အခန်း (၂၄၃၉-၂၄၄၀)
Vol. 184 Ch. 2439-2440
အခန်း(၂၄၃၉)
သက်ရှည်တောင်ကြားသည် အမှန်တကယ်ပင် မြင့်မြတ်သော ကျိန်စာဖြင့် အတိုက်ခံထားရပါသလော။
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သည့် အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
သက်ရှည်တောင်ကြား ဆိုသည်မှာ နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင် အလွန်အမင်း အစွမ်းထက်သည့် အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည်။
မည်သူက ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသည့် မြင့်မြတ်သည့် ကျိန်စာကို တိုက်ခဲ့၍ သက်ရှည်တောင်ကြားမှ လူများသည် ဤမျှအထိ ပါရမီ ဆုတ်ယုတ်သွားရပါသနည်း။
သာမန် မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ဤမျှလောက် ကြောက်မက်ဖွယ်ရာကောင်းသည့် နည်းစနစ်မျိုး ရှိလိမ့်မည် မဟုတ်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို ကြည့်ကာ မေးလိုက်သည်။
“စီနီယာကရော သက်ရှည်တောင်ကြားရဲ့အဖွဲ့ဝင်ပဲလား”
သူ့ရှေ့မှ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ ခွန်အားသည် ဆရာသခင်စန်းမင် ကဲ့သို့ နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူထက် မနိမ့်ကျပေ။
သက်ရှည်တောင်ကြားသည် အမှန်တကယ် ကျိန်စာသင့်နေသည်ဆိုလျှင် ထိုအဘိုးအိုသည် အဘယ်ကြောင့် ဤမျှလောက်အထိ ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားရပါသနည်း။
“သက်ရှည်တောင်ကြားပေါ်မှာ သက်ရောက်နေတဲ့ ကျိန်စာက အလွန် ဆန်းကြယ်တဲ့ သွေးမျိုးဆက်ကျိန်စာ ဖြစ်မယ်ထင်တယ်.. ငါက သက်ရှည်တောင်ကြားရဲ့ သွေးမျိုးဆက် မဟုတ်လို့ ငါ့အပေါ်မှာ သက်ရောက်မှု မရှိခဲ့ဘူး”
မီးခိုးရောင်ဝတ်ရုံဝတ်အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ များစွာ ရှင်းမပြခဲ့ပေ။
သူက ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းအနေနဲ့ သက်ရှည်တောင်ကြားမှာ အသက်လမ်းစဥ်ကို ကျင့်ကြံတဲ့ ပါရမီရှင်ကို ရှာချင်တယ်ဆိုရင် စိတ်ပျက်သွားမှာ ငါစိုးရိမ်မိတယ်”
“ဒီလိုလည်း ဖြစ်ချင်မှ ဖြစ်မှာပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“စီနီယာ.. ကျွန်တော် သက်ရှည်တောင်ကြားမှာ ခဏလောက် နေထိုင်ဖို့ စီစဥ်ထားတယ်”
သွေးမျိုးဆက်ကျိန်စာသည် သက်ရှည်တောင်ကြားမှ လူများ၏ ပါရမီကို ကန့်သတ်ထားသော်လည်း အခြေခံအုတ်မြစ်ကနေ ပြောင်းလဲပစ်နိုင်စွမ်း ရှိသည် အထိတော့ မဟုတ်လောက်ပေ။
ကျန်းချန်က သက်ရှည်တောင်ကြားတွင် နေထိုင်ရင်း ပါရမီရှင်တစ်ယောက်ကို ရှာတွေ့နိုင်မလား စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သက်ရှည်တောင်ကြား၏ ကျိန်စာက အလွန်ပြင်းထန်သော်လည်း သူရှာတွေ့သည့်လူကို ထာဝရရှင်သန်ခြင်းနန်းတော်ဆီ ခေါ်သွားနိုင်သရွေ့ ထာဝရရှင်သန်ခြင်းဘုရင်သည် ထိုကျိန်စာကို ဖြေရှင်းမပေးနိုင်ဟု ပြော၍ မရပေ။
