← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

လီမွန်ဆိုဒါသကြားလုံး

အခန်း ၈၂ ။ Extra : သကြားလုံး

ကောင်းကောဟွာ နေအိမ်က ကျောင်းအပြင်ဘက် မလှမ်းမကမ်းမှာ ရှိသည်။ ကျောင်းဝက ထွက်လာတော့ လမ်းမလျှောက်တော့ဘဲ တက္ကစီစီးမလား မေးကြပေမယ့် နောက်ဆုံးတော့ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။ လမ်းမှာ သစ်သီးနဲ့ အချိုရည်တွေ အများကြီး ထပ်ဝယ်လိုက်ကြသည်။

ဆောင်းရာသီကျောင်းပိတ်ရက်မို့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ မနက်ကတည်းက ကြိုဖုန်းဆက်ထားပြီးသား။

ဒါပေမဲ့ တံခါးဖွင့်လိုက်တော့ ကောင်းကောဟွာ မျက်နှာပေါ်မှာ အံ့ဩဝမ်းသာမှုတွေ ဖုံးကွယ်မထားနိုင်ပါဘူး။ ရှေ့ဆုံးက ကျုရန်တို့ လက်ထဲမှာ ပစ္စည်းတွေအများကြီး ဆွဲထားတာမြင်မှ မျက်မှောင်နည်းနည်း ကြုတ်လိုက်သည်။

"လူလာရင် ရပြီ၊ ပစ္စည်းမယူလာနဲ့လို့ ပြောထားတာကို၊ ဘာလို့ ဒီလောက်အများကြီး ဝယ်လာရတာလဲ"

ကျုရန် ရယ်မောလိုက်သည်။

"သစ်သီးနဲ့ အချိုရည် နည်းနည်းပါ၊ ဈေးမကြီးပါဘူး"

"ဈေးမကြီးလည်း မယူလာနဲ့၊ ခဏနေ ပြန်ယူသွား" ကောင်းကောဟွာ ပြောသည်။ "မင်းတို့က ကျောင်းသားတွေပဲ ရှိသေးတာ၊ ပိုက်ဆံက ဘယ်ကရမှာလဲ၊ လျှောက်ဝယ်မနေနဲ့"

ချန်လော့ပိုင် အနောက်ကနေ ရယ်မောလိုက်သည်။

"ကျွန်တော်တို့ ပိုက်ဆံမရှိဘူးလို့ ဘယ်သူပြောလဲ၊ ပညာသင်ဆု ရထားတယ်လေ"

"ဟုတ်တယ်" ထန်ကျန့်ရွေ့ ထောက်ခံသည်။ "ကျွန်တော်တို့ တက္ကသိုလ်ကောင်းကောင်း တက်ခွင့်ရပြီး ပညာသင်ဆုရတာ ဆရာတို့ သင်ပေးလို့လေ။ သစ်သီးဝယ်လာတာ မသင့်တော်ဘူးလား"

ကောင်းကောဟွာ ခဏ ကြောင်သွားသည်။

ကိုယ့်တပည့်တွေ တက္ကသိုလ်ကောင်းကောင်း တက်ခွင့်ရပြီး ပညာသင်ဆုရတဲ့ ပိုက်ဆံနဲ့ ပစ္စည်းဝယ်လာကန်တော့တာ။

ဆရာတစ်ယောက်အနေနဲ့ ဒီထက် ဂုဏ်ယူစရာ ကောင်းတာ ဘာရှိဦးမှာလဲ။

ဒါပေမဲ့ ခဏပါပဲ။

သူ ဆက်ငြင်းနေမှာစိုးလို့ ရှေ့က ကောင်လေးတွေက မျောက်လွှဲကျော်တွေလိုပဲ သူ့ဘေးကနေ တိုးဝှေ့ဝင်သွားကြသည်။ လက်ထဲက ပစ္စည်းတွေကို အဝင်ဝမှာ ပုံထားလိုက်သည်။ ဆရာ မလိုချင်လည်း အတင်းထားခဲ့မယ်ဆိုတဲ့ ပုံစံမျိုး။

ကောင်းကောဟွာ ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ ရှေ့က ကောင်လေးတွေ ဝင်သွားတော့ အရှေ့မှာ ဘာအတားအဆီးမှ မရှိတော့ဘူး။ အနောက်မှာ ကျန်နေတဲ့ မိန်းကလေးတွေကို လှမ်းမြင်လိုက်ရသည်။ အဲဒီအထဲက တစ်ယောက်က တံခါးဘောင်ကို ပျင်းရိစွာ မှီရပ်နေတဲ့ ချန်လော့ပိုင်နဲ့ လက်တွဲထားတာ တွေ့လိုက်ရသည်။

ဒီနေ့ညနေပိုင်းမှာ တစ်ယောက်သောသူရဲ့ ရည်ရွယ်ချက်ရှိရှိ စီစဉ်မှုနဲ့ အခေါ်အဝေါ် ပြောင်းလဲမှုတွေကြောင့် ကျိုးအန်းရန် အထက်တန်းကျောင်းသားဘဝ ပြန်ရောက်သွားသလို ခံစားနေရသည်။ အခု ကောင်းကောဟွာ အကြည့်ရောက်လာတော့ ဘာကြောင့်မှန်းမသိ လိပ်ပြာမလုံဖြစ်သွားသည်။

သူနဲ့ စောစောစီးစီး ရည်းစားထားတာ အတန်းပိုင်ဆရာကြီး မိသွားသလိုမျိုး။

ကျိုးအန်းရန် လက်ကို အမြန် ရုန်းထွက်လိုက်သည်။

နောက်တစ်စက္ကန့်မှာ ပြန်ဆွဲထားခံလိုက်ရသည်။

ချန်လော့ပိုင် ရယ်မောလိုက်သည်။

"ဘာလန့်နေတာလဲ၊ ဆရာကောင်း သိပြီးသားပါ"

ကျုရန်က ပစ္စည်းတွေ နေရာချပြီးပြီ။ အိမ်ထဲကနေ လှမ်းစနောက်လိုက်သည်။

"ဆရာကောင်းတင် သိတာ မဟုတ်ဘူး၊ ဒီချန်မျိုးရိုးကောင်က WeChat Moment မှာ တင်တတ်တာ မဟုတ်ဘူး၊ တင်ရင်လည်း ဘယ်တော့မှ လူခွဲမတင်ဘူး (Only me, Close friends မလုပ်ဘူး)။ ငါတို့အတန်းက ဘာသာရပ်ဆရာတွေ အကုန်လုံး သူ ရည်းစားရကြောင်း ကြေညာတာ မြင်ပြီးကုန်ပြီ။ ဆရာကောင်း အပါအဝင် ဆရာတော်တော်များများ Like ပေးထားကြသေးတယ်"

ကျိုးအန်းရန် - "......"

ကောင်းကောဟွာ သူမ မျက်နှာပူတတ်မှန်း သိသည်။ တစ်နှစ်ပဲ သင်ဖူးပေမယ့် သူမက အရမ်းလိမ္မာပြီး စကားနားထောင်တယ်၊ စာမေးပွဲအမှတ်တွေ ပုံမှန်တက်နေတဲ့ ဆရာတွေ စိတ်ချရဆုံး ကျောင်းသူမျိုးဆိုတာ မှတ်မိနေတယ်။

သူ လက်ယပ်ခေါ်လိုက်သည်။

"တံခါးဝမှာ ရပ်မနေကြနဲ့၊ အထဲ ဝင်လာကြ"

ကောင်းကောဟွာမှာ သမီးတစ်ယောက်တည်းရှိတယ်။ သူတို့ထက် အသက်နည်းနည်းကြီးတယ်။ အရင်တုန်းက နယ်မှာ ကျောင်းတက်ပြီး အဲဒီမှာပဲ အလုပ်လုပ်နေတယ်။ အိမ်မှာ ကောင်းကောဟွာနဲ့ သူ့ဇနီးပဲရှိတယ်။

ဆရာကတော်က သူတို့ကို ရေနွေးကြမ်း ငှဲ့ပေးရင်း လျှို့ဝှက်ချက် ဖောက်သည်ချလိုက်သည်။

"နင်တို့ ဆရာကောင်းက ညနေကတည်းက နာရီကြည့်နေတာ။ ၃ နာရီတောင် မထိုးသေးခင် ရေနွေးကြမ်း စကျိုနေပြီ။ အခု နင်တို့ကို ငှဲ့ပေးတာ ၄ အိုးမြောက် ကျိုထားတာ"

ကောင်းကောဟွာ ချောင်းဟန့်လိုက်သည်။ "လျှောက်ပြောမနေနဲ့"

လူအုပ်ကြီးက ဆိုဖာပေါ်၊ ကုလားထိုင်ပေါ် နေရာယူလိုက်ကြသည်။ ဧည့်ခန်းကျဉ်းကျဉ်းလေးက ရုတ်တရက် စည်ကားသွားသည်။

ချန်လော့ပိုင် ဆရာကတော်လက်ထဲက ရေနွေးခွက် ယူလိုက်သည်။ အပူချိန် အရင်စမ်းကြည့်ပြီးမှ ကျိုးအန်းရန်ကို ပေးလိုက်သည်။

"ပူမယ်နော်... သတိထား"

ကောင်းကောဟွာ မြင်တော့ အံ့ဩသွားသည်။

ဒါ အရင်တုန်းက မိန်းကလေးတွေကို မျက်လုံးထဲတောင်မထည့်ဘဲ ဆရာတွေကို စောစောစီးစီး ရည်းစားထားမှာ စိတ်ပူစရာမလိုအောင်နေခဲ့တဲ့ အတန်းပထမ ကျောင်းသား ဟုတ်ရဲ့လား။

ကောင်းကောဟွာ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် စပ်စုချင်စိတ်ဖြစ်မိသည်။

"မင်းတို့နှစ်ယောက် ဘယ်လိုလုပ် တွဲမိသွားကြတာလဲ။ အထက်တန်းပြီးမှ ပြန်တွေ့ကြတာလား"

သူ မှတ်မိသလောက် အထက်တန်းတုန်းက သူတို့နှစ်ယောက် စကားသိပ်မပြောကြဘူး။

အဲဒီရည်းစားစာကိစ္စတုန်းကလည်း ကျုံးခိုင်က ဆုတ်ဖြဲထားတဲ့ အပိုင်းအစလေး ယူလာပြီး ကျောင်းအုပ်ကြီးဆီ သွားရှင်းပြခဲ့သေးတယ်။

ချန်လော့ပိုင် ရေနွေးတစ်ခွက် ယူသောက်လိုက်သည်။

"မဟုတ်ပါဘူး၊ Moment မှာ တင်ထားတာ ဆရာ မြင်တယ်မလား။ သူ့ကို စိတ်ဝင်စားနေတာ ကြာပြီလို့ ပြောထားသားပဲ"

ကောင်းကောဟွာလည်း ရေနွေးသောက်လိုက်သည်။

"ကြာပြီဆိုတာ ဘယ်လောက်ကြာပြီလဲ"

ချန်လော့ပိုင် လေသံက ပေါ့ပါးနေသည်။ သူငယ်ချင်းချင်း စကားပြောနေသလိုပါပဲ။

"အတိအကျတော့ မပြောတတ်ဘူး၊ အထက်တန်း ဒုတိယနှစ် ကျောင်းဖွင့်ကာစလို့ပဲ မှတ်ယူလိုက်ပါ"

ကောင်းကောဟွာ ရေနွေးသီးသွားမလို ဖြစ်သွားသည်။

"အထက်တန်း ဒုတိယနှစ် ကျောင်းဖွင့်ကာစ??"

ချန်လော့ပိုင် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... သူသာ ကျောင်းမပြောင်းသွားရင် ဆရာ ကျွန်တော့်ကို စောစောစီးစီး ရည်းစားထားမှုနဲ့ ရုံးခန်းခေါ်ဆူရလောက်တယ်"

ကောင်းကောဟွာ - "......"

"ဟေး... ဟေး... ဟေး..." ဘေးနားက ကောင်လေးတွေ ဝင်အော်ကြသည်။ "ဆရာကောင်းက အခု အတန်းပိုင်ဆရာ မဟုတ်တော့တာနဲ့ မထိန်းချုပ်နိုင်တော့ဘူးလို့ မထင်နဲ့နော်။ လွန်လွန်းတယ်"

ကျိုးအန်းရန် မျက်နှာ ရဲတက်နေပြီ။ ကောင်းကောဟွာလည်း ရှားရှားပါးပါး အံ့ဩနေပြီး ရယ်ရမလို ငိုရမလို ဖြစ်နေတာ တွေ့လိုက်ရတော့ တိုးတိုးလေး ပြောလိုက်သည်။

"ဆရာကောင်း... သူ လျှောက်ပြောနေတာ နားမထောင်ပါနဲ့"

ချန်လော့ပိုင် သူမဘက် လှည့်ကြည့်လိုက်သည်။

"ဒါက ဘယ်လိုလုပ် လျှောက်ပြောတာ ဖြစ်ရမှာလဲ"

ကျိုးအန်းရန် မနေနိုင်ဘဲ မျက်စောင်းထိုးလိုက်သည်။

ချန်လော့ပိုင် - "......"

"ကောင်းပြီလေ... ဆရာကောင်း၊ ကျွန်တော် လျှောက်ပြောတာပါ"

ကောင်းကောဟွာ စောစောက တကယ် အံ့ဩသွားတာ။ ချန်လော့ပိုင် စကားကြောင့် မဟုတ်ပါဘူး။ သူ့ကို ၃ နှစ်လောက် သင်ပေးဖူးတော့ ဒီကောင် ဘယ်လိုစရိုက်ရှိလဲ သိတာပေါ့။

အဓိကက သူတို့နှစ်ယောက်ကြားမှာ ဘယ်လို ပတ်သက်မှုရှိခဲ့လဲဆိုတာ စဉ်းစားမရလို့။

သူတို့ ဆရာတွေအနေနဲ့ စုံတွဲတွေကို ခွဲပစ်ရတာ ပျော်လို့ မဟုတ်ပါဘူး။ တကယ်တော့ စာလုပ်တာ မထိခိုက်သရွေ့ မျက်စိမှိတ်ပေးထားချင်ကြတာပါ။

ကောင်းကောဟွာ ရေနွေးခွက် ချလိုက်ပြီး ရယ်မောကာ လက်ညှိုးထိုးလိုက်သည်။

"အရင်တုန်းက ကျောင်းမှာ စာတော်တာကို အခွင့်ကောင်းယူပြီး ထင်တိုင်းကြဲနေတာ။ အတန်းခေါင်းဆောင်လည်း မလုပ်ချင်ဘူး။ မကြိုက်တဲ့ပွဲဆို အကုန်လစ်တာ။ အခုတော့ ထိန်းချုပ်မယ့်လူ တွေ့သွားပြီပေါ့"

ကျိုးအန်းရန် ဆရာ စနောက်တာ ခံရဖူးတာ ပထမဆုံးအကြိမ်မို့ နားရွက် ထပ်ပူသွားပြန်သည်။

...

