အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
လီမွန်ဆိုဒါသကြားလုံး
အခန်း ၆၁ ။ သကြားလုံး : ပိုစိတ်လှုပ်ရှားစရာ မကောင်းဘူးလား
တွေ့ဆုံပွဲကို စနေနေ့မှာ လုပ်ဖို့ သတ်မှတ်လိုက်ကြသည်။
ကျိုးအန်းရန်နဲ့ ချန်လော့ပိုင်က နှစ်ဖက်စလုံးကို လိုက်မေးကြည့်တော့ ဘယ်သူမှ လူများတာကို သဘောမတူတာ မရှိကြပါဘူး။ ဖြစ်နိုင်တာက ကျိုးအန်းရန် အခန်းဖော်တွေပဲ ဖြစ်ဖြစ်၊ ချန်လော့ပိုင် အခန်းဖော်တွေပဲ ဖြစ်ဖြစ်၊ ကလပ်အသင်းက စီနီယာတွေပဲ ဖြစ်ဖြစ် အားလုံးနဲ့ ရင်းနှီးပြီးသားမို့လို့ နေမှာပါ။ သူစိမ်းတွေနဲ့ ဆုံရတာမျိုး မဟုတ်ဘဲ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့ရတာမျိုး ပိုဆန်နေလို့ ဖြစ်မယ်။
ယန်ရှင်းချန်တို့ ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းက ကျိုးအန်းရန် အဆောင်မှာ ခဏနေခဲ့ဖူးလို့ ရှဲ့ကျင့်ယွီတို့နဲ့ တွေ့ဖူးပြီးသားပါ။ ချန်လော့ပိုင်ကို သူ့အခန်းဖော်တွေ ခေါ်လာခိုင်းတာက ရှန့်ရှောင်ဝမ်ကိုယ်တိုင် တောင်းဆိုထားတာ။ ပြီးတော့ ကျိုးအန်းရန် အခန်းဖော်တွေက ယွီပင်းချင်ရဲ့ တီးဝိုင်းကို စိတ်ဝင်စားနေတာ ကြာပြီ။ ကလပ်အသင်းက စီနီယာတွေပါ လာမယ်ဆိုတော့ ယွီရှင်းယွဲ့တောင် ညနေခင်း အချိန်ပေးလိုက်သေးတယ်။
ကျန်းရူရှန်းနဲ့ ထန်ကျန့်ရွေ့တို့က အဲဒီနေ့ ပြန်မှာ မဟုတ်ဘူး။ တနင်္ဂနွေနေ့ကျရင် သူတို့ အထက်တန်းကျောင်းသားဟောင်းတွေ သီးသန့် ထပ်ဆုံလို့ ရသေးတယ်။
စနေနေ့ တွေ့ဆုံပွဲက လူများပြီး သိပ်မရင်းနှီးကြသေးတော့ ထမင်းဝိုင်းမှာထိုင်ပြီး မျက်နှာချင်းဆိုင်နေရရင် နေရခက်နိုင်တယ်။ ဒါကြောင့် ချန်လော့ပိုင်က စားသောက်ဆိုင် မငှားတော့ဘဲ သူ့အဖေမိတ်ဆွေပိုင်တဲ့ ကလပ်ဟောက်စ်မှာ သီးသန့်ခန်းအကြီးကြီး ငှားလိုက်တယ်။
KTV နဲ့ ဂိမ်းစက်တွေ အစုံအလင် ပါတယ်။ အစားအသောက်နဲ့ အချိုရည်တွေလည်း အချိန်ပြည့် ရတယ်။ ညနေပိုင်းကနေ ညဘက်အထိ နေလို့ရတယ်။
တွေ့ဆုံပွဲနေ့မှာ ကျိုးအန်းရန်က ချန်လော့ပိုင်နဲ့အတူ ကလပ်ဟောက်စ်ကို အရင်သွားပြီး အခန်းဖွင့်လိုက်ကြသည်။
ဝန်ထမ်းတွေ အစားအသောက် လာပို့ပြီး ပြန်ထွက်သွားတော့ ကျယ်ဝန်းတဲ့ အခန်းထဲမှာ သူနဲ့ ကျိုးအန်းရန် နှစ်ယောက်တည်း ကျန်ခဲ့သည်။
ချန်လော့ပိုင် အိတ်ကပ်ထဲ စမ်းကြည့်လိုက်တော့ သကြားလုံးတစ်လုံး တွေ့တာနဲ့ ဖောက်ပြီး သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။
အခန်းထဲမှာ မီးရောင်မှိန်နေတော့ ကျိုးအန်းရန် သကြားလုံးစက္ကူကို မမြင်လိုက်ရဘူး။ ပါးစပ်ထဲရောက်မှ မျက်လုံးလေး တောက်သွားသည်။
"လီမွန်အရသာပဲ"
ဒီသကြားလုံးက အသီးစုံထုတ်ထားတာ။ တစ်ထုပ်လုံးမှာမှ လီမွန်အရသာက နည်းနည်းလေးပဲ ပါတာ။
"ဟုတ်လား" ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ သူမပါးဖောင်းဖောင်းလေးနဲ့ သူ့ကို ကြည့်နေတဲ့ မျက်ဝန်းတွေက တောက်ပနေသည်။ လိမ္မာပြီး လှပနေသည်။ "ဒါဆို ငါလည်း မြည်းကြည့်ချင်တယ်"
ကျိုးအန်းရန်က သူ နောက်ထပ် သကြားလုံးတွေ ယူလာတယ် ထင်လိုက်တာ။
နောက်တစ်စက္ကန့်မှာ ချန်လော့ပိုင် ခေါင်းငုံ့ပြီး နမ်းလိုက်သည်။
ကျိုးအန်းရန် သူ့ကို တွန်းထုတ်လိုက်ပြီး ခေါင်းစောင်းလိုက်သည်။
"ခဏနေ သူတို့ ရောက်လာကြတော့မယ်"
ချန်လော့ပိုင် သူမမေးစေ့ကို ကိုင်ပြီး မျက်ခုံးပင့်လိုက်သည်။
"အဲဒါက ပိုစိတ်လှုပ်ရှားစရာ မကောင်းဘူးလား"
ကျိုးအန်းရန် - "......"
ချန်လော့ပိုင်က သူမ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မယုံနိုင်သလို ကြည့်နေတာကို မြင်တော့ သူမပခုံးပေါ် မှီပြီး ရယ်လိုက်ပြန်သည်။
"စတာပါ၊ သူတို့ကို အခန်းနံပါတ် မပို့ရသေးဘူး၊ ဘယ်သူမှ ရောက်လာမှာ မဟုတ်ဘူး" သူ ခေါင်းထောင်လိုက်ပြီး သူမမေးစေ့ကို ထပ်ကိုင်လိုက်သည်။ အသံတိုးသွားသည်။ "ဒီလိုမျိုး မနမ်းဖူးသေးဘူး ထင်တယ်"
ကျိုးအန်းရန် သူ့ပခုံးပေါ် တွန်းထားတဲ့လက် အားလျော့သွားသည်။
ချန်လော့ပိုင် ခေါင်းငုံ့ပြီး ထပ်တိုးကပ်လာသည်။
ဒီလီမွန်ဆိုဒါသကြားလုံးက နာမည်နဲ့လိုက်ဖက်ပါတယ်။
နှုတ်ခမ်းနဲ့ လျှာတွေ ရောယှက်နေတဲ့ကြားမှာ ဘယ်သူ့ပါးစပ်ထဲမှာမှန်း မသိတဲ့ ပူဖောင်းလေးတွေ ပေါက်ကွဲနေသလို ခံစားရတယ်။ အနမ်းပြီးသွားတော့ နှစ်ယောက်လုံး ပါးစပ်ထဲမှာ လီမွန်ချိုချဉ်အရသာတွေ ပြည့်နှက်နေတယ်။
....
ပထမဆုံး ရောက်လာတာက ချန်လော့ပိုင် အခန်းဖော်နှစ်ယောက်။
သူတို့အခန်းကလည်း ၄ ယောက်နေတာ။ အစတုန်းက လူပြည့်နေပေမယ့် ကျောင်းဖွင့်ပြီး တစ်ပတ်လောက်အကြာမှာ အခန်းဖော်တစ်ယောက်က ဥပဒေပညာနဲ့ မကိုက်ညီဘူးဆိုပြီး၊ ဘေးနားက တက္ကသိုလ်ရဲ့ နာမည်ကြီး မေဂျာကို သဘောကျတာနဲ့ ကျောင်းထွက်ပြီး စာပြန်ကျက်ဖို့ ပြန်သွားတယ်။
နောက်ပိုင်း အခန်းဖော်အသစ် မရောက်လာတော့ဘဲ ၃ ယောက်တည်း နေကြတယ်။
ကျိုးချင်းဆွေက စကားနည်းနည်းပဲပြောပြီး သူတို့ကို ခေါင်းညိတ်နှုတ်ဆက်ကာ ထောင့်ကျကျနေရာမှာ ဝင်ထိုင်ပြီး ဖုန်းထုတ်ကာ စာကျက်နေသည်။
ယွမ်စုန်းကတော့ သူနဲ့ ဆန့်ကျင်ဘက်။
သူ ဝင်လာတာနဲ့ ချန်လော့ပိုင်ဘေး ဝင်ထိုင်လိုက်ပြီး ဖရဲသီးတစ်တုံး ယူစားကာ ကျိုးအန်းရန်ကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"ညီမလေးကျိုး"
ချန်လော့ပိုင် သူ့ကို ခြေထောက်နဲ့ လှမ်းကန်လိုက်သည်။
"ဘယ်သူ့ကို ညီမလေး ခေါ်နေတာလဲ"
"အေးပါ... အေးပါ... ညီမလေး မခေါ်တော့ပါဘူး" ချန်လော့ပိုင်က အားမပါဘဲ ကန်လိုက်ပေမယ့် ယွမ်စုန်းက ခြေထောက်ကို ပုံကြီးချဲ့ပြီး ပွတ်သပ်ကာ ကျိုးအန်းရန်ကို တိုင်ပြောလိုက်သည်။ "ကျောင်းသူကျိုး... တွေ့တယ်မလား၊ မင်းရည်းစားက အပေါ်ယံကြည့်ရင် သဘောထားကြီးပြီး ချောမောတယ် ထင်ရပေမယ့်၊ တကယ်တမ်းကျတော့ သဘောထားသေးသိမ်ပြီး လူကို အနိုင်ကျင့်တတ်တယ်။ သူ ငါ့ကို ဒီလိုလုပ်မှတော့ ငါ သူ့အကြောင်း ဖွင့်ချလိုက်တာ မလွန်ဘူးမလား"
ကျိုးအန်းရန်က သူတို့ ခင်မင်မှန်းသိလို့ အတည်မယူပါဘူး။ ပြုံးပြီး မေးလိုက်သည်။
"ဘာအကြောင်းလဲ"
ယွမ်စုန်း - "ငါတို့ ကျောင်းဖွင့်ကာစ၊ သူ့ခြေထောက် မကောင်းသေးတဲ့ အချိန်တုန်းကလေ၊ တစ်ရက်ကျတော့..."
ချန်လော့ပိုင် အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။
ယွမ်စုန်း စကားရပ်သွားသည်။
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"တစ်ရက်ကျတော့ ဘာဖြစ်လဲ"
ယွမ်စုန်း သူမကို ကြည့်လိုက်သည်။
...
တစ်ရက်ကျတော့ သူက ဇီဝသိပ္ပံဌာနက သူငယ်ချင်းတစ်ယောက်နဲ့ ထမင်းသွားစားတုန်း သူတို့ဌာနမှာ ရုပ်သန့်ပြီး ချောမောတဲ့ ကျောင်းသူသစ်တစ်ယောက် ရှိတယ်၊ ဌာနပန်းလေးလို့တောင် အများက သတ်မှတ်နေကြပြီဆိုတဲ့ သတင်း ကြားလိုက်ရတယ်။
ကံကောင်းချင်တော့ အဲဒီနေ့ ထမင်းစားပြီးချိန်မှာ အဲဒီ "ဌာနပန်းလေး" နဲ့ တည့်တည့်တိုးတယ်။
ယွမ်စုန်း အခွင့်ကောင်းယူပြီး ဓာတ်ပုံ ခိုးရိုက်လိုက်တယ်။
အဆောင်ပြန်ရောက်တော့ အချိန်ပိုင်းအလုပ်သွားလုပ်တဲ့ ကျိုးချင်းဆွေ ပြန်မရောက်သေးဘူး။ အခန်းထဲမှာ ချန်လော့ပိုင်တစ်ယောက်တည်း စာထိုင်ဖတ်နေတယ်။
ယွမ်စုန်း သူ့ဆီသွားပြီး ကြွားလိုက်တယ်။
"ငါ ခုနက ဇီဝသိပ္ပံဌာနက ဌာနပန်းလေးနဲ့ တွေ့ခဲ့တယ်။ တကယ် လှတယ်ကွ။ ငါတောင် လိုက်ချင်သလို ဖြစ်သွားပြီ။ ဒါနဲ့... ငါ ဓာတ်ပုံ ရိုက်လာတယ်၊ မင်း ကြည့်ဦးမလား"
နောက်ဆုံးစကားက ယွမ်စုန်း သာမန်ကာလျှံကာ မေးလိုက်တာပါ။
သူတို့ရဲ့ ကျောင်းသားချောလေးက မိန်းကလေးတွေကို စိတ်မဝင်စားဘူး၊ ဘယ်သူလာလာ ငြင်းလွှတ်တယ်၊ ဘုန်းကြီးဝတ်တော့မယ့်အတိုင်းပဲဆိုတာ လူတိုင်း သိကြတာပဲ။
ဒါပေမဲ့ ဘုန်းကြီးဝတ်တော့မယ့် ကျောင်းသားချောလေးက အဲဒီနေ့မှာ လှည့်ကြည့်လာပြီး သူ့ကို အေးစက်စက် ကြည့်ကာ သတိပေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"သူ့ကို သွားမရှုပ်နဲ့"
ယွမ်စုန်း အဲဒီတုန်းက သဘောမပေါက်လိုက်ဘူး။
ချန်လော့ပိုင်က လက်ဖြန့်တောင်းလိုက်တယ်။
"ဓာတ်ပုံ ပေး"
အဲဒီကျမှ ယွမ်စုန်း သဘောပေါက်သွားတယ်။
တစ်ယောက်သောသူက ဘုန်းကြီးဝတ်ဖို့ စိတ်ကူးမရှိပါဘူး၊ ရင်ထဲမှာ လူရှိနေလို့ပါ။
"ဘာကိစ္စ ပေးရမှာလဲ"
ချန်လော့ပိုင် ဖိနပ်စင်ဘက် မေးငေါ့ပြလိုက်သည်။
"အဲဒီဖိနပ်နဲ့ လဲမလား"
ယွမ်စုန်း သူညွှန်ပြတဲ့နေရာ ကြည့်လိုက်တော့ မျက်လုံး အရောင်တောက်သွားသည်။
သူ့အခန်းဖော်က သဘောထားကြီးပေမယ့် နည်းနည်း အသန့်ကြိုက်သူဖြစ်နေတယ်။ ဘောလုံးဖိနပ် ဘယ်လောက်ဈေးကြီးကြီး၊ ကိုင်ကြည့်လို့ရတယ်၊ စီးကြည့်လို့ မရဘူး။
"မင်း ငှားစီးမလို့လား"
"မဖြစ်နိုင်ဘူး" ချန်လော့ပိုင် တစ်ချက်ကြည့်လိုက်သည်။ "အသစ်တစ်ရံ ဝယ်ပေးမယ်"
ယွမ်စုန်း ချက်ချင်း သဘောတူလိုက်သည်။
"ဓာတ်ပုံမလား၊ ငါ အခုပဲ ပို့ပေးမယ်။ ပို့ပြီးတာနဲ့ မင်းရှေ့မှာတင် အကုန်ဖျက်ပြမယ်။ မင်း လိုချင်ရင် ငါ နောက်ထပ် သွားရိုက်ပေးလို့တောင် ရသေးတယ်"
ချန်လော့ပိုင် - "မလိုပါဘူး၊ ဖိနပ်ယူပြီး နောက်ဆို သူနဲ့ ဝေးဝေးနေ"
ယွမ်စုန်း ဓာတ်ပုံတစ်ပုံနဲ့ ဖိနပ်တစ်ရံ လဲလိုက်ရလို့ ပျော်ပြီး သူငယ်ချင်းတွေကို သွားကြွားတယ်။
ကြွားပြီးမှ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တော့ မဖြစ်သင့်ဘူးလို့ ခံစားလိုက်ရတယ်။
ချန်လော့ပိုင် ဝယ်ပေးမယ့် ဖိနပ်က Limited Edition (အကန့်အသတ် ထုတ်ထားတာ) မဟုတ်ပေမယ့်၊ သာမန်ဗားရှင်းတောင် ရှာရခက်ပြီး ဈေးက သောင်းဂဏန်း (ယွမ်) အထိ ရှိတယ်။
ဓာတ်ပုံတစ်ပုံနဲ့ သောင်းတန်ဖိနပ် လဲလိုက်ရတာ သူ လိပ်ပြာမလုံ ဖြစ်မိတယ်။
ယွမ်စုန်း ထရပ်ပြီး ချန်လော့ပိုင်ဆီ ပြန်သွားလိုက်သည်။
"ချန်လော့ပိုင်... အဲဒီဖိနပ်က..."
သူ စကားရပ်သွားသည်။ ပုံမှန် စာပဲဖတ်နေတတ်တဲ့သူက အခု သူပို့လိုက်တဲ့ နည်းနည်း ဝါးနေတဲ့ ဓာတ်ပုံကို စိုက်ကြည့်နေတာ တွေ့လိုက်ရလို့ပါ။
ချန်လော့ပိုင် သူပြောတာကြားတော့ လှည့်ကြည့်လာသည်။
"ဖိနပ် ဘာဖြစ်လို့လဲ၊ တခြားဒီဇိုင်း လိုချင်လို့လား"
"မဟုတ်ပါဘူး" ယွမ်စုန်း သွားစေ့ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ "ငါ့ရဲ့ ဝါးတားတား ဓာတ်ပုံတစ်ပုံနဲ့ မင်းဆီက ဖိနပ်တစ်ရံ လဲရတာ မင်း အရမ်း နစ်နာလွန်းတယ်။ ဓာတ်ပုံကို လက်ဆောင်ပေးလိုက်မယ်၊ ဖိနပ်က ပြန်ပေးလိုက်ပါ"
ချန်လော့ပိုင် ဖုန်းကို ပြန်ကြည့်လိုက်သည်။
"မနစ်နာပါဘူး၊ တန်ပါတယ်။ မင်း စိတ်မသန့်ရင် ဒီနှစ် မွေးနေ့လက်ဆောင်လို့ သဘောထားလိုက်"
ယွမ်စုန်း "မနစ်နာဘူး၊ တန်ပါတယ်" ဆိုတဲ့ စကားလုံးကြောင့် စပ်စုချင်စိတ် ပေါ်လာသည်။ အနားကပ်သွားပြီး မေးလိုက်သည်။
"ဇီဝသိပ္ပံဌာနက ဌာနပန်းလေးနဲ့ မင်း ဘာပတ်သက်မှု ရှိလဲ။ ရည်းစားဟောင်းလား"
ချန်လော့ပိုင် စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးမှ ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ အထက်တန်းကျောင်းနေဖက်ပါ"
.....
