← Chapters

အခန်း (၂၄၃၁-၂၄၃၂)

Vol. 184 Ch. 2431-2432

အခန်း (၂၄၃၁-၂၄၃၂)

Vol. 184 Ch. 2431-2432

အခန်း(၂၄၃၁)

မင်ယွဲ့ရှင်း၏ လက်ဝါးရိုက်ချက် ကျရောက်လာသည်နှင့် သွေးရောင်အလင်းတံခါး တည်ရှိရာ ဟင်းလင်းပြင်သည် ရုတ်တရက် ပြိုလဲသွားခဲ့ပြီး သန့်စင်သော လရောင်နတ်အလင်းတန်းသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ထိုးဖောက်ကာ တိုးဝင်သွားခဲ့သည်။

ထို့နောက်တွင်မူ ဟင်းလင်းပြင်ထဲက ခပ်သဲ့သဲ့ ညည်းညူသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် ဆန်းကြယ်သော သွေးမြားတစ်စင်းသည် ထိုဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးကဲ့သို့အရှိန်အဟုန်ဖြင့် မင်ယွဲ့ရှင်း၏ နှလုံးသားနှင့် ပေတစ်ရာပင် မဝေးတော့သည့် နေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့၏။

မင်ယွဲ့ရှင်းက ခံစားချက် ကင်းမဲ့သော အမူအရာဖြင့်ပင် သူမ၏ ခန္ဓာကိုယ်ကနေ သန့်စင်သော လရောင်နတ်အလင်းကို ထုတ်ဖော်လိုက်ပြီး ပေတစ်ရာပတ်လည် အတွင်းသို့ ရောက်ရှိလာသော သွေးများကို ချေမှုန်းပစ်လိုက်သည်။

“လနတ်နန်းတော်ရဲ့သခင်မ.. မင်းငါ့ကို စောင့်နေလိုက်.. ဒီနေ့ ကိစ္စအတွက် ငါ ဘိုးဘေး မင်းကို မှတ်ထားမယ်”

ဟင်းလင်းပြင်ထဲတွင် သွေးနေမင်းဘိုးဘေး၏ ဒေါသတကြီးကြုံးဝါးသံသည် အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့သည်။

သွေးနေမင်းဘိုးဘေး၏ ကြုံးဝါးသံကိုကြားလျှင် မင်ယွဲ့ရှင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤသွေးနေမင်းဘိုးဘေးသည် သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်သည်နှင့်အညီ ၎င်း၏ နည်းလမ်းများသည် အလွန်တရာ ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲကာ ကိုင်တွယ်ရန် မလွယ်ကူပေ။

သူမ၏ လက်ရှိခွန်အားဖြင့် သွေးနေမင်းဘိုးဘေးကို အနိုင်ယူရန် မခက်ခဲသော်လည်း သတ်ဖြတ်ရန်မှာမူ လွယ်ကူသော အလုပ် မဟုတ်ပေ။

“အားလုံးပဲ ငါနဲ့အတူ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံထဲကို လိုက်ခဲ့ကြ.. နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာတဲ့ ဒီဟင်းလင်းပြင် နတ်ဆိုးတွေကို အကုန်အစင် သုတ်သင်ကြရအောင်”

မင်ယွဲ့ရှင်းက တိုက်ကွက် နှစ်ကွက်တည်းဖြင့် သွေးနေမင်းဘိုးဘေးကို ဒဏ်ရာ အပြင်းအထန် ရရှိစေပြီး အရှက်တကွဲ ထွက်ပြေးသွားစေသည်ကို မြင်လျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို အမိန့်ပေးကာ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

ယခုအခါတွင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်သည့် ဝူကျန့်ထျန်းနှင့် မင်ယွဲ့ရှင်းတို့ ပေါ်လာသဖြင့် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် စိတ်ဓာတ် တက်ကြွလာကြပြီး ကျန်းချန်နှင့် အတူ လိုက်ပါလာခဲ့ကာ ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။

