက်ပြီ၊ ဒါမှမဟုတ် အကောင်းဆုံးဆိုရင်တောင် အံဆွဲတစ်နေရာရာမှာ ပစ်ထားလိုက်ပြီလို့ ထင်နေခဲ့တာ။

သူမရဲ့ ခံစားချက်လေးတွေလိုပဲ နေရောင်ခြည် ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်နေခဲ့တာ။

တကယ်တော့ နေရောင်ခြည် နည်းနည်း ရခဲ့တာပဲ။

ကျိုးအန်းရန် ခေါင်းကို သူ့ပခုံးပေါ် ပြန်အပ်လိုက်သည်။

"ဒါဆို တော်သေးတာပေါ့"

ချန်လော့ပိုင် သူမဆံပင်ကို သပ်ပေးလိုက်သည်။ ပြီးတော့ နားရွက်ကို ငုံ့နမ်းလိုက်သည်။ လက်က မေးစေ့ကို ကိုင်ပြီး မော့စေလိုက်ကာ ဆက်နမ်းလိုက်သည်။ အသံက တိုးနေသည်။

"အဲဒီတုန်းက မျက်စိကန်းပြီး ဆိုးသွမ်းခဲ့တဲ့ ချန်လော့ပိုင် ကိုယ်စား ငါတို့ ရန်ရန်ကို ကျေးဇူးတင်ပါတယ်"

....

အဲဒီညက သူတို့ ခဏခဏ နမ်းဖြစ်ကြသည်။

ချန်လော့ပိုင်က ခဏနမ်းလိုက်၊ ရပ်ပြီး စကားပြောလိုက် လုပ်နေသည်။

ဒါကြောင့် ကျိုးအန်းရန် အိပ်ပျော်သွားတဲ့အခါ အိပ်မက်ထဲမှာ ချန်လော့ပိုင်က သူမကို နမ်းနေတာ မက်တော့သည်။

နောက်တစ်နေ့မနက် နှိုးစက်သံကြောင့် နိုးလာတော့ ကျိုးအန်းရန် ခေါင်းအုံးပေါ်မှာ မျက်နှာရဲရဲနဲ့ အကြာကြီး မှောက်နေပြီးမှ ဖြည်းဖြည်းချင်း ထလာသည်။

ကန်တင်းမှာ ချန်လော့ပိုင်နဲ့ မနက်စာစားပြီးတော့ သူ လက်ဆွဲပြီး ကျောင်းပြင်ဘက် ခေါ်သွားမှ သတိရပြီး မေးလိုက်သည်။

"ငါတို့ ဘယ်သွားကြမလို့လဲ"

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။

"ရောက်ရင် သိလိမ့်မယ်"

သူနဲ့ အတူရှိနေရရင် ဘယ်သွားသွား ကိစ္စမရှိပါဘူး။ ကျိုးအန်းရန် ထပ်မမေးတော့ဘူး။ အိမ်ရာဝင်းတစ်ခုရှေ့ ရောက်မှ သတိထားမိလိုက်သည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ငါတို့ ဒီအိမ်ရာဝင်းထဲ သွားမလို့လား"

သူက စာကျက်ဖို့ နေရာပြောင်းမယ်လို့ ပြောတုန်းက ကျောင်းပြင်ပက ကော်ဖီဆိုင်တို့၊ စာအုပ်ဆိုင်တို့ ဖြစ်မယ်လို့ ထင်နေတာ။

ဘာလို့ အိမ်ရာဝင်း ဖြစ်နေရတာလဲ။

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။

"ငါ့မှာ ဒီထဲမှာ တိုက်ခန်းတစ်ခန်းရှိတယ်"

ကျိုးအန်းရန် ကြောင်သွားပြီး အံ့ဩသွားသည်။

"ဝယ်ထားတာ ကြာပြီလား။ အရင်ကလည်း မပြောဖူးဘူး၊ လာနေတာလည်း မတွေ့ဖူးဘူး"