ယွမ်စုန်း သတိဝင်လာသည်။
ချန်လော့ပိုင်က သူခိုးရိုက်ခဲ့တဲ့ ဌာနပန်းလေးကို လှည့်ကြည့်နေတာ တွေ့လိုက်ရသည်။ သူ့အသံက စောစောက သူနဲ့ စကားပြောတုန်းကထက် အများကြီး တိုးညှင်းသွားသည်။
"သူ့ကို ဂရုမစိုက်နဲ့၊ သူက ကျုရန်လိုပဲ ကိစ္စတစ်ခုကို ချဲ့ကားပြောတတ်တယ်။ သိချင်တာရှိရင် ညကျ အိမ်ရောက်မှ ငါ့ကို မေး"
ကောင်မလေးက သူ့ဘက် လုံးဝ လှည့်မကြည့်တော့ဘူး။ ချန်လော့ပိုင်ကို လိမ်လိမ်မာမာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ"
ယွမ်စုန်း ချန်လော့ပိုင် ဘာလို့ သူမအပေါ် ကျဆုံးသွားလဲဆိုတာ နည်းနည်း နားလည်သလို ဖြစ်သွားသည်။
သောက်ကျိုးနည်း... ဘယ်သူက ခံနိုင်ရည် ရှိမှာလဲ။
ဒီလောက် ချစ်ဖို့ကောင်းနေတာကို သူလက်ထဲက ဖရဲသီးတောင် မချိုတော့သလို ခံစားရတယ်။
ယွမ်စုန်း လက်ခုပ်တီးလိုက်သည်။
"ကောင်းပြီ... မင်းတို့နှစ်ယောက် ဆက်ပြီး ချစ်ကြည်နူးနေကြပါ၊ ငါ သီချင်းသွားဆိုလိုက်ဦးမယ်"
....
ကျုရန်၊ ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ ဒုတိယအသုတ် ရောက်လာကြသည်။
တံခါးဖွင့်လိုက်တာနဲ့ ဟွမ်ရှူးကျဲ့ နားကွဲမတတ် အသံဆိုးကြီး ကြားလိုက်ရသည်။ နားပိတ်လိုက်ပြီး ထန်ကျန့်ရွေ့ကို ရယ်မောကာ ပြောလိုက်သည်။
"ဘယ်သူ ဆိုနေတာလဲကွာ၊ အသံထွက် မှားနေတာ ကျန့်ရွေ့နဲ့ ပြိုင်လို့ရတယ်။ ကျန့်ရွေ့... မင်း သူနဲ့ မိတ်ဆက်သင့်တယ် ထင်တယ်"
ထန်ကျန့်ရွေ့က သူ့ကို တွန်းလိုက်သည်။
"လျှာမရှည်နဲ့၊ ဝင်ပြီး မရီး အခု ဘယ်လိုပုံစံလဲ သွားကြည့်ရအောင်"
ကျိုးအန်းရန် စပျစ်သီး စားနေသည်။
သူတို့သုံးယောက် ဝင်လာတာမြင်တော့ ခရင်းပြန်ချပြီး နှုတ်ဆက်မလို့ လုပ်တုန်း ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့က ပြိုင်တူ အော်လိုက်ကြသည်။
"မရီး မင်္ဂလာပါ"
ကျိုးအန်းရန် - "......"
နှုတ်မဆက်တော့ပါဘူး။
ထန်ကျန့်ရွေ့က သူမကို စပ်စုသလို ကြည့်လိုက်သည်။
"ကျိုးအန်းရန်... နင် အခုပုံစံက အထက်တန်းတုန်းကနဲ့ နည်းနည်း ကွာခြားသွားသလိုပဲ။ လမ်းမှာတွေ့ရင် ငါ မှတ်မိမှာ မဟုတ်ဘူး"
ချန်လော့ပိုင်က လိမ္မော်သီးတစ်လုံးယူပြီး သူ့ဆီ ပစ်ပေါက်လိုက်သည်။
"ငါ့ရည်းစား အထက်တန်းတုန်းကနဲ့ ကွာခြားလား မကွာခြားလား မင်းနဲ့ ဘာဆိုင်လို့လဲ"
ထန်ကျန့်ရွေ့က လိမ္မော်သီးကို ဖမ်းယူလိုက်ပြီး အခွံနွှာရင်း ပြောလိုက်သည်။
"လော့ကောကလည်း ကပ်စေးမနည်းစမ်းပါနဲ့။ ငါတို့က လူချင်း မှတ်မိအောင် ကြည့်ရုံပါ"
"မှတ်မိပြီမလား" ချန်လော့ပိုင်က ဘေးနားက ခုံကို မေးငေါ့ပြလိုက်သည်။ "မှတ်မိရင် သွားထိုင်လိုက်တော့။ လမ်းမှာ ဗိုက်ဆာတယ်လို့ အော်လာတယ်မလား။ ဟိုမှာ မီနူးရှိတယ်၊ စားချင်တာ ဝန်ထမ်းခေါ်မှာလိုက်"
ထန်ကျန့်ရွေ့တို့ လေယာဉ် နောက်ကျလို့ မနက် ၁၁ နာရီကျော်လောက်က လေယာဉ်ပေါ်မှာ မကောင်းတဲ့ ထမင်းစားခဲ့ရုံပဲ ရှိသေးတာ။ အခု ၂ နာရီ ထိုးနေပြီဆိုတော့ တကယ် ဗိုက်ဆာနေပြီ။
သူ လိမ္မော်သီးကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဝါးရင်း ပြောလိုက်သည်။
"ကျေးဇူးပါ လော့ကော"
"သောက်ကျိုးနည်း" ဟွမ်ရှူးကျဲ့က အနောက်ကနေ သူ့တင်ပါးကို ကန်လိုက်သည်။ "ငါ့ကို နည်းနည်း ခွဲပေးပါဦး"
ထန်ကျန့်ရွေ့ - "ဒီလောက် အများကြီးရှိတာ မင်းဘာသာမင်း ယူမစားဘူးလား"
ဟွမ်ရှူးကျဲ့ - "ငါ အခွံနွှာရမှာ ပျင်းလို့လေ"
"စားရမှာရော မပျင်းဘူးလား" ထန်ကျန့်ရွေ့ ပြန်ကန်လိုက်သည်။
ကျုရန်က သီချင်းဆိုတဲ့နေရာ လျှောက်သွားသည်။
"ငါ သီချင်းသွားဆိုလိုက်ဦးမယ်"
သူက A တက္ကသိုလ်ကို ပုံမှန်လာနေကျမို့ ယွမ်စုန်းနဲ့ ခဏခဏ တွေ့ဖူးသည်။ အားမနာတော့ဘဲ သီချင်းဆိုတဲ့နေရာမှာ ဝင်ထိုင်လိုက်ပြီး ဘေးနားက ယွမ်စုန်းကို ပြောလိုက်သည်။
"အကိုကြီး... ခင်ဗျား ဒီသီချင်းဆိုပြီးရင် ကျွန်တော် ဖြတ်ဆိုမယ်နော်"
ယွမ်စုန်းက ထန်ကျန့်ရွေ့တို့ ဟင်းတွေအော်မှာနေတာ ကြားလိုက်ရတော့ သီချင်းမဆိုချင်တော့ဘူး။
"အခု ဖြတ်လိုက်လည်း ရပါတယ်၊ ငါလည်း စားစရာသွားမှာလိုက်ဦးမယ်"
ကျုရန် "Imagine" သီချင်း ရွေးလိုက်ပြီး ဖြတ်ဆိုလိုက်သည်။
ကျုရန် သီချင်းဆိုတာ မဆိုးဘူးမှန်း ကျိုးအန်းရန် အံ့ဩစွာ တွေ့လိုက်ရသည်။
....
ကျန်းရူရှန်းနဲ့ ထန်ကျန့်ရွေ့တို့ လေယာဉ်အတူတူ စီးလာကြတာ။ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်တို့က လေဆိပ်သွားကြိုကြတာ။ သုံးယောက်သား မတွေ့ရတာကြာပြီမို့ စကားကောင်းနေရင်း ထန်ကျန့်ရွေ့တို့နဲ့ လူချင်းကွဲသွားတယ်။ မြေအောက်ရထားလည်း တစ်စီးတည်း မစီးလိုက်ရဘူး။
ဒါကြောင့် ထန်ကျန့်ရွေ့တို့ သုံးယောက် အရင်ရောက်လာကြတာ။
ကျုရန် သီချင်းဆိုပြီးတာနဲ့ ကျန်းရူရှန်းတို့ ရောက်လာကြသည်။
တံခါးဖွင့်လိုက်တာနဲ့ ရှေ့ဆုံးက ဝင်လာတဲ့ ကျန်းရူရှန်းက ကျိုးအန်းရန်ကို စိတ်လှုပ်ရှားစွာ လက်ပြလိုက်သည်။
"ရန်ရန်"
ကျိုးအန်းရန် မတွေ့ရတာ ကြာပြီမို့ ထိုင်ရာက ထလိုက်သည်။
ချန်လော့ပိုင် သူမပခုံးပေါ် တင်ထားတဲ့ လက် လွတ်ကျသွားသည်။ သူ့ရည်းစားက တံခါးဝပြေးသွားပြီး သူငယ်ချင်းမလေးသုံးယောက်နဲ့ ပွေ့ဖက်နေတာကို ကြည့်နေလိုက်သည်။
သူ မျက်လုံးမှေးလိုက်သည်။
သီချင်းဆိုပြီးလို့ သူ့ဘေးနား ပြန်ရောက်လာတဲ့ ကျုရန်က အားရဝမ်းသာ ရယ်မောလိုက်သည်။
"ကြည့်ရတာ မင်းဆိုတဲ့ ရည်းစားက ကျိုးအန်းရန် စိတ်ထဲမှာ သူ့သူငယ်ချင်းမလေးတွေလောက် နေရာမရဘူး ထင်တယ်"
ချန်လော့ပိုင် သူ့ကို အေးစက်စက် ကြည့်လိုက်သည်။
"မင်းလို အခုထိ မဖွင့်ပြောရဲဘဲ ရည်းစားမရှိသေးတာထက်တော့ သာပါသေးတယ်"
ကျုရန် - "......"
ဟွမ်ရှူးကျဲ့ ဟားတိုက် ရယ်မောလိုက်သည်။
"မင်းကိုယ်မင်း ပြောထားတယ်လေ၊ လော့ကောက မရီးကိစ္စဆို ကပ်စေးနည်းတယ်လို့။ မင်းက မရီးကို အသုံးချပြီး သူ့ကို သွားစမှတော့ အဆဲခံရမှာပေါ့"
ကျုရန် - "မင်းရော ရည်းစားမရှိတဲ့ကောင်ပဲ၊ ဘာရယ်စရာရှိလို့လဲ"
"ဆောရီးပါ" ဟွမ်ရှူးကျဲ့ ဖရဲသီးတစ်တုံး ပါးစပ်ထဲ ထည့်လိုက်သည်။ "ငါ မကြာခင် ရတော့မှာ"
ဘေးနားက သီချင်းဆိုဖို့ ပြင်နေတဲ့ ထန်ကျန့်ရွေ့ လန့်သွားပြီး မိုက်ကရိုဖုန်း ကိုင်ထားလျက်သား အော်လိုက်သည်။ အသံက အခန်းထဲ ဟိန်းသွားသည်။
"သောက်ကျိုးနည်း... မင်း ဘယ်တုန်းက ဒီအခြေအနေ ရှိသွားတာလဲ"
ဟွမ်ရှူးကျဲ့ လက်ကာပြလိုက်သည်။
"အေးဆေး... အေးဆေး... ကျောင်းက စီနီယာအစ်မတစ်ယောက်ကို လိုက်နေတာ၊ မရသေးပါဘူး၊ အဲဒီလောက် အော်မနေနဲ့"
ကျိုးအန်းရန် သူငယ်ချင်းတွေ ဆွဲခေါ်တာ ခံလိုက်ရပြီး တခြားဘက်က ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
သူမ မီနူးယူပြီး ကျန်းရူရှန်းရှေ့ ပို့ပေးလိုက်သည်။
"နင်လည်း ဘာမှ မစားရသေးဘူးမလား၊ မှာလိုက်ပါဦး"
ကျန်းရူရှန်း မီနူးယူပြီး မျက်တောင်ခတ်ပြလိုက်သည်။
"ရန်ရန်... နင့်ပုံစံက အိမ်ရှင်မလေးလို ဖြစ်နေပြီ"
"သူက အိမ်ရှင်မလေးပဲလေ" ယန်ရှင်းချန် စတော်ဘယ်ရီသီးတစ်လုံး ပါးစပ်ထဲ ထည့်လိုက်သည်။
ကျိုးအန်းရန် မျက်နှာပူသွားသည်။
"......"
"တစ်လကျော်နေပြီ၊ နင်တို့ စလို့မဝသေးဘူးလား"
ကျန်းရူရှန်း "တဟီးဟီး" ရယ်လိုက်သည်။
"ဘယ်လောက်စစ မဝဘူး၊ နင်က အစခံရရင် ရှက်တတ်တာကိုး"
ကျိုးအန်းရန် သူတို့ကို ဂရုမစိုက်တော့ဘဲ ရှန့်ရှောင်ဝမ်ဘက် လှည့်မေးလိုက်သည်။
"ကျိုးချင်းဆွေက နေ့လည် အလုပ်ရှိတယ်၊ ၂ နာရီလောက်ပဲ နေရမှာ၊ ပြန်သွားလိမ့်မယ်။ နင့်မှာ ပြောစရာရှိရင် စောစောသွားပြော"
ရှန့်ရှောင်ဝမ် ခေါင်းညိတ်လိုက်သည်။ ဘီယာတစ်ပုဒ်ဖွင့်ပြီး နှစ်ငုံသောက်ကာ ထောင့်ကျကျနေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ ကောင်လေးနား လျှောက်သွားလိုက်သည်။
"ကျိုးချင်းဆွေ... WeChat Add လိုက်ရအောင်လေ"
ကျိုးချင်းဆွေ မော့ကြည့်လိုက်ပြီး ခိုကိုးရာမဲ့ ပြုံးလိုက်သည်။
"ကျွန်တော် တကယ် မအားပါဘူး"
ရှန့်ရှောင်ဝမ် - "WeChat Add ပြီး သူငယ်ချင်းအနေနဲ့ စကားပြောရုံပါ၊ ငါလည်း မအားပါဘူး၊ သိပ်မနှောင့်ယှက်ပါဘူး၊ ငါက နိုင်ငံခြားရေးဝန်ကြီးဌာန ဝင်ခွင့်စာမေးပွဲ ဖြေရဦးမှာ"
နောက်ဆုံးစကား ပြောလိုက်တဲ့အချိန် မိန်းကလေးမျက်ဝန်းထဲမှာ တောက်ပတဲ့ အလင်းရောင်တွေ ရှိနေတာကို ကျိုးချင်းဆွေ သတိထားမိလိုက်သည်။ လက်ချောင်းလေး လှုပ်ရှားသွားသည်။
စက္ကန့်အနည်းငယ်ကြာတော့ သူ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
.....
မကြာမီ တုန်းချန်နဲ့ ဟယ်မင်ယွီတို့ ရောက်လာကြသည်။
ဟယ်မင်ယွီက စကားနည်းနေတုန်းပါပဲ။ တုန်းချန်ကတော့ ဝင်လာတာနဲ့ ယန်ရှင်းချန်ကို တစ်ချက်ကြည့်ပြီး ပါးစပ်သရမ်းလိုက်သည်။
"မတွေ့တာ ကြာပြီ၊ ယန်ရှင်းချန်... နင် ဝလာပြန်ပြီ"
ယန်ရှင်းချန် ပေါက်ကွဲသွားသည်။ အာလူးကြော်ထုပ်နဲ့ သူ့ကို လှမ်းပစ်လိုက်သည်။
"တုန်းချန်... နင် သေချင်နေလား၊ နင်မှ ဝတာ၊ နင့်တစ်မျိုးလုံး ဝတာ"
ကျိုးအန်းရန် - "......"
တုန်းချန်လည်း ခံထိုက်ပါတယ်။
မှားပြောမိမှန်း သိသွားလို့ ထင်တယ်၊ တုန်းချန်က အာလူးကြော်ထုပ်ကို ရှောင်လိုက်ပြီး နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"မဟုတ်ပါဘူး၊ ငါ ပြောချင်တာက မတွေ့တာကြာပြီ၊ နင် ပိုလှလာတယ်လို့ ပြောမလို့ပါ"
ဒါပေမဲ့ ယန်ရှင်းချန်က သူ့ကို မယုံတော့ဘူး။
"ငါ့ကို အရူးမှတ်နေလား"
နှစ်ယောက်သား ရန်ဖြစ်နေကြပြန်သည်။
....
