အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အပိုင်း (၁၈၁)
"မြန့်မြန်" နဥ်ရှောက်ပိုင်၏အသံသည် အလွန် တိုးညင်းနေသော်ငြားလည်း မဆုံးနိုင်သည့် နူးညံ့မှုများဖြင့် ပြည့်နှက်နေ၏။
"ဟင်" ရှမြန်သည် ရင်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ သူမက သူမ၏ လက်ကို မြှောက်ကာ သူ့ကို ပြန်ပွေ့ဖက်ထားလိုက်ပြီး အမှတ်တမဲ့ ခေါ်လိုက်၏။ "ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က ခပ်တိုးတိုးရယ်မောလိုက်ကာ "အင်း ကို ဒီမှာရှိတယ်လေ"
ရုတ်တရက် အဆုံးမရှိသည့် ပျော်ရွှင်မှုများက သူမ၏နှလုံးသားထဲတွင် ထိုးထွက်လာပြီး ရှမြန်က ပြောလိုက်လေသည်။ "အခုအချိန်ကစပြီး ရှင်က ကျွန်မရဲ့လူဖြစ်သွားပြီ"
နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပျော့ပျောင်းစွာဖြင့်ပြောလိုက်၏။ "ဟုတ်တယ်။ မင်းရဲ့လူပဲ"
သူသည် ထိုစကားကို ပြောလိုက်ပြီးသည်နှင့် ချက်ချင်း သူမ၏ခါးကို သိုင်းဖက်ထားသည့်လက်က ရုတ်တရက် တင်းကျပ်သွား၏။ အိစက်ပူပြင်းသည့်အရာက သူမ၏လည်ပင်းကို လာရောက် ထိကပ်နေကာ ထုံကျင်သွားသည့် ခံစားချက်တစ်ခုသည် သူမတစ်ကိုယ်လုံးသို့ ရုတ်တရက် ပျံ့နှံ့သွားလေသည်။
သူမသည် ခပ်တိုးတိုးလေး ညည်းညူလိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် အားနည်းချည့်နဲ့သွားသလို ခံစားလိုက်ရ၏။
နဥ်ရှောက်ပိုင်သည့် သူမ၏တုံ့ပြန်မှုက ထိုမျှလောက်ကြီးမားလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ သူက သူမကို မြန်မြန်ဖမ်းဆုပ်ထားလိုက်ပြီး ကိုယ်ကို ပြန်လှည့်ကာ သူမ၏ဘေးတွင်ထိုင်ချလိုက်ပြီးနောက် သူမကို သူ့ရင်ခွင်ထဲတွင် ထွေးပွေ့ထားကာ သူ၏လက်ကြီးများဖြင့် သူမ၏ကျောပြင်ကို အသာအယာ ပုတ်ပေးပြီး နှစ်သိမ့်နေလေသည်။ "တောင်းပန်ပါတယ်နော်။ ကို မထိန်းနိုင်တော့လို့ပါ"
ရှမြန်သည် သူ့ပခုံးပေါ်တွင် မှီထားလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်အဆင်ပြေလာအောင် လုပ်လိုက်ရ၏။ သူမသည် တစ်ယောက်သောသူကို မျက်နှာချင်းဆိုင်ဖို့ရန် အလွန်ရှက်ရွံ့လာသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် အနမ်းတစ်ခုက ထိုမျှလောက်အင် အားကြီးနိုင်လိမ့်မည်ဟု လုံးဝထင်မထားခဲ့မိချေ။
လည်ပင်းလေးကိုသာ ဖြစ်သော်ငြားလည်း အလွန်ထိ တွေ့ခံစားလွယ်နေ၏။
ရှမြန်သည်သူမ၏ခေါင်းကို သူ့ပခုံးပေါ်တွင်မြှုပ်နှံထားလိုက်ပြီး သူမ၏ပါးပြင်ပေါ်တွင် ပူပြင်းလာသည်ကိုခံစားလိုက်ရ၏။
သူမ၏ခေါင်းအထက်က နဥ်ရှောက်ပိုင်၏ ခပ်တိုးတိုးရယ်မောသံကို ကြားလိုက်ရသည့်အခါ ရှမြန်သည် သူ့လက်ကိုမြှောက်လိုက်ပြီး သူ့ကို ရိုက်ပုတ်လိုက်တော့သည်။
ထို့နောက်တွင်တော့ သူမ၏ခေါင်းကို တစ်ခြမ်းစောင်းလိုက်ကာ သူမနှင့် အလွန်နီးကပ်နေသည့်သူ၏ လည်ဇလုတ်ကို ကြည့်လိုက်ပြီး ရှက်ရွံ့နေရသည့်သူက သူတစ်ယောက်တည်း မဖြစ်နိုင်ဘူးဟု စဉ်းစားမိလိုက်လေသည်။
သူမသည် သူမ၏ခေါင်းလေးကို ဒီအတိုင်းသွားတို့ ထိလိုက်သည်နှင့်...
နဥ်ရှောက်ပိုင်သည် ရုတ်တရက် အေးခဲသွားပြီး ရှမြန်၏ကျောပြင်ပေါ်က လက်သည် ပုတ်ပေးနေရာမှ ဖိထားသည့်အနေအထားသို့ ပြောင်းလဲသွားလေသည်။
ရှမြန်သည် သူ၏ရင်ခွင်ထဲတွင် တင်းကျပ်နေအောင် မှီထားလိုက်၏။ သူမ လုပ်ခဲ့သည့်အရာကို သဘောပေါက်သွားခဲ့သည့်နောက်မှ သူမသည် ဆက်ပြီးမလှုပ်ရှားရဲတော့ချေ...
ခဏအကြာတွင် နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ လွှတ်ပေးလိုက်ပြီး သူမ၏မေးစေ့လေးကို ဖျစ်ညှစ်လိုက်ကာ သူမ၏ခေါင်းလေးကို တဖက်သို့ဆွဲလှည့်လိုက်ပြီး မျက်လွှာချကာ သူမကို ကြည့်လိုက်ပြီးနောက် တိမ်ဝင်နေသည့်လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။ "ဒါက မင်းရဲ့ဆွေမျိုးသားချင်းကို နမ်းတဲ့ပုံစံ မဟုတ်ဘူးနော်"
ရှမြန်သည် ရှက်ရွံ့သွားကာ ပါးများနီရဲသွားပြီး သူမ၏မျက်လုံးကိုပင် မပင့်ရဲတော့ချေ။ သို့သော်ငြားလည်း တစ်ဖက်လူ၏ အကြည့်ကတော့ အမှန်ပင် စစ်မှန်လှ၏။ သူမသည် သူမ၏မျက်ခုံးတစ်လျှောက် ဖြတ်သန်းလာခဲ့သည့် ပူပြင်းလှသည့်ထိုအကြည့်ကိုပင် သေသေချာချာလေး ခံစားမိနေသည်။ ထို့နောက်တွင်တော့ နှာခေါင်းမှတစ်ဆင့် နောက်ဆုံးတော့ သူမ၏နှုတ်ခမ်းဖျားပေါ်တွင် ရပ်တန့်သွား၏။
သူမသည် သူက တိုးတိုးလေး ပြောသည့်အသံကိုသာ ကြားလိုက်ရ၏။ "ကို မင်းကို သင်ပေးရမလား"
သူမသည် အမှတ်တမဲ့ သူမ၏ရင်ဘတ်ပေါ်က နဥ်ရှောက်ပိုင်၏အင်္ကျီကို ဖမ်းဆုပ်ထားမိလေသည်...
နဥ်ရှောက်ပိုင်သည် သူမ၏လှုပ်ရှားမှုများကို ခံစားမိလိုက်ပြီး ကလေးမလေး၏ တုန်ယင်နေသည့် မျက်တောင်များကို ကြည့်လိုက်ကာ သူ့လည်ချောင်းသည် လိမ့်တက်သွားပြီးနောက် သူ့ခေါင်းသည် အနည်းငယ်ငုံ့လာကာ တဖြည်းဖြည်း ချဥ်းကပ်လာပြီး...
ရှမြန်သည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်လေတော့သည်...
သူမသည် နူးညံ့အိစက်မှုလေးကို ဝိုးတဝါး ခံစားမိလိုက်သည်တွင် ခြံဝင်းထဲက ဆူညံသံတစ်ခု ထွက်လာတော့၏။
"ရှမြန် ပြန်လာပြီလား"ရှဝမ်ယွဲ့က အော်ပြောလိုက်သည်။ "ပြန်လာပြီးတဲ့ဟာကို ဘာဖြစ်လို့ တံခါးမပိတ်ထားတာလဲ"
နှစ်ယောက်သားသည် ဓာတ်လိုက်ခံလိုက်ရသလို လူချင်းခွဲလိုက်ကြ၏။ ရှမြန်က မြန်မြန်ထိုင်ချလိုက်ပြီး နဥ်ရှောက်ပိုင်ကတော့ ကြမ်းပြင်ပေါ်က ရေဇလုံကို လှမ်းယူဖို့ရန် ထရပ်လိုက်လေသည်...
ရှမြန်သည် အစောပိုင်းတွင်တော့ အထိတ်တလန့် ဖြစ်သွားသေးသည်။ သို့သော်ငြားလည်း ပုံမှန်ဆိုလျှင် တည်တည်ငြိမ်ငြိမ် ရှိလှသည့်ဒေါက်တာနဥ်က ပျာယာခတ်သွားသည်ကို မြင်လိုက်သည့်အချိန်တွင် သူမမှာ မနေနိုင်တော့ဘဲ အော်ရယ်လိုက်မိတော့သည်။
နဥ်ရှောက်ပိုင်ကလည်း သူ့လက်ထဲက ရေဇလုံကို ကြည့်လိုက်ပြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူသည် ဆိုဖာပေါ်မှနေနေ၍ အကွာအဝေးတစ်ခုအထိ ပစ်ထုတ်ခဲ့မိသည့် စိုနေသည့်တဘက်လေးကို ကုန်းကောက်လိုက်ပြီး သူ့လက်ကိုမြှောက်ကာ သူမ၏ရှေ့ဆံပင်လေးကို ဆွဲလိုက်၏။
ရှ၀မ်ယွဲ့က ဝင်လာချိန်တွင် သူသည် ဣန္ဒြေပြန်ဆယ်ထားပြီးသားဖြစ်လေသည်။ "အဒေါ်၂"
ရှ၀မ်ယွဲ့သည် သူ့ကိုတွေ့လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားလေသည်။ "ဒေါက်တာနဉ် အလုပ်ခရီးသွားတယ် မဟုတ်လား။ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
"ဟုတ်တယ်။ ကျွန်တော် ဒီနေ့ပဲပြန်လာတာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူတို့ရဲ့ကျောင်းသူ၊ ကျောင်းသား ပြန်လည်ဆုံစည်းတဲ့ပါတီနဲ့ ကြုံခဲ့တယ်လေ" နဥ်ရှောက်ပိုင်က နီရဲနေသည့်မျက်နှာများ ဖြစ်နေသည့် ရှမြန်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ "သူ အရက်မူးလာတယ်လေ။ ကျွန်တော် နည်းနည်းလေး စိုးရိမ်လို့ပါ"
ရှ၀မ်ယွဲ့က ပြောလိုက်လေသည်။ "ဒေါက်တာ့ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တကယ်အားနာပါတယ်။ ကျွန်မ သူ့ကိုဆက်ပြီးတော့ စောင့်ရှောက်ထားလိုက်ပါ့မယ်။ ဒေါက်တာနဉ် ဒေါက်တာနဥ် ပြန်ပြီးတော့ အနားယူသင့်ပြီနော်"
နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားကာ ပြောလိုက်လေသည်။ "ဟုတ်ကဲ့"
သူသည် တံခါးနားသို့ ရောက်သွားသည့်အချိန်တွင် နဥ်ရှောက်ပိုင်သည် မနေနိုင်ဘဲ ပြန်လှည့်ကြည့်လိုက်၏။ ဆိုဖာပေါ်တွင် ထိုင်နေသည့်ရှမြန်က အပြုံးဖြင့် သူ့ကို လက်ဝှေ့ရမ်းပြနေသည်ကို တွေ့လိုက်ရလေသည်။
နဥ်ရှောက်ပိုင်က ရယ်မောလိုက်၏။ တကယ့်ကို အကြင်နာမဲ့တဲ့ ကလေးမလေးပဲ။
ရှ၀မ်ယွဲ့က ရေစိုတဘက်ဖြင့် ရှမြန်၏ မျက်နှာကို သုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
"ကြည့်မနေနဲ့တော့။ အားလုံးက ထွက်သွားပြီ"
ရှမြန်သည် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရလေသည်။ "အဒေါ်၂၊ အဒေါ်၂ သိနေတာလား"
"အရူးပဲ ဒါကို မမြင်မှာ" သူမက ဝန်ခံသည်ကိုတွေ့လိုက်ရသဖြင့် ရှ၀မ်ယွဲ့သည် ဆက်ပြီး တုံ့ဆိုင်းမနေတော့ချေ။ "နင်ကလွဲရင် ဒေါက်တာနဥ်ကို ဘယ်သူက ဒီလိုမျိုးနှိပ်စက်ရဲလို့လဲ"
ရှမြန်က ရယ်မောလိုက်ကာ ရှ၀မ်ယွဲ့၏ လက်မောင်းကို တွဲလိုက်လေသည်။ "အဒေါ်၂ ကျွန်မလည်း သူ့ကို ချစ်ပါတယ်"
ရှ၀မ်ယွဲ့က သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ရောနှောနေသည့် ခံစားချက်တစ်ခုဖြင့် သက်ပြင်းချလိုက်လေသည်။ "အချိန်တွေက အရမ်းအကုန်မြန်တာပဲ။ ငါတို့ရဲ့ရှမြန်ကတောင် အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာပြီ။ လက်တွဲဖော်တောင် တွေ့သွားပြီ"
ရှမြန်က ရှ၀မ်ယွဲ့၏ ပခုံးကို မှီထားလိုက်ကာ ချွဲနွဲ့စွာဖြင့် ပြုမူလိုက်၏။ "ကျွန်မတွဲတဲ့ လက်တွဲဖော်ကလည်း ကျွန်မအဒေါ်၂ရဲ့ တူလေးပါပဲ"
ရှ၀မ်ယွဲ့က ရယ်မောလိုက်ကာ သတိပေးလိုက်၏။ "လက်မထပ်ခင် ပြဿနာမရှာနဲ့နော်။ နားလည်လား"
ဒါသည် လက်မထပ်ခင် တရားလွန်အပြုအမူများကို အားမပေးသည့် ရှေးရိုးစွဲခေတ်တစ်ခုဖြစ်သည်။
"အဒေါ်၂..."ရှမြန်က ရှက်ရွံ့သွားပြီး ရှ၀မ်ယွဲ့ကို ဆွဲလှုပ်လိုက်ကာ ပြောလိုက်လေသည်။ "အဒေါ်က ဒေါက်တာနဥ်ကို မယုံကြည်သေးလို့လား"
ရှ၀မ်ယွဲ့က သူမကိုလှမ်းကြည့်လိုက်ကာ ပြောလိုက်လေသည်။ "ငါက နင့်ကိုမယုံတာ"
"သတ္တိကလည်း အရမ်းရှိနေတာလေ။ နင်မလုပ်ရဲတာ ဘာမှမရှိဘဲ"
ရှမြန်...
