Acceptance
Vol. 1 Ch. 12
လေဒီ လီလီယာနာ၏ အထပ်မှဆင်းလာသည်နှင့် သူ(မ)နှင့်ပတ်သက်သောအရာတို့ကို ဇိုက်(ခ်)ကပင် ဦးစီးဦးဆောင်ပြုလျက် ပထမဦးစွာ အကြင်သူသည် လေဒီ ဆယ်ဖီးနီး၏ ကျောက်ခုတင်ဘေးတွင် ထိုင်နေကြသော အလုပ်သင်လေးများအား ခြေထောက်နာကျင်ရသည့် ကိစ္စကို သွားမေးလေသရော် ၊ ထိုအလုပ်သင်များက အကကျင့်သဖြင့် နာကျင်ရသည်သာ ဖြစ်ပါကြောင်းဟု ဖြေသည်တွင် ၊ ၎င်းက ကျေနပ်ဟန် မတူသေးဘဲ မြိုင်ချုပ်အဘွားကြီးထံ ယင်းကိစ္စကို သွားတိုင်ရာ၌ ၊ အနှီအဘွားကြီးကလည်း အကကျင့်ရုံမျှနှင့် ခြေထောက်များ ထော့နဲ့ထော့နဲ့ဖြစ်ဖူးသူမရှိဟု အသံပြဲကြီးဖြင့် အော်ဟစ်ပြီးနောက် ဤအလုပ်သင်မလေးများကို လူသတ်မှုဖြစ်ရာခန်းမကြီးတွင်းသို့ ပြန်လည်ခေါ်ယူ၍ ၊ လီယိုနာ့ဒ်တို့ ရှေ့မှောက်မှာပင် နောက်တစ်ဖန် ပြန်လည်မေးမြန်းသည့်အခါ ၊ ယခုအကြိမ်တွင်လည်း သူ(မ)တို့မှာ သူတို့ကိုဖြေခဲ့သည့်အတိုင်း အကကိစ္စဖြင့် ငြင်းပေသော်ငြား သောင်းချီနေသော မိန်းကလေးများကို အုပ်ချုပ်နေရသည့် မြိုင်ချုပ်အဘွားကြီး၏ ချော့တစ်ခါ ၊ ခြောက်တစ်လှည့် ၊ မက်လုံးပေးတစ်ဖုံ ၊ ကြိမ်းမောင်းတစ်မျိုး စစ်ကြောမှုများကို မခံနိုင်တော့သည့်နောက်ဆုံးဝယ် မိန်းကလေးများထံမှ အမှန်တိုင်း ပွင့်ထွက်လာလေတော့သည်။
“ပြောစမ်း … မကြောက်နှင့် ၊ နင်တို့ဘက်မှာ ငါအပြည့်ရှိတယ်။ ဘာဖြစ်ထားတာလဲပြော”
“ဟို … ဟို … မြိုင်ချုပ် … အမှန်တိုင်းပြောရင် မမလေးကို ဘာမျှမလုပ်ပါဘူးနော်”
“မလုပ်ပါဘူးအေ … အားလုံးငါ့သမီးတွေပဲဟာ … ပြောမှာဖြင့်သာပြောစမ်း”
အလုပ်သင်ပြည့်တန်ဆာလေးများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိုတွင်းက တစ်ယောက်မှာမူ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်လေသည်။ ယင်းကပင်
“ဒီ … ဒီလိုပါ။ မမလေးက ကျွန်မတို့ စာမရလို့ အပြစ်ပေးထားတာပါ”
ထိုအခါမြိုင်ချုပ်အဘွားကြီး၏ နောက်ကျောက စူးတောင်များ ထောင်ထသွားကာ
“ဘာဟဲ့ … အလုပ်သင်တွေကို ကိုယ်ထိလက်ရောက် လုံးဝ (လုံးဝ) မလုပ်ရဘူးလို့ ငါအမိန့်ထုတ်ထားတာ။ ပြောစမ်း … ဘယ်နေရာကို ဘယ်လိုလုပ်တာလဲ … ဘယ်လောက်ထိ လုပ်တာလဲ … ပြောစမ်း”
