← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

လီမွန်ဆိုဒါသကြားလုံး

အခန်း ၇၀ ။ အထက်တန်းကျောင်း IF Line

ကျိုးအန်းရန်က ကျန်းရူရှန်းကို ကိုလာဘူး ပေးလိုက်တုန်းက သူ့အပေါ် စိတ်ဝင်စားတဲ့အကြောင်း မပြောရဲခဲ့ဘူး။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သူ့ဒဏ်ရာတွေ့လို့ ဂွမ်းတံနဲ့ ပလာစတာ ပေးလိုက်မိလို့ သူက ပြန်ဝယ်တိုက်တာပါလို့ပဲ ပြောလိုက်တယ်။

ကျန်းရူရှန်းက သူတို့နှစ်ယောက် ပုံမှန် အဆက်အသွယ်မရှိတာ သိနေတော့ ဘာမှ မတွေးမိပုံရတယ်။

သူတိုက်တဲ့ ကိုလာဘူးကိုတော့ ကျိုးအန်းရန် မသောက်ရက်ဘဲ ညကျရင် လွယ်အိတ်ထဲထည့်ပြီး အိမ်ပြန်သယ်သွားတယ်။

....

နောက်တစ်နေ့က ကျန်းရူရှန်း မွေးနေ့။

ကျိုးအန်းရန် သူမအတွက် လက်ဆောင်ယူပြီး ကျောင်းစောစော ရောက်လာသည်။ ဒါပေမဲ့ ချန်လော့ပိုင် သူငယ်ချင်းအုပ်စုက သူမကို ခိုးခိုးကြည့်နေတယ်လို့ ခံစားနေရတယ်။ သူမ လှည့်ကြည့်လိုက်ရင် ထန်ကျန့်ရွေ့တို့က အကြည့်လွှဲပြီး စကားပြောချင်ယောင် ဆောင်နေကြတယ်။

မနေ့က စတိုးဆိုင်မှာ သူ အချိုရည်ဝယ်တိုက်လိုက်လို့လား။

ဒါပေမဲ့ သူက မိန်းကလေးတွေနဲ့ အထင်လွဲခံရတာ မကြိုက်ပါဘူး။ ရှင်းပြပြီးလောက်မှာပါ။

ဒါပေမဲ့ အဲဒီအုပ်စုက သူမကို ကြည့်တဲ့အကြည့်တွေက မကောင်းတဲ့သဘော မပါပါဘူး။ စပ်စုချင်စိတ် သက်သက်ပါပဲ။ နည်းနည်း နေရခက်တာကလွဲရင် တခြားဘာမှ မဖြစ်ပါဘူး။ ပြီးတော့ ဒီနေ့ ဆရာတွေက တစ်ယောက်ပြီးတစ်ယောက် အချိန်ပိုယူပြီး စာသင်နေကြလို့ အချိန်မလောက်တာနဲ့ သူမလည်း ဆက်မစဉ်းစားဖြစ်တော့ဘူး။

နေ့လည်ကျတော့ ကျန်းရူရှန်းက သူတို့ကို ဟော့ပေါ့ လိုက်ကျွေးတယ်။ ညနေကျတော့ သူတို့ သုံးယောက်က ကျန်းရူရှန်းကို မြီးရှည်ပြန်ကျွေးကြတယ်။

ညစာစားပြီး စာသင်ဆောင် ပြန်ရောက်တော့ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်တို့ ၆ ထပ်ကို တက်သွားကြတယ်။ ကျန်းရူရှန်းက အတန်းရှေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောကျန်ခဲ့တယ်။ ကျိုးအန်းရန် တစ်ယောက်တည်း အတန်းထဲ ဝင်လာခဲ့တယ်။

အတန်းထဲ ဝင်ဝင်ချင်း ဒုတိယတန်း၊ ခြောက်ခုံမြောက် နေရာကို မသိမသာ ကြည့်လိုက်တော့ သူ မရှိသေးတာ တွေ့လိုက်ရတယ်။

ကျိုးအန်းရန် ကိုယ့်နေရာကိုယ်ဝင်ထိုင်ပြီး သင်္ချာပုစ္ဆာတစ်ရွက် ထုတ်တွက်လိုက်သည်။

မကြာမီ ကျန်းရူရှန်း ပြန်ရောက်လာသည်။

ကျိုးအန်းရန် ဝင်ဖို့ နေရာဖယ်ပေးလိုက်သည်။

ကျန်းရူရှန်း ထိုင်ပြီးတာနဲ့ ဘေးတန်းက လိုယိချီကို တစ်ချက်ကြည့်ပြီး အနားတိုးကပ်ကာ တိုးတိုးလေး ပြောသည်။

"ငါ့သူငယ်ချင်း ပြောတာ ယင်းယီကျန်းက ဒီရက်ပိုင်း ခွင့်ယူထားတယ်တဲ့။ ဒီနေ့ ကျုံးခိုင်လည်း ခွင့်ယူထားတာ၊ သူ့ကို သွားအဖော်ပြုပေးတာများလား"

ကျိုးအန်းရန် ဘောပင် ရပ်တန့်သွားသည်။

ယင်းယီကျန်း ဒီနှစ်ရက်လုံး မလာဘူးလား။

အဲဒီနေ့က သူ ရက်ရက်စက်စက် ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်လား။

ဒါပေမဲ့ တခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်တာပဲ။ အဲဒီကိစ္စက သူနဲ့ ယင်းယီကျန်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ ကျိုးအန်းရန် ဘာမှဝင်မပြောတော့ဘဲ ကျန်းရူရှန်းကို သတိပေးလိုက်သည်။

"နင် ရူပဗေဒ အိမ်စာ မပြီးသေးဘူးနော်"

ကျန်းရူရှန်း ပခုံးတွန့်လိုက်သည်။

"ဝူး... ဝူး... ဝူး... မွေးနေ့မှာတောင် အိမ်စာလုပ်နေရတာ သနားစရာ ကောင်းလိုက်တာ"

ပြောရင်းနဲ့ အိမ်စာစာအုပ် ထုတ်လိုက်သည်။

ညနေက စားတဲ့ ဟင်းက နည်းနည်းငန်နေလို့ ပုစ္ဆာနည်းနည်းတွက်ပြီးတာနဲ့ ကျိုးအန်းရန် ရေဆာလာသည်။

ရေဘူးထဲက ရေကုန်သွားတော့ ထပ်သွားဖြည့်ဖို့ ထလိုက်သည်။ ကျန်းရူရှန်းက ခေါင်းငုံ့ပြီး အိမ်စာလုပ်နေသလို ရေဘူးကလည်း ပြည့်နေတော့ မနှောင့်ယှက်တော့ဘူး။

ရေပူစက်က နောက်ပေါက်နဲ့ ပိုနီးတယ်။

သူလည်း ပြန်မရောက်သေးဘူးဆိုတော့ အနောက်ပေါက်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

အနောက်ပေါက်ရောက်တော့ ပြန်ဝင်လာတဲ့ ချန်လော့ပိုင်နဲ့ တည့်တည့်တိုးမလို ဖြစ်သွားသည်။

ကောင်လေးကလည်း သူမကို တံခါးဝမှာ တွေ့လိုက်ရလို့ အံ့ဩသွားပုံရတယ်။ မျက်ခုံးပင့်လိုက်သည်။

ကျိုးအန်းရန် ရင်ခုန်မြန်လာသည်။

သူ့ကို ရင်ဆိုင်ရရင် အခုထိ စိတ်လှုပ်ရှားနေတုန်းပဲ။

ကျိုးအန်းရန် ရေဘူးကို ဆုပ်ကိုင်လိုက်ပြီး သဘာဝကျအောင် ကြိုးစားကာ သာမန်သူငယ်ချင်းတစ်ယောက်လို ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့မှ ခေါင်းငုံ့ပြီး ညာဘက်ကို ရှောင်ပေးလိုက်သည်။ သူ ဝင်ဖို့ လမ်းဖယ်ပေးလိုက်တာ။

ခေါင်းငုံ့ထားရင်း ကောင်လေးရဲ့ ခြေတံရှည်ကြီးတွေကလည်း သူမညာဘက်ကို ရွေ့လာတာ တွေ့လိုက်ရသည်။

သူက ညာဘက်ကနေ ဝင်ချင်လို့လား။ ဒါမှမဟုတ် သူမကို အရင်ထွက်ခိုင်းတာလား။

ကျိုးအန်းရန် ဘယ်ဘက်ကို ရွှေ့လိုက်ပြီး လမ်းထပ်ဖယ်ပေးလိုက်သည်။

ခြေတံရှည်ကြီးတွေကလည်း ဘယ်ဘက်ကို လိုက်ရွေ့လာပြီး သူမရှေ့ ထပ်ပိတ်ရပ်လိုက်သည်။

ကျိုးအန်းရန် နားမလည်တော့ဘဲ မော့ကြည့်လိုက်ရသည်။

သူ့အနောက်မှာ ကျုရန်တို့ လူအုပ်ကြီး ပါလာသည်။ ကျုရန်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး အနောက်က ထန်ကျန့်ရွေ့ကို တွန်းလိုက်သည်။

"သွား... သွား... သွား... ငါတို့ ရှေ့ပေါက်ကနေ ဝင်ရအောင်။ ဒီမှာ တစ်ယောက်ယောက် လမ်းပိတ်မနေနဲ့"

ထန်ကျန့်ရွေ့နဲ့ တခြားကောင်လေးတွေကလည်း သူမဘက် လှမ်းကြည့်လိုက်ကြသည်။

ပြီးတော့ လူအုပ်ကြီး ရှေ့ပေါက်ဘက် ထွက်သွားကြသည်။

ကျိုးအန်းရန် နားရွက်ပူလာပြီး နေရခက်တာကို ထိန်းကာ တိုးတိုးလေး ပြောလိုက်သည်။

"နင် အရင်ဝင်လေ"

ချန်လော့ပိုင် သူမမျက်နှာကို ကြည့်လိုက်သည်။ စိတ်မရှည်တဲ့ပုံ ပေါက်နေပေမယ့် နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်နေပြီး ပြုံးနေသလိုပဲ။

"ငါ တမင် လမ်းပိတ်ထားတာကို မသိသာဘူးလား"

ကျိုးအန်းရန် - "......"

"နင် ဘာလို့ ငါ့ကို လမ်းပိတ်တာလဲ"

ချန်လော့ပိုင်လည်း ဘာလို့ ပိတ်မိလဲ သေချာမသိဘူး။ သူမက သူ့ကို "သိပ်မရင်းနှီးပါဘူး" ဆိုတဲ့ ပုံစံ လုပ်နေတာ မြင်ရလို့ စိတ်မကျေနပ်တာ ဖြစ်နိုင်သလို၊ အရင်တုန်းကလိုပဲ သူမရဲ့ လိမ္မာနူးညံ့တဲ့ ပုံစံလေးကို မြင်ရတော့ အနိုင်ကျင့်ချင်စိတ် ပေါ်လာတာလည်း ဖြစ်နိုင်တယ်။

သူ မျက်လွှာချလိုက်ပြီး သူမလက်ထဲက ရေဘူးလွတ်ကို ကြည့်လိုက်သည်။

"ရေသွားဖြည့်မလို့လား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ "အင်း"

ချန်လော့ပိုင် - "ဒါဆို ငါ့အတွက်ပါ တစ်ဘူးလောက် ဖြည့်ပေးပါလား"

ဒါကြောင့် လမ်းပိတ်တာလား။ ရေကူဖြည့်ခိုင်းမလို့လား။

ကျိုးအန်းရန် နားမလည်နိုင်ဖြစ်သွားသည်။

သူ အချိုရည်ဝယ်တိုက်တုန်းကတောင် သူ့သူငယ်ချင်းတွေက အထင်လွဲချင်နေတာ။ သူက ဘာလို့ ရေကူဖြည့်ခိုင်းနေရတာလဲ။

သူက ဘာမှမတွေးဘဲ သူငယ်ချင်းချင်း အကူအညီတောင်းတာ ဖြစ်နိုင်မလား။

ဒါပေမဲ့ သူ ဘယ်လိုပဲ တွေးတွေး၊ ကျိုးအန်းရန်က သူ့ကို မငြင်းဆန်နိုင်ပါဘူး။ လက်ဖြန့်ပေးလိုက်သည်။

"ဒါဆို နင့်ရေဘူး ပေးလေ"

ချန်လော့ပိုင် သူမရဲ့ ဖြူဝင်းတဲ့ လက်ဖဝါးလေးကို ကြည့်ပြီး "ဘာလို့ ဒီလောက် လိမ္မာနေရတာလဲ" ဆိုတဲ့ စကားလုံးက လည်ချောင်းဝ ရောက်လာပြန်သည်။

သူ ဘာမှ မလှုပ်ရှား၊ စကားလည်း မပြောဘဲ သူမလက်ကိုပဲ ကြည့်နေတာ မြင်တော့ ကျိုးအန်းရန် နားရွက်လေးတွေ ပူလာပြီး မျက်တောင်ခတ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် - "ထားလိုက်ပါတော့"

"ဘာထားလိုက်ရမှာလဲ" ကျိုးအန်းရန် နားမလည်ပေ။

ကောင်လေး ရုတ်တရက် အနားတိုးကပ်လာသည်။

တကယ်တော့ သူက အကွာအဝေးတစ်ခု ထားပါသေးတယ်။ မနေ့ညက ဆေးထည့်ပေးတုန်းကလောက်ပါပဲ။ လုံခြုံတဲ့ အကွာအဝေးကို မကျော်လွန်ပါဘူး။

ဒါပေမဲ့ ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားသည်။ သူ့အသံ နိမ့်နိမ့်လေးက ရယ်သံပါပါနဲ့ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"ဒီနေ့ ရေဘူး မပါလာဘူး၊ စတာပါ"

...

