← Chapters

အခန်း (၂၄၃၇-၂၄၃၈)

Vol. 184 Ch. 2437-2438

အခန်း (၂၄၃၇-၂၄၃၈)

Vol. 184 Ch. 2437-2438

အခန်း(၂၄၃၇)

“ကောင်းပြီ လောလောဆယ်တော့ အခြေအနေကိုပဲ စောင့်ကြည့်ကြစို့.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်တာ ခဏရပ်ထားလိုက်မယ်”

ကျန်းချန်က ခဏမျှ စဥ်းစားပြီးနောက်တွင် ခန်းမထဲရှိ လူများကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာတို့ အသက်လမ်းစဥ်မှာ ထူးချွန်တဲ့ လူငယ်ပါရမီရှင်တွေကို သိကြလား”

နတ်ဘုရားနယ်မြေ၏ ကောင်းကင်နိယာမ အင်အားသည် ကောင်းကင်လမ်းစဥ်နှင့် နီးကပ်စွာ ဆက်နွှယ်နေခဲ့သည်။

နတ်ဘုရားနယ်မြေကို အုပ်စိုးသူအဆင့် အထိ ထိုးဖောက်နိုင်သည့် အခြေအနေမျိုး ပြန်လည်ရောက်ရှိအောင် လုပ်ဖို့အတွက်ဆိုလျှင် ပထမဦးဆုံးအနေဖြင့် ကောင်းကင်လမ်းစဥ်နှင့် တွေ့ရလိမ့်မည် ဖြစ်သည်။

ယခုအခါတွင် ကောင်းကင်လမ်းစဥ်ကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ပင်မနန်း‌ဆောင်ထဲတွင် ချိတ်ပိတ်ထားခဲ့သည်။

သူယခု လုပ်ရမည်မှာ ပင်မနန်းဆောင်ကို ဖွင့်လှစ်ပြီး ကောင်းကင်လမ်းစဥ်ကို နတ်ဘုရားနယ်မြေတွင် တစ်ကျော့ပြန် ပေါ်ထွက်လာအောင် လုပ်ရန် ဖြစ်၏။

ပင်မနန်းဆောင်ကို ဖွင့်လှစ်ဖို့အတွက် ဆိုလျှင် ပထမဦးဆုံးအနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အတွက် သင့်တော်သည့် ဆက်ခံသူ တစ်ယောက်ကို အရင် ရှာဖွေပေးရပေလိမ့်မည်။

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် ထာဝရရှင်သန်ခြင်း နန်းတော်ထဲတွင် အလွန် လျင်မြန်စွာ ပြန်လည် နာလန်ထူနိုင်ကြောင်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပြောခဲ့ဖူးသည်။

ထာဝရရှင်သန်ခြင်း နန်းတော်၏ ပင်မနန်းဆောင်ကို ဖွင့်လှစ်နိုင်မည့် သင့်တော်သော ဆက်ခံသူသာ ရှာတွေ့နိုင်လျှင် နတ်ဘုရားနယ်မြေသည် ရှေးခေတ်ကာလက ကဲ့သို့ တောက်ပသော ခေတ်ကာလဆီ ပြန်လည် ရောက်ရှိနိုင်ပေလိမ့်မည် မဟုတ်ပါလား။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အဓိက ကျင့်ကြံသော လမ်းစဥ်မှာ အသက်လမ်းစဥ် ဖြစ်သည်။

အကယ်၍ နတ်ဘုရားနယ်မြေတွင် အသက်လမ်းစဥ်တွင် ထူးချွန်သော လူငယ်ပါရမီရှင်များ ရှိနေလျှင် ၎င်းတို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရန်အတွက် အသင့်တော်ဆုံး ဖြစ်မည်မှာ သေချာ၏။

သို့သော်လည်း နတ်ဘုရားနယ်မြေတွင် ကျင့်ကြံခြင်းလမ်းစဥ် သုံးထောင် ရှိသော်လည်း အသက်လမ်းစဥ်ကို ကျင့်ကြံသည့် သိုင်းပညာရှင်များသည် အလွန်တရာ ရှားပါးလှ၏။

ကျန်းချန် ကြုံတွေ့ဖူးသည့် အသက်လမ်းစဥ် ကျင့်ကြံသူ ဟူ၍ အ‌ရှေ့ဘက်ရှိ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသာ ရှိသည်။