သူတို့ ကောင်းကောဟွာအိမ်မှာ အကြာကြီး မနေပါဘူး။ ရေနွေးသောက်၊ လက်ရှိအခြေအနေတွေ ပြောပြပြီးတော့ ပြန်ဖို့ ခွင့်တောင်းလိုက်ကြသည်။

ကောင်းကောဟွာနဲ့ ဆရာကတော်က ထမင်းစားသွားဖို့ တားကြသည်။

ကောင်လေးတွေက အိမ်ရှင်ပြန်လုပ်ပြီး ကောင်းကောဟွာနဲ့ ဆရာကတော်ကို သူတို့နဲ့အတူ အပြင်ထွက်စားဖို့ ပြန်ခေါ်နေကြသည်။

ကောင်းကောဟွာ နောက်ဆုံးတော့ နားညီးလွန်းလို့ နှင်ထုတ်လိုက်ရသည်။ မျက်နှာပေါ်မှာတော့ အပြုံးတွေ ဖုံးကွယ်မထားနိုင်ပါဘူး။

"သွားကြ... သွားကြ... အားလုံး အရွယ်ရောက်ပြီး တက္ကသိုလ်တက်နေကြပြီကို ကလေးတွေလို ဆူညံနေကြတုန်းပဲ။ နောက်တစ်ခါလာရင် ပစ္စည်းမဝယ်လာနဲ့တော့"

ဆရာကောအိမ်က ထွက်လာပြီးတော့ အနီးနားက အကင်ဆိုင်တစ်ဆိုင် သွားကြသည်။

ညနေ ၄ နာရီခွဲ ကျော်နေပြီ။ အကင်ဆိုင်ဖွင့်ကာစမို့ သူတို့က ပထမဆုံး ဧည့်သည်တွေ။

ချန်လော့ပိုင်က ဆိုင်ရှင်ဆီမှာ သီးသန့်ခန်းအကြီးကြီး တောင်းလိုက်သည်။ ဝင်သွားပြီး မီနူးမှာရင်း ကောင်လေးတွေကို အားမနာဖို့ ပြောလိုက်တော့ မီနူးထဲက ဟင်းတွေ အကုန်နီးပါး မှာလိုက်ကြသည်။

အကင်ဆိုင်ဖွင့်ကာစမို့ တချို့ပစ္စည်းတွေ အဆင်သင့် မဖြစ်သေးဘူး။ ဆိုင်ရှင်က ကြိုပြောထားသည်။ ပထမအသုတ် အကင်တွေ ရောက်လာတော့ ၅ နာရီ ထိုးခါနီးနေပြီ။

တုန်းချန်နဲ့ ဟယ်မင်ယွီတို့ အခန်းထဲ ဝင်လာကြသည်။

ဟယ်မင်ယွီက အတွင်းဘက်က ခုံလွတ်ဆီ တန်းသွားလိုက်သည်။

ဒါပေမဲ့ အထင်မှားတာလား မသိဘူး၊ တုန်းချန်က သူမဘက် တစ်ချက်လှမ်းကြည့်လိုက်သလို ခံစားရတယ်။

သူမ မော့မကြည့်လိုက်ခင် တုန်းချန် အကြည့်လွှဲသွားသည်။ ယန်ရှင်းချန်က သူမဘေးမှာ ထိုင်နေလို့ ဖြစ်မယ်။

ကျိုးအန်းရန်လည်း ဆက်မစဉ်းစားတော့ဘူး။

ထန်ကျန့်ရွေ့က သူတို့ကို မြင်တော့ စပ်စုလိုက်သည်။

"မင်းတို့နှစ်ယောက် ဘာကိစ္စ ရှိလို့လဲ။ ညနေပိုင်း မလာဘဲ အခုမှအားကြတာလား"

ဟယ်မင်ယွီ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ အိမ်မှာ ဧည့်သည်ရောက်နေလို့ပါ"

"မင်းတို့နှစ်ယောက်လုံး အိမ်မှာ ဧည့်သည်ရောက်နေကြတာလား" ဟွမ်ရှူးကျဲ့ စပ်စုလိုက်သည်။

တုန်းချန် - "ဟုတ်တယ်"

နောက်မှရောက်လာတဲ့ ဟယ်မင်ယွီနဲ့ တုန်းချန်ကလွဲရင် ကျန်တဲ့ ကောင်လေးတွေက ညနေပိုင်း ဘောလုံးကစားထားကြလို့ ဗိုက်ဆာနေကြပြီ။

ဒါကြောင့် အစပိုင်းမှာ အားလုံး တိတ်တိတ်ဆိတ်ဆိတ် စားနေကြသည်။

...

နာရီဝက်လောက်ကြာတော့ ဗိုက်ပြည့်သွားကြပြီး အရက်တိုက်ဖို့ စကြတော့သည်။ ပထမဆုံး ခွက်ကိုင်လိုက်တာက ချန်လော့ပိုင် မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဟွမ်ရှူးကျဲ့။

သူ ဘီယာအပြည့်ငှဲ့လိုက်သည်။

"လော့ကော... ငါ မင်းကို တစ်ခွက်တိုက်မယ်။ အထက်တန်း ၃ နှစ်တာ ကာလအတွင်း 211 တက္ကသိုလ် ဝင်ခွင့်ရတာအပြင် နောက်ထပ် ဂုဏ်အယူရဆုံးကိစ္စတစ်ခုက မင်းနဲ့ ၃ နှစ်လုံး ညီအစ်ကိုလို ပေါင်းသင်းခွင့်ရတာပဲ။ မင်း မသိလို့ပါ၊ အခုထိ သိတဲ့လူရော မသိတဲ့လူရော မိန်းကလေးတွေ အများကြီးက မင်းအကြောင်းနဲ့ ဖုန်းနံပါတ် လာမေးနေကြတုန်းပဲ"

ထန်ကျန့်ရွေ့က ဘေးကနေ တွန်းလိုက်သည်။

"စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား"

"ဘာဖြစ်လို့လဲ၊ ငါ့လော့ကောက တစ်ယောက်မှ မပေးခဲ့ဘူးလေ" ဟွမ်ရှူးကျဲ့က ကျိုးအန်းရန်ကို ကြည့်လိုက်သည်။ "မရီး... ငါ အမှန်အတိုင်း ပြောပြမယ်။ လော့ကောက အထက်တန်း ၃ နှစ်လုံး တခြားမိန်းကလေးတွေကို ဂရုမစိုက်ခဲ့ပါဘူး။ သူ ဦးဆောင်ပြီး ဖိတ်ခေါ်ဖူးတဲ့ တစ်ဦးတည်းသော မိန်းကလေးက နင်ပါပဲ"

ရှောင်ဇီလင်လည်း ဒီအကြောင်းကြားတော့ စပ်စုချင်စိတ် ပေါ်လာသည်။

"အဲဒီတုန်းက လော့ကောက ငါတို့ကို နင်နဲ့ ဘာမှမဆိုင်ပါဘူးလို့ လိမ်ပြောသေးတယ်။ မရီးက သူ အတန်းလစ်မယ်ပြောတာ ကြားသွားလို့ ဆရာကို မတိုင်အောင် အချိုရည်ဝယ်တိုက်တာပါ ဆိုပြီးတော့လေ။ တကယ်လား"

ကျိုးအန်းရန် - "......"

သူမ ဘယ်တုန်းက သူ အတန်းလစ်မယ်ပြောတာ ကြားဖူးလို့လဲ။

ကျိုးအန်းရန် ဘေးနားက ကောင်လေးကို လှည့်ကြည့်လိုက်သည်။

ချန်လော့ပိုင် ကုလားထိုင်အမှီပေါ် ပျင်းရိစွာ မှီနေသည်။ အပြုံးကလည်း ပျင်းရိနေသည်။

"အတွေ့အကြုံ မရှိလို့လေ။ အဲဒီတုန်းက သေချာနားမလည်သေးလို့။ မဟုတ်ရင် သူ့ကို ကြိုက်တာ ဘာဖုံးကွယ်စရာရှိလို့လဲ။ သူ ကြားသွားတာတော့ မဟုတ်ပါဘူး၊ ငါက သူ့ကို အတန်းလစ်နည်း သင်ပေးမလို့လုပ်တာ မအောင်မြင်လိုက်တာပါ"

"ငါတို့ မရီးက အဲဒီတုန်းက လိမ္မာတဲ့ ကျောင်းသူလေးလေ" ဟွမ်ရှူးကျဲ့က သဘောမတူသလို ကြည့်လိုက်သည်။ "မင်းက အတန်းလစ်နည်း သင်ပေးရတယ်လို့"

ကျိုးအန်းရန်က မဟုတ်ပါဘူးလို့ ရှင်းပြချင်တာ။

အဲဒီနေ့က သူက သူမ ငိုနေတာမြင်ပြီး ဘယ်လိုချော့ရမလဲ မသိလို့၊ နောက်တော့ သူမက စိတ်ဖိစီးလို့ ငိုတာပါလို့ ဝန်ခံလိုက်တော့မှ စိတ်ပြေလက်ပျောက် အတန်းလစ်ဖို့ အကြံပေးလိုက်တာပါ။

ဒါပေမဲ့ ကောင်လေးက စားပွဲအောက်ကနေ သူမလက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းထိပ်လေးတွေကို ညှစ်လိုက်သည်။

ကျိုးအန်းရန် နှေးသွားသည်။ ချန်လော့ပိုင် ပျင်းရိစွာ မှီနေတုန်းပဲ။ သူမကို ပြုံးကြည့်သလိုမျိုး။

"ဒါကြောင့်လေ... မအောင်မြင်လို့ ဆရာ့ကို မတိုင်အောင် လာဘ်ထိုးရတာပေါ့"

ဟွမ်ရှူးကျဲ့ လက်က မတော်တဆ ခွက်နဲ့ တိုက်မိသွားပြီး ဘီယာတွေ လက်ပေါ် ဖိတ်ကျသွားသည်။ ခေါင်းစဉ်က မိုင် ၈ ထောင်လောက် ဝေးသွားပြီဆိုတာ သတိထားမိလိုက်သည်။

"ဘာပဲဖြစ်ဖြစ် လော့ကော... ငါ မင်းကို တစ်ခွက်တိုက်မယ်"

ပြောပြီးတာနဲ့ တစ်ခွက်လုံး မော့သောက်လိုက်သည်။

ချန်လော့ပိုင် ကိုယ်မတ်လိုက်ကာ ခွက်ထဲ ဘီယာအပြည့်ငှဲ့လိုက်သည်။ သူ့ဘက် ခွက်မြှောက်ပြလိုက်ပြီး မော့သောက်လိုက်သည်။

ထန်ကျန့်ရွေ့ အတုယူလိုက်သည်။

"ဒါဆို လော့ကော... ငါလည်း တစ်ခွက် တိုက်မယ်။ ဟွမ်ရှူးကျဲ့တိုက်တာ မင်း သောက်လိုက်ရင်၊ ငါတိုက်တာလည်း သောက်ရမယ်နော်"

ချန်လော့ပိုင် ရယ်မောလိုက်သည်။

"တော်ပြီကွာ"

ထန်ကျန့်ရွေ့ - "လော့ကော... မင်း မျက်နှာလိုက်တယ်"

ချန်လော့ပိုင် အကင်တွေ ပြည့်နေတဲ့ စားပွဲကို မေးငေါ့ပြလိုက်သည်။

"ငါ မူးသွားရင် ဘယ်သူ ရှင်းပေးမှာလဲ"

ထန်ကျန့်ရွေ့ - "......"

ထန်ကျန့်ရွေ့ ချက်ချင်း လေသံပြောင်းလိုက်သည်။

"ဒါဆို ငါ မော့လိုက်မယ်၊ လော့ကောက အဆင်ပြေသလိုပဲ သောက်တော့"

ထန်ကျန့်ရွေ့ ငြိမ်သွားပေမယ့် ယန်ရှင်းချန်က ကိုယ့်ခွက်ထဲ ဘီယာအပြည့်ငှဲ့လိုက်သည်။ မတ်တတ်ရပ်ပြီး တစ်ဝက်လောက် လှည့်လိုက်သည်။

"ချန်လော့ပိုင်... သူတို့တိုက်တာ နင် မသောက်ချင်ရင် နေပါ၊ ငါ့ခွက်တော့ နင် သောက်ရမယ်။ ရန်ရန်က ငါ့ရဲ့ ငယ်သူငယ်ချင်း၊ အချစ်ဆုံးသူငယ်ချင်းပဲ။ ဘာပဲဖြစ်ဖြစ် နင် သူ့အပေါ် ကောင်းပေးရမယ်။ မင်း သူ့အပေါ်မကောင်းရင် မင်း ဘယ်လောက်တော်တော် ငါ လာစာရင်းရှင်းမှာနော်"

ကျန်းရူရှန်း - "ငါလည်း အဲဒီသဘောပဲ"

ရှန့်ရှောင်ဝမ်လည်း တစ်ခွက် ငှဲ့လိုက်သည်။

"ငါလည်း ပါမယ်။ နင် ညကျရင် ရန်ရန်နဲ့ ပြောစရာတွေ ရှိဦးမယ်ဆိုတာ သိတယ်။ ငါတို့ ၃ ယောက် တိုက်တာ နင် တစ်ခွက်ပဲ သောက်ပါ"

"ကောင်းပြီ" ချန်လော့ပိုင် တစ်ခွက်ငှဲ့လိုက်သည်။ သူတို့ ၃ ယောက်နဲ့ ခွက်ချင်းတိုက်လိုက်သည်။ "စိတ်ချပါ"

ကျိုးအန်းရန် နှာခေါင်းထိပ်လေး စူးအောင့်သွားပြန်သည်။

ဟယ်မင်ယွီက ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ကနေ လှည့်လာလဲ မသိဘူး။ မျက်မှန်အောက်က အကြည့်တွေက သူမမျက်နှာပေါ် ကျရောက်နေသည်။ ရှုပ်ထွေးနေသလိုပဲ။ သေချာကြည့်တော့လည်း ဘာမှ မမြင်ရဘူး။

"ကျိုးအန်းရန်... နင် နည်းနည်း သောက်နိုင်လား"

ချန်လော့ပိုင်လည်း တိုးတိုးလေး မေးလိုက်သည်။

"သောက်နိုင်လား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"နည်းနည်းတော့ သောက်နိုင်ပါတယ်"

ဟယ်မင်ယွီ - "ဒါဆို ငါ နင်တို့နှစ်ယောက်ကို တစ်ခွက်တိုက်မယ်"

ချန်လော့ပိုင်က သူမကို ၃ ပုံ ၁ ပုံလောက် ငှဲ့ပေးလိုက်သည်။ ကိုယ့်ခွက်ကို အပြည့်ငှဲ့လိုက်သည်။

ဟယ်မင်ယွီ သူတို့နှစ်ယောက်နဲ့ ခွက်ချင်းတိုက်လိုက်သည်။

"ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်"

သူ ကျိုးအန်းရန်ကို မကြည့်ဘဲ ချန်လော့ပိုင်ကို တစ်ချက်ကြည့်လိုက်သည်။

ချန်လော့ပိုင် ခေါင်းညိတ်ပြလိုက်သည်။

တုန်းချန်က ဒီနေ့မှ ဟယ်မင်ယွီ ကျိုးအန်းရန်ကို နှစ်အတော်ကြာ တိတ်တခိုးကြိုက်နေခဲ့တာ သိလိုက်ရတာ။ ညနေက ချန်လော့ပိုင် ကျိုးအန်းရန်ကို ရည်းစားစာပေးတုန်းက သူက ဟယ်မင်ယွီနဲ့အတူ မသွားခဲ့ဘူး။

ဒါပေမဲ့ အခုမြင်ကွင်းကိုကြည့်ရတာ ဟယ်မင်ယွီ ရင်ထဲ မကောင်းဘူးဆိုတာ သိသာနေတယ်။

သူ နှစ်သိမ့်ပေးလို့ မရဘူး။ ဘယ်လိုနှစ်သိမ့်ရမလဲ မသိဘူး။ ဟယ်မင်ယွီကျောကို ဖွဖွလေး ပုတ်ပေးလိုက်ရုံပါပဲ။

ဟယ်မင်ယွီ နေရာပြန်ထိုင်မှ တုန်းချန်က ယန်ရှင်းချန်ဘက် လှည့်လိုက်သည်။

"ယန်ရှင်းချန်... ငါတို့နှစ်ယောက် တစ်ခွက် သောက်ကြမလား"

ယန်ရှင်းချန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဘယ်သူက နင်နဲ့ သောက်ချင်လို့လဲ"

တုန်းချန် - "နင် ငါနဲ့ လောင်းထားတာ ရှုံးလို့ တစ်ခုလုပ်ပေးရဦးမယ်ဆိုတာ မှတ်မိတယ်မလား"

ယန်ရှင်းချန် သတိထားပြီး ကြည့်လိုက်သည်။

"နင် ဘာလုပ်ခိုင်းချင်လို့လဲ"

"ဘာမှ မဟုတ်ပါဘူး" တုန်းချန် သူမကို ခွက်တစ်ဝက်လောက် ငှဲ့ပေးလိုက်သည်။ "ငါနဲ့ တစ်ခွက်သောက်ပြီး၊ ငါ လေယာဉ်မှူး စောစောဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ရင် ရပြီ"

ယန်ရှင်းချန် သံသယနဲ့ ကြည့်လိုက်သည်။

"ဒီလောက် ရိုးရှင်းတယ်?"

