← Chapters

အခန်း (၉၁-၉၃)

Vol. 6 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 6 Ch. 91-93

လီမွန်ဆိုဒါသကြားလုံး

အခန်း ၉၁ ။ Extra : သကြားလုံး

သောကြာနေ့ညနေ ဂိမ်းဆိုင်မှာ ထုံးစံအတိုင်း လူစည်ကားနေသည်။

ဘောလုံးပစ်စက်ရှေ့မှာ ချန်လော့ပိုင်က ဘောလုံးတွေကို ခြင်းထဲ တစ်လုံးပြီးတစ်လုံး ပစ်ထည့်နေသည်။

ကောင်လေးက အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားသည်။ ဘေးတိုက်မျက်နှာက မျဉ်းကြောင်းတွေ ရှင်းလင်းပြတ်သားနေပြီး နှာတံမြင့်မြင့်နဲ့ ကြည့်ကောင်းလွန်းနေသည်။ ဘောလုံးပစ်တဲ့ အမူအရာကလည်း မြန်ဆန်ပြီး တိကျတယ်။ မကြာမီမှာပဲ လူအုပ်ကြီးက လာဝိုင်းကြည့်နေကြတော့တယ်။

ကောင်လေးတွေရော ကောင်မလေးတွေပါ ပါတယ်။

အပြာရောင် တီရှပ်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က သူ ပစ်သမျှ ဝင်နေတာမြင်တော့ စပ်စုပြီး မေးလိုက်သည်။

"ညီအစ်ကို... မင်း ပစ်တာ အရမ်း တိကျတာပဲ၊ ဘာနည်းလမ်းရှိလို့လဲ"

ချန်လော့ပိုင်က ဘောလုံး ဆက်ပစ်နေတုန်းပဲ။ လှည့်တောင် မကြည့်ဘူး။

ကျုရန်က အပြာရောင် တီရှပ်ကောင်လေး နေရခက်နေတာ တွေ့တော့ ဝင်ပြောပေးလိုက်သည်။

"သူ ဒီရက်ပိုင်း စိတ်မပျော်မရွှင်ဖြစ်နေလို့ပါ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘူး ဖြစ်နေတာ။ မင်းကို တမင် ရည်ရွယ်တာ မဟုတ်ပါဘူး"

အပြာရောင် တီရှပ်က ချန်လော့ပိုင်ကို သေချာ ကြည့်လိုက်တော့မှ တစ်ဖက်လူရဲ့ မေးရိုးတွေ တင်းမာနေတာ၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားတာ တွေ့လိုက်ရသည်။ ခန့်မှန်းပြီး မေးလိုက်သည်။

"အသည်းကွဲနေတာလား"

ကျုရန် စဉ်းစားလိုက်သည်။ "အဲဒီသဘောပါပဲ"

အပြာရောင် တီရှပ်က ချန်လော့ပိုင်ကို သေချာ ထပ်ကြည့်လိုက်ပြီး ရယ်မောလိုက်သေးသည်။

"ဒီလောက် ချောတဲ့လူတောင် အသည်းကွဲနိုင်သေးတာပဲ။ ဒါဆို ငါ နတ်သမီးလေးဆီက အသည်းကွဲတာလည်း ဖြေသိမ့်စရာ မရှိတော့ပါဘူး"

ကျုရန် - "......"

မင်း ပါးစပ်သရမ်းလို့ နတ်သမီးလေးက မင်းကို ပစ်သွားတာလို့များ စဉ်းစားမိဖူးလား။

ကျုရန် သူ့ကို ဆက်ဂရုမစိုက်တော့ဘဲ ဘေးနားက သခင်လေးကို တားလိုက်သည်။

"တော်ပြီ... ဆက်ပစ်နေရင် လက်ဖြုတ်တော့မယ်။ ငါ မင်းကို လာကစားခိုင်းတာ၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခိုင်းတာ မဟုတ်ဘူး"

ဂိမ်းဆိုင်ကနေ ထွက်လာပြီးတော့ ကျုရန်နဲ့ ချန်လော့ပိုင် အနီးနားက ညစာဆိုင်တစ်ဆိုင် ဝင်သွားကြသည်။

ဒီသခင်လေးက ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ထမင်းစားရတာ မကြိုက်မှန်းသိလို့၊ အထူးသဖြင့် ဒီရက်ပိုင်း စိတ်မကောင်း ဖြစ်နေတာဆိုတော့ လူနှစ်ယောက်တည်း ဖြစ်ပေမယ့် သီးသန့်ခန်း တောင်းလိုက်သည်။

ဟင်းမလာခင် ကျုရန် ကိုလာတစ်ဘူး ဖောက်ပြီး ပေးလိုက်သည်။

"အန်တီဖန်းကလည်း တားမှ မတားတာ။ မင်းက သူ စာလုပ်တာ ထိခိုက်မှာစိုးလို့ ကိုယ့်သဘောနဲ့ကိုယ် ကျောင်းမပြောင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပဲဟာ။ ဘာလို့ အခုမှ နောင်တရသလို လုပ်နေရတာလဲ"

ချန်လော့ပိုင် ကိုလာဘူးအဖုံးကွင်းလေးကို လက်ချောင်းနဲ့ ကစားနေပြီး စကားမပြောဘူး။

ကျုရန် ထပ်ပြောသည်။

"ငါ မင်းကို မေးချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်။ မေးသင့်မမေးသင့် မသိလို့ မမေးသေးတာ"

ချန်လော့ပိုင် မျက်လွှာမပင့်ဘဲ ပြောသည်။

"မမေးသင့်ရင် မမေးနဲ့"

"မရဘူး... မမေးရရင် ငါ ရင်ကွဲသေလိမ့်မယ်" ကျုရန် သူ့ထိုင်ခုံကို ခြေထောက်နဲ့ လှမ်းကန်လိုက်သည်။ "မင်း ကျိုးအန်းရန်ကို တကယ် ကြိုက်တာ သေချာလို့လား။ အဲဒီနေ့က..."

ကျုရန်က အရင်တုန်းက ကျိုးအန်းရန် ကျောင်းပြောင်းသွားရတဲ့ အကြောင်းရင်းကို အတိအကျ ပြောမိရင် သူ ပိုစိတ်မကောင်း ဖြစ်သွားမှာစိုးလို့ ဝေ့ဝိုက်ပြောလိုက်သည်။

"...ဒါကြောင့် မင်းက ကျေးဇူးတင်စိတ်နဲ့ အားနာစိတ် ဖြစ်သွားတာ မဟုတ်ဘူးလား"

ချန်လော့ပိုင် နောက်ဆုံးတော့ မော့ကြည့်လိုက်သည်။

"အဲဒီမတိုင်ခင်ကကော"

ကျုရန် ကြောင်သွားသည်။ "အဲဒီမတိုင်ခင်က ဘာဖြစ်လို့လဲ"

ချန်လော့ပိုင်က သူမအပေါ် ကျေးဇူးတင်စိတ်နဲ့ အားနာစိတ်ရှိတာကို မငြင်းပါဘူး။ ဒါပေမဲ့...

"အလယ်တန်းကနေ အခုထိ ငါ အကြောင်းမဲ့သက်သက် ဘယ်မိန်းကလေးကိုမှ စကားစမပြောဖူးဘူး၊ အချိုရည် စမဝယ်တိုက်ဖူးဘူးဆိုတာ မင်း သိတယ်မလား"

ကျေးဇူးတင်စိတ်နဲ့ အားနာစိတ်မဖြစ်ခင်ကတည်းက သူ သူမကို စိတ်ဝင်စားနေခဲ့တာ။

ဒါမှမဟုတ် သူ ကိုယ်တိုင်တောင် သတိမထားမိဘဲ သူမကို စိတ်ဝင်စားနေခဲ့လို့ ကျုံးခိုင်က သူမစာအုပ်ထဲ ရည်းစားစာ ခိုးထည့်တဲ့ကိစ္စ ဖြစ်လာခဲ့တာ။

"ပြီးတော့ သူသာ မဟုတ်ရင် အဲဒီနေ့က ရည်းစားစာ ငါ ရေးတာပါလို့ ဝန်ခံမိမှာ မဟုတ်ဘူး"

ချန်လော့ပိုင် အခုထိ အဲဒီတုန်းက သူ ဘယ်လိုတွေးမိလိုက်လဲ ဆိုတာ နားမလည်သေးဘူး။ သူမကို အဲဒီလို အမေးခံရတာ မကြည့်ရက်လို့၊ သူမ ငိုနေတာ မကြည့်ရက်လို့ ထင်တယ်။ ဒါကို စိတ်ပူလွန်းလို့ မှားယွင်းသွားတာလို့ ခေါ်မလား မသိဘူး။

ဒါပေမဲ့ သူ သေချာတာတစ်ခုက အဲဒီတုန်းက အခြေအနေမှာ ရှိနေတဲ့သူက သူမ မဟုတ်ဘဲ တခြားမိန်းကလေးဆိုရင် သူ ပိုဆင်ခြင်တုံတရားနဲ့ ဖြေရှင်းမိမှာပါ။

သူ ဝင်ကူညီပေးမှာ မှန်ပေမယ့် "ရည်းစားစာ ငါ ရေးပေးတာပါ" ဆိုတဲ့ အီလည်လည် စကားမျိုး မသိစိတ်ကနေ ထွက်လာမှာ မဟုတ်ဘူး။ သူမကလွဲရင် တခြား ဘယ်မိန်းကလေးကိုမှ သီးသန့် အချိုရည် ဝယ်မတိုက်ဖူးသလိုမျိုးပေါ့။

ဒါဆို နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။

ဆရာကျောက် ရုတ်တရက် ရောက်လာတာက သူတို့အားလုံး မျှော်လင့်မထားတဲ့ ကိစ္စပဲ။

ချန်လော့ပိုင် ကိုလာဘူးအဖုံးကွင်းလေးကို ကစားနေရင်း အဲဒီနေ့ စတိုးဆိုင်မှာ သူ အချိုရည်ကမ်းပေးတုန်းက မိန်းကလေးရဲ့ တုန်ရီနေတဲ့ မျက်တောင်လေးတွေကို မြင်ယောင်လာသည်။ အဲဒီတုန်းက သူမ သတ္တိနည်းလို့ပဲ ထင်ခဲ့တာ။

သူ ကိုလာဘူးကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။ ကျုရန်ကို မော့ကြည့်လိုက်သည်။

"မင်း ငါ့အစ်မကို ပထမဆုံး မြင်တုန်းက ဘယ်လိုခံစားရလဲ"

ကျုရန်က သူ ဘာလို့ ယွီပင်းချင်အကြောင်း ရောက်သွားလဲ နားမလည်ပေမယ့် ဒီမေးခွန်းရဲ့ အဖြေကို သေချာပြန်စဉ်းစားစရာတောင် မလိုပါဘူး။ ယွီပင်းချင်ကို ပထမဆုံးမြင်တုန်းက ခံစားချက်ကို သူ အခုထိ မှတ်မိနေတုန်းပဲ။

"အရမ်း မိုက်တယ်။ သိကျွမ်းချင်တယ်၊ နားလည်ချင်တယ်။ မသိစိတ်ကနေ စွဲလမ်းသွားတယ်"

ချန်လော့ပိုင် - "ဒါဆို မကြာခင်မှာ မင်း သိလိုက်ရတာက... သူက တကယ်တော့ မင်းကို ကြိုက်နေတာ ကြာပြီ၊ တိတ်တိတ်လေး မင်းအတွက် အများကြီး လုပ်ပေးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်ဘဲ မင်းကို ကာကွယ်ပေးခဲ့တယ်ဆိုရင်ကော"

ကျုရန် စဉ်းစားကြည့်လိုက်သည်။ ပြီးတော့ မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

"...သောက်ကျိုးနည်း"

ဒါဆို သူ တစ်သက်လုံး ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး။

"ကွာခြားချက်ကို နားလည်ပြီမလား" ချန်လော့ပိုင် မေးလိုက်သည်။

ကျုရန် ခေါင်းညိတ်လိုက်သည်။ "နားလည်ပြီ"

ကိစ္စတစ်ခုတည်းကို သာမန်လူတစ်ယောက် လုပ်ပေးတာနဲ့ ကိုယ် စိတ်ဝင်စားနေတဲ့လူ လုပ်ပေးတာက ရလဒ်ချင်း လုံးဝ ကွာခြားပါတယ်။

ပြီးတော့ ကျိုးအန်းရန်က ယွီပင်းချင်နဲ့ ဆန့်ကျင်ဘက်လေ။ သူမက အမြင်အားဖြင့် နူးညံ့သိမ်မွေ့ပြီး ကာကွယ်ပေးဖို့ လိုအပ်တဲ့ မိန်းကလေးမျိုး။ အဲဒီလို မိန်းကလေးက ရှေ့ထွက်ပြီး ကာကွယ်ပေးတယ်ဆိုတော့ ဆန့်ကျင်ဘက် အခြေအနေကြောင့် ရင်ထဲမှာ ပိုလှုပ်ရှားသွားတာပေါ့။

ကျုရန် နားလည်သွားပေမယ့် ခေါင်းပိုကြီးလာသည်။ သူကလည်း နှစ်သိမ့်ပေးတတ်တဲ့သူ မဟုတ်တော့ အားပေးစကား ခြောက်ကပ်ကပ် ပြောလိုက်သည်။

"အခု ကိစ္စတွေက ဖြစ်ပြီးသွားပြီ၊ ပြင်လို့လည်း မရတော့ဘူး။ မင်းကလည်း သူ့ကို မထိခိုက်စေချင်လို့ စောင့်ရှောက်မယ့်လူ ရှာပေးထားပြီပဲ။ အခု စိတ်အေးလက်အေးနဲ့ သူနဲ့အတူ အဝေးကနေ စာလုပ်ပေါ့။ သူကလည်း စာတော်တယ်၊ အမြဲတိုးတက်နေတယ်လို့ ကြားတယ်။ နောက်ကျ မင်းနဲ့ တက္ကသိုလ်တစ်ခုတည်း တက်ခွင့်ရရင် ရမှာပေါ့"

ပြောပြီးတာနဲ့ ဘေးနားက လူကို သေချာ အကဲခတ်ကြည့်လိုက်သည်။ မျက်နှာထားက စောစောကလောက် မအေးစက်တော့တာ တွေ့လိုက်ရလို့ စိတ်အေးသွားသည်။

"မနက်ဖြန် ကျန့်ရွေ့တို့ကို ဘောလုံးကစားဖို့ ခေါ်လိုက်မလား"

ချန်လော့ပိုင် အဖုံးကွင်းကို ဆွဲဖြုတ်လိုက်သည်။

"မင်းတို့ ကစားကြ၊ ငါ ဝူချန်ကို သွားပြီး သူ့ကို သွားကြည့်မလို့"

"ဟင်" ကျုရန် ကြောင်သွားသည်။ "မနက်ဖြန် ကျောင်းပိတ်ရက်လေ၊ ဘယ်သွားကြည့်မှာလဲ။ ကျောင်းပိတ်ရက်ဆို သူ တစ်နေကုန် အိမ်ထဲကနေ ထွက်ချင်မှ ထွက်မှာ"

ချန်လော့ပိုင် - "ကံစမ်းကြည့်တာပေါ့"

ချန်လော့ပိုင် နောက်တစ်နေ့ ကံကောင်းပါတယ်။

...