သို့သော်လည်း သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် အင်အားမတောင့်တင်းဘဲ နတ်ဘုရင်အဆင့်ပင် မရှိသလောက် ဖြစ်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို မျက်စိကျစေနိုင်လောက်သည့် ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်ရန်မှာ အလွန်တရာပင် ခက်ခဲသည်။

“အသက်လမ်းစဥ်လား”

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ အများအပြားသည် ကျန်းချန်၏ စကားကို ကြားလျှင် ခဏမျှ မှင်တက်သွားခဲ့ကြသည်။

ကျန်းချန်က အသက်လမ်းစဥ်တွင် ထူးချွန်သည့် လူငယ်ပါရမီရှင်ကို အဘယ်ကြောင့် ရှာဖွေချင်နေမှန်း မသိသောကြောင့် သူတို့အားလုံးသည် ကျန်းချန်ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

“ရှေးခေတ်ကာလတုန်းကတော့ နတ်ဘုရားနယ်မြေမှာ အသက်လမ်းစဥ်ကို ကျင့်ကြံတဲ့ အုပ်စိုးသူအဆင့် အင်အားစုတစ်စု ဖြစ်တဲ့ သက်ရှည်တောင်ကြား ဆိုတာ ရှိခဲ့ဖူးတယ်.. အဲဒီသက်ရှည်တောင်ကြားက နတ်ဘုရားနယ်မြေမှာ ရှိနေသေးလားဆိုတာတော့ ငါလည်းမသိဘူး”

ထိုအခိုက်အတန့်တွင် မင်ယွဲ့ရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

“သက်ရှည်တောင်ကြားလား”

မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ထိုခဏဝယ် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် သက်ရှည်တောင်ကြားကို ပထမဆုံးအကြိမ် ဆက်စပ် တွေးတောကြည့်မိလိုက်၏။

သို့သော်လည်း ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် ခေါင်းခါရမ်းလိုက်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် နတ်ဘုရားနယ်မြေထက် ပိုမို မြင့်မားသည့် ကမ္ဘာကနေ လာခြင်း ဖြစ်ရာ နတ်ဘုရားနယ်မြေ၏ သက်ရှည်တောင်ကြားနှင့် မည်ကဲ့သို့ ပတ်သက်နိုင်ပါမည်နည်း။

“လနတ်နန်းတော်သခင်မ.. သက်ရှည်တောင်ကြားက နတ်ဘုရားနယ်မြေမှာ ရှိနေပါသေးတယ်.. ဒါပေမဲ့ ရှေးခေတ်ကာလက ကပ်ဘေးကြီးပြီးကတည်းက သက်ရှည်တောင်ကြားက အတော်လေး ဆုတ်ယုတ်သွားခဲ့ပြီး သိုသိုသိပ်သိပ် နေထိုင်ဖို့ပဲ ရွေးချယ်ခဲ့ကြတော့တယ်.. ဒီနှစ်တွေအတွင်းမှာ သက်ရှည်တောင်ကြားက လူတွေက နတ်ဘုရားနယ်မြေမှာ ထွက်ပေါ်လာတာ အရမ်းကို ရှားပါးသွားခဲ့ပြီ”

ဆရာသခင်စန်းမင်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။

ကျန်းချန်က အလျင်အမြန်ပင် မေးလိုက်၏။

“စီနီယာစန်းမင်.. သက်ရှည်တောင်ကြား ဘယ်နေရာမှာရှိလဲဆိုတာ ပြောပြပေးနိုင်မလား”

သက်ရှည်တောင်ကြားသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သောကြောင့် အင်အားဆုတ်ယုတ်သွားခဲ့လျှင်ပင် ပိန်သွားသော ကုလားအုပ်သည် မြင်းထက်ကြီးသေးသည် ဟူသည့် ဆိုရိုစကား ရှိသေးသည် မဟုတ်ပါလော။

သူက အသက်လမ်းစဥ်တွင် ထူးချွန်သည့် ပါရမီရှင်တစ်ယောက်ကို ရှာဖွေနေခြင်း ဖြစ်ရာ သက်ရှည်တောင်ကြားသည် သူအသွားသင့်ဆုံး နေရာ ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။

