← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

လီမွန်ဆိုဒါသကြားလုံး

အခန်း ၆၇ ။ အထက်တန်းကျောင်း IF Line

ချန်လော့ပိုင်က ကျုရန်ဆီ စာပြန်ပြီးတော့ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ဘယ်ဘက်ဖိနပ်ကြိုးပြေနေတာ တွေ့လိုက်ရသည်။

သူ ဒူးထောက်ထိုင်ချလိုက်ပြီး ဘောလုံးကို ဘေးချထားလိုက်သည်။

ဖိနပ်ကြိုးပြန်ချည်ပြီး ထမလို့ လုပ်တုန်း သွယ်လျလှပတဲ့ လက်တစ်ဖက် သူ့ရှေ့ ရောက်လာသည်။ လက်သည်းလေးတွေက သန့်ရှင်းသပ်ရပ်နေသည်။ ဂွမ်းတံနှစ်ချောင်း ကိုင်ထားသည်။

ခေါင်းပေါ်ကနေ အသံတစ်ခု ထွက်ပေါ်လာသည်။ စကားပြောသူက အအေးမိထားပုံရတယ်၊ အသံက အက်ကွဲနေပြီး နှာသံပါနေသည်။ လေသံကတော့ နူးညံ့ပြီး ကြောက်ရွံ့နေသလိုပဲ။

"ဂွမ်း... ဂွမ်းတံထဲမှာ အိုင်အိုဒင်းဆေးရည်ပါတယ်၊ ပိုးသတ်လို့ ရတယ်၊ ချိုးလိုက်ရင် သုံးလို့ရပြီ"

ချန်လော့ပိုင် ချက်ချင်း မယူသေးဘူး။ သူ မော့ကြည့်လိုက်ပြီး ဘယ်သူလဲဆိုတာ ကြည့်ချင်ပေမယ့် မျက်လုံးထဲမှာ အရင်ဆုံး ဝင်ရောက်လာတာက ဖြောင့်စင်းသွယ်လျတဲ့ ခြေထောက်တစ်စုံ။ အနက်ရောင် စကပ်တိုအောက်မှာ အသားအရေက မျက်စိကျိန်းမတတ် ဖြူဖွေးနေတယ်။ ပေါင်အတွင်းပိုင်းက အနက်ရောင် မှဲ့နက်ကလေးက ထင်ရှားနေတယ်။

မမျှော်လင့်ထားတဲ့ မြင်ကွင်း။

ချန်လော့ပိုင် ချက်ချင်း အကြည့်လွှဲလိုက်သည်။

အနောက်ကနေ အသံတစ်သံ ထွက်ပေါ်လာသည်။

"အားလော့" ကျုံးခိုင်အသံနဲ့ တူတယ်။

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ လက်ထဲမှာ နူးညံ့နွေးထွေးတဲ့ အထိအတွေ့တစ်ခု ရလိုက်ပြီး ပစ္စည်းတစ်ခု ရောက်လာသည်။

ချန်လော့ပိုင် ချက်ချင်း ပြန်လှည့်ကြည့်လိုက်သည်။ လက်ထဲက နူးညံ့နွေးထွေးတဲ့ အထိအတွေ့ ပျောက်ကွယ်သွားပြီး မော့ကြည့်လိုက်တော့ နူးညံ့တဲ့ ဘေးတိုက်မျက်နှာလေးကို တွေ့လိုက်ရသည်။

တစ်ခဏအတွင်းမှာ ဦးနှောက်ထက် ခန္ဓာကိုယ်ကအရင် လှုပ်ရှားလိုက်သည်။ ချန်လော့ပိုင်က ထွက်ပြေးမလို့လုပ်နေတဲ့ လူကို လှမ်းဆွဲလိုက်သည်။

မိန်းကလေးလက်ကောက်ဝတ်က ကျိုးပဲ့လွယ်မတတ် သေးသွယ်နေပြီး ပေါ့ပါးနေသည်။ သူ ဆွဲလိုက်တော့ သူ့ရင်ခွင်ထဲ ပြန်ရောက်လာပြီး ရင်ဘတ်နဲ့ နူးညံ့စွာ ထိကပ်သွားသည်။

ချန်လော့ပိုင် တောင့်တင်းသွားသည်။ ငုံ့ကြည့်လိုက်တော့ လှပပြီး ထိတ်လန့်နေတဲ့ မျက်ဝန်းတွေနဲ့ ဆုံတွေ့သွားသည်။

သူ သတိပြန်ဝင်လာပြီး လွှတ်ပေးလိုက်ကာ အနောက်ဆုတ်လိုက်သည်။ မိန်းကလေးလက်ကောက်ဝတ်မှာ အနီရောင် အရာထင်နေတာ တွေ့လိုက်ရသည်။ အသားအရေ ဖြူဝင်းလွန်းလို့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာတောင် ထင်ရှားနေသည်။

သူ ခုနက အဲဒီလောက် အားထည့်လိုက်မိတာလား။

ချန်လော့ပိုင် စကားပြောမလို့လုပ်တုန်း ကျုံးခိုင်က အနောက်ကနေ ထပ်ခေါ်လိုက်ပြန်သည်။

သူ လှည့်ကြည့်လိုက်တော့ ကျုံးခိုင်ဘေးမှာ ယင်းယီကျန်းပါ ပါလာတာ တွေ့လိုက်ရလို့ မျက်မှောင်ကြုတ်လိုက်သည်။

ယင်းယီကျန်းက သူ မျက်မှောင်ကြုတ်တာကို သတိမထားမိဘူး။ သူမက သူ့ရှေ့က မိန်းကလေးကို ကြည့်နေတာ။

ချန်လော့ပိုင်က အဲဒီမိန်းကလေးကို ဖက်လိုက်တာ သူမ တွေ့လိုက်ရတယ်လေ။

ယင်းယီကျန်းက ကောင်လေးတစ်ယောက်ကို ဒီလောက်ထိကြိုက်ဖူးတာ ပထမဆုံးအကြိမ်ပဲ။

ဆန့်ကျင်ဘက်လိင်က ဒီလောက် လျစ်လျူရှုတာ ခံရဖူးတာလည်း ပထမဆုံးအကြိမ်ပဲ။ ကျုံးခိုင်သာ မရှိရင် ချန်လော့ပိုင်က သူမနဲ့ စကားတောင် ပြောမှာမဟုတ်ဘူးလို့ သံသယဝင်မိတယ်။

သူမ မကျေနပ်ဘူး။ ဒါကြောင့် ဒီနေ့ သူ စိတ်မပျော်မရွှင် ဖြစ်နေတာသိလို့ ကျုံးခိုင်ကို အပူကပ်ပြီး အတူလိုက်လာခဲ့တာ။ သူ့ကို နှစ်သိမ့်ပေးချင်လို့။ စောစောက မြင်ကွင်းကို တွေ့လိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ရှေ့က မိန်းကလေးက မစိမ်းပါဘူး။

ဒါပေမဲ့ ယင်းယီကျန်းက သူမနဲ့ သိပ်မရင်းနှီးဘူး။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက လိုယိချီအနောက်မှာ ထိုင်တဲ့၊ အနေအေးတဲ့ ကောင်မလေးတစ်ယောက်ဆိုတာလောက်ပဲ မှတ်မိတယ်။ ချန်လော့ပိုင်နား ဘယ်တုန်းကမှ မကပ်ဖူးဘူး။

ဒါပေမဲ့ ချန်လော့ပိုင်က ခုနက သူမကို ဖက်လိုက်တာကတော့ ငြင်းမရတဲ့ အမှန်တရားပဲ။

"ချန်လော့ပိုင်" ယင်းယီကျန်း မျက်လုံးတွေ နီရဲလာသည်။ မျက်နှာချင်းဆိုင်က မိန်းကလေးကို လက်ညှိုးထိုးပြလိုက်သည်။ "နင် ငါ့ကို ငြင်းတာ သူ့ကြောင့်လား"

ချန်လော့ပိုင် မျက်မှောင်ကြုတ်ထားဆဲ။

သူက ဒီည ကျုံးခိုင်နဲ့ ကျုရန်ကိုပဲ ခေါ်ထားတာ။ ယင်းယီကျန်းက သူ့သူငယ်ချင်းကို အသုံးချပြီး လာနှောင့်ယှက်တာက စည်းကျော်နေပြီ။ ဒီနေ့ သူ စိတ်မကြည်တာနဲ့ အံကိုက်နေတော့ ဘယ်သူ့မျက်နှာမှ မထောက်တော့ဘူး။

ချန်လော့ပိုင် သူမကို ဂရုမစိုက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တည့်တိုး ပြောလိုက်သည်။

"ငါ နင့်ကို ငြင်းတာက ငါ နင့်ကို မကြိုက်လို့"

ယင်းယီကျန်း မျက်ရည်တွေ ဝဲလာသည်။ လူရှေ့သူရှေ့ အရှက်မကွဲချင်လို့ ထင်တယ်၊ လှည့်မကြည့်ဘဲ ထွက်ပြေးသွားသည်။

ကျုံးခိုင်က ချက်ချင်း လိုက်သွားသည်။ နှစ်လှမ်းလောက်လှမ်းပြီးမှ တစ်ခုခု သတိရသွားသလို ရပ်လိုက်ပြီး ချန်လော့ပိုင်ကို အားနာသလို ကြည့်လိုက်သည်။

"ဆောရီးကွာ အားလော့... သူက မိန်းကလေးဆိုတော့ ငါ စိတ်မချလို့"

ချန်လော့ပိုင် မေးငေါ့ပြလိုက်သည်။

"လိုက်သွားလိုက်ပါ"

ကျုံးခိုင် - "ကျေးဇူးပဲ... လောင်ကျု ခဏနေ ရောက်လာလောက်မယ်"

"ကျုံးခိုင်" ချန်လော့ပိုင် ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ကျုံးခိုင် ရပ်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် သူ့ကို အေးစက်စက် ကြည့်လိုက်သည်။

"နောက်တစ်ခါ ထပ်မဖြစ်စေချင်ဘူး"

ကျုံးခိုင် ကြောင်သွားသည်။ ဘာမှထပ်မပြောတော့ဘဲ ယင်းယီကျန်းနောက် လိုက်သွားတော့သည်။

ချန်လော့ပိုင် ပြန်လှည့်လာသည်။

ပိန်ပါးတဲ့ မိန်းကလေးက သူ့ရှေ့မှာ ခေါင်းငုံ့ရပ်နေသည်။ အရပ်က သူ့ပခုံးလောက်ပဲ ရှိမယ်။ ပခုံးကျော်ကျော် ဆံပင်မည်းမည်းလေးတွေက ညလေညင်းကြောင့် လွင့်ပျံနေသည်။ ဖြူဝင်းလှပတဲ့ မျက်နှာလေး ပေါ်လာသည်။ လိမ္မာပြီး တိတ်ဆိတ်နေတဲ့ ပုံစံလေးပါပဲ။

"နင် ကျောင်းမှာ ဘာလုပ်နေတာလဲ"

ကျိုးအန်းရန်က သူနဲ့ ကျုံးခိုင်၊ ယင်းယီကျန်းတို့ စကားပြောနေတုန်း တိတ်တဆိတ် ထွက်ပြေးမလို့ လုပ်နေတာ။ ဒါပေမဲ့ ရိုင်းရာကျမှာစိုးလို့ မပြေးဖြစ်ဘူး။

သူ သူမကို မကြိုက်ရင်တောင်မှ သူ့ဆီမှာ အထင်အမြင်သေးတာ မခံချင်ဘူး။

သူမ ခေါင်းမာမာနဲ့ ဆက်နေလိုက်ရသည်။ မထင်မှတ်ဘဲ သူ ယင်းယီကျန်းကို ပြတ်ပြတ်သားသား ငြင်းလိုက်တာ မြင်လိုက်ရသည်။

တကယ်တော့ မမြင်လည်း သိပါတယ်။

သူက သူ့ကို ကြိုက်တဲ့ မိန်းကလေးတွေနဲ့ဆို အမြဲတမ်း ရှင်းလင်းတဲ့ အကွာအဝေး ထိန်းတတ်တာပဲဟာ။

သူမ နောက်ထပ်တစ်ယောက် မဖြစ်ချင်ဘူး။ ဒါကြောင့် မော့မကြည့်ရဲဘူး။

"စာမေးပွဲစာရွက် မေ့ကျန်ခဲ့လို့၊ ပြန်လာယူတာ"

ချန်လော့ပိုင် - "ယူပြီးပြီလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ချန်လော့ပိုင်လက်ထဲမှာ ခုနက နူးညံ့နွေးထွေးတဲ့ အထိအတွေ့ ကျန်နေသေးသလိုပဲ။ သူ ငုံ့ကြည့်လိုက်တော့ သူမ သူ့လက်ထဲ ထည့်ပေးလိုက်တာက ဂွမ်းတံနှစ်ချောင်းနဲ့ ပလာစတာနှစ်ခု ဖြစ်နေတာ တွေ့လိုက်ရသည်။

"ဒါဆို နင် ခုနက ဘာလို့ ပြေးတာလဲ"

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သူ သူမကိုလည်း သံသယဝင်သွားပြီလား။

စောစောက မပြေးမိရင် ကောင်းသား။

သာမန်အတန်းဖော်အနေနဲ့ လမ်းကြုံလို့ သူ ဒဏ်ရာရနေတာ တွေ့ပြီး ဆေးပါလာလို့ ပေးလိုက်တာက ပုံမှန်ပါပဲ။