မိုးက တစ်နေ့လုံး အုံ့မှိုင်းနေပြီး ညကျမှ ရွာချသည်။ နှစ်ရက်ဆက်တိုက် ရွာပြီး ကြာသပတေးနေ့ ညနေကျမှ တိမ်စင်သွားသည်။

ကြာသပတေးနေ့မှာ ကျိုးအန်းရန်တို့ အိမ်က အသက်ကြီးတဲ့ ဆွေမျိုးတစ်ယောက် မွေးနေ့ရှိလို့ ညနေပိုင်း အနားယူချိန်မှာ အပြင်ထွက်ပြီး မွေးနေ့ပွဲ သွားစားကြသည်။ ပြန်လာတော့ လမ်းပိတ်နေသလို၊ ဘတ်စ်ကားကလည်း လမ်းမှာ ပျက်သွားလို့ ကားပြောင်းစီးလိုက်ရသေးတယ်။ ကျောင်းဝ ရောက်တော့ ညနေစာလေ့လာချိန် စခါနီးနေပြီ။

ကျိုးအန်းရန် စာသင်ဆောင်ဘေးက ထောင့်ချိုးအထိ ပြေးလာသည်။ ကွေ့လိုက်တာနဲ့ တစ်ဖက်က လာတဲ့လူနဲ့ ဝင်တိုက်မိမလို ဖြစ်သွားသည်။ လက်ကြီးတစ်ဖက်က လှမ်းထိန်းပေးလိုက်ပြီး လန်းဆန်းပြီး ရင်းနှီးတဲ့ ကိုယ်သင်းနံ့တွေ မျက်နှာပေါ် လာရိုက်ခတ်သည်။

အသံကလည်း ရင်းနှီးနေပြီး ရယ်သံပါနေသည်။

"ဖြည်းဖြည်း"

ကျိုးအန်းရန် မော့ကြည့်လိုက်တော့ ကောင်လေးရဲ့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံတွေ့သွားသည်။

ဘာလို့ သူနဲ့ ခဏခဏ တိုက်မိနေရတာလဲ။

ပြီးခဲ့တဲ့ သောကြာနေ့ည ဆေးသွားပေးပြီး ထွက်ပြေးမလို့လုပ်တာ သူ ဖမ်းမိသွားကတည်းက သူနဲ့ မတော်တဆ ဆုံတာတွေ ပိုများလာသလို ခံစားရတယ်။

အပြေးလာရလို့ ထင်တယ်၊ မိန်းကလေး ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ချန်လော့ပိုင် အကြည့်လွှဲလိုက်ပြီး လက်လွှတ်လိုက်သည်။ တစ်စက္ကန့်လောက်ကြာမှ သူမမျက်နှာပေါ် အကြည့်ပြန်ရောက်လာသည်။

"ဘာလို့ ဒီလောက် အလောတကြီး ပြေးလာတာလဲ"

ကျိုးအန်းရန် သတိဝင်လာပြီး ခေါင်းငုံ့ကာ အကြည့်ရှောင်လိုက်သည်။

"နောက်ကျတော့မှာမို့လို့ပါ"

ချန်လော့ပိုင်အသံ ခေါင်းပေါ်ကနေ ထွက်ပေါ်လာသည်။ ရင်းနှီးပြီး ပျင်းရိတဲ့ လေသံမျိုး။

"ကြိုတင်ခေါင်းလောင်းတောင် မထိုးသေးတာ၊ ဘာလောစရာ ရှိလို့လဲ"

ကျိုးအန်းရန် - "......"

"ကြိုတင်ခေါင်းလောင်း ထိုးခါနီးပြီလေ၊ မလောဘဲ ရမလား" သူမ ခဏရပ်လိုက်ပြီး တစ်ခုခု သတိရသွားသလို မော့ကြည့်လိုက်သည်။ "နင်ကော ဒီအချိန်ကြီး ဘာလို့ အပြင်ထွက်နေတာလဲ"

ချန်လော့ပိုင် - "နင် ဘယ်လိုထင်လဲ"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ "?"

မိန်းကလေး မျက်နှာလေး ရဲနေသည်။ လိမ္မာပြီး လှပနေတုန်းပါပဲ။

ချန်လော့ပိုင် ခေါင်းငုံ့ပြီး နည်းနည်း တိုးကပ်လိုက်သည်။ အသံနှိမ့်လိုက်သည်။

"အတန်းလစ်မလို့လေ"

ကျိုးအန်းရန် - "?!"

သူက သိပ်စည်းကမ်းလိုက်နာတဲ့ ကျောင်းသားကောင်း မဟုတ်မှန်း သူမ သိပါတယ်။ ကျောင်းက ပွဲတွေဆို လစ်လေ့ရှိတယ်။ အထက်တန်းပထမနှစ် အားကစားပွဲတော်တုန်းကဆို ပွဲချိန်အပြည့် လူပျောက်နေတာ။ ဒါပေမဲ့ အတန်းလစ်တယ် ဆိုတာတော့ မကြားဖူးသေးဘူး။

သူမ အံ့ဩသွားသည်။

"အတန်းလစ်မယ်? နင့်မှာ အရေးကြီးကိစ္စရှိလို့လား"

ချန်လော့ပိုင်က သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားတာကို ကြည့်လိုက်သည်။ မျက်နှာလေးက အဆီပြင်လေးတွေနဲ့ ဝိုင်းစက်နေပြီး နူးညံ့ကာ ဆွဲချင်စရာ ကောင်းနေသည်။ ဘောင်းဘီအိတ်ကပ်ထဲက လက် လှုပ်ရှားသွားပြီးမှ ပြန်ရပ်လိုက်သည်။

"ငါ့ပုံစံက အရေးကြီးကိစ္စ ရှိတဲ့ပုံ ပေါက်နေလို့လား"

ကျိုးအန်းရန်လည်း အကြည့်မလွှဲတော့ဘူး။

"အရေးကြီးကိစ္စ မရှိရင် ဘာလို့ အတန်းလစ်မှာလဲ"

ချန်လော့ပိုင် ခေါင်းစောင်းလိုက်သည်။

"ပျင်းလို့လေ... စိတ်လှုပ်ရှားစရာ ရှာမလို့"

စိတ်လှုပ်ရှားစရာ ရှာမယ်?

သူ ဘာသွားလုပ်မလို့လဲ။

သူ့မိသားစုက အဆုံးအမကောင်းမှန်း သိလို့၊ သူ စည်းကမ်းဖောက်တဲ့ ကိစ္စတွေ လုပ်မှာမဟုတ်ဘူးဆိုတာ သိပေမယ့်၊ အခုလို ဆက်ဆံရေးမျိုးနဲ့ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မေးမြန်းတာက စည်းကျော်ရာ ရောက်နေမှန်း သိပေမယ့်၊ ကျိုးအန်းရန် စိတ်ပူလို့ မနေနိုင်ဘဲ မေးလိုက်မိသည်။

ချန်လော့ပိုင် မျက်လွှာချလိုက်သည်။ မိန်းကလေးရဲ့ ကြည်လင်လှပတဲ့ မျက်ဝန်းတွေထဲမှာ စိုးရိမ်ပူပန်မှုတွေ အထင်းသား မြင်နေရသည်။

ကြည့်ရတာ သူနဲ့ သိပ်မစိမ်းတော့ဘူး ထင်တယ်။

သူ ထပ်တိုးကပ်လိုက်သည်။

"သိချင်တာလား၊ ဒါဆို ငါနဲ့လိုက်ပြီး အတန်းလစ်မလား"

ကျိုးအန်းရန် - "?!"

သူမပါ အတန်းလစ်ရမယ်?

ကျိုးအန်းရန် ငယ်ငယ်ကတည်းက အတန်းတစ်ခါမှ မလစ်ဖူးဘူး။ သူ ဖိတ်ခေါ်ရင်တောင်မှ မစဉ်းစားဘဲ ချက်ချင်း ခေါင်းခါလိုက်သည်။

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

မနေ့တုန်းက ရေကူဖြည့်ပေးဖို့ ပြောတာတောင် မတွန့်ဆုတ်ဘဲ လက်ခံခဲ့တာ။ ဒီတစ်ခါတော့ ပြတ်ပြတ်သားသား ငြင်းလိုက်ပါလား။

အတန်းလစ်တာက တကယ်ပဲ စည်းကျော်နေပြီ ထင်တယ်။

ဘေးနားက စာသင်ဆောင်ဘက် မေးငေါ့ပြလိုက်သည်။

"ဒါဆို မြန်မြန် ဝင်တော့၊ မဟုတ်ရင် တကယ် နောက်ကျနေဦးမယ်"

ကျိုးအန်းရန် တွန့်ဆုတ်နေပြီးမှ ဖြောင်းဖျလိုက်သည်။

"နင်လည်း အတန်းမလစ်ပါနဲ့လား၊ ဒါမှမဟုတ် ဆရာကောင်းဆီမှာ ခွင့်တိုင်လိုက်ပါလား"

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ငါ့ကို စိတ်ပူနေတာလား"

ကျိုးအန်းရန် ရင်ခုန်သံ ဒိန်းခနဲ ဖြစ်သွားသည်။

"ကျောင်းသူကောင်းလေးကို ဖြားယောင်းပြီး အတန်းလစ်ခိုင်းတာက ပိုစိတ်လှုပ်ရှားစရာ ကောင်းမယ်ထင်တယ်" ကောင်လေးက စကားရပ်လိုက်ပြီး သူမနား ထပ်တိုးကပ်လာသည်။

အကွာအဝေးက အရင်အကြိမ်တွေထက် ပိုနီးကပ်လာသလိုပဲ။

ကောင်လေးရဲ့ လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေက သူမကို လွှမ်းခြုံထားသည်။ မျက်ဝန်းနက်နက်တွေက သူမကို စိုက်ကြည့်နေပြီး အထဲမှာ သူမပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမပုံရိပ်တစ်ခုတည်း ရှိနေသလိုပဲ။ ဒါကြောင့် သူမကို ကြည့်တဲ့အကြည့်တွေက အရမ်း လေးနက်နေသလို ခံစားရတယ်။ ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားပြီး ဦးနှောက်က ခဏတာ ဗလာဖြစ်သွားသည်။

သူ့အသံက ပိုတိုးသွားပြီး ထူးဆန်းတဲ့ ဆွဲဆောင်မှု ရှိနေသည်။

"တကယ် ငါနဲ့ မလိုက်ချင်ဘူးလား"

ကြိုတင်ခေါင်းလောင်းသံ ရုတ်တရက် မြည်လာသည်။

ကျိုးအန်းရန် သတိဝင်လာသည်။ နားရွက်တွေ ပူလာပြီး သူ့ကို မကြည့်ရဲတော့သလို၊ ဆက်မပြောရဲတော့ဘူး။ စောစောက ခေါင်းလောင်းသံသာ တစ်စက္ကန့်လောက် နောက်ကျသွားရင် သူမ သူ့ဆွဲဆောင်မှုအောက်မှာ ခေါင်းညိတ်မိသွားလောက်တယ်လို့တောင် ထင်မိသွားတယ်။

ဒါဆို သူမရဲ့ ခံစားချက်တွေက တကယ် ဗူးပေါ်သလို ပေါ်သွားတော့မှာ။

"ငါ အရင် ဝင်လိုက်တော့မယ်"