“သက်ရှည်တောင်ကြား ပျောက်ကွယ်သွားပြီးနောက်မှာ သူတို့ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို သိတဲ့သူက ဒီလောကမှာ လက်ချိုးရေတွက်လို့ရတဲ့ အရေအတွက်လောက်ပဲ ရှိတော့တယ်.. ကံကောင်းတာက အဲဒီထဲမှာ ငါလည်း တစ်ယောက်အပါအဝင် ဖြစ်နေတာပဲ”

ဆရာသခင်စန်းမင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ငါတစ်လောကလုံးကို လှည့်လည် သွားလာနေတုန်းက သက်ရှည်တောင်ကြားက တပည့်တစ်ယောက်ကို ကယ်တင်ပေးခဲ့ဖူးတယ်.. မင်းငါ့ရဲ့ အထိန်းအမှတ် တံဆိပ်ပြားကို ယူသွားပြီး နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်ကို သွားလိုက်ပါ.. အဲဒီနေရာမှာ အမည်မဲ့ ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို ရှာလိုက်ရင် သက်ရှည်တောင်ကြားက လူကို တွေ့နိုင်ပါလိမ့်မယ်”

ဆရာသခင်စန်းမင်သည် ကျန်းချန်က အဘယ်ကြောင့် အသက်လမ်းစဥ်တွင် ထူးချွန်သည့် ပါရမီရှင်ကို ရှာဖွေနေမှန်း မသိသော်လည်း ယင်းသည် နတ်ဘုရားနယ်မြေ၏ ကောင်းကင်နိယာမများ ပြန်လည် ကောင်းမွန်လာရန်နှင့် ပတ်သက်နေနိုင်သည်ဟု ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် ဆရာသခင်စန်းမင်သည် ကျန်းချန်ကို ကူညီရန် အစွမ်းကုန် ကြိုးစားနေခြင်းပင်။

ဆိုရလျှင် နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသည့် ဆရာသခင် စန်းမင်သည်လည်း နတ်ဘုရားနယ်မြေ၏ ကောင်းကင်နိယာမများ ပြန်လည် ကောင်းမွန်လာမည်ကို မျှော်လင့်နေခဲ့သည်။

သို့မှသာ သူ့အနေဖြင့် ဒဏ္ဍာရီလာ အုပ်စိုးသူ အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။

“နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်လား”

ဆရာသခင်စန်းမင် သူ့ကို ပေးသော အထိမ်းအမှတ်တံဆိပ်ပြားကို ယူလိုက်စဥ် ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဖြစ်နိုင်သည်မှာ သက်ရှည်တောင်ကြားသည် နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေထဲတွင် ရှိနေနိုင်ပါသလော။

နတ်ဘုရားနယ်မြေ၏ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဖြစ်သောကြောင့် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် ဤလောကတွင် ပုန်းအောင်းရန်အတွက် အမှန်တကယ် အကောင်းဆုံးနေရာ ဖြစ်သည်။

သက်ရှည်တောင်ကြား၏ သတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ အားလုံးကို နှုတ်ဆက်ကာ စစ်မိစ္ဆာမြို့တော်ကနေ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။

နတ်ကုန်းမြေတိုက်သို့ ပြန်ရောက်သောအခါတွင် ကျန်းချန်သည် အနားမယူဘဲ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော် ဆီသို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်ကို ရောက်ရှိခဲ့ပြီး ဆရာသခင်စန်းမင် ပေးထားသော အချက်အလက်အတိုင်း အမည်မဲ့ဟု ဆိုင်းဘုတ်တင်ထားသော ဆိုင်ကို လျင်မြန်စွာပင် ရှာဖွေတွေ့ရှိခဲ့သည်။

ဤဆိုင်မှာ အလွန်တရာ ရှေးကျပြီး နတ်ဘုရားသင်္ချိုင်းရှေးဟောင်းမြို့တော်၏ မထင်မရှားနေရာတွင် တည်ရှိသည်။

လူအများစုသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်တွင် ဤကဲ့သို့ ဆိုင်မျိုး ရှိနေသည်ကိုပင် မသိကြချေ။

ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဆိုင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဆိုင်က မကြီးမားလှဘဲ မီတာတစ်ရာခန့်သာ ရှိသည်။

တစ်ဆိုင်လုံးသည် ဆိုင်၏ အလယ်ဗဟိုတွင် မြှုပ်နှံထားသော လကျောက်တုံးနှစ်တုံးကြောင့် လင်းထိန်နေခဲ့၏။

