အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အပိုင်း (၁၉၀)
အာရုံဆွဲဆောင်မှု မဖြစ်စေရန်အတွက် ရှမြန်ကလည်း အနက်ရောင်စကပ်ရှည်ကြီးတစ်ထည်ကို ပြောင်းဝတ်လိုက်ကာ သူမ၏ဆံပင်ကို ပိုနီတေးလ် ချည်ထားလိုက်ပြီး ဘေ့စ်ဘောကပ်ဦးထုပ် တစ်လုံးကို ဆောင်းလိုက်သည်။ သူမသည် ဟယ်ဝေနှင့် ထိပ်တိုက်တွေ့ဆုံခဲ့လျှင်ပင် သူသည် သူမကို မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။
သူမရောက်လာသည့်အချိန်တွင် လူအယောက်၅၀၊ ၆၀လောက်က သီးသန့်အခန်းထဲတွင် ပြည့်နေပြီဖြစ်သည်။ ရှေ့တွင် ချိတ်ဆွဲထားသည့် ပရိုဂျက်တာပေါ်တွင်လည်း သီချင်းများကို ဖွင့်ထား၏။ သီချင်းဆိုရသည်ကို သဘောကျသည့် ကောင်လေးများနှင့် ကောင်မလေးများက သီချင်း တောင်းဆိုဖို့ရန်အတွက် သီချင်းတောင်းဆိုသည့် ကောင်တာရှေ့တွင် ထိုင်နေကြသည်။
မီးအလင်းရောင်က မှိန်ပျပျဖြစ်နေပြီး မည်သူကမှ သူမကို သတိမထားမိကြချေ။
မောက်ဟွေ့မေသည် ဒီနေ့တွင်တော့ အလွန်လှပစွာ ဝတ်ဆင်ထားလေသည်။ ရှမြန်က သူမကို အနည်းငယ် မှိုင်းပျပျ မိတ်ကပ်ပုံစံလေး ပြင်ဆင်ပေးထား၏။ သူမကို မြင်လိုက်ကြသည့်လူများက အခိုက်အတန့် မှင်တက်အံ့သြသွားကြပြီးနောက် သူတို့သည် စနောက်ကျီစယ်သလို ပြုံးလိုက်ကာ သူမက ဒီလိုဝတ်စားထားခြင်းက သူမ၏ချစ်သူကို ချစ်ခွင့်ပန်ဖို့ ဖြစ်နိုင်သည်ဟု စဉ်းစားကြလေသည်။
ဟယ်ဝေကလည်း ထိုသို့စဉ်းစားသည်မှာ သိသာသည်။ သူ ရောက်လာသည့်အခါ သူသည် ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။ သူငယ်ချင်း၂ယောက်ကို ခေါ်လာခဲ့၏။ ယောက်ျားလေးကတော့ ရှမြန်စားသောက်ပွဲတွင် တွေ့ခဲ့သည့်သူ မဟုတ်ချေ။ သူ၏ပေါ့ပျက်ပျက်ပုံစံက သူ့ကို ဆိုးသွမ်းသည့် သူငယ်ချင်းတစ်ယောက်အဖြစ် မြင်ရစေသည်။ မိန်းကလေးကတော့ ပေါ်ပေါ်လွင်လွင် ဝတ်ဆင်ထားပြီး မိတ်ကပ်ကိုလည်း အထူကြီးလိမ်းခြယ်ထား၏။ သူမသည် နိုက်ကလပ်က မိန်းကလေးတစ်ယောက် ဖြစ်သည်မှာ သိသာသည်။
ဒါက မောက်ဟွေ့မေကို အရှက်ခွဲဖို့ရန်အတွက် သူ ပြင်ဆင်ထားသည့်အရာမှန်း ရှမြန် ခန့်မှန်းမိလိုက်၏။
ဟယ်ဝေကလည်း မောက်ဟွေ့မေ၏ အဝတ်အစားပြင်ဆင်ပုံကို မြင်လိုက်ရသည့်အခါ တအံ့တဩ ဖြစ်သွားလေသည်။ ထို့နောက်တွင်တော့ သူက ပိုပြီးဝမ်းသာသွားသည့်ပုံစံဖြင့် ပြုံးလိုက်ကာ မောက်ဟွေ့မေကလည်း သူ့ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြုံးပြလိုက်၏။
မကြာမီတွင် လူတိုင်းက ရောက်ရှိလာပြီဖြစ်ပြီး ချစ်ရပါသော ဟူသည့်သီချင်းက ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့၏။
အတန်းဖော်များက ချက်ချင်း ဆူဆူညံညံပြုလုပ်ကြပြီး အဓိကအားဖြင့်တော့ မောက်ဟွေ့မေ၏ ရင်းနှီးနေသည့် သူငယ်ချင်းများကြောင့်ဖြစ်သည်။
"မောက်ဟွေ့မေ။ နင် နင့်ရဲ့ကောင်လေးကို ပြောစရာတစ်ခုခုရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ နင်က သီချင်းကနေတဆင့် နင့်ရဲ့ခံစားချက်ကို ဖော်ပြချင်တာလား"
"ဟယ်ဝေ မိန်းကလေးတစ်ယောက်ကို ဒီလိုကိစ္စမျိုး လုပ်ခိုင်းတာတော့ မကောင်းဘူးနော်။ မြန်မြန် သဘောထားကြီးလိုက်လေ"
"နင်တို့၂ယောက်စလုံး ရှက်နေကြတယ်ဆိုရင်လည်း အရင်ဆုံး ၂ယောက်တွဲ သီချင်းဆိုလိုက်ကြပေါ့"
"ဟုတ်တယ်။ ဟုတ်တယ်"
"အရင်ဆုံး ဖွင့်ပြောပြီးမှ ၂ယောက်တွဲ သီချင်းဆိုလိုက်တာက ပိုကောင်းတာပေါ့"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ငါတို့တွေအရင်ဆုံး ဆက်ဆံရေးကို အတည်ပြုဖို့လိုတယ်။ ပြီးတော့မှ အတူတူ သီချင်းဆိုကြတာက ပိုပြီးတရားဝင်တာပေါ့"
"အဲဒီလိုဆိုရင် လက်တွဲပြီးတော့ သီချင်းဆိုလို့ ရတယ်လေ"
"ဟယ်ဝေ နင် ယောက်ျားတစ်ယောက် မဟုတ်ဘူးလား။ ဒီကိုလာခဲ့စမ်းပါ"
တခြားသူများကတော့ လက်ခုပ်တီးကာ အားပေးကြလေသည်။
ဟယ်ဝေက မောက်ဟွေ့မေ၏ ရှက်ရွံ့နေသည့် ပါးပြင်လေးကို ကြည့်လိုက်ပြီး အားလုံး၏ စိတ်လှုပ်ရှားနေသည့် အမူအရာများကို ကြည့်လိုက်ပြီးနောက် အချိန်ကျပြီဟု ခံစားလိုက်ရ၏။
သူက သူ့နှုတ်ခမ်းထောင့်ကို ကွေးတက်ထားလိုက်ကာ မိုက်ခရိုဖုန်းကို လှမ်းယူလိုက်ပြီး သူ့မျက်လုံးထဲက ရုတ်တရက် ဖုံးကွယ်မထားသည့် သရော်လှောင်ပြောင်မှုတစ်ခုဖြင့် မောက်ဟွေ့မေကို ကြည့်လိုက်သည်။
သို့သော်ငြားလည်း မောက်ဟွေ့မေကတော့ လုံးဝဂရုစိုက်ဟန်မတူချေ။ သူမက နောက်ထပ် မိုက်ခရိုဖုန်း တစ်ခုကို ကောက်ကိုင်လိုက်ကာ ပြောလိုက်လေသည်။ "ငါ အရင်ဆုံး ပြောမယ်"
မောက်ဟွေ့မေက ဟယ်ဝေကို ကြည့်ကာ ပြောလိုက်၏။ "တကယ်တမ်းကျတော့ အားလုံးက အထင်လွဲနေကြတာပါ။ ဒီနေ့ငါ က ဟယ်ဝေနဲ့ ငါ့ကြားက ဆက်ဆံရေးကို အဓိကရှင်းပြချင်တာပါ"
အားလုံးက ဇဝေဇဝါ အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်လေသည်။ "ရှင်းပြမယ် ဟုတ်လား။ ဘာရှင်းပြစရာ လိုသေးလို့လဲ။ သူက နင့်ကို ပိုးပန်းနေတာ အားလုံး သိတာပဲလေ"
မောက်ဟွေ့မေက ပြုံးကာ ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ သူ ငါ့ကို ပိုးပန်းနေတာပါ"
"ငါကလေ..."ဟယ်ဝေက မျက်နှာကို မဲ့ထားလိုက်ကာ သူမ၏ ဗြောင်ကျကျ စကားလုံးများကို ကြားလိုက်ရပြီးနောက် စကားပြောဆိုဖို့ ရန်ပြင်ဆင်လိုက်လေသည်။
ထို့နောက်တွင်တော့ မောက်ဟွေ့မေက ပြောလိုက်၏။ "ငါ ဒါကို လက်မခံနိုင်တာတော့ နှမြောစရာပဲ"
ဟယ်ဝေသည် မှင်တက်အံ့သြသွားပြီး မောက်ဟွေ့မေကို မော့ကြည့်လိုက်၏။
အတန်းဖော်များကလည်း မှင်တက်အံ့ဩသွားကြကာ တစ်ခန်းလုံးမှာ ရုတ်ခြည်းဆိုသလို ငြိမ်ကျသွားတော့သည်။
မောက်ဟွေ့မေက မျက်နှာပေါ်တွင် ဝမ်းနည်းနေသည့် အမူအရာတစ်ခု ဆောင်ထားလိုက်ပြီး "ဟယ်ဝေ ငါ တောင်းပန်ပါတယ်။ ငါတို့တွေ တွဲလို့မဖြစ်ဘူး"
"ဒီစာသင်နှစ်အတွင်းမှာ နင် ငါ့ကို ပန်းတွေ၊ လက်ဆောင်တွေ ခဏခဏ လာပေးခဲ့တယ်။ ငါ့မိသားစုတွေက အိမ်ပြောင်းတဲ့ အချိန်တုန်းကလည်း ချမ်းသာတဲ့ လူငယ်လေးတစ်ယောက်က ကိုယ့်ဟာကိုယ် နှိမ့်ချပြီး ကူညီပေးခဲ့တယ်။ နင်ရဲ့စိတ်အားထက်သန်မှုနဲ့ ငါ့အပေါ် ရိုးသားမှုတွေကို ခံစားမိပါတယ်"
"ငါက ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲနေမှာလဲ။ ဒါပေမဲ့ ဒီကိစ္စကြောင့်ပဲ ငါ နင်နဲ့ တွဲလို့မဖြစ်ဘူးလို့ ခံစားရတယ်"
"ငါ နင့်ရဲ့ခံစားချက်ကို လက်ခံဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အချိန်အကြာကြီး ကုန်ဆုံးသွားပြီးတဲ့နောက်မှာ ငါ ဒါကို လက်မခံနိုင်သေးဘူးလေ။ ငါ အားနာပါတယ်"
"တကယ်လို့ ငါက နင့်ကို လက်ထပ်ဖို့ ဒီအတိုင်း သဘောတူလိုက်မယ်ဆိုရင် ဒါက နင့်အတွက် အရမ်းကို မတရားရာ ကျသွားလိမ့်မယ်လေ။ ဒါကြောင့် ငါ နင့်အပေါ်ရိုးသားဖို့ ဆုံးဖြတ်လိုက်တာပါ"
ဟယ်ဝေသည် သူမပြောလိုက်သည့် စကားကြောင့် အလွန် ဒေါသထွက်သွားပြီး သူ့မျက်နှာမှာ ပြာနှမ်းလာတော့သည်။ "မင်း ဘာတွေပြောနေတာလဲ။ ငါ မင်းကို ဘယ်တုန်းက လက်ထပ်ချင်တယ်လို့ ပြောလို့လဲ"
မောက်ဟွေ့မေ၏ မျက်လုံးများက မျက်ရည်များ ဝဲတက်လာခဲ့၏။ သူမသည် ထိုစကားကို ကြားလိုက်ရသည်အခါ သူမ၏မျက်နှာကို အုပ်ထားလိုက်ပြီး ဆို့နစ်သွားလေသည်။ "တကယ်လား။ ဒါဆိုရင်တော့ ဝမ်းသာလိုက်တာ"
"ပြီးခဲ့တဲ့ရက်တွေတုန်းက ငါ ဘယ်လောက်အထိ ရုန်းကန်ခဲ့ရတယ်ဆိုတာ နင် မသိလို့ပါ။ ငါ ဒီကိစ္စကို စဉ်းစားလာခဲ့တာ။ နင်သာ ငါ့ကို တကယ်မချစ်မှဘဲ ငါလည်း နင့်အပေါ် အပြစ်ရှိစိတ်တွေ မခံစားရတော့ဘဲ ကိုယ့်ဟာကိုယ် အပြစ်တင်စရာ မလိုတော့မှာ မလို့လေ။ နင်က အရမ်းကောင်းပါတယ်"
ရှမြန်သည် ထောင့်နားတွင် ထိုင်ကာ သူမ၏ဗိုက်ကိုနှိပ်ပြီး အရူးတစ်ယောက်လို ကြည့်နေမိလေသည်။ သို့သော်ငြားလည်း သူမဘေးက အမျိုးသမီးအတန်းဖော်အများစုကတော့ နားလည်သွားကြသည့်ပုံပေါ်ကာ စိတ်လှုပ်ရှားသွားကြတော့၏။
ဒီခေတ်အခါသည် အဒေါ်ချုံးယောင်းက အာဏာရှိပြီး ဟန်ဆောင်ခြင်းက အရာအားလုံး ဖြစ်သည် ဟူသည့် အကြောင်းကို သတိရသွားတော့၏။
ဟယ်ဝေသည် သူ့လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ဘာပြောရမည် မသိအောင် ဖြစ်သွားတော့၏။ သူက သူမကိုချစ်ခဲ့တယ်လို့ ပြောရမှာလား။ ဒါဆိုရင် မောက်ဟွေ့မေကို ပိုပြီးတော့ ဂုဏ်ယူစရာ ဖြစ်သွားအောင် လုပ်ပေးလိုက်သလို ဖြစ်နေတာပဲ မဟုတ်လား။
သူက သူမကို မချစ်ဘူးလို့ ပြောလိုက်ရင်ရော။ ဒါဆိုရင် သူ လိုချင်တဲ့အရာ ဖြစ်သွားပြီ မဟုတ်လား။
ဟယ်ဝေသည် သူ့လည်ချောင်းထဲတွင် တစ်ခုခုဆို့နစ်နေသလို ခံစားလိုက်ရ၏။ သို့သော်ငြား တစ်စုံတစ်ယောက်ကတော့ သူ့ကို အကြံပေးလိုက်လေသည်။ "မောက်ဟွေ့မေ ခံစားချက်ဆိုတာ ပျိုးထောင်လို့ ရပါတယ်။ ဟယ်ဝေက နင့်ကို အဲဒီလောက်တောင် ချစ်တာပဲ။ နင်တို့ လက်ထပ်ပြီးသွားရင် နင် ပျော်ရွှင်ရမှာပါ"
မောက်ဟွေ့မေက သူမ၏ခေါင်းကို ခပ်ကြမ်းကြမ်း ခါရမ်းပြလိုက်ပြီး မျက်ရည်များကလည်း ပါးပြင်ပေါ်မှ နောက်ဆုံးတော့ စီးကျလာလေသည်။ "ဒါဆိုရင် သူ့အတွက် လုံးဝမတရား ဖြစ်သွားမှာပေါ့။ ငါ အဲဒီလို မလုပ်ချင်ပါဘူး"
"ဟယ်ဝေ ငါ တောင်းပန်ပါတယ်။ နင့်ရဲ့အချစ်က ငါ့အတွက် အရမ်းလေးလံလွန်းတယ်။ ငါ ဒါကို လက်မခံနိုင်ဘူး"
