ပျောက်ကွယ်သွားလိုစိတ်
Vol. 5 Ch. 239
အဲဒီနေ့ညနေက ဒါလင် ငိုယိုနေတဲ့ အိုလီရာနာကို လက်ဆွဲပြီးတော့ အိမ်ခေါ်လာတည်းက တစ်ခုခု လွဲနေပြီမှန်းသိလိုက်ရတာ။ နတ်ဘုရားဘုံက တစ်ယောက်ယောက်က ဒါလီယာကိုဖမ်းခေါ်သွားလို့တဲ့။
ကျွန်မကတော့ အဖမ်းခံရတဲ့သူက ဒါလင်မဟုတ်လို့ တော်သေးတာပေါ့လို့တွေးမိတာပဲ။ ဖန်တီးခြင်းမြစ်ထဲ မျောလွင့်နေတဲ့ အဓိကဘုံကြီးလေးခုထဲ နတ်ဘုရားဘုံက စွမ်းအားအကြီးဆုံးပဲလေ။ ဒါလင်သာ အဖမ်းခံရရင် ကျွန်မဘယ်လိုလိုက်ကယ်မလဲ။
အိုလီရာနာကတော့ အဲဒီကိစ္စပြီးကတည်းက အခန်းထဲက အခန်းပြင်ထွက်မလာတော့ဘူး။ အိမ်တွင်းပုန်းမလေး လုံးဝဖြစ်သွားပုံပဲ။ အနည်းအပါး ကိုယ်ချင်းစာမိပေမဲ့ သိပ်တော့စိတ်မပူဘူး။ အိုလီရာနာကိုစိတ်ပူပေးဖို့ ဆယ်ဗီတစ်ယောက်လုံး ရှိနေလို့လေ။
ဒီနေ့လည်းကြည့်ဦး။ ကျွန်မအလှပြင်ပြီး အခန်းပြင် ထွက်လာတော့
“အိုလီရာနာရေ၊ မနက်စာလေးတော့ ဆင်းစားပါဦး။” ဆိုပြီးတော့ အိုလီရာနာ့အခန်းတံခါးကိုခေါက်နေတဲ့ ဆယ်ဗီကိုတွေ့ရတော့တာပဲ။ လက်ထဲမှာတော့ တစ်ဝက်တစ်ပျက်စားပြီးသား ထမင်းကြော်ပန်းကန်နဲ့။
‘ဒီအရူးမက အိုလီရာနာအတွက် မနက်စာယူလာပေးရင်း စားချင်စိတ်ကို မထိန်းနိုင်တော့လို့ စားပစ်လိုက်တာလား။' ဆိုပြီးတွေးမိလိုက်ပေမဲ့ တကယ့်တကယ်က တွေးစရာကိုမလိုတာ။ အဲဒါအမှန်တရားပဲလေ။
ကျွန်မကတော့ အဲဒီအရူးမနှစ်ယောက်ကို လစ်လျူရှုဖို့ ဆုံးဖြတ်လိုက်ပြီးတော့ လှေကားလက်ရန်းကို သေချာကိုင် အောက်ထပ်ကိုစဆင်းတယ်။ အကြောင်းအရင်းကို သိထားပြီးဖြစ်ပေမဲ့လို့ ကျွန်မခြေထောက်တွေက ခွန်အားမရှိတော့သလိုပဲ။ သေချာသာဂရုမစိုက်ရင် ပြုတ်ကျသွားလိမ့်မယ်လို့ကို ခံစားနေရတာ။
“ဒါလင်၊ ကျွန်မအပြင်သွားဖို့ အသင့်ဖြစ်ပြီလေ။”
မီးဖိုချောင်ထဲမှာ မော်လီနဲ့အတူချက်ပြုတ်နေခဲ့ပြီးနောက် ပန်းကန်ကူဆေးပေးနေတဲ့ ဒါလင့်ကို ကျွန်မရှာတွေ့တာနဲ့ သူ့လက်ကိုဆွဲထားမိတော့တာ။
“မင်းဝတ်ထားတဲ့ဝတ်စုံက လှတယ်လို့ ကိုယ်ပြောသားပဲ။ အပေါ်ထပ်ပြန်တက်ပြီး လဲနေစရာမလိုပါဘူး။”
