အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇၃ ။ အထက်တန်းကျောင်း IF Line
ကျိုးအန်းရန်နှင့် ယန်ရှင်းချန်တို့ လက်ချင်းချိတ်ပြီး အတန်းထဲ ဝင်လာတော့ တုန်းချန်က ရှေ့ပေါက်ကနေ ထွက်ဖို့ ပြင်နေတာနဲ့ တည့်တည့်တိုးသည်။
တုန်းချန် ခြေလှမ်းရပ်လိုက်ပြီး စက်ဆုပ်သလို လေသံဖြင့် ပြောသည်။
"ယန်ရှင်းချန်... နင်က အတန်းပြောင်းသွားပြီလေ၊ ငါတို့အတန်းကို ဘာလာလုပ်တာလဲ"
ယန်ရှင်းချန်က မျက်လုံးလှန်ကြည့်လိုက်သည်။
"နင်နဲ့ ဘာဆိုင်လို့လဲ၊ ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူးဆိုတာ နားမလည်ဘူးလား"
တုန်းချန် - "ခွေးကောင်းဆိုတာ နင့်ကိုယ်နင် ပြောနေတာလား"
ဒီနှစ်ယောက် အတန်းခွဲသွားလည်း တွေ့တာနဲ့ ရန်ဖြစ်နေကြတုန်းပဲ။
ဒါပေမဲ့ ကျိုးအန်းရန်က အတန်းပိုင်ဆရာကြီး ခေါ်သွားခံရတဲ့ လူတစ်ယောက်ကို စိတ်ပူနေလို့ သူတို့ရန်ပွဲကို စိတ်မဝင်စားတော့ဘူး။ ယန်ရှင်းချန်လက်ကို လွှတ်လိုက်သည်။
"နင်တို့ ဆက်ပြောကြပါဦး"
ယန်ရှင်းချန်က သူမလက်ကို ချက်ချင်း ပြန်ချိတ်လိုက်သည်။
"တော်ပါပြီဟာ၊ သူ့လိုလူနဲ့ ပြောစရာ မရှိပါဘူး"
ပြောပြီးတာနဲ့ ပခုံးချင်းတိုက်ပြီး ကျိုးအန်းရန်ကို ဆွဲကာ အထဲဝင်သွားသည်။
ကျန်းရူရှန်း မရောက်သေးလို့ ကျိုးအန်းရန် သူမနေရာမှာ ဝင်ထိုင်လိုက်သည်။
ယန်ရှင်းချန်က ကျိုးအန်းရန်နေရာမှာ ဝင်ထိုင်လိုက်သည်။ သူမ နှုတ်ခမ်းထောင့်စွန်းလေး တင်းနေတာ တွေ့တော့ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ဟာ၊ ချန်လော့ပိုင်လေ၊ ဘယ်ဆရာက သူ့ကို အရေးယူရက်မှာလဲ"
ကျိုးအန်းရန် ရင်ထဲ လေးလံနေတုန်းပဲ။
"ဒါပေမဲ့..."
ဒါပေမဲ့ အတန်းပိုင်ဆရာက စောစောက မြင်ကွင်းကို တွေ့သွားလို့ ခေါ်သွားတာလား မသိဘူးလေ။
ပြီးတော့ သူ့လုပ်ရပ်တိုင်းက အာရုံစိုက်ခံရတာ။ လွန်ခဲ့တဲ့လက အတန်းထဲမှာ လူပုံအလယ် မုန့်လာကျွေးပြီး သူမကို ချော့ခဲ့တဲ့နေ့ကစပြီး ကျောင်းထဲမှာ သူတို့နှစ်ယောက် တွဲနေကြပြီဆိုတဲ့ ကောလာဟလတွေ ထွက်နေတာ မရပ်မနားပဲ။
"ဒါပေမဲ့တွေ လုပ်မနေပါနဲ့" ယန်ရှင်းချန်က စားပွဲပေါ် မှောက်လိုက်သည်။ "နင်က တွေးလွန်းအားကြီးတယ်၊ သူ ပြောတယ်မလား ကောင်းတဲ့ကိစ္စ ဖြစ်လောက်တယ်လို့၊ နင် ငါ့ကို မယုံရင်တောင် သူ့ကိုတော့ ယုံသင့်တယ်မလား"
ကျိုးအန်းရန် - "......"
သူက အမြဲ စနောက်နေတတ်တာ၊ စကားတစ်ဝက် အမှန်တစ်ဝက် ပြောတတ်တာ။ စောစောက သူပြောတဲ့ စကားက အမှန်လား အမှားလားဆိုတာ သူမ မသေချာဘူး။
သူမ သူ့ခံစားချက်ကို အတည်မပြုနိုင်သေးသလိုပါပဲ။
ဒါပေမဲ့ ကျိုးအန်းရန်က ယန်ရှင်းချန်ကိုပါ စိတ်ပူမနေစေချင်လို့ "အင်း" လို့ တိုးတိုးလေး ဖြေလိုက်သည်။
ယန်ရှင်းချန်က သူမလွယ်အိတ်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူ နင့်ကို ဘာပေးလိုက်လဲ ကြည့်လိုက်ပါဦး"
ကျိုးအန်းရန် ခုနက သူ့ကို စိတ်ပူနေလို့ လွယ်အိတ်ထဲ ပစ္စည်းထည့်သွားတာကို မေ့နေတာ။ အခု သတိပေးမှ သတိရသွားသည်။
ဇစ်ဆွဲဖွင့်လိုက်တော့ လွယ်အိတ်ထဲမှာ အနက်ရောင် လက်ဆောင်ဘူးလေး တစ်ဘူး တွေ့လိုက်ရသည်။
ကျိုးအန်းရန် လက်ဆောင်ဘူးကို ဖွင့်လိုက်သည်။ လွယ်အိတ်မှာ ချိတ်လို့ရတဲ့ ယုန်ရုပ် ချိတ်ဆွဲပစ္စည်းလေးတစ်ခု ငြိမ်သက်စွာ လဲလျောင်းနေတာ တွေ့လိုက်ရသည်။
"ဟယ်... ဒီယုန်ရုပ်လေးက နင်နဲ့ တူလိုက်တာ" ယန်ရှင်းချန် အနားတိုးကြည့်ပြီး ယုန်ရုပ်လေးကို လက်နဲ့ တို့လိုက်သည်။ ရယ်ချင်စရာ ကောင်းနေသလို စားပွဲပေါ်မှောက်ပြီး ရယ်မောလိုက်သည်။ "ဖြူဖြူနုနုလေးနဲ့၊ သူ ရွေးတတ်သားပဲ"
ကျိုးအန်းရန်လည်း ယုန်ရုပ်လေးကို လက်နဲ့ တို့လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းလေး ခပ်ဖွဖွ ကွေးတက်သွားသည်။
မကြာမီ ကျန်းရူရှန်းလည်း ရောက်လာသည်။
ယန်ရှင်းချန်က သူတို့နှစ်ယောက်ကြား တိုးဝှေ့ပြီး ခဏလောက် စကားပြောကာ မနက်စာလေ့လာချိန်စခါနီးမှ ကိုယ့်အခန်းကိုယ် ပြန်တက်သွားသည်။
ကြိုတင်ခေါင်းလောင်း ထိုးတော့ ကျိုးအန်းရန် အနောက်လှည့်ကြည့်လိုက်သည်။
သူ့နေရာက လွတ်နေတုန်းပဲ။
ကျိုးအန်းရန် ရင်ထဲ ထပ်လေးလံသွားသည်။
ဘာလို့ ပြန်မရောက်သေးတာလဲ။
အတန်းပိုင်ဆရာက ဘာကိစ္စပြောနေတာလဲ။
ကျိုးအန်းရန် ပြန်လှည့်လာသည်။ စာလုံးပေါင်းကျက်နေပေမယ့် စိတ်မပါဘူး။ အနောက်က သူ့အသံလည်း မကြားရဘူး။ မနက်စာလေ့လာချိန် ခေါင်းလောင်းထိုးခါနီးမှ အနောက်ခုံက ကုလားထိုင်ဆွဲသံ ကြားလိုက်ရသည်။ အနောက်ခုံက ကောင်လေး ရောက်လာပြီ ထင်တယ်။
ချက်ချင်းဆိုသလို ပခုံးကို တစ်စုံတစ်ရာက ဖွဖွလေး လာပုတ်လိုက်သည်။
ကျိုးအန်းရန်က အနောက်ခုံက လူက အိမ်စာပေးမလို့ ထင်ပြီး ဂရုမစိုက်ဘဲ လှည့်မကြည့်ဘဲ လက်ကမ်းယူလိုက်သည်။
ယူပြီးမှ တစ်ခုခု မှားနေမှန်း သိလိုက်ရသည်။ လက်ထဲက ပစ္စည်းက ပုံမှန် အိမ်စာစာအုပ်တွေ၊ စာမေးပွဲစာရွက်တွေထက် ပိုလေးနေသည်။
ကျိုးအန်းရန် ငုံ့ကြည့်လိုက်သည်။
အနောက်က ပေးလိုက်တာက ကွင်းတွေပါတဲ့ မှတ်စုစာအုပ်တစ်အုပ်။ ဖွင့်လျက်သား။ အပေါ်မှာ သန်မာထက်မြက်ပြီး ရင်းနှီးတဲ့ လက်ရေးတစ်ကြောင်း ရှိနေသည်။
"လက်ဆောင် သဘောကျရဲ့လား"
ကျိုးအန်းရန် ကြောင်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။
အတန်းပိုင်ဆရာ ခေါ်သွားတဲ့သူက ဘယ်လိုလုပ် သူမအနောက်ခုံ ရောက်နေတာလဲ။ အပြာနဲ့အဖြူ ကျောင်းဝတ်စုံက သူ့ကိုယ်ပေါ်မှာ အလွန် သန့်ရှင်းသပ်ရပ်နေသည်။ ကောင်လေးက လက်တစ်ဖက်နဲ့ ဘောပင်အနက်ရောင်ကို လှည့်ကစားနေပြီး ကျန်လက်တစ်ဖက်နဲ့ မေးစေ့ထောက်ထားသည်။ မျက်ဝန်းနက်နက်တွေမှာ အပြုံးတွေ ရှိနေသည်။
ကျိုးအန်းရန်အကြည့်က သူ့အကြည့်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့သွားသည်။ ရင်ခုန်သံ တစ်ချက် လွတ်သွားပြီး အမြန် ပြန်လှည့်လိုက်သည်။
မနက်စာလေ့လာချိန် စနေပြီမို့ ကျိုးအန်းရန် ဟိုလှည့်ဒီလှည့် မလုပ်ရဲတော့ဘူး။ ရင်ခုန်သံကို ထိန်းလိုက်ပြီး ခေါင်းငုံ့လိုက်သည်။ ပခုံးကျော်ကျော် ဆံပင်မည်းမည်းလေးတွေက နည်းနည်း ပူနေတဲ့ နားရွက်လေးတွေကို ဖုံးအုပ်ထားသည်။ ဘောပင်ကောက်ကိုင်ပြီး သူ့စာကြောင်းအောက်မှာ ပြန်ရေးလိုက်သည်။ "သဘောကျတယ်"
ကောင်လေးလက်ရေးက ကြီးမားထက်မြက်တယ်။
သူမလက်ရေးက သူ့စာကြောင်းအောက်မှာ သေးသေးကွေးကွေးလေး ဖြစ်နေတယ်။
"သဘောကျတယ်" ဆိုတဲ့ စာလုံးသေးသေးလေးနှစ်လုံးက ပိုပြီး ရင်းနှီးသလို ဖြစ်နေတယ်။
ဒါပေမဲ့ သူမ တကယ် သဘောကျတာပါ။ မကြိုက်ဘူးလို့ လိမ်မပြောနိုင်ပါဘူး။
ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ နောက်ဆုံးတော့ အနောက်မှာ သူမ မေးချင်နေတဲ့ မေးခွန်းနှစ်ခု ထပ်ဖြည့်ရေးလိုက်သည်။ "နင် ဘယ်လိုလုပ် ငါ့အနောက်ခုံ ရောက်နေတာလဲ၊ ဆရာကောင်းက ဘာကိစ္စ ခေါ်တာလဲ"
စာလုံးတွေ အများကြီး ပါလာတော့ သိပ်မရင်းနှီးသလို ဖြစ်သွားပြီ။
ကျိုးအန်းရန် ဘယ်ညာကြည့်လိုက်သည်။ ဆရာမရှိတာ သေချာမှ မှတ်စုစာအုပ်ကို ဖွဖွလေး ပြန်ပေးလိုက်သည်။
စက္ကန့်အနည်းငယ်ကြာတော့ ပခုံးကို အပုတ်ခံရပြန်သည်။
ကျိုးအန်းရန် ယူကြည့်လိုက်တော့ သူမစာကြောင်းအောက်မှာ သူ့စာကြောင်းတစ်ကြောင်း ထပ်တိုးလာတာ တွေ့လိုက်ရသည်။
"ခဏနေရင် နင် သိရလိမ့်မယ်"
ကျိုးအန်းရန် နှာခေါင်းရှုံ့လိုက်သည်။
သူက လျှို့ဝှက်ချက် ထားနေပြန်ပြီ။
သူမ ဘောပင်ကို ညှစ်လိုက်သည်။
သူက လက်ဆောင်ပေးထားမှတော့ သူမ တစ်ခွန်းပိုမေးတာ ကိစ္စမရှိပါဘူး။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး ထပ်ရေးလိုက်သည်။ "အခု သိလို့ မရဘူးလား"
စက္ကန့်အနည်းငယ်ကြာတော့ သူ ပြန်ရေးလာသည်။ "မရဘူး၊ ဇာတ်လမ်းတွဲတွေ ကြည့်ဖူးတယ်မလား။ ပရိသတ်ကို ဆွဲဆောင်ထားဖို့ ရင်ခုန်စရာ ချန်ထားရတယ်လေ"
ကျိုးအန်းရန် - "......"