သူ့ဘေးကနေ ထွက်ပြေးသွားတုန်း ကောင်လေးရဲ့ တိုးညှင်းတဲ့ ရယ်သံလေးကို ကြားလိုက်ရသလိုပဲ။

သူမ အထင်မှားတာလား မသိဘူး။

ကျိုးအန်းရန် အတန်းထဲ အပြေးဝင်သွားပြီး ကိုယ့်နေရာမှာ ခေါင်းငုံ့ထိုင်လိုက်သည်။

ကျန်းရူရှန်းက သူမကို မက်ဆေ့ခ်ျပို့ထားလို့ လမ်းမှာ ကားပိတ်ပြီး ကားပြောင်းစီးရတယ်ဆိုတာ သိထားပြီးသား။ သူမ မျက်နှာရဲနေတာမြင်တော့ မအံ့ဩပါဘူး။

"ပြေးလာတာလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နောက်မကျလို့ တော်သေးတယ်" ကျန်းရူရှန်း ပြောလိုက်သည်။

ကျိုးအန်းရန် "အင်း" ဟု ဖြေပြီး အိမ်စာစာအုပ်တစ်အုပ်ကို ကောက်ယူကာ ပူထူနေတဲ့ မျက်နှာကို ယပ်ခတ်လိုက်သည်။

သူမလည်း သူ့နောက် လိုက်ခဲ့ပါလား ဆိုတာ ဘာသဘောလဲ။

သူက မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်တယ် မဟုတ်ဘူးလား။ ဒီစကားက နည်းနည်း ရင်းနှီးလွန်းနေတယ်ဆိုတာ မသိဘူးလား။

ပြီးတော့ စောစောက စာသင်ဆောင်ဘေးမှာ သူက ဒီလောက်ထိ အနားကပ်ပြီး စကားပြောနေတာ။ အတန်းတက်ခါနီးမို့ လူရှင်းနေပေမယ့် ဆရာတစ်ယောက်ယောက် မြင်သွားရင် ရုံးခန်းအေါ် အဆူခံရတော့မှာ။

...

ညနေစာလေ့လာချိန် ခေါင်းလောင်းထိုးတော့ ကျိုးအန်းရန် သတိဝင်လာပြီး နောက်လှည့်ကြည့်လိုက်မိသည်။

အတန်းထဲက လူအားလုံး ရှိနေပေမယ့် သူ့နေရာက လွတ်နေလို့ အရမ်း ထင်ရှားနေသည်။

ကျိုးအန်းရန် ရင်ထိတ်သွားသည်။ အတန်းပိုင်ဆရာ ဒီည အတန်းထဲ မလာပါစေနဲ့၊ ဒါမှမဟုတ် ကျုရန်တို့ တစ်ယောက်ယောက်က သူ့ကို ဖုံးပေးထားပါစေလို့ ဆုတောင်းနေမိသည်။

ဒါပေမဲ့ ကြောက်တဲ့အရာက ဖြစ်လာတတ်စမြဲပါပဲ။ သူမ သုံးခေါက်တောင် ဆုတောင်းမပြည့်သေးခင် ကောင်းကောဟွာက လက်နောက်ပစ်ပြီး အတန်းထဲ ဝင်လာသည်။

ကျိုးအန်းရန် ရင်ခုန်သံတွေ လည်ချောင်းဝ ရောက်လာသည်။

ကောင်းကောဟွာက စင်ပေါ်တက်ပြီး သူတို့ဘက် လှည့်လာသည်။ ဒါပေမဲ့ အတန်းထဲမှာ လူတစ်ယောက် လိုနေတာကို သတိမထားမိသလို ပြုံးပြီး ပြောလိုက်သည်။

"ဒီည ငါ စာမသင်ဘူး"

ကျိုးအန်းရန် သံသယတွေ ပိုများလာသည်။

အတန်းပိုင်ဆရာက စင်ပေါ်မှာ ရပ်နေတာ၊ သူ့နေရာလွတ်နေတာကို မမြင်ဘဲ မနေနိုင်ပါဘူး။

ဒါပေမဲ့ ကောင်းကောဟွာ၏မျက်နှာပေါ်က အပြုံးတွေက ထင်ရှားနေတုန်းပဲ။ ဆက်ပြောလိုက်သည်။

"ပြီးခဲ့တဲ့ စာသင်နှစ်အဆုံး စာမေးပွဲတုန်းက မင်းတို့က အတန်းလိုက် ပထမ ရခဲ့ကြတယ်မလား။ ငါ လက်ဆောင်ပေးမယ်လို့ ပြောထားတာ၊ ဒီနေ့မှ ဝယ်လာလို့။ တစ်ယောက်ကို ဗလာစာအုပ်တစ်အုပ် ပေးမယ်၊ မကြိုက်ဘူး မလုပ်ကြနဲ့နော်"

ကျုရန် အနောက်ကနေ အော်လိုက်တာ ကြားလိုက်ရသည်။

"ဘယ်လိုလုပ် မကြိုက်ဘဲ နေမလဲ၊ ဆရာကောင်း ပေးတဲ့ စာအုပ်ကို ကျွန်တော်တို့က ဦးထိပ်တင်ထားရမှာ"

ကောင်းကောဟွာက မြေဖြူခဲတစ်ပိုင်းနဲ့ သူ့ကို လှမ်းပေါက်လိုက်သည်။

"မင်းက စကားများလိုက်တာ"

ကျိုးအန်းရန် တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရသည်။

ကျုရန်က သူ့ဘေးမှာ ထိုင်တာလေ။ ကောင်းကောဟွာ အစက သတိမထားမိရင်တောင် အခုတော့ သူ့နေရာလွတ်နေတာ မမြင်ဘဲ မနေနိုင်တော့ဘူး။

အနောက်က ကောင်လေးတစ်ယောက်က မေးလိုက်သည်။

"ဆရာကောင်း... ကျွန်တော်တို့ စာအုပ်တွေကော"

ကောင်းကောဟွာ တံခါးဘက် လှမ်းကြည့်လိုက်သည်။

"ချန်လော့ပိုင်ကို သွားယူခိုင်းထားတယ်၊ လာတော့မယ်"

သူ့စကားဆုံးတာနဲ့ အရပ်ရှည်ရှည်ကောင်လေးက အထုပ်တစ်ထုပ်ဆွဲပြီး ရှေ့ပေါက်ကနေ ဝင်လာသည်။ သူ ခေါင်းနည်းနည်း စောင်းပြီး သူမဘက် လှမ်းကြည့်လိုက်သည်။

ကျိုးအန်းရန် ရင်ထဲက အလုံးကြီး ကျသွားပြီး ခေါင်းငုံ့ကာ အကြည့်ရှောင်လိုက်သည်။

"ဒီမှာထားလိုက်" ကောင်းကောဟွာ ပြောသည်။

ကောင်လေးအသံက စောစောက တံခါးဝမှာ ကြားခဲ့ရသလိုပဲ ရယ်သံစွက်နေသည်။

"ကျွန်တော်လည်း နေရာပြန်တော့မှာဆိုတော့ ဒီတစ်တန်းကို တစ်ခါတည်း ဝေပေးလိုက်ပါ့မယ်"

ကျိုးအန်းရန် - "......"

သူမကို လှည့်စားလိုက်ရလို့ သူ ပျော်နေပုံရတယ်။

သူက လူတွေကို စနောက်ရတာ ကြိုက်မှန်း သိပေမယ့် (ကျုရန်ကို အမြဲ စနောက်နေတာ မြင်ဖူးတယ်လေ)၊ သူမကို လိမ်လိမ့်မယ်လို့ မထင်ထားဘူး။ သူမကတော့ စိတ်ပူနေလိုက်ရတာ။

သူမ ခေါင်းငုံ့ထားပြီး ပါးဖောင်းလိုက်သည်။

မျက်စိရှေ့မှာ ဖြူဝင်းသွယ်လျတဲ့ လက်တစ်ဖက် သူမစားပွဲပေါ် ကျရောက်လာသည်။ လက်ကောက်ဝတ်ရိုးပေါ်မှာ အညိုရောင် မှဲ့နက်ကလေး။ သူ လက်ညှိုးကွေးပြီး သူမစားပွဲကို ဖွဖွလေး ခေါက်လိုက်သည်။ ပြီးတော့ စာအုပ်အသစ်တစ်အုပ် သူမစားပွဲပေါ် တင်ပေးလိုက်သည်။

စာအုပ်ပေါ်မှာ ချောကလက်တစ်တုံး တင်ထားသေးသည်။

ကျိုးအန်းရန် ခေါင်းမမော့ဘူး။

လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေက ကောင်လေးနဲ့အတူ ထွက်ခွာသွားသည်။

ကျန်းရူရှန်း အနားကပ်လာပြီး တိုးတိုးလေး မေးသည်။

"ဟင်... နင့်ဆီမှာ ဘာလို့ ချောကလက် ရှိနေတာလဲ"

ကျိုးအန်းရန် ရင်ခုန်သွားသည်။ တိုးတိုးလေး မေးလိုက်သည်။

"တခြားလူတွေ မရကြဘူးလား"

ကျန်းရူရှန်း လှည့်ကြည့်လိုက်သည်။

"မရကြဘူး" သူမ အနားတိုးကပ်လာပြီး သူများကြားသွားမှာစိုးလို့ စာကြမ်းစာအုပ်ပေါ်မှာ ရေးပြီး တွန်းပေးလိုက်သည်။ "ဘာဖြစ်တာလဲ၊ ချန်လော့ပိုင်က နင့်ကို သီးသန့်ပေးတာလား။ သူက ဘာလို့ နင့်ကို မုန့်ကျွေးပြန်တာလဲ။ နင် သူ့ကို ဘာကူညီပေးလိုက်လို့လဲ"

ကျိုးအန်းရန် စာအုပ်ပေါ်က ချောကလက်ကို ငုံ့ကြည့်လိုက်သည်။

သီးသန့် ပေးတာလား။

လိမ်ပြီးလို့ ချောကလက်နဲ့ ပြန်ချော့တာလား။

ဒါမှမဟုတ် မတော်တဆ ကျန်ခဲ့တာလား။

သူ ကျုရန်ကို စနောက်ပြီးရင်လည်း ပြန်ချော့တာ မတွေ့ဖူးပါဘူး။ ဒုတိယအချက် ဖြစ်လောက်တယ်။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်ပြီး စာအုပ်ပေါ်မှာ ပြန်ရေးလိုက်သည်။ "မတော်တဆ ကျန်ခဲ့တာ ဖြစ်မှာပါ"

ကျန်းရူရှန်းလည်း အဲဒီလိုပဲ ထင်ပုံရလို့ ဆက်မမေးတော့ဘူး။

ဒီနေ့ အိမ်စာများလို့ ကျိုးအန်းရန် စိတ်အာရုံကို ပြန်စုစည်းပြီး အိမ်စာစလုပ်လိုက်သည်။

....