ပထမနှစ်ကျောင်းသားတွေက ကျောင်းပြင်ပမှာ နေခွင့်မရှိပေမယ့် ပိတ်ရက်ဆိုရင်တော့ ကိစ္စမရှိပါဘူး။

"လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဝယ်ထားတာ။ ကျောင်းမှာနေတာက ပိုအိပ်လို့ရတယ်လေ။ ပြီးတော့ အရင်တုန်းက လူလိုက်နေရတာကိုး..." ချန်လော့ပိုင် ရပ်လိုက်ပြီး သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ "...အပြင်မှာနေရင် ဘယ်လိုလုပ် မတော်တဆဆုံလို့ရမှာလဲ"

ကျိုးအန်းရန် နားရွက်ဖျားလေးတွေ ပူသွားသည်။

"သွားကြစို့"

ခြေနှစ်လှမ်းလောက် လှမ်းပြီးတော့ လက်တွဲထားတဲ့ ကောင်လေးက မလိုက်လာဘဲ ရပ်နေတာ သတိထားမိလိုက်သည်။

ကျိုးအန်းရန် သံသယနဲ့ လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ချန်လော့ပိုင်က သူမ နည်းနည်းလောက်တော့ ရှက်မယ်ထင်နေတာ။ ဘာမှမမေးဘဲ သူ့ကို အပြည့်အဝ ယုံကြည်နေတဲ့ ပုံစံကြောင့် မျက်ဝန်းတွေ နက်ရှိုင်းသွားသည်။

"နင် ငါနဲ့အတူ တကယ် လိုက်ဝင်မလို့လား"

ကျိုးအန်းရန်က သူ ဘာလို့ အပေါက်ဝရောက်မှ ဒီလိုမေးလဲ နားမလည်ပေမယ့် ခေါင်းညိတ်လိုက်သည်။

ချန်လော့ပိုင် ရှေ့က မိန်းကလေးကို ကြည့်ရင်း လည်စလုတ် လှုပ်ရှားသွားသည်။

သူမက အမြဲတမ်း ဒီလိုပါပဲ။

သူ ဘာတောင်းဆိုဆို ခေါင်းညိတ် လက်ခံတတ်တယ်။

သူ့သဘောအတိုင်း လုပ်ခွင့်ပေးထားသလိုပဲ။

ချန်လော့ပိုင် ရှေ့နှစ်လှမ်းတိုးပြီး သူမရှေ့ ရပ်လိုက်သည်။ သူမကို ခြောက်ချင်တာလား၊ စမ်းသပ်ချင်တာလား မသိဘူး။

"ငါ နင့်ကို ဘာလုပ်လုပ်၊ နင် လိုက်ခဲ့မှာလား"

ကျိုးအန်းရန် နှစ်စက္ကန့်လောက်ကြာမှ သူ့စကားရဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး မျက်နှာ ရဲတက်သွားသည်။

စောစောက သူမ ဘာမှ မစဉ်းစားမိဘူး။ စာကျက်ဖို့ နေရာသက်သက် ပြောင်းတာလို့ ထင်နေတာ။ အခုမှ သတိထားမိလိုက်တယ်။ သူ့တိုက်ခန်းကို နှစ်ယောက်တည်း လိုက်သွားတာက နည်းနည်း ရင်းနှီးလွန်းနေသလိုပဲ။

ချန်လော့ပိုင်က သူမမျက်နှာ ရဲတက်သွားတာကို ကြည့်ပြီး မနေနိုင်ဘဲ သူမပါးကို ဆွဲလိုက်သည်။ အသံက အံကြိတ်ထားသလို ဖြစ်နေသည်။

"ကျိုးအန်းရန်... နင် ငါ့ကို လူကောင်းကြီးလို့ မထင်နဲ့နော်"

ကျိုးအန်းရန် - "......"

