အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
လီမွန်ဆိုဒါသကြားလုံး
အခန်း ၈၅ ။ Extra : သကြားလုံး
ကျိုးအန်းရန်နှင့် ချန်လော့ပိုင်တို့ အမှတ် (၂) ကျောင်းကို နှစ်ယောက်တည်း ပြန်သွားကြတာက တက္ကသိုလ် ပထမနှစ်ပြီးဆုံးတဲ့ နွေရာသီကျောင်းပိတ်ရက်မှာဖြစ်သည်။
အဲဒီအချိန်တုန်းက ကျိုးအန်းရန်တို့မိသားစု နန်ချန်ကို ပြန်ပြောင်းလာတာ ကြာပြီ။
အဲဒီနေ့က ရုံးဖွင့်ရက် ဖြစ်နေလို့ ချန်လော့ပိုင်က ရှေ့နေရုံးမှာ သွားကူညီရသည်။ နန်ချန်နွေရာသီက မီးဖိုလို ပူလွန်းနေတာကြောင့် ညနေပိုင်းမှ ကျောင်းသွားဖို့ ချိန်းလိုက်ကြသည်။ ချန်လော့ပိုင်က ညနေ ၅ နာရီမှာ သူမအိမ်ရာဝင်းရှေ့ လာကြိုသည်။
ကားပေါ်ရောက်တော့ ကျိုးအန်းရန်က သူ ကျောင်းဝအထိ တန်းမောင်းသွားမယ် ထင်နေတာ။
ဒါပေမဲ့ အနက်ရောင် G-Wagon ကားကြီးက ကျောင်းပြင်က သူ အထက်တန်းတတိယနှစ်တုန်းက နေခဲ့တဲ့ အိမ်ရာဝင်းထဲ ဝင်သွားသည်။
မြေအောက်ကားပါကင်မှာ ရပ်လိုက်တော့မှ ကျိုးအန်းရန် ခေါင်းငဲ့မေးလိုက်သည်။
"ဘာလို့ ဒီကို လာတာလဲ၊ မေ့ကျန်ခဲ့တဲ့ ပစ္စည်း လာယူတာလား"
ချန်လော့ပိုင် ခါးပတ်ဖြုတ်လိုက်သည်။
"မဟုတ်ပါဘူး၊ ထမင်းအရင်စားပြီး အဝတ်အစားလဲမလို့"
"အဝတ်အစားလဲမယ်?" ကျိုးအန်းရန် ကြောင်သွားသည်။ "ဘာအဝတ်အစား လဲမှာလဲ"
ချန်လော့ပိုင် ကိုယ်ကိုကိုင်းပြီး သူမခါးပတ် ဖြုတ်ပေးလိုက်သည်။
"အမှတ် (၂) ကျောင်းဝတ်စုံ"
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
အမှတ် (၂) ကျောင်းဝတ်စုံ?
ချန်လော့ပိုင် အကြည့်က သူမမျက်နှာပေါ် ရောက်လာသည်။ အသံက နိမ့်သွားသည်။
"ငါတို့ ကျောင်းဝတ်စုံ အတူဝတ်ပြီး ကျောင်းပြန်သွားကြမလား။ နင် အမှတ် (၂) ကျောင်းဝတ်စုံ ဝတ်ထားတာ ထပ်ကြည့်ချင်လို့"
ကျိုးအန်းရန်က အခုအချိန်ကျမှ ကျောင်းဝတ်စုံပြန်ဝတ်ပြီး ကျောင်းပြန်သွားရမှာ နည်းနည်း ထူးဆန်းပြီး ရှက်စရာကောင်းတယ်လို့ ထင်ပေမယ့်၊ သူက ရှားရှားပါးပါး တည်တည်ကြည်ကြည် တောင်းဆိုလာတာမို့ မငြင်းရက်ပါဘူး။
"နင် စောစောက မပြောဘူးလေ၊ ငါ ကျောင်းဝတ်စုံ ယူမလာခဲ့ဘူး"
ချန်လော့ပိုင် - "လွန်ခဲ့တဲ့တစ်ခေါက် ထန်ကျန့်ရွေ့တို့အတွက် ကျောင်းဝတ်စုံ ပြင်ဆင်ပေးတုန်းက နင့်အတွက်ပါ တစ်စုံ ပြင်ဆင်ထားပေးတယ်။ အပေါ်ထပ်မှာ ရှိတယ်၊ တက်လဲမလား"
ကျိုးအန်းရန် ဆောင်းရာသီကျောင်းပိတ်ရက်တုန်းက သူ ရည်းစားစာ လာပေးတုန်းက မြင်ကွင်းကို သတိရပြီး ရင်ထဲ နူးညံ့သွားသည်။ ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
....
အပေါ်ထပ်တက်ပြီး ထမင်းစားကာ အိပ်ခန်းမကြီးထဲ ဝင်သွားကြသည်။
ချန်လော့ပိုင် ဗီရိုဖွင့်ပြီး ခေါက်ထားတဲ့ ကျောင်းဝတ်စုံတစ်စုံ ထုတ်ပေးလိုက်သည်။
ကျိုးအန်းရန် လှမ်းယူလိုက်သည်။
"အခု လဲရမှာလား"
ကောင်လေးက ဗီရိုကို ပျင်းရိစွာ မှီရပ်လိုက်သည်။ ဖြစ်သင့်တယ်ဆိုတဲ့ ပုံစံမျိုး ခေါင်းညိတ်ပြလိုက်သည်။
"မဟုတ်ရင် ဘယ်အချိန် လဲမှာလဲ"
ကျိုးအန်းရန် - "......"
ကျိုးအန်းရန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒါဆို နင် အပြင်မထွက်သေးဘူးလား"
ချန်လော့ပိုင် အဓိပ္ပာယ်ပါပါ အပေါ်အောက် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"အခုထိ ရှက်တတ်တုန်းလား။ နင် အဝတ်အစားလဲတာ ငါက ရှောင်ပေးနေရဦးမှာလား"
မျက်နှာပြောင်တိုက်တဲ့နေရာမှာ ကျိုးအန်းရန်က သူ့ကို ဘယ်တော့မှ မယှဉ်နိုင်ပါဘူး။
သူမ သူ့ကို မပြိုင်ချင်တော့ဘူး။
"ဒါဆို ငါ ရေချိုးခန်းထဲသွားပြီး လဲလိုက်မယ်"
ချန်လော့ပိုင်က သူမ အဝတ်အစားပိုက်ပြီး မျက်နှာရဲရဲနဲ့ ရေချိုးခန်းထဲ ပြေးဝင်သွားတာကို ကြည့်ပြီး ရယ်မောလိုက်သည်။
သူ ချက်ချင်း အဝတ်အစား မလဲသေးဘူး။ ရေချိုးခန်းအပြင်ဘက် နံရံကိုမှီပြီး စောင့်နေလိုက်သည်။
မကြာမီ...
တံခါး ပွင့်လာသည်။
ကျိုးအန်းရန် ထွက်လာတာ မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ချန်လော့ပိုင် မျက်နှာပေါ်က ပျင်းရိတဲ့ အမူအရာတွေ ပျောက်ကွယ်သွားပြီး အကြည့်တွေက သူမအပေါ် စူးစိုက်သွားသည်။
တံခါးဝကနေ ထွက်လာတဲ့ မိန်းကလေးက ၃ နှစ်နီးပါး ကြာပြီးမှ အမှတ် (၂) ကျောင်းရဲ့ အပြာနဲ့အဖြူ ကျောင်းဝတ်စုံကို ပြန်ဝတ်ထားသည်။ သူမ ဒီနေ့ မိတ်ကပ်မလိမ်းထားဘူး။ မျက်နှာလေးက သန့်ရှင်းနေသည်။ ဆံပင်ကောက်ကောက် ရှည်ရှည်လေး ဖြစ်သွားတာနဲ့ အရပ်နည်းနည်း ရှည်လာတာကလွဲရင် အရင်တုန်းကနဲ့ ဘာမှ မကွာခြားပါဘူး။
နုပျိုပြီး လှပနေသည်။
ချန်လော့ပိုင်က သူမကို၊ ဒါမှမဟုတ် သူမ ကျောင်းဝတ်စုံ ဝတ်ထားတာကို သတိထားမိတဲ့ အချိန် သိပ်မများပါဘူး။ ဒါပေမဲ့ အကြိမ်တိုင်းက မှတ်ဉာဏ်ထဲမှာ နက်ရှိုင်းစွာ စွဲထင်နေတယ်။
ကျောင်းအမိုးပေါ်မှာ သူမ သူ့ရှေ့ ရပ်ပြီး ငိုနေတုန်းက။
စာသင်နှစ်အဆုံး စာမေးပွဲခန်းထဲမှာ သူမ မော့ကြည့်ပြီး ထိတ်လန့်နေတုန်းက။
စတိုးဆိုင်ထဲမှာ သူ စနောက်လိုက်လို့ မျက်နှာရဲနေတုန်းက။
အတန်းထဲမှာ ကျောပေးပြီး ဟယ်မင်ယွီကို စာရှင်းပြနေတုန်းက။
...
ပြီးတော့ ဆရာကျောက် ရုံးခန်းထဲမှာ ကျောင်းဝတ်စုံဝတ်ပြီး သူ့ရှေ့ ကာရပ်ပေးတုန်းက သွယ်လျတဲ့ ကျောပြင်လေး။
ကျိုးအန်းရန်က သူ ကြောင်ကြည့်နေတာ မြင်တော့ ခြေလှမ်း ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ"
မတော်လို့လား၊ ဒါမှမဟုတ် သူမ ကျောင်းဝတ်စုံဝတ်တာ ကြည့်မကောင်းလို့လား။
ချန်လော့ပိုင် သတိပြန်ဝင်လာပြီး သူမရှေ့ လျှောက်သွားသည်။ သူမပခုံးရှေ့က ဆံပင်တွေကို အနောက်သပ်တင်ပေးလိုက်ပြီး လက်က မျက်နှာပေါ် ပြန်ရောက်လာကာ ပါးပြင်လေးကို အုပ်ကိုင်လိုက်သည်။
ယားကျိကျိ အထိအတွေ့လေး ပါးပေါ် ကျရောက်လာတော့ ကျိုးအန်းရန် ရင်ထဲ တုန်ခါသွားသည်။ သူ စကားမပြောသေးလို့ မနေနိုင်ဘဲ မေးလိုက်ပြန်သည်။
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး" ချန်လော့ပိုင် ခေါင်းငုံ့ပြီး သူမနဖူးကို ဖွဖွလေး နမ်းလိုက်သည်။ "ငါ့ရည်းစားလေးက တကယ် လှတာပဲ"
ကျိုးအန်းရန်က သူ သူမကို ကြိုက်မှန်း ရာနှုန်းပြည့် သေချာနေပြီ ဖြစ်ပေမယ့်၊ ဒီလို တဲ့တိုးကြီး လှတယ်လို့ ချီးကျူးတာ ကြားဖူးတာ ပထမဆုံးအကြိမ်မို့ မျက်နှာပူသွားသည်။ နည်းနည်း ရှက်သွားပြီး သူ့ကို တွန်းလိုက်သည်။
"နင် အဝတ်အစား မြန်မြန်သွားလဲလိုက်တော့"
အဝတ်အစားလဲပြီးတော့ ကျိုးအန်းရန်နဲ့ သူ လက်တွဲပြီး အမှတ် (၂) ကျောင်းဆီ လမ်းလျှောက်သွားကြသည်။
အထက်တန်း တတိယနှစ် ကျောင်းသားတွေ ကျောင်းမပိတ်သေးဘူး။ သူတို့နှစ်ယောက် ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းဝ ရောက်လာတော့ လုံခြုံရေးဦးလေးကြီးက တားလိုက်သည်။
ချန်လော့ပိုင်က လက်ဆွဲပြီး အနားသွားကာ အခြေအနေ ရှင်းပြလိုက်သည်။ ကျိုးအန်းရန် နည်းနည်း နေရခက်နေပေမယ့် လုံခြုံရေးဦးလေးကြီးကတော့ မအံ့ဩတဲ့ပုံစံနဲ့ လက်ဝှေ့ယမ်းပြီး ဝင်ခွင့်ပေးလိုက်သည်။
ကျောင်းထဲရောက်တော့ ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်ပြီး ခေါင်းငဲ့မေးလိုက်သည်။
"ငါတို့ လျှောက်ကြည့်ကြမလား၊ ဒါမှမဟုတ် နင် သွားချင်တဲ့နေရာ ရှိလား"
"ပထမ စာသင်ဆောင်ဘက် ပြန်သွားကြည့်ချင်လား" ချန်လော့ပိုင် ခေါင်းငဲ့ကြည့်လိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက်က မသွားဖြစ်လိုက်ဘူး"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ "သွားမယ်"
နှစ်ယောက်သား လက်တွဲပြီး ပထမ စာသင်ဆောင်ဘက် လျှောက်သွားကြသည်။ စာသင်ဆောင် တံခါးမကြီးထဲ ဝင်ပြီး ဒုတိယထပ် ရောက်တော့ ချန်လော့ပိုင် ခြေလှမ်း ရုတ်တရက် ရပ်တန့်သွားသည်။
ကျိုးအန်းရန်လည်း လိုက်ရပ်လိုက်သည်။
"ဘာလို့ မသွားတော့တာလဲ"
ချန်လော့ပိုင် အပေါ်ထပ်ကို မော့ကြည့်လိုက်သည်။ အကြည့်က သူမမျက်နှာပေါ် ပြန်ရောက်လာသည်။
"အထက်တန်းပထမနှစ် ကျောင်းအပ်တဲ့နေ့တုန်းက ငါ နင့်ကို ဒီနေရာမှာ ဖက်လိုက်တာမလား"
ဒီအကြောင်း ပြန်ပြောဖြစ်တော့ ကျိုးအန်းရန် ရင်ထဲမှာ နောင်တရစရာ မရှိတော့ဘဲ ကြည်နူးမှုတွေပဲ ကျန်တော့သည်။
အဲဒါက သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု။
ရေစက်အားလုံးရဲ့ အစပြုရာ နေရာလေး။
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ပြီးတော့ ပြင်ပေးလိုက်သည်။
"တွဲကူပေးတာပါ"
ကောင်လေး မျက်ခုံးပင့်လိုက်သည်။ လက်လွှတ်လိုက်ပြီး လက်ကြီးကို အပေါ်နည်းနည်း မြှောက်ကာ သူမခါးကို သဘာဝကျကျ ဖက်လိုက်သည်။
"နင်က ဒါကို တွဲကူပေးတာလို့ ခေါ်တာလား"
ကျိုးအန်းရန် - "......"
