← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

လီမွန်ဆိုဒါသကြားလုံး

အခန်း ၇၉ ။ အထက်တန်းကျောင်း IF Line

နောက်ပိုင်းရက်တွေက တကယ်ပဲ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားသလို ခံစားရတယ်။

နှစ်ဝက်စာမေးပွဲမှာ ကျိုးအန်းရန် အဆင့်နည်းနည်း တက်လာပြီး ပထမဆုံးအကြိမ်အဖြစ် အတန်းလိုက် ပထမ ၄၀ ဝင်သွားတယ်။

အဲဒီနောက်ပိုင်း ချန်လော့ပိုင်က သူမကို ပုစ္ဆာတွေ ဆက်ရှင်းပြပေးနေတုန်းပဲ။ သူမကလည်း သူမအနောက်ခုံ သူ့နေရာကို မကြာခဏ ပြောင်းထိုင်နေတုန်းပဲ။

တစ်ခါတုန်းက ကျန်းရူရှန်းက အနောက်ကနေ ပုစ္ဆာရှင်းပြသံ ကြားတော့ ကျုရန်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။

"သူတို့နှစ်ယောက်က မတွဲဘဲနဲ့ ဒီမှာ နေ့တိုင်း စာပဲလုပ်နေကြတာ၊ ငါတို့ကို ငါးဆားနယ်တွေလို (ပျင်းရိသူတွေလို) ခံစားရစေတယ်"

ကျုရန် ထောက်ခံလိုက်သည်။

"ငါလည်း အတူတူပဲ"

ကျန်းရူရှန်း - "ချန်လော့ပိုင် ရှင်းပြနေတဲ့ပုစ္ဆာ ငါလည်း မှားထားတယ်"

ကျုရန် - "ငါရောပဲ"

ပြောပြီးတာနဲ့ အနောက်က စားပွဲကို လှမ်းခေါက်လိုက်သည်။

"ချန်မျိုးရိုး... မင်းတို့က ဘာပဲဖြစ်ဖြစ် ပုစ္ဆာရှင်းပြနေတာပဲ၊ တီးတိုးစကား ပြောနေတာမှ မဟုတ်တာ၊ ငါတို့ပါ နားထောင်ရင် အဆင်ပြေတယ်မလား"

ချန်လော့ပိုင် မော့ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။

"နားထောင်ချင်ရင် နားထောင်လေ"

အဲဒီနောက်ပိုင်း သူက ပုစ္ဆာရှင်းပြပြီး ကျိုးအန်းရန်၊ အရှေ့က ကျုရန်၊ ကျန်းရူရှန်းတို့ အတူနားထောင်တာမျိုး မကြာခဏ ဖြစ်လာတယ်။

ကျိုးအန်းရန်က ရှင်းပြဖို့ လိုအပ်တဲ့ပုစ္ဆာ သိပ်မများဘူး။ သူ့စာလုပ်ချိန်ကိုလည်း မနှောင့်ယှက်ချင်ဘူး။ နောက်ဆုံးတော့ ညနေစာလေ့လာချိန် မစခင် မိနစ် ၂၀ ကို သတ်မှတ်လိုက်ကြတယ်။ ရှင်းပြစရာရှိရင် သူက ကူရှင်းပြပေးတယ်။ မရှိရင် သူတို့ အတူထိုင်ပြီး ကိုယ့်အိမ်စာကိုယ် လုပ်ကြတယ်။

နောက်ပိုင်း ထန်ကျန့်ရွေ့တို့လည်း ပုစ္ဆာလာနားထောင်ကြတယ်။

တစ်ခါတုန်းက ကျောင်းအုပ်ကြီး ကျောက်ချီမင် အခန်း (၂)ရှေ့ ဖြတ်သွားတော့ လူအုပ်ကြီး စုဝေးနေတာတွေ့ပြီး သူတို့ မကောင်းတာတစ်ခုခု လုပ်နေတာများလားလို့ ထင်သွားတယ်။ တိတ်တိတ်လေး ဝင်လာပြီး မိနစ်အနည်းငယ်လောက် ခိုးနားထောင်တယ်။ နောက်ဆုံးတော့ ကျေနပ်တဲ့ မျက်နှာထားနဲ့ လက်နောက်ပစ်ပြီး ပြန်ထွက်သွားတယ်။

နောက်ပိုင်း အဆင့်လိုက် အစည်းအဝေးတစ်ခုမှာ ကျောက်ချီမင်က သူတို့အခန်းရဲ့ စာလုပ်တဲ့ အငွေ့အသက် ကောင်းမွန်ကြောင်း လူပုံအလယ် ချီးကျူးလိုက်သေးတယ်။

ကျုရန်က အောက်မှာ ရယ်ချင်စိတ်ကို အောင့်ထားလွန်းလို့ မျက်နှာရဲနေတာ ကျိုးအန်းရန် တွေ့လိုက်ရတယ်။

သူ့ဘေးနားက လူကတော့ အေးအေးဆေးဆေးပါပဲ။ သူမအကြည့်နဲ့ ဆုံသွားမှ မျက်ခုံးပင့်ပြလိုက်တယ်။

နောက်လစဉ်စာမေးပွဲမှာ ကျိုးအန်းရန် အဆင့်ထပ်တက်လာပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ စာသင်နှစ်တစ်နှစ်လုံး ကုန်ဆုံးသွားသည်။

စာသင်နှစ်အဆုံး စာမေးပွဲပြီးတော့ ပုံမှန်အတိုင်း အတန်းပိုင်အချိန်ရှိသည်။

ပြီးသွားတော့ ကျိုးအန်းရန် မနှစ်ကလို သူ ပစ္စည်းသိမ်းတာကို ခိုးကြည့်စရာမလိုတော့ဘူး။

ချန်လော့ပိုင်က သူ့ပစ္စည်းတွေ သိမ်းပြီးတာနဲ့ သူမစားပွဲဘေး မှီရပ်ပြီး သူမသိမ်းတာကို စောင့်နေတယ်။

သူမလည်း သူ့အနောက်ကနေ ခိုးလိုက်စရာ မလိုတော့ဘူး။ သူ့ဘေးနားကနေ၊ သူမသူငယ်ချင်းတွေ၊ သူ့သူငယ်ချင်းတွေနဲ့အတူ လူအုပ်ကြီးလိုက် ကျောင်းဝကနေ ထွက်လာခဲ့တယ်။

ကျောင်းပေါက်ဝကထွက်တော့ သူက သူမနဲ့ ချက်ချင်း လမ်းမခွဲဘဲ ဘတ်စ်ကားမှတ်တိုင်အထိ လိုက်ပို့ပေးတယ်။

မနှစ်က စိတ်ထဲမှာပဲ ပြောရဲခဲ့တဲ့ စကားနှစ်ခွန်းကို ကျိုးအန်းရန် နောက်ဆုံးတော့ သူ့ကို ထုတ်ပြောရဲလာခဲ့ပြီ။

"နှစ်ကူးမှာ ပျော်ရွှင်ပါစေ၊ နောက်စာသင်နှစ်ကျမှ တွေ့မယ်"

ချန်လော့ပိုင် သူမကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးမှ လက်မြှောက်ပြီး သူမပါးကို ဆွဲလိုက်သည်။

ကျိုးအန်းရန် ပါးကို အုပ်ထားပြီး နှာခေါင်းရှုံ့ကာ မော့ကြည့်လိုက်သည်။

ကောင်လေးက သူမကို အနိုင်ကျင့်ပြီးရင် ပျော်နေတတ်တဲ့ ပုံစံအတိုင်းပါပဲ။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်နေပြီး လူငယ်ဆန်စွာ တောက်ပနေသည်။

"နောက်စာသင်နှစ်ကျမှ မတွေ့ပါနဲ့၊ ဆောင်းရာသီ ကျောင်းပိတ်ရက်ကျရင်လည်း တွေ့ကြတာပေါ့"

ဆောင်းရာသီ ကျောင်းပိတ်ရက်မှာလည်း အိမ်စာတွေက မကုန်နိုင်ပါဘူး။

.....

သူနဲ့ မတွေ့ရသေးခင် သတင်းကောင်းတစ်ခု အရင် ရောက်လာသည်။

ကျိုးချင်းဆွေက ဦးလေးဆီက အလုပ်ထွက်လိုက်ပြီး နောက်နှစ်ကျရင် မင်ရှန်းရုံးချုပ်မှာ အလုပ်ဝင်တော့မယ်တဲ့။

အလုပ်ထွက်တာ အောင်မြင်တဲ့ညနေမှာ အမေဟယ်က ဂုဏ်ပြုတဲ့အနေနဲ့ ဟင်းပွဲကြီးတစ်ပွဲ ချက်ကျွေးတယ်။

ကျိုးအန်းရန်က မိဘနှစ်ပါးနဲ့ ညစာစားပြီးတော့ ဧည့်ခန်းမှာ ခဏလောက် စကားပြောကာ အိပ်ခန်းထဲ ပြန်ဝင်လာသည်။ တိတ်တဆိတ် ဖုန်းထုတ်ပြီး ပေကျင်းက ဆွေမျိုးအိမ် အလည်သွားနေတဲ့ တစ်ယောက်သောသူဆီ WeChat ပို့လိုက်သည်။

ကျိုးအန်းရန် - [သတင်းကောင်းတစ်ခု ပြောပြစရာ ရှိတယ်]

ဟိုဘက်က စာပြန်တာ မြန်သည်။

C - [ငါ့ကို လွမ်းလို့လား]

ကျိုးအန်းရန် မျက်နှာပူသွားသည်။

[မဟုတ်ပါဘူး]

C - [ဟုတ်လား]

C - [ဒါဆို ငါလည်း နင့်ကို မလွမ်းတော့ဘူး]

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

[အရေးကြီးကိစ္စ ပြောမလို့ပါ]

C - [အင်း]

C - [ပြောလေ]

ကျိုးအန်းရန် - [ဖေဖေက အလုပ်ပြောင်းတော့မလို့လေ၊ အရင်က သွားမလို့လုပ်တဲ့ ကုမ္ပဏီပဲ၊ ဒါပေမဲ့ ဒီတစ်ခါ နန်ချန်ရုံးချုပ်မှာ]

C - [ဒါဆို အောင်ပွဲခံသင့်တာပေါ့]

ကျိုးအန်းရန်က အမေ ဒီနေ့ ဟင်းပွဲကြီး ချက်ကျွေးတယ်လို့ ပြောမလို့လုပ်တုန်း သူ့ဆီက နောက်ထပ် စာတစ်စောင် ဝင်လာသည်။

C - [ဒီနေ့ အရမ်း နောက်ကျနေပြီ]

C - [မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို လက်ဆောင် လာပို့ခိုင်းလိုက်မယ်]

....

ကျိုးအန်းရန် နောက်တစ်နေ့ နေ့လည်မှာ သူ့လက်ဆောင် ရရှိလိုက်သည်။

ပါဆယ်ဘူး ဖွင့်ကြည့်လိုက်တော့ အထဲမှာ လက်ဆောင်ဘူး သေးသေးလေးတစ်ဘူး တွေ့လိုက်ရသည်။

လက်ဆောင်ဘူးထဲမှာ ယုန်ရုပ် ချိတ်ဆွဲပစ္စည်းလေး နောက်တစ်ခု ပါလာသည်။

သူမလွယ်အိတ်မှာ ချိတ်ထားတဲ့ဟာနဲ့ ပုံစံဆင်တူပေမယ့် အရွယ်အစားက အများကြီး သေးတယ်။ သူမလက်ဖဝါးရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိမယ်။ ပစ္စည်းလေးတွေ သေးသွားရင် ချစ်စရာကောင်းမှုက အဆပေါင်းများစွာ တိုးလာသလိုပါပဲ။

ကျိုးအန်းရန် ယုန်ရုပ်လေးကို ဘူးထဲက ဖွဖွလေး ထုတ်လိုက်သည်။ ဖုန်းမှာ ချိတ်မလို့ လုပ်တုန်း ယုန်ရုပ်အောက်မှာ ကတ်လေးတစ်ကတ် ရှိနေတာ တွေ့လိုက်ရသည်။

ယုန်ရုပ်ကို ဘေးချပြီး ကတ်ကို ဖွင့်ကြည့်လိုက်သည်။

အပေါ်မှာ သူ ရင်းနှီးလွန်းတဲ့ လက်ရေးနဲ့ ရေးထားတာက...

"ရက်စက်ပြီး ငါ့ကို နည်းနည်းလေးမှ မလွမ်းတဲ့ အရှေ့ခုံဖော်လေးအတွက် လက်ဆောင်"

...