သူ့မှာ မဟုတ်ကဟုတ်က အကြောင်းပြချက်တွေ အများကြီးပဲ။
သူက ဇာတ်လမ်းတွဲမှ မဟုတ်တာ။
သူမကလည်း ပရိသတ်မှ မဟုတ်တာ။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူမ နှုတ်ခမ်းထောင့်စွန်းလေး ခပ်ဖွဖွ ကွေးတက်သွားသည်။
မနက်စာလေ့လာချိန် ပြီးတော့ ကျိုးအန်းရန် ကျန်းရူရှန်းနဲ့အတူ အိမ်သာသွားလိုက်သည်။
အနောက်ပေါက်ကနေ ပြန်ဝင်လာတော့ ဒုတိယတန်း၊ ခြောက်ခုံမြောက် နေရာ လွတ်နေတာ တွေ့လိုက်ရသည်။ သူမအနောက်ခုံလည်း လွတ်နေတယ်။ သူ ဘယ်ရောက်သွားပြန်ပြီလဲ မသိဘူး။
ကျိုးအန်းရန်နဲ့ ကျန်းရူရှန်းတို့ လက်ချင်းချိတ်ပြီး နေရာပြန်လာကြသည်။ အတန်းထဲက ကောင်လေးတစ်ယောက် ဘာဖြစ်သွားလဲ မသိဘူး၊ "ဖယ်ကြ၊ ဖယ်ကြ" လို့ အော်ပြီး အနောက်ကို ပြေးလာသည်။ ကျိုးအန်းရန်နဲ့ ကျန်းရူရှန်းတို့ လက်လွှတ်ပြီး ဘေးကို ရှောင်ပေးလိုက်သည်။
ကျိုးအန်းရန်က အနောက်ခုံ စားပွဲပေါ်က စာအုပ်တစ်အုပ်ကို မတော်တဆ တိုက်ချမိသွားသည်။ ကောင်လေး ပြေးထွက်သွားမှ ကုန်းကောက်လိုက်သည်။ အနောက်ခုံစားပွဲပေါ်ကို အကြည့်ရောက်သွားတော့ တစ်နေရာရာမှာ လွဲနေသလို ခံစားလိုက်ရသည်။
သူမ သေချာ မစဉ်းစားတော့ဘဲ ကြမ်းပြင်ပေါ်ကျနေတဲ့ သင်္ချာစာအုပ်ကို ကောက်ယူလိုက်သည်။
ပြန်မတ်မတ်ချင်း အနောက်ကနေ အသံနိမ့်နိမ့်လေး ထွက်ပေါ်လာသည်။ ရင်းနှီးပြီး ရယ်သံပါနေတုန်းပဲ။
"ငါ ခဏလေး ထွက်သွားတာကို၊ နင်က ငါ့ပစ္စည်းတွေ မွှေနေပြီလား"
ကျိုးအန်းရန် သင်္ချာစာအုပ်ကို ကိုင်ထားလျက်သား လှည့်ကြည့်လိုက်သည်။
"ဒါက ဘယ်လိုလုပ် နင့်ပစ္စည်း ဖြစ်သွားရတာလဲ"
သူ ခုနက မနက်စာလေ့လာချိန် တစ်ချိန်လုံး သူမအနောက်ခုံမှာ လာထိုင်နေပေမယ့်၊ စာအုပ်ယူလာရင်တောင် အင်္ဂလိပ်စာအုပ်၊ ဒါမှမဟုတ် တရုတ်စာအုပ် ယူလာမှာပေါ့။
ချန်လော့ပိုင် လက်ကို အနောက်ခုံစားပွဲပေါ် တင်ထားသည်။ မျက်ခုံးပင့်လိုက်သည်။
"မယုံရင် ကိုယ်တိုင် လှန်ကြည့်လိုက်လေ"
ကျိုးအန်းရန် လက်ထဲက သင်္ချာစာအုပ် အဖုံးဖွင့်ကြည့်လိုက်သည်။ ပထမဆုံးစာမျက်နှာမှာ လက်ရေးခပ်နွဲ့နွဲ့နဲ့ ရေးထားတဲ့ စာလုံးကြီး ၃ လုံးကို ချက်ချင်း တွေ့လိုက်ရသည်။
"ချန်လော့ပိုင်"
ကျိုးအန်းရန် - "?"
တကယ်ပဲ သူ့စာအုပ် ဖြစ်နေတာလား။
သူမ သူ့ကို မော့ကြည့်လိုက်၊ ဘေးနားက စားပွဲကို ငုံ့ကြည့်လိုက်နဲ့ နောက်ဆုံးတော့ ခုနက ခံစားရတဲ့ လွဲနေတာ ဘာလဲဆိုတာ သဘောပေါက်သွားသည်။
စားပွဲပေါ်က စာအုပ်တွေ တင်ထားပုံက အရင်နဲ့ မတူတော့ဘူး။ သိပ်မသပ်ရပ်ပေမယ့် ရှုပ်ပွမနေဘူး။ သူ့ပုံစံနဲ့ နည်းနည်း တူနေတယ်။
ရင်ထဲမှာ အတွေးတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ကျိုးအန်းရန် မဖမ်းဆုပ်နိုင်ခင်မှာပဲ ကျုရန်က သူ့အနောက်ကနေ တွန်းလိုက်သည်။
"မင်း ကျိုးအန်းရန်နဲ့ စကားပြောချင်ရင် သူ့ဘက် သွားပြောလေ၊ ဒီအပေါက်ဝမှာ ဘာလို့ ပိတ်ရပ်နေတာလဲ"
ချန်လော့ပိုင် ဖယ်ပေးလိုက်သည်။
ကျုရန်က သူ့ဘေးကနေ ဝင်သွားပြီး ကျန်းရူရှန်းအနောက်ခုံမှာ ဝင်ထိုင်လိုက်သည်။
အတွေးကို ဖမ်းဆုပ်စရာ မလိုတော့ပါဘူး။
အမှန်တရားက မျက်စိရှေ့ ရောက်လာပါပြီ။
ကျိုးအန်းရန် ရင်ထဲမှာ အံ့ဩဝမ်းသာမှုတွေ လွှမ်းခြုံသွားသည်။ မယုံနိုင်သလို ဖြစ်နေသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားပြီး မေးလိုက်သည်။
"နင်တို့ ငါတို့အနောက် ပြောင်းလာကြတာလား"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"ကောင်းတဲ့ကိစ္စပါလို့ ပြောထားတယ်မလား"
ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် မြန်သွားသည်။
နေရာပြောင်းတာက ကောင်းတဲ့ကိစ္စလား။
ဒါမှမဟုတ်... သူမအနောက် ပြောင်းလာရတာက သူ့အတွက် ကောင်းတဲ့ကိစ္စ ဖြစ်နေတာလား။
ကျိုးအန်းရန် မမေးရဲဘူး။
သူမ အခုထိ သူ့ရှေ့မှာ ကိုယ့်ခံစားချက်တွေကို သိပ်မဖော်ပြရဲသေးဘူး။
ကျိုးအန်းရန် သင်္ချာစာအုပ်ကို သူ့စားပွဲပေါ် ပြန်တင်ပေးလိုက်သည်။ တိုးတိုးလေး ပြောလိုက်သည်။
"အတန်းတက်တော့မယ်"
ချန်လော့ပိုင်က သူမ စာအုပ်တင်ပြီးတာနဲ့ ပြန်ထိုင်မယ့်ပုံစံကို ကြည့်ပြီး မျက်တောင် အောက်ချလိုက်သည်။
"ကျိုးအန်းရန်... နင်က နင့်အနောက်ခုံဖော်အသစ်အပေါ် ဒီလောက် အေးစက်တာလား"
ကျိုးအန်းရန် - "......"
အေးစက်တယ်?
ဒါဆို သူမက ဘယ်လိုလုပ်ရမှာလဲ။
"ဘယ်ဟုတ်ပါ့မလဲ" သူမ တိုးတိုးလေး ပြန်ငြင်းလိုက်သည်။ "ဒါဆို ကြိုဆိုပွဲ လုပ်ပေးရဦးမှာလား"
ချန်လော့ပိုင် - "ကြိုဆိုပွဲတော့ မလိုပါဘူး"
ကျိုးအန်းရန် စိတ်အေးသွားသည်။
နောက်တစ်စက္ကန့်မှာ ချန်လော့ပိုင်က စားပွဲကိုထောက်ပြီး သူမဘက် ကိုယ်ကိုကိုင်းလာသည်။ အရပ်ရှည်ရှည် ပုံရိပ်က သူမရှေ့ လွှမ်းမိုးထားသည်။ မျက်ဝန်းနက်နက်တွေက သူမကို စိုက်ကြည့်နေသည်။ အသံက နိမ့်နေပြီး နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"အနောက်ခုံဖော်အသစ်ကို ကြိုဆိုပါတယ်လို့ ပြောတာလေး ကြားရင် ရပါပြီ"
ကျိုးအန်းရန် သူ့ရဲ့ ရုတ်တရက် အနားတိုးကပ်မှုကြောင့် ရင်ခုန်သံတွေ လည်ချောင်းဝ ရောက်လာသည်။
သူက အကွာအဝေးတစ်ခု ထားရှိပေမယ့်ပေါ့။
ဒါပေမဲ့ ဒါက စာသင်ခန်းထဲလေ။
သူမ မျက်နှာ ချက်ချင်း ပူထူသွားသည်။ ထွက်ပြေးသလို ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်သည်။
"တကယ် အတန်းတက်တော့မယ်"
ပြောပြီးတာနဲ့ သူ့ကို ဆက်မကြည့်တော့ဘဲ ကိုယ့်နေရာမှာ ခေါင်းငုံ့ထိုင်လိုက်သည်။ ဒါပေမဲ့ ကောင်လေးက ဖွဖွလေး ရယ်လိုက်သံ ကြားလိုက်ရသလိုပဲ။ သူမကို အနိုင်ကျင့်ပြီးလို့ ကျေနပ်သွားသလိုမျိုး။
ကျန်းရူရှန်းက ဘေးကနေ အစအဆုံး မြင်လိုက်ရသည်။ စာရွက်တစ်ရွက်ရေးပြီး ကျုရန်စားပွဲပေါ် တင်ပေးလိုက်သည်။
"ငါတို့နှစ်ယောက်က အရမ်း ပိုနေတယ်လို့ ခံစားရတယ်"
ကျုရန် ချက်ချင်း ပြန်ရေးပေးသည်။
"ငါတို့နှစ်ယောက်တည်း မကဘူး၊ တစ်တန်းလုံး ပိုနေတယ်လို့ မထင်ဘူးလား"
....
ကျိုးအန်းရန်က ဘေးနားက နှစ်ယောက် စာရွက်ပေးနေတာ သတိမထားမိဘူး။ ကြိုတင်ခေါင်းလောင်းထိုးမှ ရင်ခုန်သံ နည်းနည်း ငြိမ်သွားသည်။ ပြီးမှ နောက်ကျမှ သတိထားမိလိုက်သည်။ တစ်ခုခု မှားနေသလိုပဲ။
အတန်းပိုင်ဆရာက ဒီမနက် သူ့ကို တကူးတက ခေါ်တွေ့တာ နေရာပြောင်းတဲ့ကိစ္စလေး တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ဘူးမလား။
ဒါပေမဲ့ ကျောင်းမှာ သူတို့နှစ်ယောက်ရဲ့ "အတင်းအဖျင်း" ကြောင့် ခေါ်တွေ့တာဆိုရင်လည်း သူမအနောက်ကို ပြောင်းလာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလေ။
ကျိုးအန်းရန် ခဏလောက် စဉ်းစားပေမယ့် အဖြေရှာမရဘူး။ အတန်းတက်ခေါင်းလောင်း ထိုးလာပြီမို့ စပ်စုချင်စိတ်ကို ဖိနှိပ်လိုက်သည်။ သူ့ကို ဆက်မမေးတော့ဘူး။ မေးလည်း အဖြေရဖို့ မသေချာဘူး။ ပြန်အစခံရဖို့ပဲ ရှိတယ်။
ဘာပဲဖြစ်ဖြစ်... သူ သူမအနောက် ပြောင်းလာတာက မကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။
စာသင်နှစ်သစ်ရဲ့ ပထမဆုံး လစဉ်စာမေးပွဲကို ကျောင်းပြန်ဖွင့်ပြီး နောက်တစ်နေ့မှာ စစ်ဖို့ သတ်မှတ်ထားသည်။
ကျိုးအန်းရန် သူနဲ့ ရှေ့နောက်ထိုင်ရတာ ဘယ်လိုခံစားချက်လဲဆိုတာ သေချာ မခံစားလိုက်ရသေးခင် နောက်တစ်နေ့မှာ စာမေးပွဲခန်းထဲ ရောက်သွားသည်။
သူမက ပြီးခဲ့တဲ့ စာသင်နှစ်အဆုံး စာမေးပွဲနဲ့ ပြီးခဲ့တဲ့ လစဉ်စာမေးပွဲ ရလဒ်တူနေလို့၊ ဒီတစ်ခါ ပြီးခဲ့တဲ့ စာသင်နှစ်အဆုံးတုန်းက နေရာမှာပဲ ပြန်ထိုင်ရသည်။
မနက်ပိုင်း ပထမဆုံးဘာသာက သင်္ချာ။
ကျိုးအန်းရန် စာမေးပွဲခန်းရောက်တော့ လွယ်အိတ်ထဲက ခဲတံအိတ်၊ ရေဘူးနဲ့ တခြားကိရိယာတွေ တစ်ခုပြီးတစ်ခု ထုတ်လိုက်သည်။
နောက်ဆုံးပစ္စည်း ထုတ်ပြီးလို့ ဇစ်ပြန်ဆွဲမလို့ လုပ်တုန်း ဘေးနားက ပြတင်းပေါက်ကို လာခေါက်သံ ကြားလိုက်ရသည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။
ကျောင်းဝတ်စုံဝတ်ထားတဲ့ အရပ်ရှည်ရှည် ကောင်လေးက ပြတင်းပေါက်ရှေ့မှာ ရပ်နေသည်။ အရိပ်ကြီးတစ်ခု ကျရောက်နေသည်။ မျက်ဝန်းတွေမှာ အပြုံးရိပ်တွေ ထင်ရှားနေသည်။ မနက်ခင်းနေရောင်ခြည်က စာသင်ခန်းတစ်ဖက်ခြမ်းကနေ ဝင်နေလို့ သူ့ပခုံးပေါ်မှာ ရွှေရောင်အလင်းတန်းတွေ မရှိတာကလွဲရင် မျက်စိရှေ့က မြင်ကွင်းက ပြီးခဲ့တဲ့ စာသင်နှစ်အဆုံး စာမေးပွဲပြီးတုန်းကနဲ့ ထပ်တူကျနေသည်။
ကျိုးအန်းရန် ဒီတစ်ခါ သူ့ကိုတွေ့လို့ လန့်ပြီး ပစ္စည်းလွတ်ကျတာမျိုး မဖြစ်တော့ပေမယ့် ရင်ခုန်သံတွေက မြန်ဆန်လာတုန်းပဲ။
အဓိကက သူ ဘယ်နေရာရောက်ရောက် လူအများ အာရုံစိုက်ခံရလို့လေ။
စာမေးပွဲခန်းထဲမှာ အများစုက တခြားအခန်းက လူတွေ။ သူမတို့ အတန်းဖော်တွေလို သူတို့နှစ်ယောက် အပြန်အလှန် ဆက်ဆံတာကို ရင်းနှီးနေတာ မဟုတ်ဘူး။ အခု သူ သူမ ပြတင်းပေါက်ဘေး လာရပ်လိုက်တော့ စာမေးပွဲခန်းထဲက လူတွေအကုန်လုံး ဒီဘက် လှည့်ကြည့်လာကြသည်။
ကျိုးအန်းရန် အဲဒီအကြည့်တွေကို လျစ်လျူရှုဖို့ ကြိုးစားပြီး သတိပေးလိုက်သည်။
"စာမေးပွဲ စတော့မယ်"
ချန်လော့ပိုင် ဂရုမစိုက်သလို "အင်း" ဟု ဖြေလိုက်သည်။
"လက်ဖြန့်"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာလုပ်မလို့လဲ"
ချန်လော့ပိုင် - "အရင် ဖြန့်လိုက်"
ကျိုးအန်းရန် နားရွက်ပူသွားသည်။ တစ်ခန်းလုံးက လူတွေ မရှိသလို သဘောထားပြီး လိမ်လိမ်မာမာ လက်ဖြန့်ပေးလိုက်သည်။
အေးစက်တဲ့ အထိအတွေ့တစ်ခု လက်ပေါ် ကျရောက်လာသည်။
ကောင်လေးက သူမလက်ထဲ နွားနို့ပုလင်းတစ်လုံး ထည့်ပေးလိုက်သည်။
"စာမေးပွဲ ကောင်းကောင်းဖြေနော်" သူ ပြောလိုက်သည်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇၄ ။ အထက်တန်းကျောင်း IF Line
လစဉ်စာမေးပွဲ နှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
စနေ၊ တနင်္ဂနွေ နှစ်ရက်လည်း မြန်မြန် ကုန်ဆုံးသွားသည်။
တနင်္လာနေ့ရောက်တော့ နန်ချန် အပူချိန် ကျဆင်းလာသည်။ အမြင့်ဆုံးအပူချိန်က ၃၀ ဒီဂရီအောက် ကျသွားပြီး ဆောင်းဦးရာသီ ရောက်တော့မယ့် အရိပ်အယောင်တွေ ပေါ်လာသည်။
ကျိုးအန်းရန် ထုံးစံအတိုင်း ကျောင်းစောစော ရောက်လာသည်။ ယန်ရှင်းချန်က ဒီနေ့ သူမနဲ့အတူ အခန်း (၂)ထိ မလိုက်တော့ဘူး။
နှစ်ယောက်သား လှေကားထိပ်မှာ လမ်းခွဲလိုက်ကြသည်။ ကျိုးအန်းရန် တစ်ယောက်တည်း အတန်းထဲ ဝင်လာခဲ့သည်။ ရှေ့ပေါက်ကနေ ဝင်ပြီးတော့ ကိုယ့်နေရာမှာ မရပ်ဘဲ ချန်လော့ပိုင်နေရာဘေးမှာ ရပ်လိုက်သည်။
ကျိုးအန်းရန် လွယ်အိတ်ဘေးက ယုန်ရုပ်လေးကို ဆွဲလိုက်သည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး လွယ်အိတ်ဇစ်ကို ကိုင်လိုက်သည်။
အတန်းထဲမှာ လူတော်တော်များများ ရောက်နေကြပြီ။ အဆောင်နေကျောင်းသားတွေက အမြဲ စောစော ရောက်နေတတ်တယ်။
အားလုံးက ခေါင်းငုံ့စာဖတ်နေကြပေမယ့် သူမအပေါ် အကြည့်တွေ ကျရောက်နေသလို ခံစားရတယ်။
နှစ်စက္ကန့်လောက်ကြာတော့ သူမ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ကိုယ့်နေရာဘေး ပြန်သွားလိုက်သည်။
ရက်အနည်းငယ် မလာရလို့ ကျိုးအန်းရန် ချက်ချင်း မထိုင်သေးဘူး။ စားပွဲအံဆွဲထဲက တစ်သျှူးအစို ထုတ်ပြီး စားပွဲနဲ့ ကုလားထိုင်ကို သုတ်လိုက်သည်။
သုတ်ပြီးခါနီးတော့ လွယ်အိတ်ကို အနောက်ကနေ ဆွဲခံလိုက်ရသည်။
ကျိုးအန်းရန် - "?!"