တုန်းချန် - "ဒါပါပဲ"

"ငါ မယုံဘူး" ယန်ရှင်းချန် သံသယဝင်နေတုန်းပဲ။ "နင်က ဒီလောက် လွယ်လွယ်လေးနဲ့ လွှတ်ပေးမယ်?"

တုန်းချန် ရယ်လိုက်သည်။ စိတ်တိုလို့ ရယ်တာလား မသိဘူး။

"နှစ်စက္ကန့် ပေးမယ်၊ မယုံရင် ငါ တကယ် နောင်တရလိုက်တော့မယ်"

ယန်ရှင်းချန် ခွက်ချင်း အမြန်တိုက်လိုက်သည်။

"နင် လေယာဉ်မှူး စောစောဖြစ်ပါစေ၊ မနက်ဖြန် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်"

တုန်းချန် - "......"

ယန်ရှင်းချန် သူနဲ့သောက်ပြီးတော့ စိတ်ပါလာပုံရသည်။ ကျိုးအန်းရန်တို့ကို လိုက်တိုက်ပြန်သည်။

"ငါတို့ ရှောင်ရန်ရန် သိပ္ပံပညာရှင် စောစောဖြစ်ပါစေ၊ ရူရှန်းက ဆရာဝန် စောစောဖြစ်ပါစေ၊ ရှောင်ဝမ်က နိုင်ငံခြားရေးဝန်ကြီးဌာန ဝင်ခွင့် ချောချောမွေ့မွေ့ ရပါစေ၊ ငါကတော့... အိုင်ဒေါဖျော်ဖြေပွဲ စောစော ပြန်ကြည့်ရပါစေ"

သောက်ပြီးတော့ ဟွမ်ရှူးကျဲ့လည်း ဝင်အော်သည်။

"ငါတို့ အတူတူ တစ်ခွက် မော့လိုက်ကြရအောင်"

ဒီတစ်ခါတော့ ဘယ်သူမှ မငြင်းကြဘူး။ အားလုံး မတ်တတ်ရပ်လိုက်ကြသည်။

ကျုရန်က ချန်လော့ပိုင်ကို ကြည့်လိုက်သည်။

"ဒီည မင်း ဒကာခံတာဆိုတော့ ဘာဆုတောင်းမလဲ မင်း ပြောလေ"

ချန်လော့ပိုင်က ဘေးနားက မိန်းကလေးကို အရင်လို ခွက်တစ်ဝက်လောက် ငှဲ့ပေးလိုက်သည်။ ပြီးမှ ကိုယ့်ခွက်ကို အပြည့်ဖြည့်လိုက်သည်။

ကောင်လေးက မေးငေါ့ပြလိုက်သည်။ တောက်ပပြီး စိတ်ဓာတ်တက်ကြွနေတုန်းပါပဲ။

"ဒါဆို ငါတို့အားလုံး ရှေ့ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းလိုက်ကြတာပေါ့"

"ကောင်းပြီ"

"ရှေ့ခရီးလမ်း ဖြောင့်ဖြူးပါစေ"

....

အကင်စားပွဲက ညနေ ၄ နာရီခွဲကနေ ည ၉ နာရီလောက်ထိ ကြာသွားသည်။

ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့ နှစ်ယောက်သား မူးပြီး ယိုင်နဲ့နေကြပြီ။ တစ်ယောက်တစ်ခွန်း သီချင်းဆိုနေကြသည်။

ချန်လော့ပိုင်က ကျိုးအန်းရန်ထိုင်ခုံအမှီပေါ် လက်တင်ပြီး သူမကို ဖွဖွလေး ဖက်ထားသည်။

"မင်းတို့ ဒီည ပြန်မှာလား၊ ဒါမှမဟုတ် ဒီနားက ဟိုတယ်မှာ အခန်းဖွင့်ပေးရမလား"

ကျုရန်က ဘေးနားက အရက်သမားနှစ်ယောက်ကို ခေါင်းကိုက်သလို ကြည့်လိုက်သည်။

"ဟိုတယ်မှာ ဖွင့်လိုက်ပါ၊ ပြန်ပို့ရင် တက္ကစီပေါ် အန်ချမှာ စိုးရတယ်"

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

...

ညမှောင်နေပြီဖြစ်တာကြောင့် နန်ချန် ဆောင်းရာသီ ညလေညင်းက နည်းနည်း အေးစက်နေသည်။

အပြင်ထွက်တော့ ချန်လော့ပိုင်က ဘေးနားက မိန်းကလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

တုန်းချန်က တံခါးဝမှာ ရပ်နေသည်။ လေတိုက်လို့ ထင်တယ်၊ အရက်ရှိန် နည်းနည်း တက်လာလို့လား၊ ဒါမှမဟုတ် ဟယ်မင်ယွီ ညနေက ပြောတဲ့ "စောစောဖွင့်ပြောလိုက်၊ နောက်ကျမှ နောင်တမရနဲ့" ဆိုတဲ့ စကားကြောင့်လား မသိဘူး၊ ရှန့်ရှောင်ဝမ်ဘေးနားမှာ ခုန်ပေါက်နေတဲ့ သူကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"ယန်ရှင်းချန်... ငါ နင့်ကို ပြောစရာရှိတယ်"

"နင် ငါ့ကို ဘာပြောစရာ ရှိလို့လဲ" ယန်ရှင်းချန် သတိထားပြီး ကြည့်လိုက်သည်။ "နင် နောင်တရတယ်လို့တော့ မပြောနဲ့နော်၊ ယောကျ်ားကောင်းတစ်ယောက်အနေနဲ့ အဲဒီလိုလုပ်တာ တော်တော် ရှက်စရာကောင်းတယ်"

တုန်းချန် - "......"

"နောင်တမရပါဘူး၊ နင် မလိုက်ရဲဘူးလား"

ဆွပေးတဲ့နည်းလမ်းက သူမအပေါ် အထိရောက်ဆုံးပါပဲ။

"ငါ ဘာလို့ မလိုက်ရဲရမှာလဲ" ယန်ရှင်းချန် သူ့နောက်လိုက်ပြီး ဘေးနား လျှောက်သွားသည်။

အရက်သမားနှစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေက နားလည်မှုရှိရှိနေရာမှာ ရပ်စောင့်နေကြသည်။ သူတို့ စကားပြောပြီး ပြန်လာတာကို စောင့်နေကြသည်။

ချန်လော့ပိုင်က ကျိုးအန်းရန်ကို ရင်ခွင်ထဲ ထည့်ထားသည်။ လေတိုက်လို့ ရှုပ်ပွနေတဲ့ သူမဆံပင်တွေကို သပ်တင်ပေးလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"အေးလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ သူ့အင်္ကျီဇစ်ကို ဆွဲတင်ပေးလိုက်သည်။

"မအေးပါဘူး"

"ခေါင်းမူးလား" ချန်လော့ပိုင် ထပ်မေးသည်။

ကျိုးအန်းရန် လက်မြှောက်ပြီး သူ့ကို ပြန်ဖက်လိုက်သည်။

"မမူးပါဘူး"

နှစ်ယောက်သား ဖက်ပြီး တီးတိုးစကားပြောနေတုန်း စကားပြောပြီးသွားတဲ့ ယန်ရှင်းချန် ပြန်ရောက်လာသည်။ ကျိုးအန်းရန်ကျောကို လက်ညှိုးနဲ့ တို့လိုက်သည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ "ပြီးပြီလား"

ယန်ရှင်းချန် "အင်း" ဟု ဖြေသည်။

"ချန်လော့ပိုင်... နင့်ရည်းစားကို ခဏ ပြန်ပေး"

ချန်လော့ပိုင်က "ပြန်ပေး" ဆိုတဲ့ စကားလုံးကို နည်းနည်း သဘောမကျပေမယ့် လက်လွှတ်ပေးလိုက်သည်။

ယန်ရှင်းချန်က ကျိုးအန်းရန်ကို ဆွဲပြီး ဘေးနားခေါ်သွားသည်။ ရှန့်ရှောင်ဝမ်နဲ့ ကျန်းရူရှန်းတို့ကိုလည်း လက်ယပ်ခေါ်လိုက်သည်။

မိန်းကလေး ၄ ယောက် စုလိုက်ကြသည်။

ယန်ရှင်းချန်က နေရာမှာရပ်နေသေးတဲ့ တုန်းချန်ကို လှမ်းကြည့်လိုက်သည်။ မယုံနိုင်သလို၊ နားမလည်သလို မျက်နှာထားနဲ့ ပြောလိုက်သည်။

"ငါ နင်တို့ကို ပြောပြမယ်... တုန်းချန်က ငါ့ကို အထက်တန်းပထမနှစ်ကတည်းက ကြိုက်နေတာတဲ့။ နင်တို့ ပြောကြည့်... သူ မူးနေတာလား၊ ရူးနေတာလား"

ကျိုးအန်းရန် ပြုံးလိုက်သည်။

"သူ မမူးပါဘူး၊ မရူးပါဘူး။ တကယ် အထက်တန်းပထမနှစ်ကတည်းက ကြိုက်နေလောက်တယ်"

ယန်ရှင်းချန် ကြောင်သွားသည်။

"နင် ဘယ်လိုသိလဲ"

"သိသာပါတယ် ရှင်းရှင်း" ကျိုးအန်းရန် သူမအင်္ကျီကြယ်သီးတွေ တပ်ပေးလိုက်သည်။ "နင်တစ်ယောက်တည်း ထိုင်းနေလို့ မသိတာ"

ယန်ရှင်းချန် - "?!"

သူမ ကျိုးအန်းရန်ကို ကြည့်လိုက်၊ လုံးဝ မအံ့ဩတဲ့ ကျန်တဲ့ ညီအစ်မနှစ်ယောက်ကို ကြည့်လိုက် လုပ်နေသည်။

"ဒါဆို နင်တို့အကုန်လုံး သိနေကြတာပေါ့၊ ဘာလို့ ငါ့ကို မပြောပြကြတာလဲ"

"ငါလည်း အရင်တုန်းက ရာနှုန်းပြည့် မသေချာလို့ပါ" ကျိုးအန်းရန် ရယ်မောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် နင်ကလည်း သဘောမပေါက်တော့ မပြောပြလိုက်တာ"

ရှန့်ရှောင်ဝမ် - "သူမှ နင့်ကို ဖွင့်မပြောရဲတာ၊ ငါတို့က ဘာကိစ္စကူညီရမှာလဲ"

"ဟုတ်တယ်" ကျန်းရူရှန်း ခေါင်းညိတ်သည်။

ယန်ရှင်းချန် ခေါင်းကြီးသွားသည်။

"အာ... အာ... အာ... ဒီအကြောင်း မပြောကြစို့နဲ့၊ မနက်ဖြန်မှ စဉ်းစားတော့မယ်။ သူ တကယ် မူးနေတာ ဖြစ်နိုင်တယ်၊ အမူးပြေရင် ငါ့ကို လာတောင်းပန်လိမ့်မယ်"

ကျိုးအန်းရန် ရယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ယန်ရှင်းချန်ဘက်ကပဲမို့ အတင်းမတိုက်တွန်းပါဘူး။ တိုးတိုးလေး မေးလိုက်သည်။

"နင်တို့ ဒီည ပြန်မှာလား၊ ဟိုတယ်မှာ အိပ်မှာလား"

"ဟိုတယ်မှာ အိပ်မယ်" ရှန့်ရှောင်ဝမ် ပြောသည်။ "ငါတို့ စကားမပြောရတာလည်း ကြာပြီ။ ပြီးတော့ နင့်အတွက် အကာအကွယ် လုပ်ပေးလို့ရတာပေါ့"

"ဟုတ်တယ်" ကျန်းရူရှန်း အနောက်လှည့်ကြည့်လိုက်သည်။ "ချန်လော့ပိုင်က ဒီနေ့အတွက် အများကြီး ပင်ပန်းထားတယ်၊ ငါတို့ ဒီည သူ့ဆီကနေ နင့်ကို မလုတော့ပါဘူး"

ကျိုးအန်းရန် နားရွက် ပြန်ပူလာသည်။ ဒါပေမဲ့ နှုတ်ခမ်းထောင့်စွန်းလေးလည်း ဖြည်းဖြည်းချင်း ကွေးတက်သွားသည်။

လူအုပ်ကြီး ဟိုတယ်ကို ပြောင်းသွားကြသည်။

ချန်လော့ပိုင်က သူတို့အတွက် အခန်းဖွင့်ပေးလိုက်သည်။ ကျုရန်ကို အရက်သမားနှစ်ယောက် ဂရုစိုက်ဖို့ မှာလိုက်သည်။ လိုက်မပို့တော့ဘူး။

ဟိုတယ်ဧည့်ခန်းဆောင်မှာ ဝန်ထမ်းတွေနဲ့ ဖြတ်သွားဖြတ်လာ သူစိမ်းတွေကလွဲရင် သူတို့နှစ်ယောက်တည်း ကျန်ခဲ့သည်။

"ငါတို့ ဒီမှာ မနေဘူးလား" ကျိုးအန်းရန် ခုနကတည်းက မေးချင်နေတာ။ ရှက်လို့ မမေးလိုက်တာ။

ချန်လော့ပိုင် သူမရဲ့ ရဲနေတဲ့ နားရွက်ဖျားလေးကို ဆွဲလိုက်သည်။

"နင် ဟိုတယ်နေရင် ရှက်နေမှာစိုးလို့၊ ငါနဲ့ အိမ်လိုက်ခဲ့မလား"

ကျိုးအန်းရန် - "?!"