ဒါပေမဲ့ သူမရင်ထဲမှာ သူက သာမန်အတန်းဖော်မှ မဟုတ်တာ။

သူ့ကို ဆေးပေးလိုက်တာက သူမ သတ္တိတွေ အကုန်ညှစ်ထုတ်ပြီး လုပ်လိုက်ရတာ။ သူမ စောစောက သူ့တုံ့ပြန်မှုကို စောင့်ကြည့်ဖို့ သတ္တိမရှိခဲ့ဘူး။

ပြီးတော့ သူ့သူငယ်ချင်းနဲ့ ယင်းယီကျန်းပါ ရောက်လာသေးတယ်လေ။

"စောစောက အမှတ်မှားပြီး စာမေးပွဲစာရွက်တစ်ရွက် ကျန်သေးတယ် ထင်လို့ပါ" ကျိုးအန်းရန် လက်ဖဝါးတွေ ချွေးစို့လာသည်။ သူမ လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားမှုကို လျှော့ချဖို့ ကြိုးစားလိုက်သည်။ ပြီးမှ သူ့လက်ထဲက ပစ္စည်းကို ညွှန်ပြပြီး တည်ငြိမ်အောင် ကြိုးစားကာ ပြောလိုက်သည်။ "ဂွမ်းတံထဲမှာ အိုင်အိုဒင်းဆေးရည် ပါတယ်၊ ပိုးသတ်လို့ ရတယ်။ အဲဒီနေ့က ကျောင်းအမိုးပေါ်မှာ ကူညီပေးခဲ့လို့ ကျေးဇူးဆပ်တာပါ"

မိန်းကလေးက ဒီတစ်ခါတော့ စာမေးပွဲပြီးတဲ့နေ့ကလို လန့်မသွားတော့ပေမယ့် ခေါင်းငုံ့ထားတုန်းပဲ။ မျက်တောင်ကော့ကော့လေးတွေက လိပ်ပြာတောင်ပံလေးတွေလို တုန်ခါနေသည်။

"ကျိုးအန်းရန်" ချန်လော့ပိုင် မေးလိုက်သည်။ "ငါ့ရုပ်က ကြောက်စရာ ကောင်းနေလို့လား"

ကျိုးအန်းရန် လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ထားသည်။ တစ်ခဏအတွင်းမှာ ပေါ်သွားမှာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ရုတ်တရက် မော့ကြည့်လိုက်သည်။

သူ ခုနက သူမကို ဘာခေါ်လိုက်လဲ။

သူ သူမနာမည် မှတ်မိနေတယ်?

ချန်လော့ပိုင် သူမအကြည့်နဲ့ ထပ်ဆုံသွားသည်။

သူမ မျက်လုံးတွေက တကယ် လှတယ်။ ဝိုင်းစက်တဲ့ မျက်ဝန်းလေးတွေက ကြည်လင်သန့်ရှင်းနေတယ်။ ဒါကြောင့် အထဲက အံ့ဩတဲ့ ခံစားချက်တွေက ပိုသိသာနေတယ်။

ဒါပေမဲ့ ချန်လော့ပိုင်က စောစောက သူပြောလိုက်တဲ့ စကားမှာ ဘာအံ့ဩစရာပါလို့လဲဆိုတာ စဉ်းစားမရဘူး။

"ဒါမှမဟုတ် ငါ့အသံက ကြောက်စရာကောင်းနေလို့လား"

ကျိုးအန်းရန် သတိဝင်လာပြီး အမြန်ခေါင်းငုံ့ကာ ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး"

ချန်လော့ပိုင် - "ဒါဆို ငါနဲ့ စကားပြောရင် ဘာလို့ မော့မကြည့်ရဲတာလဲ"

ကျိုးအန်းရန် - "......"

ဘာလို့လဲဆိုတော့ မျက်လုံးက ပါးစပ်လောက် လိမ်မပြောတတ်လို့၊ သူမရဲ့ လျှို့ဝှက်ချက်တွေ ပေါ်သွားမှာစိုးလို့လေ။

"ဘာလို့လဲဆိုတော့..." သူမ လွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားသည်။ "...ငါ နင်နဲ့ မရင်းနှီးလို့ပါ"

ချန်လော့ပိုင် ရပ်တန့်သွားသည်။ သူမကြောင့် ရယ်ချင်သွားသလိုပဲ။

"ငါက နင့်ကို စားလိုက်မှာမို့လို့လား"

ကျိုးအန်းရန် လိပ်ပြာမလုံ ဖြစ်သွားသည်။ မျက်လုံးထောင့်ကနေ သူ့တံတောင်ဆစ်က ဒဏ်ရာကို မြင်လိုက်ရတော့ လိပ်ပြာမလုံတာကို မေ့သွားပြီး လက်ညှိုးထိုးပြကာ သတိပေးလိုက်သည်။

"နင့်လက်က ဒဏ်ရာကို ဆေးထည့်သင့်တယ်"

ချန်လော့ပိုင် သူမရဲ့ ဖြူဝင်းတဲ့ လက်ညှိုးညွှန်ပြရာကို ကြည့်လိုက်သည်။

တံတောင်ဆစ်က ညနေက ဘောလုံးကစားရင်း ရထားတာ။ အရေပြားပဲ ပွန်းသွားတာ။ ပုံမှန်ဆို ဒီလောက်ဒဏ်ရာမျိုးကို သူ ဂရုမစိုက်ပါဘူး။

"ကိစ္စမရှိပါဘူး"

ကျိုးအန်းရန်က သူ ဆန့်ကျင်ဘက်လိင် ပေးတဲ့ပစ္စည်းကို သုံးမှာမဟုတ်မှန်း သိပေမယ့်၊ သူ့ပါးစပ်ကနေ အတည်ပြုလိုက်ရတော့ နည်းနည်း စိတ်ပျက်သွားသည်။

"နွေရာသီမှာ ဒဏ်ရာမကုရင် ပိုးဝင်လွယ်တယ်။ နင် ငါ့ဂွမ်းတံကို မသုံးချင်ရင်လည်း ဆေးဆိုင်သွားပြီး ဆေးဝယ်လိမ်းလို့ ရပါတယ်"

မိန်းကလေး မျက်တောင်တွေက အောက်ကို ပိုနိမ့်ကျသွားပြီး မျက်လုံးကို ဖုံးလွှမ်းလုနီးပါးဖြစ်နေသည်။ နှုတ်ခမ်းထောင့်စွန်းလေးတွေ တင်းနေပြီး မပျော်မရွှင် ဖြစ်နေပုံရသည်။

ချန်လော့ပိုင် စိတ်ပြောင်းသွားသည်။

"ဘယ်လို သုံးရမှာလဲ"

"ဟင်" ကျိုးအန်းရန် ကြောင်သွားသည်။ မော့ကြည့်ချင်ပေမယ့် မကြည့်ရဲဘူး။ "ဂွမ်းတံလား... တစ်ဖက်ကို ချိုးလိုက်ရင် ရပြီ"

ချန်လော့ပိုင် ဂွမ်းတံတစ်ချောင်း ဖောက်လိုက်ပြီး တစ်ဖက်ကို ချိုးလိုက်သည်။ အထဲက ဆေးရည်တွေက ကျန်တစ်ဖက်ဆီ စီးဆင်းသွားသည်။ သူ ဂွမ်းတံကို ဒဏ်ရာပေါ် ဖိကပ်လိုက်ရာ သူမဆီက အာမေဋိတ်သံ တိုးတိုးလေး ကြားလိုက်ရသည်။

"နင် ဖြည်းဖြည်း လုပ်ပါ"

ချန်လော့ပိုင် လှုပ်ရှားမှု ရပ်တန့်သွားသည်။ မျက်ခွံ ပင့်ကြည့်လိုက်သည်။

ကျိုးအန်းရန်က သူ ကြမ်းကြမ်းတမ်းတမ်း လုပ်နေတာမြင်တော့ မစဉ်းစားမိဘဲ ပြောလိုက်မိတာ။ အခု မော့မကြည့်ရင်တောင် သူ့အကြည့်တွေ ခေါင်းပေါ် ကျရောက်နေတာ ခံစားမိနေတယ်။ အသက်ရှူကျပ်သွားသည်။

"ဟိုလေ..." ကျိုးအန်းရန် တည်ငြိမ်အောင် ကြိုးစားပြီး ဆင်ခြေပေးလိုက်သည်။ "ကြည့်ရတာ နာမယ့်ပုံ ပေါက်နေလို့ပါ"

ချန်လော့ပိုင်က သူမ သတ္တိနည်းမှန်း သိပေမယ့်၊ ဒီလောက်ထိ အနာမခံနိုင်မှန်း မသိခဲ့ဘူး။ ရယ်ချင်သွားသည်။

"ဒါဆို နင် လုပ်ပေးမလား"

ကျိုးအန်းရန် ကြောင်သွားသည်။

ဒီတစ်ခါတော့ မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

မိန်းကလေးက အံ့ဩနေပြန်ပြီ။ ကြောင်တောင်တောင်လေး ကြည့်နေသည်။ မျက်နှာပေါ်မှာ ကလေးအဆီလေးတွေကျန်နေသေးလို့ လိမ္မာပြီး နူးညံ့တဲ့ပုံ ပေါက်နေသည်။

စောစောက "ငါ နင်နဲ့ မရင်းနှီးလို့ပါ" ဆိုတဲ့ စကားကြောင့် စိတ်မကျေနပ်လို့လား၊ ဒါမှမဟုတ် သူမပုံစံက အနိုင်ကျင့်ချင်စရာ ကောင်းနေလို့လား မသိဘူး၊ ချန်လော့ပိုင် ဂွမ်းတံကို သူမရှေ့ ကမ်းပေးလိုက်သည်။

"ငါ့ကို ကျေးဇူးဆပ်မယ်လို့ ပြောထားတယ်မလား။ ဒီလောက်မြန်မြန် ကျေးဇူးကန်းတော့မလို့လား"

ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်ဆန်လာသည်။

သူ ဘာသဘောလဲ။

သူက မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်တယ် မဟုတ်ဘူးလား။ ဘာလို့ သူမကို ဆေးထည့်ခိုင်းတာလဲ။ သူမပြောတဲ့ သူမနဲ့ မရင်းနှီးဘူးဆိုတဲ့စကားကို ယုံလိုက်လို့လား။ ပြီးတော့ ဒီနေရာမှာ တတိယလူ မရှိလို့ အထင်လွဲစရာ မရှိဘူးလို့ တွေးလိုက်လို့လား။

ဒါပေမဲ့ သူ ဘာသဘောပဲဖြစ်ဖြစ် သူမ သူ့ကို မငြင်းဆန်နိုင်ဘူး။

ပြီးတော့ သူ ကိုယ့်ဘာသာ ဆေးထည့်တာက တကယ်ပဲ အားမနာတမ်း ထည့်နေတာလေ။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး ဂွမ်းတံကို လှမ်းယူလိုက်သည်။

ဒီတစ်ခါတော့ ချန်လော့ပိုင် ကြောင်သွားသည်။

သူက စချင်ရုံ သက်သက်ပါ။ သူမ တကယ် လိမ်လိမ်မာမာ ယူလိုက်လိမ့်မယ်လို့ မထင်ထားဘူး။

အဲဒီနေ့ ကျောင်းအမိုးပေါ်မှာ သူက သူမကို တစ်သျှူးတစ်ထုပ် ပေးရုံလေးပဲ ပေးခဲ့တာလေ။

"နင်က ဘာလို့ ဒီလောက် လိမ္မာနေရတာလဲ" ဆိုတဲ့ စကားလုံးက နှုတ်ခမ်းဖျား ရောက်လာပြီးမှ ဘာကြောင့်မှန်းမသိ ပြန်မျိုချလိုက်မိသည်။

မိန်းကလေးက ကိုယ်ကို ကိုင်းထားသည်။ သူ့ကို မထိမိအောင် ဂရုစိုက်နေသည်။ ဆေးထည့်ပေးတဲ့ လှုပ်ရှားမှုကလည်း ဖွဖွလေး။ ဒါပေမဲ့ အရမ်းဖွနေလို့ နာတာ မခံစားရဘဲ ယားနေသလို ဖြစ်နေသည်။

ပြီးတော့ သူမဆံပင်တွေက လေတိုက်လို့ သူ့လက်မောင်းကို ခဏခဏ လာထိနေသည်။ နွေးထွေးတဲ့ အသက်ရှူငွေ့တွေကလည်း လာရိုက်ခတ်နေသည်။

ချန်လော့ပိုင် လက်တစ်ဖက်လုံး တောင့်တင်းသွားသလို ခံစားရသည်။

ကျိုးအန်းရန် ဒဏ်ရာကို သန့်စင်ပေးလိုက်သည်။

တော်သေးတယ်... သေးသေးလေးပဲ။

ပြီးတော့ ကိုယ်မတ်လိုက်သည်။

ချန်လော့ပိုင် မသိမသာ သက်ပြင်းချလိုက်သည်။

"ပြီးပြီလား"

"မပြီးသေးဘူး" ကျိုးအန်းရန် အသံတိုးတိုးနဲ့ ပြောသည်။ မော့မကြည့်ရဲသေးဘူး။ "နင် ကျန်တဲ့တစ်ချောင်းပါ ပေးပါဦး"

ချန်လော့ပိုင် - "......"

