အခန်း (၉၄-၉၅)
Vol. 6 Ch. 94-95
လီမွန်ဆိုဒါသကြားလုံး
အခန်း ၉၄ ။ Extra : သကြားလုံး
အဲဒီည အိမ်ပြန်ရောက်မှ ကျိုးအန်းရန် သိလိုက်ရတာက ချန်လော့ပိုင်အမေက သူတို့ကို လူစုခွဲပေးလိုက်တာက ကျိုးချင်းဆွေနဲ့ ဟယ်ကျားယီတို့ကို သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေ ပြောပြချင်လို့တဲ့။
သူတို့နှစ်ယောက်လုံးက မဟာဘွဲ့ဆက်တက်ကြမှာမို့ သူ့မိဘတွေက တက္ကသိုလ်ပြီးတာနဲ့ လက်မထပ်ချင်သေးဘူးဆိုရင် စေ့စပ်ပွဲ အရင်လုပ်ထားမလားလို့ မေးကြတယ်။ ဒါပေမဲ့ အရာအားလုံးက သူမသဘောထားကိုပဲ ဗဟိုပြုပေးတယ်။
ကျိုးအန်းရန်က ချန်လော့ပိုင် ဒီညနေ သူမကို ပြောချင်သလိုလိုနဲ့ မပြောဖြစ်လိုက်တဲ့ အကြိမ်ကြိမ်ကို ပြန်သတိရသွားသည်။
ဆိုင်ကယ်သံကြောင့် ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတဲ့ "အလေးအနက်ထားဖို့ လိုတယ်" ဆိုတဲ့ စကားတစ်ဝက်ကို ပြန်သတိရသွားသည်။
ကျိုးအန်းရန် ရင်ခုန်သံ တစ်ချက် မြန်သွားသည်။ စက္ကန့်အနည်းငယ်ကြာမှ ယုန်ကလေး ခေါင်းညိတ်နေတဲ့ စတစ်ကာလေး ပြန်ပို့လိုက်သည်။
ဟိုဘက်ကလည်း စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသည်။
စာရိုက်နေကြောင်းပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသည်။
နှစ်စက္ကန့်လောက်ကြာတော့...
သူ ဖုန်းဆက်လာသည်။
ကျိုးအန်းရန် ကိုင်လိုက်တော့ ကောင်လေးရဲ့ ရင်းနှီးတဲ့အသံ နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"အစီအစဉ်တွေ အများကြီးထဲက ဘယ်ဟာရွေးရမလဲ တွန့်ဆုတ်နေလို့ပါ"
အစအဆုံးမပါတဲ့ စကားတစ်ခွန်း။ ဒါပေမဲ့ ကျိုးအန်းရန် သူ့အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။ ရင်ခုန်သံတွေ ပိုမြန်လာသည်။
ချန်လော့ပိုင်က တိုးတိုးလေး ရယ်လိုက်ပြန်သည်။
"အမေ ပြောတာက... နင့်ကို ကြိုပြီး စိတ်ပြင်ဆင်ထားစေချင်လို့တဲ့။ ရုတ်တရက်ကြီးဆို လန့်သွားမှာစိုးလို့တဲ့။ ပြီးတော့ သူတို့အတွက်လည်း ကြိုတင်ပြင်ဆင်ချိန် ရတာပေါ့"
ဖုန်းထဲမှာ ခဏတိတ်ဆိတ်သွားပြီး နာမည်ခေါ်သံ ကြားလိုက်ရသည်။
"ရန်ရန်"
ကျိုးအန်းရန်လည်း တိုးတိုးလေး ထူးလိုက်သည်။ "အင်း... နားထောင်နေတယ်"
ချန်လော့ပိုင် ခဏရပ်လိုက်ပြီး အသံကို ပိုနှိမ့်လိုက်သည်။ အရမ်း နူးညံ့နေသည်။
"ငါ့ကို ခဏလောက် ထပ်စောင့်ပေးပါဦး"
ကျိုးအန်းရန် ရင်ထဲ နူးညံ့သွားသည်။
တက္ကသိုလ်မှာ ပြန်တွေ့ပြီး အပြန်အလှန် စမ်းသပ်နေကြတဲ့ ကာလကလွဲရင် တွဲပြီးနောက်ပိုင်း သူက သူမကို ဘယ်တော့မှ စိတ်မလုံခြုံအောင် မလုပ်ခဲ့ဖူးပါဘူး။
သူမအပေါ် အမြဲတမ်း ဦးစားပေးခဲ့တယ်။
တွဲလာတဲ့ နှစ်တွေအတွင်း သူက အရင်တုန်းက သီချင်းဆိုပြတုန်းက စာသားကို လက်တွေ့သက်သေပြခဲ့တယ်။
"နင်က အမြဲတမ်း သူများထက် သာလွန်နေတယ်"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ဖြည်းဖြည်းချင်း ကွေးတက်သွားသည်။
"ကောင်းပြီ... ငါ စောင့်နေမယ်"
တက္ကသိုလ် နောက်ဆုံးနှစ် ဒုတိယစာသင်နှစ် ကျောင်းဖွင့်ပြီးနောက် ကျိုးအန်းရန်က ချန်လော့ပိုင် လက်ထပ်ခွင့်တောင်းတာကို မစောင့်ရသေးခင် ယန်ရှင်းချန်နဲ့ တုန်းချန်တို့ နောက်ဆုံးတော့ တွဲဖြစ်သွားကြပြီဆိုတဲ့ သတင်းကောင်းကို အရင် ကြားလိုက်ရသည်။
ဘွဲ့ရခါနီးပြီမို့ အားလုံး အလုပ်ရှုပ်နေကြလို့ တုန်းချန်ရဲ့ တစ်ကိုယ်ရေဘဝ စွန့်လွှတ်ခြင်း (တွဲခြင်း) ဂုဏ်ပြုပွဲကို မေလအစပိုင်းမှ လုပ်ဖြစ်ကြသည်။
မေလ ၁ ရက်နေ့က ပိတ်ရက်ရှည် ဖြစ်နေသည်။
ဒီနှစ်ပိုင်းတွေအတွင်း Live House တွေ ခေတ်စားလာတယ်။ ယွီပင်းချင် သူငယ်ချင်းက အရင်တုန်းက ပိတ်ထားတဲ့ဆိုင်ကို ပြန်ဖွင့်လိုက်တယ်။ ပိုက်ဆံရှိပြီး စိတ်ဓာတ်ခိုင်မာတော့ နာမည်ကြီး ဂီတသမားတွေကို ခေါ်ဖျော်ဖြေခိုင်းလေ့ရှိတယ်။ အခုဆို ကျောင်းပြင်က နာမည်ကြီး Check-in နေရာ ဖြစ်နေပြီ။
ဒီမေလ ပိတ်ရက်ရှည်မှာ လက်ရှိ နာမည်အကြီးဆုံး တီးဝိုင်းတစ်ခုကို ဖိတ်ထားတယ်တဲ့။ ယွီပင်းချင်က သူငယ်ချင်းတွေအတွက် လက်မှတ်တချို့ ချန်ထားပေးတယ်။ ကျန်းရူရှန်း၊ ထန်ကျန့်ရွေ့တို့လည်း နန်ချန်နဲ့ တခြားမြို့တွေကနေ လေယာဉ်စီးပြီး ပေကျင်းကို လာခဲ့ကြတယ်။
မေလ ၁ ရက်နေ့ည၊ လူစုံတက်စုံ ပြန်ဆုံကြတော့ ညစာစားပွဲက အထူးစည်ကားနေသည်။
ယန်ရှင်းချန်နဲ့ တုန်းချန် တွဲပြီးနောက်ပိုင်းလည်း ၃ ခွန်းပြောရင် တစ်ခွန်းက ရန်ဖြစ်နေကြတုန်းပဲ။
ထန်ကျန့်ရွေ့ ခေါင်းခါလိုက်သည်။
"တုန်းချန်... မင်း မမှန်ဘူးလေ။ ယန်ရှင်းချန်က အခု မင်းရည်းစားဖြစ်နေပြီ၊ နည်းနည်းလောက် နူးညံ့ပေးသင့်တာပေါ့"
တုန်းချန် ခေါင်းညိတ်လိုက်သည်။ "ငါ နူးညံ့ပြမယ်"
ပြောပြီးတာနဲ့ နံရိုးတစ်တုံး ညှပ်ယူပြီး ယန်ရှင်းချန် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ နူးညံ့တဲ့အသံနဲ့ ပြောလိုက်သည်။
"ရှင်းရှင်း... နံရိုးစားလေ"
ယန်ရှင်းချန် တူကို စားပွဲပေါ် ချက်ချင်း ချလိုက်သည်။ လက်မောင်းကို ပွတ်လိုက်သည်။
"တုန်းချန်... ငါ့ကို အဲဒီလို မပြောနဲ့၊ ရွံစရာကြီး"
တုန်းချန်က အလိုလိုက်သလို ပြုံးလိုက်သည်။ "တွေ့လား"
ထန်ကျန့်ရွေ့ - "......"