သူ ဒီနေ့ ဘာလို့ ဒီလောက် စောစော ရောက်လာတာလဲ။ တော်သေးတာက ခုနက သူ့စားပွဲအံဆွဲထဲ ပစ္စည်းမထည့်မိလိုက်လို့။ မဟုတ်ရင် သူနဲ့ တည့်တည့်တိုးတော့မှာ။
ဒါပေမဲ့ သူ ဒီနေ့ လွယ်အိတ်လက်ကိုင်ကြိုးကို ဆွဲတာ မဟုတ်ဘဲ၊ လွယ်အိတ်ဘေးစောင်းက နေရာကို ဆွဲနေသလိုပဲ။
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။
ပြီးတော့ လွယ်အိတ်ဘေးက သူပေးထားတဲ့ ယုန်ရုပ်လေးက ကောင်လေးရဲ့ သွယ်လျလှပတဲ့ လက်ထဲ ရောက်နေတာ တွေ့လိုက်ရသည်။ ယုန်ရုပ်လေးက အညှစ်ခံထားရလို့ ရှုံ့တွနေပြီး ချိတ်ထားတဲ့ကြိုးကလည်း တင်းနေတယ်။ နည်းနည်းလောက် ထပ်ဆွဲလိုက်ရင် ပြတ်သွားမလား မသိဘူး။
ကျိုးအန်းရန် စိတ်ပူသွားပြီး သူ့လက်ကို ဖယ်ရှားမလို့ လုပ်လိုက်သည်။
"မဆွဲနဲ့လေ၊ ပျက်သွားလိမ့်မယ်"
မိန်းကလေးအသံ နူးညူးညံ့ညံ့လေး နားထဲ ဝင်ရောက်လာတော့ ချန်လော့ပိုင် လက်ချောင်းလေးတွေ ယားယံသွားသည်။ ယုန်ရုပ်လေးကို ထပ်ညှစ်လိုက်သည်။
"ဘာလောစရာ ရှိလို့လဲ၊ ပျက်သွားရင် အသစ်ဝယ်ပေးမယ်"
ကျိုးအန်းရန် ယုန်ရုပ်လေး တကယ် ပျက်တော့မယ် ထင်နေသည်။
"ဒါပေမဲ့ အခု ယုန်ရုပ်လေး မဟုတ်တော့ဘူးလေ"
ချန်လော့ပိုင် မော့ကြည့်လိုက်သည်။ သူမ မျက်နှာရှုံ့မဲ့နေတာ မြင်တော့ မျက်ခုံးပင့်လိုက်သည်။
"တကယ် သဘောကျနေတာပဲ"
ကျိုးအန်းရန် ရင်ခုန်သံ ဒိန်းခနဲ ဖြစ်သွားသည်။
သူနဲ့ ရင်းနှီးလာလေလေ၊ သူမ သတိထားမှု လျော့နည်းလာလေလေ ဖြစ်နေသလိုပဲ။
ဒါပေမဲ့ သူက လက်ဆောင်ပေးထားတာပဲဟာ။ သူမ နည်းနည်းလောက် ခံစားချက်ပြမိတာ ကိစ္စမရှိလောက်ပါဘူး။
"တကယ် ချစ်ဖို့ကောင်းလို့ပါ" ကျိုးအန်းရန် ကြိုးကို ဆွဲထားလိုက်သည်။ ယုန်ကလေးကို တစ်ယောက်သောသူလက်ထဲကနေ ကယ်တင်ဖို့ ကြိုးစားလိုက်သည်။ "ပြီးတော့ နင် ဒါကို ငါ့ကို ပေးထားတာ၊ ဒီလိုဆွဲကစားဖို့မှ မဟုတ်တာ"
ချန်လော့ပိုင် - "ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့..."
သူ စကားရပ်လိုက်သည်။
ကျိုးအန်းရန် - "ဒါပေမဲ့ ဘာဖြစ်လဲ"
ချန်လော့ပိုင် အကြည့်က သူမရဲ့ ဖြူဝင်းတဲ့ လက်ချောင်းလေးတွေဆီကနေ လက်ထဲက ယုန်ရုပ်လေးဆီ ရောက်သွားသည်။ ယုန်ရုပ်လေးပါးကို ဆွဲလိုက်ပြီး သူမမျက်နှာပေါ် အကြည့်ပြန်ပို့လိုက်သည်။
"တကယ် နင်နဲ့ တူတယ်"
ကျိုးအန်းရန် - "......"
ဒီစကားကို ယန်ရှင်းချန်တို့လည်း ပြောဖူးတယ်။ ဒါပေမဲ့ သူ ပြောတာကြားရတော့ ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ။
အထူးသဖြင့် သူက ပြောရင်းနဲ့ ယုန်ရုပ်လေးကို ဆက်ညှစ်ကစားနေတာလေ။
သူမ နားရွက်ပူသွားသည်။ သူ့လက်အားလျော့သွားတုန်း ယုန်ရုပ်လေးကို ပြန်ဆွဲယူလိုက်သည်။ စကားလမ်းကြောင်း လွှဲလိုက်သည်။
"နင် ဒီနေ့ ဘာလို့ ဒီလောက် စောစော ရောက်နေတာလဲ"
ချန်လော့ပိုင်က သူမ လွယ်အိတ်ကို ဖြုတ်ပြီး ကုလားထိုင်မှာ ချိတ်လိုက်တာ၊ သူ ယုန်ရုပ်လေးကို ဆက်မဆွဲနိုင်အောင် ကာကွယ်လိုက်တာကို ကြည့်ပြီး ရယ်မောလိုက်သည်။ သူ့ကျောပိုးအိတ်ကို အရှေ့ဆွဲယူလိုက်ပြီး အထဲက နွားနို့ပုလင်းတစ်လုံး ထုတ်ကာ သူမစားပွဲပေါ် တင်ပေးလိုက်သည်။
"ငါ့ အရှေ့ခုံဖော်အသစ်နဲ့ အတူ စာလုပ်မလို့လေ"
ကျိုးအန်းရန် ရင်ခုန်သံတွေ အကြိမ်ကြိမ် မြန်ဆန်လာပြန်သည်။ "ငါ့ အရှေ့ခုံဖော်အသစ်" ဆိုတဲ့ အခေါ်အဝေါ်ကြောင့်ရော၊ စားပွဲပေါ်က နွားနို့ပုလင်းကြောင့်ရောပေါ့။
လစဉ်စာမေးပွဲ ဒုတိယနေ့တုန်းကလည်း သူ ပြတင်းပေါက်ကနေ တစ်လုံး ပေးသွားသေးတယ်။
အခုတစ်လုံးနဲ့ပေါင်းရင် ၃ လုံး ရှိနေပြီ။
သူက ၃ ရက်ဆက်တိုက် နွားနို့ပုလင်း အပိုဝယ်လာတာတော့ မဖြစ်နိုင်ပါဘူး။
ကျိုးအန်းရန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ဘာလို့ ငါ့ကို နွားနို့ ထပ်ပေးတာလဲ"
ချန်လော့ပိုင် - "နင် ဘယ်လိုထင်လဲ"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
ကောင်လေး လက်မြှောက်လိုက်ပြီး သူမဘက် လှမ်းလိုက်သည်။
သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားသည်။ သူ့လက်က သူမနား တဖြည်းဖြည်း နီးကပ်လာတာကို ကြည့်ပြီး ရင်ခုန်သံတွေ မြင့်တက်လာသည်။ နောက်ဆုံးတော့ အဲဒီလက်က သူမနဖူးရှေ့ တစ်လက်မအလိုမှာ ရပ်တန့်သွားသည်။
ရပ်တန့်သွားပြီး...
ဖြည်းဖြည်းချင်း ဘေးတိုက်ရွေ့သွားကာ သူ့ပခုံးပေါ် ပြန်ကျရောက်သွားသည်။
"ငါ့ပခုံးလောက်ပဲ ရှိသေးတာကိုး"
ကျိုးအန်းရန် - "......"
မြင့်တက်နေတဲ့ ရင်ခုန်သံတွေ ဘုန်းခနဲ ပြန်ကျသွားသည်။
သူမ တိုးတိုးလေး ပြန်ငြင်းလိုက်သည်။
"ငါ အခု ၁.၆၂ မီတာ ရှိနေပြီ"
သူက အရမ်း ရှည်လွန်းနေတာပါ။
ချန်လော့ပိုင် သူမကို အပေါ်အောက် ကြည့်လိုက်သည်။
"တကယ် ၁.၆၂ ရှိတာလား"
"မယုံရင် နေပေါ့" ကျိုးအန်းရန် နည်းနည်း စိတ်ဆိုးချင်သွားသည်။ စောစောက သူမ တစ်ခုခု အထင်လွဲမိလိုက်လို့လား၊ ဒါမှမဟုတ် သူက မယုံသလို လေသံနဲ့ ပြောလိုက်လို့လား မသိဘူး။ သူမ စားပွဲပေါ်က ဖုန်နည်းနည်းကျန်နေတာကို သုတ်လိုက်သည်။ "ငါ လက်သွားဆေးလိုက်ဦးမယ်"
လက်ဆေးပြီးတော့ ကျိုးအန်းရန် ရှေ့ပေါက်ကနေ ဝင်လာသည်။ ခေါင်းငုံ့ပြီး သူ့ကို မကြည့်ပေမယ့် ကောင်လေးက သူ့နေရာမှာ ပြန်ထိုင်နေပြီဆိုတာ သိလိုက်ရသည်။
သူမလည်း ကိုယ့်နေရာမှာ ထိုင်လိုက်သည်။ အင်္ဂလိပ်စာအုပ် ဆွဲထုတ်ပြီး စာလုံးပေါင်းကျက်ဖို့ ပြင်လိုက်သည်။
အင်္ဂလိပ်စာအုပ် ဖွင့်လိုက်တာနဲ့ ချောကလက်တစ်တုံး အနောက်ကနေ ပစ်ဝင်လာပြီး စာအုပ်အလယ်တည့်တည့် ကျလာသည်။
ကျိုးအန်းရန် - "......"