အောက်တိုဘာလလယ်၊ ဝူချန်မှာလည်း နန်ချန်လိုပဲ ပူပြင်းနေတုန်းပါပဲ။

ချန်လော့ပိုင် မနက် ၈ နာရီမထိုးခင် ကျိုးအန်းရန်တို့ အိမ်ရာဝင်းရှေ့ ရောက်နေပြီ။ မကြာခင် မိန်းကလေးက အိမ်ရာဝင်းထဲကနေ ထွက်လာတာ တွေ့လိုက်ရသည်။

သူမက ကြိုးသိုင်းစကပ်လေး ဝတ်ထားသည်။ ပိုပိန်သွားသလိုပဲ။ မျက်နှာလေးက လက်ဖဝါးလောက်တောင် မရှိတော့ဘူး။ ကျောနောက်က လွယ်အိတ်မှာ သူ ပေးထားတဲ့ ယုန်ရုပ် ချိတ်ဆွဲပစ္စည်းလေးက လမ်းလျှောက်တိုင်း ယိမ်းထိုးနေသည်။

သူမ အိမ်ရာဝင်းတံခါးမကြီးကနေ ထွက်လာတော့ အဘွားအိုတစ်ယောက်က တွန်းလှည်းလေးဆွဲပြီး ဝင်လာတာနဲ့ ဆုံသည်။

သူမ တံခါးချက်ချင်း မပိတ်ဘဲ ကျယ်ကျယ်ဖွင့်ပေးထားတာ ချန်လော့ပိုင် တွေ့လိုက်ရသည်။ အဘွားအို ဝင်လာတော့ တွန်းလှည်းကို ကူတွဲပေးလိုက်သေးသည်။

အဘွားအိုက ကျေးဇူးတင်စကား ပြောလိုက်ပုံရသည်။ ကျိုးအန်းရန်က ချိုချိုသာသာ ပြုံးပြလိုက်သည်။ ပြီးမှ သံတံခါးကို ပိတ်လိုက်သည်။

ချန်လော့ပိုင် သူမ အဝေးရောက်သွားမှ ခေါင်းပေါ်က အနက်ရောင် ဘေ့စ်ဘောဦးထုပ်ကို ဖိဆောင်းပြီး ဖြည်းဖြည်းချင်း လိုက်သွားသည်။

ဝူချန်မှာ မြေအောက်ရထားဆောက်တုန်းပဲ ရှိသေးတယ်။

ကျိုးအန်းရန် ဘတ်စ်ကားစီးရင် သူ ဆက်လိုက်လို့ မရတော့ဘူး။

သူမ သူ့ကို တွေ့ရင် ဘယ်လိုတုံ့ပြန်မလဲ မသိပေမယ့် သူမကို ထပ်မငိုစေချင်တာတော့ သေချာတယ်။

တော်သေးတာက ကျိုးအန်းရန် ဘတ်စ်ကားမှတ်တိုင်မှာ မရပ်ဘဲ အနီးနားက ကုန်တိုက်တစ်ခုဆီ လမ်းလျှောက်သွားသည်။ ကုန်တိုက်ရောက်တော့ ဓာတ်လှေကားနဲ့ ၄ ထပ်ကို တက်သွားပြီး စာအုပ်ဆိုင်တစ်ဆိုင်ထဲ ဝင်သွားသည်။

စာအုပ်ဆိုင်က မှန်နံရံ အပြည့်တပ်ထားသည်။ သူမက ပြတင်းပေါက်နားက နေရာတစ်ခု ရွေးထိုင်လိုက်သည်။ ချန်လော့ပိုင် မဝင်တော့ဘဲ မျက်နှာချင်းဆိုင်က လူကွယ်တဲ့ နေရာတစ်ခု ရွေးပြီး နံရံမှီရပ်နေလိုက်သည်။

မိန်းကလေးက လွယ်အိတ်ချွတ်လိုက်သည်။ အထဲက စာအုပ်ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ ပြီးတော့ သားရေကွင်းနဲ့ ဆံပင်စည်းလိုက်သည်။

အမှတ် (၂) ကျောင်းက မိန်းကလေးတွေကို ဆံပင်ရှည်ထားခွင့် မပြုဘူး။ ဝူချန် အမှတ် (၁) ကျောင်းမှာ ဒီစည်းကမ်းမရှိပေမယ့် သူမ ရောက်တာ မကြာသေးတော့ ဆံပင် သိပ်မရှည်သေးဘူး။ စည်းလိုက်ရင် အနောက်မှာ အတိုလေးတစ်စပဲ ထွက်နေတာ။ သူမ ခေါင်းငုံ့လိုက်ရင် ဆံပင်တစ်ခွေက မလိမ္မာဘဲ ပြုတ်ကျလာတတ်တယ်။

ကျိုးအန်းရန် ဆံပင်ပြန်စည်းလိုက်သည်။ ပြီးတော့ ခေါင်းငုံ့ပြီး စာအုပ်ဖတ်နေသည်။

ချန်လော့ပိုင် မျက်နှာချင်းဆိုင်ကနေ ရပ်ကြည့်နေသည်။

နာရီဝက်အတွင်းမှာ သူမ သူငယ်ချင်းနှစ်ယောက် စာအုပ်ဆိုင်ထဲ ဝင်လာပြီး သူမဘေးမှာ ဝင်ထိုင်ကြတာ တွေ့လိုက်ရသည်။ တစ်ယောက်က ယွီပင်းချင် အကူအညီတောင်းပြီး သူမကို စောင့်ရှောက်ခိုင်းထားတဲ့ ချန်ယွီ ဆိုတဲ့ မိန်းကလေး။

ကြည့်ရတာ သူမနဲ့ ချန်ယွီ ဆက်ဆံရေး မဆိုးပုံရတယ်။ ချန်ယွီ ရောက်ရောက်ချင်း သူမလက်မောင်းကို ကပ်ချွဲပြီး ဖက်လိုက်သည်။ ပြုံးရယ်ပြီး ခဏလောက် စကားပြောကာ နှစ်ယောက်သား ခေါင်းငုံ့စာဖတ်ကြသည်။

ချန်လော့ပိုင် သူမ ကျောင်းပြောင်းတဲ့နေ့တုန်းက အမှတ် (၂) ကျောင်းက သူငယ်ချင်းတွေ တစ်ယောက်ထက်တစ်ယောက် စိတ်မကောင်းဖြစ်နေကြတာကို ပြန်သတိရသွားသည်။

သူမဘေးနားက လူတွေက သူမကို အရမ်း ခင်မင်ကြပုံရတယ်။

ဆံပင်တိုနေလို့ ထင်တယ်၊ ဒီနာရီဝက်အတွင်းမှာ အဲဒီဆံပင်တစ်ခွေ ပြုတ်ကျလာတာ ၃ ခါလောက် မြင်လိုက်ရတယ်။ သူမ စိတ်မရှည်တာမျိုး မဖြစ်ဘဲ အကြိမ်တိုင်း ဖြည်းဖြည်းချင်း ပြန်သိမ်းတင်ပြီး မျက်လုံးက စာအုပ်ကနေ မခွာဘူး။

ဒါပေမဲ့ ၄ ကြိမ်မြောက် ပြုတ်ကျလာတော့ ဘာကြောင့်မှန်းမသိ သူမ ဒီဘက်ကို လှမ်းကြည့်လာသည်။

ချန်လော့ပိုင် အနောက်တစ်လှမ်း အမြန်ဆုတ်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာမှ သူမ ကြည့်တာ သူ မဟုတ်မှန်း သိလိုက်ရသည်။

ကျိုးအန်းရန် ကြည့်တာက စက်လှေကားဘေးက ၅ နှစ်၊ ၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်။

အဲဒီမိန်းကလေးက စက်လှေကားရှေ့မှာ ထိုင်ချလိုက်ပြီး လက်တိုတိုလေးတွေနဲ့ စက်လှေကားနှစ်ခုကြားထဲ နှိုက်နေတာ။ သူမ စာအုပ်ဆိုင်ထဲကနေ မြင်လိုက်တော့ အန္တရာယ်ရှိတယ်ထင်ပြီး ထွက်လာကာ မိန်းကလေးကို အနောက်ဆွဲခေါ်လိုက်သည်။ စကားပြောတော့ လိမ္မာတဲ့ မျက်နှာထားနဲ့ နူးညံ့သိမ်မွေ့တဲ့ ပုံစံမျိုး ဖြစ်နေသည်။

မိန်းကလေးက ပစ္စည်းတစ်ခု စက်လှေကားကြားထဲ ကျသွားပုံရသည်။ လက်ညှိုးထိုးပြလိုက်သည်။ သူမ ထိုင်ချလိုက်ပြီး ပစ္စည်းကောက်ကာ မိန်းကလေးကို ပြန်ပေးလိုက်သည်။

တစ်ယောက်တည်း ကစားနေတာတွေ့လို့ မိဘတွေ ဘယ်မှာလဲ မေးလိုက်ပုံရသည်။ မိန်းကလေးက စာအုပ်ဆိုင်ဘေးက စာရေးကိရိယာဆိုင်ရှေ့မှာ ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်သည်။

သူမ စိတ်အေးသွားပုံရသည်။ ဘာမှ ထပ်မပြောတော့ဘဲ မိန်းကလေးခေါင်းကို ပွတ်ပေးပြီး စာအုပ်ဆိုင်ထဲ ပြန်ဝင်သွားသည်။

ချန်လော့ပိုင်အကြည့်က သူမနဲ့အတူ စာအုပ်ဆိုင်ထဲ ပြန်ရောက်သွားသည်။ သူမ ထိုင်လိုက်ပြီး ခေါင်းငုံ့ကာ စာဆက်ဖတ်နေတာကို တွေ့လိုက်ရသည်။

သူမကို ခဏလောက် စိုက်ကြည့်နေပြီး ဆံပင်တစ်ခွေ ပြန်ပြုတ်ကျလာတာ တွေ့လိုက်ရသည်။

ချန်လော့ပိုင် ဦးထုပ်ကို ဖိဆောင်းလိုက်ပြီး ဘေးနားက အသုံးအဆောင်ပစ္စည်းဆိုင်ထဲ ဝင်ကာ ဆံပင်ညှပ်လေးတွေ ရွေးလိုက်သည်။

ဆိုင်ထဲက ထွက်လာပြီး မူလနေရာကို ပြန်ရောက်တော့ အရုပ်ဘောလုံးလေးတစ်လုံး ခြေထောက်နား လိမ့်လာသည်။

ချန်လော့ပိုင် ကုန်းကောက်လိုက်တော့ စောစောက စက်လှေကားဘေးက မိန်းကလေးက ခုန်ပေါက်ပြီး သူ့ရှေ့ ရောက်လာကာ လက်ကမ်းပေးတာ တွေ့လိုက်ရသည်။

"အစ်ကိုကြီး... ဘောလုံး"

"ညီမလေး" ချန်လော့ပိုင် ငုံ့ကြည့်လိုက်သည်။ "အစ်ကိုကြီးကို တစ်ခုလောက် ကူညီပေးပါလား"

မိန်းကလေး မော့ကြည့်လိုက်သည်။ "ဘာကူညီပေးရမလဲ"

ချန်လော့ပိုင် လက်တစ်ဖက်နဲ့ ဘောလုံးကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ မျက်နှာချင်းဆိုင်က စာအုပ်ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

"စောစောက အစ်မကြီးတစ်ယောက် ညီမလေး ပစ္စည်းကောက်ပေးတယ်မလား။ အစ်ကိုကြီးကိုယ်စား သူ့ကို လက်ဆောင်တစ်ခု သွားပေးပေးပါလား။ ညီမလေး ပေးတာပါလို့ ပြောလိုက်နော်"

မိန်းကလေး သူညွှန်ပြတဲ့နေရာကို လှည့်ကြည့်ပြီး ပြန်လှည့်လာသည်။

"အစ်ကိုကြီးက အစ်မကြီးကို ဘာလို့ လက်ဆောင်ပေးရတာလဲ။ အစ်မကြီးက အစ်ကိုကြီးရည်းစားလား"

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"ရည်းစားဆိုတာ ဘာလဲ သိလို့လား"

မိန်းကလေးက မျက်လုံးလေး ကစားလိုက်သည်။ ဉာဏ်များတဲ့ ပုံစံလေး။

"သိတာပေါ့... အတူတူနေတယ်၊ လက်ဆောင် အပြန်အလှန် ပေးတယ်၊ သမီး ဖေဖေနဲ့ မေမေလိုမျိုးပေါ့"

ချန်လော့ပိုင် ပြုံးလိုက်ပြီး နှုတ်ခမ်းထောင့်စွန်း ပြန်တည်သွားသည်။

"အစ်မကြီးက အစ်ကိုကြီးရည်းစား မဟုတ်ပါဘူး"

မိန်းကလေးက နားမလည်တဲ့ မျက်နှာထားနဲ့ မေးသည်။

"ဒါဆို ဘာလို့ လက်ဆောင်ပေးရတာလဲ"

"ထားလိုက်ပါတော့" ချန်လော့ပိုင် အိတ်ထဲက ဆံပင်ညှပ်လေးတွေကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ ဘောလုံးကို ပြန်ပေးလိုက်သည်။ "ညီမလေးက ငယ်လွန်းသေးတယ်။ သွားပေးရင် သူ ယူမှာ မဟုတ်ဘူး"

အဲဒီ ဆံပင်ညှပ်လေးတွေကို ချန်လော့ပိုင် နောက်ဆုံးတော့ ချန်ယွီဆီ စာတိုက်ကနေ ပို့လိုက်သည်။ ချန်ယွီနာမည်နဲ့ သူမဆီ ရောက်သွားတယ်။

...

အဲဒီနောက်ပိုင်း အချိန်တစ်ခုကြာတိုင်း ချန်လော့ပိုင် ဝူချန်ကို သွားလေ့ရှိသည်။ စာလုပ်ရတာ အလုပ်ရှုပ်ပြီး ကျောင်းနှစ်ကျောင်းလုံး စာသင်ချိန် တိုက်နေလို့ သူ သွားကြည့်နိုင်တဲ့ အခွင့်အရေး သိပ်မများပါဘူး။

ဒါပေမဲ့ သူမစရိုက်က အရမ်းပျော့လွန်းလို့ ချန်ယွီ ဂရုမစိုက်နိုင်မှာကို ချန်လော့ပိုင် စိုးရိမ်နေမိတယ်။ တော်သေးတာက သွားကြည့်တိုင်း သူမ ပိုပိန်လာတာကလွဲရင် ဘာထူးခြားမှုမှ မရှိပါဘူး။

ကျောင်းမှာ သူမအကြောင်း တစ်ခါတလေ ကြားရတတ်တယ်။

သူမနဲ့ ကျန်းရူရှန်း ခင်သွားတာက တစ်ရက်တုန်းက ကျန်းရူရှန်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပြီး ထမင်းမစားဘဲ နေတုန်း၊ အဲဒီတုန်းက သာမန်အတန်းဖော်ပဲဖြစ်သေးတဲ့ သူမက ပြန်လာတော့ ကိတ်မုန့် ဝယ်လာပေးလို့တဲ့။

အတန်းထဲက ကောင်လေးတစ်ယောက်က စာမေးပွဲဖြေတုန်း သူမ ဘောပင်ငှားပေးဖူးတယ်လို့ ပြောတယ်။

အတန်းထဲက မိန်းကလေးတစ်ယောက်က မနှစ်က အားကစားပွဲတော်တုန်းက ဒဏ်ရာရတော့ သူမက ဂွမ်းတံနဲ့ ပလာစတာ လာပေးတယ်လို့ ပြောတယ်။

...

