Declaration of Geneva
Vol. 1 Ch. 13
အာဇာဂါနာ ပြည်သူ့ဆေးရုံကြီးသို့ ဒုတိယအကြိမ်ရောက်ရှိလာပြန်ပြီ။ ထို့နောက် လီယိုနာ့ဒ်တို့သည် မုခ်ဝမှတစ်ဆင့် အရေးပေါ်ဌာန ၊ အရေးပေါ်ဌာနမှတစ်ဆင့် အထွေထွေဖျားနာဆောင် အဆောက်အဦးကြီးရှိရာ မြက်ခင်းပြင်ကြီးပေါ်သို့ ဦးတည်လာလေသည်။
အချိန်ကား နေ့လယ်။ တစ်မနက်လုံးအုံ့ဆိုင်းနေခဲ့သည် မိုးသားများ စတင်ကျဲပါးလာသည်သာမက ၊ မဟာသစ်ပင်ကြီး၏ အရိပ်ကြီးမှာလည်း မြို့ပြင်သို့ ရွေ့လျားသွားသည့်အားလျော်စွာ ကောင်းကင်ယံက နေမင်းကြီးနှင့် မြို့ပေါ်၌ပျံနေသော သလင်းတုံးကြီးများ၏ စုပေါင်းအလင်းရောင်တို့မှာလည်း လီယိုနာ့ဒ်၏ခေါင်းပေါ်သို့ တည့်တည့်ကျနေကြသဖြင့် ဆံပင်များပင် ထလောင်တော့မည့်အလား ပူကျက်နေပြီး ၊ တစ်ချိန်တည်းမှာပင် ဆေးနံ့ပါသော လေပြည်ကလည်း တသုန်သုန်တိုက်ခတ်နေလေရာ ၊ ယင်းလေပြည်နှင့် ခပ်စို့စို့ထွက်နေသော ချွေးတို့ပူးပေါင်းလျက် သူ့ခန္ဓာကိုယ်မှာ ပြန်အေးနေပြန်၏။ ဥတုရာသီကား မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက်။
https://mmxianxia.com/wp-content/uploads/2026/03/2F27A1BD-FE6B-4489-8F81-5E3E9028CEB4.webp
သူ့ရှေ့တည့်တည့်က ဖျားနာဆောင်ဇရပ်ကြီးမှာ ဟီးထနေသည်။ ၎င်းဇရပ်ကြီးကို ဖြူညစ်ညစ်ရောင်ကျောက်တုံးကြီးများဖြင့် ထုလိုက် ထည်လိုက် အုတ်မြစ်ချထား၍ ၊ ထိုအပေါ်၌ အနက်ရောင်ကျောက်တိုင်ကြီးများကို အစီအရီတည်ကာ ခန့်ခန့်ထည်ထည် တည်ဆောက်ထားလေပြီး ဤဇရပ်၌ နံရံမရှိပေသော်ငြား ၊ ယခုအခါ ကျောက်တိုင်ကြီးများ တစ်ခုနှင့်တစ်ခုကြားဝယ် အစိမ်းရောင် လိုက်ကာထူကြီးများဖြင့် ပတ်ပတ်လည် ကာထားသည့်အလျောက် အတွင်းကို လှမ်းမမြင်ရပေ။
သို့သော် ဇရပ်ကြီး၏ခြေရင်း မြက်ခင်းပြင်တွင် စလွယ်များလွယ်ထားသော သူများက ငုတ်တုတ်သော်လည်းကောင်း ၊ ဆောင့်ကြောင့်သော်လည်းကောင်း ထိုင်နေကြပြီး ၊ ထိုအခိုက်၌ ဇရပ်ကြီး၏ လိုက်ကာစိမ်းကြီးကြားက လူသားမိန်းမကြီး၏ ခေါင်းတစ်လုံးပြူလာလေသည်။
“ဟယ်တော်ရယ် … လူနာစောင့်တွေ ဒီဇရပ်နားမနေပါနှင့် ဆိုနေတာကို။ သွားကြစမ်း … အကုန်ထွက်သွားကြ။ ဒီမှာဇရပ်ထဲမှာ လူနာတွေနှင့်ကိုး ခြေချစရာ နေရာမရှိဘူးဟဲ့”
ဟုလှမ်းအော်သဖြင့် ငုတ်တုတ်ထိုင်နေသော လူနာစောင့်များ ရှဲထွက်ကုန်သည်။ မြင်နေရကြားနေရသည်က စိတ်မသက်သာဖွယ်။ ထိုစဉ် အနှီမိန်းမကြီး၏ ဦးခေါင်းမှာ သူတို့ဘက်သို့လှည့်လာ၍ ၊ ယန္တရားချပ်ဝတ်တန်ဆာ အပြည့်နှင့်ဇိုက်(ခ်)ကို လှမ်းကြည့်နေပြီးနောက် ၊ စက္ကန့်ပိုင်းမျှကြာသည့်အခါ ခေါင်းပြူနေရာနေရာမှ သူတို့နားသို့ ပြေးထွက်လာလေ၏။ အသက်လေးဆယ့်ငါးနှစ် ဝန်းကျင် ဝဖိုင့်ဖိုင့်သူနာပြုကြီး။ ယင်းပြေးလာသည်က ဘောလုံးကြီး လိမ့်လာသည့်အတိုင်း။
“အလို ဘယ်သူများလဲလို့ တပ်မှူးပါလား။ ဘာကိစ္စပါလဲ”
“ဒီဆေးရုံမှာ အရေးကြီးကိစ္စ စုံစမ်းစရာရှိတယ်။ သာမန်ရှာဖွေတာထပ် ပိုတဲ့ စုံစမ်းရေးမို့လို့ ဒီနှစ်ယောက် တောင်းဆိုသမျှကို ပူးပေါင်းဆောင်ရွက်ပေးရမယ်။ လူမနိုင်တာတွေ ၊ ဖင်မနိုင်တာတွေ မကြားချင်ဘူး … ရှင်းလား”
ဟုဆို၍ လီယိုနာ့ဒ်နှင့်မာတိုရိုတို့နှစ်ယောက်ကို ညွှန်ပြလျှင် သူနာပြုကြီးမှာ
“ရှင်း … ရှင်းပါတယ် တပ်မှူး”
ဟု တုန်တုန်ယင်ယင်နှင့် ပြန်ဖြေပြီးနောက် မျက်နှာငယ်လေးနှင့် သူတို့ကို မော်ကြည့်လေသည်။ တစ်ပူပေါ်နှစ်ပူထပ်ဆင့်နေသည့် အကြည့်များက မျက်လုံးချင်းဆိုင်မိသည်နှင့် သူ့ထံသို့ ကူးစက်လာ၏။ မနိုင်ဝန်ထမ်းနေရသည်က အထင်အရှား။ ဤသို့ဖြင့် သူတို့သုံးယောက် ဇရပ်ကြီးအတွင်းသို့ ဝင်ခွင့်ရလေသည်။
ဇရပ်ကြီးအတွင်းရောက်သည်နှင့် မည်းနက် မှောင်မိုက်နေသော ရူပါရုံသည်လည်းကောင်း ၊ စကားပြောသံများ ညည်းသံများဖြင့် ညံပွက်နေသော သဒ္ဒါရုံသည်လည်းကောင်း ၊ ပူလောင်အိုက်စပ်နေသော
ဖောဋ္ဌဗ္ဗာရုံသည်လည်းကောင်း သူ့ကို အဆင်သင့် ဆီးကြိုလာလေသဖြင့် လီယိုနာ့ဒ်မှာ ရှေ့သို့ဆက်တိုးမသွားသေးဘဲ ခေတ္တမျှစောင့်ဆိုင်း၍ ၊ အမှောင်တွင်း အသားကျလာသောအခါမှ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်လေလျှင် ဤဇရပ်ကြီးတွင်း၌ လူနာများမှာ နေရာချစရာပင် မရှိလောက်အောင် ညှပ်သိပ်နေပြီး ၊ ထိုလူများက ထွက်နေသော လူနံ့ ၊ ချွေးနံ့နှင့် ညှီနံ့များမှာလည်း လှိုင်အုံတစ်ဆို့နေကြသည့်ပြင် ၊ ၎င်းတို့၏အပူငွေ့နှင့် ချွေးငွေ့များက သူ့မျက်နှာကို လှိုင်းသဖွယ် လာရိုက်လေသော် ဤမျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားရသည်သာမက ကျောမှလည်း ချွေးများ ပြိုက်ခနဲထွက်လာလေသည်။
နံစော်နေသော အနံ့ကို အဆုံးထိရှိုက်သွင်းလိုက်သရော် ၊ ရင်တွင်းပျို့တက်လာ၏။ မတတ်နိုင် ၊ ယင်းအနံ့ကိုအသားကျရန် များများရှူထားရလတ္တံ့။ ထိုစဉ်
“ဟဲ့ … လမ်းဖယ်ပေးကြ။ ငါလျှောတိုက်ဖို့ နေရာမရှိဘူး။ လမ်းဖယ်ကြစမ်း”
ခပ်လှမ်းလှမ်းရှိ အာပေါဿရေသူမ သူနာပြုလေး၏ မှောင်မှောင်မည်းမည်း လူနာပင်လယ်ကြီးကြားကလှမ်း အော်နေသည့်အသံ။ လူနာများ များပြားလွန်းလှ၍ သူ(မ)၏ ငါးခန္ဓာကိုယ်လေး သွားရန်ပင်လမ်းမရှိတော့။ ထိုအခါ ဝါယောနပိုးကောင် သူနာပြုမလေးက
“ငါလာပြီ … ငါလာပြီ”
ဟု ပြန်အော်၍ သူ(မ)၏သေးသွယ်သော အခွံမာခြေထောက် ခြောက်ချောင်းဖြင့် လူနာများအကြား ကျော်ခွလာသည်တွင် ၊ တစ်နေရာ၌ လူနာတစ်ယောက်ကို ချွန်သေးသေး ခြေချောင်းများဖြင့် တက်နင်းလေရကား ထိုလူနာမှာထအော် ၊ သူ(မ)မှာလည်း လူနာများကြားပစ်လဲကာ ဖင်ဆီဖူးကြီးပါထောင်နေသဖြင့် ဇရပ်ကြီးမှာ လူနာသံများပြင် ဆဲဆိုကြိမ်းမောင်းသံများပါ နဘံမိုးသို့ညံစီလာလေတော့သည်။ အခြေအနေကား ဝရုန်းသုန်းကား။ ထိုအခါ လီယိုနာ့ဒ်က သူနာပြုကြီးထံလှည့်ပြီး