အိမ်... အိမ်လိုက်မယ်?

ချန်လော့ပိုင်က သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်သွားတာမြင်တော့ ဘာတွေးနေလဲဆိုတာ ခန့်မှန်းမိလိုက်သည်။ ရယ်မောလိုက်သည်။

"ငါ့မိဘတွေအိမ် မဟုတ်ပါဘူး။ ငါ ကျောင်းနားမှာ တိုက်ခန်းတစ်ခန်း ရှိတယ်"

ကျိုးအန်းရန် - "......"

သူမ သက်ပြင်းချလိုက်သည်။ ပြီးတော့ မနေနိုင်ဘဲ မျက်စောင်းထိုးလိုက်သည်။

သူက သေချာမပြောဘဲနဲ့၊ အခု သူမကို လာရယ်နေသေးတယ်။

သူမ ရုပ်ရည်က လိမ္မာတော့ မျက်စောင်းထိုးတာက ခြိမ်းခြောက်မှု မရှိဘဲ ချွဲနေသလို ဖြစ်နေတယ်။

ချန်လော့ပိုင် လည်စလုတ် လှုပ်ရှားသွားသည်။ အပြုံး ရပ်သွားသည်။

"ရန်ရန်"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

ကောင်လေးက လက်ကမ်းပေးလိုက်သည်။ သူမကို ကြည့်တဲ့အကြည့်တွေက ရင်းနှီးတဲ့ မီးပွားလေးတွေ ပါနေသလို၊ မျက်ဝန်းနက်နက်တွေက မျှားချိတ်တစ်ခု ဝှက်ထားသလိုပါပဲ။

ရင်ခုန်သံတွေ မြန်ဆန်စေပြီး မျက်နှာရဲစေတယ်။

သူ ခေါင်းငုံ့ပြီး တိုးကပ်လာသည်။ အသံနှိမ့်လိုက်သည်။

"ဒီတစ်ခါလည်း ငါနဲ့ လိုက်ခဲ့မလား"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၈၃ ။ Extra : သကြားလုံး

ချန်လော့ပိုင်ရဲ့ ဒီတိုက်ခန်းက အမှတ် (၂) ကျောင်းနားမှာ ရှိသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဆောက်ထားတဲ့ တန်ဖိုးကြီး အိမ်ရာတစ်ခုဖြစ်သည်။

အနက်နဲ့အဖြူ အဓိကထား ပြင်ဆင်ထားသည်။ ဒါပေမဲ့ ပေကျင်းက တိုက်ခန်းနဲ့ ကွာခြားတာက အဲဒီလောက် ဟာလာဟင်းလင်း ဖြစ်မနေဘဲ လူနေထားတဲ့ အရိပ်အယောင်တွေ ရှိနေတယ်။

"နင် ဒီမှာ နေဖူးတာလား" ကျိုးအန်းရန် ခေါင်းငဲ့မေးလိုက်သည်။

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။

"အထက်တန်း တတိယနှစ်တုန်းက တစ်နှစ်လောက် နေဖူးတယ်"

ဒါဆို ကျိုးအန်းရန် မအံ့ဩတော့ပါဘူး။

အမှတ် (၂) ကျောင်းက အထက်တန်း တတိယနှစ် ကျောင်းသားအများစုက ဒီနားတဝိုက်မှာ အခန်းငှားနေတတ်ကြတယ်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဆိုတာ တိုက်ပွဲကြီးတစ်ခုပဲ။ အချိန်နည်းနည်း သက်သာရင် နည်းနည်း အကျိုးရှိတာကိုး။

ဖိနပ်လဲပြီးတော့ ချန်လော့ပိုင် လက်ကမ်းပေးလိုက်သည်။

"ရေဆာလား၊ ရေ သောက်မလား"

ကျိုးအန်းရန်က မကြာသေးခင်က ဟိုတယ်မှာတုန်းကလိုပဲ လက်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

"နည်းနည်း ဆာတယ်"

ချန်လော့ပိုင် သူမကို ဆွဲပြီး ဆိုဖာဆီ ခေါ်သွားသည်။

"ဒီမှာ ခဏထိုင်နေ၊ ရေသွားငှဲ့ပေးမယ်"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ဆိုဖာပေါ်ထိုင်ပြီးမှ လွယ်အိတ် မချွတ်ရသေးတာ သတိရသွားသည်။

အနက်ရောင် လွယ်အိတ်လေးကို ချွတ်ပြီး ဧည့်ခန်းစားပွဲပေါ် တင်လိုက်သည်။ လွယ်အိတ်လေးကို ငေးကြည့်နေမိသည်။

အဲဒီစာက အိတ်ထဲမှာ ရှိနေသေးတယ်။

-- ချန်လော့ပိုင် သူမကို ရေးပေးခဲ့တဲ့ ရည်းစားစာ။

ညနေက အတန်းထဲ မဝင်ခင်အထိ၊ ဒါမှမဟုတ် သူ အမှတ် (၂) ကျောင်းဝတ်စုံ ဝတ်ပြီး သူမရှေ့ ရောက်မလာခင်အထိ၊ ဒီနေ့က သာမန် အတန်းဖော်တွေ့ဆုံပွဲပဲလို့ သူမ ထင်ခဲ့တာ။

သူက သူမသူငယ်ချင်းတွေ၊ သူ့သူငယ်ချင်းတွေကို အမှတ် (၂) ကျောင်းဝတ်စုံ ဝတ်ခိုင်းပြီး အဲဒီနေ့က မြင်ကွင်းကို တစ်ဝက်လောက် ပြန်လည်ဖန်တီးမယ်လို့၊ ပြီးတော့ ရည်းစားစာအသစ်တစ်စောင်နဲ့ အဟောင်းကို ဖုံးအုပ်ပေးလိုက်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။

ဒါမှမဟုတ် ဒုတိယမြောက် ရည်းစားစာနဲ့ အရင်တုန်းက ရည်းစားစာကို ချိုမြိန်တဲ့ အမှတ်တရတစ်ခု ဖြစ်အောင် ပြောင်းလဲပေးလိုက်တာ နေမှာပါ။

"ဘာတွေ ငေးနေတာလဲ" ချန်လော့ပိုင်အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်တော့ သူ သူမဘေးမှာ ဝင်ထိုင်လိုက်ပြီး ဖန်ခွက်တစ်ခွက် ကမ်းပေးနေတာ တွေ့လိုက်ရသည်။

ရေနွေး ဖြစ်မယ်ထင်တယ်။ ရေငွေ့တွေ ထွက်နေတယ်။

ကျိုးအန်းရန် ခေါင်းခါလိုက်ပြီး ရေခွက်ယူကာ နှစ်ငုံလောက် သောက်လိုက်သည်။

သူမ ရေခွက်ပြန်ချလိုက်တာ တွေ့တော့ ချန်လော့ပိုင် ဘာမှမလုပ်ရသေးခင် မိန်းကလေးက သူ့ရင်ခွင်ထဲ တိုးဝင်လာသည်။ လက်နှစ်ဖက်နဲ့ သူ့ခါးကို ဖက်လိုက်ပြီး နူးညံ့စွာ ကပ်နေသည်။

သူ ခဏကြောင်သွားပြီး ရယ်မောလိုက်သည်။ လက်တစ်ဖက်နဲ့ သူမခါးကို ဖက်လိုက်သည်။

"ဘာဖြစ်တာလဲ၊ ဒီည ဒီလောက် တက်ကြွနေပါလား"

ကျိုးအန်းရန် ရင်ထဲမှာ နူးညံ့ပျော့ပျောင်းနေတယ်။ ပြောချင်တဲ့စကားတွေ အများကြီး ရှိနေပေမယ့် ဘာပြောရမလဲ မသိဘူး။

သူမက ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ မကျွမ်းကျင်ဘူး။

ကျိုးအန်းရန် ကောင်လေးရဲ့ ချောမောတဲ့ မျက်နှာကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးမှ မျက်နှာကို သူ့လည်ပင်းကြားထဲ အပ်ထားလိုက်သည်။ ခဏနေတော့မှ စကားတစ်ခွန်း ထွက်လာသည်။

"အရမ်း ကြိုက်တယ်"

ချန်လော့ပိုင် သူမခါးကို ဖက်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။

ဒါ သူမ သူ့ကို ကြိုက်တယ်လို့ ကိုယ်တိုင် ဒုတိယအကြိမ် ပြောတာပဲ။

ပထမအကြိမ်က မနေ့ညနေက။ ဒါပေမဲ့ အဲဒီတုန်းက သူမ တော်တော် ငိုထားလို့ သူက ချော့ဖို့ပဲ စဉ်းစားနေတာ။ သေချာ မခံစားလိုက်ရဘူး။

ဒီတစ်ခါလည်း မရသေးဘူး။

သူမ ပုံမှန် ချွဲတာလေးတောင် သူ မခံနိုင်တာ။

အခုလို ချွဲသလိုလို လေသံလေးနဲ့ ဖွင့်ပြောလာတာကို ဘယ်ခံနိုင်မှာလဲ။

ပြီးတော့ သူ ဒီည သူမကို ဒီခေါ်လာတဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူးလေ။

"ကျိုးအန်းရန်"

ကျိုးအန်းရန် "အင်း" ဟု ထူးသည်။

ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ သူမ ရင်ခွင်ထဲ တိုးဝင်ထားလို့ ဆံပင်တွေ နည်းနည်း ရှုပ်ပွနေသည်။ ပေါ်နေတဲ့ လည်ပင်းသားလေးက ပန်းရောင်သမ်းနေသည်။

"ငါ ညနေက ပြောခဲ့တာ မှတ်မိလား"

ကျိုးအန်းရန် ခဏ စဉ်းစားလိုက်သည်။

"ဘာပြောခဲ့လို့လဲ"

ချန်လော့ပိုင် သတိပေးလိုက်သည်။

"နင်က ငါ ကတိမတည်ဘူးလို့ ပြောတော့ ငါ ဘာပြန်ပြောခဲ့လဲ"

ကျိုးအန်းရန် သဘောပေါက်သွားသည်။

--"ဘာလို့လဲဆိုတော့ အခုတောင် အတော် သည်းခံနေရလို့လေ"

သူမ မျက်နှာ ချက်ချင်း ပူထူသွားသည်။

ချန်လော့ပိုင် သူမဇက်ပိုးကို ကိုင်လိုက်ပြီး နားနားကပ်ကာ ပြောလိုက်သည်။

"ငါ့အိမ် လိုက်လာဖို့ သဘောတူပြီးတော့၊ ဒီလို လာချွဲနေမှတော့ နင် မကြောက်..."

သူ စကားရပ်လိုက်သည်။ နောက်ဆုံးစာကြောင်းတစ်ဝက်ကို နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ကျိုးအန်းရန် သူ့ပါးစပ်က ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အလိုအလျောက် ရှက်ဖို့တောင် မေ့သွားပြီး မော့ကြည့်လိုက်မိသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပြူးကျယ်နေသည်။

ချန်လော့ပိုင်က သူမရဲ့ တုံ့ပြန်ပုံကြောင့် ရယ်ချင်သွားသည်။

တဟားဟား ရယ်မောပြီး သူမအပေါ် မှီချလိုက်သည်။

ကျိုးအန်းရန် အရှိန်မထိန်းနိုင်ဘဲ ဆိုဖာပေါ် လဲကျသွားသည်။

သူ ရယ်နေတုန်းပဲ။ ပခုံးတွေ တုန်ခါနေသည်။

ကျိုးအန်းရန် နောက်ကျမှ သဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံး မီးစွဲလောင်သလို ရဲတက်သွားသည်။ ရှက်တာလား စိတ်ဆိုးတာလား မသိတော့ဘူး။

"ချန်လော့ပိုင်!"

ချန်လော့ပိုင် အနိုင်နိုင် ရယ်မောတာ ရပ်လိုက်သည်။ သူမပါးကို ဆွဲလိုက်သည်။

"ပြောထားတယ်မလား... ငါ့ကို အထင်မကြီးလွန်းပါနဲ့လို့။ လူပျိုပေါက်အရွယ်တုန်းက တခြားကောင်လေးတွေ ကြည့်တဲ့ ဇာတ်ကားမျိုး ငါလည်း ကြည့်ဖူးပါတယ်"

တစ်စက္ကန့်လောက် ရပ်တန့်သွားပြီး တစ်ခုခု သတိရသွားသလို နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ဒါဆိုရင် ကျောင်းပိတ်ရက်မတိုင်ခင် ညတုန်းက နင့်ကို ရွှယ်ကျန့်လို့ ခေါ်ခိုင်းတာ မမှားဘူးပေါ့"

"!"

သူ ပြောတဲ့ ဇာတ်ကားဆိုတာ ဘာမှန်း နောက်ကျမှ သဘောပေါက်သွားလို့လား၊ ဒါမှမဟုတ် ကျောင်းပိတ်ရက်မတိုင်ခင် ညက အမှတ်တရတွေ ရုပ်ရှင်လို ပြန်မြင်ယောင်လာလို့လား မသိဘူး။

ကျိုးအန်းရန် မျက်နှာ ပူထူသွားသည်။ ရှက်လွန်းလို့ ကိုယ်ကိုလှည့်ပြီး ဆိုဖာပေါ် မှောက်လိုက်သည်။ သူ့ကို မကြည့်တော့ဘူး။

ကောင်လေးက အနောက်ကနေ လှမ်းဖက်လိုက်သည်။ ချော့သလိုလို၊ ရယ်သလိုလို။

"ဘာလို့ ဒီလောက် ရှက်နေတာလဲ။ နင် မကြိုက်ရင် နောက်ဆို ငါ မပြောတော့ဘူးလေ"

ကျိုးအန်းရန် အောက်က ခေါင်းအုံးကို လက်ချောင်းလေးတွေနဲ့ ဆွဲလိုက်သည်။ မကြိုက်တာ မဟုတ်ပါဘူးလို့ ပြောချင်ပေမယ့် ပါးစပ်က မထွက်ဘူး။

"တကယ် စကားမပြောတော့ဘူးလား" ချန်လော့ပိုင် အသံနှိမ့်လိုက်သည်။ သူမဆံပင်တွေကို ဖယ်လိုက်တော့ နားရွက်ဖျားလေး ပေါ်လာသည်။

ညနေကထက် ပိုရဲနေသည်။

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"ခေါင်းခါတာ ဘာသဘောလဲ" ချန်လော့ပိုင်က မနေ့က သူမ ပြောတဲ့ သူမက လိမ္မာတာ မဟုတ်ပါဘူး၊ သူ့ကို အရမ်းကြိုက်လို့ အလိုလိုက်တာပါ ဆိုတဲ့စကားကို သတိရသွားသည်။ ရင်ထဲက ဆိုးသွမ်းချင်စိတ်တွေ ပြန်ထွက်လာသည်။ နားနားကပ်ပြီး ဆက်မေးလိုက်သည်။

"မကြိုက်တာ မဟုတ်ဘူးလား၊ စကားမပြောတာ မဟုတ်ဘူးလား"

ကျိုးအန်းရန် မျက်နှာကို ခေါင်းအုံးထဲ အပ်ထားသည်။ ပိုပိုပူလာသည်။ တစ်စက္ကန့်လောက်ကြာမှ တိုးတိုးလေး ဖြေလိုက်သည်။

"စကားမပြောတာ မဟုတ်ပါဘူး"

အခန်းထဲ တိတ်ဆိတ်နေတော့ သူမအသံကို ကြားရပါတယ်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ...