ကျုရန် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
"သူတို့က ရည်းစားအချင်းချင်း ကြည်နူးနေကြတာလေ၊ မင်းက ဘာဝင်ရှုပ်နေတာလဲ"
"ငါ ဘာမှ မပြောဘူးလို့ မှတ်လိုက်" ထန်ကျန့်ရွေ့ လက်မြှောက် အရှုံးပေးလိုက်သည်။
ရှန့်ရှောင်ဝမ်က ဒီနေ့ညနေ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ခွက်ကိုပဲ ကိုင်ထားပြီး တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်။
ကျိုးအန်းရန်က သူမဘေးမှာ ထိုင်နေတာမို့ သတိထားမိသည်။ လက်မောင်းကို တို့လိုက်သည်။
"ရှောင်ဝမ်... နည်းနည်းလျှော့သောက်နော်၊ မူးနေဦးမယ်"
"မမူးပါဘူး" ရှန့်ရှောင်ဝမ်က သူမပခုံးပေါ် ခေါင်းမှီလိုက်သည်။ "ငါ ဒီနေ့ ပျော်နေလို့ပါ"
ကျိုးအန်းရန် သူမ မူးနေပြီမှန်း သိလိုက်သည်။
သူမ ဘာလို့ ပျော်နေတာလဲ?
ကျိုးချင်းဆွေ (ရှန့်ရှောင်ဝမ် ကြိုက်နေသူ) ပြန်လာလို့လား။
ကျိုးအန်းရန် သတိရသွားသည်။ ကျိုးချင်းဆွေက မဟာဘွဲ့အတွက် နိုင်ငံခြားသွားတက်တာ ၂ နှစ်ရှိပြီ။ မကြာသေးခင်ကမှ ဘွဲ့ရပြီး ပြန်လာတာ။ ဒီရက်ပိုင်း အလုပ်ရှာနေတယ်လို့ ကြားတယ်။
ဒါပေမဲ့ ဒီနေ့က သူငယ်ချင်းတွေပဲ စုကြတာလေ။ သူ မလာပါဘူး။
ကျိုးအန်းရန် ဘာမှ ထပ်မပြောတော့ပါဘူး။
"ရန်ရန်... ငါ ခေါင်းနည်းနည်း မူးနေသလိုပဲ" ရှန့်ရှောင်ဝမ်က ပြောရင်း ခေါင်းကို ကျိုးအန်းရန်ပခုံးပေါ် မှီလိုက်သည်။
ကျိုးအန်းရန် သူမကျောကို ထိန်းပေးလိုက်သည်။ လက်နဲ့ ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ငါ ဝန်ထမ်းကို ပျားရည်ရည် တစ်ခွက် လာပို့ခိုင်းလိုက်မယ်။ သောက်ပြီးရင် ဟိုတယ် ပြန်ကြမယ်နော်"
ရှန့်ရှောင်ဝမ် "အင်း" ဟု ဖြေသည်။
ချန်လော့ပိုင်က ကျိုးအန်းရန် တစ်ဖက်မှာ ထိုင်နေသည်။ လှည့်ကြည့်လိုက်သည်။
"ငါ ကျိုးချင်းဆွေကို ခေါ်လိုက်မယ်"
သူ့အသံက မတိုးဘူး။ ရှန့်ရှောင်ဝမ် ကြားလောက်တယ်။ ဒါပေမဲ့ သူမ မငြင်းဘူးဆိုတော့ ကျိုးအန်းရန်လည်း ဘာမှ မပြောတော့ဘူး။
သူတို့ စားသောက်ဆိုင်က A တက္ကသိုလ်နဲ့ မဝေးဘူး။ တုန်းချန် ငွေရှင်းပြီး အားလုံး အပြင်ထွက်လာတော့ ကျိုးချင်းဆွေ အလောတကြီး ရောက်လာတာ တွေ့လိုက်ရသည်။
ရှန့်ရှောင်ဝမ်က အရက်ရှိန် တက်နေပြီ။ သူ့ကို မြင်တာနဲ့ ကျိုးအန်းရန်နဲ့ ကျန်းရူရှန်း လက်ထဲကနေ ရုန်းထွက်ပြီး ယိုင်နဲ့နဲ့နဲ့ သူ့ဆီ ပြေးသွားသည်။
ကျိုးချင်းဆွေ လက်လှမ်းပြီး ထိန်းပေးလိုက်သည်။ လက်က သူမခါးအောက်ပိုင်း ရောက်သွားတာ သတိထားမိလို့လား မသိဘူး၊ ချက်ချင်း ပြန်ရွှေ့လိုက်သည်။ သူမ မတ်မတ်မရပ်နိုင်ဘဲ ဘေးလဲကျမလို့ ဖြစ်သွားတော့မှ ပြန်ထိန်းပေးလိုက်သည်။
ရှန့်ရှောင်ဝမ် မော့ကြည့်လိုက်သည်။
"ငါ ကျိုးချင်းဆွေကို တွေ့နေရသလိုပဲ၊ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်"
အိပ်မက် ဟုတ်မဟုတ် စစ်ဆေးချင်သလို လက်နှစ်ဖက် မြှောက်ပြီး ကျိုးချင်းဆွေပါးကို ဘယ်ပြန်ညာပြန် ဆွဲလိုက်သည်။
လူရှုပ်နေတဲ့ စားသောက်ဆိုင်အပြင်ဘက်မှာ ကျိုးချင်းဆွေက စိတ်ရှည်လက်ရှည်နဲ့ သူမ အရက်မူးပြီး သောင်းကျန်းတာကို ခံနေသည်။
ရှန့်ရှောင်ဝမ် လက်လွှတ်လိုက်မှ သူ တိုးတိုးလေး မေးလိုက်သည်။
"နေမကောင်းတာ ရှိလား"
ရှန့်ရှောင်ဝမ် ခေါင်းခါလိုက်သည်။
"တကယ် အိပ်မက်မက်နေတာပဲ၊ ကျိုးချင်းဆွေက ငါ့ကို ဂရုစိုက်မှာ မဟုတ်ဘူး"
ကျိုးချင်းဆွေ မျက်လုံးမှိတ်လိုက်သည်။ မျက်လုံးထဲက ခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး ကျိုးအန်းရန်ဘက် လှည့်မေးလိုက်သည်။
"သူ ဘယ်လောက် သောက်ထားလဲ"
ကျိုးအန်းရန် ရှန့်ရှောင်ဝမ် မူးနေတာ ပထမဆုံးအကြိမ် မြင်ဖူးတာ။ အခု သူ့ကို ကြည့်ရတာ နည်းနည်း ဘဝင်မကျသလို ဖြစ်နေသည်။ ရှားရှားပါးပါး စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်သည်။
"ဘီယာ ၇၊ ၈ ခွက်နဲ့ အရက်ဖြူ တစ်ခွက်ကြီး။ နင် ပြောကြည့်... သူ နေမကောင်းဘူးလား"
ချန်လော့ပိုင်လည်း သူမ ရန်တွေ့တာ ပထမဆုံးအကြိမ် မြင်ဖူးတာမို့ သူမလက်ကို လာဆွဲပြီး လက်ဖဝါးလေးကို နှစ်သိမ့်သလို ပွတ်သပ်ပေးလိုက်သည်။
"ဒီမှာ ရပ်ဆွေးနွေးမနေကြနဲ့၊ လူကို ဟိုတယ် အရင်ပြန်ပို့လိုက်ကြစို့"
သူတို့ ဟိုတယ်အခန်းတွေကို ညနေကတည်းက ကြိုမှာထားတာ။
ယန်ရှင်းချန်နဲ့ တုန်းချန်က တစ်ခန်း။ ရှန့်ရှောင်ဝမ်နဲ့ ကျန်းရူရှန်းက တစ်ခန်း။ ကျုရန်တို့ ကောင်လေးတွေက ကျန်တဲ့ နှစ်ခန်း ယူထားကြတယ်။
အခန်းရှေ့ ရောက်တော့ ကျန်းရူရှန်းက ရှန့်ရှောင်ဝမ်ကို ကိုယ့်ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်သည်။ ကျိုးချင်းဆွေကို အေးစက်စက် ကြည့်လိုက်သည်။ ကျိုးအန်းရန်ထက် ပိုဆိုးတဲ့ လေသံနဲ့ ပြောလိုက်သည်။
"ရပြီ... ရောက်ပြီ၊ နင် ပြန်လို့ရပြီ"
ကျိုးချင်းဆွေ - "သူ..."