ဒါလင်က ကျွန်မကိုတွေ့တာနဲ့ ဆူတာလည်းမဟုတ်၊ ချီးကျူးတာလည်းမဟုတ်ပေမဲ့ နားဝင်ချိုသာတဲ့ စကားနဲ့နှုတ်ခွန်းဆက်တယ်။
“ကျွန်မကလေ၊ ဒါလင်နဲ့လေညှင်းခံထွက်တိုင်း အလှဆုံးဖြစ်နေချင်လို့ပါ။”
နေရောင်ခြည်ထဲမှာ ကျွန်မရဲ့မိတ်ကပ်တွေပါးလွှာပြီး လူမမာလိုပုံစံပေါက်နေမှာ မလိုချင်မှန်းဒါလင့်ကို မပြောပြရက်ဘူး။
“သခင်၊ ကျန်တာတွေကို ကျွန်မပဲဆက်လုပ်မှာမလို့ ဒီက မမလေးကိုပဲ ဦးစားပေးလိုက်ပါ။”
မော်လီကတော့ ကျွန်မကိုကြည့်ပြီးတော့ မျက်လုံးကိုမှေး မျက်နှာတည်ကြီးနဲ့ပြောတယ်။ အိမ်စေဆန်ဆန် လက်နှစ်ဖက်ကိုလည်း ရှေ့မှာထပ်ထားသေးတာ။ ပုံတုံးလွန်းအားကြီးလို့ တမင်သက်သက် ရွဲ့လုပ်နေသလားပဲ။
“ဟုတ်ပါပြီ။” ဒါလင်က မော်လီကို ဖြူစင်တဲ့အပြုံးမျိုး ပြုံးပြတယ်။ ဒါလင်ရဲ့ကျက်သရေအရှိဆုံးအချိန်က ပြုံးနေတဲ့အချိန်မျိုးမှာပဲ။ သူပြုံးလိုက်ရင် လောကကြီး တစ်ခုလုံးဝင်းပသွားသလိုပဲ။
“ဒါလင်... ကျေးဇူးပါ...” မနေ့က ကိစ္စတွေကြောင့် ဒါလင်မပြုံးလောက်ဘူးလို့ ကျွန်မထင်ထားပေမဲ့ အခုလိုအပြုံးကြောင့် ကျွန်မအငိုက်မိသွားတာအမှန်ပဲ။
“ဘာကိုကျေးဇူးတင်နေတာလဲမသိပေမဲ့ မင်းကျေနပ်ရင် ပြီးတာပါပဲ။” ဒါလင်က ဇာလက်အိတ်ဝတ်ထားတဲ့ ကျွန်မရဲ့ညာလက်ကို ကိုင်ပြီးတော့ အိမ်အပြင်ကို ဦးဆောင်လျှောက်တယ်။
ဖွန်တီနာမြို့လေးရဲ့ကမ်းခြေက လှိုင်းရိုက်သံတွေရယ်၊ ဆောင်းခိုရာကနေ ပြန်ရောက်လာပြီဖြစ်တဲ့ ဗျိုင်းငှက်တွေရဲ့အသံက ဆူညံ့လို့။ ပုံမှန်ဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းမှာဆိုပေမဲ့ ဒါလင်ရဲ့မြင့်မားလှတဲ့ပခုံးကနေတစ်ဆင့် ပြုံးတော်မူနေတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ အရာအားလုံးက သာယာသွားသလိုပါပဲ။
“ကျွန်မရှိနေရင် ဒါလင့်ကို စိတ်ချမ်းသာစေတာလား။”
