အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အပိုင်း (၁၉၃)
ဟယ်ဝေကို ရိုက်နှက်ပြီးသည့်နောက်တွင် မောက်ဟွေ့မေသည် အများကြီး စိတ်ခံစားချက် ကောင်းမွန်လာတော့၏။
ရှင်းရှန်းအစားအသောက်စက်ရုံဆိုင်သို့ ပြန်လာပြီးသည့်နောက်တွင် တခြားသူများကို စားသောက်ရန် သွားစေချင်ခဲ့သော်ငြားလည်း အားလုံးက စားသောက်ဖို့ရန်ပင် အလွန်အလုပ်များနေကြသည်မှာ သိသာသည်။
ဆိုင်က လူများဖြင့် ပြည့်နှက်နေပြီး အကင်လှည်းထဲက ပါ၀င်ပစ္စည်းများကလည်း ကုန်နေပြီဖြစ်သည်။ စက်ရုံက အရောင်းစာရေး၃၊ ၄ယောက် လောက်ကလည်း စိတ်၀င်စားလာကြသည့်လူများကို ကုန်ပစ္စည်းအား မိတ်ဆက်ပေးနေသည်။
ရှင်းရှန်းဝက်သားထုတ်ထိုးသည် ယန်မြို့တွင် ယခုတော့ နာမည်ကြီးနေပြီဖြစ်၏။ ငါးအသားလုံးနှင့် ငါးတို့ဟူးသည် မြောက်ပိုင်းတွင် တော်တော်လေး ရှားပါးနေဆဲ။ ထိုကြောင့် ရှင်းရှန်းအမှတ်တံဆိပ်၏ ပါဝင်ပစ္စည်း အများပြားသည် ဒီစျေးရောင်းပွဲတော်တွင် ပြိုင်ဖက်မရှိသလောက်ပင်။
လက်လီရောင်းချသည့် လုပ်ငန်းရှင် အများပြားကလည်း သူတို့၏ကုန်ပစ္စည်းကို အလွန်စိတ်ဝင်စားကြ၏။
ဒီတစ်ကြိမ်တွင်တော့ သူတို့သည် ကိုယ်စားလှယ်များကို အဓိကခေါ်ယူနေခြင်းဖြစ်၏။ ဝက်သားတုတ်ထိုး အရသာမှုန့် ပစ္စည်းများကို နိုင်ငံတဝှမ်းလုံးသို့ တိုက်ရိုက်ရောင်းချနိုင်သော်ငြားလည်း ငါးတို့ဟူးနှင့် ငါးအသားလုံးတို့လို ကုန်ပစ္စည်းများသည် သယ်ယူပို့ဆောင်ရေး အဆင့်ဆင့်ကြောင့် ကန့်သတ်ခံထားရကာ အနီးအနားက စီရင်စုမြို့များသို့သာ အများစုရောက်ရှိနိုင်သည်။ အကယ်၍ သူတို့သည် ထိုနေရာထက်ပိုပြီး ဝေးဝေးသွားချင်လျှင် စက်ရုံအခွဲ ဖွင့်လှစ်ဖို့ရန် စဉ်းစားရပေလိမ့်မည်။
ရှ၀မ်ယွဲ့ကလည်း လုံလောက်သည့် အတွေ့အကြုံများ ရရှိပြီးသားဖြစ်သဖြင့် ဒီနယ်ပယ်ကို ချဲ့ထွင်ဖို့ရန် စီစဉ်ထားသည်။ ရှမြန်ကလည်း ဝင်ရောက်လုပ်ကိုင်ပေးဖို့ရန် မဖြစ်နိုင်ချေ။
မောက်ဟွေ့လန်ကလည်း ပါဝင်ပစ္စည်းများကို ကူညီထည့်ပေးကာ ဝေယျာဝစ္စလုပ်ငန်းတချို့ကို ကူညီပေးနေလေသည်။ မောက်ဟွေ့မေသည် သူတို့ကို မလိုအပ်သည်ကို မြင်လိုက်ရသဖြင့် သူမက ရှမြန်ကိုဆွဲကာ သူမစဉ်းစားလာခဲ့သည့် နိုင်ငံတကာဆိုင်ခန်းများဆီသို့ လာခဲ့လေသည်။
နိုင်ငံတကာဆိုင်ခန်းများကို ဆိုင်ခန်းအနည်းငယ်သာရှိသည့် သီးသန့်နေရာတစ်ခု အဖြစ် ခွဲခြားထားပေး၏။ သို့သော်ငြားလည်း တစ်ခုချင်းစီက အလွန်ကြီးမားပြီး ပြည်တွင်းဆိုင်ခန်းများ အရေအတွက်၏ ၃ဆလောက်ရှိသည်။
သွားလာနေကြသည့်သူများကလည်း တော်တော်လေး နည်းပါးသည်။ ယခုခေတ်တွင် သာမန်လူများသည် ငွေရောင်ဆံပင်၊ အပြာရောင်မျက်လုံးများနှင့် နိုင်ငံခြားသားများကို သိလိုစိတ်တစ်ခုအဖြစ်သာ သဘောထားတတ်ကြပြီး လူတော်တော်များများသည် စိတ်ဝင်စားမှုကို လာရောက်ကြည့်ရှုဖို့ရန်အတွက်သာ အချိန်နည်းနည်းပါးပါး ပေးတတ်ကြသည်။
သို့သော်ငြားလည်း လုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်ကြသူများမှာ နက်ခ်တိုင်နှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားကြသည့် ထိုအထက်တန်းစားများသာဖြစ်၏။
မောက်ဟွေ့မေသည် အင်္ဂလိပ်စာကို အချိန်တိုအတွင်းသာ အပြင်းအထန်လေ့လာခဲ့ရပြီး သူမ၏ လေ့လာသင်ယူခြင်းရလဒ်ကို စမ်းကြည့်ချင်သည်။ ထို့ကြောင့် သူမသည် ဆွေးနွေးညှိနှိုင်းနေကြသည့်လူများရှိရာ ဆိုင်ခန်းတစ်ခုဆီသို့ ရောက်လာခဲ့ပြီး အင်္ဂလိပ်စကားဝိုင်းကို နားထောင်မိလေသည်။
တစ်ဖက်လူက ဘာသာပြန်သူတစ်ယောက် ရှိသော်ငြားလည်း ဆွေးနွေးညှိနှိုင်းနေသည့်လူကတော့ အင်္ဂလိပ်စာကို ကျွမ်းကျင်သည်မှာ သိသာသည်။ သူတို့နှစ်ယောက်သည် တိုက်ရိုက်ဆက်သွယ် ပြောဆိုနေကြ၏။
ဒါသည် ဖျော်ရည်အလုပ်ရုံစက်ပစ္စည်းများကို ရောင်းချနေသည့် ကုမ္ပဏီတစ်ခု ဖြစ်၏။ ရှမြန်သည် ခဏလောက် နားထောင်လိုက်ပြီးမှ သိပ်မကြာခင်တွင် ဆိုင်ရှေ့က လူငယ်လေးတစ်ယောက်ကို သတိထားမိလိုက်၏။
ထိုလူငယ်လေးသည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တစ်ခုဖြင့် အသက်၂၅၊ ၂၆နှစ်ဝန်းကျင် အရွယ်ရှိဟန်တူသည်။ သူသည် အဖြူရောင်ရှပ်အင်္ကျီနှင့် စတိုင်ပန်ကို ဝတ်ဆင်ထားကာ သိမ်မွေ့ပြီး သပ်ရပ်သည့်ရုပ်လေး ပေါ်နေ၏။
သို့သော်ငြားလည်း သူသည် ဆိုင်ကို အနီးကပ် စိုက်ကြည့်လိုက်ပြီး တော်တော်လေး တည်ငြိမ်နေသည့် ဟန်တူသော်ငြားလည်း သူ၏စိုးရိမ်ပြီး ဆုပ်လိုက်ဖြ့န့်လိုက် လက်ချောင်းများနှင့် သူ့ကိုယ်သူ ဆက်တိုက်အားပေးနေသည့် မျက်လုံးထဲကအကြည့်သည် သူသည် ရတက်မအေးနိုင်အောင် ဖြစ်နေသည်ကို ပြသနေသည်။
ခဏအကြာတွင် လူငယ်လေး၏ မျက်လုံးသည် ဆိုင်ရှေ့က ဖျော်ရည်ဆီသို့ ရောက်ရှိသွားပြီး သူက လက်သီးများကိုဆုပ်ကာ ကြံရာမရတော့သည့် အရှိန်အဟုန်တစ်ခုဖြင့် ရှေ့သို့လျှောက်လာခဲ့၏။ ဆိုင်ကို တာဝန်ယူထားသည့်လူသည် အစောပိုင်းဧည့်သည်နှင့် ဆွေးနွေးညှိနှိုင်းနေဆဲ။ ထို့ကြောင့် ကောင်ကလေးသည် တာဝန်ရှိသည့် ဘာသာပြန်သူဆီသို့ တိုက်ရိုက်သွားရောက်လိုက်၏။
"တဆိတ်လောက်ပါ။ ခင်ဗျားတို့တွေ ဖျော်ရည်လုပ်သလား"
"ပန်းသီးကိုရော လိုချင်သလား။ ကျင်းရိတောင်ဘက်က ပန်းသီးတွေက အရမ်းချိုပါတယ်။ ကျွန်တော် ကျွန်တော်တို့ရဲ့အစောပိုင်း ရင့်ပြီးသားအသီးတွေကို ယူလာခဲ့ပါတယ်။ ခင်ဗျားတို့တွေ စမ်းကြည့်လို့ရပါတယ်-"
သူသည် အလွန်စိတ်လှုပ်ရှားနေဟန်တူပြီး သူ၏ရည်ရွယ်ချက်ကို တစ်ထိုင်တည်း ပြောလိုက်လေသည်။ ရှမြန်သည် ကျင်းရိတောင် ဟူသည့်စကားလုံးကို သတိထားမိလိုက်၏။
ဒါက အဲဒီမသမာတဲ့ ဝယ်ယူသူတွေ အသီးကိုဝယ်ယူဖို့ တိုင်ပင်ဆွေးနွေးနေတဲ့နေရာ မဟုတ်ဘူးလား။
သူမသည် လူငယ်လေးကို တွေးတွေးဆဆဖြင့် ကြည့်လိုက်၏။ တခြားဘက်က ဘာသာပြန်သူက သူ့စကားလုံးကို ရယ်စရာကောင်းသည်ဟု မြင်ဟန်တူပြီး ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလိုက်လေသည်။
"ကျွန်မတို့တွေ ဒီနေရာမှာ ပန်းသီးကို လက်မခံပါဘူး။ တကယ်လို့ ရှင်က တရုတ်ပြည်က ပန်းသီးကို လိုချင်တယ်ဆိုရင် စည်သွပ်ဘူးစက်ရုံ ဒါမှမဟုတ် ယမကာထုတ်တဲ့ စက်ရုံတွေကို သွားရှာလို့ရပါတယ်"
လူငယ်လေးက စိုးရိမ်တကြီး မေးလိုက်သည်။ "ခင်ဗျားတို့တွေ ဒီမှာဖျော်ရည် မလုပ်ကြဘူးလား။ ခင်ဗျားတို့တွေ ဖျော်ရည်လုပ်ဖို့ ပန်းသီး မလိုဘူးလား"
"ဟော။ ဒါက ဆရာဖန်း မဟုတ်လား" အမျိုးသမီးတစ်ယောက်၏ အသံသည် ဝင်ရောက်လာပြီး လှောင်ပြောင်နေသည့် လေသံတစ်ခုပါရှိနေ၏။ "ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
ရှမြန်သည် အသံလာရာကို ကြည့်လိုက်သည့်အခါ ဟယ်ဝေနှင့် သူ၏ဝမ်းကွဲအစ်မ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင်တော့ သူမသည် လူငယ်လေးကို ကြည့်လိုက်ပြီး-ဒီတော့ သူက ဖန်းရုံဖန်ပဲ ဖြစ်ရမယ်။ အဲဒီမသမာတဲ့ စီးပွားရေးသမားတွေ ပြောနေတဲ့ သူတို့စာချုပ်ကို မတရားချုပ်ဆိုဖို့ အသီးခြံပိုင်ရှင်တွေကို တားမြစ်ခဲ့တဲ့သူပဲ။
ရှမြန်သည် သူက ဒေသတွင်း အလယ်တန်းကျောင်း ဆရာတစ်ယောက်ဖြစ်သည်ဟု သူတို့ပြောခဲ့သည့်စကားကို သတိရလိုက်လေသည်။
ဖန်းရုံဖန်သည် အမျိုးသမီး၏မျက်နှာက အမှန်တကယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး သူက ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဟယ်မင်"
ဟယ်မင်က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီးနောက် တစ်ဖက်က ဆိုင်ခန်းကို လှမ်းကြည့်လိုက်ပြီး တန်းစီထားသည့် အသီးဖျော်ရည်များကို မြင်လိုက်သည့်အခါ သူမက အကြောင်းသိပါတယ်ဟု ပြုံးပြလိုက်ပြီးပြောလိုက်လေသည်။
"ဘာဖြစ်လို့လဲ။ ဆရာဖန်းက ကျွန်မတို့တွေဆီကို အသီးရောင်းဖို့ အရမ်းကို အထင်သေးလွန်းလို့ သူက နိုင်ငံခြားက မိတ်ဆွေတွေကို ရောင်းဖို့စီစဉ်ထားတာလား"
ဒီအခိုက်အတန့်တွင်တော့ သူမသည်တစ်ခုခုကို သဘောကျသွားသယောင် ပြောလိုက်၏။ "ရှင်က ရှင်တို့တောင်ပေါ်က တန်၁သောင်းလောက်နီးပါး ရှိတဲ့အသီးတွေကို လေယာဉ်နဲ့ နိုင်ငံခြားပို့ဖို့ စဉ်းစားနေတာလား။ တကယ်လို့ ရှင်က ရထားကို သုံးမယ်ဆိုရင်တော့ ဒါကလမ်းပေါ်မှာပဲ ပုပ်သိုးသွားမှာ စိုးရိမ်ရတယ်"
ဖန်းရုံဖန်သည် မျက်မှောင်ကြုတ်လိုက်လေသည်။
ဟယ်မင်က ရယ်မောကာ ဆက်ပြောလိုက်၏။ "နှမြောစရာကောင်းလိုက်တာ။ ဒါက စက်ပစ္စည်းဆိုင်တစ်ခုလေ။ ဖျော်ရည်စက်ရုံတစ်ခု မဟုတ်ဘူး။ ရှင်က ဒီအသီးတွေကို လေယာဉ်ပျံနဲ့ ပို့ပေးမယ်ဆိုရင်တောင် သူတို့တွေက လက်ခံမှာမဟုတ်ဘူး"
