သူက ကောင်းကင်ဧကရာဇ်မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား
Vol. 10 Ch. 931
" သူက ဘယ်သူများတုံး "
တုလင်ဖေးနှင့်သူမ၏အဖွဲ့ ထွက်သွားသောအချိန်တွင် ပိုင်ရှောင်ချန်းမှာ ထိုမေးခွန်းအား တွေးတောနေမိတော့သည်။ သူ၏လက်ဖဝါးမှာ စောစောက ရိုက်နှက်ခဲ့ခြင်း၏ ဒဏ်ကြောင့် နာကျင်နေဆဲပင်။
ထိုအခါမှသာ သူ၏လက်ထဲရှိ စွမ်းအင်လမ်းကြောင်းများ ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သူသိလိုက်ရတော့သည်။
" မဟုတ်မှလွဲရော သူက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်များလား။ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူတွေလည်း အဲဒီလောက်ကြီးထိတော့ အသားမမာပါဘူးဟ။ နေပါဦး၊ သူက ကောင်းကင်ဧကရာဇ်များ ဖြစ်နေမလား။ သူ့တပည့်အဖြစ် ခန့်အပ်ဖို့ ဘယ်သူကအသင့်တော်ဆုံးလဲဆိုတာကို ရွေးဖို့နဲ့ ပြိုင်ပွဲဝင်တွေကို သူကိုယ်တိုင် အကဲခတ်ဖို့များ ဒီနတ်မီးလျှံစမ်းသပ်ပွဲထဲကို ဝင်လာတာများလား "
ထိုသို့တွေးမိလိုက်ရုံနှင့် သူသည် ကြောက်ရွံ့လွန်းလှသဖြင့် အသားများတုန်ရီသွားရတော့သည်။
" မဖြစ်နိုင်ပါဘူး။ သူသာ ကောင်းကင်ဧကရာဇ်ဆိုရင် ဘာလို့သူ့ကိုရိုက်ရတာ ဒီလောက်လွယ်နေရတာလဲ။ ပြီးတော့ သူသာ တကယ်ပဲ ကောင်းကင်ဧကရာဇ်ဆိုရင် ငါ့ကိုချက်ချင်း ကွပ်မျက်လိုက်မှာပေါ့ မဟုတ်ဘူးလား "
သူသာ် ထပ်မံ တွေးတောလိုက်ပြီးသောအခါမှသာ အနည်းငယ်စိတ်အေးသွားရပြီး ထိုလူငယ်လေးမှာ ကောင်းကင်ဧကရာဇ်မဖြစ်နိုင်ကြောင်း၊ သူစိုးရိမ်မှုလွန်ကဲနေသည်သာဖြစ်ကြောင်း သူ့ကိုယ်သူပြန်၍ ရေရွတ်နေလိုက်တော့သည်။
မည်သို့ပင်ဖြစ်စေကာမူ စောစောက သူ၏လုပ်ရပ်များမှာ အလွန်စိတ်လိုက်မာန်ပါသော လုပ်ရပ်များ ဖြစ်ခဲ့ကြောင်း သူသိသွားတော့သည်။
ထို့ကြောင့် သူသည် သက်ပြင်းချလိုက်ပြီး အခြားတစ်ဖက်သို့ ထွက်သွားလိုက်၏။ ရက်အနည်းငယ်အကြာတွင် သူသည် ကန္တာရထဲမှ ထွက်သွားနိုင်ခဲ့ပြီး အဆုံးမရှိလောက်အောင် ရှည်လျားကျယ်ပြောနေသည့် နွံအိုင်ကြီးတစ်အိုင်အား ကြည့်လျက်သား ဖြစ်နေတော့သည်။
ထိုနေရာရှိ မြေပြင်များမှာ ရွှံ့နွံများဖြစ်လျှင်ဖြစ်၊ တပွက်ပွက်ထနေသည့် ဗွက်အိုင်များ ဖြစ်လျှင်ဖြစ်နေတတ်၏။ ထိုတပွက်ပွက်ထနေသည့် ပူဖောင်းများ ပေါက်သွားသောအခါ ထွက်ပေါ်လာသည့် နောက်ကျိနေသော မြူခိုးများက ထိုနေရာတစ်ဝိုက်တွင် ရစ်ပတ်နေကြသည်။
ထို့ကြောင့် ထိုနွံအိုင်ကြီး၏ အထက်ရှိကောင်းကင်ယံပင် မည်းမှောင်ကာ ဝိုးတဝါး ဖြစ်နေရသည်။