“ဇရပ်ဆိုတာ လေကောင်းလေသန့်ရဖို့မလား ဘယ့်နှယ် လိုက်ကာကာပြီး အားလုံးမွန်းသေအောင် လုပ်ထားရတာလဲ”
“အောင်မလေး သူရဲကောင်းရယ်။ ဖွင့်ပေးလိုက်ရင် ဒီထက်ပိုဆိုးသွားလိမ့်မယ်။ အခုဆေးရုံလာတဲ့ လူနာမှန်သမျှ တစ်ယောက်မျှ အလင်းဒဏ်မခံနိုင်ကြဘူး ( Photosensitivity )”
ဟု ဆိုလေလျှင် ဘေးကမာတိုရိုက အနီးဆုံးရှိ လူသားလူနာအနား၌ ဆောင့်ကြောင့်ထိုင်ချလိုက်၍
“ဘာဖြစ်လို့ ဆေးရုံလာတာလဲ”
ဟုမေးသရော် ၊ အကြင်သူသည်ကား မာတိုရိုအား မျက်လုံးပြူးလျက်သား ပြန်ကြည့်နေလေ၏။ တဒင်္ဂမျှကြာသောအခါမှ
“ဖျားလို့”
ဟူသည့် တိုတိုတုတ်တုတ် အဖြေတစ်ခု ထွက်ကျလာပြီး ၊ မည်းမှောင်နေသောကြောင့် လီယိုနာ့ဒ်မှာ လူနာ၏မျက်နှာကိုအကဲမခတ်နိုင်သော်လည်း ၎င်းအသံမှာ မာဆတ်ဆတ်။
“ဘယ်တုန်းက စဖျားတာလဲ”
“ဘယ်တုန်းကလဲ … လွန်ခဲ့တဲ့ လေးရက်လား … သုံးရက်လား … မမှတ်မိတော့ဘူး”
“အဖျားက တက်လိုက်ကျလိုက်လား။ ဆက်တိုက်ဖျားနေတာလား”
“ဘာတွေလာမေးနေတာလဲကွာ … သူ့ဘာသာတက်ချင်တက်မှာပေါ့ ၊ ကျချင်ကျမှာပေါ့”
“မေးတာလေးဖြေပေးပါဗျာ။ ညဘက်တွေမှာကော အဖျားကြီးတာမျိုးရှိ …”
“ဟေ့ကောင် မေလိုး အသားမရှိတဲ့ အခွံကျွတ်ကောင်။ ငါ့ဘာသာဖျားချင်သလို ဖျားမယ်ကွာ … ဒီမှာ လည်ပင်းတွေတောင့်ပြီး ၊ ခေါင်းတွေ စောက်ရမ်းကိုက်နေရတဲ့အထဲ မင်းက လီးတွေလာမေးနေတာလား”
လီယိုနာ့ဒ်လည်း ဝင်ပါရန် ခြေတစ်လှမ်းလှမ်းကြိုက် ၊ မာတိုရိုက လက်ကာပြပြီး ပြန်ထလာသည်။
“ဟူး … မလွယ်ဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်တွေတော့ ရလိုက်တယ်ဗျ။ ကိုယ့်လူတို့ ဒီမှာစောင့်နေ။ ကျုပ်တခြားလူနာတွေကို နည်းနည်းပါးပါးမေးပြီး ပြန်လာခဲ့မယ်”
ဟုဆိုပြီးနောက် မာတိုရိုမှာ ဘေးနားကလူနာများကို စတင်မေးမြန်းလေပြီး ဤလူနာများကိုမေးမြန်းရာ၌ ဖျားသလော ၊ လည်ပင်းတောင့်သေးသလော ဟူသောမေးခွန်းများပြင် နာမည်အဘယ်နည်း ၊ ဘယ်နေရာသို့ရောက်နေသနည်း ဟူသည့်မေးခွန်းများလည်း ပါဝင်လာ၍ ၊ လူနာကို ခြေမြှောက်ခိုင်းကာ ထိုခြေကို၎င်း၏ လက်ဖြင့်ဖိချခြင်းများလည်း ပြုလုပ်လျက်ရှိလေသည်။
လူနာတော်တော်များများမှာ ရောဂါကြောင့်လော ၊ ပတ်ဝန်းကျင်အခြေအနေကြောင့်လော ၊ နှစ်ခုလုံးကြောင့်လော မပြောတတ်။ တော်တော်များများမှာ ဆတ်ဆတ်ထိမခံ ဖြစ်နေကြသောကြောင့် မာတိုရိုမှာ နောက်ပိုင်းလူနာများကို မေးခွန်းသုံးခွန်း ၊ လေးခွန်းမျှသာမေးပြီးနောက် နောက်တစ်ယောက်သို့ ပြောင်းနေသည်တွင် ၊ လီယိုနာ့ဒ်မှာလည်း ဆိုးဝါးလှသည့်ချွေးညှီနံ့ကြီးနှင့် လူနာများ၏ ကိုယ်အပူလှိုင်းများကို ကြံ့ကြံ့ခံလျက် ချင်း၏ပြန်အလာကိုစောင့်နေရလေသည်။
တအောင့်မျှကြာသွားသောအခါမှ မာတိုရိုပြန်ရောက်လာ၍ “ပြီးပြီ” ဟုဆိုသဖြင့် သူတို့သုံးယောက်နှင့် သူနာပြုဆရာမကြီးမှာ ဇရပ်အပြင်မြက်ခင်းပြင်သို့ အတူတူထွက်ကြပြီးနောက် ၊ အပြင်သို့ရောက်လျှင် ဆေးနံ့အနည်းငယ် နှောနေသောလေကို သက်တစ်ဆုံးရှိုက်ရှူချလိုက်လေရာ ၊ လေကောင်းလေသန့်စစ်စစ် မဟုတ်လင့်ကစား အနှီဂန္ဓာရုံနှင့်အတူ စိမ်းလန်းနေသော မြက်ခင်းပြင်ကြီးနှင့် ကောင်းကင်ပြာပြာကြီးကိုပါ ပူးတွဲရှုစားလိုက်ရသောကြောင့် ပျို့ချင်စိတ်များမှာ ယူပစ်လိုက်သည့်အလား ပျောက်သွားလေသည်။ ထိုကြိုက် မာတိုရိုက သူနာပြုကြီးထံလှည့်၍
“ဆရာမ … ကျုပ်အရင်ကလူနာတွေကော အခုဆေးရုံတက်နေတဲ့ လူနာတွေကော အားလုံးရဲ့ ရောဂါမှတ်တမ်းတွေကို ကြည့်ချင်တယ်”
သူနာပြုဝဝကြီး၏ မျက်လုံးမှေးမှေးကြီးများ ကျယ်သွားလေသည်။
“အ … အကုန်လုံးလား။ နောက်ပိုင်းလူနာတွေ များလွန်းလို့ မှတ်တမ်းတောင် ကောင်းကောင်းမလုပ်နိုင်တဲ့ အခြေအနေရောက်နေပြီ။ စုံမှာမဟုတ်ဘူးနော်”
ဟုဆိုသည့်တိုင် အကြင်ပိုးကောင်က ယူလာရန်သာ ဆိုနေသည့်အတွက် သူနာပြုကြီးမှာ သူတို့အနားမှ ထွက်သွားလေသော် လီယိုနာ့ဒ်က
“ကဲ လုပ်စမ်းပါဦး။ ဒါကကော ဘာလဲ”
“ဇရပ်ထဲ ရှိသမျှလူအားလုံး ဖျားတယ်။ ခေါင်းကိုက်တယ်။ လည်ပင်းတောင့်တယ်။ အလင်းဒဏ်မခံနိုင်ကြဘူး … ဦးနှောက်အမြှေးရောင် ( Meningitis ) ကိုယ့်လူ”
ထိုအခါ သူ့မျက်ခုံးများ မြင့်တက်သွားပြီး
“အဲသည်လောက်တောင် တိကျတယ်ပေါ့။ ဒါမြင်တာနှင့် အထဲမှာဘာဖြစ်သလဲပြောနိုင်တယ်ပေါ့။ ပြီးတော့ ဦးနှောက်အမြှေးဆိုတာဘာလဲ။ ဦးနှောက်ရောင်တာကို ပြောချင်တာလား”
“မဟုတ်ဘူး… ဦးနှောက်ကိုကာထားတဲ့ အမြှေးပါး ( Meninges ) ရောင်တာကိုပြောတာ။ ဦးနှောက်ရောင် ( Encephalitis ) တာက သီးသန့်ရှိတယ်။ ဒါပေမဲ့ ကျုပ်ခွဲခြားလာပြီးပြီ … သေချာတယ် ဦးနှောက်မဟုတ်ဘူး။ ဦးနှောက်အမြှေးရောင်တာ”
“ကဲ ဟုတ်ပါပြီ … ထားပါတော့။ ဘာဖြစ်လို့ရောင်ရတာလဲကော သိပြီးပြီလား”
ဟုမေးသရော် ၊ မာတိုရိုက ဇရပ်ကြီး၏ ဘေးကအုံကျပ်နေသော လူနာစောင့်များကို တစ်ချက်ကြည့်ပြီး
“ဒီလောက်အများကြီးဆိုရင် ဗိုင်ရယ် ( Viral ) များလား ။ နေဦး … လူနာမှတ်တမ်းတွေနှင့် သူတို့ပေးထားတဲ့ ဆေးတွေကို ကြည့်ကြည့်ဦးမယ် … ပြီးမှဆက်ပြောတာပေါ့”
ဟုဆိုလေ၏။ ထိုအခိုက် သူနာပြုဝဝကြီးမှာ သုံးပေနီးပါးမျှထူသော စာရွက်အထပ်လိုက်ကြီးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်မလာရကား သူ(မ)၏ ဦးခေါင်းကိုပင် စာရွက်ထုကြီးက ကွယ်နေသည်သာမက ၊ ခြေလှမ်းများလည်း ယိုင်ထိုးနေသောကြောင့် မာတိုရိုမှာ ၎င်းနားသို့ပြေးသွား၍ စာရွက်ထုကြီးကို ကူချပေးလိုက်ပြီးနောက် ထိုစာရွက်များအား တစ်ရွက်ချင်း စတင်ဖတ်ရှုနေလေသည်။
ထုံးစံအတိုင်းပင် ပထမဆုံး လေ ၊ ငါးရွက်ကို တခဏမျှကြာအောင်ဖတ်သော်လည်း နောက်စာရွက်များကိုမူ ကြည့်ရုံမျှသာကြည့်၍ ၊ စာရွက်ထုကြီး၏ တစ်ဝက်သို့ရောက်သွားသော် အကြင်ပိုးကောင်မှာ ဆက်မဖတ်တော့ဘဲ သူနာပြုကြီးထံသို့သာ လှည့်ကြည့်လေသည်။
