← Chapters

အခန်း (၂၄၃၅-၂၄၃၆)

Vol. 184 Ch. 2435-2436

အခန်း (၂၄၃၅-၂၄၃၆)

Vol. 184 Ch. 2435-2436

အခန်း(၂၄၃၅)

နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှစ်ဦးကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်သောကြောင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီး သူ၏ ခွန်အားသည် အုပ်စိုးသူအဆင့်နှင့် တန်းတူ ဖြစ်နေမည်ကို ကျန်းချန် စိုးရိမ်နေမိသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို နတ်ဘုရားနယ်မြေဘက်မှ ကျင့်ကြံသူများထဲတွင် မည်သူက ခုခံနိုင်ပါမည်နည်း။

နတ်ဆိုးဧကရာဇ်က ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့ကို မထီမဲ့မြင် ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“စန်းမင်.. ငါ အရင်ကတော့ မင်းကို ရက်အနည်းငယ်လောက် အသက်ရှင်ခွင့်ပေးဖို့ ရည်ရွယ်ထားခဲ့တယ်.. ဒါပေမဲ့ မင်းက ကိုယ့်ဘာသာကိုယ် အသေခံဖို့ တက်တက်ကြွကြွ ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး.. ဒီလိုဆိုမှတော့ ငါဧကရာဇ်က ဒီနေ့ မင်းကို သုတ်သင်ပစ်မယ်.. ပြီးရင် နတ်ကုန်းမြေတိုက်ကိုပါ တစ်ခါတည်း ချေမှုန်းပစ်မယ်”

အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် နတ်ဆိုးဧကရာဇ်သည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော လက်သီးချက်သည် နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်းတို့၏ ဦးခေါင်းအထက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။

ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည် လက်သီးချက်မှ သေခြင်းတရား၏ အရိပ်အငွေ့ကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်၏။

သူတို့နှစ်ဦးက မပေါ့ဆရဲဘဲ နတ်ဆိုးဧကရာဇ် တိုက်ခိုက်မှုကို အစွမ်းကုန်ခုခံရန် ပြင်ဆင်နေစဥ်မှာပင် သန့်စင်သော လရောင်နတ်အလင်းတန်း တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဧရိယာကို လွှမ်းခြုံသွားခဲ့သည်။

ဤသန့်စင်သော လရောင်အလင်းတန်းသည် အရာအားလုံးကို လွှမ်းခြုံသွားခဲ့၏။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးစွမ်းအင်များ ကိန်းအောင်းနေသော လက်သီးချက်သည် မျက်စိတစ်မှိတ်အတွင်း လေထုထဲတွင် ပြိုကွဲသွားခဲ့သည်။

နတ်ဆိုးဧကရာဇ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အကြည့်သည် လရောင်နတ်အလင်းတန်း လာရာဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် လနန်းတော်မှ နတ်သမီးတစ်ပါး ကဲ့သို့ အမျိုးသမီးတစ်ဦးသည် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုသူမှာ လနတ်နန်းတော်၏ နန်းတော်သခင်မ မင်ယွဲ့ရှင်းပင်ဖြစ်သည်။

“မင်း ဘယ်သူလဲ”

သူ့ရှေ့မှ အမျိုးသမီးကို အသေအချာ အကဲခတ်ရင်း နတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားခဲ့သည်။

သူ့ရှေ့မှ အမျိုးသမီးသည် ဆရာသခင်စန်းမင်ထက် များစွာ ပို၍ အစွမ်းထက်ပြီး သူနှင့် အဆင့်တူ ဖြစ်နေနိုင်၏။

ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါးသည် နတ်ကုန်းမြေတိုက်တွင် မွေးဖွားလာလိမ့်မည်ဟု နတ်ဆိုးဧကရာဇ် မထင်ထားခဲ့ပေ။

မင်ယွဲ့ရှင်း၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

“ငါသခင်မက ဒီနေ့ မင်းကိုသတ်မဲ့သူပဲ”

