အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အခန်း (၁၃၉) - ရုပ်ရှင်မင်းသမီး ဂိုဏ်းဝင်လာခြင်း.. သောက်ကျိုးနည်း... အသက်သွေးကြောတန်း လင်းနေတဲ့ လင်းတိုက်ယွီ ပါလားဗျာ
~မွန်းတည့်ချိန်။ ချန်ဝူတောင်တန်း၏ အစွန်အဖျား။ ကွေ့ယွမ်ဂိုဏ်း၏ တောင်ခြေ၌။
ပြင်းပြသော နေရောင်ခြည်အောက်ဝယ် ဖုန်မှုန့်များ လွင့်ပျံနေသည်။
ဖြူလွလွ ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသမီး တစ်ဦးသည် ကြမ်းတမ်းသော တောင်တက်လမ်းပေါ်တွင် ယိုင်တိုင်တိုင်ဖြင့် ပြေးလွှားနေရှာ၏။ သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး၊ လှပသော မျက်နှာလေးမှာလည်း ရွှံ့များ ပေကျံနေသည်။ တစ်ချိန်က နှင်းပမာ ဖြူဖွေးခဲ့သော ဝတ်ရုံ၏ အောက်နားစများမှာ သစ်ကိုင်းများ ငြိသဖြင့် စုတ်ပြတ်နေပြီး၊ ကျောက်စိမ်းပမာ ဖြူနုသော အသားအရေလေးများပင် ပေါ်ထွက်နေသဖြင့်... ကြည့်ရသည်မှာ တကယ့်ကို သနားစရာ ကောင်းလှပေသည်။
သူမသည် အသက်ကို ပြင်းပြင်းရှူနေရပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်။ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး... အနောက်မှ ကြောက်မက်ဖွယ် သားရဲကြီး တစ်ကောင်က လိုက်လံ ဖမ်းဆီးနေသည့်အလား အနောက်သို့ တရစပ် လှည့်ကြည့်နေရှာတော့၏။
ထိုသူကား အခြားသူမဟုတ်... ရုပ်ဖျက်ထားသော ချင်းယန်ဂိုဏ်း၏ သူတော်စင်မလေး ဆုချင်းကော ပင် ဖြစ်ချေတော့သည်။
ဤ ‘ဒုက္ခသည်’ ဇာတ်ရုပ်ကို ပီပြင်စေရန်အတွက် သူမသည် အတော်လေး ရင်းနှီးမြှုပ်နှံခဲ့ရသည်။ သူမ၏ ကျင့်စဉ် အများစုကို လျှို့ဝှက်နည်းလမ်းဖြင့် ပိတ်လှောင်ကာ၊ ချီစုစည်းမှု အဆင့် (၂) သာရှိသည့် အောက်ခြေ တစ်ကိုယ်တော် ကျင့်ကြံသူလေး အဖြစ် ဖန်တီးထားရုံသာမက... တစ်ဖက်လူ၏ သနားညှာတာမှုကို ရရှိစေရန် မိမိ၏ လက်မောင်းကိုပင် ရက်စက်စွာ ဓားဖြင့် မွှန်းကာ သွေးများ ထွက်အောင် ပြုလုပ်ထားသေး၏။
“အရှေ့ဘက်မှာ ကွေ့ယွမ်ဂိုဏ်းရဲ့ တောင်တံခါး ရှိရမယ်”
ဆုချင်းကောသည် သူမ၏ ရှေ့ရှိ ပြောင်းဖူးဖူးများ ချိတ်ဆွဲထားသော၊ ယိုင်နဲ့နေသည့် တိုင်လုံးကြီး နှစ်ခုကို ကြည့်ကာ ရင်ထဲတွင် မသက်မသာ ဖြစ်လာမိသည်။
“ဒါဟာ ဒဏ္ဍာရီထဲက မိစ္ဆာဂူကြီးပဲလား။ တကယ့်ကို ရွံစရာကောင်းပြီး အေးစက်တဲ့ အငွေ့အသက်တွေ ထွက်နေတာပဲ။ တောင်တံခါးကြီးကိုတောင်မှ ဒီလောက်အထိ... ခြောက်ခြားစရာ ကောင်းအောင် ဆောက်ထားတာပဲလား”
“သတင်းတွေအရဆိုရင် ဒီ မိစ္ဆာကျင့်ကြံသူတွေဟာ ရက်စက်ကြမ်းကြုတ်တယ်၊ ကာမဂုဏ် မက်မောတယ်၊ ပြီးတော့ တကယ့်ကို ယုတ်မာလွန်းတယ်တဲ့။ ဒီပုံစံနဲ့သာ သွားရင် သူတို့က ..ငါ့ကို သေချာပေါက် မကောင်းကြံမှာပဲ။ ပြီးရင် ..ငါ့ကို နှိပ်စက်ကောင်း နှိပ်စက်လိမ့်မယ်။ ကျုပ် အံကြိတ်ထားမှ ဖြစ်မယ်။ ..ငါ့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေကို သုံးပြီး သူတို့ကို လှည့်စားပြီးမှ... အတွင်းထဲကို ခိုးဝင်ရမယ်”
သူမသည် လေတစ်ချက်ကို အဝရှူလိုက်ပြီးနောက်... မိမိကိုယ်မိမိ သနားစရာ ကောင်းသော်လည်း ကြံ့ခိုင်သော မိန်းကလေး တစ်ဦးအဖြစ် မြင်စေရန် မျက်နှာအမူအရာကို ပြင်ဆင်လိုက်၏။
ထို့နောက် သူမ၏ ခြေထောက်များကို ခွေချလိုက်ပြီး... အလွန်ပင် သဘာဝကျလှသော၊ အားနည်းပြီး အကူအညီမဲ့နေသည့် အသံလေးဖြင့် အော်ဟစ်လိုက်တော့၏။
“ကယ်... ကယ်ကြပါဦးရှင်...”
“ဘုန်း...”
သူမသည် တောင်တံခါးနှင့် မီတာငါးဆယ်မျှပင် မဝေးသော နေရာ၌... အလွန်ပင် ‘လှပယဉ်ကျေး’ စွာ၊ ‘အားနည်းစွာ’ လဲကျသွားပြီး (ဟန်ဆောင်) မေ့လဲသွားတော့သည်။
---
ကွေ့ယွမ်ဂိုဏ်း၏ တောင်တံခါးဝ၌ ဖြစ်၏။
ယခုအချိန်တွင် တံခါးစောင့် တာဝန်ယူထားသော (အမှန်တော့ ကျပန်း တာဝန်များကို စောင့်ဆိုင်းနေသော) တပည့်များသည် ပျင်းရိလွန်းသဖြင့် ဖဲရိုက်နေကြသည်။
“တစ်ကောင်နဲ့ သုံးကောင်ဗျို့" “မနိုင်ဘူးကွာ" “အပွင့်တူ အစဉ်လိုက်ဟေ့။ ဟားဟားဟား... လျော်ကြစမ်း”
ရုတ်တရက် အမြင်အာရုံ စူးရှလှသော ဝမ်သဲ့ဖာသည် သူ၏ နားရွက်များကို ထောင်လိုက်ပြီး လက်ထဲမှ ဖဲချပ်များကို ပစ်ချလိုက်၏။
“ညီအစ်ကိုတို့... ရပ်လိုက်ကြစမ်း။ အသံကြားတယ်ဗျ။ မိန်းကလေး အသံပဲ”
“ဟေ... ကောင်မလေး ဟုတ်လား။ ဘယ်မှာလဲ... ဘယ်မှာလဲ”
တပည့်များမှာ စပရိန်များပမာ ချက်ချင်း ခုန်ထလိုက်ကြပြီး တောင်အောက်လမ်းဆီသို့ အလုအယက် ကြည့်လိုက်ကြသည်။
ဖြူလွလွ ဝတ်စုံလေးနှင့် ရှေးဟောင်း အလှမယ်လေး တစ်ဦးမှာ သွေးများ ပေကျံလျက်... မြေပြင်ပေါ်၌ အသက်ငင်နေရှာသည်။
အရေးအကြီးဆုံးမှာမူ ကစားသမားများ၏ အမြင်တွင်... ဤ အလှမယ်လေး၏ ခေါင်းပေါ်၌ အလွန် ထင်ရှားလှသော အဝါရောင် အမည်စာတန်း (ဘက်မလိုက် သို့မဟုတ် မိတ်ဆွေ အန်ပီစီ) နှင့်အတူ ရှည်လျားလှသော အသက်သွေးကြောတန်း တစ်ခု ရှိနေခြင်းပင် ဖြစ်ချေတော့သည်။
(...... (ဒဏ်ရာရနေသော လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးလေး))
(အဆင့် - ...... (ဒါဟာ သေချာပေါက် ဇာတ်လမ်းထဲက အန်ပီစီပဲ ဖြစ်ရမယ်။))
နေရာတစ်ခုလုံး တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
“ဘုရားရေ... အထူး အန်ပီစီကြီး ပေါ်လာပြီ”
“အသက်သွေးကြောတန်း လင်းနေတယ်ဟေ့။ နာမည်အဝါကြီးဗျ။ နာမည်နီ မွန်းစတား မဟုတ်ဘူး။ စကားပြောလို့ ရတယ်နော်”
“ဒီ ပုံစံလေးကို ကြည့်စမ်းပါဦး... ဒီ ကိုယ်လုံးလေးကို ကြည့်စမ်းပါဦးဗျာ။ ဒါဟာ ဇာတ်လမ်းထဲက အရေးကြီးတဲ့ အန်ပီစီပဲ ဖြစ်ရမယ်။ လျှို့ဝှက် ဇာတ်လိုက်မင်းသမီးများ ဖြစ်နေမလား... ဒါမှမဟုတ် ဟို မှော်ရတနာ ပေးခဲ့တဲ့ အဘွားကြီးကများ လူငယ် ပြန်ဖြစ်သွားတာလား မသိဘူးနော်”
“မြန်မြန်... မြန်မြန်... သူ့ကို မသေစေနဲ့ (အန်ပီစီတွေက ပုံမှန်ဆိုရင် မသေတတ်ပေမယ့်)။ ဒါဟာ သေချာပေါက် ‘အစောင့်အရှောက် တာဝန်’ ရဲ့ အစပဲ ဖြစ်ရမယ်။ ရတဲ့သူ အပိုင်ပဲဟေ့”
“ဝှစ်...”