ကျွန်မအတွက် အခက်အခဲဆုံးဖြစ်မယ့်မေးခွန်းကို မေးဖြစ်ခဲ့တယ်။ အဲဒီမေးခွန်းရဲ့အဖြေက အမြဲလိုလို မကောင်းလောက်ဘူးလို့ပဲတွေးခဲ့မိတာ။ ကျွန်မက အမြဲတမ်း အတင်းတွယ်ကပ်နေပြီး ဒါလင့်ကို စိတ်အနှောင့်အယှက်ပေးနေတာမလို့လေ။
“ရိုးရိုးသားသားပြောရရင် မင်းမရှိဘဲ တိတ်ဆိတ်သွားမှာကို ငါပိုကြောက်မိတယ်။” ဒီအချိန်လေးအတွင်းမှာ ဒါလင်က ကျွန်မကို ပိုပြီးနွေးနွေးထွေးထွေး ဆက်ဆံတတ်လာပြီ။
လိပ်သည်းကျောက်တွေနဲ့ပြည့်နှက်နေတဲ့ တစ်လမ်းမောင်းကတ္တရာလမ်းကလေးအတိုင်း လျှောက်လာရင်းနဲ့ ဆားဓာတ်ပါတဲ့ လေပြေတွေ ကျွန်မမျက်နှာကို တိုက်ခတ်နေတာခံစားမိတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်စီမှာ မြက်ပင် တချို့ ကျောက်ကြိုကျောက်ကြားထဲကနေ ခက်ခက်ခဲခဲ ပေါက်နေတာမြင်ရတော့ ကျွန်မဒါလင့်ကိုပိုပြီး ဖက်တွယ်ထားမိတာပဲ။
“ခက်ခဲပေမဲ့... သူတို့လည်း ကြိုးစားနေကြသေးတာပဲ။” နွေဦးရောက်လာပြီ။ ဒီရာသီကို ကျွန်မသဘောကျတယ်။ ဒါလင်က ကျွန်မအပေါ် အေးစက်မနေတော့ဘူး။
“လမ်းက နည်းနည်းမက်လာပြီ။ ကိုယ်မင်းကို ပွေ့ချီသွားပေးရမလား။”
ကျွန်မတို့တွေက ကမ်းခြေမှာရှိတဲ့ အမြင့်ဆုံးတောင်ကုန်း ဆီကိုဦးတည်သွားနေတာဖြစ်လို့ ဒါလင်ကမေးလိုက်တာ။ အချိန်မရွေးလဲကျတော့မလို့ ခံစားနေရပေမဲ့လည်း ဒါလင့်ပခုံးကိုပဲ မှီခိုထားရင်း ခေါင်းခါပြမိတော့တာပေါ့။
“ဒါလင်... ကျွန်မက ရှင့်ရဲ့ကြင်ယာတော်ပဲလေ။ ဒါကြောင့် ပခုံးချင်းယှဥ်လျှောက်နိုင်ရမယ့်သူမျိုး ဖြစ်သင့်တာ။”
“ခဏနားပြီးမှ ရှေ့ဆက်ကြမလား။” ဒါလင်က ခေါင်းမာတဲ့ကျွန်မကို ဘယ်လိုကိုင်တွယ်ရမလဲ သိသားပဲ။
ဒီလိုနဲ့ ခဏနားလိုက်၊ ရှေ့ဆက်လိုက်နဲ့ ကုန်းမြင့်ပေါ်ကို ရောက်တဲ့အချိန်မှာတော့ နေမွန်းတည့်လုနီးပါးဖြစ်နေပြီ။ ကျွန်မတို့အောက်မှာရှိနေတဲ့ ငွေရောင်လှိုင်းတံပိုးတွေနဲ့ ပင်လယ်ကြီးနဲ့ ဗင်းဆင့်စံအိမ်ကို ပုံစံငယ်လေးတွေလို မြင်နေရတယ်။
ရှုခင်းကို ပိုကောင်းကောင်းမြင်ရဖို့အတွက် ကျွန်မရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်ပေမဲ့... ခေါင်းထဲမှာမိုက်ခနဲ...