ချန်လော့ပိုင် လက်ထဲက ကျန်တဲ့ ဂွမ်းတံတစ်ချောင်းကို ကမ်းပေးလိုက်သည်။

ကျိုးအန်းရန် နောက်တစ်ချောင်း ထပ်ဖောက်လိုက်သည်။ ခေါင်းငုံ့ပြီး သေချာ ဆေးထည့်ပေးပြန်သည်။

အကွာအဝေးက မလွဲမသွေ နီးကပ်လာပြန်သည်။ ကောင်လေးဆီက လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေ နှာခေါင်းထဲ ဝင်လာသည်။ သူမ နားရွက်တွေ ပူလာသည်။

"ပြီးပြီ" သူမ ကိုယ်ပြန်မတ်လိုက်သည်။ "နင် ပလာစတာ ကပ်လိုက်ရင် ရပြီ"

ချန်လော့ပိုင် တောင့်တင်းနေတဲ့ လက်ကို လှုပ်ရှားလိုက်သည်။ သူမ နားရွက်ဖျားလေးတွေ ဘယ်အချိန်ကတည်းက ရဲနေလဲ မသိဘူး၊ ရဲနေတာ တွေ့လိုက်ရတော့ လှုပ်ရှားမှု ရပ်တန့်သွားသည်။

ကျုရန် ပြောတာ မှန်တယ်၊ သူက ကျောင်းကမိန်းကလေးတွေ ထင်သလောက် သဘောမကောင်းပါဘူး။

ရှေ့ကလူက လိမ္မာလေလေ၊ သူက ပိုအနိုင်ကျင့်ချင်လေလေ ဖြစ်လာသည်။ ဘယ်လောက်ထိ လိမ္မာမလဲဆိုတာ စမ်းသပ်ချင်လာသည်။

ချန်လော့ပိုင် လက်ထဲက ပလာစတာနှစ်ခုကို သူမဆီ ကမ်းပေးလိုက်သည်။

"ကူညီရာရောက်အောင် အဆုံးထိ ကူညီပေးလိုက်ပါလား"

ကျိုးအန်းရန် - "......"

ပလာစတာကပါ သူမ ကူကပ်ပေးရမှာလား။

ဒါပေမဲ့ သူက လက်တစ်ဖက်တည်းနဲ့ ကပ်ဖို့ အဆင်မပြေလောက်ပါဘူး။

နွေညလေညင်း တိုက်ခတ်နေသည်။ စာသင်ဆောင်အောက်က သစ်ရွက်တွေ တရှပ်ရှပ် မြည်နေသည်။

မိန်းကလေးက ခေါင်းငုံ့ပြီး ပလာစတာကို လိမ်လိမ်မာမာ လှမ်းယူလိုက်တာ၊ ခွာလိုက်တာ၊ ပြီးတော့ သူ့လက်မောင်းပေါ် ဖွဖွလေး ကပ်ပေးလိုက်တာကို ချန်လော့ပိုင် တွေ့လိုက်ရသည်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၆၈ ။ အထက်တန်းကျောင်း IF Line

ကျိုးအန်းရန် ပလာစတာကပ်ပေးပြီး အနောက်ဆုတ်လိုက်သည်။ အခု သူ့ကို နှုတ်ဆက်ပြီး ထွက်သွားသင့်မှန်း သိပေမယ့် သူနဲ့ နှစ်ယောက်တည်း အတူနေရတဲ့ အခွင့်အရေးလေးကို နှမြောနေမိသည်။

ပြီးတော့ ဒီနေ့ သူ စိတ်မပျော်မရွှင် ဖြစ်နေတဲ့ ပုံစံက သူမစိတ်ထဲမှာ စွဲနေတုန်းပဲ။

စာမေးပွဲစာရွက်ကို သူမ အတန်းထဲ ဘာလို့ မေ့ကျန်ခဲ့လဲဆိုတာ သူမ မေ့မသွားသေးဘူး။

နှစ်စက္ကန့်လောက် တွန့်ဆုတ်နေပြီးမှ ကျိုးအန်းရန် ခေါင်းငုံ့ပြီး စကားပြောလိုက်သည်။

"ငါ နင့်ကို မေးခွန်းတစ်ခု မေးလို့ ရမလား"

ချန်လော့ပိုင် သူ့တံတောင်ဆစ်က ပလာစတာကပ်ထားတဲ့နေရာလေး ယားကျိကျိ ဖြစ်နေတာကို ခံစားနေရသည်။ သူမမေးတာ ကြားတော့မှ သတိပြန်ဝင်လာသည်။

"ဘာမေးမှာလဲ"

ကျိုးအန်းရန် - "ဒိုရေမွန်ရဲ့ ကမ္ဘာကြီးက ဘာလို့ မှောင်မဲနေတာလဲ"

ချန်လော့ပိုင် - "?"

"ဘာလို့လဲ"

ကျိုးအန်းရန် လက်သီးဆုပ်ပြီး သူ့ရှေ့ ထိုးပြလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒိုရေမွန်က လက်ဆန့်လိုက်ရင် လက်ချောင်းငါးချောင်းကို မတွေ့ရလို့လေ"

ချန်လော့ပိုင် - "......"

ကျိုးအန်းရန် တစ်စက္ကန့်လောက် စောင့်ကြည့်လိုက်သည်။ သူ ဘာမှပြန်မပြောတော့ ခေါင်းမော့ပြီး ခိုးကြည့်လိုက်သည်။ ကောင်လေးရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ ဘာပြောရမှန်းမသိ ဖြစ်နေတဲ့ အမူအရာလေး တွေ့လိုက်ရတော့ နောင်တရသွားသည်။

သူမ ပြောတဲ့ ဟာသက အေးစက်လွန်းလို့လား (မရယ်ရလို့လား)၊ ဒါမှမဟုတ် မရယ်ရဘူးလို့ ထင်လို့လား မသိဘူး။ စောစောက ယန်ရှင်းချန် ပြောပြတုန်းက ဟာသနည်းနည်းလောက် ထပ်မှတ်ထားခဲ့ရင် ကောင်းသား။

ကျိုးအန်းရန် ခေါင်းပြန်ငုံ့လိုက်သည်။ လူတစ်ယောက် ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း သူ့အသံ ထွက်လာသည်။

"ငါ စိတ်မပျော်တာ နင် သိတယ်လား"

ကျိုးအန်းရန် ရင်ခုန်သံ ဖွဖွလေး တုန်ခါသွားသည်။

သူ တကယ် ဉာဏ်ကောင်းတာပဲ။

သူမကို အရင်တုန်းက သတိမထားမိခဲ့လို့သာပေါ့။ မဟုတ်ရင် ဒီည အကြိမ်ကြိမ် ပေါ်သွားလောက်ပြီ။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"အဲဒီနေ့ ကျောင်းအမိုးပေါ်မှာလည်း နင် ငါ့ကို နှစ်သိမ့်ပေးခဲ့တယ်လေ"

ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ သူမ စောစောက ဆန့်ထုတ်ပြထားတဲ့ လက်သီးဆုပ်လေးက ဘေးမှာ တွဲလောင်းကျနေသည်။ သေးသေးကွေးကွေးလေးနဲ့ ဖြူဝင်းနေပြီး အနက်ရောင် စကပ်နဲ့ လိုက်ဖက်နေသည်။

သူမ ခုနက ပြောတဲ့ ဟာသက တကယ် အေးစက် (မရယ်ရ) ပေမယ့်၊ သူမ ရောက်လာတာက သူ့အာရုံကို လွှဲပေးလိုက်တာ အမှန်ပါပဲ။

"ငါ အဲဒီနေ့က နှစ်သိမ့်စကား တစ်ခွန်းတည်းပြောခဲ့တာ မဟုတ်ပါဘူး"

ကျိုးအန်းရန် - "?"

သူမ မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

ချန်လော့ပိုင် ကွင်းဘက် မေးငေါ့ပြလိုက်သည်။

"ငါနဲ့ ဟိုဘက် လမ်းလျှောက်မလား"

ကျိုးအန်းရန် အံ့ဩသွားပြန်သည်။

ဒါပေမဲ့ သူမ နှစ်သိမ့်ပေးတဲ့ အရည်အချင်း ညံ့ဖျင်းလို့လား မသိဘူး၊ ရှေ့က ကောင်လေးက ခုနက ဟာသကြောင့် ရယ်မောမလာတဲ့အပြင် မေးရိုးတွေ တင်းမာလာပြီး စိတ်မပျော်တဲ့ အခြေအနေ ပြန်ရောက်သွားသလိုပဲ။

သူ ဘာလို့ ဒီလိုမေးလဲဆိုတာ သူမ မစဉ်းစားတော့ဘူး။ ပေါ်သွားမှာလည်း ဂရုမစိုက်တော့ဘူး။

သူ သူမကို အကြိမ်ကြိမ် ကူညီပေးဖူးတယ်။ သူမလည်း သူ့ကို တစ်ကြိမ်လောက် ပြန်ကူညီချင်တယ်။

ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည်။

ဒီတစ်ခါတော့ ချန်လော့ပိုင် တကယ် အံ့ဩသွားသည်။

"ကျိုးအန်းရန်" သူ သူမကို ငုံ့ကြည့်လိုက်သည်။ "ငါ အဲဒီနေ့က နင့်ကို တစ်သျှူးတစ်ထုပ် ပေးခဲ့ရုံပါ၊ ပြုစားလိုက်တာမှ မဟုတ်တာ"

ကျိုးအန်းရန် - "......"

တကယ် လျှို့ဝှက်ချက် ထိန်းရခက်တာပဲ။

"ဒါပေမဲ့ အဲဒီနေ့က ငါ တကယ် ကျေးဇူးတင်ခဲ့တာပါ"

အဲဒီနေ့တုန်းက သူ သူမရှေ့ ရောက်လာပြီး ကူညီပေးခဲ့တာကြောင့် သူမ လူမှားပြီး မကြိုက်မိဘူးဆိုတာ ပိုယုံကြည်လာခဲ့တယ်။

သူ တခြားသူကို ကြိုက်နေပြီလို့ အထင်မှားပြီး ဝမ်းနည်းနောင်တရခဲ့ပေမယ့်၊ သူ့ကို ကြိုက်ခဲ့တာ နောင်တမရခဲ့ပါဘူး။

သူမ ခြေထောက်နားက ကျောက်ခဲလေးကို ကန်လိုက်ပြီး ဆင်ခြေပေးလိုက်သည်။

"မဟုတ်ရင် နောက်တစ်နေ့ စာမေးပွဲဖြေရင် ထိခိုက်မှာလေ"

ချန်လော့ပိုင်က သူမကို အတန်းလစ်ခိုင်းတုန်းက ပိုငိုခဲ့တာကို သတိရသွားပြီး ရယ်မောလိုက်သည်။

"ကျောင်းသူကောင်းလေးပဲ"

ကျိုးအန်းရန် - "......"

ချန်လော့ပိုင် ကြမ်းပြင်ပေါ်က ဘောလုံးကို ကောက်ယူလိုက်သည်။

"သွားစို့"

....

ကွင်းဘက်သွားတဲ့ လမ်းတစ်လျှောက်လုံး ချန်လော့ပိုင် စကားမပြောဘူး။ ကျိုးအန်းရန်လည်း နှစ်သိမ့်ပေးဖို့ မကျွမ်းကျင်တော့ စကားမစဘူး။ သူ လမ်းလျှောက်ခိုင်းလို့ လိုက်လျှောက်ပေးနေရုံပါပဲ။

သူမ သူ့ဘေးနားကနေ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။ ဖုန်းထုတ်ပြီး အမေဟယ်ကို ကျောင်းမှာ သူငယ်ချင်းနဲ့ တွေ့လို့ နောက်ကျမယ်လို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။

ကွင်းထဲရောက်ပြီး ပြေးလမ်းပေါ် ခြေချလိုက်မှ ကောင်လေးအသံ ပြန်ထွက်လာသည်။

"ငါ့မိဘတွေ ကွာရှင်းတော့မယ်"

ကျိုးအန်းရန် ကြောင်သွားပြီး ခြေလှမ်း ရပ်တန့်သွားသည်။

ချန်လော့ပိုင်က သူမ မော့ကြည့်လာတာ မြင်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားတာကို ကြည့်ပြီး ပြုံးလိုက်ပြန်သည်။

သူ သူမဘက် လှည့်လိုက်သည်။ လက်တစ်ဖက်က ဘောလုံးကို ပိုက်ထားပြီး ကျန်လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည်။ နောက်ပြန်လမ်းလျှောက်ရင်း သူမကို ကြည့်နေသည်။

"အဲဒီလောက် အံ့ဩစရာမလိုပါဘူး။ နင် ထင်သလို ပြင်းထန်တဲ့ အကြောင်းပြချက်တွေ မရှိပါဘူး။ နှစ်ယောက်လုံး အလုပ်ရှုပ်လာကြပြီး စရိုက်တွေကလည်း မာကြတော့ သဘောထား မတိုက်ဆိုင်တော့တာပါ"

"ငါ မထင်ပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ သူ့နောက်က လိုက်လျှောက်ရင်း သူ့အပြုံးက မျက်လုံးထဲထိ မရောက်တာ သတိထားမိလိုက်သည်။ မနေနိုင်ဘဲ ကိုးရိုးကားရား နှစ်သိမ့်ပေးလိုက်သည်။ "သူတို့ နင့်ကို ဒီလောက်ချစ်တာ၊ တကယ် ကွာရှင်းချင်မှ ကွာရှင်းမှာပါ"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"သူတို့ ငါ့ကို ချစ်မှန်း နင် ဘယ်လိုသိလဲ"

ကျိုးအန်းရန် - "......"

