အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇၆ ။ အထက်တန်းကျောင်း IF Line
ကျိုးအန်းရန် ကြောင်သွားပြီး လှည့်ကြည့်လိုက်သည်။
"ဘာလို့ နောင်တရတာလဲ"
ချန်လော့ပိုင် သူမရဲ့ နီရဲနေတဲ့ ပါးလေးကို ကြည့်လိုက်သည်။
"ငါလည်း ပြိုင်ပွဲတစ်ခုခု ဝင်ခဲ့သင့်တယ်"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာလို့ ရုတ်တရက် ဝင်ချင်သွားရတာလဲ"
ချန်လော့ပိုင် ခေါင်းစဉ် ပြောင်းလိုက်သည်။
"ဒီမှာ စောင့်နေ"
"နင် ဘယ်သွားမလို့လဲ"
"အချိုရည် သွားဝယ်မလို့" ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။ "တစ်ယောက်ယောက် အော်လွန်းလို့ အသံတောင်ဝင်နေပြီ"
ကျိုးအန်းရန် သူဆွဲလိုက်တဲ့ နေရာလေးကို အုပ်ထားလိုက်သည်။ ကောင်လေး လှည့်ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းလေး ခပ်ဖွဖွ ကွေးတက်သွားသည်။
ကျန်းရူရှန်း ဆုယူပြီး ပြန်လာသည်။
"ဘယ်လိုဖြစ်တာလဲ၊ နင်တစ်ယောက်တည်းလား၊ ချန်လော့ပိုင်ကော"
ကျိုးအန်းရန် နောက်လှည့်ကြည့်လိုက်သည်။ သူ လူအုပ်ထဲ ပျောက်ကွယ်သွားပြီ။
"အချိုရည် သွားဝယ်တယ်"
"အချိုရည် သွားဝယ်တယ်... ဟုတ်လား၊ ငါတို့ ကျောင်းသားချောလေးချန်က တော်တော် ဂရုစိုက်တတ်တာပဲ" ကျန်းရူရှန်း စကားရပ်လိုက်ပြီး သူမကို စနောက်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်သည်။ "နင်တို့နှစ်ယောက် ဘယ်တော့မှ ဖွင့်ပြောကြမှာလဲ"
"နင် ဘာပြောနေတာလဲ ငါ ဘာမှမသိဘူး" ကျိုးအန်းရန် မျက်နှာပူသွားပြီး ဟန်ဆောင်လိုက်သည်။ ပြီးတော့ စကားလမ်းကြောင်း လွှဲလိုက်သည်။ "နင် မနားတော့ဘူးလား"
ကျန်းရူရှန်းက သူမ မျက်နှာပူတတ်မှန်းသိလို့ ဆက်မစတော့ဘူး။
"အဝေးခုန်ပြီးမှတော့ ဘာနားစရာ လိုဦးမှာလဲ။ ရှင်းရှင်းတို့ ပြိုင်ပွဲက ညနေမှ စမှာ။ နင် မနက်ပိုင်း ဘာပြိုင်ပွဲ ကြည့်ချင်သေးလဲ"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"ငါ ဘာကြည့်ကြည့် ရပါတယ်။ ငါ ဒီမှာပဲ သူ့ကို စောင့်လိုက်မယ်။ နင် ကြည့်ချင်တာရှိရင် ငါ လိုက်ပို့ပေးမယ်လေ"
"ငါ့ကို လိုက်ပို့ပေးစရာ မလိုပါဘူး၊ နင် သူနဲ့ပဲ နေလိုက်ပါ။ ငါ ရှင်းရှင်းတို့ကို သွားရှာလိုက်မယ်" ကျန်းရူရှန်း သူမကို ဆွဲလိုက်သည်။ "ဒါပေမဲ့ ယောကျ်ားလေး ရပ်လျက်အဝေးခုန် စတော့မယ်။ ဟယ်မင်ယွီလည်း ဝင်ပြိုင်ထားတယ် ထင်တယ်။ အဲဒါ အရင်သွားကြည့်ရအောင်၊ သူ့ကို စောင့်ရင်းနဲ့ပေါ့"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ယောကျ်ားလေး ရပ်လျက်အဝေးခုန် စပြီ။
ဟယ်မင်ယွီက ပထမအဆင့်မှာ ပထမ ရခဲ့တယ်။
ဖိုင်နယ်မှာ သုံးခါ ခုန်ခွင့်ရမယ်။ အကောင်းဆုံး ရလဒ်ကို ယူမယ်။
ဟယ်မင်ယွီ ပထမအကြိမ် သိပ်မကောင်းဘူး။
ဒုတိယအကြိမ် မခုန်ခင် ကျန်းရူရှန်းက ဘေးကနေ အားပေးနေသည်။
"ဟယ်မင်ယွီ... ဖိုက်တင်း! ဖိုက်တင်း!"
ဒီအချိန်မှာ ပြိုင်ပွဲတွေ အများကြီး တပြိုင်နက်တည်း လုပ်နေတာ။ အခန်း (၂)က လူတွေလည်း ဝင်ပြိုင်နေကြတော့ အားပေးမယ့်သူတွေ လူစုကွဲသွားကြတယ်။ ဟယ်မင်ယွီကို အားပေးမယ့်သူ သိပ်မရှိတော့ ကျိုးအန်းရန်လည်း ဝင်အားပေးလိုက်သည်။
"ဖိုက်တင်း!"
ဟယ်မင်ယွီ သူမဘက် လှည့်ကြည့်လာသည်။
ပြီးတော့ အသက်ပြင်းပြင်းရှူပြီး ခုန်လိုက်သည်။
ဒုတိယအကြိမ်က ပထမအကြိမ်ထက် အများကြီး ပိုဝေးသွားသည်။ ဒါပေမဲ့ အားစိုက်လွန်သွားလို့ ထင်တယ်၊ မြေပေါ်ကျတော့ ဟယ်မင်ယွီ ဟန်ချက်ပျက်ပြီး အရှေ့ကို မှောက်ရက်လဲသွားသည်။ တံတောင်ဆစ် ပွန်းသွားပြီး သွေးထွက်လာသည်။
ကျန်းရူရှန်းက ကျိုးအန်းရန်ကို ဆွဲပြီး ကွင်းထဲ ဝင်သွားသည်။
"ဘာဖြစ်သွားသေးလဲ"
ဟယ်မင်ယွီ မတ်တတ်ရပ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ အရေပြားပဲ ပွန်းသွားတာပါ"
ကျိုးအန်းရန် သူ့လက်က ဒဏ်ရာကို ကြည့်ပြီး တစ်ခုခု သတိရသွားသည်။ ကျန်းရူရှန်းလက်ထဲက လက်ရုတ်လိုက်ပြီး ကျောင်းဘောင်းဘီအိတ်ကပ်ထဲ နှိုက်လိုက်သည်။
ဒီနေ့ သူတို့သူငယ်ချင်းတွေ အကုန်လုံး ပြိုင်ပွဲဝင်ရမှာဆိုတော့ အရေးပေါ်သုံးဖို့ ဂွမ်းတံတချို့ ယူလာခဲ့တာ။
ကျိုးအန်းရန် နှစ်ချောင်း ထုတ်ပြီး ကမ်းပေးလိုက်သည်။
"အထဲမှာ အိုင်အိုဒင်း ပါတယ်၊ တစ်ဖက်ချိုးလိုက်ရင် သုံးလို့ရပြီ"
ဟယ်မင်ယွီ၏အကြည့်က သူမမျက်နှာပေါ် တစ်စက္ကန့်လောက် ရပ်တန့်သွားပြီး ပြုံးလိုက်သည်။
"ကျေးဇူးပါ"
"ရပါတယ်" ကျိုးအန်းရန် ဒဏ်ရာဘေးနားက သဲတွေကို တွေ့လိုက်ရပြီး သတိပေးလိုက်သည်။ "လက်ကို ရေအရင် ဆေးလိုက်ပါဦး"
စကားဆုံးတာနဲ့ လက်ကောက်ဝတ်ကို အဆွဲခံလိုက်ရသည်။
ချန်လော့ပိုင်အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။ ပုံမှန်ထက် ပိုလေးနက်နေသည်။
"ငါနဲ့ လိုက်ခဲ့"
ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ ကောင်လေး မေးရိုးတွေ တင်းမာနေပြီး စိတ်မပျော်မရွှင် ဖြစ်နေတာ တွေ့လိုက်ရသည်။
သူက ဘယ်နေရာရောက်ရောက် ထင်ရှားနေတာ။
ကွင်းထဲက လူတော်တော်များများ သူတို့ဘက် လှည့်ကြည့်လာကြသည်။
ကျိုးအန်းရန် အခု သူများကြည့်တာ မကြောက်တော့ပေမယ့် ကွင်းထဲမှာ ဆရာတွေ အများကြီး ရှိနေတယ်။ သူ ရုံးခန်းခေါ် အဆူခံရမှာ၊ သူ့ဘေးနားမှာ ဆက်မထိုင်ရတော့မှာ စိုးရိမ်မိတယ်။
"ချန်လော့ပိုင်" ကျိုးအန်းရန် ခေါ်လိုက်သည်။ "ငါ့ကို လွှတ်၊ နင် ဘယ်သွားမလဲ၊ ငါ လိုက်ခဲ့မယ်"
ရှေ့က အရပ်ရှည်ရှည် ကောင်လေး ခြေလှမ်းရပ်သွားသည်။ လှည့်မကြည့်ပေမယ့် သူမလက်ကို လိမ်လိမ်မာမာ လွှတ်ပေးလိုက်သည်။
....
ကျိုးအန်းရန် သူ့နောက်က လိုက်သွားသည်။ ကွင်းကို ဖြတ်၊ အားကစားရုံကို ပတ်ပြီး အားကစားရုံ အနောက်ဘက်က ခြံစည်းရိုးနား ရောက်မှ ချန်လော့ပိုင် ရပ်လိုက်သည်။
ကျောင်းသားတွေ အကုန်လုံး ကွင်းထဲ ရောက်နေကြတော့ ဒီနေရာက ကွင်းနဲ့ဝေးပြီး လူရှင်းနေသည်။
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
ကောင်လေးက လက်တစ်ဖက်နဲ့ သူမအင်္ကျီနဲ့ စတိုးဆိုင်အိတ်တစ်အိတ် ကိုင်ထားသည်။ အထဲမှာ သူ ဝယ်လာတဲ့ အချိုရည်တွေ ပါလောက်တယ်။ ကျန်လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည်။ မေးရိုးတွေ တင်းမာနေပြီး နှုတ်ခမ်းကို စေ့ထားသည်။
"ဘာဖြစ်လို့လဲ"
ဘာလို့ ပစ္စည်းသွားဝယ်ပြီး ပြန်လာတော့ စိတ်မပျော်မရွှင် ဖြစ်နေရတာလဲ။
ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
ချန်လော့ပိုင်၏အကြည့် အောက်ရောက်သွားပြီး သူမလက်ကို ကြည့်လိုက်သည်။
"ငါ့ကို ပေးဖူးတဲ့ ပစ္စည်းကို တခြားကောင်လေးကို ပေးလိုက်တာလား"
"ဘာပစ္စည်းလဲ" ကျိုးအန်းရန် ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။ "ဂွမ်းတံကို ပြောတာလား။ ဟယ်မင်ယွီက ဒဏ်ရာရသွားလို့လေ"
ချန်လော့ပိုင် - "ကျောင်းက ကွင်းထဲမှာ ဆေးသေတ္တာတွေ အများကြီး ထားပေးထားတယ်။ ကျောင်းဆရာဝန်လည်း အချိန်ပြည့် ရှိနေတယ်။ သူ ဒဏ်ရာရတာ နင် စိတ်ပူစရာ လိုလို့လား"
ကောင်လေးလေသံက ရှားရှားပါးပါး ဒေါသသံ ပါနေသည်။
ကျိုးအန်းရန် စိတ်မဆိုးဘဲ နည်းနည်း ပျော်သွားသည်။ နည်းနည်းလည်း လိပ်ပြာမလုံ ဖြစ်သွားသည်။
"ငါ ခုနက အဲဒီလောက်ထိ မစဉ်းစားမိလိုက်ဘူး"
ချန်လော့ပိုင် မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်သည်။
"သူ ဒဏ်ရာရတာနဲ့ နင်က ဘာမှ မစဉ်းစားနိုင်လောက်အောင် စိတ်ပူသွားတာပေါ့။ နင် သူ့ကို အားပေးတယ်၊ စာရှင်းပြတယ်၊ ပြုံးပြတယ်၊ ဩော်... ဟုတ်သားပဲ... သူက နင့်ရဲ့ ပထမဆုံး အနောက်ခုံဖော်ပဲ"
ကျိုးအန်းရန် - "......?"
သူမ ဘယ်တုန်းက ဟယ်မင်ယွီကို ပြုံးပြဖူးလို့လဲ။
ချန်လော့ပိုင် စကားရပ်လိုက်သည်။ မျက်ဝန်းနက်နက်တွေနဲ့ သူမကို စိုက်ကြည့်လိုက်သည်။
"နင် သူ့ကို ကြိုက်နေတယ်လို့တော့ မပြောနဲ့နော်"
ကျိုးအန်းရန် - "??"