ဆိုင်က ခြောက်ကပ်နေပြီး ကျန်းချန်မှလွဲ၍ ဝယ်ယူသူ ရှိမနေပေ။

ကျန်းချန်က ဆိုင်အတွင်းဘက်ကို အကဲခတ် ကြည့်လိုက်ရာ ဆိုင်၏ ကောင်တာနောက်တွင် ခေါင်းငုံ့ပြီး သစ်သားရုပ်ထုတစ်ခုကို ထွင်းထုနေသော မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို တွေ့လိုက်ရသည်။

ထို မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ခါးကိုင်းကာ ဆံပင်များ ဖြူဖွေးနေခဲ့ပြီး အလွန်အမင်း အိုမင်းနေပုံရ၏။

၎င်း၏ ခန္ဓာကိုယ်ကနေ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်မနေခဲ့ပေ။

ရှင်းလင်းစွာဆိုရလျှင် ထိုအဘိုးအိုသည် သေခါနီးအချိန်သို့ရောက်ရှိနေသည့် သာမန် အဘိုးအိုတစ်ဦးနှင့် ဆင်တူနေခဲ့၏။

သို့သော်လည်း မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို ထုလုပ်နေသော သစ်သားရုပ်ထုကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အကြောင်းရင်းမှာ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ လက်ထဲရှိ သစ်သားသည် အလွန်တရာ ရှားပါးသော ဖီးနစ်သွေး နတ်သစ်သား ဖြစ်နေသောကြောင့်ပင်။

ဖီးနစ်သွေး နတ်သစ်သားသည် အလွန်တရာ မာကျောပြီး ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦး ပင်လျှင် ဖီးနစ်သွေးနတ်သစ်သားပေါ်တွင် မည်သည့်အမှတ်အသားမှ ချန်ရစ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူ့ရှေ့မှ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကမူ ဖီးနစ်သွေး နတ်သစ်သားကို အလွန် လွယ်ကူစွာ ထွင်းနေခဲ့သည်။

ကျန်းချန်ကို ပို၍ အံ့ဩ ထိတ်လန့်သွားစေသည်မှာ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ပန်းပုပညာရပ်တွင် အလွန်မြင့်မားသော အောင်မြင်မှုကို ရရှိထားခြင်း ဖြစ်ပြီး ဖီးနစ်သွေး နတ်သစ်သားဖြင့် ထုလုပ်နေ‌သော သစ်သားဓားတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ခပ်ရေးရေး ထွက်ပေါ်နေသောကြောင့်ပင်။

ဤသစ်သားဓားကို အဘိုးအိုက အောင်မြင်စွာ ထုလုပ်ပြီးသည်နှင့် သစ်သားဓား၏ စွမ်းအားသည် နတ်ဘုရင်အဆင့်အောက်ရှိ မည်သည့် နယ်မြေနတ်ဘုရားကို မဆို သေချာပေါက် သတ်ဖြတ်နိုင်မည်ဟု ကျန်းချန် ခံစားမိနေခဲ့သည်။

“ဒီအဘိုးကြီးက သာမန်လူ လုံးဝမဖြစ်နိုင်ဘူး”

ကျန်းချန်က မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို ကြည့်နေသော်လည်း မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျန်းချန်ရောက်လာသည်ကို သတိပြုမိပုံမရပေ။

သူက သစ်သားဓား ထုလုပ်ရာတွင်သာ အာရုံစိုက်နေခဲ့ပြီး ကျန်းချန်ကို လုံးဝ အရေးမစိုက်ခဲ့ပေ။

ကျန်းချန်က အဘိုးအိုကို လုံးဝ အနှောင့်အယှက် မပေးဘဲ ဆိုင်အတွင်း အခြေအနေကို အကဲခတ် ကြည့်လိုက်သည်။

ဆိုင်အတွင်းတွင် သစ်သားစင်များ အစီအရီ ရှိနေခဲ့သည်။

သစ်သားစင်များသည် ဆွေးမြည့်ကာ သိသိသာသာပင် ဟောင်းနွမ်းနေခဲ့၏။

သစ်သားစင်များပေါ်တွင် ပစ္စည်းတချို့ကို ကျပန်း တင်ထားခဲ့ပြီး ၎င်းတို့ထဲမှာ အများစုသည် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို ထုလုပ်ထားသော ပစ္စည်းများ ဖြစ်ပုံရသည်။