ရက်စက်ပြီး သူ့ကို နည်းနည်းလေးမှ မလွမ်းတဲ့ အရှေ့ခုံဖော်လေးက နောက်ဆုံးတော့ နှစ်သစ်ကူးပြီးမှ သူနဲ့ တွေ့ရသည်။ သူတို့ လူအုပ်ကြီး နှစ်သစ်ကူးရုပ်ရှင် အတူသွားကြည့်ကြတာပင်။

ကျိုးအန်းရန် ယန်ရှင်းချန်တို့နဲ့ မစ်တီးသွားဝယ်တုန်းက သူ့ကို သောက်ဦးမလားလို့ သေချာမေးခဲ့သေးတယ်။ သူက မသောက်ဘူးတဲ့။

ဒါပေမဲ့ ရုပ်ရှင်ပြလို့ တစ်ဝက်လောက် ရောက်တော့ ကျိုးအန်းရန်က သူ့ဆီက လန်းဆန်းတဲ့ ကိုယ်သင်းနံ့ ရုတ်တရက် နီးကပ်လာတာ ခံစားလိုက်ရသည်။ အသံက နားနားကပ်ပြီး ထွက်ပေါ်လာသည်။ အသံကို တော်တော် နှိမ့်ထားသည်။

"ကျိုးအန်းရန်... ငါ ရေဆာပြီ"

ကျိုးအန်းရန် ခေါင်းစောင်းကြည့်လိုက်သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ကောင်လေးရဲ့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံတွေ့သွားသည်။

သူမလည်း တိုးတိုးလေး ပြန်ပြောသည်။

"ပွဲမစခင်က မေးတော့ နင် မသောက်ဘူးဆို"

ချန်လော့ပိုင် အကြည့်က သူမလက်ထဲက မစ်တီးပေါ် တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။ အသံက ပိုတိုးသွားသလိုပဲ။

"ငါ့ကို သောက်ခွင့်ပြုမလား"

ကျိုးအန်းရန် နားရွက်လေး ပူသွားသည်။ မျက်တောင်တွေ အောက်စိုက်ကျသွားပေမယ့် လက်ကို ပြန်မရုတ်လိုက်ဘူး။

ခွင့်ပြုလိုက်တဲ့ ပုံစံမျိုး။

တစ်စက္ကန့်အကြာမှာ သူမလက်ထဲက မစ်တီးခွက်ကို ဖြူဝင်းသွယ်လျတဲ့ လက်ကြီးတစ်ဖက်က လာအုပ်ကိုင်လိုက်သည်။

ကောင်လေးက ခေါင်းငုံ့ပြီး သူမပိုက်ကို ငုံလိုက်တာ တွေ့လိုက်ရသည်။

မျက်နှာက ချက်ချင်း ပူထူသွားသည်။

...

အဲဒီနေ့က နှစ်သစ်ကူးရုပ်ရှင်က သာမန် အမှတ် ၆၊ ၇ လောက်ပဲရတဲ့ စီးပွားရေးဆန်တဲ့ ဇာတ်ကားမျိုးပါ။ ကျိုးအန်းရန် မကြာခင် အကြောင်းအရာကို မေ့သွားတယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ရင်ခုန်သံ မြန်ဆန်လာတာတွေ၊ ကောင်လေးက သူမပိုက်ကို ကိုက်ပြီး သူမဘက် လှည့်ကြည့်လာတဲ့ အကြည့်တွေကိုတော့ အကြာကြီး မှတ်မိနေခဲ့တယ်။

...

အထက်တန်း ဒုတိယနှစ် ဒုတိယစာသင်နှစ်မှာ ချန်လော့ပိုင်က သူမပေးတဲ့ လက်ပတ်ကို ဝတ်ပြီး အခန်း (၂) ကို ကျောင်းတွင်း ဘတ်စကက်ဘောပြိုင်ပွဲ ချန်ပီယံဆုရအောင် ဦးဆောင်ပေးခဲ့တယ်။

ဒီနှစ်မှာ ကျိုးအန်းရန် အရပ်စင်တီမီတာ အနည်းငယ် ရှည်လာသည်။ အထက်တန်း တတိယနှစ် ပထမစာသင်နှစ် ကျောင်းဖွင့်လို့ အတန်းထဲရောက်တော့ သူမနေရာသစ်နဲ့ ချန်လော့ပိုင်နေရာ ကပ်နေတာ တွေ့လိုက်ရသည်။ ဆိုလိုတာက သူမနဲ့ တစ်ယောက်သောသူ တရားဝင် တွဲဖက်ခုံ ဖြစ်သွားပြီ။

ဒါကြောင့် ဒီစာသင်နှစ်မှာ သူမအရှေ့ခုံမှာ ထိုင်ရတဲ့ ကျန်းရူရှန်းက ကျောင်းဖွင့်စ ပထမရက်မှာ ခဏခဏ လှည့်ကြည့်ပြီး "ငါ့ကို ဒီလိုပဲ ပစ်ထားလိုက်တော့မှာလား" ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်နေတော့သည်။

ဒါကြောင့် နောက်တစ်နေ့မနက်မှာ ကျိုးအန်းရန်က အိမ်ကနေ အမေဟယ် လုပ်ပေးလိုက်တဲ့ ပဲစိမ်းရေခဲမုန့်ယူလာပြီး ကျန်းရူရှန်းကို ချော့လိုက်ရသည်။

အရှေ့ခုံဖော်အသစ်ကို ချော့လို့ပြီးတော့ တွဲဖက်ခုံအသစ်က စိတ်မပျော်မရွှင် ဖြစ်နေပြန်သည်။ ကောင်လေးအသံက သူမနားနားကပ်ပြီး အေးစက်စက် ထွက်ပေါ်လာသည်။

"ငါ့ကိုကျတော့ ဘာလို့ မယူလာပေးတာလဲ"

ကျိုးအန်းရန် သူ့အကြိုက်ကို ရင်းနှီးနေပြီမို့ ခေါင်းငဲ့ကြည့်လိုက်သည်။

"နင်မှ မကြိုက်တာ"

"ဘယ်သူက ငါ မကြိုက်ဘူး ပြောလို့လဲ" ချန်လော့ပိုင် သူမလက်ထဲက တစ်ဝက်ကျန်နေတာကို လှမ်းလုလိုက်သည်။

ကျိုးအန်းရန် - "......"

အထက်တန်း တတိယနှစ် ရောက်တော့ အချိန်တွေက ပိုမြန်ဆန်လာသလိုပဲ။ နေ့တိုင်း ပျင်းစရာကောင်းတဲ့ စာတွေ ကျက်ရတယ်။ မကုန်နိုင်တဲ့ ပုစ္ဆာတွေ ဖြေရတယ်။ ရက်ရေတွက်တဲ့ နာရီက ဂဏန်းတွေကလည်း မြန်မြန်ဆန်ဆန် လျော့နည်းလာတယ်။

ပင်ပန်းတာတော့ ပင်ပန်းတာပေါ့။

ဒါပေမဲ့ တခါတလေ ကျိုးအန်းရန် ပုစ္ဆာဖြေလို့ မောလာရင် ခေါင်းနည်းနည်း စောင်းကြည့်လိုက်တာနဲ့ ဘေးနားက ကောင်လေးက ခေါင်းငုံ့ပြီး ပုစ္ဆာဖြေနေတာ တွေ့လိုက်ရတယ်။ ဘေးတိုက်မျက်နှာက ချောမောလှပနေပြီး ဘယ်နှခါကြည့်ကြည့် ရင်ခုန်ရတဲ့ ပုံစံမျိုးပါပဲ။

ဒါနဲ့ ဆက်ပြီး အံကြိတ်ကြိုးစားဖို့ အားအင်တွေ ရလာပြန်တယ်။

တက္ကသိုလ်တစ်ခုတည်း အတူတက်မယ်လို့ ကတိပေးထားတယ်လေ။

တခါတလေ သူမ ခေါင်းငုံ့ပြီး ပုစ္ဆာဖြေနေတုန်း ဘေးနားကနေ လက်တစ်ဖက် ရောက်လာပြီး သူမပါးစပ်ထဲ လီမွန်ဆိုဒါသကြားလုံး တစ်လုံး ထည့်ပေးတတ်တယ်။ အများစုက လီမွန်အရသာ ဖြစ်ပေမယ့်၊ တခါတလေ တခြားအသီးအရသာတွေလည်း ပါတယ်။

ပါးစပ်ထဲမှာ ပူဖောင်းလေးတွေ ပေါက်ကွဲသွားတဲ့ ခံစားချက်ကလည်း စိတ်ကြည်လင် လန်းဆန်းစေတယ်။

ဒီလို အတူနေထိုင်တဲ့ အသေးစိတ်အချက်အလက်လေးတွေကြောင့် ဖြစ်မယ်၊ နောက်ပိုင်း ပြန်စဉ်းစားကြည့်ရင် နေ့တိုင်းက အမှတ်တရ ဖြစ်စရာ ကောင်းနေသလိုပဲ။

....

အထက်တန်း တတိယနှစ် ပထမစာသင်နှစ်မှာ ကျိုးအန်းရန် အမှတ်က အတန်းလိုက် ထိပ်ဆုံး ၁၀ ယောက်ထဲမှာ တည်ငြိမ်နေပြီ။ ဒုတိယစာသင်နှစ် ရောက်တော့ စာမေးပွဲခန်းထဲမှာ ချန်လော့ပိုင်နဲ့ အနီးဆုံး ဖြစ်တဲ့အချိန်ဆိုရင် ကြားထဲမှာ လူ ၂ ယောက်လောက်ပဲ ခြားတော့တယ်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူတို့ အများစု အမှတ် (၂) ကျောင်းမှာပဲ ဖြေကြတယ်။

ကျိုးအန်းရန်နဲ့ ချန်လော့ပိုင်လည်း အတူတူပဲ။

ဒါပေမဲ့ ကျိုးချင်းဆွေနဲ့ ဟယ်ကျားယီတို့က ခွင့်ယူပြီး လာစောင့်ပေးကြတော့ ကျိုးအန်းရန်နဲ့ သူ တွေ့ဖို့ အခွင့်အရေး သိပ်မရဘူး။ စာမေးပွဲ ပထမနေ့ မနက်ပိုင်းမှာ တိတ်တဆိတ် တစ်ခါပဲ တွေ့လိုက်ရတယ်။

နှစ်ရက်တာ စာမေးပွဲက အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည်။

နောက်ဆုံးဘာသာ ဖြေပြီးလို့ ကျိုးအန်းရန် ကျောင်းဝကနေ ထွက်လာတော့ အပြင်မှာ စောင့်နေတဲ့ မိဘနှစ်ပါးက မေးချင်ပေမယ့် မမေးရဲ ဖြစ်နေတဲ့ မျက်နှာထားတူတူနဲ့ စောင့်နေကြတာ တွေ့လိုက်ရသည်။

သူမ သူတို့အနား လျှောက်သွားလိုက်သည်။

"ဖေဖေ၊ မေမေ" ကျိုးအန်းရန် တစ်ယောက်ချင်းစီ ခေါ်လိုက်ပြီး ဦးဆောင် ပြောလိုက်သည်။ "သမီး ဖြေနိုင်လောက်ပါတယ်"

ဒါကြောင့် မိဘနှစ်ပါးက ကျေနပ်ပြီး စိတ်အေးသွားတဲ့ မျက်နှာထားတွေ ပြိုင်တူ ပေါ်လာကြသည်။

ဟယ်ကျားယီက ပြုံးပြီး မေးလိုက်သည်။

"ဒီည အိမ်ပြန်ထမင်းမစားတာ သေချာတယ်မလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ရှင်းရှင်းတို့၊ တခြားအတန်းဖော်တွေနဲ့အတူ ထမင်းသွားစားဖို့ ချိန်းထားလို့"

ကျိုးချင်းဆွေ မေးသည်။

"ဒါဆို ဖေဖေတို့ လိုက်ပို့ပေးရမလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မလိုပါဘူး၊ သမီးတို့ ၁၀ ယောက်လောက် ရှိတယ်၊ ဖေဖေတို့ စောစောပြန်နားလိုက်ပါ"

"ကောင်းပြီ" ဟယ်ကျားယီက မှာလိုက်သည်။ "ညကျရင်လည်း အရမ်း နောက်မကျစေနဲ့၊ စောစော ပြန်လာခဲ့"

ကျိုးအန်းရန် လက်ခံလိုက်သည်။

"ဟုတ်ကဲ့ပါ မေမေ"

...