သူမ အမြန် ခေါင်းခါလိုက်သည်။
ချန်လော့ပိုင် - "ခေါင်းခါတာ ဘာသဘောလဲ၊ မကြိုက်ဘူးပေါ့"
ကျိုးအန်းရန် သူ နည်းနည်း သဝန်တိုနေတယ်လို့ ခံစားလိုက်ရသည်။ ဒါပေမဲ့ ဘာလို့ ဒီလိုကောက်ချက်ချလိုက်လဲ နားမလည်ဘူး။ သူမ သေချာ ရှင်းပြလိုက်သည်။
"မကြိုက်ပါဘူး၊ သူငယ်ချင်းပါပဲ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း နောက်ဆုံးတော့ ကွေးညွတ်သွားသည်။
ကျိုးအန်းရန် စိတ်အေးသွားသည်။
ပြီးတော့ သူ ရုတ်တရက် မေးလိုက်တာ ကြားလိုက်ရသည်။
"ဒါဆို ငါကော"
ကျိုးအန်းရန် ခေါင်းထဲမှာ တစ်ခုခု ပေါက်ကွဲသွားသလို ဖြစ်သွားသည်။ သူ့စကားရဲ့ အဓိပ္ပာယ်ကို နားမလည်လိုက်သလိုပဲ။
ဒါပေမဲ့ နားလည်သွားသလိုပါပဲ။ ဘာလို့လဲဆိုတော့ ရင်ခုန်သံတွေ ရုတ်တရက် ပေါက်ကွဲထွက်မတတ် မြန်ဆန်လာလို့ပါ။
ကောင်လေးက ရုတ်တရက် အနားတိုးကပ်လာသည်။ ပုံမှန်လို လုံခြုံတဲ့ အကွာအဝေး မထားတော့ဘူး။ သူမ ရင်ခုန်ရလွန်းတဲ့ မျက်နှာကြီးက ရုတ်တရက် နီးကပ်လာသည်။ လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေက သူမကို လွှမ်းခြုံထားသည်။
"ဘာကြောင်နေတာလဲ၊ ခုနက မြန်မြန်ဖြေနိုင်တယ်မလား"
ကျိုးအန်းရန် ခေါင်းထဲ ဗလာဖြစ်နေသည်။ အလိုအလျောက် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်တော့ ကျောက နံရံနဲ့ မတော်တဆ ထိမိသွားသည်။
ချန်လော့ပိုင်က မလွှတ်ပေးဘူး။ ဆက်တိုးကပ်လာသည်။ အားနေတဲ့လက်တစ်ဖက်က သူမဘေးနားက နံရံကို ထောက်လိုက်သည်။ သူမနဲ့ မထိမိအောင် ဂရုစိုက်ပေမယ့် သူမကို ရင်ခွင်ထဲ ချုပ်ထားသလို ပုံစံမျိုး ဖြစ်နေသည်။ ဆက်မေးလိုက်သည်။
"ဘာရှောင်နေတာလဲ"
"ဒီမေးခွန်းက ဖြေရခက်နေလို့လား"
ကျိုးအန်းရန် သူ့အသက်ရှူငွေ့နွေးနွေးတွေကို ခံစားနေရသည်။
ဘေးမှာချထားတဲ့ လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။
ခုနက ကျန်းရူရှန်း မေးတုန်းက သူတို့ ဘယ်တော့မှ ဖွင့်ပြောကြမလဲဆိုတာကို စကားလမ်းကြောင်းလွှဲခဲ့တာက ရှက်လို့တင် မဟုတ်ပါဘူး။ သူမ မသေချာသေးလို့ပါ။
"ချန်လော့ပိုင်ကလည်း သူမကို ကြိုက်နေတယ်" ဆိုတဲ့ ကိစ္စက သူမရင်ထဲမှာ တိုးတက်မှုပြဇယားလေးတစ်ခုလို ဖြစ်နေတယ်။
အစတုန်းက လုံးဝ မတွေးရဲတဲ့ ၀% ကနေ သူနဲ့ ထိတွေ့ဆက်ဆံရတာ ကြာလာတော့ တဖြည်းဖြည်း တက်လာပြီး ၉၉% မှာ ရပ်တန့်နေတယ်။
ဒါပေမဲ့ သူ ကိုယ်တိုင် ဖွင့်မပြောသရွေ့ အဲဒီ ၁% သော မသေချာမှုက သူမရင်ထဲမှာ အမြဲ ရှိနေမှာပဲ။
သူမ မှားယွင်း ခန့်မှန်းမိလေမလားဆိုပြီး ကိုယ့်ဘာသာ အကြိမ်ကြိမ် ပြန်မေးနေမိတယ်။
ကျိုးအန်းရန် သူ့ဆီက အဖြေတစ်ခု အရင်လိုချင်တယ်။
အရင်တုန်းကဆိုရင်တော့ သူမ မမေးရဲပါဘူး။
ဒါပေမဲ့ ၉၉% သော တိုးတက်မှုပြဇယားရယ်၊ သူ့လက်ထဲက အင်္ကျီနဲ့ အချိုရည်တွေရယ်၊ သူ့လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ သူမရဲ့ သားရေကွင်းရယ်က သူမကို မေးရဲအောင် သတ္တိတွေ ပေးလိုက်တယ်။
သူမ လက်ချောင်းလေးတွေ တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်လွှာချကာ မေးလိုက်သည်။
"ဒါဆို နင်ကော"
ချန်လော့ပိုင် သူမနားနားကပ်ပြီး ရယ်လိုက်သည်။ ဒေါသထွက်လွန်းလို့ ရယ်လိုက်သလိုပဲ။
"ကျိုးအန်းရန်... ငါ ဒီလောက် သိသာအောင် ပြနေတာကို၊ တစ်ကျောင်းလုံးက ငါ နင့်ကို ကြိုက်နေမှန်း သိနေကြပြီလို့ ထင်နေတာ"
ငါ နင့်ကို ကြိုက်နေမှန်း တစ်ကျောင်းလုံးက သိနေကြပြီ။
တစ်ကျောင်းလုံး သိနေကြပြီ။
ငါ နင့်ကို ကြိုက်တယ်။
၉၉% မှာ ရပ်တန့်နေတဲ့ တိုးတက်မှုပြဇယားက နောက်ဆုံးတော့ တစ်ကွက် တက်သွားပြီ။
စိတ်အေးသွားရမယ့်အစား တိမ်ပေါ်ရောက်နေသလို မယုံနိုင်စရာ ခံစားနေရတယ်။
ကျိုးအန်းရန် မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။ သူ့မျက်လုံးထဲမှာ အပြုံးရိပ်တွေ၊ သူမပုံရိပ်တွေ၊ ပြီးတော့ နူးညံ့သိမ်မွေ့တဲ့ အချစ်တွေကို တွေ့လိုက်ရသည်။
သူမ နှုတ်ခမ်းထောင့်စွန်းလေး ဖြည်းဖြည်းချင်း ကွေးတက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"နင်မှ ငါ့ကို မပြောပြတာ"
"အခု ပြောပြပြီးပြီလေ၊ ငါ့မေးခွန်းကို ဖြေလို့ရပြီမလား" ချန်လော့ပိုင် သူမကို ငုံ့ကြည့်နေသည်။ ခဏရပ်လိုက်ပြီး အသံကို ပိုနှိမ့်လိုက်သည်။ "ဒါဆို ငါကော"
ကျိုးအန်းရန် သူ့အကြည့်ကြောင့် ရင်တုန်သွားသည်။ ရင်ခုန်သံတွေလည်း မြန်ဆန်လာသည်။ မျက်လွှာပြန်ချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ၊ ပြတ်သားစွာ ညိတ်ပြလိုက်သည်။ အသံက တိုးနေသည်။
"အင်း"
တိုးညှင်းတဲ့ အသံလေးက နားထဲကနေ ရင်ထဲထိ တိုးဝင်သွားသည်။ ချန်လော့ပိုင် ရင်ထဲက အနူးညံ့ဆုံးနေရာလေးကို ကုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ လည်စလုတ် လှုပ်ရှားသွားပြီး မျက်လွှာချကာ သူမရဲ့ တုန်ခါနေတဲ့ မျက်တောင်လေးတွေ၊ နှာခေါင်းထိပ်လေးနဲ့ ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးတွေကို ကြည့်လိုက်သည်။
ချန်လော့ပိုင် ခေါင်းငုံ့ပြီး ဖြည်းဖြည်းချင်း တိုးကပ်လိုက်သည်။
ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားသည်။
ချန်လော့ပိုင်နဲ့ သူမကြားက အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်။
ဆောင်းဦးလေညင်းက သူမပါးပြင်ကို တိုက်ခတ်နေသည်။
အကွာအဝေး တစ်လက်မလောက်ပဲ လိုတော့တဲ့အချိန် ကောင်လေးက ခေါင်းလွှဲလိုက်ပြီး ခေါင်းကို သူမဘေးနားက နံရံပေါ် မှီလိုက်သည်။ အသံက နောင်တရနေသလို၊ တစ်စုံတစ်ရာကို ဖိနှိပ်ထားသလို ဖြစ်နေသည်။
"ထားလိုက်ပါတော့... ဆရာကောင်းကို ကတိပေးထားလို့"
ကျိုးအန်းရန် နှစ်စက္ကန့်လောက်ကြာမှ အသက်ပြန်ရှူနိုင်တော့သည်။ ခေါင်းငဲ့ကြည့်လိုက်သည်။
"ဆရာကောင်းကို ကတိပေးထားတယ်?"
ချန်လော့ပိုင်လည်း ခေါင်းငဲ့ကြည့်လိုက်သည်။
"အင်း... နင့်စာမေးပွဲအမှတ်တွေ မထိခိုက်စေရဘူး၊ ကျောင်းမပြီးခင် နင်နဲ့ တရားဝင် မတွဲရဘူး၊ မလုပ်သင့်တာတွေ မလုပ်ရဘူးလို့ ကတိပေးထားတာ။ မဟုတ်ရင် သူက ဘာလို့ ငါ့ကို နင့်အနောက် ပေးပြောင်းမလဲ"
ကျိုးအန်းရန် ကြောင်သွားသည်။
"ဒါဆို ဆရာကောင်းက အဲဒီနေ့တုန်းက နင့်ကို ခေါ်သွားတာ ငါတို့ကိစ္စကြောင့်ပေါ့။ နင်က ကောင်းတဲ့ကိစ္စပါဆိုပြီး လိမ်ပြောခဲ့တာပေါ့"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"ဘယ်နားက လိမ်တာလဲ။ ငါတို့ကိစ္စက ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား"
ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် မြန်သွားသည်။
ချန်လော့ပိုင် ကိုယ်ပြန်လှည့်လိုက်ပြီး သူမနဲ့ ယှဉ်ရပ်ကာ နံရံကို မှီလိုက်သည်။ အိတ်ထဲက အချိုရည်တစ်ဘူး ထုတ်ပြီး အဖုံးဖွင့်ကာ သူမကို ပေးလိုက်သည်။ ပြီးတော့ ကိုလာတစ်ဘူး ဖောက်ပြီး မော့သောက်လိုက်သည်။
အေးစက်တဲ့ အရည်တွေ လည်ချောင်းထဲ စီးဆင်းသွားမှ သူမကို ပြန်လှည့်ကြည့်လိုက်သည်။
"ကျိုးအန်းရန်... ငါနဲ့ တက္ကသိုလ်တစ်ခုတည်း တက်မလား"
ကျိုးအန်းရန် အချိုရည်ဘူးကို နှုတ်ခမ်းနား တေ့ထားရင်း လှည့်ကြည့်လိုက်သည်။
"ဒါမှမဟုတ် ငါ နင်နဲ့ လိုက်တက်မယ်လေ"
ချန်လော့ပိုင် နံရံကိုမှီပြီး သူမကို ကြည့်နေသည်။ အပြုံးက ပျင်းရိပြီး နူးညံ့နေသည်။
"မရရင်လည်း A နဲ့ B တက္ကသိုလ် နှစ်ခုထဲက ရွေးကြတာပေါ့။ ဘာပဲဖြစ်ဖြစ် နီးနီးလေးပဲဟာ"
ကျိုးအန်းရန် လိမ္မော်ရည် တစ်ငုံသောက်လိုက်သည်။ အေးမြချိုမြိန်တဲ့ အရသာက ပါးစပ်ထဲ ပြည့်နှက်သွားသည်။
"ငါ ဝင်ခွင့်ရပါ့မလား မသိဘူး"
"ဘယ်သူက မရဘူး ပြောလို့လဲ" ကောင်လေးလေသံက မောက်မာနေတုန်းပဲ။ "ပြီးတော့ နင့်မှာ ငါလို အနောက်ခုံဖော် ရှိနေတာပဲဟာ"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ကတိပေးသလို၊ သူ့ကို ကတိပေးသလိုပါပဲ။
"ငါ ကြိုးစားပါ့မယ်"
ချန်လော့ပိုင် ခေါင်းစောင်းကြည့်နေသည်။ သူမပါးဘေးက ပါးချိုင့်လေးတွေ၊ နှုတ်ခမ်းနားတေ့ထားတဲ့ အချိုရည်ဘူးလေးကို ကြည့်နေသည်။
"အချိုရည် သောက်ကောင်းလား" သူ ရုတ်တရက် မေးလိုက်သည်။
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
ဘာလို့ ရုတ်တရက် မေးတာလဲ။
သူ မသောက်ဖူးတာလည်း မဟုတ်ဘဲနဲ့။
သူမ ပြန်မမေးနိုင်ခင် သူမလက်ထဲက အချိုရည်ဘူးကို သူ ဆွဲယူလိုက်သည်။ သူ့လက်ထဲက ကိုလာဘူးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။
"လဲသောက်ကြမယ်"
ကျိုးအန်းရန် သူ့ကိုလာဘူးကို ကိုင်ပြီး ကြောင်ကြည့်နေမိသည်။
နေရောင်ခြည်က နံရံပေါ်ကနေ ဖြာကျနေပြီး ကောင်လေးရဲ့ ချောမောလွန်းတဲ့ ဘေးတိုက်မျက်နှာကို ပုံဖော်နေသည်။ လေထဲမှာ ဖုန်မှုန့်လေးတွေ လွင့်ပျံနေပြီး လေတိုက်လို့ သစ်ရွက်တွေ လှုပ်ရမ်းကာ အလင်းရောင်တွေ ကွဲကြေနေသည်။
ချန်လော့ပိုင်က သူမသောက်ထားတဲ့ အချိုရည်ဘူးကို နှုတ်ခမ်းနားတေ့ပြီး မော့သောက်လိုက်သည်။ ထင်ရှားတဲ့ လည်စလုတ်က နှစ်ခါလောက် လှုပ်ရှားသွားသည်။
ကွင်းထဲက အားကစားပွဲတော်မှာ ဘယ်သူနိုင်သွားလဲ မသိဘူး၊ အားပေးသံတွေ ဆူညံနေသည်။
နေရောင်ခြည်ကလည်း ပူပြင်းနေသည်။
မိန်းကလေး မျက်နှာလေး ချက်ချင်း နီရဲသွားသည်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇၇ ။ အထက်တန်းကျောင်း IF Line
ဒီမနက် ဟယ်မင်ယွီက ရပ်လျက်အဝေးခုန်မှာ ပထမ ရခဲ့သည်။
နေ့လည်ကျတော့ ယန်ရှင်းချန်နဲ့ ရှန့်ရှောင်ဝမ်တို့က သံလုံးပစ်နဲ့ လှံတံပစ် ပြိုင်ပွဲတွေ အသီးသီး ဝင်ပြိုင်ကြသည်။ သူတို့နှစ်ယောက်လည်း ကျိုးအန်းရန်လိုပဲ အားကစားဘက်မှာ သိပ်မကျွမ်းကျင်ကြဘူး။ ပါဝင်ယှဉ်ပြိုင်ရုံ သက်သက်မို့ ဘာရလဒ်မှ မထွက်လာကြဘူး။
နောက်တစ်နေ့ရောက်တော့ နန်ချန်မှာ အပူချိန် နည်းနည်း တက်လာသည်။ မနက် ၉ နာရီ ကျော်တာနဲ့ နေပူလာပြီ။
ချန်လော့ပိုင်က အနက်ရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းလာသည်။ မကြာခင် အဲဒီဦးထုပ်က ကျိုးအန်းရန်ခေါင်းပေါ် ရောက်သွားသည်။
ကျိုးအန်းရန်က သူ့ဦးထုပ်ဆောင်းပြီး မနက်ပိုင်း ပြိုင်ပွဲတွေ ကြည့်လိုက်သည်။
နေ့လည်ပိုင်း ပြိုင်ပွဲ စပြီး မကြာမီ သင်္ချာဆရာက ချန်လော့ပိုင်ကို ခေါ်သွားသည်။
သူ ပြန်ရောက်လာတော့ ကျိုးအန်းရန်လက်ထဲ အချိုရည်တစ်ဘူး ထည့်ပေးလိုက်ပြန်သည်။
ကျိုးအန်းရန် ငုံ့ကြည့်လိုက်တော့ မနေ့ကနဲ့ တူတူပဲ။ လိမ္မော်ရည်တစ်ဘူး။ သူမ ခေါင်းငဲ့ကြည့်လိုက်တော့ ကောင်လေးလက်ထဲမှာလည်း မနေ့ကလိုပဲ ကိုလာတစ်ဘူး ကိုင်ထားတာ တွေ့လိုက်ရသည်။
ဦးထုပ်ဆောင်းထားပေမယ့် မျက်နှာလေး ပူထူလာသည်။
ကျိုးအန်းရန် အချိုရည်ဘူးကို ညှစ်လိုက်သည်။ ရင်ခုန်သံတွေ မြန်နေတုန်းပဲ။ ကြိုမေးလိုက်သည်။
"နင် ကိုလာသောက်မှာ သေချာလား။ အခု ငါနဲ့ လဲမလား"
ချန်လော့ပိုင် သူမကို တစ်ချက်ကြည့်လိုက်သည်။ အသံဆွဲပြီး စနောက်လိုက်သည်။
"လောလောဆယ် မလဲသေးပါဘူး"
ကျိုးအန်းရန် မျက်နှာ ပိုပူလာသည်။
"ဒါဆို ခဏနေ လဲလို့ မရတော့ဘူးနော်"
ချန်လော့ပိုင် အဖုံးဖွင့်လိုက်သည်။ လက်ကောက်ဝတ်မှာ သူမရဲ့ သားရေကွင်းလေး ရှိနေတုန်းပဲ။ ရယ်မောပြီး ပြောလိုက်သည်။
"ငါ့အခြေအနေက ပိုဆိုးသွားသလို ခံစားရတယ်"
ကျိုးအန်းရန် - "......"