“ပဝါကိုလိပ် ၊ ရေစွတ်ပြီး ခြေသလုံးအောက်နားကို ရိုက်တာပါ။ ပြီးတော့ … ပြီးတော့ ရေခဲရေထဲ ဒူးထောက်ခိုင်းပါတယ်”
လီယိုနာ့ဒ်၏ မျက်ခုံးများပင့်သွားပြီး ဘေးကခုတင်ကြီးပေါ်၌ ကိုမာဝင်နေသော လေဒီ ဆယ်ဖီးနီးကို လှမ်းကြည့်မိလေ၏။ ၎င်းသည်လည်း အစွယ်နှင့်ပင်။ မြိုင်ချုပ်အဘွားကြီးမှာမူ ကြမ်းပြင်ကို ယင်း၏ငါးမြီးကြီးဖြင့် တဖြန်းဖြန်းမြည်အောင် ရိုက်နေလေပြီ။
“အဲဒါ ဆုံးမတာလား။ နှိပ်စက်တာဟဲ့ … နှိပ်စက်တာ။ နင်တို့ဂါဝန်တွေမပြီး အဲသည် အစင်းရာတွေကို ငါ့လှန်ပြစမ်း။ နင်တို့ ဧည့်သည်နှင့် အိပ်ရာပေါ်တက်လို့ အစင်းရာတွေနှင့်ဆို ဘယ်လိုလုပ်မလဲဟဲ့။ အဲအစင်းရာတွေကြောင့် ဆောင်ကြာမြိုင် မှတ်ချက်ဆိုးရရင် ဘယ့်နှယ်လုပ်မလဲဟဲ့”
“ဟို … အဲဒါက ပူစရာမလိုပါဘူး မြိုင်ချုပ်။ ကျွန်မ … ကျွန်မတို့ တစ်ခါမျှ အိပ်ရာပေါ် မတက်ရသေးပါဘူး”
“ဘ … ဘာ … ညည်းတို့ရဲ့ အပျိုပျက်ခကို လွန်ခဲ့တဲ့ သုံးလကတည်းက ဆယ်ဖီးနီးက ငါ့ကို အပ်ပြီးပြီ … နင်တို့ဘာတွေ လာပြောနေကြတာလဲ”
ထိုအခါ အလုပ်သင်လေးများမှာ မည်သည့်စကားမျှ မဆိုကြဘဲ ခေါင်းကိုယ်စီသာ ငုံ့နေကြရကား မြိုင်ချုပ်အဘွားကြီးမှာ ခါးနားက အကြေးခွံများကို တရှီးရှီးမြည်အောင် ကုတ်နေပြီး
“ဪ … ဆယ်ဖီးနီးက ငါ့ကိုညာထားတာပေါ့လေ ဟုတ်စ … နင်တို့ ပိုးပဝါက ဆင်းပြီး အလုပ်သင်ဖြစ်တာ ခြောက်လရှိနေပြီ။ အခုထိ အပျိုရည် မပျက်ကြသေးဘူးပေါ့ … ဟမ်။ ဆယ်ဖီးနီးက နင်တို့ကို သူ့ဧည့်သည်နှင့် တစ်ခါတောင် ပေးမအိပ်ဘူးလား … ဟမ်။ ပြည့်တန်ဆာနောက်မှာ အလုပ်သင်ရတယ်ဆိုတာ ဒါတွေပါ သင်ရမှာလေဟဲ့ … ဆယ်ဖီးနီး … ဆယ် … ဖီး … နီး … နင့်ရဲ့လူဝါးဝတာတွေကို သည်းခံပေးနေရတာ တအားများနေပြီ။ ငါ့ကျောင်းသူတွေကို နှိပ်က နှိပ်စက်သေး ၊ ပညာက လျှိုသေး … နင်နိုးလာရင် အသေပဲဟဲ့”