"မကြိုက်တာ မဟုတ်ဘူးပေါ့" သူ အသံဆွဲပြီး ပြောလိုက်သည်။ တမင်သက်သက် လုပ်တာ သိသာနေသည်။

ကျိုးအန်းရန် - "......"

သူ ပုံမှန်ဆို သည်းခံပြီး အနိုင်မကျင့်ဘဲ နေခဲ့တယ်ဆိုတာ အခုမှ ယုံတော့တယ်။

"ချန်လော့ပိုင်!" ကျိုးအန်းရန် ခေါင်းအုံးထဲ မျက်နှာအပ်ထားပြီး အော်လိုက်သည်။ အသံက ဘာခြိမ်းခြောက်မှုမှ မရှိဘူး။ "နင် လျှောက်မပြောနဲ့!"

ရင်ထဲမှာ ငှက်မွှေးလေးနဲ့ လာကလိနေသလိုပဲ။ ချန်လော့ပိုင် ခေါင်းငုံ့ပြီး သူမရဲ့ ရဲနေတဲ့ နားရွက်ဖျားလေးကို နမ်းလိုက်သည်။

"စကားမပြောတာ မဟုတ်ရင် ဟိုဘက်လှည့်ပြီး ကြည့်ပါလား"

ကျိုးအန်းရန် - "မလှည့်ဘူး"

လှည့်ကြည့်လိုက်ရင် သူ နောက်ထပ် နည်းလမ်းအသစ်တွေနဲ့ စဦးမှာ။

"မလှည့်ချင်ဘူးလား... ဒါဆို ဒီလို မှောက်ရတာ ကြိုက်လို့လား" ချန်လော့ပိုင် ရုတ်တရက် မေးလိုက်သည်။ အသံက စောစောကထက် ပိုတိုးသွားသလိုပဲ။

"?"

ဘာလဲ။

အနောက်က ကောင်လေးက သူမအဖြေကို မစောင့်တော့ဘဲ ရယ်မောသံ ပိုပါလာသည်။

"ထားလိုက်ပါတော့... နင် အသားကျအောင် စောင့်လိုက်ဦးမယ်။ နောက်မှ ပြောကြတာပေါ့"

အခန်းထဲမှာ အပူပေးစနစ်တပ်ထားပုံရသည်။ ဝင်ကာစက မသိသာပေမယ့် အချိန်ကြာလာလေ အပူချိန် မြင့်တက်လာလေ ဖြစ်နေသည်။

ကျိုးအန်းရန် ပူလာသည်။ ဆံပင်တွေ ချွေးစိုပြီး လည်ပင်းမှာ ကပ်နေတာကို ဂရုမစိုက်နိုင်တော့ဘူး။

သူမ ဆိုဖာပေါ် တစောင်းလှဲလိုက်သည်။ အနောက်နည်းနည်း ရွှေ့လိုက်တာနဲ့ ချက်ချင်း ပြန်ဆွဲခံလိုက်ရသည်။

ခေါင်းအုံးက ဆိုဖာလက်ရန်းနဲ့ တိုက်မိသွားသည်။ ဆိုဖာက ပျော့လွန်းလို့ အားပြုစရာ မရှိဘူး။ ကျိုးအန်းရန် ခေါင်းစောင်းကြည့်လိုက်သည်။ သူက သူမဘေးမှာ လက်ထောက်ထားသည်။ ချွေးတွေ ထွက်နေသလိုပဲ။ လက်မောင်းပေါ်မှာ သွေးကြောစိမ်းတွေ ထောင်တက်နေသည်။

ကျိုးအန်းရန် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ တောင်းပန်ချင်လို့လား၊ ဒီအတိုင်း ခေါ်ချင်လို့လား မသိဘူး။

"ချန်လော့ပိုင်"

ဒါပေမဲ့ ပိုဆိုးသွားသလိုပါပဲ။

ဒီလူက နန်ချန်ပြန်မလာခင် တစ်ရက်အလို ညတုန်းကလိုပဲ ဆိုးသွမ်းလွန်းနေတယ်။

သူ့အသံ ထွက်ပေါ်လာသည်။ ရယ်သံပါနေသည်။ ညနေက ဘောလုံးကစားပြီးစတုန်းကလို အသက်ရှူသံ နည်းနည်း ပြင်းနေသည်။

"ရွှယ်ကျန့်လို့ ခေါ်မယ်ဆို"

ဧည့်ခန်းထဲ ပိုပူလာသည်။

တစ်ယောက်သောသူက ပိုဆိုးသွမ်းလာသည်။

နောက်ဆုံးတော့ မိန်းကလေးဆီကနေ ရွှယ်ကျန့်လို့ တိုးတိုးလေး ခေါ်သံတွေ ထွက်ပေါ်လာသည်။

အိပ်ခန်းမကြီးမှာ ပြတင်းပေါက်အကြီးကြီးရှိတယ်။ ဒီတိုက်ခန်းက အထပ်မြင့်မှာရှိနေတော့ ချန်လော့ပိုင် ပြောတာ အမှတ် (၂) ကျောင်း တစ်ကျောင်းလုံး လှမ်းမြင်ရတယ်တဲ့။

ဒါပေမဲ့ ကျိုးအန်းရန် ရေချိုးခန်းထဲကနေ အပွေ့ချီခံရပြီး ထွက်လာတော့ ပင်ပန်းလွန်းလို့ ကျောင်းညရှုခင်းကို ကြည့်ဖို့ စိတ်မပါတော့ဘူး။

ပြီးတော့ အခုက ကျောင်းပိတ်ရက်ဆိုတော့ ဘာညရှုခင်းမှ မရှိပါဘူး။

....

ကုတင်ပေါ် လှဲလိုက်တာနဲ့ ကျိုးအန်းရန် လက်ချောင်းလေးတောင် မလှုပ်ချင်တော့ဘူး။

ကောင်လေးက ခေါင်းငုံ့ပြီး သူမနဖူးကို နမ်းလိုက်သည်။ အခုတော့ အရမ်း နူးညံ့နေတယ်။

"အိပ်ချင်ပြီလား"

ခန္ဓာကိုယ် ပင်ပန်းနေပေမယ့် ဦးနှောက်က ကြည်လင်နေတယ်။ အိပ်ချင်စိတ် နည်းနည်းမှ မရှိဘူး။ ကျိုးအန်းရန် ခေါင်းခါမလို့ လုပ်တုန်း ကုတင်ဘေး စားပွဲပေါ်က ဖန်ပုလင်းလေးကို တွေ့လိုက်ရသည်။

ပင်ပန်းနေပေမယ့် ကိုယ်တစ်ပိုင်းထပြီး ကြည့်လိုက်သည်။

ဖန်ပုလင်းက မကြီးပါဘူး။ အထဲမှာ ဂွမ်းတံနှစ်ချောင်းနဲ့ ပလာစတာနှစ်ခု ထည့်ထားတယ်။

ချန်လော့ပိုင် သူမ ထမလို့လုပ်တာ တွေ့တော့ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် လက်ညောင်းလို့ ပြန်လှဲလိုက်သည်။ ရင်ထဲမှာလည်း နည်းနည်း ဝမ်းနည်းသွားသည်။ သူ့ရင်ခွင်ထဲ တိုးဝင်လိုက်သည်။

"ကုတင်ဘေးက ဖန်ပုလင်းထဲက ပစ္စည်းတွေက ငါ ပေးထားတာလား"

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။

ဒီပုလင်းက အထက်တန်း တတိယနှစ်တုန်းက အိမ်ကနေ ယူလာတာ။ ဒီစားပွဲပေါ်မှာ ရှိနေတာ တစ်နှစ်ကျော်ပြီ။

သူ "အင်း" ဟု ဖြေလိုက်သည်။ ရင်ခွင်ထဲက မိန်းကလေးကို ငုံ့ကြည့်ပြီး ခပ်ဖွဖွ ရယ်လိုက်သည်။

"အဲဒီနေ့က ပြေးတာ မြန်ပေမယ့်၊ ငါ့ကို ဘာပေးခဲ့လဲဆိုတာ သေချာ မှတ်မိနေတာပဲ"

ကျိုးအန်းရန်က သက်တမ်းကုန်ခါနီး၊ လက်ဆောင်လို့တောင် ပြောလို့မရတဲ့ ပစ္စည်းတွေကို ဘာလို့ ဖန်ပုလင်းထဲထည့်ပြီး သိမ်းထားလဲ မမေးတော့ပါဘူး။

သူမ အိပ်ခန်းထဲမှာလည်း သက်တမ်းကုန်နေတဲ့ ကိုလာတစ်ဘူး ရှိနေလို့ပါ။

သူမ နောင်တရမိတာက အရင်တုန်းက သတ္တိမွေးပြီး သူ့ကို လက်ဆောင်တွေ ပိုပေးခဲ့သင့်တယ် ဆိုတာပါပဲ။

ကျိုးအန်းရန် ကောင်လေးခါးကို ဖက်လိုက်သည်။

"ငါ နင့်ကို ဘာလက်ဆောင်မှ မပေးဖူးသလိုပဲ"

ချန်လော့ပိုင်က သူမပါးဘေးက ဆံပင်တွေကို နားနောက် သပ်တင်ပေးလိုက်သည်။

"ခုနက ပေးလိုက်ပြီလေ"

ကျိုးအန်းရန် - "?"

ကောင်လေး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"နင့်ကိုယ်နင် ငါ့ကို ပေးလိုက်ပြီလေ"

ကျိုးအန်းရန် မျက်နှာ ချက်ချင်း ရဲတက်သွားသည်။ ရှက်စိတ်နဲ့ သူ့မေးစေ့ကို ကိုက်လိုက်မိသည်။

"နင် တည်တည်ကြည်ကြည် နေပါဦး"

ချန်လော့ပိုင် သူမကို ဖက်ပြီး ရယ်မောလိုက်သည်။

"ယုန်ကလေးက စိတ်ဆိုးရင် တကယ် ကိုက်တတ်တာပဲ"

ကျိုးအန်းရန် မျက်စောင်းထိုးလိုက်သည်။

ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။

"ဒီလို မျက်စောင်းထိုးတာ ပိုချစ်ဖို့ကောင်းတယ်"

ကျိုးအန်းရန် - "......"

ချန်လော့ပိုင် သူမဆံပင်တွေကို သပ်တင်ပေးလိုက်ပြန်သည်။

"နင် ခုနက ငိုတော့မလို ဖြစ်နေလို့"

ဒါဆို သူက စောစောက သူမငိုမှာစိုးလို့ တမင် စနောက်လိုက်တာပေါ့။

ကျိုးအန်းရန် တွေးနေတုန်း သူ့အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။

"နင် ငါ့ကို ကြိုက်နေသေးတာက ငါ့အတွက် အကောင်းဆုံး လက်ဆောင်ပါပဲ"

ကျိုးအန်းရန် ရင်ထဲ နူးညံ့သွားသည်။ တိုးတိုးလေး ပြောလိုက်သည်။

"နင်ကမှ အကောင်းဆုံး လက်ဆောင်ပါ"

နင့်အချစ်ကမှ ငါ ရရှိဖူးသမျှ အကောင်းဆုံး လက်ဆောင်ပါ။

"ဘာ အကောင်းဆုံးလဲ" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် ထုတ်ပြောဖို့ ရှက်နေသည်။

ကောင်လေးက အရမ်း နီးကပ်နေသည်။ မျက်လုံးထဲမှာ အပြုံးတွေ ပါနေသည်။ တွဲစတုန်းကလိုပဲ ခြိမ်းခြောက်လိုက်သည်။

"မပြောရင် နမ်းလိုက်မှာနော်"

ကျိုးအန်းရန် သူ့အင်္ကျီအစကို ဆွဲလိုက်ပြီး ဦးဆောင်ကာ သူ့ကို နမ်းလိုက်သည်။

ညနေက သူက သူမသူငယ်ချင်းတွေကို ကျောင်းဝမှာ ကြိုစောင့်ခိုင်းထားမှန်း သိလိုက်ရကတည်းက ကားပေါ်ကဆင်းတုန်းက သူ့ကို ဦးဆောင်ပြီး မနမ်းလိုက်ရတာ နောင်တရနေတာ။

နမ်းပြီးတော့ သူမ ခွာမလို့ လုပ်တုန်း ဇက်ပိုးကို သူ ထိန်းချုပ်လိုက်သည်။

ချန်လော့ပိုင် သူမမေးစေ့ကို ကိုင်လိုက်သည်။ မိန်းကလေးက လိမ်လိမ်မာမာ ပါးစပ်ဟပေးလိုက်သည်။

သူ လျှာဖျားလေး ထိုးသွင်းလိုက်ပြီး သူမလျှာလေးနဲ့ ရစ်ပတ်လိုက်သည်။

နှစ်ယောက်သား နူးညံ့သိမ်မွေ့စွာ နမ်းလိုက်ကြသည်။

ခွာလိုက်တော့ ချန်လော့ပိုင် နဖူးချင်း အပ်ထားလိုက်သည်။

"တကယ်ပဲ အထက်တန်းပထမနှစ် ကျောင်းအပ်တဲ့နေ့ ပထမဆုံး မြင်ကတည်းက ငါ့ကို ကြိုက်ခဲ့တာလား"

ကျိုးအန်းရန် နားရွက်ဖျားလေး ပူနေပေမယ့် ခေါင်းညိတ်လိုက်သည်။

"အင်း... ဒါပေမဲ့ နင် မှတ်မိတော့မှာ မဟုတ်ပါဘူး"

"ဘယ်သူက ငါ မမှတ်မိဘူး ပြောလို့လဲ" ချန်လော့ပိုင် ပြောလိုက်သည်။

ကျိုးအန်းရန် အံ့ဩသွားသည်။

"နင် မှတ်မိတယ်လား၊ နင် အဲဒီနေ့က ငါ့ကို တစ်ချက်တောင် မကြည့်ဘဲနဲ့"

ချန်လော့ပိုင် - "ကျုံးခိုင် ပြောပြလို့"

ကျိုးအန်းရန် နှာခေါင်းရှုံ့လိုက်သည်။

"ဒါဆို မမှတ်မိဘူးပေါ့"

