← Chapters

ကျုပ်ကို သွေးတိုးစမ်းတာလား

Vol. 10 Ch. 932

ကျုပ်ကို သွေးတိုးစမ်းတာလား

Vol. 10 Ch. 932

ပိုင်ရှောင်ချန်းက လေထဲတွင် ပြန်ပေါ်လာသောအခါ ယခုထက်ထိ သူ မကြုံတွေ့ရသေးသော လျှပ်စီးတိမ်တိုက်သခင်သည် အလွန်တင်းမာခက်ထန်သော မျက်နှာထားဖြင့် အခြားတစ်နေရာရှိ နွံတောတစ်လျှောက် ပျံသန်းနေသည်။

သူက နတ်အဆင့်အခိုးအငွေ့များ တလိပ်လိပ် ထွက်ပေါ်နေသည်ကို အာရုံရလိုက်သည့်အခါ သူ၏မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

သူသည် လွန်ခဲ့သောကာလများဆီက ခန္ဓာကိုယ်တစ်ခုနှင့် လူတစ်ယောက် ဖြစ်ခဲ့ဖူးသော အမြွှာလျှပ်စီးတိမ်တိုက်သခင်ညီနောင်၏ အစ်ကိုကြီးဖြစ်သည်။ ကျင့်ကြံခြင်းမတော်တဆမှုတစ်ခုကြောင့် သူတို့နှစ်ဦး ကွဲသွားခဲ့သော်လည်း စိတ်ချင်းဆက်နေသေးပြီး လျှို့ဝှက်မှော်ပညာတစ်ရပ်မှတစ်ဆင့် တစ်ယောက်ကို တစ်ယောက်ဆက်သွယ်နိုင်သည်။

အစ်ကိုကြီးဖြစ်သူက ပိုင်ရှောင်ချန်းနှင့် သူ၏ကိုယ်တစ်ခြမ်းအကြား ဖြစ်ပွားခဲ့သည့် ဖြစ်ကြောင်းကုန်စင်ကို သိထားပြီးဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခဲ့စဥ်က သူသည် သဲကန္တာရဒေသမှ နွံတောကြီးခြားထားသော လွင်ပြင်များဒေသသို့ ရောက်ရှိနေသည်။

ထိုအချိန်က သူသည် အကူအညီတစ်စုံတရာပေးရန် အလှမ်းဝေးကွာနေခဲ့သော်လည်း ချက်ချင်းပင် သဲကန္တာရဆီသို့ တဟုန်ထိုးသွားခဲ့သည်။ ယခု သူ နွံတောထဲရောက်နေစဥ် ပိုင်ရှောင်ချန်း၏ အရှိန်အဝါအား ရုတ်တရက် အာရုံရလိုက်၍ လျှို့ဝှက်မှော်ပညာမှတစ်ဆင့် သူ၏ညီကို ခေါ်လိုက်သည်။

" ပိုင်ရှောင်ချန်းက နွံတောထဲမှာ။ မြန်မြန်လာခဲ့။ ငါတို့နှစ်ယောက်ပေါင်းပြီး သူ့ကို တိုက်ခိုက်ကြမယ် "

အမြွှာလျှပ်စီးတိမ်တိုက်သခင်ညီနောင်၏ ညီဖြစ်သူက နွံတောထဲမှ ထွက်၍ လွင်ပြင်ဒေသသို့ ဝင်ရောက်ခါနီးဆဲဆဲဖြစ်သည်။ သို့သော် စာရလိုက်သည်နှင့် သူ၏မျက်လုံးများမှာ ဒေါသမီးများတောက်လောင်သွားပြီး သူက နွံတောထဲ ပြန်လည်ဦးတည်လိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ကြယ်ကြွေသည့်အလား ဖက်တီးကျန်းကြီးထံ တဟုန်ထိုးသွားနေသည်။

သူတို့သည် အစကတည်းက မဝေးလှသောကြောင့် သူ၏အရှိန်အဝါသည် ဖက်တီးကျန်းကြီးပတ်လည်ရှိ နေရာအပေါ်သို့ ကျရောက်နေပြီဖြစ်သည်။