ဟုဆိုရကား အဝေး၌ ဖန်ပြွန်များ ၊ ဇိုက်(ခ်)၏ တပ်သားများယူလာပေးသော ယန္တရားများဖြင့် အလုပ်ရှုပ်နေသည့် မာတိုရိုပင် သူတို့ကိုလှည့်ကြည့်လာပြီး ၊ အလုပ်သင်လေးများကမူ ယင်းတို့၏မမလေးကို အပြစ်မပေးပါရန် မြိုင်ချုပ်အဘွားကြီး၏ ငါးအကြေးခွံများကို ဆွဲကိုင်ကာ တောင်းပန်ကြကုန်သည်။ သူ(မ)တို့ကို ကြည့်ရသည်မှာ နှိပ်စက်သူကို အငြိုးထားရန်ဝေးစွ ၊ ဆယ်ဖီးနီးကိုပင် ပြန်လည်ကာကွယ်ပေးနေကြသေးသည်။
ထို့နောက်အခြေအနေအနည်းငယ် တည်ငြိမ်သွားသည့်အခါ ၊ ဆယ်ဖီးနီး၏ မူမမှန်သောအကြောင်းများကို မေးမြန်းကြည့်သော်လည်း အဘွားကြီးမှာ လီလီယာနာကဲ့သို့ပင် ဝေ့လည်ကြောင်ပတ်ဖြေဆိုနေလေရာ ၊ ချင်းကြီး၌ အဖြေရှိနေသည်ကို လီယိုနာဒ့် သိနေလင့်ကစား ဆက်မမေးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုသူလိုက်နေသည့် အမှုလမ်းကြောင်းကို သူကိုယ်တိုင်ပင် ပြန်လည်သံသယဝင်နေ၍ အဖြေမှန်ကို သိရလျှင်လည်း အမှုအတွက် အထောက်အကူ မဖြစ်နိုင်တော့ဟု ယူဆနေသောကြောင့်တည်း။
ထို့နောက် မြိုင်ချုပ်အဘွားကြီးမှာ မြည်တွန်တောက်တီးလျက် ၊ ငါးမြီးကြီးနှင့် ကျောက်သားကြမ်းပြင်ကို တလျှောလျှောမြည်အောင် ပွတ်တိုက်လျက် အခန်းပြင်သို့ထွက်သွားလျှင် ၊ အလုပ်သင်လေးများမှာလည်း ၎င်းတို့၏မမလေးအနား၌ ဝိုင်းအုံကြကာ မေ့မြောနေသောသူ(မ)အား ဝိုင်းဝန်းတောင်းပန်နေကြလေသည်။ ထိုအခါဇိုက်(ခ်)က
“ဘယ်လိုလဲ ခေါင်းဆောင် … ဒီကိစ္စက အမှုနှင့်ဘယ်လို သက်ဆိုင် …”
“အမှုဟုတ်လား … အမှုဟုတ်လား … မင်းမွှန်လို့ဝပြီလား ဟေ့ကောင်”
သူ၏ ငေါက်ငမ်းလိုက်သော စကားကြောင့် ၎င်းမှာမျက်တောင်များ ပုတ်ခတ်၍ ပြန်ကြည့်လေ၏။
“ခေါင်းဆောင် … ဘာကိုဆိုလိုတာလဲ … ခေါင်းဆောင်အစက ထောက်ပြခဲ့သလို ဒီကလေးမသုံးယောက်က လေဒီ ဆယ်ဖီးနီး မဝင်ခိုင်းတာနှင့် မနက်ခြောက်နာရီထိုးတဲ့အထိ အခန်းထဲပြန်မဝင်ကြဘူးလေ။ အခုက ဘာလို့လဲဆိုတာ ထွက်လာပြီ။ သူတို့လျှို့ဝှက်ချက်တွေပေါ်လာပြီ။ အမှုနှင့်ဆက်စပ်ဖို့ပဲကျန် …”
“အဲလျှို့ဝှက်ချက်သိတော့ ဘာလုပ်ရမှာလဲ။ လူတိုင်းမှာ လျှို့ဝှက်ချက်ရှိတယ်ဟ။ မင်းမှာကော မရှိဘူးလား။ မင်းလျှို့ဝှက်ချက်ကို ငါသိသွားတာနှင့် လူသတ်မှုပေါ်ရောလား … ဟမ်”