ချောကလက် ဘာလို့ ပစ်ပေးပြန်တာလဲ။
စက္ကူလုံးလေးတစ်လုံးလည်း အနောက်ကနေ ပစ်ဝင်လာပြန်သည်။
ကျိုးအန်းရန် စက္ကူလုံးကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်သည်။
တွန့်ကြေနေတဲ့ စက္ကူပေါ်မှာ ကောင်လေးလက်ရေးက လှပနေတုန်းပါပဲ။
"စိတ်မဆိုးနဲ့တော့နော်"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည်။
တစ်ခုခု သတိရသွားပြီး ကုလားထိုင်မှာ ချိတ်ထားတဲ့ လွယ်အိတ်ကို ယူလိုက်သည်။ ဇစ်ဖွင့်ပြီး လက်ထည့်ကာ အထဲက ဘူးသေးသေးလေးကို စမ်းလိုက်သည်။
မနေ့က ကျောင်းပြန်ဖွင့်တဲ့နေ့မှာ သူ လက်ဆောင်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ယဉ်ကျေးမှုအရပဲဖြစ်ဖြစ်၊ ကိုယ်ကျိုးအတွက်ပဲဖြစ်ဖြစ် သူမလည်း သူ့ကို လက်ဆောင်ပြန်ပေးချင်လို့ စနေ၊ တနင်္ဂနွေတုန်းက ယန်ရှင်းချန်တို့နဲ့အတူ ဈေးဝယ်ထွက်ခဲ့တာ။
ဘူးသေးသေးလေး ဖြစ်ပေမယ့် ကျိုးအန်းရန် ကိုင်ထားရတာ ပေါင်ချိန်တစ်ထောင်လောက် လေးလံနေသလို၊ မမနိုင်သလို ခံစားရတယ်။
လက်ဖဝါးမှာ ချွေးစေးလေးတွေ ထွက်လာသည်။
အဲဒီနေ့ညနေတုန်းက သူမ အကြာကြီး ရွေးပြီးမှ အနီရောင် လက်ပတ်တစ်ခု ရွေးလိုက်တာ။
ရှန့်ရှောင်ဝမ်က ဘာရွေးရွေး အရေးမကြီးပါဘူး၊ အရေးကြီးတာက နင် ပေးရဲလား မပေးရဲလား ဆိုတာပါပဲလို့ ပြောခဲ့တယ်။
သူမ ပြောတာ မှန်နေတယ်။ သူမ တကယ် မပေးရဲဘူး။
ကျိုးအန်းရန် စိတ်ပျက်လက်ပျက် ပါးဖောင်းလိုက်သည်။
သူမ အဖြေပြန်မပေးလို့လား မသိဘူး၊ အနောက်က ကောင်လေးက သူမစားပွဲပေါ် ပစ္စည်းတွေ ထပ်ပစ်တင်ပြန်သည်။
ချောကလက်တစ်တုံး။
နှစ်တုံး။
သုံးတုံး။
...
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းလေး ပြန်ကွေးတက်သွားသည်။ သတ္တိတစ်ခုခု ရလိုက်သလိုမျိုး လွယ်အိတ်ထဲက လက်ဆောင်ဘူးကို အမြန်ထုတ်ပြီး အနောက်ကို လှမ်းပစ်ပေးလိုက်သည်။
ချန်လော့ပိုင်အသံ ချက်ချင်း ထွက်ပေါ်လာသည်။
"ဒါ ဘာပစ္စည်းလဲ"
ကျိုးအန်းရန် မျက်နှာရော နားရွက်ပါ ပူထူသွားသည်။ ပါးစပ်ဟပေမယ့် ထုတ်မပြောရဲဘူး။ လက်ဆောင်ပစ်ပေးလိုက်တာနဲ့တင် သူမရဲ့ ဒီနေ့အတွက် သတ္တိတွေ ကုန်သွားပြီ။
သူမ လွယ်အိတ်ပြန်ချိတ်လိုက်ပြီး မျက်နှာရဲရဲနဲ့ စားပွဲပေါ် မှောက်လိုက်သည်။
ကုလားထိုင်ကို အနောက်ကနေ ဖွဖွလေး ကန်ခံလိုက်ရသည်။
ချန်လော့ပိုင် အနောက်ကနေ ခေါ်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဘောပင်ကောက်ကိုင်ပြီး တွန့်ကြေနေတဲ့ စက္ကူပေါ်မှာ စာလုံးနည်းနည်း ရေးကာ အနောက်ပြန်ပစ်ပေးလိုက်သည်။
ချန်လော့ပိုင် စားပွဲပေါ်က စက္ကူလုံးကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်သည်။
သူ့လက်ရေးအောက်မှာ မိန်းကလေးရဲ့ သပ်ရပ်ချစ်စရာကောင်းတဲ့ စာလုံးလေး ၅ လုံး ပေါ်လာသည်။
"ယုန်ကလေးအတွက် လက်ဆောင်ပြန်ပေးတာ"
....
ဘာသာရပ် ဆရာတွေက စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး အချိန်ပိုဆင်းပြီး စာမေးပွဲစစ်ကြလို့ ထင်တယ်၊ ဒီနေ့ညနေပိုင်းမှာ ဘာသာရပ်အသီးသီးက စာမေးပွဲစာရွက်တွေ ပြန်ဝေပေးပြီး အတန်းလိုက် အဆင့်တွေလည်း စောစောထွက်လာသည်။
ကျိုးအန်းရန် ဒီတစ်ခါ အဆင့်က ပြီးခဲ့တဲ့ စာသင်နှစ်အဆုံး စာမေးပွဲထက် ၂ ဆင့် တက်လာသည်။ အင်္ဂလိပ်စာက တစ်ယောက်သောသူနဲ့ အမှတ်တူပြီး အတန်းထဲမှာ ပူးတွဲ ပထမ ရသည်။
ညနေပိုင်း ယန်ရှင်းချန်တို့နဲ့ ထမင်းစားပြီး ပြန်လာတော့ နေရာပြန်ထိုင်တာနဲ့ ဟယ်မင်ယွီက အင်္ဂလိပ်စာ စာမေးပွဲစာရွက်ကိုင်ပြီး ပုစ္ဆာလာမေးသည်။
ကျိုးအန်းရန် ခေါင်းငုံ့ပြီး ရှင်းပြပေးလိုက်သည်။ မော့ကြည့်လိုက်တော့ ဟယ်မင်ယွီက စာရွက်ကို မကြည့်ဘဲ သူမမျက်နှာကို ကြည့်နေတာ တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ဟယ်မင်ယွီ - "နင်..."
သူ စကားတစ်လုံးပြောပြီး ရပ်သွားသည်။ သူမကို ကျော်ပြီး အနောက်ကို လှမ်းကြည့်လိုက်သည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင်က အနောက်ပေါက်ကနေ ဝင်လာတာ။ အနောက်မှာ ကျုရန်တို့ လူအုပ်ကြီး ပါလာသည်။
ကျိုးအန်းရန်အကြည့်နဲ့ သူ့အကြည့် လေထဲမှာ ဆုံတွေ့သွားသည်။ ရင်ခုန်သံတွေ မထိန်းနိုင်ဘဲ နည်းနည်း ထပ်မြန်လာပြန်သည်။
သူမ ပြန်လှည့်ပြီး ဟယ်မင်ယွီကို မေးလိုက်သည်။
"နင် ခုနက ငါ့ကို ဘာပြောမလို့လဲ"
ဟယ်မင်ယွီက သူမပါးဘေးမှာ အလိုအလျောက် ပေါ်နေတဲ့ ပါးချိုင့်လေးကို ကြည့်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ကျေးဇူးတင်ပါတယ်လို့ ပြောမလို့ပါ"
ကျိုးအန်းရန် - "ရပါတယ်"
ဟယ်မင်ယွီ ဘာမှထပ်မပြောတော့ဘဲ စာရွက်ယူပြီး ကိုယ့်နေရာကိုယ် ပြန်သွားသည်။
ကျိုးအန်းရန် အနောက်က အသံတွေကို နားစွင့်လိုက်သည်။ ပုံမှန်လို သူနဲ့ ကျုရန်တို့ ရယ်မောစကားပြောသံ မကြားရဘူး။
သူမ နောက်လှည့်ပြီး ခိုးကြည့်ရင် ကောင်းမလား တွန့်ဆုတ်နေတုန်း ကောင်လေးရဲ့ အရိုးအဆစ် ထင်ရှားတဲ့ လက်တစ်ဖက်က သူမစားပွဲပေါ် လာထောက်လိုက်တာ တွေ့လိုက်ရသည်။ လူကလည်း သူမစားပွဲဘေး မှီရပ်လိုက်သည်။ အသံက ခေါင်းပေါ်ကနေ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
"သူနဲ့ ဘာတွေ ပြောနေတာလဲ"
"ဘယ်သူနဲ့လဲ" ကျိုးအန်းရန် မော့ကြည့်လိုက်သည်။ "ဟယ်မင်ယွီလား"
ချန်လော့ပိုင် မျက်နှာထား တည်ငြိမ်နေဆဲ။
"အင်း"
ကျိုးအန်းရန် သူ နည်းနည်း စိတ်မပျော်မရွှင် ဖြစ်နေသလို ခံစားရသည်။
သူမ ဟယ်မင်ယွီနဲ့ စကားပြောလို့ သဝန်တိုတာတော့ မဖြစ်နိုင်ပါဘူး။
သူမလည်း အဲဒီလောက်ထိ မတွေးရဲပါဘူး။ ဒါပေမဲ့ သူ့ကို အထင်လွဲမခံချင်ဘူး။
"သူ ငါ့ကို အင်္ဂလိပ်စာနည်းနည်း လာမေးတာပါ"
ချန်လော့ပိုင် - "ဘယ်အပုဒ်တွေလဲ"
"ကွက်လပ်ဖြည့် နောက်ဆုံးပုဒ်နဲ့ စာဖတ်စွမ်းရည် ဒုတိယပုဒ်ရဲ့ ပထမမေးခွန်းပါ" ကျိုးအန်းရန် မနေနိုင်ဘဲ တိုးတိုးလေး ထပ်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ချန်လော့ပိုင် - "ငါ့ကိုလည်း ရှင်းပြပေးပါလား"
ကျိုးအန်းရန် - "......"
"ငါ ရှင်းပြပေးစရာ လိုလို့လား"
ချန်လော့ပိုင်က သူမ စားပွဲပေါ်မှောက်ပြီး လိမ်လိမ်မာမာ စကားပြောနေတဲ့ ပုံစံလေးကို ကြည့်ပြီး စိတ်တိုတာတွေ ပျောက်သွားသည်။
"ဒါဆို ငါ ရှင်းပြပေးမယ်လေ"
ဟင်?
ကျိုးအန်းရန် သံသယနဲ့ မေးလိုက်သည်။
"နင် ငါ့ကို ရှင်းပြပေးမယ်?"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
"နင် မှားတဲ့ပုစ္ဆာတွေ၊ ငါ တတ်တဲ့ပုစ္ဆာတွေအကုန် ရှင်းပြပေးမယ်၊ နားထောင်မလား"
ကျိုးအန်းရန် ရင်ခုန်သံ တိတ်တဆိတ် မြန်လာပြန်သည်။ ပြီးတော့ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်သည်။ ပြီးမှ မေးလိုက်သည်။
"နင့်စာလုပ်ချိန်တွေ နှောင့်နှေးကုန်မှာ မဟုတ်ဘူးလား"
"နင့်ကို ပုစ္ဆာရှင်းပြရုံလေးနဲ့ ငါ ဘာနှောင့်နှေးစရာရှိလို့လဲ" ချန်လော့ပိုင် လက်ညှိုးကွေးပြီး သူမစားပွဲကို ခေါက်လိုက်သည်။ "သိပ္ပံဘာသာရပ် စာမေးပွဲစာရွက်တွေ အရင်ပေး"
ကျိုးအန်းရန် စာရွက်တွေ ရှာပေးလိုက်သည်။
ကောင်လေးက ဘေးမှာချထားတဲ့ လက်ကို မြှောက်လိုက်သည်။ အဲဒီကျမှ ကျိုးအန်းရန် သူ့လက်ထဲမှာ ပစ္စည်းတစ်ခု ကိုင်ထားတာ တွေ့လိုက်ရသည်။ ရေခဲမုန့်ဘူး။ ချန်လော့ပိုင် ရေခဲမုန့်ကို သူမစားပွဲပေါ် တင်ပေးလိုက်သည်။
"အရင် စားထားလိုက်၊ ငါ ခဏနေ ခေါ်မယ်"
ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ အနောက်ကနေ ပခုံးဖက်ပြီး လျှောက်လာကြသည်။ နှစ်ယောက်သား ဟိုဟိုဒီဒီ ပြောနေကြသည်။
"လော့ကော... မင်း ဘာလို့ ငါ့ကို ပုစ္ဆာမရှင်းပြတာလဲ"
"ငါ ပြောသားပဲ၊ လော့ကော ဘာလို့ ရေခဲမုန့် ပိုယူလာလဲလို့၊ တောင်းတာလည်း မပေးဘူး"
ချန်လော့ပိုင် ကုလားထိုင်ဆွဲထုတ်လိုက်သည်။ သူတို့ပြောတာ ကြားတော့ ပျင်းရိစွာ တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့က ငါ့အရှေ့ခုံဖော်လား"
ထန်ကျန့်ရွေ့ - "ငါ အရင်တုန်းက မင်းရဲ့ ဓာတ်ပုံထဲက အရှေ့ခုံဖော် ဖြစ်ဖူးတာပဲ၊ ဒီလိုအခွင့်အရေး မရခဲ့ပါဘူး"
ဟွမ်ရှူးကျဲ့ - "ဓာတ်ပုံထဲက အရှေ့ခုံဖော် ဖြစ်ရုံနဲ့ မလုံလောက်ဘူး၊ မျိုးရိုးနာမည်က 'ကျိုး' ဖြစ်ရဦးမယ်..."
ချန်လော့ပိုင် ခြေထောက်နဲ့ လှမ်းကန်လိုက်သည်။ ရယ်မောပြီး ဆဲလိုက်သည်။
"မင်းတို့က အားနေလို့ ယားနေကြတာလား"
ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ ဟိုဟိုဒီဒီ ပြေးထွက်သွားကြသည်။
ကျိုးအန်းရန် နားရွက်ဖျားလေး ထပ်ပူလာပြန်သည်။ ရေခဲမုန့်ဘူးအဖုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ကျန်းရူရှန်းက ဘေးကနေ စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။
"ချန်လော့ပိုင်သာ နင့်ကို မကြိုက်ရင်၊ ငါ နောက်ဆို ကျန်းဆိုတဲ့ မျိုးရိုးနာမည်ကို ပြောင်းပြန် ရေးမယ်"
ကျိုးအန်းရန် - "......"