သူမ တိုးတိုးလေး ပြန်ငြင်းလိုက်သည်။
"ဒါပေမဲ့ အဲဒီနေ့က နင့်ရည်ရွယ်ချက်က ငါ မလဲအောင် တွဲကူပေးတာလေ"
"ကောင်းပြီလေ... နင် ပြောတာ ဟုတ်ပါတယ်" ချန်လော့ပိုင် လိုက်လျောလိုက်သည်။ အကြည့်က သူမမျက်နှာပေါ် ပြန်ရောက်လာသည်။
ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။
"ဘာကြည့်တာလဲ"
ချန်လော့ပိုင်က သူမကို ကြည့်တဲ့အကြည့်တွေက စောစောကထက် ပိုအာရုံစိုက်နေပြီး အပြုံးရိပ်တွေ ပါနေသည်။
"အဲဒီတုန်းက ငါ့အနာဂတ်ရည်းစားလေး ရုပ်ရည် ဘယ်လိုလဲဆိုတာ သေချာ မကြည့်လိုက်ရဘူးလေ။ ဒီတစ်ခါတော့ ငါ့အနာဂတ်မိန်းမ ရုပ်ရည် ဘယ်လိုလဲဆိုတာ သေချာကြည့်ရမယ်"
ကျိုးအန်းရန် နားရွက်ပူသွားသည်။
"ဘယ်သူက နင့်အနာဂတ်မိန်းမလဲ"
ချန်လော့ပိုင်က ဖြစ်သင့်တယ်ဆိုတဲ့ လေသံနဲ့ ပြောသည်။
"ကျိုးအန်းရန်လေ"
ကျိုးအန်းရန် - "......"
သူမ ခုနက ငြင်းလိုက်တာလေ၊ မေးခွန်းမေးတာမှ မဟုတ်တာ။
ဒီလူက မျက်နှာပြောင်တိုက်တာ ပိုဆိုးလာပါလား။
"မဟုတ်ပါဘူး"
"ကောင်းပြီလေ" ချန်လော့ပိုင် အသံဆွဲပြီး နောင်တရသလို ပုံစံလုပ်ပြလိုက်သည်။ "ကြည့်ရတာ ငါ ဆက်ကြိုးစားရဦးမယ် ထင်တယ်"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း အလိုအလျောက် ကွေးတက်သွားသည်။
"သွားစို့" ချန်လော့ပိုင် ပြန်လက်တွဲလိုက်သည်။ "အတန်းထဲ သွားကြည့်ရအောင်"
....
အထက်တန်း ပထမနှစ်၊ ဒုတိယနှစ်တွေက ကျောင်းပိတ်ထားပြီးပြီမို့ အတန်းတံခါးတွေ သော့ခတ်ထားသည်။
ကျိုးအန်းရန် သူနဲ့ လက်တွဲပြီး ပြတင်းပေါက်ဘေး လျှောက်သွားသည်။ အမှတ်တရတွေက စွဲထင်နေပြီး ဖျောက်ဖျက်မရတဲ့ အကျင့်တစ်ခုလို ဖြစ်နေလို့ ထင်တယ်၊ သူမ အလိုအလျောက် ဒုတိယတန်း၊ ခြောက်ခုံမြောက် သူ့နေရာကို အရင်လှမ်းကြည့်လိုက်မိသည်။ ပြီးမှ အထက်တန်းပထမနှစ်တုန်းက သူမ ထိုင်ခဲ့တဲ့ နေရာနှစ်ခုကို ကြည့်လိုက်သည်။
ချန်လော့ပိုင်အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"အထဲဝင်ကြည့်ချင်လား"
ကျိုးအန်းရန် သူ့ကို လှည့်ကြည့်လိုက်သည်။ ပြီးတော့ ပိတ်ထားတဲ့ အနောက်ဘက်ကို ကြည့်လိုက်သည်။
"တံခါး သော့ခတ်ထားတယ်လေ"
"နင့်ရည်းစားအတွက် ဒါ မခက်ခဲပါဘူး" ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ ရင်းနှီးတဲ့ အပြုံးနဲ့ အပြာ၊ အဖြူ ကျောင်းဝတ်စုံကြောင့် အရင်တုန်းက စိတ်ဓာတ်တက်ကြွနေတဲ့ လူငယ်လေးအတိုင်းပါပဲ။ "နင့်ကို မျက်လှည့်ပြမယ်"
ကျိုးအန်းရန် ရင်ခုန်သံ မြန်သွားသည်။
"ဘာမျက်လှည့်လဲ"
ချန်လော့ပိုင် - "ငါ့ကျောင်းဘောင်းဘီအိတ်ကပ်ထဲမှာ၊ ကိုယ့်ဘာသာ နှိုက်ယူလိုက်"
ကျိုးအန်းရန် သူ့အိတ်ကပ်ထဲ လက်နှိုက်လိုက်သည်။ ပထမတစ်ခါ ဘာမှ မမိဘူး။ သေချာ ထပ်နှိုက်လိုက်တော့ တစ်ခုခုကို ထိမိသွားသည်။ သူမ လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်နှာ ချက်ချင်း ရဲတက်သွားသည်။
တစ်ချိန်တည်းမှာပဲ ချန်လော့ပိုင်ရဲ့ ရယ်သံပါတဲ့အသံ ခေါင်းပေါ်ကနေ ထွက်ပေါ်လာသည်။
"ကျိုးအန်းရန်"
"နေ့ခင်းကြောင်တောင်ကြီး ဘယ်ကို လာကိုင်နေတာလဲ"
ကျိုးအန်းရန် ရှက်စိတ်နဲ့ လက်ပြန်ရုတ်လိုက်ပြီး မော့ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။
"နင် ငါ့ကို လိမ်တယ်"
ချန်လော့ပိုင် ရယ်မောလိုက်သည်။
"ငါ ဘယ်လိမ်ရဲမှာလဲ၊ ငါက ဘယ်ဘက်အိတ်ကပ်လဲလို့ မပြောရသေးခင် နင်က နှိုက်လိုက်တာလေ"
ကျိုးအန်းရန် - "......"
ချန်လော့ပိုင် - "ညာဘက်မှာ"
ကျိုးအန်းရန် မယုံချင်တော့ဘူး။
"တကယ်လား"
"တကယ်ပါ" ချန်လော့ပိုင် လေသံက နည်းနည်း တည်ကြည်သွားသည်။ "လိမ်ရင် ဒီည ငါ ဆိုဖာပေါ် အိပ်မယ်"
ကျိုးအန်းရန် မိဘတွေ ခရီးထွက်နေလို့ ဒီည သူ့အိမ်မှာ အိပ်မယ်လို့ ပြောထားပြီးသား။
သူ့ကတိကို ကြားတော့မှ ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ သတိထားပြီး ညာဘက်အိတ်ကပ်ထဲ လက်ထည့်လိုက်သည်။ ပါးလွှာတဲ့ သော့တစ်ချောင်း စမ်းမိလိုက်သည်။
"စာသင်ခန်းသော့?" ကျိုးအန်းရန် မော့ကြည့်လိုက်သည်။ "နင် ဘယ်ကရတာလဲ"
ချန်လော့ပိုင် လှမ်းယူလိုက်သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက ဆရာကောင်းဆီက တကူးတက သွားတောင်းထားတာ"
အနောက်ပေါက် ပွင့်သွားသည်။
ကျိုးအန်းရန် အဆွဲခံလိုက်ရပြီး ဝင်သွားသည်။
အထက်တန်း ဒုတိယနှစ်တုန်းက အတန်းထဲမှာ သူမ တစ်ပတ်လောက်ပဲ နေခဲ့ရတာ။
ဒါပေမဲ့ အထက်တန်း ပထမနှစ်တုန်းက ဒီအတန်းထဲမှာ သူမ သူနဲ့ တစ်နှစ်လုံး အတန်းဖော် ဖြစ်ခဲ့ဖူးတယ်။
ဝင်ဝင်ချင်း အတိတ်က အမှတ်တရတွေ တဖွဲဖွဲ ပြန်ရောက်လာသည်။
အထက်တန်းပထမနှစ်က ကျိုးအန်းရန်က တခြားလူတွေနဲ့အတူ သူ့ကို နောက်လှည့်ခိုးကြည့်ခဲ့ဖူးတယ်။
အထက်တန်းပထမနှစ်က ကျိုးအန်းရန်က အနောက်ပေါက်ကနေ အကြိမ်ကြိမ် ထွက်ပြီး သူ့ဘေးကနေ တိတ်တဆိတ် ဖြတ်လျှောက်ခဲ့ဖူးတယ်။
အထက်တန်းပထမနှစ်က ကျိုးအန်းရန်က သူ့အရှေ့ခုံမှာ ခဏလောက် ထိုင်ခဲ့ဖူးတယ်။
...
