← Chapters

ဒါ ရည်ရွယ်ချက်ရှိရှိလုပ်တာ

Vol. 10 Ch. 933

ဒါ ရည်ရွယ်ချက်ရှိရှိလုပ်တာ

Vol. 10 Ch. 933

အကယ်၍ ကောင်းကင်တံတားကျွန်းဆွယ်က တော်ဝင်နန်းတော်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်က ဘုရင်ဖြစ်လျှင် မြစ်ဝဂိုဏ်းများမှ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးများသည် သရဲကြီးဘုရင်ကဲ့သို့ ကောင်းကင်ဘုရင်လေးပါးနှင့် အလားသဏ္ဍာန်တူပေသည်။

သို့ဖြစ်၍ ပိုင်ရှောင်ချန်းနှင့် လျှပ်စီးတိမ်တိုက်သခင်က ကောင်းကင်ဘုရင်နှစ်ပါး၏ စွမ်းအားကြီးမားသော ငယ်သားနှစ်ယောက်အလား ဖြစ်ပေသည်။ သူတို့သည် စည်းစနစ်အရ တစ်ဖက်တည်းဖြစ်သော်လည်း သူတို့နှစ်ယောက်အကြားတွင် သေစေနိုင်သော ရန်ပွဲသို့ ဦးတည်စေရန် လုံလောက်သည့် တင်းမာသောဆက်ဆံရေးရှိသည်။ အပြင်ဘက်တွင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးများသည် သူတို့၏လက်အောက်ငယ်သားများအကြားတွင် တိုက်ပွဲများမဖြစ်စေရန် ထိန်းသိမ်းမည်ဖြစ်သည်။

သို့သော် ယခုကဲ့သို့ နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် အသေအပျောက်များအား ခန့်မှန်းထားပြီးဖြစ်၍ လူတစ်ယောက်က အခြားတစ်ယောက်ကို သတ်လျှင်တောင်မှ ထွက်လာပြီးနောက် အလွယ်တကူရှင်းပြနိုင်မည်ဖြစ်သည်။

လျှပ်စီးတိမ်တိုက်သခင်သည် ပိုင်ရှောင်ချန်းက သူ၏တခြားခန္ဓာကိုယ်အား ဖျက်စီးလုနီးပါးအထိ ဖိအားပေးခဲ့သည်ကို မတတ်သာ၍ စောင့်သာကြည့်နေခဲ့ရသည်။ ထို့နောက် ထိုလူက သူ၏တပည့်ကို ကိုယ်တိုင်သတ်သည်အထိ ပြုမူခဲ့သည်။

ထိုသို့ အနာဟောင်းအပေါ်အသစ်ထပ်ပေါင်းသွားသောအခါ နာကျည်းချက်များကြောင့် လျှပ်စီးတိမ်တိုက်သခင်ကား ဒေါသူပုန်ထသွားလေပြီ။ သူက သူ၏ကိုယ်ပိုင်စိတ်ဆန္ဒနှင့် ကောင်းကင်စိတ်ဆန္ဒနေရာတွင် အစားထိုးလိုက်သည့်အတွက် ကောင်းကင်ပေါ်ရှိ ဧရာမမျက်နှာကြီးသည် ချေမှုန်းခြင်းဖိအားများအား ပို့လွှတ်နေတော့သည်။

လျှပ်စီးတိမ်တိုက်သခင်က အဆုတ်ကွဲမတတ်အော်ဟစ်၍ သူ၏ပတ်ပတ်လည်တွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက်လက်လာသည်အထိ ကြောက်မက်ဖွယ်ကောင်းလှသော အမြန်နှုန်းဖြင့် လေဟုန်ခွင်း၍ ပိုင်ရှောင်ချန်းထံ ဦးတည်သွားလေသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားသည်။ ယခုလျှပ်စီးတိမ်တိုက်သခင်က သူရင်ဆိုင်ခဲ့ဖူးသော အခြားတစ်ယောက်ထက် များစွာပို၍ ခွန်အားကြီးမားကြောင်း သူချက်ချင်း သိလိုက်သည်။ နှစ်ယောက်လုံးသည် အလယ်ပိုင်းနတ်အဆင့်တွင်ဖြစ်သော်လည်း စောစောက တစ်ယောက်သည် လောလောလတ်လတ်မှ အဆင့်တက်ထားဟန်တူ၏။ ယခု သူ ရင်ဆိုင်နေရသည့်လူက အလယ်ပိုင်းနတ်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်ဟန်တူသည့်အပြင် အမှန်တကယ်ဆိုရလျှင် နှောင်းပိုင်းအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