သူသည် ထိုနွံအိုင်ထဲသို့ မဝင်ခင် တွေဝေနေသည်။ ၎င်းနွံအိုင်ကြီးမှာ အလွန်ထူးဆန်းနေသည်ဖြစ်ပြီး ထိုနေရာကြီးတစ်ခုလုံးမှာလည်း စက်ဆုပ်ဖွယ်ကောင်းသော အငွေ့အသက်များ ရစ်ဝဲနေကြသည်။ သူသည် ယခင်ကထက်ပင် ပို၍ သတိရှိရှိ နေရန်လိုအပ်ကြောင်း ချက်ချင်းပင် ခံစားလိုက်ရတော့သည်။
" ဒီနတ်မီးလျှံစမ်းသပ်ပွဲက တော်တော်ကို ထူးခြားဆန်းကြယ်တာပဲ "
သူသည် ဤနွံအိုင်ကြီး၏ ဘေးဖက်မှ ကွေ့ဝိုက်၍ သွားရန် တွေးကြည့်လိုက်ပါသော်လည်း ကန္တာရကြီးမှာ အလွန်အန္တရာယ်များလှသည်ဖြစ်၍ အဆုံးတွင် နွံအိုင်ကိုဖြတ်၍သာ ချီတက်လိုက်တော့သည်။
တချိန်ထဲမှာပင် သူသည် သူ၏သတင်းပို့ပေလွှာကိုအသုံးပြု၍ သတင်းများ ထုတ်လွှတ်နေ၏။ သူ၏ ဘေးကင်းမှုအတွက်ကိုမူ စိတ်ပူမနေပေ။ သူသတိကြီးကြီးထားနေသ၍ ပြဿနာတက်နိုင်မည်မဟုတ်ပေ။ သို့သော် သူသည် ဖက်တီးကျန်းကြီး၊ ဟိုရှောင်မေ့နှင့် သူ၏အခြားမိတ်ဆွေများအတွက် တွေးပူနေမိသည်။ ဤနတ်မီးလျှံစမ်းသပ်ပွဲအတွင်း သူတို့က တစ်ယောက်ထဲဖြစ်နေသည့်အချိန်တိုင်း သူတို့ရင်ဆိုင်ရသည့် အန္တရာယ်များက ပို၍ကြီးမားလာမည်သာဖြစ်သည်။
သူသည် သတိအပြည့်ထား၍ ထိုနွံအိုင်ကြီးအား ဖြတ်ကျော်နေသဖြင့် သူ၏အသက်ကို အန္တရာယ်ပြုစေနိုင်သည့်အရာ တစ်ခုတစ်လေပင် မကြုံတွေ့ခဲ့ရပေ။ မကြာမီတွင် လဝက်တိတိ ကုန်ဆုံးသွား၏။
သူသည် အန္တရာယ်ရှိသော အခြေအနေအနည်းငယ်နှင့် ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် လေပေါ်တွင်ပျံဝဲနေကြသည့် ကြောက်မက်ဖွယ် အသွင်သဏ္ဍာန်ရှိသော ငှက်များအား သူ မြင်တွေ့ခဲ့ရသည်။ အနည်းငယ်ကြာပြီးနောက် မျှော့တစ်အုပ်လုံးက လေပေါ်သို့ပျံတက်၍ ထိုငှက်များအား အရှင်လတ်လတ် ဝါးစားပစ်ခဲ့သည်ကို တွေ့ခဲ့ရသည်။
နွံအိုင်ထဲရှိ ရေထဲတွင် ကူးခတ်နေကြသည့် အသေးစား ပိုးလောက်လန်းများနှင့် လူသေအလောင်း ရှစ်ခု၊ ကိုးခုခန့်ကိုပါ မြင်တွေ့ခဲ့ရသေးသည်။
တစ်ကြိမ်တွင် မီတာသုံးရာတိတိအမြင့်ရှိသော ပင့်ကူကြီးတစ်ကောင်အား သူ မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ သူ့အားစိုက်ကြည့်ခဲ့ပါသော်လည်း သူ့ကို ရန်ပြုရန် မဖြစ်နိုင်ကြောင်း အာရုံခံမိလိုက်သဖြင့် နောက်ဆုံးတွင် နွံအိုင်ထဲရှိ ရေများထဲသို့ ပြန်၍ ဆင်းသွားခဲ့သည်။
" ဒီနေရာက ယင်ယန်ဝိညာဥ်အဆင့်မှာရှိတဲ့လူတွေအတွက်ဆိုရင် အသက်အန္တရာယ်ပြုနိုင်လောက်တဲ့အထိ အန္တရာယ်များတာပဲကွ "