ဒါပေမဲ့ စောစောက ဒုတိယထပ် လှေကားထိပ်တုန်းကလိုပါပဲ။ အတိတ်ကို ပြန်တွေးမိတိုင်း သူမရင်ထဲမှာ ကြည်နူးမှုတွေပဲ ကျန်တော့တယ်။
ချန်လော့ပိုင် ရုတ်တရက် ပြောလိုက်သည်။
"ဟိုနေရာက နင် အထက်တန်းပထမနှစ် ပထမစာသင်နှစ်တုန်းက နေရာမလား"
ကျိုးအန်းရန် အမှတ်တရတွေထဲကနေ သတိဝင်လာပြီး သူညွှန်ပြတဲ့နေရာ ကြည့်လိုက်တော့ အံ့ဩသွားသည်။
"နင် မှတ်မိတယ်လား"
"ဒါပေါ့... ငါ အင်္ဂလိပ်စာဆရာမအစား နင့်ကို လှမ်းခေါ်ပေးဖူးသေးတယ်လေ" ချန်လော့ပိုင် မေးငေါ့ပြလိုက်သည်။ "ဟိုဘက် သွားရအောင်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား လက်တွဲပြီး သူမရဲ့ အထက်တန်းပထမနှစ်တုန်းက နေရာဆီ လျှောက်သွားကြသည်။
"တစ်သျှူး ယူဖို့ မေ့လာတယ်" ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ "နင် သည်းခံပြီး ထိုင်လိုက်ဦး"
ကျိုးအန်းရန် သူ ဘာလို့ ရုတ်တရက် ထိုင်ခိုင်းလဲ မသိပေမယ့် ဒီလို တောင်းဆိုချက်လေးလောက်ကိုတော့ မငြင်းပါဘူး။
နေရာမှာ ဝင်ထိုင်လိုက်တော့မှ အခု ဒီနေရာက စားပွဲခုံရဲ့ ညာဘက်ထောင့်စွန်းမှာ အသည်းပုံလေး တစ်ခု ထွင်းထားတာ တွေ့လိုက်ရသည်။
ဒီနေရာမှာ ထိုင်တဲ့ ဂျူနီယာလေးတစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ကြိုက်နေလို့ နေမှာပေါ့။
ဘေးနားက ချန်လော့ပိုင်က ကိုယ်ကိုစောင်းပြီး ဒီစားပွဲခုံပေါ် ထိုင်လိုက်တာ တွေ့လိုက်ရသည်။ သူ့အသံကလည်း ခေါင်းပေါ်ကနေ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။ အသည်းပုံလေးကို လက်ညှိုးထိုးပြမလို့ လုပ်တုန်း...
ကောင်လေးမျက်နှာက သူမမြင်ကွင်းထဲမှာ ကြီးမားလာသည်။
ချန်လော့ပိုင် သူမကို နမ်းလိုက်သည်။
ကျိုးအန်းရန် မျက်လုံးလေးတွေ ပြူးကျယ်သွားသည်။ သူ့မျက်ဝန်းနက်နက်တွေနဲ့ အနီးကပ် ဆုံတွေ့သွားသည်။ အထဲမှာ သူမရဲ့ ပုံရိပ်သေးသေးလေးကို မြင်လိုက်ရသည်။
ကောင်လေးက ရှေ့ဆက်မတိုးတော့ဘဲ နှုတ်ခမ်းချင်း ဖွဖွလေး ထိကပ်ထားသည်။
သူတို့ရဲ့ ပထမဆုံးအနမ်းလိုပါပဲ။ ဒါပေမဲ့ ပထမဆုံးအနမ်းထက် အချိန်နည်းနည်း ပိုကြာတယ်။
စက္ကန့်အနည်းငယ်ကြာမှ ချန်လော့ပိုင် ခွာလိုက်သည်။
သူ လက်တစ်ဖက်ကို စားပွဲပေါ် ပျင်းရိစွာ ထောက်ထားပြီး ကျန်လက်တစ်ဖက်က သူမပါးပြင်ကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ မျက်လုံးထဲမှာ အပြုံးတွေ ပိုများလာသည်။
"ပြီးခဲ့တဲ့တစ်ခေါက် ပြန်လာတုန်းကတည်းက နမ်းချင်နေတာ"
ကျိုးအန်းရန် - "......"
ဒါကြောင့် ဆောင်းရာသီကျောင်းပိတ်ရက်တုန်းက သူက နှစ်ယောက်တည်း သီးသန့် ပြန်လာရအောင်လို့ အကြံပြုခဲ့တာလား။
ချန်လော့ပိုင် လက်ချောင်းထိပ်လေးတွေ အောက်လျှောကျလာပြီး သူမနှုတ်ခမ်းထောင့်စွန်းမှာ ရပ်တန့်သွားသည်။ သူမကို ကြည့်တဲ့အကြည့်တွေက အရမ်း လေးနက်နေသည်။ အသံက တိုးနေသည်။
"အထက်တန်းကျောင်းသား ချန်လော့ပိုင်ကို ကိုယ်စားပြုပြီး နင်နဲ့ စောစောစီးစီး ရည်းစားမထားခဲ့ရတဲ့ နောင်တအတွက် ပြန်ပေးဆပ်တဲ့အနေနဲ့လေ"
ကျိုးအန်းရန် ရင်ထဲ နာကျင်သွားသည်။
သူမ လက်ချောင်းလေးတွေ လှုပ်ရှားသွားပြီး လက်နှစ်ဖက် မြှောက်ကာ စားပွဲပေါ် ထောက်လိုက်သည်။ မော့ကြည့်ပြီး သူ့နှုတ်ခမ်းကို ပြန်ထိလိုက်သည်။
ဒီတစ်ခါတော့ ချန်လော့ပိုင် အံ့ဩသွားသည်။
သူမနှုတ်ခမ်းထောင့်စွန်းမှာ တင်ထားတဲ့လက် ရပ်တန့်သွားသည်။ ပြီးမှ ရယ်မောလိုက်သည်။
"ဒီနေ့ ဘာလို့ ဒီလောက် တက်ကြွနေတာလဲ"
ကျိုးအန်းရန် နားရွက်ဖျားလေးတွေ ပြန်ရဲလာသည်။
သူမ မော့ကြည့်လိုက်သည်။ ရှက်စိတ်ကို ထိန်းပြီး တိုးတိုးလေး ပြောလိုက်သည်။
"အထက်တန်းကျောင်းသူ ကျိုးအန်းရန်ကို ကိုယ်စားပြုပြီး အထက်တန်းကျောင်းသား ချန်လော့ပိုင်ကို ပြန်နမ်းပေးတာလေ။ သူ နောင်တမရတော့ပါဘူး။ သူလည်း ထပ်ပြီး နောင်တမရပါစေနဲ့တော့နော်"
ချန်လော့ပိုင် ရင်ထဲ အရည်ပျော်ကျသွားသည်။
သူမနှုတ်ခမ်းထောင့်စွန်းက လက်က အနောက်ရွေ့သွားပြီး ဇက်ပိုးကို ဖွဖွလေး ကိုင်လိုက်သည်။ ပြီးတော့ ရယ်လိုက်သည်။
"သူ ပြောတာက... တစ်ချက်တည်းနဲ့ မလောက်ဘူးတဲ့၊ နည်းနည်း ကြာကြာလေး နမ်းမှ ရမယ်တဲ့"
ကျိုးအန်းရန် မျက်နှာ ပိုရဲတက်လာသည်။
သူမ လက်ကို စားပွဲပေါ် ထောက်ထားပြီး ထပ်မော့ကြည့်လိုက်သည်။ နှုတ်ခမ်းချင်း ထပ်ထိကပ်လိုက်သည်။
ညနေဆည်းဆာက ပြတင်းပေါက်ကနေ တိတ်တဆိတ် ဝင်ရောက်လာပြီး စာကြည့်စားပွဲပေါ် တက်လာသည်။ လိမ္မော်ရောင် အလင်းတန်းတွေက ပြတင်းပေါက်ဘောင်ကြောင့် လေးထောင့်ကွက်လေးတွေ ဖြစ်ပေါ်နေသည်။
အနောက်ကနေ လေတိုက်လာသည်။ စာမေးပွဲစာရွက်တွေ လေထဲ လွင့်ပျံသံကို ကြားယောင်နေသလိုပဲ။
ပြတင်းပေါက်အပြင်ဘက်မှာ ပုစဉ်းရင်ကွဲသံတွေ ဆူညံနေသည်။
ကျောင်းဝတ်စုံဝတ်ထားတဲ့ ကောင်လေးနဲ့ ကောင်မလေးက စာသင်ခန်းထဲမှာ ရှည်လျားပြီး နူးညံ့သိမ်မွေ့တဲ့ အနမ်းတစ်ခု ဖန်တီးနေကြသည်။
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၈၆ ။ Extra : သကြားလုံး
စာသင်ခန်းထဲမှ ဆင်းလာချိန်တွင် နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိနေပြီဖြစ်ကာ မိုးကုပ်စက်ဝိုင်းတွင် လိမ္မော်ရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲနေသည့် နေဝင်ဆည်းဆာ အလှကို တွေ့မြင်နေရသည်။
ဒသမတန်း ကျောင်းသားများမှာ ညစာကြည့်ချိန် စတင်နေပြီဖြစ်သဖြင့် ကျောင်းဝင်းတစ်ခုလုံးမှာ အထူးတလည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျိုးအန်းရန်သည် ချန်လော့ပိုင်၏ လက်ကိုဆွဲကာ ရှေ့သို့လျှောက်လာရင်း သူက ရုတ်တရက် ခေါင်းလှည့်မေးလာသည်ကို ကြားလိုက်ရသည် - "စူပါမားကတ်သွားချင်လား၊ မင်းအတွက် ကိုလာတစ်ဗူးလောက် ထပ်ဝယ်ပေးမလို့။"
"ရတာပေါ့။" ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည်။
နှစ်ယောက်သား လက်ချင်းချိတ်ကာ ကျောင်းအတွင်းရှိ စူပါမားကတ်လေးဆီသို့ လှည့်လာခဲ့ကြသည်။ သို့သော် ညစာကြည့်ချိန် ပြီးဆုံးသည်အထိ ဖွင့်လှစ်ထားလေ့ရှိသည့် စူပါမားကတ်မှာ ထိုနေ့တွင် ဘာကြောင့်မှန်းမသိ စောစောစီးစီး ပိတ်ထားလေသည်။
သူတို့နှစ်ဦးမှာ တံခါးအပြင်ဘက်တွင် တားဆီးခြင်း ခံလိုက်ရပြန်သည်။
ကျိုးအန်းရန်က ဘေးနားရှိ ကောင်လေးကို ကြည့်လိုက်ရင်း - "နင့်မှာ ပြစရာ မျက်လှည့်တွေ ကျန်သေးလား။"
ချန်လော့ပိုင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ သူမ၏ ပါးပြင်မှတစ်ဆင့် အောက်ဘက်သို့ အကြည့်ကို ဖြည်းဖြည်းချင်း ပို့လိုက်ပြီး နောက်ဆုံးတွင် သူမ၏ လက်ပေါ်သို့ ကျရောက်သွားသည် - "ဒါမှမဟုတ် နင်ပဲ ထပ်ပြီး စမ်းကြည့်မလား။"
ကျိုးအန်းရန် : "......"
