အခန်း (၂၄၃၃-၂၄၃၄)
Vol. 184 Ch. 2433-2434
အခန်း(၂၄၃၃)
“ကောင်လေး ဒီလောက်အထိ ယဥ်ကျေးနေဖို့ မလိုပါဘူး.. အခုဆိုရင် မင်းက လူသားဧကရာဇ်တောင် ဖြစ်နေပြီပဲ.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ရာထူးကိုလည်း မင်းပဲ ဆက်ခံသင့်ပါတယ်”
ဆရာသခင်စန်းမင်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“ငါ့ရဲ့ မိတ်ဆွေတချို့နဲ့ မင်းတို့ကို မိတ်ဆက်ပေးမယ်”
ထို့နောက်တွင် ဆရာသခင် စန်းမင်သည် ကျန်းချန်တို့ လူစုကို ကျန်ရှိသော နတ်ဘုရင် ခြောက်ပါးနှင့် မိတ်ဆက်ပေးခဲ့သည်။
ထိုနတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ခြောက်ပါးသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း အင်အားစုများမှ ဖြစ်ကြသည်။
ထိုအထဲမှ နှစ်ဦးမှာ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ဖြစ်ပြီး လူသားဧကရာဇ်နန်းတော်၊ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၊ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတို့မှ တစ်ဦးစီ ဖြစ်ကြသည်။
လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ်ကျန်းချန် ရောက်ရှိလာသည်ကို မြင်လျှင် လူသားဧကရာဇ်နန်းတော်မှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ဦးဆောင်သော လူတချို့သည် မျက်နှာတစ်ခုလုံး ပြုံးရွှင်သော အမူအရာဖြင့် ကျန်းချန်ကို နှုတ်ဆက်လိုက်ကြသည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုမှ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးကမူ မျက်နှာ အနည်းငယ် မသာမယာ ဖြစ်နေကြ၏။
ဆိုရလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ကျန်းချန်နှင့် ဆက်ဆံရေး သိပ်မပြေလည်ပေ။
ယခုအချိန်တွင် ကျန်းချန်သည် လူသားဧကရာဇ် နန်းတော်၏ လက်ရှိ လူသားဧကရာဇ်နန်းတော် ဖြစ်လာရုံတင်မက နတ်ဘုရင် နဝမအဆင့်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားခဲ့ချေပြီ။
ယင်းသည် သူတို့အတွက် သတင်းကောင်း မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်သည် ဆရာသခင်စန်းမင်၏ မိတ်ဆက်ပေးမှုအောက်တွင် ထိုနှစ်ဦးကို အလွန်ယဥ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ယနေ့ခေတ် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း အင်အားစုများ ဖြစ်ကြပြီး ၎င်းတို့၏ ခွန်အားသည် ထူးခြားလှ၏။
ယခုအချိန်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းရမည့် အရေးကြီးသော အချိန်အခါ ဖြစ်သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ချေမှုန်းရာတွင် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်နိုင်သည်ဖြစ်ရာ ထိုနှစ်ယောက်က သူ့ကို အရင် လာနှောင့်မယှက်သရွေ့ ကျန်းချန်သည် ပြဿနာသွားရှာနေမည် မဟုတ်ပေ။
ဆရာသခင်စန်းမင်က နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများနှင့် မိတ်ဆက်ပေးပြီးနောက်တွင် ကျန်းချန်ကလည်း မင်ယွဲ့ရှင်းနှင့် ဝူကျန့်ထျန်းတို့က မည်သူမည်ဝါ ဖြစ်ကြောင်း ဆရာသခင်စန်းမင် တို့ကို အကျဥ်းချုံး မိတ်ဆက်ပေးခဲ့သည်။
စစ်မိစ္ဆာမြို့တော်သို့ ရောက်ရှိပြီးနောက်တွင် သူတို့သည် အချိန်မဖြုန်းဘဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းမည့်ကိစ္စအား တိုက်ရိုက်ပင် ဆွေးနွေးခဲ့ကြသည်။