ဖန်းရုံဖန်သည် တည်ငြိမ်အောင် လုပ်လိုက်လေသည်။ သူက သူမကိုကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်၏။ "ဒါက ခင်ဗျားကိစ္စ မဟုတ်ပါဘူး။ ခင်ဗျားက ခင်ဗျားရဲ့အသီးတွေနဲ့ ခင်ဗျားဟာခင်ဗျား ကြိုက်တာလုပ်လို့ရပါတယ်"
"ဆရာဖန်း"ဟယ်မင်က အပြုံးဖြင့် ပြောလိုက်သည်။ "ရှင်ပြောတဲ့စကားက အဆင်မပြေမှာပဲ စိုးရိမ်ရတယ်"
"အသီးရာသီ ကုန်သွားရင် ကျင်းရိတောင်ပေါ်က အသီးတွေက ဘယ်လောက်ပဲ ချိုပြီးအရသာရှိနေပါစေ။ အဲဒါတွေက ဘယ်သူမှ မခူးဆွတ်ဘူးဆိုရင် ခြံထဲမှာ ပုပ်သိုးသွားမှာပဲလေ။ အဲဒီအချိန်ကျရင် ရှင့်စကားကို နားထောင်ပြီးမျှော်လင့်နေခဲ့တဲ့ အဲဒီရွာသားတွေက ရှင့်ကို သေအောင်မုန်းကြတော့မှာပဲ"
"အဲဒီအချိန်ကျရင်တော့ ကျွန်မတို့တွေက သူတို့ရဲ့ ပိုက်ဆံရှာပေးတဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ဒီတော့ ကျွန်မက ရှင့်ကို ဝင်မနှောင့်ယှက်ဖို့ အကြံပေးလိုက်ပါတယ်"
"ဒါက ကျေးဇူးတင်စရာမကောင်းတဲ့ အလုပ်တစ်ခုပဲလေ။ ဘယ်လိုလဲ"
ဖန်းရုံဖန်က ဘာမှမပြောသည်ကို မြင်လိုက်ရသည့်အခါ ဟယ်မင်က မသိမသာပြုံးလိုက်ပြီး "ဒါကတော့ ရှင့်သဘောပါ။ ရှင်က ကျွန်မတို့တွေကို ဒီအသီးတွေကို ပြန်ယူသွားပေးဖို့ လာတောင်းပန်မှာပဲ စိုးရိမ်မိတာပါ"
သူမ၏ဘေးက ဟယ်ဝေ၏ စိတ်အခြေအနေ မကောင်းသည်ကို သတိထားမိလိုက်သည်တွင် ဟယ်မင်သည် သူ့အကြည့်ကို လိုက်သွားလိုက်သည့်အခါ ရှမြန်နှင့် မောက်ဟွေ့မေတို့ကို ချက်ချင်း တွေ့သွားတော့သည်။
ဟယ်ဝေက သူမကို သူတို့၏အကြောင်း ပြောပြပြီးသည်မှာ သိသာသည်။ ဟယ်မင်က အပြုံးဖြင့် ပြောလိုက်၏။ "မိန်းကလေးရှ ဖြစ်နေတာကိုး။ ရှင်တို့လည်း ဒီကိုရောက်နေတော့ တိုက်ဆိုင်လိုက်တာ"
ဟယ်မင်၏ မျက်လုံးထဲက အထင်သေးရိပ်များကို ကြည့်လိုက်ပြီး ဟယ်ဝေ၏ သူတို့အပေါ်မှာ အငြိုးအာဃာတ ထားနေသည့်စိတ်ကို ထည့်တွက်ကြည့်လျှင်ပင် သူသည် သူတို့အကြောင်း ကောင်းကောင်းကန်းကန်းဘာမှ ပြောမထားသည်မှာ သိသာသည်။
ရှ၀မ်ယွဲ့၏မိသားစုသည် ရှမြန်၏ အသက်ကယ်ပေးသည့် ကျေးဇူးကို မှီခိုအားထားကာ သခင်လေးနဥ်နှင့် နီးကပ်ဖို့ရန်အတွက် ဘာမဆိုလုပ်ခဲ့သည်။ ထိုသို့အရာမျိုးသာ ဖြစ်ပေလိမ့်မည်။
ရှမြန်သည် ထောင်လွှားမောက်မာလွန်းသည့် မောင်နှမနှစ်ယောက်ကို ဂရုစိုက်ဖို့ရန် အလွန် ငြီးငွေ့လာတော့၏။ မောက်ဟွေ့မေကလည်း သူတို့ကို မမြင်ချင်ဟန် ဆောင်ထားလိုက်ပြီး ဖန်းရုံဖန်ဆီသို့ တည့်တည့်လျှောက်သွားလိုက်လေသည်။
ဖန်းရုံဖန်သည် ကျင်းရိတောင်ပေါ် သစ်သီးခြံပိုင်ရှင်များ၏ ကိုယ်စားလှယ်ဖြစ်မည်ဟု သူမကလည်း ခန့်မှန်းမိ၏။ ထို့ကြောင့်ပင် သူသည် နိုင်ငံခြားသားများကို အသီးများ ရောင်းချဖို့ရန်အတွက် ဒီနေရာသို့ ဖိအားဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်မည်။
ဟယ်မင်က အမည်မသိမိန်းကလေး၂ယောက်၏ လျစ်လျူရှုခံလိုက်ရသဖြင့် သူမ၏မျက်နှာက အခိုက်အတန့် ညိုမည်းသွားတော့သည်။ ဆိုင်ထဲကတာဝန်ခံက ဧည့်သည်များကို လိုက်ပို့ပေးနေသည်ကို မြင်လိုက်ရသဖြင့် သူမက အင်္ဂလိပ်စကားဖြင့် အကျယ်ကြီး ပြောလိုက်၏။ "လူကြီးမင်း ဂုဏ်ယူပါတယ်။ ဒီအမျိုးသမီးက ရှင်တို့ရဲ့စက်ကို ဝယ်ဖို့စိတ်ဝင်စားလိုတဲ့။ သူ့မိသားစုကလည်း စက်ရုံအကြီးကြီးတစ်ခု ပိုင်ထားတယ်"
တာဝန်ရှိသူသည် နွေးနွေးထွေးထွေးဖြင့် ချက်ချင်းရောက်လာပြီး ရှမြန်ကို လက်ကမ်းပေးလိုက်လေသည်။ "မင်္ဂလာပါ။ ချာလီပါ"
ဟယ်မင်ပြောလိုက်သည့် တိုတောင်းသည့် စကားလေးကတော့ အလွန်မှရိုးစင်းသည်။ မောက်ဟွေ့မေကလည်း ထိုစကားကို နားလည်လိုက်သည်။ ထို့ကြောင့် သူမသည် ချာလီက လုပ်ငန်းစကား ပြောချင်သည်ကို မြင်လိုက်ရသည့်အခါ အနည်းငယ် ရှက်ရွံ့သွားတော့၏။
တစ်စုံတစ်ယောက်က စီးပွားရေးကိစ္စကို ဖိအားပေးနေသည့် ဒီလိုအခြေအနေမျိုးတွင် လုပ်ငန်းများကို အမှန်တကယ် ဆွေးနွေးဖို့ရန်က မဖြစ်နိုင်ပေ။ သို့သော်ငြားလည်း လုပ်ငန်းများကို မဆွေးနွေးသည်ကပင် ထိုလူကို မျက်နှာပျက်စရာ ဖြစ်စေနိုင်လေသည်။
မျက်နှာမပျက်ဖို့ရန်အတွက် မောက်ဟွေ့မေသည် ဒီအမှိုက်၂ယောက်က သူမကို ရယ်မောခွင့်ပေးကာ ကိုယ့်ဟာကိုယ် အရူးလုပ်ခွင့်တော့ မပြုနိုင်ပေ။
ရှမြန်ကလည်း ထိုသို့စဉ်းစားသည်မှာ သိသာသည်။ ထို့ကြောင့် သူမက မောက်ဟွေ့မေ၏ လက်ကို နှစ်သိမ့်ပေးသည့်အနေဖြင့် ပုတ်ပေးလိုက်ပြီး ပထမဦးဆုံး အင်္ဂလိပ်စကားဖြင့် လူကြီးမင်းချာလီကို တည်တည်ငြိမ်ငြိမ် နှုတ်ဆက်လိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ ဟယ်ဝေနှင့် သူ့အစ်မကို အပြုံးဖြင့် ပြောလိုက်လေသည်။ "ကျွန်မ အထင်တော့ ဟယ်ဝေက ဘာဖြစ်လို့ ယဉ်ကျေးမှု မရှိလဲဆိုတာ သိသွားပြီ။ ကြည့်ရတာ ဟယ်မိသားစုရဲ့ ပြုစုပျိုးထောင်ပုံက ပြဿနာတစ်ခုဖြစ်နေတဲ့ပုံပဲ။ ရှင်တို့မိသားစုဝင်တွေ အားလုံးက အရမ်းကို ကောက်ကျစ်ကြတာပဲနော်"
ဟယ်ဝေက ဒေါသတကြီးပြော လိုက်၏။ "မင်း ဘာပြောလိုက်တယ်"
"ကျွန်မ ပြောတဲ့စကားက မှားလို့လား" ရှမြန်သည် ဟယ်မင်ကို ကြည့်လိုက်ပြီး ဟယ်ဝေကို သရော်ကာ ပြောလိုက်၏။ "ရှင်တို့ ဟယ်မိသားစုလုပ်ငန်းက အကြီးကြီးပဲလေ။ ရှင်တို့တွေ အောက်တန်းကျတဲ့ တချို့နည်းလမ်းတွေကို သေချာပေါက်သုံးမယ်လို့ ကျွန်မတော့ ခန့်မှန်းမိတယ်။ ဟုတ်တယ်မလား။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ရှင်တို့တွေက ဒီလိုညစ်ပတ်တဲ့ကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ လုပ်နိုင်မှာလဲ"
မောက်ဟွေ့မေက ပြောလိုက်၏။ "ငါတို့တွေက သူတို့ကို ဘာပြောနိုင်မှာလဲ။ သူတို့တွေက ဆင်းရဲသားဘဝကနေ စလာတဲ့ လယ်သမားလေးတွေပဲလေ။ ငါတို့တွေက သူတို့ဆီမှာ အပြုအမူကောင်းနဲ့ အကျင့်စာရိတ္တကောင်းတွေကို ဘယ်လိုလုပ်ပြီးတော့ မျှော်လင့်လို့ရမှာလဲ"
ဟယ်ဝေသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားတော့၏။ "မင်းကများ ကိုယ့်ဟာကိုယ် ဘာထင်နေတာလဲ။ မင်းက ငါတို့ရဲ့ဟယ်မိသားစုကိုများ အတင့်ရဲလို့ ကြိမ်းမောင်းရဲတယ်"
မောက်ဟွေ့မေက အေးစက်စက် ပြောလိုက်၏။ "ရှင်ကရော ကိုယ့်ဟာကိုယ် ဘာထင်နေတာလဲ။ ရှင်က ကျွန်မတို့မောက်မိသားစုကိုများ ဆူပူကျိန်းမောင်းရဲရတယ်လို့။ လွန်ခဲ့တဲ့၁၀နှစ်တုန်းကလည်း ရှင်တို့မိသားစုက ကျွန်မတို့မိသားစုထက်တောင်မှ ပိုမကောင်းနိုင်သေးပါဘူး။ အမှိုက်တွေ"
ဟယ်မင်ကလည်း ဒေါသတကြီး ပြောလိုက်၏။ "ငါက နင်တို့ကို မျက်နှာသာပေးနေတာပါ။ နင်တို့တွေက အမြင့်တစ်နေရာမှာ ရှိနေလို့ နင်တို့ လုပ်ချင်တာလုပ်လို့ရမယ်လို့ ထင်မနေနဲ့"
"ငါကတော့ လုပ်ချင်တာ လုပ်လို့ရသေးတယ်" ရှမြန်သည် သူမ၏မေးကိုချီထားလိုက်ကာ အထင်သေးစွာဖြင့် ဟယ်မင်ကိုကြည့်လိုက်ပြီး အနာဂတ်တွင် လူများကိုသွားယားစေမည့် စကားတစ်ခွန်းကို ပြောလိုက်လေသည်။ "နင်က ငါ့ကို ရိုက်ရဲလို့လား"
ဟယ်မင်နှင့် ဟယ်ဝေတို့နှစ်ယောက်စလုံးသည် ဒေါသကြောင့် နီမြန်းသွားတော့သည်။
ချာလီက ဇဝေဇဝါဖြင့် သူတို့ကိုကြည့်လိုက်ပြီး သူတို့သည် ရုတ်တရက်ကြီး အဘယ်ကြောင့်များ အငြင်းပွားကြရသည့် အကြောင်းကို နားမလည်နိုင်တော့သည့်နှယ်ပင်။
ဒါကို မြင်လိုက်သည့်အခါ ဟယ်မင်သည် အင်္ဂလိပ်စကားဖြင့် သူတို့၂ယောက်ကို နာမည်ဖျက်ပြီး တစ်ဖန် လှည့်စားဖို့ ကြံစည်လိုက်သော်ငြားလည်း ရှမြန်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောလိုက်၏။ "ဒါက ရိုးသားတဲ့လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ ဒီတော့ ကျွန်မသူတို့တွေကို ထွက်သွားဖို့ မျှော်လင့်တယ်"
ရှမြန်က ဟယ်ဝေနှင့် သူ့အစ်မကို လှမ်းကြည့်လိုက်သည်။ "သူတို့တွေက ကိစ္စရပ်တွေကို မသမာမှုတွေနဲ့ လုပ်ထားတာလေ။ ဒါက အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်"
ဟယ်ဝေသည် ရှမြန်၏ အင်္ဂလိပ်စကားက ထိုမျှလောက် ကျွမ်းကျင်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူသည် ရှမြန်ပြောလိုက်သည့်စကားကိုပင် နားမလည်နိုင်တော့ပေ။ သို့သော်ငြားလည်း ဆိုင်မန်နေဂျာ၏ မျက်လုံးထဲက အကြည့်ကို ကြည့်လိုက်သည်တွင် ဒါက တစ်ခုခုကောင်းသည့်အရာ မဟုတ်မှန်းတော့ ခန့်မှန်းမိလိုက်သည်။
ထို့နောက်တွင်တော့ ချာလီက ရှမြန်နှင့် တခြားသူများကို အသေးစိတ်ဆွေးနွေးဖို့ရန်အတွက် သီးသန့်အခန်းထဲသို့ ဖိတ်ခေါ်သွားတော့၏။