ထိုအကြောင်းကို ငြင်းဆိုဖို့ရန်ကလည်း နည်းလမ်းကလည်း မရှိပေ။
ရှ၀မ်ယွဲ့က ပြောလိုက်၏။ "နင် အိမ်ကို ပြန်ပြင်ဆင်ဦးမှာ မဟုတ်လား။ ဒီဇိုင်းကို ဆုံးဖြတ်ပြီးသွားတာနဲ့ ငါတို့အိမ်ကို ပြောင်းလာလို့ရမယ်လို့ ထင်တယ်။ အခန်းကိုလည်း နင်တို့အတွက် ပြင်ဆင်ထားပေးပြီးပြီ"
"နင်တို့ရဲ့ခြံဝင်းက ကြီးလွန်းတယ်။ ပြန်ပြင်ဆင်တာကို အပြီးသတ်ဖို့ဆိုရင် နောက်တစ်နှစ်အထိ အချိန်ယူရလိမ့်ဦးမယ် ထင်တယ်။ နင်လည်း အသက်၂၀ပြည့်တာနဲ့ ကွက်တိပဲပေါ့"
"ဒေါက်တာနဥ်ရဲ့ အကျင့်စရိုက်ကို ကြည့်မယ်ဆိုရင် နင်တို့တွေ အဲဒီအချိန်လောက်ဆိုရင် လက်ထပ်နေကြလောက်ပြီလို့ ထင်တယ်"
"နင့်ရဲ့လက်ဖွဲ့ပစ္စည်းအတွက်..."
ရှမြန်...
ရှ၀မ်ယွဲ့ကတော့ သူတို့ကို ကလေးယူဖို့အထိပင် စဉ်းစားထားပြီးပြီဟု သူမက သံသယရှိသွားတော့သည်။
ဒေါက်တာနဥ်တစ်ယောက်ကတော့ ရှမြန်နှင့် လွတ်လွတ်လပ်လပ် ချိန်းတွေ့လို့ မရတော့သည့်အကြောင်းကို မသိသေးချေ။
အိမ်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် သူသည် လေ့ကျင့်သည့်အခန်းထဲတွင် ဆက်ပြီး နေလိုက်သေးသည်။ မနက်၂နာရီတွင် သူ၏ဆဲလ်ဖုန်းက မြည်လာခဲ့၏။ သူကလည်း ချက်ချင်းနီးပါး ပြန်ဖြေလိုက်သည်။
ရှမြန်၏ ပြုံးနေသည့်အသံလေးက အထဲမှနေ၍ ပေါ်ထွက်လာ၏။ "ဒေါက်တာနဥ် အခုထိ မအိပ်သေးဘူးလား"
နဉ်ရှောက်ပိုင်က ပြုံးလိုက်သည်။ "မင်းလဲ မအိပ်သေးဘူးနော်"
"အင်း"ရှမြန်က အပြုံးဖြင့်ပြန်ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ပြောစရာတစ်ခုရှိလို့ပါ။ ကျွန်မ အဒေါ်၂ကို ပြောပြလိုက်ပြီ"
နဉ်ရှောက်ပိုင်သည် ခဏလောက် မှင်တက်အံ့ဩသွားလေသည်။ သူသည် ခဏလောက်တော့ စောင့်ရဦးမည်ဟု ထင်ထားခဲ့၏။ နောက်ဆုံး သူမသည် ငယ်ရွယ်သေးသည်ဖြစ်ကာ ရှက်ရွံ့နေပေလိမ့်အုံးမည်။
"မင်း အဲဒီလောက်အထိ စိုးရိမ်တကြီး ဖြစ်နေစရာ မလိုပါဘူး"
"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက ရှင့်ကို ရာထူးတစ်ခု ပေးထားမယ်လို့ ပြောမှတော့ အဆုံးအထိ တာဝန်ယူရမှာပေါ့"
နဉ်ရှောက်ပိုင်က မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။
ဟုတ်ပါတယ်။ ကြည့် ဒါကမှ သူသဘောကျတဲ့ ကောင်မလေးလေ။ တည့်တိုးဆန်ပြီးတော့ ပွင့်လင်းတယ်။
"ဒီတော့ ရှင် နားလည်ထားဖို့လိုတယ်" ရှမြန်က တလေးတနက် ပြောလိုက်လေသည်။ "အခု ရှင်က ပိုင်ရှင် ရှိသွားပြီ။ တခြားသူတွေကို ထိကိုင်ခွင့်မပေးနိုင်တော့ဘူး နားလည်ရဲ့လား"
နဉ်ရှောက်ပိုင်က ခပ်တိုးတိုးရယ်မောလိုက်၏။ "သိပါပြီ"
သူ၏ရင်ဘတ်ထဲတွင် ပြည့်နှက်နေသည့်ပျော်ရွှင်မှုများသည် လေ့ကျင့်ခန်း လုပ်ရုံနှင့် မသက်သာနိုင်တော့ချေ။ သူသည် ထိုအကြောင်းကို ကြေညာချင်ခဲ့သည်။ ထိုအကြောင်းကို လောကကြီးအား ကြေညာချင်လေ၏...
နဉ်ရှောက်ပိုင်က သူ့ဖုန်းကို အချိန်အကြာကြီး စိုက်ကြည့်လိုက်ပြီးနောက် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်လေသည်။
"ဟယ်လို"ရုံရှင်း၏ အိပ်ချင်မူးတူးအသံက ထွက်လာ၏။ "ညကြီးသန်းခေါင် ဘယ်သူဖုန်းခေါ်တာလဲ"
"အဆင်သင့် လုပ်ထားတော့။ မင်း မကြာခင် သေတော့မယ်"
နိုးတဝက် အိပ်တဝက်ဖြစ်နေသည့် ရုံရှင်းသည် ဒီစကားကြောင့် အထိတ်တလန့် ဖြစ်သွားတော့သည်။
"ဘယ်သူလဲ။ ဘယ်သူက ငါ့ကို သတ်ချင်နေတာလဲ။ ရုပ်ရှင်ဘုရင်မလေးက ငါ့ကိုသတ်ဖို့ မင်းကို ငှားထားတာလား"
နဉ်ရှောက်ပိုင်...
"သောက်ကျိုးနည်း ရုပ်ရှင်ဘုရင်မကို ဘယ်လိုများ သွားပြီးစနောက်လိုက်လို့ သူက မင်းကို သတ်ဖို့လူငှားမှာလဲ"
ရုံရှင်းသည် နဉ်ရှောက်ပိုင်၏အသံကို မှတ်မိသွားပြီး အထိတ်တလန့်ဖြင့် ပြောလိုက်လေသည်။ "အစ်ကို ဘာဖြစ်လို့ အစ်ကို ဖြစ်နေတာလဲ"
"အချိန်ကိုလည်း ကြည့်ဦး။ ဘယ်အချိန်ရှိပြီလဲ ညကြီးသန်းခေါင်ကြီး ဘာဖြစ်လို့ ကျွန်တော့်ကို လာခြိမ်းခြောက်နေတာလဲ"
နဉ်ရှောက်ပိုင်က ပြောလိုက်၏။ "ငါက မင်းကို ဘယ်လိုခြိမ်းခြောက်နေလို့လဲ"
"ငါ့မှာ ချစ်သူကောင်မလေး ရှိသွားပြီလို့ မင်းကို ပြောနေတာလေ။ ပြင်ဆင်ထားလိုက်တော့"
မေ့လဲတော့မလို ဖြစ်နေသည့်ရုံရှင်းသည် ရုတ်တရက်ဆိုသလို အလန့်တကြား ပြန်ဖြစ်သွားတော့၏။
"အစ်ကို ဘာဖြစ်နေတာလဲဗျ"
နဉ်ရှောက်ပိုင်က တစ်လုံးချင်းထပ်ပြောလိုက်၏။ "ချစ် သူ ကောင် မ လေး"
"အစ်ကို ကျွန်တော့်ကို ခြောက်လှန့်ဖို့ မကြိုးစားပါနဲ့တော့ဗျာ" ရုံရှင်း၏အသံသည် ပြောင်းလဲသွားလေသည်။ "ကျွန်တော့မှာ ရည်းစားအသစ်တောင် ရှာမတွေ့သေးဘူးဗျ။ ကျွန်တော့အဘိုးရဲ့ အသက်၇၀ပြည့်မွေးနေ့ကလည်း ရက်ပိုင်းပဲလိုတော့တယ်။ အစ်ကို အဲဒီလိုပြောနေရင် ကျွန်တော် ထန်မိသားစုက အဲ့ဒီကောင်မလေးကို လက်ထပ်ရတော့မှာ မဟုတ်ဘူးလား"
နဉ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ဒါကြောင့်မလို့ ငါ မင်းကို ပြောနေတယ် မဟုတ်လား။ မင်းရဲ့သေမင်း လာတော့မယ်လို့"
ရုံရှင်း...
"တကတည်း ဘယ်တုန်းက ဖြစ်သွားတာလဲ" ရုံရှင်းသည် ငိုကြွေးလေတော့သည်။ "အစ်ကို ဓာတ်ခွဲခန်းတစ်ခု ဆောက်ဖို့ အလုပ်များနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ မိန်းမတစ်ယောက် ရဖို့ အချိန်ရသွားတာလဲ"
သူသည် နဉ်ရှောက်ပိုင် စဉ်းစားနေသည့်အရာကိုပင် မသိနိုင်တော့ဘဲ တအံ့တဩ မေးလိုက်တော့၏။
"မဟုတ်မှလွဲရော ကောင်းချုံးယင်းလား"
ထိုသို့ပြောလိုက်ပြီးနောက် အမှန်ပင် သူမဖြစ်နေမှာကို သူက စိုးရိမ်မိပြန်သဖြင့် အလောတကြီးပြော လိုက်လေသည်။
"ဟုတ်ပါတယ်။ ကောင်းချုံးယင်းက မကောင်းဘူးလို့ ကျွန်တော် မပြောပါဘူး။ သူက လှတယ်။ လုပ်ရည်ကိုင်ရည်လည်းရှိတယ်။ နည်းနည်းလေး ထောင်လွှားပြီးတော့ စီးပိုးတတ်တာကလွဲရင်ပေါ့။ ဒါပေမဲ့ အစ်ကိုပိုင်သာဆိုရင်တော့ သူ့ကို ထိန်းချုပ်နိုင်လောက်ပါတယ်"
နဉ်ရှောက်ပိုင်က ဆွံ့အသွားတော့သည်။ "မင်းက ဘာအကြောင်း လာပြောနေတာလဲ။ ဘယ်လိုလုပ်ပြီးတော့ သူ ဖြစ်နိုင်မှာလဲ"
"ဒါဆိုရင် ဘယ်သူလဲဗျ"
နဉ်ရှောက်ပိုင်က ပြုံးလိုက်လေသည်။ သူသည် သူမ၏နာမည်ကို စဉ်းစားလိုက်သည့်အချိန်တိုင်း သူ၏ ရင်ထဲတွင် ရှင်းမပြတတ်သည့် ပျော်ရွှင်မှုတစ်ခု ပျံ့နှံ့သွားလေသည်။
"အချိန်တန်ရင် မင်း သိလာပါလိမ့်မယ်" နဉ်ရှောက်ပိုင်သည် ဖုန်းချပြီး စိတ်လက်ပေါ့ပါးသွားသလို ခံစားလိုက်ရတော့သည်။
ရုံရှင်းက တစ်ဖန် ဖုန်းပြန်ခေါ်လာ၏။
"အစ်ကို အစ်ကိုက လုံးဝကို လူမဆန်တာပဲ။ ဘယ်သူလဲဆိုတာကိုလဲ မပြောပြဘဲနဲ့ ညကြီးသန်းခေါင်ကြီး ကျွန်တော့်ကို လာကြွားနေတယ်။ အစ်ကို ကျွန်တော့်ကို အိပ်မရအောင် တမင်လုပ်နေတာလား"
နဉ်ရှောက်ပိုင်သည် ဖုန်းကိုဆက်ချလိုက်ပြီး စိတ်ကျေနပ်စွာ အိပ်ရာဝင်သွားတော့သည်။
ရှမြန်ကလည်း အိပ်မရသည့်ညတစ်ညဖြစ်ခဲ့ကာ အရုဏ်တက်ချိန်တွင် တက်ကြွသည့် စိတ်ဓာတ်များဖြင့် နိုးထလာလေတော့သည်။
ပထမဦးဆုံး လုပ်ခဲ့သည့်အရာမှာ တံခါးသွားဖွင့်ခြင်းပင်။ ရှောင်ဖုန်းက စောစောအိပ်ရာနိုးပြီး အိမ်ပြန်လာမှာစိုးသဖြင့် တံခါးကို မပိတ်ဘဲထားခဲ့ရသည်။
သူမသည် ကိုယ်ကိုကိုင်းကာ ဘေးတံခါးကို လှမ်းကြည့်လိုက်သည်တွင် သူမအိမ်တံခါး၏နံရံကို မှီထားသည့် အားကစားဝတ်စုံနှင့် ချောမောလှပသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
နဉ်ရှောက်ပိုင်သည်လည်း ထိုနေရာတွင် မည်မျှကြာကြာရပ်နေသည်ကိုပင် မသိတော့ချေ။ ယခုတော့ သူသည် အပြုံးတစ်ခုဖြင့် သူမကို ကြည့်နေလေ၏။
အပြုံးတစ်ခုသည် ရှမြန်၏ မျက်နှာပေါ်တွင် အမှတ်တမဲ့ ပွင့်လန်းလာတော့သည်။
ရာထူးဟုခေါ်သည့် ဒီအရာသည် အမှန်ပင် မှော်ဆန်လှပေသည်။
သူတို့သည် အရင်က မကြာခဏ တွေ့ဆုံနေကြသော်ငြားလည်း ဒီလူက သူမ၏လူဖြစ်သည်ဟု သေချာသိသွားသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် အလွန်ပျော်ရွှင်လာသလို ခံစားလိုက်ရ၏။
သူမသည် ချုပ်တည်းနေစရာမလိုဘဲ သူ့ကို ဘာမဆိုပြုလုပ်နိုင်ပေသည်။
"ဒေါက်တာနဥ် အစောကြီးပဲ ရှိသေးတယ်နော်"
နဉ်ရှောက်ပိုင်က သူမဆီသို့ လျှောက်လာကာအပြုံးဖြင့် ပြောလိုက်၏။ "မင်းလည်း အတူတူပဲနော်။ ဂွတ်မောနင်း"
ရှမြန်သည် တခုခုကို ရုတ်တရက် စဉ်းစားမိသွားပြီး သူမ၏မျက်နှာက ပြောင်းလဲသွားတော့၏။ "ကျွန်မ မျက်နှာမသစ်ရသေးဘူး" ထို့နောက်တွင်တော့ သူမသည် လှည့်ကာ ပြေးထွက်သွားတော့သည်။
နဉ်ရှောက်ပိုင်က သူ့ခေါင်းကို ခါလိုက်ကာ ရယ်မောလိုက်၏။
ရှမြန်သည် သန့်ရှင်းရေးလုပ်ပြီးသွားသည့်နောက် ပင်မအခန်းထဲသို့ ပြန်လာသည့်အချိန်တွင် နဉ်ရှောက်ပိုင်က လေးနက်နေသည့်မျက်နှာတစ်ခုဖြင့် လက်ဆောင်ရထားသည့်အခန်းထဲက သေတ္တာကြီးတစ်လုံးကို စိုက်ကြည့်နေလေသည်။
သူမသည် အစောကြီးကတည်းက သိမ်းဆည်းထားပြီး လုံးဝကို မေ့ပျောက်နေပြီဖြစ်သည့် ရည်းစားစာ ထည့်ထားသည့် သေတ္တာကို ကြည့်လိုက်ပြီး ဆိုးရွားသည့်ခံစားချက်တစ်ခုက သူမ၏ရင်ထဲတွင် မြင့်တက်လာတော့သည်...