“ငါ့ကို သတ်မယ် ဟုတ်လား.. ငါ့ရဲ့ခန့်မှန်းချက်သာမမှားဘူးဆိုရင် မင်းက အုပ်စိုးသူအဆင့်ရဲ့ ခွန်အားကို ထိတွေ့ရုံလောက်ပဲ ရှိသေးတယ်.. မင်းအနေနဲ့ အုပ်စိုးသူအဆင့်ကို ချိုးဖျက်ဖို့အများကြီး လိုပါသေးတယ်.. တကယ်လို့ မင်းသာ အုပ်စိုးသူအဆင့် အမှန်တကယ် ဖြစ်လာခဲ့ရင် ဒီဧကရာဇ်ကို သတ်ဖြတ်ဖို့ အရည်အချင်း ရှိလာနိုင်တယ်.. အခုလက်ရှိ မင်းရဲ့ခွန်အားနဲ့တော့ ဒီဧကရာဇ်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ”

နတ်ဆိုးဧကရာဇ်က အထင်သေးစွာဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။

“လရောင်နတ်ဓား.. စုစည်းစမ်း”

မင်ယွဲ့ရှင်းက နတ်ဆိုးဧကရာဇ်နှင့် အပိုစကားများ ပြောမနေဘဲ သူမ၏ သွယ်လျသော လက်ချောင်းများကို လေထဲတွင် လှုပ်ရှားလိုက်သည်။

ကောင်းကင်ယံ တစ်ခုလုံးတွင် ပြည့်နှက်နေသော လရောင်နတ်အလင်းများသည် မျက်စိတစ်မှိတ်အတွင်း လရောင်ဓားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုလရောင်ဓားများသည် သုံးပေခန့် ရှည်လျားပြီး အလွန်တရာ ခန့်ညားလှ၏။

ဤအခိုက်အတန့်တွင် နတ်ဆိုးဧကရာဇ်၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ထောင်ပေါင်းများစွာသော လနတ်ဓားများသည် ထူထပ်သော ဓားကွန်ရက်တစ်ခု အဖြစ်သို့ ယှက်နွှယ်ကာ ပေါင်းစပ်သွားခဲ့ပြီး ထာဝရဟင်းလင်းပြင်၏ မိုင်ပေါင်းထောင်ချီ ဧရိယာကို ငွေရောင် ခြယ်သလိုက်သလို ဖြစ်သွားခဲ့သည်။

မင်ယွဲ့ရှင်းက ဓားကို ညွှန်ပြလိုက်သည်နှင့် ထောင်ပေါင်းများစွာသော လရောင်နတ်ဓားများသည် ငွေရောင် မိုးသီးမိုးပေါက်များကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါ သက်ရောက်မှုဖြင့် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။

လ‌ရောင်နတ်ဓား တစ်လက်စီသည် အစပိုင်းတွင် သုံးပေခန့်ရှည်လျားသော်လည်း အောက်ဘက်သို့ ကျဆင်းလာသည်နှင့် အမျှ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။

အဆုံးသတ်တွင် လရောင်နတ်ဓားများသည် ပေပေါင်းရာချီရှည်လျားသော ကြီးမားသည့် ငွေရောင်ဓားများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

“ကောင်းကင်နတ်ဆိုး လက်သီးတိုက်ကွက်”

မင်ယွဲ့ရှင်း၏ ကြောက်မက်ဖွယ်ဓားချက်နှင့် ရင်ဆိုင်ရလျှင် နတ်ဆိုးဧကရာဇ်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို စုစည်းကာ လက်သီးချက် တစ်ချက်ကို ထုတ်‌ဖော်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဤကဲ့သို့ဖြင့် နတ်ဆိုးဧကရာဇ်၏ လက်သီးချက်သည် မင်ယွဲ့ရှင်း၏ မရေမတွက်နိုင်သော လရောင်နတ်ဓားများနှင့် ထပ်တိုက် ဆုံတွေ့သွားခဲ့သည်။

နတ်ဆိုးဧကရာဇ်၏ လက်သီးချက်က ပြင်းထန်သော်လည်း မင်ယွဲ့ရှင်း၏ လရောင်နတ်ဓားသည် နတ်ဆိုးစွမ်းအင် ကိန်းအောင်းနေသော လက်သီးချက်ကို ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။

လရောင်နတ်ဓား တစ်လက်ချင်းစီသည် နတ်ဆိုးဧကရာဇ်၏ လက်သီးချက်ကို အားနည်းသွားစေခဲ့၏။

ဤအားနည်းသွားမှုသည် သိသာထင်ရှားခြင်း မရှိသော်လည်း ထောင်ချီသော လရောင်နတ်ဓားများကို ရင်ဆိုင်ရပြီးနောက်တွင်မူ လက်သီး စွမ်းအားများသည် အဆုံးသတ်၌ မှေးမှိန်သွားခဲ့ပြီး လုံးဝကို ပျောက်ကွယ်သွားခဲ့၏။