နောက်တော့ ကျိုးအန်းရန် အဆောင်က မိန်းကလေးတွေ ရောက်လာကြသည်။ ပြီးတော့ ယွီပင်းချင်က ကလပ်အသင်းက စီနီယာအစ်ကို အစ်မတွေကို ခေါ်လာသည်။
ရှဲ့ကျင့်ယွီတို့ ယွီပင်းချင်နဲ့ တခြားစီနီယာတွေနား ကပ်သွားတာ ကျိုးအန်းရန် တွေ့လိုက်ရသည်။
လူစုံတာနဲ့ အခန်းထဲ စည်ကားသွားသည်။
သီချင်းဆိုသူဆို၊ စကားပြောသူပြော၊ ဂိမ်းဆော့သူဆော့။
ကျိုးအန်းရန် သူငယ်ချင်းတွေနဲ့ စကားနည်းနည်း ပြောလိုက်သည်။
ပြီးတော့ ကျန်းရူရှန်းက သူမကို တွန်းလိုက်သည်။
"ရန်ရန်... နင် ချန်လော့ပိုင်ဘက် ပြန်သွားထိုင်တော့၊ သူ ငါတို့ဘက် လှမ်းကြည့်နေတာ ကြာပြီ"
ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ ကောင်လေးက ကျုရန်နဲ့ စကားပြောနေတာ တွေ့လိုက်ရသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်နေပြီး ပျင်းရိရိ ပြုံးနေသည်။
သူမ ပြန်လှည့်လာသည်။
"ငါ နင်တို့နဲ့ ခဏလောက် စကားပြောဦးမယ်"
ယန်ရှင်းချန် - "ရပါတယ်၊ နင် သွားလိုက်ပါ။ ငါတို့က သူ စိတ်မပျော်ရင် ရှင်းရမယ့်ဘေလ်ကို မရှင်းပေးမှာ စိုးရိမ်လို့ပါ"
ကျိုးအန်းရန် - "......"
ကျိုးအန်းရန် ဒီဘက်ရောက်နေတာ တစ်နာရီနီးပါး ရှိနေပြီ။ သူတို့ စနောက်နေမှန်း သိပေမယ့် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါ ခဏနေမှ နင်တို့ဆီ ပြန်လာခဲ့မယ်"
ပြောပြီးတာနဲ့ သူမ ပြန်လျှောက်သွားပြီး ချန်လော့ပိုင်ဘေး ဝင်ထိုင်လိုက်သည်။
ချန်လော့ပိုင် ခေါင်းစောင်းကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းမှာ ပျင်းရိတဲ့ အပြုံးလေး ရှိနေတုန်းပဲ။ လေသံက အေးစက်စက် ဖြစ်နေသည်။
"နောက်ဆုံးတော့ နင့်ရည်းစားကို သတိရသွားပြီပေါ့"
ကျိုးအန်းရန် - "......"
သူတို့ဘေးနားမှာ လူတွေ ရှိနေတော့ သူမ ချော့တဲ့စကားတွေ မပြောရဲဘူး။ မကျွမ်းကျင်ဘူး။ မှိန်ဖျော့ဖျော့ မီးရောင်အောက်မှာ သူ့လက်ညှိုးကို လက်ချောင်းလေးနဲ့ ဖွဖွလေး ဆုပ်ကိုင်ပြီး လှုပ်ရမ်းလိုက်သည်။
ချန်လော့ပိုင်က သူမလက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။ သူမ မနာအောင် အားလျှော့လိုက်ပြီး ခေါင်းငုံ့ကာ အံကြိတ်ပြီး ပြောလိုက်သည်။
"ကျိုးအန်းရန်... ဒီအချိန်မှာ လာမချွဲနဲ့"
ကျိုးအန်းရန် - "......"
သူမ အပြစ်ကင်းစင်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်သည်။
"ငါ မချွဲပါဘူး"
သူ့ကို ချော့ချင်ရုံ သက်သက်ပါ။
ချန်လော့ပိုင် ခေါင်းငုံ့ထားတုန်းပဲ။ သူမနဲ့ အရမ်း နီးကပ်နေသည်။ သူမကို ကြည့်တဲ့အကြည့်တွေက ရင်းနှီးတဲ့ မီးပွားလေးတွေ တောက်လောင်နေပြီး သူမကို နမ်းချင်နေသလိုပဲ။
ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားပြီး စိတ်လှုပ်ရှားသွားသည်။
ကျုရန်အသံ ဖြတ်ဝင်လာသည်။
"လူအများကြီးရှေ့မှာ တချို့လူတွေ အီလည်လည် မလုပ်ကြနဲ့နော်"
ချန်လော့ပိုင် နောက်ဆုံးတော့ ခွာလိုက်ပြီး သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။
"အခြေအနေ ကြည့်ပါဦး၊ မင်းက မျက်နှာမလိုချင်ရင်တောင် ကျိုးအန်းရန်က လိုချင်သေးတယ်" ကျုရန်က ကျိုးအန်းရန်ကို ကြည့်လိုက်သည်။ "ကျိုးအန်းရန်... နင် သီချင်းတစ်ပုဒ်လောက် မဆိုဘူးလား"
ထန်ကျန့်ရွေ့ ချက်ချင်း ထောက်ခံသည်။
"ဟုတ်တယ်လေ၊ မရီး သီချင်းတစ်ပုဒ်လောက် ဆိုပါလား။ ကျွန်တော် မရီး သီချင်းဆိုတာ တစ်ခါမှ မကြားဖူးဘူး"
ချန်လော့ပိုင်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
"ဘာတွေ မြှောက်ပေးနေတာလဲ၊ သူ မျက်နှာပူတတ်မှန်း မသိဘူးလား"
ကျုရန် - "မင်းမိန်းမ မျက်နှာပူတတ်လား မပူတတ်လား ငါတို့ ဘယ်လိုသိမှာလဲ။ သူ မဆိုစေချင်ရင် မင်းကိုယ်တိုင် ဆိုလေ"
"ကောင်းပြီလေ" ချန်လော့ပိုင် ရှားရှားပါးပါး သဘောတူလိုက်သည်။ "ဆို,ဆိုတော့လည်း ဆိုရတာပေါ့"
သူ ပြောရင်း ဘေးနားက မိန်းကလေးကို လှည့်ကြည့်လိုက်သည်။ အသံပြန်တိုးသွားသည်။
"ဘာနားထောင်ချင်လဲ"
ကျိုးအန်းရန်က သူ "Twinkle Twinkle Little Star" ဆိုတာပဲ နားထောင်ဖူးသေးတာ။
"ကြိုက်တာဆို"
သူ ဘာဆိုဆို သူမ နားထောင်ချင်တာပဲ။
ချန်လော့ပိုင် ဘေးနားက ကျုရန်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်သည်။
"Eason Chan ရဲ့ 'Unconditional' သီချင်း သွားရွေးပေးလိုက်"
ကျိုးအန်းရန် ရင်ထဲ လှုပ်ရှားသွားသည်။
ကျုရန် မလှုပ်ချင်ဘူး။ ဘေးနားက ထန်ကျန့်ရွေ့ကို ကန်လိုက်သည်။
"ကြားတယ်မလား၊ မင်းရဲ့လော့ကောက 'Unconditional' သီချင်း ရွေးပေးခိုင်းနေတယ်"
ထန်ကျန့်ရွေ့က ဟွမ်ရှူးကျဲ့ကို တွန်းလိုက်သည်။
နောက်ဆုံးတော့ သီချင်းရွေးတဲ့နေရာနား ထိုင်နေတဲ့ ယွမ်စုန်းက ရွေးပေးလိုက်သည်။
သာယာတဲ့ တေးသွားလေး ပြီးသွားတော့ ချန်လော့ပိုင်၏အသံ ဝင်လာသည်။
ဒီသီချင်းက ဆိုရနည်းနည်း ခက်တယ်။ တီးလုံးက ရိုးရှင်းပြီး တစ်ဝက်လောက်က အသံသက်သက် ဆိုရသလိုပဲ။ အရှေ့ပိုင်း စာသားတွေက အနိမ့်အမြင့် သိပ်မရှိတော့ အသံအရည်အသွေးနဲ့ နည်းစနစ် လိုအပ်တယ်။ မဆိုတတ်ရင် စကားပြောနေသလို ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ သူ့အသံက နိမ့်ပြီး ကြည်လင်နေတယ်။ ခံစားချက်က အနေတော်ပဲ။ အရမ်း မပိုဘူး။ ဖြည်းဖြည်းချင်း ပြောပြနေသလို နားထောင်လို့ ကောင်းနေတယ်။
အခန်းထဲက လူအများစု သူ့သီချင်းဆိုတာ မကြားဖူးကြဘူး။ သီချင်းသံကြောင့် စိတ်လှုပ်ရှားသွားပြီး စကားပြောနေသူတွေ၊ မုန့်စားနေသူတွေ၊ ဂိမ်းဆော့နေသူတွေ အကုန်လုံး လှည့်ကြည့်လာကြသည်။
ကျိုးအန်းရန်လည်း သူ့ကိုပဲ ကြည့်နေသည်။
ကောင်လေးက KTV ဖန်သားပြင်ကိုပဲ တည်ငြိမ်စွာ ကြည့်နေသည်။ သူမဘက်ကို လှည့်မကြည့်ဘူး။ ဒါပေမဲ့ သူမပဲ သိလိုက်တာက မိုက်ကရိုဖုန်း မကိုင်ထားတဲ့ လက်တစ်ဖက်က သူမလက်ချောင်းလေးတွေကို ဖြည်းဖြည်းချင်း ခွဲပြီး လက်ချောင်းချင်း ယှက်နွှယ် ဆုပ်ကိုင်လိုက်တယ် ဆိုတာကိုပါပဲ။
ဖန်သားပြင်ပေါ်က အလင်းရောင်တွေက သူ့မျက်နှာပေါ်မှာ အရောင်ပြောင်းနေပြီး ကောင်လေးရဲ့ မျက်နှာအသွင်အပြင်ကို ပိုမို ပေါ်လွင်စေသည်။
"ပြီးပြည့်စုံတဲ့ အကောင်းဆုံးအရာဆိုတာ ဘာလဲလို့ ငါ မေးပါရစေ"
ဒီစာကြောင်းဆိုပြီးမှ ချန်လော့ပိုင် ခေါင်းနည်းနည်း ငဲ့လိုက်သည်။
ကျိုးအန်းရန် သူ့နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရိပ်တွေ ပိုလာတာ တွေ့လိုက်ရသည်။ သူမကို ကြည့်တဲ့အကြည့်တွေမှာ အချစ်တွေ ပါနေသလိုပဲ။
ပြီးတော့ သူ နောက်တစ်ကြောင်း ဆက်ဆိုတာ ကြားလိုက်ရသည်။
"နေ့တိုင်း နင့်ကို ချစ်ဖို့ပဲ ငါ သိတယ်"
ဒီသီချင်းရဲ့ နောက်ပိုင်းစာသားတွေကို သူက သူမကိုကြည့်ပြီး တစ်ကြောင်းချင်းစီ ဆိုပြနေတာ။ အဲဒီညက သူ သူမကို ကြည့်ခိုင်းတဲ့ စာသားအထိပေါ့။
ဒီတစ်ခါတော့ သူ သူမကို ကိုယ်တိုင် ဆိုပြတာ ကြားလိုက်ရပြီ။
"ငါ ဝမ်းသာတယ်လို့ ပြောပါရစေ... နင်က အမြဲတမ်း သူများထက် သာလွန်နေတယ်"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၆၂ ။ သကြားလုံး : ခိုးပြေးကြမယ်
တွေ့ဆုံပွဲက နေ့လည်ကနေ ညဘက်အထိ ဆက်တိုက် ကျင်းပခဲ့တယ်။
ယွီပင်းချင်တို့က လေ့ကျင့်ခန်းဆင်းဖို့ ရှိသေးလို့ ညနေ ၅ နာရီမထိုးခင် အရင်ပြန်သွားကြတယ်။ တုန်းချန်လည်း ကျောင်းမှာ ကိစ္စနည်းနည်းရှိလို့၊ မနက်ဖြန်ကျမှ ထပ်ဆုံမယ်ဆိုပြီး အရင်ပြန်သွားတယ်။ ဟယ်မင်ယွီလည်း သူနဲ့အတူ ပြန်သွားတယ်။ ရှဲ့ကျင့်ယွီနဲ့ ပိုင်လင်းယွင်တို့က ညဘက် အစည်းအဝေးရှိလို့ ပြန်သွားကြတယ်။ ယွီရှင်းယွဲ့က ကလပ်ဟောက်စ်မှာ တစ်ညနေလုံး အချိန်ဖြုန်းလိုက်လို့ သူ့စာကြည့်တိုက်ကို လွမ်းနေပြီ။ သူတို့နဲ့အတူ လိုက်ပြန်သွားတယ်။
နောက်ဆုံးမှာ ယွမ်စုန်းနဲ့ သူတို့ အထက်တန်းကျောင်းသားဟောင်းတစ်စုပဲ ကျန်ခဲ့တယ်။ ယွမ်စုန်းက သူတို့အဖွဲ့လေးထဲ ကောင်းကောင်းကြီး ဝင်ဆံ့နေပြီ။
ည ၁၀ နာရီလောက်ရောက်တော့ သီချင်းဆိုတဲ့သူတွေ၊ ဂိမ်းဆော့တဲ့သူတွေ မောလာကြပြီး ဝိုင်းဖွဲ့ စကားထိုင်ပြောကြတယ်။ ဘယ်သူစလိုက်လဲ မသိဘူး၊ သရဲဇာတ်လမ်းတွေ ပြောဖြစ်ကြတယ်။
အခန်းမီးရောင် မှိန်မှိန်လေးက သရဲဇာတ်လမ်းပြောဖို့ အကောင်းဆုံး အငွေ့အသက် ဖန်တီးပေးနေတယ်။
ယွမ်စုန်းက အပြောအကောင်းဆုံးပဲ။ နောက်ဆုံး သူ့သရဲဇာတ်လမ်းတွေ ကုန်သွားတော့ လက်တွေ့ဆန်တဲ့ကိစ္စတွေ ပြောလာတယ်။
"ငါတို့ကျောင်းက အရင်တုန်းက သင်္ချိုင်းကုန်းပေါ်မှာ ဆောက်ထားတာတဲ့။ ဒါကြောင့် နေရာတော်တော်များများမှာ သရဲခြောက်ဖူးတယ်"
"ငါ့အမေ ပြောတာတော့ ငါ ၄ နှစ်သားလောက်တုန်းက အဖိုးဆုံးပြီး ၇ ရက်ပြည့်တဲ့နေ့မှာ အဖိုးကို မြင်လိုက်တယ်လို့ ပြောဖူးတယ်တဲ့" ရှန့်ရှောင်ဝမ်က ဝင်ပြောတယ်။ "ငါတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ငယ်သေးတော့ ဓာတ်ပုံကြည့်ပြီး အမေ့ကို လျှောက်ပြောလိုက်တာ နေမှာပါ"
ကျန်းရူရှန်း - "ငါတို့ကျောင်းက စန္ဒရားတိုက်ဆောက်တုန်းကလည်း တူးဖော်ရင်း တစ်ခုခုတွေ့ခဲ့တယ်ဆို"
"ငါတော့ ငါတို့ကျောင်းမှာ တကယ် သရဲမြင်ဖူးတယ်" ကျုရန်က မေးစေ့ကို ပွတ်သပ်ပြီး လေးနက်စွာ ပြောလိုက်သည်။
ယန်ရှင်းချန် မယုံပေ။ "တကယ်လား"
ထန်ကျန့်ရွေ့တို့ကလည်း မယုံကြဘူး။
"လောင်ကျု လျှောက်ပြောနေတာ နားမထောင်နဲ့။ မဟုတ်ရင် သူ ဘယ်နေ့ တွေ့တာလဲ မေးကြည့်လေ။ သရဲတွေ့တယ်ဆိုတဲ့ ကိစ္စကြီးကို နေ့စွဲတောင် မမှတ်မိဘဲ နေပါ့မလား"
ကျုရန် - "ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ။ အထက်တန်း ဒုတိယနှစ် ပထမစာသင်နှစ် ကျောင်းဖွင့်ပြီး ပထမဆုံးအပတ် သောကြာနေ့ညလေ။ အဲဒီအပတ်တုန်းက ငါတို့ ကျောင်းတက်တာ ၂ ရက်လား ၃ ရက်လားပဲ ရှိသေးတယ်။ ကျောင်းဆင်းတော့ အားလော့ကို သွားရှာတာ လမ်းမှာ ဆံပင်ရှည်ရှည်၊ ဂါဝန်အဖြူနဲ့ သရဲလို ဖြူဖတ်ဖြူရော် မိန်းကလေးတစ်ယောက်..."
စကားမဆုံးသေးခင် ချန်လော့ပိုင်က သူ့ကို ရုတ်တရက် ကန်လိုက်သည်။ ဒီတစ်ခါက စောစောက စနောက်တုန်းက ကန်တာထက် အများကြီး ပိုပြင်းထန်သည်။
ကျုရန် ဒေါသထွက်သွားသည်။
"သောက်ကျိုးနည်း... ချန်လော့ပိုင်၊ မင်း ငါ့ကို ဘာလို့ ကန်တာလဲ။ အဲဒီနေ့က ကောင်မလေးက မင်းကို..."
သူ့စကားက ချန်လော့ပိုင်ဘေးနားက ကျိုးအန်းရန်ကို တွေ့လိုက်တော့ ရပ်တန့်သွားသည်။
ကျုရန်က အဲဒီနေ့က "သရဲမလေး" အကြောင်း ရုတ်တရက် သတိရသွားပြီး အားလုံးကို လျှောက်ပြောပြနေတာ။ ချန်လော့ပိုင်က သူ့ကို ပြင်းပြင်းထန်ထန် ကန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပါးစပ်သရမ်းပြီး ကျိုးအန်းရန်ရှေ့မှာ မပြောသင့်တာတွေ ပြောမိလုနီးပါး ဖြစ်သွားတယ်။
ဒါပေမဲ့ နောက်ကျသွားပြီ။
ရှန့်ရှောင်ဝမ်တို့ မိန်းကလေးတွေက တစ်ခုခုရိပ်မိသွားကြပြီ။ မျက်နှာပေါ်က အပြုံးတွေ ပျောက်သွားကြသည်။ ယန်ရှင်းချန်က ကိုယ့်လူဘက် အပါဆုံးနဲ့ စိတ်အလိုက်ဆုံးမို့ တိုက်ရိုက် မေးလိုက်သည်။
"အဲဒီနေ့က ကောင်မလေးက ချန်လော့ပိုင်ကို ဘာပေးတာလဲ၊ နင် ဘာလို့ ဆက်မပြောတာလဲ"
ကျုရန်က အချိန်ကို ၁၀ စက္ကန့်လောက် နောက်ပြန်ဆုတ်ပြီး ကိုယ့်ပါးစပ်ကို ပိတ်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။
သူ ခေါင်းငဲ့ပြီး ချန်လော့ပိုင်နဲ့ ကျိုးအန်းရန်ဘက်ကို အားနာသလို ကြည့်လိုက်သည်။
ကာယကံရှင် ချန်လော့ပိုင်ကတော့ တည်ငြိမ်နေသည်။ လက်တစ်ဖက်ကို ကျိုးအန်းရန်ပခုံးပေါ် ပျင်းပျင်းရိရိတင်ထားပြီး သူ့ကို ပြုံးစိစိ ကြည့်နေသည်။
ကျုရန် - "......"