“စီနီယာစန်းမင်.. အခုဆိုရင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက အကြီးအကျယ် ထိခိုက်နေခဲ့ပြီ ဒီအချိန်က သူတို့ကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် သုတ်သင်ပစ်ဖို့ အကောင်းဆုံးအချိန်ပဲ.. အခြေအနေတွေ အပြောင်းအလဲ ဖြစ်မလာခင် အချိန်မဖြုန်းဘဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ကြရအောင်”
ကျန်းချန်က ဆရာသခင်စန်းမင်ကို ကြည့်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
ဆရာသခင်စန်းမင်က အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ပြောလိုက်၏။
“အခုအချိန်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အပြင်းအထန် အင်အားထိခိုက်နေတယ် ဆိုပေမဲ့ မဟာနတ်ဆိုးဘုရင်ရှစ်ပါး ရှိနေတုန်းပဲ.. ဒါ့အပြင် မဟာနတ်ဆိုးဘုရင်ရှစ်ပါးရဲ့အထက်မှာ နတ်ဆိုးဧကရာဇ် တစ်ပါးလည်း ရှိနေသေးတယ်”
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှာ နတ်ဆိုးဧကရာဇ် တကယ်ပဲ ရှိနေတယ်လား”
ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါး၏ အထက်တွင် နတ်ဆိုးဧကရာဇ်တစ်ပါး ရှိသည်ကို ကျန်းချန် ကြားဖူးထားခဲ့သည်။
သို့သော်လည်း ဤသည်က ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် အမှန်တကယ် နတ်ဆိုးဧကရာဇ်တစ်ပါး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒဏ္ဍာရီများအရ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်သည် အုပ်စိုးသူအဆင့်နှင့် တန်းတူခွန်အား ရှိသည်ဟု ဆိုကြ၏။
အကယ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင်သာ နတ်ဘုရားနယ်မြေကို အလွယ်တကူ ချေမှုန်းနိုင်လောက်သည့် ထိုကဲ့သို့ အစွမ်းထက်သောသူ ရှိနေခဲ့လျှင် အဘယ်ကြောင့် နတ်ဘုရားနယ်မြေ၏ ထာဝရဟင်းလင်းပြင်ထဲတွင် ကန့်သတ်ခံထားရပါမည်နည်း။
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုမှာ နတ်ဆိုးဧကရာဇ် ဖြစ်လာနိုင်မဲ့ အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့တယ်.. နှစ်ပေါင်းတစ်ထောင် အတွင်းမှာတင် သူက နဝမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့တဲ့အတွက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက သူ့ကို နတ်ဆိုးဧကရာဇ်အဖြစ် တင်မြှောက်ခဲ့ကြတယ်.. ဒီနတ်ဆိုးဧကရာဇ်က နှစ်ပေါင်းထောင်ချီကြာတဲ့အထိ တစ်ခါမှ ပေါ်ထွက်မလာခဲ့ဘူး.. သူက အဆင့်တက်ဖို့ အတွက် တံခါးပိတ် ကျင့်ကြံနေတယ်လို့ ပြောကြတယ်.. အခုဆိုရင် သူက တကယ့် နတ်ဆိုးဧကရာဇ်အဆင့်ကို မရောက်သေးရင်တောင် အဲဒီအဆင့်နဲ့ သိပ်မဝေးတော့ဘူး.. သူ့ကို ရင်ဆိုင်ရတာ အရမ်းကို ခက်ခဲလိမ့်မယ်”
ဆရာသခင်စန်းမင်က လေးနက်စွာ ပြောလိုက်သည်။
နတ်ဘုရားနယ်မြေ၏ လက်ရှိခွန်အားဖြင့် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို ရင်ဆိုင်ရာတွင် အကြွင်းမဲ့အသာစီး ရနေသော်လည်း ဆရာသခင်စန်းမင်ကို ကြောက်ရွံ့စေသည့် တစ်ခုတည်းသောအရာမှာ အချိန်အတော်ကြာ ပေါ်ထွက်မလာခဲ့သည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်ပင် ဖြစ်သည်။
“ဆရာသခင်စန်းမင်ရဲ့ စကားအရဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးဧကရာဇ်က နဝမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီး တကယ့် နတ်ဆိုးဧကရာဇ်အဆင့်ကို မရောက်သေးတာ သေချာသလောက်ပဲ.. ဒီလိုမှ မဟုတ်ရင် နတ်ကုန်းမြေတိုက်ကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက သိမ်းပိုက်ထားတာ ကြာလှပြီပေါ့”
ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးဧကရာဇ်က တံခါးပိတ်ကျင့်ကြံပြီး အဆင့်တက်ဖို့ ကြိုးစားနေတုန်းပဲဆိုတော့ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို တစ်ချီတည်းနဲ့ ဖြိုခွင်းပစ်ရမယ်.. သူ့ကို အဆင့်တက်ဖို့ အခွင့်အရေး လုံးဝ ပေးလို့မဖြစ်ဘူး”
ယခုအခါတွင် သူတို့ နတ်ဘုရားနယ်မြေ၌ လနတ်နန်းတော်၏ နန်းတော်သခင်မ မင်ယွဲ့ရှင်း ကဲ့သို့ အုပ်စိုးသူအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသော ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့ပြီ ဖြစ်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်က မည်မျှပင် အစွမ်းထက်နေပါစေ၊ နတ်ဆိုးဧကရာဇ်အဆင့်ကို မထိုးဖောက်ရသေးသရွေ့ သူတို့အတွက် ခြိမ်းခြောက်မှုတစ်စုံတစ်ရာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆက်လက် နှောင့်နှေးနေပြီး ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်ကို အုပ်စိုးသူအဆင့်နှင့် ယှဥ်နိုင်သည့် နတ်ဆိုးဧကရာဇ် ဖြစ်လာခွင့် ပြုလိုက်မည်ဆိုလျှင် ယင်းသည် သူတို့ နတ်ဘုရားနယ်မြေ အတွက် သေချာပေါက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်းချန်၏ စကားများကိုကြားလျှင် ဆရာသခင် စန်းမင်သည် မည်သည့် တုံ့ဆိုင်းမှုမှ မရှိတော့ဘဲ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ.. ဒီလိုဆိုမှတော့ ငါတို့ သုံးရက်အတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ကြတာပေါ့”
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် ခွန်အားအလွန်နက်ရှိုင်းသော နတ်ဆိုးဧကရာဇ်တစ်ပါး ရှိနေသော်လည်း သူတို့ နတ်ကုန်းမြေတိုက်တွင် ယခုအခါ၌ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ လေးပါး ထပ်တိုးလာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် လနတ်နန်းတော်၏ သခင်မ မင်ယွဲ့ရှင်း၏ ခွန်အားသည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်း၏။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ် ပေါ်ထွက်လာလျှင်ပင် ၎င်းသည် နတ်ဆိုးဧကရာဇ် အဆင့်ကို မရောက်သေးသရွေ့ သူတို့ နတ်ဘုရားနယ်မြေ အတွက် မည်သည့်ခြိမ်းခြောက်မှုမှ ပေးနိုင်လိမ့်မည်မဟုတ်ပေ။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်မည့်ကိစ္စအား ဆွေးနွေးပြီးနောက်တွင် ကျန်းချန်နှင့် အခြားသူများသည် ဆရာသခင်စန်းမင်၏ စီစဥ်မှုအောက်၌ စစ်မိစ္ဆာမြို့တော်တွင် အခြေချခဲ့ကြသည်။
ဤသို့ဖြင့် သုံးရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
ယနေ့တွင် ကျန်းချန်နှင့် ဆရာသခင်စန်းမင် အပါအဝင် အခြားသော နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ တစ်ဆယ့်တစ်ပါးသည် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူ အများအပြားကို ဦးဆောင်ကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန် ချီတက်ခဲ့ကြသည်။
စစ်မိစ္ဆာမြို့တော်ကို တည်ထောင်ထားရသည့် မူလရည်ရွယ်ချက်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ထာဝရဟင်းလင်းပြင်တွင် ကန့်သတ်ထားရန်နှင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို ထိန်းချုပ်ရန် ဖြစ်သည်။