ထိုပစ္စည်းများတွင် လက်နက်များ၊ ရုပ်ထုများနှင့် အလှဆင်ပစ္စည်းများ ပါဝင်၏။

ပစ္စည်းတစ်ခုချင်းစီ၏ ကုန်ကြမ်းပစ္စည်းသည် အလွန်တရာပင် ထူးခြားပြီး အားကောင်းသော စွမ်းအားများ ပါဝင်နေခဲ့သည်။

ဤဆိုင်ထဲမှ ပုပန်းလက်ရာ တစ်ခုချင်းစီသည် သာမန် နတ်ဘုရင်အဆင့် လက်နက်များနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျလိမ့်မည် မဟုတ်မှန်း ကျန်းချန် ခံစားမိနေခဲ့၏။

ရှင်းလင်းစွာဆိုရလျှင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် နတ်ဘုရင်အဆင့် လက်နက် အမြောက်အများကို ထုလုပ်ထားသည်ဟုပင် ဆို၍ရသည်။

အခန်း(၂၄၃၇)ပြီး၏။

အခန်း(၂၄၃၈)

နတ်ဘုရင်အဆင့် လက်နက်အမြောက်အများ ထုတ်လုပ်ထားသည်ကို မြင်လျှင် ကျန်းချန်သည် အသက်ရှူမှားမတတ်ပင် မှင်တက်သွားခဲ့သည်။

နတ်ဘုရင်အဆင့်လက်နက် ဆိုသည်မှာ အစွမ်းထက် နတ်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဖန်တီးနိုင်သည့် လက်နက်အမျိုးအစား ဖြစ်သည်။

ထိုလက်နက်များတွင် နတ်ဘုရင်အဆင့်၏ စွမ်းအာများ ကိန်းအောင်းနေပြီး လက်နက်၏ စွမ်းရည်သည် အလွန်တရာပင် ထူးခြားသည်။

သို့သော်လည်း နတ်ဘုရင်နဝမအဆင့်ရှိ ဆရာသခင်စန်းမင်ပင်လျှင် နတ်ဘုရင်အဆင့် လက်နက် အမြောက်အများကို မထုတ်လုပ်နိုင်ပေ။

သူ့ရှေ့မှ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် နတ်ဘုရင် နဝမအဆင့်ကို ကျော်လွန်နေသည့် ပုဂ္ဂိုလ်တစ်ပါး ဖြစ်နိုင်ပါသလော။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ စိတ်ထဲမှ အံ့ဩမှုများကို ထိန်းချုပ်ကာ ဆိုင်အတွင်းကို ဆက်လက် ကြည့်ရှုခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်၏ အကြည့်သည် ကျောက်စိမ်းရုပ်ထု တစ်ခု ပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုရုပ်ထုသည် စံအိမ်၏ အလယ်ဗဟိုတွင် တည်ရှိနေခဲ့သည်။

ကျန်းချန်သည် ထိုရုပ်ထုထံကနေ မြင့်မြတ်သော အရှိန်အဝါကို ခံစားခဲ့ရသည်။

ထိုအရှိန်အဝါသည် တုနှိုင်းမဲ့ ဘုရင်တစ်ပါးက ကမ္ဘာလောက၏ အထက်တွင် ရပ်တည်ကာ အောက်ကို ငုံ့ကြည့်နေသကဲ့သို့ပင်။

ကျန်းချန်ကို အံ့ဩတုန်လှုပ်စေသော အချက်မှာ ထိုကျောက်စိမ်းရုပ်ထုသည် သူ၏ စိတ်ထဲရှိ ပုံရိပ်တစ်ခုနှင့် ထပ်တူကျနေခြင်းကြောင့် ဖြစ်သည်။

ဆိုရလျှင် ထိုအဘိုးအို ထုဆစ်ထားသော ကျောက်စိမ်းရုပ်ထုသည် ထာဝရရှင်သန်ခြင်းနန်းတော်တွင် သူမြင်တွေ့ခဲ့ရသည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အတော်လေး ဆင်တူနေခဲ့၏။