စောစောက ပျင်းရိနေခဲ့ကြသော တပည့် ဆယ်ဂဏန်းခန့်မှာ... အသားမုန့်လုံးကို မြင်လိုက်ရသည့် ဆာလောင်နေသော ခွေးအုပ်ကြီးပမာ ဖုန်တလုံးလုံးဖြင့် တစ်ဟုန်ထိုး ပြေးဆင်းသွားကြတော့သည်။
---
မြေပြင်ပေါ်၌ မေ့လဲချင်ယောင် ဆောင်နေသော ဆုချင်းကောသည်... မျက်လုံးများကို ပိတ်ထားသော်လည်း သူမ၏ နတ်ဘုရားအာရုံကိုမူ ဖွင့်ထားဆဲ ဖြစ်ကာ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို သတိကြီးစွာ စောင့်ကြည့်နေသည်။
သူမထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော အရှိန်အဝါ ဆယ်ခုကျော်ကို သူမ အာရုံခံမိလိုက်၏။
“လာပြီ... မိစ္ဆာကျင့်ကြံသူတွေ လာနေကြပြီ”
“သူတို့ရဲ့ ခြေသံတွေက အရမ်း လောနေပြီး ပြင်းထန်လွန်းတယ်။ တကယ့်ကို စိတ်မရှည်နိုင်တော့ဘူး ထင်တယ်”
“ဟင်း... ဒီ နှာဘူးထတဲ့ အရူးတွေ။ ငါ အတွင်းထဲ ရောက်သွားရင်တော့ နင်တို့ကို ကောင်းကောင်းကြီး ပညာပေးပစ်မယ်”
ဆုချင်းကောက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သော်လည်း... သူမ၏ ကိုယ်ခန္ဓာကိုမူ အနည်းငယ် တုန်ယင်စေကာ
“ကျွန်မ အရမ်း ကြောက်နေတယ်.. အရမ်း အားနည်းနေတယ်” ဟူသော ပုံစံမျိုးကို ဖန်တီးလိုက်၏။
မကြာမီမှာပင် ထိုလူအုပ်ကြီးမှာ သူမ၏ အနားသို့ ရောက်ရှိလာကြတော့၏။
သူမသည် ကြမ်းတမ်းစွာ ဆွဲထူခံရမည်ကို၊ ရိုင်းစိုင်းသော စကားများကို ကြားရမည်ကို စောင့်ဆိုင်းနေပြီး... ကိုယ်လုံးအနှံ့ အထိအတွေ့ ခံရမည်ကိုပင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော်လည်း...
သူမ မျှော်လင့်ထားသလို ဘာတစ်ခုမှ ဖြစ်မလာခဲ့ပေ။
သူမ၏ ခေါင်းပေါ်သို့သာ ပူလောင်လှသော အကြည့်ပေါင်းများစွာ ကျရောက်နေသည်ကို ခံစားနေရ၏။
“ညီအစ်ကိုတို့... မလှုပ်ကြနဲ့ဦး။ သူ့ရဲ့ အချက်အလက်တွေကို ကျုပ် အရင် စစ်ဆေးကြည့်လိုက်ဦးမယ်”
အက်ကွဲကွဲ အသံကြီး တစ်ခု (ဝမ်သဲ့ဖာ) မှာ သူမ၏ နားဘေး၌ ထွက်ပေါ်လာပြီးနောက်... အဆီပြန်နေသော လက်ဝတုတ်ကြီး တစ်ဖက်က သူမ၏ မျက်လုံးရှေ့တွင် လာရောက် ဝှေ့ယမ်းပြနေသည်။
“ဟေး... အလှမယ်လေး။ ထပါဦးဗျ။ တာဝန်လေး ဘာလေး ပေးပါဦး”
ဆုချင်းကော... (......)
တာဝန် ပေးရမယ် ဟုတ်လား။ ဒါ ဘာစကားကြီးလဲ။ ‘ခက်ခဲတဲ့ တာဝန်’ ဆိုတာ မိစ္ဆာဂိုဏ်းက သုံးတဲ့ လျှို့ဝှက်ကုဒ်များလား။
သူမသည် လှပသော မျက်ဝန်းလေးများကို အတင်း ဖွင့်လိုက်ပြီး၊ မျက်တောင်လေးများကို တုန်ခါစေကာ... ကြောက်လန့်နေသော သမင်ငယ်လေး တစ်ကောင်ပမာ အားနည်းပြီး ဝေခွဲမရဖြစ်နေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
“ဒီ... ဒီနေရာက ဘယ်နေရာလဲရှင်။ သူရဲကောင်းကြီးတို့... အားနည်းတဲ့ မိန်းမသားလေး ကျွန်မကို ကယ်တင်ပေးကြပါဦးရှင်...”
သူမသည် ဤစကားလုံးများကို အချိန်အတော်ကြာအောင် လေ့ကျင့်ထားခဲ့ခြင်း ဖြစ်၏။ သူမ၏ အသံလေးမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှပြီး... မည်သည့် အမျိုးသားကိုမဆို မျက်ရည်ကျစေနိုင်ကာ ကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်လာစေရန် လုံလောက်လှပေသည်။
သို့သော်လည်း ကစားသမားများ၏ တုံ့ပြန်မှုမှာမူ လုံးဝကို ထင်မှတ်မထားသော ပုံစံမျိုး ဖြစ်နေသည်။
“သောက်ကျိုးနည်း... အသက်ရှင်နေတယ်ဟေ့။ စကားပြောလို့ ရတယ်ဗျို့"
“ကြည့်စမ်း... သူ ..ငါ့ကို စကားပြောနေပြီ။ မှတ်တမ်း တင်ထားကြစမ်း”
“ညီမလေး... မကြောက်နဲ့နော်။ ငါတို့က လူကောင်းတွေပါ (ငါတို့ရဲ့ ဂုဏ်ပုဒ်က ‘ဖြောင့်မတ်သော လမ်းစဉ်၏ ဘုံရန်သူ’ ဖြစ်နေပေမယ့်ပေါ့)။ ဘယ်သူက ညီမလေးကို အနိုင်ကျင့်လိုက်တာလဲ။ ပြော... ငါ.. သွားရှင်းပေးမယ်”
တပည့်များထံမှ မည်သည့် ရိုင်းစိုင်းသော အပြုအမူမှ ထွက်ပေါ်မလာဘဲ... သူတို့သည် ခွေးပေါက်လေးများပမာ သူမကို ဝန်းရံထားကြပြီး၊ နားလည်ရခက်လှသော၊ စိတ်လှုပ်ရှားကာ ဖားယားနေသည့် အပြုံးကြီးများဖြင့် ပြုံးနေကြ၏။
“ဟေ့... ညီမလေး၊ မင်းရဲ့ အသက်သွေးကြောတန်းက တော်တော်လေး နည်းနေပြီနော်။ အနီရောင်တောင် ပြနေပြီ”
ထိုစဉ် မျက်မှန်တပ်ထားသော ထူးဆန်းသည့် အမျိုးသား တစ်ဦး... ဇီဝခွေးလေး က တိုးဝင်လာသည်။ သူသည် ဆုချင်းကော၏ ဒဏ်ရာများကို ‘ပညာရှင်ဆန်ဆန်’ စစ်ဆေးလိုက်ပြီးနောက်... အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ဖန်ပုလင်း တစ်လုံးကို အိတ်ထဲမှ ဆွဲထုတ်လိုက်၏။
“ရော့... ဒါက အစ်ကို.. အသစ် တီထွင်ထားတဲ့ ‘အစွမ်းထက် အားဖြည့်မှုန့်’ (အမှန်တော့ မိစ္ဆာအကျိအချွဲများ၏ အရည်များ) ပဲ။ အရသာက နည်းနည်းတော့ စူးရှတယ်။ ကြက်ဥပုပ်နံ့လေး နည်းနည်းတော့ ထွက်လိမ့်မယ်။ ဒါပေမဲ့ ကုသနိုင်စွမ်းကတော့ အံ့မခန်းပဲနော်။ ပါးစပ် ဟလိုက်... အာ...”
စေးကပ်ကပ်နှင့် အစိမ်းရောင် သန်းနေသော၊ အနံ့ဆိုးများ ထွက်နေသည့် ထိုအရာကြီး သူမ၏ ပါးစပ်နားသို့ ရောက်လာသည်ကို ကြည့်ရင်း...
ဆုချင်းကောမှာ နေရာမှာတင် ဟန်ပျက်မတတ် ဖြစ်သွားပြီး ဗိုက်ထဲမှ အန်ချင်စိတ်များပင် ဖြစ်ပေါ်လာတော့၏။
ဒါ... ဒါ အဆိပ် မဟုတ်လား။ ဒီ မိစ္ဆာကျင့်ကြံသူတွေက တကယ့်ကို ရက်စက်တာပဲ။
အစကတည်းက ..ငါ့ကို အဆိပ်ကျွေးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာလား။ ..ငါ့ရဲ့ အခြေခံ အုတ်မြစ်တွေကို ဖျက်ဆီးပစ်ချင်နေတာလား။
သို့သော်လည်း သူလျှို အစီအစဉ်အတွက် သူမသည် မျက်ရည်များ ဝဲလျက် အတင်း အောင့်ခံလိုက်ရသည်။
“သူရဲကောင်းကြီးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်”
သူမသည် အသက်ကို အောင့်ကာ ထိုအရာကို အနည်းငယ်မျှ အတင်း မျိုချလိုက်ရရှာ၏။
“ဝေါ့...”