တော်ပြီ။ သူမ၏ မျက်နှာအသားမှာ သူ့လောက် မထူပေ။
"မလုပ်ပါဘူး။"
ချန်လော့ပိုင်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ အကြည့်ကို စူပါမားကတ်၏ ပိတ်ထားသော တံခါးဆီသို့ လွှဲလိုက်သည်။
"ကောင်းပါတယ်၊ အမှတ်တရလေးတွေ ချန်ထားခဲ့ပြီးမှ နောက်မှ ပြန်လာရှာကြတာပေါ့၊ ပြီးတော့ ... " ချန်လော့ပိုင်က သူမဘက်သို့ လှည့်လာကာ နီမြန်းနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း စကားကို ခေတ္တရပ်လိုက်သည်။
"ပြီးတော့ ဘာဖြစ်လဲ။" ကျိုးအန်းရန်က မေးလိုက်သည်။
နေဝင်ဆည်းဆာ အလှက ထိုကောင်လေး၏ ထင်ရှားသော မျက်နှာသွင်ပြင်ကို ပုံဖော်ပေးထားပြီး သူမကို ကြည့်နေသည့် သူ၏ အကြည့်များမှာ ရင်းနှီးနေသော ဆွဲဆောင်မှု တစ်မျိုး ပါဝင်နေသည်။
ကျိုးအန်းရန်မှာ ထိုအကြည့်များအောက်တွင် နှလုံးခုန်သံ မြန်လာရသည်။
ထို့နောက် သူ ပြောလိုက်သည်ကို ကြားလိုက်ရသည် - "ပြီးတော့ ငါ မင်းကို အိမ်ပြန်ခေါ်သွားချင်နေပြီ။"
အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ကျိုးအန်းရန်မှာ တံခါးချပ်ပေါ်သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။ အခန်းထဲတွင် မီးမဖွင့်ထားသလို ဝင်ပေါက်နေရာမှာ ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်နှင့် ဝေးကွာလှသဖြင့် မှိန်ပျပျ အလင်းရောင်အောက်တွင် သူမ၏ လက်မှာ ထိုကောင်လေး၏ ဆွဲကိုင်ခြင်းကို ခံလိုက်ရသည်။
ချန်လော့ပိုင်က ခေါင်းငုံ့ကာ တိုးကပ်လာပြီး သူ၏ ပူနွေးသော အသက်ရှူသံများမှာ သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ သူ၏ အသံမှာ အလွန်တိုးညင်းလှပြီး တီးတိုးလေသံဖြင့် - "ကျိုးအန်းရန်၊ တာဝန်ယူပေးမလား။"
ကျိုးအန်းရန်၏ မျက်နှာမှာ ချက်ချင်းပင် ပူထူသွားသည် - "ဘာလို့ ငါက တာဝန်ယူရမှာလဲ။"
ချန်လော့ပိုင်၏ နှုတ်ခမ်းမှာ သူမ၏ နှုတ်ခမ်းနှင့် ထိလုနီးပါး ဖြစ်နေကာ အသံမှာ တိုးညင်းနေဆဲပင် - "ခုနက ကျောင်းမှာ ဘယ်သူက ငါ့ကို နမ်းပြီးတော့ ... "
သူ နောက်က ဘာပြောမည်ကို ရိပ်မိလိုက်သဖြင့် ကျိုးအန်းရန်က မျက်နှာနီနီဖြင့် သူ့စကားကို ဖြတ်ပြောလိုက်သည် - "နင်ပဲ ငါ့ကို သော့ယူခိုင်းတာလေ။"
"ကောင်းပြီ။" ချန်လော့ပိုင်က သူမ၏ နားနားတွင် ကပ်၍ ရယ်လိုက်ပြီး သူမ၏ လက်ကို ဆွဲကာ ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်သည် - "ဒါဆို ဒီစာရင်းကို ခဏထားဦး၊ စာသင်ခန်းထဲမှာ ငါ့ကို အရင်စနမ်းတာတော့ နင်ပဲ မဟုတ်လား။"
ကျိုးအန်းရန်သည် မျက်နှာကို သူ့ပခုံးပေါ်တွင် ဝှက်ထားလိုက်ပြီး တိုးညင်းစွာ ပြန်လည်ချေပလိုက်သည် - "အဲ့ဒါကလည်း နင်က ငါ့ကို အရင်နမ်းလို့လေ။"
"ငါ နင်ကို ဘယ်နှစ်ကြိမ် နမ်းဖူးလဲ။" ချန်လော့ပိုင်က နီရဲနေသော သူမ၏ နားရွက်လေးနားတွင် ကပ်မေးလိုက်သည် - "နင် ငါ့ကို ပြန်နမ်းတဲ့ အကြိမ်ရေက လက်ချိုးရေလို့တောင် ရတယ် မဟုတ်လား။"
ကျိုးအန်းရန် : "......"
ကျိုးအန်းရန် စကားမပြောတော့ပေ။
ချန်လော့ပိုင်က သူမ၏ နားနားတွင် ထပ်မံ၍ အသာအယာ ရယ်လိုက်ပြန်သည် - "ပြီးတော့ ငါက မင်းအပေါ်မှာ ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိဘူးဆိုတာ မင်းသိသားပဲ။"
ကျိုးအန်းရန်မှာလည်း သူ့အပေါ်တွင် မည်သို့ ခုခံနိုင်စွမ်း ရှိပါမည်နည်း။ သူမသည် မျက်နှာကို သူ့ပခုံးပေါ်တွင် ဝှက်ထားရင်း တိုးညင်းစွာ ပြောလိုက်သည် - "လက်လည်း မဆေးရသေးဘူး၊ ရေလည်း မချိုးရသေးဘူး။"
ချန်လော့ပိုင်က သူမ၏ နားရွက်လေးကို တစ်ချက် နမ်းလိုက်သည် - "အတူတူ ချိုးမလား။"
......
ရေပန်းကို ပိတ်လိုက်သည်။
ရေချိုးခန်းထဲတွင် စိုစွတ်နေလေသည်။
ကျိုးအန်းရန်သည် အပြင်ဘက်ရှိ လက်ဆေးကန်ပေါ်တွင် အဖက်ခံကာ ထိုင်နေရသည်။ ကြွေပြားများမှာ အေးစက်နေသဖြင့် ခုနက ရေပူဖြင့် ချိုးထားသော အသားအရေနှင့် သိသိသာသာ ကွာခြားနေသည်။ သူမမှာ အနည်းငယ် အေးသွားသော်လည်း အသားကျသွားသည့်အခါ ခေါင်းငုံ့ကြည့်လိုက်မိရာ ထိုကောင်လေး၏ လက်ချောင်းလေးများသည် သူမ၏ ကိုယ်ပေါ်ရှိ မှဲ့နက်လေးပေါ်သို့ ကျရောက်နေသည်ကို တွေ့လိုက်ရသည်။
"ချန်လော့ပိုင်။" ကျိုးအန်းရန်က သူ့ကို အမြန်ခေါ်လိုက်သည် - "ဒီည အဲ့ဒီနေရာကို ကိုက်လို့ မရဘူးနော်။"
ချန်လော့ပိုင်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။ သူသည် မည်မျှပင် အလုပ်များပါစေ ဘတ်စကက်ဘော ကစားရန် အချိန်ပေးလေ့ရှိသဖြင့် သူ့ကိုယ်ပေါ်တွင် လှပသော ဝမ်းဗိုက်ကြွက်သား အချပ်လေးများ ရှိနေသည်။ ယခု သူမကို ကြည့်နေသည့် သူ၏ အကြည့်များမှာလည်း လူကို ရင်ခုန်စေသည့် ရင်းနှီးသော မီးပွားလေးများ ပါဝင်နေသည်။
"ဘာလို့ ဒီနေ့ကျမှ ကိုက်လို့မရတာလဲ။"
ကျိုးအန်းရန် : "အခုက နွေရာသီလေ၊ မနက်ဖြန် ငါ စကတ်ဝတ်ရမှာ။"
"စကတ်ဝတ်မလို့လား။" ချန်လော့ပိုင်၏ အကြည့်မှာ ထိုမှဲ့နက်လေးဆီသို့ ပြန်လည်ကျရောက်သွားသည် - "ဟိုအနက်ရောင် စကတ်ကို ဝတ်မှာလား။"
ကျိုးအန်းရန် မျက်တောင်လေး ခတ်လိုက်သည် - "ဘယ်အနက်ရောင် စကတ်လဲ။"
"ဟိုလေ ... " ချန်လော့ပိုင်က စကားကို ခေတ္တရပ်ကာ လက်ချောင်းများဖြင့် ထိုမှဲ့နက်လေးမှတစ်ဆင့် အပေါ်သို့ ဖြည်းဖြည်းချင်း တက်လာသည် - "ဒုတိယတုန်းက နင် ငါ့ရှေ့ကနေ ပြေးထွက်သွားတဲ့နေ့က ဝတ်ထားတဲ့ အနက်ရောင် စကတ်လေ။"
ကျိုးအန်းရန်၏ ခြေဖျားလေးများမှာ ရုတ်တရက် တင်းကျပ်သွားသည်။ သူမသည် အကြည့်ကို အောက်သို့ ချထားရာမှ ယခုအခါ သူ့လက်ကို ကြည့်ရင်း မျက်နှာမှာ ထပ်မံ၍ ပူထူလာပြန်သဖြင့် အကြည့်ကို ချက်ချင်း လွှဲလိုက်သည် - "အဲ့ဒီစကတ်က ဟောင်းနေပြီလေ၊ ပြီးတော့ ငါလည်း ယူမလာဘူး။"
"အဲ့လိုလား။" ချန်လော့ပိုင်က အကြည့်ကို အောက်သို့ ချထားဆဲဖြစ်ကာ ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်ရင်း လက်ကိုတော့ အာရုံစိုက် လှုပ်ရှားနေသည်။ စက္ကန့်အနည်းငယ်ကြာသည်အထိ သူမဆီမှ အသံမကြားရသဖြင့် သူ ခေါင်းမော့ကြည့်လိုက်သောအခါမှ မိန်းကလေး၏ မျက်နှာမှာ နီရဲနေပြီဖြစ်ကာ နှုတ်ခမ်းကို ကိုက်လျက် အကြည့်ကို တစ်နေရာရာသို့ ပို့ထားသည်ကို တွေ့လိုက်ရသည်။
သူ့ထဲတွင် အနိုင်ကျင့်လိုစိတ်များ ပေါ်လာပြန်သည် - "စကတ်က ကိစ္စမရှိပါဘူး၊ နင့်ကို ချီပြီး မှန်ထဲမှာ ကြည့်ခိုင်းရမလား။"
ကျိုးအန်းရန်၏ အာရုံစိုက်မှုအားလုံးမှာ သူ့လက်ပေါ်တွင် ရှိနေသဖြင့် သူ ဘာကို ဆိုလိုသည်ကို သတိမထားမိခင်မှာပင် သူမမှာ ပြန်လည် ချီမခြင်း ခံလိုက်ရသည်။
မှန်ထဲတွင် သူတို့နှစ်ဦး၏ လက်ရှိပုံစံမှာ ရှင်းလင်းစွာ ပေါ်လွင်နေသည်။
ကျိုးအန်းရန်မှာ သူ ခုနက ပြောလိုက်သည့် စကား၏ အဓိပ္ပာယ်ကို သတိရသွားသောအခါ မျက်နှာမှာ ပို၍ နီရဲလာကာ ရှက်ရှက်နှင့် သူ့ကို မျက်စောင်းထိုးလိုက်သည် - "ချန်လော့ပိုင်!"
ချန်လော့ပိုင်က ရယ်ရင်း "အင်း" ဟု ပြန်ဖြေလိုက်ကာ သူမက သူ့နာမည်ကို ခေါ်ရုံသာရှိသည့်အလား လူဆိုးပုံစံမျိုးဖြင့် ခေါင်းငုံ့ကာ သူမ၏ နားနားတွင် ကပ်ပြောလိုက်သည် - "ပေါင်ပေ့။"
ကျိုးအန်းရန်မှာ ယခုအချိန်ထိ သူ ထိုကဲ့သို့ ခေါ်သည်ကို မခံနိုင်သေးဘဲ ရင်ထဲတွင် တုန်လှုပ်သွားရသည်။
ချန်လော့ပိုင်၏ စိုစွတ်နေသော လက်များက သူမ၏ ကျောပြင်ကို အသာအယာ ဖိထားကာ သူမ၏ နားနားတွင် ကပ်လျက် အသံကို အလွန်နှိမ့်၍ ပြောလိုက်သည်။ သူ၏ လေသံမှာ အမိန့်ပေးနေသလိုလို သို့မဟုတ် မေးမြန်းနေသလိုလိုပင်။
"မှောက်ထားလိုက်။" သူက ပြောလိုက်သည်။
....