အဲဒီနောက်တော့ ကျွန်မမြင်ကွင်းတစ်ခုလုံး အမှောင်အတိကျသွားပြီး လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့တာပဲ။
ကျွန်မသတိရလာတော့ နွေးထွေးတဲ့ဒါလင်ရဲ့ရင်ငွေ့ကို ခံစားမိလိုက်တယ်။ ပြီးတော့ ကျွန်မပါးပြင်ပေါ်ကို ကျဆင်းနေတဲ့ ပူနွေးတဲ့မျက်ရည်တချို့။
“ဒါလင်... မငိုပါနဲ့... ကျွန်မအနားမှာပဲ ရှိနေသေးတယ်လေ။” အသံက သိသိသာသာ တိမ်ဝင်နေပေမဲ့ ဒါလင့်ကို မစိုးရိမ်ဖို့ပြောပြီး သူ့မျက်ရည်တွေကို ကျွန်မဖယ်ရှားပေးမိတယ်။
“ကိုယ်မင်းကို ထွက်သွားခွင့်မပေးဘူးလို့ ကတိပေးထားတယ်။”
“ဒါလင်... ရှင်ကတိမတည်နိုင်ရင်တောင် ဘာမှမဖြစ်ပါဘူး။ ကျွန်မရှင့်ကို အပြစ်တင်မှာ မဟုတ်ဘူး။”
ကျွန်မနှစ်သိမ့်ပေးခဲ့တယ်။ နှစ်သိမ့်ပေးခဲ့ပေမဲ့လို့ ဒါလင့်ဆီကနေ ဘာအဖြေမှမရခဲ့ပါဘူး။ သူက လမ်းမလျှောက်နိုင်သေးတဲ့ကျွန်မကို ပွေ့ချီပြီးတော့ အိမ်ကို ဦးတည်သွားခဲ့တယ်။
အလာတုန်းကနဲ့နှိုင်းယှဥ်ရင် ကျွန်မတို့ရဲ့အပြန်ခရီးက သိပ်ကိုတိတ်ဆိတ်လွန်းတယ်။
...
အခန်းကိုပြန်ရောက်တော့ ဗီဒိုထဲက ပြက္ခဒိန်ကို ကျွန်မ ထုတ်ကြည့်မိပါတယ်။ ဆောင်းယဥ်စွန်းတန်း အချိန် မတိုင်မီကတည်းက စမှတ်ထားခဲ့တဲ့ ကျွန်မရဲ့နေ့ရက်တွေ အများကြီးမကျန်တော့ဘူး။
အဲဒီနေ့ရောက်လာဖို့အတွက်က နှစ်ဝက်လောက် လိုနိုင်သေးတယ်ဆိုပေမဲ့ ကျွန်မလူမမာလိုမျိုး အိပ်ရာထဲလဲကျသွားဖို့က သိပ်မလိုတော့ပါဘူး။
အလှပြင်စားပွဲမှာပြန်ထိုင်ပြီးနောက် ကျွန်မကိုယ်ကျွန်မ ပြန်မေးခွန်းထုတ်မိတယ်။ ကျွန်မလိုချင်တဲ့ဇာတ်သိမ်းက ဒီလိုအရာမျိုးလား။ ဒါလင့်ရဲ့ရင်ခွင်ထဲမှာ ငြိမ်းငြိမ်း ချမ်းချမ်းလေး အသက်ထွက်သွားဖို့ကိုလေ။
မိတ်ကပ်ရဲ့အကူအညီမပါဘဲ မျက်တွင်းဟောက်ပက် ဖြစ်နေတဲ့ကျွန်မမျက်နှာနဲ့အရိုးပေါ်အရေတင်ခန္ဓာကိုယ်ကို မြင်ရချိန်မှာတော့ ကျွန်မဆုံးဖြတ်ချက်တွေထပ်ပြီးတော့ ဝေဝါးလာပြန်တယ်။
“မတရားဘူး... ဒါလင့်အတွက် လုံးဝမတရားဘူး။”
ကျွန်မ ငြင်းဆန်နေမိတယ်။ အစပိုင်းတုန်းကတော့ ဒါလင်က ကျွန်မကို ဆယ်ဗီ့ကိုထိခိုက်အောင်လုပ်ခဲ့လို့ မုန်းတီးနေခဲ့တာလေ။ ဒါလင့်ကိုကယ်ခဲ့တဲ့အတွက် အသိအမှတ်ပြုခံရတယ်ဆိုပေမဲ့ အဲဒီအချိန်အထိဒါလင်က ကျွန်မကိုချစ်ခဲ့တာမဟုတ်သေးဘူး။
