အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အခန်း (၁၄၂) - သူလျှို မှတ်တမ်း..သူတို့က မိစ္ဆာသားရဲတွေကို ညှဉ်းပန်းနှိပ်စက်နေကြတာပါလား
~နောက်တစ်နေ့ နံနက်ခင်း။ ကွေ့ယွမ်ဂိုဏ်း၏ တောင်နောက်ဘက်ရှိ သားရဲယဉ်ပါး ဥယျာဉ်၌ ဖြစ်၏။
ဆုချင်းကောသည် မျက်လုံးအောက်တွင် အမည်းရောင် စက်ဝိုင်းကြီးများဖြင့် ဟောင်းနွမ်းနေသော ထင်းရုံလေးထဲမှ ယိုင်တိုင်တိုင် ထွက်လာခဲ့သည်။
မနေ့ညက ‘ညလယ်စာ’ ဟု အမည်တပ်ထားသော ‘အစုလိုက်အပြုံလိုက် အဆိပ်စားပွဲကြီး’ သည် သူမအား ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုကို ပေးစွမ်းသွားခဲ့ပြီ ဖြစ်သည်။ သူမသည် တစ်ညလုံး အိပ်မက်ဆိုးများ မက်နေခဲ့ပြီး၊ ခေါင်းတုံးနှင့် လူသန်ကြီး တစ်သိုက်က သူမကို လိုက်လံ ဖမ်းဆီးကာ အမည်းရောင် အနှစ်များ အတင်း ခွံ့ကျွေးနေသည်ဟု အိပ်မက်မက်နေခဲ့ရှာ၏။
“ဟူး... မဖြစ်ဘူး။ ငါ ကြောက်နေလို့ မဖြစ်ဘူး”
ဆုချင်းကောသည် နံနက်ခင်း၏ အေးမြသော လေပြေကို အဝရှူလိုက်ရင်း သူမ၏ စိတ်ကို ပြန်လည် ကြည်လင်အောင် ကြိုးစားလိုက်၏။
‘ကွေ့ယွမ်ဂိုဏ်းက ‘သားရဲယဉ်ပါး ဥယျာဉ်’ ဆိုတာ အသစ် ဆောက်ထားတယ်လို့ ကြားတယ်။ သားရဲယဉ်ပါးတဲ့ လမ်းစဉ်ဆိုတာ... စိတ်ထား နူးညံ့မှုနဲ့ သနားကြင်နာမှုကို အဓိကထားရတာလေ။ သူတို့ မိစ္ဆာသားရဲတွေအပေါ် ဆက်ဆံတဲ့ ပုံစံကို လေ့လာကြည့်ရင်... ဒီ မိစ္ဆာကျင့်ကြံသူတွေရဲ့ ရင်ထဲမှာ လူသားဆန်မှုလေး နည်းနည်းပါးပါး ကျန်သေးသလား ဆိုတာကို တွေ့နိုင်ကောင်းပါရဲ့။ ဒါမှမဟုတ်... အဲ့ဒီ သားရဲတွေကို အသုံးချပြီး ဂိုဏ်းထဲမှာ ဖရိုဖရဲ ဖြစ်အောင် လုပ်လို့ရမယ့် အခွင့်အရေးများ ရှိမလားပေါ့’
ထိုမျှော်လင့်ချက်လေးဖြင့် သူမသည် ‘သန့်ရှင်းရေး လုပ်ရန်’ ဟူသော အကြောင်းပြချက်ဖြင့် တံမြက်စည်း အကြီးကြီး တစ်ချောင်းကို ကိုင်ကာ တောင်နောက်ဘက်ရှိ သားရဲယဉ်ပါး ဥယျာဉ်အတွင်းသို့ လျှို့ဝှက်.. ခိုးဝင်သွားခဲ့သည်။
သို့သော်လည်း... ဥယျာဉ်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်...
သူမ၏ မျှော်လင့်ချက်လေးများမှာ ဆပ်ပြာပူပေါင်းလေး ပေါက်ကွဲသွားသကဲ့သို့ ဖုန်းခနဲ ပျောက်ကွယ်သွားရတော့သည်။ ထိုနေရာတွင်မူ ပို၍ ပြင်းထန်ပြီး အသက်ရှူကျပ်စေသော ဒေါသများနှင့် ရူးသွပ်မှုများက အစားထိုး ဝင်ရောက်လာတော့၏။
“မြန်မြန်... မြန်မြန်... ပက်ပါရေ။ ကွေ့နားမှာ ကျော်တက်စမ်း။ ရေမြောင်းထဲကနေ ဖြတ်မောင်းလိုက်”
ဖုန်လုံးကြီး တစ်ခု လွင့်ထွက်လာပြီးနောက်... မြေပြင်မှာလည်း တုန်ခါသွားတော့၏။
ထိုနေရာတွင် ဝမ်သဲ့ဖာ သည် ရိုးရှင်းသော ချပ်ဝတ်ကို ဆင်မြန်းထားသည့် အဆင့် (၂) သံခွံ တောဝက်ကြီး၏ ကျောပေါ်တွင် စီးလျက်... ရူပဗေဒ နိယာမများကို လုံးဝ ဆန့်ကျင်ကာ ကိုယ်ကို စောင်းလျက် ရွှံ့နွံများပေါ်၌ ရူးသွပ်စွာ ဒရစ်ဆွဲနေသည်။
သနားစရာ တောဝက်ကြီးမှာ ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး၊ မြေပြင်ကို အံ့သြဖွယ်ရာ အရှိန်နှုန်းဖြင့် ကုတ်ဖဲ့နေသဖြင့် ကျောက်တုံးများနှင့် ပွတ်တိုက်မိကာ မီးပွင့်များပင် ထွက်ပေါ်နေတော့၏။ ၎င်း၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့်အတူ ဆာလောင်မှုများ ပြည့်နှက်နေသည်။ အကြောင်းမူကား ၎င်း၏ ကျောပေါ်ရှိ လူဝကြီးသည် တောဝက်ကြီး၏ မျက်စိရှေ့တွင် အဆင့် (၂) ဝိညာဉ် မုန်လာဥဖြူ တစ်လုံး ချိတ်ဆွဲထားသော ငါးမျှားတံကို ဝှေ့ယမ်းနေသော်လည်း လုံးဝ အစားမခံဘဲ... ၎င်း၏ အကန့်အသတ်ကို ရောက်သည်အထိ အတင်းအကြပ် ခိုင်းစေနေသောကြောင့်ပင် ဖြစ်ချေတော့သည်။
“တက်ကြိတ်စမ်း။ အရှိန်အဟုန်နဲ့ ပြင်းပြတဲ့ စိတ်ဓာတ်တွေ အတွက်ပဲဟေ့။ ကျုပ် ‘တောင်တက် တောဝက်နတ်ဘုရား’ ဖြစ်လာဖို့ကို ဘယ်အရာကမှ မတားဆီးနိုင်စေရဘူးကွ”
ဝမ်သဲ့ဖာက ဟိန်းဟောက်လိုက်ပြီး တောဝက်ကြီး၏ နားရွက်ကို (ဘရိတ်အဖြစ်) အားကုန် ဆွဲလိုက်၏။ တောဝက်ကြီးမှာ စူးရှစွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်၌ မီတာဆယ်ဂဏန်းခန့် လျှောတိုက်သွားကာ... ခြံစည်းရိုးကို ဝင်တိုက်မိမတတ် ဖြစ်သွားတော့၏။ လွင့်ပျံလာသော ဖုန်မှုန့်များကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာပင် ချောင်းများ ဆိုးကုန်ကြသည်။
“ရှယ်ပဲဗျို့။ ဒရစ်ဆွဲတာ တကယ့်ကို အမိုက်စားပဲ။ ပါကင်ထိုးတာလည်း အပြစ်ဆိုစရာ မရှိဘူးဗျာ”
ဘေးနားရှိ တပည့်များမှာ သနားမည့်အစား ကျယ်လောင်စွာ အော်ဟစ် အားပေးနေကြပြီး... အချိန်မှတ် နာရီများကိုပင် သုံး၍ အချိန်မှတ်ပေးနေကြသေး၏။
သစ်ပင်နောက်တွင် ပုန်းနေသော ဆုချင်းကောမှာ လက်ဖျားခြေဖျားများ အေးစက်လာပြီး... လက်ဆစ်များပင် ဖြူဖျော့လာသည်အထိ ဆုပ်ကိုင်ထားမိသည်။
ဒါ... ဒါ သားရဲယဉ်ပါးတာလား။
ဒါဟာ သက်သက် ညှဉ်းပန်းနှိပ်စက်နေတာပဲလေ။
အစားအသောက်နဲ့ မျှားပြီး မိစ္ဆာသားရဲကို အတင်းအကြပ် အလုပ်လုပ်ခိုင်းတာ၊ ပြီးတော့ ပျော်စရာ အနေနဲ့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို လုပ်ခိုင်းတာလား။
ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။ ဒါဟာ မိစ္ဆာသားရဲကို အဖော်အဖြစ် သဘောထားတာ လုံးဝ မဟုတ်ဘူး... ။
နာကျင်မှု မရှိတဲ့ စက်ရုပ် တစ်ရုပ်လို သဘောထားနေတာပဲ။
သို့သော် ဒါက ရေခဲတောင်၏ ထိပ်ဖျားလေးသာ ရှိသေးသည်။
သားရဲယဉ်ပါး ဥယျာဉ်၏ အခြားတစ်ဖက်၌မူ... ဆုချင်းကောသည် သူမကို ပို၍ ပျို့အန်ချင်လာစေပြီး ရုပ်ပိုင်းဆိုင်ရာပါ မသက်မသာ ဖြစ်လာစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပြန်သည်။
တပည့် ဆယ်ဂဏန်းခန့်မှာ စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့ထားကြပြီး... အလယ်ဗဟိုတွင်မူ အမည်းနှင့် အဖြူရောင် လေးထောင့်ကွက်များ ရေးဆွဲထားကာ ဘောလုံးတစ်လုံးနှင့် တူနေသည့် အကျိအချွဲ မိစ္ဆာလေး တစ်ကောင် ရှိနေ၏။
“ပေး... ပေး... ဒီမှာ နေရာလွတ်တယ်ဗျို့"
“..ငါ့ရဲ့ ဘောလုံးပိတ်ကန်ချက်ကိုသာ ကြည့်နေလိုက်တော့။ ငါ လာပြီဟေ့”
ခွန်အားလိုင်း တပည့်တစ်ဦးသည် နှစ်လှမ်းခန့် ပြေးသွားလိုက်ပြီး၊ လေထဲသို့ မြင့်မားစွာ ခုန်တက်ကာ... ထို အမည်းရောင် အကျိအချွဲ သတ္တဝါလေးကို အားရပါးရ ကန်ချလိုက်တော့၏။
“ဖတ်...”