ကျိုးအန်းရန်သည် နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီကျော်မှ နိုးလာသည်။ ချန်လော့ပိုင်မှာ သူမဘေးတွင် ရှိမနေဘဲ ဖုန်းကို လှမ်းယူကြည့်လိုက်သောအခါ အချိန်မှာ ၁၂ နာရီ ကျော်နေပြီ ဖြစ်သည်။ သူမသည် ကုတင်ပေါ်မှ ဆင်းကာ ဝရန်တာသို့ လျှောက်သွားပြီး လိုက်ကာကို ဖွင့်လိုက်သည်။
နေရောင်ခြည်များ အခန်းထဲသို့ စီးဝင်လာသဖြင့် ကျိုးအန်းရန်၏ မျက်လုံးများမှာ ကျိန်းစပ်သွားရသည်။
အဓိက အိပ်ခန်း၏ ဝရန်တာမှာ ဒုတိယ အထက်တန်းကျောင်း၏ တံခါးဝနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ ယခုအချိန်မှာ ကျောင်းဆင်းချိန် ဖြစ်သဖြင့် သူမ မျက်လုံးများ အလင်းရောင်နှင့် အသားကျသွားသည့်အခါ ကျောင်းဝတ်စုံ ဝတ်ထားသော လူနှစ်ဦး အောက်တွင် လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။
အရပ်ရှည်ပြီး ပိန်သွယ်သော ကောင်လေးက မိန်းကလေး၏ ကျောပိုးအိတ်ကို ဆွဲလိုက်သဖြင့် မိန်းကလေးမှာ အနောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားရသည်။ မိန်းကလေးက ကောင်လေးကို မျက်စောင်းထိုးလိုက်၍လား မသိရသော်လည်း ကောင်လေးက လက်ကို လွှတ်လိုက်ကာ မိန်းကလေး၏ အခြားတစ်ဖက်သို့ လှည့်သွားပြီး ချော့မြှူနေပုံရသည်။
ကျိုးအန်းရန်မှာ ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေမိစဉ် ရင်းနှီးသော အသံတစ်ခု ဘေးနားမှ ထွက်ပေါ်လာသည်။
"အဲ့လောက်တောင် အာရုံစိုက်ပြီး ကြည့်နေတာလား။"
ကျိုးအန်းရန်၏ မျက်လုံးများ လင်းလက်သွားကာ သူ့ကို လှည့်ကြည့်လိုက်ရင်း အလိုလိုက်ခံလိုသည့် လေသံဖြင့် "ဘယ်သွားနေတာလဲ" ဟု မေးလိုက်သည်။
ကောင်လေးက အောက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာကို ပြန်ကြည့်ကာ စိတ်မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် - "နင် နိုးလာရင် ဗိုက်ဆာမှာ စိုးလို့ အပြင်က မှာထားတဲ့ အစားအစာ သွားယူတာလေ။ ငါ ပြန်လာတော့ နင်က တခြားယောကျ်ားကို စိုက်ကြည့်နေတာ တွေ့ရတယ်" ဟု ပြောလိုက်သည်။
ကျိုးအန်းရန် : "......"
သူမ ကြည့်နေသည်မှာ ယောကျ်ားလေးရော မိန်းကလေးရော ပါဝင်သည်ကို။
သူက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး သဝန်တိုနိုင်ရတာလဲ။
ချန်လော့ပိုင် : "အထက်တန်းကျောင်းသားလေးတွေက အဲ့လောက်တောင် ကြည့်ကောင်းလို့လား။"
ကျိုးအန်းရန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ - "အင်း၊ ကြည့်ကောင်းပါတယ်။"
ချန်လော့ပိုင်က ဘာအမူအရာမှ မပြဘဲ ခေါင်းညိတ်လိုက်သည် - "ဒါဆိုရင်လည်း ထပ်ကြည့်လိုက်ဦးလေ။ ဪ၊ အခု သူက နို့လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားပြီဆိုတော့ နင် မမြင်ရတော့ဘူးပေါ့။"
ကျိုးအန်းရန်က ရယ်ရင်း သူ့လက်ကို ဆွဲလိုက်သည် - "နင့်လောက် မချောပါဘူး။"
ချန်လော့ပိုင်က သဘာဝကျကျပင် ပြန်ပြောလိုက်သည် - "ဒါဆိုရင်လည်း ငါ ကျောင်းဝတ်စုံ ပြန်ဝတ်ပြီး နင်ကို ကြည့်ခိုင်းရမလား .. "
သူမ ခုနက ဘာပြောလိုက်သည်ကို သတိရသွားသောအခါ သူ့စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။
"ထပ်ပြောပါဦး။"
ကျိုးအန်းရန်မှာ ဤကဲ့သို့သော စကားမျိုးပြောရန် အကျင့်မရှိပေ။ ခုနက သူ စိတ်ဆိုးနေသည်ကို ချော့ရန် ပြောလိုက်ခြင်း ဖြစ်သော်လည်း ယခုအခါ အထူးတလည် ထပ်ပြောခိုင်းသဖြင့် သူမ ရှက်သွားပြန်ကာ တိုးညင်းစွာ - "နင်လည်း ကြားပြီးသားပဲကို။"
ချန်လော့ပိုင်က သူမကို ငုံ့ကြည့်လိုက်သည်။
ပြတင်းပေါက်မှ နေရောင်ခြည်များက မိန်းကလေး၏ အသားအရေကို လင်းလက်နေစေသည်။ သူမသည် သူ၏ T-shirt ကို ဝတ်ထားကာ ပေါင်အထိ ဖုံးအုပ်ထားသည်။ သူမ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေပြီး သူ့ကို ကြည့်နေသည့် အကြည့်များထဲတွင် အပြုံးများ ပြည့်နှက်နေကာ နူးညံ့ပြီး လှပလှသည်။
ချန်လော့ပိုင်၏ စိတ်ထဲတွင် ရုတ်တရက် နူးညံ့သွားကာ သူမ၏ ပါးကို မနာအောင် ဆွဲလိုက်မိသည်။
"ကျိုးအန်းရန်။"
ကျိုးအန်းရန် မျက်တောင်လေး ခတ်လိုက်သည် - "ဘာလို့လဲ။"
ချန်လော့ပိုင် : "ငါတစ်သက်လုံး နင့်ရဲ့ လက်ခုပ်ထဲက ရေပဲ ဖြစ်တော့မှာပါ။"
ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ပြောနေတာလဲ။
ကျိုးအန်းရန် ဘာမှ ပြန်မပြောနိုင်သေးမီမှာပင် ထိုကောင်လေးက သူမဆီသို့ လက်လှမ်းလိုက်ပြန်သည်။
"ဗိုက်ဆာပြီလား၊ မျက်နှာသစ်ဖို့ ချီသွားပေးရမလား။"
ကျိုးအန်းရန်မှာ သူ ချီသည်ကို အကြိမ်ပေါင်းများစွာ ခံဖူးသော်လည်း မျက်နှာသစ်ရန်အတွက်ပါ ချီသွားပေးသည်မှာ ကလေးငယ်လေးများ ရရှိသည့် ဂရုစိုက်မှုမျိုး ဖြစ်နေသဖြင့် သူမ၏ မျက်နှာမှာ ပို၍ ပူလာသည် - "ငါ့ဘာသာ သွားလို့ရပါတယ်။"
ချန်လော့ပိုင်က သူမ၏ ခါးကို တိုက်ရိုက်ဖက်လိုက်ကာ - "ငါ့ရည်းစားကို ငါ ချီချင်တာ မရဘူးလား။"
ကျိုးအန်းရန်၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ ကွေးညွှတ်သွားသည် - "ရပါတယ်။"
ချန်လော့ပိုင်က သူမကို ချီလိုက်သည်။
ကျိုးအန်းရန်က သူ့လည်ပင်းကို ဖက်ထားကာ ခြေထောက်များကို သူ့ကိုယ်ပေါ်တွင် ချိတ်ထားလိုက်သည်။ ကောင်လေးက သူမကို ချီကာ ရေချိုးခန်းဆီသို့ လျှောက်သွားစဉ် သူ၏ T-shirt လည်ပင်းဟိုက်နေရာမှ အနည်းငယ် ဟသွားလေသည်။
ကျိုးအန်းရန် ငုံ့ကြည့်လိုက်သောအခါ သူ့ကျောပြင်ပေါ်တွင် ထင်ရှားသော အစင်းကြောင်းတစ်ခုကို တွေ့လိုက်ရသဖြင့် သူမ၏ လက်ချောင်းလေးများက ထိုနေရာသို့ မသိမသာ ကျရောက်သွားသည်။
ချန်လော့ပိုင်၏ ခြေလှမ်းများ ရပ်တန့်သွားကာ တစ်ခုခု ပြောရန် ပြင်စဉ်မှာပင် သူမက လေသံအေးအေးလေးဖြင့် မေးလိုက်သည်ကို ကြားလိုက်ရသည် - "နာလားဟင်။"
သူမ ထိလိုက်သည့် နေရာက မည်သည့်နေရာဖြစ်သည်ကို သူ ချက်ချင်း နားလည်လိုက်သည်။ မနေ့ညက နောက်ဆုံးအကြိမ် သူမကို ချီပြီး ရေပြန်ချိုးပေးစဉ်က သူ မြင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုအချိန်တွင် သူမမှာ အလွန်အမင်း အိပ်ငိုက်နေသဖြင့် သတိထားမိပုံမရပေ။
ချန်လော့ပိုင်က ခေါင်းစောင်းကာ အဓိပ္ပာယ်ပါသော အပြုံးဖြင့် သူမကို ကြည့်လိုက်သည် - "အခုကျမှ နာသလားလို့ လာမေးနေပြီလား၊ မနေ့ညက ကုတ်တုန်းကတော့ မညှာဘူးနော်။"
ကျိုးအန်းရန်၏ မျက်နှာမှာ ပူထူသွားသည် - "ဘယ်သူက မနေ့ညက နင့်ကို ... "
"မနေ့ညက ငါ ဘာဖြစ်လဲ။" ချန်လော့ပိုင်၏ အကြည့်မှာ သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေကာ လေသံမှာ အလွန်အဓိပ္ပာယ် ပါဝင်နေသည်။
ကျိုးအန်းရန်မှာ အမှန်တကယ်တော့ မနေ့ညက မည်သည့်အချိန်တွင် ကုတ်လိုက်မိသည်ကို မမှတ်မိတော့ပေ။ သို့သော် သူ အဆိုးဆုံး လုပ်ခဲ့သည့် အချိန်များထဲမှ တစ်ခုဖြစ်မည်မှာ သေချာလှသည်။ သူမသည် မျက်နှာကို သူ့ပခုံးပေါ်တွင် ဝှက်ထားလိုက်ရင်း - "ဘာမှမဟုတ်ပါဘူး၊ ကြည့်ရတာ မနာဘူးထင်တယ်။"
ချန်လော့ပိုင်က သူမ၏ နားနားတွင် ရယ်လိုက်သည်။
ကျိုးအန်းရန် : "......"
ဤလူသည် သူမကို အနိုင်ကျင့်ပြီးတိုင်း စိတ်အမြဲတမ်း ကောင်းနေတတ်သည်။
သူက သူမကို ချီကာ ရှေ့သို့ ဆက်လျှောက်သွားပြီးနောက် ကျိုးအန်းရန်မှာ မနေနိုင်ဘဲ ထပ်မံအတည်ပြုလိုက်သည် - "တကယ်ပဲ မနာဘူးလား။"
"တကယ်မနာပါဘူး၊ နင့်မှာ ဘယ်လောက် အားရှိလို့လဲ၊ ပြီးတော့ .. " ချန်လော့ပိုင်က စကားကို ခေတ္တရပ်ကာ သူမကို ရယ်ရင်း ကြည့်လိုက်သည် - "နင့်ကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ကုတ်စေချင်သေးတာ။"
ကျိုးအန်းရန်၏ မျက်နှာမှာ ပို၍ ပူထူလာကာ ယခုတစ်ကြိမ်တွင်မူ သူ့ကို တကယ်ပဲ အရေးမလုပ်တော့ပေ။
....