မင်ယွဲ့ရှင်း၏ မျက်ဝန်းများက လုံးဝကို အေးစက်နေခဲ့ပြီး သူမ၏ ကျောဘက်တွင်‌ တောက်ပသော လတစ်စင်း ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သူမက နတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရန်အတွက် ကျောဘက်ရှိ တောက်ပသော လ၏ စွမ်းအားကို အသုံးပြုလိုက်၏။

နတ်ဆိုးဧကရာဇ်က ရှောင်တိမ်းခြင်း မရှိဘဲ နတ်ဆိုးစွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်၍ လက်သီးချက်ကို ထုတ်ဖော်ကာ မင်ယွဲ့ရှင်း၏ တိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သူ၏ နတ်ဆိုးလက်သီးချက်သည် အလွန်အမင်းကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

သူတို့နှစ်ဦး၏ ကြောက်မက်ဖွယ်ရာစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်နေခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဧရိယာရှိ အာကာပြင်များကိုပင် ပြိုလဲသွားစေခဲ့သည်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

နှစ်ဦးသားက ဆက်လက် တိုက်ခိုက်နေခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်တွေ့သည့် အကြိမ်တိုင်းတွင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်တို့သည် မိုင်ပေါင်းထောင်ချီ အကွာကနေ ကြည့်ရှုနေကြသော်လည်း ထိုနှစ်ဦး ရင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်လှိုင်း ရိုက်ခတ်မှုကို ခံနိုင်ရည် မရှိကြဘဲ မိုင်ရာပေါင်းများစွာ အကွာအဝေးသို့ ဆက်တိုက်ဆိုသလို နောက်ဆုတ်သွားခဲ့ရသည်။

“တကယ်ကို အစွမ်းထက်လွန်းတာပဲ.. ဒါက နတ်ဘုရင်အဆင့်ကို ကျော်လွန်နေတဲ့ ခွန်အားလား”

လူတိုင်းက အံ့ဩ ထိတ်လန့်သွားခဲ့ကြ၏။

ဤအခိုက်အတန့်တွင် နတ်ဆိုးဧကရာဇ်ဖြစ်စေ၊ မင်ယွဲ့ရှင်း ဖြစ်စေ၊ ထိုနှစ်ဦး ထုတ်ဖော်လိုက်သော ခွန်အားသည် သာမန်နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ၏ ခွန်အားထက် များစွာ သာလွန်နေခဲ့ချေပြီ။

နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ဖြစ်သည့် ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည်ပင် ထိုနှစ်ဦးနှင့် နှိုင်းယှဥ်လျှင် များစွာ နောက်ကျ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

လူတိုင်း၏ အံ့ဩမှင်တက်နေသော အကြည့်အောက်မှာပင် တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေခဲ့၏။

အဆုံးသတ်တွင် မင်ယွဲ့ရှင်းသည် သူမ၏ ကျောဘက်ရှိ တောက်ပသော လကို တိုက်ရိုက် အသုံးပြုကာ နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် နတ်ဆိုးဧကရာဇ်သည်လည်း ကောင်းကင်ထောက်တိုင် ကဲ့သို့ မတ်မတ်ရပ်နေသော ကောင်းကင်နတ်ဆိုး ပုံရိပ်ယောင်ကို ထုတ်ဖော်လိုက်ပြီး မင်ယွဲ့ရှင်း၏ တောက်ပသောလနှင့် ထိပ်တိုက် ရင်ဆိုင်စေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်က ပြိုကျသွားခဲ့ပြီး ဟင်းလင်းပြင်သည်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။

နတ်ဆိုးဧကရာဇ်သည် ပေပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားသည်ကို အားလုံးက မြင်လိုက်ရသည်။

သူ၏ အနက်ရောင်ဝတ်စုံက အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေခဲ့ပြီး အသားအရေတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့ကာ ရွှေရောင်သွေးများသည် အက်ကွဲကြောင်းများကနေ ထွက်ပေါ်လာခဲ့သည်။

ဆန့်ကျင်ဘက်ရှိ မင်ယွဲ့ရှင်းသည်လည်း‌ လေထုထဲတွင် ပေပေါင်းထောင်ချီ နောက်ပြန် လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။

