အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အပိုင်း (၁၈၇)
သူမ ထွက်သွားပြီးသည့်နောက်တွင် ထိုနေရာသည် ရုတ်တရက် ဆူဆူညံညံ ဖြစ်သွားတော့၏။
ဟယ်ဝေနှင့်အတူ ပါလာသည့် လူက ပြောလိုက်တော့သည်။
"ဒီရှမြန်က လျန်မီနဲ့တောင် တိုက်ရိုက် ရင်ဆိုင်ရဲတယ်။ ဟယ်ဝေ သူက မင်းပြောတဲ့ပုံစံ ဖြစ်မယ်လို့တော့ ငါ မထင်ဘူး"
"ငါလည်း အဲ့လိုပဲ ထင်တာပဲ"
မိန်းကလေးတစ်ယောက် ပြောလိုက်သည်။
"သူက တော်တော်လေးကို ထက်မြက်တယ်။ ဒီကိစ္စကို လုပ်ခဲ့တဲ့သူက ဖန်ရှောင်ဝမ် ဖြစ်နေတယ်ဆိုတာကိုတောင် တကယ် ခန့်မှန်းနိုင်ခဲ့တယ်လေ"
နောက်ထပ် မိန်းကလေးတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
"ဖန်ရှောင်ဝမ် ခံလိုက်ရတော့ တော်တော်လေးကို နေသာထိုင်သာ ရှိသွားတာပဲ။ သူက ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတာ နင်တို့ မသိလို့ပါ။ သူက လူတွေကို အမြဲတမ်း ချောက်ချပြီး သူတို့တွေကို ဆွံ့အသွားအောင် အမြဲတမ်း လုပ်နေခဲ့တာ။ သူက အရမ်းကို ပုန်းလျိုကွယ်လျိုနဲ့လေ"
"သူက ဒီအတိုင်း ရိုးရိုးစင်းစင်းနဲ့ အပေါ်ယံသာသာပါပဲ။ လက်သီးတစ်ချက်နဲ့တင် ဒါကိုဖြေရှင်းခဲ့တယ်"
"ခုနတုန်းက အခြေအနေကို ကြည့်ရတာ သူက အရင်တုန်းက သိုင်းလေ့ကျင့်ခဲ့တဲ့ အဓိပ္ပာယ်ပေါ့နော်။ သူက တိုက်ခိုက်တဲ့နေရာမှာ တော်လား"
ဟယ်ဝေက နှာခေါင်းရှုံ့လိုက်သည်။
"တောက ကလေးတွေက ရန်ဖြစ်ရင်း ကြီးလာကြတာပဲ မဟုတ်လား။ သူတို့တွေက အရမ်းရိုင်းစိုင်းတာလေ"
"ဒါဆိုရင် သူက ဒီမှာရော ဘယ်လိုရိုင်းစိုင်းရဲမှာလဲ"
"အခြေအနေက ငါတို့ ထင်ထားသလို မဟုတ်ဘူးလို့ ငါတော့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက သတိလေးနဲ့ ဖြစ်နေတယ်လို့ ငါတော့ မမြင်ဘူး။ ဒါပေမဲ့ သူက ဒေါသကြီးတဲ့ပုံစံတော့ ပေါ်တယ်"
ဟယ်ဝေက နှာခေါင်းရှူံ့လိုက်ပြန်သည်။
"လူဆိုးက အာဏာရလာတဲ့ ပုံစံမျိုးပါပဲ။ သူက နဥ်ရှောက်ပိုင်ရဲ့ရှေ့မှာ ဒီလိုပြုမူရဲလိမ့်မယ်လို နင်က ထင်လို့လား"
နောက်ပိုင်းတွင် သူတို့ကို အကြံပေးခဲ့သည့် သူငယ်ချင်းက ပြောလိုက်သည်။
"ဒါက လူရှေ့မှာ ဖြစ်သွားခဲ့တာလေ။ ဒီအကြောင်းကိုကြားဖို့ သခင်လေးနဥ်အတွက် ၅မိနစ်တောင်မှ မလိုပါဘူး"
"သူက သခင်လေးနဥ်ရဲ့ရှေ့မှာ အမှားနဲ့အမှန်ကို ဘယ်လိုရောထွေးအောင်လုပ်မယ်ဆိုတာ ဘယ်သူက သိမှာလဲ"
ဟယ်ဝေက စိတ်မရှည်လက်မရှည် ပြောလိုက်သည်။
"စောင့်ကြည့်ကြတာပေါ့။ သူက သခင်လေးနဥ်ရဲ့ရှေ့မှာ သူရဲ့အရောင်အစစ်ကို တသက်လုံး ဖုံးကွယ်နိုင်လိမ့်မယ်လို့ ငါတော့ မမြင်ဘူး"
"သူ့မှာ ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
သူငယ်ချင်းက သူ့ကိုကြည့်လိုက်ပြီး စကားပြောဖို့ရန် တွေဝေသွားသယောင် နောက်ဆုံးတော့ ခေါင်းခါပြလိုက်ကာ ဘာမှမပြောတော့ချေ။
ရှမြန်၏ ဖြောင့်မတ်သည့်အကျင့်စရိုက်ကြောင့် အောက်ထပ်တွင်ရှိနေကြသည့် လူများက အားတက်လာကြသည်ကို မဆိုထားနှင့် ဒုတိယထပ် အပန်းဖြေအခန်း၏ မှန်ပြတင်းပေါက်နားတွင် စုပြုံနေကြသည့် လူများကလည်း တစ်ချိန်တည်း စိတ်အေးသွားကြတော့သည်။
လီကျောက်ချန်က ပြုံးကာပြောလိုက်၏။
"ငါတို့တွေ အောင်မြင်မှုအကြီးကြီးကို ရခဲ့တာပဲ။ တကယ့်ကို ထူးထူးခြားခြားပဲ"
ရုံရှင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"သူက ဘာပြောခဲ့တာလဲ။ ငါ့အထင်တော လျန်မီက ဒေါသထွက်လွန်းလို့ ထခုန်တော့မယ် ထင်တယ်"
နဥ်ရှောက်ပိုင်၏ မျက်လုံးကတော့ အပြုံးများအပြည့် ဖြစ်သွားလေသည်။
"မသိဘူးလေ မင်း သွားမေးလိုက်လို့ရတာပဲ။ ‘နင်တို့တွေ ငါ့ကို သည်းမခံနိုင်ကြပေမဲ့လည်း ငါကိုတော့ ဖယ်ရှားပစ်နိုင်မှာ မဟုတ်ဘူး’လို့ ပြောလိုက်တာနေမှာပေါ့"
အားလုံး...
ကျူးကျားတုန်းက မေးလိုက်၏။
"အဲ့လောက်တောင် ရက်စက်တာလား"
နဥ်ရှောက်ပိုင်က ပြောလိုက်သည်။
"သူက လူတွေကို ဒေါသထွက်အောင်လုပ်တဲ့နေရာမှာ အရမ်းတော်တယ်လေ"
အားလုံး....
လေသံက ဘာလို့ အဲ့လောက်တောင် ဘဝင်ခိုက်နေတဲ့ပုံ ပေါ်နေတာလဲ။
ကောင်းချုံးယင်းက ပြောလိုက်သည်။
"သူက အရမ်း နမော်နမဲ့နိုင်တာပဲ။ သူက လူတွေကို ဒေါသထွက်အောင် လုပ်မယ်ဆိုရင် သူတို့တွေက သူ့ကို ရင်ဆိုင်ကြလိမ့်မယ်..."
နဥ်ရှောက်ပိုင်က သူမကို လှမ်းကြည့်ကာ ပြောလိုက်၏။
"သူက သူ့အတိုင်းအတာကို သိပါတယ်"
သူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အပြုံးတစ်ခုသည် သူမျက်နှာပေါ်တွင် တစ်ဖန် ပြန်ထွက်လာခဲ့၏။
"သူ့ကို ဖြေရှင်းဖို့ အတွက်တော့လား။ ဒီနေရာက လူတွေက သူ့ကို ဘယ်သူမှ အနိုင်မကျင့်နိုင်ပါဘူး"
ကောင်းချုံးယင်းသည် သူမ၏အောက်နှုတ်ခမ်းကို အမှတ်တမဲ့ ကိုက်ထားလိုက်၏။
နဥ်ရှောက်ပိုင်က ဘယ်သူမှ ရှမြန်ကို အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူးလို့ ပြောပြီးသွားသည့်နောက်တွင် ရှမြန်သည် အပန်းဖြေအခန်းထဲသို့ ဝမ်းပန်းတနည်းပုံစံဖြင့် ပေါ်လာကာ နဥ်ရှောက်ပိုင်၏လက်ကို တွဲလိုက်ပြီး ကြောက်လန့်စွာဖြင့် ပြောလိုက်လေသည်။
"ဒေါက်တာနဥ် ကျွန်မလေ လျန်မီကို ဒေါသထွက်အောင် လုပ်မိသွားပြီ။ ဘယ်လိုလုပ်ရမလဲ။ သူက ကျွန်မကို ပြန်ပြီးတော့ လက်တုံ့ပြန်မှာတော့ မဟုတ်ပါဘူးနော်"
နဥ်ရှောက်ပိုင်က သူ့လက်မောင်းကို သူမ၏ပခုံးအား သိုင်းဖက်ထားလိုက်ပြီး နှစ်သိမ့်စကား ပြောလိုက်၏။
"ရပါတယ် ကိုခဏနေကျမှ အဘိုးရုံနဲ့ စကားသွားပြောလိုက်မယ်"
ရှမြန်သည် ချက်ချင်းဆိုသလို အားပြန်တက်လာတော့၏။
"ဒေါက်တာနဥ်က အကောင်းဆုံးပဲ"
ကြည့်ရှုနေသူများ...