မျက်နှာသစ်၊ ထမင်းစားပြီးနောက် ကျိုးအန်းရန်သည် သူနှင့်အတူ မီးဖိုချောင်သို့ သွားကာ သစ်သီးများ ဆေးကြောကြသည်။
ပန်းကန်ထဲ ထည့်ပြီးနောက် ချန်လော့ပိုင်က ဖရဲသီးတစ်စိတ်ကို ယူကာ သူမ၏ ပါးစပ်နားသို့ ကမ်းပေးလိုက်သည်။
ကျိုးအန်းရန်က ငုံ့စားလိုက်ရာ ဖရဲသီး၏ ချိုမြိန်သော အရည်များမှာ ပါးစပ်ထဲတွင် ပြန့်နှံ့သွားသည်။ ထိုစဉ် သူ ပြောလိုက်သည်ကို ကြားလိုက်ရသည် - "ဒီနေ့ နေ့လည် ဘာလုပ်ချင်လဲ။"
ကျောင်းပိတ်ရက် ရောက်လာသော်လည်း သူတို့နှစ်ဦး အတူရှိချိန်မှာ ကျောင်းမှာထက် ပို၍ နည်းပါးသွားသည်။ ကျိုးအန်းရန်၏အမေမှာ ယနေ့ည ခရီးမှ ပြန်လာမည်ဖြစ်ကာ ချန်လော့ပိုင်ကလည်း ယနေ့တစ်ရက်သာ ခွင့်ယူထားခြင်း ဖြစ်သည်။ သူတို့နှစ်ဦးတည်း ရှိမည့် အချိန်ဝက်လေးမှာ အလွန်တန်ဖိုးရှိလှသဖြင့် ကျိုးအန်းရန် ဘာလုပ်ချင်မှန်း မစဉ်းစားတတ်တော့ပေ။
"မသိဘူး။"
ချန်လော့ပိုင် : "ဒါဆိုရင် အိမ်မှာ အရင်စဉ်းစားနေလိုက်ဦး၊ ငါ အောက်ကို တစ်ခဏ သွားလိုက်ဦးမယ်။"
"အောက်ကို ဘာသွားလုပ်မလို့လဲ။" ကျိုးအန်းရန်က မေးလိုက်သည်။
ချန်လော့ပိုင်က ပြတင်းပေါက် အပြင်ဘက်ကို မေးထိုးပြကာ - "အထက်တန်း ကျောင်းဝတ်စုံ ပြန်ဝတ်ပြီး နင့်အတွက် နို့လက်ဖက်ရည် သွားဝယ်ပေးမလို့။"
ကျိုးအန်းရန် ကြောင်သွားပြီးနောက် ရယ်လိုက်မိသည် - "နင်က ခုထိ သဝန်တိုနေတုန်းလား။"
"နင်က အထက်တန်းကျောင်းသားလေးတွေကို စိတ်ဝင်စားသွားမှာ စိုးလို့လေ။" ချန်လော့ပိုင်၏ နှုတ်ခမ်းတွင်လည်း အပြုံးအချို့ ရှိနေသည် - "ကောင်းကောင်း ပြုမူနေမှ ဖြစ်မယ်။"
ကျိုးအန်းရန်က ရယ်ရင်း သူ့လက်ကို ဆွဲလိုက်သည် - "အပြင်မှာ နေအရမ်းပူတယ်၊ နို့လက်ဖက်ရည်က Delivery နဲ့ မှာလိုက်လည်း ရတာပဲကို၊ ငါနဲ့အတူ ရုပ်ရှင်ပဲ ကြည့်ရအောင်။"
"ရုပ်ရှင်ပဲ ကြည့်မှာလား။" ချန်လော့ပိုင်က သူမကို မေးလိုက်သည် - "တခြား ဝန်ဆောင်မှုတွေရော မလိုဘူးလား။"
ကျိုးအန်းရန် မျက်တောင်လေး ခတ်လိုက်သည် - "ဘာဝန်ဆောင်မှုလဲ။"
"အတူတူ စားပေးမယ်၊ အတူတူ ဆော့ပေးမယ် ... " ချန်လော့ပိုင်က စကားကို ခေတ္တရပ်ကာ ခေါင်းငုံ့၍ သူမ၏ နားနားတွင် ကျန်ရှိသော စကားများကို ပြောလိုက်လေသည်။
မီးဖိုချောင်ထဲတွင် တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။
ထို့နောက်မှ မိန်းကလေး၏ ရှက်ရှက်နှင့် အော်လိုက်သံ ထွက်ပေါ်လာသည်။
"ချန်လော့ပိုင်!"
"အင်း။" တစ်စုံတစ်ယောက်က ပျင်းရိပျင်းတွဲ ရယ်ရင်း ပြန်ဖြေလိုက်သည် - "ဘာလို့ ငါ့ကို အဲ့လောက် အော်ခေါ်နေတာလဲ။"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၈၇ ။ Extra : သကြားလုံး
တက္ကသိုလ်ဒုတိယနှစ် ပထမစာသင်နှစ်မှာ ကျိုးအန်းရန်က ပါမောက္ခတစ်ယောက်ရဲ့ ဓာတ်ခွဲခန်းထဲ ဝင်ခွင့်ရခဲ့သည်။
သူမအပြင် အခန်းဖော်တွေလည်း တခြားဓာတ်ခွဲခန်းတွေကို အသီးသီး ဝင်ခွင့်ရကြတာမို့ ပထမနှစ်တုန်းကထက် အချိန်မလောက်ငှ ပိုဖြစ်လာကြသည်။ ကျိုးအန်းရန် အခန်းဖော်သုံးယောက်လုံး လျှပ်စစ်စက်ဘီးတစ်စီးစီ ဝယ်လိုက်ကြသည်။ ကျိုးအန်းရန်က စက်ဘီးမစီးတတ်လို့ အခန်းဖော်တွေက သူမကို အချိန်မရွေး လိုက်စီးနိုင်ပါတယ်လို့ သဘောကောင်းစွာ ပြောကြသည်။
ဒါပေမဲ့ သူတို့ရွေးထားတဲ့ ဘာသာရပ်တွေ မတူသလို၊ ဓာတ်ခွဲခန်းတွေလည်း မတူကြဘူး။ ကျိုးအန်းရန်က သူတို့ကို ခဏခဏ အကြိုအပို့လုပ်ခိုင်းရမှာ အားနာတယ်။ ချန်လော့ပိုင်ကိုလည်း အချိန်ကုန်ခံပြီး အကြိုအပို့လုပ်ခိုင်းရမှာ အားနာတယ်။ နောက်ဆုံးတော့ ကိုယ့်ဘာသာ စီးတတ်အောင်သင်ဖို့ ဆုံးဖြတ်လိုက်သည်။
အဲဒီအတွက် ချန်လော့ပိုင်က စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး အချိန်ပေးလိုက်သည်။
ကျိုးအန်းရန်က ဒီဘက်မှာ သိပ်မကျွမ်းကျင်ပေမယ့်၊ အရမ်းညံ့တဲ့ ကျောင်းသူတော့ မဟုတ်ပါဘူး။ သူ့အချိန်တွေကို အလဟသ မဖြစ်စေဘဲ တနင်္ဂနွေနေ့ ညနေမှာ ကောင်းကောင်း စီးတတ်သွားသည်။
ဒါပေမဲ့ တနင်္လာနေ့မနက် ရောက်တော့ အနောက်က လိုက်ကြည့်ပေးမယ့်သူ မပါဘဲ တစ်ယောက်တည်း စာသင်ဆောင်ကို စီးသွားရတာ နည်းနည်း ကြောက်နေမိသည်။ တော်သေးတာက ကျောင်းထဲမှာ စက်ဘီးစီးတာ မြန်မြန်မောင်းလို့မရသလို၊ အခန်းဖော်တွေကလည်း ဘေးကနေ ဝိုင်းထိန်းပေးထားကြတယ်။
လမ်းနည်းနည်း လျှောက်ပြီးတာနဲ့ ကျိုးအန်းရန် စိတ်ငြိမ်သွားသည်။
စာသင်ဆောင်ရှေ့အထိ ငြိမ်ငြိမ်သက်သက် စီးလာပြီး ရပ်လိုက်သည်။ ဆင်းမလို့လုပ်တုန်း ရှဲ့ကျင့်ယွီ အနောက်ကနေ လှမ်းခေါ်တာ ကြားလိုက်ရသည်။
"ရန်ရန်... နောက်လှည့်ကြည့်လိုက်ဦး"
ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
ရှဲ့ကျင့်ယွီ မျက်နှာပေါ်မှာ ရင်းနှီးနေတဲ့ စနောက်တဲ့ အပြုံးလေး ရှိနေသည်။
"ငါ့ကို ကြည့်ခိုင်းတာ မဟုတ်ဘူး၊ အနောက်ကို ကြည့်လိုက်ဦး၊ တစ်ယောက်ယောက်က နင့်နောက်ကို တစ်လမ်းလုံး လိုက်လာတာ"
ကျိုးအန်းရန် အနောက်လှည့်ကြည့်လိုက်တော့ ချန်လော့ပိုင်ကို မလှမ်းမကမ်းမှာ တွေ့လိုက်ရသည်။
ကောင်လေးက အနက်ရောင် လျှပ်စစ်စက်ဘီးပေါ် ခွထိုင်ထားသည်။ ခြေတံရှည်ကြီးတွေက ဘေးနှစ်ဖက်မှာ ချထားသည်။ သူ ကိုယ်တိုင်လည်း အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားသည်။ အနက်ရောင် လေကာအင်္ကျီ၊ အနက်ရောင် ဘောင်းဘီ။ မပြုံးရင် အနားကပ်ရခက်တဲ့ ပုံစံမျိုး။ စီးထားတဲ့ စက်ဘီးက Superbike လို ဖြစ်နေသည်။
သူမအကြည့်နဲ့ ဆုံသွားတော့ ချန်လော့ပိုင် မျက်ခုံးပင့်ပြလိုက်သည်။
ကျိုးအန်းရန် ဘယ်လိုခံစားရမှန်း မပြောပြတတ်ဘူး။
ရင်ထဲမှာ ပြည့်သိပ်နေသလို ခံစားရတယ်။
သူမက သူ့ကို ကြိုက်မိလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းခဲ့ဖူးတယ်။
ဒါပေမဲ့ အခုတော့ သူက သူမ ယုံကြည်မှုရဲ့ အရင်းအမြစ်တစ်ခုဖြစ်လာခဲ့ပြီ။
ဘာလို့လဲဆိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူက သူမအနောက်မှာ အမြဲ စောင့်ရှောက်ပေးနေတယ်ဆိုတာ ခံစားမိနေလို့လေ။
ကျိုးအန်းရန် စက်ဘီးပေါ်က ဆင်းလိုက်ပြီး အခန်းဖော်တွေကို ပြောလိုက်သည်။
"နင်တို့ သွားနှင့်ကြ၊ ငါ ဟိုဘက် ခဏသွားလိုက်ဦးမယ်"
"သွား... သွား..." ပိုင်လင်းယွင်ကလည်း စနောက်တဲ့ လေသံနဲ့ ပြောသည်။ "ငါတို့ နေရာဦးပေးထားမယ်၊ နောက်မကျစေနဲ့နော်"
တစ်နှစ်ကျော်ကြာလာတော့ ကျိုးအန်းရန် သူတို့ စနောက်တာကို ယဉ်ပါးနေပြီ။ မကြားချင်ယောင်ဆောင်ပြီး ချန်လော့ပိုင်ရှေ့ လျှောက်သွားလိုက်သည်။
ကောင်လေးကလည်း စက်ဘီးပေါ်က ဆင်းပြီးပြီ။
ဒါပေမဲ့ မနက်ခင်း ပထမဆုံး အတန်းချိန်ဆိုတော့ စာသင်ဆောင်ရှေ့မှာ လူရှုပ်နေတယ်။ ကျိုးအန်းရန် လူရှေ့သူရှေ့ သူ့ကို သွားမဖက်ရဲဘူး။ လက်ကိုပဲ ဆွဲလိုက်သည်။
"နင် ဘာလို့ လာတာလဲ၊ ဒီမနက် အိပ်ရေးဝအောင် အိပ်မယ်လို့ ပြောထားတယ်မလား"
စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူမကို စက်ဘီးသင်ပေးနေရလို့ မနေ့ညက သန်းခေါင်အထိ အိမ်စာလုပ်နေရတာလေ။
ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။
"ငါ့တပည့်လေး ဒီနေ့ ပထမဆုံး လမ်းမပေါ်တက်တာလေ၊ ဆရာတစ်ယောက်အနေနဲ့ ရလဒ်လာစစ်ဆေးရမှာပေါ့"
ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
"ငါ စီးတာ ဘယ်လိုလဲ"
ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။
"အရမ်း တော်တယ်၊ ငါ သင်ပေးထားတာမို့လို့"
ကျိုးအန်းရန်လည်း ပြုံးလိုက်သည်။ "ဒါက ငါ့ကို ချီးကျူးတာလား၊ နင့်ကိုယ်နင် ချီးကျူးတာလား"
"နှစ်ယောက်လုံး ချီးကျူးတာ မရဘူးလား"
"ရပါတယ်" ကျိုးအန်းရန် သူ့လက်ချောင်းလေးတွေကို ကစားလိုက်သည်။ သူ့မျက်လုံးတွေထဲမှာ အိပ်ချင်ရိပ်တွေ တွေ့နေရလို့ မချင့်မရဲ လွှတ်ပေးလိုက်သည်။ "ဒါဆို မြန်မြန်ပြန်အိပ်တော့၊ မဟုတ်ရင် အတန်းထဲမှာ စိတ်မပါဘဲ ဖြစ်နေဦးမယ်"
ချန်လော့ပိုင် တကယ် အိပ်ချင်နေပြီ။ ခေါင်းညိတ်လိုက်သည်။
"ညနေကျရင် ထမင်းစားဖို့ လာခေါ်မယ်လေ"
ကျိုးအန်းရန် စဉ်းစားလိုက်သည်။ ညနေပိုင်း အချိန်ရလောက်ပါတယ်။ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
ချန်လော့ပိုင် သူမပါးကို ထပ်ဆွဲလိုက်သည်။
"သွားပြီ"
ကျိုးအန်းရန် လက်ချောင်းလေးတွေ လှုပ်ရှားသွားသည်။ ဘာကြောင့်မှန်းမသိ ရင်ထဲက ဆန္ဒတွေကို မထိန်းနိုင်တော့သလို ရှေ့နှစ်လှမ်းတိုးပြီး သူ့ကို ဖက်လိုက်သည်။
ချန်လော့ပိုင် ကြောင်သွားသည်။ သတိပြန်ဝင်လာတော့ သူမခါးကို ပြန်ဖက်လိုက်သည်။ ရယ်မောပြီး ပြောလိုက်သည်။
"စက်ဘီးသင်ပေးရုံနဲ့ လူရှေ့သူရှေ့ ဦးဆောင်ပြီး လာဖက်နေပြီ။ နွေရာသီတုန်းက ယာဉ်မောင်းလိုင်စင်သင်တုန်းက အဖော်လိုက်ပေးတာကိုရော ဘယ်တော့ ပြန်ပေးဆပ်မှာလဲ"
ကျိုးအန်းရန် - "......"