"သူ၊ ငါ လုပ်မနေနဲ့" ကျန်းရူရှန်း ဖြတ်ပြောလိုက်သည်။ "နင် ကြိုက်ရင်လည်း ပြတ်ပြတ်သားသား လုပ်၊ မကြိုက်ရင်လည်း ပြတ်ပြတ်သားသား ငြင်းလိုက်"
ရှန့်ရှောင်ဝမ် ရုတ်တရက် ပြောလိုက်သည်။
"ရူရှန်း... ငါ အန်ချင်သလိုပဲ"
ကျန်းရူရှန်း ရန်မတွေ့နိုင်တော့ဘဲ တံခါးဖွင့်ပြီး ရှန့်ရှောင်ဝမ်ကို တွဲခေါ်သွားသည်။
ကျိုးအန်းရန် ချန်လော့ပိုင်ကို ခေါင်းငဲ့ကြည့်လိုက်သည်။
ကောင်လေးက အခန်းထဲကို မေးငေါ့ပြလိုက်သည်။
"ဝင်သွားလိုက်၊ ငါ သူနဲ့ စကားပြောလိုက်ဦးမယ်"
ကျိုးအန်းရန် ခေါင်းညိတ်ပြီး လိုက်ဝင်သွားသည်။
တခြားတစ်ဖက်မှာ ယန်ရှင်းချန်က တုန်းချန်လက်ထဲက လက်ရုန်းထွက်လိုက်သည်။
"နင် ကျုရန်တို့နဲ့ သွားကစားလိုက်၊ ငါလည်း ဝင်ကြည့်လိုက်ဦးမယ်"
"ငါတို့ ဒီမှာပဲ ပြောကြမယ်"
ချန်လော့ပိုင် - "မင်း တကယ် ဘယ်လိုတွေးနေတာလဲ"
***
လီမွန်ဆိုဒါသကြားလုံး
အခန်း ၉၅ ။ Extra : သကြားလုံး
အဲဒီနေ့ညက ကျိုးချင်းဆွေက မျက်နှာချင်းဆိုင် အခန်းရှေ့မှာ တစ်ညလုံး စောင့်ပေးခဲ့တယ်လို့ ကြားတယ်။ တုန်းချန်က ရည်းစားက ပစ်ထားလို့ ကျုရန်တို့ အခန်းမှာ သန်းခေါင်ထိ ဂိမ်းသွားဆော့တယ်။ ပြန်လာတော့ အခန်းရှေ့က ကျိုးချင်းဆွေကို မြင်ပြီး လန့်တောင် လန့်သွားသေးတယ်။
ကျိုးအန်းရန် နောက်တစ်နေ့ မနက် ၁၁ နာရီအထိ အိပ်နေလိုက်သည်။
ရှန့်ရှောင်ဝမ်က မနေ့ညက နောက်တစ်ခါ ထပ်အန်လိုက်သေးတယ်။ နောက်ပိုင်းကျတော့ တစ်ရေးနိုးလာပြီး ရေထချိုးသည်။
ကျိုးအန်းရန်လည်း အသံကြားပြီး နိုးလာသည်။ ရှန့်ရှောင်ဝမ် အရက်မူး မပြေသေးမှာ စိုးရိမ်လို့ ရေချိုးခန်းအပြင်ဘက်မှာ ထိုင်စောင့်ပေးနေလိုက်သည်။
ဟိုတယ်လိုက်ကာတွေက အလင်းရောင် မကာနိုင်ဘူး။ မနက်ခင်းနေရောင်ခြည်က ပါးလွှာတဲ့ အထည်သားကြားကနေ ဖောက်ဝင်လာပြီး အခန်းထဲကို လင်းထိန်နေစေသည်။
ကျိုးအန်းရန် နိုးလာတော့ ဘေးဘက်ကို လှည့်ကြည့်လိုက်သည်။ ရှန့်ရှောင်ဝမ်က ကုတင်ပေါ်မှာ ဆံပင်ဖွာဖွာနဲ့ ထိုင်နေပြီး ဖုန်းကို ငေးကြည့်နေတာ တွေ့လိုက်ရသည်။
သူမ အိပ်ချင်မူးတူး ဖြစ်နေသေးပေမယ့် ထထိုင်လိုက်သည်။
တခြားကုတင်ပေါ်မှာ အိပ်နေတဲ့ ကျန်းရူရှန်းနဲ့ ယန်ရှင်းချန်တို့က မနိုးသေးဘူး။ ကျိုးအန်းရန် အသံနှိမ့်ပြီး မေးလိုက်သည်။
"နိုးနေတာ ကြာပြီလား၊ ငါ့ကို ဘာလို့ မနှိုးတာလဲ။ နေမကောင်းဘူးလား"
"မဖြစ်ပါဘူး" ရှန့်ရှောင်ဝမ် သတိဝင်လာသလို ဖုန်းကို သူမရှေ့ ကမ်းပေးလိုက်သည်။ "ကျိုးချင်းဆွေက ဆန်ပြုတ် ပြုတ်ထားတယ်တဲ့။ မျက်နှာချင်းဆိုင်ခန်း လာသောက်မလား မေးနေတယ်။ စကားပြောချင်လို့တဲ့"
ကျိုးအန်းရန် အိပ်ချင်နေသေးလို့ ဒူးခေါင်းပေါ် မေးစေ့တင်ပြီး တိုးတိုးလေး မေးလိုက်သည်။
"နင် သွားချင်လား။ သူ မနေ့ကကြည့်ရတာ နင့်ကို တော်တော် ဂရုစိုက်ပုံရတယ်"
ရှန့်ရှောင်ဝမ် ဖုန်းပြန်ယူပြီး မျက်နှာပြင်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေသည်။ ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်သလို ဖုန်းပိတ်လိုက်သည်။
"သွားလိုက်မယ်... ပြတ်ပြတ်သားသား ပြောလိုက်တာ ကောင်းပါတယ်"
ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။
"တစ်ခုခုဆို ငါ့ကို လှမ်းခေါ်လိုက်နော်"
ရှန့်ရှောင်ဝမ် "အင်း" ဟု ဖြေပြီး ကုတင်အောက် ဆင်းမလို့ လုပ်တုန်း ပြန်လှည့်လာပြီး သူမကို ဖက်လိုက်သည်။
"မနေ့ညက နင်တို့ ပင်ပန်းသွားကြပြီ"
"ဘာပင်ပန်းစရာ ရှိလို့လဲ" ကျိုးအန်းရန် ပြုံးပြီး ခေါင်းခါလိုက်သည်။ "သူငယ်ချင်းတွေပဲဟာ"
ရှန့်ရှောင်ဝမ်က သူမလေသံ နူးညံ့သိမ်မွေ့နေတာ၊ ပါးချိုင့်လေးတွေ ပေါ်နေတာ၊ မျက်နှာသစ်မထားတာတောင် လှနေတာကို ကြည့်ပြီး မနေနိုင်ဘဲ ပါးကို ဆွဲလိုက်သည်။
"ချန်လော့ပိုင် ကံကောင်းလိုက်တာ။ ငါသာ ယောကျ်ားလေးဆိုရင် အစတုန်းက သူနဲ့ လုမှာ"
ကျိုးအန်းရန် ရယ်လိုက်သည်။
"သွား... မျက်နှာသစ်တော့"
....
