← Chapters

ဒါ ဘာနတ်ဘုရားစွမ်းရည်မျိုးလဲ

Vol. 10 Ch. 934

ဒါ ဘာနတ်ဘုရားစွမ်းရည်မျိုးလဲ

Vol. 10 Ch. 934

ဂျုန်းးးး

ပိုင်ရှောင်ချန်း၏ စကားများကြောင့် လျှပ်စီးတိမ်တိုက်သခင်က ထိုသို့ တမင်လုပ်လိုက်ခြင်း ဟုတ်၊မဟုတ်ကို သေသေချာချာ မသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ လျှပ်စီးတိမ်တိုက်သခင်သည် ဆက်တိုက် အသွင်ပြောင်းလဲသွားပြီး မီတာခြောက်ဆယ်မှ မီတာကိုးဆယ်အထိ မြင့်တက်သွားသဖြင့် မိုးခြိမ်းသံကဲ့သို့ တဂျုန်းဂျုန်း မြည်ဟည်းနေတော့သည်။

ထို့နောက် သူသည် မီတာကိုးဆယ်မှ မီတာ တစ်ရာ့နှစ်ဆယ်အထိ မြင့်မားသွားပြီး အဆုံးတွင် မီတာတစ်ရာ့ငါးဆယ်အထိ ရောက်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်နှစ်ခြမ်းမှာ တစ်ပုံစံထဲ ထပ်တူညီ အချိုးကျနေသည် မဟုတ်ပါသော်လည်း ယခင်ကထက်ပို၍ ဆင်တူလာပြီဖြစ်သည်။

သူ့ထံမှ တရိပ်ရိပ်ပေါ်ထွက်နေသည့် စွမ်းအင်များမှာလည်း တုန်လှုပ်ဖွယ်အဆင့်အတန်းတစ်ခုအထိ ရောက်ရှိနေပြီဖြစ်သည်။ သူက လေပေါ်တွင် တောင့်တင်းခိုင်မာမှုအပြည့်ရှိနေသည့်ပုံဖြင့် ရစ်ဝဲ၍ လူသားအားလုံး၏ ဘိုးဘေးဘီဘင်တစ်ယောက်အလား ပြင်းထန်သောဖိအားကြီးများကို ထုတ်လွှတ်နေလေရာ ၎င်းကိုအာရုံခံမိလိုက်သူတိုင်းမှာ အသိစိတ်များ တုန်လှုပ်သွားရမည်သာဖြစ်သည်။ လျှပ်စီးတိမ်တိုက်သခင်၏ ယခုလက်ရှိပုံစံမှာ ယခင်ကထက် များစွာပို၍ စွမ်းအားကြီးမားနေသည်မှာ အထင်အရှားပင်။

ထို့အပြင် သူ့၏ပတ်ပတ်လည်တွင် လုံးဝဖောက်ထွင်း၍မရနိုင်လောက်အောင် မျက်စိကျိန်းမတတ် တလက်လက်တောက်ပနေသော အလင်းရောင်ဒိုင်းကာတစ်ခုကလည်း ဝန်းရံနေသေးသည်။

ပိုင်ရှောင်ချန်းမှာ ဆွံ့အနေတော့သည်။ လျှပ်စီးတိမ်တိုက်သခင်က သူ့အားလှောင်ပြောင်ရန်အတွက် တရစပ် အသွင်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းကိုလည်း သူက သိလိုက်သည်။

" သေဖို့အချိန်ကျပြီ ပိုင်ရှောင်ချန်း "

လျှပ်စီးတိမ်တိုက်သခင်က ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကို တုန်ရီသွားစေနိုင်သည့် အသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ အသားများတုန်ရီနေပြီး ယခုကဲ့သို့ အရှက်ခွဲခံလိုက်ရသဖြင့် သူ၏မျက်ဝန်းများမှာလည်း နီမြန်းနေတော့သည်။ ထို့အပြင် သူ၏ဒေါသများမှာလည်း အချိန်နှင့်အမျှ ကြီးထွားလာနေတော့သည်။

