ဟေ့ကောင် ဖေးအာ
Vol. 10 Ch. 930
သုံးရက်ဆိုသောအချိန်မှာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွား၏။ လျှပ်စီးတိမ်တိုက်သခင်နှင့် ပိုင်ရှောင်ချန်းအကြားရှိ အကွာအဝေးမှာလည်း ပို၍ ဝေးကွာလာသည်။ နောက်ဆုံးတွင် သူတို့သည် ကန္တာရဒေသ၏ နယ်စပ်အနားသို့ ရောက်သွားကြတော့သည်။
လျှပ်စီးတိမ်တိုက်သခင်မှာ စိတ်ဓာတ်များကျနေပြီး ရင်ထဲတွင် အဆက်မပြတ်ကျိန်ဆဲနေ၏။ ယခုဆိုလျှင် သူ၏ဆံပင်များမှာ လွန်စွာ ဖြူဆွတ်နေပြီး သူ၏အရေပြားမှာလည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၍ သက်တမ်း အနှစ်ခြောက်ဆယ်တိတိကို ပြီးခဲ့သည့်သုံးရက်အတွင်း ဆုံးရှုံးသွားခဲ့ရသည့်အလား ထင်မှတ်ရသည်။
ထိုကုန်ဆုံးသွားသည့် သက်တမ်းများကို တွေးမိလိုက်ရုံနှင့် လျှပ်စီးတိမ်တိုက်သခင်မှာ ပို၍ပင် ဒေါသများ ထွက်လာမိတော့သည်။
" သုံးရက်။ ဒီကောင် ငါ့နောက်ကိုလိုက်နေတာ သုံးရက်တိတိရှိပြီ။ "
လျှပ်စီးတိမ်တိုက်သခင်၏ ဆံပင်များမှာ ရှုပ်ပွနေပြီး သူ၏မျက်ဝန်းများမှာ လုံးဝနီမြန်းနေပြီဖြစ်သည်။ သူထွက်ပြေးနေရသည့် အချိန်ကြာမြင့်လာသည်နှင့်အမျှ သူ၏အခြေအနေမှာ ပို၍ဆိုးရွားလာ၏။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အားအင်ပြန်လည်ဖြည့်တင်းနိုင်သည့် အစွမ်းများကိုပိုင်ဆိုင်ထားသဖြင့် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ လိုက်ဖမ်းနေရပါသော်လည်း သူ့အတွက် အခက်အခဲရှိမနေပေ။
လျှပ်စီးတိမ်တိုက်သခင်မှာ ငိုချလိုက်ချင်ပါသော်လည်း အခြားရွေးချယ်စရာမရှိသဖြင့် ဆက်၍ထွက်ပြေးနေဆဲပင်။
ပိုင်ရှောင်ချန်းမှာ လျှပ်စီးတိမ်တိုက်သခင်အားလိုက်မီနိုင်မည်မဟုတ်ကြောင်း သိသော်လည်း သူ၏နှလုံးသားထဲသို့ အကြောက်တရားများထပ်၍ ရိုက်သွင်းလိုပြီး သူ၏ စွမ်းအင်များကို တတ်နိုင်သမျှ အများဆုံးဖြုန်းတီးသွားစေရန် မျှော်လင့်နေသည်။
" ချိန်ဟဲ့ထျန် လိုက်မလာတာ ဆိုးတာပဲ။ အခုဆိုရင် သူ့အပေါ် ခံစားချက်တွေ ပုံချဖို့ အကောင်းဆုံးအခြေအနေပဲ။ "
သူသည် သက်ပြင်းချလိုက်ပြီး အရှိန်လှစ်ခနဲတင်၍ ရှေ့သို့ပျံသန်းရန် ပြင်လိုက်စဥ် ရုတ်တရက်ဆိုသလို သူ၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏နတ်ဘုရားအာရုံထဲတွင် သူနှင့်ရင်းနှီးနေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