“လူနာအားလုံးကို အထောက်အကူပြု ကုထုံး ( Supportive Treatment ) တွေချည်း သွားထားတာပါလား။ တကယ့်ဆေး ပေးမထားပါလား”
“အလို … ခေါင်းထဲ တေဇောဓာတ်များတဲ့ရောဂါကို ဘာဆေးပေးရဦးမှာလဲ။ အချိန်တန် သူ့ဘာသာသူပျောက်နေတာကို။ အခုဒီဆေးရုံကို လာနေတဲ့ လူနာတွေသာများနေတာ … အသေအပျောက် တစ်ယောက်မျှမရှိသေးဘူး။ ဒါကြောင့် နောက်လူနာတွေကို ဆေးရုံတောင်မတက်ခိုင်းတော့ဘဲ အိမ်မှာအမှောင်ခန်းထဲ ထားခိုင်းဖို့ စီစဉ်နေကြပြီ”
“ဒါပေါ့ … ဒါပေါ့ … ဒါဆို ဆရာမက တခြားဆရာမတွေကို သွားကူပေးလို့ ရပါပြီ။ ကျုပ်တို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”
မာတိုရို၏စကားဆုံးလျှင် သူနာပြုကြီးက သူတို့အားလုံးကို ပခုံးလက်ထိ အရိုအသေပေး၍ ၊ ဇရပ်ကြီးဆီသို့ ဘောလုံးကြီးလိမ့်သည့်အလား ပြန်ထွက်သွားလေသည်။ ထိုအခါ မာတိုရိုက သူတို့ဘက်လှည့်လာပြီး
“သေချာပါတယ် … ဗိုင်းရက်(စ်)ကပ်ကျ ( Viral Outbreak ) တဲ့ပုံစံကြီးပါ။ ခါရိုးဖောက် ၊ သွေးစစ်ပြီး အတည်ပြုကြည့်ရမယ်”
“နေဦး မာတိုရို။ အခုဒီမှာ ဖြစ်နေတဲ့ရောဂါက လေဒီ ဆယ်ဖီးနီးရောဂါနှင့်ဆိုင်လား။ ကြည့်ရတာ နှစ်ခုလုံးခေါင်းထိတဲ့ရောဂါတွေပဲ”
“Viral Meningitis နှင့် GCS 3 FOUR Score 8 Coma … ဟက် … မဆိုင်လောက်ပါဘူးဗျာ”
ထိုစကားကြောင့် လီယိုနာ့ဒ်မှာ စိတ်ဓာတ်ကျချင်ချင် ဖြစ်သွား၏။ ယင်းနောက်သူတို့သည် ကျောက်ဇရပ်ကြီးအတွင်းသို့ ပြန်သွား၍ မာတိုရို၏ ခါးရိုးဖောက်ခြင်းနှင့် သွေးဖောက်ခြင်းတို့ကို ကူညီပေးရာတွင် ၊ အဖောက်ခံရမည့်လူနာမှာ ၎င်း၏ခါးနှင့်သွေးကြောအား အပ်နှင့်ထိုးမည်ကို သိသွားသည့်အခါ ၊ ပထမအစက လက်မခံနိုင်ဟု ခြေကားယား လက်ကားယားနှင့် ငြင်းဆန်သော်လည်း သူနှင့်ဇိုက်(ခ်)တို့က အာဏာကိုသုံးကာ ဝင်ရောက်ဖိအားပေးကြသည့်အတွက် ၊ နောက်ဆုံးတွင်မူ သင်းမှာ မိုယာဖော့ရွက်လေး ရေစိုသဖြင့်ကျုံ့ဝင်သွားသည့်အလား သေးသေးလေးမျှသာ ကျန်တော့သော မျက်နှာလေးဖြင့် ခါးကို ကွေးပေးလေပြီး ၊ ခါးရိုးဖောက်နေသည့်အကြိုက်၌လည်း သူနာပြုများမှာ သူတို့အနားသို့ ဝိုင်းအုံလာလျက် အနောက်က တီတိုးမှတ်ချက်ပေးကြကုန်သည်။
“သူ ဘာတွေလုပ်နေတာလဲဟင် … ဒီက ဆရာဝန်တွေလုပ်တာ တစ်ခါမျှမမြင်ဖူးပါဘူး”
“အို … ခေါင်းထဲမှာ တေဇောဓာတ်တွေများနေတော့ ခါးကနေတစ်ဆင့် ဖောက်ချတာ ဖြစ်လောက်တယ်နော်။ အဲလိုလုပ်လိုက်လို့ မြန်မြန်ပျောက်ရင် ငါတို့လည်း လိုက်လုပ်ကြည့်ရအောင်။ ကြည့်ရတာ လွယ်မဲ့ပုံပဲ”
“နင်တို့ ဆရာဝန်မခိုင်းဘဲ ဘာမျှလျှောက်မလုပ်ကြနှင့်နော် … ငါကတော့ အဲကောင်ကို ဆရာဝန်လို့ကိုး မထင်ဘူး။ သူ့ကြည့်ရတာ သားသတ်သမား အရိပ်အငွေ့တွေရနေတယ်။ ငါတို့ဝါယောနအချင်းချင်းကို ဒီလိုပြောရတာတော့ မကောင်းဘူး … ကြည့်နေရင်းကို ငါ့အင်တာနာတွေ ယမ်းနေပြီ”
ဤသို့ဖြင့် သူတို့သည် ဦးနှောက်ရည်ဟုခေါ်သော အကြည်ရည်များနှင့် သွေးများကို ဖန်ပုလင်းတို့နှင့် ယူဆောင်လာ၍ ၊ လူနာစောင့်များ၏ အကူအညီဖြင့် ဖျားနာဆောင်ကြီးဘေးက မြက်ခင်းပြင်ပေါ်၌ ယာယီတဲတစ်လုံးထိုးလိုက်ပြီးနောက် ၊ ထိုတဲအတွင်းတွင် ရောဂါစစ်ဆေးမှုများကို စတင်လေ၏။ တခဏမျှကြာသော် မာတိုရိုမှာ သစ်သားစားပွဲမှ ဝုန်းခနဲထလာပြီး
“လာပြန်ပြီ။ ဗိုင်းရက်(စ်)နှင့် တူတာ ဘာမျှရှာမတွေ့ပြန်ဘူး။ အားလုံး Clear ထွက်နေတယ်”
ဟုဆို၍ ၎င်း၏အခွံမာဦးခေါင်းကို အခွံမာလက်ချောင်းချွန်များဖြင့် ကုတ်သဖြင့် တဂျစ်ဂျစ်အသံများ ထွက်လာလေသည်။ ထိုအခါ လီယိုနာ့ဒ်က
“ဒါဆိုဘာဖြစ်နိုင်သေးလဲ”
“ဘက်တီးရီးယား ၊ မှို ၊ ကပ်ပါးကောင် ဖြစ်နိုင်သေးတယ်”
ဇိုက်(ခ်)ကား မျက်မှောင်ကုတ်သွားလေပြီ။
“ဟေ့ကောင် မင်းနားမလည်တာတွေ ပြောနေတာ များပြီနော်။ မင်းပြောတဲ့ ဗိုင်းရက်(စ်)ဆိုတာတောင် ငါတို့မသိသေးဘူး။ အခု ဘက်တီး … ဘာတဲ့ … လီးယား … ဟုတ်လား”
“ဒီလိုဗျာ … တပ်မှူးတို့ မျက်စိနှင့် မမြင်နိုင်လောက်အောင်သေးတဲ့ အကောင်လေးတွေ လေထဲမှာရှိနေတယ်။ အဏုဇီဝပိုးပေါ့ … အဲသည်အကောင်တွေကြောင့် ရောဂါဖြစ်တာဗျာ။ ပြဿနာက အဲလိုအကောင်တွေက အခုလိုအကြမ်းဖျင်းခွဲရင်တောင် လေးမျိုးလောက်ကွဲနေတယ်။ ပြီးတော့ အားလုံးကို နိုင်တဲ့ဆေး … ဘာလာလာ ဒါသောက်ပျောက်တဲ့ဆေး ဆိုတာမရှိဘူး။ ဘက်တီးရီးယားဆို ဘက်တီးရီးယားကို နိုင်တဲ့ဆေး ပေးမှရမယ်။ ဗိုင်းရက်(စ်)ဆို တခြားဆေးဗျာ။ အဲလိုသာ မှတ်လိုက်တော့”
“နေပါဦး … မင်းက ငါတို့တောင်မမြင်ရတဲ့ အကောင်ဆိုတာကို မြင်နိုင်တယ်ပေါ့”
“ဟာဗျာ … တပ်မှူး”
ဤစကားကြောင့် မာတိုရိုမှာခေါင်းကို တဂျစ်ဂျစ်မြည်အောင် ထပ်ကုတ်နေပြန်၏။
“ဇိုက်(ခ်)တော်ပြီ။ သူလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ကွာ။ သွားမရှုပ်နှင့်တော့”
ဟု လှမ်းထိန်းလိုက်သောအခါမှ အကြင်ပိုးကောင်မှာ အလုပ်ပြန်လုပ်ခွင့်ရသွား၍ ၊ တအောင့်မျှအကြာ၌ ယာယီတဲကြီးအတွင်းတွင် ဆေးနံ့များ တထောင်းထောင်းထလာလေလျှင် ၊ လီယိုနာ့ဒ်လည်း ထိုဆေးများကို ငေးနေလျက် သူ့မျက်စိဖြင့်မမြင်နိုင်သော လေတွင်းက အဏုဇီဝပိုးမွှား ဆိုသည့်အကောင်လေးများ အကြောင်းကို တွေးတောနေမိလေသည်။
အချိန်အနည်းငယ်မျှကြာသရော် မာတိုရိုမှာ စားပွဲပေါ်ဝယ် အစီအရီချထားသော ဖန်ပြားလေးများကို သလင်းတုံး၏အလင်းဖြင့် စိုက်ကြည့်နေလေသည်။ ထို့နောက် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်၍ ၎င်း၏ လက်လေးဖက်လုံးကို ခေါင်းပေါ်တင်လျက် ၊ အင်တာနာများမှာလည်း နောက်သို့ ပြိုင်တူပစ်လျက် ခေါင်းငုံ့သွားပြန်သည်။