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရက်တွေဆိုရင် အမှတ် (၂) ကျောင်းအပြင်ဘက်က ကားပါကင်နေရာ အကြီးအသေး အကုန်လုံး ပြည့်နေတတ်တယ်။

သူတို့ကားက ဒီနေ့ညနေ နောက်ကျမှရောက်လို့ မီတာ ရာဂဏန်းလောက် ဝေးတဲ့နေရာမှာ ရပ်ထားရတယ်။

ကျိုးအန်းရန် နေရာမှာ ရပ်နေပြီး မိဘတွေ ကျောပြင် မြင်ကွင်းထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကြည့်နေလိုက်သည်။

သူမ စာမေးပွဲခန်းက ကျောင်းဝနဲ့ အနီးဆုံးမို့ တခြားလူတွေလည်း အခုလောက်ဆို ထွက်လာလောက်ပြီထင်ပြီး ကျိုးအန်းရန် နောက်လှည့်မလို့ လုပ်တုန်း လွယ်အိတ်ကို အနောက်ကနေ ဆွဲခံလိုက်ရသည်။

ဒီတစ်ခါတော့ လှည့်ကြည့်စရာတောင် မလိုတော့ပါဘူး။

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

"ချန်လော့ပိုင်... နင် ငါ့ယုန်ရုပ်လေးကို ထပ်ဆွဲပြန်ပြီ"

သူမကို ပြန်ဖြေလိုက်တာက ကောင်လေးရဲ့ ပျော်ရွှင်တဲ့ ရယ်မောသံ။ သူ လက်ကို သူမပခုံးပေါ် ဖွဖွလေး တင်လိုက်သည်။ အသံက ဘေးကနေ ထွက်ပေါ်လာသည်။

"ဖြေနိုင်လား"

"အဆင်ပြေပါတယ်" ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ "နင်ကော"

နေမဝင်သေးဘူး။

ရွှေရောင်နေရောင်ခြည်က ကောင်လေးရဲ့ ချောမောတဲ့ ဘေးတိုက်မျက်နှာပေါ် ကျရောက်နေသည်။ နှုတ်ခမ်းထောင့်စွန်းမှာလည်း အပြုံးရိပ်တွေ ရှိနေသည်။ လေသံက မောက်မာနေတုန်းပဲ။

"သာမန်ပါပဲ၊ သိပ္ပံထူးချွန်ကျောင်းသား အဆင့်လောက်ပါပဲ"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ပိုကွေးတက်သွားသည်။ မေးလိုက်သည်။

"ငါတို့ ဒီမှာပဲ တခြားလူတွေကို စောင့်ကြမလား"

ချန်လော့ပိုင် အကြည့်က သူမနှုတ်ခမ်းဘေးက ပါးချိုင့်လေးပေါ် နှစ်စက္ကန့်လောက် ရပ်တန့်သွားသည်။

"မစောင့်တော့ပါဘူး၊ သူတို့ဘာသာ အရင်သွားကစားခိုင်းလိုက်၊ ဟိုမှာ ဧည့်ခံမယ့်လူ ရှိပါတယ်။ နင် ငါနဲ့ လိုက်ခဲ့မလား"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ဘယ်သွားမလို့လဲ"

ချန်လော့ပိုင်လည်း ရုတ်တရက် စိတ်ကူးပေါက်သွားတာ။

သူက မနက်ဖြန်၊ သဘက်ခါလောက်မှ အချိန်ရှာပြီး သူမကို သီးသန့် ချိန်းတွေ့မလို့ လုပ်ထားတာ။

ဒါပေမဲ့ စောစောက သူမက သူ့ကို ပြုံးပြလိုက်တာ မြင်တော့ သူ မစောင့်ချင်တော့ဘူး။

"မစဉ်းစားရသေးဘူး"

သူ အကြည့်နည်းနည်း မြှောက်လိုက်ပြီး မလှမ်းမကမ်းက ဘတ်စ်ကားမှတ်တိုင်ကို မေးငေါ့ပြလိုက်သည်။

"ဟိုဘက်က ဘတ်စ်ကားမှတ်တိုင်ကို သွားကြမယ်။ ခဏနေ ဘယ်ကား အရင်လာလဲ၊ အဲဒီကား အရင်တက်မယ်။ ဂိတ်ဆုံးအထိ စီးသွားကြမယ်၊ ဘယ်လိုလဲ"

ကျိုးအန်းရန်က မသိတာတွေ၊ စွန့်စားတာတွေကို ကြိုက်တဲ့စရိုက် မဟုတ်ပါဘူး။

ဒါပေမဲ့ သူနဲ့ အတူတူဆိုရင် မသိတာတွေ၊ စွန့်စားတာတွေကလည်း အရမ်း မျှော်လင့်စရာ ကောင်းလာသလိုပဲ။

"ကောင်းပြီ"

နှစ်ယောက်သား ဘတ်စ်ကားမှတ်တိုင်ဘက် လျှောက်သွားကြသည်။

မှတ်တိုင်မရောက်ခင်မှာ ဘတ်စ်ကားတစ်စီး ရုတ်တရက် မောင်းလာသည်။

"ဒီကားပဲ စီးကြမယ်" ချန်လော့ပိုင် ပြောလိုက်သည်။

ကျိုးအန်းရန် မတုံ့ပြန်နိုင်သေးခင်၊ ဘတ်စ်ကားနံပါတ်နဲ့ ဂိတ်ဆုံးနေရာကိုတောင် သေချာမကြည့်လိုက်ရခင် လက်ကောက်ဝတ်ကို ကောင်လေးက ဆွဲပြီး မှတ်တိုင်ဆီ ပြေးသွားကာ ရှေ့ပေါက်ကနေ တက်လိုက်သည်။

ပိုက်ဆံရှင်းပြီး အနောက်ခုံမှာ ဝင်ထိုင်လိုက်တော့ ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်ဆန်နေတုန်းပဲ။

ဘတ်စ်ကားပေါ်မှာ လူနည်းနည်းပဲ ပါသည်။

ကျိုးအန်းရန် ရင်ခုန်သံနဲ့ အသက်ရှူသံ မမှန်သေးခင် ချန်လော့ပိုင်အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"ကံကောင်းသားပဲ"

ဟင်?

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။

"ဘာကံကောင်းတာလဲ"

ချန်လော့ပိုင် မျက်နှာချင်းဆိုင်က ဘတ်စ်ကားလမ်းကြောင်းပြမြေပုံကို မေးငေါ့ပြလိုက်သည်။

"နောက်ဆုံးမှတ်တိုင်က ပန်းခြံဖြစ်နေလို့"

ကျိုးအန်းရန် လိုက်ကြည့်လိုက်တော့ မျက်လုံးလေးတွေ တောက်ပသွားသည်။

"တကယ်ပဲ"

ဒီကားက စမှတ်က ကျောင်းနဲ့ မဝေးဘူး။ ဂိတ်ဆုံးအထိ မှတ်တိုင် ၂၀ ကျော် ရှိတယ်။

ဘတ်စ်ကားက ယိမ်းထိုးပြီး ရှေ့ဆက်မောင်းနေသည်။

အချိန်တွေလည်း ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။

....

ဂိတ်ဆုံးရောက်တော့ နေဝင်သွားပြီ။ ညနေဆည်းဆာက လီမွန်ဆိုဒါရောင် လိမ္မော်ရောင်သမ်းနေသည်။

နေ့ခင်းဘက် အပူချိန်တွေ လျော့ကျသွားပြီ။ ပန်းခြံထဲမှာ သစ်ပင်တွေ ထူထပ်နေလို့ အပြင်ထက် အပူချိန် သိသိသာသာ လျော့နည်းနေသည်။

ဝင်သွားပြီးတော့ ချန်လော့ပိုင်က စက်ဘီးတစ်စီး ငှားလိုက်သည်။

ကျိုးအန်းရန်က သူ့အနောက်ခုံမှာ ထိုင်ပြီး သူ့အဖြူရောင် တီရှပ်ကိုဆွဲကာ ပန်းခြံတစ်ဝက်လောက် ပတ်စီးလိုက်ကြသည်။

ပြီးတော့ နှစ်ယောက်သား ပန်းခြံထဲမှာ စားဖူးသမျှထဲ အဆိုးရွားဆုံး ညစာတစ်နပ် ဝင်စားလိုက်ကြသည်။ နောက်ဆုံးတော့ မဝလို့ အပြင်က ဆိုင်လေးမှာ ပြောင်းဖူးနှစ်ဖူး ထပ်ဝယ်စားလိုက်ရသည်။

စားပြီးတော့ ကန်ဘေးဆင်းပြီး လှေစီးကြသည်။

ကျိုးအန်းရန် မော့ကြည့်ပြီး ညနေဆည်းဆာကို ကြည့်လိုက်သည်။

ဘေးနားက ကောင်လေးက ခေါင်းငုံ့ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

လှေပေါ်ကဆင်းတော့ နှစ်ယောက်လုံး လက်ဖဝါးမှာ ချွေးစို့နေပေမယ့် ဘယ်သူမှ မလွှတ်ပေးကြဘူး။

စောစောက ညစာက တကယ် ဆိုးရွားလွန်းတော့ ပန်းခြံထဲက မစ်တီးဆိုင်ကိုလည်း သံသယဝင်သွားကြသည်။ အချိုရည်ကို စတိုးဆိုင်လေးမှာပဲ ဝယ်လိုက်ကြသည်။

ချန်လော့ပိုင် ကိုလာတစ်ဘူး ယူလိုက်သည်။

ကျိုးအန်းရန်က ညနေဆည်းဆာရောင်နဲ့ တူတဲ့ လီမွန်ဆိုဒါတစ်ဘူး ယူလိုက်သည်။

တွဲထားတဲ့လက်တွေ မလွှတ်သေးဘူး။

လက်ချောင်းချင်း ယှက်နွှယ်ပြီး ချားရဟတ်စီးဖို့ လျှောက်သွားကြသည်။

တခြားလူတွေနဲ့ ပြန်ဆုံရဦးမှာမို့ တန်းမစီတော့ဘဲ အမြန်လမ်းကြောင်း လက်မှတ်ဝယ်လိုက်ကြသည်။

ဒီဘက်မှာက နှစ်ယောက်စီး တွဲရထားဖြစ်နေလို့ သူစိမ်းတွေနဲ့ အတူမစီးရတော့ဘူး။

တွဲရထားလေး ဖြည်းဖြည်းချင်း မြင့်တက်သွားသည်။

မြို့ပြကြီး ခြေအောက် ရောက်သွားသည်။

ညရောက်နေပြီမို့ မြို့ပြမီးရောင်စုံတွေက မြေပြင်ပေါ် ကြဲချထားတဲ့ ကြယ်ပွင့်လေးတွေလိုပါပဲ။

ကျိုးအန်းရန် ညရှုခင်းကို ခဏငုံ့ကြည့်နေပြီးမှ ဘေးနားက ကောင်လေးအကြည့်တွေ သူမအပေါ် ကျရောက်နေသလို ခံစားရလို့ ခေါင်းငဲ့ကြည့်လိုက်ရာ သူ့ရဲ့ မျက်ဝန်းနက်နက်တွေနဲ့ ဆုံတွေ့သွားသည်။

"ကျိုးအန်းရန်" ချန်လော့ပိုင် နာမည်ခေါ်လိုက်သည်။ အသံကို နည်းနည်း နှိမ့်ထားသည်။ "ဒီနေ့ ဆိုဒါက အောက်မှာကျန်ခဲ့ပြီ"

အစအဆုံးမပါတဲ့ စကားတစ်ခွန်း။

ဒါပေမဲ့ ကျိုးအန်းရန် သူ့အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

ရင်ခုန်သံတွေလည်း ဒီအခိုက်အတန့်မှာ ရုတ်တရက် မြန်ဆန်လာသည်။

ချန်လော့ပိုင် ထိုင်ခုံကို လက်ထောက်ပြီး သူမဘက် ကိုယ်ကိုကိုင်းလာသည်။ အသံက တိုးနေဆဲ။

"ရမလား"

ကျိုးအန်းရန် အသက်ရှူ အောင့်ထားမိသည်။ ရင်ခုန်သံတွေ ပိုဆူညံလာသည်။ ဒါပေမဲ့ အားကစားပွဲတော်နေ့က နံရံနားမှာ သူ သူမကို ကြိုက်လားလို့ အတင်းမေးတုန်းကလိုပါပဲ။ သူမ ရင်ခုန်သံကို ထိန်းလိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"အင်း"

တွဲရထားလေး ဖြည်းဖြည်းချင်း မြင့်တက်နေတုန်းပဲ။

ချားရဟတ် ထိပ်ဆုံးရောက်ခါနီး အခိုက်အတန့်မှာ...