ကျန်းချန်၏ စိတ်နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

သူ့ရှေ့မှ မီးခိုး‌ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ရုပ်ထုကို မည်ကဲ့သို့ ထုဆစ်နိုင်ရပါသနည်း။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် တစ်ချိန်က နတ်ဘုရားနယ်မြေသို့ ရောက်လာခဲ့ခြင်း ဖြစ်နိုင်ပါသလော။

နတ်ဘုရားနယ်မြေတွင် ရှေးခေတ်ကာလက နာမည်ကျော်ကြားခဲ့သည့် သက်ရှည်တောင်ကြားသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အမှန်တကယ်ပင် ပတ်သက်မှု တစ်စုံတစ်ရာ ရှိနေနိုင်ပါသလော။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျောက်စိမ်းရုပ်ထု ရှေ့သို့ တိုက်ရိုက်ပင် လျှောက်သွားလိုက်သည်။

သူက ကျောက်စိမ်းရုပ်ထုကို ယူပြီး အသေအချာ ကြည့်ရှုရန် ပြင်လိုက်စဥ်မှာပင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားသံက ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ပဲ့တင်ထပ်လာခဲ့သည်။

“ကောင်လေး.. ဒီကျောက်စိမ်းရုပ်ထုက ရောင်းဖို့မဟုတ်ဘူး.. ဒီတစ်ခုက လွဲရင် ကျန်တဲ့ ပစ္စည်းတွေကိုတော့ ငါကျေနပ်စေလောက်မဲ့ ပစ္စည်း ပေးနိုင်သရွေ့ စိတ်ကြိုက် လဲလှယ်နိုင်ပါတယ်”

ထိုစကားသံကို ကြားလိုက်ရလျှင် ကျန်းချန်သည် သူ၏ လက်ကို ရပ်တန့်လိုက်ပြီး မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို လှမ်းကြည့်လိုက်သည်။

အဘိုးအိုသည် သစ်သားဓားကို ထုဆစ်မြဲ ထုဆစ်နေဆဲ ဖြစ်ပြီး ကျန်းချန်ကို မော့ကြည့်ရန်ပင် ဆန္ဒရှိမနေခဲ့ပေ။

ကျန်းချန်က သစ်သားစင်ပေါ်ရှိ ပစ္စည်းများကို အကဲခတ်နေခြင်းကနေ ရပ်တန့်လိုက်ပြီး ကောင်တာ ဆီသို့ လျှောက်လာခဲ့ကာ အဘိုးအိုကို ဂါဝရပြုကာ ပြောလိုက်သည်။

“အဘိုး.. ကျွန်တော် ဒီနေ့ ဒီကိုလာတာက ပစ္စည်း အရောင်းအဝယ်လုပ်ဖို့ မဟုတ်ပါဘူး.. သက်ရှည်တောင်ကြားကို ရှာဖွေဖို့အတွက်ပါ”

ကျန်းချန်၏ စကားကိုကြားလျှင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် သစ်သားဓား ထုလုပ်နေမှုကို ရုတ်တရက် ရပ်တန့်လိုက်သည်။

ထို့နောက်တွင် အဘိုးအိုက ခေါင်းမော့ကာ ကျန်းချန်ကို စိုက်ကြည့်လိုက်၏။

သူ၏ အိုမင်းသော မျက်ဝန်းများတွင် အေးစက်သော အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။

“မင်းဘယ်သူလဲ.. မင်းကို ဘယ်သူစေလွှတ်လိုက်တာလဲ”

မီးခိုးရောင်ဝတ်ရုံဝတ်အဘိုးအိုက ကျန်းချန်ကို မေးခွန်းထုတ်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆိုင်တံခါးသည် “ဝုန်းခနဲ” အသံနှင့်အတူ ပိတ်သွားခဲ့သည်။

သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့၏။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ပင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ အရှိန်အဝါအောက်တွင် အသက်ရှူရကျပ်သလို ခံစားလိုက်ရသည်။

ကျန်းချန် အနည်းငယ် မှင်တက်သွားခဲ့၏။

ဤအဘိုးအို၏ ခွန်အားသည် ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်းတို့ ကဲ့သို့ နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများထက် မည်သို့မျှ မနိမ့်ကျပေ။

နတ်ကုန်းမြေတိုက်တွင် ဆရာသခင် စန်းမင်တို့ နတ်ဘုရင် ခုနစ်ပါး အပြင် ဤကဲ့သို့ လောကကို ကျောခိုင်းထားသည့် အစွမ်းထက် ပုဂ္ဂိုလ်များ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ အရှိန်အဝါကို တွန်းလှန်ရန် သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို လှုံ့ဆော်လိုက်ရသည်။