အဲဒီလောက်ထိ မလိုပါဘူး။
သူမ ဇွန်းနဲ့ ရေခဲမုန့်တစ်ဇွန်း ခပ်စားလိုက်သည်။ ချိုမြိန်အေးမြတဲ့ အရသာက ပါးစပ်ထဲ ပြည့်နှက်သွားသည်။
သူမရဲ့ အမှားပုစ္ဆာတွေကိုပဲ ကြည့်တာမို့ ထင်တယ်၊ ချန်လော့ပိုင် စာရွက်စစ်တာ မြန်သည်။ ကျိုးအန်းရန် ရေခဲမုန့်တစ်ဘူး မကုန်သေးခင် အနောက်က သူ့အသံ ထွက်လာသည်။ ကျုရန်နဲ့ စကားပြောနေတာ ထင်တယ်။
"မင်း သူနဲ့ နေရာလဲလိုက်"
ကျုရန် မော့ကြည့်လိုက်သည်။ လေသံက မကျေမနပ် ဖြစ်နေသည်။
"ဘာကိစ္စ လဲရမှာလဲ"
ချန်လော့ပိုင် မျက်လွှာချလိုက်သည်။ အကြည့်က သူ့ခြေထောက်ပေါ် ရောက်သွားသည်။
"မင်း ကြိုက်နေတဲ့ ဘောလုံးဖိနပ်အသစ်တစ်ရံနဲ့ လဲမလား"
"နေရာလဲမယ် ဟုတ်လား" ကျုရန် ချက်ချင်း လေသံပြောင်းသွားသည်။ "ဘယ်လိုလဲချင်လဲ၊ ဘယ်လောက်ကြာကြာ လဲချင်လဲ ရတယ်။ ငါ့ရဲ့ တွဲဖက်ခုံနေရာကိုပါ သူ့ကို အပြီးပေးလိုက်ရမလား"
ချန်လော့ပိုင် အကြည့်က အရှေ့နည်းနည်း ရွှေ့လိုက်သည်။ ခေါင်းငုံ့နေတဲ့ မိန်းကလေးဆီ ရောက်သွားသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"လောလောဆယ် မလိုသေးပါဘူး၊ သူ အခု ပြောင်းလာရင် မြင်ကွင်းကွယ်နေလိမ့်မယ်"
ကျိုးအန်းရန် နောက်ဆုံး ရေခဲမုန့်တစ်လုပ် စားမလို့လုပ်တုန်း ရပ်တန့်သွားသည်။
ဒါဆို သူ မနက်က နွားနို့လာပေးတာ ဒီသဘောလား။
ကျုရန် သူမဘေး ရောက်လာသည်။
"ကျိုးအန်းရန်... နေရာလဲရအောင်"
ကျိုးအန်းရန် ရေခဲမုန့်စားလိုက်သည်။ ဘူးခွံကို ဘေးကချိတ်ထားတဲ့ အမှိုက်အိတ်ထဲ ထည့်လိုက်သည်။ ခဏနေ သွားပစ်လိုက်မယ်။ သူမ "အင်း" ဟု ဖြေပြီး ထရပ်လိုက်သည်။ စားပွဲပေါ် ရှင်းလင်းလိုက်ပြီး စာကြမ်းစာအုပ်နဲ့ မှတ်စုစာအုပ် ယူကာ နေရာဖယ်ပေးလိုက်သည်။
ချန်လော့ပိုင် မော့ကြည့်လိုက်တော့ ကျုရန်က သူမနေရာမှာ ဝင်ထိုင်လိုက်တာ တွေ့လိုက်ရလို့ မျက်လုံးမှေးလိုက်သည်။
ကျိုးအန်းရန် သူ့ဘေးနား ရောက်သွားသည်။ သူ့ကုလားထိုင်က အနောက်ခုံစားပွဲနဲ့ ကပ်နေပြီး နေရာလွတ် မရှိတာ တွေ့လိုက်ရသည်။ တိုးတိုးလေး သတိပေးလိုက်သည်။
"ငါ ဝင်မရဘူး"
ချန်လော့ပိုင် အကြည့်ပြန်ရုတ်လိုက်သည်။ ကျုရန်နေရာကို တစ်ချက်ကြည့်ပြီး သူမဆီ အကြည့်ပြန်ရောက်လာသည်။
"နင် ငါ့နေရာမှာ ထိုင်လိုက်"
အရှေ့တန်းက ကျုရန် "ကျွတ်" ခနဲ စုတ်သပ်လိုက်သည်။ ကျန်းရူရှန်းနဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။
နှစ်ယောက်သား ကုလားထိုင်တွေကို အရှေ့ နည်းနည်း တိုးလိုက်ကြသည်။
အနောက်က နှစ်ယောက်အတွက် နေရာဖယ်ပေးလိုက်တာ။ မျက်စိနောက်စရာ မဖြစ်အောင်လို့လေ။
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
ဘာလို့ သူမကို သူ့နေရာ ပေးထိုင်ရတာလဲ။
ဒါပေမဲ့ ချန်လော့ပိုင်စကားက သူမနဲ့ တိုင်ပင်နေတာ မဟုတ်ဘူး။ ပြောပြီးတာနဲ့ သူက ကျုရန်နေရာကို ပြောင်းထိုင်လိုက်သည်။
ကျိုးအန်းရန်က ပုစ္ဆာရှင်းပြတာ နားထောင်ဖို့ လာတာဆိုတော့ သူ့အလိုလိုက်ပေးရမှာပေါ့။
တကယ်တော့ သူမကိုယ်တိုင်လည်း သူ့နေရာမှာ ထိုင်ချင်နေတာပါ။
အရှေ့ခုံနဲ့ အနောက်ခုံကြားမှာ စားပွဲတစ်လုံး ခြားနေသေးတယ်လေ။ သူနဲ့ ဘေးချင်းယှဉ်ထိုင်ရင် သူတို့ကြားမှာ အတားအဆီး မရှိတော့ဘူး။
သူက အရင်တုန်းက မိန်းကလေးနဲ့ တွဲမထိုင်ဖူးတော့ ကျိုးအန်းရန် သူ သူမနဲ့ နီးနီးကပ်ကပ်နေရတာကို သဘောကျမကျ မသိဘူး။
ချန်လော့ပိုင် စာမေးပွဲစာရွက် ဖြန့်လိုက်ပြီး မော့ကြည့်လိုက်တော့ သူမက သူ့စားပွဲအစွန်းနား ရောက်လုနီးပါး ထိုင်နေတာ တွေ့လိုက်ရသည်။
သူ ရယ်ချင်သွားသည်။
"ဘာလို့ အဲဒီလောက် အဝေးကြီး ထိုင်နေတာလဲ။ ငါက အော်ပြီး ရှင်းပြရမှာလား"
ကျိုးအန်းရန် - "......"
နည်းနည်းတော့ ဝေးနေသလိုပဲ။
ဒါပေမဲ့...
"အော်စရာ မလိုပါဘူး" သူမ တိုးတိုးလေး ပြန်ပြောသည်။
ချန်လော့ပိုင် မျက်နှာသေနဲ့ မေးငေါ့ပြလိုက်သည်။
"ဒီဘက်တိုး၊ သူများကို အနှောင့်အယှက် ဖြစ်လိမ့်မယ်"
ကျိုးအန်းရန် "အင်း" ဟု ဖြေပြီး လိမ်လိမ်မာမာ တိုးလိုက်သည်။
"ထပ်တိုး"
"အင်း"
နောက်ဆုံးတော့ ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ သူ့ဆီက လန်းဆန်းတဲ့ ကိုယ်သင်းနံ့ ရနေလောက်အောင် နီးကပ်တဲ့ အကွာအဝေး ရောက်သွားသည်။
ကျိုးအန်းရန် ရင်ထဲမှာ ဆိုဒါပုလင်း လှုပ်ခါလိုက်သလို ပူဖောင်းလေးတွေ တစီစီ တက်လာသည်။
သူမ ခေါင်းငဲ့ပြီး ဘေးနားက ကောင်လေးရဲ့ ချောမောတဲ့ ဘေးတိုက်မျက်နှာကို ခိုးကြည့်လိုက်သည်။ သူ သတိမထားမိခင် ခေါင်းပြန်ငုံ့လိုက်သည်။ သူ ဘောပင်ကို နှစ်ချက်လောက် လှည့်လိုက်ပြီး ဘောပင်ထိပ်နဲ့ သင်္ချာစာရွက်ကို ထောက်လိုက်တာ တွေ့လိုက်ရသည်။
"နင် မှားသွားတဲ့ ဒီရွေးချယ်စရာပုစ္ဆာနဲ့ ဒုတိယနောက်ဆုံး ပုစ္ဆာကြီးက တကယ်တော့ ပုံစံတူတူပဲ"
ကျိုးအန်းရန် သူ့ပုစ္ဆာရှင်းပြတာ နားထောင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။
အတန်းထဲက လူအများစု သူ့ကို ပုစ္ဆာလာမေးဖူးကြတယ်။ အတန်းပက လူတွေတောင် လာမေးကြတယ်။
ဒါပေမဲ့ သူမ အရင်တုန်းက တစ်ခါမှ မမေးရဲခဲ့ဘူး။
ချန်လော့ပိုင် ရှင်းပြတာက ယုတ္တိရှိပြီး ရှင်းလင်းတယ်။ ဆရာတွေနဲ့ မတူတာက ဆရာတွေက ပုစ္ဆာဘယ်လိုတွက်ရမလဲ သင်ပေးတာ။ သူကတော့ သူမ ဘာလို့မှားလဲ၊ ဘယ်နေရာမှာ ထောင်ချောက်မိသွားလဲ၊ တွေးခေါ်ပုံ ဘယ်နေရာမှာ မှားနေလဲဆိုတာ သေချာ ခွဲခြမ်းစိတ်ဖြာပေးတာ။
ခေါင်းထဲ ရှင်းလင်းသွားသလို ခံစားရတယ်။
ကျိုးအန်းရန်လည်း မကြာခင် စိတ်ငြိမ်သွားသည်။
သူမ ထင်တာက သူ ဒီတစ်ခါ ရှင်းပြပေးတာက စိတ်ကူးပေါက်လို့ လုပ်ပေးတာ နေမှာပါလို့။
ဒါပေမဲ့ အဲဒီနေ့ကစပြီး ပုံမှန် အိမ်စာတွေပဲ ဖြစ်ဖြစ်၊ စာမေးပွဲအသေးလေးတွေပဲ ဖြစ်ဖြစ်၊ သူမ မရတဲ့ ပုစ္ဆာမှန်သမျှ သူက အသေးစိတ် ရှင်းပြပေးတယ်။
နောက်ပိုင်း အနားယူချိန်တွေနဲ့ ညနေစာလေ့လာချိန်တွေမှာ ကျိုးအန်းရန်က ကျုရန်နဲ့ နေရာ ခဏခဏ လဲလာရတယ်။ ဒါပေမဲ့ ချန်လော့ပိုင်က အမြဲတမ်း ကျုရန်နေရာမှာ ပေးမထိုင်ဘဲ သူ့နေရာမှာပဲ ထိုင်ခိုင်းတယ်။
တစ်ခါတုန်းက ညနေစာလေ့လာချိန်မတိုင်မီ သူ ပုစ္ဆာရှင်းပြနေတုန်း ကျောင်းအုပ်ကြီးနဲ့ တည့်တည့်တိုးတယ်။
ဒါပေမဲ့ အဲဒီတုန်းက သူက သေချာရှင်းပြနေသလို၊ သူမကလည်း သေချာနားထောင်နေတော့ နှစ်ယောက်လုံး အတန်းထဲ တိတ်ဆိတ်သွားတာ သတိမထားမိလိုက်ကြဘူး။
သူ ပုစ္ဆာအကုန်ရှင်းပြပြီးမှ အတန်းထဲ ပြန်ဆူညံလာသည်။
ကျန်းရူရှန်းက အရှေ့တန်းကနေ လှည့်ကြည့်လာသည်။
"ခုနက ကျောင်းအုပ်ကြီး လာသွားတယ်"
ကျိုးအန်းရန် - "?"
"ကျောင်းအုပ်ကြီး လာသွားတယ်?" သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ "ဘယ်တုန်းကလဲ"
ကျုရန်လည်း အရှေ့တန်းကနေ လှည့်လာသည်။
"လွန်ခဲ့တဲ့ ၁၀ မိနစ်လောက်က၊ ဆရာကျောက်က နင်တို့နှစ်ယောက် ဒီလောက် နီးနီးကပ်ကပ် ထိုင်နေတာမြင်တော့ မျက်နှာတည်တည်နဲ့ နင်တို့အနောက်မှာ အကြာကြီး ရပ်ကြည့်နေတာ။ ခဏနေ ရုံးခန်းခေါ်သွားတော့မယ် ထင်တယ်"
ချန်လော့ပိုင် စာကြမ်းစာရွက်တစ်ရွက် ဆွဲဖြဲပြီး လုံးချေကာ သူ့ဆီ ပစ်ပေါက်လိုက်သည်။
"မင်း သူ့ကို ဘာလို့ ခြောက်နေတာလဲ၊ သူ သတ္တိနည်းမှန်း မသိဘူးလား"
ကျုရန် ရယ်မောပြီး စက္ကူလုံးကို ရှောင်လိုက်သည်။ လှောင်ပြောင်လိုက်သည်။
"သူ သတ္တိနည်းလား မနည်းလား ငါ ဘယ်လိုလုပ် သိမှာလဲ"
ချန်လော့ပိုင် သူ့ကို ဂရုမစိုက်တော့ဘဲ ခေါင်းငဲ့ပြီး မိန်းကလေးရဲ့ ဖြူဝင်းတဲ့ ဘေးတိုက်မျက်နှာကို ကြည့်လိုက်သည်။
"သူ ပြောတာ နားမထောင်နဲ့၊ ဆရာကျောက် စရိုက်နဲ့ဆိုရင် ကိစ္စရှိရင် ချက်ချင်း ပြောမှာပဲ"
ကျိုးအန်းရန် စဉ်းစားကြည့်တော့ ဟုတ်သားပဲ။
သူမ စိတ်အေးသွားသည်။
သူ သူမကို ပုစ္ဆာရှင်းပြပေးနေတာ၊ သူမကြောင့် သူ အဆူမခံစေချင်ဘူး။
ကျန်းရူရှန်းက ကုလားထိုင်အမှီပေါ် မှောက်လိုက်ပြီး ဘာကြောင့်မှန်းမသိ ရယ်မောလိုက်သည်။
"တကယ်တော့ ကျုရန် ပြောတာ မမှားပါဘူး။ ဆရာကျောက်က အစတုန်းက မျက်နှာတည်တည်နဲ့ နင်တို့အနောက်မှာ အကြာကြီး ရပ်နေတာ။ ပြီးတော့ နင်တို့ ပုစ္ဆာရှင်းပြနေတာ ကြားလိုက်ရတယ်။ သူ ရောက်လာတာတောင် သတိမထားမိလောက်အောင် ကြိုးစားနေကြတာ မြင်တော့ ကျေနပ်တဲ့ မျက်နှာထားနဲ့ ပြန်ထွက်သွားတာ"
ကျိုးအန်းရန် - "......"
....