ရှမြန်က သေမလောက် ဒေါသထွက်နေသည် ဟယ်မင်ကို လှည့်ကြည့်လိုက်ပြီး မျက်နှာမဲ့ပြလိုက်ပြီးနောက် ဖန်းရုံဖန်ကို ပြောလိုက်လေသည်။ "ဆရာဖန်း ရှင် ကျွန်မတို့နဲ့ လာလို့ရပါတယ်။ ကျွန်မတို့တွေ အတူတူစကားပြောလို့ရတယ်"
ဖန်းရုံဖန်သည် ခဏလောက် မှင်တက်အံ့သြသွားပြီးမှ မောက်ဟွေ့မေက သူနှင့် ရှမြန်တို့ကို ချက်ချင်းဆွဲသွားကာ အခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။
ဟယ်မင်နှင့် ဟယ်ဝေနှစ်ယောက်စလုံးကတော့ မရွှင်မပျ ဖြစ်သွားတော့၏။ ဟယ်ဝေက မေးလိုက်လေသည်။ "သူ ဘာပြောလိုက်တာလဲ"
"ငါတို့တွေက မသမာဘူးလို့ ပြောလိုက်တာ" ဟယ်မင်က ဒေါသတကြီးပြောလိုက်၏။ "သခင်လေးနဥ်ရဲ့ ကောင်းကင်နဲ့ မြေကြီးကို အမှုမထားတဲ့ အကျင့်စရိုက်ကို အားကိုးထားတဲ့ ဒီဆံပင်အဝါနဲ့ မိန်းကလေးက ငါတို့ရဲ့ဟယ်မိသားစုကိုများ တကယ်ပဲ ကျိန်ဆဲရဲရတယ်လို့"
ဟယ်ဝေသည် သူမ၏ တည်ငြိမ်နေသည့်လက်များက တုန်ရင်နေသည်ကို တွေ့လိုက်ရပြီး အခန်းငယ်လေး၏ တံခါးနားတွင်ဖြတ်ကာ ချာလီနှင့် စကားပြောနေသည့် သူမတို့ကို တွေ့လိုက်သည့်အခါ သူသည် ရုတ်တရက်ဆိုသလို တည်ငြိမ်သွားတော့သည်။ "အစ်မ နင် အခုတလော သတိထားသင့်တယ်နော်။ ဘာတစ်ခုကိုမှ မဖြစ်စေနဲ့"
"ဘာဖြစ်နိုင်မှာမလို့လဲ" ဟယ်မင်က အလွန်ဒေါသထွက်နေဆဲပင်။ "ဒါပေမဲ့ သူက ကျေးတောသူတစ်ယောက်ပဲလို့ နင်ပဲ ပြောခဲ့တယ် မဟုတ်လား။ သူ့ရဲ့အင်္ဂလိပ်စာက ဘယ်လိုလုပ်ပြီးတော့ အဲဒီလောက် ကောင်းနေတာလဲ"
အင်္ဂလိပ်စာတင် ကောင်းတာမဟုတ်ပါဘူး-ဘိုးတော်ရဲ့ မွေးနေ့ပါတီပွဲနေ့တုန်းက စင်ပေါ်မှာ ရှမြန်ဖျော်ဖြေသွားတဲ့ဟာကိုလည်း စဉ်းစားလို့မတတ်အောင် ဖြစ်နေသေးတယ်လေ။ သူ့ကြည့်ရတာဒရမ်ရော၊ တယောရော ချမ်းသာတဲ့အမျိုးသမီးငယ်လေးတွေ တတ်သင့်တဲ့ အရာအားလုံးကိုလည်း တီးခတ်နိုင်နေသလိုပဲ။
သူသည် စိတ်ထဲတွင်အနည်းငယ် ရတက်မအေးအောင် ဖြစ်သွားတော့၏။ "သူက ဖန်းရုံဖန်ကိုတောင်မှ အထူးတလည် ခေါ်သွားလိုက်သေးတယ်။ သူက ကျင်းရိတောင်ပေါ်ကကိစ္စတွေကို ဝင်စွက်ဖက်မှာ စိုးရတယ်"
"အစ်မ ဒီလိုပြဿနာမျိုးကို မလုပ်တော့တာ ပိုကောင်းလိမ့်မယ်။ ဒါက ယွမ်၁သိန်း၊ ၂သိန်းလောက်ပါပဲလေ။ ဘာမှပြန်မရဘဲ ဇာတ်သိမ်းသွားမဲ့ကိစ္စမျိုးကို ပြဿနာမရှာပါနဲ့တော့"
ဟယ်မင်က မျက်စောင်းထိုးလိုက်ကာ "၁သိန်း၊ ၂သိန်းဟုတ်လား၊ ဆရာ။ ၁နှစ်ကို ၁သိန်း၊ ၂သိန်းလေ။ ၅နှစ်ဆိုရင် သန်းချီသွားလိမ့်မယ်။ နင် ဒီ၁သိန်း၊ ၂သိန်းကို ရှာချင်တယ်ဆိုရင်တောင်မှ လပေါင်းများစွာ မနက်အစောကြီး ထပြီးတော့ နောက်ကျတဲ့အထိ အလုပ်လုပ်ရဦးမှာ"
"သူက ဒီအတိုင်းဆံပင်အဝါနဲ့ မိန်းကလေးပဲ။ နင် အရမ်းကြောက်နေတဲ့ပုံကိုလည်း ကြည့်လိုက်ပါဦး။ အဲဒါက အဲဒီလောက်တောင်မှ ဖြစ်စရာလိုလို့လား"
ဟယ်မင်သည် အခန်းငယ်လေးရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ "စိတ်မပူပါနဲ့။ သူတို့တွေ အင်္ဂလိပ်စကား ကျွမ်းကျင်တယ်ဆိုရင်တောင်မှ သူတို့တွေက မျက်နှာဆယ်ဖို့ ဒီအတိုင်း ကြိုးစားနေတာ။ ကိုယ့်ဟာကိုယ်တော့ အရူးလုပ်ကြမှာ မဟုတ်ပါဘူး။ သူတို့တွေက စက်နည်းနည်းပါးပါး ဝယ်ပြီးတော့ ဖျော်ရည်စက်ရုံတစ်ခုဖွင့်နိုင်မှာ မလို့လား"
ဟယ်ဝေက ပြောလိုက်၏။ "တကယ်လို့ ဖွင့်နိုင်ခဲ့တယ် ဆိုရင်ရော။ ရှမြန်က အရမ်းကို လုပ်ရည်ကိုင်ရည် ရှိတာနော်။ သခင်လေးနဥ်က သူပြောခဲ့တဲ့စကားလုံးတိုင်းကို နာခံသလောက်ပဲ။ သူက ရှမြန်အတွက် ဖယ်ရာရီကား တစ်စီးကိုတောင်မှ ပေးနိုင်သေးတယ်။ ဒါကဖျော်ရည်စက်ရုံ တစ်ရုံဖွင့်ဖို့ အဲဒီလောက်တောင်မှ ကုန်ကျမှာမဟုတ်ဘူးလေ"
"ဒါက ငွေအများကြီး မကုန်ကျဘူးဆိုရင်တောင်မှ ၁သန်း၊ ၂သန်းလောက်နဲ့ အဆင်ပြေနိုင်တယ်"
ဟယ်မင်က အပြုံးဖြင့် ပြောလိုက်လေသည်။ "ဒီအပြင် ဖယ်ရာရီကားကို ပေးတယ်ဆိုတာက ဒီကိစ္စနဲ့မှမတူတာ"
"ဖယ်ရာရီကားက ဘယ်သူ့အတွက်လဲ" ဟယ်မင်က မေးလိုက်သည်။ "အဲဒါကသခင်လေး ရုံ အတွက်ပဲလေ"
"သခင်လေးနဥ်နဲ့ သခင်လေးရုံတို့က သူငယ်ချင်းတွေဖြစ်လာတာ ဘယ်လောက်တောင် ကြာနေပြီမလို့လဲ။ သူတို့တွေက သူငယ်ချင်းကောင်းတွေပဲလေ။ ရုံမိသားစုရဲ့ အခြေအနေကရော ဘယ်လိုမလို့လဲ"
"ဖယ်ရာရီကားက စျေးကြီးတယ်ဆိုပေမဲ့ ဒါက မျက်နှာသာလုပ်ဖို့ လက်ဆောင်တစ်ခုပါပဲ။ နောက်ဆုံးကျတော့လည်း သူက ရှမြန်ကို ဖယ်ရာရီကားမပေးခဲ့တဲ့အပြင် သခင်လေးနဥ်က သူ့ကိုအဲဒီကားကို တကယ်ပေးခဲ့တယ်ဆိုရင်တောင် ဒါကလည်း အရှုံးမရှိဘူးလေ။ ရှမြန်ကို နာမည်တစ်ခု ပေးငှားလိုက်တာကလွဲရင် တကယ်တမ်းကျတော့ သူနဲ့ဆိုင်တာ ဘာမှမှမရှိတာ"
"ဒါပေမဲ့ ရှမြန်ကို၁သန်း၊ ၂သန်းလောက်ပေးပြီး သူ့ကို ထိခိုက်မှုတချို့ဖြစ်အောင် လုပ်ခွင့်ပေးထားလိုက်မယ် ဆိုရင်တော့ သခင်လေးနဥ်က ဒါကိုပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံဦးမလားဆိုတာ ကြည့်ရဦးမှာပေါ့"
သူမသည် ထိုစကားကို ပြောနေသည့်အချိန်မှာပင် ဟယ်ဝေသည် တစ်ခုခုကို မြင်လိုက်ရသယောင် သူမကို စကားဖြတ်ပြောလိုက်၏။ "ဟာ သွားပြီ။ ကျန်းသာ့ဖာ"
သူသည် ဟယ်မင်ကို မြန်မြန်ဆွဲလိုက်ပြီး အနီးအနားက ဆိုင်တစ်ခုနောက်တွင် ဝင်ပုန်းနေလိုက်၏။
ခဏအကြာတွင် လက်ဆွဲအိတ်တစ်ခုနှင့် လူတစ်ယောက်သည် အလောတကြီးရောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်ငြားလည်း သူရှာဖွေနေသည့်လူကို မမြင်ရသဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ဟယ်ဝေနှင့် ဟယ်မင်တို့က ဆိုင်နောက်မှနေ၍ ထွက်လာကြ၏။
ဟယ်မင်က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "သူ နင့်ကို လိုက်ပြီး တွယ်ကပ်နေတုန်းလား"
ဟယ်ဝေကလည်း စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။ "အင်း။ ကျန်းသာ့ဖာကလည်း ဘာဖြစ်နေမှန်း မသိပါဘူး။ ဒါပေမဲ့ သူက ဟယ်မိသားစုအပေါ် မျက်စိကျနေတယ်လေ။ ဟယ်မိသားစုမှာ စည်သွပ်စက်ရုံတစ်ခုရှိတာနဲ့ပဲ သူက စီရင်စုက စည်သွပ်စက်ရုံဘူးကို လက်လွှဲပေးရမယ်များ ထင်နေတာလား မသိဘူး။ သူတို့တွေက ငါတို့အပေါ် အသားယူနေကြတာပဲ"
ဟယ်မင်က ပြောလိုက်၏။ "ဒါက တကယ်မဖြစ်နိုင်ဘူးလား။ ငါတို့ရဲ့စက်ရုံက ချဲ့ထွင်ဖို့လိုနေတာပဲလေ။ စန်းယိစီရင်စုကလည်း နေရာကောင်းတစ်ခုပဲ။ သူ့ရဲ့ယောက်ဖကလည်း ရာထူးတိုးတော့မှာတဲ့။ ငါတို့တွေ သူ့ကို တတ်နိုင်သလောက် အပြစ်မလုပ်မိအောင် ရှောင်သင့်တယ်။ ငါတို့တွေ နောက်ဆိုရင်လည်း နေရာပေါင်းများစွာမှာ တွေ့ရဦးမှာပဲ"
"ငါ သိပါတယ်။ တကယ်လို့ နင် သူ့ကိုမတွေ့ချင်ဘူးဆိုရင်တောင် သူ့ကိုရှောင်နေစရာလိုလို့လား"
ဟယ်ဝေက စိတ်မရှည်လက်မရှည်ဖြင့် ပြန်ဖြေလိုက်သည်။ "သူက ငါတို့ကို စက်ရုံကို လျော့ဈေးနဲ့ ရောင်းပေးမယ်လို့ ပြောနေတာလေ။ ဒါပေမဲ့ အဲဒီစက်ရုံကပိတ်ထားတာ ၃လတောင်ရှိနေပြီပဲ။ အလုပ်သမားတွေအပေါ်လည်း လုပ်အားခဘယ်လောက်တောင် အကြွေးတင်ထားလဲမသိဘူး။ စက်ကလည်း အိုဟောင်းနေပြီးတော့ ပြန်ပြင်ရမှာသေချာတယ်"
"သူ ဘယ်လောက်ငွေရှာနေတယ်ဆိုတာ ကြည့်လိုက်လေ။ အကြွေးတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ရှိနေလဲတောင်မသိဘူး။ ငါ ပတ်ပြီးတော့ မေးကြည့်ခဲ့သေးတယ်။ ဘဏ်ကလည်းသူ့ကို ငွေမချေးခဲ့ဖူးတဲ့။ သူက ဒီလုပ်ငန်းကို ဆက်ပြီးလည်ပတ်ဖို့ဆိုရင် ဒီအပေါက်ကိုဖာဖို့ ဝမ်သန်းချီ သုံးဖို့လိုအပ်တယ်လေ"
"သူက ငါတို့ဟယ်မိသားစုကို အရူးတွေလို့တကယ်ထင်နေတာပဲ"
ဟယ်မင်က သက်ပြင်းချလိုက်သည်။ "သူက ခေါင်းမာတဲ့ လူတစ်ယောက်လို့ နင်က ပြောနေတယ်။ သူက ကုမ္ပဏီတစ်ခုတည်းကိုပဲ အစွဲအလမ်းကြီးနေတာ။ တကယ်လို့ သူကဘာမှမသိတဲ့ အတွေ့အကြုံနုတဲ့သူဆီကို စက်ရုံကို ရောင်းချင်တယ်ဆိုရင် သူလည်း လုပ်ချင်တာလုပ်လို့ရတာပဲလေ။ စက်ရုံက အဲဒီလောက်တောင် စျေးနှိမ်ထားတာ။ သိပ်မကြာခင် ရောင်းထွက်သွားချင် ရောင်းထွက်သွားမှာပေါ့..."
ဟယ်မင်က ခဏလောက်တုံ့ ဆိုင်းလိုက်ကာ သူမသည် ပြောလိုက်လေသည်။ "ဟယ်ဝေ..."
"ဘာလဲ"
ဟယ်မင်၏မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာခဲ့၏။ "ငါ ရုတ်တရက် စိတ်ကူးကောင်းတစ်ခုကို စဉ်းစားမိလိုက်တယ်။ ဒါက ကျန်းသာ့ဖာကို ပြစ်မှားရင်းနဲ့ ရှောင်နေစရာ မလိုသလို အဲဒီအရိုင်းအစိုင်းမလေး ၂ယောက်ကိုလည်း ဖြေရှင်းဖို့ အကူအညီဖြစ်နိုင်တယ်"
"ဘာစိတ်ကူးလဲ"
"လူတစ်ယောက်ကို လွှတ်လိုက်ပြီးတော့ အဲဒီကလေးမ၂ယောက်နောက်ကို အနီးကပ် လိုက်သွားခိုင်းလိုက်။ သူတို့ ဘယ်ဆိုင်နားမှာ ရှိနေလဲဆိုတာ သွားကြည့်ခိုင်းလိုက်။ သူတို့ရဲ့ ပင်မဆိုင်ရင်းက ဘယ်နားမှာလဲဆိုတာကိုလည်း ရှာခိုင်းလိုက်"
ဟယ်ဝေက သတိဝင်လာပြီးပြောလိုက်၏။ "နင့်သဘောက..."