ဒီလူက အခုဆို စက္ကန့်ပိုင်းလောက်တောင် တည်ကြည်မနေနိုင်တော့ဘူး။
သူမ ချက်ချင်း လွှတ်လိုက်သည်။
"မြန်မြန် ပြန်အိပ်တော့"
....
ကျိုးအန်းရန် အဲဒီပါမောက္ခရဲ့ ဓာတ်ခွဲခန်းထဲ ဝင်ခွင့်ရတာက ပထမနှစ် ဒုတိယစာသင်နှစ်တုန်းက ယွီပင်းချင် ခဏခဏ ခေါ်ခိုင်းလို့ပင်။
ပထမနှစ် ဒုတိယစာသင်နှစ် ကုန်ခါနီး တစ်ရက်မှာ သူမနဲ့ ပါမောက္ခလက်အောက်မှာ မဟာဘွဲ့တန်းတက်ခွင့်ရပြီးသားဖြစ်တဲ့ ယွီပင်းချင်တို့ ဓာတ်ခွဲခန်းထဲက ထွက်လာတော့ ဘေးနားက မိန်းကလေးက ရုတ်တရက် ပြောလိုက်သည်။
"ငါ့ဘော့စ်က မေးနေတယ်၊ နင် နောက်စာသင်နှစ်ကျရင် ဓာတ်ခွဲခန်းထဲ တရားဝင် လာကူညီမလားတဲ့"
အဲဒီပါမောက္ခက ပြည်တွင်းမှာ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်ကြီးမို့ ကျိုးအန်းရန် ယွီပင်းချင်စကားကြားတော့ အိပ်မက်မက်နေသလို ဖြစ်သွားပြန်သည်။
ကျိုးအန်းရန် နည်းနည်း စိတ်ငြိမ်အောင် ထိန်းပြီးမှ မေးလိုက်သည်။
"အစ်မချင် ထောက်ခံပေးလိုက်တာလား"
ယွီပင်းချင်က လာကူညီပါလို့ ပြောတာက သူမကို ပါမောက္ခရှေ့မှာ မျက်နှာပြခိုင်းပြီး ပညာသင်ယူစေချင်လို့ဆိုတာ သူမ သိပါတယ်။
"မဟုတ်ပါဘူး၊ ငါ့မှာ အဲဒီလောက် မျက်နှာမကြီးပါဘူး" ယွီပင်းချင်က ရှားရှားပါးပါး စကားအရှည်ကြီး ပြောလိုက်သည်။ "သူ့ဘာသာ မေးတာ။ သူ ပြောတာက... နင်က ငါတို့ စမ်းသပ်မှုလုပ်တာကို ကြည့်ရင် မျက်လုံးထဲမှာ အရောင်တွေ တောက်နေတယ်တဲ့။ စိတ်လည်း ငြိမ်တယ်၊ မာန်မာန မရှိဘူး၊ သင်ယူတာ မြန်တယ်၊ မျိုးစေ့ကောင်းလေးပဲတဲ့။ ငါတို့ မေဂျာက အခု ခေတ်မကောင်းဘူး၊ ပင်ပန်းပြီး ပိုက်ဆံသိပ်မရဘူး။ သုတေသန လုပ်မယ်ဆိုရင် ပါရမီမပါရင်၊ ကံမကောင်းရင် လူအများစုက ပျင်းစရာကောင်းတဲ့ စမ်းသပ်မှုတွေ၊ မရပ်မနား ကျရှုံးမှုတွေနဲ့ပဲ ရင်ဆိုင်ရမှာ။ ဝါသနာမပါရင်၊ စိတ်မငြိမ်ရင် ဆက်လုပ်ဖို့ ခက်ခဲလိမ့်မယ်တဲ့"
ကျိုးအန်းရန် မိုးပေါ်က မုန့်ကျလာသလို မူးဝေနေတုန်းပဲ။
"သူ တကယ် အဲဒီလို ပြောတာလား"
"နားထောင်ရုံပဲ နားထောင်ထားလိုက်" ယွီပင်းချင်က ရှားရှားပါးပါး ပြုံးလိုက်ပြီး သူမပါးကို ဆွဲလိုက်သည်။ "နင့်ကို အလုပ်ကြမ်းလုပ်ခိုင်းမလို့လေ။ ပညာတတ်မတတ်၊ နောက်ကျရင် သူ့လက်အောက်မှာ မဟာဘွဲ့ ဆက်တက်ခွင့်ရမရ ဆိုတာက နင့်အပေါ်ပဲ မူတည်တယ်။ ဝင်မလား"
ကျိုးအန်းရန် တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်။
"ဝင်မှာပေါ့"
"ကောင်းပြီ... ငါ သူ့ကို ပြန်ပြောလိုက်မယ်" ယွီပင်းချင် သော့ကို လှုပ်ယမ်းပြလိုက်သည်။ "သွားစို့... အားလော့က နင့်ကို တိုက်ခန်း လိုက်ပို့ခိုင်းလိုက်တယ်"
ချန်လော့ပိုင်က ကိုယ်တိုင် လာကြိုချင်တာ။ ဒါပေမဲ့ သူတို့ ဓာတ်ခွဲခန်းထဲမှာ နာရီဝက်ကျော်လောက် ကြာသွားတော့ သူမ ဗိုက်ဆာနေမှာစိုးလို့ တိုက်ခန်းကို ကြိုသွားပြီး အစားအသောက် မှာထားလိုက်တာပင်။
....
တိုက်ခန်းရောက်တော့ ကျိုးအန်းရန် လက်ဗွေနဲ့ တံခါးဖွင့်ဝင်လိုက်သည်။ အသံကြားလို့ ထင်တယ်၊ ဖိနပ်လဲပြီးတာနဲ့ အရပ်ရှည်ရှည်ကောင်လေးက ဧည့်ခန်းဝကနေ ထွက်ကြိုတာ တွေ့လိုက်ရသည်။ အဖြူရောင် တီရှပ်နဲ့ အနက်ရောင် ဘောင်းဘီတို ဝတ်ထားသည်။ ခြေသလုံးနဲ့ လက်မောင်း ကြွက်သားတွေက သွယ်လျပြီး လှပနေသည်။
ကျိုးအန်းရန် သူ့ရင်ခွင်ထဲ ပြေးဝင်လိုက်သည်။
ချန်လော့ပိုင် သူမခေါင်းကို ဖက်လိုက်သည်။ သူမပါးဘေးက ပါးချိုင့်လေးတွေကို ငုံ့ကြည့်လိုက်သည်။
"ဘာကိစ္စကောင်း ရှိလို့ ဒီလောက် ပျော်နေတာလဲ"
ကျိုးအန်းရန် - "အစ်မချင် ပြောတာ ပါမောက္ခစုန့်က နောက်စာသင်နှစ်ကျရင် ငါ့ကို သူ့ဓာတ်ခွဲခန်းထဲ တရားဝင် ဝင်ခိုင်းမယ်တဲ့"
ချန်လော့ပိုင် မျက်နှာပေါ်မှာ အံ့ဩရိပ် မတွေ့ရဘူး။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး သူမအတွက် ဝမ်းသာပေးနေသည်။
"ဒါဆို ပါမောက္ခစုန့်က လူရွေးတတ်သားပဲ"
ကျိုးအန်းရန် မျက်လုံးလေးတွေ ကွေးညွတ်သွားသည်။ နာမည်ခေါ်လိုက်သည်။
"ချန်လော့ပိုင်"
ချန်လော့ပိုင် - "ဟင်"
"နင်လည်း ငါ့ကို Filter နဲ့ကြည့်နေတာမလား" ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
လာတဲ့လမ်းမှာ ရှုဟုန်လျန်နဲ့ တခြား စီနီယာအစ်ကိုအစ်မတွေ တွေ့ခဲ့သေးတယ်။ သူမ ဒုတိယနှစ်မှာတင် ပါမောက္ခစုန့်ရဲ့ ဓာတ်ခွဲခန်း ဝင်ခွင့်ရတယ်ဆိုတာသိတော့ အားလုံးက အားကျတဲ့အကြည့်တွေနဲ့ တော်လိုက်တာလို့ ချီးကျူးကြတယ်။ သူတစ်ယောက်တည်းပဲ တခြားလူတွေနဲ့ မတူဘူး။
တခြားလူတွေက သူမလို ပထမနှစ် ကျောင်းသူလေးတစ်ယောက် ပါမောက္ခစုန့် ကိုယ်တိုင် ရွေးချယ်ခံရတာက သူမရဲ့ ကံကောင်းမှု၊ ကုသိုလ်ကံလို့ ထင်ကြတယ်။
သူတစ်ယောက်တည်းပဲ ပါမောက္ခစုန့်က သူမကို ရွေးချယ်တာက ပါမောက္ခစုန့် အမြင်ရှိလို့ပါလို့ ထင်နေတာ။
"ရှိလို့လား" ချန်လော့ပိုင် အကြည့်က သူမ တီရှပ်လည်ပင်းပေါက်ထဲက ဖြူဝင်းတဲ့ အသားအရေပေါ် မတော်တဆ ရောက်သွားသည်။ ခဏရပ်လိုက်ပြီး မသိမသာ လူပါးဝလိုက်သည်။ "ငါလည်း မသိဘူး၊ ခဏနေ သေချာ ကြည့်ပေးရမလား၊ Filter ရှိလား မရှိလား ဆိုတာ"
ကျိုးအန်းရန် မျက်နှာပူသွားသည်။
သူ့စကားကို နားမလည်ချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါပေမဲ့ နောက်စာသင်နှစ် ဓာတ်ခွဲခန်း ဝင်လိုက်ရင် နင့်ကို အဖော်ပြုပေးမယ့် အချိန်တွေ အများကြီး လျော့သွားလိမ့်မယ်"
ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။
"ကျိုးအန်းရန်... ငါ့ကို သဘောထားသေးသိမ်တယ်လို့ ထင်နေတာလား"
ကျိုးအန်းရန် - "ဘာလို့ သဘောထားအကြောင်း ပါလာတာလဲ"
"ငါ့မိန်းမက သုတေသန လုပ်ချင်တာလေ၊ ငါက မထောက်ခံဘဲ နေပါ့မလား" ချန်လော့ပိုင် သူမပါးကို ဆက်ဆွဲနေသည်။
သူ အခု ဒီအခေါ်အဝေါ်ကို ခေါ်တာ တော်တော် ကျွမ်းကျင်နေပြီ။
ကျိုးအန်းရန် မျက်နှာ ပိုပူလာသည်။ သူ့ကို ဖက်ထားတာ လွှတ်လိုက်သည်။
"ငါ ထမင်းသွားစားတော့မယ်"
ချန်လော့ပိုင် သူမကို ပြန်ဆွဲလိုက်သည်။
"အရင် နမ်းပါရစေဦး"
စာမေးပွဲ နီးနေလို့ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြတာ။ ဒီတစ်ပတ်လုံး ထမင်းစားဆောင်မှာ အလောတကြီး တွေ့ရုံပဲ တွေ့ရတာ။ သေချာတောင် မဖက်ဖြစ်ကြဘူး။
ကျိုးအန်းရန် သူ့ခါးကို ပြန်ဖက်လိုက်သည်။
ချန်လော့ပိုင် ခေါင်းငုံ့နမ်းလိုက်သည်။
နေဝင်ဆည်းဆာ ရောင်ခြည်က ဧည့်ခန်းထဲ တိတ်တဆိတ် ဝင်ရောက်လာသည်။
တိတ်ဆိတ်နေတဲ့ ဧည့်ခန်းဝမှာ တိုးညှင်းပြီး ရင်ခုန်စရာကောင်းတဲ့ အနမ်းသံတွေပဲ ကျန်တော့သည်။
.....