ရှန့်ရှောင်ဝမ် မျက်နှာချင်းဆိုင်ခန်းကနေ ပြန်ရောက်လာတော့ ကျန်းရူရှန်းနဲ့ ယန်ရှင်းချန်တို့ နိုးနေကြပြီ။
ကျန်းရူရှန်းက အတင်းအဖျင်း မေးချင်နေတာ ကြာပြီ။ ရှန့်ရှောင်ဝမ် မျက်နှာချင်းဆိုင်ခန်း သွားတယ်ဆိုတာ သိကတည်းက စပ်စုချင်နေတာ။ နှစ်ယောက်သား စကားများပြီး ပြန်လာရင်တော့ ထိန်းလိုက်ဦးမယ်။ ဒါပေမဲ့ ရှန့်ရှောင်ဝမ်က ပျော်ရွှင်တဲ့ မျက်နှာထားနဲ့ ပြန်ဝင်လာတော့ ကျန်းရူရှန်း ချက်ချင်း ပြေးသွားပြီး လည်ပင်းကို ဖက်လိုက်သည်။
"ဘာလို့ ဒီလောက် ပျော်နေတာလဲ။ ဘာအခြေအနေလဲ။ ကျိုးချင်းဆွေက လက်ခံလိုက်ပြီလား"
ရှန့်ရှောင်ဝမ် ပြုံးပြီး ခေါင်းခါလိုက်သည်။
"သူ ပြောတာ... အခု သူက ငါ့ကို ပြန်လိုက်မယ်တဲ့"
ကျန်းရူရှန်းလည်း သူငယ်ချင်းအတွက် ဝမ်းသာပြီး ပြုံးလိုက်သည်။
"ဒါဆို သူက နင့်ကို ဒီလောက် စောစော ပြန်လွှတ်လိုက်တာလား"
"တုန်းချန်က မက်ဆေ့ခ်ျ ပို့လာတယ်၊ သူ မနေ့ည တစ်ညလုံး မအိပ်ရသေးဘူးတဲ့" ရှန့်ရှောင်ဝမ် ပြောသည်။ "သူ ညနေကျရင် အချိန်ပိုင်းအလုပ်ရှိသေးတယ်ဆိုတော့ အိပ်ရေးဝအောင် အိပ်ပါစေလို့ ပြောပြီး ပြန်လာခဲ့တာ"
ကျန်းရူရှန်းတို့က ပေကျင်းကို ရောက်ဖူးနေကြပြီ။ ညနေကျရင်လည်း ဖျော်ဖြေပွဲ ကြည့်ရဦးမယ်ဆိုတော့ နေ့လည်ပိုင်း အပြင်ထွက် မလည်ကြတော့ဘူး။ နေ့လည်စာ စားပြီးတော့ ချန်လော့ပိုင်က ဟိုတယ် အပေါ်ဆုံးထပ်က အခန်းကျယ်ကြီးတစ်ခန်း ငှားလိုက်သည်။ လူအုပ်ကြီးက ဧည့်ခန်းထဲမှာ အုပ်စုကွဲပြီး ကစားကြသည်။ ရုပ်ရှင်ကြည့်တဲ့လူက ကြည့်၊ ဂိမ်းဆော့တဲ့လူက ဆော့၊ မာကျောက်ကစားတဲ့လူက ကစားနဲ့။
ရုပ်ရှင်ကြည့်တဲ့လူတွေက မာကျောက်ကစားတဲ့လူတွေကို ဆူတယ်ဆိုပြီး မကြာခဏ လှမ်းပြောပေမယ့် တကယ်ကြီး မတားကြပါဘူး။ ဂိမ်းဆော့တဲ့လူတွေကလည်း ကိုယ့်ကောင် သေသွားရင် ခေါင်းမော့ပြီး ရုပ်ရှင်လိုက်ကြည့်လိုက်၊ ဝင်ဆွေးနွေးလိုက် လုပ်နေကြတယ်။
သူငယ်ချင်းဆိုတာ အတူတူ အချိန်ဖြုန်းနေရင်တောင် ပျော်ရွှင်စရာကောင်းတဲ့ လူတွေပါပဲ။
ကျိုးအန်းရန်က ချန်လော့ပိုင်ရင်ခွင်ထဲ မှီပြီး ရှန့်ရှောင်ဝမ်တို့နဲ့အတူ ရုပ်ရှင်ကြည့်နေတာ။ ဒါပေမဲ့ ညနေခင်းလောက်ရောက်တော့ ပေါင်ခွန်းက မာကျောက်ကစားရင်းတန်းလန်း တုန်းချန်တို့နဲ့ ဂိမ်းသွားဆော့ပြန်သည်။ ကျုရန်တို့ဝိုင်းမှာ လူတစ်ယောက် လိုသွားသည်။
သူတို့ လူမပြည့်တာ မြင်တော့ ကျိုးအန်းရန်က မာကျောက်ဝိုင်းဘက် ကူးသွားလိုက်သည်။
ကျိုးအန်းရန်က မကစားတတ်သေးပါဘူး။ ဒါပေမဲ့ နှစ်တိုင်း နှစ်သစ်ကူးဆိုရင် အမေဟယ်က ဆွေမျိုးတွေနဲ့ ကစားတာ ဘေးကနေ ထိုင်ကြည့်ဖူးလို့ စည်းကမ်းတွေကို နားလည်ပါတယ်။
သူမ သွားတော့ ချန်လော့ပိုင်လည်း လိုက်သွားသည်။
သူလည်း တစ်ခါမှ မကစားဖူးဘူး။ ဒါပေမဲ့ သူက သင်ယူတာ မြန်တော့ စည်းကမ်းတွေကို ချက်ချင်း နားလည်သွားပြီး ဘေးကနေ အကြံပေးနိုင်လာသည်။
ပြီးတော့ သူမက "ကစားသမားသစ် ကံကောင်းခြင်း" ရှိနေလို့ ထင်တယ်၊ အကွက်လှလှလေးတွေ ဆက်တိုက် ရနေသည်။
သူမ ဆက်တိုက် နိုင်လာတော့ ကျုရန် မကျေနပ်တော့ဘူး။
"နင်တို့နှစ်ယောက်က လင်မယားတွေ ပူးပေါင်းပြီး အနိုင်ကျင့်နေတာပဲ၊ လွန်လွန်းတယ်"
ထန်ကျန့်ရွေ့လည်း ဝင်ပြောသည်။
"ဟုတ်တယ် လော့ကော... A တက္ကသိုလ်က ထူးချွန်ကျောင်းသားနှစ်ယောက် ပေါင်းပြီး ငါတို့ကို အနိုင်ကျင့်နေတာ မကောင်းဘူးလေ"
ချန်လော့ပိုင်က ကုလားထိုင်ကို ပျင်းရိစွာ မှီထားပြီး လက်ကို ကျိုးအန်းရန်ပခုံးပေါ် တင်ထားသည်။ မျက်ခုံးပင့်လိုက်သည်။ လိပ်ပြာမလုံတဲ့ပုံစံ လုံးဝ မရှိဘဲ ပြန်ပြောလိုက်သည်။
"အားကျလို့လား။ အားကျရင် မင်းတို့လည်း ဉာဏ်ကောင်းတဲ့ ရည်းစား ရှာကြလေ"
ကျုရန် တိုးတိုးလေး ရေရွတ်လိုက်သည်။
"မရှိဘူးများ မှတ်နေလား"
ဟွမ်ရှူးကျဲ့ သတိပေးလိုက်သည်။
"လော့ကောတစ်ယောက်တည်းနဲ့တင် ငါတို့ ရှုံးနေပြီ။ မင်းက ပြင်ပအကူအညီ ထပ်ခေါ်ဦးမလို့လား။ ခွင့်မပြုဘူးနော်"
ချန်လော့ပိုင် ရယ်လိုက်သည်။
"သူ ခေါ်လာလည်း အလကားပါပဲ။ သူကိုယ်တိုင်က သူတို့ရဲ့ ပျမ်းမျှဉာဏ်ရည်ကို ဆွဲချပစ်မှာ"
ကျုရန် အကွက်တစ်ကွက် စီလိုက်သည်။ လက်အားသွားတော့ ဖုန်းကောက်ကိုင်လိုက်သည်။
"ချန်မျိုးရိုး... မင်း ပြန်ပြောစမ်း၊ ငါ အသံဖမ်းပြီး မင်းအစ်မကို ဖွင့်ပြမလို့"
"ငါ့အစ်မကို တိုင်လို့ ဘာထူးမှာလဲ" ချန်လော့ပိုင် အေးအေးဆေးဆေး ကြည့်လိုက်သည်။ "ငါ့ရည်းစား ဒီမှာ ရှိနေတာပဲ။ သူက မင်းဘက် ပါမယ်လို့ ထင်နေတာလား"
ကျုရန် - "......"