“ဘာဖြစ်တာလဲ … အကြောင်းထူးပြီလား”
“ဘက်တီးရီးယား ၊ ဗိုင်းရက်(စ်) ၊ မှို ၊ ကပ်ပါးကောင်နှင့်တူတာ ဘာတစ်ခုမျှမတွေ့ဘူး။ သွေးဖြူဥအရေအတွက်တောင် တက်မနေဘူး။ ဒါပေမဲ့ ဦးနှောက်အမြှေးရောင် လက္ခဏာအပြည့်ကြီးနှင့် အဓိပ္ပာယ်မရှိတာတွေကွာ”
“အဲသည်တော့ မင်းဘာဆက်လုပ်မှာလဲ”
“ဖြစ်နိုင်ရင်တော့ ရောဂါကို DNA ၊ RNA အဆင့်တွေထိလိုက်ပြီး Polymerase Chain Reaction ( PCR ) တွေ ၊ မျိုးရိုးဗီဇတွေထိသွားတဲ့ Next Generation Sequencing ( NGS ) တွေလုပ်ပစ်လိုက်ချင်တာပေါ့”
ထိုအခါ ဇိုက်(ခ်)က လက်ပိုက်နေရာမှ ခါးထောက်၍
“ဘာ … ဘ … ဘာတွေလဲ။ ဟေ့ကောင် … မင်းကို တစ်ခုမေးရင် နောက်ထပ်နားမလည်တာက နှစ်ခုထပ်ထွက်လာတယ်။ မင်းပြောတဲ့ ဘာ … PCR ၊ NGS ဆိုတာ ဘာလဲ … အခုလုပ်လို့ရသလား ၊ မရဘူးလားပဲပြော”
ယင်း၏ အမေးကြောင့် မာတိုရို၏ငုံ့နေသောခေါင်းမှာ ပို၍ပင်ငိုက်စိုက်ကျသွားတော့သည်။
“အဲဒါတွေက ကျုပ်စိတ်ကူးယဉ်တွေပါဗျာ။ တကယ်တော့ အဲလိုတွေစစ်နိုင်တဲ့ ယန္တရားက တကယ်ရှိမရှိတောင် မသိသေးဘူး။ ရမထာသိင်္ဂီ နတ်ဘုရားမသာ တန်ခိုးတော်နှင့်ဖန်ဆင်းပေး …”
စကားပင် မဆုံးသေး ဇိုက်မှာ ချင်း၏ ကုပ်သားအခွံမာကို ယန္တရားချပ်ဝတ်လက်ကြီးဖြင့် ဆွဲမလိုက်ရကား ၊ ဤပိုးကောင်မှာ အရုပ်လေးပမာ လေပေါ်သို့ မြောက်တက်သွားတော့သည်။
“မင်းရဲ့စောက်ရေးမပါတဲ့ စိတ်ကူးယဉ်တွေ ၊ နားမလည်တဲ့ စကားတွေကို နားထောင်နေရတာ ငါတို့အတွက်ကော ပျော်စရာကောင်းတယ်များ ထင်နေတာလား။ အခုရတာနှင့်လုပ် … ရှိတာနှင့်လုပ် … ငါတို့ ဒီကပ်ရောဂါလိုဟာက ဘာကြောင့်ဖြစ်တာလဲဆိုတာကို သိချင်နေပြီ။ အခုဒီကလူတွေ ဦးနှောက်အမြှေးရောင်နေတာနှင့် လေဒီ ဆယ်ဖီးနီးရဲ့ကိုမာက ဆက်စပ်လား ၊ ဘာမျှမဆိုင်ဘူးလားလည်း သိချင်နေပြီ”
ဤသည်ကိုကား သူလည်းထောက်ခံသည်။ မနက်ခင်းတစ်ပိုင်းလုံးကို ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော်၌ အချိန်ဖြုန်းလိုက်ရလင့်ကစား အရှုံးနှင့်သာရင်ဆိုင်ထားရသည့်ပြင် ၊ မိုယာဝု(ထ်)က လူများ၏အသက်မှာလည်း အချိန်နှင့်အမျှ အရေးကြီးနေလေရာ ၊ သင်း၏ စိတ်ကူးယဉ် ရောဂါရှာဖွေရေး ယန္တရားများအကြောင်းကို သူလည်း စိတ်မရှည်နိုင်တော့သဖြင့် ယခုအခါတွင်မူ ဇိုက်(ခ်)ကို ဝင်မထိန်းတော့ဘဲ လွှတ်ထားလိုက်၏။
“ဟေ့ကောင်ပြောစမ်း … မင်းနောက်တစ်ခု ဆက်လုပ်မှာလား။ ထောင်ထဲပြန်ဝင်မှာလား”
“အားလုံးပြန်စစ်ဆေးမယ်ဗျာ။ ကျုပ်ဘက်က လိုတာလည်း ဖြစ်နိုင်တာပဲ … အားလုံးကို စစ်စစ်ပေါက်ပေါက် ပြန်စစ်မယ်”
ဟု လေသံမာမာနှင့်ဆိုလေ၏။ ယင်းနောက် မာတိုရိုသည် ယာယီတဲကို အမှောင်ချလိုက်ပြီးနောက် ၊ ဖျားနာဆောင် ဇရပ်ကြီးအတွင်းက လူနာလေးယောက်ကို အဝတ်ကြီများဖြင့်ပတ်ကာ ယာယီတဲအတွင်း ရွှေ့ပြောင်းစေ၍ ၊ ၎င်းတို့ကို ရောဂါရာဇဝင်များ ပြန်လည်မေးမြန်းပြန်၏။
သို့သော်ယခုအခါ အဖျားအကြောင်းကိုပင် အမျိုးမျိုးကွေ့ပတ်မေးမြန်းသည့်ပြင် စမ်းသပ်မှုများကိုလည်း အသေးစိတ်ပြုလုပ်သည့်အလျောက် လူနာတစ်ယောက်လျှင် မိနစ်နှစ်ဆယ်နီးပါး ကြာမြင့်ကုန်ပြီး ၊ လူနာများမှာလည်း မျက်နှာများရှုံ့မဲ့နေကြပေသော်ငြား သူတို့နှစ်ယောက်၏ အရှိန်အဝါကြောင့် မာတိုရိုမေးသမျှကို ဖြေကြရကုန်၏။
ထို့နောက်မာတိုရိုက ယင်းတို့ကို သွေးနှင့် ၊ ခါရိုးများ ထပ်ဖောက်ကာ လွယ်အိတ်အတွင်းက တစ်ခါမျှမမြင်ဖူးသော ဆေးသစ်များဖြင့် ရောဂါထပ်မံရှာဖွေရကား ယာယီတဲတစ်ခုလုံးလည်း လူနာညည်းသံများ ၊ ဆေးနံ့များဖြင့် ပြည့်နှက်လာလေလျှင် လီယိုနာ့ဒ်မှာ ဤသည်တို့ကို ဆက်လက်မရှုစားလိုသောကြောင့် တဲတွင်းမှထွက်လေပြီး ၊ အပြင်၌ကား လေညင်းလေးက တဖြူးဖြူးတိုက်နေသည့်အတွက် ကိုယ်ပေါ်၌ ထွက်နေသော ချွေးများနှင့်ပွတ်ဆွဲသွားမိလတ်သော် သူ့တစ်ကိုယ်လုံး စိမ့်တက်သွားရလေသည် ။
တခဏမျှကြာသောအခါမှ တဲတွင်းသို့ပြန်ဝင်သည့်အခါ ၊ မှောင်မိုက်နေသော တဲအတွင်းတွင် မာတိုရိုမှာ လက်လေးဖက်လုံးဖြင့် ခေါင်းကိုပြိုင်တူ ကိုင်နေလျက် စားပွဲပေါ်ဝယ် ငိုင်ငိုင်ကြီးထိုင်နေသည်ကို မြင်လိုက်ရလေသည်။
“ဘယ်လိုတုံး။ အခြေအနေ မကောင်းပြန်ဘူးလား”
“အားလုံး စုံစိနေအောင်မေးပြီးပြီ ၊ စုံစိနေအောင်လည်း စမ်းပြီးပြီ။ ဆေးစစ်တာတွေဆိုရင် အဆိပ်တွေ ၊ ခဲဓာတ်တွေ ( Lead Encephalopathy ) နှင့်နောက်ဆုံး ကိုယ့်ခုခံအားက ကိုယ့်ကိုပြန်တိုက်လို့ ဖြစ်တဲ့အခြေအနေ ( Autoimmune ) တွေအထိ လိုက်ပြီးသွားပြီ။ အားလုံးတစ်ခုမျှ မဟုတ်ဘူး။ ကျုပ်အခုသိတာ Viral Meningitis နှင့်တူတဲ့ ရောဂါတစ်ခုဖြစ်နေတယ် ဒါပေမဲ့ ဗိုင်းရက်(စ်)ကြောင့်တော့မဟုတ်ပြန်ဘူး။ ဘာကြီးလဲဆိုတာ လုံးဝဆက်လိုက်လို့ မရတော့ဘူး”
ဤအခါ ဇိုက်(ခ်)၏ သက်ပြင်းချသံကိုကြားလိုက်ရပြီး ၊ သူလည်း နောက်ထပ်ဘာလုပ်မည်နည်း ဟုထပ်မေးရန်ပင် ဆွံ့အလာရတော့သည်။
မာတိုရိုကား ကြိုးစားခဲ့ပါသည်။ သို့သော် လေဒီ ဆယ်ဖီးနီး၏ ပြဿနာကော ၊ ယခုပြဿနာ နှစ်ခုလုံးကိုမူ မဖြေရှင်းနိုင်သေး။ ရောဂါမှာ ဤမျှထိပင် ပွေလိမ်ရှုပ်နေသလော ၊ သို့မဟုတ် ရောဂါမှာ တခြားဆရာဝန်များပြောသကဲ့သို့ တေဇောဓာတ်များ ခေါင်းတွင်းအမှန်တကယ်များနေပြီး ၊ ၎င်းတစ်ယောက်တည်းသာ အတွေးခေါင်နေပါသလော။ အလှမ်းကျယ် အလယ်လပ်နေပါသလော။ သို့မဟုတ် ဤပိုးကောင်မှာ ရည်ရွယ်ချက်ရှိရှိနှင့် ရှင်းရှင်းလေးကို ရှုပ်အောင်လုပ်နေပါသလော။ စသည့် သံသယတွေးများဖြင့်သာ စကားတောက်လိုက်မိ၏။
“အဲတော့ဘာလဲ။ လုပ်စရာကုန်ပြီပေါ့။ အဖြေမတွေ့ဘူးပေါ့”
ယင်းစကားကြောင့် အကြင်ပိုးကောင်မှာ ထိုင်နေရာမှထလာ၍ သူ့ဘက်လှည့်လာပြီးနောက် အင်တာနာများ ယမ်းခါလျက် ၊ လက်လေးဖက်လုံးက လက်သီးများကို ပြိုင်တူဆုပ်ထားလျက် ၊ အခွံမာခြေထောက်နှင့်လည်း မြက်ပင်များကို နင်းခြေလျက် သူ့ကိုမော့ကြည့်လာလေသည်။