"ငါက ဘယ်သူလဲဆိုတာ မသိခဲ့တာပါ၊ ဒါပေမဲ့ အဲဒီကိစ္စကိုတော့ မှတ်မိပါတယ်" ချန်လော့ပိုင် လက်က အောက်လျှောကျသွားပြီး သူမခါးနောက် ရောက်သွားသည်။ "ငါ အဲဒီတုန်းက ဖက်လိုက်တာ ဒီနေရာမလား"

ကျိုးအန်းရန် ပြန်စဉ်းစားကြည့်လိုက်သည်။

အဲဒီနေ့က ကျုံးခိုင် တတိယထပ်ကနေ လှမ်းကြည့်တော့ သူ သူမကို ဖက်ထားတာ တွေ့လိုက်ရမယ်။ ဒါပေမဲ့ ဘယ်နေရာကို ဖက်ထားလဲဆိုတာ သေချာ မမြင်ရလောက်ဘူး။

သူမ အံ့ဩရာကနေ ဝမ်းသာသွားသည်။

"နင် တကယ် မှတ်မိတာလား"

ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။

"နင့်ကို လိမ်ပြီး ဘာလုပ်ရမှာလဲ"

"ဒါပေမဲ့ အဲဒီနေ့က နင် ငါ့ကို တစ်ချက်တောင် မကြည့်ခဲ့ဘူးလေ" ကျိုးအန်းရန် မသိမသာ ချွဲလိုက်မိသည်။

"မကြည့်တာက အဲဒီနေ့က မိန်းကလေးတစ်ယောက်နဲ့ အဲဒီလောက် နီးကပ်ဖူးတာ ပထမဆုံးအကြိမ်မို့ နေရခက်သွားလို့၊ ပြီးတော့ မသင့်တော်ဘူးထင်လို့ မကြည့်လိုက်တာပါ"

ချန်လော့ပိုင် စကားရပ်လိုက်သည်။ သူမကို ပြုံးကြည့်လိုက်သည်။

"ဒါ ငါ့အနာဂတ် ရည်းစားလေးမှန်း စောစောသိရင် အဲဒီတုန်းက ကြာကြာလေး ဖက်ထားပြီး သေချာ ကြည့်လိုက်မှာပေါ့"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၈၄ ။ Extra : သကြားလုံး

ကျိုးအန်းရန်က ပုံမှန်ဆို ကျောင်းပိတ်ရက်တွေမှာလည်း မနက် ၆ နာရီ၊ ၇ နာရီလောက် ထလေ့ရှိသည်။ ဇီဝနာရီက အသားကျနေပြီ။

နောက်တစ်နေ့မနက်မှာလည်း အကြာကြီး အိပ်လို့မရဘဲ ၉ နာရီလောက်မှာ အိပ်ချင်မူးတူးနဲ့ နိုးလာသည်။

အိပ်ခန်းထဲမှာ အလင်းရောင်ကာတဲ့ လိုက်ကာတွေ သေသေချာချာ ပိတ်ထားလို့ ညရောက်နေသလို မှောင်မဲနေသည်။

ချန်လော့ပိုင် နိုးနေလေပြီ။

ကောင်လေးက လက်တစ်ဖက်နဲ့ သူမကို ဖက်ထားပြီး၊ ကျန်လက်တစ်ဖက်နဲ့ ဖုန်းကြည့်နေသည်။ ဖုန်းမျက်နှာပြင်က အလင်းရောင်က သူ့ရဲ့ ပြတ်သားတဲ့ မျက်နှာအသွင်အပြင်ကို ဝိုးတဝါး ထွန်းလင်းပေးနေသည်။

သူမ လှုပ်ရှားတာ သတိထားမိလို့ ထင်တယ်၊ ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။

"နိုးပြီလား"

ကျိုးအန်းရန် အိပ်ချင်နေသေးလို့ သူ့ရင်ခွင်ထဲ တိုးဝင်ပြီး "အင်း" လို့ နှာသံလေးနဲ့ ထူးလိုက်သည်။

ချန်လော့ပိုင် ဖုန်းကို ဘေးပစ်ချလိုက်ပြီး အသံနှိမ့်မေးလိုက်သည်။

"ဗိုက်ဆာလား၊ မနက်စာ မှာပေးရမလား"

ကျိုးအန်းရန် သေချာ မနိုးသေးဘူး။ သူ့ရင်ခွင်ထဲမှာ အိပ်ချင်ပြေအောင် ခဏမှီနေပြီးမှ ပြောလိုက်သည်။

"မဆာသေးပါဘူး၊ မီးဖွင့်လိုက်ပါလား၊ မှောင်ထဲမှာ ဖုန်းမကြည့်နဲ့လေ"

ချန်လော့ပိုင် မီးဖွင့်လိုက်သည်။

မိန်းကလေးက သူ့ရင်ခွင်ထဲ လိမ်လိမ်မာမာ ပြန်မှီလိုက်သည်။ သူမဝတ်ထားတဲ့ သူ့တီရှပ်အင်္ကျီလည်ပင်းပေါက်က ဘေးကို စောင်းကျနေပြီး ပခုံးသားလေး တစ်ဖက် ပေါ်နေသည်။

"နေမကောင်းတာ ရှိသေးလား" ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။

ကျိုးအန်းရန် - "......"

ချန်လော့ပိုင်က သူမရဲ့ ရဲတက်လာတဲ့ ပါးပြင်လေးကို ဆွဲလိုက်ပြီး ဖက်ထားကာ ရယ်မောလိုက်သည်။

"အခုထိ ရှက်တတ်တုန်းလား၊ မေးလို့ရမှာ မဟုတ်ဘူး ထင်တယ်"

သူ တစ်စက္ကန့်လောက် ရပ်တန့်လိုက်သည်။ အသက်ရှူငွေ့နွေးနွေးတွေက သူမနားနား ကပ်လာသည်။ အသံထဲမှာ ရယ်သံတွေ ပါနေပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"ကိုယ့်ဘာသာပဲ ကြည့်လိုက်တော့မယ်"

လိုက်ကာတွေ လုံလုံခြုံခြုံ ပိတ်ထားသည်။

မိန်းကလေးရဲ့ ဖြူဝင်းတဲ့ ခြေထောက်လေးတွေက ရင်ဘတ်ထိ ခေါက်တင်ခံထားရပြီး မသက်ဆိုင်တဲ့ အရာတစ်ခုကို ဖြည်းဖြည်းချင်း လက်ခံနေရသည်။

မီးရောင်က လင်းလွန်းနေပြီး အခန်းထဲက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသလိုပဲ။

ကျိုးအန်းရန် ခေါင်းအုံးနှစ်လုံးဆင့် အုံးထားပြီး အောက်ကို ငုံ့ကြည့်နေမိသည်။ ရှက်လွန်းလို့ ခေါင်းလွှဲလိုက်တော့ သူ ဘေးပစ်ချထားတဲ့ ဖုန်းက မကြာခဏ လင်းနေတာ တွေ့လိုက်ရသည်။

သူမကို နှောင့်ယှက်မိမှာစိုးလို့ Silent လုပ်ထားပုံရတယ်၊ အသံမမြည်ဘူး။

"နင့်ဖုန်း လင်းနေတယ်"

ကောင်လေးက မျက်လုံးမှေးလိုက်သည်။ မကျေနပ်သလို ဖြစ်သွားပြီး လှုပ်ရှားမှုတွေက ကြမ်းတမ်းလာသည်။

"ဖုန်းကို ဂရုစိုက်ဖို့ အချိန်ရနေသေးတာလား"

ကျိုးအန်းရန် အိပ်ရာခင်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ခဏလောက် စကားမပြောနိုင်တော့ဘဲ တိုးညှင်းတဲ့ ညည်းသံလေးတွေပဲ ထွက်ပေါ်လာသည်။

ဖုန်းက ခဏခဏ လင်းလာပြန်တော့ သူမ မနေနိုင်ဘဲ သတိပေးလိုက်ပြန်သည်။

"ထပ်လင်းနေပြန်ပြီ၊ အရေးကြီးကိစ္စ ရှိလို့များလား"

ချန်လော့ပိုင်က သူမကိုပဲ ကြည့်နေပြီး ဖုန်းကို ဂရုမစိုက်ဘူး။

"အရေးကြီးကိစ္စ မရှိပါဘူး။ ထန်ကျန့်ရွေ့တို့ ဂရုထဲမှာ စကားပြောနေကြတာ နေမှာပါ။ ဒီနေ့ညနေ တောင်တက်သွားဖို့ ချိန်းနေကြတာ၊ ငါ ငြင်းလိုက်တယ်"

မီးရောင်က မျက်စိကျိန်းစေသည်။

ကျိုးအန်းရန် ခေါင်းမူးနေပြီး မသိစိတ်နဲ့ မေးလိုက်မိသည်။

"ဘာလို့လဲ"

ငိုသံပါနေလို့ သူမလေသံက သနားစရာ ကောင်းနေပြီး ပိုအနိုင်ကျင့်ချင်စရာ ကောင်းနေသည်။

ချန်လော့ပိုင် သူမဒူးခေါင်းကို ဖိထားပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"နင့်မှာ တောင်တက်ဖို့ အားကျန်သေးလို့လား"

ကျိုးအန်းရန် - "......"

....

မနက် ၁၀ နာရီခွဲအထိ ဖုန်းက လင်းနေတုန်းပဲ။

ကျိုးအန်းရန် ခေါင်းအုံးပေါ် မှီပြီး အသက်ရှူမှန်အောင် ညှိနေရသည်။ ဖြူဝင်းတဲ့ ပခုံးသားလေးတွေက နီရဲနေသည်။

"သူတို့ ပြောနေကြတုန်းပဲ ထင်တယ်၊ ကြည့်လိုက်ပါဦးလား"

ချန်လော့ပိုင်က သူမကို တရစပ် နမ်းနေသည်။

"နင် ကြည့်လိုက်လေ၊ စကားဝှက်က နင့်မွေးနေ့"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ ဖုန်းယူပြီး ဂရုချတ်ကို ဖွင့်ကြည့်လိုက်သည်။

"ထန်ကျန့်ရွေ့က သူ့ဦးလေးအိမ် သွားလည်ရအောင်တဲ့။ သူ့ဦးလေးက မြို့ပြင်မှာ တည်းခိုခန်းဖွင့်ထားတယ်တဲ့။ အဲဒီမှာ တစ်ည သွားအိပ်ကြမလားတဲ့။ ရာသီဥတုကောင်းတုန်း မနက်ဖြန်မနက် တောင်ပေါ်တက်ပြီး နေထွက်တာ ကြည့်လို့ရတယ်တဲ့။ ငါတို့ လိုက်သွားမလား"

ချန်လော့ပိုင် ဆက်နမ်းနေတုန်းပဲ။

"နင် သွားချင်ရင် သွားကြမယ်လေ"

"နင် မနက်ဖြန် ရှေ့နေရုံး သွားစရာမလိုဘူးလား" ကျိုးအန်းရန် မေးလိုက်သည်။

"ခွင့်တိုင်လိုက်ပြီ" ချန်လော့ပိုင် မော့ကြည့်လိုက်သည်။ "ရည်းစားလေး ပြန်ရောက်လာတာကို၊ ဘာရှေ့နေရုံး သွားရဦးမှာလဲ"

"ဒါဆို သွားကြမယ်လေ၊ အားလုံး အားနေတုန်း" သူက အခု အရမ်း နူးညံ့နေတယ်။ ကျိုးအန်းရန် သူနမ်းတာ ယားလာလို့ တွန်းလိုက်သည်။ "ချန်လော့ပိုင်... ဒီလိုကြီး မနမ်းနဲ့လေ"

"ငြင်းပြန်ပြီလား" ချန်လော့ပိုင် ခေါင်းငုံ့ပြီး ခုနက နမ်းတဲ့နေရာကို ကိုက်လိုက်သည်။

ကျိုးအန်းရန် မယားတော့ဘဲ ခပ်ဖွဖွ တုန်ခါသွားသည်။

"နင် ဘာလို့ ဒီမှဲ့ကိုပဲ ကိုက်နေတာလဲ"

နန်ချန်ပြန်မလာခင် တစ်ရက်အလို ညတုန်းကတည်းက သတိထားမိတာ။

ဒါပေမဲ့ အဲဒီနေ့က ရှက်လို့ မမေးရဲခဲ့ဘူး။

ချန်လော့ပိုင် မော့ကြည့်လိုက်သည်။

"သူနဲ့ ရန်ငြိုး ရှိလို့"

ကျိုးအန်းရန် ငုံ့ကြည့်လိုက်တော့ မှဲ့နက်လေးဘေးနားမှာ သွားရာရေးရေးလေး ထင်နေတာ တွေ့လိုက်ရသည်။ မျက်နှာ ချက်ချင်း ရဲတက်သွားသည်။

"ရန်ငြိုး?"

ချန်လော့ပိုင် လက်ချောင်းထိပ်လေးနဲ့ ပွတ်သပ်လိုက်သည်။ အထက်တန်း ဒုတိယနှစ် ကျောင်းဖွင့်ကာစ ညတစ်ညကို သတိရသွားသည်။

ဖြူဝင်းသွယ်လျတဲ့ လက်တစ်ဖက်က ဂွမ်းတံနဲ့ ပလာစတာကို သူ့ရှေ့ ကမ်းပေးလာတာ။

မော့ကြည့်လိုက်တော့ အနက်ရောင် စကပ်တိုအောက်က ဖြောင့်စင်းသွယ်လျတဲ့ ခြေထောက်တစ်စုံကို အရင် မြင်လိုက်ရတာ။ ပေါင်အတွင်းပိုင်းက အနက်ရောင် မှဲ့နက်ကလေးက အသားအရေကို ပိုမို ဖြူဝင်းစေတာ။

သူ အဲဒီတုန်းက မသင့်တော်ဘူးထင်လို့ အကြည့်လွှဲလိုက်တာ။ ပြန်လှည့်ကြည့်လိုက်တော့ စာသင်ဆောင်ထဲ အပြေးဝင်သွားတဲ့ ကျောပြင်လေးကိုပဲ မြင်လိုက်ရတာ။

ချန်လော့ပိုင် သူမဒူးခေါင်းကို ပြန်ဖိထားလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲဒီနေ့တုန်းက ငါ နင့်ကို ဖမ်းမိလုနီးပါးဖြစ်ခဲ့လို့လေ"

....