ချန်လော့ပိုင် နောက်မှ သိလိုက်ရတာက သူမက သူ လမ်းကြုံကူညီပေးဖူးတာလေးတွေကို အမြဲ မှတ်ထားတယ် ဆိုတာပါပဲ။

ဒါပေမဲ့ သူ လမ်းကြုံကူညီပေးတာက ဖန်းကျင့်(ချန်လော့ပိုင်အမေ) ငယ်ငယ်ကတည်းက သင်ပေးထားလို့၊ ကြာလာတော့ အကျင့်ဖြစ်လာလို့ပါ။ သူမရဲ့ နူးညံ့သိမ်မွေ့မှုကတော့ အရိုးထဲကနေ ပါလာတဲ့ စရိုက်သဘာဝပါပဲ။

အတွင်းသိစိတ်များပြီး တိတ်ဆိတ်တဲ့ စရိုက်ကြောင့်၊ ပွင့်လင်းပြီး တက်ကြွတဲ့ မိန်းကလေးတွေနဲ့ ယှဉ်ရင် သူမက အစပိုင်းမှာ သတိထားမိဖို့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။

ဒါပေမဲ့ သတိထားမိလိုက်ပြီဆိုရင် သူမဆီမှာ တောက်ပနွေးထွေးပြီး မျက်လုံးမခွာနိုင်လောက်တဲ့ အလင်းရောင် ရှိနေတာ တွေ့ရလိမ့်မယ်။

သူမ အချစ်ကို ခံရတာ၊ အရမ်းနောက်မကျခင် သူမ သူ့ကို ကြိုက်နေမှန်း သိလိုက်ရတာက တကယ်တော့ သူ့ကံကောင်းမှုပါပဲ။

သူ တကယ် ကျဆုံးသွားပြီလို့ ခံစားလိုက်ရတာက အထက်တန်း တတိယနှစ် ဒုတိယစာသင်နှစ်မှာပါ။

အဲဒီနေ့က မတ်လအစပိုင်း။ ကျောင်းပိတ်ရက် စီစဉ်ပုံ မတူလို့ အမှတ် (၁) ကျောင်းက အဲဒီစနေနေ့မှာ အချိန်ပိုသင်တန်း တက်ရတယ်။ ချန်လော့ပိုင် သူမကျောင်းအပြင်ဘက်ကို စောစော ရောက်နေတယ်။ အချိန်တန်တော့ သူမ လွယ်အိတ်လွယ်ပြီး ဒီဘက်ကို ဖြည်းဖြည်းချင်း လျှောက်လာတာ တွေ့လိုက်ရတယ်။ အရမ်း ရယ်စရာကောင်းတဲ့ ဆံပင်ပုံစံသစ်နဲ့။

သူမက အအေးကြောက်လို့ ထင်တယ်၊ ဆောင်းရာသီမှာ ဆံပင်အရှည်ထားပြီး ရာသီဥတု ပူလာမှ ပြန်ညှပ်လိုက်တာ။

အထက်တန်း ဒုတိယနှစ် ဒုတိယစာသင်နှစ်တုန်းကလည်း တစ်ခါ ညှပ်ဖူးသေးတယ်။ အဲဒီတုန်းက ညှပ်တာ သိပ်မကောင်းပေမယ့်၊ ဒီတစ်ခါလို ရုပ်ရည်ကို ထိခိုက်စေလောက်အောင် မဆိုးဘူး။

"ဘယ်လို မိန်းကလေးမျိုးကို ကြိုက်လဲ" ဆိုတဲ့ မေးခွန်းကို ချန်လော့ပိုင် လူအများကြီး အကြိမ်ကြိမ် မေးဖူးတယ်။

အရင်တုန်းက အားနေရင် လျှောက်စဉ်းစားဖူးပေမယ့် စိတ်မပါတော့ ဘာအဖြေမှ ထွက်မလာဘူး။

ဒါပေမဲ့ အဲဒီအချိန်မှာ သူ သိလိုက်ရတာက ကြိုက်တယ်ဆိုတာ ဘာစံနှုန်းမှ မရှိဘူးဆိုတာပါပဲ။

မသိစိတ်ကနေ ဆွဲဆောင်ခံလိုက်ရတာ။

သူမ ရယ်စရာကောင်းတဲ့ ဆံပင်ပုံစံ ညှပ်ထားရင်တောင် သူမက သေလောက်အောင် ချစ်စရာကောင်းနေတယ်လို့ ထင်နေမိတာ။

ဒါမှမဟုတ်... ကျိုးအန်းရန်က သူ့စံနှုန်း ဖြစ်နေတာ။

....

အထက်တန်း တတိယနှစ်က အချိန်ကျပ်တည်းပေမယ့် ချန်လော့ပိုင် အချိန်ဖဲ့ပြီး သူမကို လာကြည့်လေ့ရှိတယ်။ သူမဆံပင်တွေ ပြန်ရှည်လာပြီး ရယ်စရာမကောင်းတော့တာကို လာကြည့်တယ်။ သူမ ပိုပိန်လာတာကို လာကြည့်တယ်။ သူမ သူငယ်ချင်းနဲ့ မစ်တီးတန်းစီဝယ်တုန်း ခေါင်းငုံ့ပြီး စာလုံးပေါင်းစာအုပ်လေး ကိုင်ကာ စာကျက်နေတာကို လာကြည့်တယ်။

မေလကုန်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နီးလာတော့ သူ အချိန်ထပ်ဖဲ့ပြီး ဝူချန်ကို တစ်ခေါက် ထပ်လာခဲ့တယ်။ စာမေးပွဲမတိုင်ခင် သူမကို နောက်တစ်ခေါက် တွေ့ချင်လို့။ သူမ အခြေအနေ ဘယ်လိုရှိလဲ သိချင်လို့။

ဒါပေမဲ့ အဲဒီနေ့က သူ ကံမကောင်းဘူး။

ချန်လော့ပိုင် ညနေပိုင်း သူတို့ အတန်းဆင်းခါနီးအချိန်မှာ ဝူချန် အမှတ် (၁) ကျောင်းကို ရောက်လာတယ်။ မကြာခင်မှာပဲ သူမသူငယ်ချင်းတွေ လက်ချင်းချိတ်ပြီး ထွက်လာတာ တွေ့လိုက်ရတယ်။ သူမ မပါဘူး။

သူ စိုးရိမ်သွားတယ်။ သူမ တစ်ခုခုဖြစ်နေမလားလို့။

တော်သေးတာက တခြားမိန်းကလေးတစ်ယောက်က အသံကုန်အော်မေးလိုက်တယ်။ "နင်တို့ပဲလား၊ ကျိုးအန်းရန်ကော"

ချန်လော့ပိုင် ရှေ့နည်းနည်း တိုးသွားတော့ ချန်ယွီ ပြန်ဖြေတာ ကြားလိုက်ရတယ်။

"သူ စာလုပ်တာ ရူးနေပြီ။ ပုစ္ဆာတစ်ပုဒ် မဖြေနိုင်လို့ ထမင်းဆင်းမစားဘူးတဲ့။ ငါတို့ကို အသားညှပ်ပေါင်မုန့်တစ်ခု ဝယ်လာခိုင်းလိုက်တယ်"

ချန်လော့ပိုင် စိတ်အေးသွားသည်။

သူမ ဘယ်ပုစ္ဆာ မဖြေနိုင်တာလဲ၊ သူ တတ်မလားဆိုပြီး မသိစိတ်ကနေ တွေးမိလိုက်သေးတယ်။

ချန်လော့ပိုင် လူရှုပ်နေတဲ့ အမှတ် (၁) ကျောင်းဝကို ကြည့်ပြီး အထဲဝင်ဖို့ နည်းလမ်းရှာရမလား တွန့်ဆုတ်နေမိသည်။

ဒါပေမဲ့ သူ ဒီနေ့ ကံမကောင်းဘူးဆိုတော့ ကံဆိုးပြီး သူမနဲ့ တည့်တည့်တိုးမှာ စိုးရိမ်မိတယ်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နီးနေပြီမို့ သူမ စိတ်ခံစားချက် ထိခိုက်မှာ မလိုလားဘူး။

သူ အခု သူမစိတ်ခံစားချက်ကို လွှမ်းမိုးနိုင်သေးလား မသိပေမယ့်ပေါ့။

အဲဒီနေ့က ဝူချန် ညနေဆည်းဆာက လှပနေတယ်။ သူမ ထွက်လာပြီး မြင်ရင် သဘောကျလောက်တယ်လို့ ချန်လော့ပိုင် ထင်မိတယ်။ မပြန်ခင် ဓာတ်ပုံနည်းနည်း ရိုက်သွားလိုက်တယ်။

နောက်ပိုင်းရက်တွေက အဆင်ပြေချောမွေ့စွာ ကုန်ဆုံးသွားသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလည်း အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည်။ သူ နန်ခရိုင် သိပ္ပံထူးချွန်ကျောင်းသား အဆင်ပြေချောမွေ့စွာဖြစ်လာပေမယ့် ရင်ထဲမှာ စိုးရိမ်နေတုန်းပဲ။

ဒီနှစ်နှစ်အတွင်း သူမ ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာ သူ တစ်ဝက်လောက် မြင်ခဲ့ရတယ်။

သူမ ကြိုးစားမှုတွေ အလဟသ မဖြစ်စေချင်ဘူး။

တော်သေးတာက ယွီပင်းချင်ဆီက သတင်းကောင်း ရောက်လာတယ်။ ကျိုးအန်းရန် ၆၉၅ မှတ် ရတယ်တဲ့။

ချန်လော့ပိုင်က A တက္ကသိုလ် ဥပဒေပညာဌာန တက်ဖို့ ဆုံးဖြတ်ထားပြီးသား။ သူမ အမှတ်ကောင်းမှန်းသိတော့ A တက္ကသိုလ် လျှောက်ဖို့ တစ်ယောက်ယောက်ကို လမ်းကြောင်းခိုင်းတာမျိုး မလုပ်ခဲ့ပါဘူး။ သူမ ဒီနှစ်နှစ်အတွင်း ဒီလောက် ကြိုးစားခဲ့တာ သူမ ရည်မှန်းချက် ရှိလောက်တယ်။ သူမ ရွေးချယ်ထားတဲ့ လမ်းပေါ်မှာ ထွန်းလင်းတောက်ပစေချင်တယ်။

A တက္ကသိုလ် ဥပဒေပညာက လက်ရှိ ပြည်တွင်းမှာ အဆင့်တစ် ဖြစ်နေတော့ သူက သူမအတွက် တခြားကျောင်း နိမ့်လျှောက်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ သူမရဲ့ သူများအကြောင်း အမြဲစဉ်းစားပေးတတ်တဲ့ စရိုက်နဲ့ဆိုရင် သူ တကယ် အဲဒီလိုလုပ်လိုက်ရင် သူမအတွက် စိတ်လှုပ်ရှားစရာ မဟုတ်ဘဲ ဖိအား ဖြစ်သွားလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျောင်းက အတားအဆီး မဟုတ်ပါဘူး။ သူမ ဘယ်သွားသွား သူ အချိန်မရွေး သွားရှာလို့ ရတာပဲ။

သူတို့ကြားမှာ ကုန်ဆုံးမသွားသေးတဲ့ ကံကြမ္မာ ရှိနေသေးလို့ ထင်တယ်...

ကျိုးအန်းရန် နောက်ဆုံးတော့ သူ့လိုပဲ A တက္ကသိုလ် လျှောက်လိုက်သည်။

အရာအားလုံး တည်ငြိမ်သွားတော့ သူမက ကျန်းရူရှန်းတို့ကို ဝူချန်မှာ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်မှာ ဒကာခံမယ်ဆိုတဲ့ သတင်း မတော်တဆ ကြားလိုက်ရတယ်။

ဝူချန်ကို သူမဆီသွားတုန်းက ကျုရန်လည်း အတင်းလိုက်မယ်ဆိုပြီး ပါလာတယ်။

ကျုရန်က သူ ကျိုးအန်းရန်ကို ဖွင့်ပြောဖို့ သွားတယ် ထင်နေတာ။ တကယ်တော့ မဟုတ်ပါဘူး။

သူမ အရင်တုန်းက သူ့ကို စကားတောင် မပြောရဲခဲ့တာ။ ရုတ်တရက်ကြီး ဖွင့်ပြောလိုက်ရင် သူမ လန့်သွားမှာ သူ စိုးရိမ်တယ်။ သူ စဉ်းစားထားတာက အတန်းဖော် (သို့) သူငယ်ချင်းအနေနဲ့ သူမဘေးနား အရင်ပြန်ရောက်အောင်လုပ်ပြီး ဖြည်းဖြည်းချင်း ကြံစည်ဖို့။

ဒါပေမဲ့ အဲဒီစကားကို ကြားလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး။

သူမ သူငယ်ချင်းကို သူ့ကို မကြိုက်တော့ဘူးလို့ ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတာ။

"မတော်တဆ တွေ့ဆုံခြင်း" အစီအစဉ် ပျက်သွားသည်။

ချန်လော့ပိုင်က သူမ သူ့ကို မကြိုက်တော့ဘူးဆိုတာ သိသိရက်နဲ့ သူမရှေ့ ထပ်ပေါ်လာတာက နှောင့်ယှက်ရာ ကျမလား မသေချာဘူး။

နန်ချန် ပြန်ရောက်တော့ သူ စိတ်ဓာတ်ကျနေခဲ့တယ်။

ခရီးသွားမယ့် အစီအစဉ်တွေ အကုန် ဖျက်လိုက်တယ်။ ယာဉ်မောင်းလိုင်စင် သွားဖြေတာကလွဲရင် ကျန်တဲ့အချိန်တွေ အိမ်မှာပဲနေပြီး စာဖတ်နေလိုက်တယ်။

ဒါပေမဲ့ ကားမောင်းသင်ရင် သူမကို သတိရတယ်။

စာဖတ်ရင် သူမကို သတိရတယ်။

ဘာမှမလုပ်ရင်လည်း သူမကို သတိရတယ်။

အိပ်ပျော်သွားရင်တောင် အိပ်မက်ထဲမှာ သူမပဲ ရှိနေတယ်။

သြဂုတ်လလယ်မှာ ချန်လော့ပိုင် ဝူချန်ကို တစ်ခေါက် ထပ်သွားသည်။

ဦးလေးအိမ်မှာ ရက်နည်းနည်း နေလိုက်သည်။ သူမကို သွားကြည့်သင့် မကြည့်သင့် မဆုံးဖြတ်နိုင်သေးဘူး။

သူမ သူ့ကို မကြိုက်တော့ဘူးဆိုတာ သိသိရက်နဲ့ အရင်လို တိတ်တဆိတ် သွားကြည့်တာက မသင့်တော်ဘူးလေ။

ဝူချန်ရောက်တဲ့ ၅ ရက်မြောက်နေ့မှာ အဒေါ်က ဈေးဝယ်ထွက်ဖို့ အဖော်ခေါ်သည်။ ချန်လော့ပိုင်က သူမက သူ့ကို အိမ်ထဲမှာ မွန်းကျပ်နေမှာစိုးလို့ ခေါ်မှန်းသိလို့ လူကြီးစေတနာ မပျက်စေချင်ဘဲ စိတ်မပါလက်မပါ လိုက်သွားလိုက်သည်။

ပူပြင်းတဲ့ ရာသီဥတုမှာ သူ့ကံတရား ပြန်ကောင်းလာသလိုပါပဲ။

သူ ညနေ ၆ နာရီ ၄၀ မှာ ကုန်တိုက် မြေညီထပ် ရောက်သည်။

၆ နာရီ ၄၂ မိနစ်မှာ ကျိုးအန်းရန်လည်း ကုန်တိုက် မြေညီထပ် ရောက်လာသည်။

မိန်းကလေးက အနက်ရောင် စကပ်တိုလေး ဝတ်ထားသည်။ အထက်တန်း ဒုတိယနှစ်တုန်းက သူမ သူ့ကို ဆေးလာပို့တဲ့နေ့က ဝတ်ဆင်ပုံနဲ့ ဆင်တူသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးသွားပြီမို့ ထင်တယ်၊ ဆံပင် မညှပ်တော့ဘဲ အမြင့်စည်းထားသည်။

သူငယ်ချင်း ချိန်းထားလို့လား မသိဘူး၊ ဝင်ဝင်ချင်း ဘယ်ညာ ကြည့်လိုက်သည်။ အဲဒီအချိန်မှာ ၃၊ ၄ နှစ်အရွယ် ကောင်လေးတစ်ယောက်က ယိုင်နဲ့နဲ့နဲ့ သူမဘက် ပြေးလာသည်။ သူမ လှမ်းထိန်းပေးလိုက်သည်။

ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ လူကြီးတစ်ယောက် ကလေးတစ်ယောက် တံခါးဝမှာ ရပ်ပြီး စကားပြောနေကြသည်။

မိန်းကလေးက ခါးနည်းနည်း ကိုင်းလိုက်သည်။ မျက်လုံးလေးတွေ ကွေးညွတ်သွားအောင် ပြုံးလိုက်သည်။

ချန်လော့ပိုင် ကိုယ့်ကိုယ်ကိုယ် ရောဂါရှိနေတယ်လို့ ထင်လိုက်မိသည်။

ဘာလို့လဲဆိုတော့ သူမက ၃၊ ၄ နှစ်အရွယ် ကလေးလေးကို ပြုံးပြတာ မြင်တာတောင် သူ သဝန်တိုနေမိလို့လေ။

သူမမျက်လုံးထဲမှာ သူ မရှိတော့တာကို လက်မခံနိုင်သေးဘူး။ နောက်ဆို သူမနဲ့ သူစိမ်းတွေ ဖြစ်သွားရတော့မှာကို လက်မခံနိုင်သေးဘူး။ သူမ နောက်ကျရင် တခြားကောင်လေးတစ်ယောက်ကို အခုလို ချိုချိုသာသာ၊ လိမ်လိမ်မာမာ ပြုံးပြနေမှာကို လက်မခံနိုင်သေးဘူး။

အဲဒီနှစ် ကျောင်းစတိုးဆိုင်တုန်းက သူ့ကို ရှက်သွေးဖြာခဲ့သလိုမျိုး၊ နောက်ကျ တခြားကောင်လေးတစ်ယောက်ကို ရှက်သွေးဖြာနေမှာကို ပိုတောင် လက်မခံနိုင်သေးဘူး။

သူမ သူ့ကို တစ်ခါ ကြိုက်ခဲ့ဖူးရင်...