ထို့နောက်တွင် သူက လက်သီးဆုပ်၍ အလျင်အမြန်ပင် ဂါဝရပြုကာ ပြောလိုက်သည်။

“အဘိုး.. ကျန်းချန်က သက်ရှည်တောင်ကြားကို ရှာဖို့အတွက် ဆရာသခင်စန်းမင်ရဲ့ ညွှန်ကြားချက်နဲ့ ဒီကို ရောက်လာခဲ့တာပါ”

“မင်းက လူသားဧကရာဇ် ကျန်းချန်လား”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်ကို အံ့အားသင့်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။

“ကဲ ငါ့ကို ပြောပြပါဦး.. မင်းက သက်ရှည်တောင်ကြားကို ဘာအတွက် ရှာဖွေချင်ရတာလဲ”

ကျန်းချန်က ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောပြလိုက်သည်။

“ကျွန်တော့်အနေနဲ့ အသက်လမ်းစဥ်မှာ ထူးချွန်တဲ့ လူငယ်ပါရမီရှင် တစ်ယောက်ကို ရှာဖွေဖို့ လိုအပ်နေလို့ပါ”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။

“သက်ရှည်တောင်ကြားမှာ မင်းရှာနေတဲ့ လူငယ်ပါရမီရှင်မျိုး မရှိမှာကို ငါစိုးရိမ်မိတယ်”

“ဘာကြောင့်လဲ အဘိုး”

ကျန်းချန်၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင် အုပ်စိုးသူအဆင့်အင်အားစု ဖြစ်သည့် သက်ရှည်တောင်ကြားသည် လနတ်နန်းတော်ထက် အနည်းငယ်သာ နိမ့်ကျခဲ့သော အင်အားစုဖြစ်သည်။

သက်ရှည်တောင်ကြားသည် ရှေးခေတ်ကာလက ကပ်ဘေးကြီးအပြီးတွင် အင်အားဆုတ်ယုတ်သွားခဲ့သည် ဆိုလျှင်ပင် အုပ်စိုးသူအဆင့် အင်အားစု၏ အခြေခံအုတ်မြစ်များ ရှိနေဆဲဖြစ်ရာ အသက်လမ်းစဥ်တွင် ထူးချွန်သည့် ပါရမီတချို့ကို မွေးထုတ်ပေးနိုင်သင့်သည် မဟုတ်ပါလော။

“ဒီကိစ္စက ရှင်းပြရရင် အရှည်ကြီးပဲ.. ငါနဲ့အတူ သက်ရှည်တောင်ကြားကို လိုက်ခဲ့မယ် ဆိုရင် မင်း အားလုံးကို နားလည်သွားပါလိမ့်မယ်”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ထရပ်လိုက်ပြီး သူ၏ရှေ့မှ နေရာလွတ်ကို လက်ဖြင့် ဆွဲဖြဲလိုက်ရာ နေရာလွတ် လမ်းကြောင်း တစ်ခုသည် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။

“ငါ့နောက်ကနေ လိုက်ခဲ့ပါ”

ထိုစကားကိုပြောပြီးသည်နှင့် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် နေရာလွတ်လမ်းကြောင်း ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

ကျန်းချန်ကလည်း တုံ့ဆိုင်းမနေဘဲ အလျင်အမြန်ပင် လိုက်ပါသွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် အဆုံးမဲ့ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ဆန်းကြယ်သော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိလာသလို ခံစားလိုက်ရသည်။

ကျန်းချန်ကို မယုံကြည်နိုင်စရာ ဖြစ်စေခဲ့သည်မှာ ဤကမ္ဘာတွင် မည်သည့် ကျင့်ကြံမှုမှ မရှိသည့် သာမန်လူ အမြောက်အများ ရှိနေခြင်းပင်။

သိထားရမည့်အချက်မှာ နတ်ဘုရားနယ်မြေသည် သိုင်းပညာရပ် အလွန်တရာ ထွန်းကားလှသော အချက် ဖြစ်သည်။