သူမ မျက်နှာ ပူထူနေပြီ။ ဒီအကြောင်း ဆက်မပြောချင်တော့ဘူး။ အချိုရည်တစ်ငုံ သောက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"သင်္ချာဆရာက ဘာကိစ္စ ခေါ်တာလဲ"
ချန်လော့ပိုင် ကိုလာဘူးဖွင့်လိုက်သည်။
"နှစ်ဝက်စာမေးပွဲအကြောင်း ပြောတာပါ။ နင် ဘယ်လောက်ရလဲ သိချင်လား"
ဟင်?
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"နင် ငါ့အမှတ် သိနေပြီလား။ ဘယ်လောက်လဲ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ငါ့ကို တောင်းဆိုရင် ပြောပြမယ်"
ကျိုးအန်းရန် - "......"
ဒီလူ သူမကို အနိုင်ကျင့်ရတာ စွဲလမ်းနေပြီလား။
"မပြောရင် နေလေ၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံး မနက်ဖြန်ကျရင် သိရမှာပဲဟာ"
"တကယ် မတောင်းဆိုဘူးလား"
"မတောင်းဆိုဘူး"
ချန်လော့ပိုင် လက်တစ်ဖက်နဲ့ ကိုလာဘူးကို ကိုင်ထားသည်။ ပျင်းရိစွာ ရပ်နေသည်။
"ဒါဆို ငါ နင့်ကို တောင်းဆိုမယ်"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာတောင်းဆိုမှာလဲ"
ကောင်လေးက အသံဆွဲပြီး စနောက်လိုက်ပြန်သည်။
"ငါ့ကို တောင်းဆိုပေးပါလို့ တောင်းဆိုမယ်လေ"
ကျိုးအန်းရန် မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"ချန်လော့ပိုင်... နင် ပျင်းနေတာလား"
ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။
"အခုတော့ ငါ့ကို ပျင်းတယ်လို့ ပြောနေပြီပေါ့"
သူ စကားရပ်လိုက်ပြီး အနားတိုးကပ်လာသည်။ အသံက နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"မနေ့ကမှ ဖွင့်ပြောထားပြီး၊ အခု မသိချင်ယောင်ဆောင်ချင်နေတာလား"
ကျိုးအန်းရန် နားရွက်လေးတွေ ယားယံသွားသည်။ ဆရာတွေ မြင်သွားမှာစိုးလို့ ဘေးတိုးလိုက်ပြီး အကွာအဝေး ခွာလိုက်သည်။ မျက်နှာရဲရဲနဲ့ တိုးတိုးလေး ပြန်ငြင်းလိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ၊ နင်က ငါ့ကို အနိုင်ကျင့်နေတာပဲဟာ"
ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။
"ငါက ဘယ်လို အနိုင်ကျင့်လို့လဲ"
ကျိုးအန်းရန် - "စာမေးပွဲအမှတ် ပြောပြတာလေးကိုတောင် တောင်းဆိုခိုင်းနေတာလေ"
"အဲဒါ အနိုင်ကျင့်တာလား" ချန်လော့ပိုင် စကားရပ်လိုက်ပြီး အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ "ဒါဆို အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ နင် မသိသေးဘူး ထင်တယ်"
ကျိုးအန်းရန် - "......"
သူမ ဘေးထပ်တိုးလိုက်သည်။
"နင် မပြောရင် နေပါ"
ချန်လော့ပိုင်က သူမပါးဖောင်းဖောင်းလေးကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြန်သည်။
"၁၄၇"
ကျိုးအန်းရန် မော့ကြည့်လိုက်ပြန်သည်။ အံ့ဩသွားသည်။
"ငါ ၁၄၇ ရတယ်လို့ ပြောတာလား"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
"ပြောသားပဲ... ငါ့အရှေ့ခုံဖော်က တော်ပါတယ်လို့"
ကျိုးအန်းရန် အံ့ဩသွားသည်။
သူမ ဖြေနိုင်မယ် ထင်ပေမယ့် အနောက်ပုစ္ဆာကြီးတွေ ဖြေနိုင်ခဲ့တယ်။ အရှေ့က ပုစ္ဆာသေးသေးလေး ၂ ပုဒ်၊ ၃ ပုဒ်လောက် မသေချာဘူး။ အများဆုံး ၁၄၅ လောက်ပဲ ရမယ်ထင်ထားတာ။ မျှော်လင့်ထားတာထက် ၂ မှတ် ပိုရတယ်။
သူမ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။
"နင် ရှင်းပြပေးလို့ ရတာပါ"
နောက်ဆုံး ပုစ္ဆာကြီးနှစ်ပုဒ်က သူ ရှင်းပြပေးဖူးတဲ့ ပုစ္ဆာတွေလေ။
ချန်လော့ပိုင် အသံနှိမ့်မေးလိုက်သည်။
"ငါ့ကို ဘယ်လိုကျေးဇူးဆပ်မလဲ။ ဒီအတိုင်း ပါးစပ်နဲ့ပဲ ကျေးဇူးတင်မှာတော့ မဟုတ်ပါဘူးနော်"
ကျိုးအန်းရန် အချိုရည်သောက်လိုက်ပြီး စဉ်းစားလိုက်သည်။
"ညနေကျရင် ထမင်းလိုက်ကျွေးမယ်လေ"
ချန်လော့ပိုင် - "ငါတစ်ယောက်တည်းလား"
ကျိုးအန်းရန် နည်းနည်း လိပ်ပြာမလုံ ဖြစ်သွားသည်။
"ရှင်းရှင်းတို့ကိုပါ ခေါ်ကျွေးချင်လို့"
သူမ သင်္ချာအမှတ်ကောင်းတာ သိရင် သူတို့လည်း ဒကာခံခိုင်းမှာ သေချာတယ်။
ချန်လော့ပိုင်က "ငါ သိသားပဲ" ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်သည်။
"နောက်ထပ် ဘယ်သူတွေ ပါဦးမလဲ"
ကျိုးအန်းရန် ပိုလိပ်ပြာမလုံ ဖြစ်လာသည်။
"ပြီးတော့ ကျုရန်တို့ကိုပါ ခေါ်ကျွေးမလို့"
ချန်လော့ပိုင် - "သူတို့ကော နင့်ကို ပုစ္ဆာရှင်းပြပေးလို့လား"
ကျိုးအန်းရန် - "ထန်ကျန့်ရွေ့ မွေးနေ့တုန်းက အတူတူကျွေးဖူးတယ်လေ"
ချန်လော့ပိုင် သူမကို စိုက်ကြည့်နေပြီး စကားမပြောဘူး။
ကျိုးအန်းရန် သူ့ကျောင်းဝတ်စုံအစကို ဖွဖွလေး ဆွဲလိုက်သည်။
"ရမလားဟင်"
ချန်လော့ပိုင် ကိုလာဘူးကို ဆုပ်ကိုင်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။
နှစ်စက္ကန့်လောက်ကြာမှ ပြန်ဖြေလျှော့လိုက်သည်။ လေသံက သဘောမတူချင်ပေမယ့် ရယ်သံပါနေသည်။
"နင်က ဒီလိုလာချွဲနေမှတော့ ငါက မရဘူးလို့ ပြောလို့ရပါ့မလား"
......