ကျုရန် ကျိုးအန်းရန်ကို မော့ကြည့်လိုက်သည်။ မကျေနပ်သလို "ကျွတ်" ခနဲ စုတ်သပ်လိုက်သည်။
ကျိုးအန်းရန်ရှိနေရင် ယွီပင်းချင်က သူ့ဘက် ပါချင်မှ ပါမှာ။
"ကျိုးအန်းရန်" ကျုရန် သူမကို ကြည့်လိုက်သည်။ "ငါ သိချင်နေတာ ကြာပြီ။ အစ်မချင်က ဘာလို့ နင့်ကို ဒီလောက် သဘောကျနေတာလဲ။ နင်တို့ ပုံမှန် ဘယ်လိုဆက်ဆံကြလဲ"
ကျိုးအန်းရန် - "......"
"ဒီအတိုင်းပဲ ဆက်ဆံကြတာပါ" ကျိုးအန်းရန် အကွက်တစ်ကွက် ယူပြီး စီလိုက်သည်။ ချန်လော့ပိုင်က 'ခြောက်' ချခိုင်းလို့ လိမ်လိမ်မာမာ ချလိုက်သည်။ ပြီးမှ ကျုရန်ကို ပြန်ကြည့်လိုက်သည်။ သူက စနောက်နေတာ မဟုတ်ဘဲ တကယ် အလေးအနက် မေးနေတာ တွေ့လိုက်ရလို့ သေချာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အစ်မချင်က သဘောကောင်းပါတယ်။ သူက ငါ့စရိုက်က အေးဆေးနေလို့ ပိုဂရုစိုက်ပေးတာ ဖြစ်မယ်"
"ဟုတ်လား" ကျုရန် စဉ်းစားနေသည်။
ဟွမ်ရှူးကျဲ့ အကွက်ယူပြီး မျက်လုံးလှန်ကြည့်လိုက်သည်။
"ကျိုးအန်းရန်က မူလကတည်းက စရိုက်အေးဆေးတာလေ။ မင်းလို ခွေးထက် စကားများတဲ့ကောင်က လိုက်တုမနေနဲ့"
"မင်း ဘယ်လိုပြောလိုက်တာလဲ" ထန်ကျန့်ရွေ့လည်း အကွက်ယူလိုက်သည်။ "ခွေးက ဘာမှားလို့လဲ။ ခွေးက လူတွေရဲ့ အချစ်ဆုံးသူငယ်ချင်းလေ"
ကျုရန်က ထန်ကျန့်ရွေ့ဘက် လှည့်လိုက်သည်။
"မင်း ဘာနားလည်လို့လဲ။ မင်း အခုထိ ရည်းစားမှ မရှိသေးတာ"
ထန်ကျန့်ရွေ့ - "......"
ထန်ကျန့်ရွေ့ ရင်ဘတ်ကို ဓားနဲ့ အထိုးခံလိုက်ရသလို ဖြစ်သွားသည်။ အခုလေးတင် ယူလိုက်တဲ့ အကွက်ကို လှန်ကြည့်လိုက်တော့ မျက်နှာ ဝင်းပသွားသည်။
"ဆောရီးပါပဲ... ကိုယ့်ဘာသာ ကိုင်မိသွားပြီ။ နိုင်ပြီဟေ့"
အကွက်တွေကို လှဲချလိုက်ပြီး ကျုရန်ဆီ လက်ဖြန့်တောင်းလိုက်သည်။
"မြန်မြန်... ပိုက်ဆံပေး"
ကျုရန် ကြည့်လိုက်သည်။
"မန်ချင်းလေး တစ်ကွက်တည်းကို၊ တစ်ကျပ်တည်း ရမှာ၊ ဘာတွေ ကြွားနေတာလဲ"
ထန်ကျန့်ရွေ့ ပြန်ပြောသည်။
"မင်း ဘာနားလည်လို့လဲ။ မန်ချင်းမပြောနဲ့၊ မင်း အခုထိ တစ်ခါမှ မနိုင်ဖူးသေးဘူး"
ကျိုးအန်းရန် ရယ်ချင်သွားသည်။
....
ဒီနေ့ညနေ ဘာဖြစ်လဲ မသိဘူး၊ ကျုရန် တကယ် တစ်ပွဲမှ မနိုင်ဘူး။
တော်သေးတာက သူတို့က အပျော်ကစားကြတာ။ နိုင်တာ ရှုံးတာက မစ်တီးဖိုးလောက်ပါပဲ။
ညစာစားချိန် နီးလာတော့ ကျုရန် အကွက်တွေကို တွန်းလိုက်သည်။
"မကစားတော့ဘူး၊ မကစားတော့ဘူး။ ငါ ဒီနေ့ တစ်ညနေလုံး ရှုံးထားတာဆိုတော့၊ နင်တို့ကို အကူအညီတစ်ခု တောင်းရင် မလွန်ပါဘူးနော်"
"ဘာအကူအညီလဲ" ထန်ကျန့်ရွေ့ မေးလိုက်သည်။
ကျုရန် - "ဒီည ဖျော်ဖြေပွဲပြီးရင် နင်တို့ ချက်ချင်း မပြန်ကြနဲ့ဦး။ အစ်မချင် မနက်ဖြန် မွေးနေ့လေ။ ငါ Surprise တစ်ခု လုပ်ပေးချင်လို့။ နင်တို့ ဘာမှ လုပ်စရာ မလိုပါဘူး။ အချိန်နည်းနည်း ဆွဲပေးထားရင် ရပြီ။ ငါ ပြင်ဆင်စရာရှိလို့"
ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ သဘောတူလိုက်ကြသည်။
ကျိုးအန်းရန် လက်က မာကျောက်စားပွဲပေါ်ကနေ ခွာလိုက်တာနဲ့ ဘေးနားက တစ်ယောက်ယောက်က လှမ်းဆွဲလိုက်သည်။ စာကြည့်တိုက် သွားတုန်းကလိုပဲ လက်ချောင်းထိပ်လေးတွေကို သူ ကစားနေသည်။
သူမ မျက်နှာရဲသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
....