ထိုသို့ကျရောက်လာသည့်အတွက် စောစောက ထွက်ပေါ်လာသည့် ဧရာမပင့်ကူကြီးမှာ ရုတ်တရက် တဆတ်ဆတ်တုန်ရီသွား၏။ ၄င်း၏ မျက်လုံးများအတွင်းဝယ် ဖက်တီးကျန်းကြီးအား တစ်ခုခု ထူးခြားနေသည်ဟု မြင်နေဟန်တူသည်။ သူက ပိုင်ရှောင်ချန်းထံမှ ဖိအားကို လျစ်လျူရှူ၍ လေပေါ်ခုန်တက်ကာ ဟိန်းဟောက်၍ ဖက်တီးကျန်းကြီးထံ ဦးတည်လိုက်သည်။

ရှေးဦးလျှပ်စီးသခင်နှင့် သူ၏အပေါင်းအပါများက အံ့ဩမှင်သက်လျက် နောက်ဆုတ်လိုက်ကြ၏။ သို့သော် သူတို့ အဝေးသို့ မရောက်ခင်မှာပင် ပင့်ကူကြီးက အနက်ရောင်ပိုးမျှင်တန်းပေါင်းများစွာ ထုတ်လွှတ်လိုက်လေရာ တစ်ဖွဲ့လုံးအား ရစ်ပတ်သွားတော့သည်။ ဖက်တီးကျန်းကြီး၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီးနောက် သူသည် နွံတော၏ ရေများအတွင်းသို့ ဆွဲခေါ်ခြင်းခံလိုက်ရလေသည်။

ရှေးဦးလျှပ်စီးသခင်နှင့် အပေါင်းအပါများမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားကြပြီး လွတ်မြောက်ရန် ရုန်းကန်ကြပါသော်လည်း မတတ်နိုင်ကြပေ။ တချိန်တည်းမှာပင် အနက်ရောင်မြူများအားလုံး သူတို့၏မျက်နှာများအပေါ် ဖုံးလွှမ်းလာသည်။ ၄င်းတို့ လူးလွန့်လှုပ်ရှားနေသည်ကိုကြည့်ရသည်မှာ ပင့်ကူနက်များဖြင့် ဖုံးလွှမ်းခံထားရသည့်အလား ဖြစ်နေတော့သည်။

သူတို့အားလုံးအနက် ဖက်တီးကျန်းကြီးက အားအနည်းဆုံးဖြစ်၍ များစွာထိခိုက်ဒဏ်ရာရသွားသည်။ သူက ချက်ချင်းပင် သတိလစ်သွားပြီး ရှေးဦးလျှပ်စီးသခင်နှင့် သူ၏အပေါင်းအဖော်များမှာ ပို၍ စွမ်းအားကြီးသော ကျင့်ကြံခြင်းအခြေခံရှိနေခြင်းကြောင့် အတန်ကြာသည်အထိ ပြန်လည်တိုက်ခိုက်နိုင်ကြသည်။

ပင့်ကူကြီးက နွံအိုင်ထဲသို့ ပြန်ဝင်သွားပြီး ဖက်တီးကျန်းကြီးနှင့်အခြားလူများအား အတူဆွဲခေါ်သွားစဥ် ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးအလား အသံတစ်သံ ပေါ်ထွက်လာတော့သည်။ အပေါ်ထက်တွင် ပိုင်ရှောင်ချန်း၏ ဒေါသထွက်နေသောမျက်နှာကြီးပေါ်လာကာ အော်ဟစ်လိုက်လေသည်။

" အတင့်ရဲလိုက်တာ "

အောက်ဖက်ရှိ နွံအိုင်ကြီးမှာ ဖိအားကြောင့် အောက်သို့ကျဆင်းသွားပြီး ဖက်တီးကျန်းကြီးနှင့်အခြားလူများ ပေါ်လာတော့သည်။

ဧရာမပင့်ကူကြီးမှာမူ တုန်ရီသွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အမူအရာသည် ပုံပျက်ရှုံ့တွသွားပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ နွံအိုင်ကြီးထဲ ဆင်းသက်လာ၏။

ယခုအချိန်တွင် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်များကိုဖြစ်စေ၊ အပြင်အားကို ဖြစ်စေ ထိန်းချုပ်နေရန် တွေးမနေေတာ့ပေ။ သူက လက်ကိုဝှေ့ယမ်း၍ လွန်းပျံကို လွှတ်လိုက်သည်။