ဒီအချိန်တွင် အင်တာနက်ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ခဲ့လျှင်တော့ သူတို့သည် ရှာလကာရည်အိုး မှောက်ထားသည့် အချစ်အိုးအကြောင်းကို စုဆောင်းထားပေလိမ့်မည်။
ရုံမိသားစု၏ အိမ်တော်ထိန်းက ရောက်ရှိလာပြီး ပြောလိုက်၏။
"ရှောင်ရှင်း ဒရမ်တီးဝိုင်းကို ယူလာပြီ။ ရှောက်ပိုင်ရဲ့တယောလည်း ယူလာပြီ"
ရုံရှင်းက နဥ်ရှောက်ပိုင်နှင့် ရှမြန်ကို ကြည့်လိုက်ပြီး
"မင်းတို့တွေ လေ့ကျင့်ဖို့ အခန်းတစ်ခန်းပြင် ပေးဖို့လိုသေးလား"
ရှမြန်က အချိန်ကို ကြည့်လိုက်ကာပြောလိုက်၏။
"ထားလိုက်ပါလေ။ အရမ်း နောက်ကျနေပြီ။ ဒရမ်တီးဝိုင်းကို စင်ပေါ်မှာပဲ ချက်ချင်းဆင်လိုက်ပါ"
ကောင်းချုံးယင်းက တစ်ခုခု စဥ်းစားမိသွားရင်းနဲ့ သူတို့၂ယောက်ကို ရုတ်တရက် ကြည့်လိုက်လေသည်။ ခဏအကြာတွင်တော့ လူတိုင်းက ခန်းမထဲသို့ သွားဖို့ရန် အသိပေးလာကြသည်။
ခန်းမထံတွင် လူကြီးများ အနားယူရန်အတွက် ရှေ့တွင်ဆင်ထားပေးသည့် ဆိုဖာခုံ၂တန်းကလွဲလျှင် တခြားစားပွဲများအားလုံးကို ဖယ်ရှားထားလိုက်ပြီး နံရံနှင့်တိုင်လုံးများကို ကပ်ကာချထားသည့် ရှန်ပိန်နှင့် သရေစာဘူဖေးစားပွဲများကိုသာ ချန်ရစ်ထားခဲ့သည်။
ဒါသည် လူငယ်များအတွက် ခဏလောက် စကားပြောဆိုကာ ကခုန်လို့ရရန် အဆင်ပြေစေသည်။
ရုံအဖေ၏မျိုးဆက်က ညီအစ်ကိုမောင်နှမများက အရင်ဆုံး စင်ပေါ်တက်လာကာ အဘိုးကြီးအတွက် မွေးနေ့ဆုတောင်းစကား ပြောပေးကြ၏။ အဘိုးရုံကလည်း အပြုံးဖြင့် စကားနည်းနည်းပါးပါး ပြောလိုက်သည်။ ထို့နောက်တွင်တော့ ကြယ်ပွင့်၂ယောက်က အခြေအနေကို လန်းဆန်းတက်ကြွသွားစေရန်အတွက် သီချင်း၂ပုဒ်ဆိုလိုက်သည်။ ထို့နောက်တွင်တော့ မြေးကလေးများက စင်ပေါ်တွင် ဖျော်ဖြဖို့အလှည့် ကျရောက်လာခဲ့၏။
လူကြီးမင်းရုံနှင့် မိတ်ဆွေသူငယ်ချင်းများက ဆိုဖာပေါ်တွင် ထိုင်ကြကာ ကြီးစွာသော စိတ်ဝင်စားမှုဖြင့် စောင့်စားနေကြသည်။
သူတို့သည် ငှားရမ်းထားကြသည့် ပညာရှင်များထက် သူတို့၏မြေးကလေးများ၏ ဖျော်ဖြေမှုကို ပိုပြီးသဘောကျသည်က သိသာသည်။
လျန်မီက ရှိုး၏ပထမဦးဆုံး အစီအစဥ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး အစီအစဥ်မှူးအဖြစ်လည်း ဆောင်ရွက်လေသည်။
သူမသည် ရှမြန်ကို တစ်ဖန် တွေ့လိုက်ရသည့်အခါ မျက်လုံးများကို မိုးထိုးအောင် ပင့်ထားလိုက်သော်ငြားလည်း စကားတော့ တစ်ခွန်းမှ မပြောရဲချေ။ သူမသည် သင်ခန်းစာရသွားပြီးမှာ သိသာသည်။
သူတို့အားလုံးသည် မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများဖြစ်ကြသဖြင့် သူတို့၏ ဖျော်ဖြေရေး Levelကလည်း အမျိုးမျိုး ရှိလေသည်။ သို့သော်ငြားလည်း လူကြီးများကတော့ အားလုံး တော်တော်ကောင်းမွန်ကြ၏။ အသက်၁၁နှစ် ၁၂နှစ်အရွယ် ကလေးများလည်း ပါဝင်ကြသဖြင့် လူတိုင်းက အပျော်သဘော လာရောက်ကြည့်ရှုကြ၏။
ရှိုးကို ကြီးစွာသော စိတ်ဝင်စားမှုနှင့် စောင့်ကြည့်နေကြသည့် အဘိုးရုံနှင့် တခြားလူကြီးများကလွဲလျှင် တခြားသူအများစုကတော့ လူမှုရေး အသိုင်းအဝိုင်းကိုသာ အာရုံစိုက်ထားကြကာ ရှိုးပဲကြည့်နေသည်ကို ရပ်လိုက်ကြသည့်အချိန်ကျမှ သူတို့သည် တကယ့်ပွဲကြီးပွဲကောင်းတစ်ခုကို ကြားလိုက်ရလေသည်။
နဥ်ရှောက်ပိုင်နှင့် ရှမြန်တို့၏ အစီအစဥ်သည် အလယ်တွင် ရောက်နေပြီး အနောက်ဖက်တွင်တော့ သူတို့နောက်၌ ကောင်းချုံးယင်း ရှိနေ၏။ လျန်မီက ရှမြန် ပြောလိုက်သည့်စကားကို နားထောက်လိုက်ပြီး အခုအချိန်တွင်တော့ သူမကို တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်လိုက်၏။
"နောက်ဆုံး ငါကလည်း နင့်ရဲ့Levelကို ကောင်းကောင်းကြီး သိမထားဘူးလေ။ အဘိုးရဲ့စိတ်ဝင်စားမှုကို မပျက်စီးအောင် တစ်ခုခုမတော်တဆ ဖြစ်မှာကို ကာကွယ်ဖို့ ငါက အစ်မချုံးယင်းကို နင်ရဲ့အနောက်ဖက်မှာ စီစဥ်ထားပေးတယ်"
"တကယ်လို့ တစ်ခုခု မှားသွားတယ်ဆိုရင်လည်း အစ်မချုံးယင်းက အခြေအနေကို ပြန်ထိန်းထားလို့ရတာပေါ့။ အဆင်ပြေတယ် မဟုတ်လား"
ရှမြန်က နဥ်ရှောက်ပိုင်ကိုကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ သူမကို Ok သင်္ကေတ လုပ်ပြလိုက်လေသည်။
"မစ္စလျန်ရဲ့သဘောပါပဲ"
လျန်မီသည် ရှမြန်က မကျေမနပ် ဖြစ်သွားသည်ကို မမြင်လိုက်ရသဖြင့် သူကိုယ်တိုင်က အရမ်းစိတ်ပျက်သွားတော့၏။
အနီးအနားတွင် စောင့်နေသည့် ကောင်းချုံးယင်းက ရုတ်တရက် ထပြောလိုက်သည်။
"နင်က ငါထင်ထားတာထက် အများကြီး ပိုပြီးတော့ ပါးနပ်တာပဲ။ နင်လည်း ကြိုတင် ပြင်ဆင်ထားပြီးတော့ ကောင်းကောင်းလေး ပြင်ဆင်ထားမှာပါ ဟုတ်တယ်မလား"
လျန်မီသည် ဇဝေဇဝါဖြင့် ကောင်းချုံးယင်းကို ကြည့်လိုက်၏။
ကောင်းချုံးယင်းက ရှင်းပြလိုက်သည်။
"ဒရမ်တီးဝိုင်းနဲ့ တယောကို တစ်ချိန်တည်း ယူလာခဲ့တာဆိုတော့ သူတို့တွေက တစ်နေရာတည်းက ယူလာကြတာပဲ နေမှာပေါ့ ဟုတ်တယ်မလား"
"တကယ်လို့ ငါတို့တွေက အတူတူ တီးခတ်ချင်တယ်ဆိုရင်တောင် ငါနဲ့ ရှောက်ပိုင်တို့လို လူတွေကတောင် လေ့ကျင်ဖို့ လိုပြီးတော့ အချင်းချင်းကြိုတင် အပေးအယူမျှအောင် လုပ်ဖို့လိုတယ်လေ။ ဒါပေမဲ့ ရှမြန် နင်ကတော့ အရမ်းယုံကြည်ချက်ရှိနေတာပဲ"
လျန်မီသည် သတိဝင်လာပြီး မျက်လုံးအဝိုင်းသားဖြင့် ရှမြန်ကိုကြည့်လိုက်သည်။
"ဟုတ်တယ် တကယ်တမ်းကျတော့ နင် ဒါကိုကြိုတင်ပြီးတော့ ပြင်ဆင်ထားရမှာ"
ရှမြန်ကတော့ ဖော်ထုတ်ခံလိုက်ရသည့်အတွက် လုံးဝကို ပျာယာခတ်မနေချေ။
"မှားတယ်။ ဒါကို ကြိုတင် ကြံစည်ထားတာလို့ မခေါ်ဘူး။ ခန့်မှန်းထားတာလို့ ခေါ်တယ်"
သူမသည် လျန်မီကို မျက်တောင်ခတ်ပြလိုက်ပြီး ပြောလိုက်၏။
"မဟုတ်ဘူးလား"
လျန်မီက မလုံမလဲဖြင့် အကြည့်လွှဲသွားလေသည်။
ရှမြန်က ကိုယ်ကိုလှည့်လိုက်ကာ အပြုံးဖြင့် ကောင်းချုံးယင်းကို ပြောလိုက်သည်။
"တကယ်တမ်းကျတော့ မစ္စကောင်း ရှင် ကျွန်မကိုလေ နည်းနည်းလေးပိုပြီး ဉာဏ်ကောင်းတယ်လို့ သေချာပေါက် ခန့်မှန်းထားလို့ရပါတယ်"
"ဒေါက်တာနဥ်လို ပါရမီရှင်တစ်ယောက်က ကျွန်မကို ဘာဖြစ်လို့ သဘောကျတယ်လို့ ရှင်ထင်လဲ"
"ဘာဖြစ်လို့လဲဆိုတော့ ဉာဏ်ရည်ကပဲ ကျွန်မရဲ့ ခွန်အားတွေထဲက တစ်ခုမလို့လေ"
သူမက သက်ပြင်းချလိုက်သည်။
"ကျွန်မက ပါရမီရှင်တွေရဲ့ သဘောကျရဖို့ လုံလောက်အောင် ဉာဏ်ကောင်းတယ်လေ။ ပြောလို့မရဘူးပေါ့။ ကျွန်မလည်း ပါရမီရှင်Levelတစ်ခုလောက် ရှိချင်ရှိမှာပေါ့"
ကောင်းချုံးယင်း၏မျက်နှာသည် မသိမသာ ပြောင်းလဲသွား၏။ နဥ်ရှောက်ပိုင်က သူမ၏ဆံပင်လေးကို သပ်ချပေးလိုက်ပြီး ကူကယ်ရာမဲ့စွာနှင့် ချစ်စနိုးပြောလိုက်လေသည်။
"ငါ့ကို အမြဲတမ်း အနိုင်ကျင့်မနေနဲ့အုံး"
ရှမြန်က အပြုံးဖြင့် လျှာထုတ်ပြလိုက်ပြီး
"ရှင့်စိတ်တိုင်းကျပါ"
ထို့နောက်တွင်တော့ သူမက လျန်မီကို ပြောလိုက်သည်။
"မစ္စလျန် အခုရှိုးပွဲကို ကြော်ငြာဖို့ အချိန်တန်ပြီနော်"
လျန်မီသည် သတိပြန်ဝင်လာပြီး ဒေါသထွက်ထွက်ဖြင့် သူမ၏လည်သာရှူးဖိနပ်လေးနှင့် စင်ပေါ်သို့လျှောက်ကာ ထွက်သွားလိုက်ပြီး စင်ပေါ်သို့ရပ်လိုက်ပြီး အခိုက်အတန့်တွင် သူမ၏မျက်နှာပေါ်တွင် အပြုံးများ အပြည့်ပြန်ဖြစ်သွားလေသည်။
အားလုံးက နဥ်ရှောက်ပိုင်နှင့် ရှမြန်တို့၏ ဖျော်ဖြေမှုဖြစ်သည်ကို ကြားလိုက်ရသဖြင့် မြင်ကွင်းသည် ရုတ်တရက်ဆိုသလို အများကြီးပိုပြီး တိတ်ဆိတ်သွားတော့သည်။ နဥ်ရှောက်ပိုင်သည် သူ့မျက်နှာကို ဖော်ပြဖို့ရန်အတွက် အခွင့်အရေးအများကြီး မရခဲ့ချေ။ သူ့တွင် ပိုလိုပင် နားလည်ရန်ခက်ခဲသည့် ချစ်သူကောင်မလေး တစ်ယောက်ကလည်း ရှိထားသေးသည်။ ထို့ကြောင့် အားလုံးက သူတို့၏အာရုံကို သူ့အပေါ်တွင် စုပြုံထားလိုက်ကြ တခြားအကြောင်းအရာ သို့မဟုတ် သိလိုစိတ်များဖြစ်နေကြ၏။
ရှမြန်က ဒရမ်တီးဝိုင်းဆီသို့ ဆက်တိုက် လျှောက်သွားလိုက်ကာ ထိုင်ချလိုက်သည်နှင့် နဥ်ရှောက်ပိုင်ကလည်း တယောတစ်လက်ဖြင့် သူတို့ရှေ့တွင် ထိုင်ချလိုက်၏။ သူတို့တီးခတ်ပြမည့် သံစဥ်မှာ "ခရိုအေးရှန်း ရက်ပ်ဆိုဒီ" ဖြစ်သည်။
ဒါသည် ရှမြန်၏အရင်ဘဝတွင် အကြိုက်နှစ်သက်ဆုံး သီချင်းထဲက တစ်ပုဒ်ဖြစ်ခဲ့သည်။
အရင်ဘဝ ရှမြန်တို့ မျိုးဆက်သည် စိတ်ဝင်စားမှုအမျိုးမျိုး အတန်းချိန်များနှင့် လေ့ကျင့်မှုအောက်တွင် ကြီးပြင်းလာသဖြင့် အားလုံးက ကြွားဝါဖို့ရန်အတွက် အရည်အချင်း တစ်မျိုး၊ နှစ်မျိုးလောက် တတ်ထားကြသည်။
ဘေးအိမ်က နတ်သမီးမမ၏ လွှမ်းမိုးခြင်းခံထားရသည့် ရှမြန်ကလည်း ၁၀နှစ်ကျော်လောက် တယောကို မကြာခဏ လေ့လာခဲ့လေသည်။ သူမသည် အထက်တန်းကျောင်း နွေရာသီအားလပ်ရက်အတွင်းတွင် ဒရမ်ကိုစတင် တီးခတ်ခဲ့၏။ သူမသည် ထိုနောက်တွင်တော့ မရပ်နိုင်တော့ပေ။
တယောနှင့် ဒရမ်ကိုသုံးကာ ခရိုအေးရှန်း ရက်ပ်ဆိုဒီကို ပူးပေါင်းတင်ဆက်မှုသည် အင်မတန်မှ အ့သြစရာကောင်းလှ၏။
ဒီခေတ်သည် နောက်ပိုင်းမျိုးဆက်များလို့ ပျော်ရွှင်စရာကိစ္စရပ်များ အများအပြား မရှိချေ။ သူတို့အများစုက တော်တော်လေးကို ရှေးရိုးဆန်ကြသည်။ ဒီလိုတွဲစပ်မှုက သေချာပေါက် မှင်တက်အံ့သြစရာ ကောင်းလိမ့်မည်ဟု ရှမြန်က ယုံကြည်ထား၏။