ထင်ထားသည့်အတိုင်းပင်။ နဉ်ရှောက်ပိုင်က ပြုံးကာပြောလိုက်သည်။ "တရားဝင်ရာထူးတစ်ခုနဲ့ ချစ်သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရည်းစားလုဖက်က ဘယ်သူတွေလဲဆိုတာသိဖို့ အခွင့်အရေး ရှိတယ်လို့ ထင်တယ်"
ရှမြန်က အော်ရယ်ကာ ပြောလိုက်၏။ "ဘာချစ်သူလုဖက်မှ မရှိပါဘူး။ အဲဒီကသေတ္တာပေါ်မှာ ဘယ်လောက် ဖုန်တက်နေလဲဆိုတာ ကြည့်လိုက်လေ"
"အရမ်းကြာနေပါပြီ။ ဘယ်သူမှန်းတောင် မသိတော့ဘူး" ရှမြန်က သူ့ကို ခြိမ်းခြောက်လိုက်လေသည်။
"ဘယ်သူတွေက ကျွန်မကို ချစ်ခဲ့တယ်ဆိုတာကို ရှင်က ကျွန်မကို သိစေချင်နေတာလား"
နဉ်ရှောက်ပိုင်၏မျက်နှာပေါ်တွင် အမူအရာတစ်ခုဖြင့် ပြည့်နှက်နေလေ၏။ "ကိုက အဲဒီလောက် တုံးအတဲ့ပုံ ပေါ်နေလို့လား"
"မင်း သိစရာမလိုဘူး။ ကိုပဲ သိဖို့လိုတာ"
"ကိုယ့်အကြောင်းကိုယ်သိပြီး ရန်သူ့အကြောင်းလည်း သိထားရမယ်။ စစ်ပွဲတစ်ရာထဲက အန္တရာယ်တွေထဲ ဘယ်တော့မှ မကျရောက်နိုင်ဘူးတဲ့"
ရှမြန်က မျက်နှာသေဖြင့် ပြောလိုက်၏။ "အဲဒီအထဲမှာ ရည်းစားစာ ဘယ်လောက်ရှိတယ်ဆိုတာကို ကျွန်မတို့တွေ ရေတွက်သင့်တယ် မဟုတ်လား"
"ဒီတော့ မင်းက အဲဒါ ကိုမှတ်မိနေသေးတယ်ပေါ့" နဉ်ရှောက်ပိုင်က စိတ်အေးသွားကာ ပြောလိုက်၏။
"ဒီလိုအချစ်ကြွေးမျိုးက ဖူးစာပါလာတဲ့သူနဲ့ တွေ့ဆုံတဲ့အခါ ၂ဆပြန်ပေးဆပ်ရမယ်တဲ့နော်"
ရှမြန်သည် သူ့စကားကြောင့် သဘောကျသွားတော့သည်။ "အဲဒါက ရှင် ကိုယ့်ဟာကိုယ် ပြောခဲ့တဲ့စကားပဲ မဟုတ်လား"
နဉ်ရှောက်ပိုင်က ပြောလိုက်လေသည်။ "မဟုတ်ပါဘူး။ ရှေးလူကြီးတွေ ပြောခဲ့တဲ့စကားပါ"
ရှမြန်သည် သေလုနီးပါး ရယ်မောမိလေတော့သည်။ "ကျွန်မလည်း အစ်ကိုရုံဆီက ကြားထားတာရှိပါတယ်။ ရှင်က ရည်းစားစာ အနည်းဆုံး အစောင် ၁,၀၀၀ လောက်ရခဲ့တယ်ဆို။ အဲဒီအတွက်ရော ရှင်က ကျွန်မကို ဘယ်လိုပြန်ပေးဆပ်မှာလဲ"
"အဲဒါတော့ မမှန်ဘူး" နဉ်ရှောက်ပိုင်က အခိုင်အမာငြင်းဆိုလေသည်။ "ဘယ်လိုလုပ်ပြီးတော့ ရုံရှင်းရဲ့စကားကို ယုံလို့ရမှာလဲ"
"မင်းက ကိုယ့်ကို ရည်းစားစာတစ်စောင် ရေးစေချင်နေတာတော့ မဟုတ်ပါဘူးနော်" နဉ်ရှောက်ပိုင်သည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူ့အိတ်ကပ်ထဲက စာတစ်စောင်ကိုဆွဲထုတ်ကာ ဖြေလိုက်လေသည်။
"စဉ်းစားကြည့်လိုက်တော့ မင်းလည်း မင်းရဲ့ခံစားချက်ကို ဖော်ပြတဲ့နေရာမှာ အရမ်းတော်တာပဲ..."
စာရွက်ပေါ်တွင် ရေးသားထားသည့်အရာမှာ ပြီးခဲ့သည့်ညက ဟိုတယ်ဝင်ပေါက်ရှေ့တွင် သူတို့ အော်ပြောခဲ့သည့် ထူးဆန်းသည့် ကဗျာစာသား၂ကြောင်းဖြစ်နေသည်ကို ရှမြန်သည် တစ်ချက် လှမ်းကြည့်ရုံနှင့် မြင်လိုက်လေသည်။ ထို့အပြင် ဟိုတယ်ဝင်ပေါက် ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် ရေးသားထားခဲ့သည့် သိပ္ပံဆိုင်ရာဖော်မြူလာများလည်း ရှိသေးသည်။
သင်္ချာဖော်မြူလာ၂ခု၏ အဖြေများကလည်း အလိုလိုထွက်လာခဲ့သည်။ အသည်းပုံကြီး၂ခုကို အနီရောင်ဘောပင်ဖြင့် ဆွဲသားထား၏။
သူမသည် ရုတ်တရက် သူမ၏လက်ကိုဆန့်လိုက်ကာ နဉ်ရှောက်ပိုင်ကို ဖက်ထားလိုက်ပြီးနောက် သူမ၏ခေါင်းကို နောက်ပြန်စောင်းထားလိုက်ပြီး ချွဲနွဲ့စွာဖြင့် ပြုံးလိုက်လေသည်။ "မနေ့ညတုန်းက ကျွန်မတို့တွေ အားလုံးက ကျွန်မတို့ဘဝရဲ့ခြေလှမ်းအသစ်ကို စတင်ခဲ့တာလေ။ ဟုတ်တယ်မလား"
"အတိတ်က အကြောင်းတွေ ထပ်မပြောတော့ဘူး"
သူမသည် ထိုသို့ပြောလိုက်ပြီးနောက် ရည်းစားစာ ထည့်ထားသည့် သေတ္တာကို ပိတ်ချလိုက်ကာ သက်သေများကို နောက်ပိုင်းကျလျှင် ဖျက်ဆီးမည်ဟု စိတ်ကူးထားလိုက်လေသည်။
သို့သော်ငြားလည်း နဉ်ရှောက်ပိုင်ကတော့ ပြန်ထိန်းထားလိုက်ပြီး လွှတ်ပေးဖို့ ငြင်းဆန်နေ၏။ "မရဘူး"
"မင်းက အတိတ်၊ မင်းက ပစ္စုပ္ပန်၊ မင်းက အနာဂတ်။ အားလုံးက ကို့ဘဝရဲ့ အရေးကြီးဆုံးအရာတွေပဲ။ ကိုက အဲဒါတွေကို ကောင်းကောင်းလေး နားလည်ထားချင်တယ်လေ"
ရှမြန်...
အငြိုးအတေးထားနေတဲ့ အကြောင်းအရာကို ရှင့်ရဲ့အချစ်ကို ဖွင့်ဟဝန်ခံနေသလို မပြောပါနဲ့လေ။ ဟုတ်ပြီလား။
ရှမြန်သည် မနေ့ညက သူ၏ဖွင့်ဟဝန်ခံပြောခဲ့သည့်စကားကို လက်မခံခဲ့မိလျှင် သူတို့၏ ရာထူး အလဲအလှယ်အနေဖြင့် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့ရန် သူ့မှတ်စုစာအုပ်သေးသေးလေးကို အသုံးချနိုင်လိမ့်မည်ဟု ရုတ်တရက် စဉ်းစားလိုက်မိ၏။
ယခုတော့ သူမသည် ဝှက်ဖဲကို ဆုံးရှုံးခဲ့သည့်အပြင် ထိုဝှက်ဖဲက သူ့အတွက် သဝန်တိုစရာ လက်နက်တစ်ခု ဖြစ်လာတော့၏။
နဉ်ရှောက်ပိုင်ကတော့ ဒီအကြောင်းကို အစောကြီးကတည်းက စဉ်းစားထားတာပဲ ဖြစ်ရမယ်။ ဒါကြောင့်မလို့လည်း မနေ့ညတုန်းက သူ ဘာမှဂရုမစိုက်တဲ့ပုံစံ လုပ်ခဲ့တာပဲ။ အရမ်းကောက်ကျစ်တာပဲ။
သို့သော်ငြားလည်း အခြေအနေက ဒီအထိရောက်လာပြီဖြစ်သဖြင့် ရှမြန်သည် သူ့ကို ဒီအတိုင်း မစွန့်ပစ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူမက သက်ပြင်းချလိုက်ပြီး ခြေဖျားလေးထောက်ကာ သူမျက်နှာကို အနမ်းတစ်ပွင့် ခြွေလိုက်တော့သည်။
နဉ်ရှောက်ပိုင်က တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က ခပ်တိုးတိုးလေး ပြောလိုက်၏။
"ကျေးဇူးပြုပြီးတော့ ကြည့်နေတာတွေကို ရပ်လိုက်လို့ရပြီလား"
စိတ်ကူးတစ်ခုသည် ရုတ်တရက် သူမ၏စိတ်ထဲတွင်ပေါ်လာခဲ့၏။ "ကျွန်မတို့တွေ အပေးအယူ လုပ်မယ်ဆိုရင်ရော"
"ဒါကိုလဲလှယ်ဖို့အတွက် အနမ်း၅ပွင့်ပေးမယ်လေ" နဉ်ရှောက်ပိုင်၏ ကျဉ်းမြောင်းနေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး ရှမြန်က သူမ၏လက်ဖဝါးကို ဖြန့်ပြလိုက်သည်။ "၁၀ခါလား"
နဉ်ရှောက်ပိုင်က သက်ပြင်းချလိုက်ပြီး ရည်းစားစာ ထည့်ထားသည့်ဘူးကို ချထားလိုက်ကာ တိုးညင်းစွာဖြင့် ပြောလိုက်လေသည်။ "အဲဒီလိုအနမ်းမျိုးက အဆင်မပြေပါဘူး"
သူသည် ပြောရင်းဆိုရင်း ရှမြန်၏မေးစေ့ကို ဆွဲပင့်လိုက်ကာ သူမ၏နှုတ်ခမ်းကို ပိတ်ဆို့ထားလိုက်တော့သည်...
အစပိုင်းတွင်တော့ သူသည် ဒီအခြေအနေနှင့် အနည်းငယ် မရင်းနှီးသလိုသာ ရှိနေသေး၏။ သို့သော်ငြားလည်း ရှမြန်က အသက်မရှူနိုင်တော့သဖြင့် မတော်တဆ သူမ၏ပါးစပ်ကို ဖွင့်လိုက်မိသည့်အချိန်တွင် သူသည် မရပ်နိုင်တော့ပေ။
ရှမြန်သည် သူမ၏စိတ်ထဲတွင် မီးရှူးမီးပန်းပေါင်းများစွာ ပေါက်ကွဲနေသည်ကိုသာ ခံစားမိလိုက်ပြီး တခြားဘာကိုမှ မစဉ်းစားနိုင်မိတော့အောင် ဖြစ်သွားတော့၏...