"Whac-A-Mole" (ပုတ်လိုက်ရင် ပြန်ပေါ်လာတဲ့ ကြွက်ဂိမ်း) ကစားနေရသလိုပဲ။

သူ့ကို ကြိုက်တာနဲ့ သူ့အကြောင်း နားလည်တာကို ဖုံးကွယ်ထားချင်ပေမယ့် တစ်ဖက်က ပိတ်လိုက်ရင် နောက်တစ်ဖက်က ပြန်ထွက်လာတယ်။ ဖုံးကွယ်လို့ မရဘူး။

နင်က ပုံမှန်ဆို ရယ်မောတတ်တယ်။ အပေါ်ယံကြည့်ရင် မောက်မာတယ် ထင်ရပေမယ့် အရိုးထဲထိစွဲနေတဲ့ ယဉ်ကျေးမှုတွေ ရှိတယ်။ ကြည့်လိုက်တာနဲ့ မိသားစုကောင်းက ကြီးပြင်းလာမှန်း သိသာနေတာပဲ။

"ဘာလို့လဲဆိုတော့..." ကျိုးအန်းရန် လွယ်အိတ်ကြိုးကို ဆွဲလိုက်သည်။ ဒီကြွက်ကို ပြန်ရိုက်ချဖို့ ကြိုးစားလိုက်သည်။ "...သူတို့ နင့်ကို မချစ်ရင် နင်က သူတို့ ကွာရှင်းမှာကို ဒီလောက် ဝမ်းနည်းနေမှာ မဟုတ်ဘူးလေ"

ချန်လော့ပိုင် - "အဲဒါလည်း ဟုတ်တာပဲ"

သူ ထပ်ပြီး လျှောက်တွေးနေမှာစိုးလို့ ကျိုးအန်းရန် စကားလမ်းကြောင်း လွှဲလိုက်သည်။

"တကယ်တော့ ငါ ဒီစာသင်နှစ်မှာ ကျောင်းပြောင်းမလို ဖြစ်သေးတယ်"

"ကျောင်းပြောင်းမလို ဖြစ်သေးတယ်?" ချန်လော့ပိုင် ခြေလှမ်းရပ်လိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နွေရာသီကျောင်းပိတ်ရက်တုန်းက ဖေဖေက နယ်မှာ အလုပ်ကောင်းကောင်းတစ်ခုရတယ်။ ဟိုဘက်ကပြောတာ ဖေဖေသာ လက်ခံရင် မေမေ့အလုပ်နဲ့ ငါ့ကျောင်းပြောင်းမယ့်ကိစ္စပါ တာဝန်ယူပေးမယ်တဲ့"

ချန်လော့ပိုင် ရှေ့က မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။

သူနဲ့ သူမက တကယ်တော့ မရင်းနှီးပါဘူး။ ဘာလို့ ဒီအကြောင်းတွေ ပြောပြနေမိလဲ မသိဘူး။

ဖြစ်နိုင်တာက ဒီည ကျုံးခိုင်က ယင်းယီကျန်းကို ခေါ်လာတာရယ်၊ ကျုရန်က နောက်ကျနေတာရယ်၊ သူ ဒီကိစ္စကြောင့် စိတ်ညစ်နေတာရယ် တိုက်ဆိုင်သွားလို့ ဖြစ်မယ်။

ပြီးတော့ သူမက သူ့ရှေ့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာကိုး။

အရာရာက အံကိုက် ဖြစ်သွားသလိုပဲ။

ဒါပေမဲ့ သူမသာ ဒီစာသင်နှစ်မှာ ကျောင်းပြောင်းသွားရင် သူတို့ ဆုံတွေ့မှုက ပြီးခဲ့တဲ့ စာသင်နှစ်အဆုံးမှာ သူပြောခဲ့တဲ့ "နောက်စာသင်နှစ်ကျမှ တွေ့မယ်" ဆိုတဲ့ စကားနဲ့တင် ပြီးဆုံးသွားလောက်တယ်။

သူတို့ ဒီစာသင်နှစ်မှာ မတွေ့ရတော့မလို ဖြစ်သွားခဲ့တာပဲ။

"နင့်အဖေ နောက်ဆုံးတော့ လက်မခံလိုက်ဘူးလား"

ကျိုးအန်းရန် ခေါင်းထပ်ညိတ်လိုက်သည်။

"ဖေဖေက ငါ့စရိုက် အေးတာ သိလို့လေ။ သူစိမ်းကျောင်းကို ပြောင်းသွားရင် အသားကျဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်၊ စာမေးပွဲကို ထိခိုက်လိမ့်မယ်လို့ တွေးမိပုံရတယ်။ မိဘတွေက သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အလျှော့ပေးတတ်ကြတယ်"

ချန်လော့ပိုင် နောက်ပြန် ဆက်လျှောက်ရင်း သူမကို ကြည့်နေသည်။

"ဒါပေမဲ့ အလျှော့ပေးလိုက်လို့ သူတို့ ပျော်ရွှင်ချင်မှ ပျော်ရွှင်မှာ"

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ငါလည်း အားနာမိတယ်။ ကိုယ်ကျိုးကြည့်တယ်လို့ ခံစားရတယ်။ သူတို့ စကားပြောတာ ခိုးကြားတုန်းက ငါ သွားပြီး ငါ့ကို ဂရုမစိုက်ပါနဲ့လို့ ပြောလို့ရတာပဲ။ ဒါပေမဲ့ ငါ ကျောင်းပြောင်းသွားရင် စာမေးပွဲအမှတ်တွေ မကျဘူးလို့ အာမခံချက် မပေးနိုင်ဘူးလေ။ သူတို့ အလုပ်ပြောင်းလိုက်ရင် ပိုကောင်းလာမယ်လို့ အာမခံချက် မရှိသလိုပေါ့။ နင့်မိဘတွေက ကွာရှင်းဖို့ စီစဉ်နေတုန်းဆိုရင် သူတို့လည်း တွန့်ဆုတ်နေတုန်း ဖြစ်လောက်တယ်။ ကွာရှင်းလိုက်ရင် အခုထက် ပိုကောင်းလာမယ်လို့ မသေချာသေးလို့ နေမှာပေါ့"

ချန်လော့ပိုင် သူမကို ကြည့်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ ဒီတစ်ခါ အပြုံးက မျက်လုံးထဲထိ ရောက်လာသည်။

"ငါနဲ့ ရင်းနှီးလာပြီ ထင်တယ်။ စကားအရှည်ကြီးပြောတာ ငါ့ကို ကြည့်ပြီး ပြောနေတယ်"

ကျိုးအန်းရန် - "......"

သူ ဘာလို့ ရုတ်တရက် စနောက်လိုက်တာလဲ။

သူမ နားရွက်လေး ပူသွားသည်။

ချန်လော့ပိုင်က သူမရဲ့ ဖြူဝင်းတဲ့ မျက်နှာလေး ပန်းရောင်သမ်းလာတာကို ကြည့်ပြီး ရင်ထဲမှာ တစ်ခုခု လှုပ်ရှားသွားသည်။ စကားပြောမလို့ လုပ်တုန်း ကျုရန်အသံ အနောက်ကနေ ထွက်ပေါ်လာသည်။

"ချန်လော့ပိုင်"

ကျုရန် သူတို့ဆီ ပြေးလာသည်။ အကွာအဝေး နည်းနည်း လိုသေးပေမယ့် လှမ်းအော်နေသည်။

"မင်း ဘယ်ရောက်နေတာလဲ။ ငါ မက်ဆေ့ခ်ျ ပို့တာလည်း မပြန်ဘူး။ ဟင်... မင်းဘေးနားမှာ ကောင်မလေးတစ်ယောက် ရှိနေပါလား။ နေပါဦး... ကျိုးအန်းရန်?! မင်းတို့..."

ကျုရန် အထင်လွဲပြီး စနောက်မှာစိုးလို့၊ သူ စိတ်မပျော်မှာစိုးလို့ ကျိုးအန်းရန် ဖြတ်ပြောလိုက်သည်။

"မတော်တဆ တွေ့တာပါ"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်ပြီး သူမကို တစ်ချက် ကြည့်လိုက်သည်။

ကျုရန်က သိပ်မစဉ်းစားဘဲ ယုံလိုက်ပုံရသည်။

သူ ရပ်လိုက်ပြီး ချန်လော့ပိုင်ကို ကြည့်လိုက်သည်။

"မင်းတစ်ယောက်တည်းလား၊ ကျုံးခိုင်ကော"

ချန်လော့ပိုင် - "သူက ယင်းယီကျန်းကို ခေါ်သွားတယ်"

ကျုရန် မျက်မှောင်ကြုတ်လိုက်သည်။

"သူ ရူးနေလား၊ သူ..."

ပြောရင်း ကျိုးအန်းရန် ရှိနေတာ သတိရသွားပြီး စကားတွေကို ပြန်မျိုချလိုက်သည်။

ချန်လော့ပိုင် အိတ်ကပ်ထဲက ဖုန်း ရုတ်တရက် မြည်လာသည်။

သူ ဖုန်းထုတ်ပြီး ကိုင်လိုက်သည်။

ဖုန်းထဲက ဘာပြောလိုက်လဲ မသိဘူး၊ ကောင်လေး မျက်နှာပျက်သွားတာ ကျိုးအန်းရန် တွေ့လိုက်ရသည်။ တစ်ခါမှ မမြင်ဖူးတဲ့ ထိတ်လန့်နေတဲ့ ပုံစံမျိုး။

ဘောလုံးက သူ့လက်မောင်းထဲကနေ လွတ်ကျသွားပြီး လိမ့်ထွက်သွားသည်။ သူကတော့ မီတာအနည်းငယ်လောက် ဝေးတဲ့နေရာ ရောက်သွားပြီ။

ကျုရန်က ဘောလုံးကောက်ပြီး လိုက်သွားသည်။

ကျိုးအန်းရန် ကြောင်နေရာကနေ သတိဝင်လာပြီး အနောက်က လိုက်သွားသည်။

ချန်လော့ပိုင် ကျောင်းဝအထိ ပြေးထွက်သွားသည်။ အပြင်မှာ တက္ကစီ မတွေ့ဘူး။ သူ ဖုန်းထုတ်ပြီး တက္ကစီခေါ်တဲ့ ဆော့ဝဲ ဖွင့်လိုက်သည်။

ကျုရန် ဘောလုံးပိုက်ပြီး ဘေးနား ရောက်လာသည်။

"ဘာဖြစ်တာလဲ အားလော့"

ချန်လော့ပိုင် ခေါင်းမမော့ဘူး။

"တက္ကစီ အရင် တားပေးပါ"

ကျုရန် အရေးကြီးကိစ္စရှိမှန်းသိလို့ ဆက်မမေးတော့ဘဲ တက္ကစီ လိုက်ကြည့်ပေးလိုက်သည်။ "အငှား" မီးလင်းနေတဲ့ တက္ကစီတစ်စီး မောင်းလာတာ တွေ့လိုက်ရသည်။

"ကား လာပြီ"

ချန်လော့ပိုင် လိပ်စာရိုက်မပြီးသေးတဲ့ ဆော့ဝဲကို ပိတ်လိုက်ပြီး လက်တားလိုက်သည်။

ကျုရန် တစ်ခုခု သတိရသွားသည်။

"ဩော်... ဟုတ်သားပဲ၊ ကျိုးအန်းရန်လည်း လိုက်လာတယ်"

ချန်လော့ပိုင် ခဏ ကြောင်သွားပြီး လှည့်ကြည့်လိုက်သည်။

ကျိုးအန်းရန်က သူ့အနောက်တည့်တည့် ရောက်နေပြီ။ အဖြူရောင် တီရှပ်နဲ့ အနက်ရောင် စကပ်တိုလေးက သူမရဲ့ ကောက်ကြောင်းလှလှလေးတွေကို ပေါ်လွင်စေသည်။ သူမ ပြေးလာတာ မြန်လွန်းလို့ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ မောနေလို့ ခါးထောက်ပြီး ချောင်းဟန့်နေသည်။ ဖြူဝင်းတဲ့ မျက်နှာလေး ရဲနေသည်။

"နင် ဘာလို့ လိုက်လာတာလဲ"

ကျိုးအန်းရန် မောနေသည်။

"ကိစ္စရှိလို့လား၊ အကူအညီ လိုမလားလို့ပါ"

တက္ကစီ သူတို့ရှေ့မှာ ရပ်လိုက်သည်။

ချန်လော့ပိုင် စဉ်းစားမနေတော့ဘဲ ကားတံခါးဖွင့်ပြီး သူမကို အထဲတွန်းထည့်လိုက်သည်။ သူလည်း အနောက်ခန်း ဝင်ထိုင်လိုက်သည်။

ကျုရန်က စနောက်ချင်စိတ် မရှိတော့ဘဲ ရှေ့ခန်းတံခါး ဖွင့်ပြီး ဝင်ထိုင်လိုက်သည်။

ယာဉ်မောင်းက လှည့်မေးသည်။ "ဘယ်သွားမလဲ"

"ရှန့်ယွမ် A တိုက် ကို သွားပေးပါ" ချန်လော့ပိုင်အသံထဲမှာ စိုးရိမ်စိတ်တွေ ဖုံးကွယ်မထားနိုင်ဘူး။ "ကျေးဇူးပြုပြီး မြန်မြန်မောင်းပေးပါ၊ ဟိုမှာ မီးလောင်နေလို့"