ဦးနှောက်ထဲသို့ တိုက်ရိုက် ရောက်ရှိလာသော ထိုထူးဆန်းသည့် အနံ့ဆိုးကြောင့် သူမမှာ မေ့လဲမလို ဖြစ်သွားရသည်။
“ဟေ... ဘာလို့ ဘာမှ တုံ့ပြန်မှု မရှိတာလဲ။ ဆေးပမာဏ နည်းသွားလို့လား မသိဘူး"
ဘေးနားရှိ ရှန်နွန်ကလည်း မည်းနက်နေသော ဆေးလုံးကြီး တစ်လုံးကို ကိုင်ကာ ဝင်လာပြန်သည်။
“..ငါ့ရဲ့ ဆေးကို စမ်းကြည့်လေ။ ..ငါ့ရဲ့ ‘ခွန်အားကြီး ဆေးလုံး’ က လက်တွေ့ စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ပြီးသား (ဝက်တွေကို ကျွေးပြီး စမ်းသပ်ထားခြင်းပါ) နော်။ ဒါကို စားလိုက်ရင် မင်း အရမ်းကို မြန်မြန် ပြေးနိုင်သွားလိမ့်မယ်”
“မ... မလိုပါဘူးရှင်။ တကယ် မလိုတော့ပါဘူးရှင်”
ဆုချင်းကောမှာ လန့်ဖြတ်သွားပြီး မျက်နှာလေး.. ဖြူဖျော့သွားခဲ့ပြီ ဖြစ်သည်။ ထူးဆန်းသော အရာများကို ထပ်ကျွေးခံရမည်ကို ကြောက်သဖြင့် သူမသည် အတင်း လူးလဲထိုင်လိုက်ရရှာ၏။
“ကျွန်မ... ကျွန်မ အများကြီး သက်သာသွားပါပြီရှင်။ တကယ် ပြောတာပါ”
“တကယ် သက်သာသွားပြီလား”
ဝမ်သဲ့ဖာသည် မိန်းကလေးကို ကျွေးရန် ပြင်ထားသော တစ်ဝက်တစ်ပျက် ကျက်နေသည့် ကြွက်သားကင်ကို နှမြောတသဖြင့် ပြန်ရုပ်သိမ်းလိုက်၏။
“သက်သာသွားပြီဆိုရင်လည်း... တာဝန်လေး ဘာလေး ပေးလို့ မရဘူးလားဗျာ။ ဥပမာ... ‘ကျေးဇူးဆပ်တဲ့ အနေနဲ့ ခန္ဓာကို ပုံအပ်တာ’ မျိုးဖြစ်ဖြစ်... ‘ပြိုင်ဘက်ကင်း သိုင်းပညာတွေ သင်ပေးတာ’ မျိုးဖြစ်ဖြစ်ပေါ့လေ”
ဆုချင်းကောမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း အဓိက အချက်ကိုတော့ သူမ သေချာစွာ ဖမ်းဆုပ်နိုင်လိုက်၏။ ဒီလူတွေဟာ ‘တာဝန်’ ဆိုသော အရာအပေါ်မှာ တကယ့်ကို စွဲလမ်းနေကြတာပဲ။
ထို့ကြောင့် သူမသည် စကားကို ဆက်လိုက်ပြီး သနားစရာ ကောင်းသော အသံဖြင့် ဆိုလိုက်၏။ “ကျွန်မက လမ်းသွားလမ်းလာ တစ်ကိုယ်တော် ကျင့်ကြံသူလေး တစ်ယောက်ပါ။ ရန်သူတွေ လိုက်သတ်လို့ ဒီကို ရောက်လာရတာပါ။ ကြီးမြတ်လှတဲ့ ဒီဂိုဏ်းကြီးထဲကို ဝင်ရောက်ပြီး အကာအကွယ် ယူချင်လို့ပါရှင်။ ကျွန်မကိုသာ လက်ခံပေးမယ်ဆိုရင်... အစေခံ တစ်ယောက်လိုမျိုး အလုပ်အကျွေး ပြုပါ့မယ်ရှင်”
“ဂိုဏ်းဝင်ခွင့် တာဝန်ဗျို့”
ကစားသမားများ၏ မျက်လုံးများမှာ လမ်းညွှန်စာအုပ်ကို တွေ့လိုက်ရသကဲ့သို့ အရောင်တောက်သွားခဲ့ရ၏။
“သဘောပေါက်ပြီဟေ့။ ဒါဟာ အန်ပီစီတွေကို ဂိုဏ်းထဲ ဝင်လာအောင် လမ်းညွှန်ပေးရမယ့် ဇာတ်လမ်း အစပဲ။ လျှို့ဝှက် သင်တန်းဆရာမလေးများ ဖြစ်နေမလား”
“ပြဿနာ မရှိဘူး..ကျုပ်တို့ကိုသာ လွှဲထားလိုက်စမ်းပါ”
ဝမ်သဲ့ဖာက သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်၏။
“မပူနဲ့ ညီမလေး။ ဒီနေရာမှာ ကိုယ့်အိမ်လိုပဲ သဘောထားလိုက်။ လာ... ကျုပ် မင်းကို ဂိုဏ်းချုပ်ကြီးဆီ ခေါ်သွားပေးမယ်။ ပြီးရင် မင်းအတွက် အမြဲတမ်း နေရာတစ်ခု သေချာပေါက် စီစဉ်ပေးခိုင်းလိုက်မယ်”
စကားအဆုံးတွင် တပည့်များသည် သူမကို ကြိုးဖြင့်ပင် မချည်နှောင်တော့ဘဲ... ကြယ်ကလေးကို လဝန်းရံသကဲ့သို့ ဆုချင်းကောကို ဝန်းရံကာ တောင်ပေါ်သို့ ခေါ်ဆောင်သွားကြတော့သည်။
ဆုချင်းကောမှာမူ လမ်းတစ်လျှောက်လုံး ကြောင်အမ်းအမ်း ဖြစ်နေရရှာ၏။
ဒါဆိုရင်... အလွယ်တကူပဲ ခိုးဝင်နိုင်သွားပြီပေါ့လေ။ တံဆိပ်ပြားလည်း မစစ်ဘူးလား။
ကိုယ်ပေါ်ကိုလည်း ရှာမကြည့်ဘူးလား။ ..
ငါ့ရဲ့ နောက်ခံ အကြောင်းကိုတောင် တစ်ခွန်းမှ မမေးဘူး တဲ့လား။
ဒါဟာ တကယ်ပဲ နာမည်ဆိုးနဲ့ ကျော်ကြားပြီး၊ ကောက်ကျစ်စဉ်းလဲတဲ့..လုံခြုံရေးလည်း တင်းကျပ်လှတဲ့ ကွေ့ယွမ်ဂိုဏ်းကြီး ဟုတ်ပါရဲ့လား။
လျှို့ဝှက် ဇာတ်လမ်းတစ်ခုကို ဖွင့်နိုင်ခဲ့သဖြင့် စိတ်လှုပ်ရှားစွာ ကခုန်ပြီး အမူအရာ မျိုးစုံ ပြုလုပ်နေကြသော ‘မိစ္ဆာကျင့်ကြံသူ’ အုပ်စုကြီးကို ကြည့်ရင်း... သူမသည် အလွန်တရာ ရယ်စရာကောင်းသော ခံစားချက်ကို ရရှိနေမိတော့၏။
ဒီလူတွေ... ကြည့်ရတာ သိပ်ပြီးတော့တော့ ဉာဏ်ကောင်းပုံ မရဘူး...။
အခန်း (၁၄၀) - ဂိုဏ်းဝင်ခွင့် စစ်ဆေးခြင်း.. ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ခွဲပြနိုင်မလား
~ကွေ့ယွမ်ဂိုဏ်း။ ခန်းမဆောင်ကြီး ရှေ့ရှိ ကျောက်ကွင်းပြင်ကျယ်၌ ဖြစ်၏။
အားတက်သရော ဖြစ်နေကြသော တပည့် အယောက် တစ်ရာကျော်၏ ဝိုင်းရံမှုအောက်တွင်... ဆုချင်းကောသည် တောပုန်းဓားပြများ ပြန်ပေးဆွဲလာသော အမျိုးသမီး တစ်ဦးပမာ ကြောင်အမ်းအမ်းဖြင့် စင်မြင့်အောက်သို့ ရောက်ရှိလာခဲ့သည်။
“ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီး မြန်မြန် ထွက်ခဲ့ပါဦးဗျို့။ ကျွန်တော်တို့ ဖမ်းမိလာတာ... အဲ... မဟုတ်ဘူး... တောထဲက မိန်းကလေး တစ်ယောက်ကို တွေ့လာတယ်ဗျ။ အရှင်လတ်လတ်ကြီးနော်”
ဝမ်သဲ့ဖာက အက်ကွဲကွဲ အသံကြီးဖြင့် အော်ဟစ်နေသည်။ သူ့အသံတွင် ရှားပါးရတနာ တစ်ခုကို ရှာတွေ့လာရသည့်အလား စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ဆုတောင်းနေသည့် ပုံစံမျိုး ပေါက်နေတော့၏။
ခန်းမဆောင်၏ တံခါးကြီး ပွင့်လာသည်။
ခရမ်းရွှေရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်း၏ မှိန်ပျပျ အရှိန်အဝါများ ထွက်ပေါ်နေသော ကျန်းချန်သည် ဖြည်းညှင်းစွာ ထွက်လာခဲ့၏။ သူသည် အောက်ဘက်ရှိ ဆူညံပွက်လောရိုက်နေသော မြင်ကွင်းကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်... လူအုပ်အလယ်ရှိ သနားစရာ ကောင်းလှသော၊ စုတ်ပြတ်နေသည့် အဝတ်အစားများဖြင့် အမျိုးသမီးလေးထံသို့ သူ၏ အကြည့်များ ရောက်ရှိသွားသည်။
“ဝှစ်...”
ကျန်းချန်၏ မျက်လုံးများထဲတွင် ရွှေရောင် အလင်းတန်း တစ်ခု တောက်ပသွား၏။ ၎င်းမှာ စနစ်မှ ပေးအပ်ထားသော ‘အမြော်အမြင် မျက်လုံး’ အလုပ်လုပ်နေခြင်းပင် ဖြစ်ချေသည်။
ချက်ချင်းဆိုသလိုပင် ဆုချင်းကော၏ ခေါင်းပေါ်၌ သူတစ်ဦးတည်းသာ မြင်နိုင်သော အသေးစိတ် အချက်အလက် မျက်နှာပြင်တစ်ခု ပေါ်ထွက်လာတော့၏။
(အမည် - ဆုချင်းကော)
(အဆင့်အတန်း - ချင်းယန်ဂိုဏ်း၏ လက်ရှိ သူတော်စင်မလေး / အတွင်းစည်း ပင်မတပည့် (သူလျှို))
(စစ်မှန်သော ကျင့်စဉ်အဆင့် - အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့် (ချီစုစည်းမှု အဆင့် (၂) ရှိ တစ်ကိုယ်တော် ကျင့်ကြံသူလေး အဖြစ် ရုပ်ဖျက်ထားသည်))
(သယ်ဆောင်လာသော ပစ္စည်းများ - အဆင့်မြင့် ဝိညာဉ်လက်နက် ‘ဆောင်းဦးရေစဉ် ဓား’ (ကိုယ်တွင်း၌ ဖုံးကွယ်ထားသည်)၊ ဆက်သွယ်ရေး မှော်ကျောက်စိမ်းပြား၊ ချင်းယန်ဂိုဏ်း၏ လျှို့ဝှက် ဆေးဝါးများ...)
(ရည်ရွယ်ချက် - ကွေ့ယွမ်ဂိုဏ်း အတွင်းသို့ ခိုးဝင်ရန်၊ ‘မသေနိုင်သော မိစ္ဆာစစ်တပ်’ ၏ သတင်းအချက်အလက်များကို စုဆောင်းရန်နှင့် ဖျက်ဆီးပစ်ရန်။)
ကျန်းချန်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
(သောက်ကျိုးနည်း... ချင်းယန်ဂိုဏ်းကတော့ တကယ့်ကို အရင်းအနှီး ကြီးတာပဲ။ သူတော်စင်မလေးကိုတောင် လွှတ်လိုက်တာလား။ အလှမယ် သုံးပြီး သူလျှို လုပ်မလို့ပေါ့လေ။)
ယခင်ကဆိုလျှင် ကျန်းချန်သည် ပိုမို သတိထားပြီး ဤသူကို သတ်ပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။ သို့သော်လည်း ယခုအခါတွင်မူ သူသည် စစ်မှန်သော ရွှေအမြုတေအဆင့် ဆရာကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်ကာ... စနစ်၏ လှည့်ကွက် မျိုးစုံနှင့် ‘အကြွင်းမဲ့ စိုးမိုးရာ နယ်မြေ’ ကိုပါ ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။
အလကားရမယ့် အလုပ်သမားကို ငြင်းစရာ ဘာအကြောင်းမှ မရှိဘူးလေ (ပြီးတော့ ရုပ်လေးကလည်း ချောသေးတယ် မဟုတ်လား)။
“အဟမ်း...”