ဇိုက်(ခ်) မျက်နှာပျက်သွား၏။ ထို့ကြောင့်သူလည်း ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ဖိပြောတော့သည်။
“လီလီယာနာနှင့် ဆယ်ဖီးနီး တစ်ယောက်နှင့်တစ်ယောက် ကျိတ်ပြိုင်ပြီး တစ်ဘက်နှင့်တစ်ဘက် ပါပါးလေးတွေ ပုတ်နေကြတာ မင်းသိလား။ ဆယ်ဖီးနီး အလုပ်သင်ဝတ်တဲ့ အဝတ်နှင့် လီလီယာနာရဲ့ အလုပ်သင်ဝတ်တဲ့ အဝတ်ယှဉ်ကြည့်မိလား။ ဆယ်ဖီးနီး အလုပ်သင်တွေရဲ့ အဝတ်တွေက ပိုသာတယ်။ အလုပ်သင်ဆိုရင် ဂါဝန်မှာ စီးကွင့်မထိုးရတဲ့ကြားကနေ စည်းမျဉ်းကို လက်တစ်လုံးခြားကစားပြီး အလင်းရောင်ပြန်ရင် စီးကွင့်ပေါ်အောင်လုပ်ပေးထားတာ … ဆယ်ဖီးနီးက ပြည့်တန်ဆာပညာပြင် ၊ အင်္ကျီဒီဇိုင်းပညာပါတတ်တယ် မင်းမသိဘူးမလား”
ဇိုက်(ခ်)မှာ မျက်မှောင်ကြုတ်ကာ ခေါင်းခါပြသည် ။
“ပြီးတော့ လီလီယာနာက မင်းကိုအမှုအတွက် သဲလွန်စပေးတယ်ထင်နေလား။ မင်းကိုအသုံးချပြီး ဆယ်ဖီးနီးက သူ့တပည့်တွေကို နှိပ်စက်နေတာတွေကို အဘွားကြီးကို အသိပေးလိုက်တာကွ။
မြင်ပြီလား … စကားလေးတွေနှင့် ဘယ်လိုလုပ်သွားတယ်ဆိုတာကို။ မင်းမွှန်တာနှင့် ငါတို့တွေ သူတို့နှစ်ယောက်တိုက်ပွဲကြားမှာ အသုံးချခံဖြစ်ကုန်တာ။ ဒီလောက်ခါးတူးနေတဲ့ မီဖာလာရေနွေးကြမ်း တိုက်ကတည်းက ဒီအမှုက သူ့ဘာသာပြေလည်သွားမှာလို့ သွယ်ဝိုက်ပြောနေတာကို မင်းသိသင့်တယ် … မင်း … ကျေးဇူးပြုပြီး မစားရအညှော်ခံ မိန်းမတစ်ယောက်ကို မကိုးကွယ်စမ်းပါနှင့် … ဒီမိန်းမတွေက ယောက်ျားတစ်ယောက်နှင့်စကားပြောတာကို အတတ်ပညာတစ်ခုအနေနှင့် ကျောင်းမှာသင်လာတဲ့ဟာတွေဟ။ အသိစိတ်လေး နည်းနည်းပဲဖြစ်ဖြစ် ဝင်စမ်းပါ”
ဟုဆိုလေရာ ဇိုက်(ခ်)မှာ ခေါင်းငုံ့သွားတော့သည်။ သို့သော် စက္ကန့်ပိုင်းမျှအကြာ၌ ၎င်းသည်လက်သီးကိုဆုပ်လျက် ခေါင်းပြန်မော့လာ၍ သူ့ကိုမျက်လုံးချင်းဆိုင်ကြည့်ကာ
“ဘာပဲပြောပြော ကျုပ်တို့အလုပ်သင်လေးတွေအတွက် အမှန်တရားကို ဖော်ပေးလိုက်နိုင်ပါတယ်။ ခေါင်းဆောင် … အားနွဲ့တဲ့ မိန်းမသားတွေကို ကာကွယ်ပေးရမယ်ဆိုတာ နဂါးသူရဲကောင်း သွေးသစ္စာ ( Dragon Knight Oath ) မှာပါတယ်။ နတ်ဘုရား အက်(စ်)မန်းဒက်(စ်)ရှေ့မှာ ကိုယ့်ချပ်ဝတ်ကိုကိုင်ရင်း သစ္စာဆိုခဲ့ရတာ … ခေါင်းဆောင်မေ့သွားပြီလား”