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ရှေ့ဆက်သွားရင်း သူ၏အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ပထမဆုံးဖြစ်ရပ်ကြီးနှင့် ကြုံတွေ့လိုက်ရတော့သည်။
ပုတ်ပွနေသည့် ဧရာမလက်ကြီးတစ်ဖက်က ရေထဲမှနေ၍ ဘီလူးကြီးတစ်ကောင်၏ လက်အလား ထိုးထွက်လာသည်။ ထိုလက်ကြီးက ပိုင်ရှောင်ချန်းထံသို့ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ဦးတည်လာသဖြင့် ပုတ်ပွနေသည့် အသားများနှင့် သွေးခဲများမှာ ဘေးသို့လွင့်စင်သွားကြတော့သည်။
ထိုလက်တစ်ဖက်ထဲသာဖြစ်ပါက တုန်လှုပ်ဖွယ် ကောင်းမည်မဟုတ်ပေ။ သို့သော် ထိုလက်၏နောက်တွင် လက်မောင်းတစ်ဖက်ပါ ထွက်လာသဖြင့် သူ၏ အပြင်အားအမြောက်အမြား၊ ထာဝရပြုစားခြင်းသိုင်းနှင့် မကြာသေးမီကမှ ရရှိခဲ့သော လွန်းပျံလေးတို့အား အသုံးပြုလိုက်မှသာ ထိုအန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သူ ဘေးကင်းရာသို့ ရောက်သွားသောအခါ သူ၏နောက်ဘက်ရှိ နွံအိုင်ထဲတွင် ဖီဆန်လိုသော အသံကြီးတစ်သံ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့သည်။
" ယင်ယန်ဝိညာဥ်အဆင့်တောင် မဟုတ်ဘူး။ ဒီနေရာက နတ်အဆင့်ကျင့်ကြံသူတွေအတွက်တောင် အန္တရာယ်များနေတာပဲ "
သူ၏ စိုးရိမ်ထိတ်လန့်မှုများ ပို၍ကြီးထွားလာတော့သည်။ နောက်ရက်များတွင် သူသည် မြစ်လေးမြစ်မှ ကျင့်ကြံသူများနှင့် ဆုံခဲ့ရသေးသည်။ ထိုအထဲမှ အနည်းငယ်မျှသာ ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ဖြစ်ကြသည်။ သို့သော် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းသားများ မဟုတ်သရွေ့ သူသည် ထိုလူများအား တတ်နိုင်သမျှ အကူအညီပေးခဲ့သည်။
ထိုအခါ ထိုလူများမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားကြပြီး သူကလည်း ဖက်တီးကျန်းကြီးနှင့် သူ၏မိတ်ဆွေများအကြောင်းကို အမြဲ ပြန်မေးခဲ့သည်။ ကျောက်စိမ်းပေလွှာများထဲတွင် သူသိမ်းဆည်းထားခဲ့သည့် သူတို့၏ရုပ်ပုံများကိုပင် ထိုလူများအား ထုတ်ပြခဲ့လေသည်။
သူက ဇွဲမလျှော့ပဲ လူတိုင်းအား ထိုမေးခွန်းများကို မေးမြန်းပြီးနောက် အဆုံးတွင် ဖက်တီးကျန်းကြီးနှင့် ပတ်သတ်သော သဲလွန်စတစ်ခုအား ပြောပြခဲ့သည့် လူတစ်ယောက်ကို ရှာတွေ့သွားတော့သည်။
" ဆရာကြီးပိုင်၊ အဲဒီလူကို ကျွန်တော်လွန်ခဲ့တဲ့နှစ်ရက်လောက်တုံးက တွေ့ခဲ့တယ်ဗျ။ ဒီနေရာကနေဆိုရင် အနောက်ဘက်မှာ တွေ့ခဲ့တာ။ ကျွန်တော်သာ အမှတ်မလွဲဘူးဆိုရင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ရှေးဦးလျှပ်စီးသခင်က သူ့နောက်ကို လိုက်ဖမ်းနေခဲ့တာဗျ "
ထိုအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် ချက်ချင်းပင် အေးစက်သော အလင်းရောင်များဖြင့် တလက်လက်တောက်ပသွားတော့သည်။
" လွန်ခဲ့တဲ့နှစ်ရက်၊ အနောက်ဘက်မှာ "
ထိုလူအား ကျေးဇူးတင်ကြောင်း ဆိုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် အနောက်ဘက်သို့ အတတ်နိုင်ဆုံး လျင်မြန်စွာ ဦးတည်သွားပြီး လမ်းတစ်လျှောက်တွင် ဖက်တီးကျန်းကြီးအား အဆက်မပြတ် သတင်းများ ပေးပို့နေလေတော့သည်။
ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သဖြင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် များစွာပို၍လျင်မြန်စွာ သွားလာနိုင်၏။ သူသည် နွံအိုင်ကြီးကိုဖြတ်၍ ပျံသန်းသွားသဖြင့် သူ၏နောက်တွင် တဝီဝီမြည်သံများ အတန်းလိုက်ကျန်ရစ်ခဲ့တော့သည်။
ဖက်တီးကျန်းကြီး ရှိခဲ့သောနေရာနှင့် သူလိုက်ဖမ်းခံနေရစဥ်က ထွက်ပြေးသွားခဲ့သည့် အရပ်မျက်နှာကို အတိအကျမသိသဖြင့် သူ့မှာ ရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ဆင်ကန်းတောတိုး၍ ရှာဖွေရန်သာဖြစ်သည်။
ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်းနှင့် မဝေးလှသောနေရာတစ်ခုတွင် ဟောဟဲဆိုက်၍ ပြေးလွှားနေသည်။ လမ်းတစ်လျှောက်တွင်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ မျှော့များကိုခွာနေရသဖြင့် သူ အလွန်နာကျင်နေရတော့သည်။
ယခုအချိန်မှာ သူက လေပေါ်တွင် မပျံသန်းရဲပေ။ ဤနေရာသို့ တည်နေရာ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် အစပိုင်းတွင် ဘေးရန်ကင်းနေခဲ့သည်။ သူ၏ စိတ်ဆန္ဒအမြုတေမှ သူ၏ယင်ယန်ဝိညာဥ်ကို ပေးစွမ်းထားခဲ့သည့် စွမ်းအင် အကြွင်းအကျန်ကိုသုံး၍ သူသည် ကြီးမားသော အန္တရာယ်များကို ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော်လည်း သူ၏လှုပ်ရှားမှုများကို ရှေးဦးလျှပ်စီးသခင်က သတိထားမိသွားပြီး သူ့မှာ တမူထူးခြားသော မှော်ပစ္စည်းတစ်မျိုးမျိုး ရှိနေသည်ဟု အထင်လွဲသွားခဲ့သည်။ ဖက်တီးကျန်းကြီးက မည်မျှပင် ကြိုးစားရှင်းပြစေကာမူ ရှေးဦးလျှပ်စီးသခင်က သူ့အား လုံးဝမယုံကြည်ခဲ့ပေ။