အကြောင်းရင်းမှာ သက်ရှည်တောင်ကြားကို သွေးမျိုးဆက်ကျိန်စာတိုက်ခဲ့သူများသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲမှ မဟာယာန အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်နိုင်သော်လည်း ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်ကမူ စစ်မှန်သော အင်မော်တယ်ဘုရင် တစ်ပါး ဖြစ်နေသောကြောင့်ပင်။
“ဒီလိုဆိုရင်လည်း သက်ရှည်တောင်ကြားမှာ မင်းသဘောကျနေထိုင်ပါ.. ငါသွားလိုက်ဦးမယ်”
စကားဆုံးသည်နှင့် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ ပုံရိပ်၏ ကျန်းချန်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
မီးခိုးရောင်ဝတ်ရုံဝတ်အဘိုးအို ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ဤရှေးဟောင်းမြို့တော်ထဲမှာပင် အိမ်ဝိုင်းလေးတစ်ခုကို ဝယ်ယူခဲ့ပြီး အခြေချနေထိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လဟူသော အချိန်သည် ကုန်ဆုံးသွားခဲ့သည်။
ဤနှစ်လအတွင်း ကျန်းချန်သည် နေ့ဘက်တွင် မြို့ထဲမှလူငယ်ပါရမီရှင်များကို လိုက်လံထောက်လှမ်းပြီး ညဘက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ဆီမှ ရရှိထားသည့် အင်မော်တယ် ဓားနည်းစနစ်ကို အပတ်တကုတ် ကျင့်ကြံခဲ့သည်။
သို့သော်လည်း သက်ရှည်တောင်ကြားအပေါ် သက်ရောက်နေသော ကျိန်စာသည် အမှန်တကယ်ပင် ပြင်းထန်လွန်းပြီး သက်ရှည်တောင်ကြားမှ လူအများစုကို သာမန်လူများ ဖြစ်သွားစေခဲ့သည်။
ကျန်းချန်သည် နှစ်လတိတိ စောင့်ကြည့်ခဲ့သော်လည်း မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။
ဤသို့ဖြင့် အလွန်လျင်မြန်စွာပင် နောက်ထပ်လဝက်သည် တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့သည်။
မသိလိုက် မသိဘာသာဖြင့်ပင် သက်ရှည်တောင်ကြား၏ နှစ်ပတ်လည် သိုင်းပါရမီစမ်းသပ်ပွဲ အချိန်ကာလသို့ ရောက်ရှိလာခဲ့၏။
ယနေ့နံနက်စောစောတွင် ကျန်းချန်သည် သက်ရှည်တောင်ကြား၏ သိုင်းပါရမီ စမ်းသပ်ပွဲကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသိုင်းပါရမီ စမ်းသပ်ပွဲတွင် သဲလွန်စတချို့ကို ရှာတွေ့နိုင်မလား သူစောင့်ကြည့်ချင်ခဲ့၏။
သက်ရှည်တောင်ကြားမှ လူများသည် သွေးမျိုးဆက်ကျိန်စာကြောင့် ပါရမီ ကန့်သတ်ခံထားရပြီး ၎င်းတို့ထဲမှာ အများစုသည် သိုင်းပညာကျင့်ကြံရန်ပင် အရည်အချင်း မပြည့်မီတော့ပေ။
ထို့ကြောင့်ပင် နှစ်ပတ်လည် သိုင်းပါရမီ စမ်းသပ်ပွဲတွင် သိုင်းပါရမီကို စမ်းသပ် တွေ့ရှိသူများသည် သာမန်လူများ မဟုတ်သည်မှာ သေချာသလောက်ပင်။
ကျန်းချန်က တံခါးတွန်းဖွင့်ကာ အပြင်ထွက်ရန် ပြင်လိုက်စဥ်မှာပင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
“အစ်ကိုကျန်းချန်.. ဒါက သမီး အခုလေးတင် လုပ်ထားတဲ့ သစ်ခွမုန့်ပဲ.. မြည်းကြည့်ပါဦး”
အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးက ကျန်းချန်ကို သူမ လုပ်ထားသည့် မုန့်ကို လှမ်းပေးလိုက်သည်။
သူမ၏ တောက်ပသော မျက်ဝန်းအစုံသည် ချီးကျူးခံရဖို့ စောင့်ဆိုင်းနေသည့် ကလေးတစ်ယောက် ကဲ့သို့ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။