ကျောင်းရဲ့ ဒီနှစ် ဆောင်းဦးရာသီ အားကစားပွဲတော်ကို နိုဝင်ဘာလအစမှာ ကျင်းပဖို့ သတ်မှတ်ထားသည်။
ဒီနေ့က အတန်းလိုက် စာရင်းပေးရမယ့်နေ့။
သူတို့ ပုစ္ဆာရှင်းပြပြီးလို့ စကားပြောနေတာ မြင်တော့ ထန်ကျန့်ရွေ့က စာရင်းသွင်းလွှာကိုင်ပြီး စည်းရုံးဖို့ ရောက်လာသည်။
"လော့ကော... မင်း ကြိုက်တဲ့ ပြိုင်ပွဲတစ်ခုခု ဝင်လိုက်ပါလား။ အမြင့်ခုန်၊ အဝေးခုန်၊ အပြေးပြိုင်ပွဲ ကြိုက်တာဝင်"
ချန်လော့ပိုင် - "မဝင်ဘူး"
"မလုပ်ပါနဲ့ လော့ကော" ထန်ကျန့်ရွေ့ လက်မလျှော့ဘူး။ "မင်း အားကစားပွဲတော်က ဆူညံတယ်လို့တွေးတာ ငါ သိပါတယ်။ ဒါပေမဲ့ မင်း ဘောလုံးကစားတာက ပိုမဆူဘူးလား။ အားကစားပွဲတော်မှာ အမြင့်ခုန်လို ပြိုင်ပွဲမျိုး ဝင်လိုက်ရင် မိနစ်ပိုင်းလောက်ပဲ ဆူမှာပါ။ အဲဒီနေ့ကျရင် ငါ အချိုရည်တိုက်မယ်"
ချန်လော့ပိုင် သူ့ကို ပျင်းရိစွာ ကြည့်လိုက်သည်။
"ငါက မင်းရဲ့ အချိုရည်တစ်ဘူး လိုနေလို့လား"
ထန်ကျန့်ရွေ့ - "ဒါက အတန်းဂုဏ်ဆောင်မယ့် ကိစ္စလေကွာ"
ချန်လော့ပိုင် - "ငါ အတန်းအတွက် ယူပေးခဲ့တဲ့ ဂုဏ်တွေ မလောက်သေးဘူးလား"
ထန်ကျန့်ရွေ့ ပြောစရာ မရှိတော့ဘူး။ လက်လျှော့ချင်ပေမယ့် မကျေနပ်ဘူး။ ဘေးနားက မိန်းကလေးကို မြင်လိုက်တော့ ကယ်တင်ရှင်တွေ့သလို ဖြစ်သွားသည်။
"ကျိုးအန်းရန်... နင် ငါ့အစား လော့ကောကို ကူပြောပေးပါဦး"
ကျိုးအန်းရန် သူ့လက်ထဲက စာရင်းသွင်းလွှာကို ကြည့်လိုက်သည်။
"ငါ ဝင်ပြိုင်လိုက်မယ်လေ"
"ကျေး..." ထန်ကျန့်ရွေ့ ကျေးဇူးတင်မလို့ လုပ်ပြီးမှ သတိထားမိသွားသည်။ "ဟင်... နင် ပြိုင်မယ်??"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ရလား... မိန်းကလေးဘက်က ပြည့်သွားပြီလား"
ထန်ကျန့်ရွေ့ - "မပြည့်သေးပါဘူး၊ မိန်းကလေးဘက်က ဘယ်ပြိုင်ပွဲမှ မပြည့်သေးဘူး။ နင် ပြိုင်ချင်ရင် ကြိုက်တာ ပြိုင်လို့ရတယ်"
ကျိုးအန်းရန် စာရင်းသွင်းလွှာ ယူကြည့်လိုက်သည်။
တကယ်တော့ သူမ ဘာအားကစားမှ မကျွမ်းကျင်ပါဘူး။ တာဝေးပြေးလို ခံနိုင်ရည်လိုအပ်တဲ့ ပြိုင်ပွဲဆိုရင် ပိုဆိုးတယ်။
နောက်ဆုံးတော့ မီတာ ၅၀ အပြေးပြိုင်ပွဲကို ရွေးလိုက်သည်။
ထန်ကျန့်ရွေ့ စည်းရုံးမှု မအောင်မြင်ပေမယ့် လုံးဝ မအောင်မြင်တာတော့ မဟုတ်ပါဘူး။ ဆက်မပြောတော့ဘဲ စာရင်းသွင်းလွှာကိုင်ပြီး မျက်နှာငယ်လေးနဲ့ ထွက်သွားသည်။
သူ အဝေးရောက်သွားမှ ချန်လော့ပိုင် ဘေးနားက မိန်းကလေးဘက် လှည့်လိုက်သည်။ အသံနှိမ့်မေးလိုက်သည်။
"ဘာလို့ ငါ့ကို ဝင်ပြိုင်ဖို့ မတိုက်တွန်းတာလဲ"
ကျိုးအန်းရန် "ဟင်" လို့ ပြောပြီး လှည့်ကြည့်လိုက်သည်။
"နင်မှ မပြိုင်ချင်တာ၊ ငါက ဘာလို့ တိုက်တွန်းရမှာလဲ"
ချန်လော့ပိုင် စကားမပြောဘဲ သူမကို စိုက်ကြည့်နေသည်။
ကျိုးအန်းရန် သူ့အကြည့်ကြောင့် စိတ်လှုပ်ရှားလာသည်။ ခုနက စကားက တစ်ခုခုပေါ်သွားပြီလားလို့ သံသယဝင်မိသည်။
ဒါပေမဲ့...
သူမ သူ့ကို မလုပ်ချင်တဲ့အရာတွေ မလုပ်ခိုင်းချင်တာ အမှန်ပါပဲ။
ချန်လော့ပိုင် ရုတ်တရက် ပြုံးလိုက်သည်။
"မပြိုင်တာလည်း ကောင်းတာပါပဲ"
ကျိုးအန်းရန် - "......"
"ဘာကောင်းတာလဲ"
"နင် ပြေးတာ လိုက်ကြည့်ပေးလို့ ရတာပေါ့"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇၅ ။ အထက်တန်းကျောင်း IF Line
အားကစားပွဲတော်က မူလက နိုဝင်ဘာလအစမှာ ကျင်းပဖို့ စီစဉ်ထားသည်။
ဒါပေမဲ့ အောက်တိုဘာလကုန်မှာ နန်ချန်မှာ မိုးတွေ ဆက်တိုက် ရွာလာသည်။ ဆယ်ရက်လောက် မိုးမတိတ်ဘူး။ ဒါကြောင့် အားကစားပွဲတော်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီး နောက်ဆုံးတော့ နိုဝင်ဘာလလယ်၊ နှစ်ဝက်စာမေးပွဲပြီး နှစ်ရက်အကြာမှာမှ ကျင်းပဖြစ်တော့သည်။
ရွှေ့ဆိုင်းထားတဲ့ အားကစားပွဲတော်က ကြာသပတေးနေ့နဲ့ သောကြာနေ့ နှစ်ရက်။
ကြာသပတေးနေ့ မနက်မှာတော့ မိုးလေကင်းစင်ပြီး နေရောင်ခြည် တောက်ပနေပြီ။
ဆောင်းဦးမနက်ခင်းက နည်းနည်း အေးနေလို့ အပူချိန် ပြန်တက်လာပေမယ့် ကျိုးအန်းရန် မနက်ပိုင်း ဆောင်းဦးရာသီ ကျောင်းဝတ်စုံကို လိမ်လိမ်မာမာ ဝတ်လာခဲ့သည်။ သူမရဲ့ မီတာ ၅၀ အပြေးပြိုင်ပွဲက မနက် ၁၀ နာရီ၊ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ပြီးတာနဲ့ စမှာ။
ဒါက ကျိုးအန်းရန် ပထမဆုံးအကြိမ် အားကစားပွဲတော်မှာ ပါဝင်ဖူးတာ။ ပထမအဆင့် ပြိုင်ပွဲမစခင်မှာ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်တို့က ကိုယ့်အတန်းက ပြိုင်ပွဲတွေကို ဂရုမစိုက်ဘဲ ကျန်းရူရှန်းနဲ့အတူ သူမဘေးနား ဝိုင်းပြီး အားပေးနေကြသည်။
"ရန်ရန်... စိတ်မလှုပ်ရှားနဲ့နော်" ကျန်းရူရှန်း ပြောသည်။ "အကောင်းဆုံး ကြိုးစားပြေးလိုက်ရင် ရပြီ။ ဘာပဲဖြစ်ဖြစ် ငါတို့အခန်းက စာမေးပွဲတိုင်း ပထမ ရနေတာ၊ ဒီဂုဏ်ပြုမှတ်တမ်းတစ်ခု မရလည်း ကိစ္စမရှိပါဘူး"
"ဟုတ်တယ်" ယန်ရှင်းချန် ထောက်ခံသည်။ "ငါတို့အခန်း... ဟုတ်ပါဘူး... အခု ငါတို့အခန်း မဟုတ်တော့ဘူး၊ နင်တို့အခန်း... အာ... အဲဒါလည်း မမှန်သေးဘူး... အခန်း (၁) က မနှစ်က အားကစားပွဲတော်မှာ အဆင့် ၈ တောင် ချိတ်ခဲ့တာ။ နင် ကောင်းကောင်းပြေးပြေး မပြေးပြေး ကိစ္စမရှိပါဘူး"
ရှန့်ရှောင်ဝမ် သတိပေးလိုက်သည်။ "သွေးပူလေ့ကျင့်ခန်း အရင်လုပ်လိုက်ဦး"
၁၀ နာရီ ထိုးခါနီးတော့ နေရောင်ခြည်က မနက်ကထက် အများကြီး ပိုပူနွေးလာသည်။
ကျိုးအန်းရန် ခဏနေ ပြိုင်ပွဲစတော့မှာမို့ ကျောင်းဝတ်စုံ အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်သည်။
ယန်ရှင်းချန် လှမ်းယူမလို့ လုပ်တုန်း သွယ်လျလှပတဲ့ ကောင်လေးလက်တစ်ဖက်က ဦးအောင် လှမ်းယူလိုက်သည်။
"နင်က အင်္ကျီယူတာတောင် ငါတို့နဲ့ လုနေတာလား" ယန်ရှင်းချန် မကျေမနပ် ကြည့်လိုက်သည်။
ချန်လော့ပိုင်က မိန်းကလေးအင်္ကျီကို ကိုင်ပြီး လက်မောင်းပေါ် တင်ထားလိုက်သည်။ လေသံက အေးဆေးနေသည်။
"နင်တို့အခန်း ခဏနေ ပြိုင်ပွဲရှိတယ်မလား။ နင် သွားရင် သူ ဘယ်သူ့ဆီက အင်္ကျီပြန်ယူရမှာလဲ"
ရှန့်ရှောင်ဝမ်က ယန်ရှင်းချန်လက်ကို ဆွဲလိုက်သည်။
"ဟုတ်သားပဲ... ငါတို့အခန်း အခု ပြိုင်ပွဲရှိတယ် ထင်တယ်၊ သွားကြည့်လိုက်ရအောင်"
ယန်ရှင်းချန် နှာခေါင်းရှုံ့လိုက်ပြီး ကျိုးအန်းရန်ကို လှည့်ကြည့်သည်။
"ဒါဆို ငါတို့ ခဏနေမှ နင့်ကို လာအားပေးမယ်နော်"
ကျန်းရူရှန်း ဝင်ပြောသည်။
"ငါလည်း ဟိုဘက်က အမြင့်ခုန်ကွင်း သွားကြည့်ချင်နေတာ၊ အတူတူ သွားကြမယ်"
ကျိုးအန်းရန် - "......"
သူတို့ သုံးယောက်က အရမ်း သိသာလွန်းနေပြီ။
ဒါပေမဲ့ အခုတော့ သိသာလည်း ကိစ္စမရှိတော့ပါဘူး။
သူ့သူငယ်ချင်းတွေက သူတို့ကို ပိုသိသာအောင် စနောက်နေကြတာပဲဟာ။
ကျိုးအန်းရန် ကိုယ့်အင်္ကျီ သူ့လက်ထဲ ရောက်နေတာကို ကြည့်ပြီး နားရွက်တွေ ပူလာသည်။ ခြေထောက်နားက ကျောက်ခဲလေးကို ကန်လိုက်ပြီး မော့မကြည့်ဘဲ မေးလိုက်သည်။
"နင် ဒီနေ့ တကယ် ငါနဲ့အတူ လိုက်ပြေးပေးမလို့လား"
ချန်လော့ပိုင်အသံ ခေါင်းပေါ်ကနေ ထွက်ပေါ်လာသည်။
"ဒါပေါ့... ငါက ပြောပြီးရင် ကတိတည်တတ်တယ်"
ကျိုးအန်းရန် - "......"
"ဘယ်ဟုတ်ပါ့မလဲ"
"ဒါဆို ပြောပြစမ်း" ချန်လော့ပိုင် ခေါင်းငုံ့ထားတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ "ငါ ဘယ်တုန်းက ကတိမတည်ခဲ့ဖူးလို့လဲ"
ကျိုးအန်းရန် တိုးတိုးလေး တစ်ခုချင်း ရေတွက်ပြလိုက်သည်။
"အတန်းလစ်မယ်လို့ ငါ့ကို လိမ်ပြောဖူးတယ်၊ ငါ့ရေဘူးကို လုယူပြီး ပြန်မပေးဘူး၊ ငါ့ယုန်ရုပ်လေးကို မဆွဲတော့ဘူးလို့ ပြောပြီး မနေ့က ဆွဲပြန်တယ်"
ချန်လော့ပိုင် ရယ်မောလိုက်သည်။
"မှတ်ဉာဏ် ကောင်းလှချည်လား"
သူ့အသံက နိမ့်နေပြီး ထူးဆန်းတဲ့ အဓိပ္ပာယ်တွေ ပါနေသလိုပဲ။
ကျိုးအန်းရန် နားရွက်တွေ ပိုပူလာသည်။
"ဒါပေါ့... ငါ့မှတ်ဉာဏ်က မဆိုးပါဘူး"
"ကောင်းပြီလေ" ချန်လော့ပိုင် သူမရဲ့ ရဲနေတဲ့ မျက်နှာလေးကို ကြည့်လိုက်သည်။ ညှိနှိုင်းသလို လေသံနဲ့ ပြောလိုက်သည်။ "ဒါဆို ဒီနေ့ ငါ ကတိတည်ပါ့မယ်၊ ရမလား"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ တစ်စက္ကန့်လောက်ကြာမှ တိုးတိုးလေး ပြောလိုက်သည်။
"နင် ငါနဲ့အတူ လိုက်မပြေးပါနဲ့တော့"
ချန်လော့ပိုင် - "ဘာဖြစ်လို့လဲ"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"တခြားလူတွေ လိုက်ပြေးပေးတာ မတွေ့လို့ပါ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"အဲဒါက သူတို့မှာ ငါ့လို အနောက်ခုံဖော်ကောင်းကောင်း မရှိလို့လေ"
ကျိုးအန်းရန် - "......"