ထို့ကြောင့် စစ်မိစ္ဆာမြို့တော်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အဓိကမျိုးနွယ်စု ဖြစ်သော ကောင်းကင်နတ်ဆိုး မျိုးနွယ်စုနှင့် သိပ်မဝေးပေ။
တစ်ခဏအကြာတွင် ကျန်းချန်တို့ အဖွဲ့သည် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ကျန်းချန်တို့က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အဓိကမျိုးနွယ်စု ဖြစ်သည့် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ အပြင်ဘက်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မိုထျန်းယန်ဦးဆောင်သော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် ကျန်းချန်တို့ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“စန်းမင်.. မင်းက စစ်မိစ္ဆာမြို့တော်မှာ အေးအေးဆေးဆေး မနေဘဲ ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ နယ်မြေထဲကို လာသောင်းကျန်းရဲတယ်.. ကြည့်ရတာ မင်းက မင်းရဲ့အသက်ကို နှမြောပုံ မရဘူးပဲ”
နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန် အခွင့်အရေးအား လက်လွှတ်ခံမည် မဟုတ်မှန်း သူသိထားသော်လည်း ဆရာသခင်စန်းမင်က ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဆရာသခင်စန်းမင်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
“မိုထျန်းယန်.. အပိုစကားတွေ ပြောမနေနဲ့.. ဒီနေ့ပြီးရင် မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ သမိုင်းတစ်ခုပဲ ဖြစ်သွားလိမ့်မယ်”
ထိုစကားကိုကြားလျှင် မိုထျန်းယန်သည် လှောင်ပြုံး ပြုံးကာ တုံ့ပြန် ပြောဆိုလိုက်သည်။
“အဲဒီအချိန်တုန်းက နတ်ကုန်းမြေတိုက်ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ လူသားဧကရာဇ် ကျန်းချင်းထျန်းတောင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ဘူး.. စန်းမင်.. ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ”
“ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ စမ်းကြည့်ရင် သိရမှာပေါ့”
စကားဆုံးသည်နှင့် ဆရာသခင်စန်းမင်၏ နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် အရှိန်အဝါသည် မိုထျန်းယန် ဆီသို့ တိုးဝင်သွားခဲ့သည်။
အခန်း(၂၄၃၃)ပြီး၏။
အခန်း(၂၄၃၄)
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဆရာသခင်စန်းမင်က မိုထျန်းယန်ကို စတင် တိုက်ခိုက်လိုက်သည်နှင့် နတ်ကုန်းမြေတိုက်၏ ကျန် နတ်ဘုရင်ခြောက်ပါးသည်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မဟာနတ်ဆိုးခုနစ်ပါးကို တစ်ချိန်တည်းနီးပါး တိုက်ခိုက်ခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် မင်ယွဲ့ရှင်းသည် လနတ်နန်းတော်မှ နတ်ဘုရင် နဝမအဆင့် အကြီးအကဲနှစ်ဦးကို အေးစက်သော လေသံဖြင့် ညွှန်ကြားလိုက်သည်။
“မင်းတို့နှစ်ယောက် သူတို့ကို သွားကူညီလိုက်ပါ”
“ဟုတ်ကဲ့ နန်းတော်သခင်”
လနတ်နန်းတော်မှ နတ်ဘုရင်နဝမအဆင့် အကြီးအကဲနှစ်ဦးက ပြန်လည် ဖြေကြားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်မှ တောက်ပသော လရောင် နတ်အလင်းများကို ထုတ်ဖော်ကာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင်များကို သတ်ဖြတ်ရန် ထွက်ခွာသွားခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် နတ်ကုန်းမြေတိုက်နှင့် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတို့၏ တုန်လှုပ်ချောက်ချားဖွယ် တိုက်ပွဲသည် စတင် အရှိန်ယူနေခဲ့ချေပြီ။