“နောက်ဆုံးနည်း … အကြံကုန်နည်း ကျန်ပါသေးတယ်”
“အေး … ပြောကြည့်စမ်းကွာ”
“ဒီလူနာလေးယောက်ကို ဆေးလေးမျိုးပေးကြည့်မယ် ။ တစ်ယောက်ကို ဘက်တီးရီးယားနိုင်တဲ့ဆေး ( Antibacterial ) ၊ တစ်ယောက်ကို ဗိုင်းရက်(စ်)နိုင်တဲ့ဆေး ( Antiviral ) ၊ တစ်ယောက်ကို မှိုနိုင်ဆေး ( Anti-fungal ) နှင့် နောက်ဆုံးတစ်ယောက်ကို ကပ်ပါးကောင်နိုင်တဲ့ဆေး ( Anti Parasite ) ပေးမယ်။ ပြီးတော့ ဘယ်ဆေးက အစွမ်းပြလဲ စောင့်ကြည့်တာပေါ့။ ရောဂါရှာမရတော့ရင် ဆေးစမ်းတာ လုပ်ကြည့်ရတော့မယ်”
ထိုအခါဇိုက်(ခ်)က
“မင်းနှယ် အစကတည်းက ဒါလုပ်ရတာကို အချိန်ကုန်ခံပြီး ပြန်စမ်းနေရတယ်လို့ကွာ”
“ရောဂါမသိဘဲ ဆေးရမ်းပေးတာ မလုပ်ချင်လို့ပေါ့ဗျာ။ ကဲထားပါတော့ … အချိန်လည်းအများကြီး ပိုကုန်မသွားပါဘူး။ ကျုပ်တို့ဒီဆေးတွေလိုတယ်”
ဟုအစချီကာ မာတိုရိုသည် ဆေးညွှန်းကို စာရွက်ပေါ်၌ ရေးသား၍ ၊ ၎င်းဆေးဝါးများကို သူနာပြုဆရာမကြီးမှတစ်ဆင့် ထုတ်ယူခိုင်းလိုက်ပြီးနောက် ၊ တခဏအကြာတွင် ရောက်ရှိလာသော ထိုဆေးဝါးများကို လီယိုနာ့ဒ်က အကဲခတ်လိုက်သည့်အခါ ယင်းတို့အားလုံးမှာ သူမြင်ဖူးသော ဆေးပင်များ ၊ ဆေးရွက်များသာ ဖြစ်နေသောကြောင့် သူသည် ယာယီတဲဘေးဝယ် အကြင်ဆေးပင်များကို ပေါင်းအိုးကြီးအတွင်းသို့ ထည့်နေသော မာတိုရိုကိုကြည့်လျက် နှုတ်ခမ်းကို တွန့်ရုံမျှသာ ပြုံးမိသွားလေသည်။ ထိုသရော် ချင်းက
“ဒါကကော ဘာအပြုံးလဲ ကိုယ့်လူ။ ခင်ဗျားတို့လူသားတွေ မျက်နှာက အမျိုးမျိုးကိုး လုပ်လို့ရနိုင်လွန်းတယ်။ ကျုပ်တို့ဝါယောနတွေမှာဆိုရင် ၊ စိတ်ထဲဘာဖြစ်နေသလဲဆိုတာ အင်တာနာကို ကြည့်ရုံနှင့်သိနိုင်တယ်ဗျ”
“ရောဂါအကြောင်း မေးတိုင်းမေးတိုင်း ငါတို့နားမလည်တဲ့ဟာတွေ ပြောနေတဲ့ မင်းက ဆေးတိုက်တာကျတော့ ဒီကဆရာဝန်တွေနှင့် အတူတူပါပဲလား။ အနည်းဆုံးတော့ ငါလုံးဝနားမလည်တဲ့ ဆေးတွေဖြစ်မယ် ထင်နေခဲ့တာ”
“အဟက် … ကောင်းနေပြီးသားကို ထပ်ပြင်တော့ ဘာရမှာလဲ ကိုယ့်လူ။ နတ်ဘုရားမ နီရင် ဖန်ဆင်းပေးထားတဲ့ ဆေးပင်တွေက စွမ်းပြီးသားဗျ။ အနာနှင့်ဆေးတည့်ရင် အေးဆေးပျောက်တယ် … ဒီကဆရာဝန်တွေရဲ့ ဆေးတွေက မညံ့ပါဘူး။ ဒါပေမဲ့ ဓာတ်ကြီးလေးပါးကို အခြေခံပြီး ရောဂါရှာတာကတော့ ခက်သဗျ။ လူနာဆယ်ယောက်မှာ ခုနစ်ယောက်က အနာနှင့်ဆေးမတည့်ကြဘူး”
ဟုဆိုကာ ဆေးပင်များကို အပေါင်းခံရာမှ ရလာသော ဆေးရည်များအား ဆေးထိုးအပ်ဖြင့် စုပ်နေလေသရော် ၊ သူကလည်း ယင်းနှင့်အတူ ဆေးပေါင်းဖိုကြီး ဘေး၌ထိုင်ချလိုက်၍ မီးဖိုတွင်းသို့ ထင်းချောင်းတစ်ချောင်း ပစ်ထည့်လိုက်လေ၏။
“ဒီရောဂါရှာတဲ့ ပညာတွေကကော နတ်ဘုရားမ မေဟန်ဟီရစုရဲ့ ရတနာတွေကို ခိုးရာကနေ ရလာတာလား”
“ဟ … မဆိုးပါဘူး။ တပ်မှူးဆီကနေ ဘယ်လောက်များ ကြားထားသလဲ ခေါင်းဆောင်ကြီး”
“ကြားသင့်သလောက်ပေါ့။ မင်းဖြေချင်မှဖြေပါ”
ဟုဆိုလျှင် ဆေးစုပ်နေသော မာတိုရို၏ လက်များတန့်သွားလေ၏။ ပြီးမှ
“နှစ်ခါခိုးခဲ့တယ်။ ပထမတစ်ခါက သက်ရှိခန္ဓာကိုယ်အကြောင်းနှင့် ပတ်သက်တဲ့အရာတွေ။ သာမန်မျက်လုံးနှင့်မမြင်ရတဲ့ အဏုဇီဝပိုးတွေအကြောင်း … ရောဂါတွေအကြောင်းပေါ့”
ဟုဆိုသည်တွင် လီယိုနာ့ဒ်မှာ မျက်တောင်တစ်ချက်မျှ ခတ်သွားလေသည်။ ယင်းနောက် ရှေ့ကမီးဖိုအတွင်းက မီးတောက်များကို စိုက်ကြည့်နေလျက်ပင် အောက်ကမြက်များကိုလည်း ဖိခြေလိုက်သောကြောင့် သူ၏ခြေခုံအား မြက်သွားများက ပွတ်ဆွဲသွား၍ အရေပြားတစ်လျှောက် ထစ်တစ်တစ် ရှတတဖြစ်လာလေ၏ ။
“တော်ပေသားပဲ”
“တော်တယ် … ဟ … အထူးအဆန်းပါလား ကိုယ့်လူ။ တပ်မှူးကတောင် ခေါင်းဆောင်ခေါ်ရတဲ့သူဆီက နတ်ဘုရားမကို စော်ကားတဲ့ငမိုက်သား ဆိုတဲ့စကားလောက်တော့ အနည်းဆုံးမျှော်လင့်ထားတာဗျ”
“ဒါမျိုးတွေက ပြီးခဲ့ပါပြီကွာ”
ဟုဆို၍ မီးဖိုတွင်းသို့ ထင်းတစ်ချောင်း ထပ်ပစ်ထည့်လိုက်ပြန်၏။ ၎င်းနောက် သူကပင်စကားဆက်သည်။
“ဒါဖြစ်ရင် ဒုတိယ အကြိမ်က ဘာတွေခိုးခဲ့တာတုံး”
“ရူပဗေဒ အကြောင်းတွေ။ အရမ်းသေးတဲ့အရာအကြောင်းတွေနှင့် အရမ်းကြီးတဲ့အရာတွေအကြောင်း။ ပြီးတော့ အရမ်းမြန်တဲ့အခါမှာ ဖြစ်တဲ့အကြောင်း။ အဆင့်မြင့်သင်္ချာတွေကော … ရသမျှ စုံစိနေတာပဲ။ ကိုယ်ခိုးခဲ့တဲ့ အကြောင်းစုံတောင် ကိုယ်ပြန်မဖတ်နိုင်ခဲ့ဘူး။ မှတ်တမ်းတင်ပြီး အဖမ်းခံလိုက်ရတယ်”
“မင်းဟုတ်လှချည်းလား … ဘာအတွက်နှင့် လုပ်ခဲ့တာလဲ”
ထိုအခါ မာတိုရိုမှာ ၎င်း၏ပါးစပ်ကိုအုပ်သော အစွယ်နှစ်ချောင်းကို တဒေါက်ဒေါက်မြည်အောင် အပိတ်အဖွင့်လုပ်လိုက်၍
“ဒါကတော့ … ကိုယ့်လူလက်တစ်ဖက် ဒုက္ခိတဖြစ်ခဲ့တဲ့ အကြောင်းကိုပြောပြရင် ကျုပ်လည်းပြောမယ်လေ”
ဟုဆိုလေရာ ၊ သူသည်ယင်းကို ကြည့်ကာ ဟက်ခနဲသာ ရယ်လိုက်လေသည်။ မဆိုးပါဘူးဟူသော အဓိပ္ပာယ်တို့စွက်သည့် ရယ်သံ။
“ဆေးက ကျိုလို့ပြီးပြီလား”
“ပြီးပြီ … ကဲလာ သွားကြစို့”
ထိုသို့ဆို၍ သူတို့နှစ်ယောက်လုံး ပြိုင်တူထလိုက်ကြသည်။ မနက်ကမှ တွေ့ဖူးသော သူစိမ်းတစ်ယောက်နှင့် ဤအရာများထိ အပြန်အလှန် မျှဝေ၍ မဖြစ်သေးပါ။
ဤသို့ဖြင့် လီယိုနာ့ဒ်တို့မှာ ယာယီတဲအတွင်းသို့ပြန်လာ၍ ဆေးစမ်းခြင်းကို စတင်လိုက်ပြီး ၊ အမှောင်ချထားသောအခန်းဖြစ်သည့်အလျောက် လက်နှိပ်မီးကို အသုံးပြုကာ ၊ လူနာများ၏ အကြောတွင်းသို့ ဆေးစထိုးလေသည်။
ပထမဆုံး တစ်ယောက်ကို ဘက်တီးရီယားနိုင်ဆေး စထိုး၍ ၊ ဒုတိယတစ်ယောက်ကိုမူ ဗိုင်းရက်(စ်)နိုင်ဆေးပေးရာ၌ တစ်ခါတည်း ထိုးမထည့်ဘဲ ဆေးကို တမျှဉ်းမျှဉ်းသာဝင်စေရန် တိုင်တွင်ချိတ်လျက် သွင်းလေပြီး ၊ တတိယတစ်ယောက်ကိုကား မှိုဆေးအား ပါးစပ်မှတိုက်ကြည့်လေ၏။