သူမသည် အစပိုင်းတုန်းကတော့ အနည်းငယ် နှမြောတသသလို ဖြစ်နေမိသေးသည်။ အကြောင်းမှာ ဒီသီချင်းသည် ၂၁ရာစုတွင် ပေါ်ပေါက်ခဲ့ပြီး ယခုအချိန်တွင်တော့ ပေါ်လာသေးမည်တော့ မဟုတ်ချေ။ သို့သော်ငြား သူမ၏သာမန်ကာလျှံကာ မှတ်ချက်တစ်ခုကို သိပ်မကြာခင်ကမှ လူရှေ့ထွက်လာသည့် နဥ်ရှောက်ပိုင်က သိရှိသွားလိမ့်မည်ဟုတော့ မျှော်လင့်မထားမိချေ။ သူမသည် ဒါကို စိတ်ကူးယဥ်လောကတစ်ခု ဖြစ်တာကြောင့် ဖြစ်မည်ဟု ထင်မိလေသည်။
အလို။ ဘုရားရှင်က ငါ့ကို ကူညီပေးနေတာပဲ။
သူမသည် သူမကို ခေါင်းညိတ်ပြလိုက်ကာ တယောကို ကြိုးညှိနေသည့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်လေသည်။
ကြည်လင်သည့် တယောသံ ထွက်လာသည့် အခိုက်အတန့်တွင် ထိုသံစဥ်သည် လူအများကို စစ်ပွဲအပြီး နိမ့်ကျနေသည့် ကောင်းကင်ထဲသို့ ချက်ချင်းဆွဲသွင်းလိုက်ကာ ကောင်းကင်တစ်ခွင်လုံးတွင် သဲနှင့်အပျက်အစီးစများအပြည့် ဖြစ်နေသယောင်။
လေထုထဲတွင်လည်း ယမ်းနံ့များ ကျန်ရှိနေသေးသယောင် ကျက်တီးမြေကိုလည်း မရေမတွက်နိုင်ငည့် အပျက်အစီးများနှင့် စိတ်ပျက်အားလျော့မှုများက သယ်ဆောင်လာသည့် ကျောက်စရစ်ခဲများက ပြည့်နှက်နေသည်။
အဝေးတစ်နေရာမှ ရောက်လာသည့် ခပ်သဲ့သဲ့ အသံတစ်ခုလေးသည် လျစ်လျူရှူထား၍ မရနိုင်အောင် အာရုံကိုစိုးမိုးထား၏။
မကြာမီတွင် သိပ်သည်းသည့် ဒရမ်စည်းချက်တစ်ခုက ပေါ်ထွက်လာခဲ့ပြီး လူတို့၏အာရုံကြောကို ဆွဲလှုပ်လိုက်သည့်နှယ် နစ်မြှပ်သွားတော့မည့် စိတ်ဝိညာဥ်များကို နိုးထလိုက်လေသည်။
တယောသံသည် ရုတ်တရက်ပိုပြီး ကြည်လည်လာကာ စိတ်လှုပ်ရှားစရာကောင်းသည့် ဒရမ်စည်းချက်နောက်က ကပ်ပါလာ၏။
အားလုံးသည် မှင်တက်အံ့သြသွားကြပြီး ဒရမ်တီးဝိုင်းနောက်တွင် ထိုင်နေသည့် မိန်းကလေးကို ကြည့်လိုက်ကြသည်။ သူမသည် အပြာနှင့်အဖြူ ရောနှောထားသည့် ဇာဂါဝန်လေးကို ဝတ်ဆင်ထားသော်ငြား အပျက်အစီးများကြားထဲတွင် သူမ၏ကခုန်နေပုံက ရှင်းမပြတတ်သည့် တည်ငြိမ်လးနက်သည့် အာရုံတစ်ခုကို ထုတ်ပြနေလေသည်။
သူမသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ဒရမ်တုတ်ချောင်းသည် သူမ၏လက်ထဲတွင် လှလှပပ လည်ထွက်သွားပြီးနောက်တွင် သူမသည် ဒရမ်ကို ရုတ်တရက် တီးချလိုက်သည့်အခိုက် တောက်ပသည့်အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ရုတ်တရက် ပွင့်လန်းလာခဲ့သည်။
ထိုအခိုက်အတန့်တွင် အရှေ့ဖက်မှ နေမင်းကြီး ပေါ်ထွက်လာသည့်နှယ် အလင်းရောင်သည် မျက်စိကျိန်းရလောက်အောင် ဖြစ်နေကာ ရှင်သန်ထမြောက်လာသည့် တောရိုင်းပန်းများသည် ယမ်းငွေ့များ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်ကမြေကြီးပေါ်တွင် ထိုးဖောက်ထွက်လာကာ အာဟာရများကို ကြိုးစားစုပ်ယူနေသည့်နှယ်။
တယောသံကလည်း ပြင်းပြသည့် စိတ်ခံစားချက်တစ်ခုနှင့် အမြင့်ဆုံးအသံသို့ ပြောင်းလဲသွားကာ တင့်ကားသံ၊ စစ်လက်နက်မီးများနှင့် ဝမ်းနည်းစရာကောင်းသည့် ဟိန်းဟောက်သံများသည် မြည်ဟီးလာတော့သည်။
ယမ်းငွေ့များ နှင့် သွေးများကြားတွင် စိုရွဲနေခဲ့သည် ဒီအရိုင်းပန်းငယ်လေးများသည် အက်ကွဲကြောင်းများကြားတွင် ယိမ်းနွဲ့နေကြဆဲဖြစ်ကာ နေရောင်ခြည်ကို မျှော်လင့်တမ်းတရင်း အလင်းရောင်လာမည့်ဖက်ကို မျှော်ကြည့်နေလေသည်။
နင်းချေခံလိုက်ရသည့်တိုင် တဖန်ရှင်သန်နိုင်သေး၏...
နောက်ဆုံးတော့ စစ်ပွဲပြီးသွားသည့်အချိန်တွင် ထိုသေးငယ်လှသည့်ပန်းများသည် နေရောင်ခြည်အောက်တွင် ကျားကုတ်ကျားခဲ တစ်ဖန် ပွင့်လန်းလာကြသည်။ ဒီတစ်ကြိမ်တွင်တော့ သူတို့၏အမြစ်များသည် ဖျက်ဆီးမခံရတော့ဘဲ သူတို့၏မြေဆီလွှာများကိုလည်း သယ်ဆောင်သွားခြင်း မခံရတော့ဘဲ သူတို့သည် လောကကြီးတစ်ခွင်လုံးကို လွှမ်းမိုးထားတော့၏။
အားလုံး၏ အာရုံက ထိုမိန်းကလေးဆီသို့ ဘယ်တုန်းက ကျရောက်သွားမည်မှန်း မသိခဲ့ချေ။
သူမသည် သူမမျက်လုံးများကို ကွေးထားပြီး သူမ၏အကြည့်တို့က တောက်ပကာ တဖျတ်ဖျတ် လင်းလက်နေသည်။ သူမသည် ဒရမ်တုတ်ချောင်းကို ပျော်ပျော်ရွှင်ရွှင် ဝေ့ယမ်းကာ သူမ၏တောက်ပလှသည့်အပြုံးက အားလုံးကို ထိုအားသစ်များနှင့် တက်ကြွလန်းဆန်းနေသည့် ပန်းပွင့်လေးများကို မြင်နေရယောင် ဖြစ်စေပြီး အကြိမ်ပေါင်းများစွာ မြေဆီလွှာထဲတွင် ချိုးဖြဲခံလိုက်ရသည့်တိုင် အမြဲတမ်း တက်ကြွလန်းဆန်းသည် အားသစ်များအပြည့်ဖြစ်နေကြသည့် ပန်းပွင့်လေးများကို တွေ့နေရ၏။
အမြင့်ဆုံးနေရာသို့ ရောက်သွားသည့်အချိန်တွင်တော့ သိုသိုသိပ်သိပ်နေတတ်သည့် လူတစ်ယောက်ကပင် မနေနိင်တော့ဘဲ သူမကို လှမ်းကြည့်လိုက်လေသည်။ သူ့မျက်နှာသည် သူမကဲ့သို့ပင် တူညီသည့်တောက်ပသည့် အပြုံးများရှိနေသည်ကို သတိမထားမိလိုက်ချေ။ သူ့ခန္ဓာကိုယ်သည် ပြင်းပြသည့် တေးသွားနှင့်အတူ ယိမ်းနွဲ့နေ၏။
သူတို့၂ယောက်က အချင်းချင်းပြုံးပြလိုက်ပြီး တောက်ပကာ မျက်စိကျိန်းလောက်စရာ ဖြစ်လေသည်။ မည်သူမှ ဝင်ရောက်မစွက်ဖက်နိုင်သည့် ရောစပ်မှုတစ်မျိုးဖြစ်လေ၏။
အားလုံးသည် နဥ်ရှောက်ပိုင်က အလွန်ပျော်ရွှင်နေသည်ကို တွေ့နေရသည်။ သို့မဟုတ်တွင်လည်း သူတို့၂ယောက်စလုံးက အလွန်ပျော်ရွှင်နေကြ၏။
ထို့အပြင် သူတို့ကို ကြည့်ရှုနေကြသည့် လူများကလည်း ပျော်ရွှင်စိတ်ကို ခံစားနေရသည်။
လူ တော်တော်များများသည် မနေနိုင်တော့ဘဲ သူတို့၏တက်ကြွလာသည့် တေးသွားနှင့်အတူ လှုပ်ရှားနေကြသည်။
နောက်ဆုံး ဒရမ်စီးချက်နှင့် တယောသံတို့က အတူတူ ကျရောက်လာသည့်အချိန်မှာပင် အားလုံးသည် မလုံလောက်သေးဘူးဟု ခံစားလိုက်ရ၏။
"ကောင်းတယ် ကောင်းတယ်"
အဘိုးရုံသည် ပထမဦးဆုံး လက်ခုပ်တီးလိုက်ပြီး သူ၏မိတ်ဆွေပေါင်းများစွာက နောက်မှနေ၍ လိုက်ပါလာကြပြီးနောက် မိုးခြိမ်းသံလို လက်ခုပ်သံများနှင့် အားပေးသံများ ထွက်လာကြတော့၏။
ရှမြန်ကလည်း တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ နဥ်ရှောက်ပိုင်ကလည်း ပထမဦးဆုံးအနေဖြင့် နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ဖျော်ဖြေမှုတစ်ခုကို ခံစားလိုက်ရသယောင် ရှိသည်။ သူ့စိတ်ခံစားချက် အားလုံးကို လွှတ်ချလိုက်ပြီး ဘာဖုံးကွယ်မှုမှမရှိဘဲ တောက်လောက်နေသည့် မျကိလုံးများဖြင့် သူမကိုကြည့်လိုက်၏။
ပျော်ရွှင်မှုနှင့် ချစ်ခြင်းများ အပြည့်ဖြစ်နေပြီး သူမသည် သူက သူမကို ချစ်မြတ်နိုးသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ရှမြန်သည် မနေနိုင်တော့ဘဲ သူမ၏ဒရမ်တုတ်ချောင်းကို ပစ်ထုတ်လိုက်ကာ ရယ်မောစွာဖြင့် သူဆီသို့ အပြေးဝင်ရောက်သွား၏။
"ဒေါက်တာနဥ်"
နဥ်ရှောက်ပိုင်က လက်တစ်ဖက်တွင် တယောကိုကိုင်ထားကာ ကျန်သည့်လက်တစ်ဖက်နှင့် သူမကို တင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်ပြီး မနေနိုင်တော့ဘဲ သူမ၏ခေါင်းလေးကို အနမ်းပေးလိုက်လေသည်။
ပရိသတ်ထဲက လူများက ရင်းနှီးဖော်ရွေသည့် အမူအရာများဖြင့် ရှုတ်ချကြလေ၏။
နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ သူလုပ်ခဲ့သည့်အရာကို သတိထားမိသွားတော့သည်။ သူသည် တွေဝေမနေတော့ဘဲ ပြုံးပြလိုက်ကာ သူမ၏ခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် ထွက်ခွာဖို့ရန် ပြင်ဆင်လိုက်သည်။
အဘိုးရုံက မေးလိုက်သည်။
"ဒါက ဘာသီချင်းလဲ"
ရှမြန်က ပြုံးပြီးပြောလိုက်သည်။
"ခရိုအေးရှန်း ရက်ပ်ဆိုဒီ၊ စစ်ပွဲအလွန်ကာလက သီချင်းတစ်ပုဒ်လေ။ ဒါပေမဲ့ ဒါက သွက်လက်ပြီးတော့ အားအင်တွေအပြည့်ဖြစ်နေတဲ့ စည်းချက်တစ်ခုပါတယ်။ ဒါက အဘိုးရုံ နားထောင်ဖို့အတွက် အထူးသင့်တော်တယ်လို့ ထင်တယ်လေ"
သူတို့အားလုံးသည် စစ်မီးများ ဝိုင်းရံနေသည့် ခေတ်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် တိုင်းပြည်၏အခက်အခဲဆုံး အခြေအနေကို ကျော်ဖြတ်ခဲ့ကြရသည့် လူများဖြစ်သည်။ သူတို့သည် ပျက်စီးနေသည့်ခေတ်တစ်ခုမှ ပေါများကြွယ်ဝသည့် ခေတ်တစ်ခုဆီသို့ ပြောင်းလဲလာကြသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ကြသူများဖြစ်သည်။ ထို့ကြောင့် ဒီသီချင်းကို ထူးထူးခြားခြားခံစားမိ၏။
"ဒီဂီတက တကယ်ကောင်းတာပဲ"
အဘိုးရုံက အပြုံးဖြင့် လျန်မီကို ပြောလိုက်၏။
"နင်တို့အားလုံး ဒီလိုသီချင်းမျိုးကို လေ့လာသင့်တယ်"
လျန်မီသည် လျှာထုတ်ပြလိုက်ပြီး ပရိသတ်ထဲက ကောင်းချုံးယင်းကို လှမ်းကြည့်လိုက်သည်။ သူမသည် ချိတုံချတုံ ဖြစ်သွား၏။ သို့သော်ငြားလည်း ခဏလောက် တုံ့ဆိုင်းသွားပြီးသည့်နောက်မှာ သူမက ပြုံးကာ ပြောလိုက်သည်။
"မစ္စရှက တကယ့်ကို ကောင်းကောင်းမွန်မွန် တီးခတ်ခဲ့တာပဲ။ အဘိုး အဘိုး နောက်ထပ် သီချင်းတစ်ပုဒ်လောက် နားထောင်ချင်သေးလား"
ထို့နောက်တွင်တော့ သူမက ပရိသတ်ကို မေးလိုက်၏။
"မစ္စရှကို နောက်ထပ် သီချင်းတစ်ပုဒ်လောက် ဆိုခိုင်းကြမလား"
အားလုံးကလည်း ချက်ချင်းအော်ပြောကြသည်။
"နောက်တစ်ပွဲ..."
"နောက်တစ်ပွဲ..."