ချန်လော့ပိုင် ခေါင်းငုံ့ပြီး သူမကို နမ်းလိုက်သည်။

အလွန် ပေါ့ပါးတဲ့ အနမ်းလေး။

သူမနှုတ်ခမ်းကို အရင် ဖွဖွလေး ထိကပ်လိုက်သည်။ ပြီးတော့ နှုတ်ခမ်းသားလေးတွေကို ဖွဖွလေး ငုံပြီး ခဏနမ်းလိုက်သည်။ နောက်ဆုံးတော့ နှုတ်ခမ်းလွှာလေးကို ဖွဖွလေး ကိုက်လိုက်သည်။

ချန်လော့ပိုင် အနောက်နည်းနည်း ဆုတ်လိုက်သည်။ နဖူးချင်း အပ်ထားလိုက်သည်။

"ကျောင်းမြန်မြန်မပြီးရင် ငါ ရူးတော့မယ်"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၈၀ ။ အထက်တန်းကျောင်း IF Line

အထက်တန်းဒုတိယနှစ် ပျော်ပွဲစားထွက်တုန်းက ဖွဲ့ထားတဲ့ ဂရုလေးက အခုထိ မဖျက်ရသေးဘူး။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်ထွက်မယ့်နေ့ ညနေခင်းမှာ ဂရုလေးက အထူးစည်ကားနေတယ်။ ညနေ ၄ နာရီ ထိုးခါနီးပြီ။ ရလဒ်ထွက်ဖို့ နီးလာလေ စိတ်လှုပ်ရှားလေမို့ ထင်တယ်၊ ဂရုထဲမှာ စာတွေက မျက်စိနဲ့တောင် လိုက်မဖတ်နိုင်လောက်အောင် တက်လာနေတယ်။

စကားများတဲ့ ကျုရန် တစ်ယောက်တည်းတင် ဖန်သားပြင်တစ်ဝက်လောက် ယူထားတယ်။

ကျုရန် - [သောက်ကျိုးနည်း]

ကျုရန် - [သောက်ရမ်း စိတ်လှုပ်ရှားနေပြီ]

ကျုရန် - [ဘာလို့ ၃ နာရီ ၅၀ ပဲ ရှိသေးတာလဲ]

ကျုရန် - [ရာစုနှစ်တစ်ခုလောက် ကြာနေသလိုပဲ]

ကျုရန် - [ငါ့ဖုန်းနာရီ ပျက်နေတာလား]

ကျုရန် - [နင်တို့ဆီမှာ ဘယ်အချိန်ရှိပြီလဲ]

C - [မင်းဖုန်း မပျက်ပါဘူး၊ မင်းဦးနှောက် ပျက်နေတာ]

ကျုရန် - [......]

ကျုရန် - [မင်း ဘာလာလုပ်တာလဲ]

ကျုရန် - [ဒီအချိန်မှာ မင်းမျက်နှာ မမြင်ချင်ဘူး]

ကျိုးအန်းရန်က အိမ်က ဧည့်ခန်းမှာ ထိုင်နေသည်။

ကျိုးချင်းဆွေနဲ့ ဟယ်ကျားယီတို့က သူမကို အဖော်လုပ်ပေးဖို့ ၂ နာရီလောက် ခွင့်ယူပြီး စောပြန်လာကြတယ်။ မိဘနှစ်ပါးက ကွန်ပျူတာဖွင့်ပြီး အဆင်သင့် စောင့်နေကြပြီ။ ကျိုးအန်းရန်လည်း သူတို့ကြောင့် စိတ်လှုပ်ရှားနေတာ၊ အခု ဒီနှစ်ယောက် ရန်ဖြစ်နေတာ ကြည့်ပြီးမှ စိတ်နည်းနည်း ငြိမ်သွားသည်။

ကျုရန် - [@All]

ကျုရန် - [အမှတ်အတွက် ပူစရာမလိုတဲ့ ချန်မျိုးရိုးကောင်ကို ဂရုထဲက ကန်ထုတ်လိုက်ရအောင်]

ကျုရန် - [သူက အခု ငါတို့နဲ့ ဘက်တူ မဟုတ်တော့ဘူး]

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း အလိုအလျောက် ကွေးတက်သွားသည်။

ချန်လော့ပိုင်က မနေ့ကတည်းက A တက္ကသိုလ်နဲ့ B တက္ကသိုလ်က ခေါ်ယူရေးဌာန ဖုန်းဆက်တာ လက်ခံရရှိထားပြီးပြီ။ A တက္ကသိုလ်က လူတွေဆိုရင် သူတို့အိမ်ကို တစ်နာရီကြိုပြီးတောင် ရောက်နေကြပြီ။ B တက္ကသိုလ်က လူတွေလည်း မကြာခင် ရောက်လာတော့မယ်တဲ့။ အမှတ်အတိအကျ မပြောပေမယ့်၊ ဒီလိုအလုအယက် လာခေါ်နေကြပုံထောက်ရင် အမှတ်မနည်းဘူးဆိုတာ သေချာနေပြီ။

မနေ့က ကျုရန်က သူ့အိမ်မှာ ရောက်နေတော့ သူ သိသွားပြီး ဂရုထဲက လူတိုင်း သိကုန်ကြပြီ။

သူက A တက္ကသိုလ် ဥပဒေပညာဌာနကို ရည်မှန်းထားတာ ကျိုးအန်းရန် သိတယ်။ သူမကိုယ်တိုင်လည်း A တက္ကသိုလ် ဇီဝသိပ္ပံဌာနကို ပိုသဘောကျတယ်။ သူတို့နှစ်ယောက် တိုင်ပင်မထားပေမယ့် နားလည်မှု ရှိပြီးသား။ သူမ အမှတ်မီမမီပဲ စောင့်ရတော့မယ်။

ဂရုထဲမှာ ကျုရန်က စာတွေ ဆက်ပို့နေတုန်းပဲ။

ကျုရန် - [လက်ထောင်ပြီး မဲခွဲဆုံးဖြတ်ကြမယ်]

ကျုရန် - [k]

ကျုရန် - [အားလုံး သဘောတူတယ်]

ထန်ကျန့်ရွေ့ - [လောင်ကျု... မင်း ကိုယ်စားလှယ်လုပ်ပြီး သဘောတူလိုက်တာ ကိစ္စမရှိပါဘူး]

ထန်ကျန့်ရွေ့ - [ဒါပေမဲ့ ဂရုထဲမှာ သဘောမတူမယ့်လူ တစ်ယောက် ကျန်နေသေးတာ မေ့နေပြီလား]

ဟွမ်ရှူးကျဲ့ - [အဲဒီလူ သဘောမတူမှာ သေချာတယ် +1]

ပေါင်ခွန်း - [အဲဒီလူက ဘယ်သူလဲ]

ရှောင်ဇီလင် - [အဲဒီလူက ဘယ်သူလဲ]

ရှန့်ရှောင်ဝမ် - [အဲဒီလူက ဘယ်သူလဲ]

ယန်ရှင်းချန် - [အဲဒီလူက ဘယ်သူလဲ]

ကျန်းရူရှန်း - [ဒါပေါ့... ငါတို့ရဲ့ ဉာဏ်ကောင်းပြီး သဘောကောင်းတဲ့ လှပတဲ့ ရှောင်ရန်ရန်ပေါ့]

ကျန်းရူရှန်း - [ရန်ရန်... ငါတို့ နင့်ရည်းစားကို ဂရုထဲက ကန်ထုတ်မလို့၊ နင် သဘောတူလား]

ကျိုးအန်းရန် - "......"

ဒီလူတွေက အထက်တန်းဒုတိယနှစ်ကတည်းက စနေကြတာ၊ အခုထိ မရိုးသေးဘူးလား။

သူမ နားရွက်ဖျားလေး ပူသွားသည်။ မိဘနှစ်ပါး မမြင်အောင် ဖုန်းကို ဘေးနည်းနည်း ရွှေ့လိုက်သည်။ ဘယ်လိုပြန်ရမလဲ စဉ်းစားနေတုန်း သူ့ဆီက စာဝင်လာသည်။

C - [မင်းတို့ တော်ကြပါတော့]

C - [ခဏနေ မင်းတို့ကို မစ်တီးဝယ်တိုက်မလို့ စဉ်းစားထားတာကို]

ထန်ကျန့်ရွေ့ - [လော့ကော... ကျွန်တော် မှားပါတယ်]

ဟွမ်ရှူးကျဲ့ - [ဆောရီးပါ.jpg]

ရှန့်ရှောင်ဝမ် - [အခုပဲ ပါးစပ်ပိတ်လိုက်ပါပြီ.jpg]

ယန်ရှင်းချန် - [အခုပဲ ပါးစပ်ပိတ်လိုက်ပါပြီ.jpg]

ကျန်းရူရှန်း - [အခုပဲ ပါးစပ်ပိတ်လိုက်ပါပြီ.jpg]

C - [လိပ်စာ ပို့လိုက်]

C - [ဘာသောက်ချင်လဲ ပြော]

C - [ကျုရန် မပါဘူး]

ကျုရန် - [မစ်တီးတစ်ခွက်တည်းများ၊ ငါက မက်မောနေမယ်များ ထင်နေလား]

ကျုရန် - [တကယ် မက်မောပါတယ်]

ကျုရန် - [လော့ကော... ငါလည်း မှားပါတယ်]

ကျုရန် - [ဩော်... မေ့နေတာ၊ မင်းက စိတ်မည်းပြီး လက်ရဲတယ်၊ တောင်းပန်လည်း အလကားပဲ]

ကျုရန် - [ငါ တခြားလူကို တောင်းပန်လိုက်မယ်]

ကျုရန် - [မရီး... ကျွန်တော် မှားပါတယ် @ကျိုးအန်းရန်]

ကျိုးအန်းရန် - "......"

ကျုရန်က မှားတာဝန်ခံတာ မဟုတ်ပါဘူး၊ အခွင့်ကောင်းယူပြီး စနောက်နေတာပါ။

ကျိုးအန်းရန် မျက်နှာလေး ထပ်ရဲသွားပြန်သည်။

ကျိုးအန်းရန် - [နင် လျှောက်မခေါ်နဲ့နော် @ကျုရန်]

C - [လျှောက်ခေါ်တယ်လို့ မသတ်မှတ်နိုင်ပါဘူး]

ကျိုးအန်းရန် - "......"

ဒီလိုနဲ့ နောက်ဆုံး ၁၀ မိနစ် ကုန်ဆုံးသွားသည်။

၄ နာရီ တိတိ ထိုးတာနဲ့ မိဘနှစ်ပါးက အမှတ်စစ်ဖို့ သတိပေးလိုက်သည်။ ကျိုးအန်းရန် ဖုန်းကို ပေါင်ပေါ်တင်ပြီး ဝဘ်ဆိုဒ်ထဲ ဝင်လိုက်သည်။ ဒါပေမဲ့ ဝင်တဲ့လူ များလွန်းလို့ ဝဘ်ဆိုဒ်က ပွင့်မလာဘဲ Loading တက်နေသည်။

ကျိုးအန်းရန် ရင်ခုန်သံတွေ လည်ချောင်းဝ ရောက်လာသည်။

ပေါင်ပေါ်တင်ထားတဲ့ ဖုန်းက တစ်ချက် မြည်လာသည်။

ငုံ့ကြည့်လိုက်တော့ ချန်လော့ပိုင်ဆီက WeChat ဝင်လာတာ တွေ့လိုက်ရသည်။

သူ့အမှတ် ဖြစ်လောက်တယ်။

သူ့အမှတ်က A တက္ကသိုလ်၊ B တက္ကသိုလ် ဝင်ခွင့်သေချာပေါက် ရမယ်ဆိုတာ သိပေမယ့်၊ သေချာပေါက် ဝင်ခွင့်ရရုံလောက်ပဲ မဟုတ်ဘူးဆိုတာ ကျိုးအန်းရန် သိတယ်။

သူမ Loading တက်နေတဲ့ ဝဘ်ဆိုဒ်ကို မော့ကြည့်လိုက်ပြီး၊ ခေါင်းပြန်ငုံ့ကာ မက်ဆေ့ခ်ျကို ဖွင့်လိုက်သည်။

သူ ပို့လိုက်တဲ့ ဓာတ်ပုံထဲက အကြောင်းအရာကို မြင်လိုက်ရတော့ ကျိုးအန်းရန် ကြောင်သွားသည်။ နှစ်စက္ကန့်လောက်ကြာမှ သတိပြန်ဝင်လာပြီး ဘေးနားက ဟယ်ကျားယီကို စိတ်လှုပ်ရှားစွာ ဖက်လိုက်မိသည်။

"မေမေ... သမီး ၇၀၀ ရတယ်"

သူမ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းနေတယ်။

ဟယ်ကျားယီလည်း ကြောင်သွားသည်။

"ဘာ ရာဂဏန်းလဲ၊ ဝဘ်ဆိုဒ်က မပွင့်သေးဘူး မဟုတ်လား"

ကျိုးအန်းရန် နှာခေါင်းထိပ်လေး စူးအောင့်လာသည်။

"၇၀၀ တဲ့... သမီး အတန်းဖော်က ကူစစ်ပေးလိုက်တာ"

သူမ မှတ်ပုံတင်နံပါတ်၊ စာမေးပွဲခုံနံပါတ်တွေကို ချန်လော့ပိုင် အလွတ်ရနေတယ်။

ချန်လော့ပိုင်က သူ့အမှတ်ကို အရင်မစစ်ဘဲ သူမအမှတ်ကို အရင် စစ်ပေးလိုက်တာ။

သူမ ကောင်းကောင်းဖြေနိုင်မယ်လို့ သိထားပေမယ့် အမှတ်ထွက်လာမှ တကယ် စိတ်အေးသွားတော့တယ်။

သူမ သူနဲ့ တက္ကသိုလ်တစ်ခုတည်း တကယ် တက်လို့ရပြီ!