အချိန် ဘယ်လောက် ကြာသွားမှန်းပင် မသိလိုက်ချေ။ သို့သော်ငြားလည်း ရှမြန်သည် လုံးဝကို ချည့်နဲ့သွားသလို ခံစားလိုက်ရလေသည်။ သူမက သူ့အင်္ကျီကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ပြီး သူ့ပခုံးပေါ်တွင် မှီထားလိုက်ကာ မောပန်းနေလေသည်။
"ဒေါက်တာနဥ် ဒါက ရှင်ရဲ့ပထမဦးဆုံးအနမ်းရော ဟုတ်ရဲ့လား။ ဘယ်လိုလုပ်ပြီးတော့ အဲဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ။ ဆိုးရွားလိုက်တာ"
နဉ်ရှောက်ပိုင်ကလည်း သူမ၏ကျောပြင်လေးကို ပွတ်သပ်ပေးကာ သူမ၏အသက်ရှူသံကို တည်ငြိမ်အောင် လုပ်ပေးလိုက်ပြီး သူ့အသံကလည်း အနည်းငယ် တိမ်ဝင်နေလေသည်။
"နောက်တစ်မျိုးကတော့ ဒီလိုဖြစ်မှာ မဟုတ်ဘူး။ မင်း စမ်းကြည့်ချင်လား"
ရှမြန်သည် မလှုပ်ရှားရဲတော့ချေ။ "အခုတော့ ကျွန်မအသက်ကို ကျေးဇူးပြုပြီးတော့ ချမ်းသာပေးပါ"
နဉ်ရှောက်ပိုင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမကို ပွေ့ဖက်ထားလိုက်ပြီးနောက် ကျန်သည့်လက်တစ်ဖက်ဖြင့် ရည်းစားစာထည့်ထားသည့်ဘူးကို ပြန်သိမ်းထားလိုက်လေသည်။
ရှမြန်၏ မျက်လုံးများက ဝိုင်းစက်သွားတော့၏။ "ဒေါက်တာနဥ် ကျွန်မတို့တွေ အလဲအလှယ် လုပ်မယ်လို့ သဘောတူထားတယ် မဟုတ်လား"
"ဘယ်တစ်ခုနဲ့ အလဲအလှယ် လုပ်သင့်သလဲ။ မနေ့ညက ပြဿနာရှာခဲ့တဲ့တစ်ခုနဲ့လား"
ရှမြန်သည် တုံ့ဆိုင်းသွားပြီး ခဏလောက် စဉ်းစားလိုက်ပြီးမှ သွေးတိုးစမ်းကာ မေးလိုက်လေသည်။
"၂ခုလုံးဆိုရင်ရော"
အထက်တန်းဒုတိယနှစ်ဝက်တုန်းက လေ့ကျင့်ရေးအခန်းထဲမှာ...
"ဒါတွေအားလုံးကို တစ်ခါတည်းပဲ ဖြေရှင်းလိုက်ပါတော့"
ရှမြန်က တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။ "အားလုံးနဲ့ လဲလိုက်"
နဉ်ရှောက်ပိုင်က ရယ်မောလိုက်လေသည်။ သူသည်မနေနိုင်တော့ဘဲခေါင်းကိုငုံ့ကာ သူမ၏ နှုတ်ခမ်းနီနီလေးကို ဖျတ်ခနဲ နမ်းလိုက်၏။ "ကလေးမ ဒါက ကို့ရဲ့အခွင့်အရေးလေ။ ဘယ်ဟာမဆိုနဲ့တော့ အလဲအလှယ် မလုပ်ပေးနိုင်ပါဘူး"
ရှမြန်က ဒေါသထွက်လာသည်ကို မြင်လိုက်သည့်အခါ နဉ်ရှောက်ပိုင်က သူမကို သူ့ရင်ခွင်ထဲတွင် ဖိနှိပ်ထားလိုက်ပြီး စိတ်ကူးယဉ်ဆန်ဆန် ဖွင့်ဟဝန်ခံထားသည့် ရည်းစားစာအားလုံးကို ရည်းစားစာထည့်သည့် သေတ္တာထဲတွင် ပြန်ထည့်ထားလိုက်ကာ သူမအား ပြန်ပေးလိုက်လေသည်။
ရှမြန်သည် ရုန်းကန်မနေတော့ဘဲ မျက်နှာသေဖြင့် ပြောလိုက်တော့၏။ "ဒါကရော ဘာအဓိပ္ပာယ်လဲ"
နဉ်ရှောက်ပိုင်က မျက်ဝန်းထဲတွင် နူးညံ့သည့်အကြည့်တစ်ခုဖြင့် သူမကိုကြည့်လိုက်၏။
"ဒါကတစ်စုံတစ်ယောက်ရဲ့ ချစ်သူကောင်လေးလုပ်ရတာ ပထမဦးဆုံးအကြိမ်လေ။ ဒီတော့ တချို့ကိစ္စတွေကို မှန်မှန်ကန်ကန် မလုပ်နိုင်တဲ့ အချိန်တချို့လည်း ရှိမှာပေါ့"
သူက ခပ်တိုးတိုးပြောလိုက်၏။ "ဒါတွေအားလုံးက ကို မင်းကိုရဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာရဲ့ သက်သေတွေပဲ။ တကယ်လို့ မင်းက ဒေါသထွက်တယ်ဆိုရင် ဒါတွေအားလုံးကို ကို့ကို ပေးလိုက်လို့ရတယ်လေ"
"ကို့ရဲ့မိန်းကလေးက တစ်ချိန်တုန်းက လူတွေအများကြီး ပိုးပန်းခံခဲ့ရတဲ့ တကယ်ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို ကို့ကို သတိပေးနေမှာပေါ့။ သူ့ကိုလည်း သေသေချာချာလေး တန်ဖိုးထားသင့်တယ်ဆိုပြီးတော့လေ..."
ရှမြန်သည် ရင်ထဲတွင် ချိုမြိန်မှုကိုခံစားလိုက်ရပြီး တမင်သက်သက် ပြောလိုက်လေသည်။ "တကယ်ပဲ အငြိုးအတေး မထားတော့ဘူးလား"
နဉ်ရှောက်ပိုင်က ခပ်တိုးတိုး ရယ်မောလိုက်ကာ သူ့ခေါင်းကို ငုံ့ပြီး သူမကို ဖျတ်ခနဲနမ်းလိုက်လေသည်။
"ချစ်သူတွေက ဘယ်လိုလုပ်ပြီးတော့ ညတွင်းချင်း အငြိုးအတေးထားနိုင်မှာလဲ"
ရှမြန်...
ညတွင်းချင်း အငြိုးထားတယ်ဆိုတာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကခေါင်းရင်းမှာ ရန်ဖြစ်ကြပြီး ခြေရင်းလည်းပြန်ရောက်ရော ပြန်တည့်သွားကြတယ်လေ။
ရှင်က ကျွန်မကို ဘာမှမသိဘူးဆိုပြီးတော့ အနိုင်ကျင့်နေတာလား။ ဒါမှမဟုတ် တစ်ခုခုကို အရိပ်အမြွှက် ပြောချင်နေတာလား။
...
အပိုင်း (၁၈၂)
နဉ်ရှောက်ပိုင်သည် ရည်းစားစာ ထည့်သည့်သေတ္တာကို ပစ္စည်းများ ထည့်သိမ်းသည့်အခန်းထဲတွင် ပြန်ထည့်လိုက်၏။
သူသည် ငုံ့ကြည့်လိုက်သည့်အခါ ရှမြန်၏မျက်လုံးများက တောက်ပနေသည်ကို တွေ့လိုက်ရပြီး သူမသည် သူ့ကို ချိုလွင်ပျော့ပျောင်းစွာ ပြုံးပြနေလေသည်။
နဉ်ရှောက်ပိုင်က သူမ၏ခေါင်းကို ထိကိုင်လိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "မင်း ကို့ကို ထပ်ပြီးတော့ ကျီစယ်နေတာပဲ"
ရှမြန်က ပြုံးကာ သူ့ခါးကိုဖက်ထားလိုက်၏။ "ဒေါက်တာနဉ်"
"ဟင်"
"ကျွန်မ ရှင့်ကို သိပ်သဘောကျတယ်ဆိုတဲ့အကြောင်း ရှင့်ကို ပြောပြခဲ့ဖူးလားဟင်"
နဉ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားပြီး အပြုံးတစ်ခုသည် သူ့မျက်နှာပေါ်တွင် ပျံ့လွင့်လာပြီးနောက် သူက သူမ၏ပါးပြင်လေးကို ပွတ်သပ်လိုက်ကာ တိုးညင်းစွာဖြင့် ပြောလိုက်သည်။
"အင်း ကို နားလည်ပါတယ်"
သူတို့၏မျက်လုံးများ ဆုံတွေ့သွားသည့်အချိန်တွင် ရှမြန်သည် တစ်ဖက်လူ၏မျက်လုံးထဲ၌ တူညီသည့်အပြုံးကို တွေ့လိုက်ရ၏။
နဉ်ရှောက်ပိုင်၏ စူးရှသည့်အကြည့်သည် နောက်သို့ ရွေ့လျားလာပြီး သူမ၏နှုတ်ခမ်းပေါ်သို့ ကျဆင်းသွားသည်။
ခဏအကြာတွင် သူက သူမ၏မေးစေ့ကို ဆွဲပင့်ထားလိုက်ပြီး သူ့ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လာခဲ့၏။
ရှမြန်က သူမ၏မျက်လုံးကို အမှိတ်...
"အန်တီလေးရေ"
"အန်တီ မြန့်မြန်"
ရှောင်ဖုန်းနှင့် ချန်းချန်းတို့၏အသံသည် အပြင်ဘက်မှ ရောက်လာသည်။
သူတို့သည် ရှ၀မ်ယွဲ့ထက် အများကြီးပိုပြီး မြန်မြန်ဆန်ဆန် ဝင်ရောက်လာကာ မကြာခင်တွင် ခြံဝန်းအလယ်သို့ ရောက်လာတော့၏။
"အန်တီလေး"
ရှမြန်သည် အနည်းငယ် ပျာယာခတ်သွားသေးသည်။ သို့သော်ငြားလည်း နဉ်ရှောက်ပိုင်ကတော့ တည်ငြိမ်နေပြီဖြစ်၏။ သူက သူမကို မလွှတ်ပေးခင်တွင် သူမ၏နှုတ်ခမ်းကိုပင် မြန်မြန်ထိလိုက်သေးသည်။
ရှမြန်သည် မနေသာတော့ဘဲ သူ့ကိုဒေါသဖြင့် စိုက်ကြည့်လိုက်၏။ နဉ်ရှောက်ပိုင်ကတော့ ပြုံးနေမြဲ။
ရှောင်ဖုန်းသည် တံခါးနားသို့ ပြေးဝင်လာပြီဖြစ်သည်။ "အန်တီလေး ပြန်လာပြီလား"
ချန်းချန်းကလည်း နောက်မှနေ၍ လိုက်ပြီး ကပ်ပြေးလာကာ "အန်တီမြန့်မြန် ဒီနေ့ နို့ပေါင်း လုပ်ပေးမှာလား"
ကလေး၂ယောက်သည် အဝါဖျော့ရောင်စွပ်ကျယ်လေးကို တစ်ပုံစံထဲဝတ်ဆင်ထားပြီး အမြွှာညီအစ်ကိုလေးနှင့်တူနေ၏။
ရှမြန်က ရှောင်ဖုန်းဆီသို့ လက်ဆန့်ပေးလိုက်သည်။ "မနေ့ညတုန်းက ကောင်းကောင်းအိပ်ရရဲ့လား ပေါင်ပေ့"
ရှောင်ဖုန်းသည် ဝမ်းသာအားရ ပြေးဝင်သွားပြီး သူ့ကိုယ်သူ သူမ၏ရင်ခွင်ထဲသို့ ပစ်သွင်းလိုက်ကာ ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ညတုန်းက ၉နာရီအိပ်ရာဝင်ခဲ့တာ"
ရှမြန်က ချန်းချန်း၏ခေါင်းလေးကို ထိကိုင်ပေးကာ ပြောလိုက်သည်။ "ခဏနေကြရင် သားအတွက် လုပ်ပေးမယ်နော်"
အထက်တန်းကျောင်းက အလုပ်တာဝန်များက လေးလံလာသဖြင့် သူမသည် သူတို့အတွက် အရသာရှိသည့် အစားအသောက်ကို မလုပ်ပေးခဲ့သည်မှာ တော်တော်လေး ကြာမြင့်နေပြီ။
ချန်းချန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ပျော်ရွှင်သွားပြီး နဉ်ရှောက်ပိုင်ဘက်ကို လှည့်ကြည့်လိုက်၏။
"ဦးဦး ဦးဦးက ဘာလို့ ဒီမှာရှိနေတာလဲ"
နဉ်ရှောက်ပိုင်က သူ့ခေါင်းလေးကို လှမ်းခေါက်လိုက်ပြီး "ငါက ဒီနေရာမှာ ဘာလို့ ရှိလို့မရမှာလဲ"
ရှောင်ဖုန်းကတော့ လိမ်လိမ်မာမာလေး ရှိနေဆဲဖြစ်ကာ မေးလိုက်သည်။ "ဦးဦးနဥ် သားတို့နဲ့အတူတူ နို့ပေါင်း လာစားပါလား"
ရှမြန်က ပြုံးကာ ပြောလိုက်၏။ "ငါ့အထင်တော့ ငါတို့တွေ နို့ပေါင်းကို အချိန်မီ စားနိုင်မှာ မဟုတ်လောက်ဘူး။ ဒီတော့ အရင်ဆုံး မနက်စာ စားကြတာပေါ့"
နဉ်ရှောက်ပိုင်က ပြုံးကာ ပြောလိုက်သည်။ "အခုအချိန်ကစပြီး ပန်းကန်လုံးနဲ့တူ အပိုတစ်စုံ ပြင်ထားလိုက်နော်"
ရှင်က နေ့တိုင်း ဒီမှာ လာစားမလို့လား။
ရှမြန်သည် တခုခုကို သတိရသွားကာ ပြုံးလိုက်သည်။ "အဒေါ်၂က ပြောထားတယ်။ အိမ်ကို ပြန်ပြင်ဆင်ဖို့ အစီအစဉ် အဆုံးသတ်ပြီးသွားရင် ကျွန်မက အဒေါ်၂အိမ်မှာ သွားနေရမှာတဲ့”
နဉ်ရှောက်ပိုင်က အကြံပြုလိုက်သည်။ "ဒီခြံဝန်းကို နောက်တစ်နှစ် ဒါမှမဟုတ် နောက်တစ်နှစ်ရဲ့ နောက်တစ်နှစ်ကျမှပဲ ပြန်လည်ပြုပြင်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းလည်း တခြားလူရဲ့အိမ်မှာ သွားနေစရာ မလိုတော့ဘူးလေ"
သူသည် ထိုသို့ပြောလိုက်ပြီးနောက် သူ၏အိမ် ရှိရာဘက်သို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။
ဒါက ကြိုတင်ကြံစည်ထားခြင်းပင်။
ရှမြန်က အသံထွက်ကာ ရယ်မောလိုက်သည်။ "အဒေါ်၂က သဘောတူမှာ မဟုတ်ဘူး။ ဒီအပြင် အဒေါ်၂က ဘယ်လိုလုပ်ပြီးတော့ တခြားတစ်ယောက် ဖြစ်နိုင်မှာလဲ"
နဉ်ရှောက်ပိုင်က ခဏလောက် စဉ်းစားလိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ "ကို မှတ်မိသလောက်တော့ အိမ်ကို ပြန်လည်ပြင်ဆင်ပေးနေတဲ့အဖွဲ့က ဒီတစ်နှစ်မှာ တခြားသူရဲ့အိမ်ကို ပြန်လည်ပြင်ဆင်ပေးနေတဲ့ပုံပဲ။ သူတို့တွေက နောက်တစ်နှစ် မရောက်ခင်အထိတော့ အချိန်အားသေးမှာ မဟုတ်ဘူး ထင်တယ်"
ရှမြန်သည် ရယ်ရလွန်းသဖြင့် မောပန်းသွားတော့သည်။ "ဒေါက်တာနဥ် ရှင့်ရဲ့အလိမ်အညာတွေက အရမ်းကို လယ်ဗယ်နိမ့်တာပဲနော်"
နဉ်ရှောက်ပိုင်ကလည်း မနေနိုင်ဘဲ အော်ရယ်လိုက်၏။
မနက်စာ စားပြီးသွားသည့်နောက်တွင် နဉ်ရှောက်ပိုင်က အလုပ်သွားခဲ့သည်။ ရှမြန်ကတော့ ကလေးများအတွက် သရေစာများ ပြုလုပ်ပေးလိုက်ပြီး မောက်ဟွေ့မေကို သွားရှာခဲ့၏။
သူမသည် မနေ့က အသေးစိတ်အကြောင်းအရာကို မရှင်းပြခဲ့ရချေ။ ထို့ကြောင့် မောက်ဟွေ့မေက ထိုကိစ္စနှင့် ပတ်သက်ပြီး အများကြီး မစဉ်းစားခဲ့ပေ။ ရှမြန်က ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် သူမက တိတ်ခွေတစ်ခုဖြင့် အင်္ဂလိပ်စာကို လေ့လာနေသည်။
သူမသည် ရက်အနည်းငယ်တွင် ဈေးရောင်းပွဲတော်တစ်ခုကို တက်ရောက်ရမည်။ ထိုပြပွဲတွင် နိုင်ငံခြားကုမ္ပဏီများကလည်း ပါဝင်ကြလိမ့်မည်ဟု ကြားထားသည်။ ထို့ကြောင့် သူမက ထိုအတွက် စတင် ပြင်ဆင်နေခြင်းဖြစ်၏။
ရှမြန်က မနေ့က သူမတွေ့ခဲ့သည့် အကြောင်းအရာကို မောက်ဟွေ့မေအား ပြောပြလိုက်၏။
မောက်ဟွေ့မေ၏ ပထမဦးဆုံးတုံ့ပြန်မှုမှာ မယုံကြည်မှုသာဖြစ်သည်။ "နင် အမြင် မမှားဘူးဆိုတာ သေချာရဲ့လား။ အဲဒါက ဟယ်ဝေဆိုတာ သေချာလား"
ရှမြန်က မေးလိုက်သည်။ "အစ်မ ဟယ်ဝေက သူ့မိသားစုအခြေအနေကို နင့်ကို ပြောပြခဲ့ဖူးလား"
"သူ့မိဘတွေ ဘာလုပ်တယ်၊ သူ့မောင်နှမတွေ ဘာလုပ်တယ်နဲ့ မိသားစုအကြောင်းလေ"
မောက်ဟွေ့မေသည် အချိန်အကြာကြီး စဉ်းစားလိုက်ပြီးမှ တစ်ခုခုကို သတိရသွားသည်။ "သူ့မိသားစုက စက်ရုံတစ်ခု ပိုင်ဆိုင်ထားပြီးတော့ တော်တော်လေး ချမ်းသာတယ်ဆိုတဲ့အကြောင်းပဲ သိထားတယ်။ သူ့ကြည့်ရတာလေ။ စားသောက်ဆိုင်တစ်ခုကို လည်ပတ်နေတဲ့ပုံပဲ..."