ရှမြန်က ကောင်းချုံးယင်းကို ကြည့်လိုက်သည်။
ကောင်းချုံးယင်းက မျက်နှာသေဖြင့် သူမ၏မျက်ခုံးများကို ပင့်ထားလိုက်၏။ အစမ်း လေ့ကျင့်ထားတော့ရော ဘာဖြစ်လဲ။ စိတ်လှုပ်ရှားစရာကောင်းတော့ရော ဘာဖြစ်လဲဟု ပြောနေသယောင်။
အတုဆိုရင်တော့ အမြဲတမ်းအတုပဲလေ။ နောက်ဆုံးတော့လည်း ပေါ်ထွက်လာမှာပဲ။
ရှမြန်က လျန်မီကို တဖန်ကြည့်လိုက်၏။ လျန်မီ၏မျက်လုံးများက သူမကို ရှောင်ရှားနေကာ ရှမြန်ကလည်း ရုတ်တရက် အသံထွက်ကာ အော်ရယ်လိုက်တော့သည်။
...
အပိုင်း (၁၈၈)
ရှမြန်က နဥ်ရှောက်ပိုင်၏အင်္ကျီကို ဆွဲခါလိုက်သည်ကို လူတိုင်းက မြင်လိုက်ကြသည်။ နဥ်ရှောက်ပိုင်က သူ့ခေါင်းကို ငုံ့ထားလိုက်၏။ သူမက သူ့နားထဲသို့ ခပ်တိုးတိုးလေး တီးတိုးပြောလိုက်သည်။ နဥ်ရှောက်ပိုင်သည် တအံ့တသြဖြစ်သွားသော်ငြားလည်း နောက်ဆုံးတွင်တော့ ဘာမှမပြောခဲ့ချေ။ သူက သူမဆီကို တယောလှမ်းပေးလိုက်ပြီး စင်ပေါ်က ဆင်းသွားလိုက်၏။
ရှမြန်က တယောကို ကောက်ကိုင်လိုက်သည်ကို မြင်လိုက်သည့်အခါ အဘိုးရုံသည် အနည်းငယ် အံ့သြသွားတော့သည်။
"ရှောင်ရှက တယောလည်းတီးတတ်တာလား"
လျန်မီကလည်း အံ့သြသွားသည်။
"မစ်ရှက ဘာတီးပြမလို့လဲ"
ရှမြန်က သူမကို လျစ်လျူရှူထားလိုက်ကာ အဘိုးရုံကိုသာ ပြုံးပြလိုက်ပြီး ပြောပြလိုက်သည်။
"နည်းနည်းပါးပါးလေးပဲ သိတာပါ။ ဒါပေမဲ့ တယောနဲ့ပတ်သတ်ပြီး သီချင်းတွေကိုတော့ သိပ်မသိပါဘူး။ ကျွန်မက အရမ်းတိတိကျကျ တီးပြနိုင်ချင်မှ တီးပြနိုင်မှာပါ။ အဘိုး စိတ်ချမ်းသာသလိုသာ နားထောင်ပါနော်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
အဘိုးရုံသည် သူမ၏တက်ကြွလှသည့် ရုပ်သွင်လေးကို အမှန်ပင်သဘောကျ၏။
"ရှောင်ရှရဲ့ ဖျော်ဖြေမှုက တကယ်ကိုကောင်းမှာပါ"
ရှမြန်သည် သူ့ကို စိတ်မပျက်ရစေပေ။ ရှမြန်သည် တယောကို လည်ပင်းနားတွင် တင်ထားလိုက်ပြီး ကောင်းချုံးယင်းနှင့် လျန်မီတို့ကို ပြုံးပြလိုက်ပြီးနောက် တောက်ပစွာ ပြုံးပြလိုက်သည်။
နောက်တစ်စက္ကန့်တွင်တော့ ရွှင်လန်းတက်ကြွပြီး အားအင်ပြည့်ဝသည့်သံစဥ်သည် သူမလက်ချောင်းများထဲမှ ခုန်ပေါက်ကာ ထွက်လာတော့သည်။
"လွန်ဘာဒါ" ထိုတေးသွားသည် စွဲမက်မှုနှင့် ပျော်ရွှင်စရာအပြည့်ဖြစ်နေသည့် လက်တင်ဝေါ့ဇ် တေးသွားတစ်ခုဖြစ်၏။
ရှမြန်သည် အကောင်းဆုံး ဖြစ်အောင် ဖျော်ဖြေပေးခဲ့လေသည်။ သူမ၏ ထိပ်တန်းအရည်အသွေးများကြောင့် မဟုတ်ဘဲ သူမရဲ့ခန္ဓာကိုယ်ထဲ ကြောက်စရာဖွယ်ကောင်းသည် တက်ကြွနေသည့် စိတ်ခံစားချက်ကြောင့်ပင်။
ငြိမ်ငြိမ်လေးရပ်ကာ တီးခတ်နေကြသည့် သူများနှင့်မတူဘဲ သူမသည် သူမ၏ခေါင်းကို လှုပ်ယမ်းကာ တယောကိုတီးခတ်ရင်း သူမ၏ခြေလှမ်းများကလည်း ရွှင်လန်းဖွယ်တေးသွားနှင့်အတူ ယိမ်းနွဲ့လို့နေကာ တောက်ပသည့် အပြုံးတစ်ခုကလည်း လူအုပ်ကြီးဆီသို့ ပျံ့နှံ့သွားလေသည်။
သူမ၏မျက်လုံးများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လူများသည် သူမ၏အရိုးထဲက ထုတ်လွှင့်လိုက်သည့် ယုံကြည်မှုနှင့် စိတ်ဝိညာဥ်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရတော့၏။ သူမ၏ပိုနေသည့်ဆံပင်လေးက လွင့်ပျံနေကာ သူမ၏စကပ်ကလည်း တဖျတ်ဖျတ်လွင့်နေပြီး လူတိုင်းသည် လက်ခုပ်များတီးကာ သူမနောက်သို့ အမှတ်တမဲ့ လိုက်ပါလာပြီး သူတို့၏ခန္ဓာကိုယ်များကို ယိမ်းနွဲ့လို့နေသည်။
သူမက ပိုလို့ပင် တောက်ပစွာ ပြုံးပြလိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း တောက်ပစွာ လင်းလက်နေသယောင်။ ထို့နောက် သူမသည် ဘာကို မြင်လိုက်သည်ကို မသိချေ။ သူမ၏မျက်လုံးများသည် ရုတ်တရက် စီးဆင်းလာခဲ့သည့် ကြယ်မြစ်လေးတစ်ခုနှယ် တောက်ပပြီးလှပစွာဖြင့် လင်းလက်လာလေသည်။
မည်မျှလောက်သော လူများ၏နှလုံးသားကို စည်းချက်လွဲသွားစေသည်ကိုတော့ မသိပေ။
သီချင်းဆုံးသွားသည့်အခါ အဘိုးရုံက ရွှင်လန်းစွာဖြင့် ပြောလိုက်၏။
"ကောင်းတယ် ကောင်းတယ်။ ဟားဟားဟား ရှောင်ရှက ကောင်းကောင်းတီးတတ်တာပဲ"
ရှမြန်က လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ကာ ပြောလိုက်၏။
"အဘိုးရုံ ကျွန်မက ဒီသီချင်းတစ်ပုဒ်ထဲကိုပဲ သိတာပါ။ တခြားသီချင်းတွေကို မသိတော့ပါဘူး။ ကျွန်မ နောက်မှထပ်ပြီး လေ့လာပြီးမှပဲ အဘိုးကိုတီးပြမယ်နော် အဆင်ပြေလား"
အဘိုးရုံက ရယ်မောလိုက်သည်။
"ကောင်းပါပြီ အဘိုးကစောင့်နေပါမယ်"
ရှမြန်သည် နောက်ဆုံးတော့ စင်ပေါ်က ဆင်းလာခဲ့သည်။ သူမသည် လျန်မီကို ဖြတ်လျှောက်လာသည့် အချိန်တွင် သူမ၏ ဇဝေဇဝါ ဖြစ်သွားသည့်ရုပ်ကို လျစ်လျူရှူထားလိုက်ကာ နဥ်ရှောက်ပိုင်ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
သူသည် စင်ပေါ်တွင်တော့ မှေးမှိန်နေသယောင် ရှိသော်ငြားလည်း ယခုတွင်တော့ သူသည် လှေကားနားတွင် စောင့်ဆိုင်းနေပြီဖြစ်၏။
ထိုမျက်ဝန်းများထဲတွင်လည်း နက်ရှိုင်းသည့် အလင်းရောင်တစ်ခု ရှိနေကာ သူမတစ်ယောက်တည်းကိုသာ စိုက်ကြည့်နေလေသည်။
ရှမြန်၏ တောက်ပသည့်အပြုံးက ထိုလူအတွက်သာဖြစ်မှန်း အားလုံးက သဘောပေါက်လိုက်ကြ၏။
ရုံရှင်းက ဝမ်းသားအားရနှင့် သူမအနားသို့ လျှောက်သွားတော့မည် ပြင်လိုက်သော်ငြားလည်း သူသည် ကိုယ်ကို လှည့်လိုက်သည့်အခါ သူ့ဘေးတွင် ထန်မြောင်မြောင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် မှင်တက်အံ့သြသွား၏။
ထန်မြောင်မြောင်က သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူ့ကိုကြည့်နေ၏။ သို့သော်ငြားလည်း သူမ၏လေသံကတော့ ဘာကိုမှဂရုမစိုက်ချေ။
"ဘာဖြစ်လို့လဲ"
"အို အိုး ဘာမှမဟုတ်ပါဘူး"
ရုံရှင်းမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားပြီး သူ့ခေါင်းကို ထိကိုင်လိုက်လေသည်။
"မင်း ပြုံးလိုက်တဲ့အချိန်ကျရင် သိပ်လှတယ်လို့ ပြောမလို့ပါ"
သူသည် အနည်းငယ် ရင်ခုန်သွားသည်ကို ခံစားလိုက်ရသည်။
ထန်မြောင်မြောင်က ခဏလောက် တုံ့ဆိုင်းသွားကာ သူမ၏မျက်လွှာကို ချထားလိုက်ပြီး သူမ၏ ဘာအမူအရာမှမရှိသည့် မျက်နှာကို ပြန်ဆောင်ထားလိုက်သော်ငြား သူမ၏မျက်နှာကတော့ မသိမသာ ပျော့ပြောင်းသွားလေသည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရုံရှင်းက သူ့ခေါင်းကို ကုတ်လိုက်ကာ လေထုအခြေအနေက ထူးဆန်းသွားသည်ကို ခံစားလိုက်ရပြီး ကိုယ်ကိုမြန်မြန်လှည့်ကာ နဥ်ရှောက်ပိုင်ကို သွားရှာလိုက်သည့် အချိန်တွင်တော့
"ဟာ! သူတို့နှစ်ယောက် ဘယ်ရောက်သွားတာလဲ"
ကျူးကျားတုန်းက ပြောလိုက်သည်။
"ကြည့်ရတာ အပေါ်ထပ်တက်သွားတဲ့ပုံပဲ။ ငါ့အထင် သူ အလျင်လိုနေတယ် ထင်တယ်။ ကြည့်ရတာ တစ်ခုခု လုပ်စရာရှိတဲ့ပုံပဲ"
အမှန်ပင် အရေးကြီးနေလေသည်။ သို့သော်ငြားလည်း ရှမြန်ကတော့ ထိုကိစ္စနှင့်ပတ်သတ်ပြီး ထူးထူးခြားခြား အကြောင်းအရာကို မသိချေ။
နဥ်ရှောက်ပိုင်သည် စိတ်ခံစားချက် အလွန် ပြင်းထန်နေဟန်တူသည်။ ရှမြန်သည် လမ်းတစ်လျှောက် သူ၏ ဆွဲခေါ်ခြင်း ခံခဲ့ရသည်။ ကောင်းချုံးယင်းက သူမကို ချောက်ချခဲ့သည့်အတွက် သူက ဒေါသထွက်နေသည်ဟု သူမက ထင်လိုက်သည်။ စာရင်းရှင်းဖို့အတွက် တစ်စုံတစ်ယောက်ကို သွားရှာချင်နေတာဟု ထင်လိုက်လေသည်။
သူမမှာ မသက်သာတော့ဘဲ အော်ရယ်ကာပြောလိုက်၏။
"သူ အဲ့လို လုပ်လေလေ ပိုပြီးတော့ အင်အားမဲ့လာလေလေဖြစ်မှာပဲ"
"နောက်ဆုံးတော့လည်း သူက ကျွန်မရဲ့ အတ္တမာနကို မနင်းချေနိုင်ပါဘူးလေ။ အဲ့ဒီ့အစား သူရဲ့အတ္တမာနကို အရင်ဆုံး နင်းချေပစ်မဲ့သူက ကျွန်မပါ"
"ဟားဟား ခုနတုန်းက သူရဲ့အမူအရာကို ရှင်တွေ့လိုက်လား။ အဲ့ဒီလုံးဝကို မယုံမကြည်ဖြစ်နေတဲ့ရုပ်လေ ဟားဟား"
ရှမြန်က ဂူဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။
"အဓိကအချက်ကတော့ ကျွန်မရဲ့ဒီလိုပေါက်သွားတဲ့ ရှိုးပွဲနှစ်ခု ပြီးသွားတဲ့နောက်မှာ သူဖျော်ဖြေတဲ့ ကျော့ရှင်းလှပတဲ့ သံစဥ်တိုင်းက ပျင်းရိငြီးငွေ့စရာ ကောင်းလာတော့မယ်လေ..."