လွန်းပျံကြောင့် ရွှံ့ရည်များ အရပ်မျက်နှာအနှံ့ ဗွမ်းခနဲ လွင့်ပျံသွားကာ မရေမတွက်နိုင်သော မျှော့များ၊ လောက်များ သေကြေပျက်စီးသွားသည်။ ထိုစဥ်မ ဖက်တီးကျန်းကြီးနှင့်အခြားအဖမ်းခံရသူများအားလုံး ထွက်ပေါ်လာပါသော်လည်း အနက်ရောင်ပိုးမျှင်များ၏ ချည်နှောင်ထားခြင်း ခံထားကြရသည်။

သူက တစ်ချက်လေးပင် တွေဝေတွန့်ဆုတ်မနေဘဲ ဖက်တီးကျန်းကြီးကို ချည်နှောင်ထားသည့် ပိုးမျှင်အား ဖမ်းဆွဲလိုက်ပြီး သူ့ကို အပေါ်ဆောင့်ဆွဲလိုက်သည်။ သို့ဖြစ်၍ ဧရာမပင့်ကူကြီးသည်လည်း နွံအိုင်၏ အပြင်ဘက်သို့ မြောက်တက်လာပြီး လေထဲတွင် ပျံဝဲသွားသည်။

ပင့်ကူကြီးက မုန်းတီးစက်ဆုပ်ခြင်းများ ပြည့်နှက်နေသည့် မျက်လုံးနီကြီးဖြင့် သူ့ကို ကြည့်လိုက်သည်။ ၎င်းက ထွက်ပြေးမလွတ်မြောက်နိုင်တော့ကြောင်း သတိထားမိလိုက်သည့်အတွက် သူ့ထံသို့ ချိန်ရွယ်၍ အနက်ရောင်ပိုးမျှင်များစွာ ထွေးထုတ်လိုက်သည်။

" သေချင်နေတာလား "

ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။ သူ ရောက်မလာခင်က ပင့်ကူကြီးအနေဖြင့် စိတ်ကြိုက်လှုပ်ရှားနိုင်သည်။ ယခု သူရောက်လာခဲ့ပြီဖြစ်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လာခဲ့သည်ဖြစ်ရာ ပင့်ကူကြီးအနေဖြင့် သားကောင်ကို လွှတ်ပေးရလိမ့်မည်။ သို့သော် ၎င်းက သားကောင်အား မလွှတ်ပေးသည့်အပြင် သူ့ကို တိုက်ခိုက်လာပေသည်။

ပိုင်ရှောင်ချန်းသည် ၄င်းက ဖက်တီးကျန်းကြီးကို အတင်းအကြပ်ခေါ်ရန် ကြိုးစားခဲ့သည်နှင့်ပတ်သက်၍ ဒေါသထွက်နေသည်။ ပို၍ဆိုးသည့်ကိစ္စမှာ ဖက်တီးကျန်းကြီး၏မျက်နှာပေါ်က အဆိပ်ရှိကြောင်း သိသာသည့် အနက်ရောင်ပင့်ကူအမှတ်အသားများပင် ဖြစ်သည်။ လူများစွာသည် ထိုကဲ့သို့ ထူးခြားဆန်းပြားသော အဆိပ်အတောက်တစ်ခုအား သတိပြုမိနိုင်လိမ့်မည်မဟုတ်သော်လည်း ဆေးတာအိုပညာရပ်တွင် ဆရာတစ်ဆူဖြစ်သော ပိုင်ရှောင်ချန်းသည် ထိုသည်က အသက်ဝိညာဥ်ကို ထိခိုက်စေနိုင်သည့် အဆိပ်အမျိုးအစားတစ်ခုဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

ထိုအဆိပ်ကိုဖြေရန်မှာ ထိုအဆိပ်ကောင်အား သတ်ရန်နည်းလမ်းသာ ရှိသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများတွင် အေးစက်သောအလင်းများ တောက်ပလာပြီး သူက မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ ဖက်တီးကျန်းကြီးကို ရစ်ပတ်ထားသည့် ပိုးမျှင်များပြတ်တောက်စေရန် လွန်းပျံကို စေလွှတ်လိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးတစ်ဖက်၌ လခြမ်းကွေးသဏ္ဍာန်ပုံရိပ်ပေါ်လာ၏။ ထိုနွံအိုင်အတွင်းမှာ ရန်မစသင့်သည့် သီးခြားဖြစ်တည်မှုများစွာ ရှိ၍ မြန်မြန်အဆုံးသတ်သင့်သည်ကို သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို ဆင့်ခေါ်လိုက်သည်။