ကျန်းချန်က မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ဟန်ပြင်လိုက်ပြီး၊ ဘာမှ မသိသည့်အလား ဟန်ဆောင်ကာ... လမ်းပျောက်နေသော သိုးငယ်လေးကို ကြည့်သည့် သနားကြင်နာသော အကြည့်မျိုးဖြင့် ဆုချင်းကောကို ကြည့်လျက် ညင်သာစွာ ဆိုလိုက်၏။
“မိန်းကလေး... ဘာများ အခက်အခဲ တွေ့လာလို့လဲ”
ဆုချင်းကောမှာ ကျောရိုး တစ်လျှောက် ချမ်းစိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
(ဒါဟာ ဒဏ္ဍာရီထဲက မိစ္ဆာခေါင်းဆောင်ကြီး ကျန်းချန် တဲ့လား။ သူက... ထင်ထားတာထက် အများကြီး ငယ်ရွယ်ပြီး ချောမောလှပါလား။ ပြီးတော့ နတ်သားတစ်ပါးရဲ့ အရှိန်အဝါမျိုးတောင် ရှိနေသေးတယ်။ ဒဏ္ဍာရီထဲကလို အစွယ်ငေါငေါနဲ့ ကြောက်စရာကောင်းတဲ့ ပုံစံမျိုး လုံးဝ (လုံးဝ) မဟုတ်ဘူးပဲ။ ဟင်း... မိစ္ဆာကျင့်ကြံသူပီပီ ရုပ်ဖျက်တာ တော်တော် ကျွမ်းကျင်တာပဲ။ ဒီလောက် ချောမောတဲ့ အသွင်အပြင်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်တောင် ယုတ်မာတဲ့ စိတ်ထားတွေ ဖုံးကွယ်ထားမလဲဆိုတာ ဘယ်သူ သိမှာလဲ။)
သူမသည် ချက်ချင်းပင် မင်းသမီး ဇာတ်ရုပ်သို့ ပြောင်းလဲလိုက်၏။ မျက်လုံးလေးများကို အနည်းငယ် နီရဲစေလိုက်ပြီး၊ ကျက်သရေရှိစွာ ဦးညွတ်ကာ၊ မိုးရွာထဲက ကြာပန်းလေးပမာ တုန်ယင်နေသော အသံလေးဖြင့် ဆိုလိုက်၏။
“ကျွန်မက တောထဲက လမ်းသွားလမ်းလာ တစ်ကိုယ်တော် ကျင့်ကြံသူ ‘ဆုဆု’ လို့ ခေါ်ပါတယ်ရှင်။ ရန်သူတွေ လိုက်သတ်လို့ သွားစရာ နေရာ မရှိတော့ပါဘူး။ ကွေ့ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းကို ကြားဖူးလို့ အကာအကွယ် လာယူတာပါ။ ဂိုဏ်းချုပ်ကြီး အနေနဲ့ ကျွန်မကို လက်ခံပေးပါရှင်။ ဒီကျေးဇူးကို ဆပ်ဖို့အတွက် ကျွန်မ အစေခံ တစ်ယောက်လိုမျိုး အလုပ်အကျွေး ပြုပါ့မယ်ရှင်”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်၏။
သို့သော် ဘေးနားရှိ တပည့်များက အရင်ဆုံး ပွဲဆူကုန်ကြတော့၏။
“ဂိုဏ်းချုပ်ကြီး... သူ့ကို လက်ခံလိုက်ပါဗျာ။ ဒါ ရှားပါး အန်ပီစီလေးဗျို့"
“ဟုတ်တယ်ဗျ။ သူ့ရဲ့ ပုံစံလေး၊ သူ့ရဲ့ ရုပ်လေးကို ကြည့်စမ်းပါဦး။ ဂိုဏ်းရဲ့ မျက်နှာဖုံးလေး အဖြစ် ထားလို့ ရတယ်လေ။ အရုပ်လေးလို ထားရင်တောင် ကြည့်လို့ လှတယ်ဗျ”
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း က ဆေးတံကို တစ်ချက်ဖွာလိုက်ပြီး... အလွန် လက်တွေ့ကျသော အမြင်တစ်ခုကို တင်ပြလိုက်၏။
“ဟေ့... လှနေရုံနဲ့ ဘာလုပ်ရမှာလဲဗျ။ ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းမှာ အလကား စားနေမယ့်သူတွေကို လက်မခံဘူး။ အခုက ဆောက်လုပ်ရေးအတွက် အရေးကြီးတဲ့ အချိန်လေ... သူ့မှာ ဘာအရည်အချင်း ရှိလဲဆိုတာ ကြည့်ရဦးမယ်”
“ဟုတ်တယ်ဗျို့။ အင်တာဗျူး ရှိတယ်။ စာမေးပွဲ ရှိတယ်။ ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းမှာလည်း ဝင်ခွင့် စည်းကမ်းတွေ ရှိတယ်နော်”
ဝမ်သဲ့ဖာ၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဆုချင်းကော၏ ရှေ့သို့ တိုးဝင်သွားပြီး တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်၏။
“ဟေး ညီမလေး... မင်းက ကျုပ်တို့ရဲ့ ‘ကောင်းကင်ခွင်း အဖွဲ့’... အဲ... ကွေ့ယွမ်ဂိုဏ်းထဲ ဝင်ချင်တယ်ဆိုရင်တော့... အစွမ်းအစလေး နည်းနည်းပါးပါး ပြရမယ်နော်။ ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ခွဲပြနိုင်မလား”
ဆုချင်းကောမှာ နေရာမှာတင် တောင့်ခဲသွားပြီး၊ သူမ၏ လှပသော မျက်ဝန်းလေးများ ပြူးကျယ်သွားကာ... နားကြားများ မှားလေသလားဟုပင် တွေးလိုက်မိတော့၏။
“ဘာ... ဘာပြောလိုက်တာလဲရှင်”
“ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ခွဲခိုင်းတာလေ။ ဒါလေးတောင် မလုပ်နိုင်ဘူးလား”
ဝမ်သဲ့ဖာက စိတ်ပျက်သွားသည့်ဟန်ဖြင့် သူ၏ အဆီတဝင်းဝင်း ဖြစ်နေသော ကိုယ်ခန္ဓာကို ပုတ်ပြလိုက်၏။
“ဒါက ခွန်အားလိုင်း ကစားသမားတွေအတွက် အခြေခံ လိုအပ်ချက်ပဲလေ။ ဒါလေးတောင် မခံနိုင်ရင်... မင်းက ဂိုဏ်းအတွက် မွန်းစတားတွေကို ဘယ်လို သွားကာပေးမလဲ။ အသားဒိုင်းကာ ဘယ်လို လုပ်မလဲ”
“ရိုင်းစိုင်းလိုက်တာ... အရှက်မရှိတဲ့ လူယုတ်မာတွေ”
ဆုချင်းကောမှာ စိတ်ထဲမှနေ၍ အသည်းအသန် ကျိန်ဆဲနေမိတော့၏။
သူမလို တင့်တယ်ခမ်းနားလှတဲ့ ချင်းယန်ဂိုဏ်းရဲ့ သူတော်စင်မလေး၊ မြင့်မြတ်တဲ့ မျိုးရိုးက လာတဲ့ အမျိုးသမီး တစ်ယောက်က... ဒီလို လမ်းဘေး မျက်လှည့် အကွက်မျိုးတွေကို ဘယ်လိုလုပ် ပြနိုင်မှာလဲ။ ပြီးတော့ ရင်ဘတ်ပေါ် တင်ခွဲရမယ် ဟုတ်လား။ ဒါဟာ သူမကို စော်ကားလိုက်တာပဲ။
“ဒါက... ကျွန်မက အားနည်းတဲ့ မိန်းမသား တစ်ယောက်မို့လို့... ဒါမျိုးတွေ တကယ် မလုပ်တတ်ပါဘူးရှင်"
ဆုချင်းကောသည် ဓားဆွဲထုတ်ပြီး လူသတ်ချင်စိတ်ကို အတင်းဖိသိပ်ကာ နာကျင်စွာဖြင့် ပြန်ဖြေလိုက်ရရှာသည်။
“ဒါဆိုရင် မင်း ဘာလုပ်တတ်လဲ" ကျောက်ကပ်ကြော် က လက်ထဲမှ ဓားမကြီးကို ကိုင်ကာ ရှေ့သို့ တိုးလာပြန်၏။
“ဟင်းချက်တတ်လား။ ဝက်ပေါ်တတ်လား။ ..ငါ့ရဲ့ စားသောက်ဆောင်မှာ စင်းတီတုံးပေါ် အသားပိုင်းမယ့်သူ လိုနေတယ်။ ဓားကိုင် ကျွမ်းရဲ့လား”
“ဟင့်အင်း... မ... မလုပ်တတ်ပါဘူးရှင်" ဆုချင်းကောမှာ ရူးချင်သလိုပင် ဖြစ်လာတော့၏။
ဒီလူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများ ရှိနေတာလဲ။ ကျင့်ကြံခြင်း ဂိုဏ်းတွေရဲ့ ဝင်ခွင့် စာမေးပွဲဆိုတာ... ဝိညာဉ်အမြစ်တွေ၊ နားလည်နိုင်စွမ်းတွေကို စစ်ဆေးရတာ မဟုတ်ဘူးလား။
“ဒါလည်း မလုပ်တတ်၊ ဟိုဟာလည်း မလုပ်တတ်နဲ့... မင်းက ဘာအသုံးကျမှာလဲ”
တပည့်များမှာ စတင် ဝေဖန်ကုန်ကြသဖြင့်... လေထုမှာ အနည်းငယ် အနေရခက်လာတော့၏။
စင်မြင့်ထက်တွင်မူ ကျန်းချန်သည် မျက်နှာအမူအရာ ထိန်းမရတော့လောက်အောင် ဖြစ်နေပြီ ဖြစ်သော ဆုချင်းကောကို ကြည့်ကာ... အချိန်တန်ပြီဟု တွေးလိုက်၏။
ဒီထက် ပိုပြီး ကစားနေရင်... ဒီ သူတော်စင်မလေး နေရာမှာတင် ပေါက်ကွဲသွားနိုင်ပြီး ပျော်စရာ ကောင်းတော့မည် မဟုတ်သည်ကိုး။
“ငြိမ်ငြိမ်နေကြဦး...”
ကျန်းချန်က တည်ငြိမ်စွာ စကားဆိုလိုက်ရာ တပည့်များ၏ ဆူညံသံများ ချက်ချင်း ရပ်တန့်သွားတော့၏။
“မင်းက တစ်ကိုယ်တော် ကျင့်ကြံသူ ဆိုမှတော့... ကိုယ်ခံပညာ အဖြစ် ဓားသိုင်း နည်းနည်းပါးပါးတော့ တတ်မှာပဲလေ။ မိန်းကလေး ဆုဆု... မင်းရဲ့ ဓားသိုင်းလေး တစ်ကွက်လောက် ပြပါလား။ ငါလည်း မင်းရဲ့ ပါရမီကို အကဲခတ်ချင်လို့ပါ”
‘ဓားသိုင်း’ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ဆုချင်းကောမှာ နောက်ဆုံး၌ သက်ပြင်းချနိုင်သွားသည်။
ဒါကတော့ သူမရဲ့ အကျွမ်းကျင်ဆုံး ပညာရပ်ပဲလေ။ ချင်းယန်ဂိုဏ်းရဲ့ ‘ကြာပြာ ဓားသီချင်း’ ဆိုတာ လောကမှာ ပြိုင်ဘက်ကင်းတဲ့ ပညာရပ်ပဲ။ တစ်စိတ်တစ်ပိုင်းလောက် သုံးပြလိုက်ရင်တောင်... ဒီ တောသားတွေကို ခြောက်လှန့်ဖို့ လုံလောက်ပြီ။ စစ်မှန်တဲ့ နတ်ဘုရား ဓားသိုင်းဆိုတာ ဘာလဲဆိုတာ သူတို့တွေ.. သိသွားစေရမယ်။
“ဟုတ်ကဲ့ပါ... အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီးရှင်”
ဆုချင်းကောသည် ဘေးရှိ တပည့်တစ်ဦးထံမှ သာမန် သံဓားတစ်လက်ကို လှမ်းယူလိုက်ပြီး (သူမ၏ ကိုယ်ပိုင် ဝိညာဉ်ဓားကို ထုတ်သုံးလျှင် ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်)၊ လေတစ်ချက်ကို အဝရှူလိုက်ကာ မိမိကိုယ်ကိုယ် အသင့်ပြင်လိုက်၏။
ဓားရေး စတင်လိုက်ပုံမှာ... ကြာပန်းလေး တစ်ပွင့် အစပျိုး ပွင့်လန်းလာသကဲ့သို့ ရှိသည်။
သူမ၏ လှုပ်ရှားမှုများမှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ကျက်သရေ ရှိလွန်းလှပြီး... ဓားအလင်းတန်းများမှာလည်း ငွေရည်များ မြေပြင်ပေါ် စီးဆင်းနေသကဲ့သို့ ရှိနေတော့၏။ သူမသည် ဝိညာဉ်စွမ်းအားများကို အတင်းအကြပ် ဖိနှိပ်ထားသော်လည်း၊ သူမ၏ ဓားချီ စီးဆင်းမှုများနှင့် သေသပ်လှသော လှုပ်ရှားမှုများမှာ တကယ့်ကို အံ့မခန်းပင် ဖြစ်ချေသည်။
ဓားဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေပြေလေးများပင် တိုက်ခတ်လာပြီး... မြေပြင်ပေါ်ရှိ သစ်ရွက်ကြွေများကို လွင့်ပျံစေကာ တကယ့်ကို လှပလွန်းလှသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေတော့၏။
ဓားအက တစ်ခုမှာ အလွန်တရာ ချောမွေ့လှပပြီး ကြည့်ရှုသူများကို ပီတိဖြစ်စေသည်။
ဆုချင်းကောသည် ဓားကို ပြန်သိမ်းလိုက်ပြီးနောက် အနည်းငယ် မောပန်းစွာဖြင့် ရပ်လိုက်၏။ သူမ၏ မျက်နှာလေးမှာလည်း ယုံကြည်ချက်ကြောင့် နီသွေးရောင် သန်းနေတော့၏။ ဤသရုပ်ပြမှုက သူမ၏ တန်ဖိုးကို သက်သေပြရန် လုံလောက်ပြီဟု သူမ ယုံကြည်ထားသည်။
သို့သော်လည်း...
