အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အပိုင်း (၁၈၄)
ဟယ်ဝေက လှမ်းကြည့်လိုက်သည့်အချိန်တွင် ရှမြန်က ဘာမှမဖြစ်ခဲ့သလို အကြည့်လွှဲလိုက်ပြီး သူတို့ကို မမြင်ချင်ဟန်ဆောင်ထားလိုက်သည်။
သူမ၏မျက်လုံးထောင့်မှနေ၍ ဟယ်ဝေက အခိုက်အတန့် မှင်တက်အံ့သြသွားသည်ကို သတိထားမိလိုက်၏။ သူမသည် ဒီလိုပွဲအခမ်းအနားမျိုးတွင် ပေါ်ထွက်လာသည်က သူ့အတွက် တော်တော်လေးကို မယုံနိုင်သည့်ဟန်ပင်။
နောက်ဆုံး သူ၏အမြင်တွင် ရှမိသားစုသည် သာမန်မိသားစုတစ်ခုသာ။
သို့သော်ငြားလည်း သူသည် သိပ်မကြာခင်တွင် သူမ၏သရုပ်မှန်ကို အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် သူမက သူ့အကြောင်း အမှန်တရား မပေါ်ခင်တွင် သူမကို မြင်တွေ့သွားကာ မောက်ဟွေ့မေကလည်း ထိုအကြောင်းကို သိသွားလိမ့်မည်ကိုတော့ သူသည် မသိသေးချေ။
ရှမြန်က အကြည့်ကို တစ်ဖက်သို့ ပြောင်းလိုက်သည့်အချိန်တွင် သူမကိုကြည့်ရင်း မျက်လုံးထဲတွင် ယမ်းနံ့များအပြည့် ဖြစ်နေသည့် ဖန်ရှောင်၀မ်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
ရှမြန်သည် အနည်းငယ် သိချင်စိတ် ဖြစ်လာခဲ့၏။ "ဖန်ရှောင်၀မ်က ဘာဖြစ်လို့ဒီကိုရောက်နေတာလဲ။ သူ နိုင်ငံခြားကို သွားလိုက်တာ မဟုတ်လား"
"ဘယ်လို ဖန်ရှောင်၀မ်လည်း ဒီမှာရှိတာလား "ရုံရှင်းသည် ဒီကိစ္စကို သတိမထားမိဟန်တူသည်။ သူက ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ငါ့အထင်တော့ တစ်ယောက်ယောက်က ငါ့ကိုလာတွေ့ဖို့ သူ့ကို ခေါ်လာတာနေမှာပေါ့"
သူက ခနဲ့ကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်လေ။ သူလည်း အသက်၂၀ဖြစ်နေပြီပဲ။ တစ်ယောက်ယောက်ကို မြန်မြန်လေး ရှာဖွေဖို့လိုနေပြီလေ။ နောက်ဆုံး ဖန်မိသားစုရဲ့မျက်လုံးထဲမှာ မိန်းကလေးတွေက အသက်ပိုကြီးလေလေ တန်ဖိုးမဲ့လေ မဟုတ်လား”
ဖန်မိသားစုသည် ဒီလောကထဲတွင် မိသားစုအရေးလက်ထပ်ပွဲဟု နာမည်ကြီးမားလေသည်။ ဖန်ရှို့ကျစ်၏ ညီအစ်မ၇ယောက်စလုံးသည် သူတို့မိဘများ၏ အကျိုးစီးပွားကို အမြင့်ဆုံး တိုးတက်စေဖို့ရန်အတွက် နယ်ပယ်အသီးသီးက အဆက်အသွယ်များနှင့် အနီးကပ်ရှိသည့် ချမ်းသာပြီး အာဏာရှိသည့် မိသားစုများနှင့် လက်ထပ်ခဲ့ကြသည်။
ထို့ကြောင့် ဟော်မိသားစုက ပြိုလဲသွားပြီး ဖန်ရှို့ကျစ်က အဖမ်းခံခဲ့ရပြီး နဥ်မိသားစုသည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့သည့်အချိန်တွင် ဖန်မိသားစုကိုတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ချေ။ သူတို့သည် ဖန်ရှို့ကျစ်နှင့် အနီးကပ်ဆုံးဖြစ်သည့် ဖန်ရှောင်ဝမ်ကို နိုင်ငံခြားသို့ မြန်မြန် လွှတ်လိုက်ကြသည်။
ယခုတော့ သူမကလည်း အိမ်ထောင်ပြုဖို့ရန် အသက်အရွယ် ရောက်ရှိလာပြီဖြစ်သဖြင့် လက်ထပ်ပွဲ ပါတနာတစ်ယောက်ကို ရှာဖွေဖို့ရန်အတွက် ပြန်လာခဲ့ခြင်းသာဖြစ်မည်။
"ဒါဆိုရင်တော့ ရှင် သတိထားရတော့မယ်နော်" ရှမြန်က ရုံရှင်းကို စနောက်လိုက်သည်။ "ရှင်ကလည်း အရမ်းကို ကောင်းမွန်တဲ့ သတို့သားလောင်း တယောက်ပဲလေ"
"ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ညှာတာပေးပါ" ရုံရှင်းက ပြောလိုက်သည်။ "အဲဒီအစား ထန်လို့ခေါ်တဲ့ မိန်းကလေးကိုပဲ လက်ထပ်လိုက်ပါတော့မယ်"
နဥ်ရှောက်ပိုင်က ပြုံးလိုက်၏။ "ကြည့်ရတာ အတည်ပြုပြီးသွားပြီးတဲ့ပုံပဲ"
ရုံရှင်းက သူနှင့် ရှမြန်တို့ကို မုန်းတီးစွာဖြင့် ကြည့်လိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်လေသည်။ "အခု အစ်ကိုတို့က ဒီကိုရောက်နေပြီဆိုမှတော့ ကျွန်တော်ကလည်း ဒါကို အတည်ပြုရတော့မှာပေါ့"
သူနှင့် ရုံအဖေကြားတွင် တချို့သော သဘောတူညီမှုများရှိထားသည်မှာ သိသာသည်။
ထို့ကြောင့် နဥ်ရှောက်ပိုင်နှင့် ရှမြန်တို့က ရုံအဘိုးကို အတူတူ လက်ဆောင်သွားပေးကြသည့်အချိန်တွင် ရုံအဖေနှင့်အမေက သူတို့ကို ပျော်ရွှင်စွာဖြင့် ကြည့်ရှုကြ၏။
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ" ရုံအဖေသည် အနည်းငယ်ဝဖိုင့်ပြီး သူ့အပြုံးသည် ထူးထူးခြားခြား ရင်းနှီးဖော်ရွေလေသည်။ "ရှောင်ပိုင်က ချစ်သူကောင်မလေးတစ်ယောက်တောင် ရသွားပြီပဲ။ ဘယ်တော့ လက်ထက်ကြဖို့ စဉ်းစားထားလဲ"
ရုံအဘိုးကလည်း အပြုံးဖြင့် ပြောလိုက်သည်။ "ရှောင်ပိုင်က ကလေး မဟုတ်တော့ဘူးနော်။ သူက ဒီနှစ်ဆိုရင် လက်ထပ်ရလိမ့်မယ်။ နောက်နှစ်ဖြစ်ဖြစ် နောက်တစ်နှစ်ရဲ့ နောက်တစ်နှစ်ဖြစ်ဖြစ် ဝဖိုင့်ဖိုင့် ကောင်လေးတစ်ယောက်တောင် ရလာတော့မှာ"
ရှမြန်...
ရုံရှင်းသည် ရုံမိသားစုမှ အကြီးအကဲများကို သူတွေ့သမျှလူတိုင်းနှင့် လက်ထပ်ဖို့ရန် တိုက်တွန်းခိုင်းနေသည့်အခြေအနေ တစ်ခုသို့ တွန်းပို့ခဲ့သည်ပဲ။ သူသည် သူတို့ကိုလက်ထပ်ဖို့ရန် တိုက်တွန်းနေသည့်အပြင် ကလေးယူဖို့ပါ တိုက်တွန်းနေလေသည်။
ရုံရှင်းက အော်ကာပြောလိုက်၏။ "ရှမြန်က ကျောင်းတက်နေတုန်းပါဗျ။ အဲဒီလောက် မမြန်ပါဘူး"
ရုံအဖေကတော့ အပြုံးဖြင့်ပြောလိုက်၏။ "ရပါတယ်။ မင်းလည်း အဲဒီနေရာကို ရောက်တော့မှာပဲ။ ငါ ပြောထားတယ် မဟုတ်လား။ ရှောင်ပိုင်က ချစ်သူရသွားသရွေ့တော့ မင်း လက်ထပ်ရမယ်လို့လေ"
သူသည် တဖက်သို့လှည့်လိုက်ပြီး အဘိုးရုံဘက်သို့ပြောလိုက်၏။ "ကျွန်တော်တို့တွေ ထန်မိသားစုနဲ့ သဘောတူညီမှုတွေ ပြုလုပ်ထားပြီးပြီ။ အဖေ အဖေ့ရဲ့မြစ်ကလေးကို ချီရဖို့သာ စောင့်နေလိုက်တော့"
ရုံရှင်းက တစ်ခုခုပြောတော့မည် ပြင်လိုက်စဉ်တွင် ရုံအဖေက ပြောလိုက်လေသည်။ "ဒါက အဖေ့ရဲ့ အသက်၇၀ပြည့် မွေးနေ့အတွက် ရုံရှင်းရဲ့ စပရိုက်လက်ဆောင်လေ"
ရုံအဘိုးသည် ချက်ချင်းဆိုသလို ပြုံးကာပြောလိုက်၏။ "ကောင်းတယ်။ ကောင်းတယ်။ ဒါက ဒီနေ့ အဘိုးရခဲ့တဲ့လက်ဆောင်ထဲမှာ အကောင်းဆုံးလက်ဆောင်ပဲ"
ရုံရှင်းသည် ရုတ်တရက် ဘာမှမပြောနိုင်အောင် ဖြစ်သွားတော့၏။
ရှမြန်သည် ရုံရှင်း၏ စိတ်ပျက်လက်ပျက် နီမြန်းသွားသည့်မျက်နှာကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်လက်ကို တင်းနေအောင်ကိုင်ထားကာ ရယ်ချင်စိတ်ကို မျိုသိပ်ထားရလေသည်။
နဥ်ရှောက်ပိုင်က သူမကို ငုံ့ကြည့်လိုက်ပြီး သူ၏ကျန်သည့်လက်တစ်ဖက်ကို သုံးကာ သူမ၏ ဆံပင်လေးကို သပ်ပေးလိုက်၏။
ရုံရှင်းက သူတို့ကို ခေါ်ထွက်လာမည်ဟု ပြင်လိုက်စဉ်တွင် လူတစ်အုပ်က တံခါးမှနေ၍ ဝင်လာခဲ့၏။ သူတို့အများစုက ရုံအဘိုး၏မြေးလေးများ ဖြစ်ကြပြီး တချို့ကတော့ ဖန်ရှောင်ဝမ်လို လူမှုရေးအရ ရောက်လာကြသူများ ဖြစ်သည်။
ရှမြန်က သူမကို လှမ်းကြည့်လိုက်ပြီး ဒီအတိုင်း လျစ်လျူရှုထားလိုက်သည်။ ဒီလို လူမျိုးကို လျစ်လျူရှုထားခြင်းက သူမအတွက် အကောင်းဆုံး အထင်သေးခြင်းကိစ္စပင်။
"အဘိုး" အဖျတ်လတ်ဆုံး မြေးလေးဖြစ်သည့် လျန်မီသည် အပြေးအလွှား ရောက်လာပြီး အဘိုးကြီးကို ပွေ့ဖက်လိုက်သည်။ "အဘိုး ကံကောင်းပြီးတော့ အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်"
အဘိုးရုံ၏ မျက်နှာသည် ရုတ်တရက် အပြုံးတစ်ခုဖြစ်လာခဲ့၏။ "ကလေးတို့တွေ ဘယ်နားမှာ သွားကစားနေကြတာလဲ"
"အဟဲ သမီး အဘိုးအတွက် စပရိုက်လက်ဆောင်တစ်ခု ပြင်ဆင်ထားပေးတယ်"
အဘိုးကြီးသည် ဖြတ်လတ်တက်ကြွသည့် လူငယ်တစ်အုပ်ကို ကြည့်လိုက်ပြီး သိသိသာသာ ပျော်ရွှင်လာလေသည်။
ကောင်းချုံးယင်းနှင့် နောက်ထပ်မိန်းကလေးတစ်ယောက် ကဝင်လာသည့်အချိန်တွင် အဘိုးကြီးက ပိုလို့ပင် ပျော်ရွှင်သွားလေသည်။
"မြောင်မြောင်နဲ့ ချုံးယင်းတို့ ရောက်လာပြီပဲ"
ရှမြန်၏ မျက်လုံးများသည် အမှတ်တမဲ့ မြောင်မြောင်ဟုခေါ်သည့် မိန်းကလေးဆီသို့ ကျရောက်သွား၏။ နဥ်ရှောက်ပိုင်က သူ့ခေါင်းကို ငုံ့ပြီး သူမနားနား ကပ်ကာသတိပေးလိုက်၏။ "အဲဒါက မိန်းကလေးထန်လေ"