နေ့လည် ၂ နာရီရောက်မှ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် ဟိုတယ်ကို ထွက်လာပြီး တခြားလူတွေနဲ့ ဆုံကြသည်။

သူတို့အဖွဲ့ထဲမှာ ယာဉ်မောင်းလိုင်စင် ရပြီးသူတွေ များနေပြီ။ ထန်ကျန့်ရွေ့ဦးလေးရဲ့ တည်းခိုခန်းက ဟိုတယ်နဲ့ ကားမောင်းရင် တစ်နာရီခွဲလောက်ပဲ ဝေးတာ။ ချန်လော့ပိုင်က ကားနှစ်စီး ထပ်ပို့ခိုင်းလိုက်သည်။ သူ မနေ့က မောင်းလာတဲ့ G-Wagon အပါအဝင် ၃ စီးနဲ့ လူ ၁၂ ယောက် ကိုယ်တိုင်မောင်းပြီး သွားကြသည်။

၂ နာရီခွဲ ဟိုတယ်က ထွက်လာပြီး ၄ နာရီမှာ အဆင်ပြေချောမွေ့စွာ ရောက်ရှိကြသည်။

ထန်ကျန့်ရွေ့ဦးလေးရဲ့ တည်းခိုခန်းက တောင်ခြေမှာ ရှိသည်။ ကန်ဘေးမှာ ဆောက်ထားတဲ့ ဗီလာဖြစ်သည်။ နံရံဖြူဖြူ၊ အမိုးပြာပြာနဲ့ သန့်ရှင်းလှပနေသည်။

ပိတ်ရက် မဟုတ်လို့ တည်းခိုခန်းမှာ ဒီည ဧည့်သည် မရှိဘူး။ သူတို့က ထန်ကျန့်ရွေ့ ဖိတ်ခေါ်လို့ လာကြတာဆိုတော့ Check-in ဝင်စရာ မလိုဘူး။ အခန်းခွဲဖို့လည်း မလောကြဘူး။ ကားပေါ်ကဆင်းပြီး ထန်ကျန့်ရွေ့ဦးလေးကို နှုတ်ဆက်ပြီးတာနဲ့ တည်းခိုခန်းကို စိတ်ဝင်တစား လိုက်ကြည့်ကြတော့သည်။

ကြောင်စာကျွေးတဲ့လူက ကျွေး၊ အနောက်ဘက်က ရေပူစမ်း သွားကြည့်တဲ့လူက ကြည့်၊ ဧည့်ခန်းထဲမှာ အရုပ်ကစားတဲ့လူက ကစားနဲ့။

ကျိုးအန်းရန်ကို ချန်လော့ပိုင်က ဗီလာအပြင်ဘက် ကန်ဘေးကို ဆွဲခေါ်သွားသည်။

တခြားလူတွေ မရှိတုန်း ကျိုးအန်းရန် တိုးတိုးလေး မေးလိုက်သည်။

"ငါ ဒီည နင်နဲ့ အခန်းတူတူ နေရမှာလား"

"မဟုတ်ရင် ဘယ်သူနဲ့ နေမှာလဲ" ချန်လော့ပိုင် ကန်ဘေးမှာ ရပ်လိုက်ပြီး သူမပါးကို ဆွဲလိုက်သည်။ "ကျိုးအန်းရန်... နင်က ဘာလို့ အမြဲတမ်း စားပြီးနားမလည် လုပ်ချင်နေရတာလဲ"

ကျိုးအန်းရန် မျက်နှာပူသွားသည်။

"ငါ မလုပ်ပါဘူး"

ကန်ဘေးမှာ လေတိုက်နေသည်။

ချန်လော့ပိုင် သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ဒါဆို ဘာဖြစ်လို့လဲ၊ ရှက်နေတုန်းလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

မနေ့ညက ဟိုတယ်ကနေ အတူထွက်လာပြီး ဒီနေ့မှ ခွဲနေကြတာက "ဗူးပေါ်သလို ပေါ်နေတာ" ဆိုပေမယ့်၊ ဒီည အားလုံးက ဗီလာတစ်လုံးတည်းမှာ အတူနေကြမှာဆိုတော့ သူနဲ့ နှစ်ယောက်တည်း အခန်းနေရမှာက နည်းနည်း ရှက်စရာကောင်းနေတယ်။

ချန်လော့ပိုင် သူမကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီး အလျှော့ပေးလိုက်သည်။

"ကောင်းပြီလေ... ဒါဆို နင် ယန်ရှင်းချန်တို့နဲ့ သွားနေလိုက်"

ကျိုးအန်းရန် သူ သဘောတူလိုက်တာ မြင်တော့ နှမြောသွားပြန်သည်။

"နင်ကော"

"ငါလား..." ချန်လော့ပိုင် စကားရပ်လိုက်သည်။ လေသံက ဝမ်းနည်းစရာ ကောင်းနေသည်။ "...ငါ ဘာလုပ်နိုင်မှာလဲ။ ရည်းစားက ငါ့ကို မလိုချင်တော့ အခန်းလွတ်ထဲမှာ တစ်ယောက်တည်းနေပြီး မိုးလင်းတဲ့အထိ အိပ်မပျော်ဘဲ နေရတော့မှာပေါ့"

ကျိုးအန်းရန် ရယ်ချင်သွားသည်။

"အဲဒီလောက်ထိ ဖြစ်ရလား"

ချန်လော့ပိုင် အသံနည်းနည်း နှိမ့်လိုက်သည်။ မြှူဆွယ်သလိုမျိုး။

"ဒီည သန်းခေါင်ကျရင် ငါ့အခန်း လာကြည့်လိုက်လေ၊ သိရတာပေါ့"

ကျိုးအန်းရန် သူ မြှူဆွယ်တာ ခံလိုက်ရလား၊ တကယ်ပဲ သူနဲ့ မခွဲချင်တာလား မသိဘူး။ သူ့အပေါ်ထပ်အင်္ကျီအစကို လက်ချောင်းလေးတွေနဲ့ ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆို နင် ဒီည ဘာမှ မလုပ်ရဘူးနော်"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"နမ်းတာတောင် မရဘူးလား"

နမ်းတာတော့ ရပါတယ်။

ဒါပေမဲ့...

ကျိုးအန်းရန် အသံ ပိုတိုးသွားသည်။

"တခြားနေရာတွေ မနမ်းရဘူး"

"ဘာက တခြားနေရာလဲ" ချန်လော့ပိုင် သူမဆံပင်တွေကို ဖယ်လိုက်ပြီး နားရွက်ဖျားလေးကို ဖွဖွလေး ဆွဲလိုက်သည်။ "နားရွက်လား... ဒါမှမဟုတ်..."

သူ အသံဆွဲပြီး တမင်သက်သက် စနေတာ။

ကျိုးအန်းရန် မျက်နှာ ပိုရဲလာသည်။

"ချန်လော့ပိုင်!"

ချန်လော့ပိုင် သူမကို ဖက်ထားပြီး ရယ်မောလိုက်သည်။

"အင်း... ဘာခိုင်းမလို့လဲ"

ကျိုးအန်းရန် - "......"

ကျုရန်အသံ အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။

"နင်တို့နှစ်ယောက် ခဏလောက် ခွေးစာတွေမထုတ်ကြပါနဲ့ဦး၊ အရေးပေါ်အခြေအနေ ဖြစ်နေလို့"

ကျိုးအန်းရန် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို လူဆိုးကောင်ကို တွန်းထုတ်လိုက်ပြီး တံခါးဝက ကျုရန်ဆီ လျှောက်သွားလိုက်သည်။

ချန်လော့ပိုင် ခြေလှမ်းကျဲကြီးတွေနဲ့ လိုက်လာပြီး သူမလက်ကို ပြန်ဆွဲလိုက်သည်။

ကျိုးအန်းရန် လက်ချောင်းလေးတွေ လှုပ်ရှားသွားပေမယ့် ရုန်းမထွက်တော့ဘူး။ ကျုရန်ကို ကြည့်လိုက်သည်။

"ဘာအရေးပေါ်အခြေအနေလဲ"

ကျုရန် - "ကျန့်ရွေ့အဒေါ် ခုနက ဟင်းရွက်လှီးရင်း လက်ရှသွားလို့"

ကျိုးအန်းရန် ကြောင်သွားပြီး မေးလိုက်သည်။

"ပြင်းထန်လား"

"မပြင်းထန်ပါဘူး၊ အပေါက်သေးသေးလေးပါ၊ သွေးတိတ်သွားပါပြီ" ကျုရန် ပြောသည်။ "ဒါပေမဲ့ ငါတို့အတွက် ညစာ ဆက်ချက်ခိုင်းဖို့ အားနာစရာကောင်းနေလို့လေ။ ကိုယ့်ဘာသာ ချက်စားကြမလို့။ သူတို့က နင်တို့နှစ်ယောက် ဟင်းချက်တတ်လား လာမေးခိုင်းလိုက်တာ။ နင့်ဘေးနားက သခင်လေးကတော့ ဘယ်တတ်မလဲ။ နင်ကော တတ်လား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"ငါလည်း မတတ်ဘူး"

ဟယ်ကျားယီနဲ့ ကျိုးချင်းဆွေတို့က သူမကို မီးဖိုချောင်ထဲ ပေးမဝင်ဘူးလေ။

ကျုရန်က ဒီအဖြေကို မအံ့ဩပါဘူး။ သာမန်ကာလျှံကာ စနောက်လိုက်သည်။

"နင်တို့နှစ်ယောက်လုံး ဟင်းမချက်တတ်ရင် နောက်ကျ ဘယ်လိုလုပ်ကြမလဲ"

ကျိုးအန်းရန် - "......"

ဘာနောက်ကျရင်လဲ။

ချန်လော့ပိုင် ပျင်းရိစွာ ဝင်ပြောလိုက်သည်။

"ငါ သင်လိုက်မှာပေါ့၊ ဒါမှမဟုတ် ချက်ပြုတ်မယ့်လူ ငှားလိုက်မယ်လေ။ သူ့ကိုတော့ ပေးမချက်နိုင်ပါဘူး"

ကျုရန် နင်သွားတဲ့ မျက်နှာထား လုပ်ပြလိုက်သည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းမိန်းမက အသန့်စင်ဆုံးပါ"

"ဒါပေါ့" ချန်လော့ပိုင်က ဖြစ်သင့်တယ်ဆိုတဲ့ လေသံနဲ့ ပြောသည်။ "ငါ့မိန်းမ လက်တွေက စမ်းသပ်မှုတွေလုပ်ရမယ့် လက်တွေလေ"

ကျိုးအန်းရန် အေးစပြုနေတဲ့ မျက်နှာ ပြန်ပူလာပြန်သည်။

ကျုရန် ပိုပြီးအီလည်လည် ဖြစ်သွားသည်။ "......"

"ငါ ပါးစပ်သရမ်းပြီး မမေးခဲ့သင့်ဘူး"

တော်သေးတာက ကျန်းရူရှန်းနဲ့ ပေါင်ခွန်းတို့ ဟင်းချက် နည်းနည်းတတ်တယ်။ ထန်ကျန့်ရွေ့အဒေါ်ကလည်း လက်မရှခင်ကတည်းက အသုပ်တချို့ ပြင်ဆင်ပေးထားတယ်။ ပြီးတော့ တည်းခိုခန်းမှာ အသင့်စား ဟော့ပေါ့တွေ ရှိနေတော့ ဒီည သူတို့ ဗိုက်မစာကြပါဘူး။

နောက်တစ်နေ့မနက် စောစောထပြီး နေထွက်တာ ကြည့်ရမှာမို့ ထမင်းစားပြီးတာနဲ့ ဧည့်ခန်းမှာ အကြာကြီး မနေကြတော့ဘူး။ ကျိုးအန်းရန်လည်း ဆက်မတွန့်ဆုတ်တော့ဘဲ ချန်လော့ပိုင်နဲ့ အခန်းတူတူ နေလိုက်သည်။

...

နောက်တစ်နေ့ မနက် ၄ နာရီခွဲမှာ လူအုပ်ကြီး ဧည့်ခန်းမှာ စုဝေးကြသည်။

လူစုံတာ သေချာမှ ကျုရန်နဲ့ ဟွမ်ရှူးကျဲ့ ရှေ့ဆုံးကနေ တည်းခိုခန်း တံခါးမကြီးကို ဖွင့်လိုက်ကြသည်။

နောက်တစ်စက္ကန့်မှာ နှစ်ယောက်လုံး လက်လွှတ်လိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။

"သောက်ကျိုးနည်း" ကျုရန် လက်ပွတ်လိုက်သည်။ "ဆောင်းရာသီကြီးမှာ နေထွက်တာ သွားကြည့်မယ်ဆိုတဲ့ အရူးအကြံဉာဏ်ကို ဘယ်သူ ပေးလိုက်တာလဲ"

ဟွမ်ရှူးကျဲ့က ထန်ကျန့်ရွေ့ကို လက်ညှိုးထိုးလိုက်သည်။

"ကျန့်ရွေ့ ပေးတာ"

"ဒါပေမဲ့ ထတောင် ထနေပြီ၊ မသွားရင် နှမြောစရာကြီး..." ကျုရန် စကားရပ်လိုက်ပြီး ဟွမ်ရှူးကျဲ့နဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။

ဟွမ်ရှူးကျဲ့ ဆက်ပြောသည်။

"ဒါဆို သွေးပူလေ့ကျင့်ခန်းအနေနဲ့ ကျန့်ရွေ့ကို ဝိုင်းရိုက်ကြမလား"

ထန်ကျန့်ရွေ့ - "......"

နှစ်ယောက်သား ဘယ်ပြန်ညာပြန် ဝိုင်းထားတာခံလိုက်ရတော့ ထန်ကျန့်ရွေ့ ရှောင်ရင်း အော်လိုက်သည်။

"အရူးအကြံဉာဏ်ဆိုရင်တောင် မင်းတို့ သဘောတူမှ ဖြစ်လာတာလေ။ အရူးဆိုရင် အားလုံး အတူတူ ရူးကြတာပဲ။ ပြီးတော့ လော့ကောလည်း ဘာမှ မပြောပါဘူး"

ချန်လော့ပိုင်က လက်ကို ကျိုးအန်းရန်ပခုံးပေါ် ပျင်းရိစွာ တင်ထားသည်။

"ငါ့ကို လာမဆွဲထည့်နဲ့၊ ငါက ငါ့ရည်းစားနဲ့ ဆောင်းရာသီ နေထွက်တာ ကြည့်တာ၊ အဲဒါကို ရိုမန့်တစ်ဆန်လို့ ခေါ်တယ်ကွ"

ရှန့်ရှောင်ဝမ် တံခါးတွန်းဖွင့်လိုက်သည်။

"ထားလိုက်ပါတော့... အခန်းထဲမှာ သူများ ရိုမန့်တစ်ဆန်နေတာ ကြည့်နေရမယ့်အစား၊ ငါတို့ဘာသာ တောင်တက်ပြီး နေထွက်တာသွားကြည့်တာ ပိုကောင်းပါတယ်"

...