တစ်နည်းအားဖြင့်ပြောရလျှင် တိကျသည့် အချက်အလက်များမရှိချေ။ အကယ်၍တစ်နေ့တွင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လျှင် မောက်ဟွေ့မေသည် သူ့ကို ရှာဖွေနိုင်လိမ့်မည်ပင် မဟုတ်ပေ။
မောက်ဟွေ့မေက ပြောလိုက်သည်။ "ငါတို့တွေက ငါတို့ရဲ့ဆက်ဆံရေးကို တရားဝင် အတည်ပြုထားသေးတာ မဟုတ်ဘူးလို့ ထင်တယ်လေ။ ဒီတော့ မေးခွန်းတွေ အများကြီး မေးတာကလည်း မှန်တယ်လို့ မထင်ဘူး..."
ရှမြန်က ပြောလိုက်၏။ "နင်မေးခွန်းတွေ အများကြီးမေးတာက မကောင်းပါဘူး။ ဒါပေမဲ့ နင်တို့၂ယောက်စလုံးက ၂၄၊ ၂၅နှစ်အရွယ်လို့ နင်ပဲ ပြောခဲ့တယ်လေ။ တကယ်လို့ နင်က ဆက်ဆံရေးတစ်ခု စတင်ပြီဆိုတာနဲ့ လက်ထပ်ရတော့မှာပဲ။ တကယ်လို့ သူက သူ့ဘဝရဲ့အစီအစဉ်ထဲမှာ နင့်ကို ထည့်သွင်းထားတယ်ဆိုရင် သူက အရင်ဆုံး နင့်ကို ပြောပြသင့်တာပေါ့"
မောက်ဟွေ့မေက ချက်ချင်းဆိုသလို တည်ငြိမ်သွားတော့၏။ "သူက ချီခိုင်နဲ့တွဲနေတာလို့ နင် ပြောလိုက်တာလား။ ချီခိုင်နဲ့အတူတူ တွဲလာတဲ့ မိန်းကလေးရဲ့ပုံစံက ဘယ်လိုမျိုးလဲ"
ရှမြန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ ချစ်ကျွမ်းဝင်နေသည့်လူများသည် မျက်ကန်းနီးပါးပင်။ သူမသည် မောက်ဟွေ့မေကို နားမချနိုင်မှာ စိုးရိမ်နေမိသေးသည်။
မောက်ဟွေ့မေက သူမ စိုးရိမ်နေသည့်အရာကို သိနေသယောင် သက်ပြင်းချလိုက်သေးသည်။
"ဒီလောကထဲမှာ လူတိုင်းက ငါ့ကို လိမ်ညာလို့ရပါတယ်။ ဒါပေမဲ့ နင်တို့တွေကတော့ လိမ်ညာလို့ မရဘူးလေ။ နင် မြင်ထားတဲ့အရာတိုင်းနဲ့ စဉ်းစားထားတဲ့အရာတွေကို ငါ့ကို ပြောပြပါ"
ရှမြန်သည့် သူမ စိတ်မကောင်းဖြစ်နေသည်ကို မကြည့်ရက်နိုင်တော့သဖြင့် ပြောပြလိုက်လေ၏။
"ဟယ်ဝေနဲ့ ပတ်သက်ပြီးတော့တော့ နားလည်မှု လွဲနေတာတချို့ရှိချင်ရှိမှာပါ။ ဘာပဲဖြစ်ဖြစ်လေ။ ငါတို့တွေ သတိထားတာက အမြဲတမ်း ပိုကောင်းပါတယ်"
မောက်ဟွေ့မေက ခေါင်းညိတ်ကာပြောလိုက်၏။ "ချီခိုင်ရဲ့ဘေးက မိန်းကလေးအကြောင်းကို ငါ့ကိုပြောပြစမ်းပါ။ သူ့ရဲ့ပုံစံကို အသေးစိတ် ပြောပြ"
"သူက ရုပ်ဆိုးတဲ့အထဲမှာတော့ မပါဘူး။ အရပ်က ၁.၆မီတာလောက်ရှိမယ် ထင်တယ်။ နင့်ထက်တော့ နည်းနည်းလေး ပိုပုတယ်။ ဒါပေမဲ့ သူက ကောင်းမွန်တဲ့ စိတ်သဘောထားလေးရှိတဲ့ပုံပဲ။ သူ့ကြည့်ရတာလည်း ပညာတတ်ပြီး သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်နဲ့ တူပါတယ်"
မောက်ဟွေ့မေသည် ရုတ်တရက် နားလည်သွားသယောင် တွေ့လိုက်ရသည့်အခါ ရှမြန်က မေးလိုက်၏။
"နင် သူ့ကို သိလို့လား"
မောက်ဟွေ့မေက ပြောလိုက်သည်။ "သူက လုနနပဲ။ သူက စီးပွားရေးဌာနက နာမည်ကြီးတစ်ယောက်လေ။ သူ့မိသားစုက အရမ်းချမ်းသာတယ်"
"ငါ အရင်ကြားခဲ့ဖူးတာတော့ သူက ချီခိုင်ကို သဘောကျနေတာတဲ့"
ရှမြန်က မျက်မှောင်ကြုတ်လိုက်သည်။ "သူ့မိသားစုထဲမှာ မောင်နှမ မရှိလို့လား"
မောက်ဟွေ့မေက ပြောလိုက်သည်။ "ငါ အဲဒီအကြောင်းကိုတော့ မကြားဖူးပါဘူး။ သူ့ရဲ့မိဘတွေက သူ့ကို တော်တော်လေး ချစ်ကြပြီး ငွေလည်း အများကြီးသုံးတယ်လို့တော့ သိထားတယ်။ နင်က ဘာဖြစ်လို့ ဒါကို မေးတာလဲ"
မောက်ဟွေ့မေက ချီခိုင်သည် သူမကို အရင်ဆုံး တွဲရသည့်အကြောင်းအရင်းကို သဘောမပေါက်သေးသည်ကို တွေ့လိုက်ရသည့်အခါ ရှမြန်က သူမ၏ ကိုယ်ပိုင်ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။
"...သူက ဖြတ်လမ်းကို ဘယ်လိုလိုက်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူပဲ။ သူ့စိတ်ထဲမှာ အချစ်ရေးက သူ့ရဲ့ရည်မှန်းချက်လောက် လုံးဝအရေးမကြီးတာပဲ"
"သူ့ရဲ့ပညာရေးအတွက် မိသားစုရဲ့ပိုင်ဆိုင်မှုကလည်း နောက်ဆုံးတော့ ဒီလူကိုပဲ ပေးလိုက်ရမှာပဲ။ မိန်းကလေးတစ်ယောက်ပဲ ရှိတဲ့မိသားစုက မျိုးဆက်ပြတ်မှာပဲလေ။ တကယ်လို့ သူက လက်ထပ်ခဲ့မယ်ဆိုရင် ပိုင်ဆိုင်မှုတွေကို ယုံယုံကြည်ကြည်နဲ့ သေချာပေါက်ဆက်ခံလို့ရမှာပေါ့"
မောက်ဟွေ့မေသည် ရုတ်တရက် သဘောပေါက်သွားသည်။ "ဘယ်သူက ငါတို့မိသားစုထဲကို လက်ထပ်ပြီး ဝင်ရမှာလဲဆိုတာကို အရမ်း ဂရုစိုက်နေတာလည်း မဆန်းတော့ပါဘူး..."
ရှမြန်က ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ဒါက ခန့်မှန်းချက်သက်သက်ပါပဲ။ အစ်မ အလောတကြီးနဲ့ လုနနကို သွားမရှာနဲ့ဦးနော်"
မောက်ဟွေ့မေက ရယ်မောလိုက်သည်။ "ငါ အဲဒီလောက် မအသေးပါဘူး"
"တကယ်လို့ နင်ပြောတဲ့စကားသာ အမှန်ဆိုရင် လူနနနဲ့ ချီခိုင်တို့က တွဲနေကြပြီ။ သူက ငါ့ကို သေချာပေါက် အရမ်းမုန်းနေမှာပဲ။ ဒီတော့ သူက ငါပြောတဲ့စကားတွေကို ယုံနိုင်မှာမဟုတ်ဘူးလေ"
"နောက်ပိုင်းကျရင် ငါ့ကို သတိပေးဖို့ အခွင့်အရေးတစ်ခု ရှာထားလိုက်ဦး။ ငါ ဘာကိုမှ ထိန်းချုပ်လို့ ရလောက်မှာ မဟုတ်လောက်ဘူး"
နောက်ဆုံး မောက်ဟွေ့မေသည် အချိန်တစ်ခုအထိ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ရှဝမ်ယွဲ့နောက်သို့လည်း သွားလိုက်ပြန်လိုက် လုပ်ခဲ့သဖြင့် သူမသည် လောကကြီး၏ နိယာမအကြောင်းကို အများကြီးပိုပြီးသိသည်။
"အခုအချိန်မှာ မေးခွန်းက...ဟယ်ဝေက ချီခိုင်၊ လူနနတို့နဲ့ ဘာလို့တွဲနေလဲဆိုတာပဲ"
ရှမြန်က ခန့်မှန်းလိုက်သည်။ "တကယ်လို့ လုနနကလည်း လူချမ်းသာ ဒုတိယမျိုးဆက်တစ်ယောက်ဆိုရင် ဖြစ်နိုင်တာက သူတို့အချင်းချင်း သိနေကြတာပဲ ဖြစ်မယ်"
မောက်ဟွေ့မေက ပြောလိုက်၏။ "ငါ သွားပြီးတော့ မေးကြည့်လိုက်ပါဦးမယ်"
ရှမြန်က သူမကို စိုးရိမ်တကြီး သတိပေးလိုက်၏။ "နင် ဘာကိုမှ ရှင်းရှင်းလင်းလင်းမသိသေးခင် ဟယ်ဝေနဲ့ အပြင်မထွက်နဲ့တော့နော်"
မောက်ဟွေ့မေသည် မနေနိုင်တော့ဘဲ သူမ၏ဆံပင်လေးကို လှမ်းဆွဲလိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။
"ငါ သိပါတယ်။ အဲဒီကိစ္စကို စိတ်မပူပါနဲ့"
နောက်ဆုံး ဒါသည် မောက်ဟွေ့မေ၏ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သည်။ သူမက ကိုယ့်ဟာကိုယ် စုံစမ်းမည်ဟု ပြောလာသဖြင့် ရှမြန်ကလည်း ဝင်မစွက်ဖက်တော့ချေ။
မျှော်လင့်မထားဘဲ မောက်ဟွေ့မေက သဲလွန်စတစ်ခု ရှာမတွေ့သေးခင်မှာပင် သူမသည် အမှန်တရားကို အရင်ဆုံး မမျှော်လင့်ဘဲ တွေ့ရှိခဲ့၏။ ထိုအမှန်တရားကလည်း လူကြီးမင်းရုံ၏ မွေးနေ့ပါတီပွဲတွင် ဖြစ်နေသည်။
...