"ဟုတ်ပါတယ်။ နောက်ပိုင်းကျရင် ငါ ဒါကို နောင်တရချင်ရမှာပါ။ ဒါပေမဲ့ နင်က ပိုကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ ထိုက်တန်တယ်လို့ ပြောချင်သေးတယ်"
ရှမြန်သည် သူမက ထပ်ပြီးနားမထောင်နိုင်တော့ဘူးဟု ခံစားလိုက်ရ၏။ မောက်ဟွေ့မေကလည်း ဆက်ပြီး ပြောနိုင်တော့ဟန် မတူချေ။ သူမသည် အိတ်ကြီးတစ်လုံးကို လှမ်းယူလိုက်ကာ ဟယ်ဝေ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။ "ဒါတွေက နင် ငါ့ကို ပေးခဲ့တဲ့လက်ဆောင်တွေပါ။ နောက်ပိုင်းကျရင် နင့်ကို ချစ်တဲ့မိန်းကလေးတွေကိုပဲ ပေးလိုက်ပါနော်။ ဟယ်ဝေ ကျန်တဲ့ဘဝတလျှောက်လုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် မိုက်ခရိုဖုန်းကိုချကာ သူမ၏ မျက်နှာကို အုပ်ထားပြီး ပြေးထွက်သွားတော့၏။
"ဟဲ့ ဟွေ့မေ"
"ဟွေ့မေ"
မောက်ဟွေ့မေ၏ သူငယ်ချင်းကောင်းလေးများသည် သူမနောက်သို့ လိုက်ပြေးလာကြ၏။
ရှမြန်ကတော့ ထောင့်လေးနားတွင် ရပ်ကာ ဟယ်ဝေ၏ တွန့်ရှုံ့ပြီး ဒေါသထွက်နေသည့် မျက်နှာကို ကြည့်ကာ ပျော်ရွှင်သွားတော့သည်။ သူမသည် မော့ဟယ်၏ မိုဘိုင်းဖုန်းကင်မရာကို မည်သည့်အချိန်ကျမှ ထုတ်လုပ်ပါမည်နည်း ဟုပင် စဉ်းစားမိတော့၏။ သူမသည် ဓာတ်ပုံတစ်ပုံရိုက်ကာ ထိုဓာတ်ပုံကို မောက်ဟွေ့မေအား ပြနိုင်လျှင်တော့ ကောင်းနိုင်လိမ့်မည်ဟုပင် စဉ်းစားလိုက်မိ၏။
သို့သော်ငြားလည်း သူမကို ပြန်ပြောပြသည်ကတော့ အတူတူပင် ဖြစ်ပေလိမ့်မည်။
ရှမြန်သည် သူ့သူငယ်ချင်းကို ကြည့်လိုက်ပြီး အနီးနားက တစ်ယောက်ယောက်ကို ပြောလိုက်၏။ ဟယ်ဝေမှာ အလွန်ဒေါသထွက်သွားပြီး ဝိုင်ပုလင်းကို ကောက်ကိုင်ကာ ကြမ်းပြင်ပေါ်ကို ရိုက်ခွဲလိုက်ပြီးနောက် ထရပ်ပြီးထွက်သွားတော့သည်။
အလျင်စလို ဖြစ်သွားပြီး ကောင်လေးတစ်ယောက်က သူ့ကိုလှမ်းတားကာ ပြောလိုက်၏။ "ဟယ်ဝေ ဒီရဲ့စာရင်းကရော…"
ဟယ်ဝေက သူ့အတန်းဖော်၏ ရှက်ရွံ့နေသော်ငြားလည်း ကိုယ်ချင်းစာသည့် မျက်လုံးများကို မော့ကြည့်လိုက်ပြီး သူ့သွေးများ ဆူပွက်လာသလို ခံစားလိုက်ရလေသည်။ နောက်ဆုံးတော့ သူက ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်တော့၏။
"မောက်ဟွေ့မေက ဒီနေရာကို မင်းတို့ကို ဖိတ်ထားခဲ့တာပဲ။ ဒါက ငါနဲ့ဘာဆိုင်လို့လဲ"
အားလုံးက မှင်တက်အံ့သြသွားကြ၏။
ဟယ်ဝေက ထွက်သွားပြီးသည့်နောက်တွင် သူ့နောက်မှ တီးတိုးပြောသံများကို သေချာ ကြားလိုက်ရလေသည်။ "ဒီတော့ ဒါက သူ့ရဲ့တကယ့်မျက်နှာလား"
"လုံးဝကို ယဉ်ကျေးမှု မရှိတာပဲ။ မောက်ဟွေ့မေက သူ့ကိုမကြိုက်တာလည်း မဆန်းပါဘူး"
"လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ပြဿနာတက်တဲ့အချိန်ကျမှပဲ မြင်နိုင်တယ်နော်။ မောက်ဟွေ့မေက လက်မခံလိုက်တာလည်း ကောင်းတာပါပဲ"
"ဒီအခြေအနေကို ကြည့်မယ်ဆိုရင် နင့်မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဒါက အရေးမကြီးတော့ပါဘူး။ ဒါပေမဲ့ မောက်ဟွေ့မေကရော ဒီလောက် ပိုက်ဆံအများကြီးကို တတ်နိုင်လို့လား"
"ငါတို့တွေ ကျသင့်တဲ့ပိုက်ဆံကို ခွဲပြီးတော့ ရှင်းလိုက်ရအောင်။ တကယ့်ကို ကံဆိုးတာပဲ"
ဟယ်ဝေသည် အလွန်ဒေါသထွက်သွားပြီး သူ့ရင်ဘတ်မှာ ပွတက်လာတော့၏။ သူသည် မောက်ဟွေ့မေကို နောင်တရအောင်လုပ်ရမည်ဟု ခါးခါးသီးသီး စဉ်းစားလိုက်တော့သည်။
ထို့နောက်တွင်တော့ တစ်စုံတစ်ယောက်က အပြေးအလွှား ဝင်ရောက်လာပြီး ပြောလိုက်၏။
"မောက်ဟွေ့မေက ကျသင့်ငွေတွေ အကုန်လုံးကို ရှင်းသွားခဲ့တယ်တဲ့"
အားလုံးသည် ချက်ချင်း ဝမ်းသာသွားကြတော့သည်။ "ဟွေ့မေက တကယ့်ကို သဘောထား ကြီးသေးတာပဲ"
တစ်ဆက်တည်းတွင် သူက ဟယ်ဝေဆီသို့ အထင်သေးသည့် အကြည့်တစ်ခုကို လှမ်းကြည့်လိုက်သည်။
ဟယ်ဝေ၏ သူငယ်ချင်းများကလည်း သူ့ကိုရယ်စရာ မလုပ်ရဲကြချေ။ "အစ်ကိုဝေ အစ်ကို အမှားလုပ်မိတာပဲ ဖြစ်ရမယ်။ ဒါက လုံးဝ စျေးမသက်သာဘူးနော်။ ဘယ်တောသူက ဒါကို တတ်နိုင်မှာလဲ"
ဟယ်ဝေ၏ မျက်နှာသည် ဆိုးဆိုးရွားရွား သုန်မှုန်သွားပြီး သူသည် တစ်ခုခုကို စဉ်းစားလိုက်မိကာ အံကိုကြိတ်ပြီး ပြောလိုက်၏။ "သူက ပိုချမ်းသာတဲ့တစ်ယောက်ကို ရှာတွေ့သွားလို့ ငါ့ကိုဖြတ်ချဖို့ မစောင့်နိုင်မှာဘဲ စိုးရတယ်"
"ငါ့ကိုများ လှည့်စားရဲတယ်တဲ့လား။ မောက်ဟွေ့မေ ကြည့်ရသေးတာပေါ့"
ဟယ်ဝေ ထွက်သွားပြီးသည့်နောက်တွင် ရှမြန်သည် လှစ်ခနဲ ခိုးထွက်လာကာ မောက်ဟွေ့မေကို သွားရှာလိုက်၏။
သူတို့၂ယောက်သည် ဘေးကဘတ်စ်ကားမှတ်တိုင်တွင် တွေ့ဆုံကြမည်ဟု သဘောတူထားခဲ့၏။
ရှမြန်က မောက်ဟွေ့မေကို သူမထွက်လာပြီးနောက် ဖြစ်ပျက်သွားသည့် အကြောင်းအရာကို ပြောပြလိုက်သည်။ မောက်ဟွေ့မေက အသည်းအသန် အော်ရယ်တော့၏။ "အဲဒီကိုယ့်ဟာကိုယ် သိပ်မှန်ကန်လှပါတယ်ဆိုတဲ့ကောင်က သူများတွေ စိတ်ပျက်ခံရတာနဲ့ပဲ တန်တယ်လေ"
"သူ့ဟာ သူများ ဘာထင်နေတာလဲ။ သူက တရားမျှတမှုကို ပြဌာန်းပေးနိုင်မယ်လို့များ ထင်နေတာတဲ့လား။ သူ ငါတို့ကျောင်းမှာ ထပ်ပြီးပေါ်လာရဲဦးမလား ကြည့်ရသေးတာပေါ့"
ရှမြန်က ပြောလိုက်သည်။ "ငါ့အထင်တော့ သူ နင့်ကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်လောက်ဘူး"
မောက်ဟွေ့မေကလည်း ပြောလိုက်သည်။ "ငါကလည်း သူ့ကို စောင့်နေတာပါ။ ငါက သူ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလောက် အရှက်ခွဲရုံနဲ့ လက်လွှတ်ပေးနိုင်မှာလဲ။ ငါ သူ့ကို အသေ မရိုက်နှက်ရခင်အထိတော့ ကျေနပ်ဦးမှာ မဟုတ်ဘူး"
"ဒါနဲ့ ရှမြန် ငါ့ကို သိုင်းကွက်၁ကွက်၊ ၂ကွက်လောက် သင်ပေးစမ်းပါ။ နောက်တစ်ခါ ငါ သူနဲ့တွေ့ရင် သူ့ကို ရိုက်ရအောင်လို့"
ရှမြန်ကလည်း ဝမ်းသာစွာဖြင့် ပြောလိုက်လေသည်။ "ဟုတ်ပြီလေ ပြဿနာမရှိပါဘူး"
သူတို့၂ယောက်သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် လမ်းလျှောက်ကာ ပြန်လာကြ၏။ သူတို့သည် လမ်းကြား၏ ဝင်ပေါက်နားသို့ ရောက်လာသည့်အချိန်တွင် ရှမြန်သည် အဝေးက လမ်းမီးအောက်တွင် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရ၏။
"အဲ့ဒါ ချီခိုင် မဟုတ်လား"
မောက်ဟွေ့မေက သေသေချာချာလေး ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ "သူပဲ။ သူက ဒီနေရာမှာ ဘာလုပ်နေတာလဲ"
ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်သည်။ "အဲဒါက ဘာဖြစ်မယ်ဆိုတာ ငါ ခန့်မှန်းနိုင်သလိုပဲ"
ရှမြန်က မောက်ဟွေ့မေကို ဖုန်းလှမ်းပေးလိုက်သည်။ "အသံသွင်းထားလိုက်။ သူက သေချင်နေတယ်ဆိုမှတော့ အတူတူ ပေးသေလိုက်ကြတာပေါ့"
"ငါ ခဏနေမှ နင့်နောက်လိုက်ခဲ့မယ်။ သူ ဘာလုပ်ချင်တယ်ဆိုတာကို နားထောင်ချင်သေးတယ်"
မောက်ဟွေ့မေက ခေါင်းညိတ်ပြလိုက်ပြီး ရှမြန်၏ဖုန်းကို သူမ၏အိတ်ကပ်ထဲသို့ ထည့်လိုက်ကာ ရှေ့သို့ လျှောက်သွားလိုက်လေသည်။
ရှမြန်သည် ချီခိုင်က မောက်ဟွေ့မေကို လှမ်းတားလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူမက လမ်းထဲသို့ ချိုးကွေ့သွားသည်အထိ နောက်မှ ချက်ချင်းလိုက်လာခဲ့၏။
သူတို့သည် လမ်းထောင့်၏တစ်ဖက်ခြမ်းတွင် ရှိနေပြီး ရှမြန်သည် သူတို့၏စကားဝိုင်းကို သေသေချာချာလေး ကြားနေရသည်။
ချီခိုင်က အင်မတန်မှ သတိရှိသည့် ရုပ်လေးဖြင့် ပြောလိုက်၏။ "ဟွေ့မေ ဝမ်းမနည်းပါနဲ့"
မောက်ဟွေ့မေက မျက်မှောင်ကြုတ်လိုက်သည်။ "ငါ ဝမ်းနည်းနေတယ်လို့ ဘယ်သူ ပြောလို့လဲ"
ချီခိုင်သည် သူမက ဟန်ဆောင်နေခြင်းသာဖြစ်မည် ဟုစဉ်းစားလိုက်ကာ သက်ပြင်းချလိုက်လေသည်။
"ငါ အားလုံးကို သိပါတယ်။ ဟယ်ဝေ နင့်ကို ငြင်းခဲ့တာလေ"
ရှမြန်မှာ ရယ်မိတော့သည်။ သူ့မှာလည်း အနားယူဖို့ အချိန်မရှိ ဖြစ်နေတာကိုး။
ဟုတ်ပါတယ်လေ။ ချီခိုင်ရဲ့အကျင့်စရိုက်က နှိမ့်ချတာလည်းမရှိ၊ ထောင်လွှားတာလည်းမရှိတဲ့ ဆင်းရဲသား ကောင်လေးတစ်ယောက်ပဲ။ သူ့မှာ မိုဘိုင်းလ်ဖုန်းကလည်း မရှိဘူးဆိုတော့ သတင်းကို အချိန်မီ ရဖို့က မဖြစ်နိုင်ဘူးလေ။
ဒါပေမဲ့ သူက အခြေအနေကို အခွင့်ကောင်းယူဖို့ ဒီအရေးကြီးတဲ့ အခွင့်အရေးကိုလည်း လက်လွတ်ရမှာ ကြောက်နေသေးတာကိုး။ ဒီတော့ သူကအရာအားလုံး အဆင်ပြေနေတယ်ဆိုတဲ့ပုံစံမျိုး ဟန်ဆောင်နေတာပေါ့။
သူ့ကို အရမ်းပြတ်ပြတ်သားသားနဲ့ စိုးရိမ်တကြီးဖြစ်ရစေတဲ့ နောက်ထပ် အကြောင်းအရင်းကလည်း ရှိဦးမှာပဲ။
"ဟွေ့မေ..." သူသည် ချီတုံချတုံ ဖြစ်သွားပြီး စကားပြောဖို့ရန် ခက်ခဲနေသည်ဟန်ဖြင့် "ငါ ဟယ်ဝေရဲ့ကိစ္စကိုလည်း သိပါတယ်... နင့်ဆီမှာ ဖြစ်သွားခဲ့တဲ့ကိစ္စပေါ့"
မောက်ဟွေ့မေက သူ့ကို အေးစက်စက် ကြည့်လိုက်ပြီး "ဟယ်ဝေက ငါ့ကို ဘာလုပ်ခဲ့လို့လဲ"
"နင်တို့တွေ မနေ့ညတုန်းက တောင်ပေါ်မှာ တစ်ညတာ ကုန်ဆုံးခဲ့ကြတယ် မဟုတ်လား။ ဟယ်ဝေက နေရာတိုင်းမှာ သူ့သူငယ်ချင်းတွေကို ကြွားလုံးထုတ်နေခဲ့တာ။ လူအများကြီးကလည်း ဒီအကြောင်းကို သိတယ်လေ-"
ချီခိုင်သည် ကိုယ့်ဟာကိုယ် အပြစ်တင်ပြီး နာကျင်နေသည့်ရုပ်ဖြင့် ပြောလိုက်၏။ "သူတို့လို ဒုတိယမျိုးဆက် လူချမ်းသာတွေက မိန်းကလေးတွေကို တကယ် မကြိုက်ကြပါဘူး။ နင်တို့တွေက အမဲလိုက်ဖို့နဲ့ ကြွားလုံးထုတ်ဖို့ သူတို့ရဲ့ကစားစရာ ပစ္စည်းသက်သက်ပါပဲ။ သူတို့တွေ နင့်ကို ရပြီးသွားရင် သူတို့တွေက နင့်ကိုချက်ချင်း ထားခဲ့ကြမှာပဲ..."