ရှမြန်သည် ရုံရှင်းက သူမကို အလွန် မှကြောက်ရသည့်အကြောင်းအရင်းကို စဉ်းစားလိုက်မိ၏။ သူမသည် အမှန်ပင် တော်တော်လေးကို လှပလေသည်။ သို့သော်ငြားလည်း အနည်းငယ်အေးစက်ကာ ခပ်တန်းတန်း နေတတ်ပြီး နဥ်ရှောက်ပိုင်၏ အေးတိအေးစက်နှင့် ခပ်ကင်းကင်းနေတတ်သည့် အပြုအမူနှင့် တော်တော်လေးကို ကွာခြားသည်။
နဥ်ရှောက်ပိုင်၏ တုံ့ပြန်မှုက "အကြောင်းမရှိရင် ငါနဲ့လာမပက်သက်နဲ့" ဟူသည့်ပုံစံမျိုး ဖြစ်သော်ငြားလည်း ဒီမိန်းကလေးထန်ကတော့ "ငါ့အနားမကပ်နဲ့"ဟု တိုက်ရိုက်ပြောနေလေသည်။ သူမ၏ အရောင်အဝါက အမှန်ပင် အားကောင်းလှပြီး ကောင်းချုံးယင်းသည် သူမဘေးတွင် လျှောက်လာသည့်အချိန်တွင် မပေါ်လွင်တော့ချေ။
ရုံမိသားစု၏ လူကြီးများကတော့ သူမကို အလွန်မှ သဘောကျသည်မှာ သိသာသည်။ အဘိုးရုံက သူမ၏လက်ကိုပင် ကိုင်ကာ သူမ၏အခြေအနေကို မေးမြန်းနေလေ၏။ နောက်ဆုံးတွင်တော့ သူသည် ရုံရှင်းကို သူ့အနားသို့ လှမ်းခေါ်လိုက်ကာ ပြောလိုက်လေသည်။ "ဒီနေ့ မင်းရဲ့တာဝန်က မြောင်မြောင်ကို စောင့်ရှောက်ပေးဖို့ပဲ။ မင်း နားလည်လား"
ရုံရှင်းသည် အောင့်သက်သက်ဖြင့် ခေါင်းညိတ်လိုက်သော်ငြားလည်း မိန်းကလေးထန်၏ မျက်နှာပေါ်တွင်တော့ ဘာမှပြောင်းလဲမသွားခဲ့ချေ။
ကောင်းချုံးယင်းကတော့ ပြုံးကာပြောလိုက်သည်။ "ကြည့်ရတာ သခင်လေးရုံက သိပ်မကြာခင် လက်ထပ်တော့မယ် ထင်တယ်"သူမသည် အချိန်ကိုက်လက်ဆောင်ကို ထုတ်ပေးလိုက်၏။
ရုံမိသားစု၏ အကြီးအကဲများသည် ချက်ချင်းဆိုသလို တစ်ဖန်ရယ်မောကြလေသည်။
အဘိုးရုံ၏လက်ကို တွဲထားသည့်လျန်မီက ရုတ်တရက် တစ်ခုခုကို သတိရသွားသည်ဟန်ဖြင့် "အစ်မချုံးယင်း စားသောက်ပွဲ လုပ်နေတုန်းအတွင်းမှာ အဘိုးရဲ့မွေးနေ့ပွဲကို ဂုဏ်ပြုပေးဖို့ ညီမတို့တွေ ဖျော်ဖြေဖို့ စီစဉ်ထားတယ်။ အစ်မက ပီယာနိုတီးတဲ့နေရာမှာ အရမ်းတော်တယ်လို့ သိထားတယ်။ အစ်မ ညီမတို့နဲ့အတူတူ ဖျော်ဖြေချင်လား"
ရှမြန်သည် ချက်ချင်းဆိုသလို နားစွင့်ထားလိုက်ပြီး စဉ်းစားလိုက်လေသည်။ လာပြီလေ! အရည်အချင်းကို ဖိနှိပ်မဲ့ အစီအစဉ်ပေါ့။
အဘိုးရုံက အပြုံးနှင့် ပြောလိုက်သည်။ "ဒါက အဘိုးအတွက် ပြင်ဆင်ပေးထားတဲ့ စပရိုက်လက်ဆောင်လား"
လျန်မီက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်သည်။ "သမီးတို့တွေ အစောကြီးကတည်းက ပြင်ဆင်ထားကြတာ အဘိုးရဲ့။ ပွဲကို စောင့်ကြည့်နေနော်" ထိုနောက်တွင်တော့ သူမက ကောင်းချုံးယင်းကို ချွဲနွဲ့စွာဖြင့် ပြောလိုက်သည်။ "အစ်မ ချုံးယင်း ဒီကိုလာပါ"
ကောင်းချုံးယင်းကလည်း လှိုက်လှိုက်လဲလဲဖြင့် ပြောလိုက်လေသည်။ "ဒါပေါ့။ လာရမှာပေါ့"
ထို့နောက်တွင်တော့ သူမသည် နဥ်ရှောက်ပိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။ "အဲဒီလိုပြောတော့ ရှောင်ပိုင်ရဲ့ တယောအရည်အချင်းကလည်း တကယ် အံ့သြဖို့ကောင်းတာနော်"
"အဘိုးရုံအတွက် အတူတူ သီချင်းတစ်ပုဒ်လောက် မဆိုချင်ဘူးလား"
လျန်မီက ချက်ချင်း လက်ခုပ်လက်ဝါးတီးက ပြောလိုက်၏။ "အိုး စန္ဒယားနဲ့ တယောဆိုတော့ လိုက်ဖက်တယ်လေ။ ဒါက သေချာပေါက် အံ့သြစရာကောင်းမှာပဲ"
ရှမြန်သည် တောက်ပနေသည့်မျက်လုံးများဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ "ဒေါက်တာနဥ် ရှင်က တယော တီးတတ်တယ်"
နဥ်ရှောက်ပိုင်သည် သူမ၏အကျယ်ချဲ့နေသည့် အပြုအမူများကြောင့် မနေနိုင်ဘဲ ရယ်မောမိတော့သည်။
ဒါသည် မျှော်လင့်ထားသည့်တစ်စုံတစ်ခုပင်။ ကောင်းချုံးယင်းသည် သန်မာပြီး စီးပိုးသည့်သူတစ်ယောက် ဖြစ်သည်။ သူမသည် ရှမြန်ကို သူမ၏စိတ်အတွင်းထဲမှနေ၍ အထင်သေးပြီး မည်သည့်အောက်တန်းကျသည့်နည်းလမ်းကိုမှ သုံးလိမ့်မည် မဟုတ်ပေ။ ရှမြန်ကို အရှက်ကွဲအောင် ပြုလုပ်ရန်နှင့် ဒီအသိုင်းအဝိုင်းထဲကလူများ၏ အထင်သေးခြင်းကို ထပ်ရဖို့ရန်အတွက် အရည်အချင်းကို ဖိနှိပ်ခြင်းက အရေးအကြီးဆုံးအပိုင်း ဖြစ်သည်။ အရည်အချင်းကို ပြသသည့်ပွဲက တိုက်ရိုက်အကျဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်လေသည်။
နောက်ဆုံး ဒီနေ့ခေတ်တွင် ဆင်းရဲသည့်မိသားစုများက ကလေးအတွက် ကျောင်းသွားနိုင်သည်ဆိုသည်က ကောင်းမွန်သည့် အခြေအနေတစ်ခုဖြစ်ပြီး သူတို့သည် ဒီလိုအရည်အချင်းများကို လေ့လာဖို့ရန်အတွက် မည်သည့်နေရာမှ အပိုဝင်ငွေရှိပါမည်နည်း။
ထို့ကြောင့် ရှမြန်သည် သူက တယောတီးတတ်သည်ဟု သိလိုက်ရသောအခါ သူမကလည်း ချက်ချင်းကို အစီအစဉ်တစ်ခု ပြင်ဆင်ထားလိုက်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက သူမသည် အားလပ်ရက် ရသည့်အချိန်တိုင်း သူ့ကို အတူတူလေ့ကျင့်ပေးရန် တောင်းဆိုပြီး သူမသည် အားလုံးကို သေချာပေါက် တအံ့တဩလုပ်ရမည်ဟု ပြောနေတတ်သည်။
သို့သော်ငြားလည်း ယခုတော့ သူမသည် ဒီနေရာတွင် ဟန်ဆောင်နေလေ၏။
ဟုတ်ပါသည်။ ကောင်းချုံးယင်း၏ မျက်လုံးများကလည်း အထင်သေးမှုများဖြင့် ဖျတ်ခနဲ လက်သွား၏။ သို့သော်ငြားလည်း သူမက ပြုံးကာပြောလိုက်သည်။ "ရှမြန် နင် မသိဘူးလား။ ရှောင်ပိုင်က တယောတီးတာ အရမ်းကောင်းတယ်လေ"
လျန်မီက ပြောလိုက်သည်။ "အစ်မချုံးယင်းကလည်း စန္ဒယားတီးတဲ့နေရာမှာ အရမ်းတော်ပါတယ်။ အစ်မတို့၂ယောက်က ကျွန်မတို့ရဲ့ပိတ်ပွဲအတွက် အတူတူ တီးခတ်ပေးကြပေါ့"
ရုံရှင်းက မျက်မှောင်ကြုတ်လိုက်၏။ "လျန်မီ လျှောက်လုပ်မနေနဲ့"
လျန်မီက နားမလည်သည့်ရုပ် ဖြစ်သွား၏။ "ဘာဖြစ်လို့လဲ"
ကောင်းချုံးယင်းက နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
"အဆင်မပြေလို့လား"
သူမ၏မျက်လုံးများသည် နောက်ဆုံးတော့ ရှမြန်ဆီသို့ ကျရောက်သွားကာ သူမက လှိုက်လှိုက်လှဲလှဲ ပြုံးပြပြန်သည်။ "ဒါက အဘိုးရုံရဲ့မွေးနေ့ပွဲကို ဂုဏ်ပြုပေးမဲ့ ၂ယောက်တွဲအစီအစဉ်လေ။ နင် အဲဒီလောက်အထိ သဘောထားမသေးပါဘူး။ ဟုတ်တယ်မလား"
အားလုံး၏ မျက်လုံးများက ရှမြန်ပေါ်သို့ ကျရောက်သွား၏။ တချို့ကတော့ သူတို့သည် ပွဲကြီးပွဲကောင်းတစ်ခုကို စောင့်ဆိုင်းနေပုံပေါ်သည်။ သို့သော်ငြား ရှမြန်ကတော့ ဘာရှက်ရွံ့မှုကိုမှ မပြသဘဲ တည့်တိုးသာ ပြောလိုက်လေသည်။ "ငါက သဘောထားသေးတာ မဟုတ်ပါဘူး"
သူမက နဥ်ရှောက်ပိုင်၏လက်ကို ကိုင်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ဒေါက်တာနဥ် တကယ်လို့ ရှင်က တယောတီးတတ်တယ်ဆိုရင် အတူတူ တီးရအောင်လေ"
အဆင့်အတန်း တစ်ခုပေးထားတယ်ဆိုတာက ခိုင်လုံကြောင်းသက်သေ ပြထားတာပေါ့။ ဒီတော့ ငါကလည်း ငါ့ရဲ့ချစ်သူကောင်လေးနဲ့ တီးခတ်ပြချင်တယ်လေ။ အားလုံးက ဘေးမှာ ရပ်နေကြသင့်တယ်။
လျန်မီက ပြောလိုက်သည်။ "အစ်မချုံးယင်းက စန္ဒယားမှာ အဆင့်၁၀နော်။ နင့်ရဲ့အဆင့်ကရော ဘယ်လောက်လဲ။ သခင်လေးနဥ်ကို ပြန်မဆွဲချပါနဲ့"
ရှမြန်က သူမ၏လက်ကို ဝှေ့ရမ်းလိုက်ကာ ပြောလိုက်၏။ "ငါတို့တွေက မွေးနေ့ပွဲတစ်ခုကို ကျင်းပနေတာလေ။ စွမ်းရည်စာမေးပွဲ ဖြေနေတာမှ မဟုတ်တာ။ ပျော်ပျော်ရွှင်ရွှင်လေး လုပ်ကြတာပေါ့။ ဒီအပြင် ငါက စန္ဒယားတီးမှာလို့ ဘယ်သူ ပြောလို့လဲ"
"ငါက မတူညီတာတစ်ခုခုကို လုပ်ပေးမှာ" သူမကအပြုံးဖြင့် လူကြီးမင်းရုံကို ပြောလိုက်လေသည်။
"ကျွန်မက အဘိုးအတွက် တကယ့်ကိုကောင်းတဲ့ အချိန်တစ်ခုကို သေချာပေါက် ရအောင်လုပ်ပေးမှာပါ"
အဘိုးရုံသည် သူမ၏တက်ကြွနေသည့်ပုံစံလေးကို သဘောကျ၏။ "ဒါဆိုရင်တော့ ငါက စောင့်ကြည့်ရဦးမှာပေါ့"
ဖန်ရှောင်ဝမ်က ပြောလိုက်သည်။ "တယောပါဆိုမှ ဘာဖြစ်လို့ အဲဒီလောက်အထိ တက်တက်ကြွကြွရှိမှာလဲ။ နင် တစ်ခုခုကို ပြင်ဆင်ထားဖို့လိုလို့လား။ အရမ်းကြီးလည်း ကြွားဝါမနေနဲ့နော်။ သခင်လေးနဥ်ကို နောက်ဆုံးကျမှ တစ်ယောက်တည်း ဖြေရှင်းရအောင်မလုပ်နဲ့"
ရှမြန်သည် စိတ်ပျက်မသွားဘဲ လျန်မီကို အပြုံးဖြင့် မေးလိုက်လေသည်။ "နင်တို့မှာ အစီအစဉ် ရေးထားတဲ့ စာရင်းရှိလား။ စာရင်းကို ငါ့ကို ပြကြည့်လေ။ ဒါမှ ငါတို့တွေ အချင်းချင်း မတိုက်ကြမှာ"
ရုံရှင်းက ပြောလိုက်သည်။ "ဒါတော့အမှန်ပဲ"