အကျိအချွဲလေးမှာ တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး၊ ထိုအကန်ခံရမှုကြောင့် ကိုယ်ခန္ဓာမှာ ပြင်းထန်စွာ ပုံပျက်သွားကာ... လေပြတ်နေသော ဘောလုံးတစ်လုံးပမာ လွင့်ထွက်သွားသည်။ ၎င်းသည် လေထဲတွင် မျဉ်းကွေးတစ်ခု ရေးဆွဲသွားပြီးနောက်... အခြား ကစားသမား တစ်ဦး၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ သွားရောက် မှန်ကန်တော့သည်။
“ဟားဟားဟား... အကန်ကောင်းတယ်ဗျို့။ ..ငါ့မျက်နှာကို လာမှန်တယ်ဟေ့”
မျက်နှာပေါ်တွင် အကျိအချွဲများ ပေကျံသွားသော ကစားသမားမှာလည်း နောက်ဆုတ်မသွားဘဲ... တွန့်လိမ်လှုပ်ရှားနေဆဲ ဖြစ်သော ထိုသတ္တဝါလေးကို မျက်နှာပေါ်မှ အတင်း ခွာယူလိုက်ပြီး အားရပါးရ ပြန်ကန်လိုက်ပြန်၏။
ဆုချင်းကောမှာ ပါးစပ်ကို အတင်း အုပ်ထားလိုက်ပြီး ဗိုက်ထဲတွင်လည်း အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့၏။
အဲ့ဒါ အသက်ရှိတဲ့ သတ္တဝါလေး တစ်ကောင်လေ။
အဆင့်နိမ့် မိစ္ဆာသားရဲ ဖြစ်ပြီး ရုပ်ဆိုးတယ် ဆိုပေမဲ့... သူ့မှာလည်း အသက် ရှိတယ်လေ။
သူတို့က အရုပ်တစ်ရုပ်လို သဘောထားပြီး... ကန်ကျောက် နင်းခြေနေကြတာလား။
ပြီးတော့ အဲ့ဒီအပေါ်မှာ ပျော်ရွှင်မှုတွေတောင် ရှာဖွေနေကြသေးတယ်။ ဒီ မိစ္ဆာကျင့်ကြံသူတွေရဲ့ နှလုံးသားတွေက ကျောက်တုံးနဲ့များ လုပ်ထားတာလားရှင်။ အသက်ကို ဒီလောက်တောင် ပမာမထားတာကတော့ တကယ့်ကို ယုတ်မာလွန်းလှပါတယ်။
သူမ အသက်ရှူကျပ်နေစဉ်မှာပင်... အပေါ်ဘက်မှ စူးရှလှသော ငှက်အော်သံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ကော...”
ဆုချင်းကော မော့ကြည့်လိုက်ရာ မျက်ရည်များပင် ဝဲလာရရှာတော့၏
ကောင်းကင်ယံထက်ဝယ်... လွတ်လပ်စွာ ပျံသန်းနေရမည့် ကောင်းကင်၏ အရှင်သခင် လင်းယုန်ကြီးမှာ ယခုအခါ ၎င်း၏ ခြေကျင်းဝတ်တွင် တုတ်ခိုင်လှသော ကြိုးရှည်ကြီး တစ်ချောင်းဖြင့် ချည်နှောင်ခံထားရသည်။
ထိုကြိုး၏ အခြားတစ်ဖက်ကိုမူ... မြေပြင်ပေါ်၌ ရူးသွပ်စွာ ပြေးလွှားနေသော ကစားသမား တစ်ဦးက ကိုင်ဆောင်ထားသည်။
ထိုကစားသမားမှာ စွန်လွှတ်နေသည့်အလား ကြိုးကို ဆွဲကာ မြေပြင်ပေါ်၌ အသည်းအသန် ပြေးနေပြီး... အနောက်ကို လှည့်ကာ အော်ဟစ်နေတော့၏။
“ပျံစမ်း... ပိုမြင့်မြင့် ပျံစမ်းပါ။ ငါ အများဆုံး ဆွဲထားနိုင်တဲ့ အကွာအဝေးနဲ့ ရန်သူရဲ့ အာရုံစိုက်မှုကနေ လွတ်မြောက်နိုင်မယ့် အကွာအဝေးကို စမ်းသပ်ရဦးမယ်”
လင်းယုန်ကြီးမှာ အတောင်ပံများကို အသည်းအသန် ခတ်ကာ... လွတ်လပ်သော ကောင်းကင်ပြာကြီးဆီသို့ ပျံတက်ရန် ကြိုးစားနေသော်လည်း... ထိုကျိန်စာသင့်နေသော ကြိုးကြီးကြောင့် အောက်ဘက်သို့ အကြိမ်ကြိမ် အတင်းအကြပ် ဆွဲချခံနေရရှာသည်။
ရုန်းကန်နေမှုများကြောင့် အမွှေးအချို့ ကျွတ်ကျလာပြီး... မြက်ခင်းပြင်ပေါ်သို့ သွေးစက်အချို့ပင် ကျဆင်းလာတော့၏။
“ဒါဟာ... အကျဉ်းချထားတာပဲ။ ဒါဟာ စော်ကားတာပဲ”
ဆုချင်းကောသည် မိစ္ဆာသားရဲများကို တန်းတူညီမျှ ဆက်ဆံကာ မိသားစုဝင်များပမာ ဂရုစိုက်လေ့ရှိသော ဖြောင့်မတ်သည့် လမ်းစဉ်မှ တပည့်တစ်ဦး ဖြစ်၏။
ယခုကဲ့သို့ အသက်ရှိ သတ္တဝါများကို ရက်စက်စွာ ဆက်ဆံနေသော ဤ ‘မိစ္ဆာကျင့်ကြံသူ’ များကို မြင်လိုက်ရသည့်အခါ... သူမ၏ တရားမျှတမှု စိတ်ဓာတ်များ လုံးဝ (လုံးဝ) ပေါက်ကွဲထွက်သွားတော့သည်။
သူမသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ... တံမြက်စည်းကို ကိုင်ကာ တစ်ဟုန်ထိုး ပြေးထွက်သွားပြီး ‘စွန်လွှတ်နေသော’ ကစားသမားကို တားဆီးလိုက်၏။
“ရပ်လိုက်စမ်း။ ရှင်တို့... ရှင်တို့ သူ့ကို ဘယ်လိုများ ဒီလို ဆက်ဆံရက်ရတာလဲ”
ကစားသမားမှာ ရပ်တန့်သွားပြီး... အမောတကောဖြင့် သူ၏ ရှေ့ရှိ ဒေါသထွက်နေသော လှပလှသည့် အန်ပီစီလေးကို ကြည့်လိုက်၏။
“ဟင်... ညီမလေး ဘာကိစ္စ ရှိလို့လဲ။ အစ်ကိုက သူ့ကို အဆင့်တင်ပေးနေတာလေ... ပြီးတော့ ရူပဗေဒ အင်ဂျင်ရဲ့ အမှားအယွင်းတွေကို စမ်းသပ်နေတာ၊ မင်းဆီမှာ တာဝန်လေး ဘာလေးများ ရှိလို့လား”
“အဆင့်တင်ပေးတယ် ဟုတ်လား။ ရူပဗေဒ အင်ဂျင် တဲ့လား”
ဆုချင်းကောသည် ဤထူးဆန်းသော စကားလုံးများကို လုံးဝ နားမလည်ပေ။
သူမသည် လေထဲတွင် တုန်ယင်ကာ ငိုကြွေးနေသော လင်းယုန်တုံးကြီးကို ညွှန်ပြကာ တုန်ယင်နေသော အသံဖြင့် ဆိုလိုက်၏။
“သူ ငိုနေပြီလေ။ သူ သွေးတွေ ထွက်နေပြီ။ သက်ရှိ မှန်သမျှမှာ ဝိညာဉ် ဆိုတာ ရှိတယ်။ မိစ္ဆာသားရဲကို ယဉ်ပါးအောင် လုပ်ချင်ရင် ကိုယ်က စေတနာထားပြီး သူ့ရဲ့ နှလုံးသားကို သိမ်းပိုက်ရမှာလေ။ ဘယ်လိုလုပ်... အခုလို ညှဉ်းပန်းနှိပ်စက်ရက်တာလဲ။ နတ်ဘုရားတွေရဲ့ အပြစ်ပေးတာကို မကြောက်ဘူးလားရှင်”
ကစားသမားက သူ၏ ခေါင်းကို ကုတ်လိုက်ပြီး... လင်းယုန်တုံးကြီး၏ အသက်သွေးကြောတန်းကို တစ်ချက်ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“ရပါတယ်ဗျာ... ဒီကောင်က သွေးတော်တော် များတာပဲ... မသေပါဘူး။ ပြီးတော့ သူ့ရဲ့ သဘောကျမှု အမှတ်က နည်းသေးတယ်လေ... သူ့သခင်ကို အသိအမှတ် မပြုသေးဘူး။ ကြိုးနဲ့သာ မချည်ထားရင် အစောကြီးကတည်းက ထွက်ပြေးသွားမှာပေါ့။ ယဉ်ပါးမှု အမှတ် ပြည့်သွားရင်တော့... ကြိုးမလိုတော့ပါဘူးဗျာ။ အဲ့ဒါကို ‘အရင်ဆုံး အင်အားသုံးပြီးမှ နောက်မှ ယဉ်ကျေးပြတာ’ လို့ ခေါ်တယ်လေ”
ဒါက အချက်အလက်များ အပေါ်တွင်သာ မူတည်ပြီး ထိရောက်မှုကိုသာ အဓိကထားသော... စကားနားမထောင်ပါက နားထောင်လာအောင် ရိုက်နှက်မည် ဆိုသည့် စတုတ္ထကပ်ဘေး တို့၏ ယုတ္တိဗေဒပင် ဖြစ်ချေတော့သည်။
သို့သော် ဆုချင်းကော အတွက်မူ... ဒါက ပြီးပြည့်စုံသော “ကျေးကျွန် ပြုလုပ်ခြင်း” ကြေညာချက်ပင် ဖြစ်နေတော့၏။
သဘောကျမှု အမှတ် နည်းရင် ချည်ထားမယ် ဟုတ်လား။ ယဉ်ပါးမှု အမှတ် ပြည့်မှ လွတ်လပ်ခွင့် ပေးမယ် တဲ့လား။
ဒါဟာ မိစ္ဆာသားရဲကို ဂုဏ်သိက္ခာမဲ့တဲ့ ကျေးကျွန် တစ်ယောက်လို သဘောထားပြီး... အကြမ်းဖက်မှုနဲ့ အတင်းအကြပ် ဦးနှောက်ဆေးနေတာပဲ မဟုတ်လား။ တကယ့်ကို ယုတ်မာလွန်းတဲ့ သားရဲယဉ်ပါးရေး နည်းလမ်းပါပဲလားဟယ်။
“ရှင်တို့... ရှင်တို့က တကယ့်ကို ယုတ္တိ မရှိတဲ့ လူတွေပဲ။ လူယုတ်မာတွေ... ရှင်တို့ အကုန်လုံး လူယုတ်မာတွေပဲ”
ဝက်စီးနေကြဆဲ၊ ဘောလုံးကန်နေကြဆဲနှင့် စွန်လွှတ်ကာ ပျော်ရွှင်နေကြဆဲ ဖြစ်သော ကစားသမားများကို ပတ်ဝန်းကျင်၌ ဝေ့ကြည့်လိုက်ရင်း... ဆုချင်းကောသည် ရူးသွပ်နေသော သားသတ်ရုံကြီး တစ်ခုအတွင်း ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ဤနေရာတွင် မေတ္တာတရား မရှိ၊ သနားကြင်နာမှု မရှိ...။ အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်မှုနှင့် အသုံးချမှုများသာ ရှိနေသည်။
သူမသည် အနောက်သို့ ယိုင်တိုင်တိုင် ဆုတ်သွားပြီး ဆက်လက်၍ မနေနိုင်တော့ဘဲ... အသက်ရှူကျပ်ဖွယ် ကောင်းလှသော သားရဲယဉ်ပါး ဥယျာဉ်ထဲမှ အလုအယက် ထွက်ပြေးလာခဲ့တော့၏။
ထင်းရုံလေးဆီသို့ ပြန်ရောက်သောအခါ...