ရက်ပေါင်းများစွာတိုင်အောင် လျှပ်စီးတိမ်တိုက်သခင်နှင့် အရိုးစုအနည်းငယ်မှလွဲ၍ အခြားမည်သူကိုမှ သူ မမြင်တွေ့ခဲ့ရသဖြင့် ချက်ချင်းပင် ပျော်ရွှင်ဝမ်းမြောက်သွားတော့သည်။
သူအနီးသို့ ရောက်သွားသည်နှင့်အမျှ ထိုလူသည် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် ပျော်ရွှင်ဝမ်းမြောက်သွားပြီး သူတို့ရှိရာဘက်သို့သွားရန် ဦးတည်ချက်ကိုပင် လှည့်လိုက်တော့သည်။
မကြာမီ ကန္တာရ၏ နယ်စပ်တစ်လျှောက် ပျံသန်းလာသည့် လူငါးယောက်က သူ၏မြင်ကွင်းထဲသို့ ရောက်လာသည်။
ထိုငါးယောက်ထဲတွင် တုလင်ဖေး ပါဝင်နေသည်။
သူမ၏ အပေါင်းအပါလေးယောက်စလုံးမှာ အထူးအစောင့်များ၏ အဝတ်အစားများကို ဆင်မြန်းထားသည်။ ထိုအထဲမှ သုံးယောက်မှာ အကာအကွယ်ပေးနေသည့် ပုံစံဖြင့် ပျံသန်းနေကြပြီး ထိုနေရာဒေသရှိ အန္တရာယ်ဖြစ်စေနိုင်သော အရိပ်အယောင်များကို ရှာဖွေနေကြသည်။ စတုတ္ထမြောက်လူမှာမူ မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ သာမန်ဟုသာထင်ရသည့် လူငယ်တစ်ယောက်ဖြစ်နေပါသော်လည်း တုလင်ဖေး၏ အနားတွင်ကပ်၍ ပျံသန်းနေသည်။
ပိုင်ရှောင်ချန်းသည် တုလင်ဖေးအပေါ်ထားရှိသော သူ၏ခံစားချက်များကို သေသေချာချာနားမလည်သေးပါသော်လည်း အထီးကျန်ရက်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရပြီးနောက် သူနှင့်ခင်မင်ရင်းနှီးသော ကျင့်ကြံသူတစ်ယောက်နှင့် ဆုံလိုက်ရသည်ဖြစ်၍ အလွန်ပျော်ရွှင်နေတော့သည်။
သူက လှမ်း၍ နှုတ်ဆက်ရန် ပြင်လိုက်စဥ်မှာပင် တုလင်ဖေးတို့အဖွဲ့မှာ သူ့အား သတိထားမိသွားကြသည်။ တုလင်ဖေး၏ဘေးတွင် ရှိနေသည့် လူငယ်မှာမူ ခေတ္တမျှသာ လှမ်းကြည့်လိုက်ပြီးနောက် စိတ်မဝင်စားသည့် အမူအရာဖြင့် အကြည့်လွှဲလိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာတော့သည်။ အမှန်မှာ သူသည် လျှပ်စီးတိမ်တိုက်သခင်အား ခြောက်လှန့်နေရသည်ကို စိတ်ကုန်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ညာလက်ကိုမြှောက်ကာ စိတ်အားထက်သန်စွာနှင့် ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်တော့သည်။
ထိုအခါ တုလင်ဖေး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု လှစ်ခနဲ ပေါ်ထွက်လာတော့သည်။ ထို့နောက် သူမသည် တစ်စုံတစ်ရာအား အမှတ်ရသွားဟန်ဖြင့် သူမ၏ ဘေးတွင်ရှိနေသော လူငယ်အား ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။