ဒုတိယအကြိမ်လည်း ပြန်ကြိုက်လာနိုင်တာပဲ။

သေချာ မကြိုးစားကြည့်ရသေးဘဲ သူ တကယ် မကျေနပ်နိုင်ဘူး။

အဒေါ်က စိတ်ဝင်တစားနဲ့ ဆိုင်ထဲဝင်ပြီး ပစ္စည်းရွေးနေပြီ။ ချန်လော့ပိုင်က ဘေးနားက စိတ်မပါလက်မပါ ဖြစ်နေတဲ့ ယွီပင်းချင်ဘက် လှည့်လိုက်သည်။

"အစ်မ... ကျွန်တော့်ကို နောက်ထပ် အကူအညီတစ်ခုပေးပါဦး"

ယွီပင်းချင် စကားတစ်လုံးတည်း ပြောလိုက်သည်။ "ပြော"

ချန်လော့ပိုင် - "A တက္ကသိုလ် ကျောင်းသားသစ်တွေ ကျောင်းဖွင့်ရင် အစ်မ သူ့ကို သွားကြိုပေးပါလား။ ပြီးတော့ ကလပ်အသင်းလူသစ်စုဆောင်းရင်၊ သူ ဝင်ချင်တယ်ဆိုရင် အစ်မတို့ အသင်းထဲ ခေါ်ထည့်ပေးပါလား"

ယွီပင်းချင် သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့ တံခါးဝနားမှာ ရပ်နေတဲ့ သွယ်လျလှပတဲ့ မိန်းကလေးကို တွေ့လိုက်ရသည်။ မေးစရာမလိုဘဲ ဘယ်သူလဲဆိုတာ သိလိုက်သည်။ လေသံအေးအေးနဲ့ ပြန်မေးလိုက်သည်။

"ပြီးတော့ နင့်ကိုပါ ထည့်ပေးရမယ်မလား"

ကုန်တိုက်တံခါးဝမှာ မိန်းကလေးက ကလေးလေး ဘာပြောလိုက်လဲ မသိဘူး၊ ချိုချိုသာသာ ထပ်ရယ်လိုက်ပြန်သည်။

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း မသိမသာ ကွေးတက်သွားသည်။

"အင်း"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၉၂ ။ Extra : သကြားလုံး

တက္ကသိုလ် နောက်ဆုံးနှစ် ပထမစာသင်နှစ်မှာ ချန်လော့ပိုင်က တရားရုံးချုပ်မှာ အလုပ်သင်ဝင်ခွင့် ရခဲ့သည်။

တရားရုံးချုပ်က နှစ်တိုင်း တစ်နိုင်ငံလုံးက တက္ကသိုလ်အသီးသီးကနေ အလုပ်သင်တွေ လက်ခံလေ့ရှိတယ်။ အများစုက ဥပဒေပညာ မဟာဘွဲ့ (သို့) ပါရဂူဘွဲ့ ယူနေတဲ့ ကျောင်းသားတွေ ဖြစ်ပြီး၊ ထူးချွန်တဲ့ ဘွဲ့ကြိုကျောင်းသားနည်းနည်းကိုလည်း လက်ခံတတ်တယ်။ နှစ်တိုင်း နေရာနည်းလို့ ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ ချန်လော့ပိုင်က ဒီနှစ် A တက္ကသိုလ်ကနေ ရွေးချယ်ခံရတဲ့ တစ်ဦးတည်းသော ဘွဲ့ကြိုကျောင်းသား ဖြစ်သည်။

သူတို့နှစ်ယောက်လုံး နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းက စီစဉ်တဲ့ မဟာဘွဲ့တန်းတက်ခွင့် စခန်းသွင်းလေ့ကျင့်ရေးဝင်ခဲ့ကြပြီး မဟာဘွဲ့တန်းတက်ခွင့် သေချာသလောက် ရှိနေပြီ။

ကျိုးအန်းရန်က ပါမောက္ခစုန့်လက်အောက်မှာ ဆက်လုပ်မယ်။

ချန်လော့ပိုင်က ရာဇဝတ်မှုဥပဒေဘက်ကို ရွေးထားပြီး သူ့ဆရာကလည်း ပြည်တွင်း ရာဇဝတ်မှုဥပဒေလောကမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည်။

တရားရုံးချုပ် အလုပ်သင်ကာလက စက်တင်ဘာလကနေ နောက်နှစ် ဇန်နဝါရီလအထိ ၅ လ ကြာမြင့်မယ်။ အချိန်ပြည့် ဆင်းရမှာမို့ သွားလာရေး အဆင်ပြေအောင် ချန်လော့ပိုင် ကျောင်းပြင်က တိုက်ခန်းမှာ သွားနေလိုက်သည်။

ကျိုးအန်းရန်က သူနဲ့ အတူမနေသေးဘူး။

သူမက ဓာတ်ခွဲခန်းနဲ့ စာလုပ်တာ နှစ်ဖက်လုံး ဂရုစိုက်ရတာမို့ ကျောင်းအဆောင်မှာနေတာ အချိန်ပိုသက်သာတယ်။ ချန်လော့ပိုင်လည်း သူမနဲ့အတူ ကျောင်းအဆောင်မှာပဲ နေပေးခဲ့တာ။ မနှစ်က နွေရာသီ ခရိုင်တရားလိုရှေ့နေရုံးမှာ အလုပ်သင်ဆင်းတုန်းကတောင် အပြင်ထွက်မနေခဲ့ဘူး။

ဒါပေမဲ့ ဒီတစ်ခါ အလုပ်သင်က အလုပ်ချိန်များပြီး ကာလရှည်လို့ ကျိုးအန်းရန်က သူ့ကို တိုက်ခန်းမှာ သွားနေဖို့ တိုက်တွန်းခဲ့တာ။

ဒါပေမဲ့ သူ တကယ် ပြောင်းသွားတော့ သူမ ဘာကြောင့်မှန်းမသိ နေသားမကျသလို ခံစားရတယ်။

တကယ်တော့ သူ့တိုက်ခန်းက ကျောင်းနဲ့ မဝေးပါဘူး။ ပထမနှစ်တုန်းက မလုပ်မရှုပ်ခင်တုန်းကဆို လမ်းလျှောက်သွားနေကျ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူ ပြောင်းသွားတာနဲ့ ရုတ်တရက် အဝေးကြီး ရောက်သွားသလို ခံစားရတယ်။

ကျောင်းဖွင့်စ ရက်ပိုင်းမှာ ကျိုးအန်းရန်လည်း အလုပ်ရှုပ်နေတယ်။

မဟာဘွဲ့တန်းတက်ခွင့်အတွက် လုပ်ငန်းစဉ် နည်းနည်းပဲ ကျန်တော့တယ်။ ပါမောက္ခစုန့်က သူမကို မဟာဘွဲ့ကျောင်းသူလို သဘောထားပြီး ခိုင်းနေပြီ။ အရင်လို အားမနာတော့ဘူး။

ကျောင်းဖွင့်စ ရက်ပိုင်းမှာ ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် မျက်နှာတောင် မတွေ့ဖြစ်ကြဘူး။

ကြာသပတေးနေ့ ညနေရောက်မှ သူမ နည်းနည်း အားသွားတယ်။ ဒါပေမဲ့ ချန်လော့ပိုင်က အချိန်ပိုဆင်းနေရတယ်။

ကျိုးအန်းရန် သူ့ကို မနှောင့်ယှက်တော့ဘူး။ ညဘက် ရေချိုးပြီး ကုတင်ပေါ်ရောက်မှ သူ အလုပ်ပြီးလောက်ပြီ တွက်ပြီး WeChat ပို့လိုက်သည်။

[ရေချိုးပြီးပြီလား]

ဟိုဘက်က စာပြန်တာ မြန်သည်။

C - [ပြီးပြီ]

ကျိုးအန်းရန် သူ ဒီရက်ပိုင်း ပင်ပန်းနေမှန်းသိလို့ စာအကြာကြီး မပို့ရက်ဘူး။

[ဒါဆို စောစော အိပ်တော့လေ]

C - [အိပ်မပျော်ဘူး]

ကျိုးအန်းရန် စိုးရိမ်တကြီး မေးလိုက်သည်။

[ဘာဖြစ်လို့လဲ]

C - [စကားတစ်ခွန်းပြောရုံနဲ့ စိတ်မရှည်ဘဲ သွားအိပ်ခိုင်းတဲ့ အသည်းနှလုံးမရှိတဲ့ ရည်းစားလေးကို လွမ်းလို့]

ကျိုးအန်းရန် - "......"

သူမ နှုတ်ခမ်းထောင့်စွန်း အလိုအလျောက် ကွေးတက်သွားသည်။

ကျိုးအန်းရန် - [ဘယ်ဟုတ်ပါ့မလဲ]

C - [ဒါဆို မနက်ဖြန်ည လာကြိုရမလား]

ကျိုးအန်းရန် - [မနက်ဖြန် ငါ့ဘာသာ လာခဲ့မယ်လေ]

....

ကျိုးအန်းရန် နောက်တစ်နေ့ညနေ စောစောသွားပြီး သူနဲ့အတူ ထမင်းစားဖို့ စောင့်မယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ ချန်လော့ပိုင် အချိန်ပိုဆင်းရဦးမယ်တဲ့။ ဗိုက်အစာမခံနဲ့လို့ ကြိုပြောထားလို့ သူမ အဆောင်ကန်တင်းမှာ အခန်းဖော်တွေနဲ့ ညစာစားပြီးမှ သူ့တိုက်ခန်းကို စက်ဘီးစီးသွားလိုက်သည်။

ရောက်တော့ ကျိုးအန်းရန် ဆိုဖာပေါ် လှဲပြီး ဖုန်းထဲက ဒေါင်းလုပ်ဆွဲထားတဲ့ စာတမ်း (Paper) တစ်စောင် ဖတ်ရင်း သူ့ကို စောင့်နေလိုက်သည်။ ဒါပေမဲ့ သူမကိုယ်တိုင်လည်း ဒီရက်ပိုင်း ပင်ပန်းထားလို့ ခဏနေတော့ အိပ်ပျော်သွားသည်။

ပြန်နိုးလာတော့ တစ်ယောက်ယောက်က သူမကို ပွေ့ချီနေတာ ခံစားလိုက်ရသည်။

ကျိုးအန်းရန် မျက်လုံးဖွင့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် ကောင်လေးက သူမဘေးနားမှာ ကိုယ်ကိုကိုင်းပြီး ရပ်နေတာ တွေ့လိုက်ရသည်။

သူ ပုံမှန်ဆို အားကစားဝတ်စုံ ပေါ့ပေါ့ပါးပါး ဝတ်လေ့ရှိပေမယ့်၊ ဒီနေ့ တရားရုံးချုပ်ကနေ အလုပ်ဆင်းလာတာဆိုတော့ ရုံးဝတ်စုံ ပြည့်ဝတ်ထားသည်။ အနက်ရောင် စလွန်းဘောင်းဘီက မီးပူတိုက်ထားသလို ဖြောင့်စင်းနေပြီး အပေါ်က ခါးပတ်အနက်ရောင်က သေးသွယ်တဲ့ ခါးကို ပေါ်လွင်စေသည်။ ပခုံးကျယ်ကျယ်ကြောင့် အဖြူရောင် ရှပ်အင်္ကျီက တင်းနေသည်။ ပြန်ရောက်ရောက်ချင်း သူမဆီ တန်းလာတာမို့ ထင်တယ်၊ ရှပ်အင်္ကျီကြယ်သီးတွေ တစ်လုံးမှ မဖြုတ်ရသေးဘူး။ ကြည့်ရတာ တစ်မျိုး ဆွဲဆောင်မှု ရှိနေတယ်။

ကျိုးအန်းရန် မျက်လုံးမခွာနိုင် ဖြစ်သွားသည်။

အစတုန်းက သူမ မြင်မြင်ချင်း ကြိုက်ခဲ့ရတဲ့ လူငယ်လေးက သူမမျက်စိရှေ့မှာတင် တည်ငြိမ်ရင့်ကျက်ပြီး တောက်ပနေဆဲ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီ။

ချန်လော့ပိုင်က သူမကို အိပ်ခန်းထဲ ပွေ့သွားမလို့ လုပ်တာ။ နိုးလာတာမြင်တော့ ပြန်ချပေးလိုက်ပြီး နှာခေါင်းထိပ်လေးကို ဖွဖွလေး ဆွဲလိုက်သည်။

"ဘာလို့ ဒီလို ကြည့်နေတာလဲ"

သူ ပြောလိုက်တဲ့အချိန် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး တက်ကြွတဲ့ လူငယ်ဆန်မှုတွေ ပြန်ပေါ်လာသည်။

ကျိုးအန်းရန် သေချာ မနိုးသေးဘူး။ အိပ်ချင်မူးတူး ဖြစ်နေတာရယ်၊ ကြာလာတော့ သူ့ကို မှီခိုချင်စိတ် ဖြစ်နေတာရယ်ကြောင့် သူ့လက်ကောက်ဝတ်ကို ဆွဲပြီး ထထိုင်ကာ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ တိုးတိုးလေး ပြောလိုက်သည်။

"လွမ်းလိုက်တာ"

ချန်လော့ပိုင် သူမကို ပြန်ဖက်မလို့ လုပ်နေတဲ့လက် ရပ်တန့်သွားသည်။

"ကျိုးအန်းရန်"

"အင်း" သူမ နှာသံလေးနဲ့ ထူးလိုက်သည်။

ချန်လော့ပိုင် အသက်ရှူသံ လေးလံသွားသည်။ ငုံ့ကြည့်လိုက်သည်။

"နင် ဒီလိုပြောရင် ငါ မနေနိုင်မှန်း သိတယ်မလား"

ကျိုးအန်းရန် မျက်တောင်ခတ်ပြီး မော့ကြည့်လိုက်သည်။

တွဲလာတာ နှစ်အတော်ကြာပြီမို့ တစ်ခါတလေ သူမ မပြောဘဲနဲ့ သူ ဘာလိုချင်လဲဆိုတာ သိနေတယ်။

အခုလိုပဲ။ သူ မပြောဘဲနဲ့ သူမ သူ ဘာလုပ်ချင်လဲဆိုတာ သိနေတယ်။

ချန်လော့ပိုင် လက်မြှောက်ပြီး ရှပ်အင်္ကျီအပေါ်ဆုံး ကြယ်သီးနှစ်လုံး ဖြုတ်လိုက်သည်။ ပြီးတော့ လက်ကောက်ဝတ်က ကြယ်သီးနှစ်လုံးကိုပါ ဖြုတ်ပြီး လက်မောင်းအထိ လှန်တင်လိုက်သည်။ ကြွက်သားအမြောင်းမြောင်း ထနေတဲ့ လက်မောင်းတစ်ဝက် ပေါ်လာသည်။

အကြည့်တွေက သူမအပေါ်မှာပဲ ရှိနေသည်။ မှောင်မိုက်နေပြီး ရင်းနှီးတဲ့ မျှားချိတ်တစ်ခု ပါနေသလိုပဲ။

ဒါပေမဲ့ အခုမှ စကားပြန်ပြောလာသည်။ လုံးဝ မဆိုင်သလို၊ အတည်ပြုနေသလို။

"ညစာ စားပြီးပြီမလား"

ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်ဆန်လာသည်။

အိပ်ချင်ပြေသွားတော့ သူမ ရှက်တတ်လာပြီ။ ဒါပေမဲ့ ခေါင်းညိတ်ပြလိုက်သည်။

ချန်လော့ပိုင် စောစောက ကြယ်သီးဖြုတ်နေတဲ့လက်က သူမဇက်ပိုးကို ကိုင်လိုက်သည်။

ဧည့်ခန်းထဲ တိတ်ဆိတ်သွားသည်။

တိုးညှင်းတဲ့ အသံလေးတွေပဲ ကြားနေရသည်။

...

အချိန်အတော်ကြာမှ မိန်းကလေးရဲ့ ရှက်သလို စိတ်ဆိုးသလို အသံလေး ထွက်ပေါ်လာသည်။

"ချန်လော့ပိုင်!"