ဆုချင်းကောသည် တုန်ယင်နေသော လက်များဖြင့် ဆက်သွယ်ရေး မှော်ကျောက်စိမ်းပြားကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ ယခုတစ်ကြိမ် စာရေးသားရာတွင်မူ သူမ၏ လက်ချောင်းထိပ်လေးများမှာ အားထည့်လွန်းသဖြင့် ဖြူဆွတ်နေပြီး... စကားလုံးတိုင်းမှာ သွေးများဖြင့် ရေးသားထားသကဲ့သို့ ဖြစ်နေတော့၏။
(အထူး လျှို့ဝှက် သတင်းအချက်အလက် (အပိုင်း ၂) - )
(ကွေ့ယွမ်ဂိုဏ်း၏ ယုတ်မာမှုများမှာ လူသားများအပေါ်တွင်သာမက သက်ရှိအားလုံးအပေါ်၌ ကျရောက်နေပါသည်။)
(တပည့်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါသည် - မိစ္ဆာကျင့်ကြံသူများသည် မိစ္ဆာသားရဲများအပေါ် လုံးဝ (လုံးဝ) သနားညှာတာခြင်း မရှိကြပါ။ သူတို့သည် ‘ရုပ်ပိုင်းဆိုင်ရာ ယဉ်ပါးစေခြင်း’ ဟုခေါ်သော ယုတ်မာလှသည့် သားရဲယဉ်ပါးရေး နည်းလမ်းကို အသုံးပြုနေကြပါသည်။)
(တောဝက်များကို စီးကာ ပျော်ရွှင်မှု ရှာခြင်း၊ အသက်ရှင်နေသော မိစ္ဆာကောင်လေးများကို ဘောလုံးအဖြစ် အသုံးပြုခြင်း၊ ငှက်များ မပျံသန်းနိုင်စေရန် အကျဉ်းချထားခြင်း... စသည့် ရက်စက်မှုများမှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှပါသည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှပါသည်။)
(ဤဂိုဏ်း၏ ယုတ်မာမှုများမှာ အနက်ရှိုင်းဆုံး အထိ အမြစ်တွယ်နေပြီ ဖြစ်ပါသည်။ အကယ်၍ သူတို့ကို မသုတ်သင်နိုင်ပါက... သက်ရှိအားလုံးအတွက် ကြီးမားလှသော ဘေးဒုက္ခများနှင့် နာကျင်မှုများကို သေချာပေါက် ဆောင်ကြဉ်းလာမည် ဖြစ်ပါသည်။ ဂိုဏ်းတော် အနေဖြင့် အမြန်ဆုံး ဆုံးဖြတ်ချက် ချပေးပါရန် တောင်းဆိုအပ်ပါသည်။)
သတင်းအချက်အလက်ကို ပေးပို့ပြီးနောက် ဆုချင်းကောသည် ထောင့်တစ်နေရာ၌ ဒူးလေးပိုက်ကာ ထိုင်ရင်း... ပါးပြင်ပေါ်သို့ မျက်ရည်တစ်ပေါက် စီးကျလာသည်။
သူမသည် ပြာလဲ့နေသော ကောင်းကင်ယံကို လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။
“အရှင်... အကြီးအကဲတို့... သနားစရာကောင်းတဲ့ ဒီသတ္တဝါလေးတွေကို မြန်မြန် လာကယ်လှည့်ကြပါဦးရှင်...”
“ဒီနေရာကြီးက... တကယ့်ကို ကြောက်စရာ ကောင်းလွန်းပါတယ်”
အခန်း (၁၄၃) - ညီမလေး မကြောက်နဲ့၊ မင်းအတွက် ကျုပ် အသေခံပေးမယ်.. မိန်းကလေး တစ်ယောက်ကို ခေါ်ပြီး တိုက်ပွဲဝင်ခြင်း
~မွန်းတည့်ချိန်။ ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်၌ ဖြစ်၏။
ဆုချင်းကောသည် ထောင့်တစ်နေရာရှိ ကျောက်ခုံပေါ်၌ ထိုင်ကာ၊ မြက်ပင်လေး တစ်ပင်ကို ဆွဲနုတ်ရင်း အတွေးနက်နေသည်။ သူမ၏ ခေါင်းထဲတွင် ယနေ့နံနက်က ဘောလုံးပမာ အကန်ခံနေရသော အကျိအချွဲ မိစ္ဆာလေးများနှင့်၊ ဒရစ်ဆွဲနေသော တောဝက်ကြီးများ အကြောင်းသာ ပြည့်နှက်နေတော့၏။ “မိစ္ဆာသားရဲ ယဉ်ပါးရေး အတတ်ပညာ” နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တောင်အောက်သို့ အမြန်ဆုံး ဆင်းပြီး ပို့ပေးရန် သင့်မသင့် သူမ လေးနက်စွာ စဉ်းစားနေမိသည်။
ထိုစဉ်မှာပင် အရိပ်ကြီး တစ်ခုက သူမ၏ အမြင်အာရုံကို ဖုံးအုပ်သွားတော့၏။
“ညီမလေး ဆုဆု... တစ်ယောက်တည်း ဘာတွေ တွေးနေတာလဲဗျ”
ဆုချင်းကော မော့ကြည့်လိုက်သောအခါ ဆာဗာတစ်ခုလုံး၏ အတော်ဆုံး ကစားသမားဖြစ်သည့် ကောင်းကင်ခွင်း ဓားတစ်လက် သည် ဓားရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး... သူ၏ အနောက်တွင် လက်ရွေးစင် တပည့် ငါးဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ သူမ၏ ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ဝတ်စုံများမှာ အနည်းငယ် ရှုပ်ထွေးနေသော်လည်း (ချင်းယန်ဂိုဏ်း၏ ဝတ်ရုံများနှင့် မိုင်းလုပ်သား ဖိနပ်များကို တွဲဝတ်ထားပြီး၊ အချို့မှာ နေကာမျက်မှန်များပင် တပ်ထားကြသေးသည်)၊ သူတို့၏ စွမ်းရည်များကိုမူ အထင်သေး၍ မရနိုင်ပေ။
“ဂါရဝပြုပါတယ်... စီနီယာ အစ်ကိုကြီးတို့ရှင်" ဆုချင်းကောသည် သတိကြီးစွာဖြင့် မတ်တတ်ရပ်ကာ ဦးညွတ်လိုက်၏။
... (ဒီ မိစ္ဆာကျင့်ကြံသူတွေက ဘာလုပ်မလို့လဲ။ ..ငါ့ကိုများ ရိပ်မိသွားကြပြီလား)
“ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူးဗျာ။ ညီမလေးက အသစ်လေး ဆိုတော့... အဆင့်ကလည်း နိမ့်နေသေးတယ်လေ... အဲ... ကျင့်စဉ် အဆင့်ကလည်း နိမ့်နေသေးတော့ ချီစုစည်းမှု အဆင့် (၂) မှာပဲ တဝဲလည်လည် ဖြစ်နေတာ မဟုတ်လား
ကောင်းကင်ခွင်း ဓားတစ်လက် သည် တတ်နိုင်သမျှ ဖော်ရွေသော အပြုံးတစ်ခုကို ပြုံးပြရန် ကြိုးစားလိုက်သော်လည်း... ဆုချင်းကော၏ အမြင်တွင်မူ ထိုအပြုံးမှာ အနည်းငယ် ယုတ်မာနေသကဲ့သို့ ထင်မှတ်ရသည်။
“ကျုပ်တို့က တောင်နောက်ဘက်က မိုင်းတွင်းထဲကို ဝင်ပြီး ကျန်နေတဲ့ မိစ္ဆာသားရဲတွေကို ရှင်းလင်းရင်း မြေပုံအသစ် ရှာမလို့ဗျ။ ကျုပ်တို့အဖွဲ့မှာ... အဲ... အစောင့်အရှောက်ခံမယ့်သူ (အစောင့်အရှောက် တာဝန် ဆုလာဘ် ရရန်အတွက်) တစ်ယောက် လိုနေလို့လေ။ ကျုပ်တို့နဲ့ လိုက်ခဲ့ပါလား။ ကျုပ်တို့ မင်းကို အဆင့်တင်ပေးမယ်၊ ပြီးရင် ရလာတဲ့ ပစ္စည်းတွေကိုလည်း ခွဲပေးမယ်လေ”
ကစားသမားများ၏ တကယ့် အတွေးထဲတွင်မူ... (သူက အထူး အန်ပီစီလေ။ သူ့ကို ခေါ်သွားရင် လျှို့ဝှက် ဇာတ်လမ်း သေချာပေါက် ပွင့်လာမှာပဲ။ ပြီးတော့ ဒီလောက် လှတဲ့ ကောင်မလေးကို ခေါ်သွားရတာ ဘယ်လောက်တောင် မိုက်သလဲ။ ငါ ဓာတ်ပုံရိုက်ပြီး ဖိုရမ်ပေါ် တင်လိုက်ရင် ဟို လူပျိုကြီးတွေ အကုန်လုံး အားကျပြီး သေကုန်ကြမှာပဲ။ အရေးအကြီးဆုံးက... သူ့ရဲ့ သဘောကျမှုကို များများရအောင် ယူထားနိုင်ရင်... ..ငါ့ရဲ့ ကိုယ်ပိုင် ဇနီးလေး (မဟုတ်ဘူး... တာအိုလက်တွဲဖော်) ဖြစ်လာနိုင်တယ်လေ) ဟု တွေးနေကြခြင်း ဖြစ်ချေသည်။