ထိုအချင်းအရာကို ပိုင်ရှောင်ချန်း သတိထားမိလိုက်ပြီး ထိုလူငယ်အား တအံ့တသြ လှမ်းကြည့်လိုက်၏။ ထိုလူငယ်အား သေသေချာချာ ကြည့်ရှုအကဲခတ်လိုက်သောအခါ သူ၏မျက်ဝန်းထဲတွင် မြင်နေရသည့်အရာများကို သဘောမကျ ဖြစ်သွားတော့သည်။
ထိုလူငယ်မှာ ရုပ်ရည်အလွန်ချောမောပြီး ကြယ်စင်များအလား တောက်ပနေသည့် ဓားသွားအလား ဖြောင့်တန်းနေသော မျက်ခုံးများကို ပိုင်ဆိုင်ထားသည်။ သူ၏ စွမ်းအင်အငွေ့အသက်အရဆိုလျှင် သူက ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင် ရှိနေသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ တုလင်ဖေးနှင့် အလွန်တရာ ရင်းနှီးနေဟန်တူသည်။
တုလင်ဖေး၏ ပထမဆုံးအမူအရာမှာ ထိုလူငယ်လေးအား လှမ်းကြည့်လိုက်ခြင်းဖြစ်နေသည့်အချက်ကြောင့် ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ရိုးတိုးရွတဖြစ်နေသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာသဖြင့် အေးစက်စက် နှာမှုတ်လိုက်ပြီး ထိုခံစားချက်အား မျိုသိပ်လိုက်သည်။ ထိုလူငယ်လေးမှာ ယင်ယန်ဝိညာဥ်အဆင့်မှာသာ ရှိနေသေးသည်ဖြစ်ပြီး သူက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်လော။ ထို့အပြင် ထိုလူငယ်လေးမှာ ရုပ်ရည်ချောမောပါသော်လည်း သူ့အား မယှဥ်နိုင်သည့်အချက်မှာ အသေအချာပင်။
သူသည် ရုတ်တရက် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသွားပြီး တုလင်ဖေး၏ အဖွဲ့ဆီသို့ပျံသန်းသွားလိုက်သည်။
" ဟေး တုတုလေး "
သူက အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။
“ ဒီကန္တာရကြီးက အရမ်းအန္တရာယ်များတယ်။ မင်းဖြတ်ချင်တယ်ဆိုရင် သတိကြီးကြီးထားမှရမယ်။ ပြီးတော့ ဒီတစ်ဝိုက်က နေရာအနှံ့ကို ငါရောက်ခဲ့ပြီးပြီ။ ဘာထွက်ပေါက်မှ ရှာမတွေ့ခဲ့ဘူး "
တုလင်ဖေးနှင့် အတူပါလာသည့် အထူးအစောင့်သုံးယောက်မှာ သူ ရောက်လာသည်ကိုမြင်လိုက်ရသောအခါ သူ့ဘက်သို့ တရိုတသေ လက်များယှက်လိုက်ကြသည်။ ကောင်းကင်တံတားကျွန်း၏ အထူးအစောင့်များဖြစ်နေသည့်တိုင်အောင် သူတို့သည် နတ်အဆင့်ကျင့်ကြံသူများအား ရိုသေလေးစားရမည် မဟုတ်ပါလော။
သို့သော် တုလင်ဖေးနှင့် အလွန်ရင်းနှီးဟန်ရှိသည့် လူငယ်မှာ အမူအရာပြောင်းလဲမသွားပေ။ သူသည်ဂါဝရပြုရန် လက်ယှက်ဖို့ပင်မဆိုထားနှင့် ပိုင်ရှောင်ချန်းဘက်သို့ လှည့်ပင်မကြည့်ပေ။