" တော်တော် တရားလွန်နေပြီ လျှပ်စီးတိမ်တိုက်သခင်။ ဒီလို ပုံစံပြောင်းတာကို အဆင့်အကုန်လုပ်နိုင်ရင် ဘာလို့အစထဲက မလုပ်လဲ။ ကျုပ်ကိုအရှက်ခွဲဖို့သက်သက် စောင့်နေစရာ မလိုဘူးလေ "

ထို့နောက် သူသည် ရုတ်တရက် တောင်ဖြိုသိုင်းဖြင့် အားဖြည့်ထားသည့် လည်မျိုးဖမ်းဆုပ်ကွက်အား ထုတ်သုံးလိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လျှပ်စီးလက်သည့်အလား အမြန်နှုန်းဖြင့် ရှေ့သို့ ထိုးခွင်းသွားတော့သည်။ သူသည် ထာဝရပြုစားခြင်းအတတ်ကိုပင်သုံး၍ အရှိန်ထပ်မြှင့်လိုက်ပြီး လျှပ်စီးတိမ်တိုက်သခင်၏ ရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။

လျှပ်စီးတိမ်တိုက်သခင်၏ အရောင်စုံ အလင်းရောင်ဒိုင်းကာက လည်မျိုးဖမ်းဆုပ်ကွက်နှင့် ထိတွေ့မိလိုက်သောအခါ ဘုန်းခနဲအသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အားတစ်ခုက စွမ်းအားလှိုင်းတစ်ခုအလား ပိုင်ရှောင်ချန်း၏ လက်မောင်းထဲသို့ပြန်၍ စီးဝင်သွားပြီး လည်မျိုဖမ်းဆုပ်ကွက်၏ စွမ်းအားကို ဖျက်စီးပစ်လိုက်တော့သည်။

သူသည် ဒိုင်းကာသုံးလွှာတိတိအား ထွင်းဖောက်နိုင်လိုက်ပြီး စတုတ္ထမြောက်အလွှာတွင် ရပ်တန့်သွားခဲ့ရသည်။

ထိုအချိန်တွင် လျှပ်စီးတိမ်တိုက်သခင်သည် လျင်မြန်စွာ အပြင်းအထန်တိုက်ခိုက်လိုက်သည်။ သူ၏လက်မောင်းများကို ယမ်းခါလိုက်သောအခါ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ငွေရောင်မြွေများအသွင် ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းထံ တိုးဝင်သွားသည်။

ပိုင်ရှောင်ချန်း၏ ကျောက်ဘီလူးကြီးမှာ ထိုဒဏ်ကို မခံနိုင်သဖြင့် ပြိုကွဲသွားလေရာ အရပ်မျက်နှာအနှံ့သို့ ကျောက်စကျောက်နများစွာ ဖြာကျသွားတော့သည်။ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အစစ်ထွက်ပေါ်လာသောအခါ လျှပ်စီးတန်းများမှာ ရိုက်နှက်တော့မည့်အလား သူ့ထံသို့ ဦးတည်လာတော့သည်။

လက်ရှိအခြေအနေကြီး၏ ကြီးမားသောအန္တရာယ်ကြီးကြောင့် တုန်လှုပ်နေပြီဖြစ်သည့် ပိုင်ရှောင်ချန်းမှာ လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ အေးစိမ့်ချီများ ထွက်ပေါ်လာပြီး အေးစိမ့်ကိုယ်ပွားကိုးခု ခုန်ထွက်လာကာ လျှပ်စီးတန်းများအား တားဆီးလိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာမူ နောက်သို့တစ်လှမ်းပင် မဆုတ်ပေ။ ယခုအခါ သူသည် ခေါင်းထဲတွင် စဥ်းစားတွေးတောနေခြင်းမရှိတော့ဘဲ ပင်ကို တိုက်ပွဲအသိစိတ်အတိုင်းသာ လှုပ်ရှားနေခြင်း ဖြစ်သည်။ သူသည် လျှပ်စီးတန်းအား လျစ်လျူရှုလိုက်ပြီး ရှေ့သို့တစ်လှမ်းလှမ်းကာ တပြိုက်နက်ထဲမှာပင် ညာလက်သီးအား ဆုပ်လိုက်တော့သည်။