"ဒေါက်တာနဥ် ကျွန်မ တော်တယ်မဟုတ်လား"
ရှမြန်သည် နဥ်ရှောက်ပိုင်က ပိုပြီးမြန်မြန်ဆန်ဆန် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မျက်မှောင်ကျုံ့သွားတော့သည်။
"ဒေါက်တာနဥ် ဒေါက်တာနဥ် ကျွန်မတို့ဘယ်သွားမလို့လဲ...ဝေး..."
နဥ်ရှောက်ပိုင်သည် ရုတ်တရက် တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး သူမကို ဆွဲသွင်းလိုက်၏။ ရှမြန်က မတုံ့ပြန်ရသေးခင်မှာပင် သူမသည် နောက်နံရံနှင့် တိုက်မိသွားသလို ခံစားလိုက်ရ၏။ သူမ၏မြင်ကွင်းက မဲမှောင်သွားပြီး နဥ်ရှောက်ပိုင်သည် သူ့ခေါင်း ကိုငုံ့လာကာ သူ့နှုတ်လမ်းကို သူမ၏နှုတ်ခမ်းများနှင့် အကြင်နာမဲ့စွာ ဖိကပ်ထားလေတော့သည်။
ရှမြန်သည် ရုတ်တရက် တိုက်ခိုက်လာခြင်းကြောင့် ဇဝေဇဝါဖြစ်သွားတော့၏။ သူမသည် သတိဝင်လာဖို့ အခွင့်အရေးပင် မကျသေးခင်မှာပင်။ ဆွဲချခံလိုက်ရကာ ကျင့်ဝတ်ပျက်ပြားခြင်း နွံထဲသို့ ကျရောက်သွားလေတော့သည်...
မည်မျှကြာသွားသည်ပင် မသိချေ။ သို့သော်ငြား ရုံရှင်း၏အသံက အပြင်မှနေ၍ထွက်လာခဲ့၏။
"အစ်ကိုပိုင်။ မင်း အစ်ကိုပိုင်ကို တွေ့လိုက်သေးလား"
ရှမြန်၏ အသိစိတ်သည် နောက်ဆုံးတော့ မူးဝေနေရာမှ ပြန်သတိလည်လာတော့၏။
သူမသည် စတင်ရုန်းကန်လိုက်သော်ငြားလည်း သူမ၏ခွန်အားအားလုံးတို့က သူမရှေ့က ကြောက်မက်ဖွယ်ကောင်းသည့် သားရိုင်းကောင်ကြီး၏ ကြမ်းတမ်းတိုက်ခိုက်မှုကြောင့် ဆုတ်ယုတ်သွားခဲ့လေသည်။
နဥ်ရှောက်ပိုင်တွင် ဒီလိုကြမ်းတမ်းသည့် အခြမ်းရှိသည်ကို သိလိုက်ရသည်မှာ သူမအတွက် ပထမဦးဆုံးအကြိမ်ပင် အခုလေးတင် သူသည် သူမကို သူ၏ဝမ်းဗိုက်ထဲသို့ မျိုချလုမတတ်ဖြစ်နေ၏။ သူမသည် အလိုလိုဆန့်ကျင်မှုကြောင့် နောက်ပြန်ဆုတ်ချင်ခဲ့သော်ငြားလည်း ဒါက စားသောက်နေသည့် သားရိုင်းတစ်ကောင်ကို ဒေါသထွက်အောင် လုပ်နေသယောင်ပင် အပြန်အလှန်အနေဖြင့် သူသည် သူမကို ပိုပြီးကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာတော့၏...
ယခုတော့ သူမသည် သူမကို ဆက်ပြီးရပ်နိုင်အောင် သူမ၏ခါးကို သိုင်းဖက်ထားသည့် သန်မာသည့် လက်မောင်းကိုသာ မှီထားရ၏။ ထို့ကြောင့် သူမသည် သူ့ကို အားနည်းချိနဲ့စွာ တွန်းထုတ်ရန်သာ တတ်နိုင်တော့သည်။ သူမရှေ့က ယောကျာ်းသည် နောက်ဆုံးတော့ သတိပြန်ဝင်လာသယောင် သို့သော်ငြားလည်း သူသည် သူမကို အပြည့်အဝ မလွှတ်ပေးနိုင်သေးချေ။ သူကသူ၏ ပြင်းပြသည့်တိုက်ခိုက်မှုမှ တိုက်ပွဲပြီးဆုံးသွားသည့်နောက် သိမ်မွေ့သည့် ချောမောမှုတစ်ခုအသွင် ပြောင်းလဲလိုက်ကာ ခဏအကြာမှ သူမကို လွှတ်ပေးလိုက်လေသည်...
"ဟာ ဒါတော့ ထူးဆန်းသွားပြီ မျင်စိတစ်မှိတ်အတွင်း ဘယ်လိုဖြစ်ပြီး ပျောက်ဆုံးသွားတာလဲ"
ရုံရှင်းသည် ဇဝေဇဝါဖြင့် ရေရွတ်လိုက်ပြီး နောက်ဆုံးတော့ထွက်သွား၏။
ရှမြန်သည် ပင့်သက်ရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်၏။ သို့သော်ငြားလည်း သူမ၏ ခန္ဓာကိုယ်ကတော့ မတတ်သာပဲ နံရံပေါ်မှာ လျှောကျသွားလေသည်။
နဥ်ရှောက်ပိုင်က သူမကို မြန်မြန်ဖမ်းဆွဲထားလိုက်ပြီး သူ၏ကြီးမားသည့်လက်များဖြင့် သူမ၏ကျောပြင်ကို ချော့မြူပေးလိုက်ကာ မကြာခဏဆိုသလို သူမ၏ငယ်ထိပ်လေးကို အနမ်းပေးလိုက်လေသည်။ ရှမြန်သည် သူ၏ပြင်းထန်သည့် အသက်ရှူသံကိုပင် ခံစားနေရသေး၏။
သူမသည် သူ၏ရင်ခွင်ထဲတွင် မှီထားလိုက်ပြီး မောပန်းလုနီးပါး ဖြစ်နေကာ ခဏအကြာမှ အားအင်ချိနဲစွာဖြင့် ပြောလိုက်၏။
"ကျွန်မရဲ့ခေါင်းပေါ်မှာ ဆံပင်ဖြန်းဆေးတွေ ရှိနေသလိုပဲ"
"နှုတ်ခမ်းဆိုးဆေးကလည်း အဆိပ်ရှိတယ် မဟုတ်လား"
နဥ်ရှောက်ပိုင်၏ နှစ်လိုဖွယ် စိတ်အခြေအနေသည် ပြိုကွဲသွားတော့သည်။ သူသည် မတတ်သာတော့ဘဲ ရယ်မောလိုက်ကာ ကျိန်းမောင်းလိုက်သည်။
"မင်းလေ ကျေးဇူးပြုပြီးတော့ ဒီအခြေအနေလေးကို မဖျက်ဆီးလို့ မရဘူးလား"
ရှမြန်က ပြောလိုက်၏။
"တကယ်လို့ ကျွန်မသာ ဒီအခြေအနေကို မဖျက်ဆီးဘူးဆိုရင် ဒီနေရာကနေ အသက်ရှင်လျက် လမ်းလျှောက်ထွက်သွားနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်"
သူမသည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ရုတ်တရက် သူမ၏ခေါင်းကို မော့လိုက်ကာ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီးမှ အသဲအသန် ရယ်မောလိုက်သဖြင့် သူမ၏ခန္ဓာကိုယ်လေးမှာ လှုပ်ရှားသွားလေသည်။
"ကျွန်မ စင်ပေါ် မတက်ခင်တုန်းက နှုတ်ခမ်းနီကို သပ်သပ် ထပ်ဆိုးခဲ့သေးတယ်လေ"
သူမသည် သူ့ကို ဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်က မှန်ကိုကြည့်ခိုင်းလိုက်၏။ ဒါသည် အဝတ်လဲခန်းတစ်ခန်း ဖြစ်လေသည်။ ဧည်သည်များအတွက် အရေးပေါ်ကိစ္စဖြေရှင်းဖို့ရန် မှန်တင်ခုံတစ်ခုနှင့် ကိုယ်လုံးပေါ်မှန်တစ်ခုလည်း ထည့်ထားပေးသည်။ သို့သော်ငြား နဥ်ရှောက်ပိုင်သည် ထိုနှုတ်ခမ်းလေးကို အနမ်းမပေးရသေးခင်မှာပင် ရှမြန်က စိတ်ဓာတ်ပြင်းပြနေသည့် သူမကိုယ်တိုင်ကို တွေ့လိုက်ရ၏...
ရှမြန်သည် ရှက်ရွံ့ဒေါသဖြင့် ပြောလိုက်တော့၏။
"နဥ် ရှောက် ပိုင်"
ခဏအကြာတွင်တော့ နဥ်ရှောက်ပိုင်သည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး သူမကို ပွေ့ဖက်ထားကာ သူမကို ချော့မော့ရင်းက စွန်းထင်းနေသည့် နှုတ်ခမ်းနီများကို သုတ်ပေးလိုက်၏။
"ရပါတယ်။ သူတို့တွေ အတွေးလွန်ကြမှာ မဟုတ်ပါဘူး"
ရှမြန်က ဒေါသထွက်ထွက်ဖြင့် ပြောလိုက်သည်။
"ရှင်က ဒါကို ဘာမှမတတ်နိုင်ဘူးလို့ ပြောနေတာလား"
သူမသည် ခုနတုန်းက မှန်ထဲတွင် မြင်လိုက်ရသည့် ပုံရိပ်ကို စဥ်းစားမိသွားသည့်အခါ မနေနိုင်ဘဲ ရှက်ရွံ့သွားတော့သည်။
သူမသည် အနမ်းပေးခံရပြီးသည့်နောက်တွင် ထိုကဲ့သို့ရုပ်ဖြစ်နေလိမ့်မည်ဟု အမှန်ပင် မျှော်လင့်မထားမိချေ။ အမှန်ပင် ရှက်စရာကောင်းနေတော့၏။
နဥ်ရှောက်ပိုင်က သူမ၏ပန်းရောင်ပါးပြင်လေးနှင့် တလက်လက်တောက်ပနေသည့် ဗာဒံစေ့မျက်ဝန်းများကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သူမကို ဖျတ်ကနဲ မြန်မြန် လှမ်းနမ်းလိုက်လေသည်။ ထို့နောက်တွင်တော့ သူမက ဒေါသမထွက်သေးခင်မှာပင် သူက စားပွဲဖက်သို့ လှည့်လိုက်ကာ ပြောလိုက်၏။
"ငါ့ကိုအမြဲတမ်း စနောက်နေပါလို့ ဘယ်သူက မင်းကို ပြောထားလို့လဲ"
ရှမြန်သည် ဒေါသထွက်သွားသဖြင့် သူမ၏မျက်ဝန်းများက ဝိုင်းစက်သွားကာ သူ့လက်ကိုဖမ်းဆွဲလိုက်ပြီး ကိုက်လိုက်တော့၏။
နဥ်ရှောက်ပိုင်က အားခနဲ ငြီးငြူလိုက်သော်ငြားလည်း သူမကိုထပ်ပြီး ရန်မစရဲတော့ချေ။
ရှမြန်ကထပ်ပြီး ပြောလိုက်သည်။
"ကျွန်မ ဂရုမစိုက်ဘူး။ ခဏနေကျရင် ရှင် သူတို့ကို ရှင်းပြရမယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကို သူတို့ကို ရှင်းပြလိုက်ပါမယ်"
နဥ်ရှောက်ပိုင်က အပြုံးဖြင့်ပြောလိုက်၏။
"သူတို့တွေ ဘာအတွေးရိုင်းမှာ မဝင်ရစေဘူးလို့ ကို ကတိပေးတယ်။ ဟုတ်ပြီလား"
ရှမြန်သည် လတ်တလောတွင်တော့ သူ့ကို ယုံကြည်ထားလိုက်ပြီး သူ့ကိုဦးဆောင်ခွင့် ပေးထားလိုက်ကာ နောက်မှနေ၍ အောက်ထပ်သို့ နာနာခံခံဖြင့် ဆင်းလာခဲ့၏။
နဥ်ရှောက်ပိုင်က ဝိတ်တာဆီမှ ရေနွေးတစ်ခွက်ကို လှမ်းတောင်းလိုက်ပြီး သူမကိုပေးကာ ပြောလိုက်လေသည်။
"အေးစက်တဲ့ဘယ်ဟာကိုမှ မကိုင်နဲ့နော်"
အနားသို့ ရောက်လာသည့် ရုံရှင်းက ဒီစကားကို ကြားလိုက်ရသည်အချိန်တွင် သူသည် ရုတ်တရက်ဆိုသလို အလင်းပွင့်သွားသည့် အမူအရာတစ်ခု ဖြစ်သွားလေသည်။ ထို့နောက်တွင်တော့ သူက ရှမြန်၏ နီရဲနေသည့်ပါးကို ကြည့်ကာ ဘာမှမစဥ်းစားတော့ချေ။ သူက ကိုယ်ကိုလှည့်ကာ ထန်မြောင်မြောင်ကို စကားနည်းနည်းပါးပါး ပြောလိုက်လေသည်။
ထန်မြောင်မြောင် လှမ်းပေးလာခဲ့သည့် သကြားရည်ညိုကို လှမ်းယူလိုက်ရသည့်အချိန်မှသာ ရှမြန်သည် နဥ်ရှောက်ပိုင်က အားလုံးကိုပေးခဲ့သည့် အရိပ်အမြွက်ကို သဘောပေါက်သွားတော့၏။