"ငါ ဒီထက်ပိုပြီးတော့ စောစောလာခဲ့သင့်တာပါ။ တကယ်လို့ နင် ငါ့ကို မမြင်ချင်ဘူးဆိုရင်တောင် အရှက်မဲ့စွာနဲ့ပဲ ငါ နင့်ဆီကို လာခဲ့သင့်တာပါ" ချီခိုင်သည် အလွန်ဝမ်းနည်းနေသဖြင့် ငိုတော့မည့်ရုပ် ဖြစ်နေလေသည်။ "သူ နင့်ကို အဲဒီလို လုပ်လိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့မိတာ..."
သူသည် ထိုသို့ပြောလိုက်ပြီးနောက် ရုတ်တရက် မောက်ဟွေ့မေ၏လက်ကို ဖမ်းဆွဲလိုက်ကာ ပြောလိုက်လေသည်။ "ရပါတယ် ဟွေ့မေ။ အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့။ နင့်မှာ ငါ ရှိပါသေးတယ်။ ငါ နင့်ကို အထင်မသေးပါဘူး။ ငါ နင့်ကို ချစ်ပါတယ်"
မောက်ဟွေ့မေသည် အလွန်ရွံရှာသွားပြီး သူ၏လက်ကို ဆွဲခါလိုက်ကာ ဒေါသတကြီး ပြောလိုက်၏။
"ဒီနေရာမှာ ဟန်ဆောင်မနေပါနဲ့တော့။ နင် လုနနနဲ့ တွဲနေတာ မဟုတ်ဘူးလား"
ချီခိုင်က စိုးရိမ်တကြီး ပြောလိုက်၏။ "သူတို့တွေက ငါ့ကိုအဲဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာပါ။ ငါ့မှာ ရွေးချယ်စရာမရှိလို့ပါ။ ဟယ်ဝေက အရမ်းကို ဘဝင်မြင့်တဲ့သူလေ။ တကယ်လို့ ငါသာ လုနနကို သဘောမတူခဲ့ဘူးဆိုရင် ငါ အလုပ်ရနိုင်မှာ မဟုတ်တော့ဘူး"
"ဟွေ့မေ ငါ နင့်ကို ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်း တကယ်ပြသချင်ခဲ့တာပါ။ ငါက နင့်ကို ခမ်းခမ်းနားနားနဲ့ လက်ထပ်ပေးချင်တာပါ"
"နင် လုနနကိစ္စကို စိုးရိမ်စရာ မလိုပါဘူး" ချီခိုင်ကပြောလိုက်သည်။ "ဒီဒုတိယမျိုးဆက် လူချမ်းသာတွေက ဒီအတိုင်း ကစားနေကြတာပါ။ တကယ်လို့ ငါက သေသေချာချာ မလုပ်ပေးဘူး၊ သူကလည်း ငါ့ကို ဒေါသထွက်လာရင် သူက ငါနဲ့အတူ ငါ့ကို လမ်းခွဲပစ်လိုက်မှာပဲလေ"
"ဟွေ့မေ နင် ငါ့ကို စောင့်ပေးနိုင်မလား။ ငါ နင့်ကို ချစ်ပါတယ်။ နင်က ငါ တကယ်ချစ်ရတဲ့ တစ်ဦးတည်းသောသူပါ"
မောက်ဟွေ့မေက သရော်လိုက်၏။ "နင်က ပိုက်ဆံကိုပဲ ချစ်တာပါ ချီခိုင်။ နင် ဘာတွေ စဉ်းစားနေလဲဆိုတာကို ငါ မသိဘူးလို့ မထင်ပါနဲ့"
"နင်က ဟယ်ဝေထက် ပိုပြီးအောက်တန်းကျပြီး ရွံစရာတောင် ကောင်းသေးတယ်။ ဒီလောကထဲက ယောက်ျားတွေ အားလုံး သေသွားမယ်ဆိုရင်တောင် ငါက နင့်ကို ပြန်တွဲမှာ မဟုတ်ဘူး။ ဒီစိတ်ကူးကို လက်လျှော့လိုက်တော့"
ချီခိုင်၏အမူအရာသည် ပြောင်းလဲသွားသော်ငြားလည်း သူကတော့ ဝန်ခံဖို့ ရန်ငြင်းဆန်နေသေး၏။
"ဟွေ့မေ နင် ဘာတွေပြောနေတာလဲ"
"ငါ ဘာတွေပြောနေလဲဆိုတာ နင် သေချာပေါက် သိပါတယ်။ ငါ နင့်ကို ပြောလိုက်မယ်။ ငါတို့မှာ ညီအစ်မ၃ယောက် ရှိတယ်ဆိုရင်တောင် ငါတို့မိသားစုက နောက်ပိုင်းကျရင်လည်း အညီအမျှ ခွဲဝေကြမှာပဲ။ မိသားစုတစ်ခုလုံးကို အပိုင်သိမ်းဖို့ စဉ်းစားမနေနဲ့"
"နောက်ပြီးတော့ ငါရှေ့မှာလည်း ထပ်ပေါ်မလာနဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါ လုနနနဲ့ စကားကောင်းကောင်း ပြောရလည်း စိတ်မရှိဘူးနော်"
"နင် လုပ်ရဲလို့လား" ချီခိုင်က လွှတ်ခနဲ ထွက်သွားလေသည်။
သူက သူ့လေသံကို မြန်မြန်ပြန်ထိန်းညှိထားလိုက်ပြီး စိတ်အားထက်သန်စွာ အကြံပေးလိုက်၏။ "ဟွေ့မေ နင် ဘာကို ဒေါသထွက်နေတာလဲ။ တကယ်လို့ နင် သူ့ကို သွားပြောရင်တောင် သူ နင့်ကို ယုံမှာ မဟုတ်ဘူးလေ။ သူ နင့်ကို ပြဿနာရှာတာပဲ ရှိလိမ့်မယ်"
သူသည် သူ၏နောက်ဆုံးအချိန်ကို ရုန်းကန်နေဆဲဖြစ်၏။ "ဟွေ့မေ နင်ငါ့ကိုဘာဖြစ်လို့ ဒီလိုစဉ်းစားလဲဆိုတာကိုတော့ ငါမသိပါဘူး။ ဒါပေမဲ့ နင့်မိသားစုကို ဖျက်ဆီးမဲ့တစ်စုံတစ်ခုကို အပိုင်သိမ်းဖို့ဆိုတာတော့ ငါတစ်ခါမှ မစဉ်းစားထားခဲ့ပါဘူး"
"ဒီလို လုပ်မယ်လေ။ ငါ မိုးနတ်မင်းကို ကျိန်ပြောရဲပါတယ်။ တကယ်လို့ ငါ မောက်မိသားစုရဲ့ ပိုင်ဆိုင်မှုကို မက်မောခဲ့တယ်ဆိုရင် မိုးကြိုးပစ်ပြီး သေပါစေ"
မောက်ဟွေ့မေက သရော်လိုက်၏။ "နင် ကျိန်ပြောဖို့ မလိုပါဘူး။ ငါတို့ရဲ့ မောက်မိသားစု ပိုင်ဆိုင်မှုကို ဘယ်တော့မှ ထိမှာမဟုတ်ဘူးလို့ပဲ အာမခံတဲ့ စာတစ်စောင်ပဲ ရေးလိုက်ပါ"
"ဒါဆိုရင် ငါကလည်း ရှမြန်နဲ့ ဒေါက်တာနဥ်တို့ကို ငါ့ရဲ့သမီးရည်းစားကိစ္စကို ဝင်ကူညီပေးဖို့ ပြောမှာ မဟုတ်ဘူး"
ချီခိုင်၏အမူအရာသည် နောက်ဆုံးတော့ လုံးဝ ပြောင်းလဲသွားတော့၏။
မောက်ဟွေ့မေကလည်း သူ့ကို စကားပြောပြီး အချိန်မကုန်လိုတော့ချေ။ ထို့ကြောင့် သူမက သရော်ကာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "လမ်းဖယ်"
ထိုသို့ ပြောလိုက်ပြီးနောက် သူမကထွက်ခွာဖို့ရန် ပြင်ဆင်လိုက်လေသည်။
ချီခိုင်က ရုတ်တရက် မေးလိုက်၏။ "နင်က အပျို မဟုတ်တော့ဘူးဆိုတာ နင့်မိဘတွေ သိလား"
"မောက်ဟွေ့မေ နောက်ပိုင်းကျရင် ငါ နင့်ကို လာမရှာလို့ရပါတယ်။ ဒါပေမဲ့ နင် လုနနကို သွားရှာရဲရင်တော့ ကျောင်းထဲက လူအားလုံးကလည်း နင်က မိန်းမပျက်ဆိုတာကို မကြာခင် သိသွားလိမ့်မယ်"
"မိသားစုကောင်းတစ်ခု ထပ်ရှာဖို့လည်း စဉ်းစားမနေနဲ့တော့"
...