နောက်ဆုံးတစ်ယောက်ကို ကပ်ပါးကောင်နိုင်သည့် ဆေးပေးပြီးနောက် သူတို့သုံးယောက်မှာ ၎င်းတို့အား စောင့်ကြည့်နေစဉ် ၊ စက္ကန့်ပိုင်းလေးအတွင်း၌ပင် ကပ်ပါးကောင်နိုင်ဆေး ပေးခံထားသူ အာပေါဿရေသူမမိန်းမမှာ လက်များတုန်လာလျက် ၊ ပါးဟက်များကားလာလျက် ၊ အောက်ပိုင်းငါးခန္ဓာကိုယ်မှာ ဖျပ်ဖျပ်လူးလာလျက် စတင်ထူးခြားလာသည့်ပြင် ပါးစပ်မှလည်း တဟင်းဟင်း တဟဲဟဲနှင့် ညည်းတွားလာလေသဖြင့် မာတိုရိုမှာ အနှီရေသူမ၏ ပခုံးသို့ လက်လှမ်းလေရာ ၊ သူ(မ)မှာ လှဲနေရာမှ ဝုန်းခနဲထထိုင်လာ၍ အာခေါင်ခြစ်အော်ချလိုက်လေတော့သည်။ ထိုအခါ ဤပိုးကောင်မှာ ဖင်ထိုင်လျက်သား လဲကျသွားလေပြီး ၊ ကျန်သောလူနာသုံးယောက်တို့မှာ ယင်းအဖြစ်ကို ထကြည့်ကြကုန်ပြီ။
“အား …”
အော်နေသည်မှာကား အမျှင်မပြတ်။ အော်လွန်း၍ “အား” အသံမှ တအစ်အစ်အသံများ ပါလာ၏။ လီယိုနာ့ဒ်၏ တစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်းများ ထောင်ထလာ၍ ၊ မှောင်မိုက်နေသဖြင့် အသံလာရာသို့ လက်နှိပ်မီးဖြင့် လှမ်းထိုးသည့်အခါ ၎င်း၏လည်ပင်းကြောကြီးများအပြိုင်းပြိုင်းထနေသည်သာမက မျက်လုံးကြီးများလည်းပြူးထွက်နေပြီး ၊ မျက်ဖြူသားပေါ်က သွေးကြောနီများမှာလည်း သစ်မြစ်များအလားယှက်ဖြာနေ၏။
“အား … အစ် … အစ် … အား …”
“ထိန်း … ထိန်းဦး … ဒီလူနာကိုထိန်း … တပ်မှူး … ဟေ့လူ”
ဇိုက်(ခ်)မှာ သူ၏ယန္တရားချပ်ဝတ်ကြီးဖြင့် ကျန်လူနာများကို ကျော်ခွနေရသောကြောင့် ခရီးမတွင်လှသည်တွင် ၊ လီယိုနာ့ဒ်မှာ လက်နှိပ်မီးကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်၍ ညာလက်ဖြင့် ထိုရေသူမ၏ကုပ်ကို လှမ်းအကုပ် ၊ သူ(မ)မှာ ထိုင်အော်နေရာမှ မာတိုရိုကို လက်နှစ်ဖက်လုံးဖြင့် ဆောင့်တွန်းလိုက်သောကြောင့် ယင်းပိုးကောင်မှာ နောက်သို့လန်ကျသွားလေပြီး ၊ ဤသည်တွင် လူနာရေသူမမှာ တဲတွင်းမှ လျှောတိုက်ထွက်ပြေးလေသည်။ ထိုအခါသူကလည်း သူ(မ)နောက်က လိုက်သည်။
လီယိုနာ့ဒ်တို့ နှစ်ယောက်လုံး တဲတွင်းမှ ရှေ့ဆင့်နောက်ဆင့် ပြေးထွက်လာကြသည်နှင့် လူနာစောင့်များ၏အကြည့်များက သူ့ထံသို့ ဝိုင်းအုံကျလာလင့်ကစား သူကမူ ဂရုမစိုက်နိုင်ဘဲ ရှေ့ကရေသူမကိုသာ ဖမ်းရန် ပြေးလိုက်ရာဝယ် ၊ သူ(မ)မှာ ဖျားနာဆောင် ကျောက်ဇရပ်ကြီးရှိရာသို့ ဦးတည်ကာ လျှောတိုက်ပြေးနေလေပြီး ပြေးနေလျက်မှာပင် သင်း၏ငါးမြီးကြီးမှာ ဘယ်ညာခါနေသည့်ပြင် လက်များလည်းဝှေ့ယမ်းနေရကား ဤပုံစံသည်ကား အူယားဖားယား ၊ ဆံပင်များကား စုတ်ဖွား ၊ သွားရည်များကား တများများ။
လီယိုနာ့ဒ် သက်တစ်ဆုံး ရှူသွင်းလျက်သူ(မ)နောက်က လိုက်၏ ။ ငါးခန္ဓာကိုယ်မှာ မြက်ခင်းပြင်၌ ကောင်းကောင်းလျှောတိုက်နိုင်ဟန် မတူ။ ထိုမျှမက သူရဲကောင်းဖြစ်ခဲ့သူတစ်ယောက်နှင့် သာမန်မိန်းမတစ်ယောက် ယှဉ်သည့်ပွဲဖြစ်သည့်အလျောက် ၊ သူ့ဘက်ကပင် လွယ်လင့်တကူ အသာရလာ၍ သူ(မ)ကိုမီရန် ဆယ်ပေဝန်းကျင်မျှသာ လိုတော့သည့်အခိုက်၌ သူတို့နှစ်ယောက်လုံးမှာ ကျောက်ဇရပ်ကြီး၏ ထိပ်ဝသို့ရောက်လာကြပြီး ၊ အနှီရေသူမမှာ ကျောက်ဇရပ်ကြီးဆီသို့ ပြေးဝင်လေသည်။
သို့သော် သူ(မ)တိုးဝင်လိုက်သည့်နေရာမှာကား လိုက်ကာစိမ်းကာထားသည့် ဝင်ပေါက်မဟုတ်။ လူငါးဖက်စာနီးပါးမျှ တုတ်သော ကျောက်တိုင်ကြီးဆီသို့။
“ခွပ်”
“ဟယ် … သွားရောဟဲ့ … လုပ်ကြပါဦး”
လူနာစောင့်များအော်သံနှင့်အတူ နဖူးနှင့် ကျောက်တိုင်ဆောင့်မိသော အသံအုပ်အုပ်ထွက်လာ၍ ထိုမိန်းမမှာ နောက်သို့ပက်လက်လန်ကျ၏။ သွေးများလည်းဖြာခနဲ။ ထို့ပြင် သူ(မ)လဲကျမည့်မြက်ခင်းပြင်၌ လက်နှစ်ချောင်းစာမျှတုတ်သော သစ်ငုတ်ချွန်တစ်ခု။
လီယိုနာ့ဒ် မျက်လုံးပြူးသွား၍ ပြေးလိုက်နေရာမှ ထိုမိန်းမဆီသို့ခုန်ဝင်၏။ ယင်းလဲကျမည့်နေရာကို ပြောင်းစေရန် ကိုယ်နှင့်တိုက်ဖို့ ခုန်လိုက်ပေသော်ငြား အချိန်မမီတော့ ၊ လဲကျသည့်အရှိန်က ပိုများနေသဖြင့် ခုန်လိုက်သောသူမှာ လေကိုသာတိုက်မိ၍ မြက်ခင်းပြင်ပေါ်သို့ နှစ်ပတ်မျှ လိမ့်သွားသည် ။
လူးလဲပြန်ထပြီး ကြည့်လိုက်သည့်အခါတွင် သစ်ချွန်မှာ သူ(မ)၏လည်ပင်းကို ထုတ်ချင်းပေါက်စိုက်ဝင်နေလျက် ၊ သင်းကိုယ်တိုင်မှာလည်း ဆန့်တငင်ငင်နှင့် အကြောဆွဲနေလျက် ၊ လည်ပင်းကပါးဟက်များမှာလည်း ဟစိ ဟစိဖြစ်နေလျက် အသက်ငင်နေလေပြီ။
“အစ် … ဂစ် … ခွီး … ခွီး … ဂ … ဂ”
မြက်ခင်းစိမ်းများ ရဲရဲနီနေသည်။ သွေးညှီနံ့များ လှိုင်ထလာသည်။ သူ(မ)ပါးစပ်မှ သွားရည်များ ၊ သွေးများသာမက အမြှုပ်တစီစီများလည်း လျှံတက်လာပြီး ပါးဟက်ကြားက အကျိအချွဲများကပါ ပွက်ခနဲ စုထွက်လာသည်။ လူနာစောင့်များသာမက ဇရပ်တွင်းကသူနာပြုများလည်း သူတို့အနားဝိုင်းလာကြလေသော် ၊ လီယိုနာ့ဒ်မှာ ထိုလူနာအနားသို့ပြေး၍ သူ(မ)၏သွေးအလိမ်းလိမ်းနှင့်ဖြစ်လေသော ခေါင်းကိုကိုင်ရန် လက်ကိုလှမ်းလေကြိုက်
“ကိုယ့်လူ … မထိနှင့် … ကျုပ်လုပ်မယ်”
ဟူသည့်အသံနှင့်အတူ မာတိုရိုမှာ လူအုပ်ကြားတွင်းမှ တိုးဝှေ့လာပြီးနောက် အနား၌ဒူးထောက်ထိုင်လျက် လူနာမိန်းမ၏ ဦးခေါင်းကိုမ၍ သစ်ချွန်မှဖြုတ်ပေးလတ်သရော် လည်ပင်းပေါက်ကြီးမှ သွေးများပန်းထွက်လာပြီးနောက် ၊ သူ(မ)မှာ ချင်း၏လက်လေးဖက်အတွင်း၌ပင် ဇက်ကျိုးကျ သွားလေတော့သည်။
“သေပြီဟဲ့ … ခုနကတောင်ပြေးနေသေးတာ။ အခုသေပြီ။ ဟို … ဟို … သူ့ကိုတဲထဲမှာ ဘာတွေလုပ်လိုက်တာလဲ မသိဘူးနော် … မဟုတ်မှလွဲရော … အုပ်စုဖွဲ့ပြီး မုဒိမ်း …”
“ဟာ … စောက်ကလေးမ။ လူသားသူရဲကောင်း နှစ်ယောက်နှင့် ဝါယောနတစ်ယောက်က အာပေါဿကို ဘယ်လိုလုပ် မုဒိမ်းကျင့်လို့ရမှာလဲ။ ပြီးတော့ မင်းဒါတွေမဆင်မခြင်ပြောနေတာ ခေါင်းပြတ်ချင်နေလို့လား။ သွားစမ်း … အထဲဝင်နေစမ်း”