"နွေရာသီဆို ဒီမှဲ့ကို မကိုက်ရဘူးလို့ ပြောထားတယ်မလား"

ချန်လော့ပိုင် မော့ကြည့်လိုက်သည်။ ရှပ်အင်္ကျီအောက်စက ဘောင်းဘီထဲကနေ ကျွတ်ထွက်နေပြီး ရင်ဘတ်ဟနေကာ သွယ်လျသန်မာတဲ့ ဗိုက်သားလေးတွေ ပေါ်နေသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"နင်က မကိုက်ရဘူးလို့ပဲ ပြောတာလေ၊ မနမ်းရဘူးလို့မှ မပြောတာ။ ဥပဒေက မတားမြစ်ရင် လွတ်လပ်ခွင့် ရှိတယ်လေ... ပေါင်ပေ့"

ကျိုးအန်းရန် - "......"

"ဥပဒေက မတားမြစ်ရင် လွတ်လပ်ခွင့် ရှိတယ်ဆိုတဲ့ စကားကို ဒီလို လျှောက်သုံးလို့ ရလား"

"ဘာလို့ မရရမှာလဲ" ချန်လော့ပိုင် ရယ်လိုက်သည်။ "နင်က ငါ့ရဲ့ အခြေခံဥပဒေလေ"

ကျိုးအန်းရန် မျက်စောင်းထိုးလိုက်ပေမယ့် ရယ်ချင်သွားသည်။

"ဒါဆို ဒီနေ့ နမ်းလို့လည်း မရဘူး"

"ကောင်းပြီ... ဒါဆို မနမ်းတော့ဘူး"

ချန်လော့ပိုင် အားနေတဲ့လက်တစ်ဖက်က သူမဘေးမှာ ထောက်လိုက်သည်။ လက်မောင်းပေါ်မှာ သွေးကြောစိမ်းတွေ ထောင်တက်နေသည်။ သူမနားနား ကပ်လိုက်သည်။ နားရွက်ကို နမ်းလိုက်သလို၊ မနမ်းသလို လုပ်လိုက်သည်။ အသက်ရှူငွေ့နွေးနွေးတွေက နားထဲ တိုးဝင်လာသည်။

"ပွေ့ချီထားပေးရမလား"

ကျိုးအန်းရန် သူ့အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။ ရင်ခုန်သံတွေ ပိုမြန်လာသည်။

အကြည့်လွှဲလိုက်ပေမယ့် ခေါင်းညိတ်ပြလိုက်သည်။

ချန်လော့ပိုင် ကျန်လက်တစ်ဖက်နဲ့ လှမ်းပွေ့လိုက်သည်။

ကျိုးအန်းရန် ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေပေါ်မှာ ရေစိုနေတာ တွေ့လိုက်ရသည်။ မျက်နှာ ချက်ချင်း ရဲတက်သွားသည်။ ခြေထောက်နဲ့ သူ့ကို ကန်လိုက်သည်။ သတိပေးလိုက်သည်။

"စကပ်"

ချန်လော့ပိုင် ငုံ့ကြည့်လိုက်တော့ သူမက အထက်တန်းဒုတိယနှစ်တုန်းက ဆေးလာပို့တဲ့နေ့က ဝတ်ခဲ့တဲ့ စကပ်နက်လေးနဲ့ ဆင်တူတာ ဝတ်ထားတာ တွေ့လိုက်ရသည်။

"စကပ် ဝတ်ထားတယ်?"

ကျိုးအန်းရန် - "......"

ခွထိုင်လိုက်တာနဲ့ ကျိုးအန်းရန် မျက်နှာကို သူ့လည်ပင်းကြားထဲ အပ်ထားလိုက်သည်။

ချန်လော့ပိုင် အသက်ပြင်းပြင်း ရှူလိုက်သလိုပါပဲ။ အသံနှိမ့်ပြီး နားနားကပ်ပြောလိုက်သည်။

"စိတ်လျှော့ထား ပေါင်ပေ့"

ကျိုးအန်းရန် မျက်နှာကို သူ့ပခုံးပေါ် အပ်ထားတုန်းပဲ။ မနေနိုင်လို့လား၊ ချွဲချင်လို့လား မသိဘူး၊ အသံအောင့်အောင့်နဲ့ ပြောလိုက်သည်။

"အရမ်း တင်းနေတယ်"

ချန်လော့ပိုင် ရယ်လိုက်ပြန်သည်။

"အခုထိ အသားမကျသေးဘူးလား"

ကျိုးအန်းရန် - "......"

ဒါ ဘယ်လိုလုပ် အသားကျမှာလဲ။

သူက...

ဒီလူက ဒီအချိန်ရောက်ရင် အမြဲတမ်း ဆိုးသွမ်းလွန်းတယ်။ သူမ ပြန်မဖြေတာ ကြားတော့ စိုစွတ်နေတုန်းဖြစ်တဲ့ လက်နဲ့ သူမမေးစေ့ကို ကိုင်လိုက်သည်။ နူးညံ့ပေမယ့် အတင်းအဓမ္မ မော့ကြည့်ခိုင်းလိုက်သည်။

"ဘာလို့ စကားမပြောတာလဲ"

ကျိုးအန်းရန် ရှက်ရော စိတ်ပါဆိုးပြီး ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

"နမ်းချင်နေတာကိုး" လူဆိုးကောင်က မျက်ခုံးပင့်လိုက်သည်။ ရယ်မောပြီး လက်ကို အနောက်ပို့ကာ သူမဇက်ပိုးကို ဖိလိုက်သည်။ ဒီအနေအထားနဲ့ပဲ သူမကို နမ်းလိုက်သည်။

အပြင်မှာ ကောင်းကင် မှောင်လာပြီ။

နေဝင်ဆည်းဆာ ပျောက်ကွယ်သွားပြီး ညမှောင်ရီ ပျိုးလာသည်။

နောက်ဆုံး အလင်းရောင် ပျောက်ကွယ်သွားတော့ မြို့ပြကြီး နီယွန်မီးရောင်တွေနဲ့ ပြန်လည် လင်းလက်လာသည်။

ကျိုးအန်းရန် မျက်လုံးတွေ အမှောင်နဲ့ ယဉ်ပါးလာသည်။ ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ ဖြူဝင်းတဲ့ လည်ပင်းမှာ ချွေးစက်လေးတွေ တွေ့လိုက်ရသည်။ မျက်နှာအပ်လိုက်တော့ စိုစွတ်စွတ် ခံစားရသည်။ မငြိမ်သက်သေးတဲ့ ရင်ခုန်သံနဲ့ အသက်ရှူသံတွေ ရှုပ်ထွေးနေသည်။

သူမဟာလား၊ သူ့ဟာလား မသိတော့ဘူး။

ချန်လော့ပိုင်က ချွေးစိုနေတဲ့ သူမဆံပင်တွေကို လက်နဲ့ ဖွဖွလေး ပွတ်သပ်ပေးနေသည်။ ခဏနေမှ မေးလိုက်သည်။

"ဒီရက်ပိုင်း စမ်းသပ်မှု လုပ်ရတာ ပင်ပန်းလား"

"မပင်ပန်းပါဘူး" ကျိုးအန်းရန်က သူ့ရဲ့ တွန့်ကြေနေပြီဖြစ်တဲ့ ရှပ်အင်္ကျီ ပခုံးသားကို ဆွဲထားသည်။ တိုးတိုးလေး သတိပေးလိုက်သည်။

"နင် အရင် ထွက်လိုက်ဦးလေ"

ချန်လော့ပိုင် - "ဒီအတိုင်း ခဏလောက် စကားပြောရအောင်"

ကျိုးအန်းရန် - "......"

ဘယ်သူက ဒီလို စကားပြောလို့လဲ။

သူမ မနေနိုင်ဘဲ သူ့လည်ပင်းကို ခေါင်းငုံ့ကိုက်လိုက်သည်။

ချန်လော့ပိုင် ကိုက်တာခံပြီးမှ နားနားကပ်ပြီး ရယ်မောလိုက်သည်။

"ကြည့်ရတာ ငါ့ရဲ့ ဒီနေ့ ဝတ်စားဆင်ယင်ပုံကို တော်တော် သဘောကျနေပုံရတယ်၊ ဒီည အခုမှ ကိုက်တော့တယ်"

ကျိုးအန်းရန် သူ ဒီနေ့ ရုံးဝတ်စုံ ဝတ်ထားတာကို တကယ် သဘောကျမိတာပါ။

ဒါပေမဲ့ သူ့စကားက အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေတယ်။

သူမ မျက်နှာရဲရဲနဲ့ ငြင်းလိုက်သည်။ "ဘယ်ဟုတ်ပါ့မလဲ"

ချန်လော့ပိုင် - "ဒါဆို စောစောက ဘယ်သူ..."

သူ ဘာဆက်ပြောမလဲဆိုတာ ခန့်မှန်းမိလို့ ကျိုးအန်းရန် အမြန် ဖြတ်ပြောလိုက်သည်။

"နင် မပြောနဲ့"

ချန်လော့ပိုင် သူမကို ဖက်ထားပြီး ရယ်မောလိုက်သည်။ ရင်ဘတ်ကြီး တုန်ခါနေသည်။

ကျိုးအန်းရန် နည်းနည်း ရှက်ပြီး စိတ်ဆိုးသွားသည်။

"မရယ်နဲ့လို့"

"ကောင်းပြီ" ချန်လော့ပိုင် အနိုင်နိုင် ရယ်မောတာ ရပ်လိုက်သည်။ "ရည်းစားလေး ဘာအမိန့်ပေးချင်သေးလဲ"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း အလိုအလျောက် ကွေးတက်သွားသည်။

"ဒါဆို ငါ့ကို ရေချိုးခန်း ပို့ပေး"

ရေချိုးခန်းကနေ အိပ်ခန်းပြန်ရောက်တော့ ညဉ့်နက်နေပြီ။

ချန်လော့ပိုင် မီးပိတ်လိုက်သည်။ အားနေတဲ့လက်တစ်ဖက်နဲ့ သူမကို သဘာဝကျကျ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

ကျိုးအန်းရန်က သူ့လက် သူမဆံပင်တွေကို အရင်လို ဖွဖွလေး ပွတ်သပ်နေတာ ခံစားလိုက်ရသည်။ ပြီးတော့ တိုးတိုးလေး ခေါ်သံ ကြားလိုက်ရသည်။

"ရန်ရန်"

ကျိုးအန်းရန်လည်း တိုးတိုးလေး ပြန်ထူးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ငါ စဉ်းစားလို့ ပြီးလောက်ပြီ" ချန်လော့ပိုင် ပြောသည်။

ကျိုးအန်းရန် - "ဘာစဉ်းစားပြီးတာလဲ"

ချန်လော့ပိုင် - "နောက်ကျ ဗဟိုရွေးချယ်ခံဝန်ထမ်း စာမေးပွဲဖြေပြီး တရားရုံးချုပ်နဲ့ ရှေ့နေချုပ်ရုံး နှစ်ခုထဲက တစ်ခု ဝင်မယ်။ ဘယ်ဟာဝင်မလဲဆိုတာ နောက်နှစ် ရှေ့နေချုပ်ရုံးမှာ အလုပ်သင်ဆင်းပြီးမှ ဆုံးဖြတ်မယ်"

ကျိုးအန်းရန်က သူ တရားရုံးချုပ်မှာ အလုပ်သင်ဝင်မယ်လို့ စသိတုန်းက စပ်စုချင်စိတ်နဲ့ တရားရုံးချုပ် ဝဘ်ဆိုဒ် ဝင်ကြည့်ဖူးတာ သတိရသွားသည်။ ဝင်ဝင်ချင်း ထိပ်ဆုံးမှာ စာလုံးကြီးတွေနဲ့ ရေးထားတာ တွေ့လိုက်ရတယ်။

"ပြည်သူလူထုကို တရားစီရင်ရေး အမှုတိုင်းမှာ တရားမျှတမှု ခံစားရအောင် ကြိုးစားကြပါစို့"

ပြီးတော့ ပထမနှစ်တုန်းက မိုးရွာလို့ စတိုးဆိုင်မှာ ပိတ်မိနေတုန်း၊ သူတို့ မတွဲရသေးခင်က၊ သူမ စားပွဲပေါ်မှောက်ပြီး သူ ပြောတာ နားထောင်ခဲ့ဖူးတာကို သတိရသွားသည်။ "ငါ့အမေတို့ ပြောကြတယ်၊ ငါတို့နိုင်ငံရဲ့ လက်ရှိ ဥပဒေတွေမှာ အားနည်းချက်တွေ အများကြီး ရှိသေးတယ်တဲ့။ ငါ နောက်ကျ ဘာလုပ်လုပ်၊ ဒီအားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်တယ်" တဲ့။

တရားရုံးချုပ်က မကြာခင် တရားစီရင်ရေး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ထုတ်ပြန်တော့မယ်။

သူ အလုပ်သင်ဝင်တာက အဲဒီ တရားစီရင်ရေး အဓိပ္ပာယ်ဖွင့်ဆိုချက် ရေးဆွဲရေးမှာ အထောက်အကူပြု လုပ်ငန်းတွေ လုပ်ရမှာ။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါဝင်ရမှာ။

၃ နှစ်တည်းနဲ့ သူက အရင်တုန်းက စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ရတဲ့ စကားတွေကို လက်တွေ့အကောင်အထည် ဖော်နိုင်နေပြီ။

အလုပ်သင်တွေ ပါဝင်နိုင်တဲ့ အပိုင်းက အကန့်အသတ် ရှိပေမယ့်၊ သူ အရင်တုန်းက ပြောခဲ့သလိုပဲ၊ အပူရှိန် ဘယ်လောက်ရှိရှိ အလင်းရောင် နည်းနည်းလောက် ထုတ်လွှတ်ပေးနိုင်ရင် ကျေနပ်ပါပြီတဲ့။

ကျိုးအန်းရန် တိုးတိုးလေး ပြောလိုက်သည်။

"နင် သေချာပေါက် ဝင်ခွင့်ရမှာပါ"

ချန်လော့ပိုင် ရယ်လိုက်ပြန်သည်။

"ငါ့ကို ဒီလောက် ယုံကြည်တာလား"

ကျိုးအန်းရန် မျက်နှာပူသွားသည်။

ချန်လော့ပိုင်က သူမ မျက်နှာပူနေမှန်း သိသလို သူမပါးကို ရင်းနှီးစွာ ပွတ်သပ်ပေးလိုက်သည်။ စောစောက စကားကို ပြန်ဆက်လိုက်သည်။ ရယ်သံပါနေတုန်းပဲ။

"ဒါပေမဲ့ အဲဒီ ရုံးနှစ်ခုက လစာ သိပ်မများဘူးတဲ့။ နောက်ကျ နင်က ငါ့ကို ပြန်လုပ်ကျွေးရမှာ"

ကျိုးအန်းရန်က ကျုရန်ပြောပြလို့ သူ ပိုက်ဆံအရမ်းချမ်းသာမှန်း သိထားတယ်။

အိမ်က ချမ်းသာတာ မဟုတ်ဘူး၊ သူ ကိုယ်တိုင် ချမ်းသာတာ။

သူ ၁၈ နှစ်ပြည့်တုန်းက အဘိုးက ရှယ်ယာခွဲပေးထားတယ်တဲ့။ ငယ်ငယ်ကတည်းက ရခဲ့တဲ့ ဆုကြေးငွေတွေ၊ မုန့်ဖိုးတွေကို သီးသန့်လူနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာတဲ့။ ကျုရန် ပြောတုန်းက ပုံကြီးချဲ့ပြောပြီး အခုဆို အတိုးပေါ် အတိုးဆင့်ပြီး ဂဏန်းဘယ်နှစ်လုံး ရှိနေပြီလဲ မသိဘူးတဲ့။

ကျိုးအန်းရန် အဲဒီတုန်းက နားထောင်ရုံပဲ နားထောင်ခဲ့တာ။ နောက်ကျ ချန်လော့ပိုင်နဲ့ လက်ထပ်ပြီး သူ ကတ်တွေအကုန်လုံး သူမလက်ထဲ အပ်လိုက်မှ ကျုရန် ပုံကြီးချဲ့မပြောခဲ့ဘူးဆိုတာ သိလိုက်ရတယ်။

ဒါပေမဲ့ အခုတော့ ချန်လော့ပိုင် စနောက်နေမှန်း သိရက်နဲ့ သူမ လိုက်လျောလိုက်သည်။

"ကောင်းပြီလေ"

"ကျိုးအန်းရန်" ချန်လော့ပိုင် နာမည် ထပ်ခေါ်လိုက်သည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ချန်လော့ပိုင်အသံမှာ ရယ်သံတွေ ပိုများလာသည်။

"ဒါဆို နောက်ကျ ငါနဲ့ လက်ထပ်မယ်လို့ သဘောတူလိုက်တာပေါ့"

ကျိုးအန်းရန် - "......"