ပိုင်ရှောင်ချန်းမှာ ထိုလူငယ်အား အစကတည်းက သဘောမကျနေသည်ဖြစ်၍ ယခုထိုလူငယ်၏ အပြုအမူကြောင့် ပို၍ပင် မကျေမနပ်ဖြစ်သွားတော့သည်။
သို့သော် နားလည်မှုများလွဲသွားမည် စိုးသဖြင့် သတင်းအနည်းငယ်နှိုက်ရန် ဆုံးဖြတ်လိုက်သည်။
“ သူက ဘယ်သူတုံး တုတုလေး။ မင်းရဲ့မောင်လေးလား။ သူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ "
တုလင်ဖေးမှာ အနည်းငယ်မျှ တွေဝေသွားသည်။ သူမသည် ထိုလူငယ်လေးအား တစ်ချက်လှမ်းကြည့်မိလိုက်ပြီးနောက် ပိုင်ရှောင်ချန်းအား ပြန်ကြည့်လိုက်ပြီး ခေါင်းယမ်းကာ ဆိုလိုက်သည်။
" နင့်လမ်းနင်သွားပါ ပိုင်ရှောင်ချန်း။ ဒီနတ်မီးလျှံစမ်းသပ်ပွဲရဲ့ ထွက်ပေါက်က ဘယ်နားမှာရှိနေမလဲဆိုတာ အတိအကျသိနိုင်မှာမှ မဟုတ်ပဲ။ နင်အဲဒီထွက်ပေါက်ကို ရှာတွေ့ပြီး ဆုလာဒ်တွေအားလုံး ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် "
တုလင်ဖေး၏ ထူးဆန်းသော လေသံအသုံးအနှုန်းကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ်အံ့သြသွား၏။ သူမေးခွန်းများထပ်မေးရန် ပြင်လိုက်စဥ်မှာပင် ထိုလူငယ်ကလေးက ဆိုလိုက်တော့သည်။
" သွားကြမယ် "
သူသည် ထိုသို့ဆိုကာ ရှေ့သို့ပျံသန်းသွားတော့သည်။ တုလင်ဖေးမှာ တစ်ခဏမျှ တွေဝေသွားပြီးနောက် သူ၏နောက်သို့ လိုက်သွားတော့သည်။ သူမသည် လက်ကိုပင်ဆန့်ထုတ်ရန် ထိုလူငယ်လေး၏ လက်မောင်းကို တို့ထိလိုက်ပြီး သူ့အား အနည်းငယ်ခန့် ရှင်းပြလိုက်သည်။ အခြားအထူးအစောင့်သုံးယောက်မှာလည်း အကာအကွယ်ပေးသည့် နေရာများသို့ အသီးသီးခွဲထွက်သွားကြပြီး ခရီးဆက်လိုက်ကြတော့သည်။
စောစောက ပိုင်ရှောင်ချန်းခံစားနေရသည့် ဒေါသမီးများမှာ မငြိမ်းသေးသည့်အပြင် ယခုတွင်လည်း တုလင်ဖေးသည် သူ၏ရှေ့တည့်တည့်တွင် ထိုလူငယ်လေးနှင့် အလွန်ရင်းနှီးပြနေပေသည်။
" ငါ့မျက်စိရှေ့တည့်တည့်မှာ ဒီလိုတွေဖြစ်နေတာ ယုံတောင်မယုံနိုင်ဘူး။ "
သူသည် စိတ်ထဲတွင် တွေးနေတော့သည်။ ထိုအချိန်တွင် သူသည် သူ့ကိုယ်သူ ချုပ်တည်းထားရန် ကြိုးစားမနေတော့ပေ။ ယခင်ကထက်ပင် များစွာပို၍ ကျွဲမြီးတိုနေလျက် ခေါင်းမော့ကာခေတ္တမျှ တွေးတောလိုက်တော့သည်။ ထို့နောက် သူ၏အမူအရာ ဝင်းခနဲလက်သွားပြီး ထိုလူငါးယောက်အဖွဲ့နောက်သို့ ပြေးလိုက်သွားတော့သည်။
ထို့နောက် ထိုလူငယ်လေးအား လက်ညှိုးထိုး၍ တအံ့တသြ ဆိုလိုက်၏။