အပိုင်း (၁၉၁)
ထူးဆန်းစွာပင် ချီခိုင်က ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် မောက်ဟွေ့မေသည် ဒေါသမထွက်သည့်အပြင် ဒါကိုရယ်စရာတစ်ခုဟုသာ သဘောထားလိုက်လေသည်။
"အခု နင်က ဒီအကြောင်းကို ထုတ်ပြောလာပြီဆိုမှတော့ ငါကလည်း တကယ်ပဲ စမ်းကြည့်ချင်ပါသေးတယ်" မောက်ဟွေ့မေက အပြုံးဖြင့် ပြောလိုက်သည်။ "သွားလေ။ သတင်းသွားဖြန့်လိုက်။ သတင်းက ပိုကျယ်လေကောင်းလေပဲ။ တကယ်လို့ နင် သတင်းမဖြန့်ဘူးဆိုရင် နင်က ငါ့မြေးပဲ"
ချီခိုင်သည် မောက်ဟွေ့မေ၏ တုံ့ပြန်ပုံက မူမမှန်သည်ဟု အမြဲတမ်းခံစားနေရ၏။
"ငါ နင့်ကို ဘယ်လို ရှင်းထုတ်ရမလဲလို့ စဉ်းစားနေခဲ့တာ" မောက်ဟွေ့မေက သရော်လိုက်သည်။ "ငါ နင့်ကို ဒီအတိုင်း အချုပ်ထဲ ပို့ပစ်လိုက်လို့ရတာပဲ။ ဒါမှ နင်လည်း အပြင်ဘက်မှာ တခြားသူတွေကို ရွံစရာဖြစ်အောင် မလုပ်နိုင်တော့မှာ"
"တကယ်လို့ လုနနက ဆန္ဒရှိတယ်ဆိုရင်တော့ သူ့ရဲ့မိသားစုတွေက အကျဉ်းသားတစ်ယောက်နဲ့ သူ့ကိုတော့ လက်ထပ်ခွင့် ပေးမှာ မဟုတ်ဘူးလေ"
ချီခိုင်က မျက်မှောင်ကြုတ်လိုက်၏။ "ဒီနေရာမှာ ခြောက်ခြားရေးသမားတွေရဲ့ မှတ်ချက်တွေကို လာမသုံးနဲ့"
"ဒါက ခြောက်လန့်စရာကောင်းလို့လား။ နင် စာကြည့်တိုက်ကိုသွားပြီး ပြစ်မှုဥပဒေထဲက အသရေဖျက်ခြင်းဆိုတဲ့ပြစ်မှုကို သွားရှာဖတ်ဖို့ နင့်ကို အကြံပေးလိုက်ဦးမယ်" မောက်ဟွေ့မေက ပြောလိုက်၏။ "နင့်မှာ ဒီလိုရည်ရွယ်ချက် ရှိတယ်ဆိုမှတော့ ကောလာဟလ အရင်းအမြစ်ကိုလည်း စစ်ဆေးဖို့မလိုတော့ဘူးလေ"
သူမသည် ထိုစကားကို ပြောလိုက်သည့်အချိန်တွင် လုံးဝစိတ်မရှည်နိုင်တော့ချေ။ "ဒီတော့ ငါ စိတ်ကောင်းဝင်နေတုန်း ငါ့ရှေ့က ထွက်သွားလိုက်တော့"
"အဲဒီလိုမှာ မဟုတ်ဘူးဆိုရင် ငါ လုနနဆီသွားပြီးတော့ အကြောင်းအရာ အကုန် ပြောလိုက်မယ်လို့ အာမမခံနိုင်ဘူးနော်"
ဒီနေ့တွင်တော့ ဘာအကျိုးအမြတ်မှ မရနိုင်သည်ကို မြင်လိုက်ရသဖြင့် ချီခိုင်ကလည်း လတ်တလော ထွက်သွားဖို့ပြင်ဆင်လိုက်လေသည်။
ရှမြန်က ထောင့်လေးမှနေ၍ ထွက်လာခဲ့၏။ "ငါ ခုနတုန်းက သူ့ကို ဒီအတိုင်း ရိုက်ပစ်ချင်စိတ်ဖြစ်သွားတာ"
မောက်ဟွေ့မေက ပြောလိုက်သည်။ "ဒီလိုရွံစရာကောင်းတဲ့ အရာတွေအတွက် နင့်လက်ကို ညစ်ပတ်ခံစရာ မလိုပါဘူး"
"နင်သာ သူ့ကိုသွားရိုက်လိုက်ရင် ငါတို့တွေ ဟယ်ဝေအကြောင်း သိသွားပြီဆိုတာကို သူတို့ကို ပြောပြလိုက်သလို ဖြစ်သွားမှာ မဟုတ်လား"
"ဘာအကြောင်းအရာတစ်ခုမှမသိဘဲနဲ့ သူတို့ကိုအချင်းချင်း ပေးချစ်ထားလိုက်ပါဦးလေ"
ရှမြန်ကလည်း ရယ်မောကာပြောလိုက်၏။ "ဟုတ်တယ်။ ငါကလည်း သူတို့တွေ အချိန်အကြာကြီး အပြန်အလှန် ချစ်နေဖို့ မျှော်လင့်သေးတယ်"
သူတို့၂ယောက်သည် အိမ်ပြန်ရောက်လာသည်တွင် လမ်းခွဲလိုက်ကြ၏။ ရှမြန်က ခြံဝင်းထဲကမီးများကို ဖွင့်ထားသည်ကို မြင်လိုက်သည့်အခါ အပြုံးတစ်ခုသည် သူမ၏မျက်နှာပေါ်တွင် ပေါ်ထွက်လာတော့သည်။
သူမသည် အခန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း ရှောင်ဖုန်းနှင့် နဥ်ရှောက်ပိုင်တို့ကို တွေ့လိုက်ရ၏။
ပင်မအခန်းတံခါးကို အကျယ်ကြီး ဖွင့်ထားပြီး အကြီးတစ်ယောက်၊ အငယ်တစ်ယောက်။ လူ၂ယောက်သည် စားပွဲပေါ်တွင် လဲလျောင်းနေကာ တစ်ခုခုကို ဆွေးနွေးနေကြလေသည်။
ရှမြန်သည် ရှောင်ဖုန်းက သူ့လက်သေးသေးလေးနှင့် နေရာတစ်ခုကို ထောက်ပြကာ "အစ်ကို၊ အစ်မ" ဟုပြောနေသည့်စကားသံကို ခပ်တိုးတိုးလေးကြားနေရ၏။ နဥ်ရှောက်ပိုင်၏ ပါးစပ်ကလည်း ကွေးတက်သွားပြီး သူသည် တစ်ခုခုမလုံမလဲဖြစ်နေသယောင် အနည်းငယ် စိတ်မကောင်းဖြစ်နေသည့်ရုပ် ပေါ်နေလေသည်။
ရှမြန်သည် တစ်ဖက်လူက တစ်ခုခုကို သတိထားမိသွားပြီး သူမကို မော့ကြည့်လာသည်ကို မြင်လိုက်ရသည့်အခါ ခံစားချက်ထူးဆန်းသွားတော့၏။
ရှောင်ဖုန်းကလည်း တစ်ပြိုင်တည်းနီးပါး သူမကို လှမ်းကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်တည်း ပြုံးပြလိုက်လေသည်။
ချီခိုင်ကြောင့် အဆိပ်သင့်လာခဲ့ရသည့် ရှမြန်၏နှလုံးသားသည် ချက်ချင်းဆိုသလို ကုသခံလိုက်ရ၏။
"အန်တီလေး"ရှောင်ဖုန်းက သူမဆီသို့ အပြေးဝင်လာသည်။
ရှမြန်က သူ့ကို သူမ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ပြီး ရှေ့သို့ လျှောက်လာခဲ့၏။ "သားဘယ်တုန်းက ပြန်လာတာလဲ။ ဒီနေ့ ဘယ်ကိုသွားခဲ့ကြလဲ"
ရှောင်ဖုန်းက ဘာမှမပြောဘဲ ပြုံးနေပြီး နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်လေသည်။
နဥ်ရှောက်ပိုင်က ရှောင်ဖုန်းကို လက်ဝှေ့ရမ်းပြလိုက်သည့်အခါ ရှောင်ဖုန်းက ချက်ချင်းဆိုသလို အပြေးအလွှားသွားပြီး သူ့ခေါင်းလေးကို နဥ်ရှောက်ပိုင်၏ ခြေထောက်နားတွင် မှီထားလိုက်လေသည်။
ရှမြန်က သဘောကျသွားကာ သူ့ကိုကြည့်လိုက်၏။ "ပေါင်ပေ့က ဘယ်တုန်းက အန်တီလေးကို သစ္စာဖောက်သွားတာလဲ"
နဥ်ရှောက်ပိုင်သည် ပြုံးရယ်နေသည့်ရှောင်ဖုန်းကို ထိကိုင်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။ "မမေးနဲ့။ ငါတို့တွေ မင်းအတွက် စပရိုက်တစ်ခု ပြင်ဆင်ပေးထားတယ်။ မင်း မနက်ဖြန်ကျရင် သိလိမ့်မယ်"
မနက်ဖြန်သည် ရှမြန်၏ မွေးနေ့ ဖြစ်သည်။ တနည်းနည်းဖြင့် သူတို့၂ယောက်သည် ပြီးခဲသည့် ရက်အနည်းငယ်က မဟာမိတ်ဖွဲ့ထားကြကာ ရှမြန်၏ နောက်ကွယ်တွင် တစ်ခုခုကို ပြုလုပ်နေကြလေသည်။
ရှမြန်က ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်ပြီး ခေါင်းကို ငုံ့လိုက်ပြီးနောက် စားပွဲပေါ်က ဆွဲသားထားသည့်ပုံများကို ကြည့်လိုက်၏။
"ခြံဝင်းအတွက် ပုံကြမ်းကို အပြီးသတ်ပြီးပြီ မဟုတ်ဘူးလား။ အပြောင်းအလဲရှိလို့လား"
နဉ်ရှောက်ပိုင်က ပြောလိုက်၏။ "ဒါက ငါ့ဘက်ခြမ်းကပါ။
"ရှင်ကလည်း အိမ်ကို ပြန်ပြင်ဆင်ချင်လို့လား" နဥ်ရှောက်ပိုင်က သူမကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက တလက်လက် ဖြစ်နေလေသည်။ "ကိုယ်တို့တွေ တချို့အပန်းဖြေခန်း ထည့်လို့ရမယ်လို့ စဉ်းစားမိလို့ပါ။ သီချင်းဆိုတဲ့အခန်း အဲဒီလိုမျိုးပေါ့"
ရှမြန်သည် ထိုနေ့က ရုံမိသားစု၏ အဝတ်လဲခန်းထဲက ပြင်းပြသည့်အနမ်းကို စဉ်းစားမိသွား၏။ သူမ၏ ပါးပြင်မှာ နီရဲသွားလေသည်။ သို့သော်ငြား သူမသည် ထိုအကြောင်းကို စဉ်းစားဖို့ရန် အချိန်မရသေးချေ။
နဥ်ရှောက်ပိုင်က သူ့လက်ကိုမြှောက်လိုက်ပြီး သူမ၏ခေါင်းကို လှမ်းထိပေးလိုက်ကာ သူမ မမြင်နိုင်သည့်နေရာတွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
မနှစ်က နဥ်ရှောက်ပိုင် ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင်။ ရှမြန်၏ အသက်၁၉နှစ်ပြည့် မွေးနေ့သည် သူမ၏အသက်၁၈နှစ်ပြည့် မွေးနေ့ထက် အများကြီးပိုပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့၏။ အကြောင်းမှာ ဒါသည် ချစ်သူရခဲ့ပြီးနောက် ပထမဦး ဆုံးမွေးနေ့ဖြစ်ခြင်းကြောင့်ပင်။
ကြည့်ရသည်မှာ သူမ၏မွေးနေ့ပွဲကို မျှော်လင့်နေသူမှာ သူမ တစ်ယောက်တည်းတော့ မဟုတ်လောက်ပေ။
ရှမြန်က သူမ၏မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ရှောင်ဖုန်းက နိုးနေပြီးဖြစ်၏။ ကောင်ကလေးက သူမ၏ အိပ်ရာဘေးတွင် လဲလျောင်းနေကာ တောက်ပသည့်မျက်လုံးများဖြင့် သူမကို ကြည့်နေလေသည်။ "အန်တီလေး ကောင်းသောနံနက်ခင်းပါ"
ရှမြန်က ကိုယ်ကိုလှည့်ကာ သူ့ကို မျက်နှာချင်းဆိုင်လိုက်ပြီး သူ၏မျက်နှာသေးသေးလေးကို ထိကိုင်လိုက်၏။ "ပေါင်ပေ့ ဒီနေ့ ဘာဖြစ်လို့ အစောကြီးထနေတာလဲ"
ကလေးက ပြုံးကာ ပြောလိုက်လေသည်။ "အန်တီလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ"
"ကျေးဇူးပဲနော်" ရှမြန်က အနားသို့ကပ်လိုက်ကာ သူ၏ပါးလေးကို အနမ်းပေးလိုက်ပြီး အပြုံးဖြင့် ပြောလိုက်လေသည်။ "သားက အန်တီလေးကို မွေးနေ့လက်ဆောင်တစ်ခု ပေးမှာလား"
ရှောင်ဖုန်းက သူ့နှုတ်ခမ်းလေးကို တင်းနေအောင်စေ့ထားကာ ခေါင်းခါပြလေသည်။ "လက်ဆောင်ကို ညနေ့ခင်းကျမှ ပေးမှာ"
"ဘာဖြစ်လို့ ညအထိ စောင့်နေတာလဲ" ရှမြန်သည် စိတ်ပျက်သွားချင်ဟန်ဆောင်လိုက်၏။ ရှောင်ဖုန်းက တောက်ပနေသည့် မျက်လုံးများဖြင့် ကြိတ်ပြုံးလိုက်ပြီး သူသည် လက်ဆောင်ပေးရမည့် အခိုက်အတန့်လေးကို မျှော်လင့်နေသည်မှာ သိသာလေသည်။