သူ ဘာလို့ ရုတ်တရက် ဒီခေါင်းစဉ် ရောက်သွားတာလဲ။

ကျိုးအန်းရန်က "မဟုတ်ပါဘူး" လို့ လိမ်မပြောနိုင်သလို၊ "ဟုတ်ပါတယ်" လို့ အခုချက်ချင်း ပြောဖို့လည်း ရှက်နေသည်။

သူမ ကောင်လေးခါးကို ဖက်လိုက်ပြီး ရင်ခွင်ထဲ မျက်နှာအပ်ထားလိုက်သည်။

"ငါ အိပ်ချင်ပြီ၊ အိပ်ကြစို့"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၉၃ ။ Extra : သကြားလုံး

ကျိုးအန်းရန် ချန်လော့ပိုင်အမေနဲ့ မမျှော်လင့်တဲ့ အခြေအနေတစ်ခုမှာ တွေ့ဆုံခဲ့ရတယ်။

သူတို့ တွဲကာစ ပထမနှစ်တုန်းက ချန်လော့ပိုင် ပြောဖူးတယ်။ သူ့အမေက သူမကို တွေ့ချင်နေပြီတဲ့။ ဒါပေမဲ့ ကျိုးအန်းရန်က သူ့မိဘတွေနဲ့ တွေ့ရမှာကို တွေးလိုက်တာနဲ့ စိတ်လှုပ်ရှားပြီး အချိန်ဆွဲနေခဲ့တာ။ ချန်လော့ပိုင်ကလည်း သူမစရိုက်ကို သိသလို သူတို့ကလည်း တက္ကသိုလ်တက်နေတုန်းဆိုတော့ အလျင်လိုစရာ မရှိဘူးဆိုပြီး မိဘတွေနဲ့ တွေ့ဖို့ကိစ္စကို ခေတ္တဘေးဖယ်ထားခဲ့ကြတာ။

မမျှော်လင့်ဘဲ ချန်လော့ပိုင်အမေနဲ့ တွေ့ဆုံတာက တက္ကသိုလ် စတုတ္ထနှစ် ဆောင်းရာသီကျောင်းပိတ်ရက်မှာ ဖြစ်သွားတယ်။

နှစ်သစ်ကူးမတိုင်ခင် တစ်ရက်မှာ ကျိုးအန်းရန်၊ ယန်ရှင်းချန်တို့ သူငယ်ချင်းတစ်သိုက် မြို့လယ်က ကုန်တိုက်တစ်ခုမှာ ဈေးဝယ်ထွက်ကြတယ်။ တစ်ပတ်လောက် လျှောက်ကြည့်ပြီးတော့ ကောင်မလေးတွေ ပစ္စည်းတွေ အများကြီး ဝယ်လိုက်ကြတယ်။

ပြီးတော့ ယန်ရှင်းချန်တို့ သန့်စင်ခန်းသွားကြမယ်ဆိုလို့ ကျိုးအန်းရန်က မြေညီထပ် အလယ်က ခုံတန်းလျားမှာ ပစ္စည်းတွေ စောင့်ရင်း ကျန်ခဲ့တယ်။

အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက် သူမရှေ့ကနေ ပြေးထွက်သွားတယ်။

အလျင်လိုနေလို့လား၊ ခြေခေါက်သွားလို့လား မသိဘူး၊ မိန်းကလေးက ရုတ်တရက် အရှေ့ကို မှောက်ရက်လဲမလို ဖြစ်သွားတယ်။

ကျိုးအန်းရန် ထပြီး လှမ်းဆွဲပေးလိုက်သည်။

သူမလည်း အားသိပ်မရှိတော့ လူကို မနည်းထိန်းပေးလိုက်နိုင်ပေမယ့်၊ မိန်းကလေးလက်ထဲက မစ်တီးကတော့ တစ်ဝက်လောက် ဖိတ်ကျသွားတယ်။

မိန်းကလေးမှာ အရေးကြီးကိစ္စ ရှိပုံရတယ်။ လှည့်တောင်မကြည့်ဘဲ ကျေးဇူးတင်ပါတယ်လို့ အော်ပြောပြီး ကြမ်းပြင်ပေါ် ဖိတ်ကျနေတဲ့ မစ်တီးကို ဂရုမစိုက်နိုင်ဘဲ အမြန် ပြေးထွက်သွားသည်။

ကျိုးအန်းရန်က ပစ္စည်းတွေ စောင့်နေရတော့ သန့်ရှင်းရေးအဒေါ်ကြီးကို သွားခေါ်ဖို့ အဆင်မပြေဘူး။ ပြန်ထိုင်ပြီး ယန်ရှင်းချန်တို့ ပြန်လာမှ ပြောတော့မယ်လို့ တွေးနေတုန်း အမျိုးသမီးတစ်ယောက် ဒီဘက် လျှောက်လာတာ တွေ့လိုက်ရသည်။

အမျိုးသမီးက အရည်အသွေးကောင်းတဲ့ အနက်ရောင် ကုတ်အင်္ကျီရှည် ဝတ်ထားတယ်။ ငယ်ရွယ်နုပျိုနေပြီး လမ်းလျှောက်တာ မြန်ဆန်သွက်လက်တယ်။ အင်္ကျီစတွေ လွင့်ပျံနေပြီး ကြည့်ကောင်းကာ ဖိအားပေးနိုင်တဲ့ အငွေ့အသက်မျိုး ရှိနေတယ်။ ဒါပေမဲ့ လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီး ဖုန်းကြည့်နေတယ်။

ဖိတ်ကျနေတဲ့ မစ်တီးကို နင်းမိတော့မလို ဖြစ်နေတာမြင်တော့ ကျိုးအန်းရန် ချော်လဲမှာစိုးလို့ သတိပေးလိုက်သည်။

"အစ်မ... အရှေ့မှာ မစ်တီးဖိတ်ကျထားတယ်၊ ချော်နေလိမ့်မယ်"

အမျိုးသမီး ရပ်တန့်သွားသည်။ ဖုန်းပေါ်ကနေ မျက်လုံးမော့ကြည့်လိုက်ပြီး သူမမျက်နှာပေါ် အကြည့်ရောက်လာသည်။

"ကျေးဇူးပါ"

ဘာကြောင့်မှန်းမသိ ကျိုးအန်းရန် ဖိအားတစ်ခု ခံစားလိုက်ရသည်။ ခေါင်းခါလိုက်သည်။

"ရပါတယ်"

ပြောပြီးပေမယ့် တစ်ဖက်လူက အကြည့်မလွှဲသေးဘူး။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"အစ်မ... ဘာကိစ္စ ရှိသေးလို့လဲ"

အမျိုးသမီးက သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ ရုတ်တရက် ပြုံးလိုက်သည်။

သူမ ပြုံးလိုက်တာနဲ့ ခုနက အေးစက်ပြီး ဖိအားပေးနေတဲ့ အငွေ့အသက်တွေ ပျောက်ကွယ်သွားသည်။

"ဒဲ့တိုး ပြောရရင် နည်းနည်း ရိုင်းသလို ဖြစ်သွားမလား မသိဘူး။ ဒါပေမဲ့ မပြောရင် နောက်ကျ တွေ့ရင် နေရခက်နေမှာစိုးလို့"

အစအဆုံးမပါတဲ့ စကားတစ်ခွန်းမို့ ကျိုးအန်းရန် နားမလည် ဖြစ်သွားသည်။ သူမကို ပြောနေတာလား မေးမလို့လုပ်တုန်း တစ်ဖက်လူက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။

"အန်တီက ချန်လော့ပိုင် အမေပါ"

ကျိုးအန်းရန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ စက္ကန့်အနည်းငယ်ကြာမှ သတိပြန်ဝင်လာပြီး အမြန် နှုတ်ဆက်လိုက်သည်။

"အန်တီ... မင်္ဂလာပါ"

သေချာ ကြည့်လိုက်တော့မှ သူမ မျက်နှာသွင်ပြင်က ချန်လော့ပိုင်နဲ့ နည်းနည်း တူနေမှန်း သတိထားမိလိုက်သည်။

စောစောက သေချာ မကြည့်ရဲခဲ့ဘူး။ တစ်ဖက်လူက အရမ်း ငယ်ရွယ်နုပျိုနေတော့ အဲဒီဘက်ကို တွေးတောင် မတွေးမိခဲ့ဘူးလေ။

ဒါပေမဲ့ သူ့အမေက သူမကို ဘယ်လိုလုပ် သိနေတာလဲ။

ကျိုးအန်းရန် ခေါင်းမူးနေတုန်းမို့ တိုက်ရိုက် မေးလိုက်မိသည်။

"အန်တီက သမီးကို ဘယ်လိုသိတာလဲ"

ဖန်းကျင့်ပြုံးလိုက်ပြန်သည်။

"သူ့ဖုန်းထဲမှာ သမီးဓာတ်ပုံတွေ အများကြီး ရှိနေတာလေ။ နှစ်ပုံလောက်တောင် ပုံထုတ်ပြီး သူ့အိပ်ခန်းထဲ တင်ထားသေးတယ်။ မသိချင်ရင်တောင် ခက်တယ်"

ကျိုးအန်းရန် စကားထဲက စနောက်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်လိုက်ပြီး နားရွက်ဖျားလေး ပူသွားသည်။

ဖန်းကျင့်က ရိပ်မိပုံရသည်။ ရယ်မောပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"တစ်ယောက်တည်း ဈေးဝယ်ထွက်လာတာလား"

"မဟုတ်ပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "သူငယ်ချင်းတွေနဲ့ လာတာပါ၊ သူတို့ သန့်စင်ခန်း သွားနေလို့"

ကျိုးအန်းရန် စိတ်လှုပ်ရှားနေတုန်းပါပဲ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ တစ်ဖက်လူရဲ့ အမူအရာက အနားကပ်ရလွယ်ကူသလို ဖြစ်နေလို့ သူမ ထင်ထားသလောက် ကြောက်စရာမကောင်းဘဲ အလိုက်သင့် မေးလိုက်မိသည်။

"အန်တီကော"

ဖန်းကျင့် - "ဈေးဝယ်ထွက်တာ မဟုတ်ပါဘူး၊ လူတစ်ယောက်ဆီက စာရွက်စာတမ်း လာယူတာ"

ကျိုးအန်းရန် အမြန်မေးလိုက်သည်။

"ဒါဆို သမီး နှောင့်နှေးစေမိပြီလား"

"မနှောင့်နှေးပါဘူး" ဖန်းကျင့် သူမကို ကြည့်ပြီး ပြုံးလိုက်ပြန်သည်။ "ဒါပေမဲ့ ဒီနေ့ တကယ် ကိစ္စရှိနေလို့"

ကျိုးအန်းရန် - "ဒါဆို အန်တီ ကိစ္စသွားလုပ်လိုက်ပါဦး"

"တစ်မိနစ်၊ နှစ်မိနစ်လောက်နဲ့ မနောက်ကျပါဘူး" ဖန်းကျင့် ဆက်ပြောသည်။ "အန်တီနဲ့ သူ့အဖေက သမီးမိဘတွေနဲ့ တွေ့ချင်နေတာ ကြာပြီ။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာ။ နင်တို့နှစ်ယောက်လည်း ဘွဲ့ရတော့မှာဆိုတော့... ပြန်ရောက်ရင် မိဘတွေကို မေးပေးပါလား။ အဆင်ပြေရင် နောက်ရက်ကျ နှစ်ဖက်မိဘတွေ ထမင်းအတူစားကြမလားလို့"

ကျိုးအန်းရန် လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့... သမီး ပြန်မေးပေးပါ့မယ်"

"ဒါဆို အန်တီ သွားတော့မယ်" ဖန်းကျင့် စကားရပ်လိုက်သည်။ ရယ်မောပြီး လက်မြှောက်ကာ သူမခေါင်းကို ဖွဖွလေး ပွတ်လိုက်သည်။ "တွေ့ဆုံလက်ဆောင်ကို နောက်တစ်ခါကျမှ ပေးတော့မယ်နော်"

ယန်ရှင်းချန်တို့ ပြန်ရောက်လာတော့ ကျိုးအန်းရန် ခုံတန်းလျားပေါ်မှာ ငူငူငိုင်ငိုင် ထိုင်နေတာ တွေ့လိုက်ရသည်။ သူတို့ အနားရောက်လာတာတောင် သတိမထားမိဘူး။

"ရန်ရန်... ဘာတွေ တွေးနေတာလဲ" ယန်ရှင်းချန် သူမမျက်နှာရှေ့ လက်ဝှေ့ယမ်းပြလိုက်သည်။

ကျိုးအန်းရန် သတိဝင်လာသည်။ ခေါင်းနည်းနည်း မူးနေတုန်းပဲ။ စိတ်ငြိမ်အောင် ထိန်းပြီးမှ ခုနကအကြောင်း ပြောပြလိုက်သည်။

"ငါ ခုနက ချန်လော့ပိုင်အမေနဲ့ တွေ့လိုက်တယ်"

ယန်ရှင်းချန်လည်း ကြောင်သွားသည်။

"နင် ဘယ်လိုလုပ် ချန်လော့ပိုင်အမေနဲ့ ရုတ်တရက် တွေ့ရတာလဲ"

ကျိုးအန်းရန် - "မတော်တဆ တွေ့တာပါ၊ သူက ငါ့ကို မှတ်မိနေတာ"

"ဘယ်လိုလဲ" ရှန့်ရှောင်ဝမ်က သူမမျက်နှာထားကို အကဲခတ်လိုက်သည်။ တွေ့ဆုံမှုက အဆင်ပြေပုံရတယ်လို့ တွက်ဆပြီး စနောက်လိုက်သည်။ "အနာဂတ် ယောက္ခမကို တွေ့ရတဲ့ ခံစားချက် ဘယ်လိုလဲ"

ကျိုးအန်းရန် - "......"

သူမ မျက်နှာပူသွားသည်။

"ဘာ အနာဂတ် ယောက္ခမလဲ၊ နင် လျှောက်မပြောနဲ့"

"ဘာဖြစ်လို့လဲ" ကျန်းရူရှန်းလည်း ဝင်စသည်။ "နင်တို့ ဘွဲ့တောင် ရတော့မယ်၊ ချန်လော့ပိုင်က လက်ထပ်ခွင့် မတောင်းသေးဘူးလား။ မဟန်ဘူးထင်တယ်"

ဖန်းကျင့် ထွက်သွားပြီးနောက်ပိုင်း ကျိုးအန်းရန်က ခုနက သူမ အမှားလုပ်မိတာ ရှိမရှိ ပြန်စဉ်းစားနေတာ။

အခု ရှန့်ရှောင်ဝမ်က ချန်လော့ပိုင်အကြောင်း ပြောလာမှ သူ့အမေနဲ့ တွေ့တဲ့အကြောင်း သူ့ကို ပြောပြရဦးမယ်ဆိုတာ သတိရသွားသည်။

ကျိုးအန်းရန် ကျန်းရူရှန်း စနောက်တာကို ဂရုမစိုက်တော့ဘူး။ အခုချိန်မှာ ပြန်ပြောလေ ပိုစလေ ဖြစ်မှာကိုး။

သူမ မျက်နှာရဲရဲနဲ့ မကြားချင်ယောင်ဆောင်ပြီး ဖုန်းဖွင့်လိုက်သည်။

ဖုန်းက အချိန်ကိုက် မြည်လာသည်။

စိတ်ချင်းဆက်နေသလို ချန်လော့ပိုင်ဆီက မက်ဆေ့ခ်ျ ဝင်လာတာ။

C - [ငါ့အမေနဲ့ တွေ့လိုက်တယ်?]