ဒါပေမဲ့ နောက်ပိုင်း တစ်ခုခုပြောင်းလဲလာခဲ့သလိုပါပဲ။ ကျွန်မအပေါ် အများကြီးကြင်နာလာတယ်။ ဂရုစိုက်တယ်။ ကတိတွေအများကြီးပေးလာတယ်။ ဒါတွေအားလုံးက တစ်ခုတည်းကိုပဲ ညွန်ပြနေတယ်။
“ဒါလင်က ငါ့ကိုတွယ်တာမိနေတာ...” သေတော့မယ့် လူတစ်ယောက်ကိုပေါ့။
ဒါလင်က ခါတိုင်းလိုပဲ ဆယ်ဗီကိုပဲ ချစ်နေခဲ့သင့်တာ။ ဆယ်ဗီက လှပတယ်။ အပြစ်ကင်းစင်တယ်။ ဒါလင့်လို မြင့်မြတ်တဲ့အမျိုးအနွယ်နဲ့ လိုက်ဖက်တဲ့သူဖြစ်တယ်။
ကျွန်မကတော့လား။ ကောက်ကျစ်တယ်။ ကိုယ့်ဆန္ဒ ပြည့်ဝဖို့ဆိုရင် တခြားသူတွေကိုဒုက္ခပေးဖို့ ဝန်မလေးဘူး။ တကယ့်ကို မိစ္ဆာမတစ်ကောင်ပါပဲ။
အဲဒီမိစ္ဆာမက ဒါလင့်ရဲ့နှလုံးသားကို တခြားသူဆီက ခိုးယူနိုင်ခဲ့တာလား။ ပုံမှန်ဆိုရင်တော့ ဂုဏ်ယူ ဝမ်းမြောက်နေမိမှာဆိုပေမဲ့...
“ငါက... သေရတော့မှာလေ....”
ဆွေးမြေ့ပြီးပဲ့ကျစပြုနေပြီဖြစ်တဲ့ ကျွန်မရဲ့လက်သည်း တချို့ကိုကြည့်လိုက်မိတယ်။ အရင်က လက်သည်းရှည် ကျွန်မထားရတာသဘောကျတယ်။ အခုတော့ လက်သည်းကို ညီအောင်ညှိပြီး ဟန်မပျက်အောင်ပဲ ထားနိုင်တော့တယ်။
“ငါသေသွားရင် ဒါလင်လည်း ဝမ်းနည်းနေတော့မှာ။ သူသာငါ့ကိုတွယ်တာမနေခဲ့ရင် ဝမ်းနည်းရမှာမဟုတ်ဘူး။ ဆယ်ဗီနဲ့အတူရှိနေပြီး အနှောင့်အယှက်တစ်ခု ကင်းသွားလို့ ဝမ်းသာနေမှာပဲ။”
ဒါပေမဲ့ ကျွန်မက အဲဒီဖြစ်နိုင်ခြေကို ဖျက်ဆီးပစ်ခဲ့ပြီး အဆိုးဝါးဆုံးဖြစ်နိုင်ခြေတစ်ခုကို ဖန်တီးခဲ့မိတာပါ။ ဒါလင်ရဲ့ဘဝထဲကို အတင်းတိုးဝင်မိရင်းနဲ့ပေါ့။
“ဒါလင်... တောင်းပန်ပါတယ်။ ကျွန်မရှင့်ကို ဒီထက်ပိုပြီး ဒုက္ခမပေးနိုင်တော့ဘူး။”
ကျွန်မ အဲဒီဆုံးဖြတ်ချက်နဲ့အတူ ရေမွှေးစက္ကူနဲ့ ပြုလုပ်ထားတဲ့ စာအုပ်တစ်အိတ်ကိုဖောက်ဖွင့်ပြီး စာတစ်စောင်ရေးခဲ့မိတယ်။
[ဒါလင်
ကျွန်မ လူ့ပြည်မှာနေရာတာပျင်းသွားလို့ လင်ဘိုဘုံကို ပြန်သွားပါတော့မယ်။ ထွက်လာတာလည်းကြာနေပြီမလို့ အမေလည်းစိတ်ပူနေလောက်ပြီ။ ဒါလင်၊ ကျွန်မကိုဂရုစိုက်ပေးတဲ့အတွက်ကျေဇူးပါ။