ဒါက ရှမြန်ကို ပိုပြီးသိချင်စိတ် ဖြစ်လာစေတော့၏။
သူမသည် အိပ်ရာထကာ မျက်နှာသစ်ပြီးသွားသည့်အချိန်တွင် ရှောင်ဖုန်းကတော့ လမ်းတစ်ဖက်ဆီသို့ ရောက်သွားနေနှင့်ပြီဖြစ်၏။
ရှမြန်သည် နဥ်ရှောက်ယွင်၏အိမ်သို့ ရောက်လာသည့်အချိန်တွင် သူနှင့် ချန်းချန်းတို့က မွေးနေ့ကိတ်ကို အလှဆင်နေကြပြီး မောက်ဟွေ့ကျူးအတွက်ကတော့ ထိုကလေးမလေးက နွေရာသီ အားလပ်ရက်ကတည်းက နေ့တိုင်းမွန်းမတည့်ခင်အထိ အိပ်နေတတ်သည်။
စာလုံးလေးများကို မွေးနေ့ကိတ်၏အလယ်တွင် ရေးသားထားပြီးဖြစ်ပြီး စာလုံးပုံစံလေးက အားအင်တက်ကြွကာ အားကောင်းနေပြီး အရင်နှစ်များကနှင့်မတူပေ။
ရှမြန်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် လက်ရေးလက်သားကို မှတ်မိသွား၏။ သူမ၏နှုတ်ခမ်းများက မနေနိုင်ဘဲ ကွေးတက်သွားပြီး ဒီစာလုံးလေးများက ကိတ်မုန့်ကို ပိုပြီးအရသာရှိစေသည့်ပုံ ပေါ်သည်ဟု စဉ်းစားမိလိုက်၏။
နဥ်ရှောက်ယွင်က ပြုံးကာ ပြောလိုက်လေသည်။ "ရှောင်ပိုင်က မိုးလင်းတာနဲ့ ကိတ်မုန့်လာ လုပ်နေတာလေ" သူမက သက်ပြင်းချလိုက်သည်။
"သူ အရင်တုန်းက ဒီလိုလုပ်တာ တစ်ခါမှမတွေ့ဖူးပါဘူး။ တစ်ခါတည်းနဲ့ကို အောင်မြင်သွားတာတော့"
ရှမြန်ကလည်း သူမနှင့် ကျိုးရွှယ်ဝမ်တို့ ပထမဦးဆုံးအကြိမ် ကိတ်မုန့်လုပ်သည့်အချိန်က ဖရိုဖရဲဖြစ်သွားသည့် အခြေအနေကို ပြန်စဉ်းစားမိပြီး မနေနိုင်ဘဲ ပြုံးမိတော့သည်။
"ဒေါက်တာနဥ်က ဘာမဆိုလုပ်တတ်တယ်" ရှမြန်ကလည်း ထိုအချက်ကို ဂုဏ်ယူရလေသည်။
နဥ်ရှောက်ယွင်က သူမကို ကျီစယ်ကာကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရှမြန်ကလည်း ရှက်မနေတော့ဘဲ မေးလိုက်တော့သည်။ "ဒေါက်တာနဥ်ရော ဘယ်သွားလဲ"
"သူ ခုနတုန်းကပဲ အဝတ်အစားလဲပြီးတော့ အလုပ်သွားတော့မယ် ထင်တယ်"
ရှမြန်သည် ပြေးထွက်လာသည့်အခါ နဥ်ရှောက်ပိုင်က ထွက်လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံသွားလေသည်။
သူမကိုမြင်လိုက်ရသည်တွင် နဥ်ရှောက်ပိုင်က သူမကို မျက်လုံးမှိတ်ပြလိုက်ပြီး တံခါးထဲသို့ ပြန်ဝင်သွားတော့၏။
ရှမြန်ကလည်း မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားပြီး ဘေးတံခါးဆီသို့ မြန်မြန်ပြေးဝင်သွားလိုက်သည်။ ဟုတ်ပါသည်။ သူမသည် ကျယ်ဝန်းသည့် ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားတော့၏။
နဥ်ရှောက်ပိုင်က သူ့ခေါင်းကို ငုံ့ထားလိုက်ပြီး ဖျတ်ခနဲ အနမ်းပေးလိုက်ကာ ပြုံးပြလိုက်သည်။
"ဟက်ပီးဘက်ဒေး"
ရှမြန်က ခြေဖျားထောက်ကာ သူ့ကို အနမ်းပေးလိုက်ပြီး "ကျေးဇူးပဲနော်"
နဥ်ရှောက်ပိုင်က သူမ၏မေးစေ့ကို ဆွဲပင့်ထားလိုက်ကာ သူ့လက်နှင့် ပြန်ပြီးနှုတ်ဆက်လိုက်လေသည်။
"ညကျမှ တွေ့မယ်နော်"
နေ့ခင်းဘက်တွင်တော့ ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့ကလည်း စက်ရုံမှ ပြန်လာကြသည်။ သူတို့သည် သူတို့၏အင်္ကျီများကို လိပ်တင်ကြပြီး ထမင်းစားပွဲအပြည့် ဟင်းပွဲများကို ချက်ပြုတ်ပေးကြ၏။
ရှမြန်က ပြောလိုက်သည်။ "စက်ရုံက အရမ်းအလုပ်များ နေတာပဲ။ အထူးတလည် ပြန်လာစရာ မလိုပါဘူး"
ရှ၀မ်ယွဲ့ကပြောလိုက်သည်။ "အထူးတလည် မဟုတ်ပါဘူး။ ဆိုင်ခန်းကလည်း နေရာချပြီးသလောက် ဖြစ်နေပြီလေ။ ဒီနေ့တော့ အနားယူကြတာပေါ့။ ငါတို့တွေ ညစာ ထမင်းမစားရတာကလည်း တော်တော်လေး ကြာနေပြီလေ"
"ဒီအပြင် နင်လည်း အိမ်မှာ နင့်ရဲ့မွေးနေ့ကို ကျင်းပဖို့ အချိန်မရမှာ စိုးလို့ပါ" ရှဝမ်ယွဲ့သည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။ "အရင်တုန်းက ဒေါက်တာနဥ်က အဲဒီလောက် စိတ်မရှည်ဖြစ်နေလိမ့်မယ်လို့ ငါလည်း မထင်မိဘူးလေ"
"တော်သေးတာပေါ့။ နင်က ၁၉နှစ်ပဲရှိသေးလို့။ အသက်၂ဝသာဆိုရင် သူကတော့ နင့်ကိုခေါ်ပြီး လက်ထပ်စာချုပ် သွားယူတော့မယ်လို့တောင် ထင်မိတယ်"
"မဖြစ်သေးပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ သူ လှည့်စားတာ ခံလိုက်ရတာလို့ ခံစားလိုက်ရတယ်။ ငါ သူနဲ့ စကားကောင်းကောင်းပြောဖို့ နောက်ထပ် အခွင့်အရေးတစ်ခုတော့ ရှာရဦးမယ်။ နင် လက်မထပ်ခင် ကောလိပ်ကဘွဲ့ရတဲ့အထိ စောင့်ခိုင်းရမယ်"
ရှမြန်သည် မတတ်သာဘဲ တခစ်ခစ် ရယ်မောလိုက်ရသော်ငြားလည်း သူမကတော့ ဂရုမစိုက်ချေ။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ ရှမြန်ကိုယ်တိုင်အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ငြင်းပယ်ဖို့ရန် အခွင့်အရေးတစ်ခုပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။
အစားအသောက်က ပြင်ဆင်ပြီးသလောက် ရှိလာသည့်အချိန်တွင် နဥ်ရှောက်ပိုင်သည် ဖိုင်တစ်အိတ်ကို ရှမြန်အား လှမ်းပေးလိုက်၏။
ရှမြန်က ဖိုင်ကိုဖွင့်လိုက်သည့်အခါ ပိုင်ဆိုင်မှုစာချုပ်ကို တွေ့လိုက်ရလေသည်။ နေရာနှင့် အကျယ်အဝန်းကို မြင်လိုက်ရသည်တွင် သူမသည် အလွန်ပျော်ရွှင်သွားပြီး ထခုန်လုမတတ်ပင် ဖြစ်သွားသည်။ "ဟားဟား ဒေါက်တာနဥ် ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"
ပြီးခဲ့သည့်နွေရာသီက နဥ်ရှောက်ပိုင်သည် ရှမြန်ကို မင်ရှီရင်စုမှ ပြန်လာဖို့ရန်အတွက် ဖျက်သိမ်းတော့မည့် အိမ်တစ်လုံးကိုအသုံးချကာ မျှားခေါ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ ထိုခြံဝန်းနှင့် သူတို့ ယခုနေထိုင်နေသည့် ဒုတိယခြံဝန်းတို့ကို ရှမြန်က ရှောင်ဖုန်း၏ နာမည်အောက်သို့ ထည့်ထားပေးလိုက်သည်။
သူမ၏ နာမည်အောက်တွင်တော့ ခြံဝင်း၂ခုကို ချန်ထားခဲ့ပြီး ထိုထဲကတစ်ခုကိုတော့ ရှ၀မ်ယွဲ့တို့မိသားစုကို ပေးလိုက်သည်။ ထို့ကြောင့် သူမသည် နောက်ပိုင်းတွင် ဖျက်ချတော့မည့်အိမ်များကို ထပ်ဝယ်ဖို့ရန် ရှာဖွေနေခဲ့၏။
သို့သော်ငြားလည်း အမှန်တွင်တော့ ဒီလိုအိမ်မျိုးက ဝယ်ယူဖို့ရန် မလွယ်ကူလှချေ။
သူတို့အားလုံးသည် ဝယ်လိုအားက ရောင်းလိုအားထက် သာလွန်သည့် ခေတ်တစ်ခုတွင် နေထိုင်နေကြဆဲဖြစ်ကာ အိမ်ခြံမြေများအပေါ် အစွဲကြီးလွန်းသည့် တရုတ်လူမျိုးများကြောင့်လည်း မရှိသလောက်လူများကသာ သူတို့၏အိမ်များကို ရောင်းချကြလေသည်။
ထို့အပြင် ကြားပွဲစားတစ်ယောက် မရှိလျှင် သတင်းအချက်အလက်ကို ရယူဖို့ရန် အလွန်ခက်ခဲ၏။ ရှမြန်ကိုယ်တိုင်ကလည်း ဘယ်တော့မှ ရှာမတွေ့ခဲ့ချေ။
နဥ်ရှောက်ပိုင်က သူမအတွက် အိမ်တစ်လုံးကို ချက်ချင်း ဝယ်လာပေးလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ အကယ်၍များ အားလုံးသာ ထိုနေရာတွင် ရှိမနေလျှင် ရှမြန်ကတော့ သူ့ကို သေချာပေါက် အကြီးကြီး ပွေ့ဖက်ပြီးပြီလိမ့်မည်။
ရှ၀မ်ယွဲ့ကလည်း လက်ဆောင်က ဘာဖြစ်နေသည်ကို သိလိုက်ရသည့်အချိန်တွင် သူမကတော့ ယဥ်ယဉ်ကျေးကျေးဖြင့် ပြောလိုက်သေးသည်။ "ဒါက အရမ်းစျေးကြီးမနေဘူးလား"
ရှမြန်က ချက်ချင်း ပူးပေါင်းချင်ဟန်ဆောင်လိုက်ကာ ပြောလိုက်၏။ "အင်း တကယ်ပဲ အရမ်းစျေးကြီးတယ်"
ရှ၀မ်ယွဲ့သည် သူမ၏ ဟန်ဆောင်နေသည့်ရုပ်ကြောင့် သူမကို ခပ်စိမ်းစိမ်း လှမ်းကြည့်လိုက်လေသည်။
နဥ်ရှောက်ပိုင်ကတော့ ရယ်မောလိုက်၏။ "ဒါက စျေးမကြီးပါဘူး။ ရှောင်ဖုန်း မင်းကို ပေးမဲ့ပစ္စည်းကမှ ပိုပြီးတော့စျေးကြီးတာ"
ရှမြန်သည် တအံ့တဩဖြင့် ရှောင်ဖုန်းကို ကြည့်လိုက်၏။ "ဒါက ပေါင်ပေ့တို့၂ယောက် အန်တီလေးကို အတူတူပေးကြတဲ့လက်ဆောင် မဟုတ်ဘူးလား"
ရှောင်ဖုန်းက သူ့မျက်လုံးလေးများကို ဝိုင်းစက်နေအောင်ဖွင့်ထားပြီး ခေါင်းခါပြလိုက်ကာ ကျောဘက်သို့ ပို့ထားသည့် သူ့လက်လေးကို ဆန့်ထုတ်လာပြီး သူ၏လက်သေးသေးလေးထဲက ရတနာဘူးတစ်ခုကို ထုတ်ပြလိုက်လေသည်။
ရှမြန်က သူ၏မျှော်လင့်တကြီးအကြည့်ကို ကြည့်လိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့၏။
သူမသည် ရတနာဘူးကို ဖွင့်လိုက်ပြီး လှပသည့်လက်စွပ်တစ်ကွင်းကို မြင်လိုက်ရသည်အထိ ဇဝေဇဝါ ဖြစ်နေသေးသည်။
ငွေရောင်လက်စွပ်လေးသည် အတွင်းဖက်တွင် စိန်တစ်ဝက် ထည့်သွင်းထားလေသည်။ ဒါသည် ထူးထူးခြားခြား နှိမ့်ချနေသည့်ပုံစံမျိုး မဟုတ်ဘဲ ရှမြန်၏အကြိုက်နှင့် အလွန်မှ ကိုက်ညီကာ အလွန်လည်း လှပလေ၏။
သို့သော်ငြား...