ကျိုးအန်းရန် - [ယုန်ကလေး ခေါင်းညိတ်နေပုံ.jpg]

ကျိုးအန်းရန် - [အခုပဲ ပြောပြမလို့]

C - [ကုန်တိုက်မှာ ရှိတုန်းလား]

ကျိုးအန်းရန် - [အင်း... ဒါပေမဲ့ ပြန်တော့မလို့]

C - [၁၀ မိနစ် စောင့်]

C - [ငါ လာခဲ့မယ်]

ကျိုးအန်းရန် မော့ကြည့်ပြီး သူငယ်ချင်းတွေကို မေးလိုက်သည်။

"နင်တို့ အခု ပြန်တော့မှာလား"

ရှန့်ရှောင်ဝမ် - "အင်း... ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် နားရွက်ကို စမ်းလိုက်သည်။

"ချန်လော့ပိုင်က လာခဲ့မယ်တဲ့၊ ၁၀ မိနစ်လောက်ဆို ရောက်ပြီတဲ့။ နင်တို့ စောင့်ဦးမလား၊ ငါ သူ့ကို မစ်တီးဝယ်တိုက်ခိုင်းလိုက်မယ်လေ"

"မစ်တီးက ဒီည ဝပြီ၊ အကြွေးမှတ်ထားခိုင်းလိုက်" ရှန့်ရှောင်ဝမ် လက်ကာပြလိုက်သည်။

ကျန်းရူရှန်း ထောက်ခံသည်။

"ဟုတ်တယ်... နင့်ဘာသာ စောင့်လိုက်တော့၊ ငါတို့ သွားတော့မယ်"

ယန်ရှင်းချန်က ဒီလိုကိစ္စမျိုးမှာ ဉာဏ်နည်းနည်း တုံးသည်။ တွန့်ဆုတ်စွာ မေးလိုက်သည်။

"ဒါဆို ရန်ရန်... ငါ နင့်ကို စောင့်ပေးရမလား"

"ဘာစောင့်မှာလဲ" ရှန့်ရှောင်ဝမ် ဆွဲလိုက်သည်။ "ရန်ရန်က အခုမှ မိဘနဲ့ မတော်တဆ တွေ့ထားတာ။ ချန်လော့ပိုင်က စိတ်ပူပြီး ညကြီးအချိန်မတော် ပြေးလာတာလေ။ နင်က ဘာမီးသီး လုပ်ဦးမလို့လဲ"

ယန်ရှင်းချန် ချက်ချင်း သဘောပေါက်သွားသည်။

"ဒါဆို ငါလည်း မစောင့်တော့ဘူး။ ပစ္စည်းတွေ ငါ ယူသွားပေးမယ်လေ"

ကျိုးအန်းရန် - "သူ ကားမောင်းလာလောက်တယ်၊ နင့်ပစ္စည်းတွေ ပေးလိုက်၊ ငါ ပြန်သယ်လာပေးမယ်"

ယန်ရှင်းချန် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ဒါဆို ငါ သက်သာတာပေါ့"

ကျန်းရူရှန်းနဲ့ ရှန့်ရှောင်ဝမ် လက်ပြလိုက်သည်။

"သွားပြီ"

နန်ချန်က ညမအိပ်တဲ့မြို့လို့ နာမည်ကြီးတယ်။

မနက် ၃၊ ၄ နာရီလောက်ထိတောင် မြို့လယ်ခေါင် လမ်းမပေါ်မှာ လူမပြတ်တတ်ဘူး။ အခုက ည ၉ နာရီခွဲလောက်ပဲ ရှိသေးတော့ အစည်ကားဆုံး အချိန်ပေါ့။ ကျိုးအန်းရန် လုံခြုံရေးအတွက် မပူပါဘူး။ ရိုးရိုးရှင်းရှင်း မှာလိုက်သည်။

"လမ်းမှာ ဂရုစိုက်ကြနော်"

ယန်ရှင်းချန်တို့ ထွက်သွားတော့ ကျိုးအန်းရန် ခုံတန်းလျားမှာ ပြန်ထိုင်လိုက်သည်။

ချန်လော့ပိုင် ကားမောင်းနေမှာစိုးလို့ စာထပ်မပို့တော့ဘဲ စာတမ်းတစ်စောင် ဖွင့်ဖတ်နေလိုက်သည်။

မကြာမီ ဖုန်းမျက်နှာပြင်ပေါ် အရိပ်တစ်ခု ကျရောက်လာသည်။ သူမရှေ့မှာ လူတစ်ယောက် ရပ်နေတယ်။

ကျိုးအန်းရန် မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည်၊ ချောမောတဲ့ ကောင်လေး ရပ်နေတာ တွေ့လိုက်ရသည်။ အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားသည်။ မြေအောက်ကားပါကင်ကနေ အပြေးတက်လာပုံရသည်။ အသက်ရှူသံ နည်းနည်း ပြင်းနေပြီး သူမကို စိုးရိမ်တကြီး ကြည့်နေသည်။

သူမ ဖုန်းပိတ်ပြီး မတ်တတ်ရပ်လိုက်သည်။

ချန်လော့ပိုင် သူမလက်ကို ဆွဲပြီး အပေါ်အောက် ကြည့်လိုက်သည်။

"လန့်သွားသေးလား"

ကျိုးအန်းရန် ရင်ထဲ နူးညံ့သွားသည်။ ခေါင်းခါလိုက်သည်။

"မလန့်ပါဘူး၊ အန်တီက သဘောကောင်းပါတယ်"

ချန်လော့ပိုင် စိတ်အေးသွားသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

"သူ့ကို သဘောကောင်းတယ်လို့ ချီးကျူးတာ ကြားရခဲတယ်"

ပြောပြီးတာနဲ့ စောစောကလို သူမကို အပေါ်အောက် ထပ်ကြည့်လိုက်ပြန်သည်။ ဒီတစ်ခါတော့ အကြည့်ထဲမှာ အပြုံးတွေ ပါနေသည်။

ကျိုးအန်းရန် ထူးဆန်းသွားသည်။

"ဘာလို့ အဲဒီလို ကြည့်နေတာလဲ"

ချန်လော့ပိုင် - "ငါ့ရည်းစားလေးမှာ ဘာမှော်အစွမ်းတွေရှိလဲလို့ ကြည့်နေတာ"

ကျိုးအန်းရန် - "......"

ချန်လော့ပိုင် - "ငါ့အစ်မက နင့်ကို သဘောကျတာ ထားလိုက်တော့၊ အခု ကြည့်ရတာ ငါ့အမေကပါ နင့်ကို တော်တော်သဘောကျနေပုံရတယ်"

ကျိုးအန်းရန် သူ့စကားကြောင့် ကြောင်သွားသည်။

"အန်တီက ငါ့ကို သဘောကျမှန်း နင် ဘယ်လိုသိလဲ"

ချန်လော့ပိုင် ရယ်မောပြီး သူမပါးကို ဖွဖွလေး ဆွဲလိုက်သည်။

"သူ့ကို သဘောကောင်းတယ်လို့ ချီးကျူးတာ မကြားရတာ နှစ်ပေါင်းများစွာ ကြာပြီ။ ကျုရန်တောင် သူ့ရှေ့ရောက်ရင် စကားကျယ်ကျယ် မပြောရဲဘူး"

ကျိုးအန်းရန် ရင်ထဲက စိုးရိမ်မှုတွေ လုံးဝ ပျောက်ကွယ်သွားသည်။ သူ့စကားကို ပြန်တွေးပြီး ပြုံးလိုက်သည်။

"နင့်ကြောင့် ဖြစ်မှာပါ"

ယွီပင်းချင်ပဲ ဖြစ်ဖြစ်၊ ဖန်းကျင့်ပဲ ဖြစ်ဖြစ်၊ သူတို့က သူ့ကို ချစ်ခင်ဂရုစိုက်ကြတဲ့ မိသားစုဝင်တွေမို့ သူမအပေါ်ပါ ကောင်းပေးကြတာပါ။

ချန်လော့ပိုင်လည်း ပြုံးလိုက်သည်။ စိတ်မချသေးသလို ထပ်မေးလိုက်သည်။

"တကယ် မလန့်ဘူးနော်"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"မလန့်ပါဘူး၊ အန်တီ့သဘောထားက တကယ်ကောင်းပါတယ်"

ချန်လော့ပိုင် သူမလက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်သည်။

"ဒါပေမဲ့ ဒီည မတော်တဆ ဖြစ်ရပ်ကြောင့် ငါ့အတွက် အခက်အခဲတစ်ခု ပြေလည်သွားတယ်"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ဘာအခက်အခဲလဲ"

ချန်လော့ပိုင် ရယ်လိုက်သည်။

"နင့်ကို ငါ့မိဘတွေနဲ့ ဘယ်လိုတွေ့ပေးရမလဲဆိုတာ ၃ နှစ်လောက် စဉ်းစားနေရတာ။ ကြိုချိန်းလိုက်ရင် နင်က တွေ့မယ့်နေ့အထိ စိတ်လှုပ်ရှားနေမှာလေ"

သူ ပြောတာ အမှန်ပါပဲ။ ကျိုးအန်းရန် ရှက်သလို နားရွက်ကို စမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ နင့်အဖေကို မတွေ့ရသေးဘူးလေ"

"သူက အရေးမကြီးပါဘူး" ချန်လော့ပိုင် ပြောသည်။ "ငါတို့အိမ်မှာ အမေက အကြီးဆုံးပဲ"

ကျိုးအန်းရန် မော့ကြည့်လိုက်သည်။

"နင်ကော... အန်တီက ပြောတယ်၊ ငါ့မိဘတွေနဲ့ ထမင်းအတူစားဖို့ ချိန်းချင်တယ်တဲ့"

"ငါလား..." ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ "ငါက နင့်မိဘတွေနဲ့ တွေ့ချင်နေတာ ကြာပြီ"

....

နှစ်ဖက်မိဘတွေ ထမင်းအတူစားဖို့ ကိစ္စကို နှစ်သစ်ကူး ၆ ရက်မြောက်နေ့ ညနေမှာ ချိန်းလိုက်ကြသည်။

ကျိုးအန်းရန်က ချန်လော့ပိုင်အမေနဲ့ ကြိုတွေ့ထားပြီးပြီမို့ စိုးရိမ်စိတ် ထက်ဝက်လောက် လျော့သွားပြီ။

ပြီးတော့ ချန်လော့ပိုင်က သူမ စိတ်လှုပ်ရှားနေမှာစိုးလို့ နှစ်သစ်ကူးရက်တွေမှာ သူ့အဖေက "မိန်းမကြောက်" ၊ အိမ်မှာ ဘာနေရာမှ မရှိပါဘူးလို့ ပြောပြောနေတာကြောင့် ကျန်တဲ့ ထက်ဝက်ကလည်း တစ်ဝက်လောက် ထပ်လျော့သွားသည်။

၆ ရက်မြောက်နေ့ညနေမှာ သူ့အဖေနဲ့ တွေ့လိုက်ရတော့ ဖိအားပေးနိုင်တဲ့ အငွေ့အသက်တွေ ပြင်းထန်ပြီး မိန်းမကြောက်ပုံ လုံးဝ မပေါ်ပါဘူး။ ဒါပေမဲ့ သူမအပေါ် သဘောကောင်းပြီး သူမမိဘတွေနဲ့ စကားပြောတာလည်း မာန်မာနမရှိပါဘူး။

ညစာစားပွဲက ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။

ဒါက ကျိုးအန်းရန် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

သူက အဲဒီလောက် အကျင့်စာရိတ္တ ကောင်းမွန်မှတော့ သူ့မိဘတွေကလည်း ကောင်းမွန်တဲ့သူတွေ ဖြစ်မှာ သေချာပါတယ်။

သူမ အံ့ဩသွားတာက... တစ်ယောက်သောသူက သူမမိဘတွေနဲ့ တွေ့ချင်နေတာ ကြာပြီလို့ ကြွားလုံးထုတ်ထားပြီး လုံးဝ စိတ်မလှုပ်ရှားဘူး ထင်နေတာ။ တကယ်တမ်းကျတော့ အဲဒီညမှာ သူ့မေးရိုးတွေ တင်းမာနေပြီး သူမမိဘတွေ ဘာမေးမေး လိမ်လိမ်မာမာ ဖြေနေတယ်။ ထမင်းစားတုန်း စိတ်နဲ့ကိုယ် မကပ်ဘဲ ဂျင်းတစ်တုံးကို ပန်းကန်ထဲ ထည့်လိုက်သေးတယ်။

ကျိုးအန်းရန် သူ့ဘေးမှာ ထိုင်နေတာမို့ တိုးတိုးလေး သတိပေးလိုက်သည်။

"နင် ဂျင်းတစ်တုံး ယူလိုက်တယ်"

ချန်လော့ပိုင် ခေါင်းငဲ့ကြည့်လိုက်သည်။ မျက်နှာထားက ပုံမှန်ထက် ပိုတည်ကြည်နေသည်။ သူမနဲ့ သီးသန့်ရှိတုန်းက ဆိုးသွမ်းတဲ့ပုံစံ လုံးဝ မရှိတော့ဘူး။ မျက်နှာမပျက်ဘဲ ဂျင်းတုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ လေသံကလည်း တည်ကြည်နေသည်။

"ဂျင်းက ဘာဖြစ်လို့လဲ၊ စားလို့ကောင်းသားပဲ"

ကျိုးအန်းရန် - "......"

....

ညစာစားပွဲ ပြီးခါနီးတော့ ဖန်းကျင့်က ရုတ်တရက် ပြောလိုက်သည်။

"အောက်ထပ်မှာ ဒီည ဖျော်ဖြေပွဲတစ်ခုရှိတယ်ထင်တယ်၊ ချန်လော့ပိုင်... ရန်ရန်ကို ခေါ်ပြီး သွားကြည့်ပါလား"

ချန်လော့ပိုင် ခေါင်းညိတ်လိုက်သည်။ ပြီးတော့ ကျိုးချင်းဆွေနဲ့ ဟယ်ကျားယီဘက် လှည့်လိုက်သည်။

"ဒါဆို ဦးလေးနဲ့ အန်တီ... ကျွန်တော် ရန်ရန်ကို ခေါ်ပြီး အောက်ထပ် ခဏဆင်းလိုက်ဦးမယ်၊ ပြီးမှ ပြန်လာခဲ့မယ်"

ကျိုးချင်းဆွေ ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

"သွားကြ... သွားကြ"

ကျိုးအန်းရန်က လူကြီးတွေ သီးသန့် စကားပြောစရာ ရှိလို့နေမှာပါလို့ တွေးမိပြီး ချန်လော့ပိုင်နဲ့အတူ ထလိုက်သည်။

ဘေးနားက ကောင်လေးက အကျင့်ပါနေသလို လက်လာဆွဲမလို့ လုပ်ပြီးမှ တစ်ခုခု သတိရသွားသလို လက်ပြန်ရုတ်လိုက်သည်။

ကျိုးအန်းရန် သူ့နောက်ကနေ လိုက်ထွက်လာသည်။

အခန်းတံခါး ပိတ်သွားမှ ချန်လော့ပိုင် သူမလက်ကို ပြန်ဆွဲလိုက်သည်။

ကျိုးအန်းရန် မျက်လုံးလေးတွေ ကွေးညွတ်သွားသည်။ မော့ကြည့်ပြီး မေးလိုက်သည်။

"ရေ ဒါမှမဟုတ် အချိုရည် သွားဝယ်မလား"

ချန်လော့ပိုင် ရပ်လိုက်သည်။ "အချိုရည် ဘာလုပ်ဖို့လဲ"

"နင် ခုနက ဂျင်းစားလိုက်တယ်လေ" ကျိုးအန်းရန်လည်း လိုက်ရပ်လိုက်သည်။

ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။ စိတ်ဆိုးသလိုလို၊ ရယ်သလိုလို။

"နင် ပြောရဲသေးတယ်။ နင် ခုနက အဲဒီလို မေးလိုက်တော့ နင့်မိဘတွေက ငါ့ကို အစားရွေးတယ်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ"

ကျိုးအန်းရန် - "......"