ကျုရန် လှည့်ကြည့်လိုက်သည်။

"အန်တီဖန်း ရှေ့နေရုံး မီးလောင်တာလား"

ချန်လော့ပိုင် မျက်လုံးမှိတ်ပြီး "အင်း" ဟု ဖြေလိုက်သည်။

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ယာဉ်မောင်းလည်း ဆက်မမေးတော့ဘဲ ကားမောင်းထွက်လိုက်သည်။ ကျိုးအန်းရန် ပြတင်းပေါက်အပြင်ဘက်က မြန်မြန်ဆန်ဆန် နောက်ဆုတ်သွားတဲ့ မြင်ကွင်းတွေနဲ့ ကောင်လေးရဲ့ တင်းမာနေတဲ့ ဘေးတိုက်မျက်နှာကို ကြည့်ပြီး နှစ်သိမ့်ပေးချင်ပေမယ့် အခု ဘာပြောပြော အလကားပဲလို့ ခံစားရတယ်။

သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ရုတ်တရက် တစ်ခုခုသတိရသွားပြီး မြေပုံဆော့ဝဲ ဖွင့်ကာ ရှာဖွေလိုက်သည်။ ရလဒ်ထွက်လာမှ သူ့ရှေ့ထိုးပြပြီး တိုးတိုးလေး ပြောလိုက်သည်။

"နင် အရမ်း စိတ်မပူပါနဲ့၊ ရှန့်ယွမ်နဲ့ အနီးဆုံး မီးသတ်စခန်းက မီတာ ၈၀၀ ကျော်ပဲ ဝေးတာ၊ မီးသတ်ကားတွေ မြန်မြန် ရောက်မှာပါ"

ချန်လော့ပိုင် ဖုန်းထဲက အကြောင်းအရာကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ မျက်ခွံပင့်ကြည့်လိုက်ရာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ ဆုံတွေ့သွားသည်။

အမှတ် (၂) ကျောင်းနဲ့ ရှန့်ယွမ်က နီးတယ်။ ယာဉ်မောင်းကလည်း လမ်းကြောင်းကျွမ်းကျင်ပြီး မီးပွိုင့်ကြာတဲ့ လမ်းဆုံတွေကို ရှောင်မောင်းလာလို့ မကြာခင် ရောက်သွားသည်။

ကျုရန်က ကားခ ကြိုရှင်းပေးလိုက်သည်။

တက္ကစီရပ်တာနဲ့ ၃ ယောက်သား ဆင်းလိုက်ကြသည်။

ရှန့်ယွမ်စင်တာ A တိုက်အရှေ့မှာ မီးသတ်ကားတစ်စီး ရပ်ထားသည်။ အပြင်မှာ လူအုပ်ကြီး ဝိုင်းနေသည်။ အများစုက ရုံးဝတ်စုံ ဝတ်ထားကြသည်။ အဆောက်အအုံထဲမှာ အချိန်ပိုဆင်းနေတဲ့ ဝန်ထမ်းတွေ မီးလောင်လို့ အလုပ်ရပ်ပြီး အောက်ဆင်းလာကြတာ ဖြစ်မယ်။

ချန်လော့ပိုင်က ရှေ့နေရုံးက လူတွေကို တန်းမြင်လိုက်သည်။

သူ ပြေးသွားပြီး သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

"အန်တီကျန်း... ရှေ့နေရုံး အခြေအနေဘယ်လိုလဲ၊ မီးလောင်တာ ပြင်းထန်လား၊ အမေကော"

"အန်တီကျန်း" လို့ ခေါ်တဲ့ အမျိုးသမီးက လှည့်ကြည့်လိုက်သည်။

"လော့ပိုင်... ဘာ ရှေ့နေရုံး မီးလောင်တာ ပြင်းထန်လားလဲ။ ရှေ့နေရုံး မီးမလောင်ပါဘူး၊ ရှေ့နေရုံးအောက်ထပ်က မီးလောင်တာ။ မီးသတ်ကား အချိန်မီ ရောက်လာလို့ ဘာမှ မဖြစ်လိုက်ပါဘူး"

သူမ ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

"နင့်အဖေ ဖုန်းဆက်ပြောလို့ လာတာမလား။ ခုနက သူ ရှေ့နေရုံးကို ဖုန်းဆက်ပြီး နင့်အမေကို ရှာတာ၊ ငါ ကိုင်လိုက်တာ။ ငါက ရှေ့နေရုံးအောက်ထပ် မီးလောင်တယ်ပြောတာကို သူက ရှေ့နေရုံး မီးလောင်တယ်လို့ ကြားသွားပြီး နင့်လိုပဲ အလောတကြီး ပြေးလာတာ။ အခု နင့်အမေနဲ့အတူ ဟိုဘက်မှာ ရှိနေတယ်"

အန်တီကျန်းက လက်ညှိုးထိုးပြလိုက်သည်။

ကျိုးအန်းရန် သူညွှန်ပြတဲ့နေရာ ကြည့်လိုက်တော့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က ဝတ်စုံပြည့်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို ဖက်ထားတာ တွေ့လိုက်ရသည်။

"အားလော့" ကျုရန် အကြည့်လွှဲလိုက်သည်။ "ငါ့အမြင်တော့ မင်းမိဘတွေ ကွာရှင်းဖြစ်မှာ မဟုတ်တော့ဘူး"

ချန်လော့ပိုင် ဖက်ထားတဲ့ လူနှစ်ယောက်ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးမှ ခေါင်းငဲ့ရယ်လိုက်သည်။

"သွားကြစို့"

"ဘယ်သွားမလို့လဲ" ကျုရန် မေးလိုက်သည်။

"ဟိုဘက်မှာ ဆိုင်ကောင်းကောင်းတစ်ဆိုင် ရှိတယ်" ချန်လော့ပိုင်က မျက်နှာချင်းဆိုင်ကို မေးငေါ့ပြလိုက်သည်။ အနောက်က လိုက်လာတဲ့ မိန်းကလေးဆီ အကြည့်ရောက်သွားပြီး အသံတိုးသွားသည်။ "အိမ်ပြန်ဖို့ လောနေလား။ မလောရင် ညစာ လိုက်ကျွေးမလို့"

ကျိုးအန်းရန် သူ မေးမှ အချိန်တော်တော် နှောင်းနေပြီဆိုတာ သတိရသွားသည်။ လွယ်အိတ်ထဲက ဖုန်းထုတ်ကြည့်လိုက်တော့ ဟယ်ကျားယီက ဘာလို့ ပြန်မလာသေးလဲဆိုပြီး မက်ဆေ့ခ်ျ ပို့ထားတာ တွေ့လိုက်ရသည်။

သူမ ရင်ထဲက ဆန္ဒတွေကို ဖိနှိပ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

"အမေ ပြန်လာဖို့ ပြောနေပြီ"

"ဘယ်မှာနေလဲ" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် - "?"

ကောင်လေးက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်နေပြီး စိတ်ပြန်ကြည်နေပုံရသည်။

"နင်က ငါ့ကို ကူညီဖို့ လိုက်လာတာလေ၊ ငါက နင့်ကို တစ်ယောက်တည်း ပြန်လွှတ်လို့ ဖြစ်ပါ့မလား"

သူက...

သူမကို လိုက်ပို့မလို့လား။

ကျိုးအန်းရန် ရင်ခုန်မြန်လာပြန်သည်။

သူမ သူ့ကို မငြင်းဆန်နိုင်ဘူးဆိုတာ ထပ်ပြီး သိလိုက်ရပြန်ပြီ။

သူမ ဖုန်းကို ဆုပ်ကိုင်ထားပြီး လိပ်စာ ပြောပြလိုက်သည်။

"မဝေးပါဘူး" ချန်လော့ပိုင်က သူတို့ဆင်းခဲ့တဲ့ လမ်းဘေးကို မေးငေါ့ပြလိုက်သည်။ "သွားစို့"

ကျုရန်က ဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပြောနေကြပြီး ဘေးနားက သူ့ကို မေ့နေကြတာမြင်တော့ မေးလိုက်သည်။

"နေပါဦး... ငါကော"

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ လူတစ်ယောက် ရှိနေသေးမှန်း အခုမှ သတိရသွားသလိုပဲ။

"မင်းက မျက်နှာချင်းဆိုင်ဆိုင်မှာ အရင် သွားစားနေနှင့်လေ၊ ငါ သူ့ကို လိုက်ပို့ပြီးရင် ပြန်လာခဲ့မယ်"

ကျုရန်က သူတို့နှစ်ယောက်ကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"ကောင်းပြီလေ... မင်း ဖြည်းဖြည်းသာ ပို့တော့၊ ပြန်လာရင် ငါ့အတွက် ရှင်းပေးဖို့သာ မှတ်ထား"

.....

သုံးယောက်သား လမ်းခွဲလိုက်ကြသည်။

ကျုရန်က ရှေ့က မြေအောက်လမ်းကနေ လမ်းဖြတ်ကူးသွားသည်။ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင်က လမ်းဘေးမှာ ကားတားလိုက်သည်။

ကားပေါ်ရောက်တော့ တက္ကစီက သူတို့ လာခဲ့တဲ့ လမ်းအတိုင်း ပြန်မောင်းသွားသည်။

ဒါပေမဲ့ ဒီတစ်ခါတော့ အရေးပေါ်အခြေအနေ မဟုတ်တော့ဘူး။ ကျိုးအန်းရန် သူ့ကို စိုက်မကြည့်ရဲတော့ဘူး။ သူမဘက်က ပြတင်းပေါက်ကိုပဲ ကြည့်နေလိုက်သည်။

ကားထဲမှာ မီးရောင်မှိန်နေပြီး ကောင်လေးရဲ့ ချောမောတဲ့ ဘေးတိုက်မျက်နှာကို ဝိုးတဝါး မြင်နေရသည်။

အပြင်မှာ ရှုခင်းတွေ နောက်ဆုတ်သွားသည်။ နီယွန်မီးတွေနဲ့ လမ်းမီးတွေက ပြတင်းပေါက်မှန်ပေါ်မှာ အရောင်စုံ အလင်းတန်းတွေ ဖြစ်ပေါ်စေသည်။

ထူးဆန်းတဲ့ အိပ်မက်တစ်ခုလိုပါပဲ။

သူမ ကြိုက်တဲ့ ကောင်လေးက အခု သူမအိပ်မက်ထဲ ရောက်နေတယ်။

ချန်လော့ပိုင် သူမအိပ်မက်ထဲ ရောက်နေတယ်။

လမ်းတစ်လျှောက်လုံး နှစ်ယောက်သား စကားမပြောကြဘူး။ ယာဉ်မောင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်မှ သတိဝင်လာသည်။

"ဒီနေရာ ဟုတ်တယ်မလား၊ ဘယ်ဂိတ်မှာ ရပ်ပေးရမလဲ"

ကျိုးအန်းရန် သတိဝင်လာသည်။ စောစောက ပြတင်းပေါက်မှန်ထဲကနေ သူ့ကိုပဲ ခိုးကြည့်နေမိတာ။ အခုမှ အပြင်က အဆောက်အအုံတွေ ရင်းနှီးနေမှန်း သတိထားမိလိုက်သည်။ သူမတို့ အိမ်ရာဝင်း ရောက်နေပြီ။

ဒီလမ်းက ဘာလို့ ဒီလောက် တိုနေရတာလဲ။

"ဟုတ်ပါတယ်၊ ရှေ့က ဂိတ်မကြီးမှာ ရပ်ပေးပါ"

အိပ်မက်ဆိုတာ နိုးထရစမြဲပါ။

နောက်တစ်ပတ် ကျောင်းပြန်ရောက်ရင် သူနဲ့ သူမ သူစိမ်းတွေလို ပြန်ဖြစ်သွားမလား မသိဘူး။

ကျိုးအန်းရန် တွေးမိပြီး သူ့ကို ခေါင်းငဲ့ကြည့်လိုက်သည်။

ကောင်လေးကလည်း တိုက်တိုက်ဆိုင်ဆိုင် သူမဘက် လှည့်ကြည့်လာတာနဲ့ ဆုံသွားသည်။

ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် လွတ်သွားသည်။

ဒါပေမဲ့ ကားပေါ်က မဆင်းခင် နှုတ်ဆက်တာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလေ။ သူမ အကြည့်မလွှဲဘဲ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ချန်လော့ပိုင်က ဘာမှ မစဉ်းစားမိသလို တိုးတိုးလေး မေးလိုက်သည်။

"ရောက်ပြီလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ယာဉ်မောင်းက ကားရပ်ပေးလိုက်သည်။

ချန်လော့ပိုင် တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။

"ငါ အထဲထိ လိုက်ပို့ပေးရမလား"

ကျိုးအန်းရန် ခေါင်းညိတ်မလို့ လုပ်ပြီးမှ ပြန်ထိန်းလိုက်သည်။

သူ ဒီည စိတ်ခံစားချက်တွေ အတက်အကျ များနေတာမို့ စောစောပြန်နားတာ ကောင်းမယ်။ ပြီးတော့ အထဲထိ လိုက်ပို့ရင် အိမ်နီးချင်းတွေ မြင်သွားမှာ၊ မိဘတွေကို ရှင်းပြရခက်မှာ စိုးရိမ်မိတယ်။