မိဘတွေနဲ့ ဝမ်းသာစရာ သတင်း မျှဝေပြီးတော့ ကျိုးအန်းရန် ဖုန်းပြန်ကောက်ကိုင်လိုက်သည်။ သူ့အမှတ်ရော စစ်ပြီးပြီလား မေးမလို့လုပ်တုန်း သူ့မက်ဆေ့ခ်ျက အရင်ဝင်လာသည်။

သူပို့လိုက်တဲ့ Screenshot အသစ်ကို ဖွင့်ကြည့်လိုက်တော့ အောက်ဆုံးက အမှတ်ပေါင်းကို အရင်မြင်လိုက်ရသည်။

၇၁၇။

များတော့ တကယ် များတာပဲ။

ဒါပေမဲ့...

သူမ ဘာသိချင်နေလဲဆိုတာ ရိပ်မိသလိုမျိုး ချန်လော့ပိုင်က နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်သည်။

C - [တစ်ပြည်နယ်လုံး ပထမ]

ကျိုးအန်းရန် ဖုန်းလွတ်ကျမလို ဖြစ်သွားသည်။ ဘေးနားက ဟယ်ကျားယီကို ထပ်ဖက်လိုက်သည်။

"ဘာဖြစ်တာလဲ... ဘာလို့ မေမေ့ကို ထပ်ဖက်တာလဲ" ဟယ်ကျားယီ မျက်ဝန်းတွေ စိုစွတ်နေတုန်းပဲ။ သူမကျောကို ပုတ်ပေးပြီး ရယ်မောလိုက်သည်။ "အမှတ်ကောင်းလို့ ဒီလောက်တောင် ပျော်နေတာလား"

"မဟုတ်ပါဘူး... သမီးတို့ အတန်းထဲက..." ကျိုးအန်းရန် စကားတွေ ထစ်အကုန်သည်။ "...သမီး အတန်းဖော်က၊ သူက ပြည်နယ် သိပ္ပံထူးချွန်ကျောင်းသား ဖြစ်သွားပြီ"

ဟယ်ကျားယီ အံ့ဩသွားသည်။ "ဒီလောက်တောင် တော်တာလား"

ကျိုးအန်းရန် စိတ်ထဲမှာ တိုးတိုးလေး ထပ်ပြောလိုက်သည်။

သူက အဲဒီလောက် တော်တာ!

နောက်တော့ ယန်ရှင်းချန်၊ ရှန့်ရှောင်ဝမ်၊ ကျန်းရူရှန်း၊ ကျုရန်... အားလုံးရဲ့ အမှတ်တွေ အသီးသီး ထွက်လာကြသည်။

တချို့က ပုံမှန်ထက် ပိုကောင်းကြတယ်၊ တချို့က ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့ သူတို့ ဂရုလေးထဲမှာ ပုံမှန်အောက် ရောက်သွားသူ တစ်ယောက်မှ မရှိပါဘူး။

အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ပါတယ်။

....

နောက်တော့ တက္ကသိုလ် လျှောက်လွှာတင်၊ ဝင်ခွင့်စောင့်၊ အရာအားလုံး ပြီးဆုံးသွားတော့ ခေါင်းပေါ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဆိုတဲ့ တောင်ကြီး ဖယ်ရှားသွားသလို၊ ရုတ်တရက် ပူပြင်းတဲ့ နွေရာသီနဲ့ ရှည်လျားပြီး စိတ်ကြိုက်ဖြုန်းတီးလို့ရတဲ့ နွေရာသီကျောင်းပိတ်ရက်ကြီးပဲ ကျန်တော့တယ်။

ဒါကြောင့် ဘွဲ့ရခရီးထွက်ဖို့ အစီအစဉ်ကို သဘာဝကျကျ ဆွေးနွေးလာကြတယ်။

ပျော်ပွဲစားထွက်တဲ့ ဂရုလေး ပြန်စည်ကားလာတယ်။ တုန်းချန်နဲ့ ဟယ်မင်ယွီတို့လည်း ဝင်လာကြတယ်။

တစ်ယောက်က တောင်ဘက် ပင်လယ်သွားကြည့်ရအောင်လို့ အကြံပြုတယ်။

ပယ်ချခံလိုက်ရတယ်။

နန်ချန်တောင် ပူနေပြီဟာ၊ ပိုတောင်ဘက်ကျတဲ့ နေရာသွားရင် နေလောင်ပြီး သေသွားမှာပေါ့။

နောက်တစ်ယောက်က မြောက်ဘက် ပင်လယ်သွားကြည့်ရအောင်လို့ အကြံပြုပြန်တယ်။

ပယ်ချခံလိုက်ရပြန်တယ်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးတဲ့ နွေရာသီမှာ ရူးသွပ်စရာကောင်းတာလေးတစ်ခုခု လုပ်သင့်တယ်လေ။

နောက်ဆုံးတော့ ရူးသွပ်စရာကောင်းတဲ့ စီချွမ်-တိဘက် ကိုယ်တိုင်မောင်း ခရီးစဉ်ကို ရွေးလိုက်ကြတယ်။

ဒါပေမဲ့ ကိုယ်တိုင်မောင်းဖို့ကတော့ မဖြစ်နိုင်ပါဘူး။

သူတို့တစ်ဖွဲ့လုံးက လိုင်စင်တောင် မဖြေရသေးဘူးလေ။

နောက်ဆုံးတော့ ချန်လော့ပိုင်မိသားစုက ကျွမ်းကျင်တဲ့ အဖွဲ့တစ်ဖွဲ့ ငှားပေးလိုက်တယ်။

ဟိုဘက်က အတွေ့အကြုံရှိပြီး ပြင်ဆင်မှု ပြည့်စုံတော့ ခရီးတစ်လျှောက်လုံး သူတို့ထဲက ဘယ်သူမှ ပြင်းထန်တဲ့ ကုန်းမြင့်ဒဏ် မခံစားရဘူး။

ပြင်းထန်တဲ့ ကုန်းမြင့်ဒဏ်က ကျိုးအန်းရန် မလာခင် အစိုးရိမ်ဆုံးကိစ္စပဲ။ ဒါပေမဲ့ တော်သေးတာက အစပိုင်းမှာ နည်းနည်းနေမကောင်းဖြစ်တာကလွဲရင် နောက်ပိုင်း ခရီးတစ်လျှောက်လုံး အဆင်ပြေခဲ့တယ်။

သူတို့ ခရီးစဉ်က ကြယ်ကြွေမိုးရွာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ်။

ဒါကြောင့် နောက်ဆုံးမှတ်တိုင်ကို ယွီဇီရှီးမှာ သတ်မှတ်လိုက်ကြတယ်။

သူတို့အဖွဲ့က တဲ ၄ လုံး ငှားလိုက်ကြတယ်။

အဲဒီနေ့ညနေမှာ လူ ၁၂ ယောက် တန်းစီပြီး တဲရှေ့မှာ ထိုင်နေကြသည်။

ဒီနေရာက မြင်ကွင်းကျယ်ပြီး မော့ကြည့်လိုက်တာနဲ့ ကောင်းကင်အပြည့် ကြယ်တွေ လင်းလက်နေတာ တွေ့ရတယ်။

ကြယ်ကြွေမိုး မရွာခင်ကတည်းက လှပနေပြီ။

ကျိုးအန်းရန် ဒီလောက် ကျယ်ပြောလှပတဲ့ ကြယ်စုံသောညကို တစ်ခါမှ မမြင်ဖူးလို့ မျက်တောင်တောင် မခတ်ရက်ဘူး။ ဒါကြောင့် ပထမဆုံး ကြယ်ကြွေတာနဲ့ ချက်ချင်း မြင်လိုက်တယ်။

သူမ မစဉ်းစားမိဘဲ ချန်လော့ပိုင်လက်ကို လှမ်းဆွဲလိုက်ပြီး အပေါ် လက်ညှိုးထိုးပြလိုက်သည်။

"ကြယ်ကြွေတယ်"

ချန်လော့ပိုင် မော့မကြည့်ဘူး။ သူမကိုပဲ ကြည့်နေသည်။ သူမမျက်လုံးတွေက ကြယ်တွေထက် ပိုတောက်ပနေတယ်လို့ ခံစားလိုက်ရတယ်။

သူ မိန်းကလေးလက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး ပြန်လွှတ်ကာ ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဆုတောင်းမယ်ဆို၊ မြန်မြန်လုပ်လေ"

ကျိုးအန်းရန် သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။

ပြီးတော့ လက်အုပ်ချီပြီး ဆုတောင်းလိုက်သည်။

အဲဒီညက ကြယ်ကြွေတာတွေက တောက်ပပြီး လှပနေတယ်။

ကြယ်ကြွေတာ ပြီးသွားတော့ ကျိုးအန်းရန် ဘေးနားက ကောင်လေး တိုးကပ်လာတာ ခံစားလိုက်ရသည်။ လန်းဆန်းတဲ့ ကိုယ်သင်းနံ့တွေ ရလိုက်သည်။ သူ့အသံက နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"ဘာဆုတောင်းလိုက်လဲ"

ကျိုးအန်းရန် နားရွက်ဖျားလေး ပူသွားသည်။ သူ့ကို စောင်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ပြောပြလိုက်ရင် မပြည့်တော့ဘဲ နေမှာပေါ့"

ချန်လော့ပိုင် - "ဒါဆို မပြောနဲ့တော့..."

ကျိုးအန်းရန် စိတ်အေးသွားသည်။

သူ ဖြည်းဖြည်းချင်း ဆက်ပြောတာ ကြားလိုက်ရသည်။

"...ဘာဆုတောင်းလဲ အသေးစိတ် မပြောနဲ့၊ ငါနဲ့ ဆိုင်လား မဆိုင်လားဆိုတာပဲ ပြောပြ"

ကျိုးအန်းရန် မျက်နှာလည်း ပူလာသည်။ ဒါပေမဲ့ ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။

"နင်နဲ့ဆိုင်တာ နှစ်ခု တောင်းလိုက်တယ်"

ညကောင်းကင်ယံအောက်မှာ ကောင်လေး နှုတ်ခမ်းထောင့်စွန်း သိသိသာသာ ကွေးတက်သွားသည်။

ကျိုးအန်းရန် မနေနိုင်ဘဲ တိုးတိုးလေး ပြန်မေးလိုက်သည်။

"နင်ကော"

ချန်လော့ပိုင် သူမကို ကြည့်နေပြီး စကားမပြောဘူး။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ကောင်လေးက သူမပါးကို ဆွဲလိုက်သည်။ လေသံက မောက်မာနေတုန်းပဲ။

"ဒါ မေးနေစရာ လိုသေးလို့လား။ တခြားဆုတွေက ငါ့ဘာသာ ဖြည့်ဆည်းလို့ ရတယ်။ နင်နဲ့ဆိုင်တာပဲ တောင်းလိုက်တာ"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည်။

ကျုရန်အသံ မလှမ်းမကမ်းကနေ ထွက်ပေါ်လာသည်။

"မင်းတို့နှစ်ယောက် ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာလဲ"

ချန်လော့ပိုင် ကုလားထိုင်အမှီပေါ် မှီလိုက်ပြီး မျက်လွှာပင့်ကြည့်လိုက်သည်။

"တိုးတိုးတိတ်တိတ် ပြောနေမှန်း သိရက်နဲ့၊ မင်းက မျက်နှာပြောင်တိုက်ပြီး လာနှောင့်ယှက်သေးတယ်ပေါ့"

"ငါတို့က ခွေးစာစားချင်နေတယ်များ မှတ်နေလား" ကျုရန် မျက်လုံးလှန်ကြည့်လိုက်ပြီး ထိုင်ရာက ထလိုက်သည်။ "အမြင်ကပ်စရာမီးသီး မလုပ်ချင်တော့ဘူး၊ သွားပြီ"

ရှန့်ရှောင်ဝမ်က ဟန်ဆောင် သမ်းဝေလိုက်သည်။

"အိပ်ချင်လိုက်တာ၊ ရှင်းရှင်း၊ ရူရှန်း... ငါတို့လည်း သွားအိပ်ရအောင်"

"သွားမယ်... သွားမယ်" ထန်ကျန့်ရွေ့လည်း ထလိုက်သည်။ "ငါတို့ အထဲဝင်ပြီး ဖဲရိုက်ကြမယ်"

ကျန်တဲ့ ကောင်လေးတွေလည်း တဲထဲ ဝင်သွားကြသည်။ ဟယ်မင်ယွီက နောက်ဆုံးမှ ဝင်သွားသည်။ အနောက်လှည့်ကြည့်လိုက်ပြီး အကြည့်ကို ထိန်းချုပ်ကာ ချက်ချင်း ပြန်ရုတ်လိုက်သည်။

ခဏကြာတော့ တဲအပြင်ဘက်မှာ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင်ပဲ ကျန်ခဲ့သည်။