“ကျွန်မကို ခေါ်ပြီး... အတွေ့အကြုံ သွားရှာပေးမယ် ဟုတ်လားရှင်”
ဆုချင်းကောမှာ အံ့သြသွားရသည်။
ချင်းယန်ဂိုဏ်းတွင် တပည့်သစ်များကို လေ့ကျင့်ပေးရသည်မှာ အကြီးအကဲများ၏ တာဝန်သာ ဖြစ်ပြီး၊ ၎င်းမှာလည်း အသက်အန္တရာယ် ရှိသော ပြင်းထန်လှသည့် စမ်းသပ်မှုများနှင့် အမြဲတမ်း တွဲဖက်နေစမြဲ ဖြစ်၏။
စီနီယာ အစ်ကိုကြီး တစ်ယောက်က ဘာလို့များ ဝန်ထုပ်ဝန်ပိုး တစ်ခုကို ကိုယ့်သဘောနဲ့ကိုယ် ခေါ်သွားချင်ရတာလဲ။ ဒီ မိစ္ဆာကျင့်ကြံသူတွေက ဘယ်လိုလုပ် ဒီလောက်အထိ သဘောကောင်းနေရတာလဲ။
(ဟင်း... အကြောင်းမရှိဘဲတော့ ဘယ်သူမှ မကူညီဘူးလေ။ သေချာတယ်... သူတို့က ..ငါ့ကို လူသူကင်းမဲ့တဲ့ နေရာဆီ ခေါ်သွားပြီး တစ်ခုခု လုပ်ချင်လို့ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ..ငါ့ကို အသားဒိုင်းကာ အဖြစ် သုံးပြီး ရှေ့ကနေ သွားခိုင်းမလို့များလား။)
ဆုချင်းကောသည် ထိုလူအုပ်၏ ယုတ်မာသော အကြံအစည်များကို သိနေသည့်အလား စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။ သို့သော်လည်း သူမ ပြန်စဉ်းစားကြည့်လိုက်ရာ... ဒါက သူတို့၏ တိုက်ခိုက်ပုံ တိုက်ခိုက်နည်းများကို အနီးကပ် လေ့လာရန်နှင့်၊ သူတို့၏ ကျင့်စဉ် အားနည်းချက်များကို ရှာဖွေရန် အခွင့်ကောင်း တစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလော။
“ဒါဆိုရင်လည်း... စီနီယာ အစ်ကိုကြီးတို့ကို ဒုက္ခပေးရတော့မှာပဲရှင်" သူမသည် ကျေးဇူးတင်ချင်ယောင် ဆောင်ကာ သိမ်မွေ့စွာ သဘောတူလိုက်၏။
---
နာရီဝက်ခန့် ကြာပြီးနောက်။ တောင်နောက်ဘက်ရှိ မိုင်းတွင်း အနက်ပိုင်း၌။
လူအုပ်ကြီးသည် မှောင်မည်းပြီး စိုစွတ်ကာ ရှုပ်ထွေးလှသော မိုင်းတွင်းလမ်းကြောင်း တစ်လျှောက် သတိကြီးစွာဖြင့် လျှောက်လှမ်းနေကြသည်။
ကောင်းကင်ခွင်း ဓားတစ်လက် က ရှေ့ဆုံးမှ ဦးဆောင်နေပြီး၊ ဝမ်သဲ့ဖာ က ဧရာမ သံမဏိ ဒိုင်းကာကြီးကို ကိုင်ဆောင်ကာ အနောက်ဆုံးမှ လိုက်ပါလာသည်။ သူတို့သည် ဆုချင်းကောကို အလယ်တွင် ထားရှိကာ ရှားပါး ရတနာတစ်ခုကို စောင့်ရှောက်နေသည့်အလား လုံခြုံစွာ ကာကွယ်ထားကြ၏။
လမ်းတစ်လျှောက်လုံးတွင်... ပုံမှန်ဆိုလျှင် မျက်တောင် မခတ်ဘဲ လူသတ်တတ်ပြီး လမ်းသွားနေသော ခွေးကိုပင် ဝင်ကန်တတ်သည့် ဤ ‘မိစ္ဆာကျင့်ကြံသူ’ များမှာ ရုတ်တရက် နွေးထွေးသော ယောကျ်ားကောင်းများ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
“ညီမလေး... ခြေလှမ်းကို သတိထားနော်။ ဒီမှာ ရေအိုင်လေး ရှိတယ်၊ ဖိနပ် စိုသွားဦးမယ်"
“ညီမလေး ရေဆာနေပြီလား။ အစ်ကို့ဆီမှာ ကျိုထားတဲ့ ရေနွေးလေး ရှိတယ်လေ။ ရေနွေး များများသောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်နော်"
“ညီမလေး... ဒီ အလင်းလွှတ် ကျောက်တုံးလေးကို ယူထားလိုက်။ သိပ်တော့ တန်ဖိုး မရှိပေမယ့်... လက်နှိပ်ဓာတ်မီး အဖြစ် သုံးလို့ ရတယ်ဗျ
ဆုချင်းကောသည် သူမ၏ လက်ထဲသို့ အတင်းအကြပ် ထိုးထည့်ခံလိုက်ရသော အလင်းလွှတ် ကျောက်တုံးလေးကို ကြည့်ရင်း... နားထဲသို့ ဝင်ရောက်လာသည့် ရိုးအလှသော ဂရုစိုက် စကားများကို နားထောင်ကာ အနည်းငယ် အံ့အားသင့်နေမိသည်။
ဒါဟာ မိစ္ဆာဂိုဏ်းရဲ့ နည်းလမ်းတွေများလား။ သကြားလုံးတွေနဲ့ ..ငါ့ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား။
..ငါ့ရဲ့ သတိထားမှုကို လျော့ကျသွားအောင် လုပ်နေတာလား။ စိတ်ကူးတောင် မယဉ်နဲ့။
..ငါ့ရဲ့ တာအိုနှလုံးသားက ကျောက်တုံး တစ်တုံးလို ခိုင်မာတယ်ဟဲ့။ နင်တို့ရဲ့ ဒီလောက်လေး လုပ်ပေးရုံနဲ့တော့ ..ငါ့ကို လုံးဝ (လုံးဝ) သိမ်းသွင်းနိုင်မှာ မဟုတ်ဘူးနော်။
ဆုချင်းကောသည် ထိုလူအုပ်၏ ယုတ်မာလှသော နည်းလမ်းများကို စိတ်ထဲမှ အထင်သေးနေစဉ်မှာပင်...
“ရှဲ...”
နားကွဲမတတ် စူးရှလှပြီး မှန်ကို ဓားဖြင့် ခြစ်လိုက်သကဲ့သို့ သွားကျိန်းစရာ ကောင်းလှသော အသံကြီး တစ်ခု အပေါ်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။
“သတိထားကြ။ တစ်ခုခု ထူးခြားနေပြီ။ အပေါ်ကို ကြည့်စမ်း”
ကောင်းကင်ခွင်း ဓားတစ်လက် ၏ တုံ့ပြန်မှုမှာ အလွန် လျင်မြန်လှပေသည်။ သူသည် အလျင်အမြန် သတိပေးလိုက်ပြီး၊ သူ၏ ဓားရှည်မှာလည်း ချက်ချင်း ထွက်ပေါ်လာကာ ရေစီးကြောင်းပမာ ဓားအလင်းတန်း တစ်ခု တောက်ပသွားတော့၏။
အားလုံး အထက်သို့ မော့ကြည့်လိုက်သောအခါ... မိုင်းတွင်းထိပ်ရှိ ကျောက်ဆောင် အက်ကွဲကြောင်း အတွင်းမှ... အရောင်အသွေး စုံလင်လှပြီး အဆိပ်ပြင်း အမွှေးများ ဖုံးလွှမ်းနေသည့် ဧရာမ အဆင့် (၂) အဆိပ်ပြင်း တစ္ဆေမျက်နှာ ပင့်ကူကြီး ရုတ်တရက် ခုန်ဆင်းလာသည်ကို တွေ့လိုက်ကြရသည်။
ဤပင့်ကူကြီးမှာ သေချာပေါက် လွတ်မြောက်နေခဲ့ပြီး အမှောင်ထဲတွင် ချောင်းမြောင်းနေခဲ့ခြင်း ဖြစ်ပေမည်။ သားကောင်ကို မြင်လိုက်သည်နှင့် ကောင်းကင်မှ တစ်ဟုန်ထိုး ဆင်းသက်လာကာ... ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးများ ထွက်ပေါ်နေသည့် လှံလုံးများပမာ ချွန်ထက်လှသော ခြေတံရှည်ကြီး ရှစ်ချောင်းဖြင့် လူအုပ်၏ အလယ်ဗဟို... ဆုချင်းကော၏ အားအနည်းဆုံးသော ကာကွယ်ရေး စည်းဆီသို့ ရက်စက်စွာ ထိုးစိုက်ချလိုက်တော့၏။
“အား...”