ကျွန်မ ရှင့်ကိုအမြဲတမ်းသတိရနေမှာပါ။
မိုနီကာ]
ငိုချမိမှာစိုးတဲ့အတွက် စာကိုခပ်တိုတိုပဲရေးခဲ့ပြီး စားပွဲပေါ်မှာတင်ခဲ့တာပေါ့။ အခန်းတံခါးကိုအသာလေး ဖွင့်ပြီးတော့ အိမ်အပြင်ကို ခိုးထွက်ခဲ့တယ်။ ကျွန်မဘယ် ဦးတည်ပြီးသွားလို့သွားရမလဲမသိဘူး။ လင်ဘိုဘုံကို ပြန်ဖို့ဆိုတာ ကျွန်မလက်ရှိအခြေအနေနဲ့မဖြစ်နိုင်ဘူး။ မှော်ပညာကိုသုံးမိတာနဲ့တင် ကျွန်မသေတော့မှာ။
အကြိမ်ကြိမ် စဥ်းစားပြီးတဲ့နောက်မှာတော့ လှိုင်းထန်တဲ့ ပင်လယ်ကြီးကို ကျွန်မကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဦးတည်သွားဖြစ်ခဲ့တယ်။ အလိုလိုလည်း ပြုံးမိတာပေါ့။
“ပင်လယ်ကြီးရေ... ကျွန်မကို ဒါလင်နဲ့အဝေးဆုံးဆီ ခေါ်သွားပေးပါ။ ဝေးလေကောင်းလေပဲ။”
ကျွန်မသေသွားတာကို ဒါလင်မမြင်ရင်အကောင်းဆုံးပဲ။ ဒါမှ သူဝမ်းနည်းမနေတော့မှာ။ တစ်နေရာရာမှာ ကျွန်မအသက်ရှင်လျက်ရှိနေဦးမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူရှေ့ဆက်နေနိုင်ဦးမှာ။
ဒီအကြောင်းကိုတွေးမိတော့ ကျွန်မမျက်လုံးတွေထဲ မျက်ရည်တွေနဲ့ပြည့်လာပြီး အမြင်တွေဝေဝါးလာတယ်။ ဒါပေမဲ့ ယိုင်နဲ့နဲ့ခြေလှမ်းတွေကို ထိန်းချုပ်ရင်း ပင်လယ်ကြီးဆီဆက်သွားမိတယ်။
ရေလှိုင်းတွေက ကျွန်မရဲ့ဖိနပ်မပါတဲ့ခြေဖျားကို လာထိတယ်။ အေးစက်မနေဘဲ နွေးထွေးပြီး ကျွန်မကို ကြိုဆိုနေတဲ့အလားပါပဲ။ ရေတွေနဲ့အတူ မျောပါသွားတော့မယ်လို့ ကျွန်မတွေးမိချိန်မှာပဲ ကြီးမားလေးလံတဲ့ ခန္ဓာကိုယ်ကြီးတစ်ခုက ကျွန်မကို တက်ဖိလိုက်ပါလေရော။
အဟွက်....
အဲဒီတစ်ချက်တည်းနဲ့တင် သေပြီလို့တောင် ကျွန်မထင်မိတာ။ နာကျင်နေတဲ့ရင်ဘတ်ကိုဖိထားရင်း သေချာကြည့်လိုက်တော့ ကျွန်မကိုအပေါ်စီးကနေ တက်ခွထားတာက ဆယ်ဗီရယ်။
“နင်... နင်... နင်... နင်ဘာလုပ်တာလဲ။” ကျွန်မမေးတော့
“အဲဒါ နင့်ကိုမေးရမှာဟဲ့ အရူးမရဲ့။” ဆယ်ဗီက အော်ကြီးဟစ်ကျယ်နဲ့ပြန်ပြောတယ်။
“နင်ရူးနေပြီလား။ စာလေးတစ်စောင်ထားပြီး ပျောက်ကွယ်သွားဖို့ ဆုံးဖြတ်လိုက်တာက အဖြေလို့ထင်နေတာလား။ ငါတို့တွေဖြေရှင်းဖို့ နည်းလမ်းရှာနေတာပဲကို....”