အဲဒီနေ့ညနေ အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားမှာ ကျောင်းအုပ်ကြီးက စင်ပေါ်ကနေ ကြေညာလိုက်သည်။ နောက်နှစ် နွေဦးရာသီမှာ ကျောင်းတွင်း ဘတ်စကက်ဘောပြိုင်ပွဲ ပြန်ကျင်းပမယ်တဲ့။
စင်အောက်က ကျောင်းသားတွေ ပွက်လောရိုက်သွားကြသည်။
ကျောင်းက ဒီနှစ်ပိုင်းတွေအတွင်း အထက်တန်းကျောင်းပေါင်းစုံ လိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေပေမယ့် ကျောင်းတွင်း ဘတ်စကက်ဘောပြိုင်ပွဲကို ရပ်ထားတာ နှစ်အတော်ကြာပြီ။ အထက်တန်းကျောင်းသားဘဝက နေ့တိုင်း စာကျက်ရတာ ပျင်းစရာကောင်းနေတော့ နောက်စာသင်နှစ်မှာ ပွဲကြီးပွဲကောင်း ရှိမယ်ကြားလိုက်ရတာနဲ့ ဘောလုံးကစားတတ်သူရော မကစားတတ်သူရော စိတ်လှုပ်ရှားကုန်ကြသည်။
အခန်း (၂)လည်း ထို့အတူပါပဲ။
ပိတ်ပွဲပြီးလို့ ကျောင်းပြင်ထွက် ထမင်းစားသွားတဲ့ လမ်းတစ်လျှောက်လုံး ကောင်လေးတွေက နောက်စာသင်နှစ် ဘတ်စကက်ဘောပြိုင်ပွဲအကြောင်း ပြောနေကြသည်။
စားသောက်ဆိုင်က သီးသန့်ခန်းထဲ ရောက်ပြီး ထမင်းတစ်ဝက်လောက် စားပြီးတဲ့အထိ ဒီအကြောင်း ပြောနေကြတုန်းပဲ။
လမ်းမှာတုန်းကတော့ ပြိုင်ပွဲပုံစံ ဘယ်လိုဖြစ်မလဲဆိုတာ ဆွေးနွေးနေကြတာ။ အခုကျတော့ အတန်းတိုင်းမှာ ဘယ်သူတွေ ဘောလုံးကောင်းကောင်း ကစားတတ်လဲဆိုတာ ဆွေးနွေးနေကြတယ်။ ဘယ်လိုဖြစ်ပြီး ရောက်သွားလဲ မသိဘူး၊ ပြီးခဲ့တဲ့ စာသင်နှစ်က ဘတ်စကက်ဘောပြိုင်ပွဲအကြောင်း ရောက်သွားတယ်။
"ဟူခွန်းက နောက်စာသင်နှစ်ကျရင် ပါဦးမလား မသိဘူး" ထန်ကျန့်ရွေ့က ပြောသည်။ "ကျောင်းအုပ်ကြီးက အားကစားထူးချွန်ကျောင်းသားတွေ ပါဝင်ခွင့်ပြုမပြု မပြောသွားဘူး"
ဟွမ်ရှူးကျဲ့ နံရိုးတစ်တုံးကို အမြန်ကိုက်စားလိုက်သည်။
"ပါပါ မပါပါ ကိစ္စမရှိပါဘူး။ ငါတို့မှာ လော့ကော ရှိနေတာပဲဟာ။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက သူတို့အခန်းကို အနိုင်ယူနိုင်ခဲ့ရင်၊ နောက်စာသင်နှစ်လည်း နိုင်မှာပဲ"
"ဟုတ်တယ်" ထန်ကျန့်ရွေ့ ရယ်မောလိုက်သည်။ "ပြီးတော့ ငါတို့မှာ ရဲရင့်တဲ့ အမျိုးသမီးသူရဲကောင်းယန် ရှိနေတာပဲဟာ။ နောက်နှစ် ဟူခွန်း ပါလာရင် ယန်ရှင်းချန်ကို မနှစ်ကလိုပဲ ကာကွယ်ခိုင်းလိုက်ရုံပေါ့"
ယန်ရှင်းချန် ကြောင်သွားသည်။ ကျိုးအန်းရန်ကို အံ့ဩစွာ လှည့်ကြည့်လိုက်သည်။
ချန်လော့ပိုင်က သူမကို ဖွင့်ပြောထားပြီးပြီဆို၊ ဘာလို့ ဒီကိစ္စကို မပြောပြရသေးတာလဲ။
ဒါပေမဲ့ ကျိုးအန်းရန် ဘာလို့ မပြောပြလဲဆိုတာ ထားလိုက်တော့၊ ယန်ရှင်းချန်က သူမဘက်မှာ ရှိနေမှာ သေချာပါတယ်။ ကျိုးအန်းရန် ဆက်ဖုံးကွယ်ထားချင်ရင် သူမလည်း ကူဖုံးကွယ်ပေးရမှာပေါ့။
"အဲဒါက အရင်တုန်းက ငါ့အဖေနဲ့အတူ ဘောလုံးပွဲတစ်ပွဲ လိုက်ကြည့်ဖူးလို့ပါ။ အခု မကြည့်တာ ကြာပြီဆိုတော့ ကူညီနိုင်ပါ့မလား မသိဘူး"
ကျိုးအန်းရန်က ထန်ကျန့်ရွေ့ ယန်ရှင်းချန်ကို ရုတ်တရက် မေးလိုက်ကတည်းက မကောင်းတဲ့ ခံစားချက် ဝင်နေတာ။
ချန်လော့ပိုင် ဘယ်လောက် ဉာဏ်ကောင်းလဲ သူမ သိပါတယ်။ ယန်ရှင်းချန် အံ့ဩသွားပြီး သူမဘက် လှည့်ကြည့်လိုက်တဲ့ အကြည့်လေး တစ်ချက်တည်းနဲ့တင် တစ်ခုခုပေါ်သွားလောက်ပြီ။
ထင်တဲ့အတိုင်းပါပဲ။ သူမ ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားလို့ မရသေးခင် ဘေးနားက ကောင်လေးရဲ့ ပျင်းရိတဲ့အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"မကြည့်တာ ကြာပြီဆိုလည်း ကိစ္စမရှိပါဘူး။ အရင်တုန်းက စည်းကမ်းကို မှတ်မိရင် ရပါပြီ။ လူကိုမတိုက်ဘဲ ဘောလုံးကိုတိုက်တာက ပြစ်ဒဏ်လို့ ပြောခဲ့တယ်မလား"
ယန်ရှင်းချန် တကယ်တော့ ပြစ်ဒဏ်ဆိုတာ ဘာမှန်းတောင် မသိပါဘူး။ ဒါပေမဲ့ "ဘောလုံးပွဲတစ်ပွဲ ကြည့်ရုံနဲ့ စည်းကမ်းတွေ မှတ်မိတယ်" လို့ ပြောခဲ့ပြီးမှ အခု လုံးဝ မေ့သွားပြီလို့ ပြောရင် မဖြစ်နိုင်ဘူးလေ။ သူမ ပြန်စဉ်းစားကြည့်လိုက်သည်။ ကျိုးအန်းရန်က အဲဒီတုန်းက တကယ် အဲဒီလို ပြောခဲ့သလိုပဲ။
ခေါင်းညိတ်မလို့ လုပ်တုန်း နူးညံ့တဲ့အသံလေး နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"ရှင်းရှင်း"
ယန်ရှင်းချန် မျက်တောင်ခတ်လိုက်သည်။
နောက်တစ်စက္ကန့်မှာ ချန်လော့ပိုင် ထရပ်ပြီး ကျိုးအန်းရန်လက်ကို ဆွဲလိုက်သည်။
"ငါနဲ့ လိုက်ခဲ့"
အခန်းတံခါး ပွင့်သွားပြီး ပြန်ပိတ်သွားသည်။
နှစ်ယောက်သား ထွက်သွားမှ ထန်ကျန့်ရွေ့ သတိဝင်လာသည်။
"နေပါဦး... ခုနက လော့ကော ပြောတာ ပြောင်းပြန် ဖြစ်မနေဘူးလား။ လူကိုတိုက်ပြီး ဘောလုံးကိုမတိုက်မှ ပြစ်ဒဏ် ဖြစ်မှာ မဟုတ်ဘူးလား"
ယန်ရှင်းချန် - "......"
ဒါကြောင့် ခုနက ကျိုးအန်းရန် တားလိုက်တာကိုး။
ကျုရန်က ချန်လော့ပိုင်နဲ့ အရင်းနှီးဆုံးဆိုတော့ ခုနက ယန်ရှင်းချန်ရဲ့ အလိုအလျောက် တုံ့ပြန်မှုကို သတိထားမိလိုက်သည်။ တစ်ခုခု ရိပ်မိသွားသည်။
"သူ ပြောတာ ပြောင်းပြန်ဖြစ်နေတာ မဟုတ်ပါဘူး။ သူက ယန်ရှင်းချန်ကို စမ်းသပ်လိုက်တာ"
"ဟင်" ထန်ကျန့်ရွေ့ နားမလည်ပေ။ "သူက ဘာကိစ္စ ယန်ရှင်းချန်ကို စမ်းသပ်ရတာလဲ"
ကျုရန် မဖြေဘဲ ယန်ရှင်းချန်ကို ကြည့်လိုက်သည်။
"အဲဒီနေ့က ကူညီပေးခဲ့တာ တကယ်တော့ ကျိုးအန်းရန် မလား"
ယန်ရှင်းချန် - "......"
ဒီလူတွေက ဘာလို့ ဒီလောက် အကဲခတ်ကောင်းနေရတာလဲ။
ဘယ်လို ပေါ်သွားလဲ မသိပေမယ့် ကျိုးအန်းရန် အစီအစဉ်ကို မသိသေးလို့ သူမ တိုက်ရိုက် ဝန်မခံရဲဘူး။
"ဘယ်နေ့ကလဲ" သူမ ဟန်ဆောင်မေးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "သူတို့နှစ်ယောက် ထမင်းစားနေရင်း ဘာလို့ ထွက်ပြေးသွားတာလဲ"
ရှန့်ရှောင်ဝမ်နဲ့ ကျန်းရူရှန်းတို့လည်း ဝင်ကူညီကြသည်။
"ငါတို့ ဝပ်အား (မီးလင်းအား) အရမ်းများနေလို့ နေမှာပါ"
....
အခန်းထဲက ထွက်လာတော့ ကျိုးအန်းရန်ကို ချန်လော့ပိုင်က ဆွဲခေါ်သွားပြီး ဆိုင်အပြင်ဘက် ရောက်သွားသည်။
ဆောင်းဦးနှောင်းပိုင်း ညလေညင်းတွေက အေးစက်နေသည်။
လမ်းမီးအောက်မှာ အရပ်ရှည်ရှည် ကောင်လေးက လှည့်ကြည့်လိုက်သည်။ အသံက ညအမှောင်ထက် ပိုနက်ရှိုင်းနေသည်။
"အဲဒီနေ့က ငါ့ကို ကူညီပေးခဲ့တာ နင်မလား"
ကျိုးအန်းရန် ထပ်မဖုံးကွယ်တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ချန်လော့ပိုင် ရင်ထဲမှာ မယုံနိုင်စရာ ခန့်မှန်းချက်တစ်ခု ရှိနေသည်။ ရင်ထဲမှာ ခံစားချက်တွေ ပြင်းထန်စွာ တိုက်ခိုက်နေသည်။
"ဘာလို့ ငါ့ကို ကူညီပေးတာလဲ။ ငါနဲ့ မရင်းနှီးဘူးလို့ ပြောထားတယ်မလား။ အဲဒီမတိုင်ခင် ငါ နင့်ကို ကူညီပေးဖူးတာ မရှိပါဘူး"
အခုလို ပေါ်သွားတာကို ကျိုးအန်းရန် မအံ့ဩပါဘူး။
သူ ဘယ်လောက် ဉာဏ်ကောင်းလဲ သူမ သိတာပေါ့။
အစတုန်းက "မရင်းနှီးဘူး" ဆိုတဲ့ ဆင်ခြေနဲ့ လှည့်စားနိုင်ခဲ့တာက အဲဒီတုန်းက သူ သူမကို တကယ် မရင်းနှီးလို့လေ။ သူ သူမကို သတိမထားမိခဲ့ဘူး။ သူမအကြောင်း ဘာမှ မသိခဲ့ဘူး။ ဒါကြောင့် သူမရဲ့ မမှန်ကန်တဲ့ အကြောင်းပြချက်တွေကို လွယ်လွယ် ယုံလိုက်တာ။
ဒါပေမဲ့ ဒီနှစ်လကျော်အတွင်း၊ အထူးသဖြင့် အမျိုးသားနေ့ပြီးလို့ သူမအနောက် ပြောင်းလာပြီးကတည်းက နေ့တိုင်းနီးပါး အတူရှိနေခဲ့ကြတာ။ သူ သူမအကြောင်း အကုန်မသိရင်တောင် တော်တော်များများ သိနေပြီ။
ဒီကိစ္စ မဟုတ်ရင်တောင် တခြားကိစ္စတစ်ခုခု၊ ဒီနေ့ မဟုတ်ရင်တောင် မနက်ဖြန်၊ ဒါမှမဟုတ် နောက်တစ်နေ့နေ့မှာ ပေါ်သွားမှာပါပဲ။
သဲလွန်စနည်းနည်းလေး ပေးလိုက်တာနဲ့ သူက သူမရဲ့ လျှို့ဝှက်ချက် အများစုကို အလွယ်တကူ ခန့်မှန်းမိနိုင်မှာပါ။
ဒါပေမဲ့ သူကလည်း သူမကို ကြိုက်နေတယ်ဆိုတော့ သူမ ပေါ်သွားမှာ မကြောက်တော့ပါဘူး။
ကျိုးအန်းရန် ခြေထောက်နားက သစ်ရွက်ခြောက်လေးကို ကန်လိုက်သည်။
"နင် ကူညီဖူးပါတယ်"
ချန်လော့ပိုင် ကြောင်သွားသည်။ "ငါ ကူညီဖူးတယ်?"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ သူ စိတ်ရှိမှန်း သေချာနေပေမယ့် ဒီကိစ္စတွေကို ဖွင့်ပြောရတာ နည်းနည်း ရှက်နေတုန်းပဲ။ ခေါင်းငုံ့ပြီး သစ်ရွက်ခြောက်ကို ဆက်ကန်နေသည်။
"အထက်တန်းပထမနှစ် ကျောင်းအပ်တဲ့နေ့တုန်းက ငါ ဒုတိယထပ်မှာ ချော်လဲမလို ဖြစ်သွားတာ နင် လှမ်းထိန်းပေးခဲ့တယ်လေ"
ချန်လော့ပိုင် မှတ်ဉာဏ်ထဲက မိုးရွာတဲ့နေ့ကို ရုတ်တရက် ပြန်သတိရသွားသည်။
အဲဒီတုန်းက သူ အပေါ်ထပ်ကို အလောတကြီး တက်သွားတုန်း တစ်ယောက်ယောက် ချော်လဲမလိုဖြစ်နေတာ တွေ့လိုက်လို့ လှမ်းထိန်းပေးလိုက်တာ။ အခြေအနေက အရေးကြီးနေလို့ လက်ဘယ်နား ရောက်သွားလဲတောင် သတိမထားမိလိုက်ဘူး။ မိန်းကလေးရဲ့ သေးသွယ်နူးညံ့တဲ့ ခါးလေးကို ဖက်လိုက်မိတာ။
နေရခက်သွားတာနဲ့ သူ မျက်နှာတောင် သေချာမကြည့်လိုက်မိဘူး။ ပြီးတော့ မေ့ပျောက်သွားခဲ့တယ်။
ချန်လော့ပိုင် လည်ချောင်း ခြောက်ကပ်သွားသည်။
"အဲဒီနေ့က နင်လား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"နောက်တစ်ခါကျတော့ ထန်ကျန့်ရွေ့တို့ ဘောလုံးကစားနေတုန်း ဘောလုံးက ကွင်းပြင်ထွက်လာပြီး ငါ့ကို လာမှန်မလို ဖြစ်သွားတာ နင် လှမ်းဖမ်းပေးလိုက်သေးတယ်"
ချန်လော့ပိုင် ရေးရေးလေး မှတ်မိနေသည်။
ဒါပေမဲ့ အဲဒီတုန်းက သူက လမ်းကြုံ ဘောလုံးဖမ်းပေးလိုက်ရုံပါပဲ။ ကူညီတယ်လို့တောင် မထင်ခဲ့ဘူး။ ဒါကြောင့် ဘောလုံးမှန်မလို ဖြစ်သွားတာ ဘယ်သူလဲဆိုတာ သတိမထားမိလိုက်ဘူး။
သူတို့ ဒီလောက်စောစောကတည်းက ဆုံတွေ့ခဲ့ဖူးတာလား။
သူ သူမကို ဒီလောက်ကြာအောင် လွဲချော်ခဲ့တာလား။
"နင် ဘယ်လိုလုပ်..."