ဒီကောင်က သူ တကယ် အထင်လွဲခံရအောင် မလုပ်ဘူးဆိုတာ သိလို့ အားကိုးနေတာ။
နှစ်ပေါင်းများစွာ သူငယ်ချင်းသံယောဇဉ်ကို ထောက်ထားပြီး ကျုရန် သေချာ ရှင်းပြလိုက်သည်။
"တကယ် ဘာမှမဟုတ်ပါဘူး။ ကျိုးအန်းရန်... နင် အထင်မလွဲပါနဲ့။ အဲဒီနေ့ညနေက ကောင်မလေးတစ်ယောက်က သူ့ကို ဂွမ်းတံနှစ်ချောင်းနဲ့ ပလာစတာနှစ်ခု လာပေးသွားတာပါ။ ဒါပေမဲ့ သူက အဲဒီည ကောင်မလေးရုပ်ကိုတောင် သေချာ မမြင်လိုက်ရပါဘူး။ ပစ္စည်းတွေကိုလည်း လုံးဝ မသုံး..."
ဒီတစ်ခါလည်း စကားမဆုံးသေးခင် ချန်လော့ပိုင်က ထပ်ကန်လိုက်ပြန်သည်။
"ချန်လော့ပိုင်... မင်း ရူးနေလား"
သေချာ ရှင်းပြပေးနေတာတောင် ဘာလို့ ကန်နေရတာလဲ။
"နေပါဦး" ယန်ရှင်းချန် ကိစ္စတစ်ခု သတိရသွားသည်။ "အထက်တန်း ဒုတိယနှစ် ကျောင်းဖွင့်စ ပထမဆုံးအပတ် သောကြာနေ့ညတုန်းက ရန်ရန်... နင် ကျောင်းပြန်သွားသေးတယ်မလား။ အဲဒီနေ့ ငါ နယ်ပြန်သွားတာ မှတ်မိတယ်။ လမ်းမှာ နင် စာမေးပွဲစာရွက် မေ့ကျန်ခဲ့လို့ ပြန်ယူရမယ်ဆိုပြီး မက်ဆေ့ခ်ျ ပို့လာသေးတယ်"
ကျိုးအန်းရန် မျက်နှာ ပူထူနေပြီ။
"......"
"ဟုတ်တယ်... ပြန်သွားခဲ့တယ်"
"နေပါဦး" ကျုရန် နောက်ဆုံးတော့ သဘောပေါက်သွားသည်။ "ဒါဆို ကျိုးအန်းရန်... အဲဒီနေ့က 'သရဲမလေး' က နင်လား"
ဒါဆို အကုန် ရှင်းသွားပြီ။
ချန်လော့ပိုင် ပထမအကြိမ် ကန်လိုက်တာက သူက ကျိုးအန်းရန်ရှေ့မှာ ကျိုးအန်းရန်ကို သရဲမလေးလို့ ပြောနေလို့။
ဒုတိယအကြိမ် ကန်လိုက်တာက သူက ကျိုးအန်းရန်ရှေ့မှာ ချန်လော့ပိုင်က သူမပေးတဲ့ ဆေးတွေကို မသုံးဘူးလို့ ပြောလိုက်လို့။
ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ ခေါင်းညိတ်ပြလိုက်သည်။
ယန်ရှင်းချန် နည်းနည်း ရှုပ်ထွေးသွားသည်။ သူမက ကျိုးအန်းရန် အဲဒီကိစ္စနဲ့ တိုက်ဆိုင်သွားလား မေးမလို့ လုပ်နေတာ။ ဘယ်လိုလုပ် အဲဒီ "သရဲမလေး" က ကျိုးအန်းရန် ဖြစ်သွားရတာလဲ။
"ရန်ရန်... နင် အဲဒီနေ့က စာမေးပွဲစာရွက်သွားယူတာ မဟုတ်ဘူးလား"
ကျိုးအန်းရန် - "စာရွက်သွားယူတာပါ၊ ပြီးတော့ သူ့လက် ဒဏ်ရာရနေတာတွေ့လို့ ဆေးနည်းနည်း ပေးလိုက်တာပါ"
"ကောင်းပြီလေ" ယန်ရှင်းချန် နောက်ဆုံးတော့ နားလည်သွားသည်။ "ဒါဆို နင် ငါတို့ကို ကိစ္စတစ်ခု ထပ်ဖုံးကွယ်ထားသေးတာပေါ့"
ကျိုးအန်းရန် - "......"
ကျိုးအန်းရန် သူမကို သနားစရာကောင်းတဲ့ ပုံစံလေးနဲ့ ကြည့်လိုက်သည်။
ယန်ရှင်းချန်က "နောက်ကျမှ နင့်ကို စာရင်းရှင်းမယ်" ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်သည်။
"သရဲဇာတ်လမ်း ပြောနေကြတာ မဟုတ်ဘူးလား" ချန်လော့ပိုင် ဖြည်းဖြည်းချင်း ဝင်ပြောလိုက်သည်။ "ဘာလို့ ဆက်မပြောကြတော့တာလဲ"
ရှန့်ရှောင်ဝမ်က ကျိုးအန်းရန် နေရခက်နေတာ မြင်တော့ ဝင်ကူညီလိုက်သည်။
"ကျောင်းက စန္ဒရားတိုက်မှာ သရဲခြောက်တယ်ဆိုတဲ့အကြောင်း ရောက်နေတာမလား"
ခေါင်းစဉ် ပြောင်းသွားသည်။
ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။
ပြီးတော့ ပါးပြင်ကို ရင်းနှီးတဲ့ လက်ကြီးတစ်ဖက်က လာဆွဲလိုက်သည်။
"နင် အဲဒီညက စာမေးပွဲစာရွက် သွားယူတာလား" ချန်လော့ပိုင် ခေါင်းငဲ့မေးလိုက်သည်။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
ချန်လော့ပိုင် အရင်တုန်းက အဲဒီညမှာ ခေါင်းမော့ပြီး သူမကို တစ်ချက်လောက်တောင် မကြည့်လိုက်မိတာ နောင်တရနေခဲ့တာ။ အဲဒီညက သူမရဲ့ စေတနာကို အလဟသဖြစ်စေခဲ့တာလည်း နောင်တရနေခဲ့တာ။ ပြီးတော့ သူမ ကျောင်းပြန်လာတဲ့ ရည်ရွယ်ချက်ကို မသိလို့ အသေးစိတ်အချက်အလက်တချို့ကို လျစ်လျူရှုထားမိခဲ့တယ်။
"နင် ငါ့ကို ဆေးလာပေးပြီး ကျုရန် ကျောင်းရောက်လာတဲ့အထိ ကြားထဲမှာ မိနစ် ၂၀၊ ၃၀ လောက် ကြာတယ်။ ဘာစာမေးပွဲစာရွက်မို့လို့ နာရီဝက်လောက် ယူရတာလဲ" ချန်လော့ပိုင် စကားရပ်လိုက်သည်။ မျက်ဝန်းနက်နက်တွေက သူမကို စိုက်ကြည့်နေသည်။ "နင် ငါ့ကို ဆေးပေးတဲ့အချိန်မှာ စာရွက်ယူပြီးပြီမလား"
ကျိုးအန်းရန် - "......"
ချန်လော့ပိုင်က သူမမျက်တောင်လေးတွေ တုန်ခါနေတာကို ကြည့်ပြီး စိတ်ထဲ သက်ပြင်းချလိုက်သည်။ အတင်းအကျပ် မမေးရက်တော့ဘူး။
"မပြောပြချင်ရင်လည်း ကိစ္စမရှိပါဘူး"
"မဟုတ်ပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "အဲဒီည နင့်ကို ဆေးပေးတဲ့အချိန် ငါ စာရွက်ယူပြီးပါပြီ"
ချန်လော့ပိုင် ရင်ထဲ တုန်လှုပ်သွားသည်။ တစ်စုံတစ်ရာကို ခန့်မှန်းမိသွားသည်။
အခန်းထဲက လူတွေ တစ်ဝက်လောက် ပြန်ကုန်ကြပြီ။ သူတို့နှစ်ယောက်က လူအုပ်အစွန်ဆုံး ခုံမှာ ထိုင်နေကြတာ။ ဘေးနားက မိန်းကလေးက ရှက်နေတုန်းမို့ အသံကို တိုးတိုးလေး ပြောလိုက်သည်။ ငှက်မွှေးလေးလို သူ့နှလုံးသားကို လာကလိနေသလိုပဲ။
"အဲဒီနေ့က နင် စိတ်မပျော်မရွှင် ဖြစ်နေတယ်မလား။ ငါကလည်း ဘာမှ မကူညီပေးနိုင်တော့ အတန်းရှေ့က စင်္ကြံလမ်းမှာထိုင်ပြီး တိတ်တိတ်လေး အဖော်ပြုပေးနေတာပါ"
ချန်လော့ပိုင် ဘေးမှာချထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။
ကံကောင်းခြင်းနဲ့ နောင်တရခြင်း ခံစားချက်နှစ်ခု ရင်ထဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
သူမကို ဆွဲဖက်လိုက်ချင်သလို၊ ရင်ထဲက ပြင်းထန်တဲ့ ခံစားချက်တွေကို ဖိနှိပ်ဖို့ သူမကို ပိုပြီး လွန်ကဲတဲ့အရာတစ်ခုခု လုပ်လိုက်ချင်သလို ဖြစ်နေသည်။
ချန်လော့ပိုင် မျက်လုံးမှိတ်လိုက်သည်။ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဒီည ငါ့တိုက်ခန်း လိုက်ခဲ့မလား"
ကျိုးအန်းရန် တိတ်ဆိတ်နေပြီးမှ ဖြေလိုက်သည်။
"......ငါ ဒီည ရှင်းရှင်းတို့နဲ့အတူ ဟိုတယ်မှာ အိပ်ပေးရမယ်"
ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။
"ဒါဆို နင့်သူငယ်ချင်းမလေးတွေက ရည်းစားထက် ပိုအရေးကြီးတာပေါ့"
ကျိုးအန်းရန် - "......"
သူမ သူ့လက်ချောင်းလေးကို ကိုင်ပြီး ဖြည်းဖြည်းချင်း လှုပ်ရမ်းလိုက်သည်။
"မနက်ဖြန်ညကျရင် နင့်အနား နေပေးမယ်လေ"
ချန်လော့ပိုင် - "......"
လာချွဲနေပြန်ပြီ။
တစ်ယောက်ယောက်က ရုတ်တရက် ပြောလိုက်သည်။
"၁၀ နာရီ ထိုးတော့မယ် ထင်တယ်၊ ၁၀ နာရီ ပြန်မယ်လို့ ပြောထားတယ်မလား။ မနက်ဖြန် A တက္ကသိုလ်ထဲ အတူ လျှောက်လည်ကြမယ်လေ"
"ဟာ... ၁၀ နာရီ ထိုးတော့မှာလား" ယွမ်စုန်း နာရီကြည့်လိုက်သည်။ "တကယ်ပဲဟေ့... ဒါဆို ငါ အရင်ပြန်နှင့်တော့မယ်။ ချန်လော့ပိုင်... မင်း ဒီည အဆောင်ပြန်မလာဘူးမလား"
ချန်လော့ပိုင် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ... ဒါဆို ငါ သွားပြီ" ယွမ်စုန်း ထွက်သွားသည်။
ကျုရန်လည်း သူတို့ဘက် လှမ်းကြည့်လိုက်သည်။
"ဒါဆို မင်း ဒီည တိုက်ခန်းပြန်အိပ်မှာလား"
ချန်လော့ပိုင် ဆိုဖာပေါ် ပျင်းရိရိ မှီလိုက်သည်။
"တိုက်ခန်း မပြန်ဘူး"
ကျိုးအန်းရန် - "......"
"ဒါဆို ဘယ်မှာ အိပ်မှာလဲ"
ချန်လော့ပိုင် သူမဆံပင်ကို ကစားလိုက်သည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"နင်တို့ ဟိုတယ်မှာ အိပ်မှာ"
ကျိုးအန်းရန် - "??"
"ထန်ကျန့်ရွေ့တို့လည်း အဲဒီဟိုတယ်မှာပဲ မဟုတ်ဘူးလား" ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။ အားမထည့်ရက်ပါဘူး။ "ဘာလဲ... နင်က နင့်ညီမတွေနဲ့ နေလို့ရပြီး၊ ငါက ငါ့ညီအစ်ကိုတွေနဲ့ သွားနေလို့ မရဘူးလား"
....
ဟိုတယ်ပြန်ရောက်တာနဲ့ ကျိုးအန်းရန် "စာရင်းရှင်း" ခံရတော့သည်။
ယန်ရှင်းချန်က ကုတင်ပေါ် မှောက်လျက်သား၊ မျက်နှာတည်တည်နဲ့ ပြောသည်။
"ပြောစမ်း... ငါက နင့် အခင်ဆုံးသူငယ်ချင်း ဟုတ်သေးရဲ့လား"
ကျိုးအန်းရန် တောင်းပန်လိုက်သည်။
"ငါ တကယ် မှားပါတယ်၊ နင်တို့ကို ပြောပြဖို့ ရှက်နေမိလို့ပါ"
ယန်ရှင်းချန်က တကယ် စိတ်ဆိုးတာ မဟုတ်ပါဘူး။ မျက်နှာတည်ထားတာ ကြာကြာမခံနိုင်တော့ဘူး။ မနည်းဟန်ဆောင်ပြီး ပြောလိုက်သည်။
"မစ်တီးတစ်ခွက် မတိုက်ရင်တော့ ငါ ခွင့်မလွှတ်နိုင်ဘူး"
"မနက်ဖြန် တိုက်မယ်လေ၊ နှစ်ခွက်တိုက်မယ်" ကျိုးအန်းရန် ဝမ်းသာအားရ လက်ခံလိုက်သည်။
ရှန့်ရှောင်ဝမ်က ကုတင်ပေါ် ပက်လက်လှဲနေသည်။
"ငါတို့ ကြားတယ်နော်"
ကျန်းရူရှန်း - "တချို့လူတွေရဲ့ အခင်ဆုံးသူငယ်ချင်း ဟုတ်သေးလားဆိုတာ မသိတော့ဘူး"
ကျိုးအန်းရန် - "နင်တို့ကို မတိုက်ဘူးလို့ မပြောပါဘူး၊ အကုန်တိုက်မယ်"
"ဒါမှ ဟုတ်တာ"
"ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်"
"အာ..." ယန်ရှင်းချန် လုံးဝ မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။ သက်ပြင်းချပြီး ပြောလိုက်သည်။ "ရန်ရန်က ချန်လော့ပိုင်နဲ့ တွဲလိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး"
ကျန်းရူရှန်း - "ငါလည်း ထင်မထားဘူး။ ငါ တစ်ခါတုန်းက ပြောဖူးတယ်မလား၊ ငါသာ ချန်လော့ပိုင်ဆိုရင် ရန်ရန်လို ဖြူစင်ပြီး နူးညံ့တဲ့သူမျိုးကို ကြိုက်မှာလို့လေ။ အခု ပြန်စဉ်းစားကြည့်တော့ ငါက ဗေဒင်ဆရာမကြီးဖြစ်နေပြီပဲ"
ရှန့်ရှောင်ဝမ်လည်း ဝင်ပြောသည်။
"ပြီးတော့ ငါတို့က ထန်ကျန့်ရွေ့တို့နဲ့ ပေါင်းမိသွားကြတယ်။ အထက်တန်း သုံးနှစ်လုံး မပေါင်းမိခဲ့ဘဲ အခုကျမှ သူငယ်ချင်း ဖြစ်သွားကြတယ်၊ အချိန်ဆိုတာ တကယ် ဆန်းကြယ်တယ်နော်"
ကျိုးအန်းရန် မျက်လုံးလေးတွေ ကွေးညွတ်သွားသည်။
တကယ်တော့ သူမက မထင်မှတ်ထားဆုံးပါပဲ။
ယန်ရှင်းချန် တစ်ခုခု သတိရသွားပုံရသည်။
"ဒါနဲ့ ရန်ရန်... ငါ တစ်ခါတုန်းက နင့်ကို ပြောဖူးတယ်မလား၊ ဘုရားသခင်က ချန်လော့ပိုင်အတွက် မိုးပေါ်တက်ဖို့ လမ်းဖောက်ပေးထားတယ်ဆိုပြီးလေ။ အခုတော့ အဲဒီ မိုးပေါ်တက်လမ်းကြီးက ငါ့သူငယ်ချင်းရဲ့ရည်းစား ဖြစ်လာခဲ့ပြီ"
ကျိုးအန်းရန် ခေါင်းညိတ်မလို့ လုပ်ပေမယ့် ကုတင်ပေါ် ပက်လက်လှဲနေတာမို့ မဆင်ပြေဘူး။ ပြုံးပြီး ပြန်ဖြေလိုက်သည်။
"မှတ်မိတယ်... အဲဒီနေ့ ညနေပြန်တုန်းက လမ်းတစ်လျှောက်လုံး နင်က 'Journey to the West' သီချင်း ဆိုလာခဲ့တာလေ"
ခဏနေတော့ သူတို့က သူမကို အမြဲ ဖုံးကွယ်ထားတယ်လို့ ပြောနေတာ သတိရပြီး မျက်နှာရဲရဲနဲ့ ထပ်ဖြည့်စွက်လိုက်သည်။
"အဲဒီနေ့ည အိမ်ပြန်ရောက်ပြီး အိမ်စာလုပ်တုန်းက စာကြမ်းစာအုပ်ပေါ်မှာ 'မိုးပေါ်တက်လမ်း' တွေချည်း လျှောက်ရေးနေမိတာ။ အမေ နွားနို့လာပို့တုန်းက ငါ သူ့နာမည် ရေးနေတယ် ထင်ပြီး လန့်ဖျပ်သွားသေးတယ်"
ယန်ရှင်းချန်တို့ စပ်စုချင်လာကြသည်။
"အဲဒီတုန်းက အန်တီက ဘယ်လိုတုံ့ပြန်လဲ"
"အဲဒီတုန်းကတော့ ဘာမှမဖြစ်ပါဘူး။ နောက်ပိုင်း အဖေ့ကို ခိုးပြောတာ ကြားလိုက်ရတယ်။ ငါ စောစောစီးစီး ရည်းစားထားမှာ စိတ်ပူစရာ မလိုပါဘူးတဲ့။ ငါက မကြီးသေးဘဲ 'Journey to the West' ကြည့်ဖို့ စိတ်ဝင်စားနေတုန်းပဲတဲ့"
ကျိုးအန်းရန် အဲဒီတုန်းက ဒီစကားခိုးကြားရတော့ စိတ်မကျေနပ်ခဲ့ဘူး။ မေမေဟယ်က သူမရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို မလေးစားဘူးလို့ ထင်ခဲ့တာ။ အခု ပြန်စဉ်းစားကြည့်တော့ ရယ်စရာကောင်းပြီး နွေးထွေးနေတယ်။
ယန်ရှင်းချန်တို့လည်း ရယ်မောလိုက်ကြသည်။
ယန်ရှင်းချန်က ထပ်မေးသည်။
"နင် ချန်လော့ပိုင်နဲ့ တွဲနေတာ ဦးလေးနဲ့ အန်တီကို ပြောပြပြီးပြီလား"
"မပြောရသေးဘူး" ဒီအကြောင်းပြောတော့ ကျိုးအန်းရန် နည်းနည်း စိတ်ညစ်သွားသည်။ "ဘယ်လိုပြောရမလဲ မသိသေးဘူး"
ယန်ရှင်းချန် စဉ်းစားလိုက်သည်။
"နင် တက္ကသိုလ်တက်နေပြီပဲ၊ သူတို့ ကန့်ကွက်တော့မှာ မဟုတ်ပါဘူး။ မဖြစ်ရင် ငါ ကူပြောပေးမယ်လေ"
ကျိုးအန်းရန် - "ပြန်ရောက်မှ ဘယ်လိုပြောရမလဲ စဉ်းစားကြည့်လိုက်ဦးမယ်"
ယန်ရှင်းချန် တစ်ခုခု သတိရသွားပြန်သည်။
"အာ... ငါ ဒီနေ့ KTV မှာ 'Journey to the West' သီချင်း ဆိုဖို့ မေ့သွားတယ်၊ တကယ် နားထောင်လို့ ကောင်းတာ"
"တော်ပါတော့ဟာ" ကျန်းရူရှန်း ဖြတ်ပြောလိုက်သည်။ "နင်က KTV ရောက်တာနဲ့ နင့်အိုင်ဒေါကိုပဲ သတိရတော့တာ၊ ဘယ်သူ့ကို သတိရနိုင်ဦးမှာလဲ"
ယန်ရှင်းချန် - "ဝူး... ဝူး... ဝူး... ငါ့အိုင်ဒေါကို လွမ်းလိုက်တာ။ သူ ဘယ်တော့များ ပေကျင်းမှာ ဖျော်ဖြေပွဲ လာလုပ်မလဲ မသိဘူး။ သူ ပေကျင်းမှာ ဖျော်ဖြေပွဲလုပ်ရင် ရန်ရန်၊ ရှောင်ဝမ်... နင်တို့နှစ်ယောက် ငါ့အဖော်လိုက်ခဲ့နော်"
"ဟေး... ဟေး... ဟေး... ငါ ရှိသေးတယ်နော်" ကျန်းရူရှန်း မကျေနပ်ဘူး။
ယန်ရှင်းချန် - "နင် လာချင်ရင်တော့ ငါ ပိုဝမ်းသာတာပေါ့"
ကျန်းရူရှန်း - "......"