ထိုအခါ သူ၏အငွေ့အသက်၊ ချီ၊ သွေးနှင့် အသက်ဓာတ်ရှိနေသော လက္ခဏာအရိပ်အယောင်အားလုံးကို စုပ်ယူနေသည့် ကျဥ်းနက်ကြီ ပေါ်ထွက်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ထူးခြားဆန်းပြားစွာ တွန့်လိမ့်ကွေးကောက်သွားပြီး ခြောက်သွေ့လာတော့သည်။

သူသည် ထာဝရဧကရာဇ်လက်သီးအား ထုတ်ဖော်နေခြင်းဖြစ်သည်။

ထိုနေရာတစ်ဝိုက်တွင် ရုတ်တရက် သက်ရောက်လာသည့် ပြင်းထန်သော ဖိအားကြီးကြောင့် လျှပ်စီးတိမ်တိုက်သခင်မှာ မျက်နှာပျက်သွားသည်။ သူ၏အသက်ရှူသံများ မြန်လာပြီး တိုက်ခိုက်ရန်ဆန္ဒမရှိတော့ပဲ အတတ်နိုင်ဆုံးလျင်မြန်စွာ နောက်သို့ဆုတ်ခွာရန် ပြင်လိုက်တော့သည်။

သူ လှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်း၏အနောက်တွင် မသဲကွဲသော လူရိပ်ကြီးတစ်ခုပေါ်ပေါက်လာကာ ကောင်းကင်ယံနှင့်ကမ္ဘာမြေကြီးတို့တွင် ကျယ်လောင်သော တဂျုန်းဂျုန်း မြည်ဟည်းသံများဖြင့်ပြည့်နှက်သွားတော့သည်။ ထိုလူကြီးမှာ တော်ဝင်ဝတ်ရုံတစ်ခုနှင့် တော်ဝင်သရဖူတစ်ခုကို ဆင်မြန်းထားပြီး သက်ရှိတိုင်းအား အထက်စီးဆန်သော အမူအရာဖြင့် အထင်သေးစွာ ကြည့်နေသည့်ပုံစံ ပေါ်နေသည်။

လျှပ်စီးတိမ်တိုက်သခင်မှာ နှလုံးခုန်နှုန်းမြန်ဆန်လာပြီး အသိစိတ်များ ဂယောက်ခြောက်ခြား ဖြစ်လာတော့သည်။ သူက အဝေးသို့ ထွက်ပြေးသွားသောအခါ သူ၏ပတ်ပတ်လည်ရှိ ဒိုင်းကာမှာ တလက်လက်ထနေ၏။ သို့သော်လည်း သူ၏ဆုတ်ခွာမှုမှာ အလွန်နောက်ကျသွားပြီဖြစ်သည်။

ထိုလက်သီးချက်ကြီးက လျှပ်စီးတိမ်တိုက်သခင်ကို ထိုးနှက်လိုက်တော့သည်။

ပိုင်ရှောင်ချန်း၏မျက်နှာပုံရိပ်ကြီးက ကောင်းကင်ယံတွင်ပြည့်နှက်သွားပြီး ထိပ်တန်းအဆင့် စွမ်းအင်ကြီးတစ်ခု ပျံ့ထွက်လာ၏။ ကောင်းကင်ယံနှင့်ကမ္ဘာမြေကြီးတို့တွင် တဂျုန်းဂျုန်း မြည်ဟည်းသံများ ပြည့်နှက်သွားပြီး သူ့အားဝန်းရံနေခဲ့ကြသည့် လျှပ်စီးတန်းအားလုံး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားကြတော့သည်။