“ကောင်းကြသေးရဲ့လား။ ငါတို့ဒီလိုလူနာပေါင်း ထောင်ချီကို ဒီဆေးရုံမှာကုလာတာ ဘာမျှမဖြစ်ရဘူး။ အခုသူတို့လာတော့မှ နာရီပိုင်းအတွင်း သေတော့တာပဲ”
“ငါအစကတည်းက ပြောခဲ့ပါတယ်။ အဲသည်သူရဲကောင်းတွေနှင့်ပါလာတဲ့ ဆရာဝန်ဆိုတဲ့ဟာက သားသတ်သမားနှင့်တူတယ်လို့။ အခုတော့ တကယ်သတ်ပြီဟဲ့”
“မဟုတ်ဘူး ဆရာမတို့ … မဟုတ်ဘူး။ ကျွန်တော်တို့တစ်မြို့လုံးက နတ်ယုတ် ရက်ဗားနက်(စ်) ( Ravanus ) ရဲ့ကျိန်စာကို ဆက်ဖီဘီယမ်တွေက တစ်ဆင့်မိနေတာ။ ဒီနေ့တစ်ယောက်မျှ မတော်တဆမှုနှင့် မသေရသေးဘူးလေ။ အခုသေပုံကို ကြည့်ပါ့လား … ဝင်တိုက်တာကိုက ကျောက်တိုင်တည့်တည့်။ လဲကျတာကိုက သစ်ချွန်ပေါ်တည့်တည့်”
“ဒါကျိန်စာဟ … မကပ်ကြနှင့် … ကျိန်စာက ဆေးရုံကိုပါပျံ့လာပြီဟ”
နောက်ဆုံးစကားကြောင့် သူတို့ကိုဝိုင်းလျက် မှတ်ချက်ပေးနေကြသော လူအုပ်ကြီးမှာ စက်ဝိုင်းကြီးပြန့်ကားသွားသည့်နှယ် နောက်သို့ဆုတ်ကုန်ကြပြီး ၊ မာတိုရိုမှာကား လူနာအလောင်းကို ကိုင်ထားဆဲဖြစ်သကဲ့သို့ လီယိုနာ့ဒ်မှာလည်း ဒူးတစ်ဖက်ထောက်လျက် အနှီအာပေါဿအလောင်းကို ကြည့်နေဆဲ ဖြစ်စေကာမူ အလောင်းကိုမမြင်ဘဲ ၊ မကြာသေးမီက လူနာစောင့်များပြောသွားသော အကြောင်းများကိုသာ ပြန်လည်ကြားယောင်ကာ သူသိခဲ့သောအသိများဖြင့် နှီးနွှယ်ကြည့်နေလေသည်။
မတော်တဆသေဆုံးမှုနှင့် ဦးနှောက်အမြှေးရောင်လူနာ။ ဦးနှောက်အမြှေးရောင်လူနာနှင့် မတော်တဆသေဆုံးမှုများ။
ထို့နောက် ဘေးကမတ်တတ်ရပ်နေသော ဇိုက်(ခ်)ကိုမော့ကြည့်၍
“ဇိုက်(ခ်) … မင်းတပ်သားတစ်ယောက်ကို ဆက်သွယ်။ အခုလက်ရှိဖြစ်နေတဲ့ မတော်တဆသေခဲ့တဲ့လူတွေရဲ့ စာရင်းတွေအားလုံး ဒီကိုယူလာခိုင်းလိုက်”
ဟုဆိုလေရာ ၊ ၎င်းသည် ခေတ္တမျှမျက်မှောင်ကုတ်သွားပြီးနောက် ခေါင်းညိတ်ပြလေသည်။ ယင်းနောက် လီယိုနာ့ဒ်သည် ဒူးထောက်နေရာမှထ၍ ဇရပ်အစွန်း၌ ခြေထောက်များ ကတုန်ကယင်ဖြစ်လျက် သူတို့ကို ရပ်ကြည့်နေသော သူနာပြုဝဝကြီးထံသွားလေသည်။
“ဆရာမ … ခင်ဗျားတို့ ဆေးရုံရဲ့ လူနာအတက်အဆင်းစာရင်း အားလုံးလိုချင်တယ်။ အခုချက်ချင်းယူခဲ့ပါ”
“ဟုတ် … ဟုတ်ကဲ့ပါ သူရဲကောင်း”
ဟုဆို၍ သူ(မ)မှာလည်း ဇရပ်ကြီးအတွင်းသို့ ပြေးဝင်သွားလေလျှင် ၊ သူသည်ပခုံးက မြက်များပေရေနေသော ရွှေစလွယ်ကို ချွတ်ပစ်လိုက်၏။ အရေးကြီးကိစ္စလုပ်ရတော့မည်ဆိုလျှင် စလွယ်ကို စိတ်ရှုပ်စရာဟု မြင်လာသည်က သူ့သဘာဝ။
တောင်းခံထားသော စာရွက်စာတမ်းများအားလုံးရလေသော် သူတို့သုံးယောက်သည် အလောင်းကို ယာယီတဲအတွင်းသို့ သယ်လာပြီးနောက် ၊ ကျန်လူနာသုံးယောက်ကိုမူ ပြန်ခိုင်းလိုက်၍ ၊ လီယိုနာ့ဒ်မှာ ယခုရရှိလာသော မတော်တဆ သေစာရင်းစာအုပ်ကြီးကိုလည်းကောင်း ၊ ဆေးရုံအတက်အဆင်း စာရင်းဇယားစာအုပ်ကြီးကိုလည်းကောင်း ၊ လူနာများ၏ဆေးမှတ်တမ်း အထပ်လိုက်ကြီးကိုလည်းကောင်း စားပွဲပေါ်သို့ တင်လိုက်သည်သာမက သလင်းတုံးတစ်တုံးကိုပါ ပျံသန်းစေလိုက်သောကြောင့် တဲတွင်း၌ ပြန်လည်လင်းထိန်လာလေတော့သည်။
“ခေါင်းဆောင် အခုဘာလုပ်ချင်နေတာလဲ”
“ငါ … ပြဿနာနှစ်ခုကြားက ဆက်စပ်မှုကိုတွေ့ထားပြီလို့ ယူဆတယ်။ ဒီသေစာရင်းနှင့် ဆေးရုံဆင်းစာရင်းက နာမည်တွေကို မင်းကကူတိုက်ပေး။ မာတိုရို … မင်းက ငါတို့ဆီက နာမည်တူတာထွက်လာရင် အဲနာမည်ရဲ့ ရောဂါမှတ်တမ်းကို ဆွဲထုတ်ထား”
ဟုဆို၍ သူတို့သုံးယောက်မှာ စားပွဲပေါ်ဝယ် မျက်နှာချင်းဆိုင်လျက် တက်ညီလက်ညီ အလုပ်လုပ်လိုက်ကြသည့်အခါ ၊ နာရီဝက်မျှကြာသရော် စာရင်းဇယားတွင်းက နာမည်များအားလုံးကို စစ်ဆေးပြီးသွားပြီးနောက် ၊ ဇိုက်(ခ်)မှာ မျက်လုံးများမှာ ကျွတ်ထွက်လာတော့မည့်အလား ပြူးလျက် ပါးစပ်အဟောင်းသားဖြင့် လီယိုနာ့ဒ်ကို ကြည့်နေလေသည်။
“ဒါ … ဒါ … တကယ်ကြီးပဲ။ မြို့ထဲမှာ မတော်တဆ သေတဲ့သူတွေတော်တော်များများက ဒီမှာဆေးရုံတက်ဖူးတဲ့သူတွေ”
ထိုအခါမာတိုရိုကလည်း လူနာမှတ်တမ်းများကို သူ့ထံထိုးပေး၍
“ပြီးတော့ အဲသည် ဆေးရုံတက်သွားခဲ့တဲ့ လူနာအားလုံးကလည်း ဦးနှောက်အမြှေးရောင်ရောဂါနှင့်”
ဟုဆိုရာ သူကခေါင်းတဆတ်ဆတ် ညိတ်လိုက်လေသည်။
“အဲသည် ဦးနှောက်အမြှေးရောင်ရောဂါက လက်ရှိဘာကြောင့်ဖြစ်လဲ မသိရသေးပေမဲ့ ကပ်ပါးကောင်ကို သတ်တဲ့ဆေးပေးလိုက်ရင်တော့ …”
ဆက်မပြောဘဲ ကောက်ရိုးဖျာဖြင့် ပတ်ထားသောအလောင်းကို လှည့်ကြည့်ရာတွင် ၊ ကျန်နှစ်ယောက်ကလည်း ယင်းအလောင်းကို ပြိုင်တူကြည့်လာလေ၏။ ထို့နောက် တိတ်ဆိတ်မှုကို လီယိုနာ့ဒ်ကပင် စတင်ဖြိုခွင်းသည်။
“ဒီဦးနှောက်အမြှေးရောင်တာက ကပ်ပါးကောင်ကြောင့်ဖြစ်တာလား မာတိုရို”
“အဓိပ္ပာယ်မရှိဘူး။ ကျုပ် ကပ်ပါးကောင်ကို စဉ်းစားပြီး စစ်သေးတာပဲ။ ကပ်ပါးကောင်ကြောင့် ဦးနှောက်အမြှေးရောင်ရင် အီအိုဆင်နိုဖေး ( Eosinophil ) တွေတက်ရမှာ။ ပြီးရင် ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ဦးနှောက်အမြှေးရောင်တွေက Supportive Treatment လောက်နှင့် သူ့ဘာသာပြန်ကောင်းဖို့ မလွယ်ဘူးနော်။ ဒီမှာကြည့် သူတို့တွေ လူနာကို အားဆေးလောက်ပေးထားကြတာ”
“တော်စမ်းပါ … မင်းတောင် မင်းရဲ့ရောဂါရှာတဲ့ နည်းတွေကိုအားမရလို့ စိတ်ကူးယဉ်ရောဂါရှာ ယန္တရားတွေလိုချင်ခဲ့တာဆို။ PCR ဆိုလားဘာလား။ မင်းရှာမတွေ့တာကော မဖြစ်နိုင်ဘူးလား။ ဒီမယ် … အာပေါဿ တစ်ယောက်လုံး မင်းရှေ့မှာဘာဖြစ်သွားသလဲ မြင်ပြီးနေပြီပဲ”
ဇိုက်(ခ်)၏ စကားကြောင့် မာတိုရိုမှာ ခေါင်းငိုက်စိုက်ကျသွားလေ၏။ ၎င်းနောက် အင်တာနာများမှာကား ဖြည်းညင်းစွာ လှုပ်ယမ်းနေလျက် စကားသံတိုးတိုးသာ ထွက်လာတော့၏။
“ဟုတ်နိုင်ပါတယ်”
ထိုစဉ် တဲတွင်းသို့ ဝိုက်ဗန်အမ်းတစ်ယောက် ပြေးဝင်လာလေသည်။