ကျန်းချန်နှင့် အခြားသူများသည် သူတို့ရှေ့မှ ကြောက်မက်ဖွယ်တိုက်ပွဲကို ငြိမ်သက်စွာ ကြည့်ရှုနေခဲ့ကြသည်။
လက်ရှိ နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီတစ်ခု ဖြစ်သော ဆရာသခင်စန်းမင်သည် အလွန်တရာ အစွမ်းထက်ပြီး ဝူကျန့်ထျန်းထက်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
သူက မဟာနတ်ဆိုးဘုရင် ရှစ်ပါး၏ ခေါင်းဆောင် ဖြစ်သော မိုထျန်းယန်နှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့ပြီး လုံးဝ အသာစီးရနေခဲ့သည်။
ကျန်နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ခြောက်ဦးသည်လည်း လနတ်နန်းတော်မှ နတ်ဘုရင်နဝမအဆင့် အကြီးအကဲ နှစ်ဦး၏ အကူအညီဖြင့် မဟာနတ်ဆိုးဘုရင် ခုနစ်ပါးကို အသာစီးကနေ ဖိနှိပ်ထားနိုင်ခဲ့သည်။
လက်ရှိအချိန်တွင် နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အကြွင်းမဲ့ အသာစီးရရှိထားသည်ဟုပင် ဆိုနိုင်၏။
မင်ယွဲ့ရှင်းနှင့် ဝူကျန့်ထျန်းတို့ မပါဝင်လျှင်ပင် စန်းမင်နှင့် အခြားသူများ အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မဟာနတ်ဆိုးရှစ်ပါးကို အနိုင်ယူရန်မှာ အချိန်တစ်ခုမျှသာ ကြာမည် ဖြစ်သည်။
“စီနီယာဝူ.. အပြောင်းအလဲတွေ ဖြစ်မလာခင် မိုထျန်းယန်ကို ရှင်းပစ်ဖို့ စီနီယာစန်းမင်ကို အကူအညီပေးပါဦး”
ကျန်းချန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက်တွင် ဝူကျန့်ထျန်းကို ပြောလိုက်သည်။
“ကောင်းပြီ”
ဝူကျန့်ထျန်းက အပိုစကားများ ပြောမနေဘဲ မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို တစ်ခဏအတွင်း ဖြတ်ကျော်ကာ ဆရာသခင်စန်းမင်၏ နံဘေးတွင် ပေါ်လာခဲ့ပြီး ဆရာသခင်စန်းမင်နှင့် ပူးပေါင်းကာ မိုထျန်းယန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
မိုထျန်းယန်သည် မဟာနတ်ဆိုးဘုရင် ရှစ်ပါး၏ ခေါင်းဆောင်ဖြစ်သော်လည်း ဆရာသခင်စန်းမင်ကို ယှဥ်နိုင်ရုံမျှသာ ဖြစ်သည်။
ယခုအခါတွင် ဆရာသခင်စန်းမင်ထက် ခွန်အား မလျော့သော ဝူကျန့်ထျန်းကပါ တိုက်ပွဲထဲ ပါဝင်လာခဲ့ပြီ ဖြစ်ရာ မိုထျန်းယန်သည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
ခဏအကြာမှာပင် မိုထျန်းယန်သည် တိုက်ပွဲတွင် လုံးဝ အောက်စည်းသို့ ရောက်သွားခဲ့ပြီး ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်းတို့၏ တိုက်ခိုက်မှုအောက်တွင် အသေအလဲ ခုခံနေရသော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။
အဆုံးသတ်တွင် မိုထျန်းယန်သည် ဆရာသခင်စန်းမင်၏ လက်ဝါးရိုက်ချက်ကို ခံလိုက်ရပြီး ပေပေါင်းသောင်းချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲတော့မည့်အလား ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ဝူကျန့်ထျန်းသည် မိုထျန်းယန်ကို အသက်ရှုဖို့ပင် အခွင့်အရေးမပေးဘဲ ရွှေရောင်ဓားရှည်ဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ မိုထျန်းယန်ကို တိုက်ခိုက်လိုက်သည်။
မိုထျန်းယန်က ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အရှင်နတ်ဆိုးဧကရာဇ်.. ကျွန်တော့်ကို ကယ်ပါဦး”
“ဝုန်း..”
“ဝုန်း..”