ကြီးမားသောရှုံးနိမ့်မှုကို ကြုံတွေ့ထားရပြီ ဖြစ်သော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ ပြင်းထန်သော တိုက်ပွဲဝင် စိတ်ဓာတ်များနှင့် ရင်ဆိုင်ရလျှင် ခုခံရန် သတ္တိပင် ပျောက်ဆုံးနေခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ကျန်းချန်နှင့် တခြားသူများ၏ လက်ချက်ဖြင့် လုံးဝကို ရှုံးနိမ့်သွားခဲ့၏။

မိုဝူလင်းနှင့် ထာဝရဟင်းလင်းပြင်သို့ ထိတ်လန့်တကြားထွက်ပြေးသွားသော ဟင်းလင်းပြင် နတ်ဆိုးအနည်းငယ်မှ လွဲ၍ ကျန်ရှိသောသူအားလုံးသည် ကျန်းချန်နှင့် အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ရန် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဦးဆောင်လာသည့် အကြီးအကဲ ခုနစ်ဆယ် ရာခိုင်နှုန်းကျော်သည် ကျန်းချန်တို့၏ လက်ထဲတွင် ကျဆုံးခဲ့သည်ဟု ဆိုနိုင်၏။

ဤတိုက်ပွဲအပြီးတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် ခွန်အားမရှိတော့ရုံသာမက အလွန်အမင်း အားနည်းသော အခြေအနေသို ကျရောက်သွားခဲ့ချေပြီ။

လက်ရှိ အခြေအနေအရ သူတို့အနေဖြင့် ထာဝရဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ကာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်ပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ ထာဝရဟင်းလင်းပြင် ထဲသို့ မဝင်ရောက်ခဲ့ပေ။

သူက စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးနှင့် ဆက်သွယ်ပြီးမှသာ အစီအစဥ်များကို ချမှတ်ရန် ရည်ရွယ်ထားခဲ့သည်။

အကယ်၍ နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ ထာဝရဟင်းလင်းပြင်သို့ ကျူးကျော်ခဲ့လျှင် လနတ်နန်းတော်သည် သံသယဖြစ်ဖွယ်ရာမရှိ အားအကိုးရဆုံး အင်အားစု ဖြစ်လာနိုင်ပေသည်။

သို့သော် ယနေ့ခေတ် လနန်းတော်တွင် လျှို့ဝှက်နည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီး ပြန်လည် ထွက်ပေါ်လာသော လနတ်နန်းတော်သခင်မ မင်ယွဲ့ရှင်းက လွဲ၍ ကျန်ရှိသော သူများသည် အချိန်အနည်းငယ် လိုအပ်နေသေးသည်မှာ ထင်ရှားနေခဲ့သည်။

ထာဝရဟင်းလင်းပြင်ကို ကျူးကျော်ကာ ဟင်းလင်းပြင်နတ်ဆိုးများကို အမြစ်ပြတ် သုတ်သင်လိုလျှင် လနတ်နန်းတော် လုံးဝ ပြန်လည်ပေါ်ထွက်လာသည် အထိ စောင့်ဆိုင်းရလိမ့်မည် ဖြစ်၏။

ကျန်းချန် တို့က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနေစဥ် အတွင်း သွေးနေမင်းဘိုးဘေးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အဓိကမျိုးနွယ်စု ဖြစ်သော ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စု ဆီသို့ အရှက်တကွဲ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သွေးနေမင်းဘိုးဘေး ပြန်လည် ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် သွေးနေမင်းဘိုးဘေး၏ အရှိန်အဝါကို ချက်ချင်းဆိုသလို ခံစားမိလိုက်ပြီး သွေးနေမင်းဘိုးဘေး၏ နံဘေးတွင် ရုတ်တရက် ပေါ်လာခဲ့ကြသည်။

ထိုအခါ ဒဏ်ရာအပြင်းအထန် ရရှိထားသော သွေးနေမင်းဘိုးဘေးကို မြင်လျှင် သူတို့၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ကြသည်။

“သွေးနေမင်းဘိုးဘေး.. ဘယ်လိုလုပ်ပြီး မင်း ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာကို ရခဲ့တာလဲ”

ရှထျန်းယင်သည် အံ့ဩထိတ်လန့်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

သွေးနေမင်းဘိုးဘေးသည် နတ်ကုန်းမြေတိုက်ကို သွားရောက်တိုက်ခိုက်ခဲ့ရာတွင် အရှက်တကွဲ ရှုံးနိမ့်ကာ ပြန်လာလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