“ဟက် … သူရဲကောင်း … သွေးသစ္စာ … အားနွဲ့တဲ့မိန်းမသားဟုတ်စ … မင်းတော့လား။ ဒီမှာငါ့ကောင် … လောကမှာ မင်းအတွက်အကျိုးမရှိရင် ဘာတစ်ခုမျှ မလုပ်နှင့်ကွ။ စာအုပ်ကြီးထဲက သွေးသစ္စာတွေကို ပြောနေတာမဟုတ်ဘူး။ လက်ရှိမင်းရှေ့မှာ ဖြစ်ပျက်နေတာတွေကိုပြောနေတာ … ငါ့လိုတစ်ဘဝလုံး စုတ်ပြတ်သွားပြီးမှ သိတာမျိုးမဖြစ်ရအောင်ပြောနေတာကွ”
ဟုဆို၍ လီယိုနာ့ဒ်မှာ ဇိုက်(ခ်)၏ ရင်ဘတ်ချပ်ဝတ်နှင့် သူ့နဖူးထိလုနီးပါး တိုးကပ်လိုက်သည့်အခါ ၊ ၎င်းမှာခြေနှစ်လှမ်းမျှ ဆုတ်သွားလေသည်။ ဤသည်တွင် သူသည် ချင်းထံသို့ ခြေတစ်လှမ်း ထပ်မံတိုးကပ်ပြီးနောက် ရင်ဘတ်ချပ်ဝတ်ကို ဗျန်းခနဲမြည်အောင် လက်ဖဝါးဖြင့် ရိုက်ပစ်လိုက်လေသည်။ ယင်းနောက် နှစ်ကိုယ်ကြားလေသံဖြင့်
“ငါ့တစ်ဘဝလုံး လူတွေသတ်လာပြီး အခုထိ မသေသေးတာ ဘာကြောင့်လို့မင်းထင်လဲ”
ဟုတစ်ခွန်းသာမေးလိုက် လေလျှင် ၊ တပ်မှူးကြီးဇိုက်(ခ်)မှာ မည်ကဲ့သို့မျှပင် ပြန်မပြောနိုင်တော့ဘဲ ငြိမ်ကျသွားသည့်အတွက် အခန်းတစ်ခုလုံးမှာ ကျောက်နဂါးခေါင်းမှ ပန်းထွက်နေသော ရေသံများနှင့်သာ ပြန်လည်ကာ ဆူညံလာလေတော့သတည်း။ ။
***********
ဇိုက်(ခ်)နှင့် ပြဿနာရှင်းပြီးသွားသောကြောင့် နောက်လှည့်ပြီး အခြေအနေကို အကဲခတ်သည့်အခါ ၊ အလုပ်သင်ပြည့်တန်ဆာလေးများက သူတို့ကိုမျက်လုံးအဝိုင်းသားဖြင့် ဝိုင်းကြည့်နေကြ၍ မာတိုရိုကမူ ယန္တရားကြီးကို တင်ထားသော စားပွဲပေါ်တွင် လက်လေးဖက်လုံးထောက်လျက် ခေါင်းငိုက်စိုက်ကျနေပြီး ၊ ယင်းစားပွဲပေါ်၌ တချို့သောဖန်ပြွန်ပုလင်းများက လဲကျနေလျက် ၊ ဆေးရည်တချို့မှာ စားပွဲပေါ်ဝယ် ပေကျံလျက် ရှိနေသဖြင့် လီယိုနာ့ဒ်တို့နှစ်ယောက်မှာ မာတိုရိုရှိရာသို့ ချဉ်းကပ်လာလေသည်။ ထို့နောက် သူကပင်စ၍
“ဘယ်လိုလဲ … အဖြေရပြီလား။ ဘာကြောင့် ဒါမျိုးဖြစ်နေရတာလဲ”
အနှီပိုးကောင်မှာ သူ့အမေးကိုမဖြေဘဲ ခေါင်းပေါ်က အင်တာနာများသာ ယမ်းခါနေကာ
“မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး … အဓိပ္ပာယ်မရှိဘူး … ဒါ … ဒါလုံးဝအဓိပ္ပာယ်မရှိဘူး”