ညစာစားပြီးတော့ လူအုပ်ကြီး Live House ဘက် လမ်းလျှောက်သွားကြသည်။
ကျိုးအန်းရန် တကယ်တော့ ဒီလို ဖျော်ဖြေပွဲတွေ သိပ်စိတ်မဝင်စားပါဘူး။ သူမနဲ့ ချန်လော့ပိုင်က အိမ်ရှင်တစ်ပိုင်းမို့ တခြားလူတွေကို လိုက်ပို့ပေးတာ။
ဒါပေမဲ့ Live ရဲ့ ဆွဲဆောင်မှုက ကိုယ်တိုင် သွားကြည့်မှ ခံစားလို့ရတာ။ ဖျော်ဖြေပွဲ ပြီးသွားတော့မှ ဒီတီးဝိုင်းက ဘာလို့ ဒီရက်ပိုင်း နာမည်ကြီးနေလဲဆိုတာ ကျိုးအန်းရန် နားလည်သွားသည်။ စင်ပေါ်က တင်ဆက်မှုက တကယ် ဆွဲဆောင်မှု ရှိပါတယ်။
ယွီပင်းချင် ပေးထားတဲ့ လက်မှတ်တွေက ရှေ့ဆုံးတန်းမှာ။
ဖျော်ဖြေပွဲပြီးလို့ တီးဝိုင်းအဖွဲ့ဝင်တွေ စင်နောက် ပြန်ဝင်သွားပေမယ့် သူတို့အနောက်က ပရိသတ်တချို့က မပြန်ချင်သေးဘဲ ကျန်နေကြသည်။
တစ်ယောက်ယောက်က "သူတို့ အပြင်က ကားပေါ်မှာ ပရိသတ်တွေကို နှုတ်ဆက်နေတယ်" လို့ အော်လိုက်မှ ကျန်နေတဲ့ ပရိသတ်တွေ အမြန် ထွက်သွားကြသည်။
Live House ထဲမှာ သူတို့တစ်ဖွဲ့တည်း ကျန်ခဲ့သည်။
တိတ်ဆိတ်သွားတော့ ကျိုးအန်းရန်က ဘေးနားက ကောင်လေး တိုးကပ်လာတာ ခံစားလိုက်ရသည်။ အသံက နားနားကပ်ပြီး ထွက်ပေါ်လာသည်။
"ကျုရန်က အချိန်ဆွဲပေးဖို့ သီချင်းတစ်ပုဒ် ဆိုပေးပါတဲ့"
ကျိုးအန်းရန်က ဘေးဆုံးမှာ ထိုင်နေတဲ့ ယွီပင်းချင်ကို ခိုးကြည့်လိုက်သည်။ ခေါင်းငုံ့ပြီး ဖုန်းပွတ်နေတယ်။ ဘာမှ သတိမထားမိတဲ့ပုံပဲ။ သူမ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"သွားလေ"
ချန်လော့ပိုင် သူမလက်ကို လွှတ်လိုက်ပြီး စင်နောက်ကို ထွက်သွားသည်။
တောက်လျှောက် လက်တွဲထားလို့ ထင်တယ်၊ ကျိုးအန်းရန် လက်ဖဝါးမှာ ချွေးစို့နေသည်။
ကျုရန် အခွင့်ကောင်းယူပြီး တစ်ခုခု ပြင်ဆင်ချင်လို့လား မသိဘူး၊ ချန်လော့ပိုင် ကျောပြင် ပျောက်ကွယ်သွားတာနဲ့ Live House တစ်ခုလုံးက မီးတွေ ပိတ်သွားသည်။ လက်တစ်ကမ်းအကွာအဝေးတောင် မမြင်ရတော့လောက်အောင် မှောင်မဲသွားသည်။
ကျိုးအန်းရန်က Doraemon ဟာသတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူမ သူ့ကို မပြောပြရသေးဘူး။
ခဏကြာတော့ မှောင်မဲနေတဲ့ Live House ထဲမှာ အဝါရောင် မီးရောင်တစ်ခု ထိုးကျလာပြီး စင်ပေါ်က လူရိပ်ကို ဝိုးတဝါး ထွန်းလင်းပေးလိုက်သည်။
ချန်လော့ပိုင် ဘယ်တုန်းက အဝတ်အစား လဲလိုက်လဲ မသိဘူး။
အဖြူရောင် ရှပ်အင်္ကျီ၊ အနက်ရောင် စလွန်းဘောင်းဘီ။
သူ အရင်တုန်းက တရားရုံးချုပ်မှာ အလုပ်သင်ဆင်းတုန်းက ဝတ်စုံနဲ့ ဆင်တူပေမယ့် ဒီနေ့က ရုံးသွားတာ မဟုတ်လို့ အဲဒီလောက် Formal မကျဘူး။ အပေါ်ဆုံး ကြယ်သီး ဖြုတ်ထားတယ်။ လည်ပင်းပေါက် ဟနေပြီး ဖြူဝင်းတဲ့ ညှပ်ရိုးပေါ်နေသည်။ အင်္ကျီလက်ကို တစ်ဝက်လောက် လှန်တင်ထားပြီး ကြွက်သားအမြောင်းမြောင်း ထနေတဲ့ လက်မောင်းတွေ ပေါ်နေသည်။ ချုပ်တည်းထားတဲ့ အငွေ့အသက်တွေ လျော့နည်းသွားပြီး ပျင်းရိပေါ့ပါးတဲ့ အငွေ့အသက်တွေ ပိုများလာသည်။
သူ ထိုင်နေပုံကလည်း ပေါ့ပါးနေသည်။ ခြေထောက်တစ်ဖက်က ထိုင်ခုံတန်းပေါ် တင်ထားပြီး ကျန်ခြေထောက်ရှည်ကြီးတစ်ဖက်က ကြမ်းပြင်ပေါ် ချထားသည်။ ဂစ်တာတစ်လုံး ပိုက်ထားသည်။ အရှေ့မှာ မိုက်ကရိုဖုန်းစင်တစ်ခု ရှိသည်။ ဘေးတိုက်မျက်နှာက မီးရောင်ကြောင့် ရွှေရောင်အနားသတ်လေးတွေ ဖြစ်ပေါ်နေသည်။
ကြည့်ကောင်းလွန်းနေသည်။
ကျိုးအန်းရန်က တစ်ဖက်ခြမ်းက ကျန်းရူရှန်း "ကျွတ်" ခနဲ စုတ်သပ်လိုက်တာ ကြားလိုက်ရသည်။
"ဂစ်တာ၊ အဖြူရောင်ရှပ်အင်္ကျီ၊ မိုက်ကရိုဖုန်းစင်... ဒီအထဲက တစ်ခုခုနဲ့ လူချောလေးတစ်ယောက် တွဲလိုက်ရင်တင် လူသတ်ကွင်းဖြစ်သွားပြီ။ တော်သေးတာက ပရိသတ်တွေ ပြန်ကုန်ကြလို့။ မဟုတ်ရင် ရန်ရန်... နင် ဒီည ပြိုင်ဘက်တွေ အများကြီး တိုးလာတော့မှာ"
ကျိုးအန်းရန် ပြုံးလိုက်သည်။
ပြန်ပြောမလို့ လုပ်တုန်း စင်ပေါ်ကလူက မိုက်ကို စမ်းလိုက်သည်။
တိုးညှင်းတဲ့ "ဟယ်လို" ဆိုတဲ့ အသံ ထွက်ပေါ်လာသည်။
သူ့အသံက မူလကတည်းက နားထောင်ကောင်းပြီးသား။ မိုက်ကရိုဖုန်းနဲ့ ချဲ့လိုက်တော့ ပိုဆွဲဆောင်မှု ရှိလာသည်။
ကျိုးအန်းရန် အာရုံစိုက်သွားသည်။ လှမ်းကြည့်လိုက်တော့ ချန်လော့ပိုင်က မော့ကြည့်လာတာ တွေ့လိုက်ရသည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသလိုပါပဲ။
"ဒီသီချင်းကို ကျွန်တော့်ချစ်သူအတွက် ရည်ရွယ်ပါတယ်"
ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။
ချန်လော့ပိုင်ဆိုတာက ကန်တုံသီချင်း။
ဝန်ထမ်းတွေ မပြန်သေးလို့ ထင်တယ်၊ သူ့အနောက်က ဖန်သားပြင်ကြီးပေါ်မှာ သီချင်းစာသားတွေ ပေါ်လာသည်။
"မနက်လင်းအားကြီးအချိန်နဲ့ ညသန်းခေါင်ယံ ကောင်းကင်က အတူတူပါပဲ"
"ဒီနေရာနဲ့ တောင်ဝင်ရိုးစွန်းက ကြယ်တွေကလည်း အတူတူ လင်းလက်နေမှာပါ"
ဒီအချိန်ထိ ကျိုးအန်းရန် ဘာမှ မရိပ်မိသေးပါဘူး။ နောက်ထပ် စာသားနှစ်ကြောင်း ဆိုပြီးမှ မီးရောင်အောက်မှာ သီချင်းစဆိုကတည်းက ခေါင်းငုံ့ထားတဲ့ ချန်လော့ပိုင်က ရုတ်တရက် မော့ကြည့်လာသည်။ တိုးတိုးလေး ဆိုလိုက်သည်။
"ငါ နင့်ရဲ့ ပုံစံအမျိုးမျိုးကို အမြဲတမ်း သဘောကျနေမှာပါ"
"ငါ နင့်ကို အမြဲတမ်း ကြိုက်နေမှာပါ"
သီချင်းစာသားတွေက သူ့အနောက်က ဖန်သားပြင်ကြီးပေါ်မှာ ထင်ရှားလာသည်။ ချန်လော့ပိုင်က အဝေးကနေ သူမကို စိုက်ကြည့်နေသည်။ မျက်ဝန်းနက်နက်တွေက နက်ရှိုင်းပြီး၊ အမူအရာက အဲဒီနှစ်တုန်းက ဖွင့်ပြောတဲ့ညတုန်းကလို အလေးအနက် ရှိနေသည်။
ကျိုးအန်းရန် ရုတ်တရက် တစ်ခုခု သဘောပေါက်လိုက်သည်။ ရင်ခုန်သံတွေ ရပ်တန့်မရအောင် မြန်ဆန်လာသည်။ အနောက်က စာသားတွေကိုတောင် သေချာ မကြားလိုက်ရတော့ဘူး။
ဒါဆို တကယ်တော့ ကျုရန်က Surprise ပြင်ဆင်တာ မဟုတ်ဘူးပေါ့။
သူက သူမအတွက် Surprise ပြင်ဆင်ပေးနေတာပေါ့။