သွေးနေမင်းဘိုးဘေးသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သော သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

သွေးနေမင်းဘိုးဘေးသည် သူ၏ အထွတ်အထိပ် အခြေအနေနှင့် နှိုင်းယှဥ်၍ မရနိုင်သေးသော်လည်း သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထံ နေထိုင်စဥ် အတွင်း ခွန်အားများ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။

တစ်ဦးချင်းသာ ရင်ဆိုင်ရမည်ဆိုလျှင် သူတို့ မဟာနတ်ဆိုးဘုရင်ရှစ်ပါး ထဲတွင် မည်သူကမျှ သွေးနတ်မင်းဘိုးဘေးကို အနိုင်မတိုက်နိုင်ပေ။

ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါးသည် နတ်ကုန်းမြေတိုက်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အရှက်တကွဲ ပြန်လာခဲ့ရပါသလော။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. နတ်ကုန်းမြေတိုက်မှာ ဒီလောက်အထိ အစွမ်းထက်တဲ့ ပုဂ္ဂိုလ် ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ”

“မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဘုရားနယ်မြေမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပေမဲ့ တော်တော် အသုံးမကျဘူးပဲ.. နတ်ဘုရားနယ်မြေရဲ့ အသေးစိတ် အချက်အလက်တွေကိုတောင် သိမထားကြဘူး...အခု နတ်ကုန်းမြေတိုက်မှာ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ရှိတဲ့အပြင် တစ်ယောက်ထက်တောင် ပိုနေသေးတယ်.. အထူးသဖြင့် လနတ်နန်းတော်ရဲ့ နန်းတော်သခင်မက ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်တောင် ရောက်နေခဲ့ပြီ.. ငါသာ အပြေးမမြန်ခဲ့ရင် ဒီနေ့ငါ ပြန်လာနိုင်မှာတောင် မဟုတ်ဘူး”

သွေးနေမင်းဘိုးဘေးသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးအချို့ကို သုတ်လိုက်ပြီး အားနည်းသော လေသံဖြင့် ပြောလိုက်သည်။

“လနတ်နန်းတော်က မဟာကပ်ဘေးကြီး ပြီးကတည်းက နတ်ကုန်းမြေတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားပြီ မဟုတ်လား”

မဟာနတ်ဆိုးဘုရင် တစ်ပါးက တအံ့တဩဖြင့် ပြောလိုက်သည်။

“အဲဒီအချိန်တုန်းက လနတ်နန်းတော်ကို အုပ်ချုပ်ခဲ့တဲ့ လနတ်အရှင်သခင်က အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦးပဲ.. လနတ်အရှင်သခင်ရဲ့ စွမ်းအားနဲ့ဆိုရင် နတ်ကုန်းမြေတိုက်ကနေ လနတ်နန်းတော်ကို ဘယ်လိုလူက အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်နိုင်မှာလဲ”

သွေးနေမင်းဘိုးဘေးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“လက်ရှိအခြေအနေက ငါတို့အတွက် ဘေးကျပ်နံကျပ် ဖြစ်နေပြီ.. နောင်လာမဲ့ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ စဥ်းစားရအောင်”

သွေးနေမင်းဘိုးဘေး၏ စကားကိုကြားလျှင် မဟာနတ်ဆိုးဘုရင် ရှစ်ပါးစလုံးသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုသည်လည်း လေးလံသွားခဲ့သည်။

ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့ရာတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူအများအပြား ကျဆုံးခဲ့ရသည်။

သွေးနေမင်းဘိုးဘေးသည်ပင် ဒဏ်ရာအပြင်းအထန်ဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အားနည်းသောကာလသို့ မကြုံစဖူး ကျရောက်သွားခဲ့ချေပြီ။

နတ်ကုန်းမြေတိုက်မှ အစွမ်းထက် ကျင့်ကြံသူများသာ ထာဝရဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာပြီး စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးနှင့် ပူးပေါင်းလိုက်လျှင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ခုခံနိုင်ရန် ခက်ခဲသွားပေလိမ့်မည် မဟုတ်ပါလော။