ပထမ အချိန်ပြီးတော့ ကျန်းရူရှန်းက သူမလက်ကို ဆွဲလိုက်သည်။

"ရန်ရန်... ငါ အိမ်သာသွားချင်လို့၊ လိုက်ခဲ့ပါလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ပုစ္ဆာထဲကနေ အတွေးပြန်ရောက်လာတော့ တစ်ယောက်သောသူ မျက်နှာက ခေါင်းထဲ ပြန်ရောက်လာသည်။ သူမ စားပွဲအံဆွဲထဲက ချောကလက်ကို ထုတ်လိုက်သည်။

"ငါတို့ အနောက်ပေါက်ကနေ သွားကြမယ်"

"နင် သူ့ကို ပြန်ပေးမလို့မလား" ကျန်းရူရှန်း ခေါင်းညိတ်သည်။ "ကောင်းပြီလေ"

ကျိုးအန်းရန် သူမလက်ဆွဲပြီး အနောက်ပေါက်ဘက် လျှောက်သွားသည်။ ခေါင်းမမော့ပေမယ့် မျက်လုံးထောင့်ကနေ မြင်နေရသည်။ ကောင်လေးက သူ့နေရာမှာ ပျင်းရိစွာ မှီထိုင်နေပြီး အကြည့်တွေက သူမဘက် ရောက်နေသလိုပဲ။

သူမ ပါးထပ်ဖောင်းလိုက်သည်။ သူ့နေရာကို ဖြတ်သွားတော့ ချောကလက်ကို သူ့စားပွဲပေါ် တင်ပေးလိုက်သည်။

"နင် ကျန်ခဲ့တဲ့ ပစ္စည်း"

ချန်လော့ပိုင် ဘာမှပြန်မပြောနိုင်သေးခင် မိန်းကလေးက သူငယ်ချင်းလက်ကိုချိတ်ပြီး ခေါင်းငုံ့ကာ အတန်းထဲကနေ အမြန်ထွက်သွားသည်။

"ဘာဖြစ်တာလဲ" ကျုရန်က စပ်စုသလို ကြည့်လိုက်သည်။ "ကျိုးအန်းရန်က မင်းကို စကားမပြောချင်တဲ့ပုံပဲ။ မင်း ဘာလုပ်လိုက်လို့လဲ"

ချန်လော့ပိုင် စားပွဲပေါ်က ချောကလက်ကို ကြည့်လိုက်သည်။

"ဘာမှ မလုပ်ပါဘူး"

ကျုရန် မယုံဘူး။

"ဘာမှမလုပ်ဘဲနဲ့ ဒီလောက် သဘောကောင်းတဲ့ ကောင်မလေးတစ်ယောက်က စိတ်ဆိုးပါ့မလား"

ချန်လော့ပိုင်က ကောင်မလေး စောစောက ပါးဖောင်းသွားတဲ့ ပုံစံလေးကို သတိရပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"တကယ် ဘာမှ မလုပ်ပါဘူး၊ မနေနိုင်လို့ နည်းနည်း စလိုက်မိတာ၊ စိတ်ဆိုးတတ်မှန်း အခုမှ သိတော့တယ်"

နောက်ဆုံးစကားက တိုးလွန်းလို့ ကိုယ့်ဘာသာ ပြောနေသလိုပါပဲ။ ပြောပြီးတာနဲ့ စားပွဲပေါ်က ချောကလက်ကို ယူပြီး ထိုင်ရာက ထလိုက်သည်။

ကျုရန်က သူ အပြင်ထွက်မလို့လုပ်တာ မြင်တော့ မေးလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ"

ချန်လော့ပိုင် - "လူသွားချော့မလို့"

ကျိုးအန်းရန်နဲ့ ကျန်းရူရှန်းတို့ ရှေ့ပေါက်ကနေ ပြန်ဝင်လာတော့ မျက်လုံးထောင့်ကနေ အနောက်တန်းကို လှမ်းကြည့်လိုက်မိသည်။

ကျုရန်က နေရာမှာ ရှိနေပေမယ့် သူ့နေရာက လွတ်နေတယ်။

သူ ဘယ်ရောက်သွားပြန်ပြီလဲ။

ဒုတိယအချိန် စတော့မယ်၊ တကယ် အတန်းလစ်မလို့လား။

ကျိုးအန်းရန်နဲ့ ကျန်းရူရှန်းတို့ ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ကြသည်။

သူမ စိတ်မပါဘဲ ဘောပင်တစ်ချောင်း ကောက်ကိုင်လိုက်သည်။

သူ တကယ် အတန်းလစ်ရင်တောင်မှ စာမေးပွဲအမှတ်မကျသရွေ့ ဆရာတွေက သူ့ကို အပြစ်ပေးရက်မှာ မဟုတ်ပါဘူး။ သူမတစ်ယောက်တည်းပဲ ရိုးအပြီး သူ ပြောသမျှ ယုံကာ သူ့အစား စိတ်ပူပေးနေမိတာ။

ကျိုးအန်းရန် ပါးထပ်ဖောင်းလိုက်ပြန်သည်။

စားပွဲခုံကို တစ်ယောက်ယောက်က ဖွဖွလေး လာခေါက်လိုက်သည်။

ကျိုးအန်းရန် အတွေးထဲကနေ သတိဝင်လာပြီး မော့ကြည့်လိုက်ရာ အရိုးအဆစ် ထင်ရှားတဲ့ လက်တစ်ဖက်နဲ့ တန်းတိုးသည်။ လက်ကောက်ဝတ်ရိုးပေါ်က အညိုရောင် မှဲ့နက်ကလေးက ထင်ရှားနေသည်။

အဲဒီလက်က ရေစက်လက်စက်တွေ ရှိနေသေးတဲ့ ကိုလာတစ်ဘူးကို သူမစားပွဲပေါ် အရင်တင်လိုက်သည်။

ပြီးတော့ ရေခဲမုန့်တစ်ဘူး။

Lollipop နှစ်ချောင်း။

...

သူ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု သူမစားပွဲပေါ် တင်ပေးနေသည်။

နောက်ဆုံးကျမှ စောစောက သူမ ပြန်ပေးလိုက်တဲ့ ချောကလက်။

ပြီးတော့မှ ရင်းနှီးနေတဲ့ အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။ သူက ပြေးလာလို့ ထင်တယ်၊ အသက်ရှူသံ နည်းနည်း မြန်နေသည်။ ဒါပေမဲ့ အသံကို တိုးထားလို့ နူးညံ့နေသလို ခံစားရသည်။

"စိတ်မဆိုးနဲ့တော့နော်"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၇၁ ။ အထက်တန်းကျောင်း IF Line

ဒုတိယညနေစာလေ့လာချိန် စတင်ချိန်မှာ ကျိုးအန်းရန် စားပွဲပေါ်က ပစ္စည်းတွေ အကုန်သိမ်းပြီးပြီ ဖြစ်ပေမယ့် ရင်ခုန်သံတွေက မြန်ဆန်နေတုန်းပဲ။

ကျန်းရူရှန်းက သူမရှေ့ကို ဗလာစာအုပ်တစ်အုပ် တွန်းပေးလိုက်သည်။ အပေါ်မှာ ရေးထားတာက - "ရိုးရိုးသားသား ပြောစမ်း၊ နင်နဲ့ ချန်လော့ပိုင် ဘာအခြေအနေလဲ။ သူ ခုနက နင့်ကို ချော့နေတာမလား"

သူ ခုနက သူမကို ချော့နေတာလား။

ကျိုးအန်းရန် ခေါင်းထဲ ဗလာဖြစ်နေပြီး အတွေးတွေ နှေးကွေးနေသည်။

ကျန်းရူရှန်းက သူမ တမင်မဖြေဘူး ထင်လို့လား၊ ဒါမှမဟုတ် ခုနက အဖြစ်အပျက်ကို အရမ်း အံ့ဩနေလို့လား မသိဘူး၊ စာအုပ်ကို ပြန်ဆွဲယူပြီး စာကြောင်းအရှည်ကြီး ထပ်ရေးကာ ပြန်တွန်းပေးလိုက်သည်။

"နင် ငါတို့ကို ထပ်ဖုံးကွယ်ထားဖို့ မစဉ်းစားနဲ့နော်။ သူ နင့်စားပွဲပေါ် ပစ္စည်းတွေ လာတင်တာ တစ်တန်းလုံး မြင်လိုက်တယ်။ သူ ဘယ်လောက် နာမည်ကြီးလဲ နင် သိသားပဲ။ ငါတို့ မမေးရင်တောင် အတန်းထဲက တခြားလူတွေ သေချာပေါက် မေးကြမှာ"

"နင် မပြောရင် ငါ ခဏနေ ရှင်းရှင်းနဲ့ ရှောင်ဝမ်ကို ခေါ်ပြီး စစ်ဆေးမေးမြန်းခိုင်းလိုက်မယ်"

ကျိုးအန်းရန် စားပွဲပေါ်က ဘောပင်ကို ကောက်ကိုင်လိုက်သည်။ ဘောပင်ထိပ်က စာရွက်ပေါ်မှာ အကြာကြီး ရပ်တန့်နေပြီးမှ စာတစ်ကြောင်းတည်း ရေးပေးလိုက်သည်။ "ငါလည်း မသိဘူး"

ကျန်းရူရှန်းက စာအုပ်ပေါ်မှာ ပြန်ရေးပေးသည်။ "ဒါဆို သူက အကြောင်းမဲ့သက်သက် နင့်ကို ပစ္စည်းတွေ လာပေးမှာလား။ ပြီးတော့ ခုနက စိတ်မဆိုးနဲ့တော့နော် ဆိုတဲ့စကားက နင့်ကို ချော့နေတာ သေချာနေတာပဲ။ ငါတို့ ကျောင်းသားချောလေးချန်က ဒီလောက် နူးညံ့သိမ်မွေ့စွာ စကားပြောတာ တစ်ခါမှ မကြားဖူးဘူး"

"နင်က အဲဒီချောကလက်က သူ မတော်တဆ ကျန်ခဲ့တာပါလို့တောင် ငါ့ကို လာပြောသေးတယ်!!!"

ကျိုးအန်းရန် - "......"

သူ ခုနက...

တကယ် သူမကို ချော့နေတာလား။

ကျိုးအန်းရန် ရင်ထဲ ရှုပ်ထွေးနေသည်။ ဖြည်းဖြည်းချင်း စာရေးလိုက်သည်။ "စကားတစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြလို့ မရဘူး။ ညနေစာလေ့လာချိန် ပြီးမှ ငါ နင်တို့ကို ပြောပြမယ်"

ကျန်းရူရှန်း - "ဒါဆို နင် ရိုးရိုးသားသား ဝန်ခံတာ ကောင်းမယ်။ မဟုတ်ရင် ငါတို့ သုံးယောက်ပေါင်းပြီး 'အပြစ်ပေး' လိုက်မယ်"

သူမ စာရွက်ပေါ်မှာ စိတ်ဆိုးနေတဲ့ မျက်နှာပုံလေးတောင် ဆွဲထည့်လိုက်သေးသည်။

ကျိုးအန်းရန် ပြုံးလိုက်မိပြီး "အင်း" ဆိုတဲ့ စာလုံးလေး ပြန်ရေးပေးလိုက်သည်။

ကျန်းရူရှန်း ဆက်မမေးတော့ဘူး။ ဒါပေမဲ့ ကျိုးအန်းရန် ခေါင်းထဲ ရှုပ်ထွေးနေတုန်းပဲ။ စိတ်ငြိမ်အောင် မနည်းကြိုးစားပြီး ဒုတိယ ညနေစာလေ့လာချိန် မပြီးခင် ဒီနေ့ အိမ်စာတွေ အကုန်ပြီးအောင် လုပ်လိုက်သည်။

ညနေစာလေ့လာချိန် ပြီးဆုံးကြောင်း ခေါင်းလောင်းထိုးတော့ ကျိုးအန်းရန်က ညကျရင် အိမ်စာလုပ်ဖို့ အချိန်မရလောက်ဘူး၊ စိတ်လည်းပါမှာ မဟုတ်ဘူးလို့ တွေးမိပြီး စာအုပ်တွေ လွယ်အိတ်ထဲ မထည့်တော့ဘဲ စားပွဲပေါ်က ကိုလာဘူးကို လှမ်းယူလိုက်သည်။

စက်တင်ဘာလအစ နန်ချန်ရာသီဥတုက နွေရာသီ မကုန်သေးသလို ပူအိုက်နေတုန်းပဲ။ ညဘက်လည်း အပူချိန် မြင့်မားနေတယ်။ ညနေစာလေ့လာချိန် တစ်ချိန် ပြီးသွားတော့ ကိုလာက မအေးတော့ဘူး။ ကျိုးအန်းရန် တစ်သျှူးယူပြီး ဘူးပေါ်က ရေစက်လက်စက်တွေကို သုတ်လိုက်သည်။ ကိုလာဘူးကို လွယ်အိတ်ထဲ ထည့်မလို့ လုပ်တုန်း ရှေ့တန်းက ကောင်လေးတစ်ယောက် လှည့်ကြည့်လာသည်။ အတင်းအဖျင်း မေးချင်တဲ့ မျက်နှာထားနဲ့။

"ကျိုးအန်းရန်... နင်နဲ့ ငါတို့ လော့ကော ဘာအခြေအနေလဲ"

ကျိုးအန်းရန် ကိုလာဘူးသိမ်းနေတဲ့လက် ရပ်တန့်သွားသည်။ ဘယ်လိုဖြေရမလဲ မသိဘူး။

သူမကိုယ်တိုင်တောင် အခု ဘာအခြေအနေလဲဆိုတာ နားမလည်သေးဘူး။

ဖြူဝင်းသွယ်လျတဲ့ လက်တစ်ဖက်က သူမစားပွဲပေါ် ရုတ်တရက် လာထောက်လိုက်သည်။ လက်ကောက်ဝတ်ရိုးပေါ်က အညိုရောင် မှဲ့နက်ကလေးက ထင်ရှားနေသည်။

ချန်လော့ပိုင်ရဲ့ ရင်းနှီးတဲ့ အသံက သူမခေါင်းပေါ်ကနေ ထွက်ပေါ်လာသည်။ သူမအစား ရှေ့တန်းက ကောင်လေးကို ပြန်ဖြေပေးလိုက်သလိုပါပဲ။ "သိချင်တာရှိရင် ဘာလို့ ငါ့ကို တိုက်ရိုက် မမေးတာလဲ"