“အရသာရှိသားပဲ.. ရှောင်ချင်းလေးရဲ့ လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်လာတာပဲ”
ကျန်းချန်က တစ်လုတ် စားကြည့်ပြီးနောက်တွင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
"ခစ်ခစ်"
အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေး၏ လှပသော မျက်လုံးရွဲများကြီးသည် ရယ်လိုက်သောကြောင့် လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားခဲ့သည်။
ထိုအစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးသည် ကျန်းချန်၏ အိမ်နီးချင်း ဖြစ်ပြီး နာမည်မှာ လုရှောင်ချင်း ဖြစ်သည်။
သူမ၏ မိဘများသည် အမဲလိုက်ထွက်ရင်း ကံဆိုးစွာဖြင့် ဆုံးပါးသွားခဲ့သောကြောင့် သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
လုရှောင်ချင်းကို သနားသောကြောင့် ကျန်းချန်သည် သူ၏ နံဘေးတွင် ခေါ်ထားခဲ့ခြင်းသာ။
ထိုအချိန်ကစပြီး လုရှောင်ချင်းသည် ကျန်းချန်ကို သူမ၏ အားကိုးရာ အဖြစ် သတ်မှတ်ပြီး ကျန်းချန်၏ နံဘေးတွင်သာ အမြဲတစေ ရှိနေခဲ့သည်။
ဤကာလအတွင်း ကျန်းချန်သည်လည်း သူ၏ နံဘေးတွင် ဤကဲ့သို့ ကလေးမလေး တစ်ယောက် ရှိနေသည်ကို ကျင့်သားရနေခဲ့ချေပြီ။
“အစ်ကိုကျန်းချန်.. ဒီနေ့က နှစ်ပတ်လည် သိုင်းပါရမီစမ်းသပ်ပွဲ ကျင်းပတဲ့နေ့ပဲ.. အသက်တစ်ဆယ့်ငါးနှစ်အောက် လူတိုင်းက သိုင်းပါရမီကို စမ်းသပ်ကြလိမ့်မယ်.. ပြောကြတာတော့ သိုင်းပါရမီစမ်းသပ်ပွဲမှာ လူပေါင်းထောင်ချီ နှစ်စဥ်နှစ်တိုင်းပါဝင်ခဲ့ကြပေမဲ့ ဆယ်ယောက်ကျော်လောက်ပဲ သိုင်းပါရမီကို စမ်းသပ် တွေ့ရှိရတယ်တဲ့.. သမီးမှာသာ ကျင့်ကြံခြင်းပါရမီရှိရင် သိပ်ကောင်းမှာပဲ”
ကလေးမလေးက မနားတမ်း စကားပြောဆိုခဲ့ပြီး သူမ၏ မျက်နှာလေးတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းချန်က ပြုံး၍ ရှောင်ချင်းကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့ ရှောင်ချင်းလေးက အရမ်းတော်တာပဲ.. သေချာပေါက် သိုင်းပါရမီကို စမ်းသပ် တွေ့ရှိပြီး သက်ရှည်တောင်ကြားရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာရှင် ဖြစ်လာနိုင်မှာပါ”
“ဟုတ်ကဲ့ အစ်ကိုကျန်းချန်”
လုရှောင်ချင်းက သူမ၏ လက်သီးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ယုံကြည်ချက်ရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“သွားစို့.. ရှောင်ချင်းလေးရဲ့ သိုင်းပါရမီကို သွားစမ်းသပ်ကြည့်ရအောင်”
ကျန်းချန်က လုရှောင်ချင်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီးနောက်တွင် လုရှောင်ချင်းကို မြို့လယ်ဆီသို့ ခေါ်သွားခဲ့သည်။
မြို့လယ်ရှိ မီတာတစ်ထောင် ကျယ်ဝန်းသော ရင်ပြင်ကြီးတွင် သက်ရှည်တောင်ကြား၏ နှစ်ပတ်လည် သိုင်းပါရမီ စမ်းသပ်ပွဲသည် စတင်နေခဲ့ချေပြီ။
အသက်တစ်ဆယ့်ငါးနှစ်အောက် ယောကျ်ားလေး၊ မိန်းကလေး အများအပြားသည် သိုင်းပါရမီ စမ်းသပ်ရန်အတွက် တန်းစီကာ စောင့်ဆိုင်းနေခဲ့ကြသည်။