"ဟုတ်တယ်လေ။ ရှမြန်က ဖျော်ရည်ထုတ်စက်အတွက် တိုင်ပင်ဆွေးနွေးဖို့အတွက် ဒီနေရာကို ရောက်နေတာ မဟုတ်လား။ နောက်တစ်ဆင့်က စက်ရုံတစ်ရုံဖွင့်ဖို့ မဟုတ်ဘူးလား"
ဟယ်မင်သည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးတော့ အဆင်ပြေလေလေဟု ခံစားနေရ၏။
"သူတို့တွေက ငယ်ရွယ်ပြီးတော့ စိတ်ကြီးတာကို တွေ့နေရတယ်လေ။ သူတို့တွေက ငါတို့ဟယ်မိသားစုကိုလည်း မုန်းနေတယ်။ ဒီတော့ သူတို့တွေက ငါတို့နဲ့တမင်တကာ ဆန့်ကျင်ပြီးတော့ လုပ်မှာပဲ။ အချိန်တန်လာတဲ့အခါ ငါတို့တွေက သူတို့တွေကို နည်းနည်းလေးလောက် သွားဆွပေးလိုက်ရုံပဲ။ ပြောလို့မရဘူး။ သူတို့တွေက ဒေါသထွက်ပြီးတော့ စက်ရုံကို ဝယ်ချင်ဝယ်သွားလိမ့်မယ်"
ဟယ်ဝေက မျက်မှောင်ကြုတ်လိုက်သည်။ "တကယ်လို့ စက်ရုံက စျေးပေါတယ်ဆိုရင်တောင် ဒါက ယွမ်၄သောင်း၊ ၅သောင်းလောက်တော့ ကျဦးမှာပဲလေ။ သူတို့က အဲဒါကိုတတ်နိုင်လို့လား"
"ကျွတ်" ဟယ်မင်က ပြောလိုက်သည်။ "ရှမြန်က အရမ်းကို ချမ်းသာတယ်လို့ နင်ပဲ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒီယွမ်၁သောင်း၊ ၂သောင်းလောက်တော့ သူကဘယ်လိုလုပ်ပြီးတော့ မရှာနိုင်ရမှာလဲ"
ဟယ်ဝေသည် ချီတုံချတုံ ဖြစ်သွားလေသည်။ "ဒါက အရမ်းလွန်မနေဘူးလား"
"နင်ဘာတွေ ရယ်စရာပြောနေတာလဲ" ဟယ်မင်ကပြောလိုက်သည်။ "သူတို့မှာ ရှိသမျှ ပိုက်ဆံတွေအားလုံး ထုတ်လာလိုက်ရင်တောင် ကွက်တိပဲ"
ဒီအချိန်တွင်တော့ သူမသည် ပိုပြီးပျော်ပျော်ရွှင်ရွှင် ပြုံးလိုက်လေသည်။ "ငါ့အထင်တော့ ဒီကိစ္စက ခဲ၁လုံးနဲ့ ငှက်၂ကောင်ကို သတ်လိုက်မှာကို စိုးရိမ်စရာ မလိုတော့ဘူး"
ဟယ်ဝေက ဇဝေဇဝါဖြစ်သွား၏။
ဟယ်မင်က ဝမ်းသာအားရ ပြောလိုက်လေသည်။ "သခင်လေးနဥ်က သူ ပြဿနာရှာဖို့အတွက် ယွမ်သန်းချီ ထုတ်ပေးမလားဆိုတာကိုပဲ ကြည့်လိုက်ကြတာပေါ့"
"သူက သူ့ရဲ့ကိုယ်ပိုင်လုပ်နိုင်စွမ်းကို ပိုတွေးပြီးတော့ ပြဿနာတက်တော့မယ်လို့ နင်က ပြောခဲ့တယ်။ သူ့ရဲ့ယွမ်သန်းချီ အရှုပ်ထုပ်ကြီးကို သခင်လေးနဥ်ကို ရှင်းခိုင်းမယ်လို့ နင်ပြောခဲ့တာလား။ သခင်လေးနဥ်ရဲ့ ပြဿနာတွေကို ကြောက်တတ်တဲ့ စိတ်သဘောထားကို ထောက်ချင့်မယ်ဆိုရင် သူက ရှမြန်ကို စိတ်ရှုပ်ခံနေဦးမှာလား"
ဟယ်ဝေသည် တစ်ခုခုကို စဉ်းစားမိသွားသယောင်ရှိ၏။ ဟယ်မင်ကတော့ ပြုံးကာပြောလိုက်လေသည်။
"သူက သခင်လေးနဥ်ရဲ့ရှေ့မှာ ကောင်းချင်ဟန်ဆောင်နေတာပဲ မဟုတ်လား။ ဒီတစ်ခါတော့ သခင်လေးနဥ်ရဲ့ရှေ့မှာ တတ်နိုင်သလောက်သူ့ရဲ့ အရောင်အဝါအစစ်ကို ကူညီပြီးတော့ ပြပေးလိုက်ကြတာပေါ့"
"သခင်လေးနဥ်က ဒီကိစ္စတွေကို ဖြေရှင်းပြီးသွားရင် ငါတို့တွေလည်း ငါတို့ရဲ့စာရင်းကို သေသေချာချာလေး ရှင်းလို့ရသွားပြီလေ"
ဟယ်ဝေသည် ထိုနေ့က ကာရာအိုကေတွင် သူခံစားခဲ့ရသည့် အရှက်ကွဲမှုများအပြင် မောက်ဟွေ့မေ၏ ဒီနေ့ထောင်လွှားသည့် သဘောထားကို စဉ်းစားမိလိုက်ကာ သူ့ရင်ထဲက ချီတုံချတုံ ဖြစ်နေသည့်စိတ်သည် မြန်မြန် ပျောက်ကွယ်သွားလေတော့သည်။
...
အပိုင်း (၁၉၄)
ဒီဘက်တွင်တော့ ရှမြန်နှင့် မောက်ဟွေ့မေတို့သည် ဖန်းရုံဖန်နှင့်အတူ ချာလီ၏ဆိုင်ထဲမှ ထွက်လာကြ၏။ သူတို့၃ယောက်၏ပုံစံက သေသေချာချာလေး စဉ်းစားနေကြဟန်တူသည်။
အစပိုင်းတွင်တော့ အထဲသို့ လိုက်ဝင်သွားကာ အခြေအနေကို အကဲခတ်ဖို့ရန်အတွက် ဟယ်မင်၏ ဖိအားပေးခြင်းခံခဲ့ရ၏။ ထပ်ပြီးရှာဖွေခဲ့လျှင်လည်း တရားမဝင်ခြင်းမဟုတ်ဟု စဉ်းစားမိလိုက်၏။ သို့သော်လည်း စကားပြောနေရင်းက သူမသည် ရုတ်တရက် စိတ်ကူးရလာခဲ့သည်။
"အစားထိုးကုန်သွယ်ရေး" မောက်ဟွေ့မေက ပြောလိုက်သည်။ "ဒီလိုစီးပွားရေးလုပ်ငန်းမျိုး ရှိတယ်ဆိုတာ ပထမဦးဆုံးအကြိမ် သိရတာပဲ"
ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင်တော့ အစားထိုးကုန်သွယ်ရေးသည် အရစ်ကျငွေပေးချေစနစ်နှင့် ဆင်တူသည်။ တရုတ်ပြည်က လူများသည် နိုင်ငံခြားစက်ပစ္စည်းများနှင့် နည်းပညာများကို ဝယ်ယူကြပြီးနောက် နှစ်စဉ်တစ်ဖက်လူသို့ ကုန်ပစ္စည်းများကို ပြန်လည်ရောင်းချပေးခြင်း သို့မဟုတ် ၅နှစ်၊ ၁၀နှစ်စာ အရစ်ကျချေးငွေများကို ပြန်လည်ဆပ်ကြသည်။
"ငါလည်း သူ့ရှေ့က လူတစ်ယောက်က ဒီမေးခွန်းကို မေးနေတာကို ကြားလိုက်ရလို့ပါ" ရှမြန်သည် သူမ၏ခေါင်းကို ငုံ့ထားလိုက်ပြီး သူမ၏လက်ထဲက အချက်အလက်များကို ဂရုတစိုက် လေ့လာလိုက်၏။ "ဒီလို အသေးစိတ်မူဝါဒတစ် ခုရှိနေလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး"
ဖန်းရုံဖန်က ပြောလိုက်သည်။ "သဘောက ကျွန်တော်တို့တွေက သူတို့ရဲ့စက်ပစ္စည်းနဲ့ နည်းပညာတွေကို အစပိုင်းမှာတော့ အလကား အသုံးပြုနိုင်ပြီး အကြွေးကိုပေးချေဖို့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးချလို့ရတယ်ပေါ့"
"ဒါဆိုရင် ကျွန်တော်တို့တွေက အပိုထုတ်ကုန်ပစ္စည်းတွေကို ကိုယ့်ဟာကိုယ် ရောင်းချလို့ရပြီး ငွေကလည်း ကိုယ်ပိုင်ဖြစ်လာမှာပေါ့ ဟုတ်လား"
ရှမြန်က ခေါင်းညိတ်လိုက်သည်။
ဖန်းရုံဖန်သည် နားမလည်နိုင်အောင် ဖြစ်သွားတော့၏။ "သူတို့တွေက ဘာကိုလိုချင်တာလဲ"
"အတိုးလေ"
ဖန်းရုံဖန်က နားမလည်သည်ကလည်း မဆန်းချေ။ အစောပိုင်းနှစ်များတွင် တရုတ်လူမျိုးများသည် ကြိုတင်သုံးစွဲမှု အယူအဆအကြောင်းကို မသိသလောက်ရှိကာ အိမ်ယာချေးငွေကလည်း နောက်ပိုင်းနှစ်များအထိ ရေပန်းမစားလာခဲ့သေးချေ။
ရှမြန်သည် သူမ အခုလေးတင် တွက်ချက်ထားခဲ့သည့် အချက်အလက်ကို သူ့အား ပြောပြလိုက်၏။
"ဥပမာ တကယ်လို့စက်ပစ္စည်းက ယွမ်၅သိန်း ကျသင့်ခဲ့မယ်ဆိုရင် ဒါကို၅နှစ်အတွင်း ပေးချေရမယ်ဆိုပါစို့။ စုစုပေါင်း ပြန်ပေးချေရမယ့်ပမာဏက ယွမ်၇သိန်း။ တကယ်လို့ ၁၀နှစ်အတွင်းမှာတော့ ပြန်ပေးချေမယ်ဆိုရင်တော့ ၁.၂သန်းဖြစ်သွားလိမ့်မယ်"
ဖန်းရုံဖန်သည် အထိတ်တလန့် ဖြစ်သွားတော့၏။ သူ့အတွက်တော့ ထိုပမာဏသည် ကြီးမားလွန်းလှသည့် ကိန်းဂဏန်းများ ဖြစ်လေသည်။
မောက်ဟွေ့မေကတော့ ဒါကိုအဆင်ပြေသည်ဟုထင်၏။
ရှင်းရှန်းစက်ရုံကို ဖွင့်ခဲ့သည့်အချိန်က မောက်ကျစ်ရှန်းသည် တစ်နှစ်ပတ်လုံး ရုပ်ရှင်ရိုက်ကာ ခရီးထွက်နေရသဖြင့် ရှ၀မ်ယွဲ့ကို ကူညီပေးနိုင်သည့် မိသားစုထဲက တစ်ဦးတည်းသောသူမှာ မောက်ဟွေ့မေ ဖြစ်လေသည်။ သူမသည်ရှ၀မ်ယွဲ့က ရှင်းရှန်းကို ကုတ်ခြစ်စုဆောင်းထားသည့် ငွေပမာဏဖြင့် တည်ထောင်စဉ်က ကူညီပေးခဲ့သည့် တစ်ဦးတည်းသောသူဟု ဆိုနိုင်၏။ သူမသည် ကောလိပ်တွင်လည်း စာရင်းဘာသာရပ်ကို လေ့လာသင်ကြားနေ၏။ သူမသည် သူမ၏စိတ်ထဲတွင် ကုန်ကျစရိတ်နှင့် ပြန်ရနိုင်ခြေနှုန်းထားကို မြန်မြန်တွက်ချက်ပြီးသား ဖြစ်လေသည်။
"အစားထိုးကုန်သွယ်ရေး အတွက်တော့ အချိန်ကာလက ရှည်လေပိုကောင်းလေပဲ"
"ဖျော်ရည်စက်ရုံတစ်ခုက ငွေရှာနိုင်မလားဆိုတာကတော့ ပစ္စည်းတွေအများကြီး အပေါ်မူတည်တယ်။ အသီးအနှံ၊ ဖျော်ရည်အရည်အသွေး၊ စက်ရုံထုတ်လုပ်မှုစွမ်းရည်နဲ့ ရောင်းအားပမာဏ"
"ကုန်ကြမ်းအတွက် အသီးကိုတော့ ကျင်းရိတောင်ပေါ်ကနေပြီးတော့ လုံလုံလောက်လောက်ရမှာပါ။ ဖျော်ရည် အရည်အသွေးအတွက်ကတော့ ချာလီက ရှင်ရဲ့ပန်းသီးတွေကို မြည်းစမ်းကြည့်ပြီးပြီ။ သူက ရှင့်ရဲ့ကိုယ်ပိုင်ပစ္စည်းကို ယုံကြည်မှုရှိတယ်။ ဒီတော့ သူက အော်ဒါတစ်ခုကို မှာယူနိုင်တယ်လို့ တိုက်ရိုက်ပြောခဲ့တာပဲ။ သဘောကဖျော်ရည်ရဲ့ အရည်အသွေးကို အာမခံပေးနိုင်တယ်။ အရောင်းအတွက်ကတော့ ချာလီသတ်မှတ်ထားပေးတဲ့ ပြန်ရောင်းမဲ့အရေအတွက်က စက်ရုံကို ထောက်ပံ့ပေးဖို့ လုံလောက်သင့်ပါတယ်"
ရှမြန်က ပြောလိုက်သည်။ "အဲ့ဒါထက်တောင်ပိုပါသေးတယ်"
"ပထမအချက် နိုင်ငံခြားကစားသုံးတဲ့ အလေ့အထက တရုတ်ပြည်ကလူတွေနဲ့ မတူဘူး။ သူတို့အတွက်တော့ ဖျော်ရည်က နေ့စဉ်စားသုံးနေရတဲ့ ပစ္စည်းတစ်ခုပဲ။ သူတို့တွေက နေ့တိုင်းနီးပါးကို ဖျော်ရည်သောက်ကြတာ။ ချာလီရဲ့ကုမ္ပဏီကို ပြန်ရောင်းပေးမဲ့ ပမာဏကလည်း အဲဒီထက်တော့ လျော့မှာမဟုတ်ဘူး"
"ဒုတိယတစ်ချက် နိုင်ငံခြားကို ရောင်းထွက်သွားပြီဆိုတာနဲ့ ငါတို့ရဲ့ဖျော်ရည်တွေကို တင်ပို့လို့ရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့တွေက တင်ပို့လို့လည်းရသလို ပြည်တွင်းမှာလည်း ရောင်းချလို့ရတယ်။ ဒါက နည်းနည်းလေး ကြော်ငြာလိုက်တာနဲ့ ပြည်တွင်းစျေးကွက်ကလည်း ပွင့်သွားလိမ့်မယ်။ ဒါကိုရောင်းချဖို့ လွယ်ကူလိမ့်မယ်လို့ ထင်လား"
သူတို့၂ယောက်သည် တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်ပြီး ဒါသည် သေချာပေါက် ရောင်းအားကောင်းလိမ့်မည်မှာ သေချာသည်။
၁၉၉၀ခုနှစ်များ တစ်လျှောက်လုံးတွင် တရုတ်လူမျိုးများသည် မျက်ကန်းယုံကြည်မှုများ ရှိကြပြီး နိုင်ငံခြားကကုန်ပစ္စည်းများကို သဘောကျကြလေသည်။ နောက်ဆုံး ပစ္စည်းများကို နိုင်ငံခြားကတင်သွင်းလာပြီး နိုင်ငံခြားသားများက အသုံးပြုနေသရွေ့ ဒီပစ္စည်းက သေချာပေါက် ကောင်းမွန်ရပေမည်။ ထို့ကြောင့် အသီးဖျော်ရည်ကို နိုင်ငံခြားသို့တင်ပို့ပြီး ပြည်တွင်းတွင် ရောင်းချခဲ့မည်ဆိုလျှင် စျေးကွက်နှင့်ပတ်သက်ပြီး သံသယဖြစ်ရန်မလိုတော့ချေ။
"ဒီတော့ အစားထိုးကုန်သွယ်ရေး နည်းလမ်းကို အသုံးပြုဖို့ စက်ရုံတစ်ရုံ ရှိနေသရွေ့ ကျွန်တော်တို့တွေက ထုတ်လုပ်ရေးကို တိုက်ရိုက်စတင်နိုင်တယ်။ ဟုတ်တယ်မလား" ဖန်းရုံဖန်က ရေရွတ်လိုက်၏။
"ပြောတဲ့စကားကတော့ အရမ်းကို လွယ်နေတဲ့ပုံပဲ"
"စက်ရုံတစ်ခု ဖွင့်ဖို့ကတော့ အဲဒီလောက်တော့ မလွယ်ပါဘူး။ ဟုတ်တယ်မလား။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် စက်ရုံအများကြီးက ဘာဖြစ်လို့ ပိတ်ချလိုက်မှာလဲ"