ဆုချင်းကော၏ မျက်နှာထား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ လက်ရှိ ကျင့်စဉ်အဆင့်မှာ ချီစုစည်းမှု အဆင့် (၂) တွင်သာ ပိတ်လှောင်ခံထားရသဖြင့်... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့်နှင့် ညီမျှသော ဤ အဆင့် (၂) မိစ္ဆာသားရဲ၏ အလစ်အငိုက် တိုက်ခိုက်မှုကို လုံးဝ (လုံးဝ) ခုခံနိုင်စွမ်း မရှိတော့ချေ။
ကျင့်စဉ်အဆင့် အမှန်ကို ထုတ်ဖော်ပြီး ပြန်တိုက်ရမလား။ မဖြစ်ဘူး... အဲ့လိုလုပ်လိုက်ရင် သူလျှို အစီအစဉ်ကြီး တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ ပြန်မတိုက်ရင်လည်း ငါ.. ဒဏ်ရာရမယ်... ဒါမှမဟုတ် သေတောင် သေသွားနိုင်တယ်လေ။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
“အဲ့ဒီ မိန်းကလေးကို လွှတ်ထားလိုက်စမ်း။ ..ငါ့ဆီ လာခဲ့”
ဝဖြိုးလှသော ကိုယ်လုံးကြီး တစ်ခုသည် စူးရှပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသော အော်ဟစ်သံကြီးနှင့်အတူ အနောက်ဘက်မှ ရုတ်တရက် ခုန်အုပ်လာသည်။
၎င်းမှာ ဝမ်သဲ့ဖာ ပင် ဖြစ်ပါ၏။
သူသည် ဒိုင်းကာကို မြှောက်ကာ ခုခံရန်ပင် မကြိုးစားတော့ဘဲ (ဒိုင်းကာ မြှောက်ရန် အချိန်မရသောကြောင့်)၊ လက်နှစ်ဖက်ကို အစွမ်းကုန် ဖြန့်ကားလိုက်ပြီး... အသားတံတိုင်းကြီး တစ်ခုပမာ ဆုချင်းကော၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကာကွယ်ပေးလိုက်ကာ မိမိ၏ ကိုယ်ခန္ဓာဖြင့် ထိုတိုက်ခိုက်မှုကို ခံဆောင်လိုက်တော့သည်။
“ဖတ်... ဒုတ်...”
တစ္ဆေမျက်နှာ ပင့်ကူကြီး၏ ချွန်ထက်လှသော အစွယ်များနှင့် ခြေတံရှည်ကြီးများမှာ ဝမ်သဲ့ဖာ၏ ကျောပြင်ပေါ်သို့ မည်သည့် ခုခံမှုမှ မရှိဘဲ ထိုးဖောက်ဝင်ရောက်သွားတော့၏။ လှည့်စားထားသော ကြွက်သားရေ ချပ်ဝတ်ကို ဖောက်ထွက်သွားပြီး သူ၏ အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ သွေးများ ချက်ချင်း ပန်းထွက်လာပြီး၊ နွေးထွေးသော အရည်များမှာ ဆုချင်းကော၏ မျက်နှာပေါ်သို့ အပြည့်အဝ စင်သွားတော့၏။
“ဝ... ဝက်... စီနီယာ အစ်ကိုကြီး...”
ဆုချင်းကောမှာ လုံးဝ (လုံးဝ) ကြောင်အမ်းအမ်း ဖြစ်သွားရရှာသည်။ သူမသည် သွေးများဖြင့် ရွှဲနစ်နေပြီး ဧရာမ ပင့်ကူကြီး၏ ဖိနှိပ်မှုကြောင့် သူမ၏ ရှေ့၌ ဒူးထောက်ကျသွားသော လူဝကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတော့၏။
ဘာလို့... သူ ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။ သူ ဒိုင်းကာကို သုံးပြီး ကာကွယ်လို့ ရသားပဲ... ဘာလို့ သူ့ရဲ့ ကျောပြင် တစ်ခုလုံးကို မိစ္ဆာသားရဲရှေ့မှာ အကာအကွယ်မဲ့ ဖြစ်အောင် ဖွင့်ပေးလိုက်ရတာလဲ။
..ငါ့ကို ကယ်ဖို့အတွက်လား။ တစ်ရက်တောင် မပြည့်သေးတဲ့ အပြင်စည်း တပည့်လေး တစ်ယောက်ကို ကယ်ဖို့အတွက် တဲ့လား။
“ဟဲဟဲ... ညီမလေး မကြောက်နဲ့နော်... အစ်ကို့ အသားက ထူပါတယ်ဗျ...”
ဝမ်သဲ့ဖာ၏ အသက်သွေးကြောမှာ ချက်ချင်းပင် သုညအထိ ကျဆင်းသွားပြီး နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့နေသော်လည်း၊ သူ၏ မျက်နှာပေါ်တွင် သေရမှာကို ကျေနပ်နေသည့် (အမှန်တော့ ပြန်ရှင်လာဖို့ လောနေသည့်) အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ဆုချင်းကောဘက်သို့ လှည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သေး၏။
“မှတ်ထားနော်... ..ငါ့ကို ကြယ်ငါးပွင့် အပြည့် ပေးဖို့ မမေ့နဲ့... ဒီအကွက်က... ငါးပွင့်နဲ့ တန်တယ်နော်...”
စကားပင် မဆုံးသေးမီ သူ၏ ကိုယ်ခန္ဓာမှာ အလင်းဖြူတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည် (မြို့သို့ ပြန်လည် ရှင်သန်ရန် သွားခြင်း ဖြစ်သည်)။
ဆုချင်းကောမှာ လုံးဝကို ဆွံ့အသွားရရှာတော့၏။
သေ... သေသွားပြီလား။ ..ငါ့ကို ကယ်ဖို့အတွက် သူက သူ့အသက်ကို တကယ်ကြီး မတွန့်မဆုတ် စွန့်လွှတ်လိုက်တာလား။ နောက်ဆုံး ထွက်သက်မှာတောင် ..ငါ့ကို ‘ကြယ်ငါးပွင့် အပြည့်ပေးဖို့’ မှာသွားသေးတယ်။ ဒါဟာ မိစ္ဆာဂိုဏ်းက ပေးအပ်တဲ့ အထူး ဂုဏ်ပြုချက် တစ်ခုများလား။
သို့သော် ဒါက အဆုံးသတ် မဟုတ်သေးပေ။
ဝမ်သဲ့ဖာကို သတ်ပြီးနောက် တစ္ဆေမျက်နှာ ပင့်ကူကြီးမှာ ပို၍ပင် ကြမ်းတမ်းလာသည်။ ၎င်းသည် တိုက်ခိုက်မှုကို မရပ်တန့်ဘဲ အစွယ်များကို ထပ်မံ ဖြဲကာ ဆုချင်းကောထံသို့ ခုန်အုပ်လာပြန်၏။
“တောက်... ဝက်ပုတ်ကြီးကတော့ နာမည်ကောင်း အကုန် ယူသွားပြီ။ ကျုပ် အရှုံးပေးလို့ မဖြစ်ဘူး”
တကယ့် လုံအော့ထျန် ဟု အမည်ရသည့် အခြားသော တပည့်တစ်ဦးမှာလည်း ဟိန်းဟောက်လိုက်ပြီး... နောက်ဆုတ်မသွားဘဲ အဆိပ်ပင့်ကူကြီး ထုတ်လွှတ်လိုက်သော စိမ်းပုပ်ရောင် အဆိပ်ရည်များဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။
“ညီမလေး... ပြေးတော့။ ကျုပ် တားထားမယ်။ ကျုပ်က ရွေးချယ်ခံရသူဆိုတော့ တကယ်တော့ သေချင်တာ မဟုတ်ဘူး... ဒါပေမဲ့ မင်းအတွက်ဆိုရင်တော့...”
“ရှဲ...”
အဆိပ်ရည်များမှာ သူ၏ မျက်နှာပေါ်သို့ စင်သွားပြီး၊ မျက်နှာ တစ်ဝက်ခန့်မှာ ချက်ချင်းပင် အရည်ပျော်သွားကာ မီးခိုးဖြူများ ထွက်ပေါ်လာတော့၏။ ထိုကစားသမားမှာ နာကျင်စွာ အော်ဟစ်နေသော်လည်း ပင့်ကူကြီး၏ ခြေထောက် တစ်ချောင်းကို အတင်း ဖက်တွယ်ထားဆဲ ဖြစ်ပြီး... ရူးသွပ်နေသည့် မျက်လုံးများဖြင့် ဆုချင်းကောကို လှမ်းအော်လိုက်၏။
“..ငါ့ကို ဂရုမစိုက်နဲ့။ ကျုပ် ပြန်လာခဲ့မယ် (ပြန်လည် ရှင်သန်လာမည်ကို ဆိုလိုခြင်း ဖြစ်သည်)။ ..ငါ့နာမည် တကယ့် လုံအော့ထျန် ဆိုတာကို မှတ်ထားနော်။ ပြီးတော့ ..ငါ့ကို သူငယ်ချင်း အဖြစ် လက်ခံပေးဖို့ မမေ့နဲ့ဦးဗျို့”
“ဘုန်း...”
နောက်ထပ် အလင်းဖြူတန်း တစ်ခု ထပ်မံ တောက်ပသွားပြန်သည်။ နောက်ထပ် လူတစ်ယောက် သူမအတွက် ‘အသက်စွန့်’ သွားပြန်ပြီ ဖြစ်ချေသည်။
ထို့နောက် တတိယ တစ်ယောက်၊ စတုတ္ထ တစ်ယောက်...
ဤလက်ရွေးစင် အဖွဲ့အတွင်းရှိ ကစားသမားများမှာ ‘ဘယ်သူက ပိုပြီး သူရဲကောင်းဆန်ဆန် သေပြနိုင်မလဲ’ ဆိုသည့် ပြိုင်ပွဲတစ်ခုကို ဆင်နွှဲနေကြသည့်အလား... ဆုချင်းကော၏ ရှေ့သို့ အလုအယက် တိုးဝင်လာကြပြီး၊ အဆိပ်ရည်များကို ကိုယ်ခန္ဓာဖြင့် ကာကွယ်ခြင်း၊ ခြေသည်းများကို ရင်ဘတ်ဖြင့် ခံယူခြင်းနှင့် ပင့်ကူကြီးကို ခေါင်းဖြင့် ဝင်ဆောင့်ခြင်းများကို ပြုလုပ်နေကြတော့၏။
“..ငါ့ကို သေခွင့်ပေးပါ။ ..ငါ့ဆီက လာမလုနဲ့ဟေ့"
“သဘောကျမှု အမှတ်တွေ အတွက်... သေတဲ့အထိ တိုက်မယ်ဗျို့"
“ညီမလေး... ပြေးတော့လေ။ အနောက်ကို ပြန်မကြည့်နဲ့တော့”
မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပင်... ကျွမ်းကျင်လှသော စွမ်းရည်များကြောင့် ဘေးပတ်လည်တွင် လှည့်ပတ်ကာ အခွင့်အရေး ရှာနေသေးသော ကောင်းကင်ခွင်း ဓားတစ်လက် မှလွဲ၍... ကျန်သော အသင်းသား လေးဦးစလုံးမှာ သေဆုံးသွားကြပြီး၊ အလင်းဖြူတန်းများ အဖြစ် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
ဆုချင်းကောသည် ဆွဲမထုတ်ရသေးသော သံဓားလေးကို ကိုင်လျက်၊ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေရှာသည်။
သူမ၏ ခြေရင်းတွင်မူ စီနီယာ အစ်ကိုကြီးများ၏ သွေးများ ပြည့်နှက်နေပြီး (စနစ်မှ အမြန်ဆုံး ဖျက်ပစ်လိုက်သော်လည်း သူမအတွက်မူ အလွန်ပင် စစ်မှန်နေသည်)။ သူမ၏ နားထဲတွင်လည်း “..ငါ့ကို ဂရုမစိုက်နဲ့”၊ “ပြေးတော့” ဟူသော သူတို့၏ နောက်ဆုံး ထွက်သက် စကားသံများ ပဲ့တင်ထပ်နေတော့၏။
သူတို့၏ နောက်ဆုံး စကားများမှာ ထူးဆန်းနေပြီး၊ သူတို့၏ မျက်နှာများမှာလည်း စိတ်လှုပ်ရှားနေကြသော်လည်း...