သူ ဘယ်နားကောင်းလို့လဲ၊ အမြဲ အနိုင်ကျင့်နေတာကို။
"ဒါပေမဲ့ နင်က အရမ်းသိသာလွန်းနေတယ်"
ကျောင်းမှာ သူတို့အကြောင်း ကောလာဟလတွေ ထွက်နေတုန်းပဲ။ သူသာ ဒီနေ့ တစ်ကျောင်းလုံးရှေ့မှာ သူမနဲ့အတူ လိုက်ပြေးပေးရင်၊ မနက်ဖြန်ကျ သူတို့ တကယ် တွဲနေပြီဆိုတဲ့ သတင်းတွေ ထွက်လာတော့မှာ။
ပြီးတော့ ဒီနေ့ ဆရာတွေအများကြီး ကြည့်နေကြတာလေ။
"အခုမှ ငါ့ကို သိသာတယ်လို့ ထင်နေတာလား" ချန်လော့ပိုင် သူမခေါင်းကို ဖွဖွလေး ပွတ်လိုက်သည်။ မကျေနပ်တဲ့ လေသံနဲ့ ပြောသည်။ "ကျိုးအန်းရန်... နင့်မှာ ကိုယ်ချင်းစာစိတ် ရှိရဲ့လား"
"ချန်လော့ပိုင်!" ကျိုးအန်းရန် မော့ကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။ "နင် ငါ့ဆံပင်တွေ ရှုပ်အောင် လုပ်ပြန်ပြီ!"
ချန်လော့ပိုင်က သူမ ပါးဖောင်းဖောင်းလေးနဲ့ မျက်စောင်းထိုးနေတာကို ကြည့်ပြီး ခြိမ်းခြောက်မှု မရှိတဲ့အပြင် နူးညံ့ပြီး ချစ်စရာကောင်းနေတယ်လို့ ထင်လိုက်သည်။ ရယ်မောလိုက်သည်။
"တကယ် အတူမပြေးစေချင်ဘူးလား"
ကျိုးအန်းရန် ဆံပင်ပြန်ပြင်လိုက်သည်။ ခဏနေ ပြေးရမှာမို့ သားရေကွင်းနဲ့ စည်းလိုက်သည်။
"တကယ် မလိုပါဘူး"
ကျောင်းက ဆံပင်ရှည်ထားခွင့် မပြုလို့ သူမ ဆံပင်မညှပ်တာ ကြာပြီဖြစ်ပေမယ့် ပခုံးကျော်ကျော်လောက်ပဲ ရှိသေးတယ်။ စည်းလိုက်ရင် အနောက်မှာ အတိုလေးတစ်စပဲ ထွက်နေတာ။ အရမ်း ချစ်ဖို့ကောင်းနေတယ်။
ချန်လော့ပိုင် မနေနိုင်ဘဲ ဆွဲလိုက်မိသည်။
ကျိုးအန်းရန် - "......"
ကောင်လေးက အားသိပ်မသုံးဘဲ ဖွဖွလေး ဆွဲလိုက်တာမို့ မနာပါဘူး။ ဒါပေမဲ့ စည်းထားတဲ့ ဆံပင်က ပြေလျော့သွားသည်။
ကျိုးအန်းရန် မျက်စောင်းထိုးလိုက်ပြန်သည်။
"ချန်လော့ပိုင်!"
ချန်လော့ပိုင် လက်ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။ မျက်စောင်းထိုးခံရတာတောင် ရယ်နေသေးတယ်။
"နင့်ဆံပင်က အနောက်မှာ သေချာ မစည်းမိလို့ပါ"
ကျိုးအန်းရန် - "......"
သူပြောတာ ယုံစရာလား။
ကျိုးအန်းရန် သူ့ကို ဂရုမစိုက်တော့ဘဲ ဆံပင်ပြန်စည်းလိုက်သည်။
ချန်လော့ပိုင် နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"တကယ် လိုက်ပြေးပေးစရာ မလိုဘူးလား"
ကျိုးအန်းရန် - "မလိုပါဘူး"
ကျိုးအန်းရန် တစ်စက္ကန့်လောက် ရပ်တန့်လိုက်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။
"ပန်းဝင်မယ့်နေရာမှာ ငါ့ကို စောင့်နေပေးပါ"
မီတာ ၅၀ ပထမအဆင့် ပြိုင်ပွဲမစခင်မှာ ယန်ရှင်းချန်တို့ ပြေးလမ်းဘေး ပြန်ရောက်လာကြသည်။ ကျုရန်တို့ ကောင်လေးအုပ်စုလည်း သူမကို လာအားပေးကြသည်။ လူအုပ်ကြီးက စမှတ်ဘေးမှာ ဝိုင်းနေကြသည်။
ပြိုင်ပွဲလေထု လွှမ်းမိုးလို့ ထင်တယ်၊ ယန်ရှင်းချန်တို့ အရမ်း စိတ်လှုပ်ရှားနေကြသည်။
"ကြိုးစားထား ရန်ရန်!"
"ရန်ရန်... ဖိုက်တင်း!!"
"ဖိုက်တင်း!!"
ကျိုးအန်းရန် မော့ကြည့်ပြီး သူတို့ကို ပြုံးပြလိုက်သည်။
ခေါင်းပြန်လှည့်လိုက်တော့ အနောက်က ကောင်လေးတွေထဲက တစ်ယောက် အော်လိုက်တာ ကြားလိုက်ရသည်။
"မ..." (မရီး)
စကားတစ်လုံးပဲ ထွက်လာပြီး ပါးစပ်ပိတ်ခံလိုက်ရသလို တိတ်သွားသည်။
ကျိုးအန်းရန် - "......"
ဘေးနားက ဆရာက "အဆင်သင့်" လို့ အော်လိုက်ပြီမို့ ကျိုးအန်းရန် ဘာဖြစ်လဲဆိုတာ သွားမကြည့်တော့ဘူး။ အာရုံစိုက်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ပန်းဝင်မယ့်နေရာကို လှမ်းကြည့်လိုက်သည်။
မီတာ ၅၀ ပန်းဝင်မယ့်နေရာက အရမ်း နီးကပ်နေတယ်။
နီးကပ်လွန်းလို့ အဝေးက အရပ်ရှည်ရှည် ချောမောတဲ့ ကောင်လေးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူမအင်္ကျီ ကိုင်ထားပြီး သူမကို ကြည့်နေတာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
သေနတ်သံ မြည်လာသည်။
ကျိုးအန်းရန် တခြားပြေးလမ်းတွေကို လှည့်မကြည့်တော့ဘဲ ပန်းဝင်မယ့်နေရာဆီ တန်းတန်းမတ်မတ် ပြေးသွားသည်။
သူ့ဆီကို ပြေးသွားသည်။
ကျိုးအန်းရန် တာတိုအပြေးပြိုင်ပွဲ ဝင်ပြိုင်ဖူးတာ ပထမဆုံးအကြိမ်မို့ ပန်းဝင်ခါနီးမှာ ခြေခေါက်မလို ဖြစ်သွားသည်။
ချန်လော့ပိုင် ပန်းဝင်မယ့်နေရာမှာ စောင့်နေတာ။ မြင်လိုက်တာနဲ့ လက်လှမ်းပြီး ထိန်းပေးလိုက်သည်။
အရှိန်ပါလာလို့ ကျိုးအန်းရန် သူ့ရင်ခွင်ထဲ အားနဲ့ ဝင်တိုက်မိသွားသည်။ ရင်ဘတ် နည်းနည်း နာသွားတာ ခံစားလိုက်ရသည်။
ပြန်မတ်မတ်ချင်း ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ မော့ကြည့်လိုက်တော့ ကောင်လေးအကြည့်တွေလည်း နေရခက်သလို လွှဲသွားတာ တွေ့လိုက်ရသည်။
တော်သေးတာက ကွင်းထဲမှာ လူတိုင်းက ပြိုင်ပွဲရလဒ်ကိုပဲ စိတ်ဝင်စားနေကြလို့ သူတို့ကြားက မသိမသာဖြစ်ပေါ်နေတဲ့ သံယောဇဉ်အငွေ့အသက်လေးကို သတိမထားမိကြဘူး။
ကျိုးအန်းရန် အသက်ရှူမှန်အောင် ညှိလိုက်ပြီး ရင်ခုန်သံ ထိန်းကာ တိုးတိုးလေး မေးလိုက်သည်။
"ငါ ဘယ်လောက်ချိတ်လဲ"
"အုပ်စု တတိယ၊ ဖိုင်နယ် တက်တယ်" ကွင်းထဲက လေညင်းတွေက ကောင်လေးရဲ့ အပြာနဲ့အဖြူ ကျောင်းဝတ်စုံကို လွင့်ပျံစေသည်။ သူက သူမကို ပြုံးကြည့်နေသည်။ "ငါ့ အရှေ့ခုံဖော်က တော်သားပဲ"
ကျိုးအန်းရန် အားကစားဘက်မှာ ငယ်ငယ်ကတည်းက ညံ့ခဲ့တာ။ ဒီတစ်ခါက ပါဝင်ယှဉ်ပြိုင်ရုံ သက်သက်ပါ။ ဖိုင်နယ်တက်တာက မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပါပဲ။ ဖိုင်နယ်ပြိုင်ပွဲ စတဲ့အချိန်မှာ သူမ စိတ်ဖိစီးမှု လုံးဝ မရှိတော့ဘူး။
ဒါကြောင့်မို့လို့လား၊ သူက ပန်းဝင်မယ့်နေရာမှာ စောင့်နေလို့လား မသိဘူး၊ ကျိုးအန်းရန် ဖိုင်နယ်ရလဒ်က မျှော်လင့်ထားတာထက် ကောင်းပြီး အဆင့် ၅ ရသွားသည်။
ကျန်းရူရှန်းတို့ လူအုပ်ကြီး စမှတ်ကနေ ပြေးလာပြီး သူမကို ဝိုင်းလိုက်ကြသည်။
ယန်ရှင်းချန်က သူမကို ဖက်လိုက်သည်။
"ရန်ရန်... နင် တော်လိုက်တာ၊ အဆင့် ၅ တောင် ရတယ်"
မီတာ ၅၀ ဖိုင်နယ် ချန်ပီယံကလွဲရင် ကျန်တဲ့ ပြိုင်ပွဲဝင်တွေထဲမှာ သူမဘေးနား လူအများဆုံး ဝိုင်းနေတာပဲ။
ကျိုးအန်းရန် တခြားအခန်းက လူတချို့ အရူးလို ကြည့်နေကြတာ မြင်လိုက်ရသည်။ သူမ မျက်နှာပူသွားပြီး ရယ်ချင်သွားသည်။ ယန်ရှင်းချန်ကျောကို ပုတ်လိုက်သည်။
"ကဲပါ... မချီးကျူးနဲ့တော့၊ သူများတွေ ရယ်နေကြပြီ"
ယန်ရှင်းချန် လက်သီးဆုပ်ပြလိုက်သည်။
"ဘယ်သူ ရယ်ရဲလို့လဲ"
ပြောပြီးတာနဲ့ လိမ်လိမ်မာမာ လွှတ်ပေးလိုက်သည်။
....
မိန်းကလေး မီတာ ၅၀ ဖိုင်နယ်ပြီးတော့ ယောကျ်ားလေး မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲ စတော့မယ်။ ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ ဝင်ပြိုင်ကြမယ်။
ယောကျ်ားလေး မီတာ ၁၀၀ ပြေးလမ်းက ကွင်းတစ်ဖက်ခြမ်းမှာ ရှိတယ်။
သူတို့ လူအုပ်ကြီး တစ်ဖက်ခြမ်းကို လျှောက်သွားကြသည်။ တခြားလူတွေ တမင်လုပ်တာလား မသိဘူး၊ လမ်းတစ်ဝက်လောက် ရောက်တော့ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် နောက်ကျန်ခဲ့တာ တွေ့လိုက်ရသည်။
ကွင်းထဲမှာ တခြားပြိုင်ပွဲတွေလည်း ရှိနေတော့ ပြေးလွှားနေတဲ့ ကျောင်းသားတွေ ပြည့်နှက်နေသည်။
ကျိုးအန်းရန်နဲ့ သူကြားက အကွာအဝေးက တွန်းတိုက်မှုတွေကြောင့် ပုံမှန်ထက် ပိုနီးကပ်နေသည်။
သူမ အရှေ့မှာ စကားပြောရယ်မောနေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း လမ်းလျှောက်နေတုန်း လက်ဖမိုးက သူ့လက်ဖမိုးနဲ့ မတော်တဆ ထိမိသွားသည်။
လက်ဖမိုးကနေ ရင်ထဲထိ လျှပ်စစ်စီးသွားသလို၊ လက်ဖမိုးနဲ့ သူထိမိတဲ့ နေရာလေးက မီးလောင်နေသလို ခံစားလိုက်ရသည်။ ကျိုးအန်းရန် လက်ချောင်းလေးတွေ တွန့်ကွေးသွားပြီး အလိုအလျောက် လက်ပြန်ရုတ်မလို့ လုပ်လိုက်သည်။
နောက်တစ်စက္ကန့်မှာ သူမလက်ထဲ ပစ္စည်းတစ်ခု လာထည့်ပေးတာ ခံစားလိုက်ရသည်။
အေးစက်တဲ့ အထိအတွေ့လေးက သူမလက်ဖဝါးနဲ့ ထိမိတုန်းက သူ့လက်ချောင်းထိပ်လေးတွေရဲ့ အပူချိန်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ကျိုးအန်းရန် မျက်နှာလည်း အပူလောင်ခံလိုက်ရသလို ဖြစ်သွားသည်။
သူမ ရပ်လိုက်ပြီး ငုံ့ကြည့်လိုက်ရာ သူ ထည့်ပေးလိုက်တာက ဆုတံဆိပ်တစ်ခု ဖြစ်နေတာ တွေ့လိုက်ရသည်။
"ဒါ ဘာလဲ" ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
ချန်လော့ပိုင် - "အရင်တုန်းက သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ရခဲ့တဲ့ ဆုတံဆိပ်လေ"
ကျိုးအန်းရန် - "ငါ သိပါတယ်"
ဆုတံဆိပ်ပေါ်မှာ အမှတ်အသား ပါတယ်။
"ငါ မေးတာက နင် ဒါကို ငါ့ဘာလို့ ပေးတာလဲလို့"
ချန်လော့ပိုင် ကျန်လက်တစ်ဖက်ကို ကျောင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည်။ လေသံက ပုံမှန်လို ပျင်းရိနေပေမယ့် ရင်းနှီးတဲ့ ရယ်သံတွေ ပါနေသည်။
"ငါ့အရှေ့ခုံဖော်ကို ဆုချီးမြှင့်မလို့လေ၊ ဒါနဲ့ပဲ အရင် ကျေနပ်ထားလိုက်"
ကျိုးအန်းရန် ရင်ခုန်သံတွေ ရုတ်တရက် မြန်ဆန်လာပြန်သည်။ တိုးတိုးလေး သတိပေးလိုက်သည်။
"ဒါက ရွှေတံဆိပ်လေ၊ ငါက အဆင့် ၅ ပဲ ရတာ"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
ဒီနေ့ နေရောင်ခြည်က အရမ်း တောက်ပနေသည်။
ကောင်လေးရဲ့ အပြုံးတွေကလည်း တောက်ပနေသည်။
"ဒါပေမဲ့..." သူ ပြုံးပြီး ပြောလိုက်သည်။ "...ငါ့ဆီမှာတော့ နင်က ပထမပဲ"
....