လက်သီးတစ်ခု၏ ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုပုံရိပ်ကြီးကြောင့် လျှပ်စီးတိမ်တိုက်သခင်၏ အသိစိတ်အား ရူးသွပ်မှုများက ဖုံးလွှမ်းသွားတော့သည်။ ထိုလက်သီးကြီးမှာ လမ်းတစ်လျှောက်ရှိ လျှပ်စီးတန်းများကို ချေမှုန်း၍ ရှေ့သို့အရှိန်ဖြင့် ချီတက်သွားပြီး အရောင်စုံ ဒိုင်းကာအား ထိုးနှက်လိုက်တော့သည်။

ထိုဒိုင်းကာမှာ တောင်ဖြိုသိုင်းနှင့် လည်မျိုဖမ်းဆုပ်ကွက်တို့ဖြင့် အားဖြည့်ထားသည့် ပိုင်ရှောင်ချန်း၏ အသက်ဝင်တောင်ဂါထာတော်ကိုပင် ခုခံနိုင်စွမ်းရှိသည်။ သို့သော်လည်း စွမ်းအားငါးဆတိတိ မြှင့်တင်ထားသော ထာဝရဧကရာဇ်လက်သီးကိုမူ လုံးဝ မခုခံနိုင်ပေ။

အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုဒိုင်းကာကြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားသည်။ ထို့နောက် ထိုလက်သီးကြီးမှာ လျှပ်စီးတိမ်တိုက်သခင်အား ထိုးနှက်လိုက်သဖြင့် သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့လွင့်စင်သွားကာ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ သူက နောက်သို့လွင့်စင်သွားချိန်တွင် မီတာတစ်ရာ့ငါးဆယ်အမြင့်မှ တစ်ရာ့နှစ်ဆယ်အထိ ပြန်၍ သေးငယ်သွားတော့သည်။

ထိုတစ်နည်းဖြင့်သာ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီး၏ အထက်စီးဆန်လှပြီး ဖျက်စီးနိုင်စွမ်းပြင်းထန်လွန်းသော စွမ်းအားကြီးကို ခုခံနိုင်မည့် ပုံပေါ်နေသည်။

ထိုမျှလောက်နှင့် ရပ်မသွားသေးပေ။ လျှပ်စီးတိမ်တိုက်သခင်မှာ တုန့်ခနဲရပ်တန့်သွားသောအခါ နောက်ထပ်သွေးတစ်ပွက် ထပ်အန်ထွက်လာပြီး မီတာတစ်ရာ့နှစ်ဆယ်အမြင့်မှာ မီတာကိုးဆယ်အထိ ထပ်၍သေးငယ်သွားပြန်သည်။ ထို့နောက် တတိယမြောက်သွေးပွက်တစ်ပွက် ထပ်အန်လိုက်ရသောအခါတွင် မီတာခြောက်ဆယ်မှ မီတာသုံးဆယ်အထိ သေးငယ်သွားရပြီးနောက် အဆုံးတွင် မူလအရွယ်အစားသို့ ပြန်ရောက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးအား အံတုနိုင်ရန်အတွက် ထိုအရာအားလုံးကို ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။

မီတာသုံးရာအကွာသို့ ရောက်သွားသောအခါ သူသည် ခန္ဓာကိုယ်အနေအထားကို ပြန်လည်တည့်မတ်လိုက်ပြီး အငြှိုးအတေးများ တောက်လောင်နေသည့် မျက်ဝန်းဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက် ရယ်မောလိုက်တော့သည်။

" ငါစောင့်နေတာ အဲဒါပဲကွ။ ငါ့အခြား ခန္ဓာကိုယ်တစ်ခြမ်း ပြောခဲ့တဲ့ လက်သီးချက်ပဲ။ စွမ်းအားကြီးပါပေတယ်။ ဒါပေမဲ့ ငါ့ကိုသတ်နိုင်လောက်တဲ့အထိတော့ မစွမ်းဘူးကွ။ အခု ငါက အခြားခန္ဓာကိုယ်တစ်ခြမ်းနဲ့ ပေါင်းစည်းတော့မှာ။ အဲဒီအခါကျရင် ပိုင်ရှောင်ချန်းရေ၊ မင်းတော့သေပြီပဲ "