သူ အစားမရွေးဘူးလို့ ပြောချင်တာလား။

ဒါပေမဲ့ ရင်ထဲမှာ နူးညံ့သွားသလို ခံစားရတယ်။

ကျိုးအန်းရန် သူ့လက်ကို လှုပ်ရမ်းလိုက်သည်။

"သူတို့က အဲဒီလို ကိစ္စသေးသေးမွှားမွှားလေးတွေကို ဂရုမစိုက်ပါဘူး၊ နင် အတင်းစားစရာ မလိုပါဘူး"

"ဂျင်းတစ်တုံး စားရုံလေးပါ" ချန်လော့ပိုင် သူမလက်ဆွဲပြီး ဆက်လျှောက်သွားသည်။ "ဓားတောင်တက် မီးပင်လယ်ဖြတ်ရတာမှ မဟုတ်တာ၊ ဘာအတင်းစားစရာ လိုလို့လဲ"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

ဒီည အောက်ထပ်မှာ ဖျော်ဖြေပွဲ တကယ် ရှိပါတယ်။

အနီးနားက ရင်ပြင်မှာ စင်ဆောက်ထားပြီး ညနေကတည်းက ပြင်ဆင်နေတာ။ နာမည်သိပ်မကြီးတဲ့ အနုပညာရှင်တစ်ယောက် လာမယ်လို့ ကြားတယ်။

ကျိုးအန်းရန်နဲ့ ချန်လော့ပိုင် ရောက်သွားတော့ စင်ဘေးမှာ လူတွေ ပြည့်ကြပ်နေပြီ။ အဝေးက လှမ်းကြည့်ရင် လူအုပ်ကြီး မည်းမည်းမှောင်မှောင်ပဲ မြင်ရတယ်။

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။

"သွားကြည့်ဦးမလား"

ကျိုးအန်းရန် မသွားချင်တော့ဘူး။ သူလည်း လူရှုပ်တာ မကြိုက်မှန်းသိလို့ ခေါင်းခါလိုက်သည်။

"မသွားတော့ပါဘူး"

"ဒါဆို လျှောက်သွားကြည့်ရအောင်" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သား ဆန့်ကျင်ဘက် လမ်းအတိုင်း လျှောက်သွားကြသည်။

နန်ချန်မှာ ဒီနှစ် ဆောင်းရာသီက နွေးထွေးနေသည်။ နှစ်သစ်ကူး ၆ ရက်မြောက်နေ့ပဲ ရှိသေးပေမယ့် နေ့ခင်းဘက် အပူချိန် ၂၀ ဒီဂရီကျော်နေပြီ။ ညဘက်လည်း မအေးဘူး။

လူတွေက ပွဲဈေးတန်းဘက် ရောက်ကုန်လို့ ထင်တယ်၊ လမ်းပေါ်မှာ လူရှင်းနေသည်။ လမ်းတစ်ဝက်မှာ မိန်းကလေးတစ်ယောက် ဂစ်တာတီးပြီး သီချင်းဆိုနေတာ တွေ့လိုက်ရသည်။ လမ်းသွားလမ်းလာတွေက အလျင်လိုနေကြလို့ ဘယ်သူမှ ရပ်မကြည့်ကြဘူး။ သူမမျက်နှာပေါ်မှာ စိတ်ပျက်တဲ့အရိပ်အယောင် မတွေ့ရဘဲ ခေါင်းငုံ့ပြီး သီချင်းကို အာရုံစိုက် ဆိုနေသည်။

၃၊ ၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို အမေက လက်ဆွဲပြီး ခေါ်လာသည်။ ခြေထောက်တိုတိုလေးတွေ ရပ်တန့်သွားသည်။ ခေါင်းစောင်းပြီး စက္ကန့်အနည်းငယ် နားထောင်လိုက်သည်။ ပြီးတော့ လက်ထဲက အရုပ်လေးကို ဂစ်တာအိတ်ထဲ ထည့်ပေးလိုက်သည်။

ဂစ်တာတီးတဲ့ မိန်းကလေး ပြုံးလိုက်သည်။ သီချင်းသံစဉ် ပြောင်းသွားပြီး "ဖေဖေ မေမေ ရုံးသွားတယ်၊ သမီး ကျောင်းသွားမယ်" ဆိုတဲ့ သီချင်းလေး ဆိုလိုက်သည်။

ကျိုးအန်းရန် ချစ်စရာကောင်းတယ်ထင်ပြီး ချန်လော့ပိုင်ကို ကြည့်ခိုင်းမလို့ လုပ်တုန်း ကောင်လေးက လမ်းတစ်ဖက်ခြမ်းကို ကြည့်နေတာ တွေ့လိုက်ရသည်။ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့ သူမ သောက်နေကျ မစ်တီးဆိုင်ကို တွေ့လိုက်ရသည်။

ထင်တဲ့အတိုင်းပါပဲ။ နောက်တစ်စက္ကန့်မှာ ချန်လော့ပိုင် ပြောလိုက်သည်။

"မစ်တီးသောက်ချင်လား"

ကျိုးအန်းရန် ဗိုက်ပြည့်နေပေမယ့် ရေနည်းနည်း ဆာနေသည်။ ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။

"သောက်ချင်တယ်၊ ဒါပေမဲ့ တစ်ခွက်လုံး မကုန်ဘူး"

"ကုန်သလောက် သောက်လေ" ချန်လော့ပိုင် တိုးတိုးလေး ပြောသည်။ "ကျန်တာ ငါ ရှင်းပေးမယ်"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။ "သွားစို့"

ကလေးမလေးက သီချင်းတစ်ဝက် နားထောင်ပြီး အမေဆွဲခေါ်တာ ခံလိုက်ရသည်။

ကျိုးအန်းရန်ကို ချန်လော့ပိုင်က လက်ဆွဲပြီး လမ်းကူးလိုက်သည်။

မစ်တီးဆိုင်က ပစ္စည်းသစ် မိတ်ဆက်နေတာနဲ့ ကြုံနေသည်။ ဝန်ထမ်းက တစ်ခွက်ငှဲ့ပြီး သူတို့ကို ပေးလိုက်သည်။

ကျိုးအန်းရန် တစ်ငုံသောက်ပြီး ချန်လော့ပိုင်ကို ကမ်းပေးလိုက်သည်။

စက္ကူခွက်သေးသေးလေး အနားသတ်မှာ သူမရဲ့ နှုတ်ခမ်းနီရာလေး ကျန်နေသေးသည်။ ကောင်လေးက လှမ်းယူလိုက်ပြီး သူမသောက်တဲ့နေရာကနေပဲ ကျန်တာ မော့သောက်လိုက်သည်။

"ဒါ သောက်မလား" ချန်လော့ပိုင် မေးလိုက်သည်။

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ "စမ်းသောက်ကြည့်မယ်"

မစ်တီးဆိုင်မှာ လူရှင်းနေတော့ တစ်ခွက် အမြန်ရလာသည်။

ကျိုးအန်းရန် တစ်ငုံသောက်ပြီး ဘေးနားက ကောင်လေးကို ကမ်းပေးလိုက်သည်။

ချန်လော့ပိုင် ခေါင်းငဲ့ကြည့်လိုက်သည်။

"မသောက်နိုင်တော့ဘူးလား"

"မဟုတ်ပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "နင့် ဂျင်းအရသာ ပျောက်အောင်လို့လေ"

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ သူမလက်ထဲကနေပဲ ခေါင်းငုံ့ပြီး မစ်တီးတစ်ငုံသောက်လိုက်သည်။

ရှေ့ဆက်လျှောက်ရင်းနဲ့ ကျိုးအန်းရန် ခြေလှမ်း ရပ်တန့်သွားသည်။

ချန်လော့ပိုင်လည်း လိုက်ရပ်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ကျိုးအန်းရန် ဘေးနားက ဆိုင်ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။

"အထဲက ယုန်ရုပ်လေးက နင် အထက်တန်းဒုတိယနှစ်တုန်းက ငါ့ကို ပေးခဲ့တဲ့ဟာနဲ့ တူမနေဘူးလား"

ချန်လော့ပိုင် သူမညွှန်ပြတဲ့နေရာ ကြည့်လိုက်သည်။ ပြီးတော့ မေးငေါ့ပြလိုက်သည်။

"သွား... ဝင်ဝယ်ရအောင်"

"မလိုပါဘူး" ကျိုးအန်းရန် ယုန်ရုပ်လေးကို ကြည့်လိုက်သည်။ "ငါ တက္ကသိုလ်တောင် ဘွဲ့ရတော့မယ်၊ လွယ်အိတ်မှာ အမွှေးပွပွ ယုန်ရုပ်လေးချိတ်ထားရင် ကလေးဆန်လွန်းနေမလား"

ချန်လော့ပိုင် သူမကို ဆွဲခေါ်သွားသည်။

"ဘွဲ့ရပြီးရင် ယုန်ရုပ် မကြိုက်ရဘူးလို့ ဘယ်သူ သတ်မှတ်ထားလို့လဲ။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားပါနဲ့"

ကျိုးအန်းရန်က ဒီလို အသေးစိတ်အချက်လေးတွေကြောင့် သူ့ကို ပိုရင်ခုန်မိတာ။

Live House ကြည့်တုန်းက သူ တိုးတိုးလေး ပြောခဲ့တာကို သတိရသွားသည်။ "လောကကြီးမှာ လူတိုင်းက အပြင်ပန်း သွက်လက်တက်ကြွနေရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေ မရှိပါဘူး" တဲ့။ သူက စည်းမျဉ်းစည်းကမ်း အများဆုံးဖြစ်တဲ့ ဥပဒေပညာ သင်နေပေမယ့် အတွေးအခေါ်ကတော့ အရမ်း လွတ်လပ်တယ်။ လောကဝတ် စည်းကမ်းတွေနဲ့ ကန့်သတ်မထားဘူး။

သူမ ကြိုက်တဲ့လူက လောကကြီးအကြောင်း နားလည်ပေမယ့် လောကကြီးအတိုင်း နေထိုင်တဲ့လူ မဟုတ်ပါဘူး။

သူမ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားပြီး ဆိုင်ထဲ လိုက်ဝင်သွားလိုက်သည်။

ယုန်ရုပ်ဝယ်ပြီး ထွက်လာတော့ ချန်လော့ပိုင် အိတ်ခွံခွာလိုက်သည်။

အရပ်ရှည်ရှည် ကောင်လေးက သူမရှေ့ ရပ်လိုက်သည်။ ခေါင်းငုံ့ပြီး ယုန်ရုပ်လေးကို သူမရဲ့ လွယ်အိတ်အသေးလေးမှာ ချိတ်ပေးလိုက်သည်။ အသံက တိုးပြီး ရယ်သံပါနေသည်။

"ဒီတစ်ခါတော့ ကိုယ်တိုင် ချိတ်ပေးခွင့် ရပြီ"

ရှေ့ဆက်လျှောက်တော့ ကျိုးအန်းရန် လွယ်အိတ်မှာ ယုန်ရုပ်လေး လှုပ်ယမ်းနေတာ ပါလာသည်။

မြစ်ကမ်းဘေး ရောက်တော့ ကျိုးအန်းရန် မစ်တီးခွက်ကို သူ့ကို ပေးလိုက်သည်။

"မသောက်နိုင်တော့ဘူး"

ချန်လော့ပိုင် ယူလိုက်ပြီး နှစ်ငုံလောက်နဲ့ ကုန်အောင်သောက်ကာ လမ်းဘေး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

ကျိုးအန်းရန် ခေါင်းငဲ့ကြည့်လိုက်သည်။

"နင် ငါ့ကို ပြောစရာ ရှိနေတာလား"

ချန်လော့ပိုင်လည်း ခေါင်းငဲ့ကြည့်လိုက်သည်။ "ဘာလို့ မေးတာလဲ"

ကျိုးအန်းရန် - "နင် ဒီည ငါ့ကို ပြောချင်သလိုလိုနဲ့ ခဏခဏ ကြည့်နေလို့လေ"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။

"ဒီစကားကို ကြားဖူးသလိုပဲ"

ကျိုးအန်းရန် - "နင် အရင်တုန်းက ငါ့ကို အဲဒီလို ပြောဖူးတယ်လေ"

သူတို့ စတွဲကာစတုန်းက။

သူ... သူမကို ပထမဆုံးအကြိမ် နမ်းတဲ့ညတုန်းက။

ချန်လော့ပိုင် "အင်း" ဟု ဖြေလိုက်သည်။ အဲဒီညက အဖြစ်အပျက်ကို ပြန်စဉ်းစားနေသလိုပါပဲ။

"ဒါဆို အဲဒီနေ့က ငါ ပြောသေးတယ်မလား... 'မပြောရင် ငါ ဆက်နမ်းလိုက်မှာနော်' လို့..." ကောင်လေး စကားရပ်လိုက်သည်။ လေသံက အဓိပ္ပာယ်ပါလာသည်။ "ကျိုးအန်းရန်... နင် ငါ့ကို အတုခိုးမယ်ဆိုရင် အစုံလိုက် ခိုးသင့်တယ် မဟုတ်ဘူးလား"

ကျိုးအန်းရန် - "......"

သူမမိဘတွေရှေ့မှာ မရှိတာနဲ့ ဒီလူက မတည်မငြိမ် ဖြစ်လာပြန်ပြီ။

သူမ မျက်နှာပူသွားသည်။ "မခိုးပါဘူး"

"ကျိုးအန်းရန်" ချန်လော့ပိုင် သူမပါးကို ထပ်ဆွဲလိုက်ပြန်သည်။ မျက်လုံးထဲမှာ ရယ်ရိပ်တွေ ပါနေတုန်းပဲ။ "နင် ငါ့ကို အရင်လောက် မချစ်တော့ဘူးလို့ ခံစားနေရတယ်"

ကျိုးအန်းရန် သူ စနောက်နေမှန်းသိလို့ တိုးတိုးလေး ပြန်ငြင်းလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ"

ချန်လော့ပိုင် - "အရင်တုန်းက ငါ ဘာပြောပြော နင်က လိမ်လိမ်မာမာ လက်ခံတာပဲ။ စတွဲကာစတုန်းက ငါ တိုက်ခန်းခေါ်သွားတော့လည်း လိမ်လိမ်မာမာ လိုက်လာတာပဲ။ အခု အရင်တုန်းက ငါ ခြိမ်းခြောက်သလိုမျိုး ပြန်ခြိမ်းခြောက်ခိုင်းတာတောင် မလုပ်ပေးတော့ဘူး"

ကျိုးအန်းရန် မျက်စောင်းထိုးလိုက်သည်။

"အဲဒါ နင့်အတွက် ခြိမ်းခြောက်မှု ဟုတ်လို့လား"

"ဟုတ်သားပဲ" ချန်လော့ပိုင် အကြည့်က သူမနှုတ်ခမ်းပေါ် တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။ ဒီနေ့ နှုတ်ခမ်းနီအရောင်က အရမ်း လှနေတယ်။ "ခြိမ်းခြောက်မှု မဟုတ်ပါဘူး"

ကျိုးအန်းရန် ဒီတစ်ခါ သူ့စကားကို ဆက်မပြောတော့ဘူး။ ဆက်ပြောရင် ဘယ်ရောက်သွားမလဲ မသိဘူး။ ခေါင်းစဉ် ပြန်ဆွဲတင်လိုက်သည်။

"နင် ငါ့ကို တကယ် ဘာပြောချင်လို့လဲ"

ချန်လော့ပိုင် ရပ်လိုက်သည်။ သူမမျက်နှာပေါ် ကျရောက်နေတဲ့ အကြည့်တွေက စောစောကထက် ပိုလေးနက်ပြီး အာရုံစိုက်နေသည်။

သူ သူမကို ငြိမ်သက်စွာ ကြည့်နေသည်။ စကားမပြောဘူး။ မျက်ဝန်းနက်နက်တွေက တောက်ပပြီး နက်ရှိုင်းနေသည်။

ကျိုးအန်းရန် ရင်ခုန်သံတွေ မြန်ဆန်လာသည်။

စက္ကန့်အနည်းငယ်ကြာမှ သူ ပါးစပ်ဟလိုက်တာ တွေ့လိုက်ရသည်။

လမ်းပေါ်မှာ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားသည်။

အင်ဂျင်သံ ဆူညံလွန်းလို့ သူ့အသံကို ဖုံးလွှမ်းသွားသည်။ ကျိုးအန်းရန် နောက်ဆုံးစာကြောင်းတစ်ဝက်လောက်ပဲ ကြားလိုက်ရသည်။

"အလေးအနက်ထားဖို့ လိုတယ်" ဆိုတာလောက်ပဲ။

"နင် ခုနက ဘာပြောလိုက်တာလဲ" ကျိုးအန်းရန် နားမလည်စွာ မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး" ချန်လော့ပိုင် သူမလက်ဆွဲပြီး ဆက်လျှောက်သွားသည်။ "နောက်မှ ပြောပြမယ်"

ကျိုးအန်းရန် ပါးဖောင်းလိုက်သည်။ "ဘာလို့ နောက်မှ ပြောပြမှာလဲ"

"ပြောဖူးတယ်မလား" ကောင်လေးအသံမှာ ရယ်သံတွေ ပါနေသည်။ "ငါ့ရည်းစားလေးကို ဆွဲဆောင်ထားဖို့ ရင်ခုန်စရာ ချန်ထားရတာလေ"

***

All Chapters