ရုတ်တရက် ဓမ္မတာလာလို့ ရှက်ရွ့သွားတယ်ပေါ့လေ... အမလေး ကောင်းလိုက်တဲ့ စိတ်ကူးပဲ။ ရှမြန်မှာ အလွန်ဒေါသထွက်သွားပြီး သူမ၏လက်ကိုမြှောက်ကာ နဥ်ရှောက်ပိုင်၏ လက်မောင်းကို ဆွဲဆိတ်ပစ်တော့သည်။ နဥ်ရှောက်ပိုင်ကလည်း ပြင်ဆင်ထားဟန်တူပြီး မြန်မြန် ရှောင်ရှားလိုက်၏။ သူက သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ သူမ၏နားနားသို့ တီးတိုးပြောလိုက်လေသည်။
"ကြည့်လေ ဘယ်သူမှ ပေါက်ကရ မစဥ်းစားကြဘူး။ ရှက်စရာလည်း မရှိတော့ဘူးလေ"
"ဒါမှမဟုတ်ရင် သူတို့တွေကို အတွေးရိုင်းတွေနဲ့ လွှတ်ထားပေးလိုက်ရင် ပိုကောင်းမယ်လို့ထင်လား"
လီကျားစယ်သည် သူ၏လူမှုရေးကိစ္စများပြီးသွားသည့်အခါ ရောက်ရှိလာခဲ့၏။ နဥ်ရှောက်ပိုင်က ကျီစယ်နေသည့် အမူအရာကို ကြည့်လိုက်ပြီး သူကအပြုံးဖြင့်ပြောလိုက်လေသည်။
"ဘောစ့်နဥ် ကျေးဇူးပြုပြီးတော့ ကလေးမလေးကို အနိုင်ကျင့်နေတာ ရပ်လိုက်ပါ"
ရှမြန်၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်။
ကျူးကျားတုန်းကလည်း အနားသို့ ရောက်လာသည်။
"ဘာဖြစ်တာလဲ သခင်လေးနဥ်က ဘာဖြစ်လို့ လူတွေအများကြီးကို ဒေါသထွက်အောင် လုပ်နေတာလဲ"
နဥ်ရှောက်ပိုင်က ရှမြန်ကိုပြောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါတွေ အားလုံး ကို့အမှားပါ။ ကိုယ့်ကို မျက်နှာသာလေး နည်းနည်းပေးပြီးတော့ ပြန်သွားတဲ့အချိန်ကျမှ ဒီအကြောင်းကို ဆက်ပြောကြရအောင်နော်"
ရှမြန်သည် ဒေါသထွက်သွား၏။ သို့သော်ငြား နဥ်ရှောက်ပိုင်၏ မျက်လုံးများထဲတွင်တော့ အပြုံးများဖြင့် ပြည့်နှက်နေလေသည်။
သိပ်မဝေးလှသည့်နေရာတွင် လုနနသည် တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့သည် ကောင်းချုံးယင်းကို ကြည့်လိုက်ပြီးနောက် နဥ်ရှောက်ပိုင်နှင့် ရယ်မောကာ ဟာသပြောနေသည့် ရှမြန်ကို ကြည့်လိုက်လေသည်။ ထို့နောက်တွင်တော့ မနေနိုင်တော့ဘဲ ဒေါသဖြင့် ပြောလိုက်တော့၏။
"ရှမြန်က တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်နေတာပဲ"
"ငါ ကြားထားတာကတော့ သူရဲ့အစီအစဥ်က အစတုန်းက နောက်ဆုံးမှဆို။ ဒါပေမဲ့ ရုတ်တရက်ကြီး ကောင်းချုံးယင်းရဲ့ရှေ့ကို ပြောင်းသွားတယ်။ တက်ကြွလန်းဆန်းတဲ့ ဖျော်ဖြေမှုအပြီးမှတော့ ဘယ်သူက မစ်ကောင်းရဲ့ စန္ဒယားတီးသံကို ခံစားဖို့ စိတ်ကူးရှိနေအုံးမှာလဲ"
"သူက မစ်ကောင်းကို တမင်တကာ ဖိနှိပ်နေတာပဲ"
"မစ်ကောင်းက သခင်လေးနဥ်ကို သဘောကျနေတာ သိပါတယ်။ ဒါပေမဲ့ အခုတော့ တမင်တကာ သူ့ဘေးနားမှာ စနောက်ကျီစယ်နေတယ်။ ဒါက မစ်ကောင်းကို ရန်ရှာနေတာပဲ”
မစ်ကောင်းက အရမ်းသနားဖို့ကောင်းတာပဲ"
အနားက သူငယ်ချင်းကတော့ တစ်ခုခုက တော်တော်လေး မူမမှန်ဘူးဟု ခံစားနေရ၏။ ခုနတုန်းက ရှမြန်၏ ဖျော်ဖြေပွဲကို လူတိုင်းက တွေ့ခဲ့ကြသည်။ သူမသည် စေတနာကောင်းကာ စိတ်အားထက်သန်လှသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်မှာလည်း သိသာသည်။
သို့သော်ငြားလည်း ဟယ်ဝေတို့ မောင်နှမနှစ်ယောက်၏ နက်ရှိုင်းလှသည့် ရန်လိုမှုကို မြင်လိုက်ရသည့်အခါ သူငယ်ချင်းမှာ ဘာမှထပ်မပြောတော့ဘဲ ဒီအတိုင်းသာ ပြောလိုက်တော့သည်။
"အမှန်တရားက ဘယ်လိုပဲ ဖြစ်နေပါစေ နင်တို့တွေ နည်းနည်းလေးတော့ ကိုယ့်ဟာကို ချုပ်တီးထားဖို့ အကြံပေးချင်တယ်"
"သခင်လေးနဥ်က သူ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ သူ့ကိုခေါ်လာတာ နင်တို့ မတွေ့ဘူးလား"
"သခင်လေးရုံ၊ မစ်ထန်၊ မော့ဟယ်က လူကြီးမင်းလီ၊ ရွေ့ကျွင်းက သခင်လေးကျူး။ သူတို့အားလုံးက ဒီအသိုင်းအဝိုင်းထဲက အထူးပုဂ္ဂိုလ်တွေပဲလေ။ ရှမြန်က သူတို့နဲ့ ဘယ်လောက်တောင်မှ အဆင်ပြေနေလိုက်သလဲ ကြည့်လိုက်ပါလား"
"သူ့ကို ဖယ်လာရီ ကားတစ်စီးပေးတာကတော့ ဒီအတိုင်း အလိုလိုက်အကြိုက်ဆောင်တာ သပ်သပ်ပဲဆိုပေမဲ့ သူ့ကို ကိုယ့်ဘဝထဲ ခေါ်ဝင်လာတာကတော့ လက်ထပ်ဖို့ စဥ်းစားထားတယ်ဆိုတဲ့ လက္ခဏာပဲ မဟုတ်လား"
"ဒီအကြောင်းကို သေသေချာချာလေး စဥ်းစားလိုက်ကြအုံး"
ဟယ်ဝေမှာ မကျေမနပ်ဖြစ်သွားပြီး လုနနကလည်း မျက်မှောင်ကျုံ့လိုက်လေသည်။ ခဏအကြာတွင်တော့ သူမသည် ဟယ်ဝေကို ကြည့်ကာ ပြောလိုက်လေသည်။
"အစ်ကို နင် မောက်ဟွေ့မေအကြောင်းကို မေ့လိုက်ပါတော့လား။ တကယ်လို့ ရှမြန်ကသာ ကြားဝင်ချင်တယ်ဆိုရင်..."
ဟယ်ဝေက ရှန်ပိန်ကို တစ်ငုံသောက်လိုက်ပြီး ပြောလိုက်၏။
"ဒီကိစ္စကို ငါ ကြည့်ရှင်းလိုက်ပါမယ် စိတ်မပူပါနဲ့..."
"ပွဲက ပြီးတော့မှာပဲ ငါက ဘယ်လိုလုပ်ပြီးတော့ ဒီအတိုင်း လွှတ်ပေးနိုင်မှာလဲ။ ရှမြန်ကလည်း အခုလောလောဆယ်မှာ ဘာမှလည်းလုပ်နိုင်တဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့လည်း ငါကတော့ မောက်ဟွေ့မေကို မဖြေရှင်းနိုင်ဘူးတဲ့လား"
သခင်လေးနဥ်က ရှမြန်ရဲ့ ဝမ်းကွဲအစ်မရဲ့ အချစ်ရေးကိစ္စကို ဂရုစိုက်လိမ့်မယ်လို့တော့ သူက မယုံကြည်ပါဘူး။
ချီခိုင်က မျက်မှောင် ကျုံ့နေကြသည့် ဟယ်ဝေနဲ့ လုနနကို ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို မော့လိုက်ကာ နဥ်ရှောက်ပိုင်နှင့် သူ့အဖွဲ့များရှိရာသို့ ကြည့်လိုက်ပြီး မျက်လွှာပြန်ချထားလိုက်ပြီးနောက် စဉ်းစားခန်း ဆက်ဝင်နေလိုက်သည်။
...
အပိုင်း (၁၈၉)
မပြန်ခင်တွင် ရှမြန်သည် ကောင်းချုံးယင်းနှင့် သန့်စင်ခန်းထဲတွင် တွေ့ခဲ့သေးသည်။ သူမသည် ရှမြန်ကိုစောင့်နေသည်မှာ သိသာသည်။
တစ်ဖက်လူကို အထင်သေးသည့် အကြည့်တစ်ခုကို ဆောင်ထားဆဲဖြစ်ကာ "နင် အရမ်းကို ဂုဏ်ယူနေတာလား"
ရှမြန်က ပြုံးကာပြောလိုက်၏။ "မစ်ကောင်းကို မျက်နှာပျက်အောင် လုပ်ထားတာက ဂုဏ်ယူစရာ မကောင်းဘူးဆိုရင် ဒါက ရှင့်ကို စော်ကားရာ ကျမယ်မဟုတ်လား။ ဒါမှမဟုတ် မစ်ကောင်းက ကျွန်မကို ဂုဏ်မယူစေချင်ဘူးလား။ ကျွန်မကတော့ ဂရုမစိုက်ပါဘူး"
ကောင်းချုံးယင်းက ခဏလောက် တုံ့ဆိုင်းသွားပြီး အေးစက်စက်ပြောလိုက်၏။
"နှုတ်သီးကောင်းလျှာပါး"
ရှမြန်က ပခုံးတွန့်ပြလိုက်သည်။
"ကျွန်မ အရင်တုန်းက ရှင့်ကို လျှော့တွက်ခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်" ကောင်းချုံးယင်းသည် သူမ၏မျက်လုံးထဲသို့ တည့်တည့်ကြည့်လိုက်ကာ "ဒါပေမဲ့ အခုအချိန်ကစပြီးတော့ ရန်သူကို ထပ်ပြီးတော့ အထင်မသေးတော့ဘူး။ ရှမြန် စောင့်ကြည့်နေလိုက်ပါ"
"ကိစ္စမရှိဘူး။ စောင့်ကြည့်နေပါတယ်" ရှမြန်ကလည်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ပထမဦးဆုံးအနေနဲ့ ရှင်က ရန်သူကို အထင်သေးမိတယ်လို့ ပြောလိုက်တဲ့အချိန်ကတည်းက ရှင်က ရှုံးနေပြီးသားဆိုတဲ့ အဓိပ္ပာယ်ပဲလေ"
"ဒုတိယအချက်အနေနဲ့ ရှင်က ကစားပွဲထဲတောင်မှ ဝင်မလာခဲ့တဲ့အတွက် ကျွန်မရန်သူ ဖြစ်ဖို့ အရည်အချင်း မရှိပါဘူး။ ဒီတော့ ဒီနေ့ ကျွန် မဘာမှမလုပ်ဘူးဆိုရင်တော့ ရှင် ရှုံးနေသေးပါတယ်"
"နောက်ဆုံး ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် လေးစားသမှုလေးထားပြီး ဒေါက်တာနဥ်ကို နှောင့်ယှက်နေတာကို ရပ်လိုက်ပါတော့"
ထွက်ခွာတော့မည်ပြင်နေသည့် ကောင်းချုံးယင်းသည် ရှမြန်၏နောက်ဆုံးစကားကြောင့် ဒေါသထွက်သွားတော့၏။ သူမက လှည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "ကလေးမက အချစ်ကို ဦးစားပေးနေတာပဲ။ ဒါပေါ့လေ။ နင့်အသက်အရွယ်မှာဆိုရင်တော့ အချစ်က အရာရာကို အနိုင်ယူနိုင်တယ်လို့ ထင်မှာပေါ့"
"ဒါပေမဲ့ အိမ်ထောင်ပြုတယ်ဆိုတာက တစ်သက်တာကိစ္စပါ။ ဘဝဆိုတာလည်း ရှည်လျားပါတယ်။ အချစ်က နောက်ဆုံးတော့လည်း မှေးမှိန်သွားမှာပဲလေ။ နင် အရွယ်ကြီးပြင်းလာတဲ့အခါ အကျိုးအမြတ်ကသာ လူ၂ဦးကြားဆက်ဆံရေးကို ထိန်းသိမ်းပေးဖို့ အာမခံချက်တစ်ခု ဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒီနောက်မှသာ ဒါက မိသားစုမေတ္တာတစ်ခု ဖြစ်လာခဲ့တာလေ။ နောက်ဆုံးတော့ အသက်အရွယ် ကြီးရင့်တဲ့အချိန်အထိ အထောက်အပံ့ပေးရင်း အပြန်အလှန်အဖော်ပြုရမှာပဲလေ"
ကောင်းချုံးယင်းက သေချာနေသည့်နိုင်ပွဲတစ်ခု ဖြစ်ဟန်တူအောင် ပြောလိုက်၏။ "နောက်ဆုံးတော့ သူနဲ့အဖော်ပြုနိုင်မဲ့သူက ပုံမှန်ဆိုရင် အစပိုင်းက သူ့ရဲ့ချစ်သူ မဟုတ်ဘူးလေ"