ရှေးဦးလျှပ်စီးသခင်၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့ထက် များစွာအဆင့်မြင့်နေသည့်အပြင် သူ၏နောက်တွင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ ကျင့်ကြံသူနှစ်ယောက်ကလည်း အဖော်အဖြစ် လိုက်ပါလာခဲ့သည်။ သူတို့က သူ့အားဖမ်းမိတော့မည့်ဆဲဆဲတွင် သူသည် နွံအိုင်ပေါ်သို့ဆင်း၍ ခြေလျင်ထွက်ပြေးသည့်နည်းကို အသုံးပြုခဲ့သောကြောင့်သာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နွံအိုင်ကိုဖြတ်၍ ပြေးနေရသည့်အတွက် မရေမတွက်နိုင်သော မျှော့များနှင့် အခြားရက်စက်ကြမ်းကြုတ်ဖွယ် သတ္တဝါများက သူ့အား ဖုံးလွှမ်းသွားကြတော့သည်။ ကံကောင်းထောက်မစွာပင် သူ၏စိတ်ဆန္ဒစွမ်းအားက သူ့ကို အတော်အသင့် ဘေးကင်းစေရန် ထိန်းသိမ်းပေးနိုင်ခဲ့ပါသော်လည်း ဒဏ်ရာရရှိသွားခဲ့သည်။ ထို့အပြင် လေပေါ်မှနေ၍ သူ့နောက်သို့လိုက်နေဆဲဖြစ်သည့် ရှေးဦးလျှပ်စီးသခင်နှင့် သူ၏အပေါင်းအပါများ ရန်မှလည်း မလွတ်သေးပေ။
ထိုသို့လိုက်ဖမ်းနေခဲ့သည်မှာ ယနေ့နှင့်ဆိုလျှင် သုံးရက်မြောက်နေ့သို့ ရောက်သွားပြီဖြစ်သောကြောငံ ဖက်တီးကျန်းကြီးမှာ မျှော်လင့်ချက်များ ကင်းမဲ့စပြုလာတော့သည်။ သူသည် မောပန်းနေပြီဖြစ်ပြီး သူ၏မျက်ဝန်းများထဲတွင် ဒေါသမီးများတောက်လောင်နေပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း မတည်မငြိမ်ဖြစ်နေပြီဖြစ်သည်။ စွမ်းအင်ကုန်ခမ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီလည်းဖြစ်သည်။
ထို့အပြင် သူသည် လေပေါ်တွင်မပျံသန်းလိုသောကြောင့် နွံအိုင်ထဲရှိ အန္တရာယ်များကို အားတင်းရင်ဆိုင်နေရသဖြင့် ပို၍အခက်တွေ့နေရတော့သည်။ မျှော့များကြောင့် အသက်ပျောက်လုမတတ် ဖြစ်ခဲ့ရသည်မှာလည်း တစ်ကြိမ်နှစ်ကြိမ် မကတော့ပေ။
" ဒါ ဘယ်လိုနေရာကြီးလဲကွာ။ ပြီးတော့ ရှေးဦးလျှပ်စီးသခင်ကရော ဘာလုပ်ချင်နေတာတုံး။ အနိုင်ကျင့်ဖို့လောက်ပဲ သိတဲ့ကောင် "
ဖက်တီးကျန်းကြီးမှာ ဒေါသူပုန်ထနေပါသော်လည်း အခြားရွေးချယ်စရာမရှိပေ။ သူသည် ထိုသို့ထွက်ပြေးနေရင်း ရှင်းကုံကျစ်တာအိုဂိုဏ်းမှ သူ၏ ရောင်းရင်းကျင့်ကြံသူများအား သတင်းများ အခါအားလျော်စွာ ပေးပို့နေတော့သည်။
သူသည် ခံနိုင်ရည် အဆုံးသို့ရောက်နေပြီဖြစ်သည်။ သူ့အားလိုက်ဖမ်းနေသူများမှာ နွံအိုင်ထဲသို့ဆင်း၍ သူ့အားလိုက်ရှာရန် ဆန္ဒမရှိသောကြောင့်သာ သူအသက်ရှင်နေသေးခြင်းဖြစ်သည်။
သူသည် မီးစာကုန်တော့မည်ဖြစ်၍ တဖျစ်ဖျစ်မြည်နေသည့် ရေနံဆီမီးခွက်တစ်ခွက်ကဲ့သို့ ဖြစ်နေသည်။ သူ၏ မှန်းဆချက်များမှာ မှားယွင်းခဲ့ပြီး ဤနတ်မီးလျှံစမ်းသပ်ပွဲမှ အသက်ရှင်လျက် ထွက်ခွာနိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ခါးသက်သက် ရယ်မောလိုက်တော့သည်။