ဒါပေမဲ့ သူက တကယ် ကောင်းတာပဲဟာ။

သူသာ သူမကို တစ်ခုခု လုပ်ချင်နေရင် အခုလို ခြောက်သလိုလို သတိပေးသလိုလို စကားမျိုး ပြောမှာ မဟုတ်ဘူး။

သူမ မျက်တောင်လေးတွေ တုန်ခါနေပြီး ကြောက်ရွံ့ရှက်ရွံ့ ဖြစ်နေတာကို မြင်တော့ ချန်လော့ပိုင် စိတ်ပြန်နူးညံ့သွားသည်။ ခြောက်လိုက်မိတာ နောင်တရသွားသည်။

ဒါပေမဲ့ သူမက ဒီအတိုင်း လိုက်လျောနေရင်၊ သူ ဘာပြောပြော လက်ခံနေရင် သူ မသင့်တော်တာတွေ လုပ်မိမလား မသိဘူး။

ချန်လော့ပိုင် စိတ်ထဲ သက်ပြင်းချလိုက်ပြီး အသံနှိမ့်ကာ ချော့လိုက်သည်။

"စတာပါ... နင် အဆင်သင့် မဖြစ်မချင်း နင့်ကို မထိပါဘူးလို့ ကတိပေးပါတယ်"

သူမ စကားမပြောတာ မြင်တော့ ချန်လော့ပိုင် တိုးတိုးလေး ထပ်ပြောသည်။

"ကြောက်ရင် ကျောင်းပြန်ကြမလား"

ကျိုးအန်းရန် သတိပြန်ဝင်လာသည်။ မျက်နှာ နည်းနည်း ရဲနေတုန်းပဲ။ ဒါပေမဲ့ ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။

"မပြန်ပါဘူး၊ ငါ နင့်ကို ယုံတယ်"

ချန်လော့ပိုင် အသက်ရှူသံ တစ်ချက် ရပ်သွားသည်။

လက်မြှောက်ပြီး သူမပါးကို ထပ်ဆွဲလိုက်ပြန်သည်။

ကျိုးအန်းရန် ပါးကို အုပ်လိုက်သည်။ ဘာလို့ ထပ်ဆွဲတာလဲလို့ မေးမလို့လုပ်တုန်း ကောင်လေးက လက်ဆွဲပြီး ရှေ့ဆက်လျှောက်သွားသည်။

"သွားစို့"

"......"

စောစောက သူပြောတဲ့ စကားတွေကို တွေးမိပြီး ကျိုးအန်းရန် ထပ်မမေးရဲတော့ဘူး။

....

သူ့တိုက်ခန်းက ၂၈ ထပ်မှာ ရှိသည်။

အခန်းက မီးခိုးရောင်ရင့်ရင့် အဓိကထား ပြင်ဆင်ထားသည်။ အခန်းကျယ်ဝန်းပြီး ကြမ်းပြင်ထိမှန်ပြတင်းပေါက်တွေ ပါတယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်း တွဲထားတဲ့ ဒီဇိုင်း။

အထဲဝင်တော့ ချန်လော့ပိုင်က အမျိုးသမီးစီး အိမ်စီးဖိနပ် အသစ်တစ်ရံ ထုတ်ပေးသည်။

သူမ စီးလိုက်တော့ ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။

"နည်းနည်း ကြီးနေသလိုပဲ၊ နောက်တစ်ခါကျရင် လဲပေးမယ်"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည်။

ဖိနပ်လဲပြီးတော့ ချန်လော့ပိုင်က လက်ဆွဲပြီး ဆိုဖာနား ခေါ်သွားသည်။ တစ်ခုခု သတိရသွားပြီး ရေခဲသေတ္တာဘက် မေးငေါ့ပြလိုက်သည်။

"ရေခဲသေတ္တာထဲမှာ အချိုရည်တွေ၊ သစ်သီးတွေ ရှိတယ်၊ စားချင်ရင် ဆေးပေးမယ်"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