“အခုမှတော့ ဘာမှမတတ်နိုင်တော့ဘူး.. ငါတို့ အရှင်နတ်ဆိုးဧကရာဇ်ကို အမြန်ဆုံး နိုးထလာအောင် လိုက်ရှာရတော့မယ်”

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရပေ။

မျက်လုံးသုံးလုံး မဟာနတ်ဆိုးဘုရင်သည် အဆုံးသတ်တွင် ခန်းမထဲရှိ တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ပြောလိုက်သည်။

နတ်ဘုရားနယ်မြေတွင် မူလက နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦး ရှိခဲ့သည်။

ထိုခုနစ်ဦးထဲတွင် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည် ရှိသောသူများ ပါဝင်နေသဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် အနည်းငယ်မျှပင် အသာစီးမရခဲ့ပေ။

ယနေ့ခေတ်တွင် နတ်ကုန်းမြေတိုက်ကြီး၌ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့သည်။

ထိုနှစ်ဦးထဲမှ တစ်ဦးသည် နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားခဲ့သည့် မိုချန်ယွိကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ပြီး ကျန်တစ်ဦးကမူ သွေးနေမင်းဘိုးဘေးကိုပင် အနိုင်ယူနိုင်သော ပုဂ္ဂိုလ် ဖြစ်သည်။

အကယ်၍ ထိုနှစ်ဦးသာ စစ်မြေပြင်တွင် ပူးပေါင်း ပါဝင်လာမည် ဆိုလျှင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ခုခံနိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ပေ။

ယခုအခါတွင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အရှင်နတ်ဆိုးဧကရာဇ်ကို နိုးထစေခြင်းဖြင့်သာ ကြုံတွေ့နေရသည့် အကျပ်အတည်းကို ဖြေရှင်းနိုင်ပေတော့မည်။

အခန်း(၂၄၃၁)ပြီး၏။

အခန်း(၂၄၃၂)

“အရှင်နတ်ဆိုးဧကရာဇ်က အခုအချိန်မှာ အဆင့်တက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ.. ငါတို့သာ သူ့ကို အတင်းအကျပ် နှိုးလိုက်ရင် သူ့ရဲ့ကျင့်ကြံမှုကို ထိခိုက်မှာ စိုးရိမ်ရတယ်”

မိုထျန်းယွိက မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နောက်ဆုံးသော နတ်ဆိုးဧကရာဇ်သည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ကျန်းချင်းထျန်း၏ အနိုင်ယူခြင်းကို ခံရပြီးကတည်းကပင် သူတို့ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် နတ်ဆိုးဧကရာဇ် တစ်ဦးမှ ပေါ်ထွက်မလာခဲ့တော့ပေ။

သို့သော်လည်း သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် အဆုံးသတ်၌ နတ်ဆိုးဧကရာဇ်အဖြစ် ဆက်ခံရန် အရည်အချင်းရှိသည့် ပါရမီရှင် တစ်ဦး ပေါ်ထွက်လာခဲ့သည်။

ထိုပါရမီရှင်သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကပင် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့ပြီး နတ်ဆိုးဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ရန်အတွက် တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။

ထိုလူသာ နတ်ဆိုးဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့လျှင် ယင်းသည် အုပ်စိုးသူအဆင့်နှင့် ယှဥ်ပြိုင်နိုင်သော တည်ရှိမှုမျိုး ဖြစ်လာနိုင်ပေသည်။

ထိုအချိန်သို့ ရောက်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အတွက် နတ်ကုန်းမြေတိုက်ကို သိမ်းပိုက်ရန်မှာ အလွယ်လေးပင် မဟုတ်ပါလော။

“အခုအချိန်မှာ ငါတို့အတွက် တခြား ရွေးချယ်စရာ ရှိသေးလို့လား”