ရှမြန်၏ ဂရုမစိုက်သည့်မျက်နှာထားကို မြင်လိုက်ရသည့်အခါ ကောင်းချုံးယင်းက ပြောလိုက်လေသည်။
"အချစ်က နောက်ဆုံးတော့လည်း မှေးမှိန်သွားမှာပါလို့ ငါပြောခဲ့တဲ့စကားကို နင်အခုတော့ နားထောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်"
"ဒါဆိုရင် ငါ နင့်ကို တိုက်ရိုက်မေးပါဦးမယ်။ အချစ်အပြင် နဥ်ရှောက်ပိုင်အတွက် နင် ယူလာပေးနိုင်တဲ့အရာတွေ ရှိသေးလို့လား။ အနာဂတ်မှာ နင်တို့တွေ ဒေါသထွက် ရန်ဖြစ်ကြတဲ့အခါ နင်တို့ရဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဘာကိုအားကိုးမှာလဲ။ နင့်ရဲ့အသက် ကယ်ဆယ်ပေးခဲ့ပါတယ်ဆိုတဲ့ ကျေးဇူးတရားကိုလား"
"အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကိုတော့ ငါ မသိပါဘူး" ရှမြန်က ပြောလိုက်သည်။
"နောက်ဆုံး ငါတို့တွေကလည်း အခုလောလောဆယ် ဒီလိုလက္ခဏာမျိုးတွေမှ မရှိသေးဘဲလေ။ မစ်ကောင်း ပြောတဲ့စကားကလည်း မှန်ချင်မှန်မှာပေါ့။ ကျွန်မတို့ရဲ့ အချစ်တွေက မှေးမှိန်သွားလိမ့်မယ်။ ကျွန်မတို့ရဲ့ဆက်ဆံရေးတွေကလည်း ဝေးကွာလာလိမ့်မယ်။ ပြောလို့မရဘူးလေ။ ကျွန်မတို့တွေ ရန်သူတွေလည်း ဖြစ်ချင်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အနာဂတ်ကကိစ္စတွေပါ"
"လက်ရှိမှာ ကျွန်မက အကောင်းဆုံး လုပ်ဖို့ပဲလိုတာပါ။ ဖြစ်လာမဲ့အရာတွေကို ရှောင်ဖယ်ဖို့ ကြိုးစားရင်းနဲ့ပေါ့။ ဒီလိုအဓိပ္ပာယ်မရှိတဲ့ စိတ်ကူးတွေကြောင့် လက်ရှိအချိန်ကို ရှုပ်ထွေးသွားအောင် မလုပ်မိတာက အကောင်းဆုံးပဲလေ"
"မစ်ကောင်း ရှင့်လိုပေါ့"
"မစ်ကောင်း ရှင်က ရေရှည်ကို ကြည့်တတ်တယ်ဆိုတာ ကျွန်မ သိပါတယ်" ရှမြန်၏အမူအရာသည် ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အေးစက်သွားလေသည်။
"ဒီတော့ ဒေါက်တာနဥ်ကို ဒီလောက်ကြီးမားတဲ့ အကျိုးကျေးဇူးနဲ့ ချည်နှောင်ထားဖို့အတွက် ရှင်က ဘယ်နည်းလမ်းမဆို အသုံးပြုဖို့ မတွန့်ဆုတ်ခဲ့ဘူးလေ။ ဒေါက်တာနဥ်ရဲ့ ခံစားချက်ကိုတောင်မှ လုံးဝ မျက်ကွယ်ပြုထားခဲ့တာပဲ"
ကောင်းချုံးယင်း၏ အမူအရာသည် နောက်ဆုံးတော့ ပြောင်းလဲသွားလေသည်။ "နင်က ဘာသဘောလဲ"
"ငါ ပြောတဲ့စကားက မှားလို့လား" ရှမြန်သည် သူမ၏လေသံကို လိုက်အတုယူလိုက်ကာ ပြောလိုက်၏။
"ရှင့်လို ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ရဲ့အမြင်မှာ အကျိုးအမြတ်ကသာ အရာအားလုံးကို တိုင်းတာဖို့အတွက် စံသတ်မှတ်ချက်တစ်ခုဆိုတာ ကျွန်မ သိပါတယ် မစ်ကောင်း"
"ကျွန်မက သူ့ရဲ့အလုပ်အကိုင်ကို ဘယ်လိုကူညီပေးနိုင်မလဲလို့ ရှင်က ကျွန်မကို မေးခဲ့တယ်။ ဒါပေမဲ့ ရှင်ကရော သူ့ကို ဘာတွေ ကူညီပေးနိုင်ခဲ့လို့လဲ"
"ရှင်က သူ့ကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးပြီး သူ့ကို နိုဘယ်လ်ဆု တိုက်ရိုက်ရသွားအောင် လုပ်ပေးနိုင်ခဲ့လို့လား။ မလုပ်ပေးနိုင်ခဲ့ဘူးလေ"
"ရှင်က သူ့ကို ခက်ခဲတဲ့ခွဲစိတ်ကုသမှုတွေ ဒါမှမဟုတ် လက်တွေ့စမ်းသပ်မှုတွေ ပြီးမြောက်သွားအောင် ကူညီပေးနိုင်ခဲ့လို့လား။ မကူညီပေးနိုင်ဘူးလေ"
"ဒီတော့ ရှင် ပြောတဲ့အကူအညီဆိုတာ ဓာတ်ခွဲခန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတာလို ပိုက်ဆံ သုံးတာထက်ပိုပြီး ဘာမှမရှိပါဘူး"
"ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဒေါက်တာနဥ်က ရှင့်ရဲ့အကူအညီကို လိုမယ်လို့ ရှင်က ထင်လို့လား။ သူက အရည်အချင်း ဒါမှမဟုတ် ငွေပြတ်လပ်နေလို့လား"
"သူက သူ့ရဲ့ရည်ရွယ်ချက်ကို ထုတ်ပြလိုက်တာနဲ့ သူ့ဆီမှာ ရင်းနှီးမြှုပ်နှံမဲ့လူတွေ အများကြီးရှိတယ်။ သူက သူ့ကိုယ်သူတောင်မှ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံနိုင်သေးတယ်။ ဒီတော့ နဥ်ရှောက်ပိုင်အတွက် ရှင် ပြောနေတဲ့အကူအညီဆိုတာက ရင်းနှီးမြှုပ်နှံမှုနဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုအတွက် ဆက်ဆံရေးတစ်ခုသာသာပါပဲ။ ရှင်က အကျိုးအမြတ်ကို မျှော်ကိုးတဲ့သူလေ"
"ရှင်က အနာဂတ်မှာ သူ့ရဲ့အရည်အချင်းတွေက ရှင့်အတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေကို ယူလာပေးနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနေတဲ့အတွက်ကြောင့်မလို့ ရှင် သူ့ကို မမောမပန်းနိုင်အောင် ပိုးပန်းနေတာလေ"
"ကြီးမားတဲ့ပုံရိပ်တစ်ခုကို အသုံးချ၊ ပိုက်ကွန်တစ်ခုကို ယက်လုပ်ပြီးတော့ ရှင့်ရဲ့အရှိန်အဟုန်ကို တည်ဆောက်ဖို့အတွက် ဒီလောကထဲက လူတိုင်းကို ရှင့်ကို ကူညီပေးဖို့အတွက် ထောင်ချောက်ဆင်၊ အမိအရဖမ်းပြီးတော့ သူ့ကိုချည်နှောင်ဖို့အတွက် ရှင့်ရဲ့လက်နက်တစ်ခုဖြစ်အောင် လုပ်နေတာလေ"
"ရှင်က သူ့အပေါ်မှာပဲ ရှင့်ရဲ့ငယ်ရွယ်တဲ့ ၃နှစ်တာကို အသုံးပြုခဲ့တယ်။ ဒီတော့ သူက ရှင့်ကို လက်မခံတဲ့အခါ ဒါကမတရားဘူးလို့ ဖြစ်လာလိမ့်မယ်။ သူ့ဘေးမှာ ရပ်နေတဲ့သူတွေကလည်း တကယ်လို့ ရှင်မှ မဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင် သူက အောက်တန်းကျပြီး ညစ်ပတ်တဲ့ လှည့်ကွက်မျိုးစုံ အသုံးပြုတဲ့သူ ဖြစ်လာလိမ့်မယ်"
"ဒီတော့ ရှင်က သူ့ကို စော်ကားနေတာ၊ သူ့ကို ပြဿနာရှာနေတာအပြင် တခြားဘာတွေ ယူလာပေးနိုင်သေးလို့လဲ။ ရှင်က သူ့ကို ရှင့်ရဲ့အချစ်ကို မပေးနိုင်တဲ့အပြင် သူ့ဆီကတောင်မှ အရာဝတ္ထုတွေကို တောင်းဆိုနေသေးတယ်။ ပြီးတော့ သူ့ကိုလည်း ရှင့်ရဲ့ဘက်မှာ ချည်နှောင်ထားဖို့ စီစဉ်ထားပြီး သူ့ရဲ့ကျန်တဲ့တဘဝလုံးကိုလည်း ညှစ်ထုတ်ဖို့ ကြိုးစားနေတယ်"
ရှမြန်က အေးတိအေးစက် ပြောလိုက်၏။ "မစ်ကောင်း ဒီနေရာမှာ ကျွန်မကို လာပြီးတော့ အထင်သေးမနေပါနဲ့။ ရှင်က ကျွန်မရဲ့ရန်သူဖြစ်ဖို့ အရည်အချင်း မရှိဘူးလို့ ကျွန်မ ပြောလိုက်တဲ့အချိန်တုန်းက ဒါက ဒေါက်တာနဥ်က ရှင့်ကို မကြိုက်လို့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင်က အောက်တန်းကျပြီးတော့ လုံးဝမထိုက်တန်လို့လေ"
ကောင်းချုံးယင်းသည် ဒေါသထွက်သွားတော့သည်။ "နင် ဘာပြောလိုက်တယ်"
ရှမြန်က သရော်ကာ ပြောလိုက်၏။ "ဘာလဲ ကျွန်မ မှားလို့လား။ ရှင် သူ့ကို ချစ်လို့လား"
"ရှင် သူ့ကို အရမ်းကြီး ချစ်နေစရာမလိုပါဘူး။ ဒီအတိုင်း သာမန်သဘောကျရုံလောက်နဲ့တင် လုံလောက်ပါတယ်။ သာမန်သဘောကျရုံလောက်နဲ့တင် သူက တစ်ခုခု ဆိုးရွားတာထက် ဘာမှမထူးခြားဘဲ လုံးဝလိုက်လျောသဘောတူ ပေးတတ်မဲ့လူ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်"
"သူက ဘယ်အကျိုးအမြတ်၊ ဘယ်အကူအညီအတွက်နဲ့မှ ဘာတစ်ခုကိုမှ သူ့ဟာသူ ဖိအားပေးပြီး လုပ်မဲ့သူ မဟုတ်ဘူး"
"ကျွန်မ သူ့ဘေးမှာရပ်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ သူက ဆန္ဒရှိနေလို့ပဲ"
"၃နှစ် ဟုတ်လား" ရှမြန်က ရယ်မောကာ ပြောလိုက်လေသည်။ "ဒီ၃နှစ်တာအတော်အတွင်းမှာ ရှင်က ဒေါက်တာနဥ် လွတ်ထွက်မသွားအောင် ကာကွယ်ဖို့ ပိုက်ကွန်တစ်ခု ယက်လုပ်နေတာနဲ့ အလုပ်များနေခဲ့တာလေ။ တကယ်လို့ ရှင်သာ သူ့ကို တကယ်နားလည်ခဲ့မယ်ဆိုရင် ရှင်ရက်လုပ်နေတဲ့ ပိုက်ကွန်က သူ့အတွက် အထိအခိုက်မခံတဲ့အရာဆိုတာ ရှင် သိရမှာပေါ့"
ကောင်းချုံးယင်းက လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ "နင်က ဘာသိလို့လဲ။ နင့်မှာ ဘာပြောရေးဆိုခွင့်ရှိလို့ ငါ့ကို ဒီလိုတွေလာပြောနေတာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ အခု ကျွန်မက ဒေါက်တာနဥ်ရဲ့ချစ်သူ မလို့လေ" ရှမြန်သည် အားနည်းချက် တစ်စက်ကလေးမှမပြဘဲ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
"မစ်ကောင်း ရှင်က ကိုယ့်ဟာကိုယ် ယုံကြည်မှုလွန်ကဲနေပြီးတော့ ရှင့်ရဲ့အလှအပ အရည်အချင်းနဲ့ နေရာတိုင်းကို ရောက်နိုင်မယ့် နည်းလမ်းမျိုးစုံက ဒေါက်တာနဥ်ကို ရှင့်ရဲ့လူဖြစ်လာအောင် အနှေးနဲ့အမြန် လုပ်ပေးနိုင်မယ်လို့ ကိုယ့်ဟာကိုယ် အထင်ကြီးနေခဲ့တာပဲ"