ကျိုးအန်းရန် ငြိမ်သက်စပြုနေတဲ့ ရင်ခုန်သံတွေ ပြန်မြန်လာပြန်သည်။ သူက သူမစားပွဲဘေး ရောက်နေလို့လား၊ ဒါမှမဟုတ် ကာကွယ်ပေးတဲ့ လေသံကြောင့်လား မသိဘူး။

ရှေ့တန်းက ကောင်လေးကလည်း သူ ကာကွယ်ပေးနေတာကို ရိပ်မိသွားပုံရသည်။ ဟီးဟီး ရယ်လိုက်သည်။ "ငါ လျှောက်မေးတာပါ၊ ငါ ဘာမှ မသိချင်ပါဘူး။ သွားပြီနော်... လော့ကော မနက်ဖြန် တွေ့မယ်"

ပြောပြီးတာနဲ့ လွယ်အိတ်ဆွဲပြီး အမြန် ပြေးထွက်သွားသည်။

စားပွဲပေါ် ထောက်ထားတဲ့ ကောင်လေးလက်က ဖယ်မသွားသေးဘူး။

ကျိုးအန်းရန် ခေါင်းမမော့ပေမယ့် သူ သူမကို ကြည့်နေတာ ခံစားမိနေသည်။

သူတင် မဟုတ်ပါဘူး။

ဒုတိယ ညနေစာလေ့လာချိန် မစခင်တုန်းကလိုပါပဲ။ သူ သူမစားပွဲပေါ် ပစ္စည်းတွေ တစ်ခုပြီးတစ်ခု လာတင်တုန်းက တစ်တန်းလုံး အာရုံစိုက်ခံရသလိုမျိုး။ အခုလည်း အားလုံးက စပ်စုချင်တဲ့ အကြည့်တွေနဲ့ လှမ်းကြည့်နေပေမယ့် သိပ်မကြည့်ရဲကြဘူး။

အခုလိုပဲပေါ့။

ကျိုးအန်းရန် လက်က ကိုလာဘူးကို အမှတ်တမဲ့ ဆုပ်ကိုင်ထားတုန်းပဲ။ ဘူးပေါ်က ရေစက်တွေ မခြောက်သေးလို့လား၊ လက်ချွေးထွက်လို့လား မသိဘူး၊ စိုစွတ်စွတ် ခံစားနေရသည်။ ပြီးတော့ ကောင်လေးအသံ ခေါင်းပေါ်ကနေ ထပ်ထွက်ပေါ်လာသည်။

အသံက တိုးနေတုန်းပဲ။ ရယ်သံစွက်နေသလိုပါပဲ။

"စိတ်ဆိုးနေတုန်းလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

သူမ ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ။

ပြီးတော့ သူမက တကယ် စိတ်ဆိုးတာမှ မဟုတ်တာ။ နည်းနည်းလေး စိတ်ကောက်သွားရုံပါပဲ။

ချန်လော့ပိုင် - "ဖုန်း မပါဘူးလား"

သူ ဘာလို့ ရုတ်တရက် ဖုန်းအကြောင်း မေးနေတာလဲ။

ကျိုးအန်းရန်က ပုံမှန်ဆို ဖုန်းမယူလာတတ်ဘူး။ အကျင့်ပါနေလို့ ခေါင်းညိတ်လိုက်ပြီးမှ ဒီနေ့ မွေးနေ့ပွဲသွားစားရမှာမို့ တမင်ယူလာတာ သတိရသွားပြီး အမြန် ခေါင်းခါလိုက်ပြန်သည်။

ချန်လော့ပိုင်က သူမအပြုအမူကြောင့် ရယ်ချင်သွားသည်။

"ပါလား မပါဘူးလား"

ကျိုးအန်းရန် မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

"ပုံမှန်ဆို မပါဘူး၊ ဒီနေ့ ယူလာတယ်"

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်းက အပြုံးရိပ်တွေ တောင့်တင်းသွားသည်။

"ယူလာပြီးတော့ ငါ့မက်ဆေ့ခ်ျ ဘာလို့ မပြန်တာလဲ"

ကျိုးအန်းရန် - "......"

"နင် ငါ့ကို မက်ဆေ့ခ်ျ ပို့ထားတာလား။ ငါ ဖုန်းကို Silent လုပ်ထားလို့"

သူမ ပြောရင်း ကိုလာဘူးကို လွှတ်လိုက်သည်။ လွယ်အိတ်ဇစ်ဖွင့်ပြီး ဖုန်းရှာမလို့ လက်လှမ်းလိုက်တုန်း စားပွဲပေါ်ထောက်ထားတဲ့ ကောင်လေးလက်က မြှောက်တက်သွားပြီး သူမခေါင်းကို ဖွဖွလေး ပုတ်လိုက်သည်။

ကျိုးအန်းရန် ဖုန်းရှာနေတဲ့လက် ရပ်တန့်သွားသည်။

အတွေးတွေလည်း ရပ်တန့်သွားသည်။

ကြောင်တောင်တောင်လေး မော့ကြည့်လိုက်သည်။

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ထပ်ကွေးညွတ်သွားသလိုပဲ။ သူမခေါင်းကို ပုတ်လိုက်တဲ့လက်ကို ပြန်ရုတ်ပြီး ကျောင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။ ညာဘက်ပခုံးပေါ် လွယ်ထားတဲ့ လွယ်အိတ်က လှုပ်ရမ်းသွားသည်။

"အိမ်ရောက်မှ ကြည့်လိုက်တော့... သွားပြီ"

....

ဒုတိယ ညနေစာလေ့လာချိန် ပြီးတော့ အချိန်မစောတော့ဘူး။

ရှန့်ရှောင်ဝမ်က ကျန်းရူရှန်းဆီကနေ ဒီညကိစ္စ ကြားထားပြီးပြီ။ ဒါကြောင့် ကျောင်းမှာ ဆက်မနေတော့ဘဲ နှစ်ယောက်သား အိမ်ရောက်မှ အွန်လိုင်းကနေ သူမကို စစ်ဆေးမေးမြန်းမယ်လို့ ချိန်းပြီး လမ်းခွဲလိုက်ကြသည်။ ယန်ရှင်းချန်ကတော့ စောင့်ကြည့်သူအဖြစ် ဒီည သူမအိမ် လိုက်အိပ်သည်။

ကျိုးအန်းရန်ကလည်း သူတို့ကို ဖုံးကွယ်ထားဖို့ အစီအစဉ် မရှိပါဘူး။ ဘယ်လိုပြောရမလဲ မသိလို့ မပြောပြဖြစ်တာပါ။ ညကျတော့ အခွင့်အရေးရတုန်း သူတို့ကို အကြမ်းဖျင်း ပြောပြလိုက်သည်။

ယန်ရှင်းချန် နားထောင်ပြီးတာနဲ့ သူမရဲ့ ပူထူနေတဲ့ ပါးကို ဆွဲလိုက်သည်။

"ကောင်းရော... ဦးလေးကျိုးက နှစ်ပေါင်းများစွာ ဘောလုံးပွဲကြည့်လာတာ နင် စိတ်မဝင်စားဘဲနဲ့၊ မနှစ်ကမှ ဘာလို့ ရုတ်တရက် သူနဲ့အတူ CBA လိုက်ကြည့်နေလဲလို့ ငါ တွေးနေတာ။ သူ့ကြောင့်ကိုး... နင် ငါ့ကိုတောင် ဒီလောက်ကြာအောင် ဖုံးကွယ်ထားရက်တယ်"

ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ တောင်းပန်လိုက်သည်။

"ငါ မှားပါတယ်၊ ပြောပြဖို့ ရှက်နေလို့ပါ"

ယန်ရှင်းချန် လွှတ်ပေးလိုက်သည်။

"ငါ မနက်ဖြန် မစ်တီးသောက်ချင်တယ်"

ကျိုးအန်းရန် ပါးကို အုပ်လိုက်သည်။

"မနက်ဖြန် ဝယ်တိုက်မယ်လေ"

ကျန်းရူရှန်းက ဂရုလေးထဲမှာ မက်ဆေ့ခ်ျ ပို့လာသည်။

[ဒါဆို အခု အခြေအနေက နင် သူ့ကို ကြိုက်နေတာ ကြာပြီ၊ ဒါပေမဲ့ သူ ဘာသဘောလဲဆိုတာ မသိဘူး ဖြစ်နေတာပေါ့]

ကျိုးအန်းရန် ကုတင်ခေါင်းရင်းကို မှီပြီး ပြန်ဖြေလိုက်သည်။

[အင်း]

ရှန့်ရှောင်ဝမ် - [သူ နင့်အပေါ် နည်းနည်း စိတ်ဝင်စားနေတယ်လို့ ငါ ထင်တယ်]

ရှန့်ရှောင်ဝမ် - [ချန်လော့ပိုင်က မိန်းကလေးတွေနဲ့ အကွာအဝေး ထိန်းတတ်တယ်လေ။ ဒီည သူလုပ်တာတွေက ဘယ်လောက် သံသယဖြစ်စရာ ကောင်းလဲဆိုတာ မသိဘဲ နေပါ့မလား]

ကျိုးအန်းရန် ရင်ထဲ ရှုပ်ထွေးနေသည်။

ကျိုးအန်းရန် - [ဒါပေမဲ့ လှပပြီး ထူးချွန်တဲ့ မိန်းကလေးတွေ အများကြီး သူ့ကို ကြိုက်နေကြတာလေ]

ကျိုးအန်းရန် - [ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]

ကျန်းရူရှန်း - [အချစ်ကလေး... နင်လည်း လှပပြီး ထူးချွန်တာပဲဟာ]

ကျန်းရူရှန်း - [ပြီးတော့ ကြိုက်တယ် မကြိုက်ဘူး ဆိုတာ ခံစားချက်နဲ့ပဲ ဆိုင်တာလေ]

ကျန်းရူရှန်း - [ပြီးတော့!!]

ကျန်းရူရှန်း - [သူ ဒီည နင့်ကို ခေါင်းပုတ်လိုက်သေးတယ်!!!]

ကျန်းရူရှန်း - [ဒါက တွေးစရာမလိုအောင် သေချာနေပြီ!!!!!]

ကျိုးအန်းရန် အေးစပြုနေတဲ့ မျက်နှာ ပြန်ရဲလာသည်။

ဆံပင်ပေါ်မှာ ကောင်လေးလက် ကျရောက်လာတဲ့ အထိအတွေ့ ကျန်နေသေးသလို ခံစားရသည်။

ကျိုးအန်းရန် - [ဒါပေမဲ့ ငါ သိပ်မတွေးရဲဘူး]

သူမ သူနဲ့ သူငယ်ချင်းဖြစ်ဖို့တောင် စိတ်မပြင်ဆင်ရသေးဘူး။

ဘယ်လိုလုပ် ရုတ်တရက် အဆင့်တက်သွားရတာလဲ။

ရှန့်ရှောင်ဝမ် - [ဒါဆို လောလောဆယ် မတွေးနဲ့ဦး]

ကျန်းရူရှန်း - [?]

ကျန်းရူရှန်း - [နင် ဘာလို့ ရုတ်တရက် လေသံပြောင်းသွားတာလဲ]

ရှန့်ရှောင်ဝမ် - [ချန်လော့ပိုင်က အစပြုတတ်တဲ့ စရိုက်မျိုး မဟုတ်ဘူးလို့ ထင်လို့]

ရှန့်ရှောင်ဝမ် - [သူ တကယ် ရန်ရန်ကို စိတ်ဝင်စားရင် သူက အရင် စလှုပ်ရှားလာမှာပါ]

ရှန့်ရှောင်ဝမ် - [ရန်ရန်... ခဏ စောင့်ကြည့်လိုက်ပါဦး]

...