မိုထျန်းယန်၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ထာဝရဟင်းလင်းပြင်သည် အတောမသတ် တုန်ခါသွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ကြောက်မက်ဖွယ်နတ်ဆိုးအရှိန်အဝါ တစ်ခုသည် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု ဆီကနေ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ထာဝရဟင်းလင်းပြင်ထဲ ပျံ့နှံ့သွားခဲ့သည်။
ဤကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးအရှိန်အဝါအောက်တွင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ကြပေ။
ကျန်းချန်နှင့် အခြားသူများပင်လျှင် ဤနတ်ဆိုးအရှိန်အဝါ၏ ဖိအားအောက်တွင် စိတ်နှလုံး တုန်လှုပ်သော ဝေဒနာကို ခံစားခဲ့ကြရ၏။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့ပြီး ကောင်းကင်နတ်ဆိုး မျိုးနွယ်စု ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်သည် မကြာခင် ပေါ်ထွက်လာပေတော့မည်။
ကျန်းချန်နှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်မှာပင် နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံနေသည့် အနက်ရောင် ဝတ်ရုံဝတ် လူတစ်ဦးသည် အဆုံးသတ်တွင် ကောင်းကင်ယံကနေ ထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင် ဝတ်ရုံဝတ်လူသည် အရပ်ရှည်ပြီး ခန့်ညားသော ဥပဓိရုပ် ရှိသည်။
သူ၏ မျက်ဝန်းများက သွေးကဲ့သို့ နီရဲနေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်သည့် အစွမ်းထက် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
“နတ်ဘုရားနယ်မြေက မလောက်လေးမလောက်စားတွေကများ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုဆီ လာသောင်းကျန်းရဲတယ် ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုမှာ မင်းတို့ကို ယှဥ်နိုင်တဲ့သူ မရှိဘူးလို့ မင်းတို့တကယ်ပဲ ထင်နေတာလား”
အနက်ရောင်ဝတ်စုံဝတ်လူ၏ စကားလုံးတိုင်းတွင် အစွမ်းထက် အရှိန်အဝါများ ပါဝင်နေသကဲ့သို့ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဆိုရလျှင် ဤအနက်ရောင်ဝတ်စုံဝတ်လူသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ လက်ရှိ နတ်ဆိုးဧကရာဇ် ဖြစ်သည်။
“အရှင်နတ်ဆိုးဧကရာဇ်.. လက်အောက်ငယ်သားတွေ ဖြစ်တဲ့ ကျွန်တော်တို့ အသုံးမကျလို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်.. အခုဆိုရင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ခေါင်းဆောင် ၇၂ဦးနဲ့ အကြီးအကဲ ၃၆ဦးထဲမှာ သေတဲ့သူသေပြီး ဒဏ်ရာရတဲ့သူ ဒဏ်ရာရဖြစ်နေခဲ့ပြီ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ရောက်ရှိနေပါပြီ.. အရှင်နတ်ဆိုးဧကရာဇ်အနေနဲ့ ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ အရှက်တရားကို ပြန်လည်ဆေးကြောပေးဖို့ တောင်းဆိုပါတယ်”
နတ်ဆိုးဧကရာဇ် ထွက်ပေါ်လာသည်ကို မြင်လျှင် မိုထျန်းယန်၏ မျက်ဝန်းများတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထိုနေ့က နတ်ဆိုးဧကရာဇ်ကို နှိုးရန် ဆုံးဖြတ်ပြီးကတည်းပင် သူတို့ မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် အကောင်အထည်ဖော်ခဲ့သော်လည်း နတ်ဆိုးဧကရာဇ်သည် နိုးထမလာခဲ့ပေ။
မည်သို့ပင် ဖြစ်စေကာမူ ယခုအခါတွင် နတ်ဆိုးဧကရာဇ်သည် သေရေးရှင်ရေး အခိုက်အတန့်တွင် ပေါ်လာခဲ့ချေပြီ။
“ဝုန်း..”