ဟု တစ်ယောက်တည်း ရေရွတ်နေသဖြင့် သူလည်း ၎င်း၏ပခုံးက အခွံမာကို ဆုပ်ကိုင်ပြီး ခါယမ်းလတ်သော် ၊ အခွံမာပေါ်၌ ပေါက်နေသော အမွေးချွန်များကြောင့် လက်ဖဝါးတစ်ခုလုံး စူးတက်သွားလေသည်။
“ဘာဖြစ်နေတာလဲ … ဘာအဓိပ္ပာယ်မရှိတာလဲ … ပြော”
ထိုအခါမှ အကြင်ပိုးကောင်က သူတို့နှစ်ယောက်လုံးကို မျက်လုံးခြောက်လုံးလုံးဖြင့် မော့ကြည့်လာ၍
“အားလုံး ပုံမှန် ( Normal ) ထွက်နေတယ်။ သွေးစစ်တာ ဘာမျှမတွေ့ရဘူး။ ဦးနှောက်ရည် ( CSF ) ထဲမှာဘာမျှမရှိဘူး။ ယန္တရားနှင့် ခေါင်းထဲကို လှမ်းကြည့်တော့ ဦးနှောက်တစ်ခုလုံး သွေးငတ်ဒဏ်ရာ ( Ischemic Injury ) တွေတစ်ခုမျှ မရှိဘူး … အထဲမှာသွေးခဲတွေ ၊ အကျိတ်တွေနှင့် ဖိမိပြီး ခေါင်းထဲမှာဖိအား ( ICP ) များနေတာလည်းမတွေ့ဘူး … ဘာအဆိပ်မျှရှာမရဘူး … ဘာဆေးမျှလည်း အလွန်အကျွံသုံး ( Drug Overdose ) ထားတာမတွေ့ရဘူး … အဏုဇီဝပိုး ( Infection ) လည်းမရှိဘူး … ဘာ … ဘာကြီးလဲ … အားလုံးကောင်းနေရင် ဘာဖြစ်လို့ GCS 3 FOUR Score 8 ကြီးနှင့် ကိုမာဝင်နေသေးလဲ”
ဟုဆိုသည်တွင် ၊ သူ့နောက်က ဇိုက်(ခ်)မှာ ခါးထောက်ပြီး
“ဟေ့ကောင် တော်တော့ကွာ … ဘာဖြစ်တာလဲ မင်းသိလား ၊ မသိဘူးလားပဲ သိချင်တာ။ မင်းဆီက ရလဒ်တွေကို လိုချင်နေတာ … စောဒကတွေမဟုတ်ဘူး။ မင်းကုနိုင်လား … မကုနိုင်ဘူးလားပဲပြော”
“မသိဘူး … မကုနိုင်ဘူး … မကုတတ်ဘူး”
“ဘာကွ … မင်းအခုလို လုပ်ချင်တာလုပ်ခွင့်ကို အလကားရနေတာများ မှတ်နေလား”
ပြောနေလျက်ပင် မာတိုရိုနား တိုးလာသောကြောင့် လီယိုနာ့ဒ်မှာ ဇိုက်ကိုလက်တစ်ဖက်ဖြင့် တားလိုက်ရသည်။
“အေးဟုတ်ပြီ။ မင်းအခုပြောပုံအရဆိုရင် … ဘာရောဂါမျှ ရှာမတွေ့ဘူး … စစ်ချက်အဖြေတွေက လူကောင်းတစ်ယောက်လိုဖြစ်နေတယ်ပေါ့။ ဒါဘာကြောင့်လို့ မင်းထင်နေသလဲ။ အထင်ဆုံးကို ပွင့်ပွင့်လင်းလင်းပြောကြည့်”
ထိုအခါ မာတိုရိုက ဇိုက်(ခ်)၏ရုံးခန်းအတွင်းက သယ်လာသော စက်ဝိုင်းသဏ္ဌာန် ယန္တရားကြီးကို လှည့်ကြည့်ကာ
“ဒီယန္တရားပဲ လိုအပ်ချက်ရှိပြီး ရောဂါကို ရှာမတွေ့တာများလား”