မန္တန်၏ ပထမအဆင့်တွင် လတစ်စင်းဆင့်ခေါ်ခြင်း ပါဝင်သည်။ ယခုအခါ သူသည် လတစ်ပိုင်းတစ်ဝက် ဆင့်ခေါ်နိုင်သည်အထိ ကျင့်ကြံထားပြီးဖြစ်သည်။ သူက ထိုအတတ်ကို အသုံးချလိုက်သည်နှင့် ကောင်းကင်ယံတွင် အံသြဖွယ်ကောင်းသော ဆန်းသစ်စလခြမ်းတစ်ခု ပေါ်ပေါက်လာသည်။

လရောင်ခြည်များသည် ရင်သပ်ရှုမောဖွယ်အသွင်ဖြင့် ရုတ်ခြည်းဖြာကျလာရာ ကုန်းမြေပြင်တစ်ပြင်လုံး ငွေရောင်ပြောင်းသွားတော့သည်။

ထိုအလင်းတန်းက အနက်ရောင်ပင့်ကူမျှင်ကို ထိသောအခါ ၄င်းမှာ အရည်ပျော်ကျသွားသည်။ ပင့်ကူကြီး၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံသွားသော အမူအရာပေါ်ပေါက်လာပြီး နွံအိုင်အတွင်းထဲ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ သို့သော် ၄င်းမှာ နှေးလွန်း၏။ လတစ်စင်း၏ ပုံရိပ်သည် ၄င်း၏ကျောပေါ်တွင် ပေါ်ပေါက်လာပြီ ဖြစ်သည်။

" လ ဆင်းသက်စေ "

ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။ လ အပေါ်မှ စူးရှတောက်ပသော အလင်းရောင်များက ပင့်ကူအပေါ် ဖြာကျလာရာ ၄င်း၏ကျောပေါ်ရှိ လအမှတ်အသားကား လျင်မြန်စွာ ပြန့်ကားလာတော့သည်။ လသင်္ကတကြီး ၄င်းအတွင်းထဲထိ နစ်ဝင်သွားသဖြင့် ပင့်ကူကြီးထံမှ မချိတင်ကဲအော်သံတစ်သံ ထွက်ပေါ်လာသည်။ ပင့်ကူကြီး တုန်ရီသွားပြီးနောက် ၄င်းအတွင်းမှ စေးကပ်ကပ်အစိမ်းရောင်အရည်များ စီးကျလာတော့သည်။ ထို့နောက် ၄င်းက နွံအိုင်ထဲမှ ထွက်ပြေးလွတ်မြောက်ရန် မျှော်လင့်လိုက်စဥ်မှာပင် ပေါင်ကွဲသွားတော့သည်။

၄င်းသည် ခန္ဓာကိုယ်နှင့်တကွ ဝိညာဥ်ပါ ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။

ပင့်ကူကြီးသေသွားမှသာလျှင် ဖက်တီးကျန်းကြီးနှင့် အခြားသူများအပေါ်ရှိ အနက်ရောင်အမှတ်အသားများ ပျောက်ကွယ်သွားလေသည်။

ရှေးဦးလျှပ်စီးသခင်နှင့် သူ၏အပေါင်းအပါသုံးယောက်သည် ယခုထက်ထိ သတိမလစ်သေးသည့်အတွက် ဖြစ်ပျက်သွားခဲ့သည်များကို မြင်လိုက်ရလေသည်။ အဆိပ်ခြေရာလက်ရာများ ပျောက်ကွယ်သွားသည်ကို သူတို့ မြင်သောအခါ ချက်ချင်းလှည့်လိုက်ပြီး သေလူကဲ့သို့ ဖြူဆုပ်နေသော မျက်နှာများဖြင့် မတူညီသောအရပ်မျက်နှာသုံးဖက်သို့ ထွက်ပြေးလိုက်ကြသည်။

ဖက်တီးကျန်းကြီးကို လိုက်ဖမ်းခြင်းက ရှင်းကုံကျစ်တာအိုဂိုဏ်းမှ နတ်အဆင့်ခေါင်းဆောင်ကြီးအား ဒေါသတကြီးရောက်ချလာစေလိမ့်မည်ဟု သူတို့ထဲရှိ မည်သူမျှ မတွေးခဲ့ဖူးပေ။