သူသည် လျန်မီဆီသို့ တိုက်ရိုက်သွားလိုက်ပြီး အစီအစဉ် စာရင်းစာရွက်ကို လှမ်းယူလိုက်၏။
အစီအစဉ်ကို ဖတ်ပြီးသွားသည့်နောက်တွင် ရှမြန်ကပြောလိုက်၏။ "အားလုံးက ဘာဖြစ်လို့ စန္ဒယားနဲ့ တယောတွေပဲ ဖြစ်နေတာလဲ"
ယနေ့ခေတ်တွင်လူ များသည် နိုင်ငံခြားက အကြောင်းအရာများကို လေးစားအားကိုးကြပြီး ချမ်းသာသည့်မိသားစုများက ကလေးသည် အနောက်တိုင်း ဂီတတူရိယာများထဲက တစ်ခုခုကို မသင်ကြားခဲ့လျှင် အတန်းထဲတွင် လိုအပ်ချက်တစ်ခုရှိသည်ဟု ခံစားရ၏။ ထိုအထဲတွင်တော့ စန္ဒယားနှင့် တယောက အများဆုံးဖြစ်သည်။
သူမက ဒီစကားကို ပြောလိုက်သည်နှင့်ချက်ချင်း အားလုံး၏ အရည်အချင်းက နေရာတိုင်းတွင် သိပြီးသားအရာလို ဖြစ်လာခဲ့သည်။
သူမက ပြုံးလိုက်ပြီး နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ "ကံကောင်းတာကတော့ ကျွန်မ ရှင်နဲ့အတူတူ တီးခတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ရှိုးပြပွဲက အတက်ကြွဆုံးနဲ့ အစည်ကားဆုံး သေချာပေါက် ဖြစ်လာလိမ့်မယ်"
လျန်မီက မေးလိုက်သည်။ "မစ်ရှက ဘယ်လိုဖျော်ဖြေချင်လို့လဲ"
"ဒရမ်" ရှမြန်က စမ်းကြည့်ချင်နေသည့် စိတ်အားထက်သန်မှုကို ပြလိုက်ပြီး ရုံရှင်းကို ပြောလိုက်လေသည်။ "အစ်ကိုရုံ အစ်ကို့ဆီမှာ ဒရမ်တီးဝိုင်းတစ်ခုရှိလား။ ကျွန်မ ဒရမ်တီးချင်လို့"
နဥ်ရှောက်ပိုင်ကတော့ အလွန်အံ့သြသွားသလို ပြုမူပြလိုက်သည်။ "မင်းက ဒရမ်လည်း တီးတတ်သေးတာလား"
ရှမြန်က သူမ၏မေးကို ချီထားလိုက်ကာ ဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်မက အများကြီး သိတယ်နော်"
"ဒရမ်ကို ဒစ်စကိုမှာပဲ သုံးကြတာ မဟုတ်လား" ဖန်ရှောင်၀မ်က သတိလေးနှင့် မေးလိုက်လေသည်။
"ဒရမ်ကို ဒီနေရာမှာ တီးခတ်တာက ဆိုးရွားမနေဘူးလား။ နင်က အားလုံးကို ဒီနေရာမှာ ဒစ်စကိုက စေချင်နေတာလား"
လူတိုင်းက ရယ်မောကြသည်။
ရှမြန်က အပြုံးဖြင့် ပြောလိုက်၏။ "ဂီတဆိုတာက နိုင်ငံနယ်မြေ၊ စည်းလည်းမရှိသလို အနိမ့်အမြင့်ကြားမှာ ကွာခြားချက်လည်း မရှိဘူးလို့ ပြောကြတယ်။ ဒါက နေရာပေါ်ပဲမူတည်တာပါ။ နိုက်ကလပ်က စန္ဒယားနဲ့ တယောရှိတယ်ဆိုရင် အဲဒါတွေကို လူတိုင်းက အထင်ကြီးပြီး လေးစားကြတယ်လေ"
ရုံရှင်းသည် သူမကို လက်မထောင်ပြလိုက်ပြီး ပြောလိုက်၏။ "အပြောကောင်းတယ်။ အသက်ငယ်ငယ်လေးနဲ့ ဒီလိုကြီးမားတဲ့အမြင် ရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး"
ရှမြန်က ပြုံးလိုက်သည်။
ဖန်ရှောင်၀မ်ကတော့ မရွှင်မပျ ဖြစ်သွား၏။ အကယ်၍ ရုံရှင်း၏စကားက ထိုသို့ထွက်လာခဲ့လျှင် သူမသည် အမြင်ကျဥ်းနေသည်ဟူသည့် အဓိပ္ပာယ် မဟုတ်ပါလား။
လျန်မီက ပြောလိုက်၏။ "ဒရမ်တီးဝိုင်းက တကယ့်ကို တက်ကြွမှာပဲ။ ဒါပေမဲ့ တယောနဲ့တီးမှာလား။ သေချာလို့လား။ ငါတို့ရဲ့ဖျော်ဖြေပွဲကို ပျက်စီးအောင် မလုပ်နဲ့နော်"
ကောင်းချုံးယင်းကလည်း ပြုံးကာပြောလိုက်လေသည်။ "ဒါက အဘိုးရုံရဲ့မွေးနေ့ပါတီလေ။ ရှောင်ပိုင် တယောတီးတာကို ကြားရခဲတယ်။ လုံခြုံတဲ့အနေအထားဖြစ်အောင် နင့်ရဲ့ဒရမ်တီးဝိုင်းနဲ့ သီးသန့်ဖျော်ဖြေမှုတစ်ခု လုပ်လို့ရပါတယ်"
"နင် ဒါကိုမမြင်ဖူးတာနဲ့ပဲ ဒါက စိတ်လှုပ်ရှားစရာ မကောင်းဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလေ" ရှမြန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။
"စိတ်မပူပါနဲ့။ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး။ တကယ်လို့ တကယ်မကောင်းဘူးဆိုရင်လည်း..."
သူမသည် မည်သည့်စကားလုံးကို သုံးရလျှင်ပိုကောင်းပါမည်နည်းဟု စဉ်းစားနေလိုက်၏။
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို ထိကိုင်လိုက်ကာ ပြောလိုက်သည်။ "ကိုယ်က ရုံရှင်းကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ဖယ်ရာရီsportကား တစ်စီးပေးလိုက်မယ်"
အားလုံးသည် အုပ်အုပ်ကျက်ကျက် ဖြစ်သွားကြပြီး ရုံရှင်းကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
"တကယ်လား"
ရုံအဖေသည် အခိုက်အတန့်တွင် မှင်တက်အံ့ဩသွားပြီးမှ သတိပြန်ဝင်လာကာ အပြုံးနှင့် ရုံးရှင်းကို ပြောလိုက်သည်။ "သူတို့တွေက မင်္ဂလာလက်ဖွဲ့လို့ ပြောနေတာနော်"
ရုံရှင်းသည် ဂရုမစိုက်နိုင်တော့ပေ။ ဖယ်ရာရီsportကားသည် အင်မတန်မှ စျေးကြီးလှပြီး အစောကြီးကတည်းက သူ အိပ်မက်မက်နေရသည့်အရာ ဖြစ်သည်။ သူသည် ဒီကားအတွက်တော့ ကိုယ့်ဟာကိုယ် ရောင်းစားဖို့ရန် လိုလားလေသည်။
အဘိုးရုံက အဖေရုံကို လက်သီးဖြင့် တစ်ချက်လှမ်းထိုး လိုက်၏။ "သူတို့တွေက ဖျော်ဖြေပွဲမှာ တစ်ခုခု ဖြစ်ခဲ့ရင်လို့ ပြောနေတာလေ"
အဖေရုံကတော့ ပြုံးကာပြောလိုက်သည်။ "ဒါဆိုရင်လည်း ရုံရှင်းက အဖေ့ကိုပြဿနာမရှာအောင် ဂရုစိုက်ထားသင့်တယ်နော်"
ရုံရှင်းက ပြောလိုက်၏။ "ဟုတ်တယ်။ ရှမြန် နင် ဒီအတိုင်းသာ လျှောက်ပြီးတော့ တီးလိုက်"
ရှမြန်က နှာခေါင်းရှုံ့ပြလိုက်သည်။ "လုံးဝမဖြစ်ဘူး"သူမက နဥ်ရှောက်ပိုင်ဘက်သို့ လှည့်ကာ သူမ၏ မျက်လုံးများက တဖျတ်ဖျတ်လက်နေသည်။ "ဒေါက်တာနဥ် ရှင် ကျွန်မကို အရမ်းယုံကြည်တာပဲနော်"
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို ထိကိုင်လိုက်ကာ အမြတ်တနိုး ပြုံးပြလိုက်ပြီး ရုံရှင်းကို ပြောလိုက်၏။ "မင်း ဒရမ်တီးဝိုင်းတစ်ခုကို ရှာနိုင်လို့လား"
ရုံရှင်းက အိုကေဟု လက်ဟန်ပြလိုက်ပြီး ပြောလိုက်၏။ "ဒါတွေအားလုံးကို ဘယ်လိုလုပ်ပြီးတော့ ရှာမှာလဲ"
ခန်းမထဲက မည်သူကမှ စကားမပြောကြချေ။
သူတို့သည် ကိုယ့်ဟာကိုယ် ပြန်လည်မေးမြန်းနေကြလေသည်။ အကယ်၍ သူတို့၏မိဘအရင်းများက ရောက်လာခဲ့လျှင်ပင်သူတို့သည် သူတို့ကတော့ ထိုသို့ လုံးဝလုပ်ရဲလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ကလည်း ကိုယ့်ဟာကိုယ် အရှက်မခွဲရဲကြပေ။
ကောင်းချုံးယင်းသည် ထိုအခိုက်အတန့်တွင် သူမ၏မျက်နှာပေါ်က အမူအရာကို မထိန်းထားနိုင်တော့ပေ။ သူမသည် ၃နှစ်လုံးလုံး ကြိုးစားအားထုတ်လာခဲ့ရပြီး သူမ၏ မျှော်လင့်ထားသည့် အရာအားလုံးမှာ သူ့ဘေးတွင် နေရဖို့ရန်ဖြစ်လေသည်။ သို့သော်ငြားလည်း ရှမြန်ကတော့ အသက်ကယ်တင်ပေးခဲ့သည်ဟူသည့် အမည်ခံသပ်သပ် ကျေးဇူးတရားကို အသုံးချကာ သူ၏သဘောကျမှုကို ထိုမျှလောက် အများကြီး အလွယ်တကူ ရရှိခဲ့လေသည်...။
...
အပိုင်း (၁၈၅)
ရုံရှင်းကလည်း ကောင်းချုံးယင်း၏ မျက်နှာပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ထို့အပြင် လျန်မီသည် လာဘ်ထိုးခံရသည်မှာ သိသာသည်။ တစ်စုံတစ်ယောက်က ရှမြန်ကို ပြဿနာရှာလိမ့်မည်ကို စိုးရိမ်သဖြင့် သူက သူတို့၂ယောက်ကို တခြားနားနေခန်းဆီသို့ ခေါ်သွားလိုက်၏။
သူတို့အားလုံးသည် ရုံရှင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြသည့် မိတ်ဆွေသူငယ်ချင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင်တော့ သူတို့သည် ဆိုးသွမ်းသည့် သူငယ်ချင်းများဖြစ်ကြ၏။
သူ့မိသားစုက သူ့ကို လက်ထပ်ဖို့ ဖိအားပေးနေသည်ကို သိထားသည့်တိုင် ဒီနေ့တွင် သူ၏ မိန်းကလေးသူငယ်ချင်းများ အားလုံးနီးပါးကို ဒီနေရာသို့ ခေါ်လာခဲ့သဖြင့် ရုံရှင်းသည် အလွန်ဒေါသထွက်သည်။
နဥ်ရှောက်ပိုင်ကလည်း သူတို့ အများစုကိုသိ၏။ သူတို့သည် ဝင်လာသည့်အချိန်တွင် လူတော်တော်များများက ထရပ်ပြီး သူတို့ကို နှုတ်ဆက်လိုက်ကြသည်။
လီကျားစယ်က ပြုံးကာ ပြောလိုက်၏။ "အိုး ကျုပ်တို့ရဲ့ဥက္ကဋ္ဌနဥ်ရဲ့ သံမဏိသစ်ပင်ကြီးက နောက်ဆုံးတော့ ပန်းပွင့်လာပြီပဲ။ လာပါဦး။ ကျွန်တော်တို့ကိုလည်း မိတ်ဆက်ပေးပါဦး"
နဥ်ရှောက်ပိုင်က ပြုံးကာ ရှမြန်ကို ပွေ့ဖက်လိုက်ပြီး "ဒါက ကျွန်တော့်ရဲ့ချစ်သူ ရှမြန်လေ"
"မြန့်မြန် ဒါက အစ်ကိုလီ။ မော့ဟယ်ရဲ့ စီအီးအိုပေါ့။ ဒါကတော့ သခင်လေးကျူး၊ ယွဲ့ကျင်းဟိုတယ်ပိုင်ရှင်..."