ကျွန်မတကယ်ပဲ အံ့ဩမိတယ်။ ဆယ်ဗီအနေနဲ ကျွန်မပျောက်ကွယ်သွားမှာကို ဝမ်းသာမယ့်သူ ဖြစ်ရမှာမဟုတ်ဘူးလား။ ကျွန်မက သူ့ရဲ့ပြိုင်ဖက်၊ နည်းနည်းလေးမှအကျင့်မကောင်းတဲ့ ဗီလိန်မလေ။
“ဆယ်ဗီ၊ ငါသေသွားတာ နင့်အတွက်ပိုကောင်းတယ်လို့ မထင်ဘူးလား။”
ကျွန်မတဲ့တိုးမေးမိတော့ ဆယ်ဗီကစိတ်ဆိုးလာတဲ့ပုံနဲ့ လက်သီးကိုဆုပ်ပြီး ကျွန်မကိုထိုးမလိုရွယ်တော့တာပဲ။
“အရူးမရေ၊ ငါတို့သုံးယောက်လုံးက ရေကန်ကြီးရှေ့မှာ ထာဝရအတူရှိပါမယ်ဆိုပြီး ရှက်စရာကောင်းတဲ့ ကျိန်ဆိုမှုကြီး လုပ်ထားတာလေ။ အဲဒီလိုဖြစ်စရာလား။ ငါက အနာဂတ်ကျရင်သတို့သမီးနှစ်ယောက်ပါတဲ့ မင်္ဂလာပွဲတို့ဘာတို့ဖြစ်လာဖို့အထိ စဥ်းစားလက်ခံပြီးမှ အဲဒါကိုလုပ်ခဲ့တာဟဲ့။”
“......” ကျွန်မ ဘာပြောရမှန်းမသိတော့ဘူး။ သူက ရူးတာလား၊ ကျွန်မက ရူးတာလား။
“ဒါပေမဲ့လေ... နင်အဲဒီလိုလုပ်မယ်ဆိုရင်လည်း ပိုပြီးစဥ်းစားသင့်တယ်။ နက်ဆန်က နင် အကြောင်းအရင်းမရှိဘဲ ပျောက်သွားမယ်ဆိုရင် မတွေ့မချင်းထမင်းမေ့ဟင်းမေ့ လိုက်ရှာနေတော့မှာ။ ပြီးတော့ပင်လယ်ထဲမျောသွားတယ်ဆိုတာလည်း လုံးလုံးရှာမတွေ့နိုင်တာမဟုတ်ဘူးနော်။ သောင်ပြင်တစ်နေရာမှာ နင်ဆန့်ဆန့်ကြီး ဖြစ်နေတာကို နက်ဆန်မြင်ရင် ဘယ်လိုလုပ်မလဲ။”
“.....” ကျွန်မတကယ်ပဲ အဲဒီအထိမတွေးမိလိုက်ဘူး။
“ပြီးတော့ ပင်လယ်ထဲမှာ ငါးတွေနဲ့ဟဲ့။ ပြန်တွေ့ရင် နင့်နှာခေါင်းကြီးရှိချင်မှရှိတော့မှာ။ အဲဒါဆို ရုပ်ဆိုးဆိုးကြီး ဖြစ်နေမှာပေါ့။”
“.....” ဆယ်ဗီ့စကားအတိုင်းဆို ကျွန်မမှာ သေတာတောင် လှလှလေးသေပေးရမယ့်ပုံပဲ။ ဒါပေမဲ့ အဓိပ္ပါယ်တော့ ရှိသားရယ်။ အဲဒီလိုဆိုရင် ဒါလင် ပိုပြီးဝမ်းနည်းနေမလားပဲ။
“ဒီတော့ အတူပြန်ရအောင်... နက်ဆန်သိရင် စိတ်ပူနေဦးမယ်။” ဆယ်ဗီက ကျွန်မကို ပခုံးပေါ် ကုန်းပိုးပြီး ဗင်းဆင့်စံအိမ်ကြီးဆီပြန်ခေါ်သွားတယ်။ ဒါပေမဲ့ လမ်းမှာပဲ ကျွန်မစိတ်ထဲ စပ်စုချင်စိတ်ဖြစ်လာပြီး ဆယ်ဗီကိုမေးလိုက်မိရော။
“ဒါနဲ့နင်က ငါသတ်သေမှာကို ဘယ်လိုသိသွားတာလဲ။”
“ညဘက်ကြီး ဗိုက်ဆာလာလို့ ရေခဲသေတ္တာထဲ စားစရာရှာရင်း နင်အိမ်ကနေခိုးထွက်သွားတာ တွေ့တာလေ။”
“......” ဒီတစ်ခါလည်း ကျွန်မရဲ့ပြိုင်ဘက်ကြောင့် ဆွံအသွားရပြန်ရော။