ချန်လော့ပိုင် လက်မြှောက်ပြီး လေတိုက်လို့ ရှုပ်ပွနေတဲ့ သူမဆံပင်တွေကို သပ်တင်ပေးလိုက်သည်။ အသံက နိမ့်နေသည်။

"အိပ်ချင်ပြီလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

ချန်လော့ပိုင် သူမဆီ လက်နှစ်ဖက် ဖြန့်ကားပြလိုက်သည်။

"ဒါဆို ဒီနားလာ... တစ်ခါလောက် ဖက်ထားပေးမယ်"

ကျိုးအန်းရန် မတ်တတ်ရပ်ပြီး သူ့ရှေ့ လျှောက်သွားလိုက်သည်။

သူတို့ ဖက်ဖူးတာ ခဏခဏရှိနေပြီ။ ဒါပေမဲ့ သူ့ပေါင်ပေါ်ထိုင်ပြီး ဖက်တာက ပထမဆုံးအကြိမ်ပဲ။ ကျိုးအန်းရန် ရှက်နေသည်။ တခြားတဲက ခရီးသည်တွေ ရှိသေးလား နောက်လှည့်ကြည့်မလို့ လုပ်လိုက်သည်။

လှည့်လိုက်တာနဲ့ ခါးကို လက်ကြီးတစ်ဖက်က လာဖက်လိုက်ပြီး ကောင်လေးရင်ခွင်ထဲ ပြုတ်ကျသွားသည်။

ချန်လော့ပိုင် သူမကို ဖက်ထားပြီး ရယ်မောလိုက်သည်။

"မကြည့်နဲ့တော့၊ အကုန်လုံးနီးပါး ဝင်ကုန်ကြပြီ"

ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ "အင်း" ဟု ဖြေပြီး ခေါင်းကို သူ့ပခုံးပေါ် အပ်ထားလိုက်သည်။

"ရန်ရန်" ချန်လော့ပိုင် တိုးတိုးလေး ခေါ်လိုက်သည်။

ကျိုးအန်းရန် - "ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် အသံတိုးတိုးလေးနဲ့ မြှူဆွယ်သလို ပြောလိုက်သည်။

"ခေါင်းမော့ပြီး ငါ့ကို တစ်ချက်လောက် မကြည့်ချင်ဘူးလား"

ကျိုးအန်းရန် မနေနိုင်ဘဲ မော့ကြည့်လိုက်မိသည်။

သူ့မျက်နှာကို သေချာ မမြင်လိုက်ရခင် ကောင်လေးရဲ့ နှုတ်ခမ်းတွေက ဖိကပ်လာသည်။

ကျိုးအန်းရန် သူ့လေကာအင်္ကျီကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။

ဒါက သူ့ကို ပထမဆုံးအကြိမ် နမ်းဖူးတာ မဟုတ်ပါဘူး။

သူ ပထမဆုံးအကြိမ် နမ်းတုန်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတဲ့ည ချားရဟတ်ပေါ်မှာ။

ဒုတိယအကြိမ်က ဆရာကန်တော့ပွဲမှာ။ တစ်တန်းလုံး အခန်းကျယ်ကြီးထဲမှာ စုဝေးပြီး ဆူညံပွက်လောရိုက်နေတုန်း၊ သူမကို အလယ်မှာ အပြင်ခေါ်ထုတ်သွားပြီး မှောင်မဲနေတဲ့ မီးဘေးလှေကားမှာ ခဏလေး နမ်းလိုက်တာ။

ဒီခရီးစဉ်မှာလည်း သူ သူမကို အကြိမ်ကြိမ် နမ်းခဲ့တယ်။

ဒါပေမဲ့ ရင်ခုန်သံတွေက တစ်ခဏချင်းမှာပဲ ပေါက်ကွဲထွက်မတတ် မြန်ဆန်လာတုန်းပဲ။

ခေါင်းပေါ်မှာ ကြယ်ပင်လယ်ကြီး ရှိနေတယ်။

သူတို့ ကြယ်စုံသောညအောက်မှာ တိတ်ဆိတ်စွာ နမ်းနေကြတယ်။

အချိန်အတော်ကြာမှ ချန်လော့ပိုင် နည်းနည်းခွာလိုက်သည်။

ကောင်လေး နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရိပ်တွေ ရှိနေသည်။ အပေါ်မှာ ရေစက်လက်စက်တွေ ရှိနေသလိုပဲ။ နာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် မျက်နှာ ပူထူနေသည်။ အသက်ရှူသံ မမှန်ဘူး။ ဦးနှောက်လည်း ရှုပ်ထွေးနေသည်။ အရာရာက ရှုပ်ထွေးနေသည်။ စက္ကန့်အနည်းငယ်ကြာမှ တိုးတိုးလေး ထူးလိုက်သည်။ "အင်း"

ချန်လော့ပိုင် နဖူးချင်း အပ်ထားလိုက်သည်။

"အဲဒီစကားကို နင့်ပါးစပ်က ကိုယ်တိုင်ပြောတာ ကြားချင်တယ်"

ကျိုးအန်းရန် သူ ဘာကြားချင်လဲဆိုတာ ရိပ်မိလိုက်သည်။ မျက်နှာက ပိုတောင် ရဲလာသလို ခံစားရသည်။ မသိချင်ယောင်ဆောင်လိုက်သည်။

"နင် ဘာပြောနေမှန်း မသိဘူး"

"ဟုတ်လား" ချန်လော့ပိုင် သူမရဲ့ ရဲနေတဲ့ ပါးလေးကို ဆွဲလိုက်သည်။ "ဒါဆို ငါ တစ်လုံးချင်း သင်ပေးမယ်လေ"

ကျိုးအန်းရန် - "......"

ချန်လော့ပိုင် - "ငါ"

ကောင်လေးက သူမကို အနီးကပ် ငုံ့ကြည့်နေသည်။ မျက်ဝန်းနက်နက်တွေက အရမ်း နက်ရှိုင်းပြီး အာရုံစိုက်နေသည်။

ကျိုးအန်းရန် သူ မြှူဆွယ်တာ ခံလိုက်ရလို့လား၊ ဒါမှမဟုတ် သူမကိုယ်တိုင်လည်း သူ့ကို ပြောပြချင်လို့လား မသိဘူး၊ သူ့နောက်က လိုက်ဆိုလိုက်သည်။ "ငါ"

ချန်လော့ပိုင် - "နင့်"

ကျိုးအန်းရန် - "နင့်"

"ကို"

"ကို"

"ကြိုက်"

"ကြိုက်"

"တယ်"

"တယ်"

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ အသံတိုးတိုးလေးနဲ့ သူမကို ချော့လိုက်သည်။

"ပေါင်းပြီး ဆိုကြည့်ပါလား"

ကျိုးအန်းရန် ပါးစပ်ဟလိုက်ပေမယ့် အစအဆုံး ထုတ်ပြောဖို့ ရှက်နေတုန်းပဲ။

"မပြောလည်း ရပါတယ်" ချန်လော့ပိုင် စကားရပ်လိုက်သည်။ အကြည့်က သူမနှုတ်ခမ်းပေါ် တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။ "ဒါဆို ပါးစပ်ဟ၊ ငါ နမ်းမယ်"

ကျိုးအန်းရန် - "......"

"ရွေးချယ်ဖို့ ၃ စက္ကန့် ပေးမယ်"

"၃"

"၂"

ကျိုးအန်းရန် - "!"

ဦးနှောက်က ရှက်စရာကောင်းတဲ့ ရွေးချယ်စရာ နှစ်ခုထဲက သိပ်မရှက်ရတဲ့ တစ်ခုကို အလိုအလျောက် ရွေးချယ်ပေးလိုက်သည်။

သူမ နှုတ်ကနေ ထွက်သွားသည်။ "ငါ နင့်ကို ကြိုက်တယ်"

နောက်ဆုံး "တယ်" ဆိုတဲ့ စကားလုံး ဆုံးတာနဲ့ ချန်လော့ပိုင် ခေါင်းငုံ့လာပြန်သည်။ လျှာဖျားလေးက သူမသွားကြားထဲ တိုးဝင်လာသည်။ သူမ လန့်သွားမှာစိုးလို့ သူမလျှာလေးနဲ့ ဖွဖွလေး ထိရုံ ထိလိုက်သည်။ တစ်စက္ကန့်တောင် မကြာခင် ပြန်ထွက်သွားသည်။

ကျိုးအန်းရန် မျက်နှာ ပိုရဲတက်လာသည်။ နှာခေါင်းရှုံ့လိုက်သည်။

"နင် ဘာလို့ ကတိမတည်တာလဲ"

ချန်လော့ပိုင် မျက်လုံးထဲမှာ အပြုံးတွေ ပြည့်နှက်နေသည်။ ဖြစ်သင့်တယ်ဆိုတဲ့ လေသံနဲ့ ပြောလိုက်သည်။

"ဘယ်သူက အစတုန်းက ငါ့ကို လိမ်ခဲ့လို့လဲ"

ကျိုးအန်းရန် - "?"

သူက ပြန်ပြီး အပြစ်တင်နေသေးတယ်။

"ငါ ဘယ်တုန်းက လိမ်လို့လဲ"

ချန်လော့ပိုင် သူမပါးကို မနာအောင် ဆွဲလိုက်ပြန်သည်။

"ဘောလုံးပွဲတုန်းက ကူညီပေးတာ နင် ဖြစ်ရက်နဲ့၊ ယန်ရှင်းချန်ပါလို့ လိမ်ပြောတယ်။ ငါ့ကို သကြားလုံး ခိုးထည့်ပေးပြီး ဘယ်တော့မှ မပြောပြဘူး။ ပြီးတော့ အဲဒီနေ့ ဆေးလာပေးတုန်းက ငါ အချိန်မီ မဆွဲထားရင် နင် ထွက်ပြေးမလို့ မဟုတ်ဘူးလား"

ကျိုးအန်းရန် လိပ်ပြာမလုံ ဖြစ်လာသည်။ အသံတိုးသွားသည်။

"အဲဒါတွေက ကြာလှပြီဟာ"

ချန်လော့ပိုင် ရုတ်တရက် ခေါင်းငုံ့ပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်ပြန်သည်။

"ဒါပေမဲ့ ငါ ဘယ်လောက် ကြောက်ခဲ့ရလဲ နင် သိလား။ ငါသာ ဘယ်တော့မှ မသိလိုက်ရင် ဘယ်လိုလုပ်မလဲ"

ကျိုးအန်းရန် သူ "ကြောက်တယ်" ဆိုတဲ့ စကားလုံး ပြောတာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။

သူမ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရသည်။ ရုတ်တရက် သတ္တိတွေ ဝင်လာသလိုပဲ။ သူမ ပထမဆုံးအကြိမ်အဖြစ် လက်လှမ်းပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်လိုက်သည်။ ခေါင်းကို ကောင်လေးပခုံးပေါ် အပ်ထားလိုက်သည်။ တိုးတိုးလေး ပြောလိုက်သည်။

"အဲဒီလို မဖြစ်ပါဘူး၊ နင် သိသွားပြီပဲဟာ"

နင် သိသွားပြီ။

နင်လည်း ငါ့ကို ကြိုက်တယ်။

ငါ့လူငယ်ဘဝရဲ့ အကောင်းဆုံး အိပ်မက်လေး တကယ် ဖြစ်လာခဲ့ပြီ။

***

အထက်တန်း IF Line ရဲ့ ပြီးပါပြီ!