အမှန်တရားကတော့ ရှင်းလင်းနေပြီ ဖြစ်သည်။ သူတို့သည် ရောက်ခါစ၊ ပြီးတော့ မကောင်းသော ရည်ရွယ်ချက်များပင် ရှိနေနိုင်သည့် သူမကဲ့သို့သော ညီမငယ်လေး တစ်ယောက်အတွက်... သူတို့၏ တန်ဖိုးရှိလှသော အသက်များကို တွန့်ဆုတ်ခြင်း မရှိဘဲ တကယ်ကြီး စွန့်လွှတ်သွားခဲ့ကြခြင်းပင် မဟုတ်ပါလော။
ဒါ... ဒါ မိစ္ဆာကျင့်ကြံသူတွေ တဲ့လား။
ဒါဟာ ဒဏ္ဍာရီထဲက ရက်စက်ကြမ်းကြုတ်ပြီး၊ ကိုယ်ကျိုးရှာတတ်တဲ့ မိစ္ဆာကျင့်ကြံသူတွေ တဲ့လား။
မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဖြောင့်မတ်သော လမ်းစဉ်မှာ ရှိတဲ့၊ ပါးစပ်ကနေ တရားဓမ္မတွေ အမြဲ ဟောနေတဲ့ ချင်းယန်ဂိုဏ်းက စီနီယာ အစ်ကိုကြီးတွေတောင်မှ... အသက်အန္တရာယ်နဲ့ ကြုံလာရတဲ့ အခါကျရင် ဒီလောက်အထိ ပြတ်ပြတ်သားသား အသက်စွန့်ရဲဖို့ဆိုတာ မသေချာဘူးလေ။
ဒီလောက်အထိ ကိုယ်ကျိုးစွန့်တဲ့ စိတ်ဓာတ်၊ သေရမှာကို မကြောက်တဲ့ သတ္တိ... ဒါဟာ သေချာပေါက်... ကြီးမားလှတဲ့ မေတ္တာတရားပဲ ဖြစ်ရမယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံးနဲ့ အစစ်မှန်ဆုံး ခံစားချက်တွေပဲလေ။
ဆုချင်းကောသည် “အကောင်း” နှင့် “အဆိုး” ကို အမြဲတမ်း ခွဲခြား ယုံကြည်ထားခဲ့သော သူမ၏ ခိုင်မာလှသည့် တာအိုနှလုံးသားမှာ... ယခုအခါ ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားပြီဟု ခံစားလိုက်ရသည်။
သူမသည် ဒဏ်ရာ ဗလပွဖြင့် အသည်းအသန် တိုက်ခိုက်နေဆဲ ဖြစ်သော ကောင်းကင်ခွင်း ဓားတစ်လက် ကို ကြည့်ရင်း... မျက်လုံးများ နီရဲလာကာ မျက်ရည်များပင် ဝဲလာရရှာတော့၏။
“စီနီယာ အစ်ကိုကြီး။ ဆက်မတိုက်ပါနဲ့တော့။ ပြေးကြရအောင်ပါ... အစ်ကို သေသွားလိမ့်မယ်”
သူမစကားကို ကြားတော့၊ ကောင်းကင်ခွင်း ဓားတစ်လက် က သူမကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး... ယုံကြည်ချက် အပြည့်ဖြင့် တည်ငြိမ်စွာ ပြုံးပြလိုက်ကာ သူ၏ လက်ထဲမှ ဓားရှည်ကို တစ်ချက် လှည့်လိုက်၏။
“ပြေးရမယ် ဟုတ်လား။ နောက်နေတာလား ညီမလေးရဲ့”
“..ငါ့ ညီအစ်ကိုတွေ အကုန်လုံး ထောက်ပံ့ရေး (ပြန်လည် ရှင်သန်ရေး) သွားလုပ်နေကြပြီလေ။ ငါသာ ထွက်ပြေးလိုက်ရင် ရန်သူ့ခေါင်းဆောင်က တိုက်ပွဲပြင်ပ ရောက်သွားပြီး သွေးပြန်ပြည့်သွားမှာပေါ့။ ဒါဆို သူတို့ သေရတာ အလကား ဖြစ်သွားမှာ မဟုတ်ဘူးလား”
“ညီမလေး... အနောက်ကို ဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထား။ ငါတစ်ယောက်တည်း ကြိတ်တာကိုသာ ကြည့်နေလိုက်တော့။ ဒီတစ်ခါတော့ ..ငါ့ရဲ့ အစွမ်းအစ အစစ်ကို ပြရတော့မယ်”
စကားအဆုံးတွင် သူသည် ဓားအလင်းတန်း တစ်ခုအဖြစ် ထပ်မံ ပြောင်းလဲသွားပြီး... ပြင်းထန်သော အဆင့် (၂) မိစ္ဆာသားရဲကြီးဆီသို့ တွန့်ဆုတ်ခြင်း မရှိဘဲ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။
ထို အထီးကျန်သော်လည်း ခိုင်မာလှသော ကျောပြင်ကို ကြည့်ရင်း... ဆုချင်းကော၏ ရင်ထဲတွင် ယခင်က တစ်ခါမှ မခံစားဖူးခဲ့သော ရှုပ်ထွေးလှသည့် ခံစားချက်များ ဖြစ်ပေါ်လာတော့၏။
အပြစ်မကင်းသလို ခံစားရခြင်း၊ ကြည်နူးခြင်း၊ တုန်လှုပ်ခြင်း၊ ဝေခွဲမရခြင်း...
ဒီ ဂိုဏ်းဟာ...ငါ ထင်ထားသလောက်... ဆိုးရွားတဲ့ ဂိုဏ်း မဟုတ်ဘူးလား။ ဒါမှမဟုတ်... သူတို့ကမှ ‘စောင့်ရှောက်ခြင်း’ ဆိုတဲ့ အဓိပ္ပာယ် အစစ်အမှန်ကို တကယ် နားလည်ထားတဲ့ သူတွေများလား။
ဆုချင်းကောသည် လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
.. သူမ၏ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် သူမ၏ သူလျှို တာဝန်အပေါ် နက်ရှိုင်းသော သံသယများ စတင် ဖြစ်ပေါ်လာခဲ့ချေပြီ။
t n: ထောက်ပံ့ရေး သွားလုပ်သည်- ဂိမ်းကစားရာတွင် သေဆုံးပြီးနောက် ပြန်လည် ရှင်သန်လာရန် အခြေစိုက်စခန်းသို့ ပြန်သွားခြင်းကို တင်စားခြင်း ဖြစ်ပါသည်။]
အခန်း (၁၄၄) - နားလည်မှု လွဲမှားခြင်းများ ပိုမို နက်ရှိုင်းလာခြင်း.. ဂိုဏ်းချုပ်ကြီးက တကယ်ပဲ ပြိုင်ဘက်ကင်း ဆရာကြီး တစ်ပါးများလား
~တောင်နောက်ဘက်ရှိ မိုင်းတွင်းအတွင်း၌။ အဆင့် (၂) တစ္ဆေမျက်နှာ ပင့်ကူကြီး၏ အလောင်းဘေးတွင် ဖြစ်၏။
တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အလွန် ကြမ်းတမ်းလှသော ထိုအဆင့် (၂) အဆိပ်ပင့်ကူကြီးမှာ... နောက်ဆုံးတွင် ကောင်းကင်ခွင်း ဓားတစ်လက် ၏ အလွန် ထူးချွန်လှသော တိုက်စား ဓားသိုင်းနှင့် နောက်မှ ရောက်လာသော စစ်ကူများ၏ ခြေရင်းတွင် ကျဆုံးသွားခဲ့ရသည်။
ဆုချင်းကောသည် ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းအလယ်တွင် ရပ်လျက်... မြေပြင်ပေါ်ရှိ ကျန်ရစ်နေသော သွေးကွက်များကို ကြည့်ကာ မျက်လုံးများ နီရဲနေဆဲ ဖြစ်သည် (ကစားသမားများ၏ အလောင်းများမှာ ပြန်လည် ရှင်သန်ရန် ပျောက်ကွယ်သွားသော်လည်း၊ မွန်းစတား၏ သွေးများမှာ ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်)။
ကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်းများမှာ သူမ၏ ခေါင်းထဲတွင် တဝဲလည်လည် ဖြစ်နေတော့၏။ အဆိပ်ရည်များကို ကျောပြင်ဖြင့် ကာကွယ်ပေးခဲ့သော ဝက်စီနီယာ အစ်ကိုကြီး၊ ပင့်ကူခြေထောက်ကို ဖက်တွယ်ပြီး ပေါက်ကွဲသွားခဲ့သော လုံ... စီနီယာ အစ်ကိုကြီး...။
“ချစ်ရတဲ့ စီနီယာ အစ်ကိုကြီးတို့... အားလုံးပဲ တကယ့်ကို သနားစရာ ကောင်းလောက်အောင် သေဆုံးသွားခဲ့ရတယ်နော်...”