ရှမြန်က သူတို့ကို ပွင့်ပွင့်လင်းလင်း နှုတ်ဆက်လိုက်၏။ သူတို့ထဲက တချို့ကတော့ သူတို့၏မိန်းကလေး သူငယ်ချင်းများကို တည်တည်ငြိမ်ငြိမ်ဖြင့် မိတ်ဆက်ပေးကြစဉ် တချို့ကတော့ ထိုသို့မလုပ်ခဲ့ချေ။ မိတ်မဆက်ပေးကြသည့် လူများကလည်း ဒီအတိုင်းအဖော်ခေါ်လာသည့် အမျိုးသမီးများ သက်သက်သာဖြစ်သည်။
အားလုံးက နှုတ်ဆက်စကား ပြောပြီးကြသည့်နောက်တွင် ရုံရှင်းသည် ဧည့်သည်များကို ဧည့်ခံဖို့ရန်အတွက် အပြင်သို့ ထွက်သွားလိုက်ပြီး နဉ်ရှောက်ပိုင်ကတော့ သူတို့နှင့်အတူ ကဒ်ကစားသည့်စားပွဲပေါ်တွင် ထိုင်ချလိုက်ကာ ကတ်ကစားရင်း စကားပြောလိုက်သည်။
ရုံရှင်းသည် အားကိုးရဟန်မတူသော်ငြားလည်း အမြဲတမ်း အလုပ်ကြိုးစားပေးသည်။ ထို့ကြောင့် ဒီမိတ်ဆွေသူငယ်ချင်းအဖွဲ့သည် အနည်းနှင့် အများတော့ နယ်ပယ်အသီးသီးတွင် ပါဝင်ပတ်သက်နေကြ၏။ ထို့ကြောင့် နဥ်ရှောက်ပိုင်ကတော့ ထိုမျှလောက် မပျင်းရိရချေ။
ဆန့်ကျင်ဘက်အနေနှင့် ရှမြန်ကတော့ သူတို့၏အကြောင်းအရာကို စိတ်မဝင်စားပေ။ သူမက ဟယ်ဝေကိုသာ စိုးရိမ်နေသည်။ ခဏလောက် စဉ်းစားလိုက်ပြီးသည့်နောက်တွင် သူမက နဥ်ရှောက်ပိုင်ကို နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့၏။
ကျူးကျားတုန်းက ချီတုံချတုံ ဖြစ်သွားကာ သတိပေးလိုက်သည်။ "သူတစ်ယောက်တည်း အပြင်ထွက်သွားလို့ အဆင်ပြေပါ့မလား"
လီကျားစယ်ကလည်း အနည်းငယ် စိုးရိမ်နေ၏။ "ရောက်လာတာ သိပ်မကြာသေးဘူးလေ။ သတင်းကလည်း ဒီနေရာအထိတောင် ပြန့်နေပြီ" သူသည် ဆိုဖာပေါ်တွင် ထိုင်နေကြသည့် အမျိုးသမီးများကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ပြီး ထိုသူများက အတင်းသတင်းနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။
သရုပ်ဆောင်များ၊ မော်ဒယ်များ၊ များစွာတက်ရောက်ကြပြီး သူတို့အများစုကတော့ ခုနတုန်းက တရားဝင်မိတ်ဆက် မပေးခဲ့ကြသည့် အမျိုးသမီးအဖော်များသာ ဖြစ်သည်။ သူတို့ကို ဒီနေရာသို့ ခေါ်လာသည့် အကြောင်းအရင်းကလည်း သူတို့သည် လူမှုရေးနယ်ပယ်တွင် ဆက်ဆံရေး ကောင်းမွန်ကြသောကြောင့်ပင်။ ထို့ကြောင့် သူတို့သည် သတင်းအချက်အလက်များကို မြန်မြန်ရရှိနိုင်သည်။
နဥ်ရှောက်ပိုင်ကတော့ ဘာမှဂရုမစိုက်ဘဲ ပြောလိုက်၏။ "သူ အကြာကြီး ငြိမ်ငြိမ်ထိုင်မနေနိုင်ပါဘူး။ လွှတ်ထားပေးလိုက်ပါ"
စားပွဲက လူတော်တော်များများကတော့ အနည်းငယ် အံ့သြသွားကြ၏။ လီကျားစယ်က ပြောလိုက်သည်။ "သူက အရမ်းကို ယုံကြည်ချက်ရှိနေတာပဲ။ ကြည့်ရတာ ကလေးမလေးက အဲဒီလောက် ရိုးရှင်းတဲ့ပုံ မပေါ်ဘူး"
နဥ်ရှောက်ပိုင်၏ ပုံမှန်ဆိုလျှင် တည်ငြိမ်သည့်မျက်နှာသည် ရုတ်တရက်ဆိုသလို သိမ်မွေ့သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ "ဒါပေါ့ မလွယ်ပါဘူး။ သူ့ကို လိုက်ဖို့ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတယ်လေ"
လီကျားစယ်မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ "မဟုတ်တာ။ သူက မင်းကို ပိုးပန်းနေတဲ့သူ မဟုတ်ဘူးလား"
သူ့အသံသည် စိတ်လှုပ်ရှားသွားသဖြင့် အနည်းငယ် ကျယ်လောင်သွားပြီး ဆိုဖာပေါ်တွင်ထိုင်နေသည့် မိန်းကလေးများကလည်း ချက်ချင်းဆိုသလို နားစွင့်ထားလိုက်ကြသည်။
ကျူးကျားတုန်းက ခေါင်းခါကာ သက်ပြင်းချလိုက်၏။ "လူကြီးမင်းနဥ် ခင်ဗျားက မိန်းကလေးတစ်ယောက်ကို ပိုးပန်းလိမ့်မယ်လို့ ကျုပ် စဥ်းတောင်မစဉ်းစားမိဘူး"
နဥ်ရှောက်ပိုင်ကတော့ ကူကယ်ရာမဲ့ စွာပြုံးလိုက်သည်။ "အမှန်အတိုင်းပြောတာပါ။ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် အဲဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့မိဘူး"
"ဒါပေမဲ့ တော်ပါသေးတယ်။ ကျွန်တော် သူနဲ့တွေ့ခဲ့ပေလို့ပဲ" နဥ်ရှောက်ပိုင်သည် ဘာကို စဉ်းစားမိလိုက်သည်ကို မသိပေ။ သူ့မျက်နှာပေါ်က အပြုံးက လူတိုင်းကို မျက်စိကျိန်းသွားရစေတော့သည်။
နဥ်ရှောက်ပိုင်က သူတို့၏ဆက်ဆံရေးတွင် အောက်ဘက်မှ နေသည့်သူ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အားလုံးသည် သူတို့၏စိတ်ထဲတွင် တအံ့တဩ ဖြစ်သွားကြတော့၏။
ထိုအခိုက်အတန့်တွင် အားလုံးသည် ရှမြန်၏အရေးပါပုံကို သူတို့၏စိတ်ထဲတွင် ပြန်ပြီး တွက်ချက်နေလိုက်ကြပြီး တချို့လူများက ရှမြန်ကို တလေးတစား ဆက်ဆံဖို့ရန်အတွက် သူတို့၏ မိန်းကလေးအဖော်များကို တိုးတိုးတိတ်တိတ် သတိပေးကြတော့သည်။
ရှမြန်ကတော့ ထိုအကြောင်းကို လုံးဝမသိချေ။ သူမသည် ဟယ်ဝေနှင့် တခြားသူများကို အိမ်တော်ထဲတွင် ပတ်ပြီးရှာဖွေနေလိုက်၏။
ဒီကာလအတွင်းတွင် လူတော်တော်များများက သူမအကြောင်း ပြောဆိုနေသည်ကို ကြားခဲ့ရ၏။ သူမ၏ နောက်ခံမိသားစုအကြောင်းက လုံးလုံးလျားလျား ပေါ်ပေါက်သွားပြီဖြစ်ကာ သူတို့ပြောနေသည့် အကြောင်းအရာ အများစုကလည်း သိပ်ပြီးတော့ကောင်းလှသည် မဟုတ်ပေ။
ရှမြန်ကတော့ မအံ့ဩပေ။ အတွင်းအကြောင်းအရာကို မသိကြသည့်လူများကတော့ သူမကို အလွယ်တကူ နားလည်မှု လွဲသွားပေလိမ့်မည်။ အမှားနှင့် အမှန်ကို ရောထွေးပြီး ချဲ့ကားပြောတတ်သည့် ဖန်ရှောင်၀မ်လို လူမျိုးရှိနေလျှင်တော့ ပြောနေရန်ပင် မလိုချေ။
ထို့နောက်တွင်တော့ ရှမြန်သည် ဟယ်ဝေ၏အသံကို ကြားလိုက်ရ၏။ "သူ့လို တောကြက်လေးတစ်ကောင်က အနှေးနဲ့အမြန် ဖော်ထုတ်ခံရမှာပဲ"
ဥယျာဉ်၏ နံရံနှင့်ကပ်ကာ ပြုလုပ်ထားသည့် ပေါင်းမိုးစင်လေးအောက်တွင် ဟယ်ဝေသည် တူညီသည့်အသိုင်းအဝိုင်းထဲက သက်တူရွယ်တူ မိတ်ဆွေသူငယ်ချင်းများ ဝိုင်းရံခံထားရကာ စက်ဝိုင်းပုံစံ ထိုင်နေကြပြီး ရှန်ပိန်ကို သောက်ရင်း စကားပြောနေကြ၏။ ချီခိုင်နှင့် လုနနတို့ကလည်း ထိုနေရာတွင် ရှိနေ၏။
ချီခိုင်ကလည်း ဒီနေ့တွင်တော့ သူ့အဝတ်အစားကို ပုံမှန်ဝတ်စုံပြည့် အဝတ်အစားတစ်ခုအဖြစ် ပြောင်းလဲဝတ်ဆင်ထားသည်။ သူသည် ချမ်းသာသည့် လူငယ်တစ်အုပ်ကြားတွင် နှိမ့်ချမနေသလို ထောင်လွှားမနေသည့် ပုံစံမျိုးဖြင့်ရှိနေကာ သိမ်သိမ်မွေ့မွေ့ဖြင့် တော်တော်လေး လူကြီးလူကောင်း ဆန်နေ၏။
ဟယ်ဝေသည် သူ့ကို အလွန်လေးစား အားကျသည်မှာ သိသာပြီး သူ့ကို မိတ်ဆွေတယောက်အနေဖြင့် အတူတူခေါ်လာဖို့ရန် တက်ကြွခဲ့သည်။
သို့သော်ငြားလည်း သူတို့အားလုံးသည် ဒီနေ့တွင်တော့ တူညီသည့်အကြောင်းအရာများကိုသာ ပြောဆိုနေကြပြီး တော်တော်လေးကို ညီညာနေကြသည်။
"အဲဒီ ရှမြန်က ဟားဟားဟား။ မိသားစုတစ်ခုလုံးက မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့လူတွေပါ။ ဆင်းရဲတဲ့လူတွေကို အထင်သေးတတ်ပြီးတော့ ချမ်းသာတဲ့သူတွေကိုမှ သဘောကျတာလေ။ သူ့ရဲ့ဝမ်းကွဲကလည်း အစတုန်းက ချီခိုင်ကို အရမ်းကို တက်တက်ကြွကြွ လိုက်ခဲ့တာပဲ။ တစ်နှစ်တောင်မှ အချိန်ယူခဲ့ရတယ်"
"ဒါပေမဲ့ သူတို့မိသားစုက ဆင်းရဲတယ်လို့လည်းကြားရော ချီခိုင်က ဘွဲ့ရပြီးသွားရင် သူ့မိဘတွေကို ယန်မြို့ကို ခေါ်မယ်လို့ ပြောသံလဲကြားရော ချက်ချင်းဆိုသလို ဆန့်ကျင်တော့တာပဲ"
"ချီခိုင်က သူ့အမေဆီကို လူကိုယ်တိုင် သွားပြီးရှင်းပြတာတောင်မှ အငြင်းခံလိုက်ရသေးတယ်လေ။ ဒါပေမဲ့ သူ့အမေကလည်း သူ့ကို အေးတိအေးစက် ဆက်ဆံခဲ့ပြီးတော့လျစ်လျူရှုထားခဲ့သေးတယ်"
"အဲဒီလို လူတွေက ဆင်းရဲတဲ့သူတွေကို အနိုင်ကျင့်နေတာက အမှန်တရားမဟုတ်ဘူးဆိုတာ မသိကြပါဘူး"
ရှမြန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူတို့နှင့် သိပ်မဝေးလှသည့်နေရာက ထိုင်ခုံတစ်လုံးတွင် သူတို့ကို ကျောပေးကာထိုင်လိုက်ပြီး ဖြည်းဖြည်းချင်း နားထောင်နေလိုက်သည်။