ကျန်းချန်တို့ ရင်ပြင်ကို ရောက်လာသောအချိန်တွင် မည်သူမှ သူတို့ကို အာရုံမစိုက်ခဲ့ပေ။
“အစ်ကိုကျန်းချန်.. သမီးသွားပြီး စမ်းသပ်လိုက်ဦးမယ်”
လုရှောင်ချင်းက ကျန်းချန်ကို ခပ်တိုးတိုး နှုတ်ဆက်လိုက်ပြီးနောက်တွင် တန်းစီနေသော လူအများကြားတွင် ဝင်ရောက်၍ တန်းစီလိုက်သည်။
ကျန်းချန်၏ အကြည့်သည် သက်ရှည်တောင်ကြား၏ သိုင်းပါရမီ စမ်းသပ်ပွဲ ဆီသို့ ရောက်ရှိသွားခဲ့သည်။
နတ်ဘုရင်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်၍ ကျန်းချန်သည် သက်ရှည်တောင်ကြား၏ သိုင်းပါရမီ စမ်းသပ်သော ပစ္စည်းက ဆန်းကြယ်သော ရတနာတစ်ပါး ဖြစ်မှန်း သတိပြုမိခဲ့၏။
ထို့အပြင် သက်ရှည်တောင်ကြားမှ လူငယ်လေး တစ်ယောက်ချင်းစီကို စမ်းသပ်သည့် အချိန်တိုင်းတွင် ကျန်းချန်သည် ဟင်းလင်းပြင်တွင် မမြင်နိုင်သည့် အချုပ်အနှောင်တစ်ခု ရှိနေသလိုမျိုး ခံစားမိခဲ့သည်။
ထိုအရာက လူငယ်လေးများ၏ သွေးမျိုးဆက်ပါရမီကို ချိတ်ပိတ်ထားခြင်း ဆိုလည်းမမှားပေ။
သွေးမျိုးဆက်ပါရမီ ပိုပြီး အစွမ်းထက်လေလေ၊ ထိုမမြင်ရသော အချုပ်အနှောင်၏ ချိတ်ပိတ်မှုက ပို၍ ပြင်းထန်လေလေ ဖြစ်သောကြောင့် မည်သည့် သိုင်းပါရမီကိုမှ စမ်းသပ် မတွေ့ရှိနိုင်တော့ခြင်းလည်း ဖြစ်သည်။
သွေးမျိုးဆက်ပါရမီ သိပ်မကောင်းသူ တချို့ကမူ ချိတ်ပိတ်မှုပို၍ အားနည်းသောကြောင့် ကျင့်ကြံရန် အခွင့်အရေး အနည်းငယ်ကို ရရှိကြ၏။
ထို့ကြောင့်လည်း သက်ရှည်တောင်ကြား၏ အင်အားသည် တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာခဲ့ပြီး အစွမ်းထက် ကျင့်ကြံသူများ ထွက်ပေါ်မလာတော့ခြင်းပင်။
ကျန်းချန်၏ စူးစမ်းလေ့လာမှုအရ ဆိုလျှင် ယနေ့ခေတ် သက်ရှည်တောင်ကြားတွင် ပကတိနတ်ဘုရားအဆင့်ကို ရောက်ရှိသူပင် တစ်ယောက်မှ မရှိပေ။
တစ်ချိန်တုန်းက နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည့် အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည့် သက်ရှည်တောင်ကြားသည် ဤအဆင့်အထိ ကျဆင်းသွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည်မဟုတ်ချေ။
“တကယ်ကို ပြင်းထန်တဲ့ သွေးမျိုးဆက်ကျိန်စာပါလား”
သက်ရှည်တောင်ကြားမှ လူငယ်လေးများ၏ အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့ရာတွင် သွေးမျိုးဆက်ကျိန်စာက အလွန်တရာ ပြင်းထန်သော်လည်း ကျန်းချန်သည် ဤတစ်ကြိမ် သက်ရှည်တောင်ကြား၏ သိုင်းပါရမီစမ်းသပ်ပွဲမှ တစ်ဆင့် လူငယ်များ၏ ပါရမီအင်အားကို ခံစားသိရှိနိုင်မည် ဖြစ်သည်။
သူက သွေးမျိုးဆက်ပါရမီ အစွမ်းထက်ဆုံး လူတစ်ဦးကို ရှာဖွေကာ ထာဝရရှင်သန်ခြင်းနန်းတော် ဆီသို့ ခေါ်သွားရန် ရည်ရွယ်ထားခဲ့သည်။
သူ့အထင် သွေးမျိုးဆက်ကျိန်စာကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တစ်ယောက်သာ ဖြေရှင်းနိုင်ပေလိမ့်မည်။
အခန်း(၂၄၃၉)ပြီး၏။
အခန်း(၂၄၄၀)