ပတ်ဝန်းကျင် တစ်ခုလုံးမှာ သေမင်းတမန်ပမာ တိတ်ဆိတ်နေတော့၏။
သူမ မျှော်လင့်ထားသကဲ့သို့ လက်ခုပ်တီးသံများ၊ အားပေးသံများ လုံးဝ (လုံးဝ) ထွက်ပေါ်မလာခဲ့ပေ။ ကစားသမားများသည် အချင်းချင်း ကြည့်နေကြပြီး... သူတို့၏ မျက်နှာများမှာ ထူးဆန်းနေကာ... အနည်းငယ် စိတ်ပျက်နေသည့် ပုံစံမျိုးပင် ပေါက်နေသေး၏။
ဒါပဲလားဗျာ။
ကျွမ်းကျင် တပည့် ကောင်းကင်ခွင်း ဓားတစ်လက် က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး... စိတ်ပျက်လက်ပျက် ခေါင်းယမ်းကာ ပညာရှင်ဆန်ဆန် ဝေဖန်လိုက်သည်။
“အကွက်တွေကတော့ မိုက်ပါတယ်။ တကယ့်ကို လှလှပပလေးတွေပဲ။ ဒါပေမဲ့... ထိခိုက်မှုမှ မရှိတာ”
“ဟုတ်တယ်ဗျ။ အထူးပြုလုပ်ချက်တွေလည်း ဘာမှ မပါဘူး။ ဓားအရှိန်အဝါ ဆိုတာကိုလည်း မတွေ့ရဘူးဗျို့”
“ဒါဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နေတာနဲ့ မတူဘူးလား.. ဒီလောက် အားနည်းနေတာ... မွန်းစတားတွေကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်မှာလဲ။ နည်းနည်းလောက် ပိုပြီး လက်တွေ့ကျတာလေး မရှိဘူးလား”
ဝမ်သဲ့ဖာက တောင်နောက်ဘက်မှ သူ ယခုလေးတင် ခူးလာသော ဖရဲသီးကြီး တစ်လုံးကို သူ၏ ဝိညာဉ်သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ လေထဲသို့ မြှောက်တင်လိုက်၏။
“ညီမလေး... ဟန်လုပ်မနေနဲ့တော့။ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ ဒီ ဖရဲသီးကို တစ်စက္ကန့်အတွင်း (၆၄) ပိုင်း ပြတ်အောင် ခုတ်ပြနိုင်မလား။ ပြီးတော့ အပိုင်းတိုင်းကလည်း အရွယ်အစား အတူတူပဲ ဖြစ်ရမယ်နော်။ အဲ့ဒါမှ တကယ့် အစွမ်းအစ အစစ်ပဲ”
“...”
သူမထံသို့ ပျံသန်းလာသော ဖရဲသီးကြီးကို ကြည့်ရင်း ဆုချင်းကောမှာ လုံးဝ (လုံးဝ) ဟန်ပျက်သွားရတော့သည်။
ငါက ဓားကျင့်ကြံသူလေ။ ဓားကျင့်ကြံသူ တစ်ယောက်ပါဆို။
စားဖိုမှူး မဟုတ်ဘူး။
ခွေးကောင်တွေ... ..ငါ့ကို ‘ကြာပြာ ဓားသီချင်း’ သုံးပြီး ဖရဲသီး ခုတ်ခိုင်းရသလား။
သို့သော်လည်း ပတ်ဝန်းကျင်ရှိ စူးစမ်းနေသော အကြည့်များကို မြင်လိုက်ရသည့်အခါ... သူလျှို တာဝန်အတွက် သူမသည် မျက်ရည်များ ဝဲလျက် ဓားကို မြှောက်လိုက်ရရှာ၏။
“ရွှမ်း... ရွှမ်း... ရွှမ်း...”
သူမ မကျေမနပ် ဖြစ်နေသော်လည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်၏ အစွမ်းအစများကား ရှိနေသေးသည် မဟုတ်ပါလော။
ဓားအလင်းတန်း တစ်ချက် တောက်ပသွားသည်နှင့်... ဖရဲသီးကြီးမှာ လေထဲတွင် ချက်ချင်း အပိုင်းပိုင်း ပြတ်သွားပြီး၊ သေသပ်လှသော အတုံးလေးများအဖြစ် မြေပြင်ပေါ်သို့ ကျလာကာ အရည်များပင် လွင့်စင်သွားတော့၏။
“ကောင်းတယ်ဗျို့”
“ရှယ်ပဲ။ ဒီ ဓားရေးကတော့ အံ့မခန်းပဲ”
“ဒါမှ တကယ့် ဆရာကြီးပဲ။ နောက်ဆိုရင် သစ်သီးလှီးတဲ့ တာဝန်ကို သူ့ကို ပေးထားလိုက်တော့မယ်”
နောက်ဆုံး၌ ကျောက်ကွင်းပြင်ပေါ်တွင် အားတက်သရော လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ကစားသမားများသည် မျောက်အက ကြည့်နေရသကဲ့သို့ လက်ခုပ်တီးကာ အော်ဟစ်နေကြပြီး... အချို့ကမူ ဆုချသည့် အနေဖြင့် ဝိညာဉ်ကျောက်တုံးများကိုပင် ပစ်ပေးနေကြသေး၏။
ဆုချင်းကောသည် ဖရဲသီးခွံပုံကြီး အလယ်၌ ဓားကို ကိုင်ကာ ရပ်နေရင်း... သူမ၏ သူတော်စင်မလေး သိက္ခာများမှာ ရွှံ့ထဲတွင် နင်းခြေခံလိုက်ရပြီး အပိုင်းပိုင်း အစစ ကွဲအက်သွားပြီဟု ခံစားနေရတော့သည်။
ဒီ ကွေ့ယွမ်ဂိုဏ်း ဆိုတာ... အကုန်လုံး အရူးတွေချည်းပဲလားဟယ်။
စင်မြင့်ထက်တွင်မူ ကျန်းချန်သည် ရယ်ချင်စိတ်ကို အတင်းအောင့်ထားကာ တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“မဆိုးပါဘူး... ဓားသိုင်းကတော့... တော်တော်လေး အသုံးဝင်သားပဲ”
“ဒါဆိုရင်လည်း... မိန်းကလေး ဆုဆု အနေနဲ့ ငါတို့ ဂိုဏ်းမှာ ခဏ နေလိုက်ပါဦး။ ‘အမည်ခံ တပည့်’ အဖြစ် နေရမယ်နော်”
“အဓိက တာဝန်ကတော့... စားသောက်ဆောင်မှာ ဟင်းချက်ဖို့ ကူညီပေးရမယ်... ပြီးတော့... ဂိုဏ်းရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းလှပအောင် လုပ်ပေးရမယ်။ သွားလို့ ရပါပြီ”
ဆုချင်းကောသည် နှုတ်ခမ်းကို ကိုက်ကာ အရှက်တရားများဖြင့် ခေါင်းငုံ့လိုက်သည်။
“တပည့်... နာခံပါ့မယ်ရှင်”
လှပလွန်းလှသော သူတော်စင်မလေးမှာ တပည့်များ၏ ပျော်ရွှင်စွာ ဆွဲခေါ်မှုဖြင့် စားသောက်ဆောင်ဆီသို့ (အဓိကကတော့ ဟို အိုးမည်းကြီးကို ပြသရန် ဖြစ်သည်) ပါသွားသည်ကို ကြည့်ရင်း... ကျန်းချန်၏ အပြုံးမှာ ပိုမို နက်ရှိုင်းလာတော့၏။
ချင်းယန်ဂိုဏ်းရေ... မင်းတို့ လွှတ်လိုက်တဲ့ ဒီ ‘သူလျှိုမလေး’ ကတော့ ..ငါ့တပည့်တွေရဲ့ ကောင်းကောင်းကြီး အသုံးချတာကို ခံရတော့မယ် ထင်ပါရဲ့။
ဒါပေမဲ့ ဂိုဏ်းထဲမှာ အလှမယ်လေး တစ်ယောက် ရှိနေတာလည်း ကောင်းပါတယ်။ ဒီ တိရစ္ဆာန်တွေက ပိုပြီး စိတ်အားထက်သန်လာကြမှာ သေချာတယ်လေ။
ဒီ အရောင်းအဝယ်ကတော့ တကယ့်ကို တွက်ခြေကိုက်တာပဲ။
အခန်း (၁၄၁) လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်း ... သူတို့က အဆိပ်သောက်ပြီး ကျင့်ကြံနေကြတာပါလား...