ဆုချင်းကောသည် နှာခေါင်းကို ရှုံ့လိုက်ရင်း... သူမ၏ ရင်ထဲတွင် အပြစ်မကင်းသလို ခံစားရမှုများနှင့် လေးစားမှုများ ပြည့်နှက်နေသည်။ ဤ မိစ္ဆာဂိုဏ်းအတွင်း၌ သေရမှာကို လုံးဝ (လုံးဝ) မကြောက်ဘဲ သစ္စာရှိပြီး ဖြောင့်မတ်လှသော ယောကျ်ားကောင်းများ ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိခဲ့ပေ။
သို့သော်လည်း...
သူမ ဝမ်းနည်းပူဆွေးမှုများမှ ရုန်းမထွက်နိုင်သေးမီမှာပင်...
မိုင်းတွင်း အဝင်ဝဆီမှ ဆူညံပွက်လောရိုက်ပြီး ပျော်ရွှင်နေသော ခြေသံများ ထွက်ပေါ်လာသည်။
“မြန်မြန်... မြန်မြန်... အဲ့ဒီ ဓားသမားအိုကြီး ပစ္စည်းတွေ အကုန် သိမ်းမသွားခင် သွားလုကြစမ်း"
“..ငါ့အလောင်းကော... ..ငါ့အလောင်း ဘယ်မှာလဲ။ ခုနကမှ ရလာတဲ့ ..ငါ့ရဲ့ ဂေါ်ပြားလေးကော ဘယ်မှာလဲ”
ဆုချင်းကော ရုတ်တရက် မော့ကြည့်လိုက်၏။
စောစောကမှ ‘အသက်စွန့်’ သွားခဲ့ကြသော စီနီယာ အစ်ကိုကြီးများမှာ... ယခုအခါ ခုန်ဆွခုန်ဆွဖြင့် အားအင်အပြည့် ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ချေတော့သည်။
ရှေ့ဆုံးမှ ပြေးလာသော ဝမ်သဲ့ဖာ၏ ကြွက်သားရေ ချပ်ဝတ်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သဖြင့် အတွင်းခံ ဘောင်းဘီလေးသာ ကျန်ရှိတော့သော်လည်း... သူ၏ စိတ်ဓာတ်မှာမူ မည်သူ့ထက်မဆို ပိုမို တက်ကြွနေ၏။
“ဟားဟား... ညီမလေး... အစ်ကို ပြန်လာပြီဗျို့”
ဝမ်သဲ့ဖာသည် ဆုချင်းကော၏ ရှေ့သို့ အပြေးအလွှား ရောက်လာ၏။
“ဘယ်လိုလဲ။ ခုနက ဓားဝင်ခံပေးလိုက်တဲ့ ..ငါ့ရဲ့ ဟန်ပန်က တကယ့်ကို မိုက်တယ် မဟုတ်လား။ အရမ်း ကြည်နူးသွားပြီး မင်းရဲ့ အသက်ကိုတောင် ပုံအပ်ချင်စိတ် ပေါက်သွားပြီလား”
ဆုချင်းကော... “...”
သူမမှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရပြီး... မျက်နှာကြီး နီရဲကာ အနည်းငယ် ယုတ်မာသော အပြုံးမျိုး ရှိနေသည့် ဝမ်သဲ့ဖာ၏ ဝဖြိုးလှသော မျက်နှာကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတော့၏။
သူ မသေဘူးလား။ မသေရုံတင် မကဘူး... လုံးဝ (လုံးဝ) အကောင်းပကတိကြီး ပါလား။ ဒဏ်ရာတွေတောင် ပျောက်သွားပြီ တဲ့လား။
“ရှင်... ရှင်တို့ အားလုံးက...” ဆုချင်းကောသည် တုန်ယင်နေသော လက်ချောင်းလေးဖြင့် သူတို့ကို ညွှန်ပြကာ မေးလိုက်၏။
“ခုနက... အသက်စွန့်သွားကြတာ မဟုတ်ဘူးလားရှင်”
“ဟေး... ဒါက ကိစ္စ သေးသေးလေးပါဗျာ”
ပြန်လည် ရှင်သန်လာသော တကယ့် လုံအော့ထျန် က သူ၏ ဆံပင်ကို သပ်တင်လိုက်ရင်း ဂရုမစိုက်ဟန်ဖြင့် (ဟိတ်ဟန် ထုတ်လျက်) ဆိုလိုက်၏။
“သေတယ်ဆိုတာ ဘာမှ ကြွားစရာ မဟုတ်ပါဘူးဗျာ။ ဒါဟာ ကိုယ်ခန္ဓာကို ပြန်လည် ဖွဲ့စည်းတာ၊ ဝိညာဉ်ကို ခဏတာ အနားပေးတာပဲ ရှိတာလေ။ ဆယ်စက္ကန့်လောက် နေရင် သူရဲကောင်း တစ်ယောက်လို ပြန်ဖြစ်လာတာပဲဗျို့”
ကစားသမားများမှာ တဟားဟား ရယ်လိုက်ကြပြီး တစ္ဆေမျက်နှာ ပင့်ကူကြီး၏ အလောင်းကို ကျွမ်းကျင်စွာဖြင့် အပိုင်းပိုင်း ခုတ်ထစ်နေကြတော့၏။
“ဒီ အဆိပ်အိတ်တွေက မဆိုးဘူးဗျ။ ကျောက်ကပ်ကြီးကို ဟင်းချက်ဖို့ ပေးလိုက်လို့ ရတယ်" “ဒီ ခြေထောက်က အမွှေးတွေက တော်တော် မာတာပဲ... နုတ်ပြီး သွားကြားထိုးတံ လုပ်ရမယ်ဗျို့”
ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ‘သေခြင်းတရား’ ကို လုံးဝ (လုံးဝ) ဂရုမစိုက်ဘဲ... အလောင်းဘေးတွင် ရယ် စကားပြောဆိုနေကြသော မိစ္ဆာကျင့်ကြံသူများကို ကြည့်ရင်း... ဆုချင်းကောမှာ အလွန်တရာ တုန်လှုပ်သွားရတော့သည်။
ကျင့်ကြံခြင်း လောကတွင် ကိုယ့်အသက်ကို တန်ဖိုးမထားသူ ဘယ်သူ ရှိသနည်း။ မသေနိုင်သော အသက်ကို ရဖို့၊ အသက်ရှည်ဖို့အတွက် မကြိုးစားတဲ့သူ ဘယ်သူ ရှိပါသနည်း။
သို့သော် ဤလူအုပ်ကြီးကတော့... သေခြင်းတရားကို ကစားပွဲတစ်ခုလို သဘောထားနေကြပါလား။ သူတို့ရဲ့ တည်ငြိမ်မှု၊ သူတို့ရဲ့ ဂရုမစိုက်မှု... သေခြင်းတရားကိုတောင် လှောင်ပြောင်နေတဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေက...
“ဘယ်လောက်တောင် မြင့်မားတဲ့ ကျင့်စဉ်အဆင့် ရောက်မှ... ဒါမျိုး လုပ်နိုင်မှာလဲဗျာ”
ဆုချင်းကောသည် တိုးတိုးလေး ရေရွတ်လိုက်မိ၏။
“ဘဝနဲ့ သေခြင်းတရားကို ဖောက်ထွင်းမြင်နိုင်ပြီး... သံသရာ လည်ရမှာကို လုံးဝ (လုံးဝ) မကြောက်တာ...။ အရူးတွေလို ထင်ရတဲ့ ဒီတပည့်တွေ ကျင့်ကြံနေတဲ့ ခက်ခဲလှတဲ့ တာအိုဟာ... ဒဏ္ဍာရီထဲက ‘နိဗ္ဗာန် မဟာတာအို’ များလား။ ဒါမှမဟုတ်... သေမယ့် အခြေအနေကနေ ပြန်လည် မွေးဖွားနိုင်တဲ့ အမြင့်ဆုံး မိစ္ဆာပညာ တစ်ခုခုများလားရှင်”
“ဒါဟာ... တကယ့်ကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ကွေ့ယွမ်ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ဆိုတာ... အတိုင်းအဆကို မရှိနိုင်တော့ဘူးပဲ”
---
နာရီဝက်ခန့် ကြာပြီးနောက်။ ကွေ့ယွမ်ဂိုဏ်း၏ ခန်းမဆောင်ကြီး အတွင်း၌ ဖြစ်၏။
ကစားသမားများသည် ဆုချင်းကောကို ဝန်းရံလျက်၊ တစ္ဆေမျက်နှာ ပင့်ကူကြီးထံမှ ရလာသော ကုန်ကြမ်းများကို သယ်ဆောင်ကာ... တာဝန် အပ်နှံရန် စိတ်လှုပ်ရှားစွာဖြင့် ပြန်လည် ရောက်ရှိလာကြသည်။
“ဂိုဏ်းချုပ်ကြီး... ညီမလေး အသစ်ကို ခေါ်ပြီး တိုက်ပွဲဝင်ရာကနေ ပြန်လာပါပြီဗျို့။ အဆင့် (၂) လက်ရွေးစင် မွန်းစတားကို ပထမဆုံး ရှင်းလင်းနိုင်တာပါ ခင်ဗျာ”
ကျန်းချန်သည် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ သူသည် စင်မြင့်ထက်တွင် ထိုင်လျက်၊ တက်ကြွနေသော ကစားသမားများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်... သူ၏ အကြည့်မှာ မျက်နှာထား ရှုပ်ထွေးနေပြီး သူမကိုယ်သူမပင် သံသယ ဖြစ်နေပုံရသည့် ဆုချင်းကောထံသို့ ရောက်ရှိသွားတော့၏။
အမြော်အမြင် မျက်လုံး ကို ဖွင့်လိုက်၏။
ဆုချင်းကော၏ အခြေအနေ ပြသသည့် အကွက်တွင် စာကြောင်း တစ်ကြောင်း ထပ်တိုးလာသည်ကို ကျန်းချန် ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ (အခြေအနေ - အလွန်အမင်း တုန်လှုပ်နေခြင်း / ဝေခွဲမရ ဖြစ်နေခြင်း (ဂိုဏ်း၏ စွမ်းအားကို ပြင်းထန်စွာ နားလည်မှု လွဲမှားနေခြင်း))
ကျန်းချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
ဟုတ်တယ်။ ကျုပ် လိုချင်တဲ့ အာနိသင်က အဲ့ဒါပဲလေ။
သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။ သူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်း၏ အရှိန်အဝါများမှာ သိမ်မွေ့သော်လည်း၊ ချောက်နက်ကြီး တစ်ခု သို့မဟုတ် သမုဒ္ဒရာကြီး တစ်ခုပမာ အတိုင်းအဆမရှိ နက်ရှိုင်းလှသည်ဟု ခံစားရစေတော့၏။
“ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့တယ်”