အပိုင်း (၁၈၃)
ရုံရှင်းအဘိုး၏ အသက်၇၀ပြည့် မွေးနေ့ပွဲသည် ရှမြန်၏မွေးနေ့ထက် တစ်ပတ်စောသည်။
နဥ်ရှောက်ပိုင်က သူနှင့်အတူ ရှမြန်ကို ခေါ်သွားလိမ့်မည်။
အစပိုင်းတွင်တော့ သူမက ပါတီပွဲသို့ သွားဖို့ရန် အစီအစဉ် မရှိခဲ့ချေ။
နောက်ဆုံး ဒီလိုစားသောက်ပွဲမျိုးက အသိမိတ်ဆွေအများအပြားရှိမှ သို့မဟုတ် ကိုယ်ပိုင်အဆက်အသွယ်ကို ချဲ့ထွင်ချင်သည့်အခါမှသာ စိတ်ဝင်စားဖွယ်ကောင်းသည်။ သို့သော်ငြားလည်း ရှမြန်လို မည်သူ့ကိုမှ မသိသည့်ပါတီတစ်ခုသို့ သွားဖို့ရန်ကတော့ ပျင်းရိစရာ ကောင်းပေသည်။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ သူမကို သွားဖို့ရန် အကောင်းဆုံးနားချခဲ့၏။
"ဒါက ကို့ရဲ့ရာထူးကို တရားဝင် ကြေညာလို့ရမဲ့ အခွင့်အရေးပဲလေ။ မင်းက ကို့ကို တစ်ချိန်လုံး အရှက်ရစေချင်နေတာတော့ မဟုတ်ဘူးမလား"
ရှမြန်သည် နဥ်ရှောက်ပိုင်က အမှန်ပင် တည်ကြည်သည့်လူတစ်ယောက်ဖြစ်သည်ကို သိလိုက်လေသည်။ သူမသည် မနေနိုင်ဘဲ ရယ်မောလိုက်ကာ ပြောလိုက်တော့၏။ "ဒါဆိုရင် ကျွန်မက ဘယ်နေ့၊ ဘယ်လ။ ၁၉၉ဘယ်နခုနှစ်မှာ နဥ်ရှောက်ပိုင်က ရှမြန်၏ချစ်သူကောင်လေး ဖြစ်ခဲ့ပါသည် ဆိုတဲ့စာကို လိုင်းပေါ်မှာ တင်ထားသင့်တာလား"
နဥ်ရှောက်ပိုင်က သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ့မေးစေ့ကို သူမ၏ပခုံးပေါ်တွင် တင်ထားလိုက်ကာ ပြုံးလိုက်လေသည်။ "စိတ်ကူးက မဆိုးပါဘူး။ ကို ဒါကို စဉ်းစားလိုက်မယ်"
ရှမြန်က ချီတုံချတုံဖြစ်နေသေးသည်ကို မြင်လိုက်ရသဖြင့် နဥ်ရှောက်ပိုင်က မေးလိုက်လေသည်။
"ရုံရှင်းရဲ့ စိတ်လှုပ်ရှားနေတဲ့ပုံကို မမြင်ချင်ဘူးလား"
ရှမြန်သည် ရုံရှင်း၏အဖေက နေ့တိုင်း ဘူးသီးညီအစ်ကိုအကြောင်းကို ကြည့်ကာ ရုံရှင်းကို အတင်း လက်ထပ်ပေးဖို့ရန် တိုက်တွန်းဖို့အတွက် လူအများကို သူ့အား အဘိုးဟုခေါ်ခိုင်းနေသည်ကို ကြားလိုက်ရသည့်အကြောင်း နဥ်ရှောက်ပိုင်ဆီက ပြန်ကြားလိုက်ရသည့်အခါ ရယ်မောမိလေသည်။
"ကို ချစ်သူရသွားတဲ့တစ်နေ့ သူ့သေနေ့ပဲလို့ သူကိုယ်တိုင် ပြောခဲ့တာလေ"
ရှမြန်သည် ရုံရှင်း၏ ကြောက်လန့်သွားသည့်အမူအရာကို စိတ်ကူးကြည့်နိုင်လေသည်။ သို့သော်ငြားလည်း သူမက အလွန်သိချင်စိတ် ဖြစ်နေသေး၏။ "မစ်ထန် ဆိုတာ ဘယ်သူလဲ။ သူက အစ်ကိုရုံရှင်းကို အဲဒီလောက်တောင် ခြောက်လှန့်စေနိုင်တာလား"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ကိုယ့်ဟာကိုယ် တစ်ချက်သွားကြည့်ပြီးတော့ ရှာဖွေကြည့်လိုက်ပါလား"
သူက သက်ပြင်းချလိုက်သည်။ "စဉ်းစားကြည့်လိုက်တော့ သူ ထင်နေတာက ကိုက သူ့ကို နားပေါက်ဖောက်ပေးပြီး ဆဲလ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ လေ့လာနေတယ်ဆိုတာကလည်း သူ့အတွက်လို့ ထင်နေတာလေ"
"တကယ်လို့ ကိုက မင်းနဲ့အတူ ပေါ်လာခဲ့မယ်ဆိုရင်" နဥ်ရှောက်ပိုင်က သူမ၏ပါးလေးကို ပွတ်သပ်လိုက်ပြီး "သူ ဘယ်လို အမူအရာမျိုး ဖြစ်နေမယ်လို့ထင်လဲ"
ရှမြန်သည် သူမ၏ခေါင်းလေးကို စောင်းလိုက်ကာ သူ့ကိုတိုးဝှေ့လိုက်၏။ "ရှင်က သိပ်ကို အကျင့်ပုပ်တာပဲ။ ကိုယ့်ရဲ့ညီအစ်ကိုကို ဒီလိုသစ္စာဖောက်တတ်တဲ့လူမျိုးရှိ သေးတယ်လား"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ဒီတော့ မင်းကသွားမှာလား မသွားဘူးလား"
ရှမြန်က ရယ်မောလိုက်သည်။ "သွားမယ်"
နဥ်ရှောက်ပိုင်က သူမ၏လက်ကို ဖျစ်ညှစ်ထားလိုက်ပြီး သူမကို အနမ်းပေးလိုက်လေသည်။
သို့သော် ထိုနေ့ အမှန်တကယ်ရော က်လာသည်တွင် ရုံရှင်းကို ထိတ်လန့်အောင်လုပ်ရခြင်းက ဒုတိယပန်းတိုင် ဖြစ်လာတော့၏။
တူညီသည့် ဒီဇိုင်းကို ပြုလုပ်ပေးသည့် ဆိုင်ထဲတွင် နဥ်ရှောက်ပိုင်သည် သူ့အဝတ်အစားများကို လဲပြီးနောက် ထွက်လာသည့်အချိန်တွင် ရှမြန်က နားကပ်များကို ရွေးနေသည်ကို တွေ့လိုက်၏။
"ဒီတစ်ခုက ပိုပြီးတော့ ကြည့်လို့ကောင်းမယ်။ နော်"
"ဒါပေမဲ့ ဒီတစ်ခုက ပိုပြီးတော့ နုတယ်လို့ ခံစားရတယ်"
"အရမ်းနုနေတဲ့ပုံ ပေါ်ရင် မသင့်တော်ဘူး မဟုတ်လား။ ဘာအရောင်အဝါမှ မရှိတော့ဘူးလေ"
နဥ်ရှောက်ပိုင်က ရယ်မောလိုက်လေသည်။ သူက ဒီဇိုင်နာဆီမှ ငွေဖြင့်အနားကွပ်ထားသည့် အပြာရောင် ကျောက်စိမ်းသမင်ချို ပုံစံနားကပ်ကို လှမ်းယူလိုက်လေသည်။ ထိုနောက်တွင်တော့ ရှမြန်ဆီသို့ လျှောက်သွားလိုက်၏။ "ဒီကိုလာ"
ရှမြန်က ကိုယ်ကိုလှည့်လိုက်ပြီး သူက သူမကို နားကပ်တပ်ပေးဖို့ ပိုပြီးလွယ်ကူစေရန် သူမ၏ခေါင်းကို စောင်းထားပေးလိုက်သည်။
နဥ်ရှောက်ပိုင်က သူမ၏နုနယ်ပြီး ကျီစယ်နေသည့် ရုပ်သွင်လေးကို ကြည့်လိုက်ပြီး ဘာအပြစ်အနာအဆာမှ မရှိလိုသည့်ပုံစံလေးကို မြင်လိုက်ရသဖြင့် သူ့မှာ မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
"အဲဒီလောက်တောင် အလေးအနက် ဖြစ်ရသလား။ ကိုက မင်းကို ရုံရှင်းကို ခြောက်လှန့်ပေးဖို့ ပြောတာလေ။ သူ့ကို လက်ဆောင်တစ်ခုပေးရမယ်။ မပြန်ခင် ခဏလောက်တော့ စောင့်ရဦးမယ်"
"ဘယ်လို" ရှမြန်က စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။ "အဲဒါက ရှင်ထင်သလို မချောမွေ့မှာပဲ စိုးရိမ်ရတယ်။ ကောင်းချုံးယင်းက ကျွန်မကို သေချာပေါက် ပြဿနာရှာလိမ့်မယ်"
"မိန်းမတွေကြားက စစ်ပွဲမှာ အလှအပက အကြီးမားဆုံးလက်နက်ပဲ"
နဥ်ရှောက်ပိုင်က သဘောကျသွားလေသည်။ "ဒါဆိုရင်တော့ မင်းက အရာအားလုံးကို အောင်မြင်နိုင်ပါတယ်"
ရှမြန်သည် သူ၏ချီးကျူးစကားတွင် ပြုံးလိုက်ကာ ဒေါသဖြင့် ပြောလိုက်လေသည်။ "တည်တည်တံ့တံ့ လုပ်ပါ။ ကျွန်မကတော့ သေသေချာချာလေး လုပ်ထားရတာလေ။ ရှင်က ဒါတွေ အားလုံးကို လွှတ်ချလိုက်မလို့လား"
လွန်ခဲ့သည့် ရက်အနည်းငယ်က ရှမြန်သည် နဥ်ရှောက်ပိုင်ကို နေ့လယ်စာထမင်း သွားပို့သည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် သူနှင့်လုပ်ဖော်ကိုင်ဘက်များက ဓာတ်ခွဲခန်းမှ ထွက်လာသည်ကို တွေ့ဆုံခဲ့ရသည်။
ကောင်းချုံးယင်းကလည်း သူတို့ထဲတွင် ရှိနေ၏။ သူမသည် အသားရောင်ဂျာကင် အင်္ကျီတစ်ထည်နှင့် မီးခိုးရောင်အဝကျယ် စတိုင်ပန်ကို ဝတ်ဆင်ထားလေသည်။ သူမသည် ဒေါက်မြင့်ဖိနပ်တစ်ရံဖြင့် လေအလျင်လို မြန်မြန်ဆန်ဆန် လမ်းလျှောက်လာပြီး လှပကာ မိမိုက်လို့နေသည်။
နဥ်ရှောက်ပိုင်က သူ့တွင် သဘောကျသည့်သူရှိသည်ဟု ပြောပြပြီးကတည်းက သူမသည် သူမ၏ ဗျူဟာကို ပြောင်းလဲလာဟန်တူသည်။
သူမသည် နဥ်ရှောက်ပိုင်ကို အလျှော့မပေးသည့် ဖွင့်ဟဝန်ခံခြင်းပုံစံဖြင့် မပိုးပန်းတော့ပေ။ သို့သော်ငြားလည်း ထို့အစား သူ့ကို ရေနွေးအိုးထဲက ဖားတစ်ကောင်လို ဂရုစိုက်မှုကို ပြသပေးလေသည်။ သူမသည် နဥ်ရှောက်ပိုင်က သူမ၏တည်ရှိမှုကို အသားကျလာစေချင်ဟန်တူ၏။
ရှမြန်ကတော့ သိပ်ပြီးမသေချာချေ။ သို့သော်ငြားလည်း ကောင်းချုံးယင်း၏ သူမအပေါ် ရန်လိုမှုကိုတော့ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
သူမက အနွေးဘူးထည့်ထားသည့် ခြင်းတစ်ခုဖြင့် သူတို့ဆီသို့ လျှောက်သွားလိုက်၏။ သို့သော်ငြားလည်း ကောင်းချုံးယင်းက သူမကို မမြင်ချင်ဟန်ဆောင်ကာ အားလုံးကို ပြောလိုက်လေသည်။ "ဒီနေ့ နေ့လယ်စာအတွက် ကျွန်မရဲ့အဒေါ်ကို အစားအသောက်တွေ ချက်ပြုတ်ပေးဖို့ ပြောထားတယ်။ အတူတူ သွားစားကြရအောင်"
ထို့နောက်တွင်တော့ သူမက နဥ်ရှောက်ပိုင်ကို ပြုံးပြလိုက်၏။ "နောက်ပြီးတော့ ရှောင်ပိုင် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ရှင်စားရတာ သဘောကျတယ်ဆိုတဲ့ ပဲငံပြာရည်နဲ့ အမဲသားနှပ်ကို ကျွန်မအဒေါ်ကိုလည်း လုပ်ခိုင်းထားသေးတယ်"
တစ်စုံတစ်ယောက်က ချက်ချင်း ပျော်ပျော်ရွှင်ရွှင် ပြောလိုက်လေသည်။ "ချုံးယင်းက အစားအသောက်တွေ ပိုပြီးတော့ ယူလာတာပဲ။ ကြည့်ရတာ ငါတို့တွေတော့ ဒီနေ့စားသောက်ပွဲတစ်ခု ဖြစ်တော့မယ် ထင်တယ်"
လူတချို့သည် စတင်ပြီး ဇာချဲ့ကာပြောကြတော့၏။ "ချုံးယင်း အဲဒီလောက်အထိ မျက်နှာမလိုက်နဲ့လေ။ နင်က ဘာဖြစ်လို့ ဒေါက်တာနဥ်ရဲ့ အကြိုက်ဆုံး အစားအသောက်တွေကိုပဲ လုပ်လာတာလဲ..."
ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။
နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းပြလိုက်၏။ "မင်းတို့တွေပဲ သွားလိုက်ပါ။ ငါ မသွားတော့ဘူး" သူက ရှမြန်၏လက်ထဲက အစားအသောက်ဘူးကို လှမ်းယူလိုက်ကာ သူ့လက်နှင့် သူမအား သိုင်းဖက်ထားလိုက်ပြီး ပြောလိုက်လေသည်။ "ငါ့မိသားစုတွေက ငါ့အတွက် နေ့လယ်စာ ယူလာပေးတယ်လေ"
ထိုအခါမှ ကောင်းချုံးယင်းသည် ရှမြန်ကို ကြည့်လိုက်၏။ သူမသည် အခုမှ ရှမြန်ကိုမှ တ်မိသွားဟန်တူသည့်နှယ် "ဪ ဒါက ရှင့်အိမ်နီးချင်း ညီမလေး မဟုတ်လား"
"သူက ရှင့်အတွက် နေ့လယ်စာလာပို့ပေးဖို့ အရမ်းကို စိတ်အားထက်သန်နေတာပဲနော်။ ဒေါက်တာနဥ် သူ့ကို လက်တိုလက်တောင်း မိန်းကလေး ဒါမှမဟုတ် အစေခံမလေးလို့များ ရှင်က ထင်နေတာလား"
နဥ်ရှောက်ပိုင်ကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "မစ်ကောင်းရဲ့မိသားစုက အစေခံတွေအပြည့်၊ လက်တိုလက်တောင်း ကောင်လေးတွေအပြည့်ဆိုတော့ သူက အစားအသောက် လာပို့ပေးတဲ့မိသားစု ဒါမှမဟုတ် ချစ်သူတစ်ယောက် ရှိတာနဲ့ ပတ်သက်ပြီး အဲဒီအကြောင်းအရာကို သိမှာ မဟုတ်ဘူးလေ"
သူသည် ထိုသို့ပြောလိုက်ပြီးနောက် သူ့ခေါင်းကိုလှည့်ကာ ရှမြန်ကို သိမ်မွေ့သည့်အပြုံးတစ်ခုဖြင့် ကြည့်လိုက်လေသည်။ "ငါ မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့ချစ်သူကောင်မလေးလေ။ ရှမြန်တဲ့"
ရှမြန်ကလည်း သဘောထားကြီးကြီး ပြုံးပြကာ ပြောလိုက်သည်။ "မင်္ဂလာပါ"
ကောင်းချုံးယင်းသည် သူတို့က ဆက်ဆံရေးကို ထိုမျှလောက် မြန်မြန်ဆန်ဆန် အတည်ပြုလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူမ၏အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
တခြားသူများကလည်း အလန့်တကြား ဖြစ်သွားကြပြီး ကောင်းချုံးယင်းကို တစ်ပြိုင်တည်း ကြည့်လိုက်ကြ၏။
သူမသည် နဥ်ရှောက်ပိုင်ကို ပိုးပန်းနေသည်မှာ အားလုံးသိကြသည့် အကြောင်းအရင်းသာ။
နဥ်ရှောက်ပိုင်က ဆေးရုံတွင် အမြဲတမ်း သီးသီးသန့်သန့် အေးစက်စက်နေခြင်းကြောင့်သာ။ သို့မဟုတ်လျှင် လူဘယ်လောက်များများက သူတို့နှစ်ယောက်ကို တွဲဖို့ရန် ကြိုးစားပြီး စနောက်ကြပေလိမ့်မည်ကို မတွေးတတ်တော့ပေ။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ထင်ယောင်ထင်မှားအခြေအနေက သူတို့သည် စုံတွဲများဖြစ်သည်ဟု အလိုလို အတည်ပြုပေးလိမ့်မည်။
ကောင်းချုံးယင်းက သူမ၏စိတ်ကို မြန်မြန်ဆန်ဆန် ပြင်ဆင်ထားလိုက်ပြီး ဒီအချိန်တွင် ဘာမှ မပြောတော့ချေ။
သို့သော်ငြားလည်း ရှမြန်နှင့် နဥ်ရှောက်ပိုင်တို့က သူတို့၏နေ့လယ်စာ ထမင်းဘူးကိုသယ်ကာ ဆေးရုံမှ ထွက်လာသည့်အချိန်တွင် သူတို့သည် သူမနှင့် မမျှော်လင့်ဘဲ တွေ့ဆုံပြန်သည်။
သူမသည် အခုမှ ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့ဟန်တူသည်။ သို့သော်ငြားလည်း သူမ၏ကားက ရှမြန် ဖြတ်သွားသည့် နေရာတည့်တည့်တွင် ရပ်ထားသည်။ လက်တွေ့ကျကျ ပြောရလျှင်တော့ သူမ၏အိမ်အပြန်လမ်းက တခြားဘက်တွင် ရှိသင့်သည်။
ကောင်းချုံးယင်းသည် နေကာမျက်မှန်ကို ဝတ်ဆင်ထားကာ ဒေါက်မြင့်ဖိနပ်ဖြင့် သူမကို မြန်မြန်ဆန်ဆန် ဖြတ်လျှောက်သွားပြီး ရှမြန်၏ရှေ့က မာစီးဒီးစ်ဘန့်စ်တံခါးကို ဖွင့်လိုက်ကာ ကားပေါ်သို့ တက်သွားသည်မှာ သူမသည် ရှမြန်လို ကလေးမလေးကို လုံးဝသတိမထားမိသည့်နှယ်။
သူမ၏အရောင်အဝါက တော်တော်လေး ပြင်းထန်သည်ကတော့ ငြင်းဆန်လို့မရနိုင်ပေ။ အကယ်၍ သူမသည် ဒီအတိုင်း ကားစက်နှိုးကာ ထွက်သွားခဲ့လျှင် သူမ၏ဟန်ဆောင်မှုက တော်တော်လေး အောင်မြင်သွားပေလိမ့်မည်။
အကယ်၍ ရှမြန်ကသာ အခုမှ အထက်တန်းအောင်စ လောကကြီးအကြောင်း မသိသေးသည့် မိန်းမငယ်လေးတစ်ယောက် အမှန်ပင် ဖြစ်နေခဲ့လျှင် သူမအတွက် အားငယ်စိတ် မဖြစ်ရဖို့ရန်က တော်တော်လေးခက်ခဲသည်။
သို့သော်ငြားလည်း သူမသည် ဒါကိုလက်ခံဖို့ရန် တော်တော်လေးကို မလိုလားဟန်တူ၏။ သို့မဟုတ်လျှင် သူမက ရှမြန်ကို အလေးမထားချင်တာ ဖြစ်လိမ့်မည်။
ကားစက်မနှိုးခင်တွင် သူမက ကားတံခါးကို ချလိုက်ကာ ရှမြန်ကို ပြောလိုက်၏။ "ကလေးမ တကယ်လို့ နင် အပေါ်မှာ ရပ်ချင်တယ်ဆိုရင် လက်တွေ့ကျကျ လုပ်ပြီး တစ်ကြိမ်ကို ခြေတစ်လှမ်း လှမ်းတာပဲ ပိုကောင်းလိမ့်မယ်"
"တစ်စုံတစ်ယောက်ရဲ့နေရာကို တန်ဖိုးမဲ့အောင်လုပ်တာတော့ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးနော်"
"ကွန်ဖြူးရှပ်က ပြောတယ်လေ။ ကိုယ်ကျင့်သီလက တစ်စုံတစ်ယောက်ရဲ့ နေရာနဲ့ မကိုက်ညီဘူးဆိုရင် ပြဿနာတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်တဲ့" ရှမြန်က အမှတ်တမဲ့ ထပ်ပြောလိုက်ပြီးနောက် ကောင်းချုံးယင်းဘက်သို့ လှည့်ကြည့်လိုက်၏။ "မစ်ကောင်း ကျွန်မ ရှင့်ကိုတောင် မမှတ်မိဘူး။ ကျွန်မ ထင်တာက ရှင် အစောကြီးကတည်းက ပြန်သွားပြီလို့ ထင်နေတာ"
"ရှင် ခုနတုန်းက ကျွန်မကို ပြောလိုက်တာလား"
ကောင်းချုံးယင်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီး သူမလို တစ်စုံတစ်ယောက်နှင့် ဒီလိုစကားမျိုး ပြောရသည်က အလွန်မှ အပေါစားဆန်လွန်းသည်ဟု ခံစားနေရသလိုနှင့် သူမက ဂရုမစိုက်သလို ပြောလိုက်လေသည်။ "ငါ နင့်ကို အကြံဉာဏ်လေး တစ်ခုလောက် ပေးလိုက်မယ်။ တကယ်လို့ နဥ်ရှောက်ပိုင်ကို အရှက်မကွဲစေချင်ဘူးဆိုရင် လူကြီးမင်းရုံရဲ့မွေးနေ့ပါတီကို မလာတာ ပိုကောင်းမယ်"
ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက သေချာပေါက် သွားမှာ။ မစ်ကောင်း မွေးနေ့ပွဲမှာတွေ့ မယ်နော်"
ကောင်းချုံးယင်းသည် စူပုပ်နေသည့် မျက်နှာတစ်ခုဖြင့် ထွက်သွားပြီးနောက်တွင် ရှမြန်၏ အမူအရာကလည်း မျက်စိတစ်မှိတ်အတွင်းတွင် ပြောင်းလဲသွားခဲ့သည်။
နောက်တစ်နေ့တွင် သူမသည် အနားယူနေသည့် နဥ်ရှောက်ပိုင်ကိုခေါ်ကာ အဝတ်အစား သွားဝယ်တော့သည်။
"သူက သွေးခွဲတဲ့နေရာမှာ တကယ်တော်တာပဲ" ရှမြန်သည် သူမ၏ခေါင်းလေးကို တစ်ဖက်သို့ စောင်းထားလေသည်။ "သူက ဒီလိုစကားမျိုး ပြောခဲ့တယ်လေ။ တကယ်လို့ ကျွန်မက မသွားဘူးဆိုရင် ကျွန်မရဲ့ရင်ထဲမှာလည်း ဆူးတစ်ချောင်းက အမြဲတမ်း ရှိနေလိမ့်မယ်။ သူကလည်း နောက်ပိုင်းကျရင် ကျွန်မကို သေချာပေါက် ဆက်ပြီးတော့ နှောင့်ယှက်နေဦးမှာပဲ"
"တကယ်လို့ ကျွန်မသွားမယ်ဆိုရင် သူက ကျွန်မကို အရှက်ခွဲဖို့ နည်းလမ်းတစ်ခုတော့ ရှာထားလိမ့်မယ်။ ပြီးတော့ ကျွန်မကို အရှက်ကွဲအောင်လုပ်လိမ့်မယ်။ ဒီတော့ ကျွန်မကပြန်လာပြီး ရှင့်ကို ဆက်တိုက်ပြဿနာရှာလိမ့်မယ်"
"ကျွတ်ကျွတ် ဘာပဲဖြစ်ဖြစ်ပါ။ သူက ကျွန်မတို့တွေ ပိုပြီးတော့ အခြေအနေကောင်းလာတာကို မကြည့်နိုင်တာပါ။ ဒီတော့ သူကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူက ဘယ်လောက်ထိ သိတတ်ရက်ရောပြီး စဉ်းစားတွေးတော တတ်ပါတယ်ဆိုတာကို ပြချင်တာပေါ့"
"အဲဒီအခါကျရင် မစ်ကောင်းက အကောင်းဆုံးဆိုတာကို မြင်လာလိမ့်မယ်။ သူကလည်း အလွယ်တကူ ခင်မင်လာနိုင်ပြီး အရည်အချင်း ရှိတယ်လေ။ သူက အသေးဖွဲဆုံး ကိစ္စလေးတွေနဲ့ ဒေါသထွက်တတ်တဲ့ ရှမြန်နဲ့ လုံးဝမတူဘူးပေါ့။ ရှမြန်က သိပ်ကို စိတ်ပျက်ဖို့ကောင်းတယ်ပေါ့"
သူမက ဒါကို ကွက်ကွက်ကွင်းကွင်း မြင်နေ၏။
နဥ်ရှောက်ပိုင်၏လက်သည် အနည်းငယ် တုန်သွားပြီး ငွေအပ်လေးက နေရာလွဲသွားတော့မလိုပင် ဖြစ်သွားတော့သည်။ သူက ပြုံးလိုက်ကာ သူမ၏နားဖျားလေးကို ညှစ်ထားလိုက်ပြီး ပြောလိုက်သည်။
"မင်း ကိုယ့်ကို စနောက်ကျီစယ်နေတာ ရပ်လို့မရဘူးလား"
ရှမြန်က ပြောလိုက်၏။ "ကျွန်မက ရှင့်ကို ကျီစယ်နေတာ မဟုတ်ပါဘူး။ သူက ဒီလို သေချာပေါက် တွေးနေမှာ"
"ဒါကလည်း အစီစဉ်ကောင်းတစ်ခုပဲလေ"
"နှမြောစရာကောင်းတာက သူ တကယ် မှားသွားခဲ့တာပဲ" ရှမြန်က ပြောလိုက်သည်။ "ကျွန်မက အရှက်ခွဲခံရမတဲ့လား။ ကျွန်မကို အရှက်ကွဲအောင် လုပ်နိုင်မဲ့တစ်ယောက်သော သူက... ဒေါက်တာနဥ် ရှင်ပဲ"
သူမက ပြုံးကာပြောလိုက်လေသည်။ "ဒေါက်တာနဥ် ရှင်က ကျွန်မကို အရှက်ခွဲဖို့ ဆန္ဒရှိနေသလား"
နဥ်ရှောက်ပိုင်က သူမ၏နားကပ်နောက်က အဖုံးလေးကို ကြပ်ပေးလိုက်ပြီး သူမ၏လည်ပင်းကို ဖျစ်ညှစ်လိုက်ကာ သူမကို ဆွဲလှည့်လိုက်ပြီးနောက် ကိုယ်ကိုကိုင်းပြီး သူမ၏နှုတ်ခမ်းကို အနမ်းပေးလိုက်လေသည်။ "မလုပ်ရက်ပါဘူး။ ဒါပေမဲ့ မင်း အခု ခဏလောက် အနားယူပြီးတော့ အားအင်တွေ ပြန်ဖြည့်သင့်တယ်လို့ အကြံပေးရမယ်"
သူ့ဘေးက ဒီဇိုင်နာသည် တအံ့တဩဖြစ်သွားပြီး ရှက်ရှက်နှင့် သူ့ခေါင်းကို ချက်ချင်းငုံ့ထားလိုက်၏။
ရှမြန်က သူ့ကို ဝါးစားမတတ်ကြည့်လိုက်ကာ "ရှင် ကျွန်မရဲ့နှုတ်ခမ်းနီတွေကို ဖျက်ပစ်လိုက်ပြီ"
နဥ်ရှောက်ပိုင်...