ထိုအခြင်းအရာအရ ပိုင်ရှောင်ချန်းပြောနိုင်သည်မှာ အနှီလျှပ်စီးတိမ်တိုက်သခင်နှင့် ရင်ဆိုင်ရခြင်းသည် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက် သို့မဟုတ် ပိုင်ကျိမ်းထျန်ထက် များစွာပို၍ အစွမ်းထက်သော လူတစ်ယောက်အား ကိုင်တွယ်ရသည်နှင့် တူညီပေသည်။

အမှန်စင်စစ် ဤလူကား ကောင်းကင်တံတားဒေသတွင် သူရင်ဆိုင်ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးရန်သူဖြစ်သည်။

ပိုင်ရှောင်ချန်းအတွက် တွေးတောနေရန်ဖြစ်စေ ၊ အစီအစဥ်ဆွဲနေရန်ဖြစ်စေ အချိန်မရှိေချ။ သူက သတိလစ်နေသော ဖက်တီးကျန်းကြီးကို သူ့အိတ်ထဲထည့်၍ နောက်ဆုတ်လိုက်သည်။ ထိုစဥ် ကောင်းကင်မိုးကြိုး ထောင်ပေါင်းများစွာက စောစောက သူ ရှိခဲ့သောနေရာအား ပစ်ခတ်လိုက်တော့သည်။

မိုးကောင်းကင်နှင့် ပထဝီမြေကြီး ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားစဥ် ဒေါသူပုန်ထနေသည့် လျှပ်စီးတိမ်တိုက်သခင်က ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ ကောင်းကင်မိုးကြိုးသည် သူ့လက်ထဲဝယ် ဧရာမလေးကြီးတစ်လက်အသွင် ကျုံ့ကာ စုဆုံလာတော့သည်။

" သေပေတော့ "

သူက ဟိန်းဟောက်၍ လေးကြိုးကို ဆွဲလိုက်ရာ ခရမ်းနက်ရောင်မိုးကြိုးမြားတစ်စင်းဖြစ်ပေါ်လာသည်။ ဤသည်က မှော်ပစ္စည်းတစ်ခုမဟုတ်ဘဲ လျှပ်စီးတိမ်တိုက်သခင်၏ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပေသည်။ တဂျိန်းဂျိန်းမိုးခြိမ်းသံများ ထစ်ခြုန်းသွားကာ များပြားလှစွာသော ဖျက်စီးခြင်းစွမ်းအားများ စတင်ဖြစ်တည်လာပြီးနောက် လေဟုန်ခွင်း၍ ပိုင်ရှောင်ချန်းထံ ဦးတည်သွားလေသည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်ပါသော်လည်း အမှန်တကယ်တွင် မီးတစ်ခတ်အချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ပိုင်ရှောင်ချန်းကိုကြည့်ရသည်မှာ မြူတစ်မှုန်စာလေးပင် စိုးရိမ်ဟန်မတူေပ။ သူက ရှေးဦးလျှပ်စီးသခင်အား သတ်ခဲ့သည်ကို နောက်တမရသည်သာမက ယခုတွင် သူ၏အမျက်ဒေါသသည် လျှပ်စီးတိမ်တိုက်သခင်အပေါ် လုံးလုံးလျားလျား ကျရောက်နေသည်။

" သောက်ရူး၊ ခင်ဗျားကို ကျုပ်က ကြောက်တယ်ထင်နေလား "

သူက အော်လိုက်သည်။ သူသည် သေခြင်းတရားအား တုန်နေအောင်ကြောက်ပါသော်လည်း သူ့ဘဝတွင် ကြုံတွေ့ခဲ့ရသော အရာများအားလုံးကြောင့် ယခုအခါ သူ၏သနားစရာအသက်လေးသည် သေမင်းခံတွင်းဝသို့ ရောက်နေကြောင်း သိလိုက်သည်။

အကယ်၍ သူသာ သတိမထားခဲ့လျှင် သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်သည်။

သူက နောက်ဆုတ်မည့်အစား လက်များကို ဝှေ့ယမ်း၍ ရှေ့တက်ကာ အော်ဟစ်လိုက်သည်။

" အသက်ဝင်တောင်ဂါထာ "

ဝုန်း

မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ၊ ကျောက်မှုန်ကျောက်မွှားများ ရှေ့တက်လာပြီး သူ့ခန္ဓာကိုယ်တွင် ကပ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာ၃၀၀ မြင့်သော ကျောက်လူကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

သူက စွမ်းအားများ တဟုန်းဟုန်းထုတ်ဖော်လျက် ခရမ်းနက်ရောင်မိုးကြိုးမြားဆီသို့ လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။

ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ဧရာမမျက်နှာကြီးက လျှပ်စီးတိမ်တိုက်သခင်၏ ဧရာမမျက်နှာကြီးကို ဝင်တိုက်လိုက်၏။ ငလျင်တို့လှုပ်ခတ်သွားပြီး ခရမ်းနက်ရောင်မိုးကြိုးမြားကြီး ပြိုလဲသွားကာ ပိုင်ရှောင်ချန်း၏ အသက်ဝင်တောင်ပုံစံတလျှောက် အက်ကြောင်းများ ပျံ့နှံ့သွားတော့သည်။

နောက်ဆုံးတွင် မြားသည် လက်သီးချက်ကြီးကို မကျေယ်လွှားနိုင်ဘဲ ဖျက်စီးခံလိုက်ရပြီး ကျောက်လူကြီးအသွင်ဖြင့် ပိုင်ရှောင်ချန်းက လျှပ်စီးတိမ်တိုက်သခင်ထံ ဆက်သွားလေသည်။

လျှပ်စီးတိမ်တိုက်သခင်၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းများ ဖြတ်ပြေးသွားပြီး သူက အသက်တစ်ချက်ရှိုက်လိုက်သည်။ သူက ဘယ်လက်ကို ဝှေ့ယမ်း၍ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ လျှပ်စီးတိမ်တိုက်ဘိုးေအ၊

ကနဦးအသွင်ပြောင်းလဲခြင်း "

ချက်ချင်းပင် လျှပ်စီးတိမ်တိုက်သခင်မှာ သူ၏အရေပြားအောက်တွင် မြွေများကခုန်နေသည့်အလား တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာပြီး လူးလွန့်လာသည်။ သူ၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု မင်းမူသွားပြီး သူက တောရိုင်းသားရဲကြီးတစ်ကောင်အလား ဟိန်းဟောက်လိုက်လေသည်။

တချိန်တည်းမှာပင် သူသည် မီတာ ၃၀ အမြင့်ရောက်သည့်တိုင်အောင် ကြီးမားလာတော့သည်။ သူ့ခန္ဓာကိုယ်၏ ညာအခြမ်းနှင့်ဘယ်အခြမ်းသည် အလွန်ခြားနားသည့်ပုံမပေါ်တော့ပေ။ မူလက တစ်ခြမ်းက ပို၍ထွားကြိုင်းပြီး အခြားတစ်ဖက်ထက် ပိန်ချုံးနေပါသော်လည်း ယခုတွင် များစွာအချိုးညီလာသည်။

တချိန်တည်းမှာပင် သူ၏အရှိန်အဝါ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲအားများဖြင့် ပြည့်နှက်လာကာ သူ့ကိုကြည့်ရသည်မှာ ယခင်ကထက် အနိမ့်ဆုံး သုံးဆ သန်မာလာဟန်တူသည်။

အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင်ပင် အစွမ်းထက်သော အကာအကွယ်စွမ်းရည်တစ်ခုဖြစ်သော အနီရောင် ရောင်ခြည်စက်ဝန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖြစ်တည်လာတော့သည်။

အသွင်ပြောင်းလဲခြင်းပြီးဆုံးသွားပြီးနောက် လျှပ်စီးတိမ်တိုက်သခင်က ခေါင်းမော့လိုက်ရာ သူ၏ လိုက်ဖက်မညီသော မျက်လုံးနှစ်ဖက်လုံးမှာ နီရဲတောက်နေသည်။ သူ ဒေါသူပုန်ထနေပြီး သူ၏ခန္ဓာကိုယ်မှ အရိုင်းဆန်သော ရက်စက်မှုများ ထွက်ပေါ်နေကာ ပိုင်ရှောင်ချန်း၏ ကျောက်လူကြီးအသွင်ထံ ပြေးဝင်သွားလေသည်။

ပိုင်ရှောင်ချန်းသည် သူ၏ဦးခေါင်းခွံထဲမှ မျက်လုံးများ ထွက်ကျမတတ် အလွန်တုန်လှုပ်ချောက်ခြားနေသည်။

" သူက တကယ် အသွင်ပြောင်းနိုင်တယ်။ ပြီးတော့ ဒါက ကနဦးအသွင်ပြောင်းလဲခြင်းပဲရှိသေးတယ်။ ဒါဆိုရင် ဒုတိယမြောက်၊ တတိယမြောက်တွေ ရှိတယ်ပေါ့။ သောက်ကျိုးနည်းကွာ၊ အသွင်ပြောင်းသမားတွေနဲ့ တိုက်ခိုက်ရတာလောက် မုန်းတာမရှိဘူး "

သူ၏မျက်လုံးများတွင် ရက်စက်မှုများဖြင့် တောက်လောင်နေလျက် ရန်သူ၏တိုက်ကွက်ကို ရင်ဆိုင်ရန် ရှေ့သို့ခုန်တက်လိုက်သည်။