"ဟုတ်ပါတယ်။ အဲဒီလောက်တော့ မရိုးရှင်းပါဘူး" မောက်ဟွေ့မေက သူ့ကိုလှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "စက်ရုံတစ်ရုံ ဖွင့်တယ်ဆိုတာက ပထမအဆင့်ပဲ ရှိပါသေးတယ်။ အခက်ခဲဆုံးအပိုင်းက စီမံခန့်ခွဲရေးရယ်၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှုရယ်၊ အလုပ်သမားရယ်။ အရည်အသွေးရှိတဲ့ အလုပ်သမားတွေနဲ့ အတွေ့အကြုံနုတဲ့ အလုပ်သင့်တွေကြားမှာ ကြီးမားတဲ့ကွာခြားချက်တစ်ခုရှိတယ်။ ပြည်နယ်ပိုင်လုပ်ငန်းတွေ ဒေဝါလီခံသွားရတယ်ဆိုတာကလည်း အလုပ်မလုပ်တဲ့ ဝန်ထမ်းတွေ အများကြီးရှိနေလို့ပါ။ နောက်ပြီး ပိုမိုများပြားတဲ့ အကျိုးအမြတ်တွေနဲ့ ကုန်ကျစရိတ်တွေကလည်း ရှိသေးတယ်။ အင်းပေါ့။ တခြားအကြောင်းရင်းတွေလည်း အများကြီး ရှိပါသေးတယ်"
"ဒါပေမဲ့ ကျွန်မတို့တွေက ကိုယ်ပိုင်စက်ရုံတစ်ခုကို လည်ပတ်မယ်ဆိုရင်တော့ မတူတော့ဘူး"
သူမက ထိုကိစ္စကို ဒီလောက်အသေးစိတ် စဉ်းစားထားသည်ကို မြင်လိုက်ရသည့်အခါ ဖန်းရုံဖန်က သွေးတိုးစမ်းကာ မေးလိုက်လေသည်။ "မင်းတို့က ဒီဖျော်ရည်စက်ရုံကို ဖွင့်ဖို့စဉ်းစားထားတာလား"
မောက်ဟွေ့မေက ပြောလိုက်သည်။ "ကျွန်မ အရင်ဆုံး ပြန်သွားပြီးတော့ သေသေချာချာလေး တွက်ချက်ရဦးမယ်။ ပြီးရင် ကျွန်မရဲ့မိသားစုတွေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့လိုသေးတယ်"
"တကယ်လို့ ကျွန်မတို့တွေ စက်ရုံတစ်ခုကို တကယ်ပဲ ဖွင့်ချင်တယ်ဆိုရင်တော့ ကျွန်မတို့တွေက ရှင်တို့ရဲ့ပန်းသီးကို ဝယ်ပေးလို့ရပါတယ်။ ဒါပေမဲ့ ပထမအသုပ်အတွက် ငွေပေးချေမှုကတော့ လအနည်းငယ်လောက် ကြာလိမ့်မယ်"
"ပြန်သွားပြီးတော့ ရှင်တို့ရဲ့ရွာသားတွေနဲ့ တိုင်ပင်လိုက်ကြပါဦး"
ဖန်းရုံဖန်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကျွန်တော်တို့တွေ အဲဒီဝမ်းတွင်းမည်း အမြတ်ကြီးစားလူတွေရဲ့ ထိန်းချုပ်ခံလို့တော့ မဖြစ်ဘူး"
"ကျေးလက်ဘက်က ကလေးတွေက ကျောင်းသွားဖို့တောင်မှ ခက်ခဲနေပြီးပြီ။ တကယ်လို့ ကျွန်တော်တို့တွေသာ သူတို့ပြောတဲ့အတိုင်း စာချုပ်ချုပ် လိုက်မယ်ဆိုရင် ကျွန်တော်တို့ ရွာသားတွေလည်း ၅နှစ်ကနေ ၁၀နှစ်အတွင်း ကြံရာမရဘဲ ဖြစ်သွားလိမ့်မယ်။ ကလေးတွေကလည်း ကျောင်းတက်ဖို့အတွက် ပိုပြီးတော့မတတ်နိုင်အောင် ဖြစ်လာလိမ့်မယ်"
မောက်ဟွေ့မေက သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ဖန်းရုံဖန်က သူ့ခေါင်းကို ထိကိုင်လိုက်ကာ ပြောလိုက်လေသည်။ "ဘာဖြစ်လို့လဲ"
"ကျွန်မ ကြားထားတာကတော့ ရှင်က ကျောင်းဆရာဆို" မောက်ဟွေ့မေက ပြောလိုက်သည်။ "ရှင် ဒီကိစ္စကို တာဝန်ယူပေးတာ ကလေးတွေ စာမသင်နိုင်ကြလို့လား"
ဖန်းရုံဖန်က သူ့နဖူးကို ကုတ်လိုက်ပြီး "အဲဒီလိုတော့ လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်မရီးရဲ့ သမီးဟူနွီကလည်း အထက်တန်းကျောင်း သွားနေပြီလေ။ ကျွန်တော့်ဦးလေးရဲ့ ရောဂါကလည်း ထပ်ပြီးတော့ အချိန်ဆွဲလို့ မရတော့ဘူး... သူတို့အားလုံးက ငွေလိုနေလို့ပါ"
မောက်ဟွေ့မေသည် မနေနိုင်တော့ဘဲ အသံထွက်ကာ အော်ရယ်လိုက်တော့၏။ ဖန်းရုံဖန်ကတော့ ပိုပြီးရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
မောက်ဟွေ့မေက ပြုံးကယပြောလိုက်၏။ "ဒီနေရာမှာ အသီးတွေကို ရောင်းချမဲ့စိတ်ကူး ဘယ်လိုလုပ်ပြီးတော့ စဉ်းစားမိသွားတာလဲ"
ဖန်းရုံဖန်သည် စိတ်ကို လျှော့ချထားလိုက်ပြီး သူ၏လုပ်ရပ်က အနည်းငယ် ကို့ရို့ကားရားနိုင်သည်ကို ခံစားမိလိုက်လေသည်။ "ဒါကလည်း သူတို့တွေက ကျွန်တော့်ကို ဘာမှမလုပ်နိုင်အောင် ဖိအားပေးနေလို့ပဲ မဟုတ်လား"
"သူတို့တွေက စျေးကိုနှိမ်ဖို့ ဝယ်ယူသူတွေအားလုံးကို စုစည်းထားကြတယ်လေ။ တကယ်လို့ ကျွန်တော်တို့တွေက ဒီအသီးတွေကို ဒေသတွင်းမှာ မရောင်းဘူးဆိုရင် သူတို့တွေကလည်း မရောင်းဘဲနဲ့ အသီးတွေကို နိုင်ငံခြားသားကို ရောင်းခဲ့မယ်ဆိုရင် သူတို့တွေကလည်း ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"
"ဒါကလည်း ကြံရာမရတဲ့ နောက်ဆုံးအားထုတ်မှုတစ်ခုပါ" သူသည် ထိုသို့ပြောလိုက်ပြီးနောက် မောက်ဟွေ့မေကို ရုတ်တရက် ပြုံးပြလိုက်ကာ သူ၏ဖြူဖွေးနေသည့် သွားတန်းလေးကို ထုတ်ပြလိုက်လေသည်။ "ဒါပေမဲ့ ကျွန်တော် မင်းတို့တွေကိုတွေ့ရတော့ ကံကောင်းနေပါသေးတယ်"
မောက်ဟွေ့မေသည် မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။ "ရှင် တကယ်ကံကောင်းတာပါ။ ဖြစ်ချင်တော့ ကျွန်မတို့တွေကလည်း ဟယ်ဝေနဲ့ အာဃာတတစ်ခု ရှိထားတယ်လေ"
သူတို့၃ယောက်သည် ရယ်မောလိုက်ကြလေသည်။
ဖန်းရုံဖန်နှင့် ဆက်သွယ်ရမည့် အချက်အလက်များကို လဲလှယ်လိုက်ပြီး လမ်းခွဲလိုက်ပြီးသည့်နောက်တွင် မောက်ဟွေ့မေသည် မနေနိုင်တော့ဘဲ ရှမြန်ထံမှ အကြံဉာဏ် တောင်းလိုက်၏။ "ဒါကအဆင်ပြေမယ်လို့ နင်ထင်လား"
"ငါအရမ်း စိတ်လိုက်မာန်ပါနိုင်သွားသလား"
"ငါ့အထင်တော့ ဒါက တကယ်အဆင်ပြေပါတယ်" ရှမြန်ကပြောလိုက်သည်။ "ဒီအပြင်အခုအချိန်မှာ ထုတ်လုပ်ရေးတွေ ရပ်တန့်လိုက်ပြီး ပိတ်ချလိုက်တဲ့စက်ရုံတွေကလည်း အများကြီးပဲလေ။ ဒါက အဒေါ်၂စက်ရုံဝယ်တုန်းက အချိန်ထက်တောင်မှ စက်ရုံတစ်ခုဝယ်ဖို့ ပိုပြီးတော့ အများကြီးလွယ်ကူလိမ့်မယ်"
သူမ၏ အတိတ်ဘဝတွင် ရှမြန်သည် သူမ၏အဖေထံက ကြားခဲ့ဖူးသည်။ အလုပ်ဖြုတ်ခံလိုက်ရသည့်ကိစ္စကို အသုံးချကာ စက်ရုံတစ်ရုံ ဝယ်ယူခဲ့သည့်သူများသည် ကိုယ့်ဟာကိုယ် သေကြောင်းမကြံသရွေ့ စိတ်လိုက်မာန်ပါ မလုပ်ခဲ့သရွေ့ နှစ်အနည်းငယ်အတွင်း ချမ်းသာလာကြသည်တဲ့။ သူမက ပြုံးပြီးပြောလိုက်၏။ "အစ်မ တကယ်လို့ နင့်မှာ ပိုက်ဆံ မလောက်ဘူးဆိုရင် ငါ့ဆီလာခဲ့နော်။ ငါနင့်ဆီမှာ ရင်းနှီးမြှုပ်နှံပေးမယ်"
မောက်ဟွေ့မေသည် သူမက ထိုစကားကိုပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ ပိုလို့ပင် စိတ်အေးသွားတော့၏။ "ကောင်းပြီလေ။ ငါနင့်ကို သေချာပေါက်လာရှာပါမယ်"
"ဒီတော့ အခုငါတို့လိုအပ်တာက စက်ရုံတစ်ရုံပဲပေါ့နော်။ ဟုတ်လား"
မောက်ဟွေ့မေက ထိုစကားကို ပြောပြီးသွားသည့်နောက် သိပ်မကြာခင်မှာပင် စက်ရုံသည် သူတို့ရှေ့သို့ ရောက်လာလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ကြပေ။
...
အပိုင်း (၁၉၅)
မောက်ဟွေ့မေသည် သူမ၏ရှေ့ကလူကို ကြည့်ကာမေးလိုက်၏။ "ရှင် လာရှာတဲ့သူရော မှန်ရဲ့လား"
"ရှမြန်နဲ့ မောက်ဟွေ့မေတို့လေ။ ဟုတ်တယ်မလား" သူမရှေ့က ထိုလူသည် သူတို့၏နာမည်ကို အတိအကျပြောလိုက်၏။
သူတို့၂ယောက်သည် ဇဝေဇဝါဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့သည် နိုင်ငံတကာပြပွဲနေရာမှ ပြည်တွင်းပြပွဲ နေရာသို့ ပြန်ရောက်လာစပင်ရှိသေးကာ သူတို့၏ဆိုင်ထဲသို့ပင် မရောက်သေးဘဲ လမ်းတွင် ဒီလူ၏ တားဆီးခြင်းကိုခံလိုက်ရသည်။ သူသည် စန်းယိစီရင်စု၊ ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်ရုံးခန်းမှ လူဖြစ်သည်ဟု ဆိုသည်။
ဒီပြပွဲတွင် အစိုးရစီမံကိန်းများစွာလည်း ရှိ၏။ ထို့ကြောင့် ဒီကုန်သည်ပြပွဲတွင် ယာယီရင်းနှီးမြှုပ်နှံမှု ကြော်ငြာရုံးခန်းတစ်ခုလည်း ရှိသည်။
သူတို့သည် ရုံးခန်းထဲက ဟယ်မင်ကို တွေ့လိုက်ရသည့်အချိန်တွင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်ဟု ချက်ချင်းသိလိုက်၏။
ဟယ်မိသားစုက တကယ့်ကို ကြောက်လန့်နေတာပဲ။ ဟယ်ဝေက အရမ်းရှက်လွန်းလို့များလား။ ဘာလဲတော့မသိဘူး။ သူဒီနေရာမှာ မရှိနေဘူး။
ဟယ်မင်သည် သူတို့က ငယ်ရွယ်သူများဖြစ်ကြကာ စိတ်အားတက်ကြွသူများဖြစ်သဖြင့် ထိုရန်စမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဟု သေချာသိနေသယောင်။ ထို့ကြောင့် သူမသည် နည်းလမ်းဟောင်းကိုသာ ဆက်ပြီးအသုံးပြုလိုက်၏။
သူတို့ကို လက်ညှိုးထိုးကာ သူမက ဗိုက်ရွှဲရွှဲနဲ့နဖူးပြောင်ပြောင် သက်လတ်ပိုင်းလူကြီးကို သူတို့အား မိတ်ဆက်ပေးလေသည်။ "ဒါရိုက်တာကျန်း သူတို့တွေက မိန်းကလေးရှနဲ့ မိန်းကလေးမောက်ဟွေ့မေ။ သူတို့တွေက ဒီနိုင်ငံက စက်ပစ္စည်းတွေကိုဝယ်ယူဖို့ အခုလေးတင်ပဲ ဆွေးနွေးပြီးလာခဲ့ကြတာ"
"ဟုတ်တယ်မလား" ဟယ်မင်သည် ရှမြန်ကို ပြုံးပြလိုက်၏။ "နင်တို့တွေ တစ်နာရီကျော်လောက် ဆွေးနွေးနေကြတာ ငါ တွေ့ခဲ့ပါတယ်။ နင်တို့တွေ အဲဒီဟာကို မဝယ်နိုင်ခဲ့တာတော့ မဟုတ်ဘူးမလား"
သူမ၏လေသံသည် အကယ်၍များ သူမကသာ ဒါကိုမဝယ်နိုင်ခဲ့လျှင် ရှက်ရွံ့စရာကောင်းလိမ့်မည်ဟု ပြောနေသယောင်။
ရှမြန်သည် ဒီလိုအရိုင်းအစိုင်းလူမျိုးနှင့် အမှန်ပင် မဆက်ဆံချင်လိုတော့ချေ။ ထို့ကြောင့် သူမက ဒါရိုက်တာကျန်းကိုသာ တိုက်ရိုက်မေးမြန်းလိုက်၏။ "ရှင်က ကျွန်မတို့နဲ့ ဘာပြောချင်လို့လဲ"
ဒါရိုက်တာကျန်းက ကြင်နာစွာဖြင့် ပြုံးလေသည်။ "နင်တို့တွေ စက်ရုံတစ်ခု၀ယ်ဖို့ စိတ်ဝင်စားနေတယ်လို့ ကြားထားလို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ဆီမှာလည်း စည်သွပ်စက်ရုံတစ်ခု ရှိလို့ပါ။ ဒါက မင်းတို့နဲ့ သင့်တော်မလားဆိုတာကို ကျွန်တော်က မင်းတို့ကို ပြပေးချင်လို့ပါ"
ဟယ်မင်က ပြောလိုက်သည်။ "ဒါရိုက်တာကျန်း ဒီမိန်းကလေးရှကို လျှော့မတွက်နဲ့နော်။ သူက မော့ဟယ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရဲ့ ချစ်သူကောင်မလေး။ ခွန်အားအားဖြင့် ပြောရမယ်ဆိုရင် သူက ကျွန်မတို့ဟယ်မိသားစုထက် အများကြီးသန်မာပါတယ်"
ဒါရိုက်တာကျန်းသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူ့မျက်လုံးများက ရုတ်တရက် လင်းလက်သွားတော့၏။
ဒါကိုမြင်လိုက်သည့်အခါ ဟယ်မင်ကပြုံးကာ ရှမြန်ကို ပြောလိုက်လေသည်။ "မိန်းကလေးရှ ဒီစည်သွပ်စက်ရုံက ပိုက်ဆံအများကြီး မကုန်ကြပါဘူး"
"ယွမ် ၄၊ ၅သောင်းလောက်ပဲ ကုန်ကျမှာပါ။ နင့်အတွက်တော့ ဒါကလက်ဖျားလေးကြားက ထွက်ကျလာတဲ့ ငွေနည်းနည်းလေးလောက်ပါပဲ" သူမသည် လက်ဖြင့်သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး မျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အရောင်တချို့ကို ချပြလိုက်၏။ "ဒါပေမဲ့ ရှင့်မှာ တကယ်လို့ ဒီလောက်ငွေအများကြီး မရှိဘူးဆိုရင်လည်း ကျွန်မပြောတဲ့စကားကို ဒီအတိုင်းလျစ်လျူရှုထားလိုက်ပါ"