ဤတိုက်ပွဲတွင် နှစ်ဦးစလုံးသည် အကြီးအကျယ် ထိခိုက်ဒဏ်ရာရခဲ့ပြီး မည်သည့်ဘက်ကမှ အသာစီးမရခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

ကျန်းချန်က အဝေးမှ တိုက်ပွဲကို ကြည့်ရင်း မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

နတ်ဆိုးဧကရာဇ်သည် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်ကို ကျော်လွန်ပြီး နတ်ဆိုးဧကရာဇ် အဆင့်သို့ ရောက်မ‌ရောက် သူ မသိသော်လည်း မင်ယွဲ့ရှင်း ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူပင်လျှင် နတ်ဆိုးဧကရာဇ်ကို အနိုင်မရခဲ့ပေ။

နတ်ဆိုးဧကရာဇ် ဤနေရာတွင် ရှိနေသရွေ့ နတ်ကုန်းမြေတိုက်သည် ယနေ့တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သုတ်သင်ရန် ဆန္ဒရှိလျှင်ပင် လွယ်ကူလိမ့်မည်မဟုတ်ချေ။

“အရင်ပြန်ဆုတ်ကြစို့”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

နတ်ဆိုးဧကရာဇ်သည် အလွန်တရာပင် အစွမ်းထက်၏။

ဤတိုက်ပွဲအတွင်း သွေးနေမင်းဘိုးဘေးသည်လည်း ပေါ်မထွက်လာသေးပေ။

ထို့အပြင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် အခြားသောဝှက်ဖဲ အချို့လည်း ရှိကောင်းရှိနေနိုင်၏။

အကယ်၍ သူတို့သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အတင်းအကျပ် တိုက်ခိုက်မည်ဆိုလျှင် သူတို့အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သုတ်သင်နိုင်ခဲ့လျှင်ပင် ယင်းအတွက် ကြီးမားသော အဖိုးအခအား ပေးဆပ်ရလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။

အခန်း(၂၄၃၅)ပြီး၏။

အခန်း(၂၄၃၆)

ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ခဲ့သော်လည်း နတ်ဆိုးဧကရာဇ် ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သုတ်သင်မည့် အစီအစဥ်အား စွန့်လွှတ်ခဲ့ရပြီး စစ်မိစ္ဆာမြို့တော်သို့ ယာယီ ဆုတ်ခွာခဲ့ရသည်။

လက်ရှိတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အင်အားများစွာ ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

နတ်ဆိုးဧကရာဇ် ပေါ်ထွက်လာမှုနှင့်အတူ စစ်မိစ္ဆာမြို့တော်နှင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတို့ ကြားရှိ အခြေအနေသည် တစ်ဖန် ပြန်လည် တင်းမာလာခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ခန်းမဆောင် တစ်ခုတွင် နတ်ဆိုးဧကရာဇ်သည် ခန်းမ၏ အလယ်ဗဟိုရှိ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။

သူ၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကုလားထိုင်များတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါး ထိုင်နေကြ၏။

“ငါ့တစ်သက်မှာ ဒီလောက် ပြင်းထန်တဲ့ဒဏ်ရာကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာပဲ.. အခု နတ်ဘုရားနယ်မြေက ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကိ အမြစ်ပြတ်သုတ်သင်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီ.. ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုအနေနဲ့ ဒီကပ်ဘေးကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ ဆွေးနွေးကြစို့”

နတ်ဆိုးဧကရာဇ်က နက်ရှိုင်းသော မျက်ဝန်းများဖြင့် မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို ဝေ့ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

နတ်ဆိုးဧကရာဇ်က ထိုစကားကို ပြောလိုက်သည်နှင့် မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားကြသည်။

နတ်ဘုရားနယ်မြေ၏ အင်အားသည် သူတို့ ထင်မြင်ထားသည်ထက်ပင် လုံးဝ သာလွန်နေခဲ့သည်။

လက်ရှိအချိန်တွင် နတ်ဘုရားနယ်မြေ၏ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ အရေအတွက်သည် သူတို့ မဟာနတ်ဆိုးဘုရင် ရှစ်ပါးထက် ပို၍ များပြားနေရုံသာမက နဝမအဆင့်ကိုပင် ကျော်လွန်နေသည့် ပုဂ္ဂိုလ်တစ်ဦးပင် ရှိနေခဲ့၏။