ကျိုးအန်းရန် ဘေးနားက လူတွေရဲ့ မျက်နှာထားကို လှည့်ကြည့်ပြီး အတည်ပြုချင်ပေမယ့် မျက်လုံးတွေက သူ့ဆီကနေ လုံးဝ ခွာလို့ မရဘူး။
ပထမဆုံး သီချင်းအပိုဒ်ပြီးတော့ ဂစ်တာ Solo လာသည်။
မှားမှာစိုးလို့ ထင်တယ်၊ ချန်လော့ပိုင် ခေါင်းပြန်ငုံ့လိုက်သည်။
ကျိုးအန်းရန်လည်း အကြည့်နည်းနည်း အောက်ချလိုက်သည်။ ကောင်လေးရဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေ ဂစ်တာကြိုးပေါ် ပြေးလွှားနေတာ တွေ့လိုက်ရသည်။ လက်ကွက်တွေက အရင်တုန်းက ဒီနေရာမှာပဲ 'Twinkle Twinkle Little Star' တီးပြတုန်းကထက် အဆပေါင်းများစွာ ကျွမ်းကျင်နေပြီ။
ဆောင်းရာသီကျောင်းပိတ်ရက်တုန်းက မိဘတွေနဲ့ တွေ့ပြီးနောက်ပိုင်း သူတို့ ကျောင်းပြန်ရောက်တာ မကြာသေးဘူး။ စာလုပ်ချိန်ကလွဲရင် ကျန်တဲ့ အားလပ်ချိန် အားလုံးနီးပါး သူမနဲ့အတူတူ ရှိနေခဲ့တာ။
ဘယ်အချိန်တုန်းက သူမကွယ်ရာမှာ ဒီသီချင်းကို လေ့ကျင့်ခဲ့လဲ မသိဘူး။ ဘယ်လောက်ကြာကြာ တိတ်တဆိတ် ပြင်ဆင်ခဲ့လဲ မသိဘူး။
သာယာနာပျော်ဖွယ် ဂစ်တာသံစဉ်တွေ နားထဲမှာ ပဲ့တင်ထပ်နေသည်။ ကျိုးအန်းရန် နှာခေါင်းထိပ်လေး စူးအောင့်လာသည်။
ကျိုးအန်းရန် လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ရင်ခုန်သံတွေ မြန်နေတုန်းပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ အနောက်က စာသားတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
စင်ပေါ်မှာ ချန်လော့ပိုင်က ခေါင်းပြန်မော့လာပြီ။
သူ့ထိုင်ပုံက ပျင်းရိနေတုန်းပဲ။ ဒါပေမဲ့ သူမကို ကြည့်တဲ့အကြည့်တွေမှာ ခိုင်မာတဲ့ အချစ်တွေ ပါနေတယ်။ သူ အခု တိုးတိုးလေး ဆိုနေတဲ့ သီချင်းစာသားတွေလိုပါပဲ။
"လမ်းတစ်ဝက်မှာ လမ်းပျောက်တယ်လို့ မခံစားရဘူး၊ စိတ်ထားက အမြဲတမ်း အတူတူပါပဲ"
"လောကကြီး ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ခရီးလမ်းက နီးနီး ဝေးဝေး"
"နင်ရှိတဲ့အရပ်ဆီ ဦးတည်နေတာက ငါ့ရဲ့ ဦးတည်ချက်ပါပဲ"
သီချင်းတစ်ပုဒ် ဆုံးသွားသည်။ Live House ထဲက တခြားမီးတွေ လင်းမလာသေးဘူး။
နွေးထွေးနူးညံ့တဲ့ မီးရောင်တစ်ခုကပဲ ကျိုးအန်းရန်အပေါ် တည့်တည့်ကျရောက်လာသည်။
စင်ပေါ်မှာ နောက်ထပ် မီးရောင်တစ်ခုအောက်ကနေ ချန်လော့ပိုင်က ထိုင်ခုံမြင့်ပေါ်က ဆင်းလိုက်သည်။ ဂစ်တာကို ဘေးနားက ကြမ်းပြင်ပေါ် ချလိုက်သည်။ လက်မြှောက်ပြီး မိုက်ကရိုဖုန်းစင်ကို မြှင့်လိုက်သည်။
ကြိုတင်လေ့ကျင့်ထားလို့လား မသိဘူး၊ သူ မိုက်ကရိုဖုန်းစင် မြှင့်တဲ့ပုံစံက ကျွမ်းကျင်ပြီး ပေါ့ပါးနေသည်။ ကြည့်ကောင်းလွန်းနေသည်။
ပြီးတော့ ချန်လော့ပိုင်က လက်ကို မိုက်ကရိုဖုန်းစင်ပေါ် တင်လိုက်ပြီး သူမနာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန်က သူ မကြားရမှန်း သိပေမယ့် တိုးတိုးလေး ထူးလိုက်သည်။ "အင်း"
ချန်လော့ပိုင် အကြည့်က သူမအပေါ် ရောက်နေသည်။
"နင်က ဉာဏ်ကောင်းတော့ ငါ ဘာလုပ်ချင်လဲဆိုတာ ခန့်မှန်းမိလောက်ပြီ။ တကယ်တော့ နင့်ကို ဒီလောက်ကြာအောင် မစောင့်စေချင်ပါဘူး။ ဒါပေမဲ့ ဒီသီချင်းသင်ရတာ အချိန်နည်းနည်း ကြာသွားတယ်။ ဒီလူအုပ်စုကို စုစည်းရတာလည်း အချိန်နည်းနည်းကြာသွားတယ်"
ထန်ကျန့်ရွေ့က အောက်ကနေ ရယ်မောပြီး အော်လိုက်သည်။
"ငါ အလုပ်ရှုပ်လွန်းလို့ သေတော့မယ်။ လော့ကော မျက်နှာကြောင့်သာ မဟုတ်ရင် ဒီ ၅ ရက် ပိတ်ရက်ရှည်မှာ အိမ်မှာပဲ ၃ ရက် ၃ ညလောက် အိပ်နေလိုက်တော့မယ်"
"ဟုတ်တယ်" ကျုရန် ထောက်ခံသည်။ "ငါက သရုပ်ဆောင်ပါ လုပ်ပေးရသေးတယ်။ ညနေက ငါ့သရုပ်ဆောင်ချက်တွေက အော်စကာဆုတောင် ရလောက်တယ်"
ချန်လော့ပိုင် စင်ပေါ်မှာ ရပ်ပြီး ရယ်မောလိုက်သည်။ ရှားရှားပါးပါး ပြန်မပြောဘူး။
"ကျေးဇူးပါ"
ဒီစကားပြောတုန်းကလည်း သူ့အကြည့်က ကျိုးအန်းရန်ဆီမှာပဲ ရှိနေတယ်။
သူမကို နောက်တစ်ခေါက် တိုးတိုးလေး ခေါ်လိုက်ပြန်သည်။
"ကျိုးအန်းရန်"
ချန်လော့ပိုင် ခဏရပ်လိုက်သည်။
အလင်းရောင် မှိန်နေတော့ ကျိုးအန်းရန် သူ့မျက်နှာထားကို သေချာ မမြင်ရဘူး။
စက္ကန့်အနည်းငယ်ကြာမှ သူ စကားပြန်ပြောတာ ကြားလိုက်ရသည်။ အသံထဲမှာ ရယ်သံပါနေသည်။
"နင်နဲ့ နည်းနည်း ဝေးနေသလိုပဲ"
ဟွမ်ရှူးကျဲ့လည်း အောက်ကနေ အော်သည်။
"လော့ကော... မကြောက်နဲ့၊ မင်းက ငါ့အိုင်ဒေါလေ"
ပေါင်ခွန်းလည်း ရယ်လိုက်သည်။
"လော့ကောလည်း စိတ်လှုပ်ရှားတတ်တဲ့နေ့ ရှိတယ်ပေါ့"
ချန်လော့ပိုင် - "အဲဒါ မင်းတို့ မသိလို့ပါ၊ ငါ အရင်တုန်းက သူ့ကို ဖွင့်ပြောတုန်းကလည်း သေလောက်အောင် စိတ်လှုပ်ရှားခဲ့တာ"
ကျိုးအန်းရန် ငိုချင်လာပေမယ့် သူ့စကားကြောင့် ရယ်မောလိုက်မိသည်။
ချန်လော့ပိုင် အကြည့်က သူမအပေါ်မှာပဲ ရှိနေသည်။ နာမည် ထပ်ခေါ်လိုက်ပြန်သည်။
"ကျိုးအန်းရန်"
ပြီးတော့ တစ်စက္ကန့်လောက် ထပ်ရပ်လိုက်သည်။
ပြီးမှ မေးလိုက်သည်။ "ငါ့ကို စောင့်မလား"
ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည်။
ချန်လော့ပိုင် လက်မြှောက်ပြီး အဖြူရောင် ရှပ်အင်္ကျီ အပေါ်ဆုံး ကြယ်သီးကို ဖြုတ်လိုက်သည်။ ပြီးတော့ အင်္ကျီအောက်စ တစ်ဝက်ကို ဆွဲထုတ်လိုက်သည်။
သူ့အရပ်က အခု ၁၈၇ စင်တီမီတာ ရှိနေပြီ။ ပခုံးကျယ်၊ ခြေတံရှည်နဲ့ Modelလို ဖြစ်နေတာ။ အင်္ကျီစ ဆွဲထုတ်လိုက်တော့ တည်ကြည်မှုတွေ ပျောက်ကွယ်သွားပြီး အရိုင်းဆန်တဲ့ ဆွဲဆောင်မှုတွေ ပေါ်လာသည်။
ချက်ချင်းဆိုသလို လက်မြှောက်ပြီး လက်ဖျောက်တီးလိုက်သည်။
ရုတ်တရက် အရင်တုန်းက စိတ်ဓာတ်တက်ကြွနေတဲ့ လူငယ်ဆန်မှုတွေ အကုန် ပြန်ပေါ်လာသလိုပါပဲ။
ချန်လော့ပိုင် ပြုံးပြီး နောက်လှည့်ကြည့်လိုက်သည်။
"အနောက်က ဆရာသမားများ... ဒုက္ခပေးပါဦးမယ်"
အနောက်က ဆရာသမားများ?