ကျန်းချန်၏ အလေးအနက် စောင့်ကြည့်မှုအောက်တွင် သက်ရှည်တောင်ကြား၏ သိုင်းပါရမီစမ်းသပ်ပွဲသည် အစီအစဥ်တကျ ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ကျန်းချန်သည် ထိုလူငယ်များထဲတွင် အလွန်တရာထူးခြားသော ပါရမီရှင်တချို့ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန်းချန်ကို အံ့အားသင့်သွားစေလောက်သော အဆင့်အထိ ရောက်ရှိသူ တစ်ဦးမျှ မပါဝင်ခဲ့ပေ။
ဤပါရမီရှင်များသည် သွေးမျိုးဆက် ကျိန်စာသာ အတိုက်မခံခဲ့ရလျှင် နတ်ဘုရားနယ်မြေ၏ ထိပ်တန်းပါရမီရှင်များစာရင်းဝင်ရန် လုံလောက်၏။
သို့သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အသိအမှတ်ပြုမှုကို ရရှိရန်နှင့် အမွေအနှစ်ကို ဆက်ခံသူဖြစ်လာရန် အတွက်မူ ၎င်းတို့သည် အရည်အချင်း မပြည့်မီသေးပေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လုရှောင်ချင်း၏ စမ်းသပ်မှုအလှည့်သို့ ရောက်ရှိလာခဲ့သည်။
လုရှောင်ချင်းက သူမ၏ လက်ဖဝါးကို သိုင်းပါရမီ စမ်းသပ်သည့် ကိရိယာပေါ်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပသော အလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လုရှောင်ချင်း၏ ဦးခေါင်းအထက်တွင် ဆန်းကြယ်သည့် အပြာရောင် ရှေးဟောင်းသစ်ပင်တစ်ပင်သည် ထီးတစ်လက် ကဲ့သို့ ပေါ်ထွက်လာခဲ့သည်။
ထိုအပြာရောင် ရှေးဟောင်းသစ်ပင် ပေါ်ထွက်လာသည်နှင့်အမျှ အလွန်တရာ ရှေးကျသော အနှိုင်းမဲ့ အရှိန်အဝါတချို့သည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
သို့သော်လည်း ထိုအပြာရောင်သစ်ပင်သည် အချိန်အကြာကြီး ပေါ်မနေခဲ့ပေ။
အကြောင်းရင်းမှာ မမြင်ရသော အချုပ်အနှောင်များသည် အပြာရောင် ရှေးဟောင်းသစ်ပင်ကို လျင်မြန်စွာ ရစ်ပတ်လိုက်သောကြောင့်ပင်။
အဆုံးသတ်တွင် အပြာရောင် ရှေးဟောင်းသစ်ပင်သည် မမြင်ရသော အချုပ်အနှောင်၏ ချိတ်ပိတ်မှုအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“တကယ့်ကို ထူးခြားတဲ့ပါရမီရှိတဲ့ သွေးမျိုးဆက်ပါလား.. နှမြောဖို့ သိပ်ကောင်းတာပဲ”
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် သိုင်းပါရမီ စမ်းသပ်ပွဲကို တာဝန်ယူထားသည့် အကြီးအကဲ၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သက်ရှည်တောင်ကြား၏ သိုင်းပါရမီ စမ်းသပ်ပွဲတွင် နိမိတ်ပုံရိပ်များကို လှုံ့ဆော်နိုင်သည့် အထွတ်အထိပ် ပါရမီရှင်မျိုး မရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အကယ်၍သာ သွေးမျိုးဆက်ကျိန်စာ၏ ကန့်သတ်ချက်သာ မရှိခဲ့လျှင် ထိုမိန်းကလေး၏ ကျင့်ကြံခြင်းပါရမီသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေမည်မှာ သေချာသလောက်ပင်။
“ဒီကလေးမလေးမှာ ဒီလောက် အစွမ်းထက်တဲ့ သွေးမျိုးဆက်ပါရမီ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး”
အစမ်းသပ်ခံနေသည့် လုရှောင်ချင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သွေးမျိုးဆက်ကျိန်စာ၏ သက်ရောက်မှု ရှိနေခြင်းကြောင့် ကျန်းချန် ပင်လျှင် လုရှောင်ချင်း၏ ထူးခြားမှုကို သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