ဓာတ်ခွဲခန်းထဲ တရားဝင် ဝင်ပြီးနောက်ပိုင်း ကျိုးအန်းရန် အားလပ်ချိန် တစ်ဝက်လောက် လျော့နည်းသွားသည်။ ချန်လော့ပိုင်လည်း စာလုပ်ရတာ မသက်သာပါဘူး။ ဒါပေမဲ့ အချိန်ရတိုင်း ဓာတ်ခွဲခန်းထိ လာကြိုတတ်သည်။ မကြာခဏဆိုသလို လက်ဗလာနဲ့ မလာဘဲ အစားအသောက်တွေ အများကြီး ဝယ်လာပြီး သူမနာမည်နဲ့ ဓာတ်ခွဲခန်းက စီနီယာအစ်ကို အစ်မတွေကို ဒကာခံလေ့ရှိသည်။
ကြာလာတော့ ယွီပင်းချင်အပြင် တခြား စီနီယာတွေကပါ သူမကို လိုလိုလားလား သင်ပြပေးလာကြသည်။
ပါမောက္ခစုန့်တောင် သူ့ကို မှတ်မိနေပြီး သူတို့ဓာတ်ခွဲခန်းမှာ ပြင်ပဝန်ထမ်းတစ်ယောက် တိုးလာပြီလို့ စနောက်လေ့ရှိသည်။
ဒုတိယနှစ် တစ်နှစ်လုံးမှာ ကျိုးအန်းရန်က အခန်းဖော်တွေနဲ့ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်တာကလွဲရင် ကျန်တဲ့ အားလပ်ချိန် အများစုကို ဓာတ်ခွဲခန်းထဲမှာပဲ ကုန်ဆုံးခဲ့သည်။ အစတုန်းက အလုပ်ကြမ်းပဲ လုပ်ရပေမယ့် နောက်ပိုင်းတော့ နည်းနည်း ပါဝင်လုပ်ဆောင်လာနိုင်ခဲ့သည်။
အလုပ်ကြမ်းလုပ်တာထက် သိပ်မပိုပေမယ့် ကျိုးအန်းရန်က ကိုယ့်ဘာသာရပ်ကို သေချာ မကျွမ်းကျင်သေးဘူးဆိုတာ သိလို့ တိုးတက်မှု သေးသေးလေး ရတာနဲ့တင် ပျော်ရွှင်နေတတ်သည်။
ပင်ပန်းတာတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ ဝါသနာပါတဲ့အလုပ် လုပ်ရတာမို့ ပျော်ရွှင်နေပါတယ်။
....
ဒုတိယနှစ် ဒုတိယစာသင်နှစ်မှာ ကျိုးအန်းရန်က စီနီယာတွေနဲ့အတူ ညလုံးပေါက် စမ်းသပ်မှု လုပ်ခဲ့ရသေးတယ်။ မိုးလင်းမှ အားလုံး သမ်းဝေပြီး ဓာတ်ခွဲခန်းထဲက ထွက်လာကြတာ။
တံခါးဝက ထွက်ထွက်ချင်း စင်္ကြံလမ်းမှာ ချန်လော့ပိုင် မှီရပ်နေတာ တွေ့လိုက်ရသည်။ လက်ထဲမှာ အပူထိန်းအိတ်တစ်လုံး ကိုင်ထားသည်။
အဲဒီတုန်းက နွေဦးရာသီ ရောက်နေပြီ။ သူက ရှားရှားပါးပါး အပြာရောင် ဂျင်းအင်္ကျီ ဝတ်ထားသည်။ အရပ်ရှည်ရှည်၊ ဆံပင်မည်းမည်းလေးတွေက နဖူးပေါ် ဝဲကျနေပြီး သန့်ရှင်းသပ်ရပ်ကာ ချောမောနေသည်။
ကျိုးအန်းရန် ရင်ခုန်သံ နှစ်ချက်လောက် မြန်သွားသည်။ သူ့ရှေ့ အမြန်လျှောက်သွားလိုက်သည်။
ချန်လော့ပိုင် သူမခါးကို ဖက်လိုက်ပေမယ့် ရင်ခွင်ထဲ ဆွဲမသွင်းပါဘူး။
သူမ မျက်နှာပူတတ်မှန်းသိလို့ လူများတဲ့အချိန်ဆိုရင် သိပ်ရင်းနှီးတဲ့ အပြုအမူတွေ မလုပ်ပါဘူး။
"ဘယ်တုန်းက ရောက်နေတာလဲ၊ ဘာလို့ မပြောတာလဲ" ကျိုးအန်းရန် မော့ကြည့်လိုက်သည်။
ချန်လော့ပိုင်လည်း ငုံ့ကြည့်လိုက်သည်။ လေသံက ပေါ့ပါးနေသည်။
"ရောက်တာ မကြာသေးပါဘူး"
ကျိုးအန်းရန် သူ့ပါးစပ်က အမှန်တရား ထွက်ခဲမှန်း သိသည်။ လက်လှမ်းပြီး သူ့လက်ကို ကိုင်ကြည့်လိုက်သည်။
"ဒါဆို နင့်လက်က ဘာလို့ ဒီလောက် အေးနေတာလဲ"
ချန်လော့ပိုင် - "အစာမမှာခင် ရေချိုးခန်း ဝင်လိုက်လို့ပါ"
အနောက်က စီနီယာအစ်မတစ်ယောက် ချောင်းဟန့်လိုက်မှ ချန်လော့ပိုင် ခေါင်းမော့လိုက်သည်။ လက်ထဲက အပူထိန်းအိတ်ကို ဖွင့်လိုက်ပြီး ထုပ်ပိုးထားတဲ့ ဆန်ပြုတ်တစ်ဘူး ထုတ်ယူလိုက်သည်။ ပြီးတော့ အိတ်လိုက် ယွီပင်းချင်ကို ပေးလိုက်သည်။
"နင်တို့ ဝေစားလိုက်ကြ၊ ငါ့လူကိုတော့ ငါ ခေါ်သွားတော့မယ်"
အနောက်က စီနီယာအစ်မတစ်ယောက် ညည်းတွားလိုက်တာ ကြားလိုက်ရသည်။
"ရည်းစားထားရတာ ကောင်းလိုက်တာ"
အောက်ထပ်ဆင်းတုန်း ချန်လော့ပိုင်က ဆန်ပြုတ်ဘူးကို ဖွင့်ပြီး ပေးလိုက်သည်။
သူ ရောက်နေတာ နာရီဝက်လောက် ရှိပါပြီ။ ဒါပေမဲ့ သူမ အရင်တုန်းက သူ့ကို တစ်နှစ်ကျော်လောက် ခိုးကြိုက်ခဲ့တာနဲ့ယှဉ်ရင် သူ နာရီဝက်လောက် စောင့်ရတာက ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့ ကျိုးအန်းရန်က အစားမရွေးပေမယ့် အချို သိပ်မစားနိုင်ဘူး။ ခေါက်ဆွဲလည်း လုံးဝ မစားဘူး။ မနက်စာက အမြဲ ခေါင်းခဲစရာ ဖြစ်နေတယ်။ သူမ ဘယ်အချိန် ထွက်လာမလဲ မသိတော့ ကြိုပြင်ဆင်ပေးလို့ မရဘူး။
"ဒါလေး အရင်စားထားလိုက်၊ ဆန်ခေါက်ဆွဲ မှာပေးထားတယ်၊ တိုက်ခန်းရောက်ရင် ပို့လာလိမ့်မယ်"
ကျိုးအန်းရန် "အင်း" ဟု တိုးတိုးလေး ဖြေလိုက်သည်။ ဆန်ပြုတ်ဘူးကို လှမ်းယူလိုက်သည်။ နွေးထွေးတဲ့ ခံစားမှုက လက်ဖဝါးကနေ ရင်ထဲထိ စီးဆင်းသွားသည်။
တွဲတာ ကြာလာတော့မှ သိလာရတာက သူက နေထိုင်မှုပုံစံမှာ သိပ်စေ့စပ်သေချာတဲ့သူ မဟုတ်ဘူး။ အိမ်မှာ အဒေါ်ကြီးတွေ လုပ်ပေးနေကျမို့ ထင်တယ်၊ တိုက်ခန်းမှာဆို ပစ္စည်းတွေ ပစ်ချထားပြီး ပြန်ရှာမတွေ့တာ ခဏခဏပဲ။
ဒါပေမဲ့ သူက သူမ ဓမ္မတာလာမယ့်ရက်၊ သူမ အစားအသောက် အကြိုက်၊ သူမ ဝါသနာ၊ သူတို့ရဲ့ အထိမ်းအမှတ်နေ့ရက်တွေကို သူမထက်တောင် ပိုမှတ်မိနေတယ်။
သူများတွေ ရည်းစားထားရင် ကောင်းလား မကောင်းလား သူမ မသိဘူး။
ဒါပေမဲ့ ချန်လော့ပိုင်နဲ့ ရည်းစားထားရတာ၊ သူ့ရင်ထဲမှာ နေရာတစ်နေရာ ရထားတာကတော့ တကယ် ကောင်းပါတယ်။
***