"ရှမြန်က မင်မြို့လက်အောက်က မြို့ငယ်လေးတစ်မြို့ကဆိုတာ တကယ်လား။ အဲဒီနေရာက ဆင်းရဲတဲ့တောင်ပေါ်ဒေသလေ။ ဟုတ်တယ်မလား"
"ဒါပေမဲ့ သူ့ပုံကတော့ အဲဒီလို လုံးဝမထင်ရဘူးနော်။ အမှန်အတိုင်းပြောရရင် သူက သခင်လေးနဥ်နဲ့ ဝင်လာတဲ့အချိန်တုန်းက သူ့ကို ဘယ်မိသားစုကပါလိမ့်လို့ စဉ်းစားနေမိတာ"
"ဟမ့် သူက ဒီအတိုင်း ကြွားလုံးထုတ်နေမှာပဲ စိုးရတယ်" ဟယ်ဝေက သရော်ကာ ပြောလိုက်သည်။
"သခင်လေးနဥ် နောက်လိုက်ပြီး ဒီအသိုင်းအဝိုင်းထဲမှာ ကြွားလုံးထုတ်ဖို့ သူဘယ်လောက်တောင်မှ အားစိုက်ထုတ်ခဲ့ရလဲဆိုတာ မသိဘူး။ သူက သူ့ဟာသူ ချပြဖို့အတွက် အကောင်းဆုံး ကြိုးစားနေတာပဲ မဟုတ်လား"
"သူက ဒီနေ့ သခင်လေးနဥ်ကို အရှက်ခွဲရဲခဲ့တယ်ဆိုရင် မနက်ဖြန်ကျရင်တော့ သေချာပေါက် ဖြတ်ခံရလိမ့်မယ်"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ဒါပေမဲ့ သူ့ကိုခေါ်ထုတ်လာခဲ့ပြီး သူ့ရဲ့ချစ်သူကောင်မလေးလို့ အသိအမှတ်ပြုထားခဲ့တာလေ။ ဒီအမျိုးသမီးက တကယ် ထူးခြားတာပဲ"
"မဟုတ်လို့လား။ သူက သခင်လေးနဥ်ရဲ့ တူလေးရဲ့အသက်ကို ကယ်တင်ပေးခဲ့ပြီးတော့ သခင်လေးနဥ် နောက်ကိုလိုက်လာပြီး သူ့မိသားစုနဲ့အတူ ယန်မြို့ကို လိုက်လာခဲ့တာလေ"
"အဲဒီနောက်မှာတော့ သူက ဟော်မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်ယာကို ဘယ်လိုရသွားလဲ မသိပါဘူး။ နောက်ပိုင်းမှာ သူက သခင်လေးနဥ်ရဲ့ အိမ်နီးနားချင်းတစ်ယောက် ဖြစ်လာခဲ့တယ်လေ။ သူနဲ့ ရင်းနှီးလာတယ်ဆိုတာကလည်း တကယ့်ကို အခွင့်ထူးခံသပ်သပ်ပါ"
"ငါ အဲဒီအကြောင်းကို သိတယ်"
"ဟော်မိသားစုက သခင်လေးနဥ်ရဲ့အစ်မကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ပြီး သူ့တူလေးကတောင်မှ ပြန်ပေးဆွဲခံရတော့မလို ဖြစ်ခဲ့တယ်တဲ့။ ဒါကြောင့် သခင်လေးနဥ်က အရမ်းဒေါသထွက်သွားပြီး ဟော်မိသားစုကို အမြစ်ပါလှန်ပစ်ခဲ့တာပဲ"
"သခင်လေးနဥ်က ဟော်မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်ယာတွေအားလုံးကို လက်လွှဲယူခဲ့တာလား။ ဒါဆိုရင် နင် ပြောချင်တဲ့သဘောက အခုအဲဒီအိမ်တွေက အဲဒီအမျိုးသမီးရဲ့လက်အောက်ကို ရောက်သွားတာလား"
"ဘာပဲဖြစ်ဖြစ်ပါ။ သူ့နာမည်အောက်မှာ ရှိနေတဲ့အိမ်တစ်လုံးကတော့ သေချာပေါက်ရှိတယ်လေ။ သူ ပြောတာကတော့ အဲဒီအိမ်ကို ကိုယ့်ဟာကိုယ် ဝယ်ခဲ့တာတဲ့။ ဘာပဲဖြစ်ဖြစ် အဲဒီမှာ နေနေကြတာလည်း နှစ်အနည်းငယ်တောင်ရှိနေပြီပဲ"
"ငါ ကြားထားတာတော့ နောက်ထပ်အိမ်တစ်လုံးကို သူ့အဒေါ်၂မိသားစုကို တစ်ချိန်တုန်းက ပေးခဲ့တယ်တဲ့။ ဪ ချီခိုင် အဲဒီအိမ်ကို မင်းရဲ့ရည်းစားဟောင်းမိသားစုဆီ ပေးခဲ့တာပဲ။ ဒါက အမှန်လားဆိုတာတော့ ငါလည်း မသိဘူး"
"ကျွတ် ကျွတ် ငါ့အဘိုးက ပြောတယ်။ အဲဒီခြံဝန်းနဲ့ အိမ်အမျိုးအစားတွေက နောက်ဆိုရင် အရမ်း တန်ဖိုးကြီးလာလိမ့်မယ်တဲ့။ နောက်ဆုံးမှာ သူတို့တွေက သခင်လေးနဥ်ကို မရနိုင်ခဲ့ဘူးဆိုရင်တောင် သူတို့တွေက ချမ်းသာခြင်းကို ပြုလုပ်ထားပြီးပြီပဲ"
ဟယ်ဝေသည် ခဏလောက် မှင်တက်အံ့ဩသွားသည်။ "ဟော်မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်က ရွှေငါးလမ်းထဲမှာလား"
"အဲဒီလိုထင်တာပဲ။ သေချာတော့ မသိဘူး"
ဟယ်ဝေက ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။ "ငါ အဲဒါကို သိသားပဲ။ သူက အဲဒီအိမ်ကို ခွဲထုတ်ပေးလိုက်ပြီး ကိုယ့်ဟာကိုယ် ဝယ်ထားတယ်လို့ပြောခဲ့တာ။ အဲဒါတွေ အားလုံးကိုလည်း သူ့အမေရဲ့ နာမည်အောက်မှာ ရေးထားတာတဲ့"
"ကြည့်ရတာ အဲ့ဒီအိမ်တစ်တန်းက သူ့နာမည်အောက်မှာ ထင်တယ်"
"ကျွတ် ကျွတ် ဒီမိန်းမက အရမ်းကို ဂွင်ဖန်တတ်တာပဲ"
"အဲဒီလောက် ဉာဏ်ကောင်းတဲ့ သခင်လေးနဥ်လိုလူက သူ့ရဲ့လှည့်ကွက်တွေကို ဘယ်လိုလုပ်ပြီးတော့ မမြင်နိုင်ရတာလဲ"
"သခင်လေးနဥ်က ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်းပါ။ သူလည်း ယောက်ျားတစ်ယောက် ဖြစ်နေသေးတာပဲ"
ဟယ်ဝေက ပြောလိုက်သည်။ "ဆင်းရဲတဲ့သူကို အထင်သေးပြီး ချမ်းသာတဲ့သူကိုမှ သဘောကျတဲ့ ဒီလိုမိသားစုမျိုးက ဘာကျင့်ဝတ်မှ ရှိမှာမဟုတ်ဘူး။ သူတို့တွေက သူတို့ရဲ့ပန်းတိုင်ကို အောင်မြင်ဖို့ဆိုရင် ဘယ်နည်းလမ်းမဆို သုံးလိမ့်မယ်"
"အဲဒီ ရှမြန်ကလည်း ငယ်ရွယ်ပြီးတော့ တော်တော်ချောတာပဲ။ သခင်လေးနဥ်ထက် ၆နှစ်၊ ၇နှစ်လောက်တော့ ပိုပြီးတော့ ငယ်လောက်တယ်။ သူက အမြဲတမ်း နှိမ့်နှိမ့်ချချနဲ့ စဉ်းစားပေးတတ်ပြီး နေကောင်းကျန်းမာကြောင်းတောင် သတင်းမေးတတ်သေးတယ်"
"သခင်လေးနဥ်နဲ့ သူ့အစ်မကလည်း သူ့အပေါ် အားကိုးလာတယ်ဆိုတဲ့အချက်ကို မေ့မထားနဲ့လေ။ သူတို့တွေကလည်း သူ့လိုပဲ ဒုက္ခတွေကို အတူတူမျှဝေလာခဲ့ကြတာ။ ဒီနှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့သိမ်မွေ့တဲ့အပြုံးနဲ့ မြှောက်ပင့်ခံလာရတော့ သူတို့တွေကရင်ထဲမထိဘဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"တကယ်လို့ သူက ရင်ထဲထိတယ်ဆိုရင်တောင်မှ ဒါကလည်း အခိုက်အတန့်ပါပဲ။ ဒေါက်တာနဥ် က အလွယ်တကူ လိမ်လည်လှည့်စားလို့ ရတဲ့သူမျိုးမှ မဟုတ်တာ"
"သူက ဒီအကြောင်းကို ကိုယ့်ဟာကိုယ်သိရင်တော့ ကောင်းတာပေါ့။ ဒါကြောင့်ပဲ အထက်တန်းကျောင်းကနေ အောင်လက်မှတ်ရပြီးတဲ့နောက် အချိန်ကောင်းကို မစောင့်နိုင်တော့တာပဲ ဖြစ်ရမယ်" ဟယ်ဝေက အထင်သေးစွာဖြင့် ပြောလိုက်သည်။ "ငါ့အထင်တော့ တရားဝင် လက်ထက်တဲ့အရွယ်က အသက်၂၀တောင် မဟုတ်ဘူးဆိုရင် သူ အခုလောက်ဆိုရင် ကိုယ်ဝန်ရှိနေလောက်ပြီ"
"မစ်ကောင်းအတွက်ပဲ သနားစရာကောင်းတယ်" လုနနက နှမြောတသစွာဖြင့် သက်ပြင်းချလိုက်၏။
"သူက အရမ်းလည်းလှတယ်။ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ သခင်လည်းနဥ်ကိုလည်း ၃နှစ်လုံးလုံး အရူးအမူးပိုးပန်းလာခဲ့တာ။ သူတို့တွေက ဒီလောက်ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲ ဖြစ်နေရဲ့သားနဲ့"
ဟယ်ဝေက ပြောလိုက်သည်။ "မစ်ကောင်းကလည်း ရှုံးသွားတယ်ဆိုတာက သူက အရမ်းကို ပညာတတ်ဆန်နေလို့လေ။ သူက အရှက်မရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေရတဲ့ အဲ့ဒီမိန်းမပျက်တွေနဲ့မှမတူတာ"
"ဒါပေမဲ့လည်း တောကြက်ကတော့ တောကြက်ပါပဲ။ သခင်လေးနဥ်က ဘယ်သူမလို့လဲ။ သူတို့ရဲ့ အရောင်အစစ် ပေါ်ထွက်လာတဲ့အချိန်ကျရင် သူတို့ရဲ့ကံတရားက ဘယ်လောက်တောင်မှ သနားစရာကောင်းနေမလဲဆိုတာ ဘယ်လူသိနိုင်မှာလဲ"
ဟယ်ဝေက တိုးတိုးပြောလိုက်သည့်အချိန်တွင် ရုတ်တရက် ဆိုသလိုအော်ရယ်လိုက်သည်။ "ငါ သူ့ကို သွားတွေ့တဲ့အချိန်တုန်းက သူနဲ့ သူ့ရဲ့ဝမ်းကွဲက ဘာလုပ်နေလဲဆိုတာ သိကြလား"
"မင်းက သူနဲ့ သူ့ဝမ်းကွဲကို ဘယ်လိုသိခဲ့တယ်ဆိုတာကိုပဲ မေးချင်တာပါ။ သူ့ရဲ့ဝမ်းကွဲက ချီခိုင်ရဲ့ ရည်းစားဟောင်း မဟုတ်ဘူးလား"
"ငါက သူ့ရဲ့ဝမ်းကွဲအစ်မကို ပိုးပန်းနေတာ ဟုတ်လား"ဟယ်ဝေက အော်ရယ်သည်။ သူသည် ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူ့သူငယ်ချင်းများက ဖြစ်ပျက်သွားသည့်အခြေအနေကို နားလည်သွားသယောင်ရှိ၏။
"မင်းက ထပ်ပြီး မိုးနတ်မင်းကိုယ်စား အရေးယူပေးနေတာလား"
"ဒါပေမဲ့ အဲဒီလိုမိန်းမမျိုးက တကယ်ပဲ အပြစ်ပေးခံရသင့်တယ်"
"ငါ့ကို မြန်မြန်ပြောစမ်းပါ။ သူတို့တွေ ဘာလုပ်နေကြတာလဲ"
"ငါ သူ့ကိုလိုက်နေတုန်းက သူ့မိသားစု အိမ်ပြောင်းတယ်လို့ ကြားခဲ့တယ်လေ။ ဒါနဲ့ ငါလည်း တစ်ချက်လောက် သွားကြည့်တာပေါ့" ဟယ်ဝေသည် ထိုအကြောင်းကို ပြောပြလိုက်ပြီး ဝါးလုံးကွဲရယ်မောသည်။ "ဘယ်လောက်တောင် ရယ်စရာကောင်းလဲ မင်းတို့ မသိလို့နော်။ သူ့ရဲ့ညီမက သုံးဘီးယာဉ်ကြီးကို မောင်းနေတာလေ..."