သူတို့၏ ခေါင်းဆောင် ဖြစ်သည့် နတ်ဆိုးဧကရာဇ် ပင်လျှင် ထိုပုဂ္ဂိုလ်ကို ရင်ဆိုင်ရန် ခက်ခဲနေခဲ့သည် မဟုတ်ပါလော။

“အရှင်နတ်ဆိုးဧကရာဇ်.. အခုအချိန်မှာ ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဘုရားနယ်မြေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အင်အားမရှိတော့ဘူး.. ဒါကြောင့် အချိန်ဆွဲဖို့ပဲ အစွမ်းကုန် ကြိုးစားရလိမ့်မယ်.. စကြဝဠာ အဆင့်စစ်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သွေးနေမင်းဘိုးဘေးက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာရှိတဲ့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါပြီ.. နတ်ဘုရားနယ်မြေဆီ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ရောက်ရှိလာတဲ့ အထိသာ အချိန်ဆွဲနိုင်မယ်ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မှာပါ”

မျက်လုံးသုံးလုံး မဟာနတ်ဆိုးဘုရင်က နတ်ဆိုးဧကရာဇ်ကိုပြောလိုက်သည်။

ထိုစကားကိုကြားလျှင် နတ်ဆိုးဧကရာဇ်၏ မျက်ဝန်းများသည် အရောင်လက်သွားခဲ့၏။

“ဒါဆိုရင် အခုချက်ချင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဝင် အားလုံးကို ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှာ စုစည်းပြီး နတ်ဘုရားနယ်မြေရဲ့ တိုက်ခိုက်မှုကို အစွမ်းကုန်ခုခံဖို့ အမိန့်ထုတ်လိုက်”

နတ်ဘုရားနယ်မြေတွင် နတ်ဘုရင် နဝမအဆင့်ကို ကျော်လွန်နေသည့် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့် ထိုပုဂ္ဂိုလ်ကို အနိုင်ယူရန်မှာ အခွင့်အလမ်း လုံးဝ မရှိသလောက်ပင်။

ယခုအချိန်တွင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် တတ်နိုင်သမျှ အချိန်ဆွဲရန်သာ ရှိတော့၏။

အကယ်၍ သွေးနေမင်းဘိုးဘေးသာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ဆက်သွယ်နိုင်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အင်အားစုများကို နတ်ကုန်းမြေတိုက်ဆီ ရောက်ရှိစေခဲ့လျှင် သူတို့အနေဖြင့် နတ်ဘုရားနယ်မြေကို စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် မဆက်သွယ်နိုင်လျှင်ပင် သူ့အနေဖြင့် စစ်မှန်သော နတ်ဆိုးဧကရာဇ် ဖြစ်လာရန် အချိန်အနည်းငယ် ရရှိလျှင် နတ်ဘုရားနယ်မြေကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည် ဖြစ်သည်။

နတ်ဆိုးဧကရာဇ်က မဟာနတ်ဆိုးဘုရင် ရှစ်ပါးနှင့် အစည်းအဝေး ပြုလုပ်နေစဥ်တွင် စစ်မိစ္ဆာမြို့တော်၌ ကျန်းချန်နှင့် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများသည်လည်း အစည်းအဝေး ပြုလုပ်နေခဲ့ကြသည်။

“စီနီယာတို့.. အခုအချိန်မှာ နတ်ဆိုးဧကရာဇ် ကိုယ်တိုင် ထွက်ပေါ်လာပြီဆိုတော့ ဟင်းလင်းပြင် နတ်ဆိုးတွေကို သုတ်သင်ဖို့က မလွယ်ကူတော့ဘူး.. ကျွန်တော်တို့ ဆက်လက် တိုက်ခိုက်မလား ဒါမှမဟုတ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အရင်ကလိုပဲ ထာဝရဟင်းလင်းပြင်ထဲမှာ ကန့်သတ်ထားမလား ဆိုတာ အားလုံးရဲ့ အမြင်တွေကို ပြောပြပေးကြပါ”

ကျန်းချန်က ခန်းမအတွင်းရှိ လူများကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဆက်တိုက်မယ်.. မြက်ပင်ကို အမြစ်ပါမကျန် မသုတ်သင်ရင် နွေဦးလေပြေ တိုက်ခိုက်လာတာနဲ့ ပြန်ပေါက်လာမှာပဲ.. အခု ငါတို့ နတ်ဘုရားနယ်မြေက ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့ပြီ.. သူတို့ကို အင်အား ပြန်ဖြည့်ဖို့ အခွင့်အရေး ထပ်ပေးလို့ မဖြစ်ဘူး”