ဒါရိုက်တာကျန်းသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် မျက်မှောင်ကြုတ်ထားလိုက်၏။ ရှမြန်သည် သူမကို တော်တော်လေး အမြင်ကပ်လာသဖြင့် ဒါရိုက်တာကျန်းကိုသာ ပြောလိုက်လေသည်။
"ကျွန်မတို့တွေ စက်ရုံတစ်ခုဆောက်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ဒါက သင့်တော်ပါ့မလားဆိုတာကို ကျွန်မတို့ သိဖို့လိုသေးတယ်"
ဟယ်မင်က ဖြတ်ပြောတော့မည်ကို မြင်လိုက်သည့်အခါ ရှမြန်က သူမကို စိတ်မရှည်စွာဖြင့် ကြည့်လိုက်၏။ "မစ်ဟယ် ရှင့်မှာ တခြားလုပ်စရာမရှိတော့တာနဲ့ဘဲ ဒီနေရာမှာ တစ်ချိန်လုံး နေတော့မှာလား"
"တကယ်လို့ ရှင် အရမ်းအားလပ်နေတယ်ဆိုရင်လည်း ကျေးဇူးပြုပြီးတော့ ထွက်သွားပါ။ ကျွန်မတို့တွေ အလုပ်ကိစ္စလျှို့ဝှက်ချက် ဆွေးနွေးမလို့ပါ။ ကျေးဇူးပြုပြီးတော့ ဒီနေရာက တခြားသူတွေကို အရှက်မရှိ နှောင့်ယှက်မနေပါနဲ့"
ဟယ်မင်၏မျက်နှာသည် မသိမသာ ပြောင်းလဲသွားလေသည်။ သူမက စကား ထပ်ပြောချင်လိုက်သော်ငြားလည်း မောက်ဟွေ့မေက ဖြတ်ပြောလိုက်သည်။ "ဒါမှမဟုတ်လည်း ရှင် ဒါကိုဝယ်ချင်လို့လား။ ဒါဆိုရင်လည်း ကျွန်မတို့တွေဒီစက်ရုံကို ရှင့်ကို ပေးလိုက်လို့ရပါတယ်။ ရှင် အရင်ဆုံး ဆွေးနွေးလိုက်ပါ"
ဟယ်မင်သည် ကျန်းသာ့ဖာ၏ မျှော်လင့်တကြီး မျက်လုံးများကို ကြည့်လိုက်ပြီး သဘောမတူရဲတော့ချေ။ အကြောင်းမှာ ဟယ်ဝေက ပေါ်မလာရဲလောက်အောင် ကျန်းသာ့ဖာ၏ တွယ်ကပ်နေခြင်းကို စိုးရိမ်နေခြင်းကြောင့်ပင်။
ယခုတော့ အခြေအနေက မျှော်လင့်ထားသည်ထက် သိသိသာသာပို၍ ကောင်းမွန်နေသည်။ သို့သော်ငြားလည်း သူမသည် ရှမြန်နှင့် မောက်ဟွေ့မေတို့က သူမကို ရွံစရာကောင်းသည့် ပိုးကောင်လိုကြည့်နေသည်ကို မြင်လိုက်ရသည်တွင် သူမသည် မပျော်ရွှင်နိုင်သည့်အပြင် အလွန်ဒေါသထွက်သွားသလို ခံစားလိုက်ရတော့၏။
သို့သော်ငြားလည်း သူမတွင် ဆက်နေဖို့ရန် အကြောင်းရင်းမရှိသဖြင့် ရှက်ရှက်နှင့်သာ ထွက်လာရတော့သည်။
ဟယ်မင်ထွက်သွားပြီးသည့်နောက်တွင် ဒါရိုက်တာကျန်းသည် ရုတ်တရက် သက်ပြင်းချလိုက်ကာ ပြောလိုက်၏။ "ကျွန်တော် မင်းတို့ကိုကြိုပြီးတော့ ပြောပြထားစရာတော့ ရှိပါတယ်။ ကျွန်တော့်စက်ရုံရဲ့ အကြီးမားဆုံး ပြဿနာကတော့ ချေးငွေ မရနိုင်တာပါပဲ"
"တကယ်လို့ ကျွန်တော်တို့တွေက ဒီစက်ရုံကိုပြန်ပြီးတော့ လည်ပတ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ယွမ်၁သန်းတော့ ကျသွားနိုင်တယ်"
"တကယ်လို့ မင်းတို့က ဒါကိုလက်ခံနိုင်တယ်ဆိုရင်တော့ မင်းတို့တွေ ဒီစက်ရုံကို စဉ်းစားလို့ရပါတယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်လည်း ထားလိုက်ပါ"
ရှမြန်နှင့် မောက်ဟွေ့မေတို့၂ယောက်စလုံးမှာ မှင်တက်အံ့ဩသွားကြတော့သည်။
သူတို့သည် ဟယ်မင်က သူတို့အတွက် ထောင်ချောက်တစ်ခုကို ဆင်ထားခဲ့ပြီး ဂရုတစိုက် အဖြေပေးဖို့ရန် စဉ်းစားခဲ့သော်ငြားလည်း ငွေကို အလွဲသုံးစား လုပ်ထားသည်ဟု ထင်ရသည့် ဒီစက်ရုံဒါရိုက်တာက အမှန်တွင်တော့ ပွင့်လင်းရိုးသားသူ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားမိကြချေ။
သူတို့က ဘာကို စဉ်းစားနေသည်ကို သိနေသည့်နှယ် ဒါရိုက်တာကျန်းက သက်ပြင်းချပြီးပြောလိုက်၏။
"တကယ်လို့ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့စက်ရုံကို ဒီအတိုင်း သာမန်ကာလျှံကာ ရောင်းချလိုက်မယ်ဆိုရင် အစောကြီးကတည်းက ရောင်းထွက်ပြီးသွားပါပြီ"
"တစ်ခုပါပဲ။ ကျွန်တော်က ဒီစက်ရုံမှာ အလုပ်လုပ်လာတာ နှစ်၂၀နီးပါးရှိနေပြီ။ ဒီနေရာမှာ တစ်ဘဝလုံးစာ အလုပ်လုပ်လာခဲ့ကြတဲ့ အကြီးတန်း အလုပ်သမားတွေလည်း အများကြီးရှိတယ်။ ဒီနေရာမှာ ၁၀နှစ်ကျော်အလုပ်လုပ်လာခဲ့တဲ့ ကျွမ်းကျင်အလုပ်သမားတွေလည်းပဲ ရှိသေးတယ်။ သူတို့တွေ အလုပ်ဖြုတ်ခံရပြီး အနာဂတ်မှာ လုံခြုံမှုမရှိတော့မှာကို စဉ်းစားမိတဲ့အခါ ကျွန်တော် စိတ်မကောင်းဖြစ်ရလို့ပါ"
"ဒါကြောင့်ပဲ ကျွန်တော်က ဒီစက်ရုံကို ပြန်ပြီးတော့ လည်ပတ်ချင်နေတာပါ"
စန်းဟွမ်စည်သွပ်စက်ရုံသည် စီရင်စုတစ်ခုတည်းတွင် လည်ပတ်နေသည့် စည်သွပ်စက်ရုံဖြစ်၏။ ထိုစက်ရုံသည် နိုင်ငံပိုင်လုပ်ငန်းတစ်ခု မဟုတ်သော်ငြားလည်း စက်ရုံ၏လည်ပတ်သည့် စနစ်ကတော့ ဆင်တူသည်။
"ကျွန်တော် ဟယ်မိသားစုကို သွားပြီး တွေ့ဆုံချင်ရတဲ့ အကြောင်းအရင်းကလည်း သူတို့တွေက ဒီလုပ်ငန်းကို လုပ်ကိုင်နေပြီး သူတို့ရဲ့ကုန်ကျစရိတ်ကလည်း တခြားသူတွေထက် ပိုပြီးတော့ နိမ့်မယ်ဆိုတာ တွေးမိလို့ပါ"
"ဒုတိယတစ်ချက်ကတော့ သူတို့မှာ ငွေရေးကြေးရေး ခိုင်မာတောင့်တင်းတယ်လေ။ စက်ရုံကို တတ်နိုင်သလောက် မြန်မြန်လည်ပတ်နိုင်မှာ သေချာတယ်"
"ဒါပေမဲ့ ဟယ်မိသားစုက လွှတ်လိုက်တဲ့ကလေး၂ယောက်က ကျွန်တော့်ကို တွေ့လိုက်တာနဲ့ ချက်ချင်း ရေလွှမ်းခံရသလို၊ ကျားလိုက်ခံရသလိုနဲ့ ရှောင်ဖယ်နေလိမ့်မယ်လို့ ထင်မထားမိဘူးလေ။ သူတို့တွေက အရမ်းကို သတိထားနေကြတာ။ ကျွန်တော့်မှာ သူတို့နဲ့ အသေးစိတ် ပြောဖို့အခွင့်အရေးတောင် မရလိုက်ဘူး"
ရှမြန်ကလည်း မအံ့ဩချေ။ သူမသည် ဒါရိုက်တာကျန်း၏ ရုပ်ရည်ကြောင့် လှည့်စားခံခဲ့ရခြင်းပင်။ ထို့အပြင် ဟယ်ဝေကလည်း ဘက်လိုက်တတ်သည့် ယူဆချက်များနှင့် ကိုယ့်ဟာကိုယ်မှန်ကန်သည်ဟု ထင်တတ်သည့်သူတစ်ယောက် ဖြစ်သည်။ သူသည် ပထမဦးဆုံး တွေ့လိုက်သည်နှင့် ဒါရိုက်တာကျန်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု လုပ်ရမည်ကို စိုးရွံ့နေခဲ့ခြင်းဖြစ်၏။
မည်သို့ဆိုစေ သူတို့ကလည်း စက်ရုံတစ်ရုံကို အမှန်ပင် လက်လွှဲယူရန်ဆန္ဒရှိသည်။ အကယ်၍ သင့်တော်ခဲ့လျှင်တော့ ဒါက ကောင်းသည့်ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
ဟယ်ဝေက မမြင်မကန်းလုပ်သွားသည့်အတွက်ပင် ကျေးဇူးတင်ရမည်။
ချေးငွေကိစ္စအတွက်တော့ အစားထိုးသွင်းကုန် ရောင်းဝယ်ရေးစနစ်ကို ကျင့်သုံးမည်ဖြစ်သဖြင့် ဘဏ်ချေးငွေက ထိုမျှလောက်အရေးမကြီးတော့ပေ။
မောက်ဟွေ့မေသည် ဒီကိစ္စကို သေသေချာချာလေး စဉ်းစားပြီးသည်မှာ သိသာသည်။ သူမက ဆက်ပြီးမေးမြန်းလိုက်၏။ "ချေးငွေ မရနိုင်သေးတဲ့ပြဿနာအပြင် တခြားဘာ ပြဿနာရောရှိသေးလဲ"
အကြီးဆုံးပြဿနာကို ဖြေရှင်းနိုင်သည်ဟု ကြားလိုက်ရသည့်အခါ ဒါရိုက်တာကျန်းသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီးပြောလိုက်လေသည်။ "နောက်ပြဿနာတစ်ခုကတော့ အလုပ်သမားတွေကို ပြန်လည်ခန့်ထားဖို့ပါ"
သူကမေးလိုက်သည်။ "မင်းတို့တွေက ဘယ်လို စက်ရုံမျိုးဖွင့်ချင်တာလဲ"
မောက်ဟွေ့မေက ပြောလိုက်သည်။ "ဖျော်ရည်စက်ရုံပါ"
ဒါရိုက်တာကျန်းက ဝမ်းသာအားရပြောလိုက်၏။ "ဖျော်ရည်စက်ရုံဆိုရင်တော့ ဝမ်းသာစရာပဲ။ သန့်ရှင်းရေးအလုပ်ရုံ၊ ပိုးသတ်အလုပ်ရုံ၊ ပစ္စည်းထိန်းသိမ်းရေးအလုပ်ရုံနဲ့ ထုပ်ပိုးတဲ့အလုပ်ရုံတွေက အားလုံးအဆင်သင့်ပဲ"
သူသည် အနည်းငယ် ဝမ်းသာသွားတော့၏။ "ကျွန်တော် ချဲ့ကားပြီးပြောတာ မဟုတ်ပါဘူး။ စက်ရုံကို ပိတ်မချခင်တုန်းက ကျွန်တော်တို့စက်ရုံမှာ နေကြတဲ့သူတွေအားလုံးက ၁၀နှစ်ကျော်ကျော် အလုပ်လုပ်လာကြတဲ့ ကျွမ်းကျင်ပညာရှင်တွေပါ။ လူ၁ယောက်က ၂ယောက်စာတန်ဖိုးရှိပါတယ်။ သူတို့တွေက ပညာရပ်မှာ ကျွမ်းကျင်ကြပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်တဲ့နေရာမှာလည်း တော်ကြပါတယ်"
"စန်းဟွမ်တံဆိပ် စည်သွပ်အစားအသောက်တွေကလည်း ကျွန်တော်တို့ရဲ့ယန်မြို့မှာ တံဆိပ်ဟောင်းတစ်ခုပါပဲ။ ဒါက ဟယ်မိသားစုရဲ့ တံဆိပ်ထက်တောင်မှ ပိုပြီးတော့ ဝါရင့်သေးတယ်"
သူသည် ထိုအကြောင်းကို ပြောလိုက်သည့်အချိန်တွင် မနေနိုင်ဘဲ စိတ်ပျက်မိသွားလေသည်။
"ဒီမူဝါဒအပြောင်းအလဲကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော့်အစ်ကိုရဲ့ စက်ရုံတွေကလည်း ပိတ်ချလိုက်ရမှာ မဟုတ်သလို၊ ထုတ်လုပ်ရေးကိုလည်း ရပ်ဆိုင်းလိုက်ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့တွေ ဆက်ပြီးတော့တောင် တောင့်ခံချင်တောင့်ခံနိုင်ဦးမှာ"
ရှမြန်နှင့် မောက်ဟွေ့မေတို့သည် အချင်းချင်းကြည့်လိုက်ကြ၏။ အကယ်၍ ဒါရိုက်တာကျန်း ပြောသည့်စကားသာ အမှန်ဖြစ်ခဲ့မည်ဆိုလျှင် အခက်အခဲဆုံး အလုပ်သမားစုဆောင်းရေးနှင့် စီမံခန့်ခွဲရေးက အဆင်သင့်ဖြစ်နေပေလိမ့်မည်။
ဒါရိုက်တာကျန်းသည် သူ၏ဝမ်းနည်းစရာစကား ပြောလို့ပြီးသွားပြီးသည့်နောက်တွင် သူ၏လက်ဆွဲအိတ်ထဲက အချက်အလက်တစ်ထပ်လုံးကို ယူထုတ်လာခဲ့ပြီပြောလိုက်၏။ "ဒါတွေက စက်ရုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေပါ။ စက်ရုံရဲ့ငွေရေးကြေးရေး အခြေအနေရော ထည့်သွင်းထားပါတယ်။ မင်းတို့တွေ ဒါကိုယူပြန်သွားပြီးတော့ ပညာရှင်တွေကို မေးမြန်းပြီး သေသေချာချာလေး စစ်ဆေးကြည့်လို့ရပါတယ်"
"ပြီးရင်တော့ ကျွန်တော်က အလုပ်သမား ပြန်လည်ခန့်ထားဖို့ကိစ္စကို ဆွေးနွေးပါ့မယ်" သူသည် စာရင်းတစ်ခုကို ထုတ်ယူလာပြီး ပြောလိုက်၏။ "စက်ရုံမပိတ်ခင်ကစက်ရုံထဲမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေပါ"
"သူတို့ထဲက ၄၉ရာခိုင်နှုန်းက အသက်အရွယ်ကြီးရင့်လာတဲ့အထိ ကျွန်တော်တို့စက်ရုံမှာ အလုပ်လုပ်ခဲ့ကြတာပါ။ စက်ရုံက ပိတ်ချသွားတော့ ကျွန်တော်လည်း သူတို့ရဲ့ဘဝတွေကို မစောင့်ရှောက်ပေးနိုင်တော့ဘူးလေ။ ဒါကြောင့် ကျွန်တော်က သူတို့တစ်ယောက်ချင်းစီကို ယွမ်၁ထောင်ပေးမယ်လို့ စဉ်းစားထားပါတယ်-"ဒါရိုက်တာကျန်းသည် ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အနည်းငယ် မသက်မသာဖြစ်သွားသလို ခံစားလိုက်ရပြီး ခဏလောက် ရပ်တန့်လိုက်လေသည်။ "ဒါက သူတို့တွေအတွက် ဖြေရှင်းချက်တစ်ခုပေးတယ်လို့ပဲမှတ်ယူနိုင်မှာပါ"