"ဒါက ပေါင်ပေ့ အန်တီလေးကို ပေးချင်တဲ့ပစ္စည်းလား"
တခြားသူများကလည်း တော်တော်လေး နားမလည်တော့သည်မှာ သိသာသည်။ ထို့ကြောင့် ရှောင်ဖုန်းက သူ၏ မျက်လုံးလေးများကို ကွေးထားလိုက်ကာ ပြောလိုက်၏။ "ဦးဦးယောက္ခမ"
နဥ်ရှောက်ပိုင်က သတိလေးနှင့် ရှောင်ဖုန်းဘေးတွင် ဝင်ရပ်လိုက်၏။
အားလုံးမှာ သတိပြန်ဝင်လာကြပြီး အသံထွက်ကာ ရယ်မောကြတော့သည်။
နဥ်ရှောက်ယွင်က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်၏။ ကျိုးရွှယ်ဝမ်ကတော့ ဘာမှဂရုမစိုက်သလို ပြောလိုက်လေသည်။ "ဉာဏ်နီညဏ်နက်များလိုက်တာ"
နဥ်ရှောက်ပိုင်က ရှောင်ဖုန်း၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး ရှမြန်ကို ကြည့်ကာ ပြောလိုက်လေသည်။ "ရှောင်ဖုန်းရဲ့လက်ဆောင်ကို သဘောကျရဲ့လား"
ရှမြန်သည် ကလေး၏တဖျပ်ဖျပ်လက်နေသည့် မျက်ဝန်းများကို ကြည့်လိုက်မိ၏။ ငါက သူ့ကိုမကြိုက်ပါဘူးလို့ ပြောနိုင်လို့လား။
သူမ တတ်နိုင်သည့်အရာမှာ ရှေ့သို့တိုးလာက သူ၏ပါးပြင်လေးပေါ် အနမ်းပေးလိုက်ခြင်းသာ ဖြစ်လေတော့သည်။ "အန်တီလေးက ဒါကို အရမ်း သဘောကျပါတယ်။ သားလုပ်တာ အရမ်းကောင်းတယ်နော်"
ဒီတော့ သူက သူ့ရဲ့အန်တီလေးကို ဒီလိုရောင်းထုတ်လိုက်တာပေါ့လေ။
နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး လက်လှမ်းကာ လက်စွပ်ကို လှမ်းယူလိုက်ပြီးနောက် ရှမြန်၏ ဘယ်ဘက်လက် လက်ခလယ်တွင် လေးလေးနက်နက်ဖြင့် ဝတ်ဆင်ပေးလိုက်ကာ သူ့လေသံကလည်း သိမ်မွေ့ပြီး ညင်သာလို့နေသည်။ "မြန့်မြန် ကို့ရဲ့ကျန်တဲ့ဘဝတစ်ခုလုံးကို မင်းကို ပေးလိုက်ပါပြီ။ ဟက်ပီးဘက်ဒေးနော်"
ရုတ်တရက်ဆိုသလို ပူပြင်းသည့် လှိုင်းလုံးကြီးတစ်ခုက ဘာအချက်ပေးသံမှမပါဘဲ ရှမြန်၏ နှလုံးသားထဲသို့ အရှိန်ဖြင့် ဝင်ရောက်လာပြီး သူမ၏ရင်ဘတ်မှာ လှိုက်တက်လာပြီး သူမ၏နှာခေါင်းမှာ မွှန်ထူသွားတော့သည်။ သို့သော်ငြားလည်း ချိုမြမြ အပြုံးလေးတစ်ခုကတော့ သူမ၏မျက်နှာပေါ်တွင် ပေါ်ထွက်လာခဲ့၏။
သူမသည် မတတ်သာတော့ဘဲ သူ့လက်ကို တင်းနေအောင် ကိုင်ထားလိုက်ပြီး သူတို့သည် အချင်းချင်း ပြုံးပြလိုက်တော့သည်။
အပါးနပ်ဆုံးကလေးဖြစ်သည့် မောက်ဟွေ့ကျူးကတော့ ချက်ချင်းဆိုသလို လက်ခုပ်ထတီးလေသည်။ ရှောင်ဖုန်းကလည်း လက်ကိုဆန့်လိုက်ကာ ရှမြန်၏ကျန်သည့်လက်တစ်ဖက်ကို လှမ်းတွဲလိုက်၏။
ရှမြန်သည် ရှောင်ဖုန်းကို ချီထားရင်း ဖယောင်းတိုင်မီးကို မှုတ်လိုက်ကာ ရှ၀မ်ယွဲ့က ပြောလိုက်လေသည်။ "မြန့်မြန် နင့်အစ်မအတွက်လည်း သိပ်မကြာခင် လက်တွဲဖော်တစ်ယောက် ရပါစေလို့ နောက်ထပ်ဆုတစ်ခု ထပ်တောင်းပေးလိုက်ဦး"
ရှမြန်သည် အသံထွက်ကာ ရယ်မောမိတော့မလိုပင် ဖြစ်သွားလေသည်။ မောက်ဟွေ့မေကတော့ ကူကယ်ရာမဲ့စွာ ပြောလိုက်တော့၏။ "အမေရယ်..."
"နင် ငါ့ကိုခေါ်နေတော့ရော ဘာအရေးပါမှာလဲ" ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "နင့်ညီမရဲ့ ဘဝတစ်သက်စာ အရေးကိစ္စကတော့ သတ်မှတ်ပြီးသွားပြီ။ ဒီတော့ နင်လည်း မြန်မြန်လုပ်ပြီးတော့ ဒီနှစ်ကုန် နောက်ဆုံးထားပြီးတော့ တစ်ယောက်လောက် ငါ့ဆီခေါ်လာခဲ့။ ကြားလား"
မောက်ဟွေ့မေသည် ဟယ်ဝေကိစ္စကို ရှ၀မ်ယွဲ့အား ပြောပြခဲ့ပြီးသားဖြစ်၏။ သူမသည် အကြောင်းအရင်းကို ချဲ့ကားပြီး ပြောမနေတော့ဘဲ တစ်ဖက်လူက မောက်မိသားစုကို အထင်သေးသည့်အကြောင်း၊ ပျင်းရိငြီးငွေ့နေသဖြင့် မိန်းကလေးများကို အပျော်သက်သက် လိုက်လံပိုးပန်းနေသည့် ဒုတိယမျိုးဆက် သူဌေးလေး ဖြစ်သည့်အကြောင်းကိုသာ ပြောပြထားလိုက်သည်။
ရှ၀မ်ယွဲ့၏ပထမဆုံး တုံ့ပြန်မှုကတော့ အနည်းငယ် စိတ်အေးသွားသည့်ဟန်တူသည်။ "ငါ အမြဲတမ်း ရတက်မအေးရဘူးလို့ ခံစားနေရတာ ဘာဖြစ်လို့များလဲလို့ စဉ်းစားနေတာ။ သူက ငါတို့လိုလူမျိုး မဟုတ်ဘူးလို့လည်း အမြဲတမ်း ခံစားနေရတယ်လေ"
မောက်ဟွေ့မေ၏ တစ်သက်တာအရေးကိစ္စကို စကားပြောသည့်အချိန်တွင် ရှ၀မ်ယွဲ့သည် မနေနိုင်တော့ဘဲ ကျိန်ဆဲလေတော့သည်။ "အဲဒီ ဟယ်ဝေဆိုတဲ့ကောင်က တကယ့်ကို အားယားနေတာပဲ။ သူက ကိုယ့်ဟာကိုယ် လက်တွဲဖော်တစ်ယောက် မရှာဘဲနဲ့ တခြားသူတွေက လက်တွဲဖော် ရှာနေတာကိုလည်း နှောင့်နှေးအောင်လုပ်နေတယ်"
"တကယ်လို့ သူသာ ပြဿနာမရှာခဲ့ဘူးဆိုရင် ဟွေ့မေကလည်း အစောကြီးကတည်းက တစ်ယောက်လောက်တော့ အိမ်ကိုခေါ်လာပြီးပြီ"
မောက်ဟွေ့မေသည် ၂ကြိမ်ဆက်တိုက် အချစ်ရေး ကံဆိုးခဲ့ပြီးနောက် ရှ၀မ်ယွဲ့သည် မောက်ဟွေ့မေ၏ မင်္ဂလာပွဲကိစ္စကို ရုတ်တရက် စိုးရိမ်လာတော့သည်။
ရလဒ်အနေဖြင့် မောက်ဟွေ့မေသည် ထိုကိစ္စနှင့်ပတ်သက်ပြီး သူမကို တရင်းတနှီး မပြောပြရဲတော့ချေ။
ကံအားလျော်စွာ ရှမြန်၏မွေးနေ့ ပြီးသွားသည့်နောက်တွင် စက်ရုံကလည်း အလွန် အလုပ်များလာခဲ့သည်။
ယန်မြို့တွင် အကြီးမားဆုံး အစားအသောက် ကုန်စည်ပြပွဲကို စတင်တော့မည်ဖြစ်ရာ ရှင်းရှန်းကလည်း ဆိုင်ခန်းလေးတစ်ခုကို ဝယ်ယူထားခဲ့သည်။
ရှင်းရှန်းအစား အသောက်စက်ရုံ၏ ထုတ်ကုန်ပစ္စည်းများကိုလည်း ချဲ့ထွင်လာခဲ့သည်။ ယခုအချိန်တွင်တော့ ထုတ်လုပ်ရေးစွမ်းရည်က အမီလိုက်လာနိုင်ပြီဖြစ်ကာ ရှ၀မ်ယွဲ့သည် နိုင်ငံတဝှမ်းလုံးကို စပြီးအာရုံစိုက်လာတော့သည်။ ဒီလိုနိုင်ငံတဝှမ်းကုန်စည်ပြပွဲသည် ရင်းနှီးမြှုပ်နှံမှု ကြော်ငြာခြင်းနှင့် အရောင်းအတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်လေသည်။
နိုင်ငံခြားအစားအသောက် ကုမ္ပဏီများလည်း လာရောက်မည်ဟု ကြားရသဖြင့် ရှမြန်ကတော့ ပုံမှန်အတိုင်း ထုတ်ပြောလိုက်၏။ "ကျွန်မတို့တွေ နိုင်ငံခြားတိုင်းပြည်တွေကိုလည်း ရောင်းချလို့ ရတယ်လေ။ အစားနဲ့ပတ်သက်လာရင် တရုတ်က ဒုတိယလို့ပြောလိုက်ရင် ဘယ်နိုင်ငံကမှ ပထမလို့ပြောရဲမှာ မဟုတ်ဘူး။ တကယ်လို့ ရှင်းရှန်းအစားအသောက်ကသာ တရုတ်မှာ စျေးကွက်တစ်ခု ရှိနေမယ်ဆိုရင် နိုင်ငံခြားအတွက်လည်း ပြဿနာရှိလာမှာ မဟုတ်ဘူး"
သူမ၏ မူလရည်ရွယ်ချက်ကတော့ ထိုကိစ္စကို နောက်ပိုင်းမှ စဉ်းစားဖို့ရန် ဖြစ်သော်ငြားလည်း မောက်ဟွေ့မေက ထိုအကြောင်းကို တစ်နည်းနည်းဖြင့် စတင်စဉ်းစားလာခဲ့၏။ ထိုကြောင့် သူမကလည်း နိုင်ငံခြား အစားအသောက်ဆိုင်တန်းများဆီသို့ သွားလေ့လာဖို့ရန် မျှော်လင့်ချက်ဖြင့် လတ်တလောတွင် အင်္ဂလိပ်စာကို ကြိုးကြိုးစားစား လေ့လာနေခဲ့လေသည်။
သို့သော်ငြား ထွက်မလာသေးခင် သူတို့သည် အင်္ဂလိပ်စာကျွမ်းကျင်သည့် ရှမြန်ကို အတူဆွဲခေါ်လာခဲ့၏။ မောက်ဟွေ့လန်ကလည်း လောကကြီးကို အတူတူလိုက်ကြည့်ဖို့ရန် ဆုံးဖြတ်ခဲ့လေသည်။
မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့ကိုတော့ နဥ်ရှောက်ယွင်၏အိမ်တွင်သာ ထားခဲ့လိုက်ကြသည်။
ရှ၀မ်ယွဲ့သည် စက်ရုံမှနေ၍ဗန်ကားတစီးကို စီစဉ်ထားကာ သူတို့ကိုလာကြိုပြီး တိုက်ရိုက်သွားရောက်ဖို့ စဉ်းစားထားလိုက်သည်။
ဗန်ကားသည် လမ်းကြားလေးအတွင်းသို့ မောင်းထွက်လာသည့်အချိန်တွင် ရှ၀မ်ယွဲ့က ပြောလိုက်လေသည်။ "ဟဲ့ အဲဒါက ဟယ်ဝေရဲ့ကား မဟုတ်ဘူးလား"
ရှမြန်နှင့် မောက်ဟွေ့မေတို့ကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ကားပြတင်းပေါက်ကို ချလိုက်ကာ အပြင်သို့ ကြည့်လိုက်သည်တွင် အမှန်ပင် ဟယ်ဝေ၏ကား ဖြစ်နေ၏။
ရှမြန်က တီးတိုးပြောလိုက်သည်။ "ကြည့်ရတာ သူ ရူးသွားပြီ ထင်တယ်။ ဒီနေရာကို အဲဒီလောက်တောင် အမြန်ကြီး ရောက်ချလာရတယ်လို့"
မောက်ဟွေ့မေကတော့ သရော်လိုက်၏။ "ဒါဆိုရင်လည်း သူ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ပါစေတော့"
ကုန်စည်ပြပွဲသည် ၃ရက်တာ ကြာမြင့်လိမ့်မည်ဖြစ်ကာ ဒီ၃ရက်တာအတွင်းတွင် သူတို့သည် မနက်အစောကြီး ထွက်ခွာရပြီး ညနောက်ကျမှ ပြန်လာရပေလိမ့်မည်။ ထို့ကြောင့် အိမ်တွင်လည်း မည်သူမှရှိလိမ့်မည် မဟုတ်ပေ။
သို့သော်ငြားလည်း ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရခြင်းက မျှော်လင့်သည် ထက်အများကြီး ပိုပြီးစောစောရောက်လာခဲ့သည်။ သူတို့သည် ကုန်စည်ပြပွဲတွင် ဟယ်ဝေနှင့် ထိပ်တိုက်တွေ့ဆုံလေတော့သည်။
...