မိုထျန်းယန်၏ စကားကိုကြားလျှင် နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်မှ လူသတ်ငွေ့များသည် ထာဝရဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့၏။
“ကောင်းတယ် သိပ်ကောင်းတယ်.. စန်းမင်.. ဒီဧကရာဇ်က တံခါးပိတ် ကျင့်ကြံနေတဲ့အချိန်အတွင်းမှာ မင်းက ငါ့ရဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဒီအခြေအနေအထိ ရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါမင်းကို အထင်သေးခဲ့မိပုံပဲ.. ဒီနေ့တော့ ငါဧကရာဇ်က မင်းရဲ့သွေးနဲ့ ကောင်းကင်ယံက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ ဝိညာဥ်တွေကို ပူဇော်မယ်”
နတ်ဆိုးဧကရာဇ်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဆရာသခင်စန်းမင် ဆီသို့ လက်သီးတစ်လုံးကို တိုက်ရိုက်ပင် ပစ်သွင်းလိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော လက်သီးစွမ်းအားနှင့် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ဖျက်ဆီးခြင်းအလင်းများသည် ထာဝရဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့သွားခဲ့ပြီး ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်းတို့၏ ခန္ဓာကိုယ်ကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်စေတော့မည့်အလား ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်းတို့ကဲ့သို့ နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများပင်လျှင် သူတို့၏ စိတ်နှလုံးထဲတွင် သေခြင်းတရား၏ အရိပ်အငွေ့များ ချက်ချင်းဆိုသလို လွှမ်းခြုံသွားသလို ခံစားမိလိုက်သည်။
သူတို့နှစ်ဦးက ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများကို ချက်ချင်းဆိုသလိုပင် အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်ပြီး နတ်ဘုရင်လမ်းစဥ်ကို လှုံ့ဆော်ကာ နတ်ဆိုးလက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးကိုပင် ပျက်စီးနိုင်လောက်သည့် ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်း တစ်ခုသည် ထာဝရဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။
မကြာမီမှာပင် ထိုအဖျက်စွမ်းအင်မုန်တိုင်း ထဲကနေ ပုံရိပ်နှစ်ခုသည် တစ်ချိန်တည်းနီးပါး နောက်ပြန် လွင့်စင်လာခဲ့၏။
ထိုနှစ်ဦးမှာ ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့ပင် ဖြစ်သည်။
“ဖူး..”
နှစ်ဦးစလုံးသည် မျက်နှာတွင် သွေးမရှိတော့သည့်အလား အလွန်တရာ ဖြူဖျော့နေခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် အံ့ဩ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
“နတ်ဆိုးဧကရာဇ်က အရမ်းကို အစွမ်းထက်လွန်းတာပဲ”
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်သည် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်ကို ကျော်လွန်ကာ နတ်ဆိုးဧကရာဇ်အဆင့်ကို ထိုးဖောက်သွားပြီဟုပင် သူစိုးရိမ်နေမိသည်။
“စန်းမင်.. လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဆိုရင်တော့ ဒီဧကရာဇ်က မင်းကို ရှင်းပစ်ဖို့အတွက် အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်.. ဒါပေမဲ့ ဒီနှစ်ဝက်အတွင်းမှာ ဒီဧကရာဇ်က အဲဒီအဆင့်ကို ရောက်ရှိသွားခဲ့ပြီ.. အခုအချိန်မှာတော့ မင်းက င့ါရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာမှမကွာခြားဘူး”
နတ်ဆိုးဧကရာဇ်က တုနှိုင်းမဲ့နတ်ဆိုးတစ်ပါး ကဲ့သို့ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ဆရာသခင်စန်းမင်ကို ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။
“နတ်ဆိုးဧကရာဇ်က တကယ်ပဲ နဝမအဆင့်ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားအဆင့်ကို ကျော်လွန်သွားခဲ့ပြီး နတ်ဆိုးဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလား”
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် မိုထျန်းယန်နှင့် အခြားသော မဟာနတ်ဆိုးဘုရင် ရှစ်ပါး၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
ဆန့်ကျင်ဘက်ရှိ နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများ၏ မျက်နှာများကမူ ဤအခိုက်အတန့်တွင် အလွန်တရာ ဖြူဖျော့သွားကြသည်။
အခန်း(၂၄၃၄)ပြီး၏။