"အဲ့ဒါက လယ်သမားတွေ လယ်စိုက်တဲ့နေရာမှာသုံးတဲ့ ဒီဇယ်ယာဥ်သုံးဘီး မဟုတ်လား။ ဆောက်လုပ်ရေးဆိုက်တွေမှာလည်းပဲ သုံးတယ်လေ"
"ဟုတ်တယ်။ အဲဒီလိုဟာမျိုးပဲ" ဟယ်ဝေက သူ့ပိုက်ကိုကိုင်ကာ အော်ရယ်သည်။
"သူက တောဖက်က အဘွားကြီးတွေဝတ်ကြတဲ့ ပန်းပွင့်ပုံအင်္ကျီလက်ရှည်နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားတာလေ။ တကယ် လန့်ဖြန့်သွားတာပဲ။ အဲဒီရှမြန်ကလည်း ကားပေါ်ကို တက်သွားလိုက်တာ မျောက်တစ်ကောင်အတိုင်းပဲ"
လူတိုင်းက ရှမြန်၏ အဆော့သန်သည့် ဝတ်စားဆင်ယင်ပုံနှင့် ခြယ်သထားသည့် မိတ်ကပ်ပုံစံများကို မြင်ယောင်ကြည့်လိုက်ကြပြီး ဟယ်ဝေ၏ဖော်ပြချက်များကို ကြားလိုက်ရသည့်အခါ သူတို့သည် လူပြက်တစ်ယောက်ကို မြင်လိုက်ရသလို မနေနိုင်ဘဲအော်ရယ်ကြသည်။
"တောသူမလို့ မပြောရဘူး။ တကယ့်ကို သွက်လက်နေတာပဲ"
လုနနသည် တစ်ခုခုကို စဉ်းစားမိလိုက်ပြီး ချီတုံချတုံဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ အခု သူက သခင်လေးနဥ်နဲ့ တွဲနေတာလေ။ သူ့ရဲ့ဝမ်းကွဲအစ်မကလည်း သူ့ကို နောက်ခံတစ်ယောက်အဖြစ် သဘောထားမှာ စိုးရတယ်။ အစ်ကို နင် သတိထားပြီးတော့ သူ့ကို လိုက်နေတာကို ရပ်လိုက်သင့်တယ်"
"နောက်ခံတစ်ယောက်ရှိတော့ရော ဘာဖြစ်လဲ" ဟယ်ဝေသည် အေးအေးလူလူ ပြောလိုက်သည်။
"သူတို့လို လူဆင်းရဲတွေက လူ့အသိုင်းအဝိုင်း လှေကားပေါ် တက်ချင်တဲ့အချိန်ကျရင် အရမ်းကို သတိထားကြတာ"
"အဲဒီရှမြန်က သခင်လေးနဥ်နဲ့ နီးကပ်လာနိုင်တယ်ဆိုတာကလည်း သူ့ရဲ့ဆွဲဆောင်နိုင်လောက်တဲ့ အပြုအမူနဲ့ အသိပညာကို အသုံးပြုထားလို့ပေါ့။ သူ့ရဲ့ဝမ်းကွဲအစ်မလို့ပဲလေ။ သူက ငါနဲ့ တွဲနေတုန်းကဆိုရင် မောက်ဟွေ့မေက ငါ့ကို ဘာတစ်ခုမှတောင် မမေးရဲဘူး။ ငါ ဒေါသထွက်သွားမှာ ကြောက်လို့လေ"
"ရှမြန်ကလည်း ဒီလိုအသေးအဖွဲ ကိစ္စလေးတွေနဲ့တော့ သခင်လေးနဥ်ကို ဒုက္ခပေးရဲမှာ မဟုတ်ပါဘူး"
"တစ်ဆင့် လျှော့ပြီးတော့ ပြောရအောင်။ တကယ်လို့ သူသာ သူ့ရဲ့အချစ်တွေကြောင့် မောက်မာထောင်လွှားလာခဲ့ပြီး သခင်လေးနဥ်ကို သူ့ရဲ့ကိစ္စတွေ ကိုင်တွယ် ဖြေရှင်းခိုင်းခဲ့မယ်ဆိုရင်တောင် သခင်လေးနဥ်က မောက်ဟွေ့မေကို ငါနဲ့ အတင်းလက်ထပ်ခိုင်းဖို့ပဲ ဖိအားပေးမှာ"
လုနနက စိုးရိမ်နေသေးသည်ကို တွေ့လိုက်ရသဖြင့် သူက သူမပခုံးကို လှမ်းပုတ်ပေးလိုက်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ဘာပဲပြောပြော ပွဲကပြီးတော့မှာပါ"
လုနနက မေးလိုက်သည်။ "အစ်ကို နင်တို့တွေ နင်တို့ရဲ့ဆက်ဆံရေးကို အတည်ပြုပြီးသွားပြီလား"
"လုပ်တော့မှာပါ" ဟယ်ဝေက ရှန်ပိန်ကို တစ်ငုံလောက် သောက်လိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြုံးလိုက်၏။
"ဆင်းရဲသားတွေကို အထင်သေးပြီး ချမ်းသာတဲ့သူတွေကိုမှ သဘောကျတဲ့ သူတို့လိုအမျိုးသမီးတွေ၊ စင်ဒရဲလားအိပ်မက် မက်နေကြတဲ့ အမျိုးသမီးတွေက ကိုင်တွယ်ရတာ အလွယ်ဆုံးပဲ"
"သူတို့ကိုခေါ်ပြီးတော့ ကောင်းကောင်းလေးစား၊ ကောင်းကောင်းလေး ပျော်ပေးလိုက်။ ပြီးရင် ငါတို့ရဲ့မိသားစု ဘယ်လောက် ချမ်းသာလဲဆိုတာကို အသိပေးလိုက်"
"အဲဒီအခါကျရင် သူက ငါနဲ့ဆက်ပြီးတော့ နေနိုင်ဖို့အတွက် ငါ တောင်းဆိုသမျှကို သဘောတူပေးလိမ့်မယ်"
"တကယ်လို့ သူက ငါနဲ့တရားဝင် တွဲသွားတွဲလာချင်တဲ့ အချိန်ကျရင်တော့ ငါက သူ့ကို ဒီအတိုင်း ဖြတ်လိုက်ရုံပဲလေ" ဟယ်ဝေသည် မောက်ဟွေ့မေက သူ့ကို နှိမ့်နှိမ့်ချချ တောင်းပန်နေသည်ကို မြင်ခဲ့ဖူးသယောင် အောင်နိုင်သူလို ပြုံးလိုက်သည်။
သူက ချီခိုင်၏ပခုံးကို လှမ်းပုတ်ကာ ပြောလိုက်၏။ "အချိန်တန်လာရင် ငါတို့ရဲ့နနလက်လေးကို တွဲပြီးတော့ သူ့ရှေ့မှာ သွားရပ်လိုက်ရုံပဲ။ သူ့ရဲ့ကျန်တဲ့တစ်ဘဝလုံးကို နောင်တရ အောင်လုပ်ပေးလိုက်"
လုနနက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "အစ်ကို သူ့ကို ဒီအတိုင်းပဲ ဖြတ်လိုက်ပါ။ တရားမလွန်ပါစေနဲ့"
"ငါ သိပါတယ်။ ငါ သူ့ကို ဖိအားပေးမှာ မဟုတ်ပါဘူး။ သူက ငါ့ကို တွယ်ကပ်နေပြီးတော့ သူ့ကို တစ်ခုခုပေးပါလို့ အတင်းကြီးပြောနေမှာပဲ စိုးရိမ်ရတာပါ"
ယောက်ျားလေး တော်တော်များများက ‘အကြောင်းသိပါတယ်’ ဟု ပြုံးပြလိုက်ကြလေသည်။
...
အပိုင်း (၁၈၆)
ရှမြန်သည် သူမ၏လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်ထားလိုက်သည်။ သူမနှင့် မောက်ဟွေ့မေတို့က ဟယ်ဝေကို ဘယ်တုန်းက ပစ်မှားခဲ့မိမှန်းပင် မသိချေ။ သူသည် ကြီးစွာသောအငြိုးဖြင့် သူတို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဒီအတိုင်း ခန့်မှန်းချက် ထုတ်နေလေသည်။ ရုတ်တရက် ဖျော်ရည်ခွက်တစ်ခုကို သူမဖက်သို့ တွန်းပို့လိုက်၏။ ရှမြန်သည် မော့ကြည့်လိုက်သည့်အခါ သူမပင် မသိလိုက်ဘဲ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မစ်ထန်ကို တွေ့လိုက်ရသည်။
ထို့အပြင် အတိအကျဆိုရလျှင်တော့ သူမသည် ဒီနေရာတွင် ထိုင်နေသဖြင့် ဘယ်သူကမှ ဒီစားပွဲသို့ မလာကြချေ။
သူမက သတိပြန်ဝင်လာသည်ကို တွေ့လိုက်ရသည်တွင် မစ်ထန်သည် သူမ၏ခေါင်းလေးကို မသိမသာ စောင်းကာ အချက်ပြလိုက်ပြီး ရှမြန်ကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထရပ်လိုက်ကာ သူမနောက်သို့ လိုက်လာခဲ့၏။
ဒါသည် လူကြီးမင်းရုံ၏ မွေးနေ့ပါတီ ဖြစ်လေသည်။ သူမသည် ပြဿနာရှာဖို့ရန် အစီအစဉ်မရှိချေ။ ထို့အပြင် ဟယ်ဝေကို အသေရိုက်နှက်ဖို့ရန်က သူမအတွက် လွယ်ကူလွန်းလှသည်။ သူမသည် မောက်ဟွေ့မေကို သူမ၏ ကျန်သည့်တစ်ဘဝလုံးအတွက် ဒီကိစ္စကြောင့် နောင်တရစေချင်ပါမည်တဲ့လား။
သူတို့ကသာ သူ၏ကျန်သည့် တစ်ဘဝလုံးအတွက် ဒီကိစ္စနှင့်ပတ်သက်ပြီး သူ့ကို နောင်တရအောင် လုပ်ပေးရလိမ့်မည်။
ခြေလှမ်း ၁၂လှမ်းကျော်လောက် လျှောက်လာပြီးနောက် တစ်ဖက်လူက သူမတို့စကားကို မကြားနိုင်တော့အောင် သေချာစစ်ဆေးလိုက်ပြီးမှ မစ်ထန်က စပြောလိုက်သည်။ "ဟယ်မိသားစုက ပြီးခဲ့တဲ့၇နှစ်၊ ၈နှစ်လောက်တုန်းကမှ ချမ်းသာတဲ့ မိသားစုတစ်ခု ဖြစ်လာတာပါ။ သခင်လေးဟယ် အသက်၉နှစ် အရွယ်တုန်းက သူ့အမေက ဟယ်မိသားစုရဲ့ ဆင်းရဲမှုကို သည်းမခံနိုင်လို့ သူ့အဖေကို စွန့်ပစ်ပြီးတော့ ချမ်းသာတဲ့စီးပွားရေး သမားတစ်ယောက်နဲ့ လိုက်ပြေးသွားခဲ့တယ်လေ။ ဒီတော့ သူက ဆင်းရဲတဲ့သူကို အထင်သေးပြီး ချမ်းသာတဲ့လူကို သဘောကျတဲ့လူတွေကို ထူးထူးခြားခြား မုန်းတီးနေတာပေါ့။ အထူးသဖြင့် မိန်းကလေးတွေဆိုရင်လေ"
"သူက သူ့ရဲ့အဖေနဲ့ အေးအတူပူအမျှ ရှိလာခဲ့တဲ့သူ့ရဲ့မိထွေးကို တကယ်လေးစားတယ်လေ။ လုနနက သူ့မိထွေးရဲ့ တူမ။ ဒီတော့ သူတို့တွေက အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ်"
ရှမြန်က သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဝိုင်းစက်အောင် လုပ်ထားလိုက်သည်။ "မစ်ထန် ကျွန်မက ဟယ်ဝေကို လေ့လာနေတယ်လို့ ရှင် ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ"
"မဟုတ်သေးဘူး။ ရှင်က ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့အချက်အလက်တွေကို အဲဒီလောက် လွယ်လွယ်လေးနဲ့ သိနေတာလဲ။ ရှင်က ဒီနေရာမှာ ရှိနေတဲ့လူတိုင်းရဲ့ အချက်အလက်တွေကို သိနေတာလား” ဒါက တကယ့်ကို အစွမ်းထက်တာပဲ။ နဥ်ရှောက်ပိုင်ရဲ့ အမျိုးသမီးဗားရှင်းပဲ။
မစ်ထန်သည် သူမ၏အာရုံက ဒီကိစ္စပေါ်သို့ ရောက်နေလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူမ၏ အံ့ဩမှုအပြည့် ဖြစ်နေသည့်မျက်လုံးများကို ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်များက မတတ်သာတော့ဘဲ မသိမသာ ကွေးတက်သွားပြီး ခပ်ရေးရေး အပြုံးလေးတစ်ခုကို လှစ်ပြလိုက်၏။ အခိုက်အတန့်လေးအတွင်း ဖျတ်ခနဲ ပေါ်ထွက်လာခဲ့သော်ငြားလည်း ရုတ်ခြည်းဆိုသလို မှင်တက်အံ့သြရလေသည်။
ရှမြန်သည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩသွားကာ ပြောလိုက်၏။ "မစ်ထန် ရှင် မကြာခဏ ပြုံးသင့်တယ်နော်။ ရှင် ပြုံးလိုက်တဲ့အချိန်ဆို အရမ်းလှတာပဲ"
မစ်ထန်သည် တုံ့ဆိုင်းသွားသော်ငြားလည်း ထပ်ပြီးတော့ မရယ်မောတော့ချေ။ သူမက ဒီအတိုင်းသာ ပြောလိုက်၏။ "ငါ့နာမည်က ထန်မြောင်မြောင်"
"ဒါဆိုရင် ကျွန်မ ရှင့်ကို အစ်မမြောင်မြောင်လို့ ခေါ်လို့ရမလား" ရှမြန်က ပြောလိုက်သည်။ "ကျွန်မကို စောင့်ရှောက်ပေးဖို့ ဒီအထိ ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထန်မြောင်မြောင်က ခဏလောက် ရပ်တန့်ထားလိုက်ကာ ပြောလိုက်လေသည်။ "ဒါကလည်း သီးသန့်ကြီး လာရတာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားမိတာပါ"
ရှမြန်ကတော့ သွားများပေါ်သည်အထိ ပြုံးကာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်မကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူမက သိလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။ "ရှင် အားလုံးရဲ့ အချက်အလက်တွေကို တကယ်ပဲ သိနေတာလား"
"မသိပါဘူး"ထန်မြောင်မြောင်က ပြောလိုက်သည်။ "ကုမ္ပဏီမဂ္ဂဇင်းက လူကြီးမင်းဟယ်ကို အင်တာဗျူးထားတာနဲ့ တိုက်ဆိုင်သွားလို့ပါ။ သူ့ရဲ့နောက်ခံအကြောင်းကို စုံစမ်းကြည့်လိုက်တဲ့အချိန်မှာ သူ့သားက မိန်းကလေး တော်တော်များများကို ကစားနေတာကို သိလိုက်ရတယ်လေ"
ထန်မိသားစု တည်ထောင်ထားသည့် ‘အရှေ့တိုင်းအခွင့်အရေး’ ဟူသည့်မဂ္ဂဇင်းသည် တိုင်းပြည်အတွင်းတွင် ထိပ်တန်းစီးပွားရေး မဂ္ဂဇင်းတစ်ခုဖြစ်ကာ ထိုမဂ္ဂဇင်းတိုက်က ထူးချွန်သည့် လုပ်ငန်းရှင်များ အများအပြားကို အင်တာဗျူးပြီး သတင်းတင်ဆက်ခဲ့သည်။
ထို့ကြောင့် ထန်မြောင်မြောင်သည် ဒီနေရာက လူများနှင့် ပတ်သက်သည့် အချက်အလက်များ အားလုံးကို သိသည်ဟု ပြောခဲ့သည်ကလည်း ရှမြန်အတွက် မမှားချေ။
-
ချီခိုင်က လားရာတစ်ဖက်တည်းကို ရုပ်တည်ကြီးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ လုနနက သူ့အကြည့်နောက် လိုက်သွားလိုက်သည်တွင် ထောင့်နားက မိန်းကလေး၂ယောက်၏ ကျောပြင်ကို တွေ့လိုက်ရ၏။ "ဘာဖြစ်လို့လဲ"