သူမ တွန့်ဆုတ်စွာ ခေါင်းခါလိုက်သည်။

"မလိုပါဘူး၊ နင် စောစောပြန်နားလိုက်ပါ။ ငါတို့အိမ်ရာဝင်းက ဒီအချိန်ဆို စည်ကားနေတာ။ မိဘတွေက ကလေးတွေခေါ်ပြီး အောက်ဆင်းဆော့ကြတယ်၊ အန်တီကြီးတွေ အဖွားကြီးတွေလည်း ကခုန်နေကြတယ်"

ချန်လော့ပိုင် သူမကို ကြည့်လိုက်သည်။

သူမ ပြောပြတဲ့ မြင်ကွင်းကို သဘောကျသလို မိန်းကလေး နှုတ်ခမ်းထောင့်စွန်းမှာ ပါးချိုင့်ရေးရေးလေး ပေါ်လာသည်။ လိမ္မာပြီး ချိုမြိန်နေသည်။

ချန်လော့ပိုင် လက်ကိုင်ပေါ်က လက်ချောင်းလေးတွေ တစ်ချက် ရပ်တန့်သွားပြီး ပြန်ရုတ်လိုက်သည်။

"ကောင်းပြီ"

ကျိုးအန်းရန် ရင်ခွင်ထဲက လွယ်အိတ်ကို ကျောပိုးလိုက်သည်။

"ဒါဆို ငါ ဆင်းတော့မယ်နော်"

တံခါးဖွင့်မလို့ လုပ်တုန်း ကောင်လေးက လှမ်းခေါ်လိုက်သည်။

"ကျိုးအန်းရန်"

ဒါ ဒီည သူ နာမည်ခေါ်တာ တတိယအကြိမ်ပဲ။ အိပ်မက်မက်နေသလို ခံစားရတုန်းပဲ။

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ ကောင်လေးရဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံတွေ့သွားသည်။

ချန်လော့ပိုင် ဘောင်းဘီအိတ်ကပ်ထဲက လက်ထုတ်လိုက်ပြီး ဖုန်းကို လှုပ်ယမ်းပြလိုက်သည်။ အသံနိမ့်နိမ့်လေး သူမနားထဲ ရောက်လာသည်။

"WeChat Add လိုက်ရအောင်လေ"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၆၉ ။ အထက်တန်းကျောင်း IF Line

ကျိုးအန်းရန် အိပ်ခန်းထဲ ပြန်ရောက်ပေမယ့် ရင်ခုန်သံတွေ အရမ်းမြန်နေတုန်းပဲ။

လွယ်အိတ်ကို ဘေးချလိုက်ပြီး စာကြည့်စားပွဲမှာ ထိုင်လိုက်သည်။ လောလောဆယ် စာမေးပွဲဖြေဖို့ စိတ်မပါသေးလို့ ဖုန်းထုတ်ပြီး WeChat ဖွင့်လိုက်သည်။ မူလစာမျက်နှာထိပ်ဆုံးမှာ Chat box အသစ်တစ်ခု ရောက်နေသည်။

WeChat နာမည်က အင်္ဂလိပ်စာလုံးအကြီး C။

Profile ပုံက NBA ကစားသမားတစ်ယောက်ရဲ့ ကျောပြင်ပုံ။

ကျိုးအန်းရန် လက်ချောင်းထိပ်လေးနဲ့ အဲဒီ Profile ပုံကို နှိပ်ကြည့်လိုက်သည်။ မယုံနိုင်သေးဘူး။

သူမ တကယ်ပဲ ချန်လော့ပိုင် WeChat ကို Add လိုက်ပြီ။

ဒီည အိပ်မက်က မပြီးသေးဘူး ထင်တယ်။

ဖုန်း ရုတ်တရက် တုန်ခါသွားသည်။

ဘယ်သူ စာပို့လိုက်လဲ မသိဘူး။

ကျိုးအန်းရန် သူ့ Profile ပုံနဲ့ ဗလာဖြစ်နေတဲ့ Signature ကို စက္ကန့်အနည်းငယ် ငေးကြည့်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ထွက်လိုက်သည်။

မူလစာမျက်နှာကို ပြန်ရောက်တာနဲ့ ရင်ခုန်သံတွေ မမှန်တော့ဘူး။

မက်ဆေ့ခ်ျအသစ်က ထိပ်ဆုံး Chat box ကနေ ဝင်လာတာ။

သူ့ဆီက။

C - [အိမ်ရောက်ပြီလား]

ကျိုးအန်းရန် - [အင်း]

ပို့ပြီးတော့မှ "အင်း" တစ်လုံးတည်းက ခြောက်ကပ်ကပ် ဖြစ်နေတယ်ထင်လို့ စဉ်းစားပြီး ယုန်ကလေး ခေါင်းညိတ်ပြတဲ့ စတစ်ကာပုံလေး ထပ်ပို့လိုက်သည်။

Chat box ထိပ်မှာ "တစ်ဖက်လူ စာရိုက်နေသည်" ဆိုတဲ့ စာသားလေး ပေါ်လာသည်။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး အသက်ရှူ အောင့်ထားမိသည်။

တစ်စက္ကန့်အကြာတွင်...

C - [ဒါဆို ငါ ပြန်သွားပြီး ကျုရန်နဲ့ ညစာစားလိုက်ဦးမယ်]

C - [နောက်တစ်ပတ် တွေ့မယ်]

ကျိုးအန်းရန် စားပွဲပေါ်မှောက်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေး ဖြည်းဖြည်းချင်း ကွေးတက်သွားသည်။

ကျိုးအန်းရန် - [နောက်တစ်ပတ် တွေ့မယ်]

....

သူ့ရဲ့ "နောက်တစ်ပတ် တွေ့မယ်" ဆိုတဲ့ စကားတစ်ခွန်းကြောင့် အချိန်တွေက ဖြတ်သန်းရခက်ခဲလာသလိုပဲ။ တစ်မိနစ်၊ တစ်စက္ကန့်တိုင်းက ကြာရှည်နေသလို ခံစားရတယ်။ တော်သေးတာက ဒီအပတ် အိမ်စာတွေ များနေလို့ရယ်၊ နောက်တစ်နေ့မှာ ကျိုးအန်းရန်က မိဘတွေနဲ့အတူ ဝမ်းကွဲအစ်မအိမ် သွားလည်ရလို့ရယ် အာရုံနည်းနည်း လွှဲလို့ရသွားတယ်။

နောက်တစ်နေ့မနက်မှာ ကျိုးအန်းရန် ဝမ်းကွဲအစ်မ၊ အမေဟယ်၊ တူမလေးထွမ်ထွမ်တို့နဲ့အတူ စတိုးဆိုင်သွားကြသည်။

ဆိုင်ထဲဝင်တာနဲ့ ကလေးမလေးက သူတို့ကို သကြားလုံးတန်းဆီ ဆွဲခေါ်သွားသည်။

ကျိုးအန်းရန်က လီမွန်ဆိုဒါသကြားလုံးကို ချက်ချင်း မြင်လိုက်သည်။ လက်လှမ်းပြီး တစ်ထုပ်ယူလိုက်ပေမယ့် တွန့်ဆုတ်ပြီး ပြန်ထားလိုက်သည်။

သူနဲ့ ဆက်ဆံရေး နည်းနည်း ကောင်းလာကာစမို့၊ သူ ဒီသကြားလုံးပုံစံကို မမှတ်မိလောက်တော့ဘူး ဆိုရင်တောင်၊ လောလောဆယ် ပေါ်သွားနိုင်တဲ့ အန္တရာယ် နည်းနည်းလေးတောင် မယူရဲသေးဘူး။

တနင်္လာနေ့ရောက်တော့ ကျိုးအန်းရန် စောစောထပြီး ယန်ရှင်းချန်ကို စောင့်ဖို့ အောက်ထပ်ဆင်းလာသည်။

ယန်ရှင်းချန်က သူ့အိုင်ဒေါရဲ့ CD တွေ၊ ပစ္စည်းတွေကို အမေသိမ်းထားခံရလို့ ဒီစာသင်နှစ်မှာ သိပ်မနှေးကွေးတော့ဘူး။ မကြာခင် ဆင်းလာသည်။ ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းမှာ ပါးချိုင့်ရေးရေးလေး ပေါ်နေတာမြင်တော့ စပ်စုလိုက်သည်။

"ဘာဖြစ်တာလဲ၊ နင် ဒီနေ့ ဘာလို့ ဒီလောက် ပျော်နေတာလဲ"

ကျိုးအန်းရန် - "......"

အရမ်း သိသာနေလို့လား။

"အိပ်မက်ကောင်း မက်လို့"

ယန်ရှင်းချန် သူမလက်ကို ချိတ်လိုက်သည်။

"ဘာအိပ်မက်လဲ"

ကျိုးအန်းရန် ပါးစပ်ဟလိုက်ပေမယ့် ချန်လော့ပိုင်အကြောင်း ပြောပြဖို့ ရှက်နေတာနဲ့ ခေါင်းခါလိုက်သည်။

"သိပ်မမှတ်မိတော့ဘူး၊ မနက်စာ လိုက်ကျွေးမယ်လေ"

ယန်ရှင်းချန် သူမကို ဆွဲခေါ်သွားသည်။

"ဒါဆို မြန်မြန်သွားကြစို့"

စာသင်ဆောင်ရောက်တော့ ယန်ရှင်းချန်က ကိုယ့်အခန်းကိုယ် တက်သွားသည်။ ကျိုးအန်းရန်က တစ်ယောက်တည်း အခန်းပြန်လာသည်။

ရှေ့ပေါက်ကနေ ဝင်ဝင်ချင်း ဒုတိယတန်း၊ ခြောက်ခုံမြောက် နေရာကို အကျင့်ပါနေသလို လှမ်းကြည့်လိုက်သည်။

ဒါပေမဲ့ ချန်လော့ပိုင် ဒီနေ့ ဒီလောက် စောစောရောက်နေလိမ့်မယ်လို့ ကျိုးအန်းရန် မထင်ထားခဲ့ဘူး။

သူမ လှမ်းကြည့်လိုက်တော့ ကောင်လေးက နွေရာသီကျောင်းဝတ်စုံ ဝတ်ထားတာ တွေ့လိုက်ရသည်။ ဖြူဝင်းသွယ်လျတဲ့ လက်ချောင်းတွေနဲ့ ဘောပင်အနက်ရောင်တစ်ချောင်းကို ပျင်းရိစွာ လှည့်ကစားနေသည်။ စားပွဲပေါ်မှာ နွားနို့တစ်ဘူး တင်ထားသည်။ ကျောကို ကုလားထိုင်အမှီပေါ် ပျင်းရိစွာ မှီထားပြီး တံခါးပေါက်ဘက် မော့ကြည့်နေသည်။

သူမအကြည့်နဲ့ သူ့အကြည့် လေထဲမှာ တန်းတန်းမတ်မတ် ဆုံတွေ့သွားသည်။

မမျှော်လင့်ထားတဲ့ မြင်ကွင်းမို့ ကျိုးအန်းရန် စိတ်မပြင်ဆင်ထားမိဘူး။ ရင်ခုန်သံတွေ ဗရမ်းဗတာ ဖြစ်ကုန်သည်။ မျက်လုံးက တစ်ခုခု ဖော်ပြမိသွားမှာစိုးလို့ အမြန် ခေါင်းငုံ့ပြီး ကိုယ့်နေရာကိုယ် ပြေးသွားသည်။

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သူမကို အိမ်ပြန်လိုက်ပို့တယ်၊ ဖုန်းနံပါတ်တောင်းတယ်၊ ပြီးတော့ တစ်နှစ်လောက် အတန်းတူခဲ့ဖူးတယ်ဆိုတော့ "မရင်းနှီးဘူး" ဆိုတဲ့ ဆက်ဆံရေးမျိုး မဟုတ်လောက်တော့ဘူး ထင်နေတာ။

သူမက ဘာလို့ သူနဲ့ အကြည့်ချင်းဆုံတာနဲ့ လန့်ဖျပ်သွားရတာလဲ။

ချန်လော့ပိုင်က မိန်းကလေးရဲ့ သွယ်လျတဲ့ ကျောပြင်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးမှ အကြည့်ပြန်ရုတ်ကာ စာဖတ်မလို့ လုပ်တုန်း အတန်းထဲက ဟယ်မင်ယွီဆိုတဲ့ ကောင်လေးက စာမေးပွဲစာရွက်တစ်ရွက်ကိုင်ပြီး သူမရှေ့က ခုံလွတ်မှာ သွားထိုင်တာ တွေ့လိုက်ရသည်။ ပုစ္ဆာမေးမလို့ ထင်တယ်။

သူ့နေရာကနေ ကြည့်ရင် သူမရဲ့ ဖြူဝင်းတဲ့ ဘေးတိုက်မျက်နှာလေး တစ်ဝက်လောက်ပဲ မြင်ရတယ်။

မိန်းကလေးက ခပ်ဖွဖွ ပြုံးလိုက်သလိုပဲ။ နှုတ်ခမ်းထောင့်စွန်းမှာ ပါးချိုင့်လေး ရေးရေးပေါ်လာတယ်။ ပြီးတော့ ခေါင်းငုံ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပုစ္ဆာရှင်းပြနေတယ်။ သူ့ကို ရင်ဆိုင်ရတုန်းက ပုံစံနဲ့ လုံးဝ ကွာခြားနေတယ်။

ချန်လော့ပိုင်က ဘေးနားက ကျုရန်ကို တံတောင်နဲ့ တွန်းလိုက်သည်။

"သူနဲ့ ဟယ်မင်ယွီက တော်တော် ရင်းနှီးကြလား"