မျက်လုံးသုံးလုံး မဟာနတ်ဆိုးဘုရင်က အေးစက်စက် ပြောလိုက်သည်။

“နတ်ဆိုးဧကရာဇ်ကိုသာ မနှိုးရင် နတ်ဘုရားနယ်မြေက လူတွေ ထာဝရဟင်းလင်းပြင်ထဲ ကျူးကျော် ဝင်ရောက်လာတာနဲ့ ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ပျောက်ကွယ်သွားလိမ့်မယ်.. လနတ်နန်းတော်ရဲ့ နန်းတော်သခင်မ ခွန်အားက ခန့်မှန်းလို့ မရလောက်‌အောင် နက်ရှိုင်းလွန်းတယ်.. မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးဧကရာဇ်ကို နှိုးနိုင်မှပဲ နတ်ဘုရားနယ်မြေရဲ့ ထိုးစစ်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ဟန့်တားနိုင်လိမ့်မယ်.. ငါ့ကို အချိန်နည်းနည်းသာပေးပါ.. ငါ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ ရှိတဲ့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာမယ်.. ဒါမှပဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေထဲကို ပြန်လာနိုင်လိမ့်မယ်”

ထိုအချိန်တွင် သွေးနေမင်းဘိုးဘေးက ဝင်ပြောလိုက်သည်။

သွေးနေမင်းဘိုးဘေးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ် မည်မျှအစွမ်းထက်သည်ကို ခပ်ရေးရေး အာရုံခံစားမိခဲ့သည်။

နတ်ဆိုးဧကရာဇ်၏ အရှိန်အဝါသည် သူ၏ လက်ရှိ အရှိန်အဝါထက်ပင် ပိုမို အားကောင်းနေပြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ မရောက်သေးလျှင်ပင် ထိုအဆင့်နှင့် သိပ်မဝေးတော့ပေ။

လက်ရှိအချိန်တွင် နတ်ဆိုးဧကရာဇ် တစ်ဦးတည်းသာ လနတ်နန်းတော်၏ နန်းတော်သခင်မ မင်ယွဲ့ရှင်းကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါလော။

သူက သွေးနတ်ဆိုးဂိုဏ်းနှင့် ဆက်သွယ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို နတ်ဘုရားနယ်မြေသို့ ပြန်လာသည်အထိ အချိန်ဆွဲထားနိုင်သရွေ့ အရာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။

သွေးနေမင်းဘိုးဘေး၏ စကားကိုကြားလျှင် မိုထျန်းယွိသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ.. ဒါဆို ငါတို့တွေ အရှင်နတ်ဆိုးဧကရာဇ်ကို နှိုးဖို့ ပြင်ဆင်ကြတာပေါ့”

ယခုအခါတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားနေရပြီး သေရေး ရှင်ရေး အကျပ်အတည်းထဲ ရောက်ရှိနေသည်ဟုပင် ဆိုနိုင်သည်။

နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မည့် ဤကဲ့သို့ ကောင်းမွန်သောအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်သည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် သူတို့က အရှင်နတ်ဆိုးဧကရာဇ်ကို မနှိုးလျှင်ပင် နတ်ကုန်းမြေတိုက်က တိုက်ခိုက်လာသည်နှင့် အရှင်နတ်ဆိုးဧကရာဇ်၏ အဆင့်တက်မှုသည် ထိခိုက်လာမည်သာ။

အရှင်နတ်ဆိုးဧကရာဇ် နိုးထလာသည်အထိ စောင့်နေရမည့်အစား သူတို့က အရှင်နတ်ဆိုးဧကရာဇ်ကို ကြိုတင်နှိုးထားပြီး နတ်ဘုရားနယ်မြေကို ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလား။

-----------------------

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မဟာနတ်ဆိုးဘုရင် ရှစ်ပါး အစည်းအဝေး လုပ်နေစဥ်တွင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုနှင့် မဝေးသော စစ်မိစ္ဆာမြို့တော်တွင် စစ်မိစ္ဆာ မဟာမိတ်အဖွဲ့သည် နတ်ကုန်းမြေတိုက်မှ သတင်းများကို သဘာဝကျစွာပင် လက်ခံရရှိခဲ့သည်။

နတ်ကုန်းမြေတိုက်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူလိုက်ပြီဟု သိလိုက်ရလျှင် သူတို့၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

အစွမ်းအထက်ဆုံး ဖြစ်သည့် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးသည်ပင် အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

သူတို့က စစ်မိစ္ဆာမြို့တော်ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်နေကြသူများ ဖြစ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ခွန်အားကို သာမန်လူများထက် ပိုမို သိရှိထားကြသည်။