ချီခိုင်က မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ "ရှမြန်ကို တွေ့လိုက်တယ်လို့ ထင်လိုက်မိလို့ပါ"
ဟယ်ဝေက သရော်ကာ ပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သူက သခင်လေးနဥ်နားမှာ တွယ်ကပ်နေပြီး ထလာရဲမှာတောင် မဟုတ်ဘူး။ တကယ်လို့ သူသာ တစ်ယောက်တည်း ထွက်လာရဲတယ်ဆိုရင် တခြားသူတွေက သူ့ကိုအပိုင်းပိုင်း အစစဖြစ်အောင် ဆွဲဖြဲလိုက်မှာ မကြောက်ဘူးလား"
"တခြားလူ မပြောနိုင်ဦး။ ဖန်ရှောင်ဝမ်ကတော့ သူ့ကို ပြဿနာရှာမဲ့ ပထမဦးဆုံးလူပဲ ဖြစ်လိမ့်မယ်။ ဖန်ရှောင်၀မ်က သူ့ကို အသေမုန်းနေတာ။ ငါ တွေ့သားပဲ"
"နင့်ရဲ့သတင်းက နောက်ကျသွားပြီ" သူမကို သိသည့်မိန်းကလေး သူငယ်ချင်းတစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြီး ပြောလိုက်၏။ "ဖန်ရှောင်ဝမ်က သူ့ကို ပြဿနာရှာရဲမှာ မဟုတ်လောက်ဘူး"
"သခင်လေးနဥ်က သူ့ရဲ့ချစ်သူကို အရမ်းတန်ဖိုးထားတာနော်"
"ခုနတုန်းက အထဲမှာ လျန်မီက ပြောလိုက်တာ။ သူက မစ်ကောင်းကို သခင်လေးနဥ်နဲ့အတူတူ သီချင်းတစ်ပုဒ် တီးခတ်ပြီးတော့ လူကြီးမင်းရုံရဲ့မွေးနေ့ပွဲကို ဂုဏ်ပြုစေချင်တယ်လို့ ပြောလိုက်တာလေ"
"ဒါက စိတ်ကူးကောင်းတစ်ခုပဲ" လုနနက ပြောလိုက်သည်။ "သခင်လေးနဥ်က ငြင်းလိုက်တာလား"
"မဟုတ်ဘူး။ ငြင်းလိုက်တဲ့သူက ရှမြန်" သူငယ်ချင်းက ပြောလိုက်သည်။ "သူက သခင်လေးနဥ်နဲ့ တီးခတ်ချင်တယ်လို့ ပြောခဲ့တာ"
လုနနက မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက အရမ်းကို သဘောထားသေးလွန်းတယ် မဟုတ်လား။ ဒါက ဒီအတိုင်း အဖွဲ့လိုက်တီးခတ်တာပဲလေ"
ဟယ်ဝေက ခနဲ့ကာ ပြောလိုက်သည်။ "ဒါက ငါတို့တွေ မစ်ကောင်းနဲ့ ပတ်သက်ပြီး အရမ်းကို သတိထားရမယ်လို့ ပြနေတာပဲ"
"ဒီအပြင် သူက ပီယာနိုတီးတတ်လို့လား"
"မေးသင့်တဲ့မေးခွန်းက သူက ဂီတတူရိယာတွေကို တီးတတ်လို့လား ဖြစ်ရမှာပါ"
"သူပြောတာကတော့ ဒရမ် တီးတတ်တယ်တဲ့" လူတစ်ယောက်က တအံ့တဩပြော လိုက်လေသည်။
"အဓိကအချက်က သူက သခင်လေးနဥ်ရဲ့ တယောနဲ့အတူတူ ဒရမ်တီးချင်တာတဲ့လေ"
"ဒရမ်နဲ့ တယောက ဘယ်လိုလုပ်ပြီးတော့ အတူတူတီးလို့ရမှာလဲ"
"ဒရမ်တီးဝိုင်းက ရော့ခ်ဂီတနဲ့ နိုက်ကလပ်တွေမှာပဲ တီးကြတာ မဟုတ်ဘူးလား။ လှပကျော့ရှင်းတဲ့ တယောနဲ့တူလို့လား"
"သူက မစ်ကောင်းကို တားဆီးဖို့ ဘာမဆို လုပ်ချင်နေတာပဲ"
လူတော်တော်များများက သူငယ်ချင်း၏ အမူအရာကို ကြည့်လိုက်ကြလေသည်။ "သခင်လေးနဥ်က သဘောမတူလိုက်ဘူး မဟုတ်လား"
"သဘောတူလိုက်တယ်" သူငယ်ချင်းက တအံ့တဩပြောလိုက်သည်။ "သူက ဘာအပိုမေးခွန်းမှ မမေးဘဲနဲ့ သခင်လေးရုံကို သူ့အတွက် ဒရမ်တီးဝိုင်းတစ်ခု ရှာပေးဖို့ ပြောလိုက်တာ"
"မစ်ကောင်းက အဘိုးကြီးရဲ့မွေးနေ့ပါတီပွဲမှာ ရှုပ်ထွေးသွားအောင် မလုပ်ဖို့ အကြံပေးခဲ့ပါသေးတယ်။ သခင်လေးနဥ်က ဘာပြောခဲ့တယ်ဆိုတာ မှန်းကြည့်ကြစမ်း"
လူတော်တော်များများက သိချင်စိတ် ဖြစ်သွားကြသည်။ "ဘာအဓိပ္ပာယ်လဲ"
ထိုလူသည် လျှို့ဝှက်ချက်ကို ထိန်းမထားတော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "သခင်လေးနဥ်က ပြောတယ်လေ။ ဒီအတွဲလိုက် ဖျော်ဖြေမှုက စိတ်လှုပ်ရှားစရာ မကောင်းဘူး၊ အဘိုးကြီးက သဘောမကျဘူးဆိုရင် သူက ရုံရှင်းကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ဖယ်ရာရီ sportကား လက်ဆောင် ပေးမှာတဲ့လေ"
"ဖယ်ရာရီ" အားလုံးက တအံ့တဩ ပြောလိုက်ကြသည်။ ဒီခေတ်တွင် sportကားများက ရှားပါးနေဆဲ ဖြစ်သည့်အချိန်တွင် ဖယ်ရာရီကလည်း ချမ်းသာသည့် လူများ၏မျက်လုံးထဲ၌ အိပ်မက်မက်ရသည့် ကားတစီး ဖြစ်လေသည်။
သူသည် သူ့ချစ်သူ၏ စိတ်ဆန္ဒသက်သက် အတွက်ကြောင့် ဇိမ်ခံကားတစ်စီးကိုပင် ဒီအတိုင်း ပေးပစ်မည်တဲ့။ သူတို့ကိုယ်တိုင်ပင် ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမတတ်နိုင်ပေ။ ဒီပွဲကတော့ သခင်လေးနဥ်၏နှလုံးသားထဲက ရှမြန်၏နေရာကို သက်သေပြနေခြင်းပင်။
"ပြီးတော့ သခင်လေးနဥ်ကလည်း ပြောလိုက်သေးတယ်။ သူကပဲ ရှမြန်ကို ပိုးပန်းခဲ့တာတဲ့။ သူ့ကို ရဖို့ အချိန်အကြာကြီး ပေးခဲ့ရတယ်တဲ့"
ဟယ်ဝေက သရော်ကာ ပြောလိုက်၏။ "ရှမြန်ကိုယ်တိုင်က အရှိန်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား။ သူက အထက်တန်းကျောင်းကနေ အခုမှ အောင်လက်မှတ်ရပြီး အရင်တုန်းကလည်း နေ့တိုင်း ကျောင်းသွားနေခဲ့တာလေ။ သခင်လေးနဥ်က သူ့ကို ဘယ်လိုလုပ်ပြီးတော့ ပိုးပန်းမှာလဲ"
"ရှမြန်က နေ့တိုင်းကျောင်းသွားပြီးတော့ သခင်လေးနဥ်ကို ပိုးပန်းဖို့ အချိန်မရှိဘူးလေ" ထိုလူက ဟယ်ဝေသည် ရှမြန်အပေါ် ထူးထူးခြားခြား သဘောမကျနေသည်ကို တွေ့လိုက်ရသဖြင့် နားမလည်နိုင်အောင် ဖြစ်သွားတော့၏။ သူမ၏နောက်ခံကြောင့် သခင်လေးနဥ်၏ ချစ်သူ ဖြစ်လာရရန်အတွက် နည်းလမ်းပေါင်းစုံ သုံးလိမ့်မည်ဟု အားလုံးက စဉ်းစားထားခဲ့သော်ငြားလည်း သူမသည် ဟယ်ဝေလောက်တော့ မဆိုးသေးချေ။
"လင်ရွှမ်းအာက ဒီစကားကို သခင်လေးနဥ်ဆီကနေ ကိုယ်တိုင်ကြားခဲ့တာ"
"သူက ဟယ်ရှောင်ရဲ့ အမျိုးသမီးအဖော်လေ။ သူက သခင်လေးနဥ်ရဲ့ နားနေခန်းထဲမှာ ရှိနေခဲ့တာ။ ယုံချင်ယုံ မယုံချင်နေပါ။ ဒါပေမဲ့ နင်တို့တွေ သခင်လေးနဥ်ရဲ့ မှတ်မိတာ မခံချင်ဘူးဆိုရင် သတိထားတာ ပိုကောင်းတယ်"
ဟယ်ဝေ၏ မျက်နှာသည် ကြည့်မကောင်းတော့ချေ။ ချီခိုင်ကလည်း တစ်ခုခုကို စဉ်းစားနေသယောင်ဖြင့် မျက်လွှာချထား၏။
သူသည် စကားပြောတော့မည် ပြင်လိုက်စဉ်တွင် ရုတ်တရက်ဆိုသလို လူတော်တော်များများက အရှေ့ဘက်ခြံဝန်းထဲသို့ သွားလိုက်ကြသည်ကို သတိထားမိလိုက်လေသည်။
ဟယ်ဝေက လူတစ်ယောက်ကို လှမ်းတားလိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
"လျန်မီနဲ့ ဖန်ရှောင်ဝမ်တို့က ရှမြန်ကို လှမ်းတားထားတယ်လို့ ကြားလိုက်လို့။ ကြည့်စရာ၊ စိတ်ဝင်စားစရာ တစ်ခုခုတော့ရှိလာပြီ"
ဟယ်ဝေသည် ချက်ချင်း ရယ်မောလိုက်သည်။ "တွေ့တယ်မလား။ နင်တို့တွေ နားကြားမှားတာပဲ နေမှာပါ။ တကယ်လို့ အဲဒီလောက်တောင် အရေးကြီးတယ်ဆိုရင် ဖန်ရှောင်ဝမ်က ရှမြန်ကို ပစ်မှားရဲမှာ မဟုတ်ပါဘူး။ သူက ရှမြန်ကို ပစ်မှားရဲတယ်ဆိုမှတော့ နင်တို့ကြားခဲ့တဲ့ကိစ္စတွေက ကောလာဟလပဲ ဖြစ်ပါလိမ့်မယ်။ ပြောလို့မရဘူးလေ။ ရှမြန်ကိုယ်တိုင် လုပ်ကြံပြောဆိုနေတာ ဖြစ်မှာပေါ့"
"ဒါဆိုရင်သူက သခင်လေးနဥ်ကြောင့် ထွက်လာရဲမှာ မဟုတ်ဘူးလို့ နင်ပဲ ပြောခဲ့တယ်လေ။ ဒါပေမဲ့ အခု သူ အပြင်ကို ရောက်နေပါလား"
"ဟယ်။ ငြင်းခုံမနေကြနဲ့တော့။ တစ်ချက်လောက် သွားကြည့်လိုက်ရင် သိလာမှာပေါ့"
အောက်ထပ်က လူအုပ်ကြီးသည် ရွေ့လျားလာပြီး ဒုတိယထပ်က ဧည့်ခန်းထဲကလူများကလည်း ဒါကိုသတိထားမိလိုက်ကြသည်။
အမျိုးသမီး ကြယ်ပွင့်တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။ "မစ်ရှကတော့ ပြဿနာတက်နေပြီ ထင်တယ်"
ရုံရှင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဝင်လာပြီး ထိုစကားကို ကြားလိုက်ရသည့်အခါ သူက ပြန်ဖြေလိုက်သည်။ "ဘယ်သူက အဲဒီလောက်တောင် ကန်းနေလို့ သူ့ကို ပြဿနာ သွားရှာရဲရတာလဲ။ ပညာပေးခံရမှာ မကြောက်ဘူးတဲ့လား"
ရုံရှင်းသည် ရှမြန်၏ ထက်ရှလှသည့် လျှာအကြောင်းကို မြင်ဖူးသဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး အမှန်ပင် အထင်ကြီးလေသည်။
သရုပ်ဆောင်မလေးက အခိုက်အတန့်တွင် မှင်တက်အံ့ဩသွားပြီး ပြောလိုက်လေသည်။ "ကြည့်ရတာ မစ်လျန်မီ ထင်တယ်"
ယခုတွင်တော့ မှင်တက်အံ့သြသွားသူက ရုံရှင်းအလှည့် ဖြစ်သွားတော့သည်။ သူသည် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်ကာ ကြည့်လိုက်၏။ အမှန်ပင် လျန်မီဖြစ်နေသည်။ အနီးအနားတွင် ပုန်းနေသည့် ဖန်ရှောင်၀မ်ကိုလည်း တွေ့လိုက်ရ၏။ သူ့မှာမနေနိုင်ဘဲ ကျိန်ဆဲလိုက်လေသည်။ "လျန်မီ နင်ကတော့ တကယ့်ကို အရူးပဲ။ သူက တခြားသူတွေအတွက် အသုံးချခံလက်နက်တစ်ခု အမြဲတမ်းဖြစ်နေတော့တာပဲ"
ကောင်းချုံးယင်းသည် အပြင်ဘက်မှ လျှောက်ကာဝင်လာပြီး ကတ်ကစားနေသည့် နဥ်ရှောက်ပိုင်ကို ပြောလိုက်၏။ "ရှမြန် ကြည့်ရတာ ပြဿနာတက်နေပြီ ထင်တယ်။ တစ်ချက်လောက် သွားမကြည့်တော့ဘူးလား"
သူမသည် ဆူဆူညံညံဖြစ်နေသည်ကို မြင်လိုက်ရပြီး သူတို့ကို စေတနာဖြင့် လာသတိပေးနေသယောင်။
နဉ်ရှောက်ပိုင်ကတော့ ကတ်တစ်ကတ်ကို ဖြည်းဖြည်းချင်းချလိုက်ကာ ကတ်များအားလုံးကို တွန်းချလိုက်၏။ "Tie"
လူတော်တော်များများက သက်ပြင်းချလိုက်၏။
ကျူးကျားတုန်းက ပြုံးကာ ပြောလိုက်၏။ "လူကြီးမင်းနဥ် ခင်ဗျားက ချက်ချင်း ပြေးထွက်သွားပြီးတော့ ကျုပ်ကလည်း ဒီတစ်ကြိမ်အနိုင်ရဖို့ အခွင့်အရေး ရလာတော့မယ်လို့ ထင်ထားတာ"
လီကျားစယ်ကလည်း ပြောလိုက်သည်။ "မင်း တကယ်ပဲ လုံးဝစိတ်မပူဘူးလား"
နဥ်ရှောက်ပိုင်က ဘာမှမပြောလိုက်ဘဲ ပြုံးလိုက်ကာ ထရပ်လိုက်ပြီးနောက် ပြတင်းပေါက်နား လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
"အိုး"အမျိုးသမီး တော်တော်များများက တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြ၏။
လှုပ်ရှားလိုက်သည့်သူမှာ ရှမြန် ဖြစ်နေလေသည်။ သူမသည် ရုတ်တရက် သူမ၏လက်သီးကို မြှောက်လိုက်ကာ ဖန်ရှောင်ဝမ်ဆီသို့ လွှဲရမ်းလိုက်၏။ အနားတွင်ရှိသည့် လူအားလုံးက အထိတ်တလန့် ဖြစ်သွားတော့သည်။
ဖန်ရှောင်ဝမ်နှင့် အနီးကပ်ဆုံး ရှိနေသည့်လျန်မီမှာ မှင်တက်အံ့သြသွားပြီး ထိုအခိုက်အတန့်တွင် လှုပ်ရှားဖို့ရန် အလွန်မှကြောက်ရွံ့သွားတော့၏။
ရုံရှင်းကလည်း အထိတ်တလန့် ဖြစ်သွားသည်။ "သူက လက်တောင်ပါရဲတယ်ဟ"
နဥ်ရှောက်ပိုင်က သူ့ကို လှမ်းကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ "သူက သူ့ရဲ့ခြေထောက်ကိုတောင်မှ ပိုပြီးတော့ အားစိုက်ပြီး လှုပ်ရှားလိုက်သေးတယ်။ ဒါပေမဲ့ ဒီနေ့ စကပ်ဝတ်ထားတော့ နှမြောစရာပဲ"
အားလုံး “...”