ချန်လော့ပိုင် ရင်ထဲ နာကျင်နေသည်။ သူက သူမ ဘာလို့ မပြောပြလဲလို့ မေးချင်ပေမယ့် မေးရင်းတန်းလန်း မေးစရာ မလိုတော့ဘူးလို့ ခံစားလိုက်ရသည်။
သူမစရိုက်က အတွင်းသိစိတ်များတာ ထားလိုက်ပါဦး။
သူက အဲဒီတုန်းက သူမကို လျစ်လျူရှုခဲ့တာလေ။ သူမ ဘယ်လိုလုပ် ဖွင့်ပြောရဲမှာလဲ။
ဒါကြောင့် အဲဒီနေ့တုန်းက သူမ ပစ္စည်းပေးပြီး ထွက်ပြေးချင်နေတာကိုး။
ဒါကြောင့် သူမ အစတုန်းက သူ့ကို မကြည့်ရဲခဲ့တာ။
ဒါကြောင့် သူ ဘာပြောပြော သူမက လိမ်လိမ်မာမာ လက်ခံပေးခဲ့တာ။ သူ စိတ်ဆိုးအောင် လုပ်မိရင်တောင် ချက်ချင်း ပြန်ချော့ပေးခဲ့တာ။
"အဲဒီနေ့က..." ချန်လော့ပိုင် လည်ချောင်းထဲမှာ တစ်ခုခု ဆို့နေသလိုပဲ။ "ပြီးခဲ့တဲ့ စာသင်နှစ် စာမေးပွဲမတိုင်ခင် တစ်ရက်အလို ကျောင်းအမိုးပေါ်မှာ နင် ငိုနေတာ ငါ့ကြောင့်လား"
ကျိုးအန်းရန် - "......"
သူက ဒါကိုပါ ခန့်မှန်းမိသွားပြီလား။
အခု ပြန်စဉ်းစားကြည့်တော့ နည်းနည်း ရှက်စရာ ကောင်းနေတယ်။
သူမ နှုတ်ခမ်းကို စေ့လိုက်သည်။ သူ့ကို မလိမ်ချင်တော့ဘူး။ လိမ်လို့လည်း မရတော့ဘူး။
"အင်း"
ချန်လော့ပိုင် မျက်လုံးမှိတ်လိုက်သည်။
ဒါကြောင့် အဲဒီနေ့တုန်းက သူ ချော့လေ သူမ ပိုငိုလေ ဖြစ်နေတာကိုး။
"ဆောရီးပါ"
ကျိုးအန်းရန် - "နင် တောင်းပန်စရာ မလိုပါဘူး"
သူက သူမကို သူ့ကို ကြိုက်ပါလို့ ပြောခဲ့တာမှ မဟုတ်တာ။
အဲဒီတုန်းက ဝမ်းနည်းပက်လက် ခံစားခဲ့ရတာတွေက သူမ ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။
ပြီးတော့ သူ့ကို ကြိုက်ရတာ ဝမ်းနည်းပက်လက် ခံစားရတာချည်း မဟုတ်ပါဘူး။ တစ်ခါတလေ သူ သူမဘက် လှည့်ကြည့်လာတာ၊ ဒါမှမဟုတ် မတော်တဆ ပစ္စည်းတူ ဝယ်မိတာလေးတွေနဲ့တင် သူမ တိတ်တိတ်လေး ပျော်ရွှင်ခဲ့ရတာပဲ။
ပြီးတော့ သူက အရမ်း ထူးချွန်လွန်းတော့ သူမလည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားဖို့ တွန်းအားတွေ ရခဲ့တာပဲ။
သူ သူမကို သတိမထားမိလို့ သူမကို အကြွေးတင်တယ်လို့ သူမ ဘယ်တော့မှ မခံစားဖူးပါဘူး။
"နင် ဘာမှ မှားတာ မလုပ်ခဲ့ပါဘူး"
ချန်လော့ပိုင် သူမကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးမှ လက်လှမ်းဆွဲလိုက်သည်။
"ငါနဲ့ လိုက်ခဲ့မလား"
ကျိုးအန်းရန် ကြောင်သွားသည်။
"ဘယ်သွားမလို့လဲ"
ချန်လော့ပိုင် သူမကို ဆွဲခေါ်သွားသည်။
"အရင်တုန်းက မျက်စိကန်းပြီး ဆိုးသွမ်းခဲ့တဲ့ ချန်လော့ပိုင်အစား နင့်ကို လာဘ်ထိုးမလို့"
ကျိုးအန်းရန် လိုက်ပါသွားသည်။
"နင် ငါ့ကို အကြွေးမတင်ပါဘူးလို့ ပြောပြီးပြီပဲ"
ချန်လော့ပိုင် - "ဒါဆို အရင်တုန်းက ငါ့အတွက် နောင်တတစ်ခု ဖြည့်ဆည်းပေးတယ် သဘောထားလိုက်"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ တစ်ခုခု သတိရသွားသည်။
"နေပါဦး... ငါ ပိုက်ဆံမရှင်းရသေးဘူး"
ပိုက်ဆံရှင်းပြီးတော့ ကျိုးအန်းရန်ကို ချန်လော့ပိုင်က အနီးနားက ဂိမ်းဆိုင်တစ်ခုဆီ ခေါ်သွားသည်။
သောကြာနေ့ညမို့ ဂိမ်းဆိုင်မှာ လူစည်ကားနေသည်။ ကျိုးအန်းရန် သူ့နောက်ကနေ လူအုပ်ကြား တိုးဝှေ့သွားပြီး နောက်ဆုံးတော့ အရုပ်ကောက်စက်တန်းရှေ့ ရောက်သွားသည်။
"ငါတို့ အရုပ်ကောက်ကြမလို့လား"
ချန်လော့ပိုင် "အင်း" ဟု ဖြေပြီး တိုကင်ဝယ်နေရင်း ပြောလိုက်သည်။
"ယုန်ရုပ် ကြိုက်တယ်မလား။ လိုချင်သလောက် ဒီည ကောက်ပေးမယ်"
ကျိုးအန်းရန် ယန်ရှင်းချန်တို့နဲ့ ဒီနေရာ လာကစားဖူးတယ်။
ဒီအရုပ်ကောက်စက်တန်းကို သူတို့ ၄ ယောက်လုံး စမ်းဖူးကြတယ်။ တစ်ယောက်မှ မရဖူးဘူး။ အပေါက်ဝ ရောက်ခါနီးရင် လှုပ်သွားပြီး ပြန်ပြုတ်ကျသွားတတ်တယ်။
သူမ သတိပေးချင်ပေမယ့် ကောင်လေး မေးရိုးတွေ တင်းမာနေတာမြင်တော့ တားလိုက်ရင် ပိုစိတ်မပျော်မရွှင် ဖြစ်သွားမှာစိုးလို့ ဘာမှမပြောတော့ဘူး။
ချန်လော့ပိုင် တိုကင်ထည့်လိုက်ပြီး လက်ကိုင်ဘုကို ကိုင်လိုက်တော့ သူမ ရင်ထိတ်သွားသည်။
အဖြူရောင် ယုန်ရုပ်လေးတစ်ရုပ်ကို စက်လက်တံက ဖမ်းမိသွားသည်။ ယိမ်းထိုးရင်းနဲ့ အပေါက်ဝ ရောက်သွားသည်။ ပြီးတော့...
တကယ် ပြုတ်ကျလာတယ်။
ဟင်?
သူ တကယ် တတ်တာပဲ!
ချန်လော့ပိုင် ယုန်ရုပ်လေးကို ကောက်ယူလိုက်သည်။ လှည့်ကြည့်လိုက်တော့ ဘေးနားက မိန်းကလေးက အံ့ဩဝမ်းသာ ဖြစ်နေတာ၊ ပါးချိုင့်လေးတွေ ပေါ်နေတာ တွေ့လိုက်ရတော့ ရင်ထဲက မကျေနပ်မှုတွေနဲ့ နောင်တတွေ နည်းနည်း လျော့ပါးသွားသည်။
ယုန်ရုပ်ကို သူမရင်ခွင်ထဲ ထည့်ပေးလိုက်သည်။
"ကိုင်ထား"
ကျိုးအန်းရန် သူ လှည့်ပြီး အရုပ်ဆက်ကောက်တာကို ကြည့်နေသည်။
မကြာမီ သူမရင်ခွင်ထဲမှာ ဒုတိယမြောက် ယုန်ရုပ် ရောက်လာသည်။
ပြီးတော့ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ...
"တော်ပြီ..." ကျိုးအန်းရန် တိုးတိုးလေး ပြောလိုက်သည်။ "ငါ မနိုင်တော့ဘူး"
ချန်လော့ပိုင် သတ္တမမြောက် ယုန်ရုပ်ကို ကောက်ပြီး လှည့်လာသည်။
မိန်းကလေးက ယုန်ရုပ်တွေ အများကြီး ပိုက်ထားသည်။ သူမကိုယ်တိုင်က လိမ္မာပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်ရှိတော့ ဖြူဖြူနုနု ယုန်ရုပ်တွေနဲ့ ပိုက်ထားတာက အရမ်း ချစ်စရာကောင်းနေသည်။
ချန်လော့ပိုင် ပြုံးလိုက်ပြီး သတ္တမမြောက် အရုပ်ကို သူမရင်ခွင်ထဲ ထိုးထည့်ပေးလိုက်သည်။
"စောင့်နေဦး"
ကျိုးအန်းရန် သူ ပြုံးသွားတာ မြင်တော့ စိတ်အေးသွားသည်။
သူမ နေရာမှာ ခဏရပ်နေတုန်း ချန်လော့ပိုင်က တွန်းလှည်းတစ်စီး တွန်းလာတာ တွေ့လိုက်ရသည်။
ကျိုးအန်းရန် ရင်ခွင်ထဲက ယုန်ရုပ်တွေကို တွန်းလှည်းထဲ ထည့်လိုက်သည်။
ချန်လော့ပိုင် တွန်းလှည်းကို ကိုင်ထားသည်။
"ယုန်ရုပ်ပဲ ဆက်ကောက်မလား၊ တခြားဟာ လိုချင်သေးလား"
ကျိုးအန်းရန် - "ကြိုက်တာ ကောက်ပါ"
သူ ပျော်ရင် ပြီးတာပဲ။
ချန်လော့ပိုင် တွန်းလှည်းကို ဘေးနားက ဒုတိယစက်ဆီ တွန်းသွားသည်။
"ဒါဆို တစ်မျိုးစီ ကောက်ပေးမယ်"
ပြီးတော့ တတိယစက်၊ စတုတ္ထစက်...
မကြာမီ တွန်းလှည်း ပြည့်သွားသည်။
ကျိုးအန်းရန် သူ့မေးရိုးတွေ စောစောကလောက် မတင်းမာတော့တာ တွေ့လိုက်ရသည်။ တိုးတိုးလေး မေးလိုက်သည်။
"တော်ပြီမလား၊ နင် ဘယ်လောက် ကောက်မလို့လဲ"
ချန်လော့ပိုင် လှည့်မကြည့်ဘူး။
"၃၆၅ ရုပ်လောက် ကောက်မယ်။ အထက်တန်းပထမနှစ် ချန်လော့ပိုင် ကိုယ်စား တစ်ရက် တစ်ရုပ် ပြန်ပေးမလို့"
ကျိုးအန်းရန် ပြုံးလိုက်သည်။
"ဒါဆို ဆိုင်ရှင်က မောင်းထုတ်လိမ့်မယ်"
ကောင်လေး လှည့်ကြည့်လိုက်သည်။ မျက်ခုံးပင့်လိုက်သည်။
"နင်က အခု ငါနဲ့ ပူးပေါင်းကြံစည်နေတာလေ။ ဆိုင်ရှင် မောင်းထုတ်ရင် နင့်ကိုပါ မောင်းထုတ်မှာ၊ ကြောက်လား"
ကျိုးအန်းရန် - "......"