သူတို့ ဂရုထဲမှာ ခဏလောက် စကားပြောပြီး သန်းခေါင်ယံ ရောက်ခါနီးမှ အိပ်ဖို့ ပြင်လိုက်ကြသည်။

ယန်ရှင်းချန်က ပေါ့ပေါ့ပါးပါး နေတတ်သူမို့ ကျိုးအန်းရန် မီးပိတ်လိုက်တာနဲ့ ခဏလောက် ညည်းညူပြီး အိပ်ပျော်သွားသည်။

ကျိုးအန်းရန်ကတော့ အိပ်မပျော်သေးဘူး။

ဖုန်းကို Silent လုပ်လိုက်ပြီး သူ့ Profile ပုံလေးကို ပြန်နှိပ်လိုက်သည်။

ညနေက ယန်ရှင်းချန်က အိမ်ပြန် အဝတ်အစားတွေ ယူပြီး သူမအိမ် လိုက်လာတာ။ နောက်တော့ ရေချိုးပြီး သူတို့ ၃ ယောက် အွန်လိုင်းကနေ စစ်ဆေးမေးမြန်းနေကြလို့ ညနေက သူပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို သေချာ မဖတ်ရသေးဘူး။

C - [စိတ်ဆိုးနေတုန်းလား]

C - [ဘာစားချင်သေးလဲ၊ မနက်ဖြန် ဝယ်လာခဲ့ပေးမယ်လေ]

C - [တကယ် စကားမပြောတော့ဘူးလား]

ဒီ ၃ စောင်က ညနေစာလေ့လာချိန်တုန်းက ပို့ထားတာ။

တစ်စောင်နဲ့ တစ်စောင်ကြား မိနစ်အနည်းငယ် ခြားထားတယ်။ သူမ ပြန်စာကို စောင့်နေသလိုမျိုး။

နောက်တစ်စက္ကန့်မှာ နောက်ထပ် စာတစ်စောင် ဝင်လာသည်။ လွန်ခဲ့တဲ့ တစ်နာရီကျော်က ပို့ထားတာ။

C - [မုန့်တွေ စားပြီးပြီလား]

ကျိုးအန်းရန် စာရိုက်တဲ့ keyboardကို ဖွင့်လိုက်ပြီး စာပြန်မလို့ လုပ်တုန်း သန်းခေါင်ကျော်နေပြီဆိုတာ သတိထားမိပြီး လက်ချောင်းလေး ရပ်တန့်သွားသည်။

ဒါပေမဲ့ သူက သူမ စာမပြန်လို့ စိတ်မပျော်မရွှင် ဖြစ်နေမှာစိုးလို့ တွန့်ဆုတ်ပြီးမှ စာတစ်စောင် ပြန်ပို့လိုက်သည်။

ကျိုးအန်းရန် - [မစားရသေးဘူး]

နောက်တစ်စက္ကန့်မှာ သူ့ဆီက ပြန်စာ ဝင်လာသည်။

C - [မအိပ်သေးဘူးလား]

ကျိုးအန်းရန် - [အင်း]

ကျိုးအန်းရန် - [နင်ရော ဘာလို့ မအိပ်သေးတာလဲ]

တခြားဟာတွေ လျှောက်မတွေးဘဲ ဒီအတိုင်းမေးတာ။

သူ့ရဲ့ ဒီည အပြုအမူအရဆိုရင် သူမ ဒီမေးခွန်းမေးတာ စည်းကျော်တယ်လို့ မသတ်မှတ်လောက်ပါဘူး။

C - [စာမေးပွဲစာရွက် တစ်ရွက် ဖြေနေလို့]

C - [ပြီးတော့]

ကျိုးအန်းရန် စက္ကန့်အနည်းငယ် စောင့်လိုက်သည်။ နောက်ထပ် စာမဝင်လာတော့ နားမလည် ဖြစ်သွားသည်။

ကျိုးအန်းရန် - [ပြီးတော့ ဘာဖြစ်လဲ]

C - [ပြီးတော့ တစ်ယောက်ယောက်က ငါ့ကို ဘယ်တော့မှ စာပြန်မလဲဆိုတာ စောင့်နေတာ]

ကျိုးအန်းရန် ရင်ခုန်သံ မြန်လာပြန်သည်။

သူမကို ပြောတာလား။

ကျိုးအန်းရန် - [ဆောရီးပါ]

ကျိုးအန်းရန် - [ယန်ရှင်းချန် ဒီည ငါ့အိမ်လာအိပ်တာ၊ ခုနက သူနဲ့ စကားပြောနေလို့]

ပို့ပြီးတာနဲ့ နောင်တရသွားသည်။

သူမကို ပြောတာ မဟုတ်ရင် ဘယ်လိုလုပ်မလဲ။

တော်သေးတာက သူ့ဆီက စာဝင်လာသည်။

C - [ငါက နင့်ကို စိတ်ဆိုးအောင် လုပ်မိတာပဲ၊ နင်က ဘာလို့ တောင်းပန်နေတာလဲ]

ကျိုးအန်းရန် သက်ပြင်းချလိုက်သည်။

ဘာလို့လဲဆိုတော့ ငါက နင့်ကို တကယ် တကယ် ကြိုက်နေလို့လေ။

နင် စိတ်မပျော်မှာ မလိုလားဘူး။ နင် ငါ့ကို နည်းနည်းလေးမှ အထင်လွဲသွားမှာ မလိုလားဘူး။

ဒါပေမဲ့ ကျိုးအန်းရန် သူ့သဘောထားကို မခန့်မှန်းနိုင်သေးတော့ လောလောဆယ် စွန့်စားမလုပ်ရဲသေးဘူး။

နှုတ်ခမ်းကို စေ့လိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။

[ရေခဲမုန့် အရည်ပျော်သွားပြီ]

သူ ညနေက ချော့တဲ့စကား ပြောပြီးတာနဲ့ ကျောင်းတက်ခေါင်းလောင်း ထိုးသွားတာလေ။

သူမက ညနေစာလေ့လာချိန်မှာ မုန့်မစားရဲဘူး။ စားပွဲအံဆွဲထဲ တစ်ချိန်လုံး ထည့်ထားလိုက်တာ။ ပြန်ထုတ်ကြည့်တော့ အရည်ပျော်ကုန်ပြီ။

C - [အရည်ပျော်သွားရင် ပျော်ပါစေပေါ့]

ဂရုမစိုက်တဲ့ လေသံမျိုး။

ကျိုးအန်းရန် နည်းနည်း စိတ်ပျက်သွားသည်။

ဘာလို့ စိတ်ပျက်ရလဲ မစဉ်းစားမိခင် သူ့ဆီက နောက်ထပ် စာတစ်စောင် ဝင်လာသည်။

C - [နောက်တစ်ခါ ထပ်ဝယ်ကျွေးမယ်လေ]

မှောင်မဲနေတဲ့ အိပ်ခန်းထဲမှာ ကျိုးအန်းရန် ဖုန်းမျက်နှာပြင်ပေါ်ကနေ ကိုယ့်နှုတ်ခမ်းထောင့်စွန်းလေး ဖြည်းဖြည်းချင်း ကွေးတက်သွားတာကို မြင်လိုက်ရသည်။

မနေ့ညက သူ ပြောခဲ့တဲ့ ကာကွယ်ပေးတဲ့စကားကို လူတော်တော်များများ ကြားသွားလို့လား မသိဘူး၊ ကျိုးအန်းရန် နောက်တစ်နေ့ ကျောင်းရောက်တော့ အတန်းထဲက လူတချို့က စပ်စုသလို၊ အကဲခတ်သလို ကြည့်နေကြတာ ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဘယ်သူမှ သူမကို တိုက်ရိုက် လာမမေးကြဘူး။

နောက်ပိုင်းရက်တွေမှာလည်း အရင်လိုပါပဲ။ နေ့တိုင်း အတန်းတွေ ဆက်တိုက် တက်ရတယ်။ အိမ်စာတွေ၊ စာမေးပွဲတွေကလည်း လုပ်လို့ မကုန်နိုင်ဘူး။

ဒါပေမဲ့ တစ်စုံတစ်ရာကတော့ အရင်နဲ့ သိသိသာသာ ကွာခြားသွားသလိုပဲ။

ဥပမာ - တစ်ရက် နေ့လည်ပိုင်း ထမင်းစားပြီး ပြန်လာတော့ နေရာမှာထိုင်ပြီး အိမ်စာလုပ်မလို့ လုပ်တုန်း မျက်စိရှေ့မှာ မစ်တီးတစ်ခွက် ရောက်လာတယ်။ ကိုင်ထားတဲ့ လက်က အရိုးအဆစ်တွေ ထင်ရှားပြီး လက်ကောက်ဝတ်ရိုးပေါ်က မှဲ့နက်ကလေးက ရင်းနှီးနေတယ်။

အသံကလည်း ရင်းနှီးနေပြီး ပျင်းရိတဲ့ လေသံမျိုး။

"အပိုဝယ်မိလာလို့၊ ကူသောက်ပေးပါလား"

ဥပမာ - တစ်ရက် သူမ ရေဘူးကိုင်ပြီး အနောက်ပေါက်ကနေ ရေသွားဖြည့်မလို့လုပ်တုန်း ဒုတိယတန်း၊ ဒုတိယခုံကို ဖြတ်သွားတော့ ခြေတံရှည်တစ်ဖက်က လှမ်းတားလိုက်တယ်။ မော့ကြည့်လိုက်တော့ ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံတွေ့သွားတယ်။

ကောင်လေးက သူမမျက်နှာပေါ်ကနေ အကြည့်ကို အောက်လျှောချလိုက်ပြီး သူမလက်ပေါ် ရောက်သွားတယ်။

"ရေသွားဖြည့်မလို့လား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ချန်လော့ပိုင်က စားပွဲပေါ်က ရေဘူးလွတ်ကို ယူပြီး သူမရှေ့ ကမ်းပေးလိုက်သည်။

"ငါ့အတွက်ပါ ဖြည့်ပေးပါလား"

ကျိုးအန်းရန် ခေါင်းထပ်ညိတ်လိုက်သည်။ လှမ်းယူမလို့ လုပ်လိုက်သည်။

သူက လက်ပြန်ရုတ်လိုက်သည်။

သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားပြီး သူ စနောက်နေတာလားလို့ သံသယဝင်နေတုန်း ကောင်လေးက နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး ရေဘူးကိုင်ကာ ထိုင်ရာက ထလိုက်သည်။ တံခါးပေါက်ဘက် မေးငေါ့ပြလိုက်သည်။

"အတူတူ သွားရအောင်"

ဥပဒေ - တစ်ရက် ညနေစာလေ့လာချိန် ပြီးတော့ သူမ ယန်ရှင်းချန်နဲ့အတူ ကျောင်းအပြင်ဘက် ထွက်လာတုန်း လွယ်အိတ်ကို အနောက်ကနေ ဆွဲခံလိုက်ရတယ်။ သူမ အနောက်ခြေလှမ်းဆုတ်သွားပြီး ရင်းနှီးတဲ့ ရင်ခွင်တစ်ခုထဲ ဝင်တိုက်မိမလို ဖြစ်သွားတယ်။

လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူလဲဆိုတာ သိနေတယ်။

"နင် ဘာလုပ်တာလဲ"

ချန်လော့ပိုင် သူမလွယ်အိတ်ကို လွှတ်လိုက်ပြီး ဘေးနား လျှောက်လာသည်။

ကောင်လေးရဲ့ မျက်နှာအသွင်အပြင်က ညအမှောင်ကြောင့် ပိုမို နက်ရှိုင်းနေသည်။ မြင်လိုက်တာနဲ့ ရင်ခုန်စရာ ကောင်းလောက်အောင် ချောမောနေသည်။

သူ့လေသံက ပျင်းရိနေတုန်းပဲ။ ရယ်သံလည်း ပါနေတယ်။

"ဘာလုပ်ရမှာလဲ၊ နှုတ်ဆက်တာလေ"

ဘယ်သူက ဒီလို နှုတ်ဆက်လို့လဲ။

ကျိုးအန်းရန် စိတ်ထဲမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ဒါပေမဲ့ အဲဒီနေ့ညက လေထုက ချိုမြိန်နေသလိုပဲ။

သူမက သူ့ဘေးနားမှာ ထူးခြားတဲ့သူတစ်ယောက် ဖြစ်လာသလို ခံစားရတယ်။

ထူးခြားလွန်းလို့ အတန်းထဲက လူတွေက နောက်ပိုင်း သူတို့ အပြန်အလှန် ဆက်ဆံတာ တွေ့ရင်တောင် မအံ့ဩကြတော့ဘူး။ အရင်တုန်းကလို စပ်စုသလို လှမ်းမကြည့်ကြတော့ဘူး။

ဒါပေမဲ့ ဒီထူးခြားမှုက သူငယ်ချင်းသံယောဇဉ်ထက် ပိုလား မပိုလားဆိုတာ သူမ မသေချာဘူး။

...