ယောကျ်ားလေး မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲ ဖိုင်နယ်မှာ ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ ပထမနဲ့ ဒုတိယ အသီးသီး ရရှိခဲ့ကြသည်။
အခန်း (၁) က အားကစားဘက်မှာ အားနည်းပေမယ့် ဒီတစ်ခါ ပထမနဲ့ ဒုတိယ နှစ်ခုလုံး ရလိုက်တော့ တစ်တန်းလုံး စိတ်လှုပ်ရှားနေကြသည်။ ကောင်လေးတွေ အားလုံးနီးပါး ဝိုင်းလာကြပြီး တချို့က စိတ်လှုပ်ရှားလွန်းလို့ ထန်ကျန့်ရွေ့ကို မြှောက်လိုက်ကြသည်။
ကောင်းကောဟွာ အဝေးကနေ မြင်လိုက်တော့ လန့်သွားပြီး အမြန်ပြေးလာကာ တားလိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ၊ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ၊ မြန်မြန် ချလိုက်"
ကောင်လေးတွေက ထန်ကျန့်ရွေ့ကို သေချာ ပြန်ချပေးလိုက်ပြီး တန်းစီရပ်ကာ ကောင်းကောဟွာ ဆူတာ နားထောင်နေကြသည်။
ဒါပေမဲ့ လိမ္မာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အတန်းပိုင်ဆရာ မသိအောင် မျက်စိမှိတ်ပြ၊ မျက်နှာရိပ်မျက်နှာကဲ ပြနေကြသည်။
ကျိုးအန်းရန် ဘေးကနေ ရယ်ချင်စိတ်နဲ့ ကြည့်နေတုန်း စည်းထားတဲ့ ဆံပင်အနောက်ဘက် အတိုလေးကို တစ်ယောက်ယောက်က ဆွဲလိုက်ပြန်သည်။
အရင်တစ်ခါလိုပါပဲ။ သူက အားထိန်းထားလို့ မနာပေမယ့် သူမ ခေါင်းစောင်းပြီး ကြည့်လိုက်မိသည်။
"နင် ဘာလို့ ငါ့ဆံပင်ကို ထပ်ဆွဲတာလဲ"
"မဆွဲစေချင်ရင် ရတယ်" ချန်လော့ပိုင် ပျင်းရိစွာ ပြောလိုက်သည်။ "နင် ငါ့တောင်းဆိုချက်တစ်ခု လိုက်လျောပေး"
ကျိုးအန်းရန် - "......"
ဆံပင်မဆွဲစေချင်တာနဲ့ တောင်းဆိုချက် လိုက်လျောရမယ် ဟုတ်လား။
"ဘာတောင်းဆိုချက်လဲ"
ချန်လော့ပိုင် စကားမပြောဘဲ သူမအနောက် ရပ်လိုက်သည်။
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
ကောင်းကောဟွာ ဆူလို့ပြီးသွားပြီ။ လက်နောက်ပစ်ပြီး ထွက်သွားပြီ။
သူမ စိတ်အေးသွားသည်။ ဘာမှ မတားမိတော့ဘူး။
နောက်တစ်စက္ကန့်မှာ စည်းထားတဲ့ ဆံပင် ပြေလျော့သွားသည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ သူမရဲ့ အနက်ရောင် သားရေကွင်းလေးက သူ့လက်ထဲ ရောက်နေတာ တွေ့လိုက်ရသည်။
"သားရေကွင်း ပေး"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"နင် သားရေကွင်း ဘာလုပ်မလို့လဲ"
ချန်လော့ပိုင် သားရေကွင်းကို လက်ကောက်ဝတ်မှာ စွပ်လိုက်သည်။ လေသံက ပျင်းရိနေတုန်းပဲ။
"ပျော်ဖို့ကောင်းလို့"
ကျိုးအန်းရန် - "......"
ရိုးရိုးရှင်းရှင်း သားရေကွင်းလေးက ဘာများ ပျော်စရာကောင်းလို့လဲ။
ဒါပေမဲ့ သူမပစ္စည်း သူ့လက်ပေါ် ရောက်နေတာကို မြင်ရတာ သဘောကျမိတယ်။ အထူးသဖြင့် သူ သားရေကွင်း စွပ်ထားတာက နည်းနည်း အောက်ရောက်နေပြီး အနက်ရောင် ကြိုးမျှင်လေးက လက်ကောက်ဝတ်ရိုးပေါ်က အညိုရောင် မှဲ့နက်ကလေးအပေါ် ကပ်နေတာ။
ကျိုးအန်းရန် နားရွက်တွေ နေရောင်ကြောင့် ပူလာပြန်သည်။
"ဘာပဲဖြစ်ဖြစ် နင် ငါ့ဆံပင်ကို ထပ်မဆွဲရတော့ဘူး"
နေရောင်ခြည်က စောစောကထက် ပိုပူပြင်းလာသည်။
ကောင်လေးက နေပူလို့ မျက်လုံးမှေးစင်းထားသလိုပါပဲ။ သူ ပေါ့ပေါ့ပါးပါး "အင်း" ဟု ဖြေပြီး နာမည်ခေါ်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် - "ဘာဖြစ်လို့လဲ"
"ငါနဲ့ လိုက်ခဲ့မလား" ချန်လော့ပိုင် ရုတ်တရက် မေးလိုက်သည်။
ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် မြန်သွားသည်။
"ဘယ်သွားမလို့လဲ"
"ကြိုက်တဲ့နေရာ သွားမယ်၊ ဒီမှာ ပူလည်းပူ၊ ဆူလည်းဆူတယ်" ချန်လော့ပိုင် နေရောင်ကို လက်နဲ့ကာလိုက်သည်။ လက်ကောက်ဝတ်က အသားအရေက အနက်ရောင် သားရေကွင်းကြောင့် ပိုမို ဖြူဝင်းနေသည်။ သူ ငုံ့ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရိပ်တွေ ရှိနေပြီး အသံနှိမ့်လိုက်သည်။
"ကျောင်းသူကောင်းလေး... ငါနဲ့အတူ အားကစားပွဲတော်ကနေ ထွက်ပြေးမလား"
သူ့ပုံစံက ဆွဲဆောင်မှု ရှိလွန်းလို့လား၊ စကားလုံးတွေက ဆွဲဆောင်မှု ရှိလွန်းလို့လား မသိဘူး၊ ကျိုးအန်းရန် ခေါင်းညိတ်မလို ဖြစ်သွားသည်။ ရှန့်ရှောင်ဝမ်က အဝေးကနေ ကျန်းရူရှန်း အမြင့်ခုန်ပြိုင်ပွဲ စတော့မယ်လို့ လှမ်းသတိပေးလိုက်တာ ကြားမှ သတိဝင်လာသည်။
သူမတို့ စောစောက သူမကို အဖော်လုပ်ပေးခဲ့ကြတာလေ။ သူမ အခု ထွက်သွားလို့ မဖြစ်ဘူး။
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"ရူရှန်းတို့ ပြိုင်ပွဲရှိသေးတယ်၊ ငါ နေခဲ့ပြီး သူတို့ကို အားပေးရဦးမယ်"
ချန်လော့ပိုင် မျက်လုံးမှေးလိုက်သည်။ နည်းနည်း မကျေနပ်သလို ဖြစ်သွားသည်။
ကျိုးအန်းရန်လည်း သူနဲ့ မခွဲချင်ပေမယ့် တိုးတိုးလေး ပြောလိုက်သည်။
"နင်လည်း မလစ်ပါနဲ့လား"
ချန်လော့ပိုင် - "ဘာဖြစ်လို့လဲ"
ကျိုးအန်းရန် - "နောက်နှစ်ဆို ငါတို့ အထက်တန်း တတိယနှစ် ရောက်ပြီလေ။ ကျောင်းက အားကစားပွဲတော် ဝင်ခွင့်ပြုမလား မသိဘူး။ ဒါ ငါတို့ ပါဝင်ဆင်နွှဲရမယ့် နောက်ဆုံး အားကစားပွဲတော် ဖြစ်နိုင်တယ်"
သူနဲ့ သူမ အတူပါဝင်ဆင်နွှဲရမယ့် ပထမဆုံးအကြိမ်လည်း ဖြစ်တယ်။
မနှစ်က သူ ခိုးလစ်သွားလို့ ဖွင့်ပွဲပြီးကတည်းက သူ့ကို မမြင်လိုက်ရတော့ဘူးလေ။
ချန်လော့ပိုင် သူမကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေသည်။ လေသံနဲ့ အပြုံးက နည်းနည်း လက်လျော့လိုက်သလို၊ အလွန် အလိုလိုက်သလို ဖြစ်နေသည်။
"ကောင်းပြီလေ... ငါ့အရှေ့ခုံဖော် ပြောတဲ့အတိုင်းပေါ့"
....
ကျန်းရူရှန်းက အမြင့်ခုန်နဲ့ အဝေးခုန် ပြိုင်ပွဲ နှစ်ခု ဝင်ထားသည်။
ကျိုးအန်းရန်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ သူမက အတန်းထဲက မိန်းကလေးတွေထဲမှာ အားကစားအလိုက်စားဆုံး တစ်ယောက်ဖြစ်သည်။ အမြင့်ခုန် ပထမအဆင့်မှာတင် အလွယ်တကူ ပထမ ရခဲ့သည်။
ဖိုင်နယ် စတော့ ကျိုးအန်းရန် လူအုပ်ကြီးနဲ့အတူ အပြင်စည်းကနေ ဆက်အားပေးနေသည်။
သူမစရိုက်က အတွင်းသိစိတ်များလို့ မူလက လက်သီးဆုပ်ပြီး စိတ်ထဲကနေ တိတ်တိတ်လေး အားပေးနေတာ။ ဒါပေမဲ့ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ် နှစ်ယောက်သား အော်လေ ကျယ်လေ ဖြစ်လာတယ်။ ပြီးတော့ အခန်း (၉)က မိန်းကလေးတစ်ယောက်ကလည်း အမြင့်ခုန် တော်တော်ကောင်းပြီး အခန်း (၉)ဘက်က အားပေးသံတွေလည်း မသေးဘူး။
ယန်ရှင်းချန်တို့ ကူးစက်ခံလိုက်ရလို့လား၊ နည်းနည်း မခံချင်စိတ် ဖြစ်သွားလို့လား မသိဘူး၊ ကျိုးအန်းရန် မနေနိုင်ဘဲ လိုက်အော်လိုက်မိသည်။
"ရူရှန်း... ဖိုက်တင်း!"
ကျန်းရူရှန်း ကွင်းထဲ မဝင်သေးဘူး။ သူမအသံကြားတော့ အဝေးကနေ လက်နှစ်ဖက်မြှောက်ပြီး အသည်းပုံ လုပ်ပြလိုက်သည်။
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ ကျန်းရူရှန်း ကွင်းထဲဝင်တော့ ဘေးနားက ယန်ရှင်းချန်တို့နဲ့အတူ အော်ဟစ်အားပေးလိုက်သည်။
ချန်လော့ပိုင် မျက်လွှာချလိုက်သည်။
မိန်းကလေးရဲ့ ဖြူဝင်းတဲ့ မျက်နှာလေးက နေရောင်ကြောင့် နီရဲနေသည်။ မျက်လုံးတွေက ကြည်လင်တောက်ပနေသည်။ အကြည့်တွေက ကွင်းထဲကိုပဲ စိုက်ကြည့်နေပြီး သူငယ်ချင်းပြိုင်ပွဲကို အာရုံစိုက်နေသည်။ သူ့အကြည့်ကို လုံးဝ သတိမထားမိဘူး။
ကျန်းရူရှန်း နောက်ဆုံးတော့ အားသာချက်အများကြီးနဲ့ အမြင့်ခုန်ဖိုင်နယ်မှာ ချန်ပီယံ ရသွားသည်။
ကျိုးအန်းရန် ယန်ရှင်းချန် အဆွဲခံလိုက်ရပြီး ကွင်းထဲ ရောက်သွားသည်။ သုံးယောက်သား ကျန်းရူရှန်းကို ဝိုင်းဖက်လိုက်ကြသည်။
အမြင့်ခုန်ပြီးတာနဲ့ ကျန်းရူရှန်းရဲ့ အဝေးခုန်ပြိုင်ပွဲ ချက်ချင်း စသည်။
ကျိုးအန်းရန် ပြိုင်ပွဲစိတ်ဓာတ် အပြည့်အဝ ဝင်ရောက်နေပြီ။ တစ်လျှောက်လုံး ယန်ရှင်းချန်၊ ရှန့်ရှောင်ဝမ်တို့နဲ့အတူ ကွင်းဘေးကနေ အော်ဟစ်အားပေးနေသည်။
ဒါပေမဲ့ ရပ်လျက်အဝေးခုန်မှာ ကျန်းရူရှန်း အားသာချက် သိပ်မများဘူး။ နောက်ဆုံးတော့ (၁၁) ခန်းက မိန်းကလေးတစ်ယောက်ကို အမှတ်နည်းနည်းလေးနဲ့ ရှုံးပြီး ဒုတိယပဲ ရလိုက်သည်။
အဝေးခုန်ပြီးတော့ ယန်ရှင်းချန်တို့ အတန်းမှာ ချန်ပီယံလုမယ့် ပြိုင်ပွဲတစ်ခု စတော့မယ်။ သူတို့နှစ်ယောက် အတန်းဖော်တွေကို အားပေးဖို့ ဟိုဘက်ကွင်း ပြောင်းသွားကြသည်။ ကျုရန်တို့ ကောင်လေးအုပ်စုကလည်း တခြားပြိုင်ပွဲတွေ သွားကြည့်ကြသည်။ ကျိုးအန်းရန် ဒီဘက်ကွင်းမှာပဲ နေခဲ့ပြီး ကျန်းရူရှန်း ဆုပေးပွဲ ဆက်ကြည့်နေသည်။
သူမဘေးနားမှာ အဖော်လုပ်ပေးနေတဲ့ ချန်လော့ပိုင် ရုတ်တရက် ပြောလိုက်သည်။
"နောင်တရတယ်"
***