" ဒုတိယအကြိမ် အသွင်မပြောင်းနိုင်အောင် ခင်ဗျားကို ကျုပ် မြန်မြန်တိုက်ပေးမယ် "

သူက တောင်ဖြိုသိုင်းကို သုံး၍ လျှပ်စီးတိမ်တိုက်သခင်ထံ တဟုန်ထိုးဦးတည်လိုက်သည်။

သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံသွားသောအခါ ကျယ်လောင်သော ပေါက်ကွဲမှုကြီးက ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းပစ်လိုက်တော့သည်။ တုန်ခါလှိုင်းများကြောင့် နွံအိုင်ထဲရှိ ရေများအား နေရာအနှံ့ပျံထွက်သွားကာ မရေမတွက်နိုင်သော သတ္တဝါများ အရပ်မျက်နှာအနှံ့ပြေးထွက်သွားကြတော့သည်။ မည်သည့်အရာမှ လျှပ်စီးတိမ်တိုက်သခင်နှင့် ပိုင်ရှောင်ချန်းအနား မနေရဲကြပေ။

ပိုင်ရှောင်ချန်း၏ ကျောက်လူကြီးအသွင်မှာ အများအပြားပျက်စီးနေပြီဖြစ်ပါသော်လည်း တချိန်တည်းမှာပင် လျှပ်စီးတိမ်တိုက်သခင်ကို ဝန်းရံထားသော အနီရောင်စက်ဝန်းက ပျက်စီးလုနီးပါးဖြစ်သွား၏။ သူက ပိုင်ရှောင်ချန်း၏ တိုက်ကွက်ကြောင့် နောက်သို့ ယိမ်းယိုင်သွားကာ သူ၏ပါးစပ်မှ သွေးများစီးကျလာတော့သည်။

" အသွင်ပြောင်းလဲပြီးတဲ့နောက် ဒီလူ ဒီလောက်သန်မာသွားမယ်လို့ ငါ မထင်ထားခဲ့ဘူး "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှာ ချီနှင့်သွေးများ အပြင်းအထန်လှုပ်ရှားရုန်းကန်နေ၏။ သို့သော် သူက တိုက်ကွက်ကို ဆက်လက်ဖိနှိပ်လိုက်သည်။ လျှပ်စီးတိမ်တိုက်သခင်မှာမူ မော့ကြည့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်လေသည်။

" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ ဒုတိယအကြိမ် အသွင်ပြောင်းလဲခြင်း "

လျှပ်စီးတိမ်တိုက်သခင်သည် ထပ်၍ ကြီးမားလာပြန်သည့်အတွက် ပိုင်ရှောင်ချန်း၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။ ယခုတွင် သူသည် မီတာ ၆၀မြင့်ပြီး သူ၏ခန္ဓာကိုယ်သည် ယခင်ကထက်ပင်ပို၍ အချိုးကျလာ၏။ ထိုမျှသာမက သူသည် သုံးဆထပ်မံ သန်မာသွားပြန်လေပြီ။

ဤအချိန်တွင် သူ့ကို ဝန်းရံထားသည့်စက်ဝန်းက အနီရောင်အစား လိမ္မော်ရောင် ဖြစ်သွားသည်။ ဤကာကွယ်မှုအဆင့်က ပိုင်ရှောင်ချန်းအား မှင်သက်သွားစေတော့သည်။

" နောက်ထပ် အသွင်ပြောင်းလဲခြင်း "

လျှပ်စီးတိမ်တိုက်သခင်သည် စွမ်းအားကြီးမားပါသော်လည်း ပိုင်ရှောင်ချန်းက ဒုတိယမြောက်အသွင်ပြောင်းလဲခြင်းအတွက် သူ့ကို အခွင့်အရေးပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဖြစ်ပြီး သူက ယခုလေးတင် ယင်းကို လုပ်ဆောင်လိုက်သည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ အတန်ငယ် စိတ်တိုသွားတော့သည်။

" ကောင်းပြီ တတိယမြောက် အသွင်ပြောင်းလဲခြင်းအတွက် ခင်ဗျား အခွင့်အရေးမရစေရဘူး "

သူကအော်ဟစ်လိုက်သည်။ သူက တိုက်ခိုက်ပြင်လိုက်စဥ် လျှပ်စီးတိမ်တိုက်သခင်က ကျယ်လောင်သော အသံဖြင့် ပြောလိုက်တော့သည်။

" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ တတိယမြောက်အသွင်ပြောင်းလဲခြင်း "

" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ စတုတ္ထမြောက်အသွင် ပြောင်းလဲခြင်း "

" လျှပ်စီးတိမ်တိုက်ဘိုးေအ၊ ပဥ္စမမြောက်အသွင် ပြောင်းလဲခြင်း "

All Chapters