"ဝူး... ဝူး... ဝူး... ငါ ဘာလို့ အမှတ်များများ မရခဲ့ပါလိမ့်"
ရှန့်ရှောင်ဝမ် - "ဒါပေမဲ့ ရန်ရန်... ချန်လော့ပိုင်က နင့်ကို လွှတ်ပေးပါ့မလား။ နင် ဒီည ငါတို့နဲ့ အတူအိပ်တာတောင် သူ သိပ်ကျေနပ်တဲ့ပုံ မပေါက်ဘူး"
ကျိုးအန်းရန် - "သေချာပေါက် လွှတ်ပေးမှာပေါ့"
သူ ဒီည လေသံနည်းနည်း ချဉ်သွားရုံပါပဲ။ တကယ် မတားပါဘူး။
သူက သူမဆန္ဒကို အမြဲ လေးစားပါတယ်။
ဒါပေမဲ့ လမ်းခွဲပြီးကတည်းက သူ မက်ဆေ့ခ်ျတစ်စောင်မှ မပို့သေးဘူး။ စိတ်ဆိုးနေတုန်းလား။ ဒါမှမဟုတ် ထန်ကျန့်ရွေ့တို့နဲ့တွေ့ပြီး ပျော်နေတာလား။
"ကောင်းပြီလေ... ထပ်ပြီး ကြွားပြန်ပြီ" ကျန်းရူရှန်းက ရှန့်ရှောင်ဝမ်ကို တွန်းလိုက်သည်။ "နင် မမေးခဲ့သင့်ဘူး"
ယန်ရှင်းချန် - "ဟုတ်တယ်"
ကျိုးအန်းရန် - "ငါ မကြွားပါဘူး"
"နင်က လေသံ တော်တော် သေချာနေတာပဲ။ သူ့စရိုက်ကို သေချာသိနေလို့ မသိမသာ ကြွားနေတာမလား" ရှန့်ရှောင်ဝမ် ပြုံးစိစိ ပြောလိုက်သည်။
ကျိုးအန်းရန် - "......"
"နင်တို့ မနက်ဖြန် ဘာစားချင်လဲ"
"ရန်ရန်... နင် စကားလမ်းကြောင်းလွှဲတာ အရမ်း သိသာလွန်းတယ်"
"ဒါဆို နင့်ရည်းစားက မနက်ဖြန် ဒကာခံဦးမှာလား"
"နင်တို့ ငါ့ကို မစရင် ငါ ဒကာခံမယ်"
"ဒါဆိုရင်တော့ မဖြစ်ဘူး၊ ငါတို့ ထမင်းတစ်နပ်စာလောက်တော့ ရှိပါသေးတယ် ဟား... ဟား... ဟား..."
"ဟုတ်တယ်"
မိန်းကလေးတွေ ကုတင်ကြီးပေါ်မှာ ဆူညံပွက်လောရိုက်နေကြသည်။
ညဉ့်နက်လာပေမယ့် ပြောမကုန်နိုင်တဲ့ စကားတွေ ရှိနေတုန်းပဲ။
တစ်ယောက်ပြီးတစ်ယောက် မခံနိုင်တော့ဘဲ အိပ်ပျော်သွားကြမှ ငြိမ်သက်သွားသည်။
...
ဒီနေ့ တွေ့ဆုံပွဲအတွက် ကျိုးအန်းရန်က မထင်မှတ်ထားဆုံးပါပဲ။ အိပ်မက်ထဲတောင် မမက်ဖူးခဲ့ဘူး။ ဦးနှောက်က တက်ကြွနေတုန်းမို့ ယန်ရှင်းချန်တို့ အိပ်ပျော်သွားပေမယ့် သူမ အိပ်မပျော်သေးဘူး။
ကျိုးအန်းရန် ဖွဖွလေး ထပြီး မီးပိတ်လိုက်သည်။ တစ်ယောက်သောသူကို မက်ဆေ့ခ်ျပို့ပြီး ချော့လိုက်ရင် ကောင်းမလား စဉ်းစားနေမိသည်။ ဒါပေမဲ့ သူ အိပ်ပျော်နေမှာ စိုးရိမ်မိသည်။
တိတ်ဆိတ်နေတဲ့ ဟိုတယ်အခန်းထဲမှာ သူမဖုန်း ရုတ်တရက် တုန်ခါသွားသည်။
C - [အိပ်ပြီလား]
ကျိုးအန်းရန် ဖုန်းကို Silent အရင်လုပ်လိုက်ပြီး အချိန်ကြည့်လိုက်တော့ မနက် ၁ နာရီ ထိုးခါနီးနေပြီ။
ကျိုးအန်းရန် - [အိပ်တော့မလို့ပါ]
ကျိုးအန်းရန် - [နင် ဘာလို့ မအိပ်သေးတာလဲ]
နောက်တစ်စက္ကန့်မှာ မက်ဆေ့ခ်ျအသစ် ဝင်လာသည်။
C - [အပြင်ထွက်ခဲ့မလား]
ကျိုးအန်းရန် ရင်ခုန်သံ ဒိန်းခနဲ ဖြစ်သွားသည်။
...
နှစ်မိနစ်အကြာမှာ အပေါ်ထပ်အင်္ကျီ ဝတ်ပြီး ဟိုတယ်အခန်းထဲက တိတ်တဆိတ် ထွက်လာခဲ့သည်။
အခန်းဝမှာ ချန်လော့ပိုင်က အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားပြီး တံခါးဘောင်ကို ပျင်းရိရိ မှီရပ်နေသည်။ အသံကြားတော့ မတ်တတ်ရပ်လိုက်ပြီး လက်ကမ်းပေးလိုက်သည်။
"ငါနဲ့ လိုက်ခဲ့မလား"
စင်္ကြံလမ်းမီးရောင်က မှိန်ဖျော့နေပြီး ကောင်လေးရဲ့ မျက်နှာအသွင်အပြင်ကို ပိုမို ချောမောစေသည်။
သူနဲ့ တွဲနေတာကြာပြီဖြစ်ပေမယ့် ကျိုးအန်းရန်က သူ့ရဲ့ ဒီလိုပုံစံကို မြင်တိုင်း ရင်ခုန်နေတုန်းပါပဲ။
သူမ လက်တစ်ဖက်နဲ့ တံခါးပိတ်လိုက်ပြီး ကျန်လက်တစ်ဖက်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ သူဆွဲခေါ်ရာနောက် ခြေလှမ်းအနည်းငယ် လိုက်သွားပြီးမှ မေးလိုက်သည်။
"ဘယ်သွားကြမလို့လဲ"
ချန်လော့ပိုင် လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ အဲဒီအပြုံးက ဆိုးသွမ်းချင်နေသလို၊ လူငယ်ဆန်မှုတွေ ဖုံးကွယ်မထားနိုင်သလိုပါပဲ။
"နင့်ကို ခိုးပြေးမလို့"
ကျိုးအန်းရန် - "......"
သူမ ရင်ခုန်မြန်နေတုန်းပဲ။
သူ တကယ် ခိုးပြေးမယ်ဆိုရင်တောင် သူမ ခေါင်းညိတ်မိမယ်ထင်တယ်။
သူမတို့အခန်းက ဓာတ်လှေကားနဲ့ နည်းနည်း ဝေးတယ်။
ချန်လော့ပိုင်က ဓာတ်လှေကားဆီ မခေါ်သွားဘဲ လမ်းနည်းနည်းလျှောက်ပြီးတော့ မီးဘေးလှေကားဘက် ကွေ့ဝင်သွားသည်။ အပေါ်ထပ်ကို နှစ်ထပ်လောက် တက်သွားပြီး အခန်းတစ်ခန်းရှေ့ ရပ်လိုက်သည်။
ကောင်လေးက အိတ်ကပ်ထဲက ကတ်တစ်ကတ်ထုတ်ပြီး တံခါးဖွင့်လိုက်သည်။
ကျိုးအန်းရန် အဆွဲခံလိုက်ရပြီး အထဲရောက်သွားသည်။
ပြီးတော့ တံခါးနဲ့ ကပ်ပြီး ဖိထားခံလိုက်ရသည်။ တံခါးလည်း အရှိန်နဲ့ ပိတ်သွားသည်။
လှုပ်ရှားမှုတွေက တစ်ဆက်တည်း ဖြစ်သွားသည်။
မေ့သွားတာလား၊ တမင်လုပ်တာလား မသိဘူး၊ ချန်လော့ပိုင်က ကတ်ကို အပေါက်ထဲ မထိုးဘူး။ အခန်းထဲမှာ မှောင်မဲနေသည်။
ကျိုးအန်းရန် မော့ကြည့်လိုက်တော့ သူ့ရဲ့ ဝေဝါးနေတဲ့ မျက်နှာအသွင်အပြင်နဲ့ တောက်ပနေတဲ့ မျက်လုံးတွေကိုပဲ မြင်ရသည်။
စောစောက အပြေးဆွဲခေါ်လာခံရလို့ သူမ အသက်ရှူ မဝသေးဘူး။
"နင် ခိုးပြေးမယ်ဆိုတာ ဒီအခန်းကို ပြောတာလား"
"ဘယ်ကို ခိုးပြေးမလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက..." ချန်လော့ပိုင် စကားရပ်လိုက်သည်။ ကိုယ်ကိုကိုင်းလိုက်ပြီး အသံရော၊ အသက်ရှူငွေ့နွေးနွေးလေးတွေပါ သူမနားနား ကပ်သွားသည်။ "...မကောင်းတာလေး တစ်ခုခု လုပ်ကြမလို့လေ"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၆၃ ။ သကြားလုံး : အစ်ကိုကြီးလို့ တစ်ချက် ခေါ်ပေးပါလား
ကျိုးအန်းရန်က နှာခေါင်းထဲမှာ သူ့အငွေ့အသက်တွေ ပြည့်နှက်နေသည်။ မျက်လုံးက အမှောင်ထဲမှာ ကျင့်သားရသွားလို့ ကောင်လေးရဲ့ မျက်နှာကို နည်းနည်း ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ သူ ဆွဲဆောင်နေတာ ခံရလို့လား မသိဘူး၊ အလိုအလျောက် မေးလိုက်မိသည်။
"ဘာမကောင်းတာ လုပ်မလို့လဲ"
ချန်လော့ပိုင် ခေါင်းငုံ့ပြီး နမ်းလုနီးပါး အကွာအဝေးမှာ ရပ်တန့်လိုက်သည်။ လက်ချောင်းတွေက သူမအပေါ်ထပ်အင်္ကျီဇစ်ကို ချိတ်ထားသည်။
"တစ်ညလုံး ငါ့ကို မက်ဆေ့ခ်ျတစ်စောင်မှ မပို့တာ ဘာကြောင့်လဲဆိုတာ အရင်ရှင်းပြ၊ ပြီးမှ စဉ်းစားပေးမယ်"
ကျိုးအန်းရန် - "......"
စဉ်းစားပေးမယ် ဆိုတာ ဘာသဘောလဲ။
သူမ တိုးတိုးလေး ပြန်ပြောသည်။
"နင်လည်း ငါ့ကို အရင်မပို့ဘဲနဲ့"
ချန်လော့ပိုင် ဇစ်ကို အောက်ဆွဲချလိုက်သည်။ နှုတ်ခမ်းချင်း နီးကပ်နေဆဲ။
"ဘယ်သူက ညဘက် အိမ်ပြန်မအိပ်ချင်တာလဲ"
ကျိုးအန်းရန် သူ ဘာလုပ်မလို့လဲ မသိဘူး။ အခန်းထဲ တိတ်ဆိတ်နေတော့ အသံသေးသေးလေးတွေတောင် ရှင်းလင်းနေပြီး ရင်တုန်စရာ ကောင်းနေသည်။ သူမ တိုးတိုးလေး ရှင်းပြလိုက်သည်။
"ငါ သူတို့ကို မတွေ့ရတာ ကြာပြီလေ"
အမှောင်ထဲမှာ ချန်လော့ပိုင် ခေါင်းညိတ်လိုက်သလိုပါပဲ။ ဇစ်ကို အပေါ်ပြန်ဆွဲတင်လိုက်သည်။ မကျေမနပ် လေသံနဲ့ ပြောလိုက်သည်။
"ဒါကြောင့် နင့်ရည်းစားကို ပစ်ထားခဲ့တယ်ပေါ့"
ကျိုးအန်းရန် နည်းနည်း လိပ်ပြာမလုံဖြစ်သွားသည်။
သူ့အပြုအမူက နှိပ်စက်လွန်းလို့လား၊ ဒါမှမဟုတ် သူ့ကို ချော့ချင်လို့လား မသိဘူး၊ ခေါင်းနည်းနည်း မော့လိုက်သည်။
နှုတ်ခမ်းနှစ်ခုကြားက အကွာအဝေး ပျောက်ကွယ်သွားသည်။
ချန်လော့ပိုင် ဇစ်ဆွဲနေတဲ့လက် ရပ်တန့်သွားသည်။
ဒါ ကျိုးအန်းရန် ပထမဆုံးအကြိမ် သူ့ကို စနမ်းတာပဲ။
နှုတ်ခမ်းချင်း ထိကပ်သွားတော့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ ရင်ခုန်သံတွေ ပေါက်ကွဲထွက်မတတ် မြန်ဆန်နေသည်။
အမှောင်ထဲမှာ သူ့အကြည့်နဲ့ ဆုံသွားတော့ စောစောကထက် အကြည့်တွေ ပိုနက်ရှိုင်းနေသလို ခံစားရသည်။
ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ နောက်ဆုတ်လိုက်သည်။
နောက်တစ်စက္ကန့်မှာ ဇက်ပိုးကို လက်ကြီးတစ်ဖက်က ရင်းနှီးတဲ့ အားနဲ့ အုပ်ကိုင်လိုက်သည်။
"ကျိုးအန်းရန်"
ချန်လော့ပိုင် နာမည်ခေါ်လိုက်သည်။
"နင် ငါ့ကို နမ်းတာ ဒီလောက်ပဲလား"
ကျိုးအန်းရန် - "ဘယ်ဟုတ်မလဲ"
ချန်လော့ပိုင် ခေါင်းငုံ့ပြီး တိုးကပ်လာသည်။ အသက်ရှူငွေ့နွေးနွေးတွေ သူမနှုတ်ခမ်းပေါ် ကျရောက်လာသည်။
"ငါ နင့်ကို ပုံမှန် ဘယ်လို နမ်းလဲ"
သူ သူမကို ပုံမှန် ဘယ်လို နမ်းလဲ။
အစတုန်းက နှုတ်ခမ်းကို ငုံပြီး ခဏနမ်းတယ်၊ ပြီးတော့ လျှာဖျားလေးနဲ့...