လီမွန်ဆိုဒါသကြားလုံး

အခန်း ၈၁ ။ Extra : သကြားလုံး

မိုးအုံ့နေတဲ့ နေရောင်ခြည်က တိမ်တွေကြားကနေ ဖောက်ထွက်လာသည်။

နန်ချန်မှာ ရက်ပေါင်းများစွာ မိုးအုံ့နေပြီး ဒီနေ့မှ ကောင်းကင်ပြန်သာလာသည်။

ညနေ ၃ နာရီ။

ဆောင်းရာသီကျောင်းပိတ်ရက်မို့ အတန်ကြာ တိတ်ဆိတ်နေတဲ့ အမှတ် (၂) ကျောင်းက ဒီနေ့ ပြန်လည် စည်ကားလာသည်။ အပြင်ဘက် ဘတ်စကက်ဘောကွင်း ပထမတန်း၊ တတိယမြောက် ကွင်းထဲမှာ အပြာနဲ့အဖြူ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကောင်လေးတွေ ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။

ဘောလုံးပုတ်သံတွေနဲ့ ရယ်မောစနောက်သံတွေ ဆူညံနေသည်။

"သောက်ကျိုးနည်း... ဟား... ဟား... ကျန့်ရွေ့၊ မင်း ကစားတတ်သေးလား။ ဘောလုံးက ကွင်းနဲ့တောင် မထိဘူး" ဟွမ်ရှူးကျဲ့ ပြေးရင်းနဲ့ လှောင်ပြောင်လိုက်သည်။

ထန်ကျန့်ရွေ့ မျက်လုံးလှန်ကြည့်လိုက်သည်။

"မင်းက ငါ့ကို ပြောရဲသေးတယ်၊ မင်း ဒီနေ့ ဘယ်နှခါ လမ်းလျှောက်မှားလဲဆိုတာ ငါ မပြောချင်ဘူး။ ဒိုင်လူကြီး မပါလို့ပေါ့၊ မဟုတ်ရင် မင်း ဒီနေ့ ပွဲထုတ်ခံရမှာ"

ပစ်လိုက်တဲ့ ဘောလုံးက ခြင်းနဲ့မထိဘဲ ထန်ကျန့်ရွေ့နဲ့ တစ်သင်းတည်းဖြစ်တဲ့ ပေါင်ခွန်းလက်ထဲ ရောက်သွားသည်။ ဒါပေမဲ့ ပေါင်ခွန်းလက်ထဲမှာ ဘောလုံးမနွေးသေးခင် တစ်ယောက်ယောက်က ဖြတ်လုသွားသည်။

"လော့ကော! အစ်ကိုကြီး!" ပေါင်ခွန်း ညည်းလိုက်သည်။ "ကျွန်တော်တို့ ဘောလုံးကို ဘာလို့ လုပြန်တာလဲ၊ နည်းနည်းလောက် အလျှော့ပေးပါဦးလား"

ဒီနေ့ ကောင်လေး ၆ ယောက် လာကြတာဆိုတော့ ၃ ယောက်တစ်သင်း ခွဲကစားနေကြတာ။

3v3 က ကွင်းတစ်ဝက်ပဲ ကစားရတယ်။ နှစ်သင်းလုံး ခြင်းတစ်ခုတည်းကိုပဲ ပစ်ရတယ်။ ဘောလုံးရတာနဲ့ ချက်ချင်း တိုက်စစ်ဆင်လို့ ရတယ်။

ထန်ကျန့်ရွေ့နဲ့ တစ်သင်းတည်းဖြစ်တဲ့ ကျုရန်က ချန်လော့ပိုင်ကို ကာကွယ်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။

"ကျိုးအန်းရန် ဘေးနားမှာ ကြည့်နေတာလေ၊ တစ်ယောက်သောသူက ကြွားချင်နေတာ၊ မင်းတို့ကို ဘယ်အလျှော့ပေးမလဲ။ အိပ်မက် မက်နေလိုက်"

"ဟုတ်တယ်" ချန်လော့ပိုင် ကျုရန်ကို လိမ်ခေါက်ပြီး အနောက်ဆုတ်ကာ ၃ မှတ်တန် ပစ်လိုက်သည်။ "ငါ့ရည်းစား ကြည့်နေတာလေ၊ အလျှော့ပေးတာက အားကစားစိတ်ဓာတ် မရှိရာကျမှာပေါ့"

နေရောင်အောက်မှာ လိမ္မော်ရောင်ဘောလုံးက လှပတဲ့ မျဉ်းကွေးလေးဆွဲပြီး ခြင်းထဲ ဝင်သွားသည်။

ဟွမ်ရှူးကျဲ့ အော်ဟစ်လိုက်သည်။

"ငါ့လော့ကောရဲ့ နောက်ဆုတ် ၃ မှတ်ပစ်ချက်ကတော့ ပန်းချီကားလို လှပြီး နတ်ဘုရားလို တိကျနေတုန်းပဲ!!!"

3v3 က ကွင်းတစ်ဝက်ပဲ ကစားရပေမယ့် ဘောလုံးကူးပြောင်းမှု မြန်ဆန်ပြီး ခံစစ်ရော တိုက်စစ်ပါ အနားမရဘူး။ ကွင်းပြည့်ကစားတာထက် မသက်သာပါဘူး။

သူတို့က အပျော်ကစားနေကြတာ၊ အမှတ်လည်း မမှတ်၊ အချိန်လည်း မမှတ်ဘူး။ ဘယ်လောက်ကြာပြီလဲ မသိဘူး။

ကျုရန်က ချန်မျိုးရိုး ခွေးကောင် လိမ်ခေါက်တာခံရလို့ ခြေထောက်ယိုင်သွားသည်။ မောလည်း မောနေတာနဲ့ မရုန်းကန်တော့ဘဲ ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး မထတော့ဘူး။

ချန်လော့ပိုင် ခြေထောက်နဲ့ လှမ်းကန်လိုက်သည်။ လှောင်ပြောင်တဲ့ လေသံနဲ့ ပြောသည်။

"ရရဲ့လား၊ ဘယ်လောက်မှ မကစားရသေးဘူး"

"ဒါ အချိန်နဲ့ဆိုင်လို့လား" ကျုရန် ကြမ်းပြင်ပေါ် လှဲလျက်သား မျက်လုံးလှန်ကြည့်လိုက်သည်။ "မင်းကို ကာကွယ်ရတာ ဘယ်လောက်ခက်လဲ မင်းမသိဘူးလား။ ငါ ကွင်းထဲရောက်ကတည်းက တောက်လျှောက် ပြေးနေရတာ၊ တစ်စက္ကန့်တောင် မနားရဘူး။ မင်းရည်းစားဆီသွားပြီး အီလည်လည် လုပ်နေလိုက်၊ ငါ နှစ်မိနစ်လောက် နားပြီးမှ ဆက်မယ်"

"ရည်းစား" ဆိုတဲ့ စကားလုံးကြားတော့ ပါးစပ်ကြမ်းပြီး စိတ်ပုတ်တဲ့ တစ်ယောက်သောသူက သဘောကောင်းသွားသည်။

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ကောင်းပြီလေ... ဖြည်းဖြည်းသာ နားတော့"

ကျိုးအန်းရန်က ကွင်းဘေးမှာ မစ်တီးခွက်ကိုင်ပြီး ရပ်နေသည်။ အပြာနဲ့အဖြူ ဆောင်းဦးရာသီ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကောင်လေးက သူမဆီ တစ်လှမ်းချင်း လျှောက်လာတာကို ကြည့်နေသည်။

ကွင်းထဲမှာ ရင်းနှီးတဲ့ မျက်နှာတွေ ရှိနေလို့လား၊ အားလုံးက အမှတ် (၂) ကျောင်းဝတ်စုံ ဝတ်ထားကြလို့လား၊ ဒါမှမဟုတ် စောစောက သူပြောတဲ့ "အထက်တန်း (၂/၂) က ကျောင်းသူ ကျိုးအန်းရန်" ဆိုတဲ့ စကားသံက နားထဲမှာ ပဲ့တင်ထပ်နေသေးလို့လား မသိဘူး။ သူ သူမကို ရေးပေးတဲ့ ရည်းစားစာကလည်း သူမအိတ်ထဲမှာ ရှိနေသေးတယ်။

ဒါမှမဟုတ် သူမ အခု ရပ်နေတဲ့ နေရာက အထက်တန်းပထမနှစ်တုန်းက သူ ဘောလုံးကစားတာ ကြည့်ခဲ့တဲ့ နေရာနဲ့ တူနေလို့လား။

ကျိုးအန်းရန် ရုတ်တရက် ခံစားလိုက်ရတာက... အထက်တန်းကျောင်းသား ချန်လော့ပိုင်က အထက်တန်းကျောင်းသူ သူမဆီ တစ်လှမ်းချင်း လျှောက်လာနေသလိုပဲ။

ဒါပေမဲ့ သူမက သူ သတိမထားမိတဲ့ လမ်းဘေးလူ မဟုတ်တော့ဘူး။

သူမက အခု သူ့ရဲ့ ပန်းတိုင်နဲ့ ဦးတည်ချက် ဖြစ်နေပြီ။

နဖူးကို လက်တစ်ဖက်က ဖွဖွလေး လာတောက်လိုက်သည်။

ကျိုးအန်းရန် သတိဝင်လာတော့ ချန်လော့ပိုင် သူမရှေ့ ရောက်နေပြီ။

"ဘာတွေ တွေးနေတာလဲ" ချန်လော့ပိုင်လက်က အောက်လျှောကျလာပြီး သူမရဲ့ ဖြူဝင်းတဲ့ ပါးပြင်လေးကို ဆွဲလိုက်သည်။ "ငါ နင့်ရှေ့ ရောက်နေတာတောင် သတိမထားမိဘူး"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ အထက်တန်းကျောင်းသားဘဝ ပြန်ရောက်သွားသလို ခံစားရလို့ပါ"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်နေသည်။

"နင် အဲဒီလို ခံစားရတယ်ဆိုရင် ငါ ဒီကျောင်းဝတ်စုံတွေ ရှာရကျိုးနပ်တာပေါ့"

ကျိုးအန်းရန် ပြုံးလိုက်သည်။ အိတ်ကပ်ထဲကနေ စောစောက ထည့်ထားတဲ့ တစ်သျှူးထုတ်ပြီး သူ့မျက်နှာနဲ့ လည်ပင်းက ချွေးတွေကို သုတ်ပေးလိုက်သည်။ တိုးတိုးလေး မေးလိုက်သည်။

"ရေဆာလား၊ ရေ သောက်မလား"

ကျောင်းစတိုးဆိုင်က ကျောင်းပိတ်ရက်မို့ မဖွင့်ဘူး။ သူတို့ ခုနက မစ်တီးမှာတုန်းက ကျောင်းအပြင်က စတိုးဆိုင်ကနေ ရေနဲ့ အချိုရည်တချို့ပါ မှာလိုက်တာ။ ကျောင်းဝအထိ လာပို့ခိုင်းထားတာ။

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။

ကျိုးအန်းရန် ကုန်းပြီး ရေယူပေးမလို့ လုပ်တုန်း လက်ကောက်ဝတ်ကို သူ လှမ်းဆွဲထားလိုက်သည်။

ကျိုးအန်းရန် ရပ်တန့်သွားပြီး သံသယနဲ့ မျက်တောင်ခတ်ပြလိုက်သည်။

နောက်တစ်စက္ကန့်မှာ ကောင်လေးက ကိုယ်ကိုကိုင်း၊ ခေါင်းငုံ့ပြီး သူမလက်ထဲက၊ သူမသောက်ထားတဲ့ မစ်တီးပိုက်ကို ငုံလိုက်သည်။

"ဟေး... ဟေး... ဟေး..." ဘေးနားမှာ ရပ်နေတဲ့ ရှန့်ရှောင်ဝမ်က မကျေနပ်သလို ဟန်ဆောင်ပြီး စနောက်လိုက်သည်။ "ဘေးနားမှာ လူတွေ ရှိသေးတယ်နော်"

ယန်ရှင်းချန် - "ဟုတ်တယ်... ငါတို့ကို လေလို့ သဘောထားနေတာလား"

ကျိုးအန်းရန် နားရွက်ပူသွားသည်။

ရေလာသောက်တဲ့ ထန်ကျန့်ရွေ့တို့လည်း ဝင်စကြသည်။

"လော့ကော... မင်း တော်တော်လွန်တာပဲ၊ ငါတို့က ရေလာသောက်တာ၊ ခွေးစာ လာစားတာ မဟုတ်ဘူး"

"လွန်လွန်းတယ်"

"ဟုတ်တယ်... လူမြင်ကွင်းကြီးမှာ လျှော့ပါဦး၊ မျက်နှာလေးဘာလေး ထောက်ပါဦး"

ချန်လော့ပိုင် ကိုယ်မတ်လိုက်သည်။ သူမရဲ့ သွယ်လျတဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတုန်းပဲ။ လှည့်ကြည့်ပြီး သူတို့ကို အေးစက်စက် ကြည့်လိုက်သည်။

"လွန်တယ် ဟုတ်လား... ငါ ညနေစာ ဒကာခံမယ်၊ AA (Share ရှင်းတာ) လုပ်စရာ မလိုဘူးလို့ ပြောမလို့ လုပ်နေတာ၊ မလိုတော့ဘူး ထင်တယ်"

ထန်ကျန့်ရွေ့က ဟွမ်ရှူးကျဲ့ဘက် ချက်ချင်း လှည့်လိုက်သည်။

"ခုနက လော့ကော လွန်တယ်လို့ ပြောတာ မင်း မလား"

ဟွမ်ရှူးကျဲ့က ပေါင်ခွန်းကို ကြည့်သည်။

"ငါ မဟုတ်ဘူး၊ ပေါင်ခွန်း ပြောတာ"

ပေါင်ခွန်းက ရှောင်ဇီလင်ကို လက်ညှိုးထိုးသည်။

"သူ ပြောတာ"

ရှောင်ဇီလင်က အနောက်လှည့်ပြီး အပြစ်လွှဲလိုက်သည်။

"လောင်ကျု... မင်း ဘယ်လိုလုပ် ငါတို့ လော့ကောကို လွန်တယ်လို့ ပြောရက်တာလဲ"

ကျုရန် ကြမ်းပြင်ပေါ် လှဲနေတုန်းပဲ။ နားလို့ဝသွားလို့လား၊ ဒေါသထွက်လို့လား မသိဘူး၊ အသံကုန် အော်လိုက်သည်။