အပိုင်း (၁၉၂)
ရှမြန်နှင့် သူမ၏ညီအစ်မများသည် ဟယ်ဝေကို စားသောက်ဆိုင်တန်းဖက်တွင် တွေ့ဆုံခဲ့၏။
မြို့လယ်တွင် ဒီလိုကြီးမားသည့် ကုန်စည်ပြပွဲအတွက် သင့်တော်သည့်နေရာမရှိသဖြင့် မြို့ပြင်ဘက်တွင်ရှိသည့် ထုတ်လုပ်ရေးကို ရပ်ဆိုင်းထားသည့် ယာယီစက်ရုံ အဆောက်အအုံတွင် ကျင်းပခဲ့ရသည်။
ထို့ကြောင့် အနီးအနားတွင် စားသောက်ဆိုင်မရှိချေ။ ထို့ကြောင့် ကုန်စည်ပြပွဲသို့ လာရောက်ကြသည့်လူတိုင်းသည် သူဌေးဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ယာယီအစားအသောက်တန်းတွင် စားသောက်ဖို့ရန်အတွက် တန်းစီကြရသည်။
တစ်မနက်ခင်းလုံး ဆိုင်တွင် အလုပ်သမားများနှင့် လုပ်စရာရှိသည့်ကိစ္စများကို ခွဲဝေဖို့ရန် ရှ၀မ်ယွဲ့အား ကူညီခဲ့ပြီးသည့်နောက်တွင် ရှမြန်သည် မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့နှင့်အတူ စားသောက်ဖို့ရန် စားသောက်ဆိုင်တန်းဆီသို့ ရောက်လာခဲ့၏။
သူတို့သည် ထိုင်လိုက်သည်နှင့်ချက်ချင်း ဟယ်ဝေ၏အသံကို ကြားလိုက်ရသည်။
ရှမြန်နှင့် မောက်ဟွေ့မေတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အသံလာရာဘက်ကို ကြည့်လိုက်သည့်အခါ ဟယ်ဝေဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။
သူသည် စီးပွားရေးသမားပုံစံ ဝတ်ဆင်ထားကာ ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်နှင့်အတူ လျှောက်လာပြီး အစားအသောက်ဗန်းကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဟယ်ဝေ၏မိသားစုသည် စည်သွပ်ဘူး အစားအသောက်လုပ်ငန်းကို စတင်ဆောင်ရွက်နေသည်ဟု ရှမြန်က မှတ်မိလိုက်၏။ သူတို့ကလည်း အစားအသောက် ကုန်စည်ပြပွဲတွင် ပါဝင်သည်ကလည်း ပုံမှန်ပင်။
သူတို့၂ယောက်က အရေးကြီးကိစ္စတစ်ခုခုကို ပြောနေသည်မှာ သိသာပြီး သူတို့၏စကားဝိုင်းကို အာရုံစိုက်နေကြ၏။ သူတို့သည် မောက်ဟွေ့မေနှင့် တခြားသူများကို သတိမထားမိဘဲ သူတို့နောက်က လွတ်နေသည့်ထိုင်ခုံတွင် ချက်ချင်းထိုင်ချလိုက်ကြသည်။
ထို့နောက်တွင်တော့ လူ၄၊ ၅ယောက်က အနားသို့ ရောက်လာပြီး နှုတ်ဆက်စကားပြောကာ သူတို့သည် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် စတင်ဆွေးနွေးကြလေသည်။
ဗိုက်ရွှဲရွှဲ သက်လတ်ပိုင်းအရွယ် ယောကျာ်းကြီးတစ်ယောက်က သရော်ကာဖြင့် ပြောလိုက်၏။
"အဲဒီအသီးခြံပိုင်ရှင်တွေက သူတို့အတွက် ဘာကောင်းတယ်ဆိုတာ တကယ်မသိကြဘူး။ စာချုပ်က သက်တမ်းလွန်နေပြီ။ စျေးကို ပြန်ပြီးတော့ညှိနှိုင်းတာက ပုံမှန်ပဲ မဟုတ်ဘူးလား"
"မန်နေဂျာဟယ် ပေးလိုက်တဲ့စျေးကလည်း လုံးဝကို အဆင်ပြေပါတယ်။ သူတို့တွေကလည်း ၃နှစ်လုံး ငွေရှာလာခဲ့ပြီးပြီပဲ။ သူတို့ရဲ့အရင်းအနှီးကလည်း အစောကြီးကတည်းက ပြန်ရနေပြီးသားပါ"
"သူဌေးဝမ် ပြောတာ ဟုတ်တယ်" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "အခုသူတို့တွေက တစ်နှစ်ပတ်လုံး ပိုးသတ်ဆေးအတွက်ပဲ ငွေကုန်တော့တာပဲ။ ဝယ်ယူရေး စျေးကို ၂၀ရာခိုင်နှုန်းပဲ ချလိုက်တာပါ။ သူတို့တွေက ဘာဖြစ်လို့အဲဒီလောက် ရေးကြီးခွင်ကျယ် လုပ်နေကြတာလဲ"
"ကျွန်တော်တို့တွေ အဲဒီတောင်ပေါ်ဒေသကနေ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တာနဲ့တင် ဘယ်လောက် ရှုံးနေလဲဆိုတာ သူတို့ မမြင်ကြဘူး"
ဟယ်ဝေက ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ အရင်တစ်နှစ်တွေက သီးနှံဆွတ်ခူးချိန်ကလည်း ကုန်ကျစရိတ် မများခဲ့ပါဘူး။ သီးနှံဆွတ်ခူးတဲ့အချိန်ကျမှ အသီးအနှံတွေ မရှိဘဲမဖြစ်စေပါနဲ့ဦး။ ဒါဆိုရင် အခြေအနေတွေ နှောင့်နှေးသွားကုန်လိမ့်မယ်"
"စိတ်မပူပါနဲ့ လူကြီးမင်းဟယ်" သူဌေးဝမ်က အပြုံးဖြင့် ပြောလိုက်သည်။ "မန်နေဂျာဝမ်က ကျွန်တော်တို့နဲ့ တန်ပြန်အစီစဉ်တွေကို တိုင်ပင်ပြီးထားပါပြီ။ ကျွန်တော်တို့တွေက ဒီတစ်နှစ် အားစိုက်ထုတ်မှု နည်းနည်းပါးပါးလေး လုပ်ဖို့ပဲလိုတာပါ။ ကျွန်တော်တို့တွေ အဲ့ဒီထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့လူတွေကို ယဉ်ပါးအောင် လုပ်ပြီးသွားတာနဲ့ ကျွန်တော်တို့တွေလည်း နောက်နှစ်အနည်းငယ်အထိ ပုံမှန်အကျိုးအမြတ်တွေ ပြုလုပ်နိုင်မှာပါ"
တစ်စုံတစ်ယောက်က ချီးကျူးစကား ပြောလိုက်သည်။ "မန်နေဂျာဟယ်က နိုင်ငံခြားပြန် ကျောင်းသူတစ်ယောက်လို့ ပြောထိုက်ပါပေတယ်။ သူကယောကျာ်းသားလိုပဲ လုပ်ရည်ကိုင်ရည်ရှိတယ်"
အမျိုးသမီးတစ်ယောက်က ရယ်မောကာပြောလိုက်၏။ "ဒါက ကစားပွဲတခုပါပဲ"
လူကြီးမင်းဝမ်က ပြုံးကာ ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့တွေက စောင့်နိုင်တယ်။ ဒါပေမဲ့ အဲဒီ အသီးခြံပိုင်ရှင်တွေက မစောင့်နိုင်ကြဘူးလေ"
"အသီးတွေက ရာသီကုန်သွားတဲ့အချိန်မှာ လယ်ကွင်းထဲမှာပဲ ပုပ်သိုးသွားလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့တွေ အခုအချိန်မှာ စာချုပ်သွားချုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့တွေက သူတို့ကို၂၀ရာခိုင်နှုန်း လျှော့ဈေးပဲ ပေးနိုင်လိမ့်မယ်။ အသီးတွေ ပုပ်သိုးသွားတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့တွေက စာချုပ်ကို ပြန်ချုပ်လို့ရပြီလေ။ ကျွန်တော်တို့တွေက ၅၀ရာခိုင်နှုန်း စျေးကို ချထားမယ်ဆိုရင်တောင် သူတို့တွေက အဲဒီအသီးအနှံတွေကို ကျွန်တော်တို့တွေကိုပဲ ရောင်းစရာရှိပါတယ်"
လူကြီးမင်းဝမ် ပြောလိုက်သည့်စကားကို ကြားလိုက်ရသည့်အခါ အမျိုးသမီးသည် တော်တော်လေးကို စိတ်လှုပ်ရှားသွားသည့် လေသံတစ်ခုဖြင့် ရုတ်တရက် ပြောလိုက်၏။ "အားလုံးပဲ ကျွန်မမှာ စိတ်ကူးအသစ် ရှိသွားပြီ"
ထို့နောက်တွင်တော့ သူတို့၏အသံသည် လယ်ဗယ်တစ်ခုအထိ ထိုးကျသွားပြီး သူတို့သည် ထိုကိစ္စများကို တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်မှာ သိသာသည်။
လူကြီးမင်းဝမ်က ပင်ကိုစကားပြောကျယ်သည့်သူ ဖြစ်သဖြင့် ရှမြန်သည် "ပုပ်သိုးသွားတဲ့အချိန်အထိ စောင့်လိုက်မယ်၊ သီးနှံအထွက်နှုန်း နည်းသွားမယ်" ထိုစကားလုံးများကို ခပ်ရေးရေး ကြားလိုက်ရပြီး"ပိုပြီးမြင့်တဲ့ စျေးနှုန်းနဲ့ရောင်းချနိုင်မယ်"ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင်တော့ သူမ၏ အရင်ဘဝက ကြားခဲ့ဖူးသည့်သတင်းများကို ရုတ်တရက် စဉ်းစားမိလိုက်လေသည်။
မြောက်ပိုင်းရှိ နေရာတစ်ခုက စိုက်ပျိုးခြံပိုင်ရှင်များသည် တစ်နှစ်တာအတွက် ဂေါ်ဖီထုပ်များကို စိုက်ပျိုးဖို့ အလုပ်ကြိုးစားခဲ့ရသည်။ တစ်နှစ်တွင်တော့ ဝယ်ယူသူများက ရောက်လာသည့်အချိန်တွင် သူတို့သည် တမင်ရည်ရွယ်ချက်ဖြင့် စျေးကိုနှိမ်ပေးခဲ့သည်။ ၁ယွမ်တန်ဖိုးကို ၅၀မ်သာပေးသည်။ ခြံပိုင်ရှင်များက ဒါကိုလက်ခံဖို့ရန် ငြင်းဆန်မည်မှာလည်း သဘာဝပင်။ သူတို့၏ အလုပ်ကြိုးစားခဲ့ရသည့်နှစ်သည် ၁ပေါင်ကို ၅၀မ်နှင့် အလဟဿ ဖြစ်သွားပေလိမ့်မည်။
သို့သော်ငြားလည်း ဒေသတွင်း အာဏာအရှိဆုံး ဝယ်ယူသူက ဦးဆောင်ကာ ဈေးနှုန်းချဖို့ရန်အတွက် ဝယ်ယူသူအားလုံးကို စုစည်းခဲ့သည်။ ဂေါ်ဖီထုပ်များက သက်တမ်းလွန်ကာ ခြံထဲတွင် ပုပ်သိုးတော့မည်ကို မြင်ရသည့်အခါ ခြံပိုင်ရှင်များကလည်း မျက်ရည်နှင့် မျက်ခွက် အရှုံးပေးလိုက်ရ၏။
သို့သော်ငြားလည်း ဒီအချိန်တွင် ဝယ်ယူသူများသည် စျေးကို တစ်ဖန်ထပ်နှိမ်ခဲ့ပြီး ၂၀မ်အထိ လျှော့ချခဲ့လေသည်။
ခြံပိုင်ရှင်များက အရှုံးနှင့် ရောင်းချရမည့်ဒီနည်းလမ်းကို လက်မခံနိုင်ခဲ့ချေ။ သို့သော်ငြားလည်း ဝယ်ယူသူများက အလျှော့မပေးဘဲ ထိုကိစ္စကို တမင်သက်သက် အချိန်ဆွဲထားခဲ့လေသည်။
ဂေါ်ဖီထုပ်များက ခြံထဲတွင် ပုပ်သိုးလာသည့်အချိန်မှ လယ်သမားများသည် လယ်ကန်သင်းရိုးပေါ်တွင် ထိုင်ကာငိုယိုရင်း ကျန်နေသည့် ဟင်းသီးဟင်းရွက်များကို ၂ဝမ်ဖြင့်ရောင်းချခဲ့ရကာ သူတို့၏ငွေများအား လုံးဆုံးရှုံးခဲ့ရသည်။
ဒီဝယ်ယူသူများသည် အင်မတန်မှ နှိမ့်ချထားသည့်စျေးနှုန်းဖြင့် ဂေါ်ဖီထုပ်များကို ဝယ်ယူခဲ့သည့်အပြင် တစ်၀က်လောက် လျော့ကျသွားသည့် ဂေါ်ဖီထုပ်ပမာဏကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်ကိုလည်း ဖာထေးနိုင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ဂေါ်ဖီထုပ်ဈေးနှုန်းသည် အချိန်မီ သယ်ပို့ပေးဖို့ရန် မဖြစ်နိုင်ခဲ့သည့်အတွက် စျေးကွက်ထဲတွင် ထိုးတက်သွားတော့သည်။ ဝယ်ယူသူများကတော့ ထိုနှစ်က ဂေါ်ဖီထုပ်များ၏ အထွက်နှုန်းက ကျဆင်းခဲ့သဖြင့် ရောင်းစျေးကလည်း တိုးမြင့်သွားသည်ဟု လူထုကို ရှင်းပြခဲ့၏။
ထို့နောက်ပိုင်းတွင် ထိုနေရာက လယ်သမားများသည် စာချုပ်ပါ ထိန်းချုပ်ထားသည့် အချက်များကြောင့် နှစ်ပေါင်းများစွာ အမြတ်ထုတ် ခေါင်းပုံဖြတ်ခံရ၏။ အွန်လိုင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်မှသာ ဒီကိစ္စကို အောင်အောင်မြင်မြင် တင်ပြနိုင်ခဲ့လေသည်။