သူမက မြန်မြန်ပြန်လှည့်ကာ နှုတ်ခမ်းနီ ထပ်ဆိုးလိုက်၏။ သူမတွင် နှုတ်ခမ်းအဆီ သို့မဟုတ် တခြားအလှပြင်ပစ္စည်းများ မရှိသေးသဖြင့် ရှမြန်သည် ဆွဲဆောင်မှုရှိသည့်နှုတ်ခမ်းကို ကိုက်ထားသည့် မိတ်ကပ်ပုံစံမျိုးကိုသာ လိမ်းခြယ်ထားလိုက်ကာ နဥ်ရှောက်ပိုင်ကို စွဲမက်ဖွယ်အကြည့်တစ်ခုဖြင့် ကြည့်လိုက်လေသည်။ "ဒါက မလှဘူးလား"
နဥ်ရှောက်ပိုင်က ရယ်မောလိုက်၏။ "လှပါ့"
သူ့မျက်လုံးက သူမ၏နှုတ်ခမ်းပေါ်တွင် ကျရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ရှမြန်က သူမ၏ ပါးစပ်ကို မြန်မြန်အုပ်ထားလိုက်ကာ ပြောလိုက်သည်။ "ရှင် အခုက စပြီးတော့ ကျွန်မကို နမ်းလို့မရတော့ဘူးနော်"
နဥ်ရှောက်ပိုင်က သက်ပြင်းချလိုက်သည်။ "ဒါက ဘယ်လိုပြစ်မှုမျိုးလဲ။ ကိုယ်တို့တွေ အခုသွားလို့ရပြီလား"
ရှမြန်က သူမ၏လက်ကို ချထားလိုက်ကာ သူရဲကောင်းဆန်ဆန် ပြောလိုက်လေသည်။ "သွားကြမယ်။ ဒီနေ့ ကျွန်မက မစ်ကောင်းကို လူအဖွဲ့အစည်းရဲ့ အန္တရာယ်တွေကို မြင်သွားအောင် ပြပေးရမယ်"
နဥ်ရှောက်ပိုင်သည် ဝါးလုံးကွဲကာ အော်ရယ်လေသည်။
ကားက ရုံမိသားစု၏အိမ်ကြီးဆီသို့ ရောက်လာသည့်အချိန်တွင် အလွန်နောက်မကျသေးချေ။
ရုံရှင်းသည် ဧည့်သည်များကို ကြိုဆိုဖို့ရန်အတွက် အိမ်တော်တံခါးဝနားတွင် ရပ်နေ၏။
ကားပေါ်က ဆင်းလိုက်ပြီးသည့်နောက်တွင် ရှမြန်သည် သူမ၏မျက်လုံးကို အပေါ်သို့ ပင့်ထားလိုက်ကာ နဥ်ရှောက်ပိုင်၏ နောက်တွင် ပုန်းနေလိုက်ပြီး ရုံရှင်းကို စပရိုက်တိုက်မည်ဟု စဉ်းစားထားလိုက်၏။
နဥ်ရှောက်ပိုင်ကတော့ သူမ၏သဘောအတိုင်း ခွင့်ပြုထားလိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ထားကာ သူမ၏လက်ကို တွဲထားလိုက်လေသည်။
သူသည် ဒီနေ့တွင် အဖြူအပြာစင်းကြောင်းဝတ်စုံကို အနက်ရောင်ဘောင်းဘီဖြင့် ဝတ်ဆင်ထားသည်။ သူသည် လန်းဆန်းတက်ကြွကာ ချောမောနေသည့် ရုပ်လေးဖြစ်နေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် ရုံရှင်းက သူ့ကို သတိထားမိသွားသည်။
"အစ်ကိုပိုင်" ရုံရှင်းသည် သူ့ဆီသို့ မြန်မြန်ရောက်လာ၏။ "အစ်ကို တကယ်ပဲ ကောင်မလေး ရသွားပြီလား"
သူသည် ဒါကို မယုံကြည်ချင်သေးပေ။
"ကျွန်တော် တစ်နေ့ကမှ တောင်ပိုင်းကနေ ပြန်ရောက်လာတာလေ။ ကျွန်တော့်မှာ ဒီ၂ရက်အတွင်း အဘိုးရဲ့မွေးနေ့ပါတီပွဲကြောင့် အရမ်းအလုပ်များ နေခဲ့တာ။ အစ်ကို့ကို လာတွေ့ဖို့တောင် အချိန်မရခဲ့ဘူး"
"မဟုတ်မှလွဲရော ကျွန်တော့်အဖေက အစ်ကို့ကို လှည့်စားပေးဖို့ ပြောထားတာလား။ အဘိုးရဲ့မွေးနေ့ပါတီမှာ ကျွန်တော့်ကို အိမ်ထောင်ပြုဖို့ ဖိအားပေးဖို့လေ"
နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး လက်နောက်ပစ်ထားသည့် သူ့လက်ကို ဆွဲထုတ်လိုက်လေသည်။ "မင်းက ဘယ်လိုထင်လဲ"
ကြီးမားသည့် လက်တစ်ဖက်နှင့် တွဲယှက်ထားသည့် နူးညံ့သိမ်မွေသည့် လက်ချောင်းလေးများကို ကြည့်လိုက်ပြီး ရုံရှင်းသည် လုံးဝကို ပျာယာခတ်သွားတော့သည်။ "တကယ်လား။ ဘယ်တုန်းက ဖြစ်သွားတာလဲ"
"သိပ်မကြာခင်တုန်းကပါ" နဥ်ရှောက်ပိုင်က ပြုံးလိုက်သည်။ "မင်း သူ့ကိုတွေ့ချင်လား"
ရုံရှင်းသည် သူ့အင်္ကျီကို မြန်မြန်ဆွဲဆန့်လိုက်ပြီး ပြောလိုက်၏။ "မရီး မရီးက ရှက်နေတာလား"
"မင်္ဂလာပါ မရီး ကျွန်တော်က ရုံရှင်းပါ။ အစ်ကိုပိုင်ရဲ့သူငယ်ချင်းကောင်း..."
ရှမြန်သည် သူမ၏ခေါင်းလေးကို ရုတ်တရက် ပြူထွက်လာခဲ့၏။ "မင်္ဂလာပါ ဒေါက်တာနဥ်ရဲ့ သူငယ်ချင်းကောင်းလေး"
"ရှ...ရှ ရှမြန်" ရုံရှင်းသည် ဧရာမရှော့ခ်ကြီးတစ်ခုကို ခံစားလိုက်ရဟန်တူသည်။ "နင် နင် နင်..."
ရှမြန်က မတ်မတ်ရပ်လိုက်ပြီး နဥ်ရှောက်ပိုင်၏ လက်မောင်းကို တွဲလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။ "တွေ့ရတာ ဝမ်းသာပါတယ်နော်။ ကျွန်မက ဒေါက်တာနဥ်ရဲ့ချစ်သူပါ"
သူမသည် ဒီနေ့တွင် အပြာနှင့်အဖြူ ဇာဝမ်းဆက်လေးကို ဝတ်ဆင်ထား၏။ နဥ်ရှောက်ပိုင်ကလည်း အတူတူ ရပ်နေသည့်အခါ အလွန်မှ လိုက်ဖက်ညီနေသည့်ပုံဖြစ်နေသည်။
ရုံရှင်းမှာ ဆွံ့အသွားပြီး သူ့ခေါင်းကို အုပ်ထားလိုက်ပြီး ပြောလိုက်လေသည်။ "မဟုတ်သေးဘူး။ ကျွန်တော့်ကို ဒီကိစ္စ စဉ်းစားခွင့်ပေးပါဦး။ ဘယ်တုန်းက တွဲလိုက်ကြတာလဲ"
ရှမြန်က သူမ၏နားကပ်လေးကို ထိကိုင်လိုက်၏။
"အာ!" ရုံရှင်းသည် သူမ၏နားကပ်ကို လက်ညှိုးထိုးကာ သူ့နားကပ်ကို ပြန်ထိကိုင်လိုက်၏။
"မနှစ်တုန်းက... မနှစ်တုန်းက မင်း..."
"ဒီတော့ အစ်ကိုပိုင် အစ်ကို ဒီကိုရောက်လာတာ ရှမြန်ကို ပြဖို့ပေါ့လေ" ရုံရှင်းသည် သူ့ရင်ဘတ်ကို အုပ်ထားပြီး ဝမ်းနည်းနေသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်ကတော့ အစ်ကိုရဲ့ ပိုးကောင်လေးသက်သက်ပါပဲ"
သူသည် နောက်ဆုံးတော့ သတိပြန်ဝင်လာသည်ကို မြင်လိုက်သည့်အခါ နဥ်ရှောက်ပိုင်က မနေနိုင်ဘဲ အော်ရယ်ကာ ပြောလိုက်၏။ "သူ့ကို မရီးလို့ခေါ်နော်"
ရုံရှင်း...
လုံးဝကို မခေါ်နိုင်ပါဘူး။ ဟုတ်ပြီလား။
သူ၏ရူးသွပ်သွားသည့်ရုပ်လေးကို ကြည့်လိုက်ပြီး ရှမြန်သည် မနေနိုင်တော့ဘဲ အော်ရယ်မိလေသည်။
ရုံရှင်းကို အနိုင်ကျင့်ပြီးသွားသည့်နောက်တွင် နဥ်ရှောက်ပိုင်က သူမ၏လက်ကိုတွဲကာ အရှေ့ခြံဝင်းကို ဖြတ်ပြီး ခန်းမဆီသို့ တစ်လမ်းလုံး လျှောက်လာခဲ့၏။
ရှမြန်သည် ဘက်ပေါင်းစုံမှ အကြည့်မျိုးစုံကို တည်တည်ငြိမ်ငြိမ် လက်ခံလာခဲ့သည်။
ဒါသည် သူမ မျှော်လင့်ထားခဲ့သည့်အရာပင်။
နဥ်ရှောက်ပိုင်သည် သိုသိုသိပ်သိပ် နေတတ်သော်ငြားလည်း လူတိုင်းက မော့ဟယ်ကုမ္ပဏီ၏ တိုးတက်မှုကို မြင်တွေ့နိုင်ကာ လူအများအပြားကလည်း သူ့ကို အာရုံစိုက်ထားကြသည်။
ဒီလိုချောမောပြီး လုပ်ရည်ကိုင်ရည်ရှိကာ စည်းကမ်းတင်းကြပ်သည့် ယောက်ျားတစ်ယောက်သည် လူအများ၏စိတ်ထဲ ကအကောင်းဆုံး သမက်လောင်းဖြစ်လေ၏။
သို့သော်ငြားလည်း သူသည် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေလာခဲ့ပြီး ကောင်းချုံးယင်း၏ ပေါ်ပေါ်တင်တင် ပိုးပန်းမှုကို ပေါင်းလိုက်လျှင် အားလုံးက သူသည် ကောင်းချုံးယင်းနှင့် တွဲလိမ့်မည်ဟု ထင်ခဲ့ကြလေသည်။
အခုတော့ အမည်မသိ ချန်ယောက်ကျင်း ရှမြန်က ရုတ်တရက် ပေါ်ထွက်လာသည့်အခါ သူမသည် မည်သို့ မဆွဲဆောင်ဘဲ ရှိပါမည်နည်း။
သိချင်စိတ်ကြောင့်ဖြစ်စေ အတင်းအဖျင်းကြောင့်ဖြစ်စေ သူမ၏နောက်ခံအကြောင်းအရာသည် မကြာမီ အသေးစိတ် ဖော်ထုတ်ခံရပေတော့မည်။
ဒါကလည်း ကောင်းချုံးယင်း လိုချင်သည့်ရလဒ်ပင်။ သူမသည် ပေါ်ထွက်စရာပင် မလိုခဲ့ချေ။ ကျေးလက်မြို့ငယ်လေးက ကလေးမလေးတစ်ယောက်သည် အထက်တန်းလွှာ စားသောက်ပွဲတစ်ခုသို့ ဝင်ရောက်လာခဲ့သည်။
ဒါက ရစ်ငှက်တစ်ကောင်က ဇာမဏီငှက်အသိုက်တစ်ခုထဲသို့ ကျူးကျော်လာသည့်ပုံစံပင်။
ကိုက်ညီမှု မရှိသည့် တစ်စုံတစ်ယောက်အနေဖြင့် သူမသည် သူမ၏ ကိုယ်ပိုင်နိမ့်ကျလှသည့် ဘဝအခြေနေကို အလိုလို သိမြင်လာမည်ဖြစ်ကာ ထွက်ပြေးချင်လာပေလိမ့်မည်။
အကယ်၍ သူများ မျက်ချေးကိုသာ မြင်တတ်ပြီး ချေးများသည့် လူချမ်းသာမိန်းကလေးများ၊ သခင်လေးများသာ ရှိနေခဲ့လျှင် ရှမြန်၏ ကိုယ့်ဟာကိုယ် လေးစားမှုသည် နင်းခြေခံလိုက်ရမည်ဖြစ်ကာ သူမသည် နဥ်ရှောက်ပိုင်နှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်တွင် ကိုယ့်ဟာကိုယ် ယုံကြည်မှုကင်းမဲ့ပြီး တည်ငြိမ်နိုင်လိမ့်မည် မဟုတ်တော့ပေ။
ဒီလိုဆက်ဆံရေးတစ်ခုသည် အနှေးနှင့် အမြန် ပြဿနာများဖြစ်လာပေလိမ့်မည်။
ဒါသည် ပေါ်တင်ပူးပေါင်းကြံစည်မှုတစ်ခုဟုပင် သတ်မှတ်နိုင်လေသည်။
နှမြောစရာကောင်းသည်က... ရှမြန်က စဉ်းစားလိုက်၏။ မစ်ကောင်းရဲ့တစ်ဖက်သက် ယုံကြည်မှုတွေ မှားယွင်းသွားတော့မှာပဲ။
သူမသည် မကြာမီတွင် သူမ ရင်ဆိုင်လာနိုင်ရသည့် အခြေအနေအကြောင်းကို စဉ်းစားလာခဲ့သော်ငြားလည်း သူမသည် မမျှော်လင့်ထားသည့် လူတချို့နှင့် တွေ့ခဲ့ရသေး၏။
ဟယ်ဝေ၊ လုနနနှင့် ချီခိုင်တို့လည်း ထိုနေရာတွင်ရှိနေသည်။
ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ဒီနေ့တွင်တော့ သူမသည် မောက်ဟွေ့မေအပေါ် ဟယ်ဝေ၏ သဘောထားနောက်ကွယ်က အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်တော့မည်ဟု အလိုလိုခံစားမိနေတော့၏။
...