" အဲ... ငါမှတ်မိပြီ။ မင်းက ရှင်းကုံကျစ်တာအိုဂိုဏ်းက ဖေးအာမလားကွ "
တုလင်ဖေး၏အမူအရာ လှစ်ခနဲ ပြောင်းလဲသွားပြီး ထိုလူငယ်လေးမှာလည်း မျက်မှောင်ကြုတ်၍ ပိုင်ရှောင်ချန်းအား အေးစက်စက်ကြည့်နေတော့သည်။
" ဒီကနေ ထွက်သွားစမ်း ရှောင်ချန်း "
တုလင်ဖေးက အော်ပြောလိုက်သည်။
" သူက နင်ထင်နေတဲ့ ဖေးအာ မဟုတ်ဘူး "
" ဟင် နေပါဦး။ ငါတကယ်ပဲ လူမှားနေတာလား။ "
သူသည် ရှေ့သို့ အလောတကောသွားလိုက်ပြီး ထိုလူငယ်လေးအား ခေါင်းအစခြေအဆုံး သေသေချာချာ ကြည့်ရှုလိုက်တော့သည်။ ထို့နောက် သူသည် ခနဲ့တဲ့တဲ့ပြုံး၍ သူတို့အား ရှေ့သို့ဆက်သွားရန် ကိုယ်ဟန်အမူအရာ ပြလိုက်တော့သည်။
" တောင်းပန်ပါတယ်။ ကျုပ်တကယ်ပဲ လူမှားသွားတာနေမှာ "
ထိုအခါ ထိုလူငယ်လေးမှာ ယခင်ကအတိုင်း အသက်မပါသည့် အမူအရာဖြင့် ဆိုလိုက်လေသည်။
“ အေးပါ။ မင်းတကယ်လူမှားသွားတယ်ဆိုရင်လည်း... "
သို့သော် သူ ဘာမှဆက်မပြောနိုင်ခင် ပိုင်ရှောင်ချန်းက ရှေ့သို့ဆတ်ခနဲ လှမ်းလိုက်ပြီး ထိုလူငယ်လေး၏ခေါင်းကို ပိတ်ရိုက်လိုက်တော့သည်။
ထိုဖြစ်ရပ်မှာ မြန်ဆန်လွန်းလှပြီး မည်သူမှ မထင်မှတ်ထားကြသည့်အတွက် တုလင်ဖေး၊ အထူးအစောင့်သုံးယောက်နှင့် ထိုလူငယ်လေးကိုယ်တိုင်ပင် တုံ့ပြန်ချိန်မရလိုက်ပေ။
ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများမှာ ကြိမ်ဖန်များစွာ လေ့ကျင့်ထားသည့်အလား ချောမွေ့မြန်ဆန်လွန်းလှပြီး ပညာသားပါလွန်းသည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် မရေမတွက်နိုင်လောက်အောင် ရိုက်နှက်ထားသည် မဟုတ်ပါလော။ ထို ဖြန်းခနဲမြည်သံကြီး ကျယ်လောင်စွာထွက်ပေါ်လာသောအခါ လူတိုင်းက သူ့အား တအံ့တသြလှမ်းကြည့်လိုက်ကြတော့သည်။
တုလင်ဖေးမှာ ပင့်သပ်ရှိုက်သွားပြီး စကားပြောရင်းတန်းလန်း ကြားဖြတ်ခေါင်းရိုက်ခံလိုက်ရသည့် လူငယ်လေးမှာ ပိုင်ရှောင်ချန်းအား တအံ့တသြငေးကြည့်နေတော့သည်။ ပိုင်ရှောင်ချန်းက ထိုသို့ပြုမူလိမ့်မည်ဖြစ်ကြောင်းကို သူလုံးဝ မတွေးထားမိပေ။ ထိုသို့ပြုမူရာတွင်လည်း ချောချောမွေ့မွေ့ လုပ်နိုင်လိမ့်မည်ဟု သူလုံးဝ ထင်မထားမိပေ။
ထိုလူငယ်လေးအတွက်မူ အခြေအနေများမှာ အလွန့်အလွန် ထူးခြားဆန်းပြားနေသည်။ သူ၏ တုံ့ပြန်နိုင်မှုနှုန်းမှာ သာမန်ထက်နှေးနေသဖြင့် လက်ဝါးမှာ သူ၏ခေါင်းကို ကွက်တိရိုက်နှက်မိသွားခဲ့သည်။