ကျိုးအန်းရန် မျက်နှာ ပေါက်ကွဲထွက်မတတ် ပူလာသည်။
ချန်လော့ပိုင်က သူမနှာခေါင်းထိပ်လေးကို ထိကပ်ပြီး ရယ်မောလိုက်သည်။
"ထားလိုက်ပါတော့၊ ဒါက တိုးတက်မှုကြီးတစ်ခု ဖြစ်နေပါပြီ။ ကျန်တာ ငါ့ဘာသာ လုပ်လိုက်တော့မယ်"
သူ့ဘာသာ လုပ်မယ် ဟုတ်လား။
ကျိုးအန်းရန် မတုံ့ပြန်နိုင်သေးခင် နမ်းလုနီးပါး ဖြစ်နေတဲ့ ကောင်လေးက ခေါင်းငုံ့ပြီး နမ်းလိုက်သည်။
ဒီအခန်းက Suiteအခန်း ဖြစ်ပုံရသည်။
ကျိုးအန်းရန် သေချာမကြည့်လိုက်ရဘူး။ သူ မီးဖွင့်တုန်းကလည်း သူမဇက်ပိုးကို ကိုင်ပြီး နမ်းရင်းနဲ့ ကတ်ကို အပေါက်ထဲ စမ်းထိုးနေတာမို့လို့။
Suite လို့ ထင်တာက သူ သူမကို ဆိုဖာပေါ် ဆွဲခေါ်သွားလို့ပါ။
တိတိကျကျ ပြောရရင် သူက ဆိုဖာပေါ် ထိုင်နေပြီး၊ သူမက သူ့ပေါင်ပေါ် ထိုင်နေတာ။ သူက ဇက်ပိုးကိုကိုင်ပြီး ဆက်နမ်းနေတာ။
သူမနဲ့ ယန်ရှင်းချန်တို့ နေတဲ့အခန်းမှာ ဆိုဖာမရှိဘူးလေ။
မြောက်ပိုင်း ဆောင်းရာသီ အိမ်တွင်းအပူချိန်က တောင်ပိုင်းထက် အများကြီး သက်သာတယ်။ တောင်ပိုင်း ဆောင်းရာသီ အိမ်တွင်းအပူချိန်က စိုစွတ်ပြီး အေးစက်လွန်းလို့ အိမ်နေရင်း ဝတ်စုံထူထူကြီးတွေ ဝတ်ပြီး မီးလှုံမှ အဆင်ပြေတာ။
အခု အခန်းထဲမှာ အပူပေးစနစ်က ကောင်းမွန်လွန်းနေတယ်။ သူတို့နှစ်ယောက်လုံး အပေါ်ထပ်အင်္ကျီတွေချွတ်ပြီး ဘေးမှာ ပုံထားလိုက်ပြီ။ ကျိုးအန်းရန်က အအေးကြောက်တတ်ပေမယ့် အခု ပူနေတယ်။
အချိန်တွေ ရပ်တန့်သွားသလို၊ ဒါမှမဟုတ် သူမ အချိန်ကို မခံစားနိုင်တော့သလိုပဲ။ သူနဲ့ပတ်သက်သမျှကိုပဲ ခံစားနေရတယ်။
သူ့အနမ်းတွေ၊ သူ့အငွေ့အသက်တွေ။ သူ သူမပခုံးပေါ် မျက်နှာအပ်ထားပြီး အသက်ရှူသံ မမှန်တော့တာတွေ။ တစ်ခုခုကို ဖိနှိပ်ထားချင်ပေမယ့် မဖိနှိပ်နိုင်တော့သလိုပဲ။
ကျိုးအန်းရန် လက်ကောက်ဝတ် အဆွဲခံလိုက်ရသည်။
ချန်လော့ပိုင် သူမနားနားကပ်ပြီး ပြောလိုက်သည်။ အသက်ရှူငွေ့တွေက ပူလောင်နေသည်။
"ကောင်မလေး... ကူညီပါဦး"
ကျိုးအန်းရန် သူ့ကို ဘယ်တုန်းကမှ မငြင်းဆန်နိုင်ခဲ့ဘူး။
ငြင်းဆန်ချင်စိတ်လည်း မရှိဘူး။
လက်ဖမိုးကို သူ့လက်ဖဝါး ပူပူနွေးနွေးကြီးက လာကပ်ထားတယ်။ သူမလက်ဖဝါးက ပိုပူနေတယ်။ ဒီတစ်ခါတော့ ကျိုးအန်းရန်က ခေါင်းကို သူ့ပခုံးပေါ် အပ်ထားလိုက်တယ်။
အချိန်ကို ပြန်ခံစားမိလာသလိုပဲ။
တစ်မိနစ်၊ တစ်စက္ကန့်တိုင်းက ရှင်းလင်းပြီး နှိပ်စက်နေသလိုပဲ။
အချိန်ကြာလာတာနဲ့အမျှ သူ့အသက်ရှူသံတွေ ပြန်မြန်ဆန်လာတာ ကျိုးအန်းရန် ကြားနေရတယ်။ လည်ပင်းမှာ ချွေးစက်လေးတွေ ထွက်နေတယ်။ အဲဒီနေ့ ဘောလုံးကစားပြီးတုန်းက ပုံစံမျိုးပဲ။
ဒါပေမဲ့ အဲဒီနေ့နဲ့ မတူတာက သူက တစ်ပွဲလုံး နားချိန်မရှိဘဲ ကစားထားတာ။ နောက်ဆုံးစက္ကန့်အထိ ကြိုးစားခဲ့တာ။ ပွဲပြီးတော့ သူ သူမနဲ့ စကားပြောတာ အသံတိုးနေတယ်။ ပင်ပန်းနေသလိုပဲ။
တိုက်ခန်းပြန်ရောက်တော့လည်း စကားသိပ်မပြောဘူး။
ဒါပေမဲ့ အခု ဒီလူက သူမကို ညစ်ညမ်းတဲ့စကားတွေပြောဖို့ အားရှိနေသေးတယ်။
"မျက်နှာက ဘာလို့ ဒီလောက် ရဲနေတာလဲ"
"အမြတ်ထွက်သွားတာ ငါ မဟုတ်ဘူးလား"
"တကယ် မကြည့်ဘူးလား"
"......"
"......"
"စကားပြောရအောင်လေ"
ကျိုးအန်းရန် ထပြီး လက်ဆေးချင်ပေမယ့် ရင်ခွင်ထဲ အတင်းပြန်ဆွဲသွင်းခံလိုက်ရတယ်။ ဒါကြောင့် ခေါင်းကို သူ့လည်ပင်းကြားထဲ ပြန်ထည့်ထားလိုက်ရတယ်။
"ဘာပြောမလို့လဲ"
ချန်လော့ပိုင် သူမလက်ကောက်ဝတ်ကို နှိပ်နယ်ပေးနေသည်။
"ယွမ်စုန်း နေ့လည်က ပြောတဲ့ကိစ္စလေ၊ နင် ငါ့ကို မမေးချင်တော့ဘူးလား"
ကျိုးအန်းရန်က မေးချင်နေတာ။ ဒါပေမဲ့ သူ အနိုင်ကျင့်လွန်းလို့ မေ့သွားတာ။ သူ သတိပေးမှ ပြန်သတိရသွားသည်။
"မေးချင်တာပေါ့၊ ယွမ်စုန်း နေ့လည်က ဘာပြောချင်တာလဲ"
ချန်လော့ပိုင် - "သူက ကျောင်းဖွင့်ကာစတုန်းက နင့်ဓာတ်ပုံ ခိုးရိုက်ခဲ့တယ်လေ။ ငါက ဘောလုံးဖိနပ်တစ်ရံနဲ့ ပြန်လဲယူလိုက်တာ"
ကျိုးအန်းရန် ပြန်စဉ်းစားကြည့်လိုက်သည်။
"သူစီးထားတဲ့ ဖိနပ်လား"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။ လက်ကောက်ဝတ်ကို ဆက်နှိပ်နယ်ပေးနေသည်။ ခုနက သူမ ရှားရှားပါးပါး ချွဲခဲ့တာလေ။ မျက်နှာရဲရဲနဲ့ မပြီးသေးဘူးလားလို့ မေးခဲ့တာ။ သူက ဘာလောနေတာလဲလို့ ရယ်မောပြီး မေးလိုက်တော့ သူမ သူ့ပခုံးပေါ် ခေါင်းအပ်ပြီး လက်ညောင်းနေပြီလို့ တိုးတိုးလေး ပြောခဲ့တာလေ။
သူ့ကြောင့် ကျိုးအန်းရန် ဘောလုံးဖိနပ်အကြောင်း နည်းနည်းနားလည်နေပြီ။
"သူစီးထားတဲ့ ဖိနပ်က ဈေးမပေါဘူးမလား။ ငါ့ဓာတ်ပုံတစ်ပုံနဲ့ လဲတာ နစ်နာလွန်းတယ်"
"ဘယ်နားက နစ်နာလို့လဲ" ချန်လော့ပိုင် မျက်လွှာချလိုက်သည်။ သူမရဲ့ လက်ဖြူဖြူ သေးသေးလေးကို ကြည့်ပြီး လည်စလုတ် လှုပ်ရှားသွားသည်။ "အရမ်း တန်တာပေါ့။ အဲဒီတုန်းက ငါ နင့်ကို မတွေ့ရတာ ကြာနေပြီလေ။ ခြေထောက်ကလည်း မကောင်းသေးဘူး"
ယွမ်စုန်း ပြောတာ ကျောင်းဖွင့်ကာစတဲ့။ သူ ပြောတာကလည်း ခြေထောက် မကောင်းသေးဘူးတဲ့။ ဒီအချိန်ကာလက သူမ ခန့်မှန်းထားတာထက် ကျော်လွန်နေပြီ။
ကျိုးအန်းရန်က သူ သူမကို ဘယ်တုန်းက စကြိုက်ခဲ့တာလဲဆိုတာ မေးမလို့ လုပ်တုန်း လက်ချောင်းထိပ်လေးတွေ အောက်လျှောကျသွားပြီး လက်ဖဝါးကို ဖွဖွလေး ညှစ်လိုက်တာ ခံစားလိုက်ရသည်။
စောစောက အမှတ်တရတွေ ခေါင်းထဲ ပြန်ရောက်လာသည်။
ကျိုးအန်းရန် မျက်နှာပူသွားသည်။ သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်။
"ငါ လက်သွားဆေးလိုက်ဦးမယ်"
"ဘာဆေးမှာလဲ..." ကောင်လေးက စကားရပ်လိုက်သည်။ နားရွက်တွေလည်း နည်းနည်း ရဲနေသည်။ လူငယ်ဆန်တဲ့ အရှက်အကြောက်လေးတွေ ကျန်နေသေးသလိုပဲ။ ဒါပေမဲ့ မျက်လုံးထဲမှာတော့ အပြုံးတွေက ဆိုးသွမ်းနေတယ်။ စကားတွေကလည်း ဆိုးသွမ်းနေတယ်။ စောစောက လက်ဖဝါးကို ညှစ်ခဲ့တဲ့လက်နဲ့ သူမပါးကို ဆွဲလိုက်သေးတယ်။ "...သုတ်ပေးပြီးပြီပဲဟာ"
ကျိုးအန်းရန် - "......"
သွယ်ဝိုက်ပြီး ထိတွေ့မိသလို ခံစားရလို့ သူမမျက်နှာ အဖျားတက်သလို ပူထူသွားသည်။
တစ်ယောက်သော လူဆိုးကတော့ ရယ်မောနေတုန်းပဲ။ အဲဒီလက်နဲ့ သူမပါးကို ထပ်ဆွဲလိုက်ပြန်သည်။
"ခုနက မကြည့်ဘဲနဲ့တောင် ဒီလောက် ရှက်နေတာ၊ နောက်ကျရင် ဘယ်လိုလုပ်မလဲ"
ကျိုးအန်းရန် - "??"
ဘာ နောက်ကျရင်လဲ။
"ငါ အိပ်တော့မယ်"
"ကဲပါ..." ချန်လော့ပိုင် သူမကို ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်သည်။ နှစ်သိမ့်သလို နားရွက်ကို နမ်းလိုက်သည်။ "မစတော့ပါဘူး၊ ပြောစရာရှိသေးတယ်"
ကျိုးအန်းရန် သူ့ရင်ခွင်ထဲ ပြန်မှီလိုက်သည်။
"ဘာပြောမလို့လဲ"
ချန်လော့ပိုင် တိတ်ဆိတ်သွားသည်။
ကျိုးအန်းရန်က သူ စနေတုန်းပဲ ထင်နေတုန်း သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကျုံးခိုင်က နင့်ကို ကိုယ်တိုင် တောင်းပန်ချင်တယ်တဲ့"
ကျိုးအန်းရန် ဒီနာမည်ကြားတော့ ကြောင်သွားသည်။ စက္ကန့်အနည်းငယ်ကြာမှ မော့ကြည့်ပြီး မေးလိုက်သည်။
"နင် သူနဲ့ အဆက်အသွယ် ရှိနေတုန်းလား"
"မရှိပါဘူး" ချန်လော့ပိုင် လက်ကောက်ဝတ်ကို ပြန်နှိပ်နယ်ပေးနေသည်။ "သူ ဒီနေ့ ထန်ကျန့်ရွေ့တို့တင်တဲ့ တွေ့ဆုံပွဲဓာတ်ပုံတွေ တွေ့သွားလို့ တကူးတက လာရှာတာ။ သူ့တောင်းပန်စကား နားထောင်ချင်လား"
ကျိုးအန်းရန် စဉ်းစားလိုက်သည်။
ခေါင်းခါပြလိုက်သည်။
"ငါ ခွင့်မလွှတ်ချင်ဘူး"
သူမမိဘနှစ်ပါး အိမ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တာက တခြားအကြောင်းရင်းတွေ ပါကောင်းပါနိုင်ပေမယ့်၊ အဓိကမီးမွှေးလိုက်တာက အဲဒီ "ရည်းစားစာ" ကြောင့်ပဲ။
အဲဒီ "ရည်းစားစာ" ကြောင့် သူမ အချစ်ဆုံးသူငယ်ချင်းနဲ့ ခွဲခွာခဲ့ရတယ်။ သူစိမ်းမြို့၊ သူစိမ်းကျောင်းကို ပြောင်းခဲ့ရတယ်။
ချန်ယွီသာမရှိရင် ကျောင်းပြောင်းကာစရက်တွေ ဘယ်လောက် ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်လို့ မရဘူး။
သူက အဲဒီနေ့တုန်းက ရည်းစားစာ သူရေးတာပါလို့ ဝင်ဝန်ခံပေးပြီး သူမကို ရွှံ့နွံထဲက ဆွဲထုတ်မပေးခဲ့ရင်၊ သံသယဝင်ခံရပြီး ဖြေရှင်းလို့မရတဲ့ အခြေအနေကို ဘယ်တော့မှ မေ့ပျောက်နိုင်မလဲ မသိဘူး။
ဒါပေမဲ့ ကျုံးခိုင်က ကျုရန်ကလွဲရင် သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းပဲလေ။
ကျိုးအန်းရန် သူ့အင်္ကျီအစကို ဆုပ်ကိုင်ထားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ သဘောထားသေးသိမ်တယ်လို့ ထင်လား"
"သဘောထားသေးသိမ်တာ ကောင်းတာပေါ့"
ကျိုးအန်းရန် - "?"
ချန်လော့ပိုင် သူမပါးကို ဖွဖွလေး ထိလိုက်သည်။
"ငါလည်း သဘောထား သေးသိမ်တယ်။ အခုထိ ခွင့်မလွှတ်နိုင်သေးဘူး"
ကျိုးအန်းရန် စိတ်အေးသွားသည်။
"သူက ဘာလို့ အဲဒီစာကို ငါ့စာအုပ်ထဲ ထည့်လိုက်ရင် ယင်းယီကျန်းက နင့်ကို စိတ်ကုန်သွားမယ်လို့ ထင်ရတာလဲ။ နင် စတိုးဆိုင်မှာ ငါ့ကို အချိုရည်ဝယ်တိုက်လို့လား"
ဒီကိစ္စကို သူမ အခုထိ နားမလည်နိုင်သေးဘူး။
ချန်လော့ပိုင် သူမကို စိုက်ကြည့်နေသည်။
"နင် အခုထိ နားမလည်သေးဘူးလား"
ကျိုးအန်းရန် ကြောင်သွားသည်။
"ဘာကို နားလည်ရမှာလဲ"
ချန်လော့ပိုင် အားနေတဲ့လက်တစ်ဖက်နဲ့ သူမဆံပင်ကို ကစားလိုက်သည်။ ပေါ့ပေါ့ပါးပါး ဖြစ်နေပေမယ့် လေသံက လေးနက်နေသည်။
"သူက အဲဒီနေ့တုန်းက နင် ငါ့ကို ဆေးလာပေးတာ မြင်လိုက်တယ်။ ဒါပေမဲ့ ငါ့ကို ချက်ချင်း မပြောပြဘူး။ နင် ငါ့ကို ကြိုက်နေတယ်လို့ သူ ထင်သွားတယ်။ ဒါကြောင့် နင့်အင်္ဂလိပ်စာအုပ်ထဲ စာလာထည့်တာ။ တကယ်လို့ သူများမမြင်လိုက်ရင်၊ နင်က ဒီစာကြောင့် ငါ့ကို တစ်ခုခုထပ်လုပ်ပေးမလားဆိုပြီး မျှော်လင့်တာ"
ကျိုးအန်းရန် - "တကယ်လို့ သူများမြင်သွားရင်ကော"
"သူများမြင်သွားရင် ငါ နင့်ကို သေချာပေါက် ကာကွယ်ပေးမယ်ဆိုတာ သူ သိနေတယ်လေ" ချန်လော့ပိုင် စကားရပ်လိုက်သည်။ သူမပါးကို ကိုင်လိုက်သည်။ "ဘာလို့လဲဆိုတော့ ငါ အဲဒီအချိန်ကတည်းက နင့်ကို စိတ်ဝင်စားနေပြီဆိုတာ သူက ငါ့ထက်အရင် ရိပ်မိနေလို့လေ"
ကျိုးအန်းရန် သူ သူမကို ကြိုက်တာက သူမထင်ထားတာထက် စောကောင်းစောနိုင်တယ်၊ သူမ မစဉ်းစားမိတဲ့ အကြောင်းရင်းတစ်ခုခု ရှိနိုင်တယ်လို့ တွေးဖူးတယ်။
ဒါပေမဲ့ ဒီလောက် စောလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
သူမ ခေါင်းထဲ ဗလာဖြစ်သွားသည်။
"နင် ဘာပြောလိုက်တာလဲ"
"ဘာလို့ ဒီလောက် အံ့ဩနေတာလဲ။ နင် အထက်တန်းတုန်းက ငါ့ကို အမြဲတမ်း ခိုးကြည့်နေတာပဲ။ ငါ တခြားမိန်းကလေးတွေကို စနောက်တာ မြင်ဖူးလား။ တခြားမိန်းကလေးတွေကို ဦးဆောင်ပြီး အချိုရည်ဝယ်တိုက်တာ မြင်ဖူးလား"
ချန်လော့ပိုင်က သူမ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မယုံနိုင်သလို ကြည့်နေတာကို မြင်တော့ မနေနိုင်ဘဲ သူမပါးကို ဆွဲလိုက်ပြန်သည်။
"ပြောထားတယ်မလား... ငါ နင့်ကို ကြိုက်နေတာ ကြာပြီလို့"
....