သို့သော်ငြားလည်း ထိုမသမာသူ စီးပွားရေးသမားများကတော့ ချမ်းသာသွားနှင့်ပြီးဖြစ်၏။
သူ့နောက်ကွယ်က သူဌေးများစွာက အားပေးကြလေသည်။ "မန်နေဂျာဟယ်ရဲ့ အိုင်ဒီယာက တကယ်ကောင်းတာပဲ"
"ဟုတ်တယ်။ ဒါဆိုရင် ကျွန်တော်တို့တွေ ၅နှစ်စာချုပ်ကို တောင်းဆိုလို့ရတယ်"
"တကယ်လို့ ကျွန်တော်တို့တွေ၁၀နှစ် လောက် စာချုပ် ချုပ်နိုင်ရင်တော့ ပိုကောင်းလိမ့်မယ်"
အမျိုးသမီးက ပြောလိုက်သည်။ "ကျွန်မတို့တွေ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိရမယ်။ ကျွန်မတို့တွေကလည်း သူတို့ကိုစားသောက်ဖို့ တစ်ခုခုတော့ ပေးရဦးမယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သူတို့တွေကို သူတို့ရဲ့လယ်ကို မီးရှို့အောင်လုပ်ပြီး အသီးစိုက်ပျိုးတာတွေကို ရပ်တန့်သွားအောင် လုပ်ခဲ့မယ်ဆိုရင် ကျွန်မတို့အတွက်လည်း ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး"
လူကြီးမင်းဝမ်က ချက်ချင်းမြှောက်ပင့်ကာ ပြောလိုက်၏။ "ဟယ်ကျင့်က တကယ်စဉ်းစားတတ်တာပဲ"
သူက ကြောင်သူတော်လို ပြောလိုက်လေသည်။ "ငါတို့တွေ သူတို့ကို ငွေနည်းနည်းပါးပါး ရှာနိုင်အောင်တော့ လုပ်ပေးရမယ်"
တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်၏။ "ဒီလိုဆိုရင်တော့ ကျွန်တော်တို့တွေက အဲ့ဒီဆူညံပူညံလုပ်နေတဲ့ ဖန်းရုံဖန်ကို တကယ်ပဲ ကျေးဇူးတင်ရတော့မှာပေါ့။ တကယ်လို့ သူသာ ဝင်မနှောင့်ယှက်ခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေ အစောကြီးကတည်းက စာချုပ်ကို ချုပ်ပြီးသွားလောက်ပြီ။ ကျွန်တော်တို့တွေလည်း ဒီထက်ပိုကောင်းတဲ့နည်းလမ်းတစ်ခုကို ဘယ်လိုလုပ်ပြီးတော့ စဉ်းစားနိုင်မှာလဲ"
"သူက ဒီအတိုင်း လူရိုးလူအ အလယ်တန်းကျောင်းဆရာ တစ်ယောက်ပဲလေ။ သူက ဘာဖြစ်လို့ တခြားလူတွေရဲ့ စီးပွားရေးကို လိုက်ပြီးဂရုစိုက်နိုင်မှာလဲ"
သူတို့သည် ခဏလောက် စကားပြောဆိုပြီးနောက် စားသောက်ပြီးခါနီး အချိန်တွင် ထွက်လာကြသည်။
နောက်ဆုံးတွင်တော့ ဟယ်ဝေနှင့် အမျိုးသမီးတို့သာ ကျန်ခဲ့ကြသည်။
"အစ်မလန် ဒါက အရမ်းကြီး လွန်မနေဘူးလား" ဟယ်ဝေက ပြောလိုက်သည်။
"မလွန်ပါဘူး" အမျိုးသမီးက စိတ်ကောင်းဝင်နေပုံပေါ်သည်။ "တွက်ကြည့်လိုက်လေ။ ဒီလိုဆိုရင် စည်သွပ်ဘူးလုပ်ငန်းကလည်း ဒီတစ်နှစ် ကုန်ကြမ်းပစ္စည်းသက်သက်နဲ့တင် ပိုက်ဆံသိန်းချီ သက်သာနိုင်လိမ့်မယ်လေ"
"ဒုတိယဦးလေးကလည်း ငါ့ကို သေချာပေါက်အားပေးမှာပါ"
ဟယ်ဝေသည် ဘာမှထပ်မပြောတော့ချေ။
သူတို့၂ယောက် ထွက်သွားပြီးသည့်နောက်တွင် ရှမြန်သည် မော့ကြည့်လိုက်သည့်အခါ မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့ နှစ်ယောက်စလုံးက ဒေါသထွက်နေသည်ကို တွေ့လိုက်ရ၏။
"ဘာဖြစ်တာလဲ"
"အဲဒီဝမ်းတွင်းမဲ အမြတ်ကြီးစားတစ်သိုက်" မောက်ဟွေ့မေသည် မနေနိုင်ဘဲ ကျိန်ဆဲတော့သည်။
"ငါတို့ရဲ့အသီးအနှံ စိုက်ပျိုးရေးလုပ်ငန်းက ၁နှစ်၊ ၂နှစ် အသီးသီးပြီးသွားရင် အရှုံးပေါ်တဲ့ လုပ်ငန်းတစ်ခုလို့ သူတို့တွေပဲ ပြောနေကြပြီးတော့ အသီးအနှံစိုက်ပျိုးသူတွေက တစ်နှစ်ပတ်လုံး ပိုးသတ်ဆေးပဲ ဖြန်းပြီး အသီးသီးလာမှာကို စောင့်နေရတဲ့အတိုင်းပဲ"
မင်ရှီစီရင်စုသည် တောင်ပေါ်ဒေသဖြစ်သည်။ မိသားစုများစွာတွင်လည်း အသီးခြံများကို စာချုပ်ချုပ်ထားကြသည်။ မောက်မိသားစုကလည်း အစောပိုင်းတွင်တော့ အသီးခြံဧကအနည်းငယ်ကို စာချုပ်ချုပ်ထားခဲ့သည်။ စျေးနှိမ်ပေးသည့် ဒီလိုမသမာသည့် ဝယ်ယူသူများကိုလည်း ရင်ဆိုင်ရမည်မှာ အမှန်ပင်။
ထို့ကြောင့် သူတို့သည် သူတို့၏အနာဂတ်အစီအစဉ်များကို မကြားခဲ့ရသည့်တိုင် စာချုပ်သက်တမ်း ကုန်သွားသည့်အချိန်တွင် ၂၀ရာခိုင်နှုန်း စျေးချခိုင်းမည်ဟု ကြားလိုက်သည့်အခါ ထိုအချက်က သူတို့ကို ဒေါသထွက်စေရန်လုံလောက်ပေသည်။
လယ်သမားများအတွက် ထို၂၀ရာခိုင်နှုန်းစျေးနှုန်းသည် မိသားစုထဲက ကလေးတစ်ယောက်အတွက် တစ်နှစ်စာပညာရေးကို ထောက်ပံ့ဖို့ရန်လုံလောက် လေသည်။
သို့သော်ငြားလည်း အသီးခြံပိုင်ရှင်များကိုယ်စား ဒေါသထွက်ရသည်ကလွဲလျှင် ဒီကိစ္စနှင့်ပတ်သက်ပြီး သူတို့တတ်နိုင်သည်ကလည်း ဘာမှမရှိချေ။
သူတို့သည် အစားအသောက်တန်းမှ ထွက်လာပြီး သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရ၏။ "မောက်ဟွေ့မေလား"
သူတို့၃ယောက်က လှည့်ကြည့်လိုက်သည့်အခါ ဟယ်ဝေဖြစ်နေသည်။
သူသည် လမ်းဘေးတွင်ရပ်နေကာ စီးကရက်ကို သောက်နေပြီး သူတို့နောက်တွင်ရှိနေ၏။
သူကလည်း သူတို့ကို တွေ့လိုက်ရသဖြင့် အလွန်အံ့ဩသွားလေသည်။ သူက သူတို့ကိုခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီးမှ မေးလိုက်၏။ "မင်းတို့တွေ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
ဟယ်ဝေ၏ အစ်မက သူနှင့် အမှီလိုက်လာပြီး "ဟယ်ဝေ အသိမိတ်ဆွေတွေလား"
မောက်ဟွေ့မေက အေးစက်စက် ပြောလိုက်၏။ "မဟုတ်ပါဘူး"
ဟယ်ဝေက မောက်ဟွေ့မေ၏ သုန်မှုန်သွားသည့်မျက်နှာကို ကြည့်လိုက်ပြီး သရော်ကာ ပြောလိုက်လေသည်။ "မင်း ပိုပြီးမြင့်တဲ့ကိုင်းတစ်ခုကို တက်သွားပြီးပြီ မဟုတ်လား။ ဒါကြောင့် မင်းက ငါနဲ့ မင်းကြားမှာ စည်းတစ်ခုတားဖို့ မစောင့်နိုင်တော့ဘူးပေါ့"
သူတို့သည် ဒီနေ့တွင် လုပ်ငန်းလုပ်ဖို့ရန် ရောက်လာကြသဖြင့် သူတို့သည် ပုံမှန်အတိုင်း ဝတ်စားထားကြကာ မိတ်ကပ်များကိုလည်း ပေါ့ပေါ့ပါးပါး လိမ်းခြယ်ထားသည်။
ဟယ်ဝေ၏ နက်နက်ရှိုင်းရှိုင်း ရန်လိုမှုကို အကဲခတ်ကြည့်မည်ဆိုလျှင် သူ့စိတ်ထဲတွင် ဖြစ်ပျက်နေသည့်အရာကို သူ မသိသေးသည်မှာ သေချာသည်။
မောက်ဟွေ့မေသည် သူ့ကိုအစကတည်းက မုန်းတီးလာခဲ့၏။ သူမသည် ထိုစကားကို အသီးခြံပိုင်ရှင်များအပေါ် အမြတ်ထုတ်ဖို့ သူတို့၏အစီအစဉ်အကြောင်း ကြားလိုက်ရသည့်အချိန်တွင် ပိုလို့ပင် ရွံရှာလာတော့သည်။ သူမသည် သူ့ကိုဆက်ပြီး မဆက်ဆံချင်တော့သဖြင့် အေးစက်စက် မေးလိုက်၏။ "ဘာကိစ္စရှိလို့လဲ။ သခင်လေးဟယ်ကို ကျေနပ်အောင် မလုပ်ပေးနိုင်တဲ့အတွက် ဒေါသထွက်နေတာလား"
ဟယ်ဝေသည် သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းထားလိုက်ပြီး "မင်း ဘာစကားပြောတာလဲ"
မောက်ဟွေ့မေက သရော်လိုက်လေသည်။ "ရှင်ရော ဘယ်လိုထင်လဲ"
ဟယ်ဝေက ရှမြန်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။ "မွေးနေ့ပါတီပွဲနေ့တုန်းက မင်း ငါ့ကို မြင်လိုက်တယ်" ထို့နောက်တွင်တော့ သူက မောက်ဟွေ့မေကိုကြည့်ပြီး ပြောလိုက်သည်။
"ဒီတော့ မင်းတို့တွေက အရာအားလုံးကို သိထားပြီး မင်းတို့တွေက ငါ့ကို ကစားနေခဲ့ကြတာပဲ။ ဟုတ်တယ်မလား"
"ဟုတ်တယ်လေ" မောက်ဟွေ့မေက သူ့ကိုအထင်သေးစွာ ကြည့်လိုက်၏။ "သခင်လေးဟယ်က ကစားဖို့တောင်မှ မတတ်နိုင်ဘူးလား။ ဒါဆိုရင်လည်း မကစားပါနဲ့။ ရှင်ကျတော့ တခြားသူတွေအပေါ် လာကစားနေပြီးတော့ တခြားသူတွေက ရှင့်အပေါ် ကစားတာကိုတော့ လက်မခံနိုင်ဘူးဆိုရင်တော့ အဓိပ္ပာယ်မရှိတော့ဘူးလေ"
ဟယ်ဝေသည် အလွန်ဒေါသထွက်သွားပြီး သူ့မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူကဒေါသထွက်ထွက်ဖြင့် မောက်ဟွေ့မေဆီသို့ လျှောက်လာခဲ့ပြီး သူမကို ရိုက်နှက်ချင်စိတ်များ ဖြစ်လာတော့၏။ "မင်းကိုမင်း ဘာထင်နေတာလဲ။ မင်းကများ အတင့်ရဲ..."
မောက်ဟွေ့မေက လက်နှစ်ဖက်ဖြင့် သူ့ပခုံးကို ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး သူ့ကိုဆွဲကိုင်လိုက်ကာ သူမ၏ဒူးကိုမြှောက်ပြီး သူ၏ဝမ်းဗိုက်ကို ခပ်နာနာလေး ကန်လိုက်ပြီးနောက် သူမ၏တံတောင်ဖြင့် သူ့ကျောပြင်ကို ဆောင့်ချလိုက်လေသည်။ ဟယ်ဝေသည် မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ဒူးပေါ်သို့ ပြုတ်ကျသွားတော့၏။
"ဟဲ့ နင်တို့ ဘာတွေလုပ်နေတာလဲ" ဟယ်ဝေ၏ အစ်မက ဒေါသတကြီးဖြင့် အပြေးရောက်လာကာ သူ့ကို တွဲထူပေးလေသည်။ "သူ ဘယ်သူလဲဆိုတာ နင်တို့သိရဲ့လား။ နင်တို့တွေ သူ့ကို ရိုက်ရဲရတယ်လို့"
မောက်ဟွေ့မေက သူတို့ကို ငုံ့ကြည့်လိုက်၏။ "ရှင်က လူ့အရေခွံ ဝတ်ထားတဲ့အမှိုက်ပဲ။ ရှင့်ကိုယ်ရှင် ဇာမဏီငှက်ဥများ ထင်နေလား"
"လူမှုရေး အသိုင်းအဝိုင်းလှေကားပေါ် တက်တယ်တဲ့..." မောက်ဟွေ့မေက အထင်သေးစွာ ပြောလိုက်လေသည်။ "ကျွန်မဆိုတဲ့ မောက်ဟွေ့မေက သေးငယ်တဲ့မြို့လေးကနေ လာပေမဲ့လည်း ကျွန်မက အဲဒီလောက်လောက်အထိ ချေးမများပါဘူး။ ရှင့်လို ရွံစရာကောင်းတဲ့ လူတစ်ယောက်အတွက်တော့ ရှင်က လောကကြီးမှာ အချမ်းသာဆုံးလူ ဖြစ်နေရင်တောင် ကျွန်မက ရှင့်ကို လှည့်ကြည့်မှာတောင် မဟုတ်ဘူး"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ရှမြန်နှင့် မောက်ဟွေ့လန်တို့ကို ခေါ်ကာ လှည့်ထွက်သွားတော့သည်။
ဟယ်ဝေသည် ပြန်သက်သာလာပြီး သူ့ဝမ်းဗိုက်ကို အုပ်ထားလိုက်ပြီးနောက် ဒေါသတကြီး ပြောလိုက်၏။ "မောက်ဟွေ့မေ စောင့်ကြည့်နေလိုက်"
မောက်ဟွေ့မေက သရော်လှောင်ပြောင်စွာဖြင့် ပြန်မဲ့ပြလိုက်လေသည်။
...