~ညနက်သန်းခေါင်ယံ။ ကွေ့ယွမ်ဂိုဏ်း။ အပြင်စည်း တပည့်များ နေထိုင်ရာ နေရာ။ (အိပ်ဆောင်များဘေးရှိ စုတ်ပြတ်နေသော ထင်းတင်းကုပ်လေး တစ်ခု ဖြစ်သည်။)
လေပြင်းများ တိုက်ခတ်နေသော ညဉ့်အမှောင်ထုထဲတွင်၊ ကျီးကန်းများ၏ အော်မြည်သံများက တိတ်ဆိတ်နေသော တောင်ပေါ်ရွာလေးအား ကြက်သီးထဖွယ် အငွေ့အသက်များကို ပေါင်းထည့်ပေးနေတော့၏။
ဆုချင်းကော သည် ယိုင်နဲ့နေသော သစ်သားတံခါးလေးကို အသံမမြည်စေဘဲ တွန်းဖွင့်လိုက်ပြီးနောက်... သွက်လက်သော ညကြောင်မလေး တစ်ကောင်ပမာ ထူထဲလှသော အမှောင်ထုထဲသို့ လျှပ်တစ်ပြက် ဝင်ရောက် ပျောက်ကွယ်သွားသည်။
နေ့ခင်းက ထို "အရူးတစ်သိုက်" ၏ ပြင်းထန်သော နှိပ်စက်မှုများကို ခံခဲ့ရသော်ငြား... ဖရဲသီးခွဲပြရခြင်း၊ နေ့လယ်ခင်း တစ်ခုလုံး စားသောက်ဆောင်တွင် မိစ္ဆာသားရဲ ၏ အသားများကို အတင်းအဓမ္မ လှီးဖြတ်ခဲ့ရသဖြင့် ခါးများ နာကျင်နေပြီး၊ တစ်ချိန်က ဝိညာဉ်ဓားကိုသာ ကိုင်ဆောင်ခဲ့ဖူးသော သူမ၏ ကျောက်စိမ်းလေးများပမာ လှပသည့် လက်များမှာလည်း ပွန်းပဲ့ နီရဲနေခဲ့ပြီ ဖြစ်သည်။ သို့သော် ချင်းယန် ဂိုဏ်း ၏ အထူးချွန်ဆုံး ပါရမီရှင်၊ ဂိုဏ်း၏ မျှော်လင့်ချက်များ အပြည့်အဝ တင်ထားခံရသော သူတော်စင်မလေး တစ်ပါးအနေဖြင့် သူမ၏ တာဝန်ကိုတော့ မေ့ပျောက်မသွားခဲ့ချေ။
“ဒီ မိစ္ဆာကျင့်ကြံသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို အမြန်ဆုံး စုံစမ်းရမယ်... ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူ့ကိုလည်း သိမှ... တိုက်ပွဲတိုင်းကို အနိုင်ရမှာလေ...”
ဆုချင်းကော သည် သူမ၏ အငွေ့အသက်များကို ဖုံးကွယ်ထားလိုက်ပြီး၊ ချင်းယန် ဂိုဏ်း ၏ ကိုယ်ရောင်ဖျောက် လျှို့ဝှက်သိုင်းကွက်ကို အသက်သွင်းကာ ရင်ပြင်ဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားလိုက်သည်။ နေ့ခင်းက သူမ၏ အကဲခတ်မှုများအရ... ထိုနေရာမှာ ဤ ကွေ့ယွမ်ဂိုဏ်း မှ တပည့်များ စုဝေးရာ အဓိက နေရာဖြစ်ပြီး၊ မိစ္ဆာ အငွေ့အသက်များ (တကယ်တမ်းတော့ ပေါက်ကရ အငွေ့အသက်များ) အပြင်းထန်ဆုံး နေရာလည်း ဖြစ်ပေသည်။
သူမ အနီးသို့ မရောက်ခင်မှာပင် ကြက်သီးထဖွယ် စိမ်းလဲ့လဲ့ အလင်းရောင်များနှင့် စူးရှသော အော်ဟစ်သံများသည် ညလေညင်းနှင့်အတူ လွင့်ပျံလာတော့၏။
“အာ... ငါ မခံနိုင်တော့ဘူး... ဒါက အရမ်း ပြင်းလွန်းတယ်ကွ... ငါ သေတော့မယ်ဟေ့...”
“တောင့်ထားစမ်း... အသက်ရှင်နေသရွေ့ မင်း နိုင်တယ်ကွ... မင်း လုပ်နိုင်ပါတယ်...”
“နောက်ထပ် တစ်ပန်းကန်လောက် ထပ်ပေး... ငါ့ကို ကယ်လို့ ရနိုင်သေးတယ် ထင်တယ်... ငါ့ကို တွဲထူပေးကြပါဦး...”
ဆုချင်းကော ၏ နှလုံးသားမှာ တင်းကျပ်သွားပြီး ရုတ်တရက် ရပ်တန့်ကာ အရိပ်ထဲတွင် ပုန်းအောင်းလိုက်သည်။
'ဒီလောက် ညဉ့်နက်နေတာတောင် အော်ဟစ်နေကြတုန်းပဲလား... အသံကို နားထောင်ရတာ အရမ်းကို ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားနေရတဲ့ ပုံပဲ... ဒါမှမဟုတ် မိစ္ဆာလမ်းစဉ် ရဲ့ ရက်စက်တဲ့ ယဇ်ပူဇော်ပွဲတွေများ လုပ်နေတာလား... ဒါမှမဟုတ်... သမာရိုးကျ လမ်းစဉ် က ဖမ်းမိလာတဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်ကို ညှဉ်းပန်း နှိပ်စက်နေတာများလား...'
သူမသည် အိမ်မြှောင် တစ်ကောင်ပမာ နံရံတွင် ကပ်လျက် ကိုယ်ကို နှိမ့်ထားလိုက်၏။ ဧရာမ အလှပြ ကျောက်တုံးကြီး တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းကာ၊ ခေါင်းကို တစ်ဝက်ခန့် ပြူထွက်လျက် ရင်ပြင်ဆီသို့ အသက်အောင့်ကာ လှမ်းကြည့်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... သူမ၏ ဦးရေပြားများ ထုံကျင်သွားပြီး ကျောချမ်းသွားတော့၏။
ရင်ပြင်၏ အလယ်ဗဟိုတွင် မီးပုံကြီး အချို့ တောက်လောင်နေပြီး၊ (အထူးပြုလုပ်ထားသော သတ္တုရိုင်းများ ထည့်သွင်းထားသောကြောင့်) ကြက်သီးထဖွယ် အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။ လှုပ်ရှားနေသော မီးတောက်များက ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် အရိပ်များကို ဖန်တီးနေ၏။ မီးပုံများ၏ ပတ်လည်တွင်မူ ဖရိုဖရဲ ဖြစ်နေပြီး ရူးသွပ်နေသည့် ကွေ့ယွမ်ဂိုဏ်း ၏ တပည့် ဆယ်ယောက်ကျော်ခန့် ထိုင်နေကြတော့သည်။
လူအုပ်၏ အလယ်တွင်မူ 'ဇီဝဗေဒ ခွေးပေါက်လေး၏ ဘွဲ့ယူ စာတမ်း' ဟု အမည်ရသည့် ကစားသမားသည် ထူးဆန်းသော (ကိုယ်တိုင်ပြုလုပ်ထားသည့်) ဖန်မျက်မှန်ကြီးကို တပ်ဆင်ထားပြီး၊ ရူးသွပ်နေသော မျက်နှာထားဖြင့်... မည်းမှောင်ပြီး စိမ်းလဲ့လဲ့ မီးခိုးငွေ့များ ထွက်ပေါ်နေကာ တပွက်ပွက် ဆူပွက်နေသော ဒယ်အိုးမည်းကြီး တစ်လုံးကို စောင့်ကြပ်နေသည်။
သူက လက်ထဲတွင် လက်ကိုင်ရှည် ယောက်ချိုဇွန်း တစ်ချောင်းကို ကိုင်ထားပြီး၊ ဒယ်အိုးထဲမှ အလွန်တရာ ပြစ်ချွဲကာ အနံ့ဆိုးဝါးလှသော၊ ငါးညှီနံ့များ ထွက်နေပြီး အနည်းငယ်ပင် လှုပ်ရှားနေသည့် အမည်းရောင် အနှစ်များကို တစ်ဇွန်းချင်း ခပ်ယူကာ တန်းစီနေသော တပည့်များကို လိုက်လံ ဝေငှပေးနေတော့၏။
“လာကြစမ်း... အခုလေးတင် ဖော်စပ်ထားတဲ့ 'အပြုံးလေးနဲ့ ခြေတစ်လှမ်းအလိုမှာ ရူးသွပ်သွားမယ့် အဆိပ်' ရပြီဟေ့... ဒီတစ်ခါတော့ အဆင့်နှစ် အဆိပ်မှို တွေကို ပိုထည့်ထားပြီး၊ ဇွန်ဘီ အမှုန့်တွေနဲ့ အကျိအချွဲ တွေကိုပါ ရောစပ်ထားတယ်ကွ…”
'ဇီဝဗေဒ ခွေးပေါက်လေး' သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ မျက်လုံးများမှာ ကြီးကျယ်ခမ်းနားသော စမ်းသပ်မှုကြီး တစ်ခုကို ပြုလုပ်နေသည့် အရူးသိပ္ပံပညာရှင် တစ်ယောက်ပမာ တောက်လောင်နေတော့သည်။
“ဘေးထွက်ဆိုးကျိုး တွေက ပိုပြင်းထန်လာတယ်... သေဆုံးနိုင်နှုန်း လည်း ပိုမြင့်လာတယ်ကွ... ဒါပေမဲ့ ဒါကိုသာ ခံနိုင်ရည် ရှိသွားရင်တော့ အဆိပ်ခံနိုင်ရည် စွမ်းရည် ၅ မှတ် တိုးလာမယ်ဟေ့... ပြီးတော့ အဆိပ်အားလုံးကို ခုခံနိုင်စွမ်း ဆိုတဲ့ အောင်မြင်မှု ဆုတံဆိပ်ကို ရနိုင်ဖို့လည်း အခွင့်အရေး ရှိတယ်ကွ... ဘယ်သူ လာစမ်းရဲလဲ... ယောက်ျားစစ်ရင် ဒီအဆိပ် ကြက်ပေါင်းရည် တစ်ပန်းကန်ကို သောက်လိုက်စမ်း...”
“ငါ သောက်မယ်ကွာ... ခံနိုင်ရည်တွေ အတွက်... ပိုပြီး အစွမ်းထက်လာဖို့ အတွက်...”
တောင့်တင်း သန်မာလှသော ကစားသမား တစ်ယောက် (အိုင်ဒီ-သံမဏိခေါင်းနဲ့ ကောင်လေး) သည် အင်္ကျီချွတ်ကာ ကြွက်သားများကို ဖော်ပြလျက်၊ အသေခံတော့မည့် မျက်နှာထားဖြင့် ရှေ့သို့ ထွက်လာသည်။ သူက တပွက်ပွက် ဆူပွက်နေဆဲဖြစ်သော အမည်းရောင် အနှစ် တစ်ဇွန်းကို ယူလိုက်ပြီး မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ခေါင်းမော့ကာ မျိုချလိုက်တော့၏။
“ဂလု...”
နောက်တစ်စက္ကန့်တွင်...
“အု... အု...”
'သံမဏိခေါင်းနဲ့ ကောင်လေး' သည် သူ၏ လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး၊ မျက်လုံးများ ပြူးထွက်လာကာ မျက်နှာပေါ်ရှိ သွေးကြောများပါ ထောင်တက်လာတော့သည်။ သူ၏ မျက်နှာ အရောင်မှာ အနီရောင်မှ ခရမ်းရောင်၊ ထိုမှတစ်ဆင့် အစိမ်းရောင် သို့ ချက်ချင်းပင် (ဆေးဆိုးပန်းရိုက်ဆိုင် ဖွင့်ထားသည့်အလား) ပြောင်းလဲသွား၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာကာ မြေကြီးပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားတော့၏။ ရေပြင်ပေါ် ရောက်နေသော ငါးတစ်ကောင်ပမာ ဖရိုဖရဲ လူးလှိမ့်နေပြီး သူ၏ လက်သည်းများဖြင့် ကျောက်ပြားများပေါ်တွင် ကြက်သီးထဖွယ် ခြစ်ရာ အကြီးကြီး တစ်ခုကို ချန်ရစ်ခဲ့တော့သည်။
“စီနီယာ အစ်ကိုကြီး...”