"မင်းတို့ကောင်တွေ အရှက်မရှိကြဘူးလား"

ထန်ကျန့်ရွေ့က မကြားချင်ယောင်ဆောင်ပြီး ရေတစ်ဘူး ကောက်ယူလိုက်သည်။

"ဟိုလေ... လော့ကော၊ မင်းနဲ့ မရီး ဆက်လုပ်ကြပါ၊ ငါတို့ တခြားနေရာ သွားနားလိုက်မယ်"

ဟွမ်ရှူးကျဲ့လည်း ရေတစ်ဘူး ယူလိုက်သည်။

"ဟုတ်တယ်... မနှောင့်ယှက်တော့ပါဘူး"

"နှောင့်ယှက်တယ်တဲ့လား" ချန်လော့ပိုင် ရယ်မောပြီး ဆဲလိုက်သည်။ "နားလို့ဝရင် ဆက်ကစားမယ်၊ ခဏနေ ဆရာကောင်းဆီ သွားရဦးမယ်၊ ထမင်းစားချိန် နောက်ကျနေဦးမယ်"

ရှောင်ဇီလင် - "ကောင်းပြီ... ဒါဆို ငါတို့ ဟိုဘက် သွားနားလိုက်မယ်"

သူတို့တွေ ပခုံးဖက်ပြီး တခြားဘက် ထွက်သွားကြသည်။

ချန်လော့ပိုင် ဒီလူရှုပ်တွေကို ဂရုမစိုက်တော့ဘူး။ သူ ဘောလုံးကစားထားလို့ မမောပေမယ့် ပူနေသည်။

လက်လွှတ်လိုက်ပြီး ကျောင်းဝတ်စုံဇစ် ဆွဲချကာ အပေါ်ထပ်အင်္ကျီ ချွတ်လိုက်သည်။

"အထက်တန်း (၁/၂) က ကျောင်းသူ ကျိုးအန်းရန်... အင်္ကျီ ကူကိုင်ပေးပါဦး"

ကျိုးအန်းရန် - "?"

"ဘာလို့ အထက်တန်း (၁/၂) ဖြစ်သွားရတာလဲ"

ချန်လော့ပိုင် အင်္ကျီကို သူမရင်ခွင်ထဲ ထိုးထည့်ပေးလိုက်သည်။

ကောင်လေးက အပေါ်ထပ်အင်္ကျီ ချွတ်လိုက်တော့ အထဲမှာ နွေရာသီ လက်တို ကျောင်းဝတ်စုံပဲ ကျန်တော့သည်။ မျက်နှာပေါ်က မောက်မာမှုနဲ့ လူငယ်ဆန်မှုတွေက အရင်အတိုင်းပါပဲ။

"နင် အထက်တန်းပထမနှစ်တုန်းကပဲ ငါ ဘောလုံးကစားတာ ကြည့်ဖူးတာ မဟုတ်လား"

ကျိုးအန်းရန် ရင်ထဲ နူးညံ့သွားသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ စက္ကန့်အနည်းငယ်ကြာမှ အင်္ကျီပိုက်ထားရင်း တိုးတိုးလေး မေးလိုက်သည်။

"လက်တိုလေးပဲ ဝတ်ထားတာ မအေးဘူးလား"

ချန်လော့ပိုင် သူမကို ငုံ့ကြည့်လိုက်သည်။

မိန်းကလေးက ပါးချိုင့်ရေးရေးလေး၊ နားရွက်ဖျားရဲရဲလေးနဲ့ အရင်တုန်းကလို လိမ္မာပြီး လှပကာ အနိုင်ကျင့်ချင်စရာ ကောင်းနေသည်။

ချန်လော့ပိုင် ရုတ်တရက် သူမရှေ့ ကိုယ်ကိုကိုင်းလိုက်သည်။ အသံကို တော်တော် နှိမ့်လိုက်သည်။

"ဘာအေးမှာလဲ၊ ငါ အခု ဘယ်လောက် ပူနေလဲ နင် သိလား"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ကောင်လေး စကားရပ်လိုက်သည်။ အသံကို ပိုနှိမ့်လိုက်သည်။ ရယ်သံတွေ ပါနေပြီး ရင်ခုန်စရာ ကောင်းနေသည်။ ဘောလုံးကစားထားလို့ အသက်ရှူငွေ့တွေက ပူလောင်နေသည်။

"ငါတို့ နန်ချန်ပြန်မလာခင် တစ်ရက်အလို ညတုန်းကနဲ့ အတူတူလောက်ပဲ"

ကျိုးအန်းရန် - "?!"

ရှန့်ရှောင်ဝမ်တို့ ဝေးဝေးရောက်သွားပြီဖြစ်ပေမယ့် ကျိုးအန်းရန် မျက်နှာ ချက်ချင်း ရဲတက်သွားသည်။

"သွား... ဘောလုံးသွားကစားတော့"

....

ဘောလုံးပွဲက ၃ နာရီ ၂၅ မိနစ်ထိ ကြာသွားသည်။

အပျော်ကစားတာမို့ နောက်ပိုင်းကျ ထန်ကျန့်ရွေ့တို့က စည်းကမ်းမလိုက်နာဘဲ လျှောက်ကစားကြလို့ အနိုင်အရှုံး မသဲကွဲလိုက်ဘူး။

ပြီးသွားတော့ ကောင်လေးတွေ အဝတ်အစား အရင်သွားလဲကြသည်။ ပြီးမှ လူအုပ်ကြီး ကျောင်းအပြင်ဘက် သစ်ပင်ရိပ်လမ်းအတိုင်း လျှောက်သွားကြသည်။

ခေါင်းပေါ်က နောက်ဆုံး တိမ်မည်းတွေလည်း ကင်းစင်သွားပြီ။ ဆောင်းရာသီ နေရောင်ခြည်က အတားအဆီးမရှိ ဖြာကျနေလို့ ကိုယ်ရော စိတ်ပါ နွေးထွေးနေသည်။

ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် နောက်ဆုံးမှ လိုက်လာကြသည်။

အရပ်ရှည်ရှည်ကောင်လေးက လက်ကို သူမပခုံးပေါ်တင်ပြီး ဖက်ကာ လျှောက်လာသည်။

သူမ အထက်တန်းပထမနှစ် ကျောင်းအပ်တဲ့နေ့ ပထမဆုံး မြင်ကတည်းက ကြိုက်ခဲ့ရတဲ့သူက နောက်ဆုံးတော့ အရင်တုန်းက ကျောင်းတက်တိုင်း ဖြတ်သန်းရတဲ့ လမ်းလေးပေါ်မှာ သူမနဲ့အတူ လျှောက်လှမ်းပေးနေပြီ။

နေရောင်ကြောင့် ပေါ်နေတဲ့ အရိပ်တွေက သူတို့အနောက်မှာ တသားတည်း ကျနေသည်။

"နောက်တစ်ခါ ငါတို့နှစ်ယောက်တည်း သီးသန့်လာကြမယ်" ချန်လော့ပိုင် ရုတ်တရက် ပြောလိုက်သည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် အကြည့်က သူမနှုတ်ခမ်းပေါ် နှစ်စက္ကန့်လောက် ရပ်တန့်သွားသည်။

"နောက်တစ်ခါ လာမှ ပြောပြမယ်"

ကျိုးအန်းရန် နှာခေါင်းရှုံ့လိုက်သည်။ "လျှို့ဝှက်ချက် ထားပြန်ပြီ"

"ဒါက..." ချန်လော့ပိုင် အသံဆွဲပြီး ပြုံးကြည့်လိုက်သည်။ "...နင် ငါ့ကို ပစ်သွားမှာစိုးလို့ ငါ့ရည်းစားလေးကို ဆွဲဆောင်ထားဖို့ ရင်ခုန်စရာ ချန်ထားရတာလေ"

ကျိုးအန်းရန် - "?"

"ငါက ဘာလို့ ပစ်သွားရမှာလဲ"

ဒီလူက ဘာတွေ လျှောက်ပြောနေတာလဲ။

ချန်လော့ပိုင် သူမနားနား ထပ်ကပ်လိုက်သည်။

ဒီနေရာက သူတို့အတွက် အဓိပ္ပာယ်ရှိမှန်း သိကြလို့ ထင်တယ်၊ အရှေ့က သူမသူငယ်ချင်းတွေ၊ သူ့သူငယ်ချင်းတွေက စကားပြောရယ်မောနေကြပေမယ့် ဘယ်သူမှ လှည့်မကြည့်ကြဘူး။ သူတို့အတွက် နေရာလွတ် ပေးထားကြတယ်။

ကောင်လေးက သူမနားရွက်နဲ့ ကပ်လုနီးပါး ဖြစ်နေသည်။ တိုးညှင်းတဲ့ အသံနဲ့ ပူနွေးတဲ့ အသက်ရှူငွေ့တွေက နားထဲ တိုးဝင်လာသည်။

"လွန်ခဲ့တဲ့ရက်ပိုင်းက ဘယ်သူက စားပြီးနားမလည်လုပ်ချင်နေတာလဲ (တာဝန်မယူချင်တာလဲ)၊ ငါ့ကို စိတ်ပျက်နေပြီလို့ပြောတာ ဘယ်သူလဲ"

ကျိုးအန်းရန် - "?!"

ချန်လော့ပိုင် ပြောပြီးတာနဲ့ သူမနားရွက်ဖျားလေး ဖြူရာကနေ ရဲတက်သွားတာ၊ သေးသေးလေးနဲ့ ချစ်စရာကောင်းနေတာကို မြင်တော့ မနေနိုင်ဘဲ လက်နဲ့ ဖွဖွလေး ဆွဲလိုက်သည်။

ကျိုးအန်းရန် နားရွက်က အထိအတွေ့ မခံနိုင်ဘူး။ တုန်သွားသည်။ ကျောင်းထဲမှာ ရှိနေသေးတာ၊ အရှေ့ကလူတွေ မတော်တဆ လှည့်ကြည့်လာနိုင်တာ သတိရပြီး သူ့ကို အမြန် တွန်းလိုက်သည်။

"ချန်လော့ပိုင်!"

ချန်လော့ပိုင်က သူမမျက်နှာလည်း ရဲနေပြီမို့၊ ထပ်စရင် တကယ် စိတ်ဆိုးတော့မယ်ထင်ပြီး ရယ်မောကာ အနောက်ဆုတ်လိုက်သည်။

"ဘယ် ချန်လော့ပိုင်ကို ခေါ်တာလဲ"

ကျိုးအန်းရန် နည်းနည်း ကြောင်သွားသည်။

"ဘယ် ချန်လော့ပိုင်ကို ခေါ်ရမှာလဲ"

ချန်လော့ပိုင် - "အထက်တန်း (၁/၂) က ချန်လော့ပိုင်လား၊ အထက်တန်း (၂/၂) က ချန်လော့ပိုင်လား၊ အခု ချန်လော့ပိုင်လား။ ဘယ်သူ့ကို ခေါ်ချင်တာလဲ"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ဘာကွာလို့လဲ"

"ကွာတာပေါ့... အထက်တန်းပထမနှစ် ချန်လော့ပိုင်က မျက်စိကန်းနေတယ်။ အထက်တန်းဒုတိယနှစ် ချန်လော့ပိုင်က နင့်ရည်းစား ဖြစ်ချင်နေပြီ။ အခု ချန်လော့ပိုင်က သူ့ဆန္ဒ ပြည့်သွားပြီ" ချန်လော့ပိုင် စကားရပ်လိုက်ပြီး ပြုံးကြည့်လိုက်သည်။ "ဒါပေမဲ့ နင် ဘယ်သူ့ကို ခေါ်ခေါ်၊ သူတို့က နင့်ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်တယ်"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

သူက အမြဲ ဒီလိုပါပဲ။ သူမ စိတ်ဆိုးလုနီးပါးဖြစ်တဲ့အထိ အနိုင်ကျင့်တယ်၊ ပြီးရင် ပြန်ပျော်အောင် ချော့တတ်တယ်။

နားရွက်ဖျားလေးမှာ သူ ထိလိုက်တဲ့ အထိအတွေ့ ကျန်နေသေးသလိုပဲ။ ကျိုးအန်းရန် စမ်းကြည့်ချင်ပေမယ့် ရှက်လို့ မစမ်းရဲဘူး။ မျက်နှာရဲနေတုန်းပဲ။

"ဒါဆို ငါ ဆန္ဒပြုမယ်... အခု ချန်လော့ပိုင်က ငါ့ကို အနိုင်ကျင့်တာ လျှော့ပါစေလို့"

"အဲဒါတော့ မဖြစ်ဘူး"

ကျိုးအန်းရန် မျက်စောင်းထိုးလိုက်သည်။

"နင် ကတိမတည်တော့ဘူးပေါ့"

ချန်လော့ပိုင် - "ဘာလို့လဲဆိုတော့ အခုတောင် အတော် သည်းခံနေရလို့လေ"

ကျိုးအန်းရန် - "......"

***

All Chapters