ဟယ်ဝေနှင့် တခြားသူများ ရောက်လာသည့်အချိန်တွင် သူတို့သည် လူအုပ်ကြီး၏ အုတ်အော်သောင်းနင်းအသံကို ကြားလိုက်ရပြီး ဖန်ရှောင်ဝမ်၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
လူ တော်တော်များများက အချင်းချင်း ကြည့်လိုက်ကြကာ သူတို့၏ခြေလှမ်းများကို မြန်မြန် လျှောက်လာခဲ့သည်တွင် ရှမြန်၏လက်သီးက ဖန်ရှောင်ဝမ်၏ နှာခေါင်းကို ထိလုထိခင်လေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဖန်ရှောင်ဝမ်သည် သူမ၏အနောက်က ထမင်းစားစားပွဲကို တောင့်တင်းစွာဖြင့် မှီထားရပြီး လက်တစ်ဖက်က ကိတ်မုန့်ပန်းကန်ပေါ်တွင် ကျရောက်နေကာ သူမ၏မျက်နှာကလည်း ကြောက်စိတ်ကြောင့် တွန့်ရှုံ့လို့နေသည်။
သူမဘေးတွင် ရပ်နေသည့် လျန်မီမှာ အေးခဲသွားတော့၏... လုံးဝကို မလှုပ်ရှားတော့ချေ။
ရှမြန်က သူမ၏လက်သီးကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "မစ်ဖန် ရှင့်ဟာရှင် သိပ်ပြီးတော့ ပါးနပ်လှပြီလို့ ထင်နေတာပဲ"
"နှစ်တွေ တော်တော်ကြာပြီးသွားတာတောင်မှ ရှင်က နည်းနည်းလေးမှ မတိုးတက်လာတဲ့အပြင် ဒီလိုအခြေအနေအောက်မှာတောင် ကျွန်မကို တကယ်ပဲ ရန်လာရှာရဲလိမ့်မယ်လို့ မထင်ထားမိဘူး"
သူမသည် ကြည့်နေကြသည့် လူများကို ဝှေ့ကြည့်လိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်၏။ "ကြည့်လေ။ တကယ်လို့ ရှင်က ကိုယ့်ဟာကိုယ် အရူးလုပ်ခဲ့မယ်ဆိုရင် ရှင့်ရဲ့မင်္ဂလာပွဲကိစ္စကတော့ နောက်ထပ် လယ်ဗယ်တစ်ခု နိမ့်သွားလိမ့်မယ်"
ဖန်ရှောင်ဝမ်၏ မျက်နှာမှာ ဖြူဆုတ်သွားလေသည်။ သူမသည် အနိုင်ကျင့်ခံရသည့် ရုပ်ကလေးဖြစ်သွားကာ မတရားစွပ်စွဲခံလိုက်ရသလို ပြောလိုက်၏။ "ရှမြန် ငါက ဒီအတိုင်း ဖြတ်သွားတာပါ။ နင်က အကြောင်းရင်းမရှိဘဲနဲ့ ဘာဖြစ်လို့ ငါ့ကို ပစ်မှတ်ထားနေတာလဲ"
"နင်က မစ်လျန်ကို ရန်မစရဲဘူးဆိုတော့ ဒေါသမရှိဘူးလို့ထင်ရတဲ့ ငါလိုလူကို အနိုင်ကျင့်ချင်နေတာပေါ့လေ"
လျန်မီသည်လည်း ထိုအခိုက်အတန့်တွင် သတိဝင်လာပြီး ရှမြန်ကို ဒေါသဖြင့် ကြည့်လိုက်၏။
"ဘာဖြစ်လို့ လူတစ်ယောက်ကို အဲဒီလောက် အလွယ်တကူ ရိုက်နှက်ရတာလဲ"
ရှမြန်ကလည်း ပြောလိုက်သည်။ "တကယ်လို့ ငါသာ တစ်စုံတစ်ယောက်ကို ရိုက်မယ်ဆိုရင် သူ ဒီနေရာမှာတောင် ရပ်နေနိုင်မှာ မဟုတ်တော့ဘူး" သူမသည် သူမ၏ခေါင်းကို စောင်းထားလိုက်ကာ ပြောလိုက်၏။ "ဒီအကြောင်းကို စဉ်းစားလိုက်ဦးမယ်။ ငါ နောက်ဆုံးရိုက်ခဲ့တဲ့ လူမိုက်တစ်ယောက်က နံရိုးတွေ အများကြီး ကျိုးသွားပြီးတော့ ဆေးရုံပေါ်မှာ လတော်တော်ကြာအောင် နေခဲ့ရတယ်လေ"
လျန်မီ၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားတော့သည်။
"ငါ သူ့ကို ဘာဖြစ်လို့ရိုက်လဲဆိုတဲ့ အကြောင်းရင်းကတော့..." ရှမြန်က ရယ်မောလိုက်ပြီး "မစ်လျန် ရှင် ဒီနေရာကိုမလာခင် သူ ရှင့်ကို အဓိပ္ပာယ်နှစ်ခွဖြစ်စေတဲ့ တစ်စုံတစ်ခု မပြောခဲ့ဘူးလို့ ကျွန်မတော့ မယုံဘူး။ ရှင် အကြောင်းရင်းမရှိဘဲနဲ့ ကျွန်မကို ပြဿနာလာရှာနေတာလေ"
"ဒီစကားကို ငြင်းဖို့အလျင်မလိုပါနဲ့" ရှမြန်က ပြောလိုက်သည်။ "ကျွန်မ ခန့်မှန်းကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့ သူ နင့်ကို ပြဿနာရှာရဲမှာ မဟုတ်ဘူး ဆိုတဲ့ စကားလိုမျိုးပေါ့လေ"
လျန်မီသည် ဖန်ရှောင်ဝမ်ကို ရုတ်တရက် ကြည့်လိုက်၏။
"ငါ နင့်ကို ဒီနေ့ ပြဿနာမရှာဘူးဆိုတာက ငါ မလုပ်ရဲလို့ မဟုတ်ဘူးနော်" ရှမြန်က ပြုံးလိုက်သည်။
"အဘိုးရုံကြောင့်မလို့ပါ"
"နင်က ဖြတ်ခုတ်ချင်တဲ့ လူတစ်ယောက် ဖြစ်ချင်နေတာက နင့်ကိစ္စပါ။ ဒါပေမဲ့ ဒီနေ့က အဘိုးရုံရဲ့ မွေးနေ့ပါတီလေ" သူမသည် ဖန်ရှောင်ဝမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး "တခြားလူတွေကတော့ ဂရုစိုက်ချင်မှ ဂရုစိုက်မှာပေါ့။ ဒါပေမဲ့ လိမ္မာသိတတ်တဲ့ မြေးလေးတစ်ယောက်အနေနဲ့ နင်က သူ့အတွက် ပြဿနာမရှာတာ ပိုကောင်းတယ်"
"တကယ်လို့ နင် ငါ့ကို နောက်ကွယ်မှာ ပြဿနာရှာမယ်ဆိုရင်တောင် ငါ့ကို ဖိနှိပ်ဖို့အတွက် အပေါစားဆန်ဆန် အကြောင်းပြချက်တစ်ခုကို အသုံးချတာက နင့်အဘိုးရဲ့ မွေးနေ့ပါတီကို အသုံးချတာထက် ပိုကောင်းပါသေးတယ်"
လျန်မီသည် ရှုံ့မဲ့သွားသည့် အမူအရာတစ်ခုဖြင့် ဖန်ရှောင်ဝမ်ကို ကြည့်လိုက်၏။
"ငါ အဲဒီလို မလုပ်ပါဘူး" ဖန်ရှောင်ဝမ်၏ မျက်လုံးများသည် မျက်ရည်များအပြည့် ဖြစ်သွားတော့၏။
သူမသည် သူမကိုယ်သူမ သနားစဖွယ် ခုခံတော့သည်။ "ဒီအသိုင်းအဝိုင်းထဲမှာ သူ့ရဲ့အာဏာကို တည်ထားဖို့အတွက် ငါ့ကို တမင်တကာ အနိုင်ကျင့်ဖို့ သခင်လေးနဥ်ရဲ့အင်အားကို အားကိုးနေတာ ရှမြန်ဆိုတာ အသိသာကြီးပဲ"
"ပြောစမ်းပါဦး" ရှမြန်က ရယ်မောလိုက်သည်။ "ငါက ငါ့ရဲ့အခွင့်အာဏာကို တည်ထားဖို့ နင့်ကို ရှာဖွေခိုင်းစရာ လိုသေးလို့လား"
"မစ်ဖန်ကတော့ ဟိုတုန်းကလိုပဲ အမှန်နဲ့ အမှားကို ရောထွေးအောင်လုပ်ရတာ သဘောကျတာပဲ"
"နင်ပဲ ငါ့ကို အရင်ဆုံးလာပြီးတော့ လမ်းပိတ်ခဲ့တာ မဟုတ်ဘူးလား။ အခုတော့လည်း နင်က ငါ့ကို ထပ်ပြီးတော့ အပြစ်တင်နေပြန်တယ်"
"ငါက သခင်လေးနဥ်ရဲ့အင်အားကို အားကိုးနေတယ်လို့ သူတို့က ပြောတယ်..." ရှမြန်၏ မျက်လုံးများသည် ဖန်ရှောင်ဝမ်နှင့် လျန်မီဆီသို့ ရောက်ရှိသွားပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဟယ်ဝေနှင့် ချီခိုင်တို့နှစ်ယောက်စလုံးကလည်း အမှတ်တမဲ့ ကိုယ်ကိုကျုံ့ထားလိုက်ကာ သူမ မှတ်မိသွားမှာကို စိုးရိမ်နေလေသည်။
လူတော်တော်များများကလည်း သူမ၏အကြည့်ကို ရှောင်လွှဲလိုက်ကြ၏။ ရှမြန်ကတော့ ခပ်ရေးရေးလေး ပြုံးလိုက်သည်။ "ပြောရမှာတော့ တကယ် ရယ်စရာကောင်းပါတယ်။ သူက ငါ့ရဲ့ချစ်သူလေ။ တကယ်လို့ သူ့ကို အားကိုးဖို့ သူ့ရဲ့ အင်အားကို မသုံးဘူးဆိုရင် ငါက အဲဒီအင်အားကို ဘယ်လိုလုပ်ပြီးတော့ နင်တို့ကို သုံးခွင့်ပေးရမှာလဲ"
လျန်မီ၏ ဝိုင်းစက်နေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး ရှမြန်က ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ငါက ဒေါက်တာနဥ်ရဲ့ အရှိန်အဝါကို အားကိုးနိုင်တယ်ဆိုတာ နင်က မယုံလို့လား။ ဒီတော့ နင်က ငါ့ကို သည်းမခံနိုင်ဘူးပေါ့လေ"
"ဒါဆိုရင်လည်း ငါနဲ့ ရင်ဆိုင်ဖို့အတွက် ပိုပြီးတော့ပါးနပ်ပြီး ပိုပြီးတော့အထက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးဖို့ အကြံပေးလိုက်မယ်"
ဒီအခိုက်အတန့်တွင် သူမက ရုတ်တရက် ရယ်မောလိုက်လေသည်။ "အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ နင်တို့တွေ ငါ့ကိုသဘောမကျဘူးဆိုတာ တွေ့နေရပေမဲ့လည်း ငါ့ကို မဖယ်ရှားနိုင်တာကို တွေ့လိုက်ရတော့ ငါပဲပို ပြီးတော့ ပျော်ရွှင်ရတယ်လေ"
"ဪ ဒါက ငါ့ရဲ့ယုံကြည်မှုကို တိုးပွားလာစေပြီးတော့ ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်က ဘာမှမဟုတ်ပါလား ဆိုတဲ့စိတ်ကူးရလာစေတယ်။ ငါ့လို တောသူမလေးလောက်တောင်မှ မတော်ဘူးလေ။ ဒေါက်တာနဥ်ကတော့ ငါ့အတွက် ပိုပြီးကောင်းမွန်နဲ့ လက်တွဲဖို့တစ်ယောက်ပဲ"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ဘေးတွင်စောင့်ဆိုင်းနေသည့် ထန်မြောင်မြောင်ကို လက်တွဲလိုက်ကာ နှုတ်ဆက်စကားပြောလိုက်လေသည်။ "မစ်လျန် ခဏနေမှ တွေ့မယ်နော်"
လျန်မီ၏မျက်နှာမှာ ဒေါသကြောင့် နီရဲသွားတော့သည်။
...