ကျန်းချန်၏ အသံမှာ တည်ငြိမ်ပြီး လွင့်မျောနေသကဲ့သို့ ထွက်ပေါ်လာသည်။
“မင်းတို့ မိစ္ဆာသားရဲကို သတ်နိုင်ခဲ့ရုံတင် မကဘူး... သေခြင်းတရားကိုပါ ရင်ဆိုင်ခဲ့ရတယ် မဟုတ်လား။ ‘တာအို’ အပေါ် မင်းတို့ရဲ့ နားလည်နိုင်စွမ်းတွေကော... တိုးတက်လာရဲ့လား”
ဒါက အွန်လိုင်းဂိမ်းများတွင် အန်ပီစီများ အမြဲတမ်း ပြောလေ့ရှိသော စကားပင် ဖြစ်ပြီး၊ အဓိပ္ပာယ်မှာ “အတွေ့အကြုံ အမှတ်တွေ တက်လာရဲ့လား” ဟု မေးခြင်းသာ ဖြစ်ပါ၏။
သို့သော် ဆုချင်းကော အတွက်မူ... ဒါက ဆရာကြီး တစ်ပါး၏ လမ်းညွှန်မှုပင် ဖြစ်နေတော့၏။
‘ဘဝနဲ့ သေခြင်းတရားကြားမှာ... နက်နဲတဲ့ အသိပညာတွေကို ရရှိတာလား’
ဆုချင်းကော၏ နှလုံးသားမှာ တစ်ချက် ခုန်သွားရသည်။
သေချာတာပေါ့။ ဂိုဏ်းချုပ်ကြီးက တပည့်တွေရဲ့ စိတ်ဓာတ်ကို လေ့ကျင့်ပေးဖို့ မိစ္ဆာသားရဲတွေကို အသုံးချနေတာပဲ။
အကြိမ်ကြိမ် သေဆုံးစေခြင်းဖြင့်... မဟာ တာအိုရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို သူတို့ကို နားလည် သဘောပေါက်စေချင်တာပဲ ဖြစ်ရမယ်။
ထိုစဉ် ဝမ်သဲ့ဖာက သူ၏ ခေါင်းကို ကုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ နားလည်တာလေးတွေတော့ ရှိပါတယ်ဗျ။ ဒါပေမဲ့ သေဆုံးခြင်း ပြစ်ဒဏ်ကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား ခင်ဗျာ။ တစ်ခါသေရင် အတွေ့အကြုံ အမှတ်တွေ အများကြီး လျော့သွားတာက တကယ့်ကို နာကျင်ရလွန်းလို့ပါ။ ပြီးတော့ ပြန်လည် ရှင်သန်ဖို့ စောင့်ရတဲ့ ဆယ်စက္ကန့် အမည်းရောင် မျက်နှာပြင်ကြီးကလည်း အရမ်း ပျင်းစရာ ကောင်းတယ်ဗျ။ ကြော်ငြာလေးဖြစ်ဖြစ်၊ ဂိမ်းအသေးလေး တစ်ခုဖြစ်ဖြစ် ထည့်ပေးလို့ မရဘူးလားဗျာ”
ဤစကားကို ကြားသော်လည်း ကျန်းချန်သည် ဒေါသမထွက်ပေ။ ထိုအစား သူသည် သိမ်မွေ့စွာ ပြုံးလိုက်ပြီး၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် ဒဿနိကဆန်သော လေသံဖြင့် ဆိုလိုက်၏။
“ဆုံးရှုံးရတယ် ဆိုတာ... ပိုကောင်းတာတွေကို ရရှိဖို့အတွက်ပါပဲ”
“အဲ့ဒီ ခဏတာ အမှောင်ထု (Loading မျက်နှာပြင် ပြီးဆုံးရန် စောင့်ရသည့် အချိန်) ဟာ ဗလာသက်သက် မဟုတ်ဘူးလေ။ မင်းတို့ ပြန်ရောက်လာတဲ့ အခါ... မင်းတို့ရဲ့ မျက်လုံးထဲက အလင်းရောင်တွေ ပိုပြီး တောက်ပလာအောင် လုပ်ပေးဖို့ပဲ ဖြစ်တယ်”
“သေခြင်းတရားရဲ့ လေးလံမှု မရှိဘဲနဲ့... အသက်ရှင်ရတဲ့ ပျော်ရွှင်မှုကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ”
ကျန်းချန်သည် ဂိမ်းစနစ်အပေါ် ကစားသမားများ မကျေမနပ် မဖြစ်စေရန်အတွက် အကြောင်းပြချက်များ ရှာဖွေပြီး ပြောဆိုနေခြင်းသာ ဖြစ်၏။
သို့သော်လည်း...
ဆုချင်းကော အတွက်မူ... ဤစကားများမှာ အလွန်တရာ နက်နဲလှသော တာအိုများပင် ဖြစ်နေတော့၏။
“ဆုံးရှုံးရတယ် ဆိုတာ ပိုကောင်းတာတွေကို ရရှိဖို့အတွက်... အမှောင်ထု ဆိုတာ အလင်းရောင်အတွက်... သေခြင်းတရားရဲ့ လေးလံမှု မရှိဘဲနဲ့ အသက်ရှင်ရတဲ့ ပျော်ရွှင်မှုကို ဘယ်လို ရနိုင်မှာလဲ...”
ဆုချင်းကောသည် ထိုစကားများကို အကြိမ်ကြိမ် ရေရွတ်နေမိပြီး... သူမ၏ ခေါင်းထဲတွင် ကမ္ဘာသစ် တစ်ခု၏ တံခါးပေါက်ကြီး ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ချင်းယန်ဂိုဏ်းတွင် ကြီးပြင်းပြီး ကျင့်ကြံလာခဲ့သော်လည်း... “ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို လိုက်နာပါ” ဆိုသည်နှင့် “ကိုယ့်အသက်ကို တန်ဖိုးထားပါ” ဆိုသည့် စကားများကိုသာ ကြားခဲ့ရသည် မဟုတ်ပါလော။ သေခြင်းတရားနှင့် ဘဝအကြောင်းကို ဤမျှလောက် တိုက်ရိုက်ကျပြီး၊ နက်ရှိုင်းစွာ တွေးတောစရာ ကောင်းသော စကားမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ဒီ ကျင့်စဉ်အဆင့်က... ဒီ တည်ဆောက်ပုံက...
သူမသည် ဖြူလွလွ ဝတ်ရုံကို ဆင်မြန်းကာ တည်ငြိမ်အေးချမ်းသော မျက်နှာထားဖြင့် စင်မြင့်ထက်တွင် ရပ်နေသည့် ငယ်ရွယ်လှသော ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်၏။
ထိုအခိုက်အတန့်တွင် သူမ၏ မျက်လုံးထဲ၌... ကျန်းချန်၏ ပုံရိပ်မှာ အတိုင်းအဆမရှိ ကြီးမားလာပြီး ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်သွားသည့်အလား ထင်မှတ်ရသည်။
…သူဟာ မိစ္ဆာခေါင်းဆောင် လုံးဝ (လုံးဝ) မဟုတ်ဘူးပဲ..
ဘဝနဲ့ သေခြင်းတရားကို ဖောက်ထွင်းမြင်နိုင်ပြီး... လွတ်လပ်ပေါ့ပါးစွာ နေထိုင်နေတဲ့ ပြိုင်ဘက်ကင်း ဆရာကြီး တစ်ပါးပဲ ဖြစ်ရမယ်..
ချင်းယန်ဂိုဏ်းက သူ့အပေါ် သတ်မှတ်ထားတာတွေ အကုန်လုံး မှားယွင်းနေတာများလား။ ငါတို့တွေက အရမ်းကို အပေါ်ယံ ဆန်လွန်းနေတာလား…
ဆုချင်းကော၏ နှလုံးသားမှာ ယခုတစ်ကြိမ်တွင်မူ လုံးဝ (လုံးဝ) တုန်လှုပ်သွားခဲ့ရပါသည်။
သူမသည် ထူးဆန်းစွာ ပြုမူတတ်ကြသော်လည်း မျက်လုံးများမှာ ရှင်းလင်းနေသည့် (အမှန်တော့ တုံးအနေတာပါ) တပည့်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်... အတိုင်းအဆမရှိ နက်နဲလှသော ဂိုဏ်းချုပ်ကြီးကို ပြန်ကြည့်လိုက်၏။
သူမ ဤဂိုဏ်းအတွင်းသို့ ခိုးဝင်လာခြင်းသည်... တာဝန်တစ်ခုတည်း အတွက် မဟုတ်နိုင်ကြောင်းကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
ဒါဟာ... သူမ တစ်ယောက်တည်းအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး တစ်ခုများလား...
“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီးရှင်”
ယခုတစ်ကြိမ်တွင်မူ ဆုချင်းကောသည် သူမ၏ ရင်ထဲ အသည်းထဲမှနေ၍ နက်ရှိုင်းစွာ ဦးညွတ် ဂါရဝပြုလိုက်တော့၏။
ရုတ်တရက်ကြီး အလွန်တရာ ရိုသေသွားသည့် သူလျှို သူတော်စင်မလေးကို ကြည့်ရင်း ကျန်းချန်သည် စိတ်ထဲမှ ကျေနပ်နေသော်လည်း... မျက်နှာပေါ်တွင်မူ အထီးကျန် ဆရာကြီး ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထားသည်။
“သွားတော့။ ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ ရှည်လျားတယ်။ မပေါ့ဆစေနဲ့”
“ဟုတ်ကဲ့ပါရှင်”
အခြားသော ကစားသမားများနှင့်အတူ “အောင်ပွဲခံ စားသောက်ပွဲ” (အမှန်တော့ အစာအိမ် ဖျက်ဆီးရေး ပွဲ) ကျင်းပရန် စားသောက်ဆောင်ဆီသို့ ပျော်ရွှင်စွာ ထွက်ခွာသွားသော ဆုချင်းကောကို ကြည့်ရင်း... ကျန်းချန်သည် ကုလားထိုင်ပေါ်သို့ ပြန်လည် ထိုင်ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
“သူတို့ကတော့ ..ငါ့ကို အပြည့်အဝ လှည့်စားသွားနိုင်ခဲ့ပြီပဲ”
“ကြည့်ရတာ ချင်းယန်ဂိုဏ်းရဲ့ ဒီ သူတော်စင်မလေးဟာ..ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ ‘ပုံစံခွက်’ အတိုင်း ဖြစ်သွားဖို့ သိပ်မလိုတော့ဘူး ထင်တယ်လေ...”