အရိပ်ထဲတွင် ပုန်းအောင်းနေသော ဆုချင်းကော မှာ လန့်ဖြန့်ပြီး အော်ဟစ်လုမတတ် ဖြစ်သွားရသည်။ သူမသည် ပါးစပ်ကို လက်ဖြင့် တင်းတင်း ပိတ်ထားလိုက်ပြီး မျက်လုံးများထဲတွင်လည်း ကြောက်လန့်မှုများ အပြည့်အဝ ဖြစ်နေတော့၏။
'ဒါက အရမ်း ရက်စက်လွန်းပါတယ်... လုံးဝကို ရက်စက်လွန်းတယ်...'
'ဒါက ရှင်းရှင်းလင်းလင်းကြီးကို သေစေနိုင်တဲ့ အဆိပ်ပြင်းကြီးပဲ... သွေးနဲ့ ထိတာနဲ့ ချက်ချင်း သေစေနိုင်တဲ့ အဆိပ်မျိုးပဲကွ... သာမန်လူ တစ်ယောက် ဆိုရင် တစ်စက်လေးနဲ့တင် သေသွားနိုင်တာကို သူက တစ်ဇွန်းလုံး မျိုချလိုက်တယ် တဲ့လား...'
'ဒါက ကွေ့ယွမ်ဂိုဏ်း က သူတို့ရဲ့ တပည့်တွေကို အပြစ်ပေးတဲ့ နည်းလမ်းလား... ဒါမှမဟုတ်... သူတို့ရဲ့ 'မသေနိုင်သော မိစ္ဆာခန္ဓာကိုယ်' ကို ကျင့်ကြံဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးလား... ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်ပြီး ရုပ်ခန္ဓာကို သံမဏိလို မာကျောအောင် လုပ်နေကြတာလား...'
သို့သော်ငြား ပတ်ဝန်းကျင်ရှိ "မိစ္ဆာကျင့်ကြံသူ" များသည် ကူညီမည့်အစား၊ လဲကျနေသူကို စိတ်လှုပ်ရှားစွာ ဝိုင်းအုံလာကြပြီး တောက်ပနေသော ဓာတ်ပုံရိုက် ကျောက်တုံး များကို ထုတ်ကာ မြေကြီးပေါ်တွင် တဆတ်ဆတ် တုန်နေသော သူ၏ ပုံရိပ်ကို အလုအယက် မှတ်တမ်းတင်နေကြကာ... သူတို့၏ မျက်နှာပေါ်တွင်လည်း ရက်စက်သော အပြုံးများ အပြည့် ရှိနေကြတော့၏။
“ခွေးမသားလေး... ဒီတစ်ခါ တုံ့ပြန်မှုက သောက်ရမ်း ပြင်းထန်တာပဲကွ... သူ သေတော့မှာလား...”
“မဟုတ်ဘူး... မဟုတ်ဘူး... သွေးဘား ကို ကြည့်စမ်း... သွေး နည်းနည်းလေးပဲ ကျန်တော့တာ... သော့ခတ်ခံထားရတယ်ဟေ့... ဒီဆေးက လုံးဝ အမိုက်စားပဲကွ...”
“မြန်မြန်... ဒါကို မှတ်ထားကြစမ်း... ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ စမ်းသပ်မှု ဒေတာတွေပဲကွ...”
ဆုချင်းကော တစ်ယောက် ထို တောင့်တင်း သန်မာသော လူကြီး သေချာပေါက် သေသွားပြီဟု ထင်လိုက်စဉ်မှာပင်...
မြေကြီးပေါ်ရှိ 'သံမဏိခေါင်းနဲ့ ကောင်လေး' သည် ရုတ်တရက် တုန်ခါနေခြင်းမှ ရပ်တန့်သွားတော့သည်။ သူက ဝုန်းခနဲ ပြန်ထိုင်လိုက်ပြီး သူ၏ မျက်နှာမှာ စိမ်းဖန့်နေဆဲ ဖြစ်ကာ ခေါင်းမှလည်း မီးခိုးများ ထွက်နေသော်ငြား... သူ၏ မျက်လုံးများမှာမူ ကြောက်စရာ ကောင်းလောက်အောင် တောက်ပနေ၏။
“အဟွတ်... အဟွတ်... အမိုက်စားပဲကွာ... လုံးဝကို သောက်ရမ်း မိုက်တာပဲဟေ့...”
သူက စနစ် ၏ မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အသံကုန် ဟိန်းဟောက်လိုက်သည်။ အသံမှာ အက်ကွဲနေသော်ငြားလည်း အလွန်တရာ ဝမ်းသာနေပုံ ရပေသည်။
“ညီအစ်ကိုတို့... တကယ်ကြီး အလုပ်ဖြစ်တယ်ကွ... အဆိပ်ခံနိုင်ရည် +၅ တောင် တက်သွားပြီဟေ့... ပြီးတော့ ယာယီ 'မူးယစ်ဆေးဝါး ခံနိုင်ရည် (အတု)' အာနိသင်လေးတောင် ရလိုက်သေးတယ်ကွ... ဒါက လုံးဝ အမြတ်ကြီးပဲ... ခုနက ခံစားလိုက်ရတဲ့ နာကျင်မှုတွေက အချည်းနှီး မဖြစ်သွားဘူးဟေ့…”
“တကယ်လား... ငါလည်း သောက်မယ်ကွာ... ငါ့ကို တစ်ဇွန်း ပေးစမ်း... အာဆင်းနစ် (စိန်ဖြူ) အဆိပ် များများ ထည့်ပေးနော်... ငါက နှစ်ဆ လိုချင်တာကွ...”
“မလုကြနဲ့လေ... ငါ အရင် သောက်မယ်... ငါက အသားမာတယ်၊ ခံနိုင်ရည် ရှိတယ်ကွ... မင်းတို့ အားလုံး အတွက် ငါ အရင်ဆုံး အဆိပ် စမ်းသပ်ပေးမယ်လေ...”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်ရှိနေသော တပည့်များမှာ နောက်ဆုတ်မသွားသည့်အပြင်... ငတ်မွတ်နေသော တစ္ဆေအုပ်ကြီးပမာ အဆိပ်ဒယ်အိုးကြီးဆီသို့ အလုအယက် ပြေးဝင်သွားကြတော့သည်။ သူတို့ နောက်ကျသွားပါက စားစရာ မကျန်တော့မည်ကို စိုးရိမ်နေကြသည့်အလားပင်။
ထို့နောက် ဖြစ်ပေါ်လာသော မြင်ကွင်းများမှာမူ လုံးဝကို ဖရိုဖရဲ ဖြစ်နေပြီး (ငရဲဘုံ၏ ပန်းချီကားချပ်) ကြီးနှင့်ပင် နှိုင်းယှဉ်နိုင်၏။
အချို့မှာ အဆိပ်ကို စားပြီးနောက် တစ်ကိုယ်လုံးတွင် အနာစိမ်းများ ပေါက်လာကြသော်ငြားလည်း (စနစ် က သွေးများ ဆက်တိုက် ကျဆင်းနေကြောင်း ပြသနေသည်)၊ သူတို့က "ငါ့ရဲ့ ကာကွယ်ရေး စွမ်းအားတွေ တက်လာပြီကွ" ဟု အူယားဖားယား ရယ်ကာ ပြောနေကြသည်။
အချို့မှာ စားပြီးနောက် ခေါင်းမှ အစိမ်းရောင် မီးခိုးများ ထွက်လာပြီး ဆံပင်များ ချက်ချင်း ကျွတ်ကျသွားကာ ခေါင်းတုံးများ ဖြစ်သွားကြသော်ငြားလည်း၊ မိမိတို့ ဆံပင်စတိုင်သစ် ဘယ်လောက်တောင် ပြောင်လက်နေလဲ ဆိုတာကို ကြွားလုံးထုတ်နေကြသေးတော့၏။ ယ
အချို့ကမူ စားပြီးနောက် တစ်ပိုင်းမြင်သာသော သရဲတစ္ဆေများ အဖြစ်သို့ ပြောင်းလဲသွားကာ (အဆိပ်သင့်ပြီး အားနည်းနေသော အခြေအနေ ဖြစ်သည်) ရင်ပြင်တစ်ခုလုံးတွင် လွင့်မျောနေပြီး ကြောက်တတ်သော အသင်းဖော်များကို လိုက်လံ ခြောက်လှန့်နေကြတော့သည်။
အရိပ်ထဲတွင် ပုန်းအောင်းနေသော ဆုချင်းကော မှာမူ လုံးဝကို ဆွံ့အ မှင်သက်သွားရပြီ ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး ကျောပြင် တစ်ခုလုံး ချွေးအေးများဖြင့် ရွှဲနစ်နေတော့၏။ ဤမျှ ထူးဆန်းပြီး ရူးသွပ်လှသော ကျင့်ကြံရေး နည်းလမ်းမျိုးကို သူမ ဘဝတွင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
'အရူးတွေ... သူတို့ အကုန်လုံး အရူးတွေပဲကွ...'
'ဒါက ကွေ့ယွမ်ဂိုဏ်း ရဲ့ (မသေနိုင်သော မိစ္ဆာတပ်မတော်) ကြီးရဲ့ လျှို့ဝှက်ချက်လား...'
'ဘယ်လက်နက်နဲ့မှ ထိုးဖောက်လို့ မရတဲ့ မိစ္ဆာခန္ဓာကိုယ် ကို ရရှိဖို့အတွက်... သူတို့က နေ့ရောညပါ အဆိပ်ပြင်း တွေကို စားသုံးပြီး... ဆေးဝါးတွေရဲ့ ဒဏ်ကို သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးနဲ့ အံတုနေကြတာလား... သူတစ်ပါး အပေါ် ရက်စက်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ရက်စက်တဲ့ ဒီလို ကျင့်ကြံရေး နည်းလမ်းမျိုးကို... တစ်ခါမှတောင် မကြားဖူးဘူးကွ... သွေးမိစ္ဆာ ဂိုဏ်း ရဲ့ အလောင်းကောင်တွေကို ကျင့်ကြံတဲ့ နည်းလမ်းတွေထက် အဆတစ်ရာလောက် ပိုပြီး ကြောက်စရာ ကောင်းနေသေးတယ်...'
'ဒါကြောင့်လည်း သူတို့က သေရမှာကို မကြောက်ကြတာပေါ့... ဒါကြောင့်လည်း သူတို့က နာကျင်မှုကို မခံစားရတာပေါ့... ဒီလို အဆင့်ရောက်ဖို့အတွက် သူတို့ ဘယ်လောက်တောင် လူမဆန်တဲ့ နှိပ်စက်မှုတွေကို ခံစားခဲ့ရမလဲ... ဒီလူတွေရဲ့ စိတ်ဓာတ်ခွန်အား က ကျောက်ဆောင်ကြီး တစ်ခုလို ခိုင်မာလွန်းလှတယ်...'
“ဒီဂိုဏ်းကို... ဆက်ပြီး အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်တော့ဘူး...”
ဆုချင်းကော သည် သူမ၏ စိတ်ထဲမှနေ၍ ကွေ့ယွမ်ဂိုဏ်း ကို သေဒဏ် ပေးလိုက်တော့သည်။ ဤကဲ့သို့သော မိစ္ဆာဂိုဏ်း ကြီးသာ ကြီးထွားလာပါက သမာရိုးကျ လမ်းစဉ် အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာမည်မှာ အသေအချာပင်။
ဂိုဏ်းထံသို့ ထောက်လှမ်းရေး သတင်းများ ပေးပို့ရန် သူမ တိတ်တဆိတ် နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင်...