သိုင်းပါရမီ စမ်းသပ်မှုကြောင့်သာ လုရှောင်ချင်း၏ သွေးမျိုးဆက်ပါရမီက ယာယီအားဖြင့် နိုးထလာခြင်း မဟုတ်ခဲ့လျှင် လုရှောင်ချင်းသည် သူရှာဖွေနေသည့်သူ ဖြစ်မှန်း သိရှိရန် ခက်ခဲပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် စနစ်ထံမှ အချက်အလက်မှ တစ်ဆင့် လုရှောင်ချင်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ပတ်သက်သည့် အချက်အလက်များကို ရရှိလိုက်သည်။
လုရှောင်ချင်း၏ ခန္ဓာကိုယ်သည် ထာဝရ စိမ်းလန်းသောခန္ဓာကိုယ်ဟု လူသိများသော မြင့်မြတ်သော အင်မော်တယ်ခန္ဓာကိုယ် ဖြစ်သည်။
ဤခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများသည် ကောင်းကင်နိယာမများ၏ အထက်တွင် မွေးဖွားလာကြသူများ ဖြစ်ပြီး သံသရာကို ကျော်လွန်ကာ ထာဝရအသက်ရှည်နိုင်သော သူများ ဖြစ်သည်ဟု ပြောစမှတ် ရှိကြသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် နတ်ဘုရားနယ်မြေရှိ သိုင်းပညာရှင်များ သို့မဟုတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ အင်မော်တယ် ကျင့်ကြံသူများ ရှာဖွေနေကြသည့် ထာဝရရှင်သန်ခြင်းသည် ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်တွင် မွေးရာပါ ရှိပြီးသား ဖြစ်၏။
ဤကဲ့သို့ ထူးခြားလှသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ ဖြစ်ရန် အတွက် အကောင်းမွန်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
ယခုတစ်ကြိမ်တွင် သူသည် သံဖိနပ်ကို စီးပြီး ရှာပုံတော် ဖွင့်ခဲ့သော်လည်း အမှတ်မထင် တွေ့ရှိသွားခဲ့သည် ဟူသော ဆိုရိုးစကား ကဲ့သို့ပင်။
ကျန်းချန် အလွန်တရာ စိတ်လှုပ်ရှားနေမှာပင် သက်ရှည်တောင်ကြားမှ အကြီးအကဲသည် သက်ပြင်းချလိုက်ပြီး လုရှောင်ချင်းတွင် သိုင်းပညာ ကျင့်ကြံရန် ပါရမီ မရှိကြောင်း ကြေညာလိုက်သည်။
လုရှောင်ချင်းသည် ရုတ်တရက် ခေါင်းငုံ့သွားခဲ့ပြီး စိတ်ပျက်အားငယ်သော အမူအရာဖြင့် ကျန်းချန်ထံ ပြန်လာခဲ့ကာ မျက်ရည်ဝဲတဲတဲဖြင့် ပြောလိုက်သည်။
“အစ်ကိုကျန်းချန်.. အစ်ကို့ကို စိတ်ပျက်အောင် လုပ်မိပြီ.. ရှောင်ချင်းမှာ သိုင်းပညာကျင့်ကြံဖို့ ပါရမီ မရှိဘူး”
“ငါတို့အိမ်က ရှောင်ချင်းမှာ ပါရမီ မရှိဘူးလို့ ဘယ်သူပြောလဲ”
ကျန်းချန်က လုရှောင်ချင်း၏ ခေါင်းကို ပွတ်သပ်ပေးကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ငါတို့ ရှောင်ချင်းလေးက နောင်တစ်ချိန်မှာ အစွမ်းထက်ဆုံးသိုင်းပညာရှင် သေချာပေါက် ဖြစ်လာပါလိမ့်မယ်”
ထာဝရစိမ်းလန်းသော ခန္ဓာကိုယ် ဆိုသည်မှာ အင်မော်တယ်ခန္ဓာကိုယ် အမျိုးအစား ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက် ကျိန်စာကိုသာ ဖြေရှင်းနိုင်ခဲ့လျှင် သူမ၏ ကျင့်ကြံခြင်းပါရမီကို နတ်ဘုရားနယ်မြေတစ်ခုလုံးတွင် ယှဥ်နိုင်သူရှိမည် မဟုတ်ဘဲ အုပ်စိုးသူအဆင့်သို့ တက်လှမ်းရန်ပင် ပြဿနာရှိမည် မဟုတ်ပေ။