သို့သော် ထိုအချိန်တွင် သူ တုန်ရီသွားတော့သည်။ သူ၏ စိတ်ဆန္ဒအမြုတေ၏ အလိုလိုသိစိတ်များက အလွန်စွမ်းအားကြီးသော လူတစ်ယောက်သည် နွံအိုင်အားဖြတ်၍ သူ့ဆီသို့လာနေသည်ဖြစ်ပြီး မီတာသုံးထောင်ခန့်သာ ကွာဝေးတော့ကြောင်း သူ့အား သတိပေးလိုက်လေသည်။
သူသိသလောက်ဆိုလျှင် ထိုရောက်လာမည့် လူအသစ်မှာ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်၍ သူအသက်ရှင်ရန် လမ်းစမရှိတော့ကြောင်း သေချာသွားတော့သည်။
" ကောင်းပြီလေ။ ငါဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲဆိုတော့ မင်းတို့ထဲကတချို့ကို ငါနဲ့အပါခေါ်ရတာပေါ့ "
သူသည် ဒေါသမီးများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် လေပေါ်သို့ပျံတက်သွားသောအခါ မျောက်နှင့်တူသော ရှေးဦးလျှပ်စီးသခင်မှာ မြောက်ပိုင်းဝတ်ရုံများဆင်မြန်ထားသည့် ကျင့်ကြံသူနှစ်ယောက်ကို ခြံရံလျက် သူ့ထံသို့ ချဥ်းကပ်လာတော့သည်။
တချိန်ထဲမှာပင် မီတာရာဂဏန်းများစွာ အကွာရှိလေထုကြီးမှာ တုန်ရီသွားပြီး နွံအိုင်ထဲမှ မီတာသုံးရာအမြင့်ရှိသော ပင့်ကူကြီးတစ်ကောင် ပေါ်ထွက်လာတော့သည်။
ရှေးဦးလျှပ်စီးသခင်နှင့် သူ၏အဖော်နှစ်ယောက်မှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး ထွက်ပြေးရန်ပြင်လိုက်တော့သည်။ ဖက်တီးကျန်းကြီးကမူ သူတို့၏ လမ်းကိုပိတ်ရန် ပြင်လိုက်စဥ် သူ၏အိတ်ထဲရှိ သတင်းပို့ပေလွှာမှာ ရုတ်တရက် တုန်ရီသွားတော့သည်။
" အစ်ကိုကြီး၊ ဘယ်မှာလဲ "
ဖက်တီးကျန်းကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရလိုက်ပြီဖြစ်သဖြင့် သူသည် ရှေးဦးလျှပ်စီးသခင်နှင့် သူ၏အဖော်နှစ်ယောက်အား လျစ်လျူရှုလိုက်ပြီး ခေါင်းကိုနောက်ပစ်၍ အသံကုန်အော်ဟစ်လိုက်တော့သည်။
" ငါ့ကိုကယ်ဦး ရှောင်ချန်းရေ "
သူ၏အော်ဟစ်သံကြီးမှာ အနည်းငယ်ကွာဝေးသော နေရာတစ်ခုတွင်ရှိနေသည့် ပိုင်ရှောင်ချန်း၏ နားထဲသို့ ပဲ့တင်ထပ်သွား၏။ ထိုအခါ သူသည် တုံ့ခနဲရပ်လိုက်ပြီး အသံလာရာအရပ်သို့ ဆတ်ခနဲလှည့်လိုက်တော့သည်။ ထို့နောက် တရိပ်ရိပ်တက်နေသည့် စွမ်းအင်များဖြင့် ထိုအရပ်မျက်နှာသို့ လျှပ်စီးတန်း တစ်တန်းကဲ့သို့ ဦးတည်သွားတော့သည်။ ထိုအခါ ကောင်းကင်ကြီး၏ စိတ်ဆန္ဒမှာ တုန်ရီသွားပြီး သူ ဖက်တီးကျန်းကြီးအနားသို့ ရောက်သွားသောအခါ ကောင်းကင်ပေါ်တွင် သူ၏မျက်နှာကြီး ပေါ်ထွက်လာတော့သည်။