" ၄၉ယောက်၊ ၄သောင်း၉ထောင်။ ဒါက ကျွန်တော်မင်းတို့ကို စက်ရုံရောင်းချချင်တဲ့စျေးနှုန်းပါ"
"အလုပ်သမား၁ရာလောက်လည်း ကျန်နေသေးတယ်။ ကျွန်တော် သူတို့ရဲ့ရာထူးတွေနဲ့ အလုပ်လုပ်ထားတဲ့ အကျိုးဆောင်မှုတွေကိုလည်း သေသေချာချာလေး မှတ်သားပေးထားတယ်။ တကယ်လို့ မင်းတို့တွေက သူတို့ကို သုံးမယ်ဆိုရင် နောက်ပိုင်းကျမှ သူတို့တွေကို လခပေးလိုက်လို့ရပါတယ်။ တကယ်လို့ သူတို့ဆီမှာရှေ့က ကျန်နေတဲ့ အကြွေးနဲ့ပတ်သက်လာရင်တော့ ကျွန်တော် သူတို့အတွက် ကိုယ်တိုင်ဖြေရှင်းပေးပါ့မယ်။ ဒီကိစ္စရပ်တွေ အားလုံးကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းရေးသားလို့ရပါတယ်"
ရှမြန်သည် ဒါရိုက်တာကျန်းကို ကြည့်လိုက်ပြီး ရုတ်တရက် ရင်ထဲတွင်ခံစားလိုက်ရ၏။
လတ်တလော နှစ်များတွင် အလုပ်သမားများကို အလုပ်ဖြုတ်လိုက်သည့် စက်ရုံဒါရိုက်တာများနှင့် ခေါင်းဆောင်များသည် ဆူပူကျိန်းမောင်းခံရကာ သူတို့၏ရုံးခန်းများလည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်ကလည်း အမှန်ပင် ဖြစ်နေကြကိစ္စပင်။ ဒါရိုက်တာကျန်းကလည်း ဒီလိုဒေါသမျိုးကို မခံစားခဲ့ရသည်မှာတော့ မဖြစ်နိုင်ပေ။ သူ့အလုပ်ကို ဆက်ပြီးလုပ်ရန်ကလည်း မလွယ်ကူသည်မှာ သိသာသည်။ သို့သော်ငြားလည်း သူသည် ဒါကို ဘေးချိတ်ထားကာ ကြိတ်မှိတ်ကြိုးစားခဲ့၏။
တကယ်တမ်းကျတော့လည်း ဖြစ်နိုင်မယ်ဆိုရင် လူအများစုက သူတို့ရဲ့လူတွေကို ပျော်ပျော်ရွှင်ရွှင် နေသွားစေချင်တဲ့ ဆန္ဒရှိကြမှာပဲ။ ဘယ်သူကရော အသိစိတ်ရှင်းရှင်းနဲ့ မနေထိုင်ချင်ကြပါ့မလဲ။
ဖြစ်ချင်တော့ လူကြီးတွေရဲ့လောကမှာ အကူအညီပေးတယ်ဆိုတာက မရှိသလောက်ပဲလေ။ ဒီတော့ စက်ရုံဒါရိုက်တာတွေကလည်း မတတ်သာတော့ဘဲ ကိုယ့်ဟာကိုယ် နှိမ့်ချပြီးသူ့နောက်လိုက်ခဲ့ပြီး စက်ရုံမှာ အလုပ်အတူတူလုပ်ခဲ့ကြတဲ့ အလုပ်သမားတွေရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်လေး ဖြစ်ဖို့အတွက် ဟယ်ဝေကို တွယ်ကပ်နေရတော့တာပဲ။
မောက်ဟွေ့မေသည် ဒီအခြေအနေကို သေသေချာချာ နားလည်လိုက်ပြီး ဒါရိုက်တာကျန်းကို အလွန်လေးစားသွားတော့၏။
သူမက လက်လွှဲလာပေးသည့် အချက်အလက်ကို တလေးတစားဖြင့် လှမ်းယူလိုက်ကာ ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်မတို့တွေ ဒါကိုတတ်နိုင်သလောက် မြန်မြန် လေ့လာပြီးတော့ တစ်ပတ်အတွင်း ရှင့်ကို အကြောင်းပြန်ပေးပါ့မယ်"
"ကောင်းပါပြီ။ ကောင်းပါပြီ" ဒီလိုရှင်းလင်းသည့်အဖြေသည် ဒါရိုက်တာကျန်းကို အလွန် ဝမ်းသာသွားရစေ၏။ သူသည် ကိုယ်တိုင် သူတို့ကိုလိုက်ပို့ပေးခဲ့လေသည်။
သူတို့၂ယောက်သည် ရောထွေးနေသည့် ခံစားချက်များဖြင့် ရုံးခန်းထဲက ထွက်လာခဲ့လေ၏။
မကြာမီတွင် မောက်ဟွေ့မေသည် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမကိုယ်သူမ အားပေးလိုက်လေသည်။ "အဲဒီလိုပြောလို့လေ။ ရှမြန် နင်ဟာလေ တကယ်ကို ကံကောင်းတဲ့ ကြယ်လေးတစ်ပွင့်ပဲ"
"နင်သွားလိုက်တဲ့ နေရာတိုင်းမှာ အားလုံးအဆင်ပြေနေတာပဲ"
"တကယ်လို့ ငါတို့တွေသာ ချာလီနဲ့ သွင်းကုန်အစားထိုး ကုန်သွယ်ရေးစနစ်ကို မဆွေးနွေးခဲ့ဘူးဆိုရင် ချေးငွေတစ်ခု မပါဘဲနဲ့တော့ ဒီစက်ရုံက ဘယ်လောက်ပဲ ကောင်းနေပါစေ။ ငါတို့တွေ ဒါကိုဝယ်ရဲမှာ မဟုတ်လောက်ဘူး"
ရှမြန်က ပြုံးကာပြောလိုက်၏။ "နင် မှားသွားပြီ။ ငါတို့တွေက ဒီကိစ္စကိုတော့ ဟယ်ဝေကို ကျေးဇူးတင်ရမှာ"
မောက်ဟွေ့မေသည် ခဏလောက် မှင်တက်အံ့သြသွားပြီးမှ ဖြစ်ပျက်သွားသည့် အခြေအနေကို သဘောပေါက်သွားသည့်အခါ အသံထွက်ကာ အော်ရယ်လိုက်တော့သည်။ "အမှန်ပဲ။ ဒီကိစ္စရပ်၂ခုလုံးကို သူနဲ့ သူ့အစ်မဝမ်းကွဲက ငါတို့အတွက် အကျိုးဆောင်ပေးခဲ့တာပဲ။ ဟုတ်တယ်မလား"
"ငါတို့တွေ နောက်ပိုင်းစက်ရုံတစ်ခု ထောင်တဲ့အချိန်ကျရင် သူကတော့ သေလောက်အောင် ဒေါသထွက်နေတော့မှာပဲ"
"ဖြစ်နိုင်ပါတယ်။ ဟား ဟား"
ရယ်စရာ အနည်းငယ် ပြောလိုက်ပြီးသည့်နောက်တွင် မောက်ဟွေ့မေသည် ဒီကိစ္စနဲ့ပတ်သက်သည့် အကြောင်းအရာကို ဆက်ပြီးဆွေးနွေးလိုက်၏။ ရုတ်တရက်ဆိုသလို သူမသည် ကြက်သွေး သောက်လိုက်ရသလို စိတ်လှုပ်ရှားလာလေတော့သည်။ "ဒီကိစ္စကိုဒီလိုပုံစံမျိုးနဲ့ စဉ်းစားလိုက်မယ်။ စက်ရုံကလည်း အဆင်သင့်ဖြစ်နေပြီ။ စက်ပစ္စည်းကလည်း အဆင်သင့်ပဲ။ အလုပ်သမားတွေကတောင်မှ အဆင်သင့်ပဲ။ တကယ်လို့ငါ တို့တွေ အလျင်စလို လုပ်မယ်ဆိုရင် စက်ရုံကိုတစ်လအတွင်း စတင်နိုင်တော့မှာ မဟုတ်လား"
"ဘုရားရေ ဒီနေ့ နေ့လယ်ခင်းလေးမှာပဲ။ ငါတို့တွေ ဘယ်လောက် ကြီးမားတဲ့ကိစ္စရပ်ကို လုပ်ပြီးသွားခဲ့ကြတာလဲ"
ရှမြန်ကလည်း ဒါကိုတော်တော်လေး အိပ်မက်ဆန်သည်ဟု ထင်လေသည်။ "အင်း။ အဲဒီကိစ္စတွေထဲက တစ်ခုမှ အကောင်အထည် မဖော်ရသေးဘူးဆိုပေမဲ့လည်း အရိပ်အရောင်တွေကတော့ ထွက်ပေါ်လာပြီလေ"
မောက်ဟွေ့မေက အော်ရယ်လိုက်လေတော့သည်။ သူတို့၂ယောက်သည် ဆိုင်ဆီသို့ ပြန်လာသည့်နောက်တွင် အားလုံးက သူတို့၏ဆိုင်ကို ပိတ်ပြီးသွားပြီဖြစ်၏။
ရှ၀မ်ယွဲ့သည် ဒီနေ့ နေ့လယ်ခင်းတိုက်ပွဲ၏ ရလဒ်ကို ကြားလိုက်သည့်အချိန်တွင် သူမက ဘာအမူအရာမှ မပြဘဲ ဪ ဟုသာ ပြောလိုက်၏။
ရှမြန်သည် သူက မတုံ့ပြန်လာသဖြင့် မသင်္ကာသလို ဖြစ်သွားတော့၏။
ဟုတ်ပါသည်။ အပြန်အလှန်တွင်တော့ သူမသည် ရုတ်တရက် မတ်မတ်ထိုင်လိုက်ကာ မေးလိုက်၏။
"ဟွေ့မေ နင်နဲ့ ရှမြန်တို့က ဘာလုပ်ချင်တာလဲ"
မောက်ဟွေ့မေက ပြောလိုက်၏။ "အမေ ကျွန်မ ဖျော်ရည်စက်ရုံတစ်ခု ဖွင့်ချင်လို့"
ထို့နောက်တွင်တော့ သူမသည် ကုန်ပစ္စည်းအစားထိုး ကုန်သွယ်ရေးကိစ္စ၊ စက်ပစ္စည်းများ တင်သွင်းမည့်ကိစ္စ၊ ထုတ်ကုန်ပစ္စည်းများကို တင်ပို့မည့်ကိစ္စနှင့် စည်သွပ်စက်ရုံများကိစ္စကို ပြန်ပြောပြလိုက်လေသည်။
ရှ၀မ်ယွဲ့သည် ထိုစကားကို ကြားလိုက်သည့်အခါ မှင်တက်အံ့သြသွားတော့၏။ "နင်တို့၂ယောက် ဒါကို အကြီးကြီး လုပ်ခဲ့တာပဲ။ နင်တို့ရဲ့လုပ်ငန်းက နိုင်ငံခြားအထိတောင် သွားရမှာလား"
မောက်ဟွေ့မေက ပြုံးကာပြောလိုက်သည်။ "စမ်းကြည့်ရမှာပေါ့"
"ဒါပေမဲ့ ငါ့မိသားစုမှာ နင်တို့ကိုထောက်ပံ့ပေးဖို့ အပိုဝင်ငွေ မရှိတော့ဘူးနော်"
"ငါတို့တွေ ဒီနေ့ အော်ဒါအများကြီးကို စာချုပ်ချုပ်ခဲ့တာ" ရှဝမ်ယွဲ့ကပြောလိုက်သည်။ "ဒီတော့ ငွေတွေအားလုံးကိုလည်း ကုန်ပစ္စည်းသိုလှောင်ဖို့အတွက် သုံးလိုက်ပြီ။ နင်တို့တွေ အရင်းအနှီးကို ဘယ်လိုရှာဖွေရမယ်ဆိုတာ ကိုယ့်ဟာကိုယ် အဖြေထုတ်မှပဲ ရတော့မယ်"
သဘောမှာ ဒါသည် မောက်ဟွေ့မေ၏ ကိုယ်ပိုင်စီးပွားရေး ဖြစ်သည်။ နောက်ပိုင်းစက်ရုံက အမြတ်ရှိလာသည်ဖြစ်စေ၊ အရှုံးဖြစ်သွားသည်ဖြစ်စေ။ အားလုံးက မောက်ဟွေ့မေအပေါ်တွင်သာ မူတည်နေသည်ဟူသည့် အဓိပ္ပာယ်ပင်။
မောက်ဟွေ့မေကလည်း ရှ၀မ်ယွဲ့က လက်လွှတ်ပေးထားသည့်ကိစ္စကို အသားကျနေပြီးသားဖြစ်၏။ ထို့ကြောင့် သူမကလည်း မအံ့ဩချေ။ "အင်း။ ဟုတ်ပါတယ်။ ဒါက အမေ့ရဲ့ကိစ္စ မဟုတ်တော့ပါဘူး"
နောက်၂ရက်အတွင်းတွင် မောက်ဟွေ့မေသည် ကုန်စည်ပြပွဲသို့ မသွားခဲ့တော့ချေ။ နေ့ဘက်တွင် သူမသည် ပညာရှင်များကိုသွားရှာကာ စက်ရုံအခြေအနေကို သေသေချာချာ စစ်ဆေးခဲ့၏။ သူမက နိုင်ငံခြားဖျော်ရည် စျေးကွက်အကြောင်းကိုလည်း နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ကြသည့် နဥ်ရှောက်ပိုင်၊ ရုံရှင်းနှင့် တခြားသူများအားလည်း မေးမြန်းခဲ့သည်။ သူမသည် နိုင်ငံခြားအစားအသောက် အရောင်းပြပွဲ၏ အချိန်နှင့် နေရာများကိုပင် ရှာဖွေခဲ့ပြီး အကြမ်းဖျင်း ရောင်းအား အစီအစဉ်ကိုပင် ဆွဲသားခဲ့ပြီးဖြစ်၏။
သူမသည် ကုန်ကျစရိတ်၊ ကြိုတင်ဝင်ငွေခန့်မှန်းခြေနှင့် သုံးသပ်ချက်များကိုပင် တစ်ညလုံး အလုပ်လုပ်ခဲ့သည်။
ရှမြန်သည် ဖြစ်နိုင်ခြေရှိသည့် သုံးသပ်ထားသည့် သုံးသပ်ချက် အစီရင်ခံစာတစ်ခုနှင့်တူသည့် လက်ရေးနှင့် ရေးသားထားသည့် စာအုပ်တစ်အုပ်ကိုပင် ရရှိခဲ့သေးသည်။ သူမသည် မောက်ဟွေ့မေကို အမှန်ပင် လေးစားသွားတော့၏။
"အစ်မ နင် ငါ့ကို သေချာပေါက် ရင်းနှီးမြှုပ်နှံခွင့် ပေးရမယ်နော်"
ထိုအချိန်တွင် နဥ်ရှောက်ပိုင်ကလည်း ထိုနေရာတွင်ရှိနေသည်။ သူမနှင့် ရှောင်ဖုန်းတို့ကလည်း အတူတူရှိနေကာ သူတို့၃ယောက်က ဖရဲသီးစားနေကြပြီး ခြံဝန်းထဲတွင် အေးမြသည့်လေပြေကို ခံစားနေကြ၏။
ရှမြန်က နဥ်ရှောက်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဒေါက်တာနဥ် ကျွန်မဆီမှာ ငွေဘယ်လောက် ကျန်သေးလဲ။ ကျွန်မ ကျွန်မရဲ့အစ်မဆီမှာ ရင်းနှီးမြှုပ်နှံချင်တယ်။ ဒီစက်ရုံက သေချာပေါက် အောင် မြင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်"
နဥ်ရှောက်ပိုင်က ရှောင်ဖုန်း၏ပါးစပ်ထဲက ဖရဲသီးစိတ်များကို ကူပြီးသုတ်ပေးလိုက်ကာ ပြောလိုက်၏။
"ယွမ် ၆သောင်း၊ ၇သောင်းလောက်ပေါ့"
ရှင်းရှန်းအစားအသောက်စက်ရုံသည် ချေးငွေကို ပေးချေပြီးသွားသည့်နောက်တွင် ရှမြန်သည် လတိုင်းမသေးငယ်သည့် အကျိုးအမြတ်များကို ရရှိခဲ့သည်။ နေ့စဉ်ကုန်ကျစရိတ်အတွက် ဖယ်ချန်ထားသည့် ငွေများကလွဲလျှင် သူမသည်ထိုငွေအားလုံးကို နဥ်ရှောက်ပိုင်အား လွှဲထားကာ သူမ၏ငွေရေးကြေးရေးကို သူ့အား ကူညီစီမံခိုင်းထားသည်။
ပြီးခဲ့သည့်၂နှစ်အတွင်း အကြီးမားဆုံး ကုန်ကျစရိတ်မှာ ဖြိုချတော့မည့် အိမ်၂လုံးကိုဝယ်ယူခဲ့ခြင်းဖြစ်ပြီး ငွေပမာဏတချို့ကိုတော့ မထိခဲ့ချေ။
"အစ်မ နင် ဘယ်လောက်လိုလဲဆိုတာ ကြည့်လိုက်လေ။ ပြီးရင် ငါ့ဆီကိုလာခဲ့"
ရှောင်ဖုန်းကလည်း သူ၏ခေါင်းလေးကိုမော့ကာ နဥ်ရှောက်ပိုင်က ပါးစပ်သုတ်ပေးနေသည်ကို ပြီးသည့် အထိစောင့်စားလိုက်ပြီးနောက် ဇွန်းတစ်ချောင်းဖြင့် ကျန်နေသည့်ဖရဲသီးတစ်ခြမ်းကို ဆက်ပြီးစားသောက်လိုက်လေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူက ဖြတ်ပြောလိုက်၏။
"စတော့ ဝယ်ယူဖို့အတွက်လည်း နည်းနည်းလောက် ချန်ထားပေးနော်"
ရှမြန်...