စက်တင်ဘာလက ဒီလိုနဲ့ ကုန်ဆုံးသွားသည်။ နောက်ဆုံး အမြီးပိုင်းလေးပဲ ကျန်တော့သည်။

အမျိုးသားနေ့ မတိုင်မီ တစ်ရက်အလိုမှာ နန်ချန် အပူချိန်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေတုန်းပဲ။

ကျိုးအန်းရန် နေ့လည်စာ စားတုန်းက ဟင်းက နည်းနည်း ငန်နေလို့ နေ့လည်ကမှ ဖြည့်ထားတဲ့ ရေက ညနေ ပထမအချိန် ပြီးတာနဲ့ ကုန်သွားပြီ။

ကျန်းရူရှန်းက ခေါင်းငုံ့ပြီး အိမ်စာလုပ်နေတယ်။ ရေဘူးထဲမှာ ရေပြည့်နေသေးတော့ ကျိုးအန်းရန် မနှောင့်ယှက်တော့ဘူး။ အနောက်ပေါက်ကနေ ထွက်သွားတော့ ခြောက်ခုံမြောက် သူ့နေရာကို လှမ်းကြည့်လိုက်တာ အရင်ကထက် ပိုသဘာဝကျလာပြီ။

ဒါပေမဲ့ သူ နေရာမှာ မရှိဘူး။

ကျိုးအန်းရန်လည်း သိပ်မတွေးတော့ဘဲ ရေပူစက်ဆီ သွားလိုက်သည်။

အတန်းတက်ခါနီးမို့ ထင်တယ်၊ ရေပူစက်နားမှာ လူတစ်ယောက်တည်း ရှိတယ်။

ကျိုးအန်းရန် ဝင်သွားတော့ ရေဖြည့်နေတာ လိုယိချီဖြစ်နေတာ တွေ့လိုက်ရသည်။

လိုယိချီ ရေဖြည့်ပြီးသွားပြီ။ ရေပိုက်ခေါင်း ပိတ်လိုက်ပြီး လှည့်လာသည်။

ကျိုးအန်းရန် သူမကို ခေါင်းညိတ်နှုတ်ဆက်ပြီး ရေဖြည့်ဖို့ လျှောက်သွားမလို့ လုပ်တုန်း လိုယိချီက ရုတ်တရက် မေးလိုက်သည်။

"နင်နဲ့ ချန်လော့ပိုင် အခု ဘယ်လိုဆက်ဆံရေးလဲ"

ကျိုးအန်းရန် အကြည့်ချင်း ဆုံသွားတော့ လိုယိချီက သူမကို ကြည့်တဲ့အကြည့်တွေက ရှုပ်ထွေးနေတာ တွေ့လိုက်ရသည်။

ဒီကာလတစ်လျှောက်လုံး စာလုပ်တာရယ်၊ တစ်ယောက်သောသူအပေါ် အာရုံစိုက်နေတာရယ်ကြောင့် အခုမှ သတိရလိုက်တယ်။ ဒီစာသင်နှစ်မှာ လိုယိချီနဲ့ ယင်းယီကျန်းတို့ အတူကစားတာ မတွေ့ရတော့သလိုပဲ။

ယင်းယီကျန်းလည်း သူတို့အတန်းထဲ မလာတော့ဘူး။ ကျုံးခိုင်ကလည်း ချန်လော့ပိုင်ဘေးနား ရောက်လာတာ နည်းသွားပြီ။

သူမ ချက်ချင်း ပြန်မဖြေတာ တွေ့လို့ ထင်တယ်၊ လိုယိချီ မျက်နှာပျက်သွားသည်။ သူမကို ကြည့်တဲ့အကြည့်တွေ ပိုရှုပ်ထွေးလာသည်။

"ဘာလို့ စကားမပြောတာလဲ။ သူ နင့်ကို မုန့်နည်းနည်း ဝယ်ကျွေးရုံနဲ့ နင့်ကို ကြိုက်တယ်လို့ ထင်နေတာလား"

ကျိုးအန်းရန် တကယ်တော့ သူမစိတ်ကို နည်းနည်း ခန့်မှန်းမိပါတယ်။ သူမကိုယ်တိုင်လည်း မျှော်လင့်ချက်မဲ့စွာ ခိုးကြိုက်ဖူးတာမို့ ဒီစကားကြားရတာ သိပ်စိတ်မဆိုးပါဘူး။ ဝမ်းသာစရာလည်း မဟုတ်ပါဘူး။ နှုတ်ခမ်းကို စေ့လိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။

"ငါနဲ့နင် သိပ်မရင်းနှီးပါဘူးနော်"

လိုယိချီ သူမ ပြန်ပြောလိမ့်မယ်လို့ မထင်ထားဘူး။ "ငါနဲ့သူ ဘာပတ်သက်ပတ်သက် နင်နဲ့ ဘာဆိုင်လို့လဲ" ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ပြောလိုက်တော့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။

"ငါက သတိပေးလိုက်တာပါ၊ အရမ်းကြီး လျှောက်မတွေးနဲ့"

ပြောပြီးတာနဲ့ ဆက်မနေတော့ဘဲ ရေပူစက်ခန်းထဲကနေ အမြန်ထွက်သွားသည်။

ဒါပေမဲ့ အပြင်ထွက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးတာနဲ့ လိုယိချီ ခြေလှမ်း ရုတ်တရက် ရပ်တန့်သွားသည်။

အရပ်ရှည်ရှည် ကောင်လေးက ရေပူစက်ခန်းအပြင်ဘက် နံရံကို ပျင်းရိစွာ မှီရပ်နေသည်။ မျက်နှာသေနဲ့ သူမဘက် လှမ်းကြည့်နေသည်။ ပုံမှန်ဆို ပြုံးရယ်နေတတ်ပေမယ့် မျက်ဝန်းတွေ နက်ရှိုင်းပြီး အရောင်ရင့်နေတော့ မပြုံးရင် အေးစက်စက် နိုင်နေတတ်သည်။

လေသံကလည်း အေးစက်နေသည်။

"ငါ ဘယ်သူ့ကိုကြိုက်လဲဆိုတာ နင်က ငါ့ထက်တောင် ပိုသိနေသလိုပဲ"

လိုယိချီ ရင်ထဲ စူးအောင့်သွားသည်။ နှုတ်ခမ်းတွေ တုန်ရီနေပေမယ့် ဘာဆင်ခြေမှ မပေးနိုင်တော့ဘဲ ခေါင်းငုံ့ကာ အမြန်ထွက်ပြေးသွားသည်။

....

ရေပူစက်ခန်းထဲတွင်။

ကျိုးအန်းရန် ရေဖြည့်ပြီးတော့ ရေပိုက်ခေါင်းကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ ရင်ထဲမှာ မွန်းကျပ်နေသလို ခံစားရသည်။

ခုနက ပြန်ပြောလိုက်ပေမယ့် လိုယိချီ ပြောတာ မမှားဘူးဆိုတာ သူမ သိပါတယ်။ သူက သူမကို မုန့်ဝယ်ကျွေးရုံ၊ တခြားလူတွေထက် ပိုရင်းနှီးရုံနဲ့ သူမကို ကြိုက်တယ်လို့ သက်သေမပြနိုင်ပါဘူး။

ကျိုးအန်းရန် လှည့်ထွက်မလို့ လုပ်တုန်း လက်ထဲက ရေဘူးကို တစ်ယောက်ယောက်က ဆွဲယူလိုက်သည်။

လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူလဲဆိုတာ သူမ သိတယ်။ ဒီလိုလုပ်မယ့်သူက သူတစ်ယောက်တည်း ရှိတာ။

ထင်တဲ့အတိုင်းပါပဲ။ နောက်တစ်စက္ကန့်မှာ ရင်းနှီးတဲ့ ရေဘူးလွတ်တစ်ခု သူမလက်ထဲ ရောက်လာသည်။ ကောင်လေးရဲ့ ရင်းနှီးတဲ့အသံက အနောက်ကနေ ထွက်ပေါ်လာသည်။

"ငါ့အတွက်ပါ ဖြည့်ပေးပါဦး"

ကျိုးအန်းရန် "အင်း" ဟု ဖြေပြီး သူ့ရေဘူးကို လိမ်လိမ်မာမာ ယူလိုက်သည်။ ရေပိုက်ခေါင်း ပြန်ဖွင့်လိုက်သည်။

ရေဖြည့်ပြီးလို့ သူ့ကို အဖုံးပိတ်ပေးမလို့ လုပ်တုန်း ရေဘူးကို သူ ပြန်ဆွဲယူလိုက်သည်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၇၂ ။ အထက်တန်းကျောင်း IF Line

ကျိုးအန်းရန် စာလုပ်နေရင်း ဖုန်းက တစ်ချက် မြည်လာသည်။

သူမ ဖုန်းကို ယူလိုက်သည်။

C - [ဘာလုပ်နေတာလဲ]

ကျိုးအန်းရန် - [စာမေးပွဲစာရွက် ဖြေနေတာ]

C - [ဘယ်စာရွက်လဲ]

ကျိုးအန်းရန်က သူမဖြေနေတဲ့ စာရွက်ကို ဓာတ်ပုံရိုက်ပို့လိုက်သည်။

C - [ဘယ်နှစ်ပုဒ် ပြီးပြီလဲ]

ကျိုးအန်းရန် - [Multiple choice နံပါတ် ၇ အထိပဲ]

ကျိုးအန်းရန် - [ဘာလို့ မေးတာလဲ]

C - [ငါနဲ့ လောင်းကြေးထပ်မလား]

ကျိုးအန်းရန် ယုန်ကလေး မျက်တောင်ခတ်ပြီး သံသယဖြစ်နေတဲ့ စတစ်ကာလေး ပို့လိုက်သည်။

ကျိုးအန်းရန် - [ဘာလောင်းကြေးလဲ]

သူက စောစောက သူမပို့လိုက်တဲ့ စာရွက်ကိုပဲ ပြန်ပို့လိုက်သည်။ ဘာမှမဖြေရသေးတဲ့ ဗလာစာရွက်ကြီး။

C - [နင့်ကို ၇ ပုဒ် အသာပေးမယ်။ ငါ အခုမှ စဖြေမယ်။ ငါ အရင်ပြီးရင် နင် ငါ့တောင်းဆိုချက်တစ်ခု လိုက်လျောရမယ်]

ကျိုးအန်းရန် - "......"

သူက စာဖြေ အရမ်းမြန်တာ သူမ သိသားပဲ။

ကျိုးအန်းရန် - [ဘာတောင်းဆိုချက်လဲ]

C - [မစဉ်းစားရသေးဘူး]

C - [နင် ရှုံးရင် အကြွေးမှတ်ထားလိုက်မယ်လေ]

ကျိုးအန်းရန် - [တကယ်လို့ နင် ရှုံးရင်ကော]

C - [ဒါဆို ငါ နင့်တောင်းဆိုချက်တစ်ခု လိုက်လျောပေးမယ်]

ရှုံးဖို့ များမှန်းသိပေမယ့် ကျိုးအန်းရန် သူ့ကို မငြင်းချင်ဘူး။

သူမ သိချင်တယ်... သူ ဘာတောင်းဆိုမလဲ ဆိုတာ။

ကျိုးအန်းရန် - [ကောင်းပြီလေ]

C - [နင့်ကို ၅ မိနစ် ထပ်အသာပေးရမလား]

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

ဖုန်းမျက်နှာပြင်ကနေ စကားပြောရတာ မျက်နှာချင်းဆိုင် ပြောရသလို မရှက်တော့ဘူး။

သူမ လက်ချောင်းထိပ်လေးတွေနဲ့ ဖန်သားပြင်ကို ဖွဖွလေး တို့လိုက်သည်။

ကျိုးအန်းရန် - [လူကို အရမ်း အထင်မသေးနဲ့နော်]

C - [ကောင်းပြီ]

C - [အခု စပြီ]

ကျိုးအန်းရန် သူ တော်မှန်းသိလို့ စာပြန်မပို့တော့ဘဲ ခေါင်းငုံ့ပြီး စာဆက်ဖြေလိုက်သည်။ သူလည်း စာထပ်မပို့တော့ဘူး။

ပုစ္ဆာကြီး ဒုတိယမြောက်ကို ဖြေခါနီးမှ ဖုန်းက မြည်လာသည်။

ကျိုးအန်းရန် ဖုန်းဖွင့်ကြည့်လိုက်တော့ သူ ဖြေပြီးသား စာရွက်ကို ဓာတ်ပုံရိုက်ပို့လာတာ တွေ့လိုက်ရသည်။ နည်းနည်းမှ မအံ့ဩပါဘူး။

C - [ငါ နိုင်ပြီလား]

ကျိုးအန်းရန် ကိုယ်က သူ့လောက်မတော်မှန်း သိလို့ စိတ်မပျက်ပါဘူး။ စားပွဲပေါ်မှောက်ပြီး စာပြန်လိုက်သည်။

[အင်း]

ကျိုးအန်းရန် - [ဘာတောင်းဆိုချက်လဲဆိုတာ မစဉ်းစားရသေးဘူးလား]

C - [စိတ်မပူပါနဲ့]

C - [နင့်ကို ရောင်းစားမှာ မဟုတ်ပါဘူး]

ကျိုးအန်းရန် ဖုန်းထဲက ကိုယ့်ပုံရိပ်ကို ကြည့်လိုက်တော့ နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်နေတာ တွေ့လိုက်ရသည်။

ဖုန်းထဲမှာ မက်ဆေ့ခ်ျအသစ် ထပ်ဝင်လာသည်။

C - [မနက်ဖြန်ည ဆက်မလား]

ကျိုးအန်းရန် - [ဘာဆက်မှာလဲ]

C - [ဒီလို လောင်းကြေးထပ်တာ ဆက်မလားလို့]

သူနဲ့အတူ အဝေးကနေ စာအတူဖြေရမှာလား။

ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် မြန်သွားသည်။

[ကောင်းပြီလေ]

...