သူ၏ မျက်ဝန်းများမှာ ဖျတ်ခနဲ လက်သွားပြီး အေးစက်စက်နှာမှုတ်၍ ရုတ်တရက် ရင်သပ်ရှုမောဖွယ် ကောင်းသော အမြန်နှုန်းမျိုးဖြင့် အဝေးသို့ ပျံထွက်သွားတော့သည်။

သူသည် ပိုင်ရှောင်ချန်းထံမှ တုံ့ပြန်စကား ကြားရန်စောင့်ဆိုင်းနေသည့်အလား နတ်ဘုရားအာရုံအချို့တော့ ချန်ရစ်ခဲ့လေသည်။ ပိုင်ရှောင်ချန်းသာ သူ့အားလိုက်ဖမ်းမည် ဆိုပါကလည်း သူက ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုသို့ လိုက်ဖမ်းမည်ဆိုပါကလည်း ထိုဆုံးဖြတ်ချက်အား နောင်တရသွားစေရန်အလို့ငှာ ဝှက်ဖဲနောက်တစ်ချပ်သုံး၍ ပိုင်ရှောင်ချန်းကို အပြင်းအထန် ဒဏ်ရာရရှိသွားစေအောင် တိုက်ခိုက်နိုင်မည်ဟု သူ အပြည့်အဝ ယုံကြည်နေသည်။

" ငါ့အခြားခန္ဓာကိုယ်တစ်ခြမ်း ပြောတဲ့စကားအရဆိုရင် " သူက ရပ်ကာ တွေးလိုက်သည်။

" သူ ငါ့နောက်ကို လိုက်ဖမ်းမယ်ဆိုရင် အင်အားအရမ်းဆုတ်ယုတ်နေတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ အဲဒါဆိုရင် သူ့ကိုသတ်ဖို့ ငါ့တခြားခန္ဓာကိုယ်တစ်ခြမ်းနဲ့ ပေါင်းနေစရာတောင် လိုမှာမဟုတ်ဘူး။ "

သူသည် ရှေ့ဆက်ပြုလုပ်ရမည့် အရာများကို ကြံဆနေစဥ် စောစောက သူ ပြောသွားခဲ့သည့် စကားများကို ပိုင်ရှောင်ချန်းက ကြားလိုက်ရသဖြင့် မျက်လုံးအိမ်များ ကျဥ်းသွားတော့သည်။

အနှီလျှပ်စီးတိမ်တိုက်သခင်ကား ယခင်က သူ ရင်ဆိုင်ခဲ့သည့် တစ်ယောက်ထက် များစွာပို၍ စွမ်းအားကြီးမားနေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သာပေါင်းစည်းသွားပါက ထွက်ပေါ်လာနိုင်မည့် ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် တိုက်ပွဲစွမ်းရည်တို့ကို ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်သည်။ ထိုသို့ပေါင်းစည်းသွားပါက သူ့ကို ပိုင်ရှောင်ချန်း ရင်ဆိုင်ရာတွင် ခဲယဥ်းသွားမည်ဖြစ်သည်။

သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ ယခုချက်ချင်း တိုက်ပွဲကို အဆုံးသတ်ရန် ဖြစ်သည်။

သို့သော် သူက စတင်လှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် အနည်းငယ်တွေဝေသွားတော့သည်။

“ ငါ့ကိုလှည့်စားချင်လို့များ အဲဒီလို တမင်ပြောလိုက်တာများလား "

သို့သော်လည်း သူ၏မျက်ဝန်းများမှာမူ ပြတ်သားမှုများဖြင့် တောက်ပသွား၏။

" လှည့်စားနေတာဆိုရင်တောင် ငါတစ်ခုခုလုပ်မှ ရမယ်။ သူ့ကို အခြား ခန္ဓာကိုယ်တစ်ခြမ်းနဲ့ ပေါင်းစည်းခွင့် ပေးလို့မဖြစ်ဘူး "