“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားပြန်လည်နာလန်ထမှုက အရမ်းကို မြန်ဆန်လွန်းတယ်...သူတို့ နာလန်ထူသွားနိုင်တာနဲ့ နတ်ဘုရားနယ်မြေ အတွက် ကြီးမားတဲ့ဘေးအန္တရာယ် ဖြစ်လာမှာ သေချာတယ်”

ဝူကျန့်ထျန်းက သူ၏ အမြင်ကို ပြောဆိုလိုက်သည်။

ထိုစကားကိုကြားလျှင် ဆရာသခင်စန်းမင်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အမြင်ကို ဝင်ရောက်ဆွေးနွေးလိုက်၏။

“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှာ နတ်ဆိုးဧကရာဇ် အပြင် တခြားဝှက်ဖဲ အချို့လည်း ရှိနေနိုင်သေးတယ်.. ငါတို့သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဆက်လက် တိုက်ခိုက်မယ်ဆိုရင် သူတို့ကို သုတ်သင်နိုင်ရင်တောင်မှ ငါတို့ဘက်က အရမ်းကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ရမှာကို ငါစိုးရိမ်မိတယ်”

နတ်ဘုရားနယ်မြေမှ အခြားသော အစွမ်းထက် ကျင့်ကြံသူများသည်လည်း သူတို့၏ အမြင်များကို ကိုယ်စီ ထုတ်ဖော်ခဲ့ကြသည်။

အချို့က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဆက်လက်တိုက်ခိုက်ရန် သဘောတူခဲ့ကြပြီး အချို့ကမူ လက်ရှိအချိန်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် မသင့်လျော်သေးဟု ယူဆခဲ့ကြသည်။

ထိုခဏအတွင်း ကျန်းချန် ပင်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန် သင့် မသင့်နှင့် ပတ်သက်၍ မရေမရာ ဖြစ်နေခဲ့သည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး စကားတစ်လုံးမှ ဝင်မပြောသေးသည့် မင်ယွဲ့ရှင်းကို လှမ်းကြည့်လိုက်သည်။

“စီနီယာမင်ယွဲ့.. စီနီယာရဲ့ အမြင်ကရော ဘယ်လိုရှိလဲ”

မင်ယွဲ့ရှင်းက ခဏမျှ တိတ်ဆိတ်သွားပြီးမှ အေးစက်စက် ပြောလိုက်သည်။

“ဒီကနေ့ နတ်ဘုရားနယ်မြေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု မဟုတ်ဘူး.. ပြောရရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သုတ်သင်ပစ်မပစ်က တကယ်တမ်း အဲဒီလောက်ထိ အရေးမကြီးဘူး”

မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် ကျန်းချန်နှင့် အခြားသူများသည် ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ‌ လေးနက်သော လေသံဖြင့် မေးလိုက်၏။

“စီနီယာရဲ့ဆိုလိုရင်းကို ရှင်းပြပေးလို့ရမလား”

“အဲဒီအချိန်က စကြဝဠာအဆင့် တိုက်ပွဲမှာ နတ်ဘုရားနယ်မြေက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အနိုင်ရခဲ့တယ်.. ဒါပေမဲ့ တကယ်တမ်းမှာတော့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူတွေ အလျှော့မ‌ပေးခဲ့ကြဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ဆိုတာက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ကျင့်ကြံသူတွေ နတ်ဘုရားနယ်မြေမှာ ထားရစ်ခဲ့တဲ့ နယ်ရုပ်ပဲ”

မင်ယွဲ့ရှင်းက အားလုံး အံ့အားသင့်လောက်သည့် သူမ၏ အမြင်ကို ထုတ်ဖော် ပြောဆိုလိုက်သည်။

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ကျင့်ကြံသူတွေက တစ်ကျော့ ပြန်လာဦးမယ်လို့ ငါခံစားနေမိတယ်”

မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများ၏ မျက်နှာ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ယခု ခန်းမထဲတွင်‌ ရောက်ရှိနေသော အစွမ်းထက် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေ၏ ထိပ်တန်း အင်အားစုများမှ အဓိကပုဂ္ဂိုလ်များ ဖြစ်ကြ၍ ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး ဖြစ်သည့် စကြဝဠာအဆင့် တိုက်ပွဲအကြောင်းကို သဘာဝကျစွာပင် သိရှိထားကြသည်။