အနောက်က ဝန်ထမ်းတွေကို ပြောတာလား။
ကျိုးအန်းရန် နည်းနည်း ကြောင်သွားသည်။
နောက်တစ်စက္ကန့်မှာ Live House ထဲက မီးတွေ တစ်လုံးပြီးတစ်လုံး လင်းလာသည်။
တစ်ချိန်တည်းမှာပဲ စင်ရှေ့က စက်ထဲကနေ ရောင်စုံစက္ကူတွေ ပန်းထွက်လာသည်။ လေထဲကို ပျံတက်သွားပြီး တဖွဲဖွဲ ပြန်ကျလာသည်။
ကောင်းကင်ပြည့် ရောင်စုံစက္ကူတွေကြားထဲမှာ ကျိုးအန်းရန် တွေ့လိုက်ရတာက... စင်ပေါ်မှာ အိပ်မက်ဆန်ပြီး လှပစွာ ပြင်ဆင်ထားတာကို တွေ့လိုက်ရသည်။
သူ့အနောက်က စောစောက သီချင်းစာသားပေါ်နေတဲ့ ဖန်သားပြင်ကြီးပေါ်မှာ သူတို့ ဓာတ်ပုံတွေ စပေါ်လာသည်။ ဝူချန် အမှတ် (၁) ကျောင်းမှာ သူ ရိုက်ခဲ့တဲ့ သူမပုံတွေနဲ့၊ သူကိုယ်တိုင် အမှတ် (၁) ကျောင်းဝတ်စုံ ဝတ်ပြီး ရိုက်ထားတဲ့ပုံတွေကို ယှဉ်တွဲပြသထားသည်။ သီးခြားစီ ဖြစ်နေတဲ့ "သူမနဲ့ သူ" ကနေ၊ အတူရှိနေတဲ့ "သူတို့" အဖြစ် ပြောင်းလဲသွားသလိုပါပဲ။ သူတို့ ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးသလိုပါပဲ။
ချန်လော့ပိုင်က ခါးနည်းနည်းကိုင်းပြီး ညာလက်နဲ့ စင်ကို ထောက်ကာ စင်ပေါ်ကနေ ခုန်ဆင်းလိုက်တာ တွေ့လိုက်ရသည်။ သူ ဝတ်ထားတဲ့ ရှပ်အင်္ကျီအဖြူရောင် အောက်စတွေက အဲဒီနှစ် အထက်တန်းပထမနှစ် ကျောင်းအပ်တဲ့နေ့တုန်းကလိုပဲ၊ သူမ လှေကားထိပ်မှာ ရပ်ပြီး သူ တတိယထပ်ကို ပြေးတက်သွားတာကို ကြည့်နေတုန်းကလိုပဲ၊ သူ့အနောက်မှာ လွင့်ပျံသွားသည်။
ပြီးတော့...
သူမ မြင်မြင်ချင်း ကြိုက်ခဲ့ရတဲ့ လူငယ်လေး။
အခု တောက်ပနေတဲ့ လူကြီးတစ်ယောက် ဖြစ်လာပြီဖြစ်တဲ့ လူငယ်လေး။
တစ်လှမ်းချင်း... သူမရှေ့ လျှောက်လာပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။
"ဒီတစ်ခါလည်း ဇာတ်ညွှန်းတွေအများကြီး ကြိုစဉ်းစားထားပါတယ်။" ချန်လော့ပိုင် သူမကို ကြည့်နေသည်။ "ဒါပေမဲ့ ရိုးရိုးရှင်းရှင်း၊ လေးလေးနက်နက်၊ တရားဝင် မေးသင့်တယ်လို့ ထင်လို့..."
သူ စကားရပ်လိုက်သည်။ ဖွင့်ပြောတုန်းကလိုပဲ သူမနာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။
"ကျိုးအန်းရန်"
ကျိုးအန်းရန် ခေါင်းငုံ့ထားသည်။
Live House ထဲက မီးတွေအကုန်လုံး ပွင့်သွားပြီမို့ နေ့ခင်းဘက်လို လင်းထိန်နေသည်။ ဒါကြောင့် ဒီတစ်ခါတော့ သူမ သူ့မျက်နှာထားကို သေချာ မြင်လိုက်ရသည်။
မျက်ဝန်းနက်နက်တွေက နက်ရှိုင်းပြီး အာရုံစိုက်နေသည်။ လှပတဲ့ မေးရိုးတွေက တင်းမာနေသည်။ ဖွင့်ပြောတဲ့နေ့ကထက် ပိုစိတ်လှုပ်ရှားနေသလိုပါပဲ။
သူတို့ကို မနှောင့်ယှက်ချင်လို့ ထင်တယ်၊ ဘေးနားက သူငယ်ချင်းတွေ အကုန်လုံး တိတ်ဆိတ်နေကြသည်။
ကျိုးအန်းရန် ရင်ထဲက တစ်ချက်ထက်တစ်ချက် ပိုမြန်လာတဲ့ ရင်ခုန်သံတွေကိုပဲ ကြားနေရသည်။
ရောင်စုံစက္ကူတွေ ကြမ်းပြင်ပေါ် ပြည့်နေသည်။ ခေါင်းပေါ်မှာ မိုးပျံပူဖောင်းတွေ ရှိနေသည်။
စင်ပေါ်က နှင်းဆီပန်းတွေက လတ်ဆတ်တောက်ပနေသည်။
ပြီးတော့ ချန်လော့ပိုင် လက်ထဲက ကတ္တီပါဘူးလေးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တာ တွေ့လိုက်ရသည်။ အသံက တိုးညှင်းပြီး လေးနက်နေသည်။
"ငါ့ကို လက်ထပ်ဖို့ သဘောတူလား"
ကျိုးအန်းရန် မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ဝဲလာသည်။ သူ့ကို လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
"အင်း ငါအရမ်းကိုလိုလားပါတယ်"
***
ဇာတ်လမ်းအားလုံး ပြီးဆုံးပါပြီ။
အစကနေ အဆုံးထိ လိုက်ပါစီးမျောပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
BLACK PEARL TRANSLATION