ဘာ ပူးပေါင်းကြံစည်တာလဲ။
သူမ နှုတ်ခမ်းထောင့်စွန်း ကွေးတက်နေဆဲ။
"ကြောက်တာပေါ့"
ပြောပြီး ခဏရပ်လိုက်သည်။ သတ္တိမွေးပြီး သူ့လက်ကို လက်ကိုင်ဘုပေါ်ကနေ ဆွဲဖယ်လိုက်သည်။
"ဒါကြောင့် တော်ပါတော့နော်။ နင် ငါ့ကို တောင်းဆိုချက်တစ်ခု အကြွေးတင်နေတာ မှတ်မိသေးလား။ ငါ အခု သုံးချင်တယ်။ ပြီးသွားတာတွေက ပြီးပါစေတော့။ ငါ အခု ပျော်နေပါတယ်။ ပြီးတော့ ဒီမှာလည်း ဆယ်ဂဏန်းလောက် ရှိနေပြီ။ အထက်တန်းပထမနှစ် ချန်လော့ပိုင် ကိုယ်စား တစ်လ တစ်ရုပ် နှစ်ရုပ်လောက် ပေးရင် ရပါပြီ။ မဟုတ်ရင် ငါ့အိမ်မှာ ထားစရာနေရာ မရှိတော့ဘူး။ နင် စိတ်မပျော်မရွှင် မဖြစ်ပါနဲ့တော့၊ နောင်တလည်း မရပါနဲ့တော့"
ချန်လော့ပိုင် အကြည့်က သူမ ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ပေါ် ရောက်သွားသည်။
ကျိုးအန်းရန် နားရွက်ပူသွားပေမယ့် မလွှတ်ပေးဘူး။
"ကျိုးအန်းရန်" ချန်လော့ပိုင် ရင်ထဲ နူးညံ့သွားသည်။ နာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။ "နင် တုံးလိုက်တာ။ ငါ အရင်တုန်းက တောင်းဆိုချက်တစ်ခု ပေးထားတာက နင် ကိုယ့်အတွက် တောင်းဆိုဖို့ ပေးထားတာလေ။ ငါ့အတွက် တောင်းဆိုဖို့ မဟုတ်ဘူး"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"ဒါပေမဲ့ တောင်းဆိုချက်က ငါ့ဆီ ရောက်နေပြီလေ။ ဘာတောင်းဆိုမလဲဆိုတာ ငါ့သဘောပဲပေါ့။ နင် အခု ကတိမတည်ချင်တော့ဘူးလို့တော့ မပြောနဲ့နော်"
ချန်လော့ပိုင် သူမကို စိုက်ကြည့်နေပြီး စကားမပြောဘူး။
ကျိုးအန်းရန် တိုးတိုးလေး ထပ်မေးလိုက်သည်။
"ကတိတည်တယ်ဆိုရင် စိတ်မဆိုးနဲ့တော့နော်"
ချန်လော့ပိုင် မျက်လွှာပြန်ချလိုက်သည်။ သူမ ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ တစ်စက္ကန့်လောက် ရပ်တန့်သွားပြီး သူမမျက်နှာပေါ် အကြည့်ပြန်ပို့လိုက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးမှ လက်ကို အောက်နည်းနည်း ရွှေ့လိုက်ပြီး သူမလက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။
ကျိုးအန်းရန် လက်ချောင်းလေးတွေ ဖြည်းဖြည်းချင်း ကွဲသွားတာ ခံစားလိုက်ရသည်။
ဂိမ်းဆိုင်ထဲမှာ မီးရောင်က နွေးထွေးနေသည်။ ကောင်လေးမျက်နှာထားက နူးညံ့နေသည်။ အသံကလည်း နူးညံ့နေသည်။
"ကောင်းပြီ... ငါ့အနာဂတ် ရည်းစားလေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၇၈ ။ အထက်တန်းကျောင်း IF Line
သူတို့ ဂိမ်းဆိုင်မှာရှိနေမှန်း သိသွားလို့ တခြားလူတွေလည်း ထမင်းစားပြီးတာနဲ့ လိုက်လာကြသည်။ လူအုပ်ကြီးက နာရီဝက်ကျော်လောက် အတူကစားကြသည်။
ကျိုးအန်းရန်က ချန်လော့ပိုင် ဘောလုံးပစ်စက် ကစားတာ ကြည့်နေသည်။ သူကလည်း သူမကို ဘယ်လိုပစ်ရမလဲ သင်ပေးပြီး သူမလည်း နည်းနည်း ဝင်ကစားလိုက်သေးသည်။
၉ နာရီ ထိုးခါနီးတော့မှ အုပ်စုလိုက် ဂိမ်းဆိုင်ကနေ ထွက်လာပြီး ဘတ်စ်ကားမှတ်တိုင်ဘက် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကြသည်။
ဒီည လသာပြီး ကြယ်တွေစုံနေတော့ မနက်ဖြန်လည်း ရာသီဥတု သာယာမယ့်ပုံပါပဲ။
လမ်းတစ်ဝက်လောက် ရောက်တော့ ကျုရန် ပြောလိုက်သည်။
"ငါတို့ မနက်ဖြန် ပျော်ပွဲစား ထွက်ကြမလား။ ရာသီဥတုကောင်းနေတုန်း အပြင်မထွက်ရတာ ကြာပြီပဲ"
ဟွမ်ရှူးကျဲ့ ချက်ချင်း ထောက်ခံသည်။
"ကောင်းသားပဲ... ငါ ပါမယ်"
ရှန့်ရှောင်ဝမ် ဝင်ပြောသည်။
"ပျော်ပွဲစားထွက်မယ်ဆိုတာ စောစောက မပြောဘူး။ ဂိမ်းဆိုင်တစ်ဖက်ခြမ်းမှာ စတိုးဆိုင်ရှိသားပဲ၊ စားစရာတွေ ဝယ်လို့ရတာကို"
ကျုရန်က နောက်ဆုံးက လျှောက်လာတဲ့ နှစ်ယောက်ကို မေးငေါ့ပြလိုက်သည်။
"ပစ္စည်းတွေက ပူစရာ မလိုပါဘူး။ ချန်လော့ပိုင်ကို တာဝန်ပေးလိုက်။ ငါတို့ သခင်လေးချန်က စီစဉ်ပေးမယ့်လူ ရှာတွေ့မှာပါ။ ပြီးတော့ သူ ဒကာခံသင့်တယ် မဟုတ်ဘူးလား"
ထန်ကျန့်ရွေ့ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဒီအခြေအနေမျိုးမှာ ဒကာမခံရင် ဘယ်ကောင်းမလဲ။ ဟုတ်တယ်မလား လော့ကော"
ချန်လော့ပိုင် ရယ်မောလိုက်သည်။
"ခံသင့်ပါတယ်"
စကားရပ်လိုက်ပြီး ဘေးနားက မျက်နှာထပ်ရဲနေတဲ့ မိန်းကလေးကို ခေါင်းငဲ့ကြည့်လိုက်သည်။
"မနက်ဖြန် လိုက်ချင်လား"
ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်သည်။
နှစ်ဝက်စာမေးပွဲ ပြီးကာစမို့ အနားယူသင့်ပါတယ်။ ပြီးတော့ သူမ သူနဲ့ အတူအပြင်ထွက် မလည်ဖူးသေးဘူး။
"လိုက်မယ်လေ"
ကျုရန်က ချန်လော့ပိုင်လက်ထဲက သူနဲ့မလိုက်ဖက်တဲ့ အရုပ်အိတ်ကြီးကို ကြည့်ပြီး ရယ်မောလိုက်ပြန်သည်။
"ကောင်းပြီ... ဘယ်သွားမလဲ၊ ဘာစားချင်လဲဆိုတာ နောက်မှဂရုဖွဲ့ပြီး အသေးစိတ်ဆွေးနွေးကြတာပေါ့။ ဒါနဲ့... ကျိုးအန်းရန်၊ ချန်လော့ပိုင်ရဲ့ အရုပ်ကောက်နည်းပညာက မိန်းကလေးတစ်ယောက်ကြောင့် သင်ထားတာဆိုတာ နင် သိလား"
ကျိုးအန်းရန် ခြေလှမ်း နည်းနည်း ရပ်တန့်သွားသည်။
အကြောင်းရင်းတစ်ခုခုရှိမယ်ဆိုတာ သူမ သိပါတယ်။ မဟုတ်ရင် ကျုရန်က သူ့ဘက်က ဖုံးကွယ်မပေးဘဲ ဘာလို့ လာပြောပြနေမှာလဲ။
ဒါပေမဲ့ စိတ်ထဲမှာတော့ မသိမသာ ဝမ်းနည်းသလို ခံစားရတယ်။
ဘယ်မိန်းကလေးအတွက်ကြောင့် သူ အရုပ်ကောက်နည်း သင်ထားရတာလဲ။
ချန်လော့ပိုင် ကျုရန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ ဘေးနားက မိန်းကလေးဆီ အကြည့်ပြန်ရောက်သွားသည်။
"သူ ပြောတာ နားမထောင်နဲ့။ အဲဒီမိန်းကလေးက ၅ နှစ်ပဲ ရှိသေးတယ်။ ငါ့တူမလေးပါ"
ကျိုးအန်းရန် - "......"
ယန်ရှင်းချန် ဝင်ပြောသည်။
"တိုက်ဆိုင်လိုက်တာ၊ ရန်ရန်မှာလည်း ၅ နှစ်အရွယ် တူမလေးတစ်ယောက် ရှိတယ်"
ချန်လော့ပိုင် ကျိုးအန်းရန်ကို ထပ်ကြည့်လိုက်သည်။
"ဟုတ်လား... တိုက်ဆိုင်လိုက်တာ"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ "အင်း"
ယန်ရှင်းချန် တစ်ခုခုသတိရသွားသည်။
"ဒါနဲ့ ရန်ရန်... အဲဒီ လီမွန်ဆိုဒါသကြားလုံးလေ၊ နင့်ဝမ်းကွဲအစ်မအိမ် သွားလည်ရင် အဲဒီစတိုးဆိုင်မှာ ရှိသေးလား ကြည့်ပေးပါဦး"
ကျိုးအန်းရန် - "!"
လီမွန်ဆိုဒါသကြားလုံးအကြောင်း သူမ ယန်ရှင်းချန်တို့ကို မပြောပြရဲခဲ့ဘူး။ သူ့ကိုလည်း ဖွင့်မပြောရဲခဲ့ဘူး။ ယန်ရှင်းချန် ရုတ်တရက် ထပြောလာလိမ့်မယ်လို့ မထင်ထားဘူး။ တားဖို့ အချိန်မမီတော့ဘူး။ အရမ်း သိသာလွန်းနေပြီ။
ထင်တဲ့အတိုင်းပါပဲ။ ဘေးနားက ကောင်လေး ခြေလှမ်းရပ်သွားပြီး သူမကို ကြည့်လိုက်တာ မြင်လိုက်ရသည်။
ကျိုးအန်းရန် ခေါင်းငုံ့လိုက်သည်။
"လီမွန်ဆိုဒါသကြားလုံး?" ချန်လော့ပိုင် မေးလိုက်သည်။ "ဂျပန်တံဆိပ်တစ်ခု မလား"
ယန်ရှင်းချန် အံ့ဩသွားသည်။
"ဟုတ်တယ်... နင်လည်း စားဖူးလား"
ချန်လော့ပိုင်က ခေါင်းငုံ့ထားတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ ဘေးမှာချထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။
"ကံကောင်းလို့ နှစ်လုံး စားဖူးတယ်"
ကျန်းရူရှန်းနဲ့ ရှန့်ရှောင်ဝမ်တို့လည်း ဝင်မေးကြသည်။
"ဘာသကြားလုံးလဲ၊ စားကောင်းလား"
"ရန်ရန် နင့်ကို ဝယ်ပေးတာလား၊ ငါတို့ကျတော့ ဘာလို့ မစားရတာလဲ"
"သောက်ရမ်း စားကောင်းတယ်။ ဆိုဒါသောက်ရသလိုပဲ။ ပါးစပ်ထဲမှာ ပူဖောင်းလေးတွေ ပေါက်ကွဲနေသလို ခံစားရတယ်။ ရန်ရန် ငါ့ကို တစ်ခါပဲ ဝယ်ကျွေးဖူးတယ်။" ယန်ရှင်းချန် ပြန်စဉ်းစားကြည့်လိုက်သည်။ "ပြီးခဲ့တဲ့ စာသင်နှစ် နှစ်ဝက်စာမေးပွဲ ဖြေခါနီးတုန်းက ထင်တယ်။ ပိတ်ရက်မှာ ငါ စားကုန်သွားတာနဲ့ ကျောင်းမယူလာဖြစ်ဘူး။ နောက်ပိုင်း သူ ထပ်သွားကြည့်တော့ အဲဒီစတိုးဆိုင်မှာ မရှိတော့ဘူးတဲ့။ တံဆိပ်ကိုလည်း ငါတို့ မမှတ်မိတော့ အွန်လိုင်းက မှာလို့မရဘူး"
ကျန်းရူရှန်းက နှမြောသလို ပြောသည်။
"နင် ပြောပြတော့ ငါလည်း စားချင်လာပြီ။ ရန်ရန်... နောက်တစ်ခါ သွားရင် ကြည့်ပေးပါဦး"
ကျိုးအန်းရန် မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။
"ကောင်းပြီ"
စကားပြောရင်းနဲ့ ဘတ်စ်ကားမှတ်တိုင် ရောက်လာကြသည်။
အားလုံး မှတ်တိုင်ပေါ် တက်သွားကြသည်။ ကျိုးအန်းရန် ခြေလှမ်းပြင်မလို့လုပ်တုန်း လွယ်အိတ်ကို အနောက်ကနေ ဆွဲခံလိုက်ရသည်။
သူမ လှည့်ကြည့်ပြီး ပါးဖောင်းလိုက်သည်။
"နင် ဘာလို့ ငါ့ယုန်ရုပ်လေးကို ထပ်ဆွဲပြန်တာလဲ"
ချန်လော့ပိုင် ယုန်ရုပ်လေးကို လွှတ်လိုက်သည်။ ရှေ့တစ်လှမ်းတိုးပြီး အနားကပ်လာသည်။ မျက်နှာသေနဲ့ အသံနှိမ့်မေးလိုက်သည်။
"ငါ့ကို ဖုံးကွယ်ထားတာ ဘာကျန်သေးလဲ"
ကျိုးအန်းရန် - "......"
လိပ်ပြာမလုံ ဖြစ်သွားသည်။
"မကျန်တော့ပါဘူး"
ချန်လော့ပိုင် - "တကယ် မကျန်တော့ဘူးလား"
ကျိုးအန်းရန် ခေါင်းခါလိုက်သည်။
"တကယ် မကျန်တော့ပါဘူး"
ပြောပြီးတာနဲ့ သူမ ခိုးကြည့်လိုက်တော့ သူ့မေးရိုးတွေ တင်းမာနေတုန်းပဲ။
သူ့ကို ဘယ်လိုချော့ရမလဲ စဉ်းစားနေတုန်း ကောင်လေးက လက်ကြီးတစ်ဖက် မြှောက်လိုက်ပြီး သူမခေါင်းကို ဖွဖွလေး ပွတ်လိုက်သည်။
ကျိုးအန်းရန် နှာခေါင်းရှုံ့လိုက်သည်။
"နင် ငါ့ဆံပင်တွေ ရှုပ်အောင် လုပ်ပြန်ပြီ"
ချန်လော့ပိုင်က သူမကို ကြည့်နေသည်။ မျက်ဝန်းတွေက ပုံမှန်ထက် ပိုနက်ရှိုင်းနေသည်။
"ငါ အခု နင့်ဆံပင်ကို ရှုပ်အောင်လုပ်ရုံတင် မကချင်ဘူး"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"နင် ဘာလုပ်ချင်သေးလို့လဲ"
ချန်လော့ပိုင်က သူမ သတိထားနေတဲ့ ပုံစံလေးကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ အသံနှိမ့်လိုက်သည်။
"နင် မမေးတာ ပိုကောင်းမယ်"
ကျိုးအန်းရန် - "......"