အမှတ် (၂) ကျောင်းက ဒီနှစ် အမျိုးသားနေ့ ကျောင်းပိတ်ရက် ၈ ရက် ပေးသည်။ နောက်ပိုင်းရက်တွေမှာ ကျိုးအန်းရန် ညတိုင်း သူနဲ့အတူ တစ်ချိန်တည်းမှာ စာမေးပွဲစာရွက် အတူဖြေကြသည်။ တစ်ခါတလေ အချိန်ကို ပြိုင်ကြတယ်၊ တစ်ခါတလေ အဖြေမှန်တာကို ပြိုင်ကြတယ်။ ဒါပေမဲ့ တစ်ခါမှ မနိုင်ဖူးဘူး။

၈ ရက်တာ ကျောင်းပိတ်ရက် ကုန်ခါနီးပြီ။ နောက်ဆုံးရက် ညမှာ အိပ်ခန်းပြန်ရောက်တော့ သူ့ဆီက စာဝင်လာသည်။

C - [ဆက်မလား]

ကျိုးအန်းရန် - [တော်ပါပြီ]

C - [ဘာဖြစ်လို့လဲ]

ကျိုးအန်းရန် ပါးဖောင်းလိုက်သည်။

သူ့လောက် မတော်မှန်းသိပေမယ့် နေ့တိုင်းရှုံးနေရတာ အောင်မြင်မှု ခံစားချက် မရဘူး။

ပြီးတော့...

ကျိုးအန်းရန် - [ငါ နင့်ကို တောင်းဆိုချက် ၇ ခုတောင် အကြွေးတင်နေပြီ]

ကျိုးအန်းရန် - [ထပ်ရှုံးရင် နောက်ကျ ဆပ်နိုင်မှာ မဟုတ်တော့ဘူး]

C - [ဒီည အလျှော့ပေးမယ်လေ]

ကျိုးအန်းရန် - [အလျှော့ပေးစရာ မလိုပါဘူး]

သူမ ပိုကြိုးစားပြီး ပိုတော်အောင်လုပ်ကာ သူ့အမီလိုက်နိုင်ဖို့ပဲ မျှော်လင့်တာ။

C - [ငါ ဆိုလိုတာက]

သူ ဘာဆိုလိုတာလဲ။

စကားက မဆုံးသေးဘူး။

C - [ဒီည ရှုံးရှုံးနိုင်နိုင်၊ ငါ နင့်ကို တောင်းဆိုချက်တစ်ခု အကြွေးတင်ထားပေးမယ်]

C - [တကယ် မယူဘူးလား]

ဟင်?

သူက တောင်းဆိုချက်တစ်ခု အလကား ပေးနေတာလား။

ဒါပေမဲ့ သူမ သူ့ကို တောင်းဆိုချင်တာလည်း မရှိပါဘူး။ သူ့ကို သူမကို ပြန်ကြိုက်ပါလို့ တောင်းဆိုလို့မှ မရတာ။

အခု သူမက ဒီအခြေအနေကို လုံးဝ မမျှော်လင့်ရဲတာ မဟုတ်တော့ပေမယ့်၊ သူ့စိတ်ထဲမှာ သူမက နည်းနည်းတော့ ထူးခြားတယ်လို့ ခံစားနေရပေမယ့်ပေါ့။

ဒါပေမဲ့ "ချန်လော့ပိုင်က သူမကို တောင်းဆိုချက်တစ်ခု အကြွေးတင်နေတယ်" ဆိုတဲ့ အချက်လေးကတင် သူမအတွက် လုံလောက်တဲ့ ဆွဲဆောင်မှု ဖြစ်နေပါပြီ။

ကျိုးအန်းရန် - [ကောင်းပြီလေ]

C - [ဘာတောင်းဆိုမလဲ စဉ်းစားပြီးပြီလား]

ကျိုးအန်းရန် - [မစဉ်းစားရသေးဘူး]

ကျိုးအန်းရန် - [နင်လည်း အကြွေးမှတ်ထားလိုက်ပါ]

C - [ကောင်းပြီ]

....

နောက်တစ်နေ့ ကျောင်းပြန်ဖွင့်တော့ မနက်စောစောကတည်းက မိုးအုံ့နေသည်။ တိမ်မည်းကြီးတွေ အုပ်ဆိုင်းနေပြီး မိုးရွာတော့မလို ဖြစ်နေသည်။

အောက်မဆင်းခင် ကျိုးအန်းရန် လွယ်အိတ်ထဲ ထီးတစ်ချောင်း ထည့်လိုက်သည်။ ဒါပေမဲ့ သူမနဲ့ ယန်ရှင်းချန် ဘတ်စ်ကားပေါ်ကဆင်းပြီး ကျောင်းရောက်တဲ့အထိ မိုးမရွာသေးဘူး။

စာသင်ဆောင်ရောက်ခါနီးတော့ ကျိုးအန်းရန် လွယ်အိတ်ကို အနောက်ကနေ ဆွဲခံလိုက်ရသည်။

လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူလဲဆိုတာ သိနေတယ်။

"နင် ဘာလုပ်တာလဲ"

ကောင်လေးရဲ့ ရင်းနှီးတဲ့အသံက ရယ်သံပါပါနဲ့ အနောက်ကနေ ထွက်ပေါ်လာသည်။

"နင် ငါ့ကို တောင်းဆိုချက် ၇ ခု အကြွေးတင်နေတာ မှတ်မိတယ်မလား"

ဟင်?

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။

အနောက်က အရပ်ရှည်ရှည် ကောင်လေးက နွေရာသီ ကျောင်းဝတ်စုံ ဝတ်ထားသည်။ ဆံပင်ကို တိုအောင် ညှပ်ထားသည်။ လက်တစ်ဖက်က သူမလွယ်အိတ်ကြိုးကို ဆွဲထားပြီး ကျန်လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည်။ သန့်ရှင်းသပ်ရပ်ပြီး ချောမောနေသည်။

"နင် ဘာတောင်းဆိုမလဲ စဉ်းစားပြီးပြီလား"

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။

"တစ်ခု စဉ်းစားပြီးပြီ"

ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် မြန်သွားသည်။

"ဘာတောင်းဆိုမလဲ"

ချန်လော့ပိုင် သူမကျောနောက်က လွယ်အိတ်ကို မေးငေါ့ပြလိုက်သည်။

"နင့်လွယ်အိတ် ဖွင့်လို့ ရမလား"

ကျိုးအန်းရန် - "......"

ဒါ ဘာထူးဆန်းတဲ့ တောင်းဆိုချက်လဲ။

ဒါပေမဲ့ သူမလွယ်အိတ်ထဲမှာ စာအုပ်တွေ၊ အိမ်စာတွေနဲ့ ထီးတစ်ချောင်းပဲ ပါတာ။ သူ ကြိုက်သလို ဖွင့်လို့ ရပါတယ်။

"နင် သေချာလား"

"သေချာတယ်"

"ဒါဆို ဖွင့်လေ"

ကျိုးအန်းရန် ရပ်လိုက်သည်။

ချန်လော့ပိုင် သူမအနောက် ရပ်လိုက်သည်။

"ဟိုဘက်လှည့်၊ နောက်ပြန်မလှည့်နဲ့"

ကျိုးအန်းရန် စပ်စုသလို ကြည့်လိုက်သည်။

"နင် ခုနက နောက်ပြန်မလှည့်ရဘူးလို့ မပြောပါဘူး"

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"တောင်းဆိုချက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုခွင့်က ငါ့ဆီမှာ ရှိတယ်လေ၊ နားလည်လား"

ကျိုးအန်းရန် - "......"

ဒီလူက တကယ်ပဲ မဟုတ်ကဟုတ်က အကြောင်းပြချက်တွေ ပေးတတ်တယ်။

မကြည့်ခိုင်းရင် မကြည့်ဘူးပေါ့။

သူမ ပြန်လှည့်သွားသည်။

လွယ်အိတ်ဇစ် ဆွဲဖွင့်သံ ကြားလိုက်ရသည်။ ပြီးတော့ နည်းနည်းလေးနေတဲ့ လွယ်အိတ်ထဲကို အလေးချိန်တစ်ခု ထပ်တိုးလာတာ ခံစားလိုက်ရသည်။ သူ တစ်ခုခု ထည့်လိုက်ပုံရတယ်။

"နင် ဘာထည့်လိုက်တာလဲ"

ကျိုးအန်းရန် အဖြေမရလိုက်ဘဲ အနောက်ကနေ သူ့ကို တစ်ယောက်ယောက် လှမ်းခေါ်သံ ကြားလိုက်ရသည်။

"ချန်လော့ပိုင်"

ကောင်းကောဟွာ၏အသံနဲ့ တူတယ်။

ကျိုးအန်းရန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ အမြန်လှည့်ကြည့်လိုက်ရာ ကောင်းကောဟွာ သူတို့အနောက်မှာ ရပ်နေတာ တကယ် တွေ့လိုက်ရသည်။

အကွာအဝေး နည်းနည်း ရှိနေလို့ ကောင်းကောဟွာ မျက်နှာထားကို သေချာမမြင်ရပေမယ့် မနက်စောစောစီးစီး အတန်းထဲက ထိပ်တန်းကျောင်းသားက သူမနဲ့ စနောက်နေတာ မြင်လိုက်ရတော့ မျက်နှာကောင်းမှာ မဟုတ်ဘူး။

ချန်လော့ပိုင်ကတော့ ဘာမှ စိတ်မလှုပ်ရှားတဲ့ပုံပဲ။ မျက်နှာပေါ်မှာ ပျင်းရိတဲ့ အပြုံးတွေ ရှိနေတုန်းပဲ။

"နောက်ပြန်မလှည့်ရဘူးလို့ ပြောထားတာကို ဘာလို့ ခိုးကြည့်တာလဲ"

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။ သူ့ကို စနောက်ချင်စိတ် မရှိတော့ဘူး။ သတိပေးလိုက်သည်။

"အတန်းပိုင်ဆရာ ခေါ်နေတယ်"

"အင်း" ချန်လော့ပိုင် လွယ်အိတ်ဇစ်ကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်သည်။ "စိတ်မပူပါနဲ့၊ ကောင်းတဲ့ကိစ္စ ဖြစ်လောက်ပါတယ်။ နင် အတန်းထဲ အရင်ပြန်နှင့်"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

သူမက ဘာလို့ စိတ်ပူနေရမှာလဲ။

သူမ သူ့ကို မကြိုက်ကြောင်း သူ မသိသေးပါဘူး။ သူမက သူ့အတွက် စိတ်ပူနေတယ်လို့ ထင်သွားမှာစိုးလို့ အမြန် ငြင်းလိုက်သည်။

"ငါ စိတ်မပူပါဘူး၊ ငါ့ကို အပြစ်ပေးခံရမှာပဲ စိုးရိမ်တာပါ"

ချန်လော့ပိုင် ရယ်မောလိုက်သည်။

"ဟုတ်ပါပြီ... နင် စိတ်မပူပါဘူး။ နင့်ကိုလည်း အပြစ်ပေးခံရအောင် မလုပ်ပါဘူး။ သွားတော့"

ကျိုးအန်းရန် လှည့်ထွက်သွားသည်။

ကောင်းကောဟွာဘေးက ဖြတ်သွားတော့ "ဆရာကောင်း မင်္ဂလာပါ" လို့ နှုတ်ဆက်လိုက်သည်။ ကောင်းကောဟွာက ခေါင်းညိတ်ပြပေမယ့် မျက်နှာထားက တည်တင်းနေတုန်းပဲ။

ကျိုးအန်းရန် သူ့အတွက် စိတ်ပူမိသွားပြန်သည်။

***

All Chapters