ရှေးဟောင်းပစ္စည်းနဲ့ ဖြိုချတော့မဲ့အိမ်တွေ ကိစ္စပြီးသွားရင် ပြီးသွားပြီလို့ ထင်ထားတာလေ။ သူက ဘယ်လိုလုပ်ပြီးတော့ စတော့ကိစ္စကိုလည်း မှတ်မိနေသေးတာလဲ။
ရှမြန်သည် ဇဝေဇဝါဖြင့် နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ပြီး ဒီကိစ္စ၏နောက်ကွယ်တွင် ဒီပုဂ္ဂိုလ် ရှိနေရမည်ဟု အမြဲတမ်း ခံစားနေရ၏။
သူမ၏မွေးနေ့ ပြီးသွားပြီးကတည်းက သူသည် ရှောင်ဖုန်းကို လှည့်စားကာ သူ့ကိုယ်သူ သူမ အား ဦးလေးအနေဖြင့် ပေးအပ်လိုက်ပြီး လက်ဆောင်တစ်ခုအနေနှင့် ပေးအပ်လိုက်ပြီး ကတည်းက ရှောင်ဖုန်းသည် သူမအပေါ် အထူးတာဝန်ယူချင်သည့် ခံစားချက်များ ရှိနေသည်ဟု ခံစားနေရ၏။ သူမသည် ရှောင်ဖုန်းက နဥ်ရှောက်ပိုင်နှင့် အထူးတလည် ပိုပြီးရင်းနှီးနေသည်ဟု ယုံကြည်ကာ ခံစားမိနေသည်။
သူသည် အကာအကွယ်တစ်ခုအနေဖြင့် ရှောင်ဖုန်းကို ထိုအကြောင်း အမြဲတမ်း ပြောပြနေတတ်သည်။
နဉ်ရှောက်ပိုင်ကတော့ ဒါကို သတိထားမိဟန်မတူချေ။ သူက သူ့လက်ထဲက ဖရဲသီးအသားကို ဒီအတိုင်း၂ခြမ်းခွဲလိုက်ပြီး တစ်ခြမ်းကို ရှောင်ဖုန်းအား ပေးလိုက်ပြီးနောက် ကျန်သည့်တစ်ခြမ်းကိုတော့ သူမ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။
ရှမြန်ကလည်း သူမသည် သူ့ဆီက ဘာမှသိရမည် မဟုတ်မှန်းသိနေသဖြင့် လိုက်လျောဖို့ရန်သာ တတ်နိုင်တော့၏။ "ဒါဆိုရင်လည်း ရှောင်ဖုန်းက စတော့ဝယ်ဖို့ ငွေနည်းနည်း ချန်ထားလိုက်ပါ"
"အစ်မ ငါတို့တွေ ပထမဦးဆုံး ထုတ်ကုန်အသုပ်ထွက်လာခဲ့ရင် ငါကိုယ်တိုင် နင်နဲ့ နိုင်ငံခြားကိုသွားဖို့ အဖော်လိုက်ခဲ့ပေးမယ်။ ငါတို့တွေ အရင်ဆုံး အော်ဒါတချို့ ရအောင်ယူကြတာပေါ့။ အနှုတ်အသိမ်းအတွက် စရံငွေတစ်ခုချန်ခဲ့လည်း အဆင်ပြေပါတယ်"
နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ငါ့မှာ စူပါမားကက်ချိန်းတစ်ခု ပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားက သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ့ကို ဖျော်ရည်လိုမလားလို့ မေးပေးလို့ရတယ်။ ပြီးတော့ မင်းတို့တွေ ကိုယ်တိုင်ခရီးသွားစရာ မလိုအောင် နမူနာတချို့ ပို့ပေးလိုက်လို့ရတယ်"
ရှမြန်သည် သူ့လက်မောင်းကို ချက်ချင်းတွဲလိုက်ပြီး သူ့ပခုံးကို မှီထားလိုက်ကာ ဝမ်းသာစွာဖြင့် ပြောလိုက်၏။ "ဝိုး ဒေါက်တာနဥ် ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ'
နဉ်ရှောက်ပိုင်က သူ၏မေးစေ့ဖြင့် သူမ၏ခေါင်းလေးကို ပွတ်သပ်လိုက်လေသည်။
မောက်ဟွေ့မေက သူ့ကိုကြည့်လိုက်ပြီး သူမ၏ပါးစပ်ကို မသိမသာ ဟထားလိုက်ပြီးနောက် နဥ်ရှောက်ပိုင်က ရှမြန်ကို သူမနှင့် နိုင်ငံခြားသို့ အဖော်လိုက်ပါသွားမည်ကို မလိုလားတာ ဖြစ်မည်ဟု သံသယဖြစ်သွားတော့၏-
အမလေး။ သူတို့ကို ကြည့်လိုက်တော့လည်း သူမလည်းပဲ ချစ်သူထားချင်စိတ် ဖြစ်သွားရတော့တာပဲ။
သူမသည် အစီရင်ခံစာကို ငုံ့ကြည့်လိုက်ပြီးနောက် အမှန်ပင် ချမ်းသာလာတော့မည်ဟု သိလိုက်ရတော့၏။
ကုန်သည်ပြပွဲ ၄ရက်မြောက်နေ့တွင် မောက်ဟွေ့မေသည် ဒါရိုက်တာကျန်းနှင့် ချိန်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး သူမ၏ရှေ့နေနှင့်အတူ ရုံးခန်းသို့တိုက်ရိုက်သွားရောက်ခဲ့၏။
သူမသည် ကားပေါ်က ဆင်းလာသည်နှင့်ချက်ချင်း ဝင်ပေါက်နားတွင် အေးအေးလူလူ လမ်းလျှောက်နေသယောင်ရှိသည့် ဟယ်ဝေနှင့် မမျှော်လင့်ဘဲ တွေ့လိုက်လေသည်။ သူသည် သူမကို စောင့်နေသည့်ပုံ ပေါ်သော်ငြားလည်း ဘာကိစ္စဖြစ်မည်ကိုတော့ သူမ မသိချေ။
သို့သော်ငြား မောက်ဟွေ့မေသည် ၂ရက်နှင့်၂ညအလုပ်များလာပြီး သူမ၏စိတ်ထဲတွင်လည်း စက်ရုံကိစ္စနှင့်သာ ပြည့်နှက်နေသဖြင့် သူမသည် သူ့အတွက်ဘာ အင်အားမှမကျန်တော့ချေ။
သူက အနားသို့ လျှောက်လာသည့်အချိန်တွင် သူ ပြောလာမည့်စကားကို စောင့်မနေတော့ဘဲ သူမက သူမ၏အိတ်ထဲက ဝေါ်ကီတော်ကီကို ဆွဲထုတ်လာခဲ့ပြီး သူ့ဆီသို့ ပစ်ပေးလိုက်၏။ "ဒီမှာ။ ဒါက ဒီကိစ္စရဲ့ အကြောင်းအရင်းမှန်ပဲ။ ကျေးဇူးပြုပြီးတော့ တစ်ချက်လောက် သေသေချာချာလေး ကြည့်လိုက်ဦး"
"ရှင် ကျွန်မကို လှည့်စားခဲ့တယ်။ ကျွန်မကလည်း ရှင့်ကိုပြန်ပြီးတော့ ကစားခဲ့တယ်။ အခုကျွန်မတို့တွေ ကြေသွားပြီ။ ကျေးဇူးပြုပြီးတော့ နောက်တစ်ခါ ကျွန်မရှေ့မှာ ပေါ်မလာပါနဲ့တော့။ ကျွန်မ ရှင်နဲ့ဆက်ပြီးတော့ ကစားဖို့ အချိန်မရှိတော့ဘူး။ နှုတ်ဆက်ပါတယ်"
မောက်ဟွေ့မေသည် စကားပြောပြီးသွားသည်နှင့် ချက်ချင်း လှည့်ထွက်လာခဲ့၏။ သူတို့သည် အချင်းချင်း ဖြတ်လာသည့်အချိန်တွင် ဟယ်ဝေသည် အမှတ်တမဲ့ လက်လှမ်းလိုက်ကာ သူမကို ပြန်ဆွဲထားလိုက်သည်။ "ခဏလေး။ စက်ရုံနဲ့ ပတ်သက်တဲ့ကိစ္စက..."
မောက်ဟွေ့မေသည် သတိလက်လွတ်ဖြစ်သွားပြီး သူမ၏လက်ထဲက အချက်အလက်များက မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့၏။ သူမက ဒေါသတကြီး မေးလိုက်တော့သည်။ "ရှင် ဘာတွေလုပ်နေတာလဲ"
စကားပြောတော့မည့်ဆဲဆဲ ဟယ်ဝေသည် ခဏလောက်တုံ့ ဆိုင်းသွားပြီး မြေကြီးပေါ်တွင် ပြန့်ကြဲသွားသည့် အချက်အလက်တစ်ခုကို တွေ့လိုက်ရ၏။ သူသည် ကိုယ်ကိုကုန်းကာ ကောက်ယူလိုက်ပြီး အမှတ်တမဲ့ အချက်အလက်ကို လှန်လှောကြည့်ရှုလိုက်လေသည်။
မောက်ဟွေ့မေ၏ မျက်နှာက ပြောင်းလဲသွားပြီး သူမက လက်ကိုလှမ်းကာ အချက်အလက်ဖိုင်ကို လှမ်းဆွဲလိုက်၏။ "နင် ဘာလုပ်နေတာလဲ။ နင့်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေ မရှိဘူးလား"
ဟယ်ဝေသည် သူမကို ပထမဦးဆုံး တွေ့လိုက်ရသည်နှယ် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မင်း ဒါကိုလုပ်ခဲ့တာလား"
မောက်ဟွေ့မေက သူမ၏ မျက်လုံးများကို စွေထားလိုက်ကာ "ဒါကို လုပ်ခဲ့တာက ကျွန်မ မဟုတ်ဘူးဆိုရင် ရှင် လုပ်ခဲ့တာလား"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ရှေ့နေက သူမကို ကူညီသိမ်းဆည်းပေးထားသည့် အချက်အလက်ကို အတူတူ ပြန်တွဲထားလိုက်ကာ ရုံးခန်းဆီသို့ တမ်းတမ်းမတ်မတ် လျှောက်သွားလိုက်တော့သည်။
ဟယ်ဝေသည် သူမကို အနောက်ဘက်မှ ငေးကြည့်နေမိပြီး သူမက ညည်းညူစကားပြောလိုက်သည်ကို ကြားလိုက်ရလေသည်။
"ငါကတော့ မကြာခင် ဂျုံကြမ်းနဲ့လုပ်ထားတဲ့ အစားအသောက်တွေ စားရတော့မှာပဲ။ ငါ့မှာ ယွမ်၅၀ကျော် ဝေါ်ကီတော်ကီတစ်ခုကိုတောင်မှ ဝယ်လိုက်ရသေးတယ်။ တော်တော်ကို ကံဆိုးခဲ့တာပဲ"
သူသည် သူ့လက်ထဲက ဝေါ်ကီတော်ကီကို ငုံ့ကြည့်လိုက်ပြီး ခဏအကြာတွင်တော့ သူသည် ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်လေသည်...
...