သူတို့ ခုနစ်ဦးသည် စစ်မိစ္ဆာမြို့တော်တွင် အခြေချကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို ထိန်းထားနိုင်သော်လည်း ပေါ့ပေါ့တန်တန် မလှုပ်ရှားရဲကြပေ။

ပွင့်လင်းစွာဆိုရလျှင် နတ်ကုန်းမြေတိုက်၏ လက်ရှိခွန်အားသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထက် များစွာ အားနည်းနေခဲ့၏။

နတ်ကုန်းမြေတိုက်၏ သေရေးရှင်ရေး အချိန်တွင် အနှိုင်းမဲ့အစွမ်းထက် ကျင့်ကြံသူ နှစ်ဦး ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

စစ်ပွဲအတွင်း ဝူမိသားစုမှ ဝူကျန့်ထျန်းနှင့် လနတ်နန်းတော်မှ နန်းတော်သခင်မ မင်ယွဲ့ရှင်းတို့ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်ရန် နတ်ကုန်းမြေတိုက်ကို အကူအညီပေးခဲ့ကြသည်။

“စန်းမင်.. အခု ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အပြင်းအထန် ထိခိုက်နေခဲ့ပြီ.. နတ်ကုန်းမြေတိုက်မှာလည်း နတ်ဘုရင်နှစ်ပါး ထပ်တိုးလာပြီ ဆိုတော့ ဒါက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ.. သိပ်နောက်မကျခင် စစ်မိစ္ဆာမြို့တော်ဆီ နတ်ဘုရားနယ်မြေက အစွမ်းထက် ကျင့်ကြံသူတွေကို ဖိတ်ခေါ်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အပြုတ်တိုက်ကြတာပေါ့”

နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ထဲတွင် ခေါင်း‌ဆောင်ဖြစ်သည့် အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိမ့်မည် ဖြစ်၏။

ထိုအပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် လက်ရှိနတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သော ဆရာသခင်စန်းမင်ပင် ဖြစ်သည်။

“ကောင်းပြီလေ.. ဒါဆို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် နတ်ဘုရားနယ်မြေရဲ့အင်အားကို စုစည်းကြတာပေါ့”

အရှင်သခင်စန်းမင်၏ မျက်ဝန်းများက အနည်းငယ်လင်းလက်သွားခဲ့ပြီး သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

ဤနှစ်များတွင် သူက စစ်မိစ္ဆာမြို့တွင် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ စောင့်ကြပ်ခဲ့သည်။

သူ၏ ကြီးမားသော ဆန္ဒမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ရန် ဖြစ်ပြီး ယခုအခါတွင် ထိုအခွင့်အရေးကို စောင့်ဆိုင်းနိုင်ခဲ့ပြီ ဖြစ်သည်။

----------------

ကျန်းချန်သည် နတ်ကုန်းမြေတိုက်မှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူပြီးနောက်တွင် အောင်ပွဲကို အခွင့်ကောင်းယူ၍ ဆက်လက် မတိုက်ခိုက်ခဲ့ပေ။

သူက ထာဝရဟင်းလင်းပြင်ရှိ စစ်မိစ္ဆာမြို့တော်တွင် စောင့်ကြပ်နေသော နတ်ဘုရင်ခုနစ်ပါးထံ လူလွှတ် ဆက်သွယ်ခဲ့ပြီး လနတ်နန်းတော် ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

လဝက်ခန့်အကြာတွင် လနတ်နန်းတော်မှ အကြီးအကဲအဆင့် အစွမ်းထက် ကျင့်ကြံသူ ဆယ်ဂဏန်းကျော်သည် ကျန်းချန် ပြန်ယူလာပေးသော လျှို့ဝှက်နည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီး ကောင်းကင်နိယာမ၏ ငြင်းပယ်ခြင်းကို မခံရတော့ပေ။

ထိုအစွမ်းထက် ကျင့်ကြံသူများထဲတွင် အားအနည်းဆုံးသူပင် နတ်ဘုရင် သတ္တမအဆင့်တွင် ရှိသည်။