" မင်းတို့က အစ်ကိုကြီးကို အနိုင်ကျင့်ပြီး ဒီတိုင်းထွက်သွားလို့ရမယ် ထင်နေလား "

ပိုင်ရှောင်ချန်းက သူတို့အား လွှတ်ပေးရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ သူက သတိလစ်နေသေးသည့် ဖက်တီးကျန်းကြီးကို သူနှင့်အတူ ဆွဲခေါ်၍ ရှေ့တစ်လှမ်းတိုးကာ လက်ချောင်းများဝှေ့ယမ်းလိုက်ရာ လွန်းပျံသည် မြောက်အရပ်မှ ကျင့်ကြံသူသုံးယောက်အနက် ပထမဆုံးတစ်ယောက်ထံ ပြေးဝင်သွားသည်။

စူးစူးဝါးဝါးအော်သံတစ်သံ ပဲ့တင်ထပ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လွန်းပျံက ထိုလူအား ထိုးစိုက်သွားပြီးနောက် ဒုတိယတစ်ယောက်ထံ ဦးတည်လိုက်သည်။ ဒုတိယတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ၄င်းက ရှေးဦးလျှပ်စီးသခင်ထံ တဟုန်ထိုးပြေးဝင်သွား၏။

ထိုအခိုက်အတန့်တွင် အပေါ်ထက် ကောင်းကင်ယံ၌ လျှပ်စီးတိမ်တိုက်သခင်၏ ဧရာမမျက်နှာကြီးပေါ်ပေါက်လာတော့သည်။

" လုပ်ရဲရင် လုပ်ကြည့်စမ်း ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်းသည် လျှပ်စီးတိမ်တိုက်သခင် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် အံသြသွားဟန်မတူပေ။ အမှန်တွင် သူသည် လျှပ်စီးတိမ်တိုက်သခင်ရောက်ရှိလာတော့မည်ကို စောစောကတည်းက သိထားပြီးဖြစ်သည်။ သို့သော် သူက ဖက်တီးကျန်းကြီးကို ကယ်ရန် အလျင်လို၍ လျှပ်စီးတိမ်တိုက်သခင်ကို လျစ်လျူရှုခဲ့သည်။ ယခုတွင် သူက မျက်နှာကြီးအား စိန်းစိန်းဝါးဝါးမော့ကြည့်ပြီး ပြောလိုက်သည်။

“ ဘာသဘောလဲ၊ ကျုပ်ကို လာပြီးသွေးတိုးစမ်းတာလား။ အဲဒီလို လာလုပ်တာကို ကျုပ် အမုန်းဆုံးပဲ "

သူက တစ်ချက်လေးပင် တွေဝေတွန့်ဆုတ်မနေဘဲ လွန်းပျံကို ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် လွှတ်လိုက်သည်။

ရှေးဦးလျှပ်စီးသခင်အနေဖြင့် ယခုထက်ပို၍ လျင်မြန်သွက်လက်ခဲ့လျှင်တောင်မှ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။ သူက စိတ်ပျက်အားငယ်နေသော အမူအရာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

“ ဆရာ၊ ကယ်....."

သူ၏စကားမဆုံးခင်မှာပင် လွန်းပျံက သူ၏နဖူးကို စိုက်ဝင်သွားေလသည်။

ပိုင်ရှောင်ချန်းသည် ထိုလူများအား သတ်ဖြတ်လိုသည့်စိတ်မရှိခဲ့ပေ။ သို့သော် သူသာ အချိန်မီဝင်မကယ်ခဲ့လျှင် သူတို့၏လုပ်ဆောင်မှုများက ဖက်တီးကျန်းကြီး၏သေဆုံးခြင်းကို ဦးတည်သွားမည် ဖြစ်သည်။

လျှပ်စီးတိမ်တိုက်သခင်သည် သူ၏တပည့် အသတ်ခံလိုက်ရသည့် မြင်ကွင်းကြောင့် ဟိန်းဟောက်လိုက်တော့သည်။

" ပိုင်ရှောင်ချန်း "

သူ၏မျက်နှာက အလင်းတန်းတစ်တန်းအသွင်ဖြစ်သွားပြီး သေစေနိုင်သောဖျက်စီးခြင်းစွမ်းအားကြီးဖြင့် ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ်ပြေးဝင်သွားလေသည်။

All Chapters