ရှန့်ရှောင်ဝမ်က မနက် ၆ နာရီမထိုးခင် အင်္ဂလိပ်စာ လေ့ကျင့်ဖို့ ထလေ့ရှိသည်။ ဇီဝနာရီက နှိုးစက်ထက် ပိုတိကျသည်။ မနေ့ညက မနက် ၁ နာရီနီးပါးမှ အိပ်ပျော်သွားပေမယ့် ဒီမနက် ၅ နာရီကျော်မှာ နိုးလာသည်။
အိပ်ချင်မူးတူးကြားထဲမှာ မနေ့က တွေ့ဆုံပွဲသွားပြီး ဒီနေ့ ကျောင်းမှာ မရှိဘူးဆိုတာ သတိရသွားသည်။ ဒါကြောင့် မျက်လုံးပြန်မှိတ်လိုက်သည်။ ဝေဝါးနေတဲ့ မြင်ကွင်းထဲမှာ ဘယ်ဘက်က ကျိုးအန်းရန် အိပ်ရမယ့်နေရာ လွတ်နေတာ တွေ့လိုက်ရသည်။
အိပ်ချင်နေသေးတော့ သိပ်မစဉ်းစားမိဘဲ ရေချိုးခန်းသွားတယ် ထင်လိုက်ပြီး ပြန်အိပ်လိုက်သည်။
ရှန့်ရှောင်ဝမ် ပြန်နိုးလာတော့ မနက် ၉ နာရီ ထိုးခါနီးနေပြီ။
ကျန်းရူရှန်းနဲ့ ယန်ရှင်းချန်တို့ အိပ်ကောင်းနေတုန်းပဲ။ ဒါပေမဲ့ ယန်ရှင်းချန်နဲ့ သူမကြားက ကျိုးအန်းရန်နေရာ လွတ်နေတုန်းပဲ။
ရှန့်ရှောင်ဝမ် တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရသည်။
ထပြီး ရေချိုးခန်းထဲဝင်ကာ ကျိုးအန်းရန်ကို ဖုန်း ၇ ခါ၊ ၈ ခါလောက်ခေါ်ပေမယ့် ဘယ်သူမှ မကိုင်ဘူး။
ရှန့်ရှောင်ဝမ် စိတ်ပူလာသည်။ ဖုန်းအဆက်အသွယ်စာရင်းထဲက မနေ့ကမှ Add ထားတဲ့ ကျုရန်ဖုန်းနံပါတ်ကို ရှာပြီး ခေါ်လိုက်သည်။
စက္ကန့်ပိုင်းလောက်နေမှ ဟိုဘက်က ကိုင်သည်။
ရှန့်ရှောင်ဝမ်က သူ့ဆီကနေ ချန်လော့ပိုင် ဖုန်းနံပါတ် တောင်းလိုက်သည်။
ခေါ်လိုက်တော့ ဒီတစ်ခါ စက္ကန့်ပိုင်းလောက်ပဲ မြည်ပြီး တုံ့ပြန်မှု ရလိုက်သည်။
ဖုန်းချခံလိုက်ရတယ်။
ရှန့်ရှောင်ဝမ် ထပ်ခေါ်သည်။
ထပ်ချခံရပြန်သည်။
တတိယအကြိမ် ခေါ်တော့မှ ဟိုဘက်က ကိုင်သည်။ အသံက တိုးပေမယ့် စိတ်မရှည်သံ ပါနေသည်။
ကျောင်းတစ်ကျောင်းတည်း ၃ နှစ်နေခဲ့ပြီး၊ တစ်နှစ် အတန်းတူခဲ့ဖူးတော့ ရှန့်ရှောင်ဝမ် သူ့အကြောင်း နည်းနည်း သိပါတယ်။ ချန်လော့ပိုင်က မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်ပေမယ့် အပြုအမူက ယဉ်ကျေးပါတယ်။ ဒီလောက် စိတ်မရှည်တဲ့လေသံမျိုး တစ်ခါမှ မကြားဖူးဘူး။
"ကိစ္စရှိရင် ပြော"
ရှန့်ရှောင်ဝမ်က ကျိုးအန်းရန် ပြောဖူးတဲ့ သူ အိပ်ရာထရင် စိတ်ဆတ်တတ်တယ်ဆိုတာ သတိရသွားပြီး စကားရှည်ရှည်ဝေးဝေး မပြောရဲတော့ဘူး။
"ငါ ရှန့်ရှောင်ဝမ်ပါ၊ ရန်ရန် ငါတို့အခန်းထဲမှာ မရှိဘူး။ ဖုန်းလည်း ခေါ်မရဘူး။ သူ ဘယ်ရောက်နေလဲ နင် သိလား"
"ရန်ရန်" ဆိုတဲ့ စကားလုံး နှစ်လုံးက စိတ်ငြိမ်ဆေး တစ်မျိုးလိုပါပဲ။
ပြန်ပြောလာတော့ ချန်လော့ပိုင်အသံထဲမှာ စောစောက စိတ်ဆတ်မှုတွေ မရှိတော့ဘဲ ပုံမှန် ပျင်းရိရိ လေသံ ပြန်ဖြစ်သွားသည်။
"သူ ငါ့ရင်ခွင်ထဲမှာ အိပ်နေတယ်"
ရှန့်ရှောင်ဝမ် - "?"
ရှန့်ရှောင်ဝမ် - "!"
"ဆောရီးပါ... နှောင့်ယှက်မိသွားပြီ"
ကျိုးအန်းရန် ၁၁ နာရီနီးပါးမှ နိုးလာသည်။ ကြားထဲမှာ ချန်လော့ပိုင် ဖုန်းကိုင်လိုက်သလို ခံစားရသည်။ အဲဒီတုန်းက အိပ်ချင်နေလို့ သေချာ မကြားလိုက်ရဘူး။ ဖုန်းချပြီးတော့ သူက သူမကို ဖွဖွလေး နမ်းပြီး ပြန်အိပ်ခိုင်းလိုက်တာလောက်ပဲ မှတ်မိတယ်။
သွားတိုက်ဆေးတွေက အောက်ထပ်အခန်းမှာမို့ အောက်ဆင်းပြီး မျက်နှာသစ်ရတယ်။
အခန်းထဲ ဝင်လိုက်တော့ မိန်းကလေး ၃ ယောက်လုံး ကုတင်ခေါင်းရင်းမှာထိုင်ပြီး တီဗီကြည့်နေကြတာ တွေ့လိုက်ရသည်။ တစ်ယောက်တစ်မျိုးစီ လုပ်နေကြသည်။ ယန်ရှင်းချန်က အာလူးကြော် စားနေသည်။ ရှန့်ရှောင်ဝမ်က ဖုန်းကိုင်ထားသည်။ ကျန်းရူရှန်းက Mask ကပ်ထားသည်။
ကျိုးအန်းရန် တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ အထဲက ၃ ယောက်လုံး Pause ခလုတ် နှိပ်ခံလိုက်ရသလို လှုပ်ရှားမှုတွေ ရပ်တန့်သွားကြသည်။
နောက်တစ်စက္ကန့်မှာ Play ခလုတ် ပြန်နှိပ်လိုက်သလို လှုပ်ရှားမှုတွေ ပြန်စလာပေမယ့် ၃ ယောက်လုံးက သူမဘက်ကို ပြိုင်တူ လှည့်ကြည့်လာကြသည်။
ကျိုးအန်းရန် မျက်နှာပူသွားသည်။ ရေချိုးခန်းဘက် လက်ညှိုးထိုးပြလိုက်သည်။
"ငါ မျက်နှာ သွားသစ်လိုက်ဦးမယ်"
ဘယ်သူမှ စကားမပြောကြဘူး။
ကျိုးအန်းရန် အခန်းထဲ အမြန်လျှောက်ဝင်သွားသည်။
-- သူမအိတ်က အတွင်းဘက် စားပွဲပေါ်မှာရှိနေလို့ပါ။
ကုတင်ဘေး ဖြတ်သွားတော့ ရှန့်ရှောင်ဝမ်က ဖြည်းဖြည်းချင်း မေးလိုက်သည်။
"အဟမ်း... ဟိုကိစ္စ... အကာအကွယ် လုပ်ထားတယ်မလား"
ကျိုးအန်းရန် - "......"
သူမ သဘောပေါက်သွားပြီး မျက်နှာရဲရဲနဲ့ ခေါင်းကို အားပါပါ ခါလိုက်သည်။
ယန်ရှင်းချန် အာလူးကြော် လွတ်ကျလုနီးပါး ဖြစ်သွားသည်။ ကုတင်ပေါ်က ခုန်ဆင်းလိုက်သည်။ ဖိနပ်တောင် မစီးမိဘူး။
"အကာအကွယ် မလုပ်ဘူး? သောက်ကျိုးနည်း... ငါက ချန်လော့ပိုင်ကို လူကောင်းလို့ ထင်ထားတာ"
ကျန်းရူရှန်းလည်း မျက်နှာဖုံးခွာပြီး ကုတင်ပေါ်က ဆင်းလာသည်။ လေသံက စိုးရိမ်နေသည်။
"မလုပ်ဘူး ဟုတ်လား... နင်က ဇီဝဗေဒကျောင်းသူ ဖြစ်ပြီးတော့ ဘေးကင်းတဲ့ရက်ဆိုတာ မရှိဘူးဆိုတာ နားမလည်ဘူးလား"
"အဲဒီရက်ဆိုရင်တောင် စိတ်မချရဘူး" ရှန့်ရှောင်ဝမ် မျက်မှောင်ကြုတ်လိုက်သည်။ "ငါ နင့်အတွက် ဆေးသွားဝယ်ပေးမယ်"
ကျိုးအန်းရန် ခံစားချက်တွေ ရှုပ်ထွေးသွားသည်။ ရယ်ချင်သလိုလို၊ ဝမ်းသာသလိုလို ဖြစ်သွားသည်။ အမြန် ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး... ငါ ဆိုလိုတာက ဘာမှမလုပ်ဘူးလို့ ပြောတာ"
"ဟင်" ရှန့်ရှောင်ဝမ် သက်ပြင်းချလိုက်သည်။ "မလုပ်ဘဲနဲ့ ဘာလို့ မျက်နှာတွေ ရဲနေတာလဲ။ လန့်သေတော့မှာပဲ"
ကျိုးအန်းရန် - "......"
သူမ အသေးစိတ် ရှင်းပြဖို့ ရှက်နေသည်။
"ဘာမှ မလုပ်ဘူးလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီအကာအကွယ်လုပ်ရမယ့် အဆင့်ထိ ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်"
ကျန်တဲ့နှစ်ယောက်လည်း သက်ပြင်းချလိုက်ကြသည်။
သူမ မျက်နှာပူတတ်မှန်းသိလို့ ဒီကိစ္စကို ဆက်မမေးကြတော့ဘူး။
ဒါပေမဲ့ ကျိုးအန်းရန် မဆင်းလာခင် ချန်လော့ပိုင် ပြောပြလို့ ရှန့်ရှောင်ဝမ် ဖုန်းဆက်မှန်း သိထားပြီးပြီ။ အားနာနေတာ။ ရှင်းပြချင်ပေမယ့် ဒီ ၃ ယောက် စိုက်ကြည့်နေလို့ မပြောရဲ ဖြစ်နေတာ။
"ငါ ပြန်မလာတာ တမင်သက်သက် မပြောဘဲ နေခဲ့တာ မဟုတ်ပါဘူး။ မနေ့ညက ပြန်လာမလို့ လုပ်ပေမယ့်..."
ကျန်းရူရှန်းက သူမ ရှက်လို့ မပြောရဲမှာစိုးလို့ ကိုယ်တိုင် ဝင်ပြောလိုက်သည်။ စပ်စုသလို မျက်တောင်ခတ်ပြလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဒါပေမဲ့..." ကျိုးအန်းရန် စကားရပ်လိုက်သည်။ မယုံနိုင်သေးသလို ဖြစ်နေသည်။ "...သူ မနေ့ညက ပြောတယ်... သူ ငါ့ကို အထက်တန်းကတည်းက ကြိုက်နေတာတဲ့"
"ဘာ!!!"
"သူ နင့်ကို အထက်တန်းကတည်းက ကြိုက်နေတာ!!!"
ယန်ရှင်းချန် လက်ထဲကအာလူးကြော် တကယ် လွတ်ကျသွားသည်။
....
ဒီနေ့ မူလက မနက်ပိုင်း A တက္ကသိုလ်ကို အတူလျှောက်လည်ကြမယ်၊ နေ့လည်ကျ အတူ ထမင်းစားကြမယ်လို့ ချိန်းထားကြတာ။ နောက်ဆုံးတော့ A တက္ကသိုလ် လျှောက်လည်တာက ကျောင်းက ပြန်ရောက်လာတဲ့ တုန်းချန်ရယ်၊ စောစောထတဲ့ ထန်ကျန့်ရွေ့၊ ဟွမ်ရှူးကျဲ့ရယ်၊ သူတို့ကို လမ်းပြပေးတဲ့ ဟယ်မင်ယွီရယ်ပဲ ပါတော့တယ်။
နေ့လည် ထမင်းစားမှ အထက်တန်းကျောင်းသားဟောင်းတွေ ပြန်ဆုံဖြစ်ကြတယ်။
ဟင်းလာပို့တာ စောင့်နေရင်း ထန်ကျန့်ရွေ့က ညည်းညူလိုက်သည်။
"နင်တို့ ဘာဖြစ်ကြတာလဲ၊ ဒီနေ့ A တက္ကသိုလ် အတူလျှောက်လည်ကြမယ်ဆို၊ ငါတို့ပဲ သွားရတယ်"
ယန်ရှင်းချန်တို့လည်း ၉ နာရီလောက်ကတည်းက နိုးနေကြတာပါ။
မသွားကြတာက ကျိုးအန်းရန် မျက်နှာပူတတ်မှန်း သိလို့ပါ။ သူမနဲ့ ချန်လော့ပိုင်ပဲ မပါရင် တခြားလူတွေ ရိပ်မိသွားမှာ စိုးလို့။ ဒါကြောင့် သူမကို ကာကွယ်ပေးဖို့ နေခဲ့ကြတာ။ ဘာပဲဖြစ်ဖြစ် ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်က ရောက်ဖူးပြီးသား။ ကျန်းရူရှန်းက နောက်ကျရင် လာဦးမှာပဲ။
ရှန့်ရှောင်ဝမ်က ဆင်ခြေပေးလိုက်သည်။
"မနေ့က စကားပြောတာ နောက်ကျသွားလို့ မထနိုင်ကြတာပါ"
ထန်ကျန့်ရွေ့က ချန်လော့ပိုင်ကို ကြည့်လိုက်သည်။
"လော့ကော... မင်းကော ဘာလို့ မလာတာလဲ။ မနေ့က လမ်းပြလုပ်ပေးမယ်လို့ ပြောထားတယ်မလား။ မထနိုင်ဘူးလား"
ချန်လော့ပိုင်က ဘေးနားက ခေါင်းငုံ့ပြီး သူ့ကို မကြည့်တဲ့ မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ ရေနွေးတစ်ခွက် ငှဲ့ပြီး သူမရှေ့ တွန်းပေးလိုက်သည်။
"ဟုတ်တယ်... မထနိုင်ဘူး"
ကျုရန်က မနက်တုန်းက ရှန့်ရှောင်ဝမ် ဖုန်းဆက်တာ လက်ခံရရှိထားသူပါ။
ဒါပေမဲ့ ဝမ်းကွဲအစ်မမျက်နှာကို ထောက်ပြီး မဖွင့်ချတော့ပါဘူး။
ထန်ကျန့်ရွေ့ ဘာမှမသိရှာဘဲ စပ်စုလိုက်သည်။
"မင်း မနေ့ညက ငါတို့နဲ့ ဂိမ်းဆော့တာ ၁ နာရီတောင် မထိုးခင် ကိုယ့်အခန်းကိုယ် ပြန်သွားတယ်မလား။ ဘာလို့ ဒီနေ့ ၉ နာရီကျော်ထိ မထနိုင်ရတာလဲ"
ချန်လော့ပိုင်က စားပွဲအောက်ကနေ ဘေးနားက မိန်းကလေးလက်ကို ဆုပ်ကိုင်လိုက်သည်။ လေသံက ပျင်းရိနေသည်။
"ပြန်သွားပြီး အိမ်စာလုပ်နေရလို့လေ"
ကျိုးအန်းရန် - "......"
သူ ဘာအိမ်စာ လုပ်လို့လဲ!
"နောက်တစ်ခါလာရင် လမ်းပြလုပ်ပေးမယ်" ချန်လော့ပိုင် သူမလက်ချောင်းထိပ်လေးတွေကို ကစားလိုက်သည်။ "ဒီတစ်ခါလည်း ငါပဲ ရှင်းမယ်"
....