“တပ်မှူး။ အသားငါးမြို့နယ်ကိုဝင်တဲ့ လမ်းမနားမှာ အခုလေးတင် လူသေမှုတစ်မှု ဖြစ်သွားပါတယ်”
သူနှင့်ဇိုက်(ခ်)တို့ နှစ်ယောက်လုံး၏ မျက်လုံးများတောက်ပသွားလေပြီ။
“ကဲခေါင်းဆောင် … ခင်ဗျားရဲ့ နောက်ဆက်မဲ့ အစီအစဉ်ကဘာလဲ”
“ဘယ်လိုနည်းနှင့်မျှ ရောဂါရှာမရဘူးဆိုရင် အလောင်းကို ခွဲကြည့်ရတော့မှာပေါ့ကွာ။ မြို့ထဲသေတဲ့ အလောင်ကိုကော ၊ အခုဆေးရုံမှာ သေတဲ့အလောင်းကိုကော ခွဲကြည့်ရမယ်။ မင်းတို့ အဲအလောင်းကို ဒီသယ်လာတော့”
ဤစကားကြောင့် ဇိုက်(ခ်)နှင့် ဝိုက်ဗန်အမ်း နှစ်ယောက်လုံး၏ မျက်နှာများ ပျက်ကုန်လေသည်။
“ခေါင်းဆောင် ခင်ဗျား ဒီလောက်ထိလုပ်မှ ဖြစ်မှာလား။ လူတစ်ယောက်ရဲ့ အလောင်းဆိုတာက သူတို့ကိုးကွယ်ခဲ့တဲ့ နတ်ဘုရားရဲ့ အပိုင်။ ကျုပ်တို့ ဖျက်ဆီးခွင့်မရှိဘူး”
“အမှုမပေါ်ရင်တော့ နတ်ဘုရားက ပိုဒေါသထွက်လိမ့်မယ် ငါ့ကောင် … ဒီအချိန်မှာ ဒါတွေအရေးကြီးသေးလို့လား။ ယူခဲ့စမ်းပါကွ”
ဟုစားပွဲပေါ်တင်ထားသော လက်ကို လက်သီးဆုပ်လျက် ဆိုလေရကား ၊ ဇိုက်(ခ်)မှာ ဟူးခနဲ သက်ပြင်းတစ်ချက်ချ၍ ဝိုက်ဗန်အမ်းကို အလောင်းအား ယူလာခဲ့ရန်အမိန့်ပေးလိုက်လေသည်။ ယင်းနောက်၎င်းကပင်
“ဟုတ်ပါတယ် … ဟုတ်ပါတယ် … ဘယ်လိုလုပ်ရလုပ်ရ … သမုဒယရတီနန်းတော်မှာလိုတော့ ပိတ်မနေဘဲ ပြဿနာနှစ်ခုတောင် ဆက်ဖို့လမ်းစတွေ့နေပြီပဲ။ ဟေ့ကောင် … မင်းအလောင်းတွေခွဲတာ သိပ်တော်တယ်ဆို။ ခွဲဖို့အသင့်ပဲလား”
ဟုဆိုသည်တွင် မာတိုရိုမှာ ဇိုက်(ခ်)၏စကားကို မတုံ့ပြန်ဘဲ ဖျာပတ်ထားသည့် အလောင်းကိုသာ ငေးနေသာကြောင့် ၊ ဇိုက်(ခ်)က ယင်း၏ပခုံးကို ကိုင်ယမ်းပစ်လိုက်သောအခါမှ အိပ်မက်ကနိုးလာသူပမာ ဦးခေါင်းကိုအကြိမ်ကြိမ်ခါယမ်းကာ သူတို့ဘက်သို့ပြန်လှည့်လာလေသည်။
“တပ်မှူး … ခင်ဗျား … ခုနက ဘာပြောလိုက်တာလဲ။ ကျုပ်မကြားလိုက်မိဘူး”
ဤအခါ လီယိုနာ့ဒ်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး
“မင်းကကော ဘာဖြစ်နေတာလဲ”
ဟုဆိုသော် မာတိုရိုမှာ သူ့အမေးကိုလည်း မဖြေဘဲခေါင်းငုံ့သွားပြန်၍ ၊ ချင်း၏မျက်လုံးခြောက်လုံးမှာ အလောင်းကိုသာ မျက်စောင်းထိုးကြည့်နေပြန်၏။
“မင်းဒီလူနာအတွက် စိတ်မကောင်းဖြစ်နေတာလား”
ဟုမေးလိုက်သောအခါမှ အနှီပိုးကောင်မှာ ခေါင်းပြန်မော့လာလေသည်။
“ကိုယ့်လူ … ကျုပ်လူတစ်ယောက်လုံး သတ်လိုက်တာကို မမြင်ဘူးလား။ ဒီအာပေါဿက ကျုပ်ဆေးစမ်းလိုက်လို့ သေသွားရတာဗျ”
“ဟ … ဒီကောင်ကဟာသပဲ။ မင်းဒီလူနာကို ပေးခဲ့တဲ့ဆေးက ဒီကကလေးတွေ ဖင်ဝယားရင်တောင် သူတို့ဘာသာသူတို့ သွေးသောက်နေတဲ့ မီဖာလာအမြစ်တွေ။
မင်းဆိုတဲ့ကောင်က စကားတွေပြောတော့သာ လူနားမလည်တာတွေ။ တကယ်ကုတော့ ကလေးတောင်သိတဲ့ဆေးတွေနှင့်။ ဘာတွေစိတ်ညစ်နေတာလဲ။ မင်းဒါမျိုးမလုပ်ရင် အခုလိုလမ်းစတောင် ရှာမတွေ့ဘူး။ စိတ်ပေါ့ပေါ့ထားပြီး အလောင်းခွဲဖို့သာ ပြင်ထားစမ်းပါကွာ”
“ဇိုက်(ခ်)ပြောတာမှန်တယ်။ မင်းဆန်းဆန်းပြားပြားဆေးတွေ ပေးလို့ ဒါမျိုးထဖြစ်ရင် တစ်မျိုးပေါ့။ အခုက ဒီလူနာမူမမှန်တာ သိသာနေတာပဲ။ မင်းမှာ အမှားမရှိဘူး”
သူတို့နှစ်ယောက်လုံး၏စကားကြောင့် မာတိုရို၏ နောက်ကျောဘက်မှ ဟင်းခနဲမြည်သံကြီးတစ်ချက် ထွက်လာလေ၏။ ဝါယောနများမှာ လူသားများ ၊ အာပေါဿများကဲ့သို့ နှာခေါင်းပေါက်မပါသောကြောင့် ၊ သက်ပြင်းချလိုပါက ကျော၌ရှိသော အသက်ရှူပေါက်မှတစ်ဆင့် ချရလေသည်။
“ခင်ဗျားတို့ ဘာမျှမသိဘူး။ ဆေးကိုပါးစပ်ထဲထည့်ပြီး လူတိုင်းသောက်တတ်တယ်။ ဘယ်အချိန်မှာ ဘာဆေးသောက်ရတာကိုသိမှ ဆရာဝန်မည်တာ။ အခုကျုပ်လုပ်လိုက်တာက မသိဘဲ လက်သရမ်းလိုက်တာနှင့် ဘာမျှမခြားဘူး။ ဒါတွေကြိုမြင်လို့ ဒီဟာကြီးကို ကျုပ်မလုပ်ချင်ခဲ့တာ”
ဤစကားကြောင့် လီယိုနာ့ဒ်အကြည့်များမှာ စူးလက်လာ၏။ ပျော့ညံ့လွန်းလေတကား။ မာအောင် ပုံသွင်းပေးရဦးလတ္တံ့။
“မင်းပြောတော့ … ပိုက်ဆံသာရရင် ပြည့်တန်ဆာအတွက် အနမ်းဆေးဖော်ဖို့ဝန်မလေးသလို ခုနစ်လကိုယ်ဝန်ကို ဖျက်ချဖို့လည်း ဝန်မလေးဘူးဆို။ လူ့ဘောင်ကျင့်ဝတ်တွေကို ဂရုမစိုက်ဘူးဆို။
ဒါဆို ငါတို့သူရဲကောင်းတွေ အမှုမှန်ပေါ်ဖို့အတွက် ဆေးစမ်းလိုက်ရတာကို ဘာဖြစ်လို့ နောင်တရနေရတာလဲ။ အားလုံးကောင်းဖို့ တစ်ယောက်လောက် သတ်လိုက်ရတာကို ဘာဖြစ်နေတာလဲ ။ ပိုက်ဆံတစ်ရာ ပေးထားတယ်လေကွာ … လူမသတ်ရဲဘူးလား”
ဤစကားကြောင့် မာတိုရို၏အင်တာနာများ ထောင်မတ်သွားပြီးနောက် သူ့ကို စိုက်ကြည့်လာလေသည်။ သို့သော် ၎င်း၏မျက်လုံးခြောက်လုံးမှာ တဒင်္ဂမျှသာစူးလက်လာပြီးနောက် နွံတောထဲပစ်ချလိုက်သည့် ကျောက်နီတုံးလေးများနှယ် မှေးမှိန်မှိုင်းညို့လာ၏။ ယင်းနောက် ၎င်းထံမှမဆိုင်းမတွပင် ရယ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဟက် … ဟက် … ဟက် … ဟက် … ဟ … ဟ … ဟ … ဟား … ဟား …ဟ”
ဤသည်ကား ရယ်နေပုံနှင့်မတူ။ မထွက်ထွက်အောင် ညှစ်ထုတ်နေရသည့်အသံများ။
“ဟုတ် … ဟုတ်သားပဲ … ကျုပ် … ကျုပ်က အစကတည်းက ကျင့်ဝတ်မရှိတဲ့ ဖရီယာဆရာဝန်ကို … အခုမှဘာတွေ တွေးနေမိတာလဲ။ ကျေးဇူးပဲဗျာ ကိုယ့်လူ … ဒီလိုသတိပေးတဲ့အတွက် … ဟ … ဟ … ဟာ … ဟား”
ယင်း၏ရယ်သံမှာ အတောမသတ်သေးသည့်အလျောက် ၊ လီယိုနာ့ဒ်နှင့်ဇိုက်(ခ်)မှာလည်း အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်မိကြပြီး သူကဇိုက်(ခ်)ကို မျက်ခုံးတွန့်ပြသည့်အခါ ၊ ဇိုက်(ခ်)ကလည်းသူ့ကို ပခုံးပြန်တွန့်ပြလေ၏။ ပွဲတစ်ပွဲ အနိုင်ရရန် တစ်ယောက်ရင်းသင့်က ရင်းပစ်ရမည်။ လူသတ်မှုပေါ်ပေါက်ရန် လူတစ်ယောက်ကို သတ်သင့်က သတ်ပစ်ရမည်။ ကျင့်ဝတ် ၊ သွေးသစ္စာ ဟူသည့်စကားလုံးများ သူ့အဘိဓာန်၌မရှိ။ ဤသည်ကား လီယိုနာ့ဒ်၏ ခံယူချက်။ ဤသည်ကား လက်ရှိအခြေအနေ၏ အမှန်တရားတစ်ခု။ ။
************