ဒါဆို မကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်မှာပဲ။
"ရန်ရန်" ယန်ရှင်းချန် လှမ်းခေါ်လိုက်သည်။ "ကားလာပြီ၊ နင်တို့ စကားပြောလို့ ပြီးပြီလား"
ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ သူမအိမ်ရှေ့က ဖြတ်သွားမယ့် (၁၆) လိုင်းကား မောင်းလာတာ တွေ့လိုက်ရသည်။
သူမ မော့ကြည့်လိုက်တော့ သူ့စိတ်ခံစားချက် နည်းနည်းကောင်းလာသလို ခံစားရလို့ စိတ်အေးသွားသည်။
"ငါ ပြန်တော့မယ်၊ ခဏနေ အွန်လိုင်းကနေ စကားပြောမယ်"
ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။
ကျိုးအန်းရန် ယန်ရှင်းချန်နောက်ကနေ ကားပေါ်တက်လိုက်သည်။
ကားပေါ်မှာ လူနည်းနေသည်။ နှစ်ယောက်လောက်ပဲ ပါမယ် ထင်တယ်။ ကျိုးအန်းရန် အထဲဝင်မလို့ လုပ်တုန်း ရင်းနှီးတဲ့၊ လန်းဆန်းတဲ့ ကိုယ်သင်းနံ့တစ်ခု အနောက်ကနေ လွှမ်းခြုံလာသည်။
ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ ချန်လော့ပိုင်လည်း လိုက်တက်လာတာ တွေ့လိုက်ရသည်။
သူမ အံ့ဩဝမ်းသာ ဖြစ်သွားသည်။
"နင် ဘာလို့ လိုက်တက်လာတာလဲ"
ချန်လော့ပိုင် - "ဘာလို့ ရုတ်တရက် တုံးသွားရတာလဲ၊ နင့်ကို လိုက်ပို့မလို့ပေါ့"
ယန်ရှင်းချန်လည်း လှည့်ကြည့်လိုက်သည်။ ရွံသလို လေသံနဲ့ ပြောလိုက်သည်။
"နင်က တော်တော် ကပ်ချွဲတာပဲ"
သူမက ဒီည ပြီးခဲ့တဲ့ စာသင်နှစ်က ဘောလုံးပွဲအကြောင်း ဖွင့်ချလိုက်မိလို့ အပြစ်ရှိသလို ခံစားနေရတာ။ နှာခေါင်းရှုံ့လိုက်သည်။
"ထားလိုက်ပါတော့... ရန်ရန်ကို ဒီည နင့်ကို ပေးလိုက်ပါ့မယ်။ ငါ ရှေ့မှာ ထိုင်မယ်၊ နင်တို့ အနောက်သွားထိုင်ကြ"
ကျိုးအန်းရန် သူ့နောက်လိုက်ပြီး အနောက်ဆုံးတန်းက နှစ်ယောက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ဘတ်စ်ကား ထွက်ခွာသွားသည်။
ကျိုးအန်းရန် အတွင်းဘက်မှာ ထိုင်သည်။ ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်တော့ လမ်းပေါ်က နီယွန်မီးရောင်တွေ နောက်ဆုတ်သွားတာ၊ ကောင်လေးရဲ့ ချောမောတဲ့ ဘေးတိုက်မျက်နှာ ပြတင်းပေါက်မှန်ပေါ် ထင်ဟပ်နေတာ၊ သူမနဲ့သူ ယှဉ်ထိုင်နေတာတွေ တွေ့လိုက်ရသည်။
ပြီးတော့ သူ သူမကို ကြည့်နေတာလည်း တွေ့လိုက်ရသည်။
....
နောက်တစ်နေ့ ရာသီဥတု တကယ် ကောင်းမွန်သည်။
ကောင်းကင် ပြာလွင်နေပြီး တိမ်ကင်းစင်နေသည်။
ချန်သခင်လေး စီစဉ်ပေးလိုက်တဲ့ ခရီးသွားဘတ်စ်ကားက မနက်စောစော ထွက်ခွာလာပြီး ကြိုပေးထားတဲ့ လိပ်စာတွေအတိုင်း မြို့တစ်ဝက်လောက် ပတ်မောင်းကာ လူ ၁၀ ယောက် ကြိုပြီးတော့ မြို့ပြင်က အပန်းဖြေဟိုတယ်တစ်ခုဆီ မောင်းထွက်သွားသည်။
သူတို့ ဒီမှာ တစ်ညအိပ်ကြမယ်။ နေ့လည်ကျ တောင်ကုန်းပေါ်က ရေတံခွန်အောက်မှာ ပျော်ပွဲစားထွက်မယ်။ ညကျ မှန်လုံအိမ်ထဲမှာ ကြယ်တွေ အတူကြည့်ကြမယ်။
ခရီးဝေးတာကြောင့် ဟိုတယ်ရောက်တော့ မနက် ၁၀ နာရီ ထိုးနေပြီ။
အပြင်ထွက်လည်ရခဲတာမို့ အားလုံး စိတ်လှုပ်ရှားနေကြသည်။ အထုပ်အပိုးတွေထား၊ ခဏနားပြီးတာနဲ့ တောင်ကုန်းပေါ် တက်ပြီး ပျော်ပွဲစားထွက်ဖို့ ပြင်လိုက်ကြသည်။
ဟိုတယ်က ပျော်ပွဲစားထွက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေ ကြိုပြင်ဆင်ပေးထားသည်။ ကောင်လေးတွေက ဝန်ထမ်းတွေကို သယ်ခိုင်းစရာ မလိုတော့ဘဲ တစ်ယောက် တစ်သေတ္တာဆွဲပြီး ရှုခင်းကြည့်ကားနဲ့ အတူတက်သွားကြသည်။
နိုဝင်ဘာလလယ်က ခရီးသွားရာသီ မဟုတ်ဘူး။
တိတ်ဆိတ်နေတဲ့ တောင်ကုန်းလေးက ဒီနေ့မနက် ရုတ်တရက် စည်ကားသွားသည်။
"ကျန့်ရွေ့... မင်း စားပွဲခင်းတောင် မခင်းရသေးဘဲ ခိုးစားနေပြန်ပြီ" ဟွမ်ရှူးကျဲ့ အော်လိုက်သည်။
ထန်ကျန့်ရွေ့ ပြန်အော်သည်။
"သောက်ကျိုးနည်း... ငါ မင်းဆီက သင်ထားတာလေ။ မင်း ခုနက အသားတစ်တုံး ခိုးစားလိုက်တာ ဘယ်သူမှ မမြင်ဘူးများ မှတ်နေလား"
"ရေခဲတုံး... ရေခဲတုံး ဘယ်မှာလဲ... ငါ အချိုရည် ဖျော်မလို့" ကျန်းရူရှန်း အသံကုန် အော်မေးနေသည်။
ကျိုးအန်းရန် ရေခဲသေတ္တာဘူး တွန်းပေးလိုက်သည်။
"ဒီမှာ"
ကျန်းရူရှန်း ဖန်ပန်းကန်လုံးကြီးထဲ ပစ္စည်းတွေ ထည့်လိုက်သည်။ ပြီးတော့ အော်ပြန်သည်။
"Yakult ဘယ်မှာလဲ၊ တစ်ယောက်ယောက် ယူပေးပါဦး"
ရှန့်ရှောင်ဝမ်က Yakult ယူပေးလိုက်သည်။
ပေါင်ခွန်းက သံသယနဲ့ မေးလိုက်သည်။
"ဒါ သောက်လို့ရမှာ သေချာလို့လား"
"ဒါပေါ့" ကျန်းရူရှန်း ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "အရမ်း သောက်လို့ကောင်းမှာ"
အချိုရည်ဖျော်ပြီးတော့ တစ်ယောက်တစ်ခွက် ထည့်လိုက်ကြသည်။
ရှန့်ရှောင်ဝမ် အကြံပြုလိုက်သည်။
"ခွက်ချင်းတိုက်ကြမလား... ငါတို့အားလုံး ရည်မှန်းထားတဲ့ တက္ကသိုလ်တွေ တက်ခွင့်ရပါစေပေါ့"
"ကောင်းတယ်"
"အဲဒါ ကောင်းတယ်"
ဖန်ခွက် ၁၀ ခွက် ထိခိုက်သံ ကြည်လင်စွာ ထွက်ပေါ်လာသည်။
လူငယ်လေးတွေရဲ့ အသံတွေကလည်း ကြည်လင်နေသည်။
"ငါတို့အားလုံး ရည်မှန်းထားတဲ့ တက္ကသိုလ်တွေ တက်ခွင့်ရပါစေ!"
ခွက်ချင်းတိုက်ပြီးတော့ ရည်မှန်းထားတဲ့ တက္ကသိုလ်တွေ ခဏထားလိုက်ပြီး ကိုယ်ကြိုက်တဲ့ အစားအသောက်တွေ ခေါင်းငုံ့ရှာစားလိုက်ကြသည်။
ထန်ကျန့်ရွေ့ ကြက်ပေါင်တစ်ချောင်းယူပြီး ကိုက်စားလိုက်သည်။ ရုတ်တရက် ပြောလိုက်သည်။
"ဒီအတိုင်း စားနေရတာ ပျင်းစရာကြီး၊ နောက်ခံသီချင်း မဖွင့်ကြဘူးလား"
"နင်တို့ တစ်ယောက်ယောက် သီချင်းဆိုပြပါလား" ဟွမ်ရှူးကျဲ့ အကြံပြုသည်။
ပေါင်ခွန်း ခေါင်းခါလိုက်သည်။
"တော်ပါ... နင်တို့ သီချင်းဆိုတဲ့ အသံတွေနဲ့ဆိုရင်တော့ မဆိုတာ အကောင်းဆုံးပဲ"
"ဘယ်သူပြောလဲ၊ လော့ကော သီချင်းဆိုတာ အရမ်း နားထောင်ကောင်းတယ်" ဟွမ်ရှူးကျဲ့ မကျေနပ်ဘူး။
ထန်ကျန့်ရွေ့ - "ဒါပေမဲ့ လော့ကော ဆိုချင်မှ ဆိုမှာလေ၊ တောင်းဆိုလည်း ရမှာ မဟုတ်ဘူး"
ကျုရန် မေးငေါ့ပြလိုက်သည်။
"ပုံမှန်ဆို မင်းတို့ တောင်းဆိုရင် မရပေမယ့်၊ ဒီနေ့ ကျိုးအန်းရန် ရှိနေတယ်လေ"
ကျိုးအန်းရန် - "......"