သူ ရင်ဆိုင်နေရသည့် ရန်သူ၏အဆင့်အတန်းကို ကောင်းကောင်းသိထားသဖြင့် မည်မျှပင် နာကျင်ခံစားရစေကာမူ မဖြစ်မနေချမှတ်ရမည့် ဆုံးဖြတ်ချက်တစ်ခုသာ ကျန်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက လုံးဝတွေဝေမနေတော့ပဲ သူ၏ထာဝရသွေးစက်တစ်စက်အပေါ်သို့ အာရုံပြုလိုက်ကာ ထာဝရအပိုင်းတွင်ဖော်ပြထားသည့် နည်းလမ်းကိုသုံး၍ ၎င်းသွေးစက်အား ချေမွလိုက်တော့သည်။

ထိုထာဝရသွေးစက် ကြေမွသွားသောအခါ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော သွေးချီတစ်မျိုး ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။ သူ၏ပတ်ပတ်လည်တွင် အနီရောင်မြူခိုးများ ရစ်ပတ်လာပြီး သူက အလွန်လျင်မြန်သွားသည်ဟု ခံစားလိုက်ရတော့သည်။

တချိန်ထဲမှာပင် သူ၏လက်ရှိ အသွင်သဏ္ဍာန်ကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ စွမ်းအင်များကို အလျင်အမြန်စုပ်ယူနိုင်စွမ်း ရှိနေသဖြင့် သူသည် သက်ရှိအားလုံးကို စုပ်ယူတော့မည့် ကျဥ်းနက်ကြီးအလား ပြောင်းလဲသွားတော့သည်။

သူ၏ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံး တွန့်လိမ်ကွေးကောက်၍ အက်ကွဲသွားပြီး တချိန်ထဲမှာပင် သူ၏စွမ်းအင်များမှာ မြင့်တက်သွားတော့သည်။ လျှပ်စီးတိမ်တိုက်သခင်မှာ အလန့်တကြား အော်ဟစ်လုမတတ် ဖြစ်သွားတော့သည်။ သူ၏ရင်ထဲတွင် ယခုခံစားနေရသည့် အန္တရာယ်ကြီးမှာ ထာဝရဧကရာဇ်လက်သီးအား ရင်ဆိုင်ခဲ့စဥ်ကထက် များစွာသာလွန်နေကြောင်း သိလိုက်ရသဖြင့် အသားများ တုန်ရီလာတော့သည်။

" ဒါ ဘယ်လိုနတ်ဘုရားစွမ်းရည်ကြီးတုံး။ သောက်ကျိုးနည်းဟေ့။ လက်သီးတိုက်ကွက်က သူ့ဝှက်ဖဲ မဟုတ်ဘူးပဲ "

လျှပ်စီးတိမ်တိုက်သခင်သည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ကြောက်လန့်တကြား အော်ဟစ်နေကြသည့်အလား ခံစားနေရသည်။ မည်သည့်အစီအစဥ်မှ တွေးတောကြံဆနေရန် အချိန်မရှိတော့ပေ။ အနီရောင် မြူခိုးများ ဝန်းရံနေသည့် ပိုင်ရှောင်ချန်းက အနီးသို့ရောက်လာသောအခါ လျှပ်စီးတိမ်တိုက်သခင်သည် ရှိသမျှစွမ်းအင် အကုန်ထုတ်၍ ဆန့်ကျင်ဘက်အရပ်သို့ ပြေးထွက်သွားတော့သည်။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက သူ့အားမော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများမှာ သွေးရောင်ကဲ့သို့ နီရဲနေပြီဖြစ်သည်။ သူသည် ယခင်ပုံစံနှင့်လုံးဝ မတူတော့ပဲ သွေးဆာနေသည့်မျက်ဝန်းများပိုင်ဆိုင်ထားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှင့် တူနေပြီဖြစ်သည်။

All Chapters