မနက်စာ စားပြီးကာစမို့ ဘာမှ မစားနိုင်သေးဘူး။

"စာအရင်ဖတ်ရအောင်"

ကောင်လေးက လက်လွှတ်လိုက်ပြီး ကုတင်လို ကျယ်ဝန်းတဲ့ မီးခိုးရောင် ဆိုဖာပေါ် ပျင်းရိစွာ ထိုင်ချလိုက်သည်။

"နင် အရင်ဖတ်နှင့်၊ ငါ ခဏ လှဲလိုက်ဦးမယ်"

ကျိုးအန်းရန် - "......"

မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလားလို့ မေးမလို့လုပ်တုန်း လက်ကောက်ဝတ်ကို သူ လှမ်းဆွဲလိုက်သည်။

ပြီးတော့ ဆွဲချလိုက်သည်။

ကျိုးအန်းရန် နူးညံ့တဲ့ ဆိုဖာပေါ် ပြုတ်ကျသွားသည်။ ပခုံးပေါ်က အိတ်က လျှောကျသွားပြီး သူက ဘေးကို လှမ်းပစ်လိုက်သည်။

ချန်လော့ပိုင်က သူမခါးကိုဖက်ပြီး ဆိုဖာပေါ် လှိမ့်လိုက်ရာ သူမအပေါ်ကနေ ဖိထားတဲ့ အနေအထား ရောက်သွားသည်။

ကျိုးအန်းရန် ဘာမှ မတုံ့ပြန်နိုင်သေးဘူး။

"နင် ဘာလုပ်တာလဲ"

ချန်လော့ပိုင် ထွက်သက်လေငွေ့တွေက သူမမျက်နှာပေါ် လာရိုက်ခတ်နေသည်။ လေသံက ရင်းနှီးလွန်းနေသည်။

"နင် ဘယ်လိုထင်လဲ"

ကျိုးအန်းရန် အိမ်ရာဝင်းရှေ့မှာ သူပြောခဲ့တာကို သတိရသွားပြီး မျက်နှာရဲတက်လာပြန်သည်။

တစ်ဝက်လောက် ထောက်ထားပြီး တကယ် အပြည့်အဝ မဖိထားတဲ့ ကောင်လေးက ရုတ်တရက် ရယ်မောလိုက်သည်။ ပခုံးတွေ တုန်ခါသွားပြီး သူမပခုံးပေါ် မျက်နှာအပ်ကာ ရယ်လိုက်သည်။ ရင်ဘတ်တွေ တုန်ခါနေသည်။

ကျိုးအန်းရန် အခုမှ သိလိုက်သည်။ သူ သူမကို တမင် စနေတာ။

သူမ သူ့ကို သိပ်မထင်ကြီးသင့်ပါဘူး။ သူက တကယ် ဆိုးသွမ်းလွန်းတယ်။

"ချန်လော့ပိုင်!"

သူမ စိတ်ဆိုးရင်လည်း နူးညံ့နေတယ်။ နာမည်ခေါ်တာက ချွဲနေသလိုပဲ။

ချန်လော့ပိုင် တကယ်တော့ စောစောက စချင်ရုံ သက်သက်ပါ။ အခုကျတော့ တကယ် တစ်ခုခု လုပ်ချင်သွားပြီ။ သူ ခေါင်းစောင်းလိုက်ပြီး သူမနားရွက်ကို နမ်းလိုက်သည်။ ပြီးတော့ နှုတ်ခမ်းထောင့်စွန်းဆီ ဖြည်းဖြည်းချင်း ရွေ့သွားသည်။ အသံက နိမ့်နေသည်။

"ကောင်မလေး... တခြားဟာတွေ မလုပ်ရပေမယ့်၊ အနမ်းတော့ ပေးလို့ရတယ်မလား"

***

All Chapters