ချန်လော့ပိုင် အာလူးကြော်တစ်ထုပ် ကောက်ယူပြီး သူ့ဆီ ပစ်ပေါက်လိုက်သည်။ ရယ်မောပြီး ဆဲလိုက်သည်။
"ဘာတွေ ဆူညံနေတာလဲ၊ သူ မျက်နှာပူတတ်မှန်း မသိဘူးလား"
"သူ မျက်နှာပူတတ်တာ..." ကျုရန် အာလူးကြော်ထုပ်ကို ဖမ်းယူလိုက်သည်။ "...မင်း သိရင် ပြီးတာပဲ"
ရှောင်ဇီလင် - "ဟွန့်... ဟွန့်... ဟွန့်... လော့ကောက သဝန်တိုလိုက်တာ၊ စနောက်တာတောင် မခံဘူး"
"ဟုတ်တယ်" ထန်ကျန့်ရွေ့ ထောက်ခံသည်။ "မင်း သီချင်းတစ်ပုဒ်ဆိုပြရင် ငါတို့ မနောက်တော့ဘူး"
"ဟုတ်တယ်... မ..." ဟွမ်ရှူးကျဲ့ ချောင်းဟန့်လိုက်သည်။ "...ကျိုးအန်းရန်လည်း မင်း သီချင်းဆိုတာ မကြားဖူးသေးဘူးမလား"
ချန်လော့ပိုင် ဘေးနားက မျက်နှာရဲနေတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်သည်။
"နားထောင်ချင်လား"
ကျိုးအန်းရန် သူ သီချင်းဆိုတာ တကယ် မကြားဖူးသေးဘူး။ ခေါင်းညိတ်လိုက်သည်။
"နားထောင်ချင်တယ်"
"ဘာနားထောင်ချင်လဲ" ချန်လော့ပိုင် မေးလိုက်သည်။
ကျိုးအန်းရန် သူ ဘာဆိုတတ်လဲ မသိဘူး။
"ကြိုက်တာဆို"
ချန်လော့ပိုင် ဖုန်းထုတ်ပြီး ရှာလိုက်သည်။
မကြာမီ သာယာတဲ့ တီးလုံးသံ ထွက်ပေါ်လာသည်။ ပြီးတော့ ကောင်လေးရဲ့ နိမ့်ပြီး နားထောင်လို့ကောင်းတဲ့ အသံ ထွက်ပေါ်လာသည်။ ကန်တုံသီချင်း။
ကျိုးအန်းရန် စာသားနားမလည်ပေမယ့် ချန်လော့ပိုင်ဘေးမှာ ထိုင်နေတော့ သူ့ဖုန်းမျက်နှာပြင်ပေါ်က စာသားတွေကို မြင်နေရသည်။
"နင် ဘာလို့ စကားမပြောဘဲ နေနေတာလဲ၊ မပျော်တာရှိရင် ပြောပြလေ"
"မျှော်လင့်ထားတာနဲ့ လက်တွေ့ ကွာခြားနေရင်လည်း မကြောက်ပါနဲ့"
"ငါ တည်ငြိမ်စွာ နားထောင်ပေးနေမယ်"
"နင့်ဘေးနားမှာ အမြဲ ရှိနေပေးမယ်၊ နင်နဲ့အတူ ရှေ့ဆက်တိုးမယ်၊ နောက်ဆုတ်မယ်"
ဒီသီချင်းက အနိမ့်အမြင့် သိပ်မရှိပေမယ့် သူ တိုးတိုးလေး ဆိုလိုက်တော့ ဖြည်းဖြည်းချင်း ပြောပြနေသလို နားထောင်လို့ ကောင်းနေသည်။
ဆူညံနေတဲ့ တောင်ကုန်းလေး တိတ်ဆိတ်သွားသည်။
"ငါ ဝမ်းသာတယ်လို့ ပြောပါရစေ"
ဒီစာကြောင်း ဆိုပြီးတော့ စာသားဖတ်နေတဲ့ ကောင်လေးက သူမဘက် လှည့်ကြည့်လာတာ ကျိုးအန်းရန် တွေ့လိုက်ရသည်။
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ခပ်ဖွဖွ ကွေးတက်သွားသည်။
အကြည့်ချင်းဆုံနေတုန်း သူ နောက်တစ်ကြောင်း ဆက်ဆိုတာ ကြားလိုက်ရသည်။
"နင်က အမြဲတမ်း သူများထက် သာလွန်နေတယ်"
သီချင်းတစ်ပုဒ် ဆုံးသွားသည်။
ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်လာသည်။
ထန်ကျန့်ရွေ့ ကြက်ပေါင်တစ်ချောင်း ထပ်ယူလိုက်သည်။
"ငါ မှားသွားပါတယ်၊ ဒါက သီချင်းဆိုတာ မဟုတ်ပါဘူး၊ လူသတ်ကွင်း (ရိုမန့်တစ်ဆန်လွန်းလို့ သေလုမတတ် ဖြစ်သွားတာ) ပဲ"
"ဟုတ်တယ်" ဟွမ်ရှူးကျဲ့ လက်မြှောက်လိုက်သည်။ "လော့ကောကို သီချင်းထပ်မဆိုခိုင်းဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်"
ချန်လော့ပိုင် ဖုန်းသိမ်းလိုက်သည်။
"မင်းတို့ ရူးနေလား၊ မင်းတို့ပဲ ငါ့ကို အတင်းဆိုခိုင်းတာလေ"
"မင်းကိုယ်တိုင် ကျိုးအန်းရန်ကို ဆိုပြချင်တာပါ၊ ငါတို့ကို ခေါင်းစဉ်မတပ်နဲ့" ကျုရန် ဖွင့်ချလိုက်သည်။
ကျိုးအန်းရန် - "......"
ယန်ရှင်းချန်က သူငယ်ချင်းကို စနောက်ခံနေရတာ မကြည့်ရက်တော့ဘူး။
"ဒါဆို မဆိုကြနဲ့တော့၊ ငါ နောက်ခံသီချင်း ဖွင့်ပေးမယ်"
ကောင်လေးတွေလည်း မငြင်းကြတော့ဘူး။
"ကောင်းပြီ"
"အဓိကက အစားအသောက်ပဲ"
ယန်ရှင်းချန် သီချင်းဖွင့်လိုက်သည်။
ပထမဆုံးစာကြောင်း ထွက်ပေါ်လာသည်။
"ငါနဲ့ ကမ္ဘာကြီး မတူညီတဲ့အခါ၊ ငါ့ကို မတူညီခွင့် ပြုပါ"
ဒီသီချင်းကို နေရာတိုင်းမှာ ဖွင့်ဖူးတယ်။ ကျောင်းအသံလွှင့်ရုံမှာလည်း မနက်ခင်း၊ ညနေခင်းတိုင်း ဖွင့်ဖူးတယ်။ မဆိုတတ်တဲ့လူ မရှိသလောက်ပါပဲ။ သီချင်းအထွတ်အထိပ်ရောက်တော့ ဘယ်သူစလိုက်လဲ မသိဘူး၊ လိုက်ဆိုရင်းနဲ့ နောက်ဆုံးတော့ အားလုံး ဝိုင်းဆိုကြတော့သည်။
"ငါနဲ့ ငါ့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ခေါင်းမာမှု"
"ငါ လေထဲမှာ အသံကုန်အော်ပြီး သီချင်းဆိုမယ်"
"ဒီတစ်ခါတော့ ကိုယ့်အတွက် ရူးသွပ်လိုက်မယ်"
"ဒီတစ်ခါတော့ ငါနဲ့ ငါ့ရဲ့ ခေါင်းမာမှု"
.....
နေ့လည်စာကို မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီခွဲအထိ ဖြည်းဖြည်းချင်း စားလိုက်ကြသည်။
ဟိုတယ်ပြန်ဖို့ မလောကြသေးဘူး။
တချို့က စုပြီး ကျန်တဲ့မုန့်တွေစားရင်း ဖဲရိုက်ကြသည်။ ရှုံးတဲ့သူ မျက်နှာပေါ် စာရွက်ကပ်ရသည်။ တချို့က ဓာတ်ပုံရိုက်ကြသည်။ တချို့က ချောင်းဘေးမှာ ရေကစားကြသည်။
နှစ်ယောက်ကတော့ မြက်ခင်းပေါ် ခင်းထားတဲ့ ဖျာရှည်ကြီးပေါ် လှဲပြီး နေစာလှုံနေကြသည်။
နေ့လည်ခင်း နေရောင်ခြည်က မနက်కထက် ပိုပူပြင်းလာသည်။
ခဏလောက် နေစာလှုံပြီးတော့ ကျိုးအန်းရန် မျက်နှာပူလာသလို ခံစားရသည်။ လက်နဲ့ ကာလိုက်ချင်ပေမယ့် ပျင်းရိပြီး မလှုပ်ချင်ဘူး။
စိတ်ချင်းဆက်နေသလို လက်ကြီးတစ်ဖက်က သူမမျက်နှာရှေ့ ရောက်လာပြီး အရိပ်သေးသေးလေး မိုးပေးလိုက်သည်။
ချန်လော့ပိုင်အသံက သူမနားကပ်ပြီး ထွက်ပေါ်လာသည်။
"ဘာလို့ ငါ့စားပွဲအံဆွဲထဲ သကြားလုံးနှစ်လုံး ခိုးထည့်ခဲ့တာလဲ"
ကျိုးအန်းရန် သူ့လက်ဖဝါးက အရေးအကြောင်းလေးတွေကို ကြည့်ပြီး တိုးတိုးလေး ပြန်ဖြေသည်။
"ဘာလို့လဲဆိုတော့ အဲဒီနေ့က နင် အရမ်း မပျော်မရွှင် ဖြစ်နေလို့လေ"
"ဒါကြောင့်ပဲလား" ချန်လော့ပိုင် မေးလိုက်သည်။
ကျိုးအန်းရန် - "အင်း"
ချန်လော့ပိုင် တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"နင် တုံးလိုက်တာ"
ကျိုးအန်းရန် - "......"
ကောင်လေးလက်က ရုတ်တရက် ဖယ်ရှားသွားသည်။ မျက်စိရှေ့က အရိပ်ပျောက်ကွယ်သွားပြီး အရိပ်ကြီးတစ်ခု ဖုံးလွှမ်းလာသည်။ ကျိုးအန်းရန် သူ့အပေါ် အုပ်မိုးထားတဲ့ ကောင်လေးကို ကြောင်ငေးကြည့်လိုက်သည်။
"နင် ဘာလုပ်မလို့လဲ"
ချန်လော့ပိုင် - "ပါးစပ်ဟ"
ကျိုးအန်းရန် - "......"
"နင် တကယ် ဘာလုပ်မလို့လဲ"
"အရင် ဟလိုက်" ချန်လော့ပိုင် စကားရပ်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ "ဘာပဲဖြစ်ဖြစ် နမ်းမှာတော့ မဟုတ်ပါဘူး။ ပြောထားတယ်မလား... ဆရာကောင်းကို ကတိပေးထားလို့ ကျောင်းမပြီးခင် နင်နဲ့ တရားဝင် မတွဲဘူးဆိုတာ"
ကျိုးအန်းရန် - "!"
သူမ မျက်နှာ ချက်ချင်း ရဲတက်သွားသည်။ မျက်စောင်းထိုးလိုက်မိသည်။
ချန်လော့ပိုင် ပခုံးတုန်အောင် ရယ်မောလိုက်သည်။
ဒီလူက သူမကို အနိုင်ကျင့်ပြီးတိုင်း စိတ်အခြေအနေ အရမ်းကောင်းနေတတ်တယ်။
"မဟရင် တကယ် နမ်းလိုက်မှာနော်"
ကျိုးအန်းရန် - "......"
သူမ ပါးစပ် နည်းနည်း ဟပေးလိုက်သည်။
ပစ္စည်းတစ်ခု ပါးစပ်ထဲ ဝင်လာသည်။
ချဉ်စုတ်စုတ် လီမွန်အရသာ၊ ပူဖောင်းသေးသေးလေးတွေ ပါးစပ်ထဲ ပေါက်ကွဲနေသလိုပဲ။
အဲဒီ လီမွန်ဆိုဒါသကြားလုံး ထင်တယ်။
ဒါပေမဲ့ သူမ အရသာမခံနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ စောစောက ကောင်လေးက သူမပါးစပ်ထဲ သကြားလုံးထည့်ပေးတုန်း လက်ချောင်းထိပ်လေးတွေက သူမနှုတ်ခမ်းကို မတော်တဆ ထိမိသွားလို့လေ။
ကျိုးအန်းရန် မျက်နှာ ပိုပူလာသည်။ ရင်ထဲမှာလည်း ပူဖောင်းလေးတွေ ပေါက်ကွဲနေသလိုပဲ။
ချန်လော့ပိုင် ဒီအချိန်မှာ ခေါင်းငုံ့ပြီး တိုးကပ်လာသည်။
ကျိုးအန်းရန် အသက်ရှူ ရပ်တန့်သွားသည်။
အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်။ နီးကပ်လွန်းလို့ ချန်လော့ပိုင်က သူမရဲ့ ရဲနေတဲ့ မျက်နှာလေးပေါ်က မွေးညင်းနုလေးတွေကို မြင်နေရသည်။ သူ လက်ချောင်းလေးတွေ တွန့်ကွေးသွားသည်။ ခုနက နူးညံ့တဲ့ အထိအတွေ့လေး ကျန်နေသေးသလိုပဲ။
နှစ်ယောက်ကြားက အကွာအဝေးက တစ်လက်မလောက်ပဲ လိုတော့သည်။
လက်မဝက်။
ချန်လော့ပိုင် ရပ်တန့်လိုက်သည်။ လည်စလုတ် လှုပ်ရှားသွားသည်။
လက်ချောင်းလေးတွေ တင်းကြပ်သွားသည်။
နောက်ဆုံးတော့ ချက်ချင်း နောက်ဆုတ်လိုက်ပြီး ဖျာရှည်ကြီးပေါ် ပြန်လှဲချလိုက်သည်။
ကောင်းကင်က မြင့်မားနေသည်။
တိမ်ဖြူဖြူလေးတစ်တိမ် ဖြည်းဖြည်းချင်း လွင့်မျောသွားသည်။
ကျိုးအန်းရန် အသက်ရှူမှန်အောင် ညှိလိုက်ပြီး ရင်ခုန်သံ ထိန်းလိုက်သည်။ ကောင်လေးအသံ နားနားကပ်ပြီး ထပ်ထွက်လာတာ ကြားလိုက်ရသည်။ အားကစားပွဲတော် မနက်ခင်းတုန်းကလို နောင်တရနေသလို၊ တစ်စုံတစ်ရာကို ဖိနှိပ်ထားသလိုပါပဲ။
"မြန်မြန် ကျောင်းပြီးချင်လိုက်တာ"
ကျိုးအန်းရန် ငြိမ်သက်စပြုနေတဲ့ ရင်ခုန်သံတွေ ပြန်မြန်ဆန်လာပြန်သည်။
တိမ်တိုက်လေးတွေ ကောင်းကင်မှာ ဖြည်းဖြည်းချင်း လွင့်မျောနေတုန်းပဲ။
နေရောင်ခြည်က မျက်စိကျိန်းမတတ် တောက်ပနေပြီး နွေးထွေးနေသည်။
ခဏကြာတော့ နှစ်ယောက်လုံး စကားမပြောကြဘူး။
ကျုရန်အသံ မလှမ်းမကမ်းကနေ ထွက်ပေါ်လာမှ သတိဝင်လာကြသည်။
"ချန်လော့ပိုင်... မင်းတို့ စကားပြောလို့ ပြီးပြီလား၊ ချောင်းဘေး လာကစားကြ"
ယန်ရှင်းချန်လည်း လှမ်းအော်သည်။
"ရန်ရန်... မြန်မြန်လာ၊ ဒီမှာ ရေတွေ အရမ်းကြည်တယ်၊ ငါးတွေလည်း အများကြီးပဲ"
ချန်လော့ပိုင် ခေါင်းစောင်းလိုက်သည်။
"သွားမလား"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ "သွားမယ်"
မြက်ခင်းပေါ်က ထလိုက်တော့ ချန်လော့ပိုင်က သူမဘက် လှည့်ပြီး လက်ကမ်းပေးလိုက်သည်။
ကျိုးအန်းရန် လက်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ ပြီးတော့ လက်ကောက်ဝတ်ကို သူ ဆွဲထားလိုက်သည်။
နှစ်ယောက်သား နေရောင်ခြည်ကို မျက်နှာမူပြီး ချောင်းဘေးကို ပြေးသွားကြသည်။
***