ဆိုရလျှင် ဒဏ္ဍာရီလာ အင်မော်တယ် အဆင့်သို့ ထိုးဖောက်ရန်ပင် မဖြစ်နိုင်သောအရာ မဟုတ်ချေ။
“အစ်ကိုကျန်းချန်.. သမီးကို နှစ်သိမ့်ပေးနေစရာ မလိုပါဘူး.. အခုပဲ အကြီးအကဲက သမီးကို ကျင့်ကြံလို့ မရဘူးလို့ ပြောလိုက်တယ်”
လုရှောင်ချင်းက အလွန်တရာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“သူပြောတဲ့ ကျင့်ကြံလို့မရဘူး ဆိုတာက ရှောင်ချင်းလေးမှာ ကျင့်ကြံခြင်းပါရမီ မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး.. လောလောဆယ် ကျင့်ကြံလို့ မရသေးတာကို ပြောချင်တာပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ရှောင်ချင်းလေးသာ ငါနဲ့ အတူ နေရာ တစ်ခုကို လိုက်ခဲ့မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး သိုင်းပညာရှင် ဖြစ်လာစေရမယ်လို့ အစ်ကိုကျန်းချန် ကတိပေးတယ်”
ထိုစကားကိုကြားလျှင် လုရှောင်ချင်း၏ မျက်ဝန်းများသည် မယုံကြည်နိုင်သော အမူအရာဖြင့် ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
“အစ်ကိုကျန်းချန်.. တကယ်ပြောတာလား”
“တကယ်ပေါ့ ငါတို့သွားကြစို့”
ကျန်းချန်က ပြောပြောဆိုဆိုဖြင့် လုရှောင်ချင်းကို ခေါ်သွားရန် ပြင်လိုက်သည်။
လုရှောင်ချင်းသည် ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဤသက်ရှည်တောင်ကြားထဲရှိ မည်သူကမှ သူမ၏ သွေးမျိုးဆက်ပါရမီကို ကျော်လွန်နိုင်မည် မဟုတ်ပေ။
ယခုအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်အတွက် သင့်တော်သော ဆက်ခံသူကို ရှာတွေ့ခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် သက်ရှည်တောင်ကြားတွင် အချိန်အကြာကြီး ဆက်လက် နေထိုင်ရန် အစီအစဥ် မရှိတော့ပေ။
သူက လုရှောင်ချင်းကို မြောက်ဘက်ဒေသသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားပြီး ထာဝရရှင်သန်ခြင်း နန်းတော်၏ ပင်မခန်းမဆောင်ကို ဖွင့်လှစ်ကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံစေရန် ရည်ရွယ်ထားခဲ့သည်။
“ခဏလေးနေပါဦး”
ကျန်းချန်က လုရှောင်ချင်းကို ခေါ်၍ ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် သိုင်းပါရမီ စမ်းသပ်ပွဲကို တာဝန်ယူထားသည့် သက်ရှည်တောင်ကြားမှ အကြီးအကဲသည် ကျန်းချန်တို့ နှစ်ဦးကို ရုတ်တရက် ဟန့်တားလိုက်သည်။
လုရှောင်ချင်းသည် သူတို့ သက်ရှည်တောင်ကြား၏ တုနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်၏။
သူမက သွေးမျိုးဆက် ကျိန်စာကြောင့် မကျင့်ကြံနိုင်လျှင်ပင် အကြီးအကဲ၏ အာရုံစိုက်မှုကို ခံထားရဆဲ ဖြစ်သည်။
ထို့ကြောင့်လည်း အကြီးအကဲသည် ကျန်းချန်၏ တည်ရှိမှုကို လျင်မြန်စွာ သတိပြုမိသွားခဲ့ခြင်းပင်။
ကျန်းချန်ထံတွင် သက်ရှည်တောင်ကြား၏ သွေးမျိုးဆက် အရှိန်အဝါ မရှိသည်ကို ခံစားမိလျှင် သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘာကိစ္စရှိလို့လဲ အကြီးအကဲ”
ကျန်းချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သက်ရှည်တောင်ကြား၏ အကြီးအကဲကို လှည့်ကြည့်ကာ အေးအေးလူလူပင် မေးလိုက်သည်။