ယင်းအပြင် ထိုအထဲတွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးပင် ပါဝင်နေခဲ့၏။

မင်ယွဲ့ရှင်းနှင့် ဝူကျန့်ထျန်း တို့ကိုပါ ထည့်တွက်လျှင် နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင်နဝမအဆင့် လေးပါး ရှိလာခဲ့ချေပြီ။

ထာဝရဟင်းလင်းပြင်တွင် စောင့်ကြပ်နေသော နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးနှင့် ပေါင်းစပ်လိုက်လျှင် နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ အရေအတွက်သည် တစ်ဆယ့်တစ်ပါး အထိ ရှိလာခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့သော အင်အားဖြင့်ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို ရင်ဆိုင်ရာတွင် သူတို့ နတ်ဘုရားနယ်မြေသည် အကြွင်းမဲ့ အသာစီး ရနေပြီမဟုတ်ပါလား။

ထို့ကြောင့်လည်း ဆရာသခင်စန်းမင် ဦးဆောင်သည့် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူခုနစ်ဦးသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြခြင်းပင်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ ရာ‌ပေါင်းများစွာကို ဦးဆောင်ကာ ထာဝရဟင်းလင်းပြင်တွင် အခြေစိုက်ထားသည့် စစ်မိစ္ဆာမြို့တော်ကို ရောက်လာခဲ့ကြသည်။

စစ်မိစ္ဆာမြို့တော်သို့ ရောက်သည်နှင့် ဆရာသခင် စန်းမင် ဦးဆောင်သော နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးသည် မြို့ပြင်သို့ ထွက်ကာ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့ကြ၏။

“ကောင်လေး.. ငါတို့ ပြန်တွေ့ကြပြီပေါ့”

ရှေ့ဆုံးကနေ လမ်းလျှောက်လာသော ကျန်းချန်ကို မြင်လျှင် ဆရာသခင် စန်းမင်၏ အိုမင်းသောမျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ပေါ်လာခဲ့စဥ်တွင် ကျန်းချန်သည် မြေကြီးအဆင့်တွင်သာ ရှိသေးသည့် လူငယ်လေးတစ်ဦးသာ ဖြစ်သည်ကို သူ မှတ်မိနေသေးသည်။

ထိုအချိန်ကတည်းကပင် ဆရာသခင် စန်းမင်သည် ကျန်းချန်၏ တုနှိုင်းမဲ့ပါရမီနှင့် ကံကြမ္မာကို မြင်တွေ့ခဲ့ရသော်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်း လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ် ဖြစ်လာပြီး နတ်ကုန်းမြေတိုက်ကို ဦးဆောင်ကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤတစ်ကြိမ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနိုင်ခြင်းသည် မင်ယွဲ့ရှင်းနှင့် ဝူကျန့်ထျန်း ဟူသည့် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှစ်ဦးကြောင့် ဖြစ်သော်လည်း ဆရာသခင်စန်းမင်သည် စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိထားခဲ့သည်။

ထိုနှစ်ဦး ထွက်ပေါ်လာနိုင်ခြင်းမှာ ကျန်းချန်နှင့် ဆက်စပ်မှုများ ရှိနေသည်မှာ သေချာသလောက်ပင်။

“စီနီယာစန်းမင်”

ကျန်းချန်က သူ့ရှေ့မှ ဆရာသခင် စန်းမင်ကို တရိုတသေ ဂါဝရ ပြုလိုက်သည်။

အရှေ့ဘက်ဒေသတွင် ရှိစဥ်က ဆရာသခင်စန်းမင်၏ ကိုယ်ပွားသည် သူ့ကို အခက်အခဲမှ ကူညီပေးခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကျန်းချန်သည် ဆရာသခင် စန်းမင်ကို ကျေးဇူးတင်ခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရန် အခွင့်အရေး မရရှိခဲ့ပေ။

ယခု စစ်မိစ္ဆာမြို့တော်တွင် အဆုံးသတ်၌ ဆရာသခင်စန်းမင်၏ စစ်မှန်သော မျက်နှာကို မြင်တွေ့ခွင့်ရခဲ့ပြီ ဖြစ်သည်။

အခန်း(၂၄၃၂)ပြီး၏။

All Chapters