အကယ်၍ မင်ယွဲ့ရှင်း ပြောသလိုပင် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ကြသည့် အင်မော်တယ် ကျင့်ကြံသူများ နတ်ဘုရားနယ်မြေသို့ အမှန်တကယ် ပြန်ရောက်လာခဲ့လျှင် ယင်းသည် သူတို့ နတ်ဘုရားနယ်မြေ အတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူက နတ်ဘုရားနယ်မြေ၏ ရှေးဟောင်းကပ်ဘေးကြီး ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းကို ဤနေရာရှိ မည်သူထက်မဆို ပိုမို နားလည်ခဲ့သည်။

ထိုစဥ်က အင်မော်တယ် ကျင့်ကြံသူများ နတ်ဘုရားနယ်မြေကို ကျူးကျော်လာကြခြင်းမှာ သူ့လက်ထဲကို မတော်တဆ ရောက်ရှိလာသည့် အင်မော်တယ် ကျောက်တိုင်ကြောင့်သာ ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံသူများ၏ အမြင်တွင် အင်မော်တယ်ကျောက်တိုင်သည် အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များ ပါဝင်နေသော အထွတ်အထိပ် ပစ္စည်းတစ်ခု ဖြစ်၏။

အင်မော်တယ်ကျောက်တိုင် အတွက်သာဆိုလျှင် စကြဝဠာအဆင့် စစ်ပွဲဆင်နွှဲရသည့်တိုင် အင်မော်တယ် ကျင့်ကြံသူများသည် တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။

ထိုစဥ်က တိုက်ပွဲတွင် အင်မော်တယ် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေကို ရှုံးနိမ့်ခဲ့ပြီး အဆုံးသတ်တွင် နတ်ဘုရားနယ်မြေထံမှ အင်မော်တယ်ကျောက်တိုင်ကို ပြန်လည် မရရှိခဲ့ရာ အင်မော်တယ် ကျင့်ကြံသူများ အနေဖြင့် မည်ကဲ့သို့ ကျေနပ်နိုင်ပါမည်နည်း။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို အဘယ်ကြောင့် ထပ်မံ ကျူးကျော်ခြင်း မပြုခဲ့မှန်း မသိသော်လည်း အခွင့်အရေးသာ ရရှိခဲ့လျှင် အင်မော်တယ် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေသို့ ပြန်လာရန် ဘယ်သောအခါမှ လက်လျှော့လိမ့်မည် မဟုတ်ပေ။

“စီနီယာမင်ယွဲ့.. စီနီယာ ဆိုလိုတာက ကျွန်တော်တို့အနေနဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သုတ်သင်ဖို့ပဲ အာရုံမစိုက်ဘဲ အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ နောက်ထပ် ကျူးကျော်မှုကို ကာကွယ်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ ဆိုလိုတာလား”

ကျန်းချန်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

“ငါဆိုလိုချင်တာ အဲဒီသဘောပဲ.. မင်း ငါ့ကို ပေးထားတဲ့ လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံပြီးတဲ့နောက်မှာ နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတယ်လို့ ငါခံစားရတယ်.. ဒါကြောင့်လည်း ငါက အုပ်စိုးသူအဆင့်ရဲ့ စွမ်းအားကို အနည်းငယ် နားလည်သဘောပေါက်ခဲ့ပြီး နတ်ဘုရင်နဝအဆင့်ကို ကျော်လွန်တဲ့ အင်အားကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် မင်ယွဲ့ရှင်းသည် ခဏမျှ ရပ်တန့်လိုက်သည်။

သူမက ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“တကယ်လို့ ကောင်းကင်လမ်းစဥ်သာ ပြန်လည် ကောင်းမွန်လာခဲ့မယ်ဆိုရင် နတ်ဘုရားနယ်မြေမှာ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာနိုင်မှာပါ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

အကယ်၍ နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က ပြန်လည် ကောင်းမွန်လာခဲ့ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦးကို မွေးဖွားပေးနိုင်ခဲ့မည် ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုလောက်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

ထို့ကြောင့် သူတို့အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်နေမည့်အစား နတ်ဘုရားနယ်မြေ၏ အင်အားကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် တည်ဆောက်ခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလော။

အခန်း(၂၄၃၆)ပြီး၏။

All Chapters