" ဟားဟားဟား။ မင်းက ဖေးအာမဟုတ်ဘူးဆိုပြီး ဆက်ညာနေဦးမှာလား။ မင်းကိုရိုက်ရတာကို ဘယ်အခြေအနေရောက်ရောက် ငါမှတ်မိပါတယ်ကွ။ ဖေးအာရာ ငါလေကွာ ရှောင်ချန်းလေ။ ငါတို့က မိတ်ဆွေအရင်းကြီးတွေလေကွာ မမှတ်မိဘူးလား "
ပိုင်ရှောင်ချန်းမှာ သူ၏မျက်နှာပေါ်ရှိ ပျော်ရွှင်ဝမ်းမြောက်နေသည့် အမူအရာအား ပျောက်ပျက်မသွားစေရန် ထိန်းထားပါသော်လည်း စိတ်ထဲတွင်မူ အလွန် အံ့အားသင့်သွားရသည်။ သူ၏လက်ဝါးမှာ သူတွက်ဆထားသည့်အတိုင်း ရိုက်မိသွားပါသော်လည်း သူ၏လက်က အလွန်နာကျင်သွားရလိမ့်မည်ဟု လုံးဝမတွေးထားမိပေ။
" ဒီကောင်က ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူမဟုတ်တာတော့ အသေအချာပဲ။ "
သူသည် စိတ်ထဲတွင် တွေးနေ၏။
“ သူ့ခေါင်းက ဘာနဲ့များလုပ်ထားတာတုံး "
ထိုအချိန်တွင် ထိုလူငယ်လေးမှာ တရှူးရှူး တရှဲရှဲဖြစ်လာပြီး ပိုင်ရှောင်ချန်းအား အေးစက်စက် စိုက်ကြည့်နေတော့သည်။ သူ ထိန်းချုပ်၍မရနိုင်သည့် တုန်လှုပ်ဖွယ်ဖိအားကြီးတစ်ခုမှာလည်း ထိုလူငယ်လေးထံမှ တလိပ်လိပ် ထွက်ပေါ်လာတော့သည်။
တုလင်ဖေး၏ မျက်နှာ သွေးဆုတ်ဖြူရော်သွား၏။ သူမသည် ထိုလူငယ်လေး၏ လက်မောင်းကိုဆုပ်ကိုင်၍ အဝေးသို့ ဆွဲခေါ်သွားရန်ပြင်လိုက်သည်။
" နင်ဘာလုပ်လိုက်တာတုံး ပိုင်ရှောင်ချန်း "
သူမသည် ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့သည်။
" နင်ဘာလို့ ဒီလောက်ရိုင်းနေရတာလဲ။ သူက ဖေးအာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်လေ။ နင်လူမှားနေတာ။ ဒီကနေထွက်သွားစမ်း "
သူမသည် သူ့အားအဓိပ္ပါယ်ပါပါ မျက်စပစ်ပြလိုက်ပြီး ထိုလူငယ်လေးအား အဝေးသို့ဆွဲခေါ်သွားတော့သည်။
တစ်ခုခု ထူးဆန်းနေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်ပြီး ၎င်း တစ်ခုခုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်သဘောပေါက်စ ပြုလာပြီဖြစ်သည်။
" အာ... ကြည့်ရတာ ကျုပ် တကယ် လူမှားသွားတယ်နဲ့ တူပါတယ်ဗျာ။ အီးယား၊ အဲဒါဆိုလည်း တောင်းပန်ပါတယ် "
သူသည် နောက်သို့လှည့်လိုက်ပြီး ထိုလူငယ်အား မျက်စောင်းထိုး၍ လှမ်းကြည့်လိုက်သောအခါ သူ့အား ရိုက်နှက်ခဲ့စဥ်က ပေါ်ထွက်လာခဲ့သည့် တဆစ်ဆစ်ကျင်နေသည့်ခံစားချက်ကြီးကို ပြန်တွေးမိလိုက်သဖြင့် သူ၏နှလုံးသားမှာ ရုတ်တရက် တုန်ရီသွားရတော့သည်။ ထိုလူငယ်လေး၏ ဦးခေါင်းမှာ သရဲကြီးဘုရင်၏ ဦးခေါင်းထက်ပင် ပို၍မာေကြာနေပေသည်။