လူအုပ်ကြီး လေအေးကို အံတုပြီး ထွက်ခွာလာကြသည်။

ဒီနေ့ထွက်တာ ခရီးစဉ်ကို ကျိုးအန်းရန် အကြာကြီး မှတ်မိနေဦးမှာပါ။

ဆောင်းရာသီကြီးမှာ နေထွက်တာ သွားကြည့်တာက ၁၈၊ ၁၉ နှစ်အရွယ် လူငယ်ဆန်ပြီး လွတ်လပ်တဲ့ အရွယ်မှာမှ လုပ်တဲ့ အရူးအလုပ်မျိုးပါပဲ။

တည်းခိုခန်း အနောက်ဘက်က တောင်ကုန်းက မြို့ပြင်က လူသိနည်းတဲ့ နေရာလေးတစ်ခုပါ။ တောင်ထိပ်အထိ လမ်းဖောက်ထားတယ်။

လူအုပ်ကြီး အပေါ်တက်လာရင်းနဲ့ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် နောက်ကျန်ခဲ့ပြန်သည်။

တောင်က သိပ်မမြင့်ပေမယ့် ကျိုးအန်းရန်က ခံနိုင်ရည် သိပ်မရှိဘူး။ တောင်ထိပ်မရောက်ခင် ခြေထောက်တွေ ညောင်းလာပြီး မောလာသည်။

ချန်လော့ပိုင် ခြေလှမ်းရပ်လိုက်ပြီး ခေါင်းငဲ့ကြည့်လိုက်သည်။

"ငါ ကုန်းပိုးသွားရမလား"

ကျိုးအန်းရန် ရှေ့က မှောင်မဲနေတဲ့ လမ်းကို ကြည့်လိုက်သည်။

ထန်ကျန့်ရွေ့က ရှေ့ဆုံး ရောက်နေပြီ။ သူမ ပထမဆုံးအကြိမ် လာဖူးတာမို့ ဘယ်လောက်လိုသေးလဲ မသိဘူး။ သူ့ကို မပိုးခိုင်းရက်ဘူး။

သူမ ခေါင်းခါလိုက်သည်။

"ငါ နည်းနည်း ဆက်လျှောက်နိုင်ပါသေးတယ်"

"ဒါပေမဲ့..." ချန်လော့ပိုင် စကားရပ်လိုက်သည်။

ကျိုးအန်းရန် - "ဒါပေမဲ့ ဘာဖြစ်လဲ"

"နင် ဒီလို ဆက်မောနေရင်..." ချန်လော့ပိုင် အကြည့်က သူမမျက်နှာပေါ်ကနေ အောက်နည်းနည်း ရွှေ့လိုက်သည်။ ဆွဲဆောင်နေသလို တစ်စက္ကန့်လောက် ရပ်တန့်သွားပြီး မျက်နှာပေါ် ပြန်ရောက်လာသည်။ လေသံကလည်း အဓိပ္ပာယ် ပါနေသည်။ "...ငါ မနေနိုင်ဘဲ နင့်ကို နမ်းမိလိမ့်မယ်"

ကျိုးအန်းရန် - "......"

သူမ အရှေ့ကို အမြန် ကြည့်လိုက်သည်။ သူတို့နဲ့ အနီးဆုံးက ယန်ရှင်းချန်တို့။ ၂ မီတာလောက် ဝေးတယ်။ သူ့စကားကို မကြားလောက်ပါဘူး။

ကျိုးအန်းရန် မနေနိုင်ဘဲ မျက်စောင်းထိုးလိုက်သည်။

ချန်လော့ပိုင် ရယ်လိုက်ပြန်သည်။ ပြီးတော့ ကျောပေးလိုက်သည်။ လေသံက နည်းနည်း တည်ကြည်သွားသည်။

"တက်ခဲ့... နင့်ကို မပိုးဖူးသေးဘူး"

ကျိုးအန်းရန် တကယ် မပိုးဖူးသေးဘူး။

သူက တကယ် မောပန်းတဲ့ပုံမပေါ်ဘဲ မျက်နှာမနီ၊ နှလုံးခုန်မမြန် ဖြစ်နေတာ၊ သူမကို စနောက်ဖို့ အားရှိနေသေးတာ တွေ့လိုက်ရတော့ မတွန့်ဆုတ်တော့ဘဲ သူ့လည်ပင်းကို ဖက်ပြီး ကျောပေါ် တက်လိုက်သည်။

မိန်းကလေးက အနောက်ကနေ နူးညံ့စွာ ကပ်လာတဲ့ အခိုက်အတန့်မှာ ချန်လော့ပိုင် သူမခြေထောက်တွေကို ကိုင်ထားတဲ့လက် ရပ်တန့်သွားသည်။ ခုနက သူမ မောမှာစိုးလို့ တမင် စလိုက်တာ။ အခုတော့ တကယ် မရိုးသားတဲ့ စိတ်ကူးတွေ ဝင်လာပြီ။

သူ ခေါင်းငဲ့ကြည့်လိုက်သည်။ ဓာတ်မီးရောင် မှိန်မှိန်လေးအောက်မှာ အကြည့်တွေက သူမနှုတ်ခမ်းပေါ် ရောက်သွားသည်။

"တကယ် မနမ်းရဘူးလား"

ကျိုးအန်းရန်အကြည့်နဲ့ သူ့အကြည့် ဆုံသွားသည်။ မျက်နှာ ချက်ချင်း ပူသွားသည်။ သူ့မျက်နှာကို တွန်းထုတ်လိုက်ပြီး မေးစေ့ကို သူ့ပခုံးပေါ် တင်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ပြန်ရောက်မှ ရမယ်"

"ကောင်းပြီလေ" ချန်လော့ပိုင် အလျှော့ပေးလိုက်သည်။

ကျိုးအန်းရန် စိတ်အေးသွားသည်။

ပြီးတော့ သူ ထပ်ပြောတာ ကြားလိုက်ရသည်။

"ဒါပေမဲ့ ပြန်ရောက်ရင် နမ်းရုံတင် မကတော့ဘူးနော်"

ကျိုးအန်းရန် - "......"

ဆောင်းရာသီမို့ နေထွက်တာ နောက်ကျသည်။

သူတို့ မနက် ၅ နာရီ ၅၅ မိနစ်မှာ တောင်ထိပ်ရောက်သည်။ ၇ နာရီလောက်အထိ၊ ထန်ကျန့်ရွေ့ကို ဟွမ်ရှူးကျဲ့တို့ လိုက်ရိုက်တာ ခဏခဏ ခံရပြီးမှ ကောင်းကင်အစွန်းမှာ အလင်းရောင် စပေါ်လာသည်။

နေလုံးကြီး ကောင်းကင်ယံကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး မနက်ခင်းရောင်ခြည်တွေက အမှောင်ထုကို ဖယ်ရှားကာ ကောင်းကင်တစ်ခြမ်းလုံးကို နီရဲသွားအောင် စွန်းထင်းလိုက်တဲ့အခါ၊ ဒီခမ်းနားတဲ့ မြင်ကွင်းက မနက်စောစော ထလာရတာ၊ စောင့်ရတာ၊ အေးစက်တာတွေနဲ့ တန်တယ်လို့ ခံစားလိုက်ရတယ်။

ထန်ကျန့်ရွေ့က လက်ရန်းကို မှီပြီး ဂုဏ်ယူတဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။

"ငါ ပြောသားပဲ... ဒီတောင်ပေါ်က နေထွက်တာက သောက်ရမ်း လှပါတယ်လို့"

ကျုရန် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

"ဒါကြောင့် သားကြီး... မင်း နောက်ဆုံး အရိုက်ခံရမယ့်အလှည့်ကို ကင်းလွတ်ခွင့်ပေးလိုက်မယ်"

"သောက်ကျိုးနည်း" ထန်ကျန့်ရွေ့ သည်းမခံနိုင်တော့ဘဲ ကျုရန်လည်ပင်းကို လှမ်းညှစ်လိုက်သည်။ "ငါ့အမြင်တော့ မင်းကမှ အဖေ့ဆီက အရိုက်ခံချင်နေတာ"

ကျိုးအန်းရန်က ချန်လော့ပိုင် ရင်ခွင်ထဲမှာ အနောက်ကနေ အဖက်ခံထားရသည်။ ဒီနှစ်ယောက် ရန်ဖြစ်နေတာ ကြည့်ပြီး ပြုံးလိုက်မိသည်။

ချန်လော့ပိုင် သူမရယ်သံကြားတော့ ခေါင်းနည်းနည်း ငုံ့ကြည့်လိုက်သည်။

အခုမှ ထွက်ပေါ်လာတဲ့ နေရောင်ခြည်က မိန်းကလေးရဲ့ ကော့ညွှတ်နေတဲ့ မျက်တောင်လေးတွေနဲ့ ဖြူဝင်းတဲ့ ပါးပြင်လေးတွေပေါ် ကျရောက်နေသည်။ ပါးချိုင့်လေးတွေ ရေးရေးပေါ်နေပြီး လိမ္မာကာ ချိုမြိန်နေသည်။

ချန်လော့ပိုင် ရင်ထဲ လှုပ်ရှားသွားသည်။

"ကျိုးအန်းရန်"

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ မနက်ခင်းရောင်ခြည်က ကောင်လေးရဲ့ ချောမောတဲ့ ဘေးတိုက်မျက်နှာကို လင်းလက်စေသည်။ နေရောင်ခြည်က သူ့လေဖောင်းအင်္ကျီ ပခုံးသားပေါ်မှာ ခုန်ပေါက်နေသည်။ ပြီးတော့ သူ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်တဲ့ စကား ၃ ခွန်းကို ကြားလိုက်ရသည်။

"ငါ နင့်ကို ချစ်တယ်"

ကျိုးအန်းရန် ကြောင်သွားပြီး သူ့ကို ငေးကြည့်နေမိသည်။

ချန်လော့ပိုင်က လေတိုက်လို့ ရှုပ်ပွနေတဲ့ သူမဆံပင်တွေကို အနောက်သပ်တင်ပေးလိုက်သည်။ သူမ ကြောင်ကြည့်နေတာကို မြင်တော့ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ဒီလို ဆက်ကြည့်နေရင် သူတို့ရှေ့မှာတင် နမ်းလိုက်တော့မယ်နော်"

ကျိုးအန်းရန် မျက်နှာပူသွားပြီး အကြည့်အမြန် လွှဲလိုက်သည်။

မလှမ်းမကမ်းမှာ ယန်ရှင်းချန်နဲ့ တုန်းချန် ဘာဖြစ်ကြလဲ မသိဘူး၊ ရန်ဖြစ်နေကြပြန်ပြီ။

ရှန့်ရှောင်ဝမ်က လက်ကို ခါးထောက်ပြီး အောက်ဘက်ကို လှမ်းအော်လိုက်သည်။

"ငါ နိုင်ငံခြားရေးဝန်ကြီးဌာန ဝင်ခွင့်ဖြေမယ်၊ ငါ ကျိုးချင်းဆွေကို လိုက်မယ်"

ကျန်းရူရှန်းလည်း လိုက်အော်သည်။

"ဆေးပညာ သင်ရတာ ဘာလို့ ဒီလောက် ခက်ရတာလဲ အား... အား... အား...!"

သူတို့ဘေးမှာ ရပ်နေတဲ့ ပေါင်ခွန်းက အတုယူပြီး အောက်ကို လှမ်းအော်သည်။

"Lakers (ဘတ်စကက်ဘောအသင်း) ချန်ပီယံ ဖြစ်ရမယ်!"

ရှောင်ဇီလင်က ဆဲလိုက်သည်။

"Warriors (ဘတ်စကက်ဘောအသင်း) မှ ချန်ပီယံကွ!"

သူတို့ အော်ဟစ်သံတွေ တောင်ကြားထဲ ပဲ့တင်ထပ်နေတာ ကျိုးအန်းရန် ကြားနေရသည်။

ချန်လော့ပိုင် ခုနက သူမနားနားကပ်ပြီး ပြောလိုက်တဲ့ စကား ၃ ခွန်းကလည်း သူမရင်ထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ။

နေလုံးကြီး လုံးဝ ထွက်ပေါ်လာတော့ ထန်ကျန့်ရွေ့ အကြံပြုလိုက်ပြန်သည်။

"ငါတို့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြမယ်"

လူ ၁၂ ယောက် တန်းစီရပ်လိုက်ကြသည်။ လက်ရန်းကို ကျောပေးပြီး၊ မနက်ခင်းနေရောင်ကို ကျောပေးပြီး၊ ကောင်းကင်အပြည့် လင်းလက်နေတဲ့ အရောင်အဝါတွေကို ကျောပေးပြီး ရပ်လိုက်ကြသည်။ တချို့က ကင်မရာကို ကြည့်နေကြတယ်၊ တချို့က ရည်းစားကို ကြည့်နေကြတယ်။

-- ပုံရိပ်က ဒီနေရာမှာ ရပ်တန့်သွားသည်။

နေထွက်တာကြည့်၊ ဓာတ်ပုံရိုက်ပြီးတော့ လူအုပ်ကြီး တောင်အောက် ဆင်းလာကြသည်။

လမ်းလျှောက်ရင်းနဲ့ ကျိုးအန်းရန် ဘောင်းဘီက ပေါင်အတွင်းပိုင်းက မှဲ့နက်ကလေးကို ပွတ်တိုက်မိသလို ခံစားရပြီး နာကျင်မှု သေးသေးလေး ရလိုက်သည်။ မနေ့ညက ချန်လော့ပိုင် ပြောခဲ့တဲ့ "အဲဒီနေ့တုန်းက ငါ နင့်ကို ဖမ်းမိလုနီးပါး ဖြစ်ခဲ့လို့လေ" ဆိုတဲ့ စကားကို ပြန်သတိရသွားသည်။

ပြန်တွေ့ကတည်းက သူကပဲ အတိတ်က နောင်တတွေကို ဖြည့်ဆည်းပေးနေခဲ့တာ။

ဒါပေမဲ့ သူတို့ လွဲချော်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွက် သူလည်း နောင်တ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။

ကျိုးအန်းရန် ခေါင်းငုံ့ပြီး သူတို့ တွဲထားတဲ့ လက်တွေကို ကြည့်လိုက်သည်။

နေရောင်ခြည်က ခေါင်းပေါ်ကနေ ဖြာကျနေသည်။ ကြည့်ရတာ သူတို့ အလင်းရောင်တချို့ကို ဖမ်းဆုပ်မိလိုက်သလိုပါပဲ။

သူမလည်း သတ္တိတချို့ ဖမ်းဆုပ်မိလိုက်သလိုပါပဲ။

ကျိုးအန်းရန် ရုတ်တရက် ရပ်လိုက်သည်။

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

"နင် ခေါင်းငုံ့လိုက်"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။ စဉ်းစားသလို ကြည့်လိုက်သည်။

"ခေါင်းငုံ့ပြီး ဘာလုပ်မလို့လဲ၊ တကယ် နမ်းစေချင်လို့လား"

ကျိုးအန်းရန် - "......"

သူမ နားရွက် ပြန်ရဲလာသည်။ မျက်စောင်းထိုးလိုက်သည်။

"မဟုတ်ပါဘူး"

ချန်လော့ပိုင် - "ဒါဆို ခေါင်းငုံ့ခိုင်းတာ ဘာလုပ်ဖို့လဲ"

ကျိုးအန်းရန် - "အရင် ငုံ့လိုက်ပါ"

ကောင်လေး လိမ်လိမ်မာမာ ငုံ့ပေးလိုက်သည်။

ကျိုးအန်းရန် - "ထပ်ငုံ့ဦး"

ချန်လော့ပိုင် အလိုလိုက်သလို သူမနား ထပ်တိုးကပ်ပေးလိုက်သည်။

ပြီးတော့ မိန်းကလေးက သူ့နား ရုတ်တရက် တိုးကပ်လာပြီး နူးညံ့ပြီး အက်ရှရှလေး ဖြစ်နေတဲ့ အသံလေး နားထဲ ဝင်ရောက်လာတာ ကြားလိုက်ရသည်။

"ငါလည်း နင့်ကို ချစ်တယ်"

***

All Chapters