သူ နတ်ဘုရားနယ်မြေသို့ စတင် ရောက်ရှိစဥ်က နေထိုင်ခဲ့သည့် ရှေးဟောင်းနဂါးနယ်မြေ ကဲ့သို့ ဝေးလံခေါင်သီသောနေရာတွင်ပင် မည်သည့် ကျင့်ကြံမှုမှ မရှိသော သာမန်လူများမှာ မရှိသလောက် ဖြစ်၏။

ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျန်းချန်ကို ရှေးဟောင်းမြို့တော် တစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုမြို့တော်သည် အဆင့်နိမ့်နယ်မြေ ဖြစ်သည့် ရှန်းဝူတိုက်မှ မြို့တော်များနှင့် အတော်လေး ဆင်တူ၏။

သိုင်းပညာရှင် အနည်းငယ်မျှသာ ရှိပြီး အများစုသည် သာမန်လူများသာ ဖြစ်ကြသည်။

ထိုခဏဝယ် ကျန်းချန်သည် သူ၏ မွေးရပ်ဇာတိ ဖြစ်သည့် စန်းရှန်မြို့ကိုပင် ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

“အဘိုး ဒါက ဘယ်နေရာလဲ.. ဒီမှာဘာလို့ သာမန်လူတွေ အများကြီး နေထိုင်နေကြတာလဲ”

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အဆုံးသတ်တွင် မနေနိုင်ဘဲ မေးလိုက်သည်။

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်၏ မေးခွန်းကို ကြားလျှင် ခါးသီးစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။

“ဒါက‌ လောကကြီးကနေ ပျောက်ကွယ်နေတဲ့ သက်ရှည်တောင်ကြားပဲ.. ဒီကလူတွေက သက်ရှည်တောင်ကြားရဲ့မျိုးဆက်တွေပဲ”

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သက်ရှည်တောင်ကြားသည် နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင် အုပ်စိုးသူအဆင့် အင်အားစုကြီး တစ်ခု ဖြစ်သည်။

ရှေးခေတ်ကာလကြီးတွင် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရလျှင်ပင် ၎င်းတို့တွင် အုပ်စိုးသူအဆင့် အင်အားစု၏ အခြေခံအုတ်မြစ်များ ရှိနေဆဲ ဖြစ်၏။

သို့ဖြစ်ရာ သက်ရှည်တောင်ကြားသည် ဤအခြေအနေအထိ မည်ကဲ့သို့ ဆုတ်ယုတ်သွားရပါသနည်း။

ဤအခိုက်အတန့်တွင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက သက်ရှည်တောင်ကြားတွင် သူအလိုရှိသော လူငယ်ပါရမီရှင်ကို ရှာမတွေ့နိုင်ဟု အဘယ်ကြောင့် ပြောခဲ့မှန်း ကျန်းချန် နားလည်သွားခဲ့သည်။

ယနေ့ခေတ် သက်ရှည်တောင်ကြားတွင် အသက်လမ်းစဥ်ကို ကျင့်ကြံသူပင် အလွန်တရာ နည်းပါး၏။

ဤပုံအတိုင်းဆိုလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရန် အရည်အချင်း ပြည့်မီသော လူငယ်ပါရမီရှင်ကို သူ့အနေဖြင့် မည်ကဲ့သို့ ရှာ‌တွေ့နိုင်ပါတော့မည်နည်း။

“ရှေးခေတ်ကာလက စကြဝဠာအဆင့် စစ်ပွဲမှာ သက်ရှည်တောင်ကြားက ကျင့်ကြံသူတွေက မြင့်မြတ်တဲ့ ကျိန်စာနဲ့ အတိုက်ခံခဲ့ရပြီး သိုင်းပညာပါရမီတွေ ကန့်သတ်ခံလိုက်ရတယ်.. ဒါကြောင့်လည်း သက်ရှည်တောင်ကြားက လောကကို ကျောခိုင်းပြီး သိုသိုသိပ်သိပ် နေထိုင်ဖို့ ရွေးချယ်ခဲ့ရတာပဲ”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီနှစ်တွေအတွင်းမှာ သက်ရှည်တောင်ကြားက မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပိုပိုပြီး ဆုတ်ယုတ်လာခဲ့တယ်.. အများစုက သိုင်းပညာတောင် မကျင့်ကြံနိုင်တော့တဲ့ သာမန်လူတွေ ဖြစ်သွားခဲ့ကြရတယ်”

အခန်း(၂၄၃၈)ပြီး၏။

All Chapters