“ဟင်... ဟိုနားက ဘယ်သူလဲ... အသစ် ရောက်လာတဲ့ ကောင်မလေးနဲ့ တူတယ်နော်...”
မျက်စိရှင်သော ဝမ်သဲ့ဖာ သည် ဆေးသောက်ပြီးခါစ ဖြစ်ကာ၊ ဓာတ်မတည့်မှုကြောင့် သူ၏ မျက်နှာမှာ ဝက်ခေါင်း တစ်ခုပမာ ဖောင်းအစ်နေသည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်... ကျောက်တုံးကြီး၏ နောက်ကွယ်မှ ပြူထွက်နေသော ဝတ်ရုံဖြူလေး၏ အစွန်းလေးကို မြင်တွေ့သွားတော့၏။
“ဆုဆု ညီမလေး... ပုန်းမနေနဲ့လေ... ထွက်ခဲ့ပြီး အတူတူ ပျော်ကြရအောင်ကွာ... ညီမလေး အတွက် အစားအသောက် ကောင်းကောင်းတွေ ချန်ထားပေးတယ်ကွ...”
ဝမ်သဲ့ဖာ သည် စိတ်အားထက်သန်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
ဖောင်းအစ်ပြီး ပုံပျက်နေသော မျက်နှာ၊ စုပြုံနေသော မျက်နှာ အစိတ်အပိုင်းများဖြင့် ကြက်သီးထဖွယ် အပြာရောင် မီးရောင်အောက်တွင် အလွန်တရာ ရက်စက်ပုံပေါက်နေပြီး... အဆိပ်ကန် ထဲမှ တွားသွား ထွက်လာသော ဝက်မိစ္ဆာကြီး တစ်ကောင်နှင့်ပင် တူနေတော့၏။
ဆုချင်းကော မှာ လန့်ဖြန့်သွားပြီး ဆက်ပုန်းနေ၍ မရတော့မှန်း သိလိုက်သည်။ ယခုအချိန်တွင် ထွက်ပြေးပါက သူမ အပြစ်ရှိကြောင်း ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားပေမည်။
သူမသည် ရွေးချယ်စရာ မရှိတော့ဘဲ စိတ်ကို တင်းကာ ရှေ့သို့ ထွက်လာလိုက်ရပြီး၊ တည်ငြိမ်သယောင် ဟန်ဆောင်လိုက်တော့၏။
သူမက လူအုပ်ကြီးကို ညင်သာစွာ အရိုအသေ ပေးလိုက်ပြီး၊ လေသံ အနည်းငယ် တုန်ယင်စွာဖြင့် ဆိုလိုက်သည်။
“ဂါရဝပြုပါတယ်... စီနီယာ အစ်ကိုကြီးတို့... ညီမလေးက... ဒီအတိုင်း ဖြတ်သွားတာပါ... မနေ့ညက အိပ်မပျော်လို့ အပြင်ထွက် လမ်းလျှောက်တာပါ... စီနီယာတို့ရဲ့ ကျင့်ကြံမှုတွေကို အနှောင့်အယှက် ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူးရှင်...”
“အိပ်မပျော်ဘူး ဟုတ်လား... အတော်ပဲ... အစ်ကိုတို့လည်း အိပ်မပျော်ဘူးကွ...”
'ဇီဝဗေဒ ခွေးပေါက်လေး' သည် တစ်ဝက်ခန့် စားပြီးသော၊ အနံ့ဆိုးများ ထွက်နေသည့် အဆိပ်ဒယ်အိုးကြီးကို ကိုင်ကာ လျှောက်လာသည်။ သူ၏ မျက်နှာပေါ်တွင် "လူသစ်များကို ဂရုစိုက်ပေးသော" အပြုံးတစ်ခု ရှိနေသော်ငြား၊ မျက်မှန်မှ ရောင်ပြန်ဟပ်နေသော အလင်းတန်းများက ကြက်သီးထဖွယ် ခံစားချက်ကို ပေးစွမ်းနေ၏။
“ညီမလေးက အသစ်ရောက်လာတာ ဆိုတော့... ငါတို့ ဂိုဏ်းရဲ့ ပြင်းထန်တဲ့ ကျင့်ကြံရေးတွေကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလေ... ရော့... အစ်ကိုကြီးက ညီမလေး ခွန်အားတွေ ပြည့်လာအောင် ညလယ်စာ ကျွေးမယ်ကွာ... ဒါက အကောင်းဆုံး အဆီအနှစ်တွေချည်းပဲကွ... ညီမလေးရဲ့ အလုပ်လုပ်တဲ့ စိတ်ဓာတ်လေး ကောင်းလို့ သီးသန့် ချန်ထားပေးတာနော်...”
သူမ၏ မျက်နှာနှင့် စင်တီမီတာ အနည်းငယ်သာ ကွာဝေးပြီး ကြက်သီးထဖွယ် တပွက်ပွက် ဆူပွက်နေဆဲဖြစ်သော အမည်းရောင် အနှစ်များကို မြင်လိုက်ရသောအခါ... ဆုချင်းကော ၏ မျက်နှာလေးမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်သွားတော့သည်။ သူမ၏ အစာအိမ်ထဲတွင် လှိုင်းထန်လာပြီး အန်ထွက်လုမတတ် ပင် ဖြစ်သွားရသည်။
'ဒါ... ဒါက ငါ့ကို မိစ္ဆာ အဖြစ် ပြောင်းလဲဖို့ အတင်းအကျပ် ခိုင်းစေနေတာလား... ဒါက သစ္စာခံရမယ့် အထိမ်းအမှတ်လား... အကယ်၍ ငါ မစားရင် ဒီနေရာမှာပဲ အသတ်ခံရတော့မလား... စားလိုက်ရင်ရော... ငါ ခေါင်းတုံးကြီး ဖြစ်သွားမလား... ဒါမှမဟုတ် အစိမ်းရောင် လူစွမ်းကောင်းကြီးလိုမျိုး ပြောင်းလဲသွားမလား... ဟင့်အင်း... လုံးဝ မစားနိုင်ဘူး...'
ထို အရေးပေါ် အခြေအနေ၌ပင်၊
“ဝေါ့...”
ယခုလေးတင် အဆိပ်စားထားသော ဘေးနားရှိ ကစားသမား တစ်ယောက်သည် ရုတ်တရက် အန်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ 'ဇီဝဗေဒ ခွေးပေါက်လေး' ၏ တစ်ကိုယ်လုံးသို့ အန်ချလိုက်တော့သည်။
“ခွေးမသားလေး... မင်း ငါ့ကို အန်ချတယ်ပေါ့လေ... ဒါ ငါ့ရဲ့ အသစ်စက်စက် ဝတ်ရုံကွ... လျော်ပေးစမ်း...”
'ဇီဝဗေဒ ခွေးပေါက်လေး' မှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဒယ်အိုးကို ချကာ ထိုကစားသမား နောက်သို့ လိုက်ဖမ်းတော့၏။
ထို ဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူ၍၊ ဆုချင်းကော သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ သွက်လက်သော စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော် ပြသလိုက်တော့သည်။
“အဟမ်း... စီနီယာ အစ်ကိုကြီးတို့... အရသာရှိရှိ သုံးဆောင်ကြပါရှင်... ညီမလေး ရုတ်တရက် ဗိုက်နာလာလို့ ပြန်တော့မယ်နော်...”
ထိုသို့ ပြောပြီးသည်နှင့် သူမက စကတ်ကို မ,ကာ၊ ကြောက်လန့်နေသော ယုန်သူငယ်လေး တစ်ကောင်ပမာ၊ သူမ ဘဝတွင် အမြန်ဆုံးသော အရှိန်နှုန်းဖြင့် ကြောက်မက်ဖွယ် ရင်ပြင်ကြီးထဲမှ ထွက်ပြေးသွားတော့၏။
ထင်းတင်းကုပ်လေး ဆီသို့ ပြန်ရောက်သောအခါ၊ ဆုချင်းကော သည် တံခါးကို မှီလျက် အမောတကော အသက်ရှူနေရပြီး၊ သူမ၏ နှလုံးသားလေးမှာလည်း ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။
တုန်ယင်နေသော လက်များဖြင့် သူမက အိတ်ကပ်ထဲမှ ကျောက်စိမ်းမှတ်တမ်း လေးကို ဆွဲထုတ်လိုက်ပြီး၊ ချင်းယန် ဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီး ထံသို့ ပထမဆုံး လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်းကို စတင် ရေးသားလိုက်၏။
ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော သူမ၏ လက်ချောင်းများမှာ ထိန်းချုပ်၍ပင် မရနိုင်လောက်အောင် ဖြစ်နေပြီး၊ သူမ ထွင်းထုလိုက်သော စကားလုံး တစ်လုံးချင်းစီတိုင်းတွင် ထိတ်လန့်မှုများ အပြည့်အဝ ပါဝင်နေတော့၏။
(ထိပ်တန်း လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်း (အပိုင်း-၁))
(ကွေ့ယွမ်ဂိုဏ်း ၏ တပည့်များ၏ ကျင့်ကြံရေး နည်းလမ်းများမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး၊ သဘာဝတရား၏ နိယာမများကို လုံးဝ ဆန့်ကျင်နေပါသည်။ သူတို့သည် သေစေနိုင်သော အဆိပ်ပြင်းများကို စားသုံးကြပြီး၊ မိမိကိုယ်ကိုယ် အနာတရ ဖြစ်အောင် လုပ်ခြင်းကိုပင် ပျော်ရွှင်မှု တစ်ခုအဖြစ် ခံစားနေကြပါသည်။)
(တပည့် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါသည်။ မိစ္ဆာ ရာပေါင်းများစွာသည် သူတို့၏ မိစ္ဆာခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် သေစေနိုင်သော အဆိပ်ပြင်းများကို စုပေါင်း စားသုံးနေကြပြီး၊ အလွန်တရာ ပျော်ရွှင်နေကြပါသည်။ သူတို့၏ ခွန်အားနှင့် ရူးသွပ်မှုများမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြီးမားလှပါသည်။)
(ဒါက... အဆုံးစွန်သော မိစ္ဆာလမ်းစဉ် ကြီးပါပဲ... ဂိုဏ်းချုပ်ကြီး အနေနဲ့ စောစောစီးစီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့နဲ့ သူတို့ကို လုံးဝ အထင်မသေးဖို့ တောင်းဆိုအပ်ပါတယ်ရှင်...)
စာရေးပြီးသွားသောအခါ ဆုချင်းကော သည် မြေကြီးပေါ်သို့ ပျော့ခွေ ကျသွားသည်။
စိမ်းလဲ့လဲ့ အလင်းရောင်များ လင်းလက်နေဆဲဖြစ်ပြီး ထူးဆန်းသော ရယ်မောသံများ ပဲ့တင်ထပ်နေဆဲဖြစ်သော ရင်ပြင်ကြီးဆီသို့ လှမ်းကြည့်ရင်း... သူမ၏ မျက်လုံးများထဲတွင် အနာဂတ်အတွက် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေတော့၏။
'ဒီအရူးတစ်သိုက် ကြားထဲကို ဝင်ရောက် စုံစမ်းရတာ...'
'ငါ တကယ်ပဲ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား…’