"ဒါပေမဲ့ ဒေါက်တာနဥ်က ရှင့်ထက်တောင်ပိုပြီးတော့ မာနကြီးပါသေးတယ်။ ရှင်က သူ့ကို အမဲကောင်တစ်ကောင်လို အမဲလိုက်နေတဲ့အချိန်မှာ ဒါက သူ့ကို စော်ကားနေတာပဲလေ"
ကောင်းချုံးယင်းက ဒေါသတကြီး ပြောလိုက်၏။ "ဒီနေရာမှာ သဘောတရားကို ပြောင်းလဲအောင် မလုပ်ပါနဲ့။ သူ့ကို ပိုးပန်းဖို့အတွက် ငါ့ရဲ့ကိုယ်ပိုင် အရည်အချင်းကိုသုံးတာ ဘာမှားလို့လဲ"
"ရှင့်ရဲ့အရည်အချင်းက အားလုံးက သူ့ကို မေးခွန်းထုတ်လာအောင် လုပ်ဖို့လား" ရှမြန်က ခနဲ့လိုက်သည်။
"ရှင်က ဒီအသိုင်းအဝိုင်းက လူတွေကို ကျွန်မကို မေးခွန်းထုတ်အောင် လုပ်နေတယ်လေ။ ဒါက သူ့ရဲ့အမြင်ကို မေးခွန်းထုတ်နေအောင် လုပ်နေပြီး သူ့ရဲ့ဦးနှောက်မှာ ပြဿနာတစ်ခုခု ရှိနေလားလို့ မေးခွန်းထုတ်နေတာ မဟုတ်ဘူးလား။ ဒါက စော်ကားနေတာ မဟုတ်ဘူးလား"
ကောင်းချုံးယင်းက စကားပြောချင်နေသည်ကို တွေ့လိုက်ရသည်အခါ ရှမြန်က သူ့ကို လှမ်းတားလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပါပြီ။ ဒီနေ့ ကျွန်မတို့ ပြောစရာရှိတဲ့စကား အားလုံးကိုလည်း ပြောပြီးသွားပြီ။ ဆက်ပြီးတော့ ငြင်းခုံနေရင်လည်း အဓိပ္ပာယ်မရှိတော့ဘူး"
"တကယ်လို့ ရှင် ဆန္ဒရှိတယ်ဆိုရင်လည်း ဆက်လုပ်ပါ။ ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့" ရှမြန်က အေးစက်စက် ပြောလိုက်၏။ "ရှင် ဒေါက်တာနဥ်ကို ထပ်ပြီးတော့ စော်ကားနေမှာတော့ ကျွန်မ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျွန်မ ရှင့်ကို နည်းနည်းချင်းစီ ပြန်ဖြည့်ဆည်းပေးရအောင် လုပ်ရလိမ့်မယ်။ ဒီနေ့လိုပဲပေါ့"
"ရှင် စမ်းကြည့်လို့ရပါတယ်"
ရှမြန်သည် လှည့်ထွက်သွားတော့၏။ လှည့်မထွက်လာခင်တွင် သူမက တစ်ခုခုကို သတိရသွားကာ "စကားမစပ် ဒေါက်တာနဥ်က ရှင့်ကို မစ်ကောင်းလို့ အမြဲတမ်း ခေါ်ခဲ့တာနော်။ တကယ်လို့ ရှင် သူ့ကို လေးစားတယ်ဆိုရင် သူ့ကို အရမ်းရင်းနှီးကျွမ်းဝင်တဲ့ပုံစံနဲ့ မခေါ်ပါနဲ့"
"နောက်ဆုံး သူက ရှင့်ကို မစ်ကောင်းလို့ခေါ်တာလေ။ ရှင်ကတော့ သူ့ကို ရှောက်ပိုင်လို့ ခေါ်နေတယ်။ ဒါက သူ့ကို ရှင့်ရဲ့လက်အောက်ငယ်သား တစ်ယောက်လို သဘောထားနေတာပဲ"
ရှမြန်သည် တံခါးကို ဖွင့်လိုက်ရသည့်အခါ တံခါးကို မှီကာလက်ပိုက်ပြီး စောင့်နေသည့် နဥ်ရှောက်ပိုင်ကို မြင်လိုက်ရလေသည်။ သူသည် သူမ ထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ပြုံးပြလိုက်၏။
ရှမြန်က သူ့လက်မောင်းကိုတွဲကာ ခြေဖျားထောက်လိုက်ပြီး သူ့ပါးကို အနမ်းပေးလိုက်လေသည်။
"ဒေါက်တာနဥ် ကျွန်မ အခုအချိန်ကစပြီး ရှင့်ကို ကာကွယ်ပေးရလိမ့်မယ်"
နဉ်ရှောက်ပိုင်က သူမ၏မေးဖျားလေးကို ပင့်လိုက်ကာ အရင်ဦးဆုံး လက်ဦးမှုရယူပြီး သူမ၏နှုတ်ခမ်းလေးကို အနမ်းပေးလိုက်လေသည်။ "ကျေးဇူးတင်ပါတယ်"
သူတို့၂ယောက်သည် အဘိုးရုံ၏ မွေးနေ့ပါတီမှ ပြန်ရောက်လာသည့်အချိန်တွင် ရှမြန် ပထမဦးဆုံး လုပ်သည့်အရာမှာ မောက်ဟွေ့မေကို သွားရှာခြင်းဖြစ်၏။
ဖုန်းထဲက အသံသွင်းစက်ကို နားထောင်ပြီးသွားသည့်နောက်တွင် မောက်ဟွေ့မေသည် အလွန်ဒေါသ ထွက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ "ကောင်းတယ်။ သိပ်ကောင်းတာပဲ! ဒီတော့ သူက ငါတို့ကို ဒီလိုမြင်တာပေါ့လေ။ ဒီကာလအတွင်းမှာ သူ့အတွက် တော်တော်လေးကို ခက်ခဲခဲ့တယ်ပေါ့"
ရှမြန်သည် ဟယ်ဝေ၏မိသားစု နောက်ခံအကြောင်းကို သူမအား အကျဉ်းချုပ် ပြောပြလိုက်ပြီးနောက် ပြောလိုက်၏။
"ငါ ကြားထားတာကတော့ သူက ဒီလိုပုံစံနဲ့ မိန်းကလေးတွေ အများကြီးကိုလည်းပဲ စနောက်ကျီစယ်ခဲ့သေးတယ်တဲ့"
"အစ်မ နင် ဘာဆက်လုပ်မှာလဲ" ရှမြန်သည် သူမ၏အင်္ကျီလက်ကို လိပ်တင်လိုက်ကာ ဒေါသထွက်ထွက်ဖြင့် ပြောလိုက်လေသည်။ "နင် ငါ့အကူအညီကို လိုလား"
"အခုတော့ မဟုတ်သေးဘူး" မောက်ဟွေ့မေက သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ အေးစက်စက် ပြောလိုက်လေသည်။ "ဒီကိစ္စကို ငါ စဉ်းစားလိုက်ပါဦးမယ်”
ကြည့်ရတာ သူတို့တွေက သူမကို အလွယ်တကူ အလွတ်ပေးမဲ့ပုံတော့ မပေါ်ဘူး။
ရှမြန်က ပြောလိုက်သည်။ "ဒါဆိုရင် ငါ့ကို တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်စဉ်လေး ပြဖို့မမေ့နဲ့နော်။ အဲဒီလိုမှမဟုတ်ရင် ငါ အရမ်း ဒေါသထွက်ရလိမ့်မယ်"
မောက်ဟွေ့မေက သူမ၏စကားကြောင့် သဘောကျသွားလေသည်။ "အေးပါ။ ငါ သူ့ကို ဖြေရှင်းတဲ့အချိန်ကျရင် နင့်ကို ပြောပြပါမယ်"
"အချိန် အရမ်းမကြာလောက်ပါဘူး"
နွေရာသီအားလပ်ရက်ကလည်း မရှည်ကြာခဲ့ပေ။ မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများအားလုံးသည် သူတို့၏နွေရာသီအားလပ်ရက်ကို စတင်နေပြီဖြစ်၏။ မောက်ဟွေ့မေ၏ နွေရာသီအားလပ်ရက်ကတော့ နောက်ကျခဲ့သည်။ ထို့ကြောင့် ၄၊ ၅ရက်သာရခဲ့လေသည်။
ဟယ်ဝေ၏ အစီအစဉ်အရဆိုလျှင် သူသည် မောက်ဟွေ့မေကို လူရှေ့တွင် အရှက်ခွဲချင်သည်။ ထို့ကြောင့် သူသည် လူနည်းနည်းလေးသာသွားသည့် အားလပ်ရက်ခရီးကို ရွေးချယ်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း သူသည် သူမကို နွေရာသီတစ်ခုလုံး အဖော်ပြုပေးဖို့ရန်လည်း စိတ်မရှည်ချေ။
ထို့ကြောင့် မောက်ဟွေ့မေ နောက်ဆုံးစာမေးပွဲ ပြီးသွားသည့်ရက်တွင် သူမက ညနေခင်းပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်ဖို့ရန်အတွက် ရှမြန်ကို ကာရာအိုကေဘားဆီသို့ လာခဲ့ဖို့ အကြောင်းကြားခဲ့၏။
"ဘာဖြစ်နေတာလဲ"
"လူကြီးမင်းရုံရဲ့ မွေးနေ့ပါတီ ပြီးသွားပြီးတော့ နောက်တစ်နေ့မှာ သူက ပန်းတွေနဲ့ကျောင်းမှာ ငါ့ကို လာရှာခဲ့တယ်လေ"
"သူက အရမ်းပျော်နေတာပေါ့လေ။ အခုတလော နေ့တိုင်း ဒီကိုလာနေတာ။ ပန်းတွေနဲ့ လက်ဆောင်တွေလည်း ယူလာပေးတတ်သေးတယ်"
"မနေ့တုန်းက စာမေးပွဲပြီးသွားတော့ သူက ငါ့ကိုရွှေဆွဲကြိုး တစ်ကုံးလက်ဆောင် ပေးသေးတယ်လေ"
မောက်ဟွေ့မေက ညည်းညူလိုက်လေသည်။ "အဲ့ဒါကလဲဟယ် မျှင်မျှင်လေးပါ။ အရမ်းကြီးလည်း လေးမနေပါဘူး"
ရှမြန်က ရယ်မောလိုက်၏။ "ငါ့အထင်တော့ သူက နင့်အပေါ်မှာ ငွေအများကြီး မသုံးချင်တော့တာနေမှာပေါ့"
မောက်ဟွေ့မေကလည်း သရော်ကာ ပြောလိုက်လေသည်။ "ငါက အဖိုးတန်တယ်လို့ ထင်တယ်ပေါ့"
ရှမြန်ကလည်း မေးလိုက်သည်။ "ပြီးတော့ရော ဘာဖြစ်သွားသေးလဲ။ နင်က ရုတ်တရက် ဘာဖြစ်လို့ ကာရာအိုကေကို သွားချင်သွားတာလဲ"
"သူက မနေ့တုန်းက ငါ့ကို ဆွဲကြိုးပေးခဲ့ပြီးတဲ့နောက်မှာ တောင်ပေါ်မှာ စခန်းချသွားမယ်လို့ မေးခဲ့တယ် မဟုတ်လား" မောက်ဟွေ့မေက ပြောလိုက်သည်။ "ငါ သူနဲ့ တောင်ပေါ်တက်ခဲ့တယ်လေ။ သူ ရေသွားခပ်နေတုန်း ငါတစ်ယောက်တည်း ပြန်ဆင်းလာခဲ့တာ"
"ပြီးတော့ ငါ သူ့ကို ဖုန်းဆက်လိုက်တယ်လေ။ ငါ့မိဘတွေက ငါ့ကို တွေ့သွားလို့ ငါ့ကို အိမ်ပြန်ခေါ်သွားတယ်လို့ပေါ့"
ဒီအချိန်တွင်တော့ မောက်ဟွေ့မေက ပြုံးကာပြောလိုက်၏။ "ဪ ငါ သူ့ရဲ့သန့်စင်ခန်းသုံးရေနဲ့ ပိုးမွှားတွေကို နှင်တဲ့ လိမ်းဆေးကိုလည်း ယူလာခဲ့သေးတယ်လေ"
ရှမြန်က အကျယ်ကြီး အော်ရယ်လိုက်လေသည်။
"ဒီနေ့ကျတော့ သူက တော်တော်လေးကို ဒေါသထွက်နေတဲ့ပုံစံနဲ့ ငါ့ဆီ ရောက်လာတော့တာပဲ"
"ငါလည်း ရှက်ရှက်ရွံ့ရွံ့နဲ့ ပြောလိုက်တာပေါ့။ မနေ့တုန်းက ငါတို့ရဲ့ဆက်ဆံရေးအကြောင်းကို ငါ့မိဘတွေကို ပြောပြလိုက်ပြီး ငါ့မှာလည်း သူ့ကို လေးလေးနက်နက်နဲ့ ပြောစရာအကြောင်းအရာတွေ ရှိတယ်လို့လေ"
"ငါ့ရဲ့ခံစားချက်တွေကို ထုတ်ပြောဖို့အတွက် ငါလည်း ငါ့ရဲ့အခန်းဖော်တွေကို ငါ့အတွက် သက်သေ လုပ်ပေးဖို့ ပြောခဲ့တာပေါ့"
"သူက ချက်ချင်းပဲ ဂရုမစိုက်တော့ဘူးလေ။ ဒါပေမဲ့ သူက ပြောသေးတယ်။ အခန်းဖော်တွေပဲဆိုရင် မလုံလောက်ဘူးတဲ့။ ဒါကြောင့် သူက ငါ့ကို ငါ့ရဲ့စာသင်ခန်းထဲက သူငယ်ချင်းတွေ အားလုံးကို ဖိတ်ခိုင်းတယ်လေ။ လူဘယ်လောက်များများ သူက ဒကာခံမယ်လို့တောင် ပြောသွားသေးတယ်"
ရှမြန်က အသံအကျယ် ကြီးရယ်မောလိုက်တော့၏။ "မဆိုးဘူး။ မဆိုးဘူး။ ငါလည်း သူ ပါးချခံရမဲ့ဟာကို သွားပြီးတော့ မျက်မြင်သက်သေ လုပ်ချင်သေးတယ်"
-
မောက်ဟွေ့မေသည် ပွဲစီစဉ်သူအနေဖြင့် အရင်ဆုံးထွက်လာခဲ့၏။
...