ထမင်းစားပြီးတော့ စကားနည်းနည်း ထပ်ပြောပြီးမှ အခန်းထဲက ထွက်လာကြသည်။
တုန်းချန်က ဟယ်မင်ယွီအခန်းမှာ ပစ္စည်းကျန်ခဲ့လို့ သွားယူဖို့ ပြန်လိုက်သွားသည်။
ကျိုးအန်းရန်နဲ့ ချန်လော့ပိုင်က တခြားလူတွေကို မြေအောက်ရထားဘူတာရုံ လိုက်ပို့ပေးကြသည်။
ဘူတာရုံပေါက်ဝရောက်တော့ ကျိုးအန်းရန်က စောစောက ထမင်းမစားခင် သွားဝယ်ထားတဲ့ မုန့်တွေကို ကျန်းရူရှန်းလက်ထဲ ထည့်ပေးလိုက်သည်။ လေတိုက်လို့ ရှုပ်ပွနေတဲ့ အင်္ကျီကော်လာကို ပြင်ပေးလိုက်သည်။
ကျန်းရူရှန်း မပြန်ချင်သေးပေ။ သူမကို ဖက်လိုက်သည်။
"ရန်ရန်... နင်တို့မိသားစု စောစောစီးစီး ပြန်ပြောင်းလာပါတော့ဟာ။ မဟုတ်ရင် အခု နင့်ကို တွေ့ရတာ ခက်လိုက်တာ"
ကျိုးအန်းရန် တိုးတိုးလေး "အင်း" ဟု ဖြေလိုက်သည်။
"ငါတို့မိသားစု ဒီနှစ် နန်ချန်ပြန်ပြီး နှစ်သစ်ကူးလောက်တယ်။ မပြန်ရင်တောင် ငါ ရှင်းရှင်းအိမ်မှာ ရက်နည်းနည်း လာနေပါ့မယ်"
"ဒါဆို တော်သေးတာပေါ့" ကျန်းရူရှန်း သူမကို စက္ကန့်အနည်းငယ်ကြာအောင် ဖက်ထားပြီးမှ လွှတ်ပေးလိုက်သည်။ "ဒါဆို ငါ သွားတော့မယ်နော်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"လမ်းမှာ ဂရုစိုက်နော်၊ ရောက်ရင် စာပို့လိုက်"
ထန်ကျန့်ရွေ့က ဘေးမှာ ရပ်နေတာ။ ရယ်မောပြီး ပြောလိုက်သည်။
"မရီး... စိတ်ချပါ၊ ကျွန်တော်နဲ့ ရှူးကျဲ့ သူ့ကို ကျောင်းဝအထိ လိုက်ပို့ပေးပါ့မယ်"
ကျိုးအန်းရန် "မရီး" ဆိုတဲ့ အခေါ်အဝေါ်ကို ကြားတော့ နည်းနည်း နေရခက်နေတုန်းပဲ။ နားရွက်လေး ပူသွားသည်။ ထန်ကျန့်ရွေ့တို့ကို ပြုံးပြလိုက်သည်။
"ဒါဆို ကျေးဇူးပဲနော်"
ယောကျ်ားလေးတွေ နှုတ်ဆက်တာကတော့ အဲဒီလောက် မရှုပ်ထွေးပါဘူး။
ဟွမ်ရှူးကျဲ့နဲ့ ထန်ကျန့်ရွေ့တို့က ချန်လော့ပိုင်ကို လက်ပြလိုက်ရုံပါပဲ။
"လော့ကော... ငါတို့ သွားပြီ၊ ကျောင်းပိတ်ရက် တွေ့မယ်"
ချန်လော့ပိုင်က လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည်။ ကျန်လက်တစ်ဖက်ကို ဘေးနားက မိန်းကလေးပခုံးပေါ် တင်လိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ကျောင်းပိတ်ရက် တွေ့မယ်"
ကျိုးအန်းရန် ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်တို့ကို နှုတ်ဆက်လိုက်သည်။ ပြီးတော့ သူတို့ လှေကားဆင်းသွားတာကို ကြည့်နေလိုက်သည်။
အရိပ်တွေ မြင်ကွင်းထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ချန်လော့ပိုင်က သူမ မလှုပ်မယှက်ငြိမ်နေတာ၊ စကားမပြောတာကို မြင်တော့ ခါးကိုဖက်ပြီး ရင်ခွင်ထဲ အတင်းဆွဲသွင်းလိုက်သည်။ ငုံ့ကြည့်ပြီး မေးလိုက်သည်။
"ဝမ်းနည်းနေတာလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
သူမက လူစည်ကားတာ သိပ်မကြိုက်ပေမယ့် သူငယ်ချင်းတွေကို ပြန်ပို့ရတာ ဝမ်းနည်းပြီး ဟာတာတာ ဖြစ်နေတယ်။
ကျိုးအန်းရန် ကောင်လေးရဲ့ သွယ်လျတဲ့ ခါးကို ပြန်ဖက်လိုက်သည်။
"ငါ မူလတန်းကတည်းက ရှင်းရှင်းနဲ့ နေ့တိုင်း ကျောင်းတက်ခဲ့တာ။ နောက်ပိုင်း အထက်တန်းပထမနှစ်ကျတော့ ငါတို့နှစ်ယောက် ရှောင်ဝမ်၊ ရူရှန်းတို့နဲ့ နေ့တိုင်း ထမင်းအတူစားခဲ့တာ"
အဲဒီတုန်းက အထက်တန်းကျောင်းသားဘဝ အမြန်ကုန်ဆုံးသွားဖို့၊ အမြန် အရွယ်ရောက်ဖို့ မျှော်လင့်ခဲ့တာ။
ဒါပေမဲ့ အခု တကယ် အရွယ်ရောက်လာတော့ သူငယ်ချင်းတွေက ဘေးနားမှာ အမြဲ ရှိမနေနိုင်တော့ဘူး။
ချန်လော့ပိုင် ရုတ်တရက် ပြောလိုက်သည်။
"ပြောထားတယ်မလား"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"ဘာလဲ"
ချန်လော့ပိုင်က လေတိုက်လို့ ရှုပ်ပွနေတဲ့ သူမဆံပင်တွေကို နားနောက် သပ်တင်ပေးလိုက်သည်။ အသံက နိမ့်နေသည်။
"ငါ နင့်အနားမှာ အမြဲ ရှိနေပေးမယ်လို့လေ"
"သူတို့ကလည်း နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ထာဝရရှိနေမှာပါ"
.....
ရက်အနည်းငယ်အကြာမှာ နှစ်သစ်ကူး ရောက်လာသည်။
ယွီပင်းချင်တီးဝိုင်းက နှစ်သစ်ကူးပွဲတော်မှာ ဖျော်ဖြေဖို့ရှိသည်။
စာမေးပွဲ နီးလာလို့ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် အလုပ်ရှုပ်နေကြပေမယ့် ဒီညတော့ အချိန်ပေးပြီး လာကြည့်ကြသည်။ ကျိုးအန်းရန်က ပန်းစည်းဝယ်လာပြီး ယွီပင်းချင် စင်ပေါ်မတက်ခင် စင်နောက်မှာ ကြိုသွားပေးလိုက်သည်။
ယွီပင်းချင်တီးဝိုင်း စင်ပေါ်တက် ဖျော်ဖြေတော့ လက်ခုပ်သံတွေ ဆူညံသွားပြီး အငွေ့အသက်တွေ တက်ကြွလာသည်။
ကျိုးအန်းရန်ဘေးနားက လူတစ်ယောက်ကတော့ သဝန်တိုနေသည်။
သူတို့ အကြာကြီး မနေပါဘူး။ ယွီပင်းချင်တီးဝိုင်း အစီအစဉ်ပြီးတာနဲ့ ကြိုပြန်လာခဲ့ကြသည်။ ဇန်နဝါရီလ ရောက်နေပြီဖြစ်တဲ့ ပေကျင်းက အတော်လေး အေးနေပြီ။
ခန်းမကြီးထဲက ထွက်လာတော့ ကျိုးအန်းရန်လက်ကို လက်ကြီးတစ်ဖက်က ဆွဲယူပြီး သူ့ရဲ့ နူးညံ့နွေးထွေးတဲ့ လေဖောင်းအင်္ကျီအိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။
ချန်လော့ပိုင် အေးစက်စက် ပြောလိုက်တာ ကြားလိုက်ရသည်။
"နင်က ငါ့ထက် ငါ့အစ်မကို ပိုသဘောကျနေသလိုပဲ"
ကျိုးအန်းရန် - "......"
"ဘယ်ဟုတ်ပါ့မလဲ"
ချန်လော့ပိုင်က အိတ်ကပ်ထဲက သူမလက်ချောင်းထိပ်လေးတွေကို ကစားနေသည်။
"ငါ ဗိုလ်လုပွဲတုန်းက နင် ငါ့ကို ပန်းလာပေးတာ မတွေ့မိပါဘူး"
ကျိုးအန်းရန် အဲဒီနေ့တုန်းက သူ့ကို ပန်းပေးဖို့ တကယ် သတိမရခဲ့ဘူး။
တစ်ချက်က သူက ယောကျ်ားလေးလေ။ နှစ်ချက်က ဘောလုံးပွဲကြည့်ရင် လူတွေက ရေပဲ ပေးကြတာ များတယ်လေ။
ဒါပေမဲ့ အဲဒီတုန်းက သတိရရင်တောင်မှ လူအများကြီးရှေ့မှာ ပန်းပေးဖို့ ရှက်နေဦးမှာ။
"ဒါဆို ငါ ခဏနေပေးမယ်လေ"
ချန်လော့ပိုင် ခြေလှမ်း ရပ်သွားသည်။
သူမက သူ ဘာပြောပြော လက်ခံနေမယ်လို့ တကယ် ခံစားလိုက်ရသည်။
"စတာပါ... ငါ့ကို ပန်းပေးရတယ်လို့ ဘယ်ရှိမလဲ။ ပေးရင်လည်း ငါက နင့်ကို ပေးရမှာပေါ့"
ကျိုးအန်းရန် စဉ်းစားလိုက်သည်။
"ဒါဆို ပန်းအစစ် မပေးတော့ဘူး၊ ပန်းတစ်ပွင့် လုပ်ပေးမယ်"
"လုပ်ပေးမယ်?" ချန်လော့ပိုင် မေးလိုက်သည်။ "ဘယ်လိုလုပ်မှာလဲ"
ကျိုးအန်းရန် - "ပြန်ရောက်မှ ပြောပြမယ်"
ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။
"ငါတို့ ရန်ရန်က ထိမ်ချန်တတ်နေပြီပဲ"
ကျိုးအန်းရန်က ယွီပင်းချင် ဖျော်ဖြေတာ ကြည့်ပြီးကာစ၊ အခု သူက "ထိမ်ချန်" ဆိုတဲ့ စကားလုံး ပြောလိုက်တော့ ကိစ္စတစ်ခု သတိရသွားသည်။
"ဒါနဲ့... နင် အရင်တုန်းက Twinkle Twinkle Little Star တီးပြတုန်းက ဒီတစ်ပုဒ်တည်း သင်ချင်တာ မဟုတ်ဘူးလို့ ပြောဖူးတယ်မလား။ တကယ်တော့ ဘာသီချင်းလဲ။ အခု ပြောပြလို့ ရပြီလား"
ချန်လော့ပိုင် သူမလက်ဆွဲပြီး ရှေ့ဆက်လျှောက်သွားသည်။
"ငါ ပြောတာက ဒီတစ်ပိုဒ်တည်း သင်ချင်တာ မဟုတ်ဘူးလို့ ပြောတာ"
ကျိုးအန်းရန်က အဲဒီနေ့တုန်းက သူ စကားမှားသွားတယ် ထင်နေတာ။
မဟုတ်ဘူးလား။
"ဒီတစ်ပိုဒ်တည်း သင်ချင်တာ မဟုတ်ဘူးဆိုတာ ဘာသဘောလဲ"
ချန်လော့ပိုင် - "အစက 'Contentment' (Mayday သီချင်း) သင်ချင်တာ။ ကလပ်အသင်းတွေ့ဆုံပွဲ ငါတို့ တက္ကသိုလ်မှာ ပထမဆုံးတွေ့တဲ့နေ့တုန်းက နင် ငါ့ကို တစ်ချက်လေးတောင် မကြည့်ဘဲ သီချင်းကိုပဲ အာရုံစိုက် နားထောင်နေတာလေ။ ဒီသီချင်း ကြိုက်ပုံရတယ် ထင်လို့။ ဒါပေမဲ့ အဲဒီတုန်းက အရမ်းအလုပ်ရှုပ်နေတာရယ်၊ သီချင်းစာသားက သိပ်မကောင်းတာရယ်ကြောင့်၊ ပြီးတော့ အဲဒီသီချင်းကြားထဲမှာ Twinkle Twinkle Little Star ထည့်ထားတာနဲ့ အစ်မဆီမှာ ဒီတစ်ပိုဒ်ပဲ သီးသန့် သင်လိုက်တာ"
သူမကို တီးပြဖို့ "Contentment" သင်ချင်ခဲ့တာလား။
ကျိုးအန်းရန် ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားချက်တွေ ရောထွေးလာပြန်သည်။
အတန်းထဲမှာ "Contentment" သီချင်း နားထောင်ရင်း သူ့ကို ခိုးကြည့်နေတုန်းက တစ်နေ့ကျရင် သူက ဒီသီချင်းကို သင်ပြီး သူမကို တီးပြချင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။
ကျိုးအန်းရန် သူ့လက်ထဲက လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။
"သီချင်းစာသားက ကောင်းပါတယ်"
"ရေးတာ မကောင်းဘူးလို့ ပြောတာ မဟုတ်ဘူး၊ အဓိပ္ပာယ် မကောင်းဘူးလို့ ပြောတာ" ချန်လော့ပိုင် သူမလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ လှုပ်ရမ်းခွင့် မပေးတော့ဘူး။ "ကောင်မလေးကို လိုက်ရင် ဝမ်းနည်းစရာ သီချင်းမျိုး သုံးရတယ်လို့ ဘယ်ရှိမလဲ။ နိမိတ်မရှိလိုက်တာ"
ကျိုးအန်းရန် ပြုံးလိုက်မိသည်။
ခဏနေတော့ တိုးတိုးလေး ထပ်ပြောလိုက်သည်။
"ငါ အဲဒီနေ့က နင့်ကို မကြည့်ချင်လို့ မဟုတ်ပါဘူး။ နင် ငါ့ကို မမှတ်မိတော့မှာ၊ ဒါမှမဟုတ် မှတ်မိရင်တောင် အရင်တုန်းက တခြားမိန်းကလေးတွေ နင့်ကို ကြိုက်မှန်းသိရင် လုပ်သလိုမျိုး ငါနဲ့ အကွာအဝေး ထိန်းလိုက်မှာ ကြောက်လို့ပါ"
ချန်လော့ပိုင် ရုတ်တရက် ရပ်လိုက်သည်။ သူမကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီး အားနေတဲ့လက်ကို မြှောက်ကာ သူမပါးကို ဆွဲလိုက်သည်။
"တုံးလိုက်တာ"
"ငါက နင်နဲ့ အကွာအဝေး ထိန်းရက်ပါ့မလား"
ကျိုးအန်းရန် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ပြီးသွားပါပြီ"
"အင်း" ချန်လော့ပိုင် လက်ပြန်ရုတ်လိုက်ပြီး သူမလက်ဆွဲကာ ရှေ့ဆက်လျှောက်သွားသည်။ "ဘာပဲဖြစ်ဖြစ် နောက်ဆို ချန်လော့ပိုင်က နင့်အပိုင် ဖြစ်သွားပြီပဲ"
ကျိုးအန်းရန် လည်စည်းနဲ့ မျက်နှာကို တစ်ဝက်လောက် ကာထားပြီး အတွင်းထဲမှာ နှုတ်ခမ်းလေး ကွေးတက်သွားသည်။
....
ကျောင်းဝ ရောက်ခါနီးတော့ မျက်နှာချင်းဆိုင်က အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး မျက်မှန်တပ်ထားတဲ့ ကောင်လေးတစ်ယောက် လျှောက်လာတာ တွေ့လိုက်ရသည်။ သူတို့ကို မြင်တော့ ခြေလှမ်းရပ်လိုက်သည်။
"ညီမလေးကျိုး"
ကျိုးအန်းရန် တစ်ဖက်လူကို ကြည့်လိုက်သည်။ နည်းနည်း ရင်းနှီးနေသည်။ ရှဲ့ကျစ်ဟန်ရဲ့ အခန်းဖော် ၃ ယောက်ထဲက တစ်ယောက် ဖြစ်လောက်တယ်။ သူမ ပြုံးပြီး နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်ကို(ရွှယ်ကျန့်)"
"ညီမလေးကျိုးက ရည်းစားနဲ့ အပြင်ထွက်ပြီး ပွဲတော်ဆင်နွှဲမလို့လား" အဲဒီစီနီယာအစ်ကိုက ပြုံးပြီး မေးလိုက်သည်။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... နှစ်သစ်ကူး ပျော်ရွှင်ပါစေလို့ ကြိုပြောလိုက်ပါတယ် ရွှယ်ကျန့်"
"နှစ်သစ်ကူး ပျော်ရွှင်ပါစေ" အဲဒီအစ်ကိုကြီးက ပြန်ပြောလိုက်သည်။
နှစ်ယောက်သား သိပ်မရင်းနှီးလို့ ဒီလောက်ပဲ နှုတ်ဆက်ပြီး လမ်းခွဲလိုက်ကြသည်။
....
ကျိုးအန်းရန် ချန်လော့ပိုင်လက်ဆွဲပြီး ရှေ့ဆက်လျှောက်သွားသည်။
နှစ်လှမ်းလောက် လှမ်းပြီးတော့ ဘေးနားက ကောင်လေး အေးစက်စက် ပြောလာသည်။
"ရွှယ်ကျန့်?"
ကျိုးအန်းရန် - "?"
"အခေါ်အဝေါ်က ရင်းနှီးလှချည်လား"
ကျိုးအန်းရန် ရယ်ချင်သွားသည်။
"ဘယ်နေရာက ရင်းနှီးလို့လဲ"
"မျိုးရိုးနာမည်တောင် မထည့်ဘဲခေါ်တာ ရင်းနှီးတာ မဟုတ်ဘူးလား" ချန်လော့ပိုင် ထပ်ရပ်လိုက်ပြီး မျက်ဝန်းနက်နက်တွေနဲ့ ကြည့်လိုက်သည်။
ကျိုးအန်းရန် နည်းနည်း နေရခက်သွားသည်။
"မဟုတ်ပါဘူး၊ ငါ သူ့မျိုးရိုးနာမည် မေ့သွားလို့ပါ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ လက်ဆွဲပြီး ရှေ့ဆက်လျှောက်သွားသည်။
"ကောင်းပြီလေ... ခွင့်လွှတ်ပေးလိုက်မယ်"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းလေး ခပ်ဖွဖွ ကွေးတက်သွားသည်။
"ဒါပေမဲ့..." ချန်လော့ပိုင် ရုတ်တရက် ရပ်လိုက်သည်။
ကျိုးအန်းရန်လည်း လိုက်ရပ်လိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ငါ့ကို တခြားနာမည်နဲ့ ခေါ်တာ မကြားဖူးသလိုပဲ" ချန်လော့ပိုင် ခေါင်းငဲ့ကြည့်လိုက်သည်။ "ငါ့ကိုလည်း ရွှယ်ကျန့်လို့ တစ်ချက် ခေါ်ပေးပါလား"
ကျိုးအန်းရန် - "......?"
***