"ဘယ်သူနဲ့ ဟယ်မင်ယွီ ရင်းနှီးတာလဲ" ကျုရန်က သူ့ရဲ့ အစအဆုံးမပါတဲ့ မေးခွန်းကြောင့် ကြောင်သွားသည်။ မော့ကြည့်ပြီး သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့မှ သဘောပေါက်သွားသည်။ "မင်း ကျိုးအန်းရန်ကို မေးတာလား။ ငါ ဘယ်သိမလဲ။ ငါက သူနဲ့ရော ဟယ်မင်ယွီနဲ့ရော မရင်းနှီးဘူး"

သူ တစ်စက္ကန့်လောက် ရပ်တန့်သွားပြီး ချန်လော့ပိုင်ကို အကဲခတ်သလို ကြည့်ကာ ခေါင်းကို စပ်စုသလို တိုးကပ်သွားပြီး အသံနှိမ့်မေးသည်။

"ဘာအခြေအနေလဲ။ မင်းက ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သူမကို အိမ်ပြန်လိုက်ပို့တယ်၊ အခုကျတော့ ကောင်မလေးက တခြားကောင်လေးနဲ့ ရင်းနှီးလားဆိုပြီး စုံစမ်းနေပြန်ပြီ။ မင်း ဘယ်တုန်းက မိန်းကလေးတစ်ယောက်အပေါ် ဒီလောက် စိတ်ဝင်စားဖူးလို့လဲ"

ချန်လော့ပိုင် သူ့ကို ပျင်းရိစွာ တစ်ချက်ကြည့်ပြီး ခေါင်းကို တွန်းထုတ်လိုက်သည်။

"ဘာမှမသိဘဲနဲ့ အတင်းအဖျင်း လာမေးမနေနဲ့၊ ဖယ်စမ်း"

"သောက်ကျိုးနည်း" ကျုရန် သူ့လက်ကို ရှောင်လိုက်သည်။ "ခွေးကောင်"

မနက်တုန်းက အကြည့်ချင်း ဆုံမိသွားလို့ ကျိုးအန်းရန် မနက်ခင်းတစ်လျှောက်လုံး သူ့ဘက် လှည့်မကြည့်ရဲတော့ဘူး။ တစ်ခုခု ပေါ်သွားမှာ စိုးရိမ်နေမိသည်။

...

နေ့လည် ဒုတိယအချိန်က အားကစားချိန်။

ကျန်းရူရှန်းက ဓမ္မတာလာနေလို့ လွတ်လပ်ချိန်ပေးလိုက်တာနဲ့ ကျိုးအန်းရန်က သူမအတွက် အချိုရည်သွားဝယ်ပေးရသည်။

အထဲဝင်ပြီး ရေခဲသေတ္တာနား ရောက်ခါနီး တံခါးတောင် မဖွင့်ရသေးခင် အတန်းထဲက ကောင်လေးတစ်အုပ်စု ဝုန်းခနဲ ရောက်လာပြီး ရေခဲသေတ္တာရှေ့ တိုးဝှေ့လာကြသည်။ ခေါင်းဆောင်ဖြစ်တဲ့ ထန်ကျန့်ရွေ့က တံခါးဖွင့်လိုက်တာနဲ့ လက် ၇ ချောင်း၊ ၈ ချောင်းလောက်က ပြိုင်တူ ဝင်ရောက်သွားကြသည်။

ကျိုးအန်းရန် သူတို့တိုးဝှေ့တာခံလိုက်ရပြီး ဘေးကို ရောက်သွားသည်။

နောက်ဆုံးတော့ ရေခဲသေတ္တာဘေးက နံရံနား ကပ်ရပ်လိုက်ပြီး သူတို့ကို အရင် ရွေးခိုင်းလိုက်ရသည်။

နားနားကပ်ပြီး အသံနိမ့်နိမ့် ရင်းနှီးတဲ့အသံ ထွက်ပေါ်လာသည်။

"ဘာသောက်မလဲ"

ကျိုးအန်းရန် ရုတ်တရက် မော့ကြည့်လိုက်ရာ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ထပ်မံ ဆုံတွေ့သွားသည်။

ကောင်လေးက အတန်းချိန်မှာ ဘောလုံးကစားထားလို့၊ ရာသီဥတုကလည်း ပူနေတော့ နဖူးနဲ့ လည်ပင်းမှာ ချွေးစက်လေးတွေ ရှိနေသည်။ အပြာနဲ့အဖြူ ကျောင်းဝတ်စုံနဲ့ အပြုံးက လန်းဆန်းနေပေမယ့် လူငယ်ဆန်မှုနဲ့ ဟော်မုန်းဓာတ်တွေ ပေါင်းစပ်ပြီး ဆွဲဆောင်မှုပြင်းထန်တဲ့ ပုံစံမျိုး ဖြစ်နေသည်။

သူမ ရင်ခုန်သံတွေ အလိုအလျောက် မြန်ဆန်လာသည်။ အရမ်း စိတ်မလှုပ်ရှားမိအောင် အတင်းထိန်းထားလိုက်သည်။

"ဘာကို ဘာသောက်မလဲ လဲ"

"သူတို့က ငါ့ကို ဒကာခံခိုင်းနေလို့လေ" ချန်လော့ပိုင်က အချိုရည်ယူပြီး မုန့်ထပ်လုနေတဲ့ ကောင်လေးအုပ်စုကို လက်ညှိုးထိုးပြလိုက်သည်။ "နင်က ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ငါ့ကို ကူညီပေးထားတယ်မလား။ ဘာသောက်ချင်လဲ ပြော၊ ငါ တစ်ခါတည်း ရှင်းပေးမယ်"

ကျိုးအန်းရန်က ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ညစာလိုက်ကျွေးတာကို ငြင်းလိုက်ပြီးမှ ဒုတိယအကြိမ် ဒကာခံခွင့် ရလိမ့်မယ်လို့ မထင်ထားဘူး။

ဒါပေမဲ့...

"ဒါပေမဲ့ ငါ သောကြာနေ့တုန်းက နင့်ကို ဘာမှ ကူညီပေးနိုင်ခဲ့တာ မဟုတ်ပါဘူး"

ချန်လော့ပိုင် - "ဒါဆို လာဘ်ထိုးတယ်လို့ သဘောထားလိုက်"

ကျိုးအန်းရန် မျက်တောင်ခတ်ပြီး နားမလည်စွာ မေးလိုက်သည်။

"ဘာလာဘ်ထိုးတာလဲ"

ချန်လော့ပိုင် ရေခဲသေတ္တာဘက် မေးငေါ့ပြလိုက်သည်။

"ဟိုဘက် အရင်သွားရအောင်"

ကျိုးအန်းရန် သူ ဘာလုပ်မလို့လဲ မသိပေမယ့် လိမ်လိမ်မာမာ "အင်း" ဟု ဖြေပြီး သူ့နောက်ကနေ ရေခဲသေတ္တာရှေ့ လိုက်သွားသည်။

ကောင်လေးက ရေခဲသေတ္တာဖွင့်လိုက်တော့ အထဲက အအေးငွေ့တွေ မျက်နှာပေါ် လာရိုက်ခတ်သည်။

ချန်လော့ပိုင် ကိုလာတစ်ဘူး ယူပြီး သူမရှေ့ ကမ်းပေးလိုက်သည်။

"ဒါ အဆင်ပြေလား"

ကျိုးအန်းရန် သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းပြန်ငုံ့ကာ တိုးတိုးလေး သတိပေးလိုက်သည်။

"နင် ဘာလာဘ်ထိုးတာလဲ မပြောရသေးဘူး"

ချန်လော့ပိုင်က အပြင်ကနေ လှမ်းမြင်လိုက်ရတာ သူမ ရေခဲသေတ္တာရှေ့မှာ ရပ်နေပြီး တံခါးဖွင့်မလို့ လုပ်တုန်း အတန်းထဲက ကောင်လေးတွေ ဝင်တိုးတာခံလိုက်ရပြီး တစ်လှမ်းချင်း နောက်ဆုတ်သွားရတာ။ နောက်ဆုံးတော့ ရေခဲသေတ္တာနဲ့ နံရံကြားက ထောင့်ကျဉ်းလေးထဲ ရောက်သွားတာ။

သူမ ဘာမှမပြောဘဲ ငြိမ်ငြိမ်လေး ရပ်နေတယ်။ ကျယ်ဝန်းတဲ့ ကျောင်းဝတ်စုံနဲ့ ဘေးနားက ကောင်လေးတွေကြောင့် သူမပုံစံက ပိုပြီး သေးကွေးနေသလိုပဲ။ လိမ္မာပြီး အနိုင်ကျင့်ချင်စရာကောင်းတဲ့ ပုံစံလေး။

ချန်လော့ပိုင် ကိုလာဘူးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။

ကျိုးအန်းရန် အမြန်ဖမ်းယူလိုက်သည်။

ချန်လော့ပိုင် ချက်ချင်း လက်မလွှတ်သေးဘူး။ လက်ချောင်းတွေက ကိုလာဘူးကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ သူမနား တိုးကပ်လိုက်သည်။

ကျိုးအန်းရန် ကောင်လေးရဲ့ မျက်ဝန်းနက်နက်တွေထဲမှာ ကိုယ့်ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ရင်ခုန်သံတွေ ဆူညံနေတုန်း ချန်လော့ပိုင် ရုတ်တရက် ပြုံးလိုက်တာ တွေ့လိုက်ရသည်။ ကောင်လေးရဲ့ ကြည်လင်ပြတ်သားတဲ့ အသံက နည်းနည်းတိုးသွားပြီး နားနားကပ်ပြောသလို ဖြစ်နေသည်။

"နင့်ကို အတန်းလစ်ခိုင်းတဲ့ကိစ္စ ဆရာ့ကို မတိုင်နဲ့နော်"

ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားသည်။

တကယ်တော့ သူက အကွာအဝေးတစ်ခု ထားပါသေးတယ်။ သောကြာနေ့ညတုန်းက သူမ သူ့ကို ဆေးထည့်ပေးတုန်းကလို အကွာအဝေးမျိုးပေါ့။

ဒါပေမဲ့ သောကြာနေ့ညတုန်းက သူမက ခေါင်းငုံ့ပြီး သူ့လက်ကို ကြည့်နေတာ။ အခုကျတော့ သူက ဦးဆောင်ပြီး တိုးကပ်လာတာ။ နေ့တိုင်း လွမ်းမောနေရတဲ့ မျက်နှာကြီးက ရုတ်တရက် မျက်စိရှေ့ ရောက်လာတာ။ သူ့အသံကလည်း နားနားကပ်ပြီး ထွက်ပေါ်လာတာ။ သူမ ဦးနှောက်က တစ်စက္ကန့် နှစ်စက္ကန့်လောက် ဗလာဖြစ်သွားတယ်။

ချန်လော့ပိုင် မျက်လွှာချလိုက်တော့ မိန်းကလေးရဲ့ ဖြူဝင်းတဲ့ မျက်နှာလေး ရဲတက်သွားတာ၊ ငုံ့ထားတဲ့ မျက်တောင်လေးတွေ တုန်ခါနေတာ တွေ့လိုက်ရသည်။

"သဘောမတူဘူးလား"

ကျိုးအန်းရန် သတိဝင်လာပြီး အမြန် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး၊ ဆရာ့ကို မပြောပါဘူး"

ချန်လော့ပိုင် - "......"

သူမက တကယ်ပဲ ဘာစိတ်မှမရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်။

အကွာအဝေးကလည်း တကယ် နီးလွန်းနေတယ်။ သူမမျက်နှာပေါ်က မွေးညင်းနုလေးတွေကိုတောင် မြင်နေရတယ်။ နားရွက်ဖျားလေးတွေလည်း ရဲနေတယ်။ ချန်လော့ပိုင် လည်စလုတ် လှုပ်ရှားသွားပြီး နောက်ဆုံးတော့ လက်လွှတ်လိုက်ကာ အကွာအဝေး ပြန်ခွာလိုက်သည်။

"တခြား ဘာသောက်ချင်သေးလဲ"

ကျိုးအန်းရန် စိတ်အေးသွားပြီး ဦးနှောက်လည်း ပြန်လည်ပတ်လာသည်။

"လိမ္မော်ရည်တစ်ဘူး ဝယ်ရဦးမယ်၊ ဒါပေမဲ့ သူငယ်ချင်းကို ဝယ်ပေးတာမို့ ကိုယ့်ဘာသာ ရှင်းလိုက်ပါ့မယ်"

ပြောရင်း ပုလင်းယူမလို့ လက်လှမ်းလိုက်တုန်း ကောင်လေးက သူမထက် လက်ဦးပြီး ရေခဲသေတ္တာတံခါး ပိတ်လိုက်သည်။

ကျိုးအန်းရန် သူ့ကို မော့ကြည့်လိုက်ရသည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် တိုးတိုးလေး - "ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် သူမဘက် ရုတ်တရက် တိုးလာသည်။ အကွာအဝေးက စောစောကထက် ပိုနီးကပ်သွားသလိုပဲ။ အသံက မကျေမနပ် ဖြစ်နေသလိုပဲ။

"နင် သေချာကြည့်စမ်း"

"ဘာကြည့်ရမှာလဲ"

ချန်လော့ပိုင် တစ်လုံးချင်း ပြောလိုက်သည်။

"ငါ့မျက်နှာပေါ်မှာ ကပ်စေးနည်းတယ်ဆိုတဲ့ စာလုံး ရေးထားလို့လား"

ကျိုးအန်းရန် - "......"