“ဟေ့ကောင် … ဒါနတ်ဘုရားမ မေဟန်ဟီရစုရဲ့ ဘုန်းတော်နှင့် ဖန်ဆင်းထားတာကွ။ ဒါကို မကောင်းဘူးပြောတာ မင်းစော်ကားလှချည်းလား … မင်းမတတ်ရင် မတတ်ဘူးပေါ့ကွာ … မင်းမကုနိုင်ဘူးမလား။ မကုနိုင်ရင် ခေါင်းဆောင်ကို တောင်းထားတဲ့ ငွေတစ်ရာ အခုချက်ချင်း ပြန်ပေးလိုက်စမ်း။ ပြီးရင်ထောင်ထဲပြန်ဝင်တော့”
ဇိုက်(ခ်)စကားကြောင့် မာတိုရို၏ ခေါင်းပေါ်ကအင်တာနာများ လှုပ်ခါနေရာမှ အပေါ်တည့်တည့်သို့ ထောင်တက်သွား၍ ၊ တဒင်္ဂမျှအကြာဝယ် သင်းသည် ခါးကြားက ဖရီယာအထုပ်လေးကို ဖြုတ်ယူပြီးနောက် သူ့ရှေ့သို့ ထိုးပေးလာသည်။
“စိတ်မကောင်းပါဘူး ကိုယ့်လူ။ ဒီရောဂါကိုကုဖို့ ကျုပ်ဆေးထိုးအပ်က ထင်သလောက် မချွန်သေးဘူး”
ဟုဆိုသရော် ၊ လီယိုနာဒ့်မှာ ခေါင်းယမ်းပြီးနောက် မာတိုရို၏ ဖရီယာထုပ်ကို ကိုင်ထားသောလက်အား ပြန်တွန်းလိုက်လေသည်။
“မလိုဘူး။ ပြန်ယူထား … မင်းကိုငါ ခိုင်းစရာရှိသေးတယ်”
“ခေါင်းဆောင်”
“ဘာလဲ ဇိုက်(ခ်) … မင်းတွေးကြည့်ပါဦး။ အခုအမှုကို ဘယ်လိုဆက်လိုက်တော့မလဲ”
“နောက်ဆရာဝန် တစ်ယောက်ထပ်ရှာပြီး လေဒီ ဆယ်ဖီးနီးကို ကုရမှာပေါ့။ အင်အားသုံးပြီး ဒီဆောင်ကြာမြိုင်ကိုမွှေပစ် ၊ စစ်ကြောသင့်တဲ့ သူကို စစ်ကြောပစ်ရတော့မှာပေါ့ဗျ။ ကျုပ်တို့အနုနည်းနှင့် သွားနေတာတွေရပ်သင့်ပြီ”
ဇိုက်(ခ်)၏စကားကြောင့် ဘေးနားက အလုပ်သင်လေးများမှာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်သွားလေပြီ။
“ဆောင်ကြာမြိုင်တစ်ခုလုံး မွှေမှတော့ ပြည့်တန်ဆာတွေနှင့် ဥယျာဉ်ပျိုတွေအကြောင်းပဲ ထပ်ထွက်လာတော့မှာပေါ့။ ပြီးတော့မင်းရဲ့ နောက်ဆရာဝန်ကလည်း လက်ဖလက်ဆီဖူးကို မီးခိုးတိုက်ပြီး လူနာခေါင်းရင်းထားနေဦးမှာပဲ”
“ခေါင်းဆောင် ခင်ဗျား ဘာဖြစ်ချင်နေတာလဲ”
“ငါတို့အမှုလိုက်တာ လမ်းလွဲနေပြီ။ လေဒီ ဆယ်ဖီးနီးနှင့် အော်စလန်ကို သံသယရှိလို့ အဆိပ်နောက်ကို လိုက်လိုက်တာ … သူတို့နှစ်ယောက်နောက်လိုက်တာ … ပြည့်ကြီးတန်ဆာ နှစ်ယောက်ရဲ့ အကြောင်းတွေပဲ ပိုသိလိုက်ရတယ်။ အမှုနှင့်ဆိုင်တာ ဘာမျှ ထွက်မလာဘူး။ အဆိပ်လည်းမဟုတ်ဘူး။
အမှုမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု ပြတ်နေတယ်။ အဲသည် ကွင်းဆက်ကို မသိရင်ငါတို့ဘာမျှ ဆက်လိုက်လို့မရဘူး။ ပြီးတော့ ငါ့အထင် အဲကွင်းဆက်က ဒီဆောင်ကြာမြိုင်မှာတောင် မရှိလောက်ဘူး။ လေဒီ ဆယ်ဖီးနီးရဲ့ အခန်းထဲကထွက်လာကတည်းက သိပ်မဟုတ်တော့ဘူး လို့ထင်နေတာ … အခု မာတိုရိုဘာမျှရှာမတွေ့တာက ပိုသေချာသွားတယ်”
“အဲတော့ …”
“အဲတော့ … အာဇာဂါနာမှာ ဒီအမှုပြင် နောက်ထပ်ပြဿနာကြီးငါးခုပါ ကျန်သေးတယ်မလား။ အဲဒါတွေအားလုံး ဆက်နေမယ်လို့ ငါယူဆတယ်။ ဒါကြောင့် မာတိုရိုကိုခေါ်ပြီး ပြည်သူ့ဆေးရုံကြီးက ပြဿနာကို ရှင်းကြည့်ဖို့ဆုံးဖြတ်ထားတယ်”
ဟုဆိုလတ်သော် မာတိုရို၏ အနီရောင်မျက်လုံးခြောက်လုံးလုံးမှာ စူးလက်လာပြီး ၊ ဇိုက်(ခ်)ကမူ ခန်းမကြီးကို တစ်ချက်ဝှေ့ကြည့်၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်လေသည်။
“ခေါင်းဆောင် ခင်ဗျားပြောချင်တာက ဒီပြဿနာကို မပြီးသေးဘဲ ထားခဲ့ရမယ်လို့လား”
“အေးပေါ့။ ဆက်လိုက်လို့မရဘဲ လမ်းပိတ်နေတာကို မင်းကဘာဆက်လုပ်ချင်နေသေးတာလဲ။ မြို့ထဲက တခြားပြဿနာတွေကို ပတ်ရှင်းပြီး အရေးကြီးတဲ့ ကွင်းဆက်ကို ရှာရမယ်။ ပြီးမှ အဲသည်ကရတဲ့ အချက်အလက်တွေနှင့် ဒီပြန်လာမယ်။ အမှုကို ဒီတစ်စက ဆွဲမရရင် နောက်တစ်စက ဆွဲထုတ်ကြည့်ရလိမ့်မယ်”
“ဒီလိုလုပ်မယ်ဆိုရင်တော့ … တပ်မှူးရဲ့ ဝိုက်ဗန်အမ်းကို ဒီမှာအစောင့်ထားခဲ့ရလိမ့်မယ်ကိုယ့်လူ။ လူနာက GCS 3 Coma ကြီး။ အသက်ရှူနေတာက အချိန်မရွေးထဖောက်သွားနိုင်တယ်။ ဆက်သွယ်ရေး ကိရိယာပါတဲ့တစ်ယောက်ကို ဒီမှာစောင့်ခိုင်းထားမှ အဆင်ပြေလိမ့်မယ်”
ဟု မာတိုရိုကဆိုလေရာ၌ ဇိုက်(ခ်)ကလည်း လီယိုနာ့ဒ်၏အကြံကို သဘောတူလိုက်သည့်အခါ ၊ သူတို့သုံးယောက်သည် ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော်က အမှုကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ အရှုံးကိုသာ လက်ဝယ်ပိုက်လျက် ဒုတိယပြဿနာကိုရှင်းရန် ထွက်ခွါလာကြလေသည်။ ယခုသူတို့ ဦးတည်နေသည့်နေရာမှာကား အာဇာဂါနာမြို့တော်၏ ပြည်သူ့ဆေးရုံကြီးဆီသို့။ ။
***********