သက်ရှည်တောင်ကြားမှ အကြီးအကဲက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မင်းက ငါတို့ သက်ရှည်တောင်ကြားကလူ မဟုတ်ဘူး.. မင်း ငါတို့ သက်ရှည်တောင်ကြားထဲကို ဘယ်လို ဝင်ရောက်လာတာလဲ.. မင်းမှာ ဘာရည်ရွယ်ချက်တွေ ရှိနေလဲ”
သက်ရှည်တောင်ကြား၏ အကြီးအကဲက ထိုစကားကို ပြောလိုက်သည်နှင့် ရင်ပြင်မှ လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ် ပေါ်သို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။
သက်ရှည်တောင်ကြားသည် သိုသိုသိပ်သိပ် နေထိုင်ပြီးနောက်တွင် ပြင်ပမှ လူများ လာရောက်ခြင်း မရှိသလောက်ပင်။
သို့ဆိုလျှင် ဤလူသည် သက်ရှည်တောင်ကြားတွင် မည်ကဲ့သို့ ပေါ်လာပါသနည်း။
“အစ်ကိုကျန်းချန်.. အစ်ကိုက သက်ရှည်တောင်ကြားကလူမဟုတ်ဘူးလား”
ထိုအခိုက်အတန့်တွင် လုရှောင်ချင်း၏ နုနယ်သော မျက်နှာလေးထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“မဟုတ်ဘူး.. ငါ သက်ရှည်တောင်ကြားကို ရောက်လာတာက မင်းကို ရှာဖွေဖို့အတွက်ပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ မျက်နှာချင်းဆိုင်မှ သက်ရှည်တောင်ကြား အကြီးအကဲကို ကြည့်လိုက်သည်။
သူက သူ၏ နံဘေးမှ လုရှောင်ချင်းကို လက်ညှိုးညွှန်ပြကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အကြီးအကဲ မစိုးရိမ်ပါနဲ့.. အကြီးအကဲတို့ သက်ရှည်တောင်ကြားအပေါ် မကောင်းကြံလိုတဲ့စိတ် ကျွန်တော့်မှာ မရှိပါဘူး.. ကျွန်တော်က ဒီကလေးမလေးကို ခေါ်သွားဖို့ အတွက် ရောက်လာတာပါ”
ထိုစကားကိုကြားလျှင် သက်ရှည်တောင်ကြား၏ အကြီးအကဲသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
“လုရှောင်ချင်းက ငါတို့ သက်ရှည်တောင်ကြားရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ.. မင်းကို ဘယ်လိုလုပ်ပြီး ခေါ်သွားခွင့် ပေးနိုင်မှာလဲ”
“ငါသာ ရှောင်ချင်းလေးကို ခေါ်မသွားရင် အကြီးအကဲတို့က ရှောင်ချင်းလေးရဲ့ တုနှိုင်းမဲ့ပါရမီကို အလဟဿ ဖြစ်အောင် လုပ်ကြမှာပဲ”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“အကြီးအကဲတို့ သက်ရှည်တောင်ကြားက ရှောင်ချင်းလေးရဲ့ခန္ဓာကိုယ်ပေါ်က သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းပေးပြီး ရှောင်ချင်းလေးကို ကျင့်ကြံခြင်း လမ်းစဥ်ပေါ် လျှောက်လှမ်းစေနိုင်လို့လား”
“မင်းဘယ်သူလဲ”
သက်ရှည်တောင်ကြားမှ အကြီးအကဲ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်သည် ပို၍ပင် အေးစက်လာခဲ့သည်။
“အကြီးအကဲက တိုက်ခိုက်ချင်လို့လား.. အကြီးအကဲလို ပကတိနတ်ဘုရားအဆင့်က ကျွန်တော့်ရဲ့ အဆင့်ကို မီဖို့ အများကြီး လိုပါသေးတယ်"
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“ကျွန်တော်က လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ် ကျန်းချန်ပဲ.. အမည်မဲ့ဆိုင်က အဘိုးကြီးက ကျွန်တော့်ကို ဒီနေရာဆီ ခေါ်လာပေးခဲ့တာပါ”
အခန်း(၂၄၄၀)ပြီး၏။