ကျိုးအန်းရန် အမြန် ခေါင်းခါလိုက်သည်။

အဲဒီကျမှ ချန်လော့ပိုင် ဖြည်းဖြည်းချင်း အနောက်ဆုတ်လိုက်သည်။ ရေခဲသေတ္တာကို ပြန်မှီလိုက်သည်။ လေသံက မကျေနပ်သေးသလို ဖြစ်နေတုန်းပဲ။

"ဒါဆို ငါက နင့်ဆီက အချိုရည်တစ်ဘူးဖိုး လိုနေလို့လား"

ကျိုးအန်းရန် - "......"

သူ စိတ်မပျော်မရွှင်ဖြစ်နေတာ ရိပ်မိလို့ သူမ ထပ်မငြင်းတော့ဘဲ တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆို ကျေးဇူးပဲနော်"

ချန်လော့ပိုင် သူမကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီး စကားမပြောတော့ဘူး။

ကျိုးအန်းရန် ရင်ခုန်သံ မြန်လာပြန်သည်။

စိတ်မပျော်သေးဘူးလား။

ဘာလို့ စကားမပြောတော့တာလဲ။

ချန်လော့ပိုင် ရေခဲသေတ္တာ ပြန်ဖွင့်လိုက်သည်။ လိမ္မော်ရည်တစ်ဘူး အရင်ယူပြီး သူမကို ပေးလိုက်သည်။

ကျိုးအန်းရန်က သူ စိတ်မဆိုးတော့ဘူးထင်ပြီး အမြန် လှမ်းယူလိုက်သည်။ ပြီးတော့ သူက ကိုလာတစ်ဘူး ထပ်ယူလိုက်တာ တွေ့လိုက်ရသည်။

ကောင်လေးရဲ့ ဖြူဝင်းသွယ်လျတဲ့ လက်ညှိုးက အဖုံးကွင်းကို ချိတ်လိုက်သည်။ ကျန်လက်ချောင်းလေးချောင်းက ဘူးကို ဆုပ်ကိုင်ထားသည်။ အားစိုက်လိုက်တဲ့အချိန် လက်ဖမိုးပေါ်က သွေးကြောစိမ်းတွေ ထောင်တက်လာတာ တွေ့လိုက်ရသည်။ လက်ကောက်ဝတ်ရိုးပေါ်က မှဲ့နက်ကလေးက တောက်ပနေသည်။

အဖုံးပွင့်သွားသည်။ ပူဖောင်းလေးတွေ အထဲက ထွက်လာသည်။

ချန်လော့ပိုင် မော့သောက်လိုက်သည်။ ထင်ရှားတဲ့ လည်စလုတ်က မြိုချလိုက်တဲ့ လှုပ်ရှားမှုအတိုင်း အပေါ်အောက် လှုပ်ရှားသွားသည်။ ပြီးမှ ဖြည်းဖြည်းချင်း မေးလိုက်သည်။

"မုန့်ကော"

ကျိုးအန်းရန် ခေါင်းထဲမှာ သူ့ရဲ့ ကိုလာဘူးဖွင့်တဲ့ အလွန်ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေပဲ ပြည့်နှက်နေသည်။ ကြားလိုက်ရတော့ ကြောင်သွားပြီးမှ သူက မုန့်စားဦးမလားလို့ မေးမှန်း သဘောပေါက်သွားသည်။ ခေါင်းခါလိုက်သည်။

"မစားတော့ဘူး"

သူမက သူ ကပ်စေးနည်းတယ်လို့ ထပ်ထင်သွားမှာစိုးလို့ အမြန် ဖြည့်စွက်ပြောလိုက်သည်။

"ပူလွန်းလို့ တကယ် မစားချင်တော့တာပါ"

မိန်းကလေးအသံက သောကြာနေ့တုန်းကလို အက်ကွဲမနေတော့ဘဲ ပုံမှန်အတိုင်း အက်ရှရှလေးနဲ့ နားထောင်လို့ကောင်းတဲ့ အသံ ပြန်ဖြစ်သွားပြီ။ နူးညံ့ပြီး တိုးညှင်းစွာ နားထဲ ဝင်ရောက်လာသည်။ ချန်လော့ပိုင် ကိုလာဘူးကိုင်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။

"ဒါဆို ငါတို့နဲ့အတူ ပြန်လိုက်မလား"

ကျိုးအန်းရန် - "?!"

ဘယ်ပြန်မှာလဲ။

ကွင်းဘက် ပြန်မှာလား။

သူနဲ့အတူ ကွင်းဘက်ပြန်ရင် ဘယ်လောက် လူတွေအာရုံစိုက်ခံရမလဲ မသိဘူး။

ပြီးတော့ သူမ ဘာကြောင့်မှန်းမသိ၊ စောစောက သူ နှစ်ခါလောက် တိုးကပ်လာလို့ ထင်တယ်၊ ရင်ခုန်သံတွေ ပေါက်ကွဲထွက်မတတ် မြန်ဆန်နေတယ်။ သူနဲ့ ဆက်နေရင် အချိန်မရွေး ဝန်မနိုင်တော့သလို ဖြစ်သွားနိုင်တယ်။

အရေးကြီးဆုံးက ကျန်းရူရှန်း စောင့်နေသေးတယ်လေ။

ကျိုးအန်းရန် လက်ထဲက သူပေးထားတဲ့ လိမ္မော်ရည်ဘူးကို လှုပ်ယမ်းပြလိုက်သည်။

"ငါ့သူငယ်ချင်း စောင့်နေလို့"

ချန်လော့ပိုင် အကြည့်က သူမရဲ့ ဖြူဝင်းတဲ့ လက်ပေါ် ရောက်သွားသည်။

"ကောင်းပြီ"

သူ ရေခဲသေတ္တာဘေး မှီရပ်လိုက်ပြီး ကောင်တာဘက် လှမ်းအော်လိုက်သည်။

"ဦးလေးကျန်း... ကိုလာဖိုး အရင်မှတ်ထားလိုက်၊ သူ့လက်ထဲက နှစ်ဘူးဖိုးပါ ကျွန်တော်ပဲ ရှင်းမယ်"

ကျိုးအန်းရန်က ကောင်လေး ပြုံးပြီး သူမကို လက်ညှိုးထိုးပြတာ တွေ့လိုက်ရသည်။ ဆိုင်ရှင်နဲ့ တော်တော် ရင်းနှီးပုံရသည်။

ဆိုင်ရှင်ဦးလေးက "အေး" ဟု ပြန်ထူးသည်။

အထဲက ကောင်လေးတွေ ရုတ်တရက် အော်ဟစ်ကုန်ကြသည်။

"နေပါဦး... ဘာအခြေအနေလဲ"

"ငါ ဘာကြားလိုက်တာလဲ။ လော့ကောက ဘယ်သူ့အတွက် ရှင်းပေးမလို့လဲ"

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရိပ်တွေ ရှိနေတုန်းပဲ။

"ဆူညံမနေနဲ့၊ ထပ်ပြီး နှေးနေရင် ကိုယ့်ဘာသာ ရှင်းကြ"

ကျိုးအန်းရန် စိတ်ငြိမ်သွားခါစ နားရွက်တွေ ပြန်ပူလာပြန်သည်။

ချန်လော့ပိုင် ပြန်လှည့်လာသည်။ လက်ထဲမှာ ကိုလာဘူး ကိုင်ထားတုန်းပဲ။ သူမရဲ့ ရဲနေတဲ့ နားရွက်လေးကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။

"မသွားသေးဘူးလား၊ စိတ်ပြောင်းပြီး ငါတို့နဲ့ လိုက်တော့မလို့လား"

ကျိုးအန်းရန် - "?"

သူ အစခံနေရတာတောင် သူမကို စနေသေးတယ်။

သူမနဲ့ အကွာအဝေး ခွာထားသင့်တာ မဟုတ်ဘူးလား။

ဒါပေမဲ့ သူမ အခု ခေါင်းထဲ ရှုပ်ထွေးနေလို့ သေချာ မစဉ်းစားနိုင်တော့ဘူး။ သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့လိုက်သည်။

"မဟုတ်ပါဘူး၊ ငါ သွားပြီ"

ချန်လော့ပိုင် ရေခဲသေတ္တာဘေး မှီရပ်ထားရင်း မိန်းကလေး ပစ္စည်းတွေကို ကောင်တာပေါ်တင်ပြီး Scan ဖတ်ကာ အမြန်ထွက်သွားတာကို ကြည့်နေလိုက်သည်။ ပိန်ပါးတဲ့ ကျောပြင်လေး တံခါးဝမှာ ပျောက်ကွယ်သွားသည်။

ဘာကြောင့်မှန်းမသိ၊ ခေါင်းထဲမှာ အတွေးတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။

တကယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သူ သူမကို အချိန်မီ မဆွဲထားလိုက်ရင် အခုလိုပဲ အလောတကြီး ပျောက်ကွယ်သွားတဲ့ ကျောပြင်လေးကိုပဲ မြင်လိုက်ရမလား။

ဒါဆို သူ အဲဒီနေ့က ဆေးလာပေးတာ သူမ ဆိုတာတောင် သိလိုက်ရမှာ မဟုတ်ဘူး။

"ကြည့်နေတုန်းလား" ကျုရန်အသံ နားနားကပ်ပြီး ရုတ်တရက် ထွက်ပေါ်လာသည်။ "သူများ သွားတာ ကြာပြီ"

ချန်လော့ပိုင် ပျင်းရိစွာ တစ်ချက်ကြည့်လိုက်သည်။

"စားစရာတွေတောင် မင်းပါးစပ်ကို မပိတ်နိုင်ဘူးလား"

"ငါ့ပါးစပ် ပိတ်ထားလို့ ဘာအသုံးဝင်မှာလဲ" ကျုရန်က မျက်လုံးနဲ့ အနောက်ကို ပြလိုက်သည်။ "မင်း ခုနက ဒီလောက် အထာကျနေတာ၊ အနားကပ်ပြီး စကားပြောတာတွေ၊ အချိုရည်ဝယ်တိုက်တာတွေ သူတို့ မြင်ကုန်ပြီ။ မင်းဘာသာမင်း ရှင်းပေတော့"

တကယ်ပါပဲ။

ပိုက်ဆံရှင်းပြီးလို့ မုန့်တွေ အချိုရည်တွေ ရတာနဲ့ "ကိုယ့်ဘာသာ ရှင်းကြ" ဆိုတဲ့ သတိပေးချက်က အာနိသင် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ထွက်လာတာနဲ့ ထန်ကျန့်ရွေ့တို့ လူအုပ်က ချန်လော့ပိုင်ဘေး ဝိုင်းလာကြပြီး တရစပ် မေးခွန်းထုတ်ကြတော့သည်။

"လော့ကော... မင်းမှာ အခြေအနေထူးနေပြီလား။ ခုနက ဘာလို့ ရုတ်တရက် ကောင်မလေးကို အချိုရည်ဝယ်တိုက်တာလဲ" ထန်ကျန့်ရွေ့က ချန်လော့ပိုင်ပခုံးကို ဖက်ပြီး စပ်စုလိုက်သည်။

တခြားလူတွေလည်း ဝင်ပြောကြသည်။

"မင်းတို့ ဘယ်သူလဲ မြင်လိုက်ရလား။ ခုနက လော့ကော ကွယ်နေလို့ ငါ မျက်နှာ မမြင်လိုက်ရဘူး"

"ကျိုးအန်းရန် ထင်တယ်၊ ငါတို့အခန်းက ကောင်မလေးလေ၊ တော်တော် လှတယ်"

"လှတယ်လား... ငါ ဘာလို့ သိပ်မမှတ်မိပါလိမ့်"

"ပုံမှန်ဆို သိုသိုသိပ်သိပ်နေလွန်းလို့ နေမှာပေါ့။ ငါ မှတ်မိတာတော့ စာတော်တယ်"

"နေပါဦး... မင်းတို့က အလိုက်ကန်းဆိုး မသိကြဘူးလား။ လော့ကော ကြိုက်တဲ့သူကို မင်းတို့က သူ့ရှေ့မှာတင် လှလား မလှလား ဆွေးနွေးနေရလား။ မကြာခင် မင်းတို့ မရီး ဖြစ်လာနိုင်တယ်နော်"

"တကယ် ကြိုက်သွားတာလား"

ချန်လော့ပိုင်က ဒီကောင်တွေ ဒီလိုတုံ့ပြန်မယ်ဆိုတာ သိပြီးသား။ ထန်ကျန့်ရွေ့လက်ကို ဖယ်လိုက်ပြီး လေသံက ရယ်သံပါနေပြန်သည်။

"မင်းတို့နဲ့ ဘာဆိုင်လို့လဲ"

ထန်ကျန့်ရွေ့က အသံဆွဲပြီး "ဩော်" လိုက်သည်။

"ကောင်းပြီလေ... ကောင်းပြီလေ... ငါတို့နဲ့ မဆိုင်ပါဘူး။ ဒါဆို ငါတို့ ခဏနေ ကျိုးအန်းရန်ကို သွားစကားပြောလည်း ကိစ္စမရှိဘူးပေါ့"

ချန်လော့ပိုင် သောက်ပြီးသား ကိုလာဘူးကို ဘေးနားက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ ပြီးတော့ ထန်ကျန့်ရွေ့လည်ပင်းကို ရုတ်တရက် ညှစ်လိုက်သည်။

"မင်းတို့က အားနေလို့ ယားနေကြတာလား"

***

All Chapters